March 29, 2010

ဆရာ လူထုစိန်ဝင်းရဲ့ ခေတ်သစ်ပုတ္တောဝါဒ


( ၁ )

ကျနော်ငယ်စဉ် အသက် ၁၅ နှစ်ဝန်းကျင်က ကျနော့်စိတ်ထဲဖြစ်ပေါ်လာတဲ့ အကြောင်းအရာတခုကို အခြေအနေနဲ့  အချိန်အခါကို ထည့်စဉ်းစားနိုင်စွမ်းမရှိပဲ ထုတ်ပြောမိလို့ အိမ်ပေါ်က မောင်းချတာ ခံခဲ့ရဖူးတယ်။
ဒီတုန်းက ကျနော်က မိဘများနဲ့ အတူ ပဲခူးမြို့ သွန်းဘုရားလမ်းထဲ နေထိုင်စဉ်တုန်းကဖြစ်ပါတယ်။ ကျနော်တို့ အိမ်မှာ တခါတလေ ရပ်ကွက်ထဲက တရားဝါသနာပါတဲ့ ဖခင်ရဲ့ မိတ်သင်္ဂဟတွေ အိမ်ကိုလာလည်ရင်း ဘုရားအကြောင်း တရားအကြောင်းဝိုင်းဖွဲ့ ပြီးပြောတတ်ကြပါတယ်။ ကျနော်က လူကြီးတွေပြောတဲ့စကားတချို့ ကို ဘေးဘီက ဝေယျာဝစ္စလေးတွေလုပ်ပေးရင်း နားစွင့်ထားတတ်ပါတယ်။ ဒီလို မသိမသာ ခိုးပြီးနားထောင်တာကို လူကြီးတယောက်က သိပါတယ်။ ဒါကြောင့်မို့ တနေ့ တော့ ကျနော့်ကို မင်း ဒီလို စိတ်ဝင်စားတယ်ဆိုရင် ဒီလိုနားထောင်နေရုံနဲ့ တော့ ဘယ်ဖြစ်မလဲပေါ့ မသိတာရှိရင် သိချင်တာရှိရင်လည်း ဝင်ပြီးမေးပေါ့လို့ ဘိတ်ခေါ်ပါတယ်။ ကျနော် တော်တော်လေးကို ပျော်သွားပါတယ်။ အဲဒီညက အိပ်လို့ တောင် မပျော်ပါဘူး။ နောက်တခါ အဲဒီဦးလေးကြီးတွေနဲ့ ဆုံရင် ငါသိချင်တာလေးတခုတော့ မေးလိုက်ဦးမယ်ပေါ့။
နောက်တခါ အဲဒီဦးလေးကြီးတွေ အိမ်မှာစုကြတဲ့အခါ ကျနော်က အဲဒီနေ့ ကြကာမှ ရေနွေးတွေဘာတွေတည်ဖို့ မပြောရအောင် လိုလေသေးမရှိပြင်ဆင်ပေးပါတယ်။ ရင်ထဲမှာလဲ ကြိတ်ပြီး ဝမ်းသာနေမိတယ်။ ဝမ်းသာနေမိတယ်ဆိုတာထက် ရင်တွေခုန်နေတယ်ဆိုရင် ပိုပြီးမှန်ပါလိမ့် မယ်။

ဒါနဲ့ ပဲ ပြီးခဲ့တဲ့တကြိမ်တုန်းက ကျနော့်ကို စကားဝိုင်းထဲဝင်ဖို့ တံခါးဖွင့်ပေးခဲ့တဲ့ အဲဒီဦးလေးကြီးကပဲ ကျနော့်ကို မှတ်မှတ်ရရ မသိတာရှိရင်မေးလေကွာလို့ ကျေနပ်ကြည်နူးတဲ့မျက်နှာနဲ့ ဘိတ်ခေါ်ပြန်ပါတယ်။ ကျနော်က မေးခွန်းတခုကိုမေးပါတယ်။ ကျနော်မေးတဲ့မေးခွန်းက ဟိုး လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်က သေဆုံးသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့် ခွန်းတွေဟာ အဲဒီတုန်းက အသံဖမ်းစက်တွေ ပေါ်ကာစဖြစ်တာတောင် အကုန်လုံးအသံမသွင်းနိုင်ခဲ့ဘူး။ ဗိုလ်ချုပ်ရဲ့မိန့် ခွန်းအများစုဟာ မှတ်တမ်းမတင်လိုက်နိုင်ဘူး။ ဒါဆိုရင် စာတို့ ပေတို့ မပေါ်သေးတဲ့ ဟိုးနှစ်ပေါင်း ၂၀၀၀ ကျော်လောက်က ဟောခဲ့ပြောခဲ့တဲ့ ဗုဒ္ဒရဲ့ တရားတွေဟာ စနစ်တကျမှတ်တမ်းတင်နိုင်ခဲ့တာမဟုတ်လို့ အခု ကျနော်တို့ ပြောနေတဲ့ တရားတော်တွေအားလုံးဟာ ဗုဒ္ဒရဲ့တရားတော်တွေ အကုန်လုံးအမှန်ဖြစ်တယ်လို့ ပြောလို့ ရနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းကို စိတ်အားထက်သန်စွာနဲ့ ကို မေးလိုက်ပါတယ်။ ဒီတုန်းက ဘေးမှာထိုင်နေတဲ့ ကျနော့်ရဲ့ဖခင်ရဲ့တုန့် ပြန်မှုကလည်း လျင်မြန်ပါတယ်။ ကျနော့်ကို ဆွေးနွေးပွဲတံခါးဖွင့်ပေးခဲ့တဲ့ အဲဒီဦးလေးကြီးကလည်း နောက်နောင် ကျနော်နဲ့ လမ်းမှာတွေ့ ရင်တောင် မမြင်ချင်ယောင်ဆောင်တော့တာပါပဲ။ ဖခင်ကကျနော့်ကိုပြောလိုက်တဲ့စကားကလည်း ရှင်းပါတယ်။ နောက်နောင် မင်းဒီလိုစကားမျိုးပြောမယ်ဆိုရင် မင်းဒီအိမ်ပေါ်က ခေါင်းနဲ့ ဆင်းရမယ်သာမှတ် ဆိုတဲ့စကားပါပဲ။

အခု ကျနော် လူထုစိန်ဝင်း ရဲ့ လူထုရနံ့ စာအုပ်ကိုဖတ်တဲ့အခါ ဟိုတချိန်တုန်းက လမ်းမှာတွေ့ ရင် မျက်နှာချင်းမဆိုင်ပဲ မျက်နှာလွှဲသွားခဲ့တဲ့ ဦးလေးကြီးကို သတိရနေမိပါတယ်။ ဒီစာအုပ်ထဲမှာ ဆရာလူထုစိန်ဝင်းဆီကို မေးခွန်းတွေ လာလာမေးကြတဲ့ လူငယ်တွေဟာ ကျနော့်ထက်တော့ ကံကောင်းတယ်လို့ ဆိုနိုင်တာပေါ့။ ဘာပြုလို့ လည်းဆိုတော့  ဆရာလူထုစိန်ဝင်းက မသိတာလာမေးတဲ့လူငယ်တွေကို တစုံတရာမရှင်းလင်းလို့ စောဒကတက်တဲ့လူငယ်တွေကို မျက်နှာလွှဲမသွားပါဘူး။ မျက်နှာချင်းဆိုင်ထိုင်ပြီး သူသိသလောက် သူရှင်းလို့ ရသလောက် အကြေအလည်ပြန်လည်ရှင်းလင်းလိုက်တာမို့ သူ့ ဆီလာတဲ့လူငယ်တွေက ကျနော့်ထက် ကံကောင်းတယ်လို့ ကျနော် ဆိုလိုက်တာပါ။

( ၂ )
ဆရာ လူထုစိန်ဝင်းဟာ စာတွေအများကြီး ရေးနိုင်တဲ့သူပါ။ အထူးသဖြင့် ကျန်းမာရေးအကောင်းပကတိ လူငယ်တွေတောင် လုပ်နိုင်ခဲတဲ့အလုပ်ကို အောက်ဆီဂျင်ပိုက်ရှူပြီးမှ အသက်ရှင်ရသူ လူမမာတဦးအနေနဲ့ လုပ်ပြနိုင်စွမ်းရှိတာ တခုထဲနဲ့ တင် လူငယ်တွေအတွက် စံပြပုဂိုလ်ဖြစ်စေပါတယ်။ သူဟာမြန်မာစာနယ်ဇင်းလောကမှာ လူငယ်တွေအပေါ် အလေးအနက်အထားဆုံး၊ လူငယ်တွေအပေါ် နားလည်နိုင်အောင် အကြိုးစားဆုံး၊ လူငယ်တွေအပေါ် ယုံကြည်မျှော်လင့်မှု အရှိဆုံးပုဂိုလ်ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်အောင် သူ့ စာတွေက သက်သေဖြစ်စေခဲ့ပါတယ်။
တစ်လတစ်လ သူရေးပေးနေခဲ့တဲ့ ဆောင်းပါးပေါင်းစုံအရေအတွက်ဟာ ၁၀၀ ကျော်မှာရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ လာတွေ့ သမျှလူငယ်တွေနဲ့ ထိုင်ပြီးပြောပြ ရှင်းပြနေခဲ့တဲ့အလုပ်တွေပါထည့်တွက်ရင် လူမမာတဦးအနေနဲ့ ဘယ်လိုမှ စိတ်ကူးယဉ်လို့ မရနိုင်တဲ့ အလုပ်တွေပါပဲ။ ဒါပေမယ့် ဆရာ လူထုစိန်ဝင်းကတော့ အသေအချာကို စိတ်ကူးယဉ်တဲ့သူပါ။ စိတ်ကူးယဉ်နိုင်စွမ်းတဲ့ အာဂပုဂိုလ်ပါ။

လူငယ်တွေအပေါ်စိတ်ဝင်စားခြင်းဟာ အနာဂါတ်အတွက်ဖြစ်ပါတယ်။ လူငယ်တွေကိုယုံကြည်ခြင်းဟာ အနာဂါတ်ကို ယုံကြည်ခြင်းပါပဲ။ သူ့ ရဲ့ ဒီသဘောထား ဒီယုံကြည်မှုကို ဖေါ်ပြနိုင်တဲ့ စာအုပ်တွေထဲမှာ လူထုရနံ့ စာစုများ စာအုပ်ဟာ လောလောဆယ်မှာတော့အပြည့်စုံဆုံးစာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဆောင်းပါး (၅၅)ပုဒ်ပါရှိတဲ့အနက် (၂၂ )ပုဒ်ဟာ လူငယ်တွေကိုချည်း ရည်ညွှန်းရေးသားတဲ့ဆောင်းပါးများပဲဖြစ်ပါတယ်။ ကျန်တဲ့ဆောင်းပါးတွေကတော့ လူကြီးတွေကိုရည်ညွှန်းတာလည်းရှိ ဂျာနယ်လောကသားတွေနဲ့ သူ့ ကိုယ်သူ ရည်ညွှန်းရေးသားတဲ့ ဆေင်းပါးများဖြစ်ပါတယ်။ ဒီစာအုပ်ထဲက လူငယ်တွေနဲ့ ပတ်သက်တဲ့ဆောင်းပါးအားလုံးဟာ
ု့ ဆောင်းပါးတွေက သမိုင်းမှာ သခါန်းစာယူစရာကိစ္စတွေကိုကြည့်ပြီး ဒီလိုအမှားမျိုး နောက် မမှားမိစေဖို့ ။ ဥပမာ သတင်းစာသမား ဂျာနယ်သမားလူငယ်တွေကို ဆရာက သူရိယနဲ့ မြန်မာ့အလင်း သတင်းစာကြီး နှစ်ခုရဲ့အဖြစ်ကိုပြောပြီး သခါန်းစာယူစေပါတယ်။ သူရိယသတင်းစာကြီးဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ရွှေဥဒေါင်းနဲ့ ဆရာကြီး ပီမိုးနင်းတို့ လိုပုဂိုလ်တွေ လုပ်ကိုင်ခဲ့ကြတဲ့ တကယ့် လူရော ရှင်ပါ ရိုသေလေးစား သြစာတက္ကမကြီးမားတဲ့ သတင်းစာကြီးဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘကြီးဘဖေက ၂၁ ဦးဂိုဏ်းထောင်ပြီး အင်္ဂလိပ်ကပေးတဲ့ ငါးထောင်စားအလုပ်ကိုလုပ်လို့ သူ့ လက်ထက် သူရိယသတင်းစာကြီး သြစာကျဆင်းသွားရတယ်။ အင်္ဂလိပ်အစိုးရနဲ့ ပေါင်းသွားတဲ့ အမျိုးသားသစ္စာဖေါက်တယောက်ရဲ့ သတင်းစာကြီးအဖြစ် လူတွေက သတ်မှတ်လိုက်ကြတယ်။ နောက်ပိုင်းမှာ ဂဠုန်ဦးစေါလိုပုဂိုလ်က သူ့ ရဲ့နိုင်ငံရေးသြစာထူထောင်ဖို့ ကြိုးစားတဲ့အနေနဲ့ သူရိယသတင်းစာကြီးကို အသုံးချတဲ့ အခါ နောက်ဆုံးတော့ သူရိယသတင်းစာ နိဂုံးချုပ်ရတဲ့အကြောင်းကို ဆရာက ထောက်ပြပါတယ်။( ဖတ်ပါ၊ လေ့လာမါ၊ အတုမခိုးပါနဲ့ )

လူငယ်တွေ ပါးနပ်ကြဖို့ ၊ ပရဟိတနဲ့ အတ္တဟိတကိစ္စတွေအပေါ် မှန်မှန်ကန်ကန်သုံးသပ်ဖို့ ကိုလည်း ဆရာက ရေးပါတယ်။ ဥပမာ ကုလသမဂ အဖွဲ့ ကြီးရဲ့ကုန်ကျစရိတ်မှာ အဖွဲ့ ကြီးရဲ့ အရာရှိကြီးတွေသွားတာလာတာ နေတာထိုင်တာတွေကြောင့် စုစုပေါင်းကုန်ကျစရိတ်ရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းလောက်ရှိကြောင်း ၊ အင်ဂျီအိုတခုက ငွေဆောင်ကမ်းခြေမှာလုပ်တဲ့ ဝပ်ရှော့တခုဆိုရင် ဟော်တယ်ကြီးနှစ်ခုကို အပြတ်ငှါးပြီး နေထိုင်စားသောက်စရိတ်နဲ့ ခရီးစရိတ်တွေပါ ကျခံပေးကြောင်း တကယ်တော့ ဒီကုန်ကျစရိတ်တွေက စာသင်ကျောင်းနဲ့ ဆေးရုံတွေအတွက်ဖြစ်သင်းကြောင်း ထောက်ပြပြီး လူငယ်တွေ အင်ဂျီအိုလုပ်ငန်းတိုင်း မသာယာမိဖို့ သတိပေးပါတယ်။ ဒီတော့လည်း ကျနော်တို့ ပြည်ပမှာလည်း စီမီနာတွေ ဝပ်ရှော့တွေလုပ်တိုင်း မကုန်သင့်တာတွေအကုန်ခံပြီး စီမီနာဝပ်ရှော့ယဉ်ကျေးမှု ပေါ်ပျူလာဖြစ်နေတာကို ကျနော်သွားတွေးမိပါတယ်။(အတ္တပရဟိတ လုပ်ငန်း )

လူငယ်တွေ စာဖတ်ဖို့  လေ့ လာဖို့ လိုတဲ့အကြောင်နဲ့ ဒါပေမယ့် အတုမခိုးနဲ့ လို့ ဆရာက ပြောပါတယ်။ အတုမခိုးနဲ့ ကိုယ်က အသစ်ထွင်ရမယ်လို့ ဆိုပါတယ်။ အတုခိုးရင် သူများနောက်လိုက်ဖြစ်ပြီး အတုဟာ အတုပဲဖြစ်မယ့်အကြောင်းပြောပါတယ်။ ကျနော်တို့ က တသက်လုံး စု၊တု၊ပြု နဲ့ ကြီးပြင်းလာခဲ့တာမို့ ဆရာက ဒီလိုထောက်ပြလိုက်တော့ ကိုယ့်အယူအဆဖြာလိပ်ကို ခေါင်းပေါ်ကနေလွှတ်ချဖို့ အခုမှပဲ သတိထားမိပါတော့တယ်။(ဖတ်ပါ၊လေ့လာပါ၊ အတုမခိုးပါနဲ့ )

ဆရာက လူငယ်အများစုမှာ ကြောက်စိတ်ရှိနေတယ်လို့ သူထင်ကြောင်း၊ ကြောက်စိတ်ဟာ မိဘနဲ့ ပတ်ဝန်းကျင်ရဲ့ ဖန်တီးမှုကြောင့် ဖြစ်ရတာများကြောင်း ဆိုပြီးရေးပါတယ်။ ကြောက်စိတ်ကိုပျောက်အောင်ဖျောက်ဖို့ ဆိုရင် ဘာမဆိုရင်ဆိုင်ပစ်လိုက်မယ်ဆိုတဲ့စိတ်ဓါတ်ရှိဖို့ လိုကြောင်း ရင်ဆိုင်ပြီးတဲ့အခါ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကြောက်စိတ်ကမရှိတော့ကြောင်း လူငယ်တွေကို အကြံပေးပါတယ်။ (ကြောက်စိတ်က ကြောက်စရာအကောင်းဆုံး )

ဆရာ လူထုစိန်ဝင်းရဲ့ဆောင်းပါးတွေထဲမှာ ကျနော် သိသိသာသာ သတိပြုမိတဲ့အချက်က မြန်မာလူမျိုးတွေ နိုင်ငံရေးအမြင်အားနည်းတယ်ဆိုတဲ့အမြင်ကို ပြင်းပြင်းထန်ထန်ဆန့် ကျင်ရေးသားတဲ့အချက်ဖြစ်ပါတယ်။ (နိုင်ငံရေးကို နှာခေါင်းရှုံ့ ခဲ့တဲ့ ရေပေါ်ဆီလူတန်းစားတွေ}။ လူထုကို မြန်မာလူထုကို နိုင်ငံရေးဗဟုသုတနည်းပါးတယ်ဆိုတဲ့သူတွေ လူထုကို နိုင်ငံရေးအရ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါဆိုတဲ့သူတွေဟာ တကယ်တော့ လူတွေထဲမှာမရှိပဲ လူတွေနဲ့  ကင်းကွာနေတဲ့ ရေပေါ်ဆီလူတန်းစားတွေသာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ လူတွေထဲမနေ လူတွေအကြောင်းမသိတော့ တိုင်းပြည်အကြောင်းလည်းမသိတော့ဘူးလို့ ဆိုပါတယ်။ ဒီတော့ လူထုကိုအထင်မကြီးပဲ ကျောင်းတော်ကသင်ပေးတာလောက်ပဲ အထင်ကြီး နိုင်ငံခြားသာပြေတာတွေကိုပဲ အထင်ကြီးပြီး လူထုကို ဆရာလုပ်ဖို့ ကြိုစားကြတယ်လို့ လည်း ပြောပါတယ်။ တကယ်တော့ မြန်မာလူထုဟာ နိုင်ငံရေချိန်အမြင့်ဆုံးလူမျိုးပါတဲ့။ မြန်မာလူမျိုးဟာ နိုင်ငံရေးကို တက္ကသိုလ်ကျောင်းတော်က သင်ယူခဲ့တာမဟုတ်ပဲ ဘဝက သင်ယူခဲ့တာပါတဲ့။ ကိုလိုနီဘဝနဲ့ ဖက်ဆစ်ဂျပန်ခေတ်တွေမှာ လက်သည်းခွံခွါ ရေနွေးပူအလောင်းခံပြီးမှ သင်ခဲ့ရတာပါ။ ဒါကြောင့်မို့ နိုင်ငံရေးဗဟုသုတမြင့်တဲ့အကြောင်း ဥပမာနဲ့ တကွ ရေးပါတယ်။(လှမ်းစို့ တူပျော် ရွှေပြည်တော်}။

လူငယ်တွေ ငြင်းခုန်ပြောဆိုကြတာကိုလည်း ဆရာကအားပေးပါတယ်။ လူငယ်တွေ ငြင်းကြခုန်ကြရင်းက အမှန်တရားကို ဆုပ်ကိုင်လာနိုင်မယ်လို့ ဆရာက ယုံကြည်ပါတယ်။ အခြေအတင် ငြင်းခုန်ဆွေးနွေးအဖြေရှာတဲ့အလုပ်ဟာ ယဉ်ကျေးမှုရေးအလုပ်ဖြစ်တာမို့ ဆရာက လူငယ်တွေငြင်းခုန်ကြတာကို သဘောကျပါတယ်။ ဒါကြောင့်မို့ တောင်းရမ်းစားသောက်သူတွေကို အားပေးသင့်မသင့်ဆိုတဲ့ခေါင်းစဉ်နဲ့ လူငယ်တွေငြင်းကြခုန်ကြတဲ့အခါ ဘယ်ဟာ ပင်မ ဘယ်ဟာ သာမညဆိုတဲ့အဖြေကို လူငယ်တွေ ငြင်းခုန်ရင်းက အဖြေရလာနိုင်တယ်လို့ ဆိုပါတယ်။ (ငြင်းခုန်တာဟာ ရန်ဖြစ်တာမဟုတ်)။ တောင်းရမ်းစားသောက်လာစေတဲ့ အဓိက တွန်းအား အဓိက တရားခံကို လူငယ်တွေသိမြင်လာစေပြီး အဲဒီပင်မကို ရှင်းမှ လူတွေတောင်းရမ်းစားသောက်တဲ့အလုပ်ပပျောက်သွားမှာဖြစ်တယ် ပိုက်ဆံလှူပြီးကူညီလိုက်ရုံနဲ့ သူတောင်းစားတွေပျောက်သွားမှာမဟုတ်ဆိုတဲ့ အမြင်ကို ဆရာ လူငယ်တွေ ငြင်းခုန်ရင်းက ရလာစေတယ်လို့ သူ့ ရဲ့ကျောင်းသားများရဲု့ငြင်းခုန်ပွဲတွေကို ဥပမာပေးပြီးပြောပါတယ်။

(၃)
ဆရာ လူထုစိန်ဝင်းရဲံ့ လူထုရနံ့ စာစုများ စာအုပ်ဟာ ပြည်တွင်းမှာထုတ်ဝေတာ မဟုတ်ပါဘူး။ ပြည်တွင်းက ထုတ်ဝေခဲ့ပြီးတဲ့ ဂျာနယ်မဂဇင်းတွေမှာ ဖေါ်ပြပြီးတဲ့ ဆောင်းပါးများကို ပြည်ပမှာဖွဲ့ စည်းထားတဲ့ မြန်မာသတင်းသမဂက စုစည်းထုတ်ဝေတာပါ။ ပြည်ပမှာ ထုတ်ဝေတာပါ။
ဒီစာအုပ်မှာ အဓိကအားဖြင့် ဆရာလူထုစိန်ဝင်းက လူငယ်တွေကို ပညာပေးဖို့ ၊ လူငယ်တွေကို အတွေးအခေါ် ထက်မြက်စေဖို့ ၊ လူငယ်တွေကို ဘာမဆို ရင်ဆိုင်ဖြေရှင်းရဲ ဖြေရှင်းနိုင်ဖို့ အဓိကထားတဲ့ဆောင်းပါးများက အများစုဖြစ်ပါတယ်။

လူထုရနံ့ စာစုများ စာအုပ်ဟာ တကယ်တော့ ဆရာလူထုစိန်ဝင်း ရဲ့ လူငယ်တွေကို ပညာပေး ဆုံးမပဲ့ပြင်တဲ့ စာအုပ်ဖြစ်ပါတယ်။ လူထုစိန်ဝင်းရဲ့ ပုတ္တောဝါဒအမြင်စာအုပ်ဖြစ်ပါတယ်။ ဒါပေမယ့် အစဉ်အလာ အယူအဆအဟောင်းအရ ငါပြောတာနားထောင် ငါပြောတာအမှန် ခံမပြောနဲ့ ဆိုတဲ့ ပုတ္တေဝါဒအဟောင်းတော့မဟုတ်ပါဘူး။ ပုတ္တောဝါဒ လက်သစ်သာဖြစ်ပါတယ်။ ။

ငြိမ်းဝေ
(ဒီဆောင်းပါးက ဧရာဝတီ အင်တာနက်မဂဇင်းမှာ စာအုပ်စင်ကဏ္ဍအတွက် မောင်ဖူးတင့် ကလောင်အမည်နဲ့ ရေးခဲ့တဲ့ဆောင်းပါးဖြစ်ပါတယ်။ ဧရာဝတီမှာ ပြီးခဲ့တဲ့တပါတ်က ဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်။)

စာအုပ်အမည်။ ။ လူထုရနံ့ စာစုများ
စာရေးသူ ။ ။ လူထုစိန်ဝင်း
ထုတ်ဝေသူ ။ ။ မြန်မာသတင်းသမဂ
ထုတ်ဝေခုနှစ် ။ ။၂၀၁၀၊ ဖေဖေါ်ဝါရီ




March 24, 2010

မသိန်းရှင်ဆီ ပို့ ပေးပါ


( ၉ )
ပြန်၍ဆုံတွေ့သည့်အခါ

ကျနော် ခွင့်ရက်စေ့သဖြင့် ပြန်လာခဲ့သည်။ ထိုညနေက သူသည်လည်း ကျနော် သူ့ကို တောင်းတွင်းကြီးဘူတာရုံမှ လာကြိုနေလိမ့်မည်ဟု တွေးလာခဲ့သဖြင့် ကျနော်ပေးသည့် ထမီကို အမှတ်တရ ဝတ်လာခဲ့သည်။သူ့ ကို ကြိုတင် မြင်နိုင်စေရန် တံခါးပေါက်ဝ၌ ထွက်ရပ်ပြ လာခဲ့သည်။
တောင်တွင်းကြီး၌ ရထားဆိုက်ရပ်လျှင် သူသည် အပြေးဆင်းလာသည်။ သူ့နာနတ်ခြင်းများကို မြင်းလှည်း တစီးပေါ်သို့ ကမန်းကတမ်း တင်သည်။ ကျနော် ရပ်စောင့်နေရာ မြင်းလှည်း ဂိတ်တဖက်ဘေးသို့ အပြေးအလွှား လျှောက်လာသည်။
ကျနော့် အနားတွင်ရပ်ပြီး သူသည် ကျနော့် ကို စကားမပြောနိုင်ဖြစ်နေခဲ့သည်။ ကျနော်လည်း အေးတိ အေးစက်ဖြင့် ပြုံးရုံသာ ပြုံးနေသည်။
ကျနော့် ကို မှောင်ခိုသမားများသည် နောက်ပြောင် သွားနေကြ၏။

သူ့ ကိုလည်း သင်းသင်းနှင့် နုနုတို့က“ဝမ်းသာနေပလားမိညို” ဟု အော်မေးနေသည်။
သူသည် သူ့တောင်းများကို ယူသွားကြရန် သူ့ အဖေါ်များကို ပြောလေသည်။
“ညိုညိုလမ်းလျှောက်ရင်း ဖြေးဖြေးမှ လာခဲ့မယ်၊ တောင်းတွေချထားနှင့်ကြနော်၊ ဒီလူ့ ကို စစ်စရာ ဆေးစရာရှိတယ်” ဟု သူ့ အဖေါ်များကို လှမ်းပြောသည်။

ထိုညနေမှာ သူနှင့် ကျနော် နှစ်ယောက် တွဲကာ ပထမဆုံး လမ်းအတူလျှောက်ကြသည့် ညနေဖြစ်သည်။
သူနှင့် ကျနော်သည် အုန်းတောရပ်ကွက် ဖြတ်လမ်း ကျဉ်းကလေးတခုအတွင်းမှ ဈေးဖက်သို့ အဖြေးလေးနိုင်ဆုံး နှေးကာလျှောက်လာကြ၏။ သူသည် တဘက်တထည်ကို ခေါင်း၌ ရစ်ပေါင်းထားသဖြင့် တကယ့်မိန်းမကြီးတဦးနှင့် တူနေပြန်သည်။ ပုခုံးတွင်လည်း လွယ်အိတ် အနီတလုံးကို လွယ်ထားသည်။ သူ့ အကျီင်္မှာ ရက်ပိုင်းအတွင်းကမှ ချုပ်ထားသဖြင့် သစ်နေသည်။ ကျနော် လက်ဆောင်ပေးသည့် ထမီမှာလည်း သူ့ အသားနှင့် လိုက်ဖက်နေသည်။ သူ့ မျက်နှာမှာ ယခင်ကလိုမှေးမှိတ်မနေတော့ပေ။ တချက်တချက် ကျနော့် ကို ကြည့်သည့် သူ့ မျက်လုံးများမှာ စိန်ရောင် တဖျတ်ဖျတ် လက်နေကြသည်။
အတော်ကြာကြာ အလှမ်းဝေးလာသည်အထိ သူနှင့် ကျနော် စကားမပြောမိ။ လမ်းမှာ ခရီးသွားများပြတ်နေ၏။ ဓါတ်မီးတိုင်မှ အလင်းရောင်နှင့် ဝေးရာမှောင်ရိပ်ဖက်မှ ဖြတ်လျှောက်လာကြသောအခါ၌ ရင်ထဲတွင် နွေးလာပြန်သည်။
ကျနော်သည် သူ့ ကို ရင်ခွင်အတွင်း ဆွဲသွင်းပွေ့ညှစ်ပစ်လို စိတ်များ ပေါ်လာသည်ကို မျိုသိပ်နေရပြန်သည်။ ပခုံးချင်း ယှဉ်လျှောက်နေခိုက်၌ သူ့ လက်မောင်းသားများသည် ကျနော့် လက်မောင်းကို လာ၍ထိကြ၏။ သူ့ ရန်ခုန်သံများမှာဤလမ်းကျဉ်းကလေးထဲ၌ လှိုက်ခုန်နေသည် ထင်သည်။
ဤ လမ်း၌ လျှောက်နေစဉ် တွင် သူ့ ကို ကျနော် မည်မျှ သတိရနေသည်ကို ထုတ်ဖေါ် ပြောနေရန်မလိုဟု ကျနော် တွေးလာခဲ့၏။ ကျနော်သည် သူ့ အတွက် အကျီင်္ပိတ်စတခုနှင့် သူ့ အမေအတွက် ပန်းနာဆေးများယူလာခဲ့၏။ လမ်းအတော်ဝေးဝေး လျှောက်လာပြီးသည် အထိ မပေးဖြစ်သေးပေ။
လမ်း ဓါတ်မီးတိုင်များ အောက်တွင် သူနှင့် ကျနော်သည် မျက်လုံးချင်း ဆိုင်မိကြ၏။ နှစ်ယောက်စလုံး စကား မပြောဘဲ အချိန်ကိုက် စက်ကရိယာများလို တပြိုင်နက်တည်း ပြုံးလိုက်မိကြသည်။ သူ့ မျက်နှာပေါ်တွင် ရှက်သွေးရောင်များ ပြေးနေပြန်သည်။

