Showing posts with label ရသ အက်ဆေး. Show all posts
Showing posts with label ရသ အက်ဆေး. Show all posts

April 02, 2011

နှင်းရည်တစက် မှန်ကူကွက်အနာဂါတ်နှင့် လင်းပြက်သော ဆည်းဆာများ


(က)
နာရီပေါင်းများစွာ ကြားနေရတဲ့ ရထားခုတ်သံ...။
သူ့ခနာကိုယ်ဟာ ပခက်လွှဲသလို ယိမ်းထိုးလှုပ်ခါ ဖြစ်နေတယ်။ ကျောက်မီးသွေး မီးခိုးမှိုင်းစတွေဟာ နှင်းထုနဲ့အတူရောပြီး သူစီးလာတဲ့ အမိုးမပါတဲ့ ရထားတွဲပေါ် ကျလာနေတယ်။ ရထားပေါ်မှာ ချောင်းဟန့်သံ ညည်းသံနဲ့ အိပ်ပျော်လို့ဟောက်တဲ့အသံကလွဲပြီး တခြား ဘာသံမှ မကြားရတော့ဘူး။ 

သူဟာ မီးခိုးတွေကြား မိုးသားတွေကြား မထင်မရှား လိုက်ပါလာနေတဲ့ လမင်းကြီးကို မော့ကြည့်နေမိတယ်။ ဆိုက်ဗေးရီးယားဆောင်းဟာ အဝတ်စလွတ်နေတဲ့ သူ့နဖူးပြင်ကို ကျားလျှာနဲ့ပွတ်သလို ဖြစ်နေတယ်။
ဇနီးဖြစ်သူရဲ့ အသက်ရှုသံကို ခက်ခက်ခဲခဲ သူ နားစွင့်နေရတယ်။ ရထားခုတ်သံနဲ့ လေတိုးသံတွေကြားမှာ ဇနီးဖြစ်သူရဲ့ အသက်ရှူသံဟာ ငွေ့ငွေ့လေးသာ ကြားရသလို ရှိနေတယ်။ သူမသည်ကော အိပ်ပျော်နိုင်ပါရဲ့ လား...။

ဒီကျောက်မီးသွေးနဲ့မောင်းတဲ့ ရထားကြီးထဲမှာ အကျဉ်းသားတွေ အလုပ်သမားတွေ စစ်သားတွေနဲ့အတူ ဆိုက်ဗေးရီးယား အနောက်ပိုင်းတခွင်ကို ကန့်လန့်ဖြတ်ပြီး လိုက်ပါလာခဲ့တာ သုံးရက်ရှိခဲ့ပြီ။ လူသူ ကြဲပါးလှတဲ့တောင်ကုန်းနဲ့ တောင်ကတုံးတွေကို ဖြတ်ကျော်လာခဲ့ကြတယ်။ ထင်းရှူးတော ဝက်သစ်ချတော မြက်ရိုင်းတောတွေထဲ တိုးဝင်လာခဲ့ကြတယ်။ အားလူးပုတ်နဲ့ ကော်ဖီနွမ်းတချို့ကို ပြုပ်ပြီး စားခဲ့ကြရတယ်။
သူတို့ စီးလာတဲ့ ရထားတွဲထဲက အဟာရပြတ်ပြီး ဖျားနာသေဆုံးသွားတဲ့ အကျဉ်းသမားနှစ်ယောက်ကို တွဲပေါ်က တွန်းချ ထားခဲ့ကြရတယ်။

‘ မင်ဒယ်လ်စတန်း ´ ဟာ နှာခေါင်းထဲ စူးစူးရှရှ တိုးဝင်လာတဲ့ ဆို့ကြပ်အခံရခက်မှုကို အသက်အောင့် မျက်စေ့မှိတ် နှုတ်ခမ်းကိုက်ပြီး သတိရတချက် မရတချက် ဖြစ်နေခဲ့တယ်။ သူ့ခနာကိုယ်ဟာ လေထဲမှာ ပေါလောမျောနေတယ်လို့ သူထင်နေခဲ့တယ်။

(ခ)
မိခင်ဖြစ်သူရဲ့ စန္ဒယားလက်သံကို သူ ဘယ်တော့မှ မမေ့နိုင်ဘူး။ ပိုလန် ဂီတ သူရဲကောင်းကြီး ‘  ရှိုပင် ´ ရဲ့ တေးသွားတပိုဒ်ကို မိခင်ဖြစ်သူဟာ မထိတချို့ ထိတချို့တို့ဖိ တွန်းတိုက် တီးခတ်နေတဲ့ အသံကို သူ စွဲလန်းနှစ်သက်ခဲ့ရတယ်။ ဂီတ သင်တန်းသားတချို့ကို ‘ ရှိုပင် ´ ရဲ့ တေးသွားတွေအကြောင်း ရှင်းပြနေတဲ့ မိခင်ရဲ့ အသံကို သူ ကြားလာရတယ်။
ရှည်သွယ်သွယ် အရပ်အမောင်းနဲ့ စကားပြော ချိုတဲ့ မိခင်ဟာ သူ့ ငယ်ဘဝရဲ့ အလင်းရောင် တစ်ခုဖြစ်တယ်။ လေညှင်းကလေးဖြစ်တယ်။ ယဉ်ကျေးမှု အနုပညာ လူသားတစ်ဦးအဖြစ် သူ့ဘဝကို စတင် ထုဆစ်ပေးခဲ့သူ...။ သူ့မိခင်ကို သူ အချစ်ဆုံး။

