၁။
“ဆရာကြီးကို သမီးကျေးဇူးတင်တယ်”
သူကပြောပြောဆိုဆို စမ်းချောင်းတဖက်သို့ ပြန်ကူးသွားခဲ့၏။ သူ့ကျောပြင်ကို ကြည့်ကာ ကျနော့်မှာ ကြည်နူးနေ မိသည်။ သူက ရောက်ရှိလာတော့မည် သူ့ဘ၀ အနာဂါတ်ကာလပန်းတိုင်ကို ပြောပြသွားခဲ့သဖြင့် သူ့အတွက် ကျနော် ကြည်နူးရခြင်းဖြစ်သည်။ မယ်ပေါထဒုက္ခသည် ရွာကလေးမှပြန်လာပြီး မိမိနေထိုင်ရာ အခန်းကလေးထဲ ပြန်ရောက်လာခဲ့သည့်တိုင် သူ့ကို ကျနော်သတိရနေသည်။ သူက ပြည်တွင်းတွင် ကျစ်နေရစ်ခဲ့သည့် ကျနော်၏ အငယ်ဆုံးသားနှင့်မှ သက်တူရွယ်တူ ကရင်မိန်းကလေးတဦး။ နာမည်က “နော်ဖောဂေ” ။ မြန်မာလို “လှပတဲ့ပန်း” ။
“သမီးနောက် (၂) လဆိုရင် ၀မ်းဆွဲဆရာမသင်တန်းတက်ရတော့မယ် ဆရာကြီး၊ ဒီကြားထဲ ဒီရွာက မူလတန်း ကျောင်းမှာ စာသင်ပေးဖို့လည်း ပြောထားတယ်၊ သမီး အရင်ကတည်းက ဒီကိုလာခဲ့ရရင်ကောင်းမှာ၊ ရွာမှာ အမေရှိနေလို့ ထားခဲ့လို့ကလည်းမဖြစ်၊ လာလည်းမလာရဲလို့ (၃) နှစ်လောက် အချိန်တွေ ပုတ်ကုန်တယ်။ ခုတော့ သမီးရည်မှန်းချက်တွေ ပြည့်တော့မှာပါ၊ အဲဒါ ဆရာကြီးနဲ့ အကိုကြီးရဲ့ ကျေးဇူးကြောင်ပေါ့”
“နော်ဖောဂေ” ပြောခဲ့သည့် စကားများကိုတွေးရင်း ၀ါးစားပွဲလေးပေါ်က စာအုပ်စာတမ်းများကြားတွင် ညပ်နေသည့်မှတ်စုစာအုပ်ဆီ ကျနော့်မျက်လုံးများ ရောက်သွားရ၏။
မှတ်စုစာအုပ်ကလေးကိုယူပြီး အခန်းအပြင်ဖက် လူသွားလမ်းကလေးဘေးက ခုံတန်းတွင် ကျနော်ထိုင်သည်။ ကျနော့် အပေါ်မိုးအုပ်ထားသည့် ၀ါးရုံပင်ကိုင်းများဆီက လေတိုးသံကြားနေရ၏။ (၂၄) နာရီ မပြတ်ကြားနေ ရသည့် မယ်တုက္ခီစမ်းချောင်းရေစီးသံများက ပိုမိုကျယ်လောင်လာနေသည်ဟု ထင်ရ၏။
၂။
“ကျနော်တို့နဲ့လိုက်မယ်ဆိုတဲ့လူက ဘယ်နှစ်ယောက်လောက်ရှိလို့လဲ ဗိုလ်သိန်းစိုး”
ကွင်းထဲက နေပူတံလျပ်ကို မျက်မှောင်ကြုတ်ကြည့်ရင်းက ကျနော်တို့နှင့်အတူ “မာနယ်ပလော” သို့ လိုက်ပါကြ မည့် လူအုပ်ကို တွေးနေမိသည်။
“ဆယ့်နှစ်ယောက်ရှိတယ် ကိုငြိမ်းဝေ၊ လူကြီး (၈) ယောက်၊ ကလေး (၄) ယောက်”
“ဘယ့်နှယ်လဲ၊ ခင်ဗျားဘယ်လိုစဉ်းစားထားသလဲ၊ ကျနော်ကတော့ ခေါ်သွားချင်တာပေါ့၊ လမ်းမှာတွေ့မယ့် ကြုံမယ့် အခက်အခဲ ခင်ဗျားအဓိကပဲ၊ ခင်ဗျားက ဖြစ်တယ်ဆိုရင် ကျနော်သဘောတူပါတယ်”
ဗိုလ်သိန်းစိုးက သူလည်းခေါ်သွားချင်ကြောင်းရှင်းပြ၏။ ပုံမှန်အားဖြင့်ဆိုလျှင် ဒုံသမိချောင်းဘေးမှ မာနယ်ပလော သို့ ရောက်အောင် လမ်းတွင် (၅) ညမျှ အိပ်ရမည့်ခရီးဖြစ်သော်လည်း၊ လုံခြုံရေး နှင့် ရိက္ခာအခက်အခဲကြောင့် (၈) ညမျှ အနည်းဆုံး အိပ်ရမည်ဟု ဗိုလ်သိန်းစိုးက ရှင်းပြလေသည်။ အကြီးမားဆုံးအခက်အခဲမှာ ယွန်းစလင်း ချောင်း ကျော်ပြီးသည့်အထိ၊ မကြာခဏရှောင်ကွင်းပုန်းအောင်းကြရမည့် န၀တစစ်တပ်စစ်ကြောင်းများ၏ ရန်ပင် ဖြစ်သည်။ သို့သော် ဗိုလ်သိန်းစိုးကို ကျနော်ယုံသည်။ သူ့မှာ သည်ခရီးသည်လမ်းကို (၁၀) နှစ်တာမျှ အခေါက် ပေါင်းမရေမတွက်နိုင်အောင် သွားလာခဲ့ဖူးသည့် အတွေ့အကြုံရှိပြီး ဖြစ်၏။
ခရီးစပြီး ထွက်သည့်နေ့က ခရီးသည်လူအုပ်ထဲတွင် “နော်ဖောဂေ” ကို ကျနော် သတိမထားမိ။ ရဲဘော်လေး “ဟွေ့စာ” က သူ့သေနတ်ကို တစုံတယောက်အား ခဏယူလာပေးဖို့ ပြောလိုက်စဉ် “ငါ သေနတ်မကိုင်ချင်ဘူး” ဟု ဗမာလိုပီပီသသပြောသံကြားလို့ လှည့်ကြည့်မှ အသက် (၁၇) နှစ် အရွယ် မိန်းကလေးတဦးကို ကျနော် စတင် သတိပြုမိခြင်းဖြစ်သည်။ ထို့နောက် လမ်းခရီးတလျောက်လုံး သူက ကျနော်နှင့်ခရီးသည်များအကြား ဆက်သွယ် ရေး တာဝန်ခံဖြစ်လာခဲ့၏။ ခရီးသည် လူအုပ်ထဲတွင် ဗမာလို ရည်လည်စွာ ပြောနိုင်သူဆို၍ သူတဦးသာပါ၏။
“သမီးက ကမ္မမောင်းမှာ ခုနစ်တန်းအထိ ကျောင်းနေခဲ့ဖူးပါတယ်။ အဖေဆုံးမှ ကျောင်းထွက်လိုက်တာပါ။ ဒါကြောင့်မို့ သမီးက ဗမာစကားပြောတတ်တာ၊ ကျုံစိန်တရွာလုံး ကရင်လိုပဲ ပြောတယ် ဆရာကြီးရဲ့”
“နော်ဖောဂေ” က ဘာပြုလို့ သေနတ်ကို ကိုင်မပေးချင်ရတာလဲဆိုသည်ကိုမူ ကျနော်မသိ။ သူ့ဖခင်မှာ န၀တစစ်တပ်က သတ်ဖြတ်ခဲ့သဖြင့် သေနတ်ကို မုန်းတီးနေသလားဟု ကျနော်တွေးသည်။ သို့သော် မဲပလိချောင်း၏ အနောက်ဖက်၊ ကော့ကရိတ် ဖာပွန်ကားလမ်းဟောင်းကို ဖြတ်ကူးဖို့ ကြိုးစားကြတော့ “နော်ဖောဂေ” သည် ကင်းသမားအဖြစ် ရှေ့တိုးပြီး တာဝန်ယူခဲ့၏။ သို့သော် သေနတ်ကိုတော့ သူမကိုင်တွယ်ခဲ့ ချေ။ နော်ဖောဂေက သည်လိုပြောခဲ့၏။
“သမီး မာနယ်ပလောရောက်ရင် သူနာပြုဆရာမလုပ်မယ်၊ ဒါမှမဟုတ် ကျောင်းဆရာမလုပ်မယ်၊ အခြေအနေပေးရင် ရွာပြန်လာပြီး အဲဒီအလုပ်တွေပဲ ဆက်ပြီးလုပ်မယ်၊ အကိုကြီးကို ပြောထားပြီးပြီ၊ ဟိုကြရင် သူနာပြုသင်တန်း၊ ဆရာမသင်တန်းတက်နိုင်အောင်လုပ်ပေးဖို့”
၃။
တောစပ်ကိုပြန်ရောက်ကတည်းက သူ့ရဲဘော်လေးနှစ်ယောက်နှင့် ကရင်လိုစကားအနည်းငယ်ပြောပြီးနောက် ဗိုလ်သိန်းစိုးက သစ်ပင်ခြေရင်းတွင် တဦးတည်းငြိမ်ချက်သားကောင်းစွာ ထိုင်နေ၏။ ကျုံစိန်ရွာဘက်သို့ သတင်း စုံစမ်းရန်သွားပြီးမှ ပြန်ရောက်တော့ ဘာသတင်းမှမထူးခြားသလို ငြိမ်နေသဖြင့် ကျနော်က သူ့ကိုစကားမဟ တော့ဘဲ နေစောင်းသည်အထိ မလှမ်းမကမ်းတနေရာတွင် ထိုင်နေခဲ့ရ၏။
တောအုပ်ထဲက နေရောင်ခြည်များမှာ လက်နှင့်ဆွဲဆုပ်ပြီး ရုပ်သိမ်းလိုက်သလို လျှင်မြန်စွာ ပျောက်ကွယ်သွားနေ လေသည်။ နေရောင်များ နောက်ဆုတ်တော့၊ လရောင်မှာ ရှေ့သို့တိုးလာခဲ့၏။ ကျနော်က တဖြေးဖြေးငြိမ်သက် တိတ်ဆိတ်သွားနေသည့် ငှက်သံများကို နားစွင့်ထားမိသည်။ တတောတတောင်လုံး ဆူညံနေခဲ့သည့် ငှက်သံများ မှာ နေရောင်နှင့်အတူ ချုပ်ငြိမ်းသွားခဲ့၏။ ကျုံစိန်ရွာဖက်မှကြားနေရသည့် ဓါတ်စက်သံသည်ပင် လေသင့်လို့ပဲလားမသိ၊ ပိုပြီး အသံကျယ်စွာ ကြားနေရ၏။
သည်တခေါက် တပ်မဟာ (၁) နယ်မြေ၊ ဖားအံမြို့နယ်ခရီးမှာ ပင်ပမ်းလှ၏။ ယခု တခေါက်မှာ (၃) ခေါက်မြောက် ခရီး ဖြစ်သည်။ ဗိုလ်သိန်းစိုး၏အကူအညီကို ကျနော့်မှာ လက်မလွှတ်နိုင်သေး။ သူ့ရဲဘော်လေး (၂) ယောက်မှာ လည်း သုံးခေါက်မြောက်ခရီးအထိ ကျနော်တို့နှင့် အတူတူပါနေခဲ့၏။
ညဥ့်နက်သည်အထိ ထမင်းမစား၊ စကားမပြောဘဲ ငြိမ်ကုတ်နေခဲ့သည့် ဗိုလ်သိန်းစိုးရှိရာ ကျနော်ထလာခဲ့သည်။ သူ့ဘေးတွင် ကျနော်ရပ်လိုက်သည်။ ပြီးခဲ့သည့်နာရီဝက်ခန့်က သူ့ရဲဘော်လေးနှစ်ယောက်နှင့် ကျနော်စကားပြော ခဲ့သည်။ ဗိုလ်သိန်းစိုး၏ ထူးခြားသည့်အနေအထိုင်အပေါ် စိတ်ထဲတွင် သံသယရှိလာသဖြင့် ရဲဘော်လေးများထံ စုံစမ်းမိခြင်းဖြစ်သည်။ ရဲဘော်လေးနှစ်ယောက်ပြောပြခဲ့သည့်စကားကြောင့် ကျနော့်မှာ တုန်လှုပ်သွားရ၏။ ခဏ နေတော့ ဗိုလ်သိန်းစိုးရှိရာ ထလာခဲ့ရသည်။
“ကိုငြိမ်းဝေ၊ ကျနော့်အတွက် ဘာမှစိတ်မပူနဲ့၊ ဒီကနေ့ညတော့ ကျနော်တယောက်ထဲ စကားမပြောဘဲ အိပ်တော့ မယ်ဗျာ၊ ကျနော့်ကို ခွင့်လွှတ်ပါ၊ ကျနော် တကယ်ဝမ်းနည်းရလွန်းလို့ပါ”
“ဗိုလ်သိန်းစိုး” နှင့် မလှမ်းမကမ်း ၀ါးရုံပင်ခြေရင်းတွင် အိပ်ရာဝင်ရန် ကျနော် ဆုံးဖြတ်လိုက်သည်။ “ဗိုလ်သိန်းစိုး” ဆီက သက်ပြင်းချသံများ မကြာခဏ ကြားရသလို ရှိ၏။ ၀ါးရုံပင်ခြေရင်းတွင် ပက်လက်လှန်လဲလျောင်းရင်းက ကရင်ရဲဘော်လေး (၂) ဦး ပြောခဲ့သည့်စကားကို ကျနော် ပြန်စဉ်းစားသည်။
“ဗိုလ်သိန်းစိုး မိန်းမရဲ့ညီမ၊ ဆရာကြီးနဲ့လည်းသိတဲ့ ကောင်မလေး “ဖောဂေ” လေ၊ မနေ့ကပဲ ဖျားပြီး သေတာတဲ့၊ ဓါတ်စက်ဖွင့်တာ အဲဒီက ဖွင့်တာ၊ ဗိုလ်သိန်းစိုး အရမ်းစိတ်ဆင်းရဲနေတယ် ဆရာကြီး”
၎။
ဂွါတီမာလာနိုင်ငံ၊ ကွီချီ အင်ဒီယန်းလူမျိုးစုဝင် “ရီဂိုဘာထရာ မင်ချူးရာ” က ၊ ဂျပန်နိုင်ငံရောက်သည့်အခိုက်၊ “နယ်စပ်ကို ဖြတ်ကျော်၍” ကဗျာကို ကိုယ်တိုင်ရေးစပ်၊ ကိုယ်တိုင်ရွတ်ဆိုပြီး ဂျပန်မိတ်ဆွေတွေကို မိတ်ဆက်၏။ သူသည် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အမျိုးသမီးဖြစ်သည်။ ကျနော့်အထင် ခံစားမှု အထွက်အဖျားအထိ မြင့်တက် နေစဉ်အခိုက်၊ သူ ဘယ်လိုခံစားနေရသည်ကိုဖော်ပြရန်၊ ကိုယ်စားပြုကိရိယာတခုကို ရှာဖွေသည့်အခါ “ကဗျာ” ကို သူတွေ့သွားဟန်တူပါသည်။ သူ့ကဗျာထဲက ကဗျာပိုဒ်များက ကျနော့်ကို အကြီးအကျယ်ရိုက်ခတ်လိုက်သဖြင့် ကျနော့်မှာ တသက်လုံး ဘယ်တော့မှမမေ့နိုင်သည့် ၀မ်းနည်းကြေကွဲမှု ဒဏ်ရာတခု တိုးပွားလာခဲ့ရ၏။
မိုးဦးကျ နေ့တနေ့ပေမယ့်
ကြယ်တွေလတွေစုံတဲ့ ညတညရဲ့ အရုဏ်ဦးမှာ
မွေးရပ်မြေက ခွါခဲ့ရတယ်။
မွေးရပ်မြေကို မစွန့်ခွါမီ
ယာခင်းထဲက အစို့အညှောက်ထွက်စပြုနေတဲ့
အပင်ကလေးတွေ
ပွင့်ဖို့အတွက် ငုံအာနေတဲ့ အပင်လေးတွေကို
ကြေကွဲစွာ နှုတ်ဆက်မိပါတယ်။
ပြန်လာနိုင်တဲ့ တနေ့ကြရင်
ရွာက ကလေးတွေအတွက် ပြောင်းတွေကို
ပိုစိုက်ရဦးမယ်။
ပျားရည်အိုးတွေကိုလည်း သစ်ပင်တွေမှာ
အများကြီးချိတ်ဆွဲရဦးမယ်။
အသတ်ခံရမှာကြောက်လို့ ထွက်ပြေးနေတဲ့
ရွာသားတွေနဲ့အတူ
ရွာကို ပြန်လာခဲ့ဦးမယ်။
“မင်ချူးရာ” ရဲ့ “နယ်စပ်ကို ဖြတ်ကျော်၍” ကဗျာထဲက ကဗျာစာပိုဒ်တွေကိုဖတ်ပြီး ဖားအံမြို့နယ် ကျုံစိန်ရွာက ကရင်တိုင်းရင်းသူလေး “နော်ဖောဂေ” ကို ကျနော်ပိုပြီး သတိရနေမိ၏။ ၁၉၉၃-ခုနှစ်၊ ဖားအံမြို့နယ်ကို ခရီးထွက် တော့ န၀တစစ်တပ်၏ ရန်ကိုကြောက်သဖြင့် ရွာတွင် မနေရဲတော့သည့်အတွက် “နော်ဖောဂေ” နှင့် ကျုံစိန်ရွာ သား (၁၂) ဦးသည် ကျနော်တို့နှင့်အတူ မာနယ်ပလောကို လိုက်ပါလာခဲ့ကြ၏။ သူတို့ကို ထိုင်းနိုင်ငံထဲက “မယ်ပေါထ” ဒုက္ခသည်စခန်းသို့ ပို့ပေးခဲ့ရ၏။ တတိယအကြိမ် ဖားအံမြို့နယ်ဆီ ကျနော်ခရီးထွက်တော့ “နော်ဖောဂေ” က ကျနော်တို့ထက်စောစွာ ကျုံစိန်ရွာသို့ လူကြုံနှင့် ပြန်သွားနှင့်၏။ မိခင်နေမကောင်းသည့် သတင်းကြောင့် စွန့်စားပြီးသွားခဲ့ခြင်းဖြစ်သည်။