လမ်းဆုံးလုနီးမှ “ကဲ….ပြောစရာရှိလို့မှုတ်လား၊ ပြောစရာရှိပြောလေ” ကျနော်သည် သူ့ ကို ခပ်တိုးတိုး မေးနေ၏။
“သူ ပိန်သွားတယ်” ပြောပြီး ငြိမ်ငြိမ်သက်သက်ပင် ဆက်လျှောက်နေပြန်သည်။

တခါတခါ၌ သူ့ မျက်နှာ ကလေးမှာ တခုခုကို နက်နက်ရှိုင်းရှိုင်း တွေးနေပုံမျိုးလည်း ပေါ်လာသည်။ တခါတရံ၌ အပြုံးရိပ်များသည် အမှတ်မထင် ဖြတ်သန်းသွားကြသည်။လမ်းဆုံးလုနီးရောက်လာမှ သူသည် စကားများကို ခပ်တိုးတိုး ပြောလာသည်။ လမ်းကို ပို၍ နှေးလေးစွာ လျှောက်လာပြန်သည်။

“သူများကို မေ့နေတာမှုတ်လား၊ ဒီနေ့ သူ ဘူတာကလာကြိုနေမှာလို့ သင်းသင်းတို့နဲ့ အလောင်းအစား လုပ်လာခဲ့တာ၊ လာမကြိုဘဲများနေရင် သူ့ ကို ခေါ်ကို မခေါ်တော့ဘူးလို့ စိတ်ကူးထားတာ၊ သူလာကြိုနေလို့ပေါ့”
“ပြောစရာရှိတယ်ဆိုတာ အဲတာလား”
“မဟုတ်ဘူး” ဟု ပြောကာ သူသည် လမ်းကွေ့ဓါတ်မီးတိုင် အောက်တွင် ရပ်တန့်လိုက်ပြန်သည်။
ကျနော်သည်လည်း သူ့ အနားတွင် ယှဉ်လျက် ရပ်နေမိ၏။

ရှေ့တွင်း နှင်းမှုန်များကြားထဲ၌ မော်တော်ကားလမ်း မကြီုး လှမ်းမြင်နေရသည်။ လမ်းမကြီးသို့ အကူး ကားဖြတ်မောင်းသည့် အုတ်တန်တားကလေးပေါ်တွင်လည်း နှင်းမှုန် နှင်းစက်များ တဖြောက်ဖြောက် ကျနေသည်။
သူသည် ကျနော့် မျက်နှာကို မော့်ကြည့်နေ၏။

“ဒီနေ့ ကျောက်ပန်းတောင်းဈေးထဲမှာ သူနဲ့လိုက်မယ့် ပုဆိုးတထည် တွေ့လို့  ဝယ်လာခဲ့တာ၊ အဲတာပေးမလို့ပါ၊ လူကြားထဲမှာတော့ မပေးရဲဘူး၊ ရှက်ပါတယ်၊ အဲတာ မနက်ဖက်အလုပ်ဆင်းရင် ဝတ်လာခဲ့ရမယ်၊ သူနဲ့ ဘောင်းဘီနဲ့ လုံးလုံးလိုက်တာ မဟုတ်ဘူး၊ ဘောင်းဘီဝတ်လိုက်ရင် လူကပိန်ပိန်နဲ့ မျောက်နဲ့ သိပ်တူတာ၊ လုံချည်ဝတ်ရင် ချောရဲ့ သားနဲ့၊ လုံချည်ဝတ်လဲ မုန်းစရာကြီးပါ၊ လုံချည်တောင် ညီအောင် ဝတ်တတ်တာ မဟုတ်ဘူး၊ တစ တို ရှည်ကြီး၊ တခါလောက်တော့ မြို့ လုင်က အရီးညိုတို့အိမ် ခေါ်သွားရအုံးမယ်၊အဲဒီအိမ်က ခွေးကြီးကပုံပျက် ပန်းပျက် မြင်ရင် သိပ်ကိုက်တာ”

သူ ရယ်နေသော်လည်း ကျနော်သည် ငြိမ်သက်နေမိ၏။
သူ့ လွယ်အိတ်အတွင်းမှ ထုတ်ယူနေသော လုံချည်မှာ ခေတ်ပေါက်ဈေးဖြင့် လေးဆယ်ကျပ်မျှ မပေးဘဲ ရမည်မဟုတ်ပေ။ သူ့ နား၌မူ နားတောင်းကလေးတရံပင် ဝယ်မဝတ်နိုင်။ သူသည် ကျနော် ထမီတထည် လက်ဆောင်ပေးသဖြင့် သူ့မာနနှင့်သူ ကျနော့် ကို အောက်ကျမခံ လုံချည်တထည် ပြန်ပေးနေခြင်းအတွက် ကျနော်သည် သူ့ မာနကို ဦးညွှတ် လေးစားလိုစိတ်များလည်း ပေါ်လာနေရပြန်သည်။
သူသည် ဤလုံချည်တထည် ကျနော့် ကို ပြန်၍ လက်ဆောင်ပေးနိုင်ရန်အတွက် သော်လည်းကောင်း… သူ့ မိသားစု၏စုံးစုံး နစ်မြုပ်လာနေသော စားဝတ်နေရေး ပြဿနာကြောင့် သော်လည်းကောင်း ထန်းလျက်များကို တင်နေခဲ့ရပေပြီလားဟု တွေးနေမိ၏။
ကျနော့် ရင်ထဲတွင် အစောက ပျော်ရွှင်ကြည်နူးစိတ်ကလေးများသည် တဖြည်းဖြည်း ပြယ်ကာ နှင်းထုကြီးအတွင်းသို့ ပျံ့ နှံ့သွားကာ ပျောက်ကွယ်သွားနေသည်။
ကျနော်သည် သူ့ လုံချည်ကို လှမ်းမယူသော်လည်း…အစောပိုင်းက ဖြစ်ပေါ်နေခဲ့သည့် သူ့ စိတ်နှလုံးသား အတွင်းမှ ကြည်နူးရွှင်ပျမှုကလေးများ ပျောက်ကွယ်သွားမည်ကိုမူ စိုးရိမ်သောက ရောက်မိပြန်သည်။ ကျနော်သည် ကြိုးစား၍ ပြုံးနေရ၏။
ကျနော်သည်လည်း သူ့ အတွက် ယူလာခဲ့သည့် အကျီင်္ပိတ်စနှင့် သူ့ အမေအတွက် ဆေးထုပ်များကို ထုတ်ပြနေသည်။
သူသည် ထိုတိုက်ဆိုင်နေမှုအတွက် ပြုံးရယ်နေ၏။ သူ့ မျက်လုံးများမှာ ပို၍ ရွှန်းလက်တောက်ပလာနေသည်။

“တိုက်တိုက်ဆိုင်ဆိုင်နော်….သူများကလဲဝယ်လာ၊ သူကလဲ ဝယ်လာ”

သူသည် ကျေနပ်နှစ်သိမ့်မှု ကြည်နူးရွှင်ပျမှုများ ပြည့်နေသည့်အသံဖြင့် တတွတ်တွတ် ပြောနေသည်။ သူ့ ပုဆိုးကိုလည်း လှမ်းပေးနေသည်။
ကျနော်သည် သူ့ ပုဆိုးကို လှမ်းမယူဘဲ သက်ပြင်းချလိုက်မိ၏။

“အဲတာ မင်းဖို့ရယ်… မင်းအမေဖို့ရယ်၊ ကို ပေးတာကို မင်းမယူရင် ထားပစ်ခဲ့နော်၊ မင်းပေးတာကိုတော့ ကိုမယူနိုင်ဘူး” ကျနော်သည် အေးတိအေးစက် ပြောရင်း အထုပ်ကို သူ့ ခြေထောက် အနားသို့ ပစ်ချလိုက်သည်။ ထိုအခါ၌ သူ့ မျက်နှာပေါ်တွင် အစောက ဖြတ်သန်းနေသည့် ကြည်နူး ရွှင်လန်းမှုကလေးများ ပျောက်ကွယ်သွားတော့မည် ဖြစ်သဖြင့် ကျနော်သည် သူ့ မျက်နှာကို မကြည်နိုင်တော့ပေ။

ကျနော်သည် ထိုနေရာမှ ချာကနဲ လှည့်လိုက်ပြီး သူ အံ့အားသင့်နေစဉ် သုတ်သုတ်လျှောက်ထွက်လာခဲ့သည်။
သူ လှမ်းအော်ပြောနေသည်ကိုလည်း ဂရုမပြု။

“အို…အို…နေ…နေအုံး…နေအုံး”

သူ၏ လှမ်းအော်သံမှာ နောက်ပိုင်း၌ ပျောက်ကွယ်နေရစ်ခဲ့သည်။ ကျနော်သည် အလာက လမ်းအတိုင်း မဟုတ်တော့ဘဲ သူလိုက်ပြေးလာမည်စိုးသဖြင့် လမ်းချိုးကလေးတခု၌ ချိုးကွေ့လိုက်၏။ ကျနော်ထင်သည့်အတိုင်းပင် သူ၏ ပြေးလိုက်လာသံကို ကြားရသည်။ ကျနော်သည် ငြိမ်သက်ရပ်နေလိုက်၏။
သူသည် ကျနော် ချိုးကွေ့သည့် လမ်းမြှောင် ကလေးကိုကျော်လွန်ကာ…“နေအုံး…နေအုံးလေ” ဟု အော်ရင်း ပြေးလိုက်လာနေသည်။

ထိုညက ကျနော့် စိတ်အာရုံ၌ သူ့ ခေါ်သံကို ကြားယောင်နေခဲ့သည်။ သူ ပြေးလိုက်လာပြီး ကျနော့် ကို ကျော်လွန်သွားပုံကို မြင်ယောင် နေသည်။ ည၌ ကျနော်သည် “ဘဝပြောင်းလေသူ” ဟု ခေါင်းစည်းပေးကာ ကဗျာတပုဒ် ရေးနေမိ၏။ ထိုကဗျာမှာ ကျနော်ကိုယ်တိုင်လည်း မနှစ်သက်။ ကျနော်သည် တပိုင်းတစ ရေးပြီး ကဗျာကို ဆွဲဆုတ်လွှင့်ပစ်၏။
ကျနော် အလုပ်ပြန်လုပ်နေသည့် ရက်များတွင် ကျနော့် စိတ်ထဲ၌ ညိုညို့ နာနတ်ခြင်းများအောက်ဝယ် ထန်းလျက်များ တိတ်တဆိတ် တင်လာနေခဲ့ပြီ ဟူ၍သာ ယုံကြည်နေသည်။ ထို အတွက်အပြစ်တင်ရန် အကြောင်းလည်း ရှာမတွေ့နိုင်။ သူကလည်း သူထန်းလျက်များကိုတင်နေရပြီ ဖြစ်ကြောင်း ကျနော့်ကို ထုတ်ဖော်ပြောနိုင်မည်လည်း မဟုတ်။
ကျနော် သူ့ အနားသွားထိုင်လျှင် သူသည် ရထားပြတင်းဝမှ မျက်နှာကို အပြင်သို့ လှည့်ထားနေစဉ်၌ သူ့ မျက်လုံးအိမ်များတွင် မျက်ရည်များ ပြည့်လာ နေသည်ကို ကျနော်သည် နောက်ကျောဖက်မှ လှမ်းကာ မြင်တွေ့နေရသလို ခံစားနေခဲ့ရသည်။
ကျနော်နှင့် သူသည် အတူတူ ထိုင်နေပါခဲ့လျက် စကားများလည်း မပြောဖြစ်။
ညောင်တိုသို့ ရောက်လျှင်လည်း ကျနော်သည် သူတို့ ထမင်းဝိုင်းသို့ မဝင်တော့ပေ။
များစွာသော ရက်များ၌ ကျနော်သည် ဂါတ်တွဲပေါ်တွင်သာ ခိုကပ်နေခဲ့သည်။ သူတို့တွဲသို့ လက်မှတ်ပင် တက်မစစ်ဖြစ်တော့ပေ။ ဤရက်များအတွင်း၌ သူနှင့် ကျနော့် ကြား၌ အစိမ်းရောင် ခန်းစီးကြီးတခုဖြင့် ဆွဲကာ ခြားနားထားသလို ခံစားနေခဲ့ရသည်။
သူသည် ကျနော့် လက်ဆောင်ပစ္စည်းများကို ပြန်ပေးရန် ကြိုးစားခဲ့သေး၏။

“မယူချင်ရင် လွှင့်ပစ်ခဲ့ပေါ့” ဟု ကျနော်က ပြောလျှင် သူသည် မျက်ရည်များ ဝဲလာနေရပြန်သည်။
ကျနော့် ကို သူဝယ်ထားသည့် ပုဆိုး လက်ဆောင် ပေးရန်လည်း မကြိုးစားတော့ပေ။ တခါတရံ ဘူတာတခုခုတွင် ကျနော်သူတို့တွဲရှေ့မှ လမ်းဖြတ်လျှောက်သွားလျှင် သူသည် သူထိုင်နေရာ ပြတင်းဖက်မှ လှမ်းကြည့်နေတတ်သည်။

ထိုရက်များတွင် မိုးသည်လည်း ချိန်ခါ ဟုတ်ဘဲ ညိုမဲလာတတ်သည်။ နေခြစ်ခြစ်တောက် ပူလောင်နေဆဲ၌ မိုးသည် ရုတ်တရက် မှိုင်းဆို့လာလျှင် သက်ရှိသက်မဲ့အရာဝတ္တု အပေါင်းသည်လည်း ညိုညစ် မဲပုပ်လာကြသည်။ ဤ မဲပုပ်ရစ်မှောင် နေမှုများသည် နှလုံးသားကိုလာ၍ အရောင် ဟပ်နေကြပြန်သည်။ နိမိတ်ဆိုးကြီးတခု ဖတ်ကြားနေခြင်းကို နားထောင်နေရသလိုပင်။

ညိုညို့ ထန်းလျက်တောင်းများကို ကျနော် စစ်ဆေးမိသည့် နေ့ကလည်း ညောင်တိုမှ ရထား ထွက်လာသောအခါ မိုးကြီးသည် ပြိုမလိုမဲမှောင်ကာ ရထားကြီးပေါ်သို့ နိမ့်ဆင်းကျလာနေခဲ့သည်။ ရထားကြီးသည်လည်း နိမိတ်ဆိုးကြီးဟု ထင်ရသော အရိပ်မဲကြီး အောက်မှ လွတ်မြောက်စေရန် အားသွန်ခုတ်မောင်းနေခဲ့သည်။်
ကျနော်သည် ညိုညိုတို့တွဲကို လက်မှတ်စစ်လာခဲ့သည်။ သူတို့ကို ကျော်လွန်လာခဲ့ပြီး တွဲအလယ်သို့ ရောက်လျှင် ခရမ်းချဉ်သီးတောင်းသုံးတောင်းကို ထန်းလျက်ပါသည်ဟု မသင်္ကာ ဖြစ်ကာ ခြေဖြင့် ကန်ကြည့်လိုက်သည်။
ထိုတောင်းသုံးတောင်းမှာ အောက်ဖက်၌ ထန်းလျက်များ ပါနေသဖြင့် လေးလံနေကာ ကန်၍ လှုပ်သင့် သလောက်မလှုပ်ပေ။
ကျနော်သည် တောင်းတတောင်းအပေါ်တွင် ခြေထောက်တဖက်တင်ထားပြီး မျက်လုံးဝဲကာ ပိုင်ရှင်ကို ရှာကြည့် လိုက်သည်။
ခရီးသည် အများသည်လည်း ကျနော့်ကို လှမ်းကြည့်နေကြသည်။ အချို့ သည် ပြောလက်စ စကားများကို ရပ်ဆိုင်းထားကြသည်။ အကယ်၍ ရထားခုတ်မောင်းနေသံသာ ဆူညံမနေခဲ့လျှင် အပ်ကျသံကိုပင် ကြားရမတတ် တိတ်ဆိတ် နေလိမ့်မည်။ နုနု၊ သင်းသင်း၊ မအေးသွယ်၊ မအေးမြင့်၊ တင်တင်တို့၏ မျက်နှာများကိုလည်း တွေ့ရ၏။ ထိုအထဲ၌ ကျနော့်ကို စိုက်ကြည့်နေသော ညိုညို့ မျက်နှာကလေးမှာ ရှေ့ သို့ ပြေးထွက်လာသလို ထင်လိုက်ရသည်။
သူ့ မျက်နှာမှာ အခြားသူများလို က္ကုနြေ္ဒမရှိတော့ဘဲ သွေးဆုတ် ဖြူ ယော်သွား သည်။ သူ့ မျက်လုံး ဝိုင်းဝိုင်း စက်စက်ကြီးများသည် ပို၍ဝိုင်းစက်လာနေသည်။ သူ့ မျက်နှာမှာ ဖြူယော်နေရာမှ သွေးများ ပြန်ပြည့် နီမြန်း လာသည်။ ထို့နောက်မှိုင်းညစ်လာပြန်သည်။
သူက သူ့တောင်းပါဟု ကျနော့် ကို လှမ်းပြောနေသကဲ့သို့ ထင်နေရ၏။ ကျနော် ပင်းချောင်းသို့ ရောက်လျှင် အလုပ်သမားများအကူအညီဖြင့် ဆွဲချ ဖမ်းဆီး လိုက်တော့မည်ဟု သူတွေးကြောက် လိုက်ပုံသည်လည်း ကွက်ကနဲ ပေါ်လာသည်။ သူသည် ကျနော်ရှိရာသို့ ထပြေးလာချင်သဖြင့် သူ့ မျက်လုံးမှာ က္ကုနြေ္ဒမရ ဖြစ်လာနေသည်။
ထိုအချိန်ထိုစက္ကန့်ပိုင်း ကလေးအတွင်း၌ ကျနော်သည် သူ့ အနေနှင့် မလုပ်လျှင် မဖြစ်တော့သောကြောင့် လုပ်ရသည်ဟု အမှန်အတိုင်း တွေးလိုက်မိ၏။ ရာပေါင်း များစွာသော အခြား မိန်းမကောင်းကလေးများကဲ့သို့ သူ ဖြစ်ပေါ်ပြောင်းလဲလာခြင်းမှာလည်း ဖြစ်ရိုးဖြစ်စဉ်ကလေးမျှ ပေတကား။
ကျနော်၏ ကြည်လင်နေခဲ့သော စိတ်များမှာလည်း ညစ်ထိုင်းလာသည်။
ကျနော်သည် ထိုနေရာမှခွာလိုက်ပြီး ဆက်လက်၍ လက်မှတ်များကို ဘာမျှမမြင်ရဘဲ ခဲတံဖြင့် ရမ်းခြစ်စစ်ဆေးသွားသည်။ ဤတွဲပေါ်မှ လျင်မြန်စွာ ဆင်းပြေးသွားလိုစိတ်သာ ပေါ်နေခဲ့သည်။
အတာစန်းကုန်း ဘူတာတွင် ရထားအရှိန်မသေမီ၌ ကျနော်သည် ဖျတ်ကနဲ ခုန်ဆင်းပြီး နောက်တွဲသို့ တက်လာခဲ့သည်။
တွဲဝ၌ ရပ်နေမိ၏။ ထန်းလျက်တောင်းငယ်များ၊ အထုပ်အပိုးငယ်များကိုသယ်ဆောင်ကာ ရေးကြီးသုတ်ပျာ၊ တင်နေကြသူများကိုလည်း ကျနော်သည် တားဆီးလား ဖမ်းဆီးလား မလုပ်ချင်တော့ပေ။ ညိုညို့ တောင်းများနှင့် အခြား ကျနော့်ကို အသိပေးထားသည့် ထန်းလျက်များကို ဝကွက် ချန်လှပ်ခဲ့ပြီး….. ဤ တကယ်ပင် မသိနားမလည် ရိုးသားရှာသော သူဆင်းရဲများ၏ ပစ္စည်းကလေးများကို ဖမ်းဆီးသိမ်းယူလိုစိတ် မရှိတော့ပေ။
ကံထရိုက်တာ ကိုရွှေသီးသည် ပြေးလာပြီး“ဆရာ ထန်းညက်တွေ၊ ထန်းညက်တွေ”ဟု ကျနော့် ကို မျက်နှာလုပ်ကာ အော်ပြောသည်။
ကျနော်သည် သူ့ ကို ခေါင်းတချက် ညိတ်ပြလိုက်၏။
ချက်ခြင်းပင် ရထားသည် ဥသြသံရှည်တချက်ကို ညှစ်ထုတ်အော်ဟစ်လိုက်သည်။ မနိုင်မနင်း ဝန်လေးကြီး သယ်ဆောင်ကာ ရထားကြီးသည် ဘူတာကလေးမှ တရွေ့ရွေ့ ထွက်ခွာလာသည်။

ထိုရထား စထွက်ဆဲ၌ ညိုညိုသည် သူ့ တွဲ ပေါ်မှ ဆင်းလိုက်၏။ သူ့ ကို ကျနော်သည် အမှတ်မဲ့ ငေးကြည့်နေမိသည်။ သူသည် ကျနော့် ကိုမြင်သွားပြီး တွဲပေါ်သို့ လှမ်းခို တက်လိုက်သည်။
သူ့ လက်မှာ မမိလိုက်ဘဲ သူသည် ပြန်ပြုတ်ကျသွား၏။ သူ့ ဂျပန်ဖိနပ်ကလေးမှာ သဲကြိုးပြတ်ကျန်ရစ်ခဲ့သည်။ သူသည် ဒုန်းပြေးလိုက်လာနေ၏။ ရထားတစင်းလုံး သူ့ ကို လှမ်းကြည့်ကြပြီး ဗလုံးဗထွေး အသံများဖြင့် အော်ဟစ်နေသည်။ ဤ အချိန်တို ကလေးအတွင်၌ မည်သူမျှ သံကြိုးဆွဲပြီး ရထားကို ရပ်တန့်ပစ်ရန် စိတ်ကူးမရကြ။
ဒုတိယအကြိမ် သူသည် ရထားကို မှီလာခဲ့၏။ သူသည် လက်ကိုင်ကို လှမ်းဆွဲတက်လိုက်ပြန်သည်။ သည်တကြိမ်တွင်မူ လက်ကိုင်ကို မိမိရရ ကိုင်မိသွားသဖြင့် သူ့ ကိုယ်ကလေးမှာ တွဲလဲ ဆွဲပါလာသည်။ သူ့ ပခုံးမှ တဘက်သည် ပြုတ်ကျသွားကာ လေအရှိန်ဖြင့် ရထားဘီးအောက် ရောက်သွားသည်။
ကျနော်သည် သူ့ ကို ချိုင်းနှစ်ဖက်မှ ကိုင်မြှောက်ပြီး တွဲပေါ်သို့ ဆွဲတင်လိုက်သည်။
ကျနော်နှင့် ယှဉ်လျက် ရပ်မိချိန်တွင် သူ့ အသား များမှာ တဆတ်ဆတ်တုန်နေသည်။ သူ့ မျက်နှာသည် ကြောက်ရွံ့ သွေးဆုတ် ဖြူယော်နေသည်။ သူနှင့် ကျနော်သည် တယောက်မျက်နှာကို တယောက် အကြာကြီးငေးစိုက်ကြည့်နေမိကြသည်။

သူသည် ကျနော့် ကို စိတ်ဖြင့် စကားပေါင်း မြောက်မြားစွာပြောဆိုနေသော်လည်း နှုတ်မှကား စကားလုံးမျှ ထွက်မလာ။ ကျနော့် တွင်လည်း သူ့ ကို စကားပြောစရာရှိ နေ၏။ ပြောရန်ရှိသော စကားပေါင်းများစွာ၊ အကြောင်းအရာပေါင်းများစွာသည် ရုတ်တရက် အဝေးသို့ ထွက်ခွာသွားကြ သဖြင့် ထို အခိုက်အတန့်တွင်ကား ကျနော့် စိတ်နှလုံးသားများ အတွင်း၌ ဘာမျှမရှိ။

ကျနော်သည် သူ့ထံမှ မျက်နှာလွှဲလိုက်ပြီး သံလမ်းနှင့်ယှဉ်လိုက်လာနေသည့် ကြက်မောက်ဆည် ရေပေး တူးမြောင်းများကို အဓိပါယ်မရှိ ငေးကြည့်လာမိသည်။ လွင်တီးခေါင်အတွင်းရှိ အညာရွာကလေးများ၊ နှမ်းခင်း ဖုံးဆိုးကြီးများ၊ ထန်းတောကြီးများ၊ မန်ကျည်းတောကြီးများ၊ ခပ်ဝေးဝေးရှိ တောင်တန်းကြီး၊ ဤ အရာဝတ္တု အပေါင်းပေါ်၌ ကျနော် မနှစ်မြို့ သော မိုးကြီးသည် ပိတ်သည်းဆို့ဆိုင်းနေ၏။ မှိုင်းညို့ ညို့ ညစ်ထေးနေသော အရောင်အသွေးသည် နှလုံးသားကိုလာ၍ ရိုက်ဟပ်နေပြန်သည်။

ကျနော်သည် သူ့ ကိုလှည့်မကြည့်ဘဲ “ဘာပြုလို့ ဒါလောက်က္ကုနြေ္ဒပျက်ရတာလဲ” ဟု ညည်းတွား ရွတ်ဆိုမိသလို မေးနေခဲ့မိသည်။
“ကို သိပါတယ် ညိုညိုရယ်….မင်း ကို့ ကို ဖွင့်မပြောရဲဘူး… ဖွင်မပြောရက်ဖူး….မင်းမပြောချင်ဘူးမှုတ်လား၊ မင်း ကို့ ကို ချစ်တာဟာ ဒီ အခွင့်အရေးတွေ လိုချင်လို့ လို့ ကိုထင်လာမှာ စိုးတယ် မှုတ်လား၊ ပြောစမ်း၊ ဒီလို လုပ်နေတာ ဘယ်နှစ်ခါရှိမလဲ”
“ဆယ်ခါ….”
“ဆယ်ခါ ဟုတ်လား”
“ဆယ်ခါပါ”
“ဂါတ်ဗိုလ် တွေကော … ရဲ တွေ ကော အသိပေးတယ်မှုတ်လား”
“ဟုတ်ကဲ့ ပေးပါတယ်”

ကျနော်သည် သူ့ စိတ်၌ မထိခိုက်စေလိုသဖြင့် ဘာမျှ မဖြစ်သလို မထူးဆန်းသလို ပြုံးလိုက်ချင်၏။ သို့သော် ပြုံးနိုင်မည်ကား မဟုတ်။ ကျနော်သည် သက်ပြင်းမချမိရန် ထိန်းချုပ်နေသည်။ အပြင်သို့ ဖွင့်မထုတ်လိုက်သည့် သက်ပြင်းအပူငွေ့ သည် ရင်ထဲသို့ ပြန်လှည့်သွားပြန်သည်။

“က္ကုနြေ္ဒရရ လုပ်ပေါ့၊ ရဲတွေနဲ့ကော အားလုံးနဲ့ ကောဆက်ဆံတဲ့ နေရာမှာ တည်တည်မှန်မှန်ပေါ့၊ သူတို့နဲ့အဝယ် ဖက်စပ်သဘောပေါ့ကွယ်၊ အမြတ်ကို အချိုးကျ မှန်မှန်ခွဲပေးပေါ့၊ ကို ပြောစရာတွေ အများကြီးရှိတယ်၊ စိုးရိမ်တာပေါ့လေ၊ ကို ပြောချင်တာတွေ မင်း နားလယ်ပါတယ်၊ နားလယ်တယ် မှုတ်လား”
“ဟုတ်ကဲ့”
ကျနော် သူ့ ဖက်သို့ မျက်နှာလှည့်လိုက်ပြီး သူ့ ပခုံးပေါ်သို့ လက်တင်ကာ သူ့ ကို ငေးကြည့်နေပြန်သည်။ သူသည် လည်းကျနော့် ကို အပြစ်ကင်းစင်သည့်၊ ခလေးဆန်သည့် သူ့ မျက်လုံးဝိုင်းဝိုင်းစက်စက်ကြီးများဖြင့် ပြန်၍ကြည့်နေသည်။
သူသည် မျက်တောင် မခါ။ မလှုပ်ရှား။ သူ့ နှဖူးမှ ဆံစကလေးများမှာမူ ကြည်လင်နေသော မှန်သားလိုမျက်နှာကလေးကြောင့် သူ့ ကို ကျနော်သည် တဏှာသမုဒယများ ကင်းစင်သွားကာ ညီမကလေး အရင်းလို ထင်လာနေပြန်သည်။

“ပီးတော့လဲ ပြောစရာ ရှိသေးတယ်”
ကျနော်သည် ရယ်သံဖြင့် ပြောနေမိသည်။
“ဟုတ်ကဲ”
“အဲတာ ဘာလဲ သိလား…. အဲတာ ဘာလဲ ဆိုတော့…ကို ညိုညို့ ကို ချစ်တယ်”

ကျနော် သည် အိမ်သာကြား၌ သူ့ ကို ချိုင်းအောက်မှ ပင့်မပြီး ရင်ခွင်အတွင်းသို့ သိမ်းပွေ့လိုက်သည်။ နှစ်ယောက်ပေါင်းတသားတည်းဖြစ်သွားအောင် ဖိကပ်ထားသည်။ သူသည် ဟန်ဆောင်ရုန်းမှန်းသိသိ ရုန်းနေသည်။ ကျနော့် စိတ် တွင် လည်း သူနှင့် နှစ်ယောက်ထဲ ကမ္ဘာသစ်တခုသို့ ရောက်နေရသလို ထင်လာပြန်သည်။ သူ၏ နွေးအိ နီထွေးနေသော ပါးကို နှုတ်ခမ်းဖြင့် ဖိကပ်ထားပြန်သည်။
အတန်ကြာမှ အနည်းငယ်ဖြေလွှတ်လိုက်ရင်း….“ ဆင်ရိုင်း ကျုံးသွင်းသလိုဘဲ၊ မင်းလဲ တဖြေးဖြေး ယဉ်လာဘီနော်” ဟု သူ့ နားအနီး ကပ်ကာ ခပ်တိုးတိုး ပြောနေမိသည်။
ဤ အခိုက်အတန့်တွင်ကား စိတ်များသည် လွတ်လပ်ပေါ့ပါးလာနေကြသည်။
သူသည် ရုန်းထွက်နေရင်း…“သူကလဲကွယ်၊ သူများ စိတ်ညစ်နေပါတယ်ဆို၊ လွှတ်စမ်းပါအုံး၊ မောနေဘီ”
ကျနော် ဖြေလွှတ်လိုက်လျှင် သူ့ အကျီကို ဆွဲဆန့်နေသ

“သိပ်ဆိုးတဲ့လူ”

သူက ကြည်နူးစွာ တိုးတိုးညည်းညည်း ပြောနေသည်။
ပင်းချောင်းနှင့် နီးကပ်လာလျှင် ကျနော်သည် သူ့ ကို အနားမှ ခွာသွားရန် ပြောလိုက်ရ၏။
ပင်းချောင်းရဲများ ရှာဖွေ ဖမ်းဆီတော့မည်ကို တွေးမိပြီး သူသည် မျက်စိမျက်နှာများ ပျက်လာသည်။ မျက်လုံးများမှာ စိုးရိမ် သောကဖြင့် ဝိုင်းစက် လာကြပြန်သည်။ သူ့ ရင်ထဲတွင် ကယ်မည့်သူကို တစာစာ ငိုကြွေးတမ်းတနေသံများ အပြင်သို့ ထွက်လျှံလာနေသလိုပင်။ သူသည် အားကိုးမဲ့စွာဖြင့် ခရီးသည်အများရှိရာသို့ လျှောက်သွားနေသည်။

