Showing posts with label ရသအက်ဆေး. Show all posts
Showing posts with label ရသအက်ဆေး. Show all posts

March 05, 2011

အမှိုက်ပုံ


                                                                      ဂဏာပျော်တဲ့ စာသင်ကျောင်း
                                                         အမှိုက်ပုံ
                                                            (ဃ)
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဆယ်နှစ်ကျော်ကာလအတွင်း မြန်မာစာသင်ကျောင်းတွေ အသွင်အမျိုးမျိုးနဲ့ မိုးရာသီမှာ မှိုတွေပေါက်သလို ပေါ်ပေါက်လာကြရာမှာ ‘ ကောင်းကင်ပြာစာသင်ကျောင်း ´ ကလေးလည်း တခုအပါအဝင် ဖြစ်ပါသည်။

သို့ပေမယ့် ဒီစာသင်ကျောင်းကလေးကတော့ တကယ့်ကို အမှိုက်ထဲက ရွှေ ဖြစ်သည်။ 

မဲဆောက်မြို့ထဲကနေ မိနစ်နှစ်ဆယ်ကျော် နာရီဝက်ခန့် ဆိုင်ကယ်စီးသွားရင်ရောက်တဲ့ မြို့ပြင်ဘက် အမှိုက်ပုံကြီးတပုံရဲ့ဘေးမှာ အဲဒီအမှိုက်ပုံကြီးကိုပဲ အမာခံထားပြီး ဖွင့်ခဲ့တဲ့ စာသင်ကျောင်းကလေး ဖြစ်သည်။ အမှိုက်ပုံကြီးက အမှိုက်ဟူသမျှ ရွေးချယ်ကောက်ယူပြီး ဘဝအသီးသီး ထူထောင်ရပ်တည်နေကြတဲ့ မိသားစုတွေရဲ့ သားသမီးတွေကို စာသင်ပေးနိုင်ဖို့ ဖွင့်ခဲ့တဲ့ စာသင်ကျောင်းကလေးဖြစ်သည်။ နံမည်က ကောင်းကင်ပြာ...။ ( အများအားဖြင့်တော့ ဒီစာသင်ကျောင်းကလေးကို အမှိုက်ပုံကျောင်းလို့ပဲ ခေါ်ဝေါ်နေကြတာများပါသည်။)

ကျနော် ရောက်သွားတဲ့အချိန်မှာ တကယ့်ကို အပြာရောင်နောက်ခံ ကောင်းကင်တခုရဲ့အောက် နေရောင်တံလျပ်တွေ တဖြတ်ဖြတ်ပြေးနေတဲ့ မြင်ကွင်းထဲမှာ အဲဒီ စာသင်ကျောင်းကလေးကို ဘွားကနဲ ကျနော် တွေ့လိုက်ရတာပါ။ ဒါနဲ့ပဲ စာသင်ကျောင်းကလေးကို စတင်တွေ့လိုက်ရတဲ့ နေရာမှာပဲ ဆိုင်ကယ်ခဏရပ်ပြီး ကျနော် ဓါတ်ပုံရိုက်ခဲ့ရ၏။ ပင်ညောင်ညိုအောက်က ကောင်းကင်ပြာ စာသင်ကျောင်းကလေးပေါ့..။

ဒီကျောင်းကလေးကို မရောက်လာခင်ကတည်းက ကျောင်းကလေးအကြောင်း တစွန်းတစ သိထားတဲ့အခံက ရှိနေတာမို့ ကျနော့်မှာ စာသင်ကျောင်းကလေးကို မြင်ရတယ်ဆိုလျင်ပဲ စိတ်လှုပ်ရှားသွားရ၏။ ကျနော် ငယ်ငယ်က ကျောင်းဆရာရောဂါ တော်တော်သည်းထန်ခဲ့ဖူးသည်ကိုလည်း တွေးမိလာရပြန်သည်။ ကျောင်းဆရာ ဘဝ အမျိုးမျိုးကိုလည်း ဖြတ်သန်းခဲ့ဖူး၏။ အစိုးရခန့် မူလတန်းပြကျောင်းဆရာ။ ရွာက စပါးနဲ့  ငှါးသင်တဲ့ကျောင်းဆရာ၊ ကျောင်းသားမိဘတွေ စုပေးတဲ့ ငွေနဲ့ သင်တဲ့ကျောင်းဆရာ၊ တွဲဘက်ကျောင်းဆရာ ၊ စေတနာ ညကျောင်းဆရာ၊ ရပ်ကွက်ထဲက ကျောင်းမနေနိုင်တဲ့ ခလေးတွေအတွက် အခမဲ့ ဖွင့်ထားတဲ့ ညကျောင်းက ကျောင်းဆရာ..။ တကယ့်ကို ကျောင်းဆရာဘဝကို ခုံမင်ပျော်ပါးခဲ့ဖူးသည်။ သည်တုန်းက အသက် ၂၀ ကျော်။ ကျနော် စိတ်ကူးရှိသမျှ ကျနော် မက်ခဲ့တဲ့ အိပ်မက်ဟူသမျှ လက်တွေ့ အကောင်အထည်ဖေါ်ခဲ့သည့်အရွယ်။ ကျနော်သည်လည်းပဲ အိပ်မက်တွေ ရဲရဲ မက်ခဲ့ဖူးသည်ပေါ့။
စာသင်ကျောင်းဝန်းထဲ ဝင်သွားရင်ပဲ ကျနော့် စိတ်တွေ ပြန်လည် နုပျိုလာခဲ့ရပါသည်။ ခလေးတွေ အော်ဟစ်ပြေးလွှားနေကြစဉ် ခလေးတွေ စာအံနေကြစဉ် ခလေးတွေ တယောက်နဲ့ တယောက် တွန်းထိုးကြည်ဆယ်နေကြစဉ် ကျနော့်စိတ်တွေလည်း အတိတ်နှင့် ပစ္စုပန်ကြား ကူးချည်သန်းချည် ဖြစ်နေခဲ့သည်။

တူမလေး မြတ်နိုဗယ်လ်သန်းက ကျနော့်ကို ကျောင်းအုပ်ကြီးနှင့် မိတ်ဆက်ပေးသည်။ ကျောင်းအုပ်ကြီးက နေလောင်ထားတဲ့ အသားအရေ၊ အသက်အရွယ်အားဖြင့် ၃၀ ဝန်းကျင်။ အရပ်မြင့်မြင့်။ စကားကို အပိုအလိုမပြော။ မေးတခွန်း ဖြေတခွန်း။ မျက်နှာသွင်ပြင်က ခတ်အေးအေး။

သူ့ကျောင်းကလေးမှာ မွေးစားသလို ခေါ်ထားရတဲ့ကျောင်းသား၊ မိဘများနဲ့ အဆက်အသွယ်ပြတ်သွားတဲ့ ကျောင်းသားများအကြောင်း ပြောပြနေစဉ် သူ့မျက်လုံးများထဲက အဓိပါယ်ကို ကျနော် ကောင်းကောင်း ဖတ်ကြားလို့ ရနေသည်။ သူ့ စကားသံက မပွင့်တပွင့်။ ရှင်းပြသလိုလည်းမဟုတ်၊ ငြီးတွားသလိုလည်းမဟုတ်၊ သောက စွက်သည့် မျက်နှာထားနှင့်။ ကျောင်းကလေးကိုတလှည့် ကျောင်းသားလေးတွေဆီတလှည့် ကျနော့်ဘက်ကိုတလှည့် လှည့်ကြည့်လှည့်ကြည့်လုပ်ရင်းမှ ကျနော့် ကို ရှင်းပြနေသည်။ 

ကျနော်က ကျောင်းအုပ်ကြီး၏ ရုံးခန်းကလေးထဲတွင် ထိုင်ကာ ကျောင်းအုပ်ကြီးနှင့် မိနစ် ၂၀ ခန့် စကားပြောသည်။ ရုံးခန်းကလေးထဲတွင် ရေးလက်စ ဆွဲလက်စ မြေပုံတွေ၊ ရေးလက်စ သင်ခန်းစာအထောက်အကူပြု စာတမ်းတွေ၊ ပုံတွေ၊ ပြီးတော့ ကွန်ပျူတာ တလုံး။ 

စာသင်ကျောင်းကလေး စတင်ဖွင့်လှစ်ဖို့ ကြိုးစားခဲ့စဉ်က အတွေ့အကြုံတွေကို ကျနော် နားထောင်သည်။ စတင်ဖွင့်လှစ်စဉ်က အခုဖွင့်ထားသည့် နေရာနှင့် အတန်ငယ်ဝေးသည့်နေရာတွင် ကျောင်းဖွင့်ခဲ့ရသည်။ အမိုးသာရှိပြီး အကာမရှိ။ ဂိုဒေါင်ဟောင်းတခုကို ငှါးဖွင့်ခဲ့သည်။ကျောင်းဖွင့်စက ကျောင်းသား ၄၇ ယောက်။ လုပ်အားပေးဆရာ ၃ ယောက်။ အခုတော့ ဆရာ ဆရာမများကို လစာပေးနိုင်ပြီ။ ဆရာ ဆရာမ ၁၀ ယောက်။ ကျောင်းအိပ်အကျောင်းစား ၃၀ ကျော်။ စုစုပေါင်း ကျောင်းသား ၁၂၀ ကျော်။ အမှိုက်ပုံမိသားစုဝင်များသာမက အနီးအနားတောင်ယာ လူငှါးလုပ်ကိုင်သူ မြန်မာနိုင်ငံသား မိသားစု သားသမီးများကိုပါ စာသင်ပေးနေပြီ။ 

