August 01, 2011

သူတို့ အချုပ်ခန်း

                           အော်စလိုမြို့မှာ မြန်မာအရေးဆန္ဒပြတဲ့နေ့က လုံခြုံရေးတာဝန်ယူတဲ့ မြင်းစီးရဲနှစ်ဦး
တခါတရံမှာ ထူးထူးခြားခြားရှိတဲ့ အတွေ့အကြုံတချို့ဆိုရင် ကျနော့်စိတ်ထဲ အချိန်တိုတိုနဲ့ လျော့ပါးမှေးမှိန်သွားလေ့မရှိပါဘူး။ ဒါကတော့ ကျနော်ရယ်လို့ ဟုတ်မယ်မထင်ပါဘူး။ လူ အတော်တော်များများ ဒီအတိုင်းပဲ ရှိပါလိမ့်မယ်။
          အခုတလော နော်ဝေးနိုင်ငံက လူ (၈၀) နီးပါးကို သေနတ်နဲ့ပစ်သတ်တဲ့ လူတစ်ယောက်အကြောင်း ကမ္ဘာ့သတင်းစာတိုင်းလိုလိုမှာ နေ့တိုင်းဖတ်နေရတဲ့အခါ ဟိုး လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်အတွင်းတုန်းက ကျနော်နဲ့အတူ မြန်မာလူမျိုး(၄)ယောက် နော်ဝေးနိုင်ငံမှာ ခိုလှုံခွင့်တောင်းခဲ့တဲ့အဖြစ်အပျက်ကလေးကိုလည်း တဆက်တစပ်တည်း သွားပြီးသတိရနေမိပါတယ်။ ဒီကြားထဲ မောက္ခပညာရေးမဂ္ဂဇင်း အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ‘လူ့ အကြင်နာတရား အရှိဆုံး နော်ဝေးအကျဉ်းထောင်´ ဆိုတဲ့ခေါင်းစဉ်နဲ့ နော်ဝေးနိုင်ငံရဲ့ အကျဉ်းထောင်စံနစ် ဓါတ်ပုံဆောင်းပါးကို တွေ့ရတဲ့အခါ အဲဒီ ၁၉၉၇ ခုနှစ်တုန်းက ကျနော်ကြုံခဲ့တဲ့ အတွေ့အကြုံကို ပိုပြီး သတိရနေစေတော့တာပေါ့။
          ဒီတုန်းက ကျနော်အပါအဝင် မြန်မာနိုင်ငံသား(၅)ယောက် နော်ဝေးနိုင်ငံမှာ ခိုလှုံခွင့် တောင်းခံခဲ့ကြပါတယ်။ ကိုမွန်းအောင်(တေးသံရှင်)၊ ကိုကျော်ကျော်၊ ကိုထွန်းထွန်း၊ စောနယ်လ်ဆင်ခူးနဲ့ ကျနော် ဖြစ်ပါတယ်။
          ကျနော်တို့(၅)ယောက် ခိုလှုံခွင့်တောင်းခံလျှောက်ထားဖို့ ဆုံးဖြတ်ကြပြီးတဲ့အခါ ရှေ့နေတစ်ဦးနဲ့ တိုင်ပင်ရပါတယ်။ ကျနော်တို့အတွက် NGO တစ်ခုက ငှါးပေးတဲ့ ရှေ့နေနဲ့ တိုင်ပင်ကြရတာပါ။ ရှေ့နေရဲ့ စီစဉ်လမ်းညွှန်ချက်နဲ့ ကျနော်တို့(၅)ယောက်က ပထမဦးစွာ မြို့တော် အော်စလိုလေဆိပ် ရဲစခန်းကိုသွားကြရပါတယ်။ ရှေ့နေရေးပေးလိုက်တဲ့ စာကိုလည်း ယူသွားကြပါတယ်။
