March 08, 2013

တစ်လမ်းဝင် တစ်လမ်းထွက် သိမ်ငယ်မှု



ဘဝမှာ
သိမ်ငယ်မှုက သိမ်သိမ်ငယ်ငယ်နဲ့ပဲ စခဲ့တာပါပဲ။
အခုတော့
သိမ်သိမ်မွေ့မွေ့ကြီးကို ခမ်းနားနေလိုက်တာ
သိမ်ငယ်မှုက သိမ်ငယ်မှုအောက်က ခုန်ထွက်လာပြီးတဲ့နောက်
တခမ်းတနားကြီးကို သိမ်ငယ်တတ်နေပြီ။
ဒါနဲ့
ခုန်ချဖို့ ခေါင်းတပြူပြူ ပြူကြည့်နေတဲ့ ကျနော့် သိမ်ငယ်မှုတွေ
လူတချို့ဆီမှာ သွားပေးထားမယ်ပေါ့
သူတို့ဆီမှာတော့ သိမ်ငယ်မှုတွေ ခဏထားစရာ အခန်းလွတ်တွေ ရှိမယ်ပေါ့
ဒီကနေ့အထိ
လှည့်ပြန်ခဲ့ရပေါင်း များခဲ့ပြီ။

ကြည့်စမ်း
သိမ်ငယ်မှုတွေက
အခမ်းအနားတွေ လုပ်နေကြတယ်
သိမ်ငယ်မှုတွေက တခမ်းတနား ဖြစ်နေကြတယ်
သိမ်ငယ်မှုက ငယ်ရုပ်ငယ်သံပျောက်အောင် ဖျောက်နေကြတယ်
ကျနော် စိတ်ညစ်တယ်
ကျနော့်သိမ်ငယ်မှုတွေ တကယ့်ကို အမြီးတရမ်းရမ်း လမ်းသလားနေကြပုံများ
ကျနော့် နောက်ဖေးလမ်းကြားထဲ လမ်းလုံးပြည့်။  

ငြိမ်းဝေ
၂၀၁၃၊ ၃၊ ၎

No comments:

Post a Comment