25.7.08 နေ့က ဆရာမ ဒေါ်မေငြိမ်းနဲ့ ကျနော် ဇင်းမယ်မြို့က စားသောက်ဆိုင်တဆိုင်မှာ ထိုင်ဖြစ်ခဲ့ကြပါတယ်။ စားရင်းသောက်ရင်းက ပုဂ္ဂိုလ်ရေးကိစ္စတချို့ကိုလည်း ပြောဖြစ်ကြပါတယ်။ သူကလည်း သူ့ “လယ်သမားကြီး” အကြောင်းပြောသလို ကျနော်ကလည်း ကျနော့် “ချစ်သူ” အကြောင်း ပြောမိတယ်။
နောက်တနေ့ နေရပ်ကိုပြန်တော့ ကားပေါ်မှာ ကျနော့်ချစ်သူအကြောင်း အတွေးမျှင်တန်းရပြန်ရော...။ ဒီကနေ့ကျတော့ ချစ်သူနဲ့ပါတ်သက်တဲ့ ဒီဝတ္ထုတိုလေးကို ပို့စ်အသစ်တင်မိပြန်တယ်။
ဒီဝတ္ထုတိုလေးဟာ၊ ၁၉၉၂-ခု ကျနော် မာနယ်ပလောကို ရောက်လာပြီးနောက်ပိုင်း ပထမဆုံးရေးခဲ့တဲ့ ၀တ္ထုတိုလေးပါ။ “ဒေါင်းတမာန်” စာစောင်မှာ ဖော်ပြခဲ့ပါတယ်။ ပန်းချီဆရာလေး “စောငို” က သရုပ်ဖော်ပုံ ဆွဲပေးခဲ့ပါတယ်။
ဒီတုန်းက ဒီဝထ္ထုလေးကိုဖတ်ရတဲ့ ကျနော့်ချစ်ရဲဘော်တချို့က ကျနော့်ချစ်သူကို အသိအမှတ်ပြုကြ ပါတယ်။ အခုလည်း ကျနော် ၀ထ္ထုလေးအပေါ် ချစ်မိတ်ဆွေ စာဖတ်သူများက ဘယ်လိုများ ပြောလာကြဦးမလဲ ...။
မိတ်ဆွေတွေအားလုံး ဒီဝထ္ထုလေးကို လာရောက်ဖတ်ရှုကြတဲ့အတွက် ကျေးဇူး ...။
(က)
စက်လှေသံနှင့်အတူ မပီိမသရောထွေးပြီး ကြားနေရတဲ့ ဓါတ်စက်ထဲက မောင့်အသံကို ငါ ဂရုစိုက်ပြီး နားထောင်နေမိတယ်။ နာရီပိုင်းအတွင်း ဖြစ်သွားခဲ့ရတဲ့ ကိုယ့်အဖြစ်ကိုပင် မေ့ထားလိုက်ပြီး မောင့်အသံကို စကားလုံးတလုံးမကျန် ကြားလိုက်နိုင်အောင် ကြိုးစားနေမိတယ်။ တကယ်တော့ စက်လှေသံ ဘယ်လောက်ပဲ ဆူဆူ လေတိုးသံ ဘယ်လောက်ပဲပြင်းပြင်း မောင့်အသံကို ငါ ကောင်းကောင်းမှတ်မိတာပေါ့။ ကြည့်စမ်းပါဦး ငါကလည်း မောင်စကားပြောနေတဲ့အချိန်ကျမှ အချိန်ကိုက်ပြီး ရောက်လာသလိုပါပဲလား။
စက်လှေနံရံကိုကျော်တဲ့အထိ လှဲနေရာက အသာထပြီး မျက်လုံးကိုဖွင့်ကြည့်တော့ စက်လှေဟာ သောင်တန်းရွာထိပ်ကို ရောက်နေပြီ။ သရက်တောရွာကွေ့ကို ဦးတည်နေပြီ။ မောင့်အသံကလည်း အခုမှပဲ ပိုပြီး ပြတ်ပြတ်သားသား ကြားလာနေရတယ်။
“ကျွန်တော်တို့ဟာ အနာဂါတ်ကို ပိုင်တယ်။ ကျွန်တော်တို့ဟာ သမိုင်းကို အသိရှိရှိနဲ့ ဖန်တီးနေကြတာ ဖြစ်တယ်။ ဒီလိုအခွင့်အရေးကြီး ကျွန်တော်တို့လက်ထဲရဘို့ဆိုတာ လူ့သမိုင်းမှာ ရတောင့်ရခဲ ကြုံကြိုက်မှုကြီးပါ။ ကျွန်တော်တို့ဟာ ... ”
(ခ)
“အဲဒီလို စင်ပေါ်မှာစကားပြောနေတုန်းမှာတောင်မှ မ ကို မောင် သတိရမိအောင်ရလိုက်သေးတယ်”
အခုလို မောင့်စကားကိုကြားတော့ မုန့်ကြော်နေတဲ့ ငါ့လက်တွေဟာ လမ်းတ၀က်တပျက်မှာတွင် ရပ်သွားရတယ်။ မောင့်ကို မျက်စေ့မှေးပြီး ကြည့်လိုက်တယ်။ ပြီးတော့ စိတ်လွတ်ကိုယ်လွတ် ရယ်ချလိုက်မိတယ်။
မောင်စကားပြောခဲ့တဲ့ နေ့ဆိုတာ စစ်တောင်းမြစ်ဘေး ကျေးရွာတွေအားလုံး စုပေါင်းပြီးဆန္ဒပြပွဲကြီး ကျင်းပတဲ့နေ့၊ အဲဒီနေ့မှာပဲ ငါဆေးရုံတက်ခဲ့ရတယ်။ ရုတ်တရက် မူးမေ့လဲကျသွားတဲ့ ငါ့ကို အိမ်နီးနားချင်းတွေက စက်လှေပေါ်ထမ်းတင်ခဲ့ကြပြီး ကျွဲပွဲမြို့ ဆေးခန်းကို ပို့ပေးခဲ့ကြတယ်။ ဒါပေမယ့် သောင်တန်းရွာထိပ်ကို ရောက်တော့ ငါ သတိပြန်ရလာခဲ့ပြီ။ ပထမဆုံးခေါင်းထဲကိုဝင်လာတဲ့ အသိကတော့ စက်လှေသံထဲမှာရောပြီး ကြားလိုက်ရတဲ့ မောင့်ရဲ့ ဓါတ်စက်နဲ့စကားပြောသံပဲ။
“ဘာလုပ်မလို့လဲ၊ မျက်စိမှိတ်ပြီး အသာကလေး ငါ့ကိုဖေးပြီးမှီထား၊ တခြားဘာမှ တွေးမနေနဲ့၊ ကလေးတွေအတွက်လည်း မပူနဲ့၊ အားလုံးစီစဉ်ပေးထားခဲ့တယ်၊ သက်သာအောင်သာနေ”
မတင်ရီရဲ့ ခန္ဓာကိုယ်ကို လက်နဲ့အားယူပြီး ခေါင်းထောင်ဖို့ ကြိုးစားကြည့်တယ်။
“မထနဲ့လေ၊ သောင်တန်းရွာထိပ်ကိုတောင် ရောက်နေပြီ၊ မကြားဘူးဘား နင့်ယောင်္ကျားအသံ၊ လူတွေ ကတော့ အများကြီးပဲဟ၊ အလံတွေ တလူလူနဲ့”
