Showing posts with label နိုင်ငံတကာကဗျာ မိတ်ဆက်. Show all posts
Showing posts with label နိုင်ငံတကာကဗျာ မိတ်ဆက်. Show all posts
June 16, 2010
ထောင်မှူး
ကျွန်မရဲ့ ညချွေးတွေဟာ သူ့ မနက်စာပန်းကန်ကို
ဆီလူးပေးတယ်။
မူလနေရာကို တွန်းလှည်းနဲ့ တွန်းလာတာ
မပြောင်းလဲတဲ့ အပြာရောင် ဆီးနှင်းထုရဲ့
ကြော်ငြာစာရွက်တွေ။
မပြောင်းလဲတဲ့ သစ်ပင်တွေနဲ့
သချိင်္ုင်းကုန်းက ကျောက်စာတိုင်တွေ။
သူလုပ်ပေးနိုင်တာ ဒါပဲလား ဟင်၊
သော့တွဲ တချွင်ချွင်နဲ့လူ။
ကျွန်မကို မေ့ဆေးပေးပြီး အဓမ္မကျင့်ခဲ့တယ်။
ကျွန်မစိတ်ဟာ ခုနှစ်နာရီလောက် လွင့်စင်သွားပြီး
အနက်ရောင် အိတ်တလုံးထဲ ရောက်သွားတယ်။
အဲဒီမှာ ကျွန်မ သက်တောင့်သက်သာ နေလိုက်တယ်။
သနေ<သား သို့မဟုတ် ကြောင်တစ်ကောင်၊
တစ်ခုခုပျောက်ဆုံးသွားခဲ့ပြီ။
ကျွန်မရဲ့ အိပ်ဆေးတွေ
ကျွန်မရဲ့ အနီနဲ့အပြာဇက်ပလင်လေယာဉ်တွေဟာ
ကြောက်စရာ အမြင့်ကြီးကနေ
ကျွန်မကို ပစ်ချကြတယ်။
ကျွန်မရဲ့ အခွံဟာ ကွဲအက်ကြေမွသွား
ငှက်တွေရဲ့ နှုတ်သီးတွေဆီ
ကျွန်မ ပျံ့သွားတော့တယ်။
အို…လွန်ပူလေးတို့
ဟောဒီစက္ကူနေ့တွေထဲမှာ
အပေါက်တွေ ဘယ်လောက်တောင်ပြည့်နေကြပြီလဲ။
ကျွန်မကို သူ့ဆေးလိပ်မီးရဲရဲနဲ့တို့တယ်၊
ကျွန်မဟာ ပန်းရောင်လက်ဖဝါးတွေရှိတဲ့
ကျေးကျွန်မ ကပလီမလို နေပြတယ်။
သူလုပ်သမျှကို
ရယ်မောပြီး ဟန်ဆောင်နေခဲ့တယ်။
ကျွန်မဟာ ကျွန်မပဲ၊
အဲဒါ မလုံလောက်သေးဘူးလား။
အဖျားဟာ ရေလိုစီးကျ
ကျွန်မ ဆံပင်တွေ မာခဲသွားကြတဲ့အထိပဲ။
ကျွန်မနံရိုးတွေ ပေါ်လာတယ်။
ကျွန်မ ဘာစားပြီးပြီလဲ။
လိမ်ညာမှုတွေနဲ့ ပလီတဲ့ အပြုံးတွေ။
မိုးကောင်းကင်ဟာ
အဲဒီအရောင်မဟုတ်လောက်ပါဘူး
မြက်ပင်တွေဟာ ယိမ်းလှုပ်နေကြသင့်တာပဲ။
တစ်နေ့လုံးဘဲ မီးခြစ်ဆံတွေနဲ့
ဘုရားရှိခိုးကျောင်းပုံ ဆောက်နေခဲ့တယ်။
ကျွန်မစိတ်ကူးထဲကြည်နူးနေတာ
သူမဟုတ်ဘူး၊ အခြားတစ်ယောက်။
အဲသလို သူ့ကို ပုန်ကန်လို့တဲ့
ကျွန်မကို သူညှင်းပမ်းတယ်
သူ့ရဲ့ သံချပ်ကာအကျီ င်္အတုနဲ့။
သူ့ရဲ့မြင့်မားအေးစက်တဲ့
အတိတ်မေ့ရောဂါမျက်နှာဖုံးတွေနဲ့။
ကျွန်မ ဒီကို ဘယ်လိုရောက်လာခဲ့ပါလိမ့်။
ဝိုးတဝါး ရာဇဝတ်သား၊
ကျွန်မဟာ သေနည်းအမျိုးမျိုးနဲ့ သေဖူးတယ်၊
ကြိုးကွင်းစွပ်၊ အစာငတ်ခံ၊ မီးကျွမ်း
သံဆူးချိတ်မှာ တွဲလောင်းကျ။
သူ့ကို
ဟိုးအဝေးက မြုံနေတဲ့ မိုးကြိုးအဖြစ်
ကျွန်မ စိတ်ကူးကြည့်မိတယ်၊
သူ့အရိပ်အောက်မှာ ကျွန်မရဲ့ မဖြစ်စလောက်
ရှားပါးရိက္ခာ ကျွန်မစားပြီးပြီ။
သူသေသွားပါစေ
ဒါမှမဟုတ် ဟိုအဝေးကိုရောက်သွားပါစေ။
ဒါပေမဲ့ မဖြစ်နိုင်ပါဘူး
လုံးဝမဖြစ်နိုင်ပါဘူး။
အဲဒီအရာဟာ ထိန်းချုပ်လို့မရ
လွတ်လပ်နေတယ်။
ဖျားနာမှုကို မစားသောက်ရရင်
အမှောင်ထုဟာ ဘာလုပ်မလဲ
မျက်လုံးတွေကို ဓားချွန်ချွန်နဲ့
မထိုးဆွရရင်
အလင်းရောင်ဟာ ဘာလုပ်မလဲ။
ကျွန်မမရှိတော့ရင်
သူ ဘာတွေ လုပ် လုပ် လုပ်နေမလဲ။
ဆစ်လ်ဗီယာ ပလာ့သ်
(ဇေယျာလင်း ဘာသာပြန်ဆိုတဲ့ ဆစ်လ်ဗီယာ ပလာ့သ်ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ်ကဗျာ စာအုပ်မှ ကူးယူ ဖေါ်ပြ တာပါ။ သရုပ်ဖေါ်ပုံကတော့ ကမ္ဘာကျော်ပန်းချီဆရာ ဒါလီရဲ့လက်ရာဖြစ်ပါတယ်။)
May 30, 2010
သစ္စာတရားနှင့် သတ္တိခွန်အား
ကျမတို့
ဟောဒီ လူပုဂ္ဂိုလ်တွေ
သေးငယ်ပြီး အထီးကျန်ဆန်လှတဲ့
ဂြိုလ်ကမ္ဘာပေါ်မှာ နေထိုင်ရင်း
သင်္ကေတ အားလုံးက ပြောပြနိုင်ရာ
ပန်းတိုင်တခုဆီ ဦးတည်ရင်း
သူစိမ်းဆံဆံ ကြယ်ကောင်းကင်အောက် ဖြတ်လာခဲ့ကြ
နေရောင်ခြည်များထဲ နမော်နမဲ့ဆံဆံ ဖြတ်လာခဲ့ကြ
အဲဒီပန်းတိုင်ဆိုတာ
ကျမတို့ လေ့လာသင်ယူဖို့
မဖြစ်မနေလိုအပ်ပြီး ဖြစ်နိုင်ဖွယ်လည်းရှိတဲ့
သူရသတ္တိနဲ့ အံ့မခန်း သစ္စာတရားတို့
တည်ရှိရာ နေရာပါပဲ။
May 18, 2010
မာနယ်ပလော
May 16, 2010
ကွေ့ ချလိုက်တဲ့မြစ်တစ်စင်းပေါ်က သက်သေခံပစ္စည်းများ

နာကျင်ကိုက်ခဲလွန်းနေဆဲ နာဂစ်…။
နာဂစ်လေမုန်တိုင်းဒဏ်ခံခဲ့ကြရတဲ့ မြစ်ဝကျွန်းပေါ်က ကျနော်တို့ ညီအစ်ကိုသားချင်းတွေကို
အကူအညီပေးဖို့ ရံပုံငွေရှာတဲ့အနေနဲ့ မြန်မာကဗျာဆရာတွေက “မေရဲ့ပန်းပွင့် သို့ မဟုတ် ကမ်းပါးပေါ်က ကျွံကျသွားသော ”လို့ အမည်ပေးထားတဲ့ ကဗျာစာအုပ်တစ်ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ကိုဖတ်တော့ ကျနော်ကလည်း နာဂစ်အထိမ်းအမှတ်ကဗျာတပုဒ်ရေးခဲ့တာ ပြန်ပြီး သတိရနေမိတယ်။ ပြည်တွင်းက ကဗျာဆရာတွေနဲ့ အတူတွဲပြီး အလုပ်လုပ်လိုက်ချင်တဲ့စိတ်တွေ ပေါ်ပေါက်လာရပါတယ်။ ဒီကြားထဲ ဒီကဗျာစာအုပ်နဲ့ တွဲပြီးပါလာတဲ့ ကဗျာရွတ်ထားတဲ့အခွေထဲမှာ နှစ်ပေါင်းများစွာ လူချင်းခွဲနေခဲ့ကြရတဲ့ ကျနော်ချစ်ခင်ရတဲ့ ကဗျာဆရာတချို့ ရဲ့ကိုယ်တိုင်ကဗျာရွတ်တဲ့အသံတွေကိုလည်းကြားရတော့ ကျနော့်အဖို့  အားလုံးကို လွမ်းရပြန်တာပေါ့။ အထူးသဖြင့် ညီမငယ်လေးလို ချစ်ခင်ခဲ့ရတဲ့ ကဗျာဆရာမ ဧဧသန်း၊ (ကို)အောင်ဇင်မင်း၊ ကိုခါးကြီး(ငခါး-ကွမ်းခြံကုန်း)တို့ ရဲ့အသံတွေကို နှစ်ပေါင်း(၂၅)နှစ်အတွင်း ဒါဟာ ပထမဦးဆုံးအကြိမ် ကျနော် ပြန်လည်ကြားခွင့်ကြုံလိုက်ရတာပါ။ သူတို့ ကတော့ ကျနော့်အသံကို လေလှိုင်းထဲကတဆင့် ကြားကောင်း ကြားနေနိုင်ကြမလား။ ဒီကနေ့ တော့ နာဂစ်အထိမ်းအမှတ် ကျနော်ရေးဖွဲ့ ခဲ့တဲ့ ဒီကဗျာရှည်ကိုပဲ ကျနော့် ဘလော့မှာ တတိယအကြိမ်အဖြစ်တင်လိုက်ပါတယ်။ သရုပ်ဖေါ်ပုံကတော့ “မေရဲ့ပန်းပွင့် သို့ မဟုတ် ကမ်းပါးပေါ်က ကျွံကျသွားသော” ကဗျာစာအုပ်ထဲက ဆရာ မင်းဝေအောင် ရဲ့ပန်းချီပုံကို စကင်ဖတ်ပြီးတင်လိုက်တာပါ။
May 11, 2010
ဘယ်ဝယ် မြောက်တောင်
May 09, 2010
ရေနဲ့ ငါး

(က)
ရေသိမ်ကလေးပေါ်တွင် သူတစ်ယောက်တည်း ထိုင်နေသည်။
အကာအရံမရှိသဖြင့် ရေသိမ်ကလေးတဝိုက် ကွင်းအနှံ မြင်နေရ၏။ တွဲလောင်းချထားသည့် ခြေထောက် အောက်တွင် မြက်ရိုင်းများထလျက်။ ရေခန်းလျက်ရှိသည့် ရိုးကလေးမှာ ခတ်ဝေးဝေးအရောက်တွင် သောင်ပုရွာ ဖက်သို့ ချိုးကွေ့ လိုက်၏။ ငှက်ပျောတောတန်းထဲ ခေါင်းထိုးပြီးဝင်သွား၏။
ဝါးတံတားတခုက ရိုးအလယ်တွင်ဆောက်ထားသည့် ရေသိမ်ကလေးနှင့် ရိုးထိပ်ကမ်းပါးကို ဆက်သွယ်ထား ၏။ သူက ရေသိမ်ကလေးပေါ်တွင်ထိုင်ရင်း သူ့ စာသင်ကျောင်းကလေးအကြောင်းကို စဉ်းစားသည်။
May 08, 2010
မသိန်းရှင်ဆီ ပို့ ပေးပါ
May 06, 2010
ကဗျာဆရာ ငြိမ်းလူ ကွယ်လွန်ခြင်းနှင့် လွမ်းသူ့ ကဗျာပန်းခွေများ



ကျနော်တို့ ရဲ့ ချစ်ခင်လေးနက်ရပါသော တော်လှန်ရေးသမား ကဗျာဆရာ ငြိမ်းလူ(မောင်မောင်ငြိမ်း)
၂၉၊ ၄၊ ၂၀၁၀ နေ့ က မမျှော်လင့်ပဲ ကွယ်လွန်သွားခဲ့ပါတယ်။
တော်လှန်ရေးသမားလည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်၊ လူတိုင်းချစ်ခင်ဖွယ်လည်း ဖြစ်ခဲ့တဲ့ ကဗျာဆရာငြိမ်းလူ ရဲ့ ရုပ်ကလပ်ကို မေလ ( ၁ ) ရက်နေ့ မှာ ဝမ်းနည်းခြင်း ဂုဏ်ပြုခြင်းအခမ်းအနားပြုလုပ်ပြီး မီးသဂြိုလ်ခဲ့ပါတယ်။
အဲဒီဈာပနအခမ်းအနားမှာ ကျနော်လည်းပဲ ကဗျာတပုဒ်ရွတ်ဆိုပြီး (ကို)ငြိမ်းလူ ကို ဂုဏ်ပြုလွမ်းသခဲ့ပါတယ်။ အဲဒီနေ့ က ကျနော်ရွတ်ဆိုခဲ့တဲ့ကဗျာဟာ (ကို) ငြိမ်းလူ နောက်ဆုံးရေးဖွဲ့ သွားခဲ့တဲ့ ကဗျာဖြစ်ပါတယ်။
ဆရာငြိမ်းလူ နောက်ဆုံးရေးဖွဲ့ သွားခဲ့တဲ့ အဲဒီကဗျာနဲ့ 
ကဗျာဆရာ မောင်လွမ်းဏီနဲ့ ကဗျာဆရာ အုပ်စိုးနိုင်တို့ ရဲ့ လွမ်းသူ့ ကဗျာ (၂)ပုဒ်ကိုလည်း ပူးတွဲဖေါ်ပြလိုက်ပါတယ်။
(ကို)ငြိမ်းလူရေ..၊ခင်ဗျားကတော့ပြောတာပဲ
“ကျနော်လိုချင်တာ နည်းနည်းလေးပါဗျာ
ဒါတောင်မှ
ဘယ်တုန်းကမှ မရခဲ့ပါဘူး↔တဲ့။
ဘယ်ဟုတ်မလဲ
ခင်ဗျား
အများကြီးရခဲ့တယ်
ခင်ဗျား
ဘဝကို အနိုင်နဲ့ ပိုင်းနိုင်ခဲ့တယ်
အထူးသဖြင့်
ကျနော်တို့  မရနိုင်သေးတဲ့ ဂုဏ်ဒြပ်ဟူသမျှ
ခင်ဗျား ရသွားခဲ့တယ်ဆိုတာ
ခင်ဗျားရဲ့ အသုဘအခမ်းအနားမှာ
လူတိုင်း သဘောပေါက်ခဲ့ကြတာပဲ
မြတ်သောသေခြင်းပါ ရဲဘော်..
ကျနော် တကယ်ပဲ ကြေကွဲရပါတယ်။
ငြိမ်းဝေ
ပြောင်းခင်းထဲက နေ (သို့) ရင့်မှည့်စေသော စာမျက်နှာ
ထားခဲ့ညနဲ့
သွားမဲ့ည
မှောင်တာ တူတာပဲလား။
ဖနောင့်မှာ
မနှုတ်ဖြစ်ခဲ့တဲ့ဆူးက
ပိုနက်သလား။
ထိတာနဲ့
ရုန်းဖို့လား
အနီလား
အစိမ်းလား။
ကမ်းပါးကိုမထိတဲ့ လှိုင်းဆိုတာကော
ရှိသလား။
ညကိုလမ်းလျှောက်
တောင်မြောက်ကို ကြည့်ခွင့်မရတာ
အပြစ်လား။
ဖုန်းဆိုးတောင်ယာ
တသီတတန်း
ဒီလမ်းကိုတော့ ကဗျာမဖွဲ့နဲ့ ။
တို့မှာ
တောင်တန်း
ကမ်းပါး
လမ်းသွားတွေရှိပါလျှက်
ဖြစ်ရရင်လေ
ရက်ရက်စက်စက်။
အရည်ပြားပေါ်မှာ
ထင်ကျန်နေတဲ့
အမဲစက်တစက်အတွက်
ခရီးမထွက်နဲ့လို့
ပြောပြသူတွေအတွက်တော့
မနက်ဖြန်မှာ
လ္ဘက်ရည်ဖန်ဖန်လေး
တခွက်…..
တိုက်လိုက်ပါ။
ဒါပြီးရင်လေ
သူတို့က
ပါရီကနံရံတွေအကြောင်း
ဇီမာလမ်းဆုံအကြောင်း
ခင်ဗျားကို ကောင်းကောင်း ပြောပြလိမ့်မယ်။
ဆေးရေးနှုတ်သွင်း
ချစ်ခြင်းသီဖွဲ့
ဗင်းနစ်ရဲ့ ပန်းခင်းလှေတွေအကြောင်း
မညောင်းတမ်းပေါ့။
မြင်းတစီး
ဓါးတလက်နဲ့
ဇောရိုးရဲ့ ရုပ်ရှင်ကို
မကြည့်ရစကောင်းလားလို့
စောင်းပါးရိပ်ခြေ
ပြောလေအုံးမယ်။
ပြီးတော့ စစ်တွေနဲ့ ညှပ်ထားတဲ့
ပါမုန့်တချပ်လက်ဆောင်
စကပ်တိုတိုပေါင်ပေါ် တင်ပေးလိုက်မယ်။
အဲဒီအချိန်မှာပဲ
အသံမကြားအောင်
ကြွေရေသုတ် ပန်းကန်တချပ်ကွဲ
ဟန်ဆောင်ပြီးထွက်ခွာသွားမြဲ…..။
ခင်ဗျားတို့ လေ့လာနေကြ
ကဗျာထဲက
နာရီမဲ့တဲ့ အိုကိုးရဲ့ဘ၀ထဲမှာ….
ကျနော်မွေးတုန်းကလည်း
လင်းကြက်တွန်စဲ
တောင်ယာပေါ်ချိန်ပဲနော်…….။ ။
ငြိမ်းလူ
Australian Burmese Community Journal အတွဲ (၁) အမှတ် (၁၀) မေလထုတ်အတွက် ကိုငြိမ်း (ကဗျာဆရာ ငြိမ်းလူ) ရေးပေးခဲ့တဲ့ ကဗျာပါ။ ဒါဟာ ဆရာငြိမ်းလူရဲ့ နောက်ဆုံးကဗျာလည်း ဖြစ်ပါတယ်။
ရိုးမပေါ်မှာ အိပ်ပါစေ
ကောဇာသက္ကရာဇ်၊ ခွန်နှစ်ဆယ်နှစ်
ခရစ်သက္ကရာဇ် နှစ်ထောင်တဆယ်
ရိုးမဆွယ်မှာ နေကွယ်ခဲ့တဲ့ အချိန်လား။
လဇူလိုင်ကို
မင်း မပိုင်တော့ဘူးလို့ 
ငါ မပြောနိုင်ဘူး
မင်းက ရဲဝံ့သူကြီး တယောက်ပါ။
ငုယင်ဗန်ထရွိုင်း
သမိုင်းပုံရိပ် ၊ အိပ်မက်ရှည်လျား
တံတားအောက်မှာ မင်းရပ်စောင့်တယ်။
ငှက်ဖျားအဆိပ်၊ ကြိတ်မှိတ်အာခံ
တိတ်ဆိတ်ညယံ၊ နွေမီးလျှံ၌
မောင်းပြန်တိုက်ချွက်နေဆဲလား။
ဒေါင်းအိုးဝေ မီးကျည်
ရိုးမပေါ်က ကြယ်နီ
ဒီလှိုင်းတွေ မြင့်သစ်တဲ့ ရာသီ
ငါ့ဆီလာခဲ့အုန်းလေကွာ။
ကွမ်းတယာညက်၊ အရက်တလုံး
ပြည်ဖုံးကားချ။ သေတမ်းကဗျာ
ဖွေရှာထုဆစ်နေစဉ်မှာ၊
သင့်ရဲဘော်တို့ ၊ ကဗျာအလံ
တ၀က်ထူလွှင့်နေပြီကော။ ။
(ရဲဘော်ရေးဖော်ငြိမ်းလူသို့ )
မောင်လွမ်းဏီ
၂၈ - ၄- ၂၀၁၀
အလွမ်းစာ
ပြောလို့ မှမဆုံးသေး
မာနယ်ပလောကို လွမ်းတယ်
ထားဝယ်ခရိုင်ကလေးကို လွမ်းတယ်
စခန်းသစ်ရွာကလေးကို လွမ်းတယ်
မယ်တုကွီချောင်းကလေးကို လွမ်းတယ်
လွမ်းတယ် လွမ်းတယ် လွမ်းတယ်
လွမ်းစရာတွေများနေတုန်း
အလွမ်းဗုံး နောက်တလုံး
(၀ုန်း) ကနဲ ကွဲသွားပြန်ပါပကော ...
ခင်ဗျားက ..
ရဲဘော်တွေကိုချစ်တယ်
တော်လှန်ရေးကိုချစ်တယ်
ဗိုလ်မှူးကြီး စိန်မြကိုချစ်တယ်
ရေးဘော် ရေးဘက် တွေကိုချစ်တယ်
မိချမ်းလွန်ကိုလဲ ချစ်ခဲ့တယ်
“ကျနော်လိုချင်ခဲ့တာနဲနဲလေးပါဗျာ
ဒါပေမဲ့ ..
ဘယ်တုန်းကမှ မရခဲ့ပါဘူး↔တဲ့
ဒဏ်ရာဗလပွနဲ့ 
ခင်ဗျားဘ၀ တစွန်းတစ
ကြားခဲ့ရဖူးပါရဲ့ 
တခါတုန်းက စခန်းသစ်ညများမှာ ...
“သွားကြ သွားကြ
ခင်းဗျားတို့  အကုန်လုံးသွားကြ
လကမ္ဘာရောက်အောင်သွားလိုက်ကြ
ကျုပ်ကတော့
တော်လှန်ရေးထဲမှာပဲ နေမယ်
တော်လှန်ရေးထဲမှာပဲ သေမယ်”တဲ့
သစ္စာ မြဲသူကြီးရဲ့ စကား
နိမိတ်များဖတ်ခဲ့လေသလား ဗျာ ...
လှေခွက်ချည်း ကျန်ရင်တောင်
အလံထောင်နေဦးမယ့် မောင်ငြိမ်း
“မိုက်လို့ သောက်တာမဟုတ်
ကြိုက်လို့ ကို သောက်တာတဲ့”
ဘယ်သူ့ ဆီကမှ
ဘာအခွင့်အရေးမှ မယူခဲ့တဲ့
တောပျော်ကြီးရေ ..
မြို့ မှာနေရတာ
အသက်ရှူရ ကြပ်သတဲ့
န- ၀ - တ ပြီးရင်
ထိုင်းပုလိပ်ကိုအမုန်းဆုံးဆိုတဲ့လူ
မြို့ ပြရဲ့ အပူရောင်တွေကြားမှာ
ခုတော့လဲ ..
ဘယ်သူ့ ကိုမှ ဒုက္ခမပေးဘဲ
လမ်းခွဲလို့ သွားခဲ့ပါပကော ...
လွမ်းလို့ ကောင်းနေတုန်းပါဘဲ ကိုငြိမ်းရေ ...
ကျုပ်ကလဲ
လူတိုင်းကို လွမ်းနေရတဲ့ကောင်
အမှတ်ရစရာလေးတွေက ဟိုရောက် ဒီရောက်
ကြေကွဲပွင့်ကြီးတွေကလဲ တောင်လိုပေါက်
ဟိုအရင်တုန်းကလိုဘဲ
ကျနော့်ကဗျာ တခွက်နှစ်ခွက်လောက်
ခင်ဗျားထ လို့ သောက်ကြည့်ပါဦးလားဗျာ...။
အုပ်စိုးနိုင်
May 01, 2010
မသိန်းရှင်ဆီ ပို့ ပေးပါ

(၁၃)
နောက်ပိုင်းနေ့ရက်များ
“ဘာလိုလိုနဲ့ နော် မိုးတွေတောင် ရွာလာဘီ↔
နောက်ပိုင်းနေ့ရက်များ၌ ညိုညိုသည် ထို စကားစုကို အမှတ်မဲ့ ပြောနေတတ်သည်။
သူသည် သူ့ လက်ကို ရထားပြတင်း အပြင်ဖက်သို့ ဆန့်ထုတ်ထားသည်။ သူ့ လက်ဖဝါးပြင်ပေါ်၌ မိုးပေါက်များ သည် တဖြောက်ဖြောက် ကြွေကျနေ၏။ မိုးစက်များသည် ရထားပြတင်းဘောင်မှတဆင့် သူ့မျက်နှာပေါ်သို့ လွင့် စဉ်နေ သည်။
“ဘယ်တော့များ သူများတို့ အတူ နေကြရမှာလဲ... ဟင်” ဟု သူ့ စိတ်တွင်းမှ မေးနေသံကို ကျနော့် စိတ်အာ ရုံဖြင့် ကြားနေရသည်။
သူ ထိုသို့ တကယ် ဖွင့်ဟမေးလိုက်လျှင် မည်သို့ ဖြေရမည်ကို မသိ။
မှောင်လာလျှင် သူသည် သူ့ လက်တဖက်ကို ကျနော့် လက်ဖဝါးထဲ လာထည့်သည်။
ကျနော်သည် နွေးနေသည့် သူ့ လက်ကလေးကို ဆုပ်ကိုင်နေရင်း.... ဤ ရက်များအတွင်း၌ သူ့ အမေ ကျန်းမာရေး ချို့တဲ့လာနေသည်ကိုလည်း တွေးနေမိ၏။
သူ့ ကုန်များ မကြာမကြာ အဖမ်း ခံနေရသည်ကိုလည်း တွေးမိသည်။
ကိုရွှေယောက်ကြီး ပြထားသည့် အိမ်သာအမိုး၌ အပေါက်ပါသော ရထားတွဲမှာလည်း မြစ်ငယ် တွဲပြင်ရုံသို့ ပို့လိုက်ပြီဖြစ်သဖြင့် ညိုညို့ ထန်းလျက်များကို ခိုးဝှက်တင်ရန် နေရာ မရှိတော့သည်ကိုလည်း တွေးနေမိသည်။
ထွန်းမောင်အပါအဝင် မီးရထားရဲသားအချို့နှင့်မညွန့်ရီတို့ မသင့်တင့်ကြသဖြင့် ခုရက်ပိုင်း၌ တောင် တွင်းကြီး ဘူတာမှ အဖမ်း အဆီးများ ပို၍ထူပြောနေသည်ကိုလည်း တွေးနေမိသည်။
မကြာမီကပင် မီးရထားပေါ်မှ ဆင်းသက် ပျောက်ကွယ်သွားကြသည့် ကိုစိုးမောင်နှင့်မအေးသွယ်တို့ကိုလည်း သတိရနေမိပြန်သည်။
ကိုစိုးမောင်သည် စစ်သားဟောင်းလည်း ဖြစ်၏။ တောခိုရဲဘော်လည်း ဖြစ်ဖူးသည်။ ထောင်လည်း ကျဘူး သည်။
သူသည် စကားပြော ချိုသာသည်။
ထန်းလျက်များကို ကျောက်ပန်းတောင်းအထိ လိုက်မတင်။
အတာစန်းကုန်းမှ ထန်းလျက်များကို တင်သည်။
ထန်လျက်များ တင်ပြီးလျှင် သူသည် ကျနော်ရှိရာ ဂါတ်တွဲပေါ်သို့ တက်လာသည်။
“ညီရေ့ ... ဒီနေ့တော့ ဆယ့်ငါးဘဲ ပါတယ်၊ ညီ ပိုက်ဆံယူအုံးမလား၊ မယူတော့ဘူး မှုတ်လား ညီရာ...”
