Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

November 06, 2011

ယာယီ အတိုက်အခိုက် ရပ်စဲသည့်နေ့က ကျဆုံးရသော ရဲဘော်သို့


လွန်ခဲ့တဲ့ လထဲက အင်တာနက် သတင်းဌါနတစ်ခုမှာ ကချင်ပြည်နယ်ထဲက တိုက်ပွဲတပွဲ အကြောင်း ရိုက်ထားတဲ့ မှတ်တမ်းတင် ဗီဒီယိုကို ကျနော် ကြည့်ရပါတယ်။
မီးစွဲ လောင်နေဆဲ ဖြစ်တဲ့ ကားတစင်း၊ မီးကျွမ်းသွားပြီး ဖြစ်တဲ့ နောက်ထပ် ကားတစင်း၊ မီးလောင်ထားတဲ့ ကားပေါ်မှာ အစိုးရ စစ်တပ်က သေဆုံးနေတဲ့ စစ်သားတွေ။ သူတို့ တကိုယ်လုံး မီးသွေးခဲလို ဖြစ်နေတာ၊ ရုပ်ပျက်ဆင်းပျက် သေဆုံးနေကြတာ။ လမ်းဘေး တောစပ်မှာလည်း ဟို တလောင်း သည် တလောင်း။
ပြီးတော့ လက် နောက်ပြန်ကြိုး တုတ်ခံထားရတဲ့ အစိုးရစစ်သား သုံ့ပမ်း နှစ်ယောက်။ နောက်ထပ် လက်ရဖမ်းမိထားတဲ့ အစိုးရစစ်တပ် စစ်ဗိုလ်တစ်ဦး။ စစ်ဗိုလ်လုပ်သူက စကားကို ပီပီင်္သသတောင်မှ ပြောမထွက်နိုင်လောက်အောင် ထိတ်လန့်နေတဲ့ မျက်နှာ။

November 03, 2011

ရွာခရိုးက ရွှေချိုးကူသံ



အခုတလော ငြိမ်းချမ်းရေးအကြောင်း ပြောတဲ့အသံတွေ တော်တော်လေး ကြားလာရတယ်။ နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးစကားသံနဲ့ ဝေးနေခဲ့တော့ ငြိမ်းချမ်းရေးလို့ဆိုလိုက်တာနဲ့ လူတွေ လန်းလန်းဆန်းဆန်း ဖြစ်သွားစေတယ်။

ငြိမ်းချမ်းရေးနဲ့ အချိန်အကြာကြီး ကင်းကွာခဲ့တော့ အခု ငြိမ်းချမ်းရေးလေသံကြားတယ်ဆိုရင်ပဲ ငြိမ်းချမ်းရေးဟာ ချိုနဲ့လားလို့ ပြောသူကပြော၊ ငြိမ်းချမ်းရေးတောင်းဆိုလှုပ်ရှားမှုဆိုတာ မတရားတဲ့အုပ်စိုးသူကို အလျှော့ပေးတဲ့နည်းလို့ ပြောသူကပြော၊ တခါ ငြိမ်းချမ်းရေးတောင်းဆိုလှုပ်ရှားတဲ့နည်းဟာ တော်လှန်ရေးကို စွန့်ခွါသွားတာ စသည်ဖြင့်…   ပြောတဲ့သူက ပြောလာကြတာလည်း ကြားရပါတယ်။ ကျနော်တို့ဟာ တော်လှန်ရေးနဲ့ ပြုပြင်ရေး မတူဘူးဆိုတာ သိဖို့လိုသလို ငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ ပြုပြင်ရေးကိုလည်း ခွဲပြီး မြင်ဖို့ လိုအပ်တယ်။


August 01, 2011

သူတို့ အချုပ်ခန်း

                           အော်စလိုမြို့မှာ မြန်မာအရေးဆန္ဒပြတဲ့နေ့က လုံခြုံရေးတာဝန်ယူတဲ့ မြင်းစီးရဲနှစ်ဦး
တခါတရံမှာ ထူးထူးခြားခြားရှိတဲ့ အတွေ့အကြုံတချို့ဆိုရင် ကျနော့်စိတ်ထဲ အချိန်တိုတိုနဲ့ လျော့ပါးမှေးမှိန်သွားလေ့မရှိပါဘူး။ ဒါကတော့ ကျနော်ရယ်လို့ ဟုတ်မယ်မထင်ပါဘူး။ လူ အတော်တော်များများ ဒီအတိုင်းပဲ ရှိပါလိမ့်မယ်။
          အခုတလော နော်ဝေးနိုင်ငံက လူ (၈၀) နီးပါးကို သေနတ်နဲ့ပစ်သတ်တဲ့ လူတစ်ယောက်အကြောင်း ကမ္ဘာ့သတင်းစာတိုင်းလိုလိုမှာ နေ့တိုင်းဖတ်နေရတဲ့အခါ ဟိုး လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်အတွင်းတုန်းက ကျနော်နဲ့အတူ မြန်မာလူမျိုး(၄)ယောက် နော်ဝေးနိုင်ငံမှာ ခိုလှုံခွင့်တောင်းခဲ့တဲ့အဖြစ်အပျက်ကလေးကိုလည်း တဆက်တစပ်တည်း သွားပြီးသတိရနေမိပါတယ်။ ဒီကြားထဲ မောက္ခပညာရေးမဂ္ဂဇင်း အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ‘လူ့ အကြင်နာတရား အရှိဆုံး နော်ဝေးအကျဉ်းထောင်´ ဆိုတဲ့ခေါင်းစဉ်နဲ့ နော်ဝေးနိုင်ငံရဲ့ အကျဉ်းထောင်စံနစ် ဓါတ်ပုံဆောင်းပါးကို တွေ့ရတဲ့အခါ အဲဒီ ၁၉၉၇ ခုနှစ်တုန်းက ကျနော်ကြုံခဲ့တဲ့ အတွေ့အကြုံကို ပိုပြီး သတိရနေစေတော့တာပေါ့။

February 15, 2011

အမှိုက်ပုံ


                                                   (ခ)
တဲ (၄) လုံးကြား သစ်ပင်ရိပ်အောက်တွင် လူ (၄၀) ခန့် ဝိုင်းစု ထိုင်ကြသည်။ ကောင်းကင်ပြာ စာသင်ကျောင်း ကျောင်းအုပ်နှင့် တူမလေး မြတ်နိုဗယ်သန်းက လူအုပ်၏ ထိပ်တွင် နေရာယူလိုက်သည်။ လူ (၄၀) ခန့်ဆိုသည်မှာ ခလေးရော လူကြီးအပါအဝင် လူ (၄၀) ကို ဆိုလိုခြင်းဖြစ်သည်။ ခလေးများကို နှုတ်လိုက်လျင် လူကြီး (၂၀) ခန့်တော့ ရှိမည်ဖြစ်သည်။

ကျနော်တို့လူအုပ်၏ဘေးတွင် ရေမြောင်းတစ်ခုရှိနေသည်။ ရေမြောင်း၏တဖက်တွင် ကြံခင်းရှိနေပြီး ကြံခင်းကို သံဆူးကြိုးဖြင့် ကရော်ကမယ် ခြံကာထားသည်ကို တွေ့ရ၏။ ကျနော်တို့နှင့် ကိုက်၂၀၀ ခန့်အကွာ ကုန်းမြင့်ပေါ်တွင် အမှိုက်ပုံကြီးကို မြင်နေရသည်။ လေတင်ဘက်တွင် ဖြစ်ဟန်တူပါသည်။ အမှိုက်ပုံကြီးဆီမှ  အနံ့အသက်များက ကျနော်တို့ဆီ ရောက်မလာကြ။

လူအုပ်ထဲတွင် အရွယ်မျိုးစုံ ကလေးတွေ ရှိနေသည်။ ရင်ခွင်ပိုက် ခလေးမှအစ အသက် ၁၀ နှစ်ခန့် ခလေးအထိ ဝင်ထိုင်နေကြသည်။ ခွေးဆယ်ကောင်ခန့်ကလည်း ကျနော်တို့လူအုပ်ဘေးတွင် အိပ်သူအိပ် ဆော့သူဆော့ လုပ်နေကြသည်။ ကျနော်က တူမလေး မြတ်နိုဗယ်သန်းကို ဓါတ်ပုံရိုက်ပေးရင်း သူတို့ပြောဆို ဆွေးနွေးကြသည်များကိုလည်း နားထောင်နေမိသည်။

တူမလေး မြတ်နိုဗယ်သန်းက မြေဝယ်မည့်ကိစ္စ၊ မြေဝယ်ပြီးလျင် ဝယ်ပေးထားသည့် မြေပေါ်တွင် စည်းကမ်းရှိရှိ အတည်တကျ နေထိုင်ရေးကိစ္စများကို ရှင်းပြနေသည်။ မြေဝယ်မည့်ကိစ္စ ဝယ်ထားသည့်မြေပေါ်တွင် ပြောင်းရွှေ့နေချင်သည့်ဆန္ဒ ရှိ မရှိ။ အချက် တစ်ချက်ချင်းစီ ရှင်းပြနေသည်။
မြေဝယ်ပေးလျင် ဝယ်ပေးသည့်မြေပေါ်တွင် အားလုံးလိုလိုက ပြောင်းရွှေ့နေကြမည့်အကြောင်း အကယ်၍ မြေဝယ်မည်ဆိုလျင် အမှိုက်ပုံနှင့်လည်း မနီးမဝေးဖြစ်ရမည်၊ စိုက်ပျိုးစားသောက်လို့ရသည့်မြေလည်းဖြစ်ရမည်၊ အကယ်၍ ပုလိပ်လာလျင်လည်း အလွယ်တကူ ထွက်ပြေးပုန်းအောင်းလို့ ကောင်းသည့် တောနှင့်လည်းနီးရမည်။ ဝိုင်းထိုင်နေသူများက စိတ်ဝင်တစား တက်တက်ကြွကြွပင် ပြန်လည်ဆွေးနွေးနေကြသည်။ နောက်ပြောင် ပြောဆိုငြင်းခုန်နေကြသည်။ 

ကျနော်က ဓါတ်ပုံ တစ်ပုံ နှစ်ပုံခန့်ရိုက်ပေးပြီးနောက် လူအုပ်ဘေးက အိမ်ထရံအစွန်းတွင် လာထိုင်နေသည့် အသက် ၃ နှစ်ခန့်အရွယ် ခလေးမလေးတစ်ဦးကို စိတ်ဝင်စားနေမိပြန်သည်။ သူက သနတ်ခါး ဘဲကြားလူးလျက်။ အိမ်ထရံကို မှီပြီး ထိုင်နေပုံကအစ ခတ်နွဲ့နွဲ့လေး ဖြစ်နေသည်။ သူ့ ဘေးနားကို တိုးကပ်သွားပြီး သူ့ လက်မောင်းလေးကို ကျနော်ကိုင်တော့ ကျနော့်ကို အနည်းငယ် ရှက်ရွှံ့သလို မေါ့ကြည့်သည်။ ကျနော်က သူ့မျက်နှာလေးကို ကြည့်ကာ ပြုံးပြလိုက်သည်။
                                        ရွှေမင်းသမီးလေးပါ...
သမီးနာမည်ဘယ်လိုခေါ်သလဲလို့ ကျနော်မေးတော့ သူက ချက်ချင်းဆိုသလို ပြန်ဖြေသည်။ သို့ သော် အသံတိုးလွန်းသဖြင့် သူ့ စကားကို သဲကွဲစွာမကြားရ။ ထပ်မေးရသည်။ သူကလည်း အသံမြှုင့်ပြီး ပြန်ဖြေသည်။ သို့ သော် သူ့ လေသံက ပျော့ပျော့လေး။ ချစ်စရာ ကြည်လင်သည့် အသံ။ သူ့ နံမည်ကို ကျနော်ကြားတော့ ကုန်းထားသည့် ကျနော့်ခါးသည်ပင် ဆန့်သွားသည်ဟု ယူဆလိုက်မိသည်။
“ ရွှေမင်းသမီး ”
ကျနော်က သေချာစေရန် ထပ်မေးသည်။ သူကလည်း သည်နံမည်ကိုပဲဖြေသည်။ ကျနော် သဘောကျသွားရသည်။ ကျနော်နှင့် ရွှေမင်းသမီးကို ဘေးက အမျိုးသမီးကြီး နှစ်ယောက်က ကြည့်နေသည်။ သူတို့မျက်နှာများက ရွှေမင်းသမီးပြောပြသမျှ သဘောတူထောက်ခံကြောင်း ဖေါ်ပြနေသည်။ ထို့ကြောင့် ရွှေမင်းသမီးကို ကျနော် ကြေနပ်သွားရသည်။ နောက်ကို အသာဆုပ်ကာ ရွှေမင်းသမီးလေးကို ဓါတ်ပုံရိုက်သည်။
လူတွေ ဆူဆူညံညံပိုဖြစ်လာသဖြင့် လူအုပ်ဖက် အာရုံပြန်ရောက်သွားရပြန်သည်။ အမျိုးသမီးကြီးတစ်ဦးက အရင်တစ်ခေါက်က ရထားသော အလှူပစ္စည်းများကို တနေရာတွင် သိမ်းထားသည့်အကြောင်း ပစ္စည်းတွေ ရောင်းစားသည်ဟုပြောသည့် ပစ္စည်းမရလိုက်သူများ၏ ဒီစကားကို မယုံကြည်ဖို့ တူမလေးမြတ်နိုဗယ်သန်းကို ရှင်းပြနေသည်။ သူက ပြောလည်းပြော သူနှင့် လေးငါးယောက်အကွာက အမျိုးသမီးများဆီ မျက်စေါင်းတထိုးထိုး လုပ်သည်။ 
                      ဦးဆောင်ဆွေးနွေးနေတဲ့ တူမလေး မြတ်နိုဗယ်သန်း

အစည်းအဝေးလာတက်သူများထဲတွင် အမျိုးသမီးများက အများစုဖြစ်နေသည်။ ယောင်္ကျားတွေက အလုပ်သွားလုပ်နေကြသည်။ တချို့က နေ့စားသွားလုပ်နေကြကြောင်း တချို့က ကြံခုတ်လိုက်ကြကြောင်း အစည်းအဝေးအစကတည်းက ပြောခဲ့ကြသည်။ ရောက်နေသည့် ယောင်္ကျားကြီး သုံးလေးဦးကလည်း ပြောသမျှကိုသာ နားထောင်သည်။ ဘာတခွန်းမျှ ဝင်မပြော။
အစည်းအဝေး အလည်လောက်ရောက်တော့ ဘေးက တဲအောက်တွင်ထိုင်နေသည့် အမျိုးသားတစ်ဦးက ထလာကာ အစည်းအဝေးအတွင်း ဝင်ပြောသည်။ သူက အော်ကျယ်အော်ကျယ်နှင့် ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြောကြဖို့ သူများက စေတနာနဲ့ ငွေအကုန်ခံပြီး မြေဝယ်ပေးမှာကို မနေချင်ဘူးဆိုလျင် အခုကတည်းက ပြတ်ပြတ်သားသား အဖြေပေးကြဖို့ အော်ပြောလိုက်သည်။

အစည်းအဝေးက အစကိုပြန်ရောက်သွားပြန်သည်။ တူမလေး မြတ်နိုဗယ်သန်းက နေကာမျက်မှန်ကို နဖူးထိပ်ပေါ်တင်ရင်း စာအုပ်ကိုဖြန့်ကိုင်ရင်း ညာဖက်လက်က ဘောလ်ပင်ကိုကိုင်ရင်း ပြောသမျှစကားကို နားထောင်သည်။ ပြီးတော့မှ မြေဝယ်မည့်ကိစ္စ သဘောတူမတူ အကြိမ်ကြိမ် ပြန်ပြီး အတည်ပြုချက်ယူရပြန်သည်။ ထိုအခါကျပြန်တော့လည်း လူတိုင်းလိုလိုက သဘောတူကြောင်း ပြန်ပြောကြသည်။ ရှေ့နားတိုးထိုင်ရင်း တချိန်လုံး တက်တက်ကြွကြွ နောက်ပြောင်ပြောဆို ဆွေးနွေးနေသည့် အမျိုးသမီးကြီးနှစ်ဦး၏ သဘောတူကြောင်း အော်ပြောနေသည့်အသံက အားလုံးကို လွှမ်းသွားသည်။
ထိုအမျိုးသမီးကြီး နှစ်ဦးမှာ လူအုပ်ထဲတွင် အတက်ကြွဆုံးဖြစ်သည်ကို ကျနော် သတိထားမိသည်။ သူတို့က ရယ်စရာလည်းပြောသည်။ တူမလေးမြတ်နိုဗယ်သန်းက မြေဝယ်ပြီးလျင် ဖဲရိုက်လို့ အရက်သေစာ သောက်စားမူးယစ်လို့ မြေဝယ်ပေးသူက ကြားသွားလျင် မကောင်းကြောင်း ပြောစဉ်တုန်းကလည်း သူတို့နှစ်ဦးကို လူတွေက ဝိုင်းပြီး လက်ညှိုးထိုးခဲ့ကြသည်။ သူတို့နှစ်ဦးကလည်း ရယ်မောပျော်ရွှင်စွာပဲ ဟုတ်ကြောင်း ဝန်ခံသည်။ မြေဝယ်ပေးလျင် ဒီအလုပ်တွေ မလုပ်တော့မယ့်အကြောင်း ပြောခဲ့ကြသည်။ ယောင်္ကျားတွေ အရက်သောက်တာ သူတို့ တာဝန်မယူကြောင်းတော့ ပြောနေကြသေးသည်။ အကယ်၍ ယောကျာင်္တွေက အရက်ဆက်သောက်နေလျင်တော့ သူတို့ လည်း ဖဲဆက်ရိုက်ကောင်း ရိုက်ရလိမ့်မည်ဟု ပြောနေသည်။ လူတွေက သူတို့ နှစ်ယောက်ကို ဝိုင်းဝန်းရယ်မော ကန့် ကွက်လိုက်ကြသည်။

လူအုပ်ဘေးတွင်ရပ်ကာ “အပြာရောင်ကောင်းကင် စာသင်ကျောင်း” ကျောင်းအုပ်ကြီးကို ကျနော်ကြည့်သည်။ သူက စကားသိပ် မပြော။ လိုအပ်မှ ဝင်ပြောသည်။ တူမလေး မြတ်နိုဗယ်သန်း ဘေးတွင် ရပ်နေလိုက်၊ ထိုင်ပြီး မြေကြီးကို တုတ်နှင့် ခြစ်လိုက် လုပ်နေသည်။ အမှန်တကယ်တော့လည်း သူက မြတ်နိုဗယ်သန်းကို ကူညီသည့်သဘော လိုက်လာခဲ့ခြင်းဖြစ်သည်။ လူစုပေးရန် လိုက်လာခဲ့ခြင်းဖြစ်သည်။ သို့ သော် မြေဝယ်မည့်ကိစ္စကိုတော့ သူလည်း တစုံတရာတက်တက်ကြွကြွ ဝင်ပြီး ဆွေးနွေးခဲ့သည်။ အထူးသဖြင့် မည်သည့်နေရာက မြေကိုဝယ်သင့်သလဲဟု မေးခွန်းထုတ်ကာ ဝယ်သင့်သည့်မြေကို သူကပဲ ဖြည့်စွက်အကြံပြုခဲ့သည်။ မည်သည့်မြေနေရာမျိုးကို ဝယ်သင့်သလဲဟု ဆွေးနွေးကြသောအခါ ပုလိပ်လာလျင် အလွယ်တကူ ထွက်ပြေးပုန်းအောင်းလို့ လွယ်ကူသည့် မြေနေရာဖြစ်လျင် အကောင်းဆုံးဖြစ်မည်ဟု တညီတညွတ်တည်း တင်ပြနေကြသည်ကို နားထောင်ကာ ကျနော့်မှာ ပြုံးမိသည်။