စက်လှေထဲမှာ အသာပြန်လှဲနေယင်း နားကိုစွင့်ထားမိတယ်။ ကောင်းကင်ပြာပြာကြီး ... ။ ပြီးတော့ မောင့်ရဲ့ ဓါတ်စက်ထဲကအသံ။ ဓါတ်စက်ထဲက မောင့်အသံဟာ စစ်တောင်းမြစ်ပေါ် ဖြတ်ကျော်သွားနေခဲ့တယ်။
“မ ရဲ့ စာကိုဖတ်ရတော့ မောင်လေ နပိုလီယံပြောခဲ့တဲ့ စကားတချို့ကို ချက်ချင်းသတိရသွားတယ်။ အဲ ... ဘာတဲ့၊ မင်းကသာချစ်တယ်ဆိုတဲ့ စကားတခွန်းကို လူကြုံနဲ့မှာလိုက်စမ်းပါ။ ငါ အခုတိုက်နေတဲ့ စစ်ပွဲကြီးတခု လုံးကို ပစ်ချထားခဲ့ပြီး မင်းဆီကို ငါချက်ချင်းပြန်လာခဲ့မယ် ...” တဲ့။
နောင်အခါ အခုလိုပြောပြခဲ့တဲ့မောင်ဟာ တကယ်တမ်းကျတော့ ရွာက ကောင်လေးတွေက အကို့မိန်းမ ဆေးရုံတက်ရတာ သုံးရက်တောင်ရှိနေပြီဆိုပြီး ဆေးရုံပေါ်က ငါရေးပေးလိုက်တဲ့ စာကိုပြတော့ မောင်ဟာ ငါ့စာကိုဖတ်ကြည့်ပြီး ခေါင်းတချက်မော့ထား၊ မျက်စိကို ပိတ်ထားခဲ့သတဲ့။ ဒါပါပဲ။ ပြီးတော့ သူ့အလုပ်တွေကို ဆက်လုပ်နေခဲ့တာပါပဲ။
မောင့်ဆီကို ရေးပို့လိုက်တဲ့ စာထဲမှာ ဆန္ဒပြပွဲကိုပေးထားခဲ့ ကတိအတိုင်း ကိုယ်တိုင်မတက်ရောက်နိုင်ခဲ့တာ မောင့်အနေနဲ့ နားလည်ခွင့်လွှတ်ဖို့ရေးခဲ့မိတယ်။ တကယ်တော့ ဒီဆန္ဒပြပွဲကို တက်နိုင်ဖို့ နှစ်ရက်လောက် ကတည်းက အလုပ်တွေဖိပြီးလုပ်ထားခဲ့ရတာပဲ။ အခုလို မမျှော်လင့်ပဲ လွဲသွားရတော့ မောင့်ဆီကို စာနဲ့ပဲ တောင်းပန်ရတော့တာပေါ့။
(ဂ)
“အလုပ်ထွက်တာကတော့ လွယ်ပါတယ်၊ ဒါပေမယ့် မောင်တို့ တော်တော်ရုန်းကန်ရမယ့် သဘော ရှိတယ်၊ မ ပြောတဲ့ ကိစ္စဖြစ်ပါ့မလားကွာ၊ မ က အလုပ်ကြမ်းလုပ်လို့ မရဘူး၊ ဈေးတောင်းခေါင်းပေါ်တင်ရတယ် ဆိုတာ မလွယ်ဘူး၊ ပြီးတော့ ကျန်းမာရေး ...”
ငါ့မျက်နှာကိုကြည့်ပြီး မောင်ဟာ ပြောလက်စ စကားကို ရပ်ပစ်လိုက်တယ်။ ပြီးတော့ ရုတ်တရက် မှိုင်ကျသွားတဲ့ မျက်လုံးတွေနဲ့ ငါ့ကို စိုက်ကြည့်နေတယ်။ မျက်မှန်ကိုင်းကို လက်တဖက်နဲ့ ပင့်တင်ရင်း မျက်နှာလွှဲသွားတဲ့အခါ သူ့ဆီက သက်ပြင်းချသံကို ငါ ကြားလိုက်ရတယ်။ မကြာပါဘူး သူ့သားအကြီးကိုခေါ်ပြီး နောင်ချိုအင်းစပ်ကို ကန်စွန်းရွက် ခူးဖို့ ဆင်းချသွားလေရဲ့။
ဒီတုန်းက မောင်ဟာ နှစ်ရက်လောက် ငေးငေးငိုင်ငိုင်ဖြစ်သွားခဲ့တယ်။ ငါ နားလည်ရမှာပေါ့၊ သူ့ခမြာ တော်တော်ထိသွားခဲ့တာပဲ။
မောင်အလုပ်ကထွက်ပြီး ပြန်လာတဲ့ ညနေက လူကြုံနဲ့မှာလိုက်လို့ ရောက်လာတဲ့ ဈေးတောင်းအသစ် ကို ခါးစောင်းတင်ပြီး မောင့်ကို ရွာထိပ်မှာ ငါကိုယ်တိုင် ထွက်ကြိုခဲ့တယ်လေ။ ဒီတုန်းက မောင့်မျက်လုံးတွေ ရီဝေေ၀ မှိုင်းနေလေရဲ့။
(ဃ)
သောင်တန်းရွာထိပ်က စာသင်ကျောင်းပေါ်မှာ မဲပေးမည့်သူတွေ ပြည့်ကြပ်နေတယ်။ ငါကတော့ မဲပေးပြီးပေမယ့် မောင့်ကို စောင့်နေရသေးတယ်၊ မဲလာပေးကြတဲ့ သူတွေကလည်း မောင့်ကိုပဲ မေးနေတယ်။ လူတိုင်းလိုလို ခမောက်ကိုယ်စီဆောင်းပြီး မဲပေးဖို့လာနေတဲ့ မြင်ကွင်းကို မောင်မြင်စေချင်စမ်းပါဘိ။
မောင်ဟာ ရွာနဲ့ဝေးတဲ့ အုပ်တွင်းမြို့မှာ မြို့နယ်အတွင်းက ရွေးကောက်ပွဲကိစ္စတွေအတွက် အိမ်မပြန်နိုင် တာ တလကျော်သွားခဲ့ပြီပဲ။ ဒီနေ့တော့ မဲပေးဖို့ ပြန်လာနိုင်အောင် ကြိုးစားမယ်လို့ လူကြုံနဲ့ကြားရပေမယ့် နေ ခေါင်းပေါ်တက်လာတဲ့ အထိတော့ ရောက်မလာသေးဘူးလေ။
ခေါင်းပေါ်က ခမောက်ကို လက်နဲ့ဖေးကိုင်ပြီး စာသင်ကျောင်းရှေ့က နတ်စင်ရှေ့မျက်ခင်းအစပ်မှာ သွားထိုင်နေမိတယ်။ အရှေ့ဖက်က ရှမ်းရိုးမတောင်တန်းကြီးတွေကို လှမ်းမျှော်ကြည့်နေမိတယ်။ ထိုင်နေယင်းက မောင့်အကြောင်းတွေ တွေးမိပြန်တယ်။ တခါတုန်းက မောင့်ကို ငါက ကဗျာတပုဒ် ရွတ်ပြမိတယ်။
“ကျမနဲ့မောင်
ကလေးတွေအတွက်
ဖိနပ်တရံ လို့ ယူဆရအောင် ...”
