Showing posts with label ဝတ္ထုရှည်. Show all posts
Showing posts with label ဝတ္ထုရှည်. Show all posts

May 08, 2010

မသိန်းရှင်ဆီ ပို့ ပေးပါ


(၁၄)

မိုးတွေက မှောင်နေသည်
ထိုနေ့က အင်တောကျယ် ဘူတာတွင် ခရမ်းချဉ်သီး ဖုံးထားသော သူ့ ထန်းလျက်သေတ္တာများကို တင်နေစဉ် ကတည်းက မိုးကောင်းကင်မှာ မှောင်ပိန်းလာနေသည်။
အမှောင်ရိပ်များအောက်၌ တောင်တန်းကြီးများ တဖြည်းဖြည်း ပျောက်ကွယ်သွား သည်။ ထန်းတောညိုကြီးများသည် ညစ်မှိုင်းသွားသည်။


April 25, 2010

မသိန်းရှင်ဆီ ပို့ ပေးပါ


(၁၂)
လောင်ကျွမ်းနေသော နွေရက်များ

တရက်ထက်တရက် အဖမ်းအဆီးများ ပို၍တင်းကျပ်လာသည်။ ဤရက်များတွင် မှောင်ခိုသူများ တဦးချင်း လက်လျှော့စွန့်ခွာ သွားနေသည်။ ထိုအထဲ၌ လူငယ်များနှင့် အစဉ်အမြဲ ကလေးကလား စကားပြောပြီး ရယ်မော နေတတ်သော ဦးပေါ်လာကြီး၊ မခင်လှ၊ မခင်သိန်း၊ မိသိန်း၊ ကုလားမ မိသန်း၊ သူတို့တတွေလည်း ပါသွားသည်။
လိုက်ပါနေကြသူများမှာလည်း ရက်စဉ်ရက်ဆက် မဟုတ်ကြတော့ပေ။

“ဦးပေါ်လာကြီးက မလိုက်ဘဲ နေလို့လဲ နေနိုင်တာပေါ့တော်....၊ နောက်ပိုင်းမှာ စားစရာရှိတဲ့လူ မှုတ်လား။ ကျမတို့ဘဲ ဘယ်သူတွေ ဘယ်လောက်ဖမ်းနေနေ၊ ဟောဒီက ကိုရင်မောင်ကြီးနဲ့ ရိုးမြေကျပေါင်းနေရမှာ၊ ကျမတို့ဘဲ သစ္စာအရှိဆုံးနော်”

အေးအေးစက်စက် နေတတ်သော မမြသိန်း၏ပြက်လုံးမှာလည်း ရွှင်လန်း ကြည်နူးစရာ ပြက်လုံး မဟုတ် တော့ ပေ။
ဤ ပြက်လုံး၏ နောက်စွယ်၌ ညည်းတွားရေရွတ်သံ၊ သက်မချသံများ ပါနေသည်။ ဖြစ်လိုရာ ဖြစ်စေတော့ဟု စိတ်လျှော့ချလိုက်သံ၊ အားကိုးရာ မျှော်လင့်ရာမဲ့စွာ ငိုကြွေးလိုက်သံများသည် ပြက်လုံးနောက်ဆွယ်ရှိ နှလုံးသားများအပေါ်၌ ထပ်ဟပ်နေသည်။
တောင်တွင်းကြီး ရှာဖွေရေးများသည် ဘူတာရုံမှသာမဟုတ်၊ မြို့အဝင်မှလည်း မြင်းလှည်းများကို စောင့်ဖမ်းနေသည်။ နယ်ကျော်ကာ နတ်မောက်အထိ တောင်တွင်းကြီးရှာဖွေရေးများ ချီတက်လာကာ ကြွားဝင့်စွာ စောင့်ဖမ်းလာကြသည်။
ကျောက်ပန်းတောင်းတွင်လည်း ရှာဖွေရေးများနှင့် ထန်းလျက်ဖြန့်ချိသူတဦး ဈေးမတည့်သဖြင့် ပဋိက္ခဖြစ် လာ ကာ ရှာဖွေရေးချင်း ခြေချင်းလိန်နေသည်။
ပင်းချောင်းရုံပိုင် ဂျပုသည်လည်း ပထမတွင် မှောင်ခိုသူအချို့နှင့် မတည့်ရာမှ ခုအခါတွင် ဤလမ်းတာဝန်ခံ လက်မှတ်စစ် အဖွဲ့နှင့်ပင် မသင့်မတင့်ဖြစ်လာကာ သူ ဖမ်းဆီးနိုင်ကြောင်း အာဏာကုန်ပြလာနေသည်။
ထိုအခါတွင် မြှော်လင့်ချက်ကင်းမဲ့စွာဖြင့် စက်ရုပ်များကဲ့သို့ လိုက်ပါနေကြသည့် မှောင်ခိုသူများမှာ တဆယ် ထက် ပို၍ မတင်ဝံ့။ သူတို့သည် တပိဿာစီအထုပ်ကလေးများ ပြုလုပ်ကာ အနှံ့ လျှောက်ဝှက်ထားသည်။ ဖမ်းမကုန်၍ ကျန်သည့် အထုပ်ကလေးများကို ဆဒံ္ဒုချောင်းမှ ထွက်လာလျှင် အမှောင်ထဲ၌ လိုက်လံစုဆောင်းသည်။ တောင် တွင်းကြီးအဝင် သဖန်းကုန်းရွာထိပ်၌ စက်ဗိုလ်များသည် ရထားကို ဖြေးနှေးစွာ ခုတ်ပေးသဖြင့် သူတို့ ဆင်း ကျန်နေရစ်ခဲ့သည်။
သူတို့ထံမှ လက်မှတ်ခ၏ တဝက်မျှကိုပင် ကျနော်သည် မယူရက်တော့။ မီးရထားရဲများမှာမူ လစာ နည်း ပါးကြသူများ ဖြစ်သဖြင့် မယူချင်သော်လည်း ယူနေကြရသည်။
“ငါတို့ ပိုက်ဆံတောင်မယူချင်တော့ဘူးဟာ၊ နင်တို့မြင်ရတာ စိတ်ကိုမောနေတာဘဲ“
ပိန်ပိန်ပါးပါး ရဲကြပ်ကြီးတဦးက ညည်းတွားလေသည်။

ညိုညိုသည်လည်း အခါနှစ်ဆယ်ထက်မနည်း အဖမ်းခံရပြီးပြီ။
မကြာမီ သူ့ လက်ပေါ်မှ လက်စွပ်ကလေးသည် လည်းကောင်း၊ နားပေါ်မှ နားတောင်းကလေး သည် လည်းကောင်း ပျောက်ကွယ်သွားခဲ့သည်။ သူ့ ကိုယ်ပေါ်မှ အဝတ်များသည်လည်း မတောက်ပတော့။ သူ့ မျက်နှာ မှာလည်း ညှိုးမှိန်လာနေပြန်ပြီ။
သူကား ထမင်းပင်ထုပ်မလာနိုင်သည့် ကုန်စိမ်းသည် ဘဝ၏ အဆိုးဆုံး အခြေအနေနှင့် မခြားနားတော့ပေ။ ထိုအခါကမူ သူသည် မှောင်ခိုလုပ်လျှင် ထွက်ပေါက်ရှိသေးသည်။ ယခုမူ သူ့ တွင်း၌ ရှိသမျှ အသက် ရှူပေါက်များအားလုံး ပိတ်ဆို့နေပြန်ပြီ။ သူ့ အမေ၏ ကျန်းမာရေး အခြေအနေမှာလည်း ဆေးဝါး များ လျှော့လိုက်ရသည်နှင့်တပြိုင်နက် ပြန်၍ဆိုးလာနေခဲ့ပြီ။

ညနေခင်းများ၌ ရထားပေါ်တွင် သူ့ နံဘေး၌ ယှဉ်ထိုင်နေစဉ်၌ သူတွေ့ကြုံခံစားနေရသည့် အပူရှိန်များသည် ကျနော့် ကိုလာ၍ ရိုက်ဟပ်နေသလိုပင်။
သူ့ ခေါင်းမှ ပဲဆီအနံ့ များသင်းနေပြန်ပြီ။ သူ့ ဂုတ်ပေါ်၌ ဆံစကလေးများ ဝဲနေသည်။ သူသည် အပူရုပ်ကို မပူရုပ်ဆင်ကာ သူ့ မျက်နှာကို ရွှင်လန်းအောင် ကြိုးစား၍ ပြုံးရယ်နေပုံမှာ စိတ်ထိခိုက်ဖွယ်ရာ ဖြစ်နေခဲ့သည်။ ညနေ ခင်းများ၌ ဝင်လုဆည်းဆာ နေခြည်ဟပ်သဖြင့် သောကဝေနေလျက်နှင့် သူ့ မျက်နှာကလေးမှာ ဝင်းပ နေ တတ်ပြန်သည်။

ရထားကြီးသည်လည်း တံလျှပ်ထကာ အပူရှိန်ပြင်းထန်သည့် ကွင်းပြင်ကြီးထဲ၌ ဖြတ်သန်းနေရသည်။
သံလမ်းနှင့် မနီးမဝေးမှလိုက်ပါလာသည့် ယင်းချောင်း သဲပြင်ကျယ်ကြီးပေါ်၌ အပူရှိန်တံလျှပ်များသည် ကောင်းကင်သို့ တရှိတ်ရှိတ်တက်နေသည်။ နေဝင်တော့မည်ဆိုလျှင် တဖက်တောင်ကုန်းနိမ့်ကလေးများပေါ်ရှိ သစ်ပင်တောအုပ်ကလေးများမှာ ညှိုးယော်သွားနေသည်။ ချောင်းပြင်ပေါ်ရှိ ဆည်းဆာပန်းချီကားချပ်မှာ ဝမ်းနည်းဖွယ်ရာ အရောင်လေးကြီးများဖြင့် မှိုင်းညစ်လာနေသည်။
“နေကြီး ဝင်တော့မှာ ကြည့်ရတာ စိတ်မောစရာကြီးနော်၊ နီနေလိုက်တာ စူးနေတာဘဲ၊ ရင်ထဲမှာကို လာပီး ပူနေတယ်၊ မောနေတာဘဲ”
သူက လှည့်မကြည့်ဘဲ ပြောနေတတ်သည်။
“မင်းကြည့်ရတာလဲ မောနေတာဘဲ” ဟူ၍ ကျနော်သည် သူ့ကိုပြန်ပြောလိုက်ချင်သော်လည်း ငြိမ်သက် နေလိုက်သည်။
ရထားခုတ်မောင်းနေစဉ်၌ ပြတင်းဝမှ ဝင်လာသော လေထဲတွင်လည်း အပူငွေ့များပါနေကာ အေးချမ်းမှုကား ဘယ်နေရာတွင်မျှ မရှိနိုင်ဟု ထင်လာမိပြန်သည်။
“ဗေဒင်တွက်တတ်ရင် သိပ်ကောင်းမှာနော်... ဘယ်နေ့မှာ ဘယ်က ဖမ်းမယ်၊ ဘယ်နေ့မှာ ဘယ်က ဖမ်း ဘူးဆိုတာ သိရင်သိပ်ကောင်းမှာ၊ အဲဒီလိုဆို သူများပစ္စည်းကို သူတို့ယူတာ ဘယ်ခံမလဲ၊ သူတို့ဖမ်းမယ့်နေ့ မှာ အိမ်မှာဇိမ်နဲ့ အိပ်နေလိုက်မှာပေါ့နော်”
သူသည် ကလေးလိုတွေးနေ၏။ ထိုအတွေးကြောင့် သူ့ မျက်နှာပေါ်မှ အားငယ်နေမှုများသည်ပင် လျော့သွား သည်ဟု ထင်နေရပြန်သည်။ အမှန်ကား ထိုစိတ်ကူးယဉ်အတွေးများမှာ တွေးပြီးလိုက်လျှင် ချက်ခြင်းငြိမ်းသေ သွား သည်။
အမှန်၌ ခုအချိန်တွင် စိတ်အေးချမ်းနေသူဟူ၍ မရှိနိုင်ပေ။
အလွန်ပျော်ပျော်ရွှင်ရွှင်နေတတ်သော ကိုရွှေယောက်ကြီးပင် အခါတိုင်းကလို ရယ်ရယ်မောမောမနေနိုင်။ ကိုရွှေယောက်ပင် ရထားပေါ်၌ ရံဖန်ရံခါသာ ပါလာတော့သည်။
ကိုရွှေယောက်၏သားတယောက်မှာ ဆဒ္ဒုံချောင်းဘူတာ၌ ထန်းလျက်အိပ်များကို မြင်းလှည်းပေါ်သို့တင်ရင်း မြွေကိုက်သေဆုံးသွားခဲ့ရသည်။ ခုအခါ၌ ရထားပေါ်တွင် ကိုရွှေယောက်၏ သားနှစ်ယောက်သာ လိုက်ပါနိုင်တော့သည်။
ကိုရွှေယောက်သည် ထန်းလျက်များကို မြင်ပင် မမြင်ချင်တော့ပေ။။
“မထူးပါဘူးဆရာရယ်၊ မကောင်းမှု လုပ်ရတာချင်းအတူတူ ဓါးပြတိုက်တာကောင်းပါတယ်” ဟု သူတွေးလာသည်။
သို့သော် သူသည် ဓါးပြလည်းတိုက်ရဲသူမဟုတ်၊ ထန်းလျက်မတင်၍လည်း မဖြစ်။ သူ၏ထန်းလျက် အဖမ်းမခံရအောင် တင်နေနိုင်သည့် မီးရထား အိမ်သာတခုမှ ခေါင်းမိုးပေါက်ကိုလည်း မစွန့်ပစ်နိုင်။
သူသည် သူ့သားနှင့် သွားခဲ့ လာခဲ့ ပြေးခဲ့ လွှားခဲ့သည့် နေရာများကို မကြည့်မြင်ချင်။ ညနေတိုင်ရောက်လာပြီး နေရောင်မှိန်လာလျှင် သူ့ သား မြွေကိုက်ခံရသည်ကို သတိရလာကာ သူ့ မျက်နှာ တပြင်လုံးမှာ နီမြန်းလာတော့သည်။ ထို အချိန်၌ သူသည် မည်သူ့ ကိုမျှ စကားမပြောတော့ပေ။

ကိုရွှေယောက်၏ အဖေါ်တဦးဖြစ်သည့် ကိုထွန်းခင်သည်လည်း ရထားကြီးကို စွန့်ပစ်ထွက်ခွါပြေးရလေသည်။
ကိုထွန်းခင်သည် ထန်းလျက်များ အကြိမ်ကြိမ် အဖမ်းခံရသဖြင့် ကြွေးများ လည်ပင်းအထိနစ်နေသည်။ သူသည် နောက်ဆုံးအခေါက်က ဆတ်သွားမြို့မှ မျှင်ငါးပိတပုံး အကြွေးယူပြီး တင်လာခဲ့သည်။ သူ့ တွင် ကြွေးထူလှသဖြင့် သူသည် ထိုငါးပိပုံးကိုလည်းကောင်း၊ ရဲသားများကို အသိမပေးတော့ပေ။
ထိုသို့အသိမပေးသည်ကို ရဲသားတဦးက သူတို့ကို မထီလေးစားလုပ်သည်၊ သူတို့အဏာကိုဖီဆန်သည်ဟု ဆုံးဖြတ်ပြီး ငါးပိပုံးကို ပင်ချောင်းဘူတာ၌ ဖမ်းအပ်လိုက်တော့သည်။
ပင်းချောင်းမှ ရထားကြီး ထွက်ခွာလာခဲ့သောအခါ ကိုထွန်းခင်သည် ယောကျာ်းကြီးတန်မဲ့နှင့်ကြူကြူချ ငိုခဲ့ရသည်။

“ကျနော် ရိုင်းတဲ့လူ မဟုတ်ပါဘူးဗျာ... အမြဲတန်း ပေးသင့်တာ ပေးနေတာပါ၊ ခု တခေါက်သာ ပိုက်ဆံမ ပေးမိတာပါ၊ ကျနော့်ကို ဒါလောက် မရက်စက်ဖူးလို့လဲ ထင်လို့ပါ” ဟု သူသည် ဖမ်းဆီးသူ ရဲသားရှေ့၌ တတွတ်တွတ် ပြောငိုသည်။
ရဲသားသည်လည်း ခရီးလွန်ပြီးဖြစ်သဖြင့် ဘာမျှ မတတ်နိုင်တော့ပေ။ ရဲသားမှာ စိတ် မကောင်းလည်း ဖြစ်နေစဉ်... သူ့ စိတ်ထဲမှ “နောက်ကို ကျုပ်တို့ကို ဖုတ်လေတဲ့ငပိ လုပ်ရဲသေးလား” ဟု ရင်ကော့ကာ မေးမြန်း နေသည်။
အတာစန်းကုန်းတွင် ရထားဆိုက်ရပ်လိုက်လျှင် ကိုထွန်းခင်ကြီးသည် မျက်ရည်သုတ်ပြီး ရထားပေါ်မှ ဆင်းသွားတော့သည်။
သူသည် အတာစန်းကုန်း ထန်းလျက်တဲ ဘူတာကလေးသို့ ခြေထော့ကျိုးဖြင့် လျှောက်သွားနေသည်။ သူသည် ကိုယ်ရေပြားရောဂါသည်ဖြစ်၍ ခြေထောက်တဖက် မကောင်းတော့ပေ။ ကင်းပတ်ရှူး အနီကို စီးထားသည်။
ရထားကြီး ထွက်လာခဲ့သောအခါ ဤကိုယ်ရေပြားရောဂါသည် မှောင်ခိုသမား ဒုက္ခိတ၏ ထော့ကျိုးတော့ကျိုး လျှောက်သွားနေဟန်မှာ ဝေးသည်ထက် ဝေးလာသည်။ နောက်ဆုံး အမဲစက်ကလေးအဖြစ်မှ ပျောက်ကွယ်သွားလေသည်။
ထိုအခါမှစ၍ ကိုထွန်းခင် ရထားပေါ်၌ မမြင်တွေ့နိုင်တော့။

မညွန့်ရီကြီးကိုပင် ရထားပေါ်၌ မှန်မှန် မမြင်တွေ့ရတော့ပေ။
“မတတ်နိုင်ဘူး၊ ကိုရင်မောင်၊ လုပ်စားလဲ မိုးခေါင်၊ ခိုးစားလဲ ခွေးဟောင် မှုတ်လား၊ မအေးမြင့်တို့ မအေးရွှေတို့လို ဘိန်းကုန်ကူးနေတာဘဲ ကောင်းမယ်၊ ဘိန်းကမှ အန္တရာယ်ကင်းသေးတယ်၊ ကျမလဲ ရှမ်းပြည်ဖက် သွားဘို့ စိတ်ကူးနေဘီ”
မညွန့်ရီက ငေးပြီးပြောသည်။
ညနေခင်းများတွင် ကျနော်သည် ညိုညို့  နံဘေးတွင် ထိုင်ရင်း သူ့ အတွက် လမ်းစများကို ရှာဖွေကြည့်နေမိသည်။
လမ်းစများ အားလုံးမှာ ပျောက်ကွယ်နေကြပြီ။ မျှော်လင့်ချက် ဟူ၍လည်း ဘယ်မှာမှ မမြင်နိုင်။ စိတ်များသည် အလိုလို မောလာမိ၏။ သူသည် သူ့မိသားစု၏ စားဝတ် နေရေးကို ဖြေရှင်းရင်း ဖါဖြစ်သွားလျှင်လည်း ထိုအတွက် အပြစ်တင်နိုင်စရာ မရှိ။
ကျနော်သည် ခု ချက်ခြင်း သူ့ ကို လက်ထပ်ပစ်ရန်လည်း တွေးကြည့်သည်။ သူ့ အိမ်ထောင် မိသားစုနှင့် ကျနော့် မိဖများ အိမ်ထောင်စု နှစ်ခု တာဝန်ကို ခု အချိန် ကုန်ဈေးနှုန်းများ မိုးထိမြင့်တတ်နေဆဲ၌ ကျနော် မည်သို့မျှ တာဝန်ယူနိုင်မည်မဟုတ်။ ထိုအတွေးမှာ မဖြစ်နိုင်သော စိတ်ကူးယဉ် အတွေးအဖြစ်ဖြင့် သူ့ဖာသာ ပျောက် ပျက် သွားနေသည်။
နောက်တော့ မွန်းကျပ်လွန်းနေချိန်၌ သူ့ အတွက် အသက်ရှုပေါက်ကလေး တခုတလေကို အခွင့်အရေးရလျှင် ရသလို ဖွင့်ပေးရန်သာ တွေးလာရသည်။
ကျနော်သည် ထန်းလျက်များကို ခရမ်းချဉ်သီးများ ဖုံးကာ ခရမ်းချဉ်သေတ္တာ အယောင်ဆောင်ပြီး တင်ပေးရန် တွေးလာမိသည်။
အင်တောကျယ်မှ ခရမ်းချဉ် သေတ္တာများ တင်လေ့ရှိသည်။ အင်တောကျယ်မှာ ကျနော် တန်ဆာလုပ်ပေးရသည့် ကျနော်ပိုင်ဘူတာလည်းဖြစ်သည်။ တန်ဆာကို အခြားသူ တဦးဦးကို လုပ်ခိုင်းပြီး ကျနော်ပိုင်သည့် ဆဒ္ဒုံချောင်း ဘူတာတွင် ချယူလျှင် အန္တရာယ်လည်း မရှိနိုင်။ သည်ကြားထဲ ရှာဖွေရေးများသည်လည်း တန်ဆာလုပ်သည့် ပစ္စည်းများကို စစ်ဆေးလေ့မရှိ။ အကယ်၍ စစ်ဆေးလျှင်လည်း ကျနော်မသိကြောင်း ငြင်းကွယ်၍ ရနိုင်သည်။ တန်ဆာလုပ်ရာ၌ အချိန်တိုကလေး အတွင်းတွင်မည်မျှ အားလုံးကို စစ်ဆေးနိုင်မည် မဟုတ်ပေ။

တညနေ၌ ကျနော်သည် သူ့ ကို ထိုအစီစဉ် အတိုင်း ပြုလုပ်ရန် ပြောခဲ့သည်။
သူသည် ကျနော်ပြောသမျှကို နားထောင်ရင်း ခေါင်းကိုသာ တွင်တွင် ခါနေသည်။
သူသည် ရထားတွဲထောင့်ဖက်တွင် ကျနော့်လက်ကို သူ၏ ချွေးစေးထန်းနေသည့် လက်များဖြင့် ဆုပ်ကိုင်ထားသည်။ သူ့ မျက်လုံးများဖြင့် ကျနော့် တကိုယ်လုံးကို ထွင်းဖေါက်ကြည့်နေသည်။ မျက်လုံးအိမ်များထဲ၌ မျက်ရည်များ ပြည့်လာနေသည်။ သူ့ စိတ်၌ နာကျင်စူးရှနေသည့် ခံစားရမူများသည် အကြောအမျှင်များအတိုင်း စီးဆင်းလာသည်။ သူ့ လက်ချောင်းကလေးများမှ တဆင့် ကျနော့် စိတ်နှလုံးပြင်ပေါ်သို့ ဆင်းသက်လာနေသည်။

“ဟင်အင်း.... ဟင်အင်း... အဲတာတော့ မလုပ်ဖူး၊ သူ့ ကို ထိခိုက်မှာပေါ့၊ သူ အလုပ်ပြုတ်သွားရင် သူများကိုသူများ သတ်သေမှာ”

သူသည် ကတုန်ကယင်ဖြင့် ပြောနေသည်။
“မပြုတ်ပါဘူး၊ မင်း ရဲတွေကိုသာ ပိုက်ဆံပေးထား၊ သူတို့လဲ တာဝန်ရှိတာဘဲ၊ဖြစ်လာရင် သူတို့က ကိုယ့်ကိုလွှဲချ၊ ကိုယ်က သူတို့ကို လွှဲချ၊ ဘယ်လိုရှောင်ရမယ်ဆိုတာ ကို သိပါတယ်၊ မင်းအမေ နေမကောင်းဘူး မှုတ်လား၊ သင်းသင်းက ပြောတယ်၊ မင်း ကို့ ကို ဖွင့်မပြောပေမယ့် ကို သိပါတယ်၊ ခု တော့ ဒီနည်းနဲ့ ဖြေရှင်းရုံဘဲ၊ ဒီရက်တွေမယ် ထန်းလျက်တင်တဲ့ လူတွေလဲ ပါးနေတယ် မှုတ်လား၊ လသာတုန်း ဗိုင်းငင့်ပေါ့ကွယ်၊ ဒီ တခါတော့ များများ စားစား လုပ်ပလိုက်၊ ထန်းလျက် လေးရာလောက်တင်ပလိုက်။ ဒီလို လုပ်ရတာဘဲ၊ ကြွေတလက် ကြက်တခုန်ပေါ့၊ မင်းမှာ အရင်းအနှီး မရှိတော့ဘူး မှုတ်လား”

သူသည် အချိန်များစွာ ကြာအောင် ငိုင်နေသည်။ ကျနော်သည် ထပ်ပြန်တလဲလဲ တိုက်တွန်းနေ၏။ ယာယီလွတ်မြှောက်ခွင့် ရရန် သူ့ တွင် ထိုနည်းလမ်းမှတပါး မရှိ။ ကျနော့် လက်ကိုဆုပ်ကိုင်ထားသည့် သူ့ လက်ချောင်းကလေးများမှာ တစတစ ခွန်အားကုန်ခမ်းကာ ပြေလျှော့လိုက်လာနေသည်။
ဆဒ္ဒုံချောင်းနား နီးလာလျှင် အမှောင်ရိပ်များ ဆိုင်းလာသည်။ အရာဝတ္ထု အပေါင်း၏ ရုပ်ပုံဖေါ် ကောက်ကြောင်းများမှာ အမှောင်ထုကြီး ဖြစ်လာပေပြီ။ ဤ အမှောင်ကား အသက်ရှူပေါက် ကလေးပင် မရှိတော့အောင် ပိတ်သည်းနေသည့် အမှောင်။ ကြောက်မက်ဖွယ်ရာ အမှောင်။ မကောင်းဆိုးရွားများ စားမည်တကဲကဲပြုကာ ကြိမ်းဝါး ခြိမ်းချောက်သံကြီးများသာလျှင် အဆက်မပြတ် မြည်ဟိန်းနေသော အမှောင်။
ကျနော်သည် သူ့ လက်ကလေးကို ဆုပ်ကိုင်ရင်း ထပ်၍ တိုက်တွန်းနေသည်။
သူသည် အမှောင်ထဲ၌ သက်ပြင်း တချက် ညည်းတွားလေသည်။
“အရင်းအနှီးတော့ သေသေ ချာချာ ပြောပြရင် အကြွေးပေးကြမယ့် လူတွေရှိပါတယ်”
ထိုစကားများကို ပြောနေစဉ်တွင် သူ့ စကားသံ တိုးတိုးမှာ တုန်ယင်အက်ကွဲနေခဲ့သည်။်
မကြာမီ တရက်တွင် ထိုအစီစဉ်အတိုင်း လုပ်ဖြစ်သည်။
သူသည် ထန်းလျက်သေတ္တာများကို ခရမ်းချဉ်သေတ္တာအဖြစ် အင်တောကျယ်မှ မိန်းမတဦးကို တန်ဆာ လုပ်ခိုင်း ထားသည်။
သူ ကိုယ်တိုင်မှာ အမြန်ရထားဖြင့် ရှေ့မှ ကြိုတင် ပြေးနှင့်သည်။်
လမ်းတလျှောက်လုံးတွင် ကျနော်နှင့် တကွ ရဲသားများထိတ်လန့် လာခဲ့ကြသော်လည်း ပင်းချောင်းကို ကျော်လွန်လာခဲ့သည်။ အခြား ဘူတာများမှလည်း အစစ်အဆေး မရှိ လွတ်မြောက်လာသည်။ နတ်မောက်ကို လွန်လာခဲ့လျှင် စိုးရိမ်ရန် မရှိတော့ပေ။
မြို့သစ်မှ လွတ်မြောက်လာခဲ့လျှင် ရင်ထဲ၌ ရှင်းလင်း ပေါ့ပါးနေကာ ကျနော်သည် လူစီးတွဲတတွဲ၏ တွဲဝတွင် ရပ်ရင်း သူ့ ကို ချက်ခြင်း မြင်တွေ့ချင်လာသည်။
မြို့လုင်၌ သူသည် ဦးကောင်းဇုံ ဆိုင်ရှေ့တွင် အသင့်စောင့်နေသည်။ ရထားရပ်သည်နှင့်တပြိုင်နက် ကျနော်ရှိရာသို့ ပြေးလာသည်။
ရထား ထွက်လာသော အခါ သူနှင့် ကျနော်သည် တွဲဝအမှောင်ရိပ်ထဲ၌ အတူ ယှဉ်ရပ်လာခဲ့ကြသည်။
“ဘယ်လိုလဲ...ဟင်”
သူသည် အေးတိအေးစက် လုပ်နေသည့် ကျနော့် ကို လက်မောင်း အတင်းဆွဲလှုပ်ရင်း ကတုန်ကယင် ဖြင့် မေးလာခဲ့သည်။
မှောင်ရီ ဆိုင်းစ၌ မြို့လုင်မှာ အေးငြိမ်းနေသည်။ အလင်းရောင် အကြွင်းအကျန်များသည် ဟိုသည် ကွက်ကြား ထွန်းနေသည်။ ချက်ခြင်းပင် မြို့လုင်သည် အဝေး၌ ငြိမ်သက် နေရစ်ခဲ့သည်။
ကျနော်သည် လွတ်လပ်သော ဤရထားတွဲဝ၌ သူ့ ကျောပေါ်သို့ လက်ကို အသာအယာတင်လိုက်သည်။ သူ့ မျက်နှာကလေးကို တစိမ့်စိမ့်ကြည့်နေသည်။ ကျနော်သည် မပြုံးမိရန် စိတ်တင်းထားသည်။ မရတော့ပေ။ သူကလည်း ငြိမ်သက်ပြီး ကျနော့် ကို ပြန်ကြည့်နေသည်။ သူ့ ပခုံးပေါ်မှ တဘက်စ တခုမှာ မိုမောက်နေသည့် သူ့ ရင်သားညွန့် ပေါ်တွင် ဝဲကျနေသည်။
“ပြောစမ်းပါ”
သူက ထပ်မေးနေသည်။
“သေတ္တာတွေ ပါခဲ့သေးရဲ့လား၊ ရင်ထဲပူနေတာဘဲ၊ အေးတိအေးစက် လုပ်မနေစမ်းပါနဲ့”
ကျနော်သည် သူ့ ကို စကားမပြောဘဲနေကာ နောက်ပြောင်နေသည်။ သူသည် ကျနော့် လက်မောင်း ကြွက်သားများကို အားမလို အားမရဖြစ်ပြီး လိန်ဆွဲနေသည်။်
အတော်ကြာမှ “ရင်မောင်တို့ လုပ်ရင် ပိရိပါတယ်” ဟု ကျနော်သည် နှုတ်ခမ်းမဲ့ကာ ရုပ်ရှင် လူကြမ်းဟန်ဖြင့် ပြောဆိုရယ်မောလာခဲ့သည်။
“မောနေတာဘဲ၊ ရှာတွေ့ကုန်ရင် သူ အလုပ်ပြုတ်သွားမှာ၊ နောက်တော့ ဒါမျိုး မလုပ်တော့ဘူး၊ အမြန် ရထားနဲ့ တုန်းက သူများ ရင်လေးလိုက်တာ၊ သူများ ရင်လေးလာရင် တခုခု ဖြစ်မယ်ဘဲ ထင်တာ၊ နိမိတ်ကလဲ မကောင်းဘူး၊ မျက်ရည်ခံတွေ တဆတ်ဆတ်လှုပ်နေတာ၊ အဲတာ အိမ်သာထဲဝင်ပြီး ငိုရတယ်”
သူ့ အသံသည်လည်း တုန်ယင်နေသည်။
ဆဒ္ဒုံချောင်း၌ သူသည် အသင့်စောင့်ကြိုနေကြသူများဖြင့် သေတ္တများကို ချယူကာ ဆင်းနေရစ်ခဲ့သည်။
ကျနော်သည် လူစီး တွဲဝအမှောင်ထဲတွင် တယောက်တည်း ရပ်မြဲ ရပ်လာခဲ့သည်။
ခု တခဏအတွက်ကား သူ့ ကို ကျနော် ကူညီနိုင်ပြီ။ နောင် အရှည်အတွက်မူ ရင်၌ လေးလံ ပင်ပမ်းနေရဆဲပင်။
ကျနော်သည် မိမိကိုယ်ကို အပေါ်ယံသာ ကြည့်ရှုသူ... ပေါ့ပေါ့ဆဆမျှသာ ခံစားတတ်သူ၊ အစိုးရိမ် သောက မရှိသူ ဖြစ်ချင်လာသည်။
ဘာကြောင့် နောင် အရှည်အဝေးအတွက် တွေးနေရသလဲ။
ဘာကြောင့် မရေရာသော အရာများကို အမှောင်ထဲ၌ ကြိုးစားရှာဖွေနေသူ ဖြစ်နေရသလဲ။
နွေ၏ နောက်ဖက် အစွန်ပိုင်း ရက်များ၌ မှောင်ခိုသူများ အတွက် အသက်ရှူပေါက်များ တကြိမ် ရလာကြပြန်သည်။
ပင်းချောင်း ရှာဖွေရေးများ၊ တောင်တွင်းကြီး ရှာဖွေရေးများသည် အနာရောဂါဆိုးတခု ခဏမျှ မြုံနေသလို ငြိမ်သက်နေပြန်သည်။
မညွန့်ရီ၊ မအေးသွယ်၊ သင်းသင်း၊ နုနု၊ မခင်သိန်း၊ မခင်လှ၊ မအေးမြင့်၊ ကိုအောင်စိန်၊ ကိုစိုးမောင် စသူများ တကြော့ပြန်လိုက်လာကြသည်။
“အတင်း မွေးတဲ့ ခလေးကတော် ကိုရင်မောင်ကြီးနဲ့ တရုပ်ထဲ၊ ကိုရင်မောင်ကြီးလို နှာခေါင်းချွန်းချွန်းနဲ့၊ ပါးချိုင့် ကလေးနဲ့၊ နဖူးကလဲ မောက်မောက်၊ အရပ်ကလဲ မြင့်မြင့်၊ ခါးကလဲ ကုန်းနေသေးတယ်”
မအေးသွယ် နောက်ပြောင်သည် ကို အားလုံး ဝိုင်းဝန်းရယ်မောလာကြပြန်သည်။
ဤရက်များအတွင်း၌ ကျနော်သည် ကျောက်ပန်းတောင်းဈေးသို့လည်း ညိုညို ထန်းလျက်ဝယ်သည့် နေရာများသို့ လိုက်ပါသွားသည်။
တခါတရံ၌ ကျနော်သည် သူ့ ကိုချိန်းဆိုထားပြီး ကျောက်ပန်းတောင်း ဘူတာရုံ နောက်ကြောဖက်ရှိ ကျောက်တောင်ကြောပေါ်မှ သုံးဆူတန်း စေတီကုန်းမြင့်ပေါ်တွင် သူ့ ကိုစောင့်နေသည်။ ထိုနေ့တွင် သူသည် ဈေးသို့ ကမန်း ကတမ်း သွားပြီး ကျနော်ချိန်းရာသို့ ရောက်လာသည်။
သူသည် ကုန်းမြင့်ပေါ်သို့ မတ်မတ်ရပ် လှေကားမြင့်ကြီးအတိုင်း စွန့်စားတက်ရောက်နေရစဉ်၌ အသဲတထိတ်ထိတ် ရင်တဖိုဖိုဖြင့် ကြောက်ရွံ့နေသည်။ အပေါ်သို့ ရောက်လျှင် ကျနော်ရပ်နေရာ ဇရပ်အတွင်းသို့ ပြေးဝင်လာသည်။
“ကြောက်လိုက်တာကွယ်..အသဲတွေ တုန်နေတာဘဲ”
ကျနော်သည် သူ့ ကို ငေးကြည့်ရင်း ပြုံးရုံသာ ပြုံးနေခဲ့သည်။ သူကမူ ဤ လွတ်လပ်ကာ လူသူကင်းပြတ်သည့် နေရာ၌ သူ့ကို အငမ်းမရ ပွေ့ဖက်ဖျစ်ညစ်မည်ထင်ကာ ရင်ဖိုနေသည်။ သူ့ မျက်နှာမှာ ရှက်သွေးကြွနေပြန်သည်။
ကျနော်သည် သူ့ကို ပွေ့ဖက်လိုသည့် စိတ်များကို ချုပ်တည်းကာ သူနှင့်အတူ ဘုရားဝတ်ပြုသည်။ ဝတ်ပြုစဉ်၌သူသည် အသံမထွက်ဘဲ တတွက်တွက် နှုတ်ခမ်းလှုပ် ရွတ်ဆိုသည်။
သူ ဘာဆုတောင်းသည်ကို ကျနော်သည် မမေး။