အစည်းအဝေးမှာ နာရီဝက်နီးပါး ရှိလာခဲ့ပြီ။ မြေဝယ်သည်ကို သဘောတူကြောင်း အတည်ပြုနိုင်ခဲ့ပြီ။ ယခင်အပါတ်က အလှူရှင် ဥရောပတိုက်သား ဇနီးမောင်နှံတို့၏ အလှူပစ္စည်းများကိစ္စဘက် ရောက်သွားပြန်သည်။ မြတ်နိုဗယ်သန်းက ပစ္စည်းတွေ ပြန်ရောင်းမစားကြဖို့ ပြောသည်။ ထိုင်နေသူများက ပစ္စည်းတချို့ မြန်မာပြည်ပြန်ပို့ လိုက်တဲ့အကြောင်း ပြောနေကြပြန်သည်။ တချို့က ပုလိပ်လာလျင် လူတွေ ထွက်ပြေးနေစဉ် တဲပေါ်က ပစ္စည်းအကောင်းဟူသမျှ ကားနဲ့ တင်ယူသွားသည့်အကြောင်း၊ မွေးထားသည့် ကြက်နှင့်ဝက်တွေကိုပင် ပုလိပ်တွေက ယူသွားကြသည့်ကြောင်း၊ တဲတွေကို ဓါးနှင့်ခုတ်လှဲ ဖျက်ဆီးထားခဲ့သည့်အကြောင်း ဒါကြောင့်မို့ အပိုပစ္စည်းများ ပစ္စည်းကောင်းများကို ရောင်းသင့်တာရောင်း မြန်မာပြည်ပြန်ပို့ သင့်တာပို့  လုပ်ကြရသည့်အကြောင်း ကြွက်ကြွက်ညံအောင် ရှင်းပြနေကြသည်။ သို့ သော် တဲမိုးဖို့ရထားသည့် မိုးကာစများကိုတော့ အားလုံးလိုလို သိမ်းထားကြသည့်အကြောင်း ပြောကြသည်။

သူတို့တတွေ အခုလို ထိုင်းပုလိပ်များနှင့် ရင်ဆိုင်ရပုံကို ကြားတော့ လွန်ခဲ့သော (၁၄) နှစ်က ရှေ့တန်းသို့ ခရီးထွက်ခဲ့သည့် အတွေ့အကြုံတချို့ကို ကျနော် ပြန်ပြီး သတိရလာခဲ့သည်။ ထိုစဉ်က ဖါးအံမြို့နယ်ထဲက မဲပလိကျေးရွာထဲ ကျနော် ရောက်နေစဉ် စစ်အစိုးရစစ်တပ်ရောက်လာလို့ တရွာလုံး ထွက်ပြေးရသည်ကို တွေးမိလာသည်။ ကျနော်က  ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ရွာသားများနှင့်အတူ ဖြတ်ပြေးနေစဉ် ရွာထဲက သေနတ်သံတွေ ခွေးဟောင်သံတွေ ကြားနေခဲ့သည်။ စစ်သားတွေ ရွာထဲက ပြန်ထွက်သွားတော့ ရွာသားတွေ ပြန်ဝင်လာကြသည်။ အိမ်တချို့က အဝတ်အစားများ ဒန်အိုးဒန်ခွက်များ ပျောက်ဆုံးကုန်သည်။ အိမ်တချို့ကို စစ်သားများက မီးတင်ရှို့ထားခဲ့ကြသည်။ မွေးထားသည့် ကြက်နှင့် ဝက်များကို ပစ်သတ်သွားကြသည်။ တချို့ ဖမ်းယူသွားကြသည်။ 

လေတချက် အဝေ့တွင် အမှိုက်ပုံကြီးဆီက ညှီစို့စို့ အောက်သိုးသိုးအနံ့များ ကျနော်တို့ဆီ ရောက်လာကြပြန်သည်။ ကျနော်က အမှိုက်ပုံကြီးဆီ လှမ်းမျှော် မေါ့ကြည့်ကာ အမှိုက်ပုံကြီးနံဘေးတဝိုက် တဲထိုးပြီး နေကြသည့် မိသားစုများအတွက် ပင့်သက်ရှိုက်မိသည်။ အထူးသဖြင့် ခလေးသူငယ်များရဲ့ကျန်းမာရေးအတွက် ကျနော် စိတ်ပူသည်။ မိုးတွင်းရောက်လာလျင် ကြုံတွေ့ ရမည့်အခြေအနေကို ခန့်မှန်းပြီး သက်ပြင်းချမိသည်။ ယခုပင်လျင် မြေတချို့က အစိုဓါတ်ရှိနေသည်။ ကျနော်တို့စကားဝိုင်း၏ဘေးတွင် ရေဗွက်တချို့ ရှိနေသည်။

သတိရလို့ ကျနော့်မိတ်ဆွေ “ ရွှေမင်းသမီးလေး ” ဆီ ကျနော် လှမ်းကြည့်ရပြန်သည်။ ရွှေမင်းသမီးလေးက ကျနော့်ကို အားအင်ဖျော့တော့သော အကြည့်ဖြင့် ပြန်ကြည့်နေသည်ကို တွေ့ရ၏။

ငြိမ်းဝေ
( အပိုင်း -ဂ- ကို ဆက်လက်ဖတ်ရှုပါရန်....)


February 14, 2011

အမှိုက်ပုံ

                                                               (က)
“ အပြာရောင်ကောင်းကင် ” စာသင်ကျောင်းကအထွက် ကားလမ်းမပေါ်အရောက် ကျောင်းကလေးဆီ ပြန်လှည့်ပြီးကြည့်သည်။ အရုပ်မျိုးစုံ နံရံမှာ ရေးဆွဲထားသည့် စာသင်ကျောင်းကလေးကို လှမ်းမြင်ရသည်မှာ ကျနော့်အတွက် တကယ့်ကို အသစ်အဆန်းလိုဖြစ်နေသည်။ ပြီးခဲ့တဲ့ ဆယ်မိနစ်ခန့်ကပဲ လည်တိုင်မှာ ကြိုးတွဲလောင်းနှင့် ကိုယ်လုံးတီးလူတယောက် လေးဘက်ထောက်သွားနေတဲ့ ကျောင်းနံရံပေါ်က ပန်းချီပုံကို နောက်ခံထားပြီး ကျနော့်ကို တူမလေး မြတ်နိုဗယ်သန်းက ဓါတ်ပုံရိုက်ပေးခဲ့သည်။ ဓါတ်ပုံကို ပြန်ကြည့်တော့ ကျနော့်ဘေးမှာ ခွေးတစ်ကောင်အိပ်လျက်။ ကျနော်က ဝတ်စုံအနက်ကို ဝတ်လျက်။

စာသင်ကျောင်းနံရံမှာ ဒီလိုပန်းချီပုံတွေကို ဘယ်သူ ဆွဲပေးခဲ့တာပါလိမ့်။ ကျောင်းကို ကူညီထောက်ပံ့သွားတဲ့ နိုင်ငံခြားသားတစ်ဦးဦးက ရေးဆွဲသွားတာများလား။ ပန်းချီကားတွေက ပန်းချီကို အပျော်ဆွဲတာထက်သာတဲ့လက်ရာမျိုးဖြစ်နေတာကိုကြည့်ပြီး ပန်းချီဆရာက တမင်သက်သက် သူ့အဓိပါယ်နှင့်သူ ရေးဆွဲသွားခဲ့တာ သေချာတာကိုတော့ ကျနော် သိသည်။ သူ ဖေါ်ပြချင်သည့် အဓိပါယ်ကို ကျနော် ကောင်းကောင်းသိသည်။ ထို့ကြောင့် ကျနော့်မှာ ခံစားရသည်။

(၅) မိနစ်ခန့်ကြာတော့ ကျနော်တို့ တူဝရီးနှစ်ယောက် အမှိုက်ပုံကြီးတခုရဲ့ ခြေရင်းကို ရောက်လာခဲ့ကြသည်။ လမ်းတွင်လည်း အမှိုက်မျိုးစုံကို လမ်းဘေးနှစ်ဖက်တွင် လမ်းပေါ်တွင် နင်းကျော်လာခဲ့ကြရသည်။ အထူးသဖြင့် ပျက်စီးရန်မလွယ်ကူသည့် အရောင်မျိုးစုံ အရွယ်မျိုးစုံပလပ်စတစ်အိပ်ခွံပျက်များကို နေရာအနှံ့ တွေ့ခဲ့ရသည်။ အမှိုက်ပုံကြီးနှင့် မနီးမဝေးအရောက်ကတည်းက စူးရှသည့် ညှီစို့စို့ အနံ့အသက်ကို လေအဝေ့တွင် ကျနော် ရှူရှိုက်မိခဲ့သည်။ တောင်ငယ်လေးတစ်ခုပမာဖြစ်နေသည့် အမှိုက်ပုံကြီး၏အောက်ခြေက တဲကလေးသုံးလုံးခန့်ဘေးတွင် ကားလမ်းက နိဂုံးချုပ်သွား၏။ အမှိုက်သွန်သည့်ကားများ၊  စွန့်ပစ် ပစ္စည်းလာဝယ်သည့် ကားများသာ အသုံးပြုသည့် ကားလမ်းဘေးတွင် ကျနော်တို့ ရပ်တန့်လိုက်ကြသည်။ ကားလမ်းဘေးတွင် ရေကန်ကြီးတစ်ခုရှိသည်။ အမှိုက်မျိုးစုံက ရေကန်ဘေးတွင် ကျနေသည်။ ရေကန်ပေါ်ဖြတ်လာသည့်လေနှင့်အတူ ညှီစို့စို့အနံ့ကို ရလိုက်သည်။

တူမလေး မြတ်နိုဗယ်သန်းကို လူတယောက်ကဆီးပြီး စကားပြောသည်။ တူမလေးအဖို့ အမှိုက်ပုံကလူတွေနှင့် ရင်းနီးပြီးဖြစ်သဖြင့် ကျနော်က အထူးအထွေလုပ်မနေတော့ပဲ လမ်းဘေးတွင် ရပ်နေလိုက်သည်။ တဲကလေးနှစ်လုံးရှေ့တွင် စုပြုံပြီးထိုင်နေသည့် ခလေးတသိုက် ခွေးတအုပ်နှင့် အမျိုးသမီးများက ကျနော်တို့ကို ပြုံးပြီးကြည့်နေကြသည်။ တူမလေးက စကားတခွန်းနှစ်ခွန်းပြောပြီးနောက် အမှိုက်ပုံကြီး၏ ဘေးတဖက်တွင်ရှိသည့် တခြားတဲအိမ်ကလေးတွေဖက် သွားရမည်ဟုဆိုကာ ရှေ့ကထွက်သည်။
ကျနော်က တူမလေးရဲ့နောက်က ဘေးဘီအနှံ့လိုက်ကြည့်ရင်း လမ်းလျှောက်လိုက်လာခဲ့သည်။ အမှိုက်ပုံကြီးရဲ့ ဘေးတဖက်တွင် တဲအိမ်ကလေးတချို့ကို ထပ်ပြီးတွေ့ရပြန်သည်။ ဈေးဆိုင်နှင့် အိမ်ကလေးတလုံးကိုလည်း တွေ့ရသည်။ တဲရှေ့တွင် တဲရဲ့တံစက်မြိတ်တွင် ခလေးသားရေစာနှင့် အချိုအချဉ်မုန့်ထုပ်များ ချိပ်ဆွဲထားသည်ကို တွေ့ရသည်။ ဆိုင်ပိုင်ရှင်ဟုထင်ရသူ အမျိုးသားတစ်ဦးက ကုန်းထိပ်တွင်ရပ်နေကြသည့် ကျနော်တို့ကို တဲတံစက်မြိတ်အောက်မှ ခေါင်းပြူကာ အပြုံးဖြင့်နှုတ်ဆက်လိုက်သည်။

အိမ်မှထွက်လာစဉ်ကတည်းက အလုပ်ကိစ္စကို ကြိုပြီးပြောထားခဲ့သဖြင့် ကျနော်က တူမလေးကို ဘာမျှမမေးပဲ သည်အတိုင်း စေါင့်ကြည့်နေလိုက်သည်။ တူမလေးက အမှိုက်ပုံကြီး၏ အခြားတစ်ဖက်တွင်နေထိုင်သူများ ရောက်လာသည်အထိ စေါင့်နေရန်ပြောနေသည်။ 

“ အဲဒါ သူ့အမေကိုယ်စား အစည်းအဝေးလာတက်တာတဲ့ဘဘ ကြည့်ပါအုန်း ”
တူမလေးဘေးတွင် တုတ်တစ်ချောင်းကို လက်တဖက်ကကိုင်လျက်။ အသက် ၃ နှစ်သာသာ ခလေးမလေးတစ်ဦး။ လက်တွေခြေတွေအားလုံး ပေရေလျက်။ ဝတ်ထားသည့် ဂါဝန်ကလေးက အရောင်လွင့်လျက်။
ကျနော်က ခလေးမလေး၏ဘေးတွင် သွားရပ်သည်။ သူ့ ပခုံးလေးကို ထိကာ မင်းဘာလုပ်ဖို့လာတာလဲ၊ နာမည်ဘယ်လိုခေါ်သလဲဆိုပြီး မေးနေမိသည်။ ခလေးမလေးက ကျနော့်ကို သူ့ နံမည်ပြောပြသည်။ အစည်းအဝေးလာတက်တာဟု ပြောနေသည်။ ပထမတော့ သူဘာပြောသည်ကို ကျနော် မသဲကွဲ။ မေးခွန်းကို ထပ်ပြီး မေးရသည်။ သူက စကားကို ခတ်နည်းနည်း ကျယ်ကျယ်ပြောလာသည်။ သူ့နာမည်ကို ပြောသည်။ အစည်းအဝေးတက်ဖို့လာသည်ဟု ပြောသည်။ ကျနော် သဘောကျသွားရသည်။

ငြိမ်းဝေ
(အပိုင်း - ခ - ကို ဆက်လက်ဖတ်ရှုပါရန်...)

July 10, 2010

လေဆန်မှာ မြှားတန်းလန်းနဲ့ ပျံသန်းရဲတဲ့ ငှက်


(၁)
            တရားရုံး အပြင်ဘက်တွင် မိုးရိပ်များ မှိုင်းနေသည်။
          လူတွေ မစည်ကားအပ်သည့်နေရာဖြစ်သည်ဟု အဆိုရှိသော်လည်း တရားရုံး ရုံးဝန်းထဲတွင် လူတွေ ဟိုတစု သည်တစု တွေ့နေရသည်။ မနက်(၈)နာရီထိုးတော့ ရုံးဝန်းထဲတွင် လူတွေ များသည်ထက် များလာသည်။ လူတချို့က တရားရုံး အဖီစွန်းအောက်တွင် ရပ်နေသည်။ တချို့ကမူ ရုံးဝန်းထဲက သစ်ပင်များအောက် ဈေးဆိုင်တန်းဘေး တွင် ရပ်သူကရပ် ထိုင်သူကထိုင်။ တရားရုံး ဝန်ထမ်းတချို့က ရုံးခန်းထဲ ဝင်လိုက်ထွက်လိုက်။
          

June 21, 2010

ကဗျာနဲ့ပြန်မြင်ရတဲ့ အိုမြတ်သော မိခင်( ၁၉၇၀ )


(က)
ကမ္ဘာကျော် တိုက်တန်းနစ်လို
သက္ကရာဇ်သင်္ဘောကြီး မှောက်စဉ်ကပေါ့
သွားချင်တဲ့ ကမ်းဦးကဝေး
လောကဓံရဲ့ ပြက်ရယ်သံကြား
မာယာရေဆန် ဆင်ဖိုနီတီးခတ်
ဖြတ်သန်းခြင်းအနုပညာ
မြန်မာကဗျာနှင်းဆီတွေ
မီးအဏ္ဏ၀ါဗွေကို အနမ်းနဲ့
အလွမ်းရာဇ၀င်ကြီး တမြေ့မြေ့ငေးအောင်
ချစ်မေတ္တာနဲ့ လွှမ်းလို့
၁၉၇၀ မှာ တဖွဲဖွဲလှမ်းခဲ့ကြတယ်။
(ကိုခါး - ကွမ်းခြံကုန်းရဲ့ မိုးဝေလမ်းဆုံ ကဗျာမှ)

June 07, 2010

စပါး ငါးကန်



(၁)
၁၉၉၁ ခု၊ မေလ…။
“ ဒိုင်း..ဒိုင်း…ဒိုင်း ”

ရွာလယ်လမ်းဆီက သေနတ်သံ သုံးချက် ဆက်တိုက်ကြားရသည်။ တရွာလုံး ခွေးဟောင်သံများ ဆူညံသွား ရ၏။ ကိုမောင်လှက တဲပေါက်ဝတွင် ရပ်လျက် နားစွင့်သည်။ နောက်ထပ်ပြီး သေနတ်သံ မကြားရ။ ခွေး ဟောင်သံများ ဆူညံနေသည့်ကြားမှ ရွာဆော် ကိုအေးရဲ့ အော်သံက သောင်ပုရွာပေါ် လွှမ်းသွား၏။

“ သောင်ပုရွာ ရွာသူရွာသားအပေါင်းတို့ခင်ဗျား.. တအိမ်တယောက် အိမ်ထောင်ဦးစီးကိုယ်တိုင် ရွာလူကြီး ဦးလှရွှေအိမ်ရှေ့ အခုချက်ချင်း လာရောက်ကြပါရန် နှိုးဆော်အပ်ပါတယ်ခင်ဗျား..” 


