Showing posts with label ဟိုက္ကူကဗျာမိတ်ဆက်. Show all posts
Showing posts with label ဟိုက္ကူကဗျာမိတ်ဆက်. Show all posts

August 23, 2008

ကျနော်နဲ့ မျောက်ကလေး (၁၃) ကောင်


(က)
သြဂုတ်လ လဆန်းပိုင်းတုန်းက အင်္ဂလိပ်ဘာသာပြန် ဂျပန် ဟိုက္ကူကဗျာလေးတပုဒ်ကို မြန်မာဘာသာ ပြန်ဖို့ ကြိုးစားရာမှာ မအောင်မြင်လို့၊ တခြားချစ်မိတ်ဆွေတွေကို ၀ိုင်းကူပြီး ဘာသာပြန်ကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဘာသာပြန်ကဗျာ (၁၁) ပုဒ်ရခဲ့ပါတယ်။
ကျနော့်အခက်အခဲကို ၀ိုင်းကူပြီး ဖြေရှင်းပေးခဲ့ကြတဲ့ ချစ်မိတ်ဆွေတွေကို ပြန်လည်နွေးထွေးတဲ့ အနေနဲ့ ... ပြီးတော့ ဘာပြုလို့ ကျနော်ဟာ ဒီကဗျာလေးကို ကိုယ့်ဖာသာကိုယ် စိတ်တိုင်းကျအောင် ဘာသာမပြန်နိုင်ခဲ့တာလဲဆိုတာ ရှင်းပြတဲ့အနေနဲ့ ဒီဆောင်းပါးကို ကျနော်ရေးလိုက်ပါတယ်။



Winter downpour _
even the monkey
needs a raincoat.

Basho
Transleted by Lucian Stryk

နှင်းတွေပြိုဆင်းကျ
မျောက်တကောင်အဖို့ရာပင်
မိုးကာလိုအပ်လှ
ဗသျှိုး

ဒါကတော့ ကျနော်ဘာသာပြန်ကြည့်ထားတဲ့ ကဗျာပါ။ ကဗျာလေးကို ဘာသာပြန်ပြီးတဲ့အခါ၊ ငါဘာသာပြန်ထားတာ၊ ကဗျာဆရာပေးချင်တဲ့ Massage ကို ခြုံမိငုံမိရဲ့လားဆိုတဲ့အတွေး တွေးမိလို့ အဲဒီ ကဗျာလေးကို အကြိမ်ကြိမ်ပြန်ဖတ်ရပြန်ပါတယ်။ ပြီးတော့ ကဗျာဈာန်သမ္မာပါတ် ၀င်စားကြည့်တယ်ပေါ့ဗျာ။ ဒီတော့ စိတ်ထဲမှာ သံသယနည်းနည်းရှိလာတာနဲ့ အဲဒီသံသယမှန်များမှန်နေမလားဆိုပြီး၊ ဥရောပတိုက်သား မိတ်ဆွေတယောက်ဆီမှာ ဒီကဗျာလေးကို ပြကြည့်ပါတယ်။ မိတ်ဆွေက ကဗျာလေးကို ဖတ်ပြီးပြုံးပါတယ်။ သူ ကြိုက်တယ်ပေါ့။ ဒါနဲ့ ... ကျနော်က အဲဒီကဗျာလေးရဲ့အောက်က အခုလိုစာကြောင်းတကြောင်းကို ကွင်းစ ကွင်းပိတ်နဲ့ ထပ်ဖြည့်ပြီးပြလိုက်ပါတယ်။

Winter downpour_
even the monkey
needs a raincoat.
(also me)

