Showing posts with label ခရီးသွား ဆောင်းပါး. Show all posts
Showing posts with label ခရီးသွား ဆောင်းပါး. Show all posts

July 03, 2010

သကြားတစ်ပုဂံ၊ ဓါတ်ဗူးတစ်လုံး နှင့် ဖြာတစ်ချပ်


(က)
ကျနော်တို့ လူသိုက်ကို ရွှေကွယ်ရွာသူကြီးကိုယ်တိုင် ရွာပြင်ထွက် ကြိုခဲ့သည်။ ကျနော်တို့နှင့်အတူလိုက်ပါလာသည့် တလိုင်းကရင်ရွာသူကြီး ဦးအောင်က လမ်းလျှောက်စကားပြောစက်ကတဆင့် ရွှေကွယ်ရွာသူကြီးထံ ကြိုတင်အကြောင်းကြားခဲ့သဖြင့် အခုလို ရွာပြင်ထွက်ပြီး ကြိုဆိုခဲ့ခြင်းဖြစ်သည်။ ထို့ ပြင် မာနယ်ပလောဗဟိုဌါနချုပ် အသံလွှင့်ဌါနမှ သတင်းထောက်တစ်ဦးလည်း လိုက်ပါလာသည်ဆိုသည့်သတင်းကြောင့် အခုလို ရွာသူကြီးကိုယ်တိုင် လာရောက်ကြိုဆိုခဲ့ခြင်းဖြစ်တန်ရာ သည်ဟု ကျနော် တွေးမိသည်။

May 11, 2010

ဘယ်ဝယ် မြောက်တောင်


(က)
၁၉၉၅ ခု၊ ဇန်နဝါရီလ..၂၂ ရက်၊ တနင်္ဂနွေနေ့ ။
မနက်မိုးလင်းတော့ လက်နက်ကြီးပစ်သံများနှင့် မျက်နှာသစ်ရလိမ့်မည်ဟု ထင်မထားခဲ့မိသည့်အတွက် အနည်းငယ်တော့ စိတ်ပူသွားမိသည်။ သည်အတိုင်းဆိုလျင် အခြေအနေတွေက ဘယ်လိုဖြစ်လာလိမ့်ဦးမလဲ။ ကျနော် တကယ်မခန့် မှန်းတတ်ပါ။


March 01, 2010

ချစ်သူတို့ ရဲ့ပွဲ

အပိုင်း (၁)

လွန်ခဲ့တဲ့ ၂၃ ဖေဖေါ်ဝါရီက ထိုင်းနိုင်ငံ ဇင်းမယ်မြို့ (ချင်းမိုင်) ကို ကျနော် ခရီးထွက်ရပါတယ်။ မြန်မာသတင်းသမဂ္ဂက ကမကထလုပ်ပြီးကျင်းပတဲ့ မီဒီယာကွန်ဖရင့်တခုကို သွားခဲ့တာပါ။ ဒီကွန်ဖရင့်ဟာ လွန်ခဲ့တဲ့ ကျင်းပခဲ့ပြီးတဲ့ (၆) ကြိမ်အတွေ့ အကြုံအရဆိုရင် သတင်းနယ်ပယ်ကို အဓိကထားပြီး ကျင်းပတဲ့သဘောဆန်ပေမယ့် စာနယ်ဇင်း ဆိုတဲ့ခေါင်းစဉ်အောက်က စာရေးဆရာတွေ၊ ကဗျာဆရာတွေလည်း တက်ရောက်ကြတာဖြစ်လို့ ကဗျာရေးတဲ့ကျနော်လည်း သွားခဲ့တာပါ။ ပြီးတော့ စာတမ်းလေးတစေါင်လည်းတင်ချင်လို့ ပါ။