နိုင်ဝင်းဆွေ

အပိုင်း (၁၀)သို့ ဆက်လက်ဖတ်ရှုပါရန်…။



March 18, 2010

မသိန်းရှင်ဆီ ပို့ ပေးပါ


အပိုင်း (၈)
အပေး အယူ

ညနေအပြန် မှောင်ရီပျိုးလာလျှင် သူတို့သည် ကျနော့်ကို လာဘ်ပေးရန် ကျနော်ရှိရာတွဲသို့ တယောက်ပြီး တယောက် ရောက်လာကြပြီး ငွေများကပ်ပေးသွားသည်။
ကိုယ်ဝန်မပေါ့တပေါ်နှင့် လင်ရှိမယား မအေးမြင့်သည် ငွေပေးတော့မည်ပြုလျှင် ကျနော့် အနား၌ ကိုယ်ချင်း ထိကပ်လာထိုင်တတ်သည်။ ကျနော့် ဒူးကို သူ့ပေါင်နှင့် ထိထားတတ်သည်။ သွေးနုနေသော သူ့ ကိုယ်မှာ နူညံ့နေ၏။ ရမက်ဆန္ဒကြောင့် သူ့ အသားများသည် ပူးနွေးနေလျက်။ သူ့ နှုတ်ခမ်းမှာ နှုတ်ခမ်းဆိုးဆေး ရနံ့သည် သင်းမြနေလျက်။ သူ့ စိတ်ထဲတွင် မီးရထား အမှုထမ်းမှန်သမျှကို ကာမ ဓါးပြ များဟု အထင်သေးထားကာ သူ၏ ရမက်နှိုးဆွမှု အပြုအမူများသည် ရဲတင်းနေသည်။
သူသည် ကျနော် လက်ကို ဆုပ်ကိုင်ပြီးမှ ငွေပေးသည်။

“ဒါဘဲနော်… ကိုယ့်လူ”

သူက ဘာအဓိပါယ်နှင့်မှန်း မသိ ပြောလိုက်တတ်သည်။
သူ့အသံမှာ နွေးပူနေကာ နှစ်ယောက်ချင်း ကပ်ပြောသံမျိုးဖြစ်၏။ သူ့ ယောက်က်ျား ကိုအောင်ထွန်းသည် အခြားတနေရာရာ၌ ထန်းလျက်အိတ်များကို စုဆောင်းနေတတ်၏။
အချို့သည် ညောင်တို ဘူတာတွင် ကျနော် ထမင်း ဟင်းများ ဆင်းဝယ်နေစဉ်၌ အနားလာ ကပ်ရပ်ကာ ပေးသွားကြံသည်။
ကိုရွှေယောက်သည် နတ်မောက်ဘူတာ လက်ဖက်ရည်ဆိုင်တွင် ကျနော် လဖက်ရည်သောက်နေစဉ်၌ စာပွဲရှေ့သို့ လျှောက်လာပြီး သတင်းစာကို ဆွဲကြည့်သည်။ သတင်းစာအောက်၌ တဆယ်တန်တရွက် ထိုးသွင်းသွားသည်။
သူသည် ဆိုင်ထဲမှ မထွက်ခွာမီ “အောက်မှာ”ဟု တိုးတိုးကပ်ပြောသွားသည်။
ကျနော်သည် သတင်းစာအောက်မှ ဆယ်တန် တရွတ်ကို အမှတ်မထင် ယူလိုက်သည်။ လာဘ်ပေးသည်ဟု တကြိမ်တခါမျှ မထင်မိပေ။ ကျနော် ငွေမယူလျှင်သာ ကိုရွှေယောက်ကြီးရင်ထဲတွင် တလေးလေးဖြစ်နေရသည်ကို တွေးမိသည်။ ကျနော့်ကို ငွေမပေးရသေးလျှင် သူ့ ရင်ထဲ၌ လေးလံနေသည်။
ကျနော်သည် သူ့ ငွေကို ဘောင်းဘီ အိတ်ကပ်အတွင်း ထိုးသွင်းလိုက်ရင်း သူ လူကြားထဲသို့ တိုးဝင်သွားနေပုံကို ငေးကြည့်နေခဲ့မိသည်။ သူ့ ခြေထောက်မှာ ဖိနပ်မပါ။ ခေါင်းမှ ဆံပင် ဘုတ်သိုက်သည် တဖွာဖွာ ဝဲပျံနေလျက်။ သူ့ အက်ျီမှာ ချေးများကြောင့် ညိုမွဲရောင် တောက်နေလျက်။ သူ့ ကျော၌ ချွေးများ နစ်နေလျက်။

“ကျနော် စေတနာနဲ့ ပေးထာပါဆရာ… သူများတကာတွေလဲ ဒီလိုဘဲ စားနေကြတာဘဲ၊ တချို့များ တွဲလိုက်တင်တာ၊ တထောင် ကိုးရာကို ပက်ကနဲ ယူလိုက်ကြတာ၊ ကျနော့် ထန်းညက်တလုံးမှ မမိစေရဘူးဆရာ၊ သိကြားမင်း ဆင်းရှာလို့တောင် မတွေ့စေရဘူး၊” ဟု သူသည် သူ ထန်းလျက်တင်ရာ အိမ်သာ အမိုးပေါက်ကို အားကိုးပြီး လက်မထောင်လျက်
ရဲရဲတင်းတင်း ပြောသွားတတ်၏။

တခါတရံ၌ ညိုညို့ ရှေ့တွင် သူတို့ငွေပေးကြလျှင် ညိုညိုသည် မျက်စိမျက်နှာ ပျက်နေတတ်၏။ သူကလည်း အများနည်းတူ ကျနော့်ကို ငွေပေးချင်သည်။ မပေးနိုင်သဖြင့် စိတ်မကောင်းဖြစ်ကာ သိမ်ငယ်နေရရှာသည်ကို ကျနော် မတွေးမိခဲ့ပေ။
ငွေပေးငွေယူ လုပ်နေစဉ်၌ သူသည် မျက်နှာကို တဖက်သို့ လွှဲကာ မှောင်ရီဆိုင်းနေသော ပတ်ဝန်းကျင်ကို ငေးကြည့်နေသည်။
ကျနော့် ကို အခြား မိန်းမများက လာ၍ ရောရော နှောနှော လုပ်သည်ကို သူ စိတ်မချမ်းမသာ ဖြစ်နေရသည်ဟု ကျနော်သည် သာမာန်မျှသာ တွေးနေခဲ့၏။
ထို့ကြောင် မအေးသွယ်ငွေလာပေးလျှင် ကျနော်သည် သူ့ကို ဂရုစိုက် ကြည့်နေခဲ့ရ၏။

မအေးသွယ်သည် အမှောင်ရိပ်ထဲတွင် ကျနော့် နံဘေး၌လာ၍ တိုးကျစ်ထိုင်သည်။ သူ၏ နွေးအိသော ကိုယ်လုံးနှင့်တမင် ဖိကပ်ထားသည်။ သူ့ လက်တဖက်ကို အမှတ်မဲ့ ကျနော့် ပေါင်ပေါ်သို့ တင်လိုက်သည်။ သူက ကျနော့်ကို အသက်ရှိသည်ဟု မထင်။ စကားပြောလျှင် မျက်နှာကို ရှေ့ ငိုက်ပြီး နှစ်ဦးသား ကြားသာရုံ ခပ်တိုးတိုးပြောသည်။ သူ့ အသံမှာ သံလိုက်သံ ပါနေခဲ့သည်။ သူသည် အငြိမ့် မင်းသမီးများထက်အသံ အထားအသို၌ ပို၍ တော်သည်။ တမ်းတသံ၊ ရှိုက်မောသံ အငမ်းမရသံ၊ ရမက်ဆူပွက်သံ၊ ရမက်အင်္ဂါများ လှုပ်ရှားနေမှုကို အထင်းသား ဖော်ပြနေသံ။

“မအေးသွယ်တို့ ကိုလေ …တီဘီစီတွေကော ဂါတ်ဗိုလ်တွေကော၊ ရုံပိုင်တွေ လက်မှတ်စစ်တွေကော မခင်တဲ့လူ မရှိဘူးသိလား၊ ရဲတွေလဲ အကုန်ခင်ကြတာ၊ ဦးလော်လီကြီးတို့၊ ကိုပျားတို့၊ ကိုထွန်းတင်တို့….
“နော်….နော်….ဘယ်သူမှ မအေးသွယ်ဆီက ပိုက်ဆပ်ယူကြတာ မဟုတ်ဘူး၊ မအေးသွယ်တို့လဲ ခင်တတ်ပါတယ်တော်၊ ရှင့်ညိုညိုချည့်မှခင်စရာ မဟုတ်ပါဘူး၊ကဲ…ပြောစမ်း မအေးသွယ့် ကို မခင်ဘူးလား၊ နဲနဲကလေးမှ မခင်နိုင်ဘူးလား၊ တော်ဘီ တော်ဘီ၊ နောက်ကို ရှင့်ကို စကားပြောမယ့်အစား ကျောက်ဆင်းတုကို သွားပြောနေမယ်၊ မောတယ်၊ ရှင်တယောက်ဘဲ မအေးသွယ်ဆီက ပိုက်ဆံ ယူရက်တာ၊ သုံးကျပ်ဘဲယူနော်….”

သူ၏ မျက်စောင်းထိုး မဲ့ရွဲ့ထားသည့် မျက်နှာကို မသဲမကွဲမြင်နေရ၏။ သူ နေရာမှ ထသွားသောအခါ ကျနော်သည် ညိုညိုမည်သို့ ခံစားနေရမည်ကို တွေးနေမိသည်။
ကျနော်သည် ညိုညို့ ခုံသို့သွားထိုင်ပြီး အစောက မအေးသွယ် ကျနော့် အနားလာထိုင်သည်မှာ ရိုးရိုးသားသား ဖြစ်ပါကြောင်း အစီရင်ခံရန် စိတ်စောနေရပြန်သည်။
ကျနော် သူ့ အနား၌ လာထိုင်သည်ကို ညိုညိုသည် လှည့်မကြည့်။
ထိုအခါတွင်ကား ရထားသည် အမှောင်ရိပ်ထဲတွင် မြို့လုင်မှ တိတ်တဆိတ် ထွက်ခွာရန် အားယူနေသည်။ ညိုညိုသည် အပြင်ဖက်မှောင်ပျပျထဲသို့ ငေးစိုက်နေသည်။ သူသည် စိတ်၌ အားငယ်သိမ်ငယ်နေကာ ငြိမ်သက်နေသည်။ တခုခုကို အဆုံးအစ မရှိ တွေးတောနေပုံမျိုးဖြစ်၏။

မြို့လုင်မှ အထွက်တွင် များပြားလှသော ရှေးဟောင်း ဘုရားများသည် အညာဆူးရစ်ခြုံများ အကြား၌ ငြိမ်သက်နေ၏။ တိမ်ကောနေပြီ ဖြစ်သော ကန်ဟောင်းများဖက်တွင် ငှက်ကလေးများ အုပ်လိုက်ချီ ပျံသန်းနေသည်။ ရထား ခုတ်မောင်းနေသံကြောင့် ငှက်ကလေးများ၏ ကျီကျီကျာကျာ တေးသံကိုမူ မကြားရ။
ညီအမသုံးဖော် စေတီသုံးဆူသည် ရထားနံဘေး၌ ဝေ့ကျန်ရစ်ခဲ့၏။ ကျနော်ကား ဥစ္စာစောင့်များဖြစ်ကာ ယခုတိုင်ရှိနေသေးသည်ဆိုသော ထိုညီအမသုံးဖော်ထဲမှ အထွေးဆုံး အလှဆုံး ဥစ္စာစောင့်မကလေးကို စိတ်၌ ထင်မြင်ကြည့်ကာ ညိုညိုနှင့် ယှဉ်ကြည့်နေမိပြန်သည်။
စိတ်ကူးထဲ၌ ညိုညို့ ကိုယ်ပေါ်တွင် ပုဝါရှည်ကြီးတခု ခြုံပေးလိုက်၏။ ပြိုးပြိုးပြက်ပြက် အဝတ်များကို ဝတ်ပေးကြည့်၏။ ထို အဝတ်များ ဝတ်ပေးကြည့်သောအခါ ညိုညိုသည် ရှက်ရှက်ဖြင့် က္ကုနြေ္ဒမဆည်နိုင် ရယ်မောနေပြန်သည်။
ညီအမသုံးဖော်စေတီများ ပျောက်ကွယ်သွားလျှင် ထိုအတွေးများသည်လည်း ဖျတ်ကနဲ ပျောက်ပျက်သွားသည်။

“မအေးသွယ်…ပိုက်ဆံလာပေးတာပါ” ဟု ကျနော်သည် ညိုညို့ကို ရှင်းချက်ထုတ်နေရသည်။ ကျနော်သည် ကိုယ်ကိုညွှတ်လိုက်ပြီး သူကြားသာရုံပြောနေမိ၏။ ကျနော့် အသံမှာလည်း တိုးသက်နေသည်။
“ကို့ ကို မအေးသွယ်နဲ့ ဟိုထင် ဒီထင် ထင်နေမှာစိုးလို့ ပြောပြရတာ”

အတန်ကြာမှ သူသည် လှည့်ကြည့်လိုက်၏။ အမှောင်ရိပ်ရီရီဆိုင်းဆိုင်းတွင် ကျနော့်ကို ပြုံးပြရန် သူ ကြိုးစားနေသည်။ သူ့ အပြုံးပေါ်တွင်ကား သူ၏ အားငယ် သိမ်ငယ်နေမှုများ လွှမ်းနေပြန်သည်။ သူ စိတ်၌ ထိခိုက်နေပုံကို သိသော်လည်း ဘာကြောင့် ထိခိုက်နေရသည်ကိုမူ မသိနိုင်။

“သူများ ဘာမှ မပြောပါဘူး”

ရှေ့မှ ထိုင်ခုံတွင် ထိုင်နေကြသည့် သင်းသင်းနှင့် နုနုတို့က ကျနော့်ကို ငွေထည့်ထားသော စာအိတ်ဟောင်းနှစ်ခု လှမ်းပေးနေသည့်အခိုက်တွင် သူသည် မျက်နှာကို တဖက်သို့ ပြန်လှည့်သွားသည်။

“ဒါဖြင့် ဘာဖြစ်နေရတာလဲ”

ကျနော် မေးသည်ကိုလည်း ပြန်မဖြေတော့ပေ။
အတန်ကြာလျှင် ရုပ်ဒြပ်ပစ္စည်း အပေါင်းသည် အမှောင်နှင့် ရောရှက်ကာ တစတစ ဝါးကာ ပျောက်ကွယ် သွားနေ၏။ညိုညို၏ စိတ်ထိခိုက်နေရမှု အပေါင်းသည်လည်း ဤအမှောင်ထုကြီး အတွင်းသို့ ပြေးဝင်နေကြသည် ထင်သည်။ တချက်တချက်၌ သူ၏ သက်မချသံပေါ်လာနေသည်။ ဤ သက်မချသံများကား အမှောင်ထဲ၌ ရုပ်ဒြပ်ပစ္စည်းများ အဖြစ်ဖြင့် ထင်ရှားစွာ ပေါ်လာနေသည်ဟု ထင်နေရပြန်သည်။
ထိုအခါမှစ၍ နောက်ပိုင်း ရက်များတွင် ကျနော်သည်… “ညိုညို့ ရှေ့မှာ ငွေးမပေးကြနဲ့” ဟု အခြားသူများကို ပြောထားရ၏။
“ဘာပြုလို့လဲ” ဟု သူတို့မေးကြသည်ကို ကျနော်လည်း မဖြေနိုင်။
သူတို့ ညိုညို့ ရှေ့တွင် ငွေပေးလျှင် ကျနော်လည်း မယူတော့ပေ။
သူတို့ သည် ငွေပေးရန်အတွက် ညိုညို့ ကိုပါ ရှောင်တိမ်းနေရသည်။
ရက်အတန်ကြာသောအခါ အချို့ သည် ညိုညို့ ကို မကျေမနပ် ဖြစ်လာကြ၏။ အချို့ က ညိုညို ကို သူတို့အား ဒုက္ခပေးမည့်သူလား ဟူ၍ပင် သံသယဝင်လာကြသည်။ အချို့ သည် ညိုညို့ ကို သူတို့ စိတ်ချယုံကြည်ရသူ၊ သူတို့နည်းတူ ထန်းလျက်ကုန်ကူးသူ ဖြစ်လာစေချင်ကြသည်။

ကျနော့် အဖေ ဆုံးကြောင်း အမေ့ ထံမှ ကြေးနန်းရပြီး ကျနော်အရေးပေါ်ခွင့်ဖြင့် အဖေ့ကို သင်္ဂြိုဟ်ရန် ပြန်မည်ပြုသည့် နေ့ တွင်လည်း သူတို့သည် ကျနော့် ကို ငွေများ စုဆောင်းပေးရန်အတွက် ညိုညို မသိအောင် တိတ်တိတ် ကျိတ် တိုင်ပင်ခဲ့ကြသည်။
သို့သော် ထိုသတင်းမှာ ညိုညို့ ထံသို့ ဘယ်ကဘယ်သို့ ပေါက်ကြားသွားခဲ့သည်မသိ။
ထိုနေ့ နေ့ခင်းက ကျောက်ပန်းတောင်း၌ ခရီးသည်များ မရှိချိန်တွင် သူတို့တတွေ ကျနော့် ကို ငွေများပေးရန် စုဝေးလာကြသောအခါ မလှမ်းမကမ်းမှ ညိုညိုပါ လိုက်လာသည်။
သူတို့သည် ဂါတ်တွဲပေါ်သို့ စုဝေး တက်ရောက် လာကြပြီး ကျနော့် ကို ငွေများ စာရင်းပြုလုပ်ကာ အပ်နေစဉ်၌ ညိုညို ဂါတ်တွဲတဖက်ဝတွင် ရပ်နေသည်ကို မသိကြ။

“မညွန့်ရီ သုံးဆယ်၊ ဒေါ်ခွေး နှစ်ဆယ်၊ ဒေါ်ဒေါ်ညွန့် နှစ်ဆယ်၊ ရွှေယောက် သုံးဆယ်၊ ဦးပေါ်လာ နှစ်ဆယ်” စသည့် စာရင်းကို ကိုရွှေယောက်သည် ခဲတန်ဖြင့် တေးမှတ်နေ၏။
“ကိုရင်မောင့် ကိုယူတဲ့ မိန်းမတော့ ကော်မှာနော်၊ မအေးသွယ်တို့တောင် ကိုရင်မောင့်ကို တရက်လောက် ယူပလိုက်ချင်လာဘီ၊ မိုးလင်းမှ အဆိပ် ခတ်သတ်ပစ်မယ်၊ ဒီကျောက်ဆင်းတုကြီးနဲ့ ကြာရှည်တော့ မပေါင်းနိုင်ပါဘူး” ဟု မအေးသွယ် ပြောသည်ကို အများက ဝိုင်း၍ရယ်နေသည်။
“ကိုရင်မောင် မရှိရင် ကျုပ်တို့တော့ နောက်လူ အသစ်နဲ့ ပေါင်းရမှာ ရင်လေးပါတယ်တော်…၊ နောက်လူက ကုလားဆို၊ ကြက်သီးထလိုက်တာ၊ မစ္စတာ အေကော်နာတဲ့လား၊ ပိုက်ဆံ သိပ်တောင်းတဲ့လူဆို၊ ကျုပ်တို့ကို ဒီအတိုင်းတော့ ပစ်မသွားပါနဲ့ ကိုရင်မောင် နောက်လူနဲ့လဲ ဆက်ပေးခဲ့ပါအုံး၊ ထုံးစံအတိုင်းပေါ့”ဟု မညွန့်ရီသည် သူ့ ကိုယ်လုံး သေးသေးကွေးကွေးကြီးကို လှုပ်ယမ်းရယ်ကာ နောက်နေသည်။
“ဒါ ကိုရင်မောင့် အဖေအတွက် ကူတာနော်…ကိုရင်မောင့် အတွက် ကူတာလို့ မှတ်မသွားနဲ့အုံး”ဟု အတင်က ပြောနေသည်။

ကျနော်သည် သူတို့ ပြောဆို နေကြသည်ကိုလည်းကောင်း ရယ်မော နောက်ပြောင် နေကြသည်ကို လည်းကောင်း အာရုံမစိုက်ဘဲ သူတို့ နောက်ကျော၌ ရပ်နေသည့် ညိုညို့ ကိုသာ လှမ်းကြည့်နေသည်။
သူသည်လည်း အများကိုကျော်ပြီး ကျနော့်ကို ကြည့်နေသည်။ နေပူထဲမှ ဖြတ်သန်းလာခဲ့သောကြောင့်ထင်သည်။ သူ့ မျက်နှာကလေးမှာ နီမြန်းနေသည်။ သူသည် နဖူးမှ ချွေးများကို တဘက်ဖြင့် သုတ်နေ၏။
သူ ရောက်ပြီး အတန်ကြာမှ သူ့ ကို အားလုံး သတိထားလိုက်မိကြသည်။
ချက်ခြင်း ဂါတ်တွဲ တခုလုံးပေါ်တွင် ဆူသံညံသံများ တိတ်ဆိတ်သွားသည်။ တင်တင်သည် ကျနော့် အနားတွင် ထိုင်နေရာမှ ထလိုက်သည်။ လူအများစုသည် ညိုညို့ ကို မတွေ့ မြင်ဘူးသည့် သူစိမ်းတဦးလို ဝိုင်းကြည့်နေသည်။

ကိုရွှေယောက်သည် ငွေများကို ကျနော့် ဦးထုပ်အတွင်းသို့ ထည့်နေရင်း…
“ဘာလဲဟေ့ မိညို” ဟု ခပ်တိုးတိုး လှမ်းမေးနေသည်။

ညိုညိုသည် အတွင်းဖက်သို့ တိုးဝင်လာသည်။ ကျနော့် ရှေ့ နားအထိလျှောက်လာသည်။ ကျနော့် ရှေ့ တွင်ရပ်သည်။ သူ့ အိတ်ကပ်အတွင်းမှ နွမ်းကျေနေသော ငွေစက္ကူ ကျပ်တန် အလိပ်ကလေးကို ထုတ်သည်။ ကျနော့် ဦးထုပ် အတွင်းသို့ သူ့ လက်ဖြင့် ထည့်သည်။

“အစောက စာရင်းဖတ်နေသံ ကြားပါတယ်၊ ညိုညို နှစ်ဆယ့် နှစ်ကျပ်လို့ ရေးလိုက်အုံးနော်…”

သူက ကိုရွှေယောက်ကို လှမ်းပြောနေသံမှာ တုန်ယင်နေသည်။ ကိုရွှေယောက်သည် ကျနော့် ကို လှမ်း ကြည့်နေခဲ့၏။ ကျနော်က စာရင်းရေးရန် ခေါင်းညိတ်ပြမှ သူသည် နားရွက်ကြားမှ ခဲတန်ကို ထုတ်ယူပြီး စာရင်းတေးမှတ်လေသည်။
အားလုံးပြန်ဆင်းသွားကြသောအခါ ကျနော်သည် ညိုညို့ ကို ခဏနေခဲ့ရန် တားထားလိုက်သည်။
သူသည် ကျနော့် ရှေ့ ၌ ရပ်နေရစ်ခဲ့၏။ ကျနော်သည် စကားလုံးပေါင်း မြောက်မြားစွာ ပြောချင်နေသော်လည်း စကားစရှာမရ ဖြစ်နေပြန်သည်။ ထိုအခါတွင်မှ သူသည် ကျနော့် ကို အများနည်းတူ ငွေမပေးရသဖြင့် အားငယ်နေသည်ကို ကျနော်သည် သိလာရ၏။ ကျနော်သည် သူ့ ငွေစက္ကူလိပ်ကလေးကို ဦးထုပ်အတွင်းမှ ဆွဲယူပြီး လက်အတွင်း၌ ဆုပ်နယ်ထားမိသည်။
သူသည် ကျနော့် ကိုကြည့်ပြီး ခေါင်းကိုငုံ့ လိုက်သည်။

သူသည် ဤငွေကလေးများကို ရက်ပေါင်းများစွာ စုဆောင်းခဲ့ရခြင်း ဖြစ်သည်ကို ကျနော်တွေးနေမိသည်။
သူတို့ ဆန်မရှိသဖြင့် ထမင်းပင် ချက်မစားရသည့် အခါ၌လည်းကောင်း…. သူ့ အမေ ချောင်းဆိုးနေသည့်အခါ၌လည်းကောင်း ဤငွေကလေးများကို သူသည် မသုံးစွဲခဲ့။
ငွေကို ကျနော်သည် ပြန်၍မပေးရက် ဖြစ်နေရပြန်သည်။

“သူ ဘာပြောမလို့လဲ” ဟု သူက မေးနေသည်။

ကျနော်သည် သူ့ကို ပြောရန် စကားစမရှိဘဲ အတန်ကြာငြိမ်နေခဲ့မိသည်။

“မင်းငွေကို ကိုယူတယ်နော်…၊ အဲတာ ကျေးဇူးတင်တဲ့ အကြောင်း ပြောမလို့ပါ၊ ဒါပေမယ့် ဒီတခါဘဲ ယူမှာနော်…၊ ဒါ နောက်ဆုံး ဆိုတာလဲ ပြောချင်တယ်၊ ကိုယ်ပြောချင်တာတွေတော့ အများကြီးရှိတယ်၊ ခုတော့ ဘာပြောရမှန်းလဲ မသိတော့ဘူး၊ အချိန်လဲ မရှိတော့ဘူး၊ ဒီလိုလုပ်လေ… အပြန်ကျရင် ညောင်တိုထွက်ရင် ဂါတ်တွဲကို မင်းလာခဲ့အုံး၊ အဖော်တယောက်လဲ ခေါ်ခဲ့နော်၊ တော်ကြာ လူအထင်သေးနေရင်လဲမကောင်းဘူး၊ အဲဒီကျမှ အေးအေးဆေးဆေး ပြောမယ်၊ ခု အဖော်တွေရှိတုန်း သွားတော့၊ ဒီမှာ နှစ်ယောက်ထဲ နေတာ အထင်သေးနေကြအုံးမယ်”

သူ ဘူတာရုံသို့ ရောက်သွားသည်အထိ နောက်ကျောဖက်မှ ငေးကြည့်နေမိသည်။
ကျနော်သည် သက်ပြင်းချခဲ့မိ၏။
သူ့ ငွေကိုပြန်ပေး၍လည်း မဖြစ်၊ ယူလည်း ယူ မထားရက်။ သူ ပျောက်ကွယ်သွားသည်အထိ ဘာလုပ်ရမှန်း တွေးမရဖြစ်နေခဲ့သည်။ သူ ပေးသည့် ငွေကလေးများကို အလိပ်မပျက် အမှတ်တရသိမ်းထားရန် ဆုံးဖြတ်နေမိသည်။
နောက်ဆုံးတွင် ကျနော်သည် သူ့ ကို တခုခုပြန်ပေးရန်တွေးမိမှ ရင်ထဲတွင် ပေါ့ပါးကြည်လင်သွားသည်။
ထိုနေ့က ကျောက်ပန်းတောင်းမှ ရထားကြီး ပြန်ထွက်လာခဲ့လျှင် ကျနော့် လက်ထဲတွင် သူ့ အတွက် အကျီင်္ပိတ်စတခုနှင့် ထမီတထည် ပါလာခဲ့သည်။ ဤပစ္စည်းများကို သူမယူလျှင်လည်း သူ့ မျက်မှောက်၌ လွှင့်ပစ်ခဲ့ရန် ဆုံးဖြတ်လာသည်။
အပြန်၌ ညောင်တိုမှ ရထားကြီး ထွက်လာခဲ့လျှင် သူနှင့် သူ့ အဖော် သင်းသင်းသည် ဂါတ်တွဲပေါ်သို့ တက်ရောက်လာကြ၏။
သင်းသင်းသည် သူနှင့် ကျနော် လွတ်လပ်စွာ စကားပြောခွင့်ရစေရန် ဂါတ်တွဲရှေ့ ဖက် ဝရံတာတွင် တယောက်တည်း ရပ်နေခဲ့သည်။
အလယ် ဂါတ်ဗိုလ် အခန်းကျဉ်းကလေးထဲ၌ ဂါတ်ဗိုလ် ကိုထွန်းအောင်သည် အသေအမျော အိပ်ပျော်လာခဲ့၏။
သူသည် ဝရံတာ မှီရင်း ခေါင်းငုံ့နေ၏။ ကျနော်သည် လက်ထဲ၌ အထည်များထည့်သည့် စက္ကူအိတ်ကိုဆုပ်ကိုင်ထားရင်း မည်သို့ စပြောရမည်ကို မသိ။

အတန်ကြာမှ “ပြောစရာရှိတယ်ဆို” ဟု သူ သည် ခပ်တိုးတိုး စတင်မေးမြန်းသည်။
ကျနော်သည် ဘာမျှ မပြောဘဲ သူ့ လက်အတွင်းသို့ စက္ကူအိတ်ကိုထည့်လိုက်သည်။သူသည် စက္ကူအိတ်ကိုငုံ့ကြည့်လိုက်ပြီး ကျနော့် ကို အတင်းပြန်ပေးနေသည်။

“မယူဘူး…မယူဘူး… သူများ မိန်းမပျက် မဟုတ်ဘူး” ဟု ငြင်းဆန်နေရင်း မျက်ရည်များ ဝိုင်းလာသည်။
အသား တဆတ်ဆတ် တုန်လာသည်။ မျက်နှာကလေး မဲလာသည်။
ထိုအချိန်၌ နေရောင်ကို တိမ်တတိုက်သည်လည်း ဖြတ်သန်းနေကာ နေခြည်များလည်း မှေးမှိန်နေသည်။ အရိမ်မဲကြီးများ အတွင်း၌ ရထားသည် ဖြတ်သန်းနေ၏။
ကျနော်သည် မကြံစည်ဘဲလျက်နှင့် သူ့ တကိုယ်လုံးကို ရင်ခွင်အတွင်း၌ နှစ်မြှုပ် ပွေ့ဖက်ထားသည်။ သူ၏ အတွတ်တွတ်ငြင်းဆန်နေသံများသည် ကျနော့် ရင်ခွင်ထဲ၌ နစ်မြုပ် ပျောက်ကွယ်သွားနေသည်။ သူ့ မျက်ရည်များဖြင့် ကျနော့် ရင်အုံမှာ ရွှဲနစ်လာနေသည်။ ကျနော်သည် သူ့ ငိုသံ ငြင်းပယ်နေသံများ အကြား၌ သူ့ မျက်နှာကို ဆွဲမော့်လိုက်ပြီး အထပ်ထပ်နမ်းပစ်နေမိ၏။ သူ့ ကို ကျနော် မည်မျှ ချစ်ကြောင်း၊ တကယ့် မေတ္တာဖြင့် ညီမကလေးအရင်းကို ပေးသလို ပေးရကြောင်း၊ အစီအစဉ်မရှိလျှောက်ပြောနေမိ၏။
နောက်ဆုံး၌ သူ့ ကို ပေး၍ ရတော့မည်မဟုတ်ဟု သိလာရသည်။
သူသည် အထုပ်ကို လွှတ်ချထားသဖြင့်၊ ရထားလှုပ်ကာ ခုန်နေသဖြင့်၊ ကျ မကျန်ရစ်ခဲ့စေရန် ကျနော်သည် ခြေထောက်ဖြင့် ဖိနင်း ထားနေရသည်။
သူ့ ကို နည်းမျိုးစုံဖြင့် ရှင်းပြနေသည်ကို သူ ငြင်းဆန်မြဲငြင်းဆန် နေသဖြင့် ကျနော်သည်လည်း စိတ်၌ ထိခိုက်လာသည်။
ကျနော်သည် သူ့ ကိုဖြေလွှတ်လိုက်ပြီး အနည်းငယ် ဆတ်တွန်း တွန်းလိုက်၏။

