Showing posts with label ခရီးသွား ရသဆောင်းပါး. Show all posts
Showing posts with label ခရီးသွား ရသဆောင်းပါး. Show all posts

December 30, 2011

ဥရောပ မဲဇာ


မေပယ်လ်ရွက် ဘယ်ရီသီးအပြာနှင့် ဥရောပ ကျေးလက် (၂ )
အပမ်းပြေ လမ်းလျှောက်လို့ ရတဲ့ ကာရိုဟန် လမ်းမ

အဖြူရောင်ညထဲက ရွှေရောင်တွေ
လေတချွန်ချွန် ကုတ်အကျီင်္ တမမနဲ့
ကျွန်ုပ်ဆီကို လာသေလား
ဟဲလို
နေကောင်းပါစ
ဥရောပ ကျေးလက် သမီးပျိုတို့
ကျူရိုးဖေါင်ဖွဲ့ ကမ္ဘာသစ်ရဲ့ နိဒါန်း
နှစ်တထောင်ကို ခြေတလှမ်းနဲ့ လှမ်းခဲ့သူတို့…
( ဥရောပ မဲဇာ ကဗျာရှည်မှ )
         
လေဆိပ်ထဲက အထွက် တက္ကစီကားဘေးတွင် ရပ်နေစဉ် ထူးခြားသည့် စိတ်ဆန္ဒတချို့ကို ကျနော့်မှာ မနည်း မြိုသိပ် ထားခဲ့ရပါသေးသည်။

          လေဆိပ် အဆောက်အဦရှေ့ ဆင်ဝင်အောက်တွင် ရပ်နေရင်းက ရင်ထဲ မြင့်တက်လာနေသည့် စိတ်ဆန္ဒတခုကို အတင်းအဓမ္မ ချိုးနှိမ်ထားခဲ့ရ၏။ နော်ဝေး နိုင်ငံမြေပေါ် ခြေချခွင့် ရလိုက်သည်နှင့်တပြိုင်နက် ထိုနိုင်ငံ၏ မြေကြီးခဲတခုကို ကောက်ယူကာ နမ်းရှုံ့ချင်သည့် စိတ်ဆန္ဒက ကျနော့်ကို အပြင်းအထန် ဆွဲဆောင်ခေါ်ငင် ထားခဲ့၏။ အမှန်တကယ် နမ်းရှုံ့ခြင်းမျိုးတော့ မဟုတ်။ စတိသဘော နမ်းကြည့်ဖို့ ဖြစ်၏။ အချိန်အတန်ကြာ ကားဘေးတွင် ငူတူတူကြီး ရပ်နေသော ကျနော့်ကို ကားပေါ်တက်ရန် မသီတာက သတိပေးခဲ့ရ၏။

          ထိုအချိန် ထို အခိုက်အတန့်ကလေးတွင် တိုင်းပြည်မှ နှစ်ပေါင်း ၂၀ တိတိ နှင်ထုတ် ခံထားခဲ့ရသည့် ရုရှစာရေးဆရာကြီး ` ဆိုဆင်နစ်ဇင် ´ ကို ကျနော့် မျက်စိထဲ မြင်နေခဲ့၏။ ရုရှစာရေးဆရာကြီး ဆိုဆင်နစ်ဇင် သည် ` စတာလင်လက်ထက် ´  အလုပ်ကြမ်းနှင့်ချွေးတပ်စခန်း နောက်ခံဖြင့် ဝတ္ထုကြီးတပုဒ် ရေးသဖြင့် သူ့ကို စတာလင်က တိုင်းပြည်မှ နှင်ထုတ်ပစ်ခဲ့၏။ အနှစ် ၂၀ ပြည်နှင်ဒဏ် ပေးခြင်း ခံခဲ့ရလေသည်။ သူသည် ခိုလှုံနေထိုင်ခွင့် ရရှိသည့် အမေရိကန်နိုင်ငံသို့ရောက်ရှိသည့်အခါ လေယာဉ်ပေါ်မှ အဆင်း မြေမှုံတချို့ကို ကောက်ယူကာ နမ်းရှုံ့ပြခဲ့သူ ဖြစ်သည်။ အမေရိက၏ လွတ်လပ်ငြိမ်းချမ်းမှုနှင့် ဘဝချင်းမတူသော တိုင်းပြည်တခု၏ ရေမြေရနံ့ကို ရှူရှိုက်ကြည့်သည့်သဘော ပြသခဲ့၏။ 

