August 07, 2008

ဥရောပမဲဇာ


နိဒါန်းစကားလေးပြောပါရစေလား ...

၂၀၀၄-ခုနှစ်တုန်းကပါ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ထုတ်ဝေတဲ့ “ရေစီးသံ” ဂျာနယ်မှာ “ဥရောပမဲဇာ” ခရီးသွား အခန်းဆက်ဆောင်းပါးတွေကို ကျနော်ရေးခဲ့ပါတယ်။ ရေစီးသံဂျာနယ်ထွက်စက (၁၅) ရက် တကြိမ် ထုတ်ဝေတာပါ။ နောက်ပိုင်းကြတော့ တလတကြိမ်၊ ဒိနောက်ပိုင်းကြတော့ နှစ်လ သုံးလနေမှ တကြိမ်။ ကျနော်က နှစ်လသုံးလမှ တကြိမ်ထုတ်တဲ့ အချိန်အထိ အခန်းဆက်ရေးခဲ့ပါတယ်။ ရေးတော့လည်း စာဖတ်သူတွေ မပျင်းရိရအောင် “ဥရောပမဲဇာ” ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ ခေါင်းစည်းငယ်လေးတွေ ဖွဲ့ပြီးရေးပါတယ်။ ဥပမာ ... “ဥရောပမဲဇာ” ရဲ့ခေါင်းစဉ်ကြီးအောက်မှာ “နမ့်စွယ်ချောင်းမှသည် အပြည်ပြည်ဆိုင်ရာဒွန်မောင်းလေဆိပ်သို့” ဆိုတဲ့ ခေါင်းစဉ်ငယ်ရဲ့အောက်မှာ နံပါတ်စဉ် (၁) (၂) (၃) ... အစ ရှိသဖြင့် ရေးခဲ့ပါတယ်။ ဒီလို ရေးလာလိုက်တာဟာ (၂) နှစ်ကျော် ကြာခဲ့ပါတယ်။
အခု ... ကျနော့်ကိုယ်ပိုင် “ဘလော့” လေးမှာ “ဥရောပမဲဇာ” အခန်းဆက်ဆောင်းပါးတွေကို တင်ပြဖို့ စဉ်းစားတော့၊ ကျနော့်ဆောင်းပါးတွေဟာ ရှေ့နောက်အစီစဉ်အတိုင်း မဖော်ပြပဲ၊ အဆင်ပြေသလို စိတ်ပါသလို ကြုံသလို တင်ပြရင်လည်း ဖတ်လို့ရတာပဲဆိုပြီး အကြံပေးတဲ့သူကလည်း ပေးလို့ “ဥရောပမဲဇာ” ခရီးသွား ဆောင်းပါးတွေကို အဆင်ပြေသလိုပဲ တင်ဆက်သွားမှာဖြစ်ပါတယ်။
ဒီအခါ ကျနော်တင်တဲ့ ပို့စ်ကတော့ ဥရောပမဲဇာ ခရီးသွားဆောင်းပါးတွေထဲက ရထားတစင်းနဲ့ ရွာလည် ခဲ့ဖူးတဲ့အကြောင်း ရေးထားတာပါ။ ဒေါ်တန်ခူးရဲ့ ရထားစီးအတွေ့အကြုံဆောင်းပါးကိုဖတ်ပြီး ကိုယ့်ဆောင်းပါးက ချာတူးလန်ဆောင်းပါးဆိုတာ နှိုင်းယှဉ်ချက်အရ သိပေမယ့် နည်းနည်းတော့ကြွားချင်သေးလို့ မျက်စေ့မှိတ်ပြီး ပို့စ် တင်လိုက်ရပါတယ်။


ပီရူးဂီတ၊ စကော့တလန် ပုလွေသံ အာဖရိက ဗုံသံနှင့် ယဉ်ကျေးမှု ထောင်ချောက်ငယ်များ (၆)

အို ... မိတ်ဆွေဗိုက်ကင်းကြီးရဲ့
ကျွန်ုပ်ကအာရှအပျိုစင်ပါ
“ဟော့ဒေါ့” နဲ့ “ဟမ်ဘာဂါ” ကို
ဘီယာတခွက်နဲ့ မလဲနိုင်သူပါ
ယဉ်ကျေးမှုထောင်ချောက်
ဝါးထောက်ပြီး မခုန်နိုင်ခဲ့သူပါ
ကာရိုဟန် လမ်းမကြီးပေါ်က
ပီရူးဂီတ၊ စကော့တလန် ပုလွေသံ
အာဖရိက ဗုံသံ
စကန်ဒီနေဗီးယားနေခြည်
စတော်ဗယ်ရီအရိုင်း
ဗယ်ရီသီးအပြာ
ဒါတွေကို စွဲမက်ခဲ့သူပါ ... ... ။

“ဥရောပမဲဇာ” ကဗျာရှည်မှ ...