သူသည် ဆေးတံကိုဖွာရှိုက်ရင်း ပြုံးပြီး ပြောတတ်သည်။
“သုံးကျပ်တော့ ပေးအုံးဗျာ”
“တော်ပလား”
“ထပ်ပေးအုံးမလို့လား”
“တော်ဘီပြောမလားလို့ မေးတာပါကွာ”
သူသည် ရယ်မောရင်း ကျပ်တန်သုံးရွက်ကို ထုတ်ပေးတတ်သည်။
တခါတရံ၌ သူနှင့် ကျနော်သည် စကားကောင်းနေတတ်၏။
“အကိုက ညီ့ကို တကယ့်ညီလေးလို ယုံတယ်” ဟု ပြောတတ်သည်။
သူသည် မအေးသွယ်ကို သူ အတည်တကျ ပေါင်းသင်းချင်သည့် အကြောင်းများလည်း ပြောပြသည်။
“ဟိုတုန်းက အကို့မှာ သမီးတယောက်ရှိဖူးတယ်၊ အကိုထောင်ကျနေတုန်း မိန်းမလဲ နောက်ယောင်္ကျား ယူတာပေါ့၊ အကို့ သမီးလေး ဆုံးသွားတယ်၊ အဲတာ မအေးသွယ့်သမီးလေးကို အကို့ သမီးလို့ ယုံနေတယ်ကွာ၊ စိတ်ဆိုတာ စွဲလန်းမိရာဘဲ၊ တကယ်ကိုယုံနေတာ၊ ခလေးက နှစ်ခါလည်လောက်ရှိသေးတာမှုတ်လား၊ အမှန်တော့ မအေးသွယ်ကိုယ်တိုင်ကကို ဒီခလေးဟာ ဘယ်သူနဲ့ရလိုက်တဲ့ ခလေးမှန်း မသိဘူး၊ ဒါပိုကောင်းတာပေါ့ကွာ၊ ခလေးကလဲ အကို့ကို သူ့အဖေ အရင်းလို့ ယုံမှာ၊ အကို မအေးသွယ်ကို မကြိုက်လှပါဘူး၊ ချစ်တော့ ချစ်တယ်၊ သနားတာလို့ ပြောရမှာပေါ့၊ ဒီ မိန်းကလေးက မိဖမဲ့ မှုတ်လား၊ ဒါကြောင့် အကာအကွယ်မဲ့တဲ့ လူကျော်တန်တား ဖြစ်နေရတာပေါ့၊ အတည်ယူမယ့် ယောကျာ်းရှိရင် တကယ့်တည်တည်တံ့တံ့ မိန်းကလေး နေမှာ၊ သူ့ မျက်လုံးတွေ ကြည့်ပါလား၊ စိတ်ထား ဘယ်လောက်ဖြူစင်တယ်ဆိုတာ၊ ဒါတွေ ထားတော့ကွာ၊ အကိုက မဖြူဥလေးကို အိပ်မက် မက်မက်နေတယ်၊ ဒ်ီခလေးလေးကို ဘာလို့ ဒါလောက် စွဲလန်းနေမိမှန်း မသိပါဘူး”
သူသည် ရထားခုတ်မောင်းသံကို ကျော်လွန်ရန် အော်ပြောနေရသည်။ သူ့ နဖူး၌ ဝဲကျနေသော ဆံပင်များကို သပ်တင်နေရင်း သူ့ မျက်နှာမှာ ကြည်နူးချမ်းမြေ့နေခဲ့သည်။
“အကိုက တကယ်ယူမည်ဆိုတာ သူ မယုံဘူးကွာ၊ လေးငါးခါပြောတော့ အကို့ကို ဖက်ငိုတာ၊ ဒို့ ဒီက ဝေးတဲ့နေရာကိုသွားကြမယ်၊ ဘယ်ကို သွားရမယ်ဆိုတာတော့ တွေးမရသေးဘူး” ဟု သူသည် ရယ်သံဖြင့် ပြောနေတတ်သည်။
သူ၏ အစီစဉ်မှာ ဖြေးဖြေးအေးအေးမှဟု ထင်ခဲ့သည်။ ထို အစီအစဉ်အတိုင်းမှာ စိတ်ချမ်းသာဖွယ်ရာချည်း ဖြစ်လာတော့မည်ဟု တွေးခဲ့ရသည်။
သို့သော် သူသည် အမြန်ဆုံး စီစဉ်ဆုံးဖြတ်ခဲ့ရသည်။
သူတို့ မထွက်ခွါမီ တရက်က အတာစန်းကုန်းဘူတာမှ တက်လာခဲ့ပြီး သူသည် ကျနော့်ကို နှုတ်ဆက်သွား၏။
ထိုနေ့မှာ မိုးဖွဲ့များ စတင်ကျသောနေ့ ဖြစ်သည်ကို ကျနော်သည် မည်သည့်အခါတွင်မှ မေ့နိုင်မည် မဟုတ်ပေ။
အတာစန်းကုန် ဘူတာမှ ရထားထွက်လာခဲ့သောအခါ သူနှင့်ကျနော်သည် ဂါတ်တွဲပက်လက်၏ နောက်ဖက် ဝရံတာ၌ မိုးဖွဲ့ကလေးများကြားတွင် ရပ်လာခဲ့ကြသည်။ သူသည် ထန်းလျက် အကြောင်းလည်းမပြောတော့ပေ။ ကျနော့် ကို ငွေ သုံးကျပ်ပေးလှူရန်လည်း မေ့နေသည်။
မိုးများသည် အရပ်ရှစ်မျက်နှာ၌ ငိုနေသလို ညှို့ဆိုင်းနေသည်။ အပြာရောင်များ ဖုံးလွှမ်းနေသည်။ မိုးစက် မှုန်များသည် ကျနော်တို့ မျက်နှာများ ပေါ်သို့ ကျနေသည်။
“ဒီညဘဲ အကို မအေးသွယ်ကို ယူလိုက်တော့မယ် ညီရာ”
သူသည် ရထားသံကို ကျော်လွန်စေရန် အော်ပြောနေသည်။
သူ့မျက်နှာမှာ မဲပုပ် နေသည်။ သူ့ မေးကျောကြီးများ တင်းလာနေသည်။ မျက်လုံးများ နီရဲ လာနေသည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် သူ့ ဆံပင်များကို သပ်တင်နေသည်။
“မအေးသွယ်ဟာ မိန်းမပျက်ပေါ့၊ ဟုတ်လား၊ ဒါ လူတိုင်းသိပါတယ်၊ သူနဲ့ မအိပ်ဖူးတဲ့ လက်မှတ်စစ်မရှိဘူး၊ မညားဖူးတဲ့ရဲ မရှိဘူး၊ ဂါတ်ဗိုလ် မရှိဘူး၊ ရုံပိုင် မရှိဘူး၊ ကွာ... ပေါ်တာ... ဂျမဒါက အစ၊ ဒါပေမယ့် အကို အတည်အကျယူတော့မယ် ဆိုတာ လူတိုင်းကို ကြော်ငြာပြီးသား၊ ဒီ အချိန်မျိုးမှာ အမဲမဖျက်သင့်တော့ဘူး မှုတ်လား...
“တနေ့က ဟိုကောင်...ဟိုကောင် ဆိုရင် ညီသိပါတယ်၊ ကောင်မလေးကိုထန်းညက်ကော လူကောဖမ်းမယ်လုပ်တယ်ကွာ၊ ကောင်မလေးကလဲ ခု နေတော့ ထောင် မကျချင်တော့ဘူးမှုတ်လား၊ အဲတော့ ခေါ်ရာလိုက်သွားရတယ်၊ မထူးတော့ဘူးလေ၊ ပျဉ်းမနားခေါ်သွားတယ်၊ အဲတာ ဟိုကောင်က သူ့ အပေါင်း အသင်းတွေကို ကောင်မလေးနဲ့ဧည့်ခံတာ၊ လူ လေးဆယ်လောက်၊ ကုန်တွဲပေါ်မှာပေါ့ကွာ၊ ကောင်မလေး သတိလစ်သွားမှ ပစ်ထားခဲ့ကြတာ၊ ခု ကောင်မလေးကို ဆေးကျိတ်ကုနေတယ်....
“ညီ.... အကို လူတွေအများကြီး သတ်ဖူးပါတယ်၊ စစ်တပ်ထဲမှာရော တောထဲမှာရော တာဝန်ပေးလို့ သတ်ဖူး ပါတယ်၊ ခုတော့ လူမသတ်ချင်တော့ဘူး၊ အကို ထောင်ထဲဝင်ရင် ကောင်မလေး ပိုဒုက္ခရောက်မှာပေါ့ကွာ၊ မနက်ဖြန်ကာ ကောင်မလေး အိပ်ရာ ထနိုင်ပါဘီ၊ အကို ဒီနေ့ညဘဲ တရားဝင် လက်ထပ်မယ်၊ မနက်ဖြန်ကာ ခေါ်သွားမယ်၊ ဘယ်ကို သွားရမယ်ဆိုတာတော့ မသိသေးဘူး၊ ဒီက ထွက်သွားဖို့ဘဲ အရေးကြီးတာ၊ အဲတာ ညီ့ ကို အကိုနှုတ်ဆက်တာ”
နောက်ရက်မှစ၍ သူတို့ကို မတွေ့မြင်နိုင်တော့ပေ။
သူတို့ ဘယ်ဆီထွက်ခွါသွားကြပြီကို မည်သူမျှ သိနိုင်ကြမည် မဟုတ်ပေ။
ကျနော့် နားထဲတွင်ကား ကိုစိုးမောင်၏ စကားသံများသည် ပဲ့တင်ရိုက်ခတ်နေရစ်ခဲ့၏။ ထိုစကားလုံးများသည် မအေးသွယ် တယောက်တည်းကို ကွက်၍ ထွန်းညှိပြသည်ကား မဟုတ်။
ညိုညိုသည်လည်း သူတို့လိုပင် ရထားကြီးကို အပြီးတိုင် စွန့်ပယ် ထွက်ခွါသွားရလိမ့်မည် ဟူ၍ကား ကျနော်သည် မတွေးဘူးခဲ့။
စင်စစ်၌ ဤနေ့ရက်များမှာ ညိုညို ရထားပေါ်၌ နောက်ဆုံးလိုက်ပါနေသည့် နေ့များဖြစ်သည်ကို အကယ်၍ ကြိုတင် သိရှိနိုင်ခဲ့လျှင်လည်း အတူသွား အတူနေရစဉ်၌ ဖြစ်ပေါ်ခဲ့ရသည့် ခဏတာ ကြည်နူးမှုကလေးများသည် ရှိနိုင်မည် မဟုတ်တော့ပေ။
ညဦးပိုင်းများ၌ တောင်တွင်းကြီးတွင် ရထား ဆိုက်ရပ်လျှင် ညိုညိုသည် မြင်းလှည်းပေါ်သို့ ထန်းလျက်တောင်းများ တင်ပေးလွှတ်လိုက်ပြီး ကျနော်နှင့်အတူ မိုးရွာကြီးထဲ၌ မြို့ထဲသို့ ခြေလျင်လျှောက်ကြသည်။်
မိုးများ တဝေါဝေါသွန်းချနေစဉ်၌ ကျနော်တို့ နှစ်ယောက်စလုံးသည် လွတ်လပ်ပျော်ရွှင်နေခဲ့ကြ၏။
ကျနော်တို့သည် ရေ ပင်လယ်ဝေနေသည့် လမ်းပေါ်၌ ထီးတလက်တည်း အတူဆောင်းကာ လျှောက် သွားကြ၏။ သူ့ ပခုံးတဖက်နှင့် ကျနော့်ပခုံးတဖက်မှာမိုးရေများနစ်နေသည်။ မိုးရွာသံသည် ဆူညံနေ၏။ အမှောင်ရိပ်များ အုပ်ဆိုင်းနေသည်။
ကျနော်တို့ နံဘေး လမ်းမပေါ်မှ မြင်းလှည်းများဖြတ်မောင်းသွားနေကြသည်။
ကျနော့် စိတ်ထဲ၌ သူနှင့်ကျနော်မှာ ညားစ ဇနီးမောင်နှံလို ထင်နေပြန်သည်။
ကျနော်သည် သူ့ ခါးကိုသိမ်းပွေ့လိုက်၏။ သူသည် ကျနော့်လက်ကို အတင်းဖြုတ်နေ၏။ မရသောအခါ ပေါက်ပြဲ သွားအောင် ဆိတ်ဆွဲလိုက်လေသည်။ ကျနော့် လက်ကို ဖြေလွှတ် လိုက်ရသော်လည်း ကျနော်သည် သူ့ ကို လမ်းလျှောက်နေရင်း နမ်းပစ်လိုက်ပြန်သည်။
“သိပ်ကဲတယ်.... မုန်းစရာ ကောင်းလိုက်တာ”
သူက ပြောလိုက်သည်။
“ချစ်စရာကြီးပါ”
“အမယ်.... ဒီပုံလား ချစ်စရာကြီး”
“သေသေချာချာကြည့်ရင် ချစ်စရာ တွေ့လာမှာပေါ့”
သူသည် ခပ်တိုးတိုးရယ်သည်။ ကျနော့် လက်ကို လိန်ဆွဲလိုက်ပြန်သည်။
သူနှင့် ကျနော်သည် တတ်နိုင်သမျှ အနှေးဆုံး လမ်းလျှောက်နေကြ၏။ ကျနော်မြန်သွားလျှင် သူသည် ကျနော့် လက်ကိုဖမ်းဆွဲထား၏။ မင်္ဂလာလမ်းထိပ် ရောက်လျှင် သူက ရှေ့ဆက်သွားပြီး ကျနော် ထမင်းဆိုင်အတွင်းဝင်နေခဲ့ကာ လမ်းခွဲသွားရလိမ့်မည်။
ထိုအခိုက်အတန့်၌ကား နှစ်ဦးစလုံးပင် လမ်းကို သည်ထက်ပို၍ ရှည်စေချင်ကြသည်။ နှစ်ယောက်စလုံးပင် ကိုစိုးမောင်နှင့် မအေးသွယ်တို့ ခု အချိန်၌ ဘယ်ဆီ ရောက်နေကြမည်ကို တွေးနေမိကြ၏။ ထိုအတွေးကို သူ သည် လည်း ဖြတ်တောက်ပစ်ချင်လာပုံရသည်။
“ပင်းချောင်း ရဲတွေ နယ်ပြောင်းသွားရတာ သူ များတို့ မေတ္တာပို့လို့နေမှာ”
သူသည် စကားကို မဆီမဆိုင်ပြောရင်း ရယ်နေပြန်သည်။ ခုရက်များ၌ ပင်းချောင်းမှ အဖမ်းအဆီးများ လွတ် ကင်းနေပြန်ပြီ။ သို့သော် တောင်တွင်းကြီး၌ကား ပို၍ အဖမ်းအဆီးထူထပ်နေသည်ကို ကျနော်သတိရလာပြန်သည်။ ညိုညိုသည်လည်း ထန်းလျက် တဆယ်ထက်ပို၍ မတင်ဝံ့။ သူ့ အမေ၏ ပန်းနာမှာ ဆေးမဝယ်နိုင်သဖြင့် ပို၍ ဆိုးနေသည်ဟု သင်းသင်းပြောသည်ကို သတိရလာပြန်သည်။
ကျနော်သည် သူ့ အခက်အခဲအတွက် တကြိမ် ထပ်၍ ဖြေရှင်းရန် တွေးလာမိသည်။
ဤနည်းမှာ ခဏတာ လွတ်မြောက်ခွင့် ရသော နည်းဖြစ်သည်။ ကြာရှည် လွတ်မြောက်ခွင့် ရရန်မှာမူ သူ့ မိဖများ၊ ကျနော့် မိဖများကို ပစ်ပယ်ကာ ဇွတ်အိမ်ထောင်ပြုလိုက်ကြရန်၊ သို့မဟုတ် မအေးသွယ်နှင့်ကိုစိုးမောင်တို့လို အားလုးံကို စွန့်ပစ်ထွက်ပြေးကြရန် ဖြစ်သည်။ သူတို့ကား ကျနော်တို့ထက် ပို၍ ကံကောင်းထောက်မပေသည်။
ညိုညို၏ အတွေးများမှာလည်း မအေးသွယ်တို့ထံ ရောက်သွားပြန်သည်။
“ခုနေ မအေးသွယ်တို့ ဘယ်ဆီများ ရောက်နေကြမလဲ မသိဘူးနော်....”
သူက အသံ တိုးတိမ်စွာ ပြောနေသည်။်
“ကိုစိုးမောင်ကြီးက မအေးသွယ့် ခလေးကို သိပ်ချစ်တာဘဲတဲ့၊ သူတို့ ပျော်နေကြမှာဘဲနော်၊ သူတို့ကျတော့လဲ ဘယ်သူမှ မိဖတွေ ငဲ့စရာရှိတာမှ မဟုတ်တာနော်”
သူ့ အသံများမှာ မိုးရွာသွန်းနေသံများ အောက်၌ နစ်မြုပ်သွားနေသည်။
ကျနော်သည် မိုးရေစိုရွှဲနေသော သူ့ လက်ကလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားနေသည်။
ဒို့လဲ ဇွတ်ယူလိုက်ကြမယ်လေ၊ ဘာဖြစ်ဖြစ်ပေါ့၊ ဒီလိုတော့ မင်းမလုပ်ရက်ဖူးမှုတ်လား၊ ဒို့ ဒီလိုချည့်တော့ အမြဲ နေသွားရမှာ မဟုတ်ပါဘူး၊ ညရှိရင် နေ့ရှိတာပေါ့၊ မိုးရွာရင် မိုးတိတ်တာရှိတာပေါ့၊ ဒို့ဟာ ကမ္ဘာခြားနေကြတာမှ မ ဟုတ်ဖဲ၊ ဒီလိုပေါ့ကွယ်၊ နေ့မှာ တယောက်မျက်နှာတယောက်မြင်ရတာ၊ ညကျတော့ မင်းမျက်နှာကို ပြန် တွေးကြည့်မယ်၊ မင်းအသံ ပြန်နားထောင်ကြည့်နေမယ်၊ ခုနေ ကို သာ မိုက်မိုက်ကန်းကန်း ထန်းညက်တွေ လှိမ့်တင် ခိုင်းလိုက်ရင် ငွေတွေ ဖြစ်လာနိုင်တယ်၊ ဒါတော့ မလုပ်ဖူး၊ အန္တရာယ်ကြီးတယ်၊ တနေ့တော့ မြှော်လင့်ချက် ရှိလာမှာ ပေါ့။
ကျနော့် ထိုအတွေးများကို သူ သိနေမည်ဟု ထင်မိပြန်သည်။
နိုင်ဝင်းဆွေ
အပိုင်း(၁၄)သို့ ဆက်လက်ဖတ်ရှုပါရန်...
April 25, 2010
မသိန်းရှင်ဆီ ပို့ ပေးပါ

(၁၂)
လောင်ကျွမ်းနေသော နွေရက်များ
တရက်ထက်တရက် အဖမ်းအဆီးများ ပို၍တင်းကျပ်လာသည်။ ဤရက်များတွင် မှောင်ခိုသူများ တဦးချင်း လက်လျှော့စွန့်ခွာ သွားနေသည်။ ထိုအထဲ၌ လူငယ်များနှင့် အစဉ်အမြဲ ကလေးကလား စကားပြောပြီး ရယ်မော နေတတ်သော ဦးပေါ်လာကြီး၊ မခင်လှ၊ မခင်သိန်း၊ မိသိန်း၊ ကုလားမ မိသန်း၊ သူတို့တတွေလည်း ပါသွားသည်။
လိုက်ပါနေကြသူများမှာလည်း ရက်စဉ်ရက်ဆက် မဟုတ်ကြတော့ပေ။
“ဦးပေါ်လာကြီးက မလိုက်ဘဲ နေလို့လဲ နေနိုင်တာပေါ့တော်....၊ နောက်ပိုင်းမှာ စားစရာရှိတဲ့လူ မှုတ်လား။ ကျမတို့ဘဲ ဘယ်သူတွေ ဘယ်လောက်ဖမ်းနေနေ၊ ဟောဒီက ကိုရင်မောင်ကြီးနဲ့ ရိုးမြေကျပေါင်းနေရမှာ၊ ကျမတို့ဘဲ သစ္စာအရှိဆုံးနော်”
အေးအေးစက်စက် နေတတ်သော မမြသိန်း၏ပြက်လုံးမှာလည်း ရွှင်လန်း ကြည်နူးစရာ ပြက်လုံး မဟုတ် တော့ ပေ။
ဤ ပြက်လုံး၏ နောက်စွယ်၌ ညည်းတွားရေရွတ်သံ၊ သက်မချသံများ ပါနေသည်။ ဖြစ်လိုရာ ဖြစ်စေတော့ဟု စိတ်လျှော့ချလိုက်သံ၊ အားကိုးရာ မျှော်လင့်ရာမဲ့စွာ ငိုကြွေးလိုက်သံများသည် ပြက်လုံးနောက်ဆွယ်ရှိ နှလုံးသားများအပေါ်၌ ထပ်ဟပ်နေသည်။
တောင်တွင်းကြီး ရှာဖွေရေးများသည် ဘူတာရုံမှသာမဟုတ်၊ မြို့အဝင်မှလည်း မြင်းလှည်းများကို စောင့်ဖမ်းနေသည်။ နယ်ကျော်ကာ နတ်မောက်အထိ တောင်တွင်းကြီးရှာဖွေရေးများ ချီတက်လာကာ ကြွားဝင့်စွာ စောင့်ဖမ်းလာကြသည်။
ကျောက်ပန်းတောင်းတွင်လည်း ရှာဖွေရေးများနှင့် ထန်းလျက်ဖြန့်ချိသူတဦး ဈေးမတည့်သဖြင့် ပဋိက္ခဖြစ် လာ ကာ ရှာဖွေရေးချင်း ခြေချင်းလိန်နေသည်။
ပင်းချောင်းရုံပိုင် ဂျပုသည်လည်း ပထမတွင် မှောင်ခိုသူအချို့နှင့် မတည့်ရာမှ ခုအခါတွင် ဤလမ်းတာဝန်ခံ လက်မှတ်စစ် အဖွဲ့နှင့်ပင် မသင့်မတင့်ဖြစ်လာကာ သူ ဖမ်းဆီးနိုင်ကြောင်း အာဏာကုန်ပြလာနေသည်။
ထိုအခါတွင် မြှော်လင့်ချက်ကင်းမဲ့စွာဖြင့် စက်ရုပ်များကဲ့သို့ လိုက်ပါနေကြသည့် မှောင်ခိုသူများမှာ တဆယ် ထက် ပို၍ မတင်ဝံ့။ သူတို့သည် တပိဿာစီအထုပ်ကလေးများ ပြုလုပ်ကာ အနှံ့ လျှောက်ဝှက်ထားသည်။ ဖမ်းမကုန်၍ ကျန်သည့် အထုပ်ကလေးများကို ဆဒံ္ဒုချောင်းမှ ထွက်လာလျှင် အမှောင်ထဲ၌ လိုက်လံစုဆောင်းသည်။ တောင် တွင်းကြီးအဝင် သဖန်းကုန်းရွာထိပ်၌ စက်ဗိုလ်များသည် ရထားကို ဖြေးနှေးစွာ ခုတ်ပေးသဖြင့် သူတို့ ဆင်း ကျန်နေရစ်ခဲ့သည်။
သူတို့ထံမှ လက်မှတ်ခ၏ တဝက်မျှကိုပင် ကျနော်သည် မယူရက်တော့။ မီးရထားရဲများမှာမူ လစာ နည်း ပါးကြသူများ ဖြစ်သဖြင့် မယူချင်သော်လည်း ယူနေကြရသည်။
“ငါတို့ ပိုက်ဆံတောင်မယူချင်တော့ဘူးဟာ၊ နင်တို့မြင်ရတာ စိတ်ကိုမောနေတာဘဲ“
ပိန်ပိန်ပါးပါး ရဲကြပ်ကြီးတဦးက ညည်းတွားလေသည်။
ညိုညိုသည်လည်း အခါနှစ်ဆယ်ထက်မနည်း အဖမ်းခံရပြီးပြီ။
မကြာမီ သူ့ လက်ပေါ်မှ လက်စွပ်ကလေးသည် လည်းကောင်း၊ နားပေါ်မှ နားတောင်းကလေး သည် လည်းကောင်း ပျောက်ကွယ်သွားခဲ့သည်။ သူ့ ကိုယ်ပေါ်မှ အဝတ်များသည်လည်း မတောက်ပတော့။ သူ့ မျက်နှာ မှာလည်း ညှိုးမှိန်လာနေပြန်ပြီ။
သူကား ထမင်းပင်ထုပ်မလာနိုင်သည့် ကုန်စိမ်းသည် ဘဝ၏ အဆိုးဆုံး အခြေအနေနှင့် မခြားနားတော့ပေ။ ထိုအခါကမူ သူသည် မှောင်ခိုလုပ်လျှင် ထွက်ပေါက်ရှိသေးသည်။ ယခုမူ သူ့ တွင်း၌ ရှိသမျှ အသက် ရှူပေါက်များအားလုံး ပိတ်ဆို့နေပြန်ပြီ။ သူ့ အမေ၏ ကျန်းမာရေး အခြေအနေမှာလည်း ဆေးဝါး များ လျှော့လိုက်ရသည်နှင့်တပြိုင်နက် ပြန်၍ဆိုးလာနေခဲ့ပြီ။
ညနေခင်းများ၌ ရထားပေါ်တွင် သူ့ နံဘေး၌ ယှဉ်ထိုင်နေစဉ်၌ သူတွေ့ကြုံခံစားနေရသည့် အပူရှိန်များသည် ကျနော့် ကိုလာ၍ ရိုက်ဟပ်နေသလိုပင်။
သူ့ ခေါင်းမှ ပဲဆီအနံ့ များသင်းနေပြန်ပြီ။ သူ့ ဂုတ်ပေါ်၌ ဆံစကလေးများ ဝဲနေသည်။ သူသည် အပူရုပ်ကို မပူရုပ်ဆင်ကာ သူ့ မျက်နှာကို ရွှင်လန်းအောင် ကြိုးစား၍ ပြုံးရယ်နေပုံမှာ စိတ်ထိခိုက်ဖွယ်ရာ ဖြစ်နေခဲ့သည်။ ညနေ ခင်းများ၌ ဝင်လုဆည်းဆာ နေခြည်ဟပ်သဖြင့် သောကဝေနေလျက်နှင့် သူ့ မျက်နှာကလေးမှာ ဝင်းပ နေ တတ်ပြန်သည်။
ရထားကြီးသည်လည်း တံလျှပ်ထကာ အပူရှိန်ပြင်းထန်သည့် ကွင်းပြင်ကြီးထဲ၌ ဖြတ်သန်းနေရသည်။
သံလမ်းနှင့် မနီးမဝေးမှလိုက်ပါလာသည့် ယင်းချောင်း သဲပြင်ကျယ်ကြီးပေါ်၌ အပူရှိန်တံလျှပ်များသည် ကောင်းကင်သို့ တရှိတ်ရှိတ်တက်နေသည်။ နေဝင်တော့မည်ဆိုလျှင် တဖက်တောင်ကုန်းနိမ့်ကလေးများပေါ်ရှိ သစ်ပင်တောအုပ်ကလေးများမှာ ညှိုးယော်သွားနေသည်။ ချောင်းပြင်ပေါ်ရှိ ဆည်းဆာပန်းချီကားချပ်မှာ ဝမ်းနည်းဖွယ်ရာ အရောင်လေးကြီးများဖြင့် မှိုင်းညစ်လာနေသည်။
“နေကြီး ဝင်တော့မှာ ကြည့်ရတာ စိတ်မောစရာကြီးနော်၊ နီနေလိုက်တာ စူးနေတာဘဲ၊ ရင်ထဲမှာကို လာပီး ပူနေတယ်၊ မောနေတာဘဲ”
သူက လှည့်မကြည့်ဘဲ ပြောနေတတ်သည်။
“မင်းကြည့်ရတာလဲ မောနေတာဘဲ” ဟူ၍ ကျနော်သည် သူ့ကိုပြန်ပြောလိုက်ချင်သော်လည်း ငြိမ်သက် နေလိုက်သည်။
ရထားခုတ်မောင်းနေစဉ်၌ ပြတင်းဝမှ ဝင်လာသော လေထဲတွင်လည်း အပူငွေ့များပါနေကာ အေးချမ်းမှုကား ဘယ်နေရာတွင်မျှ မရှိနိုင်ဟု ထင်လာမိပြန်သည်။
“ဗေဒင်တွက်တတ်ရင် သိပ်ကောင်းမှာနော်... ဘယ်နေ့မှာ ဘယ်က ဖမ်းမယ်၊ ဘယ်နေ့မှာ ဘယ်က ဖမ်း ဘူးဆိုတာ သိရင်သိပ်ကောင်းမှာ၊ အဲဒီလိုဆို သူများပစ္စည်းကို သူတို့ယူတာ ဘယ်ခံမလဲ၊ သူတို့ဖမ်းမယ့်နေ့ မှာ အိမ်မှာဇိမ်နဲ့ အိပ်နေလိုက်မှာပေါ့နော်”