          ယခုလည်း ကျနော့်အနေနှင့် နော်ဝေးနိုင်ငံမြေပေါ် ပထမဆုံး ခြေချခွင့် ရသည့်အခါ နော်ဝေးတို့၏ ရေမြေရနံ့ကို ဆုပ်ကိုင် နမ်းရှုံ့ကြည့်ရလျင် ကောင်းမလားဟု တွေးမိလိုက်၏။ လွတ်လပ် ငြိမ်းချမ်း လှပလွန်းသည့် ဗိုက်ကင်း တို့၏မြေကို ကျနော်၏ လက်ဖဝါး နဖူးတို့ဖြင့် ထိတွေ့ ကြည့်လိုက်ချင်သည်။ တချိန်တည်းမှာပင် ကျနော် ချစ်ခင်လေးနက်နေမိသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးသည့် စကားတခွန်းကိုလည်း ကျနော့်နားထဲ ကြားလာနေရပြန်သည်။ အကယ်၍ သူ့အနေနှင့် နိုင်ငံပြင်ပသို့ ထွက်ခွါခွင့် ရပြီဆိုလျင် ပထမဆုံး သူရွေးချယ်မည့် နိုင်ငံသည် နော်ဝေးနိုင်ငံပင် ဖြစ်သည်ဟူသည့် စကားကို ကျနော့်နားထဲတွင် ကြားလာနေခဲ့ရ၏။ သည်သို့သော တိုင်းပြည်တခုကို ကျနော် ရောက်လာခဲ့ရပြီ။ ဆိုဆင်နစ်ဇင် ၏ ရင်ခုန်မှုမျိုး ဒေါ်အောင်ဆန်းစုကြည်၏ တောင့်တမှုမျိုးကို ကျနော်က လက်တွေ့ ရလိုက်ပြီ။ ထို့ကြောင့် ကျနော့်မှာ စိတ်တွေ ပေါ့ပါးလွတ်လပ် တက်ကြွနေခဲ့၏။ သည်မြေကြီးက ကျနော်တို့တိုင်းပြည်က မြေကြီးလိုမဟုတ်။ သည်မြေပေါ်က လူတွေ၏ ဘဝသည်လည်း ကျနော်တို့တိုင်းပြည်က လူတွေ၏ ဘဝနှင့် မတူ။ ယုတ်စွအဆုံး သည်နေရာ သည်ဒေသ နေရောင် လရောင်နှင့် ပန်းရနံ့များသည်ပင် ကျနော်တို့နှင့် တူနိုင်ကြမည် မဟုတ်။

          တက္ကစီကားပေါ်တက်ပြီး လိုက်ပါလာခဲ့ရသည့်တိုင် ကျနော့်စိတ်များက အတွေးထဲတွင် ဆက်လက် နစ်မျောနေခဲ့သေးသည်။ ကျနော့်ကို လာကြိုကြသည့် ပုဂိုလ် ၃ ဦးသည်လည်း ကျနော့်အတွေး ကျနော့်ခံစားချက်များကို ကူးစက်သဘောပေါက်ကာ အချိန်အတန်ကြာ တမင် ငြိမ်နေခဲ့ကြသည်လား မသိ။ မည်သူမျှ စကား များများ မပြောကြတော့။ 

          ကျနော်က အော်စလိုမြို့ထဲသို့ အဝင် လမ်းကျဉ်းတခုထဲအရောက် အုတ်ခဲများ ဒေါင်လိုက်စီပြီး ခင်းထားသည့် လမ်းတခုကို ကြည့်ကာ ကျနော် ကြည့်ခဲ့ဖူးသည့် ရုပ်ရှင်ကားတချို့ကို သတိရမိအောင် ရလိုက်သေးသည်။ သူတို့ ဥရောပတိုက် မြို့ပြလမ်းကြားများမှာ ယခုလိုပင် အုတ်ခဲများကို ဒေါင်လိုက်စီပြီး လမ်းခင်းတတ်သည်ကို ရုပ်ရှင်တွေထ၌ မြင်ခဲ့ရဖူးသည်။ ဘာ့ကြောင့်ရယ်တော့ အတိအကျ မသိသော်လည်း နှင်းကျသည့်အခါ လမ်းမချော်အောင် ခင်းထားသည့်သဘောဟုတော့ ယူဆမိသည်။ 