ယဉ်ပါးနေပြီဖြစ်တဲ့ ဒေါင်းတစ်ကောင်နဲ့အတူ
ရှိနေခဲ့ဖူးတဲ့ သူ့ရဲ့ငယ်ဘဝ
သူတို့က သက်တန့်တစ်ခုကို
သူ စားသုံးဖို့ဆိုပြီး ပေးထားခဲ့တယ်
နှင်းဆီပွင့်တွေ ရိုက်ထားတဲ့ ကြွေပန်းကန်နဲ့
နို့ထည့်ပြီး တိုက်ခဲ့တယ်
သူ့ဘေးမှာ ကြယ်တွေ ဝန်းရံပြီး ချထားခဲ့တယ်။

တနေ့တော့ ကိဖ်မြို့ထဲမှာတိုက်ပွဲတွေ ဖြစ်လာခဲ့တယ်လေ။ တိုက်ပွဲပြီးပြီးချင်း မြို့ထဲကို သူ ရောက်သွားတယ်။ မြို့ထဲမှာ သူ့မိခင်မျက်နှာ တပ်ထားတဲ့ မိန်းမတချို့ကို သူတွေ့ ရတယ်။

ကိဖ်မြို့ထဲကို ဖြတ်ပြိး
လမ်းပျက် လမ်းအိုတွေကို ဖြတ်ပြီး
မိန်းမတချို့ဟာ
သူတို့ရဲ့လင်သားတွေကို လိုက်ရှာနေကြတယ်
သူတို့ကို ငါ မြင်ဖူးခဲ့ပြီးပြီ
ဖြူယော်တဲ့ ဖယောင်းပါးပြင်နဲ့
ခြောက်သယောင်းနေတဲ့ မျက်လုံးများ...။

  ရုတ်တရက်ဆိုသလို တဖက်ကိုလှည့်ကြည့်လိုက်တော့ သူ့ဘေးမှာ ဇနီးဖြစ်သူ ထိုင်နေတာ တွေ့လိုက်ရတယ်။ သူ့ဇနီးရဲ့ ငုံ့ကြည့်နေတဲ့ မျက်နှာက သူနဲ့ နီးလာလိုက် ဝေးသွားလိုက်။
လွင့်မျောကြဲပါးနေတဲ့ သူ့စိတ်တွေကို အားယူ စုစည်းပြီး အိပ်မပျော်တဲ့ညတွေကို ရေတွက်ကြည့်နေမိပြန်တယ်။ မှုန်ရီမှိုင်းပြစွာ တရွေ့ရွေ့ တွားသွားနေသော ညများ။

ငါ့ဇနီးဟာ ငါ့ဘေးမှာထိုင်ရင်း
ငါးညတိတိ မအိပ်စက်ပဲ ရှိနေခဲ့တယ်
အဲဒီ ငါးညစလုံး
အစေါင့်တွေဆီကိုပဲ
မျက်လုံးတဖက် မှေးမှိတ်ထား ငေးကြည့်ရင်း
မိုးစင်စင် လင်းခဲ့ကြရပြီ။

ဒီဒေသကို သူရောက်လာခဲ့တဲ့အခါ မဲဇာကို အပို့ခံရတဲ့ မင်းပြစ်မင်းဒဏ်သင့် ကဗျာဆရာတစ်ဦးရဲ့ဘဝဟာ ကြေပြုန်းသွားနေချေပြီလား။ ဆိုက်ဗေးရီးယား ဒေသကြီးထက် ပိုပြီး ပြင်းထန် ပေါက်ကွဲနေတဲ့ သူ့နှလုံးသားဟာ ဖယောင်းတိုင်မီးလို ဟုတ်ကနဲ ငြိမ်းသွားရမှာလား။
ကဗျာဆရာတစ်ဦးရဲ့ ဘဝအတွင်းမှာ ဆူးနှင်း၊ လရောင်အက်စစ်၊ လေညှင်းမြှား၊ မီးရောင်ဂီတကို စနစ်တကျ နေရာချထားပြီး ဖြစ်တယ်ဆိုတာ ဘယ်သူမှ မသိကြတော့ဘူးလား။