“နော်ဖောဂေ” သွားနှင့်ပြီး (၁) လမျှ အကြာတွင် ကျနော်နှင့် ဗိုလ်သိန်းစိုးတို့ ကျုံစိန်ရွာဘေးသို့ရောက်လာခဲ့ကြ၏။ ကျုံစိန်ရွာအနီးတွင် ကျနော်တို့ လူသိုက်ခဏနားနေစဉ် ရွာဖက်က ဓါတ်စက်သံကြားရ၏။ ဗိုလ်သိန်းစိုးက သတင်း မေးရန်ထွက်သွား၏။ ပြန်လာတော့ စကားမပြောနိုင်လောက်အောင် စိတ်သောကရောက်နေလေသည်။ သူ၏ညီမ အရင်းတမျှ ခင်တွယ်ရသော “နော်ဖောဂေ” သေဆုံးသွားခဲ့ပြီ။
နယ်စပ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးခဲ့ရတဲ့
မိုးသည်းသည်း တမနက်
ကျမရဲ့ ပူပင်ရိပ်ကို သတိထားမိတဲ့ ငှက်ကလေးတွေက
ဆိုနေတဲ့တေးကို ရပ်ပစ်လိုက်ကြတယ်။
တရွာလုံးကတော့ အသတ်ခံရတဲ့
မိသားစု ဆွေမျိုးများအတွက်
ပူဆွေးစိတ်နဲ့ အသံတွေ မထွက်နိုင်လောက်အောင်
တိတ်ဆိတ်နေကြရဲ့
ဒါပေမယ့်
တချိန်ချိန်မှာတော့ မွေးရပ်မြေဟာ
ပြန်လည်စည်ကားလာမှာပါ ... ...။
ဂွါတီမာလာနိုင်ငံ၊ ကွီချီတိုင်းရင်းသူလေး “မင်ချူးရာ” ကတော့ သူ့ရွာနဲ့ သူ့တိုင်းပြည်အတွက် အလုပ်တွေ အများကြီး လုပ်ပေးနိုင်ခဲ့သည်။
ကျုံစိန်ရွာသူလေး “နော်ဖောဂေ” အဖို့မူ သူမ၏ရည်ရွယ်ချက်များ ထမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဟု ယူဆရပါမည်။
ငြိမ်းဝေ
ကိုးကား
(၁) ခေတ်ပြိုင်ဂျာနယ် အမှတ် ၂၀၊၁၉၂၁-ခု
(၂) စပယ်ဖြူ မဂ္ဂဇင်း ၂၀၀၂-အောက်တိုဘာလ
ဧရာဝတီအင်တာနက် ၀က်ဘ်ဆိုဒ်မဂ္ဂဇင်းတွင် ၂၀၀၅ခု အတွင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
၁။
အိမ်ရှေ့ခန်းသို့လှမ်းနေသည့် ကျနော့်ခြေလှမ်းများမှာ တံခါးဘေးတွင်တုန့်ကနဲရပ်သွားရ၏။ အိမ်ရှေ့ခန်းက စကားပြောသံများကို အတိုင်းသားကြားနေရ၏။ ကျနော့်အဖေနှင့်အမေတို့သည် ကျနော်နှင့်ပါတ်သက်သည့်စကားကို ကျနော်ကြားနိုင်သည်အထင်နှင့် တမင်ကြားအောင်ပြောနေကြသည်ဟုပင် တွေးမိသည်။
“အေးပါ အကိုနားလည်ပါတယ်ကွာ၊ ဒါကြောင့်မို့ မင်းကိုမေးနေတာပေါ့၊ အကိုမေးတာသာ မင်းဖြေစမ်းပါ”
“အော် ... အကိုရယ်၊ လူတယောက်ကို တနေကုန်ထိုင်ကြည့်နေလို့ကောရမလား အကိုရဲ့ ပြီးတော့ အကိုလည်း ညတုန်းက သားကို ရေလည်အောင်ရှင်းပြပြီးပြီဆို၊ သားကလည်း ဒီလောက်တော့ မမိုက်ပါဘူးအကိုရယ်”
“သားကို အကိုနားလည်ပါတယ်၊ ဒါပေမယ့် ဒါမျိုးက စိတ်မထိန်းနိုင်ရင်ခက်တယ်ကွ၊ အခုပဲ အော်တဲ့ဟစ်တဲ့အသံတွေကြားနေရတယ်မို့လား၊ တော်ကြာ အကိုမရှိတုန်း၊ သားက ဒါတွေကြားပြီး စိတ်မထိန်းနိုင်လို့သွားပြီး ပြဿနာရှာရင် အားလုံးဒုက္ခရောက်ကုန်မယ်၊ွ။အဲဒါ ... သားကို မင်း နိုင် အောင်ထိန်းနိုင်ပါ့မလားလို့ အကိုမေးနေတာပေါ့၊ ဒီနေ့လိုနေ့မျိုးမှာ ရုံးမတက်လို့ကလည်း မဖြစ်ဘူးလေကွာ”
“ညွန့်” ရုပ်ရှင်ရုံဖက်ဆီက အော်ဟစ်ကြွေးကြော်သံများ ကြားနေရ၏။ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ(ထိုစဉ်က ပီကင်းဆန့်ကျင့်ရေးဟုပြောခဲ့ကြ၏) ဆီက အော်ဟစ်ဆူညံသံများကို သွန်းဘုရားလမ်းထဲမှ အတိုင်းသားကြားနေရ၏။ ကျနော်က ‘ကိုစန်းမောင်’ ၊ ‘ကိုဦး’ နှင့် ‘ကိုခါး’ တို့ကို တွေးနေမိသည်။ သူတို့တတွေ ဘယ်ဆီရောက်နေကြပြီလဲ။ ဘာတွေများလုပ်နေကြပြီလဲဟုတွေးနေမိပြန်သည်။
“ကိုင်း၊ ဒီလိုလုပ်မယ်၊ ရုံးကို အကိုခဏပဲသွားမယ်၊ ရုံးမှာစီစဉ်စရာရှိတာစီစဉ်ပြီး အိမ်ပြန်လာခဲ့မယ်၊ သားကိုတော့ မင်းလည်းထိန်းနိုင်မှာမဟုတ်ဘူး၊ သားကို သူ့အခန်းထဲမှာပဲ တံခါးပိတ် သော့ခတ်ပြီးထားခဲ့မယ်၊ သားက ဘာမှမလုပ်ပါဘူးလို့ ကတိပေးလည်း၊ အကိုကတော့ စိတ်မချဘူး”
ညက အဖေနှင့်ကျနော် ငြင်းခုန်ခဲ့ရသည်များကို ပြန်ပြီးတွေးမိသည်။ တရုပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများမှာ လက်ရှိအစိုးရက သူ၏ အကြပ်အတည်းများကို လူထုအာရုံပြောင်းအောင်တမင်ဖန်တီးသည့် လူမျိုးရေးပဋိပက္ခသာဖြစ်ကြောင်း ကျနော်၏အယူအဆကို အဖေကမကန့်ကွက်။ သို့သော် ယင်းတရုတ် ဆန့်ကျင်ရေးဆန္ဒပြပွဲကို မပျက်ပျက်အောင်ဖျက်ရမည်ဟု ပြောခဲ့သည့်စကားကိုမူ အဖေက အပြင်းအထန် ဆန့်ကျင်၏။ သည်နည်းမှာ မှားယွင်းသည့်ဖြေရှင်းနည်းဖြစ်ပြီး ကိုယ်သာလျှင်ဒုက္ခဖြစ်မှာသေချာကြောင်း အဖေကရှင်းပြ၏။ သားအဖနှစ်ဦး အချိန်အတန်ကြာငြင်းခုန်ခဲ့ကြပြီးမှ အဖေ၏သဘောထားကို ကျနော်လက်ခံခဲ့ရခြင်းဖြစ်သည်။ တရုပ်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ကျနော့်အနေနှင့် မည်သို့မျှ မနှောက်ယှက်ပါဘူးဟူသည့်ကတိကို ကျနော်ပေးခဲ့ရ၏။ သို့နှင့်တိုင် ... အဖေသည်ကျနော့်ကို စိတ်မချ။ ထို့ကြောင့် မနက်မိုးလင်းလို့ ရုံးမသွားမှီအချိန် အမေနှင့်အချီအချစကားပြောဆိုပြီးနောက် ကျနော့်ကို အိမ်ခန်းအတွင်းသို့ဝင်စေ၏။ အပြင်ဖက်မှတံခါးကို သော့ခတ်ပြီးမှ အဖေရုံးသွား၏။ ထိုနေ့မနက်က အဖေရုံးမှအိမ်သို့ပြန်မလာမှီ တနာရီနီးပါးမျှကြာအောင် ကျနော့်မှာ အခန်းတွင့်းအောင်းနေခဲ့ရ၏။
“ညွန့်”ရုပ်ရှင်ရုံရှေ့မှ အော်သံဟစ်သံ ကြွေးကြော်သံများကိုမူ အခန်းတွင်းမှပင် ကျနော်ကြား နေရလေသည်။
၂၊
“စစ်သည် ကျွန်ုပ်တို့ခန္ဓာကိုယ်များကို စွန့်လှူရုံမျှနှင့်လုံလောက်မည်မဟုတ်”...ဤစာကြောင်းလေးမှာ၊ ၁၉၄၅ ခုနှစ်အတွင်းတုန်းက ဆော်လမွန်ကျွန်းစုတိုက်ပွဲတွင် ကျဆုံး သွားခဲ့သည့် ဂျပန်စစ်သားလေး “ဂိုရို ဖူနာကာတာ”ရေးခဲ့သည့် မိတ်ဆွေဖြစ်သူ‘အိုကန်ဒါ’ထံပေးစာ ထဲမှ စာကြောင်းတကြောင်းဖြစ်သည်။ “ဖူကူနာကာ”မှာ ၀ါဆေဒါတက္ကသိုလ်ကျောင်းသားတဦးဖြစ်ပြီး ၁၉၄၁ ခုနှစ်တွင် စစ်တပ်ထဲသို့ဝင်ခဲ့ရသည့် လူငယ်တဦးဖြစ်သည်။
“ပြုံးနေသော မေမေ့မျက်နှာကိုနမ်းလျက်
ကြေက်ရွံ့ခြင်းမရှိ
ဝမ်းနည်းခြင်းမရှိ
ကြိုးစင်ပေါ်သို့ ကျနော်တက်ပါမည်။
မနက်ဖြန်ဆိုလျှင်
တရွေ့ရွေ့ပြောင်းနေသော
နံနက်ခင်း၏ နေရောင်ခြည်တန်းပေါ်တွင်
ကျနော် စီးနင်းလိုက်ပါသွားပါမည်
ဤအခါတွင်
လေလည်းမရှိ၊ မိုးလည်းမရှိတော့ချေတကား ...။”
ဤကဗျာတိုလေးမှာ ဂျပန်စစ်သားလေး‘ဟီစာအို ကီမူရာ’ရေးခဲ့သည့် မိဘများထံပေးစာထဲမှ ကဗျာတိုလေးဖြစ်သည်။ သူသည် စစ်ထဲမ၀င်ခင်က တိုကျိုတက္ကသိုလ်၊ နိုင်ငံရေးဘောဂဗေဒ ကျောင်းသားဖြစ်ခဲ့၏။ အသက် ၂၈ နှစ်၊ ၁၉၄၆ ခု၊ မေလ-၂၃ ရက်နေ့တွင် စင်ကာပူမြို့ ချန်ဂီအကျဉ်းထောင်ထဲတွင် စစ်ရာဇ၀တ်ကောင်အဖြစ် ကြိုးပေးခံခဲ့ရ၏။ သူသည် ကွပ်မျက်မခံရခင်နာရီဝက်အလို အချိန်တွင် ဤစာကိုရေး ခဲ့ခြင်းဖြစ်လေသည်။
“မိုးရာသီရောက်တော့မယ်၊ ပုရစ်အော်သံ၊ တောတောင်တွေက သစ်ရွက်ကြွေသံတွေက ကျနော်သေရတာကို သတိပေးနေပါလိမ့်မယ်”
သည်စာကြောင်းလေးမှာ ၁၉၄၅ ခု၊ သြဂုတ်လ-၆ ရက် ‘ဟီရိုးရှီးမား’မြို့ပေါ် အမေရိကန်တို့ ကျဲချသောအနုမြူဗုံးဒဏ်ကြောင့်
့်သေရအံ့ဆဲဆဲအချိန်တွင် ရေးခဲ့သည့် ဂျပန်စစ်သားလေး ‘မီနိုရှူ ဆူဇူကီ’၏ စာထဲမှ စာကြောင်းလေးဖြစ်သည်။ သူသည် စစ်ထဲမ၀င်ခင်က တိုကျိုတက္ကသိုလ် ဥပဒေတန်းကျောင်းသား တဦးဖြစ်၏။
“မျက်နှာသုပ်ပုဝါကို လက်တွင်ကိုင်ရင်း ကွင်းပြင်အစပ်နား၌ရပ်ကာ၊ ပုရစ်အော်သံ၊ ဖားအော်သံတွေကိုနားထောင်နေမိသည်။ ငယ်စဉ်ဘ၀ကို ပြန်လည်သတိရလာသည်။ လရောင်အောက်တွင် ရွန်းမြနေသောကြာပွင့်နှင့်တူသည့် ဤဘ၀မှာ အဘယ်မျှစိတ်ပျက်ဘွယ် ကောင်းလှသနည်း”
ဤစာသားမှာ အသက် ၂၃ နှစ်အရွယ် ဂျပန်စစ်သားလေး‘ယာဇူအို အီချီဂျီမာ’ နောက်ဆုံး ရေးခဲ့သည့် နေ့စဉ်မှတ်တမ်းထဲမှ စာသားများဖြစ်သည်။ သူသည် တိုကျိုမြို့ ၀ါဆေဒါတက္ကသိုလ်ကျောင်းသားဘ၀မှစစ်ထဲသို့ဝင်ခဲ့ပြီး အိုကီနာဝါကျွန်း အရှေ့တောင်ဘက် ပင်လယ်ပြင်တွင် အသေခံလေယာဉ် နှင့်အတူ ကျဆုံးခဲ့သူဖြစ်၏။
“ရက်စက်ကြမ်းကြုတ်မှုသည် ကမ္ဘာပေါ်ထွန်းစက စ၍ ပြုပြင်၍မရသော လူ့သဘာဝ၏ အရင်းအမြစ်တခုဖြစ်လာခဲ့၏။ ဤစစ်ပွဲအတွင်း တရားမျှတမှုဆိုသည့်ကိစ္စ လုံးဝမရှိ။ လူမျိုးအချင်းချင်း မုန်းတီးမှုပေါက်ကွဲခြင်းသာရှိ၏။ ဤလူမျိုးတို့သည် တဦးနှင့်တဦးဆန့်ကျင်ကာ အားလုံးပျောက်ကွယ် သွားကြချိန်အထိ တဖက်နှင့်တဖက် စစ်ပွဲတွေဆင်နွှဲနေကြပေလိမ့်မည်”
ဤစာပိုဒ်မှာ အသေခံလေယာဉ်နှင့်အတူ အိုကီနာဝါကမ်းလွန်ပင်လယ်ပြင့် ကျဆုံးခဲ့သူ ဂျပန် စစ်သားလေး ‘နိုဘူ ဟာစီဂါဝါ’ရေးခဲ့သည့် နေ့စဉ်မှတ်တမ်းစာအုပ်မှ စာပိုဒ်တပိုဒ်ဖြစ်၏။ သူသည် စစ်ထဲမ၀င်ခင်က မီအီဂျီကောလိပ်ကျောင်းသားတဦးဖြစ်လေသည်။
“ဂျပန်ဟာ ထာဝစဉ်တည်မြဲချင်တယ်ဆိုရင် လစ်ဘရယ်ဖြစ်တဲ့အုပ်ချုပ်မှုတရပ်ကျင့်သုံးရမယ်လို့ ကျနော်အမြဲတမ်းတွေးခဲ့မိတယ်။ အခုတော့ တကယ့်အာဏာာရှင်စနစ်ဆီကိုသွားနေတဲ့ ဒီအချိန်မှာ ဒီစကားမျိုးပြောရင် ရီစရာသက်သက်ဖြစ်နေတော့မပေါ့”
ဒါကတော့ ၁၉၄၅ ခု၊ အိုကီနာဝါရှိ၊ ကာတေနာကမ်းပေါ်သို့ တက်လာသည့် အမေရိကန်တပ် များနှင့်ရင်ဆိုင်တိုက်ခိုက်ရင်း ကျဆုံးရသည့် ဂျပန်စစ်သားလေး‘ရီယိုဂျီ ယူအီဘာရာ’ ၏ မှတ်စုစာအုပ်ထဲမှ စာသားတချို့ဖြစ်သည်။ သူသည် စစ်ထဲမ၀င်ခင်က တိုကျိုမြို့၊ ကီအီအိုတက္ကသိုလ်ကျောင်းသား တဦးဖြစ်၏။
“အာဏာရှင်နိုင်ငံတွေဟာ အဆုံးတနေ့မှာ ကျဆုံးရမှာပါပဲ၊ သူတို့ရဲ့ထွန်းပြောင်မှုဟာ ခဏပါပဲ၊ ဒါကိုဝန်ရိုးတန်းနိုင်ငံတွေက စစ်ကြီးအတွင်းမှာ သာဓကပြခဲ့ပြီ၊ ဖက်ဆစ်အီတလီဘာဖြစ် လာသလဲ၊ ၀ိုင်းဝန်းထိုးနှက်တာခံနေရတဲ့ နာဇီဂျာမဏီရော လယ်လိုဖြစ်ကုန်သလဲ၊ ဒီအာဏာရှင်နိုင်ငံတွေဟာ မခိုင်တဲ့အုတ်မြစ်ပေါ်ဆောက်ထားတဲ့ အိမ်နဲ့မတူဘူးလား ...”
