July 31, 2010

ပုံပြင်တစ်ပုဒ်တော့ မဟုတ်ခဲ့ပါ


                                                       (က)
“ပန်းဝေဝေ” စာအုပ်အငှါးဆိုင်လေးထဲတွင် လူရှင်းနေသည်။ ကက်ဆက်သီချင်းသံက ဆိုင်ထဲတွင်သာ ဝေ့နေသည်။ စာအုပ်ငှါးသူ မရှိ၊ ဧည့်သည်မရှိသဖြင့် ကိုဌေးမြိုင်က ကုလားထိုင်တစ်လုံးတွင် စာထိုင်ဖတ်နေသည်။
“ အကိုကြီး ရေတစ်ခွက်လောက် သောက်ပါရစေခင်ဗျ ”
ဆိုင်ပေါက်ဝတွင် စစ်သားတစ်ယေါက်ကို တွေ့ သည်။ စစ်ဝတ်စုံက နွမ်းကြေလျက်။ နေလောင်ထားသည့်အသားအရေမှာ သိသိသာသာ ညှိုးနေသည်။ အသက် (၂၀)ကျော်ခန့် ။ ပခုံးပေါ်တွင် ခရေတစ်ပွင့်။
“ ကျနော်တို့က ဟိုဖက် ရထားဂုံးစေါင့်အိမ်လေးမှာ ခဏ လာနေရတဲ့ ရဲဘော်တွေပါ၊ ရောက်ရောက်ချင်းဆိုတော့ သောက်ရေအိုးကအစ မရှိသေးလို့ ”

July 27, 2010

နှင်းဆီပွင့်ပေါ် အိပ်ပျော်နိုင်စွမ်း မရှိသေးပါ


                                                                 (၁)
          ကျနော်သည် ဆရာကြီးတင်မိုး၏ ကဗျာများထဲက ကဗျာရှည်တပုဒ်ကို အထူးတလည် စွဲလန်းနှစ်သက်နေခဲ့ဖူးပါသည်။ယင်းကဗျာရှည်ကို လုံးချင်းကဗျာစာအုပ်အဖြစ် ထွက်ရှိနိုင်လျင် မည်မျှကောင်းမည် နည်းဟု တွေးခဲ့ဖူး၏။ ကျနော့်စိတ်ထဲ ယင်းကဗျာရှည်ကို လုံးချင်းစာအုပ်အဖြစ် ဖတ်ရှုလိုက်ချင်သည့်ဆန ပြင်းပြခဲ့၏။
          ၁၉၉၇ ခုနှစ်ထဲတွင် ကံအားလျော်စွာ ဆရာတင်မိုး၏ ကဗျာပေါင်းချုပ်စာအုပ်တစ်အုပ်ကို စီစဉ်ထုတ်ဝေခွင့် ကျနော် ရခဲ့သည်။ ဆရာတင်မိုးကဗျာပေါင်းချုပ်(၁၉၉၉) ကို စီစဉ်ဆောင်ရွက်ပေးဖို့ ညှိနှိုင်းစဉ်အချိန်က ကျနော်က နှစ်ပေါင်းများစွာ ကျနော် နှစ်သက်စွဲလန်းနေခဲ့သည့် ယင်းကဗျာရှည်ကိုပင် လုံးချင်းထုတ်ရလျင် မကောင်းဘူးလားဟု ထုတ်ဝေသူကို တိုက်တွန်းခဲ့၏။ ထုတ်ဝေသူက လက်မခံသည့်အတွက် ကျနော့်ဆနမှာ မပြည့်နိုင်ခဲ့ပါ။ ထို့ကြောင့် “တင်မိုးကဗျာပေါင်းချုပ်(၁၉၉၉)” အဖြစ်နှင့်သာ ကျနော့်မှာ စီစဉ်ဆောင်ရွက်ပေးခဲ့ရ၏။
         

July 23, 2010

ဖော်ဝေး သစ်ပင်

မြန်မာခေတ်ပေါ်ကဗျာ ဇာတ်ခုံပေါ် ပထမဦးဆုံး တက်ရောက်လာခွင့် ရသူတွေထဲမှာ ကဗျာဆရာ ဖေါ်ဝေး ဟာ ရှေ့ဆုံးများရဲ့ ရှေ့ဆုံးက လူပေါ့။ သူ ကွယ်လွန်တာ ၁၉၇၈ ခု၊ ဇူလိုင်လ ၃ ရက်။ နှစ်ပေါင်း ၃၂ နှစ်ပြည့်ခဲ့ပြီ။ သူ့ကို ကျနော်တို့ ဂုဏ်ပြုလေးနက်ဖို့ စဉ်းစားတဲ့အခါ ချစ်ခင်ရတဲ့ ကဗျာဆရာ ခင်အောင်အေး ရေးဖွဲ့ တဲ့ ဒီကဗျာကို ကျနော့်ဘလော့မှာတင်ပြီး လေးနက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကဗျာဆရာ ဖေါ်ဝေး ကျနော်တို့နဲ့အတူ ရှိနေတုန်းပဲဆိုတာ သက်သေတည်လိုက်တဲ့ သဘောပါပဲ။
ဒီ “ ဖေါ်ဝေး သစ်ပင်” ကဗျာကို ကျနော့်ဘလော့မှာ တင်ခွင့်ပြုတဲ့ (ကို) ခင်အောင်အေးကိုလည်း ကျေးဇူးတင်ရမှာပါ။
ငြိမ်းဝေ



