Showing posts with label ကျနော့်ရဲ့ ပထမဆုံးများ. Show all posts
Showing posts with label ကျနော့်ရဲ့ ပထမဆုံးများ. Show all posts
September 27, 2008
ကျနော့်ရဲ့ ပထမဆုံးများ
ကိုခိုင် (အောင်သာငယ်) ရေ ...
ခင်ဗျား Tag ခိုင်းတားတဲ့ စာရင်းထဲမှာ ကျနော်က ထိပ်ဆုံးကဖြစ်ပြီး အခုတော့ နောက်ဆုံးမှ ကျနော်က Tag ရသလို ဖြစ်နေတယ်။ အလုပ်တွေ အရှုပ်တွေနဲ့ လုံးချာလည်နေလို့ သူများထက်ဦးအောင် မတက်နိုင်ခဲ့တာ ခွင့်လွှတ်။ ပြီးတော့ အခုလို တက်ခိုင်းခဲ့တာလည်း ကျေးဇူး။
ပထမဆုံးတက်ခဲ့ရသည့်ကျောင်း
စလင်းမြို့၊ ကျောင်းအုပ်ဆရာကြီး ဦးရှိန်ရဲ့ အစိုးရအလယ်တန်းကျောင်း
ပထမဆုံး သူငယ်ချင်း
သူငယ်ချင်းတွေ အများကြီးထဲမှာ “ရဲမြင့်ဇံ” ဆိုတဲ့ သူငယ်ချင်းကို ကျနော် အခင်ဆုံး။ သူ့အရင် သူငယ်ချင်းတွေရှိခဲ့ပေမယ့်၊ သူ့လောက် မခင်မိဘူး။ ၁၉၇၀ လောက်ကတည်းက ကွဲသွားလိုက်တာ အခုထက်ထိ ပြန်မတွေ့ရတော့ဘူး။ ဒါပေမယ့် သူ့ကို ဘယ်တော့မှ မမေ့နိုင်ဘူး။ သူက “ပြည်” က။ သူ့ကို ပထမဆုံး ခင်ခဲ့ရဖူး တဲ့ သူငယ်ချင်းလို့ပဲ သတ်မှတ်မိတယ်။
ပထမဆုံးခင်ရတဲ့ သူငယ်ချင်းမိန်ခလေး
ပြောရင် ယုံပါ့မလား။ မရှိဘူးဗျာ။
ပထမဆုံးရဖူးတဲ့ဆု
စလင်းမြို့နယ် ကျောင်းပေါင်းစုံ လက်တွေ့ပန်းချီပြိုင်ပွဲ တတိယဆု။ ဆပ်ကပ်မြင်ကွင်းတခုကို ပုံတူ ရေးဆွဲရတာ။
ပထမဆုံးဆိုဖူးတဲ့သီချင်း
ကိုသန်းလှိုင်ရဲ့ “တဆောင်းသစ်ပြန်ပြီ” သီချင်း ...။ ဒီတုန်းက ကျနော်က နောင်တချိန်မှာ မရီး ဖြစ်လာမယ့် မကွေးကောလိပ်ကျောင်းသူ “မမမြိုင်” ကို စက်ဘီးနဲ့ ကျောင်းလိုက်ပို့ရင်းက သူက မြှောက်ပေးလို့ စက်ဘီးနင်းရင်း အဲဒီသီချင်းကိုဆိုခဲ့တာ။ တမာပင်တွေ တန်းစီနေတဲ့လမ်းပေါ်မှာ။ အဲဒီလမ်းကလေးဟာ မကွေးမှာ ရှိသေးရဲ့လား ဆိုတာ မကွေးက လူတွေတွေ့တိုင်း မေးနေမိတုန်း။
ပထမဆုံးဖတ်ရတဲ့စာအုပ်
ဆရာကြီး မြစင်္ကြာရဲ့ သိုက်နန်းဧကရီစာအုပ်
ပထမဆုံး ရောက်ဖူးတဲ့ အခြားမြို့
ဆင်ဖြူကျွန်းမြို့
ပထမဆုံးပစ်ဖူးတဲ့ သေနတ်
အမ် ၁၆၊ အမေရိကန်ရိုင်ဖယ်။ (မိုးပေါ်ထောင်ပြီး ပစ်ဖူးခြင်းသာ)
ပထမဆုံး ထိုင်ဖူးတဲ့ လ္ဘက်ရည်ဆိုင်
မြင်းဖြူလ္ဘက်ရည်ဆိုင် (ပဲခူး)
ပထမဆုံး စွဲလန်းခဲ့ဖူးတဲ့ သီချင်း