မောင်ဟာ အစတော့ ငါ့ကို တအံ့တသြနဲ့မော့ကြည့်နေတယ်။ ပြီးတော့ ခပ်တိုးတိုးရယ်တယ်။ ဒါပေမယ့် ငါ့နားထဲမှာတော့ မောင့်ရယ်သံတွေ ဆူညံမြည်ဟိန်းသွားတယ်လို့ ခံစားလိုက်ရတယ်။
“ဒါ ရယ်စရာလားမောင်”
“မဟုတ်ဘူး၊ မဟုတ်ဘူး ဒီလိုမဟုတ်ဘူး၊ မောင်ရယ်တာ ဒီလိုမဟုတ်ဘူး”
မောင့်ရဲ့ ဖြေရှင်းတဲ့ စကားသံတွေဟာ တုန်ရင်အက်ကွဲနေကြတယ်။ ငါကလည်း တခါတလေ မောင့် အပေါ်မှာ နားလည်ဖို့ မေ့တတ်တယ်။ မောင့်ကို နားလည်ရမယ်။ တစက္ကန့်လေးတောင်မှ မေ့လို့မရတဲ့ နားလည်မှု မျိုးနဲ့ သိနေရမယ်။ အထူးသဖြင့် ကဗျာ ... ။
ဒီလိုနဲ့ မောင်နဲ့အတူ ထင်းခွေကြတာ၊ မနက်အစောကြီးထပြီး မုန့်ကြိတ်ကြတာ၊ စစ်တောင်းမြစ်ကမ်းပါးလမ်းမှာ စကားတွေ ဖောင်လောက်အောင်ပြောရင်း ရွာပြန်လာကြတာ၊ တခါတလေ ဖိနပ် တရံတည်းကို သူအရင်စီးမယ်၊ ငါ အရင်စီးမယ်ဆိုပြီး သားသုံးယောက်ရန်ဖြစ်ပြီး လုစီးနေကြတော့ မောင်က မကြားချင်ယောင်ဆောင်ပြီး ငေးနေခဲ့တာ၊ တနေကုန် ရွာစဉ်လျှောက် ဈေးရောင်းရာက ပြန်လာတဲ့ ငါ့ကို ရွာထိပ် ဘုန်းကြီးကျောင်းအထွက် ရေသိမ်လေးပေါ်က ထိုင်ပြီး တယောက်တည်းစာထိုင်ဖတ်ရင်း ငါ့ကို စောင့်ကြိုနေတာ၊ ညကျတော့ ကလေးတွေအိပ်ပျော်သွားတဲ့အချိန် ငါ့က မုန့်နယ်ပြီးတဲ့အချိန် သူစာရေးနေတဲ့ ရေနံဆီမီးခွက် ဘေးမှာသွားထိုင်ရင်း သူ့ကဗျာတချို့ကို တိတ်ဆိတ်စွာဖတ်နေခဲ့တာ။
“ကဲ ...၊ စာရင်းလုပ်တော့မလား၊ ရပြီလေ၊ မောင်ရေးပေးမှာပေါ့၊ ကိုင်းပြောတော့ အဆင်သင့်ပဲ”
ငါက ကျစ်ကျစ်ပါ အောင်လိပ်ပြီး ကိုင်ထားတဲ့ စာရင်းစာရွက်ကိုထုတ်ပြီး မောင့်ကို ဖတ်ပြလိုက်တယ်။ မောင်က သူ့စာရွက်တွေကို ဘေးဖယ်ပြီး စာရင်းလိုက်ရေးဖို့ ပြင်တယ်။
“မုန့်ကြိတ်ဆုံငှားခက ငါးဆယ်၊ မနက်ဖြန်ဈေးလူကြုံမှာရမယ့်ပစ္စည်း ... အဲ ထန်းလျက်က တပိဿာ ဆိုတော့ နှစ်ဆယ့်ငါးကျယ်၊ ဆားတထုပ်က သုံးကျပ်၊ ဆီ ငါးကျပ်သားက ... ”
“နေပါအုံး မရဲ့၊ မင်းစာရင်းက ရှိတဲ့ငွေထက် ကျော်နေပြီမို့လား”
ငါက မောင့်ကို ပြုံးကြည့်ပြီးမှ “ဒါ ဆန်းသလားမောင်ရဲ့၊ ကျန်တာ အကြွေးပေါ့၊ ယူနေကြပဲဟာ၊ ရပါတယ်၊ ဒါတောင်မှ ကင်းကြေးက လေးဆယ်၊ ချောကြေးက ငါးဆယ်၊ စာသင်ကျောင်း အိမ်သာဆောက်တာ ထည့်ရမှာက တရာ့တစိပ်၊ အုတ်တွင်း စပါးငါးကန် လူကိုယ်တိုင်လိုက်တူး မပေးနိုင်လို့ လူငှါးထည့်ဖို့ ချေးထား ခဲ့တာက တစ်ရာ့ရှစ်ဆယ်၊ ပြီးတော့ ... ”
အဲဒီညက စာရင်းရေးပြီးတဲ့အခါ ငါက ကဗျာတပုဒ်ကို ရွတ်ပြမိခဲ့တယ်။ ဒါကို မောင်က တအံ့တသြနဲ့ နားထောင်ပြီး ခပ်တိုးတိုးလေး ရယ်မောခဲ့တာ၊ အစကတော့ ဒါဟာ ငါ့ကိုလှောင်တာပဲဆိုပြီး ငါက စိတ်ဆိုးခဲ့တာ။ နောက်တော့မှ မောင့်ရဲ့ရယ်သံအဆုံးက မသိမသာလေး တုန်ရင်နေတဲ့ အသံကို ဂရုပြုမိပြီး မောင့်ကို သနားသွား ခဲ့တာ ... ။
ငါ့ရဲ့အတွေးတွေဟာ လူတယောက် ငါ့ဘေးမှာ လာရပ်တော့မှ တပိုင်းတစနဲ့ ပြတ်တောက်သွားရတယ်။ မော့ကြည့်လိုက်တော့ ဖျင်နီတိုက်ပုံအင်္ကျီဝတ်ပြီး ရပ်နေတဲ့ မောင့်ကို တွေ့ရတယ်လေ၊ မောင်က ငါ့လက်ထဲက ခမောက်ကိုယူပြီး ငါ့ခေါင်းပေါ် ဆောင်းပေးလိုက်တယ်။ ငါက မောင်နဲ့ယှဉ်ပြီး ရပ်နေလိုက်တယ်။