၂၀၀၆ခု၊ မေလ အတွင်းတုန်းကတော့ ယခင်အမှိုက်ပုံအဟောင်းဘေးတွင် ဖွင့်လှစ်ခဲ့ရာက အခုတော့ အလှူရှင်တွေ ကျောင်းသားမိဘတွေရဲ့ အကူအညီနဲ့ အမှိုက်ပုံအဟောင်းနှင့် အတန်ငယ်ဝေးသည့် ကတ္တရာလမ်းဘေးသို့ ၂၀၁၀ ခုနှစ်တွင် ရွှေ့ပြောင်းခဲ့သည်။
အခုတော့ အမှိုက်ပုံကြီးဆီက ရတဲ့ အနံ့ဆိုးများနှင့် အနည်းငယ်ဝေးရာမှာ နေရာပြောင်းခဲ့သဖြင့် ကျောင်းသားများရဲ့ ကျန်းမာရေးသည်လည်း သိသိသာသာ တိုးတက်လာခဲ့ရပါသည်ဟု ဆရာကြီးက ရှင်းပြသည်။
ကျနော်က ဧည့်သည်တယောက် ရောက်လာသဖြင့် ကျောင်းအုပ်ကြီးရုံးခန်းထဲမှ ပြန်ထွက်လာကာ ကျောင်းရှေ့ကို ထွက်ခဲ့သည်။ ကျောင်းရှေ့ နေရိပ်အစပ်တွင် ရပ်သည်။ ကျောင်းဝန်းကျင်ကို ကြည့်သည်။ တောရိပ်တောင်ရိပ်နှင့် နီးသဖြင့် ကျနော့်စိတ်သည်လည်း စိမ်းလန်းလာနေသည်။

ရုတ်တရက်ဆိုသလို စူးစူးဝါးဝါး ကျောင်းသားတစ်ယောက်ငိုသံကြားလို့ အသံကြားရာဘက် လှည့်ကြည့်တော့ ရပ်ထားသည့် ကျနော့်ဆိုင်ကယ်ဘေးတွင် ခလေးတစ်ယောက် မြေကြီးပေါ်မှ လူးလဲထရပ်ရင်း ငိုနေသည်။ ဆိုင်ကယ်ပေါ်မှာက ခလေး ၂ ယောက်။ သူတို့က ဘာမှမဖြစ်သလို ဆိုင်ကယ်ကို မြင်းလုပ်ပြီး စီးနေကြသည်။ ကျနော်က ငိုနေသည့် ကျောင်းသားလေးအနား ကပ်သွားတော့ တခြား ခတ်ကြီးကြီးကျောင်းသားတစ်ယောက်က လာပြီး ဆွဲခေါ်သွားခဲ့၏။ 

ဒီလိုအဖြစ်အပျက်ကိုမြင်တော့ ကျနော့်ရဲ့ ကျောင်းဆရာဘဝ ကျနော့်ကျောင်းသားလေးတွေကိုလည်း ပြန်လည်မြင်ယောင်လာမိသည်။
ထိုစဉ်က ကျနော့် စာသင်ကျောင်းရှိရာ ရွာကလေး၏ ချောင်းတဖက်ခြမ်းတွင် သစ်ထုတ်လုပ်ရေးမှ ကားကြီးများ ရောက်လာနေသည်ကြားသဖြင့် ကျောင်းသားများနှင့်ကျနော် ချောင်းတဖက်ကို ကူးလာခဲ့သည်။ ထိုနှစ်က သစ်ထုတ်လုပ်ရေးကားများ ကျနော်စာသင်ရာရွာကလေးဆီ ပထမဦးဆုံးအကြိမ် ရောက်လာခဲ့သည့် နှစ်ဖြစ်သည်။ နွေရာသီသုံး လှည်းလမ်းကို အနည်းငယ်ပြင်ကာ သစ်ထုတ်လုပ်ရေးကားများ ပဲခူးချောင်းဖျားသို့ စတင်တက်လာနိုင်ခဲ့သည့် နှစ် ဖြစ်သည်။ ကျနော်တို့တတွေ ရပ်ထားသည့်ကားကြီးများကို တွေ့တော့ တချိန်လုံး ဆူညံနေခဲ့သည့် ကျောင်းသားများမှာ စကားမပြောပဲ အားလုံး တိတ်ဆိတ်သွားသည်ကို ကျနော် သတိပြုမိလိုက်သည်။

ကားဆရာများနှင့်ကျနော် လမ်းဘေးသစ်ပင်ရိပ်အောက်တွင် စကားပြောနေစဉ် ကျနော့်ကျောင်းသားများက သစ်တင်ကားကြီးများကို ဂူအောင်းလူသားများက ဒိုင်နိုဆောကြီးများကို ဝိုင်းကြည့်နေကြသလို ခတ်လှမ်းလှမ်းမှ ဝိုင်းစုပြီး ကြည့်နေကြသည်။

သတိရလို့ လှမ်းကြည့်တော့ ကားကြီးတစင်းပေါ်တွင် ကျနော့်ကျောင်းသားများ အုပ်စုဖွဲ့ပြီး တက်ဆော့နေကြသည်ကို တွေ့ရသည်။ ကားဆရာက ကျနော့်ကို ခွင့်ပြုထားလိုက်ဖို့ ပြောသဖြင့် ကျနော်သည်လည်း ကားဆရာနှင့် စကားဆက်ပြောနေခဲ့သည်။

ရုတ်တရက်ဆိုသလို ကားဟွန်းသံကြီး ထွက်ပေါ်လာနေသည်။ ဟွန်းသံက ရပ်မသွား။ ကားပေါ်မှ ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် ကမန်းကတန်း ခုန်ချထွက်ပြေးနေကြသည်။ ကားဆရာနှင့်ကျနော် ကားရှေ့ခန်းဘေးရောက်တော့ ကားမောင်းသူ့ထိုင်ခုံတွင် ကျောင်းသားတစ်ယောက် အရုပ်ကြီးလို တောင့်တောင့်ကြီးထိုင်နေသည်ကို တွေ့ရသည်။ သူ့ လက်က စတီယာတိုင်ပေါ်ဖိလျက်။ စတီယာရင်တိုင် အဝိုင်းအလည်က ဟွန်းခလုပ်ပေါ်လက်တင်ထားသည်ကို မရုပ်သိမ်းပဲ အတင်းဖိထားသလိုဖြစ်နေ၏။ ကားဟွန်းသံက မရပ်တော့။ ကားဆရာက ထိုင်လျက်မေ့နေသော ကျနော့်ကျောင်းသားလေးကို အောက်သို့ ပွေ့ချပေးသည်။ သူ မေ့ပြီးတပ်ထားခဲ့သည့် ကားသော့ကို ဖြုတ်သည်။ မြည်နေသည့် ကားဟွန်းသံသည်လည်း ရပ်သွားသည်။ မေ့နေသည့်ကျောင်းသားလေးမှာ ချက်ချင်းဆိုသလို သတိပြန်လည်လာခဲ့၏။ ပြီးတော့ ကျနော့်လက်ထဲမှ ရုန်းထကာ ထွက်ပြေးဖို့ပင် လုပ်နေသေး၏။
အခုတော့ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီ။ ကျနော်မက်ခဲ့တဲ့ အိပ်မက်မျိုးကို ကောင်းကင်ပြာကျောင်း ကျောင်းအုပ်ဆရာကြီးသည်လည်း ဆက်ပြီး မက်နေလေဦးလား။ ကျနော် သိချင်နေခဲ့၏။
                                          အိပ်မက်တွေ ရဲရဲ မက်နိုင်ပါစေ ခလေးရေ
နေရောင်အောက်က ကစားကွင်းမှာ နေရောင်တံလျပ်တွေ လှိုင်းထပြီး ပြေးနေသည်။ ကျနော်က ကစားကွင်းရဲ့တဖက်ထိပ် ကျောင်းဝန်းအစပ်က ညောင်ပင်ကြီးအောက် လျှောက်လာခဲ့သည်။ ကျောင်းဘက်ကိုပြန်ကြည့်တော့ ရောင်စုံအရုပ်တွေရေးထားသည့် စာသင်ကျောင်းကလေးကို တွေ့နေရသည်။ ကျောင်းသားတွေဆူညံပွက်လောရိုက်နေသံနှင့်ဝေးသွားသဖြင့် ကျနော့်စိတ်ကအတိတ်ကို ပြန်ပြေး သွားနေ ပြန်သည်။ ကျနော်ငယ်စဉ် မူလတန်းပြ ဆွဲခန့်ကျောင်းဆရာ စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ပုံကို အလိုလို သွားတွေးနေမိပြန်သည်။

၁၉၇၃ ခုနှစ်ခန့် ကဖြစ်သည်။ ဖခင်ဖြစ်သူက တောင်ငူအကျဉ်းထောင်အတွင်း ရှိနေစဉ် မိသားစု စားဝတ်နေရေးအရ ကျနော် အလုပ်လုပ်ဖို့ ဆုံးဖြတ်ရသည့်အခါ မူလတန်းပြ ဆွဲခန့် ဆရာ ဝင်လျှောက်ခဲ့သည်။ မဖြစ်မနေ အလုပ်လုပ်ရမည် ရှိသောအခါ ကျောင်းဆရာစိတ် ရူးသွပ်နေသူ ကျနော့်အဖို့  ကျောင်းဆရာလုပ်ခွင့်ကြုံသောအခါ ရေငတ်တုန်း ရေတွင်းထဲ ကျသလို ဖြစ်သည်။ ပဲခူးမြို့ အမှတ် ၂ အထက်တန်းကျောင်းကြီးတွင် ကျောင်းဆရာ စာမေးပွဲ ဝင်ဖြေသည်။ အောင်စာရင်းထွက်တော့ ကျနော်က အဆင့် ၇ ဖြစ်သည်။ ကျောင်းဆရာ ၂၀၀ ကျော် ခန့်ခဲ့သည့် နှစ်ဖြစ်သည်။ မိမိတာဝန်ကျရာ စာသင်ကျောင်းများကို အောင်မှတ်အဆင့်အတိုင်း မိမိကိုယ်တိုင်ရွေးရသည်။