ဥရောပတိုက်သားမိတ်ဆွေက ကျနော် ထပ်ဖြည့်လိုက်တဲ့ စာကြောင်းလေးကိုလည်း ဖတ်ပြီးရော၊ အသံထွက်ပြီးကို ရယ်ပါတော့တယ်။ ဟား .... ဒါဆိုရင် ဟုတ်ပြီပေါ့လို့ ကျနော်သိလိုက်ပြီ။ ကျနော့်စိတ်ထဲမှာရှိတဲ့ သံသယက မှန်သွားပြီ။ ဒီကဗျာလေးက သရုပ်ဖော်သက်သက်ကဗျာမဟုတ်ဘူး။ ဟာသနှောထားတဲ့ ဘ၀ရုပ်ဖော် ဟိုက္ကူကဗျာလေးတပုဒ် ...။ တချိန်ထဲမှာလည်း ... ကျနော့်ခေါင်းထဲမှာ အတွေးတချို့ လင်းလက်ရောက်ရှိလာခဲ့ပြီး ငါ ... ဒီကဗျာကို ဒီလိုပုံစံနဲ့တော့ ဘာသာပြန်လို့မဖြစ်သေးဘူး၊ သည့်ထက်ခြုံမိငုံမိတဲ့ ကဗျာဖြစ်အောင်လုပ်မှ ဖြစ်တော့မယ် ... ဒါဆိုရင် ဒီကဗျာလေးကို အချိန်ယူပြီး ဖတ်ရမယ်၊ စဉ်းစားရမယ်ပေါ့။
ဒီလိုအချိန်မှာပဲ .. ဂျာမာန်ကဗျာဆရာ “ဂွန်တာဂရပ်စ်” ရဲ့ ကဗျာခေါင်းစဉ်တခုကို ကျနော်သွားပြီး စဉ်းစားမိပြန်ပါတယ်။ သူရေးတဲ့ ကဗျာရဲ့ခေါင်းစဉ်က “ငါ့ရဲ့ ဆယ့်တချောင်းမြောက် လက်ချောင်းကလေး” တဲ့။ ချက်ချင်းဆိုသလိုပဲ ကျနော်ဟာ ကဗျာဈာန်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီး ...၊ ရှင်ကြီးဗသျှိုးရဲ့ မြင်ကွင်းထဲက ဖျောက်ထားတဲ့ ဆယ့်တချောင်းမြောက်လက်ချောင်းကလေးရဲ့ ညွှန်ပြရာဆီ လိုက်ကြည့်ရတော့တာပေါ့။ ဒီအခါမှာ ရှင်ကြီးဗသျှိုးက သူပြောချင်၊ ပေးချင်တဲ့အကြောင်းအရာကို ကိုယ်စားပြုတဲ့ သင်္ကေတ (၃) ခု၊ ဒီကဗျာထဲမှာ ထည့်ရေးထားတာ ... ကျနော်တွေ့ရတော့တယ်။ အဲဒါတွေကတော့ “နှင်းထုကြီး၊ မျောက်တကောင်၊ မိုးကာ” ... တို့ပါပဲ။ ဒီသင်္ကေတသုံးခုက ဘာကိုကိုယ်စားပြုတဲ့ သင်္ကေတတွေဖြစ်မလဲ။ ကျနော်က အခုလို ဖွင့်ဆိုကြည့် မိတယ်”

ထုနှင့် ထည်နှင့် ပြိုဆင်းကျလာနေတဲ့ နှင်း = အင်မတန်ကြီးမားတဲ့ ဖိစီးမှုပယောဂ
မျောက် = စိတ်
မိုးကာ = ထွက်ပေါက်၊ မီခိုရာ၊ အကာအကွယ်