(င)
ထာဝရ ... ။ ဟုတ်တယ် ... ။ ထာဝရ ...။
ဒီစကားလုံး သုံးလုံးရဲ့ နောက်မှာ ဘယ်လိုစကားမျိုးပဲ ဆက်ဆက်လိုချင်တာ ဖြည့်လို့ရတယ်ဆိုတော့ သိပါတယ်။ ဒါပေမယ့် ငါ့အဖို့တော့ ဖြည့်သင့်ဆက်သင့်တဲ့အရာတွေကို ဖြည့်နိုင်ရမယ့် သတ္တိတွေ ရှိနေရမယ်လို့ မောင်ပြောဖူးတာတွေးတော့ ငါ့ခေါင်းဟာ အလိုလို မော့သွားရတယ်။ ထာဝရ ...။ ထာဝရ ... ။ ထာဝရ ... ဆိုတဲ့ စကားသံတွေ စစ်တောင်းမြစ်ကြီးကို ကျော်ပြီး၊ လှိုင်းတွေလို တလိမ့်လိမ့်ဝေးသွားနေတဲ့ အရှေ့ရိုးမတောင်တန်း ကြီး တွေကို ကျော်ပြီး မောင့်ဆီကို ရောက်တဲ့အထိ အော်ဟစ် ပစ်လိုက်ချင်တယ်။
“ကဲ လုပ်တော့လေ၊ ကလေးတွေကို ဒီလောက်နောက်ဆံတင်းမနေနဲ့၊ သူတို့လည်း နေတတ်သလောက် ဖြစ်နေပြီပဲဟာ၊ ကိုယ့်ရောဂါက မပြလို့မှမရပဲ၊ ရော့ တင်လှိုင်တို့လင်မယားဆီက ချေးလာတဲ့ ပိုက်ဆံတရာ၊ ကိုင်း ထပါ၊ စက်လှေလာတော့မယ်။ ဖြည်းဖြည်းလျှောက်နော်၊ ငါ ချောင်းထဲဆင်းနှင့်မယ်”
မအေးငွေရဲ့ ကျောပြင်ကို ကြည့်ယင်းက လက်ထဲက ပိုက်ဆံတရာကို ကျစ်ကျစ်ပါအောင် ဆုပ်ညှစ်နေမိ ပြန်တယ်။ ပြီးတော့ အိမ်ပေါက်ဝ ထရံဘေးမှာ ကြုံ့ကြုံ့ကလေးထိုင်နေတဲ့ သားကြီးကို ငါ လှမ်းကြည့်လိုက်တယ်။ သားကြီးဟာ ငါ့ကို မျက်လုံးတွေ ၀ိုင်းနေအောင် မော့ကြည့်နေတယ်။
မောင့်ကိုငါ ရင်နာချင်လိုက်တာ။ မောင့်ကိုငါ မုန်းပစ်လိုက်ချင်တာ၊ ငါ့ဘ၀မှာ တခါမှ မမြင်ဖူး၊ မတွေ့ဖူး၊ မကြားဖူးသေးတဲ့ လူတယောက်အဖြစ်မျိုးနဲ့ မောင့်ကိုငါ ရှိနေစေချင်လိုက်တာ။ ဒါပေမယ့် ဆန္ဒတွေ ပြည့်ဝလာမယ့်နေ့ဟာ ငါ့ဘ၀အဖို့ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ၊ အသက်ရှင်ရပ်တည်လို့ကော ရနိုင်တော့မှာလား ...။
“မေမေ ဆေးရုံတက်နေတဲ့အချိန်မှာ ညီလေးတွေကို ဂရုစိုက်နော် ဒီကနေ့ သားကြီး ကျောင်းမတက်ရတော့ဘူးပေါ့၊ မေမေ ဆေးရုံမှာကြာရင် နှစ်ရက်သုံးရက်ပါ၊ ညကျတော့ အိမ်ရှေ့အိမ်က မင်းအဖော်တွေကိုခေါ်ပြီးအိပ်နော်၊ မေမေမှာထားပေးခဲ့မယ်။ အိုးထဲမှာ ဆန်နှစ်ရက်စာ မလောက်ရင် ဒေါ်လေး မထွေးဆီမှာ သွားတောင်း၊ ပြောထားပြီးပြီ၊ မီးဂရုစိုက်နော်၊ ငါးပိလည်း သုံးရက်စာ ရှိသေးတယ်၊ ပိုက်ဆံလည်း တဆယ် ပေးခဲ့မယ်”
သားကြီးရဲ့ အသက်ဟာ ဆယ့်တစ်နှစ်ပဲ ရှိသေးတာပဲ။ အငယ်ဆုံးက ခြောက်နှစ်။ ဒါပေမယ့် သားကြီးရဲ့ မျက်လုံးတွေထဲမှာ အရွယ်နဲ့မမျှအောင် တွေးခဲ့ခေါ်ခဲ့ရလွန်းလို့ ငါပြောတဲ့ စကားတချို့ကို နားလည်နိုင်စွမ်းရှိ နေတာ ငါ တွေ့နေရတယ်။
မေမေ့ကိုလည်း၊ မေ့မေ့ကို ယုံစမ်းပါသားရယ်၊ ဖေဖေ့အပေါ် မေမေက ယုံကြည်ထားသလို မေ့မေ့အပေါ် မှာလည်း မင်းတို့ ယုံကြည်လိုက်စမ်းပါ။ မေမေ အခု သွေးတွေ အန်နေပေမယ့် မသေစေရပါဘူး။ မေမေသေလို့ လည်း မဖြစ်သေးဘူး။ သေလည်း မသေချင်သေးဘူး။ မေမေ့အတွက် ဖေဖေဟာ ဘယ်တော့မှ မသေသလို သားတို့အတွက် မေမေဟာ ဘယ်တော့မှ မသေစေရဘူး ...