သူသည် ကလေးလိုတွေးနေ၏။ ထိုအတွေးကြောင့် သူ့ မျက်နှာပေါ်မှ အားငယ်နေမှုများသည်ပင် လျော့သွား သည်ဟု ထင်နေရပြန်သည်။ အမှန်ကား ထိုစိတ်ကူးယဉ်အတွေးများမှာ တွေးပြီးလိုက်လျှင် ချက်ခြင်းငြိမ်းသေ သွား သည်။
အမှန်၌ ခုအချိန်တွင် စိတ်အေးချမ်းနေသူဟူ၍ မရှိနိုင်ပေ။
အလွန်ပျော်ပျော်ရွှင်ရွှင်နေတတ်သော ကိုရွှေယောက်ကြီးပင် အခါတိုင်းကလို ရယ်ရယ်မောမောမနေနိုင်။ ကိုရွှေယောက်ပင် ရထားပေါ်၌ ရံဖန်ရံခါသာ ပါလာတော့သည်။
ကိုရွှေယောက်၏သားတယောက်မှာ ဆဒ္ဒုံချောင်းဘူတာ၌ ထန်းလျက်အိပ်များကို မြင်းလှည်းပေါ်သို့တင်ရင်း မြွေကိုက်သေဆုံးသွားခဲ့ရသည်။ ခုအခါ၌ ရထားပေါ်တွင် ကိုရွှေယောက်၏ သားနှစ်ယောက်သာ လိုက်ပါနိုင်တော့သည်။
ကိုရွှေယောက်သည် ထန်းလျက်များကို မြင်ပင် မမြင်ချင်တော့ပေ။။
“မထူးပါဘူးဆရာရယ်၊ မကောင်းမှု လုပ်ရတာချင်းအတူတူ ဓါးပြတိုက်တာကောင်းပါတယ်” ဟု သူတွေးလာသည်။
သို့သော် သူသည် ဓါးပြလည်းတိုက်ရဲသူမဟုတ်၊ ထန်းလျက်မတင်၍လည်း မဖြစ်။ သူ၏ထန်းလျက် အဖမ်းမခံရအောင် တင်နေနိုင်သည့် မီးရထား အိမ်သာတခုမှ ခေါင်းမိုးပေါက်ကိုလည်း မစွန့်ပစ်နိုင်။
သူသည် သူ့သားနှင့် သွားခဲ့ လာခဲ့ ပြေးခဲ့ လွှားခဲ့သည့် နေရာများကို မကြည့်မြင်ချင်။ ညနေတိုင်ရောက်လာပြီး နေရောင်မှိန်လာလျှင် သူ့ သား မြွေကိုက်ခံရသည်ကို သတိရလာကာ သူ့ မျက်နှာ တပြင်လုံးမှာ နီမြန်းလာတော့သည်။ ထို အချိန်၌ သူသည် မည်သူ့ ကိုမျှ စကားမပြောတော့ပေ။
ကိုရွှေယောက်၏ အဖေါ်တဦးဖြစ်သည့် ကိုထွန်းခင်သည်လည်း ရထားကြီးကို စွန့်ပစ်ထွက်ခွါပြေးရလေသည်။
ကိုထွန်းခင်သည် ထန်းလျက်များ အကြိမ်ကြိမ် အဖမ်းခံရသဖြင့် ကြွေးများ လည်ပင်းအထိနစ်နေသည်။ သူသည် နောက်ဆုံးအခေါက်က ဆတ်သွားမြို့မှ မျှင်ငါးပိတပုံး အကြွေးယူပြီး တင်လာခဲ့သည်။ သူ့ တွင် ကြွေးထူလှသဖြင့် သူသည် ထိုငါးပိပုံးကိုလည်းကောင်း၊ ရဲသားများကို အသိမပေးတော့ပေ။
ထိုသို့အသိမပေးသည်ကို ရဲသားတဦးက သူတို့ကို မထီလေးစားလုပ်သည်၊ သူတို့အဏာကိုဖီဆန်သည်ဟု ဆုံးဖြတ်ပြီး ငါးပိပုံးကို ပင်ချောင်းဘူတာ၌ ဖမ်းအပ်လိုက်တော့သည်။
ပင်းချောင်းမှ ရထားကြီး ထွက်ခွာလာခဲ့သောအခါ ကိုထွန်းခင်သည် ယောကျာ်းကြီးတန်မဲ့နှင့်ကြူကြူချ ငိုခဲ့ရသည်။
“ကျနော် ရိုင်းတဲ့လူ မဟုတ်ပါဘူးဗျာ... အမြဲတန်း ပေးသင့်တာ ပေးနေတာပါ၊ ခု တခေါက်သာ ပိုက်ဆံမ ပေးမိတာပါ၊ ကျနော့်ကို ဒါလောက် မရက်စက်ဖူးလို့လဲ ထင်လို့ပါ” ဟု သူသည် ဖမ်းဆီးသူ ရဲသားရှေ့၌ တတွတ်တွတ် ပြောငိုသည်။
ရဲသားသည်လည်း ခရီးလွန်ပြီးဖြစ်သဖြင့် ဘာမျှ မတတ်နိုင်တော့ပေ။ ရဲသားမှာ စိတ် မကောင်းလည်း ဖြစ်နေစဉ်... သူ့ စိတ်ထဲမှ “နောက်ကို ကျုပ်တို့ကို ဖုတ်လေတဲ့ငပိ လုပ်ရဲသေးလား” ဟု ရင်ကော့ကာ မေးမြန်း နေသည်။
အတာစန်းကုန်းတွင် ရထားဆိုက်ရပ်လိုက်လျှင် ကိုထွန်းခင်ကြီးသည် မျက်ရည်သုတ်ပြီး ရထားပေါ်မှ ဆင်းသွားတော့သည်။
သူသည် အတာစန်းကုန်း ထန်းလျက်တဲ ဘူတာကလေးသို့ ခြေထော့ကျိုးဖြင့် လျှောက်သွားနေသည်။ သူသည် ကိုယ်ရေပြားရောဂါသည်ဖြစ်၍ ခြေထောက်တဖက် မကောင်းတော့ပေ။ ကင်းပတ်ရှူး အနီကို စီးထားသည်။
ရထားကြီး ထွက်လာခဲ့သောအခါ ဤကိုယ်ရေပြားရောဂါသည် မှောင်ခိုသမား ဒုက္ခိတ၏ ထော့ကျိုးတော့ကျိုး လျှောက်သွားနေဟန်မှာ ဝေးသည်ထက် ဝေးလာသည်။ နောက်ဆုံး အမဲစက်ကလေးအဖြစ်မှ ပျောက်ကွယ်သွားလေသည်။
ထိုအခါမှစ၍ ကိုထွန်းခင် ရထားပေါ်၌ မမြင်တွေ့နိုင်တော့။
မညွန့်ရီကြီးကိုပင် ရထားပေါ်၌ မှန်မှန် မမြင်တွေ့ရတော့ပေ။
“မတတ်နိုင်ဘူး၊ ကိုရင်မောင်၊ လုပ်စားလဲ မိုးခေါင်၊ ခိုးစားလဲ ခွေးဟောင် မှုတ်လား၊ မအေးမြင့်တို့ မအေးရွှေတို့လို ဘိန်းကုန်ကူးနေတာဘဲ ကောင်းမယ်၊ ဘိန်းကမှ အန္တရာယ်ကင်းသေးတယ်၊ ကျမလဲ ရှမ်းပြည်ဖက် သွားဘို့ စိတ်ကူးနေဘီ”
မညွန့်ရီက ငေးပြီးပြောသည်။
ညနေခင်းများတွင် ကျနော်သည် ညိုညို့  နံဘေးတွင် ထိုင်ရင်း သူ့ အတွက် လမ်းစများကို ရှာဖွေကြည့်နေမိသည်။
လမ်းစများ အားလုံးမှာ ပျောက်ကွယ်နေကြပြီ။ မျှော်လင့်ချက် ဟူ၍လည်း ဘယ်မှာမှ မမြင်နိုင်။ စိတ်များသည် အလိုလို မောလာမိ၏။ သူသည် သူ့မိသားစု၏ စားဝတ် နေရေးကို ဖြေရှင်းရင်း ဖါဖြစ်သွားလျှင်လည်း ထိုအတွက် အပြစ်တင်နိုင်စရာ မရှိ။
ကျနော်သည် ခု ချက်ခြင်း သူ့ ကို လက်ထပ်ပစ်ရန်လည်း တွေးကြည့်သည်။ သူ့ အိမ်ထောင် မိသားစုနှင့် ကျနော့် မိဖများ အိမ်ထောင်စု နှစ်ခု တာဝန်ကို ခု အချိန် ကုန်ဈေးနှုန်းများ မိုးထိမြင့်တတ်နေဆဲ၌ ကျနော် မည်သို့မျှ တာဝန်ယူနိုင်မည်မဟုတ်။ ထိုအတွေးမှာ မဖြစ်နိုင်သော စိတ်ကူးယဉ် အတွေးအဖြစ်ဖြင့် သူ့ဖာသာ ပျောက် ပျက် သွားနေသည်။
နောက်တော့ မွန်းကျပ်လွန်းနေချိန်၌ သူ့ အတွက် အသက်ရှုပေါက်ကလေး တခုတလေကို အခွင့်အရေးရလျှင် ရသလို ဖွင့်ပေးရန်သာ တွေးလာရသည်။
ကျနော်သည် ထန်းလျက်များကို ခရမ်းချဉ်သီးများ ဖုံးကာ ခရမ်းချဉ်သေတ္တာ အယောင်ဆောင်ပြီး တင်ပေးရန် တွေးလာမိသည်။
အင်တောကျယ်မှ ခရမ်းချဉ် သေတ္တာများ တင်လေ့ရှိသည်။ အင်တောကျယ်မှာ ကျနော် တန်ဆာလုပ်ပေးရသည့် ကျနော်ပိုင်ဘူတာလည်းဖြစ်သည်။ တန်ဆာကို အခြားသူ တဦးဦးကို လုပ်ခိုင်းပြီး ကျနော်ပိုင်သည့် ဆဒ္ဒုံချောင်း ဘူတာတွင် ချယူလျှင် အန္တရာယ်လည်း မရှိနိုင်။ သည်ကြားထဲ ရှာဖွေရေးများသည်လည်း တန်ဆာလုပ်သည့် ပစ္စည်းများကို စစ်ဆေးလေ့မရှိ။ အကယ်၍ စစ်ဆေးလျှင်လည်း ကျနော်မသိကြောင်း ငြင်းကွယ်၍ ရနိုင်သည်။ တန်ဆာလုပ်ရာ၌ အချိန်တိုကလေး အတွင်းတွင်မည်မျှ အားလုံးကို စစ်ဆေးနိုင်မည် မဟုတ်ပေ။
တညနေ၌ ကျနော်သည် သူ့ ကို ထိုအစီစဉ် အတိုင်း ပြုလုပ်ရန် ပြောခဲ့သည်။
သူသည် ကျနော်ပြောသမျှကို နားထောင်ရင်း ခေါင်းကိုသာ တွင်တွင် ခါနေသည်။
သူသည် ရထားတွဲထောင့်ဖက်တွင် ကျနော့်လက်ကို သူ၏ ချွေးစေးထန်းနေသည့် လက်များဖြင့် ဆုပ်ကိုင်ထားသည်။ သူ့ မျက်လုံးများဖြင့် ကျနော့် တကိုယ်လုံးကို ထွင်းဖေါက်ကြည့်နေသည်။ မျက်လုံးအိမ်များထဲ၌ မျက်ရည်များ ပြည့်လာနေသည်။ သူ့ စိတ်၌ နာကျင်စူးရှနေသည့် ခံစားရမူများသည် အကြောအမျှင်များအတိုင်း စီးဆင်းလာသည်။ သူ့ လက်ချောင်းကလေးများမှ တဆင့် ကျနော့် စိတ်နှလုံးပြင်ပေါ်သို့ ဆင်းသက်လာနေသည်။
“ဟင်အင်း.... ဟင်အင်း... အဲတာတော့ မလုပ်ဖူး၊ သူ့ ကို ထိခိုက်မှာပေါ့၊ သူ အလုပ်ပြုတ်သွားရင် သူများကိုသူများ သတ်သေမှာ”
သူသည် ကတုန်ကယင်ဖြင့် ပြောနေသည်။
“မပြုတ်ပါဘူး၊ မင်း ရဲတွေကိုသာ ပိုက်ဆံပေးထား၊ သူတို့လဲ တာဝန်ရှိတာဘဲ၊ဖြစ်လာရင် သူတို့က ကိုယ့်ကိုလွှဲချ၊ ကိုယ်က သူတို့ကို လွှဲချ၊ ဘယ်လိုရှောင်ရမယ်ဆိုတာ ကို သိပါတယ်၊ မင်းအမေ နေမကောင်းဘူး မှုတ်လား၊ သင်းသင်းက ပြောတယ်၊ မင်း ကို့ ကို ဖွင့်မပြောပေမယ့် ကို သိပါတယ်၊ ခု တော့ ဒီနည်းနဲ့ ဖြေရှင်းရုံဘဲ၊ ဒီရက်တွေမယ် ထန်းလျက်တင်တဲ့ လူတွေလဲ ပါးနေတယ် မှုတ်လား၊ လသာတုန်း ဗိုင်းငင့်ပေါ့ကွယ်၊ ဒီ တခါတော့ များများ စားစား လုပ်ပလိုက်၊ ထန်းလျက် လေးရာလောက်တင်ပလိုက်။ ဒီလို လုပ်ရတာဘဲ၊ ကြွေတလက် ကြက်တခုန်ပေါ့၊ မင်းမှာ အရင်းအနှီး မရှိတော့ဘူး မှုတ်လား”
သူသည် အချိန်များစွာ ကြာအောင် ငိုင်နေသည်။ ကျနော်သည် ထပ်ပြန်တလဲလဲ တိုက်တွန်းနေ၏။ ယာယီလွတ်မြှောက်ခွင့် ရရန် သူ့ တွင် ထိုနည်းလမ်းမှတပါး မရှိ။ ကျနော့် လက်ကိုဆုပ်ကိုင်ထားသည့် သူ့ လက်ချောင်းကလေးများမှာ တစတစ ခွန်အားကုန်ခမ်းကာ ပြေလျှော့လိုက်လာနေသည်။
ဆဒ္ဒုံချောင်းနား နီးလာလျှင် အမှောင်ရိပ်များ ဆိုင်းလာသည်။ အရာဝတ္ထု အပေါင်း၏ ရုပ်ပုံဖေါ် ကောက်ကြောင်းများမှာ အမှောင်ထုကြီး ဖြစ်လာပေပြီ။ ဤ အမှောင်ကား အသက်ရှူပေါက် ကလေးပင် မရှိတော့အောင် ပိတ်သည်းနေသည့် အမှောင်။ ကြောက်မက်ဖွယ်ရာ အမှောင်။ မကောင်းဆိုးရွားများ စားမည်တကဲကဲပြုကာ ကြိမ်းဝါး ခြိမ်းချောက်သံကြီးများသာလျှင် အဆက်မပြတ် မြည်ဟိန်းနေသော အမှောင်။
ကျနော်သည် သူ့ လက်ကလေးကို ဆုပ်ကိုင်ရင်း ထပ်၍ တိုက်တွန်းနေသည်။
သူသည် အမှောင်ထဲ၌ သက်ပြင်း တချက် ညည်းတွားလေသည်။
“အရင်းအနှီးတော့ သေသေ ချာချာ ပြောပြရင် အကြွေးပေးကြမယ့် လူတွေရှိပါတယ်”
ထိုစကားများကို ပြောနေစဉ်တွင် သူ့ စကားသံ တိုးတိုးမှာ တုန်ယင်အက်ကွဲနေခဲ့သည်။်
မကြာမီ တရက်တွင် ထိုအစီစဉ်အတိုင်း လုပ်ဖြစ်သည်။
သူသည် ထန်းလျက်သေတ္တာများကို ခရမ်းချဉ်သေတ္တာအဖြစ် အင်တောကျယ်မှ မိန်းမတဦးကို တန်ဆာ လုပ်ခိုင်း ထားသည်။
သူ ကိုယ်တိုင်မှာ အမြန်ရထားဖြင့် ရှေ့မှ ကြိုတင် ပြေးနှင့်သည်။်
လမ်းတလျှောက်လုံးတွင် ကျနော်နှင့် တကွ ရဲသားများထိတ်လန့် လာခဲ့ကြသော်လည်း ပင်းချောင်းကို ကျော်လွန်လာခဲ့သည်။ အခြား ဘူတာများမှလည်း အစစ်အဆေး မရှိ လွတ်မြောက်လာသည်။ နတ်မောက်ကို လွန်လာခဲ့လျှင် စိုးရိမ်ရန် မရှိတော့ပေ။
မြို့သစ်မှ လွတ်မြောက်လာခဲ့လျှင် ရင်ထဲ၌ ရှင်းလင်း ပေါ့ပါးနေကာ ကျနော်သည် လူစီးတွဲတတွဲ၏ တွဲဝတွင် ရပ်ရင်း သူ့ ကို ချက်ခြင်း မြင်တွေ့ချင်လာသည်။
မြို့လုင်၌ သူသည် ဦးကောင်းဇုံ ဆိုင်ရှေ့တွင် အသင့်စောင့်နေသည်။ ရထားရပ်သည်နှင့်တပြိုင်နက် ကျနော်ရှိရာသို့ ပြေးလာသည်။
ရထား ထွက်လာသော အခါ သူနှင့် ကျနော်သည် တွဲဝအမှောင်ရိပ်ထဲ၌ အတူ ယှဉ်ရပ်လာခဲ့ကြသည်။
“ဘယ်လိုလဲ...ဟင်”
သူသည် အေးတိအေးစက် လုပ်နေသည့် ကျနော့် ကို လက်မောင်း အတင်းဆွဲလှုပ်ရင်း ကတုန်ကယင် ဖြင့် မေးလာခဲ့သည်။
မှောင်ရီ ဆိုင်းစ၌ မြို့လုင်မှာ အေးငြိမ်းနေသည်။ အလင်းရောင် အကြွင်းအကျန်များသည် ဟိုသည် ကွက်ကြား ထွန်းနေသည်။ ချက်ခြင်းပင် မြို့လုင်သည် အဝေး၌ ငြိမ်သက် နေရစ်ခဲ့သည်။
ကျနော်သည် လွတ်လပ်သော ဤရထားတွဲဝ၌ သူ့ ကျောပေါ်သို့ လက်ကို အသာအယာတင်လိုက်သည်။ သူ့ မျက်နှာကလေးကို တစိမ့်စိမ့်ကြည့်နေသည်။ ကျနော်သည် မပြုံးမိရန် စိတ်တင်းထားသည်။ မရတော့ပေ။ သူကလည်း ငြိမ်သက်ပြီး ကျနော့် ကို ပြန်ကြည့်နေသည်။ သူ့ ပခုံးပေါ်မှ တဘက်စ တခုမှာ မိုမောက်နေသည့် သူ့ ရင်သားညွန့် ပေါ်တွင် ဝဲကျနေသည်။
“ပြောစမ်းပါ”
သူက ထပ်မေးနေသည်။
“သေတ္တာတွေ ပါခဲ့သေးရဲ့လား၊ ရင်ထဲပူနေတာဘဲ၊ အေးတိအေးစက် လုပ်မနေစမ်းပါနဲ့”
ကျနော်သည် သူ့ ကို စကားမပြောဘဲနေကာ နောက်ပြောင်နေသည်။ သူသည် ကျနော့် လက်မောင်း ကြွက်သားများကို အားမလို အားမရဖြစ်ပြီး လိန်ဆွဲနေသည်။်
အတော်ကြာမှ “ရင်မောင်တို့ လုပ်ရင် ပိရိပါတယ်” ဟု ကျနော်သည် နှုတ်ခမ်းမဲ့ကာ ရုပ်ရှင် လူကြမ်းဟန်ဖြင့် ပြောဆိုရယ်မောလာခဲ့သည်။
“မောနေတာဘဲ၊ ရှာတွေ့ကုန်ရင် သူ အလုပ်ပြုတ်သွားမှာ၊ နောက်တော့ ဒါမျိုး မလုပ်တော့ဘူး၊ အမြန် ရထားနဲ့ တုန်းက သူများ ရင်လေးလိုက်တာ၊ သူများ ရင်လေးလာရင် တခုခု ဖြစ်မယ်ဘဲ ထင်တာ၊ နိမိတ်ကလဲ မကောင်းဘူး၊ မျက်ရည်ခံတွေ တဆတ်ဆတ်လှုပ်နေတာ၊ အဲတာ အိမ်သာထဲဝင်ပြီး ငိုရတယ်”
သူ့ အသံသည်လည်း တုန်ယင်နေသည်။
ဆဒ္ဒုံချောင်း၌ သူသည် အသင့်စောင့်ကြိုနေကြသူများဖြင့် သေတ္တများကို ချယူကာ ဆင်းနေရစ်ခဲ့သည်။
ကျနော်သည် လူစီး တွဲဝအမှောင်ထဲတွင် တယောက်တည်း ရပ်မြဲ ရပ်လာခဲ့သည်။
ခု တခဏအတွက်ကား သူ့ ကို ကျနော် ကူညီနိုင်ပြီ။ နောင် အရှည်အတွက်မူ ရင်၌ လေးလံ ပင်ပမ်းနေရဆဲပင်။
ကျနော်သည် မိမိကိုယ်ကို အပေါ်ယံသာ ကြည့်ရှုသူ... ပေါ့ပေါ့ဆဆမျှသာ ခံစားတတ်သူ၊ အစိုးရိမ် သောက မရှိသူ ဖြစ်ချင်လာသည်။
ဘာကြောင့် နောင် အရှည်အဝေးအတွက် တွေးနေရသလဲ။
ဘာကြောင့် မရေရာသော အရာများကို အမှောင်ထဲ၌ ကြိုးစားရှာဖွေနေသူ ဖြစ်နေရသလဲ။
နွေ၏ နောက်ဖက် အစွန်ပိုင်း ရက်များ၌ မှောင်ခိုသူများ အတွက် အသက်ရှူပေါက်များ တကြိမ် ရလာကြပြန်သည်။
ပင်းချောင်း ရှာဖွေရေးများ၊ တောင်တွင်းကြီး ရှာဖွေရေးများသည် အနာရောဂါဆိုးတခု ခဏမျှ မြုံနေသလို ငြိမ်သက်နေပြန်သည်။
မညွန့်ရီ၊ မအေးသွယ်၊ သင်းသင်း၊ နုနု၊ မခင်သိန်း၊ မခင်လှ၊ မအေးမြင့်၊ ကိုအောင်စိန်၊ ကိုစိုးမောင် စသူများ တကြော့ပြန်လိုက်လာကြသည်။
“အတင်း မွေးတဲ့ ခလေးကတော် ကိုရင်မောင်ကြီးနဲ့ တရုပ်ထဲ၊ ကိုရင်မောင်ကြီးလို နှာခေါင်းချွန်းချွန်းနဲ့၊ ပါးချိုင့် ကလေးနဲ့၊ နဖူးကလဲ မောက်မောက်၊ အရပ်ကလဲ မြင့်မြင့်၊ ခါးကလဲ ကုန်းနေသေးတယ်”
မအေးသွယ် နောက်ပြောင်သည် ကို အားလုံး ဝိုင်းဝန်းရယ်မောလာကြပြန်သည်။
ဤရက်များအတွင်း၌ ကျနော်သည် ကျောက်ပန်းတောင်းဈေးသို့လည်း ညိုညို ထန်းလျက်ဝယ်သည့် နေရာများသို့ လိုက်ပါသွားသည်။
တခါတရံ၌ ကျနော်သည် သူ့ ကိုချိန်းဆိုထားပြီး ကျောက်ပန်းတောင်း ဘူတာရုံ နောက်ကြောဖက်ရှိ ကျောက်တောင်ကြောပေါ်မှ သုံးဆူတန်း စေတီကုန်းမြင့်ပေါ်တွင် သူ့ ကိုစောင့်နေသည်။ ထိုနေ့တွင် သူသည် ဈေးသို့ ကမန်း ကတမ်း သွားပြီး ကျနော်ချိန်းရာသို့ ရောက်လာသည်။
သူသည် ကုန်းမြင့်ပေါ်သို့ မတ်မတ်ရပ် လှေကားမြင့်ကြီးအတိုင်း စွန့်စားတက်ရောက်နေရစဉ်၌ အသဲတထိတ်ထိတ် ရင်တဖိုဖိုဖြင့် ကြောက်ရွံ့နေသည်။ အပေါ်သို့ ရောက်လျှင် ကျနော်ရပ်နေရာ ဇရပ်အတွင်းသို့ ပြေးဝင်လာသည်။
“ကြောက်လိုက်တာကွယ်..အသဲတွေ တုန်နေတာဘဲ”
ကျနော်သည် သူ့ ကို ငေးကြည့်ရင်း ပြုံးရုံသာ ပြုံးနေခဲ့သည်။ သူကမူ ဤ လွတ်လပ်ကာ လူသူကင်းပြတ်သည့် နေရာ၌ သူ့ကို အငမ်းမရ ပွေ့ဖက်ဖျစ်ညစ်မည်ထင်ကာ ရင်ဖိုနေသည်။ သူ့ မျက်နှာမှာ ရှက်သွေးကြွနေပြန်သည်။
ကျနော်သည် သူ့ကို ပွေ့ဖက်လိုသည့် စိတ်များကို ချုပ်တည်းကာ သူနှင့်အတူ ဘုရားဝတ်ပြုသည်။ ဝတ်ပြုစဉ်၌သူသည် အသံမထွက်ဘဲ တတွက်တွက် နှုတ်ခမ်းလှုပ် ရွတ်ဆိုသည်။
သူ ဘာဆုတောင်းသည်ကို ကျနော်သည် မမေး။
ဘုရားဝတ်ပြုပြီးလျှင် သူနှင့် ကျနော်သည် ကျောက်တောင်စွန်း၌ ဘေးချင်း ယှဉ်ရပ်ကာ ငြိမ်သက်နေကြသည်။ သူ စကားပြောမည်ပြုလျှင် ကျနော်သည် လက်ကာ ပြထားလိုက်သည်။ သူသည်လည်း ကျနော်၏ ငြိမ်ငြိမ်သက်သက်နေစေလိုသည့် ဆန္ဒကို သဘောပေါက်လာသည်။ ကျနော့် နံဘေး၌ မလှုပ်မရှက်ငြိမ်သက် ရပ်နေသည်။
ဤ ကျောက်တောင်ကုန်းထိပ်မှာ ငြိမ်သက်အေးငြိမ်းနေသည်။တောင်ခိုးများ ဝေ့လာသည်၊ လေများတိုးဝှေ့ လာသည်။ အောက်ဖက်ရှိ ကမ္မဌာန်းကျောင်းတိုက်များသည်လည်း ငြိမ်သက်နေသည်။ ဟိုဖက် တောင်စဉ် တောင်တန်းများပေါ်ရှိ ရွှေတောင်ဦး၊ လွမ်းစေတီ၊ အခြား စေတီတော်များမှ ဆွဲလဲသံများ ပျံ့လွင့်လာသည်။ အခြားတောင်ကုန်းများသည် ဤ ကျောက်တောင်ကုန်းအောက်၌ ငြိမ်သက်နေသည်။ အဝေးရှိ ပုပားတောင်မကြီးမှ မြူခိုးများ ဝေ့လာနေသည်။ ကျောက်ပန်းတောင်း တမြို့လုံးကို စီးမြင်နေရသည်။
သူသည် ကျနော့် ရင်ခွင်အတွင်းသို့ လှဲမှီလိုသဖြင့် သူ့ ပခုံးကို ကျနော့် ဖက်သို့ ညွတ်ကိုင်းသည်။
ကျနော်သည် မသိမသာ နောက်ဆုတ်ကာ သူ့ ကိုလက်ကာပြလိုက်ပြန်သည်။
သူသည် ကျနော့် ကို ရိုက်နှက်ပစ်လိုသော်လည်း သည်းခံနေရပုံမျိုးဖြင့် ငြိမ်သက်နေသည်။ အတော်ကြာလျှင် သူသည် “ဘာမှ ပြောစရာမရှိဘူး မှုတ်လား” ဟု ခပ်တိုးတိုးမေးသည်။
ကျနော်သည် ခေါင်းကိုသာ ယမ်းပြလိုက်၏။
သူသည် ကျနော့်ကို နှုတ်မဆက်ဘဲ ဆင်းသွားလေသည်။ နောက်ပိုင်းရက်များတွင် ဤ သုံးဆူတန်းစေတီ ကျောက်တောင်ကုန်းထိပ်၌ နှစ်ယောက် တွေ့ဆုံကြလျှင် သူသည်လည်း စကားမပြောရန်၊ အတတ်နိုင်ဆုံး တိတ်ဆိတ် ငြိမ်သက်စွာ နေရန် အကျင့်ရလာသည်။ ကျနော့် ကို နားလည်လာသည်။ သူကိုယ်တိုင်လည်း ကျနော့် လိုပင် ငြိမ်သက်သော၊ သိမ်မွေ့ အေးငြိမ်းသော ကြည်နူးမှုကို ခံစားတတ်လာသည်။