March 29, 2010

ဆရာ လူထုစိန်ဝင်းရဲ့ ခေတ်သစ်ပုတ္တောဝါဒ


( ၁ )

ကျနော်ငယ်စဉ် အသက် ၁၅ နှစ်ဝန်းကျင်က ကျနော့်စိတ်ထဲဖြစ်ပေါ်လာတဲ့ အကြောင်းအရာတခုကို အခြေအနေနဲ့  အချိန်အခါကို ထည့်စဉ်းစားနိုင်စွမ်းမရှိပဲ ထုတ်ပြောမိလို့ အိမ်ပေါ်က မောင်းချတာ ခံခဲ့ရဖူးတယ်။
ဒီတုန်းက ကျနော်က မိဘများနဲ့ အတူ ပဲခူးမြို့ သွန်းဘုရားလမ်းထဲ နေထိုင်စဉ်တုန်းကဖြစ်ပါတယ်။ ကျနော်တို့ အိမ်မှာ တခါတလေ ရပ်ကွက်ထဲက တရားဝါသနာပါတဲ့ ဖခင်ရဲ့ မိတ်သင်္ဂဟတွေ အိမ်ကိုလာလည်ရင်း ဘုရားအကြောင်း တရားအကြောင်းဝိုင်းဖွဲ့ ပြီးပြောတတ်ကြပါတယ်။ ကျနော်က လူကြီးတွေပြောတဲ့စကားတချို့ ကို ဘေးဘီက ဝေယျာဝစ္စလေးတွေလုပ်ပေးရင်း နားစွင့်ထားတတ်ပါတယ်။ ဒီလို မသိမသာ ခိုးပြီးနားထောင်တာကို လူကြီးတယောက်က သိပါတယ်။ ဒါကြောင့်မို့ တနေ့ တော့ ကျနော့်ကို မင်း ဒီလို စိတ်ဝင်စားတယ်ဆိုရင် ဒီလိုနားထောင်နေရုံနဲ့ တော့ ဘယ်ဖြစ်မလဲပေါ့ မသိတာရှိရင် သိချင်တာရှိရင်လည်း ဝင်ပြီးမေးပေါ့လို့ ဘိတ်ခေါ်ပါတယ်။ ကျနော် တော်တော်လေးကို ပျော်သွားပါတယ်။ အဲဒီညက အိပ်လို့ တောင် မပျော်ပါဘူး။ နောက်တခါ အဲဒီဦးလေးကြီးတွေနဲ့ ဆုံရင် ငါသိချင်တာလေးတခုတော့ မေးလိုက်ဦးမယ်ပေါ့။
နောက်တခါ အဲဒီဦးလေးကြီးတွေ အိမ်မှာစုကြတဲ့အခါ ကျနော်က အဲဒီနေ့ ကြကာမှ ရေနွေးတွေဘာတွေတည်ဖို့ မပြောရအောင် လိုလေသေးမရှိပြင်ဆင်ပေးပါတယ်။ ရင်ထဲမှာလဲ ကြိတ်ပြီး ဝမ်းသာနေမိတယ်။ ဝမ်းသာနေမိတယ်ဆိုတာထက် ရင်တွေခုန်နေတယ်ဆိုရင် ပိုပြီးမှန်ပါလိမ့် မယ်။

ဒါနဲ့ ပဲ ပြီးခဲ့တဲ့တကြိမ်တုန်းက ကျနော့်ကို စကားဝိုင်းထဲဝင်ဖို့ တံခါးဖွင့်ပေးခဲ့တဲ့ အဲဒီဦးလေးကြီးကပဲ ကျနော့်ကို မှတ်မှတ်ရရ မသိတာရှိရင်မေးလေကွာလို့ ကျေနပ်ကြည်နူးတဲ့မျက်နှာနဲ့ ဘိတ်ခေါ်ပြန်ပါတယ်။ ကျနော်က မေးခွန်းတခုကိုမေးပါတယ်။ ကျနော်မေးတဲ့မေးခွန်းက ဟိုး လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်က သေဆုံးသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့် ခွန်းတွေဟာ အဲဒီတုန်းက အသံဖမ်းစက်တွေ ပေါ်ကာစဖြစ်တာတောင် အကုန်လုံးအသံမသွင်းနိုင်ခဲ့ဘူး။ ဗိုလ်ချုပ်ရဲ့မိန့် ခွန်းအများစုဟာ မှတ်တမ်းမတင်လိုက်နိုင်ဘူး။ ဒါဆိုရင် စာတို့ ပေတို့ မပေါ်သေးတဲ့ ဟိုးနှစ်ပေါင်း ၂၀၀၀ ကျော်လောက်က ဟောခဲ့ပြောခဲ့တဲ့ ဗုဒ္ဒရဲ့ တရားတွေဟာ စနစ်တကျမှတ်တမ်းတင်နိုင်ခဲ့တာမဟုတ်လို့ အခု ကျနော်တို့ ပြောနေတဲ့ တရားတော်တွေအားလုံးဟာ ဗုဒ္ဒရဲ့တရားတော်တွေ အကုန်လုံးအမှန်ဖြစ်တယ်လို့ ပြောလို့ ရနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းကို စိတ်အားထက်သန်စွာနဲ့ ကို မေးလိုက်ပါတယ်။ ဒီတုန်းက ဘေးမှာထိုင်နေတဲ့ ကျနော့်ရဲ့ဖခင်ရဲ့တုန့် ပြန်မှုကလည်း လျင်မြန်ပါတယ်။ ကျနော့်ကို ဆွေးနွေးပွဲတံခါးဖွင့်ပေးခဲ့တဲ့ အဲဒီဦးလေးကြီးကလည်း နောက်နောင် ကျနော်နဲ့ လမ်းမှာတွေ့ ရင်တောင် မမြင်ချင်ယောင်ဆောင်တော့တာပါပဲ။ ဖခင်ကကျနော့်ကိုပြောလိုက်တဲ့စကားကလည်း ရှင်းပါတယ်။ နောက်နောင် မင်းဒီလိုစကားမျိုးပြောမယ်ဆိုရင် မင်းဒီအိမ်ပေါ်က ခေါင်းနဲ့ ဆင်းရမယ်သာမှတ် ဆိုတဲ့စကားပါပဲ။

အခု ကျနော် လူထုစိန်ဝင်း ရဲ့ လူထုရနံ့ စာအုပ်ကိုဖတ်တဲ့အခါ ဟိုတချိန်တုန်းက လမ်းမှာတွေ့ ရင် မျက်နှာချင်းမဆိုင်ပဲ မျက်နှာလွှဲသွားခဲ့တဲ့ ဦးလေးကြီးကို သတိရနေမိပါတယ်။ ဒီစာအုပ်ထဲမှာ ဆရာလူထုစိန်ဝင်းဆီကို မေးခွန်းတွေ လာလာမေးကြတဲ့ လူငယ်တွေဟာ ကျနော့်ထက်တော့ ကံကောင်းတယ်လို့ ဆိုနိုင်တာပေါ့။ ဘာပြုလို့ လည်းဆိုတော့  ဆရာလူထုစိန်ဝင်းက မသိတာလာမေးတဲ့လူငယ်တွေကို တစုံတရာမရှင်းလင်းလို့ စောဒကတက်တဲ့လူငယ်တွေကို မျက်နှာလွှဲမသွားပါဘူး။ မျက်နှာချင်းဆိုင်ထိုင်ပြီး သူသိသလောက် သူရှင်းလို့ ရသလောက် အကြေအလည်ပြန်လည်ရှင်းလင်းလိုက်တာမို့ သူ့ ဆီလာတဲ့လူငယ်တွေက ကျနော့်ထက် ကံကောင်းတယ်လို့ ကျနော် ဆိုလိုက်တာပါ။

( ၂ )
ဆရာ လူထုစိန်ဝင်းဟာ စာတွေအများကြီး ရေးနိုင်တဲ့သူပါ။ အထူးသဖြင့် ကျန်းမာရေးအကောင်းပကတိ လူငယ်တွေတောင် လုပ်နိုင်ခဲတဲ့အလုပ်ကို အောက်ဆီဂျင်ပိုက်ရှူပြီးမှ အသက်ရှင်ရသူ လူမမာတဦးအနေနဲ့ လုပ်ပြနိုင်စွမ်းရှိတာ တခုထဲနဲ့ တင် လူငယ်တွေအတွက် စံပြပုဂိုလ်ဖြစ်စေပါတယ်။ သူဟာမြန်မာစာနယ်ဇင်းလောကမှာ လူငယ်တွေအပေါ် အလေးအနက်အထားဆုံး၊ လူငယ်တွေအပေါ် နားလည်နိုင်အောင် အကြိုးစားဆုံး၊ လူငယ်တွေအပေါ် ယုံကြည်မျှော်လင့်မှု အရှိဆုံးပုဂိုလ်ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်အောင် သူ့ စာတွေက သက်သေဖြစ်စေခဲ့ပါတယ်။
တစ်လတစ်လ သူရေးပေးနေခဲ့တဲ့ ဆောင်းပါးပေါင်းစုံအရေအတွက်ဟာ ၁၀၀ ကျော်မှာရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ လာတွေ့ သမျှလူငယ်တွေနဲ့ ထိုင်ပြီးပြောပြ ရှင်းပြနေခဲ့တဲ့အလုပ်တွေပါထည့်တွက်ရင် လူမမာတဦးအနေနဲ့ ဘယ်လိုမှ စိတ်ကူးယဉ်လို့ မရနိုင်တဲ့ အလုပ်တွေပါပဲ။ ဒါပေမယ့် ဆရာ လူထုစိန်ဝင်းကတော့ အသေအချာကို စိတ်ကူးယဉ်တဲ့သူပါ။ စိတ်ကူးယဉ်နိုင်စွမ်းတဲ့ အာဂပုဂိုလ်ပါ။

လူငယ်တွေအပေါ်စိတ်ဝင်စားခြင်းဟာ အနာဂါတ်အတွက်ဖြစ်ပါတယ်။ လူငယ်တွေကိုယုံကြည်ခြင်းဟာ အနာဂါတ်ကို ယုံကြည်ခြင်းပါပဲ။ သူ့ ရဲ့ ဒီသဘောထား ဒီယုံကြည်မှုကို ဖေါ်ပြနိုင်တဲ့ စာအုပ်တွေထဲမှာ လူထုရနံ့ စာစုများ စာအုပ်ဟာ လောလောဆယ်မှာတော့အပြည့်စုံဆုံးစာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဆောင်းပါး (၅၅)ပုဒ်ပါရှိတဲ့အနက် (၂၂ )ပုဒ်ဟာ လူငယ်တွေကိုချည်း ရည်ညွှန်းရေးသားတဲ့ဆောင်းပါးများပဲဖြစ်ပါတယ်။ ကျန်တဲ့ဆောင်းပါးတွေကတော့ လူကြီးတွေကိုရည်ညွှန်းတာလည်းရှိ ဂျာနယ်လောကသားတွေနဲ့ သူ့ ကိုယ်သူ ရည်ညွှန်းရေးသားတဲ့ ဆေင်းပါးများဖြစ်ပါတယ်။ ဒီစာအုပ်ထဲက လူငယ်တွေနဲ့ ပတ်သက်တဲ့ဆောင်းပါးအားလုံးဟာ
ု့ ဆောင်းပါးတွေက သမိုင်းမှာ သခါန်းစာယူစရာကိစ္စတွေကိုကြည့်ပြီး ဒီလိုအမှားမျိုး နောက် မမှားမိစေဖို့ ။ ဥပမာ သတင်းစာသမား ဂျာနယ်သမားလူငယ်တွေကို ဆရာက သူရိယနဲ့ မြန်မာ့အလင်း သတင်းစာကြီး နှစ်ခုရဲ့အဖြစ်ကိုပြောပြီး သခါန်းစာယူစေပါတယ်။ သူရိယသတင်းစာကြီးဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ရွှေဥဒေါင်းနဲ့ ဆရာကြီး ပီမိုးနင်းတို့ လိုပုဂိုလ်တွေ လုပ်ကိုင်ခဲ့ကြတဲ့ တကယ့် လူရော ရှင်ပါ ရိုသေလေးစား သြစာတက္ကမကြီးမားတဲ့ သတင်းစာကြီးဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘကြီးဘဖေက ၂၁ ဦးဂိုဏ်းထောင်ပြီး အင်္ဂလိပ်ကပေးတဲ့ ငါးထောင်စားအလုပ်ကိုလုပ်လို့ သူ့ လက်ထက် သူရိယသတင်းစာကြီး သြစာကျဆင်းသွားရတယ်။ အင်္ဂလိပ်အစိုးရနဲ့ ပေါင်းသွားတဲ့ အမျိုးသားသစ္စာဖေါက်တယောက်ရဲ့ သတင်းစာကြီးအဖြစ် လူတွေက သတ်မှတ်လိုက်ကြတယ်။ နောက်ပိုင်းမှာ ဂဠုန်ဦးစေါလိုပုဂိုလ်က သူ့ ရဲ့နိုင်ငံရေးသြစာထူထောင်ဖို့ ကြိုးစားတဲ့အနေနဲ့ သူရိယသတင်းစာကြီးကို အသုံးချတဲ့ အခါ နောက်ဆုံးတော့ သူရိယသတင်းစာ နိဂုံးချုပ်ရတဲ့အကြောင်းကို ဆရာက ထောက်ပြပါတယ်။( ဖတ်ပါ၊ လေ့လာမါ၊ အတုမခိုးပါနဲ့ )

လူငယ်တွေ ပါးနပ်ကြဖို့ ၊ ပရဟိတနဲ့ အတ္တဟိတကိစ္စတွေအပေါ် မှန်မှန်ကန်ကန်သုံးသပ်ဖို့ ကိုလည်း ဆရာက ရေးပါတယ်။ ဥပမာ ကုလသမဂ အဖွဲ့ ကြီးရဲ့ကုန်ကျစရိတ်မှာ အဖွဲ့ ကြီးရဲ့ အရာရှိကြီးတွေသွားတာလာတာ နေတာထိုင်တာတွေကြောင့် စုစုပေါင်းကုန်ကျစရိတ်ရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းလောက်ရှိကြောင်း ၊ အင်ဂျီအိုတခုက ငွေဆောင်ကမ်းခြေမှာလုပ်တဲ့ ဝပ်ရှော့တခုဆိုရင် ဟော်တယ်ကြီးနှစ်ခုကို အပြတ်ငှါးပြီး နေထိုင်စားသောက်စရိတ်နဲ့ ခရီးစရိတ်တွေပါ ကျခံပေးကြောင်း တကယ်တော့ ဒီကုန်ကျစရိတ်တွေက စာသင်ကျောင်းနဲ့ ဆေးရုံတွေအတွက်ဖြစ်သင်းကြောင်း ထောက်ပြပြီး လူငယ်တွေ အင်ဂျီအိုလုပ်ငန်းတိုင်း မသာယာမိဖို့ သတိပေးပါတယ်။ ဒီတော့လည်း ကျနော်တို့ ပြည်ပမှာလည်း စီမီနာတွေ ဝပ်ရှော့တွေလုပ်တိုင်း မကုန်သင့်တာတွေအကုန်ခံပြီး စီမီနာဝပ်ရှော့ယဉ်ကျေးမှု ပေါ်ပျူလာဖြစ်နေတာကို ကျနော်သွားတွေးမိပါတယ်။(အတ္တပရဟိတ လုပ်ငန်း )

လူငယ်တွေ စာဖတ်ဖို့  လေ့ လာဖို့ လိုတဲ့အကြောင်နဲ့ ဒါပေမယ့် အတုမခိုးနဲ့ လို့ ဆရာက ပြောပါတယ်။ အတုမခိုးနဲ့ ကိုယ်က အသစ်ထွင်ရမယ်လို့ ဆိုပါတယ်။ အတုခိုးရင် သူများနောက်လိုက်ဖြစ်ပြီး အတုဟာ အတုပဲဖြစ်မယ့်အကြောင်းပြောပါတယ်။ ကျနော်တို့ က တသက်လုံး စု၊တု၊ပြု နဲ့ ကြီးပြင်းလာခဲ့တာမို့ ဆရာက ဒီလိုထောက်ပြလိုက်တော့ ကိုယ့်အယူအဆဖြာလိပ်ကို ခေါင်းပေါ်ကနေလွှတ်ချဖို့ အခုမှပဲ သတိထားမိပါတော့တယ်။(ဖတ်ပါ၊လေ့လာပါ၊ အတုမခိုးပါနဲ့ )

ဆရာက လူငယ်အများစုမှာ ကြောက်စိတ်ရှိနေတယ်လို့ သူထင်ကြောင်း၊ ကြောက်စိတ်ဟာ မိဘနဲ့ ပတ်ဝန်းကျင်ရဲ့ ဖန်တီးမှုကြောင့် ဖြစ်ရတာများကြောင်း ဆိုပြီးရေးပါတယ်။ ကြောက်စိတ်ကိုပျောက်အောင်ဖျောက်ဖို့ ဆိုရင် ဘာမဆိုရင်ဆိုင်ပစ်လိုက်မယ်ဆိုတဲ့စိတ်ဓါတ်ရှိဖို့ လိုကြောင်း ရင်ဆိုင်ပြီးတဲ့အခါ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကြောက်စိတ်ကမရှိတော့ကြောင်း လူငယ်တွေကို အကြံပေးပါတယ်။ (ကြောက်စိတ်က ကြောက်စရာအကောင်းဆုံး )

ဆရာ လူထုစိန်ဝင်းရဲ့ဆောင်းပါးတွေထဲမှာ ကျနော် သိသိသာသာ သတိပြုမိတဲ့အချက်က မြန်မာလူမျိုးတွေ နိုင်ငံရေးအမြင်အားနည်းတယ်ဆိုတဲ့အမြင်ကို ပြင်းပြင်းထန်ထန်ဆန့် ကျင်ရေးသားတဲ့အချက်ဖြစ်ပါတယ်။ (နိုင်ငံရေးကို နှာခေါင်းရှုံ့ ခဲ့တဲ့ ရေပေါ်ဆီလူတန်းစားတွေ}။ လူထုကို မြန်မာလူထုကို နိုင်ငံရေးဗဟုသုတနည်းပါးတယ်ဆိုတဲ့သူတွေ လူထုကို နိုင်ငံရေးအရ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါဆိုတဲ့သူတွေဟာ တကယ်တော့ လူတွေထဲမှာမရှိပဲ လူတွေနဲ့  ကင်းကွာနေတဲ့ ရေပေါ်ဆီလူတန်းစားတွေသာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ လူတွေထဲမနေ လူတွေအကြောင်းမသိတော့ တိုင်းပြည်အကြောင်းလည်းမသိတော့ဘူးလို့ ဆိုပါတယ်။ ဒီတော့ လူထုကိုအထင်မကြီးပဲ ကျောင်းတော်ကသင်ပေးတာလောက်ပဲ အထင်ကြီး နိုင်ငံခြားသာပြေတာတွေကိုပဲ အထင်ကြီးပြီး လူထုကို ဆရာလုပ်ဖို့ ကြိုစားကြတယ်လို့ လည်း ပြောပါတယ်။ တကယ်တော့ မြန်မာလူထုဟာ နိုင်ငံရေချိန်အမြင့်ဆုံးလူမျိုးပါတဲ့။ မြန်မာလူမျိုးဟာ နိုင်ငံရေးကို တက္ကသိုလ်ကျောင်းတော်က သင်ယူခဲ့တာမဟုတ်ပဲ ဘဝက သင်ယူခဲ့တာပါတဲ့။ ကိုလိုနီဘဝနဲ့ ဖက်ဆစ်ဂျပန်ခေတ်တွေမှာ လက်သည်းခွံခွါ ရေနွေးပူအလောင်းခံပြီးမှ သင်ခဲ့ရတာပါ။ ဒါကြောင့်မို့ နိုင်ငံရေးဗဟုသုတမြင့်တဲ့အကြောင်း ဥပမာနဲ့ တကွ ရေးပါတယ်။(လှမ်းစို့ တူပျော် ရွှေပြည်တော်}။