အထီးကျန် သစ်လုံးအိမ်ကလေးအတွင်းမှာ သူ့ဇနီးနှင့်သူ...။ နှစ်ယောက်ထဲ နေခဲ့ကြတယ်။ မနက်မိုးလင်းလို့ စူးစူးရှရှ ထွက်ပေါ်လာတဲ့ ခရာတုတ်သံဟာ အလုပ်ကြမ်းစခန်း တစ်ခုလုံးအပေါ် ခြအုံကိုတုတ်နဲ့ ထိုးမွှေသလိုဖြစ်သွားရတယ်။

သူဟာ လေးလံတဲ့ ကုတ်အကျီရှည်ကြီးကို အားယူပြီး ဝတ်တယ်။ နားထဲမှာ ပေါက်တူး တူရွင်း ပေါက်ချွန်း တစ်ခုနဲ့တခု ထိမိခတ်မိတဲ့အသံကို ကြားရတယ်။ ပြီးတော့ လူတစ်ယောက် လဲကျသွားတဲ့အသံ။ နှင်းထုဖုံးနေတဲ့ မြေပြင်ပေါ် တစုံတရာကို ဒရွတ်တိုက် ဆွဲယူသွာနေတဲ့ အသံ...။ ပြီးတော့ သေနတ်သံ။
ဒီလို အခြေအနေမျိုးမှာ သူ ရှိနေခဲ့တယ်။ သူ ရပ်နေခဲ့တယ်။ သူ ကျေနပ်ခဲ့တယ်။

ကွယ်လွန်ခဲ့တဲ့ ကဗျာဆရာများဟာ
နာမည်တခုအတွက်
ဘဝ သံသရာမှာ ကျင်လည်ခဲ့ကြရတယ်
ငါ
သင်တို့နဲ့ နီးကပ်လွန်းစွ
သင်တို့နည်းတူ
ငါလည်းပဲ သံသရာ လည်နေဆဲ
ပျံဝဲနေတဲ့ သိန်းငှက်တစ်ကောင်ပါပဲ
သတင်းစကား ပါးမယ့်သူ
တစ်ယောက်မှ ရောက်မလာသေး
ဘယ်သူ့ခြေသံမှ တံခါးဝမှာ မကြားရသေး။

ဒီလို မှိုင်းမှုန်ဝေသီတဲ့ နေ့ရက်များဟာ တွန့်လိမ်ကောက်ကွေးစွာ ကုန်ဆုံးသွားခဲ့တယ်။

မင်းဟာ
ရှင်သန်လျက် ရှိနေဆဲပါ
မင်းဟာ အထီးကျန် မဟုတ်ဘူး
သူမ
မင်းဘေးမှာ
ဗလာကျင်းနေတဲ့ လက်အစုံနဲ့
ရှိနေဆဲပါ
ကွင်းပြင်ကြီးတွေကို ဖြတ်ပြီးလာနေတဲ့
ငတ်မွတ်ခြင်း
ပျံဝဲကျလာနေတဲ့ နှင်းတွေကိုဖြတ်ပြီး
ပျော်ရွှင်မှုတစ်ခု မင်းဆီကို ရောက်လာခဲ့ပေါ့။

သူ နားလည်ခဲ့တယ်။ သူ လက်ခံခဲ့တယ်။ မဟုတ်ဘူး။ သူ နားလည်အောင် လက်ခံနိုင်အောင် ကြိုးစားခဲ့တယ်။ ပြီးတော့ ဒီလိုအခြေအနေမျိုးတွေကို သူကိုယ်တိုင်က လက်ယပ်ခေါ်ခဲ့သူ ဖြစ်တယ်။ ဒါကြောင့်မို့ သူ့အဖို့ ငတ်မွတ်ခြင်း အရိုးကြေမတတ် ချမ်းအေးခြင်း အင်းအားကုန်ခမ်းခြင်းနဲ့ အိပ်မက်ဆိုးတွေကို မိတ်ဆွေဖွဲ့ရဲ ယှဉ်တွဲနေထိုင် ရဲခဲ့ပြီ။

လူတွေ
ကဗျာကို အလိုရှိကြ
အဲဒီကဗျာကိုပဲ
ကိုယ်စီကိုယ်ငှ
လျှို့ဝှက်သိပ်သည်းစွာ သိမ်းထားကြ
ဒီလိုနဲ့
သူတို့ဘဝ အစဉ်အမြဲ နိုးကြားနေဆဲပ။

