Showing posts with label ရသစာပေ စာတမ်း. Show all posts
Showing posts with label ရသစာပေ စာတမ်း. Show all posts

July 21, 2011

ရာစုနှစ်ဝက်အတွင်း မြန်မာကဗျာ နာကျင်မှု(စာတမ်း)

ဒီကနေ့တင်တဲ့ ပို့စ်က အသစ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ် ၂ လပိုင်းမှာ တင်ခဲ့ပြီးတဲ့ ပို့စ်အဟောင်း ဖြစ်ပါတယ်။ မဖတ်ရသေးတဲ့ မိတ်ဆွေတွေ ဖတ်ဖြစ်သွားအောင်နဲ့ ကျနော်ကိုယ်တိုင်က ပြန်ဖတ်ပြီး တင်ချင်တဲ့စိတ်ပေါ်လာလို့ ထပ်တင်လိုက်တာပါ။ ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာပြုလုပ်တဲ့ မြန်မာမီဒီယာ ကွန်ဖရင့်တစ်ခုမှာ တင်သွင်းခဲ့တဲ့ စာတမ်းဖြစ်ပါတယ်။

February 19, 2010

ရာစုနှစ်ဝက်အတွင်း မြန်မာကဗျာနာကျင်မှု ( စာတမ်း )

ဘလော့ဂါ ချစ်မိတ်ဆွေများခင်ဗျား

ရက်ပိုင်းအတွင်း ကျင်းပရန်ရှိတဲ့ မီဒီယာညီလာခံတခုမှာတင်ဖို့ ရေးထားတဲ့ စာတမ်းကို ဒီကနေ့ တင်လိုက်ပါတယ်။ ဒီစာတမ်းဟာ အချိန်သတ်မှတ်ချက် (၁၅) မိနစ်အတွင်း ကိုက်ညီအောင်ရေးထားတဲ့စာတမ်းဖြစ်ပါတယ်။ ညီလာခံမတိုင်ခင် စာတမ်းမဖတ်သေးခင် စာပေဝါသနာရှင်များရဲ့အကြံညာဏ်ကို တောင်းခံတဲ့အနေနဲ့ ဒီကနေ့ တင်လိုက်တာပါ။ လိုအပ်သလို ပြင်ဆင်ဖြည့်စွက်နိုင်ဖို့ ဖြစ်ပါတယ်။

ရာစုနှစ်ဝက်အတွင်း မြန်မာကဗျာနာကျင်မှု ( စာတမ်း )

နိဒါန်း
“ရာစုနှစ်ဝက်အတွင်း မြန်မာကဗျာနာကျင်မှုစာတမ်း” ကို ၁၉၆ဝ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်အတွင်း မြန်မာကဗျာများကို အခြေခံပြီးမှ ရေးပါတယ်။စာတမ်းဖတ်ကြားခွင့် အချိန်သတ်မှတ်ချက်အပေါ်မူတည်ပြီးမှ အကျဉ်းချုံးဖတ်ကြားတင်သွင်းတဲ့စာတမ်းငယ်လည်းဖြစ်ပါတယ်။

အပိုင်း(က)
လူ့ အဖွဲ့ အစည်းနဲ့ ကဗျာ ရဲ့ အခန်းကဏ္ဍ
ကဗျာဆိုတာ လူသားတွေတည်ထွင်ထားတဲ့ ယဉ်ကျေးမှုရေးရာ အနုပညာပစ္စည်းတခုဖြစ်ပါတယ်။ လူသားက လူ့ ဘဝအဝန်းအဝိုင်းတခုလုံးနဲ့ ပတ်သက်တဲ့အရာဟူသမျှအပေါ် သူဘယ်လိုခံစားရတယ်ဆိုတာ ဖေါ်ပြတဲ့အခါ ကဗျာကိုလည်း ခံစားမှုဖေါ်ပြရေးကိရိယာတခုအဖြစ် လူတွေအသုံးပြုပါတယ်။ ကဗျာဆိုတာ ခံစားမှုဖေါ်ပြရေးကိရိယာပါပဲ။ တနည်းအားဖြင့် လူတွေရဲ့ရင်ခုန်သံကိုဖေါ်ပြတာ ကဗျာပါပဲ။ဒီနေရာမှာ သိသာထင်ရှားစေဖို့ နှိုင်းယှဉ်ချက်တခုနဲ့ ယှဉ်ပြီးပြောရရင် “လူတွေအကြောင်းသိချင်ရင် ဝတ္ထုဖတ်၊ လူတွေအကြောင်းပြောချင်ရင် ဝတ္ထုရေး” ဆိုတဲ့စကားလိုပါပဲ။ “ရင်ခုန်သံကိုကြားချင်ရင် ကဗျာဖတ်၊ ရင်ခုန်သံကိုပြောချင်ရင်တော့ ကဗျာရေး” ဆိုတဲ့စကားဟာ မှန်ကန်ပါတယ်။ ကဗျာဟာ အနုပညာရေးနယ်ပယ်ထဲမှာ ကိုယ်ပိုင်ဟန်သီးသန့် ရှိတဲ့ အနုပညာပစ္စည်းတခုပါပဲ။

ကဗျာဟာ လူတွေရဲ့ ခံစားမှုဖေါ်ပြရေးကိရိယာတခုလို့ ဆိုလိုက်တဲ့အတွက် လူတွေရဲ့ဘဝပုံသဏ္ဍာန်အမျိုးမျိုး၊ လူတွေရဲ့ တွေးခေါ်မှုပုံစံအမျိုးမျိုးကို ကဗျာထဲမှာရှိတဲ့ အဲဒီရင်ခုန်သံများကိုအခြေခံပြီး ကျနော်တို့ ခြေရာခံလို့ ရနိုင်ပါတယ်။ ဥပမာ ခရစ်မပေါ်မီ သက္ကရာဇ် ၆၀၀-၅၀၀ ကရှိခဲ့တဲ့ အိန္ဒိယတိုက်ငယ်က “မဟာဘာရတ ”နဲ့ “ဘဂဝါဂီတ ”လို့ ခေါ်တဲ့ကဗျာကြီးတွေ၊ ပြီးတော့ ခရစ်သက္ကရာဇ် ၇၇၂-၈၈၆ လောက်ကရှိခဲ့တဲ့ တရုပ်ကဗျာဆရာကြီး “ပိုင်ချူယီ” ရဲ့ကဗျာတွေ၊ တခါ ဒီဘက်ကိုနည်းနည်းတိုးလာလိုက်ရင် ခရာဇ်သက္ကရာဇ် ၁၇၉၂ ခုနှစ်မှာမွေးပြီး ၁၉ ရာစုဦးပိုင်းမှာကြီးပြင်းလာခဲ့တဲ့ “ရှယ်လီ ”ရဲ့ “ပြည်သူတို့ အတွက် ကဗျာဆရာရဲ့တေးသံ”(Song-To the Men of England) ကဗျာမျိုး၊ “ဒီလန်တောမတ်စ်”ရဲ့ “စာရွက်ကို လက်မှတ်ထိုးတဲ့လက်ဟာ မြို့ ကိုဖျက်တယ်” ( The Hand That Signed the Paper Felled a City) ဆိုတဲ့ကဗျာတွေဖြစ်ပါတယ်။ဒါဟာ ဒီကဗျာတွေဟာ အဲဒီခေတ်အဲဒီကာလ သူ့ သက်ဆိုင်ရာလူ့  အဖွဲ့ အစည်းရဲ့ လူမှုဖွဲ့ စည်းဆက်ဆံရေးအခြေအနေတွေကို ခြေရာကောင်းကောင်း ကောက်နိုင်တဲ့အနုပညာပစ္စည်းတွေပါပဲ။ တနည်းအားဖြင့်ပြောရရင် “သည်မင်းသည်စိုး သည်သူခိုးနဲ့ သည်မိုးသည်လေ သည်လူတွေနဲ့ ” ဆိုသလို အဲဒီခေတ်လူ့  အဖွဲ့ အစည်းများရဲ့ အခြေအနေကို ကဗျာတွေထဲမှာ ခြေရာခံလို့ ရပါတယ်။အဲဒီခေတ် အဲဒီလူ့ အဖွဲ့ အစည်းဝင်လူမျိုးများရဲ့ ရင်ခုန်သံများကို ကျနော်တို့ အတိုင်းသားကြားနိုင်တဲ့ကဗျာတွေပါပဲ။

ကျနော်တို့ လူမျိုးတွေအဖို့ တော့ ပခက်အတွင်းမှာရှိစဉ်တုန်းက တေးကဗျာနဲ့ ယဉ်ပါးလာလိုက်တာ လူသေကုန်းကိုသွားတော့လည်း နိဗ္ဗာနတေးနဲ့ သွားတဲ့အထိ တေးကဗျာနဲ မွေးဖွား၊တေးကဗျာနဲ့နေ၊ တေးကဗျာနဲ့ ဘဝကိုနိဂုံးချုပ်တဲ့လူမျိုးဖြစ်ပါတယ်။

ကျနော်တို့ ဟာ ကဗျာဖတ်ပြတာ ကဗျာရွတ်တာတွေကိုနားထောင်ကြပါတယ်။ကျနော်တို့ ဟာ ကဗျာတွေကို ဖတ်ကြတယ်။ဒီလိုနည်းနဲ့ လူတွေအကြောင်းခံစားကြည့်ကြတယ်။ ဒီလိုနည်းနဲ့ လူတွေရဲ့ရင်ခုန်သံတွေကိုနားထောင်ကြတယ်။ ဒီလိုနည်းနဲ့ ကျနော်တို့ က ဘဝကိုဆင်ခြင်၊ ဘဝကိုသုံးသပ်ကြတယ်။

လူဟာ ခံစားမှုအထိတက်လှမ်းလာနိုင်မှသာ ဆင်ခြင်သိ သုံးသပ်အသိကို ပိုင်ပိုင်နိုင်နိုင် မှန်မှန်ကန်ကန် ရယူနိုင်တဲ့သဘော ရှိပါတယ်။ “ဥာဏ်အသိမှာတင်ရပ်မနေပဲ ဈာန်အသိအထိ တက်လှမ်းမှသာရောက်နိုင်တာဟာ ကဗျာပါပဲ” ။ ဒါကြောင့်မို့ လည်း ခံစားမှုအပေါ်မှာသာ ခြေစုံရပ်ထားတဲ့ကဗျာရဲ့အခန်းကဏ္ဍဟာ လူ့ ယဉ်ကျေးမှုနယ်ပယ်မှာ မြင့်မားနေတဲ့သဘောဆောင်တာပါ။ ကဗျာဟာ လူ့ ယဉ်ကျေးမှုဥယျာဉ်ထဲက ပန်းအညွန့် အဖူးပါပဲ။

အပိုင်း (ခ)
အဆင့်နိမ့်ကျလာနေသော မြန်မာ့လူ့  အဖွဲ့ အစည်းရဲ့အခြေအနေနဲ့ ကဗျာရဲ့ တာဝန်နှစ်ရပ်
မြန်မာ့ လူ့ အဖွဲ့ အစည်းရဲ့သမိုင်းဟာ ၁၉၆၀ လွန်နှစ်တွေကစပြီး အာဏာရှင်စနစ်နဲ့ တုတ်နှောင်ထားခြင်းခံနေရတဲ့သမိုင်းဖြစ်ပါတယ်။ ဒီသမိုင်းဟာ ဒီကနေ့  ဒီစာတမ်းတင်သွင်းနေတဲ့အချိန်အထိ တည်ရှိနေတဲ့သမိုင်းဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် နှစ်ပေါင်းငါးဆယ်နီးပါး (ရာစုနှစ်တစ်ဝက်နီးပါး) အာဏာရှင်စံနစ်နဲ့ တုတ်နှောင်ခြင်းခံထားရတယ်ဆိုတဲ့ သမိုင်းဆိုင်ရာအနှစ်သာရ မပြောင်းလဲပဲ တည်ရှိနေတဲ့သမိုင်းဖြစ်ပါတယ်။