ထိုနေ့က အမှတ် ၂ စာသင်ကျောင်းနောက်ဖေးက စည်းဝေးခန်းမဆောင်ကြီးထဲတွင် စာမေးပွဲအောင် ဆရာ ဆရာမ ၂၀၀ ကျော်။ ခမ်းမကြီးထဲတွင် ဆူညံလျက်ရှိသည်။ ကျနော့်ဘေးနားက ဆရာ ဆရာမလေးတချို့ပြောနေသောစကားက ကျနော့်နားထဲ တန်းတန်းမတ်မတ် ဝင်လာသည်။ သူတို့က ကိုယ်ရွေးရမည့် နေရာလပ်ရှိသည့် စာသင်ကျောင်းများကို အသေအချာ စဉ်းစားပြီးမှ ရွေးသင့်ကြောင်း အထူးသဖြင့် ထန်းတောကြီးရွာနှင့် ဇောင်းတူရွာက စာသင်ကျောင်းများကိုတော့ ယောင်လို့ မှ မရွေးကြဖို့အကြောင်း အချင်းချင်း သတိပေးနေကြသည်။ 

ကျောင်းဆရာများ ကျောင်းနေရာ တယောက်ချင်းစီထပြီး မရွေးခင် ပါတီယူနစ်ဥက္ကဌ ဗိုလ်ကြီးချစ်တင်က အမှာစကားပြောသည်။ စာမေးပွဲတွင် အဆင့်နေရာ အလိုက် အစဉ်အတိုင်း ကိုယ်ကြိုက်ရာနေရာ ရွေးကြဖို့ ရှင်းပြသည်။

ကျနော် က အဆင့် ၇ ဖြစ်သည်မို့ အစေါဆုံးရွေးခွင့်ရသည်။ ကျနော့်နောက်တွင် လူ ၂၀၀ ကျော် ရှိနေသည်။ လစ်လပ်သည့် နေရာကလည်း ၂၀၀ ကျော် ရှိနေသေးသည်။ ပဲခူးမြို့ပေါ် နေရာလပ်ရှိသည့်နေရာများကို တခဏမျှ ကြည့်မိသေးသည်။ ပြီးတော့မှ ကျနော်က ထိုင်ရာမှ ထကာ နေရာလပ်များရေးထားသည့် ကျောက်သင်ပုန်းကြီးပေါ်က နေရာတနေရာကို အော်ပြီးပြောလိုက်သည်။ လူတွေ ဝေါကနဲ ဆူဆူညံညံအောင် ရယ်မောလိုက်ကြသဖြင့် ကျနော်သည်ပင် ကြောင်စီစီဖြစ်သွားရ၏။ 

ပါတီယူနစ်ဥက္ကဌ ဗိုလ်ကြီးချစ်တင်က ကျနော့်ကို နေရာမှားပြီးရွေးသည်ဟု ထင်ဟန်တူပါသည်။ နောက်တကြိမ် စိတ်တိုင်းကျနေရာ ပြန်စဉ်းစားပြီးရွေးဖို့ပြောသည်။ ကျနော်က ပထမ ပြောထားသည့် ကျောင်းနံမည်ကိုပဲ ထပ်ပြီး အတည်ပြုလိုက်သည်။ လူတွေက ကျနော့်ကို သနားစရာလူတစ်ယောက်လို ဝိုင်းကြည့်နေကြသည်ဟု ခံစားလိုက်ရသည်။

အိမ်ရောက်တော့ မိခင်ဖြစ်သူက ကျနော့်ကို ကြိုသည်။ ကျောင်းဆရာ အလုပ်ရခဲ့ပြီဖြစ်သဖြင့် မိခင်က ဝမ်းသာနေသည်။ ကျနော့်ဆီက အပေါ်အကျီ၊ လက်ထဲက စာအုပ်များကို ယူသည်။ အိမ်ရှေ့စားပွဲဘေးတွင် သားအမိ ၂ ယောက် ထိုင်ကြသည်။ ကျနော်က မိခင်ကို ဘယ်လိုပြောရမည် မသိဖြစ်နေသေးသည်။ မပြောလို့လည်း မဖြစ်သဖြင့် ပြောပြရသည်။ ကျနော် ရွေးချယ်ခဲ့သည့် ကျောင်းမှာ ထန်းတောကြီးရွာ အလယ်တန်းကျောင်း ဖြစ်သည်ဟု...။

မိခင်က ရုတ်တရက် ကျနော့်ကို ငေးပြီးကြည့်သည်။ ပြီးတော့ မျက်ရည်များ စီးကျလာနေသည်။
ကျနော်က ထန်းတောကြီး ရွာဆိုသည်မှာ ဝန်ထမ်းများ အပြစ်ရှိသည့်အခါ ပို့သည့် ကျေးတော ငှက်တော ပဲခူးချောင်းဖျားက အင်မတန်ခေါင်သည့်နေရာဖြစ်သည်ကို ကျနော် သိသည့်အကြောင်း၊ ပထမအချက် ကျနော်က အခုလို မဖွံ့ဖြိုးသေးသည့်ဒေသကို တမင်သွားချင်လို့ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအချက် အဲဒီဒေသက ကျောင်းဆရာများကို ရွာသားတွေက ချစ်ကြခင်ကြကြောင်း စားစရိတ်ပင် မကုန်ကြောင်း ဟိုရောက်ရင် စားစရိတ်လည်းသက်သာ ကျနော်လည်း သုံးစရာဖြုန်းစရာ မရှိသဖြင့် မိခင်ဆီကို လစာအပြည့်နီးပါး ပြန်ပို့နိုင်မည်ကိုတွေးပြီး ထန်းတောကြီးကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြနေခဲ့မိသည်။

မျက်ရည်တစမ်းစမ်းနှင့် အိပ်ခန်းတွင်း ဝင်သွားသောမိခင်ရဲ့မြင်ကွင်းကို အခုထက်ထိ ကျနော် မမေ့နိုင်သေး။ 

အကယ်၍ ကျနော်က တာဝန်ကျရာ ထန်းတောကြီးရွာကို သွားပြီး စာသင်ရမည် ဆိုလျင် မိခင်ဖြစ်သူမှာ အိမ်တွင် တစ်ဦးတည်း အထီးကျန်ဖြစ်ကာ ကျန်ရစ်နေခဲ့မည်ကို ကျနော် မသိမဟုတ်။ သိသည်။ သို့ သော် ကျနော်က ကျနော့်အိပ်မက်ကို ရဲရဲသာ မက်ခဲ့မိသည်။ 

အခုလို ကောင်းကင်ပြာစာသင်ကျောင်းကလေးရှေ့တွင် ရပ်ကာ၊ တောရိပ်တောင်ရိပ်များကို ငေးကာ ငယ်စဉ်က အိမ်မက်တခု ရဲရဲမက်ခဲ့မိသည့် ကျနော့်၏ လူငယ်ဘဝကိုတွေးကာ ကျနော့် နှလုံးသားများ ရုတ်တရက် စိမ်းလန်းသွားရ၏။

ငြိမ်းဝေ
အမှိုက်ပုံ အပိုင်း ကို ဆက်လက်ဖတ်ရှုပါရန်....
(အောက်မှာဖေါ်ပြထားတဲ့ဓါတ်ပုံ ၂ ပုံကတော့ တူမလေး မြတ်နိုဗယ်လ်သန်း ကျေးဇူးပြုထားတာပါ။)




March 10, 2008

ဖိနပ်များ


ကျွန်တော်သည် လူ့အသုံးအဆောင်ပစ္စည်းများအနက် ဖိနပ်ကို တခြားအသုံးအဆောင်ပစ္စည်းများထက် ပိုပြီး စိတ်ဝင်စား၏။ ငယ်စဉ်က နာရီ၊ အင်္ကျီ၊ ဖောင်တိန်၊ ဦးထုပ်များကို ဖိနပ်ထက်ပိုပြီး ခုံမင်ခဲ့ဖူးသော်လည်း ကျွန်တော့်စိတ်အာရုံထဲတွင် ဖိနပ်ကသာ ပိုပြီး လွှမ်းမိုးနေတတ်၏။ ဖိနပ်ကို ပိုပြီးအလေးအနက်ထားမိ၏။ ဥပမာ ငယ်စဉ်ဘ၀ သူငယ်ချင်း မိန်းကလေး တဦးနှင့် ကစားရင်း ရန်ဖြစ်သည့်အခါ ထိုသူငယ်ချင်း မိန်းကလေးက `ဖိနပ်နဲ့ ပါးရိုက်ခံချင်လို့လား´ဟု ရန်စကားပြောသည့် အတွက် ကျွန်တော့်မှာ ဆတ်ဆတ်ခါအောင် ဒေါသထွက်ခဲ့ဖူး၏။ ကျွန်တော်က `တုတ်နှင့် ဒါမှမဟုတ် တခြားအရာဝတ္ထု တခုခုနှင့် ရိုက်ခံချင်လို့လား´ဟု မေးသည်ထက် `ဖိနပ်နှင့် အရိုက်ခံချင်လို့လား´ဟု မေးသည်ကို ပိုပြီး ခံစားနာကျင်မိ၏။

