December 31, 2011

လက်ပြ ချန်ရစ် ၂၀၁၁



ခြင်းလုံးတစ်လုံး ဆိုတော့လည်းပဲ
နှစ်ထပ် ဖဝါးစာ မိသွားတဲ့ ၂၀၁၁ ဟာ
ခြင်းလုံးလို ခြာလပတ် လည်ပြီး ကျန်နေရစ်ခဲ့ရတာကိုပဲ
ဝမ်းနည်း နေလေရော့ သလား။

၂၀၁၁ ဟာ                                                                                     
ထောင်မြင်လို့ ရာ စွန့်ခဲ့တဲ့ ၂၀၁၂ ရဲ့ ရေခင်းသံကို
မျောက်မင်းအူသံဆိုပြီး သူ့နားမှာ ကြားခဲ့တယ်။

သူ့စင်ကို ကိုယ့်စင်လုပ်ရမယ်ဆိုတဲ့
မဟာ တက်ကနစ်
သူ့အလံကို တိုက်ဖို့
သူ့အလံကို ကောက်ထောင်ရမယ်ဆိုတဲ့
မဟာ အလှည့်အပြောင်း
( ၂၀၁၁ ရေ…)
ခင်ဗျား ခေါင်းနဲ့ မဆန့်တဲ့ ရေစီးကြောင်းသစ်
၂၀၁၂ုဖြစ် မငြင်းနဲ့။

ငါတို့
မိုင် ခြောက်ထောင် ခရီးရှည် ချီတက်ခဲ့ပြီးပြီ
ပင်လယ် တစ်ထောင် လက်ပစ်ကူးခဲ့ပြီးပြီ
ဓါးတောင် ဟူသမျှ ကျော်ခဲ့ကြပြီးပြီ
ဒါပေမယ့်
တခါမှ ခေါင်းနဲ့ လမ်းလျှောက် မကြည့်ခဲ့ကြသေးဘူး။

ငါတို့
ခွန်အားကို ရှာဖွေခဲ့ကြတယ်
ခွန်အားကို ယုံကြည်ခဲ့ကြတယ်
ခွန်အားကို အသုံးပြုခဲ့ကြတယ်
ခွန်အားကို အကျွင်းမဲ့ ကိုးကွယ်ခဲ့ကြတယ်
ဒါပေမယ့်
ပျော့ပြောင်းခြင်းဟာ
ပိုပြီး ဝေးဝေးပြေးတယ်
ပိုပြီး သန်မာတယ်ဆိုတာကို ဆုပ်ကိုင်ဖို့ရာ
လက်လှမ်း မမီခဲ့ကြဘူး။

ကိုယ့်ကြတော့ နေချင်သလို နေပြီး
ကိုယ်ဖြစ်ချင်သလို သူများကို ဖြစ်စေချင်တဲ့ ၂၀၁၁
နင့်ကို တလိုင်းတို့လက်
ခွေးသေ ဝက်သေ နေရစ်ခဲ့တော့ ဆိုတဲ့စကားနဲ့
ငါ မထားရစ်ခဲ့ချင်သော်ငြား…

ဘယ်ဟာမှ
သေခန်း ရှင်ခန်း ပြတ်လို့မရလေဘူး
အရာရာဟာ ဟေတုပစ္စယော ဆိုသော်ငြား…

ငါကလည်း မထားခဲ့ချင်
နင်ကလည်း မနေခဲ့ချင်သော်ငြား…

နေရစ်ခဲ့တော့ ၂၀၁၁။   

ငြိမ်းဝေ
၁၊ ၁၊ ၂၀၁၁
ည ၁၁ : ၁၆


No comments:

Post a Comment