ဘုရားဝတ်ပြုပြီးလျှင် သူနှင့် ကျနော်သည် ကျောက်တောင်စွန်း၌ ဘေးချင်း ယှဉ်ရပ်ကာ ငြိမ်သက်နေကြသည်။ သူ စကားပြောမည်ပြုလျှင် ကျနော်သည် လက်ကာ ပြထားလိုက်သည်။ သူသည်လည်း ကျနော်၏ ငြိမ်ငြိမ်သက်သက်နေစေလိုသည့် ဆန္ဒကို သဘောပေါက်လာသည်။ ကျနော့် နံဘေး၌ မလှုပ်မရှက်ငြိမ်သက် ရပ်နေသည်။
ဤ ကျောက်တောင်ကုန်းထိပ်မှာ ငြိမ်သက်အေးငြိမ်းနေသည်။တောင်ခိုးများ ဝေ့လာသည်၊ လေများတိုးဝှေ့ လာသည်။ အောက်ဖက်ရှိ ကမ္မဌာန်းကျောင်းတိုက်များသည်လည်း ငြိမ်သက်နေသည်။ ဟိုဖက် တောင်စဉ် တောင်တန်းများပေါ်ရှိ ရွှေတောင်ဦး၊ လွမ်းစေတီ၊ အခြား စေတီတော်များမှ ဆွဲလဲသံများ ပျံ့လွင့်လာသည်။ အခြားတောင်ကုန်းများသည် ဤ ကျောက်တောင်ကုန်းအောက်၌ ငြိမ်သက်နေသည်။ အဝေးရှိ ပုပားတောင်မကြီးမှ မြူခိုးများ ဝေ့လာနေသည်။ ကျောက်ပန်းတောင်း တမြို့လုံးကို စီးမြင်နေရသည်။
သူသည် ကျနော့် ရင်ခွင်အတွင်းသို့ လှဲမှီလိုသဖြင့် သူ့ ပခုံးကို ကျနော့် ဖက်သို့ ညွတ်ကိုင်းသည်။
ကျနော်သည် မသိမသာ နောက်ဆုတ်ကာ သူ့ ကိုလက်ကာပြလိုက်ပြန်သည်။
သူသည် ကျနော့် ကို ရိုက်နှက်ပစ်လိုသော်လည်း သည်းခံနေရပုံမျိုးဖြင့် ငြိမ်သက်နေသည်။ အတော်ကြာလျှင် သူသည် “ဘာမှ ပြောစရာမရှိဘူး မှုတ်လား” ဟု ခပ်တိုးတိုးမေးသည်။
ကျနော်သည် ခေါင်းကိုသာ ယမ်းပြလိုက်၏။
သူသည် ကျနော့်ကို နှုတ်မဆက်ဘဲ ဆင်းသွားလေသည်။ နောက်ပိုင်းရက်များတွင် ဤ သုံးဆူတန်းစေတီ ကျောက်တောင်ကုန်းထိပ်၌ နှစ်ယောက် တွေ့ဆုံကြလျှင် သူသည်လည်း စကားမပြောရန်၊ အတတ်နိုင်ဆုံး တိတ်ဆိတ် ငြိမ်သက်စွာ နေရန် အကျင့်ရလာသည်။ ကျနော့် ကို နားလည်လာသည်။ သူကိုယ်တိုင်လည်း ကျနော့် လိုပင် ငြိမ်သက်သော၊ သိမ်မွေ့ အေးငြိမ်းသော ကြည်နူးမှုကို ခံစားတတ်လာသည်။
ဤကဲ့သို့ ချစ်သူ နှစ်ဦး လွတ်လပ် တိတ်ဆိတ်သည့် နေရာ၌ တွေ့ဆုံပြီး စကားမပြောဘဲ ဘုရားအတူဝတ်ပြု၊ အတူရပ်ကာ၊ က္ကုနြေ္ဒကြီးမားစွာ နေရသည်ကို သူ နှစ်သက်လာသည်။

ကျနော်တို့ နှစ်ယောက် ဤ ကုန်းတော်ပေါ်၌ နေရချိန်များနှင့် ရထားပေါ်တွင် နေရချိန်များမှာ ငရဲနှင့် နိဗ္ဗာန်လိုခြားနားပေသည်။
ရထားပေါ်သို့ ပြန်ရောက်လျှင် ဆူညံရှုပ်ပွေမှုများဖြင့်သာ ရောထွေးနေတော့သည်။ မညွန့်ရီ၏ ထန်းလျက် တောင်းများ လူအလိမ်ခံလိုက်ရသည်ဆိုသော အသံမျိုးကို မကြား၍ မရ။ ဘယ်မိန်းကလေးကို ဘယ်သူတွေက ဖျက်ဆီးလိုက်ပြန်ပြီဆိုသော စကားကို မကြား၍ မရ။ မကြင်ယုံတယောက် ငရုတ်သီးများနှင့်မိသဖြင့်၊ သူ့ အဖော်များကို မဖော်ဘဲ အနစ်နာခံလိုက်သဖြင့်အမှုဖြစ် ထောင်ကျသွားပြီ ဆိုသည့် သတင်းကို မကြား၍ မရ။ ပင်းချောင်းတွင် ယခင်ဖမ်းဆီးနေသောရဲများ ပြန်လာကြပြန်ပြီဟူသော သတင်းကို မကြား၍ မရ။
ဤ အဖြစ်အပျက်များမှာ ရေလှိုင်းလို နိမ့်လိုက် မြင့်လိုက်ဖြင့် မတည်ငြိမ်နိုင်ပေ။
သည်တကြိမ်၌ ပင်းချောင်းရှာဖွေရေးများ၏ ရှာဖွေဖမ်းဆီးမှုသည် ပို၍ တင်းကျပ်ပြင်းထန်လာသည်။ ထန်းလျက် တပိဿာအထုပ်ကလေးများပင် မချန်။ မှောင်ခိုသမားများ၏ အသံများမှာလည်း ကျယ်ရာမှ တိုးသက် သွားကြသည်။ ပင်းချောင်းရဲများသည် ပိုင်ရှင်များ မမိသဖြင့် ပို၍ ဒေါသဖြစ်လာကြသည်။
သူတောင်းစားကြီး ပခုံးမှ ထန်းလျက်ထုပ်ကို ဆွဲယူလိုက်ပြီး မျက်မမြင် သူတောင်းစားကြီးကို ဘယ်ကဲ့သို့ အရေးယူရမည်မသိ ဖြစ်သဖြင့် ပို၍ဒေါပွနေသည်။
သူသည် သူ တောင်းစားကြီး၏ ဆုတောင်းမေတ္တာ ပို့သနေသည့် ပါးစပ်ကို လိုက်၍ ပိတ်လိုက်ချင်ပုံရနေသည်။
သူတောင်းစားသည်လည်း ရှာဖွေဖမ်းဆီးရေးများ ကြား၌ သူ့ ပခုံးမှ ထန်းလျက်ထုပ်ဆွဲယူလိုက်သည်ကို ဂရုမပြုဘဲ ဆက်လက်၍ တောင်းရမ်းသွားသံမှာ ရဲသားကို အရွဲ့တိုက်နေသလိုဖြစ်နေပြန်သည်။

“သနား ကြပါခင်ဗျ၊ သနားကြပါခင်ဗျ၊ ကျုပ်ဟာ ဟိုတုန်းက နတ်မောက်ဘူတာက ကူလီအလုပ်သမားကြီး မြဒင်ပါဗျ၊ သူတောင်းစားမျိုး မဟုတ်ပါဘူး၊ ဘဝကအကြောင်း မကောင်းတော့ မျက်စိနှစ်ကွင်း အလင်းကွယ်ပျောက်လို့ ဟောဒီ မြေးကလေးတယောက်နဲ့ ရွာစဉ်ရှောက် တောင်းစားနေရပါတယ်ခင်ဗျ”
နောက်ပိုင်းရက်များတွင် ပင်းချောင်း၌ ဆိုက်ရပ်လျှင် ဤအသံများဖြင့် ဆူပွတ်လာသည်။
ပင်းချောင်း ရဲများသည် ပိုင်ရှင်ဖော်ထုတ်ရန်လည်း ကြိုးပမ်းလာသည်။
“ဒါနင့်အထုပ် မှုတ်လား”
ဖြူစောထီး ဘဝမှ စုတေလာခဲ့သော ရဲသားသည် ခုံတခုံအောက်မှ တပိဿာခန့် ထန်းလျက်ထုတ်ကို ဆွဲယူလိုက်ပြီး မျက်နှာထားဖြင့် တရားခံရှာတတ်လာသည်။
ညိုညိုသည် ခါးကော့၍ ကိုယ်ကိုမတ်လိုက်သည်။
သူ့ မျက်နှာမှာ နီမြန်းနေသော်လည်း သူသည် က္ကုနြေ္ဒမပျက် စေရန် စိတ်တင်းထားသည်။
“မဟုတ်ဖူး” ဟု သံပြတ်နှင့်ဖြေလိုက်သည်။
“အေး.... အမြဲတမ်း နင်တို့ မျက်နှာတွေချည့် မြင်မြင်နေရတာ တရားခံရှာမရဘူး၊ နင်တို့ တီဘီစီပါ ဖမ်းပလိုက်မယ် သိလား၊ ခု နင်တို့ကို ငါ ဖမ်းနိုင်တယ်”
“ဖမ်းနိုင်ရင် ဖမ်းပေါ့”
“တယ်... ငါလေ.... ဟေ့....ဒီထုပ်တွေ အောက်ချကွာ၊ ထန်းညက် တလုံးတွေ့ရင် တလုံးကိုဖမ်း၊ ဒီမှောင်ခိုတွေ အမြစ်ကို မပြုတ်ဖူး၊ ခပ်ကြမ်းကြမ်း လုပ်ရ ရမယ့်ဟာတွေ”
ဤ အသံများကြားထဲတွင် သူတောင်းစားအိုကြီး၏ “ ကျန်းမာကြပါစေ...ချမ်းသာကြပါစေ... သတ္တဝါအများ ကိုယ် စိတ်နှစ်ပါးချမ်းသာကြပါစေ” ဟု ဆုတောင်းမေတ္တာ ပို့သသံသည်လည်း ရောထွေးနေသည်။
ရထားကြီး ထွက်ခွာလာခဲ့သော အခါ၌ကား ဤအသံအပေါင်းသည် နောက်၌ ကျန်နေရစ်ခဲ့၏။
ရထားကြီးပေါ်တွင် မည်သူမျှ စကားမပြောကြဘဲ ငြိမ်သက်လာနေခဲ့သည်။ ရထားခုတ်မောင်းနေသံသာလျှင် ဆူညံနေသည်။ မည်သူမျှ စကားမပြောချင်ကြတော့။ သူတို့ ပြောနေကျစကားများမှာ အပ်ကြောင်းထပ်နေပြီဖြစ်သဖြင့် ဤ ညည်းညူသံများကို သူတို့ကိုယ်တိုင် မည်သူ့ ထံကမှ မကြားချင်တော့ပေ။
ထိုညနေက လူအများက ညိုညို့ ကို မှောင်ခိုသမကလေး အဖြစ်ဖြင့် သိနေကြပြီကို တွေးလာမိကာ ကျနော်သည် သူ့ အတွက် ပို၍ စိုးရိမ်သောက ဖြစ်လာခဲ့၏။ သူသည်လည်း သူ့ ကို ရဲသားတဦးက စွပ်စွဲလိုက်သည်ကိုသာ တွေးလာခဲ့သည်။ သူ့ နောက်မှ သူ့ အရိပ်သည် ထက်ကြပ်မကွာ ပြေးလိုက် လာနေသည်ကို မကြောက်ရံွ့၍ မဖြစ်တော့။
တညနေခင်းလုံးလုံး သူ့ အနား၌ ထိုင်ကာ စာရင်းများ လုပ်လာခဲ့သော်လည်း ကျနော်သည် သူ့ ကို စကား တလုံးမျှ မပြောမိ။
ဤကဲ့သို့ ရထားတစင်းလုံး အဖမ်းအဆီး ခံရစဉ်တွင် လွတ်မြောက် ကျန်ရစ်ခဲ့သူမှာ ကိုရွှေယောက်နှင့် သူ့ သား နှစ်ယောက်သာ ဖြစ်လေသည်။
မြို့သစ်မှ ရထား ထွက်ခွာလာခဲ့လျှင် ကိုရွှေယောက်သည် လဖက်ရည်ဘိုး ပေးရန် ကျနော်ရှိရာသို့ ရောက်လာပြန်သည်။ ကျနော် ငြင်းဆန်သော်လည်း သူသည် ဆယ်တန်တရွက်ကို အတင်းအကျပ် ပေးနေပြန်သည်။်
“စိတ်မပျက်ပါနဲ့ဟာ”
သူက ညိုညို့ ကို အားပေးလေသည်။
သူသည် နေရာမှမခွါသေးပဲ ရပ်နေသည်ကို ကျနော်သည်လည်း မသိနိုင်။
မြို့ လုင်ကို ကျော်လွန်လာသည်အထိ သူသည် မခွါသေး။
“သွားတော့လေ ကိုရွှေယောက်↔ဟု ကျနော်ပြောသော်လည်း သူသည် ငြိမ်နေခဲ့၏။
နောက်ဆုံး၌ သူသည် ကျနော်နှင့် ညိုညိုကို ဤရထားပေါ်ရှိ အိမ်သာတတွဲတွင်ပါသည့် ခေါင်မိုးမှ အပေါက်အကြောင်းကို ဖွင့်ပြောလေသည်။ ဤကိစ္စမှာ သူ့ အသက်နှင့်ထပ်တူ စေါင့်ထိမ်းထားရမည့် အရာဖြစ်သည်ကို ကျနော်လည်း ခံစားရသည်။
“ဒါကြောင့် အဲဒီအိမ်သာပါတဲ့ရထားနဲ့ ကိုက်ပီး ကျနော် နှစ်ရက်မှ တပတ်လိုက်တာ↔
သူက လျှို့ ဝှက်ပြီး အသံတုန်တုန်ဖြင့် ပြောနေသည်။
“အဲဒီအပေါက်က ငါးဆယ်ဆန့် တယ်၊ကျနော်နှစ်ဆယ်၊ ကျနော့်သားသုံးယောက်ရှိတုန်းက သူတို့ ကသုံးဆယ်၊ခြေနိုင်လက်နိုင် ပြေးလွှားကောင်းရုံပေါ့ဆရာ၊ ခုတော့ ကျနော့်သားကြီးလည်း မရှိတော့ဘူး၊ အဲဒီမှာ မိညိုတဆယ်တင် ↔
သူသည် စကားပြောနေရင်း အသံတွေတုန်လာသည်။ သူ့ သားကြီးကို သတိရလာသည်။
သူ နေရာမှ ထသွားသည်အထိ ကျနော်လည်း သူ့ ကို စကားပြန်မပြော မိ။ ညိုညိုသည်လည်း သူ့ ကို ကျေးဇူးတင်သည်ဟု ပြန်မပြောလိုက်။ သူသည် နေရာမှ ငြိမ်သက်စွာထွက်ခွါသွားသည်။
အတန်ကြာသည်အထိ ကျနော်သည် ငြိမ်သက်နေမိ၏။ ဘဝတူလူသားချင်းအပေါ်၌ထားရမည်ဟု အသိမရှိဘဲ သူ့ အလိုလို နှလုံးသားမှ ပေါက်ဖွားလာခဲ့သည့် ထိုမေတ္တာတရားမှာ နက်ရှိုင်းလှသည်ဟု ခံစားနေရပြန်သည်။

နိုင်ဝင်းဆွေ

အခန်း (၁၃)သို့ ဆက်လက်ဖတ်ရှုပါရန်...

April 18, 2010

မသိန်းရှင်ဆီ ပို့ ပေးပါ


(၁၁)
အမှောင်တွင်းမှာ သံသရာ

မကြာမကြာ ရထားကြီးသည် အပြန်ခရီး၌ နောက်ကျ နေတတ်သည်။
ထိုအခါ နတ်မောက် ဘူတာမှ ထွက်လာခဲ့လျှင်ပင် ဘူတာတဖက်ရှိ တောင်ကြော ကုန်းမြင့်ကလေးများပေါ်ဝယ် မှောင်ရီလည်း ဆိုင်းလာနေခဲ့ပြီ။ တောစပ်များ၊ လယ်ကွင်းပြင် များ၊ ယာခင်းဟောင်းများသည် မပီမသ ရေးခြယ်ထားသည့် ပန်းချီကားချပ် ဖြစ်လာ၏။ အ မှောင်ရိပ်သည် မှောင်ခို သမားများအတွက် ကိုးကွယ်ရာဖြစ်လာသည်။
သူတို့ မျက်နှာများမှာ မလင်းမရှင်းအလင်းရောင်အောက်၌ ပေါ့ပါးလတ်ဆတ်လာကြ သည်။ သည့်ထက်ပို၍ မှောင်လာလျှင် သူတို့သည် ချောင်ထဲ၌ ဝှက်ထားကြသော ထန်းလျက် အိတ်များတောင်းများကို လွတ်မြောက် လာကြပြီး အထိမ်း အမှတ်ဖြင့် စုဆောင်းနေကြသည်။
သူတို့ထံမှ ပေါ့ပါးလန်းဆန်းလာမှုများသည် ကျနော့် ကိုပင် ကူးစက်လာနေကြသလား ထင်သည်။ ကျနော်သည် ညိုညို့ နံဘေး၌ထိုင်ရင်း ကျနော့် ကို ကျနော် မေးခွန်းတခု မေး နေသည်။ ကျနော်သည်ပင် မှောင်ခိုသမားတပိုင်း ဖြစ်လာနေခဲ့ပြီလား။

“ နေ့တိုင်း...နေ့တိုင်းနော်... ဒီလိုချည့် ရထားကြီး နောက်ကျ နောက်ကျနေရင် သိပ်ကောင်းမှာဘဲ”

ညိုညို၏ ရွှင်လန်းပေါ့ပါးစွာ ပြောနေသံမှာ ကျနော့် အတွေးများနှင့် လာ၍ စပ်ဟပ် ဆက်သွယ်နေပြန်သည်။ ထိုအခါတွင်ကား ကျနော်သည်လည်း သူ့လိုပင် လွတ်မြောက် လာမှု အတွက် ဝမ်းသာနေကာ သူ့ လိုပင် တိတ်တဆိတ် ဆုတောင်းနေမိသည်။
သူသည် မီးရောင်မှိန်မှိန်အောက်တွင် ကျနော့်ကို လှည့်ကြည့်နေသည်။ သူ့ မျက်နှာ ပေါ်မှ ချွေးဥချွေးစက် ကလေးများကို တို့ပတ်ပုဝါဖြင့် တို့ယူနေသည်။

“ဟုတ်တယ်... ဒီလိုဆိုရင် ကောင်းမှာဘဲ၊ ဖမ်းမှာဆီးမှာလဲ မကြောက်ရတော့ဘူး၊ အင်း....မဖမ်းဆီးပြန်ရင်လဲ ထန်းညက်ဈေးတွေ ကျကုန်မှာပေါ့၊ ဈေးတွေကျကုန်ရင်လဲ ဘယ် ကောင်းတော့မလဲ”

သင်းသင်းသည် ခပ်တိုးတိုး ရယ်မောနေ၏။
ထိုနေ့မျိုးတွင် ညိုညို၊ သင်းသင်း၊ နုနှင့် သူတို့တတွေသည် စိတ်အေး ချမ်းသာစွာဖြင့် စကားများစွာပြောလာခဲ့ကြ၏။ စကားပြောရသည်မှာလည်း လွတ်လပ်နေကြသည်။ ကျနော် သည်လည်း မှောင်ရိပ်ခိုပြီး ညိုညို့  လက်ပေါ်သို့ ကျနော့်လက်ဖြင့် ဖိထားကာ မလွှတ်တမ်း ဆုပ်ကိုင်ထားနေမိသည်။

“ဦးပေါ်လာကြီးတို့ လှည်းတွေနဲ့ ထန်ညက်တွေ ချနေကြတာသိသလား၊ လေးအိမ်က ထန်းညက်တွေလေ....၊ သိန်းအောင်လဲပါတာပေါ့၊ အဲတာ ဦးပေါ်လာကြီး ထန်းညက် လှည်းသုံး စီးအချင်းချင်း အလိမ်ခံရလို့ ဦးပေါ်လာကြီး ကြူကြူချ ငိုရတယ်တဲ့ ...ဒီလူကြီး သနားပါတယ် နော်....ဦးပေါ်လာကြီး ငိုတော့ မညွန့် ရီလဲ မျက်ရည်တွေကျလို့တဲ့၊ ကိုရွှေယောက်ကြီး ပြောတာ”
“ဘယ်သူမှသာ မသိလိုက်တာ၊ မမသိန်းရှင် ထန်းညက်တွေကုန်ရထားနဲ့ သုံးတွဲတောင်တင်တာတဲ့၊ အင်တောကျယ်က တင်တာ၊ ဂါတ်ဗိုလ် ကိုမောင်ရီလေ...၊ တတွဲ လေးရာနဲ့ ကိုမောင်ရီထောင့်နှစ်ရာ ရတယ်တဲ့၊ ဆဒ္ဒုံချောင်းမှာ ရထားစက်ပျက်တယ်ဆိုပီး သုံးနာရီလောက် ရထားရပ်ပြီးချတာ၊ ပိုက်ဆံရှိတဲ့ လူတွေကျတော့လဲ တတ်နိုင်တယ်နော်....၊ ဒို့ ထန်းညက်တွေလဲ သူ့ဆီဘဲ သွင်းရတာ၊သူတို့ကျတော့ ဈေးထဲ ပြောင်ပြောင်ချရောင်းနေလဲ ကိစ္စမရှိဘူး၊ ဒို့ သွားရောင်ကြည့်စမ်းပါလား”
“ဒါနဲ့ အခုတလော ပင်းချောင်းကမရှာတော့တာ သိလား၊ မခင်သိန်းတို့ မခင်လှတို့ မိသိန်းတို့ မပါတော့လို့၊ အောင်နိုင်မြင့်က သူတို့ကို ညိုးနေတာ၊ ဇာတ်တွေကလဲ ရှုပ်လိုက်တာနော်၊ သပွတ်အူဘဲ၊ အဲတာ ကျောင်းတော်က ရန်စတဲ့...”
“ကိုရင်မောင် ...မနေ့က ဂါတ်ဗိုလ် ကိုစံရီကြီး ပိုက်ဆံတဆယ်တောင် ပြည့်အောင်မရလို့ သူ့ မိန်းမကို မျက်နှာ ဘယ်လိုပြရမယ်မသိဘူး ဆိုပြီး ငိုတယ်ဆို”
“မူးနေလို့ ငိုတာပါ”

ကျနော်သည်လည်း စိတ်လက်ပေါ့ပါးလာကာ ကိုစံရီ ငိုရပုံကို ရယ်စရာအဖြစ်ဖြင့် ရှင်းပြနေပြန်သည်။ ကိုစံရီကား မူးလာလျှင် ငိုစရာရှာကာ ငိုတတ်သူ ဖြစ်၏။ မူးလာလျှင် ကိုစံရီ၏ မျက်လုံးများသည် မျက်ရည် အလိုလို ဝဲလာကာ ငိုရန် အသင့်ဖြစ်နေတတ်သည်။်

ကျနော်သည် ဤကဲ့သို့ စိတ်လက် ပေါ့ပါးလာခဲ့သည့် နေ့များတွင်....မှောင်ရိပ်ဖက် ထောင့်ကျကျ၌ ထိုင်ရင်း၊ ညိုညို့ လက်ကိုဆုပ်ကိုင်ထားရင်း၊ ပြဇာတ်မင်းသားဟန်ကို ရယ်စရာ အတုခိုးကာ ခေါင်းကိုစောင်းလိုက် ငဲ့လိုက် ညုလိုက်လုပ်ရင်း၊ ညိုညို့ ကို သီချင်းတပုဒ်ပုဒ် တီးတိုး ဆိုပြ လာမိတတ်သည်။
ထိုအခါများတွင် သူ့ မျက်နှာသည်လည်း အမှောင်ရိပ်ထဲဝယ် ပြုံးနေသည်။ လရောင် မှိန်ပျပျသည် သူနှင့် ကျနော့်ကြား၌ ကျနေ၏။ သူသည် ရှက်လာကာ ကျနော့်မျက်နှာကို မကြည်ရဲတော့ပြန်ပေ။ ကျနော့် လက်မောင်းကို တချက်ဆွဲလိန်လိုက်သည်။

“တော်စမ်းပါ...ရှက်စရာကောင်းလိုက်တာ၊ မကြည့်ရဲတော့ဘူး”
ပြောရင်း သူသည် တခစ်ခစ် ရယ်နေသည်။
“ကျယ်ကျယ်တော့ မဆိုရဲဘူး”
“ဆိုရဲတယ်ဗျာ”
“ဒါဖြင့် ဆိုကြည့်စမ်း”
“ဟိုသီချင်း ဆိုမယ်နော်...မောင့်အနားမှာ ခင်လေးထိုင်လို့ တီတီတာတာပြောတတ်ပြန်သေးတယ်....နော်”
သူသည် ကျနော့်ကို တချက် လိန်ဆွဲလိုက်ပြန်သည်။
“အဲတာ မဆိုရဘူး.... သူများကို စောင်းပြောတာ”

ကျနော်သည် ထိုသီချင်းကိုပင် တီးတိုးညည်းညည်း ဆိုနေမိသည်။ သူ့လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ထားသည်။ ကျနော်သည် သူနှင့် နှစ်ယောက်ထဲနေရသလို စိတ်၌ခံစားနေရ၏။ သူ့ မျက်နှာပေါ်မှ အပြုံးရိပ်များကို အမှောင်ပျပျ၌ ရှာကြည့်နေသည်။ သူကလည်း ကျနော့် ကို မျက်လွှာကြီးပင့်ကာ ကြည့်နေသည်။ ကျနော်တို့နှစ်ဦးစလုံးစိတ်၌မူ မေးခွန်းတခုကို တပြိင်နက်တည်း မမေးရဲမေးရဲဖြင့် မေးနေကြ၏။ “ဘယ်တော့ ကျနော်တို့ အတူတကွ နေရမှာလဲ။ ဘယ်အခါတွင် သားသမီးတွေ တလှေကြီးနှင့် စုစုရုန်းရုန်း ပျော်ပျော်ပါးပါး နေနိုင်မည့် နေ့ရက်များ ဆိုက်ရောက်လာမှာလဲ”။ ထိုနေ့ရက်များမှာ မမြင်ရသေးသည့် အနာဂါတ်၌သာ ရှိနေကြသည်ကို နှစ်ယောက်စလုံး သိနေကြ၏။
သီချင်းထဲတွင် လေပြင်းမုန်တိုင်းကျပြီး ကိန္နရီမောင်နှံ ကွဲကွာသွားကြသည့် အပိုဒ်ရောက်လာလျှင် သူသည် ဝမ်းနည်း လာနေပြန်သည်။ သူ့ မျက်လုံးထဲ၌ ကိန္နရီမောင်နှံငိုကြွေးနေကြဟန်ကို မြင်တွေးနေသည်။
သူ့ မျက်လုံးအိမ်၌ ရွှန်းလက် တောက်ပ နေမှုများသည် မှိန်ဖြော့လာနေသည်။ သူ့ နှုတ်ခမ်းပေါ်၌ ဝဲနေသည့် အပြုံးရပ်အတွန့်ကလေးသည် တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။ သူ၏ ဝမ်းနည်းတတ်သော၊ အားငယ်တတ်သော မျက်နှာကလေးမှာ ငြိမ်သက်လာကာ..တဖြည်းဖြည်း ဝမ်းနည်းရိပ်ကလေးများသန်းလာနေသည်။

“တော်တော့ကွယ်၊အဲဒီသီချင်းကို ဘယ်တော့မှမဆိုနဲ့၊ အဲတာ နိမိတ်မရှိတဲ့ သီချင်းကြီး”

သူသည် ကျနော့်လက်ကို ပြန်၍ ဆုပ်ကိုင်ထားနေရင်းခပ်တိုးတိုး ပြောနေပြန်သည်။
ကျနော်သည်လည်း သီချင်း အဆို ရပ်လိုက်သည်။
သူ့ လက်ဖဝါးကလေးကို ပွတ်သပ်နေသည်။
သူ့ လက်ချောင်းကလေး တခုအပေါ်၌ မကြာမီရက်ပိုင်းအတွင်းကမှ သူဝယ်လိုက်သည့် လက်စွပ်ကလေးကို အမှတ်မဲ့စမ်းနေမိ၏။ “ဤလက်စွပ်ကလေးမှာ ထန်းလျက်များမှ ဖြစ်လာသည့် လက်စွပ်ကလေး၊ အမှောင်ရိပ်သံသရာမှ ထွက်ပေါ်လာခဲ့ရသည့် ရွှေတို ရွှေစကလေး” ဟု တွေးနေမိပြန်သည်။
မကြာမီ သူ့ ထန်းလျက်များ အဖမ်းခံလိုက်ရလျှင် သူ့ လက်ပေါ်မှ ဤလက်စွပ်ကလေး သည်လည်း ပျောက်ကွယ် သွားရလိမ့်မည်။