          အော်စလိုမြို့သို့ ဦးတည်ရာ လမ်းတစ်လျှောက်တွင် မြင့်မြင့်မားမား ဆောက်လုပ်ထားသည့် တိုက်တာ အဆောက်အဦးများ မတွေ့ခဲ့ရပါ။ တခုနှင့်တခု ထိကပ်နီးစပ်စွာ ဆောက်လုပ်ထားသည့် လူနေအိမ်များကိုလည်း မတွေ့ခဲ့ရပါ။ ချမ်းသာကြွယ်ဝသည့်  တိုင်းပြည်ဖြစ်သည့်တိုင် အိမ်ယာအဆောက်အဦးများကို တမင်ပင် မြင့်မြင့်မားမား ဆောက်လုပ်ခြင်း မရှိပဲ ထားခြင်းဖြစ်မည်ဟုတော့ စိတ်ထဲက ခန့်မှန်းမိသည်။ လူနေ အိမ်ခြေနည်းပါးသည့် မြေကွက်များကိုပင် တွေ့လာခဲ့ရသေးသည်။

          အထူးသဖြင့် အော်စလိုလေဆိပ်သည်ပင် နိုင်ငံတကာ လေဆိပ်ကြီးများလို ကြီးမားကျယ်ပြန့်စွာ ဆောက်လုပ်ထားခြင်း မရှိသေးပါ။ သူ့တိုင်းပြည် လူဦးရေ နယ်မြေအနေအထား အခြေအနေနှင့်ကိုက်ညီအောင် တမင်ပင် လေဆိပ်ကြီးကြီးမားမား ဆောက်လုပ်ခြင်း မပြုပဲ ထားသည်ဟုလည်း သိခဲ့ရ၏။ ထို့ကြောင့်ပင် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်မှ ကျနော်စီးလာသော ဂျက်လေယာဉ်ကြီးမှာ အော်စလိုလေဆိပ်သို့ တိုက်ရိုက်မဆင်းပဲ နော်ဝေးနိုင်ငံနှင့် ကပ်လျက် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် လေဆိပ်ကိုသာ အရင် ဆင်းခဲ့ရပြီး ကိုပင်ဟေဂင် လေဆိပ်မှတဆင့်သာ အော်စလိုကို တခြားလေယာဉ်ငယ် တစ်စီးဖြင့် ခရီးဆက်ခဲ့ရခြင်း ဖြစ်သည်။

          ကားထဲတွင် အပူဓါတ် အနည်းငယ် ပေးထားသည်မို့ အပြင်ဘက်တွင် အအေးဓါတ် အခြေအနေကို ကျနော် မခန့်မှန်းတတ်ခဲ့ပါ။ သေချာသည့်အချက်ကတော့ လွန်ခဲ့သော ဆယ်ရက်ခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့အတွင်း တက္ကစီကား စီးစဉ်က ကားထဲတွင် အအေးဓါတ် ပေးသည့်စက် တပ်ထားသည့်ကားကို ကျနော် စီးခဲ့ရပြီး ယခုအခါမူ ကားအတွင်း အပူဓါတ်ပေးထားသည့် တက္ကစီကား စီးနေရသည်ကို စဉ်းစားကာ ရာသီဥတု ပြောင်းပြန် ပြောင်းသွားခဲ့ပြီကိုမူ သတိထားမိလိုက်၏။

          ကျနော် ရောက်လာသည့်အချိန်က ကံကောင်းသည်ဟု ကိုမွန်းအောင် ပြောပါသည်။ ပြင်းထန်လှသည့် ဆောင်းရာသီ၏ အမြီးပိုင်းကိုသာ နင်းမိသည့်အချိန် ဖြစ်သည်ဟု သိလိုက်ရ၏။ ဆောင်းကုန်ကာစ နွေဦးရာသီ။ ထို့ကြောင့် ထင်သလောက် မအေးတော့သည့်အကြောင်း ပြောပြခဲ့၏။ အအေးဓါတ် လျော့နည်းသွားသည့်အတွက် ကံကောင်းသည်ဟု သိရသော်လည်း ကျနော်က ဆောင်းဝင်စအချိန် မေပယ်လ်ရွက်များ ဝါချင်တိုင်း ဝါနေတတ်သည်ဆိုသည့်အတွက် မမြင်လိုက် မမီလိုက်ရသည့် အဝါရောင် မေပယ်လ်ရွက်များကို လွမ်းနေမိပြန်သည်။  
    