စတင်ကျင်းပတဲ့ရက်ကတော့ ၂၄ ရက်နေ့ ကြမှပါ။ ကျနော်တို့ က ၂၃ ရက်နေ့ ကတည်းက နေရပ်ကထွက်ပြီး အဲဒီညနေ ၃ နာရီမှာ ကွန်ဖရင့်ကျင်းပဖို့ လုပ်ထားတဲ့ ဟော်တယ်ကို ရောက်ပါတယ်။
ကိုယ့်အိမ်ကထွက်တော့ မနက် ၅ နာရီတိတိပါ။ ကျနော်တို့ ကားပေါ်မှာ စာရေးဆရာ စိုးနေလင်း( မောင်စိုးသစ် )၊ ကဗျာဆရာ ငြိမ်းလူ၊ ဘာသာပြန်ဆရာ ဂါမဏိ၊ မိုးကြိုးသတင်းစဉ်က ဦးသန်းထွဋ်နဲ့ ကျနော်ဖြစ်ပါတယ်။အမှန်အားဖြင့်ပြောရရင် ကျနော်တို့ မြို့ ကလေးကနေပြီး ဇင်းမယ်ကို ကားနဲ့ တိုက်ရိုက်သွားမယ်ဆိုရင် ၅ နာရီနဲ့ ရောက်နိုင်ပေမယ့် ကျနော်တို့ အဖွဲ့ ကို ကြိုပို့ လုပ်ရတဲ့သူတွေက လုံခြုံရေးအရဆိုပြီး မယ်စာရင်းရန်းမြို့ ကလေးကို အရင်သွား ပြီးတော့မှ ဇင်းမယ်ကို တခါဆက်သွားကြရတာဆိုတော့ မနက် ၅ နာရီကထွက်လိုက်တာ ညနေ ၃ နာရီကြမှပဲရောက်တော့တယ်ဆိုပါတော့။

ကျနော်တို့ တည်းခိုခွင့်ရတဲ့ဟော်တယ်က အဆင့် ၆ ရှိတဲ့ဟော်တယ်လို့ ဆိုပါတယ်။ Khum Phucome Residence ဖြစ်ပါတယ်။ဟုတ်သလားမဟုတ်ဘူးလားတော့မသိပါဘူး။ ဒီနာမည်ရဲ့အဓိပါယ်က ကျွန်းဟော်တယ် ဆိုတဲ့အဓိပါယ်လို့ ပြောပါတယ်။ ဖြစ်တော့ဖြစ်နိုင်ပါတယ်။ ဟော်တယ်ရဲ့ ပင်မအဆောက်အဦးကြီးရဲ့ တိုင်တွေအားလုံး လူနှစ်ယေက် သုံးယောက်လောက်ဖက်မှ မှီနိုင်တဲ့ ဧရာမကျွန်းတိုင်ကြီးတွေနဲ့ ဆောက်ထားတာတွေ့ ခဲ့ရပါတယ်။ (ကြေကွဲဖို့ တခုရှိပါတယ်။ ဒီကျွန်းတိုင်ကြီးတွေဟာ ထိုင်းနိုင်ငံရဲ့လက်ရှိတည်ဆဲဥပဒေအရဆိုရင် ကျွန်းသစ်ခုတ်လှဲရောင်းချတာကို တားမြစ်ထားတာမို့ ဒီတိုင်ကြီးတွေဟာ ကျနော်တို့ နိုင်ငံက ဈေးပေါပေါနဲ့ ရထားတဲ့ ကျွန်းတိုင်ကြီးတွေဖြစ်မယ်ဆိုတာ သေချာနေလို့ ပါပဲ။ဓါတ်ပုံမှာဖေါ်ပြတဲ့အဆောက်အဦးက ဟော်တယ်ရဲ့ ပင်မအဆောက်အဦးအဝင်ပေါက်ဖြစ်ပါတယ်။)