ရင်ထဲမှာပဲ ပြောနေမိတဲ့ စကားတွေပါ။ ဒါတွေကျတော့ သားကြီးနားလည်လိမ့်မယ် မဟုတ်ဘူးပေါ့။ တကယ်တော့လည်း အခုလို မီးလျံတမျှပူလောင်လှတဲ့ စကားလုံးတွေဟာ ကလေးတွေနဲ့ ဘယ်လိုမှ မသက်ဆိုင် ဘူး မဟုတ်လား။
အခုတော့ မုန့်ကြိတ်ဆုံနံဘေးမှာ၊ နောင်ချိုအင်းထဲက ထင်းခွေကြတဲ့နေရာ၊ ရွာထိပ်က ရေသိမ်ကလေး၊ စစ်တောင်းမြစ်ကမ်းနဖူးက လူသွားလမ်းကလေး ...၊ အဲဒီ နေရာလေးတွေဟာ ငါ့အဖို့တော့ တန်ဖိုးကြီးမားလှတဲ့ လွမ်းဘွဲ့နေရာလေးတွေ ဖြစ်နေရပြီပေါ့။
ကိစ္စမရှိပါဘူးလေ ...၊ ဟို အဝေးကြီးက အရှေ့ရိုးမ တောင်တန်းကြီးတွေရဲ့နောက်မှာ မောင်တယောက် ရှိနေသေးတာပဲမို့လား ...။
ငြိမ်းဝေ
(က)
ရိုးထဲတွင်ရေမရှိတော့သည့်တိုင် ကိုင်းပင်၊ ခြုံပင်များမှာ ထူထပ်လျက်ရှိနေသေး၏။ ရိုးအလယ်သို့ ရောက်သည်အထိ ၀ါးတံတားထိုးဆက်သွယ်ထားသည့် “ရေသိမ်” ကလေးမှာ အကာအရံမရှိ။ ၀ါးတံတားလေးပေါ်မှကြည့်လျင် လေးဖက်လေးတန် ၀န်းကျင်ကို ကောင်းကောင်း မြင်ရ၏။ အထူးသဖြင့် “ချောင်းချိုး”’ ရွာကလေးဆီမှ ကွေ့ဝိုက်ပြီး လာနေသည့် ကုက္ကိုပင်တန်းနှင့် ငှက်ပျောပင်တန်းကို အစအဆုံးလှမ်းမြင်နေရ၏။ ၀ါးတံတားထိပ်သည် လှည်းလမ်းဘေးတွင်မေးတင်လျက်ရှိ၏။ လှည်းလမ်းနှင့် မလှမ်းမကမ်းတွင် “ဘုန်းတော်ကြီးကျောင်း” ရှိနေလေသည်။
“ရေသိမ်”လေးနှင့်ဆက်သွယ်ထားရာ၊ ၀ါးတံတားပေါ်တွင် တဦးတည်းထိုင်နေစဉ်၊ ကုက္ကိုပင်တန်း၊ ငှက်ပျောတောတန်းကလေးဆီလှမ်းမျှော်ကြည့်မိသည်။ နောက်ထပ် နာရီဝက် (သို့ မ ဟုတ်) တနာရီခန့်ရှိလျှင် ထိုကုက္ကိုပင်တန်းနှင့်ငှက်ပျောတောတန်းကလေးအတိုင်း လမ်းလျှောက်လာနေသည့် “မဒေ၀ီ” ကိုကျနော်တွေ့ရမည်။ ထိုအခါ ကျနော့်နှလုံးသားများ ရုတ်တရက်စိမ်းစိုလန်းဆန်း လာကာ၊ လှည်းလမ်းကလေးဆီကြိုပြီးကြည့်နေမိမည်။ ငှက်ပျောတောတန်းအလွန် တောအုပ် ကလေးထိပ်၊ ခေါင်းပြူပြီးထွက်လာသည့် လှည်းလမ်းကလေးပေါ်တွင် ဈေးတောင်းခေါင်းရွက်ပြီး လျှောက်လာနေသည့် ‘မဒေ၀ီ’ ကိုကျနော်တွေ့ရမည်။ ခြေထောက်တွဲလောင်းချပြီး ထိုင်နေသည့် ကျနော့်ဆီသို့ဝါးတန်းလေးအတိုင်း သူလျှောက်လာလိမ့်မည်။ ပြီးတော့ သူသည်လည်းကျနော့်ဘေး တွင် ခြေထောက်တွဲလောင်းချထိုင်ကာ သူ့ဘ၀ တနေ့တာ အတွေ့အကြုံတချို့ကိုပြောပြနေဦးမည်။
ဝါးတံတားလေးပေါ်တွင်တဦးတည်းထိုင်နေရင်း မနေ့တနေ့က ‘မဒေ၀ီ’ နှင့်စကားလက်ဆုံ ကျခဲ့သည့် အကြောင်းကိုဖြတ်ကနဲတွေးမိတော့ ကျနော့်မှာ အလိုလိုပြုံးမိလျက်သားဖြစ်သွားရ၏။ ဒီတခါ ‘အုတ်တွင်း’ပြန် တက်ပြီး မြို့နယ်ရုံးတွင် ‘ဒေါ်အောင်ဆန်းစုကြည်’ နှင့်တွေ့ခွင့်ရသည့်အခါ ‘မဒေ၀ီ’သိချင်သည့်မေးခွန်တချို့ကို မေး ဖြစ်အောင်မေးကြည့်ဖို့ကျနော်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ ဒါမှမဟုတ် ‘မဒေ၀ီ’ ကိုယ်တိုင်က ‘ဒေါ်အောင် ဆန်းစုကြည်’နှင့်တွေ့ဆုံပြီးသူသိချင်သည့်၊ သူမေးချင် သည့်မေးခွန်းကို ကိုယ်တိုင်ကိုယ်ကျ မေးခွင့်ရအောင် ကြိုးစားပြီး ဖန်တီးပေးရန် ကျနော်စဉ်းစား ထားခဲ့၏။
ကုက္ကိုပင်တန်းအောက်တွင် လူတယောက်လမ်းလျှောက်လာနေသည်ကို သစ်ပင်များကြားမှ ပျောက်လိုက်၊ ပေါ်လိုက်တွေ့နေရ၏။၊ ငှက်ပျောတောတန်းကလေးနှင့် ကုက္ကိုပင်တန်းအကူးတွင်မူ ဈေးတောင်းခေါင်းရွက်ကာလှည်းလမ်းအတိုင်း လမ်းလျှောက်လာနေသည့်‘မဒေ၀ီ’ကို ကျနော်တွေ့ရ သည်။
(ခ)
“ဘယ်လိုလဲဈေးသည်ကြီး ဆန်နီရဲ့၊ နေပူတော့မယ်လေကွာ အခုထက်ထိမထွက်သေး ဘူးလား”
“ရွာထဲ ခဏသွားလိုက်တာပါမောင်ရယ် ကိစ္စရှိလို့ ... ဟဲ ...ဟဲ...”