ညိုညိုသည်လည်း လေး ငါး ကြိမ်ထက်မနည်း အဖမ်းအဆီးခံခဲ့ရပြီး ဖြစ်သဖြင့် ဖမ်းဆီး သည်မှာ သူ့ အတွက် ဘာမျှ မထူးဆန်းသလို ရိုးလာစပြုလာနေခဲ့ပြီ။
သူ့ ထန်းလျက်တောင်းများကို ရထားပေါ်မှ ဆွဲချနေကြစဉ်တွင် သူသည် သူ့ ပစ္စည်းမဟုတ်သလို က္ကှူနြေ္ဒရရ နေနိုင်လာခဲ့ပြီ။
သူ့ မျက်မှောက်၌ပင် သူ့ ပစ္စည်းများကို အလုပ်သမားများ ဆွဲချနေကြ၏။ဤသို့ ဖမ်းဆီးနေဆဲအချိန်များ၌မူ ရထားကြီး တစင်းလုံးမှာ အလုပ်သမားများ၏ လှုပ်ရှားနေသံမှ လွဲ၍ အခြားအသံမရှိ ၊ ငြိမ်သက်တိတ်ဆိတ်နေတတ်သည်။
ကုန်ပစ္စည်များဖမ်းပြီး ရထားကြီး ပြန်ထွက်လာခဲ့မှ သူသည်လည်း အခြားသူများကဲ့သို့ ငြိမ်သက်နေသော စက်ရုပ်များ အဖြစ်မှ လူပြန်ဖြစ် လှုပ်ရှားလာနေသည်။ သူ့ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လှုပ်ရှားလာသည်။
ရထားကြီးသည်လည်း လူ့ ဘုံလောက၌ ဘာဖြစ်နေပြီကို မသိလိုက်သော ပိတ်ပိတ်ပိန်း နားလေးနားထိုင်ကြီးကဲ့သို့...သူ့ ဖာသာ ဆူညံစွာ ဥသြဆွဲပြီး ထွက်ခွာလာသည်။ ပင်းချောင်း အထွက်၌ ထန်းတောကြီးများသည် ပတ်လည်ဝေ့ကာ ကျန်ရစ်နေခဲ့သည်။
ရထားပေါ်၌ ဆူညံသံများ ပွက်လောရိုက်လာသည်။ ငိုလုလု အသံများဖြင့် ဆဲဆိုကြ၏။ ပေါက်ကွဲမတတ် ကျိန်ဆဲသံများဆူညံလာသည်။

“ဖမ်းပေါ့..နောက်တခါဖမ်းရင် တခါတင်မယ်၊ အခါတရာဖမ်းရင် တထောင်တင်မယ်”
“ဒီလိုပေါ့ မိညိုရယ်...လွတ်တဲ့အခါလွတ်၊ အဖမ်းခံရတဲ့အခါလဲ ရှိမှာပေါ့” ဟု သင်းသင်းက ပြောနေသည်။
သင်းသင်း၏စကားလုံးများသည် သင်းသင်းကိုပင် ပြန်၍ အားပေးနေသည်။

ညိုညိုကား မွှန်ထူ ထုံထိုင်း နေသလို ငြိမ်သက်နေ၏။
ထိုအချိန်တွင် ကျနော်သည် သူ့ အနားတွင် ထိုင်နေရင်း သူ့ ကို စိတ်တွင်းမှ အားပေး နေမိသည်။ သူသည်လည်း ကျနော်ရှိနေသောကြောင့် အားရှိနေသည် ထင်သည်။ ကျနော် သည် သူ့ ဒုက္ခကို ဝေမျှခံစားနေရ၏။
သူ့ ပစ္စည်းများ အဖမ်းခံ အသိမ်းခံရခြင်းများကို ကျနော့် ပစ္စည်းများ အဖမ်းခံရသလို ထင်နေခဲ့ပြန်သည်။
တခါတရံ၌ကား ကျနော်၏ သူ့ ကို ချစ်သူလို ချစ်နေသောစိတ်မှာ ထို့ထက်များစွာ ပိုမိုနက်ရှိုင်းသော မေတ္တာတရား အဖြစ်သို့ပင် ကူးပြောင်းသွားနေသည် ထင်ရသည်။ သူနှင့် ကျနော့် ကြား၌ရှိသော ဖိုမ တပ်မက်မှု အမှေးပါးကလေးသည် ကွဲပျက်သွား၏။ ရင်ထဲမှ ဂရုဏာများသည် တစိမ့်စိမ့်ကြီးထွား လာနေပြန်သည်။ ထိုအခါများ၌ကား သူ့ လက်မောင်း ကလေးကို ဆုပ်ကိုင်းထားသည့် ကျနော့် လက်များမှာ တပ်မက်စိတ်မပါဘဲနှင့် ပို၍ တင်းကျပ် လာသည်။ သူ့ကို တအူတုံဆင်း ညီမကလေးလို တွယ်တာလာသည်။ သူ့ မျက်နှာ ကလေးမှာ လည်း ကျနော်နှင့် ပို၍ တူလာနေသည် ထင်မိပြန်သည်။

“မောင်ရင်တို့ကြည့်ရတာ မောင်နှမကလေး နှစ်ယောက်ကိုကြည့်ရသလိုဘဲ” ဟု ရထားလိုက် စာတိုတ်ဗိုလ် ကိုကျော်စိန် ပြောဘူးသည်ကို ထိုအခါများတွင် ကျနော်သည် အ မှတ်ရလာနေကာ သူ့ မျက်နှာကလေးကို ငေးစင်းကြည့်နေမိသည်။
သူ့ မျက်လုံးများမှာလည်း ကျနော့်ကို ချစ်သူကဲ့သို့ တွယ်တာနေခြင်း မဟုတ်တော့ဘဲ... အားကိုးလိုစိတ်၊ ယုံကြည်စိတ်များဖြင့် ပြည့်လျှမ်းကာ တောက်ပနေသည် ထင်မိသည်။
တခါတရံ လမ်းခုလတ်၌ ရထားကြီး စက်ပျက်နေသဖြင့် အမှောင်ထဲ၌ ရပ်ထားရ၏။
ထိုအခါများတွင် ကျနော်သည် စာအုပ်စာတန်းများကိုယူပြီး သူတို့ တွဲသို့ ကူးပြောင်း သွားသည်။
သူသည် အချိန်အတန်ကြာကပင် ကျနော့် ကို အားကိုးလိုစွာ မျှော်နေခဲ့ရှာသည်။
ကျနော်လည်း အမှောင်ထဲ၌ သူ့ အနားတွင် အသားချင်းထိကပ်ထိုင်လိုက်သည်။

“ဘာပြုလို့ ခုမှလာရတာလဲ၊ ဒီမှာဘဲ ထိုင်နေနော်...၊ ဟိုဟိုဒီဒီ ရှောက်သွားမနေပါနဲ့”

သူက သူ့ အဖော်များ မကြားစေရန် ခပ်တိုးတိုး ပြောသည်။
ရထားပေါ်၌ မီးမလင်းသဖြင့် ဟိုတကွက် သည်တကွက် ဖရောင်းတိုင်ကလေးများသာ ထွန်းညှိထားကြ၏။ လေတိုက်လိုက်လျှင် ဖရောင်းတိုင်များသည် ဟုတ်ကနဲ ငြိမ်းသွားကြ၏။ ထိုအခါ၌ကား ဘာမျှ မမြင်ရအောင် မဲမှောင်လာသဖြင့် ကျနော်သည် သူ့ အနားသို့ တိုးကပ်လိုက်ပြီး သူ့ ဂုတ်ပိုးသားကို တချက်နမ်းလိုက်၏။ သူက ကျနော်ကို တွန်းလွှတ်သည်။
“ဟိုဘက်မှာထိုင်”
သူက အသံအုပ်ပြီးပြောသည်။
“ဟိုဘက်မှာ စာအုပ်တွေ ထားရမယ်၊ နှစ်ယောက်ကြားကထား၊ အလယ်ကထား”
သူသည် ကျနော့် လက်မောင်းကို တချက်လိန်ဆွဲသည်။ ပြင်းပြင်း ထန်ထန် မဟုတ်သော တက်တချက်ခေါက်သည်။ ကျနော်သည်လည်း အမှောင်ထဲ၌ ပြုံးနေမိပြန်သည်။
ဖရောင်းတိုင်မီးများ ထွန်းညှိ ကြသောအခါ...“ဒုက္ခပါဘဲ၊ ဒီမီးတွေကို ဘာပြုလို့ ထွန်းနေကြပါလိမ့်နော်...” ဟု ကျနော်သည် ရယ်သံ တဝက်ဖြင့် ပြောနေမိသည်။
ညဥ့်နက်လာလျှင် သူ့ အဖော်နှစ်ယောက်လည်း တဖက်ခုံပေါ်တွင် တယောက်ကိုတယောက် မှီပြီး အိပ်ပျော်သွားသည်။ သမ်းဝေသံများ ကြားရသည်။ “ရထားကြီးက ဘယ်တော့ပီးမှာလဲ” ဟု ညီးညူကြသည်။ စက်ဗိုလ်သည် ရထားခေါင်းတွဲကို ထုနှက်ပြင်ဆင်နေသည်။ အဝေးတောစပ်ဆီမှ ဂျီဟောက်သံများကြားရသည်။ လရောင်ပျပျ၌ အညာကုန်းကမူ မြက်ခင်းပြင်များပေါ်တွင် ယုန်ကလေးများ နှုတ်ခမ်းမွှေးသပ်လိုက် ပြေးဆော့ ကစားလိုက် လုပ်နေသည်ကို သူနှင့် ကျနော်သည် ရထားပြတင်းဝမှ ငေးမောကြည့်နေမိကြ၏။
သူ့ အသက်ရှူသံ၌ နွေးနေပြန်သည်။
ညလေပြေများသည် တောင်ကုန်းစောင်းများ၊ ချိုင့်ဝှမ်းများဆီမှ ပြေးလာနေသည်။
“သူ အိပ်ချင်အိပ်ပါလား”
ညိုညို၏ စကားပြောသံမှာ နွေးနေသော နှလုံးသားအတွင်းမှ ဖြတ်သန်းလာသည်။
“အိပ်ချင်ဘူး”
“မှောင်နေတာဘဲ၊ ကြောက်စရာ ကောင်းလိုက်တာနော်...”
“ဘာကို ကြောက်တာလဲ”
“အာလုံးဘဲ”
“ကိုလဲ ပါသလား”
“အမယ်...အမယ်...သူ့ ကို ဘာလို့ ကြောက်နေရမှာလဲ”
ကျနော်သည် သူ့ မျက်နှာအနားသို့ ပို၍ တိုးကပ်လိုက်သည်။ သူ့ လက်မောင်းကို ခပ်ရွရွဆုပ်ကိုင်ထားသည်။ရယ်သံဖြင့်...
“ခုလို အခါဆိုတော့ ကိုကလဲ မတရား ကြံချင်ကြံမှာပေါ့၊ အဲတာတော့ ကိုလဲ ကိုယ့်ကိုယ်ကို စိတ်မချရဲဘူး”ပြောနေမိသည်။
သူသည် ကျနော့် ကို တွန်းလွှတ်ပြန်သည်။
“သွား...ဒါဖြင့်သွား ...ဟုတ်တယ်၊ သူ့ ကိုလဲ ကြောက်ရမှာဘဲ၊ သူလဲ တီဘီစီမှုတ်လား၊ ကဲ ..ပြောစမ်း...ဟိုနေ့က ရထားမိုးချုပ်နေတုန်းကလေ....သူ မအေးသွယ်ကို အိမ်သာနားခေါ် သွားတာ ဘာလုပ်တာလဲ၊ မှန်မှန်ပြောစမ်း၊ မလိမ်နဲ့နော်၊ သီပီးသားသိလား”
“ကိုယ်က ဘီဘီစီပေမယ့် သူတော်ကောင်းပါ”
“အန္တရာယ်ဘဲ” ဟု သူက ပြောနေသည်။
အတန်ကြာလျှင် ကျနော်သည် စာအုပ်များကိုသူနှင့် ကျနော့်ကြားတွင် ချလိုက်သည်။ ထိုင်ခုံတဖက် အစွန်းတွင် ထိုင်ရင်းအနာဂါတ်ကာလကို မျှော်လင့်ချက်များဖြင့် မျှော်တွေးနေ မိသည်။ မိသားစု နှစ်ခု၏ စားဝတ်နေရေးအတွက် သူသည်လည်း တွေးနေပုံရသည်။ သူ့ အမေ၏ ကျန်းမာရေးအခြေအနေကို မေးကြည့်သည်။ သူသည် အတော်နှင့် ပြန်မဖြေဘဲ တွေနေသည်။
“သက်တော့ သက်သာလာဘီ၊ အရင်ကလောက် ချောင်းမဆိုးတော့ ဘူး၊အရင် က လောက် ချောင်းမဆိုးတော့ဘူး၊ ပန်းနာထရင်တော့ မောမောနေတယ်၊ သူ ဝယ်လာ ခဲ့တဲ့ ဆေးနဲ့ တဲ့တယ်။ အဲတာ အမေက ခဏခဏ ပြောတယ်၊ ဘာပြုလို့ ပေးတာလဲ....ဟင်”
“ကိုတို့ ဘယ်တော့ အတူနေရမလဲတို့ တွေးနေမိလို့ပါ၊ ညိုညိုတို့ အမေနေကောင်းလာရင် သိပ်ငဲ့နေစရာမလိုတော့ဘူး မှုတ်လား”
“ဘာပြုလို့ အတူနေရမှာလဲ”
“မနောက်စမ်းနဲ့”
ပြောရင်း ကျနော်သည် လှစ်ကနဲပြုံးလိုက်မိ၏။ သူနှင့်ကျနော်သည် တဦးကိုတဦး သဲသဲကွဲကွဲ မမြင်ရဘဲနှင့် မျက်နှာချင်းဆိုင်ကာ အတန်ကြာ ငေးကြည့်နေကြသည်။ သူ့ ကိုလည်း ကျနော် မပိုင်ဟု တွေးနေမိ၏။
“အတူတူနေချင်တာ ချစ်လို့ ပေါ့၊ ဘယ်တုန်းကချစ်တာလဲလို့ မေးအုံးမယ်လို့ မှုတ်လား၊ တကယ်ပါ၊ ကို တကယ်တွေးနေတာ၊ ပီးတော့ ဒီအတိုင်း မင်းကို ကို စိတ်မချချင်တော့ဘူး၊ ပိုင်ထားလိုက်ချင်တယ်၊ စိတ်ချစရာလဲ မရှိဘူးမှုတ်လား၊ ခုတောင်မှ ကိုကာကွယ်ပေးထားလို့”
“သူများလဲ သူ့ ကို စိတ်မချဘူး၊ နေ့တိုင်းဘဲ သူ မိန်းမတွေနဲ့ ပူးပူးကပ်ကပ်နေရင် သူများ သိပ်ငိုချင်တာ၊ အော်အော် ငိုပလိုက်ချင်တာ”
သူသည်လည်း ခပ်တိုးတိုး ပြောနေသည်။
ထိုနောက် ပြောစရာ စကားများ ကုန်ခမ်းသွားသလို နှစ်ယောက်စလုံး ငြိမ်သက်နေမိကြသည်။ ရထားကြီး မီးရှိန်အားပြန်ပြည့်လာပြီး ထိုနေရာမှ ထွက်ခွာလာ ခဲ့သည် အထိ စကားမပြောဖြစ်ကြတော့ပေ။ အိပ်ပျော်နေသူများသည် နိုးလာခဲ့ကြ၏။ ရထားတွဲပေါ်ရှိ မီးလုံးများသည်လည်း ပြန်၍ လင်းလာကြပြန်သည်။
ခပ်ဝေးဝေး မှောင်ရိပ်ကျသော ခုံတခုမှ မအေးသွယ်၏ တခစ်ခစ်ရယ် သံများသည် လည်း ရထားခုတ်မောင်းနေသံဖြင့် ရောထွေးပေါ်လာနေပြန်သည်။ အစောက ရှေ့ အနား ခုံတခုပေါ်၌ ထိုင်နေခဲ့သည့် လင်ရှိအပျို မအေးမြင့်လည်း သူ့ နေရာ၌ မရှိတော့ပေ။
ကြားဘူတာတခုတွင်ကား မအေးမြင့် ပြန်တက်လာသည်။ သူသည် ကပိုကရိုဖြစ်နေ၏။ အားအင်ကုန်ခမ်း နွမ်းနယ်လာသည်။ မျက်နှာပေါ်၌မူ ကျေနပ်သော အပြုံးကလေး တခုမှာ ဝေ့ပါလာသည်။ သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော သူ့ ယောင်္ကျားးနံဘေး၌ ခပ်ဖြည်းဖြည်း ဝင်ထိုင်လိုက်လေသည်။
ကျနော်ကား စိတ်များ ရှုပ်ထွေးနောက်ကျိလာနေသည်မှာ ဘယ်အခါတွင်မှ အနည် ပြန်ထိုင်တော့မည် မဟုတ်ဟုပင် ထင်လာခဲ့သည်။
ဤ မိန်းကလေးများမှာ အမှောင်ထဲ၌ သံသရာလည်နေရ၏။ အမှောင်သည် သနားစ ဖွယ်ဖြစ်သော သူတို့ကို တစတစ ရစ်ပတ်လာကာ နောက်ဆုံး၌ ဝါးမျိုစား သောက်ပစ်လိုက်၏။ အမှောင်ကို အသုံးချတတ်သော ကျားရဲများသည် မှောင်လာလျှင် တောကြီးမျက်မည်းထဲမှ ထွက် ပေါ်လာကြသည်။
ကျနော်သည် ထွန်းမောင်လိုလူမျိုး မီးရထားပေါ်တွင် လိုက်ပါနေသမျှ မိန်းမ ကောင်းက လေးများစွာမှာ ဆုံးခန်းတိုင် ပျက်စီးသွားရမည်ကို နိယာမတရားတခုလို တွေးလာမိတတ် သည်။
ထွန်းမောင်သည် မိန်းမကျလောက်သည့် ရုပ်လည်းရှိ၏။ လိမ္မာပါးနပ်သည်။
နေ့လယ်ဖက်တွင် ကျောက်ပန်းတောင်း၌ ရထားကြီး ဆိုက်ရပ်ထားစဉ် သူသည် ရဲတွဲပေါ်မှ အခြားရဲသားများနှင့်အတူ ညိုညိုတို့ သင်းသင်းတို့ မြို့ ထဲမှ ပြန်အလာကို မျှော်နေ တတ်၏။
မှောင်ခိုသမကလေးများ ပြန်လာချိန်ကား ဘူတာရုံသို့  ခရီးသည်များ မဆိုက်ရောက် သေးမီ ဖြစ်သည်။ ထိုအချိန်တွင်မှ သူတို့ အတွက် ဝှက်ရ ကဲ့ရ လယ်ကူသည်။
ညိုညိုရောက်လာလျှင် သူသည် ရဲတွဲမှ ထွက်ရပ်ပြီး လက်ယပ်လှမ်းခေါ်သည်။
ညိုညိုသည်လည်း ခေါင်းပေါ်တွင် ထန်းလျက်တောင်းရွက်ထားရင်း....မျက်နှာ၌ ချွေး များဥ နေလျက်၊ ကျောပြင်တခုလုံး ချွေးများနစ်နေလျက် သူ့ ရှေ့ တွဲအောက်မှ သွားရပ် ရ သည်။
သူသည် ညိုညို့ မျက်နှာနှင့် ရင်သားများကို စိုက်ကြည့်ရင်း ထန်းလျက်မည်မျှ တင်မည် ကို မေးနေကျအတိုင်း ရယ်မောမေးသည်။
ညိုညိုက ပြန်ဖြေပြီး ဖြစ်သော်လည်း သူသည် စကား ဖြတ်မပစ်သေးဘဲ အခြားစကားစများ၊ ရယ်စရာများရှာကာ အရွန်း အပြက်များ ပြောနေသည်။
“ညိုညိုက မညိုပါဘူး၊ ဝါဝါလို့ နာမည်ပြောင်းဘို့ကောင်းတာ၊ ဒါမှ မဟုတ်ရင် လှလှလို့ ပြောင်းပါလား ကို့ ညီမက တကယ်လှတာ၊ တကယ့်ကို လှတာ၊ ကိုတို့တောင် ငေးယူရတယ်၊ ကြည့်လေ လှလေပေါ့” ဟုပြောနေသည်။
“ကဲ...ပိုက်ဆံ ဘယ်လောက် ယူမလဲပြောပါ၊ ကျုပ်ဖါသာလှတာ မလှတာ တော်နဲ့ မဆိုင်ပါဘူး”
ညိုညိုသည်လည်း မျက်နှာထားနှင့် ပြောသည်။
သူသည် ငွေလှမ်းပေးသည့် ညိုညို့ လက်ကို ဖျတ်ကနဲဆွဲဆုပ်ထားပြီး တဟဲဟဲရယ်သည်။ ညိုညိုသည် ဆောင့်ရုန်းပြီး ထွက်လာခဲ့၏။
တခါတရံတွင်ကား ဤသို့ ဇွတ်ထွက်သွား၍ မရ။
အပြန်၌ နတ်မောက်ဘူတာမှ ရထားထွက်လာခဲ့လျှင် ညိုညိုတို့ သဘောင်္သီးသုတ် ဝယ်စားလေ့ ရှိသည်။ ထိုအခါ၌ သဘောင်္သီးသုတ်စားရာသို့ ထွန်းမောင် ရောက်လာ တတ်သည်။
သူသည် အနား၌ လာရပ်ပြီး... “ကိုတို့တော့ စားဘို့ မခေါ်တော့ဘူးလား၊ အေးလေ ဘယ်ခေါ်ချင်မှာလဲ၊ ကိုတို့က တီဘီစီလောက်မှ လခ မရှိတာကိုး” ဟု သူသည် ခနဲ့တတ်၏။
ညိုညိုသည်လည်း စိတ်ညစ်စွာဖြင့် ခေါ်လိုက်ရသည်။
သူသည် ညိုညိုနံဘေး၌ က္ကုနြေ္ဒမပျက် ဝင်တိုး ထိုင်သည်။
ချိုင့်ထဲမှ သဘောင်္သီးသုတ်ကို နှိုက်စားရင်း မျက်နှာငုံ့ကာ ညိုညို့ ပါးနှင့် နီးကပ်အောင် ကပ်သည်။
“သဘောင်္သီးသုတ်က မွှေးလိုက်တာ” ဟု သူသည် ရယ်ရင်းပြောသည်။
ညိုညို့ ပေါင်ပေါ်မှ လက်သုတ်ပုဝါကို လက်ဖြင့် အုပ်ကိုင်ပြီး လှမ်းယူသည်။
“ညိုညို ကတော့ တနေ့ တခြား ဝလာတယ်” ဟု ပြောရင်း အခြားရယ်စရာ စကားမျာစွာကို ပြောနေတတ်သည်။
ညိုညိုသည် သူ့ ကို စကားပြန်မပြောဘဲ မျက်နှာကို တခြားသို့ လှည့်ထားသည်။သူသည် သင်းသင်းတို့နှင့် စကား တဖေါင်ဖေါင် ပြောလာသည်။ သင်းသင်းကော နုနုပါ သူနှင့် မလွတ်ကင်း။ ဤ မိန်းကလေးများကား သူ့ ရယ်သံအောက်၌ ရင်ခုန်နေကြပြန်သည်။
ထွန်းမောင်ပါသည့် နေ့များတွင် ကျနော်သည် ညိုညို့ အနားမှ မခွါဘဲ ထိုင်နေသည်။ တခါတရံ၌ ထွန်းမောင်က ကျနော်နှင့်ညိုညိုကို နောက်ပြောင်ချင်လာလျှင် ကျနော်သည် မျက်နှာတည်တည်ထားလိုက်သည်။ ကျနော်ကား ညိုညို့ ကို ငဲ့ညှာရသဖြင့် ပြဿနာများကို အေးဆေးစွာ ဖြေရှင်းသည့်နည်းဖြင့် ထွန်းမောင်ကို ပြုံးသည့်အခါပြုံး၊ ရယ်မောသည့်အခါရယ်ပြီး ဆက်ဆံနေရသော်လည်း ရင်ထဲတွင်မူ စက်ဆုတ် ရွှံရှာမှုများမှာ တောမီးကဲ့သို့ အရှိန်ပြင်းသည်ထက် ပြင်းလာနေသည်။
တခါတရံ၌ မခံမရပ်နိုင် ဒေါသများဖြစ်လာရ၏။ ညိုညို့ ကို ထန်းလျက် မတင်တော့ရန် တား မြစ် ချင်လာသော်လည်း ဤ စားဝတ်ရေးအတွက် ဖြေရှင်း နေရသော ရေးစီးကြောင်းကြီးကို တားဆီး၍ ရမည်မဟုတ်။
ရထားပေါ်တွင် လက်မှတ်စစ်အဖွဲ့ ပါလာသည့်နေ့များတွင် ကျနော်သည် ညိုညို့ အတွက် လက်မှတ်တစောင် ဆင်းဝယ်ပြီး သူ ထိုင်နေရာသို့ သွားပေးသည်။
သူသည် ရထားပြတင်းဝမှ ကျနော့် ကို ငုံ့ကြည့်နေရင်း သူ့ မျက်နှာမှ နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူ့ မျက်လုံးများမှာ ရိုးသားစွာဖြင့် အဖြေရှာမရနိုင်အောင် ဖြစ်နေသည်။ သူသည် ကျနော်ပေးနေသည့် လက်မှတ်ကို လှမ်းမယူ။
“သူများ ... ဘာ... ဘာပြုလို့ ... ယူရမှာလဲ”
သူသည် အသံတုန်တုန်ဖြင့် တိုးတိုးကပ်မေးနေသည်။
“ယူစမ်းပါ၊ လက်မှတ်တစောင် ဘယ်လောက် တန်ဖိုးရှိလို့လဲ၊ သုံးကျပ်ထဲပါ”
“ပြောလိုက်ရင် ပြီးတာမှုတ်လား”
“အဲဒီအထဲမှာ မင်းမပါဘူး၊ မင်းကို ထည့်မပြောဘူး၊ သိပ်နားဝေးတာဘဲ”
ကျနော်သည် အလိုလို ဒေါသဖြစ်လာကာ လက်မှတ်ကို ပစ်ချပစ်ခဲ့၏။ ကျနော် ဒေါသဖြင့် ထွက်လာခဲ့သည်ကို သူသည် နားမလည်နိုင်ဘဲ ကျနော့် ကျောပြင်ကို ငေးကြည့် နေမည်။
ငွေသုံးကျပ်သည် ဆင်းရဲလှသူများအတွက် မနည်းပါးသော အရေအတွက် ဖြစ်၏။ ကျနော်ကား လက်မှတ်စစ် တဖွဲ့လုံးကို ကျွေးမွေးထားပြီး ဖြစ်သဖြင့် ကျနော် စာရင်းပြလိုက်လျှင် ထိုလက်မှတ်မဲ့များကို လက်မှတ်စစ်အဖွဲ့က စစ်တော့မည် မဟုတ်ပေ။
ကျနော်သည် ထိုစာရင်းထဲတွင် ညိုညို့  ကို မထည့်ချင်။
လက်မှတ်စစ်အဖွဲ့မှာ လူကောင်းဟူသော ပစ္စည်းသည် ရှားပါးလှသော ရတနာ ဖြစ်၏။ ထိုအထဲ၌ မိန်းမ ကိစ္စ အတွက်နာမည်အကြီးဆုံး လက်မှတ်စစ်တဦးမှာ တောင့်တောင့် ဖြောင့်ဖြောင့် နိုင်ငံခြား ရုပ်ရှင်မင်းသားဟန် ပေါက်နေသည်။ သူ့ ကို အထင်ကြီးမိသော မိန်းကလေးပေါင်း မြောက်မြားစွာမှာ သူတို့ လက်မှတ်စစ်တဖွဲ့လုံးနှင့် ညားကြရလေတော့သည်။ သူတပါး သားမယားလည်း ရှောင်သူမဟုတ်။
ဤဒေသရှိ ဆင်းရဲသူ တောသူ တောင်သားများ၊ ဖျင်ကြမ်းအဝတ်ကိုပင် လုံလောက်စွာ မဝတ်နိုင်ကြသူများ၊ ရိုးသား ဖြူစင်ကြသူများမှာ သူတို့ကို အထင်လည်း ကြီးတတ်ကြသည်။
သူသည် ညိုညို့ အနား ရောက်လျှင် လက်မှတ် စစ်ပြီးသွားသော်လည်း အကြောင်းမရှိ အကြောင်းရှာကာ စကား များ နေတတ်ပြန်သည်။ တခါတရံ လက်မှတ် ဆက်၍ မစစ် တော့ဘဲ ညိုညို့ အနားတွင် ဝင်ထိုင်သည်။
သူသည် ညိုညို့ ခေါင်းကို ရင်းနှီးစွာ ပုတ်လိုက်ပြီး....
“ကိုတို့ လာမှ လက်မှတ်ယူစီးတာနော်...ဖိုးရင်မောင် ယူပေးတာ မှုတ်လား၊ ဒီကကောင် သိပ်သဝန်ကြောင်တဲ့ အကောင်၊ နောက်ကို ဘယ်တော့မှ ယူမစီးနဲ့၊ ကိုက မယူရဘူးလို့ ပြောတယ်လို့ ပြောလိုက် ကြားလား၊ မင်းနဲ့ ဖိုးရင်မောင်နဲ့ မောင်နှမဆို၊ ဖိုးရင်မောင် ကို့ကို ပြောထားဘူးပါတယ်၊ ကဲ ... ပြောစမ်း ဘယ်နှစ် ဝမ်းကွဲတော်တာလဲ၊ ဘယ်ဘက်က တော်တာ လဲ၊ မှန်မှန်ပြောနော်... လိမ်ရင် ကိုတို့က မျက်နှာကြည့်လိုက်တာနဲ့ သိတယ်။ လက်မှတ် စစ်ဆို တာ အကင်းပါးတယ်”
သူသည် တဟဲဟဲရယ်နေ၏။
ညိုညိုသည်လည်း ပြုံးနေသည်။ ညိုညိုက ဤ လက်မှတ်စစ်က သူ့ ကို အကယ်ပင် ခင်မင် နေသည်ဟု တွေးချင်တွေးနေမည်၊ ထိုသို့ တွေးမိလျှင်ကား နောက်တပတ် သူတို့ လက်မှတ်စစ်အဖွဲ့ ပါလာသည့်နေတွင် ဤ ရိုးသား ဖြူစင်လှသော မိန်းမကောင်းကလေးများမှာ လက်မှတ်စစ် တွဲပေါ်သို့ လိုက်ပါသွားရပြီး လူ စင်စစ်က ဖါ ဖြစ်သွားရတော့မည်။
ကျနော်ကား ညိုညို့ ကို သတိပေးသင့်သည် ထက်လည်း ပို၍မပြောချင်။
ကျနော့် စိတ်၌ကား ညိုညို၏ ချစ်သူအပေါ်၌ ထားသော သစ္စာတရားကိုလည်း အကြွင်း မဲ့ ယုံကြည် နေသည်။ စိတ်၌ သောကများလည်း ဖြစ်နေခဲ့ရပြန်သည်။ စိုးရိမ်စိတ်များသည် တမျှင်းမျှင်း အုံကြွလာနေကြပြန်သည်။
နောက်တော့ ကျနော်သည် “လက်မှတ်စစ်တွေထဲက တချို့ လူတွေအကြောင်း ကြားဖူး သလား” ဟု အရိပ်အမြွက် ပြောလာရသည်။
“သူများသိပါတယ်၊ ဒီလူတွေ ဘယ်ဘူတာမှာ မယားငယ် ဘယ်နှစ်ယောက်ရှိတယ်၊ မီးရထား အမှုထမ်းချင်း မယားတောင် ရှောင်ကြတာမဟုတ်ဖူးဆိုတာအထိ သိပါတယ်၊ လူတင် ပါမှ နွားကျား ကိုတ်တာပါ၊ သူက အစိုးရိမ် သိပ်လွန်တာဘဲ”
ညိုညိုသည် ကျနော့် မျက်နှာကိုကြည့်ရင်း ပြုံးနေ၏။ ထို အပြုံးများထဲ၌ ခိုင်မာသော သစ္စာတရားကို မြင်တွေ့နေရသလို ထင်သည်။ သူ့ မျက်လုံးထဲတွင် တောက်နေသည့် အရောင် ထဲ၌ သူ၏ နှလုံးသားမှ ခိုင်မာမှုများ လာ၍ ထင်နေသည်ထင်မိသည်။
ကျနော့်ရင်ထဲမှ ပူလောင်သော သောကများမှာ အရှိန်ပြယ်လာသော်လည်း ပျောက် ပျက်၍ကား မသွား။ အကြွင်းအကျန်ကလေးများမှာ နှလုံးအိမ်၌ ငြိစွဲနေခဲ့ပေသည်။