စန္ဒကိန္နရီ ( အမေလုပ်သူက ထမင်းချက်ရင်းဆို၊ အလကားနေရင်းဆိုနေလို့ ကြားမိရာက အခုထက်ထိ စွဲနေတာ)
ပထမဆုံးရေးဖူးတဲ့ ရည်းစားစာ
(များလွန်းလို့ မမှတ်မိတော့ဘူး)
ပထမဆုံးထားဖူးတဲ့ချစ်သူ
(ခင်စန်းရီ ...၊ နောက်တော့ သူငယ်ချင်း စစ်ဗိုလ်နဲ့လက်ထပ်သွား)
ပထမဆုံးဖတ်ဖူးတဲ့ အင်္ဂလိပ်ကဗျာစာအုပ်
The Goddesses (တရုပ်ကဗျာဆရာ ကူမိုးကြိုးရဲ့ အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ ကဗျာစာအုပ်၊ ဒီတုန်းက ဖတ်တတ်လို့ မဟုတ်ဘူး၊ ကြွားချင်လို့)
ပထမဆုံးအကြိမ်ရန်ဖြစ်ဖူးခြင်း
ငါးတန်းတွင်၊ တခန်းထဲ သူငယ်ချင်းကို မခံချင်လို့ ဖင်ထိုင်ခုံနဲ့ခေါင်းကိုရိုက်၊ ခေါင်းကွဲ၊ ကျောင်းထုတ်ခံရ လုနီးပါးဖြစ်ခဲ့။ နောက်တော့ အဲဒီ သူငယ်ချင်းက အလစ်ချောင်းပြီး မျက်လုံးကို လက်သီးနဲ့အထိုးခံရ ...။ ပြန်လုပ် ဖို့ စိတ်မကူးခဲ့။ ကိုယ်လုပ်ခဲ့တာနဲ့တောင် မတန်ဘူးထင်ပြီး သူငယ်ချင်းကို အခုထက်ထိ အားနာနေဆဲ
ပထမဆုံးအကြိမ် အရှက်ကွဲဖူးခြင်း
ငယ်စဉ်၊ အိမ်နောက်ဖေးက သူငယ်ချင်းညီအစ်အကိုနှစ်ယောက်၊ ကိုရင်ဝတ်ပြီး လူထွက်တော့၊ ကတုံးပြောင်လေးတွေနဲ့ ကျနော်တို့အိမ်အောက်ကဖြတ်ပြီး သူတို့အိမ်နောက်ဖေးကို ၀င်ရင်၊ ကျနော်တို့ ညီအစ်ကို နှစ်ယောက်က အိမ်ပေါ်က၊ ကြမ်းပေါက်ကိုဖြဲ ကုန်းကြည့်ပြီး “ကိုရင်လူထွက် ငါးပိချက်” လို့ နေတိုင်ဲးနောက်ပြောင် ရန်စ။ တနေ့ အိမ်ပေါ်တွင် ဧည့်သည်များရောက်နေချိန် ကိုရင်လူထွက် သူငယ်ချင်းညီအစ်ကိုနှစ်ယောက်၊ အိမ်အောက်က ဖြစ်လျှောက်စဉ်၊ ချောင်းနေတဲ့ ကျနော်တို့ ညီအစ်ကိုနှစ်ယောက်က အိမ်ပေါ်က ငုံ့ကြည့်ပြီး “ကိုရင် လူထွက် ငါးပိချက်” လို့ လှမ်းပြော။ ကိုရင်လူထွက်နှစ်ယောက်က ပြိုင်တူဆိုသလို အပေါ်ကို မော့ကြည့်ကာ ”နင့်အမေတခွက်၊ ငါတခွက်” ဟု ပြောကာ ထွက်ပြေး။ အဲသလို ခံလိုက်ရတာကို ရှက်လိုက်ရတာ အခုထက်ထိပဲ။ ကျနော်ထင်တယ် တွေးမိတိုင်း သေတဲ့အထိ ရှက်နေအုန်းမှာပါပဲ။
ပထမဆုံးအကြိမ် စိတ်လှုပ်ရှားရဆုံးနေ့
ကျနော့်ချစ်သူက စေ့စပ်ထားတဲ့ သူနဲ့ မင်္ဂလာဆောင်တဲ့နေ့၊ ကျနော့်ဆီကို “မောင်ရေ ... မင်္ဂလာပွဲကို တော့ မလာလိုက်ပါနဲ့နော်၊ မောင်လာရင် ... ကျမ မင်္ဂလာပွဲတော့ ပျက်ပြီသာမှတ်ပါတော့” လို့ တူမလေးနဲ့ ရေးပို့ တဲ့ စာကို ဖတ်ရတဲ့နေ့။