“တော်ဘီ…မင်း ဘယ်တော့မှ ကိုယ့်မေတ္တာကို နားလယ်မှာ မဟုတ်ဘူး”
ကျနော်သည် အော်ဟစ် ပြောဆိုနေမိ၏။

အိတ်ကို ကောက်ယူလိုက်ပြီး အိတ်အတွင်းမှ အကျီင်္ပိတ်စကို ဆွဲထုတ်လိုက်သည်။ ကျနော့် လက်အတွင်း၌ အကျီင်္ပိတ်စသည် ပြန့်သွားပြီး အလံနီကြီးတခုကို လွှင့်လိုက်သလို ဖြစ်၏။ ကျနော်သည် ကြက်မောက်ဆည် ရေသွင်းမြောင်းတူးနေကြသော အမျိုးသမီးများကို ပိတ်စ လှမ်းမြောက်ပြကာ ဒေါသစိတ်ဖြင့် လွှင့်ပစ်ခဲ့သည်။
အကျီင်္ပိတ်စသည် လေစုတ်ယူသဖြင့် ရထားနောက်မှ အတန်ကြာ ဝေးဝေးအထိ လိုက်ပြေးလာနေသည်။ ရေသွင်းမြောင်း အလုပ်သမများသည် အော်ဟစ်ပြီး အုပ်စုလိုက် ရထားနောက်မှ ပြေုးလိုက်လာနေသည်။
အတော်ကြာလျှင် ပိတ်စကျရာ နေရာသို့ ရောက်လာကြ၏။ သူတို့ ဝိုင်း၍လုနေကြသည်ကို ညိုညိုသည် လှည့်ကြည့်နေ၏။
သူသည် နှုတ်ခမ်းကို ကိုက်ထားပြီး အလုပ်သမများကို ငေးကြည့်နေရင်း မျက်ရည်များ ဝဲလာနေသည်။

“မင်း ကို့ ကို အထင်သေးတာ ညိုညို၊ ကို့ ကို လက်ဆောင်ပေးပီး မိန်းမသိုက်တူးနေတဲ့ သိုက်သမားလို့ မင်းထင်တာ၊ နောက် လူအုပ်နဲ့တွေ့ရင် ဒီထမိန်ပါ ပစ်ချခဲ့မယ်”

ကျနော်သည် ဒေါသဖြင့် အော်ပြောရင်း ထမီကို ဆွဲထုတ်လိုက်၏။
သူသည် ငိုရှိုက်နေရင်းမှ ကျနော့် လက်ကို ဖမ်းဆွဲထားသည်။

“မင်းကို ပိုက်ဆံပြန်ပေးရမယ်၊ မင်း ကို့ ကိုတော့ သူတောင်းစားပေးသလို ပေးသွားတာမှုတ်လား၊ ကို့ ကို အထင်သေးတာမှုတ်လား၊ ကဲ….ပြန်ယူလေ….ဒီပိုက်ဆံပြန်ယူ၊ ကိုက ဒီငွေကို ဘယ်တော့မှ မသုံးဘူးလို့ ဆုံးဖြတ်ထားတာ၊ ကို့ တသက်လုံး အမှတ်တရ သိမ်းသွားဘို့ ဆုံးဖြတ်ထားတာ”

သူသည် ကျနော် သူ့ငွေများ ပြန်ပေးနေသည့် လက်ကိုအတင်း ဖမ်းဆုပ်ထားသည်။
သူသည် ရုတ်တရက် ကျနော့် ရင်ခွင်အတွင်းသို့ ငိုရှိုက်ရင်း လှဲမှီလိုက်သည်။ ကျနော့်ခါးကို သူ့ လက်များနှင့် တင်းကျပ်စွာ ဖက်ထားရင်း သူ့ မျက်နှာဖြင့် ပွတ်တိုက်နေပြန်သည်။
အတန်ကြာလျင် ကျနော်သည် စကားမပြောတော့ဘဲ သူ့ လက်အတွင်းသို့ ထမီစက္ကူအိတ်ကိုထည့်ပေးလိုက်သည်။ သူသည် ခပ်ဖွဖွ ဆုပ်ကိုင်ထားနေသည်။ အတာစန်းကုန်းနားကပ်လာမှ သူသည် ကျနော့်ရင်ခွင်အတွင်းမှ ထွက်လိုက်ပြီး ဝရံတာကို မှီရပ်သည်။ မျက်ရည်များသုပ်လိုက်ပြီး ငေးနေပြန်သည်။

“သူ သွားမှာ..ဆယ့်ငါးရက်တောင် ကြာမှာနော်၊ အကြာကြီးဘဲ ↔

သူ၏ ခပ်တိုးတိုးပြောသံမှာ ရထားခုတ်မေါင်းသံ၊ သူ့ သက်ပြင်းချသံများနှင့် ရောထွေးပျောက်ကွယ်သွားနေသည်။
သူ ဆက်ပြောနေသည့် အခြားစကားများမှာ သူ့ အသံတိမ်ဝင်သွားနေသဖြင့် မကြားနိုင်တော့ပေ။ ။

နိုင်ဝင်းဆွေ

အပိုင်း (၉) သို့ ဆက်လက်ဖတ်ရှုပါရန်…..။



March 17, 2010

ကမ္ဘာ့ ကဗျာနေ့ 


ကမ္ဘာ့ ကဗျာနေ့ အခမ်းအနားတွေ တကမ္ဘာလုံးကျင်းပကြ


ကမ္ဘာကြီး ငြိမ်းချမ်းတဲ့အထိ ကဗျာတွေရွတ်ကြ



March 15, 2010

မသိန်းရှင်ဆီ ပို့ ပေးပါ


ဒီရက်များအတွင်းမှာ နိုင်ဝင်းဆွေ ရဲ့ “မသိန်းရှင်ဆီ ပို့ ပေးပါ ↔ဝတ္ထု အပိုင်း (၇) ကို ဆက်လက်တင်ရန် ကျနော့်ဖက်က ပျက်ကွက်ခဲ့ပါတယ်။ အခု အဲဒီ အပိုင်း(၇) ကို ဒီကနေ့ တင်လိုက်ပါပြီ။
ဒါပေမယ့် ကျနော်မှာ ပြောစရာရှိပါတယ်။ ဒီအပိုင်း(၇)ကို တင်ဖို့ ရိုက်ထားပြီးသား စာတွေကို ပြန်စစ်တဲ့အခါ စာသား တလုံးချင်းစီ ပြန်ဖတ်တဲ့အခါ ကျနော့်မျက်လုံးတွေ စာလုံးမကွဲအောင် မျက်ရည်မကြာခဏ ဝိုင်းခဲ့ရတာကိုတော့ ကျနော် ဖွင့်ဟဝန်ခံပြီးမှ တင်ပေးလိုက်ရတဲ့အကြောင်း…..

အပိုင်း ( ၇ )

ဂါတ်ဗိုလ် ဦးအောင်ကြီးနှင့် တာဝန်ကျသည့် ရက်များ၌မူ ဂါတ်တွဲပေါ်တွင် တဖက်ခုံမှာ ဦးအောင်ကြီး၏ စိတ်အာရုံမှ ပို့သနေသော မေတ္တာများကြောင့်ထင်သည်။ ကျနော့် စိတ်နှလုံးသားများသည်လည်း အပူထဲဖြတ်သန်းနေရာမှပင် အေးငြိမ်းလာနေသည်။
ရင်ထဲမှ အပူသောကများသည် ရထားနှင့် ယှဉ်လိုက်ပါလာနေသော ပင်းကန်တော့ တောင်တန်းကြီးဆီသို့ လွင့်စင်သွားကြသည်။ ဦးအောင်ကြီးထံမှ စိတ်အင်အားများ ရရှိနေသလို ထင်နေသည်။
ရထားကြီး တဂျုန်ုးဂျုန်း ခုတ်မောင်းနေလျက်၊ ဂါတ်တွဲမှာ ယိမ်းထိုး ခါယမ်းလျှက်ရှိသော်လည်း သူသည် ငြိမ်သက်ကာ ပုတီးကိုသာ မှန်မှန်စိပ်နေလေ့ရှိသည်။ မျက်လုံးများကို မှိတ်ထားသည်။ သူစကား ပြောသောအခါတွင်လည်း ဖြေးဖြေးလေးလေး ပြောတတ်သည်။ သူ့ ကို ကျနော် ရသည့်ငွေထဲမှ ခွဲဝေပေးလျှင် သူသည် ခေါင်းကို ညင်ညင်သာသာ ယမ်းပြသည်။

“ငါ့လစာနဲ့ ငါ စားလောက်ပါတယ်ကွာ” ဟု ဖြေးဖြေးလေးလေး ပြောနေသည်။
“သူတို့ခမျာ များကိုလဲ အရမ်းဖမ်းလား ဆီးလား မလုပ်ပါနဲ့ကွာ ၊ သိပ် များများစားစား မတင်ကြဖို့ဘဲ သတိပေးပါ။ တော်ရုံတန်ရုံ တင်တာတော့ ပိုက်ဆံလဲ တောင်းမနေပါနဲ့၊ တတ်နိုင်ရင် မသိချင်ယောင်ဆောင်နေကွာ၊ လူဆိုတာ လောဘသားတွေ မှုတ်လား၊ သူသူ ငါငါ ပိုက်ဆံတော့ လိုချင်ကြတာပေါ့လေ…..၊ သည်း ခြေ ကြိုက် ဟုတ်လား၊ ယူ သင့် တဲ့ အခါ ကျတော့ ယူပေါ့၊ ကြောက်လဲ ကြောက်မနေပါနဲ့ကွာ၊ ဒိပြင်ကတက်ဖမ်းကြ ပြုကြလို့ မိတော့လဲ မိကြပေါ့၊ ငါတော့ ကြောက်လဲ မကြောက်ပါဘူး၊ အေးအေးနေလိုက်တာဘဲ၊ ငါ့ရထားပေါ်မှာ မှောင်ခိုတွေ အများကြီးမိချင်လဲ မိမှာဘဲ။ မေတ္တာတရားပွားများတတ်ဖို့ လိုတယ် မောင်ရင်မောင်၊ မေတ္တာထားတတ်ဖို့လိုတယ်”

ကျနော့် စိတ်များမှာလည်း သူ ပြောသည်တို့ကို နှစ်ခြိုက်လာနေသည်။
လူ့ ဘုံလောကကြီးတွင် လူသားအပေါင်းသည် ဦးအောင်ကြီးလို ပုဂ္ဂိုလ်များသာ ဖြစ်နေလျှင် အားလုံး ငြိမ်းချမ်းနေကြပေလိမ့်မည်။ လူလူချင်း အမဲလိုက်နေခြင်း၊ လူလူချင်း သတ်ဖြတ်စား သောက် နေခြင်းတို့သည် ချူပ်ငြိမ်းကာ အပူသောကတို့သည်လည်း ပျောက်ကွယ်သွားကြပေမည်။
ယခုကား ကျနော်သည် ဦးအောင်ကြီး အနီး၌ နေသည့် အခိုက်အတန့် ကလေးတွင်သာ အပူခပ်သိပ်းမှ ကင်းငြိမ်းနေဟန်ခံစားရ၏။

ကျန် အချိန်ပေါင်း မြောက်မြားစွာမှာမူ ဘာမျှလည်း မလုပ်တတ်၊ ကြံလည်း မကြံစည်နိုင်၊ မောပန်းနေရသည်။
အိမ် ပြန်ရောက်သည့် ညအခါများတွင် မည်မျှ ပင်ပန်းလာခဲ့သည် ဖြစ်စေ ကျနော်သည် အိပ်၍ ရုတ်တရက် မပျော်နိုင်။ တောင်တွင်းကြီးတမြို့လုံး အိပ်မောကျသွားကာ လောကလူ့ဘုံကြီးတခုလုံး အသက်အသံ ကင်းမဲ့သွားသည်ဟု ထင်နေရချိန်များတွင် ကျနော်သည် ကျနော့် အသက်ရှူသံများကို ဆူညံစွာကြားနေရ၏။
ထိုအချိန်တွင်ကား အပြင်ဖက်တွင် နှင်းများမှောင်ပိန်းနေ၏။ ကောင်းကင်ပြင်တွင် တွယ်ရာမဲ့ ကြယ်ကလေးများသည် တဖျတ်ဖျတ် လက်နေကြ၏။ သွပ်အမိုးပေါ်သို့ နှင်းစက် နှင်းပေါက်များ တဖျောက်ဖျောက် ကြွေကျနေသံမှာ ကျယ်လောင်သော အသံကြီးများ အဖြစ်ဖြင့် ခံစားနေရသည်။

သူ့ ကို မယူနိုင်၊ လက်မထပ်နိုင်သေးဘဲလျက်နှင့် ချစ်ရေးဆိုထားခဲ့မိသည်ကို ကျူးလွန်ထားမိသော ပြစ်မှုကြီးတခုလို ထင်နေမိပြန်သည်။
သူ့ မိသားစု တာဝန်ကို မယူနိုင်လျှင် ကျနော်တို့ကား အိမ်ထောင်ပြုနိုင်မည် မဟုတ်။ သူ့ မိခင် လူမမာကြီး၊ ဖခင်မျက်မမြင်ကြီး၊ မောင် ကျောင်းသားကလေး။ဤလူသား ဒုက္ခသည်များကို သူသည်လည်း တာဝန်မဲ့ ပစ်ပယ်ထားခဲ့ရမည်မဟုတ်။ ကျနော်သည်လည်း အဝေးရှိ မိဖ အိမ်ထောင်စုကြီး၏တာဝန်တဝက်မျှယူနေရသူ၊ လစဉ် ငွေများတင်ပို့ထောက်ပံ့နေရသူ၊ ညီကလေးတယောက်ကို ကျောင်းထားပေးနေရသူ။
သူ့ မိသားစု တာဝန်ကို သူ့ မောင်ကလေးက ယူနိုင်မည့်နေ့၊ကျနော့် ညီကို အားကိုးပြုရမည့်နေများမှာ ဝေးကွာလှမည်မဟုတ်ဟုတွေးနေရသည်၏။ ထိုအချိန်သို့ တိုင်အောင်စေါင့်မျှော်နေရမည်ကို စိတ်၌ မောနေရသည်။

နေ့ခင်းဖက် ရထားပေါ်တွင်လည်း ကျနော်သည် သူ့နံဘေး၌ထိုင်နေရင်း စကားပြောစရာမရှိဖြစ်ကာ ငြိမ်သက်နေရ၏။
“ဒို့ မနက်ဖြန်ကာ လက်ထပ်ပစ်ရအောင်လေ” ဟု ပြောလိုက်ချင်၏။
ထိုသို့ မပြောနိုင်သောအခါ နှစ်သက်စရာ စကားဝါကျများကို ရှာဖွေမတွေ့တော့ပေ။
သူနှင့်ကျနော်သည် စကားပြောစရာများ ကုန်ခမ်းနေသလိုပင် တထိုင်ခုံတည်း ထိုင်ပြီး တယောက်ကို တယောက် ကြည့်လည်း မကြည့်မိ။ သူသည်လည်း သံလမ်းနံဘေး တောင်ခြောက်ကုန်းကလေးများကို စိတ်မပါဘဲနှင့် ကြည့်လာခဲ့သည်။

ဤရက်များ၌ကား သူ့ အခြေအနေမှာ အဆိုးရွားဆုံး ဖြစ်နေခဲ့ပေပြီ။ သင်းသင်းနှင့်နုက သူ့ ကို ထန်းလျက်များ တခေါက်လေး ငါပိဿာတင်ရန် တိုက်တွန်း လာကြသည်ကို သူသည်ငေးကာ မျက်ရည်ဝေ့ကာ နားထောင်ခဲ့၏။ ဘာမျှပြန်မပြော။ မကြားသလိုပင် ငြိမ်သက်နေ၏။ နောက်ဆုံး ပြောလွန်းမကပြောလာမှ သူသည် သက်ပြင်းချနေခဲ့၏။

“မလုပ်ဖူး၊ သူများပစ္စည်းကို ထန်းညက်တလုံးတောင် သူတို့မယူရဘူး၊”

သူသည် မျက်ရည်များဝဲနေလျက်ဖြင့် ပြန်ပြောခဲ့၏။
ထိုအကြောင်းများကို သင်းသင်းနှင့် နုနုတို့သည် သူ့ကွယ်ရာ၌ ကျနော့်ကို ပြန်ပြောကြသောအခါ ကျနော် သည်လည်းဘာပြန်ပြောရမည်မသိ။ ငြိမ်သက်နေခဲ့၏။

“ကိုရင်မောင်ကြီး မလုပ်နဲ့ ဆိုလို့ မိညို မလုပ်တာပါ၊ ကိုရင်မောင်ကြီး ပြောပါအုံး၊ သူတို့အမေ အတော်မမာနေတာ၊ ကျမတို့က အိမ်နီးနားချင်း ဆိုတော့ မမြင်ချင်ဘဲ၊ မကြားချင်ဘဲ ကြားနေရတာ၊ သူလဲ တင်ပစေပေါ့ရှင်….၊ အများလဲ ဒီလိုဘဲ လုပ်စားနေရတာ၊ ကျမတို့က ကိုယ်ပိုင်လယ်ယာ ရှိတာမှမှုတ်ဘဲ၊ အများ မိုးခါးရေသောက်တော့ ကိုယ်လဲသောက်ပေါ့”

ကျနော်သည် သင်းသင်း၏ မျက်နှာကလေးကို စိုက်ကြည့်နေခဲ့၏။ ခု…သူစကားပြောနေသည့် သူ့နှုတ်ခမ်းပါးပါးကလေးကို သူ မနှစ်မြို့ မသတီဘဲလျက်နှင့် လူပေါင်း ငါးဆယ် ကျော်က ရမက်ကြီးစွာ စုပ်နမ်းခဲ့ပြီးပြီကို သတိရနေခဲ့သည်။

“အခုကြည့်လေ….သူ ထမင်းတောင်ထုပ်နေနိုင်အောင် ဘယ်လိုလုပ်နေရပလဲဆိုတာ၊ သူတို့အိမ်သားတွေဆို ဘယ်လိုနေမလဲ၊ ဒါတောင် သုံးလွန်းလေးလွန်းတင်မှုတ်လား”

နုနု၏အသံမှာ ဆို့နင်နေခဲ့သည်။

“ဟုတ်တယ်ရှင်…ကိုရင်မောင်ကြီးပြောပြစမ်းပါအုံး၊ ကျမတို့ပြောလို့တော့ မရတော့ဘူး၊ ကျမတို့လဲ ဘာမှ မတတ်နိုင်ဘူး၊ ဒီအချိန်ကဘယ်သူမှ ဘာမှမတတ်နိုင်ကြဘူးမှုတ်လား၊ကိုယ်ဝမ်းစာတောင်မှ ကိုယ် မနဲ ကျဲနေရတာ၊ ကြက်လို ယက်စားတယ်ဆိုတာက တော်သေးတယ်၊ ကြက်ကယက်လိုက်ရင် ကောက်စရာ တွေ့တာ မှုတ်လား”

ကျနော်သည် မောနေမိ၏။ အသက် ဆယ်သုံးနှစ်ပင် မပြည့်သေးသော မခင်မြလေး၏အဖြစ်ကို မြင်တွေးနေမိ၏။
နောက်တဘူတာတွင် ကျနော်သည် သူတို့တွဲမှ ဆင်းကာ ဂါတ်တွဲသို့ ကူးပြောင်းလာခဲ့သည်။
ရထားကြီးမှာ မတုန်မလှုပ် သူ့ စက်ရှိန်အတိုင်း ပြေးလွှားကာနေသော်လည်း ကျနော့်စိတ်များမှာမူ တုန်လှုပ် ခြောက်ခြားနေခဲ့သည်။ ဝေခွဲ၍မရ။ ပိုင်းဖြတ်၍မရ။ တိုက်လည်း မတိုက်တွန်းချင်။ သူ့ဖါသာ ထန်းလျက်များ တင် လာလျှင်လည်း ကန့်ကွက်မည်မဟုတ်။ မလွဲသာမရှောင်သာ တင်ရတော့မည်ကိုကား သိလာပေပြီ။
ရထားကြီးသည် အင်းတောကျယ် ဘူတာမှ ထွက်ခွာနေ၏။ ငရံတောင်၊ ငလင့်စင်တောင်၊ ဖိုးခိုကြီးတောင်၊ ငွေတွင်းတောင်၊ တောင်နီတောင်၊ မြေဖြူတေင်၊ ဘို့တောင်၊ ကြက်မောက်တောင်စသည့် သံလမ်း ဟိုဖက်သည်ဖက်၊ အနီးကပ် တောင်စဉ် တောင်တန်းများပေါ်၌ မြူခိုးများသည် မှိုင်းဆို့နေ၏။ ဤ မှို်းဆို့နေခြင်းကား စိတ်ကို ငြိမ်းချမ်းစေသည်ကား မဟုတ်။ စိတ်အာရုံကို ထိုင်းမှိုင်းလေလံစေသည်။
ဂါတ်ဗိုလ် ကိုထွန်းရင်သည် အပူအပင် ကင်းမဲ့စွာဖြင့် သူ့တရောပြားကလေးကို ထုတ်လိုက်ပြီး သီချင်းတပုဒ်ကို စမ်းနေခဲ့၏။

“ရင်မောင် ဆိုကွာ”
သူသည် တရောသံ၊ ရထားသံများအကြား၌ ပြောနေခဲ့၏။ ကျနော်သည် ခေါင်းကိုယမ်းပြနေ၏။
“ဘာလဲကွ… မောင်ရင် ကြေကွဲနေတာလား၊ ဒါဖြင့် လွမ်းကွာ၊ ဒါ လွမ်းခန်းပေါ့”
သူ့ တယောသံကား ပျောက်ကွယ်သွားလိုက်၊ ပြန်ပေါ်လာလိုက်၊ ပျံ့လွင့်သွားလိုက်။ သူ၏ သီချင်းကို ချွဲချွဲပြစ်ပြစ် ဆိုနေသံမှာလည်း စိတ်ညစ်ညူးဖွယ်ရာဖြစ်၏။
ညို့…ညို့….ဆိုင်း…ဆိုင်း….။
အုံ့ ….မှိုင်း….ရီဝေ….။
မျှော်လေလေ….တိုင်း…..။
လွမ်းပုံသိ….ထွေ…..။
အခါတိုင်းကဆိုလျှင် ကျနော်သည် သီချင်း ဆိုမိတတ်သော်လည်း သည်တခါတွင်ကား ထိုသီချင်းသံ များမှာ အနှောင့်အရှက်ဖြစ်နေခဲ့ပေပြီ။

“တော်တော့ဗျ” ဟု လှမ်းပြောလိုက်သည်။
“ကိုထွန်းရင်ရဲ့….ခင်ဗျားက လွမ်းနေ၊ လွမ်းရေးထက် ဝမ်းရေးခက်ဗျသိလား၊ လွမ်းရေးဖက် ဝမ်းရေးခက်”
သူသည် ကျနော့် ကို နိုင်ငံရေးစကား ပြောသည်ထင်ကာ တရောအထိုးကို ရပ်လိုက်ပြီး လှမ်းကြည့်နေခဲ့၏။
“အဲဒီစကားမျိုး လွတ်လွတ် ကင်းကင်းမှာ သွားပြောကွာ ငါကြောက်တယ်”

သူပြောနေသည်တို့ကို ကျနော်သည် စိတ်မဝင်စားတော့ပေ။
ကျနော်ကား ညိုညို့  အခက်အခဲများကို ကျနော် စုဆောင်းမိခဲ့သည့် ငွေကြေးအနည်းငယ်ထဲမှ ဖဲ့ကူညီသည်ကို သူ လက်ခံလျှင် သူ့အတွက် တကွက် တခဏတော့ အသက် ရှူနိုင်မည်ကိုတွေးနေမိ၏။ သူသည် ဤသို့ကူညီသည်ကိုလည်း လက်ခံနိုင်မည်မဟုတ်။ ကျနော်သည် သူ၏ လေးစားထိုက်သော မာနစိတ်ကလေးကို သိမြင်နေရ၏။ ထိုသို့ ကူညီခွင့် တောင်းဆိုသည့် အတွက် သူ စိတ်ထိခိုက်ရုံမှတပါးအရေးအရာရောက်မည်မဟုတ်။ သူ့ ကိုစော်ကားသည်ဟူ၍သာ ထင်ပေလိမ့်မည်။
ထိုနည်းဖြင့် ကူညီရန် စိတ်ကူးကို ကျနော်သည် မေ့ထားလိုက်ရ၏.။
ရက်အတန်ကြာပင် သူ့ အခက်အခဲများကို ဖြေရှင်းရန် နည်းလမ်းရှာကြည့်သော်လည်း ထန်းလျက်တင်သည့် ထွက်ပေါက်တခုမျှသာရှိသည်ကို တွေ့မြင်နေရသည်။ ထိုနည်းလမ်းကိုမူ ကျနော်သည် ဖွင့်လှစ်တင်ပြရက်မည်မဟုတ်။
ဤရက်များတွင် နံနက်များတွင် သူ့ ကို မြင်တွေ့နေရသည်မှာ သူ့ မိသားစု အခက်အခဲကို ဖေါ်ပြနေသည့် စက်ကရိယာ တခုကိုကြည့်နေရသလိုပင် ထင်လာရသည်။ သူ့ မျက်နှာကလေးပေါ်၌ ထိုအရာများသည် ပေါ်လွင်နေခဲ့၏။

သူ ထမင်းပင် ထုပ်မလာနိုင်သည့် ရက်ကလည်း နံနက်ပိုင်းရထားကြီး ထွက်လာကတည်းက သူ့ မျက်နှာမှာ အခါတိုင်းနေ့ရက်များကထက် ပိုမိုညှိုးငယ်နေခဲ့သည်။
သူသည် သူ့ ထိုင်ခုံနောက်မှီကို မှီကာ အိပ်နေရင်းပင် သူ့ မျက်နှာမှာ အားနည်းဖျော့မှိန်နေသည်။
အခါတိုင်းက သူ့တွင် မည်မျှ သောကဖြစ်နေသည် ဖြစ်စေကျနော် ရောက်သွားလျှင် ကြိုးစားပြုံးကာ နှုတ်ဆက်လေ့ရှိသော်လည်း ထိုနေ့ကမူ သူသည် ကျနော် လျှောက်လာနေသည်ကို လှမ်းကြည့်ရုံမျှသာ ကြည့်နေသည်။
ညောင်တိုဘူတာတွင် ကျနော်သည်အခါတိုင်းနေ့များကလို ဟင်းဝယ်ရန် ရထားပေါ်မှ ဆင်းလာခဲ့လျှင် သူသည်လည်းသူစီးလာခဲ့သည့် တွဲပေါ်မှ ဆင်းလာသည်။
ထမင်းဆိုင်ရှေ့ သို့ ကျနော် ရောက်ပြီး ဟင်းဝယ်နေချိန်၌ သူသည် လူအများကို တိုးဝှေ့ကာ ကျနော်ရှိရာသို့ လျှောက်လာသည်။ ကျနော့် နံဘေး၌ လာရပ်သည်။ မှောင်ခိုသမားများနှင့် အခြားခရီးသည်များသည် ကျနော်တို့ကို လှမ်းကြည့်ကြ၏။

“ကြက်သား သုံးကျပ်ဖိုးလား ဆရာ” ဟုဆိုင်ရှင်သည် ပြုံးပြီးမေးနေ၏။
“သူ …ခဏ”

ညိုညိုသည် ကျနော့်ကို တတောင်ဆစ်ဖြင့် တွက်ကာ ခပ်တိုးတိုး ပြောပြီး ဆိုင်ရှေ့မှ လှည့်ထွက်သွားသည်။ ကျနော်သည် ထမင်းဆိုင်ရှင်ကို လက်ကာပြခဲ့ပြီး သူ့နောက်မှ လိုက်သွားရလေသည်။
သူသည် ဘူတာပလက်ဖောင်းအစွန်ဖက် ကုက္ကိုင်ပင်အောက် ကျမှ ရပ်လိုက်၏။

ထိုနေရာမှာ ခရီးသည်များနှင့်လည်း အလှမ်းဝေးကွာနေသည်။ ကျနော်သည်သူ့နံဘေး၌ ကုက္ကိုမြစ်ကို ကန်ကာရပ်တန့်လိုက်၏။ သူ့ ကို ကျနော်သည်ပင် ပြုံးမပြမိ။ သူ့စိတ်ထဲတွင် ထူးထူးခြားခြား ခံစားရေမှုများမှာ သူ့ မျက်နှာပေါ်၌သာပေါ်နေသည်မဟုတ်ဘဲ အရာအားလုံးကိုပင် ဖုံးလွှမ်းထားနေသည် ထင်ရသည်။
သူသည် ခရီးသည်အများ လှုပ်ရှားရာဖက်သို့ တချက် လှမ်းကြည့်လိုက်၏။

အဝေးတွင်ကာ ရထားခေါင်းတွဲကြီး ဖြုတ်သွားကာ ရေစက်မှ ရေများထည့်နေသည်။ ခရီးသည်များသည်လည်း ကျနော်တို့ ကိုလှမ်းကြည့်နေကြ၏။ မီးရထားဝတ်စုံ ဝတ်ထားသူ ကျနော့် ကိုမူ ခရီးသည်တိုင်းကလိုလို သိနေသဖြင့် ကျနော်သည် လည်း သူ့ ကို ညှာတာသဖြင့် ဤနေရာ၌ ကြာရှည်ကြာမြင့်ရပ်မနေချင်။

“ဘာလဲ….ပြောလေ”

သူသည် ခေါင်းကို ဖြည်းဖြည်းမော့ပြီး မျက်လွှာကြီးဖွင့်ကာ ကျနော့်ကို ကြည့်နေ၏။ ထိုမျက်လုံးကြီးများထဲတွင် ကျနော့်ကိုအားကိုးလိုစိတ်များ ပြည့်လျှမ်းနေသလို ခံစားနေရသည်။
သူ့ မျက်နှာမှာ မို့ကာ တင်းရစ်နေသည်။ မျက်လုံးများသည် ငိုထားဟန်ဖြင့် အစ်နေ၏။ သူ့ အင်္ကျီလက်မောင်း တဖက်စုတ်နေသည်ကို ဖုံးကွယ်နိုင်ရန် သူသည် တဘက်ကို ထိုဘက်ပခုံးဖက်သို့ ပို၍ဆွဲချခြုံထားနေပုံမှာ စိတ်ကိုနာလာစေသည်။ ယခုပင်လျှင် သူသည်မငိုမိရန် စိတ်ကိုတင်းထားနေရပုံ ပေါ်နေသည်။
သူသည် ခေါင်းကို ပြန်ငုံ့ လိုက်၏။