ဟိုကြတော့ ကိုယ်နဲ့ တခန်းထဲကျတဲ့သူဟာ မသောက်တတ်မစားတတ်တဲ့သူဖြစ်ပါစေလို့ ဆုတောင်းနေတာ ပြည့်လည်းပြည့်ပါတယ်။ တစုံတရာပျော်ပျော်ပါးပါးသောက်တတ်စားတတ်သူနဲ့ တွဲကျရင် မသောက်တတ်မစားတတ်တဲ့သူ ကျနော့်ကို သူက အားနာနေရအုံးမယ်။ ကျနော်ကလည်း သူ့ ကို ကျနော့်ကြောင့်တော့ လွတ်လွတ်လပ်လပ်ပျော်ရပါးရမယ့်ကိစ္စ အနှောက်အယှက် မဖြစ်စေချင်ဘူးလေ။ ပျော်ပျော်နေတတ်တဲ့သူဆိုရင် ဧည့်သည်အဝင်အထွက်ကလည်းများမယ်မို့ လား။ ကျနော်က အသက်ကလည်းရလာ ခရီးကလည်းပမ်းတော့ နားခွင့်ရတာနဲ့ တပြိုင်နက် နားလိုက်ချင်တဲ့ဆန္ဒကလည်းရှိနေလို့ ဆိုပါတော့။

ကျနော်တို့ အခန်းက ၂ ယောက်တွဲအခန်း ၂ ခန်း၊ ဧည့်ခန်းနဲ့ ချက်ပြုတ်စားဖို့ မီးဖိုချောင်ကအစ ရှိတဲ့အခန်းပါ။ ရေချိုးခန်းအိမ်သာက နှစ်ခုရှိတော့ ၂ ယောက်တလုံး အသုံးပြုရပါတယ်။ကျနော်နဲ့ တခန်းထဲကျတဲ့သူက ကာတွန်းဆရာ နေမျိုးအေး(ရဲခေါင်မဲမောင်) ဖြစ်ပါတယ်။ သူက မသောက်တတ်မစားတတ်တဲ့သူဖြစ်ပြီး ဟိုဖက်ခန်းကလူနှစ်ယောက်ကလည်း တယောက်ကမသောက်တတ်တဲ့သူ နောက်တယောက် က အနည်းအကျဉ်းသာသောက်တတ်တဲ့သူ။ ကျနော်တို့ လေးယောက် ငြိမ်းချမ်းတိတ်ဆိတ်စွာ တည်းခိုနေထိုင်နိုင်ခဲ့ကြပါတယ်(ကိုသီဟမောင်မောင်ရဲ့ သူ့ ရဲ့ချစ်သူလေးဆီ တချိန်လုံးဖုံးဆက်နေတဲ့အသံကလွဲရင်ပေါ့လေ)။

ဟိုဖက်တခန်းမှာက ကွန်ပျူတာ ဂရပ်ဖစ်ဒီဇိုင်းနာ သီဟမောင်မောင်နဲ့ ရောင်ခြည်ဦး အလုပ်သမားပညာပေးဂျာနယ် အယ်ဒီတာ ကိုဇန်ဖြစ်ပါတယ်။အသက်အားဖြင့်လည်း ကျနော်တို့ ထက်ငယ်ပြီး ကျနော်တို့ ကို အကိုကြီးများသဖွယ်ကူညီစေါင့်ရှောက်ခဲ့ကြလို့ ဒီမှတ်တမ်းလေးရေးတော့ ဒီကျေးဇူးကို ကျနော် ပထမဆုံးထည့်ရေးလိုက်တာပါ။

ဒီ BMC လို့ ခေါ်တဲ့ မြန်မာမီဒီယာကွန်ဖရင့်ကို ကျနော်တက်ခဲ့တာ ၄ ကြိမ်ရှိပါပြီ။ ကျင်းပခဲ့တာတော့ ၇ ကြိမ်ရှိပါပြီ။ ပထမ ၂ကြိမ်ကျင်းပစဉ်က မတက်ခဲ့ပါဘူး။ ဖိတ်လည်းမဖိတ်ပါဘူး။ တတိယအကြိမ်မှာ ကျနော်တက်ပါတယ်။ ပြီးတော့ စတုတ္ထအကြိမ်မှာတက်တယ်။ ပြီးခဲ့တဲ့ ၂၀၀၇ နဲ့ ၂၀၀၈မှာ ကျနော်မတက်ပါဘူး။ ဒီနှစ်မှာ ကျနော်တက်ဖြစ်သွားတယ်ဆိုပါတော့။ ကျနော်တက်ခဲ့တဲ့ ညီလာခံသက်တမ်းတလျောက်မှာ ဒီတကြိမ်ပါနဲ့ ဆိုရင် စာတမ်းတင်တာ ၂ ကြိမ်ရှိပါတယ်။ ၂၀၀၆ တုန်းက ကျနော်ကဲ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာကဗျာဖြစ်ပေါ်တိုးတက်မှဲု ဆိုတဲ့စာတမ်းကိုတင်ခဲ့ပြီး ဒီတကြိမ်မှာတောဲ့ရာစုနှစ်ဝက်အတွင်း မြန်မာကဗျာနာကျင်မှဲု ဆိုတဲ့စာတမ်းကို တင်ခဲ့ပါတယ်။