ဒီ ရာစုနှစ်ဝက်အတွင်း မြန်မာ့လူ့ အဖွဲ့ အစည်းရဲ့ အခြေအနေကို နှိုင်းယှဉ်မှုနှစ်ခုနဲ့ ယှဉ်ပြီးကြည့်ရင် ဖြစ်သင့် ရှိသင့်တဲ့အခြေအနေထက် နိမ့်ဆင်းသွားနေတာတွေ့ ရပါတယ်။ နှိုင်းယှဉ်မှုတခုက တခြားနိုင်ငံများနဲ့ နှိုင်းယှဉ်တာဖြစ်ပြီး နောက်တခုကတော့ ကိုယ့်နိုင်ငံရဲ့အတိတ်ကာလအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ခြင်းဖြစ်ပါတယ်။ နိမ့်ဆင်းသွားနေတယ်လို့ ပြောနိုင်တဲ့အချက်တွေကတော့ နယ်ပယ်အသီးသီးအလိုက် ကိန်းဂဏန်းများနဲ့ တကွ ပြောဆိုလို့ ရတာရှိသလို ကြောင်းကျိုးဆက်စပ်ပြီးမှ ကောက်ချက်ဆွဲလို့ ရတာမျိုးလည်းရှိပါတယ်။ ကိန်းဂဏန်းအရ ဥပမာတခုပြောရရင် ကျနော်တို့ နိုင်ငံလူ့ အဖွဲ့ အစည်းရဲ့ လူတဦးချင်းဝင်ငွေကိုထောက်ပြတာမျိုးနဲ့ ကြောင်းကျိုးဆက်စပ်ပြီးမှ ကောက်ချက်ဆွဲနိုင်တဲ့ကိစ္စကတော့ လူတွေ ဗြဟ္မစိုရ်တရား ခေါင်းပါးလာနေတဲ့ကိစ္စမျိုးဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင် လူတွေ အတွေးအခေါ်အရ ချွတ်ချုံကျလာနေတဲ့ကိစ္စမျိုးဖြစ်ပါတယ်။

လူ့ အဖွဲ့ အစည်းတခုမှာ ရုပ်ဝတ္ထုလိုအပ်ချက်က အရေးကြီးသလို စိတ်ဆနNလိုအပ်ချက်ဟာလည်း အရေးကြီးတာပါပဲ။ ဒီနှစ်ခုဟာ တခါတလေ အခြေအနေနဲ့ အချိန်အခါအရ တခုက တခုထက်ပိုပြီးအရေးကြီးနေတတ်ပေမယ့် ဒါဟာ ယာယီသဘောမျှသာဖြစ်ပြီး တရားသဘောအရဆိုရင် နှစ်ခုစလုံး အရေးကြီးကြတာချည်းပါပဲ။ကျနော်တို့ ရဲ့ မြန်မာ့လူ့ အဖွဲ့ အစည်းအခြေအနေဟာ အဲဒီအချက်နှစ်ချက်စလုံးမှာ ဝမ်းနည်းဖွယ်ရာ နိမ့်ဆင်းကျလာနေတာ အထင်အရှားပါပဲ။
ဒီလို နိမ့်ဆင်းကျလာနေခြင်းရဲ့ အဓိကတရားခံဟာ ကျနော်တို့ မြန်မာ့လူ အဖွဲ့ အစည်းရဲ့ ဖွဲ့ စည်းတည်ရှိမှု ဆက်ဆံရေးအခြေအနေပဲဖြစ်ပါတယ်။ ကျနော်တို့ မြန်မာ့လူ့ အဖွဲ့ အစည်းဟာ ဖွဲ့ စည်းပုံမှားနေတဲ့၊ ဖွဲ့ စည်းပုံ ပုံပမ်းပျက်နေတဲ့သဘောမှာရှိပါတယ်။ ဒီဖွဲ့ စည်းပုံဟာ သာမာန်ချွတ်ချော်တိမ်းပါးမှုမဟုတ်ပဲ “ဘုရားကအောက် မျောက်ကအထက်” ဆိုတဲ့ လုံးလုံးကြီး မှားယွင်းတိမ်းချော်နေတဲ့ လူ့ အဖွဲ့ အစည်းတစ်ခုအဖြစ် ဖြစ်တည်နေခဲ့ပါတယ်။သည်လိုအခြေအနေမျိုးမှာ ကဗျာဟာ တာဝန်နှစ်ခုကိုထမ်းဆောင်တာတွေ့ ရပါတယ်။ တခုက လူတွေရဲ့လက်ရှိပကတိအခြေအနေအမှန်ကိုထုတ်ဖေါ်ဖို့ ကြိုးစားတဲ့တာဝန်နဲ့ ဒီဖွဲ့ စည်းပုံပျက်နေတဲ့ အခြေအနေကြီးထဲက ဘယ်လိုရုန်းထွက်သင့်သလဲဆိုတဲ့ သတိပေးနှိုးဆော်တဲ့တာဝန်ဖြစ်ပါတယ်။ဒီနေရာမှာ ကဗျာတချို့ က လူတွေရဲ့လက်ရှိဘဝအခြေအနေကိုထင်ဟပ်ပြီး တချို့ ကဗျာတွေကတော့ လူတွေ ဒီအခြေအနေဆိုးကြီးထဲက ဖေါက်ထွက်ဖို့ နှိုးဆော်တဲ့ကဗျာတွေဖြစ်ပါတယ်။ တခါတလေကြတော့လည်း တချို့ ကဗျာတွေက ဒီတာဝန်နှစ်ခုကို တပြိုင်နက်တည်း ထမ်းဆောင်နိုင်တာ တွေ့ ရပါတယ်။


(ဂ)
ဒဏ်ရာရနေတဲ့ခေတ်တစ်ခုက နာကျင်မှုကဗျာကိုပြဌါန်းခြင်း
၁၉၆၀ နဲ့ ၂၀၁၀ ခုနှစ်အတွင်း ကျနော်တို့ မြန်မာ့လူ့ အဖွဲ့ အစည်းဟာ ဝရုန်းသုန်းကားဖြစ်နေတဲ့ လူ့ အဖွဲ့ အစည့်းကြီးတစ်ခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီနှစ် ၅၀ အတွင်း “ဧကဝါဒ” လွှမ်းမိုးမှုအောက်မှာ လူတွေအားလုံး အနိဌါရုံတွေကိုပဲ မျက်မှောက်ပြုရင်း အချိန်တွေ ကုန်လွန်ခဲ့ကြရပါတယ်။ ၁၉၆၂ ခုနှစ်မှာ စစ်ဝါဒီတွေ တိုင်းပြည်အာဏာရလာပါတယ်။ ထုံးစံအတိုင်း အာဏာရလာတဲ့နည်းကလည်း တရားနည်းလမ်းမကျ၊ ရထားတဲ့အာဏာကိုလည်း လက်မလွှတ်ချင်တော့ အာဏာရ စစ်ဝါဒီတွေက ညွှတ်ကွင်းတွေ၊တည်ကွင်းတွေ၊ ကျော့ကွင်းတွေ၊ သတ်ကွင်းတွေအမျိုးမျိုးပြောင်းလဲကိုင်စွဲပြီး အာဏာတည်မြဲဖို့ ကိုပဲ လုပ်နေခဲ့ပါတယ်။ ဒီတော့ကာ တိုင်းပြည်တိုးတက်စည်ပင်ရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး ဆိုတာတွေက ဘယ်နည်းနဲ့ မှ ခေါင်းမပြူနိုင်တော့ပဲ လူတွေအားလုံး ဒုက္ခတွင်းထဲ တွန်းချခံရသလိုဖြစ်ကုန်ပါတော့တယ်။ ဒီလိုနဲ့ အခြေအနေမပျက်အောင် အခြေအနေတွေ ဆိုးဝါးသထက်မဆိုးဝါးအောင် ကြိုးစားကြရတဲ့ လူထုကြီးနဲ့ အုပ်စိုးသူ စစ်ဝါဒီတွေ ထိပ်တိုက်တွေ့ ပြီး ကျနော်တို့ မြန်မာ့ လူ အဖွဲ့ အစည်းဟာ ပဋိပက္ခတွေ ထူပြောနေခဲ့ရပါတယ်။ဒါဟာ နိုင်ငံရေး စီးပွါးရေး လူမှုရေး ပညာရေး ကျန်းမာရေးအစရှိတဲ့နယ်ပယ်အသီးသီးမှာ မိုးမှောင်ကြီးကျနေတဲ့သဘောပါပဲ။ ကျနော်တို့ လူမျိုးတွေ အမှောင်ထုအောက်မှာ ဆင်းရဲမွဲတေလာကြရပါတယ်။ခေတ်ကြီးတစ်ခုလုံး စင်းကောဖြစ်လုနီးပါး၊ မျက်ရည်နဲ့ သွေးတွေ နောက်ထပ် ပစ်ကျွေးဖို့ စတေးဖို့ လက်ကျန်မရှိလောက်အောင် ဖြစ်လာခဲ့ကြရပါတယ်။နောက်ဆုံးမှာ ဒီလူ့ အဖွဲ့ အစည်းကြီးတခုလုံး ငြီးငြူသံတွေ၊ တောက်ခေါက်သံတွေ၊ ငိုသံတွေ၊ ကြိမ်းမောင်းသံတွေကို နေရာအနှံ့ ကြားနေခဲ့ကြရပါတယ်။

ဒီလိုအခြေအနေတွေက ဒီလိုနာကျင်မှုတွေနဲ့ ဒင်းကြမ်းပြည့်နေတဲ့ ခေတ်တစ်ခုက လူထုထဲကလူတယောက်ဖြစ်တဲ့ ကဗျာဆရာတွေကို ရင်ခုန်စေခဲ့ပါတယ်။ ကဗျာဆရာတွေကို နာကျင်မှုဖေါ်ပြတဲ့ကဗျာတွေ ရေးလာအောင် တွန်းပို့ လိုက်ပါတယ်။ ဒီလိုနဲ့ ပဲ ကဗျာဆရာ“မောင်ချောနွယ်” က “ဂီတ” ဆိုတဲ့ ကဗျာကို ရေးခဲ့တာပါပဲ။ ဒါဟာဖြင့် နာကျင်မှုကဗျာကို ဒဏ်ရာအနာတရဖြစ်နေတဲ့ခေတ်တစ်ခုက ပြဌါန်းလိုက်တဲ့သဘောပါပဲ။

(ဃ)
မောင်ချောနွယ်ရဲ့ “ဂီတ” သို့ မဟုတ် နာကျင်မှုကဗျာ
ကဗျာဆရာ “မောင်ချောနွယ်” ဟာ သူ့ ကဗျာတပုဒ်ကို “ဂီတ” လို့ အမည်ပေးပြီး ရေးခဲ့ပါတယ်။ ဒီကဗျာဟာ စာလုံးရေ ( ၅၉ ) လုံးပါရှိပြီး ပါဒအရေအတွက် ( ၈ )ခုပဲ ရှိပါတယ်။ ဧကပိုဒ်ကဗျာလည်းဖြစ်ပါတယ်။