“သူ….ဟင်း မဝယ်နဲ့လို ပြောမလို့ပါ”ဟု ပြောနေသောစကားလုံးများမှာ သူ့ လည်ချောင်းဝတွင် အတစ်တစ် အဆို့ဆို့ ဖြစ်နေသည်။
“မှာထား ပီးဘီ၊ ဘာပြုလို့လဲ”
“သူများ…သူများ….သူများ….ထမင်း ထုပ်မလာခဲ့ဘူး↔
“ဘာပြုလို့လဲ”
“အိပ်ရာထ မိုးလင်းသွားလို့ပါ၊ ထမင်းချက်ချိန်မရတော့လို့၊ အဲတာပြောမလို့၊ သူ ဟင်းလဲမဝယ်နဲ့၊ ထမင်းလဲမဝယ်နဲ့၊ သူများတို့တွဲလဲ လိုက်မလာနဲ့ သိလား၊ သူ ထမင်းတွေ ဟင်းတွေ ဇွတ်ဝယ်လာခဲ့ရင် ငိုရမှာဘဲ၊ သွားမယ် သွားမယ်…ငို….ငိုမိတော့မယ်”

သူကုက္ကိုရွက်ခြောက်များကို နင်းကာ ထွက်ခွာသွားသောအခါ ကျနော်သည် ဘာလုပ်ရမည် မသိဘဲ ရပ်ကျန်နေရစ်ခဲ့၏။

သည်နေ့ နံနက်စာ သူတို့မိသားတစုလုံး ထမင်းငတ်နေခဲ့ပြီကို မသိ၍ မဖြစ်တော့။
သူ့ အိမ်ရှိကျန်သူ့ကိုမှီခိုနေသူများကား သူ့ ထက်စောစွာငတ်နေခဲ့ပေမည်။

ကျနော်သည် သူရှိရာသို့ ထမင်းဟင်းများ ဝယ်မသွားတော့ပေ။ ဝယ်ပြီးသွားခဲ့လျှင် သူ ငိုတော့မည် ကို အမှန်ပင် သိနေမိ၏။
ရထားထွက်လာခဲ့လျှင် ကျနော်သည် ဂါတ်တွဲပေါ်ရှိ ထိုင်ခုံတွင် ပစ်လှဲနေမိ၏။
ဂါတ်ဗိုလ် ကိုမောင်ကိုကြီးက ….“မင်း ကောင်မလေးကို အိုကေ ပီးပလား” ဟု လှမ်းမေးနေသည်ကို ကျနော်သည် ပြုံးလည်းမပြမိ။ ခေါင်းလည်း ယမ်းမပြမိ။
အရက်ကလေး အနည်းငယ် သောက်တတ်သော လူအေးလူကောင်း ဂါတ်ဗိုလ်ကြီးသည် ရထားထွက်ခွာရန် အလံကို နှေးနှေး ယမ်းပြနေသည်။
“ရင်မောင်တို့ကတော့ စွန်တယ်ကွာ”ဟု ပြောကာ သူသည် တဟဲဟဲရယ်ရင်း ကျနော့်ကိုနောက်ပြောင်လာလေသည်။
ရထားကြီးသည် သူ့ ခရီးစဉ်အတိုင်း ဆက်လက် ထွက်ခွာနေ၏။

ညိုညို၏ ခရီးစဉ်မှာလည်း မှောင်ခိုသူ ဖြစ်လာရန်သာလျှင် ရှိတော့သည်ကို ငြင်းဆန်၍ ရတော့မည်မဟုတ်။ ညိုညိုကား အခက်အခဲများ လည်းပင်ကျော်အောင် နစ်လာနေခဲ့ပြီး ဖြစ်သော်လည်း သူ့ မာနနှင့် သူ တင်းခံထားဆဲ။ သူ့ မာနမှာ လေးစားထိုက်သော မာနဖြစ်သည်ကို အသိအမှတ် မပြု၍ ရမည်မဟုတ်။ သို့သော် ထိုမာနဖြင့် တင်းခံ၍ မရနိုင်တော့သည့်နောက်ဆုံး အချိန်များသည် တရိပ်ရိပ်နီးကပ်လာနေပြီကိုမူ သိရှိနေရလေပြီ။

ဤနောက်ပိုင်းရက်များတွင် ကျနော်သည် ဦးအောင်ကြီး၏ မေတ္တာတရားမှ ပေါက်ဖွားလာခဲ့သော စကားများကို ပို၍ နက်ရှိုင်းစွာ ထိတွေ့ လာရလေသည်။

“သူတို့ခမျာများ အရမ်း ဖမ်းလား ဆီးလာ မလုပ်ပါနဲ့ ကွာ၊ မတော်လေဘနဲ့ လုပ်လာကြရင်တော့လဲ တမျိုးပေါ့၊ အဲဒီလိုလုပ်မယ့်လူလဲ မရှိကြပါဘူး၊ တော်ရုံတန်ရုံကလေး တင်ကြတာ မသိချင်ယောင် ဆောင်နေပါကွာ၊ များလာရင်တော့ သတိပေးပေါ့”

ကျနော်သည် မှောင်ခိုကုန်များကို ဖမ်းရ ဆီးရမည် ရှိတိုင်း သူ့စကားများကို နား၌ ကြားနေရ၏။ သူကား ဂါတ်ဗိုလ်သာ ဖြစ်သဖြင့် ဖမ်းဆီးရန် ကျနော့်လောက် တာဝန်မကြီး။ ကျနော်ကား မဖမ်းဆီးလျှင် ပြဿနာများကို မရှင်းနိုင်ဖြစ်ရပေမည်။

“မတတ်နိုင်ဘူးလေ…သူတို့လဲ သူတို့ဝမ်းရေးအတွက် သူတို့လုပ်ပေါ့၊ ငါလဲ ငါ့ဝမ်းရေးအတွက် ဖမ်းလား ဆီးလား လုပ်ရမှာပေါ့၊ ငါ အလုပ်ပြုတ် ခံနိုင်ပါ့မလား”

အပြန်ခရီးများတွင် ထန်လျှက်များစွာတင်သော အတာစန်းကုန်းဘူတာနှင့် နီးကပ်လာလျှင် ကျနော်သည် ထိုဂါထာကို ရွတ်နေရ၏။ ထန်းလျက် တင်သူများ မတွေ့ပါရစေနှင့်ဟု ဆုတောင်းလာခဲ့ရ၏။
ထိုဆုတောင်းသည် မည်သည့်အခါတွင်မှ ပြည့်မည်မသိ။

အတာစန်းကုန်းသို့ ရထားဆိုက်ရပ်လိုက်လျှင် ဝဲယာနှစ်ဖက်မှ တောင်းကြီး တောင်းငယ်များ ရွက်ကာ ထမ်းကာ လူအများပြေးလာကြ၏။ ကျနော်သည် ကမန်းကတန်း ရထားပေါ်မှ ခုန်ဆင်းလိုက်ပြီး…
“ထန်ညက်တွေ မတင်ကြနဲ့နော်…မတင်ကြနဲ့၊ အဆုံးမခံချင်ရင် မတင်ကြနဲ့၊ ဖမ်းရမှာဘဲ” ဟု အော်ပြောနေရ၏။

ကျနော် ဖမ်းမည်ကို သိကြလျက်နှင့်လည်း သူ့ ထက် ငါ အမျိုးမျိုး ကျနော့်ကို ပြောကာ သူတို့သည် ဇွတ်တင်နေကြ၏။ တောင်းများကို ထိုးတင်နေကြ၏။ ဖမ်းဆီးမည်ကို ကြောက်ကြလျက်နှင့် တင်နေကြသော သူတို့စိတ်များကို ကျနော်သည် နားမလည်နိုင်။ သူတို့ ကိုယ်သူတို့ပင် နားလည်ကြမည်မဟုတ်။
ကျနော်ကား သည်မျှ များပြားလှသည်ကို မဖမ်း၍လည်း မဖြစ်တော့သဖြင့် ပင်းချောင်းသို့ ရောက်လျှင် မီးရထားရဲများ အကူအညီ၊ ပင်းချောင်းဘူတာ ကုန်တင်ကုန်ချ အလုပ်သမများအကူအညီဖြင့် ဖမ်းဆီရတော့၏။
ပင်းချောင်း ဘူတာရုံရှေ့ တွင် တောင်းကြီး တောင်းငယ်များ စုထပ်သောအခါ တောင်ပုံရာပုံ ဖြစ်လာလေသည်။
ကျနော်ဖမ်းဆီးနေသည်ကို ရထားတစင်းလုံးရှိ မျက်လုံးပေါင်းများစွာသည် ဝိုင်းကြည့်နေကြ၏။
ဖမ်းဆီးပြီး ကုန်များကို ကတ္တားတင်ချိန်ပြီး ရုံပိုင်ထံ လွှဲအပ်ပြီးပြန်လျှောက် လာခဲ့သော အခါ ထိုမျက်လုံး များသည် ကျနော့် မျက်နှာကို စိုက်ကြည့်နေသည်။

ထိုအထဲတွင် ညိုညို၏မျက်နှာနှင့် မျက်လုံးများကို သတိထားမိပြန်သည်။ သူ့ မျက်နှာမှာ ကျနော့်ကို ကြည့်နေရင်း စိတ်ထိခိုက်နေပုံပေါ်နေသည်။ သူ့ မျက်လုံးများသည် ကျနော့် ကို သူနှင့် မသိသူတဦးကိုကြည့်သလို စိမ်းနေကြ၏။

ရထားကြီးထွက်လာခဲ့လျှင် ကျနော်သည် စိတ်ပင်ပန်း နွမ်းနယ်စွာဖြင့် သူ့အနားရှိ ထိုင်ခုံတွင် ဝင်ထိုင်သည်။
ထို အခါတွင် ကား ကိုယ်စိတ် နှစ်ပါး နွမ်းနယ်စွာဖြင် ကျနော်သည် ထိုင်ခုံနောက်မှီအပေါ်သို့ အရုပ်ကျိုးပြတ် လှဲမှီလိုက်သည်။
သူသည် ကျနော့် ကို မကြည့်ရဲသလို မျက်နှာ အပြင်ဖက်သို့ လှည့်ထားသည်။ ထိုအခါများတွင် သူနှင့် ကျနော့် ကြား၌ အရံအတားကြီးတခုဖြင့် ကာဆီးထားကြသလို ခံစားနေရသည်။

“မတတ်နိုင်ဘူး၊မတင်ကြပါနဲ့ ဆိုတာ ဇွတ်တင်ကြတာကိုး၊ ကျနော်မဖမ်းလဲ ဒီပြင်က ဖမ်းကြမှာဘဲ” ဟု ကျနော်သည် ကိုယ့်ကိုယ်ကိုပြောနေသလို ပြောနေမိ၏။

ထိုလျှောက်လဲချက်မှာ ညိုညိုနှင့် တကွ အားလုံးအတွက် ဖြစ်၏။
အဖမ်းခံ အသိမ်းခံများ၏ မျက်လုံးများသည် ကျနော့်ကို မျက်ရည်ဝဲသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူတို့သည် ပစ္စည်းများ ဆုံးသွားကြသော်လည်း ကျနော့် ကိုအပြစ်မြင်ဟန်မရှိကြ။
သူတို့သည် ရိုးသားသော အညာသူ အညာသား ဆင်းရဲသားများဖြစ်၏။ နှစ်နံစပ်လုံချည်ဝတ်ကာ လုံချည်ကြမ်းများခေါင်းပေါင်းထားကြသည်။ ရထားကြီး ခုတ်မောင်း နေစဉ်၌သူတို့သည် ကျနော်ထိုင်နေရာသို့ လျှောက်လာကြ၏။ သူတို့ ပစ္စည်းဘယ်ရွေ့ ဘယ်မျှ ပါသွားကြသည် ဝိုင်းပြောနေကြသည်။ ကျနော့် အပေါ်၌ ယုံကြည်နေကြ၏။ အခင်အမင်လည်း မပျက်။

“သွားကြဗျာ၊ခင်ဗျားတို့ ဥစ္စာက အများကြီး မှုတ်လား၊ မဖမ်းလို့လဲကြည့်မကောင်းတော့ဘူး၊ မတင်မီက ကျနော် တောင်းပန်သားဘဲ၊ ခုလို လာပြောနေကြရင်၊ ခင်ဗျားတို့ လူတွေပါထပ်ဖမ်းနေရအုံးမယ်၊ စဉ်းစားကြည့်ကြဗျာ… ကျနော် မဖမ်းရင်ဒီပြင်နေရာတွေက ဖမ်းကြမှာဘဲ၊ မဖမ်းဘူးထား … ပစ်စာတင်ရင် ကျနော်လဲအလုပ်ပြုတ် ထောင်ကျ၊ ငါ့ဝမ်းပူဆာ မနေသာလို့ လုပ်ရတာဘဲဗျာ”

အတန်ကြာအောင် ကျနော် သည် လာ ပြောပြသူများကို ရှင်းပြနေရ၏။ သူတို့သည် ကျနော့်ကို ခွင့်လွှတ်ကာ ထွက်ခွာသွားနေကြ၏။
အချို့ သည် နားမလည်နိုင်ကြသဖြင့် သူတို့ တောင်းလေးများကို ပြန်ပေးရန် ငိုယို၍ပင် တောင်းပန်နေကြသည်။

“အမေ့တောင်းကလေးတော့ မဖမ်းဘူးထင်တာကွယ်၊ ပိုက်ဆပ် နှစ်ဆယ်ဘိုး၊ အမေ့မြေးကလေး လက်စွပ် ရောင်းလာခဲ့ရတာပါ၊ အမေ့ကိုပြန်ပေးပါ” ဟု တောင်းပန်သူလည်းရှိ၏။

ကျနော်သည် ပင်းချောင်းရုံပိုင်ထံ အပ်နှံခဲ့ပြီး ဖြစ်ပုံကို နားလည်အောင် မရှင်းပြနိုင်သဖြင့် စိတ်မောလာရသည်။

“ငါသားပြန်ပေးရင် ရပါတယ်၊ သူများတွေလဲ ဒီလိုဘဲ တင်နေကြတာဆိုလို့ အမေလဲ တင်တာပေါ့”

အက်ျီပွကြီးကို ဝတ်ထားကာ ဆံပင်များ ဖွေးဖွေးဖြူနေသောအမေအိုသည် ကျနော့် ခြေရင်း၌ထိုင်ကာ တတွတ်တွတ် ငိုပြောနေခဲ့၏။ မျက်ရည်များ သုတ်လိုက် ငိုလိုက် လုပ်နေ၏။
ကျနော်သည် အမေအိုကို ပွေ့ထူလိုက်သည်။ သူနှစ်သိမ့်ကျေနပ်ရန် မည်သို့ပြောရမည်ကိုလည်း မသိတော့ပေ။ ခရီးသည်အများသည် ကျနော်နှင့် အမအိုကို လှမ်းကြည့်နေကြ၏။
ညိုညိုသည်လည်း ကျနော့်ကို ငေးကြည့်နေသည်။

“အမေ…. နောက်ကို ငါးပိဿာထက်လဲ ပိုမတင်နဲ့၊ အမေတင်ရတယ်လို့လဲ ဘသူ့မှ မပြောနဲ့၊ အမေ့တောင်းကို အမေ့ခုံအောက်ထားပါ၊ ဒါမှ ကျနော် ရှောင်တတ်မှာ”

ကျနော်သည် နံဘေးမှ မကြားစေရန် အသံနှိမ့်ပြီး တိုးတိုးကပ်ပြောနေရသည်။ ရထားခုတ်မောင်းနေသံ၊ အခြားခရီးသည်များ၏ အသံအောက်တွင် ကျနော့် အသံမှာ နစ်ဝင်ပျောက်ကွယ်သွားနေသည်။ အမေအို မသဲမကွဲသဖြင့် ကျနော်သည် ထပ်ပြောနေရ၏။
အမေအို၏ ပခုံးနှစ်ဖက်ကို ပွေ့ ထူနေစဉ် ကျနော့် စိတ်နှလုံးသားထဲတွင် ရပ်ဝေး၌ နေသော ကျနော့် အမေကိုသတိရနေသည်။ ကြည်ညို မေတ္တာစိတ်များ ပွားများလာနေသည်။ အမေအိုသည် ကျနော့် ကို ဆုတောင်းမေတ္တာများ ပို့သပြီး သူထိုင်ရာ အိမ်သာကြားဖက်သို့ လျှောက်သွားနေသည်။

“ကို့ အမေနဲ့ သိပ်တူတာ” ဟု ကျနော်သည် တီးတိုးရေရွတ်နေမိ၏။

ကျနော့် ရေရွတ်သံမှာ အလွန်တရာ ဝေးကွာ နက်ရှိုင်းလှသော ဒေသမှ ဖြစ်ပေါ်လာခဲ့ရသလိုပင်။ ထိုစကားလုံးများကို ရွတ်ဆိုနေဆဲ၌ စိတ်အာရုံ တခုလုံး ဆွတ်ပျံ့ လာကာ ငိုချင်နေသည်။ ကျနော့် မျက်လုံးများပေါ်၌ မျက်ရည်များ တက်လာနေသည်။ ကျနော်သည် မျက်ရည်များ ပျောက်ကွယ်သွားစေရန် ပြုံးလိုက်ရသည်။

သင်းသင်း၊ နုနု၊ မအေးသွယ်တို့သည် ကျနော့် မျက်နှာကိုငေးကြည့်နေကြ၏။
ညိုညိုသည်လည်း ကျနော့် ကိုလှမ်းကြည့်နေသည်။ သူ့ မျက်လုံးများမှာ နူးညံ့နေကြ၏။ သူသည် တဖြည်းဖြည်း တရိပ်ရိပ် ပြုံးလာနေသည်။ ကျနော့် မျက်လုံးအိမ်အတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက် ကြည့်နေသလို ထင်နေရသည်။
သူသည် ကျနော့် ဖက်သို့ တိုးရွှေ့လိုက်၏။

“ဟိုက အမေ ထမင်းစားရဘို့ … ဒီက အမေ့ ပစ္စည်းတွေ ဖမ်းရတာနော်….၊ သူ့ အလုပ်မျိုးတော့ ကောင်ကလေး ကြီးလာရင် မလုပ်ခိုင်းတော့ဘူး”

သူသည် အခြားသူများ မကြားနိုင်အောင် ခပ်တိုးတိုးပြောနေသည်။

************************************************

အပိုင်း(၈)သို့ ဆက်လက်ဖတ်ရှုပါရန်…။





March 13, 2010

ကဗျာဆိုတာ ပြောက်ကျားလက်နက်

ကျနော့်ဘလော့မှာ ခရီးသွားဆောင်းပါးတပုဒ် ဆက်တိုက်တင်ခဲ့ပြီး ကျနော်လည်း တခြားအလုပ်တွေဘက် လှည့်လိုက်ရပါသေးတယ်။
ဒီကြားထဲ ပိုစ့်အသစ်မတင်နိုင်သေးလို့ ၂၀၀၈ ခုနှစ်ထဲက ဧရာဝတီအင်တာနက်ဝက်ဘ်ဆိုဒ်မှာရေးခဲ့ပြီး ကျနော့်ဘလော့မှာလည်းတင်ခဲ့ပြီးတဲ့ စာမူအဟောင်းတပုဒ်ကိုပဲ ထုံးစံအတိုင်း ဖုန်သုတ်ပြီး ပြန်တင်လိုက်ရပါတယ်။
ဒီလ လာမယ့် ၂၁ ရက်နေ့ ဆိုရင် ကမ္ဘာ့ကဗျာနေ့ ပါ။ အဲဒီနေ့ ကို ကြိုဆိုတဲ့အနေနဲ့ ဒီဆောင်းပါးကို တင်လိုက်တာလည်းဖြစ်ပါတယ်။

ကဗျာဆိုတာ ပြောက်ကျားလက်နက်

(က)
၂၀၀၈-ခု အ၀င် ကာလများမှာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု စစ်မျက်နှာတခုရယ်လို့ ဆိုရမယ့် ကဗျာစာပေ နယ်ပယ်မှာ ပေါက်ကွဲသံတွေ ဆူညံနေခဲ့ပါတယ်။ ဒီပေါက်ကွဲသံတွေဟာ ကမ္ဘာ့အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲသမိုင်းမှာ ကဗျည်းထိုးကြရမယ့် တိုက်ပွဲသံတွေလည်း ဖြစ်ပါတယ်။ ကျနော်ဆိုလိုတာ ကတော့ ကဗျာဆရာ စောဝေရဲ့ “ဖေဖော်ဝါရီဆယ့်လေး” ကဗျာ ၊ ကဗျာဆရာ ကြည်မောင်သန်းရဲ့ “ဒီပရင်္ဂ” ကဗျာတွေဟာ စစ်အာဏာရှင် ရဲ့ ခံကတုပ်များဖြစ်ကြတဲ့ စာပေစီစစ်ရေး မြောင်းတွေကို အပြင်းထန်ဆုံး ပစ်ခတ်ထိုးဖောက် တိုက်ခိုက် လိုက်တဲ့ တိုက်ပွဲသံတွေကို ဆိုလိုတာပါ။ ဒီအဖြစ်အပျက်တွေနဲ့ ဆက်စပ်ပြီး လွန်ခဲ့တဲ့ နှစ် (၃၀) ကျော်လောက်က မြန်မာကဗျာနယ်ပယ်အတွင်း ဖြစ်ထွန်းခဲ့တဲ့ စာပေလှုပ်ရှားမှုတခုကို သွားပြီး သတိရမိပါတယ်။

၁၉၇၀-ခုနှစ်ဝန်းကျင်က “စာပေဆည်းဆာ” ဆိုတဲ့ စာပေလှုပ်ရှးမှုတခု ရှိခဲ့ဖူးတယ်။ မဆလ တပါတီ အာဏာရှင်အောက်မှာဖြစ်တာမို့ ထင်ထင်ပေါ်ပေါ်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဒီ “စာပေဆည်းဆာ” ဟာ ကဗျာနဲ့ပါတ်သက်တဲ့ ဖြစ်ထွန်းမှုတချို့ကို တွန်းတင်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အတတ်ပညာအပိုင်းမှာ ဖြစ်ပါတယ်။

“စာပေဆည်းဆာ” လှုပ်ရှားမှုရဲ့ အစီစဉ်ထဲမှာ ကိုယ့်အစုနဲ့ကိုယ်၊ ကိုယ့်ဒေသနဲ့ကိုယ် ကဗျာစာအုပ်တွေ ထုတ်ကြဖို့ ဆိုတဲ့ အစီစဉ်လည်းရှိခဲ့ပါတယ်။ ဒီအစီစဉ်နဲ့ပဲ ဒေသအရဆိုရင် ပျဉ်းမနားက “တောင်ညိုခင်တန်း” ၊ ပဲခူးက “ဒီရေ” နဲ့ “ဆီးပွင့်” ။ တခြားဒေသတချို့ကလည်း ကဗျာစာအုပ်တွေ ထုတ်ကောင်းထုတ်နိုင်ခဲ့ပါလိမ့်မယ်။ ကျနော် မှတ်မိသလောက် အဲဒီ ပဲခူး၊ ရန်ကုန်၊ ပျဉ်းမနား အစရှိတဲ့ ဒေသက ကဗျာဆရာတွေက ကိုယ့်ဒေသရယ်လို့ မဟုတ်ပဲ၊ တခြားဒေသက ကဗျာဆရာတွေဆီက ကဗျာတွေကိုပါတောင်းပြီး ထုတ်တော့ ကိုယ့်ဒေသက တာဝန်ယူ ထုတ်ခဲ့ကြတဲ့သဘောပါပဲ။ ဥပမာ ... ကျနော်တို့ ပဲခူးကဆိုရင် “ဆီးပွင့်” ကဗျာစာအုပ်ထုတ်တော့ ရန်ကုန်က “မုံရွာအောင်ရှင်” တို့ ပျဉ်းမနားက “မောင်သင်းခိုင်” တို့ရဲ့ ကဗျာတွေကိုတောင်းပြီး ကျနော်တို့ ကဗျာစာအုပ်မှာ ထည့်ခဲ့ကြတာပဲ။ ရာဇ၀င်တွင်ဖို့လိုအပ်တယ်လို့ ယူဆပြီးပြောရရင် ရန်ကုန်မှာထုတ်တဲ့ ကဗျာစာအုပ်တွေဟာ၊ အသိုင်းအ၀ိုင်းအားဖြင့် ကျယ်ပါတယ်။ တကယ့်တပ်ပေါင်းစုသဘောလည်း ဆောင်ပါတယ်။ ဒီတုန်းက ရန်ကုန်ကထုတ်တဲ့ ပထမဦးဆုံးနဲ့ ဒုတိယအကြိမ်ထုတ်ဝေတဲ့ ကဗျာစာအုပ်ရဲ့ နာမည်တွေကို ဆရာ “ဒဂုန်တာရာ” က နာမည်ပေးခဲ့တာပါ။ လက်ရေးနဲ့ရေးတဲ့သူတွေက ပထမ “မုံရွာအောင်ရှင်” ၊ ဒုတိယ “ကိုအောင်ငြိမ်း” ။ ပထမဦး ဆုံး ထုတ်ဝေတဲ့ ကဗျာစာအုပ်ရဲ့ အမည်က “နွေဦးသစ်မှာပေါ်တဲ့ ပွင့်သစ်” တဲ့။ ဒုတိယစာအုပ်ကတော့ “မိုးရိပ် လေရိပ်” ဖြစ်ပါတယ်။ ဒီစာအုပ်တွေဟာ ထုတ်ဝေခွင့်ရယူပြီး တရားဝင်ပုံနှိပ်ထုတ်ဝေခဲ့တာ မဟုတ်ပါဘူး။ ဖယောင်းစက္ကူပေါ်မှာ ကညစ်နဲ့ရေးပြီး ဖယောင်းပုံနှိပ်လက်ရေးကဗျာစာအုပ်တွေအဖြစ် ထုတ်ဝေခဲ့ကြတာပါ။

ကျနော်ထင်ပါတယ်။ ဒီတုန်းက အဲဒီ “စာပေဆည်းဆာ” လှုပ်ရှားမှုဟာ အကြောင်းအရာ (နိုင်ငံရေး) အရ၊ အတတ်ပညာအရ မြန်မာကဗျာဖြစ်ထွန်း တိုးတက်မှုကို တွန်းတင်နိုင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ ဒီ “စာပေ ဆည်းဆာ” လှုပ်ရှားမှုထဲကပဲ စာပေအယူအဆတချို့ ပေါ်ထွက်လာခဲ့တယ်လို့ ဆိုရပါမယ်။

(ခ)

၁၉၇၀-ခုနှစ်တ၀ိုက်က၊ “စာပေဆည်းဆာ” လှုပ်ရှားမှုထဲမှာ ကျနော် စိတ်ဝင်စားတဲ့ အယူအဆ(၂) ခု ရှိခဲ့ပါတယ်။ သထမ အချက်က “ကဗျာနှင့်လူ ထပ်တူဖြစ်မှု မဖြစ်မှု” ဆိုတဲ့အယူအဆ။ နောက်တချက်ကတော့ “ကဗျာဆိုတာ ပြောက်ကျားလက်နက်” ဆိုတဲ့ အယူအဆပါပဲ။ ဒီကနေ့ ဒီဆောင်းပါးမှာတော့ “ကဗျာဆိုတာ ပြောက်ကျားလက်နက်” ဆိုတဲ့ အယူအဆကိုပဲ ကျနော်ပြောပါမယ်။

ပြောမယ့်သာပြောရတာပါ။ ဒီ “စာပေဆည်းဆာ” ကဗျာလှုပ်ရှားမှုလုပ်တဲ့အချိန်က ကျနော်က ကဗျာ တပုဒ်ပဲ ပုံနှိပ်ဖော်ပြခံရဖူးသေးတဲ့ တကယ့်နောက်တန်းရဲ့ နောက်တန်းက လူတယောက်ပါ။ အသက်အရွယ် အားဖြင့်လည်း (၂၀) ၀န်းကျင်ပဲ ရှိပါသေးတယ်။ နောင်တော် ကဗျာဆရာတွေဖြစ်ကြတဲ့ “အောင်ငြိမ်း” ၊ “မုံရွာ အောင်ရှင်” ၊ “မောင်သင်းခိုင်” ၊ “ဇော် (ပျဉ်းမနား)” တို့ရဲ့ နောက် ...၊ ခတ်လှမ်းလှမ်းက လူတယောက်ပါပဲ။ “စာပေဆည်းဆာ” ကိစ္စ၊ ကျနော့်မှာ ပြောခွင့်ရှိတဲ့အနေအထား၊ ပြောနိုင်လောက်တဲ့ “၀ါ” ၊ ကျနော့်မှာ မရှိပါဘူး။ အခုလို စာတတန် ပေတတန်ရေးပြီး ပြောတယ်ဆိုတာကလည်း ကိုယ့်ကိုယ်ကို ပြောနိုင်တဲ့ လူတယောက်လို့ ယူဆပြီး ပြောတာလဲ မဟုတ်ပါဘူး။ ဒါပေမယ့် “စာပေဆည်းဆာ” ကို ကျနော်တန်ဘိုးထားတယ်။ “စာပေ ဆည်းဆာ” ဟာ ကျနော်ရဲ့ ပဲ့ကိုင်၊ “စာပေဆည်းဆာ” ဟာ ကျနော့်ရဲ့ ဖြတ်သန်းမှုတခုဖြစ်တာမို့ “စာပေ ဆည်းဆာ” ကို လွမ်းသတဲ့အနေနဲ့ ကျနော်ရေးတာပါ။

အဲဒီစာပေဆည်းဆာလှုပ်ရှားမှုထဲမှာ ကျနော်တို့ရဲ့ နောင်တော်ကြီးတွေ ပြောသံဆိုသံကြားလို့ ၀င်ပြီး နားထောင်၊ ၀င်ပြီး ဆွေးနွေးရင်းနဲ့ “ကဗျာဆိုတာ ပြောက်ကျားလက်နက်” ဆိုတဲ့ စကားကို ကျနော်ကြားခဲ့ရ တာပါ။ လွဲချင်လည်း လွဲနိုင်ပါတယ်။ “ကဗျာဆိုတာ ပြောက်ကျားလက်နက်ဖြစ်တယ်” ဆိုတဲ့ စကားကို ဆရာ “မောင်သင်းခိုင်” တို့က စပြီး ပြောခဲ့တာလို့ပဲ မှတ်ယူခဲ့ဖူးပါတယ်။

(ဂ)