ဤကဲ့သို့ ချစ်သူ နှစ်ဦး လွတ်လပ် တိတ်ဆိတ်သည့် နေရာ၌ တွေ့ဆုံပြီး စကားမပြောဘဲ ဘုရားအတူဝတ်ပြု၊ အတူရပ်ကာ၊ က္ကုနြေ္ဒကြီးမားစွာ နေရသည်ကို သူ နှစ်သက်လာသည်။
ကျနော်တို့ နှစ်ယောက် ဤ ကုန်းတော်ပေါ်၌ နေရချိန်များနှင့် ရထားပေါ်တွင် နေရချိန်များမှာ ငရဲနှင့် နိဗ္ဗာန်လိုခြားနားပေသည်။
ရထားပေါ်သို့ ပြန်ရောက်လျှင် ဆူညံရှုပ်ပွေမှုများဖြင့်သာ ရောထွေးနေတော့သည်။ မညွန့်ရီ၏ ထန်းလျက် တောင်းများ လူအလိမ်ခံလိုက်ရသည်ဆိုသော အသံမျိုးကို မကြား၍ မရ။ ဘယ်မိန်းကလေးကို ဘယ်သူတွေက ဖျက်ဆီးလိုက်ပြန်ပြီဆိုသော စကားကို မကြား၍ မရ။ မကြင်ယုံတယောက် ငရုတ်သီးများနှင့်မိသဖြင့်၊ သူ့ အဖော်များကို မဖော်ဘဲ အနစ်နာခံလိုက်သဖြင့်အမှုဖြစ် ထောင်ကျသွားပြီ ဆိုသည့် သတင်းကို မကြား၍ မရ။ ပင်းချောင်းတွင် ယခင်ဖမ်းဆီးနေသောရဲများ ပြန်လာကြပြန်ပြီဟူသော သတင်းကို မကြား၍ မရ။
ဤ အဖြစ်အပျက်များမှာ ရေလှိုင်းလို နိမ့်လိုက် မြင့်လိုက်ဖြင့် မတည်ငြိမ်နိုင်ပေ။
သည်တကြိမ်၌ ပင်းချောင်းရှာဖွေရေးများ၏ ရှာဖွေဖမ်းဆီးမှုသည် ပို၍ တင်းကျပ်ပြင်းထန်လာသည်။ ထန်းလျက် တပိဿာအထုပ်ကလေးများပင် မချန်။ မှောင်ခိုသမားများ၏ အသံများမှာလည်း ကျယ်ရာမှ တိုးသက် သွားကြသည်။ ပင်းချောင်းရဲများသည် ပိုင်ရှင်များ မမိသဖြင့် ပို၍ ဒေါသဖြစ်လာကြသည်။
သူတောင်းစားကြီး ပခုံးမှ ထန်းလျက်ထုပ်ကို ဆွဲယူလိုက်ပြီး မျက်မမြင် သူတောင်းစားကြီးကို ဘယ်ကဲ့သို့ အရေးယူရမည်မသိ ဖြစ်သဖြင့် ပို၍ဒေါပွနေသည်။
သူသည် သူ တောင်းစားကြီး၏ ဆုတောင်းမေတ္တာ ပို့သနေသည့် ပါးစပ်ကို လိုက်၍ ပိတ်လိုက်ချင်ပုံရနေသည်။
သူတောင်းစားသည်လည်း ရှာဖွေဖမ်းဆီးရေးများ ကြား၌ သူ့ ပခုံးမှ ထန်းလျက်ထုပ်ဆွဲယူလိုက်သည်ကို ဂရုမပြုဘဲ ဆက်လက်၍ တောင်းရမ်းသွားသံမှာ ရဲသားကို အရွဲ့တိုက်နေသလိုဖြစ်နေပြန်သည်။
“သနား ကြပါခင်ဗျ၊ သနားကြပါခင်ဗျ၊ ကျုပ်ဟာ ဟိုတုန်းက နတ်မောက်ဘူတာက ကူလီအလုပ်သမားကြီး မြဒင်ပါဗျ၊ သူတောင်းစားမျိုး မဟုတ်ပါဘူး၊ ဘဝကအကြောင်း မကောင်းတော့ မျက်စိနှစ်ကွင်း အလင်းကွယ်ပျောက်လို့ ဟောဒီ မြေးကလေးတယောက်နဲ့ ရွာစဉ်ရှောက် တောင်းစားနေရပါတယ်ခင်ဗျ”
နောက်ပိုင်းရက်များတွင် ပင်းချောင်း၌ ဆိုက်ရပ်လျှင် ဤအသံများဖြင့် ဆူပွတ်လာသည်။
ပင်းချောင်း ရဲများသည် ပိုင်ရှင်ဖော်ထုတ်ရန်လည်း ကြိုးပမ်းလာသည်။
“ဒါနင့်အထုပ် မှုတ်လား”
ဖြူစောထီး ဘဝမှ စုတေလာခဲ့သော ရဲသားသည် ခုံတခုံအောက်မှ တပိဿာခန့် ထန်းလျက်ထုတ်ကို ဆွဲယူလိုက်ပြီး မျက်နှာထားဖြင့် တရားခံရှာတတ်လာသည်။
ညိုညိုသည် ခါးကော့၍ ကိုယ်ကိုမတ်လိုက်သည်။
သူ့ မျက်နှာမှာ နီမြန်းနေသော်လည်း သူသည် က္ကုနြေ္ဒမပျက် စေရန် စိတ်တင်းထားသည်။
“မဟုတ်ဖူး” ဟု သံပြတ်နှင့်ဖြေလိုက်သည်။
“အေး.... အမြဲတမ်း နင်တို့ မျက်နှာတွေချည့် မြင်မြင်နေရတာ တရားခံရှာမရဘူး၊ နင်တို့ တီဘီစီပါ ဖမ်းပလိုက်မယ် သိလား၊ ခု နင်တို့ကို ငါ ဖမ်းနိုင်တယ်”
“ဖမ်းနိုင်ရင် ဖမ်းပေါ့”
“တယ်... ငါလေ.... ဟေ့....ဒီထုပ်တွေ အောက်ချကွာ၊ ထန်းညက် တလုံးတွေ့ရင် တလုံးကိုဖမ်း၊ ဒီမှောင်ခိုတွေ အမြစ်ကို မပြုတ်ဖူး၊ ခပ်ကြမ်းကြမ်း လုပ်ရ ရမယ့်ဟာတွေ”
ဤ အသံများကြားထဲတွင် သူတောင်းစားအိုကြီး၏ “ ကျန်းမာကြပါစေ...ချမ်းသာကြပါစေ... သတ္တဝါအများ ကိုယ် စိတ်နှစ်ပါးချမ်းသာကြပါစေ” ဟု ဆုတောင်းမေတ္တာ ပို့သသံသည်လည်း ရောထွေးနေသည်။
ရထားကြီး ထွက်ခွာလာခဲ့သော အခါ၌ကား ဤအသံအပေါင်းသည် နောက်၌ ကျန်နေရစ်ခဲ့၏။
ရထားကြီးပေါ်တွင် မည်သူမျှ စကားမပြောကြဘဲ ငြိမ်သက်လာနေခဲ့သည်။ ရထားခုတ်မောင်းနေသံသာလျှင် ဆူညံနေသည်။ မည်သူမျှ စကားမပြောချင်ကြတော့။ သူတို့ ပြောနေကျစကားများမှာ အပ်ကြောင်းထပ်နေပြီဖြစ်သဖြင့် ဤ ညည်းညူသံများကို သူတို့ကိုယ်တိုင် မည်သူ့ ထံကမှ မကြားချင်တော့ပေ။
ထိုညနေက လူအများက ညိုညို့ ကို မှောင်ခိုသမကလေး အဖြစ်ဖြင့် သိနေကြပြီကို တွေးလာမိကာ ကျနော်သည် သူ့ အတွက် ပို၍ စိုးရိမ်သောက ဖြစ်လာခဲ့၏။ သူသည်လည်း သူ့ ကို ရဲသားတဦးက စွပ်စွဲလိုက်သည်ကိုသာ တွေးလာခဲ့သည်။ သူ့ နောက်မှ သူ့ အရိပ်သည် ထက်ကြပ်မကွာ ပြေးလိုက် လာနေသည်ကို မကြောက်ရံွ့၍ မဖြစ်တော့။
တညနေခင်းလုံးလုံး သူ့ အနား၌ ထိုင်ကာ စာရင်းများ လုပ်လာခဲ့သော်လည်း ကျနော်သည် သူ့ ကို စကား တလုံးမျှ မပြောမိ။
ဤကဲ့သို့ ရထားတစင်းလုံး အဖမ်းအဆီး ခံရစဉ်တွင် လွတ်မြောက် ကျန်ရစ်ခဲ့သူမှာ ကိုရွှေယောက်နှင့် သူ့ သား နှစ်ယောက်သာ ဖြစ်လေသည်။
မြို့သစ်မှ ရထား ထွက်ခွာလာခဲ့လျှင် ကိုရွှေယောက်သည် လဖက်ရည်ဘိုး ပေးရန် ကျနော်ရှိရာသို့ ရောက်လာပြန်သည်။ ကျနော် ငြင်းဆန်သော်လည်း သူသည် ဆယ်တန်တရွက်ကို အတင်းအကျပ် ပေးနေပြန်သည်။်
“စိတ်မပျက်ပါနဲ့ဟာ”
သူက ညိုညို့ ကို အားပေးလေသည်။
သူသည် နေရာမှမခွါသေးပဲ ရပ်နေသည်ကို ကျနော်သည်လည်း မသိနိုင်။
မြို့ လုင်ကို ကျော်လွန်လာသည်အထိ သူသည် မခွါသေး။
“သွားတော့လေ ကိုရွှေယောက်↔ဟု ကျနော်ပြောသော်လည်း သူသည် ငြိမ်နေခဲ့၏။
နောက်ဆုံး၌ သူသည် ကျနော်နှင့် ညိုညိုကို ဤရထားပေါ်ရှိ အိမ်သာတတွဲတွင်ပါသည့် ခေါင်မိုးမှ အပေါက်အကြောင်းကို ဖွင့်ပြောလေသည်။ ဤကိစ္စမှာ သူ့ အသက်နှင့်ထပ်တူ စေါင့်ထိမ်းထားရမည့် အရာဖြစ်သည်ကို ကျနော်လည်း ခံစားရသည်။
“ဒါကြောင့် အဲဒီအိမ်သာပါတဲ့ရထားနဲ့ ကိုက်ပီး ကျနော် နှစ်ရက်မှ တပတ်လိုက်တာ↔
သူက လျှို့ ဝှက်ပြီး အသံတုန်တုန်ဖြင့် ပြောနေသည်။
“အဲဒီအပေါက်က ငါးဆယ်ဆန့် တယ်၊ကျနော်နှစ်ဆယ်၊ ကျနော့်သားသုံးယောက်ရှိတုန်းက သူတို့ ကသုံးဆယ်၊ခြေနိုင်လက်နိုင် ပြေးလွှားကောင်းရုံပေါ့ဆရာ၊ ခုတော့ ကျနော့်သားကြီးလည်း မရှိတော့ဘူး၊ အဲဒီမှာ မိညိုတဆယ်တင် ↔
သူသည် စကားပြောနေရင်း အသံတွေတုန်လာသည်။ သူ့ သားကြီးကို သတိရလာသည်။
သူ နေရာမှ ထသွားသည်အထိ ကျနော်လည်း သူ့ ကို စကားပြန်မပြော မိ။ ညိုညိုသည်လည်း သူ့ ကို ကျေးဇူးတင်သည်ဟု ပြန်မပြောလိုက်။ သူသည် နေရာမှ ငြိမ်သက်စွာထွက်ခွါသွားသည်။
အတန်ကြာသည်အထိ ကျနော်သည် ငြိမ်သက်နေမိ၏။ ဘဝတူလူသားချင်းအပေါ်၌ထားရမည်ဟု အသိမရှိဘဲ သူ့ အလိုလို နှလုံးသားမှ ပေါက်ဖွားလာခဲ့သည့် ထိုမေတ္တာတရားမှာ နက်ရှိုင်းလှသည်ဟု ခံစားနေရပြန်သည်။
နိုင်ဝင်းဆွေ
အခန်း (၁၃)သို့ ဆက်လက်ဖတ်ရှုပါရန်...
April 20, 2010
တကယ်ပဲ နွေဦး ဟာ အရောက်နောက်ကျခဲ့ပါသလား

လွန်ခဲ့တဲ့ သင်္ကြန်မတိုင်မီ ရက်ထဲမှာ
ကဗျာဆရာ (ကို)ခင်အောင်အေးဆီက စာတစ်စေါင်(သူကတော့ ဒါကို စာတစေါင်ပါလို့ ပြောတာပဲ၊ ကျနော်ကတော့ ကဗျာတပုဒ်အဖြစ်ခံစားမိလို့ ) အီးမေးလ်နဲ့ ရောက်လာလို့  ဘယ်ကိုလွမ်းရမှန်းမသိတဲ့အလွမ်းတွေနဲ့ 
တစုံတရာကို ကျနော် လွမ်းခဲ့မိတယ်။ ဘဝရဲ့တောမှော်ရုံက လက်ကလေးနဲ့ တောက်ရုံနဲ့ 
ကျနော့်နှလုံးသား
မီးထတောက်မတတ် အေးမြခဲ့ရတယ်။
ဒါကြောင့်မို့  ဒီကိုယ်ရေးကိုယ်တာစာတစ်စေါင်ကဗျာကို
ကျနော့်ဘလော့မှာ ပို့ စ်အသစ်အနေနဲ့ တင်လိုက်တာပါ။
(ကို)ခင်အောင်အေးရေ...
သေချာပြီပေါ့
ကျနော်တို့ တတွေ နွေဦးကို ကဗျာတွေနဲ့ တုတ်နှောင်ထားမိကြပြီ။
ကျနော်တို့ အားမငယ်စတန်း ပန်းတွေပွင့်လိုက်ကြတာပေါ့။
တံခါးတွေ ဖွင့်လိုက်ကြတာပေါ့။
ငြိမ်းဝေ
တကယ်ပဲ နွေဦး ဟာ အရောက်နောက်ကျခဲ့ပါသလား
နွေဦးဟာ အရောက်နောက်ကျခဲ့တယ်
အဖြစ်အပျက်တွေဟာ သံတူကြောင်းကွဲ
အမြစ်တွယ်ခဲ့ကြတာဟာ မနီးမဝေးက
အချိန်မြစ်ကြီး မရပ်မနားစီးဆင်းသွားခဲ့စဉ်
တယောက်တနေရာစီ ဒရွတ်တိုက်မျောရွေ့ခဲ့ကြတဲ့
ကျောက်ခဲကျောက်တုံးတို့ပမာ။
နွေဦးဟာ အရောက်နောက်ကျခဲ့တယ်
၁၉၇၅၊ ၁၉၈၈ သေရာပါအမာရွတ် သက္ကရာဇ်များ
ခင်ဗျား နဲ့ ကျနော် ကျောင်းဝင်းထဲမှာ ပခုံးချင်းတွန်းတိုက်ဖူးကြမယ်
(တကယ်တမ်းတော့ ဦးသန့် တုန်းက ကျနော်က ချာတိတ်)
ခင်ဗျားအော်လံကြီးတထမ်းထမ်းနေ့က ကျနော်က တောင်ပိုင်းပင်လယ်
ကမ်းခြေရှိတဲ့ မြို့မှာ ပဆိုးခြုံထဲက လက်သီးလက်မောင်းတန်းပြနေခဲ့တယ်။
နွေဦးဟာ အရောက်နောက်ကျခဲ့တယ်
ခင်ဗျားရဲ့တောမှော်ရုံကာလများ ကျနော့် မြို့တော်ကြီးပြန်ခို နေ့စွဲများ
ဆိုင်ကယ်တဝီဝီ ခေတ်ပြောင်းခေတ်လွဲ ခေတ်ပျက်သေဌေးကြီးတွေရဲ့
လက်သုံးတော်ခိုင်းဖတ် တဘက်မှာ အဲဒီမျက်နှာဖုံးခွာချလိုက်ရင်
ကိုယ့်ဘဝဖြစ်တည်မှု(ဖြစ်တည်မှုဆိုတဲ့စကားလုံးကို တမင်ရွေးချယ်သုံးနှုန်းသည်)
အရေခွံကို ရွံရှာစက်ဆုပ်ဖက်တွယ်ရင်း မြို့တော်မှော်ရုံတောမှာ မေ့မျောမိန်းမူးရင်း
အရာအားလုံးကို ဖြစ်ချင်ရာဖြစ်မောင်ဘချစ် ဒဿနအစုပ်အပြတ် အလံတော်အောက်
သွပ်သွင်းနေမိခဲ့ချိန်ပေါ့။
နွေဦးဟာ အရောက်နောက်ကျခဲ့တယ်
အစွန်အဖျားကျတဲ့မြို့၊ ဒါမှမဟုတ် ခင်ဗျားဖွဲ့ခဲ့သလို
‘သုညတွေပဲ ကျွင်းတဲ့ မြို့ကလေး’ ကို ၉၇၊ ၉၈ မှာ
ကျနော်ခြေချဖူးနေပြီ၊ အဲဒီကာလတွေကတော့ ၉၆ ရဟန်းဘောင်က
ထွက်ပြီး ဘဝကိုအသစ်လောင်း ပုံသွင်းထားတဲ့ကာလတွေ
(၉၄ ဘန်ကောက်၊ လာ့ထ်ပရောင်း၊ ကိုဝင်းခက်အခန်း၊ တဖက်ခန်းက ကိုဝင်းထွန်း(ကာတွန်းဝင်းထွန်း)၊
ခေတ်ပြိုင်အရေတည်ကာလ၊ အခန်းထဲဝင်လာတဲ့ ကွန်မင်ဒိုယူနီဖောင်းနဲ့
တဒုန်းဒုန်းဖိနပ်သံ တွေအကြောင်းကိုတော့ ထုံထောင်းက မင်းသားကြီးမှာ
အရသာရှိရှိပြောဘို့ ချန်လှပ်ထားလိုက်အုန်းမယ်)
သံလွင်မြစ်ကိုဖြတ်(ဇက်နဲ့ကူးရတာ၊ ဂျိုင်းမှာကတခါ)
ဖားအံ ဇွဲကပင်တောင်ကြီးကို အားပါးတရ မော့ကြည့်ရင်း
ဒေါနတောင်ကတဆင့် မြဝတီမြို့ကိုခြေချတော့
အဝေးရောက် စာဆိုရှင်ကြီး ဦးစကိုသာ သတိရမိတော့။
နွေဦးဟာ အရောက်နောက်ကျခဲ့တယ်
၁၉၇၈၊၁၉၇၉ ကာလများ မြေနီကုန်းညဈေးစာအုပ်တန်း
ဗိုလ်ချုပ်လမ်း စပယ်ဦးကဖေးတဝိုက် ကုလားကျောင်းတဝိုက်စာအုပ်အဟောင်းတန်း
ဒါပေါ့ ၃၇ လမ်းအောက်ပိုင်း၊ ပန်းဆိုးတန်း ဟိုက်ကုပ်ရုံးရှေ့ စာအုပ်တန်းတွေ
ခင်ဗျားမလွဲမသွေ ကျင်လည်ခဲ့ဖုူးမယ်
(အံမယ် စာအုပ်တအုပ်ထဲကိုတောင် လက်အတူတူလှမ်းပြီးမှ
တယောက်ယောက်က နောက်ဆုတ်ပေးချင်ပေးဖူးမယ်ဗျ)
ကိုတင်မြင့်၊ ကိုမြသန်း၊ အဘ၊ ကိုအောင်ခက် - နေအုန်း စာအုပ်တန်း
လူမိုက်တယောက်ရှိသေးတယ် နံမယ်မေ့နေလို့ ခုတော့ ဆုံးသွားပြီ -
နောက်မှ အရမ်းခင်မင်သွားတဲ့ ကိုကျော်ကြီး(ကျော်ကျော်ခင်)
ပြောရင်းနဲ့လွမ်းလာပြီဗျာ။
နွေဦးဟာ အရောက်နောက်ကျခဲ့တယ်
ကဲ ကဒ်တွေ ကျော်မယ်ဗျာ
၂၀၀၆ ၊ခင်ဗျား ကိုယ့်ခေါ်သံကိုကိုယ် ပြန်မကြားပဲ ကြားနေစဉ်
ကိုယ့်ရင်ခုန်သံကိုကိုယ် မခံစားနိုင်အောင် ခံစားနေစဉ်
ဆင်စမ်းတဲ့ ပုဏ္ဏားတွေနဲ့ လက်ဖက်ရေဆိုင်ထိုင်နေစဉ်
တိမ်တွေကိုကြိုးပစ်ဖမ်းရင်း ငါးမျှားချိတ်မြိုမိနေစဉ်
ညှော်နံ့နဲ့ချိတ်ထားတဲ့ ဒရစ်ပုလင်းကို ဖြုတ်ပေးဘို့ တောင်းဆိုနေစဉ်
သုညပဲကျွင်းတဲ့ အဲ့ဒီ အစွန်အဖျားမြို့ကလေးမှာ
ကျနော် လတ်လျားလတ်လျား လမ်းသလားနေခဲ့တယ်
ယောင်န နေခဲ့တယ် ပြုန်းစားနေခဲ့တယ် မပြိုလဲအောင် ကျားကန်နေခဲ့တယ်။
နွေဦးဟာ အရောက်နောက်ကျခဲ့တယ်
၂၀၁၀၊ ဒီဘက် ငါးနှစ်ဆိုတဲ့ကာလဟာ ဟိုဘက် အနှစ်ငါးဆယ်ကာလလိုပဲ
ကြယ်တစင်းကြွေတာ မြင်လိုက်ရသလောက်ကလေးသာ
မနေ့က မတ်လ ၂၆ ကမှ နွေဦးအရောက်နောက်ကျတာ
တိတိပပသိလိုက်ရတယ်။
တကယ်တော့ နွေဦးဟာ နောက်မကျသေးပါဘူး
‘လွမ်းလိုက်တာ နိုင်ဝင်းဆွေရယ်’ ရင်ဆို့လှိုက်လှိုက်
အနှစ်သုံးဆယ်ကျော်လောက်က ‘နွေတည’ဟာ
ဒီနေ့လဲ ‘နွေတည’ ဖြစ်နေဆဲ၊ အချိန်ကာလကို အဖြတ်သန်းခံနိုင် အစမ်းသပ်ခံနိုင်တဲ့်
အနုပညာလက်ရာသာ တကယ့်အမတ အနုပညာ
‘ဘယ်ပါရမီမျိုးနဲ့ ရေးခဲ့ပါလိမ့်’ ခင်ဗျားမှတ်ချက် အူလှိုက်သည်းလှိုက်ထောက်ခံမိတယ်။
နေ့လည်ကနေတောက်လျှောက် ည ၁၁ နာရီထိုးခဲ့တယ်
ကိုငြိမ်းဝေ ဘလော့ဂ် ပေါ်မှာပေါ့။
ကဲ ဒီလောက်ဆို..
ကျနော်တို့အတွက် နွေဦးဟာ နောက်မကျသေးပါဘူးဆိုတာ
ယုံ လိုက်တော့။ ။
ခင်အောင်အေး
၂၇၊ မတ်၊ ၂၀၁၀ ဘန်ကောက်စံတော်ချိန် ၈း၅၅ နာရီ
(မှတ်ချက်။ ။ ကဗျာမဟုတ်ပါ၊ ကိုယ်ရေးကိုယ်တာ ပေးစာ တစ်စောင်မျှသာ)
April 18, 2010
မသိန်းရှင်ဆီ ပို့ ပေးပါ

(၁၁)
အမှောင်တွင်းမှာ သံသရာ
မကြာမကြာ ရထားကြီးသည် အပြန်ခရီး၌ နောက်ကျ နေတတ်သည်။
ထိုအခါ နတ်မောက် ဘူတာမှ ထွက်လာခဲ့လျှင်ပင် ဘူတာတဖက်ရှိ တောင်ကြော ကုန်းမြင့်ကလေးများပေါ်ဝယ် မှောင်ရီလည်း ဆိုင်းလာနေခဲ့ပြီ။ တောစပ်များ၊ လယ်ကွင်းပြင် များ၊ ယာခင်းဟောင်းများသည် မပီမသ ရေးခြယ်ထားသည့် ပန်းချီကားချပ် ဖြစ်လာ၏။ အ မှောင်ရိပ်သည် မှောင်ခို သမားများအတွက် ကိုးကွယ်ရာဖြစ်လာသည်။
သူတို့ မျက်နှာများမှာ မလင်းမရှင်းအလင်းရောင်အောက်၌ ပေါ့ပါးလတ်ဆတ်လာကြ သည်။ သည့်ထက်ပို၍ မှောင်လာလျှင် သူတို့သည် ချောင်ထဲ၌ ဝှက်ထားကြသော ထန်းလျက် အိတ်များတောင်းများကို လွတ်မြောက် လာကြပြီး အထိမ်း အမှတ်ဖြင့် စုဆောင်းနေကြသည်။
သူတို့ထံမှ ပေါ့ပါးလန်းဆန်းလာမှုများသည် ကျနော့် ကိုပင် ကူးစက်လာနေကြသလား ထင်သည်။ ကျနော်သည် ညိုညို့ နံဘေး၌ထိုင်ရင်း ကျနော့် ကို ကျနော် မေးခွန်းတခု မေး နေသည်။ ကျနော်သည်ပင် မှောင်ခိုသမားတပိုင်း ဖြစ်လာနေခဲ့ပြီလား။
“ နေ့တိုင်း...နေ့တိုင်းနော်... ဒီလိုချည့် ရထားကြီး နောက်ကျ နောက်ကျနေရင် သိပ်ကောင်းမှာဘဲ”
ညိုညို၏ ရွှင်လန်းပေါ့ပါးစွာ ပြောနေသံမှာ ကျနော့် အတွေးများနှင့် လာ၍ စပ်ဟပ် ဆက်သွယ်နေပြန်သည်။ ထိုအခါတွင်ကား ကျနော်သည်လည်း သူ့လိုပင် လွတ်မြောက် လာမှု အတွက် ဝမ်းသာနေကာ သူ့ လိုပင် တိတ်တဆိတ် ဆုတောင်းနေမိသည်။
သူသည် မီးရောင်မှိန်မှိန်အောက်တွင် ကျနော့်ကို လှည့်ကြည့်နေသည်။ သူ့ မျက်နှာ ပေါ်မှ ချွေးဥချွေးစက် ကလေးများကို တို့ပတ်ပုဝါဖြင့် တို့ယူနေသည်။
“ဟုတ်တယ်... ဒီလိုဆိုရင် ကောင်းမှာဘဲ၊ ဖမ်းမှာဆီးမှာလဲ မကြောက်ရတော့ဘူး၊ အင်း....မဖမ်းဆီးပြန်ရင်လဲ ထန်းညက်ဈေးတွေ ကျကုန်မှာပေါ့၊ ဈေးတွေကျကုန်ရင်လဲ ဘယ် ကောင်းတော့မလဲ”
သင်းသင်းသည် ခပ်တိုးတိုး ရယ်မောနေ၏။
ထိုနေ့မျိုးတွင် ညိုညို၊ သင်းသင်း၊ နုနှင့် သူတို့တတွေသည် စိတ်အေး ချမ်းသာစွာဖြင့် စကားများစွာပြောလာခဲ့ကြ၏။ စကားပြောရသည်မှာလည်း လွတ်လပ်နေကြသည်။ ကျနော် သည်လည်း မှောင်ရိပ်ခိုပြီး ညိုညို့  လက်ပေါ်သို့ ကျနော့်လက်ဖြင့် ဖိထားကာ မလွှတ်တမ်း ဆုပ်ကိုင်ထားနေမိသည်။
“ဦးပေါ်လာကြီးတို့ လှည်းတွေနဲ့ ထန်ညက်တွေ ချနေကြတာသိသလား၊ လေးအိမ်က ထန်းညက်တွေလေ....၊ သိန်းအောင်လဲပါတာပေါ့၊ အဲတာ ဦးပေါ်လာကြီး ထန်းညက် လှည်းသုံး စီးအချင်းချင်း အလိမ်ခံရလို့ ဦးပေါ်လာကြီး ကြူကြူချ ငိုရတယ်တဲ့ ...ဒီလူကြီး သနားပါတယ် နော်....ဦးပေါ်လာကြီး ငိုတော့ မညွန့် ရီလဲ မျက်ရည်တွေကျလို့တဲ့၊ ကိုရွှေယောက်ကြီး ပြောတာ”
“ဘယ်သူမှသာ မသိလိုက်တာ၊ မမသိန်းရှင် ထန်းညက်တွေကုန်ရထားနဲ့ သုံးတွဲတောင်တင်တာတဲ့၊ အင်တောကျယ်က တင်တာ၊ ဂါတ်ဗိုလ် ကိုမောင်ရီလေ...၊ တတွဲ လေးရာနဲ့ ကိုမောင်ရီထောင့်နှစ်ရာ ရတယ်တဲ့၊ ဆဒ္ဒုံချောင်းမှာ ရထားစက်ပျက်တယ်ဆိုပီး သုံးနာရီလောက် ရထားရပ်ပြီးချတာ၊ ပိုက်ဆံရှိတဲ့ လူတွေကျတော့လဲ တတ်နိုင်တယ်နော်....၊ ဒို့ ထန်းညက်တွေလဲ သူ့ဆီဘဲ သွင်းရတာ၊သူတို့ကျတော့ ဈေးထဲ ပြောင်ပြောင်ချရောင်းနေလဲ ကိစ္စမရှိဘူး၊ ဒို့ သွားရောင်ကြည့်စမ်းပါလား”
“ဒါနဲ့ အခုတလော ပင်းချောင်းကမရှာတော့တာ သိလား၊ မခင်သိန်းတို့ မခင်လှတို့ မိသိန်းတို့ မပါတော့လို့၊ အောင်နိုင်မြင့်က သူတို့ကို ညိုးနေတာ၊ ဇာတ်တွေကလဲ ရှုပ်လိုက်တာနော်၊ သပွတ်အူဘဲ၊ အဲတာ ကျောင်းတော်က ရန်စတဲ့...”