ဒီသင်္ကေတ (၃) ခု အနက်က၊ ကျနော် စိတ်အ၀င်စားဆုံး သင်္ကေတကတော့ “မျောက်” ပါပဲ။ ရှင်ကြီး ဗသျှိုး ဒီကဗျာထဲမှာ အဓိကဇာတ်ကောင်အဖြစ် ယူထားတာ အဲဒီ “မျောက်” ပဲ။ ဒါဖြင့်ရင် “မျောက်” အစား ...တခြား သတ္တ၀ါတခုခုကို ထည့်ပြီးရေးရင်ကော ...။ ကျနော့် ဖာသာ ကျနော် “လူ” ကို ထည့်ကြည့်တယ်။ မဖြစ် ဘူးဗျ။ ကဗျာရဲ့ ဟဒယရွှင်ဆေးက ပျောက်သွားတယ်။ ပြီးတော့ တိုက်ရိုက်ပြတဲ့ သဘောဖြစ်သွားတယ်။ သင်္ကေတ မဆန်တော့ဘူး။ ဒါနဲ့ပဲ အဲဒီနေရာမှာ တခြားသတ္တ၀ါတချို့ ... ခြင်္သေ့။ ခွေး။ သစ်တောက်ငှက်။ ဒါလည်း မဖြစ်နိုင်ဘူး။ ကဗျာဆရာပြောချင်တဲ့ အကြောင်းအရာကို ကိုယ်စားမပြုနိုင်ကြဘူး။ ဒီနေရာမှာ “မျောက်” က လွဲပြီး ဘယ်သင်္ကေတမှကို ယူလို့ မရနိုင်ဘူး။ ဒါဆိုရင် “မျောက်” ကို ထပ်ပြီး သရုပ်ခွဲကြည့်ရဦးမယ်ပေါ့။
အားလုံးသိကြတဲ့အတိုင်း “မျောက်” ဆိုတာက သတ္တ၀ါထဲမှာ ဘယ်တော့မှ အငြိမ်မနေတတ်တဲ့ သတ္တ၀ါ မျိုး။ အမြဲတမ်း သူက Active ဖြစ်နေတဲ့ အမျိုးအစား။ ပြီးတော့ ရှင်ကြီးဗသျှိုးက ဗုဒ္ဓ၀ါဒီ၊ ရဟန်းတပါး။ ဒီတော့ ဗုဒ္ဓရဲ့ အဆုံးအမထဲက လူ့စိတ်ကို မျောက်နဲ့နှိုင်းထားတဲ့ သြ၀ါဒတွေကို သူ သတိထားမိနိုင်တယ်။ ဒီတော့ လူ့စိတ် လူ့မနောကို ကိုယ်စားပြုတဲ့ သင်္ကေတကို ရွေးတဲ့အခါ “မျောက်” ကို ယူပြီး ရေးဖို့ သူဆုံးဖြတ်လိုက်တယ်။ တကယ်လို့သာ ရှင်ကြီးဗသျှိုး ဒီလိုရွေးခဲ့တယ်ဆိုတာမှန်ရင် ဒါဟာ အင်မတန်တိကျအံဝင်တဲ့ “သင်္ကေတ” ဖြစ်ရ တော့မှာပေါ့။ ဒီလိုရွေးချယ်လိုက်တဲ့အတွက် ဒီကဗျာထဲက နှင်းထုကြီးရဲ့ အအေးဒဏ် သို့မဟုတ် ဖိစီးမှုပယောဂ ကို ပိုပြီး ဂုဏ်မြောက်သွားစေလိုက်တယ်။ ဒီလောက်တောင်မှ တရှပ်ရှပ်ဖြေးပြီး၊ တစက်ကလေးမှ အငြိမ်မနေတတ်တဲ့ နွေ မိုး ဆောင်းရာသီ အားလုံးကို အံတုဖက်ပြိုင်ပြီး အမြဲတန်းတက်ကြွလှုပ်ရှားနေတတ်တဲ့ မျောက်ကို၊ မိုးကာနဲ့ ခြုံပေးရလောက်အောင် အေးတဲ့၊ သဲတဲ့ မိုးနှင်းထုက သာမာန်နှင်းထု၊ သာမာန်အေးခဲမှု မဟုတ်တော့ဘူးပေါ့။ “မျောက်” ကတောင် အရှုံးပေးရလောက်အောင်အေးတဲ့ အအေးဓါတ်က ဘယ်လောက်ကြီးသလဲဆိုတာ တွေးကြည့်မိတယ်။ တနည်းအားဖြင့် စိတ်ကို ထိုင်ကျသွားရလောက်အောင်၊ ကူပါကယ်ပါ၊ တစာစာ အော်ယူရလောက်အောင် (၀ါ) အကာအကွယ်နဲ့ အကူအညီမရှိရင် မဖြစ်နိုင်လောက်အောင် ဖိစီးလာနေတဲ့ ပယောဂ၊ ဖိဆီးမှု ....။
အံ့သြဖို့ကောင်းတာကတော့ ရှင်ကြိးဗသျှိုးက အဲဒီအကြောင်းအရာကို အဲဒီပြကွက်ကို ရိုးရိုးသရုပ်ဖော် ပြကွက်နဲ့ မပြပဲ ... ဟဒယရွှင်ဆေးချယ်ပြီးမှ ပြလိုက်တဲ့ပြကွက်။ လူတချို့ လောကဓံကြိုး ရှစ်ချောင်း၊ တချောင်းထဲဖြစ်အောင်ကျစ်ပြီး အရိုက်ခံရပေမယ့် ခတ်ပြုံးပြုံး ခတ်ပေါ့ပေါ့ပါးပါးနဲ့ တောင့်ခံထားနိုင်တဲ့သရုပ်ကို ဖော်ပြလိုက်တဲ့ ပြကွက်။ နှင်းမိုးကြီးပြိုကျနေတဲ့အောက်မှာ သစ်ရွက်ခတ်ကြီးကြီးတရွက်၊ ဒါမှမဟုတ် ဖက်ရွက် တခုခုကို ခေါင်းပေါ်တင်ပြီး ငြိမ်ကုတ်နေတဲ့ကြားက ခတ်ပြုံးပြုံးလုပ်နေတဲ့ မျောက်ကလေးတကောင်ကို ကျနော် မြင်လာရတော့တယ်။ (ဒီနေရာမှာ အင်္ဂလိပ်ဘာသာပြန်သူက raincoat လို့ ရေးလို့သာ ကျနော်တို့က မိုးကာဆိုပြီး ဘာသာပြန်ခဲ့ကြတာ။ မိုးကာဆိုလို့ .. ခုခေတ် ပလပ်စတစ်မိုးကာအင်္ကျီကြီး မျက်စေ့ထဲ မြင်လို့ မဖြစ်ဘူး။)
ကဲ ... ဒါဆိုရင် ကျနော် ထင်ရာမြင်ရာ စွတ်ပြီးပြောလိုက်တဲ့ ကျနော့်အတွေးကို ခြုံမိငုံမိဖို့ဆို၇င် ကျနော် အခု ဘာသာပြန်ထားတဲ့ ကဗျာမျိုးနဲ့တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူးလို့ ကျနော် ယူဆမိခဲ့တယ်။ ဒါနဲ့ပဲ ကိုယ်ဘာသာပြန်ထားတာကို အသာသျှိုထားပြီး ကဗျာချစ်တဲ့ မိတ်ဆွေတွေဆီ ၀ိုင်းကူဘာသာပြန်ကြဖို့ ဖိတ်ခေါ် ကြည့်ခဲ့တာပါ။ ကဗျာချစ်သူတချို့ကလည်း “မင်းဒုက္ခနဲ့မင်း ရှိပါစေကွယ်” ဆိုပြီး ကွင်းမရှောင်ကြပဲ ကျနော့်ကို ကူညီခဲ့ကြလို့ အခုတော့ အင်္ဂလိပ်ဘာသာပြန်တဲ့ အထဲက မျောက်တကောင်၊ ကျနော် ဘာသာပြန်တဲ့ အထဲက မြောက်တကောင်နဲ့ ၀ိုင်းကူဘာသာပြန်ကြတဲ့အထဲက မျောက် (၁၁) ကောင် စုစုပေါင်း မျောက်ကလေး (၁၃) ကောင် ...။ နှင်းထုကြီးအောက်မှာ အအေးဒဏ်ကို ပုံစံအမျိုးမျိုးနဲ့ ခံစားနေကြရလေရဲ့ ...။