ကျနော်က ပြုံးပြုံးရွှင်ရွှင်ဖြစ်နေသည့် ‘မဒေ၀ီ’ ၏ မျက်နှာကိုကြည့်ကာ စိတ်ဝင်စားမိသည်။
“ဘာကိစ္စလဲ ချဲဂဏန်းသွားတောင်းတာလား”
“အိုး မဟုတ်တာမောင်ရယ်၊ ရွာထဲမှာအသုဘကူငွေလိုက်ကောက်တာပါ”
“ဘာ၊ အသုဘကူငွေ၊ ဘယ်သူ့အတွက်လဲကွ၊ ဘယ်သူဆုံးတာလဲ”
“အော်၊ ညတုန်းကမောင့်ကိုပြောပြထားတဲ့ ‘ဇရပ်ကြီး’ကအဘိုးကြီးအသုဘအတွက်ပါမောင်ရဲ့၊ ရွာထဲမှာကျမနဲ့နားလည်မှုရှိတဲ့ သူငယ်ချင်းတွေလိုက်ပြောပြီးစုတာ၊ နှစ်ရာကျော်တောင်ရတယ်မောင်”
ညတုန်းကအိပ်ရာမ၀င်ခင် ‘မဒေ၀ီ’ပြောခဲ့သည့် ‘ဇရပ်ကြီး’ရွာကအသက် ၆၀ အရွယ် လူ တယောက်၏ အသုဘကိစ္စကိုကျနော်သတိရသွား၏။ စစ်တောင်းမြစ်ဟိုဖက်ကမ်း ကားလမ်းသစ် ဖောက်လုပ်ရေး လုပ်အားလာပေးရင်းကရုတ်တရက်သေဆုံးသွားရသည့် ‘ဇရပ်ကြီး’ရွာက အဘိုးအို တဦးအကြောင်းကို ‘မဒေ၀ီ’ကကျနော့်ကို စီကာပက်ကုံးပြောပြခဲ့၏။
ရွာတွင် ကျောထောက်နောက်ခံမရှိသည့်အပြင် သူနှင့်အတူ လုပ်အားလာပေးနေကြရသည့် ဇရပ်ကြီးရွာသားများလည်း တလကိုးသီတင်းရွာနှင့်ဝေးလံသည့်နေရာတွင် လုပ်အားပေးနေကြရသဖြင့် ‘အသုဘ’ကိစ္စကိုတင့်တောင့်တင့်တယ်ဖြစ်အောင်မစီစဉ်နိုင်ကြ။ တာဘေးကခြုံပုတ်အစပ် နေပူကွင်း ကြီးထဲတွင် ၀ါးစင်ပေါ်ဖျာနှင့်လိပ်ပြီး အလောင်းစင်ပြင်ခဲ့ကြရ၏။ လုပ်အားပေးအချင်းချင်း တကျပ်တန်သည်နှစ်ကျပ်တန်သည်စုကာ၊ အနီးဆုံးရွာက ဓါတ်စက်ငှားပြီးဖွင့်ရ၏။ ‘မဒေ၀ီ’ကလုပ်အား ပေးများကို ဈေးတောင်းခေါင်းရွက် မုန့်လိုက်ရောင်းရင်းက အသုဘကိစ္စကိုတွေ့ပြီး စိတ်မကောင်းဖြစ်မိ ဟန်တူလေသည်။
“ ကဲ ဒါဆိုရင်လည်းထွက်တော့ နေပူလိမ့်မယ် ”
“ နေအုံးမောင်၊ မောင့်ကိုလည်း ကျမကပြောစရာရှိသေးလို့ ”
“ ဘာပြုတယ်”
“ မောင့်ကို ပြောစရာနည်းနည်းရှိသေးတယ်လို့ ပြောတာပါမောင်ရယ် တကတဲ မျက်လုံး မျက်ဆန်ြပြူးပြီး ဘယ်လိုဖြစ်သွားတာလဲ ”
“ အော် ၊ ဈေးရောင်းထွက်ခါနီးကြကာမှ ဘာမပြောညာမပြော စကားပြောစရာရှိတယ်ဆိုတော့၊ အံ့သြသွားလို့ပါကွာ...၊ ကဲ-ပြော ဘာပြောမလို့လဲ”
မဒေ၀ီ က တဲပေါက်ဝတွင်ပင် ခြေထောက်တဲလောင်းချထိုင်ရင်း ကျနော့်ကို ပြုံးပြီးကြည့်နေသည်။
“ မော်စီတုန်းတို့ ၊ ဟိုချီမင်းတို့က ကဗျာရေးကြတယ်နော်မောင် ...”
ကျနော်က သဲသဲကွဲကွဲကြားလိုက်သည့်တိုင် နားကိုမယုံနိုင်အောင် ဖြစ်ရသဖြင့် သူ့ကို ကြောင်ပြီး ငေးကြည့်နေမိသည်။ ရုတ်တရက် ဘာပြောရမှန်းပင်မသိ။၊
“အော် ... ဒီလိုပါမောင်ရဲ့ ၊ ဗီယက်နမ်က ဟိုချီမင်းတို့ ၊ တရုတ်ပြည်က မော်စီတုန်းတို့က ကဗျာရေးကြတယ်နော် မောင်”
“အင်း ... ဟုတ်တယ်၊ ရေးတယ်လေ၊ အဲဒါ ဘာဖြစ်လဲ၊ မင်းဘာတွေ တွေးနေတာလဲ”
“ ကျမ၊ ဒါကိုစဉ်းစားနေတာကြာပြီမောင်ရဲ့၊ ဗီယက်နမ်ခေါင်းဆောင်၊ တရုတ်ခေါင်းဆောင် တွေက ကဗျာရေးတယ်၊ ကဗျာကိုခံစားတတ်တယ်ဆိုတော့ အကယ်၍များ ကျမတို့ရဲ့ခေါင်းဆောင် ကလည်း ကဗျာရေးတတ်ရင်၊ ကဗျာကိုခံစားတတ်ရင် ဘယ်လောက်များကောင်းလိမ့်မလဲလို့ပေါ့၊ ကျမက ကျမတို့ရဲ့ခေါင်းဆောင်ကို ကဗျာရေးတတ်စေချင်တယ်၊ ဒါမှမဟုတ်ကဗျာတွေကို ကောင်းကောင်းခံစားတတ်စေချင်လိုက်တာ အရမ်းပဲ မောင်ရယ် တကယ်ပဲ”
မဒေ၀ီကို ကျနော် သြချယူရလောက်အောင် ဖြစ်သွားရ၏။
“ အဲဒီတော့ ”
“ အဲဒါ ...၊ နောက် နှစ်ရက်ရှိရင် မောင်အုတ်တွင်းကို သွားရမယ်မို့လား၊ ဒေါ်အောင်ဆန်း စုကြည်က မန္တလေးကအပြန် အုတ်တွင်းရုံးကို ၀င်အုံးမှာပဲမို့လား၊ အဲဒါ ဒီတခါ မောင်အုတ်တွင်း သွားရင် ကျမလိုက်ချင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ချင်တယ်၊ ပြီးတော့ သူ့ကို ကဗျာရေးတတ် သလား၊ ဒါမှမဟုတ် ကဗျာဖတ်သလား၊ ကဗျာခံစားတတ်သလားဆိုတာ မေးမယ်၊ အဲဒါ ကျမတွေးနေ တာကြာပြီ၊ ကျမ ဒီကိစ္စအရမ်းသိချင်တာပဲ မောင်ရယ်၊ မောင်ဒီတခါ အုတ်တွင်းကိုသွားရင် ကျမလိုက် လို့ရမလားဟင်မောင်၊ ကျမလိုက်ချင်တယ်၊ ကျမလိုက်ပါရစေမောင်ရယ် ”
ပြောချင်တာပြောပြီး ကျနော်နှင့်ဆွေးနွေးညှိနှိုင်း ကျေနပ်ကာမှ ဈေးတောင်းခေါင်းပေါ်တင်ကာ ဈေးရောင်းထွက်သည့် မဒေ၀ီ၏ ကျောပြင်ကိုငေးကြည့်ကာ ကျနော့်မှာ သက်ပြင်းချ မိလေသည်။