“ကိုရင်မောင် ...မနေ့က ဂါတ်ဗိုလ် ကိုစံရီကြီး ပိုက်ဆံတဆယ်တောင် ပြည့်အောင်မရလို့ သူ့ မိန်းမကို မျက်နှာ ဘယ်လိုပြရမယ်မသိဘူး ဆိုပြီး ငိုတယ်ဆို”
“မူးနေလို့ ငိုတာပါ”
ကျနော်သည်လည်း စိတ်လက်ပေါ့ပါးလာကာ ကိုစံရီ ငိုရပုံကို ရယ်စရာအဖြစ်ဖြင့် ရှင်းပြနေပြန်သည်။ ကိုစံရီကား မူးလာလျှင် ငိုစရာရှာကာ ငိုတတ်သူ ဖြစ်၏။ မူးလာလျှင် ကိုစံရီ၏ မျက်လုံးများသည် မျက်ရည် အလိုလို ဝဲလာကာ ငိုရန် အသင့်ဖြစ်နေတတ်သည်။်
ကျနော်သည် ဤကဲ့သို့ စိတ်လက် ပေါ့ပါးလာခဲ့သည့် နေ့များတွင်....မှောင်ရိပ်ဖက် ထောင့်ကျကျ၌ ထိုင်ရင်း၊ ညိုညို့ လက်ကိုဆုပ်ကိုင်ထားရင်း၊ ပြဇာတ်မင်းသားဟန်ကို ရယ်စရာ အတုခိုးကာ ခေါင်းကိုစောင်းလိုက် ငဲ့လိုက် ညုလိုက်လုပ်ရင်း၊ ညိုညို့ ကို သီချင်းတပုဒ်ပုဒ် တီးတိုး ဆိုပြ လာမိတတ်သည်။
ထိုအခါများတွင် သူ့ မျက်နှာသည်လည်း အမှောင်ရိပ်ထဲဝယ် ပြုံးနေသည်။ လရောင် မှိန်ပျပျသည် သူနှင့် ကျနော့်ကြား၌ ကျနေ၏။ သူသည် ရှက်လာကာ ကျနော့်မျက်နှာကို မကြည်ရဲတော့ပြန်ပေ။ ကျနော့် လက်မောင်းကို တချက်ဆွဲလိန်လိုက်သည်။
“တော်စမ်းပါ...ရှက်စရာကောင်းလိုက်တာ၊ မကြည့်ရဲတော့ဘူး”
ပြောရင်း သူသည် တခစ်ခစ် ရယ်နေသည်။
“ကျယ်ကျယ်တော့ မဆိုရဲဘူး”
“ဆိုရဲတယ်ဗျာ”
“ဒါဖြင့် ဆိုကြည့်စမ်း”
“ဟိုသီချင်း ဆိုမယ်နော်...မောင့်အနားမှာ ခင်လေးထိုင်လို့ တီတီတာတာပြောတတ်ပြန်သေးတယ်....နော်”
သူသည် ကျနော့်ကို တချက် လိန်ဆွဲလိုက်ပြန်သည်။
“အဲတာ မဆိုရဘူး.... သူများကို စောင်းပြောတာ”
ကျနော်သည် ထိုသီချင်းကိုပင် တီးတိုးညည်းညည်း ဆိုနေမိသည်။ သူ့လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ထားသည်။ ကျနော်သည် သူနှင့် နှစ်ယောက်ထဲနေရသလို စိတ်၌ခံစားနေရ၏။ သူ့ မျက်နှာပေါ်မှ အပြုံးရိပ်များကို အမှောင်ပျပျ၌ ရှာကြည့်နေသည်။ သူကလည်း ကျနော့် ကို မျက်လွှာကြီးပင့်ကာ ကြည့်နေသည်။ ကျနော်တို့နှစ်ဦးစလုံးစိတ်၌မူ မေးခွန်းတခုကို တပြိင်နက်တည်း မမေးရဲမေးရဲဖြင့် မေးနေကြ၏။ “ဘယ်တော့ ကျနော်တို့ အတူတကွ နေရမှာလဲ။ ဘယ်အခါတွင် သားသမီးတွေ တလှေကြီးနှင့် စုစုရုန်းရုန်း ပျော်ပျော်ပါးပါး နေနိုင်မည့် နေ့ရက်များ ဆိုက်ရောက်လာမှာလဲ”။ ထိုနေ့ရက်များမှာ မမြင်ရသေးသည့် အနာဂါတ်၌သာ ရှိနေကြသည်ကို နှစ်ယောက်စလုံး သိနေကြ၏။
သီချင်းထဲတွင် လေပြင်းမုန်တိုင်းကျပြီး ကိန္နရီမောင်နှံ ကွဲကွာသွားကြသည့် အပိုဒ်ရောက်လာလျှင် သူသည် ဝမ်းနည်း လာနေပြန်သည်။ သူ့ မျက်လုံးထဲ၌ ကိန္နရီမောင်နှံငိုကြွေးနေကြဟန်ကို မြင်တွေးနေသည်။
သူ့ မျက်လုံးအိမ်၌ ရွှန်းလက် တောက်ပ နေမှုများသည် မှိန်ဖြော့လာနေသည်။ သူ့ နှုတ်ခမ်းပေါ်၌ ဝဲနေသည့် အပြုံးရပ်အတွန့်ကလေးသည် တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။ သူ၏ ဝမ်းနည်းတတ်သော၊ အားငယ်တတ်သော မျက်နှာကလေးမှာ ငြိမ်သက်လာကာ..တဖြည်းဖြည်း ဝမ်းနည်းရိပ်ကလေးများသန်းလာနေသည်။
“တော်တော့ကွယ်၊အဲဒီသီချင်းကို ဘယ်တော့မှမဆိုနဲ့၊ အဲတာ နိမိတ်မရှိတဲ့ သီချင်းကြီး”
သူသည် ကျနော့်လက်ကို ပြန်၍ ဆုပ်ကိုင်ထားနေရင်းခပ်တိုးတိုး ပြောနေပြန်သည်။
ကျနော်သည်လည်း သီချင်း အဆို ရပ်လိုက်သည်။
သူ့ လက်ဖဝါးကလေးကို ပွတ်သပ်နေသည်။
သူ့ လက်ချောင်းကလေး တခုအပေါ်၌ မကြာမီရက်ပိုင်းအတွင်းကမှ သူဝယ်လိုက်သည့် လက်စွပ်ကလေးကို အမှတ်မဲ့စမ်းနေမိ၏။ “ဤလက်စွပ်ကလေးမှာ ထန်းလျက်များမှ ဖြစ်လာသည့် လက်စွပ်ကလေး၊ အမှောင်ရိပ်သံသရာမှ ထွက်ပေါ်လာခဲ့ရသည့် ရွှေတို ရွှေစကလေး” ဟု တွေးနေမိပြန်သည်။
မကြာမီ သူ့ ထန်းလျက်များ အဖမ်းခံလိုက်ရလျှင် သူ့ လက်ပေါ်မှ ဤလက်စွပ်ကလေး သည်လည်း ပျောက်ကွယ် သွားရလိမ့်မည်။
ညိုညိုသည်လည်း လေး ငါး ကြိမ်ထက်မနည်း အဖမ်းအဆီးခံခဲ့ရပြီး ဖြစ်သဖြင့် ဖမ်းဆီး သည်မှာ သူ့ အတွက် ဘာမျှ မထူးဆန်းသလို ရိုးလာစပြုလာနေခဲ့ပြီ။
သူ့ ထန်းလျက်တောင်းများကို ရထားပေါ်မှ ဆွဲချနေကြစဉ်တွင် သူသည် သူ့ ပစ္စည်းမဟုတ်သလို က္ကှူနြေ္ဒရရ နေနိုင်လာခဲ့ပြီ။
သူ့ မျက်မှောက်၌ပင် သူ့ ပစ္စည်းများကို အလုပ်သမားများ ဆွဲချနေကြ၏။ဤသို့ ဖမ်းဆီးနေဆဲအချိန်များ၌မူ ရထားကြီး တစင်းလုံးမှာ အလုပ်သမားများ၏ လှုပ်ရှားနေသံမှ လွဲ၍ အခြားအသံမရှိ ၊ ငြိမ်သက်တိတ်ဆိတ်နေတတ်သည်။
ကုန်ပစ္စည်များဖမ်းပြီး ရထားကြီး ပြန်ထွက်လာခဲ့မှ သူသည်လည်း အခြားသူများကဲ့သို့ ငြိမ်သက်နေသော စက်ရုပ်များ အဖြစ်မှ လူပြန်ဖြစ် လှုပ်ရှားလာနေသည်။ သူ့ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လှုပ်ရှားလာသည်။
ရထားကြီးသည်လည်း လူ့ ဘုံလောက၌ ဘာဖြစ်နေပြီကို မသိလိုက်သော ပိတ်ပိတ်ပိန်း နားလေးနားထိုင်ကြီးကဲ့သို့...သူ့ ဖာသာ ဆူညံစွာ ဥသြဆွဲပြီး ထွက်ခွာလာသည်။ ပင်းချောင်း အထွက်၌ ထန်းတောကြီးများသည် ပတ်လည်ဝေ့ကာ ကျန်ရစ်နေခဲ့သည်။
ရထားပေါ်၌ ဆူညံသံများ ပွက်လောရိုက်လာသည်။ ငိုလုလု အသံများဖြင့် ဆဲဆိုကြ၏။ ပေါက်ကွဲမတတ် ကျိန်ဆဲသံများဆူညံလာသည်။
“ဖမ်းပေါ့..နောက်တခါဖမ်းရင် တခါတင်မယ်၊ အခါတရာဖမ်းရင် တထောင်တင်မယ်”
“ဒီလိုပေါ့ မိညိုရယ်...လွတ်တဲ့အခါလွတ်၊ အဖမ်းခံရတဲ့အခါလဲ ရှိမှာပေါ့” ဟု သင်းသင်းက ပြောနေသည်။
သင်းသင်း၏စကားလုံးများသည် သင်းသင်းကိုပင် ပြန်၍ အားပေးနေသည်။
ညိုညိုကား မွှန်ထူ ထုံထိုင်း နေသလို ငြိမ်သက်နေ၏။
ထိုအချိန်တွင် ကျနော်သည် သူ့ အနားတွင် ထိုင်နေရင်း သူ့ ကို စိတ်တွင်းမှ အားပေး နေမိသည်။ သူသည်လည်း ကျနော်ရှိနေသောကြောင့် အားရှိနေသည် ထင်သည်။ ကျနော် သည် သူ့ ဒုက္ခကို ဝေမျှခံစားနေရ၏။
သူ့ ပစ္စည်းများ အဖမ်းခံ အသိမ်းခံရခြင်းများကို ကျနော့် ပစ္စည်းများ အဖမ်းခံရသလို ထင်နေခဲ့ပြန်သည်။
တခါတရံ၌ကား ကျနော်၏ သူ့ ကို ချစ်သူလို ချစ်နေသောစိတ်မှာ ထို့ထက်များစွာ ပိုမိုနက်ရှိုင်းသော မေတ္တာတရား အဖြစ်သို့ပင် ကူးပြောင်းသွားနေသည် ထင်ရသည်။ သူနှင့် ကျနော့် ကြား၌ရှိသော ဖိုမ တပ်မက်မှု အမှေးပါးကလေးသည် ကွဲပျက်သွား၏။ ရင်ထဲမှ ဂရုဏာများသည် တစိမ့်စိမ့်ကြီးထွား လာနေပြန်သည်။ ထိုအခါများ၌ကား သူ့ လက်မောင်း ကလေးကို ဆုပ်ကိုင်းထားသည့် ကျနော့် လက်များမှာ တပ်မက်စိတ်မပါဘဲနှင့် ပို၍ တင်းကျပ် လာသည်။ သူ့ကို တအူတုံဆင်း ညီမကလေးလို တွယ်တာလာသည်။ သူ့ မျက်နှာ ကလေးမှာ လည်း ကျနော်နှင့် ပို၍ တူလာနေသည် ထင်မိပြန်သည်။
“မောင်ရင်တို့ကြည့်ရတာ မောင်နှမကလေး နှစ်ယောက်ကိုကြည့်ရသလိုဘဲ” ဟု ရထားလိုက် စာတိုတ်ဗိုလ် ကိုကျော်စိန် ပြောဘူးသည်ကို ထိုအခါများတွင် ကျနော်သည် အ မှတ်ရလာနေကာ သူ့ မျက်နှာကလေးကို ငေးစင်းကြည့်နေမိသည်။
သူ့ မျက်လုံးများမှာလည်း ကျနော့်ကို ချစ်သူကဲ့သို့ တွယ်တာနေခြင်း မဟုတ်တော့ဘဲ... အားကိုးလိုစိတ်၊ ယုံကြည်စိတ်များဖြင့် ပြည့်လျှမ်းကာ တောက်ပနေသည် ထင်မိသည်။
တခါတရံ လမ်းခုလတ်၌ ရထားကြီး စက်ပျက်နေသဖြင့် အမှောင်ထဲ၌ ရပ်ထားရ၏။
ထိုအခါများတွင် ကျနော်သည် စာအုပ်စာတန်းများကိုယူပြီး သူတို့ တွဲသို့ ကူးပြောင်း သွားသည်။
သူသည် အချိန်အတန်ကြာကပင် ကျနော့် ကို အားကိုးလိုစွာ မျှော်နေခဲ့ရှာသည်။
ကျနော်လည်း အမှောင်ထဲ၌ သူ့ အနားတွင် အသားချင်းထိကပ်ထိုင်လိုက်သည်။
“ဘာပြုလို့ ခုမှလာရတာလဲ၊ ဒီမှာဘဲ ထိုင်နေနော်...၊ ဟိုဟိုဒီဒီ ရှောက်သွားမနေပါနဲ့”
သူက သူ့ အဖော်များ မကြားစေရန် ခပ်တိုးတိုး ပြောသည်။
ရထားပေါ်၌ မီးမလင်းသဖြင့် ဟိုတကွက် သည်တကွက် ဖရောင်းတိုင်ကလေးများသာ ထွန်းညှိထားကြ၏။ လေတိုက်လိုက်လျှင် ဖရောင်းတိုင်များသည် ဟုတ်ကနဲ ငြိမ်းသွားကြ၏။ ထိုအခါ၌ကား ဘာမျှ မမြင်ရအောင် မဲမှောင်လာသဖြင့် ကျနော်သည် သူ့ အနားသို့ တိုးကပ်လိုက်ပြီး သူ့ ဂုတ်ပိုးသားကို တချက်နမ်းလိုက်၏။ သူက ကျနော်ကို တွန်းလွှတ်သည်။
“ဟိုဘက်မှာထိုင်”
သူက အသံအုပ်ပြီးပြောသည်။
“ဟိုဘက်မှာ စာအုပ်တွေ ထားရမယ်၊ နှစ်ယောက်ကြားကထား၊ အလယ်ကထား”
သူသည် ကျနော့် လက်မောင်းကို တချက်လိန်ဆွဲသည်။ ပြင်းပြင်း ထန်ထန် မဟုတ်သော တက်တချက်ခေါက်သည်။ ကျနော်သည်လည်း အမှောင်ထဲ၌ ပြုံးနေမိပြန်သည်။
ဖရောင်းတိုင်မီးများ ထွန်းညှိ ကြသောအခါ...“ဒုက္ခပါဘဲ၊ ဒီမီးတွေကို ဘာပြုလို့ ထွန်းနေကြပါလိမ့်နော်...” ဟု ကျနော်သည် ရယ်သံ တဝက်ဖြင့် ပြောနေမိသည်။
ညဥ့်နက်လာလျှင် သူ့ အဖော်နှစ်ယောက်လည်း တဖက်ခုံပေါ်တွင် တယောက်ကိုတယောက် မှီပြီး အိပ်ပျော်သွားသည်။ သမ်းဝေသံများ ကြားရသည်။ “ရထားကြီးက ဘယ်တော့ပီးမှာလဲ” ဟု ညီးညူကြသည်။ စက်ဗိုလ်သည် ရထားခေါင်းတွဲကို ထုနှက်ပြင်ဆင်နေသည်။ အဝေးတောစပ်ဆီမှ ဂျီဟောက်သံများကြားရသည်။ လရောင်ပျပျ၌ အညာကုန်းကမူ မြက်ခင်းပြင်များပေါ်တွင် ယုန်ကလေးများ နှုတ်ခမ်းမွှေးသပ်လိုက် ပြေးဆော့ ကစားလိုက် လုပ်နေသည်ကို သူနှင့် ကျနော်သည် ရထားပြတင်းဝမှ ငေးမောကြည့်နေမိကြ၏။
သူ့ အသက်ရှူသံ၌ နွေးနေပြန်သည်။
ညလေပြေများသည် တောင်ကုန်းစောင်းများ၊ ချိုင့်ဝှမ်းများဆီမှ ပြေးလာနေသည်။
“သူ အိပ်ချင်အိပ်ပါလား”
ညိုညို၏ စကားပြောသံမှာ နွေးနေသော နှလုံးသားအတွင်းမှ ဖြတ်သန်းလာသည်။
“အိပ်ချင်ဘူး”
“မှောင်နေတာဘဲ၊ ကြောက်စရာ ကောင်းလိုက်တာနော်...”
“ဘာကို ကြောက်တာလဲ”
“အာလုံးဘဲ”
“ကိုလဲ ပါသလား”
“အမယ်...အမယ်...သူ့ ကို ဘာလို့ ကြောက်နေရမှာလဲ”
ကျနော်သည် သူ့ မျက်နှာအနားသို့ ပို၍ တိုးကပ်လိုက်သည်။ သူ့ လက်မောင်းကို ခပ်ရွရွဆုပ်ကိုင်ထားသည်။ရယ်သံဖြင့်...
“ခုလို အခါဆိုတော့ ကိုကလဲ မတရား ကြံချင်ကြံမှာပေါ့၊ အဲတာတော့ ကိုလဲ ကိုယ့်ကိုယ်ကို စိတ်မချရဲဘူး”ပြောနေမိသည်။
သူသည် ကျနော့် ကို တွန်းလွှတ်ပြန်သည်။
“သွား...ဒါဖြင့်သွား ...ဟုတ်တယ်၊ သူ့ ကိုလဲ ကြောက်ရမှာဘဲ၊ သူလဲ တီဘီစီမှုတ်လား၊ ကဲ ..ပြောစမ်း...ဟိုနေ့က ရထားမိုးချုပ်နေတုန်းကလေ....သူ မအေးသွယ်ကို အိမ်သာနားခေါ် သွားတာ ဘာလုပ်တာလဲ၊ မှန်မှန်ပြောစမ်း၊ မလိမ်နဲ့နော်၊ သီပီးသားသိလား”
“ကိုယ်က ဘီဘီစီပေမယ့် သူတော်ကောင်းပါ”
“အန္တရာယ်ဘဲ” ဟု သူက ပြောနေသည်။
အတန်ကြာလျှင် ကျနော်သည် စာအုပ်များကိုသူနှင့် ကျနော့်ကြားတွင် ချလိုက်သည်။ ထိုင်ခုံတဖက် အစွန်းတွင် ထိုင်ရင်းအနာဂါတ်ကာလကို မျှော်လင့်ချက်များဖြင့် မျှော်တွေးနေ မိသည်။ မိသားစု နှစ်ခု၏ စားဝတ်နေရေးအတွက် သူသည်လည်း တွေးနေပုံရသည်။ သူ့ အမေ၏ ကျန်းမာရေးအခြေအနေကို မေးကြည့်သည်။ သူသည် အတော်နှင့် ပြန်မဖြေဘဲ တွေနေသည်။
“သက်တော့ သက်သာလာဘီ၊ အရင်ကလောက် ချောင်းမဆိုးတော့ ဘူး၊အရင် က လောက် ချောင်းမဆိုးတော့ဘူး၊ ပန်းနာထရင်တော့ မောမောနေတယ်၊ သူ ဝယ်လာ ခဲ့တဲ့ ဆေးနဲ့ တဲ့တယ်။ အဲတာ အမေက ခဏခဏ ပြောတယ်၊ ဘာပြုလို့ ပေးတာလဲ....ဟင်”
“ကိုတို့ ဘယ်တော့ အတူနေရမလဲတို့ တွေးနေမိလို့ပါ၊ ညိုညိုတို့ အမေနေကောင်းလာရင် သိပ်ငဲ့နေစရာမလိုတော့ဘူး မှုတ်လား”
“ဘာပြုလို့ အတူနေရမှာလဲ”
“မနောက်စမ်းနဲ့”
ပြောရင်း ကျနော်သည် လှစ်ကနဲပြုံးလိုက်မိ၏။ သူနှင့်ကျနော်သည် တဦးကိုတဦး သဲသဲကွဲကွဲ မမြင်ရဘဲနှင့် မျက်နှာချင်းဆိုင်ကာ အတန်ကြာ ငေးကြည့်နေကြသည်။ သူ့ ကိုလည်း ကျနော် မပိုင်ဟု တွေးနေမိ၏။
“အတူတူနေချင်တာ ချစ်လို့ ပေါ့၊ ဘယ်တုန်းကချစ်တာလဲလို့ မေးအုံးမယ်လို့ မှုတ်လား၊ တကယ်ပါ၊ ကို တကယ်တွေးနေတာ၊ ပီးတော့ ဒီအတိုင်း မင်းကို ကို စိတ်မချချင်တော့ဘူး၊ ပိုင်ထားလိုက်ချင်တယ်၊ စိတ်ချစရာလဲ မရှိဘူးမှုတ်လား၊ ခုတောင်မှ ကိုကာကွယ်ပေးထားလို့”
“သူများလဲ သူ့ ကို စိတ်မချဘူး၊ နေ့တိုင်းဘဲ သူ မိန်းမတွေနဲ့ ပူးပူးကပ်ကပ်နေရင် သူများ သိပ်ငိုချင်တာ၊ အော်အော် ငိုပလိုက်ချင်တာ”
သူသည်လည်း ခပ်တိုးတိုး ပြောနေသည်။
ထိုနောက် ပြောစရာ စကားများ ကုန်ခမ်းသွားသလို နှစ်ယောက်စလုံး ငြိမ်သက်နေမိကြသည်။ ရထားကြီး မီးရှိန်အားပြန်ပြည့်လာပြီး ထိုနေရာမှ ထွက်ခွာလာ ခဲ့သည် အထိ စကားမပြောဖြစ်ကြတော့ပေ။ အိပ်ပျော်နေသူများသည် နိုးလာခဲ့ကြ၏။ ရထားတွဲပေါ်ရှိ မီးလုံးများသည်လည်း ပြန်၍ လင်းလာကြပြန်သည်။
ခပ်ဝေးဝေး မှောင်ရိပ်ကျသော ခုံတခုမှ မအေးသွယ်၏ တခစ်ခစ်ရယ် သံများသည် လည်း ရထားခုတ်မောင်းနေသံဖြင့် ရောထွေးပေါ်လာနေပြန်သည်။ အစောက ရှေ့ အနား ခုံတခုပေါ်၌ ထိုင်နေခဲ့သည့် လင်ရှိအပျို မအေးမြင့်လည်း သူ့ နေရာ၌ မရှိတော့ပေ။
ကြားဘူတာတခုတွင်ကား မအေးမြင့် ပြန်တက်လာသည်။ သူသည် ကပိုကရိုဖြစ်နေ၏။ အားအင်ကုန်ခမ်း နွမ်းနယ်လာသည်။ မျက်နှာပေါ်၌မူ ကျေနပ်သော အပြုံးကလေး တခုမှာ ဝေ့ပါလာသည်။ သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော သူ့ ယောင်္ကျားးနံဘေး၌ ခပ်ဖြည်းဖြည်း ဝင်ထိုင်လိုက်လေသည်။
ကျနော်ကား စိတ်များ ရှုပ်ထွေးနောက်ကျိလာနေသည်မှာ ဘယ်အခါတွင်မှ အနည် ပြန်ထိုင်တော့မည် မဟုတ်ဟုပင် ထင်လာခဲ့သည်။
ဤ မိန်းကလေးများမှာ အမှောင်ထဲ၌ သံသရာလည်နေရ၏။ အမှောင်သည် သနားစ ဖွယ်ဖြစ်သော သူတို့ကို တစတစ ရစ်ပတ်လာကာ နောက်ဆုံး၌ ဝါးမျိုစား သောက်ပစ်လိုက်၏။ အမှောင်ကို အသုံးချတတ်သော ကျားရဲများသည် မှောင်လာလျှင် တောကြီးမျက်မည်းထဲမှ ထွက် ပေါ်လာကြသည်။
ကျနော်သည် ထွန်းမောင်လိုလူမျိုး မီးရထားပေါ်တွင် လိုက်ပါနေသမျှ မိန်းမ ကောင်းက လေးများစွာမှာ ဆုံးခန်းတိုင် ပျက်စီးသွားရမည်ကို နိယာမတရားတခုလို တွေးလာမိတတ် သည်။
ထွန်းမောင်သည် မိန်းမကျလောက်သည့် ရုပ်လည်းရှိ၏။ လိမ္မာပါးနပ်သည်။
နေ့လယ်ဖက်တွင် ကျောက်ပန်းတောင်း၌ ရထားကြီး ဆိုက်ရပ်ထားစဉ် သူသည် ရဲတွဲပေါ်မှ အခြားရဲသားများနှင့်အတူ ညိုညိုတို့ သင်းသင်းတို့ မြို့ ထဲမှ ပြန်အလာကို မျှော်နေ တတ်၏။
မှောင်ခိုသမကလေးများ ပြန်လာချိန်ကား ဘူတာရုံသို့  ခရီးသည်များ မဆိုက်ရောက် သေးမီ ဖြစ်သည်။ ထိုအချိန်တွင်မှ သူတို့ အတွက် ဝှက်ရ ကဲ့ရ လယ်ကူသည်။
ညိုညိုရောက်လာလျှင် သူသည် ရဲတွဲမှ ထွက်ရပ်ပြီး လက်ယပ်လှမ်းခေါ်သည်။
ညိုညိုသည်လည်း ခေါင်းပေါ်တွင် ထန်းလျက်တောင်းရွက်ထားရင်း....မျက်နှာ၌ ချွေး များဥ နေလျက်၊ ကျောပြင်တခုလုံး ချွေးများနစ်နေလျက် သူ့ ရှေ့ တွဲအောက်မှ သွားရပ် ရ သည်။