ဒီ ၂၀၀၈-ခုနှစ်၊ နှစ်လည်မကျော်ခင်မှာပဲ၊ မြန်မာစာပေသမိုင်းမှာ ထင်ရှားတဲ့အဖြစ်အပျက် (၂)ခု ရှိခဲ့ ပါတယ်။ နှစ်ခုစလုံး ကဗျာနဲ့ပါတ်သက်တဲ့ သမိုင်းဝင်အဖြစ်အပျက်တွေပါပဲ။ ပထမအဖြစ်အပျက်ကတော့ ကဗျာ ဆရာ စောဝေရဲ့ “ ဖေဖော်ဝါရီဆယ့်လေး ” က ဗျာကိစ္စ၊ နောက်တခုကတော့ ကဗျာဆရာ “ကြည်မောင်သန်း” ရဲ့ “ဒီပရင်္ဂ” ကဗျာ ကိစ္စပါပဲ။ ဒီကဗျာ (၂)ပုဒ်ဟာ တခုနဲ့တခု ဦးတည်ချက်ချင်းတော့ တူကြပါတယ်။ ဆရာ “စောဝေ” ရဲ့ ကဗျာက အုပ်စိုးသူ စစ်အစိုးရရဲ့ ဦးဏှောက်နဲ့နှလုံးသားကို တိုက်ရိုက်ထိုးနှက်တဲ့ ကဗျာဖြစ်ပြီး၊ ဒုတိယကဗျာတပုဒ် ဆရာကြည်မောင်သန်းရဲ့ကဗျာကြတော့ စစ်အစိုးရဆန့်ကျင်ရေး တိုက်ပွဲဝင် အဖြစ်အပျက်နဲ့ တိုက်ပွဲဝင် ခေါင်းဆောင်တွေကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့ ကဗျာဖြစ်ပါတယ်။ ဟိုတုန်းက အသုံးပြုခဲ့တဲ့ စကားလုံး တွေ အရ ပြောရရင် ဆရာစောဝေရဲ့ ကဗျာက “ဖွင့်ချရေး” အလုပ်ကိုလုပ်ပြီး၊ ဆရာကြည်မောင်သန်းရဲ့ကဗျာ ကတော့ “အမွှန်းတင်ရေး” အလုပ်ကိုလုပ်ပါတယ်။

ဒီအဖြစ်အပျက်နဲ့ ဒီကဗျာ (၂) ပုဒ်ကိုကြည့်ရင် ကဗျာဆရာနှစ်ယောက်စလုံးဟာ လူထုဖက်က ရပ်တည် ကြတဲ့ ကဗျာဆရာတွေဆိုတာ ရှင်းပါတယ်။ အခုလို လူထုနဲ့အုပ်စိုးသူ စစ်အစိုးရ ပဋိပက္ခဖြစ်တဲ့အခိုက်၊ ဒီကဗျာ ဆရာနှစ်ယောက်ဟာ လူထုဖက်ကရပ်ပြီး လူထုရဲ့ရန်သူ၊ ဖိနှိပ်သူ စစ်အစိုးရကို ထိုးနှက်တိုက်ခိုက်ကြတဲ့ ရာဇ၀င် တွင်တဲ့ ကဗျာဆရာတွေပါပဲ။

ဒီနေရာမှာ ကဗျာဆရာနှစ်ယောက်စလုံး ကဗျာဆရာပီပီ၊ ကဗျာလက်နက်ကိုပဲ ကိုင်ဆွဲခဲ့ကြပေမယ့် သူတို့ကိုင်ဆွဲတဲ့ကဗျာ၊ သူတို့အသုံးပြုတဲ့ကဗျာဟာ “ပြောက်ကျားလက်နက်” သဘော အသုံးပြုသွားတာ တွေ့ ကြရပါတယ်။ စစ်အစိုးရဲ့ စာပေစီစစ်ရေးအဟန့်အတားတွေကို အလစ်အငိုက် ထိုးဖောက်ဝင်ရောက်ဖြတ်သန်း နိုင်ဖို့ သူတို့ရဲ့ကဗျာတွေဟာ ကိုယ်ရောင်ဖျောက်ထားတဲ့ကဗျာ စကားလုံး၊ ကိုယ်ရောင်ဖျောက်ထားတဲ့ ပါဒ၊ ကိုယ်ရောင်ဖျောက်ထားတဲ့ ကဗျာပိုဒ်တွေကို အသုံးပြုခဲ့ကြပါတယ်။ မထင်မှတ်တဲ့အချိန်၊ မထင်မှတ်တဲ့နေရာက မထင်မှတ်တဲ့အသွင်သဏ္ဌာန်နဲ့ စစ်အစိုးရဲ့ ခံတပ်၊ စာပေစီစစ်ရေးကို အပြင်းထန်ဆုံးဝင်ရောက်ထိုးဖောက် တိုက်ခိုက်လိုက်ကြတဲ့ သဘောပါပဲ။ ဒါဟာဖြင့် ပြောက်ကျားသေနင်္ဂဗျူဟာပါပဲ။

လူထုကြီးနဲ့ စစ်အစိုးရ အခုလို ရင်ဆိုင်ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ လူထုကြီးက လက်နက်မဲ့ဖြစ်ပါတယ်။ ဖိနှိပ်သူ စစ်အစိုးရက လက်နက်ရှိဖြစ်ပါတယ်။ လူထုကြီးက အင်အားနည်းပြီး ဖိနှိပ်သူ စစ်အစိုးရက အင်အားကြီး ပါတယ်။ စစ်ရေးသေနင်္ဂဗျူဟာမှာ အင်အားကြီးသူကို အင်အားနည်းသူက ရင်ဆိုင်တိုက်ခိုက်တဲ့အခါ “ပြောက်ကျားသေနင်္ဂဗျူဟာ” ဟာ အထိရောက်ဆုံးနဲ့ အမှန်ကန်ဆုံးဗျူဟာပါပဲ။ ပြောက်ကျားဗျူဟာမှာ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခြင်း၊ ကိုယ်ရောင်ဖျောက်ထားခြင်း၊ အသေမရပ်တည်ပဲ အမြဲလှုပ်ရှားနေခြင်း၊ ရွေ့လွယ်ပြောင်းလွယ်ဖြစ်ခြင်း၊ အစရှိတဲ့ အင်္ဂါရပ်တွေရှိပါတယ်။ လူထုကြီးဖက်က ရပ်တည်တဲ့ ကဗျာဆရာတွေ ဟာ သူတို့ရဲ့ ကဗျာလက်နက်ကို “ပြောက်ကျားလက်နက်” တခုအဖြစ် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုခဲ့ကြ ပါတယ်။ ဒါကြောင့်မို့ ထိလည်း ထိရောက်ခဲ့ကြပါတယ်။ အုပ်စိုးသူဟာ အကြီးအကျယ်အထိနာခဲ့ရပါတယ်။

ဒီအဖြစ်အပျက်တွေကိုကြည့်ရင် ဟိုတချိန်တုန်းက “စာပေဆည်းဆာ” စာပေလှုပ်ရှားမှုကို ဦးဆောင်ခဲ့ ကြတဲ့ ဆရာ “မောင်သင်းခိုင်”တို့ ၊ ဆရာ “မုံရွာအောင်ရှင်” တို့ ပြောခဲ့ကြတဲ့ “ကဗျာဆိုတာ ပြောက်ကျား လက်နက်” ပဲ ဆိုတဲ့ စကားဟာ ဒီကနေ့အထိ လူထုဖက်က ရပ်တည်တဲ့ ကဗျာဆရာတွေ ကိုင်စွဲကြရမယ့် နည်းပရိယာယ်တခုဖြစ်တယ်လို့ပဲ ယူဆမိပါတယ်။ ။


ငြိမ်းဝေ



March 08, 2010

ချစ်သူတို့ ရဲ့ပွဲ






အပိုင်း ( ရ ) နိဂုံးပိုင်း

ကျနော်တို့ တည်းခိုခွင့်ရတဲ့အခန်းမှနေပြီး အောက်ကိုငုံ့ ကြည့်ရင် ရေကူးကန်လေးကိုတွေ့ ရပါတယ်။ ရေကူးကန်လေးနဲ့ ကျနော်တို့ အဆောက်အဦးကြားမှာ ကွက်လပ်တခုရှိပါတယ်။ အဲဒီ ကွက်လပ်ကလေးထဲမှာ ထီးလေးတွေဖွင့်ပြီး စားပွဲဝိုင်းတချို့ ချထားတာ တွေ့ ရပါတယ်။ ဟော်တယ်ဝန်ထမ်းတွေ သွားလာနေကြတာ တွေ့ နေရပါတယ်။ ကျနော့် ကုတင်ဘေး လိုက်ကာကြီးကိုဖယ်ကြည့်ရင် ဒါတွေကို ရှင်းရှင်းလင်းလင်း တွေ့ နေရပါတယ်။ မှန်ကာကြီးဘေးနားရပ်ပြီး အောက်ကိုငုံ့ ကြည့်နေရင်းက ဒီကနေ့ ညစာစားပွဲကို အဲဒီကွက်လပ်ကလေးမှာ ပြင်ဆင်နေဟန်တူတယ်လို့ တွေးမိပါတယ်။

ကျနော်ကတော့ ညစာကို သိတ်ပြီးမစားချင်တော့ပါဘူး။ ဆာလည်းမဆာပါဘူး။ “ ညီလာခံပြီးရင် အချိန်ရရင် စာအုပ်ဆိုင်တွေ လိုက်ပို့ ပေးလို့ ရတယ်” ဆိုတဲ့ “ဆရာသာ” (မောင်သာမည) ရဲ့စကားကို လက်ခံချင်ပေမယ့် သူ့ ခမျာ တနေကုန် ညီလာခံထဲ ထိုင်ခဲ့ရပြီးပြီ။ ဒါကြောင့်မို့ “မသွားတော့ပါဘူ ကျေးဇူးတင်ပါတယ်ဆရာရယ်↔လို့ ပြောခဲ့ပါတယ်။ ဆရာသာ ဘယ်အချိန်ပြန်သွားတယ်ဆိုတာတောင် သတိမထားလိုက်မိပါဘူး။
ကိုယ့်အခန်းကို ပြန်ရောက်တော့ ၉၉ ခုနှစ်ထဲ ချင်းမိုင်မှာလုပ်တဲ့ စီမီနာတခုကိုလာခဲ့စဉ်တုန်းက စာရေးဆရာမလေး “မေငြိမ်း” က ကျနော့်ကို ဆိုင်တဆိုင်မှာ ထမင်းလိုက်ကျွေးခဲ့တာ သွားပြီး သတိရပါတယ်။ သူက ချင်းမိုင်မှာနေတဲ့သူ။ ကျနော်တို့ မောင်နှစ်မနှစ်ယောက်( ဟဲ ဟဲ သူနဲ့ ကျနော် တွဲရိုက်ထားတဲ့ ဓါတ်ပုံထဲကအတိုင်းဆိုရင် သူနဲ့ ကျနော် တူဝရီးလောက် အသက်ကွာကြတယ်ဆိုတာပြောရင် ဘယ်သူမှယုံကြမှာမဟုတ်လို အားလုံးနဲ့ သဘောထားမကွဲရလေအောင်မောင်နှစ်မ ဆိုတဲ့စကားလုံး သုံးလိုက်တာပါ။ ဆရာမလေး သဘောတူပါစ။ ) ဒီတုန်းက ညနေပိုင်းကြတော့ ဆရာသာရဲ့အခန်းမှာ ကျနော်နဲ့ ဆရာမ မေငြိမ်းတို့ ညစာသွားစားကြပါသေးတယ်။ တခါ ပိုပြီး သတိရဖို့ ဖြစ်တာက ၁၉၉၇ ခုနှစ်မှာပြုလုပ်တဲ့ ဘီအမ်စီ ညီလာခံမှာ သူနဲ့ ကျနော်က စာတမ်းတယောက် တစေါင်စီ ရင်ဘောင်တန်းပြီး တက်ဖတ်ခဲ့ကြတာပဲ။ အခုတော့ သူက ပစိဖိတ်သမုဒ္ဒရာကြီးရဲ့တဖက်ကမ်းကိုရောက်သွားပြီး နယ်စပ်က ကျနော်တို့ ကို မေ့နေလောက်ပြီဆိုပါတော့။

ဘာကြောင့်ရယ်မသိ ညီလာခံပြီးတဲ့အခါ စာတမ်းတင်တဲ့ကိုယ့်တာဝန်ပြီးဆုံးတဲ့အခါ လွတ်လပ်ပေါ့ပါးသွားပြီဆိုကာမှ ကျနော်က အခန်းထဲမှာထိုင်နေရင်း လွန်ခဲ့ပြီးတဲ့ အချိန်ကာလတချို့ ဆီ ပြန်ရောက်သွားနေမိတယ်လေ။ ကျနော့်ရဲ့စိတ်က ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က နော်ဝေနိုင်ငံ အော်စလိုမြို့ က ဒီမိုကရက်တစ်မြန်မာ့အသံမှာ အသံလွှင့်သမားအဖြစ် တော်လှန်ရေးတာဝန်ထမ်းဆောင်ခဲ့ရတာတွေကို ပြန်ပြီးတွေးနေမိတယ်။ တော်လှန်ရေးတာဝန်လို့ ကျနော်ပြောတာ အကြောင်းရှိပါတယ်။ ဒီတုန်းက အော်စလိုမှာရှိတဲ့ ဒီဗွီဘီ ဝန်ထမ်းအဖြစ် တော်လှန်ရေးတာဝန်တရပ်အနေနဲ့  သက်ဆိုင်ရာက ကျနော့်ကို တာဝန်ပေးခဲ့တာပါ။ ကျနော် နော်ဝေကို ထွက်ခွါဖို့ ပြင်ဆင်နေတဲ့အခိုက် သက်ဆိုင်ရာတာဝန်ရှိတဲ့လူကြီးတွေက “မင်းကို ဒါ တော်လှန်ရေးတာဝန်တရပ်အနေနဲ့ လွှတ်တာ ဒါ အဆင့်မြင့်တာဝန်ပဲ” ဆိုတဲ့စကားလုံးမျိုးသုံးပြီး ကျနော့်ကို တာဝန်ပေးလို့  သွားခဲ့တာပါ။ နော်ဝေမှာသွားပြီး ဒီအလုပ်ကိုလုပ်ဖို့ ကျနော့်မှာ တကြိမ်တခါမှ မတွေးခဲ့ဘူးပါဘူး။ ကျနော် ဂုဏ်ယူစွာနဲ့ သွားခဲ့တာပါ။ ဟိုကြတော့ အခု ဘီအမ်အေ ဥက္ကဌလုပ်တဲ့ ကိုမောင်မောင်မြင့်နဲ့ ဒီဗွီဘီမှာ ဆုံရတာပဲလေ။

ဒီတုန်းက ဒီဗွီဘီမှာ ကျနော်တို့ က တယောက်ကို အပါတ်စဉ်အသံလွှင့်အစီစဉ်တခုစီ တာဝန်ယူပြီး အသံလွှင့်ခဲ့ကြတာ။ ကိုမောင်မောင်မြင့်ရဲ့ “ရွှေမောင်းဒေါင်းညို” အစီစဉ်က အပေါက်ဆုံးပေါ့။ရွှေမောင်းဒေါင်းညို အစီစဉ်က ကိုမောင်မောင်မြင့်ရေးပြီး ကိုမောင်မောင်မြင့်စီစဉ်တဲ့ အစီစဉ်ပါ။ “ဒေါင်းညို” ဆိုတာက ကိုမောင်မောင်မြင့်ပါ။ “ရွှေမေါင်း” အဖြစ်နဲ့ က ကိုအေးချမ်းနိုင်ပါ။ (ယခု ဒီဗွီဘီ ညွှန်ကြားရေးမှူး၊ သူကလည်း လူ့ အခွင့်အရေးဆိုတဲ့ အသံလွှင့်အစီစဉ်ကိုတာဝန်ယူထုတ်လွှင့်နေတဲ့အချိန်ပါ။) ရွှေမောင်းနဲ့ ဒေါင်းညို လူနှစ်ယောက် အချီအချစကားပြောခန်းပါ။ နိုင်ငံရေးသရော်စာပါ။ ( ဟဲ ဟဲ မြဝတီရုပ်သံကလွှင့်တဲ့ အကိုကြီးညီလေးစကားပြောခန်းက သူတို့ နောက် အများကြီးနောက်ကျပြီးမှ ပေါ်လာတာပါနော။ ) ကျနော်တို့ အထဲမှာ ဒီဗွီဘီရဲ့ အအောင်မြင်ဆုံးအစီစဉ်ဖြစ်ခဲ့တာပေါ့။ ကြုံတုန်း မှတ်တမ်းလေးများဖြစ်လိုဖြစ်ငြား ထည့်ပြောရမယ်ဆိုရင် အဲဒီတုန်းက ဒီင်္ဗွီဘီဝန်ထမ်း ( ၁၃ ) ယောက်ရှိပါတယ်။ ညွှန်ကြားရေးမှူးက ဦးဟန်( ဦးဟန်ညောင်ရွှေ )ဖြစ်ပါတယ်။ ဒုညွှန်မှူးက အံတီပြုံး (ဒေါခင်ပြုံး-အော်စတေးလျ) ဖြစ်ပါတယ်။ အယ်ဒီတာချုပ်က အံကယ်ကြီး ဒေါက်တာအောင်ခင်ပါ။ ကျန်တာတွေက ကျနော်၊ ကိုမောင်မောင်မြင့်၊ ကိုမွန်းအောင်(တေးသံရှင်)၊ ကိုအေးချမ်းနိုင် (ယခု ညွှန်မှူး) ၊ မသီတာ၊ မမိုးမိုးထွန်း၊ ကိုသိန်းထိုက်ဦး(ထိုက်သူနိုင်-ယခု င်္ဗင်္င်္ွီအိုအေ )၊ ကိုထွန်းထွန်း၊ စေါနယ်လ်ဆင်ခူး၊ ကိုကျော်ကျော်တို့ ဖြစ်ပါတယ်။ အခုတော့ ကိုမောင်မောင်မြင့်နဲ့ ကျနော်သာ တခါတလေ ဘီအမ်အေကိစ္စစကာြးေ့ပာလို့ ဆုံဖြစ်တာကလွဲပြီး ကျန်တဲ့သူတွေနဲ့ တော့ အဆက်အသွယ်ပြတ်ကုန်ကြပြါ့ပီ။ ဒါကလည်း ကိုယ်ဝါသနာပါရာ ကိုယ်ထက်သန်ရာလမ်းကို ရွေးချယ်လျောက်ကြရင်းက လူတွေ တယောက်နဲ့ တယောက် ဝေးကွာသွားကြရတာ သဘာဝတော့ကျပါတယ်။ မုန်တိုင်းကထန်တယ်လေ။ တချိန်က တကိုင်းထဲနားခဲ့ကြပေမယ့် အခုတော့ တချို့ က နွေကြိုငှက်။ တချို့ ကြတော့ တေးသီငှက်။ စိတ်ဖြေလို့ ရတာတခုတော့ရှိပါတယ်။ ကျနော်တို့ အထဲက ဘယ်သူမှ ခိုးသားဓါးပြတွေရဲ့ရွာကလေးဆီ ရောက်မသွားခဲ့ကြတာကိုတော့ ကျနော်ကျေနပ်တယ်။ ဒါပေမယ့် ကျနော်ကတော့ ဒါတွေကို လွမ်းတော်မူလို့ စာကိုစီရတာ မဆုံးနိုင်ပါဘူး။

ဒီနေရာမှာ ကိုမောင်မောင်မြင့်နဲ့ အခုလိုဆုံဖြစ်ကြတာတောင်မှ သူက အဖွဲ့ အစည်းတခုရဲ့ထိပ်ပိုင်း တာဝန်ရှိသူလည်းဖြစ်ပြန် တကယ်လည်း အလုပ်တွေလုပ်နိုင် အလုပ်တွေပိနေတဲ့သူဖြစ်တော့ တနှစ်နေလို့ မှ ကဗျာလေးတပုဒ်တလေရေးပြီး ဘဝကိုကျေနပ်နေမိတဲ့ကျနော်က သူ့ ကို အလိုက်သိစွာပဲ ခတ်ခွါခွါနေလိုက်မိပါတယ်။ ညီလာခံ ဒုတိယနေ့  ကျနော် နေ့ လည်စာစားနေတုန်း ထမင်းစားခန်းထဲ ဖြတ်သွားရင်းက ကျနော့်ပခုံးကိုဖိကိုင်ပြီး “ကိုငြိမ်း ခင်ဗျားနဲ့ ကျနော်စကားပြောချင်သေးတယ် အေးအေးဆေးဆေးကို စကားမပြောနိုင်သေးဘူးဗျာ” လို့ သူ နှုတ်ဆက်တာကို ကျနော် ကျေနပ်စွာပဲ ကြည်နုးလိုက်ပါတယ်။ ကျနော်ကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အသံလွှင့်ခန်းတခုထဲ သူနဲ့ ကျနော် နောက်ပြောင်ခဲ့ကြတာတွေ ကျနော်နဲ့ ကိုမွန်းအောင်တို့ နော်ဝေကြက်ခြေနီစခန်း (ကျနော်တို့ ကတော့ အဲဒါကို ဒုက္ခသည်စခန်းလို့ ပဲ သုံးနှုန်းခဲ့ကြပါတယ်) ရောက်နေတဲ့အခိုက် သူလိုက်လာပြီး မြှောက်ပေး (အဲလေ မှားသွားတယ် အားပေး) ခဲ့တာတွေ ကျနော်ဘယ်မေ့လို့ ရနိုင်ပါ့မလဲ။ ကျနော့်အထင် ဘီအမ်အေမှာ အဖွဲ့ ဝင်တယောက်အဖြစ် ပါနေတာကိုယ်၌က သူနဲ့ ပုဂိုလ်ရေးသံယောဇဉ်ခတ်တဲတဲတခု ကျနော့်မှာရှိနေသေးလို့ ဖြစ်ကောင်းဖြစ်မယ်လို့ တွေးကြည့်မိပါတယ်။ ကျနော်က အဖွဲ့ အစည်းနဲ့ လုပ်ရကိုင်ရတဲ့အလုပ်ကို မကျွမ်းကျင်လို့  ဘယ်အဖွဲ့ အစည်းကိုမှ ထဲထဲဝင်ဝင် ဝင်မလုပ်ခဲ့တာ ကြာပါပြီ။ ( ကျနော်က ကဗျာရေးတယ်လေ။ ကဗျာဆရာဆိုတာ စင်ပြိုင်အစိုးရဖြစ်တယ်မို့ လား။ ဒါဆို လုံလောက်ပြီပေါ့။ )

အတွေးတွေက တော်တော်ဝေးဝေးအထိ ရောက်သွားခဲ့ပါတယ်။ ကျနော်တို့ ထမင်းစားဆင်းကြရင် ကောင်းမလားလို့ လှမ်းမေးလိုက်တဲ့ ဆရာနေမျိုးအေးရဲ့စကားနဲ့  ကျနော့်အတွေးကို ဖြတ်ခဲ့ရပါတယ်။ ကျနော်တို့ အခန်းက ငုံ့ ကြည့်ရင်မြင်ရတဲ့ ကွက်လပ်ကလေးမှာ ညစာစားပွဲပြင်ထားတာ သေချာတယ်ဆိုပြီး ကွက်လပ်ကလေးဆီ ဆင်းလာလိုက်ကြပါတယ်။

ညစာစားဖို့ ပြင်ဆင်ထားတဲ့ကွက်လပ်ကလေးမှာ လူတွေသိတ်မရှိသေးပါဘူး။ ကျနော်တို့ က အခြေအနေအကဲခတ်ပြီး ထမင်းစားချင်နေကြပြီလေ။ ဒါနဲ့ တယောက်ယောက်ကိုမေးကြည့်တော့ စားလို့ ရပြီပေါ့။ ကျနော်တို့ က လူတွေမများခင် ထမင်းစားနှင့်ချင်ကြတယ်လေ။ တော်ကြာ သီးလေးသီးအငြိမ့် ပြီးတော့ နတ်ရေကန်ကျ(စူဠရေထဲလွှတ်လို့ တော့မဆိုလိုပါဘူးနော်။) အဆိုတော်ရဲဘော်တွေရဲ့ ဖြေဖျော်ပွဲတွေနဲ့ တိုးရင် လူတွေများပြီး ထမင်းစားရတာ ဇိမ်မကျဘူးလို့ ယူဆမိလို့ ပါ။ ပြီးတော့ ကျနော်က အခန်းပြန်ပြီး မှတ်စုတွေရေး မနေ့  က မြို့ ထဲသွားဝယ်ထားတဲ့ စာအုပ်တွေ နည်းနည်းမြည်းကြည့်ချင်နေပြီလေ။

ကျနော်တို့ ထမင်းစားနေတုန်း ကွက်လပ်ကလေးထဲ လူတွေချက်ချင်းရောက်လာပါတယ်။ ကွက်လပ်ထိပ်က ဧည့်ခံဖြေဖျော်ရေးစင်မြင့်ကလေးပေါ်မှာ ဆောင်းဘောက်တွေ မိုက်တွေ ပြင်ကြ ဆင်ကြတဲ့သူတွေကိုလည်း တွေ့ လာရပါတယ်။ ထမင်းထိုင်စားနေတုန်းမှာပဲ မိုက်ကရိုဖုံးကိုင်ပြီး လူတယောက် စင်မြင့်ကလေးပေါ်တက်လာပါတယ်။ နတ်ရေကန်ကျအဆိုတော် ဘီဘီစီ ကိုအောင်ကျော်ဦး ကို ဘိတ်ခေါ်နေတဲ့အသံ ထွက်ပေါ်လာပါတယ်။ မိုက်ကရိုဖုံးကိုင်ပြီး ဧည့်ခံဖြေဖျော်ပွဲ ကွင်းဖွင့်လိုက်တဲ့သူကို မြင်ဖူးပါတယ်ဆိုပြီးသေသေချာချာကြည့်တော့ ကျနော်တို့ ရဲ့ ခေတ်ပြိုင်ဆရာလေး မန်းမျိုးမြင့်ဖြစ်နေပါတယ်။ မန်းမျိုးမြင့်ရဲ့ ဖိတ်ခေါ်သံမဆုံးခင်မှာပဲ ဘီဘီစီသတင်းထောက်ကြီး ကိုအောင်ကျော်ဦး စင်ပေါ်ရောက်လာပါတယ်။ သူ့ ဆီကိုကြိုတင်ဖိတ်စာပို့ ထားဟန်တူပါရဲ့ မန်းမျိုးမြင့်ရဲ့လက်ထဲက မိုက်ကရိုဖုံးကို လုမယူရုံတမယ်လှမ်းယူပါတယ်။ ပြီးတော့ ဧည့်နှင်ဖြေဖြော်ရေး အဲလေ ဧည့်ခံဖြေဖျော်ရေးသီချင်း တပုဒ်ကို သံကုန်ဟစ်ပါတော့တယ်။ ကျနော်တို့ လည်း ကိုယ့်တမြို့ ထဲသားရဲဘော်တွေကို အားပေးရမှာပေါ့ဆိုပြီး ကမန်းကတန်းထမင်းစားပြီး အပေါ်ပြန်တက်လိုက်ကြပါတယ်။( အပေါ်ထပ် ကျနော့်အခန်းကငုံ့ ကြည့်ရင် အောက်ထပ်က သူတို့ အော်ကြဟစ်ကြတာတွေကို မမြင်ချင်မကြားချင်အဆုံးမို့ အဲဒီ အထူးတန်းကပဲ အားပေးလိုက်မယ်ဆိုပြီး ဆုတ်ခွါလာခဲ့ကြတာပါ။)

အခန်းကိုပြန်ရောက်တယ်ဆိုရင်ပဲ ကွက်လပ်ကလေးထဲက သီဆိုကခုန်နေတာတွေကို အားနာနာနဲ့ ခဏတော့ ကျနော် ထိုင်ပြီး မုဒိတာပွါးလိုက်ပါသေးတယ်။ ဆရာ နေမျိုးအေးကတော့ အပြင်ဖက်ဧည့်ခန်းထဲမှာ တီဗွီထိုင်ကြည့်ပါတယ်။ အော် အဖွဲ့ အစည်းကိစ္စတွေ ထဲထဲဝင်ဝင် ဝင်မလုပ်ဘူးဆိုပေမယ့် ထမင်းစားနေတုန်းက ဖြောင့်အောင်ထိုင်မစားနိုင်လောက်အောင် ဗျာများခဲ့ရပါသေးတယ်။ ကျနော်တို့ ငါးယောက်အဖွဲ့ က မနက်ဖြန်မနက် ( ၅ ) နာရီမှာ ဟော်တယ်ကနေပြီး ထွက်တော်မူနန်းကခွါမယ်နော်ဆိုတဲ့ ကြိမ်နဲ့ ရိုက်ခေါ်လိုက်တဲ့အသံကို ကိုမိုးကျိုးဆီက ကြားလိုက်ရပြီးကတည်းက ကိုယ်နဲ့ တကားထဲစီးလာကြတဲ့ ကျန်တဲ့ပိုဂိုလ်တွေဆီ ဖုံးတွေတိုက်ရိုက်ဆက် တဆင့်ခံနဲ့ လိုက်ဆက်ပြီး ဘယ်သူကမှပေးတဲ့တာဝန်မဟုတ်ပေမယ့် ကျနော့်တာဝန်လို သဘောထားပြီး ပြာယာခတ်ခဲ့ရပါတယ်။ အားလုံး သေသေချာချာပြောပြီးပြီဆိုမှပဲ ထမင်းကိုမြိုလို့ ကျနိုင်ခဲ့ပါတယ်။

ခဏနေတော့ ဆရာနေမျိုးအေးက အခန်းထဲဝင်လာပြီး အိပ်ယာပေါ်လှဲလိုက်ပါတယ်။ ဒီတော့ နစ္စဂီတနဲ့ သာယာနေတဲ့ကျနော်က အိပ်ယာဝင်ဘုရားရှိခိုးတော့မယ့် သူ့ ကို အနှောက်အယှက်ပေးရာရောက်တော့မှာပဲဆိုပြီး အိမ်ရှေ့ ခန်းကို ဂီတတဏှာအမျှဉ်တန်းလန်းနဲ့ ပဲထွက်ပေးလိုက်ပါတယ်။

အိမ်ရှေ့ ခန်းမှာ ကွန်ပျူတာလက်ပ်တော့လေး စတိုင်ကျကျဖွင့်ပြီး ကျနော်မှတ်ရမယ့်အချက်တွေ မေ့မှာစိုးလို့ မိုက်ကရိုဆော့ဝပ်မှာရိုက် ပြီးတော့ သေသေချာချာစေ့ဖ်လုပ်၊ ပြန်ဖတ်။ အလုပ်ပြီးတော့ အီးမေးချက်ကြည့်လိုက်ပါသေးတယ်။ ကျနော့်ဘလော့လေးကို ဖွင့်ဖတ်လိုက်ပါသေးတယ်။ နောက်တော့မှ စာဖတ်စရာရှိတာနဲ့ ကွန်ပျူတာကို ဆိုင်းအောက်လုပ်ပြီး ပိတ်ပါတယ်။ ဆိုင်းအောက်လုပ်တယ်ဆိုလို့ ကွန်ပျူတာ ဆိုင်းအောက်လုပ်တဲ့အချိန်တိုင်း သွားသွားပြီးသတိရနေတဲ့ ကဗျာလေးတပုဒ်ရှိပါတယ်။ အဲဒီကဗျာထဲမှာ ကျန်တာတွေ ကျနော် မမှတ်မိပါဘူး။ ဒါပေမယ့် ဘဝမှာ ဆိုင်းအောက်မလုပ်လို့ မဖြစ်တဲ့အရာတွေဆိုတဲ့သဘော ရေးသွားတဲ့ ပန်းချီဆရာ ထိန်လင်းရဲ့ကဗျာတပုဒ်ပါ။ အခုလည်း ကျနော်ကွန်ပျူတာလေးကို မပိတ်ခင် အီးမေးချက်ထားတာမို့ ဆိုင်းအောက်လုပ်ရပါလိမ့်မယ်။