လူငယ်တွေ ငြင်းခုန်ပြောဆိုကြတာကိုလည်း ဆရာကအားပေးပါတယ်။ လူငယ်တွေ ငြင်းကြခုန်ကြရင်းက အမှန်တရားကို ဆုပ်ကိုင်လာနိုင်မယ်လို့ ဆရာက ယုံကြည်ပါတယ်။ အခြေအတင် ငြင်းခုန်ဆွေးနွေးအဖြေရှာတဲ့အလုပ်ဟာ ယဉ်ကျေးမှုရေးအလုပ်ဖြစ်တာမို့ ဆရာက လူငယ်တွေငြင်းခုန်ကြတာကို သဘောကျပါတယ်။ ဒါကြောင့်မို့ တောင်းရမ်းစားသောက်သူတွေကို အားပေးသင့်မသင့်ဆိုတဲ့ခေါင်းစဉ်နဲ့ လူငယ်တွေငြင်းကြခုန်ကြတဲ့အခါ ဘယ်ဟာ ပင်မ ဘယ်ဟာ သာမညဆိုတဲ့အဖြေကို လူငယ်တွေ ငြင်းခုန်ရင်းက အဖြေရလာနိုင်တယ်လို့ ဆိုပါတယ်။ (ငြင်းခုန်တာဟာ ရန်ဖြစ်တာမဟုတ်)။ တောင်းရမ်းစားသောက်လာစေတဲ့ အဓိက တွန်းအား အဓိက တရားခံကို လူငယ်တွေသိမြင်လာစေပြီး အဲဒီပင်မကို ရှင်းမှ လူတွေတောင်းရမ်းစားသောက်တဲ့အလုပ်ပပျောက်သွားမှာဖြစ်တယ် ပိုက်ဆံလှူပြီးကူညီလိုက်ရုံနဲ့ သူတောင်းစားတွေပျောက်သွားမှာမဟုတ်ဆိုတဲ့ အမြင်ကို ဆရာ လူငယ်တွေ ငြင်းခုန်ရင်းက ရလာစေတယ်လို့ သူ့ ရဲ့ကျောင်းသားများရဲု့ငြင်းခုန်ပွဲတွေကို ဥပမာပေးပြီးပြောပါတယ်။

(၃)
ဆရာ လူထုစိန်ဝင်းရဲံ့ လူထုရနံ့ စာစုများ စာအုပ်ဟာ ပြည်တွင်းမှာထုတ်ဝေတာ မဟုတ်ပါဘူး။ ပြည်တွင်းက ထုတ်ဝေခဲ့ပြီးတဲ့ ဂျာနယ်မဂဇင်းတွေမှာ ဖေါ်ပြပြီးတဲ့ ဆောင်းပါးများကို ပြည်ပမှာဖွဲ့ စည်းထားတဲ့ မြန်မာသတင်းသမဂက စုစည်းထုတ်ဝေတာပါ။ ပြည်ပမှာ ထုတ်ဝေတာပါ။
ဒီစာအုပ်မှာ အဓိကအားဖြင့် ဆရာလူထုစိန်ဝင်းက လူငယ်တွေကို ပညာပေးဖို့ ၊ လူငယ်တွေကို အတွေးအခေါ် ထက်မြက်စေဖို့ ၊ လူငယ်တွေကို ဘာမဆို ရင်ဆိုင်ဖြေရှင်းရဲ ဖြေရှင်းနိုင်ဖို့ အဓိကထားတဲ့ဆောင်းပါးများက အများစုဖြစ်ပါတယ်။

လူထုရနံ့ စာစုများ စာအုပ်ဟာ တကယ်တော့ ဆရာလူထုစိန်ဝင်း ရဲ့ လူငယ်တွေကို ပညာပေး ဆုံးမပဲ့ပြင်တဲ့ စာအုပ်ဖြစ်ပါတယ်။ လူထုစိန်ဝင်းရဲ့ ပုတ္တောဝါဒအမြင်စာအုပ်ဖြစ်ပါတယ်။ ဒါပေမယ့် အစဉ်အလာ အယူအဆအဟောင်းအရ ငါပြောတာနားထောင် ငါပြောတာအမှန် ခံမပြောနဲ့ ဆိုတဲ့ ပုတ္တေဝါဒအဟောင်းတော့မဟုတ်ပါဘူး။ ပုတ္တောဝါဒ လက်သစ်သာဖြစ်ပါတယ်။ ။

ငြိမ်းဝေ
(ဒီဆောင်းပါးက ဧရာဝတီ အင်တာနက်မဂဇင်းမှာ စာအုပ်စင်ကဏ္ဍအတွက် မောင်ဖူးတင့် ကလောင်အမည်နဲ့ ရေးခဲ့တဲ့ဆောင်းပါးဖြစ်ပါတယ်။ ဧရာဝတီမှာ ပြီးခဲ့တဲ့တပါတ်က ဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်။)

စာအုပ်အမည်။ ။ လူထုရနံ့ စာစုများ
စာရေးသူ ။ ။ လူထုစိန်ဝင်း
ထုတ်ဝေသူ ။ ။ မြန်မာသတင်းသမဂ
ထုတ်ဝေခုနှစ် ။ ။၂၀၁၀၊ ဖေဖေါ်ဝါရီ




January 15, 2010

ပိတောက်တွေလှိုင်တဲ့နှစ် ခမေါက်တွေနိုင်တဲ့ခေတ်


(က)
ကျနော်တို့ လူစု ခမောက်ကြီးအောက်တွင် ဝိုင်းစုပြီးထိုင်နေကြသည်။ခမောက်ကြီးမှာ လူ သုံးဆယ်ခန့် ထိုင်နေကြသည့်တိုင် လုံခြုံသည့်အမိုးဖြစ်နေသေး၏။ ခမောက်ကြီးအောက်တွင် ထိုင်နေရင်းက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်းကို ကျနော်တွေးမိသည်။ သူက အကြံကောင်း၏။ ဝါးခမောက်ကြီးတခုကို ယာယီတဲ၏အမိုးအဖြစ်တင်ထားရန် စိတ်ကူးခဲ့သူဖြစ်သည်။ ကျနော်တို့ အဖွဲ့ ချုပ်၏ ရွေးကောက်ပွဲသင်္ကေတမှာ ခမောက်ဖြစ်သည်။ ထို့ ကြောင့် ယာယီတဲ၏အမိုးအဖြစ် ဝါးခမောက်ကြီးတခုလုပ်ပြီးတင်ထားရန် စိတ်ကူးခဲ့သူ ဦးခင်မောင်ဝင်း၏အကြံကိုပြန်တွေးကာ ကျနော် ပြုံးမိသည်။


ဝါးခမောက်ကြီးမိုးထားသည့် စည်းရုံးလှုံ့ ဆော်ရေးယာယီတဲမှာ မဲရုံနှင့် ကိုက်(၁၅၀) အကွာခန့် တွင်ရှိသည်။ မဲရုံနှင့်ကိုက်(၁၀၀)အတွင်း မဲဆွယ်စည်းရုံးခြင်းမပြုရဟူသည့် ရွေးကောက်ပွဲဥပဒေအရ ကျနော်တို့ က မဲရုံနှင့်ကိုက်(၁၅၀)အကွာခန် အကွာ ဥပဒေနှင့်လွတ်ကင်းသည့်နေရာ့တွင် မဲဆွယ်စည်းရုံးရေးယာယီတဲထိုးရန် ဆုံးဖြတ်ခဲ့ကြ၏။ တဲရှေ့ လက်ခုပ်တဖေါင်အမြင့်တွင် “ပိတောက်တွေလှိုင်တဲ့နှစ် ခမောက်တွေနိုင်တဲ့ခေတ်” ဟု ရေးထားသည့်ပိုစတာကြီးကို တဲ၏နဖူးစီးအဖြစ်ထောင်ထားလိုက်၏။ ကျနော်တို့ က တဲရှေ့နှင့် တဲအောက်တွင် ခုံတွေချကာ ထိုင်ကြသည်။ တဲရှေ့ မှဖြတ်ကျော်ကာ မဲရုံသို့ သွားကြသော မဲလာပေးသူများ ကို နှုတ်ဆက်ကြ မျက်နှာပြကြရသည်။ သို့ သော် ယခင်နေ့ များလိုတော့ အဖွဲ့ ချုပ်စည်းရုံးရေးစကားများကို ဓါတ်စက်နှင့်မပြောမဟောကြတော့ပဲ တဲအောက်တွင် ရေနွေးကြမ်းသောက်ရင်း အေးဆေးစွာထိုင်ကြ၏။ မဲထည့်မည့်နေ့ တွင် မည်သည့်ပြဿနာမျှမပေါ်ပေါက်စေရန် ဆူဆူညံညံပြောဟောစည်းရုံးသည့်အလုပ်ကို ရပ်ထားလိုက်ကြ၏။

“ကျနော်တို့ နိုင်မှာကတော့ သေချာသလောက်ပဲ၊ ဒါပေမယ့် ရှေ့ ဘာတွေဖြစ်လာအုံးမလဲဆိုတာ ကျနော်တွေးလို့ မရဘူး၊ ကျနော်ကတော့ ရွေးကောက်ပွဲဟာ ပြဿနာအားလုံးကိုပြေလည်သွားစေမယ့်ကိစ္စလို့ တော့ ကျနော်မယုံကြည်မိဘူး”

ဦးခင်မောင်ဝင်း က မည်သူ့ ကိုမျှမကြည့်ပဲ မြေကြီးပေါ်ကို ခေါင်းငုံ့ ပြီး စိုက်ကြည့်နေသည်။ ကျနော်ပြောလိုက်သည့်စကားကိုမူ ခေါင်းငုံ့ ပြီးနားထောင်သည်မှအပ မည်သို့ မျှရုတ်တရက်ပြန်မပြောပဲနေခဲ့၏။
ဤ လေးငါးဆယ်ရက်အတွင်း ဦးခင်မောင်ဝင်း၏မျက်နှာမှာ သိသိသာသာ ချောင်ကျသွား၏။ နေ့ စဉ်ရက်ဆက် နယ်လှည့်ပြီး စည်းရုံးရေးဆင်းခဲ့ရသဖြင့် သူ့ မှာ အစားမှန် အအိပ်မှန်မရှိခဲ့။ နေလောင်ထားသည့် သူ့ နဖူးပြင်မှာ အညိုရောင်သန်းနေလေသည်။ အမြဲတန်းလိုလို သန့် ပြန့် သပ်ရပ်စွာ ဝတ်စားနေထိုင်တတ်သူဖြစ်သည့်တိုင် ဤရက်များအတွင်း၌သူသည်ဘိုသီဘတ်သီဝတ်စားသွားလာနေသည်ကို တွေ့ ခဲ့ရ၏။

“ဆရာပြောတာ ကျနော်နားလည်ပါတယ်၊ ကျနော်လည်း အချိန်တိုင်းလိုလို ဒါကိုပဲစဉ်းစားနေရတာပဲ၊ စည်းရုံးရေးဆင်းနေတဲ့တချိန်ထဲမှာ ငါတို့ နိုင်မှာကတော့ သေချာသလောက်ပဲ၊ ဒါပေမယ့် ရွေးကောက်ပွဲပြီးတဲ့အခါ ဆိုပြီးဆက်တွေးမိရင် ကျနော့်ရင်ထဲ တကယ်မရှင်းဘူး”

ကျောင်းဆရာဟောင်းဖြစ်သူ ကျနော့်ကို ဦးခင်မောင်ဝင်းက ဆရာဟူသောနာမ်စားဖြင့် သာခေါ်ဝေါ်ပြောဆိုတတ်၏။ သူနှင့်ကျနော်က အသက်ချင်းမတိမ်းမယိမ်း။ သူက ရဲဝန်ထမ်းဟောင်းတဦး။ ကျွဲပွဲမြို့ ရဲစခန်းတွင် စခန်းမှူးအဖြစ်တာဝန်ထမ်းဆောင်ဖူးသူ။ အလုပ်မှဆေးပင်စင်နှင့်ထွက်ပြီးနောက် သစ်အရောင်းအဝယ်လုပ်ငန်းလုပ်ရင်း နိုင်ငံရေးနယ်ပယ်ထဲ ခြေစုံပစ်ဝင်လာခဲ့သူ။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်တော့ သူက ကျွဲပွဲမြို့ သပိတ်ခေါင်းဆောင်။ ကျနော်က စစ်တောင်းမြစ်ကမ်းဘေး ကျေးရွာသပိတ်စခန်း အမာခံတဦး။ အရေးတော်ပုံကာလနောက်ပိုင်း အုတ်တွင်းမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် အချိန်တိုင်းလိုလို သူနှင့်ကျနော် အတူတွဲပြီး အလုပ်လုပ်ခဲ့၏။ သူက မြို့ နယ် စည်းရုံးရေးကော်မီတီဥက္ကဌ။ ကျနော်က မြို့ နယ် ပြန်ကြားရေးနှင့်သုတေသနဌါနတာဝန်ခံ။ သူက ရဲဝန့် ပြတ်သားစွာ အလုပ်လုပ်တတ်သူ။ ကျနော်က ရှင်းလင်းဆွေးနွေး ဝါဒဖြန့် ချိရေးကို စိတ်အားထက်သန်သူ။ သူနှင့်ကျနော် ကျေးရွာတွေဆင်းခဲ့ကြသည်။ အခန်းအနားတွေလုပ်ခဲ့ကြသည်။ စာရွက်တွေ ဝေခဲ့ကြသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ အလုပ်တွေ ဆက်လုပ်ကြရမှာပဲ၊ ကျနော့်စိတ်ထဲ ဆရာ့လိုပဲ မတင်မကျသဘော၊ မဝေခွဲတတ်တဲ့သဘော၊ မရှင်းလင်းတဲ့သဘောတွေ ရှိနေပေမယ့် ပါတီလုပ်ငန်းတွေကိုတော့ မဖြစ်မနေဆက်လုပ်ကြရမှာပဲမို့ လားဆရာ၊ ပြီးတော့ ရွေးကောက်ပွဲ ရှိသည်ဖြစ်ပစေ မရှိသည်ဖြစ်ပစေ ပါတီကတော့ရှိကိုရှိနေရမှာပဲမို့ လား၊ ဒါဆိုရင် သံသယတွေနောက်တန်းမှာထား လုပ်စရာရှိတာ လုပ်ကိုလုပ်ကြရတော့မှာပဲပေါ့၊ ဒီလိုတွေးလိုက်မှပဲ ရင်ထဲမှာပေါ့သွားတယ်လို့ ကျနော်ထင်မိတယ်”

မဲရုံက မဲပေးပြီးပြန်လာကြသည့် အမျိုးသမီးကြီးတအုပ်က ခမေါက်တဲကြီးရှေ့ ရောက်ကာမှ “ဒေါ်အောင်ဆန်းစုကြည်အသက်ရာကျော်ရှည်ပါစေ” ဟု သံပြိုင်အော်ဟစ်လိုက်ကြ၏။ ကျနော်တို့ က လမ်းပေါ်က သူတို့ လူအုပ်ကို ညာသံပေးကာ တုန့် ပြန်နှုတ်ဆက်လိုက်ကြသည်။

နေ့ တဝက်ကျော်လာခဲ့ပြီ။ မဲရုံရှေ့ တွင် မဲပေးသူ ပိုများလာသည်ဟုထင်မိသည်။ မဲပေးလာသူ အားလုံးလိုလိုက ကျနော်တို့ ကို နှုတ်ဆက်သွားကြသည်။ တချို့ က ကျနော်တို့ နှင့်ခဏတဖြုတ်အတူတွဲပြီးထိုင်သွားကြ၏။ တချို့ က ခမောက်တဲကြီးနောက်ခံထားကာ အမှတ်တရ ဓါတ်ပုံများပင် ရိုက်ကြ၏။

“ဟော ဦးခင်မောင်ဝင်းတော့ ရောက်လာပြီဗျို့ ”

ခမေါက်တဲကြီးဆီ လွယ်အိပ်တလုံးလွယ်ကာ လျောက်လာနေသည့် ဦးခင်မောင်ဝင်းကို ကျနော်တို့ အားလုံးက ဝမ်းသာတက်ကြွစွာ ကြိုဆိုလိုက်ကြသည်။

“ဘယ်လိုလဲ အခြေအနေကောင်းရဲ့လား၊ ဟိုမှာတော့ အားလုံးကောင်းပါတယ်၊ ခမောက်နဲ့ နှဲ အတူတူပဲဆိုပြီး အပင်ပမ်းခံ လိုက်ရှင်းထားတာ တော်တော်ထိရောက်သွားတယ်”

ဦးခင်မောင်ဝင်းက ခမောက်တဲကြီးကို သဘောကျသလိုမေါ့ကြည့်ရင်း တဲရှေ့ တွင် လာပြီးရပ်လိုက်သည်။ ကျနော်က အခြေအနေကောင်းသည်ဟု ယူဆရကြောင်း မည်သည့်ပြဿနာမျှမရှိကြောင်း ပြန်ပြောပြလိုက်၏။