အော်စလိုမြို့ထဲ ဝင်လာသောအခါ နေရောင်တချို့ သစ်ပင်နှင့် တိုက်တာများပေါ် တစေါင်းထိုးကျနေသည်ကို တွေ့လာရသည်။ နံနက် ၁၀ နာရီဝန်းကျင်။ နေရောင်က အနီရောင် ရောထားသည့် ဝါကျင့်ကျင့် အရောင်မျိုး။ ကျနော်တို့ဆီက ဝင်းဝင်းလက်လက် လွတ်လွတ်လပ်လပ် တောက်တောက်ပပ နေရောင်မျိုးတော့ မဟုတ်။ မဝံ့မရဲနှင့် ခေါင်းငုံ့ပြီး တိုးဝင်လာနေသည့် နီကျင်ကျင် ဝါမွဲမွဲ အရောင်မျိုး။ ကျနော့်မှာ နေရောင်များကို မော့ကြည့်ကာ ဥရောပ ရေမြေ ရာသီဥတု အခြေအနေ အတွေ့အကြုံ အသစ်နှင့် ထိတွေ့ရတော့မည် ဖြစ်သဖြင့် ရင်ခုန်နေခဲ့ရ၏။

ငြိမ်းဝေ
ဆက်လက် ဖေါ်ပြပါမည်...။
         
         
`       

December 24, 2011

ဥရောပ မဲဇာ


မေပယ်လ်ရွက် ဘယ်ရီသီးအပြာနှင့် ဥရောပ ကျေးလက် (၁)

 
နားထဲ
မြွေတွန်သံတွေ ကြားနေရဆဲ
မမက်ဖူးတဲ့ အိပ်မက် တခုနဲ့
မထုဖူးတဲ့ ရုပ်ထု တခုယူကာ
(ဥရောပ ဆန်ဆန်)
ပခုံးတွန့် ဖိနပ်တချက်ရှပ်ပြီး
သတ္ထုငှက် ကြောကုန်းပေါ်က
ကျွနုပ် ဆင်းချလိုက်
အို… မေပယ်လ်ရွက်တွေ ဘယ်မှာလဲ
ဘယ်ရီးသီး အပြာ… ဘယ်မှာလဲ။
( ဥရောပ မဲဇာ… ကဗျာရှည်မှ )