မနေ့ က ဝယ်လာတဲ့စာအုပ်သုံးအုပ်ကို စားပွဲပေါ်တင်လိုက်ပြီး ပထမဆုံး ထိုင်း စာပေသမိုင်းစာအုပ်ကို အရင်လှပ်ကြည့်ပါတယ်။ ပြီးတော့မှ စာအုပ်မျက်နှာဖုံးက စာအုပ်နာမည်ကို ကမန်းကတန်းဖတ်ပါတယ်။ ကျနော် ပက်လက်လန်သွားလုမတတ် စိတ်ပျက်သွားရပါတယ်။ ကျနော်က မနေ့ က အဲဒီစာအုပ်ကို ပြန်ချင်ဇောနဲ့ ကမန်းကတန်းစာအုပ်စင်ကဆွဲယူပြီး ငွေရှင်းပေးခဲ့တာကိုး။ ကျနော့်စိတ်ထဲ တော်တော်လေးကျေကျေနပ်နပ်နဲ့ ဝယ်ခဲ့တဲ့စာအုပ်။ ဝယ်လာတဲ့စာအုပ်သုံးအုပ်ထဲမှာကလည်း အဲဒီစာအုပ်က ဈေးအကြီးဆုံး။ သုံးရာနီးပါး။ ခုတော့ ပိုက်ဆံတွေတန်ဘိုးကြီးနေရတဲ့ကြား စာပေနဲ့ ယဉ်ကျေးမှုနဲ့ မှားဖတ်ပြီး ဝယ်ခဲ့မိတာကို အခုမှ ကျနော်တွေ့ တော့တာကိုး။ အင်္ဂလိပ်စာမှာက ကားလ်ချားနဲ့ လစ်ထရေးချားနဲ့ က ချားချင်းအတူတူဆိုတော့ ကျနော့်မျက်စိထဲ ကားလ်ချားကို လစ်ထရေးချားဆိုပြီး တခါထဲ လာရကျိုးနပ်တယ်လို့ တောင် ထင်ခဲ့မိတာ။ ဒီလိုဖြစ်သွားတော့ ဟိုကျန်တဲ့စာအုပ်နှစ်အုပ်ကိုပါ အမြင်ကပ်ပြီး ကောက်မကိုင်ချင်လောက်အောင်ဖြစ်ခဲ့ရပါတယ်။

ကဲ ကျနော့်ရဲ့ ဒီ ခရီးသွားအခန်းဆက်ဆောင်းပါးတွေကို နိဂုံးချုပ်ပါတော့မယ်။ ကျနော်တို့ နိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် လေးတွေမြှားတွေပြင်ကြသကြ ဖလှယ်ကြ သင်ကြပြကြ ။ သုံးရက်တာကာလမှာ ကျနော် အားလုံးကိုချစ်ခင်ခဲ့ပါတယ်။ ချစ်ခင်နိုင်အောင်လည်း ကြိုးစားပါတယ်။ အားလုံးကို လေးနက်မိပါတယ်။ ကျနော်တို့ မနက်ဖြန်ဆိုရင် ကိုယ့်အသိုက်မြုံရှိရာ ကိုယ်စီကိုယ်ငှ ထွက်ခွါကြပါတော့မယ်။ ဒီ သုံးရက်တာကာလ ကျနော်ကြုံတွေ့ ခံစားရတဲ့ “ပျားအုံခံစားမှု” ဟာ တကယ့်ကို ချိုမြိန်ခဲ့ပါတယ်။ မနက်ဖြန်ဆိုရင် မနက်အစေါကြီး ကျနော်တို့ ဒီ “ခွန် ဖူကန်” ဟော်တယ်က ထွက်ခွါကြပါတော့မယ်။ ချင်းမိုင်မြို့ ကလေးက ထွက်ခွါကြပါတော့မယ်။ ဒါကြောင့်မို့ ဘဝအမေါတွေနဲ့ အိပ်မေါကျနေကောင်း ကျနေမယ်ထင်ရတဲ့ ဒီ ဟော်တယ် နဲ့ ဒီမြို့ ကလေးကို ဒီညကတည်းကပဲ ကျနော်နှုတ်ဆက်ပြီးမှ အိပ်ယာဝင်လိုက်ရပါတယ်။

See u ခွန် ဖူကန်...
See u ချင်းမိုင်......။ ။

ငြိမ်းဝေ

ပုံ ( ၁ ) ဘီဘီစီ ကိုအောင်ကျော်ဦး နဲ့ ခေတ်ပြိုင် မန်းမျိုးမြင့်တို့ သီချင်းဆိုနေစဉ်
ံ့ပုံ ( ၂ ) ညီလာခံအပြီး ဘီအမ်အေ အစည်းအဝေး
့ပုံ ( ၃ ) See u ခွန် ဖူကန်
ပုံ ( ၄ ) See u ချင်းမိုင်
ပုံ ( ၅ ) မဲဆောက်ပြန်ရောက်ပြီး ကဗျာဆရာ့ကဖေး တွင် ညီလာခံ အာလူးနှင့် ကိုက်လံကိုပြန်လည်တမ်းတနေသူများ(ခင်မင်းဇော်-ကြောပေးထိုင်နေသူ၊ ငြိမ်းဝေ ၊ ဆရာ ဦးချိန်ဝမ်း ၊ ဆရာနေမျိုးအေး )

ဂ ၊ ၃ ၊ ၂၀၁၀ တွင်ရေးသားပြီးစီးသည်။




March 06, 2010

ချစ်သူတို့ ရဲ့ပွဲ





ချစ်သူတို့ ရဲ့ပွဲ

အပိုင်း (၆)
၂၆ ၊ ၃ ၊ ၂၀၁၀

မနက်မိုးလင်းလို့ မျက်နှာသစ်ပြီးတာနဲ့ တပြိုင်နက် အပြင်ဖက်စားပွဲမှာထိုင်ပြီး ကျနော် ဒီကနေ့ တင်မယ့်စာတမ်းလေးကို ဖတ်ပါတယ်။ ကျနော့်မှာ အကျင့်တခုရှိတယ်။ ကိုယ်ရေးထားတဲ့ စာမူကို အကြိမ်ကြိမ်ပြန်ဖတ်တတ်တဲ့ အကျင့်ဖြစ်ပါတယ်။ အထူးသဖြင့် ကဗျာဆိုရင် ပိုပြီးဖတ်တတ်ပါတယ်။ ဖတ်ရင်လည်း အနီးအနားမှာ လူသူမရှိဘူးဆိုရင် အသံထွက်ပြီးမှ ဖတ်ပါတယ်။
ဒီကနေ့ တင်မယ့်စာတမ်းလေးကို ကျနော်က အကြိမ်ကြိမ်ပြန်ဖတ်ပြီးပါပြီ။ ဒါပေမယ့် ပြန်ဖတ်ချင်တဲ့စိတ်က ရှိနေသေးလို့ ခတ်စေါစေါအိပ်ယာက နိုးတာနဲ့ တပြိုင်နက် ပြန်ဖတ်ဖို့ စားပွဲမှာ ထိုင်လိုက်တာပါ။ အမှန်အားဖြင့်ပြောရရင် ဒီစာတမ်းက ကျနော် နောက်မှထပ်ရေးတဲ့စာတမ်းပါ။ ဒီညီလာခံအတွက် ပထမ ရည်ရွယ်ထားတဲ့စာတမ်းက ဒီစာတမ်းမဟုတ်ပါဘူး။

ကျနော့်ရဲ့ နိုင်ငံပြင်ပရောက်ခဲ့ ရတဲ့သက်တမ်း ၁၈ နှစ်တာကာလအတွင်း ကျနော်တကယ်ခံစားခဲ့ရတဲ့ နာကျင်မှုတခုလို့ ပြောနိုင်တဲ့ကိစ္စကို စာတမ်းတင်ဖို့  ပထမ ရည်ရွယ်ခဲ့တာပါ။ စာတမ်းရဲ့အမည်ကိုတောင်မှ ရွေးချယ်ထားပြီးသားပါ။ ကျနော်နဲ့ ခင်တဲ့ မိတ်ဆွေတချို့ ကို “ကဗျာဆရာ့ကဖေး” မှာတွေ့ တိုင်း ဒီစာတမ်းကိုရေးမယ်ဗျာလို့ ပြောနေခဲ့တာပါ။ ဒါပေမယ့် ညီလာခံကျင်းပမယ့်ရက် နီးလာတော့ အခုရေးလာတဲ့စာတမ်းကိုပဲ ရေးဖြစ်သွားပါတယ်။ ပထမ ရေးဖို့ စဉ်းစားထားတဲ့စာတမ်းခေါင်းစဉ်က “ ပြည်ပ မြန်မာစာပေနယ်ပယ်ထဲက ရသစာပေ ခမ်းခြောက်မှု ” ဆိုတဲ့ ခေါင်းစဉ်ပါ။ ဒီခံစားနာကျင်မှုကြောင့်ပဲ ဘလော့လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။ ကျနော့်ဘလော့မှာ ရသစာပေတွေ ကိုယ်ကိုယ်တိုင်ကလည်းရေး သူများရဲ့ ကိုယ်နှစ်သက်တဲ့စာတွေကိုလည်း တင်မယ်ပေါ့။ နောက်တော့ အကြောင်းအမျိုမျိုးကြောင့် အဲဒီစာတမ်း မရေးဖြစ်ခဲ့ဘူးဆိုပါတော့။ မိတ်ဆွေတချို့ ကလည်း “ ဒီခေါင်းစဉ်နဲ့ ဆိုရင် ခင်ဗျား ကပ်ကပ်သပ်သပ် ဝင်ရေးနေရတဲ့ ပလက်ဖေါင်းတခုတလေတောင် ခင်ဗျားစာမူတွေ ကန်းသွားနိုင်တယ်” လို့ ပြောတာလည်းရှိပါတယ်။ ကျနော်က မချိပြုံးတော့ ပြုံးမိတာပေါ့လေ။ သူပြောတာ ဟုတ်သလောက်လည်း ဟုတ်မယ်ထင်သလားပဲ။ ကျနော်ကိုယ်တိုင်ကလည်း ဝင်ရေးချင်ပြီး ကျနော့်ကို ဝင်ရေးခွင့်ပြုထားတဲ့ ပလက်ဖေါင်းဆိုတာ ဒီဖက်မှာ တကယ့်ကို လက်ငါးချောင်းပြည့်အောင်ရေလို့ မရသလောက်ပါပဲ။ ဒါတောင် အတော်လေးကို ညှိပြီး ကိုယ်ကလည်းဝင်ရေးချင်တဲ့ ပလက်ဖေါင်းတွေမို့ ပါ။ အခုတော့ အခြေအနေကမပေးဘူးလေ။ နိုင်ငံရေးအခြေအနေတွေက အခုတင်မယ့်စာတမ်းကို ပိုပြီးလိုအပ်မလားအထင်နဲ့ ဒီစာတမ်းကို ချရေးဖြစ်သွားတာပါ။ပြီးတော့ စာမူခပြဿနာကိုလည်း ပြောလိုက်ချင်သေးတာ။ ဒါတွေကိုပြောရင် ဒီလူ ဘာတွေလာပြောနေတာလဲဆိုပြီးပြောလာမယ်လည်းထင်လို့ ခဏ ရှိုခဲ့ရတယ်ဆိုပါတော့။ နောင် အခြေအနေပေးရင်တော့ ကျနော် ပြောရပါလိမ့်ဦးမယ်။

ကျနော့်စာတမ်းလေးဖတ်နေတုန်း ဆရာနေမျိုးအေးနိုးလာပါတယ်။ သူနဲ့ ကျနော် အောက်ထပ်ကိုဆင်းလာတော့ အခန်းထဲမှာ လူသိတ်မရှိပါဘူး။ ကျနော်တို့ နှစ်ယောက်က ကျနော်တို့ ရဲ့စာတမ်းကို တက်တဲ့သူတိုင်း ဝေပေးစေချင်တာ။ ဒါမှ ကြိုဖတ်ထားပြီး မေးခွန်းမေးဖို့ ကျနော်တို့ စာတမ်းတွေကို ပိုပြီးနားလည်နိုင်ဖို့ ဖြစ်ပါတယ်။ ညီလာခံဦးစီးကျင်းပရတဲ့သူတွေရဲ့အခက်အခဲကို ကျနော်သိတယ်။ သူတို့ နဲ့ က အခုမှသိလာကြတာမှမဟုတ်တာပဲ။ ဒီညီလာခံဖြစ်ဖို့ သူတို့ ဘယ်လောက်အထိ ကျိုးပမ်းကြရသလဲဆိုတာ ကျနော်သိတယ်။ ဒီတော့ စာတမ်းတွေကို ကြိုတင်ပြီးဖြန့် ဝေဖို့ ကိစ္စလောက်ကတော့ အပူမကပ်တော့ပါဘူးလို့ တွေးထားခဲ့တာပါ။ ဟို လွန်ခဲ့တဲ့ သုံးနှစ် ကျနော်စာတမ်းတစေါင်တင်တုန်းကဆိုရင် ကျနော့်ဖါသာပဲ မဲဆောက်မှာကတည်းက လူ ၅၀ စာလောက် ကော်ပီကူးလာပြီးဖြန့် ဝေခဲ့တာပါ။ ဒီနှစ်ကျတော့ ဘယ်လိုကဘယ်လို အလုပ်တွေများပြီးမေ့သွားတယ်မသိပါဘူး။ မဲဆောက်ကမထွက်ခင် ညရောက်ခါမှ သတိရလို့ မိတ်ဆွေကော်ပီရာဆိုင်အတင်းအပူကပ်ပြီး ကိုယ်ဖတ်ဖို့ တကော်ပီပဲ ကူးခဲ့ရတယ်။

ကျနော်က ဆရာနေမျိုးအေးကို သတိပေးရပြန်တယ်။ သူက အားနာတတ်လွန်းတဲ့သူ။ တော်ရုံအခက်အခဲကို ရုတ်တရက်ထုတ်မပြောတတ်တဲ့သူ။ ဒါနဲ့ ကျနော်က ခင်ဗျားဘယ်လိုလဲ ဖတ်ဖို့ စာတမ်းက ပရင့်ထုတ်ထားတာရှိသလား၊ အဆင်သင့်ပဲလား ဆိုတော့ အဲဒီတော့မှ သူ့ မှာ အဆင်သင့်မဖြစ်သေးဘူး ကိုလွမ်းဏီကို ပြောရအုန်းမယ် ကျနော်ကြိုပို့ ထားတဲ့ စာတမ်းကို ပရင့်ထုတ်ခိုင်းရမယ်လို့ ပြောလာတော့တာပဲ။ ဒီတော့မှ ကျနော်တို့ စိတ်ပူပြီး မောင်လွမ်းဏီဆီ ဖုံးဆက် ပြောပြ။ မောင်လွမ်းဏီက သူပြောပေးမယ်ပေါ့။ ခန်းမထဲရောက်ပြီး ကျနော့်စာတမ်းစာရွက်ကိုလည်း မောင်လွမ်းဏီက ကော်ပီတွေကူးပြီး ဖြန့် ခိုင်းမယ်ဆိုပြီးလာယူ။ ဒါပေမယ့်လည်း စာတမ်းဖတ်ဖို့ အချိန်လည်းနီးလာရော ကျနော်တို့ စာတမ်းတွေ ကြိုတင်ပြီးဖြန့် တာမတွေ့ ရပါဘူး။ အချိန်နီးကာမှပဲ မောင်လွမ်းဏီက ကျနော်ပေးလိုက်တဲ့ ကျနော့်စာတမ်းနဲ့ ဆရာနေမျိုအေးအတွက် ပရင့်ထုတ်လာတဲ့ စာတမ်းတစုံလာပေးတော့တာပါပဲ။ ဒါနဲ့ ပဲ ကျနော်တို့ ဒီအတိုင်း တက်ဖတ်လိုက်ကြတာပါပဲ။

ညီလာခံမစခင် ကိုယ့်အခန်းကို ခဏပြန်တက်ရင်း ကျနော်က မရောင်းလိုက်နိုင်တဲ့ ဆရာတင်မိုးရဲ့ လက်ကျန်ကဗျာစာအုပ်တွေကို ယူလာပြီး တွေ့ တဲ့ ပေးသင့်တယ်လို့ ယူဆမိတဲ့ပုဂ္ဂိုလ်တွေကို တယောက်တအုပ်စီ လိုက်ဝေလိုက်ပါတယ်။ နောက်တော့ပြန်စဉ်းစားကြည့်တာ မစ္စတာဘားမား ကိုတော့ သတိပြန်ရပါတယ်။

မစ္စတာဘားမားနဲ့ မတွေ့ တာလဲ ကျနော့်အထင် ၁၉၉၅ ကတည်းကပါပဲ။ ကျနော်နဲ့ သူ ဘန်ကောက်မှာစတွေ့ ဖူးကြတာပါ။ သူ့ ကို ကျနော်တို့ က တော်လှန်ရေးရဲ့ ကွန်ပျူတာ ပိုင်အိုနီယာလို့ တောင်မှ ခေါ်ကြပြောကြတာပါ။ ၈၈ နောက်ပိုင်း မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုနယ်ပယ်မှာ ကွန်ပျူတာကို စပြီးကိုင်တာ မြန်မာဖေါင့်တွေ စပြီးထွင်တာ သူပါပဲ။ ဒါက ကျနော်သိထားတဲ့ကိစ္စ။ ဒါက မှားချင်လည်းမှားနိုင်ပါတယ်။ ဒါပေမယ့် တကယ့်ဒီမိုကရေစီရေးပြည်ပနယ်ပယ်မှာ ကွန်ပျူတာတွေစပြီးကိုင်တာ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ကိစ္စတွေ စပြီးဆောင်ရွက်နိုင်သူကတော့ မစ္စတာဘားမား (ဆရာ ဝင်းထွန်း )ပါပဲ။ ကျနော့်အထင် မမှားဘူးဆိုရင် ခေတ်ပြိုင်စာစေါင်ကို စတင်ဆောင်ရွက်ကြတဲ့အထဲမှာ ဆရာဝင်းထွန်းရဲ့ကဏ္ဍဟာ ကြီးပါတယ်။ညီလာခံခန်းမအပြင်ဖက်မှာ သူနဲ့ ကျနော် နှုတ်ဆက်ရပါတယ်။ သူ့ ကို ကျနော်ကလည်း ရုတ်တရက်မမှတ်မိ။ သူကလည်း ကျနော့်ကို ရုတ်တရက်မမှတ်မိနိုင်အောင်ဖြစ်ကြရပါတယ်။ ကြာခဲ့ပြီလေ..။ ဆယ့်ငါးနှစ်ရှိခဲ့ပြီပဲ။ နှစ်ယောက်စလုံး ကံကောင်းတဲ့အချက်ကတော့ ကျနော်တို့ နှစ်ယောက် ဒီဧရိယာနယ်ပယ်ထဲက စင်ထွက်မသွားနိုင်ကြသေးဘူးဆိုတဲ့ အချက်ပါပဲ။

ဒီခရီးသွားဆောင်းပါးထဲမှာ တခုတ်တရထည့်ရေးရမယ့် အမျိုးသမီးလေးတယောက်ရှိပါသေးတယ်။ မြန်မာအမျိုသမီးသမဂ္ဂ က “ဘုတ်ဘုတ်↔ ဆိုတဲ့ ခလေးမလေးပါပဲ။ ခလေးမလေးလို့ သုံးနှုန်းလိုက်တာက မလေးစားမခန့် ငြားလို့ သုံးလိုက်တာတော့မဟုတ်ပါဘူး။ သူ က ကိုယ့်သားသမီးအရွယ်လည်းဖြစ်ပြန် ညီလာခံမှာ အဖွဲ့ အစည်းတခုရဲ့ ကိုယ်စား လာတက်တဲ့ ပုဂ္ဂိုလ်လည်းဖြစ်တာမို့ ခင်မင်မှုနဲ့ ဒီစကားလုံး သုံးလိုက်တာပါ။ လေးနက်မှုနဲ့ သုံးကြည့်လိုက်တာပါ။ သူနဲ့ ကျနော် အရင်က တခါမှ မတွေ့ ဖူးသေးဘူးလို့ ကျနော်ထင်မိတယ်။ တွေ့ ဖူးရင်လည်း တေ့တေ့ဆိုင်ဆိုင်တွေ့ ပြီး အသိအကျွမ်းဖြစ်ခဲ့တာမဟုတ်ဘူးဆိုတာ သေချာတယ်။ အင်မတန်ငယ်တဲ့ လူငယ်တယောက်ဆိုတော့ ကျနော်တို့ လို အသက်ကြီးတဲ့သူတွေအဖို့ အမှတ်အသားအားနည်းလို့ မမှတ်မိတာလည်း ဖြစ်ကောင်းဖြစ်မယ်။ အဲ သူတို့ ရဲ့အမကြီး ကဗျာဆရာမ မိဆူးပွင့် ဆိုရင် ဘယ်မသိပဲရှိမလဲ။ တောထဲမှာကတည်းက အတူတူနေခဲ့ကြတာပဲ။ကျနော်က သူတို့ အဖွဲ့ က ထုတ်တဲ့ ချိုးလင်းပြာစါစေါင်မှာ တခါတလေ စာဝင်ရေးခဲ့တာ ကြာပြီပဲ။ နောက်ပိုင်းမှာ စာမူကိစ္စ စာမူခကိစ္စတွေကို ဘုတ်ဘုတ်ဆိုတဲ့ မိန်းခလေးနဲ့ ပဲ ဖုံးထဲမှာ အီးမေးထဲမှာပြောခဲ့ရပါတယ်။
ညီလာခံ ပထမနေ့ တုန်းက ခန်းမဆောင်ကြီးရဲ့ အပေါက်ဝမှာ ညီလာခံကဝေပေးတဲ့ စာရွက်စာတမ်းတွေနဲ့ ရင်ထိုးတံဆိပ်တွေ လက်မှတ်ထိုးပြီးထုတ်ပေးနေတဲ့ကောင်တာမှာ မိန်းခလေးတယောက်က ကျနော့်ကိုကြည့်ပြီးပြုံးပြပါတယ်။ ကျနော်က ကျနော့်နာမည်ကိုပြောပြီး စာရင်းစာရွက်ထဲ ကိုယ့်နာမည်ရှာနေတဲ့အချိန်မှာ အဲဒီကလေးမလေးက ကျနော့်ကိုပြုံးပြနှုတ်ဆက်တယ်လို့ ထင်လိုက်တာပါ။ကျနော့်စိတ်ထဲ ညီလာခံလာတက်တဲ့ လူကြီးတွေကို ခင်မင်လေးစားမှုနဲ့ ပြုံးပြလိုက်တာပဲလို့ ထင်လိုက်တာပါ။ တော်တော်လေးကြာမှ ကျနော်နဲ့ မောင်လွမ်းဏီ ထိုင်ပြီးစကားပြောနေတဲ့ နေရာကို အဲဒီမိန်းခလေးလျောက်လာပြီး သူက ဘုတ်ဘုတ်ပါလို့ မိတ်ဆက်တော့မှ ကျနော်လည်း သဘောပေါက်သွားရတော့တာပေါ့။ ဒီတော့မှ သူကလည်း ကျနော့်ဆီကို ဘဏ်ကတဆင့် စာမူခ ဘတ် ၅၀၀ လွှဲလိုက်တာရရဲ့လားလို့ မေးပါတယ်။ တခါ ကျနော်ကလည်း လဆန်းရက်က ကျနော့် ဘဏ်အကောင့်ထဲ ငွေ ၅၀၀ ဝင်နေတာ ဘယ်သူက မှားပို့ လိုက်တာပါလိမ့် ဆိုပြီး ထုတ်သာသုံးလိုက်ရတယ် နောက်ဆံတင်းနေတုန်း သူပြောပြမှပဲ အဖြစ်မှန်သိရပါတော့တယ်။ ဒါနဲ့ ပဲ အဲဒီမနက် ညီလာခံမစခင် သူ့ ကို ကဗျာစာအုပ်လက်ဆောင်ပေးဖို့ ရှာကြည့်ပါသေးတယ်။ မတွေ့ လို့ မပေးခဲ့ရပါဘူး။

ညီလာခံစတော့ ကျနော်တို့ သုံးယောက်က တန်းစီပြီးထိုင်ကြပြန်ပါတယ်။ ဒီသုံးယောက်အနက်က ကျနော်က စကားအများဆုံး။ ဆရာစိုးနေလင်းနဲ့ ဆရာနေမျိုးအေးတို့ က လူအေးတွေ။ ကျနော်က ညီလာခံမှာ လူတွေ သိသိသာသာ နည်းသွားတာကိုကြည့်ပြီး ဒီအတိုင်းဆိုရင် ကျနော်တို့ စာတမ်းတွေ တယောက်တခုစီ ဝေပေးလိုက်ကြတာပဲကောင်းတယ် မဖတ်တော့ပါဘူး ကိုယ့်ဖါသာကိုယ် အိမ်မှာဖတ်ကြပါတော့လို့ ပြောလိုက်ရရင်ကောင်းမလားလို့ ရယ်ပွဲဖွဲ့ ပြောလိုက်မိပါတယ်။ သူတို့ နှစ်ယောက်စလုံးကလည်း သဘောတူကြောင်း ခေါင်းညိမ့်ပြကြပါတယ်။ တတိယနေ့  ညီလာခံမနက်ပိုင်းတောင်မှ လူတွေ ဒီလောက်ပျောက်သွားတာ ညနေပိုင်း ကျနော်တို့ အလှည့်ကြရင်တော့ လူတွေ ကျန်မှ ကျန်ပါဦးမလားပေါ့။
ဒါနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာနေတုန်းက အပြောအဟောကောင်းတဲ့စာရေးဆရာတယောက် စာဆိုတော်နေ့ အခန်းအနားတခုမှာ ပြောဖူးတဲ့စကား ပြန်ပြီးတွေးမိသေးတယ်။ ဟောပြောပွဲတခုမှာ အဲဒီစာရေးဆရာ ဟောဖို့ ပြောဖို့ အလှည့်ကျလို့ စင်ရှေ့ ကိုကြည့်တော့ လူ ဆယ်ယောက်လောက်ပဲ ဇွဲနဲ့ ထိုင်နားထောင်နေတာ တွေ့ ရပါတယ်တဲ့။ ဒါနဲ့ ပဲ ဒီလူတွေ ဒီလောင်ဇွဲကောင်းမှတော့ ငါလည်း ကျကျနနပဲ ဟောလိုက်မှဖြစ်မယ်ဆိုပြီး ကျကျနနဟောပါတယ်တဲ့။ ဟောလို့ ပြောလို့ ပြီးလို့ စင်ပေါ်ကဆင်းတော့ သူက ထိုင်နားထောင်တဲ့သူတွေဆီသွားပြီး နှုတ်ဆက်ပါတယ်တဲ့။ ခင်ဗျားတို့ ကျုပ်ဟောတာပြောတာကို အခုလို ဇွဲကောင်းကောင်းနဲ့ ထိုင်နားထောင်ကြတာ ကျနော်တကယ်ကျေးဇူလည်းတင် လေးလည်းလေးစားပါတယ်ပေါ့။ ဒီတော့ ထိုင်နားထောင်နေကြသူတွေက သူ့ ကို ဘာပြန်ပြောသလဲဆိုတော့ မဟုတ်ပါဘူးဆရာ ကျနော်တို့ က ဆရာဟောပြောလို့ ပြီးရင် ခုံတွေသိမ်းရမှာမို့ ထိုင်စေါင့်နေကြတာပါ...တဲ့။

ကျနော်က သုံးယောက်ထဲမှာ နောက်ဆုံးမှ စာတမ်းဖတ်ရမယ့်သူ။ ပြီး ညီလာခံကြီးရဲ့ အစီစဉ်တွေ အားလုံးတွေထဲမှာမှ နောက်ဆုံးအစီစဉ်။ ဒီတော့ ခုံသိမ်းးဖို့ စေါင့်နေတဲ့ သူတွေနဲ့ တော့ ဒက်ထိတိုးမှာသေချာပြီပေါ့လို့ ကိုယ့်ကိုယ်ကို မနာကျင်ရအောင် အားပေးနေရတော့တာပေါ့။( ဟဲ ဟဲ ကျနော့်စာတမ်းရဲ့ ခေါင်းစဉ်က မြန်မာကဗျာနာကျင်မှု လေ...။)

ဒီကနေ့ ဟောကြပြောကြသူတွေထဲမှာ ကျနော်စိတ်င်စားစွာ နားထောင်မိသူက နှစ်ယောက်ထဲပါပဲ။ ဇင်ဘာဘွေရွေးကောက်ပွဲသတင်းပို့ အတွေ့ အကြုံကိုပြောတဲ့ အမျိုးသမီးတွေနဲ့ မဇ္ဈိမက ဆရာကိုစိန်ဝင်း ဖြစ်ပါတယ်။ ဇင်ဘာဘွေရွေးကောက်ပွဲအကြောင်းနားထောင်ရင်းက ကျနော်ငယ်စဉ် ဇင်ဘာဘွေကဗျာတချို့ ဘာသာပြန်ခဲ့ဖူးတာ ပြန်သတိရတယ်။ ဒီတုန်းက ဇင်ဘာဘွေတွေ လွတ်မြောက်ရေးအတွက် လက်နိုင်ကိုင်ပြီးတိုက်နေရတုန်း။ အခု ဇင်ဘာဘွေသမ္မတ မူဂါဘီဆိုရင် တော်လှန်ရေးသမားခေါင်းဆောင်တယောက်။ ခုတော့ အာဏာရှင်ပေါ့။ သူတို့ ရွေးကောက်ပွဲအတွေ့ အကြုံဟာ ကျနော်တို့ မလွဲမသွေလေ့ လာရမယ့် အတွေ့ အကြုံဖြစ်တာမို့ သူတို့ ပြောသွားတာတွေကိုလည်း ကျနော်သဘောကျပါတယ်။