ဒီကနေ့  မနက်ပိုင်းက ကျနော်တို့ မဲဆွယ်စည်းရုံးရာ ခမေါက်တဲကြီးဆီ ဦးခင်မောင်ဝင်း ရောက်မလာနိုင်ခဲ့ပါ။ သူက အုတ်တွင်းမြို့ မဲရုံဆီ အစေါကြီးထသွားရ၏။ အုတ်တွင်းမြို့  အမှတ်(၁)မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဝင်မပြိုင်ခဲ့ပါ။ ဗဟိုမှ ညှိနှိုင်းချက်အရ အဖွဲ့ ချုပ်၏ အသက်ကယ်ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဝင်းက ဝင်ရောက်ယှဉ်ပြိုင်၏။ ထို့ ကြောင့် နယ်ခံဖြစ်သူ ဦးခင်မောင်ဝင်းက ယင်းပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်ဝင်းအတွက် ကူညီဆောင်ရွက်ပေးရန် မြို့ နယအဖွဲ့ ချုပ်ရုံးသို့ အစေါကြီးသွားနေခဲ့ရခြင်းဖြစ်သည်။
အမှန်တကယ်အားဖြင့်မူ သူသည် သူ့ အတွက် မဲဆွယ်စည်းရုံးသည့်အလုပ်ထက် ဗဟိုမှ ချပေးသည့် အသက်ကယ်ပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် မဲဆွယ်စည်းရုံးသည့်အလုပ်ကို ပိုပြီးအချိန်ပေးခဲ့၏။ အဖွဲ့ ချုပ် အသက်ကယ်ပါတီ၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လေါင်းဦးသိန်းဝင်းမှာ နယ်မြေခံမဟုတ်။ လူသိနည်းသူလည်းဖြစ်သည်။ အဖွဲ့ ချုပ်အသက်ကယ်ပါတီ၏ ရွေးကောက်ပွဲဆိုင်ရာသင်္ကေတမှာ “နှဲ” ဖြစ်သည်။ ထို့ ကြောင့် ခမောက်ကလွဲ မည်သူ့ ကိုမှ မဲမပေးဟုဆန္ဒပိုင်းဖြတ်ထားသည့် မြို့ နယ်လူထုကို “ခမောက်နှင့်နှဲ အတူတူပဲ” ဟု ရှင်းလင်းလှုံ့ ဆော်ကာ ဦးခင်မောင်ဝင်းကဦးဆောင်လျက် နေ့ မအားညမအား စည်းရုံးရေးဆင်းခဲ့ရ၏။ (မှတ်ချက်။ ။ ယင်းအသက်ကယ်ပါတီ၏ဥက္ကဌမှာ ယခုအခါ အဝေးရောက်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြစ်လာသူ ဒေါက်တာစိန်ဝင်းဖြစ်ပါသည်။) ယခုလည်း သူ ဝင်ရောက်ယှဉ်ပြိုင်ရသည့် မဲဆန္ဒနယ်မဲပေးသည့်နေ့ ဖြစ်သည့်တိုင် သူက မြို့ နယ်ရုံးသို့ သွားကာ အသက်ကယ်ပါတီပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် ဝိုင်းဝန်းကူညီနေခဲ့ရ၏။ နေ့ လည်ပိုင်းကြမှသာ ကျွဲပွဲသို့ ပြန်ရောက်လာခြင်းဖြစ်သည်။
ထိုနေ့ က အုတ်တွင်းမြို့ နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးခင်မောင်ဝင်းက (၈၀)ရာခိုင်နှုန်းကျော် မဲအပြတ်ရရှိကာ အနိုင်ရရှိခဲ့၏။ ဤမဲဆန္ဒနယ်တွင် ဦးခင်မောင်ဝင်းနှင့် အဓိကဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ပုဂိုလ်မှာ တချိန်က မဆလပါတီ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်ခဲ့သူ ဗိုလ်ချုပ်ထွန်းရီဖြစ်သည်။ သူက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကိုယ်စား လှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

မဲပေးသည့်နေ့ က မဲရုံပိတ်ကာနီးအချိန်တွင် ဗိုလ်ချုပ်ထွန်းရီနှင့်အဖွဲ့  မဲရုံသို့  ကား(၄)စီးဖြင့် ရောက်လာခဲ့၏။အခြွေအရံများခြံရံလျက် မဲရုံအတွင်းသို့ ဝင်လာခဲ့၏။ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများက တရိုတသေကြိုဆိုကြရ၏။ ဗိုလ်ချုပ်ထွန်းရီနှင့်အဖွဲ့ မဲရုံအတွင်း ဆယ်မိနစ်ခန့် နေသွားသည်ကို မဲလာပေးသူအားလုံးမြင်၏။ မဲပုံးများထားရာ အခန်းထဲအထိဝင်သည်ကိုလည်း အားလုံးသိ၏။ ပထမတော့ ဤသတင်းကိုကြားကြားချင်း ဦးခင်မောင်ဝင်းနှင့် ကျနော်တို့ အားလုံး ဒေါသဖြစ်ကြရ၏။ ရွေးကောက်ပွဲဥပဒေကိုချိုးဖေါက်သည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ထွန်းရီ၏အပြုအမူကို ရွေးကောက်ပွဲကော်မရှင်ထံ စာရေးပြီးတိုင်ရန် တိုင်ပင်ကြသေး၏။ သို့ သော် မဲများရေတွက်ပြီးသောအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စလှယ်လောင်း ဦးခင်မောင်ဝင်းက မဲအပြတ်အသတ်နှင့်အနိုင်ရရှိသည့်အဖြေကိုကြားရသဖြင့် ဗိုလ်ချုပ်ထွန်းရီအားတိုင်ကြားရန်စဉ်းစားထားသည်ကို ကျနော်တို့ အားလုံး နောက်ဆုတ်ထားလိုက်ကြ၏။ ကျနော်တို့ အောင်ပွဲခံခဲ့ပြီ။ ရထားသည့်အောင်ပွဲနှင့်နွယ်ပြီး နောက်ထပ် မည်သည့်ပြဿနာမျှ မဖြစ်ချင်ကြတော့။

မဲရုံမှ မဲများရေတွက်သည်ကို ဦးခင်မောင်ဝင်းအပါအဝင် လူအတော်များများ ဝိုင်းဝန်းကြည့်ကြ၏။ မဲစာရင်းများရေတွက်နေစဉ် လူတွေအားလုံး ငြိမ်သက်စွာ စေါင့်ပြီးနားထောင်နေခဲ့ရာက မဲအရေအတွက် နောက်ဆုံးသတင်းထွက်လာသောအခါ လူတွေအားလုံး ဆူညံစွာ အော်ဟစ်လိုက်ကြသည်။ လက်ခုပ်လက်ဝါးတီးကာ ကကြခုန်ကြ၏။ တချို့ က ဦးထုပ်များ၊ထီးများ၊ ဖိနပ်များကိုပင် အပေါ်သို့ ပစ်မြှောက်ကာ တက်ကြွနေခဲ့ကြ၏။

ဦးခင်မောင်ဝင်း၏မျက်နှာကို ကျနော်အကဲခတ်သည်။ သူ ဘယ်လိုခံစားနေရသည်ကို ကျနော်သိချင်သည်။ ဦးခင်မောင်ဝင်းက ခတ်ပြုံးပြုံးမျက်နှာနှင့် လူအုပ်၏ဘေးမှလျောက်လာနေ၏။ ကျနော့်ကိုတွေ့ တော့ သူက မျက်နှာကို အားယူပြီး ပိုပြီးပြုံးပြသည်။ ကျနော်က သူမကြာခဏပြောတတ်သည့်စကားတချို့ ကိုသာ နားထဲတွင်ကြားနေခဲ့၏။

“ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ အလုပ်တွေ ဆက်လုပ်ကြရမှာပဲ၊ ကျနော့်စိတ်ထဲ မတင်မကျသဘော၊ မဝေခွဲတတ်တဲ့သဘော၊ မရှင်းလင်းတဲ့သဘောတွေ ရှိနေပေမယ့် ပါတီလုပ်ငန်းတွေကိုတော့ မဖြစ်မနေဆက်လုပ်ကြရမှာပဲမို့ လား...”

အမှန်တကယ်အားဖြင့်မူ သူက နိုင်ငံရေးမိုးကောင်ကင်တခုလုံး ညစ်ထေးအုံ့ ဆိုင်းနေသည်ကို ထိုစဉ်ကတည်းက သံသယဖြစ်နေခဲ့သည်ဟု ကျနော်ခန့် မှန်းမိသည်။
ခတ်ပြုံးပြုံးမျက်နှာနှင့်လမ်းလျောက်လာနေသည့် ဦးခင်မောင်ဝင်း၏ ဟန်ပန်မှာ အိပ်မက်ထဲတွင်လမ်းလျောက်လာနေသူနှင့်တူနေသည်ဟု ကျနော်ထင်ခဲ့၏။

(၂)
“ကံကောင်းလို့ မိုးကတပေါက်နှစ်ပေါက်ပဲရွာလိုက်လို့ ပေါ့၊ နို့ မို့ ရင် ဒီခမောက်ကြီး ဘယ်လိုမှသယ်လို့ ရမှာမဟုတ်ဘူး”
“ရွာတော့လဲဘာဖြစ်လဲကွာ၊ အဲဒါလဲ ရွှေမိုးငွေမိုးသဘောပဲပေါ့၊ ဟ မနက်ဖြန်ကြရင် တမြို့ လုံး ပိတောက်တွေလှိုင်နေတော့မှာသေချာတယ်၊ ဟား ပိတောက်တွေလှိုင်တဲ့နှစ် ခမောက်တွေနိုင်တဲ့ခေတ် ဟုတ်ပါ့ကွား၊ သိတ်ဟုတ် တကယ့်ကိုဟုတ်တာပဲဟေ့”

လူနှစ်ဆယ်ခန် က့ ခမောက်ကြီးကို ဝိုင်းဝန်း မ,ယူ လာခဲ့ကြသည်။ တလမ်းလုံးတယောက်တပေါက် စကားတွေဆူဆူညံညံနှင့်ပြောလာခဲ့ကြ၏။ နေရာလပ်မရှိသဖြင့် ဝင်မမပဲ ဘေးမှလမ်းလျောက်လိုက်ပါလာသူတွေက တွေ့  သမျှလူကိုနှုတ်ဆက်ကြ၏။ ခမောက်ကြီးလမ်းအပြည့်ဝိုင်းမလာကြသည့်ကျနော်တို့ ကို လူတိုင်းကလည်း ဝိုင်းဝန်းအားပေး နှုတ်ဆက်သွားကြ၏။

ကားလမ်းနှင့်ရထားလမ်းဖြတ်ရာနေရာအနီးကိုရောက်လာခဲ့ကြသည်။ ရထားတစင်းက ကျနော်တို့ လူအုပ်ကိုတွေ့ ဟန်တူ၏။ ကားလမ်းဖြတ်မည့်သဘော ရထားဥသြသံပေးပြီးမှ တဖြေးဖြေးနီးလာနေ၏။ ကျနော်တို့ လူသိုက်က ခမောက်ကြီး ခေါင်းပေါ် ရွက် မ, ထားလျက်နှင့်ပင် ရထားလမ်းအောက် ကားလမ်းပေါ် ရပ်နေခဲ့ကြ၏။ ရထားတစင်းလုံးလိုလို ပြတင်းပေါက်များမှ ခရီးသည်တွေ ခေါင်းပြူပြီး ထွက်ကြည့်ကြ၏။ တချို့ က ချက်ချင်းသဘောပေါက်ကာ လက်သီးလက်မောင်းတန်း နှုတ်ဆက်လိုက်ကြ၏။ ကျနော်တို့ ကလည်း ပြန်လည်နှုတ်ဆက်လိုက်ကြ၏။

ရန်ကုန်မန္တလေးလမ်းမကြီးပေါ်ရောက်လာခဲ့ကြသည်။ ကျနော်တို့ က လမ်းဘေးသို့ ကပ်ပြီးမှ ခမောက်ကြီးကို သယ်လာကြသည့်တိုင် မောင်းလာသည့်ကားတချို့ က လမ်းဘေးသို့ ဆင်းရပ်ပေးလိုက်ကြ၏။ ကျနော်တို့ ကို ပြုံးပြနှုတ်ဆက်လိုက်ကြ၏။ ထိုစဉ်မှာပင် စစ်သားများအပြည့်တင်ဆောင်လာသည့် စစ်ကားတစီးက ကျနော်တို့ ဘေးမှခတ်ဖြေးဖြေးဖြတ်မောင်း၏။ ကားပေါ်က စစ်သားများကို ကျနော်တို့ ထဲကလူတယောက်က ရုတ်တရက် လက်တဖက်မြှောက်ပြီးမှ အော်ဟစ်နှုတ်ဆက်လိုက်၏။

“ပြည်သူ့ စစ်သား ဒို့ စစ်သား ကျန်းမာပါစေ”

ကားပေါ်ကစစ်သားများမှာ ပထမတော့ ဘာပြန်ပြောရမှန်းမသိပဲ ကြောင်စီစီဖြစ်နေကြသေး၏။ ပြီးမှ ကျနော်တို့ ကို ပြန်လည်ပြုံးပြနှုတ်ဆက်ကာ အောင်မြင်ကြပါစေ ဟု ဆုတောင်းပေးလိုက်ကြ၏။

ကျွဲပွဲမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးဘေး အဆင်သင့်ပြင်ထားသည့် နေရာတွင် ခမောက်ကြီးကို ထောင်ထားလိုက်ကြသည်။ ရုံး၏မျက်နှာစာနှင့် ထောင်ထားသည့်ခမောက်ကြီးကို ကားလမ်းပေါ်မှ ထင်ထင်ရှားရှားကြီးမြင်နေရ၏။ အောင်ပွဲခံခဲ့ရသည်ရှိသော် မလိုလားအပ်သည့်ပြဿနာများမဖြစ်ပေါ်လာစေရန် အောင်ပွဲခံအခမ်းအနားကို နေ့ ချင်းမလုပ်ပဲထားရန်ဆုံးဖြတ်ခဲ့ကြသဖြင့် ထိုနေ့ က ရုံးရှေ့ တွင် တိတ်တိတ်ဆိတ်ဆိတ်နှင့်ပင် အောင်ပွဲခံခဲ့ကြရ၏။ အထူးသဖြင့် ဦးခင်မောင်ဝင်းက လုံခြုံရေးကို ပိုမိုဂရုစိုက်ရန်အကြံပြုထားသဖြင့် တညနေလုံး တညလုံး ကင်းချပြီးမှ အောင်ပွဲခံကြရ၏။

ညနေ(၆)နာရီခန့် ကားလမ်းပေါ်တွင် လူအသွားအလာရှင်းနေစဉ် မဲရုံမှပြန်လာကြသည့် လူအုပ်တအုပ်ကိုတွေ့ ရသည်။ သူတို့ က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)မှ စည်းရုံးရေးမှူးများဖြစ်ကြ၏။ သူတို့ ရုံးက ကျနော်တို့ အဖွဲ့ ချုပ်ရုံးရှေ့ မှသွားမှသာရောက်နိုင်၏။ တခြားရွေးစရာလမ်းမရှိ။ ထို့ ကြောင့် သူတို့ လည်း မျက်နှာငယ်ငယ်နှင့်ပင် ကျနော်တို့ ရုံးရှေ့ မှလျောက်လာကြ၏။ ရုံးရှေ့ ကိုရောက်တော့ သူတို့ လူအုပ်ကို ကျနော်တို့ အားလုံးလှမ်းကြည့်နေမိကြသည်။ သူတို့ အထဲက လူတချို့ ကလည်း ကျနော်တို့ ဘက်သို့ လှမ်းပြီးအကဲခတ်သလိုကြည့်၏။ အမှန်တကယ်အားဖြင့်မူ သူတို့ က ကျနော်တို့ ၏ အဓိက နိုင်ငံရေးပြိုင်ဖက်များဖြစ်သည်ဆိုသော်လည်း ကျဉ်းမြောင်းလှသည့် ကျွဲပွဲမြို ကလေးထဲ့တွင် နေ့ စဉ်ထိတွေ့ ဆက်ဆံနေကြရသော အသိမိတ်ဆွေများပင်ဖြစ်ခဲ့၏။ ထို့ ကြောင့် ကျနော်တို့ ကလည်း သူတို့ ကို အားနာနေမိသည်။
ထိုစဉ်မှာပင် ဦးခင်မောင်ဝင်းက ရှေ့ ကိုခြေတလှမ်းတိုးရပ်ကာ ထိုလူအုပ်ကိုလက်ပြနှုတ်ဆက်လိုက်လေသည်။

“မင်္ဂလာပါရဲဘော်တို့ ”

လမ်းပေါ်က တစည စည်းရုံးရေးမှူးများမှာ ရုတ်တရက် လမ်းသွားရပ်လိုက်ကြ၏။ ကျနော်တို့ ဘက်သို့ ပြိုင်တူလိုပင် လှည့်ကြည့်ကြသည်။ ပြီးတော့ ဇာတ်တိုက်ထားသလိုပင် သူတို့ အားလုံးပြန်လည်နှုတ်ဆက်လိုက်ကြလေသည်။

“မင်္ဂလာပါ ဦးခင်မောင်ဝင်း”

ပင်ပမ်းနွမ်းနယ်နေသောမျက်နှာနှင့် ဦးခင်မောင်ဝင်းက လမ်းပေါ်ကလူအုပ်ကို ပြန်ကြည့်နေသည်။ပြီးတော့ အမှတ်မထင် မိုးကောင်းကင်ကို မေါ့ကြည့်၏။ ထို့ နောက် ကျနော့်ဘက်သို့ လှည့်ကာ စကားတခွန်းပြောလိုက်လေသည်။

“မိုးသားတွေ မဲနေပါလားဆရာရေ၊ နိုင်ငံရေးရာသီဥတုကတော့ တကယ့်ကို မှုံမှိုင်းနေတာပဲဗျနော”

ကျနော်က သူ့ စကားကိုသဘောတူကြောင်း ခေါင်းညိမ့်ပြီးပြလိုက်မိလေသည်။ ။

ငြိမ်းဝေ

(ဦးခင်မောင်ဝင်းမှာ အုတ်တွင်းမြို အမှတ်(၂)့မဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်တုန်းက သူ့ ကို စစ်အစိုးရက ချဲမှုနဲ့ မတရားအမှုဆင်ပြီး ထောင်ချခဲ့လို့  ထောင်ထဲမှာ (၁၀)နှစ်နဲ့ (၁၅)ရက်နေပြီးမှပြန်လွတ်ခဲ့ပါတယ်။ ၂၀၀၆ ခု၊ မတ်လ (၃၁)ရက်နေ့ မှာ သူ့ ကို စစ်အစိုးရက ထပ်မံဖမ်းဆီးပြီး နှစ်(၂၀)ထောင်ဒဏ်ချပြန်ပါတယ်။အခုဆိုရင် ဦးခင်မောင်ဝင်းဟာ အမျိုသားဒီမိုကရေစီအဖွဲ့ ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ထဲမှာ ထောင်ဒဏ်အများဆုံးချမှတ်ခံရတဲ့ပုဂိုလ်ဖြစ်ပါတယ်။ဒီဆောင်းပါးဟာ အကျဉ်းချခံနေရတဲ့ အဲဒီပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးတဲ့ဆောင်းပါးဖြစ်ပါတယ်။)

October 01, 2009

လွမ်းလိုက်ရတာ “နိုင်ဝင်းဆွေ”ရာ .....