ဂီတ

လမ်းဘေးမှာ အေးအေးဆေးဆေး အိပ်နေတဲ့ခွေး
ရုတ်တရက် ကားဖြတ်နင်းခံရ
ခြေထောက်နှစ်ချောင်း သွင်သွင်ကျိုး
နာလွန်းလို့ ခမျာမှာ
ဘယ်လို အော်ရမှန်းမသိ
သူ့ အသက်ရှူ ရေငင်ပုံးလေး
ရေတွင်း နက်နက်ကြီးထဲ
ငင်ငင်နေတာ မြင်ရ။ ။

ဒီကဗျာမှာ အဓိကအားဖြင့် နိမိတ်ပုံ (၄)ခု။ “ခွေး၊ ကား၊ ရေတွင်း၊ ရေပုံး ” ဆိုတာတွေနဲ့ ဖွဲ့ စည်းထားတာ တွေ့ ရပါတယ်။ ကဗျာဖတ်သူကို ခံစားနားလည်နိုင်ဖို့ အဲဒီနိမိတ်ပုံ (၄) ခုကပဲ အဓိက စည်းရုံးဆောင်ရွက်သွားတာပါပဲ။
မောင်ချောနွယ်ဟာ ခံစားနာကျင်မှုပြင်းထန်တဲ့ကဗျာတွေ တော်တော်ရေးတယ်။ သစ်ပင်တပင်ကိုတောင် ဒဏ်ရာတွေနန်းချင်းဖြစ်နေတဲ့သစ်ပင်ဆိုပြီး ရေးတယ်(အရိပ်ချွေသစ်ပင်)။ သူ့ ကဗျာတွေထဲက နာကျင်မှုတွေနဲ့ ပတ်သက်ပြီး သူရေးတဲ့ သူပြောတဲ့အတိုင်းပြန်ပြောရရင် “သွေးစိမ်းတပေါက်ပေါက်နဲ့ တည်ဆောက်ခဲ့ရတဲ့ သူ့ ဘဝခရီး” (လူကြိုက်နည်းတဲ့ ကောင်) ဆိုတာမျိုး၊ “ကျနော်တို့ ရဲ့ ဒါဏ်ရာတွေကို ကိုယ့်အနုပညာနဲ့ ကိုယ် သွေးတိတ်စေခဲ့ကြပါတယ်” ဆိုတာမျိုးတွေ သူရေးခဲ့ ပြောခဲ့ပါတယ်။

မောင်ချောနွယ် ကြီးပြင်းဖြတ်သန်းရတဲ့ ခေတ်မှာ ခေတ်ရဲ့အဖြစ်အပျက်တွေက မောင်ချောနွယ်ကို ရိုက်ပုတ်လိုက်တဲ့အတွက် မောင်ချောနွယ်ခံစားနာကျင်ခဲ့ရတဲ့သဘောရှိပါတယ်။မောင်ချောနွယ်ဖြတ်သန်းကြီးပြင်းရတဲ့ခေတ်ဆိုတာ အထက်က ကျနော်ပြောခဲ့တဲ့ တကိုယ်လုံးစင်းကောဖြစ်နေတဲ့၊ ဝရုန်းသုန်းကားဖြစ်နေတဲ့ လူ့  အဖွဲ့ အစည်းတစ်ခုရဲ့ခေတ်ဖြစ်ပါတယ်။ သေနတ်သံတွေမစဲတဲ့ခေတ်၊ ဒုက္ခသည်မျိုးစုံထွန်းကားတဲ့ခေတ်၊ ကိုယ့်ကိုယ်ကိုအဆုံးစီရင်တာ အများဆုံးခေတ်၊ ကမ္ဘာမီးလောင် သားကောင်ချနင်းဖို့ စဉ်းစားဆင်ခြင်ဖို့ တောင် အချိန်မရနိုင်တဲ့ခေတ်။

မောင်ချောနွယ်ရဲ့ “ဂီတ” ကဗျာဟာ အမေရိကန်ကဗျာဆရာဖြစ်တဲ့ “အလန်ဂျင်းစ်ဘတ်”(Allen Ginsberg) ရဲ့ “အူသံ”(Howl)ံ ကဗျာ နဲ့ ကြောင်းတူသံကွဲ ကဗျာဖြစ်တယ်။ ဂျင်းစ်ဘတ်က သူ့ ခေတ်ရဲ့ အမေရိကန်လူထု နာကျင်မှုကို အဲဒီ “အူသံ”ကဗျာနဲ့ ဖေါ်ပြနိုင်ခဲ့သလို မောင်ချောနွယ်ကလည်း သူ့ လူမျိုး မျိုးဆက်တခုလုံးရဲ့ နာကျင်ခံစားရမှုကို “ဂီတ” ကဗျာနဲ့ ဖေါ်ပြနိုင်ခဲ့တယ်။ဂျင်းစ်ဘတ်ရဲ့ “အူသံ”ကဗျာဟာ အမေရိကန်လူမျိုးတွေရဲ့ အပြင်းထန်ဆုံးနဲ့ အရှည်လျားဆုံးအူသံဖြစ်သလို မောင်ချောနွယ်ရဲ့ “ဂီတ” ကဗျာဟာလည်း ကျနော်တို့ မျိုးဆက်တခုလုံးရဲ့ အကျယ်လောင်ဆုံးနဲ့  အနက်ရှိုင်းဆုံး ဘဝဂီတသံစဉ်တစ်ခုပဲဖြစ်ပါတယ်။

အနုပညာနယ်ပယ်မှာ လူသားရဲ့ မချိမဆန့် ဘေးကြပ်နံကြပ်အခြေအနေကိုဖေါ်ပြတဲ့ ပန်းချီကားတချို့ ရှိတယ်။ တခုက နော်ဝေ ပန်းချီဆရာ “အက်ဗတ် မွန့် ခ်” ရဲ့ “အော်သံ” ပန်းချီကား။ နောက်တခုက ဗြိတိသျှပန်းချီဆရာ “ဖရန်စစ်ဘေကွန်”(Francis Bacon) ရဲ့ ပန်းချီကားတွေဖြစ်တယ်။ အက်ဗတ်မွန့် ခ်ရဲ့ “အော်သံ”ံပန်းချီကားဟာ တံတားပေါ်မှာရပ်ပြီး အော်ဟစ်လိုက်တဲ့လူတယောက် ရဲ့ပုံဖြစ်တယ်။ ပါးရိုးနားရိုးတွေချိုင့်ဝင် မျက်လုံးနှစ်လုံးက အဆမတန်ပြူးကျယ်ပြီး ခန္ဒာကိုယ်မှာရှိတဲ့ခွန်အားဟူသမျှ လည်ချောင်းကတဆင့်လွှတ်တင်အော်ဟစ်နေတဲ့လူတယောက်။အဲဒီလူရဲ့မချိမဆန့် အော်ဟစ်လိုက်တဲ့အသံဟာ ဥရောပတတိုက်လုံးကို တုန်လှုပ်ခြောက်ခြားသွားစေတယ်။ အဲဒီပန်းချီကားဟာ လူသားရဲ့အထွေထွေစိတ်ဖိစီးမှုကိုဖေါ်ပြတဲ့ပန်းချီကားဖြစ်ခဲ့တယ်။ ဖရန်စစ်ဘေကွန် ကတော့
လူလိုလို တိရစ္ဆာန်လိုလို ကိုယ်လုံးတီးခန္တာကိုယ်နဲ့ ဒါဏ်ရာရနေတဲ့လူတွေ အပေါက်မရှိတဲ့အခန်းထဲ ပိတ်လှောင်ခံထားရတဲ့အဖြစ်ကို သူ့ ပန်းချီကားတွေထဲမှာ ထည့်ဆွဲပြီး လူသားရဲ့ ဘေးကြပ်နံကြပ်အခြေအနေကို ဖေါ်ပြနိုင်ခဲ့တယ်။

မောင်ချောနွယ်ပြောဖူးတဲ့စကားရှိပါတယ်။ သူ့ ရဲ့ နာမည်ကျော် “ဆတ်သွား” ဆိုတဲ့ကဗျာနဲ့ ပတ်သက်ပြီး ပြောသွားတဲ့စကားပါ။ “ခင်ဗျား သေချာဖတ်မယ်ဆိုရင် ဆတ်သွားဟာ ကြီးမားတဲ့ဒါဏ်ရာကြီးတခုဆိုတာ တွေ့ ရလိမ့်မယ်” ဆိုတဲ့စကား သူပြောခဲ့တယ်။ တကယ်တော့ သူ့ ရဲ့ ဒီ “ဂီတ” ကဗျာဟာ သူက ဒီကဗျာနဲ့ ပတ်သက်ပြီး ဘာတခွန်းမှပြောခဲ့တာမရှိပေမယ့် ကျနော်တို့ ကဗျာဖတ်သူတွေရဲ့အတွေးမှာတော့ ခေတ်တခုရဲ့ချုပ်ချယ်ဖိနှိပ်မှုတွေ၊ ခေတ်သစ်တစ်ခုပြောင်းဖို့ အတွက် အကြိမ်ပေါင်းများစွာ မျက်ရည်နဲ့ သွေးတွေ ပစ်ကျွေးနေရလွန်းလို့ လူတွေရဲ့ နာနာကျင်ကျင်ငြီးငြူသံတွေ၊ ဘဝရဲ့မှောင်မိုက်ခြင်းတွေ၊ အတွင်းကလှိုက်စားနေတဲ့ ဝေဒနာတွေ၊ လူ့ အဖြစ်ရဲ့ အဓိပ္ပါယ်မဲ့မှုတွေ၊ ဒါတွေက မောင်ချောနွယ်ကို နာကျင်စေခဲ့တယ်လို့ ပဲ နားလည်ရပါတယ်။

ဒီကဗျာထဲမှာ လူတွေ ကိုယ့်အသက်ဓါတ်ကလေးကို ရေတွင်းနက်နက်ကြီးထဲက မနည်းဆွဲတင်နေရတဲ့ ရေပုံးကလေးလို့ သူပြောလိုက်တာ အင်မတန်တိကျတဲ့ နိမိတ်ပုံအတွဲဖြစ်ပါတယ်။လက်ရှိခေတ်ကြီးကို သူက ရေတွင်းနက်နက်ကြီးလို့ ရေးပြီး လူ့ အသက်ဓါတ်ကိုကြတော့ ရေပုံးကလေးလို့ ဆိုပါတယ်။လူ့ အသက်ဓါတ် မီးစာလေး အချိန်မရွေးငြိမ်းသွားနိုင်တဲ့အခြေအနေကို ဖေါ်ပြတဲ့သဘောပါပဲ။ ဒီလို လှုပ်လှုပ်လဲ့လဲ့ ယဲ့ယဲ့ကလေးသာဖြစ်နေတဲ့အသက်ဓါတ်ကလေး သူ့ ဆီက လွတ်ထွက်မသွားအောင် အပြင်းအထန် သတိနဲ့ ပြန်လည်ဆွဲငင်ယူနေရတဲ့ သတ္တဝါတစ်ကောင်ရဲ့ နာကျင်မှုကို “ဂီတ” ကဗျာထဲ အံဝင်ခွင်ကျ ရေးခဲ့တယ်။ မောင်ချောနွယ်ရဲ့ နားထင်ကိုတေ့ ထားတဲ့ ခလုပ်မေါင်းဖြုတ်တော့မယ့် သေနတ်ပြောင်းတခုကို ကဗျာဖတ်သူတွေက ကောင်းကောင်းကြီးမြင်လိုက်ရတဲ့သဘောပါပဲ။ နောက်ဆုံးမှာ သူ့ ရဲ့ “ဂီတ” ကဗျာဟာ သူ့ ရဲ့ပုဂလဓိဌခံစားမှု နာကျင်မှုမဟုတ်တော့ပဲ ဓမ္မဓိဌနာကျင်မှုအထိဖြစ်လာခဲ့ပါတယ်။ personal ကနေပြီး universal ဖြစ်သွားတဲ့သဘောပါပဲ။