          ရဲစခန်းရောက်တော့ ကျနော်တို့အားလုံးရဲ့ နိုင်ငံကူးလက်မှတ်(၅)ခုကို ကိုမွန်းအောင်က ရင်စို့ခန့်မရှိတရှိ ကောင်တာပေါ်သွားပြီးတင်လိုက်ပါတယ်။ အနီးဆုံးမှာရပ်နေတဲ့ ရဲသားတစ်ဦးက စူးစမ်းသလိုကြည့်ပြီး ဘာကိစ္စရှိလို့လည်းလို့ မေးပါတယ်။ ကိုမွန်းအောင်က ခိုလှုံခွင့်တောင်းချင်လို့ပါလို့ ဖြေလိုက်ပါတယ်။ ပထမတော့ ရဲသားရဲ့မျက်နှာက ခတ်ပြုံးပြုံးလုပ်နေရာက စားပွဲပေါ်က နိုင်ငံကူးလက်မှတ်တွေကို ယူကြည့်ပြီး ဟာ အဲဒါ ဘယ်ဖြစ်မလည်း မင်းတို့မှာ နိုင်ငံကူးလက်မှတ်တွေ ရှိနေတာပဲဟာ ဆိုပြီး ကြောင်အမ်းအမ်းနဲ့ ကျနော်တို့ကို နားမလည်သလို သိမ်းကြုံးကြည့်ပြီးပြောပါတယ်။ ကိုမွန်းအောင်က ခတ်ပြုံးပြုံးမျက်နှာထားနဲ့ပဲ အဲဒီ နိုင်ငံကူးလက်မှတ်တွေက အားလုံး တစ်ခုမှ အစစ်မဟုတ်ဘူးကွ အကုန်လုံးအတုတွေ ချည်းပဲလို့ ထပ်ပြောလိုက်ပါတယ်။ ဒီအခါကြတော့မှ ရဲသားလုပ်တဲ့သူ မျက်လုံးမျက်ဆံပြူးပြီး နိုင်ငံကူးလက်မှတ်အားလုံးကို ဆတ်ကနဲဆွဲယူ တခုချင်းစီ သေသေချာချာကြည့်ပါတော့တယ်။ သူ့ဘေးနားက ရဲသားတွေလည်း အနားကို တိုးလာကြပါတယ်။ ချက်ချင်းဆိုသလိုပဲ ရဲမေတချို့အပါအဝင် သူတို့ ရဲဌါနတခုလုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်ပါတယ်။ လူ ငါးယောက် နိုင်ငံကူးလက်မှတ်အတု ကိုယ်စီကိုင်လျက် ခိုလှုံခွင့် လာတောင်းတာဆိုတော့ သူတို့လည်း တခါမှ ဒီလိုကြုံဖူးဟန်မတူပါဘူး။ ဒါကြောင့်မို့ ကျနော်တို့ကို မလှမ်းမကမ်းက ဝိုင်းပြီး ကြည့်နေ အကဲခတ်နေကြပါတယ်။ ကိုမွန်းအောင်က ရှေ့နေရေးပေးလိုက်တဲ့ စာကို ပေးလိုက်ပါတယ်။ ရဲသားလုပ်သူက ကျနော်တို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို ယူပြီး ခဏနေဖို့ပြောပါတယ်။ ချက်ချင်းဆိုသလိုပဲ အခန်းတစ်ခုထဲ ဝင်သွားပါတယ်။
          အခန်းထဲဝင်သွားတဲ့ရဲသား ပြန်ထွက်လာတော့ သူ့မျက်နှာက အနည်းငယ် ပြုံးပြုံးရွှင်ရွှင်ဖြစ်လာပါတယ်။ သူတို့လည်း သက်ဆိုင်ရာနဲ့ပြောစရာရှိတာပြောနေရလို့ပါလို့လည်း ပြောပါတယ်။ ကျနော်တို့လည်း နည်းနည်းတော့ စိတ်သက်သာရာ ရသွားပါတယ်။ ပြီးတော့ ကျနော်တို့ကို ဧည့်ခမ်းခတခုထဲ ခေါ်သွားပါတယ်။ ခဏကြာရင် တစ်ယောက်ချင်းစီကို စစ်ချက်အနည်းငယ်စိ ယူမှာဖြစ်လို့ ထိုင်စေါင့်နေကြဖို့ပြောပြီး ပြန်ထွက်သွားပါတယ်။
