Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

March 29, 2011

အရှိန် မသေနိုင်သေးဘူး...

      ဝဲမှယာ..နေနွယ်၊ကိုဈာန်၊နှင်းခါးမိုး၊ငြိမ်းဝေ၊ပန်းချီကိုထွဋ်အောင်၊ကိုအောင်၊(ပျက်ကွက်-အိုးဝေမျိုး)
                                     ဘလော့ဂါ မဆုမွန် ကဗျာရွတ်ဆိုနေတာပါ...

မနေ့က ဆရာနှင်းခါးမိုးအိမ်မှာ ထိုင်နေတုန်း ဂျာနယ်တစေါင်မှာ ဆရာ သစ္စာနီရဲ့ ကမ္ဘာ့ကဗျာနေ့နဲ့ပါတ်သက်တဲ့ ဆောင်းပါးတပုဒ် ဖတ်ရပါတယ်။
ပြည်တွင်းမှာ ကမ္ဘာ့ကဗျာနေ့အခမ်းအနားလုပ်တဲ့အခါ အမြင်မတူညီကြတာလေးတွေ ရှိခဲ့တာ ရှိနေတာကို ထည့်ရေးတာတွေ့ရတော့ ကျနော် ပြုံးမိတယ်။ ဒါမျိုးက ဘယ်နေရာမှာမဆို ရှိနေမှာပဲလေ။ ပြည်တွင်းမှရယ်လို့ မဟုတ်ပါဘူး ပြည်ပမှာလည်း ရှိနေ ကြုံနေမှာပါပဲ။ ဒီလို ရှိနေတာကိုက သဘာဝကျတဲ့ကိစ္စပါ။ အလှတရား တခုလို့တောင်မှ ပြောလို့ ရမလားပဲ။

ကျနော်တို့ ဆီမှာ ကမ္ဘာ့ကဗျာနေ့ အခမ်းအနားလုပ်တဲ့အခါ ကဗျာရွတ်တာဟာ အနိမ့်ဆုံး လူတစု အပျော်ကျူးတာဖြစ်တယ်ဆိုတဲ့အမြင်က အစ အမြင့်ဆုံး ကမ္ဘာ့ငြိမ်းချမ်းရေး အဓမ္မတရား ကျဆုံးရေး ချစ်ခင်လေးနက်ရေး ဆိုတဲ့ စိတ်ဓါတ်ကို အင်အားလောင်းဖြည့်တဲ့အလုပ်ဖြစ်တယ်ဆိုတဲ့ အမြင်အထိ အမြင်အမျိုးမျိုး ရှိခဲ့ပါတယ်။

ကျနော်တို့ တတွေက အမြင်အမျိုးမျိုးကို လက်ခံကြိုဆိုခဲ့ပါတယ်။ ငါနဲ့ မတူလို့ မဖြစ်နိုင်ဘူးဆိုတာထက် အထက်က အမြင့်ဆုံးအမြင်အတွက်အကျိုးရှိတဲ့ အမြင်ဖြစ်မယ်ဆိုရင် ဘယ်သူမဆို ဘယ်အမြင်မဆို လက်ခံကြမယ်ဆိုတဲ့ အခြေခံစိတ်ထားနဲ့ ကျနော် တို့ လုပ်ခဲ့ကြတာပါ။
ဒီအခြေခံစိတ်ထား အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ အဲဒီနေ့ က ဒေါက်တာလွဏ်းဆွေတို့ ကဗျာဆရာ ကမာပုလဲတို့ က ဒီသဘောတရားကို အခြေခံတဲ့ သူတို့ အမြင်တွေကို ပြောသွားခြင်းအားဖြင့် ကျနော်တို့ ပျော်ရွှင်ကြည်နူးစရာ အခမ်းအနား နိဂုံးချုပ်နိုင်ခဲ့ပါတယ်။

အခမ်းအနားလေးပြီးသွားတော့လည်းပဲ ကျနော်တို့ဟာ အခမ်းအနားကပေးတဲ့ အချိုဓါတ် အကြည်ဓါတ်ကို ဆက်ပြီး အရသာ ခံနေခဲ့ကြပါသေးတယ်။ ရှိတော့ ရှိတာပေါ့လေ။ ဒါပေမယ့် ဒါတွေက ကျနော်တို့ မျက်ကွယ်မပြုနိုင်လောက်အောင် ကြီးမားတဲ့ ကိစ္စတွေမှ မဟုတ်တာပဲ။ ကျနော်တို့  အချိုဓါတ် အကြည်ဓါတ် တကယ်အခြေခံမယ်ဆိုရင် ကျနော်တို့နဲ့ အမြင်မတူသူတွေအပေါ်မှာလည်း အလေးအနက်ထား အသိအမှတ်ပြု ပိုပြီး ကိုယ်ချင်းစာမိတဲ့အထိ စဉ်းစားလာနိုင်တာ အမှန်ပါပဲ။ 

မတူကွဲပြားခြားနားခြင်းဟာ သဘာဝကျပါတယ်။ တူနိုင်စရာလည်း မရှိပါဘူး။ တူလည်း မတူပါဘူး။ ဒီနေရာမှာ ကျနော် မမှတ်မိတော့တဲ့ အမေရိကန်သမ္မတဟောင်းတယောက် ပြောဖူးတဲ့စကား ရှိပါတယ်။ အားလုံး တသွေးတသံထဲ ဖြစ်တာ ကောင်းပါတယ်တဲ့။ ဒါပေမယ့် တသွေးတသံထဲ မဖြစ်နိုင်ဘူးဆိုရင်တော့ မတူကွဲပြားစွာ ရှိနေတာဟာ သဘာဝ အကျဆုံးပါပဲတဲ့။ 

ကျနော်ကတော့ ကမ္ဘာ့ကဗျာနေ့အခမ်းအနားမှာ အားလုံးကို ချစ်ခင်တဲ့စိတ်နဲ့ လွတ်လပ်ငြိမ်းချမ်းမှုရနံ့ကို အခိုက်အတန့်အားဖြင့် ရှူရှိုက်ကြည့်နိုင်ခဲ့ပါတယ်။

အခု အဲဒီကဗျာရွတ်ပွဲလေး ပြီးသွားတာ တပါတ်ကျော်ပါပြီ။ ကျနော်တို့ အရှိန်မပြေနိုင်သေးဘူး။  ဒါကြောင့်မို့ ၂၈ ရက်နေ့ က ဖိုးထူးလဘက်ရည်ဆိုင်မှာ ဆုံခဲ့ကြတဲ့ ကဗျာရွတ်ပွဲအတွက် ခုံ မ တာကအစ ဆောင်းပေါက်ထမ်းတာအဆုံး လုပ်အားပေးခဲ့ကြသူတွေ ဆုံမိတုန်း ရိုက်ထားခဲ့တဲ့ ဓါတ်ပုံနဲ့ ကဗျာရွတ်ပွဲနေ့က ကဗျာရွတ်သွားတဲ့ ဘလော့ဂါ မဆုမွန်ရဲ့ ဓါတ်ပုံကို တင်ပေးလိုက်ပါတယ်။

အားလုံး ပျော်ရွှင် ချစ်ခင်တဲ့စိတ်နဲ့ လွတ်မြောက်နေနိုင်ကြပါစေ

ငြိမ်းဝေ