ဒီနေရာမှာ “ဂီတ” ကဗျာဟာ သရုပ်ဖေါ်သက်သက်ကဗျာမဟုတ်ပဲ လူတွေ ဒီအကျဉ်းအကြပ်ထဲ ဒီအတိုင်းဆက်နေရင် ဘယ်နည်းနဲ့ မှမဖြစ်နိုင်တော့တဲ့ လူတွေတောင့်ခံနိုင်စွမ်းရဲ့ဒီဖက်အစွန်းအထိရောက်တဲ့အခြေအနေကိုဖေါ်ပြတဲ့ ကဗျာဖြစ်တဲ့အတွက် ထွက်ပေါက်ရှိမှ၊ ဖေါက်ထွက်မှ၊ အသက်ဆက်လက်ရှင်သန်နိုင်တော့မယ်ဆိုတဲ့အသိကို မလွဲမသွေ စဉ်းစားလာစေနိုင်တဲ့ကဗျာ ဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကိုလည်း ကျနော် နောက်ဆုံးဖြည့်စွက်ပြောလိုက်ချင်ပါတယ်။

ကျနော်တို့ ဟာ ကျနော်တို့ မျိုးဆက်တခုလုံးရဲ့နာကျင်မှုကဗျာ၊ တနည်းအားဖြင့် ရာစုနှစ်ဝက်အတွင်း မြန်မာစာပေနယ်ပယ်ထဲမှာ လူသားရဲ့ နာကျင်မှုကို အပေါ်လွင်ဆုံး ဖေါ်ပြနိုင်တယ်လို့ ယူဆရတဲ့ “ဂီတ” ကဗျာရေးခဲ့တဲ့“ မောင်ချောနွယ် ”ကို ကျေးဇူးတင်သင့်တယ်။ သူ့ ရဲ့ “ဂီတ” ကဗျာ ဟာ ဒဏ်ရာအနာတရဖြစ်နေတဲ့ ကျနော်တို့ ခေတ်၊ ကျနော်တို့ မျိုးဆက်တခုလုံးရဲ့ ဘေးကြပ်နံကြပ်နဲ့  မချိမဆန့် အခြေအနေကို ဖေါ်ပြနိုင်တဲ့ကဗျာဖြစ်တယ်လို့ ပြောရင်း ဒီစာတမ်းကို နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား....။ ။

ငြိမ်းဝေ

မှီငြမ်း။ ။(၁) ဂန္ထဝင်စာပေ စာတမ်းများ (မောင်ဆုရှင်၊ ထီလာစစ်သူ၊ တင်ထွေး )
(၂) ဝိညာဉ် မှန်ကွဲစများလွင့်မျောရာ ကန္တာရ (ဇော်ထွန်း)
(၃) ပန်ဒိုရာ ဘလော့
(၄) ဆစ်လ်ဗီယာပလာသ်ဘဝ ဆစ်လ်ဗီယာပလာသ်ကဗျာ (ဇေယျာလင်း)
(၅) ထင်းရှူးပင်ရိပ် (မောင်သာနိုး)
(၆) အဓိပ္ပါယ်မဲ့ ပြဇာတ် (အောင်ခင်မြင့်)




July 03, 2009

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်များ


ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်ကို လေ့လာတဲ့အခါ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းရေးခေတ်ကာလ အမျိုးမျိုးကိုအခြေခံထားပြီး လေ့လာသင့်တယ်လို့ ထင်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဖြတ်သန်းကြီးပြင်းလာခဲ့ရတဲ့ သမိုင်းရေးခေတ်ကာလတွေကို အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။



(က) ၁၉၀၀ ပြည့်နှစ်လွန် အမျိုးသားရေးစိတ်ဓါတ်နိုးကြားစကာလ
(ခ) ၁၉၂၀ ခုနှစ် ၀န်းကျင် အမျိုးသားရေးစိတ်ဓါတ်များ အနိုးကြားဆုံးကာလ
(ဂ) ၁၉၄၀ - ပြည့်နှစ်ဝန်းကျင် လွတ်လပ်ရေးကြိုးပမ်းမှုကာလ
(ဃ) ၁၉၄၈ ခုနှစ်အလွန် လွတ်လပ်စ ငြိမ်းချမ်းရေး၊ဒီမိုကရေး ကြိုးပမ်းမှုကာလ

ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာတွေဟာ သူတို့ဖြတ်သန်းရတဲ့ ခေတ်ကာလအသီးသီးနဲ့ တနည်းမဟုတ်တနည်း ပါဝင်ပါတ်သက်နေမှာပြဲဖစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာလည်း ကဗျာ ဆရာ၊ သတင်းစာဆရာ၊ စာရေးဆရာတဦးဖြစ်တာမို့ အထက်ကကျနော်တင်ပြခဲ့တဲ့ ခေတ်ကာလ(၄)ခုအတွင်း မလွဲမသွေ ပါဝင်ပါတ်သက်ခဲ့ရပါတယ်။ ဒါဆိုရင် အဲဒီခေတ်ကာလ(၄)ခုအတွင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဘယ်လိုရပ်တည်ခဲ့သလဲ။ ဘယ်လိုပါဝင်ပါတ်သက်ခဲ့သလဲ။

(က) ၁၉၀၀ ပြည့်နှစ်ဝန်းကျင် အမျိုးသားရေးစိတ်ဓါတ် နိုးကြားစကာလ

၁၉၀၀ ပြည့်ဝန်းကျင်ကာလဆိုတာ ကျနော်တို့နိုင်ငံ။ အင်္ဂလိပ်နယ်ချဲ့လက်အောက် တနိုင်ငံလုံးအပြီးအ ပိုင်ရောက်ရှိခဲ့ရတဲ့ ၁၈၈၅ - ခုနှစ်ကစပြီးတွက်ရင် ကျွန်သက်(၁၅)နှစ်ကြာကာလဖြစ်ပါတယ်။ ကျွန်ဘ၀ကိုစပြီး ရောက်တဲ့အချိန်ကစလို့ မြန်မာတမျိုးသားလုံးရဲ့ ခုခံရေးစစ်ပွဲတွေကို (၁၀)နှစ်တာကာလအတွင်း အင်္ဂလိပ်နယ်ချဲ့ တွေဟာ ဗိုလ်ချုပ်သုံးဦးကွပ်ကဲတဲ့ စစ်အင်အား (၃၅၀၀၀)ကို အသုံးပြုပြီးမှ နှိမ်နင်းခဲ့ရပါတယ်။
ကျွန်ဘ၀ကိုရောက်ရှိပြီး ဆယ်နှစ်၊ ဆယ့်ငါးနှစ်အထိ ခုခံရေးတိုက်ပွဲတွေ အရှိန်မသေခဲ့ပါဘူး။ ဒီတုန်းက ဆရာကြီးရဲ့အသက်ဟာ(၂၀)၀န်းကျင်ဖြစ်ပါတယ်။ တမျိုးသားလုံးရဲ့ ခုခံရေးစစ်ပွဲတွေကို အင်္ဂလိပ်တွေက အဆမ တန်အင်အားသုံးပြီး နှိပ်ကွပ်ပြီးတဲ့နောက် အမျိုးသားရေးစိတ်ဓါတ်တွေ အညွှန့်ချိုးခံရသလိုဖြစ်ပြီး နယ်ချဲ့ကို အထင်ကြီး၊ နယ်ချဲ့ကိုကြောက်ရွံ့၊ နယ်ချဲ့နဲ့ပူးပေါင်းသွားကြတဲ့ အမျိုးသားရေးစိတ်ဓါတ် ဖြူဖျော့သူများပေါ်ပေါက် လာနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအမျိုးသားရေးစိတ်ဓါတ်ဒီရေ ကျဆင်းနေတဲ့အချိန်မှာ ဆရာကြီးသခင်ကိုယ် တော်မှိုင်းက

“သတင်းလှစွာ၊ အင်းဝတည်စဉ်အခါက
ထီမထင်သကွာ ဘာကိုမျှမစိုးတဲ့အပြင်
စည်ပင်သာယာ မြန်မာတွေလဲ မညှိုးခဲ့ပေဘု
တမ်းခိုးဂုဏ်ထောင်ရောင်ခြည်နဲ့
မှောင်မသီပြောင်ကြည်လို့ထွန်းတဲ့ပြင်
တောင်ဒီမှာ အောင်စည်ရွှမ်းခဲ့တယ်
နန်းသိုက်ကွာဝေးကာမှ၊ လွမ်းလိုက်ပါသေး ... ” ဆိုတဲ့ မိဘုရားရှင်ဘို့မယ်ဘွဲ့ကဗျာကို ရေးပါတယ်။ ဒါဟာ အမျိုးသားရေးစိတ်ဓါတ်နိုးကြားဖို့အတွက် အဲဒီအချိန်က ရှေ့ဆုံးကရပ်တည်ထားတဲ့ သူရိယသတင်းစာ ကြီးမှာရေးခဲ့တာပါ။
ဒီနေရာမှာ တဖက်က ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှါန်းနဲ့လွတ်လပ်တဲ့လူမျိုးအဖြစ်ရပ်တည်ခဲ့တဲ့ ‘ဇာတိပုည’ ကို ဖော်ထုတ်အမွှန်းတင်သလို၊ အခြားတဖက်ကလည်း အဲဒီခေတ် အဲဒီအခါက အင်္ဂလိပ်အစိုးရက ဖိတခါခြောက်တလှည့်၊ မြှောက်တခါ ပင့်တလှည့်လုပ်ထားလို့ မြန်မာတချို့က နယ့်ချဲ့ကိုအထင်ကြီးပြီး နယ် ချဲ့ယဉ်ကျေးမှုကို လက်ခံပြီး ကိုယ့်အမျိုးသားယဉ်ကျေးမှုကို အထင်အမြင်သေးလာကြပါတယ်။ မြန်မာနာမည် အခေါ်အဝေါ်တွေရဲ့ရှေ့က ဦးတို့၊ ကိုတို့၊ မောင်တို့ကိုဖြုတ်ပြီး မစ္စတာတွေရှေ့ကတပ်ပြီး မှည့်ကြ၊ ခေါ်ကြပါတယ်။ မင်းပွဲစိုးပွဲ၊ အခမ်းအနားတွေမှာ တောင်ရှည်ပုဆိုးကိုချွတ်ပြီး ဘောင်းဘီဝတ်၊ ဘွတ်ဖိနပ်စီးကြပါတယ်။ ဒီလိုအမျိုးသားယဉ်ကျေးမှုမှေးမှိန်ဘို့ဖြစ်လာတဲ့အခါ ဆရာကြီးက ချဉ်ပေါင်ရွက်သယ်မောင်မှိုင်းဝတ္ထုထဲက အင်မတန်ကိုယ်ကျင့်တရားဖောက်ပြားတဲ့ ဇာတ်ကောင်‘မောင်မှိုင်း’ရဲ့နာမည်ကိုယူပြီး အဲဒီမောင်မှိုင်းရဲ့ရှေ့က မစ္စတာတပ်ပြီး ‘မစ္စတာမောင်မှိုင်း’ ကလောင်အမည်နဲ့ ‘ဗိုလ်ဋီကာ’ဆောင်းပါးတွေကို ဒလစပ်ရေးပါတော့တယ်။ ဒီအခါကြတော့ မှ မစ္စတာတပ်ပြီး ရင်ကော့၊ ခြေဖျားထောက်လမ်းလျှောက်ကြတဲ့ အမျိုးသားရေးစိတ်ဓါတ်ချွတ်ခြုံကျ မြန်မာတချို့ဟာ သတိသံဝေဂနဲ့ အရှက်ရစေခဲ့ပါတယ်။
ဒီနေရာမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ဇာတိပုညကိုဖေါ်ထုတ်ပြီး ဇာတိပုညမှေးမှိန်မှုကို သတိ ပေးပြီး အမျိုးသားရေးစိတ်ဓါတ်မြှင့်တင်ဘို့ကြိုးစားခဲ့သလို မြန်မာတမျိုးသားလုံး ဆင်းရဲမွဲတေသထက်မွဲတေ လာရတဲ့အဖြစ်ဟာ နယ်ချဲ့အင်္ဂလိပ်အစိုးရရဲ့ ဖိနှိပ်သွေးစုတ်မှုသာဖြစ်တယ်ဆိုတဲ့အတွေးကို ခြေရာခံနိုင်ဘို့ အခုလိုကဗျာမျိုးကိုလည်း ရေးခဲ့ပါတယ်။