“ခါမီခါဇေလေသူရဲတွေဟာ စက်ရုပ်တွေပါလို့ သူငယ်ချင်းတယောက်က ပြောခဲ့ဖူးတယ်၊ အခု ... ဒီစကားကို ကျနော်ယုံစပြုပြီ။ ကျနော်ဟာ စက်ခလုပ်နှိပ်ရာကို လိုက်လုပ်နေရတဲ့ စက်ရုပ်ပါပဲ၊ ကျနော့်မှာခံစားမှုလဲမရှိဘူး၊ ကျနော့်စိတ်နဲ့ကိုယ်ကိုလဲ မပိုင်ဘူး။ ကျနော့်ဆင်ခြင်တုံတရားကိုလဲ အသုံးပြုဘို့ ပိတ်ပင်ထားခြင်းခံနေရပါတယ်”
သည်စာပိုဒ်များမှာ သေဆုံးမယ့်နေ့အထိရေးခဲ့သည့် ဂျပန်စစ်သားလေး‘ယိုရှီ မီယာဂီ’၏ မှတ်စုစာအုပ်ထဲမှ စာပိုဒ်များဖြစ်၏။ သူသည် ၁၉၄၅ ခု၊ မေလ ၁၉ ရက် အိုကီနာဝါကမ်းလွန်တွင် အမေရိကန်စစ်သင်္ဘောပေါ် အသေခံထိုးစိုက်ချလိုက်သည့် လေယဉ်နှင့်အတူ ကျဆုံးခဲ့၏။ သူသည် စစ်ထဲမ၀င်ခင်က ကီအီအိုတက္ကသိုလ်ကျောင်းသားတဦးဖြစ်လေသည်။
၃။
“သူတို့တတွေနေ၀င်ချိန်” စာအုပ်ထဲက တချို့သောစာပိုဒ်များနှင့် ပထမဖတ်ရှုစဉ်က မျဉ်းသားထားသည့်စာပိုဒ်များကို နောက်ထပ်တကြိမ်ပြန်ဖတ်နေမိသည်။ တည်းဖြတ်သူ၏ “စကားချီင်္း” တွင်ပါရှိသည့် “ကျနော့်စိတ်ဆန္ဒအလျောက် အသေခံခြင်းမဟုတ်ပါ၊ ၀မ်းနည်းမှုမရှိပဲ သေရသည်လည်း မဟုတ်ပါ” ဟူသည့် ဂျပန်စစ်သားလေး၊ အသေခံလေသူရဲ‘အာကီယိုအော့စုဘာ’၏ သေတန်းစာကိုဖတ်ကာ ကျနော့်မှာသက်ပြင်းချမိလေသည်။
သည်စာအုပ်မှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း အာရှအရှေ့ဖျားဒေသ တရုပ်ပြည်၏ တော တောင်များအတွင်း၊ ပစိဖိတ်ကျွန်းစုများပေါ်နှင့် မြန်မာပြည်၏ တောကြီးမျက်မည်းထဲ၌ စစ်တိုက်ရင်း အကြောင်းအမျိးမျိုးနှင့် ကျဆုံးခဲ့ကြရသည့် ဂျပန်ကျောင်းသားလူငယ်(၃၂)ယောက်တို့၏ မသေခင်ရေးခဲ့ကြသည့် သေတမ်းစာများ၊ မှတ်စုများ၊ နေ့စဉ်မှတ်တမ်းများကို စုစည်းထုတ်ဝေသည့် စာအုပ်ဖြစ်၏။ ဂျပန်ဘာသာမှ ဘာသာပြန် တည်းဖြတ်ထုတ်ဝေသူမှာ ‘ဂျင်းလာတဂေး’ဖြစ်ပြီး မြန်မာဘာသာပြန်ဆိုသူမှာ ‘မောင်နေ၀င်း’ ဖြစ်လေသည်။
သည်စာအုပ်ကို ဖတ်ရှုနေချိန်တွင် ကျနော်သည် အသက် (၂၀)ကျော်အရွယ်၊ ပဲခူးမြို့တွင်နေထိုင်စဉ် “တရုပ်မြန်မာအဓိကရုဏ်း” အပေါ်မူတည်ကာ၊ ဖခင်နှင့်ကျနော် အခြေအတင်ပြောခဲ့ဆိုခဲ့ရသည်များကို လတ်လတ်ဆတ်ဆတ်ပြန်လည် သတိရနေခဲ့မိ၏။ ကျနော်တို့မြန်မာနိုင်ငံ လူမျိုးခြားအင်္ဂလိပ်လက်အောက်က မလွတ်မြောက်ခင်အချိန်၊ ‘ကုလားဗမာအဓိကရုဏ်း’ ဖြစ်ပွားခဲ့ခြင်းကိုလည်း ပြန်လည်စဉ်းစားနေခဲ့မိ၏။ ထိုအခါ ကျနော့်မှာ မေးခွန်းတချို့ကို အလိုလိုမေးမိလျက်သားဖြစ်လာရလေသည်။
ကမ္ဘာပေါ်၌ လူမျိုးရေးပဋိပက္ခများအဘယ့်ကြောင့် ဖြစ်ပွားလာရသနည်း။ လူမျိုးရေးပဋိပက္ခများကို မည်သူတွေကဖန်တီးပြီး မည်သူတွေက အားပေးအားမြှောက်လုပ်လေ့ရှိသနည်း။ ကျနော့်မှာ ဤမေးခွန်းများကို မေးလည်းမေး၊ ဖြေလည်းဖြေလုပ်နေခဲ့မိ၏။
အမှန်စင်စစ် ဂျပန်တို့၏ ‘ဖက်ဆစ်ဝါဒ’မှာ လူမျိုးရေးအမြင်ကျဉ်းသည့် အမျိုးသားရေးဝါဒမှ ပေါက်ဖွားလာခြင်းဖြစ်၏။ ဂျပန်တို့၏ ‘ဖက်ဆစ်ဝါဒ’ကို ဂျပန်အုပ်စိုးသူများက ဖန်တီးခဲ့ခြင်းဖြစ်ပြီး သူတို့ကပင် အားပေးအားမြှောက်လုပ်ခဲ့ကြ၏။ ကြွေကွဲဖို့ကောင်းသည်မှာ ဂျပန်တမျိုးသားလုံး ယင်း ‘ဖက်ဆစ်ဝါဒ’ နွံအတွင်း ခုန်ဆင်းခဲ့ကြရသည့်အဖြစ်ပင်ဖြစ်သည်။
၎။
ယခုအခါ ဤကမ္ဘာပေါ်၌ လူမျိုးရေးပဋိပက္ခ၊ လူမျိုးရေးအာဃာတနှင့်လူမျိုးရေးမျိုးဖြုတ်သတ်ဖြတ်မှု များမှာ နေရာအနှံ့တွင် ကြားနေကြရ၏။
ကျနော်တို့သည် သခွပ်ပွင့်ချိန်ရောက်တိုင်း၊ သခွပ်ပွင့်သည်ကိုတွေ့တိုင်း ‘သိကြား’ နှင့်‘အသူရာ’တို့ မကြေမချမ်းနိုင်စစ်ခင်းကြသည့် “အာဃာတစစ်ပွဲ”ကို မည်သည့်နည်းနှင့် အဆုံးသတ်နိုင်ကြမည်နည်း။ သို့မဟုတ် လူမျိုးတမျိုးနှင့်တမျိုးမထိခိုက်စေသည့် လူမျိုးများအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သည့် “နှင်းဆီထုံသောခေတ်” ကို မည်ကဲ့သို့ထူထောင်ကြမည်နည်း။
လတ်တလောအချိန်၌ ကျနော်တို့၏ ပါတ်ဝန်းကျင်တွင် သခွပ်ပန်းများလှိုင်လှိုင်ပွင့်နေ ကြသည်ကိုသာတွေ့နေရသည်မဟုတ်ပါလော။ ။
မောင်ဖူးတင့်
(၂၀၀၆-ခုနှစ်အတွင်းတုန်းက ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီးသည့် ဆောင်းပါးဖြစ်ပါတယ်။)
(၁)
၁၉၉၄ ခု၊ မတ်လ ၁၁ ရက်။
ညောင်းညာမှုကို ဖြေလျှော့သည့်အနေနှင့် ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားလိုက်သည့်အခါ ကျနော့် ခန္ဓာကိုယ်ပေါ်က လရောင်များမှာ ကစဥ့်ကလျားဖြစ်ကုန်ကြရ၏။ လရောင်တချို့မှာ ခန္ဓာကိုယ်ပေါ်မှတဆင့် ဘေးတွင်ရှိသည့် သစ်ရွက်ခြောက် များပေါ် ခုန်ချသွားကြ၏။ လရောင်တွင် လက်ကို မ ကာ နာရီကြည့်တော့ ညဥ့် (၁၁) နာရီ ထိုးကာနီးပြီ။ ကျနော့်မှာ အိပ်မပျော်နိုင်သေး။
အိပ်ယာမ၀င်ခင်က တပ်မဟာမှူး (ဗိုလ်မှူးချုပ်ကျော်လင်း) နှင့် ကျနော် စကားထိုင်ပြောသည်များကို ပြန်တွေးနေခဲ့မိသည်။ မနက်ဖြန်မနက်တွင် ကျောက်ဖြာရွာကို ခရီးထွက်ရလိမ့်မည်ဟု တပ်မဟာမှူးက ပြောခဲ့၏။ ကျနော့်နှင့်အတူ အဖော်အဖြစ် တပ်ကြပ်ကြီး ဖားတေး (ထိုစဉ်က တပ်ကြပ်ကြီးဖားတေးမှာ ဗိုလ်အဆင့်ရှိပြီဖြစ်သော်လည်း လူတိုင်းက သူ့ကို တပ်ကြပ်ကြီး ဟု ခေါ်နေကြသေး၏) ကို ထည့်ပေး လိုက်မည်ဟု စီစဉ်ပေးလေသည်။ ကျနော်က တပ်မဟာမှူး စီစဉ်ပေးသည့် ခရီးစဉ်ကို ရက်အနည်းငယ် ရွှေ့ချင်သည်ဟု ပြောရန် စဉ်းစားသေး၏။ သို့သော် ပါးစပ်ကမူ ပြောမထွက်ခဲ့။
တပ်မဟာ (၁) တပ်မဟာမှူးဗိုလ်မှူးကျော်လင်း ခေတ္တစခန်းချနေသည့် ယာယီပြောက်ကျားစခန်းကို ကျနော် ရောက်လာတော့ နေ၀င်စပြုပြီဖြစ်သည်။ မိဆိုင်းကျောက်တောင်၏ ခါးလည်မရှိတရှိနေရာ ဖြစ်သဖြင့် ပြောက်ကျားစခန်းမှာ တောအုပ်ထဲ
မြုပ်ဝင်ပျောက်ကွယ်လျက်ရှိ၏။ အနားယူပြီး ထမင်းစားပြီးသည့်အခါ ကျနော်နှင့် တပ်မဟာမှူးတို့ စကားထိုင်ပြောကြ၏။ ထိုစဉ်မှာပင် တပ်မဟာမှူးက ကျနော့်ကို မနက်ဖြန် ခရီးထွက်ဖို့ ပြောလာခဲ့ခြင်းဖြစ်သည်။ ပြောက်ကျားစခန်းတွင် တညပင် မအိပ်ရသေးခင် နောက်တနေ့တွင် ခရီးထွက်ရမည်ဟု ဆိုသောအခါ ကျနော့်မှာ အံ့အားသင့်သွားရ၏။ ထို့အပြင် အခက်အခဲ တခုနှင့်လည်း ကြုံရတော့၏။
တပ်မဟာမှူး၏ ပြောက်ကျားစခန်းသို့ ကျနော် ရောက်မလာခင်ကတည်းက တပ်မဟာမှူးထံ ကြိုတင်သတင်း ပို့ထားခဲ့ပြီဖြစ် သည်။ ကော့ကရိတ်၊ ဖာပွန်၊ နွေရာသီသုံးကားလမ်းတလျှောက်တွင်၊ နအဖစစ်တပ်များက ဒေသခံကရင်ရွာသားများကို “လူသားမိုင်းရှင်းကိရိယာ”များအဖြစ် အဓမ္မသုံးနေခြင်းသတင်းကို ရယူရန် ခရီးထွက်လာခြင်းဖြစ်ကြောင်း ကြိုတင်သတင်း ပို့ထားခဲ့၏။ ယခုကဲ့သို့ တော်လှန်ရေးဌာနချုပ်ကြီးမှ အသံလွှင့်ဌာန သတင်းထောက်တဦး ရှေ့တန်းသို့ဆင်းလာမည့်ကိစ္စ ကြိုတင်ပြီးသိထားရသဖြင့် တပ်မဟာမှူးအပါအ၀င် ရဲဘော်များအားလုံးမှာ ကျနော့်ကိုလှိုက်လှဲစွာကြိုဆိုခဲ့ကြ၏။ လိုအပ်သလို အစွမ်းကုန် အကူအညီပေးရန် စိတ်အားတက်ကြွလျက်ရှိကြ၏။ သို့သော် ခရီးရောက်မဆိုက် နောက်တနေ့မနက်မှာပင် ခရီး ထွက်မှဖြစ်မည်ဟု တပ်မဟာမှူးက စီစဉ်လိုက်သောအခါမူ ကျနော့်မှာ အခက်အခဲတခုနှင့် ရင်ဆိုင် ရတော့၏။ အများနည်းတူ တက်ကြွလျက်ရှိသည့် ကျနော့်စိတ်မှာ တုံ့ကနဲ တန့်သွားရ၏။
တပ်မဟာမှူး၏ ယာယီပြောက်ကျားစခန်းသို့ အလာလမ်းတွင် ကျနော်စဉ်းစားလာခဲ့သည့် အစီအစဉ်မှာ ပျက်မလိုဖြစ်သွား ရ၏။ မာနယ်ပလောဌာနချုပ်မှ ထွက်ခွာစဉ်က ကျနော့်တွင် ‘ဖလင်’တလိပ်မျှ ပါမလာခဲ့။ ယုတ်စွအဆုံး ‘ကင်မရာ’ကိုပင် မယူလာနိုင်ခဲ့။ မိမိရရှိထားသည့်သတင်းကို လက်လွတ်မခံနိုင်သဖြင့်သာ ခရီးစရိတ် ငွေဘတ် ၃၅၀ ကို တာဝန်ခံဖြစ်သူထံမှ ထုတ်ယူလျက် လူကြုံနှင့် ရှေ့တန်းသို့ ဆင်းချခဲ့ခြင်း ဖြစ်သည်။ ကင်မရာကိုမူ မဲပလိရွာက ရွာငှားကျောင်းဆရာလေး ကိုချစ်နိုင်ထံမှ အကျိုးအကြောင်းပြောပြပြီး ငှားလာခဲ့ရ၏။ မိသားစုအပျော်တမ်းရိုက် အလိုအလျောက် အနီးဝေး ချိန်ပြီး ဖြစ်သည့် ကင်မရာကလေးကို ကျနော် ငှားလာခဲ့ခြင်းဖြစ်သည်။ လိုအပ်နေသေးသည့် ဖလင်ကိုမူ တပ်မဟာမှူးနှင့် တွေ့လျှင်ပဲဖြစ်ဖြစ် နယ်မြေတာဝန်ခံတဦးဦးနှင့် တွေ့လျှင်ပဲဖြစ်ဖြစ် အကူအညီတောင်းကာ ကမ္မမောင်းသို့ လူလွှတ်ပြီး
ဝယ်ခိုင်း မည်ဟု စဉ်းစားထားခဲ့၏။ သို့နှင့် ဖလင်မပါသည့် ကင်မရာလေးကို ပိုက်ခါ ပြောက်ကျားစခန်းကို ကျနော် ရောက်လာခဲ့၏။ စခန်းသို့ ရောက်လျှင်ရောက်ချင်း ရဲဘော်လေးနှစ်ဦးက အမှတ်တရဓာတ်ပုံရိုက်ပေးဖို့ ပြောသည့်အခါ ကျနော့်မှာ ဖလင်မပါသည့် ကင်မရာကလေးကို ယုတ္တိရှိရှိကိုင်ကာ စိတ်မသက်မသာနှင့် ခလုတ်နှိပ်ပြီး ရိုက်ပေးခဲ့ရ၏။ ဓာတ်ခဲထည့်ထားသဖြင့် မီးဝင်းကနဲ လက်သွားပြီးနောက် ကျေနပ်ကြည်နူး နေကြသည့် ရဲဘော်လေးနှစ်ဦးကိုကြည့်ကာ ကျနော့်မှာ မျက်နှာမထားတတ်အောင် ဖြစ်နေသေး၏။ ခရီးရောက်မဆိုက် ဖလင်မပါသည့်ကိစ္စကို ဖွင့်မပြောပြလိုသဖြင့်သာ ရဲဘော်နှစ်ဦး စိတ်ချမ်းသာအောင် ခလုတ်နှိပ်ပေးခဲ့ရခြင်းဖြစ်သည်။ နောက်တနေ့တွင်မှ ကမ္မမောင်းသို့ လူလွှတ်ပြီး
ဖလင်ဝယ်ပြီးကာမှ ထိုရဲဘော်လေး နှစ်ယောက်ကို စိတ်ကျေနပ်အောင် ထပ်ရိုက်ပေးဖို့ စဉ်းစားထားခဲ့၏။
