Showing posts with label အလွမ်းစာ. Show all posts
Showing posts with label အလွမ်းစာ. Show all posts

October 06, 2009

နွေတည မြစပယ်ရုံနှင့် ရေဆန်လမ်းပေါ်က နိုင်ဝင်းဆွေ


( ၁ )
၁၉၇၂ ခု၊ နွေနံနက်ခင်းတခု...။
ကိုစန်းမောင် (ယခု တရားရုံးချုပ်ရှေ့ နေ၊ပဲခူး)၏ ခေါင်းဆောင်မှုဖြင့် ၀ါးထရံကာ ခြံတခုအတွင်းဝင်လာစဉ် ကျနော်တို့ သည် နှင်းဆီခင်းတခုဘေးမှ လျှောက်လာခဲ့ကြ၏။ သုံးဘက်သုံးတန် ထရံကာ ၀ါးကြမ်းခင်းတဲတလုံးရှေ့ တွင် လူငယ်တချို့ ရောက်နှင့်နေကြပြီ။ တချို့ တဲပေါ်တွင်ထိုင်လျက်။ တချို့ တဲအောက်တွင်ရပ်လျက်။တဲရှေ့ နေပူအောက်တွင် ရွှံ့ များပေရေချောက်ကပ်နေသည့် စားပွဲတလုံး။ စားပွဲဘေးတွင်မူ ထိုင်စရာကုလားထိုင် မရှိ။


ကျနော်က သူ့ ကိုတွေ့ ချင်နေသည်။ ရောက်ရောက်ချင်း လူအုပ်အတွင်း သူ့ ကို စိတ်အထင်နှင့်လိုက်ရှာကြည့်မိသည်။ ခန့် မှန်းလို့ မရ။ မအောင့်နိုင်၍ ကိုစန်းမောင်ကို မေးကြည့်မှ သူသည်အပြင်ခဏသွားနေကြောင်းသိရ၏။ ဧည့်သည်တွေကို သည်အတိုင်းထားကာ ဘာ့ကြောင့် အပြင်ထွက်နေပါလိမ့်ဟု တွေးမိသေးသည်။ အိမ်ရှင်ဖြစ်သူ သူ့ ကို ကျနော် တွေ့ ချင်နေသည်။
ကျနော်နှင့်အသက်အရွယ်မတိမ်းမယိမ်း လူငယ်တချို့ ရောက်လာကြပြန်သည်။ မြင်ဖူး သိဖူးသူများလည်းပါသည်။ မမြင်ဖူးသူများလည်းပါသည်။ ဆရာ ဗန်းမော်တင်အောင် က ရောက်လာပြီးမှ ပြန်သွားသည်ဟု သိရ၏။ ဘာ့ကြောင့်ပြန်သွားရတာလည်းဟု မေးချင်သော်လည်း မမေးသင့်ဟုယူဆကာ မြိုသိပ်ထားလိုက်၏။

တဲပေါ်ကလူငယ်တချို့ ကြားတွင် အသက်ငါးဆယ်အရွယ်လူတဦးထိုင်နေသည်ကို တွေ့ ရသည်။ အသားဖြူဖြူ ဆံပင်
ကောက်ကောက် မျက်မှန်တပ်ထား၏။ စိတ်ထဲ၌မြင်ဖူးသည်ဟု ယူဆနေစဉ် “ အဲဒါ ဆရာဒဂုန်တာရာလေကွာ ” ဟု ကိုစန်းမောင် ပြောပြမှ ကျနော် သူ့ ကို မှတ်မိသွားခဲ့သည်။

တဲရှေ့ တွင် ယာယီထင်းမီးဖိုတခုပြုလုပ်ကာ ထမင်းအိုးကြီးတလုံး တည်ထားသည်ကို တွေ့ ရ၏။ခြံဝန်းတခုလုံးနီးပါး နှင်းဆီပင်များ စနစ်တကျစိုက်ထားသည်ကိုလည်း တွေ့ ရ၏။ ရဲရဲနီသောနှင်းဆီပွင့်များ အပင်တိုင်းလိုလိုမှာ ပွင့်လျက်ရှိနေသည်။

နာရီဝက်ခန့် ကြာသောအခါ လူတယောက် ခြံဝန်းအတွင်း ခြေလှမ်းကျယ်ကျယ်လှမ်းကာ ၀င်လာသည်ကို တွေ့ ရသည်။ အသက်အရွယ်မှာ နှစ်ဆယ့်ငါးနှစ်ခန့် ရှိသူ။ အနားရောက်တော့ အသားခတ်ညိုညို ခတ်ရေးရေးအပြုံး။ တစုံတယောက်က “ ဟော ပြန်လာပြီဗျ ” ဟု ပြောလိုက်သည်။ သူက လက်ထဲမှ အထုပ်တထုပ်ကိုမြှောက်ပြကာ “ ဧည့်သည်တွေကို အမဲသားနဲ့ သင်္ဘောသီး ချက်ကျွေးချင်လို့  ဈေးသွားလိုက်တာပါ ” ဟု ပြောပြောဆိုဆို ကျနော့်ဘေးတွင် လာ၍ရပ်လိုက်လေသည်။သူ့ ကို ကျနော် စတင်မြင်တွေ့ သိကျွမ်းရခြင်း။ စာရေးဆရာ နိုင်ဝင်းဆွေ...။

ထိုအချိန်က နိုင်ဝင်းဆွေမှာ နိုင်ငံကျော်စာရေးဆရာတယောက်ဖြစ်နေပြီ။ ...အပစ်အခတ်၊ အညစ်အပတ်၊ အညှစ်အသတ် ၀တ္ထုများမဟုတ်။ ဘ၀သရုပ်ဖေါ်ဝတ္ထုများကိုသာ ရေးဖွဲ့ သူ။ သူသည်ကား အသက် ဆယ့်ခွန်နှစ်နှစ်အရွယ်၌ “ မဟူရာ မေတ္တာ ” ကို ရေးဖွဲ့ ခဲ့သူ။ “ မသိန်းရှင်ဆီပို့ ပေးပါ ” “နွေတည ” “မြစပယ်ရုံ ” “ညအသင်္ချေမှာ ” အစရှိသော ၀တ္ထုများဖြင့် မြန်မာစာပေလောကကို လှုပ်လှုပ်ရှားရှားဖြစ်စေသူ။

ကျနော်တို့ သည် စာရေးဆရာ နိုင်ဝင်းဆွေ၏ တောင်ဥက္ကလာပ နှင်းဆီခြံကလေးအတွင်းမှ သူနေထိုင်အိပ်စက်သောတဲကလေးတွင် “ စာပေဆည်းဆာ ” ကို မွေးဖွားခဲ့ကြ၏။ ဤတဲကလေးတွင် “ မိုးဝေစာပေမဂ္ဂဇင်း ” အပေါ်မှီကာ နိုင်ငံအနှံ့  စုစည်း၍ရနိုင်သမျှ စာရေးသူလူငယ်လေးဆယ့်နှစ်ဦးတို့  တွေ့ ဆုံခဲ့ကြသည်။ ထိုလူငယ်များမှာ မိုးဝေမဂ္ဂဇင်းမှလွဲ၍ အခြားမဂ္ဂဇင်းများတွင် စာရေးလေ့မရှိကြ။ မိုးဝေ အယ်ဒီတာချုပ် စာရေးဆရာ နတ်နွယ်နှင့် “ စာပေသစ် ” အပေါ်မူတည်ကာ သဘောထားကွဲကြသောအခါ မိုးဝေစင်မြင့်မှခွါရန် အားလုံးဆုံးဖြတ်ခဲ့ကြသောနေ့ ။ အခြားမဂ္ဂဇင်းများတွင်လည်း စာမရေးချင်ကြ။ သည်ကြားထဲ အုပ်စိုးသူက စကားပြေတွင်သာမက ကဗျာကိုလည်း စကားလုံး တလုံးချင်းစီခွဲ၍ ဖြတ်တောက်စီစစ်ခြင်းများ ပြုလုပ်လာခဲ့ပြီ။
ထိုစဉ်က ကျနော်တို့ အကြားတွင် နိုင်ငံရေးကိစ္စ ဆွေးနွေးရန်အကြောင်းမရှိ။ မည်သူ့ ကို ဦးတည်တိုက်ရမည်၊ မည်သူ့ ဘက်က အသိရှိရှိရပ်ရမည်ဆိုသည့် ကိစ္စအပေါ် အငြင်းပွါးရန်မလိုတော့။ သို့ သော် စာမျက်နှာအခက်အခဲကိစ္စ အတတ်ပညာကိစ္စ ပြန့် နှံ့ ရေးနှင့် မြှင့်တင်ရေးကိစ္စ အစရှိသည်တို့ အတွက်မူ ငြင်းကြခုန်ကြရ၏။ အများစု တူညီမှုရလျင် အလုပ်လုပ်ရန် ဆုံးဖြတ်ကြ၏။ ထို “ စာပေဆည်းဆာ ” လှုပ်ရှားမှု၏ အသီးအပွင့်များအဖြစ် နေရာဒေသအလိုက် ကဗျာစာအုပ်များထုတ်ကြ၏။ “ နွေဦးသစ်မှာပေါ်တဲ့ပွင့်သစ်၊ မတ်လအရိပ်၊ မိုးရိပ်လေရိပ် (ရန်ကုန်) ” ၊ “ တောင်ညိုခင်တန်း (ပျဉ်းမနား) ” ၊ “ ဒီရေ ၊ ဆီးပွင့် (ပဲခူး) ” ၊ “နေထဲကလ၊ သစ်ရွက်သေများပေါ်က ရက်စက်သောဂီတ (ရန်ကုန်) ” ကဗျာစာအုပ်များ ထွက်ပေါ်လာခဲ့ကြပါသည်။ သို့ သော် တရားဝင်ပုံနှိပ်ထုတ်ဝေခွင့်ဖြင့် ထုတ်ဝေခဲ့သော စာအုပ်များမဟုတ်ကြ။လက်လှည့် ဖယောင်းပုံနှိပ်စာအုပ်များအဖြစ်သာ ထုတ်ဝေခဲ့ကြရခြင်းဖြစ်သည်။

မှတ်မှတ်ရရ...ထိုနေ့ က အနယ်နယ်အရပ်ရပ်က ရောက်လာသော လူငယ်လေးဆယ်ကျော်အနက် “ နိုင်ဝင်းဆွေ ” မှာ တဦးတည်းသော စကားပြေသမား။ ကျန်သူအားလုံး ကဗျာရေးသူများချည်းဖြစ်ကြလေသည်။ ထိုနေ့ မှစ၍ သူ့ ကို ကျနော်က အများနည်းတူ “ ကိုနိုင်ဝင်း ” ဟူ၍ပင် ခေါ်ဝေါ်ဆက်ဆံခဲ့ပါသည်။

( ၂ )
၁၉၇၃ ခု၊ ဆောင်းလည်တနေ့ ...။
ပဲခူးမြို့ ရွှေမေါ်ဓေါဘုရား ယင်ပြင်တော်ပေါ်တွင် ဘုရားဖူးလာသူ ကျဲပါးလျက်ရှိ၏။ လူငယ်နှစ်ဆယ်ကျော်ခန့် သည် ဘုရားအနောက်ဘက်သို့ ဆင်းရာ တန်ဆောင်းအနီး ခရေပင်ကြီးတပင်အောက်တွင် ၀ိုင်းစုပြီး ထိုင်နေကြ၏။ လူသုံးယောက်မှာ လူအုပ်နှင့် မျက်နှာချင်းဆိုင်ကာ အနည်းငယ်ခွါ၍ထိုင်နေ၏။ လူအုပ်နှင့်ထိုသူသုံးဦးကြားတွင် လဘက်ရည်ကြမ်းအိုးနှစ်လုံး၊ လဘက်သုပ်တပွဲ၊ ဆေးလိပ်တစည်းချထား၏။
လူငယ်နှစ်ဆယ်ကျော်ခန့် ရှေ့ တွင် ထိုင်နေကြသူသုံးဦးမှာ...ရန်ကုန်မှလာကြသော စာရေးဆရာ ကဗျာဆရာများဖြစ်ကြ၏။ စာရေးဆရာ နိုင်ဝင်းဆွေ၊ ထက်မြက်( ကျွန်းပြန် ကိုကျော်နိုင်) ၊ ကဗျာဆရာ နံ့ သာလှဆွေ...။

သူတို့ သုံးဦးရောက်မလာခင် ဆယ်ရက်ခန့် က ကျနော်တို့ ဆီသို့ “ မိုးကြိုမုန်တိုင်း ” ဝေဖန်ရေးစာမူတခု ရောက်လာခဲ့၏။ ထိုစာမူကို ပဲခူးမြို့ ပေါ်က စာပေ၀ါသနာရှင်လူငယ်များ တလှည့်စီ ၀ိုင်းစုပြီးဖတ်ကြရ၏။ အလှည့်မဆုံးသေးခင်မှာပင် “ မိုးကြိုမုန်တိုင်း ” မှာ ကျနော်တို့ ကြား၌ ဗုံးတလုံးပေါက်ကွဲသလို ဖြစ်လာခဲ့၏။ ငြင်းကြ ခုန်ကြ စိတ်ဆိုးကြရ၏။ သည်လိုနှင့် “ မိုးကြိုမုန်တိုင်း ” ဖန်တီးသူများထဲမှ ကိုယ်စားလှယ်သုံးဦးရောက်လာကာ ရွှေမော်ဓေါဘုရား ယင်ပြင်တော်ပေါ်တွင် စာပေဆွေးနွေးပွဲ ပြုလုပ်ကြရလေသည်။