အော်စလို လေဆိပ်ကို လေယာဉ်ပေါ်မှ ဆီးမိုးပြီး ကြည့်ရသည်မှာ ကြည်နူးဖို့ ကောင်းလှ၏။ သို့သော် မိုးတိမ်များကြားကဖြတ်ကာ လေယာဉ် ဆင်းသက်လာနေသဖြင့် ကြာရှည်ရှင်းလင်းစွာတော့ ကြည့်ခွင့် မြင်ခွင့် မသာခဲ့ပါ။ အပြာရင့်ရောင် ရေပြင်ထဲ တဖြောင့်တည်း ရှည်မျောမျော ထိုးထွက်နေသည့် ကျွန်းကလေးတခုကို ငုံ့ကြည့်နေစဉ် လေယာဉ်က ကျွန်း၏ တဖက်ထိပ်တွင် ခေါင်းတည်ပြီး နေရာယူလိုက်ကာမှ ကျွန်းကလေးတခု မဟုတ်ပဲ လေယာဉ်ပြေးလမ်းတခုဟူ၍ သိလိုက်ရ၏။
တခဏအတွင်းမှာပင် ပြေးလမ်းပေါ်တွင် လေယာဉ်ဘီးများ ကျသွားကြ၏။ လေယာဉ် စက်သပ်ပြီး ရပ်လိုက်သောအခါ ခရီးသည်များ လှုပ်လှုပ်ရွရွ ဖြစ်လာကြ၏။ ကျနော်က လူသွားလမ်းလည်ခေါင် ခေါင်းပေါ်က စင်ပေါ်တွင် တင်ထားသည့် လက်ဆွဲသေတ္တာငယ်ကို ယူကာ လူတွေကြား ဝင်ပြီး တန်းစီလိုက်သည်။
လေဆိပ်ထဲသို့ရောက်သောအခါ တခြား ခရီးသည်များနည်းတူ လူဝင်မှု ကြီးကြပ်ရေးအပေါက်ဝတွင် တန်းစီရပြန်သည်။ ကျနော့်အလှည့်သို့ရောက်သောအခါ ကျနော့်နောက်တွင် ခရီးသည် တဦး နှစ်ဦးသာ ရှိတော့၏။ ကြည်ပြာရောင် ဝတ်စုံ ဝတ်ထားသော လူဝင်မှုကြီးကြပ်ရေး ပုဂိုလ်များရှေ့က အပေါက်ကလေးတွင် ကျနော်၏ ပတ်စ်ပို့စာအုပ်ကို တင်ပေးလိုက်သည်။ သူတို့နှစ်ဦးက ကျနော့်ကို ငုံ့ကြည့်ကာ အော်စလိုကို တခေါက်မှ မရောက်ဖူးသေးဘူးပေါ့ ဟု ပြောလိုက်၏။ ကျနော်က အပြုံးဖြင့် ခေါင်းညိတ်ပြသည်။ သူတို့က အော်စလိုက ကြိုဆိုပါတယ် ဟု ပြောကာ ကျနော့်ပတ်စ်ပို့စာအုပ်ကို ပြန်ပေးလေသည်။
ကျနော်က ယူနီဖေါင်းဝတ်ထားသည့် ပုဂိုလ်များရှေ့တွင် အလိုလို မလုံမလဲ ဖြစ်တတ်သည့် စိတ်ကြောင့် စိုးရိမ်ကြောင့်ကျနေစဉ် သူတို့က အခုလို ဖေါ်ရွေစွာ ပြောဆိုဆက်ဆံလိုက်သောအခါ ကျနော့်မှာ စိတ်လက်ပေါ့ပါး လွတ်လပ်သွားရ၏။
ပစ္စည်းများ တင်ပြီး တပါတ်ပြီးတပါတ် လည်နေသည့် ဝန်းပတ်စက်ကြီး ဘေးတွင် သွားရပ်ပြီး ကျနော့်ရဲ့ လက်ဆွဲ အိပ်ကြီး ထွက်အလာကို စေါင့်နေရပြန်သည်။ တစ်ကြိမ်…နှစ်ကြိမ်…သုံးကြိမ်…။ ဝန်းပတ်စက်ကြီးပေါ်တွင် ကျနော့် လက်ဆွဲအိပ်ကြီး ပါမလာသေး။ နောက်ဆုံးတွင် ဝန်းပတ်စက်ကြီးသာ ဆက်လက်လည်ပတ်နေသော်လည်း မည်သည့် လက်ဆွဲအိပ်မျှ ပါလာသည်ကို မတွေ့ရတော့။ နဂိုလ်ကမှ စိတ်တထင့်ထင့် ဖြစ်နေခဲ့ရသည့် ကျနော့်မှာ ပြာယာခတ်သွားကာ ရုတ်တရက် ဘာဆက်လုပ်ရမည်ကိုပင် မသိနိုင်အောင် ထူထူပူပူ ဖြစ်သွားရ၏။ ပြီးတော့မှ လူသွားလမ်းကြားက စုံစမ်းရေးဌါန အပေါက်ဝသို့သွားရပ်ကာ အကြိုးအကြောင်း