Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

January 30, 2012

ဘွန်ဆိုင်း ရွာကလေး


တနေ့က
ရွာက လူတစ်ယောက်နဲ့
တယ်လီဖုံး ပြောရတယ်။

ရွာနဲ့အနီးဆုံး
မြို့ကလေးကတဆင့်
သူနဲ့ ကျနော် ဝေဇယန္တာ စက်ကြိုးနဲ့
ဆက်သွယ်လို့ ရခဲ့တာပါ။

ကျနော် ပထမဆုံး မေးတဲ့ မေးခွန်းက
လျှပ်စစ်မီး
ကားလမ်း
ဆေးရုံ ဆေးခန်းနဲ့ စာသင်ကျောင်း။

ရွာဦး ဘုန်းကြီးကျောင်းထိပ်
ရေသိမ်လေး
ချောင်းချိုးရွာဘက် ကွေ့ဝိုက်ပြီးသွားနေတဲ့ ငှက်ပျော တောတန်းကလေး
တဂျွတ်ဂျွတ် တဂျောင်းဂျောင်း မြည်တတ်တဲ့ ကျနော့်အိမ် ကြမ်းခင်း
ဈေးတောင်း ခေါင်းရွက် ကျနော့် ချစ်သူ မဒေဝီ
ရွာနဖူးပေါ် မကြာခဏ ဖြတ်ကျော်သွားနေကြတဲ့ တိမ်တိုက်များ
မနက် သုံးနာရီလောက်
ညောင်ခြေထောက်ဈေးကို အမီသွားကြဖို့
တရွာလုံး လိုက်လံ ဟစ်အော် နှိုးဆော် လူစုကြတဲ့
ဈေးတောင်း ခေါင်းရွက် ကန်စွန်းရွက်သယ် ဟင်းရွက်သယ် ကျနော့် သူငယ်ချင်းများ။

ကျနော့်ရဲ့
အနှစ် နှစ်ဆယ်
ဘွန်ဆိုင်းရွာကလေး
ရွာပြန်မယ့် ကျနော့်ပင့်သက်များ
နယ်စပ်မျဉ်းပေါ် တဝုန်းဝုန်း
ရင်ခုန်သံ လှိုင်းတွေ တဒုံးဒုံး။

ငြိမ်းဝေ
၂၀၊ ၁၊ ၂၀၁၂
သရုပ်ဖေါ်ပုံက ဖဘ မှ ယူထားတာပါ။

January 13, 2012

ဒီကနေ့ဟာ ကဗျာတပုဒ်ထက် ပိုပြီး ကြီးကျယ်ခမ်းနားနေခဲ့ပြီ်


ဒီကနေ့ဟာ
ရောင်နီမသန်းခင်ကတည်းက  အပြာရောင် သန်းတဲ့နေ့

ဒီကနေ့ဟာ
ရာစု နှစ်ဝက် ချီပြီး မန်းမှုတ် စက်နှိုးခဲ့ရတဲ့
ဖုတ်သွင်းရထား ဆိုက်တဲ့နေ့

ဒီကနေ့ဟာ
ဆည်းဆာပျို နေချိုထဲ
ပဲပြုပ်သယ်ရဲ့ ပဲပြုပ်ချိုချိုလေးဆိုတဲ့ အသံ
ငါ့ရင်ကို အငြိမ်းချမ်းဆုံး ထိမှန် တုန်ခါသွားစေတဲ့နေ့

ဒီကနေ့ဟာ
ရွှေအိုးကို ထမ်း အိမ်ပြန်လာတဲ့ သားတွေရဲ့ ခြေအစုံကို
မိခင်က အိမ်ဝမှာ ရေဆေးပေးတဲ့နေ့

ဒီကနေ့ဟာ
အောင်ပွဲခံ ဗုံတလုံးပေါ်
တနိုင်ငံလုံး တက်ခုန်ပြီး ကကြတဲ့နေ့ ဖြစ်ခဲ့ပေါ့။

ငြိမ်းဝေ
၁၃၊ ၁၊ ၂၀၁၂


January 06, 2012

အတွေးအခေါ်ဟောင်းကို ကမ္မဝါ ဖတ်ကြည့်ခြင်း



(၁)
ဒီ ရက်တွေအတွင်း
ကျနော်တို့ရဲ့ သောကတွေကို
ဆူးတွေနဲ့ သီကုံးရင်း
သွေးတစက်စက် ကျခဲ့ကြရတယ်။

(၂)
လွတ်လပ်မှုကို ယူချင်ရင်
လွတ်လပ်တဲ့ လူတစ်ယောက် ဖြစ်ဖို့
လွတ်လပ်မှုနဲ့ တန်အောင် ထုဆစ်ဖို့
အရေးကြီးနေပြီ။
သူများကို လွတ်လပ်အောင် လုပ်ပေးဖို့
ကျနော်တို့က ပထမ လွတ်မြောက်နေရမယ်။

ကျနော်တို့ ဟာ
ဂူ အပြင်ဘက်ကို ထွက်ပြီး
လရောင် လိမ်းကျံ
ကြယ်ရောင် လိမ်းကျံ
နေရောင် လိမ်းကျံရင်း
ကိုယ်ပိုင် အရှိန်အဝါကို တည်ဆောက်ကြ။
ရန်သူ တည်ဆောက်ပေးတဲ့ ခွန်အားနဲ့
မတူတဲ့
ခွန်အားသစ်ကို တည်ဆောက်ကြ။
ရန်သူခင်းပေးတဲ့
လမ်းနဲ့ မတူတဲ့
ကိုယ်ပိုင် လမ်းသစ်ကို ဖေါက်ကြ။