ကျနော်နှင့် ကိုစန်းမောင်က လူငယ်တချို့ ကိုခေါင်းဆောင်ကာ “ မိုးကြိုမုန်တိုင်း ” အပေါ် ဝေဖန်ထောက်ပြနိုင်ဖို့ ကြိုးစားကြ၏။ ကျနော်တို့ သည် “ ဝေဖန်ရေးနှင့် မိမိကိုယ်မိမိ ဝေဖန်ရေး ” ကို လက်ခံသည်။ သို့ သော် “ မိုးကြိုမုန်တိုင်း ” မှာ ဝေဖန်ရေးမဟုတ်။ ယင်း၏ အမှာစာအရပင် ဤစာအုပ်မှာ “ အဟောင်းကို ဖါထေးခြင်းမဟုတ်၊ ငှက်မွှေးနှင့်သပ်ခြင်းမဟုတ်၊ အမြစ်ကလှန်၍ အငုတ်မကျန်အောင် တိုက်လှန်ခြင်းဖြစ်သည် ” ဟု ဆိုထားသဖြင့် စည်းတားခြင်းဖြစ်ကြောင်း။ သည်လိုလုပ်လျင် အတွင်းစည်းဖြေရှင်းနည်းမဟုတ်တော့ပဲ ရန်,ငါ သဘောဖြစ်နေကြောင်း။ အထူးသဖြင့် ဆရာဗန်းမော်တင်အောင်နှင့် ဆရာဒဂုန်တာရာတို့ နှစ်ဦးအပေါ် ဒီလိုလုပ်ဖို့ မသင့်ကြောင်း။ လုပ်လျင်လည်း မှားသည်ဟုယူဆကြောင်း၊ စာအုပ်အဖြစ် ထုတ်ဝေဖို့ မသင့်ကြောင်း ၀ိုင်းဝန်းကန့် ကွက်လိုက်ကြ၏။ ထိုနေ့ က ဤသို့ မဆုံတွေ့ ခင်ကပင် ကြိုတင်ညှိနှိုင်းထားပြီးဖြစ်သဖြင့် ကျနော်တို့ ဖက်မှ ရှည်ရှည်ဝေးဝေးမပြောလိုက်ရပဲ ဆွေးနွေးပွဲမှာနိဂုံးချုပ်သွားခဲ့လေသည်။

ဘုရားယင်ပြင်တော်ပေါ်မှအဆင်း နိုင်ဝင်းဆွေသည် ကျနော့်ပခုံးကိုဖက်ကာ “ အေးဗျာ ဒီလိုအယူအဆမတူကြရတာ ကျနော်လည်းစိတ်မကောင်းဘူး ” ဟု တတွတ်တွတ်ပြောလာခဲ့၏။ ကျနော်တို့ အထဲမှ လူငယ်တချို့ က နိုင်ဝင်းဆွေ၏လက်ကိုဆုပ်ကိုင်ကာ နှုတ်ဆက်စကားပြောနေကြ၏။ ဆိုက်ကားနှစ်စီးဖြင့်ထွက်ခွါသွားကြသူ သူတို့ သုံးဦးကိုကြည့်ကာ ကိုစန်းမောင်က ခေါင်းကိုခါ၍ စိတ်ပျက်သလို ရပ်နေလေသည်။

နောက် ခြောက်လခန့် အကြာတွင် “ မိုးကြိုမုန်တိုင်း ” စာအုပ်ထွက်လာ၏။သည့်နောက်ပိုင်း နိုင်ဝင်းဆွေနှင့်ကျနော်တို့ မှာ ခတ်တန်းတန်းဖြစ်လာကြရ၏။ ပဲခူးမြို့  စာပေ၀ါသနာရှင် လူငယ်များထဲမှ ငါးဦးခန့် မှာ(က ဗျာဆရာ စိုးးမိုးတင်-ခရေ အပါအ၀င် )လည်း “ မိုးကြိုမုန်တိုင်း ” ကို ထောက်ခံသည်ဟုဆိုကာ ကျနော်တို့ နှင့် ခေါ်ပြောနှုတ်ဆက်သာသာ ဖြစ်သွားခဲ့လေသည်။

( ၃ )
၁၉၇၈...၊
နိုင်ဝင်းဆွေနှင့် နံ့ သာလှဆွေ တို့  “ ပန်ဆန်း ” သို့ ထွက်ခွါသွားကြကြောင်း ကြားရသည်။ သူတို့ နှင့်အတူ ပဲခူးမှ စိုးမိုးတင်-ခရေ လည်း လိုက်ပါသွားခဲ့၏။

ကိုကိုးကျွန်းပြန် ကိုကျော်နိုင်(ထက်မြက်)က အင်းစိန်တောရ သို့ ပြန်ဝင်ရ၏။ ကိုစန်းမောင်မှာ ရှေ့ နေလုပ်နေ၏။ စာရေးဆရာ သခင်မြသန်း တောတွင်းတနေရာတွင် ဖမ်းမိ၍ရုံးတင်သောအခါ ရှေ့ နေလိုက်ပေးခြင်းဖြင့် ပဲခူးတွင် ထင်ရှားသည့်ရှေ့ နေတဦးဖြစ်လာခဲ့၏။

ကျနော်သည် အစိုးရ၀န်ထမ်း မူလတန်းပြကျောင်းဆရာဘ၀ကိုစွန့် ခွါကာ စစ်တောင်းမြစ်ဘေး၊ “ ဘွားအေစု ” ခေါ် တံငါရွာကလေးတွင် ရွာငှါးကျောင်းဆရာအဖြစ် ရှိနေခဲ့၏။ “ မိုးဝေ မဂ္ဂဇင်း ” တွင် ဆရာနတ်နွယ် မရှိတော့ပြီမို့  ကဗျာတပုဒ်စ နှစ်ပုဒ်စနှင့် ၀တ္ထုတိုတပုဒ်ကို မဂ္ဂဇင်းစာမျက်နှာပေါ် တင်လိုက်မိသေး၏။ သို့ သော် အယ်ဒီတာ ကိုညိုသစ် က မိမိ၏ “ နှလုံးသားထဲက ပန်းချီကားချပ်များ ” ၀တ္ထုတိုအပေါ် မလိုအပ်ပဲ ဖြတ်တောက်ဖေါ်ပြသည်ကို မကျေနပ်သဖြင့် “ မိုးဝေ ” သို့  စာမူများ နောက်ထပ်ပြီးမပို့ တော့။

( ၄ )
မယ်တုက္ခီစမ်းချောင်းရေမှာ ကြည်လင်လွန်းလှသည်။ ကျနော်က ကျောက်တုံးတခုပေါ်တွင် အ၀တ်ဖွပ်နေစဉ် ချောင်းစပ်သို့ ဆင်းလာသည့်လူသံကြောင့် မေါ့ကြည့်မိ၏။ လူတယောက် လက်ဆွဲသားရေအိပ်တလုံး ပခုံးတွင်လွယ်ကာ ဘောင်းဘီကို မတင်ဆွဲစုလျက် ချောင်းထဲသို့ ဆင်းလိုက်သည်။ သူ့ နောက်မှအမျိုးသမီးတဦးက ရေထဲသို့ ဆင်းရန် ထမိန်စကိုဆွဲနေ၏။
ချောင်းထဲသို့ ဆင်းလာသူသည် ကျနော့်ကို တချက်လှမ်းကြည့်ပြီးမှ တဖက်သို့ မျက်နှာလွှဲသွား၏။ ခြေလှမ်းနှစ်လှမ်းခန့် သွားပြီးမှ ကျနော့်ဖက်သို့ တဖန်မျက်နှာပြန်လှည့်လာခဲ့၏။ ကျနော်တို့ နှစ်ဦး မျက်လုံးချင်း ဆုံမိသွားကြသည်။

“ ဟာ ကိုနိုင်ဝင်း ”
“ ဟေး..ကိုငြိမ်းဝေ၊ ခင်ဗျားရောက်နေတာ လှေဆိပ်မှာကတည်းက ကြားတယ်၊ ကျနော် မဲဆောက်ကို ကိစ္စတခုရှိလို့ သွားနေတာပါ၊ ဒါ ကျနော့်အမျိုးသမီး ပန်ဆန်းမှာ ကျနော် အိမ်ထောင်ကျခဲ့တာ ၊ ရေချိုးပြီးရင် အိမ်ကိုလိုက်ခဲ့ဗျာ၊ စကားလေး ဘာလေး ပြောကြရအောင် ”

မယ်တုက္ခီစမ်းချောင်းထဲတွင် နိုင်ဝင်းဆွေ၏အသံကို ကျနော်က ယ္ခင်တုန်းကနှင့် တူမတူ မဝေခွဲတတ်အောင် ဖြစ်နေခဲ့လေသည်။
၁၉၉၂ ၊ စက်တင်ဘာလ ၂၂ ရက် ၊ မာနယ်ပလော...။

( ၅ )
လွန်ခဲ့သော အနှစ်နှစ်ဆယ်ကို ပြန်ရောက်သွားကြသည်။ ထိုစဉ်က ကျနော်က အသက်နှစ်ဆယ်ကျော်။သူက ကျနော့်ထက် အသက်ငါးနှစ်ခန့် ကြီးသူ။ ကျနော်က ကဗျာတပုဒ်ဒ နှစ်ပုဒ်စသာ ရေးစပြုသူ။ သူက နိုင်ငံကျော် စာရေးဆရာဖြစ်နေပြီ။ သူသည် တခါတရံ ပဲခူးသို့ ရောက်လာတတ်၏။ သူနှင့်ကျနော် ပန်းချီကိုတင်ဦးနှင့်အတူ မဟာစေတီဘုရားကြီး၏ ငှက်ပျောဖူးပေါ်တက်ကြ၏။ ကိုတင်ဦးက ပဲခူးမြို့ အပေါ်စီးကို ပန်ချီဆွဲနေစဉ် သူနှင့်ကျနော်က အိန်ဂျယ်၏ “ ပုဂ္ဂလိက အိမ်ထောင်မှုအစ အစိုးရတို့ ၏ မူလဘူတ ” စာအုပ်အပေါ် အခြေအတင် ငြင်းခုန်ခဲ့ကြ၏။

သူသည် သူ့ ဝတ္ထုများနှင့်ပါတ်သက်ပြီး ကျနော်နှင့် တကြိမ်တခါမျှ ငြင်းခုန်ဖူးခြင်းမရှိခဲ့။ သူက သူရေးခဲ့ပြီးသမျှ ၀တ္ထုများကိုကျနော်က ဝေဖန်လျင ပြုံးစိစိမျက်နှာထားနှင့်သာ နားထောင်နေတတ်၏။် တခါက “ နွေတည နှင့် မသိန်းရှင်ဆီပို့ ပေးပါ ” ၀တ္ထုများထဲက ဇာတ်သိမ်းပိုင်းမျိုး နောက်ထပ်ပြီး မရေးပါနဲ့ တော့လား ကိုနိုင်ဝင်းရယ်..ဟု ကျနော်က မျက်ရည်တလည်လည်နှင့် တောင်းပန်တော့ သူက ကျနော့်ကို သနားစရာသတ္တ၀ါတဦးလို ပြန်ကြည့်နေခဲ့၏။ ထိုစဉ်အချိန်က သူသည် ၁၉၇၀၊ ၈၀ ဆယ်စုနှစ်တခုအတွင်း စကားပြေအရေးအသား အကောင်းဆုံးစာရေးဆရာအဖြစ် နာမည် ကြီးနေလေပြီ။

ယ္ခုအခါ သူနှင့်ပြန်ဆုံစဉ် သူ့ ဝတ္ထုများထဲမှ အရေးအသားတချို့  စကားလုံးတချို့ ကို ကျနော်က ပြန်ရွတ်ပြတော့ သူကမေ့တေ့တေ့...။ ကျနော် ဒီလိုရေးခဲ့သလားဟု ကျနော့်ကို ပြန်မေးနေသေး၏။
သူနှင့် ကျနော်တို့ နှစ်ဦး၏ ငယ်စဉ်က အဖြစ်အပျက်များမှာ တချို့ လင်း၊ တချို့ မှိန်၊
တချို့ ပျောက်နေ၏။ သူသည်ကား ကျနော့်ထက် ဆယ်နှစ်ကျော်စေါကာ သူပုန်ဖြစ်ခဲ့သူ။

သူနှင့်တွေ့ မှပင် ဒိုက်ဦးကိုအောင် မာနယ်ပလောကို ခေတ္တလာပြီး ပန်ဆန်းကိုပြန်သွားကြောင်း သိရ၏။ ကျောက်တံခါးကိုစံဦး(တောခို၊ တိုက်ပွဲတွင်မိ၊ ထောင်ကျ)
တယောက် ကျောက်တံခါး N L D တွင် ဥက္ကဌလုပ်နေကြောင်း သူ့ ကိုပြောပြတော့ သူက ရယ်နေလေသည်။ စိုးမိုးတင်-ခရေ မှာ တရုပ်ပြည်နယ်စပ်တွင် သောင်တင်နေပြီ။ နံ့ သာလှဆွေက ယ္ခုအခါ မြက်ခင်းသစ်တွင် ရွေတညာအမည်နှင့် စာတွေဝင်ရေးနေပြီ။

