Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

March 22, 2011

ကမ္ဘာကြီး ငြိမ်းချမ်း စိမ်းလန်းဖို့ ကျနော်တို့ ကဗျာရွတ်ခဲ့ကြတယ်


မတ်လ ၂၁ ရက်နေ့ကပါ။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကဗျာရေးသူတွေ ကဗျာချစ်သူတွေ စုပြီး ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် ကဗျာရွတ်ပွဲလေး ထုံထောင်းရပ်ကွက်ထဲက ရဲဘော်ဗိုလ်ကျောက်ရဲ့ နောင်ရိုးလဘက်ရည်ဆိုင် မှာ  ကျင်းပနိုင်ခဲ့ပါတယ်။

မဲဆောက်မြို့မှာ သောင်တင်နေကြတဲ့ မြန်မာနိုင်ငံသား ကဗျာချစ်သူတွေ ကဗျာရေးသူတွေက ဒီနှစ်မှာတော့ ကဗျာရွတ်ပွဲအပြင် ကဗျာပြပွဲဆိုပြီး ပြည်တွင်းပြည်ပ မြန်မာကဗျာနဲ့ နိုင်ငံတကာကဗျာ အပါအဝင် ကဗျာ ၂၇ ပုဒ်ကို မဲဆောက်မြို့ရဲ့ လူအစည်ကားဆုံး ဖိုးထူးလဘက်ရည်ဆိုင်ကြီးရဲ့ နံရံမှာ ချိပ်ဆွဲပြသထားခဲ့နိုင်ခဲ့ကြပါတယ်။ 

ဒါဟာ မဲဆောက်မြို့မှာ ကမ္ဘာ့ကဗျာနေ့ အခမ်းအနား ပြုလုပ်နိုင်တာ ၆ ကြိမ်မြောက်ဖြစ်ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ကဗျာရွတ်ပွဲကို လူဦးရေ ၁၀၀ နီးပါးတက်ရောက်ပြီး တက်ရောက်သူတွေထဲက ကဗျာချစ်သူ ၂၀ ကျော် ကဗျာရွတ်ခဲ့ကြပါတယ်။
                          ကဗျာဆရာ နေနွယ် 
                          ကဗျာဆရာ မောင်မောင်ငြိမ်းအေး( ကာတွန်း နေမျိုးအေး )
          ဝိုင်းစုထိုင်ကြတဲ့(ဝဲမှယာ) နေနွယ်၊ ကိုထော်ကြီး၊ နှင်းခါးမိုး၊ ပန်းချီ ထွတ်အောင်၊ ငြိမ်းဝေ

ပြည်တွင်းက ကဗျာဆရာတွေရဲ့ကဗျာတွေ၊ ဒီဘက်က ကျဆုံးခဲ့ပြီးဖြစ်တဲ့ တော်လှန်ရေးသမား ကဗျာဆရာတွေဖြစ်ကြတဲ့ တိုက်မောင်း၊ ပွင့်သစ်(ကရိန်ကန်)၊ ထက်မိုး၊ ငြိမ်းလူ တို့ရဲ့ကဗျာတွေအပြင် တက်ရောက်လာတဲ့ ကဗျာဆရာတချို့က ကိုယ်တိုင်ရေးကဗျာတွေကို တက်ရောက် ရွတ်ဆိုကြပါတယ်။

အခမ်းအနားတက်ရောက်လာသူ ကဗျာချစ်သူတချို့က ကဗျာတစ်ပုဒ်မက သုံးလေးပုဒ်အထိ ရွတ်ဆိုသွားကြတာကိုလည်း တွေ့ရပါတယ်။

နေ့လည် ၂ နာရီမှာ စခဲ့တဲ့ ကဗျာရွတ်ပွဲလေးဟာ ၄ နာရီတိတိအချိန် ရပ်နားလိုက်ပါတယ်။

မဲဆောက်မြို့လေးရဲ့ လွမ်းမောဆွတ်ပျံ့ဖွယ် နေ့တနေ့ပါပဲ။

ဒီကဗျာရွတ်ပွဲလေးရဲ့ ရနံ့ကို ကူးယူခံစားနိုင်ဖို့ ဓါတ်ပုံတချို့ တင်ပေးလိုက်ပါတယ်။