“ကိုငြိမ်းဝေက နော်ဝေးရောက်ခါမှပဲ၊ ကမ္ဘာကြီးလုံးတယ်ဆိုတာ လက်တွေ့သိသွားတာဗျ”
ကိုမောင်မောင်မြင့်၏ စကားကို ကျနော်နှင့် တအိမ်တည်းနေသူ ကိုမွန်းအောင်(တေးသံရှင်မွန်းအောင်)က အပြုံးနှင့် ထောက်ခံ သည်။ ကျော်ကျော်နှင့် ထွန်းထွန်းတို့က ကျနော့်ကို ပြိုင်တူကြည့်ပြီး ပြုံးကြ၏။ တခြား ဒီဗွီဘီအဖွဲ့သားများကမူ နားမလည်သလို ၀ိုင်းကြည့်ကြလေသည်။
“ဘာဖြစ်လို့လဲဟင်”
မိုးမိုးထွန်း၏ အမေးကို ကိုမောင်မောင်မြင့်(ယခု မြန်မာသတင်းသမဂ္ဂ)က ပြန်မဖြေသေးဘဲ ပြုံးနေ၏။ ကျနော်အဖို့ သည်အတိုင်း ငြိမ်နေလို့ မဖြစ်တော့။ ကျနော်ကိုယ်တိုင် ၀င်မရှင်းလျှင် လူတွေပိုပြီးစိတ်ဝင်စားကာ အကျနာတော့မည်ကို သိသဖြင့် ကျနော်ကိုယ်တိုင် အကျိုးအကြောင်း ၀င်ရှင်းပြဖို့ ဆုံးဖြတ်လိုက်ရ၏။
ယမန်နေ့ညနေက ကိုမောင်မောင်မြင့်တို့အိမ်ကို ကျနော်သွားခဲ့သည်။ မသွားခင် ကိုမောင်မောင်မြင့်ထံ ကျနော် ဖုန်းဆက်၏။ နောင်လာမည့် တနင်္ဂနွေနေ့တွင် “ဘော့စ်” မြို့၌ ပြုလုပ်မည့် တက္ကသိုလ်ဝင်ကျောင်းများနှင့် တွေ့ဆုံပွဲတွင် ကျနော့်အနေနှင့် မိတ်ဆက်စကားပြောဖို့ ရှိနေ၏။ သို့သော် ကျနော်က စီကာပတ်ကုံး မပြောတတ်။ အင်္ဂလိပ်လို ချရေးပြီးဖတ်ပြဖို့ စဉ်းစားပြန် တော့လည်း ကျနော်က အင်္ဂလိပ်စာကို ဖတ်ကျင့်သာရှိပြီး ရေးကျင့်မရှိ။ ထို့ကြောင့် ကျနော်ပြောသမျှ အင်္ဂလိပ်လို ပြန်ရေးပေးဖို့ ကိုမောင်မောင်မြင့်ထံ အကူအညီတောင်းခဲ့၏။ ကိုမောင်မောင်မြင့်က သတောတူသဖြင့် သူ့ထံ ကျနော်သွားဖို့ ဆုံးဖြတ်ခဲ့လေသည်။
ကျနော့်အဖို့ ကိုမောင်မောင်မြင့်တို့အိမ်ကို ယခင်က နှစ်ကြိမ်မျှ ရောက်ဖူးပြီးဖြစ်သည်။ ထိုစဉ်ကမူ လမ်းသိသည့် အဖော်၏ဦးဆောင်မှုဖြင့် သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျနော်၏ အားနည်းချက်အတိုင်း လမ်းခရီး၏ထူးခြားချက်နှင့် အလှအပများကိုသာ ဂရုတစိုက်ကြည့်တတ်ပြီး ဘူတာအမည်များ၊ လမ်းခရီးတွင် ဖြတ်သည့် ဘူတာများကို ဂရုမစိုက်ခဲ့မိ။ အထူးသဖြင့် ကိုမောင်မောင်မြင့်တို့အိမ် သွားသည့်ခရီးမှာ အထူးတလည် မှတ်သားပြီး အဆင့်ဆင့်သွားဖို့မလိုဘဲ စတင် တက်စီးသည့် မြေအောက်ဘူတာမှတဆင့် ယင်းမီးရထားလိုင်း အဆုံးအထိ စီးသွားရသည့် ခရီးဖြစ်သဖြင့် မှတ်ရလွယ်၏။ ထို့ကြောင့် ယခုတကြိမ် တယောက်တည်းသွားဖို့ စီစဉ်သောအခါ ကျနော့်မှာ အခက်အခဲ ကြီးကြီးမားမားမရှိဟု ယူဆခဲ့ပါသည်။