စာပေဆည်းဆာမှာ သုံးအုပ်စု ကွဲသွားခဲ့ကြောင်း၊ တအုပ်စုက “ ပန်ဆန်း ” သို့ ထွက်ခွါကာ ကျန်နှစ်အုပ်စုမှာ စာပေနယ်တွင် အခိုင်အမာရပ်တည်နေဆဲ ဖြစ်ကြောင်း ပြန်လည်သုံးသပ်မိခဲ့ကြ၏။

“ မိုးကြိုမုန်တိုင်း ” ကိစ္စပေါ်ပြီးနောက် သူနှင့်ကျနော် အနေတန်းခဲ့ကြပုံ၊ သူက ပန်ဆန်းကို ထွက်ခွါပုံ၊ ပန်ဆန်းကို ၀̓ တွေ အာဏာသိမ်းပြီးနောက် မာနယ်ပလောတော်လှန်ရေး ဌါနချုပ်ကို သူ ရောက်ရှိလာပုံ။

မာနယ်ပလောတွင်(၂)နှစ်ကျော်နေပြီးမှ “မဟူရာမေတ္တာ ” လို လုံးချင်းဝတ္ထုရှည်ကြီးတပုဒ်ရေးမည်ဟုဆိုကာ ရဟန်းဝတ်ခဲ့၏။ ရဟန်းဝတ်နှင့်နေစဉ် “ မဟူရာမေတ္တာ ” ၀တ္ထုကြီးရေးစဉ်က သမာဓိတည်ဆောက်ပြီးမှ ရေးခဲ့သလို ယ္ခုလည်း သမာဓိယူမည်ဟုဆိုကာ အပြင်းအထန် တရားထိုင်ခဲ့၏။ (၆)လခန့် အကြာတွင် ငှက်ဖျားရောဂါ ခံစားရပြီး ကျန်မာရေးချို့ ယွင်းလာခဲ့၏။
သူသည် ညပေါင်းများစွာအိပ်စက်ခြင်းမပြုပဲ နေ၏။ ရဟန်းဘ၀မှ လူဝတ်လည်းလိုက်သော်လည်း သူ့ ကျန်းမာရေးမှာ ပိုပြီးကောင်းမလာခဲ့။ အထူးသဖြင့် ငှက်ဖျားရောဂါပျောက်သွားသော်ငြားလည်း စိတ်ဖိစီးမတည်ငြိမ်မှုမှာ ကျန်နေခဲ့၏။
သူ့ အပေါ် လေးစားသူတချို့ က သူ့ ကို ဆေးကုသပေးရန်ကြိုးစားကြ၏။ သူက နည်းအမျိုးမျိုးဖြင့် ငြင်းဆန်၏။ နောက်ပိုင်းတွင် သူ့ အပေါ် အလေးအနက်ထားသူတို့ ကိုပင်လျင် သူက လက်ခံစကားပြောခြင်းမပြုတော့။
ကျနော့်အဖို့ ရာမှာလည်း သူ့ ကို ထိထိရောက်ရောက် ကူညီနိုင်သည့် ဘ၀အခြေအနေမျိုးမဟုတ်။ ကျန်းမာရေးသိသိသာသာချို့ တဲ့လာစဉ် သူသည် ကျနော့်ကိုလည်း အိမ်သို့ မလာရန်တားမြစ်ခဲ့လေသည်။

( ၆ )
၁၉၉၅ ၊ ဖေဖေါ်ဝါရီလ ..။
မာနယ်ပလော ကျဆုံးပြီးနောက် နိုင်ဝင်းဆွေ ကို ထိုင်းနိုင်ငံ နယ်စပ်ကျေးရွာ၊ “ ဖွေးပေါလူ ” ရွာတွင် နောက်ဆုံးအကြိမ်အဖြစ် ကျနော် တွေ့ ခဲ့ရပါသည်။ ထိုစဉ်က စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာ ထိုင်းနိုင်ငံအတွင်းပိုင်းသို့  တောတောင်များကိုဖြတ်ကာ ထွက်ပြေးနေကြရချိန်ဖြစ်သည်။ သူ့ ကို ဗိုလ်မှူးချစ်မောင်( ရ လ လ ဖ ) အတွင်းရေးမှူး ခေတ္တတည်းခိုနေသည့်အိမ်တွင် ရောက်နေသည်ဟု ကြားသဖြင့် သွားတွေ့ ခဲ့သည်။ သူက မည်သူ့ ကိုမျှ လက်ခံစကားပြောခြင်းမပြု။ ဘုရားစင်ရှေ့ တွင် တဦးတည်း တိတ်ဆိတ်စွာထိုင်နေသည်ကို တွေ့ ရသည်။ သူ့ မိသားစုနှင့်သူမှာ တကွဲတပြားစီ ဖြစ်နေကြပြီ။ သူ့ ကို ဓါတ်ပုံရိုက်ယူရန်ကြိုးစားကြည့်တော့ သူက ပြင်းပြင်းထန်ထန်ကန့် ကွက်၏။

သူနှင့်တွေ့ ပြီး နှစ်ရက်အကြာ ကျနော်သည်လည်း ထိုင်းနိုင်ငံမြောက်ပိုင်းသို့  တာဝန်နှင့် ထွက်ခွါရ၏။ သူ့ ကို နှုတ်မဆက်ပဲ ခွဲခွါခဲ့ရ၏။
ဖွေးပေါလူရွာမှ ကားကြုံနှင့် ထွက်ခွါလာသည့် ညနေဆည်းဆာအချိန် ကားပေါ်တွင်ထိုင်ရင်း သူ့ အတွက် စိုးရိမ်နေခဲ့မိသည်။ ကျနော့်မှာလည်း တာဝန်အရ ရုံးပိုင်ပစ္စည်းများ၊ ရဲဘော်တချို့ နှင့်အတူ ထိုင်း နယ်ခြားစေါင့်တပ်များကို မျက်ခြေဖြတ်ကာ သက်စွန့် ဆံဖျား ထွက်ခွါလာနေရသဖြင့် သူ့ ကို မည်သို့ မျှ မကူညီနိုင်ခဲ့။ သူကလည်း အကြမ်းဖက်ခေါ်ဆောင်မှသာ လိုက်မည့်ပုံမျိုးဖြစ်နေသဖြင့် မလွှဲသာပဲ ထားခဲ့ရ၏။
ဖွေးပေါလူရွာမှအထွက် ရွာဖက်သို့ ပြန်လှည့်ကြည့်သောအခါ ရွာပေါ်တွင် မီးခိုးများအူလျက်ရှိသည်ကို တွေ့ ခဲ့ရ၏။

( ၇ )
စကားပြောခွက်ကို ပခက်ပေါ်ပြန်တင်ပြီးသည်အထိ ပဒိုမန်းရှာ ၏ စကားသံမှာ နားထဲ၌စွဲနေ၏။ ပဒိုမန်းရှာ၏အသံမှာ ၀မ်းနည်းကြေကွဲနေပုံ ရပါသည်။

ကိုငြိမ်းရေ ဆရာနိုင်ဝင်းဆွေ တော့ ဆုံးရှာပြီဗျာ...” တဲ့။

နိုင်ငံကျော်စာရေးဆရာ ဗိုလ်မှူးချစ်ကောင်း က သူ၏ “ အနှစ် နှစ်ဆယ် ” စာအုပ်အစတွင် “ တိုင်းပြည်အတွက် အနှစ် နှစ်ဆယ်မျှ အလုပ်လုပ်လာပြီးနောက် မိမိကိုယ်မိမ် ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲတွင် ရောက်နေသည်ကို တွေ့ ရသည်...” ဟု ရေးခဲ့၏။

ကျနော်တို့ အဖို့ မူ အနှစ် နှစ်ဆယ်မျှ စာပေချစ်စိတ်ဖြင့် အရူးအမူးနေလာကြပြီးနောက် ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်သောအခါ နိုင်ဝင်းဆွေ က ထိုင်းမြန်မာနယ်စပ် တောအုပ်အတွင်း သေဆုံးခဲ့ရပြီး ကျနော်ကမူ ဥရောပမဲဇာ တွင် သောင်တင်လျက်ရှိသည်ကို တွေ့ ရလေတော့သည်။ ။

(ဒီ ၀တ္ထုဆန်တဲ့ ဆောင်းပါးလေးက နိုင်ဝင်းဆွေ သေဆုံးပြီးနောက် ကျနော့်ရဲ့ သူ့ အပေါ် လွမ်းသခြင်းအနေနဲ့ ရေးတဲ့ ပထမဆုံးစာပါပဲ။ ဒီစာမူကို ၁၉၆၆ ခုနှစ်ထဲမှာ ထုတ်ဝေတဲ့ ဒေါင်းအိုးဝေစာစောင်မှာ ဖေါ်ပြခဲ့ပြီး ကျနော့်ရဲ့ လေးပွင့်နှင်းဆီ စာအုပ်မှာဖေါ်ပြခဲ့ပါတယ်။ )

၁၈ ၊ ၁ ၊၁၉၆၆
ဆန်ဗစ်ကာမြို့ 

November 03, 2008

သူရဲကောင်းတဦး ဆုံးရှုံးခြင်း


(က)

၂၀၀၈-ခု၊ စက်တင်ဘာလ (၂၁) ရက်၊ ညနေ ...(၄း၀၀) နာရီ။
မဇ္ဈိမအွန်လိုင်းမဂ္ဂဇင်းကိုဖွင့်တော့ ထိပ်မှာတင်ထားသည့်သတင်းကို အရင်ဖတ်သည်။ ပြီးတော့မှ အောက်က တန်းစီဖော်ပြထားသည့် သတင်းကို ဆက်ဖတ်သည်။ ကျနော့်ပါးစပ်မှ တစုံတရာ မပီမသ ထွက်ပေါ်လိုက်သည့် အသံကြောင့် တူမလေး “နိုးနိုး” က ကျနော့်ကို အလန့်တကြားလှမ်းကြည့်၏။
“ဘာဖြစ်လို့လည်း ... ဘဘ”



ရုတ်တရက် သူ့ကို စကားပြန်မပြောနိုင်သေး။ ကျနော် ဖတ်ချင်သည့်သတင်းခေါင်းစဉ်ကို ကလစ်ကာ သတင်းအကျယ်ကိုဖွင့်ရ၏။ ပြီးတော့မှ ကိုဝသုန်၏ နာရေးသတင်းကို ကျနော်ဖတ်သည်။
“ဘာဖြစ်လို့လည်း ဘဘ”
ကျနော့်အနားလာရပ်ပြီးမှ ကျနော့်ကို စိုးရိမ်တကြီးကြည့်နေသည့် တူမလေးကို အဖြေပေးဖို့ သတိရ သွားသည်။
“ဘဘမိတ်ဆွေ ... ပန်းချီဆရာ ၀သုန် ... ဆုံးသွားလို့ပါသမီးရယ် ...၊ အဲဒီ ပန်းချီဆရာက ဘဘ ဘ၀ထဲက သူရဲကောင်းတဦးပဲ သမီးရဲ့ ... ဖြစ်မှဖြစ်ရလေ သမီးရယ်... ဘဘ လုံးဝမမျှော်လင့်ထားမိဘူး...၊ သူနေထိုင်မကောင်းဖြစ်နေတာကိုလည်း ဘဘ မကြားခဲ့ရဘူး ...ခုတော့ ကိုဝသုန်ဆုံးသွားပြီ သမီးရယ်၊ ကိုဝသုန်ဆိုတာ ဘဘအတွက်တော့ တကယ့်ကို သူရဲကောင်းပဲ”
သာမာန်ထက်လွန်ကဲသောစကားများ စကားလုံးများကို ကျနော့်ထံမှ မကြာခဏကြားရဖန်များသဖြင့် ကျနော့်အပေါ် နားလည်နေပြီဖြစ်သည့် တူမလေး “နိုးနိုး” က၊ ကျနော့်ကို စိတ်မကောင်းသည့်မျက်နှာနှင့် ငုံ့ကြည့်နေသေး၏။
“ဟုတ်တယ် သမီးရေ ... ကိုဝသုန်ဆိုတာ ဘဘအတွက်တော့ တကယ့်ကို သူရဲကောင်းပါပဲကွာ”

(ခ)