မဇ္ဈိမက ဆရာ ကိုစိန်ဝင်းကတော့ လူထုအခွင့်အရေးကို အကာအကွယ်ပေးနိုင်သည့် မီဒီယာရဲ့စွမ်းရည်ဆိုတဲ့ခေါင်းစဉ်နဲ့ ပြောသွားတာပါ။ ဥပမာတွေနဲ့ အားလုံးနားလည်အောင်ပြောသွားခဲ့တာပါ။ ဒီညီလာခံမှာ ဟောကြပြောကြတဲ့အခါ သူတို့ ဟောကြပြောကြတာကို နားထောင်ရင် တချို့ က စနစ်တကျ ကြိုတင်ပြင်ဆင်ြ့ပီးမှ လာခဲ့ကြတယ်ဆိုတာ သိသာပါတယ်။ တချို့ ကြတော့ စံနစ်တကျ ကြိုတင်ပြင်ဆင်လာတာမဟုတ်ဘူးဆိုတာ သိသိသာသာပေါ်လွင်နေတဲ့အပြင် ပြောရမယ့်ခေါင်းစဉ်နဲ့ တခါတလေ အများကြီးလွဲချော်နေတာတွေလည်းကြားခဲ့ရပါတယ်။ တခါတလေ သူကိုယ်တိုင်က စိတ်ထဲပေါ်ရာ လိုက်ပြောရင်းက ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းတောင်မသိလောက်အောင် ပညာရှိသတိဖြစ်ခဲ ဖြစ်သွားတဲ့ သူတွေကိုလည်း တွေ့ ခဲ့ရပါတယ်။ ဒီလိုပြောလို့  ညီလာခံမှာ တက်ပြီးစာတမ်းတင်တဲ့သူ ဟောတဲ့ပြောတဲ့သူအချင်းချင်း ဒီလိုမပြောသင့်ဘူးဆိုတာ ကျနော်သိပါတယ်။ ကျနော်ဆိုလိုတာ ကျနော်လိုချင်တာက ပေးထားတဲ့ခေါင်းစဉ်အောက်မှာ ကျနော်တို့ အတွက် ဘာ ပေးနိုင်မလဲဆိုတာကိုပဲ တောင့်တခဲ့တာပါ။ ကျနော်တို့ ကို ဘယ်လို လေးမြှားထွင်နိုင်မလဲ ဆိုတဲ့နည်းလမ်းတွေကိုသာ မျှော်လင့်ခဲ့တာပါ။

ညီလာခံမှာ ကျနော်တို့ ဧရာဝတီသတင်းစာတိုက်နဲ့ စာအုပ်ဆိုင်တွေဆီ သွားနေလို့ နားမထောင်လိုက်ရပေမယ့် ညီလာခံရဲ့ လူအများစု စိတ်ဝင်စားမှု အရဆုံးအစီစဉ်ကတော့ VOA က ဦးကျော်ဇံသာ ဦးစီးပြုလုပ်တဲ့ အသံလွှင့်စကားဝိုင်း အကြောင်း အခုထက်ထိ လူတွေပြောနေဆိုနေတာကို ကြားနေရဆဲပါပဲ။ ကျနော်က နားထောင်ဖို့ စိတ်မဝင်စားတာတော့မဟုတ်ပါဘူး။ စစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲအပေါ် ကိုယ့်ခံယူချက် ကိုယ့်ပိုင်းဖြတ်ချက်နဲ့ ကိုယ် အခိုင်အမာရှိထားပြီးသားဖြစ်တယ်လို့ ကိုယ့်ဖါသာကိုယ် ယူဆထားပြီးဖြစ်လို့ နားမထောင်ဖြစ်ခဲ့တာပါ။ ကျနော်ကတော့ အဲဒီရွေးကောက်ပွဲနဲ့ အဲဒီဖွဲ့ စည်းပုံဆိုတာ အချိန်တန်ရင် နေ့ ချင်းညချင်းပျက်သွားမယ့်ကိစ္စလို့ ပဲ မြင်နေမိတာမို့ ဒီအချိန်ကျမှတော့ ဒါကို အခြေအတင်ငြင်းမနေချင်တော့တာလည်းပါပါတယ်။ပြီးတော့ ကျနော်တို့ က စစ်အစိုးရလုပ်မယ့် သူတို့ ရဲ့ဖွဲ့ စည်းပုံပေါ်မူတည်တဲ့ အဲဒီရွေးကောက်ပွဲကို မူအားဖြင့်ကိုယ်၌က သဘောမတူပါဘူး။ ဒီအပေါ်မှာ ငြင်းဖို့ ခုန်ဖို့ မလိုလောက်အောင်ကိုပဲ ရှင်းပြီးသားပါ။ ရွေးကောက်ပွဲဆိုတာ နည်းပရိယါယ်အရသာ ကျနော်တို့ စကားပြောချင်တာပါ။ သူ့ လက်နက် ကိုယ့်လက်နက်ဖြစ်အောင်လုပ်လို့ ရမယ်ထင်တဲ့သူရှိရင်လည်း လုပ်ကြပေါ့။ ပြီးတော့ ရွေးကောက်ပွဲဆိုတာက ပြဿနာတွေ အားလုံးကိုဖြေရှင်းနိုင်တဲ့ ပြီးသွားနိုင်တဲ့ အလှည့်အပြောင်းတခုမှမဟုတ်တာပဲ။ အဲ အလှည့်အပြောင်းကိစ္စတောင်မှ မဟုတ်ပါဘူးလေ။

VOA က ဦးကျော်ဇံသာ ပြောပုံဆွေးနွေးပုံ ကျနော်ကြိုက်ပါတယ်။ အသံလွှင့်သမားတယောက်ရဲ့မလွဲမသွေရှိရမယ့်အသံလုံးအသံထား အားလုံးအတုယူဖို့ ကောင်းအောင်ကိုပဲ ကောင်းပါတယ်။ သူယုံကြည်ရာကို တည့်တိုးပြောတတ်တဲ့အတွက်လည်း နာမည်ကြီးတာပါ။ဒါပေမယ့် သူတယောက်ထဲပြောသွားတဲ့အချက်ထဲမှာ စစ်အစိုးရ ဝါဒဖြန့် ချိတဲ့ အနုပညာရေးကိစ္စတွေမှာပါဝင်မိလို့ လူတွေက နားလည်မှုမပေးနိုင်တာဟာ တကယ်တော့ လူတွေမှာ ဖေါက်ထွက်တွေးနိုင်မှုနဲ့ ပြုလွယ်ပြင်လွယ်တဲ့အယူအဆ အားနည်းလို့ ဖြစ်တာပါ ဆိုတဲ့စကားကိုတော့ ကျနော်သဘောမတူပါဘူး။ ကျနော်တို့ က ရပ်တည်ချက်မှားတဲ့သူ ရွေးချယ်မှုမှားတဲ့သူတွေအပေါ် ပြည်သူတွေက ကန့် ကွက်ဆန့် ကျင်တာ မှန်တယ်လို့ ပဲ မြင်ပါတယ်။ ဒါက အတွေးအခေါ်အရ ခြောက်သယောင်းတာ ဖေါက်ထွက်ပြီးမတွေးနိုင်တာ ဆိုတာနဲ့ မဆိုင်ပါဘူး။ ဒီကနေ့ ဦးကျော်ဇံသာက စစ်အစိုးရရဲ့ လုပ်ရပ်တွေကို မှန်တယ်လို့ မြင်ပြီး စစ်အစိုးရဖက်ကလိုက်ပြီး ဝါဒဖြန့် မယ်ဆိုရင် ကျနော်ကတော့ ပြည်သူတယောက်အနေနဲ့ ဦးကျော်ဇံသာကို ဆန့် ကျင်ကန့် ကွက်ပြီး အကယ်၍ ဦးကျော်ဇံသာက စစ်အစိုးရဝါဒဖြန့် အနုပညာရှင်ဖြစ်တယ်ဆိုရင်လည်း ကျနော်ကတော့ ပြည်သူတယောက်အနေနဲ့ ဦးကျော်ဇံသာရဲ့အနုပညာကို လက်မခံပဲနေလိုက်မှာ သေချာပါတယ်။ ဘာပြုလို့ လည်းဆိုတော့ စစ်အစိုးရဟာ တရားအရကိုယ်၌က မှားယွင်းနေတဲ့အစိုးရဖြစ်လို့ ပါပဲ။

ပြီးတော့ မီဒီယာသမားဟာ ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားဖြစ်မယ်ဆိုရင် အဲဒီမီဒီယာလုပ်ငန်းဟာ ပျက်ကရော ဆိုတာကိုလည်း ကျနော်သဘောမတူပါဘူး။ ကျနော်က ထပြီးကန့် ကွက်ဦးမလို့ ပါပဲ။ အချိန်မရှိတာရယ် အခြေအနေက အကြေအလည်ပြောဖို့ အခြေအနေမပေးတာရယ်ကြောင့် ဝင်ပြီးမပြောခဲ့ပါဘူး။ ဒါပေမယ့် ညနေပိုင်းမှာ ဘီဘီစီမြန်မာဌါနမှူး ဒေါ်တင်ထားဆွေ ဝင်ရောက်ဆွေးနွေးလိုက်တဲ့အချက်ကလည်း ကောင်းသွားပါတယ်။ ဦးကျော်ဇံသာရဲ့ပြောဆိုချက်က မီဒီယာသမားဟာ နိုင်ငံရေးခံယူချက်မရှိရဘူးသဘောဖြစ်တယ်ဆိုရင် အဲဒါသူ လက်မခံတဲ့အကြောင်း မှားတယ်လို့ ယူဆကြောင်း ၊ မီဒီယာသမားမှာ နိုင်ငံရေးအမြင် နိုင်ငံရေးခံယူချက်မရှိရင် မဖြစ်တဲ့အကြောင်းပြန်လည်ဖြည့်စွက်ဆွေးနွေးသွားတာနဲ့ ကျနော်လည်း ကျေနပ်ခဲ့ပါတယ်။ တကယ်တော့ လူတယောက် ဒေါင်ဒေါင်မြည်နိုင်ငံရေးအမြင် ဒေါင်ဒေါင်မြည်နိုင်ငံရေးခံယူချက်မရှိဘူးဆိုရင် သူပစ်သမျှမြှားတွေအားလုံး ပစ်မှတ်နဲ့ လွဲနေမှာပဲ ဖြစ်ပါတယ်။ အဲအဆိုးဆုံးအကျိုးသက်ရောက်မှုက ကိုယ့်ရင်ဘတ်ကိုတောင် ပြန်ပြီးမြှားဝင်စိုက်သွားနိုင်တဲ့အထိ ပစ်မှတ်လွဲသွားတာမျိုးတွေလည်း ရှိပါတယ်။အရေးကြီးတာက သူက မီဒီယာလုပ်ငန်းလုပ်တဲ့အခါ သူ့ ရဲ့နိုင်ငံရေးပယောဂတွေကို အတတ်နိုင်ဆုံးထိန်းချုပ်ထားဖို့ ပါပဲ။ သူ့ ရဲ့ နိုင်ငံရေးအတ္တနောမတိစိတ်ကို သတ်ထားဖို့ သာအဓိကပါပဲ။ ဒီနေရာမှာ ပြောပုံဆိုပုံအရ နိုင်ငံရေးသမားတွေကို မလိုလားတဲ့သဘော နိုင်ငံရေးသမားတွေကို နှိမ့်ချချင်တဲ့လေသံတွေ ပါသွားခဲ့မယ်ဆိုရင်တော့ မကောင်းဘူးပေါ့လေ။ နိုင်ငံရေးသမားဆိုတာ သူများတွေထက် ပိုပြီးပေးဆပ်ရတာတွေက အထင်အရှားရှိနေတာပဲ မို့ လား။

ဦးကျော်ဇံသာနဲ့ ကျနော် လူချင်းတော့မတွေ့ ဖူးပါဘူး။ ဒါပေမယ့် ၁၉၉၉ ခုနှစ်ထဲမှာ ကျနော် ဘီဘီစီက အလင်္ကာပန်းခင်းနဲ့ စာအုပ်စင်ကဏ္ဍရှိတုန်းက သူက ဘီဘီစီမှာ ရှိနေပါတယ်။ ကျနော်က အဲဒီကဏ္ဍမှာ တကြိမ်နှစ်ကြိမ်လောက် ဝင်ပြီးရေးခဲ့ဖူးပါတယ်။ စာအုပ်စင်ကဏ္ဍမှာဆိုရင် တကြိမ် ကိုယ့်အသံနဲ့ ကိုယ် ဝင်ပြီးအသံလွှင့်ခဲ့ဖူးပါတယ်။ ဒီတုန်းကမှတ်မှတ်ရရ ဂျာမာန်ကဗျာဆရာ ဂန်တာဂရပ်စ် ရဲ့ ကဗျာစာအုပ်အကြောင်းရေးခဲ့တာပါ။ ဂန်တာဂရပ်စ်က အဲဒီနှစ်ထဲမှာပဲ စာပေနိုဗယ်ဆုရသွားတာပါ။ ဒီတုန်းက အဲဒီကဏ္ဍတွေကို ဆရာဦးကျော်ဇံသာ တာဝန်ယူထုတ်လွှင့်နေတယ်လို့ ယူဆမိပါတယ်။ တကြိမ်မှာဆိုရင် ကျနော့်ရဲ့ “လရောင်ကို ကောက်သင်းကောက်ခြင်း ↔ ကဗျာကို ဆရာဦးကျော်ဇံသာ ကိုယ်တိုင်ရွတ်ပေးသွားတာ ကြားခဲ့ရပါတယ်။ သူကဗျာရွတ်တာကိုနားထောင်ပြီး သူဟာ ကဗျာကိုလည်း ဝါသနာကြီးပုံရတယ်လို့ ကျနော့်စိတ်ထဲ ယူဆခဲ့ဖူးပါတယ်။ ဖြစ်နိုင်ရင် ကျနော့်ကဗျာကို ကျနော်ကိုယ်တိုင်ရွတ်ချင်ရွတ် ဒါမှမဟုတ် ဦးကျော်ဇံသာရွတ်ပေးရင်ကောင်းမှာလို့ ဆုတောင်းနေခဲ့တာပါ။ ကျနော့်ဆုတောင်းပြည့်သွားလို့ ကျေနပ်ခဲ့ပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် ဒီတုန်းက စာအုပ်စင်ကဏ္ဍမှာ ကျနော့်ဆောင်းပါးနဲ့ အတူ ပြည်တွင်းက စာရေးဆရာမ ဂျူနီယာဝင်း ရဲ့ဆောင်းပါး အသံလွှင့်သွားခဲ့တာပါ။ ဒီတုန်းက ဘီဘီစီရဲ့စာအုပ်စင်ကဏ္ဍမှာ တကြိမ်မှာ စာအုပ်နှစ်အုပ်အကြောင်းအသံလွှင့်ပေးတာပါ။ ကျနော်က ကျနော့်ရဲ့ နာမည်ရင်း မျိုးတင့်နိုင်အနေနဲ့ စာမူတွေပို့ ခဲ့တာပါ။

အခုလို ဦးကျော်ဇံသာနဲ့ လူချင်းတွေ့ တုန်း မိတ်ဆက်ချင်ပေမယ့် သူ့ မှာက မိတ်ဆက်တဲ့သူတွေက များတယ်လေ။ ဒါနဲ့ ပဲ လူတွေကြားထဲ သွားပြီးမိတ်မဆက်မိတော့ပါဘုး။ တကယ်လို့ လူကြားထဲသွားပြီး အဲဒါတွေပြောပြမိတ်ဆက်မိလို့ သူက အလုပ်တွေအများကြီးလုပ်နေရတဲ့သူ ကျနော်ပြောပြတာ မမှတ်မိလို့ ဇဝေဇဝါနဲ့ အားနာနာတုန့် ပြန်တာမျိုးဖြစ်နေရင် ခက်မယ်ဆိုတဲ့စိတ်နဲ့ သွားပြီးမနှုတ်ဆက်ခဲ့ရပါဘူး။ ညီလာခံပထမနေ့ တုန်းက ကိုသန်းလွင်ထွန်းနဲ့ အတူ VOA ကပုဂ္ဂိုလ်တွေ ဝင်းခင်းပြီးထိုင်နေတုန်းက ခတ်ပြုံးပြုံးလုပ်ပြီးထိုင်နေတဲ့ အသားညိုညိုပုဂ္ဂိုလ်ဟာ ဦးကျော်ဇံသာပဲဆိုတာ ပြန်တွေးမိပါတယ်။

ကံကောင်းချင်တော့ ညီလာခံကျင်းပနေတုန်း အောက်ထပ်မှာရှိတဲ့ သန့် စင်ခန်းကိုအသွား သန့် စင်ခန်းအပြင်ဖက်မှာ မမျှော်လင့်ပဲ ဦးကျော်ဇံသာနဲ့ ကျနော်တွေ့ ပါတယ်။ ဒီတုန်းက တခြားလူတွေလည်းမရှိပြန် ဒီလို လူချင်းတွေ့ တော့လည်း ကိုယ်လေးစားရတဲ့သူနဲ့ နှုတ်မဆက်ပဲမနေနိုင်လို့ သူ့ ကို ကျနော်က ကျနော်မျိုးတင့်နိုင်ပါလို့ ဟိုတုန်းက ဘီဘီစီမှာ ကျနော်စာဝင်ရေးခဲ့တာပြောပြီး မိတ်ဆက်ပါတယ်။ သူကလည်း နည်းနည်းမှတ်မိဟန်တူပါတယ်။ ပြီးတော့မှ ကျနော်အခု ကဗျာနဲ့ ပတ်သက်တဲ့စာတမ်းတင်မယ့်အကြောင်း အာအက်ဖ်အေမှာ ကဗျာအိုးဝေကဏ္ဍလုပ်နေတဲ့ ငြိမ်းဝေဆိုတာ ကျနော်ဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ ဒီတော့လည်း အဲဒီငြိမ်းဝေဆိုမှ ကျနော်သိတာပေါ့လို့ ရွှုင်လန်းခင်မင်စွာ ပြန်ပြီးနှုတ်ဆက်ပါတယ်။

မနေ့ တုန်းက မြန်မာဘလော့ဂါများနဲ့ မြန်မာမီဒီယာ ဆိုတဲ့ခေါင်းစဉ်နဲ့ ပြောတဲ့ ဘလော့ဂါ (ကို) မင်းဒင်ကိုလည်း ကျနော်စိတ်ဝင်စားခဲ့ပါတယ်။ အထူးသဖြင့် သူက ကဗျာတပုဒ် ကာရန်နဲ့ ရေးတဲ့ကဗျာ ဖတ်သွားတာကြားရတော့ ကျနော့်မျက်လုံးတွေချက်ချင်းပြူးကျယ်ပြီး ဝမ်းသာသွားရပါတယ်။ သူပြောတဲ့အချက်တွေထဲမှာ ခေတ်ပေါ်ကဗျာနဲ့ ပတ်သက်ပြီး ကိုယုပိုင်ရဲ့စကားကိုကိုးကားပြီးပြောသွားတာလည်း ကြားရပါတယ်။ သူပြောပြီးတော့ စိတ်ထဲမရှင်းတာ ထမေးဖို့ စဉ်းစားပါသေးတယ်။ စာပေသမားချင်း အားပေးတဲ့သဘောလည်းဖြစ်စေ ကိုယ့်စိတ်ထဲ မရှင်းတာလဲရှင်းသွားအောင်ဆိုပြီး ထမေးဖို့ စဉ်းစားခဲ့တာပါ။
ဆရာမင်းဒင်ပြောသွားတဲ့အထဲမှာ ခေတ်ပေါ်ကဗျာကို အဓိပ္ပါယ်ဖွင့်တာ နည်းနည်းလိုသွားသလားလို့ ပါ။ ခေတ်ပေါ်ကဗျာဟာ တယောက်တမျိုး ကိုယ်ကြိုက်သလို ရေးရင်ဖြစ်တယ် တယောက်နဲ့ တယောက်တူဖို့ လည်းမလို တူလည်းတူမှာမဟုတ်ဘူးဆိုတဲ့သဘော ပြောသွားတာမှာ နားထောင်သူတွေက ခေတ်ပေါ်ကဗျာအပေါ် အဓိပ္ပါယ်ကောက်လွဲသွားနိုင်တယ်လို့ ကျနော်ခံစားလိုက်ရတယ်။

ကျနော့်အထင် ခေတ်ပေါ်ကဗျာဟာ သူ့ အရင်ပေါ်ခဲ့တဲ့ကဗျာတွေလိုပဲ ခက်ခဲတဲ့ကဗျာအမျိုးအစားပါပဲ။ သူက ပုံသဏ္ဍာန်မဲ့ပုံသဏ္ဍာန်နဲ့ ရေးတာဆိုတော့ သာမာန်အားဖြင့်ဆိုရင် လွယ်တယ် ကိုယ်ကြိုက်သလိုချရေး ဘယ်သူပဲရေးရေး ဖြစ်တယ်ဆိုတာမျိုး ယူဆနေကြတာလည်းရှိတယ်။ ကျနော်က အဲသလိုအဓိပ္ပါယ်ဖက် နည်းနည်းရောက်သွားတယ်လို့ ထင်တယ်။ ခေတ်ပေါ်ကဗျာမှာ စည်းကမ်းတွေနည်းလမ်းတွေရှိပါတယ်။ ခက်ပါတယ်။ နက်ပါတယ်။ ကျနော့်အထင် သူ့ အရင်ပေါ်ခဲ့တဲ့ကဗျာအမျိုးအစားတွေထက် ပိုပြီးသစ် ပိုပြီးကျစ်ပါတယ်။ ပြောရရင်တော့အများကြီးပေါ့လေ။ ဒါပေမယ့်လည်း ကိုယ်မေးတာက ဆရာမင်းဒင်ကို ခင်ဗျားပြောတာ မှားနေပြီဆိုတာမျိုးလည်းမဖြစ်စေချင်တာရယ် အချိန်မရပဲ ဒီကိစ္စပြောရင် မပြည့်မစုံနဲ့ မသိတဲ့သူတွေ ခေတ်ပေါ်ကဗျာအပေါ် အဓိပ္ပါယ်ပေါက် ပိုပြီးမှားကုန်သွားမှာရယ်ကို တွေးမိပြီး မမေးခဲ့ရပါဘူး။ပြီးတော့ သူပြောနေတဲ့အချိန် လူတွေကဆူနေတယ်လေ။ ကျနော် ကောင်းကောင်းမကြားလိုက်တာတွေလည်း ရှိတယ်။ ဒီတော့ ကိုယ်ကိုယ်တိုင်မရှင်းလင်းပဲ သေသေချာချာနားမထောင်လိုက်ရပဲ ထမမေးတာကောင်းပါတယ်လို့ လည်းတွေးမိခဲ့လို့ ပါ။ ဒါကြောင့်မို့ သူ့ ဟောပြောချက်ကို ကြိုတင်ပြီးဝေပေးထားရင် ကောင်းမှာလို့ လည်း တောင့်တမိတယ်။

ဘလော့ဂါမင်းဒင်ရဲ့ဟောပြောမှုကိုနားထောင်ရင်းကျနော်တွေးမိတာက ဘီအမ်စီညီလာခံအဆက်ဆက်မှာ ဒီတကြိမ်တော့ ဘလော့ဂါတွေကို တော်တော်လေး အလေးထားစကားပြောလာတာ တွေ့ ရတဲ့ကိစ္စပါ။ ဒါဟာကောင်းပါတယ်။

မနက်ပိုင်း ဟောပြောသူတွေထဲမှာ မြန်မာအမျိုးသမီးသမဂ္ဂ က ဒေါ်တင်တင်ညို ပြောတာတွေလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါလည်း ကျနော်လိုရာဆွဲပြောရရင် နာကျင်မှုတခုပါပဲ။ မဟာဖိုဝါဒရဲ့အောက်မှာ အမျိုးသမီးတွေ ဘယ်လောက်အထိနာကျင်ခံစားနေရသလဲဆိုတဲ့ နာကျင်မှုအသံကို တိတ်ခွေဖွင့်ပြလိုက်သလိုပါပဲ။ ကျနော်က မြန်မာအမျိုးသမီးအဖွဲ့ က ရဲဘော်တွေကို လေးစားမိတယ်။ သူတို့ ဟောတာပြောတာတချို့ ကျနော် မကြာခဏ ကြားဖူးတယ်။ သူတို့ က သူတို့ ပြောချင်တဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို ရေပက်မဝင်အောင်စုနိုင်တယ်။ ပြောနိုင်တယ်။ သူတို့ ဘာသာရပ်နဲ့ ပတ်သက်ရင် တကယ့် ဝဲလ်ထရိန်းတွေပဲ။ ပရိသတ်က ဒေါ်တင်တင်ညို ပြောတာဟောတာကို သဘောကျခဲ့ကြပါတယ်။

ညနေပိုင်း နောက်ဆုံးအချိန်ကြတော့ ကျနော်တို့ Magnificent 3 ရဲ့ပွဲပေါ့။ အားလုံး မဲဆောက်က စာရေးတဲ့သူတွေချည်း။ အားလုံး တယောက်မှ ဘာလက်မှတ်မှမရှိတဲ့ တကယ့် Migrant Writer တွေချည်းပဲပေါ့။

ကျနော်တို့ အရိုးသားဆုံးနဲ့ အလေးစားဆုံးထားပြီး ကျနော်တို့ ရဲ့စာတမ်းတွေကို ဖတ်ခဲ့ကြတာပါ။ကျနော်တို့ တာဝန်ယူမှု တာဝန်သိမှုအပြည့်နဲ့ စာတမ်းတွေဖတ်ခဲ့ကြတာပါ။ ကျနော်က စာတမ်းဖတ်ပြီးလို့ ရှေ့ ကိုကြည့်တော့ ပရိသတ်က လူနှစ်ဆယ်လောက်တောင်မရှိချင်တော့ပါဘူး။ ဟဲ ဟဲ ကျနော်ဖြင့် တကယ့်ကို နာကျင်သွားရတယ်ဆိုပါတော့။ (ကျနော့်စာတမ်းရဲ့ခေါင်းစဉ်က မြန်မာကဗျာနာကျင်မှု ၊ အခုတော့ ကဗျာဆရာနာကျင်မှုလို့ အစကတည်းက ခေါင်းစဉ်တပ်ခဲ့ရရင်အကောင်းသား)။ ဒါပေမယ့် ရှေ့ မှာထိုင်နေတဲ့သူတွေဟာ ခုံသိမ်းဖို့ စေါင့်နေတဲ့သူတွေ မဟုတ်ဘူးဆိုတာတော့ ကျနော် အသေအချာအခိုင်အမာပြောနိုင်ပါတယ်။

ကျေးဇူးတင်ရမယ့်သူတွေရှိပါတယ်။ တကယ့်ကို ကျေးဇူးတင်မိတယ်။ ဘီဘီစီမြန်မာဌါနမှူး ဒေါ်တင်ထားဆွေဆိုရင် ညီလာခံအစကအဆုံးအထိ ထိုင်သွားတဲ့သူတွေထဲမှာ ထိပ်ဆုံးကပါပဲ။ ကျနော်တို့ စာတမ်းတွေဖတ်နေတဲ့တချိန်လုံး စိတ်ဝင်တစားထိုင်ရာမထ နားထောင်နေခဲ့တာတွေ့ ရပါတယ်။ (ထိုင်နားထောင်တဲ့သူ မရှိမှာစိုးလို့ အားနာပြီးထိုင်နေတာတော့ မဟုတ်တန်ကောင်းပါဘူးနော်)ပြီးတော့ ကိုယ့်လူတွေ အားငယ်နေမယ်ဆိုပြီး မေးခွန်းတွေထမေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ ဆရာမောင်သာမည ကိုလည်း ကျေးဇူးတင်စကား မပြောပဲထားခဲ့လို့ ဘယ်ဖြစ်မှာလဲ။

အော် ပြောဖို့ ကျန်နေပါသေးတယ်။ ကျနော်တို့ သုံးယောက် စာတမ်းဖတ်တဲ့အခါကြတော့ စာပေသမားချင်း ရိုင်းပင်းအားပေးတဲ့သဘောနဲ့ ကဗျာဆရာမောင်လွမ်းဏီက ကျနော်တို့ အစီစဉ်ကြကာမှ အခန်းအနားမှူးလုပ်ပေးသွားတာကို လည်း ကျနော်တို့ ကျေးဇူးစကား ပါးရပါလိမ့်ဦးမယ်။

ဟောတဲ့ပြောတဲ့အစီစဉ်တွေပြီးတော့ ဘီအမ်အေအတွင်းရေးမှူးရဲ့ အစီရင်ခံစာနဲ့ ဘီအမ်အေအဖွဲ့ ဝင်များချည်းပြုလုပ်တဲ့ အစည်းအဝေးကို ကျနော်နဲ့ မောင်လွမ်းဏီ တက်ရပါသေးတယ်။ လိုအပ်တယ်ထင်တာတချို့ တင်ပြဆွေနွေး။ အရေးအကြီးဆုံး ဆုံးဖြတ်ချက်ကတော့ အမှုဆောင်ကော်မီတီအသစ် ရွေးချယ်တဲ့ကိစ္စ သုံးလအတွင်း အဖွဲ့ ဝင်တွေထံ အီးမေးလ်နဲ့ ဆန္ဒတောင်းပြီး ပြန်လည်ပြင်ဆင်ဖွဲ့ စည်းဖို့ ဆုံးဖြတ်တဲ့အချက်ပါပဲ။

အခန်းကိုပြန်ရောက်တော့ ဆရာနေမျိုးအေးက ကုတင်ပေါ်မှာမှိန်းပြီး အနားယူနေပါပြီ။ ဟိုဖက်ခန်းက ကိုသီဟမောင်မောင်ကတော့ ရေကူးကန်မှာ ရေသွားကူးနေပါတယ်။ ဟိုဖက်ခန်းက ဖုံးခေါ်သံကြားလို့ အမှတ်မထင် နားထောင်လိုက်မိပါတယ်။ အခန်းထဲမှာကျန်နေတဲ့ ကိုဈာန်က “ ကောင်မလေးတွေနဲ့ ရေသွားကူးနေတယ် ” ဆိုတဲ့ အော်ပြောသံကိုလည်း ကြားလိုက်ရပါတယ်။ ကိုသီဟတယောက် ရေချိုးပြီးလို့ အခန်းကို ပြန်ရောက်လာတဲ့အခါ ဖုံးခေါ်သံထပ်ခေါ်တာကြားရပြီး ကိုသီဟရဲ့ လေသံတိုးတိုးနဲ့ တောင်းပန်တိုးရှိုးနေတဲ့အသံကိုကြားနေရလို့ သူတို့ အခန်းဘက်ခေါင်းပြူပြီးသွားကြည့်တော့ ကိုဈာန်က ဖုံးစကားပြောနေတဲ့ ကိုသီဟမောင်မောင်မောင်ကို ပြုံးပြုံးကြီးကြည့်နေတာ တွေ့ လိုက်ရပါတယ်။ ။

ပုံ (၁) ဦးကျော်ဇံသာ ဦးစီးတဲ့ ရေဒီယိုတော့
ပုံ (၂) ဦးကျော်ဇံသာနဲ့ ဒေါသကုမ္မာရီလေး ခင်မင်းဇော်
ပုံ (၃) အခန်းအနားမှူးလုပ်ပေးနေတဲ့ မောင်လွမ်းဏီ
ပုံ (၄) ဆရာစိုးနေလင်း၊ ဆရာ နေမျိုးအေး၊ ငြိမ်းဝေ (ဘယ်သူ အနုပျိုဆုံးလို့ ထင်နိုင်ပါသလဲ)


နောက်တပိုင်းဆက်ဖတ်ပါရန်...