(က)

ရုရှားစာရေးဆရာ “အီလျာ အာရင်ဘတ်” ဟာ “သူ့ဘ၀မှာ အနည်းဆုံး (၃)ကြိမ်လောက်အထိ သေမိန့်ကျခံထိုက် တဲ့လူ” လို့ ဝေဖန်ခဲ့ကြဖူးပါတယ်။ “အာရင်ဘတ်” ရဲ့ ဘ၀ဇာတ်လမ်းအပြောင်းအလဲတွေကလည်း များမှများ။ စာရေးဆရာ “နိုင်ဝင်းဆွေ” လည်း အာရင်ဘတ်လိုပုဂ္ဂိုလ်မျိုးပဲလား။


“နိုင်ဝင်းဆွေ” ရဲ့ ပုံနှိပ်မဖော်ပြရသေးတဲ့ ၀တ္ထုတိုအသစ်တချို့ကို ကျနော်ဖတ်ရဖူးတယ်။ ၁၉၉၂-ခုနှစ်ထဲမှာ “တောမှော်ရုံ တက္ကသိုလ်” ကို ကျနော်ရောက်လာတော့ “နိုင်ဝင်းဆွေ” နဲ့ ကျနော်ပြန်တွေ့ရတယ်။ ၁၉၇၇-ခုနှစ်လောက်ကတည်းက သူနဲ့ ကျနော် လူချင်းမတွေ့ခဲ့ရတာ။ နှစ်ပေါင်း (၁၅)နှစ် ကြာပြီးမှ ပြန်တွေ့ကြတော့ လက်ရှိအနေအထားမှာ ဘ၀ချင်းလည်းတူ၊ စာပေ သမားချင်းလည်းတူတော့ ဟို ... “မိုးကြိုမုန်တိုင်း” စာအုပ်ထွက်ကာစတုန်းက သူနဲ့ကျနော် စိတ်ဝမ်းကွဲခဲ့ကြတာတွေက အလိုလို မှေးမှိန်ကုန်ကြရတော့တာပေါ့။
သူနဲ့ကျနော် ပြန်တွေ့ကြတော့ သူက “သစ္စာ” မဂ္ဂဇင်းကို ဦးစီးပြီး ထုတ်ဝေနေတဲ့အချိန်။ သူ့မှာ ရဲဘော်ရဲဘက် အသစ်တွေ ၀ိုင်းဝိုင်းလည်နေတဲ့အချိန်။ တနေ့ သူခေတ္တ သင်္ကန်းစီးရဟန်းဘောင်ဝင်နေတဲ့အခိုက်၊ ရဟန်းပျိုသမဂ္ဂကုန်းတော် ပေါ်ကအဆင်း၊ မယ်တုက္ခီစမ်းချောင်းဘေးမှာ ကျနော့်ကဗျာအပိုင်းတစ စာရွက်ကလေးကိုတွေ့သတဲ့။ နောက်တနေ့မှာ ကျနော့်ကဗျာတပိုင်းတစ စာရွက်ကလေးကိုပြပြီး သူ့ရဲ့ “သစ္စာ” မဂ္ဂဇင်းမှာ ကဗျာစာတည်းဝင်လုပ်ပေးဖို့ ပြောလာတော့တာပဲ။ ဒီတုန်းက ကျနော်က “တောမှော်ရုံ တက္ကသိုလ်” ကို ရောက်ကာစ။ ပြီးတော့ သူလို အင်မတန်ထက်မြက်ကျော်ကြားလှတဲ့ စာရေးဆရာတယောက်ကိုမှီပြီး ကိုယ်နေရာရဖို့၊ ကိုယ်နာမည်ကြီးဖို့လုပ်နေတယ်ဆိုတဲ့ ဝေဖန်သံကိုလည်း မခံနိုင်လို့ သူ့ကမ်းလှမ်းချက်ကို ကျနော်ပယ်ခဲ့ပါတယ်။
“တောမှော်ရုံ တက္ကသိုလ်” ကို ရောက်ကာစ “သစ္စာ” မဂ္ဂဇင်းမှာပါတဲ့ သူ့ဆောင်းပါးတွေ၊ သူ့ရဲ့ ၀တ္ထုတို (၆)ပုဒ်။ ဒါတွေက ကျနော့်အတွက် အသစ်တွေဖြစ်နေတော့ အငမ်းမရ ဖတ်ခဲ့ရတာပေါ့။ သူ့ဝတ္ထုတိုလေးတွေက သူ့ရဲ့ “ပန်ဆန်း”မှာ နေခဲ့ထိုင်ခဲ့ရတဲ့ ဘ၀တွေကို အခြေခံထားတာဖြစ်တော့၊ သူ့သမိုင်း သူ့ဖြတ်သန်းမှုတွေကို အဲဒီဝတ္ထုတွေထဲကပဲ ကျနော်က နှိုက်ယူခဲ့ရတာပဲ။ သူ့ရဲ့ “စပယ်တောစံအိမ်” အကြောင်း၊ အဲဒီဝတ္ထုတိုတွေထဲကပဲ ကျနော် ထိတွေ့ခဲ့ရတာပဲ။ ၀မ်းနည်းဖို့ကောင်းတာက သူ့ရဲ့ အဲဒီ လက်ရေးစာမူ ၀တ္ထုတို(၆)ပုဒ်ကို ကျနော်က ပထမအကြမ်းဖျင်းဖတ်တယ်၊ ပြီးတော့မှ အချိန်ယူပြီး သေသေချာချာဖတ်မယ်ဆိုပြီး (သူကလည်း ခဏ ခဏ ပြန်ပြန်တောင်းနေလို့) အဲဒီစာမူတွေ သူ့ကိုပြန်အပ်လိုက်တာ၊ သူက မမျှော်လင့်ပဲ ကျန်းမာရေးချို့တဲ့၊ “တောမှော်ရုံ တက္ကသိုလ်” ကလည်း ကျဆုံးလိုက်တော့ နောက်ထပ်တခါထပ်ဖတ်ဖို့ရည်ရွယ်ထားတဲ့ ကျနော့်စိတ်ကူး ပျက်ခဲ့ရ တာပေါ့။ ပိုဆိုးတာက သူ့ရဲ့ အဲဒီပုံမနှိပ်ရသေးတဲ့ ၀တ္ထုတိုစာမူ (၆)ခုဟာ၊ ကဗျာဆရာမ “မိဆူးပွင့်” ဆီမှာလိုလို၊ ကဗျာဆရာ “တိုက်အောင်” ဆီမှာလိုလို၊ သူ့ဇနီး “ဒေါ်ဂျုံ” ဆီမှာလိုလိုနဲ့ အခုထက်ထိ ပျောက်ကွယ်သွားခဲ့ရပါတယ်။ ဒီလို သူ့စာမူတွေ ပျောက်ဆုံးကုန်တော့မှ သူ့တန်ဘိုးကို ကျနော်ပိုပြီး နားလည်မိတယ်။ အဲဒီ ပျောက်ဆုံးသွားတဲ့ ၀တ္ထုတိုစာမူ (၆)ခုဟာ၊ သူ့ရဲ့ နာမည်ကျော်ကြားလှတဲ့ “ဘ၀စာမျက်နှာများ” ၀တ္ထုတိုတွေထက်ပိုပြီး ရသမြောက်တဲ့ စာမူတွေပါ။ မြန်မာ စာပေနယ်ပယ်မှာ ဘယ်တော့မှဖယ်လို့မရတဲ့ အဖိုးတန် ရသစာမူတွေအဖြစ် အခိုင်အမာပြောရဲတဲ့စာမူတွေ။ အခုတော့ .. ။
စာရေးဆရာ “နိုင်ဝင်းဆွေ” နဲ့ ကျနော်၊ ခြံစည်းရိုးသာခြားတဲ့ ခြံတခုစီမှာ (၂)နှစ်ကျော် နေခဲ့ရတယ်။ ၁၉၉၂-၁၉၉၄၊ မာနယ်ပလော ... ။ ဒါပေမယ့် သူနဲ့ကျနော် အချိန်တော်တော်ကြာအောင်ထိုင်ပြီး စကားပြောခဲ့ရတာတော့ နည်းပါတယ်။ သူ့မှာ တခြားဧည့်သည်တွေများတာရယ်၊ ရဟန်းဘောင်ဝင်ပြီး တရားအားထုတ်တာရယ်၊ ကျန်းမာရေးမကောင်းတာကြောင့် သူနဲ့ကျနော် ကြမ်းတပြေးထဲထိုင်ပြီး စကားပြောရတဲ့အချိန် နည်းပါးခဲ့ရတာပါ။ ဒီတော့ကာ သူဘာတွေစိတ်ဝင်စားနေတယ်၊ သူဘာတွေ တွေးနေ တယ်၊ သူဘာတွေ ရေးနေတယ်ဆိုတာ တခြားသူတွေ သိထားသလောက်ပဲ ကျနော်သိခဲ့ရတာပါ။ သူ့ရဲ့ ပျောက်ဆုံးနေစဲဖြစ်တဲ့ “သုံးဖက်မြင်စစ်တမ်း”နဲ့ သူ့ဝတ္ထုတို (၆)ပုဒ် ...။ ဘယ်သူ့ဆီမှာ လက်ဝယ် သိမ်းဆီးထားနိုင်ခဲ့သလဲ။ ဒါတွေဟာ သူ့အတွက်လည်း အရေးကြီးသလို တိုင်းပြည်အတွက်၊ စာပေနယ်ပယ်အတွက် အင်မတန် အရေးကြီးတဲ့ တန်ဘိုးကြီးပစ္စည်းတွေပါ။
ပထမ ... ဆရာ “နိုင်ဝင်းဆွေ” ရဲ့ဇနီး “ဒေါ်ဂျုံ” ... ။ “ဒေါ်ဂျုံ” ဆီမှာများ သူ့စာတွေ လက်ရေးစာမူတွေ လက်ဝယ်ရှိနေခဲ့ သလား။ “မာနယ်ပလော” ကို န၀တစစ်တပ်နဲ့ ဒီကေဘီအေတပ်တွေသိမ်းတော့ “နိုင်ဝင်းဆွေ” နဲ့ “ဒေါ်ဂျုံ” ဟာ၊ မုန်တိုင်းထဲက ကျေးမောင်နှံလို တကွဲတပြားစီဖြစ်ခဲ့ပါတယ်။ “နိုင်ဝင်းဆွေ” ကို ကျနော် နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့နေရာဟာ ရက်ပိုင်းအတွင်း လူသူကင်းမဲ့သွားတော့မယ့် “ပဟေလူ” ရွာကလေးမှာပါ။ စစ်ပြေးဒုက္ခသည်တွေ ထောင်သောင်းချီပြီး ထိုင်းနိုင်ငံအတွင်းပိုင်း ဒေသ အသီးသီးကို ဆက်လက်ထွက်မပြေးနိုင်ခင်၊ ခေတ္တစုဝေးခဲ့ကြတဲ့ ရွာကလေးပါ။ “နိုင်ဝင်းဆွေ” ကို၊ အိမ်တအိမ်ရဲ့အိမ်ရှေ့ခန်း၊ ဘုရားခန်းရှေ့မှာ တရားထိုင်နေတာကို ကျနော်တွေ့ခဲ့ရပါတယ်။ အဲဒီအိမ်ထဲမှာ လူတွေဝင်လိုက်ထွက်လိုက်၊ လမ်းပေါ်မှာလူတွေ အားလုံး ကိုယ့်အပူနဲ့ကိုယ်။ ဒါဟာ “နိုင်ဝင်းဆွေ” ကို ကျနော်နောက်ဆုံး သက်ရှိထင်ရှားတွေ့ခဲ့ နှုတ်ဆက်ခဲ့ရတဲ့ မြင်ကွင်းပါ။
ဒိနောက်ပိုင်း “နိုင်ဝင်းဆွေ” သေဆုံးသွားပြီလို့ အခိုင်အမာယူဆရမယ့်သတင်း၊ “ဒေါ်ဂျုံ” က တဦးတည်းသော သားကလေး “မောင်ဆန်း” ကို လက်ကဆွဲပြီး “၀” ဒေသကို ပြန်သွားပြီဆိုတဲ့သတင်း။ နိုင်ဝင်းဆွေရဲ့ စာမူတွေဟာ “ဒေါ်ဂျုံ” ဆီမှာ လိုလ၊ို ကဗျာဆရာ “တိုက်အောင်” ဆီမှာလိုလိုသတင်းကို ကျနော်ရခဲ့ပါတယ်။ ဒီလိုနဲ့ ကိုယ်ကလည်း ဘ၀ရပ်တည်ရေး တည်ငြိမ် ဖို့ ကြိုးစားရင်းက “နိုင်ဝင်းဆွေ” ရဲ့ ရတနာသိုက်စာမူတွေကို စုံစမ်းနေရင်းမှာပဲ ကဗျာဆရာ “တိုက်အောင်” က၊ ကျနော် လက်လှမ်းမမှီတဲ့နေရာတနေရာမှာ သေဆုံးခဲ့ရတယ်။ ဒါနဲ့ပဲ မျှော်လင့်ချက်တခုတည်းသာရှိတဲ့ “ဒေါ်ဂျုံ” နဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးစားတုန်း “ဒေါ်ဂျုံ” ကလည်း သေဆုံးရပြန်တယ် (၂၀၀၅-ခု)။ ကြံရာမရတဲ့အဆုံး ကဗျာဆရာမ “မိဆူးပွင့်” ၊ ကဗျာဆရာ “မောင်လွမ်းဏီ” တို့ဆီ စုံစမ်း ပြန်တော့ သူတို့ဆီမှာလည်း သူ့စာမူတွေမရှိ။ အခုတော့ “နိုင်ဝင်းဆွေ” ရဲ့ စာမူတွေ အမှန်တကယ် ပျောက်ဆုံးကုန်ကြရပြီလို့ပဲ ယူဆရပါတော့မယ်။

(ခ)

“နိုင်ဝင်းဆွေ” ရဲ့ ၀တ္ထုတွေဟာ ကျနော့်အဖို့တော့ တကယ့်ကို ယစ်မူးစရာတွေချည်းပါပဲ။ ဒီကနေ့အထိလည်း လူငယ် လူကြီး ဘယ်သူ့ကိုမဆို သူ့ဝတ္ထုတွေပေးဖတ်ရ၊ ညွှန်းရနဲ့ ဘယ်တော့မှ လေးနက်မှုလျော့မှာမဟုတ်ပါဘူး။ သူ့ဘ၀ကို ကျနော် သိပ်ပြီး မသိပါဘူး။ သူဘယ်မှာမွေး၊ သူ့မိဘတွေက ဘယ်သူ၊ သူဘယ်မှာကြီးပြင်းပြီး ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာကိုလည်း သူတကာသိသလောက်ပဲ ကျနော်သိခဲ့ရတာပါ။ ဒါပေမယ့် “နိုင်ဝင်းဆွေ” နဲ့ ပတ်သက်တဲ့ “အလွမ်းပုံပြင်” တွေကတော့ တထမ်းကြီးရှိပါတယ်။ တခါတုန်းကများ... ဇေယျဝတီမြို့လေးရဲ့၊ ဘူတာရုံစင်္ကြန်လမ်းပေါ်မှာ အမျိုးသမီးတယောက်ကို လက်ညှိုးထိုးပြီး “အဲဒါ နိုင်ဝင်းဆွေရဲ့ ကွဲသွားတဲ့မိန်းမပေါ့” ဆိုတဲ့ မိတ်ဆွေတယောက်ရဲ့စကားက ကျနော့်နားထဲမှာ မထွက်တော့ပါဘူး။ စင်္ကြန်လမ်းပေါ်မှာ တွေတွေလေးရပ်နေတဲ့ အဲဒီအမျိုးသမီးလေးရဲ့လက်ရှိဘ၀ကို တစိပ်တပိုင်းသိထားတဲ့ ကျနော့်မှာ သက်ပြင်းတွေ ချပြီးရင်းချခဲ့မိပါတယ်။ အဲဒီ မိန်းကလေးဟာ သူ့ရဲ့ “နွေတည” ၀တ္ထုထဲက “ခင်ဝေ” ဆိုတဲ့ ကောင်မလေးများ ဖြစ်နေမလား။ ပြီးတော့ တောင်ဥက္ကလာပ နှင်းဆီခြံလေးထဲ မျက်နှာတပြုံးပြုံးနဲ့ လမ်းလျှောက်လာနေတဲ့ “နိုင်ဝင်းဆွေ” ။ “ပန်ဆန်း” ကို ချီတက် သွားတဲ့ “နိုင်ဝင်ဆွေ” ။ “ပန်ဆန်း” မှာလည်း နိုင်ငံရေးအယူအဆပေါ်မူတည်ပြီး သေဒဏ်ကျခံခဲ့ရတယ်ဆိုတဲ့ မရေရာတဲ့သတင်း။ ဒိနောက်ပိုင်း “မာနယ်ပလော” မှော်ရုံတောကို ဆက်လက်ချီင်္တက်ခန်း။ ငယ်စဉ်တုန်းက ဇာတ်ဆရာဖြစ်ချင်လွန်းတဲ့ သူ့ဘ၀ရဲ့ အခန်းတွေကလည်း တကယ့်ကို ဇာတ်ဆန်လှပါတယ်။ မာနယ်ပလော ရောက်လို့ ကျနော်နဲ့တွေ့တော့ စာပေကလပ် ဒု-ဥက္ကဌ။ တဲကလေးတလုံးဘေး၊ မယ်တုက္ခီစမ်းချောင်းဘေး၊ ငြုပ်၊ ဗူး၊ ခရမ်းစိုက်ခင်းထဲက ပေါက်တူးကိုင်ပြီးရပ်နေတဲ့ “နိုင်ဝင်းဆွေ” ... ။
သူနဲ့ မခွဲခွါခင်က၊ သူနဲ့ကျနော် စကားကောင်းကောင်းပြောလို့ရသေးတဲ့၊ ကျန်းမာရေးကောင်းစဉ်က၊ သူ့ကို ..၀တ္ထုတွေ ကိုပဲ စေါက်ချပြီးရေးဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့မိတယ်။ သူ့ကို ကျနော်က စာရေးဆရာတယောက်ပဲ ဖြစ်စေချင်တယ်။ သူ့ဆီက “ရွှေဥ” တွေကိုပဲ ကျနော်တောင့်တခဲ့တယ်။ သူကလည်း “မဟူရာမေတ္တာ” လို၊ လုံးချင်းဝတ္ထုရှည်ကြီးတပုဒ်ရေးမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပဲ။ ပန်ဆန်းအတွေ့အကြုံအပေါ် အခြေခံမယ်လို့ ပြောထားတာပဲ။ “မဟူရာမေတ္တာ” မရေးခင်က၊ စိတ်တည်ငြိမ်မှု တည်ဆောက်ယူခဲ့သလို အခုလည်း စိတ်တည်ငြိမ်မှုတည်ဆောက်ရဦးမယ်ဆိုပြီး ရဟန်းဘောင်ဝင်လိုက်တာပဲ။ ဒါပေမယ့် ကျန်းမာ ရေးချို့တဲ့လာလိုက်တာ စစ်ပူတဲ့ အချိန်အထိ။ မာနယ်ပလော ရဲ့ ပါတ်ဝန်းကျင်တခွင်တပြင်လုံး လက်နက်ကြီးပစ်ခတ်သံတွေ ဆူညံလာတဲ့အချိန်အထိ။ သူနဲ့ကျနော် ခွဲခွါလိုက်ရတဲ့ အချိန် အထိ။ လူ့ဘ၀ကို စွန့်ခွါသွားရတဲ့ အချိန်အထိ။
ကျနော် သူ့လို အင်မတန်လက်ရာမြောက်တဲ့ ၀တ္ထုတွေမရေးတတ်ပါဘူး။ ရေးနိုင်စွမ်းလည်း မရှိသလို၊ ရေးဖို့အခြေအနေ လည်း မရှိတဲ့ဘ၀ပါ။ ဒါပေမယ့် သူ့ကို ကျနော် တချိန်လုံး ရူးသွပ်နေမိတော့ သူနဲ့ပတ်သက်တဲ့ အလွမ်းစာလေးတွေ မကြာခဏ ရေးခဲ့တယ်။ အလွမ်းပြေလိုပြေငြားပေါ့။ အခုတော့ အလွမ်းမပြေတဲ့အပြင် အလွမ်းပင်တွေပဲ ထပ်ထပ်ပြီး ပေါက်နေတော့တာပဲ “နိုင်ဝင်းဆွေ”ရေ ... ။