နောက်ပိုင်း ရက်များ၌ တောင်တွင်းကြီးမှ အဖမ်းအဆီးများ အမိန့်အရ ပို၍ တင်းကျပ် လာသည်။
တောင်တွင်းကြီးသို့ ရထားဝင်တော့မည် ဆိုလျှင် လူတိုင်း မျက်နှာငယ်ကလေးများနှင့် ဖြစ်လာကြ၏။
ကျနော်သည်လည်း ညိုညို့ မျက်နှာကို ကြည့်မိတိုင်း စိတ်မချမ်းသာ ဖြစ်လာနေရ သည်။
သူတို့ သည် အခက်အခဲများကို ရှောင်းကွင်းနိုင်ရန် ဆဒ္ဒုံချောင်း ဘူတာတွင်ပင် ရထားပေါ်မှ ဆင်းသက်ပြီး မြင်းလှည်းများဖြင့် ညအခါ၌ တိတ်တဆိတ် တောင်တွင်းကြီးသို့ ဝင်ကြသည်။
ဆဒ္ဒုံချောင်းသို့ ရထား ဆိုက်ရပ်လိုက်လျှင် အမှောင်ထဲ၌ အထုပ်အပိုးများ အားလုံး ချကြ၏။ စက်ဗိုလ်သည်လည်း ရထားကို ကြာကြာ ရပ်ပေးသည်။ မှောင်ခိုသူများနှင့် တကွ ထန်လျက်အားလုံး မြေကြီးပေါ် ရောက်ကုန်မှ အခွံချည်းသာကျန်သော ရထားကြီးသည်လည်း အမှောင်ထဲ၌ တရွေ့ရွေ့ ဆက်လက်ခုတ်မောင်းသွားသည်။
ရထားကြီး၏ ပျော်ရွှင်ပေါ့ပါးစွာ ဥသြဆွဲလိုက်သံကို ဆဒ္ဒုံချောင်း ဘူတာကုန်းပေါ်ရှိ မှောင်ရိပ်ထဲမှ ကြားရသည်။
အလင်းရောင်များကား ရေးရေးပျပျမျှသာ ရှိတော့၏။ အမှောင်သည် ရှိစုမဲ့စု အလင်း ရောင် စုကလေးကို လိန်ရှက်နေသည်။ ကုက္ကိုပင်ကြီးများသည်လည်း အမှောင်ရိပ် မဲမဲကြီးများ အဖြစ်ဖြင့်သာ ငြိမ်သက်နေကြ၏။
ဘူတာကုန်းပေါ်၌ လူအများ အသံမထွက်ဘဲ လှုပ်ရှားပြေးလွှားကာ အသင့်ကြိုနေကြသည့် မြင်းလှည်းများပေါ်သို့ ထန်းလျက်များ တင်နေကြစဉ်၌ ကျနော်သည်လည်း ထိုလူအုပ်ထဲ၌ ပါနေပြန်သည်။
ကျနော့်ကို အများက ဝိုင်းဝန်း သတိပေး ကြသော်လည်း ကျနော်သည် လက်ဝှေ့ပွဲများ၌ စင်ပေါ် တက်ရပ် ရသလိုရင်ခုန်ကာ ပျော်နေသည်။ ဤစွန့်စားမှုကို ကျနော်သည် အပျော်တမ်း အလုပ်တခုလို ထင်နေ၏။ ကောင်းကင်ယံ၌ မီးပုံးပျံနှင့် ပျံရသလို ဖြစ်၏။ ထိုအခါများတွင်ကား ဤ မှောင်ရိပ် ထဲမှ လူသားများမှာ သူတို့ ဝမ်းရေးအတွက် ကြောက်ရွှံ့ လှပါလျက်ဖြင့် စွန့်စားနေရသည်ကို ကျနော်သည် နက်ရှိုင်းစွာ မတွေးနိုင်၊ နက်ရှိုင်း စွာ မခံစားနိုင်၊ မတွေ့ထိနိုင်။
မြင်းလှည်းများသည် အမှောင်ရိပ်ထဲ၌ အသံမမြည်ဘဲ ရွေ့လျားလာကြ၏။ ချောင်း သဲပြင်ကြီးကို တိတ်တဆိတ် ဖြတ်ကူးနေစဉ်တွင် “လရောင်မလာခင် ရောက်မှ၊ အသံ မမြည်စေနဲ့ နော်” ဟု တီးတိုး ရေရွတ်သံများမှာ ကျနော့် အတွက် အပျော်ခရီး ထွက်လာသလို ဖြစ်နေသည်။
ကျနော်သည် ထန်းလျက်များ လေးလံစွာ တင်ထားသော မြင်းလှည်းတစီးပေါ်တွင် မညွန့်ရီနှင့် ညိုညို့ ကြား၌ ရောက်နေသည်။ မညွန့်ရီ၏ ပိဿာ ခုနှစ်ဆယ်မျှသာရှိသည့် သေးသေးကွေးကွေး ကိုယ်လုံးကြီးကြောင့် မြင်းလှည်းသည် သဲပြင်ထဲ၌ တဖက်သို့ အိနေသည်။

“ဒီလူ ဘာလိုက်ရှုပ်တာလဲ၊ ဒါ အပျော်ကစားတာ မဟုတ်ဘူး”
မညွန့်ရီက အသံနှိမ့်ပြီး ပြောသည်။
“မှောင်ခိုမလို့ပေါ့ ရီရီရဲ့ ”
“ကိုရင်မောင်....တော့ကို နရင်း မအုပ်လောက်သေးလို့ ကြည့်နေတာ”
မညွန့်ရီသည် အလွန်ကြီးမားကာ ဖါးပြုတ်ကြီးလို ကုန်းထနေသည့် သူ့ လက်ဝါးကို အမှောင်ရိပ်ထဲ၌ မြှောက်ပြနေသည်။
ကျနော်လည်း ငြိမ်နေလိုက်ရသည်။
ညိုညိုသည် အသံကျိတ်ပြီး တခိခိရယ်နေသည်။
ကျနော်သည် ညိုညို့ ခါးကို လက်ဖြင့် ရစ်ပတ်ပြီး ဖက်ထားသည်။ သူသည် မြင်းလှည်းအခုန်တွင် ကျနော်ပခုံးကို ခေါင်းလာမှီသည်။ ကျနော့် ရင်အုံပေါ်တွင် သူ့ ခေါင်းဖြင့် မသိမသာ ဝှေ့နေသည်။ ကျနော့် လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားနေသည်။
ကျနော့် အတွက်ကား ပျော်စရာ ဖြစ်နေသည်။ အကယ်၍ တနေရာရာမှာ ဖမ်းဆီး လိုက်လျှင် ကျနော်ကား မည်သို့မျှ ဖြေရှင်း၍ရမည် မဟုတ်သည်ကို ကြိုတင်တွေးခဲ့မိ သော် လည်း ထို ကြုံတွေ့လာမည့် အန္တရာယ်များကို ကျနော်သည် မေ့နေ၏။
အမှောင်ထဲ၌ရှိသော ကျောင်းကုန်းရွာကို တိုးတိုးတိတ်တိတ် ဖြတ်ကျော်လာသည်။ မကြာမီ ကျောက်ခင်းလမ်းပေါ်သို့ မြင်းလှည်းများ တက်လာကြ၏။ မြင်းခွာသံမထွက်စေရန် မြင်းလှည်းများကို အနှေးဆုံး မောင်းနေကြ၏။

လရောင်များသည် အရှေ့ဖက်တောင်တန်းဆီမှ စ၍ ဖြည်းဖြည်းချင်း လင်းလာသည်။ ရွက်သစ်များ ဝေနေသော တောစပ်များဆီမှ လေတိုးဝှေ့သံများ ပျံ့ လွင့်လာနေသည်။ လူ့ဘုံ လောကကြီးမှာ တိတ်ဆိတ်ငြိမ်သက်လာနေသည်။ ခဏတာပဲဖြစ်ဖြစ် ငြိမ်သက် ငြိမ်းချမ်းမှု ကား အခိုက်အတန့်၌ ဖြစ်ပွားလာနေသည်။ ဤ ငြိမ်သက် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ အချုပ် အနှောင်ကင်းမဲ့မှုမှာ ခဏတာမျှသာ ဖြစ်သည်ကိုကား ကျနော့် လိုပင် အများသည်လည်း တွေးမိကြလိမ့်မည် ထင်သည်။
“ကိုရင်မောင်ကြီး... တော့ကို ထမင်းစားခေါ်တာလဲ တခါမှ မလာဘူးတော်... ” ဟု မညွန့်ရီက ပြောနေသည်။
“ဦးပေါ်လာနဲ့ လာမယ်လေ”
“တော့ အဘက သွားမရှိတော့လို့ ထမင်းမစားနိုင်တော့ဘူး ကိုရင်မောင်ရဲ့ ၊ ဆန်ပြုတ်ဘဲ သောက်နေရတာ”
“ဝါးခွံ့ရင် ရပါတယ်ဗျာ”
“တော်စမ်းတော်... မဦးမချွတ်တွေ၊ တော်တို့ နောက်တာနဲ့ အဖိုးကြီး မျက်နှာမ ထားတတ်တော့ဘူး သိလား၊ ကျုပ်ကို ရဲရဲ မကြည့်ရဲတော့ဘူး၊ တော်ကြာ ဒါကြီးက တရား နောက် နားပါလုပ်လာမှာ၊ ကဲ... ကိုရင်မောင်၊ ဒီနေ့ ထမင်းစားလာမလား မလာဘူးလား၊ ပြတ်ပြတ်ပြော”
“တော်ကြာ မညွန့်ရီက တသက်လုံး ကျွေးနေချင်တယ် ဆိုရင် ကျနော်တော့ ဒုက္ခဘဲ”
“နောက်မနေစမ်းနဲ့ ကိုရင်မောင်.... တော့ပုံမျိုးကို ကျုပ်က တိုင်မှတ်လို့ ထုံးမသုတ်ဘူး”
ညိုညိုသည်လည်း တခစ်ခစ်ရယ်မောနေရင်း ကျနော့်လက်ထဲသို့ သူ့ လက်ကလေး တ ဖက်ကို အသာလာထည့်ထားသည်။
“လူချောပါမမရီရယ်....၊ ကျမတို့တော့ ထုံးသုတ်ရုံမကဘူး... ရွှေ တောင်ချ ထားချင် တယ်” ဟုပြောနေသည်။
“ဟုတ်ဖူးလားနော်”
“ဟုတ်တာပေါ့”
ကျနော်သည်လည်း အသံကို ထိန်းချုပ်ရယ်မောနေသည်။
တောင်တွင်းကြီးမှ မီးရောင်များ ကောင်းကင်သို့ လှမ်းတက်နေသည်ကို မြင်လာနေရသည်။
မတော်တဆ ရှာဖွေရေးများ သတင်းရကာ စောင့်ဖမ်းနေမလားဟု စိုးရိမ်စိတ်များ ဝင်လာ နေကြသည်။ စိုးရိမ်စိတ်များသည် သွေးကြောမကြီးမှတဆင့် အကြောသေး အကြော မျှင် ကလေးများအတွင်းသို့ပါ တဒိတ်ဒိတ် စီးဆင်းနေသည်ဟု ထင်လာရသည်။
စကားသံများ မထွက်တော့ပေ။ သက်မချသံများ ကြားလာရ၏။ ညိုညို့ လက်ဖ ဝါးပြင်တွင် ချွေးဥကလေးများ စို့လာနေသည်။
“နောက်ကို သူမလိုက်တော့နဲ့နော်...အခုနေတုန်း ဖမ်းမိရင် လူပါ အမိခံရမှာ၊ သူများတို့က တောင်ကျချင်လဲကျ လုပ်နေကြတာ၊ သူများ သူ့အတွက် စိုးရိမ်တာ၊ အလုပ်ပြုတ် သွားမှဆိုးတာ နော်.... နောက်ကို မလိုက်တော့နဲ့”
သူက မြို့ အဝင် သင်းချိုင်းကုန်း ကို ဖြတ်ကျော်နေစဉ်၌ ထိုစကားများကို တုန်ယင်စွာ အသံ မပွင့်တပွင့်ဖြင့် ပြောနေခဲ့သည်။
ကျနော်သည်လည်း ထိုစကားလုံး ကလေးများကို ခြေရာခံကာ တီးတိုးလိုက်လံ ရေ ရွတ်ကြည့်နေမိသည်။

နိုင်ဝင်းဆွေ
(အပိုင်း ၁၂ သို့ ဆက်လက်ဖတ်ရှုပါရန်...)



April 01, 2010

မသိန်းရှင်ဆီ ပို့ ပေးပါ


(၁၀)
အမှောင်တွင်းမှ သံသရာ

ထိုအခါမှစ၍ သူနှင့် မီးရထားရဲများ၊ ဂါတ်ဗိုလ်များ ဖော်ရွေစွာ ပြုံးကာ ရယ်ကာ ဆက်ဆံနေသည် ကို တွေ့ရလျှင် ကျနော်သည် မိမိနှင့် မည်သို့မျှ မပတ်သက်သလို နေနိုင်လာအောင် ကြိုးပမ်းနေခဲ့ရသည်။
သူသည် ဆုံးခန်းတိုင်အောင် ပျက်စီးနေသည့် တင်တင်၊ မအေးသွယ်တို့နှင့်လည်း ရောရောနှောနှော ပေါင်းသင်းနေရသည်။

ရံဖန်ရံခါတွင် မိန်းမမှုပွေသူ ရဲသားတဦးဦး၊ ဂါတ်ဗိုလ်တဦးဦးက သူ့ အနားမှ မခွာဘဲ စကားစရှာပြီး ပြောဆို ရယ်မောနေလျှင် ကျနော်သည် ထို ရယ်သံမောသံ ပြောဆိုသံများကို မကြားချင် မမြင်ချင်တော့ပေ။ ထိုအခါ၌ ကျနော်သည် သူ့ကို လှည့်မကြည့် နှုတ်မဆက်ဘဲ သူ့ ရှေ့မှ ဖြတ်သွားသည်။
ကျနော် ထိုသို့ ပြုမူသည်ကို သူသည်လည်း စိတ်ထိခိုက်ကာ မျက်နှာကလေး သိမ်ငယ်နေပြန်သည်။
ထိုနေ့မျိုးတွင်ကား ကျနော်သည် သူရှိရာသို့ မသွားတော့။

“သူ့ ကို မလုပ်စေချင်ဘူး၊ ဒါပေမယ့် သူ လုပ်ရမှာပေါ့လေ၊ ဒါဟာ ရေစီးကြောင်းဆိုရင် သူလဲ ရေဖြစ်တော့ ဒီရေစီးကြောင်းအတိုင်း မျှောရမှာပေါ့၊ ဒီလိုမှဘဲ သူတို့ မငတ်အောင် နေနိုင်မယ်၊ သူ့ အမေတွက် ဆေးဝယ်နိုင်မယ်၊ ခု သိပ်မကြာသေးဘူး၊ သူ့ နားပေါ်မှာ နားတောင်းကလေး ဖြစ်လာဘီ၊ သူ အဝတ်အစားကလေးတွေလဲ ပြိုးပြိုးပြက်ပြက် ဝတ်လာနိုင်ဘီ၊ သူ လုပ်တာ မှန်ပါတယ်၊ လုပ်ရမှာဘဲပေါ့”

ကျနော်ကား ဂါတ်တွဲနောက်ဖက် ဝရံတာတွင် ထွက်ရပ်ရင်း ထို အတွေးများကိုသာ ထပ်ကာ ပြန်ကာတွေးနေရ၏။ အရာရာကို ဦးနှောက် အလေးပေးကာ ပိုင်းဖြတ်နေရ၏။

“ရဲတွေကို ပိုက်ဆံပေးစရာရှိရင် မှန်မှန်ပေးနော်၊ ငွေတော့ရှော့မပေးနဲ့” ဟု ကျနော်သည် နှစ်ယောက်ကြားသာရုံ ပြောကာမပြတ် သတိပေးနေတတ်သည်။
ထိုအခါများတွင် သူသည် ကျနော် ဘာကြောင့်မေးနေသည်ကို သိကာ သူ့မျက်လုံး အရည်လဲ့လာလာ ကျနော့် ကို ငေးကြည့်နေသည်။ ခေါင်းကိုတချက် ဆတ်ကနဲညိတ်သည်။

“တခေါက် ဘယ်လောက်ပေးရသလဲ”
“တဆယ်”

သူ့ အသံမှာလည်း တိုးသက်နေသည်။
ကျနော်သည် မှောင်ရီရီထဲဝယ် သူ့ ကို ပြန်၍ ငေးကြည့်နေပြန်သည်။ သူသည် အဝတ်အစားသစ်များဖြင့် ပို၍ တောက်ပလာသည်။ ကျနော် လက်ဆောင်ပေးသည့် အကျီင်္နှင့် ထမီမှာ သူနှင့် ပို၍လိုက်ဖက်နေသည်ဟု ရင်ထဲတွင် အတိုင်းမရှိ ကြည်နူးလာပြန်သည်။ကျနော်သည် အမှောင်ကို အားကိုးကာ ထိုင်ခုံအပေါ်၌ ထောက်ထားသည့် သူ့ လက်အပေါ်သို့ ကျနော့် လက်ဖြင့် ဖိကာ ဆုပ်ကိုင်ထားလိုက်သည်။
သူသည်လည်း လက်ကို ပြန်မရုပ်သိမ်းဘဲ ငြိမ်သက်နေ၏။ အမှောင်ရိပ်ထဲ၌ သူ့ ထံမှ ပေါင်ဒါရနံ့၊ ဒေါနပန်း ရနံ့၊ နှုတ်ခမ်းဆိုးဆီရနံ့များကြောင့် စိတ်များ၌ ထုံယစ်လာနေရပြန်သည်။

“ပိုက်ဆံတော့ သူတို့မယူဘူးလို့ ဘယ်လောက်ငြင်းငြင်း ယူအောင်ပေးနော်၊ ပိုက်ဆံမယူရင် ထန်းညက်လဲ မတင်နဲ့ပေါ့”

ကျနော်သည် သူ့ အနားတိုးရွှေ့လိုက်၏။

“သူတို့နဲ့ စလိုက်စရောလဲ နေရမှာပေါ့ကွယ်၊ ဘယ်လောက်အထိ နေရမယ်ဆိုတဲ့ အတိုင်းအတာတော့ ရှိရမှာပေါ့၊ သူ့ စည်းကိုယ်စည်းရှိရမယ်၊ သူတို့ထဲမှာ ကိုထွန်းတင်တို့လို ကိုပျားတို့လို ကိုလော်လီ တို့လို တကယ့် လူရိုးလူကောင်းတွေလဲ ရှိပါတယ်၊ ထွန်းမောင် တို့လို လူယုတ်မာတွေလဲ ရှိတယ်၊ ဆက်ဆံရေးမှာ လိုအပ်တာလောက်တော့ လုပ်ပေါ့၊ ခု ကိုပြောနေတာ ကို သဝန်တိုလို့ ပြောနေတာလို့များ မင်း တွေးနေသလား၊ အင်း…. သဝန်တိုတာလဲ ဖြစ်ချင် ဖြစ်မှာပေါ့ကွယ်၊ မင်းကို ကို ချစ်တာကိုး၊ တနေ့ကျရင် ကို အတည်တကျယူမယ့် မိန်းကလေးကိုး၊ သဝန်တို တယ်ဆိုရင်လဲ ကို မှန်ပါတယ်၊ ကို အခု ပြောနေတာတွေဟာ အမှန်တော့ အမှန်တွေဘဲမှုတ်လား၊ ပြောသင့်တာတွေဘဲ မှုတ်လား၊ ကဲ…ကဲ…ဒီ အကြောင်း ပြောနေရတာ မောပါတယ်၊ ဒီပြင်အကြောင်း ပြောကြစို့ကွယ်၊ နေ့တိုင်း ဒါချည့် ပြောနေရတာ မောဘီ”

သူသည် ပင့်သက်ကို လေးလေးတွဲ့ တွဲ့ ချနေသည်။
ခေါင်းကို ငုံ့လိုက်သည်။

“သူများ မအေးသွယ်လို ဈေးမဆစ်တတ်ဖူး၊ တင်တင်လိုလဲ ပိုက်ဆံမပေးဘဲ မတင်ဘူး၊ ပိုက်ဆံပေးစရာရှိရင် တောင်းသလောက် ပေးလိုက်တာဘဲ၊ ကို့ ဖို့ တပြားမှ ကျန်ကျန် …မကျန်ကျန်… ၊ ဒါမှ စိတ်ချမ်းသာရမယ်ဆိုတာ သိပါတယ်၊ စိတ်ချကွယ်”

ထိုစကားသံများသည် ကျနော့် ရင်ခွင်အတွင်းသို့ တိုးဝှေ့ ဝင်ရောက်လာကာ အသားကို ဖောက်ကာ စိမ့်ဆင်း သွားနေသည်။
နှစ်ယောက်စလုံး စကားများစွာ ပြောရန် ရှိသော်လည်း ပြောရမည့်စကားများကို ချုပ်တည်းထားကာ ငြိမ်သက်နေကြသည်။ ကျနော်ကား သူ့ အနား၌ တိတ်တဆိတ် ငြိမ်သက်စွာ ထိုင်နေရခြင်းကို ကြည်နူးနေခဲ့သည်။
များသောအားဖြင့် နေ့ခင်းဖက် အပြန်ခရီးတွင် ပင်းချောင်းသို့ မရောက်မီ ကျနော်သည် သူ့ အနားတွင်သွားထိုင်လေ့ မရှိ။
သွားထိုင်မိလျှင်လည်း ပင်းချောင်းနှင့်နီးကပ်လာချိန်၌ သူကြောက်ရံွ့ တုန်လှုပ်နေပုံကို မြင်တွေ့နေရသည်မှာ စိတ်ချမ်းသာ နိုင်ဖွယ်မရှိ။

ပင်းချောင်းနှင့် နီးကပ်လာလျှင် တဂျုံးးဂျုံး ခုတ်မောင်းလာသည့် ရထားကြီး၏တွဲများမှာ လူသံသူသံ ငြိမ်သက် လာသည်။ မှောင်ခိုသူများသည် တယောက်မျက်နှာကို တယောက် အားကိုးမဲ့စွာ ကြည့်နေကြသည်။ စကား တလုံးမျှ မပြော။ အသံမရှိ။ မည်သူမျှ သက်ပြင်းလည်း မချ။ သူတို့ မျက်လုံးများမှာ သူတို့ စိတ်အဆောက်အဦး များ၏ တံခါးပေါက်များ ဖြစ်ကြ သဖြင့်ရင်ထဲ၌ ဖြစ်ပေါ် ခံစားနေရသော ဝေဒနာ အစုစုသည် သူတို့  မျက်လုံးများပေါ်၌ ထင်ရှားစွာ လာ၍ ဟပ်နေကြသည်။

ဤအချိန်တွင်ကား ညိုညိုသည် လူက နေရာတွင် ငြိမ်သက်စွာ ထိုင်နေသော်လည်း သူ့ မျက်လုံးများမှာ ကြောက်ရွံ့မှုတုန်လှုပ်မှုများဖြင့် အငြိမ်မနေ ပျာယာခတ် လှုပ်ရှားလာသည်။ ပလက်ဖေါင်းပေါ်၌ တန်းစီရပ်နေကြသော ရဲသားများကို မြင်တွေ့နေရလျှင် သူသည် အသက် ရှူနိုင်တော့မည် မဟုတ်။
ပင်းချောင်း၌ ရှာဖွေရေးများ ဖမ်းဆီး ထားလျှင် မအေးသွယ်၊ တင်တင် တို့ကဲသို့၊ မအေးရွှေ တို့ကဲသို့ မိန်းကလေးများသည် သူတို့ ပစ္စည်းများပြန်ရရေးအတွက် သူတို့ ကိုယ်ခန္ဒာများကို စွန့်ကျဲလှူဒါန်းရန် ရထားပေါ်မှ ဆင်းနေရစ်ခဲ့ကြ၏။
တင်တင်ကား ဘယ်ဆီက ဘယ်လိုရလိုက်မှန်းမသိသည့် ကိုယ်ဝန်တခုလည်း အမြတ်ရနေခဲ့ပြီ။ သူ့ ကိုယ်ဝန်မှာ မသိ မသာ ကလေးမျှသာ ရှိသေး၏။
ပင်းချောင်း၌ရထားကြီး အခွံချည်းသက်သက် လှိမ့်ထွက်လာသောအခါ….ကျနော်သည် လူစီးတွဲတခု၏ တနေရာ၌ ရပ်ကာ ပင်းချောင်းဘူတာကို ကျောပေးလိုက်ပါလာခဲ့သည်။ စိတ်အာရုံအမြင်၌မူ ဆင်းနေရစ်ခဲ့သော အမျိုးသမီးများ၏ အရှက် ကမ်းကုန်နေပြီဖြစ်သော၊ အဆီပြန်နေသော၊ နီမြန်းနေသော သားသမင်ကဲ့သို့ အပြစ်ကင်းစင်သည့် မျက်လုံးကလေးများရှိသော…. ထိုမျက်နှာများသည် တဝဲဝဲ ပါလာနေကြ၏။

ပျက်စီးတယ်ဆိုတာ ဘာလဲ။
မိန်းကလေးတယောက် ပျက်စီးတယ်ဆိုတာ ဘာလဲ။
ဤ သူဆင်းရဲမကလေးများကား ပျက်စီးနေကြပြီလား။

ကျနော့် အမြင်အတွေးများကား “အခြေအနေကပေးသောအတွေ့အကြေုံ၊ ထိုအတွေ့အကြုံ၏ မူလဇစ်မြစ်ကို သစ္စာတရားဖြင့်ခွဲစိတ် ရှာဖွေလိုက်သောကြောင့်” ပြောင်းပြန် ပြောင်းလဲသွားကြသည်။
ဤ မိန်းကလေးများကို ပျက်စီးနေသော မိန်းကလေးများဟု ကျနော် မမြင်နိုင်။
တခါတရံ၌ လူစုမိကြသောအခါ တင်တင်၏ ကိုယ်ဝန်ကို လက်သည်ရှာဖွေကြရင်း ကျနော်တို့သည် လူ့ဘုံ လောက၏ အပေါ်ယံမှ ရယ်စရာများကိုသာ ရှပ်ကြည့်ကြကာ တကယ်ရယ်ချင်သည် မဟုတ်ဘဲ ရယ်မောခဲ့ကြ၏။

“တင်တင်တို့ကတော့ နမူနာဘဲ၊ သူများတွေ လင်မရှိဘဲဗိုက်ပေါ်လာရင် ဖျတ်ချရတာနဲ့ ဘာနဲ့၊ တင်တင် ကျတော့ ပြဿနာရှင်းလိုက်တာ၊ ဘယ်လောက်လွယ်သလဲ၊ ချွေးခံ အင်္ကျီ ဗိုက်ကျယ်သီးကလေးတွေ တလုံးပီး တလုံး ဖြုတ်လိုက်တာဘဲ ဘယ်ဝေနေယျသတ္တဝါတွေကိုမှ ဒုက္ခ မပေးတော့ဘူး၊ ခပ်တည်တည်နေလိုက်တာဘဲ၊ ဒါပေမယ့် ကျုပ်တို့ကတော့ ကြည့်မနေရက်ဖူးမှုတ်လား၊ တရားခံတွေ့အောင် ရှာကြရမယ်”

ရယ်စရာများကို ရှာကြံပြောတတ်သည့် ဂါတ်ဗိုလ် ကိုမောင်ရီသည် ဂါတ်တွဲထဲတွင် ရထား ခုတ်မောင်းနေစဉ်၌ ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး မှောင်ခိုကုန်သည် ဦးပေါ်လာကြီးကို လက်ညိုးထိုးပြနေသည်။
ဦးပေါ်လာသည် လူကြီးပီပီ ရှက်ရှက်ဖြင့် မျက်နှာကြီးနီမြန်းလာကာ ပြုံးနေခဲ့သည်။

“တရားခံ ဦးပေါ်လာ…၊ ဒါ မောင်မင်းကြီးဘဲ ဖြစ်ရမယ်၊ ကျနော် အခိုင်အမာ ပြောရဲတယ်ဗျာ၊ မယုံရင် တင်တင့် ခလေးမွေးလာတာ စောင့်ကြည့်၊ ဦးပေါ်လာနဲ့ ချွတ်စွပ်တူနေရမယ်၊ သွားမပါဘူးလေ…. သွားဖုံးကလေး တမြုံ့မြုံ့နဲ့”
“ဒီဆရာလေး လက်ချက်နေမှာပေါ့၊ တီဘီစီတွေဟာ လက်ကော ခြေကော အားလုံးကော သွက်ကြတာ” ဦးပေါ်လာသည် တဟဲဟဲရယ်ရင်း ကျနော့် အပေါ်လွှဲချနေပြန်သည်။
“ဟုတ်တယ်…. တီဘီစီကလေး မွေးလာမှာ” ဟု ကိုရွှေယောက်သည်လည်း ကျနော့် ကို လက်ညှိုး ထိုးပြောရင်း… တသောသောရယ်နေသည်။

ထိုအချိန်တွင်ကား ဤပြက်လုံးများမှာ ပွဲအကျဆုံးဖြစ်နေခဲ့သည်။

“မဟုတ်ဘူးဗျ၊ သူက ခင်ဗျားတို့ အချင်းချင်းတွေမှ ပိုပီးစေတနာထားတာ၊ မယုံရင် တင်တင် မွေးလာတာ စောင့်ကြည့် ကိုရွှေယောက် ဆံပင်လို နီကျင်ကျင် တွန့် ကောက်ကောက် ကလေးနေရမယ်”
“အေးဗျာ အနဲနဲ့ အများဆိုတာတော့ ပါမှာပေါ့၊ ကျနော် ရွှေယောက်လဲ ယောက်မိချင် ယောက်မိမှာပေါ့ဗျာ၊ ဟဲ…ဟဲ…အခုမှ သူတော်ကောင်းတွေ လုပ်မနေကြပါနဲ့၊ ဒါပေမယ့် တကယ့်တရားခံဟာကျနော်တို့အထဲက မဟုတ်ဘူး၊ ဒါဟာ ရဲသားတွေလက်ချက်ကော မဖြစ်နိုင်ဘူးလားဗျာ၊ ဒီကောင်မလေးက သူတို့နဲ့ ပိုပီး နီးနီးစပ်စပ်နေတာ”
“ဟာ … ဒါတော့ မှားတယ်ဗျို့၊ ဒီ ဃရာဝါသကိစ္စထဲ ဘယ့်နှယ်ကြောင့် သူတော်ကောင်းတွေ ဆွဲထဲ့ရတာလဲဗျာ”

ကိုမောင်ရီသည် အလံကို ယမ်းပြနေရင်း တသောသော ရယ်နေခဲ့သည်။
ကျနော့် စိတ်၌လည်း တင်တင့် အကြောင်းမှာ ဖြစ်ရိုးဖြစ်စဉ် ကလေးအဖြစ်ဖြင့် ပေါ့ပေါ့ဆဆကဲ့သို့သာ တွေးနေခဲ့သည်။
ပြည့်တန်ဆာမကလေးများသည် ပြည့်တန်ဆာအလုပ်ကို သူတို့ ဝမ်းရေးအတွက် အလုပ်တခုအဖြစ်ဖြင့် ရိုးသားစွာ လုပ်ကိုင်နေကြခြင်းဖြစ်သည်ဟု တွေးလာမိသည်။
တခါတရံတွင်မူ “ညိုညိုသည်လည်း မှောင်ခိုသမ၊ တင်တင် လိုမိန်းကလေး၊ ထိုမှ ဖါဖြစ်သွားလျှင်” စသည့် အတွေးများကို ကျနော်သည် ရင်၌ တင်းကျပ် လေးလံစွာဖြင့် တွေးတော လာနေရပြန်သည်။
ကိုမောင်ရီကား ထိုသို့ ကျနော် မရယ်မပြုံး ဖြစ်နေသည်ကို မနှစ်သက်တတ်ပေ။
သူသည် ဂါတ်တွဲပေါ်တွင် သူနှင့် ကျနော် နှစ်ယောက်တည်း ကျန်ခဲ့ချိန်၌ ကျနော့် လည်ပင်းကို ဖက်ထားရင်း သူ့ ခံယူထားချက်များကို တဟားဟား ရယ်သံနှောကာ ပြောနေတတ်သည်။

“ရင်မောင်ရာ…. မင်းကို ငါကြည့်ကြည့်နေရတာ ငါ့စိတ်ထဲမှာ ဘုရားအလောင်းကလေးကို ဖူးမျှော်ကြည်ညိုနေရသလိုဘဲ၊ဟဲ…ဟဲ…၊ ရင်မောင်ရ သူတော်ကောင်းဆိုတာ မှတ်ထားကွ၊ ငတ်တာဘဲ၊ ငတ်တယ်၊ အေး…. မင်းက မှောင်ခိုတွေ တင်လာရင် စိတ်ညစ်လာကော၊ ဒါကို စိတ်ညစ်စရာလို့ မှတ်နေရင် ဒီအချိန် ဒီကာလမှာ ရဲဘော်ဟာ ဖေါက်ပြန်နေတဲ့ ရဲဘော်ဘဲ၊ ဒါကို ရဲဘော်တို့ ငါတို့အတွက် စိတ်ညစ်ရာကနေ ငွေတွေ ရွှေတွေ ဖြစ်လာအောင် ယုံကြည်ချက် ရှိရမယ်…ခံယူလာတတ်ရမယ်…. ကျင့်သုံးလာတတ်ရမယ်၊ လချီးတဲ့….ဟား..ဟား..၊ ဟေ့.ရင်မောင်ရ ငါသာ တီဘီစီဆိုရင် ကားဝယ်စီးပလိုက်တာပေါ့ကွာ၊ ဆန်းသလား….။
“မှတ်ထားဟေ့၊ တားမြစ်ကုန်တွေ ရှိနေတုန်းမို့သာ ငါတို့တတွေ မျက်နှာပွင့်လန်းနေကြတာ၊ တော်ကြာ မရှိတော့ဘူးဆိုမှ ငါတို့ နောင်တရကြမှာ၊ အဲဒီကျတော့မှ လက်မှတ်မဲ့ ခရီးသည်ကလေးတွေဆီက တမူးတောင်းစားရ တပဲတောင်းစားရ၊ ရဲဘော်ရာ မဝေးလှတော့တဲ့ အနာဂါတ်ကာလမှာ ဒီမှောင်ခိုကုန်တွေ မရှိတော့ဘူးလို့ တွေးကြည့် လိုက်စမ်းပါ၊ ဘယ်လောက်များ စိတ်ထိခိုက်စရာ ကောင်းလိုက်ပါ့မလဲ၊ ဘယ်လောက်များကြေကွဲဖို့ ကောင်းလိုက်ကြမလဲ၊ ဒီ အကြောင်းသာ မြို့လုင် သိန်းလွင်ကြီး သိရင် ဝတ္ထုတပုဒ်ရေးမှာ၊ အဲဒီငပေါကြီးအက်(စ) စီလုပ်ရတာ ထမင်းမဝတော့လို့ တဖက်တလမ်းက စာရေးဆရာလုပ်မယ်ဆိုပီး ဗလာစာအုပ်တအုပ်နဲ့ စာတွေ ထရေးနေတယ်ဆိုတာ မင်းမကြားမိဘူးလား၊ ဒီကောင်ကြီး ခုဆို ဝတ္ထုတွေ အုပ်နှစ်ဆယ်လောက်တောင် ဖတ်ဘူးနေဘီကွ”