          ကျနော်တို့ ခဏထိုင်စေါင့်နေရတဲ့ ဧည့်ခန်းက မြေညီထပ်မှာ ဖြစ်ပါတယ်။တော်တော်လေး သန့်ပြန့်ပါတယ်။ ပြတင်းပေါက်တွေ ခတ်များများမို့ လေကောင်းလေသန့်လည်း ရပါတယ်။ အပြင်ဘက် လေဆိပ်ကွင်းထဲနဲ့ အဆောက်အဦးတချို့ကိုလည်း မြင်နေရပါတယ်။ နံရံနဲ့ကပ်လျက် စာပွဲရှည်ပေါ်မှာ ကော်ဖီနဲ့ တခြားအစားအစာတချို့ တင်ထားတာတွေ့ရပါတယ်။ ခါးလည် မရှိတရှိလောက်သာမြင့်တဲ့ ပြတင်းပေါက်တစ်ခုဘေးမှာရပ်ပြီး အပြင်ဘက်ကိုကြည့်တော့ ပန်းပင်တွေအလှစိုက်ထားကိုလည်း တွေ့ရပါတယ်။
          နာရီဝက်လောက်ကြာတော့ ကျနော်တို့အားလုံး ဆာလောင်လာကြပါတယ်။ မနက်က အိမ်ကထွက်လာတော့ (၈)နာရီ။ ရှေ့နေဆီဝင် ရဲစခန်းကိုရောက်တော့ ၁၀ နာရီ။ ပြောစရာရှိတာပြောပြီး ဧည့်ခန်းထဲက ထိုင်စေါင့်တာ အခု(၁၂)နာရီထိုးပါပြီ။ ဒါကြောင့်မို့ အပြင်ထွက်ပြီး တခုခုဝယ်စားကြဖို့လုပ်ကြပါတယ်။ ဧည့်ခန်းထဲက ခေါင်းပြူနေကြတဲ့ ကျနော်တို့ကိုတွေ့တော့ ရဲသားတယောက် ရောက်လာပါတယ်။ ဘာလိုချင်လို့လည်း မေးပါတယ်။ ကျနော်တို့က ထမင်းဆာလို့ တခုခု ထွက်ဝယ်စားချင်တယ်လို့ပြောတော့ ဟာ ကိစ္စမရှိဘူး ကျနော်တို့ဝယ်ကျွေးပါ့မယ် အခန်းထဲကပဲစေါင့်ပါဆိုပြီး သူကိုယ်တိုင်ပဲ မပြေးရုံတမယ် ထွက်သွားတာ ကျနော်တို့တောင် ဘာစားချင်တယ်ဆိုတာ မှာချိန်မရလိုက်ပါဘူး။ သူပြန်လာတော့ အချိုရည်ဗူးတွေ ပေါင်မုန့်တွေ တော်တော်များများ ပါလာပါတယ်။ ကျနော်တို့လည်း ဗိုက်ပြည့်အောင် စားလိုက်ကြပါတယ်။
          နောက်ထပ် နာရီဝက်လောက်ရှိတော့ ကျနော်တို့ကို တခြားအခန်းကျဉ်းလေးတခုမှာ တယောက်ချင်းစီခေါ်ပြီး စစ်ချက်အနည်းငယ်စီယူပါတယ်။ ကျနော်ပြောသမျှ လက်နှိပ်စက်နဲ့ ရိုက်ပြီး လိုက်မှတ်ပါတယ်။ ပြီးတော့ ညနေ(၄)နာရီမှာ ကျနော်တို့ကို ကားတစင်းပေါ်တင်ပေးလိုက်ကြပါတယ်။ ကျနော်တို့ ဘယ်ကိုသွားရမယ်ဆိုတာ ကားဆရာသိတဲ့အကြောင်း အဲဒီနေရာဟာ ခိုလှုံခွင့်လျှောက်ထားသူများ ခေတ္တနေထိုင်ရတဲ့နေရာဖြစ်ကြောင်း စခန်းတာဝန်ရှိသူတွေက ကျနော်တို့ကို စေါင့်နေတဲ့ကြောင်း ဟိုကြရင် စခန်းတာဝန်ရှိသူတွေထံပေးဖို့စာ။ အားလုံးရှင်းပြ ပေးးလိုက်ကြပါတယ်။
          ကားပေါ်တက်ခါနီးတော့ ရဲသားတစ်ယောက်ပြောလိုက်တဲ့စကားက ကျနော်တို့အားလုံးကို အံ့အားသင့် သွားစေလိုက်ပါတယ်။ သူက ဘယ်လိုပြောလိုက်သလဲဆိုတော့...