သူ့ကို လူချင်းမတွေ့ဖူးခင်ကတည်းက သူ့ပန်းချီပုံများကို ကျနော်တွေ့ဖူးနေခဲ့သည်။ မိုးဝေမဂ္ဂဇင်း တွင် ပါရှိသည့် သူ့ရဲ့ကဗျာသရုပ်ဖော်ပုံများကို ကျနော်စွဲလန်းခဲ့၏။ ကျနော်ထင်ပါသည် ထိုစဉ်က ကျနော်သည်ပင်မက၊ စာပေ ၀ါသနာပါသူ လူငယ်တိုင်း သူ့ရဲ့ကဗျာသရုပ်ဖော်ပုံများကို နှစ်သက်ခဲ့ကြသည်ဟု ကျနော်ယုံကြည်၏။ သူ့ကဗျာ သရုပ်ဖော်ပုံများက ကောက်ကြောက်များ ပျော့ပျောင်းသလောက် အင်မတန်ခွန်အားပြည့်သည့် သရုပ်ဖော်ပုံများ ဖြစ်ကြ၏။ ဖွဲ့စည်းပုံကလည်း သူနှင့် ခေတ်ပြိုင် တခြားပန်းချီပုံများနှင့် လုံးဝမတူ၊ လိုင်းခွဲ၏။ သစ်၏။ ကျနော် သိထားရသလောက် ပန်းချီဝသုန်သည် မိုးဝေမဂ္ဂဇင်းတွင်ပင် ကဗျာသရုပ်ဖော်ပုံများ စတင် ရေးဆွဲခဲ့သည်ဟု ထင်၏။ သူ့ရဲ့ကဗျာ သရုပ်ဖော်ပုံများ ထူးခြားသစ်လွင်ကာစက သူသည် မဂ္ဂဇင်းမျက်နှာဖုံး ပန်းချီကားကိုပင် ဆွဲခွင့်မရခဲ့သေး။
၁၉၇၃-ခု ...။ ရန်ကုန်အင်ဗွိုင်းခန်းမ၊ ပန်းချီပြပွဲတခု...။
ကျနော်တို့နှစ်ယောက် ခန်းမကြီးထဲဝင်သွားတော့ ပန်းချီကားကြည့်သူ လူ(၂၀) ခန့်ကို ခန်းမထဲတွင် တွေ့ရသည်။ ကျနော်က ကဗျာသရုပ်ဖော်ပုံဆွဲသည့် ပန်းချီဆရာ “၀သုန်” နှင့် လူချင်းတွေ့ရမည်ဖြစ်သဖြင့် စိတ်လှုပ်ရှားလွန်းနေ၏။ ကျနော့်ကို ဦးဆောင်ခေါ်လာသူ “ကိုစန်းမောင်” ကမူ၊ ပန်းချီဆရာ “၀သုန်” နှင့် တွေ့ဖူး၊ သိဖူးနေပြီးဖြစ်၏။ “ပန်းချီဝသုန်” မှာ မိုးဝေမဂ္ဂဇင်းတွင် ၀င်ရေးကြသည့် ကဗျာဆရာများနှင့် အားလုံး လိုလို ရင်းနှီးပြီးဖြစ်၏။
အရပ်ရှည်ရှည် ...ပိန်မျောမျော အသားညိုညို... နှာတံကောင်းကောင်း၊ မျက်ခုံး မျက်လုံးကောင်းကောင်းလူတယောက၊် လူအုပ်ကိုဖြတ်ပြီး ကျနော်တို့ရှိရာ လျှောက်လာ၏။
“ကိုဝသုန်ရေ ... ဒါမျိုးတင့်နိုင်ပဲ”
ကိုဝသုန်က ကျနော့်ကို ပြုံးပြနှုတ်ဆက်သည်။ သူ့အပြုံးမှာ ပင်ပမ်းနွမ်းနယ်နေသည်ဟု ထင်ရ၏။ သူသည် အင်ဗွိုင်းခန်းမပန်းချီပြပွဲ တာဝန်ခံဖြစ်သဖြင့် အလုပ်ရှုပ်ကာ ပင်ပမ်းနွမ်းနယ်လျက်ရှိ၏။
“ခင်ဗျားနဲ့ ကိုစန်းမောင်ကဗျာကို သရုပ်ဖော်ပုံ ကျနော်ဆွဲပေးတာ ဘယ့်နှယ်လည်း သဘောကျရဲ့လား”
ကိုဝသုန်က ကျနော်နှင့် ကိုစန်းမောင်၊ နှစ်ဦးတွဲပြီး ဘာသာပြန်ခဲ့သည့် “ပြောက်ကျား ရဲဘော်များ” ကဗျာရှည်ကို သရုပ်ဖော်ပုံဆွဲပေးခဲ့၏။ မိုးဝေစာပေမဂ္ဂဇင်းတွင် တင်ခဲ့သည့် ကဗျာဖြစ်၏။
“ဟာ ...ကြိုက်တာပေါ့ဗျာ၊ ဘယ့်နှယ့်ပြောပါလိမ့်၊ ကိုဝသုန် လုပ်စရာရှိတာလုပ်ပါ၊ ကျနော်တို့က တကူးတက ဧည့်သည်တွေမှ မဟုတ်တာ”
လူတချို့ ကျနော်တို့အနားရောက်လာကာ ကိုဝသုန်နှင့်စကားပြောကြသည်။ ကျနော်နှင့် ကိုစန်းမောင်က ကိုဝသုန်ကို နှုတ်ဆက်ပြီး လူချင်းခွါလိုက်ကြ၏။ ခဏကြာတော့ လူအုပ်ထဲမှဖြတ်ကာ ကျနော်တို့ဆီ ကိုဝသုန်ရောက်လာပြန်သည်။
“လာဗျာ ... အထဲမှာ လ္ဘက်ရည်သောက်ကြရအောင်၊ အပြင်မှာဆိုရင် စကားပြောလို့ရမှာ မဟုတ်ဘူးဗျ”
ကိုဝသုန်က ရှေ့ကဦးဆောင်ကာ၊ ပန်းချီကားများ၏ နောက်က အခန်းတခုထဲသို့ ၀င်ခဲ့ကြလေ သည်။

(ဂ)

“ခင်ဗျားက ကျနော်နဲ့တနှစ်ထဲ မွေးတာပဲ၊ ဒါပေမယ့် ကျနော့်ထက် ငါးနှစ်လောက် အနည်းဆုံး ငယ်မယ်လို့ထင်ခဲ့တာ၊ ပြီးတော့ ခင်ဗျားကော ...ကိုစန်းမောင်ကော၊ တကယ်အရက်မသောက်တတ်ကြ ဘူးနော်”
“ဟုတ်တယ်၊ အရက်မသောက်တတ်တာက ပြဿနာမဟုတ်ပါဘူးဗျာ၊ ကျနော်တို့က မကြိုက်လို့ကို မသောက်ဖြစ်ကြတာပါ၊ အခုလည်း ထန်းရေ မသောက်ပေမယ့် ပဲလှော်ဝိုင်းစားလို့ရတာပဲဟာ၊ ဘယ်လိုလည်း ဒီပေါ်က မြင်ကွင်းကို သဘောကျတယ်မို့လား”
ကိုဝသုန်က ပန်းချီကားဒေါက်ဘေးတွင်ရပ်နေရင်းက ရွှေမော်ဓောဘုရားဆီ လှမ်းကြည့်၏။ သူ့မျက်လုံးများမှာ ရုတ်တရက် မှိုင်းသွားသည်ဟု ကျနော်ထင်မိ၏။ တောအုပ်များအတွင်း မြုပ်ချီ ပေါ်ချီဖြစ်နေသည့် ပဲခူးမြို့မြင်ကွင်းကို အပေါ်ဆီးမှမြင်နေရ၏။ ဖြောင့်တန်းသော ကားလမ်းတခုမှာ တောအုပ်ထဲမှာ ခေါင်းထိုးတိုးဝှေ့ကာ ခြင်္သေ့ကြီးနှစ်ကောင်၏ခြေရင်းတွင် ၀ပ်စင်းရပ်တန့်သွားကြ၏။ ချွန်မြ မြင့်မားသည့် ရွှေတောင်ကြီးတခုကို ထီးထီးမတ်မတ်မြင်နေရ၏။
“ခင်ဗျား ... ဒီနေရာ အရင်ကတည်းက ရောက်ဖူးနေတာလား”
“ဟုတ်တယ်၊ ဒါပေမယ့် ဒီနေရာကို ကျနော်ကစပြီး တွေ့တာမဟုတ်ဘူး၊ ကိုအောင်မြင့်က စပြီး တွေ့ထားတာ၊ သူခေါ်လာလို့ ကျနော်လည်း ခဏခဏရောက်ဖူးတာ၊ ခင်ဗျားလာလည်တော့ ပဲခူးမြို့ အပေါ်ဆီးမြင်ကွင်းကို ပန်းချီင်္ဆွဲလို့ရမလားဆိုပြီး ကိုအောင်မြင့်နဲ့တိုင်ပင်ပြီး ခင်ဗျားကိုခေါ်လာကြတာ၊ အခုတော့ ခင်ဗျားက သဘောကျတယ်ဆိုတော့ ခေါ်လာရကျိုး နပ်တာပေါ့ဗျာ”
ထိုနေ့က ကျနော်တို့ဆီလာလည်သော ပန်းချီဝသုန်ကို ကျနော်နှင့် နယ်ခံပန်းချီ ဆရာလေး “ကိုအောင်မြင့်” တို့က မဟာစေတီဘုရားကြီးဆီခေါ်လာခဲ့ကြ၏။ ထိုစဉ်က မဟာစေတီဘုရားကြီးမှာ မြေငလျင်ဒဏ်ကြောင့် ငှက်ပျောဖူးနေရာမှ စတင်ပြီး ပြတ်ကျနေ၏။ ထီးတော်သစ် ပြန်မတင်ရသေး။ ကိုအောင်မြင့်က မဟာစေတီဘေး၊ ထန်းတောထဲမှ ထန်းရေအိုး (၂) အိုးနှင့် ပဲလှော်တထုပ်ဝယ်ကာ မဟာစေတီပေါ်သို့ ဦးဆောင်ပြီးတက်၏။ ပြတ်ကျနေသော ငှက်ပျောဖူးနေရာအထိ တက်ကြ၏။ ထိပ်ပေါ်သို့ ရောက်သောအခါ လှည်းနှစ်စီးသာသာ အုပ်ခုံအကျယ်ကို တွေ့ကြရ၏။ ထိုအုပ်ခုံအကျယ်ပေါ်တွင် သုံးယောက်သားရပ်ကာ ပဲခူးမြို့ကို အပေါ်ဆီးမှကြည့်ကြ၏။ ကိုဝသုန်က ချက်ချင်းဆိုသလို ပန်းချီဆွဲရန် ပြင်ဆင်လေတော့သည်။
“ကဲ ခင်ဗျားလည်း စကားပြောရင်း၊ ပဲလှော်ဝါးရင်း၊ စာဖတ်ရင်းပေါ့၊ ကျနော်လည်း ပန်းချီဆွဲလိုက် ဦးမယ်၊ ပဲခူး အမှတ်တရတပုံတော့ ရကောင်းပါရဲ့”
ကျနော်က ပဲလှော်ကို ဖြောင့်အောင် မ၀ါးနိုင်ပါ။ စာကို ဖြောင့်အောင် မဖတ်နိုင်ပါ။ မတ်တပ်ရပ်ပြီး ပန်းချီဆွဲနေသည့် ကိုဝသုန်ကိုသာ မသိမသာအကဲခတ်နေခဲ့မိ၏။ ကိုဝသုန်နှင့် ပါတ်သက်သော သတင်း စကားများကို ပြန်တွေးနေခဲ့မိ၏။
ကိုဝသုန်သည် ဆင်းရဲလွန်း၏။ မာနကြီးလွန်း၏။ စာအလွန်ဖတ်၏။ နိုင်ငံရေးခံယူချက်ရှိ၏။ ထိုအချိန်မှစတင်ကာ အသက်အရွယ်ချင်းတူသော်လည်း သူ့ကို ကျနော်က ကျနော့်ဘ၀ထဲက “သူရဲကောင်း” တဦးအဖြစ် လေးစားအားကျနေခဲ့မိ၏။ သူ၏ ရုန်းကန်ကြိုးစားမှုများ၊ သူရဲ့ကျော်ကြားစပြုလာနေသည့် ပန်းချီ ကားများ ...။ သူသည်ကား မိုးဝေစာပေမဂ္ဂဇင်း ကဗျာဆရာ အသိုင်းအ၀ိုင်းနှင့်တသားတည်းရှိခဲ့သော တဦးတည်းသော ပန်းချီဆရာ။

(ဃ)