အတော်ကြာ၍ ကိုမောင်ရီ၏ စကားများ အဆုံးသတ်သွားလျှင် ကျနော်သည် ဂါတ်တွဲနောက်ဖက် ဝရံတာသို့ ထွက်ရပ်ကာ ကျနော်၏ အစောက ရယ်မောလိုစိတ်များ အားလုံးသည်လည်း ကြက်သန်း ကြက်လှေးပျောက် တဖျတ်ဖျတ်ပျောက်ကွယ်သွားနေသည်။

ကျနော်သည် မှောင်ခို အရှုပ်အထွေးများကြား၌ ငြိတွယ်ကာ ပါနေရသူအဖြစ်ဖြင့် မိမိကိုယ်ကို ပြန်၍မြင်နေရသည်။ ညိုညိုကိုယ်တိုင် မှောင်ခိုသူ ဖြစ်လာခဲ့ကာ သူ့ ကို မတားဆီး နိုင်တော့သဖြင့် အခြားသူများကို မဖမ်းဆီး လိုတော့သည့် စိတ်များမှာ တချိန်ထက် တချိန် ပို၍ ရင့်မာလာနေခဲ့သည်။ ညိုညို့ကို အကာအကွယ်ယူပြီး အခြား မှောင်ခိုသမားများသည်လည်း ပို၍ အတင့်ရဲလာနေကြ၏။
ဤအရှုပ်အထွေးများမှာ တခုနှင့်တခု လိန်ရှက်လာကြကာ ရှုပ်ထွေးသည်ထက် ပို၍ရှုပ်ထွေးလာနေသည်။
နောက်ပိုင်းရက်များတွင် သူတို့တတွေသံကုန်တွဲ တတွဲ ပေါ်၌ ထန်းလျက်များတင်ပြီး လိုက်ပါနေကြသည်ကို ကျနော်လည်း သတိမထားမိခဲ့။

နေပူပြင်းသည့် တနေ့လည် ကျောက်ပန်းတောင်းဘူတာတွင် ရထားရပ်စဉ်၊ ကျနော် ဂါတ်တွဲပေါ်တွင် တုံးလုံးလှဲနေစဉ်၊ သူတို့ အုပ်စုသည် ထန်းလျက်များကို သယ်လာကြပြီး သံကုန်တွဲပေါ်သို့ တင်ကြ၏။ ခရီးသည်များ မရောက်သေး။
ကျနော်တွေ့မြင်နေရသဖြင့် သူတို့ကို မတင်ကြပါရန် တောင်းပန်သည်။ သူတို့သည် ဆက်၍ တင်မြဲ တင်သည်။
ထိုနေ့က ကျောက်ပန်းတောင်းမှ ရထား ထွက်လာခဲ့သောအခါ သူတို့သည် သံကုန်တွဲ၏ တံခါးရွက် လေခို လေဝင်စေရန် ဖွင့်ပြီး ထန်းလျက်အိတ်များအပေါ်၌ ထိုင်ကာ လိုက်ပါလာခဲ့ကြသည်။်
ကျောက်ပန်းတောင်းနှင့် အင်တောကျယ်အကြား တနေရာ၌ ရထားဆောင့်သဖြင့် သူတို့ ကရော်ကမယ် ဖွင့်ထားသည့် သံတံခါးရွက်သည် ဝုန်းကနဲ ပစ်ရိုက်လိုက်၏။ အပေါက်အနီးရှိ ကိုးနှစ်အရွယ်ခန့် မိန်းကလေး နဖူးကို ရိုက်မိကာ ခလေးမကလေးလဲကျသွားသည်။ သူ့ ဖခင်သည် ခလေး မကလေးကို ရင်ခွင်အတွင်း၌ ပွေ့ပြီး နှာနှပ်နေသည်။

သံတံခါးရိုက်သံကြောင့် ကျနော်နှင့် ဂါတ်ဗိုလ်သည် ထွက်ကြည့်လိုက်ကြ၏။ လမ်းခုလတ်၌ ရထားကို ဘရိတ်ဆွဲအုပ်ကာ ရပ်လိုက်ရတော့သည်။
ရဲများအကူအညီဖြင့် သူ တို့ကို စစ်ဆေးရသည်။ ထန်းလျက်အိတ်များကို ပစ်ချ၊ လူများကို ဆင်းခိုင်းပြီး ရထားကြီးကို အလံသုတ်သုတ်ပြကာ ထွက်လာရသည်။
သူတို့ လူ တဆယ့် ငါးယောက်မျှသည် သံလမ်းနံဘေး ကန်ဘောင်ကြီးအပေါ်၌ တန်းစီရပ်နေကြ၏။ ကျနော် တို့ကိုရွံ့ရှာ စက်ဆုတ်သည့် မျက်လုံးများဖြင့် ကြည့်နေ၏။ ဒဏ်ရာရနေသည့် ခလေးမကလေးကို ပွေ့ ချီထားသည့် ဖခင်၏ မျက်လုံးများ၌ မျက်ရည်များ ပြည့်လာနေသည်။ ရထားထွက်လာသောအခါ သူသည် ကျနော့် နံမည်ခေါ်ပြီး လှမ်းဆဲနေခဲ့၏။

“ဟေ့…. မအေ=ရင်မောင်….၊ဒို့လဲ လူတွေပါကွ၊ မအေး =ရ၊ ဒို့ကျတော့ မတင်ရဘူးလားကွ၊ မင်းတို့ တရားတယ်ဟေ့၊ သိပ်တရားတဲ့လူတွေ၊ ငါ=မသားတွေ၊ ဒို့ ကို ဒီလို နှိပ်စက်နိုင်အောင် ကျန်းမာကြပါစေဗျာ ချမ်းသာကြပါစေဗျာ….ကြံတိုင်း အောင်လို့ ဆောင်တိုင်းမြောက်ကြပါစေ၊ လိုရာဆုနဲ့ တလုံးတဝထဲ ပြည့်စုံနိုင်ကြပါစေ၊ သာဓုဗျာ… သာဓုဗျာ…သာဓုဗျာ”

ထိုအသံသည် ကျနော့် နောက်မှ အရိပ်ကဲ့သို့ ပြေးလိုက်လာနေသည်။
သူတို့ကို လှည့်မကြည့်တော့သော်လည်း ကျနော်၏ အမြင်မှတ်စိတ် အာရုံ၌ကား သူတို့ ကန်ဘောင်ကြီးနံဘေး၌ စုရပ်နေပုံပါလာနေသည်။ သူတို့ ကျောဘက်၌ သူတို့ကိုယ်ပေါ်သို့ အရိပ်ထိုးနေသော ညောင်ပင်ကြီးသည် အုပ်ဆိုင်းနေ၏။ ကန်အောက်၌ စိမ်းပြာနေသော ကန်ရေပြင်သည် အေးမြကာ မလှုပ်မရှား ငြိမ်သက်နေသည်။
သူတို့ကား လမ်းခုလတ်၌ မသန်းစွမ်းတော့သော ကိုယ်ခန္ဒာများကို သယ်ဆောင်ကာ၊ ထန်းလျက်အိတ်များကို ထမ်းပိုးကာ လူနာတယောက်ကို ပွေ့ယူကာ ဘယ်ဆီသို့ သွားကြမည်နည်း။

ရထားတစင်းလုံးမှ လူများသည် သူတို့ကို ထွက်ကြည့် နေကြ၏။ ကိုရွှေယောက် သားကလေး သုံးယောက်၏ မျက်လုံးအိမ်များ၌ လူသားတို့၏ မေတ္တာတရားကြောင့် မျက်ရည်များ ပိတ်ဖုံးလာနေကြသည်ကို နောက်တွဲမှပင် လှမ်းမြင်နေရ၏။ ညိုညိသည်လည်း ကျနော့်ကို လှမ်းကြည့်နေ၏။

“သူတို့လဲ လူတွေဘဲဗျာ၊ လူတွေဘဲ မှုတ်လား”

ကျနော့် နှလုံးသားများသည်လည်း ကျနော့် ဦးနှောက်များကို ထိုမေးခွန်းများ ခွန်းဆင့်ခွန်းဆင့် မေးမြန်းနေသည်။
ကျနော်သည် ဂါတ်တွဲခုံတခုပေါ်၌ ကိုယ်ကို ပစ်လှဲ ထိုင်နေမိ၏။

“ဒီလိုလုပ်မှဘဲ ရင်မောင်ရေ့ …ဒီလိုမလုပ်ရင်လဲ မရတော့ဘူး” ဟု ဂါတ်ဗိုလိ ကိုမောင်ကိုကြီး က ကျနော့်ကို လှမ်းပြောနေသည်။
ဤသိြု့ပုလုပ်ခဲ့ခြင်းသာလျှင် ပြဿနာကို ဖြေရှင်းရာ၌ အမှန်ဆုံးဖြစ်သည်ဟု ကျနော်သည် အကြိမ်ကြိမ် သုံးသပ်နေမိ၏။

စစ်စစ် ပြဿနာတခုကို ဖြေရှင်းရာ၌ ကျနော်သည် မေတ္တာတရားဖြင့်သာလျှင် သိမ်မွေ့စွာ ဖြေးရှင်းလိုသူ၊ ကျနော်သည် လူသားအချင်းချင်း၏ မေတ္တာတရားကို အကြွင်းမဲ့ ယုံကြည်ကိုးကွယ်သူ။

ထိုနေ့က ကျနော်သည် စိတ်နှလုံး မကြည်လင်တော့သဖြင့် ဂါတ်တွဲပေါ်မှ မဆင်းတော့ဘဲ ငြိမ်သက်စွာ လိုက်ပါလာခဲ့၏။ လက်မှတ်ကိုသော်လည်းကောင်း၊ မှောင်ခိုကုန်များကိုသော်လည်းကောင်း မရှာဖွေမစစ်ဆေးနိုင်တော့ပေ။ တန်ဆာမဲ့ ကုန်ပစ္စည်းများကို ကံထရိုက်ဘူတာကလေးများမှ ခရီးသည်များတင်ဆောင်ကြသော်လည်း ကျနော်သည် စစ်ဆေးပြီး တန်ဆာမလုပ်ပေး။ ညနေခင်းများ၌ ညိုညိုတို့တွဲသို့ ကူးသွားလေ့ရှိသော်လည်း ထိုညနေကမူ မသွားတော့ပေ။

မြို့သစ်မှ ထွက်လာခဲ့သောအခါ၌ ညိုညိုသည် ရထားသံခါးဝတွင် ထွက်ရပ်ပြီး ကျနော်ရှိရာ ဂါတ်တွဲသို့ လည်ပင်း တရှည်ရှည်ဖြင့် ကြည့်လာသည်။ သူသည် မှောင်မှောင်ရီရီ၌ အဝေးကပင် လှမ်းပြီး မသိ မသာ ပြုံးပြနေ၏။ သူက သူရှိရာ သို့ အကြောင်းတခုကြောင့် ကျနော့် ကို လာစေလိုသည် သိသော်လည်း ကျနော်သည် ဂါတ်တွဲပေါ်မှ မဆင်းချင် ဖြစ်လာခဲ့ရသည်။်

ဆဒ္ဒုံချောင်းသို့ ရထားဝင်ရောက်ဆိုက်ရပ်လိုက်လျှင် တောင်တွင်းကြီး အဝင်၌ ရှောင်တခင်လက်မှတ် စစ်ဆေးမည် ကိုကြောက်သဖြင့် လက်မှတ်မဲ့များနှင့် မှောင်ခို သမားများသည် သူတို့တွဲပေါ်မှ ပြေးဆင်းလာကြပြီး ကျနော် လက်မှတ်ရောင်းရာ ပလက်ဖေါင်းပေါ်တွင် လက်မှတ်များ (ဆဒ္ဒုံမှ တောင်တွင်းကြီး ပြားသုံးဆယ်) လာယူကြသည်။ သူတို့ထဲ၌ ညိုညိုလည်း ပါသည်။ ညိုညိုသည် ကျနော့် ကို စကားပြောရန်ရှိသဖြင့် လက်မှတ်ကို နောက်မှယူသည်။

ဤအချိန်ကား အမှောင်စိုးလာသဖြင့် မှောင်ခို ပစ္စည်းများ ဝှက်ရန် လွယ်ကူချိန် အခြားဘူတာ ဖမ်းဆီးရေးများမှ လွန်မြောက်လာချိန်ဖြစ်သဖြင့် မှောင်ရီရီထဲ၌ သူ့ မျက်နှာ ကလေးမှာလည်း ရွှင်လန်းတောက်ပစွာ ပြုံးရယ်ထားနိုင်သည်။ ကျနော့် ကို ကြည့်နေကြသော သူ့ မျက်လုံးများသည် ရွှန်းပြက်နေကြသည်။

“သူ လာမလားလို့ ….နတ် မောက် တုန်းက သမောသီးသုတ်ဝယ်ပီးစောင့်နေတာ၊ သူ မလာတာနဲ့ အကုန်စားပလိုက်ရတာဘဲ၊ ဘာပြုလို့ မလာတာလဲ”

သူသည် အသံကို ခပ်တိုးတိုးပြုကာ မေးနေသည်။
ကျနော်သည် လက်မှတ်ပေါ်တွင် နေ့စွဲတံဆိပ် တုံးကို ဖြည်းဖြည်းနှိပ်နေသည်။
“ချစ်တယ်ကွယ်” ဟု ပြောနေမိသည်။
“တော်စမ်း ပါ၊ မေးတာတော့ မပြောဘူး၊ ကဲ လက်မှတ် သုတ်သုတ်ပေးစမ်းပါ၊ တော်ကြာ ရထားထွက်သွားမယ်”
ကျနော်သည် လက်မှတ်ပေးရင်း လက်မှတ်ကို မလွှတ်ပေးဘဲ သူ့ လက်ကို ဖမ်းဆုပ်ထားနေသည်။
ဂါတ်ဗိုလ် ကိုမောင်ကိုက ဂါတ်တွဲပေါ်မှ “ဟေ့ သုတ်သုတ်လုပ်၊ ဒီကိုလာခဲ့ပါလားကွ၊ ဒီမှာရောင်း↔ဟု လှမ်းအော်ပြီး နောက်နေသည်။

သူသည် ကျနော့်လက်ထဲမှလက်မှတ်ကို ဆတ်ကနဲဆွဲလုလိုက်ပြီး သူ့ တွဲသို့ ပြေးသွားသည်။
ရထားထွက်လာခဲ့သောအခါ ညိုညိုတို့ ကို အကာအကွယ်ပေးသောချစ်စရာလှပသည့် အမှောင်သည်လည်း ပို၍နက်ရှိုင်းလှပစွာ မှောင်လာနေသည်။

နိုင်ဝင်းဆွေ

အပိုင်း (၁၁)သို့ ဆက်လက်ဖတ်ရှုပါရန်....။




March 24, 2010

မသိန်းရှင်ဆီ ပို့ ပေးပါ


( ၉ )
ပြန်၍ဆုံတွေ့သည့်အခါ

ကျနော် ခွင့်ရက်စေ့သဖြင့် ပြန်လာခဲ့သည်။ ထိုညနေက သူသည်လည်း ကျနော် သူ့ကို တောင်းတွင်းကြီးဘူတာရုံမှ လာကြိုနေလိမ့်မည်ဟု တွေးလာခဲ့သဖြင့် ကျနော်ပေးသည့် ထမီကို အမှတ်တရ ဝတ်လာခဲ့သည်။သူ့ ကို ကြိုတင် မြင်နိုင်စေရန် တံခါးပေါက်ဝ၌ ထွက်ရပ်ပြ လာခဲ့သည်။
တောင်တွင်းကြီး၌ ရထားဆိုက်ရပ်လျှင် သူသည် အပြေးဆင်းလာသည်။ သူ့နာနတ်ခြင်းများကို မြင်းလှည်း တစီးပေါ်သို့ ကမန်းကတမ်း တင်သည်။ ကျနော် ရပ်စောင့်နေရာ မြင်းလှည်း ဂိတ်တဖက်ဘေးသို့ အပြေးအလွှား လျှောက်လာသည်။
ကျနော့် အနားတွင်ရပ်ပြီး သူသည် ကျနော့် ကို စကားမပြောနိုင်ဖြစ်နေခဲ့သည်။ ကျနော်လည်း အေးတိ အေးစက်ဖြင့် ပြုံးရုံသာ ပြုံးနေသည်။
ကျနော့် ကို မှောင်ခိုသမားများသည် နောက်ပြောင် သွားနေကြ၏။

သူ့ ကိုလည်း သင်းသင်းနှင့် နုနုတို့က“ဝမ်းသာနေပလားမိညို” ဟု အော်မေးနေသည်။
သူသည် သူ့တောင်းများကို ယူသွားကြရန် သူ့ အဖေါ်များကို ပြောလေသည်။
“ညိုညိုလမ်းလျှောက်ရင်း ဖြေးဖြေးမှ လာခဲ့မယ်၊ တောင်းတွေချထားနှင့်ကြနော်၊ ဒီလူ့ ကို စစ်စရာ ဆေးစရာရှိတယ်” ဟု သူ့ အဖေါ်များကို လှမ်းပြောသည်။

ထိုညနေမှာ သူနှင့် ကျနော် နှစ်ယောက် တွဲကာ ပထမဆုံး လမ်းအတူလျှောက်ကြသည့် ညနေဖြစ်သည်။
သူနှင့် ကျနော်သည် အုန်းတောရပ်ကွက် ဖြတ်လမ်း ကျဉ်းကလေးတခုအတွင်းမှ ဈေးဖက်သို့ အဖြေးလေးနိုင်ဆုံး နှေးကာလျှောက်လာကြ၏။ သူသည် တဘက်တထည်ကို ခေါင်း၌ ရစ်ပေါင်းထားသဖြင့် တကယ့်မိန်းမကြီးတဦးနှင့် တူနေပြန်သည်။ ပုခုံးတွင်လည်း လွယ်အိတ် အနီတလုံးကို လွယ်ထားသည်။ သူ့ အကျီင်္မှာ ရက်ပိုင်းအတွင်းကမှ ချုပ်ထားသဖြင့် သစ်နေသည်။ ကျနော် လက်ဆောင်ပေးသည့် ထမီမှာလည်း သူ့ အသားနှင့် လိုက်ဖက်နေသည်။ သူ့ မျက်နှာမှာ ယခင်ကလိုမှေးမှိတ်မနေတော့ပေ။ တချက်တချက် ကျနော့် ကို ကြည့်သည့် သူ့ မျက်လုံးများမှာ စိန်ရောင် တဖျတ်ဖျတ် လက်နေကြသည်။
အတော်ကြာကြာ အလှမ်းဝေးလာသည်အထိ သူနှင့် ကျနော် စကားမပြောမိ။ လမ်းမှာ ခရီးသွားများပြတ်နေ၏။ ဓါတ်မီးတိုင်မှ အလင်းရောင်နှင့် ဝေးရာမှောင်ရိပ်ဖက်မှ ဖြတ်လျှောက်လာကြသောအခါ၌ ရင်ထဲတွင် နွေးလာပြန်သည်။
ကျနော်သည် သူ့ ကို ရင်ခွင်အတွင်း ဆွဲသွင်းပွေ့ညှစ်ပစ်လို စိတ်များ ပေါ်လာသည်ကို မျိုသိပ်နေရပြန်သည်။ ပခုံးချင်း ယှဉ်လျှောက်နေခိုက်၌ သူ့ လက်မောင်းသားများသည် ကျနော့် လက်မောင်းကို လာ၍ထိကြ၏။ သူ့ ရန်ခုန်သံများမှာဤလမ်းကျဉ်းကလေးထဲ၌ လှိုက်ခုန်နေသည် ထင်သည်။
ဤ လမ်း၌ လျှောက်နေစဉ် တွင် သူ့ ကို ကျနော် မည်မျှ သတိရနေသည်ကို ထုတ်ဖေါ် ပြောနေရန်မလိုဟု ကျနော် တွေးလာခဲ့၏။ ကျနော်သည် သူ့ အတွက် အကျီင်္ပိတ်စတခုနှင့် သူ့ အမေအတွက် ပန်းနာဆေးများယူလာခဲ့၏။ လမ်းအတော်ဝေးဝေး လျှောက်လာပြီးသည် အထိ မပေးဖြစ်သေးပေ။
လမ်း ဓါတ်မီးတိုင်များ အောက်တွင် သူနှင့် ကျနော်သည် မျက်လုံးချင်း ဆိုင်မိကြ၏။ နှစ်ယောက်စလုံး စကား မပြောဘဲ အချိန်ကိုက် စက်ကရိယာများလို တပြိုင်နက်တည်း ပြုံးလိုက်မိကြသည်။ သူ့ မျက်နှာပေါ်တွင် ရှက်သွေးရောင်များ ပြေးနေပြန်သည်။

လမ်းဆုံးလုနီးမှ “ကဲ….ပြောစရာရှိလို့မှုတ်လား၊ ပြောစရာရှိပြောလေ” ကျနော်သည် သူ့ ကို ခပ်တိုးတိုး မေးနေ၏။
“သူ ပိန်သွားတယ်” ပြောပြီး ငြိမ်ငြိမ်သက်သက်ပင် ဆက်လျှောက်နေပြန်သည်။

တခါတခါ၌ သူ့ မျက်နှာ ကလေးမှာ တခုခုကို နက်နက်ရှိုင်းရှိုင်း တွေးနေပုံမျိုးလည်း ပေါ်လာသည်။ တခါတရံ၌ အပြုံးရိပ်များသည် အမှတ်မထင် ဖြတ်သန်းသွားကြသည်။လမ်းဆုံးလုနီးရောက်လာမှ သူသည် စကားများကို ခပ်တိုးတိုး ပြောလာသည်။ လမ်းကို ပို၍ နှေးလေးစွာ လျှောက်လာပြန်သည်။

“သူများကို မေ့နေတာမှုတ်လား၊ ဒီနေ့ သူ ဘူတာကလာကြိုနေမှာလို့ သင်းသင်းတို့နဲ့ အလောင်းအစား လုပ်လာခဲ့တာ၊ လာမကြိုဘဲများနေရင် သူ့ ကို ခေါ်ကို မခေါ်တော့ဘူးလို့ စိတ်ကူးထားတာ၊ သူလာကြိုနေလို့ပေါ့”
“ပြောစရာရှိတယ်ဆိုတာ အဲတာလား”
“မဟုတ်ဘူး” ဟု ပြောကာ သူသည် လမ်းကွေ့ဓါတ်မီးတိုင် အောက်တွင် ရပ်တန့်လိုက်ပြန်သည်။
ကျနော်သည်လည်း သူ့ အနားတွင် ယှဉ်လျက် ရပ်နေမိ၏။

ရှေ့တွင်း နှင်းမှုန်များကြားထဲ၌ မော်တော်ကားလမ်း မကြီုး လှမ်းမြင်နေရသည်။ လမ်းမကြီးသို့ အကူး ကားဖြတ်မောင်းသည့် အုတ်တန်တားကလေးပေါ်တွင်လည်း နှင်းမှုန် နှင်းစက်များ တဖြောက်ဖြောက် ကျနေသည်။
သူသည် ကျနော့် မျက်နှာကို မော့်ကြည့်နေ၏။

“ဒီနေ့ ကျောက်ပန်းတောင်းဈေးထဲမှာ သူနဲ့လိုက်မယ့် ပုဆိုးတထည် တွေ့လို့  ဝယ်လာခဲ့တာ၊ အဲတာပေးမလို့ပါ၊ လူကြားထဲမှာတော့ မပေးရဲဘူး၊ ရှက်ပါတယ်၊ အဲတာ မနက်ဖက်အလုပ်ဆင်းရင် ဝတ်လာခဲ့ရမယ်၊ သူနဲ့ ဘောင်းဘီနဲ့ လုံးလုံးလိုက်တာ မဟုတ်ဘူး၊ ဘောင်းဘီဝတ်လိုက်ရင် လူကပိန်ပိန်နဲ့ မျောက်နဲ့ သိပ်တူတာ၊ လုံချည်ဝတ်ရင် ချောရဲ့ သားနဲ့၊ လုံချည်ဝတ်လဲ မုန်းစရာကြီးပါ၊ လုံချည်တောင် ညီအောင် ဝတ်တတ်တာ မဟုတ်ဘူး၊ တစ တို ရှည်ကြီး၊ တခါလောက်တော့ မြို့ လုင်က အရီးညိုတို့အိမ် ခေါ်သွားရအုံးမယ်၊အဲဒီအိမ်က ခွေးကြီးကပုံပျက် ပန်းပျက် မြင်ရင် သိပ်ကိုက်တာ”

သူ ရယ်နေသော်လည်း ကျနော်သည် ငြိမ်သက်နေမိ၏။
သူ့ လွယ်အိတ်အတွင်းမှ ထုတ်ယူနေသော လုံချည်မှာ ခေတ်ပေါက်ဈေးဖြင့် လေးဆယ်ကျပ်မျှ မပေးဘဲ ရမည်မဟုတ်ပေ။ သူ့ နား၌မူ နားတောင်းကလေးတရံပင် ဝယ်မဝတ်နိုင်။ သူသည် ကျနော် ထမီတထည် လက်ဆောင်ပေးသဖြင့် သူ့မာနနှင့်သူ ကျနော့် ကို အောက်ကျမခံ လုံချည်တထည် ပြန်ပေးနေခြင်းအတွက် ကျနော်သည် သူ့ မာနကို ဦးညွှတ် လေးစားလိုစိတ်များလည်း ပေါ်လာနေရပြန်သည်။
သူသည် ဤလုံချည်တထည် ကျနော့် ကို ပြန်၍ လက်ဆောင်ပေးနိုင်ရန်အတွက် သော်လည်းကောင်း… သူ့ မိသားစု၏စုံးစုံး နစ်မြုပ်လာနေသော စားဝတ်နေရေး ပြဿနာကြောင့် သော်လည်းကောင်း ထန်းလျက်များကို တင်နေခဲ့ရပေပြီလားဟု တွေးနေမိ၏။
ကျနော့် ရင်ထဲတွင် အစောက ပျော်ရွှင်ကြည်နူးစိတ်ကလေးများသည် တဖြည်းဖြည်း ပြယ်ကာ နှင်းထုကြီးအတွင်းသို့ ပျံ့ နှံ့သွားကာ ပျောက်ကွယ်သွားနေသည်။
ကျနော်သည် သူ့ လုံချည်ကို လှမ်းမယူသော်လည်း…အစောပိုင်းက ဖြစ်ပေါ်နေခဲ့သည့် သူ့ စိတ်နှလုံးသား အတွင်းမှ ကြည်နူးရွှင်ပျမှုကလေးများ ပျောက်ကွယ်သွားမည်ကိုမူ စိုးရိမ်သောက ရောက်မိပြန်သည်။ ကျနော်သည် ကြိုးစား၍ ပြုံးနေရ၏။
ကျနော်သည်လည်း သူ့ အတွက် ယူလာခဲ့သည့် အကျီင်္ပိတ်စနှင့် သူ့ အမေအတွက် ဆေးထုပ်များကို ထုတ်ပြနေသည်။
သူသည် ထိုတိုက်ဆိုင်နေမှုအတွက် ပြုံးရယ်နေ၏။ သူ့ မျက်လုံးများမှာ ပို၍ ရွှန်းလက်တောက်ပလာနေသည်။

“တိုက်တိုက်ဆိုင်ဆိုင်နော်….သူများကလဲဝယ်လာ၊ သူကလဲ ဝယ်လာ”

သူသည် ကျေနပ်နှစ်သိမ့်မှု ကြည်နူးရွှင်ပျမှုများ ပြည့်နေသည့်အသံဖြင့် တတွတ်တွတ် ပြောနေသည်။ သူ့ ပုဆိုးကိုလည်း လှမ်းပေးနေသည်။
ကျနော်သည် သူ့ ပုဆိုးကို လှမ်းမယူဘဲ သက်ပြင်းချလိုက်မိ၏။

“အဲတာ မင်းဖို့ရယ်… မင်းအမေဖို့ရယ်၊ ကို ပေးတာကို မင်းမယူရင် ထားပစ်ခဲ့နော်၊ မင်းပေးတာကိုတော့ ကိုမယူနိုင်ဘူး” ကျနော်သည် အေးတိအေးစက် ပြောရင်း အထုပ်ကို သူ့ ခြေထောက် အနားသို့ ပစ်ချလိုက်သည်။ ထိုအခါ၌ သူ့ မျက်နှာပေါ်တွင် အစောက ဖြတ်သန်းနေသည့် ကြည်နူး ရွှင်လန်းမှုကလေးများ ပျောက်ကွယ်သွားတော့မည် ဖြစ်သဖြင့် ကျနော်သည် သူ့ မျက်နှာကို မကြည်နိုင်တော့ပေ။

ကျနော်သည် ထိုနေရာမှ ချာကနဲ လှည့်လိုက်ပြီး သူ အံ့အားသင့်နေစဉ် သုတ်သုတ်လျှောက်ထွက်လာခဲ့သည်။
သူ လှမ်းအော်ပြောနေသည်ကိုလည်း ဂရုမပြု။

“အို…အို…နေ…နေအုံး…နေအုံး”

သူ၏ လှမ်းအော်သံမှာ နောက်ပိုင်း၌ ပျောက်ကွယ်နေရစ်ခဲ့သည်။ ကျနော်သည် အလာက လမ်းအတိုင်း မဟုတ်တော့ဘဲ သူလိုက်ပြေးလာမည်စိုးသဖြင့် လမ်းချိုးကလေးတခု၌ ချိုးကွေ့လိုက်၏။ ကျနော်ထင်သည့်အတိုင်းပင် သူ၏ ပြေးလိုက်လာသံကို ကြားရသည်။ ကျနော်သည် ငြိမ်သက်ရပ်နေလိုက်၏။
သူသည် ကျနော် ချိုးကွေ့သည့် လမ်းမြှောင် ကလေးကိုကျော်လွန်ကာ…“နေအုံး…နေအုံးလေ” ဟု အော်ရင်း ပြေးလိုက်လာနေသည်။

ထိုညက ကျနော့် စိတ်အာရုံ၌ သူ့ ခေါ်သံကို ကြားယောင်နေခဲ့သည်။ သူ ပြေးလိုက်လာပြီး ကျနော့် ကို ကျော်လွန်သွားပုံကို မြင်ယောင် နေသည်။ ည၌ ကျနော်သည် “ဘဝပြောင်းလေသူ” ဟု ခေါင်းစည်းပေးကာ ကဗျာတပုဒ် ရေးနေမိ၏။ ထိုကဗျာမှာ ကျနော်ကိုယ်တိုင်လည်း မနှစ်သက်။ ကျနော်သည် တပိုင်းတစ ရေးပြီး ကဗျာကို ဆွဲဆုတ်လွှင့်ပစ်၏။
ကျနော် အလုပ်ပြန်လုပ်နေသည့် ရက်များတွင် ကျနော့် စိတ်ထဲ၌ ညိုညို့ နာနတ်ခြင်းများအောက်ဝယ် ထန်းလျက်များ တိတ်တဆိတ် တင်လာနေခဲ့ပြီ ဟူ၍သာ ယုံကြည်နေသည်။ ထို အတွက်အပြစ်တင်ရန် အကြောင်းလည်း ရှာမတွေ့နိုင်။ သူကလည်း သူထန်းလျက်များကိုတင်နေရပြီ ဖြစ်ကြောင်း ကျနော့်ကို ထုတ်ဖော်ပြောနိုင်မည်လည်း မဟုတ်။
ကျနော် သူ့ အနားသွားထိုင်လျှင် သူသည် ရထားပြတင်းဝမှ မျက်နှာကို အပြင်သို့ လှည့်ထားနေစဉ်၌ သူ့ မျက်လုံးအိမ်များတွင် မျက်ရည်များ ပြည့်လာ နေသည်ကို ကျနော်သည် နောက်ကျောဖက်မှ လှမ်းကာ မြင်တွေ့နေရသလို ခံစားနေခဲ့ရသည်။
ကျနော်နှင့် သူသည် အတူတူ ထိုင်နေပါခဲ့လျက် စကားများလည်း မပြောဖြစ်။
ညောင်တိုသို့ ရောက်လျှင်လည်း ကျနော်သည် သူတို့ ထမင်းဝိုင်းသို့ မဝင်တော့ပေ။
များစွာသော ရက်များ၌ ကျနော်သည် ဂါတ်တွဲပေါ်တွင်သာ ခိုကပ်နေခဲ့သည်။ သူတို့တွဲသို့ လက်မှတ်ပင် တက်မစစ်ဖြစ်တော့ပေ။ ဤရက်များအတွင်း၌ သူနှင့် ကျနော့် ကြား၌ အစိမ်းရောင် ခန်းစီးကြီးတခုဖြင့် ဆွဲကာ ခြားနားထားသလို ခံစားနေခဲ့ရသည်။
သူသည် ကျနော့် လက်ဆောင်ပစ္စည်းများကို ပြန်ပေးရန် ကြိုးစားခဲ့သေး၏။