          “ အခုလို ခင်ဗျားတို့ကို အလုပ်သဘောအရ အချုပ်ထဲမှာ ခဏတာ ချုပ်ထားခဲ့ရတာကို သူတို့အပေါ်နားလည် ခွင့်လွှတ်ပါ”  တဲ့။
          ကျနော်တို့အားလုံး ကားပေါ်ရောက်တဲ့အခါ တကယ်တော့ ကျနော်တို့ထင်ထားခဲ့တဲ့ ဧည့်ခန်းဆိုတာ အချုပ်ခန်းပဲဖြစ်တယ်၊ ကျနော်တို့ကို လုပ်ငန်းသဘောအရ အချုပ်ထဲ ထည့်ထားတာဖြစ်တယ်၊ ဒါကြောင့်မို့ ကျနော်တို့ အပြင်ထွက်ပြီး တခုခုသွားဝယ်စားမယ်ဆိုတော့ အထွက်မခံပဲ သူတို့ကိုယ်တိုင် စားစရာတွေ ဝယ်ပေးခဲ့တာကိုးဆိုပြီး တယောက်နဲ့တယောက်ပြောကြ အံ့သြကြ ရယ်ကြမောကြရပါတော့တယ်။
          ဒါပါပဲ...။ ကျနော်တွေ့ကြုံဖူးတဲ့ မေ့မရနိုင်သေးတဲ့အတွေ့အကြုံဆိုတာ ဒါပါပဲ။ နော်ဝေးနိုင်ငံဆိုတာ အဲသလို နိုင်ငံမျိုး။ တခါတလေများ အော်စလိုမြို့ထဲ လုံခြုံရေးကင်းလှည့်လာနေတဲ့ မြင်းစီးရဲသားတွေကို တွေ့တဲ့အခါ သူတို့က ကင်းလှည့်တာနဲ့မတူပဲ အလှပြမြင်းစီးပြနေတာနဲ့တူနေလို့ တယောက်ထဲ ပြုံးတောင်မှ ပြုံးမိပါသေးတယ်။ တခါတလေ သူတို့ မြင်းစီးသမားအချင်းချင်း မြင်းကို ဖြေးဖြေးလေးပဲ စီးပြီး စကားတပြောပြောနဲ့ သွားနေကြတာ ကြည့်လို့တောင် ကောင်းပါသေးတယ်။ ပြီးတော့ အများပြည်သူသွားလာတတ်တဲ့နေရာတွေမှာ လက်နက်ကိုင်ပြီး သွားလာနေတဲ့ စစ်သားတို့ ရဲတို့ဆိုတာ ကျနော်ဖြင့် တခါမှ မတွေ့ခဲ့ရဖူးပါဘူး။ နော်ဝေးနိုင်ငံဆိုတာက အဲသလို နိုင်ငံမျိုး။
          အခု လူ(၈၀)နီးပါး သေနတ်နဲ့ပစ်သတ်တဲ့ တရားခံကို ထောင်ထဲက ဘယ်လိုနေရထိုင်ရတယ် နော်ဝေးနိုင်ငံရဲ့ အချုပ်ထောင်စံနစ်က ဘယ်လိုရှိတယ် အစရှိသဖြင့် မောက္ခပညာရေးမဂ္ဂဇင်း အင်တာနက် ဝက်ဘ်ဆိုဒ်မှာ ကျနော်ဖတ်ရတော့ ကျနော့်ရဲ့ အဲဒီအတွေ့အကြုံကိုလည်း ဖြည့်စွက်ပြီး ဝေငှချင်လို့ ဒီဆောင်းပါး ရေးလိုက်တာပါပဲ။ 

ငြိမ်းဝေ
(လွန်ခဲ့တဲ့ သုံးရက်က ဧရာဝတီအင်တာနက် ဝက်ဘ်ဆိုဒ်မှာ တင်ခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။)
         
         

No comments:

Post a Comment