တည်းခိုတဲ့ဟော်တယ်မှာ ညစာဆင်းပြီးစားတယ်ဆိုရင်ပဲ စိတ်ဝင်စားစရာသတင်းလေးတွေ ကြားရတော့တာပါပဲ။ပြည်တွင်းက မြန်မာဘလော့ဂါတချို့ နဲ့ ဘလော့ဂါမင်းဒင်၊ ဦးသုဝေ တို့ တက်ရောက်ကြမယ်ဆိုတဲ့သတင်းပါပဲ။ တခြားပြည်တွင်းက စာရေးဆရာတချို့ လည်းတက်မယ်ဆိုတဲ့သတင်းလည်းကြားရလို့ အားရဝမ်းမြောက်မိတယ်။

တည်းခိုခန်းနံပါတ် ၅၀၃ ထဲ လက်ဆွဲသေတ္တာအစုတ်ကလေးဆွဲပြီးဝင်လိုက်တော့ ဆရာနေမျိုးအေးက ကုတင်ပေါ်မှာမှိန်းနေတာတွေ့ လိုက်ရပါတယ်။ ဟိုဖက်ခန်းက ကိုသီဟမောင်မောင်တို့ ကလည်း ဒီဖက်ခန်းကူးလာပြီး ကျနော့်ကိုနှုတ်ဆက်ပါတယ်။ လမ်းပမ်းအခြေအနေ မေးကြပါတယ်။ ကျနော်ကလည်း ကောင်းတဲ့အကြောင်းပြောရပါတယ်။ သူတို့ က ဒီလိုမေးတာ အကြောင်းရှိတယ်လေ။ လွန်ခဲ့တဲ့နှစ်တွေတုန်းကအတွေ့ အကြုံအရဆိုရင် ကျနော်တို့ လာခဲ့ရတဲ့လမ်းခရီးက စွန့် စားရတဲ့လမ်းခရီးဖြစ်နေလို့ ပါပဲ။ ဥပမာ ကျနော်နောက်ဆုံးတက်ခဲ့တဲ့နှစ်တုန်းကဆိုရင် မယ်ဟောင်ဆောင်မြို့ ကလေးနားအထိကားစီးရပြီး လမ်းတွေမှားလို့ မဲဆောက်က မနက် ဂ နာရီထွက်ခဲ့တာ နောက်တနေ့ မနက် ရ နာကြမှ ချင်းမိုင်ကိုရောက်တော့တယ်။ လမ်းမှာ ညနေစာထမင်းငတ်တဲ့အပြင် ကားပေါ်မှာပဲမိုးလင်းခဲ့တယ်ဆိုပါတော့။ ဒါကြောင့်မို့ ကျနော်တို့ လာခဲ့ရတဲ့လမ်းခရီးအတွက် စိုးရိမ်ပြီး မဲဆောက်ကရဲဘော်တွေ ရောက်တဲ့နေရာတိုင်း လက်ကိုင်ဖုံးလက်လှမ်းမှီတဲ့နေရာရောက်တိုင်း ဖုံးတဂွမ်ဂွမ်ဆက်ပြီး သတင်းမေးကြ အားပေးခဲ့ကြရပါတယ်။