သူသည် ညိုညို့ မျက်နှာနှင့် ရင်သားများကို စိုက်ကြည့်ရင်း ထန်းလျက်မည်မျှ တင်မည် ကို မေးနေကျအတိုင်း ရယ်မောမေးသည်။
ညိုညိုက ပြန်ဖြေပြီး ဖြစ်သော်လည်း သူသည် စကား ဖြတ်မပစ်သေးဘဲ အခြားစကားစများ၊ ရယ်စရာများရှာကာ အရွန်း အပြက်များ ပြောနေသည်။
“ညိုညိုက မညိုပါဘူး၊ ဝါဝါလို့ နာမည်ပြောင်းဘို့ကောင်းတာ၊ ဒါမှ မဟုတ်ရင် လှလှလို့ ပြောင်းပါလား ကို့ ညီမက တကယ်လှတာ၊ တကယ့်ကို လှတာ၊ ကိုတို့တောင် ငေးယူရတယ်၊ ကြည့်လေ လှလေပေါ့” ဟုပြောနေသည်။
“ကဲ...ပိုက်ဆံ ဘယ်လောက် ယူမလဲပြောပါ၊ ကျုပ်ဖါသာလှတာ မလှတာ တော်နဲ့ မဆိုင်ပါဘူး”
ညိုညိုသည်လည်း မျက်နှာထားနှင့် ပြောသည်။
သူသည် ငွေလှမ်းပေးသည့် ညိုညို့ လက်ကို ဖျတ်ကနဲဆွဲဆုပ်ထားပြီး တဟဲဟဲရယ်သည်။ ညိုညိုသည် ဆောင့်ရုန်းပြီး ထွက်လာခဲ့၏။
တခါတရံတွင်ကား ဤသို့ ဇွတ်ထွက်သွား၍ မရ။
အပြန်၌ နတ်မောက်ဘူတာမှ ရထားထွက်လာခဲ့လျှင် ညိုညိုတို့ သဘောင်္သီးသုတ် ဝယ်စားလေ့ ရှိသည်။ ထိုအခါ၌ သဘောင်္သီးသုတ်စားရာသို့ ထွန်းမောင် ရောက်လာ တတ်သည်။
သူသည် အနား၌ လာရပ်ပြီး... “ကိုတို့တော့ စားဘို့ မခေါ်တော့ဘူးလား၊ အေးလေ ဘယ်ခေါ်ချင်မှာလဲ၊ ကိုတို့က တီဘီစီလောက်မှ လခ မရှိတာကိုး” ဟု သူသည် ခနဲ့တတ်၏။
ညိုညိုသည်လည်း စိတ်ညစ်စွာဖြင့် ခေါ်လိုက်ရသည်။
သူသည် ညိုညိုနံဘေး၌ က္ကုနြေ္ဒမပျက် ဝင်တိုး ထိုင်သည်။
ချိုင့်ထဲမှ သဘောင်္သီးသုတ်ကို နှိုက်စားရင်း မျက်နှာငုံ့ကာ ညိုညို့ ပါးနှင့် နီးကပ်အောင် ကပ်သည်။
“သဘောင်္သီးသုတ်က မွှေးလိုက်တာ” ဟု သူသည် ရယ်ရင်းပြောသည်။
ညိုညို့ ပေါင်ပေါ်မှ လက်သုတ်ပုဝါကို လက်ဖြင့် အုပ်ကိုင်ပြီး လှမ်းယူသည်။
“ညိုညို ကတော့ တနေ့ တခြား ဝလာတယ်” ဟု ပြောရင်း အခြားရယ်စရာ စကားမျာစွာကို ပြောနေတတ်သည်။
ညိုညိုသည် သူ့ ကို စကားပြန်မပြောဘဲ မျက်နှာကို တခြားသို့ လှည့်ထားသည်။သူသည် သင်းသင်းတို့နှင့် စကား တဖေါင်ဖေါင် ပြောလာသည်။ သင်းသင်းကော နုနုပါ သူနှင့် မလွတ်ကင်း။ ဤ မိန်းကလေးများကား သူ့ ရယ်သံအောက်၌ ရင်ခုန်နေကြပြန်သည်။
ထွန်းမောင်ပါသည့် နေ့များတွင် ကျနော်သည် ညိုညို့ အနားမှ မခွါဘဲ ထိုင်နေသည်။ တခါတရံ၌ ထွန်းမောင်က ကျနော်နှင့်ညိုညိုကို နောက်ပြောင်ချင်လာလျှင် ကျနော်သည် မျက်နှာတည်တည်ထားလိုက်သည်။ ကျနော်ကား ညိုညို့ ကို ငဲ့ညှာရသဖြင့် ပြဿနာများကို အေးဆေးစွာ ဖြေရှင်းသည့်နည်းဖြင့် ထွန်းမောင်ကို ပြုံးသည့်အခါပြုံး၊ ရယ်မောသည့်အခါရယ်ပြီး ဆက်ဆံနေရသော်လည်း ရင်ထဲတွင်မူ စက်ဆုတ် ရွှံရှာမှုများမှာ တောမီးကဲ့သို့ အရှိန်ပြင်းသည်ထက် ပြင်းလာနေသည်။
တခါတရံ၌ မခံမရပ်နိုင် ဒေါသများဖြစ်လာရ၏။ ညိုညို့ ကို ထန်းလျက် မတင်တော့ရန် တား မြစ် ချင်လာသော်လည်း ဤ စားဝတ်ရေးအတွက် ဖြေရှင်း နေရသော ရေးစီးကြောင်းကြီးကို တားဆီး၍ ရမည်မဟုတ်။
ရထားပေါ်တွင် လက်မှတ်စစ်အဖွဲ့ ပါလာသည့်နေ့များတွင် ကျနော်သည် ညိုညို့ အတွက် လက်မှတ်တစောင် ဆင်းဝယ်ပြီး သူ ထိုင်နေရာသို့ သွားပေးသည်။
သူသည် ရထားပြတင်းဝမှ ကျနော့် ကို ငုံ့ကြည့်နေရင်း သူ့ မျက်နှာမှ နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူ့ မျက်လုံးများမှာ ရိုးသားစွာဖြင့် အဖြေရှာမရနိုင်အောင် ဖြစ်နေသည်။ သူသည် ကျနော်ပေးနေသည့် လက်မှတ်ကို လှမ်းမယူ။
“သူများ ... ဘာ... ဘာပြုလို့ ... ယူရမှာလဲ”
သူသည် အသံတုန်တုန်ဖြင့် တိုးတိုးကပ်မေးနေသည်။
“ယူစမ်းပါ၊ လက်မှတ်တစောင် ဘယ်လောက် တန်ဖိုးရှိလို့လဲ၊ သုံးကျပ်ထဲပါ”
“ပြောလိုက်ရင် ပြီးတာမှုတ်လား”
“အဲဒီအထဲမှာ မင်းမပါဘူး၊ မင်းကို ထည့်မပြောဘူး၊ သိပ်နားဝေးတာဘဲ”
ကျနော်သည် အလိုလို ဒေါသဖြစ်လာကာ လက်မှတ်ကို ပစ်ချပစ်ခဲ့၏။ ကျနော် ဒေါသဖြင့် ထွက်လာခဲ့သည်ကို သူသည် နားမလည်နိုင်ဘဲ ကျနော့် ကျောပြင်ကို ငေးကြည့် နေမည်။
ငွေသုံးကျပ်သည် ဆင်းရဲလှသူများအတွက် မနည်းပါးသော အရေအတွက် ဖြစ်၏။ ကျနော်ကား လက်မှတ်စစ် တဖွဲ့လုံးကို ကျွေးမွေးထားပြီး ဖြစ်သဖြင့် ကျနော် စာရင်းပြလိုက်လျှင် ထိုလက်မှတ်မဲ့များကို လက်မှတ်စစ်အဖွဲ့က စစ်တော့မည် မဟုတ်ပေ။
ကျနော်သည် ထိုစာရင်းထဲတွင် ညိုညို့  ကို မထည့်ချင်။
လက်မှတ်စစ်အဖွဲ့မှာ လူကောင်းဟူသော ပစ္စည်းသည် ရှားပါးလှသော ရတနာ ဖြစ်၏။ ထိုအထဲ၌ မိန်းမ ကိစ္စ အတွက်နာမည်အကြီးဆုံး လက်မှတ်စစ်တဦးမှာ တောင့်တောင့် ဖြောင့်ဖြောင့် နိုင်ငံခြား ရုပ်ရှင်မင်းသားဟန် ပေါက်နေသည်။ သူ့ ကို အထင်ကြီးမိသော မိန်းကလေးပေါင်း မြောက်မြားစွာမှာ သူတို့ လက်မှတ်စစ်တဖွဲ့လုံးနှင့် ညားကြရလေတော့သည်။ သူတပါး သားမယားလည်း ရှောင်သူမဟုတ်။
ဤဒေသရှိ ဆင်းရဲသူ တောသူ တောင်သားများ၊ ဖျင်ကြမ်းအဝတ်ကိုပင် လုံလောက်စွာ မဝတ်နိုင်ကြသူများ၊ ရိုးသား ဖြူစင်ကြသူများမှာ သူတို့ကို အထင်လည်း ကြီးတတ်ကြသည်။
သူသည် ညိုညို့ အနား ရောက်လျှင် လက်မှတ် စစ်ပြီးသွားသော်လည်း အကြောင်းမရှိ အကြောင်းရှာကာ စကား များ နေတတ်ပြန်သည်။ တခါတရံ လက်မှတ် ဆက်၍ မစစ် တော့ဘဲ ညိုညို့ အနားတွင် ဝင်ထိုင်သည်။
သူသည် ညိုညို့ ခေါင်းကို ရင်းနှီးစွာ ပုတ်လိုက်ပြီး....
“ကိုတို့ လာမှ လက်မှတ်ယူစီးတာနော်...ဖိုးရင်မောင် ယူပေးတာ မှုတ်လား၊ ဒီကကောင် သိပ်သဝန်ကြောင်တဲ့ အကောင်၊ နောက်ကို ဘယ်တော့မှ ယူမစီးနဲ့၊ ကိုက မယူရဘူးလို့ ပြောတယ်လို့ ပြောလိုက် ကြားလား၊ မင်းနဲ့ ဖိုးရင်မောင်နဲ့ မောင်နှမဆို၊ ဖိုးရင်မောင် ကို့ကို ပြောထားဘူးပါတယ်၊ ကဲ ... ပြောစမ်း ဘယ်နှစ် ဝမ်းကွဲတော်တာလဲ၊ ဘယ်ဘက်က တော်တာ လဲ၊ မှန်မှန်ပြောနော်... လိမ်ရင် ကိုတို့က မျက်နှာကြည့်လိုက်တာနဲ့ သိတယ်။ လက်မှတ် စစ်ဆို တာ အကင်းပါးတယ်”
သူသည် တဟဲဟဲရယ်နေ၏။
ညိုညိုသည်လည်း ပြုံးနေသည်။ ညိုညိုက ဤ လက်မှတ်စစ်က သူ့ ကို အကယ်ပင် ခင်မင် နေသည်ဟု တွေးချင်တွေးနေမည်၊ ထိုသို့ တွေးမိလျှင်ကား နောက်တပတ် သူတို့ လက်မှတ်စစ်အဖွဲ့ ပါလာသည့်နေတွင် ဤ ရိုးသား ဖြူစင်လှသော မိန်းမကောင်းကလေးများမှာ လက်မှတ်စစ် တွဲပေါ်သို့ လိုက်ပါသွားရပြီး လူ စင်စစ်က ဖါ ဖြစ်သွားရတော့မည်။
ကျနော်ကား ညိုညို့ ကို သတိပေးသင့်သည် ထက်လည်း ပို၍မပြောချင်။
ကျနော့် စိတ်၌ကား ညိုညို၏ ချစ်သူအပေါ်၌ ထားသော သစ္စာတရားကိုလည်း အကြွင်း မဲ့ ယုံကြည် နေသည်။ စိတ်၌ သောကများလည်း ဖြစ်နေခဲ့ရပြန်သည်။ စိုးရိမ်စိတ်များသည် တမျှင်းမျှင်း အုံကြွလာနေကြပြန်သည်။
နောက်တော့ ကျနော်သည် “လက်မှတ်စစ်တွေထဲက တချို့ လူတွေအကြောင်း ကြားဖူး သလား” ဟု အရိပ်အမြွက် ပြောလာရသည်။
“သူများသိပါတယ်၊ ဒီလူတွေ ဘယ်ဘူတာမှာ မယားငယ် ဘယ်နှစ်ယောက်ရှိတယ်၊ မီးရထား အမှုထမ်းချင်း မယားတောင် ရှောင်ကြတာမဟုတ်ဖူးဆိုတာအထိ သိပါတယ်၊ လူတင် ပါမှ နွားကျား ကိုတ်တာပါ၊ သူက အစိုးရိမ် သိပ်လွန်တာဘဲ”
ညိုညိုသည် ကျနော့် မျက်နှာကိုကြည့်ရင်း ပြုံးနေ၏။ ထို အပြုံးများထဲ၌ ခိုင်မာသော သစ္စာတရားကို မြင်တွေ့နေရသလို ထင်သည်။ သူ့ မျက်လုံးထဲတွင် တောက်နေသည့် အရောင် ထဲ၌ သူ၏ နှလုံးသားမှ ခိုင်မာမှုများ လာ၍ ထင်နေသည်ထင်မိသည်။
ကျနော့်ရင်ထဲမှ ပူလောင်သော သောကများမှာ အရှိန်ပြယ်လာသော်လည်း ပျောက် ပျက်၍ကား မသွား။ အကြွင်းအကျန်ကလေးများမှာ နှလုံးအိမ်၌ ငြိစွဲနေခဲ့ပေသည်။
နောက်ပိုင်း ရက်များ၌ တောင်တွင်းကြီးမှ အဖမ်းအဆီးများ အမိန့်အရ ပို၍ တင်းကျပ် လာသည်။
တောင်တွင်းကြီးသို့ ရထားဝင်တော့မည် ဆိုလျှင် လူတိုင်း မျက်နှာငယ်ကလေးများနှင့် ဖြစ်လာကြ၏။
ကျနော်သည်လည်း ညိုညို့ မျက်နှာကို ကြည့်မိတိုင်း စိတ်မချမ်းသာ ဖြစ်လာနေရ သည်။
သူတို့ သည် အခက်အခဲများကို ရှောင်းကွင်းနိုင်ရန် ဆဒ္ဒုံချောင်း ဘူတာတွင်ပင် ရထားပေါ်မှ ဆင်းသက်ပြီး မြင်းလှည်းများဖြင့် ညအခါ၌ တိတ်တဆိတ် တောင်တွင်းကြီးသို့ ဝင်ကြသည်။
ဆဒ္ဒုံချောင်းသို့ ရထား ဆိုက်ရပ်လိုက်လျှင် အမှောင်ထဲ၌ အထုပ်အပိုးများ အားလုံး ချကြ၏။ စက်ဗိုလ်သည်လည်း ရထားကို ကြာကြာ ရပ်ပေးသည်။ မှောင်ခိုသူများနှင့် တကွ ထန်လျက်အားလုံး မြေကြီးပေါ် ရောက်ကုန်မှ အခွံချည်းသာကျန်သော ရထားကြီးသည်လည်း အမှောင်ထဲ၌ တရွေ့ရွေ့ ဆက်လက်ခုတ်မောင်းသွားသည်။
ရထားကြီး၏ ပျော်ရွှင်ပေါ့ပါးစွာ ဥသြဆွဲလိုက်သံကို ဆဒ္ဒုံချောင်း ဘူတာကုန်းပေါ်ရှိ မှောင်ရိပ်ထဲမှ ကြားရသည်။
အလင်းရောင်များကား ရေးရေးပျပျမျှသာ ရှိတော့၏။ အမှောင်သည် ရှိစုမဲ့စု အလင်း ရောင် စုကလေးကို လိန်ရှက်နေသည်။ ကုက္ကိုပင်ကြီးများသည်လည်း အမှောင်ရိပ် မဲမဲကြီးများ အဖြစ်ဖြင့်သာ ငြိမ်သက်နေကြ၏။
ဘူတာကုန်းပေါ်၌ လူအများ အသံမထွက်ဘဲ လှုပ်ရှားပြေးလွှားကာ အသင့်ကြိုနေကြသည့် မြင်းလှည်းများပေါ်သို့ ထန်းလျက်များ တင်နေကြစဉ်၌ ကျနော်သည်လည်း ထိုလူအုပ်ထဲ၌ ပါနေပြန်သည်။
ကျနော့်ကို အများက ဝိုင်းဝန်း သတိပေး ကြသော်လည်း ကျနော်သည် လက်ဝှေ့ပွဲများ၌ စင်ပေါ် တက်ရပ် ရသလိုရင်ခုန်ကာ ပျော်နေသည်။ ဤစွန့်စားမှုကို ကျနော်သည် အပျော်တမ်း အလုပ်တခုလို ထင်နေ၏။ ကောင်းကင်ယံ၌ မီးပုံးပျံနှင့် ပျံရသလို ဖြစ်၏။ ထိုအခါများတွင်ကား ဤ မှောင်ရိပ် ထဲမှ လူသားများမှာ သူတို့ ဝမ်းရေးအတွက် ကြောက်ရွှံ့ လှပါလျက်ဖြင့် စွန့်စားနေရသည်ကို ကျနော်သည် နက်ရှိုင်းစွာ မတွေးနိုင်၊ နက်ရှိုင်း စွာ မခံစားနိုင်၊ မတွေ့ထိနိုင်။
မြင်းလှည်းများသည် အမှောင်ရိပ်ထဲ၌ အသံမမြည်ဘဲ ရွေ့လျားလာကြ၏။ ချောင်း သဲပြင်ကြီးကို တိတ်တဆိတ် ဖြတ်ကူးနေစဉ်တွင် “လရောင်မလာခင် ရောက်မှ၊ အသံ မမြည်စေနဲ့ နော်” ဟု တီးတိုး ရေရွတ်သံများမှာ ကျနော့် အတွက် အပျော်ခရီး ထွက်လာသလို ဖြစ်နေသည်။
ကျနော်သည် ထန်းလျက်များ လေးလံစွာ တင်ထားသော မြင်းလှည်းတစီးပေါ်တွင် မညွန့်ရီနှင့် ညိုညို့ ကြား၌ ရောက်နေသည်။ မညွန့်ရီ၏ ပိဿာ ခုနှစ်ဆယ်မျှသာရှိသည့် သေးသေးကွေးကွေး ကိုယ်လုံးကြီးကြောင့် မြင်းလှည်းသည် သဲပြင်ထဲ၌ တဖက်သို့ အိနေသည်။
“ဒီလူ ဘာလိုက်ရှုပ်တာလဲ၊ ဒါ အပျော်ကစားတာ မဟုတ်ဘူး”
မညွန့်ရီက အသံနှိမ့်ပြီး ပြောသည်။
“မှောင်ခိုမလို့ပေါ့ ရီရီရဲ့ ”
“ကိုရင်မောင်....တော့ကို နရင်း မအုပ်လောက်သေးလို့ ကြည့်နေတာ”
မညွန့်ရီသည် အလွန်ကြီးမားကာ ဖါးပြုတ်ကြီးလို ကုန်းထနေသည့် သူ့ လက်ဝါးကို အမှောင်ရိပ်ထဲ၌ မြှောက်ပြနေသည်။
ကျနော်လည်း ငြိမ်နေလိုက်ရသည်။
ညိုညိုသည် အသံကျိတ်ပြီး တခိခိရယ်နေသည်။
ကျနော်သည် ညိုညို့ ခါးကို လက်ဖြင့် ရစ်ပတ်ပြီး ဖက်ထားသည်။ သူသည် မြင်းလှည်းအခုန်တွင် ကျနော်ပခုံးကို ခေါင်းလာမှီသည်။ ကျနော့် ရင်အုံပေါ်တွင် သူ့ ခေါင်းဖြင့် မသိမသာ ဝှေ့နေသည်။ ကျနော့် လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားနေသည်။
ကျနော့် အတွက်ကား ပျော်စရာ ဖြစ်နေသည်။ အကယ်၍ တနေရာရာမှာ ဖမ်းဆီး လိုက်လျှင် ကျနော်ကား မည်သို့မျှ ဖြေရှင်း၍ရမည် မဟုတ်သည်ကို ကြိုတင်တွေးခဲ့မိ သော် လည်း ထို ကြုံတွေ့လာမည့် အန္တရာယ်များကို ကျနော်သည် မေ့နေ၏။
အမှောင်ထဲ၌ရှိသော ကျောင်းကုန်းရွာကို တိုးတိုးတိတ်တိတ် ဖြတ်ကျော်လာသည်။ မကြာမီ ကျောက်ခင်းလမ်းပေါ်သို့ မြင်းလှည်းများ တက်လာကြ၏။ မြင်းခွာသံမထွက်စေရန် မြင်းလှည်းများကို အနှေးဆုံး မောင်းနေကြ၏။
လရောင်များသည် အရှေ့ဖက်တောင်တန်းဆီမှ စ၍ ဖြည်းဖြည်းချင်း လင်းလာသည်။ ရွက်သစ်များ ဝေနေသော တောစပ်များဆီမှ လေတိုးဝှေ့သံများ ပျံ့ လွင့်လာနေသည်။ လူ့ဘုံ လောကကြီးမှာ တိတ်ဆိတ်ငြိမ်သက်လာနေသည်။ ခဏတာပဲဖြစ်ဖြစ် ငြိမ်သက် ငြိမ်းချမ်းမှု ကား အခိုက်အတန့်၌ ဖြစ်ပွားလာနေသည်။ ဤ ငြိမ်သက် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ အချုပ် အနှောင်ကင်းမဲ့မှုမှာ ခဏတာမျှသာ ဖြစ်သည်ကိုကား ကျနော့် လိုပင် အများသည်လည်း တွေးမိကြလိမ့်မည် ထင်သည်။
“ကိုရင်မောင်ကြီး... တော့ကို ထမင်းစားခေါ်တာလဲ တခါမှ မလာဘူးတော်... ” ဟု မညွန့်ရီက ပြောနေသည်။
“ဦးပေါ်လာနဲ့ လာမယ်လေ”
“တော့ အဘက သွားမရှိတော့လို့ ထမင်းမစားနိုင်တော့ဘူး ကိုရင်မောင်ရဲ့ ၊ ဆန်ပြုတ်ဘဲ သောက်နေရတာ”
“ဝါးခွံ့ရင် ရပါတယ်ဗျာ”
“တော်စမ်းတော်... မဦးမချွတ်တွေ၊ တော်တို့ နောက်တာနဲ့ အဖိုးကြီး မျက်နှာမ ထားတတ်တော့ဘူး သိလား၊ ကျုပ်ကို ရဲရဲ မကြည့်ရဲတော့ဘူး၊ တော်ကြာ ဒါကြီးက တရား နောက် နားပါလုပ်လာမှာ၊ ကဲ... ကိုရင်မောင်၊ ဒီနေ့ ထမင်းစားလာမလား မလာဘူးလား၊ ပြတ်ပြတ်ပြော”
“တော်ကြာ မညွန့်ရီက တသက်လုံး ကျွေးနေချင်တယ် ဆိုရင် ကျနော်တော့ ဒုက္ခဘဲ”
“နောက်မနေစမ်းနဲ့ ကိုရင်မောင်.... တော့ပုံမျိုးကို ကျုပ်က တိုင်မှတ်လို့ ထုံးမသုတ်ဘူး”
ညိုညိုသည်လည်း တခစ်ခစ်ရယ်မောနေရင်း ကျနော့်လက်ထဲသို့ သူ့ လက်ကလေး တ ဖက်ကို အသာလာထည့်ထားသည်။
“လူချောပါမမရီရယ်....၊ ကျမတို့တော့ ထုံးသုတ်ရုံမကဘူး... ရွှေ တောင်ချ ထားချင် တယ်” ဟုပြောနေသည်။
“ဟုတ်ဖူးလားနော်”
“ဟုတ်တာပေါ့”
ကျနော်သည်လည်း အသံကို ထိန်းချုပ်ရယ်မောနေသည်။
တောင်တွင်းကြီးမှ မီးရောင်များ ကောင်းကင်သို့ လှမ်းတက်နေသည်ကို မြင်လာနေရသည်။
မတော်တဆ ရှာဖွေရေးများ သတင်းရကာ စောင့်ဖမ်းနေမလားဟု စိုးရိမ်စိတ်များ ဝင်လာ နေကြသည်။ စိုးရိမ်စိတ်များသည် သွေးကြောမကြီးမှတဆင့် အကြောသေး အကြော မျှင် ကလေးများအတွင်းသို့ပါ တဒိတ်ဒိတ် စီးဆင်းနေသည်ဟု ထင်လာရသည်။
စကားသံများ မထွက်တော့ပေ။ သက်မချသံများ ကြားလာရ၏။ ညိုညို့ လက်ဖ ဝါးပြင်တွင် ချွေးဥကလေးများ စို့လာနေသည်။
“နောက်ကို သူမလိုက်တော့နဲ့နော်...အခုနေတုန်း ဖမ်းမိရင် လူပါ အမိခံရမှာ၊ သူများတို့က တောင်ကျချင်လဲကျ လုပ်နေကြတာ၊ သူများ သူ့အတွက် စိုးရိမ်တာ၊ အလုပ်ပြုတ် သွားမှဆိုးတာ နော်.... နောက်ကို မလိုက်တော့နဲ့”
သူက မြို့ အဝင် သင်းချိုင်းကုန်း ကို ဖြတ်ကျော်နေစဉ်၌ ထိုစကားများကို တုန်ယင်စွာ အသံ မပွင့်တပွင့်ဖြင့် ပြောနေခဲ့သည်။
ကျနော်သည်လည်း ထိုစကားလုံး ကလေးများကို ခြေရာခံကာ တီးတိုးလိုက်လံ ရေ ရွတ်ကြည့်နေမိသည်။
နိုင်ဝင်းဆွေ
(အပိုင်း ၁၂ သို့ ဆက်လက်ဖတ်ရှုပါရန်...)