( ၁၉၉၅ခုနှစ်၊ ဖေဖော်ဝါရီလရဲ့ နေ့ရက်များအတွင်း သေဆုံးသွားခဲ့ပြီလို့ ယူဆရတဲ့ စာရေးဆရာ “နိုင်ဝင်းဆွေ” (၁၃)နှစ်မြောက် အမှတ်တရ )

( ဒီဆောင်းပါးက ၂၀၀၈ ခုနှစ်ထဲ မဇျိမ နဲ့  ကျနော့်ဘလော့မှာ တင်ခဲ့ပြီးတဲ့စာမူပါ။နိုင်ဝင်းဆွေ ရဲ့ နွေတည ကို တင်ဆက်နေတုန်း
သူ့ ကို သတိရဂုဏ်ပြုတဲ့အနေနဲ့ ပြန်လည် တင်လိုက်တာပါ။ ထိပ်မှာတင်ထားတဲ့ ဓါတ်ပုံကတော့ မာနယ်ပလော၊ဆရာနိုင်ဝင်းဆွေ
နေခဲ့တဲ့ အိမ်ကလေးနဲ့ အနီးဆုံးမှာရှိတဲ့ လမ်းဆုံက ဒေါ်အောင်ဆန်းစုကြည်လမ်း ဆိုင်းပုဒ်ကလေးဖြစ်ပါတယ်၊အလွမ်းပြေအနေနဲ့ 
ဖေါ်ပြပေးလိုက်တာပါ။)

ငြိမ်းဝေ


September 18, 2008

စစ်ပွဲတခုရဲ့ ဇာတ်ကောင်များ၊ သားကောင်များ


(က)

၁၉၉၃ - ခု၊ ဒီဇင်ဘာလ၊ မာနယ်ပလော။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မိမိကိုယ်မိမိကာကွယ်ရေး အခြေခံစစ်ပညာ သင်တန်း ...။
“သေသေချာချာ မိမိရရကိုင်ထားနော်၊ အာရုံကို သေနတ်ပြောင်းထိပ်ပေါ်မှာပဲစုပြီးတင်ထား၊ ထောင်ထား တဲ့ ပိုက်ဆံကိုပဲ ဂရုစိုက် ... ဟုတ်ပြီနော်”
အမ် ၁၆ ရိုင်ဖယ်မှာ ကျနော့်လက်ထဲတွင် မသိမသာတုန်ရင်လျက်ရှိ၏။



“မျက်လုံးက ပစ်မှတ်၊ အာရုံကို ပိုက်ဆံဆီမှာထား”
သေနတ်ကို မလှုပ်ရှားရအောင် ဘယ်ဖက်လက်ဖြင့်ပြောင်းထိပ်ကိုအားစိုက်ပြီး ဆုပ်ကိုင်ပင့်တင်ထားရ ၏။ ပြောင်းထိပ်ပေါ်က ထောင်လျက်တင်ထားသည့် ၁-ဘတ်စေ့ကလေးမှာ တဆတ်ဆတ်တုန်လျက်ရှိ၏။ ကျနော့်စိတ်ထဲ စိုးရိမ်လာရသည်။ ပစ်ခိုင်းပါတော့ ... ပစ်ခိုင်းပါတော့ ...။ ကြာလိုက်တာကွာ ...။ ပစ်ခိုင်းပါတော့ ... ပစ်ခိုင်းပါတော့။
“မောင်းကိုဆွဲရင် တကိုယ်လုံးငြိမ်အောင် တောင့်ထားပြီးမှဆွဲနော်၊ မောင်းကိုပဲပါလာအောင်ဆွဲ၊ သေနတ် ကြီးတခုလုံး ပါမလာစေနဲ့၊ ဟို - ရဲဘော် ဘာပြုလို့ ရှေ့ကိုတအားကုန်းထားတာတုန်း၊ မောင်းဆွဲရင် မင်းသေနတ် ကြီး ပြုတ်ကျသွားလိမ့်မယ်၊ စောက်ရူး”
ပစ်ခိုင်းပါတော့ ... ပစ်ခိုင်းပါတော့ ...။
“ပစ်”
သေနတ်မောင်းဆွဲသံတချို့ကြားရသည်။ သင်တန်းဆရာ၏ ဆဲသံဆိုသံများ၊ သင်တန်းသားများရဲ့ ရယ်မောပြောဆိုသံများထွက်ပေါ်လာခဲ့၏။
ကျနော်က အမ် ၁၆ သေနတ်ကိုဘေးတွင်ချကာ မြေပြင်ပေါ်ကို စိုက်ကြည့်နေမိသည်။ မြက်ပင်ကြား သဲမြေပေါ်က ၁-ဘတ်စေ့ကလေးကို ငုံ့ကြည့်နေမိသည်။
ကျနော်တို့ စစ်သင်တန်းသားအားလုံး၏လက်ထဲတွင် အမ် ၁၆ ရိုင်ဖယ်ကိုယ်စီကိုင်ထားကြ၏။ ကျနော် တယောက်တည်းသာ သေနတ်ကို ဘေးတွင်ချထားလိုက်မိ၏။ သင်တန်းဆရာက ကျနော့်ဘေးတွင်လာပြီး ရပ်သည်။
“ ရဲဘော်၊ ဘာပြုလို့လဲ၊ နေမကောင်းဘူးလား”
“နေကောင်းပါတယ်ဗိုလ်ကြီး”
“ဒါဆိုရင် ဘာပြုလို့ သေနတ်မောင်းမချပဲ ငိုင်နေတာပဲ”
“ကျ ... ကျနော် မသိဘူးဗိုလ်ကြီး”
ရယ်သံများထွက်ပေါ်လာခဲ့၏။
“ဒါဆိုရင် ... သေနတ်ပြန်ကောက်၊ မောင်းတင်၊ ပိုက်ဆံထောင် ... ပြန်ပြီး ပစ်”
ထိုနေ့က သေနတ်မောင်းကို ကျနော် အကြိမ်ကြိမ်ဆွဲခဲ့၏။ ပြောင်းထိပ်တွင် ထောင်ပြီးတင်ထားသည့် ငါးဘတ်စေ့ကလေးမှာလည်း မြေပြင်ပေါ်သို့ အကြိမ်ကြိမ်ကျခဲ့၏။ ထို့ကြောင့် သေနတ်ကို ခေါင်းပေါ်မြှောက်ကိုင် ကာ လေ့ကျင့်ရေးကွင်းကို ၅ ပတ် တိတိ ပတ်ပြေးခဲ့ရ၏။ ပစ်ဒဏ်ခတ်ခံရလို့ ကျနော့်ဒူးများ ညွှတ်ခွေကျလုမတတ် ဖြစ်ခဲ့သော်လည်း ကျနော့်စိတ်ကိုမူ တင်ထားနိုင်ခဲ့၏။ ကျနော်က ပြောင်းထိပ်ပေါ်တွင် ထောင်ထားသည့် ၁- ဘတ်စေ့ကို တမင် ပြုတ်ကျသွားအောင် မောင်းကိုဖိပြီး အကြိမ်ကြိမ်ဆွဲချခဲ့၏။ ၁-ဘတ်စေ့ကလေးမှာ မြေကြီးပေါ်သို့ အကြိမ် ကြိမ်ကျ၏။ ကျနော်က ကျနော့်စိတ်ကူးနှင့်ကျနော် သေနတ်မောင်းကို တမင်ဖိပြီး နှိမ့်ပြီးဆွဲခဲ့ခြင်းဖြစ်သည်။ သို့မှ သာ ပစ်မှတ်ကိုလွဲသွားမည် မဟုတ်ပါလား။



(ခ)

၁၉၉၄ - ခု၊ ဖားအံမြို့နယ်၊ တောတွင်းတနေရာ ...။
အဖော်တွေနဲ့ကွဲသွားသည်မှာ နာရိဝက်နီးပါးရှိပြီ။ လူသွားလမ်းကလေးအတိုင်း အသွားအပြန်လျှောက် သည်။ လမ်းခွဲ တခုနှစ်ခုအတိုင်း လိုက်လျှောက်သည်။ တခါတရံ သစ်ပင်ခြုံပင်များကြားတွင် လူသွားလမ်းကလေးမှာ ဆုံးသွား၊ ပျောက်သွား၏။ လမ်းလျှောက်သွားနေရင်းက နားကို အစွမ်းကုန်စွင့်ထားရသည်။ လူသံ လုံးဝမကြားရ။ ကျနော် စိတ်ပူလာရသည်။ ကျနော့်ရှေ့က သွားနှင့်ကြသူများက နောက်ကလိုက်လာသူ ကျနော့်ကို သည်းခံပြီး မစောင့်ပဲ ရှေ့ကိုပဲ ဆက်သွားနေကြပြီလား။ ဒါမှမဟုတ် ကျနော်ကိုယ်တိုင်က သူတို့နောက်ကလိုက်သည့်လမ်း မဟုတ်တဲ့ တခြားလမ်းကွဲတခုခုကိုပဲ အမှတ်မထင်လျှောက်လာခဲ့မိသည်လား။ မတွေးတတ်အောင်ဖြစ်ရသည်။ တောကလည်း နက်သထက်နက်လာခဲ့သည်။ လူသွားလမ်းကလည်း ပျောက်လုမတတ်မထင်မရှားဖြစ်လာ ခဲ့သည်။ တချက် နှစ်ချက် အော်ဟစ်ကြည့်မိသည်။ ရပ်ပြီး နားစွင့်သည်။ ကျနော့်အော်သံသာ ဟိန်းသွားသည်။ မည်သည့်အသံမျှ ပြန်ပြီး မကြားရ။ တောအုပ်တခုလုံး ချက်ချင်းဆိုသလို ပြန်လည်ငြိမ်သက်သွား၏။
ကြောဖက်တွင် သိုင်းလွယ်ထားသည့် သေနတ်ကိုဖြုတ်လိုက်သည်။ ကျနော်နှင့်အတူ ခရီးထွက်လာ သည့် ရဲဘော်လေး “ဝှေ့စာ” ဆီက ၀ိုင်းကူပြီးထမ်းသည့် သဘောအားဖြင့် ခဏယူထားလိုက်သည့် အမ် ၁၆ သေနတ်ကို မောင်းတင်လိုက်သည်။ သည်နေရာတ၀ိုက်တွင် နအဖစစ်တပ်များ မရှိနိုင်ဘူးဟု ပြောခဲ့သည့် ဗိုလ်သိန်းစိုး၏ စကားကို ကျနော်တွေးမိသည်။ ထို့ကြောင့် သေနတ်ပြောင်းကို မိုးပေါ်ထောင်ပြီး ချိန်လိုက်သည်။ မျက်စေ့ ကိုစုံမှိတ်ပြီး သေနတ်မောင်းကွင်းထဲ လက်ညှိုးထည့်လိုက်သည်။ မောင်းကို ဖိညှစ်ချလိုက်သည်။ သေနတ်သံဟု ထင်ရသည့် အသံကြီးတခု ကျနော့်အနားမှကပ်ပြီး ကြားလိုက်ရ၏။ ကျည်ဆံတထောင့် ...၊ သစ်ရွက်များကို ဖြတ် တိုက်သွားသည့် တဖြစ်ဖြစ်မြည်သံကို ကြားလိုက်ရသည်။
ကျနော် ... မျက်လုံးများ ရုတ်တရက်ပြန်ပြီး မဖွင့်နိုင်သေး ...။ သေနတ်ကိုလည်း ခန္ဓာကိုယ်နှင့် အဝေးဆုံးဖြစ်အောင် လက်ကိုဆန့်နိုင်သမျှဆန့်ပြီး ကိုင်ထားလိုက်၏။ လက်ထဲမှ သေနတ်မှာ တဆတ်ဆတ် တုန်လျက် ...။ ကျနော့်ရင်ထဲ ရထားတစင်း အရှိန်ပြင်းစွာ မောင်းဝင်လာလေတော့၏။

(ဂ)