ဒီအတွေ့ အကြုံအရပြောရရင် ဒီနှစ်အတွေ့ အကြုံရဲ့ နိဒါန်းဟာ လှပါတယ်။ မဲဆောက်က ရဲဘော်တွေ မဲဆောက်က မထွက်ခွါခင်ကတည်းက group-mail ထဲမှာ တယောက်နဲ့ တယောက်စကြ၊ အကြံပြုကြ၊ သတိပေးနှိုးဆော်ကြ နဲ့ တကယ့်ကို စိတ်ကြည်နူးဖို့ ကောင်းခဲ့ပါတယ်။ ကျနော်ကတော့ လက်ရှိအနေအထားမှာ ငါ့မှာရန်သူမရှိ ချစ်သူသာရှိဆိုတဲ့မူကို အသိရှိရှိကျင့်ကြံနေထိုင်ချင်တဲ့သူဆိုတော့ စိတ်ကူးယဉ်တယ်ပဲဆိုဆို ဒီလိုအခင်းအကျင်းကို တကယ်ပဲ ကျေနပ်နေခဲ့မိတယ်။

မယ်စရီရမ်းကတဆင့် ကားနဲ့ လာခဲ့ရတဲ့ ကျနော်တို့ အုပ်စုမှာ အသက်အငယ်ဆုံးက ကဗျာဆရာ(ကို)ငြိမ်းလူပဲဖြစ်မယ်ထင်ပါတယ်။ သူက ထွက်လာကတည်းက ကျန်းမာရေးက သိတ်ပြီးမကောင်းချင်ဘူးလေ။ တလမ်းလုံး ကျို့ ထိုးလာလိုက်၊ ခါးအောင့်လိုက်နဲ့ လမ်းတဝက်ရောက်တော့ သူနဲ့ ကျနော်ကားနောက်ခန်းက အခန်းကလေးထဲနေရာပြောင်းပြီးစီးခဲ့ကြပါတယ်။ သူက ဗီယာနှစ်ဘူးမှီဝဲရင်း ကျနော်နဲ့ စကားတွေပြောဖြစ်ကြပါတယ်။ သူ့ ဘဝ စာပေခရီးအစ လက်ရှိအနေအထားအထိ ကျနော်တို့ နွေးထွေးခဲ့ကြပါတယ်။

လမ်းပေါ်မှာ ကျနော်စဉ်းစားမိတာတခုရှိတယ်။ ဒီညီလာခံဟာ နောက်ဆုံးလုပ်တဲ့ညီလာခံများဖြစ်လေမလားပေါ့။ ကျင်းပဖို့ အတွက် ငွေကြေးအခက်အခဲ၊ ထိုင်းအာဏာပိုင်များရဲ့အခြေအနေ၊ ထိုင်းနိုင်ငံရဲ့နိုင်ငံရေးအခြေအနေ၊ ပြီးတော့ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ..။ ဒါကြောင့်မို့ လည်း ဒီတကြိမ်ညီလာခံကို ကျနော်တက်ခဲ့တာဖြစ်ပါတယ်။

နောက်တပိုင်းဆက်ဖတ်ပါရန်….။

ငြိမ်းဝေ


October 14, 2009

ဥရောပမဲဇာ အခန်း [ ၂ ]


ဆန်စက်အလုပ်သမလေး ခင်ဝေ၊ ရေသူမကျောက်ရုပ်နှင့် မှော်ဝင်ဆည်းဆာ [ ၅ ]

လေယာဉ်ပေါ်မတက်ခင် ခေတ္တထိုင်စောင့်ရသည့်အခန်း ( Departure Lounge ) ထဲတွင် ခရီးသည် (၄)ဦးသာရှိသည်။ ဥရောပတိုက်ကို ရောက်လာလို့ အအေးဓါတ်ပိုလာပြီလားဟု စိတ်ထဲကထင်မိသည်။ သို့ သော် အနွေးဓါတ်ပေးထားသည့်အခန်း ဖြစ်သဖြင့် နေလို့ ထိုင်လို့ ကောင်းပါသည်။
ကိုပင်ဟေဂင်လေဆိပ် ဂိတ်နံပါတ်(၁၁)ထဲက မှန်ကာကြီးနှင့် အနီးဆုံးထိုင်ခုံတွင် ကျနော်သွားထိုင်လိုက်သည်။ လေယာဉ် ကွင်းထဲ လှမ်းမြင်နေရ၏။ လေယာဉ်တချို့ နှင့် ကုန်တင်ကားငယ်တချို့ ရှေ့ တိုးနောက်ငင်လုပ်နေကြ၏။ ကျနော်က အော်စလိုသို့ လေယာဉ်ထွက်ရန် တနာရီကျော်ခန့်  ထိုင်စောင့်ရဦးမည်။