တခါတရံ အိမ်ခြံဝန်းထဲတွင် မည်သူက စွန့်ပစ်ထားခဲ့မှန်းမသိသည့် ဖိနပ်အဟောင်းများကိုတွေ့လျှင် မိဘများက ခြံဝန်း အပြင်သို့ ကမန်းကတန်းလွှင့်ပစ်တတ်၏။ အိမ်ထဲသို့ စနေနံ မ၀င်ကောင်းဟု ပြောတတ်သည့် မိခင်၏စကားကို တွေးမိသည်။ စနေနံချင်းတူပါလျက် ဦးထုပ်၊ ထီးနှင့် နာရီများထက် ဖိနပ်ကို ဘာ့ကြောင့်ပိုပြီး ထိတ်လန့် စိုးရိမ်တတ်ပါလိမ့်ဟု မေးခွန်း ထုတ်မိ၏။ လူတွေက `ဖိနပ်´ကို တခြားလူ့အသုံးအဆောင်ပစ္စည်းများနှင့် တတန်းစားတည်း သဘောမထားကြသည့်အတွက် ကျွန်တော့်မှာ `ဖိနပ်´ကို ပိုပြီး စိတ်ဝင်စားခဲ့၊ လေးနက်နေခဲ့ လေသလားမသိ။
ငယ်စဉ်ဘ၀တလျှောက်လုံး `ဖိနပ်´ကို အနှုတ်လက္ခဏာသဘောနှင့် လက်ခံလာခဲ့သည့် ကျွန်တော့်မှာ အသက် ၂၀
ဝန်းကျင်တွင် သဘောထားတချို့ပြောင်းလဲဖို့ ဖြစ်လာခဲ့၏၊ ကျွန်တော့်သဘောထားကို တစုံတရာ ပြောင်းလဲအောင် ဖန်တီးလိုက်သည့် `ဖိနပ်´မှာ အပြင်တွင် တကယ်ရှိသည့် `ဖိနပ်´တော့ မဟုတ်။ ဒိန်းမတ် ပုံပြင်ဆရာ `အင်ဒါဆင်း´၏ `ပုံပြင်လာ´ဖိနပ်တရံပင်ဖြစ်သည်။ ချစ်သူ၏ရှေ့တွင် ခြေထောက်တွေ မည်မျှပင် နာကျင်ရသည်ဖြစ်စေ တန်ခိုးရှိသည့် ဖိနပ်ကလေးကိုစီးပြီး ကခုန်ဖြေဖျော်ခွင့်ရလျှင် ကျေနပ်နေတတ်သည့် ရေသူမလေးပုံပြင်ထဲမှ `တန်ခိုးရှိ ဖိနပ်ကလေး တရံ´ကို ကျွန်တော့်မှာ အကြောင်းတိုက်ဆိုင်တိုင်း သတိရနေတတ်၏။ `ဖိနပ်´ကို အဆင့်အတန်းနိမ့်ကျသည့် အရာဝတ္ထု တခုအဖြစ်မှ တခြားတွေးတောဖွယ် အရာဝတ္ထုအဖြစ်သို့ ကူးပြောင်းလက်ခံလိုက်မိ၏။
ကျွန်တော့်စိတ်ထဲတွင် မိမိကိုယ်တိုင်က သတိမထားမိဘဲ အလိုလို နက်ရှိုင်းစွာ သိမ်းဆည်းထားမိသည့် `ပုံပြင်လာ ဖိနပ်´ ကလေးအပြင် နောက်ထပ် ဖိနပ်တရံကို တွေ့ရပြန်၏။ ယင်းဖိနပ်တရံမှာလည်း အပြင်တွင် တကယ်ရှိသည့် ဖိနပ်တရံ မဟုတ်ပြန်ပေ။ ပန်းချီကားတချပ်ထဲက `ဖိနပ်´တရံ ဖြစ်၏။ ပန်းချီကား၏ လက်ရာရှင်မှာ မည်သူမည်ဝါရယ်ဟု ခွဲခြား မမှတ်မိတော့သည့်တိုင် ပန်းချီကားထဲက `ဖိနပ်´တရံကိုမူ အကြောင်းတိုက်ဆိုင်တိုင်း မျက်စေ့ထဲ၌ ပြန်လည်မြင်နေမိ၏။ ပန်းချီကားထဲက ဖိနပ်တရံမှာ `ဒေါက်မြင့်ဖိနပ်ကလေးတရံ´ဖြစ်၏။ ဒေါက်မြင့်ဖိနပ်ကလေးတဖက်မှာ တစောင်းလဲလျက် ရှိပြီး ထိုလဲနေသည့် ဒေါက်မြင့်ဖိနပ်ပေါ်တွင် ယောက်ျားဖိနပ်တဖက်က ပိနေသည့် ပန်းချီကားပုံ ဖြစ်သည်။ ပန်းချီကား၏ အမည်မှာ `အဖေက ပန်းနာသည်၊ မောင်နှမ ခြောက်ယောက်´ဟု ပေးထား၏။ ထိုပန်ချီကားထဲက `ဒေါက်မြင့် ဖိနပ်ကလေး တရံ´ကိုကြည့်ကာ ကျွန်တော့်မှာ အတွေးအမျှင်တန်းလျက် ကြေကွဲနေခဲ့ဖူး၏။ ရက်များစွာ ကြာသည်အထိ၊ ပန်းချီကား တချပ်ထဲက ဒေါက်မြင့်ဖိနပ်ကလေးအကြောင်း လူတကာကို လိုက်ပြောလို့မဆုံးအောင် စိတ်လှုပ်ရှားနေခဲ့ဖူးလေသည်။
`ပုံပြင်လာဖိနပ်´၊ `ပန်းချီကားထဲက ဒေါက်မြင့်ဖိနပ်´တို့မှာ အပြင်တွင် တကယ်ရှိသည့် ဖိနပ်များမဟုတ်ကြပါ။ သို့ပေသည့် ကျွန်တော်က အပြင်တွင် တကယ်ရှိသကဲ့သို့ စိတ်ဝင်စား ငြိတွယ်ခဲ့ရ၏။ အပြင်တွင် တကယ်ရှိသော ဖိနပ်တရံကိုမူ အသက် ၄၀ ကျော်ကာမှ ကျွန်တော်တွေ့ရ၏။ ထိုဖိနပ်တရံမှာ ကျွန်တော့်သား သုံးယောက်စီးရန် အိမ်ရှင်မကိုယ်တိုင် ၀ယ်ပေးထားသည့် ဖိနပ်ဖြစ်သည်။ ကတ္တီပါသဲကြိုးတပ် သားရေဖိနပ် တရံဖြစ်၏။ ထိုစဉ်က ကျွန်တော်သည် ကျောင်းဆရာအလုပ်မှ ထွက်ကာ နိုင်ငံရေးနယ်ပယ်တွင် ခြေစုံပစ်ဝင်လိုက်သည့် အချိန်ဖြစ်၏။ တမိသားစုလုံး၏ စားဝတ်နေရေးကိစ္စကို အိမ်ရှင်မက ဈေးတောင်းခေါင်းရွက်ပြီး တာဝန်ယူနေရသော အချိန်ဖြစ်၏။ တနှစ်ကြီး တနှစ်ငယ် ဖြစ်ကြသည့် သားသုံးယောက်မှာ တယောက်နှင့် တယောက် မတိမ်းမယိမ်း သဘောဖြစ် သဖြင့် အိမ်ရှင်မက သားသုံးယောက် စလုံး စီးနိုင်သည့် အနေတော် ဖိနပ်တရံကို ၀ယ်၏။ ရွာထဲတွင် အလှူပွဲလမ်းရှိလျှင် သားသုံးယောက် တလှည့်စီ စီးပြီး ပွဲဝင်ရန် စည်းကမ်းချက်ချ၏။ တနေ့ သားသုံးယောက်စလုံး ကျောင်းတက်နေသည့် စာသင်ကျောင်းတွင် ဆရာပူဇော်ကန်တော့ပွဲလုပ်၏။ ထိုအခါ သားသုံးယောက်စလုံးက ဆရာပူဇော်ကန်တော့ပွဲ သွားချင်ကြ ၏။ မိဘနှစ်ပါးမသိအောင် အိမ်ထရံအကွယ်တွင် အိုးခြမ်းပဲ့မြှောက်ပြီး မဲချကြ၏။ အိမ်ရှင်မက မကြားဟန်ပြုကာ ဟင်းရွက်ခူး သွားဦးမည်ဟုဆိုပြီး အိမ်ပေါ်က ဆင်း၏။ ကျွန်တော်က မသိဟန်ဆောင်ကာ စာကိုသာ ခေါင်းငုံ့ပြီး ဖတ်နေလိုက်၏။ ထိုနေ့ညက သားသုံးယောက်စလုံး အိပ်ပျော်နေကြသည့်အခိုက် ကျွန်တော်တို့ လင်မယား နှစ်ယောက် `ဖိနပ်တရံ´ကို ထိုင်ကြည့်ကာ သေရာပါမတတ် ခံစားခဲ့ရ၏။ ထိုအချိန်မှစကာ သားသုံးယောက်ပိုင် `ဘုံဆိုင် ဖိနပ်တရံ´ကိုလည်း ကျွန်တော် မမေ့နိုင်တော့။
အသက်အရွယ်ရလာသောအခါ `ပုံပြင်လာ ဖိနပ်´၊ `ပန်းချီကားထဲက ဖိနပ်´နှင့် `သားသုံးယောက်ပိုင် ဘုံဆိုင်ဖိနပ်´ တို့အပြင် စာအုပ်ထဲတွင် ဖတ်ရ၊ တွေ့ရသော ဖိနပ်များကိုလည်း စိတ်ထဲ၌ စွဲလန်းအောက်မေ့ တတ်လာခဲ့၏။ တခါတွင်မူ ဂျာမဏီပြည်တွင် နာဇီဟစ်တလာ လက်ပါးစေများက လူတွေကို အဆိပ်ခန်းအတွင်း သွင်းကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်စဉ် သေဆုံးသူများ ချန်ရစ်ကျန်ရစ်သည့် ဖိနပ်ပုံကြီးတပုံကို စာအုပ်တအုပ်ထဲတွင် ကျနော်တွေ့ရ၏။ အဆိပ်ခန်း အတွင်း ၀င်ခဲ့ကြရသည့် ဖိနပ်ပိုင်ရှင်များအတွက် ကျွန်တော့်မှာ ကြေကွဲရ၏။ ထို့နည်းတူ ရုရှားနိုင်ငံ ဇာဘုရင့်နန်းတော်ကို
ဝိုင်းဝန်းဆန္ဒပြကြသည့် ရုရှားပြည်သူများကို နန်းတော်စောင့်တပ်သားများက သေနတ်နှင့် ပစ်ခတ်နှိမ်နင်းအပြီး အိုဒက်ဆာ လှေကားထစ်များပေါ်က လူသေအလောင်းများ၊ ဦးထုပ်များကြားထဲတွင် ဖိနပ်များဖရိုဖရဲကျန်ရစ်သည့် ဓာတ်ပုံကိုကြည့်ကာ ကျွန်တော့်မှာ တုန်လှုပ်ခြောက်ခြားရ၏။ ထို `အိုဒက်ဆာလှေကားပေါ်က ဖိနပ်များ´သည်လည်း ကျွန်တော့်အတွက် မေ့မရနိုင်သည့် ဖိနပ်များ ဖြစ်လာခဲ့၏။
ယခုအခါ မည်သည့်အချိန်တွင်ဖြစ်စေ … လမ်းဘေးတနေရာ၌ သဲကြိုးပြတ် ဖိနပ်တဖက် သို့မဟုတ် နွမ်းရိစုတ်ပြတ်နေသည့် ဖိနပ်တရံကိုဖြစ်စေ ဖိနပ်အကောင်းတရံကိုပင်ဖြစ်စေ တွေ့မိလျှင် လမ်းကိုဖြောင့်အောင်မသွားနိုင်ပဲ ထိုလမ်းဘေးက ဖိနပ်ကိုသာ လှည့်ကြည့် လှည့်ကြည့် လုပ်နေခဲ့မိ၏။ ပြီးတော့ ကျနော့်မှာ အချိန်ကြာမြင့်စွာ စိတ်လှုပ်ရှားရင်ခုန် နေမိလေတော့၏။
(ဒီအက်ဆေးကတော့ ၂၀၀၆-ခုနှစ်၊ ဇွန်လတုန်းက ဧရာဝတီအင်တာနက်မဂ္ဂဇင်းများ ရေးခဲ့တဲ့ အက်ဆေးလေးပါ။ ရွှေဝါရောင်တော်လှန်ရေးတုန်းက ငွေကြာယံဘုန်းတော်ကြီး ကျောင်းတိုက်ကို၊ စစ်အစိုးရစစ်တပ်တွေ စီးနင်းဝင်ရောက်တိုက်ခိုက်ပြီး၊ စစ်သားတွေ ကျောင်းတိုက်ထဲက ပြန်လည်ထွက်ခွါသွားတဲ့အခါ၊ သွေးအိုင်ထဲမှာ ဖရိုဖရဲကျန်ရစ်နေခဲ့တဲ့ သံဃာတော်များရဲ့ ဖိနပ်တွေကို တွေ့ခဲ့ရလို့၊ ဒီအက်ဆေးလေးကို ပြန်ထုတ်ကြည့်မိရင်းက ဒီကနေ့ အဲဒီ အက်ဆေးလေးကိုပဲ တင်လိုက်တာပါ။)