ဒီတိုင်းပြည်ကြီးမှာ လူတွေဟာ ပေါင်မုန့်ထက် ကဗျာကို ပိုပြီး မြတ်နိုးကြတယ်လို့ သူက ထပ်ကာတလဲလဲ ကြွေးကြော်ခဲ့တယ်။ လူတွေကို ပေါင်မုန့်တွေပြပြီး ဒဏ္ဍာရီထဲက ကြွက်တွေလို တန်းစီဦးဆောင် ခေါ်သွားနေတဲ့ ထိပ်ဆုံးက လူကို သူမုန်းတယ်။
လူသားရဲ့ အန္တိမကိစ္စဟာ ကဗျာပဲဖြစ်တယ်။ အနုပညာမှုပဲ ဖြစ်တယ်။ လွတ်လပ်ခြင်း ဖြစ်တယ်။ ငြိမ်းချမ်းးခြင်း ဖြစ်တယ်။ ချစ်ခြင်းမေတ္တာဖြစ်တယ်။ ကမ္ဘာကြိးကို ပေါင်မုန့်တွေနဲ့ အရောင်ပြောင်းလို့ မရဘူး။ ပေါင်မုန့်တွေနဲ့ ပန်းချီဆွဲလို့ မရဘူး။ ပေါင်မုန့်တွေနဲ့ ကဗျာစပ်လို့ မရဘူး။
ဒါကို ဘယ်သူ နားလည်နိုင်မလဲ။ ဒါကို ဘယ်သူ ခံစားနိုင်မလဲ။ ဒါကို ဘယ်သူ ထိတွေ့ခွင့် ရနိုင်မလဲ။ ဒါကို လူတွေ နားလည်လက်ခံလာနိုင်ဖို့ ဘယ်အချိန်ကာလအထိ သူ စေါင့်နေရမလဲ။
ဒီလိုနဲ့ သူဟာ နှင်းထု ကန့်လန့်ကာကြီးကို ဆွဲချဖို့ ကြိုးစားလိုက်တယ်။ ဒီလိုနဲ့ သူဟာ ‘ ခေါင်းဆောင်ကြီး စတာလင် ´ ဘွဲ့ ကဗျာကို ရေးဖွဲ့ဖို့ ပြင်ဆင်လိုက်တယ်။ သူ့ နှလုံးသားထဲမှာတော့ သွေးတွေ ဆူဝေ  ပွက်လျှံလာခဲ့ပြီ...။

ငါတို့
ဒီတိုင်းပြည်ကြီးရဲ့အောက်မှာ
ခံစားမှုမဲ့ နေထိုင်ကြ
ခြေလှမ်းဆယ်လှမ်း မပြည့်မီ
တို့စကားတွေ ပျောက်သွားကြရ
စကားဝိုင်း တဝက်ရောက်ရင်ပဲ
ကရင်မလင်က ခေါင်းဆောင်ကြီးရဲ့နံမည်
ပါလာမြဲ
သူ့ရဲ့ တုတ်ခိုင်လှတဲ့ လက်ချောင်းဆယ်ချောင်း
သူ့စကားတွေဟာ အလေးချိန်တိုင်း ကြိယာတွေပါပဲ။

လူတွေပြောပြောနေတဲ့ စကားလုံးတွေအပေါ် ခံစားနားလည်နိုင်စွမ်းမရှိတဲ့ အဲဒီ လက်ဆယ်ချောင်းကို သူ မုန်းတယ်။ အဲဒီ လက်ဆယ်ချောင်းပေါ်မှ လ မသာနိုင်ဘူးလေ။

လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကတည်းက ဝံပုလွေတွေဟာ ‘ ပီတာစဘတ် ´ မှာရှိတဲ့ သူ့အိမ်ကလေးကို ချောင်းမြောင်း စေါင့်ကြည့်နေခဲ့ကြတယ်။
တရက်ရက်မှာတော့ အိမ်ရှေ့က အုတ်စီပြီးခင်းထားတဲ့ လမ်းဆီက စစ်ဖိနပ်သံတွေ ကြားလိုက်ရတယ်။ ခြောက်ခြားဖွယ် တံခါးခေါက်သံ ထွက်ပေါ်လာတဲ့အခါ သူက အဆင်သင့် ဖြစ်နေခဲ့ပြီ။
လျှို့ဝှက်စစ်ပုလိပ်တွေ တံးခါးဖွင့်ပြီး အိမ်ခန်းထဲ ဝင်လာကြတဲ့အခါ အထုပ်အပိုးတချို့ ဘေးချပြီး ရပ်စေါင့်နေတဲ့ ‘ မင်ဒယ်လ်စတန်း´ တို့ လင်မယားနှစ်ယောက်ကို တွေ့လိုက်ကြရပါတယ်။

(ဂ)
ငါ့ရဲ့မြို့ဆီ
ပြန်လာခဲ့ပြီ
ဒါတွေဟာ ငါ့ရဲ့ မျက်ရည်ဟောင်းတွေပါပဲ
ငါ့ရဲ့ နာကျင်မှု တဒင်္ဂပါပဲ။