April 16, 2010
ပိတောက်အသစ် ရင်ခုန်သံအသစ်နဲ့ နှစ်သစ်

(က)
မြန်မာ ကဗျာတွေထဲမှာ ကဗျာသမိုင်းရဲ့ အချိုးအကွေ့ တခုကို ကဗျာတပုဒ်ထဲနဲ့ ချိုးကွေ့ သွားနိုင်လောက်အောင်ဖြစ်စေတဲ့ ကဗျာမျိုး ရှိပါတယ်။ ဆိုလိုတာက အဲဒီကဗျာက ခင်းလိုက်ဖေါက်လိုက်တဲ့ လမ်းသစ်အတိုင်း နောက်ပိုင်းကဗျာတွေက ဆက်ပြီးလျှောက်လာကြတဲ့သဘောကို ကျနော်ဆိုလိုတာပါ။ ဒီကဗျာရဲ့ အတတ်ပညာနဲ့ အကြောင်းအရာဟာ သူ့ အရင်ပေါ်ခဲ့တဲ့ ကဗျာတွေနဲ့ လုံးဝမတူတော့ပဲ အစဉ်အလာဟောင်းက ရုန်းထွက်လိုက်တဲ့ ကဗျာသစ်အမျိုးအစားသဘောဖြစ်ပါတယ်။
ဒီနေရာမှာ အဲသလို ချိုးနိုင်ကွေ့ နိုင်တဲ့ ခေတ်ပြောင်းကဗျာတပုဒ်မှာ ထူးခြားတဲ့လက္ခဏာရပ်တွေလည်း ရှိပါတယ်။ ဒီလိုခေတ်ပြောင်းကဗျာတပုဒ်ဖြစ်ဖို့ ဆိုတာကလည်း အတတ်ပညာတခုတည်း ဒါမှမဟုတ် အကြောင်းအရာတခုတည်း သစ်လို့ ပြောင်းလို့ ချိုးလို့ ရတာမျိုးမဟုတ်ပါဘူး။ အတတ်ပညာကော အကြောင်းအရာပါ ပြောင်းလဲရတဲ့လက္ခဏာ ရှိဖို့ လိုအပ်ပါတယ်။ အကာနဲ့ အနှစ် သို့ မဟုတ် ထုနဲ့ စေါက် နှစ်မျိုးစလုံး ပြောင်းရတာမျိုးလို့ လည်း ပြောနိုင်ပါတယ်။ ပြီးတော့ အဲဒီပြောင်းလဲ ချိုးကွေ့ လိုက်တယ်ဆိုတဲ့ကဗျာမျိုးမှာ သူ့ အကြောင်းအရာနဲ့ သူ့ အတတ်ပညာဟာ အံဝင်ခွင်ကျဖြစ်နေတာကို အသေအချာတွေ့ လိုက်ရတဲ့အချက်ကလည်း တကယ့်ကို ထူးခြားလေးနက်တဲ့ကိစ္စပါပဲ။ တချို့ ကဗျာတွေလို အကြောင်းအရာသစ်ပေမယ့် အတတ်ပညာကဟောင်းနေပြန်တာမျိုး၊ တခါ အတတ်ပညာက သစ်ပေမယ့် အကြောင်းအရာက ဟောင်းနေတာမျိုး။ အဲသလို ‘ပန်းအိုးနဲ့ ပန်း↓ မကိုက်ညီ မလိုက်ဖက်တာမျိုးဖြစ်နေတဲ့ ကဗျာတွေနဲ့ လုံးဝမတူတဲ့ ထူးခြားတဲ့လက္ခဏာတွေလည်းရှိနေတဲ့ ဒီလိုကဗျာအမျိုးအစားမျိုးဟာ ကဗျာသမိုင်းအသစ်ကို ဆွဲဖွင့်လိုက်တဲ့ကဗျာ ဖြစ်နေတတ်ပါတယ်။
မြန်မာကဗျာသမိုင်းမှာ ကဗျာသမိုင်းအသစ်တခုကို ကဗျာတပုဒ်ထဲနဲ့ ပွင့်အောင် ဖွင့်နိုင်တဲ့ ဖွင့်နိုင်စွမ်းတဲ့ကဗျာတပုဒ်ရှိပါတယ်။ အဲဒါကတော့ ဆရာ“ဇော်ဂျီ↔ ရဲ့ “ပိတောက်ပန်း↔ ကဗျာပါပဲ။ ဒီဆောင်းပါးမှာ ပိတောက်ပန်းကဗျာရဲ့ အတတ်ပညာအသစ်နဲ့ အကြောင်းအရာအသစ်ကို လေ့လာကြည့်မှာဖြစ်ပါတယ်။
ဆရာဇော်ဂျီဟာ “ပိတောက်ပန်း↔ ကဗျာကို ၁၉၂၈ခုနှစ်မှာ ရေးပါတယ်။ တက္ကသိုလ်က ပညာတတ် လူငယ် တချို့ အနောက်တိုင်းစာပေရဲ့ ရေးပုံဖွဲ့ ပုံ ခံစားပုံတွေကိုထိတွေ့ ခံစားရင်းက မြန်မာကဗျာနဲ့ အနောက်တိုင်းကဗျာကို စရနယ်ပြီး ကဗျာအသစ်စမ်းသပ်ပုံဖေါ်ဖို့ လုပ်ကြရင်းက “ပိတောက်ပန်း↔ ကဗျာကို ဆရာဇော်ဂျီ ရေးဖွဲ့ နိုင်လိုက်တာပဲလို့ ယူဆမိပါတယ်။ စရနယ်တယ်လို့ ကျနော်ပြောခဲ့ပါတယ်။ ဒီနေရာမှာ ဆရာဇော်ဂျီက အနောက်တိုင်းကဗျာကို မြန်မာကဗျာနဲ့ ရောစပ်တဲ့အခါ အတုံးလိုက်အတစ်လိုက်၊ ဒါမှမဟုတ် ပုံတူကူးချတာမျိုး မဟုတ်ပါဘူး။ ကိုယ့်အမျိုးသားဟန် ကိုယ့်အမျိုးသားယဉ်ကျေးမှုကို အနောက်တိုင်းအတတ်ပညာနဲ့ တကယ့်ကို လိုက်လျောညီထွေဖြစ်အောင် ရောပြီးနယ်ပြီး စရနယ်ပြီးမှ ဒီကဗျာကို ရေးလိုက်တဲ့သဘောပါပဲ။ “အရိုးကို အရွက်မဖုံးစေတဲ့နည်း↔ကို အသုံးပြုပြီးမှ ဒီကဗျာကိုရေးလိုက်တာပါ။
ဆရာဇော်ဂျီက ပိတောက်ပန်း ကဗျာကို ရေးဖွဲ့ လိုက်တဲ့တချိန်ထဲမှာ ဆရာဇော်ဂျီနဲ့ ခေတ်ပြိုင် အထူးသဖြင့် ဆရာဇော်ဂျီနဲ့ အတောင်တူငှက်များလို့ ဆိုရမယ့် တက္ကသိုလ် ပညာတတ် လူငယ်တချို့ ကလည်း အနောက်တိုင်းကဗျာ အရေးအဖွဲ့ နဲ့ အကြောင်းအရာတွေကို မြန်မာကဗျာနယ်ပယ်ထဲ စမ်းသပ်ကိုင်းကူးလာနေကြပါတယ်။ အထင်ရှားဆုံးကတော့  ဆရာ “မင်းသုဝဏ်↔ ပါပဲ။ဒီလူငယ်တွေဟာ တချိန်တုန်းက မြန်မာကဗျာဆရာတွေ ဘယ်လိုမှ စိတ်အာသီသ မကျရောက်ခဲ့ဖူးတဲ့ နယ်မြေတွေဆီ ခြေဆန့် လက်ဆန့် လုပ်ခဲ့ကြပါတယ်။ ဥပမာ အိမ်မှာမွေးတဲ့ ကြောင်၊ ဘဲ၊ အစရှိတဲ့ သတ္တဝါလေးတွေကအစ ခေါင်းပေါင်းစ၊ ရေလှိုင်း၊ လတာပြင်၊ မြက်ရိပ်သမား အစရှိတဲ့ လောကအင်္ဂါရပ်နယ်ပယ်ထဲက အရာဝတ္ထုအသီးသီးဆီကို အတွေးအမြင်ချဲ့ ထွင်လာခဲ့ကြပါတယ်။ ဒါက အနောက်တိုင်းမှာ ရော်မန်တိက ကဗျာဆရာတွေဖြစ်ကြတဲ့ “ယိစ်↔တို့  “ကိစ်↔တို့ “ဘိုင်ရွန်↔တို့ ရဲ့ ကဗျာလမ်းကြောင်းအတိုင်း သဘာဝလောကထဲ အရင်ကထက်ပိုပြီး ဝင်ကြ နှိုက်ကြတဲ့သဘောပါပဲ။ သူတို့ ဆီက နည်းကို ယူသုံးတာပါပဲ။ ဒီလို ရင်ခုန်မှုအသစ်ကို လူငယ်တွေ ခံစားလာနေကြတဲ့အချိန် ဆရာဇော်ဂျီက ပိတောက်ပန်း ကဗျာကို ရေးတာပါ။
မြန်မာကဗျာသမိုင်းမှာ ဟိုယခင်တုန်းကတော့ “ပိတောက်ပန်း↔ကို မြန်မာကဗျာဆရာတွေက “ကံ့ကော်ပန်း↔လောက် အလေးအနက်မထားခဲ့ပါဘူး။ ခေတ်အဆက်ဆက် ရာသီနှစ်ကူး တန်ခူးလဘွဲ့ ကဗျာတွေမှာ တစ်ရာသီထဲ ပွင့်တာချင်းအတူတူ မြန်မာကဗျာဆရာတွေက ပိတောက်ပန်းကိုချန်လှပ်ပြီး ကံကော်ပန်းကိုပဲ အမြဲတန်းလိုလို ထည့်ဖွဲ့ သွားကြတာ တွေ့ ရပါတယ်။
မြန်မာကဗျာသမိုင်းကြီးတခုလုံးလောက်နီးနီး ပိတောက်ပန်းကို မြန်မာကဗျာဆရာတွေ ရင်မခုန်နိုင်ခဲ့ကြပါဘူး။ နှစ်ပေါင်း (၆၀၀) ဝန်းကျင်လောက်အထိ မြန်မာကဗျာဆရာတွေဟာ ပိတောက်ပန်းရနံ့ ကို ရှူရှိုက်နိုင်လောက်အောင် ဂန္ဒာရုံအား မကောင်းခဲ့ကြပါဘူး။ မြန်မာကဗျာထဲမှာ သော်ကပန်းကအစ အာသာဝတီ နွယ်နီနတ်ပန်းအထိ မြန်မာကဗျာဆရာတွေ ရင်ခုန်ခဲ့ကြပေမယ့် ပိတောက်ပန်းကဗျာကိုကြတော့ ဘာကြောင့်ရယ်မသ၊ိ ဘယ်ကဗျာထဲမှာမှ မတွေ့ ကြရပါဘူး။ ဒါမှမဟုတ် မတွေ့ ရသလောက်ပဲလို့ ဆိုနိုင်ပါတယ်။ ကုန်းဘောင်ခေတ်ကြကာမှသာ “စုံနံသာမြိုင်ဦးကျော့↔ရဲ့ “ပိတောက်ပန်းဘွဲ့ ↔လေးချိုးကဗျာထဲမှာ ပိတောက်ပန်းကို ကျနော်တို့ တွေ့ ကြရတော့တာပါ။ ဒါပေမယ့် အမေ့ခံ ပိတောက်ပန်းဟာ ဦးကျော့ရဲ့ကျေးဇူးနဲ့ အမေ့ခံရကျိုးနပ်တယ်လို့ တောင် ဆိုရမလားပါပဲ။ ဦးကျော့က သူ့ ကဗျာထဲမှာ ပိတောက်ပန်းကို “ပန်းတကာတို့ ရဲ့ဘုရင်↔ ဖြစ်တယ်လို့ တောင်မှ နေရာပေးဖွဲ့ ဆိုလိုက်ပါတယ်။
စုံနံ့ သာမြိုင်ဦးကျော့ရဲ့လက်ထက်မှာ ပန်းတကာတို့ ရဲ့ဘုရင်အဖြစ် လူရာသူရာဝင်လာရတဲ့ ပိတောက်ပွင့်ဟာ သက်မဲ့ကနေပြီး သက်ရှိရုပ်အဖြစ် တဆင့်တက် ထူးကဲလာတာကို နောက်ပိုင်းမှာ တွေ့ လာရပါတယ်။ ဒီလို သက်မဲ့ကနေပြီး သက်ရှိဘဝရောက်အောင် အသက်သွင်းပေးလိုက်သူကတော့ ခေတ်ဆန်းစာဆိုကြီး ဆရာဇော်ဂျီပါပဲ။
ဆရာဇော်ဂျီက ပိတောက်ပန်း ကဗျာကို ရေးဖွဲ့ တဲ့အခါ ပိတောက်ပန်းရဲ့အလှနဲ့ အနံ့ လောက်တင်ရပ်မနေပဲ ပိတောက်ပန်းကို သက်မဲ့ကနေပြီးသက်ရှိ လောကီသားတဦးအနေနဲ့ တိုက်ရိုက်ရေးဖွဲ့ လိုက်ပါတယ်။ ဒီလိုရေးဖွဲ့ တဲ့အခါ ပိတောက်ပန်း ကဗျာကို အကြောင်းအရာအရနဲ့ အတတ်ပညာအရ နှစ်ခုစလုံး သစ်အောင် ဖွဲ့ တာတွေ့ ရပါတယ်။ ဒီလိုနဲ့ ပိတောက်ပန်းကဗျာဟာ ခေတ်ဆန်းကဗျာခေတ်တခုရဲ့ လမ်းမဟော်ကို ဖဲကြိုးဖြတ်ဖွင့်ပေးလိုက်သလို ဖြစ်သွားပါတော့တယ်။
(ခ)
မြန်မာကဗျာနယ်ပယ်မှာ နောင်အခါ “သင်ခန်းစာတန်းဝင်ကဗျာ↔တပုဒ်ဖြစ်လာစေမယ့် “ပိတောက်ပန်း↔ ကဗျာကို ဆရာဇော်ဂျီ ရေးဖွဲ့ စဉ်က ဆရာက အသက် (၂၀)ဝန်းကျင်ပဲ ရှိပါသေးတယ်။၁၉၂၈ တက္ကသိုလ်ဘီအေတန်းမှာ ပညာသင်ကြားနေတုန်းဖြစ်ပါတယ်။
နှစ်ပေါင်း (၆၀၀)ကျော် မြန်မာကဗျာဆရာတွေ တကံ့ကော်ထဲကော်ပြီး ကံ့ကော်ပန်းမှ ကံ့ကော်ပန်းဖြစ် နေတဲ့အချိန်မှာ ကဗျာသစ်ကို ချဉ်ခြင်းတပ်နေတဲ့ ဆရာဇော်ဂျှီက မြန်မာကဗျာဆရာတွေ လက်လှမ်းမမီတဲ့ ပိတောက်ပန်းကို ပန်းဘွဲ့ အသစ်စပ်ဆိုဖို့ တမင် ရွေးချယ်လိုက်တာပဲလို့  ယူဆလို့ ရကောင်းရနိုင်ပါတယ်။ ကဗျာအသစ်ကို ပန်းအသစ်နဲ့ ဖေါ်ပြချင်တဲ့သဘောဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကောင်းပါပြီ။ ပန်းအသစ်ကိုတော့ ရွေးပြီးပြီ။ ယခင့်ယခင် မြန်မာကဗျာဆရာတွေ ပန်းဘွဲ့ ရေးသလို ပန်းရဲ့အလှ ပန်းရဲ့ရနံ့ ၊ အာသာဝတီ နွယ်နီနတ်ပန်းလောက်အထိ မြင်လို့ ထိတွေ့ လို့ ရတဲ့ အဆင်းကိုသာဖွဲ့ တဲ့ ပန်းဘွဲ့ ကဗျာမျိုး ရေးလို့ တော့ ဘယ်မှာလာပြီး ကဗျာသစ်ဖြစ်တော့မလဲ။ ဒီတော့ ဆရာဇော်ဂျီက ပန်းဘွဲ့ အသစ်ဖြစ်ဖို့ ဆိုရင် ရင်ခုန်သံလည်းသစ်ဖို့ လိုတယ်ဆိုတာ သိပါတယ်။ ဒီတော့ ပန်းရဲ့အဆင်းကိုဖွဲ့ တာထက် ပန်းရဲ့အချင်းကို အဆင့်တဆင့်တိုးပြီးဖွဲ့ မှ ဖြစ်မယ်လို့ တွေးမိကောင်းတွေးမိပါလိမ့်မယ်။ ဒီလိုနဲ့ ပဲ အသက်မဲ့တဲ့ ပိတောက်ပန်းကို “သူလည်းလေ လောကီသားပေမို့ ↔ ဆိုတဲ့ စာတကြောင်းထဲနဲ့  အဝိညာဏအနေအထားကနေပြီး ဝိညာဏအနေအထားအထိ ပိတောက်ပန်းကို တင်စားဖွဲ့ ဆိုလိုက်ပါတော့တယ်။ ပိတောက်ပန်းဟာ ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းကဗျာထဲမှာ အသက်မဲ့ရာကနေ အသက်ရှိတဲအမျိုးအစားဖြစ်လာခဲ့ပါတော့တယ်။
ဆရာဇော်ဂျီရဲ့ကျေးဇူးကြောင့် ကျနော်တို့ ဟာ ပိတောက်ပန်းကဗျာကို ဖတ်တဲ့အခါ ပိတောက်ပန်းကို သနားစရာ ချစ်ခင်စရာ ဂရုဏာသက်စရာ အသက်ရှိတဲ့ပန်းကလေးအဖြစ် ရင်ခုန်မှုအသစ်နဲ့ ချဉ်းကပ်သွားမိ စေပါတော့တယ်။ပန်းကလေးကလှလိုက်တာ မွှေးလိုက်တာဆိုတာလောက်နဲ့ ရပ်မနေတောာ့ပဲ ကိုယ်နဲ့ နှိုင်းယှဉ်ခံစားယူရတဲ့ သက်ရှိပန်းကလေး ဖြစ်လာပါတော့တယ်။ ဆရာဇော်ဂျီ်ရဲ့ ရင်ခုန်သံအသစ်ကို ကျနော်တို့ ကောင်းကောင်းခံစားလို့ ရလိုက်ပါတယ်။ ဒါဟာဖြင့် ပိတောက်ပန်းကဗျာရဲ့ အကြောင်းအရာအသစ် ကို ကျနော် ပြောတာပါ။
နောက်တခု ထူးခြားတဲ့အချက်ရှိပါသေးတယ်။ ပိတောက်ပန်းကဗျာရဲ့ အတတ်ပညာအသစ်၊ တနည်းအားဖြင့် ပုံသဏ္ဍာန်အသစ်ကိစ္စဖြစ်ပါတယ်။
ကဗျာတပုဒ်ကို လူတွေ ယခင်ကထက်ပိုပြီး ခံစားနားလည်နိုင်ဖို့ ဆိုရင် လူတွေနဲ့ လက်တွေ့ ကျကျ ထိကပ်နီးစပ်တဲ့ “ဟန်နဲ့ သဏ္ဍာန်↔ရှိဖို့ လိုအပ်ပါတယ်။ သည်တော့ကာ ဆရာဇော်ဂျီက သူရှေ့ ကလျောက်လာနေတဲ့ အနုပညာရှင် ရုပ်သေးဆရာ “မောင်းထောင်ဦးကျော်လှ↔ကို သတိထားမိဟန်တူပါတယ်။ လူတွေနဲ့ အကျွမ်းတဝင်ရှိလာနေတဲ့ သံချိုဆရာ မောင်းထောင်ဦးကျော်လှရဲ့ သံချိုကဗျာတွေကို သတိထားမိဟန်တူတယ်။ ရုပ်သေးဆရာ မောင်းထောင်ဦးကျော်လှက ရုပ်သေးဆရာအဖြစ်နဲ့ လူထုထဲဆင်းတဲ့အခါ လူတွေရဲ့နားထဲ အလွယ်တကူနဲ့ အဆင်ပြေပြေ နားဝင်စေတဲ့ ချိုလည်းချို မြလည်းမြ တယ်လို့ ဆိုနိုင်တဲ့ သံချိုစပ်ကဗျာတွေကို ဆရာဇော်ဂျီက သတိပြုမိဟန်တူပါတယ်။ သည်လိုနဲ့ ပဲ ပိတောက်ပန်းကို လူတွေ စာနာစိတ်ဖြစ်လာအောင် သံချိုစပ်နည်းကိုသုံးပြီး ပိတောက်ပန်းဘွဲ့ သံချိုစပ်ကဗျာကို ရေးပါတော့တယ်။ တခါ ဒီလောက်နဲ့ တော့ ပိတောက်ပန်းကဗျာဟာ ကဗျာပုံသဏ္ဍာန်သစ်ဘယ်ဖြစ်နိုင်ဦးမှာလဲ။ သံချိုစပ်ကဗျာ ဆိုတာ ဟိုတုန်းက ကဗျာဆရာတွေ သူလိုငါလို ရေးနိုင်တဲ့အနေအထားမှာရှိတာပဲ။ ဒီတော့ ဆရာက ပိတောက်ပန်းဘွဲ့ ကဗျာကို ခြေတွေလက်တွေတပ်တဲ့အခါ လူတွေနဲ့ လည်း ပိုပြီးနီးစပ်စေမယ်၊ ကဗျာ့မိုးကုတ်စက်ဝိုင်းကိုလည်း ပိုပြီးချဲ့ ထွင်လိုက်ရာရောက်စေဖို့ လူတွေနေ့ စဉ်ပြောဆိုနေတဲ့ “စကားပြောစာဟန်↔ကို ပိတောက်ပန်းကဗျာရဲ့ ခြေတွေလက်တွေအဖြစ်အသုံးပြုပါတော့တယ်။ လူတွေနေ့ စဉ်ပြောဆိုနေတဲ့ လူထုသုံးစကားပြောလေသံကို ယူသုံးလိုက်ပါတယ်။ ဒါဟာဖြင့် မြန်မာကဗျာနယ်ပယ်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြီးရင် ဆရာဇော်ဂျီပဲ ဆိုတဲ့ပြောစမှတ်ပြုရလောက်အောင်ဖြစ်စေတဲ့ ကဗျာအတတ်ပညာတီထွင်မှုကို ဆရာက အောင်မြင်စွာ ဆောင်ရွက်လိုက်တဲ့သဘောပါပဲ။ ပိတောက်ပန်းကဗျာရဲ့ အဖွင့်နိဒါန်းပါဒဖြစ်တဲ့ “မခူချင်စမ်းပါနဲ့ ↔ ဆိုတဲ့ ပါဒ တခုထဲနဲ့  ခေတ်ပြိုင်မြန်မာကဗျာနယ်ပယ်တခုလုံးကို ဂယက်လှိုင်းတွေ တဝုန်းဝုန်းရိုက်ခတ်လိုက်သလို ဖြစ်စေခဲ့ပါတယ်။ နောက်တော့လည်း မြန်မာကဗျာအများစုကြီးဟာ ပိတောက်ပန်းကဗျာက ခင်းပေးဖေါက်ပေးတဲ့လမ်းအတိုင်း ဆက်လက်လျောက်လှမ်းလာလိုက်တာ “ခေတ်စမ်းကဗျာခေတ်↔ဆိုတဲ့ ကဗျာခေတ်တခု ထူထောင်နိုင်တဲ့အထိ တိုးတက်ဖြစ်ထွန်းလာခဲ့ပါတယ်။ ဒီလိုနဲ့  ပိတောက်ပန်းကဗျာဟာ ခေတ်စမ်းကဗျာခေတ်ရဲ့တံခါးကို ဆွဲဖွင့်မိသလို ဖြစ်ခဲ့ပါတော့တယ်။
ဆရာဇော်ဂျီရဲ့ကျေးဇူးကြောင့် ကျနော်တို့ ဟာ ရင်ခုန်သံအသစ်နဲ့ ပိတောက်ပွင့်သစ်ကို ခူးယူနိုင်ခွင့်ရ ခဲ့ကြပါတယ်။ မြန်မာကဗျာသမိုင်းမှာလည်း ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းဘွဲ့ ကဗျာတပုဒ်ထဲနဲ့  ခေတ်စမ်းခေတ်တခုလုံုး ပိတောက်ပွင့်သစ်ရနံ့ တွေ မွှေးမြနိုင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ ။
ငြိမ်းဝေ
ကိုးကား။ ။ (၁) မြန်မာစာပေညွန့် ပေါင်းကျမ်း (ပ+ဒု)
(၂) ဇော်ဂျီ ကဗျာပေါင်းချုပ်
(၃) မြန်မာစာ မိတ်ဖွဲ့ (တိုက်စိုး၊ မင်းယုဝေ)
အကျယ်ချဲ့ကြည့်ရန်စာများထားရန်နေရာ.