ထမင်းစားပြီးသည့်နောက် တပ်မဟာမှူးနှင့် စကားထိုင်ပြောနေစဉ် မနက်ဖြန်မနက် ခရီးထွက်ရမည်ဟု သိရသောအခါ ကျနော့်မှာ အခက်အခဲနှင့် ထပ်ပြီးကြုံရပြန်တော့သည်။ တပ်မဟာမှူး၏စကားများကို နားထောင်နေပေသည့် ကျနော့်စိတ်က ကမ္မမောင်းသို့ လူလွှတ်ပြီး ဖလင်ဝယ်ခိုင်းရမည့်ကိစ္စကိုသာ တွေးနေမိ၏။ ကမ္မမောင်းသို့လူလွှတ်ပြီး ဖလင်ဝယ်ခိုင်းပြီးနောက် ကျောက်ဖြာရွာသို့ လိုက်ပို့ရန်ပြောမည်ဟု စဉ်းစားသော်လည်း ထိုစိတ်ကူးမှာ လက်တွေ့တွင် မဖြစ်နိုင်သည်ကို ကျနော် သိလာရ၏။ ကမ္မမောင်းသို့ လူတယောက်စေလွှတ်ပြီး ဖလင်အ၀ယ်ခိုင်းကာ ကျောက်ဖြာရွာသို့ ဖလင်လိုက်ပို့လျှင် လမ်းတွင် မလွဲမသွေ တညအိပ်ရလိမ့်မည်ဆိုသည်ကို ရဲဘော်ကလေးများပြောထားသဖြင့် ကျနော် သိထားပြီးဖြစ်သည်။ ထို့ကြောင့် သဘက်ခါမနက် ကျောက်ဖြာရွာသို့ ဆင်းချလာမည့်နအဖစစ်ကားတန်းမဆင်းခင် အချိန်မှီ ဖလင်ရောက်လာ နိုင်ဖို့ဆိုသည်မှာ ဘယ်နည်းနှင့်မျှမဖြစ်နိုင်သည်ကို ကျနော် တွေးမိလာရ၏။ ဒီအခက်အခဲကြောင့် နောက်အပတ် ကားတန်းအဆင်းအတက် ကျမှ ဓာတ်ပုံသွားရိုက်မည်ဟု ဆိုကာ ခရီးထွက်မည့်ရက်ကို စဉ်းစားနေစဉ် တပ်မဟာမှူးက မနက်ဖြန်မနက်တွင် ခရီး မထွက်ဘဲ နေလို့မဖြစ်ဟု ဆက်ပြောလာခဲ့၏။
သည်တကြိမ် ကားတန်းအဆင်းမှာ သည်ရာသီ သည်နှစ်အတွက် နောက်ဆုံး ဆင်းချလာသည့် ကားတန်း ဖြစ်ဖို့များသည်ဟု ဆိုသဖြင့် ခရီးထွက်မည့်ရက်ကို ရွှေ့လို့မဖြစ်တော့ကြောင်း ကျနော် တွေးမိ၏။ ကျနော့်အခက်အခဲကိုဖွင့်ပြောပြီး ခရီးထွက်ဖို့ အစီအစဉ်ကို ဖျက်ဖို့ဆိုသည်မှာလည်း မဖြစ်နိုင်။ တော်လှန်ရေး ဗဟိုဌာနချုပ်ကြီးမှ ဆင်းချလာသည့် သတင်းထောက် တဦးတွင် ဖလင်တလိပ်မျှ ပါမလာနိုင်ခဲ့သည်ကို အမှန်အတိုင်း ဖွင့်ပြောသည့်တိုင် တပ်မဟာမှူးအဖို့ ယုံရခက်ခက် ရှိလိမ့်မည် ကို ကျနော်တွေး၏။ ထို့ပြင် လူသားမိုင်းရှင်းကိရိယာအဖြစ် အဓမ္မစေခိုင်းနေခြင်းသတင်းကို စွန့်စွန့်စားစား သွားရောက်ကာ ဓာတ်ပုံရိုက်ယူလိမ့်မည်ဟူသော သတင်းကြောင့် တက်ကြွလျှက်ရှိသည့် တပ်မဟာမှူးအပါအ၀င် ရဲဘော်များ၏စိတ်ကို ကိုယ့်ချို့ယွင်းချက်ကြောင့် အနှောက်အယှက် မဖြစ်စေချင်တော့။ ထို့ကြောင့် ဖလင်မပါသည့် ကင်မရာကိုပိုက်ကာ မနက်ဖြန် မနက်တွင် ကျောက်ဖြာရွာသို့ ကျနော်ခရီးထွက်ရတော့မည်။ အစီအစဉ်အတိုင်း လက်ခံမည့်အကြောင်း တပ်မဟာမှူးကို ကတိပေးလိုက်ရ၏။
မည်သို့ပင်ဖြစ်စေ … သတင်းထောက်တဦးအဖို့ ကင်မရာ (သို့မဟုတ်) ဖလင်မရှိသည့်တိုင် မျက်စေ့ဖြင့် မြင်သမျှကိုပင် သတင်းတပုဒ်ဖြစ်အောင်ရေးရင်လည်း ရတာပါပဲဟု ကိုယ့်ကိုကိုယ် အားပေးကာ တပ်မဟာမှူးရှေ့မှ ထပြန်လာခဲ့ရ၏။
(၂)
၁၉၉၄ ခု၊ မတ်လ ၁၃ရက် နံနက် ၈း၀၀ နာရီ …။
ကျနော်တို့ပုန်းအောင်းနေရာ တောင်ကမူလေး၏ခြေရင်းတွင် ကျောက်ဖြာရွာထဲက ထွက်လာသည့် ကားလမ်းကို မြင်နေရ၏။ မကြာခင် ရွာထိပ်မှ လူသံများကြားရသလိုရှိကာ လူနှစ်ဆယ်အစိတ်မျှ ရှိမည်ထင် ရသည့် လူအုပ်ကို တွေ့လာရ၏။ တံမြက်စည်းကိုယ်စီကိုင်ပြီး ကားလမ်းမပေါ် တံမြက်လှည်းရင်း လျှောက်လာ နေသည့် လူအုပ်မှာ တောင်ကမူလေး၏ ခြေရင်းသို့ ရောက်လာကြ၏။ ကျနော့်မှာ ကြေကွဲတုန်လှုပ်ဖို့ ကောင်းလှသည့် မြင်ကွင်းကို ကြည့်ကာ အသက်မရှူနိုင်အောင် ငြိမ်နေမိ၏။
“ဆရာကြီး … ဆရာကြီး၊ ရိုက်လေဗျာ”
ဘေးတွင်ကပ်ထိုင်နေသည့် တပ်ကြပ်ကြီးဖားတေး၏ သတိပေးစကားကြောင့် ကျနော့်ခန္ဓာကိုယ်မှာ ကျင်စက်နှင့် တို့လိုက် သလို တွန့်သွားရ၏။ ထိုအခါကျမှ သတိရကာ ဖလင်မပါသည့် ကင်မရာလေးကို လွယ်အိတ်ထဲမှထုတ်လျှက် ဟန်ပါပါချိန် လိုက်ရ၏။ ကျနော်တို့ရှေ့တွင် အသက်အရွယ်ကြီးရင့်သူ အဖွားအို တချို့နှင့် ကလေးငယ်တချို့သာပါသည့်လူအုပ်မှာ တံမြက်စည်း ကိုယ်စီလှည်းကာ လမ်းလျှောက်နေကြ၏။ လမ်းဘေးနှစ်ဖက်တွင်မူ ဂျီ ၃ သေနတ်အသင့်ကိုင်ကာ စောင့်ကြပ် လိုက်ပါသည့် နအဖစစ်သားတချို့ ကိုလည်း တွေ့ရ၏။ ကျနော်က မျက်စေ့မှိတ် တံတွေးမြိုချကာ ကင်မရာခလုတ်ကို တချက်ချင်း နှိပ်နေခဲ့မိ၏။ မီးပွင့်ရှေ့တွင် လက်ဖြင့် ပိတ်ကာထားသဖြင့် မီးရောင်မလက်သော်လည်း ကင်မရာမောင်း ကျသံကို အတိုင်းသားကြားနေရ၏။ ဆယ်ကြိမ် ဆယ့်ငါးကြိမ်မျှ ခလုတ်ကို နှိပ်ပြီးသောအခါ ကင်မရာလေးကို လွယ်အိတ်ထဲ သို့ ပြန်ထည့်ထားလိုက်၏။ ဘေးတွင်ပုန်းကွယ်ထိုင်နေကြသည့် တပ်ကြပ်ကြီးဖားတေးနှင့် ကျောက်ဖြာရွာသား ၂ ဦးဆီ မသိမသာလှည့်ကြည့်တော့ ကျေနပ်ဂုဏ်ယူလျှက်ရှိသည့် လူသုံးဦး၏ မျက်နှာများကို အထင်အရှားတွေ့လိုက်ရလေသည်။
(၃)
ကျောက်ဖြာရွာထဲက လူတယောက်ထွက်လာကာ ကျနော်တို့ ပုန်းအောင်းနေရာတောင်ကုန်းကို မော့ကြည့်နေ၏။ ပြီးတော့မှ တောင်ကုန်းပေါ်တက်လာလေသည်။ ထိုသူမှာ ကျောက်ဖြာရွာသူကြီး ဦးအောင်မောင်းဖြစ်ကြောင်း တပ်ကြပ်ကြီးဖားတေးက ပြောပြ၏။
“ဘယ်မလဲဟေ့ … ဓာတ်ပုံဆရာ၊ ဓာတ်ပုံဆရာ ဘယ်မလဲ”
ကျနော်နှင့် တပ်ကြပ်ကြီးဖားတေးတို့က ကျောက်ဖြာရွာသူကြီး ဦးအောင်မောင်းရှေ့တွင် သွားရပ်လိုက်၏။
“ကျနော်ပါပဲ ဦးလေး … ဘာကိစ္စရှိလို့လဲ”
“ခင်ဗျားတို့ ဒီမှာစောင့်ပြီး ဓာတ်ပုံရိုက်ရင် ကားတန်းမဆင်းခင် ကြိုပြီးလမ်းရှင်းတဲ့ ကင်းနဲ့ တည့်တည့်တိုးမှာပဲ။ အဲဒါ ပစ်လား ခတ်လားဖြစ်ရင် တရွာလုံးမီးတင်ရှို့ခံရမှာ သေချာတယ်။ ဒီလိုလုပ် ကားတန်းဆင်းတာ ဓာတ်ပုံရိုက်ချင်ရင် ကျုပ်နဲ့လိုက်ခဲ့။ ရွာထဲက ကားလမ်းဘေးအိမ်မှာ ကျုပ်ပို့ထားမယ်။ အနီးကပ်ခိုးပြီး ကြိုက်သလိုသာရိုက်စမ်း။ ဒီမှာတော့ ခင်ဗျားတို့ စောင့်ရိုက် လို့မဖြစ်ဘူး”
ကျနော်တို့အားလုံး အပ်ကျသံကြားရမတတ် ငြိမ်ချက်သားကောင်းနေခဲ့၏။ ကျနော်က တပ်ကြပ်ကြီးဖားတေးကို ကြည့်သည်။ တပ်ကြပ်ကြီးဖားတေးကလည်း ကျနော့်ကို ကြည့်နေ၏။
“ဘယ်လိုလဲ တပ်ကြပ်ကြီး”
“ဆရာကြီးသဘောပဲ၊ ကျနော်တော့ မပြောတတ်ဘူး”
ကျနော်၏အမေးကို တပ်ကြပ်ကြီးဖားတေးက မယုတ်မလွန် အကြံပေး၏။
“ရွာထဲမှာ နအဖစစ်သားတွေ ရှိမလားမသိဘူး သူကြီး”
“ဟား … ရှိတာပေါ့၊ ရွာထိပ်က တပ်ခွဲအပြင် ဒီနေ့ကားတန်းဆင်းမှာမို့ ရွာထဲက တခြားနေရာက စစ်သားတွေပါ ရောက်နေ တယ်။ ရွာသားထက်တောင် များမလားပဲ။ ဒါပေမဲ့ ဘာမှစိတ်မပူပါနဲ့။ ကျုပ်ကိုယုံရင် လိုက်သာလိုက်ခဲ့။ လမ်းမှာတွေ့ရင် နှုတ်မဆက်နဲ့။ ကျုပ်ဖာသာကျုပ် ကြည့်ရှင်းမယ်။ မသကာ ခင်ဗျားကိုဖမ်းရင်လည်း မရမက လွတ်အောင် ကျုပ်လုပ်မယ်။ စိတ်ချ၊ လိုက်မယ် မလိုက်ဘူးဆိုတာသာ စဉ်းစား၊ အချိန်တော့မရဘူး၊ မြန်မြန်လုပ်ဗျ၊ အဲ … လိုက်မယ်ဆိုရင်လည်း ခင်ဗျားတယောက်တည်းပဲ လိုက်မှဖြစ်မယ်”
ရူးသွပ်မှုတခုပင် ဆိုရမလားမသိ …။ ရွာသူကြီး ဦးအောင်မောင်းနှင့်အတူ ကျောက်ဖြာရွာထဲသို့ လိုက်သွားရန် ကျနော် ဆုံးဖြတ်လိုက်၏။ အသံဖမ်းစက်နှင့် ဖလင်မပါသည့် ကင်မရာထည့်ထားသည့် လွယ်အိတ်ကို ဦးအောင်မောင်းထံပေးကာ တောင်ကုန်းပေါ်မှ ကျနော်တို့ ဆင်းချလာခဲ့ကြ၏။ ဦးအောင်မောင်းက လွယ်အိတ်ကို စောင်တထည်နှင့်ထုပ်ကာ သူ့ခါးတွင် ပတ်ထားလိုက်၏။
ကျောက်ဖြာရွာထဲသို့အ၀င် အိမ် ၅ လုံးမျှအကျော်တွင် ရှေ့မှလျှောက်လာသော နအဖစစ်သား ၃ ဦးကို တွေ့ရ၏။ ကျနော်က ဦးအောင်မောင်းနှင့် သုံးလေးလှမ်းအကွာမှလျှောက်လာခဲ့၏။ အနားသို့ရောက်တော့တပ်ကြပ်လုပ်သူက ဦးအောင်မောင်းအား နှုတ်ဆက်လေသည်။ စစ်သားသုံးယောက် ကျနော့်ဘေးက ကပ်ပြီးလျှောက်တော့ စစ်သားတဦးက ကျနော့်ကို ဖျတ်ခနဲ လှမ်းကြည့်သွားခဲ့သေး၏။ ဆင်းရဲသားရွာခံ ကရင်လူမျိုးတဦးလို ရုပ်ဖျက်ထားသော ကျနော့်မှာ ဒူးများခွေလုမတတ် တုန်လှုပ်နေခဲ့လေသည်။
(၄)
တဲပေါ်တွင် ကျနော်တဦးတည်းသာ ရှိနေ၏။ အသက် ၁၈ နှစ်ခန့်ရှိမည်ဟုထင်ရသည့် အိမ်ရှင်ကရင်မလေးက အတွင်းခန်း ထဲတွင် ကျနော့်ကို နေရာချပေးကာ တဲပေါ်က ဆင်းချသွားခဲ့၏။ ရင်ဆို့ မရှိတရှိမြင့်သည့် တဲအောက် ကျနော်ထိုင်နေရာ ကြမ်းပြင်၏အောက်တွင် တဦးတည်းထိုင်ပြီး နှီးဖြာနေလေသည်။
အိမ်ခန်းထဲတွင် တယောက်တည်းထိုင်ရင်း လှုပ်ရှားလျက်ရှိသည့်စိတ်ကို တည်ငြိမ်အောင် ဟိုတွေးသည်တွေး လုပ်နေခဲ့ရ၏။
မနေ့ကမနက် ယာယီပြောက်ကျားစခန်းမှ ခြေလျင်ထွက်ခွာလာခဲ့သည့် ကျနော်နှင့် တပ်ကြပ်ကြီးဖားတေးတို့မှာ ညနေ
နေ၀င်ရီတရောအချိန်ကျမှ ကျောက်ဖြာရွာထိပ်သို့ ရောက်လာနိုင်ခဲ့ကြ၏။ လမ်းတွင် ရွာနှစ်ရွာကို ဖြတ်လာခဲ့ရ၏။ ကျောက်ဖြာ ရွာထိပ်က တဲတလုံးပေါ် တက်ထိုင်လိုက်ကြသည့်အခါ နေရောင်မရှိသလောက်ပင် မှောင်နေလေပြီ။
မှေးကနဲအိပ်ပျော်ရာက လန့်နိုးလာတော့ မြန်မာလို ပီပီသသဆဲဆိုနေသည့်အသံကို မလှမ်းမကမ်းက ကြားရသဖြင့် အိပ်ယာက ကမန်းကတန်းထဖို့ ပြင်လိုက်မိ၏။
“ဗမာစစ်သားတွေပါ ဆရာကြီး … ကိစ္စမရှိပါဘူး။ ဒီလိုပါပဲ … ညတိုင်း ဒီလိုပဲ ဆဲဆိုပြီး စကားပြောကြတာပဲ၊ ဘာမှမဖြစ်ပါဘူး ဆရာကြီး”
ကျနော့်ဘေးက မီးဖိုဘေးတွင်ထိုင်နေသည့် ကရင်အဖိုးအိုက ကျနော့်ကို ရှင်းပြလိုက်ခြင်းဖြစ်သည်။ မနက်ဖြန် မနက်ခင်း ကားတန်းများဆင်းမည်ဖြစ်သဖြင့် ကျောက်ဖြာရွာထဲတွင် စစ်သားတွေ ရောက်နေ သည်ကို သတိရသွားရ၏။ ဗိုက်ထဲတွင် တကျုတ်ကျုတ်မည်အောင် ဆာလာသဖြင့် ရေသောက်ရန် ထလိုက်၏။
“ဆာရင် ဒီမှာလာပြီး စားပါလား”
မြန်မာလို ပီပီသသလှမ်းပြောနေသည့် ကရင်အဖိုးအိုကြည့်ကာ ကျနော်ပြုံးမိသည်။ သူသည်ကား ကျောက်ဖြာရွာသားများ အနက် မြန်မာလို ရေလည်စွာပြောတတ်သည့်လူ ၅ ဦးတွင် တဦးအပါအ၀င် ဖြစ်သည်ဟူသော တပ်ကြပ်ကြီးဖားတေး၏ စကားကို တွေးကာ ပြုံးမိခြင်းဖြစ်သည်။