၁၉၃၈ ခုနှစ်ရဲ့ နံနက်ခင်းတစ်ခု...။
ဆိုဗီယက်ရုရှပြည်ကြီးရဲ့ ကဗျာဆရာ ‘ အိုစစ် မင်ဒယ်လ်စတန်း´ ကွယ်လွန် သွားခဲ့ပါတယ်။
ဝက်သစ်ချ တောအုပ်တစ်ခုကို ဖြတ်သန်း မောင်းနှင်သွားနေတဲ့ ရထားတစ်စင်းပေါ်မှာ သူ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပါတယ်။

နှင်းတွေ မြူတွေ အရူးအမူး ကျနေတဲ့ ဆိုက်ဗေးရီးယား မဲဇာတောမှာ သူ့မျက်လုံးတွေ မှိတ်သွားခဲ့တာပါ။
သူ အသက်ရှူရပ်သွားတဲ့အခါ သူ့ဘေးမှာ အလုပ်ကြမ်းစခန်းတခုကနေ တခု ပြောင်းရွှေ့လိုက်ပါလာကြတဲ့ အကျဉ်းသားတွေ အလုပ်သမားတွေ ဖျားနာယောင်ယမ်း အော်ဟစ်ငြီးညူနေတဲ့ လူမမာတွေ ပြီးတော့ သူ့ဘဝရဲ့ အစိပ်အပိုင်းတစ်ခုဖြစ်တဲ့ သူ့ ချစ်သူ...။

‘ မင်ဒယ်လ်စတန်း´ ရဲ့ ဇနီးကတော့ ရထား အပြင်ဘက်ကို ငေးနေတယ်။ သူ့ချစ်သူ သူ့လင်သားရဲ့အလောင်းကို ရထားတွဲပေါ်က တွန်းချနေတဲ့အသံကို သူ ကြားနေရတယ်...။

ငါတို့
ပီတာစဘတ်မှာ
ပြန်လည် ဆုံဆည်းကြပါစို့
နေမင်းကို
ငါတို့
အပြီးအပိုင်
မြှုပ်နှံနိုင်ခဲ့ကြတဲ့
အဲဒီမြို့မှာ
တဖန် ပြန်လည် ဆုံတွေ့ကြပါစို့...။

ငြိမ်းဝေ
မှီငြမ်း။    ။ The Eyesight of Wasps- OSIP MANDELSHTAM
               Selected Poems- OSIP MANDELSHTAM(1986)
              Selected Poems- OSIP MANDELSHTAM(1983)

             

February 27, 2011

အမှိုက်ပုံ


                                     သူတို့ ပျော်စံရာ တဲနန်းကလေးတစ်ခု
                                                အမှိုက်ပုံ
                                                    (ဂ)
ကျနော်တို့နှင့် ကိုက် ၂၀၀ ဝန်းကျင်လောက်မှာ ရှိနေတဲ့ အမှိုက်ပုံကြီးက ကျနော်တို့ကို ငုံ့ကြည့်နေသည်။ 

အမှိုက်ပုံကြီးရဲ့ အောက်ခြေမှာ ခွေးသုံးလေးကောင်က အနံ့ခံရင်း စားစရာလိုက်ရှာနေ၏။ ပူပြင်းလှတဲ့နေရောင်အောက်မှာ အမှိုက်ပုံကြီးက မြင့်မြင့်မားမား ကျနော်တို့အပေါ် ဆီိးမိုးနေသလိုဖြစ်နေတာမို့ ကျနော်က မေါ့ကြည့်နေမိသည်။ 

ဒီအမှိုက်ပုံကြီးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတော့ ဒီလောက်အထိလည်း မကြီးသေးတဲ့အကြောင်း အမှိုက်ပုံဘေးမှာ အခုလို လူတွေ လာရောက်နေထိုင်တာလည်း မရှိသေးတဲ့အကြောင်း အစည်းအဝေးတက်လာတဲ့ လူတစ်ယောက်က အစည်းအဝေး မစခင်လေးမှာပဲ ကျနော့်ကို ပြောပြခဲ့၏။ 

အခုတော့လည်း အမှိုက်ပုံဘေး လေးဘက်လေးတန် နေရာအနှံ့ တဲထိုးပြီး လာနေကြတဲ့ မိသားစုတွေက (၉၀) ကျော်၊ ခလေး လူကြီး လူအရေအတွက်က (၂၀၀ ) ကျော် ရှိနေခဲ့ပြီ။ သူတို့အားလုံး ကရင်ပြည်နယ်ထဲက အများစုဖြစ်သည်။
အမှိုက်ပုံကြီးဘေးမှာ လူတွေ လာပြီးမနေခင်က မြေကြွက်ကြီးတွေသာ သည်နေရာမှာ ရှိနေပြီး စိုက်ခင်းတွေတောင် ကောင်းကောင်းစိုက်လို့ မရခဲ့တဲ့အကြောင်းလည်း ပြောပြခဲ့၏။ 

