February 20, 2011

ကဗျာ သားပျက်ကျတဲ့ ည ကိုးနာရီ

ကိုးနာရီ ထိုးပြီလား
လူတစ်ယောက်အတွက် ကိုယ်ပိုင် ညတစ်ညဖြစ်စေချင်ခဲ့
ကုတ်ခြစ်ပြီး တက်ခဲ့တယ်
ငါ့ကို ဆွဲခြစ် ဖြစ်ညှစ် ချိပ်တွယ်ထားတဲ့ အရာအားလုံး
အိမ်မြှောင် အမြီးပြတ်လို
တဆတ်ဆတ် တွန့်လိမ်ပြီး ကျန်ရစ်ခဲ့ကြတယ်
ရန်စွယ်တငေါငေါနဲ့ ပြုတ်ကျ ကျန်ရစ်ခဲ့ကြတယ်
ငါလည်းပဲ အသံတွေ တွန့် လိပ်
အသားအရေတွေ ပဲ့ရွဲ့
မျက်ရည်တပေါက်ပေါက်ကျတဲ့အထိ
ကုတ်ခြစ်ပြီး တက်ခဲ့တယ်။

ဖယ်လိုက်စမ်းပါ
ကမ္ဘာကြီး တခုလုံး ကာဆီးထားသလား
ငါ ဂရုမစိုက်ဘူး
လူတစ်ယောက်အတွက် ည ကိုးနာရီဟာ အရေးကြီးတာပေါ့။

ငါ ပေးလိုက်တဲ့ အငွေ့အသက်နဲ့တင်
လူတစ်ယောက် လမ်းထလျှောက်တယ်
လက်ဆစ်ချိုးတယ်
ထိုင်တယ်
သူ့ဘေးမှာ ငါ့ဆီကို ခေါင်းတည်ပြီး အိပ်နေတဲ့ ခွေးတစ်ကောင်
တချိန်လုံး လှုပ်နေတဲ့ သူ့အမြီးတောင်မှ ငြိမ်သက်သွားပေါ့။

ကိုးနာရီ ထိုးတော့မလား
ဖယ်ကြစမ်း
ငါ ကုတ်ခြစ်ပြီး တက်ခဲ့တယ်။

ကိုးနာရီ ထိုးပြီလေ
ကုလားထိုင်တစ်လုံး
ငြိမ်သက်တိတ်ဆိတ်နေတဲ့ ပန်းခြံလေး
လ, ရောင်နဲ့ လင်းထိန်နေတဲ့ အိမ်ရှေ့ဆင်ဝင်အောက်
စကားဝါပန်းနံ့က ဝေ့ဝဲလာပေါ့
ကမ္ဘာကြီး ခေတ္တခဏမျှ အသက်ရှူရပ်ထား
လူတစ်ယောက်အတွက် ကိုယ်ပိုင်ညတစ်ည
သူ ငါ့ကို  ရင်မဆိုင်ရဲတာလား
ရင်မဆိုင်ချင်တော့တာလား
ငါ့ကို တွေ့ချင်လွန်းလို့ ထိုင်စေါင့်နေခဲ့တာ မဟုတ်ဘူးလား
ငါ ကုတ်ခြစ်ပြီး တက်ခဲ့ပါသေးတယ်။   

ငြိမ်းဝေ
( ၂၀ ၊ ၂ ၊ ၂၀၁၁- တနင်္ဂနွေနေ့ည ၈ နာရီ ၄၅ မိနစ် )
သရုပ်ဖေါ်ပုံက ဂူဂဲလ်မှ ရယူထားတာပါ။

No comments:

Post a Comment