“မယူချင်ရင် လွှင့်ပစ်ခဲ့ပေါ့” ဟု ကျနော်က ပြောလျှင် သူသည် မျက်ရည်များ ဝဲလာနေရပြန်သည်။
ကျနော့် ကို သူဝယ်ထားသည့် ပုဆိုး လက်ဆောင် ပေးရန်လည်း မကြိုးစားတော့ပေ။ တခါတရံ ဘူတာတခုခုတွင် ကျနော်သူတို့တွဲရှေ့မှ လမ်းဖြတ်လျှောက်သွားလျှင် သူသည် သူထိုင်နေရာ ပြတင်းဖက်မှ လှမ်းကြည့်နေတတ်သည်။

ထိုရက်များတွင် မိုးသည်လည်း ချိန်ခါ ဟုတ်ဘဲ ညိုမဲလာတတ်သည်။ နေခြစ်ခြစ်တောက် ပူလောင်နေဆဲ၌ မိုးသည် ရုတ်တရက် မှိုင်းဆို့လာလျှင် သက်ရှိသက်မဲ့အရာဝတ္တု အပေါင်းသည်လည်း ညိုညစ် မဲပုပ်လာကြသည်။ ဤ မဲပုပ်ရစ်မှောင် နေမှုများသည် နှလုံးသားကိုလာ၍ အရောင် ဟပ်နေကြပြန်သည်။ နိမိတ်ဆိုးကြီးတခု ဖတ်ကြားနေခြင်းကို နားထောင်နေရသလိုပင်။

ညိုညို့ ထန်းလျက်တောင်းများကို ကျနော် စစ်ဆေးမိသည့် နေ့ကလည်း ညောင်တိုမှ ရထား ထွက်လာသောအခါ မိုးကြီးသည် ပြိုမလိုမဲမှောင်ကာ ရထားကြီးပေါ်သို့ နိမ့်ဆင်းကျလာနေခဲ့သည်။ ရထားကြီးသည်လည်း နိမိတ်ဆိုးကြီးဟု ထင်ရသော အရိပ်မဲကြီး အောက်မှ လွတ်မြောက်စေရန် အားသွန်ခုတ်မောင်းနေခဲ့သည်။်
ကျနော်သည် ညိုညိုတို့တွဲကို လက်မှတ်စစ်လာခဲ့သည်။ သူတို့ကို ကျော်လွန်လာခဲ့ပြီး တွဲအလယ်သို့ ရောက်လျှင် ခရမ်းချဉ်သီးတောင်းသုံးတောင်းကို ထန်းလျက်ပါသည်ဟု မသင်္ကာ ဖြစ်ကာ ခြေဖြင့် ကန်ကြည့်လိုက်သည်။
ထိုတောင်းသုံးတောင်းမှာ အောက်ဖက်၌ ထန်းလျက်များ ပါနေသဖြင့် လေးလံနေကာ ကန်၍ လှုပ်သင့် သလောက်မလှုပ်ပေ။
ကျနော်သည် တောင်းတတောင်းအပေါ်တွင် ခြေထောက်တဖက်တင်ထားပြီး မျက်လုံးဝဲကာ ပိုင်ရှင်ကို ရှာကြည့် လိုက်သည်။
ခရီးသည် အများသည်လည်း ကျနော့်ကို လှမ်းကြည့်နေကြသည်။ အချို့ သည် ပြောလက်စ စကားများကို ရပ်ဆိုင်းထားကြသည်။ အကယ်၍ ရထားခုတ်မောင်းနေသံသာ ဆူညံမနေခဲ့လျှင် အပ်ကျသံကိုပင် ကြားရမတတ် တိတ်ဆိတ် နေလိမ့်မည်။ နုနု၊ သင်းသင်း၊ မအေးသွယ်၊ မအေးမြင့်၊ တင်တင်တို့၏ မျက်နှာများကိုလည်း တွေ့ရ၏။ ထိုအထဲ၌ ကျနော့်ကို စိုက်ကြည့်နေသော ညိုညို့ မျက်နှာကလေးမှာ ရှေ့ သို့ ပြေးထွက်လာသလို ထင်လိုက်ရသည်။
သူ့ မျက်နှာမှာ အခြားသူများလို က္ကုနြေ္ဒမရှိတော့ဘဲ သွေးဆုတ် ဖြူ ယော်သွား သည်။ သူ့ မျက်လုံး ဝိုင်းဝိုင်း စက်စက်ကြီးများသည် ပို၍ဝိုင်းစက်လာနေသည်။ သူ့ မျက်နှာမှာ ဖြူယော်နေရာမှ သွေးများ ပြန်ပြည့် နီမြန်း လာသည်။ ထို့နောက်မှိုင်းညစ်လာပြန်သည်။
သူက သူ့တောင်းပါဟု ကျနော့် ကို လှမ်းပြောနေသကဲ့သို့ ထင်နေရ၏။ ကျနော် ပင်းချောင်းသို့ ရောက်လျှင် အလုပ်သမားများအကူအညီဖြင့် ဆွဲချ ဖမ်းဆီး လိုက်တော့မည်ဟု သူတွေးကြောက် လိုက်ပုံသည်လည်း ကွက်ကနဲ ပေါ်လာသည်။ သူသည် ကျနော်ရှိရာသို့ ထပြေးလာချင်သဖြင့် သူ့ မျက်လုံးမှာ က္ကုနြေ္ဒမရ ဖြစ်လာနေသည်။
ထိုအချိန်ထိုစက္ကန့်ပိုင်း ကလေးအတွင်း၌ ကျနော်သည် သူ့ အနေနှင့် မလုပ်လျှင် မဖြစ်တော့သောကြောင့် လုပ်ရသည်ဟု အမှန်အတိုင်း တွေးလိုက်မိ၏။ ရာပေါင်း များစွာသော အခြား မိန်းမကောင်းကလေးများကဲ့သို့ သူ ဖြစ်ပေါ်ပြောင်းလဲလာခြင်းမှာလည်း ဖြစ်ရိုးဖြစ်စဉ်ကလေးမျှ ပေတကား။
ကျနော်၏ ကြည်လင်နေခဲ့သော စိတ်များမှာလည်း ညစ်ထိုင်းလာသည်။
ကျနော်သည် ထိုနေရာမှခွာလိုက်ပြီး ဆက်လက်၍ လက်မှတ်များကို ဘာမျှမမြင်ရဘဲ ခဲတံဖြင့် ရမ်းခြစ်စစ်ဆေးသွားသည်။ ဤတွဲပေါ်မှ လျင်မြန်စွာ ဆင်းပြေးသွားလိုစိတ်သာ ပေါ်နေခဲ့သည်။
အတာစန်းကုန်း ဘူတာတွင် ရထားအရှိန်မသေမီ၌ ကျနော်သည် ဖျတ်ကနဲ ခုန်ဆင်းပြီး နောက်တွဲသို့ တက်လာခဲ့သည်။
တွဲဝ၌ ရပ်နေမိ၏။ ထန်းလျက်တောင်းငယ်များ၊ အထုပ်အပိုးငယ်များကိုသယ်ဆောင်ကာ ရေးကြီးသုတ်ပျာ၊ တင်နေကြသူများကိုလည်း ကျနော်သည် တားဆီးလား ဖမ်းဆီးလား မလုပ်ချင်တော့ပေ။ ညိုညို့ တောင်းများနှင့် အခြား ကျနော့်ကို အသိပေးထားသည့် ထန်းလျက်များကို ဝကွက် ချန်လှပ်ခဲ့ပြီး….. ဤ တကယ်ပင် မသိနားမလည် ရိုးသားရှာသော သူဆင်းရဲများ၏ ပစ္စည်းကလေးများကို ဖမ်းဆီးသိမ်းယူလိုစိတ် မရှိတော့ပေ။
ကံထရိုက်တာ ကိုရွှေသီးသည် ပြေးလာပြီး“ဆရာ ထန်းညက်တွေ၊ ထန်းညက်တွေ”ဟု ကျနော့် ကို မျက်နှာလုပ်ကာ အော်ပြောသည်။
ကျနော်သည် သူ့ ကို ခေါင်းတချက် ညိတ်ပြလိုက်၏။
ချက်ခြင်းပင် ရထားသည် ဥသြသံရှည်တချက်ကို ညှစ်ထုတ်အော်ဟစ်လိုက်သည်။ မနိုင်မနင်း ဝန်လေးကြီး သယ်ဆောင်ကာ ရထားကြီးသည် ဘူတာကလေးမှ တရွေ့ရွေ့ ထွက်ခွာလာသည်။

ထိုရထား စထွက်ဆဲ၌ ညိုညိုသည် သူ့ တွဲ ပေါ်မှ ဆင်းလိုက်၏။ သူ့ ကို ကျနော်သည် အမှတ်မဲ့ ငေးကြည့်နေမိသည်။ သူသည် ကျနော့် ကိုမြင်သွားပြီး တွဲပေါ်သို့ လှမ်းခို တက်လိုက်သည်။
သူ့ လက်မှာ မမိလိုက်ဘဲ သူသည် ပြန်ပြုတ်ကျသွား၏။ သူ့ ဂျပန်ဖိနပ်ကလေးမှာ သဲကြိုးပြတ်ကျန်ရစ်ခဲ့သည်။ သူသည် ဒုန်းပြေးလိုက်လာနေ၏။ ရထားတစင်းလုံး သူ့ ကို လှမ်းကြည့်ကြပြီး ဗလုံးဗထွေး အသံများဖြင့် အော်ဟစ်နေသည်။ ဤ အချိန်တို ကလေးအတွင်၌ မည်သူမျှ သံကြိုးဆွဲပြီး ရထားကို ရပ်တန့်ပစ်ရန် စိတ်ကူးမရကြ။
ဒုတိယအကြိမ် သူသည် ရထားကို မှီလာခဲ့၏။ သူသည် လက်ကိုင်ကို လှမ်းဆွဲတက်လိုက်ပြန်သည်။ သည်တကြိမ်တွင်မူ လက်ကိုင်ကို မိမိရရ ကိုင်မိသွားသဖြင့် သူ့ ကိုယ်ကလေးမှာ တွဲလဲ ဆွဲပါလာသည်။ သူ့ ပခုံးမှ တဘက်သည် ပြုတ်ကျသွားကာ လေအရှိန်ဖြင့် ရထားဘီးအောက် ရောက်သွားသည်။
ကျနော်သည် သူ့ ကို ချိုင်းနှစ်ဖက်မှ ကိုင်မြှောက်ပြီး တွဲပေါ်သို့ ဆွဲတင်လိုက်သည်။
ကျနော်နှင့် ယှဉ်လျက် ရပ်မိချိန်တွင် သူ့ အသား များမှာ တဆတ်ဆတ်တုန်နေသည်။ သူ့ မျက်နှာသည် ကြောက်ရွံ့ သွေးဆုတ် ဖြူယော်နေသည်။ သူနှင့် ကျနော်သည် တယောက်မျက်နှာကို တယောက် အကြာကြီးငေးစိုက်ကြည့်နေမိကြသည်။

သူသည် ကျနော့် ကို စိတ်ဖြင့် စကားပေါင်း မြောက်မြားစွာပြောဆိုနေသော်လည်း နှုတ်မှကား စကားလုံးမျှ ထွက်မလာ။ ကျနော့် တွင်လည်း သူ့ ကို စကားပြောစရာရှိ နေ၏။ ပြောရန်ရှိသော စကားပေါင်းများစွာ၊ အကြောင်းအရာပေါင်းများစွာသည် ရုတ်တရက် အဝေးသို့ ထွက်ခွာသွားကြ သဖြင့် ထို အခိုက်အတန့်တွင်ကား ကျနော့် စိတ်နှလုံးသားများ အတွင်း၌ ဘာမျှမရှိ။

ကျနော်သည် သူ့ထံမှ မျက်နှာလွှဲလိုက်ပြီး သံလမ်းနှင့်ယှဉ်လိုက်လာနေသည့် ကြက်မောက်ဆည် ရေပေး တူးမြောင်းများကို အဓိပါယ်မရှိ ငေးကြည့်လာမိသည်။ လွင်တီးခေါင်အတွင်းရှိ အညာရွာကလေးများ၊ နှမ်းခင်း ဖုံးဆိုးကြီးများ၊ ထန်းတောကြီးများ၊ မန်ကျည်းတောကြီးများ၊ ခပ်ဝေးဝေးရှိ တောင်တန်းကြီး၊ ဤ အရာဝတ္တု အပေါင်းပေါ်၌ ကျနော် မနှစ်မြို့ သော မိုးကြီးသည် ပိတ်သည်းဆို့ဆိုင်းနေ၏။ မှိုင်းညို့ ညို့ ညစ်ထေးနေသော အရောင်အသွေးသည် နှလုံးသားကိုလာ၍ ရိုက်ဟပ်နေပြန်သည်။

ကျနော်သည် သူ့ ကိုလှည့်မကြည့်ဘဲ “ဘာပြုလို့ ဒါလောက်က္ကုနြေ္ဒပျက်ရတာလဲ” ဟု ညည်းတွား ရွတ်ဆိုမိသလို မေးနေခဲ့မိသည်။
“ကို သိပါတယ် ညိုညိုရယ်….မင်း ကို့ ကို ဖွင့်မပြောရဲဘူး… ဖွင်မပြောရက်ဖူး….မင်းမပြောချင်ဘူးမှုတ်လား၊ မင်း ကို့ ကို ချစ်တာဟာ ဒီ အခွင့်အရေးတွေ လိုချင်လို့ လို့ ကိုထင်လာမှာ စိုးတယ် မှုတ်လား၊ ပြောစမ်း၊ ဒီလို လုပ်နေတာ ဘယ်နှစ်ခါရှိမလဲ”
“ဆယ်ခါ….”
“ဆယ်ခါ ဟုတ်လား”
“ဆယ်ခါပါ”
“ဂါတ်ဗိုလ် တွေကော … ရဲ တွေ ကော အသိပေးတယ်မှုတ်လား”
“ဟုတ်ကဲ့ ပေးပါတယ်”

ကျနော်သည် သူ့ စိတ်၌ မထိခိုက်စေလိုသဖြင့် ဘာမျှ မဖြစ်သလို မထူးဆန်းသလို ပြုံးလိုက်ချင်၏။ သို့သော် ပြုံးနိုင်မည်ကား မဟုတ်။ ကျနော်သည် သက်ပြင်းမချမိရန် ထိန်းချုပ်နေသည်။ အပြင်သို့ ဖွင့်မထုတ်လိုက်သည့် သက်ပြင်းအပူငွေ့ သည် ရင်ထဲသို့ ပြန်လှည့်သွားပြန်သည်။

“က္ကုနြေ္ဒရရ လုပ်ပေါ့၊ ရဲတွေနဲ့ကော အားလုံးနဲ့ ကောဆက်ဆံတဲ့ နေရာမှာ တည်တည်မှန်မှန်ပေါ့၊ သူတို့နဲ့အဝယ် ဖက်စပ်သဘောပေါ့ကွယ်၊ အမြတ်ကို အချိုးကျ မှန်မှန်ခွဲပေးပေါ့၊ ကို ပြောစရာတွေ အများကြီးရှိတယ်၊ စိုးရိမ်တာပေါ့လေ၊ ကို ပြောချင်တာတွေ မင်း နားလယ်ပါတယ်၊ နားလယ်တယ် မှုတ်လား”
“ဟုတ်ကဲ့”
ကျနော် သူ့ ဖက်သို့ မျက်နှာလှည့်လိုက်ပြီး သူ့ ပခုံးပေါ်သို့ လက်တင်ကာ သူ့ ကို ငေးကြည့်နေပြန်သည်။ သူသည် လည်းကျနော့် ကို အပြစ်ကင်းစင်သည့်၊ ခလေးဆန်သည့် သူ့ မျက်လုံးဝိုင်းဝိုင်းစက်စက်ကြီးများဖြင့် ပြန်၍ကြည့်နေသည်။
သူသည် မျက်တောင် မခါ။ မလှုပ်ရှား။ သူ့ နှဖူးမှ ဆံစကလေးများမှာမူ ကြည်လင်နေသော မှန်သားလိုမျက်နှာကလေးကြောင့် သူ့ ကို ကျနော်သည် တဏှာသမုဒယများ ကင်းစင်သွားကာ ညီမကလေး အရင်းလို ထင်လာနေပြန်သည်။

“ပီးတော့လဲ ပြောစရာ ရှိသေးတယ်”
ကျနော်သည် ရယ်သံဖြင့် ပြောနေမိသည်။
“ဟုတ်ကဲ”
“အဲတာ ဘာလဲ သိလား…. အဲတာ ဘာလဲ ဆိုတော့…ကို ညိုညို့ ကို ချစ်တယ်”

ကျနော် သည် အိမ်သာကြား၌ သူ့ ကို ချိုင်းအောက်မှ ပင့်မပြီး ရင်ခွင်အတွင်းသို့ သိမ်းပွေ့လိုက်သည်။ နှစ်ယောက်ပေါင်းတသားတည်းဖြစ်သွားအောင် ဖိကပ်ထားသည်။ သူသည် ဟန်ဆောင်ရုန်းမှန်းသိသိ ရုန်းနေသည်။ ကျနော့် စိတ် တွင် လည်း သူနှင့် နှစ်ယောက်ထဲ ကမ္ဘာသစ်တခုသို့ ရောက်နေရသလို ထင်လာပြန်သည်။ သူ၏ နွေးအိ နီထွေးနေသော ပါးကို နှုတ်ခမ်းဖြင့် ဖိကပ်ထားပြန်သည်။
အတန်ကြာမှ အနည်းငယ်ဖြေလွှတ်လိုက်ရင်း….“ ဆင်ရိုင်း ကျုံးသွင်းသလိုဘဲ၊ မင်းလဲ တဖြေးဖြေး ယဉ်လာဘီနော်” ဟု သူ့ နားအနီး ကပ်ကာ ခပ်တိုးတိုး ပြောနေမိသည်။
ဤ အခိုက်အတန့်တွင်ကား စိတ်များသည် လွတ်လပ်ပေါ့ပါးလာနေကြသည်။
သူသည် ရုန်းထွက်နေရင်း…“သူကလဲကွယ်၊ သူများ စိတ်ညစ်နေပါတယ်ဆို၊ လွှတ်စမ်းပါအုံး၊ မောနေဘီ”
ကျနော် ဖြေလွှတ်လိုက်လျှင် သူ့ အကျီကို ဆွဲဆန့်နေသ

“သိပ်ဆိုးတဲ့လူ”

သူက ကြည်နူးစွာ တိုးတိုးညည်းညည်း ပြောနေသည်။
ပင်းချောင်းနှင့် နီးကပ်လာလျှင် ကျနော်သည် သူ့ ကို အနားမှ ခွာသွားရန် ပြောလိုက်ရ၏။
ပင်းချောင်းရဲများ ရှာဖွေ ဖမ်းဆီတော့မည်ကို တွေးမိပြီး သူသည် မျက်စိမျက်နှာများ ပျက်လာသည်။ မျက်လုံးများမှာ စိုးရိမ် သောကဖြင့် ဝိုင်းစက် လာကြပြန်သည်။ သူ့ ရင်ထဲတွင် ကယ်မည့်သူကို တစာစာ ငိုကြွေးတမ်းတနေသံများ အပြင်သို့ ထွက်လျှံလာနေသလိုပင်။ သူသည် အားကိုးမဲ့စွာဖြင့် ခရီးသည်အများရှိရာသို့ လျှောက်သွားနေသည်။

နိုင်ဝင်းဆွေ

အပိုင်း (၁၀)သို့ ဆက်လက်ဖတ်ရှုပါရန်…။



March 18, 2010

မသိန်းရှင်ဆီ ပို့ ပေးပါ


အပိုင်း (၈)
အပေး အယူ

ညနေအပြန် မှောင်ရီပျိုးလာလျှင် သူတို့သည် ကျနော့်ကို လာဘ်ပေးရန် ကျနော်ရှိရာတွဲသို့ တယောက်ပြီး တယောက် ရောက်လာကြပြီး ငွေများကပ်ပေးသွားသည်။
ကိုယ်ဝန်မပေါ့တပေါ်နှင့် လင်ရှိမယား မအေးမြင့်သည် ငွေပေးတော့မည်ပြုလျှင် ကျနော့် အနား၌ ကိုယ်ချင်း ထိကပ်လာထိုင်တတ်သည်။ ကျနော့် ဒူးကို သူ့ပေါင်နှင့် ထိထားတတ်သည်။ သွေးနုနေသော သူ့ ကိုယ်မှာ နူညံ့နေ၏။ ရမက်ဆန္ဒကြောင့် သူ့ အသားများသည် ပူးနွေးနေလျက်။ သူ့ နှုတ်ခမ်းမှာ နှုတ်ခမ်းဆိုးဆေး ရနံ့သည် သင်းမြနေလျက်။ သူ့ စိတ်ထဲတွင် မီးရထား အမှုထမ်းမှန်သမျှကို ကာမ ဓါးပြ များဟု အထင်သေးထားကာ သူ၏ ရမက်နှိုးဆွမှု အပြုအမူများသည် ရဲတင်းနေသည်။
သူသည် ကျနော် လက်ကို ဆုပ်ကိုင်ပြီးမှ ငွေပေးသည်။

“ဒါဘဲနော်… ကိုယ့်လူ”

သူက ဘာအဓိပါယ်နှင့်မှန်း မသိ ပြောလိုက်တတ်သည်။
သူ့အသံမှာ နွေးပူနေကာ နှစ်ယောက်ချင်း ကပ်ပြောသံမျိုးဖြစ်၏။ သူ့ ယောက်က်ျား ကိုအောင်ထွန်းသည် အခြားတနေရာရာ၌ ထန်းလျက်အိတ်များကို စုဆောင်းနေတတ်၏။
အချို့သည် ညောင်တို ဘူတာတွင် ကျနော် ထမင်း ဟင်းများ ဆင်းဝယ်နေစဉ်၌ အနားလာ ကပ်ရပ်ကာ ပေးသွားကြံသည်။
ကိုရွှေယောက်သည် နတ်မောက်ဘူတာ လက်ဖက်ရည်ဆိုင်တွင် ကျနော် လဖက်ရည်သောက်နေစဉ်၌ စာပွဲရှေ့သို့ လျှောက်လာပြီး သတင်းစာကို ဆွဲကြည့်သည်။ သတင်းစာအောက်၌ တဆယ်တန်တရွက် ထိုးသွင်းသွားသည်။
သူသည် ဆိုင်ထဲမှ မထွက်ခွာမီ “အောက်မှာ”ဟု တိုးတိုးကပ်ပြောသွားသည်။
ကျနော်သည် သတင်းစာအောက်မှ ဆယ်တန် တရွတ်ကို အမှတ်မထင် ယူလိုက်သည်။ လာဘ်ပေးသည်ဟု တကြိမ်တခါမျှ မထင်မိပေ။ ကျနော် ငွေမယူလျှင်သာ ကိုရွှေယောက်ကြီးရင်ထဲတွင် တလေးလေးဖြစ်နေရသည်ကို တွေးမိသည်။ ကျနော့်ကို ငွေမပေးရသေးလျှင် သူ့ ရင်ထဲ၌ လေးလံနေသည်။
ကျနော်သည် သူ့ ငွေကို ဘောင်းဘီ အိတ်ကပ်အတွင်း ထိုးသွင်းလိုက်ရင်း သူ လူကြားထဲသို့ တိုးဝင်သွားနေပုံကို ငေးကြည့်နေခဲ့မိသည်။ သူ့ ခြေထောက်မှာ ဖိနပ်မပါ။ ခေါင်းမှ ဆံပင် ဘုတ်သိုက်သည် တဖွာဖွာ ဝဲပျံနေလျက်။ သူ့ အက်ျီမှာ ချေးများကြောင့် ညိုမွဲရောင် တောက်နေလျက်။ သူ့ ကျော၌ ချွေးများ နစ်နေလျက်။

“ကျနော် စေတနာနဲ့ ပေးထာပါဆရာ… သူများတကာတွေလဲ ဒီလိုဘဲ စားနေကြတာဘဲ၊ တချို့များ တွဲလိုက်တင်တာ၊ တထောင် ကိုးရာကို ပက်ကနဲ ယူလိုက်ကြတာ၊ ကျနော့် ထန်းညက်တလုံးမှ မမိစေရဘူးဆရာ၊ သိကြားမင်း ဆင်းရှာလို့တောင် မတွေ့စေရဘူး၊” ဟု သူသည် သူ ထန်းလျက်တင်ရာ အိမ်သာ အမိုးပေါက်ကို အားကိုးပြီး လက်မထောင်လျက်
ရဲရဲတင်းတင်း ပြောသွားတတ်၏။

တခါတရံ၌ ညိုညို့ ရှေ့တွင် သူတို့ငွေပေးကြလျှင် ညိုညိုသည် မျက်စိမျက်နှာ ပျက်နေတတ်၏။ သူကလည်း အများနည်းတူ ကျနော့်ကို ငွေပေးချင်သည်။ မပေးနိုင်သဖြင့် စိတ်မကောင်းဖြစ်ကာ သိမ်ငယ်နေရရှာသည်ကို ကျနော် မတွေးမိခဲ့ပေ။
ငွေပေးငွေယူ လုပ်နေစဉ်၌ သူသည် မျက်နှာကို တဖက်သို့ လွှဲကာ မှောင်ရီဆိုင်းနေသော ပတ်ဝန်းကျင်ကို ငေးကြည့်နေသည်။
ကျနော့် ကို အခြား မိန်းမများက လာ၍ ရောရော နှောနှော လုပ်သည်ကို သူ စိတ်မချမ်းမသာ ဖြစ်နေရသည်ဟု ကျနော်သည် သာမာန်မျှသာ တွေးနေခဲ့၏။
ထို့ကြောင် မအေးသွယ်ငွေလာပေးလျှင် ကျနော်သည် သူ့ကို ဂရုစိုက် ကြည့်နေခဲ့ရ၏။

မအေးသွယ်သည် အမှောင်ရိပ်ထဲတွင် ကျနော့် နံဘေး၌လာ၍ တိုးကျစ်ထိုင်သည်။ သူ၏ နွေးအိသော ကိုယ်လုံးနှင့်တမင် ဖိကပ်ထားသည်။ သူ့ လက်တဖက်ကို အမှတ်မဲ့ ကျနော့် ပေါင်ပေါ်သို့ တင်လိုက်သည်။ သူက ကျနော့်ကို အသက်ရှိသည်ဟု မထင်။ စကားပြောလျှင် မျက်နှာကို ရှေ့ ငိုက်ပြီး နှစ်ဦးသား ကြားသာရုံ ခပ်တိုးတိုးပြောသည်။ သူ့ အသံမှာ သံလိုက်သံ ပါနေခဲ့သည်။ သူသည် အငြိမ့် မင်းသမီးများထက်အသံ အထားအသို၌ ပို၍ တော်သည်။ တမ်းတသံ၊ ရှိုက်မောသံ အငမ်းမရသံ၊ ရမက်ဆူပွက်သံ၊ ရမက်အင်္ဂါများ လှုပ်ရှားနေမှုကို အထင်းသား ဖော်ပြနေသံ။

“မအေးသွယ်တို့ ကိုလေ …တီဘီစီတွေကော ဂါတ်ဗိုလ်တွေကော၊ ရုံပိုင်တွေ လက်မှတ်စစ်တွေကော မခင်တဲ့လူ မရှိဘူးသိလား၊ ရဲတွေလဲ အကုန်ခင်ကြတာ၊ ဦးလော်လီကြီးတို့၊ ကိုပျားတို့၊ ကိုထွန်းတင်တို့….
“နော်….နော်….ဘယ်သူမှ မအေးသွယ်ဆီက ပိုက်ဆပ်ယူကြတာ မဟုတ်ဘူး၊ မအေးသွယ်တို့လဲ ခင်တတ်ပါတယ်တော်၊ ရှင့်ညိုညိုချည့်မှခင်စရာ မဟုတ်ပါဘူး၊ကဲ…ပြောစမ်း မအေးသွယ့် ကို မခင်ဘူးလား၊ နဲနဲကလေးမှ မခင်နိုင်ဘူးလား၊ တော်ဘီ တော်ဘီ၊ နောက်ကို ရှင့်ကို စကားပြောမယ့်အစား ကျောက်ဆင်းတုကို သွားပြောနေမယ်၊ မောတယ်၊ ရှင်တယောက်ဘဲ မအေးသွယ်ဆီက ပိုက်ဆံ ယူရက်တာ၊ သုံးကျပ်ဘဲယူနော်….”