ပန်းချီဝသုန်နှင့် ကျနော် နောက်ပိုင်းတွင် လူချင်းမဆုံဖြစ်တော့ပါ။ ကျနော်ကလည်း အစိုးရခန့် မူလတန်းပြ ကျောင်းဆရာဘ၀ကိုစွန့်ကာ မထင်မရှား တံငါရွာလေးတရွာသို့ ပြောင်းရွှေ့ပြီး ဘ၀အချိုးအကွေ့ များနှင့် လုံးချာလည်နေခဲ့၏။ သို့သော် ကိုဝသုန်၏သတင်းများကိုမူ အမြဲမပြတ်ကြားနေခဲ့ရ၏။ အထူးသဖြင့် ကိုဝသုန်၏ အနုပညာမာနဆိုင်ရာ ဂုဏ်သတင်းမှာ ပုံပြင်များသဖွယ် ကျနော် ကြားနေခဲ့ရ၏။ ကိုဝသုန်နှင့် နာမည်ကျော်ရုပ်ရှင်မင်းသားတဦး၏သတင်းမှာ ဟိုးဟိုးကျော်နေခဲ့၏။ ကိုဝသုန်သည် အနုပညာမာနနှင့် ပါတ်သက်လာလျင် လျှာပေါ်တွင် မြက်ပေါက်လာပစေ အလျှော့ပေး အညံ့ခံတတ်သည့် ပန်းချီဆရာမဟုတ် ဆိုသည်မှာ အနုပညာအသိုင်းအ၀ိုင်းတခုလုံး သိရှိလက်ခံလာခဲ့ကြရ၏။ သူ့ကို ချစ်ဦးညိုက “ပန်းချီဝသုန် သို့မဟုတ် မာနဖြင့် ယဉ်ကျေးခြင်း” ဟု ရေးခဲ့ဖူးသည် မဟုတ်ပါလား။
၂၀၀၃-ခု၊ ဒီဇင်ဘာလထဲတွင် ကိုဝသုန်၏ “သားကလေးအမည်မသိနှင့် အခြားဝတ္ထုတိုများ” စာအုပ် ထွက်လာ၏။ ထိုအခါ သူ့ဝတ္ထုတိုများကို မဂ္ဂဇင်းတချို့တွင် ပြေးရင်းလွှားရင်းဖတ်ခဲ့ရသည်မို့ အခုလို တစု တစည်းတည်း ဖတ်ခွင့်ရသောအခါ၊ ပြောမပြနိုင်လောက်အောင် ၀မ်းသာနေခဲ့မိ၏။ သူ့ဝတ္ထုများထဲက သူ့ရဲ့ စစ်မှန်လေးနက်လှသည့် အနုပညာမာနကို ကျနော်ဖတ်ရှုရ၏။ သိမ့်မွေ့နက်ရိုင်းလှသည့် သူ့နှလုံးသားဓါတ်ခံ ကို ကျနော်ထိတွေ့ခွင့်ရ၏။ သူ့ဝတ္ထုများကိုဖတ်ကာ သူနှင့်ကျနော် ဝေးသထက်ဝေးရာမှာ နီးသထက်နီးလာ နေသည်ဟု ခံစားရ၏။ ထို့ကြောင့် ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းတွင် သူ၏ “သားကလေးအမည်မသိနှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ကျနော် ဝေဖန်စာ ... အမှတ်တရရေးခဲ့၏။
အခုတော့ ... ပန်းချီဆရာ (ကို) ၀သုန် ဆုံးပါးသွားခဲ့ပြီ။ ကျနော့်ဘ၀ထဲက ကျနော် လေးစား ကြည်ညိုအားကျခဲ့ရသည့် သူရဲကောင်းများအနက် “သူရဲကောင်းတဦး” ဆုံးရှုံးသွားခဲ့ရပြီ။ ကျနော် ယုံကြည်ပါသည်။ “ပန်းချီဝသုန်” ဆိုသည်မှာ ကျနော်အတွက်သာလျင် သူရဲကောင်းတဦးမဟုတ်ပါ။ ကျနော်တို့တိုင်းပြည် အနုပညာစစ်မျက်နှာပေါ်က သူရဲကောင်းတဦး ဆုံးရှုံးသွားခြင်းဖြစ်သည်ဟုလည်း ကျနော် အခိုင်အမာဆိုလိုက်ပါပြီ။
“ပန်းချီဝသုန်” ကောင်းရာသုဂတိလားပါစေ ...။ ။



ငြိမ်းဝေ


(ပြီးခဲ့တဲ့ အောက်တိုဘာလထဲတုန်းက မဇ္ဈိမမှာ ရေးခဲ့တဲ့ဆောင်းပါးဖြစ်ပါတယ်။)

August 03, 2008

ကျနော်တို့ရဲ့ အနှစ် နှစ်ဆယ်


(က)

“ငြိမ်းဝေ ရှိလားဟေ့ ငြိမ်းဝေ”
“အေး ... ရှိတယ် ဟေ့၊ ဘာကိစ္စလည်းကွ”
“ဟိုမှာ နင့်သူငယ်ချင်းလို့ပြောတယ်၊ အရက်မူးပြီး ငိုနေတယ်၊ အဲဒါလာခေါ်”



လုံခြုံရေးကင်းသမား ကရင်ရဲဘော်လေး၏နောက်မှ ကျနော်လိုက်လာခဲ့သည်။ ကျနော်နေထိုင်သည့် DVB စတူဒီယိုရှေ့ လုံခြုံရေးကင်းတဲဆီလျှောက်လာကြ၏။ မှောင်နှင့်မဲမဲတွင် ကြယ်ရိပ် ဖြိုးဖျောက်ကို အားပြုကာ ကင်းတဲဆီ ရောက်လာခဲ့၏။
“ကိုငြိမ်းလာပြီလား၊ အောင်မယ်လေး ကိုငြိမ်းရယ်၊ ကျနော် ခင်ဗျားကို စောင့်နေတာဗျ ဟီး...ဟီး...ဟီး”
“ဟ ... ဘယ်လိုဖြစ်တာလဲ ကိုသောင်းလှိုင်ရ၊ အချိန်မတော်ကြီး၊ ဒါ ခင်ဗျား မယ်ပေါထက ပြန်လာတာ မို့လား၊ ကြည့်စမ်း မှောင်နေပြီ”
“အေးပါကွာ၊ ကိုငြိမ်းရာ၊ ကျုပ် ခင်ဗျားကို ပြောစရာရှိလို့ လာတွေ့တာပါ”
“ဘာပြောစရာရှိရမှာလဲ၊ ခင်ဗျား ကလီကမာတွေလုပ်မနေနဲ့၊ အရက်မူးလာရင်အချုပ်ထဲဝင်ရမှာပဲ၊ ခင်ဗျား မူးပြီး ရုံးမပြန်တတ်တော့လို့ ကျုပ်ကို ခေါ်ခိုင်းတာမို့လား ... ဟင်း”
ကျနော်က ကိုသောင်းလှိုင်၏ ခေါင်းနားတွင်ကပ်ကာ စကားတိုးတိုးပြောပြီး ကြိမ်းမောင်းလိုက်မိ၏။
“မဟုတ်ရပါဘူးဗျာ၊ ကိုငြိမ်းကြီးကလည်း၊ ကျုပ် ... ကျုပ်... ခင်ဗျားကို ပြောပြချင်လွန်းလို့၊ ခံစားရလွန်းလို့၊ ခင်ဗျားက စာရေးဆရာ ကဗျာဆရာမို့လား ... ဟီးဟီး”
“ဟာ လုပ်မနေနဲ့၊ လာ ကျုပ်ပြန်လိုက်မို့မယ်၊ ရဲဘော်တို့ ဒါ ငါ့သူငယ်ချင်း ဟုတ်တယ်၊ နောက်တခါဆိုရင် မမူးစေရပါဘူး ...၊ လာဗျာ ပြန်ကြမယ်”
“မ မဟုတ်သေးဘူးကိုငြိမ်း၊ ကျုပ် ... ကျုပ်ပြောတာ ခဏလေးဖြစ်ဖြစ်တော့ သည်းခံပြီး နားထောင်ဗျာ၊ ခဏ ... ဆိုမှ၊ ခဏလေး”
“ကဲ ဒါဖြင့် မြန်မြန်ပြော၊ ခင်ဗျားကြီးပြောပြီးတာနဲ့ ရုံးပြန်ရမယ်နော်”
“ဒီလိုရှိတယ် ကိုငြိမ်းရ ... ”
“ဟာဗျာ၊ ပြောမှာသာပြော၊ စကားချီးတွေ၊ စကားဦးတွေ သန်းမနေတော့နဲ့၊ ညဥ့်နက်နေပြီ”
“အေးပါဗျာ၊ ဒီလိုရှိတယ် ကိုငြိမ်းရ ...၊ ခင် .. ခင်ဗျား မာနယ်ပလောကို ရောက်လာတာ ဘယ်လောက် ရှိပြီလဲ”
“တနှစ်ကျော်ပြီ၊ ဟာဗျာ ကိုသောင်းလှိုင်ကြီင်္းကလဲ၊ ပြောစရာရှိတာပဲ ပြောလေဗျာ၊ ဘာလို့ ကျုပ်ကို ဒါတွေ မေးနေတာလဲ”
“ဒါ - ဒါက ဒီလိုပါဗျာ၊ ကျုပ်... ကျုပ်ကိုလေ၊ ရဲဘော်တွေက ပြောတယ်ဗျ၊ ခြောက်လ ... တဲ့။ ခြောက်လ ဆိုရင် ကျုပ်တို့ အောင်ပွဲရမှာပါ၊ ပြန်လာရမှာပါတဲ့၊ အဲ ... အဲဒါ .. အခုတော့ ခြောက်...ခြောက်နှစ်ရှိပြီလေဗျာ၊ ကျုပ် ... ကျုပ်မိန်းမနဲ့ ခလေးကို လွမ်းလှပြီဗျ၊ ဟီး ... ဟီး ... ဟီး”
ကျနော်တို့ ရုံးက၊ စာဖိုးမှူးရဲဘော်ကြီး ကိုသောင်းလှိုင် ... အရက်မူးးနေသည့်အတွက် ထိုညက ရုံးကိုတွဲပြီး ပြန်လိုက်ပို့ခဲ့၏။ နောက်တနေ့ မနက် ရုံးဖက်ကို ကျနော်ရောက်တော့ ကိုသောင်းလှိုင်ကြီးက ကျနော့်ကို အတွေ့မခံပဲ ပုန်းနေခဲ့လေသည်။



(ခ)

“မာနယ်ပလော” တွင် ကျင်းပသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနား။ ရှုဒေါင့်အယ်ဒီတာ (ဦး) ၀င်းခက်က စင်မြင့်ပေါ်တက်ပြီး စကားပြော၏။ ၁၉၉၁-ခု။ သူက လာမယ့် (၂) နှစ်အတွင်း ဒီမိုကရေစီက မုချအောင်ပွဲရမည်။ ကျနော်တို့အားလုံး အိမ်ပြန်ကြရတော့မည်ဟု လက်သီးလက်မောင်းတန်းကာ ကြွေးကြော် လေသည်။ နောင် (၂) နှစ် ကျော်သည်အထိ မည်သို့မျှမထူးခြား။ စစ်အစိုးရက နည်းနည်းမှမလှုပ်။ (ပြုတ်ဖို့ နေနေသာ) ဒီတော့ ဘဘ ဦးဝင်းခက်ကို ရဲဘော်လေးတွေက လူစုစုရှိသည့်နေရာတိုင်းတွင် “အဘ ဘယ်လိုလည်း (၂) နှစ် ကျော်ပြီလေ အဘ၊ ကျနော် အခုထက်ထိ မပြန်ရသေးဘူးလား” ပေါ့။ ဒီတော့ ဆရာ ဦးဝင်းခက်က အခုလို ပြန်ပြီး အဖြေပေးလိုက်၏။
“ငါက - မင်းတို့ အားကိုးနဲ့ ပြောခဲ့တာကွ” ဟူ၏။

(ဂ)

မဲဆောက်မှာ ကဗျာဆရာ “အောင်ဝေး” ရဲ့ “ခရမ်းပြာမြင်းရိုင်း” ကဗျာစာအုပ်ထုတ်တော့ “တနှစ်အတွင်း အာဏာသိမ်းပိုက်ရေး” ဆိုတဲ့ ကဗျာစာကြောင်းလေးကို ကျနော် ဖတ်မိသည်။ လာပဲ လာချည်သေးရဲ့လို့လည်း တွေးမိသည်။ သို့သော် ကျနော် နားလည်ပေးရပါမည်။ သူက ဒီဖက်ကို ရောက်စ။ လူတွေကလည်း “အောင်ဝေး” မှ အောင်ဝေး ။ “အောင်ဝေး” ကလည်း တော်လှန်ရေးမှ တော်လှန်ရေး။ ဒီတော့ “တနှစ်အတွင်း အာဏသိမ်း ပိုက်ရေး” ပေါ့။ ဒါမှ အခြေအနေနဲ့ ခံစားချက်နဲ့ ဟာမိုနီ ဖြစ်တော့မပေါ့။ အခုတော့ ဆရာ “အောင်ဝေး” ပြည်ပကို ထွက်ခွါလာတာ (၁) နှစ် ပြည့်တော့မည်။ စစ်အစိုးရကတော့ တုတ်တုတ်မျှမလှုပ်။

(ဃ)

“မာနယ်ပလော” ကို ကျနော်ရောက်စက၊ ကရင်လူငယ်အစည်းအရုံးခန်းမဆောင်ကြီးထဲတွင် “စာဆို တော်နေ့ အခမ်းအနား” နှင့် ကြုံရသည်။ လွတ်မြောက်တဲ့ဒေသမှာ ကျင်းပတဲ့ ထူးခြားတဲ့ လက္ခဏတွေဆောင်တဲ့ ဒီစာဆိုတော်နေ့ အခမ်းအနားမှာ ဆရာ “မောင်သော်က” ရဲ့ “ဘာတွေ ဖြစ်ကုန်ကြပြီလဲ” ကဗျာကို ကျနော် ရွတ်ဆိုခွင့်ရသည်။ ကျနော့်ဘ၀အသက်တာတွင် ပထမဦးဆုံးသော ကဗျာရွတ်သည့်အတွ့အကြုံဖြစ်သည်။ ကဗျာ၏ ပထမပါဒကို ခံစားချက်အပြည့်နှင့် အော်ဟစ်ပြီးရွတ်ဆိုလိုက်သည့် ကျနော့်အသံတွင် ခန်းမဆောင် တခုလုံး ဟိန်းထွက်သွားခဲ့၏။ လူတွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြ၏။ ဓါတ်ပုံရိုက်သည့် မီးရောင်တွေ ပြိုးပြိုးပျက်ပျက် ဖြစ်ကုန်၏။ ထိုစဉ်က ကျနော် ပထမဆုံးရွတ်ဆိုလိုက်သည့် ကဗျာစာကြောင်းမှာ “အနှစ် နှစ်ဆယ်တဲ့လားဟေ့” ဖြစ်လေသည်။

(င)

၃ရက်၊ သြဂုတ်လ၊ ၂၀၀၈ခု ...။
လက်ကိုင်ဖုန်းတွင် misscall (၃) ကြိမ် ရှိနေသည်ကိုတွေ့လို့ ခလုပ်နှိပ်ပြီး ပြန်ခေါ်တော့ တဖက်က အမျိုးသားတယောက်က ပြန်ထူး၏။
“ဟဲလို ... အခုနက ကျနော့်ကို ခေါ်ထားသလားလို့”
“အော် ... ဟုတ်တယ် ဟုတ်တယ် ကိုငြိမ်း၊ ကျနော် ... အကူအညီတခုလိုချင်လို့”
“ပြောပါ ကိုရာဇာ”
“ခင်ဗျား RFA မှာ မောင်သော်ကရဲ့ “အနှစ် နှစ်ဆယ်တဲ့လားဟေ့” ကဗျာ ရွတ်ခဲ့ဖူးတယ်နော်”
“ဟုတ်ပါတယ်”
“အဲဒီကဗျာ ကျနော် အရေးတကြီးလိုလို့ ကျနော့်ဆီကို အီးမေးလ်နဲ့ပို့ပေးပါလား”
“အော် ... ဒါလား၊ ရပါတယ်။ ကျနော် ပို့လိုက်မယ်၊ စိတ်ချ”

DVB သတင်းထောက် ကိုထက်ရာဇာထံ “အနှစ် နှစ်ဆယ်တဲ့လားဟေ့” အစချီသည့် ဆရာ မောင်သော်က၏ ကဗျာကို အီးမေးလ်နှင့် ပို့နေသော ကျနော့်လက်များ သိသိသာသာကြီးကို တုန်ရင်လျက်ရှိ လေသည်။


(တနှစ်လာလည်း လွမ်း၊ တနှစ်လာလည်း ကြေကွဲ၊ တနှစ်လာလည်း အံကြိတ်၊ တနှစ်လာလည်း လက်သီးဆုပ်နဲ့၊ ဒီနှစ်တော့ ကျနော့်နှလုံးသားတွေ အသားမာတက်နေလို့ ခတ်ပျော်ပျော်ပဲ ဒီလိုစာမျိုး ရေးလိုက်ရပါတယ်။ နားလည် ခွင့်လွှတ်ကြပါကုန်...)

