September 22, 2008

ဧရာဝတီမြစ်ကမ်းပေါ်မှာ သူ့ဘ၀ စခဲ့တယ်


(က)

လယ်သမားတွေရဲ့ တဲကုတ်ကလေးတွေကို ငါချစ်တယ်။
မန်ကျည်းဖျော်ရည်လို ရနံ့ချိုနေတဲ့
မီးပူတိုက်ပြီးသား အ၀တ်တွေလို လတ်ဆတ်နေတဲ့
မိခင်ပျိုတွေက အိပ်ပျော်လို့
ကြက်သွန်ခင်းတွေ ပတ်လည်ဝိုင်းနေတဲ့
ထောင်ပေါင်းများစွာသော အိမ်တွေထဲမှာ
မီးလင်းဖိုတွေက တောက်လောင်လို့။
မြစ်ကမ်းနားမှာ ယောက်ျားတွေက တေးဆိုကြတော့
သူတို့ရဲ့အသံဟာ မြစ်ကြမ်းပြင်က
ကျောက်ခဲတုံးများလို ကွဲရှကြမ်းတမ်းနေတယ်။
ပြန့်ကားနေတဲ့ ဆေးရွက်ကြီးခင်းထဲက
ဆေးရွက်နံ့က ထောင်းထောင်းထလို့
ဒီအရာတွေ အားလုံးက
အိမ်ထဲကို သရဲသဘက်ဝင်သလို
ငါ့အတွေးထဲကို တိုးဝှေ့ဝင်လာကြတယ်။

(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)