အမှိုက်ပုံကြီးကို မော့ကြည့်ရင်းက မနက်ခင်း ကြောင်နှစ်ကောင် စာအုပ်ဆိုင်မှာ မတ်တပ်ရပ်ရင်း ဖတ်ခဲ့ရတဲ့ ကဗျာလေးတပုဒ်ကို သွားပြီး သတိရလိုက်ပြန်သည်။ ပထမတော့ လေးလုံးစပ်ကဗျာဖြစ်နေတဲ့အပြင် အကြောင်းအရာကလည်း ရိုးစင်းလွန်းတဲ့ ကဗျာဆိုပြီး တချက်သာဖတ်ကြည့်ပြီး ပြန်ချထားခဲ့သည့် ကဗျာလေးဖြစ်သည်။ စာအုပ်ဆိုင်က အလုပ်သမားလေးက ကျနော့်ကို လစဉ်ထုတ်မဂ္ဂဇင်းတွေထဲက ကဗျာတွေကို လဆန်းတိုင်း မိတ္တူကူးပေးနေကျဖြစ်လို့ သူကူးပေးလိုက်တဲ့ ကဗျာစာရွက်တွေကတော့ ကျနော့် ကြောပိုးအိပ်ထဲမှာ ပါလာခဲ့၏။အဲဒီအထဲမှာ ကျနော်ပြန်ချထားခဲ့တဲ့  ကဗျာလေးလည်း ပါလာခဲ့သည်။ 

အစည်းအဝေးမစခင် ကျနော့်ဘေးကလူတစ်ယောက်က အမှိုက်ပုံဘေး လူတွေ တစတစရောက်လာခဲ့ပုံကို  ပြောပြလိုက်တဲ့အခါမှာတော့ ကျနော့်စိတ်ဟာ အဲဒီ ပြန်ချထားခဲ့မိသည့် ကဗျာလေးဆီ တချက်ထဲ ခုန်ကူးပြီး ရောက်သွားရပြန်၏။ အခု ကျနော် ဖတ်ဖြစ်ခဲ့တဲ့ ဒီကဗျာလေးကို ကြားညှပ်ပြီး ဖေါ်ပြလိုက်ပါသည်။

အကျည်းတန်တဲ့ ဆည်းဆာ

အမှိုက်ပုံဘေးမှာ
ဝိုင်းအုံဖွေယက်
မြေကြွက်ကြီးတွေ....။
အမှိုက်ပုံမှာ
ဝိုင်းအုံစုဝေး
လေလွင့်ခွေးတွေ...။
ဒါ ဟိုတုန်းက
အခုကျတော့လေ...
မြေကြွက်လည်း ဝေး
ခွေးလည်း ပြေးပြီ
သည်နေရာမှာ၊ ရောက်လာမွှေနှောက်
‘ အစာကောက်သူ ´
စိတ်ခြောက်ခြားစွာ၊ မြင်မိငါလျင်
အားနာစိတ်ပြင်း
အံကြိတ်တင်းမိ၊ ရင်တွင်းမချိ
တစ်တိတိဖြင့်
ကြည့်မိနောင်တ၊ ခါခါရသည်
မလှမပ ဆည်းရီည။    ။

ဇော်နောင်
ကလျာမဂ္ဂဇင်း၊ မတ်လ၊ ၂၀၁၁။
                              ခေတ်သစ် ဂဏာနဲ့ ဇာလီတို့ ပျော်စံရာ ကစားကွင်းလေး
အစည်းအဝေးမှာ အသံတွေ ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်လာလို့ ကျနော်လည်းပဲ တခြားမှာအာရုံရာက်နေရာက အစည်းအဝေးထဲ ပြန်ဝင်လိုက်ရ၏။