(ခ)
ကဗျာဖတ်ရင် “ဈာန်” ကို မလွဲမသွေအကူအညီယူရပါလိမ့်မယ်။ “ဈာန်” ဆိုတာက ပါရမီနဲ့ မဆိုင်ဘူး။ ပြီးတော့ သင်ယူလို့မရဘူး။ “ဈာန်” က ပင့်ယူရတာ၊ ကျင့်ယူရတာမျိုး ...။ ဒါကြောင့်မို့ ကဗျာဆရာက ကဗျာဆရာ့ ဒုလ္လဘကို တန်ဘိုးထားသလို ကျနော်ကလည်း ကဗျာခံစားသူ့ ဒုလ္လဘကို ကျေနပ်တယ်။
ကျနော် ယုံကြည်မိတာ တခုက တခါတလေမှာ ကဗျာဖတ်သူက ကဗျာရေးသူထက်တောင်မှ ပိုပြီးဝေး၊ ပိုပြီး မြင့်၊ ပိုပြီးနက်တဲ့ နယ်မြေသစ်တွေဆီကို ဈာန်နဲ့ရောက်အောင် သွားနိုင်တယ်ဆိုတဲ့ သဘောပါပဲ။
ချစ်မိတ်ဆွေများ ဒီဆောင်းပါးကိုဖတ်ပြီး တကယ်ခိုင်မာလုံခြုံတဲ့ “မိုးကာ” တခု ကိုယ်စီရှိနိုင်ကြပါစေလို့ ကျနော်ဆုတောင်းပေးလိုက်ပါတယ်။


(ကိုအောင်သာငယ်၊ (ကို) ညိမ်းညို၊ မဂျစ်တူး၊ ဒေါ်ပန်၊ ကိုဝေလင်း၊ ကိုသင့်ကာ၊ ကောင်းကင်ကို၊ တေးမွန် ၊(ကို) နေသစ်၊ သစ်နတ်ဆူး ... တို့ ၀ိုင်းကူပြီး ဘာသာပြန်ပေးခဲ့ကြလို့ ကျေးဇူး)

ငြိမ်းဝေ


August 21, 2008

ယွန်းစလင်းချောင်း၊ မာနယ်ပလော၊အော်စလိုနှင့် ဟိုက္ကူကဗျာထဲက လရောင်များ


၁။

ဟိုက္ကူကဗျာနဲ့ကျနော် မိတ်ဆွေဖွဲ့ခဲ့မိတာ နည်းနည်းတော့ကြာပါပြီ။
ကဗျာဆရာအောင်ဇင်မင်းက ဟိုက္ကူကဗျာတချို့ကို အရက်မူးမူးနဲ့ရွတ်ပြ။ ဒီတုန်းက ကျနော်က ကဗျာတွေကို သွေးတိုးစမ်းပြီးရေးကာစ။ ၁၉၇၃ ခုနှစ်ဝန်းကျင် ... ပဲခူး။ သည့်နောက်ပိုင်း ဟိုက္ကူကဗျာနဲ့ကျနော် ထုံ့ပိုင်းထုံ့ပိုင်းသာ တွေ့ဆုံနိုင်ခဲ့။