“မွဲဘို့ရာကံကြမ္မာနှင့်
ဖန်လာပုံ ကုသိုလ်ကလည်းမကောင်းချင်တော့
အထက်ဟိုအညာမှာလေ
ကြက်ဆိုတာတောင်မှ မလောင်းခဲ့ပါဘု
အညာမြေ ဌါနေဟောင်းဆီက
အကြွေး(တရာ)ကို၊ ဒွေးခါကလည်း တောင်းပြန်ပေါ့တဲ့
‘အမယ်မင်း’ မောင်းစရာရယ်လို့များတပ်လိုက်မှဖြင့်
ခေါင်းတခါခါနှင့်ဆပ်လှစွာသော
လှလှ စွေ့စွေ့ရယ်နှင့်၊ ၀၀ပြည့်ပြည့် နပြာတရှဉ်းကိုလ
ကျောင်းတကာကိုသာအပ်လိုက်ပေရော့
ရသရွေ့ဘာဘာညာ ညာရယ်လို့မငြင်းလေနဲ့
‘မလေးရယ်’ ရောင်းကာသာဆပ်လိုက်ပေတော့၊ ရွာရှေ့ယာတခင
” ဆိုပြီး “အညာ မင်္ဂလာဆောင်ဘွဲ့ လေးချိုးကြီး” ကဗျာမှာ တစစ ဆင်းရဲမွဲတေလာနေတဲ့ မြန်မာတောင်သူလယ်သမားတွေရဲ့ဘ၀ကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။

(ခ) ၁၉၂၀ ခုနှစ်ဝန်းကျင် အမျိုးသားရေးစိတ်ဓါတ် အနိုးကြားဆုံးကာလ

၁၉၂၀ ခုနှစ်ဝန်းကျင်ဆိုတာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက်အားဖြင့် အသက်(၄၀)ကျော် ကာလဖြစ်ပါတယ်။ ဒီကာလမှာ အမျိုးသားရေးလှုပ်ရှားမှုတွေဟာလည်း ပင်လယ်ရေလှိုင်းတွေလို တခုပြီးတခု မြင့်သထက်မြင့်လာနေတာတွေ့ကြရပါတယ်။ လယ်သမားဆိုရင်လည်း လယ်သမားမို့၊ အလုပ်သမားဆိုရင်လည်း အလုပ်သမားမို့၊ ကျောင်းသားဆိုရင်လည်း ကျောင်းသားအလျောက်၊ လူတန်းစား အလွှာအသီးသီးဟာ တချိန်က တသီးတကန့်စီလှုပ်ရှားနေခဲ့ကြရာက တပ်ပေါင်းစုပုံသဏ္ဍန်အဆင့်အထိ အမျိုးသားရေးတိုက်ပွဲ ပုံသဏ္ဍန်ဟာ တိကျမှန်ကန်အားကောင်းလာခဲ့ပါတယ်။
ဒီလို အမျိုးသားရေးတိုက်ပွဲ၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွေ ထန်ပြင်းလာနေတဲ့အခါ အမျိုးသားရေး တိုက်ပွဲ နည်းနာကိစ္စမှာလည်း အငြင်းပွားစရာတွေ၊ အမြင်ရှုပ်ထွေးနိုင်စရာတွေကို ကြုံကြရပါတယ်။ ဥပမာအနေ နဲ့ပြောရရင် ဟိုတချိန်တုန်းက ကိုယ့်ထီးကိုယ့်နန်းနဲ့ ဂုဏ်ရောင်ပြောင်စွာနေလာနိုင်ခဲ့ကြတယ်ဆိုတဲ့ခေတ်ကို ဖော် ထုတ်ပြောဆိုတဲ့အခါ အမျိုးသားလွတ်လပ်မှု၊ အမျိုးသားဂုဏ်သိက္ခာ၊ အမျိုးသားယဉ်ကျေးမှု အခိုင်အမာရှိမှုကိုပဲ မီးမောင်းထိုးသင့်ပြီး ပဒေသရာဇ်စနစ်ကို ပြန်လည်လက်ယပ်မခေါ်မိဘို့၊ နိုင်ငံရေးအမြင်ကြည်လင်ဖို့ လိုအပ်တယ် ဆိုတဲ့အချက်ကို လူအတော်များများက မသိကြပါဘူး။ နယ်ချဲ့ကိုဆန့်ကျင်တဲ့အခါ အခုလို ခေတ်မှီမှန်ကန်တဲ့ ခံယူချက်မထားနိုင်ခဲ့ကြပါဘူး။ ဒီနေရာမှာတော့ ဆရာကြီးဟာ မှားယွင်းတဲ့မျိုးချစ်စိတ်ဓါတ်နဲ့ မှန်ကန်တဲ့ မျိုးချစ် စိတ်ဓါတ်ကို ခွဲခြားနိုင်ခဲ့ပါတယ်။ အမျိုးသားရေး ကျိုးပမ်းဆောင်ရွက်သူတွေထဲမှာ အဲဒီအယူအဆနဲ့ပါတ်သက်ပြီး အငြင်းပွားလာရင် ဆရာကြီးက “မှန်ကန်တဲ့ အမျိုးသားရေးသမား”တွေဖက်က ရပ်တည်ပါတယ်။
ဒီနေရာမှာ ဟိုခေတ်ဟိုအခါနေနဲ့ လွယ်မယောင်နဲ့ခက်တဲ့ပြဿနာတွေကတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိစ္စတို့၊ အင်္ဂလိပ်အစိုးရလက်အောက်မှာပဲ၊ အိန္ဒိယနဲ့တွဲပြီးနေမလား၊ ခွဲပြီးနေမလားဆိုတဲ့ တွဲရေး၊ ခွဲ ရေးပြဿနာ၊ တခါ ကုလားဗမာအဓိကရုဏ်းပြဿနာတွေဟာ အမျိုးသားရေးကြိုးပမ်းမှုလှေကားထစ်အဆင့်တိုင်း အဆင့်တိုင်းမှာ ရင်ဆိုင်ဖြတ်သန်းကြရတဲ့ နိုင်ငံရေးအကြပ်အတည်းများဖြစ်ပါတယ်။ ဒီအဖြစ်အပျက်၊ ဒီနိုင်ငံရေး အကြပ်အတည်း၊ ဒီနည်းနာကိစ္စတွေဟာ တကယ်တော့ အဲဒီခေတ်က စာပေသမားတွေကို စိန်ခေါ်ခဲ့တဲ့ ကိစ္စတွေ ပဲဖြစ်ပါတယ်။ ဒီတုန်းက အဲဒီအမျိုးသားရေးကျိုးပမ်းမှု၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲလှေကားထစ်တချို့မှာ အမျိုး သားရေးဝါဒီဆိုတဲ့ ပုဂ္ဂိုလ်တချို့ဆိုရင် နိုင်ငံရေးအမြင်မွဲကျံတဲ့အတွက် လှေကားထစ်ဆုံးတဲ့အထိ တက်မလာနိုင်ပဲ လမ်းခုလတ်မှာတင် ဘေးထွက်ကျန်ရစ်ခဲ့ကြရပါတယ်။



ဒီတုန်းက ဆရာကြီးက အခုလိုကဗျာမျိုးရေးပြီး သူ့ရဲ့ရပ်တည်ချက်ကို ဖော်ပြတာတွေ့ရပါတယ်။

“သို့လော သို့လော၊ သဘောနှစ်ဖြာ
မြို့ရောတောပါ မကွဲတဲ့အပြင်
ပေါင်းအသင်း တညီတညာ
ကသောင်းကနင်း ဖီလာလဲ မခွဲကြပေဘု
ဘ၀င်စောဖြူသဒ္ဓါ တမောက်မောက်ကဲချိန်မို့
ရှင်ရောလူပါ သောက် သောက်လဲပါရော ... ” ဆိုတဲ့ ကဗျာမျိုးကိုရေးပါတယ်။ ဒီကဗျာဟာ ဦးဘဘေ၊ ဦးပုနဲ့ ဦးထွန်းရှိန်တို့ ဘိလပ်ကို သွားပြီး အရေးဆိုနေတဲ့အချိန်မှာ နောက်ပိုင်းက ကျန်နေရစ်ခဲ့ကြတဲ့ ‘၀ိုင်၊ အမ်၊ ဘီ၊ အေ’လူကြီးပိုင်းတချို့က အဲဒီ ပုဂ္ဂိုလ်(၃) ဦးကို ကန့်ကွက်ပြီး ဘုရင်ခံက ရေးဆွဲတင်ပြတဲ့“မြန်မာပြည် အနာဂါတ်အုပ်ချုပ်ရေး”ဆိုတာကိုပဲ ထောက်ခံကြောင်းကြေညာတဲ့အခါ ‘ဘေ၊ ပု၊ ရှိန်’ သုံးဦးရဲ့နောက် လူထုတရပ်လုံး နှလုံးမကွဲ၊ သဘောနှစ်ခုမရှိ တဲ့အကြောင်း နှိုးဆော်တဲ့ ကဗျာကိုရေးခဲ့တာပါ။
ဒီနောက်ပိုင်းမှာတော့ အားလုံးသိရှိကြတဲ့အတိုင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားထုရဲ့ ပထမ၊ ဒုတိယ၊ သပိတ်တွေ၊ အမျိုးသားကျောင်းတွေပေါ်ပေါက်လာခဲ့တာတွေ၊ ဆရာတော်ဦးဥတ္တမရဲ့နိုင်ငံရေးကျိုးပမ်းမှု၊ ဂျီ၊ စီ၊ ဘီ၊ အေ အဖွဲ့ကြီးရဲ့ အကွဲအပြဲကိစ္စ၊ ဒိနောက်ပိုင်း ဆရာစံအရေးတော်ပုံ၊ ဗိုလ်စံဖဲအရေးတော်ပုံ၊ ၉၁ - ဌာနအုပ်ချုပ်ရေးကိစ္စ၊ ကုလားဗမာအဓိကရုဏ်းး၊ သခင်ဂိုဏ်းကြီးပြိုကွဲခြင်း ... အစရှိတဲ့သမိုင်းရေးပြဿနာတွေ အတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဘယ်လို ရှုမြင်ခဲ့တယ်၊ ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတာကို ကဗျာတပိုဒ်ချင်းစီ အနည်းငယ်မျှ ကျနော်တင်ပြချင်ပါ တယ်။