မနေ့တုန်းက မြန်မာငြိမ်းချမ်းရေးကိုယ်စားလှယ်စာရေးဆရာအုပ်စုနဲ့ တညနေခင်းလုံး စကားပြောခဲ့ရတယ်။ အထူးသဖြင့် အရပ် အမောင်းကောင်းကောင်း၊ နှုတ်ခမ်းမွှေးကားကား၊ ခေါင်းမှာ ပိတ်စပန်းရောင် ပတ်ထားတဲ့ မြန်မာကဗျာဆရာကြီး ရဲ့ ရုပ်ပုံက သူ့မျက်စေ့ထဲမှာ စွဲနေတယ်။ မြန်မာစာရေးဆရာတွေဟာ အဲဒီအသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ ကဗျာ ဆရာကြီးကို အတိုင်းမသိ လေးစားချစ်ခင်ကြပုံရတယ်။ သူတို့က ဒီလောက် ရိုရိုကျိုးကျိုးနဲ့ ဆက်ဆံနေကြတော့ သူလည်းပဲ အဲဒီကဗျာဆရာကြီးကို အလိုလိုနေရင်း လေးစားလာမိတယ်။ အံ့သြဖို့ကောင်းတာကတော့ သူ့ဇနီးက ကဗျာဆရာကြီးကို ကဗျာတပုဒ်လောက် ရွတ်ဆိုပြဖို့ တောင်းဆိုတဲ့အခါ ကဗျာဆရာကြီးက ပြာပြာသလဲငြင်းဆို နေတဲ့ ပုံက တကယ့်ကို ပီဘိခလေးတယောက်ရဲ့ ရှက်ရွံ့နေတဲ့ပုံမျိုး ဖြစ်နေတယ်။ လူတွေဟာ ရှက်နေတဲ့ အချိန်တိုင်း ကလေးတယောက်ရဲ့ နှလုံးသားကို ပြန်ရနိုင်တယ်ဆိုတဲ့ စကား သူတွေးမိပြီး သဘောကျခဲ့ရတယ်။
မြန်မာစာရေးဆရာတွေနဲ့ တွေ့ဆုံစကားပြောဖို့ “ အာရင်ဘတ်” နဲ့ တိုင်ပင်ကြည့်တော့ သူလည်း အားတက်သရော သဘောတူခဲ့တယ်လေ။ ဒါနဲ့ပဲ မြန်မာစာရေးဆရာများနဲ့ တွေ့ဆုံဖို့အတွက် အခမ်းအနား စီစဉ်ရေး အတွင်းရေးမှူးအဖွဲ့မှာ သွားပြောကြည့်တယ်။ အတွင်းရေးမှူးအဖွဲ့က မြန်မာစာရေးဆရာအဖွဲ့ကို အကြောင်းကြားပြီး မနေ့တုန်းက သူနဲ့ သူ့ဇနီး၊ ပြီးတော့ အာရင်ဘတ်တို့ဇနီးမောင်နှံ၊ မြန်မာစာရေးဆရာအဖွဲ့ ... သူတို့ တည်းခိုနေတဲ့အခန်းမှာပဲ တွေ့ဆုံခဲ့ကြတယ်။ နေ့လည်စာကိုလည်း ဒီအခန်းထဲမှာပဲ အတူတူလက်ဆုံစားခဲ့ ကြတယ်။
မြန်မာစာရေးဆရာအဖွဲ့ထဲက “ဒဂုန်တာရာ” နဲ့ အချိန်တော်တော်ကြာ စကားပြောခဲ့ရတယ်။ သူက သူကိုယ်တိုင်ဦးစီးပြီးထုတ်ဝေတဲ့ “တာရာ မဂ္ဂဇင်း” ထဲမှာ သူ့ကဗျာတချို့၊ သူ့စာတချို့ကို မြန်မာလို ဘာသာပြန် ဖော်ပြခဲ့တဲ့ မြန်မာစာဖတ် ပရိဿဒ်နဲ့ သူ့ကို မိတ်ဆက်ပေးဖို့ ကြိုးစားနေတဲ့ မြန်မာကဗျာဆရာပေါ့။ ဒီလို မြန်မာကဗျာဆရာမျိုးနဲ့ စကားပြောခွင့်ရတော့ လွန်ခဲ့တဲ့ (၂၁) နှစ်လောက်က၊ မြန်မာပြည်မှာနေထိုင်ခဲ့ရတဲ့ဘ၀ကို ပြန်ပြီး သတိရလာမိတယ်။ အင်းယားကန်ဘေးက သူနေတဲ့အိမ်က လှမ်းမြင်နေရတဲ့ ရွှေတိဂုံဘုရား ...။ ဆံထုံး မြင့်မြင့်ကြီးတွေ ထုံးပြီးသွားလာနေကြတဲ့ မြန်မာဂုဏ်သရေရှိ အမျိုးသမီးတွေ။ အင်္ဂလိပ်လို ရေလည်စွာပြောတတ်တဲ့ မြန်မာ ပညာတတ်တချို့။ ရန်ကုန်တက္ကသိုလ်ဝန်းထဲက ရေတမာတန်း။ ပြီးတော့ သူ့ဘ၀မှာ ဘယ်တော့မှ မေ့နိုင်လိမ့်မယ် မဟုတ်တဲ့ “ပိတောက်ပန်း”။ အို ... အံ့သြဖို့ကောင်းအောင် ရွှေရောင်ဝင်းတဲ့ “ပိတောက်ပန်း” ။

(ခ)

မိခင်မြေကြီးပေါ်
အပြာရောင် သစ်ရွက်တွေပေါ်
ရေတံခွန်စိမ့်စမ်းသံတွေအောက်က ကျောက်တုံးတွေပေါ်
ဂီတလို တုန်ယင်နေတဲ့ လေပွေမုန်တိုင်းတွေပေါ်
ဘုန်းကြီးကျောင်းများမှာလို
ဘုရားရှိခိုးစာကို ရွတ်ဆိုနေကြတဲ့ မြစ်နဒီတွေပေါ်
တောငန်းရိုင်းတွေနဲ့ ပန်းသီးတွေပေါ်
မြေပြင်နဲ့ ရေပြင်ပေါ်
ကောက်နှံတွေကို မွေးဖွားပေးလိုက်တဲ့
အဆုံးမရှိသော တိတ်ဆိတ်မှုပေါ်ကို
ငါ ... ကျော်နင်းပြီး လျှောက်ခဲ့တယ် ....။

(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)