ရှိခဲ့ဖူးပြီ်
ကျနော်တို့က
အမှားတွေကို အမှားတွေနဲ့ တိုက်ခိုက်ရင်း
ကြီးပြင်း လာခဲ့ကြရတယ်။

ရှိခဲ့ဖူးပြီ
ရန်သူ့လက်နက် ကိုယ့်လက်နက် ဆိုတာလောက်နဲ့
ကျနော်တို့ မိုးသောက်ခဲ့ကြတယ်။

ထုချေပစ်လိုက်ပါ
ဖွပ်လျှော်ပစ်လိုက်ပါ။
ရန်သူက
ကျနော်တို့အပေါ်
ရန်သူလို သဘောထားနေတဲ့အချိန်
ကျနော်တို့ကလည်း
ရန်သူကို ရန်သူလောက်ပဲ မြင်နေရင်
ကျနော်တို့ မအောင်မြင်နိုင်ဘူး။
ရန်သူ ဆွဲကိုင်တဲ့ သေနတ်လောက်နဲ့
ကျနော်တို့
ဒီတိုက်ပွဲ အောင်ပွဲမဆင်နိုင်ဘူး။

အတွေးအခေါ်အရာမှာ
တောမီးကို
ရှို့မီးနဲ့ လှန်ပစ်တဲ့ခေတ်ဟာ
မနှစ်တနှစ် ကတည်းက
ကုန်ဆုံးသွားခဲ့ပြီ။

(၃)
ကျနော်တို့
ဆူးတွေက သွေးတွေကို မတိတ်စေနိုင်ဘူး။

ငြိမ်းဝေ
၅၊ ၁၊ ၂၀၁၂
လွတ်လပ်ရေးနေ့ရဲ့ နောက်တနေ့။

December 31, 2011

လက်ပြ ချန်ရစ် ၂၀၁၁



ခြင်းလုံးတစ်လုံး ဆိုတော့လည်းပဲ
နှစ်ထပ် ဖဝါးစာ မိသွားတဲ့ ၂၀၁၁ ဟာ
ခြင်းလုံးလို ခြာလပတ် လည်ပြီး ကျန်နေရစ်ခဲ့ရတာကိုပဲ
ဝမ်းနည်း နေလေရော့ သလား။

၂၀၁၁ ဟာ                                                                                     
ထောင်မြင်လို့ ရာ စွန့်ခဲ့တဲ့ ၂၀၁၂ ရဲ့ ရေခင်းသံကို
မျောက်မင်းအူသံဆိုပြီး သူ့နားမှာ ကြားခဲ့တယ်။

သူ့စင်ကို ကိုယ့်စင်လုပ်ရမယ်ဆိုတဲ့
မဟာ တက်ကနစ်
သူ့အလံကို တိုက်ဖို့
သူ့အလံကို ကောက်ထောင်ရမယ်ဆိုတဲ့
မဟာ အလှည့်အပြောင်း
( ၂၀၁၁ ရေ…)
ခင်ဗျား ခေါင်းနဲ့ မဆန့်တဲ့ ရေစီးကြောင်းသစ်
၂၀၁၂ုဖြစ် မငြင်းနဲ့။

ငါတို့
မိုင် ခြောက်ထောင် ခရီးရှည် ချီတက်ခဲ့ပြီးပြီ
ပင်လယ် တစ်ထောင် လက်ပစ်ကူးခဲ့ပြီးပြီ
ဓါးတောင် ဟူသမျှ ကျော်ခဲ့ကြပြီးပြီ
ဒါပေမယ့်
တခါမှ ခေါင်းနဲ့ လမ်းလျှောက် မကြည့်ခဲ့ကြသေးဘူး။

ငါတို့
ခွန်အားကို ရှာဖွေခဲ့ကြတယ်
ခွန်အားကို ယုံကြည်ခဲ့ကြတယ်
ခွန်အားကို အသုံးပြုခဲ့ကြတယ်
ခွန်အားကို အကျွင်းမဲ့ ကိုးကွယ်ခဲ့ကြတယ်
ဒါပေမယ့်
ပျော့ပြောင်းခြင်းဟာ
ပိုပြီး ဝေးဝေးပြေးတယ်
ပိုပြီး သန်မာတယ်ဆိုတာကို ဆုပ်ကိုင်ဖို့ရာ
လက်လှမ်း မမီခဲ့ကြဘူး။

ကိုယ့်ကြတော့ နေချင်သလို နေပြီး
ကိုယ်ဖြစ်ချင်သလို သူများကို ဖြစ်စေချင်တဲ့ ၂၀၁၁
နင့်ကို တလိုင်းတို့လက်
ခွေးသေ ဝက်သေ နေရစ်ခဲ့တော့ ဆိုတဲ့စကားနဲ့
ငါ မထားရစ်ခဲ့ချင်သော်ငြား…

ဘယ်ဟာမှ
သေခန်း ရှင်ခန်း ပြတ်လို့မရလေဘူး
အရာရာဟာ ဟေတုပစ္စယော ဆိုသော်ငြား…

ငါကလည်း မထားခဲ့ချင်
နင်ကလည်း မနေခဲ့ချင်သော်ငြား…

နေရစ်ခဲ့တော့ ၂၀၁၁။   

ငြိမ်းဝေ
၁၊ ၁၊ ၂၀၁၁
ည ၁၁ : ၁၆