“အော် ... တချို့တွေကဖြင့် အမြို့မြို့ကြွကြွပြီး
ငို့ဘ ပလီဥာဏ်ဖြင့်
ဝစီကံ အလိမ်အညာစကားတွေနှင့်
အတည်အမှန်ကိုလိမ်ကာ ထားတဲ့ပြင်
အသား ပြာတာတာနှင့်
ကုလားမြန်မာခွဲလျင်ဖြင့်
မနည်းပေါင် တကဲ့ တန်ခိုးတွေက မိုးနှင့်ကမ္ဘာတေမျှ ပေပ
ကိုးဆယ့်တစ်ဌါနကိုလ၊ မြန်မာရလျင် မရှည်ကြာဘု
တပြည်တရွာ မျက်နှာငယ်နှင့်ပြောင်းလာတဲ့
ကလီကမာ အနက်ထည်တွေဂျောင်းရမယ့်အပြင်
အပေါင်ဆုံးနယ်မြေမှာ အချောင်ဆုံးနယ်မြေကောင်းတွေတဲ့
သြော် ၀တိန်နီးအောင်ပ၊ အရှိန်ကြီးပေတဲ့ သိမ်ကြီးဈေး ‘စူရတီဘဇာ’ ကိုတောင်
ပုသိမ်မနီးမဝေး လူစည်ရာသို့ပြောင်း တဲ့ပြီး
အတွေးမသာယာတဲ့ ရသေ့တကာမွေ့စရာ ကောင်းပါတဲ့
သြော် ... ထမင်း၀၀ကျွေးမဲ့ဘုရင်ကိုတောင် မင်းကမွေးတဲ့ အင်းခွေးက အင်္ဂလန်မောင်းမည်သို့
ကပြောင်းကပြန် အရှုပ်ညဏ်သမားတွေရဲ့
ကြောင်းမတန် မဟုတ်မှန်စကားတွေနှင့်
မတရားတချို့ မတော်လေတယ်နော်ကွယ်
နားတဖြို့ဖြို့၊ ခါးသမို့သာပ ကြားလို့မလျော် ... ”

ဒါကတော့ ၁၉၂၉ ခုနှစ်မှာဖြစ်လာတဲ့ ဟိုတုန်းက အင်္ဂလိပ်လက်အောက်ခံဖြစ်တဲ့ အိန္ဒိယနဲ့တွဲမလား၊ ခွဲမလားဆိုတဲ့ ပြဿနာပေါ်လာတဲ့အခါ၊ ကျွန်အချင်းချင်း ကြောချင်းကပ်ပြီး အမျိုးသားရေးတိုက်ပွဲဝင်တဲ့နည်းဟာ မှန်ကန်တယ်ဆိုတဲ့ တွဲရေးအတွက် နှိုးဆော်တဲ့အစုနဲ့၊ အိန္ဒိယနဲ့ခွဲပြီးနေသင့်တယ်ဆိုတဲ့ အစုရယ်လို့ (၂)စု ကွဲတဲ့အခါ အင်္ဂလိပ်အစိုးရရဲ့ သွေးခွဲရေးဥာဏ်နီဥာဏ်နက်ကို အမျိုးသားရေးခေါင်းဆောင် တချို့က အမှန်အ တိုင်းမမြင်နိုင်ခဲ့ကြပါဘူး။ ခွဲရေးသမား (၂၁) ဦးကတဖက်၊ တွဲရေးသမား ဦးစိုးသိမ်း၊ ဦးချစ်လှိုင်တို့ အစုကတဖက် ဖြစ်လာပါတယ်။ လူထုကလည်း ဘယ်ဖက်ကိုလိုက်ရမှန်းမသိအောင်ဖြစ်ခဲ့ပါတယ်။ သတင်းစာတွေထဲမှာလည်း ခွဲရေးဖက်ကထောက်ခံတဲ့သတင်းစာနဲ့ တွဲရေးဖက်ကထောက်ခံတဲ့သတင်းရယ်လို့ ဖြစ်ခဲ့ပါတယ်။ ဒီတုန်းက ဆရာကြီးက တွဲရေးဖက်ကထောက်ခံပြီး ရပ်တည်ခဲ့ပါတယ်။ ကိုလိုနီဘ၀လွတ်မြောက်ဖို့ တိုက်ပွဲဝင်ရာမှာ ကိုလိုနီနိုင်ငံအချင်းချင်း ညီညွတ်လာနေတဲ့အခြေအနေကို အင်္ဂလိပ်အစိုးရက ညီညွတ်ရေးပြိုကွဲအောင် ဖန်တီးလိုက်တဲ့ပြဿနာဖြစ်တယ်ဆိုတာကို နားလည်ပါတယ်၊ ဆရာကြီးကနိုင်ငံရေးအမြင်မကြည်လင်နိုင်ခဲ့ကြတဲ့ ခွဲရေးသမား(၂၁)ဦးနဲ့ ပါတ်သက်ပြီး အခုလိုကဗျာဖွဲ့ပြီး ထိုးနှက်ရှုံ့ချလိုက်ပါတယ်။

“အစာမြင်လျင်။ ဗမာမခင်မူ၍
သာသနာပလ္လင်နှင့် ဝေးတဲ့အောင်
(အမယ်မင်း)ကျွေးမဟဲ့ အနှူးတွင်ဖြင့်
ခွေးအဖွဲ့ထူးရယ်လို့၊ နဘေးလှည့်လှည့်ပြီး
ပြေးသနဲ့၊ကျွေးမကွဲ့ မြူးတတ်တဲ့ ၀န်မင်းရယ်
ခွေးနှစ်ဆယ့်တဦး ...” ဆိုပြီးရေးခဲ့ပါတယ်။

ဆရာကြီးရေးဖွဲ့ရှုံ့ချခဲ့တဲ့ အဲဒီခွဲရေးသမား(၂၁)ဦးဟာလည်း အင်္ဂလိပ်ကပေးတဲ့ လစာငါးထောင်ကို ယူခဲ့ကြတာမို့ အမျိုးသားရေးသစ္စာဖောက်များအဖြစ်နဲ့ နာမည်ပျက်ခဲ့ကြပါတယ်။
တခါ ... ၊တက္ကသိုလ်ကျောင်းသားများက ကျွန်ပညာရေးစနစ် တိုက်ဖျက်ရေးတိုက်ပွဲခေါ်သံကို ရန်ကုန် တက္ကသိုလ်ဝန်းထဲကနေပြီး ဟစ်ကြွေးလိုက်တဲ့အခါမှာလည်း

“အော် ... ဝေးခရီးကပေမဲ့
အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာပါစမြဲပေမို့
ဆရာလည်းကွာ၊ ပထမအရင် ကနဦးဆီက
မြန်မာ့တခွင်မှာ၊ သမတ ရှင်ဘုရင် မလူးခင်ပ
‘ထ’ဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့
‘ထီ’မထင်ကျောင်းတော်သားတွေရဲ့
အမည်စဉ်မှာ ခေါင်းအပေါ်ဖျားမှာလ
မင်းရှို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့” လို့၊ ရဲတင်းသံ အကျယ်လောင်ဆုံးနဲ့ ပြန်ထူးခဲ့ ပါတယ်။
တခါ ...၊ လယ်သမားသူပုန်ကြီး ဂဠုန်ဆရာစံရဲ့ ပုန်ကန်မှုကြီးပေါ်ပေါက်လာတဲ့အခါကြပြန်တော့လည်း “ရဂုံစံ ချစ်စရာ တပည့်တို့မှာဖြင့်၊ ဥုံအရဟံ သစ္စာဂတိတွေနှင့်၊ ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့ ...”ဆိုပြီး အတိအလင်းထောက်ခံအားပေးခဲ့ပါတယ်။
ဒီလိုကျောင်းသားထုတိုက်ပွဲ၊ လယ်သမားထုတိုက်ပွဲတွေဟာ ရန်/ငါ စည်းခြားဘို့ လွယ်ကူတဲ့ပြဿနာဖြစ်ပါတယ်။ ဒီနေရာမှာ ရန်/ငါ ခွဲခြားဘို့ခက်တဲ့နိုင်ငံရေးပြဿနာတွေ ဖြစ်ပွား လာတဲ့အခါမျိုးမှာ တနည်းအားဖြင့် နိုင်ငံရေးနည်းနာအရ အမှန်အမှားခွဲခြားဘို့ရန်ခက်ခဲတဲ့ ပြဿနာမျိုးတွေမှာ ဆရာကြီးရဲ့ ရပ်တည်ချက်တွေဟာ ဘယ်တော့မှ မမှားခဲ့တာ၊ မတွေဝေခဲ့တာ၊ မှုန်ဝါးခဲ့တာရယ်လို့ မရှိခဲ့တဲ့အချက်ဖြစ်ပါတယ်။ ဥပမာ တခုပြောရရင် ‘ကုလားဗမာ အဓိကရုဏ်း’ပြဿနာမျိုးဖြစ်ပါတယ်။ ကုလားတွေဟာမြန်မာတမျိုးသားလုံးရဲ့ရန်သူလား။ ရန်သူအစစ်ဟာ ဘယ်သူလဲ။ ဒီလိုခွဲခြားစမ်းစစ်တဲ့အခါ ကုလားလူမျိုးတွေဟာ မြန်မာတွေရဲ့ ရန်သူမဟုတ်ဘူး၊ အင်္ဂလိပ်နယ်ချဲ့ အစိုးရသည်သာ ရန်သူအစစ်ဖြစ်တယ်။ ကုလား ဗမာအထိကရုဏ်းတွေဖြစ်လာရတာကိုက နယ်ချဲ့အစိုးရရဲ့ သွေးခွဲအုပ် ချုပ်မှုစနစ်ကြောင့်သာ ဖြစ်တယ် ကုလားလည်းကျွန်၊ ဗမာလည်းကျွန်ပဲ ကျွန်အချင်းချင်းလက်တွဲပြီး ဘုံရန်သူ အင်္ဂလိပ်နယ်ချဲ့အစိုးရကိုသာ ဦးတည်တိုက်ကြရမှာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းမြင်ပါတယ်။ ဒီတုန်းက အဲဒီခေတ်၊ အဲဒီနိုင်ငံရေး ရေချိန်အရ ပြောရရင် အခုလို အမှန်အတိုင်းမြင်ဖို့ရာ ခက်ခဲလှတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ဒေါင်ဒေါင်မြည်ပါတယ်ဆိုတဲ့ အမျိုးသားရေးဝါဒီတချို့ဆိုရင် ကုလားဆန့်ကျင်ရေးတရားတောင်မှ ဟောခဲ့ကြပါသေးတယ်။ ဒီလိုအင်မတန် သိမ်မွေ့မြင့်မားလှတဲ့ နိုင်ငံရေးပြဿနာမျိုးမှာတောင်မှ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက “သြော် ... အခွန်တိုး စာရင်းတွေနှင့်၊ ၀န်ထမ်းပိုးမကင်းနိုင်တဲ့၊ အလွန်ဆိုးခြင်း ပမာမှာလေ၊ ကျွန်မျိုးချင်းစာနာလို့မှ မနှိုင်းကြရော့ သလား၊ နထိုင်းနပျက်၊ နနက်-နပြာတွေကိုနော်ကွယ်၊ အရိုင်းသက်သက်၊ တလိုင်း နှက်သလိုမို့၊ အို (အုန်းခင်)ရဲ့၊ ကသိုဏ်းဓမ္မစက်၊ စစ် ကိုင်းဘက်ဆီက၊ မှိုင်းရှက်သကွာ”ဆိုပြီး ကုလားဗမာအဓိကရုဏ်းကို ဆန့်ကျင်ရှုံ့ချပြီး ကုလားလည်းကျွန်၊ ဗမာလည်းကျွန၊် ကျွန်အချင်းချင်း ညီညွတ်ဖို့ကိုပဲ တိုက်တွန်းခဲ့ ရပ်တည်ခဲ့ပါတယ်။