                      

July 10, 2010

လေဆန်မှာ မြှားတန်းလန်းနဲ့ ပျံသန်းရဲတဲ့ ငှက်


(၁)
            တရားရုံး အပြင်ဘက်တွင် မိုးရိပ်များ မှိုင်းနေသည်။
          လူတွေ မစည်ကားအပ်သည့်နေရာဖြစ်သည်ဟု အဆိုရှိသော်လည်း တရားရုံး ရုံးဝန်းထဲတွင် လူတွေ ဟိုတစု သည်တစု တွေ့နေရသည်။ မနက်(၈)နာရီထိုးတော့ ရုံးဝန်းထဲတွင် လူတွေ များသည်ထက် များလာသည်။ လူတချို့က တရားရုံး အဖီစွန်းအောက်တွင် ရပ်နေသည်။ တချို့ကမူ ရုံးဝန်းထဲက သစ်ပင်များအောက် ဈေးဆိုင်တန်းဘေး တွင် ရပ်သူကရပ် ထိုင်သူကထိုင်။ တရားရုံး ဝန်ထမ်းတချို့က ရုံးခန်းထဲ ဝင်လိုက်ထွက်လိုက်။
          

July 09, 2010

လရောင်အောက်က ခွေးအများ


(က)
စစ်တောင်းမြစ်ရဲ့မျက်စောင်းထိုး တဖက်ကမ်းထိပ်။ ကျိန်တောမြောင်သုဿန် ကုန်းပေါ်တွင် လရောင်များ ဖွဲဖွဲဆုပ်ဆုပ်ကျနေလေသည်၊ စစ်တောင်းမြစ်အတွင်း ခုန်ဆင်းချလာသည့်လမင်းသည် လအစင်းငယ်ပေါင်းထောင်သောင်းချီပြီး ပွါးထုတ် လိုက်၏။ လရောင်တချို့မှာ သောင်ပြင်ပေါ်တွင် လူးလှိမ့်နေ၏။ဝါးတရိုက်ခန့် မရှိတရှိ ကမ်ပါးယံအောက်တွင်မူ အမှောင်ရိပ်သန်းနေလေသည်။

July 06, 2010

နှစ်လေးဆယ် လမ်းလျှောက်နေဆဲ ဇာတ်ကောင်များ


(က)
          ပြီးခဲ့တဲ့လပိုင်းလောက်က ကျနော့်မိတ်ဆွေတချို့ နဲ့ သတင်းဌါနတချို့ ဆီကရတဲ့သတင်းအရဆိုရင် ကွယ်လွန်သူ စာရေးဆရာ“နိုင်ဝင်းဆွေ” ရဲ့ ဝတ္ထုတချို့ ကို ပြန်လည်ထုတ်ဝေခွင့် ရတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ ပထမတော့ ကျနော် အံ့အားသင့်ပါတယ်။ ဘာပြုလို့ လည်းဆိုတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် (၂)ခုအတွင်း ဆရာနိုင်ဝင်းဆွေရဲ့ဝတ္ထုတွေ ပြန်လည်ထုတ်ဝေခွင့်မပြောနဲ့ သူ့ နံမည်ကိုတောင်မှ ဖေါ်ပြခွင့်မရခဲ့တဲ့အနေအထားမှာ ဒီလိုသတင်းမျိုးကိုကြားရတော့ ကျနော် တကယ့်ကို မင်သက်မိခဲ့တာပါ။

July 04, 2010

ပါမင့်နင့် လရောင်

ကျနော် ငယ်စဉ်တုန်းက
တောအုပ်တစ်ခုထဲ
မျက်စေ့လည်ဖူးတယ်။

တောအုပ်ထဲက ပြန်ထွက်လာတော့
ကျနော့် ကြောပေါ်မှာ လရောင်တွေ တောင်းပြည့်တောင်းလျှံ
အိမ်ကြတော့
ကျနော့် အခန်းကလေးထဲ ကြမ်းပြင်ပေါ်
လရောင်တွေ သွန်ချ
ငုံ့ကြည့်ရင်း ငိုင်နေ
မျက်ရည်တွေကို ကျနော် တွေ့တယ်။