လက်ဆွဲသေတ္တာငယ်ထဲက “ နွေတည ” ၀တ္ထုစာအုပ်ကို ထုတ်လိုက်သည်။ စာအုပ်ကိုလှပ်ပြီး ကျနော့်ခန္ဓာကိုယ်တခုလုံး အကြောအချဉ်တွေ ဖြေလျှော့ချနေမိသည်။ ကမ္ဘာ့ဝန်ရိုးစွန်းနှင့် အနီးဆုံးတိုင်းပြည်တခုသို့ တဦးတည်းခရီးထွက်လာသူ၏ ရင်ခုန်သံကို ကျနော်ပြန်ကြားနေရသည်။ ဒီကြားထဲ “ နှစ်ယောက်ထဲ နေချင်တယ် ” သီချင်းထဲက “ နေမမြင်၊ ရေအစဉ်ခဲ၊ မြောက်ဝင်ရိုးစွန်းကိုပဲခေါ်ခေါ် ပျော်ပါမယ်၊ သဲသဲမဲမဲဇွဲနဲ့  နှစ်ယောက်ထဲနေချင်တယ် ” ဆိုတဲ့မာမာအေးရဲ့ သီးချင်းကို ခပ်တိုးတိုးကြားနေမိပြန်သည်။ “ နွေတည ” စာအုပ်ကိုကိုင်ရင်း ကျနော့်စိတ်တွေ လေးကန်ထိုင်းမိုင်းလာနေပြန်သည်။ “ အော်----အခုဆိုရင် “ နွေတည ” ကို ဖန်တီးခဲ့သူနိုင်ဝင်းဆွေတယောက် ဘယ်ဆီကိုရောက်လို့  ဘာတွေများ ဖြစ်နေမှာပါလိမ့် ” ဟုတွေးကာ ပင့်သက်ချနေမိသည်။
နိုင်ဝင်းဆွေ၏ “နွေတည ” ၀တ္တုကိုကျနော်ဖတ်ပြီးခဲ့သည်မှာ ကြာပါပြီ။“ နွေတည ” တင်မဟုတ်။ သူရေးဖွဲ့ ခဲ့သမျှလုံးချင်းစာအုပ်အားလုံး တအုပ်မကျန်ကျနော်ဖတ်ခဲ့သည်။ တချို့ စာအုပ်ကိုတကြိမ်မက အကြိမ်ကြိမ်အခါခါ ဖတ်ဖြစ်ခဲ့သည်။ အထူးသဖြင့် မိမိကိုယ်မိမိ အထီးကျန်ဆန်လှသည်ဟုယူဆခံစားရသည့်အချိန်တိုင်း နွေတည ကို ကျနော်သတိရနေတတ်သည်။ ဘာရယ်ကြောင့်ရယ်တော့မသိ၊ ယခုလည်း “နွေတည ” ကို ကျနော်ဖတ်ရဦးတော့မည်။ အမှန်စင်စစ် မိမိအဖို့ နယ်စပ်ဒေသသို့  ထွက်ခွာလာဖို့  ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်မှာလည်း မာနယ်ပလောတွင် စာရေးဆရာနိုင်ဝင်းဆွေ ရောက်နေသည့်ကိစ္စနှင့်ဆက်စပ်လျှက်ရှိပါသည်။
နယ်စပ်ဒေသသို့ ထွက်လာဖို့  ချီတုံချဖြစ်နေစဉ် ကျနော်ထံစာတစောင်ရောက် လာခဲ့သည်။ တောင်ငူမြို့ မှ စာပေ၀ါသနာရှင် လူငယ်တဦးရေးလိုက်သည့်စာဖြစ်သည်။ နိုင်ဝင်းဆွေတယောက် မာနယ်ပလောတွင် ရောက်ရှိနေကြောင်း သတင်းစာထဲ တွင် ပါရှိလာသည်ကို သတင်းပါးလိုက်ခြင်းဖြစ်သည်။ ထိုစဉ်ကစာရရချင်း တောင်ငူမြို့ ပေါ် ကျ နော်တက်လာခဲ့သည်။ “ နိုင်ဝင်းဆွေ လွမ်းဆွတ်သတိရခြင်းအထိမ်းအမှတ် စကားဝိုင်း ” တခုလုပ်ဖြစ်ကြသည်။ ကဗျာဆရာ ကေတုဘုန်းမော် (ကွယ်လွန်) က အဓိက စီစဉ်သူ။ အထက်တန်းပြဆရာမ (၂)ဦး၊ ကဗျာဆရာ(၃) ဦး။ ကျနော်တို့ စကားဝိုင်းတွင် နိုင်ဝင်းဆွေ၏ “ နွေတည” ၀တ္တုကို အများဆုံး ပြောကြဆွေးနွေးကြရ၏။ နိုင်ဝင်းဆွေသည် စကားပြေဘုရား။ နိုင်ဝင်းဆွေသည် မာက်စ်ဝါဒီ။ နိုင်ဝင်းဆွေ၏ ဖြစ်ပေါ်တိုးတက်မှူလမ်းကြောင်းကိုသူရေးခဲ့သည့် စာအုပ်များကိုတန်းစီကာ ကျနော်တို့ လေ့လာကြသ ည်။ ဝေဖန်ကြသည်။ လေးနက်ကြသည်။ နယ်စပ်ဒေသသို့ သွားသင့် မသွားသင့် တွေဝေလျက်ရှိသူကျနော့ကို နိုင်ဝင်းဆွေ၏ သ တင်းက ဆုံးဖြတ်ချက်ချနိုင်ဖို့  တွန်းပို့ လိုက်၏။ သို့ နှင့်ပင် မာနယ်ပလောသို့  ကျနော်ရောက်လာခဲ့ခြင်းဖြစ်သည်။