(ဂ)
တောအုပ်ကလေးထဲမှလမ်းလျှောက်ပြီးထွက်လာနေသည့် ‘မဒေ၀ီ’ ကိုကျနော်ငေးကြည့် နေ ရင်းက ‘မဒေ၀ီ’ နှင့်ပြောရဆိုရမည့်စကားလုံးများကို ကြိုတင်စဉ်းစားမိသည်။ အမှန်စင်စစ်၊ မဒေ၀ီကိုယ်တိုင်၊ အုတ်တွင်းရုံးကို လိုက်လာနိုင်လျှင်ကောင်းလေစွဟူ၍လည်းတွေးမိသည်။ အခုတော့ အုတ်တွင်းရုံးကိုမလိုက်လာနိုင်ခဲ့သည့် မဒေ၀ီအဖို့ သူသိချင်သည့် မေးခွန်းများကိုဘယ်လောက်အထိ စိတ်လှုပ်ရှားစွာ သိချင်နေခဲ့မည်ကို ကျနော်ခန့်မှန်းမိသည်။ သူ့ကို ကျနော်နားလည်သည်။
ထိုနေ့ကအုတ်တွင်းမြို့ အမျိုးသားဒီမိုကရေစီရုံးကို မဒေ၀ီ မလိုက်နိုင်ခဲ့ပါ။ အငယ်ဆုံးသားဖြစ် သူက ထိုနေ့ကြကာမှ အထက်လှန်အောက်လျှောာဖြစ်ကာ ရုတ်တရက်နေမကောင်းသဖြင့် သူ့ခမျာ ကျနော်နှင့်အတူ အုတ်တွင်းရုံးကိုမလိုက်နိုင်ခဲ့ပါ။ သူသိချင်သည့် မေးခွန်းများကိုသာ ဒေါ်အောင်ဆန်း ဆုကြည်နှင့် တွေ့သည့်အခါ မေးဖြစ်အောင်မေးခဲ့ဖို့ ကျနော့်ကို အတန်တန်မှာရင်း ရွာတွင်ကျန်နေရစ် ခဲ့၏။
ရွာမှထွက်ပြီးနောက်တနေ့တွင် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ကျွဲပွဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ၀င်ရောက်လာခဲ့ကြ၏။ အမှန်စင်စစ် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့မှာကျွဲပွဲကို ၀င်ရောက်ဖို့ရန်အစီစဉ်မရှိ။ ကျနော်သည်ပင်ကံကောင်ထောက်မစွာ ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ လိုက်ရခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တို့၏ မူလအစီစဉ်က အုတ်တွင်းမြို့နယ်ရုံးတွင်သာ ခေတ္တ ၀င်ရောက်ရန်စီစဉ်ထားခဲ့ခြင်းဖြစ်၏။ မူလအစီအစဉ်က အုတ်တွင်းရုံးကို ညနေပိုင်းတွင်ရောက်မည်ဟု အကြောင်းကြားရာက၊ မမျှော်လင့်ဘဲ မနက်ခင်းတွင်ရောက်လာခဲ့သဖြင့်၊ ထိုစဉ်က ကျွဲပွဲရုံးတွင်ရှိနေ သည့် ကျနော်မှာ အုတ်တွင်းသို့သွားကာ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဖို့ အခွင့်မသာခဲ့။ ဒေါ်အောင် ဆန်းစုကြည်တို့အဖွဲ့ကို ကျွဲပွဲ ရုံးတွင်သာထိုင်စောင့်နေခဲ့ရ၏။
ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ကျွဲပွဲရုံးတွင် (၅) မိနစ်မျှသာကားရပ်ပြီးနောက် ခရီးဆက် ကြရ၏။ စုပြုံဝိုင်းအုံလာသည့် လူထုကိုကျေနပ်အောင်ကားဘေးတွင်ရပ်ကာ စကားတခွန်းနှစ်ခွန်းမျှသာ ပြောဆိုပြီးခရီးဆက်ကြရခြင်းဖြစ်လေသည်။ တိုတောင်းလှသည့်တွေ့ဆုံပွဲကလေးထဲတွင်၊ မဒေ၀ီသိချင် သည့် မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် အားမေးခွင့်မရနိုင်ခဲ့။ ထို့ကြောင့် ကျနော့်မှာ မဒေ၀ီအတွက် စိတ်မကောင်းဖြစ်ခဲ့ရ၏။
မဒေ၀ီ သိချင်သည့်မေးခွန်းများကို မေးခွင့်မရခဲ့သည့်တိုင် သူ ကျေနပ်စေမည့်ပစ္စည်းတခုကိုမူ ကျနော်ယူလာနိုင်ခဲ့သည်ဟုဆိုရပါမည်။ ရွာသို့ပြန်လာသည့် ကျနော့်လက်ထဲတွင်၊ မဒေ၀ီနှစ်သက်မည် ထင်သည့်စာစောင်တခုပါရှိလာခဲ့၏။ ထိုစာစောင်ထဲတွင် ကဗျာတပုဒ်ပါလာခဲ့သောကြောင့်ဖြစ်သည်။ ထိုကဗျာကိုပြကာ မဒေ၀ီကိုဖြောင့် ဖျရမည်ဟုကျနော်တွေးထားခဲ့၏။
“ဟေး ... ဘာငေးနေတာလဲ၊ လူကိုမမြင်ဘူးလား”
“အော်၊ ဟုတ်သားဘဲ၊ အဝေးကြီးကတည်းကမောင်မြင်ပါတယ်ကွာ၊ အတွေးလွန်သွားလို့ပါ။”
မဒေ၀ီက တောင်းအလွတ်ကို ခါးတွင်လက်တဖက်ဖြင့်ချိတ်ကာ ၀ါးတံတားအတိုင်း လျှောက် လာ၏။
“ကဲ ပြော ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုဖြေလိုက်သလဲ”
“အို အမောပြေအောင်ထိုင်စမ်းပါအုန်းလေ၊ ပြောတာပေါ့ကွာ၊ လာဒီမှာ ထိုင်အုန်း”
“မောင့်ကို ဟိုးအဝေးကြီးကမြင်ကတည်းက ကျမအမောပြေပြီးသား၊ ပြောမှာသာပြောစမ်းကွာ၊ ဘာလဲ မောင်နော်၊ ကျမသိချင်ပါတယ်ဆိုမှ ဈေးတင်နေတာလား”
“မဟုတ်ရပါဘူးဗျာ”
“ကဲ ဒါဖြင့်ပြောလေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်မို့လား”
“တွေ့တယ်။ အင်း ... တွေ့တော့တွေ့တယ်”
ကျနော်က ဖြစ်ကြောင်းကုန်စင်ပြောပြနေစဉ် ကျနော့်ဘေးတွင် ၀င်ထိုင်စဉ်က ရွှင်လန်းတက် ကြွနေသည့် မဒေ၀ီမှာခေါင်းငိုက်စိုက်ချကာ နားထောင်နေလေတော့သည်။