ငြိမ်းဝေ

August 02, 2008

ကမ္ဘာအပြားကြီးပေါ်က ကျနော်နဲ့ ကိုခိုင်


(က)
အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။
ဒါပေမယ့် “ကိုခိုင်” နဲ့ ကျနော် အခုလို ပြန်လည်ဆုံတွေ့ရတဲ့အတွက်
ပြားသွားတဲ့ ကမ္ဘာကြီးကိုတော့ ကျေးဇူးတင်မိတာ အမှန်။
အခုတော့ ကမ္ဘာအပြားပေါ်က ရွာထဲလမ်း တနေရာမှာ
“ကိုခိုင်” နဲ့ ကျနော် မမျှော်လင့်ပဲ ပြန်ဆုံမိကြတယ်။


(ခ)
၁၉၉၃-ခု ... ခုနှစ်တုန်းက၊ မာနယ်ပလောမှာရှိတဲ့ ကဗျာရေးတဲ့ လူငယ်တွေ (ဒီတုန်းကတည်းက ကျနော့် စာရေးဖော်စာရေးဖက်တွေက၊ လူငယ်တွေထဲ အတင်းတိုးဝင်ပြီး လူငယ်တယောက်လို ဟန်ဆောင်ဖို့ ကြိုးစားတဲ့ ကျနော့်ကို လူငယ်တယောက်အဖြစ် ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ကြပါဘူး ... စကားချပ် ...။ ) ကဗျာစာအုပ်လေးတအုပ် ထုတ်ကြမယ်ပေါ့။ ပိုက်ဆံမတတ်နိုင်တဲ့ သူတွေဆိုတော့ တယောက်ကို ဘတ်တစ်ဆယ်၊ ငါးဘတ်ပေါ့ ( ဒီတုန်းက ဘတ် (၃၀) ပြည့်အောင် လစဉ်ဝင်ငွေရှိတဲ့ ရဲဘော်ဆိုတာ မရှိခဲ့ပါဘူး) ၀ိုင်းစုပြီးထည့်တာ ဘတ်ထောင့်ငါးရာရခဲ့တယ်။ ဒီပိုက်ဆံနဲ့တော့ ပုံနှိပ်ကဗျာစာအုပ် ဘယ်နည်းနဲ့မှ မထုတ်နိုင်ဘူး။ ဒါကြောင့်မို့ မိတ္တူကူး ကဗျာစာအုပ် အုပ်ရေ (၁၀၀) ထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
မာနယ်ပလော မှာ မိတ္တူကူးစက် မရှိသေးဘူး။ ဖယောင်းစက္ကူပေါ် သံကညစ်နဲ့ရေးပြီး မှင်ထည့်၊ မီးချောင်းနဲ့ လှိမ့်ထုတ်ရတဲ့ ကျောက်ပုံနှိပ်လက်ရေးကဗျာစာအုပ်ပဲ ထုတ်လို့ရနိုင်မယ်။ ဒီတော့ ... ထိုင်းနိုင်ငံထဲက ဇင်းမယ်နဲ့ မဲဆောက် ... တမြို့မြို့ဆီသွားပြီး မိတ္တူကူးရတော့မယ်။ အဲဒီမြို့တွေကို သွားဖို့ဆိုရင် ရှိတဲ့ ပိုက်ဆံ “ထောင့်ငါးရာ” က၊ ခရီးစရိတ်သာသာပဲရှိတာ၊ ဘယ်လိုလုပ်ရမလဲ။
ဒီတော့ကာ ...၊ ကဗျာရူးသွပ်နေကြတဲ့ ရဲဘော်တွေက ... “ဒီကဗျာစာအုပ်ထုတ်ဖို့ ခင်ဗျားကြီးပဲ တချိန်လုံး ရောဂါထနေတာ၊ ခင်ဗျားက မာနယ်ပလောမှာ ချမ်းသာတဲ့ ပါတီက ရဲဘော်၊ ခင်ဗျားနည်း ခင်ဗျားဟန်နဲ့ ခရီး စရိတ်ရှာပြီး စာအုပ်ဖြစ်အောင်သာလုပ်တော့ ” ဆိုပြီး မဟာတာဝန်ကို ကျနော့်ပခုံးပေါ် မစာနာရက်စက်စွာ တင်လိုက်ကြပါတယ်။
ဒီလိုနဲ့ ကျနော့်တို့ပါတီက နိုင်ငံခြားရေးတာဝန်ခံကို မျက်နှာချိုသွေးရတော့တာပေါ့။ ဒီတုန်းက ကျနော်တို့ ပါတီရဲ့ နိုင်ငံခြားရေးဌာနရုံးက “ဇင်းမယ်” မှာ ရှိတယ်လေ။ ကျနော်တို့ပါတီရဲ့ နိုင်ငံခြားရေးတာဝန်ခံက “မဲ ဆောက်” ကို လာပြီး အပြန်မှာ ကျနော်က သူနဲ့လိုက်မယ်ပေါ့။ ရုံးမှာ တည်းမယ်ပေါ့။ ပါလာတဲ့ ကဗျာတွေကို ရုံးမှာရှိတဲ့ ပုဂ္ဂိုလ်တယောက်ယောက်ရဲ့ အကူအညီနဲ့ ကွန်ပြူတာရိုက်မယ်ပေါ့။ ကဗျာစာအုပ်ထုတ်မယ်ပေါ့။ ဒီလိုနဲ့ နိုင်ငံခြားရေးတာဝန်ရဲ့နောက်က ရိုရိုကျိုးကျိုး၊ စည်းကမ်းရှိရှိနဲ့ “ဇင်းမယ်” ကို လိုက်သွားခဲ့တယ်။ “ဇင်းမယ်” ရောက်တော့ ရုံးမှာ အသိဆိုလို့ တယောက်မှ မရှိပါဘူး ...။ နိုင်ငံခြားရေးတာဝန်ခံက “ကိုအောင်ခိုင်” ဆိုတဲ့ သူနဲ့ မိတ်ဆက်ပေးပါတယ်။ ကျနော့်ထက် အသက်အများကြီး ငယ်ပါတယ်။ အသားဖြူဖြူ ... လူရည်သန့်သန့် ။ (ဟဲ ...ဟဲ ဒီလိုပဲ ရေးရတော့မှာပေါ့ ) ။
ကိုအောင်ခိုင် (ကိုခိုင်) က ကွန်ပြူတာ ဆရာလေးပေါ့။ ၁၉၈၈- ခုနှစ်နောက်ပိုင်း၊ ထိုင်းမြန်မာနယ်စပ်မှာ ကွန်ပြူတာနဲ့ပါတ်သက်ပြီး လက်ချိုးရေလို့ရတဲ့ pioneer တွေထဲမှာ ကိုအောင်ခိုင်လည်းပါတာပေါ့။ သူ့ကို ကျနော်က ဖြစ်စေချင်တာ ပြောပြရတယ်။ ဒီကဗျာ ... ဒီကဗျာတွေ။ ဘယ်ကဗျာက ထိပ်ကထား၊ ဘယ်စာမျက်နှာ မှာ ဘယ်လို သရုပ်ဖော်ပုံထားမယ်ပေါ့။ သရုပ်ဖော်ပုံတွေကို ကိုအောင်ခိုင်က ၀ိုင်းကူပြီး ရှာပေးပါတယ်။ တခါ ကဗျာခေါင်းစည်းတွေ ၊ မျက်နှာဖုံး ဒီဇိုင်းတွေ ဒါတွေကြတော့ သူနဲ့တိုင်ပင်ပြီး ရွေးကြ၊ ရေးကြပေါ့။ ကိုအောင်ခိုင်က အဲဒီကဗျာစာအုပ်ကလေးကို သူ့မှာ အလုပ်တွေ တကယ်ပိနေတဲ့ကြားက အမြန်ဆုံးပြီးအောင် လုပ်ပေးခဲ့တာပါ။
ဒီတုန်းက “ကိုအောင်ခိုင်” ကွန်ပြူတာရိုက်လို့ ပြီးကာနီးအထိ ကျနော်က ကဗျာစာအုပ်အမည်ကို ဘယ်လိုပေးရမှန်း မသိသေးဘူး။ စာအုပ်ကလည်း (၅) နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်ထုတ်ဖို့ ရည်ရွယ် ထားတာဆိုတော့ နောက်ဆုံးမှာ တကယ့်ကို အမှတ်တရဖြစ်စေမယ့် “အနီရောင်သွေးကွက်ပေါ်က ရွှေရောင် ဆေးစက်များ” ခေါင်းစဉ်ကို ကျနော်တွေးလို့ရလာခဲ့ပါတယ်။
အခုဆိုရင် အဲဒီ “အနီရောင်သွေးကွက်ပေါ်က ရွှေရောင်ဆေးစက်များ” ကဗျာစာအုပ်ကလေး ထုတ်ဝေ ခဲ့တာ နောက် (၆) ရက်ဆိုရင် (၁၅) နှစ်ပြည့်တော့မယ်။ ကိုခိုင်နဲ့ ကျနော် သိကျွမ်းခင်မင်ခဲ့တာလည်း (၁၅) နှစ် ပြည့်တော့မယ်။


(ဂ)
“သမီးရေ ... မြန်မြန်သာ ဖျက်ချလိုက်၊ ဒုက္ခပါပဲ၊ ဘယ်ပုဂ္ဂိုလ်က ၀င်ပြီး ကတောက်တာလဲမသိဘူး၊ ဖျက်သာချထားလိုက်သမီး၊ ဘဘပြန်လာမှ ဒီကိစ္စ နားလည်အောင် ပြန်ရှင်းပြတော့မယ်”
ဖုန်းခလုပ်ကို ပိတ်လိုက်ပြီးသည်အထိ ကျနော့်ရင်ထဲကမှာ မကောင်း။ မနေ့တုန်းက “အောင်သာငယ်”် ဆိုတဲ့ ဘလော့ဂါတဦးက ကျနော့်ဘလော့ရဲ့ စီဘောက်ထဲမှာ ကျနော့်ကို တရင်းတနှီး နှုတ်ဆက်တဲ့ စာဝင်ရေး ခဲ့ပါတယ်။ မကြာခင်မှာပဲ ကျနော်ရေးတာမဟုတ်တဲ့ စာတချို့ကို၊ တခြားစိတ်ထားမကောင်းသူတဦးက ပြန်စာဝင်ရေး ခဲ့ပြန်ပါတယ်။ “ခင်ဗျားကို ကျနော်မသိပါဘူး၊ ခင်ဗျားလာပြီး မနှောက်ယှက်ပါနဲ့” ပေါ့။ ဒါကို ကျနော့်ရဲ့ စာကြည့်တိုက်ရုံးကိစ္စ၊ ဘလော့ကိစ္စတွေကို ဒိုင်ခံဆောင်ရွက်ပေးနေတဲ့ အတူနေ တူမလေး “ဆိုအောနို” က “ဇင်းမယ်မြို့” မှာ ခေတ္တ ရောက်နေတဲ့ ကျနော့်ကို ဖုံးဆက်ပြီး ပြောခဲ့တာပါ။ “ဘဘ ... ဘာပြုလို့ ဒီလိုစာပြန်ရတာလဲ” ပေါ့။ ဒီတော့မှ ကွန်ပြူတာနဲ့ ယာယီအားဖြင့် ဝေးနေတဲ့ ကျနော်က ဖုန်းထဲကတဆင့် အဲဒီစာတွေအားလုံးဖျက်ချထားဖို့ “ဆိုအောနို” ကို မှာရတော့တာပေါ့။
“ဘာဖြစ်တာလဲဗျ”
“အေးဗျာ ... ခက်တာပဲ”
ကျနော်နှင့် ဟိုတယ်တွင် တခန်းတည်း အတူတည်းခိုနေသူ ကဗျာဆရာ “မောင်လွမ်းဏီ” က တယ်လီဖုန်းကိုင်ပြီး တငြီးငြီးတငြူငြူဖြစ်နေတဲ့ ကျနော့်ကို စိတ်ပူလို့ မေးခွန်းထုတ်တော့ ကျနော့်မှာ ပြန်လည် ရှင်းပြရပြန်ရော ... ။
“ဒါနဲ့ ... နေပါအုန်းဗျ ... အောင်သာငယ်ဆိုတာ ဘယ်သူတုန်းဗျ၊ခင်ဗျား သိမလားဟင်”
ထိုအခါကြမှ “မောင်လွမ်းဏီ” က ကျနော့်ကို မျက်စောင်းတချက်ထိုးပြီး ကျနော် မမျှော်လင့်ထားတဲ့ အဖြေကို ပေးလိုက်ပါတယ်။
“ခင်ဗျားကလည်း အောင်သာငယ်ဆိုတာ ကိုခိုင်ပေါ့ဗျ၊ ကိုအောင်ခိုင်လေဗျာ”
ကျနော့်မှာ ဆိုဖာပေါ်ထိုင်နေရာက ရုတ်တရက်ဆိုသလို ထရပ်လိုက်မိလေတော့တယ်။