ပြောပြရတော့သည်။ လေဆိပ်ဝန်ထမ်းဖြစ်မည် ထင်ရသူ အမျိုးသမီးတဦးက ကျနော့်ကို ပြုံးရွှင်စွာငုံ့ကြည့်သည်။ အရေးတယူ နားထောင်သည်။ ပြီးတော့  ပတ်စ်ပို့နှင့် စာရွက်စာတမ်းတချို့ ထုတ်ပြရသည်။ သူက လာအိုမှာကတည်းက ( Through Check-in ) လုပ်လာခဲ့သည့် လက်ဆွဲအိပ် နံပါတ်ပြားများကို စစ်ဆေးနေသည်။ ပြီးတော့ နောက်ထပ် ဝန်ထမ်းတဦး ရောက်လာကာ စကားပြောကြသည်။ ကျနော့်ကိုလည်း ဘာမှ မစိုးရိမ်ဘို့ အမြန်ဆုံး ပြန်ရအောင် လုပ်ပေးမယ့်အကြောင်း ရှင်းပြနေကြသည်။
သူတို့နှင့်  စကားပြောနေစဉ် ကျနော့်မျက်လုံးများက အပြင်ဘက်ထွက်သည့် လူသွားလမ်းထိပ်ကို လှမ်းကြည့်လိုက်မိသည်။ အာရှတိုက်သား လူသုံးယောက် လူသွားလမ်းထိပ်တွင် ရပ်စေါင့်ပြီး ကြည့်နေကြသည်ကို ကျနော် တွေ့လိုက်သည်။ အမျိုးသား တဦးနှင့် အမျိုးသမီး နှစ်ဦး။ ကျနော့်ကို အဝေးမှ ရပ်ကြည့်ပြီး ပြုံးပြနေကြ၏။
ရုတ်တရက်တော့ ကျနော် မမှတ်မိ။ မင်သက်မိပြီး ရပ်ကြည့်နေစဉ် အမျိုးသမီးကြီးနှင့် အမျိုးသားကို ကျနော် မှတ်မိသွားရသည်။ ကို ` မွန်းအောင် ´ နှင့် ` ဒေါ်ခင်ပြုံး…´။ ပြီ်းတော့ မိန်းကလေး တဦး။
ကျနော်က သူတို့ရှိရာ လျှောက်လာနေစဉ် ကို` မွန်းအောင်(တေးသံရှင် မွန်းအောင်) ´ က ကျနော့်ကို ဆီးကြိုပြီး ပြုံးပြနေသည်။ ဒေါ်ခင်ပြုံး( ဒီမိုကရက်တစ် မြန်မာ့အသံ လက်ထောက် ညွှန်ကြားရေးမှူး) ကို ထိုင်းနိုင်ငံ မယ်စရီရန်း မြို့တွင် လွန်ခဲ့သော ၂ လခန့်ကတည်းက တွေ့ဖူးခဲ့ပြီး ဖြစ်သည်။ ကိုမွန်းအောင်က ` ခင်ဗျားက ချေးပုံးနဲ့ နက်ကတိုင်နဲ့ ရှိုးမိုးအပြည့်နဲ့ဆိုတော့ ကျုပ်တောင် ရုတ်တရက် မမှတ်မိဘူး ဖြစ်သွားတယ်ဗျာ ´ ဟု ဆိုကာ ကျနော့်ကို နှုတ်ဆက်သည်။ ကျနော်က လက်ဆွဲအိပ်ကြီးအကြောင်း ပြောပြရပြန်သည်။ အံတီပြုံးက စုံစမ်းရေးအခန်းဆီသွားကာ ကျနော့် လက်ဆွဲအိပ်ကြီးကိစ္စ သေချာအောင် ထပ်ပြီး ပြောပြနေပြန်သည်။ ထိုစဉ်မှာပင် ဘေးတွင် ရပ်နေသော ကျနော်နှင့် အရပ်ချင်း မတိမ်းမယိမ်း မိန်းခလေးတစ်ဦးကို ကျနော် လှည့်ပြီး ပြုံးပြရသည်။ သူကလည်း ကျနော့်ကို ` သီတာက ဦးငြိမ်းဝေကို အရပ်အမောင်း ထောင်ထောင် မောင်းမောင်းနဲ့ဖြစ်မယ်ထင်တယ်ဆိုပြီး စေါင့်ကြည့်နေတာ ´ ဟု ဆိုကာ နှုတ်ဆက်ကာမှ သူ့ကို ` မသီတာ ´ မှန်း ကျနော် သိသွားရသည်။ သူ့အသံကို နားထောင်ကာ ရေဒီယိုမှ ကြားရသည့် သူ့အသံနှင့် တူ မတူ စဉ်းစားနေမိသေးသည်။ ယခင်က တခါမျှ လူချင်း မတွေ့ဖူးသေး။