“အေးကွာ၊ ကျမအရမ်းသိချင်တယ်ဆိုကာမှ နောက်တခေါက်တွေ့မှမေးမယ်ဆိုရင် သူက ဘယ် တော့မှ နောက်တခေါက်လာမှာလဲဟင်”
“ဒါတော့ မသိဘူးပေါ့၊ မင်းသိချင်တဲ့မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကအဖြေမပေးလိုက်နိုင်ပေမယ့်၊ မင်းစိတ်ကျေနပ်လောက်အောင်အဖြေပေးမယ့် စာစောင် တခုကို မောင်ယူလာခဲ့ပါတယ်ကွာ၊ ဒီစာစောင်ထဲမှာ ဒေါ်အောင်ဆန်စုကြည်ဘာသာပြန်ထားတဲ့ ကဗျာတပုဒ်ပါတယ်၊ မူရင်းကဗျာဆရာက အင်္ဂလိပ်စာရေးဆရာ ရူးဒီးယက် ကစ်ပလင်း ဒါကို ဒေါ်အောင်ဆန်းစုကြည်က ဘာသာပြန်ထားတာ၊ ကဲ ... မင်းသိချင်တဲ့၊ မင်းဖြစ်စေချင်တဲ့ဆန္ဒကို အဖြေ ပေးလိုက်တဲ့သဘော ဖြစ်မယ်လို့မောင်ထင်တယ်”
ရိုးထဲသို့ခေါင်းငိုက်စိုက်ချပြီးငုံ့နေသည့် မဒေ၀ီ၏ခေါင်းမှာ±ရုတ်တရက်မော့လာကာ၊ ကျနော့် လက်ထဲမှ စာစောင်ကိုဖြတ်ကနဲဆွဲယူလိုက်၏။ စာစောင်ကို စိတ်လှုပ်ရှားစွာဖြန့်ကြည့်လေည်။
“ဒီ...ဒီလိုလုပ်ပါလားမောင်ရယ်၊ ကျ ...ကျမစိတ်လှုပ်ရှားလွန်းလို့၊ မောင်ကပဲအသံထွက်ပြီး ဖတ်ပြပါလားဟင်၊ ကျမနားထောင်မယ်၊ ဖြေး ...ဖြေးဖြေးဖတ်နော်မောင်၊ အောင်မယ်လေး၊ အံ့သြဖို့ ကောင်းလိုက်တာကျမဘယ်လို နားလည်ရမှန်းတောင် မသိတော့ပါဘူးမောင်ရယ်၊ ကြည့်စမ်းပါဦး ကဗျာခေါင်းစဉ်ကလည်း “အကယ်၍” တဲ့ မောင်ဖတ်ပြနော်၊ ရော့၊ သေသေချာချာဖတ်၊ ကျမနားထောင် မယ်”
ကျနော်က မဒေ၀ီအတွက်ကျေနပ်စွာ “အကယ်၍” ကဗျာကိုဖတ်သည်။
ရိုးထဲတွင် ကဗျာဖတ်သည့်ကျနော့်အသံမှာထင်ထင်ရှားရှားဖြစ်နေ၏။ ရွာနှင့်မလှမ်းမကမ်းတွင် ဖြစ်သဖြင့် လူသွားလူလာလည်းမရှိဖြစ်နေ၏။ ရိုးထဲသို့ ခေါင်းထိုးပြီးဝင်လာသည့်ဆောင်းလေမှာ ကဗျာရွတ်သံနောက်က ကပ်ပြီးလိုက်နေ၏။
အကယ်၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့ရင်ဆိုင်နိုင်မယ်ဆိုရင် ...
ကဗျာဖတ်နေရင်းက မဒေ၀ီကို ကျနော်မသိမသာအကဲခတ်သည်။ မဒေ၀ီ၏ခန္ဒာကိုယ်မှာ ကျနော့် ခန္ဒာကိုယ်နှင့်ပိုမိုထိကပ်လာနေသည်ကို ကျနော်သတိပြုမိခဲ့သည်။
အကယ်၍
စောင့်သင့်တဲ့အချိန်ကိုစောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပမ်းနေနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် ...
ကျနော့်လက်ကို ဆုတ်ကိုင်လာသည့် မဒေ၀ီ၏လက်တဖက်မှာ ပိုမိုတင်းကျပ်လာနေသည်ဟု ထင်မိသည်။ ကျနော်က ကျန်ကဗျာပိုဒ်များကို အာရုံမြှင့်ပြီးမှ ဖတ်၏။
အကယ်၍
အောင်မြင်မှုသုခနှင့် ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသောလောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် ...
ကဗျာဖတ်နေရင်းက၊ ကျနော့်မှာအသက်ရှူကြပ်သလိုဖြစ်လာရသည်။ ကဗျာစာသားများမှာ ကျနော့်နှလုံးသားအပေါ် နင်းဖိပြီးတက်လာကြ၏။
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် ...
နောက်ဆုံးကဗျာပိုဒ် ကိုဆက်လက်ရွတ်ဆိုရန်၊ ကျနော်သည်အသက်ကိုပြင်းပြင်းရှူပြီး အားယူလိုက်၏။ ပြီးတော့မှ နောက်ဆုံးကဗျာပိုဒ်ကိုရွတ်သည်။ ကဗျာပိုဒ်အဆုံးတွင် မဒေ၀ီ၏ အခြေအနေကိုအကဲခတ်ရန် ခေါင်းကိုငဲ့လိုက်မိ၏။
“ဟေး ...”
“ဟ ...ဟ၊ ဘယ်လိုလုပ်လိုက်တာလဲကွာ၊ ဘာပြုလို့ တောင်းကိုပစ်ချလိုက်တာလဲ၊ ဒုက္ခပါပဲ တကတည်းမှပဲ ဒီလောက်တောင်ဖြစ်ရသလားကွာ၊ ဖြစ်မှ ဖြစ်ရပလေ ’
မဒေ၀ီက ရိုးထဲသို့ လွင့်ကျသွားနေသည့် ခေါင်းခုပုဆိုးနှင့် တောင်းအလွတ်ကိုကြည့်ကာ တဟေးဟေးနှင့် အော်နေသေး၏။
“ကျမ အရမ်းဝမ်းသာတာပဲမောင်ရယ် တကယ့်ကိုအံသြစရာပဲ၊ ဒီကဗျာကို ဒေါ်အောင်ဆန်းစုကြည်ဘာသာပြန်တာ၊ ဟုတ်လားမောင်၊ ကျမ၀မ်းသာလွန်းလို့ စိတ်မထိမ်းနိုင်လို့ တောင်းကိုလွှင့်ပစ်လိုက်မိတာပါ၊ အံသြစရာပဲ ... အံသြစရာပဲ ”
ရိုးထဲသို့ခုန်ချပြီးနောက် ခြုံပုတ်များပေါ်က တောင်းနှင့်ပုဆိုးကို လိုက်ကောက်ရင်းက ၀ါးတံတားပေါ်ကို ကျနော်မော့ကြည့်မိသည်။ မဒေ၀ီသည်မူ ကဗျာစာရွက်ကလေးကို ကိုင်ကာ စိတ်လွတ်လက်လွတ် အော်ဟစ်နေဆဲ ...။
ငြိမ်းဝေ