မှတ်မှတ်ရရ ... ၁၉၉၃ ခု၊ ဒီဇင်ဘာလအတွင်း တော်လှန်ရေးတာဝန်နဲ့ ရှေ့တန်းကိုခရီးထွက်ရင်း ဂျပန်အမျိုးသားနှစ် ယောက်နဲ့တွေ့တော့မှ ဟိုက္ကူကဗျာကို ကျနော်ပိုပြီး စိတ်ဝင်စားခဲ့၊ ပိုပြီးခုံမင်စုံမက် လာခဲ့တာပါ။ ဒီတုန်းက တွေ့ဦးစမှာ သူတို့နှစ်ယောက်စလုံး ကျနော်နဲ့ခတ်စိမ်းစိမ်းလို့ထင်ရပါတယ်။ သူတို့ကလည်း သူတို့အစီအစဉ်နဲ့သူတို့ လျှို့ဝှက်ခရီးသွားကြတာပါ။ ကျနော်က ကြုံတောင့်ကြုံခဲ ဂျပန်လူမျိုးတွေနဲ့ တွေ့တုန်း ဟိုက္ကူကဗျာတွေအကြောင်းမေးချင်တာ ဘယ်လိုမှမျိုသိပ်မထားနိုင်တဲ့အဆုံး စကားနည်းနည်း ဟကြည့်လိုက်တော့မှ သူတို့နှစ်ယောက်စလုံး ဟိုက္ကူကဗျာတွေအကြောင်း ပြောလည်းပြော၊ ရွတ်လည်းရွတ်ပြ။ အထူးသဖြင့် သူတို့က လရောင်တွေနဲ့ပါတ်သက်တဲ့ ဟိုက္ကူကဗျာတွေကိုပဲ ရွေးပြီးရွတ်ပြခဲ့ကြလို့ ကျနော့်မှာ ကျေးဇူးတင်လို့ မဆုံးနိုင်ခဲ့ပါဘူး။ ဟိုက္ကူကဗျာမှာ ကာရန်မပါတဲ့အကြောင်း၊ ရာသီပြစကားလုံးပါလေ့ ပါထရှိတဲ့အကြောင်း သိခွင့်ရတာလည်း အဲဒီအခါကြမှပါ။ ယွန်းစလင်းချောင်းကမ်း တဲတလုံးဘေးက ကောက်ရိုး ပုံကြီးပေါ်မှာ လရောင်ကိုမော့ကြည့်ရင်း ဟိုက္ကူကဗျာတွေအကြောင်း သူတို့နှစ်ဦးပြောပြသမျှ နားထောင်ခဲ့ရတဲ့ ညတည ... ကျနော် ဘယ်လိုမှ မမေ့နိုင်ဘူး။
တခါ ...၊ ၁၉၉၅ ခု၊ တော်လှန်ရးဌာနချုပ် မာနယ်ပလောကျအပြီး ဥရောပမဲဇာမှာ သောင်တင်နေတဲ့အချိန်၊ ဟိုက္ကူကဗျာတွေနဲ့ဝေးရပြီအောက်မေ့တာ မိတ်ဆွေနော်ဝေအမျိုးသမီးတဦးဆီက ခရစ်စမတ်လက်ဆောင်အဖြစ် ဟိုက္ကူကဗျာစာအုပ် ကလေးတအုပ်ရလိုက်တော့ ဟိုက္ကူကဗျာတွေ ခြေတံ တော်တော်ရှည်ပါလားဆိုပြီး အံ့သြရပါတယ်။ ဒီကြားထဲ နော်ဝေ မြန်မာ ကောင်စီဥက္ကဌမစ္စတာကူလွိုင်း (ကွယ်လွန်)ရဲ့ မြေအောက်ခန်းကိုယ်ပိုင်စာကြည့်တိုက်ကို ချစ်ရဲဘော်ကြီးဒေါင်းညို (ကိုမောင် မောင်မြင့်)နဲ့အတူ ၀င်ကြည့်ခွင့်ကြုံတော့လည်း ဟိုက္ကူကဗျာစာအုပ်တချို့တွေ့ရပြန်ရော။ တခါ နော်ဝေကြက်ခြေနီ စခန်းတခုမှာ (၃)လခန့်သွားနေရတုန်း နော်ဝေပန်းချီဆရာမတဦးနဲ့ စကားလက်ဆုံကျတော့လည်း ဟိုက္ကူကဗျာတွေအကြောင်း ပြောသွားတာ ကြားခဲ့ရပြန်ပါတယ်။ အော်စလိုမြို့က စာကြည့်တိုက်တွေမှာလည်း ဟိုက္ကူကဗျာစာအုပ်တွေကို နော့်ခ်ျလို၊ အင်္ဂလိပ်လို တော်တော်များများတွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့ ထိုင်းမြန်မာနယ်စပ်ကိုပြန်ဖို့ (၅)ရက်ခန့်အလို ပီရူးအမျိုးသား မိတ်ဆွေတဦးက ကျနော်ကဗျာဝါသနာ ပါမှန်းသိလို့ သူ့မှာရှိတဲ့ ဟိုက္ကူကဗျာတချို့ကို မိတ္တူကူးပြီးပေးလိုက်ပြန်ပါသေးတယ်။ ကျနော် ဆိုလိုချင်တာကတော့ ဟိုက္ကူကဗျာဟာ သူ့နိုင်ငံနယ်နိမိတ်ကို ကျော်ပြီး ကမ္ဘာ့အနှံ့ခရီးဆန့်ခဲ့ပြီဆိုတဲ့သဘောကို ပြောချင်တာပါ။
ဒီလိုနဲ့ပဲ အခုဆိုရင် ဟိုက္ကူကဗျာနဲ့ကျနော်ဟာ မိတ်ဆွေအဆင့်ကကျော်ခဲ့ရပြီဆိုပါတော့။