January 20, 2008

အော်သံ



(၁)
ပြတင်းပေါက်ဘေးတွင်သွားရပ်ပြီး အသံလာရာဆီလိုက်ကြည့်သည်။ တုန်လှုပ်ချောက်ချားသည့်စိတ်က ငယ်ထိပ်အထိ တက်လာ၏။ ကျနော်ကြားလိုက်ရသည့် အသံသည် အသံကုန်အော်ဟစ်လိုက်သည်မှာ သေချာနေသော်လည်း သူ့အသံမှာ အသံကုန်ထွက်မလာနိုင်။ တ၀က်တပျက်တွင်ရပ်သွား၏။ ယင်းအော်သံတခုအပေါ် အဆမတန်လေးလံသည့် အရာဝတ္ထု တခုက ဖိနင်းထားသလိုဖြစ်နေ၏။ အာရုံစိုက်ပြီးနားစွင့်နေစဉ် နောက်ထပ် အော်သံတချက် ကြားလိုက်ရပြန်သည်။ သည်တခါ သူ့အော်သံမှာ လည်ချောင်းဆီမှ စတင်ဖြစ်ပေါ်လာသည့် အော်သံမဟုတ်တော့။
ခန္ဓာကိုယ်အတွင်း ရှိသမျှအင်္ဂါအစိတ်အပိုင်းအားလုံး၏ ခွန်အားဟူသမျှ တစက်မျှမကျန်အောင် ညှစ်ထုတ်လိုက်ခြင်းဖြင့် ထွက်ပေါ်လာ သည့် အော်သံဖြစ်လာခဲ့၏။ သို့သော် ပထမတချက် အော်သံမျှလောက်ပင် အသံမကျယ်ချင်တော့။ အော်သံမြည်ကာ မတ္ထမျှနှင့်ပင် ရပ်သွားရ၏။ သည်တခါကြားလိုက်ရသည့်အော်သံထဲတွင် အော်သံရှင်၏ ဆန္ဒဟူသမျှ အကြစ်လစ်ဆုံးဖေါ်ပြနိုင်ဖို့ကြိုစားသည့် အဓိပ္ပာယ် ကိုမူ အသေအချာ သဘောပေါက် လိုက်မိ၏။ ထိုအော်သံထဲတွင် အော်သံရှင်၏ ဘ၀တခုလုံး ပုံအပ်ထားလိုက်ပုံရ၏။
ပြတင်းပေါက်တွင်ရပ်ကာ နောက်ထပ်ပြီး အော်သံတချို့ ကြားရလိုကြားရငြား ရင်တထိတ်ထိတ်နှင့် နားစွင့်နေမိသည်။ နောက်ထပ် အော်သံကိုမူ မကြားရတော့။ ထိုအခါကျမှ မိမိ၏ခန္ဓာကိုယ်တခုလုံး အပူငွေ့များ တထောင်းထောင်း ထွက်နေ သည်ကို သတိပြုမိသွားရ၏။ ထောင်နေသောဆံပင်များကြားမှ ချွေးစေးများ စီးကျလာနေ၏။ အသက်ရှူနှုန်းများ မြန်နေခဲ့၏။ ခန္ဓာကိုယ်မှာ လေထဲတွင်မျော နေသလို ခံစားရပြီး တချိန်ထဲမှာပင် ခန္ဓာကိုယ်ပေါ်တွင် ဆင်တကောင် နင်းဖိထားသလို စိတ်ဖိစီးမှုဒဏ် ခံနေရ၏။
ပြတင်းပေါက်ဘေးမှခွါကာ စားပွဲဘေးတွင်သွားထိုင်လိုက်သည်။ စာရေးစားပွဲပေါ်က မှန်ဘောင်သွင်းပြီး ထောင်ထားသည့် ပုံနှိပ်ပန်ချီကား ငယ်တချပ်ကို ငေးကြည့်သည်။ ပန်းချီကားထဲတွင် လူသုံးယောက်၊ တံခါးတခုပေါ် တွင်ရပ်နေသည်ကိုတွေ့ရ၏။ တံတား၏ သည်ဘက် ထိပ် မရောက်တရောက်တွင် လူတယောက်ရပ်နေပြီး နောက်ထပ်လူနှစ်ယောက်က နောက်ဘက်တံတားထိပ်လောက်တွင် ယှဉ်တွဲပြီး ရပ်နေကြ၏။
တံတား၏ သည်ဘက်ထိပ်တွင် တယောက်တည်းရပ်နေသည့်လူသည် ပါးစပ်ကိုဟထား၏။ ဟထားသည့်ပါးစပ်ပေါက်ကို လက်ဝါးနှစ်ဖက် ဖြင့်ကာထား၏။ ပါးနှစ်ဖက်ကို ချိုင့်ဝင်ထားသဖြင့် ပါးစပ်ပေါက်ဝမှာ နကို ရှိရင်းစွဲထက် ပိုပြီး အပေါက်အကျယ်ကြီးဖြစ်နေ၏။ နားထင်များ ချိုင့်ဝင်လျက်ရှိ၏။ တွန့်လိမ်လျက်ရှိသည့်လည်တိုင်မှာ တဖြေးဖြေး ကြုံ့ဝင်သေးငယ် သွားနေသည်ဟုထင်ရ၏။ ခန္ဓာကိုယ်သည် ခေါင်းနှင့်မလိုက်ဖက်နိုင် လောက်အောင် ကျုံလှီလျက်ရှိ၏။ အထူးခြားဆုံး အချက်မှာ ခန္ဓာကိုယ်နှင့်သော်လည်းကောင်း၊ ခေါင်းနှင့် သော်လည်းကောင်း ဘယ်လိုမှမလိုက်ဖက်နိုင်သည့် မျက်လုံးများ ပင်ဖြစ်ကြ၏။ ပြူးကျယ်လွန်းသည့် မျက်လုံးတစုံသည် ရှေ့သို့တိုးထွက် လျက်ရှိ၏။ ထိုစဉ်အခိုက်မှာပင် ထိုတံတားပေါ်က လူသည် ခန္ဓာကိုယ်ကို တွန့်လိမ်ပြီးမှ အော်ဟစ်လိုက်လေသည်။ ကျနော့်နားထဲတွင် ‘အော်သံ’ များမှာ တိတ်ဆိတ်စွာ မြည်ဟိန်း နေပြန်တော့၏။
(၂)
မြန်မာပန်းချီကျော် ‘ပေါ်ဦးသက်’၏ ဆောင်းပါးတပုဒ်ထဲတွင် ဆန်းကြယ်သောဂီတတီးလုံးတမျိုးအကြောင်း ဖတ်ရဖူး၏။ တနေ့တွင် သူသည် ဂီတသံစဉ်တခုကိုနားထောင်ရ၏။
ထိုဂီတသံစဉ်တခုကို နားထောင်နေသည့်အခိုက် သူ့မှာ အသက်ရှုကျပ်သလိုဖြစ်လာရသည်ဟုဆို၏။ တခါ အသက်ရှူကျပ်ရုံ တွင်မက သူ့ခန္ဓာကိုယ်တခုလုံးမှာ လှုပ်ရှားလို့မရနိုင်လောက်အောင် တစုံတခုက နင်းဖိထား သလို ဖြစ်လာရသည်ဟုဆို၏။ မွန်းကြပ်သည့်စိတ်ကို ထိန်းလို့မတ်လို့မရနိုင်လောက်အောင် ခံစားလာရသည်ဟုဆို၏။ တီးလုံးဆုံးသည့်အခါ သူက တိပ်ခွေပေးငှားသူကို တီးလုံးအကြောင်း မေးမိ၏။ ထိုအခါ တီးလုံးတိပ်ခွေပေးငှားသူက ယင်းတိပ်ခွေမှာ လူသေခေါင်းတခုထဲတွင် သေပြီအထင်နှင့် ပိတ်လှောင်ထားခြင်း ခံရသူ တဦး၏စိတ်ခံစားချက်ကို ရေးဖွဲ့ထားသည့် တီးလုံးဖြစ်ကြောင်း ရှင်းပြခဲ့၏။ ဆရာ ‘ပေါ်ဦးသက်’မှာ တအံ့တသြဖြစ်ခဲ့သည်ဟု ဆိုလေသည်။
စာရေးစားပွဲတွင်ထိုင်ကာ ကမ္ဘာကျော် နော်ဝေပန်းချီဆရာ ‘အက်ဗတ်မွန့်ခ’ ရဲ့ ‘အော်သံ’ ပန်းချီကားကို ငေးကြည့်နေမိစဉ် ပြတင်းပေါက်ဘေးတွင် ရပ်နေစဉ်ကကြားခဲ့ရသည့် ‘ဖားအော်သံ’ တချို့ကို ကျနော်ပြန်လည် ကြားလာရ၏။ ဘ၀တခုလုံးကို ပုံအောပြီးမှ ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါရပ်အားလုံး၏ အင်အားဟူသမျှကို ညှစ်ထုတ်ကာအော်ဟစ်လိုက်သည့် ဖားတကောင်၏ အော်သံများမှာ ကျနော့်နှလုံးသားကို အပြင်းအထန်ဆုံး ထိမှန်သွားခဲ့ကြ၏။ အကြပ်အတည်းဟူသမျှ၏ ဗဟိုချက်တခု။ ပိန်းပိတ်အောင်မှောင်မည်း နေသည့် ခေါင်းတလုံး။ တလောကလုံး ကြားနိုင်လောက်သည့် ‘အော်သံ’များ။