၁၉၉၅ - ခု၊ ဖေဖော်ဝါရီလ ၊ (၃) ရက်။ မာနယ်ပလောကျအပြီး ... (၇) ရက်မြောက်နေ့။
ဖွေးပေါလူရွာ၊ ထိုင်းနိုင်ငံနယ်စပ် ... ။
ဆေးရုံဝန်းခြံဝတွင် ထမ်းစင်တခုထမ်းပြီး ထွက်လာသည့်လူအုပ်ကို လမ်းဖယ်ပေးလိုက်ရ၏။ ထမ်းစင် ပေါ်ကို ကျနော်လှမ်းကြည့်သည်။ စောင်တထည်ဖြင့် အုပ်ထားသည့် လူတယောက်ကို တွေ့ရသည်။ ယောက်ျာား မိန်းမဟူ၍မူ မခွဲခြားတတ်။ သေချာသည်ကတော့ လူသေအလောင်းတခုပင်ဖြစ်သည်။
ဆေးရုံဝန်းထဲ သစ်ပင်များအောက်တွင် လူတွေအုပ်စုလိုက်ရှိနေကြသည်။ အထုပ်အပိုးများချကာ၊ တချို့က မြေကြီးပေါ်တွင် သည်အတိုင်းလဲလျောင်းအနားယူနေကြ၏။ သူတို့အားလုံး စစ်ပြေးဒုက္ခသည်များ ဖြစ်ကြ၏။
ဆေးရုံပေါ်ရောက်တော့ တန်းစီထားသည့် ကုတင်တန်းနှစ်ခုကြား၊ လူသွားလမ်းပေါ်တွင် လူနာတွေ ပြည့်ကြပ်နေသည်ကို တွေ့ရသည်။ နေရာအခက်အခဲကြောင့် လူမမာများကို လူသွားလမ်းပေါ်မှာပင် နေရာချ ထားရ၏။ တချို့ လူမမာများမှာ အခင်းမပါ ကြမ်းပြင်ပေါ်တွင် သည်အတိုင်း စောင်ကို ခေါင်းအုံးပြီးအိပ်နေကြ၏။
ဆေးနံ့ ချွေးနံ့များကို ကျနော်ရှူမိသည်။ လူနာတချို့ လူနာစောင့်တချို့ကို ရှောင်ကာရှားကာ၊ ကျော်ကာ ခွကာနှင့်ပင် ကုတင်တလုံးဆီ ကျနော်ရောက်လာခဲ့သည်။ ကင်မရာတလုံး လက်ကကိုင်လျက်၊ လွယ်အိပ်တလုံးလွယ်လျက်၊ ကျော်ခွသွားနေသည့် ကျနော့်ကို လူတချို့က လိုက်ကြည့်ကြ၏။ ဆေးရုံတခုလုံး ငြီးသံငြူသံများ၊ စကားပြောသံများ ဆူညံလျက်ရှိ၏။
ကုတင်တလုံး၏ ဖြေရင်းတွင် ကျနော်သွားပြီးရပ်လိုက်သည်။ ကုတင်ဘေးတွင် အခင်းမပါပဲ အိပ်နေသည့် ကရင်အမျိုးသမီးကြီးတဦးက ကျနော့်ကို မော့ကြည့်သည်။ ရုတ်တရက်ထရပ်ပြီး အားယူသည့် အပြုံးနှင့် ကြိုဆို၏။
“ ဘယ်နှယ်နေသေးလဲ အနော၊ လူမမာ သက်သာရဲ့လား”
လူနာစောင့် ကရင်အမျိုးသမီးကြီးက မျက်လုံးများကို လက်ဖမိုးနှင့်ပွတ်နေသေး၏။ ကျနော်ပြောသည့် စကားကို သိတ်ပြီး နားမလည်သလိုဖြစ်နေ၏။ ထိုစဉ်မှာပင် လူနာ၏မျက်လုံးများ ပွင့်လာခဲ့၏။ ကုတင်ပေါ်တွင် ပက်လက်လဲလျောင်းနေသည့် လူနာက ကျနော့်ကို ခတ်ယဲ့ယဲ့အသံနှင့် နှုတ်ဆက်သည်။
“အော် .. ဆရာကြီး”
“ ဘယ်လိုနေသေးလဲ၊ သက်သာရဲ့လား၊ ဒီကနေ့ ကျနော်နဲ့ စကားနည်းနည်းပြောလို့ ရနိုင်ပါ့မလား”
လူနာက ခန္ဓာကိုယ်ကို အနည်းငယ်လူးလွန့်ပြီး အားယူ၏။
“ ရ ... ရပါတယ် ဆရာကြီး၊ ဆရာကြီး ဒီဖက်ကိုလာပါလား ...”
ကုတင်ဘေးတွင် ရပ်နေသည့် ကရင်အမျိုးသမီးကြီးကို လူနာက ကရင်ဘာသာဖြင့် တစုံတရာ တဆက်တည်း ပြောလိုက်၏။ ကရင်အမျိုးသမီးကြီးက နေရာဖယ်ပေးရန် ဟန်ပြင်လေသည်။
“ နေ ... နေပါစေ အနော၊ ရပါတယ်၊ ကျနော် ကုတင်ဘေးမှာကပ်ပြီး လုပ်ရင်ရပါတယ်၊ အော် ... ဒါတွေက လူနာနဲ့ အနောအတွက် ကျနော်ယူလာတာပါ”
ကျနော်က လက်ထဲက ဂျွတ်ဂျွတ်အိပ်နှင့်ထည့်လာသည့် လိမ္မော်ရည်ဗူးနှင့် ကိတ်ခြောက်ထုပ်ကို ကရင် အမျိုးသမီးကြီးထံ ကမ်းပေးလိုက်၏။
“ဒီလိုလုပ်ရအောင်ပါ ... ၊ ကျနော် အခု၊ ပထမ ... ဓါတ်ပုံ အရင်ရိုက်ဦးမယ်နော် ...၊ ပြီးတော့မှ ကျနော်နဲ့ ခင်ဗျား စကားနည်းနည်းပြောတာကို အသံဖမ်းစက်နဲ့ ဖမ်းကြည့်မယ်၊ ကျနော် ဓါတ်ပုံ တစ်ပုံ နှစ်ပုံလောက် ရိုက်မယ်နော် ...၊ အနောကိုရောပေါ့”
မနေ့တုန်းက ဆေးရုံအုပ်ဆရာမကြီးနှင့် ကျနော်တွေ့ခဲ့သည်။ ကျနော်က ဒီမိုကရက်တစ် မြန်မာ့အသံ ဒီဗွီဘီက သတင်းထောက်ဖြစ်တဲ့အကြောင်း မိတ်ဆက်ခဲ့၏။ ပြီးတော့ မာနယ်ပလောတိုက်ပွဲတွင် ဒဏ်ရာရခဲ့သူ ရဲဘော်တဦးနှင့် တွေ့ဆုံစကားပြောခွင့်ပြုရန် ခွင့်တောင်း၏။ ဆရာမကြီးက ခြေထောက်တဖက် ဆုံးရှုံးသွားရသူ ရဲဘော်လေးတဦးနှင့် စကားပြောခွင့်ရရန် စီစဉ်ပေး၏။ ထို့ကြောင့် ဒီကနေ့တော့ မနေ့က စီစဉ်ထားခဲ့သည့်အတိုင်း ဆေးရုံပေါ်ကို နောက်တခေါက် ကျနော်ရောက်လာခဲ့ခြင်းဖြစ်သည်။ ကျနော့်အတွေးထဲ၌ မာနယ်ပလောစစ်ပွဲတွင် ကိုယ်ထိလက်ရောက် ပါဝင်ပါတ်သက်ခဲ့သည့် ရဲဘော်တဦးနှင့်တွေ့ဆုံ မေးမြန်းချင်နေ၏။ ထိုရဲဘော်၏သဘောထားအမြင်ကို သိချင်နေ၏။ ထိုရဲဘော်၏ခံစားချက်များကို မှတ်သားချင်နေသည်။ ရေဒီယိုမှတဆင့် အသံလွှင့်ပေးချင်နေသည်။
“ဟေ့ကောင် ... မင်း ... အဲဒါ ဘာလုပ်တာတုန်း”
ကျနော် နောက်ကြောဖက်မှ ထွက်ပေါ်လာသည့် အသံကြောင့် ဓါတ်ပုံရိုက်ရန်ပြင်ဆင်နေသည့် ကျနော့် လက်များအောက်သို့ ကျသွားရ၏။ နောက်ကို ကမန်းကတန်းလှည့်ကြည့်လိုက်ရ၏။
“မင်း ... အဲဒါ ဘာလာလုပ်တာတုန်း၊ သွား ... သွားစမ်းကွာ၊ မင်း ... အခု ထွက်သွားစမ်း၊ အလကား”
ကုတင်ပေါ်က လူတယောက် ...။ ဒေါသ အမျက်ချောင်းချောင်းထွက်နေသည့် မျက်လုံးများနှင့် ...။ ခန္ဓာကိုယ်ကို ထထိုင်နိုင်ရန် ကြိုးစားနေ၏။ သူ့ဘေးက လူတယောက်က ယင်းပုဂ္ဂိုလ်၏လက်မောင်းကို ဖိကာ ဖြောင့်ဖျနေ၏။ တားနေ၏။ ဒေါသထွက်နေသည့် ထိုပုဂ္ဂိုလ်၏ကိုယ်ပေါ်တွင် သွေးများစွန်းထင်းနေသည့် စောင်စုတ်တထည်ခြုံထား၏။
“ဟေ့ကောင်၊ ဘာရပ်ကြည့်နေတာလဲကွ၊ မင်း ... ဒါ ဘာလာလုပ်တာလဲ၊ မင်းတို့ဒီလို လာလုပ်တော့ ကော ၊ ဘာထူးမှာလဲ၊ အလကား ... ၊ နေစမ်းပါဦး ... မင်းတို့အခုလို လာလုပ်တော့ကော ... ငါတို့ ခြေထောက်တွေ ပြန်ကောင်းလာမှာလား၊ သွား .... သွား ... အခုထွက်သွား ... ငါ ..........”
ကုတင်ပေါ်က ဒေါသတကြီး အော်ဟစ်ပြီး ပြောနေသည့် လူနာ၏အသံကြောင့် ဆေးရုံတခုလုံး လူသံတွေ တိတ်ကျသွားရ၏။ လူတွေအားလုံး ကျနော်တို့ဖက်သို့ လှမ်းကြည့်ကုန်ကြ၏။ ရုတ်တရက် ဖြစ်ပေါ်လာ သည့် ပြဿနာအပေါ် ကျနော့်မှာ ဘယ်လိုတုန့်ပြန်ပြောဆိုရမည်ကို မသိနိုင်အောင်ဖြစ်နေ၏။
ကျနော်က လက်ထဲက ကင်မရာကို လွယ်အိပ်ထဲသို့ ထည့်လိုက်သည်။ ကျနော်နှင့် တွေ့ဆုံစကား ပြောရန် စီစဉ်ထားသ်ည့ လူနာဖက်ကိုလှည့်ပြီး ပြုံးပြလိုက်ရ၏။ ပြီးတော့မှ ဒေါသထွက်နေသည့် လူနာဖက်သို့ ကျနော် မျက်နှာမူ၏။
“ ကိစ္စမရှိပါဘူး နောင်ကြီး၊ ကျနော်လည်း စိတ်မကောင်းပါဘူးဗျာ ...၊ စိတ်မဆိုးပါနဲ့”
ဆေးရုံပေါ်က ဆင်းချလာသည့် ကျနော့်ခြေထောက်များမှာ အကြိမ်ကြိမ်ခွေညွှတ်ကျလုမတတ် အားအင် များ ကုန်ခမ်းနေခဲ့၏။ ကျနော့်နားထဲ၌ ကုတင်ပေါ်က လူနာ၏ အော်ဟစ်မောင်းထုတ်နေသည့်အသံကို ကြားနေရ ၏။ ဆံပင်များ မျက်နှာပေါ် ဖရိုဖရဲ ကျနေလျက်၊ မီးဝင်းဝင်းတောက်သော မျက်လုံးများ ...။
ဆေးရုံဝန်းထဲမှ ထွက်ခွာလာသည့်အချိန်တွင် သံလွင်မြစ်၏တဖက်ကမ်း မာနယ်ပလောဆီက လက်နက် ကြီးပစ်သံ သဲ့သဲ့ကို ကြားရလေသည်။ လမ်းလျှောက်လာနေရင်းက နောက်တချိန် ထပ်ပြီး ဆေးရုံဆီ လာသင့် မလာသင့် ဝေခွဲလို့မရအောင် ရှိနေခဲ့၏။
ထိုညက ... မှတ်စုစာအုပ်ကလေးကို လှပ်ကာ မွန်ဂိုလီးယားကဗျာဆရာ “ချိုအီဇင် ဆူရင်” ရဲ့ ကဗျာတပုဒ် ကို စိတ်လှုပ်ရှားစွာ ဖတ်ခဲ့မိလေသည်။ ။

စစ်

စစ်ဖြစ်လျင်
သခင်မဲ့သော အိမ်နှင့်
အိမ်မရှိသောသခင်ကို တွေ့မည်။

စစ်ဖြစ်လျင်
ခင်ပွန်းမရှိသော ဇနီးနှင့်
ဇနီးမရှိသော ခင်ပွန်းကိုတွေ့မည်။

စစ်ဖြစ်လျင်
အဖေမရှိသောသားနှင့်
သားမရှိသော အဖေကိုတွေ့မည်။

စစ်ဖြစ်လျင်
ခြေထောက်မရှိသော ခန္ဓာကိုယ်နှင့်
ခန္ဓာကိုယ်မရှိသော ခြေထောက်ကိုတွေ့မည်။

စစ်ဖြစ်လျင်
ကျွဲနွားမရှိသော စားကျက်နှင့်
စားကျက်မရှိသော ကျွဲနွားတို့ကိုတွေ့မည်။

စစ်ဖြစ်လျင်
ယမ်းငွေ့တွေဝေ၍
ကပ်ရောဂါများနှင့် ၀မ်းနည်းကြေကွဲမှုကို ကြုံမည်။

ငါတို့ စစ်ကို နှိပ်ကွပ်ကြပါစို့။
ငါတို့ စစ်ကို မဖြစ်ကြပါစို့။ ။


(၁၉၇၃-ခု၊ စက်တင်ဘာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု ပျက်ပြားရခြင်း ၃၅နှစ်မြောက် အမှတ်တရ)


မောင်သစ်ဦး


ကိုးကား။ ။ ၁၉၉၃၊ နိုဝင်ဘာလထုတ်၊ International မဂ္ဂဇင်းတွင်ပါရှိသည့် TNN ဘာသာပြန်သော “War” ကဗျာကို အသုံးပြုဖော်ပြခြင်း ဖြစ်ပါသည်။

(လွန်ခဲ့တဲ့ ၅ရက်က မဇ္ဈိမအွန်လိုင်းတွင် တင်ခဲ့ပြီးတဲ့ စာမူဖြစ်ပါတယ်။)

June 27, 2008

ဒေါ် “တန်ခူး” နှင့် “နှင်းခါးမိုး” သို့ ... ကျေးဇူး

(က)

ညတုန်းက “နှင်းခါးမိုး” (ကိုဝေလင်း) ရဲ့ “စိတ်ကူးတေးသီ” ဆီ ချီတက်ခဲ့တယ်။ အဲဒီမှာ “တန်ခူး” က ကိုဝေလင်းကို ကျေးဇူးတင်တဲ့စာ စီဘောက်မှာ ရေးထားတာတွေ့ပြီး “တန်ခူး” ဆီကိုလည်း ခြေဦးလှည့်မိပြန်ရော ...။ ဒီမှာတင် “တန်ခူး” ရဲ့ “သားနှင့်ထူးဆန်းသော မြန်မာဝေါဟာရများ” ကို ကျနော် ဖတ်ရတော့တာပဲ။ ဒါနဲ့ပဲ တန်ခူးလေနဲ့ရောပြီး ကျနော်လည်း ဒီစာကိုရေးမိတာပါ။



“တန်ခူး” လိုပဲ၊ ကျနော့်မှာလည်း သားလေးတယောက်ရှိပါတယ်။ “တန်ခူး” ရဲ့ သားလေးက မြန်မာစာ ဝေါဟာရအသစ် တီထွင်ရာမှာတော်သလို ကျနော့်သားကြတော့ အတွေးအခေါ်မှာတော်တယ်လို့ ကြွားရမလားပဲ။ ကျနော့်သားဆိုတာက “သားလတ်” ကို ပြောတာပါ။ သားသုံးယောက်ရှိတဲ့အနက် ဒုတိယမြောက်မွေးတဲ့သားပါ။ သားလေးသားလတ်ရဲ့နာမည်က “မောင်ဖေအားမာန်” လို့ ခေါ်ပါတယ်။ ဖြူးမြို့အနီးက “လူငယ့်အားမာန် လယ်ယာသမ၀ါယမအသင်း” မှာ နေထိုင်ရင်း မွေးလို့ “ဖေအားမာန်” လို့ ပေးခဲ့တာပါ။
ကျနော်တို့မိသားစု ရွာမှာပဲ အနေများကြပါတယ်။ မြို့တက်အလုပ်လုပ် ... ။ အဆင်မပြေရင် ရွာပြန်နေ ... ၊ ဒီိလိုနဲ့ အဆင်မပြေတာများတော့ ရွာပြန်နေတာများရတော့တာပေါ့။ (သားလတ်အကြောင်း ကြွားမယ်လို့ ပြောပြီး လေရှည်ရန်ကောလို့ မထင်ကြဘူးလား။) ကျနော်က တသက်လုံး အစိုးရကျောင်းဆရာ၊ ရွာငှါး ကျောင်းဆရာ၊ တွဲဘက်ကျောင်းဆရာ၊ စေတနာဆရာဆိုတဲ့ ဆရာအလုပ်တွေပဲ လုပ်ခဲ့တော့ အဆင်မပြေလို့ ရွာပြန်ကပ်တဲ့ ကျောင်းဆရာကို ရွာက ပကာတိုင်နဲ့ တဲလေးတလုံးဆောက်ပေးလို့ အဲဒီမှာ ကျနော်တို့မိသားစု (၅) ယောက် နေကြရတာပေါ့။
တနေ့ ... ကျနော်တို့မိသားစု ထမင်းစားကြတဲ့အခါ သားလတ်က သူ့ပန်းကန်သူဆွဲပြီး တဲပေါက်ဝမှာ သွားထိုင်စားပါတယ်။ ထမင်းသာစားနေပေမယ့် မျက်လုံးကတော့ တဲရှေ့က မြက်ခင်းထဲကိုပဲ ငေးနေပါတယ်။ မအေလုပ်တဲ့ “မဒေ၀ီ” က ထမင်းစားရင်းငေးနေရပါ့မလားဆိုပြီး လှမ်းပြောမယ်အလုပ်မှာ ကျနော်က “မဒေ၀ီ” ကို မပြောဖို့ လက်ဟန်ခြေဟန်နဲ့တားထားလိုက်ပါတယ်။ သားလတ် “ဖေအားမာန်” က မြက်ခင်းထဲမှာ မြက်စားနေတဲ့ “နွား” ကို စူးစူးစိုက်စိုက်ကြည့်နေတာပဲ။ ပြီးတော့ သူဘာတွေတွေးနေတာလဲ။
“သား ... ၊ ထမင်းစားလေကွာ၊ ကျောင်းပြန်တက်ရဦးမယ်မို့လား”
ထမင်းဝိုင်းသိမ်းတဲ့အထိ အပေါက်ဝမှာ ထမင်းဝါးရင်းငေးနေတဲ့ သားလတ်ကို ကျနော်ကလှမ်းပြီး သတိပေးရပြီဆိုပါတော့။
“မေမေရေ ... သားတခုမေးမယ်”
မဒေ၀ီက ကျနော့်ကိုကြည့်၊ ကျေန်ာက မဒေ၀ီကိုကြည့်ပေါ့။ သားလတ်ရဲ့လေသံက အသက်(၂၀) အရွယ် လေသံမျိုး။ အချီကြီးနဲ့ ...။ ဒီတုန်းက သူက (၅) နှစ်ပဲရှိသေးတာ။
“ဘာလဲသား၊ ဘာမေးမလို့လဲ”
“ဟိုမှာ မြက်စားနေတဲ့ နွားက၊ သားတို့လို ထမင်းမစားပဲ၊ ဘာပြုလို့များ မြက်တွေချည်းပဲ စားနေကြတာ လဲဟင်”
“မဒေ၀ီ” ဆီက ဖြေသံ မကြားရဘူး။ ကျနော်လည်း ဘာပြောရမှန်းမသိဘူး။
သားလတ် “ဖေအားမာန်” ဆိုတဲ့ ခလေးက အဲသလို အတွေးမျိုးတွေးတတ်တဲ့သား။




(ခ)

နောက်ထပ် အဖြစ်အပျက်တခုထပ်ပြီး ပြောချင်သေးတယ်။ ဒါလည်းပဲ ထမင်းဝိုင်းမှာပဲ ဖြစ်ခဲ့တာပါ။ တနေ့ ... ကျနော်တို့မိသားစုဝိုင်းထိုင်ပြီး စားကြပါတယ်။ မိသားစုဝင်အားလုံး ထမင်းငုံ့စားနေတုန်း သားလတ် ဖေအားမာန်က ထမင်းကို ဖြောင့်အောင်မစားဘူး။ ခေါင်းငုံပြီး မစားဘူး။ ကျနော်တို့မျက်လုံးတွေကို လိုက်ကြည့် လိုက်၊ မျက်နှာက စပ်ဖြဲဖြဲလုပ်လိုက်၊ ထမင်းစားလိုက်ပေါ့။ ကြာလာတော့ ထုံးစံအတိုင်း “မဒေ၀ီ” က စိတ်မရှည် တော့ဘူးလေ။ ဒီကလေး ထမင်းဖြောင့်အောင်မစားပဲ ဘာတွေလုပ်နေသလဲပေါ့။
“သား ... ထမင်းစားလေ၊ ဘာဖြစ်နေတာလဲ၊ ဘာတွေသဘောကျနေတာလဲ”
သားလတ်က ဘာမှပြန်မပြောဘူး။ ထမင်းလုပ် နှစ်လုပ်သုံးလုပ်ဆက်စား ...၊ ပြီးတော့ခေါင်းကို ရုတ်တရက်ပြန်မော့၊ ကျနော်တို့အားလုံးရဲ့ မျက်နှာတွေကိုလိုက်ကြည့်။
“ဟဲ့ ... သား၊ ဘာဖြစ်နေတာလဲကွာ၊ ထမင်းစားလေ၊ ဟိုမှာ သူများတွေ ထမင်းစားပြီးတော့မယ်၊ ကျောင်းပြန်တက်ရဦးမယ်၊ စားစမ်းကွယ်”
ဒါကတော့ ကျနော်က ကြားဝင်ပြီးပြောလိုက်တာ။ ဒီတော့မှ သားလတ်က ထမင်းကို လည်ချောင်းထဲ အသာအယာမျှောလိုက်ရင်း ကျနော်တို့အားလုံးရဲ့မျက်နှာတွေကို လက်ညှိုးနဲ့လိုက်ထိုးပြီးမှ ပြောချလိုက်တဲ့ စကား။
“ဟဲ ... ဟဲ ... ဖေဖေတို့အားလုံး ပါးစပ်တွေနဲ့ချည်းပဲနော် ...” တဲ့။
စာဖတ်သူများ ဒါဆိုရင် ကျနော့်သားလတ် “မောင်ဖေအားမာန်” ရဲ့ အတွေးအခေါ်ဘယ်လိုရှိသလဲ ဆိုတာ ခန့်မှန်းနိုင်လောက်ရောပေါ့နော ... ။ သားလတ်တို့များ ဖေါက်ပြီးတွေး၊ ဖြန့်ပြီးတွေးတတ်ပုံများ ပြောပါတယ် ... ဟဲ ... ဟဲ ...။
ဒီစာလေးရေးဖြစ်အောင် နှိုးဆော်ပေးသလိုဖြစ်ခဲ့လို့ ဒေါ် “တန်ခူး” ကို ကျေးဇူးတင်တဲ့အကြောင်း မပြောရင် ကျနော့်ဆောင်းပါးလေး ဘယ်ခန့်ငြားနိုင်ပါတော့မလဲ။ ဒါကြောင့်မို့ ဒေါ် “တန်ခူး” ... ရေ ၊ “ကျေးဇူး” ။
တခါ ... သူနှစ်သက်တဲ့ တခြားသူတွေရဲ့စာမူတွေကို ကျန် မဖတ်ရသေးတဲ့ပုဂ္ဂိုလ်တွေ ချိပ်ဆက်မိပြီး ဖတ်ခွင့်ရအောင် ဖန်တီးပေးတဲ့ ဆရာနှင်းခါးမိုး (ကိုဝေလင်း) ကိုလည်း ကျေးဇူးစကားမပါးရင် ကျနော့်ဆောင်းပါး ဘယ်လိုလုပ်ပြီး အင်္ဂါပြည့်စုံနိုင်ပါတော့မလဲ ... ။ ဒါကြောင့်မို့ ဆရာ “နှင်းခါးမိုး” ရေ ... ကျေးဇူး ။

ငိမ်းဝေ