(ဂ) ၁၉၄၀ ခုနှစ်လွန်ဝန်းကျင် လွတ်လပ်ရေဿးကိးပမ်းမှုများကာလ

ဒီကာလအတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စိတ်နှလုံးကို အဆွဲဆောင်နိုင်ဆုံးအဖြစ်အပျက် (၂)ခုရှိပါတယ်။ တခုက ဖဆပလအဖွဲ့ချုပ်ကြီးက ခေါင်းဆောင်ပြီး အထွေထွေသပိတ်ကြီးဆင်နွှဲလာတဲ့အဖြစ်အ ပျက်နဲ့ နောက်တခုကတော့ အမျိုးသားခေါင်းဆောင်ကြီးများလုပ်ကြံခံခဲ့ကြရတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။
အထွေထွေသပိတ်ကြီးပေါ်ပေါက်လာတဲ့အခါ ဟိုအရင် ဗဟန်းကောလိပ်သပိတ်တိုက်ပွဲတွေကို ပြန်လည်အောင်မေ့ပြီး စိတ်အားတက်ကြွစေတဲ့ ‘လွတ်လပ်ရေးအတိတ်သပိတ်ဘွဲ့ မဟာကဗျာလေးချိုးကြီး’ထဲမှာ ဆရာကြီး က အခုလိုထည့်သွင်းရေးစပ်ပါတယ်။

“မြန်မာတခွင်၊ သပိတ်အမှောက်ပေါချိန်မို့၊ ဆရာသခင် အရိပ်နမိတ် တဆိတ်ဟောလိုက်မကွဲ့၊ မြှောက် သနဲ့ ခြောက်သနဲ့၊ ရာဇာဂုဏ်းကို မြောက်တဲ့ ကြောက်တဲ့ အာရုံမခေါ်ကြလေနဲ့၊ (အမယ်မင်း)အဟောဒိဋ္ဌ လောဂျိတ်ပြသလိုပ၊ စောစိတ်က အောင်ပစေ အောင်ပစေ ညွှန်းညွှန်းပြီးတော့ (သြော်)တောသပိတ် ဒကာမ တွေနဲ့၊ ရောကြိတ်လိုက် ရောကြိတ်လိုက်ဟလို့၊သြဒိဿအောင်သပြေ ညောင်ရေသွန်း ... ”ဆိုပြီး ရေးပါတယ်။
ဒီနေရာမှာ ကြားညှပ်ပြီးပြောစရာရှိတာက အထွေထွေသပိတ်ကြီးကိုကြောက်ပြီး ဘုရင်ခံ ‘ဆာဒေါ်မန် စမစ်’က ၀မ်းကိုက်လို့ဆိုတဲ့အကြောင်းပြပြီး အင်္ဂလန်ကို ပြန်ပြေးတဲ့အခါ ဆရာကြီးက အင်္ဂလန်သို့ဘုရင်ခံပြန်ပို့ တဲ့ မေတ္တာစာလေးချိုးကိုရေးပါတယ်။ ဒီကဗျာထဲမှာ ဆရာကြီးက လူမျိုးခြားအစိုးရပဲဖြစ်ဖြစ်၊ ကိုယ့်လူမျိုးအချင်း ချင်းအစိုးရပဲဖြစ်ဖြစ်၊ ဘယ်အစိုးရမဆို မတရားဖိနှိပ်သွေးစုပ်အုပ်ချုပ်ရင် လူထုက ဆန့်ကျင်ကြမှာသာဖြစ်ကြောင်း ရေးပါတယ်။ ဒီအချက်ဟာ ဆရာကြီးတို့ခေတ်၊ ဆရာကြီးတို့ဖြတ်သန်းနေကြရတဲ့ကာလမှာ ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက်ဘယ်လောက်အထိ မြင့်မားကြည်လင်တယ်ဆိုတဲ့အချက်ကို အဖြေထုတ်ပေးတဲ့ ကဗျာပိုဒ် ဖြစ်လာခဲ့ပါတယ်။ ဆရာကြီးက အခုလိုဖွဲ့ပါတယ်။

“မြန်ပေါ်ဇမ္ဗူ လူတမျိုးဟာက
လူမျိုးခြား အရှင်သခင်မဆိုထားနှင့်တော့၊
ကိုယ့်အမျိုးသား ဘုရင်ကိုတောင် မမှီခိုသာမှဖြင့်
မကြည်ညို မသဒ္ဒါ ရက်ရက်စက်စက် ဆဲတဲ့ပြီး
သည်လိုအခါမှာ အသက်နဲ့လဲမဟဲ့လို့
ဝက်ဝက်ကွဲအောင် ဆူကြပူကြတဲ့အပြင်
လူအ လူန တက်တက်ရိုးတွေမို့
(အမယ်မင်း)အိုးတိုး အတနဲ့
အမျိုးမျိုး ဂွကျ ဂွကျပြီး
နသိုးထပိုး ကသကဲ့သို့ ရိုးရိုးရွရွ မရွှင် မပြုံးမှု၍
(သြော်)တန်ခိုးတပြပြ သူခိုးဓါးပြကဲ့သို့သော
အစိုးတရ ရှင်ဘုရင်ကိုတောင် မမြင်ချင်အောင်မုန်း”

ဆရာကြီးရဲ့ စိတ်နှလုံးကို ထိခိုက်စေတဲ့ နောက်ထပ်အဖြစ်အပျက်တခုကတော့၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့မှာ အများသိကြတဲ့အတိုင်း ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံကြရတဲ့ ကိစ္စဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့အခါ ဆရာကြီးက ကဗျာတပုဒ်ရေးပြီး ကြေကွဲခဲ့ပါတယ်။ ဒီကဗျာတပုဒ်ဟာဖြင့် ဆရာကြီးဘယ်လောက်အထိ စိတ်ထိခိုက် ကြေကွဲခဲ့ရတယ်ဆိုတာ အလွန် ပေါ်လွင်စေတဲ့ကဗျာပါ။

“သြော် ... အဆောင်ဆောင်နန်းတွေ ကြငှါန်းတွေနှင့်နှော
အခေါင်မမြန်းခင်က အောင်စာတမ်းချိုဏ္ဍစေဘိုဏ္ဍ
အောင်ပန်းညှို့ရရှာတဲ့၊ တောင်တမန်းတို့ ဗမာမှာ အဟောင်းသံသရာအငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာအလုပ်ပေထင့်
သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်
ဒေါင်းလံ ပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သဂြိုလ်ချင် ... ”ဆိုပြီးရေးပါတယ်။

(ဃ) ၁၉၄၈ ခုနှစ်လွန် လွတ်လပ်စ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ကြိုးပမ်းမှုကာလ

၁၉၄၈ ခုနှစ် လွတ်လပ်ပြီးနောက်၊ ၁၉၅၀ ခုနှစ်တ၀ိုက်မှာ အမျိုးသားသွေးကွဲမှုကြီးဖြစ်လာခဲ့ပါတယ်။ အမျိုးသားစည်းလုံးရေးပြိုကွဲမှုကို ကိုင်တွယ်ဖြေရှင်းကြတဲ့အခါ တိုင်းရင်းညီအစ်ကိုအချင်းချင်း၊ ကိုယ့်လူမျိုးအချင်း ချင်း၊ သွေးစွန်းတဲ့အထိ သွေးကွဲလာခဲ့ပါတယ်။ ဒီလိုအမျိုးသားညီညွတ်ရေးပြိုကွဲပြီး သွေးစွန်းတဲ့အထိ ပဋိပက္ခှတွေ ဖြစ်လာတဲ့အခါ ဆရာကြီးက ဒီပြဿနာတွေကို နိုင်ငံရေးနည်း၊ တနည်းအားဖြင့် အကြမ်းမဖက်တဲ့နည်းနဲ့သာ ဖြေရှင်းဖို့ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဏာရအစိုးရတာဝန်ရှိသူတွေဟာ ဆရာကြီးရဲ့စကားကို လစ်လျူရှု ခဲ့ကြပါတယ်။ အပြုတ်တိုက်ရေးလမ်းစဉ်ဟာမှားပြီး အကြမ်းမဖက် ဆွေးနွေးညှိနိုင်းရေးလမ်းစဉ်က မှန်တယ်လို့ ယူဆပါတယ်။ ဆရာကြီးရဲ့ သင်ပုန်းချေတဲ့နည်းနဲ့ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုတာ အစိုးရကိုယ်တိုင်က မကျင့်သုံးနိုင်တော့ ပြည်တွင်းစစ်မီးဟာ တဟုန်းဟုန်းထတောက်ပါတော့တယ်။ ဒါကြောင့်မို့ ဆရာကြီးက နိုင်ငံတော်အေးချမ်းသာယာရေးအဖွဲ့ကြီးကိုဖွဲ့ပြီး ရန်ကုန်မြို့လုံးကျွတ်ငြိမ်းချမ်းရေးလူထုဆန္ဒပြပွဲကြီးလုပ်ပါတယ်။ လူထုပရိဿဒ်(၂၀၀၀)ကျော်ပါဝင်ပြီး၊ သံဃာထု (၃၀၀၀)ပါဝင်တဲ့ သံဃာထုအစည်းအဝေးကြီးဖြစ်အောင်လုပ်ပြီး ငြိမ်းချမ်းရေး ပန်ကြားလွှာတွေထုတ်ပါတယ်။ ဒီကိစ္စကို ထိရောက်အောင် ဆောင်ရွက်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ် နဲ့တွေ့ခွင့်ရဖို့ ကြိုးစားပေမယ့် ၀န်ကြီးချုပ်ဦးနုက အတွေ့မခံခဲ့ပါဘူး။ ဒီတုန်းက ဆရာကြီးရဲ့ “သူမသာ ကိုမနာ နည်းနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ကြပါ၊ တွေ့ဆုံဆွေးနွေးကြပါဆိုတဲ့ သြ၀ါဒ”ဟာ တမျိုးသားလုံးရဲ့နှလုံးသားမှာ စွဲမက်သွားစေခဲ့ပါတယ်။
ဒါပေမယ့်လည်း တတိုင်းပြည်လုံး ပြည်တွင်းစစ်မီး တားမရဆီးမရ။ ငြိမ်းမရ သတ်မရဖြစ်လာတဲ့အခါ ဆရာကြီးခမျာ သောကဖိစီးပြီး အခုလိုကဗျာမျိုးကိုဖွဲ့ပါတယ်။