ပထမ ... ကျနော်တို့အိမ်နှင့် အနီးဆုံး ဘတ်စ်ကားဂိတ်မှ အမှတ် (၃၇) ကားကိုစီးကာ ကိုအေးချမ်းနိုင် တို့ အိမ်ရှေ့တွင် ဆင်း၏။ တခါ မြေအောက်ဘူတာရုံကလေးထဲသို့ ဆင်း၏။ ပြီးမှ အမှတ် (၂) မြေအောက်ရထား ပေါ် ကျနော် ရောက်လာခဲ့သည်။ လမ်းတွင် ဘူတာရုံ ဘယ်နှစ်ခုမျှ ဖြတ်လာခဲ့ရသည်ကို ကျနော် စိတ်မ၀င်စား။ ရထားလမ်းဆုံးတွင် သူများနည်းတူ ရထားပေါ်ကဆင်း မြေပေါ်တက်ခဲ့၏။ မြေပေါ်က ရထားလက်မှတ်ရောင်း သည့် အခန်းရှေ့မှ ဖြတ်ကာ အပြင်ဘက် ထွက်လိုက်သည့်အခါ ကျနော့်ခြေလှမ်းများ ဘယ်လိုဆက်လက်လှမ်းရ မည်ကို မသိအောင် ဖြစ်တော့၏။ ထိုအခါကျမှ ကျနော် ရထားမှားပြီး စီးခဲ့သည်ကို သိလိုက်ရတော့သည်။
ကိုမောင်မောင်မြင့်တို့အိမ်မှာ ဘူတာထဲက ထွက်၊ လက်ဝဲဘက်လမ်းကို သွား၊ တံတားတခုကိုကျော်၊ တောင်ကုန်းပေါ်က ဆင်းလျှင် (၅) မိနစ်အတွင်း အိမ်ရှေ့သို့ ရောက်နိုင်သည်။ ယခုတော့ ရှေ့တည့်တည့်သို့သာ သွားသည့် လမ်းတခုတည်းသာ ကျနော့်ရှေ့မှာ ရှိနေ၏။ ကျနော် ရထားမှားပြီး စီးခဲ့ပြီ။
မြေအောက်ဘူတာရုံထဲ ပြန်ဆင်းခဲ့ရပြန်သည်။ ထွက်ခါနီး စက်နှိုးထားသည့် ရထားပေါ် တက်ခဲ့၏။ ကျနော် တက်ခဲ့သည့်ဘူတာအထိ ပြန်စီးရန် စဉ်းစားသည်။ ဘူတာတခု၊ နှစ်ခု၊ သုံးခုကျော်လာခဲ့ပြီ။ ကျနော့်မျက်လုံးများ ပြူးကျယ်လာရ၏။ ဖြတ်လာခဲ့ရသမျှ ဘူတာရုံများ၏ အခင်းအကျင်း၊ အခြယ်အသမှာ တခုနှင့် တခု ဆင်တူးယိုးမှား ဖြစ်နေကြ၏။ ပိုဆိုးသည်မှာ ဘူတာရုံနာမည်များမှာ နော်ဝေးဘာသာနှင့်သာ ရေးထား၏။ ထို့ကြောင့် နိဂိုကတည်းက ဘယ်ဘူတာက စတင်စီးသည်၊ လမ်းတွင် ဘူတာဘယ်နှစ်ခုဖြတ်ရသည် ဆိုသည်ကို မှတ်သားမထားခဲ့သည့် ကျနော့်အဖို့ ကံဆိုးမိုးမှောင်ကျရလေတော့၏။ ဟုတ်နိုးနိုး တွေ့နိုးနိုးနှင့်ဘူတာ အတော်များများကို ကျော်လာခဲ့၏။ နောက်ဆုံးတွင် တစုံတခုဆုံးဖြတ်ကာ ရောက်သည့်ဘူတာတခုတွင် ကျနော်ဆင်းလိုက်၏။ တွေ့လို တွေ့ငြား ဇဝေဇ၀ါစိတ်နှင့်ပင် ဆန့်ကျင်ဘက်ရထားပေါ် ကျနော် ပြန်ပါလာခဲ့ပြန်သည်။