၂။

ဂျပန်ကဗျာမှာက အဓိကအားဖြင့် ကဗျာပုံသဏ္ဍာန်လမ်းကြောင်း သုံးမျိုးသုံးစားရှိတာတွေ့ရပါတယ်။ ရှေးအကျဆုံးက ‘တန်းခ’(Tanka) ဒါမှမဟုတ်‘၀ခ’(Waka)လို့ခေါ်တဲ့ ကဗျာပါ။ စာကြောင်းရေ ငါးကြောင်း(၅-၇-၅-၇-၇)စာလုံးရေ(၃၁)လုံးနဲ့ ဖွဲ့ရတဲ့ကဗျာ။ ဒီကဗျာစပ်နည်းကို ၈-ရာစုဦးပိုင်းမှာ စတင်အသုံးပြုခဲ့ပါတယ်။ ၁၇-ရာစုအထိ အင်အားကောင်းခဲ့ပြီး အခု လက်ရှိ ကာလအထိလည်း စပ်ဆိုနေကြဆဲပါ။
၁၇-ရာစု၊ ‘တိုကူဂါဝါ’ခေတ်မှာ ဟိုက္ကူကဗျာစပ်နည်း ထွန်းကားလာပါတယ်။ ပထမ ‘ရမ်းဂ’(renga)လို့ ခေါ်တဲ့‘တန်းခ’ ထက် ပိုပြီးတိုတဲ့ ကဗျာစပ်နည်းပေါ်လာပါတယ်။ ဒီကဗျာက စာကြောင်းရေ(၂)ကြောင်း ဒါမှမဟုတ်(၃)ကြောင်းပဲရေးရပါတယ်။ ဒါပေမယ့် သူက တပုဒ်တည်းနဲ့မပြီးဘူး။ အဲဒီ(၂)ကြောင်းတပုဒ် ဒါမှမဟုတ်(၃)ကြောင်းတပုဒ်ကဗျာတွေကို ပုဒ်ရေကြိုက်သလောက် ဆက်ပြီးရေးလို့ရတဲ့ ကဗျာပါ။ အခံအအုပ် သဘောပြောရင်လည်း ရတဲ့နည်းပါ။ အများအားဖြင့် တယောက်က ရှေ့ကတပုဒ်စပ်ရင်၊ နောက်တယောက်က နောက် တပုဒ်ဆက်ပြီး၊ ဖြည့်ပြီးစပ်။ နောက်တယောက် ဒါမှမဟုတ် ပထမတပုဒ်စပ်ခဲ့သူက တခါထပ်ပြီး ဆက်ပြီးစပ်။ ဒီလိုနဲ့ တပုဒ်ပြီးတပုဒ် ဆက်ပြီးစပ်ရင်းက အရှည်ကြီးစပ်လို့ရတဲ့နည်းပေါ့။ ကျနော်တို့မြန်မာ ကဗျာမှာရှိတဲ့ အဖြည့်ခံရတုကို သတိရမိပါတယ်။ အညာကျေးလက်တချို့က အတိုင်အဖောက်နဲ့အချီအချ လက်တန်းစပ်ဆိုကြတဲ့ ကဗျာမျိုးလိုပေါ့။ ဒီ ‘ရမ်းဂ’ကဗျာကိုအခြေခံပြီးမှ (၃)ကြောင်း(၅-၇-၅)စာလုံးရေ (၁၇)လုံးနဲ့ဖွဲ့ရတဲ့ ဟိုက္ကူကဗျာရေးနည်း ဆင့်ပွားပေါ်ပေါက်လာတယ် လို့ဆိုပါတယ်။
နောက်တနည်းကတော့ လွတ်လပ်ကာရန်စနစ်နဲ့ဖွဲ့တဲ့ ခေတ်ပေါ်ကဗျာနည်းပါ။ ဒါက ၁၉-ရာစုအလယ်‘မေဂျီခေတ်’မှာ ဥရောပနဲ့ ဆက်စပ်ယှက်နွယ်ပြီးမှ ရလာတဲ့နည်းပေါ့။ ဒီတော့ ‘တန်းခ’။ ‘ဟိုက္ကူ’နဲ့‘ခေတ်ပေါ်ကဗျာ’ဆိုပြီး ဂျပန်ကဗျာပုံသဏ္ဍာန် လမ်းကြောင်း(၃)ခု။ ဒါကို အခုထက်ထိ ဂျပန်ကဗျာ ဆရာတွေ လက်မလွှတ်ကြသေးပါဘူး။ ဒီနည်း(၃)ခုစလုံးနဲ့ဖွဲ့ကြ၊ စပ်ကြတဲ့ ကဗျာစပ်နည်းဟာ ဂျပန်ကဗျာ ရေးစီးကြောင်းရဲ့ အဓိကပုံသဏ္ဍာန်ပဲဆိုပါတော့။