(ဃ)
၁၉၉၅-ခု ... မာနယ်ပလောကို စွန့်ခွါလာခဲ့ပြီးတဲ့နောက် ကိုခိုင်နှင့် ကျနော် ယ္ခုအချိန်အထိ လူချင်း၊ ဖုန်းချင်း၊ စာချင်း အဆက်အသွယ် မရှိခဲ့နိုင်တော့။ ကျနော်တို့တတွေ ရွက်ကိုယ်စီ ဖွင့်ခဲ့ကြရတယ်။
ဘလော့လောကထဲ မလည်မ၀ယ်နဲ့ ၀င်လာမိတဲ့ ကျနော့်မှာ ဘလော့လမ်းသရဲတယောက်ရဲ့ ပညာပေးမှုကို ခံခဲ့ရပေမယ့် ကိုခိုင် ( အောင်သာငယ်) နှင့်တော့ မမျှော်လင့်ပဲ ပြန်လည်တွေ့ဆုံခွင့်ရခဲ့ပြီ ဆိုပါတော့ ... ။
အခုတော့ ကမ္ဘာအပြားကြီးကို ကျေးဇူးတင်ရပေတော့မယ်။ ကျနော်နဲ့ ကိုခိုင် (အောင်သာငယ်) တို့ ရွာထဲက လမ်းတခုပေါ်မှာ် ပြန်လည်ဆုံတွေ့ကြရပြီ။ ၀မ်းသာစရာအကောင်းဆုံးကတော့ ကျနော်ကော ကိုခိုင်ကော ... မူလ လမ်းကြောင်းပေါ်က ဘယ်သူမှ ချော်မကျအောင် လမ်းဆက်လျှောက်နေနိုင်ကြတုန်း ...။
ကိုခိုင် (အောင်သာငယ်) ရေ ...၊ (၁၅) နှစ်မြောက် ရှစ်လေးလုံး အခါသမယမှာ ခင်ဗျားနဲ့ကျနော် မမျှော်လင့်ပဲ ပြန်ဆုံကြလို့ ကမ္ဘာပြားကြီးကို ကျနော် ကျေးဇူးတင်မိတယ်။
အခု ... ခင်ဗျားရဲ့ ခွင့်ပြုချက်ကိုကျနော် မတောင်းပဲ “အနီရောင် သွေးကွက်ပေါ်က ရွှေရောင်ဆေးစက် များ” ကဗျာစာအုပ်လေးထဲက ခင်ဗျားရဲ့ “အမေ မရှိတော့တဲ့ အိမ်” ကဗျာကို ကျနော့်ဘလော့မှာ ဂုဏ်ယူ လွမ်း သ စွာ တင်လိုက်မိပါတယ်။
ကိုခိုင်ရေ ... ကျနော်တို့ရဲ့ ဘ၀တွေဟာ လွမ်းဖို့ကောင်းတဲ့ တေးတွေပါပဲ။ ကျနော်တို့တတွေ အလွမ်းတေးတွေ ဆက်ပြီး သီကြဦးစို့ ... ။

အမေမရှိတော့တဲ့အိမ်

(၁)
ညတညပေါ့
ဂီတမိုးတိမ်
အမေ့အိမ်မှာ
တိုးမှိန်ညှင်းဖျော့
လျော့လျော့သဲ့သဲ့ ...

(၂)
တံခါးပေါက်က
တဒေါက်ဒေါက်နဲ့
မဲ့ရွဲ့ဝင်လာ
အာဏာရှင်များ
“ချစ်လင်သား” ကို
ခေါ်သွားစံအိမ်
နရသိန်ဆီ ...

တံခါးပေါက်က
တဒေါက်ဒေါက်နဲ့
မဲ့ရွဲ့ဝင်လာ
“အကြီးသား”
ခေါ်သွားစံအိမ်
နရသိန်ဆီ ...

“အငယ်ဆုံးသား”
အရှေ့ဖျားသို့
သွားဖို့ပြင်ဆင်
မိခင်နှုတ်ဆက်
ရုတ်တရက်လေ ...

တံခါးပေါက်က
တဒေါက်ဒေါက်နဲ့
မဲ့ရွဲ့ဝင်လာ
အာဏာရှင်များ ...

(၃)
ညတညပေါ့
ဂီတမိုးတိမ်
အမေ့အိမ်မှာ
တိုးမှိန်ညှင်းဖျော့
လျော့လျော့သဲ့သဲ့ ... ။ ။

အောင်သာငယ်

(လွန်ခဲ့တဲ့ ၁၅ နှစ် ၊ ငါးနှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် အနီရောင်သွေးကွက်ပေါ်က ရွှေရောင်ဆေးစက်များ ကဗျာစာအုပ်မှ။ )

February 19, 2008

လွမ်းလိုက်ရတာ “နိုင်ဝင်းဆွေ”ရာ .....


(က)
ရုရှားစာရေးဆရာ “အီလျာ အာရင်ဘတ်” ဟာ “သူ့ဘ၀မှာ အနည်းဆုံး (၃)ကြိမ်လောက်အထိ သေမိန့်ကျခံထိုက် တဲ့လူ” လို့ ဝေဖန်ခဲ့ကြဖူးပါတယ်။ “အာရင်ဘတ်” ရဲ့ ဘ၀ဇာတ်လမ်းအပြောင်းအလဲတွေကလည်း များမှများ။ စာရေးဆရာ “နိုင်ဝင်းဆွေ” လည်း အာရင်ဘတ်လိုပုဂ္ဂိုလ်မျိုးပဲလား။
“နိုင်ဝင်းဆွေ” ရဲ့ ပုံနှိပ်မဖော်ပြရသေးတဲ့ ၀တ္ထုတိုအသစ်တချို့ကို ကျနော်ဖတ်ရဖူးတယ်။ ၁၉၉၂-ခုနှစ်ထဲမှာ “တောမှော်ရုံ တက္ကသိုလ်” ကို ကျနော်ရောက်လာတော့ “နိုင်ဝင်းဆွေ” နဲ့ ကျနော်ပြန်တွေ့ရတယ်။ ၁၉၉၇-ခုနှစ်လောက်ကတည်းက သူနဲ့ ကျနော် လူချင်းမတွေ့ခဲ့ရတာ။ နှစ်ပေါင်း (၁၅)နှစ် ကြာပြီးမှ ပြန်တွေ့ကြတော့ လက်ရှိအနေအထားမှာ ဘ၀ချင်းလည်းတူ၊ စာပေ သမားချင်းလည်းတူတော့ ဟို ... “မိုးကြိုမုန်တိုင်း” စာအုပ်ထွက်ကာစတုန်းက သူနဲ့ကျနော် စိတ်ဝမ်းကွဲခဲ့ကြတာတွေက အလိုလို မှေးမှိန်ကုန်ကြရတော့တာပေါ့။
သူနဲ့ကျနော် ပြန်တွေ့ကြတော့ သူက “သစ္စာ” မဂ္ဂဇင်းကို ဦးစီးပြီး ထုတ်ဝေနေတဲ့အချိန်။ သူ့မှာ ရဲဘော်ရဲဘက် အသစ်တွေ ၀ိုင်းဝိုင်းလည်နေတဲ့အချိန်။ တနေ့ သူခေတ္တ သင်္ကန်းစီးရဟန်းဘောင်ဝင်နေတဲ့အခိုက်၊ ရဟန်းပျိုသမဂ္ဂကုန်းတော် ပေါ်ကအဆင်း၊ မယ်တုက္ခီစမ်းချောင်းဘေးမှာ ကျနော့်ကဗျာအပိုင်းအစ စာရွက်ကလေးကိုတွေ့သတဲ့။ နောက်တနေ့မှာ ကျနော့်ကဗျာတပိုင်းတစ စာရွက်ကလေးကိုပြပြီး သူ့ရဲ့ “သစ္စာ” မဂ္ဂဇင်းမှာ ကဗျာစာတည်းဝင်လုပ်ပေးဖို့ ပြောလာတော့တာပဲ။ ဒီတုန်းက ကျနော်က “တောမှော်ရုံ တက္ကသိုလ်” ကို ရောက်ကာစ။ ပြီးတော့ သူလို အင်မတန်ထက်မြက်ကျော်ကြားလှတဲ့ စာရေးဆရာတယောက်ကိုမှီပြီး ကိုယ်နေရာရဖို့၊ ကိုယ်နာမည်ကြီးဖို့လုပ်နေတယ်ဆိုတဲ့ ဝေဖန်သံကိုလည်း မခံနိုင်လို့ သူ့ကမ်းလှမ်းချက်ကို ကျနော်ပယ်ခဲ့ပါတယ်။
“တောမှော်ရုံ တက္ကသိုလ်” ကို ရောက်ကာစ “သစ္စာ” မဂ္ဂဇင်းမှာပါတဲ့ သူ့ဆောင်းပါးတွေ၊ သူ့ရဲ့ ၀တ္ထုတို (၆)ပုဒ်။ ဒါတွေက ကျနော့်အတွက် အသစ်တွေဖြစ်နေတော့ အငမ်းမရ ဖတ်ခဲ့ရတာပေါ့။ သူ့ဝတ္ထုတိုလေးတွေက သူ့ရဲ့ “ပန်ဆန်း”မှာ နေခဲ့ထိုင်ခဲ့ရတဲ့ ဘ၀တွေကို အခြေခံထားတာဖြစ်တော့၊ သူ့သမိုင်း သူ့ဖြတ်သန်းမှုတွေကို အဲဒီဝတ္ထုတွေထဲကပဲ ကျနော်က နှိုက်ယူခဲ့ရတာပဲ။ သူ့ရဲ့ “စပယ်တောစံအိမ်” အကြောင်း၊ အဲဒီဝတ္ထုတိုတွေထဲကပဲ ကျနော် ထိတွေ့ခဲ့ရတာပဲ။ ၀မ်းနည်းဖို့ကောင်းတာက သူ့ရဲ့ အဲဒီ လက်ရေးစာမူ ၀တ္ထုတို(၆)ပုဒ်ကို ကျနော်က ပထမအကြမ်းဖျင်းဖတ်တယ်၊ ပြီးတော့မှ အချိန်ယူပြီး သေသေချာချာဖတ်မယ်ဆိုပြီး (သူကလည်း ခဏ ခဏ ပြန်ပြန်တောင်းနေလို့) အဲဒီစာမူတွေ သူ့ကိုပြန်အပ်လိုက်တာ၊ သူက မမျှော်လင့်ပဲ ကျန်းမာရေးချို့တဲ့၊ “တောမှော်ရုံ တက္ကသိုလ်” ကလည်း ကျဆုံးလိုက်တော့ နောက်ထပ်တခါထပ်ဖတ်ဖို့ရည်ရွယ်ထားတဲ့ ကျနော့်စိတ်ကူး ပျက်ခဲ့ရ တာပေါ့။ ပိုဆိုးတာက သူ့ရဲ့ အဲဒီပုံမနှိပ်ရသေးတဲ့ ၀တ္ထုတိုစာမူ (၆)ခုဟာ၊ ကဗျာဆရာမ “မိဆူးပွင့်” ဆီမှာလိုလို၊ ကဗျာဆရာ “တိုက်အောင်” ဆီမှာလိုလို၊ သူ့ဇနီး “ဒေါ်ဂျုံ” ဆီမှာလိုလိုနဲ့ အခုထက်ထိ ပျောက်ကွယ်သွားခဲ့ရပါတယ်။ ဒီလို သူ့စာမူတွေ ပျောက်ဆုံးကုန်တော့မှ သူ့တန်ဘိုးကို ကျနော်ပိုပြီး နားလည်မိတယ်။ အဲဒီ ပျောက်ဆုံးသွားတဲ့ ၀တ္ထုတိုစာမူ (၆)ခုဟာ၊ သူ့ရဲ့ နာမည်ကျော်ကြားလှတဲ့ “ဘ၀စာမျက်နှာများ” ၀တ္ထုတိုတွေထက်ပိုပြီး ရသမြောက်တဲ့ စာမူတွေပါ။ မြန်မာ စာပေနယ်ပယ်မှာ ဘယ်တော့မှဖယ်လို့မရတဲ့ အဖိုးတန် ရသစာမူတွေအဖြစ် အခိုင်အမာပြောရဲတဲ့စာမူတွေ။ အခုတော့ .. ။
စာရေးဆရာ “နိုင်ဝင်းဆွေ” နဲ့ ကျနော်၊ ခြံစည်းရိုးသာခြားတဲ့ ခြံတခုစီမှာ (၂)နှစ်ကျော် နေခဲ့ရတယ်။ ၁၉၉၂-၁၉၉၄၊ မာနယ်ပလော ... ။ ဒါပေမယ့် သူနဲ့ကျနော် အချိန်တော်တော်ကြာအောင်ထိုင်ပြီး စကားပြောခဲ့ရတာတော့ နည်းပါတယ်။ သူ့မှာ တခြားဧည့်သည်တွေများတာရယ်၊ ရဟန်းဘောင်ဝင်ပြီး တရားအားထုတ်တာရယ်၊ ကျန်းမာရေးမကောင်းတာကြောင့် သူနဲ့ကျနော် ကြမ်းတပြေးထဲထိုင်ပြီး စကားပြောရတဲ့အချိန် နည်းပါးခဲ့ရတာပါ။ ဒီတော့ကာ သူဘာတွေစိတ်ဝင်စားနေတယ်၊ သူဘာတွေ တွေးနေ တယ်၊ သူဘာတွေ ရေးနေတယ်ဆိုတာ တခြားသူတွေ သိထားသလောက်ပဲ ကျနော်သိခဲ့ရတာပါ။ သူ့ရဲ့ ပျောက်ဆုံးနေစဲဖြစ်တဲ့ “သုံးဖက်မြင်စစ်တမ်း”နဲ့ သူ့ဝတ္ထုတို (၆)ပုဒ် ...။ ဘယ်သူ့ဆီမှာ လက်ဝယ် သိမ်းဆီးထားနိုင်ခဲ့သလဲ။ ဒါတွေဟာ သူ့အတွက်လည်း အရေးကြီးသလို တိုင်းပြည်အတွက်၊ စာပေနယ်ပယ်အတွက် အင်မတန် အရေးကြီးတဲ့ တန်ဘိုးကြီးပစ္စည်းတွေပါ။
ပထမ ... ဆရာ “နိုင်ဝင်းဆွေ” ရဲ့ဇနီး “ဒေါ်ဂျုံ” ... ။ “ဒေါ်ဂျုံ” ဆီမှာများ သူ့စာတွေ လက်ရေးစာမူတွေ လက်ဝယ်ရှိနေခဲ့ သလား။ “မာနယ်ပလော” ကို န၀တစစ်တပ်နဲ့ ဒီကေဘီအေတပ်တွေသိမ်းတော့ “နိုင်ဝင်းဆွေ” နဲ့ “ဒေါ်ဂျုံ” ဟာ၊ မုန်တိုင်းထဲက ကျေးမောင်နှံလို တကွဲတပြားစီဖြစ်ခဲ့ပါတယ်။ “နိုင်ဝင်းဆွေ” ကို ကျနော် နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့နေရာဟာ ရက်ပိုင်းအတွင်း လူသူကင်းမဲ့သွားတော့မယ့် “ပဟေလူ” ရွာကလေးမှာပါ။ စစ်ပြေးဒုက္ခသည်တွေ ထောင်သောင်းချီပြီး ထိုင်းနိုင်ငံအတွင်းပိုင်း ဒေသ အသီးသီးကို ဆက်လက်ထွက်မပြေးနိုင်ခင်၊ ခေတ္တစုဝေးခဲ့ကြတဲ့ ရွာကလေးပါ။ “နိုင်ဝင်းဆွေ” ကို၊ အိမ်တအိမ်ရဲ့အိမ်ရှေ့ခန်း၊ ဘုရားခန်းရှေ့မှာ တရားထိုင်နေတာကို ကျနော်တွေ့ခဲ့ရပါတယ်။ အဲဒီအိမ်ထဲမှာ လူတွေဝင်လိုက်ထွက်လိုက်၊ လမ်းပေါ်မှာလူတွေ အားလုံး ကိုယ့်အပူနဲ့ကိုယ်။ ဒါဟာ “နိုင်ဝင်းဆွေ” ကို ကျနော်နောက်ဆုံး သက်ရှိထင်ရှားတွေ့ခဲ့ နှုတ်ဆက်ခဲ့ရတဲ့ မြင်ကွင်းပါ။
ဒိနောက်ပိုင်း “နိုင်ဝင်းဆွေ” သေဆုံးသွားပြီလို့ အခိုင်အမာယူဆရမယ့်သတင်း၊ “ဒေါ်ဂျုံ” က တဦးတည်းသော သားကလေး “မောင်ဆန်း” ကို လက်ကဆွဲပြီး “၀” ဒေသကို ပြန်သွားပြီဆိုတဲ့သတင်း။ နိုင်ဝင်းဆွေရဲ့ စာမူတွေဟာ “ဒေါ်ဂျုံ” ဆီမှာ လိုလ၊ို ကဗျာဆရာ “တိုက်အောင်” ဆီမှာလိုလိုသတင်းကို ကျနော်ရခဲ့ပါတယ်။ ဒီလိုနဲ့ ကိုယ်ကလည်း ဘ၀ရပ်တည်ရေး တည်ငြိမ် ဖို့ ကြိုးစားရင်းက “နိုင်ဝင်းဆွေ” ရဲ့ ရတနာသိုက်စာမူတွေကို စုံစမ်းနေရင်းမှာပဲ ကဗျာဆရာ “တိုက်အောင်” က၊ ကျနော် လက်လှမ်းမမှီတဲ့နေရာတနေရာမှာ သေဆုံးခဲ့ရတယ်။ ဒါနဲ့ပဲ မျှော်လင့်ချက်တခုတည်းသာရှိတဲ့ “ဒေါ်ဂျုံ” နဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးစားတုန်း “ဒေါ်ဂျုံ” ကလည်း သေဆုံးရပြန်တယ် (၂၀၀၅-ခု)။ ကြံရာမရတဲ့အဆုံး ကဗျာဆရာမ “မိဆူးပွင့်” ၊ ကဗျာဆရာ “မောင်လွမ်းဏီ” တို့ဆီ စုံစမ်း ပြန်တော့ သူတို့ဆီမှာလည်း သူ့စာမူတွေမရှိ။ အခုတော့ “နိုင်ဝင်းဆွေ” ရဲ့ စာမူတွေ အမှန်တကယ် ပျောက်ဆုံးကုန်ကြရပြီလို့ပဲ ယူဆရပါတော့မယ်။