မာနယ်ပလော တွင် နိုင်ဝင်းဆွေနှင့် ကျနော် အချိန်ကြာကြာတွေ့ ခွင့်၊ စကားပြောခွင့်မရခဲ့ပါ။နှစ်ဦးချင်းတွေ့ သည့် အချိန်များမှာလည်း ၁၉၇၈ ခုနှစ် မတိုင်ခင်ကာလများက သူနှင့် ကျနော်တို့ ၏ဆက်ဆံရေးကိစ္စများကိုသာ ပြောဖြစ်ဆိုဖြစ်နေခဲ့ကြသည်။ ကျနော်နှင့်တွေ့ ပြီး(၆) လ ခန့် အကြာတွင် နိုင်ဝင်းဆွေတယောက် ကျန်းမာရေးချို့ တဲ့လာခဲ့၏။ ထိုစဉ်မှစကာ သူသည် နဂိုလူကောင်းဘ၀သို့  ပြန်ရောက်မ လာနိုင်ခဲ့တော့။ မာနယ်ပလော နေ၀င်ချိန်တွင်မှူ နိုင်ဝင်းဆွေသည် ထိုင်းနိုင်ငံဘက်ကမ်း ပဟေလူရွာထိ လိုက်ပါလာနိုင်သေး၏။ ပဟေလူရွာတွင် နိုင်ဝင်းဆွေ ရောက်ရှိနေကြောင်းကြား၍ သူု့ ကိုကျနော်သွားတွေ့ သည်။ သူသည်ကျနော့်ကိုပင် လက်ခံစကားပြော နိုင်စွမ်းမရှိတော့။ သူခေတ္တတည်းခိုနေသော အိမ်၏ဘုရားစင်အောက်တွင် တရားထိုင်နေလေသည်။ သူ့ ကို ကျနော်က ဓါတ်ပုံရိုက်ဖို့  ကြိုးစားတော့ ကျနော့်ကိုရန်သူတယောက်ပမာ စိတ်ဆိုးမာန်ဆိုးနှင့် တားမြစ်ခဲ့၏။ ထို့ ကြောင့်ဓါတ်ပုံမရိုက်ခဲ့ရ။ ပဟေလူရွာမှာ န၀တ တပ်များ၏ လက်နက်ကြီး တကမ်းအကွာတွင်သာရှိသည်။ ကျနော်က မာနယ်ပလော၏နောက်ဆုံး အခြေအနေကို DVB သို့ သတင်းပို့  နိုင်ရေး အလုပ်ရှုပ်နေခဲ့၏။ ရွှေပဟိုရ်စည်စတူဒီယိုပစ္စည်းများ၊ ရဲဘော်များနှင့်အတူ တာဝန်ကျရာ နေရာသို့ ဘေးမသီရန်မခ ရွှေ့ ပြောင်းနိုင်ရေး လုံးပမ်းနေရ၏ ။ ထို့ ကြောင့် နိုင်ဝင်းဆွေကို ကျနော်ခွဲခဲ့ရသည်။ နိုင်ဝင်းဆွေကို မကူညီနိုင်ခဲ့။
“ နွေတည ” ၀တ္ထုကို ရေးဖွဲ့ သူ စာရေးဆရာ “ နိုင်ဝင်ဆွေ ” အကြာင်း ကျနော်တွေးနေစဉ် ခန်းမကြီးထဲ၌ ခရီးသည် (၃၀) ခန့်  ရောက်ရှိလာကြ ပြီဖြစ်သည်။ ကျနော် “ နွေတည ” ၀တ္တုကို ဆက်ဖတ်သည်။ ၀တ္တုထဲက အဓိကဇာတ်ကောင် ဆန်စက်အလုပ်သမလေး ခင်ဝေသည် အငယ်တန်းတောအုပ်ကလေး မောင်ကိုကို၏နောက်သို့  ခိုးရာလိုက်ခဲ့၏။ ဓါတ်မီးတိုင်အလင်းရောင် မှိန်ဖျော့ဖျော့အောက်ဘော လုံးကွင်း မိုးရေစပ်စပ်တွင် ခင်ဝေသည် ဂျပန်ဖိနပ်ဟောင်းကလေးကိုစီးထားလေသည်။ သူတို့ နှစ်ဦး ဘောလုံးကွင်းပြင်ကြီးပေါ်တွင် တင်နေသည့် ရွှံ့ ဗွက်ရေအိုင်များကို နင်းလျှောက်လာနေကြလေသည်။