စာရေးစားပွဲပေါ်က ‘အော်သံ’ ပန်းချီကားကို တဖက်သို့ လှည့်ထောင်ထားလိုက်ရသည်။ ကျနော့် နားထဲ၌ ‘အော်သံ’ များကို ကြားနေရဆဲ။ ပါးကြီးနှစ်ဖက် ချိုင့်ဝင်နေသူ။ လည်တိုင်ကြီး တွန့်လိမ်နေသူ။ မျက်လုံးများ အဆမတန် ပြူးထွက်နေသူ။ တံတားပေါ်က ထိုလူတယောက် ကို မျက်စေ့ထဲက ဖျောက်လို့မရ။ ပြတင်းပေါက်နှင့် မလှမ်းမကမ်း ခြံစည်းရိုးအစပ်က မြွေမြိုခံထားရသည့် ‘ဖားတကောင်’၏ အော်သံ။ လူသေအခေါင်းထဲက လူတယောက်။
မည်သည့်အတွက်ကြောင့် ကျနော်သည် ပန်းချီကားထဲက ‘အော်သံ’နှင့် မြွေမြိုခံရတော့မည့် ဖားတကောင်၏ ‘အော်သံ’များ ကို ဆက်စပ်ပြီးတွေးနေမိပါလိမ့်။ လူသေထည့်သည့် ခေါင်းတလုံးထဲက လူတယောက်အကြောင်းကို မည်သည့်အတွက်ကြောင့် တွေးနေမိ ပါလိမ့်။ တံတားပေါ်က ‘လူတယောက်’။ ခေါင်းထဲက လူတယောက်နှင့် မြွေမြိုခံထားရတော့မည် ‘ဖားတကောင်’ တို့သည် တချိန်တည်း ဖြစ်ပျက်ခဲ့ခြင်း မဟုတ်ကြ။ မျိုးမတူကြ။ ဖြစ်ပျက်ပုံများလည်းမတူကြ။ သို့ဖြစ်ပါလျက် ကျနော်သည် ထိုအရာအဖြစ်အပျက်သုံးခုကို ဘာ့ကြောင့်များ တဆက်တစပ်တည်း တွေးနေမိပါလိမ့်။
(၃)
ဖားတကောင်သည် မြက်ပင်တချို့ကြားမှဖြတ်ကာ ရေအိုင်စပ်သို့ ညင်သာစွာဆင်းလာခဲ့၏။ သူသည် နှစ်ရက်လုံးလုံး ဆာလောင်မွတ်သိပ်နေခဲ့၏။ ထို့ကြောင့် အန္တရာယ်ရှိနိုင်မှန်းသိသည့်တိုင် ရေအိုင်သို့ ဆင်းချလာခဲ့၏။ ထိုစဉ်အခိုက်မှာပင် သူနှင့် တလံအကွာ ဗေဒါပင်အုပ်ကြားမှ မြွေတကောင်၏ ဦးခေါင်းကို သူတွေ့လိုက်ရ၏။ နောက်သို့ပြန်လှည့်ရန် သို့မဟုတ် နီးစပ်ရာခြုံပုတ် အတွင်းသို့ ခုန်ဝင်ပုန်းအောင်းရန် စဉ်းစားချိန်ပင် မရလိုက်။ အရှိန်အဟုန်ပြင်းထန်လှသည့် အရာဝတ္ထုတခု သည် သူ့ခန္ဓာကိုယ်တခုလုံးကို ဆွဲယူလိုက်၏။ ကြောက်အားလန့်အားနှင့် ရုန်းကန်မိသည့်တိုင် သူ့မှာအသံ မထွက်နိုင်သေး။ သူ့မျက်လုံးများမှာ မှောင်အတိကျသွား၏။ သူ့လက်တဖက်မှာ အသဲခိုက်မတတ် နာကျင်လာရ၏။ ထိုအခါကျမှပင် သူသည် မြွေတကောင်၏ ကိုက်ခဲထားခြင်းကိုခံလိုက် ရပြီဖြစ်ကြောင်း သိလိုက်ရတော့၏။ အသက်ရှူရပ်မတတ် အောင့်အီးသည်းခံကာ လက်တဖက်ကိုရုန်းကြည့်သည်။ သူက တချက်ရုန်း လျှင်မြွေကိုက်ခံထားရသည့်လက်က ပိုပြီးနာကျင်သွားရ၏။
သူ့နားထဲတွင် မြွေတကောင်၏ မာန်ဖီသံကိုကြားရ၏။ အနီရောင်မျက်လုံးကြီး တစုံကိုမြင်၏။ သူသည် မကြာခင်အတော အတွင်းတွင် မြွေတကောင်၏ ခန္ဓာကိုယ် အတွင်းသို့ သက်ဆင်းရတော့မည်ကို အသေအချာသိလိုက်ရ၏။ ထိုအချိန်အခိုက် အတန့်အတွင်းတွင် သူဘာလုပ်ရမည်နည်း။ သူသည် မည်သည့်လုပ်ဆောင်မှုကိုလုပ်ခြင်းဖြင့် ကြုံတွေ့ရင်ဆိုင်နေရသည့် အကျဉ်းအကြပ်၊ အခက်အခဲ၊ ဖိစီးနာကျင်မှု အသက်ဘေးရန် တခုမှလွတ်မြောက်နိုင်မည်နည်း။ သို့သော် လွတ်လမ်းဟူသမျှ တခုမျှသူမမြင်။ ပြတင်းပေါက်တွင် ရပ်ပြီး ကြည့်နေသူသည် ရုတ်တရက်ပြေးလာကာ သူ့ကို ကိုက်ချီထားသည့်မြွေကို တုတ်ဖြင့်ရိုက်ကောင်းရိုက်လိုက်လေမလား။
ကြံရာမရသည့်အဆုံး သူသည် ခွန်အားဟူသမျှကို ညှစ်ထုတ်ကာ အသံကုန်အော်ဟစ်ပစ်လိုက်၏။ အာခေါင်ကိုခြစ်ထုတ်ပြီး အော်လိုက်သည့်တိုင် သူ့အော်သံမှာ အလွန်မတန်တိုးညှင်းလွန်း၏။ သို့သော် ထိုအော်သံထဲ သူ့ဘ၀တခုလုံး တန်းလန်းတွဲနေ သည်ကိုမူ ကောင်းကောင်းသိလိုက်ရ၏။ နာကျင်လွန်းသည့် ခံစားချက်ကို ခြေစုံကန်ပြီး တောင့်ထားကာ ဒုတိယအကြိမ် ထပ်ပြီး ‘အော်ဟစ်’ လိုက်မိပြန်သည်။ ဒီတခါမတော့ သူ့ခန္ဓာကိုယ်တခုလုံး အရည်တစက်မျှမကျန်တော့သည့် အခွံတခု ဖြစ်လုနီးပါး အားယူပြီးမှ ‘အော်ဟစ်’ လိုက်ခြင်းဖြစ်သည်။ သူ့နားထဲတွင် သူ့တသက်လုံး သည်မျှလောက်ကျယ်လောင်သည့် အသံမျိုးကို သူကိုယ်တိုင်ပင် မကြားဘူးခဲ့။ သို့သော် သူ့အော်သံမှာ တုံးတိတိဖြစ်ကာ ရပ်သွားလေသည်။ သူသည် ခန္ဓာကိုယ်ကို တဆတ်ဆတ်ခါကာ နာကျင်လျက်ရှိစဉ် လောကကြီးတခုလုံး မှောင်အတိကျသွားရလေသည်။
(၄)
နော်ဝေပန်းချီကျော် ‘အက်ဗတ်မွန့်ခ်’ သည် ‘အော်သံ’ ပန်းချီကားကို ဘာ့ကြောင့်ရေးဆွဲခဲ့ရသနည်း။ ပန်းချီဆရာ၏ ရည်ရွယ်ချက်၊ ပန်းချီဆရာပေးချင်သည့် ရသသည် အဘယ်နည်း။
ကျနော်သည် ၁၉၉၆ ခုနှစ်၊ နော်ဝေနိုင်ငံ။ ‘အက်ဗတ်မွန့်ခ်’ ပြတိုက်ထဲက ‘အော်သံ’ ပန်းချီကား၏ ရှေ့တွင်ရပ်ကာ ‘အော်သံ’ ပန်းချီကားနှင့်ပတ်သက်ပြီး အတွေးမျိုးစုံ ကွန့်မြူးခဲ့ဖူး၏။ ‘အော်သံ’ ပန်းချီကားနှင့် ပတ်သက်ပြီး ရှုဒေါင့်အမျိုးမျိုးနှင့် အဓိပ္ပာယ်ဖွင့်ဆို ခံစားဝေဖန်ဆန်းစစ်ကြည့်သည့် စာအုပ်စာတန်းများကို ပြန်လည်စဉ်းစားကာ ‘အော်သံ’ ပန်းချီကားကို ခံစားမှုစိုက်ထူကြည့်မိသည်။ သို့သော် ကျနော့်မှာ သူများပြောသလောက်ဖြင့် ခံစား နားလည်ယူလို့မရခဲ့။ “ကြီးကျယ် လွန်းလိုက်တာ” ဟူ၍ပင် ထင်မှတ်ခဲ့ဖူး၏။ သည်လိုနှင့် ထိုင်းမြန်မာ နယ်စပ်သို့ ကျနော်ပြန်လာခဲ့သည်။
ယခုအခါ လွန်ခဲ့သည့် ၂ ရက်က ကြုံခဲ့ကြားခဲ့ရသည့် မြွေတကောင်၏ ‘အော်သံ’ ကို အမှတ်မထင်ခွဲခြမ်းစိတ်ဖြာ ကြည့်ခြင်း ဖြင့် ထူးဆန်းစွာဈာန်ဝင်ခံစားမိစဉ် ‘အက်ဗတ်မွန့်ခ်’ ၏ ‘အော်သံ’ ပန်းချီကားကို ကျနော် သတိရလာရပြန်သည်။ ထိုအခါ ကျနော့်မှာ ရုတ်တရက် ဆာတိုရီဉာဏ် လင်းလက်ရရှိလိုက်သလို ဖြစ်သွား၏။ ပန်းချီကားထဲက လူတယောက်၏ ‘အော်သံ’ မှာ။ မြွေမြိုခံရအံ့ဆဲဆဲ ဖားတကောင်၏ ‘အော်သံ’ များနှင့် တသံတည်း တထပ်တည်း ဖြစ်နေသည်ကို တအံ့တသြ ကျနော် တွေ့ရလေတော့သည်။ ။