ကျနော် ငယ်စဉ်တုန်းက
အိမ်ပြေးတယောက်ဖြစ်ခဲ့ဖူးတယ်
(ကမ္ဘာပေါ်က ခံစားမှုလွန်ကဲလွန်းတဲ့ လူ အတော်များများဟာ
ငယ်စဉ်က အိမ်ပြေးဖြစ်ခဲ့ကြဖူးတယ်ဆိုတာကို အားကျလို့)
သောင်ပြင်ကျယ်ကြီးတခုရဲ့ဘေး
ကိုယ်ထည်ကို ရေလှိုင်းလေးတွေ ပြေးလာရိုက်ခတ်နေတာ ကျနော် ခံစား
ဧရာဝတီ ရက်မှန်သဘောင်္ကြီးပေါ်က ကလေးတစ်ယောက်
ဝေးကွာလာခဲ့တဲ့ သောင်ပြင်ကြီးပေါ်မှာ စွေ့စွေ့ခုန်ရင်း ကျနော့်ကို လှမ်းအော်ခေါ်နေတဲ့ ကျနော့် စိတ်တွေ
ဒီတုန်းက
ရေထဲက အစိပ်စိပ် အမွှာမွှာ ပေါင်းစည်းဖို့ ကြိုးစားနေတဲ့ လရောင်တွေကို ကြည့်ပြီး
ကျနော်
အသံမထွက်ပဲ အော်ငိုလိုက်မိတယ်။

ကျနော့်လရောင်တွေက
ညမှာ မတွေ့ရဘူး
နေ့မှာ မတွေ့ရဘူး
အပြင်မှာ မရှိဘူး။

ကျနော် ထပ်ပြောကြည့်မယ်။

ကျနော့် လရောင်တွေက
နေ့မှာ မတွေ့ရဘူး
ညမှာ မတွေ့ရဘူး
အပြင်မှာ မရှိဘူး။ ။

ငြိမ်းဝေ
၎၊၇၊၂၀၁၀
(သရုပ်ဖေါ်ပုံက အက်ဗတ် မွန့်ခ် ရဲ့ လရောင် ပန်းချီကား ဖြစ်ပါတယ်။)


July 03, 2010

သကြားတစ်ပုဂံ၊ ဓါတ်ဗူးတစ်လုံး နှင့် ဖြာတစ်ချပ်


(က)
ကျနော်တို့ လူသိုက်ကို ရွှေကွယ်ရွာသူကြီးကိုယ်တိုင် ရွာပြင်ထွက် ကြိုခဲ့သည်။ ကျနော်တို့နှင့်အတူလိုက်ပါလာသည့် တလိုင်းကရင်ရွာသူကြီး ဦးအောင်က လမ်းလျှောက်စကားပြောစက်ကတဆင့် ရွှေကွယ်ရွာသူကြီးထံ ကြိုတင်အကြောင်းကြားခဲ့သဖြင့် အခုလို ရွာပြင်ထွက်ပြီး ကြိုဆိုခဲ့ခြင်းဖြစ်သည်။ ထို့ ပြင် မာနယ်ပလောဗဟိုဌါနချုပ် အသံလွှင့်ဌါနမှ သတင်းထောက်တစ်ဦးလည်း လိုက်ပါလာသည်ဆိုသည့်သတင်းကြောင့် အခုလို ရွာသူကြီးကိုယ်တိုင် လာရောက်ကြိုဆိုခဲ့ခြင်းဖြစ်တန်ရာ သည်ဟု ကျနော် တွေးမိသည်။

July 02, 2010

ငါ ရှိနေတာ လ,ရောင်တွေကြောင့်


ငါ့ကိုယ်ပေါ်မှာ လရောင်တွေ လင်းပနေတဲ့အခိုက်
ငါ့ကိုငါ တွေ့ရှိခဲ့တယ်။
တွေ့ရှိတဲ့ အခိုက်အတန့်လေးမှာပဲ
ငါ ရှိနေကြောင်း သေချာခဲ့တာပေါ့။

ငါဟာ
လရောင်တွေကို
မုန်းတယ်။
ဘာပြုလို့လည်းဆိုတော့
လရောင်တွေက
ငါ့ကို ဖွင့်ပြ
လရောင်တွေက
ငါ့ကို ရေးပြ
လရောင်တွေက
ငါ့ကို လက်ညှိုးထိုးပြ။

ငါဟာ 
ငါရှိနေကြောင်း
လရောင်တွေ ရှိနေသေးလို့သာ
သိနေခဲ့တာ။

ဒါကြောင့်မို့
လရောင်တွေကို
ရန်သူမရှိတဲ့ အမုန်းမျိုးနဲ့ မုန်းမိပေါ့။

တသက်လုံးပဲ..ဆိုပါတော့လေ။

ငြိမ်းဝေ
၂၊၇၊၂၀၁၀