ပထမဆုံးရေးဖူးတဲ့ကဗျာ
ကဗျာတွေရေးခဲ့တာ အများကြီး။ တပုဒ်မှ မကြိုက်ဘူး။ အသက် (၄၀) ရှိမှ ရေးတဲ့ “ယုံတော်မူ တမ်းချင်း” ကဗျာကို အကြိုက်ဆုံး။ အဲဒီအခါကြမှ ကျနော်က ကဗျာရေးသူ တကယ်ဖြစ်တာလို့ ခံယူမိ။ အဲဒီ ကဗျာဟာ ကျနော့်ရဲ့ ပထမဆုံးရေးတဲ့ ကဗျာပေါ့။
ပထမဆုံး စင်ပေါ်တက်ခြင်း
ဒုတိယတန်းမှာပါ။ ကျောင်းပေါင်းစုံ ကပွဲ။ ပြဇာတ်နာမည်တော့ မမှတ်မိတော့ဘူး။ ကျနော်က အနော်ရထ်ာကို ဆက်သတဲ့ မဏိစန္ဒာမင်းသမီးအဖြစ် သရုပ်ဆောင်ရတာ။ ကျန်စစ်သားနဲ့လမ်းမှာကြိုက်တဲ့ ဇာတ်လမ်း ...။ ကျနော်က ငယ်ငယ်တုန်းက မိန်းခလေးလိုချောတယ်လို့ဆိုပဲ။ အဲဒါ ဇာတ်ခုံရှေ့ရောက်မှ ပိုးချိပ် ထမိန်ကျွတ်ကျလို့ ငိုလိုက်ရတာ၊ ပွဲလည်းပျက်တာပဲတဲ့။ အရှက်လည်းကွဲ ဆုလည်းလွဲပေါ့။ ဒီအကြောင်းကို မိဘတွေက အမြဲပြောပြတတ်တယ်။ ပြောပြတိုင်း လည်း ရှက်တယ်။
ပထမဆုံးရေးဖူးတဲ့ ၀တ္ထု
၁၉၇၈ -ခု၊ မိုးဝေမဂ္ဂဇင်းမှာ “နှလုံးသားထဲက ပန်းချီကားချပ်များ” ၀တ္ထုတိုပါ။ အဲဒီ ၀တ္ထုကို အနှစ်သက်ဆုံးလည်း ဖြစ်ပါတယ်။
ပထမဆုံးလုပ်ဖူးတဲ့ ၀င်ငွေရတဲ့အလုပ်
ကျနော်ငယ်ငယ်က ဘ၀အတွေ့အကြုံကို အရမ်းလိုချင်တယ်။ တနေ့ ပဲခူး ရွှေမော်ဓောဘုရားပွဲမှာ သူငယ်ချင်းတယောက်နဲ့ ပိုက်ဆံတောင်းတဲ့ သူတောင်းစားလုပ်ခဲ့ကြဖူးတယ်။ နှစ်ည။ ည (၇) နာရီကနေ (၁၂) နာရီလောက်ထိ။ နှစ်ညပေါင်း (၁၂၀) ကျပ် ရတယ်။ ဟိုတုန်းက ၁၂၀ ဆိုတာ မူလတန်းပြဆရာ လစာနီးနီးရှိတယ်။ ဒုတိယနေ့ညကြတော့ အိမ်ကိုပြန်လာတာ လမ်းမှာ သူတောင်းစားတွေက ၀ိုင်းပြီး ရိုက်မယ် လုပ်လို့ ပါလာတဲ့ ပိုက်ဆံတွေ ပေးလိုက်ရတယ်။ အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်၊ ခြေတွေ လက်တွေစည်းထားတဲ့ ကျနော်တို့ နှစ်ယောက်ကို ဘုရားပွဲလာတဲ့ အမတွေကအစ မမှတ်မိကြဘူး။ ကျနော်တို့က လက်ကို လိုက်ဆွဲမတတ် လိုက်တောင်းတော့ ဆဲဆိုပြီး ထွက်ပြေးကြတယ်။ အဲဒါ ကျနော့်လုပ်အားနဲ့ ပထမဆုံးရတဲ့ ၀င်ငွေပဲ။ အသေးစိပ် ပြောပြချင်တယ်။ စာဖတ်သူတွေ စိတ်မရှည်မှာစိုးလို့။
မှတ်ချက်။ ။ ကိုခိုင်ရေ ... ကျနော့် ပထမဆုံးတွေက အစီစဉ်တော့ မကျဘူးဗျ။ ငယ်ဘ၀တွေ ပြန်တွေး ဖြစ်အောင် ဖန်တီးပေးတဲ့ ခင်ဗျားကို ကျေးဇူးတင်တယ်။
Subscribe to:
Posts (Atom)