(ခ)
“နိုင်ဝင်းဆွေ” ရဲ့ ၀တ္ထုတွေဟာ ကျနော့်အဖို့တော့ တကယ့်ကို ယစ်မူးစရာတွေချည်းပါပဲ။ ဒီကနေ့အထိလည်း လူငယ် လူကြီး ဘယ်သူ့ကိုမဆို သူ့ဝတ္ထုတွေပေးဖတ်ရ၊ ညွှန်းရနဲ့ ဘယ်တော့မှ လေးနက်မှုလျော့မှာမဟုတ်ပါဘူး။ သူ့ဘ၀ကို ကျနော် သိပ်ပြီး မသိပါဘူး။ သူဘယ်မှာမွေး၊ သူ့မိဘတွေက ဘယ်သူ၊ သူဘယ်မှာကြီးပြင်းပြီး ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာကိုလည်း သူတကာသိသလောက်ပဲ ကျနော်သိခဲ့ရတာပါ။ ဒါပေမယ့် “နိုင်ဝင်းဆွေ” နဲ့ ပတ်သက်တဲ့ “အလွမ်းပုံပြင်” တွေကတော့ တထမ်းကြီးရှိပါတယ်။ တခါတုန်းကများ... ဇေယျဝတီမြို့လေးရဲ့၊ ဘူတာရုံစင်္ကြန်လမ်းပေါ်မှာ အမျိုးသမီးတယောက်ကို လက်ညှိုးထိုးပြီး “အဲဒါ နိုင်ဝင်းဆွေရဲ့ ကွဲသွားတဲ့မိန်းမပေါ့” ဆိုတဲ့ မိတ်ဆွေတယောက်ရဲ့စကားက ကျနော့်နားထဲမှာ မထွက်တော့ပါဘူး။ စင်္ကြန်လမ်းပေါ်မှာ တွေတွေလေးရပ်နေတဲ့ အဲဒီအမျိုးသမီးလေးရဲ့လက်ရှိဘ၀ကို တစိပ်တပိုင်းသိထားတဲ့ ကျနော့်မှာ သက်ပြင်းတွေ ချပြီးရင်းချခဲ့မိပါတယ်။ အဲဒီ မိန်းကလေးဟာ သူ့ရဲ့ “နွေတည” ၀တ္ထုထဲက “ခင်ဝေ” ဆိုတဲ့ ကောင်မလေးများ ဖြစ်နေမလား။ ပြီးတော့ တောင်ဥက္ကလာပ နှင်းဆီခြံလေးထဲ မျက်နှာတပြုံးပြုံးနဲ့ လမ်းလျှောက်လာနေတဲ့ “နိုင်ဝင်းဆွေ” ။ “ပန်ဆန်း” ကို ချီတက် သွားတဲ့ “နိုင်ဝင်ဆွေ” ။ “ပန်ဆန်း” မှာလည်း နိုင်ငံရေးအယူအဆပေါ်မူတည်ပြီး သေဒဏ်ကျခံခဲ့ရတယ်ဆိုတဲ့ မရေရာတဲ့သတင်း။ ဒိနောက်ပိုင်း “မာနယ်ပလော” မှော်ရုံတောကို ဆက်လက်ချီင်္တက်ခန်း။ ငယ်စဉ်တုန်းက ဇာတ်ဆရာဖြစ်ချင်လွန်းတဲ့ သူ့ဘ၀ရဲ့ အခန်းတွေကလည်း တကယ့်ကို ဇာတ်ဆန်လှပါတယ်။ မာနယ်ပလော ရောက်လို့ ကျနော်နဲ့တွေ့တော့ စာပေကလပ် ဒု-ဥက္ကဌ။ တဲကလေးတလုံးဘေး၊ မယ်တုက္ခီစမ်းချောင်းဘေး၊ ငြုပ်၊ ဗူး၊ ခရမ်းစိုက်ခင်းထဲက ပေါက်တူးကိုင်ပြီးရပ်နေတဲ့ “နိုင်ဝင်းဆွေ” ... ။
သူနဲ့ မခွဲခွါခင်က၊ သူနဲ့ကျနော် စကားကောင်းကောင်းပြောလို့ရသေးတဲ့၊ ကျန်းမာရေးကောင်းစဉ်က၊ သူ့ကို ..၀တ္ထုတွေ ကိုပဲ စေါက်ချပြီးရေးဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့မိတယ်။ သူ့ကို ကျနော်က စာရေးဆရာတယောက်ပဲ ဖြစ်စေချင်တယ်။ သူ့ဆီက “ရွှေဥ” တွေကိုပဲ ကျနော်တောင့်တခဲ့တယ်။ သူကလည်း “မဟူရာမေတ္တာ” လို၊ လုံးချင်းဝတ္ထုရှည်ကြီးတပုဒ်ရေးမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပဲ။ ပန်ဆန်းအတွေ့အကြုံအပေါ် အခြေခံမယ်လို့ ပြောထားတာပဲ။ “မဟူရာမေတ္တာ” မရေးခင်က၊ စိတ်တည်ငြိမ်မှု တည်ဆောက်ယူခဲ့သလို အခုလည်း စိတ်တည်ငြိမ်မှုတည်ဆောက်ရဦးမယ်ဆိုပြီး ရဟန်းဘောင်ဝင်လိုက်တာပဲ။ ဒါပေမယ့် ကျန်းမာ ရေးချို့တဲ့လာလိုက်တာ စစ်ပူတဲ့ အချိန်အထိ။ သူနဲ့ကျနော် ခွဲခွါလိုက်ရတဲ့ အချိန် အထိ။ လူ့ဘ၀ကို စွန့်ခွါသွားရတဲ့ အချိန်အထိ။
ကျနော် သူ့လို အင်မတန်လက်ရာမြောက်တဲ့ ၀တ္ထုတွေမရေးတတ်ပါဘူး။ ရေးနိုင်စွမ်းလည်း မရှိသလို၊ ရေးဖို့အခြေအနေ လည်း မရှိတဲ့ဘ၀ပါ။ ဒါပေမယ့် သူ့ကို ကျနော် တချိန်လုံး ရူးသွပ်နေမိတော့ သူနဲ့ပတ်သက်တဲ့ အလွမ်းစာလေးတွေ မကြာခဏ ရေးခဲ့တယ်။ အလွမ်းပြေလိုပြေငြားပေါ့။ အခုတော့ အလွမ်းမပြေတဲ့အပြင် အလွမ်းပင်တွေပဲ ထပ်ထပ်ပြီး ပေါက်နေတော့တာပဲ “နိုင်ဝင်းဆွေ”ရေ ... ။


( ၁၉၉၅ခုနှစ်၊ ဖေဖော်ဝါရီလရဲ့ နေ့ရက်များအတွင်း သေဆုံးသွားခဲ့ပြီလို့ ယူဆရတဲ့ စာရေးဆရာ “နိုင်ဝင်းဆွေ” (၁၃)နှစ်မြောက် အမှတ်တရ )