ဘူတာ (၃) ခုမျှ ကျော်မိသောအခါ၊ အင်္ဂလိပ်လို ဆိုင်းဘုတ်တခုကို မမျှော်လင့်ပဲ ကျနော် တွေ့လိုက်ရ၏။ သို့သော ကျနော်စီးလာသည့် ရထားက ထွက်လာခဲ့ပြီဖြစ်သဖြင့် ရှေ့ဘူတာတွင် ပြန်ဆင်းကာ၊ ယင်း ဆိုင်းဘုတ်ရှိသည့်ဘူတာသို့ ပြန်စီးရပြန်၏။ ဆိုးဘုတ်ကလေးမှာ “အက်ဗက် မွန့်ခ်” ပြတိုက်သို့ ဟူ၍ ရေးထား၏။ ကျနော် ၀မ်းသာသွားရသည်။ ကျနော့်ကို ကယ်တင်သွားခဲ့သော မဏိမေခလာဆိုင်းဘုတ်ကလေး။ ထိုဘူတာတွင် ဆင်းကာ မြေပေါ်တက်ပြီး “အက်ဗက် မွန့်ခ် ပန်းချီပြတိုက်” ရှေ့ ကျနော် လျှောက်လာခဲ့သည်။ ကိုယ့်ကိုကိုယ် ကျေနပ်သွားရသည်။ ဘာမျှ အခက်အခဲမရှိတော့။ ဒီပြတိုက်ကို ကျနော်တယောက်တည်း သုံးကြိမ်မျှရောက်ခဲ့ဖူး ပြီး ဖြစ်သည်။ ထို့ကြောင့် ကျနော့်အိမ်ကိုတော့ ကျနော်ကောင်းကောင်းကားစီးပြီး ပြန်လို့ရနိုင်သည်။ နာရီကိုကြည့်တော့ ည (၇)နာရီ ရှိနေပြီ။ အိမ်က စထွက်တုန်းက ညနေ (၄) နာရီခွဲ။
အိမ်ကိုပြန်ရောက်တော့ အိမ်သားအားလုံး ကျနော့်ကို စိုးရိမ်တကြီး ၀ိုင်းမေးကြ၏။ ကိုမောင်မောင်မြင့်တို့ အိမ်နှင့် ကျနော့်အိမ်က အိမ်သားများမှာ ဖုန်း တဂွမ်ဂွမ် ဆက်ကာ ကျနော့်အတွက် စိတ်ပူနေကြသည်ဟု သိရ၏။ ကျနော်က အကျိုးအကြောင်းရှင်းပြလိုက်သည်။ ပြီးတော့မှ ကိုမောင်မောင်မြင့်ထံ ဖုန်းဆက်သည်။ ကိုမောင်မောင် မြင့်က လမ်းခရီးကို အသေအချာ ရှင်းပြ၏။ စိတ်မကျေမချမ်းနှင့်ပင် ကိုမောင်မောင်မြင့်တို့အိမ်ကို ဒုတိယအကြိမ် ကျနော် ချီတက်ရပြန်သည်။ ကိုမောင်မောင်မြင့်တို့အိမ်ခန်း တံခါး လူခေါ်ခေါင်းလောင်းခလုတ်ကို နှိပ်သောအခါ ည (၉)နာရီ ရှိချေတော့၏။ ကိုမောင်မောင်မြင့်၊ ဒေါ်ပေါက်နှင့် ကလေး (၂) ယောက်က အပေါက်ဝတွင် အပြုံးကိုယ်စီနှင့် ဆီးကြို ကြလေသည်။
ယမန်နေ့က အတွေ့အကြုံကို နိဂုံးချုပ်သောအခါ ဒီဗွီဘီအဖွဲ့ဝင်အားလုံးက မောင်မောင်မြင့်ပြောခဲ့သော စကားကို သဘောပေါက်လက်ခံသွားကြ၏။ ကမ္ဘာကြီးလုံးသိအကြောင်း ကျနော်၏ လက်တွေ့စမ်းသပ်မှုကို ၀ိုင်းဝန်း အသိအမှတ်ပြုကြ၏။ နဂိုကတည်းက ခပ်ပျော်ပျော်နေတတ်သူ ကိုမောင်မောင်မြင့်အဖို့မူ ကျနော့်အပေါ် အကြောင်းတိုက်ဆိုင်တိုင်း နောက်ပြောင်စရာ အချက်ကောင်းတချက် လက်ဝယ်ပိုင်ပိုင်ရရှိလိုက်သည့်ဟန်ဖြင့် အကျေနပ်ကြီး ကျေနပ်နေတော့၏။

ငြိမ်းဝေ


1 comment:

  1. ကိုငြိမ်းရေ့ ကမ္ဘာကလည်း လုံးလိုက် ပြားလိုက်ပါပဲဗျာ။ အချိန်ကာလနဲ့ နေရာဒေသကိုလိုက်လို့ပေါ့လေ။
    ချမ်းမြေ့ပါစေဗျာ။

    အောင်သာငယ်

    ReplyDelete