ဒဂုံမြို့က အလွန်အကျွံ ချီးကြတဲ့
ချွန်လည်း ချွန်သတည်းဆိုတဲ့ ထိုတကဲ့ဝန်ကြီးခမျာတွေကို
အလွန်လည်း ဆရာသနားမိတဲ့အပြင်
အများတပည့် ကိုယ့်အမျိုးဘာသာတွေမှာ ခိုကိုးရာမဲ့ချိန်မို့
တလှဲ့တဖုံမျိုးသာပ ဘိုးဘိုးခေါ်‘ဆရာအောင်’နှင့်
မြန်မာဘောင် ကနက်ဘမရာသနဆီသို့
လာမယောင်‘စင်္ကြာ’တမိပါတော့
လောကတခွင်မှာနော်ကွယ်
ဟောမရ ပြောမရတွေကြောင့် သောက ပူပင် ”ဆိုပြီး ပူဆွေးမြည်တမ်းခဲ့ပါတယ်။

အဲဒီ လွတ်လပ်စခေတ်ဦးမှာပဲ အာဏာရအစိုးရက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ‘အင်္လကာ ကျော်စွာဘွဲ့’အပ်နှင်းပါတယ်။ နိုင်ငံတော်အထောက်အပံ့ဆိုတာမျိုးတွေပေးပါတယ်။ ဒီအခါကြတော့ လူတချို့က ဆရာကြီးကို အစိုးရက ချီးမြှောက်သလိုလိုနဲ့ စည်းရုံးသိမ်းသွင်းတာခံနေရပြီလို့ဝေဖန်ကြပါတယ်။ ဆရာကြီးက တော့ ဟောသလိုကဗျာမျိုးရေးပြီး သူ့ရပ်တည်ချက်ကဘယ်လိုဆိုတာ နိုင်ငံသိအောင်ကြေညာလိုက်ပါတယ်။

“သြော် ... အနှီသည့် အတွက်ကယ်ကြောင့်
ဆီထည့်သည့် ခွက်လိုပေါ့
ပီတိပွက်ပွက်ပြီဲး ပြည်ကြီးဘက်မှာ အတော်ပေါတဲ့ပြင်
ဘော်ကြော့ဘက်မှာ တသက်လည်း ချစ်မကွာ ချစ်မကွာနဲ့ မေတ္တာရောက်လေတော့
တချက်တည်း ပစ်ပစ်ခါခါ သစ္စာဖောက်မယ်လို့
သခင် - အထင်မရောက်ကြလေနဲ့
မကြောက်မညှာာ မှန်ရာလုပ်သူမို့
အနုတ်စုတ် ဂုတ်စုတ်၊ အမြှောက်စိန် ဖေါက်ချိန်လို့ ခွဲသလိုပေါ့
တသုပ်နောက်တကြိမ် ပေါက်ဆိန်ပွဲမှာလဲ
သြော် - အသင်းတို့ အပင်းတို့ သတင်းတို့နဲ့ အဆက်မကွာအောင်ဟာ
မင်းတို့ဘက်မှာသာ ကြဲမဲ့ နွှဲမဲ့ပြင် ...”

ဒါကတော့ ဆရာကြီးက သူဟာ လူထုဖက်သာရပ်မယ့်လူဖြစ်တယ်လို့ အတိအလင်းကြေညာတဲ့ ကဗျာပါပဲ။

၁၉၅၂ ခုနှစ်အလွန်မှာ ကိုရီးယားစစ်ပွဲဟာ၊ ကမ္ဘာငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပါတယ်။ ပြည်တွင်း စစ်မီးက မငြိမ်းသတ်နိုင်တဲ့ကြားက ကမ္ဘာ့စစ်မီးထတောက်တော့မယ့် အန္တရာယ်ကိုလည်း မြင်ရတော့ ဆရာကြီး အဖို့ အင်မတန်သောကရောက်ခဲ့ရပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို အသက် (၇၀) ကျော်ကာမှ လူငယ်တွေနဲ့ ရင်ဘောင်တန်းးပြီး အလုပ်လုပ်ရရှာပါတယ်။
၁၉၅၂ ခု၊ တရုပ်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံပေါင်း (၃၇)နိုင်ငံကိုယ်စားလှယ်များနဲ့အတူ ကမ္ဘာ့ငြိမ်းချမ်းရးညီလာခံကြီးကို ဆရာကြီးတက်ရောက်ပြီး ကမ္ဘာ့စစ်မီးထတောက်မယ့်အရေးကို ၀ိုင်းဝန်းဖြေရှင်း ကြဘို့ကြိုးပမ်းခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်၊ ဟန်ဂေရီနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံကြီးကိုလည်း တက် ရောက်ခဲ့ပါတယ်။
ဒီနေရာမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆရာကြီးထားရှိတဲ့၊ ဆရာကြီးလက်ကိုင်ထားတဲ့ ငြိမ်းချမ်းရေး နည်းနာဆိုတာ၊ မူအားဖြင့် လူထုနည်းနဲ့ဖြေရှင်းဆောင်ရွက်တဲ့နည်းဖြစ်ပါတယ်။ လူထုညီညွတ်ရင် စစ်မီးတွေကို နိုင်အောင်ညှိမ်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ စစ်မီးတွေ၊ ပြည်တွင်းစစ်မီးတွေကို မွှေးတဲ့တရားခံဟာ၊ နယ်ချဲ့ သမားတွေနဲ့ ဖေါက်ပြန်မှားယွင်းတဲ့ အစိုးရတွေသာဖြစ်တယ်ဆိုတဲ့ စစ်ကိုဖန်တီးတဲ့ စစ်ရဲ့တရားခံကိုလည်း ရှင်းရှင်းပြတ်ပြတ်ပဲမြင်ပါတယ်။ တခါစစ်မီးတွေကို အပြီးအပြတ်ညှိမ်းသတ်နိုင်တဲ့နည်းဟာ အပြုတ်တိုက်ရေးနည်း မဟုတ်ပဲ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတဲ့နည်းသာ မှန်တယ်ဆိုတဲ့နည်းကို ဆရာကြီးကယုံကြည်ပါတယ်။
တခါ ... ၊နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ လူတန်းးစားအမြင်ကြည်လင်ဖို့လည်းလိုအပ်ပါတယ်။ ဆရာကြီးဟာ အလုပ်သမား၊ လယ်သမား လူတမ်းစား(၂)ရပ်ရဲ့အရေးပါပုံကို လက်ခံသူဖြစ်ပါတယ်။ ဒါဟာ ဟိုခေတ် ဟိုအခါ သမိုင်းရေးအခြေအနေမှာ အမှန်ကန်ဆုံးနဲ့ အတိုးတက်ဆုံးအမြင်ဖြစ်ပါတယ်။ ဒီလိုအယူအဆကို ဆရာကြီးရဲ့ ကဗျာတပုဒ်မှာ အခုလိုတွေ့ရပါတယ်။

“သြော် ... ဇမ္ဓူတခွင်တွင်ဖြင့်
လူအသွင် အပြင်နှင့်တကွ
မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့
တူချင်လည်းတူကြ၊ မတူချင်လဲ နေကြပေါ့နော်
ဖြူဖြူစင်စင် ဗြဟ္မာစရိယ ဂိုဏ်းတွေနဲ့
တူတံဇင် ဓမ္မ ကထိကမှိုင်းရယ်လို့
ကမ္ဘာ့အထိကရ နှစ်ပိုင်းတွင်ဖြင့်
စစ်ကိုင်းအောင် ကမ္ဘားယံတခွင်
(အိုကွယ်)ကဗ္ဘာ့က၀ိဓစ မှိုင်းရယ်လို့
သမိုင်းအောင်လံတင် ...”ဆိုပြီး ရေးတာတွေ့ရပါတယ်။

ဒီကဗျာပိုဒ်ထဲက အောက်ပါစာသားတွေကို ဂရုတစိုက်ထားပြီး ဖတ်ကြည့်ပါ။

“လူအသွင် အပြင်နှင့်တကွ
မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့
တူချင်လည်းတူကြ၊မတူချင်လဲ နေကြပေါ့နော် ...”

ဒီကဗျာစာသားတွေဟာ ဒီကနေ့ လက်ခံကျင့်သုံးလာကြတဲ့ ‘ဗဟုဝါဒ’ကို ဆရာကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)၀န်းကျင်ကတည်းက လက်ခံယုံကြည်ကျင့်သုံးခဲ့တယ်ဆိုတဲ့အချက်ကို အံ့သြဘွယ်တွေ့နိုင်မှာဖြစ်ပါတယ်။ ဂိုဏ်းဂနကိစ္စ၊ ပုဂ္ဂလကိစ္စ၊ အယူဝါဒကိစ္စ၊ လူမျိုးကိစ္စ၊ ဘာသာကိစ္စတွေမှာ ဆရာကြီးရဲ့အမြင်ဟာ “မတူတာတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး”ဆိုတဲ့ ‘ဗဟုဝါဒ’ကို ဆရာကြီးလက်ခံယုံကြည်ခဲ့တယ်ဆိုတာ သိတာထင်ရှားစေနိုင်တဲ့ကဗျာစာသားများဖြစ်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ကျနော်ဘာ့ကြောင့်တင်ပြခဲ့ရသလဲ။
ကျနော်တို့ စာပေသမားတွေအနေနဲ့ ကျနော်တို့ခေတ်မှာ ကျနော်တို့ကို စိန်ခေါ်နေတဲ့ နိုင်ငံရေးပြဿ နာတွေကို ဖြေရှင်းတဲ့အခါ ဘယ်လိုရပ်တည်ချက်မျိုးနဲ့ ရပ်တည်ဖြေရှင်းသင့်သလဲဆိုတဲ့ အဖြေကိုရဘို့အတွက် ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ကျနော်တင်ပြခဲ့တာဖြစ်ပါတယ်။ ဆရာကြီးဆီက ကျနော်တို့အတုယူ သင့်တဲ့အကြောင်း တင်ပြခဲ့တာပဲဖြစ်ပါတယ်။
အမှန်အားဖြင့်ဝန်ခံရမယ်ဆိုရင် ဆရာကြီးရဲ့နိုင်ငံရေးရပ်တည်ချက်ကို ကျနော်တင်ပြခဲ့တာ ပြီးပြည့်စုံခြင်း မရှိဘူးဆိုတာ ၀န်ခံရမှာဖြစ်ပေမယ့် ကျနော်လက်လှမ်းမီသလောက် အခုလိုတင်ပြခြင်းဖြင့်ပဲ စာပေရဲဘော်များ အတွက် တစုံတရာအကျိုးရှိစေမယ့် တင်ပြချက်ဖြစ်နိုင်ကောင်းရဲလို့ ကျနော်ယုံကြည်မိပါတယ်။

ငြိမ်းဝေ




ညှိနှိုင်းကိုးကားသည့်စာအုပ်များ

(၁) ဆရာကြီးသခင်ကိုယ်တော်မှိုင်း လေးချိုးပေါင်းချုပ်
(၂) သခင်ကိုယ်တော်မှိုင်း လက်ရွေးစဉ်လေးချိုးတရာ (မောင်တင်ရွှေ)
(၃) ဗိုလ်ဋီကာ (မစ္စတာမောင်မှိုင်းး)
(၄) စာပေအင်အား (အထက်ဗမာနိုင်ငံစာရေးဆရာအသင်း)
(၅) ခွေးဋီကာ (သခင်ကိုယ်တော်မှိုင်း)
(၆) မြန်မာကဗျာစာတမ်းများ(စာပေဗိမာန်ထုတ်၊ ပြည်သူ့လက်စွဲစာစဉ်)
(၇) သခင်ကိုယ်တော်မှိုင်း(မောင်တင်ရွှေ)
(၈) မှာတော်ပုံ နှင့် စစ်ကိုင်းပြန်မှာတော်ပုံ (ဆရာကြီးသခင်ကိုယ်တော်မှိုင်း)