သူ၏ မျက်စောင်းထိုး မဲ့ရွဲ့ထားသည့် မျက်နှာကို မသဲမကွဲမြင်နေရ၏။ သူ နေရာမှ ထသွားသောအခါ ကျနော်သည် ညိုညိုမည်သို့ ခံစားနေရမည်ကို တွေးနေမိသည်။
ကျနော်သည် ညိုညို့ ခုံသို့သွားထိုင်ပြီး အစောက မအေးသွယ် ကျနော့် အနားလာထိုင်သည်မှာ ရိုးရိုးသားသား ဖြစ်ပါကြောင်း အစီရင်ခံရန် စိတ်စောနေရပြန်သည်။
ကျနော် သူ့ အနား၌ လာထိုင်သည်ကို ညိုညိုသည် လှည့်မကြည့်။
ထိုအခါတွင်ကား ရထားသည် အမှောင်ရိပ်ထဲတွင် မြို့လုင်မှ တိတ်တဆိတ် ထွက်ခွာရန် အားယူနေသည်။ ညိုညိုသည် အပြင်ဖက်မှောင်ပျပျထဲသို့ ငေးစိုက်နေသည်။ သူသည် စိတ်၌ အားငယ်သိမ်ငယ်နေကာ ငြိမ်သက်နေသည်။ တခုခုကို အဆုံးအစ မရှိ တွေးတောနေပုံမျိုးဖြစ်၏။

မြို့လုင်မှ အထွက်တွင် များပြားလှသော ရှေးဟောင်း ဘုရားများသည် အညာဆူးရစ်ခြုံများ အကြား၌ ငြိမ်သက်နေ၏။ တိမ်ကောနေပြီ ဖြစ်သော ကန်ဟောင်းများဖက်တွင် ငှက်ကလေးများ အုပ်လိုက်ချီ ပျံသန်းနေသည်။ ရထား ခုတ်မောင်းနေသံကြောင့် ငှက်ကလေးများ၏ ကျီကျီကျာကျာ တေးသံကိုမူ မကြားရ။
ညီအမသုံးဖော် စေတီသုံးဆူသည် ရထားနံဘေး၌ ဝေ့ကျန်ရစ်ခဲ့၏။ ကျနော်ကား ဥစ္စာစောင့်များဖြစ်ကာ ယခုတိုင်ရှိနေသေးသည်ဆိုသော ထိုညီအမသုံးဖော်ထဲမှ အထွေးဆုံး အလှဆုံး ဥစ္စာစောင့်မကလေးကို စိတ်၌ ထင်မြင်ကြည့်ကာ ညိုညိုနှင့် ယှဉ်ကြည့်နေမိပြန်သည်။
စိတ်ကူးထဲ၌ ညိုညို့ ကိုယ်ပေါ်တွင် ပုဝါရှည်ကြီးတခု ခြုံပေးလိုက်၏။ ပြိုးပြိုးပြက်ပြက် အဝတ်များကို ဝတ်ပေးကြည့်၏။ ထို အဝတ်များ ဝတ်ပေးကြည့်သောအခါ ညိုညိုသည် ရှက်ရှက်ဖြင့် က္ကုနြေ္ဒမဆည်နိုင် ရယ်မောနေပြန်သည်။
ညီအမသုံးဖော်စေတီများ ပျောက်ကွယ်သွားလျှင် ထိုအတွေးများသည်လည်း ဖျတ်ကနဲ ပျောက်ပျက်သွားသည်။

“မအေးသွယ်…ပိုက်ဆံလာပေးတာပါ” ဟု ကျနော်သည် ညိုညို့ကို ရှင်းချက်ထုတ်နေရသည်။ ကျနော်သည် ကိုယ်ကိုညွှတ်လိုက်ပြီး သူကြားသာရုံပြောနေမိ၏။ ကျနော့် အသံမှာလည်း တိုးသက်နေသည်။
“ကို့ ကို မအေးသွယ်နဲ့ ဟိုထင် ဒီထင် ထင်နေမှာစိုးလို့ ပြောပြရတာ”

အတန်ကြာမှ သူသည် လှည့်ကြည့်လိုက်၏။ အမှောင်ရိပ်ရီရီဆိုင်းဆိုင်းတွင် ကျနော့်ကို ပြုံးပြရန် သူ ကြိုးစားနေသည်။ သူ့ အပြုံးပေါ်တွင်ကား သူ၏ အားငယ် သိမ်ငယ်နေမှုများ လွှမ်းနေပြန်သည်။ သူ စိတ်၌ ထိခိုက်နေပုံကို သိသော်လည်း ဘာကြောင့် ထိခိုက်နေရသည်ကိုမူ မသိနိုင်။

“သူများ ဘာမှ မပြောပါဘူး”

ရှေ့မှ ထိုင်ခုံတွင် ထိုင်နေကြသည့် သင်းသင်းနှင့် နုနုတို့က ကျနော့်ကို ငွေထည့်ထားသော စာအိတ်ဟောင်းနှစ်ခု လှမ်းပေးနေသည့်အခိုက်တွင် သူသည် မျက်နှာကို တဖက်သို့ ပြန်လှည့်သွားသည်။

“ဒါဖြင့် ဘာဖြစ်နေရတာလဲ”

ကျနော် မေးသည်ကိုလည်း ပြန်မဖြေတော့ပေ။
အတန်ကြာလျှင် ရုပ်ဒြပ်ပစ္စည်း အပေါင်းသည် အမှောင်နှင့် ရောရှက်ကာ တစတစ ဝါးကာ ပျောက်ကွယ် သွားနေ၏။ညိုညို၏ စိတ်ထိခိုက်နေရမှု အပေါင်းသည်လည်း ဤအမှောင်ထုကြီး အတွင်းသို့ ပြေးဝင်နေကြသည် ထင်သည်။ တချက်တချက်၌ သူ၏ သက်မချသံပေါ်လာနေသည်။ ဤ သက်မချသံများကား အမှောင်ထဲ၌ ရုပ်ဒြပ်ပစ္စည်းများ အဖြစ်ဖြင့် ထင်ရှားစွာ ပေါ်လာနေသည်ဟု ထင်နေရပြန်သည်။
ထိုအခါမှစ၍ နောက်ပိုင်း ရက်များတွင် ကျနော်သည်… “ညိုညို့ ရှေ့မှာ ငွေးမပေးကြနဲ့” ဟု အခြားသူများကို ပြောထားရ၏။
“ဘာပြုလို့လဲ” ဟု သူတို့မေးကြသည်ကို ကျနော်လည်း မဖြေနိုင်။
သူတို့ ညိုညို့ ရှေ့တွင် ငွေပေးလျှင် ကျနော်လည်း မယူတော့ပေ။
သူတို့ သည် ငွေပေးရန်အတွက် ညိုညို့ ကိုပါ ရှောင်တိမ်းနေရသည်။
ရက်အတန်ကြာသောအခါ အချို့ သည် ညိုညို့ ကို မကျေမနပ် ဖြစ်လာကြ၏။ အချို့ က ညိုညို ကို သူတို့အား ဒုက္ခပေးမည့်သူလား ဟူ၍ပင် သံသယဝင်လာကြသည်။ အချို့ သည် ညိုညို့ ကို သူတို့ စိတ်ချယုံကြည်ရသူ၊ သူတို့နည်းတူ ထန်းလျက်ကုန်ကူးသူ ဖြစ်လာစေချင်ကြသည်။

ကျနော့် အဖေ ဆုံးကြောင်း အမေ့ ထံမှ ကြေးနန်းရပြီး ကျနော်အရေးပေါ်ခွင့်ဖြင့် အဖေ့ကို သင်္ဂြိုဟ်ရန် ပြန်မည်ပြုသည့် နေ့ တွင်လည်း သူတို့သည် ကျနော့် ကို ငွေများ စုဆောင်းပေးရန်အတွက် ညိုညို မသိအောင် တိတ်တိတ် ကျိတ် တိုင်ပင်ခဲ့ကြသည်။
သို့သော် ထိုသတင်းမှာ ညိုညို့ ထံသို့ ဘယ်ကဘယ်သို့ ပေါက်ကြားသွားခဲ့သည်မသိ။
ထိုနေ့ နေ့ခင်းက ကျောက်ပန်းတောင်း၌ ခရီးသည်များ မရှိချိန်တွင် သူတို့တတွေ ကျနော့် ကို ငွေများပေးရန် စုဝေးလာကြသောအခါ မလှမ်းမကမ်းမှ ညိုညိုပါ လိုက်လာသည်။
သူတို့သည် ဂါတ်တွဲပေါ်သို့ စုဝေး တက်ရောက် လာကြပြီး ကျနော့် ကို ငွေများ စာရင်းပြုလုပ်ကာ အပ်နေစဉ်၌ ညိုညို ဂါတ်တွဲတဖက်ဝတွင် ရပ်နေသည်ကို မသိကြ။

“မညွန့်ရီ သုံးဆယ်၊ ဒေါ်ခွေး နှစ်ဆယ်၊ ဒေါ်ဒေါ်ညွန့် နှစ်ဆယ်၊ ရွှေယောက် သုံးဆယ်၊ ဦးပေါ်လာ နှစ်ဆယ်” စသည့် စာရင်းကို ကိုရွှေယောက်သည် ခဲတန်ဖြင့် တေးမှတ်နေ၏။
“ကိုရင်မောင့် ကိုယူတဲ့ မိန်းမတော့ ကော်မှာနော်၊ မအေးသွယ်တို့တောင် ကိုရင်မောင့်ကို တရက်လောက် ယူပလိုက်ချင်လာဘီ၊ မိုးလင်းမှ အဆိပ် ခတ်သတ်ပစ်မယ်၊ ဒီကျောက်ဆင်းတုကြီးနဲ့ ကြာရှည်တော့ မပေါင်းနိုင်ပါဘူး” ဟု မအေးသွယ် ပြောသည်ကို အများက ဝိုင်း၍ရယ်နေသည်။
“ကိုရင်မောင် မရှိရင် ကျုပ်တို့တော့ နောက်လူ အသစ်နဲ့ ပေါင်းရမှာ ရင်လေးပါတယ်တော်…၊ နောက်လူက ကုလားဆို၊ ကြက်သီးထလိုက်တာ၊ မစ္စတာ အေကော်နာတဲ့လား၊ ပိုက်ဆံ သိပ်တောင်းတဲ့လူဆို၊ ကျုပ်တို့ကို ဒီအတိုင်းတော့ ပစ်မသွားပါနဲ့ ကိုရင်မောင် နောက်လူနဲ့လဲ ဆက်ပေးခဲ့ပါအုံး၊ ထုံးစံအတိုင်းပေါ့”ဟု မညွန့်ရီသည် သူ့ ကိုယ်လုံး သေးသေးကွေးကွေးကြီးကို လှုပ်ယမ်းရယ်ကာ နောက်နေသည်။
“ဒါ ကိုရင်မောင့် အဖေအတွက် ကူတာနော်…ကိုရင်မောင့် အတွက် ကူတာလို့ မှတ်မသွားနဲ့အုံး”ဟု အတင်က ပြောနေသည်။

ကျနော်သည် သူတို့ ပြောဆို နေကြသည်ကိုလည်းကောင်း ရယ်မော နောက်ပြောင် နေကြသည်ကို လည်းကောင်း အာရုံမစိုက်ဘဲ သူတို့ နောက်ကျော၌ ရပ်နေသည့် ညိုညို့ ကိုသာ လှမ်းကြည့်နေသည်။
သူသည်လည်း အများကိုကျော်ပြီး ကျနော့်ကို ကြည့်နေသည်။ နေပူထဲမှ ဖြတ်သန်းလာခဲ့သောကြောင့်ထင်သည်။ သူ့ မျက်နှာကလေးမှာ နီမြန်းနေသည်။ သူသည် နဖူးမှ ချွေးများကို တဘက်ဖြင့် သုတ်နေ၏။
သူ ရောက်ပြီး အတန်ကြာမှ သူ့ ကို အားလုံး သတိထားလိုက်မိကြသည်။
ချက်ခြင်း ဂါတ်တွဲ တခုလုံးပေါ်တွင် ဆူသံညံသံများ တိတ်ဆိတ်သွားသည်။ တင်တင်သည် ကျနော့် အနားတွင် ထိုင်နေရာမှ ထလိုက်သည်။ လူအများစုသည် ညိုညို့ ကို မတွေ့ မြင်ဘူးသည့် သူစိမ်းတဦးလို ဝိုင်းကြည့်နေသည်။

ကိုရွှေယောက်သည် ငွေများကို ကျနော့် ဦးထုပ်အတွင်းသို့ ထည့်နေရင်း…
“ဘာလဲဟေ့ မိညို” ဟု ခပ်တိုးတိုး လှမ်းမေးနေသည်။

ညိုညိုသည် အတွင်းဖက်သို့ တိုးဝင်လာသည်။ ကျနော့် ရှေ့ နားအထိလျှောက်လာသည်။ ကျနော့် ရှေ့ တွင်ရပ်သည်။ သူ့ အိတ်ကပ်အတွင်းမှ နွမ်းကျေနေသော ငွေစက္ကူ ကျပ်တန် အလိပ်ကလေးကို ထုတ်သည်။ ကျနော့် ဦးထုပ် အတွင်းသို့ သူ့ လက်ဖြင့် ထည့်သည်။

“အစောက စာရင်းဖတ်နေသံ ကြားပါတယ်၊ ညိုညို နှစ်ဆယ့် နှစ်ကျပ်လို့ ရေးလိုက်အုံးနော်…”

သူက ကိုရွှေယောက်ကို လှမ်းပြောနေသံမှာ တုန်ယင်နေသည်။ ကိုရွှေယောက်သည် ကျနော့် ကို လှမ်း ကြည့်နေခဲ့၏။ ကျနော်က စာရင်းရေးရန် ခေါင်းညိတ်ပြမှ သူသည် နားရွက်ကြားမှ ခဲတန်ကို ထုတ်ယူပြီး စာရင်းတေးမှတ်လေသည်။
အားလုံးပြန်ဆင်းသွားကြသောအခါ ကျနော်သည် ညိုညို့ ကို ခဏနေခဲ့ရန် တားထားလိုက်သည်။
သူသည် ကျနော့် ရှေ့ ၌ ရပ်နေရစ်ခဲ့၏။ ကျနော်သည် စကားလုံးပေါင်း မြောက်မြားစွာ ပြောချင်နေသော်လည်း စကားစရှာမရ ဖြစ်နေပြန်သည်။ ထိုအခါတွင်မှ သူသည် ကျနော့် ကို အများနည်းတူ ငွေမပေးရသဖြင့် အားငယ်နေသည်ကို ကျနော်သည် သိလာရ၏။ ကျနော်သည် သူ့ ငွေစက္ကူလိပ်ကလေးကို ဦးထုပ်အတွင်းမှ ဆွဲယူပြီး လက်အတွင်း၌ ဆုပ်နယ်ထားမိသည်။
သူသည် ကျနော့် ကိုကြည့်ပြီး ခေါင်းကိုငုံ့ လိုက်သည်။

သူသည် ဤငွေကလေးများကို ရက်ပေါင်းများစွာ စုဆောင်းခဲ့ရခြင်း ဖြစ်သည်ကို ကျနော်တွေးနေမိသည်။
သူတို့ ဆန်မရှိသဖြင့် ထမင်းပင် ချက်မစားရသည့် အခါ၌လည်းကောင်း…. သူ့ အမေ ချောင်းဆိုးနေသည့်အခါ၌လည်းကောင်း ဤငွေကလေးများကို သူသည် မသုံးစွဲခဲ့။
ငွေကို ကျနော်သည် ပြန်၍မပေးရက် ဖြစ်နေရပြန်သည်။

“သူ ဘာပြောမလို့လဲ” ဟု သူက မေးနေသည်။

ကျနော်သည် သူ့ကို ပြောရန် စကားစမရှိဘဲ အတန်ကြာငြိမ်နေခဲ့မိသည်။

“မင်းငွေကို ကိုယူတယ်နော်…၊ အဲတာ ကျေးဇူးတင်တဲ့ အကြောင်း ပြောမလို့ပါ၊ ဒါပေမယ့် ဒီတခါဘဲ ယူမှာနော်…၊ ဒါ နောက်ဆုံး ဆိုတာလဲ ပြောချင်တယ်၊ ကိုယ်ပြောချင်တာတွေတော့ အများကြီးရှိတယ်၊ ခုတော့ ဘာပြောရမှန်းလဲ မသိတော့ဘူး၊ အချိန်လဲ မရှိတော့ဘူး၊ ဒီလိုလုပ်လေ… အပြန်ကျရင် ညောင်တိုထွက်ရင် ဂါတ်တွဲကို မင်းလာခဲ့အုံး၊ အဖော်တယောက်လဲ ခေါ်ခဲ့နော်၊ တော်ကြာ လူအထင်သေးနေရင်လဲမကောင်းဘူး၊ အဲဒီကျမှ အေးအေးဆေးဆေး ပြောမယ်၊ ခု အဖော်တွေရှိတုန်း သွားတော့၊ ဒီမှာ နှစ်ယောက်ထဲ နေတာ အထင်သေးနေကြအုံးမယ်”

သူ ဘူတာရုံသို့ ရောက်သွားသည်အထိ နောက်ကျောဖက်မှ ငေးကြည့်နေမိသည်။
ကျနော်သည် သက်ပြင်းချခဲ့မိ၏။
သူ့ ငွေကိုပြန်ပေး၍လည်း မဖြစ်၊ ယူလည်း ယူ မထားရက်။ သူ ပျောက်ကွယ်သွားသည်အထိ ဘာလုပ်ရမှန်း တွေးမရဖြစ်နေခဲ့သည်။ သူ ပေးသည့် ငွေကလေးများကို အလိပ်မပျက် အမှတ်တရသိမ်းထားရန် ဆုံးဖြတ်နေမိသည်။
နောက်ဆုံးတွင် ကျနော်သည် သူ့ ကို တခုခုပြန်ပေးရန်တွေးမိမှ ရင်ထဲတွင် ပေါ့ပါးကြည်လင်သွားသည်။
ထိုနေ့က ကျောက်ပန်းတောင်းမှ ရထားကြီး ပြန်ထွက်လာခဲ့လျှင် ကျနော့် လက်ထဲတွင် သူ့ အတွက် အကျီင်္ပိတ်စတခုနှင့် ထမီတထည် ပါလာခဲ့သည်။ ဤပစ္စည်းများကို သူမယူလျှင်လည်း သူ့ မျက်မှောက်၌ လွှင့်ပစ်ခဲ့ရန် ဆုံးဖြတ်လာသည်။
အပြန်၌ ညောင်တိုမှ ရထားကြီး ထွက်လာခဲ့လျှင် သူနှင့် သူ့ အဖော် သင်းသင်းသည် ဂါတ်တွဲပေါ်သို့ တက်ရောက်လာကြ၏။
သင်းသင်းသည် သူနှင့် ကျနော် လွတ်လပ်စွာ စကားပြောခွင့်ရစေရန် ဂါတ်တွဲရှေ့ ဖက် ဝရံတာတွင် တယောက်တည်း ရပ်နေခဲ့သည်။
အလယ် ဂါတ်ဗိုလ် အခန်းကျဉ်းကလေးထဲ၌ ဂါတ်ဗိုလ် ကိုထွန်းအောင်သည် အသေအမျော အိပ်ပျော်လာခဲ့၏။
သူသည် ဝရံတာ မှီရင်း ခေါင်းငုံ့နေ၏။ ကျနော်သည် လက်ထဲ၌ အထည်များထည့်သည့် စက္ကူအိတ်ကိုဆုပ်ကိုင်ထားရင်း မည်သို့ စပြောရမည်ကို မသိ။

အတန်ကြာမှ “ပြောစရာရှိတယ်ဆို” ဟု သူ သည် ခပ်တိုးတိုး စတင်မေးမြန်းသည်။
ကျနော်သည် ဘာမျှ မပြောဘဲ သူ့ လက်အတွင်းသို့ စက္ကူအိတ်ကိုထည့်လိုက်သည်။သူသည် စက္ကူအိတ်ကိုငုံ့ကြည့်လိုက်ပြီး ကျနော့် ကို အတင်းပြန်ပေးနေသည်။

“မယူဘူး…မယူဘူး… သူများ မိန်းမပျက် မဟုတ်ဘူး” ဟု ငြင်းဆန်နေရင်း မျက်ရည်များ ဝိုင်းလာသည်။
အသား တဆတ်ဆတ် တုန်လာသည်။ မျက်နှာကလေး မဲလာသည်။
ထိုအချိန်၌ နေရောင်ကို တိမ်တတိုက်သည်လည်း ဖြတ်သန်းနေကာ နေခြည်များလည်း မှေးမှိန်နေသည်။ အရိမ်မဲကြီးများ အတွင်း၌ ရထားသည် ဖြတ်သန်းနေ၏။
ကျနော်သည် မကြံစည်ဘဲလျက်နှင့် သူ့ တကိုယ်လုံးကို ရင်ခွင်အတွင်း၌ နှစ်မြှုပ် ပွေ့ဖက်ထားသည်။ သူ၏ အတွတ်တွတ်ငြင်းဆန်နေသံများသည် ကျနော့် ရင်ခွင်ထဲ၌ နစ်မြုပ် ပျောက်ကွယ်သွားနေသည်။ သူ့ မျက်ရည်များဖြင့် ကျနော့် ရင်အုံမှာ ရွှဲနစ်လာနေသည်။ ကျနော်သည် သူ့ ငိုသံ ငြင်းပယ်နေသံများ အကြား၌ သူ့ မျက်နှာကို ဆွဲမော့်လိုက်ပြီး အထပ်ထပ်နမ်းပစ်နေမိ၏။ သူ့ ကို ကျနော် မည်မျှ ချစ်ကြောင်း၊ တကယ့် မေတ္တာဖြင့် ညီမကလေးအရင်းကို ပေးသလို ပေးရကြောင်း၊ အစီအစဉ်မရှိလျှောက်ပြောနေမိ၏။
နောက်ဆုံး၌ သူ့ ကို ပေး၍ ရတော့မည်မဟုတ်ဟု သိလာရသည်။
သူသည် အထုပ်ကို လွှတ်ချထားသဖြင့်၊ ရထားလှုပ်ကာ ခုန်နေသဖြင့်၊ ကျ မကျန်ရစ်ခဲ့စေရန် ကျနော်သည် ခြေထောက်ဖြင့် ဖိနင်း ထားနေရသည်။
သူ့ ကို နည်းမျိုးစုံဖြင့် ရှင်းပြနေသည်ကို သူ ငြင်းဆန်မြဲငြင်းဆန် နေသဖြင့် ကျနော်သည်လည်း စိတ်၌ ထိခိုက်လာသည်။
ကျနော်သည် သူ့ ကိုဖြေလွှတ်လိုက်ပြီး အနည်းငယ် ဆတ်တွန်း တွန်းလိုက်၏။

“တော်ဘီ…မင်း ဘယ်တော့မှ ကိုယ့်မေတ္တာကို နားလယ်မှာ မဟုတ်ဘူး”
ကျနော်သည် အော်ဟစ် ပြောဆိုနေမိ၏။

အိတ်ကို ကောက်ယူလိုက်ပြီး အိတ်အတွင်းမှ အကျီင်္ပိတ်စကို ဆွဲထုတ်လိုက်သည်။ ကျနော့် လက်အတွင်း၌ အကျီင်္ပိတ်စသည် ပြန့်သွားပြီး အလံနီကြီးတခုကို လွှင့်လိုက်သလို ဖြစ်၏။ ကျနော်သည် ကြက်မောက်ဆည် ရေသွင်းမြောင်းတူးနေကြသော အမျိုးသမီးများကို ပိတ်စ လှမ်းမြောက်ပြကာ ဒေါသစိတ်ဖြင့် လွှင့်ပစ်ခဲ့သည်။
အကျီင်္ပိတ်စသည် လေစုတ်ယူသဖြင့် ရထားနောက်မှ အတန်ကြာ ဝေးဝေးအထိ လိုက်ပြေးလာနေသည်။ ရေသွင်းမြောင်း အလုပ်သမများသည် အော်ဟစ်ပြီး အုပ်စုလိုက် ရထားနောက်မှ ပြေုးလိုက်လာနေသည်။
အတော်ကြာလျှင် ပိတ်စကျရာ နေရာသို့ ရောက်လာကြ၏။ သူတို့ ဝိုင်း၍လုနေကြသည်ကို ညိုညိုသည် လှည့်ကြည့်နေ၏။
သူသည် နှုတ်ခမ်းကို ကိုက်ထားပြီး အလုပ်သမများကို ငေးကြည့်နေရင်း မျက်ရည်များ ဝဲလာနေသည်။

“မင်း ကို့ ကို အထင်သေးတာ ညိုညို၊ ကို့ ကို လက်ဆောင်ပေးပီး မိန်းမသိုက်တူးနေတဲ့ သိုက်သမားလို့ မင်းထင်တာ၊ နောက် လူအုပ်နဲ့တွေ့ရင် ဒီထမိန်ပါ ပစ်ချခဲ့မယ်”

ကျနော်သည် ဒေါသဖြင့် အော်ပြောရင်း ထမီကို ဆွဲထုတ်လိုက်၏။
သူသည် ငိုရှိုက်နေရင်းမှ ကျနော့် လက်ကို ဖမ်းဆွဲထားသည်။

“မင်းကို ပိုက်ဆံပြန်ပေးရမယ်၊ မင်း ကို့ ကိုတော့ သူတောင်းစားပေးသလို ပေးသွားတာမှုတ်လား၊ ကို့ ကို အထင်သေးတာမှုတ်လား၊ ကဲ….ပြန်ယူလေ….ဒီပိုက်ဆံပြန်ယူ၊ ကိုက ဒီငွေကို ဘယ်တော့မှ မသုံးဘူးလို့ ဆုံးဖြတ်ထားတာ၊ ကို့ တသက်လုံး အမှတ်တရ သိမ်းသွားဘို့ ဆုံးဖြတ်ထားတာ”

သူသည် ကျနော် သူ့ငွေများ ပြန်ပေးနေသည့် လက်ကိုအတင်း ဖမ်းဆုပ်ထားသည်။
သူသည် ရုတ်တရက် ကျနော့် ရင်ခွင်အတွင်းသို့ ငိုရှိုက်ရင်း လှဲမှီလိုက်သည်။ ကျနော့်ခါးကို သူ့ လက်များနှင့် တင်းကျပ်စွာ ဖက်ထားရင်း သူ့ မျက်နှာဖြင့် ပွတ်တိုက်နေပြန်သည်။
အတန်ကြာလျင် ကျနော်သည် စကားမပြောတော့ဘဲ သူ့ လက်အတွင်းသို့ ထမီစက္ကူအိတ်ကိုထည့်ပေးလိုက်သည်။ သူသည် ခပ်ဖွဖွ ဆုပ်ကိုင်ထားနေသည်။ အတာစန်းကုန်းနားကပ်လာမှ သူသည် ကျနော့်ရင်ခွင်အတွင်းမှ ထွက်လိုက်ပြီး ဝရံတာကို မှီရပ်သည်။ မျက်ရည်များသုပ်လိုက်ပြီး ငေးနေပြန်သည်။

“သူ သွားမှာ..ဆယ့်ငါးရက်တောင် ကြာမှာနော်၊ အကြာကြီးဘဲ ↔

သူ၏ ခပ်တိုးတိုးပြောသံမှာ ရထားခုတ်မေါင်းသံ၊ သူ့ သက်ပြင်းချသံများနှင့် ရောထွေးပျောက်ကွယ်သွားနေသည်။
သူ ဆက်ပြောနေသည့် အခြားစကားများမှာ သူ့ အသံတိမ်ဝင်သွားနေသဖြင့် မကြားနိုင်တော့ပေ။ ။

နိုင်ဝင်းဆွေ

အပိုင်း (၉) သို့ ဆက်လက်ဖတ်ရှုပါရန်…..။



March 15, 2010

မသိန်းရှင်ဆီ ပို့ ပေးပါ


ဒီရက်များအတွင်းမှာ နိုင်ဝင်းဆွေ ရဲ့ “မသိန်းရှင်ဆီ ပို့ ပေးပါ ↔ဝတ္ထု အပိုင်း (၇) ကို ဆက်လက်တင်ရန် ကျနော့်ဖက်က ပျက်ကွက်ခဲ့ပါတယ်။ အခု အဲဒီ အပိုင်း(၇) ကို ဒီကနေ့ တင်လိုက်ပါပြီ။
ဒါပေမယ့် ကျနော်မှာ ပြောစရာရှိပါတယ်။ ဒီအပိုင်း(၇)ကို တင်ဖို့ ရိုက်ထားပြီးသား စာတွေကို ပြန်စစ်တဲ့အခါ စာသား တလုံးချင်းစီ ပြန်ဖတ်တဲ့အခါ ကျနော့်မျက်လုံးတွေ စာလုံးမကွဲအောင် မျက်ရည်မကြာခဏ ဝိုင်းခဲ့ရတာကိုတော့ ကျနော် ဖွင့်ဟဝန်ခံပြီးမှ တင်ပေးလိုက်ရတဲ့အကြောင်း…..

အပိုင်း ( ၇ )

ဂါတ်ဗိုလ် ဦးအောင်ကြီးနှင့် တာဝန်ကျသည့် ရက်များ၌မူ ဂါတ်တွဲပေါ်တွင် တဖက်ခုံမှာ ဦးအောင်ကြီး၏ စိတ်အာရုံမှ ပို့သနေသော မေတ္တာများကြောင့်ထင်သည်။ ကျနော့် စိတ်နှလုံးသားများသည်လည်း အပူထဲဖြတ်သန်းနေရာမှပင် အေးငြိမ်းလာနေသည်။
ရင်ထဲမှ အပူသောကများသည် ရထားနှင့် ယှဉ်လိုက်ပါလာနေသော ပင်းကန်တော့ တောင်တန်းကြီးဆီသို့ လွင့်စင်သွားကြသည်။ ဦးအောင်ကြီးထံမှ စိတ်အင်အားများ ရရှိနေသလို ထင်နေသည်။
ရထားကြီး တဂျုန်ုးဂျုန်း ခုတ်မောင်းနေလျက်၊ ဂါတ်တွဲမှာ ယိမ်းထိုး ခါယမ်းလျှက်ရှိသော်လည်း သူသည် ငြိမ်သက်ကာ ပုတီးကိုသာ မှန်မှန်စိပ်နေလေ့ရှိသည်။ မျက်လုံးများကို မှိတ်ထားသည်။ သူစကား ပြောသောအခါတွင်လည်း ဖြေးဖြေးလေးလေး ပြောတတ်သည်။ သူ့ ကို ကျနော် ရသည့်ငွေထဲမှ ခွဲဝေပေးလျှင် သူသည် ခေါင်းကို ညင်ညင်သာသာ ယမ်းပြသည်။

“ငါ့လစာနဲ့ ငါ စားလောက်ပါတယ်ကွာ” ဟု ဖြေးဖြေးလေးလေး ပြောနေသည်။
“သူတို့ခမျာ များကိုလဲ အရမ်းဖမ်းလား ဆီးလား မလုပ်ပါနဲ့ကွာ ၊ သိပ် များများစားစား မတင်ကြဖို့ဘဲ သတိပေးပါ။ တော်ရုံတန်ရုံ တင်တာတော့ ပိုက်ဆံလဲ တောင်းမနေပါနဲ့၊ တတ်နိုင်ရင် မသိချင်ယောင်ဆောင်နေကွာ၊ လူဆိုတာ လောဘသားတွေ မှုတ်လား၊ သူသူ ငါငါ ပိုက်ဆံတော့ လိုချင်ကြတာပေါ့လေ…..၊ သည်း ခြေ ကြိုက် ဟုတ်လား၊ ယူ သင့် တဲ့ အခါ ကျတော့ ယူပေါ့၊ ကြောက်လဲ ကြောက်မနေပါနဲ့ကွာ၊ ဒိပြင်ကတက်ဖမ်းကြ ပြုကြလို့ မိတော့လဲ မိကြပေါ့၊ ငါတော့ ကြောက်လဲ မကြောက်ပါဘူး၊ အေးအေးနေလိုက်တာဘဲ၊ ငါ့ရထားပေါ်မှာ မှောင်ခိုတွေ အများကြီးမိချင်လဲ မိမှာဘဲ။ မေတ္တာတရားပွားများတတ်ဖို့ လိုတယ် မောင်ရင်မောင်၊ မေတ္တာထားတတ်ဖို့လိုတယ်”

ကျနော့် စိတ်များမှာလည်း သူ ပြောသည်တို့ကို နှစ်ခြိုက်လာနေသည်။
လူ့ ဘုံလောကကြီးတွင် လူသားအပေါင်းသည် ဦးအောင်ကြီးလို ပုဂ္ဂိုလ်များသာ ဖြစ်နေလျှင် အားလုံး ငြိမ်းချမ်းနေကြပေလိမ့်မည်။ လူလူချင်း အမဲလိုက်နေခြင်း၊ လူလူချင်း သတ်ဖြတ်စား သောက် နေခြင်းတို့သည် ချူပ်ငြိမ်းကာ အပူသောကတို့သည်လည်း ပျောက်ကွယ်သွားကြပေမည်။
ယခုကား ကျနော်သည် ဦးအောင်ကြီး အနီး၌ နေသည့် အခိုက်အတန့် ကလေးတွင်သာ အပူခပ်သိပ်းမှ ကင်းငြိမ်းနေဟန်ခံစားရ၏။

ကျန် အချိန်ပေါင်း မြောက်မြားစွာမှာမူ ဘာမျှလည်း မလုပ်တတ်၊ ကြံလည်း မကြံစည်နိုင်၊ မောပန်းနေရသည်။
အိမ် ပြန်ရောက်သည့် ညအခါများတွင် မည်မျှ ပင်ပန်းလာခဲ့သည် ဖြစ်စေ ကျနော်သည် အိပ်၍ ရုတ်တရက် မပျော်နိုင်။ တောင်တွင်းကြီးတမြို့လုံး အိပ်မောကျသွားကာ လောကလူ့ဘုံကြီးတခုလုံး အသက်အသံ ကင်းမဲ့သွားသည်ဟု ထင်နေရချိန်များတွင် ကျနော်သည် ကျနော့် အသက်ရှူသံများကို ဆူညံစွာကြားနေရ၏။
ထိုအချိန်တွင်ကား အပြင်ဖက်တွင် နှင်းများမှောင်ပိန်းနေ၏။ ကောင်းကင်ပြင်တွင် တွယ်ရာမဲ့ ကြယ်ကလေးများသည် တဖျတ်ဖျတ် လက်နေကြ၏။ သွပ်အမိုးပေါ်သို့ နှင်းစက် နှင်းပေါက်များ တဖျောက်ဖျောက် ကြွေကျနေသံမှာ ကျယ်လောင်သော အသံကြီးများ အဖြစ်ဖြင့် ခံစားနေရသည်။

သူ့ ကို မယူနိုင်၊ လက်မထပ်နိုင်သေးဘဲလျက်နှင့် ချစ်ရေးဆိုထားခဲ့မိသည်ကို ကျူးလွန်ထားမိသော ပြစ်မှုကြီးတခုလို ထင်နေမိပြန်သည်။
သူ့ မိသားစု တာဝန်ကို မယူနိုင်လျှင် ကျနော်တို့ကား အိမ်ထောင်ပြုနိုင်မည် မဟုတ်။ သူ့ မိခင် လူမမာကြီး၊ ဖခင်မျက်မမြင်ကြီး၊ မောင် ကျောင်းသားကလေး။ဤလူသား ဒုက္ခသည်များကို သူသည်လည်း တာဝန်မဲ့ ပစ်ပယ်ထားခဲ့ရမည်မဟုတ်။ ကျနော်သည်လည်း အဝေးရှိ မိဖ အိမ်ထောင်စုကြီး၏တာဝန်တဝက်မျှယူနေရသူ၊ လစဉ် ငွေများတင်ပို့ထောက်ပံ့နေရသူ၊ ညီကလေးတယောက်ကို ကျောင်းထားပေးနေရသူ။
သူ့ မိသားစု တာဝန်ကို သူ့ မောင်ကလေးက ယူနိုင်မည့်နေ့၊ကျနော့် ညီကို အားကိုးပြုရမည့်နေများမှာ ဝေးကွာလှမည်မဟုတ်ဟုတွေးနေရသည်၏။ ထိုအချိန်သို့ တိုင်အောင်စေါင့်မျှော်နေရမည်ကို စိတ်၌ မောနေရသည်။

နေ့ခင်းဖက် ရထားပေါ်တွင်လည်း ကျနော်သည် သူ့နံဘေး၌ထိုင်နေရင်း စကားပြောစရာမရှိဖြစ်ကာ ငြိမ်သက်နေရ၏။
“ဒို့ မနက်ဖြန်ကာ လက်ထပ်ပစ်ရအောင်လေ” ဟု ပြောလိုက်ချင်၏။
ထိုသို့ မပြောနိုင်သောအခါ နှစ်သက်စရာ စကားဝါကျများကို ရှာဖွေမတွေ့တော့ပေ။
သူနှင့်ကျနော်သည် စကားပြောစရာများ ကုန်ခမ်းနေသလိုပင် တထိုင်ခုံတည်း ထိုင်ပြီး တယောက်ကို တယောက် ကြည့်လည်း မကြည့်မိ။ သူသည်လည်း သံလမ်းနံဘေး တောင်ခြောက်ကုန်းကလေးများကို စိတ်မပါဘဲနှင့် ကြည့်လာခဲ့သည်။

ဤရက်များ၌ကား သူ့ အခြေအနေမှာ အဆိုးရွားဆုံး ဖြစ်နေခဲ့ပေပြီ။ သင်းသင်းနှင့်နုက သူ့ ကို ထန်းလျက်များ တခေါက်လေး ငါပိဿာတင်ရန် တိုက်တွန်း လာကြသည်ကို သူသည်ငေးကာ မျက်ရည်ဝေ့ကာ နားထောင်ခဲ့၏။ ဘာမျှပြန်မပြော။ မကြားသလိုပင် ငြိမ်သက်နေ၏။ နောက်ဆုံး ပြောလွန်းမကပြောလာမှ သူသည် သက်ပြင်းချနေခဲ့၏။