၃။

ကျနော်အခု ...၊ ဟိုက္ကူကဗျာတချို့ကို ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်။ ဂျပန်ဘာသာက တိုက်ရိုက်ဘာသာပြန်ရတာ မဟုတ်ပါဘူး။ အင်္ဂလိပ်လိုကတဆင့် ဘာသာပြန်ရတာပါ။ ဝေမျှခံစားကြည့်စေချင်လွန်းလို့သာ ဆောင်ရွက်လိုက်ရပေမယ့် အားလုံးသိကြတဲ့အတိုင်း မူရင်းရသကိုတော့ ဘယ်မှာအပြည့်အ၀ရနိုင်ပါ့မလဲ။ ဘာသာပြန်နေရင်းက ငါရေးနေတာ မူရင်းအဓိပ္ပါယ်နဲ့ နီးမှနီးသေးရဲ့လားဆိုတဲ့ သံသယစိတ်တွေဝင် ၀င်လာလွန်းလို့ရပ်ထားခဲ့ရတာလဲ ခဏခဏပါ။ တခါတလေ အင်္ဂလိပ်လိုရေးထားတဲ့ ကဗျာတချို့က ကျနော်ဘာသာပြန်ထားတဲ့ကဗျာထက်ပိုပြီး ခံစားလို့ရနိုင်တာကိုလည်း တွေ့ခဲ့ရပါတယ်။ မှီအောင် ဘာသာမပြန်နိုင်တဲ့သဘောပေါ့။ ဘာသာဗေဒတံတိုင်းကို လွတ်အောင်မကျော်နိုင်တဲ့ ကျနော့် ချွတ်ယွင်းချက် အဖြစ် ၀န်ခံရမှာပါ။
ဒီနေရာမှာ (၅-၇-၅) ဆိုတဲ့ ဂျပန်ဟိုက္ကူကဗျာပုံစံကို မရရအောင် ဘာသာပြန်မှ မှန်တယ်လို့ ကျနော် မယူဆပါဘူး။ ဘာသာပြန်တဲ့အခါ မူရင်းကဗျာရဲ့ အဓိပ္ပါယ်နဲ့ ကိုယ်ညီဘို့ပဲ လိုပါတယ်။ (၅-၇-၅) ပုံစံထဲ အတင်းရိုက်သွင်းခြင်းအားဖြင့် အဓိပ္ပါယ် တိမ်းစောင်းနိုင်ပါတယ်။ အဓိပ္ပါယ်လည်း မတိမ်းစောင်းဘူး၊(၅-၇-၅) ပုံစံ လည်း ၀င်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါတောင်မှ မြန်မာစာက ၀ဏ္ဏ တလုံးချင်းစီက အဓိပ္ပါယ်ရှိနေလို့ (၅-၇-၅) ၀င်အောင် လုပ်လို့ ရတယ်လို့ ယူဆရတာပါ။ တချို့ဘာသာစကားတွေက ၀ဏ္ဏတခုချင်းစီမှာ အဓိပ္ပါယ် ရှိချင်မှရှိတာဆိုတော့ (၅-၇-၅) ပုံစံဝင်ဖို့ မလွယ်တော့ဘူးပေါ့။ ဒါကြောင့်မို့ ဂျပန်ဟိုက္ကူကဗျာတွေကို မြန်မာ ဘာသာပြန်တဲ့အခါ အဓိပ္ပါယ်ကိုပဲ ဦးစားပေးခဲ့ပါတယ်။ (၅-၇-၅) ပုံစံကို အဓိက မထားခဲ့ပါဘူး။
တကယ်တော့ ဟိုက္ကူကဗျာတွေဟာ “တို၊ ကျဉ်း၊ လိုရင်း၊ သန့်ရှင်း”ဆိုတဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့ကဗျာတွေပါ။ ကဗျာတွေ တိုသလောက်၊ ကျဉ်းသလောက်၊ ရှင်းသလောက်၊ ဂယက်အနက်တွေကြတော့ တွေးရင်းတွေးရင်း တွေးနိုင်သလောက် အဝေးဆုံးအထိ ရောက်သွားနိုင်တာပါ။ ဒီနေရာမှာဂယက်အနက်၊ သွယ်ဝိုက်အနက်တွေရှိနေတယ်ဆိုပေမယ့်၊ တနည်းအားဖြင့် ၀င်္ကန္တနည်းကို အသုံးပြုတယ်ဆိုပေမယ့် ဂမ္ဘီရဆန်တဲ့အထိတော့မရှိပါဘူး။ ဒါကြောင့်မို့ သန့်ရှင်းတဲ့ဂုဏ်၊ ရိုးဂုဏ်အပြည့်ရှိတယ်လို့ ဆိုကြတာ ပေါ့။
အခုလို မျက်မှောက်ခေတ် ရာဇ၀င်ရေးကာလမျိုးမှာ ဟိုက္ကူကဗျာတွေဟာ တကယ်ကော လိုအပ်ရဲ့လားဆိုတဲ့ မေးခွန်းကို မိတ်ဆွေတချို့က ထောက်ပြတာလဲရှိပါတယ်။ ကျနော့်အဖို့တော့ ‘အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး’ ပဲ။ ဒီခေါင်းစဉ် ဒီပေတံနဲ့ ဒီအကန့် တကန့်အတွင်းမှာ “လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ သန့်ရှင်းစင်ကြယ်မှု၊ တည်ကြည်မှုနဲ့ မေတ္တာတရား”ကို အခြေခံ တဲ့ ဟိုက္ကူကဗျာတွေဟာ ကျနော်တို့အတွက် အသုံးမတည့်စရာအကြောင်းမရှိဘူးလို့ပဲ အခိုင်အမာယုံကြည်မိပါတယ်။
‘ဆေးရှိယာမာဂူချိ’ရဲ့ ‘ကောင်းကင်ထဲက ပျောက်နေတဲ့စွန်ကြိုးတချောင်း’ကိုတော့ မြင်အောင်ကြည့်ကြ ပါစို့လို့ ကျနော် အကြံပြုလိုက်ပါရစေ။ ။

ထလော့ လိပ်ပြာကလေး
အချိန်တွေ နှောင်းကုန်ပေါ့
မင်နဲ့ငါ အတူတကွ
ခရီးမိုင်များစွာ သွားရဦးမယ်ပ။