မီးညွန့်ကျိုးနေပြီဖြစ်သည့် မီးဖိုဘေးတွင် ကျနော်ထိုင်သည်။ ပန်းကန်ဟုထင်ရသည့် အရာပေါ်က စားစရာတချို့ကို ကျနော်ယူပြီး စားကြည့်၏။ မီးကင်ထားသည့် အသားတချို့ကို ၀ါးမိသည်။ စားကောင်းကောင်းနှင့် ဆက်ပြီးစားနေမိ၏။ ဗိုက်ထဲတွင် အနည်းငယ်တည်ငြိမ်သွားသည့်အခါကျမှ အိပ်ယာဖက် ပြန်လှည့်ခဲ့ရလေသည်။
(၅)
အိပ်ခန်းထဲတွင် တယောက်တည်းထိုင်ရင်း တွေးမိတွေးရာတွေးနေစဉ် တဲအောက်က စကားပြောသံများကြောင့် အတွေး ရပ်သွားရ၏။ ကြမ်းကြားကတဆင့် အသံကြားရာကို ငုံ့ကြည့်တော့ အိမ်ရှင် ကရင်မလေး၏ ဘေးတွင် နအဖစစ်သားနှစ်ဦး စကားထိုင်ပြောနေသည်ကို တွေ့ရ၏။ အိမ်ရှင်ကရင်မလေးက မြန်မာစကား တလုံးစနှစ်လုံးစဖြင့် စစ်သားများကို ပြုံးရွှင်စွာ စကားပြန်ပြောနေ၏။ မလှုပ်မယှက် မသံမမြည်အောင်ထိုင်ရင်း ကျနော့်မှာ တုန်လှုပ်ခြောက်ခြားနေမိ၏။ ထိုစဉ်မှာပင် တဲပေါ်သို့ လူတစ်ယောက် တက်လာသဖြင့် စစ်သားနှစ်ယောက်လည်း ထပြန်သွားကြ၏။
“အပြင်ကိုထွက်ခဲ့ပါဆရာကြီး … ကားတန်းဆင်းလာတော့မယ်”
ကျနော်က တဲပေါ်တွင် ကျနော်တယောက်တည်း ထားပစ်ခဲ့ပြီး တဲပေါ်က ဆင်းချသွားသည့် ရွာသူကြီး ဦးအောင်မောင်း အထင်နှင့် လှမ်းကြည့်တော့ ညက ကျနော်နှင့်ထိုင်ပြီး တိုင်ပင်ဆွေးနွေးခဲ့သည့် ကျောက်ဖြာရွာသားတစ်ဦးဖြစ်နေသည်ကို တွေ့ရလေသည်။ ထို့ကြောင့် ကျနော်က စိတ်ချလက်ချဖြစ်ကာ အိမ်ရှေ့ခန်းသို့ ထွက်ခဲ့ရ၏။
အိမ်ရှေ့ခန်းတွင် ထိုင်မည်အပြု တိုင်ဘေးတွင် ချထားသည့် ရေနွေးခရားနှင့် ရေနွေးပန်းကန်ကိုတွေ့တော့ လွန်ခဲ့သည့်ညက ကရင်အဖိုးအို ချကျွေးခဲ့သည့် ကြက်သားကင်ကို သတိရကာ ကျနော့်မှာ ရင်ထဲတွင် ပျို့တက်လာရ၏။ မီးဖိုဘေးအမှောင်ထဲ တွင် ကျနော်ကောက်ယူပြီးစားခဲ့သောကြက်ကင်များမှာ ရက်သားမျှသာရှိသေးသည့်ကြက်ပေါက်စလေးများကို ကင်ထားခြင်း ဖြစ်ကြောင်း မနက်ကျမှ တွေ့ရ သိရသောကြောင့် ဖြစ်၏။
ကျောက်ဖြာရွာသားတဦးနှင့်အတူ ထိုင်နေစဉ် မိုးခြိမ်းသံကြီးများကို အဝေးက ကြားရသလိုရှိပြီး မကြာခင် ရွာထဲသို့ နအဖ စစ်ကားများ ၀င်ချလာသည်ကို တွေ့ရတော့၏။ ဖုံတထောင်းထောင်းနှင့် မောင်းဝင်လာ နေသည့် စစ်ကားကြီးများကိုကြည့်ကာ ကျနော့်မှာ ကြောင်ပြီး ငေးနေမိပြန်သည်။
“ဆရာကြီး ရိုက်လေ … ဆရာကြီး ဓာတ်ပုံရိုက်လေကွာ”
ကျောက်ဖြာရွာသားက သတိပေးမှ လွယ်အိတ်ထဲက ကင်မရာကိုထုတ်ကာ ကိုက် ၁၀၀ ခန့်က ဖြတ်သွား နေသည့် စစ်ကား တန်းရှိရာ ချိန်လိုက်ရ၏။ ဖလင်မပါသည့် ကင်မရာတလုံး၏ ခလုတ်ကို နှိပ်ကာ ဖုံလုံးကြီးများကြားထဲက စစ်ကားများကို ကျနော် ဓာတ်ပုံရိုက်သည်။ ခလုတ်တချက်နှိပ်မိသည့်အချိန်တိုင်း ကျနော့်မျက်လုံးများမှာ ပြာဝေမူးမိုက်နေခဲ့၏။ တချီတချီ တွင်မူ မာနယ်ပလောမှ ခရီးစတင်မထွက်ခွာခင် ရက်ပိုင်းအလိုက ကျန်နေသေးသည့် ငွေတ၀က်ကို မပေးချေနိုင်သဖြင့် ပိုင်ရှင်လက်ထဲ ပြန်ထည့်ပေးလိုက် ရသည့် ယာရှီကာ အမျိုးအစား ကင်မရာလေးကို မျက်စေ့ထဲ ထပ်တလဲလဲ မြင်နေခဲ့မိ၏။
ကင်မရာခလုတ်ကို အကြိမ်ပေါင်းမည်မျှအထိ နှိပ်နေခဲ့သည်မသိ။ ခြေသံကြားလို့ လှည့်ကြည့်တော့ ကျနော့်ဘေးတွင် ကျောက်ဖြာရွာသူကြီးက ကျေနပ်ဂုဏ်ယူစွာ ရပ်နေသည်ကို တွေ့ရ၏။
“ကဲ … ဒီလောက်ဆိုရင် ရလောက်ပြီထင်တယ်၊ ဒီကောင်တွေ ကားတန်းကို အာရုံစိုက်နေတုန်း ကျုပ်တို့ ရွာပြင်ဖက် ထွက်ကြမှဖြစ်မယ်၊ သွားကြရအောင်”
ပြောပြောဆိုဆို ရွာသူကြီးက ကျနော့်ထံမှ လွယ်အိတ်ကို ဆွဲယူကာ တဲပေါ်က ဆင်း၏။ ကျနော်က နောက်မှ ဆင်းလိုက်လာ ခဲ့ရ၏။ တဲအောက်က အိမ်ရှင်မိန်းကလေးကိုပင် လှည့်ကြည့်ပြီး နှုတ်မဆက်ခဲ့ရတော့။
တဲပေါ်ကဆင်းပြီး ဖင်တပြန် ခေါင်းတပြန်ဆောက်ထားသည့် တဲများအကြား ဖြတ်လျှောက်နေစဉ် ကျောက်ဖြာရွာထိပ်ဆီက မိုင်းကွဲသံကြီး ကြားလိုက်ရလေသည်။ တရွာလုံး လူသံ၊ ခွေးဟောင်သံများ၊ ပြေးလွှားအော်ဟစ်သံများဖြင့် ပွက်လောရိုက် သွားရ၏။ ကျနော်နှင့် ရွာသူကြီးက မြေပေါ်တွင် ကယောင်ကတန်း ၀ပ်ချလိုက်ကြပြီး နားစွင့်အကဲခတ်ကြ၏။
“ကိုင်း … ဆရာကြီး ဒီကောင်နဲ့ပဲ ရွာပြင်ဖက် လိုက်ထွက်ပေတော့၊ ဟိုမှာ တပ်ကြပ်ကြီးဖားတေး စောင့်နေလိမ့်မယ်၊ ဒီအတိုင်းဆို ဒီကောင်တွေ ကျုပ်ကို လိုက်ရှာနေမှာ သေချာတယ်၊ ကိုင်း … သွားပေတော့”
ကျနော်တို့နောက်ကလိုက်လာသည့် ကျောက်ဖြာရွာသားက ကျနော့်ရှေ့မှခေါင်းဆောင်ပြီ တဲကြိုတဲကြားထဲသို့ဝင်လေသည်။ သူ့နောက်မှ လိုက်လာရင်းက ကျနော့်မှာ မိုင်းကွဲသဖြင့် ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကိုတွေးကာ ကျောက်ဖြာရွာသားများအတွက် စိတ်ပူမိလေသည်။
(၆)
‘မဲညောခီး’တောင်ခြေက ခရီးသည်များ ခေတ္တနားရန် ထိုးထားသည့် တဲတန်းလျားကြီးမှာ အမှောင်ထုအောက်တွင် ငြိမ်သက် တိတ်ဆိတ်လျက်ရှိ၏။
တန်းလျားကြီး၏ ထိပ်တနေရာတွင် ကျနော် ညအိပ်ရန် ပြင်ဆင်ခဲ့၏။ ကျောပိုးအိတ်ကို ခေါင်းအုံးကာ ပက်လက်လှန် လဲလျောင်းရင်း အမှောင်ထုထဲကို ငေးကြည့်နေမိ၏။ တလကျော်ကြာမျှ အတူသွားအတူလာရှိခဲ့သည့် တပ်ကြပ်ကြီးဖားတေး ကို ကျနော် လွမ်းနေမိသည်။
တပ်ကြပ်ကြီးဖားတေးသည် မဲညောခီး တောင်ခြေတနေရာက ကရင်ရွာကလေး၏ထိပ်တွင် ကျနော့်ကို ရပ်ကြည့်ရင်း ကျန်နေရစ်ခဲ့၏၊ ကျနော်က ကရင်ပြောက်ကျားရဲဘော်များနှင့်အတူ မဲညောခီးတောင်ပေါ် တက်လာခဲ့၏။ တနေ့လုံးလိုလို တောင်တက် တောင်ဆင်းလမ်းများကို ကျနော် လျှောက်လာခဲ့ရ၏။ မဲညောခီးတောင်မကြီး၏ အရှေ့ဖက်တောင်ခြေ သံလွင်မြစ်ကမ်းသို့ ရောက်သောအခါ မိုးချုပ်လုမတတ် ရှိခဲ့လေပြီ။
လုံခြုံစိတ်ချရသည့် နယ်မြေသို့ ရောက်လာခဲ့ပြီဖြစ်သဖြင့် စိတ်အေးလက်အေး အနားယူအိပ်စက်ရန် စဉ်းစား ထားမိသည်။ ကရင်ပြောက်ကျားရဲဘော်လေးများ ချက်ကျွေးသည့်ထမင်းကို နှမ်းငါးပိနှင့် အ၀အလွေး စားပြီးနောက် အိပ်ယာပေါ်တွင် လှဲလိုက်၏။ မနက်ဖြန်ညနေပိုင်းလောက်တွင် မာနယ်ပလော တော်လှန်ရေး ဌာနချုပ်သို့ ကျနော် ပြန်ရောက်တော့မည် ဖြစ်သည်။
တကိုယ်လုံး ညောင်းညာကိုက်ခဲပြီး ငှက်ဖျားထသလို ဖြစ်လာသဖြင့် အက်စ်ပရင်းဆေးပြားနှစ်ပြားကို ရေနှင့်သောက်ကာ စောင်ခြုံထားလိုက်ရ၏။
အမှောင်ထုအတွင်းမှ စစ်ချီတေး သီကျွေးနေကြသည့် ခြင်ထုကြီး၏ အသံကို ကျနော် ကြားနေရ၏။ လေတချက်မတိုက် သဖြင့် တဲတန်းလျားကြီးထဲတွင် ပူနွေးအိုက်စပ်လျက်ရှိလေသည်။ ထိုစဉ်မှာပင် ကျနော့်အတွေးများမှာ ကျောက်ဖြာရွာထိပ်သို့ ရောက်သွားရ၏။ ကျနော့်မျက်လုံးထဲတွင် အဖိုးအို အဖွားအိုနျင့် ကလေးတချို့ တံမြက်စည်းကိုယ်စီလှဲကာ ကားလမ်းပေါ် လျှောက်လာနေသည်ကို မြင်လာရသည်။ လူအုပ်အပေါ်တွင် ဖုံတွေဝဲနေသည်ကို တွေ့နေရ၏။ ပြီးတော့ ကင်မရာမောင်း ခလုတ်ကျသံများကို ကြားလာရ၏။ ထိုအခါ ကျနော့်ခန္ဓာကိုယ်တခုလုံး ပျော့ခွေနွမ်းဖတ်ဖြစ်ကာ ချွေးစေးများဖြင့် ရွှဲနစ်နေ လေသည်။
ဖလင်မပါသည့် ကင်မရာဖြင့် တံမြက်စည်းလှဲနေသည့် လူအုပ်ကို ကျနော် ဓာတ်ပုံရိုက်ခဲ့မိ၏။ ထို့ကြောင့် ကျနော့်မှာ ကြေကွဲ ၀မ်းနည်းခဲ့ရ၏။ သို့သော် ... ။
အကယ်၍များ ကမ္မမောင်းသို့ လူလွှတ်ပြီးဝယ်ယူခိုင်းခဲ့သည့် ဖလင်ဖြင့် ဓာတ်ပုံရိုက်နိုင်ခဲ့လျှင်မူ မာနယ်ပလော တော်လှန်ရေး ဌာနချုပ်သို့ ရောက်သည့်အခါ ယင်းဖလင်များ ကူးဖို့ ဆေးဖို့အတွက် လိုအပ်သည့်ငွေကို ရှာရ ဖွေရဦးမည့်ဒုက္ခနှင့် ကြုံစရာ အကြောင်း မရှိတော့သည့်အချက်ကို ဖျတ်ခနဲ တွေးလိုက်မိ၏။ ထိုအခါကျမှ ကျနော့်မှာ စိတ်သက်သာရာရကာ သက်ပြင်းချမိတော့၏။ ။
(ခေတ်ပြိုင်အွန်လိုင်းတွင် မောင်သစ်ဦးကလောင်အမည်နှင့် ရေးခဲ့သည် ၀တ္ထုတိုဖြစ်ပါသည်။)
(က)
“မဟာပူရိသ၀ါဒ” နဲ့  “မဟာဣတ္ထိယ၀ါဒ” အကြောင်းကို ခြေခြေမြစ်မြစ်တော့ ကျနော်နားမလည်ပါဘူး။ ဒါပေမယ့် ပူရိသပဲ ဖြစ်ဖြစ်၊ ဣတ္ထိယပဲဖြစ်ဖြစ် ကိုယ့်ဘက်က တရားလွန်အခွင့်အရေးယူတဲ့ ကိစ္စဟူသမျှ ကျနော်ကတော့ မနှစ် သက်ပါဘူး။
ဝန်ခံရမှာတခုတော့ ရှိပါတယ်။ လူသားရဲ့ သမိုင်းမှာ မဟာပူရိသ၀ါဒဟာ အလွန်မတန်သက်တမ်းရှည်ကြာ ထွန်းကား နေတာကတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း မဟာဣတ္ထိယ၀ါဒ ထွန်းကားတဲ့ခေတ်လည်း ရှိခဲ့ဖူးပါတယ်။ မဟာပူရိသ ၀ါဒ ထွန်းကားတာ သက်တမ်းရှည်ကြာလွန်းတော့ မဟာပူရိသ၀ါဒရဲ့မတရားလွန်ကဲတဲ့ကိစ္စတချို့ဟာ တရားတဲ့ ကိစ္စတွေအဖြစ် အသားကျလာခဲ့ကြပြီး လူများစုကြီးကမသိစိတ်နဲ့လက်ခံလာကြရတဲ့ကိစ္စကတော့ ၀မ်းနည်းစရာပဲပေါ့။
မဟာပူရိသ၀ါဒ သက်တမ်းရှည်ကြာအောင် လွှမ်းမိုးနေလာနိုင်တဲ့ အချက်တွေထဲမှာ လူတွေအလုပ်တာဝန်ခွဲဝေလုပ်ကိုင် လာတဲ့ခေတ်ရဲ့ တွန်းအားတွေအများကြီး ပါနိုင်မယ်ထင်ပါတယ်။ ခန္ဓာဗေဒအရ “ ဖို ” က “ မ ” ထက်ပိုပြီး ခွန်အားရှိတဲ့ သဘောမို့  မိသားစုတစုမှာပဲဖြစ်ဖြစ်၊ လူအုပ်စုတစုမှာပဲဖြစ်ဖြစ်၊ မ ဟာ ဖို လောက် အရေးမပါ အရာ မမြောက်တဲ့သဘော သက်ဝင်လာခဲ့ပြီး မဟာဖိုဝါဒ ၊ မဟာပူရိသ၀ါဒ ဟာ အထွတ်အထိပ်ကို ရောက်လာ ခဲ့တဲ့ သဘောပါပဲ။ မြေရှင်ပဒေသရာဇ် ခေတ်မှာတော့ မဟာပူရိသ၀ါဒ ဟာ အဲဒီခေတ်ရဲ့ အခြေခံဖိုဝါဒဆိုင်ရာ မူ တခု ဖြစ်လာခဲ့ပြီး ဖို နဲ့  မ အခွင့်အရေး နှိုင်းယှဉ်မှု အရ ဖို က မ ထက် အခွင့်အရေး အဆမတန် ရယူခဲ့ပါတော့တယ်။ လူ့  သမိုင်းမှာတော့ မြေရှင်ပဒေသရာဇ် ခေတ်ဟာ မဟာပူရိသ၀ါဒ အထွန်းကားဆုံး ဖြစ်ခဲ့ပါတယ်။