“မလုပ်ဖူး၊ သူများပစ္စည်းကို ထန်းညက်တလုံးတောင် သူတို့မယူရဘူး၊”

သူသည် မျက်ရည်များဝဲနေလျက်ဖြင့် ပြန်ပြောခဲ့၏။
ထိုအကြောင်းများကို သင်းသင်းနှင့် နုနုတို့သည် သူ့ကွယ်ရာ၌ ကျနော့်ကို ပြန်ပြောကြသောအခါ ကျနော် သည်လည်းဘာပြန်ပြောရမည်မသိ။ ငြိမ်သက်နေခဲ့၏။

“ကိုရင်မောင်ကြီး မလုပ်နဲ့ ဆိုလို့ မိညို မလုပ်တာပါ၊ ကိုရင်မောင်ကြီး ပြောပါအုံး၊ သူတို့အမေ အတော်မမာနေတာ၊ ကျမတို့က အိမ်နီးနားချင်း ဆိုတော့ မမြင်ချင်ဘဲ၊ မကြားချင်ဘဲ ကြားနေရတာ၊ သူလဲ တင်ပစေပေါ့ရှင်….၊ အများလဲ ဒီလိုဘဲ လုပ်စားနေရတာ၊ ကျမတို့က ကိုယ်ပိုင်လယ်ယာ ရှိတာမှမှုတ်ဘဲ၊ အများ မိုးခါးရေသောက်တော့ ကိုယ်လဲသောက်ပေါ့”

ကျနော်သည် သင်းသင်း၏ မျက်နှာကလေးကို စိုက်ကြည့်နေခဲ့၏။ ခု…သူစကားပြောနေသည့် သူ့နှုတ်ခမ်းပါးပါးကလေးကို သူ မနှစ်မြို့ မသတီဘဲလျက်နှင့် လူပေါင်း ငါးဆယ် ကျော်က ရမက်ကြီးစွာ စုပ်နမ်းခဲ့ပြီးပြီကို သတိရနေခဲ့သည်။

“အခုကြည့်လေ….သူ ထမင်းတောင်ထုပ်နေနိုင်အောင် ဘယ်လိုလုပ်နေရပလဲဆိုတာ၊ သူတို့အိမ်သားတွေဆို ဘယ်လိုနေမလဲ၊ ဒါတောင် သုံးလွန်းလေးလွန်းတင်မှုတ်လား”

နုနု၏အသံမှာ ဆို့နင်နေခဲ့သည်။

“ဟုတ်တယ်ရှင်…ကိုရင်မောင်ကြီးပြောပြစမ်းပါအုံး၊ ကျမတို့ပြောလို့တော့ မရတော့ဘူး၊ ကျမတို့လဲ ဘာမှ မတတ်နိုင်ဘူး၊ ဒီအချိန်ကဘယ်သူမှ ဘာမှမတတ်နိုင်ကြဘူးမှုတ်လား၊ကိုယ်ဝမ်းစာတောင်မှ ကိုယ် မနဲ ကျဲနေရတာ၊ ကြက်လို ယက်စားတယ်ဆိုတာက တော်သေးတယ်၊ ကြက်ကယက်လိုက်ရင် ကောက်စရာ တွေ့တာ မှုတ်လား”

ကျနော်သည် မောနေမိ၏။ အသက် ဆယ်သုံးနှစ်ပင် မပြည့်သေးသော မခင်မြလေး၏အဖြစ်ကို မြင်တွေးနေမိ၏။
နောက်တဘူတာတွင် ကျနော်သည် သူတို့တွဲမှ ဆင်းကာ ဂါတ်တွဲသို့ ကူးပြောင်းလာခဲ့သည်။
ရထားကြီးမှာ မတုန်မလှုပ် သူ့ စက်ရှိန်အတိုင်း ပြေးလွှားကာနေသော်လည်း ကျနော့်စိတ်များမှာမူ တုန်လှုပ် ခြောက်ခြားနေခဲ့သည်။ ဝေခွဲ၍မရ။ ပိုင်းဖြတ်၍မရ။ တိုက်လည်း မတိုက်တွန်းချင်။ သူ့ဖါသာ ထန်းလျက်များ တင် လာလျှင်လည်း ကန့်ကွက်မည်မဟုတ်။ မလွဲသာမရှောင်သာ တင်ရတော့မည်ကိုကား သိလာပေပြီ။
ရထားကြီးသည် အင်းတောကျယ် ဘူတာမှ ထွက်ခွာနေ၏။ ငရံတောင်၊ ငလင့်စင်တောင်၊ ဖိုးခိုကြီးတောင်၊ ငွေတွင်းတောင်၊ တောင်နီတောင်၊ မြေဖြူတေင်၊ ဘို့တောင်၊ ကြက်မောက်တောင်စသည့် သံလမ်း ဟိုဖက်သည်ဖက်၊ အနီးကပ် တောင်စဉ် တောင်တန်းများပေါ်၌ မြူခိုးများသည် မှိုင်းဆို့နေ၏။ ဤ မှို်းဆို့နေခြင်းကား စိတ်ကို ငြိမ်းချမ်းစေသည်ကား မဟုတ်။ စိတ်အာရုံကို ထိုင်းမှိုင်းလေလံစေသည်။
ဂါတ်ဗိုလ် ကိုထွန်းရင်သည် အပူအပင် ကင်းမဲ့စွာဖြင့် သူ့တရောပြားကလေးကို ထုတ်လိုက်ပြီး သီချင်းတပုဒ်ကို စမ်းနေခဲ့၏။

“ရင်မောင် ဆိုကွာ”
သူသည် တရောသံ၊ ရထားသံများအကြား၌ ပြောနေခဲ့၏။ ကျနော်သည် ခေါင်းကိုယမ်းပြနေ၏။
“ဘာလဲကွ… မောင်ရင် ကြေကွဲနေတာလား၊ ဒါဖြင့် လွမ်းကွာ၊ ဒါ လွမ်းခန်းပေါ့”
သူ့ တယောသံကား ပျောက်ကွယ်သွားလိုက်၊ ပြန်ပေါ်လာလိုက်၊ ပျံ့လွင့်သွားလိုက်။ သူ၏ သီချင်းကို ချွဲချွဲပြစ်ပြစ် ဆိုနေသံမှာလည်း စိတ်ညစ်ညူးဖွယ်ရာဖြစ်၏။
ညို့…ညို့….ဆိုင်း…ဆိုင်း….။
အုံ့ ….မှိုင်း….ရီဝေ….။
မျှော်လေလေ….တိုင်း…..။
လွမ်းပုံသိ….ထွေ…..။
အခါတိုင်းကဆိုလျှင် ကျနော်သည် သီချင်း ဆိုမိတတ်သော်လည်း သည်တခါတွင်ကား ထိုသီချင်းသံ များမှာ အနှောင့်အရှက်ဖြစ်နေခဲ့ပေပြီ။

“တော်တော့ဗျ” ဟု လှမ်းပြောလိုက်သည်။
“ကိုထွန်းရင်ရဲ့….ခင်ဗျားက လွမ်းနေ၊ လွမ်းရေးထက် ဝမ်းရေးခက်ဗျသိလား၊ လွမ်းရေးဖက် ဝမ်းရေးခက်”
သူသည် ကျနော့် ကို နိုင်ငံရေးစကား ပြောသည်ထင်ကာ တရောအထိုးကို ရပ်လိုက်ပြီး လှမ်းကြည့်နေခဲ့၏။
“အဲဒီစကားမျိုး လွတ်လွတ် ကင်းကင်းမှာ သွားပြောကွာ ငါကြောက်တယ်”

သူပြောနေသည်တို့ကို ကျနော်သည် စိတ်မဝင်စားတော့ပေ။
ကျနော်ကား ညိုညို့  အခက်အခဲများကို ကျနော် စုဆောင်းမိခဲ့သည့် ငွေကြေးအနည်းငယ်ထဲမှ ဖဲ့ကူညီသည်ကို သူ လက်ခံလျှင် သူ့အတွက် တကွက် တခဏတော့ အသက် ရှူနိုင်မည်ကိုတွေးနေမိ၏။ သူသည် ဤသို့ကူညီသည်ကိုလည်း လက်ခံနိုင်မည်မဟုတ်။ ကျနော်သည် သူ၏ လေးစားထိုက်သော မာနစိတ်ကလေးကို သိမြင်နေရ၏။ ထိုသို့ ကူညီခွင့် တောင်းဆိုသည့် အတွက် သူ စိတ်ထိခိုက်ရုံမှတပါးအရေးအရာရောက်မည်မဟုတ်။ သူ့ ကိုစော်ကားသည်ဟူ၍သာ ထင်ပေလိမ့်မည်။
ထိုနည်းဖြင့် ကူညီရန် စိတ်ကူးကို ကျနော်သည် မေ့ထားလိုက်ရ၏.။
ရက်အတန်ကြာပင် သူ့ အခက်အခဲများကို ဖြေရှင်းရန် နည်းလမ်းရှာကြည့်သော်လည်း ထန်းလျက်တင်သည့် ထွက်ပေါက်တခုမျှသာရှိသည်ကို တွေ့မြင်နေရသည်။ ထိုနည်းလမ်းကိုမူ ကျနော်သည် ဖွင့်လှစ်တင်ပြရက်မည်မဟုတ်။
ဤရက်များတွင် နံနက်များတွင် သူ့ ကို မြင်တွေ့နေရသည်မှာ သူ့ မိသားစု အခက်အခဲကို ဖေါ်ပြနေသည့် စက်ကရိယာ တခုကိုကြည့်နေရသလိုပင် ထင်လာရသည်။ သူ့ မျက်နှာကလေးပေါ်၌ ထိုအရာများသည် ပေါ်လွင်နေခဲ့၏။

သူ ထမင်းပင် ထုပ်မလာနိုင်သည့် ရက်ကလည်း နံနက်ပိုင်းရထားကြီး ထွက်လာကတည်းက သူ့ မျက်နှာမှာ အခါတိုင်းနေ့ရက်များကထက် ပိုမိုညှိုးငယ်နေခဲ့သည်။
သူသည် သူ့ ထိုင်ခုံနောက်မှီကို မှီကာ အိပ်နေရင်းပင် သူ့ မျက်နှာမှာ အားနည်းဖျော့မှိန်နေသည်။
အခါတိုင်းက သူ့တွင် မည်မျှ သောကဖြစ်နေသည် ဖြစ်စေကျနော် ရောက်သွားလျှင် ကြိုးစားပြုံးကာ နှုတ်ဆက်လေ့ရှိသော်လည်း ထိုနေ့ကမူ သူသည် ကျနော် လျှောက်လာနေသည်ကို လှမ်းကြည့်ရုံမျှသာ ကြည့်နေသည်။
ညောင်တိုဘူတာတွင် ကျနော်သည်အခါတိုင်းနေ့များကလို ဟင်းဝယ်ရန် ရထားပေါ်မှ ဆင်းလာခဲ့လျှင် သူသည်လည်းသူစီးလာခဲ့သည့် တွဲပေါ်မှ ဆင်းလာသည်။
ထမင်းဆိုင်ရှေ့ သို့ ကျနော် ရောက်ပြီး ဟင်းဝယ်နေချိန်၌ သူသည် လူအများကို တိုးဝှေ့ကာ ကျနော်ရှိရာသို့ လျှောက်လာသည်။ ကျနော့် နံဘေး၌ လာရပ်သည်။ မှောင်ခိုသမားများနှင့် အခြားခရီးသည်များသည် ကျနော်တို့ကို လှမ်းကြည့်ကြ၏။

“ကြက်သား သုံးကျပ်ဖိုးလား ဆရာ” ဟုဆိုင်ရှင်သည် ပြုံးပြီးမေးနေ၏။
“သူ …ခဏ”

ညိုညိုသည် ကျနော့်ကို တတောင်ဆစ်ဖြင့် တွက်ကာ ခပ်တိုးတိုး ပြောပြီး ဆိုင်ရှေ့မှ လှည့်ထွက်သွားသည်။ ကျနော်သည် ထမင်းဆိုင်ရှင်ကို လက်ကာပြခဲ့ပြီး သူ့နောက်မှ လိုက်သွားရလေသည်။
သူသည် ဘူတာပလက်ဖောင်းအစွန်ဖက် ကုက္ကိုင်ပင်အောက် ကျမှ ရပ်လိုက်၏။

ထိုနေရာမှာ ခရီးသည်များနှင့်လည်း အလှမ်းဝေးကွာနေသည်။ ကျနော်သည်သူ့နံဘေး၌ ကုက္ကိုမြစ်ကို ကန်ကာရပ်တန့်လိုက်၏။ သူ့ ကို ကျနော်သည်ပင် ပြုံးမပြမိ။ သူ့စိတ်ထဲတွင် ထူးထူးခြားခြား ခံစားရေမှုများမှာ သူ့ မျက်နှာပေါ်၌သာပေါ်နေသည်မဟုတ်ဘဲ အရာအားလုံးကိုပင် ဖုံးလွှမ်းထားနေသည် ထင်ရသည်။
သူသည် ခရီးသည်အများ လှုပ်ရှားရာဖက်သို့ တချက် လှမ်းကြည့်လိုက်၏။

အဝေးတွင်ကာ ရထားခေါင်းတွဲကြီး ဖြုတ်သွားကာ ရေစက်မှ ရေများထည့်နေသည်။ ခရီးသည်များသည်လည်း ကျနော်တို့ ကိုလှမ်းကြည့်နေကြ၏။ မီးရထားဝတ်စုံ ဝတ်ထားသူ ကျနော့် ကိုမူ ခရီးသည်တိုင်းကလိုလို သိနေသဖြင့် ကျနော်သည် လည်း သူ့ ကို ညှာတာသဖြင့် ဤနေရာ၌ ကြာရှည်ကြာမြင့်ရပ်မနေချင်။

“ဘာလဲ….ပြောလေ”

သူသည် ခေါင်းကို ဖြည်းဖြည်းမော့ပြီး မျက်လွှာကြီးဖွင့်ကာ ကျနော့်ကို ကြည့်နေ၏။ ထိုမျက်လုံးကြီးများထဲတွင် ကျနော့်ကိုအားကိုးလိုစိတ်များ ပြည့်လျှမ်းနေသလို ခံစားနေရသည်။
သူ့ မျက်နှာမှာ မို့ကာ တင်းရစ်နေသည်။ မျက်လုံးများသည် ငိုထားဟန်ဖြင့် အစ်နေ၏။ သူ့ အင်္ကျီလက်မောင်း တဖက်စုတ်နေသည်ကို ဖုံးကွယ်နိုင်ရန် သူသည် တဘက်ကို ထိုဘက်ပခုံးဖက်သို့ ပို၍ဆွဲချခြုံထားနေပုံမှာ စိတ်ကိုနာလာစေသည်။ ယခုပင်လျှင် သူသည်မငိုမိရန် စိတ်ကိုတင်းထားနေရပုံ ပေါ်နေသည်။
သူသည် ခေါင်းကို ပြန်ငုံ့ လိုက်၏။

“သူ….ဟင်း မဝယ်နဲ့လို ပြောမလို့ပါ”ဟု ပြောနေသောစကားလုံးများမှာ သူ့ လည်ချောင်းဝတွင် အတစ်တစ် အဆို့ဆို့ ဖြစ်နေသည်။
“မှာထား ပီးဘီ၊ ဘာပြုလို့လဲ”
“သူများ…သူများ….သူများ….ထမင်း ထုပ်မလာခဲ့ဘူး↔
“ဘာပြုလို့လဲ”
“အိပ်ရာထ မိုးလင်းသွားလို့ပါ၊ ထမင်းချက်ချိန်မရတော့လို့၊ အဲတာပြောမလို့၊ သူ ဟင်းလဲမဝယ်နဲ့၊ ထမင်းလဲမဝယ်နဲ့၊ သူများတို့တွဲလဲ လိုက်မလာနဲ့ သိလား၊ သူ ထမင်းတွေ ဟင်းတွေ ဇွတ်ဝယ်လာခဲ့ရင် ငိုရမှာဘဲ၊ သွားမယ် သွားမယ်…ငို….ငိုမိတော့မယ်”

သူကုက္ကိုရွက်ခြောက်များကို နင်းကာ ထွက်ခွာသွားသောအခါ ကျနော်သည် ဘာလုပ်ရမည် မသိဘဲ ရပ်ကျန်နေရစ်ခဲ့၏။

သည်နေ့ နံနက်စာ သူတို့မိသားတစုလုံး ထမင်းငတ်နေခဲ့ပြီကို မသိ၍ မဖြစ်တော့။
သူ့ အိမ်ရှိကျန်သူ့ကိုမှီခိုနေသူများကား သူ့ ထက်စောစွာငတ်နေခဲ့ပေမည်။

ကျနော်သည် သူရှိရာသို့ ထမင်းဟင်းများ ဝယ်မသွားတော့ပေ။ ဝယ်ပြီးသွားခဲ့လျှင် သူ ငိုတော့မည် ကို အမှန်ပင် သိနေမိ၏။
ရထားထွက်လာခဲ့လျှင် ကျနော်သည် ဂါတ်တွဲပေါ်ရှိ ထိုင်ခုံတွင် ပစ်လှဲနေမိ၏။
ဂါတ်ဗိုလ် ကိုမောင်ကိုကြီးက ….“မင်း ကောင်မလေးကို အိုကေ ပီးပလား” ဟု လှမ်းမေးနေသည်ကို ကျနော်သည် ပြုံးလည်းမပြမိ။ ခေါင်းလည်း ယမ်းမပြမိ။
အရက်ကလေး အနည်းငယ် သောက်တတ်သော လူအေးလူကောင်း ဂါတ်ဗိုလ်ကြီးသည် ရထားထွက်ခွာရန် အလံကို နှေးနှေး ယမ်းပြနေသည်။
“ရင်မောင်တို့ကတော့ စွန်တယ်ကွာ”ဟု ပြောကာ သူသည် တဟဲဟဲရယ်ရင်း ကျနော့်ကိုနောက်ပြောင်လာလေသည်။
ရထားကြီးသည် သူ့ ခရီးစဉ်အတိုင်း ဆက်လက် ထွက်ခွာနေ၏။

ညိုညို၏ ခရီးစဉ်မှာလည်း မှောင်ခိုသူ ဖြစ်လာရန်သာလျှင် ရှိတော့သည်ကို ငြင်းဆန်၍ ရတော့မည်မဟုတ်။ ညိုညိုကား အခက်အခဲများ လည်းပင်ကျော်အောင် နစ်လာနေခဲ့ပြီး ဖြစ်သော်လည်း သူ့ မာနနှင့် သူ တင်းခံထားဆဲ။ သူ့ မာနမှာ လေးစားထိုက်သော မာနဖြစ်သည်ကို အသိအမှတ် မပြု၍ ရမည်မဟုတ်။ သို့သော် ထိုမာနဖြင့် တင်းခံ၍ မရနိုင်တော့သည့်နောက်ဆုံး အချိန်များသည် တရိပ်ရိပ်နီးကပ်လာနေပြီကိုမူ သိရှိနေရလေပြီ။

ဤနောက်ပိုင်းရက်များတွင် ကျနော်သည် ဦးအောင်ကြီး၏ မေတ္တာတရားမှ ပေါက်ဖွားလာခဲ့သော စကားများကို ပို၍ နက်ရှိုင်းစွာ ထိတွေ့ လာရလေသည်။

“သူတို့ခမျာများ အရမ်း ဖမ်းလား ဆီးလာ မလုပ်ပါနဲ့ ကွာ၊ မတော်လေဘနဲ့ လုပ်လာကြရင်တော့လဲ တမျိုးပေါ့၊ အဲဒီလိုလုပ်မယ့်လူလဲ မရှိကြပါဘူး၊ တော်ရုံတန်ရုံကလေး တင်ကြတာ မသိချင်ယောင် ဆောင်နေပါကွာ၊ များလာရင်တော့ သတိပေးပေါ့”

ကျနော်သည် မှောင်ခိုကုန်များကို ဖမ်းရ ဆီးရမည် ရှိတိုင်း သူ့စကားများကို နား၌ ကြားနေရ၏။ သူကား ဂါတ်ဗိုလ်သာ ဖြစ်သဖြင့် ဖမ်းဆီးရန် ကျနော့်လောက် တာဝန်မကြီး။ ကျနော်ကား မဖမ်းဆီးလျှင် ပြဿနာများကို မရှင်းနိုင်ဖြစ်ရပေမည်။

“မတတ်နိုင်ဘူးလေ…သူတို့လဲ သူတို့ဝမ်းရေးအတွက် သူတို့လုပ်ပေါ့၊ ငါလဲ ငါ့ဝမ်းရေးအတွက် ဖမ်းလား ဆီးလား လုပ်ရမှာပေါ့၊ ငါ အလုပ်ပြုတ် ခံနိုင်ပါ့မလား”

အပြန်ခရီးများတွင် ထန်လျှက်များစွာတင်သော အတာစန်းကုန်းဘူတာနှင့် နီးကပ်လာလျှင် ကျနော်သည် ထိုဂါထာကို ရွတ်နေရ၏။ ထန်းလျက် တင်သူများ မတွေ့ပါရစေနှင့်ဟု ဆုတောင်းလာခဲ့ရ၏။
ထိုဆုတောင်းသည် မည်သည့်အခါတွင်မှ ပြည့်မည်မသိ။

အတာစန်းကုန်းသို့ ရထားဆိုက်ရပ်လိုက်လျှင် ဝဲယာနှစ်ဖက်မှ တောင်းကြီး တောင်းငယ်များ ရွက်ကာ ထမ်းကာ လူအများပြေးလာကြ၏။ ကျနော်သည် ကမန်းကတန်း ရထားပေါ်မှ ခုန်ဆင်းလိုက်ပြီး…
“ထန်ညက်တွေ မတင်ကြနဲ့နော်…မတင်ကြနဲ့၊ အဆုံးမခံချင်ရင် မတင်ကြနဲ့၊ ဖမ်းရမှာဘဲ” ဟု အော်ပြောနေရ၏။

ကျနော် ဖမ်းမည်ကို သိကြလျက်နှင့်လည်း သူ့ ထက် ငါ အမျိုးမျိုး ကျနော့်ကို ပြောကာ သူတို့သည် ဇွတ်တင်နေကြ၏။ တောင်းများကို ထိုးတင်နေကြ၏။ ဖမ်းဆီးမည်ကို ကြောက်ကြလျက်နှင့် တင်နေကြသော သူတို့စိတ်များကို ကျနော်သည် နားမလည်နိုင်။ သူတို့ ကိုယ်သူတို့ပင် နားလည်ကြမည်မဟုတ်။
ကျနော်ကား သည်မျှ များပြားလှသည်ကို မဖမ်း၍လည်း မဖြစ်တော့သဖြင့် ပင်းချောင်းသို့ ရောက်လျှင် မီးရထားရဲများ အကူအညီ၊ ပင်းချောင်းဘူတာ ကုန်တင်ကုန်ချ အလုပ်သမများအကူအညီဖြင့် ဖမ်းဆီရတော့၏။
ပင်းချောင်း ဘူတာရုံရှေ့ တွင် တောင်းကြီး တောင်းငယ်များ စုထပ်သောအခါ တောင်ပုံရာပုံ ဖြစ်လာလေသည်။
ကျနော်ဖမ်းဆီးနေသည်ကို ရထားတစင်းလုံးရှိ မျက်လုံးပေါင်းများစွာသည် ဝိုင်းကြည့်နေကြ၏။
ဖမ်းဆီးပြီး ကုန်များကို ကတ္တားတင်ချိန်ပြီး ရုံပိုင်ထံ လွှဲအပ်ပြီးပြန်လျှောက် လာခဲ့သော အခါ ထိုမျက်လုံး များသည် ကျနော့် မျက်နှာကို စိုက်ကြည့်နေသည်။

ထိုအထဲတွင် ညိုညို၏မျက်နှာနှင့် မျက်လုံးများကို သတိထားမိပြန်သည်။ သူ့ မျက်နှာမှာ ကျနော့်ကို ကြည့်နေရင်း စိတ်ထိခိုက်နေပုံပေါ်နေသည်။ သူ့ မျက်လုံးများသည် ကျနော့် ကို သူနှင့် မသိသူတဦးကိုကြည့်သလို စိမ်းနေကြ၏။

ရထားကြီးထွက်လာခဲ့လျှင် ကျနော်သည် စိတ်ပင်ပန်း နွမ်းနယ်စွာဖြင့် သူ့အနားရှိ ထိုင်ခုံတွင် ဝင်ထိုင်သည်။
ထို အခါတွင် ကား ကိုယ်စိတ် နှစ်ပါး နွမ်းနယ်စွာဖြင် ကျနော်သည် ထိုင်ခုံနောက်မှီအပေါ်သို့ အရုပ်ကျိုးပြတ် လှဲမှီလိုက်သည်။
သူသည် ကျနော့် ကို မကြည့်ရဲသလို မျက်နှာ အပြင်ဖက်သို့ လှည့်ထားသည်။ ထိုအခါများတွင် သူနှင့် ကျနော့် ကြား၌ အရံအတားကြီးတခုဖြင့် ကာဆီးထားကြသလို ခံစားနေရသည်။

“မတတ်နိုင်ဘူး၊မတင်ကြပါနဲ့ ဆိုတာ ဇွတ်တင်ကြတာကိုး၊ ကျနော်မဖမ်းလဲ ဒီပြင်က ဖမ်းကြမှာဘဲ” ဟု ကျနော်သည် ကိုယ့်ကိုယ်ကိုပြောနေသလို ပြောနေမိ၏။

ထိုလျှောက်လဲချက်မှာ ညိုညိုနှင့် တကွ အားလုံးအတွက် ဖြစ်၏။
အဖမ်းခံ အသိမ်းခံများ၏ မျက်လုံးများသည် ကျနော့်ကို မျက်ရည်ဝဲသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူတို့သည် ပစ္စည်းများ ဆုံးသွားကြသော်လည်း ကျနော့် ကိုအပြစ်မြင်ဟန်မရှိကြ။
သူတို့သည် ရိုးသားသော အညာသူ အညာသား ဆင်းရဲသားများဖြစ်၏။ နှစ်နံစပ်လုံချည်ဝတ်ကာ လုံချည်ကြမ်းများခေါင်းပေါင်းထားကြသည်။ ရထားကြီး ခုတ်မောင်း နေစဉ်၌သူတို့သည် ကျနော်ထိုင်နေရာသို့ လျှောက်လာကြ၏။ သူတို့ ပစ္စည်းဘယ်ရွေ့ ဘယ်မျှ ပါသွားကြသည် ဝိုင်းပြောနေကြသည်။ ကျနော့် အပေါ်၌ ယုံကြည်နေကြ၏။ အခင်အမင်လည်း မပျက်။

“သွားကြဗျာ၊ခင်ဗျားတို့ ဥစ္စာက အများကြီး မှုတ်လား၊ မဖမ်းလို့လဲကြည့်မကောင်းတော့ဘူး၊ မတင်မီက ကျနော် တောင်းပန်သားဘဲ၊ ခုလို လာပြောနေကြရင်၊ ခင်ဗျားတို့ လူတွေပါထပ်ဖမ်းနေရအုံးမယ်၊ စဉ်းစားကြည့်ကြဗျာ… ကျနော် မဖမ်းရင်ဒီပြင်နေရာတွေက ဖမ်းကြမှာဘဲ၊ မဖမ်းဘူးထား … ပစ်စာတင်ရင် ကျနော်လဲအလုပ်ပြုတ် ထောင်ကျ၊ ငါ့ဝမ်းပူဆာ မနေသာလို့ လုပ်ရတာဘဲဗျာ”

အတန်ကြာအောင် ကျနော် သည် လာ ပြောပြသူများကို ရှင်းပြနေရ၏။ သူတို့သည် ကျနော့်ကို ခွင့်လွှတ်ကာ ထွက်ခွာသွားနေကြ၏။
အချို့ သည် နားမလည်နိုင်ကြသဖြင့် သူတို့ တောင်းလေးများကို ပြန်ပေးရန် ငိုယို၍ပင် တောင်းပန်နေကြသည်။

“အမေ့တောင်းကလေးတော့ မဖမ်းဘူးထင်တာကွယ်၊ ပိုက်ဆပ် နှစ်ဆယ်ဘိုး၊ အမေ့မြေးကလေး လက်စွပ် ရောင်းလာခဲ့ရတာပါ၊ အမေ့ကိုပြန်ပေးပါ” ဟု တောင်းပန်သူလည်းရှိ၏။

ကျနော်သည် ပင်းချောင်းရုံပိုင်ထံ အပ်နှံခဲ့ပြီး ဖြစ်ပုံကို နားလည်အောင် မရှင်းပြနိုင်သဖြင့် စိတ်မောလာရသည်။

“ငါသားပြန်ပေးရင် ရပါတယ်၊ သူများတွေလဲ ဒီလိုဘဲ တင်နေကြတာဆိုလို့ အမေလဲ တင်တာပေါ့”

အက်ျီပွကြီးကို ဝတ်ထားကာ ဆံပင်များ ဖွေးဖွေးဖြူနေသောအမေအိုသည် ကျနော့် ခြေရင်း၌ထိုင်ကာ တတွတ်တွတ် ငိုပြောနေခဲ့၏။ မျက်ရည်များ သုတ်လိုက် ငိုလိုက် လုပ်နေ၏။
ကျနော်သည် အမေအိုကို ပွေ့ထူလိုက်သည်။ သူနှစ်သိမ့်ကျေနပ်ရန် မည်သို့ပြောရမည်ကိုလည်း မသိတော့ပေ။ ခရီးသည်အများသည် ကျနော်နှင့် အမအိုကို လှမ်းကြည့်နေကြ၏။
ညိုညိုသည်လည်း ကျနော့်ကို ငေးကြည့်နေသည်။

“အမေ…. နောက်ကို ငါးပိဿာထက်လဲ ပိုမတင်နဲ့၊ အမေတင်ရတယ်လို့လဲ ဘသူ့မှ မပြောနဲ့၊ အမေ့တောင်းကို အမေ့ခုံအောက်ထားပါ၊ ဒါမှ ကျနော် ရှောင်တတ်မှာ”

ကျနော်သည် နံဘေးမှ မကြားစေရန် အသံနှိမ့်ပြီး တိုးတိုးကပ်ပြောနေရသည်။ ရထားခုတ်မောင်းနေသံ၊ အခြားခရီးသည်များ၏ အသံအောက်တွင် ကျနော့် အသံမှာ နစ်ဝင်ပျောက်ကွယ်သွားနေသည်။ အမေအို မသဲမကွဲသဖြင့် ကျနော်သည် ထပ်ပြောနေရ၏။
အမေအို၏ ပခုံးနှစ်ဖက်ကို ပွေ့ ထူနေစဉ် ကျနော့် စိတ်နှလုံးသားထဲတွင် ရပ်ဝေး၌ နေသော ကျနော့် အမေကိုသတိရနေသည်။ ကြည်ညို မေတ္တာစိတ်များ ပွားများလာနေသည်။ အမေအိုသည် ကျနော့် ကို ဆုတောင်းမေတ္တာများ ပို့သပြီး သူထိုင်ရာ အိမ်သာကြားဖက်သို့ လျှောက်သွားနေသည်။

“ကို့ အမေနဲ့ သိပ်တူတာ” ဟု ကျနော်သည် တီးတိုးရေရွတ်နေမိ၏။

ကျနော့် ရေရွတ်သံမှာ အလွန်တရာ ဝေးကွာ နက်ရှိုင်းလှသော ဒေသမှ ဖြစ်ပေါ်လာခဲ့ရသလိုပင်။ ထိုစကားလုံးများကို ရွတ်ဆိုနေဆဲ၌ စိတ်အာရုံ တခုလုံး ဆွတ်ပျံ့ လာကာ ငိုချင်နေသည်။ ကျနော့် မျက်လုံးများပေါ်၌ မျက်ရည်များ တက်လာနေသည်။ ကျနော်သည် မျက်ရည်များ ပျောက်ကွယ်သွားစေရန် ပြုံးလိုက်ရသည်။

သင်းသင်း၊ နုနု၊ မအေးသွယ်တို့သည် ကျနော့် မျက်နှာကိုငေးကြည့်နေကြ၏။
ညိုညိုသည်လည်း ကျနော့် ကိုလှမ်းကြည့်နေသည်။ သူ့ မျက်လုံးများမှာ နူးညံ့နေကြ၏။ သူသည် တဖြည်းဖြည်း တရိပ်ရိပ် ပြုံးလာနေသည်။ ကျနော့် မျက်လုံးအိမ်အတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက် ကြည့်နေသလို ထင်နေရသည်။
သူသည် ကျနော့် ဖက်သို့ တိုးရွှေ့လိုက်၏။

“ဟိုက အမေ ထမင်းစားရဘို့ … ဒီက အမေ့ ပစ္စည်းတွေ ဖမ်းရတာနော်….၊ သူ့ အလုပ်မျိုးတော့ ကောင်ကလေး ကြီးလာရင် မလုပ်ခိုင်းတော့ဘူး”

သူသည် အခြားသူများ မကြားနိုင်အောင် ခပ်တိုးတိုးပြောနေသည်။

************************************************

အပိုင်း(၈)သို့ ဆက်လက်ဖတ်ရှုပါရန်…။