January 12, 2008

ကျနော်နဲ့  မြင်းများ

(က)
နွေခေါင်ခေါင် ကတ္တရာလမ်းပေါ် တခွပ်ခွပ်နဲ့ ကြားရတဲ့ မြင်းလှည်းမြင်းခွါသံကို ကျနော်မကြားရက်ဘူး။ အဲဒီ မြင်းခွါသံကို တခါတရံနားထဲမှာ ပြန်နားထောင်မိရင် မြင်းလှည်းရှေ့ က တုံ့ ဆိုင်းဆိုင်းနဲ့ ပြေးနေတဲ့မြင်းကို မျက်စေ့ထဲမှာမြင်ပြီး တံတွေးမြိုချလု မတတ် ရင်ထဲမှာတင်းကြပ်သွားရတယ်။ နံရိုးအပြိုင်းပြိုင်း၊ မြင်းဝမ်းဗိုက်ကိုပါတ်တဲ့ သားရေကြိုးတ၀ိုက်မှာ ချွေးတွေရွှဲနစ်လျက်၊ အကြောအချဉ်တွေ တုံ့ ဆိုင်းဆိုင်းနဲ့  မလှုပ်တလှုပ်ပြေးနေတဲ့ “ မြင်း ” ရဲ့ ရုပ်ပုံလွှာကို ကျနော်မမြင်ရက်ဘူး။ ပြီးတော့ မြင်းရဲ့  မျက်စေ့နှစ်လုံးဘေးမှာ ဘေးဘီကိုမမြင်ရအောင်ကာထားတဲ့ မျက်လုံးကာနှစ်ခု။ တခုပဲစိတ်ထဲမှာ ဖြေလို့ ရတာရှိတယ်။ အဲဒါ ကတော့ မြင်းခွါအောက်မှာ သံခွါကိုသံနဲ့ ရိုက်ပြီး ကပ်ထားပေးလို့ သာပဲပေါ့။ နို့ မို့ ရင် ကတ္တရာလမ်းပေါ်မှာ မြင်းခွါတွေပွန်းပဲ့ ကျိုးကြေကုန်မယ်။
ကျနော်ဟာ မြေလတ်က မြို့ ကလေးတမြို့ မှာ မွေးခဲ့ကြီးပြင်းခဲ့သူပါ။ မြင်းလှည်းနဲ့ ကျနော် နေ့ တိုင်းဆုံနေကြပါ။ အထူး သဖြင့် ကျနော်ငယ်စဉ် ကျနော့်ဖခင်က မြင်းနှစ်ကောင်ကိုမွေးပြီး မြင်းလှည်းထောင်ခဲ့ဖူးလို့  မြင်းလှည်းနဲ့ ကျနော် တကယ့်ကို အကြွမ်းတ၀င်ပေါ့။ ကျနော့်ဖခင်က တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်လေတော့ ကျနော်နေတဲ့မြို့ ကလေးနဲ့ ၊ တခြားရွာနီးချုပ်စပ်က မြင်းတွေ၊ နွားတွေကို ဆေးလိုက်ကုတဲ့အခါ၊ အိမ်ကမြင်းလှည်းနဲ့ ပဲ သွားတတ်ပါတယ်။ မြင်းလှည်းမောင်းတဲ့လူတယောက်လည်း ရှိတယ်။ မြင်းလှည်းဆရာက ကျနော့်ဖခင်သွားလိုရာ လိုက်ပို့ ပြီးရင် မြို့ ထဲမှာ ဂိတ်ထိုးပြီး မြင်းလှည်းအငှါးမောင်းပါတယ်။ ရတဲ့ ပိုက်ဆံသူပဲယူပါတယ်။ ဒီတုန်းက အိမ်နောက်ဖေးမြင်းဇောင်းထဲက မြင်းနှစ်ကောင်ကို တခါတရံ ကျနော်ကျောင်းရပါတယ်။ စီးလည်းစီးပါတယ်။ ဒီတုန်းကတော့ မြင်းတွေရဲ့ ဘ၀ကို ကျနော်နားမလည်ခဲ့ပါဘူး။
တနေ့ မှာ ကျနော်ဟာ ကျောင်းကပြန်လာတော့ အိမ်သားတွေ မျက်စေ့မျက်နှာမကောင်း ဖြစ်နေကြပါတယ်။ ကျနော့်မိခင် က တခြားအိမ်မှာသွားငိုနေပါတယ်။ ကျနော်တို့ အိမ်မှာမွေးထားတဲ့ မြင်းနှစ်ကောင်အနက်က အသက်ကြီးတဲ့မြင်း၊ သေဆုံးသွား လို့ ဖြစ်ပါတယ်။ ဘာပြုလို့ သေတာလဲလို့  ဖခင်ကိုမေးကြည့်တော့ အမောဆို့ နှလုံးကွဲပြီးသေသွားတာလို့  ဖြေပါတယ်။ မြင်းလှည်း ဆရာကြီး “ ဦးသြ ” က စလင်းနဲ့ ဆင်ဖြူကျွန်း (၆)မိုင်ခရီးကို အဲဒီနေ့ က နှစ်ခေါက်ပြေးသတဲ့။ “ ဦးသြ ” လည်း ယူကျုံးမရဖြစ်ပြီး တနေ့ လုံးငိုပါတယ်။ ဖခင်ကတော့ ဒီလိုစိတ်မကောင်းစရာမျိုး နောက်ထပ်မကြုံချင်ဘူးဆိုပြီး အဲဒီကတည်းက ကျနော်ကြီးတဲ့အထိ မြင်းတွေကို မမွေးတော့ပါဘူး။ ဖခင်ဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို ကျနော်လည်းသဘောတူပါတယ်။ မြင်းလှည်းစီးတဲ့အချိန်တိုင်း မြင်းရဲ့ ကြောပေါ်၊ တင်ပါးပေါ် ကျကျသွားတဲ့ကြာပွတ်သံ တရွှမ်းရွှမ်းကိုကြားရင် ကျနော့်ကြောဟာလည်း အလိုလိုမသိမသါ ကော့လိုက်မိတာမျိုး၊ မြင်းရဲ့ မျက်လုံးနှစ်ဖက်ကိုအုပ်ထားတဲ့ မျက်လုံးကာနှစ်ခုကို မချင့်မရဲနဲ့ ပြေးပြေးပြီး ဆွဲဖယ်လိုက်ချင်တာမျိုး ကျနော်မခံစားရတော့ဘူးပေါ့။ အဲဒီနှစ်ထဲမှာ ကျနော်တို့ မိသားစု ပဲခူးကိုပြောင်းရွှေ့ လာခဲ့ကြရလို့  ကျနော်လည်းပဲ “ မြင်း ” တွေနဲ့  ဝေးသထက်ဝေးခဲ့ရပါတယ်။
(ခ)
၂၀၀၇-ဇွန်လပိုင်းထဲမှာ လွတ်လပ်တဲ့အာရှအသံက အသံလွှင့်တဲ့သတင်းတပုဒ်ကို အမှတ်မထင်နားထောင်ရင်း နှစ်ပေါင်း များစွာ မေ့နေခဲ့တဲ့ “ မြင်း ” တွေကို ရုတ်တရက် ပြန်တွေးလိုက်မိပါတယ်။ သတင်းထဲမှာက အစိုးရက အခွန်တိုးကောက်တာခံရလို့  ဒုက္ခနဲ့  ရင်ဆိုင်နေရတဲ့ မြင်းလှည်းသမားတဦးနဲ့  အမေးအဖြေလုပ်တဲ့ သတင်းပါ။ အောင်လံမြို့ က မြင်းလှည်းဆရာက အခွန်တွေတိုး ကောက်တာခံရလို့  ၀င်ငွေလျော့သွားတဲ့အကြောင်း ပြောပါတယ်။ သတင်းဌါနက ၀င်ငွေလျော့ရင် ကာမိအောင် ဘယ်လိုလုပ်မလဲလို့  မေးတော့၊ မိသားစုစားတာတော့ လျော့လို့ မဖြစ်ဘူးပေါ့ဗျာ၊ မြင်းစာကိုတော့ လျော့ရတော့မှာပေါ့လို့  ဖြေပါတယ်။ မမျှော်လင့်ပဲ ဒီသတင်းကိုကြားရတဲ့အခါ၊ ကျနော့်ရင်ထဲမှာ “ မြင်း ” တွေအတွက် ပူပင်သောက ရောက်ရပြန်ပါတယ်။ နှစ်ပေါင်းများစွာ မေ့နေခဲ့တဲ့ “ မြင်း ” တွေကို နေ့ တိုင်းလိုလိုတွေးပြီး စိတ်ပူမိတယ်။ ဒီအတိုင်းဆိုရင်တော့ “ မြင်း ” တွေအတွက် ခက်ရချည်ရဲ့ လို့ ခံစားရပါတယ်။ ဒီလိုနဲ့  “ မြင်း ” တွေဟာ ကျနော့်ဘ၀ထဲ ပြန်ရောက်လာခဲ့ရပြန်ပါတယ်။ “ မြင်း ” တွေကိုကြည့်ပြီး၊ “ မြင်း ” တွေရဲ့ ဘ၀ကိုတွေးပြီး၊ ရင်ထဲမှာ တမြေ့မြေ့နဲ့ ခံစားရတဲ့ ကိုယ်ချင်းစာစိတ်ဟာ၊ “ မြင်း ” နဲ့ ပါတ်သက်တဲ့ ကဗျာနှစ်ပုဒ်ကို ဖတ်ရတဲ့အခါ ပိုပြီးတော့ ကြေကွဲ ရပါတော့တယ်။