ဗသျှိုး


ငါ့မျက်လုံးတွေဟာ
ဟိုး ...အဝေးကပင်လယ်ဆီ
တဖြေးဖြေး ပျံသန်းဝေးကွာသွားနေတဲ့
ငှက်တကောင်ကို လိုက်ကြည့်ရင်းက
ကျွန်းကလေးတခုကို
ဘွားကနဲ သွားတွေ့လိုက်ရတယ်။

ဗသျှိုး


ထိန်ထိန်သာနေတဲ့ လရောင်အောက်
ရေကန်အိုလေးကို
ငါလှည့်ပါတ်လျှောက်နေခဲ့
အလိုလေး ...
ရောင်နီတောင် သန်းလာနေပြီပဲ။

ဗသျှိုး


ကြိုးကြာငှက်မြည်သံကြား
ဝါးတောကလေး
ချက်ချင်းဆိုသလို လရောင်လင်းထိန်သွား ...၊

ဗသျှိုး


အို - ဟေမန္တ
ငှက်တွေ တိမ်တွေတောင်မှ
အိုစာလို့ သွားပြီပ။

ဗသျှိုး

မိတ်ဆွေများဟာလည်း
ခွဲခွာကြရစမြဲ
ဘဲငန်းရိုင်းများသည်လည်း
တိမ်တွေထဲ
တဖြေးဖြေးတိုးဝင် ပျောက်ကွယ်သွားစမြဲ။

ဗသျှိုး



အရာအားလုံး
ငါ
စွဲမက်စွာ ထိတွေ့ခဲ့
အလိုလေးလေး ...
ဆူးတချောင်း စူးလိုက်သလိုပါပဲလား။

အိဆ


အင်းဆက်ပိုးမွှားလေးတွေရဲ့စကား
လူတွေပြောတဲ့စကား
မတူတဲ့နား ခွဲခြားပီးကြား။

ရှိကိ


ကြိုးကြာငှက်ကလေးရေ
ငိုချင်ရင်
လမင်းကြီးဆီကိုသာ
တိုင်တည်ပြီး ငိုလိုက်ပေတော့
ငါ့ဖက်ကိုလှည့် မငိုနဲ့
ငါ - မင်းဘ၀ပုံပြင်ကို ကြားခဲ့ပြီးပြီကွဲ့။

ဆိုးဆေကိ


မိုးဦးကျပြီ
ဟိုမှာ
ဝေသာလီ ဗျိုင်းတကောင်
မိုးရေစိုရွှဲ တကောင်ထဲ ...။

က၀ဟိဂရှိ



သစ္စာမရှိတဲ့ချစ်သူ
စွန့်ခွာသွားခဲ့
အဲဒီဆောင်းရဲ့ နှင်းထုထဲ
ဘယ်လောက်အထိ ချမ်းအေးမလဲ

ဂျဂုရှိ


ငါ့အိမ်ကလေး
မီးလောင်ပြာကျပြီးမှပဲ
ပိုမိုသာယာတဲ့ လရောင်ရှုခင်း
ငါ ပိုင်ဆိုင်ခြင်းရှိတော့တာပ။

မဆဟိဒဲ

စွန်ကြိုးတချောင်း
ကောင်းကင်ထဲမှာ
မမြင်ရသော်ငြား
လက်ချောင်းပေါ်မှာ မြင်ရသား။

ဆေးရှိရမဂုချိ


ကိုးကား။ ။ 1. ANTHOLOGY OF MODERN JAPANESE POTERY
2. HAIKU (The Poetry of Zen)
3. HARVEST OF HAIKU


(၂၀၀၅-ခု၊ နှစ်ဦးပိုင်း ... ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းတွင် “မောင်ဖူးတင့်” အမည်နဲ့ ဖော်ပြခဲ့သော ဆောင်းပါးဖြစ်ပါတယ်။)
ငြိမ်းဝေ

August 15, 2008

ဘာသာပြန်လို့ မလွယ်တဲ့ ကဗျာ


ဒီတခါတော့ ဘယ်လိုမှ မြန်မာလိုမီအောင် ဘာသာမပြန်နိုင်လို့ အင်္ဂလိပ်ဘာသာပြန် ဟိုက္ကူကိုပဲ တင်လိုက်ပါတယ်။
ကျနော့်ကို အကူအညီပေးတဲ့အနေနဲ့ ဒီဟိုက္ကူကဗျာလေးကို ၀ိုင်းကူပြီး ဘာသာပြန်ပေးကြပါလား။
ကျနော့်မှာတော့ ဘယ်လိုမှမီအောင် ဘာသာမပြန်နိုင်ခဲ့ဘူး။

Winter downpour _
even the monkey
needs a raincoat.


Translated by Lucian Stryk

(ဒေါ်ဂျစ်တူးလေးတောင်းဆိုတာကို
ကျနော် အလေးအနက်ထားပြီး သဘောတူတဲ့အနေနဲ့
နောက်ပိုင်းမှာ ဟိုက္ကူကဗျာတွေကို တင်တဲ့အခါ
“ဟိုက္ကူကဗျာ မိတ်ဆက်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ
ဖော်ပြသွားပါ့မယ်။
သဘောတူတယ်မို့လား တူမလေးဂျစ်တူး ... ဟုတ်။