ကိုမွန်းအောင်နှင့်မူ မာနယ်ပလောမှာ ကတည်းက သိကျွမ်းခင်မင်ခဲ့ပြီး ဖြစ်သည်။ သူက ဆံပင် ကြောဘက်ရောက်သည်အထိ ရှည်လျားလျက်၊ အသားအရေ စိုပြေလှပလျက်။ အရင်ကထက် သိသိသာသာ ပြောင်းလဲသွားသည့် အနေအထားမို့ ကျနော်က တွေ့တွေ့ချင်း မမှတ်မိခဲ့ခြင်း ဖြစ်သည်။ သူက နော်ဝေးနိုင်ငံ အော်စလိုမြို့ကို ကျနော့်ထက် ၂ နှစ်စေါပြီးမှ ရောက်နေသူ ဖြစ်သည်။ ဒီမိုကရက်တစ် မြန်မာ့အသံတွင် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။ ကိုမွန်းအောင်ကိုတွေ့တော့ ကျနော် အားရှိသွားရသည်။
သူတို့က ခရီးသည်များ ကုန်သလောက် ရှိသည်အထိ ကျနော် ထွက်မလာသေးသဖြင့် စိတ်ပူပြီး စေါင့်နေကြရကြောင်း ဝိုင်းပြောနေကြသည်။ ကျနော့်အဖို့မူ နဂိုကတည်းက လက်ဆွဲအိပ်ကြီးအပေါ် စိတ်မချနိုင် ဖြစ်နေရသည့်ကြားထဲ အခုလို ကျနော်နှင့်အတူ ရောက်မလာခဲ့သည့်အခါ ပိုပြီး စိတ်ပူနေရတော့သည်။ ကိုမွန်းအောင်က ကျနော့်ကို စိတ်မပူဖို့ ပြောသည်။ အိပ်ထဲတွင် တန်ဘိုးကြီးပစ္စည်း ပါသလားဟုလည်း မေးသည်။ ပျောက်လျင် လေကြောင်းကုမ္ပဏီက လျှော်မှာ ဖြစ်ကြောင်း ပြောပြီး အားပေးသည်။ ဘယ်နည်းနှင့်မျှ မပျောက်နိုင်ပါဘူးဟူ၍လည်း ပြောသည်။
လေဆိပ်အပြင်ဘက် တက္ကစီကားပေါ် တက်ထိုင်ပြီးသည့်နောက်တွင်မူ လက်ဆွဲအိပ်ကြီး ရောက်မလာခဲ့သည်ကိစ္စကို မဖြစ်မနေ ခေတ္တခဏတော့ မေ့ထားမှ ဖြစ်မည်ဟု ကျနော် ဆုံးဖြတ်လိုက်ရ၏။
ကားဘီး စတင်လိမ့်သည်နှင့်တပြိုင်နက်၊ ချမ်းစိမ့်စိမ့် လေနုအေးနှင့် ကျနော် ထိတွေ့လိုက်ရသည်နှင့်တပြိုင်နက် ကျနော့်စိတ်ထဲ ` ပေပယ်လ်ရွက် ´ များကို မြင်ဖူးချင်နေသည်။ ` ဘလူးဘယ်ရီ ´ ဟု ခေါ်သော ဘယ်ရီသီးအပြာကိုလည်း မြင်ဖူးချင်လာခဲ့သည်။
ကျနော်တို့စီးလာသော မာစီဒီး အမျိုးအစား တက္ကစီကားက လေဆိပ်ရှေ့က ကားလမ်းအဝိုင်းကို ပတ်မောင်းနေစဉ် အုပ်ခုံအဝိုင်း၏ အလယ်တွင် ရုပ်ထုတခုကို ကျနော် တွေ့ရသည်။ လူ တယောက် စက္ကူစွန်တခုကို ကောင်းကင်ပေါ် ပစ်လွှတ်နေသည့် ရုပ်ထုကို ကျနော် တွေ့လိုက်ရ၏။
လေဆိပ် အဆောက်အဦးရှေ့မှာ ကားထွက်လာသည့်အခါ ကျနော့် မျက်လုံးများက လမ်းဘေး ဝဲယာ များကို လိုက်ကြည့်သည်။ အမျိုးအမည်မသိ သစ်ပင်များကို မသိမသာ လိုက်ကြည့်သည်။ ကျနော့်စိတ်ထဲ ကျနော် မမြင်ဘူးသည့် မေပယ်လ်ပင်များ ဖြစ်နေလေမလားဟု ခန့်မှန်းရင်း ငေးကြည့်လာခဲ့သည်။ ကျနော်စီးလာသော တက္ကစီကားကလေးက လှပသော သစ်ပင်တန်းများ ကားလမ်းများကို နောက်ချန်ပြီး ထားရစ်ခဲ့၏။ 

ငြိမ်းဝေ
ဆက်လက် ဖေါ်ပြပါမည်…။