(ခ)
မြန်မာ့သမိုင်းမှာ မဟာပူရိသ၀ါဒ ကို ဆန့် ကျင်ဝေဖန်ပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးကိစ္စ ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြတဲ့အခြေအနေဟာ မျက်မှောက်ကာလမှာ အကျယ်လောင်ဆုံးကြားရတဲ့သဘောရှိပါတယ်။ ဒါဟာလည်း အခြေအနေမပေးသေးတဲ့ ပြည်တွင်းမှာ မဟုတ်ဘဲ ပြည်ပရောက်မြန်မာအမျိုးသမီးအင်အားစုအတွင်းမှာ အခုလိုပြောဆို လာကြတာ ဖြစ်ပါတယ်။ ဒီလိုပြောဆိုဆွေးနွေးလာကြတာဟာ ကောင်းပါတယ်။ မနေ့ တနေ့ ကဆိုရင် စီမံလုပ်ကိုင်ခွင့်ဆိုင်ရာ အခန်းကဏ္ဍ တွေမှာ အမျိုးသမီးတွေကို ရာခိုင်နှုန်းအတိအကျသတ်မှတ်ရာထား တာဝန်ပေး သင့် မသင့်ဆိုတဲ့ အကြောင်း အရာကို ပြောဆိုဆွေးနွေးကြတာကို ကြားရပါတယ်။
ကျနော်တို့ ဟာ မဟာပူရိသ၀ါဒ သက်တမ်းရှည်ကြာလွန်းစွာ အပေါ်စီးရယူနိုင်ခဲ့လို့  အမျိုးသမီးတွေ အလူးအလိမ့် ခံစားရတဲ့ သမိုင်းကြောင်းကြီးအတွက် စိတ်မကောင်းဖြစ်ကြရတော့ အမှန်ပါပဲ။ ဖိနှိပ်ခံခဲ့ကြရတဲ့ အမျိုးသမီးထုကြီး အတွက် ကျနော်တို့  တတွေ စာနာ ကြရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မဟာပူရိသ၀ါဒ သက်တမ်းရှည်ကြာစွာ နေရာ ယူလာခဲ့လို့  ဖိနှိပ်ခံကြရတဲ့ အမျိုးသမီးတွေက မဟာပူရိသ၀ါဒ ကို ဆန့် ကျင်ဝေဖန်ကြရာမှာ ခံစားချက်ကိုရှေ့ တန်း မတင်ဘဲ တရား အပေါ်မှာပဲ အခြေခံပြီး ပြောဆိုဆွေးနွေးသင့်တယ်လို့  ယူဆမိတယ်။
ခံစားချက်ကို အခြေခံရင် တရား ကို ပွန်းပဲ့သွားနိုင်စေတာမို့ တရားနဲ့ ကင်းကွာတဲ့တောင်းဆိုချက်တွေ၊ တရားနဲ့  ဆန့်ကျင် ဖက်ဖြစ်ကြတဲ့အမြင် တွေ ရှိလာတတ်ပါတယ်။ အစွန်းတဘက်ကိုဝေဖန်ရင်း တခြားအစွန်းတဘက် ချောက်ထဲကျသွားနိုင် ပါတယ်။ မဟာ ပူရိသ၀ါဒကိုဆန့်ကျင်ရင်း မဟာဣတ္ထိယ၀ါဒ နွံထဲဆင်းသွားနိုင်ပါတယ်။ ဒါကို ကျနော်တို့ သတိချပ်ရပါမယ်။
လူ့ သမိုင်းမှာ ပူရိသ၀ါဒ ပဲဖြစ်ဖြစ်၊ ဣတ္ထိယ၀ါဒ ပဲဖြစ်ဖြစ် ဘယ်ဝါဒ၊ ဘယ်စနစ်၊ ဘယ်သတ်မှတ်ချက် ပဲဖြစ်ဖြစ် တရား အပေါ် အခြေခံကြရပါမယ်။ တရားမျှတမှု၊ သဘာဝကျမှုတွေကို အခြေခံထား စဉ်းစားကြရပါမယ်။
(ဂ)
မဟာပူရိသ၀ါဒ ဟာ လူ့ သမိုင်းမှာ ဘယ်ဝါဒမှ လိုက်မမီနိုင်လောက်အောင်၊ ထွန်းကားလာခဲ့တာတော့ အမှန်ပါပဲ။ မဟာဖို
ဝါဒဟာ လူ့ သမိုင်းမှာ သက်တမ်းအရှည်ကြာဆုံးထွန်းကားတဲ့ဝါဒ၊ ခွန်အားအကြီးဆုံးဝါဒ ဖြစ်ပါတယ်။ ယခု လက်ရှိကာလ အထိ ထွန်းကားလျက်ရှိတဲ့ဝါဒ ဖြစ်ပါတယ်။ နောင် ဘယ်လောက်ကြာကြာ ဆက်လက်ထွန်းကားနေဦးမလဲ။
မဟာပူရိသ၀ါဒ အောက်မှာ အမျိုးသမီးတွေ အလူးအလိမ့်ခံစားခဲ့ကြရပါတယ်။ ခံစားရတာကို ခံစားရတယ်လို့ မထင်မှတ်ရ လောက်အောင်ကို ပြင်းထန်ငြင်သာခဲ့ပါတယ်။ ဒီလို အပြင်းအထန်ခံစားခဲ့ရတဲ့ မှတ်တမ်းမှတ်ရာတွေ လည်း တပုံ တပင်ကြီး ရှိပါတယ်။ ဒီအထဲမှာ အမေရိကန်ကဗျာဆရာမ “ ဆစ်လ်ဗီယာ ပလာသ် ” ကတော့ မဟာပူရိသ၀ါဒ ရဲ့  ဖိနှိပ်မှုဒဏ်ကို ကဗျာနဲ့ ဖေါ်ပြပြီး ကမ္ဘာအမျိုးသမီးထုရှေ့က ရှေ့ နေလိုက်ခဲ့ဖူးပါတယ်။
အမျိုးသားတွေရဲ့ အမျိုးသမီးတွေအပေါ် လစ်လျူရှု မှု၊ ဖိနှိပ်မှုတွေကို သူက ကဗျာစပ်ပြီး ဖေါ်ပြခဲ့တယ်။ ဖိနှိပ်ခံရသူ၊ လစ်လျူခံရသူ၊ အမျိုးသမီးတယောက်ရဲ့ ခံစားချက်တွေကို ကဗျာနဲ့  ဖေါ်ပြခဲ့တယ်။ သူ့ ရင်ထဲက အန်ထွက်ကျလာ တဲ့ ခံစားချက်၊ ၀န်ခံချက် ( Confessional )ဟာ တိကျလွန်း၊ စည်းလုံးလွန်း၊ ပေါ်လွင်လွန်းလို့ စာဖတ်သူတွေ အသက်ရှူမ၀ လောက်အောင်၊ ရင်တမမဖြစ်ရလောက်အောင် ခံစားချက်တွေလှိုင်းထန်ခဲ့ကြရပါတယ်။ သူ့ ကဗျာတွေ ထဲမှာ မဟာပူရိသ၀ါဒ ရဲ့  ဖိစည်းမှုကို တွန်းလှန်ဖို့ ကြိုးစားတဲ့ စိန်ခေါ်သံတွေ ဟိန်းဟိန်းညံနေခဲ့ပါတယ်။
ဆစ်လ်ဗီယာ ပလာ့သ် ရဲ့  ကဗျာထဲမှာ အသုံးပြုခဲ့တဲ့ နိမိတ်ပုံတွေဟာ အင်မတန် ကြောက်စရာ ကောင်းလောက်အောင် သစ်လွင်နေတာ၊ တိကျနေတာတွေ့ ရပါတယ်။ ဘ၀အပေါ် သူဘယ်လောက် ခံစားမှုတွေနင့်သီးနေသလဲ ဆိုရင် သူက အင်မတန်အေးမြချမ်းငြိမ်းစေတဲ့ “ လ ” ကိုတောင်မှ “ ဥသေ ” ဆိုတဲ့ နိမိတ်ပုံမျိုး သုံးတတ်ပါတယ်။ ပူရိသ နဲ့ ဣတ္ထိယ ကို အရှင် နဲ့  အသေ သဘောအထိ ရေးခဲ့ပါတယ်။ ပြင်ပမှာရှိတဲ့ ဗဟိဒ္ဓလောက၊ ဗဟိဒ္ဓဥတု၊ ဗဟိဒ္ဓ မိုးလေ၀သအခြေ အနေထက် သူ့ ခန္ဓာကိုယ်ထဲက၊ သူ့ အတွင်းနက်နက်ထဲက အဇတ္ထလောက၊ အဇတ္ထမိုးလေ၀သ ကိုပဲ ရေးဖွဲ့ ပါတယ်။
ဆစ်လ်ဗီယာ ပလာ့သ် ရဲ့ ကဗျာထဲမှာ “ သေကြောင်းကြံတဲ့မိန်းမ ” “ယောင်္ကျားတွေကို အာခံတဲ့မိန်းမ” တခါ တလေမှာ သူဟာ သူ့ ကိုယ်သူ ကိုယ်ပိုင်ဘ၀စစ်စစ်ကို ပိုင်ဆိုင်သူဆိုတာမျိုး၊ ဘယ်ယောင်္ကျားကိုမှ အားကိုးဖို့ မလိုတဲ့ “ပကတိ သန့် ရှင်းတဲ့မိန်းမ” “ယောင်္ကျားအညစ်အကြေး ကင်းရှင်းတဲ့မိန်းမ”ဆိုတာမျိုးတွေရေးခဲ့ပါတယ်။ ဒီလို (Confessional)ဆန်တဲ့ ကဗျာတွေကို ရေးနေတဲ့အချိန်ဟာ ၁၉၆၀ ခုနှစ်တ၀ိုက်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀)၀န်းကျင်ကပါ။
ဒီလိုနဲ့  ၁၉၃၂ ခုနှစ်မှာ မွေးတဲ့ ဆစ်လ်ဗီယာ ပလာ့သ် ဟာ အသက် (၃၁)နှစ်မှာပဲ ဖခင်နဲ့ ကင်းကွာနေတဲ့ လူမမယ် သားသမီးနှစ်ယောက်ကို ထားရစ်ခဲ့ပြီး၊ မီးဖိုချောင်ထဲက၊ ဓာတ်ငွေ့ ပိုက်ကိုရှူကာ ကိုယ့်ကိုယ်ကို သတ်သေ လိုက်ပါ တယ်။ သူဟာ ၁၉၆၃ ခု ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့ မှာ သေဆုံးသွားခဲ့ပါတယ်။
(ဃ)
ကျနော်ကတော့ မဟာပူရိသ၀ါဒ ကို အပြင်းအထန်ဝေဖန်ဆန့် ကျင်ပြီး မှန်ကန်တဲ့ ဣတ္ထိယ၀ါဒ ကို ထူထောင်ဖို့ ကြိုးစားတဲ့ မျက်မှောက်ခေတ်မျိုးမှာ ဖြတ်သန်းကြီးပြင်းရတဲ့အတွက် ကျနော့်အဖို့  ကျေနပ်ပါတယ်။ ဒီလိုကြိုးပမ်း ကြသူတွေကိုလည်း လေးစား၊ လေးနက်မိပါတယ်။
မဟာပူရိသ၀ါဒ က ဘယ်လောက်အထိ ဖိနှိပ်မှုပြင်းထန်သလဲဆိုတာကတော့ သက်သေပြစရာတွေ တပုံတပင်ရှိပါ လိမ့်မယ်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ အမေရိကန်ကဗျာဆရာမ ဆစ်လ်ဗီယာ ပလာ့သ် ရဲ့ အဖြစ်က အဲဒီ တပုံတပင်ကြီးထဲက တခုပါ။ ကဗျာရှုးသွပ်သူတဦးအနေနဲ့ မဟာပူရိသ၀ါဒ ရဲ့ ဖိစီးမှုပြယုဒ်ကို ကဗျာဆရာ တယောက်ရဲ့ ဘ၀နဲ့  ဖေါ်ပြခွင့်ရလို့ လည်း ကျေနပ်မိပါတယ်။
ဆစ်လ်ဗီယာ ပလာ့သ် က တင်စားပြောဆိုသွားခဲ့တဲ့ အဖြစ်ဆိုး နာကျည်းကြေကွဲဖွယ်ကောင်းတဲ့ “တိရစ္ဆာန်ရုံထိန်းရဲ့ မယား” “ သမ္မာကျမ်းလာ တားမြစ်သစ်ပင်တပင် ” ဆိုတဲ့ အမျိုးသမီး မျိုးရဲ့  ဘ၀မျိုး၊ အဖြစ်မျိုးတွေကို ကျနော်တို့  မကြားရက် မမြင်ရက်တာလည်း အမှန်ပါပဲ။
ဒီစိတ်စေတနာကိုအရင်းခံပြီး စာဖတ်သူတွေကို ဆစ်လ်ဗီယာ ပလာ့သ် ရဲ့ ကဗျာတပုဒ်နဲ့ ကျနော် မိတ်ဆက်ပေးလိုက် ပါတယ်။ ဒီကဗျာထဲက သမ္မာကျမ်းလာ တားမြစ်သစ်ပင်တပင်ရဲ့  မုန်တိုင်းဆန်လှတဲ့အော်သံဟစ်သံတွေကို စာဖတ်သူများ မလွဲမသွေ ကြားကြရပါလိမ့်မယ်။
တိရစ္ဆာရုံထိန်းရဲ့မယား
လိုအပ်ရင်
ကျမ တစ်ညလုံး မအိပ်ဘဲ နေနိုင်တယ်
ငါးရှဥ့်တကောင်လို တကိုယ်လုံးအေးစက်
မျက်လွှာမရှိ။
သေနေတဲ့ ရေကန်လို
အမှောင်ဟာ ကျမကို ၀န်းရံထားတယ်။
မည်းပြာရောင်
ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မက်မန်းသီးတလုံး။
ကျမ နှလုံးသားထဲက ဘာလေမြှုပ်မှ မထွက်ဘူး။
ကျမမှာ အဆုတ်မရှိဘူး။
ကျမဟာ ရုပ်ဆိုးတယ်။
ကျမရဲ့ ဝမ်းဗိုက်ဟာ ပိုးသားခြေစွပ်ရှည်တဘက်
အဲဒီထဲမှာ ကျမ ညီမတွေရဲ့ဦးခေါင်းတွေ၊
အမြီးတွေ ပုပ်ပွနေတယ်။
ကြည့်၊ အားကောင်းတဲ့ အရည်တွေထဲမှာ
အဲဒီဦးခေါင်းတွေ၊ အမြီးတွေ
အကြွေစေ့တွေလို အရည်ပျော်နေကြတယ်။
ပင့်ကူလို မေးရိုးတွေ၊ တအောင့်လှစ်ပြတဲ့
ကျောရိုးတွေ
အင်ဂျင်နီယာရဲ့ဘလူးပရင့်(တ်) ပုံစံပေါ်က
အဖြူရောင် မျဉ်းကြောင်းတွေလိုပဲ။
အကယ်၍ ကျမ နည်းနည်းလှုပ်လိုက်မယ်ဆိုရင်
ဟောဒီ ပန်းနုရောင်နဲ့ ခရမ်းရောင်စပ် ပလတ်စတစ်
အူအိတ်ဟာ
ကလေးကစားစရာ ခလောက်လို
“ ဂျောက်ဂျက် ” မြည်လိမ့်မယ်ထင်တယ်။
မျိုသိပ်ထားတဲ့ မကျေနပ်ချက်တွေ
အချင်းချင်း တွန်းဝှေ့ တွန်းတိုက်သံတွေ
ကျွတ်ထွက်လာတဲ့ သွားတွေ သွားတွေလို။
ဒါပေမယ့် ဒီကိစ္စကို ရှင် ဘယ်သိမလဲ
ကျမရဲ့ ၀၀တုတ်တုတ် ၀က်ကြီးငဲ့၊
ကျမရဲ့ ခြင်ဆီလို အချစ်ကြီး၊
နံရံကိုပဲ မျက်နှာမူထားတဲ့ လူကြီးငဲ့။
နို့ တိုက်သတ္တ၀ါငယ် လှောင်ရုံထဲက
စိုထိုင်းထိုင်းလေသေထဲမှာ
မီးကျွမ်းထားသလို ခြေသည်းချိတ်တွေနဲ့ 
တွဲလောင်းခိုကြတဲ့
ဝံပုလွေဦးခေါင်း သစ်သီးစားလင်းနို့ တွေနဲ့ 
ရှင် ကျမကို ပိုးပန်းခဲ့တယ်။
သဲပုံထဲမှာ မှေးအိပ်နေတဲ့ သင်းခွေချပ်
ဝက်တကောင်လို ညစ်ညမ်း၊ အမွေးအမျှင်လည်းမရှိ။
ကြွက်ဖြူတွေဟာ ပင်အပ်ထိပ်ဖျားက ကောင်းကင်တမန်တွေလို
ထာဝရအထိ ပွားချင်တိုင်းပွားနေလိုက်ကြတာ
ပျင်းရိ ငြီးငွေ့ မှုသက်သက်ကြောင့်ပဲ။
ချွေးစေးရွှဲနစ် အိပ်ရာခင်းတွေထဲ လုံးထွေးရင်း
ကျမ သတိရရနေတာက
မုဆိုးပိုင်း ပိုင်းထားတဲ့ ယုန်တွေ။
ဓာတ်စာကားချပ်တွေကို ရှင်စစ်ဆေးပြီး
ကျမကို ခေါ်ထုတ်သွားတယ်
အသင်းဝင်များ ဥယျာဉ်ထဲမှာ
စပါးကြီးမြွေနဲ့  ဆော့ကစားခိုင်းတယ်။