April 10, 2010
မိုးတပေါက်နဲ့ လည်း ပိတောက်ပွင့်နိုင်တယ်

(က)
“ပန်းဝေဝေ↔စာအုပ်အငှါးဆိုင်ကလေးထဲကမီးရောင်က ဆိုင်အပြင်ဘက် ကိုက်အနည်းငယ်အကွာအထိ လင်းနေသည်။ရထားလမ်းနှင့်စာအုပ်ဆိုင်ကလေးကြားက မြေကွက်လပ်ပေါ်မှာလည်း မီးရောင်ကရောက်နေသည်။ လွန်ခဲ့သည့်နာရီဝက်လောက်ကတော့ အဲဒီမြေကွက်လပ်မှာချထားသည့် စားပွဲဝိုင်းကလေးဘေးမှာ လူတချို့ ထိုင်နေခဲ့ကြသေး၏။ စာရေးဆရာ တက္ကသိုလ်တင်မြင့်၊ ဆရာ ဦးရမ်းမဂျိ၊ ကိုခင်မောင်ကြည်နှင့်အတူ သူလည်းပဲ လဘက်ရည်ဝိုင်းဖွဲ့  ထိုင်နေခဲ့၏။
ဇေယျဝတီမြို့ သကြားစက်ဝန်းကြီးထဲ ဝင်ရာ ကားလမ်းက စာအုပ်ဆိုင်ကလေးနှင့် ကိုက် ၃၀ လောက်အကွာတွင် ရထားလမ်းကို ကန့် လန့် ဖြတ်ပြီး ရှိနေ၏။ သူတို့ ဝိုင်းစုထိုင်ပြီး စကားပြောနေခဲ့ရာ မြေကွက်လပ်ကလေးကို ရထားလမ်းနှင့် ကားလမ်းဆုံရာ ကုန်းထိပ်ပေါ်ကကြည့်လျင် ပန်းချီကားတချပ်လို လှနေ၏။ ကက်ဆက်နှင့်ဖွင့်ထားသည့် ခင်မောင်တိုးရဲ့ သီချင်းသံက ခတ်သဲ့သဲ့ကြားနေရ၏။ သူတို့ လူစု လူစုကွဲတော့ ည (၁၀)နာရီထိုးပြီ။ စားပွဲဝိုင်းက နောက်ဆုံး ထပြန်သွားသူကတော့ ထုံးစံအတိုင်း စာရေးဆရာ တက္ကသိုလ်တင်မြင့်။ ပြီးတော့လည်း ဧည့်သည်တွေမရှိတော့တဲ့ စားပွဲဝိုင်းဘေးမှာ သူတယောက်တည်း ကျန်နေရစ်ခဲ့၏။ ကက်ဆက်သီချင်းကိုလည်း မဒေဝီက ပိတ်လိုက်ပြီးပြီ။
စာအုပ်ဆိုင်ကလေးထဲကို လှမ်းကြည့်တော့ မဒေဝီက စာအုပ်စင်ဘေးက စားပွဲမှာ စာထိုင်ဖတ်နေ၏။ စားပွဲဝိုင်းမှာ လူရှင်းသွားပြီဖြစ်တာမို့ သူက မဒေဝီကို လှမ်းခေါ်လိုက်သည်။ မဒေဝီက တော်တော်နဲ့ ထမလာသေးပဲ စာထိုင်ဖတ်နေသေး၏။ သူက စားပွဲခုံနှင့်ကုလားထိုင်ပုလေးတွေကို သိမ်းဖို့ ပြင်လိုက်ရတော့၏။
“ခုံတွေသိမ်းတော့မလားမောင် ↔
သူက လက်ထဲက ခုံပုလေးတခုကို ပြန်ချလိုက်ရင်း မဒေဝီကို လှည့်ကြည့်သည်။
“မနက်ဖြန်ကျရင် ပိတောက်တွေပွင့်မယ်ထင်တယ်မောင် ↔
သူက စူးစမ်းသည့်အကြည့်နှင့် မဒေဝီကို ငေးကြည့်မိသည်။
“မိုးကဖြင့် တစက်တပေါက်ပဲ ရွာသွားတဲ့ဟာ ↔
မဒေဝီက သူ့ ကို သဘောကျသည့်အပြုံးနှင့်လှမ်းကြည့်နေ၏။
“မိုးတပေါက်နဲ့ လည်း ပိတောက်ပွင့်နိုင်တယ်မို့ လားမောင်ရယ်၊ အဲဒါ ကျမပြောတာမဟုတ်ဘူးမောင်ရေ ဆရာကြီး မင်းသုဝဏ်ပြောတာ ကဲ..↔
ထိုအချိန်အထိ သူက မဒေဝီကို ငေးကြည့်နေတုန်းဖြစ်နေသေး၏။ သိမ်းမယ်လုပ်နေတဲ့ ခုံပုလေးကိုလည်း ကိုင်ထားနေဆဲ။
“ ဘာငေးနေတာလဲမောင်ရဲ့ ကျမပြောတာ သဘောမတူနိုင်လို့ လား ↔
“ အော် အေး အေး ဟုတ်ပ၊ မင်းပြောတာဖြစ်တော့ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဆိုင်ကူသိမ်းဖို့ လည်းစိတ်ကူးဦး၊ ညဥ့်နက်နေပြီ ↔
“ ညဉ့် နက်တော့ဘာဖြစ်လဲမောင်ရယ်၊ ဒီကနေ့ ည ကျမတို့ မအိပ်တော့ပဲနေလိုက်ကြရင်ကောင်းမလားလို့ ↔
သူက မဒေဝီကို အနည်းငယ်အံ့သြဟန်နှင့် မေါ့ကြည့်သည်။ လက်ထဲက ခုံပုလေးကိုလည်း ပြန်ချထားလိုက်သည်။ မဒေဝီက သူ့ ကိုအပြုံးမျက်နှာနှင့်ပြန်ကြည့်နေသည်။ နှစ်ယောက်သား အကြည့်ချင်းခဏကြာမျှဆုံလိုက်ကြသည်။
“ မနက်ကြရင် ပိတောက်တွေပွင့်နိုင်တယ်မောင်၊ ကျမအထင် မနက် သုံးနာရီ လေးနာရီလောက်မှာ ပိတောက်တွေပွင့်မယ်နဲ့ တူတယ်၊ ကျမတို့ ပိတောက်ပွင့်တာ စေါင့်ကြည့်ရရင်ကောင်းမလားလို့  ↔
သူက မဒေဝီကို မဝေခွဲတတ်သည့်မျက်နှာနှင့်ကြည့်သည်။ ပြီးတော့ မဒေဝီရဲ့အတွေးကို သဘောကျစွာပြုံးမိသည်။
“ မသေချာတဲ့အလုပ်ကို ဘာပြုလို့ ဒုက္ခခံနေမလဲကွာ၊ မိုးရွာရင်ပိတောက်ပွင့်မယ်ဆိုတာ မောင်သိပါတယ်၊ ဒါပေမယ့် ညနေကရွာသွားတယ်ဆိုတဲ့မိုးက တကယ့်ကို နည်းနည်းလေး၊ မိုးဖွဲလေးလို့ တောင်မှ မဆိုသာပါဘူး၊အေးလေ ထားပါ၊ မင်းက ဆရာမင်းသုဝဏ်နဲ့ ကိုင်ပေါက်မှတော့ မောင် မကန့် ကွက်တော့ပါဘူး၊ ဒါပေမယ့် ပိတောက်ပင်က ဘယ်မှာရှိသလဲ၊ မင်းစဉ်းစားထားတာ တွေ့ ထားတာကောရှိလို့ လား↔
“ အော် မောင်ကလည်း ပိတောက်ပင်တွေ မောင်တို့ ညကျောင်းရှေ့ က လမ်းမှာ တန်းစီနေတာ မောင်မသိဘူးလား၊ ပြီးတော့ အဲဒီတလမ်းလုံး သကြားစက်ဝန်ထမ်းအိမ်ယာတွေဆိုတော့ မာကျူရီမီးတွေထိန်နေတာပဲ၊ ကျမက မောင်သိနေတယ်ထင်လို့ ပြောတာ ↔
“ အော် ဟုတ်တယ်ဟုတ်တယ်၊ ကောင်းလိုက်တဲ့နေရာကွာ၊ ပိတောက်ပင် နှစ်ဆယ်လောက် လမ်းဟိုဖက်ဒီဖက် တန်းစီပြီးပေါက်နေတာ၊ ဟား ↔
“ ဆိုင်တော့သိမ်းလိုက်မယ်လေ၊ အိမ်ပြန်နားရင် အိပ်ပျော်ပြီး မတော်တဆမနိုးလို့ ဒီအခွင့်အရေးလက်လွတ်သွားရင် ဒီတနှစ်ဘယ်လိုမှ ပြန်မရနိုင်တော့ဘူးမို့ လား၊ ကျမသဘောကတော့ ဆိုင်မှာပဲ မောင်နဲ့ ကျမ စာဖတ်လိုက် ဆိုင်သန့် ရှင်းရေးလေးလုပ်လိုက်နဲ့ အချိန်ဖြုန်းလိုက်မယ်လေ၊ မနက် သုံးနာရီလောက်ကြတော့ အဲင်္ဒီပိတောက်လမ်းကို မြန်းကြတာပေါ့၊ အိုကေပါတယ်နော်မောင် ↔
သူက ခေါင်းတချက်ညိမ့်ကာ ခုံပုလေးများကို သိမ်းသည်။ မဒေဝီကိုလည်း စိတ်ထဲက ကြိတ်ပြီး သဘောကျနေမိသည်။ ပိတောက်ပွင့်တာကို စေါင့်ကြည့်ကြမယ်ဆိုပါလား။ မိုးတစ်ပေါက်နဲ့ လည်း ပိတောက်ပွင့်တာပဲ ဆိုပါလား။
သူတို့ နှစ်ယောက် စာအုပ်ဆိုင်လေးကို သန့် ရှင်းရေးလုပ်ကြသည်။ မဒေဝီက မီးညွန့် ကျိုးနေသည့်မီးသွေးမီးဖိုကို မီးပြန်မွှေးကာ ရေနွေးအိုးတလုံးထပ်တည်သည်။ လဘက်သုပ်တစ်ပွဲပြင်သည်။ ညဦးပိုင်းက ထမင်းစားလို့ ကျန်နေသည့် ထမင်းကျန်ကို ပန်းကန်ပြားတွင်ထည့်သည်။ ဇွန်းနှစ်ချောင်းတပ်သည်။
သူကတော့ ဆိုင်ဘေးတဝိုက်ကို တံမျက်စည်းလှည်းသည်။ အမှိုက်ကောက်သည်။ စာအုပ်စင်များကို ဖုံခါသည်။ နေ့ စဉ် စာအုပ်ငှါးစာရင်းကို စစ်သည်။ စာအုပ်ငှါးခရငွေကို စစ်သည်။
“ ပန်းဝေဝေ ↔စာအုပ်အငှါးဆိုင်ကလေးထဲ သူတို့ နှစ်ယောက် အလုပ်ရှုပ်နေစဉ် စာအုပ်ဆိုင်ကလေးရဲ့နောက်ဖက် ရထားလမ်းဘေးအိမ်ကလေးတွေဆီက ဆဲဆိုအော်ဟစ်သံများကြားလိုက်ရ၏။ မီးရောင်နှင့်ဝေးရာ ရထားလမ်းဘေး အနိမ့်ပိုင်း ဖင်တပြန်ခေါင်းတပြန် စုပြုံတိုးခွေ့ နေကြသည့် တဲမမည့်တမည် အိမ်ကလေးတွေဆီက အော်ဟစ်ဆဲဆိုသံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို တွန်းထိုးနှိုးလိုက်၏။
“ ဘာလဲ၊နောက်ထပ် ငါက ဘာထပ်ပေးရဦးမှာလဲ၊ ဟေ့ ခင်မော်နော်၊ ခင်မော် သီးခံနိုင်တဲ့အတိုင်းအတာထက်ပိုပြီး လွန်လာရင် ခင်မော်က ဘယ်မအေ မှ သီးမခံဘူးဟေ့၊ ဘာ ဘာပြောတယ်၊ အောင်မယ်လေး၊ လူလည်းအိပ်ပေးရတယ်၊ ဆက်ကြေးလည်းပေးတယ်၊ အရက်ဝယ်တိုက်တယ်၊ အို အမြီးတောင် ဝယ်ပေးတယ်၊ ဒါကိုအားမရလို့ ပိုက်ဆံထပ်ပေးရဦးမယ်ဟုတ်လား၊ အောင်မယ် လာစမ်းပါ၊ နင့်သေနတ်လောက်တော့ ခင်မော်က ဟိုဟာလောက်တောင် သောက်ဂရုမစိုက်ဘူး↔
မဒေဝီက သူ့ ဘက်ကိုလှည့်မကြည့်ပဲ လဘက်သုပ်ပန်းကန်ကိုသာ ခေါင်းငုံ့ ပြီးပြင်သည်။ သူက တံမျက်စည်းလှည်းနေရာက အသံကြားရာဆီ နားကရောက်နေ၏။ မကြာခင် မခင်မော်တယောက် စာအုပ်ဆိုင်ကလေးဆီ ရောက်လာနိုင်သေးသည်ကိုလည်း သူသိနေသည်။ မီးရောင်ကြောင့် ဆိုင်မသိမ်းသေးသည်ကို မခင်မော် ကောင်းကောင်းသိနိုင်သည်။ အခြေအနေပေးလျင် မဒေဝီနှင့်သူ့ ကို သူ့ ဘဝအဖြစ်အပျက်များကို ရင်ဖွင့်ကောင်း ရင်ဖွင့်ပေဦးမည်။ မခင်မော်က အသံကုန်ဟစ်ပြီးပြောနေပေသည့် ယောင်္ကျားတဦး၏အသံကိုမူ ခတ်အုပ်အုပ်သာကြားနေရ၏။ မခင်မော်ရဲ့စကားထဲမှာ သေနတ်ဆိုတာပါလာလို့ မခင်မော်တယောက် ရဲစခန်းက တပ်ကြပ်ကြီးစာရေးနှင့် စကားများနေခြင်းဖြစ်မည်ဟု သူတွေးမိသည်။ မခင်မော်က ရဲစခန်းကို ဆက်ကြေးပေးနေရသည်ကိုလည်း သူသိသည်။ ညဥ့်နက်သည့် တချို့ သောညများဆိုလျင် ရထားလမ်းဘေး မခင်မော်တို့ တဲအိမ်ကလေးတွေဆီ မကြာခဏရောက်လာလေ့ရှိသည့် တပ်ကြပ်ကြီးစာရေးမှာ မခင်မော်၏ဖေါက်သည်တယောက်ဆိုသည်ကို သူသိသည်။အခုတော့ မခင်မော်တို့ အဆင်မပြေဖြစ်ကြဟန်တူသည်။
မခင်မော်ရဲ့ အော်သံဟစ်သံ ထပ်ပြီး မကြားရတော့။ ခွေးဟောင်သံများကြားရပြီး လူနှစ်ယောက် စာအုပ်ဆိုင်ဘေးမှကွေ့ ကာ ကားလမ်းမပေါ်တက်သည်။ လမ်းဘေးဓါတ်မီးတိုင် မီးရောင်အောက်တွင် ရဲဝတ်စုံနှင့် လူနှစ်ယောက်။ ရထားလမ်းဘေး အမှောင်ထုထဲက ခွေးဟောင်သံများရပ်သွားသည်။
သူ့ စိတ်ထဲ ခဏအကြာတွင် စာအုပ်ဆိုင်ကလေးဆီ မခင်မော်ရောက်လာနိုင်သည်ဟုတွေးသည်။ သို့ မဟုတ် မနက်ဖြန်နေ့ လည်လောက်ဆိုရင်တော့ မခင်မော်တယောက် မဒေဝီရှေ့ တွင်ထိုင်ကာ သူ့ ဘဝဇာတ်ကြောင်းများကို ငိုကာရယ်ကာနှင့် ရင်ဖွင့်ပေလိမ့်ဦးမည်ဟု သူတွေးမိသည်။
(ခ)
“ မခူချင်စမ်းပါနဲ့ 
နှစ်ဆန်း ခါတော်မီမို့ 
ဇမ္ဒော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့ 
ပွင့်ငုံကို လင့်ကုန်ကြတော့လို့ 
ခေါင်းကြွကာ ဆာဝေဝေနဲ့ 
သူလဲလေ လောကီသားလိုပါ့
ကြွားချင်လှ ပေလိမ့်မယ်။↔
သူနှင့်မဒေဝီတို့ နှစ်ယောက် သကြားစက်ဝန်းကြီးထဲဝင်လာတော့ မနက် သုံးနာရီထိုးပြီ။ သူက စာအုပ်ဆိုင်ကလေးထဲက ထွက်လာကတည်းက ပိတောက်ပန်းကိုဖွဲ့ တဲ့ ဆရာဇော်ဂျီရဲ့ “ပန်းတောက်ပန်း↔ ကဗျာကို တွေးလာခဲ့၏။ ဆိုင်ထဲက မထွက်လာခင် ပိတောက်ပန်းအကြောင်း မဒေဝီနှင့်သူ စကားနည်းနည်းထိုင်ပြောဖြစ်သေးသည်။ ရှေးစာဆိုများက ပိတောက်ပန်းကို သိတ်ပြီးစာမဖွဲ့ ခဲ့ဘူးလို့ သူ ထင်ကြောင်း၊ နောက်ပိုင်း ကိုလိုနီခေတ်လောက်ကြမှသာ ပိတောက်ပန်းကို စာဆိုတိုင်းလိုလို ကဗျာဖွဲ့ လာခြင်းဖြစ်ကြောင်း သူ့ အနေနဲ့ မကြေနပ်မိကြောင်း မဒေဝီကပြောခဲ့၏။ မဒေဝီ၏ထင်မြင်ချက်ကို သူက သဘောတူသည်။ ပိတောက်ပန်းကိုဖွဲ့ တဲ့စာဆိုတွေထဲမှာ ဆရာဇော်ဂျီကို သူ့ အနေနဲ့ အထူးအလေးအနက်ထားမိကြောင်း ပြန်ပြောပြမိသည်။ ဆရာဇော်ဂျီက ခေတ်စမ်းကဗျာခေတ်ကို အဲဒီ ပိတောက်ပန်းကဗျာနဲ့ တွန်းဖွင့်လိုက်တယ်လို့ သူထင်ကြောင်း၊ အထင်ရှားဆုံးအင်္ဂါရပ်ကတော့ ပိတောက်ပန်းကို သက်မဲ့ဘဝက သက်ရှိဘဝရောက်အောင် သက်ရှိသဏ္ဍာန်ဖြစ်အောင် ဖွဲ့ တဲ့ အတတ်ပညာရေး ဆန်းသစ်မှုဟာ ခေတ်ဆန်းကဗျာရဲ့ ခေတ်ဟောင်းကဗျာတွေနဲ့ မတူ လမ်းသစ် ဖေါက်လိုက်တဲ့ကဗျာ ဖြစ်တဲ့အကြောင်း ပြောခဲ့မိ၏။ သူက ဥပမာအနေနှင့် ပိတောက်ပန်းကဗျာထဲက “ သူလဲလေ လောကီသားလိုပါ့၊ ကြွားချင်လှပေလိမ့်မယ်↔ဆိုတဲ့စာသားက သက်မဲ့ပိတောက်ပန်းကို သက်ရှိနေရာမှာထားပြီး ရေးဖွဲ့ တဲ့စားသားဖြစ်ပြီး၊ ပိတောက်ပန်းကဗျာရဲ့ အစဦးဆုံးပါဒဖြစ်တဲ့ “ မခူးချင်စမ်းပါနဲ့ ↔ဆိုတဲ့ ပါဒကြတော့ မြန်မာကဗျာသမိုင်းမှာ စာဟန်အရေးအဖွဲ့ ရဲ့ဟန်ကိုချိုးဖျက်ပြီး စကားပြောဟန်ကို အသိရှိရှိ ထိထိမိမိ ပထမဆုံးတီထွင်အသုံးပြုလိုက်တဲ့ အချက်၊ အဲဒီအချက်တွေဟာ မြန်မာကဗျာရဲ့ အချိုးအကွေ့ တခုဖြစ်စေခဲ့တဲ့အကြောင်း ပြောဖြစ်၏်။ သူ ပြောပြတာတွေကို နားထောင်ရင်းက မဒေဝီက “ ဆရာဇော်ဂျှီပြောသလိုဆိုရင် ကျမတို့ ပိတောက်ပန်းတွေ စေါင့်ပြီးခူးလို့ ဖြစ်မှဖြစ်ပါ့မလားကွယ်၊ ဆရာက ပိတောက်ပန်းကို မခူးချင်စမ်းပါနဲ့ လို့ ရေးတယ်မို့ လား↔ဟု ပြောခဲ့သေး၏။ ထိုအခါကျတော့လည်း သူက “ ဒါကတော့ တို့ က ပန်းခူးဖို့ အဓိကထားမှာမှမဟုတ်တာ ပိတောက်ပန်းပွင့်တာကိုပဲ စေါင့်ကြည့်ချင်တာက အဓိကမို့ လားကွာ ↔ဆိုတဲ့စကားနဲ့ မဒေဝီကို ပြန်ပြီး နှစ်သိမ့်ခဲ့ရ၏။
သကြားစက်ရုံဝန်းကြီးထဲက စက်ရုံအဝင်ဖက်သွားရာ၊ အရက်ပျံစက်ရုံဖက်သွားရာနှင့် ညကျောင်းရှေ့ သို့ သွားရာ လမ်းဆုံလမ်းခွကို ရောက်တော့ သကြားစက်အဝင်ပေါက်ဂိတ်က ညစေါင့်တဦးထွက်လာကာ သူတို့ ကို လှမ်းကြည့်နေ၏။ သူနှင့်မဒေဝီက ညကျောင်းဖက်သွားရာလမ်းထဲ ချိုးဝင်လာခဲ့တော့မှ ညစေါင့်သည်လည်း ဂိတ်တဲကလေးထဲ ပြန်ဝင်သွား၏။
သူတို့ နှစ်ယောက် နာရီတကြည့်ကြည့်နှင့် လမ်းလျောက်လိုက် လမ်းဘေးက ခုံတန်းတခုတွင် ဝင်ထိုင်လိုက်လုပ်နေခဲ့ကြသည်။ အစ ပထမတော့ သူနှင့်အတူ ညကျောင်းတွင် စာအတူတူသင်ကြသည့် ဆရာ ကိုခင်မောင်ကြည်တို့ အိမ်ဖက်က ခွေးတကောင်က လိုက်ဟောင်နေသေး၏။ ပြီးတော့ပြန်ငြိမ်သွား၏။ သူတို့ ကလည်း အိနြေ္ဒမပျက် လမ်းလျောက်နေခဲ့ကြ၏။ မနက် လေးနာရီကျော်လာခဲ့ပြီ။ ပိတောက်ပင် ပိတောက်ကိုင်းများဆီက မည်သည့်ထူးခြားမှုမျှ မတွေ့ ရသေး။
လမ်းဘေးနှစ်ဖက် ဝန်ထမ်းအိမ်ယာများမှာ တိတ်ဆိတ်စွာ အိပ်မေါကျနေကြ၏။ လမ်းလျောက်လာရင်းက အိမ်တလုံးရှေ့ ကိုရောက်တော့ သူ့ ခြေလှမ်းများ နှေးသွား၏။ အိမ်ရှေ့ ပန်းခြံကလေးကို လမ်းဘေးမီးရောင်အောက်တွင် မထင်မရှားတွေ့ နေရ၏။ လမ်းနှင့် မလှမ်းတလှမ်းဖြစ်သဖြင့် အိမ်ကလေးကိုမူ အမှောင်ထဲ၌ သဲကွဲစွာမမြင်ရ။
အိမ်ကလေးရှေ့ တည့်တည့်တွင် သူ့ ခြေလှမ်းများ နှေးသထက် နှေးသွားရသည်။ ထိုအိမ်ကလေးတွင် လွန်ခဲ့သော တလအချိန်အထိ နေထိုင်သွားခဲ့သော အရက်ပျံစက်ရုံ အထက်တန်းစာရေး ကိုစိန်အောင်တို့ မိသားစုကို သူ တွေးသည်။ ကိုစိန်အောင်က စက်ရုံဝန်ထမ်းများ အနေနှင့် ပြီးခဲ့သော ရှစ်လေးလုံးဆန္ဒပြပွဲနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားရှိသည့်သဘောထားများကို မေးထားသည့် သဘောထားစစ်တမ်းတွင် သူယုံကြည်သလို ထည့်ပြီးရေးခဲ့၏။ ရှစ်လေးလုံးဆန္ဒပြပွဲမှာ ပြည်သူတွေ၏ အထွေထွေမကျေနပ်ချက်များကို ဖေါ်ပြသည့် ကိစ္စဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်မှာ လူထုခေါင်းဆောင်တဦးဖြစ်ကြောင်း ရေးခဲ့၏။ ထိုနေ့ က အလုပ်မှထုတ်ပယ်ကြောင်းစာကို ညနေသုံးနာရီခွဲတွင် ဌါနမှူးက သူ့ ကိုလာပေးခဲ့၏။ လေးနာရီတွင် ကိုစိန်အောင် စိတ်ဆင်းရဲသောကနှင့် အိမ်ကိုပြန်လာခဲ့သည်။ အိမ်ရောက်တော့ အိမ်ရှေ့ တွင် အိမ်ထောင်ပရိဘောဂများချကာ ထိုင်နေကြသည့် သူ့ မိသားစုကိုတွေ့ ရတော့၏။ နေ့ လည်ကတည်းက သူ့ မိသားစုကို ဝန်ထမ်းအိမ်ယာမှ ပြောင်းရွှေ့ ရနလာပြောသည့် စက်ရုံလုံခြုံရေးများက ပြောပြောဆိုဆို ပစ္စည်းများပါ ဆွဲချလိုက်ကြ၏။ မိသားစုက ကိုစိန်အောင်ပြန်ရောက်တဲ့အထိ စေါင့်ဖို့ ပြောသည်ကိုလည်း လက်မခံကြ။ ကိုစိန်အောင် စိတ်ထိခိုက်ရတော့သည်။ နောက်တနေ့  ဘုန်းကြီးကျောင်းဝန်းအတွင်း ခေတ္တခိုလှုံနေကြသည့် သူ့ မိသားစုက ကိုစိန်အောင်ကို အိပ်ယာကနှိုးတော့ ကိုစိန်အောင်က မနိုးသောအိပ်ခြင်းဖြင့် အိပ်ယာထဲက မထတော့။ ကိုစိန်အောင် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပြီ။အခုတော့ ကျန်ရစ်သူ ကိုစိန်အောင်တို့ မိသားစု ဘယ်ဆီဘယ်နေရာတွင် ဘယ်လို နေထိုင်နေကြသည်ကို သူ မတွေးတတ်တော့။
အိမ်ကလေးရှေ့ ကကျော်လာသည့်တိုင် အိမ်ကလေးထဲတွင် ကိုစိန်အောင်တို့ မိသားစု ရှိနေသေးသလို သူုတွေးမိသည်။ သို့ တည်းမဟုတ် တနေ့ သောအခါတွင် သည်အိမ်ကလေးဆီသို့  ကိုစိန်အောင်တို့ မိသားစု ပြန်လည်ရောက်ရှိလာနိုင်ကောင်းရဲ့ဟု သူဆုတောင်းမိသည်။
“ ဟော ဟော မောင်ရေ မောင်ရေ ဟိုမှာ ဟိုမှာ ↔
သူ့ လက်တဖက်ကို ဆောင့်ဆွဲလိုက်သည့် မဒေဝီကို သူက ဖြတ်ကနဲ ပြန်ကြည့်သည်။ အတွေးလွန်နေသည့် သူ့ စိတ်က မဒေဝီရဲ့အော်သံကြောင့် တိကနဲပြတ်ကျသွားရ၏။
“ ဘာလဲ ဘာလဲ↔
“ ဟိုမှာ ဟိုမှာ ကြည့်လေကြည့်လေ ဟောဟော ဟိုဖက်ကိုင်းမှာလဲ ဟောဟော ပွင့်လာပြီ ပွင့်လာပြီ ပိတောက်တွေပွင့်လာပြီ ပိတောက်တွေပွင့်လာပြီး ဟေး ဟေး↔
မဒေဝီက သစ်ကိုင်းများကို လက်ညှိုးလိုက်ထိုးရင်း တဟေးဟေးနှင့်အော်နေသည်။ သူကလည်း မဒေဝီနောက်မှလိုက်ကာ ခုန်ပေါက်လုမတတ်ဖြစ်နေသည်။
လမ်းပေါ်တွင် သူတို့ နှစ်ဦးမှအပ မည်သူမျှမရှိ။ စိတ်လွတ်ကိုယ်လွတ်ဖြစ်ကာ တဟေးဟေးနှင့်အော်ကာ သစ်ပင်သစ်ကိုင်းများကို လက်ညှိုးထိုးကာ သူတို့ နှစ်ဦးစလုံး ဆူညံနေတော့သည်။ အနီးဆုံးအိမ်တချို့ က မီးများလင်းလာကြသည်။ မလှမ်းမကမ်းမှ ခွေးဟောင်သံများထွက်ပေါ်လာသည်။ အိမ်တချို့ ဆီက ပြတင်းတံခါးဖွင့်သံများကြားလိုက်ရသည်။
ပိတောက်ပင်တပင်က သစ်ကိုင်းများမှာ ကြည့်နေရင်းမှပင် အဖြူရောင်လိုလို၊ အဝါရောင်လိုလို ပန်းပွင့်များပွင့်အာလာနေကြ၏။ သူတို့ က ဒီဖက်ကကိုင်းကိုမေါ့ကြည့်နေစဉ် ဟိုဖက်ကိုင်းပေါ်က ပန်းပွင့်များ အဆုပ်လိုက် အခိုင်လိုက် ဘွားကနဲပေါ်လာကြ၏။ သူတို့ နှစ်ယောက်အဖို့ ဘယ်လိုမှ စိတ်ကို မထိန်းနိုင်ကြတော့။ နှစ်ယောက်စလုံး ပိတောက်ပင်တန်းအောက်တွင် ကခုန်လုမတတ်ဖြစ်ကုန်သည်။ အသံတွေ ဆူညံလျက်။
“ ဟေ့ ဟေ့ မဖြစ်သေးဘူး၊ မဖြစ်သေးဘူး၊ လူတွေနိုးကုန်ပြီ၊ မောင်တို့ အော်သံတွေတော်တော်ဆူသွားတယ်၊ ဟေ့ တော်တော့ကွာ၊ တော်တော့၊ ဒီလောက်ဆို ကြေနပ်တော့၊ ပြန်ကြရအောင်၊ တော်တော်ကြာ ဒို့ ကို အရူးတွေလို့ ထင်ကုန်တော့မယ်၊ အားနာဖို့ လည်းကောင်းတယ်↔
သူက မဒေဝီရဲ့လက်ကို လိုက်ဆွဲကာ ပါးစပ်ကလည်း တတွတ်တွတ်တားမြစ်နေမိသည်။ မဒေဝီကမူ ရုတ်တရက် အရှိန်မသပ်နိုင်သေး။အသံမပြုတော့သည့်တိုင် လမ်းမပေါ်တွင် ပိတောက်ကိုင်းများကို လက်ညှိုးလိုက်ထိုးနေသေး၏။
သူတို့ နှစ်ယောက် ပိတောက်ပင်တန်းလမ်းထဲက ပြန်လာတော့ ဇေယျဝတီမြို့ ကလေးမှာ နိုးထစပြုပြီဖြစ်သည်။ မြို့ ထဲသို့ ဝင်ရာ လမ်းပေါ်တွင် လူတယောက်တလေကို တွေ့ လာရ၏။ သကြားစက်ဝန်းကြီးထဲက ကင်းသံချောင်းခေါက်သံကိုကြားလိုက်ရသည်။ နေရောင်ကို မတွေ့ ရသေးသော်လည်း ဈေးဆိုင်တချို့ တံခါးတွေဖွင့်နေကြပြီ။
စာအုပ်ဆိုင်ကလေးဘေးက မြေစိုက်ခုံတန်းကလေးပေါ်တွင် သူတို့ နှစ်ယောက် အမေါပြေထိုင်ကြသည်။ မဒေဝီရဲ့အသက်ရှူသံကို သူကြားနေရသည်။ မဒေဝီဆီက သနပ်ခါးနံ့ သင်းသင်းကို သူ ရှူရှိုက်မိသည်။ အိပ်တန်းဆင်းငှက်သံများကို ကြားရသည်။ အထူးသဖြင့် စာကလေးငှက်ကလေးများက သူ့ စာအုပ်ဆိုင်ကလေးနှင့် လမ်း၏တဖက် မျက်စေါင်းထိုး ကုလားလဘက်ရည်ဆိုင်ကလေးကို ကူးချည်သန်းချည်လုပ်နေကြသည်။ ခုံတန်းကလေးပေါ် ထိုင်နေသည်မှာ အတန်ငယ်ကြာသည့်တိုင် မဒေဝီက စကားမပြောနိုင်သေး။ အိမ်ပြန်ဖို့ စကား မဟနိုင်သေး။ သူကမူ မဒေဝီနှင့် ခန္ဒာကိုယ်ချင်းထိကပ်ကာ ငြိမ်သက်နေမိသည်။
“ မောင် သဘောတူပြီမို့ လား ↔
မဒေဝီရဲ့စကားကြောင့် သူက ဇဝေဇဝါနှင့် မဒေဝီဘက်ကို လှည့်လိုက်သည်။
“ဘာကိုလဲ၊ ဘာကိုသဘောတူရမှာလဲ↔
မဒေဝီဆီက ရုတ်တရက် ဘာစကားမျှ မကြားရ။ နှစ်ယောက်သား အတန်ငယ်တိတ်ဆိတ်သွားရသည်။
“အော် မိုးတပေါက်နဲ့ လဲ ပိတောက်ပွင့်နိုင်တယ် ဆိုတဲ့စကားကို မောင် သဘောတူပြီလား လက်ခံပြီလားဆိုတာ မေးလိုက်တာပါ↔
သူက ရှေ့ ကိုပြန်လှည့်ပြီးထိုင်လိုက်သည်။ မဒေဝီကို မည်သို့ မျှစကားပြန်ပြီးမပြောတော့။
ဇေယျဝတီမြို့ ကလေးအဖို့ ဒီကနေ့ မနက်မှာတော့ပိတောက်ပန်းတွေနဲ့ ဝေနေတော့မှာကိုတွေးပြီး ကျေနပ်နေမိ၏။ ။
ငြိမ်းဝေ
(ဒီဝတ္ထုတိုလေးကတော့ ဧရာဝတီ အင်တာနက်ဝက်ဆိုဒ်မှာ လွန်ခဲ့တဲ့ ၂ ရက်က တင်ထားခဲ့ပြီးတဲ့ ဝတ္ထုတိုလေးဖြစ်ပါတယ်။)
အကျယ်ချဲ့ကြည့်ရန်စာများထားရန်နေရာ.
Subscribe to:
Posts (Atom)