တူမလေး မြတ်နိုဗယ်လ်သန်းက ကျောင်းနေနိုင်တဲ့အရွယ်ရှိတဲ့ သားသမီးတွေကို ကျောင်းကို မဖြစ်မနေပို့ စေချင်တဲ့အကြောင်းပြောလိုက်တဲ့အခါ အမျိုးသမီးကြီး တော်တော်များများက ချက်ချင်းဆိုသလိုပဲ သဘောထားပြန်ပေးနေကြ၏။ နို့စို့အရွယ်ခလေးကို ရင်ခွင်ထဲထည့်ထားရင်း မြေကြီးပေါ်မှာ ကျကျနန ဖင်ချထိုင်နေသည့် အမျိုးသမီးကြီးကဆိုလျင် ဒါကိုတော့ ဘယ်နည်းနဲ့မှ မလိုက်နာနိုင်ဘူးလို့ အော်ပြောနေ၏။ သူ့ဘေးက အမျိုးသမီးတချို့ကလည်း ဝိုင်းပြီးပြောနေကြ၏။ တယောက်နဲ့တယောက် လုပြီးပြောနေကြတာမို့ မြတ်နိုဗယ်လ်သန်းက အသံတွေလျော့သွားတဲ့အထိ စေါင့်ကြည့်နေ၏။
တကယ်တော့ သူတို့ဟာ ခလေးတွေ ကျောင်းထားချင်ကြတဲ့သူတွေချည်းပဲဖြစ်တဲ့အကြောင်း၊ ဒါပေမယ့်လည်း စားဝတ်နေရေးအရ ခလေးကအစ အမှိုက်ကောက်နေရတဲ့အကြောင်း မိဘတွေက အလုပ်ထွက်လုပ်နေတုန်း အိမ်မှာထားခဲ့ရတဲ့ ခလေးငယ်ကို ထိန်းဖို့ အကြီးတွေကို အိမ်စေါင့်ထားခဲ့ရတဲ့အကြောင်း တယောက်တပေါက်ရှင်းပြနေကြ၏။ ကိုယ့်မြေနဲ့ကိုယ် အတည်တကျနေချင်ကြပေမယ့် ဒါကိုတော့ မလိုက်နာနိုင်ဘူးဆိုတဲ့သဘော ဝိုင်းပြောနေကြ၏။
တူမလေး မြတ်နိုဗယ်လ်သန်းက ဒါဆိုရင် ခလေးတွေ အလုပ်လုပ်လို့တနေ့ ရတဲ့ငွေကို အလှူရှင်က နေ့တွက် ပေးမယ့်အကြောင်း ခလေးတွေကိုတော့ ကျောင်းကိုပို့ရမယ့်အကြောင်း ရှင်းပြလိုက်၏။ လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားရ၏။ တချို့ကဆိုလျင် မတ်တပ်ပင် ထရပ်လိုက်ကြ၏။ ရှေ့တိုးထိုင်လိုက်ကြ၏။
အမျိုးသမီးကြီးတစ်ယောက်က သူ့ခလေးက တနေ့ကို ဝင်ငွေ အနည်းဆုံး ၆၀ ရတဲ့အကြောင်း နောက်တစ်ယောက်က ဒါကတော့ ပုံမှန်တွက်လို့မရတဲ့အကြောင်း အလုအယက် ပြောနေကြပြန်သည်။ မြတ်နိုဗယ်သန်းက ခေတ္တခဏ ပြန်မပြောပဲနားထောင်သည်။ သူတို့ပြောသမျှ ရေးမှတ်သည်။ 

ကျနော်က အစည်းအဝေးလုပ်နေသည့် လူအုပ်ဘေးမှ ခွါကာ တဲတွေကြား လျှောက်လာလိုက်သည်။ တဲနှစ်လုံးဘေးတွင် ရေတွင်းတစ်တွင်းတွေ့သည်။ ရေတွင်းဘေးက ဗွက်အိုင်များကို ရှောင်ပြီး ရေတွင်းထဲ ကျနော် ငုံ့ကြည့်သည်။ ရေတွင်းက တော်တော်လေး နက်သည်။ ရေကလည်း နည်းနည်းလေးပဲ ရှိသည်။ ကျနော့်အထင် အောက်ခံ ကျောက်သားနှင့် မြေကြီးကိုပင် မြင်နေရသည်ဟုထင်သည်။ အခုဆိုလျင် မတ်လပင်မရောက်သေး။ ရေက ခမ်းတော့မည်။ ဧပြီ၊ မေ ဆိုလျင် ရေ လုံးဝ ရှိတော့မည်မဟုတ်။ သို့သော် ရေတွင်းက ရေက သောက်ရန်မဟုတ်။ သုံးရေအတွက်သာ သုံးလို့ရသည်ဟု ဆိုသည်။ သောက်ရေကိုမူ ရေသန့်ဗူးရေကိုသာ သောက်ကြသည်ဟု သိရသည်။

ရေတွင်းဘေးက ခွါပြီး ရှေ့ကတဲဘေးတွင် သွားရပ်လိုက်သည်။ အမှိုက်ပုံကြီးဆီ ရောက်လာကာစက ရိုက်ခဲ့သော ဓါတ်ပုံများကို ပြန်ပြီးကြည့်သည်။ 
                                       ခေတ်သစ် ဂဏာနဲ့ ဇာလီတို့ ပျော်စံရာမြေ 
ဓါတ်ပုံများကို ကြည့်နေရင်းက လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က လူမှုရေးလုပ်ငန်းလုပ်ချင်စိတ်ရှိသူ အမျိုးသမီးငယ်တစ်ဦးအကြောင်း ကျနော် သွားတွေးမိပြန်သည်။