ကျမကိုယ်ကျမ
သမ္မာကျမ်းလာ တားမြစ်သီးပင်လို
ဟန်ဆောင်လိုက်တယ်။
ရှင့်ရဲ့ သမ္မာကျမ်းစာထဲ ကျမ ၀င်ခဲ့တယ်။
ရှင့်ရဲ့  သမ္မာကျမ်းလာ အာ့(က်) သင်္ဘောပေါ် တက်ခဲ့တယ်၊
ဆံပင်တုနဲ့  ဖယောင်းနားရွက်နဲ့  အမွန်အမြတ်ထားအပ်တဲ့
ဘာဘွန်းမျောက်နဲ့ အတူ၊
မှန်ဘူးနံရံတွေကို ကုတ်ကပ်တွယ်တက်တဲ့
လက်ချောင်းရှစ်ချောင်းရှိတဲ့ လက်တဘက်လို
ဝက်ဝံမွေးရှည်ရှည် ငှက်သားစားပင့်ကူနဲ့ အတူ။
ကျမစိတ်ထဲက ထုတ်ပစ်မရတာဟာ
မီးခတ်ကျောက်လို လှောင်အိမ်တွေ
မီးပွင့်လင်းပ စေခဲ့တဲ့ ရှင် ကျမကို ပိုးပန်းခဲ့ခြင်းပဲ။
ရှင့်ရဲ့ ချိုနှစ်ချောင်းပါတဲ့ ကြံ့ဟာ
ပါးစပ်တပေါက်ကို ဖွင့်ပစ်လိုက်တယ်
ဘွတ်ဖိနပ်ခွာလို ညစ်ပေလို့ 
ဆေးရုံသုံး လက်ဆေးကြွေခွက်လို ကြီးမားလို့ 
ကျမရဲ့ သကြားခဲလေးရယူဖို့ ၊
ဒင်းရဲ့  နွံပုပ်ခံတွင်းနံ့ ဟာ
ကျမကို တတောင်ဆစ်အထိ
လက်အိတ်တွေလို စွပ်ခဲ့တယ်။
ပက်ကျိတွေဟာ ပန်းသီးနက်တွေလို
အနမ်းတပြွတ်ပြွတ်ပေးလို့ ။
ညတိုင်းပဲ အခု ကျမ
ကြာပွတ်နဲ့ ကို နင်းရိုက်တယ်
သူတို့ ရဲ့သံတိုင်တွေပေါ်ကနေ
ကြာပွတ်နဲ့  တင်းကြမ်းရိုက်ပစ်တယ်
လူဝံတွေ၊ ဇီးကွက်တွေ၊ ၀က်ဝံတွေ၊ သိုးတွေ။
ဒါတောင် ကျမ
ဘယ်တညမျှ
အိပ်ရတယ်လို့  မရှိဘူးရှင့် … ။
ကိုးကား။ ။ ဇေယျာလင်း ရဲ့ ဆစ်လ်ဗီယာ ပလာ့သ်ဘ၀၊ ဆစ်လ်ဗီယာ ပလာ့သ်ကဗျာ စာအုပ်။
(၁)
ရေအိုင်ကြီးဘေးက လူသွားလမ်းကလေးပေါ်မှာ မေပယ်လ်ရွက်ကြွေတွေ ၀ါချင်တိုင်းဝါရွှေလျက်ရှိ၏။ ဆောင်းဝင်လာခဲ့ပြီ။ သစ်ရွက်တွေ ကြွေစပြုပြီ။ အထူးသဖြင့် မေပယ်လ်ရွက်ကြွေတွေဟာ လူသွားလမ်းဘေးနဲ့လမ်းပေါ်မှာ ရွှေမှုန်ရွှေစတွေ ကြဲချထားသလို ကြွေကျနေကြ၏။ လူသွားလမ်းနှင့် ကိုက် (၅၀) မျှအကွာတွင် ကားလမ်းတခုရှိ၏။ ကားလမ်းမှာ ရေအိုင် ကြီးကို ၀ိုင်းပတ်ဖောက်လုပ်ထားသည့် ကားလမ်းဖြစ်၏။ လူသွားလမ်းကလေးသည် ရေအိုင်ကြီးဘေးမှ အပန်းဖြေ လမ်းလျှောက်နိုင်ရန် ဖောက်ထားသော လမ်းကလေး ဖြစ်လေသည်။
လူသွားလမ်းကလေးပေါ်ကတဆင့် ကန်ရေပြင်ကိုလှမ်းကြည့်ရင်း သူ့ခြေလှမ်းများမှာ လေးတွဲ့နေခဲ့ကြ၏။ လွန်ခဲ့သည့်ညက သူသည် ညဥ့်နက်မှ အိပ်ရာဝင်ခဲ့၏။ သို့သော် မနက်မိုးလင်းခါနီးသည်အထိ သူ့မှာအိပ်မပျော်ခဲ့။ ရောင်နီသန်းချိန်တွင်မူ ရေအိုင်ဘေးက လူသွားလမ်းကလေးပေါ် သူရောက်လာခဲ့၏။ တနာရီနီးပါးမျှ သူလမ်းလျှောက်လာခဲ့ပြီးပြီ။ သူ့ အတွေးများမှာ တညလုံး တမနက်ခင်းလုံး သူ့ကို၊ သူ့နှလုံးသားကို နင်းချေထားခဲ့ကြ၏။ နေရောင်ခြည် တစောင်းထိုးကျနေသည့် မေပယ်လ်ပင် တပင်ဘေးတွင် သူရပ်လိုက်သည်။ မလှမ်းမကမ်းက ကန်ရေပြင်ကို လှမ်းကြည့်သည်။ ထိုအခါ ကမ္ဘာကျော် ဂျပန်ဟိုက္ကူကဗျာလေးတပုဒ်ကို သူသတိရသွား၏။ ဟိုက္ကူကဗျာဆရာကြီး “ဗသျှိုး” ရဲ့အထင်ရှားဆုံး ကဗျာတပုဒ်။
တိတ်ဆိတ်ရေကန်အိုအတွင်း
ဖားတကောင် ခုန်ဆင်း
ရေပွက်သံကြား
ပြီးတော့ ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွား…။
ယခုအချိန်တွင်မတော့ “ သူ့ဘ၀ရေကန်အိုအတွင်း ဖားတကောင်ခုန်ဆင်းလို့ ရေပွက်သံကြားရတဲ့အဖြစ်မျိုး” နဲ့ ကြုံနေရ သလိုပါလားလို့ သူတွေးမိသည်။ ရေပွက်သံများထဲတွင် အမျိုးအမည် ခွဲခြားရခက်သော အသံများကို ကြားရသလိုရှိ၏။ အသေအချာနားစိုက်ထောင်သောအခါ ထိုအသံများမှာ သူနှင့်ဝေးသွားကြ၏။ နားအာရုံကို ရုပ်သိမ်းလိုက်သောအခါ ထူးဆန်းသည့် အသံများက သူနှင့် နီးလာကြပြန်သည်။
ဟိုက္ကူ ကဗျာထဲက “ရေကန်အို”၊ “ဖားတကောင်” နှင့် “ရေပွက်သံ” တို့သည် နိမိတ်ပုံများဖြစ်သည်ဟု ယူဆ၏။ “ရေကန်အို” သည် “ဘ၀” ဖြစ်သည်။ “ဖားတကောင်” သည် “ပယောဂ” ဖြစ်သည်။ “ရေပွက်သံ” သည် “ဂယက်” ဖြစ်၏။ ဘ၀တည်း ဟူသော ရေကန်အိုအတွင်း ရေပွက်သံတည်းဟူသော ဂယက်ရိုက်ခတ်မှုများ ပေါ်ပေါက်လာကြရ၏။ သို့သော် ထိုရေကန် အိုမှာ တခဏအကြာတွင် ပြန်လည်တိတ်ဆိတ် ငြိမ်သက်သွားရသည် မဟုတ်ပါလော။ သည်လိုတွေးမိသည့်အခါ သူ့မှာ ကြေကွဲဝမ်းနည်းစိတ်ကို ဖြေလျှော့လို့ရလာ၏။
အိမ်ရှေ့ခြံဝန်းတံခါးကိုတွန်းဖွင့်ကာ ၀င်လာခဲ့သည်။ တံခါးမကြီးကိုဖွင့်သည်။ ဧည့်ခန်းထဲသို့ဝင်မည်အပြုတွင် သီချင်းသံ သဲ့သဲ့ကို သူကြားလာရ၏။ ဓာတ်ပြားနှင့်ဖွင့်နေသည့် သီချင်းသံဖြစ်သည်။ တီးလုံးသက်သက် သီချင်းသံဖြစ်သည်။ တီးလုံး သက်သက်သီချင်းသံကို ကြားရသဖြင့် ပျောက်ဆုံးနေသောခွန်အားများ သူ့ခန္ဓာကိုယ်အတွင်း စီးဝင်လာကြ၏။ ဧည့်ခန်း ထဲတွင် သူ့ချစ်သူသည် တယောက်တည်း က,နေလိမ့်မည်ကို သူသိသည်။ ဧည့်ခန်းပေါက်ဝတွင်ရပ်ကာ သူ့ချစ်သူကို ကြည့်သည်။ သူ့ချစ်သူသည် သူ့ကိုမကြည့်။ နံနက်ခင်း ကျန်းမာရေးလေ့ကျင့်ခန်းလည်းဖြစ်၊ ကကွက်တခုလည်းဖြစ်သည့် အက လေ့ကျင့်ခန်းကို စိတ်ပါလက်ပါ ကလျက်ရှိသည့် သူ့ချစ်သူ။ ပထမတော့ သူသည်လည်း သူ့ချစ်သူဆီလျှောက်သွား ကာ အတူတွဲပြီး ကဖို့စဉ်းစားမိသေးသည်။ သို့သော် သူ့ ခြေထောက်များမှာ ရွှေ့လို့မရဘဲ ဖြစ်နေ၏။ အမှန်တကယ်အားဖြင့်မူ သူသည် နှစ်ပေါင်း (၆၀) ကျော် အရိပ်တခုနှင့် ကခုန်နေခဲ့ရပြီးပြီပဲ။ ထို့ကြောင့် ဧည့်ခန်းဝတွင်ပင် တိတ်ဆိတ်စွာ ရပ်နေခဲ့ လေသည်။
(၂)
ဗုံးခိုကျင်းအပေါက်ဝတွင် မီးခိုးမှိုင်းများဖြင့် ပိတ်ဆို့လျက်ရှိ၏။ နောက်စေ့ပေါ် လက်နှစ်ဘက် နောက်ပြန်ယှက်တင်ကာ ဗုံးခိုကျင်းထဲမှ ထွက်သည်။ သူ့ရှေ့ကတန်းစီပြီး သွားနေသည့် စစ်သားများသညှ်မီးခိုးမှိုင်းများကြားတွင် မြုပ်ဝင်လျှက်ရှိ၏။ ဗုံးခိုကျင်းထိပ်တွင် ရပ်မိသောအခါ ပတ်ဝန်းကျင်ကို မသိမသာအကဲခတ်လိုက်သည်။ ထိုစဉ်အခိုက်မှာပင် ဂျာမန်လို မပီမသ အော်ပြောလိုက်သည့် အမိန့်ပေးသံကို သူကြားလိုက်ရ၏။
မီးခိုးမှိုင်းများကြားတွင် ပြိုလဲလျက်ရှိသော အရာဝတ္တုတချို့ကို တွေ့ရ၏။ မလှမ်းမကမ်းတွင် ပြိုကျပျက်ဆီးနေသော အဆောက်အဦး တခုကိုလည်း မသဲမကွဲတွေ့ရ၏။ အော်ဟစ်အမိန့်ပေးနေသည့် အသံများကိုလည်း ကြားနေရ၏။ သူသည် သူ့ရှေ့က လျှောက်နေသူများနည်းတူ တခြားဂျာမန်စစ်သုံ့ပန်း အုပ်စုတစုနှင့် သွားရောလိုက်၏။ သူတို့အနားသို့ ကားတစင်း ထိုးဆိုက်လိုက်ပြီးနောက် ကားပေါ်သို့ တယောက်ချင်းစီ တက်ကြရ၏။ ထိခိုက်ဒဏ်ရာရထားသူနှင့် ဖျားနာနေသူများကို ၀ိုင်းဝန်းဖေးမကာ ကားပေါ်တက်ကြ၏။ သူတို့စီးလာသောကားသည် စစ်ပွဲပြီးကာစ စစ်မြေပြင်တခုကိုဖြတ်ပြီး မောင်းချလာ လေသည်။ အဝေးဆီက အမြောက်သံများကြားရ၏။ လက်နက်ငယ် ပစ်ခတ်သံ တဖောက်ဖောက်ကိုလည်း ခပ်ဝေးဝေးက ကြားရ၏။ သူသည် ယခုအခါ မဟာမိတ်စစ်တပ်များ၏ ဖမ်းဆီးခံရသည့် ဂျာမန်စစ်သုံ့ပန်းတဦး ဖြစ်ခဲ့လေပြီ။
(၃)
လက်ခုပ်သံများမှာ အမြောက်သံ၊ သေနတ်သံများအဖြစ် ပြောင်းလဲသွား၏။ မီးခိုးမှိုင်းများကို သူရှုရှိုက်မိ၏။ ချွေးနံ့ဖုန်နံ့များကို သူရှုမိ၏။ ဂျာမန်လိုမပီမသ အမိန့်ပေးနေသည့် အသံများကို သူကြားလာရ၏။ ပြီးတော့ ကားတစီးဘီးလိမ့်သည့် အသံ။ ပြီးတော့…။
သူ့လက်နှစ်ဘက်ကို တစုံတယောက်က ဆုပ်ကိုင်လာသည့်အခါ သူ့မှာ အိပ်မက်တခုထဲမှ လန့်နိုးလာသလို ဖြစ်သွားရ၏။ သူ့ရှေ့တွင် လူတယောက်ရပ်နေ၏။ ထိုသူသည် သူ့လက်နှစ်ဘက်ကို ဆုပ်ကိုင်ကာ ပြုံးရွှင်စွာ သူ့ကိုကြည့်နေလေသည်။ ထိုအခါကြမှ သူသည် စင်မြင့်တခုပေါ် ရောက်နေသည်ကို ပြန်လည်သတိပြုမိသွားရ၏။ ယခုအခါ သူသည် သူ၏ မွေးရပ်မြေ ဒန်းဇစ်မြို့တွင် ရောက်နေလေသည်။ မြို့တော်ခန်းမအတွင်း ဂုဏ်ပြုပွဲအခမ်းအနားတခုတွင် ရောက်နေ၏။ သူနှင့် ပိုလန် သမ္မတကြီး “လက်စ်ဝယ်လ်ဆာ” တို့နှစ်ဦး၊ “ဒန်းဇစ်မြို့တော်သား ဂုဏ်ထူးဆောင်ဆု” ကို လက်ခံယူကြရန် ရောက်ရှိနေ ကြခြင်း ဖြစ်၏။
ပိုလန်သမ္မတကြီး “လက်စ်ဝယ်လ်ဆာ” ကို သူသည် ယခုမှလူချင်းတွေ့မြင်ဖူး၏။ ယခင်က အင်တာနက် အီးမေးလ်မှ တဆင့်သာ စကားပြောခဲ့၊ ဆက်သွယ်ခဲ့ဖူး၏။ “လက်စ်ဝယ်လ်ဆာ” သည် သူနှင့်ဘေးချင်းယှဉ်ကာ ရပ်နေလေသည်။ သူတို့နှစ်ဦး၏ဘေးတွင် ဒန်းဇစ်မြို့တော်ဝန် ရပ်နေ၏။ သုံးယောက်သား စကားပြောခွက်ရှေ့တွင် တန်းစီပြီးရပ်နေကြ၏။ စင်မြင့်၏ ရှေ့ခန်းမဆောင်ထဲတွင် လူတွေ ပြည့်ကျပ်လျက်ရှိလေသည်။
သမ္မတကြီး “ လက်စ်ဝယ်လ်ဆာ ” က စကားပြောခွက်ရှေ့တွင်ရပ်ကာ ကျေးဇူးတင်စကား ပြောလေသည်။ သူ့စကားထဲ၌ ဂျာမန်လူမျိုးဖြစ်သည့်တိုင် ဒန်းဇစ်မြို့တွင်မွေးဖွားခဲ့သူ “သူ့” အကြောင်း ထည့်ပြောခဲ့၏။ သူရေးသားထုတ်ဝေခဲ့သည့် ကဗျာ စာအုပ်များ၊ ၀တ္ထုစာအုပ်များ၊ ပြဇာတ်များအကြောင်းကိုလည်း စီကာပတ်ကုံး ပြောနေလေသည်။ “သူ့” လို ပုဂ္ဂိုလ်မျိုးကို “ဒန်းဇစ်မြို့တော်သား ဂုဏ်ထူးဆောင်ဆု” ချီုးမြှင့်ခွင့်ရခြင်းဖြင့် ဒန်းဇစ်မြို့သားများတွင်မက၊ ပိုလန်ပြည်သူတွေအားလုံး ဂုဏ်ယူဖွယ်ကောင်းသည့်အကြောင်း ပြော၏။ ကမ္ဘာကြီးရဲ့ ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းရေး၊ လူ့စိတ်ရင်း စေတနာများ မြင့်မား လာစေရေးအတွက် “သူ” ကြိုးပမ်းဆောင်ရွက်ခဲ့သည့် စာအုပ်စာပေများကို တန်းစီပြီး ပြောနေခဲ့၏။
သူသည် ပိုလန် သမ္မတကြီး၏စကားကို မကြားတချက်၊ ကြားတချက်။ သူ့မျက်လုံးများထဲတွင် လူထုပရိသတ်ကြီးကို မြင်တချက်၊ မမြင်တချက်ဖြစ်နေ၏။ သူ့နားထဲတွင် ဖိနပ်သံများ၊ သေနတ်ကျည် မောင်းထိုးသံများ၊ နာဇီ စကြာတံဆိပ် အလံများ၊ မီးခိုးမှိုင်းများကို အတိုင်းသား ကြားနေမြင်နေရ၏။