မြင်း

ပြေးနေကျအတိုင်းပြေးပေးနေတာပါပဲ
ဒါကိုပဲ
မြင်းလှည်းဆရာက ထုံးစံအတိုင်း
အသားလွတ်ကျာပွတ်နဲ့ ရိုက်တယ်
မြင်း ခါးကော့သွားတယ်။ ကျွန်တော့ကျော နာသွားတယ်။
မိန်းမနဲ့ စိတ်ဆိုးလာလည်း
မြင်းကိုပဲ ရိုက်တာပဲ။ ကျွန်တော့ကျော နာသွားတယ်
အရက်ဖိုးမရသေးလို့  စိတ်တိုလာလည်း
မြင်းကိုပဲ ရိုက်တာပဲ။ ကျွန်တော့ကျော နာသွားတယ်
မြင်းက ဒါ ၀ဋ္ဋ်ကြွေးလားလို့ တွေးတယ်။
ကျွန်တော်က လောကဓံလားလို့ တွေးတယ်
မြင်းက ဘယ်လိုလူတွေထဲ
ငါရောက်နေတာလဲလို့  တွေးတယ်။
ကျွန်တော်က ဘယ်လိုသတ္တ၀ါတွေထဲ
ငါရောက်နေတာလဲလို့  တွေးတယ်
မြင်းက ကွင်းပြင်ကျယ်ကြီးဆီ
ထွက်ပြေးချင်တယ်။
ကျွန်တော်က မိတ်ကောင်းဆွေကောင်းတွေဆီ
ထွက်ပြေးချင်တယ်
မြင်းက မြက်ဆာတယ်။
ကျွန်တော်က ထမင်းဆာတယ်
ပြေးမြဲပြေးနေရတာပဲ။
လမ်းလျှောက်မြဲ လမ်းလျှောက်နေရတာပဲ
မြင်းက အိုင်းစတိုင်းကို မသိဘူး။
ကျွန်တော်က အိုင်းစတိုင်းကို စိတ်မ၀င်စားဘူး
မြင်းက ထီးကိုမသိဘူး။ ကျွန်တော်ကို ထီးကိုမချစ်ဘူး
မြင်းက ဒေါ်လာပေါင်ကို မသိဘူး။
ကျွန်တော်က ဒေါ်လာပေါင်ကို မယုံကြည်ဘူး
မြင်းက တက်ကျမ်းကို မသိဘူး။
ကျွန်တော်က တက်ကျမ်းကို မဖတ်ဘူး
မြင်းဆိုတာ
ကြိုးတန်းလန်းနဲ့ နေရရုံသက်သက်ပဲလား
ခရီးသည်လှည်းကိုဆွဲပေးရုံသက်သက် သတ္တ၀ါတစ်ကောင်ပဲလား
မြင်းက ပိုပြီးမောလာတယ်။
ကျွန်တော်လည်း ပိုပြီးမောလာတယ်
မြင်းက သူ့ တင်းကုပ်ဆီ ပြန်ချင်နေတယ်။
ကျွန်တော်က ကျွန်တော့အိမ်ဆီ ပြန်ချင်နေတယ်။
ဒီမြင်း
ပေကပ်ကပ်လုပ်တော့မယ်ဆိုတာ သိတာနဲ့ တစ်ပြိုင်နက်
မြင်းလှည်းဆရာက
မြင်းရဲ့ ကျောပြင်ကို
သူ့ ကျာပွတ်နဲ့  အဆက်မပြတ်ရိုက်နေတော့တယ်
ကျွန်တော့ ကျောပြင်လည်း
အဆက်မပြတ် နာကျင်နေတော့တယ်။ ။

ကွန်စစ်ကောင်း

နောက်ထပ်ပြီး မြင်းနဲ့ ပါတ်သက်တဲ့ ကဗျာတပုဒ်ကို ဖတ်ရပြန်ပါတယ်။

မြင်းဝါလေး

မချစ်လို့ တော့ မဟုတ်ပါဘူးတဲ့
မြင်းတစ်ကောင်မို့  လှည်းဆွဲရမယ်
မသနားလို့ တော့ မဟုတ်ပါဘူးတဲ့
မြင်းရှာတဲ့လုပ်အားကို မြင်းအတွက်သုံးစရာမလို
“ မြင်းဇောင်းကောင်းကောင်းမလို
အစာအသင့်အတင့်ကျွေးရင် ကျေနပ်နေတာပဲ။
မြင်းဆိုတာ ခံနိုင်ရည်ရှိတယ်
တစ်နေကုန် ပြေးလည်း မပင်ပန်းဘူး
ပူလည်းဖြစ်တယ် အေးလည်းဖြစ်တယ်
လမ်းကြမ်းလည်း သံခွာရှိတယ်
တကယ့်ကို ချစ်ပါတယ်
မြင်းဖြစ်တဲ့အတွက်တော့ ဆက်ခိုင်းရမယ်
ပတ်ဝန်းကျင်ကို မမြင်အောင် မျက်လုံးကို ဖုံးထားတယ်
ဝန်များများဆွဲအောင် နာနာရိုက်ရမယ်တဲ့
ကြိုးဆွဲရင်ရပ် တုတ်တို့ ရင်ပြေး
သေသွားရင်တောင်
အမြီးလေးကို ခြင်ရိုက်တံအဖြစ် အမြတ်တနိုး သုံးဦးမှာတဲ့
မြင်းကတော့ မြင်းဖြစ်တဲ့အတွက် ဒါတွေမသိပါဘူး
ဆွဲစရာ ၀န်မရှိလို့  မြက်ခင်းတွေထဲ လွှတ်ပေးတဲ့နေ့ ကပေါ့
ပျော်လွန်းလို့  ပြေးနေလိုက်တာ
ဟီသံတွေများ အ၀ါရောင်သန်းလို့  ။ ။
စိုးမိုးယံ



(ဂ)
“ မြင်း ” တွေအကြောင်း ရေးထားတဲ့ကဗျာနှစ်ပုဒ်က ကျနော့်ကို “ မြင်း ” တွေအကြောင်း ပြန်တွေးစေတယ်။ “ မြင်း ” တွေရဲ့  ခွါသံကိုပြန်ပြီး ကြားစေတယ်။ အစာလျှော့ကျွေးရတော့မှာပေါ့လို့ ပြောတဲ့ မြင်းလှည်းဆရာရဲ့ အသံကို ကျနာ် မကြားရက်ဖူး။ နှလုံးကွဲပြီးသေသွားတဲ့ “ မြင်း ” တကောင်ရဲ့ ဘေးမှာ ကျနော်ရပ်နေခဲ့ဖူးတယ်။
“ မြင်း ” ဟာ တကယ်ပဲ ၀န်တင်လှည်းကိုဆွဲဖို့  သက်သက်ဖြစ်လာတဲ့ “ ဖြစ်တည်မှုတခု ” များလား။ မြင်းရှာလို့ ရတဲ့ ပိုက်ဆံဖြစ်ပေမယ့် မြင်းစာကိုတော့ လျှော့ကျွေးရလိမ့်မယ်လို့ ၊ မြင်းလှည်းဆရာကို ဘယ်သူကများ အတင်းအဓမ္မပြောခိုင်းခဲ့ တာလဲ။
ကဗျာတပုဒ်မှာ “ ဆွဲစရာ ၀န်မရှိလို့ ၊ မြက်ခင်းတွေထဲ လွှတ်ပေးတဲ့နေ့ ကပေါ့၊ ပျော်လွန်းလို့ ပြေးနေလိုက်တာ၊ ဟီသံတွေ များ အ၀ါရောင်သန်းလို့ …” ဆိုပြီး ဖတ်ရတယ်။ ဒီကဗျာကိုဖတ်ပြီးတော့ ကျနော်လည်း တချက်လောက် “ ဟီ ” ကြည့်ရရင် ကောင်း မလား။ ကျနော့် “ ဟီသံ ” တွေဟာ အ၀ါရောင်သန်းမှ သန်းပါ့မလား။ ဒီိလိုနဲ့  မြင်းတွေအကြောင်း အတွေးလွန်ခဲ့ရင်းက ညတညမှာ အိပ်မက်ထဲ မြင်းတွေကို ထည့်မက်မိတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အိပ်မက်ကနိုးတော့၊ ကျနော့်ကြောပြင်ဟာ ကျိန်းစပ်လို့ နေပါ တော့တယ်။ ။



ကိုးကား။ ။ စံပယ်ဖြူ၊ ဇူလိုင် ၂၀၀၇
မဟေသီ၊ ဇွန် ၂၀၀၆