ထိုအမျိုးသမီးငယ်က သူ့အနေနှင့် ခန္ဒာကိုယ်ရင်းပြီး ဝမ်းစာရှာနေရသူ မြန်မာမိန်းခလေးများကို ကယ်တင်ချင်သည့်အကြောင်း ကျနော့်ကို ကူညီပါရန် တိုင်ပင်ခဲ့ဖူးသည်။ ကျနော်က သူ့ စိတ်ထားစေတနာကို လေးစားသည်။ အသိအမှတ်ပြုသည်။ သို့သော် သည်ကိစ္စက သိတ်ပြီးမလွယ်ကူသည့်အကြောင်း ပြောပြခဲ့မိသည်။ သူက လက်မလျှော့ပါ။ သူ့ မှာ စုထားဆောင်းထားသည့် ငွေကလေးနှင့် သူ့အလုပ်ကို စဖြစ်အောင်စ၏။ ဇိမ်မယ်လေးများရှိရာ အိမ်များတွင် တခြား သူ့အဖေါ် မိန်းခလေးတစ်ဦးနှင့် ဝင်နိုင်ထွက်နိုင်အောင် ကြိုးစား၏။ အဆက်အသွယ်ရအောင် လုပ်၏။ သည်အလုပ်မှ ထွက်ချင်သူ မိန်းခလေးများကို စုံစမ်း၏။ တွေ့သည့်အခါ ဇိမ်ခေါင်းအားပေးရန်ရှိသည့်ငွေကို စိုက်ပေး၏။ မိန်းခလေး ၂ ယောက်ကို ကယ်ထုတ်၏။ ကျန်းမာရေးကအစ ပြုစု၏။ မြန်မာပြည်ပြန်မည်ဟုဆိုသဖြင့် စရိတ်ပေးပြီး ပြန်ပို့ လိုက်၏။ နောက် ၁ လခန့်ရှိသောအခါ သူ ကယ်တင်ပြီး ပြန်လွှတ်လိုက်သည့် မိန်းခလေး ၂ ယောက်စလုံး တခြား ဇိမ်ခန်းရှေ့တွင် ဖီးကာလိမ်းကာ ရယ်ကာမောကာနှင့် ပြန်တွေ့ရလေသည်။ ကျနော့် မိတ်ဆွေ လူမှုရေးစိတ်ဓါတ်ပြင်းပြသူ မိန်းခလေးမှာ တော်တော်လေး စိတ်ပျက်သွားရ၏။ သို့သော် ကျနော့်မိတ်ဆွေ မိန်းခလေးမှာ စိတ်ခိုင်သူဖြစ်သည်။ သည်လုပ်ငန်းကို ဆက်မလုပ်သော်လည်း တခြား လူမှုရေးလုပ်ငန်းများကိုမူ ဆက်ပြီး လုပ်၏။ ယခုအခါ ကျနော့်မိတ်ဆွေ မိန်းခလေးမှာ လူမှုရေးလုပ်ငန်းကြီးများကို အောင်မြင်စွာ လုပ်ကိုင်နေသည့်အဆင့် ရောက်လာနိုင်ခဲ့သည်ဟု ဆိုရပါမည်။

ယခုလည်း တူမလေး မြတ်နိုဗယ်လ်သန်းကို ကျနော် ဘယ်လို ကူညီရပါ့။ လူမှုရေးလုပ်ငန်းဆိုသည်မှာ လူမှုရေးပြဿနာများဖြင့် ရှုပ်ထွေးကျဆုံးရတတ်သည်ကို သူ သတိပြုမိပါစ။ သည်လို လူမှုရေး ပေါက်ကွဲလွင့်စင်မှုများမှာ ဘာ့ကြောင့်ဖြစ်လာရသနည်း၊  သည် လူမှုရေးပြဿနာများ ပျောက်ကင်းသွားအောင် ဘယ်လိုနည်းလမ်းက အဓိကနည်းလမ်းဖြစ်သနည်း။ တူမလေး မြတ်နိုဗယ်လ်သန်းကို ကျနော် ဘယ်လို ကူညီပြီး ဆွေးနွေးရပါ့။ 

နေက ပူသထက်ပူလာသည်။ အမှိုက်ပုံကြီးဘေး မရောက်တရောက်တွင် ကျနော် ရပ်သည်။ ယင်ကောင်များကို ကျနော့် ပါးစပ် နှာခေါင်း ဆံပင်များပေါ်မှ မကြာခဏ ပုတ်ချနေရ၏။ တချို့ယင်ကောင်များက အသံများ တဝီဝီပေးကာ ကျနော့်ဘေးက မခွါသွားချင်ကြ။

ယင်ကောင်များကို လက်ဖြင့် ပုတ်ထုတ်ရင်းက အမှိုက်ပုံကြီးကို ကျနော် မော့ကြည့်နေမိပြန်၏။
အမှိုက်ပုံကြီးကလည်း သူ့ကို မေါ့ကြည့်နေသူ ကျနော့်ကို သနားစရာ လူသတ္တဝါတစ်ဦးကိုကြည့်သလို ငုံ့ကြည့်ပြီး ပြုံးပြနေသည်ဟု ကျနော် ခံစားလိုက်ရ၏။

ငြိမ်းဝေ
အပိုင်း (ဃ) သို့  ဆက်လက်ဖတ်ရှုပါရန်....။