(ဒီဆောင်းပါးက ၂၀၀၄ ခုနှစ်အတွင်းတုန်းက ရေးခဲ့တဲ့ဆောင်းပါးပါ။ လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ထုတ်ဝေတဲ့ ရေစီးသံဂျာနယ်မှာ ရေးခဲ့တဲ့ ကျနော့်ရဲ့ ဥရောပခရီးသွားအခန်းဆက်ဆောင်းပါးတွေထဲက ဆောင်းပါးတပုဒ်ပဲဖြစ်ပါတယ်။ နိုင်ဝင်းဆွေ နဲ့ ပါတ်သက်ပြီး ကျနော်သွားလေရာ သယ်ဆောင်သွားလေ့ရှိတဲ့ နွေတည ၀တ္ထု ကို ဒီဆောင်းပါးမှာ ကျနော်ထည့်ရေးခဲ့ပါတယ်။ နွေတည၀တ္ထုတင်ဆက်နေတုန်း နိုင်ဝင်းဆွေနဲ့ ပါတ်သက်ပြီး ကျနော်ရေးခဲ့တဲ့ဆောင်းပါးတွေကို အခုလိုပဲ အခါအားလျော်စွာ ထည့်သွင်းဖေါ်ပြသွား ပါဦးမယ်။)

(ထိပ်မှာတင်ထားတဲ့ လက်ရေးစာမူဟာ ဆရာနိုင်ဝင်းဆွေ စိတ်ကျန်းမာရေးချို့ ယွင်းနေချိန် ရေးခဲ့တဲ့ လက်ရေးစာမူဖြစ်ပါတယ်။ ကျနော် အမှတ်တရ သိမ်းထားခဲ့မိပါတယ်။ )

ငြိမ်းဝေ