ညမှာ မာန်နတ်ရောက်လာပြီး
သူ့လက်နှစ်ဘက်ကို ဆန့်ထုတ်လိုက်တယ်။
ငါ့ရဲ့အရိုးပြာတွေနဲ့
သူ့သွားတွေကို တိုက်ချွတ်တယ်။
မာန်နတ်
ငါတို့
သူ့အံသွားတွေကြား
တွားတက်ပြီး ၀င်ကြရလိမ့်။
လက်ခုပ်သံများစဲတော့ သူနဲ့သမ္မတကြီး “လက်စ်ဝယ်လ်ဆာ” တို့နှစ်ဦး စင်မြင့်ပေါ်က ယှဉ်တွဲပြီး ဆင်းလာကြ၏။ သတင်း ထောက်တွေ၊ ဂုဏ်ပြုချီးကျူးကြသူတွေ၊ သူတို့နှစ်ဦးရှိရာ ပြေးလာကြလေသည်။
ထို့နေ့က ပိုလန်အသံလွှင့်ဌာနမှတဆင့် သူ့ကိုဂုဏ်ပြုသောအားဖြင့် သူ့ရဲ့နာမည်ကျော် “မာန်နတ်” ကဗျာကို ရွတ်ဆို ထုတ်လွှင့်ခဲ့လေသည်။
(၄)
စာရွက်တရွက်ပေါ်တွင် လိုအပ်သည့်အချက်အလက်များ ဖြည့်ပြီးသောအခါ သူသည် တခြားလူငယ်များနည်းတူ ဆံပင်ညှပ် ဆရာ၏ရှေ့တွင် သွားထိုင်လိုက်၏။ ဆံပင်ညှပ်ဆရာက သူ့ဆံပင်များကို ခပ်ကြမ်းကြမ်းညှပ်ချလေသည်။ ဆံပင်ညှပ်နေ ရင်းက အခန်းအပြင်ဘက်က စစ်ဖိနပ်သံများကို နားစွင့်နေမိသည်။ သူ့ရင်ထဲ၌ မည်သည့်ခံစားမှုမျှမရှိ။ ဂျာမန် တမျိုးသားလုံး အမျိုးအမည်မသိရသည့် ကမ္ဘာကြီးတခုအတွင်း တိုးဝင်သွားနေကြသလို ဖြစ်နေ၏။ သူသည် ဂျာမန်လူမျိုးဖြစ်၏။ ဂျာမန် နိုင်ငံသားဖြစ်၏။ ဂျာမန်တမျိုးသားလုံး လိုက်ပါလာနေသည့် ရေစီးကြောင်းကြီးအတွင်း သူသည်လည်း မျောပါလာနေ၏။ သူ့ခြေသူ့လက်များ လှုပ်ရှားရခြင်းမရှိဘဲ သူ့အလိုလို မျောပါလာနေခြင်း ဖြစ်၏။ သူသည် စက်ရုပ်တရုပ်ဖြစ်နေခဲ့ပြီလား ဆိုသည်ကိုပင် သူ့ကိုယ်သူမသိ။
ထိုစဉ်က သူသည် စစ်ထဲဝင်ရခြင်းကို ဂုဏ်ယူရမည်လား၊ ၀မ်းသာရမည်လား သူမစဉ်းစား။ အခြား ဂျာမန်လူများစုကြီး နည်းတူ စစ်ထဲဝင်ဖို့ကိုပဲ စဉ်းစား၏။ သို့မဟုတ် အခြေအနေ အကြောင်းတရားအားလုံးက သူ့ကိုစစ်ထဲဝင်ဖို့ရန် တွန်းပို့နေ ခဲ့သလား…။ ခေါင်းဆောင်ကြီး ဟစ်တလာအပေါ် သူဘယ်လို ခံစားနားလည်ထားသည်ကိုလည်း မတွေးမိ။ ခေါင်းဆောင်ကြီး ဟစ်တလာ ဆင်နွှဲနေသည့် စစ်ကြီးအပေါ် တရားသည် မတရားသည်၊ နိုင်မည် ရှုံးမည် အစရှိသည့် အခြေခံပြဿနာများ ကိုလည်း သူမစဉ်းစား။ သူသည် ဂျာမန်လူငယ်တဦး ဖြစ်သည်။ ယခုအခါ ဂျာမန်တမျိုးသားလုံး စစ်တိုက်နေကြသည်။ သူသည် စစ်ထဲဝင်ရန်မှတပါး အခြား သူမစဉ်းစား။ ယုတ်စွအဆုံး စစ်ထဲသို့ဝင်ခဲ့ရသည့်တိုင် သည်စစ်ပွဲအတွင်း စိတ်ပါဝင် စားခြင်း၊ စိတ်အား ထက်သန်ခြင်း ရှိမရှိဆိုသည်ကိုပင် သူ့ကိုယ်သူမဝေဖန်ခဲ့။
သည်လိုနှင့် သူသည် စစ်ထဲသို့ဝင်ခဲ့၏။ ဟစ်တလာ၏ လူငယ့်လက်ရုံးတပ်ဖွဲ့တွင် ပါဝင်ခဲ့၏။ စစ်ထဲဝင်ပြီးနောက် (၆) လ အကြာတွင်မူ မဟာမိတ်တပ်ပေါင်းစု၊ အမေရိကန်တပ်များ၏လက်တွင်းသို့ စစ်သုံ့ပန်းအဖြစ် ကျရောက်ခဲ့၏။ ဒုတိယ ကမ္ဘာ စစ်ကြီးလည်း ပြီးဆုံးသွားခဲ့ပြီ။ ဂျာမန်တို့စစ်ရှုံးခဲ့ကြ၏။
(၅)
ထိုနေ့က သူ့ထံသို့ တကမ္ဘာလုံးက ကြေးနန်းစာများ၊ အင်တာနက် အီးမေးလ်မှတဆင့် စာများ၊ တယ်လီဖုန်း ဆက်သွယ်မှုများ တဖွဲဖွဲရောက်လာကြ၏။ သူ့အတွက် လူတိုင်းက ဂုဏ်ယူကြ၏။ သူ့နာမည်မှာ ဂျာမနီနယ်စပ်မျဉ်းကိုကျော်ကာ တကမ္ဘာလုံးသို့ အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့သွားလေသည်။
သူသည် “နိုဗဲလ်ဆု ရွေးချယ်ရေးအဖွဲ့” က ကြေညာသည့် ကြေညာချက်ကို မကြားခဲ့ရ။ သူ့ထံပေးပို့သော ကြေးနန်းစာ အရသာ သူဖတ်ခဲ့ရ၏။ ယခုအခါ သူသည် ဤကမ္ဘာပေါ်၌ အမြင့်မားဆုံး “စာပေနိုဗဲလ်ဆု”ကို ချီးမြှင့်ခံခဲ့ရပြီ။ သူသည် သည့်အတွက် ၀မ်းသာရမည်လား။ ဂုဏ်ယူဝံ့ကြွားထိုက်ရဲ့လား။
၁၉၉၉ ခုနှစ်အတွက် စာပေနိုဗဲလ်ဆု ချီးမြှင့်ခံရသူ သူ့ရဲ့ကဗျာများ၊ ၀တ္ထုများကို တကမ္ဘာလုံးတွင်ရှိသော နိုင်ငံတိုင်းလိုလိုက ဘာသာပြန်ဖော်ပြလာကြ၏။ သူ့အကြောင်းကို ကမ္ဘာကြီးက ပိုမိုသိရှိခွင့် ရလာကြ၏။ သူ့စာပေများကို သုတေသနပြုသူများ၊ စာတန်းရေးသူ၊ ဘွဲ့ယူသူများက သူ့ထံစာဖြင့် ဆက်သွယ်ကြ၏။ လူကိုယ်တိုင် တွေ့ခွင့်တောင်းကြ၏။ ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်တချို့ က သူ့ကိုဖိတ်ကြားကာ သူ့စာပေများအကြောင်း ဟောပြောပို့ချစေခဲ့ကြ၏။
သည်လို ကမ္ဘာ့ယဉ်ကျေးမှုနယ်၊ ပညာရေးနယ်ပယ်တခုလုံးက သူ့အပေါ် အလေးအနက်ထား ၀န်းရံကြိုဆိုနေကြသည့် အချိန်အတွင်း သူသည် အထီးကျန်ဆန်မှုကို တနေ့တခြား ပိုမိုခံစားလာရ၏။ လူအုပ်ကြားထဲတွင်နေထိုင်ရင်း အဖော်မဲ့သလို ဖြစ်လာရ၏။ သူ့ဘ၀ သူ့အတိတ် သူငယ်စဉ်က သူ့ဖြတ်သန်းမှု တစိပ်တဒေသက သူ့ကိုအရိပ်မည်းတခုလို ခြိမ်းခြောက်နေ ခဲ့၏။ လူတွေက သူ့အပေါ် ပိုမိုဂရုစိုက်လာနေကြသည့် တချိန်တည်းမှာပင် အရိပ်မည်းကြီးမှာ ပိုမိုကြီးမားလာခဲ့၏။ ရှေ့တိုး လာခဲ့၏။ သူသည် နှစ်ပေါင်းများစွာ သူ့နောက်မှလိုက်ပါလာနေသည့် အရိပ်မည်းကြီးနှင့် မည်သည့်အချိန်တွင် လမ်းခွဲနိုင်မည် ဆိုသည်ကို သူမသိ။
သူနှင့် ဘ၀ကြင်ဖော်အဖြစ် လက်တွဲခဲ့သူ “ကချေသည် ချစ်သူ” သည် သူ့အပေါ် ယခင်ကထက်ပိုပြီး ကြင်နာခဲ့၏။ တကမ္ဘာ လုံးက သူ့အပေါ်စိတ်ဝင်တစား လေးစားဂုဏ်ပြုနေကြသည့်အချိန်၌ သူ့ချစ်သူ “ကချေသည်” ဇနီး၏ရင်ခွင်သည် သူ့အတွက် အလုံခြုံဆုံး ခိုအောင်းနေထိုင်ရာ အရပ်ဖြစ်ခဲ့၏။ သူ့ချစ်သူသည် သူ့နောက်မှ တကောက်ကောက် လိုက်နေသည့် “အရိပ် မည်းကြီး” ကို သူ့အနားသို့ကပ်မလာနိုင်အောင် ထူးဆန်းသည့်စိတ်တန်ခိုးများဖြင့် ကာဆီးပေးထားသည်ဟု သူယုံကြည်၏။ ထို့ကြောင့် သူသည် သူ့ချစ်သူ “ကချေသည်” ဇနီး၏ရင်ခွင်ထဲမှတဆင့် “အရိပ်မည်းကြီး” တခုကို ချောင်းကြည့်နေခဲ့ရ လေသည်။
(၆)
လက်ထဲကစာရွက်ကို စားပွဲပေါ်ပြန်တင်ပြီးသည့်တိုင် သူ့လက်များမှာ မသိမသာ တုန်ရင်လျက်ရှိနေသေး၏။ နှစ်ပေါင်း (၆၀) ကျော် စောင့်မျှော်ခဲ့ရသည့် အဖြစ်အပျက်တခုမှာ ယခုတော့ သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီုဖစ်သည်။
“ခင်ဗျားအနေနဲ့ ဟစ်တလာရဲ့ လူငယ့်လက်ရုံးတပ်ဖွဲ့မှာ ပါဝင်ခဲ့တယ်ဆိုတဲ့ကိစ္စကို အတိအလင်းဝန်ခံဖို့ တောင်းဆိုချင်ပါ တယ်၊ ဒါမှမဟုတ်ရင်လည်း ခင်ဗျားရထားတဲ့ ဒန်းဇစ်မြို့တော်သား ဂုဏ်ထူးဆောင်ဆုကို ကိုယ့်သဘောနဲ့ကိုယ် ပြန်လည် အပ်နှံစေချင်ပါတယ်။ ဒါတွေ မဆောင်ရွက်နိုင်ဘူးဆိုရင် ခင်ဗျားနဲ့အတူ တွဲပြီးရထားတဲ့ အဲဒီ ဒန်းဇစ်မြို့တော်သား ဂုဏ်ထူးဆောင်ဆုကို ကျနော့်သဘောနဲ့ကျနော် ပြန်လည်အပ်နှံရပါလိမ့်မယ်” သူ့နားထဲတွင် ပိုလန်သမ္မတဟောင်း
“လက်စ်ဝယ်လ်ဆာ” ရဲ့ စကားသံများကို ဘေးချင်းယှဉ်ပြီးပြောနေသလို ကြားနေရ၏။ နှစ်ပေါင်း (၆၀) ကျော် ကြာအောင် မျှော်လင့်နေခဲ့ရသည့် အဖြစ်အပျက်များမှာ ယခုအခါ သူ့ရှေ့သို့ရောက်လာခဲ့ကြပြီ။ “ဂန်တာဂရပ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ နိုဗဲလ်ဆုနဲ့မထိုက်တန်ပါဘူး၊ ဒန်းဇစ်မြို့တော်သား ဂုဏ်ထူးဆောာင်ဆုရယ်လို့ မဟုတ်ပါဘူး၊ သူရထားတဲ့ ဘယ်ဆုမဆို သူ့သဘောနဲ့သူ အားလုံးပြန်လည်အပ်နှံသင့်ပါတယ်”ဟု ကမ္ဘာကြီးရဲ့ ထောင့်တနေရာက လှမ်းအော်ပြောနေကြသည့် အသံများ။ သူ့အဖို့တုန်လှုပ်ခြင်း အလျဉ်းမရှိပါ။ သည်လို ကြုံတွေ့ရမည့်ကိစ္စကို သူသည် နှစ်ပေါင်း (၆၀) ကျော်ကြာအောင် စောင့်နေခဲ့ပြီးပြီပဲ။ ကိုယ်မျှော်လင့်သလို ဖြစ်လာတာမို့ သူ့ အဖို့စိတ်ထိခိုက်စရာ စိုးစဉ်းမျှမရှိ။ သူသည် နှစ်ပေါင်း (၆၀) ကျော် “အရိပ်မည်းကြီး” တခုနှင့် ကခုန်ခဲ့ရပြီးပြီ။ ယခုအခါ ထို “အရိပ်မည်းကြီး” ကို အောင်မြင်စွာ ဖယ်ရှားဖို့ရာ အချိန်ကျရောက် ခဲ့ပြီ။ သူမသေခင် ယခုလို အခွင့်အရေး ကြုံရသည့် အတွက်ပင် သူကျေနပ်နေမိ၏။
ဆုံးဖြတ်ချက် အခိုင်အမာချပြီးသောအခါ၊ စားပွဲပေါ်တွင် စာတစောင် သူရေး၏။ ဒန်းဇစ်မြို့တော်ဝန်နှင့် သမ္မတဟောင်း “လက်စ်ဝယ်လ်ဆာ” တို့ထံ စာတစောင်စီ ရေး၏။ အမှန်စင်စစ် သည်စာနှစ်စောင်မှာ ယင်းပုဂ္ဂိုလ်နှစ်ဦးထံ ရေးပို့သည့်စာ ဖြစ်သည့်တိုင် ယဉ်ကျေးသော လူ့သမဂ္ဂကြီးတခုလုံးထံ ၀န်ခံတောင်းပန်သည့် စာတစောင်သာဖြစ်သည်ဟု သူသဘော ထား၏။ ကမ္ဘာကြီးသည် သူ့အားခွင့်လွှတ်နိုင်ကောင်းရဲ့လားဟု သူတောင့်တမိလေသည်။
(၇)
ဧည့်ခန်းထဲသို့ဝင်လာနေစဉ် သူ့ချစ်သူ “ကချေသည်” ဇနီးက သူ့အား အပြုံးနှင့် နှုတ်ဆက်လေသည်။ ယခုတော့ အရာ အားလုံး ရှင်းလင်းပြတ်သားသွားခဲ့ပြီ။ နှစ်ပေါင်း (၆၀) ကျော် အတူတွဲပြီး ကခုန်ခဲ့ရသည့် မချစ်မနှစ်သက်သူ မိဒွေးတော် အရိပ်မည်းကြီးနှင့် ထာဝရလမ်းခွဲနိုင်ခဲ့ပြီ။ သူ့ဘ၀ ရေကန်အိုအတွင်း ဖားတကောင်ခုန်ဆင်းလို့ ကြားလိုက်ရသည့် ရေပွက် သံများမှာလည်း ယခုအခါ ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီ။
သူသည် ဧည့်ခန်းဆောင် ခန်းမအလယ်တွင်ရပ်ကာ သူ့ဘ၀ သူ့အတိတ် သူ့အရိပ်များအကြောင်း ပြန်လည်တူးဆွ နေမိပြန် လေသည်။ သည်တချိန်တွင် သူ့ဘ၀ သူ့အတိတ်များထဲ၌ “အရိပ်မည်းကြီး” မရှိတော့သည်ကိုလည်း ထူးဆန်းစွာ သူသတိပြုမိလာလေ၏။ ။
စာပေနိုဗဲလ်ဆုရှင် ဂျာမန်စာရေးဆရာ၊ ကဗျာဆရာကြီး “ဂန်တာဂရပ်” ၏ ဘ၀တစိတ်တပိုင်းကို စိတ်ကူးဖြင့် ရေးဖွဲ့ ကြည့်ခြင်း ဖြစ်ပါသည်။
ကိုးကား။ ။ Gunter Grassး Selected Poems
(ဧရာဝတီအွန်လိုင်းတွင် တင်ခဲ့ပြီးတဲ့ ဆောင်းပါးဖြစ်ပါသည်။)