၁၉၂၇-ခု ... မြန်မာပြည်။
ပဲခူးမြို့လေးဟာ ရန်ကုန်မြို့နဲ့ဆိုရင် မိုင်(၅၀) ကျော် ဝေးတယ်။ ကျင်းတွေ ချိုင့်တွေထူပြောလှတဲ့ ကတ္တရာလမ်းပေါ်မှာ သုံးနာရီနီးပါးကြာအောင် ကားမောင်းပြီးမှ ပဲခူးကို သူရောက်လာခဲ့တယ်။ မြို့လည်ခေါင်က ပဲခူးမြစ်ကို ဇက်နဲ့ကူးရတယ်။ မိုးထိအောင်မြင့်မားလှတဲ့ ရွှေမော်ဓောဘုရား နဲ့ မဟာစေတီဘုရားဟာ တောအုပ် တွေ ပတ်လည်ဝိုင်းနေတဲ့ကြားမှာ ခန့်ညားလွန်းနေတယ်။ အရောင်အသွေးမျိုးစုံ .. အထူးသဖြင့် တောက်တောက် ပပ ပိုးချည်ပိုးထည်တွေကို ၀တ်ဆင်ထားကြတဲ့ ယောက်ျား၊ မိန်းမတွေဟာ လှည်းကိုယ်စီစီးပြီး ဘုရားခြေရင်းကို ရောက်လာကြတယ်။ ယောက်ျားတချို့က ချမ်းသာကြွယ်ဝသူတွေလို့ ထင်ရတယ်။ သူတို့က ပုဆိုးစတွေကို လက်တဖက်နဲ့ ဆွဲမပြီးမှ လမ်းလျှောက်ကြတယ်။ အကယ်၍များ ပုဆိုးစကို ဒီလို ဆွဲမ မထားဘူးဆိုရင် လမ်းလျှောက်လို့ မဆင်မပြေနိုင်ဘူးလို့ သူထင်မိတယ်။ သတိမထားမိပဲ မနေနိုင်လောက်အောင် ထူးခြားလှတဲ့ မြင်းကွင်းကတော့ လှည်းပေါ်ကဆင်းလာတဲ့ အမျိုးသမီးတချို့ဟာ လက်သီးဆုပ်သာသာမြင့်တဲ့ ဆံပင်ထုံးကြီး တွေကို ခေါင်းပေါ်မှာထုံးထား၊ တင်ထားတဲ့ မြင်ကွင်းပါပဲ။ သူတို့ခေါင်းမှာပန်ထားတဲ့ ပန်းတွေက အ၀ါရောင်၊ သူ အင်မတန်စိတ်ဝင်စားတဲ့ ပိတောက်ပန်း။ ဘုရားကုန်းတော်အောက်က ခြင်္သေ့ရုပ်ကြီးနှစ်ခုက မော့ကြည့်ရလောက် အောင် မြင့်မားလှတယ်။
မြို့လည်ခေါင်လမ်းဘေးနှစ်ဖက်မှာ နွားလှည်းတွေ တန်းစီပြီးရပ်ထားတာ တွေ့ရတယ်။ ဂေါ်ရင်ဂျီ ကုလားလေးတွေဟာ ကားပေါ်ကဆင်းလာတဲ့သူ့ဆီကို ပြေးလာပြီး သူ့လက်ထဲက လက်ဆွဲသေတ္တာကို ၀ိုင်းကူပြီး ဆွဲကြတယ်။ သူကငြင်းဆန်လိုက်တဲ့အခါကြတော့ လမ်းဘေးက သစ်ပင်ရိပ်တွေဆီ ပြန်ပြေးသွားကြပြီး သူ့ကို အဝေးကပဲ အကဲခတ်နေကြတယ်။
ဒီတခေါက်ပါနဲ့ဆိုရင် ပဲခူးကို သူရောက်ဖူးတာ (၂) ခေါက်ရှိပြီ။ ဈေးကြီးထဲကို လမ်းလျှောက်ဝင်သွားပြီး မြန်မာထမင်းနဲ့ဟင်း စားကြည့်အုန်းမှလို့ တွေးလာခဲ့တယ်။ ရုတ်တရက်ဆိုသလို သူ့ကြောပြင်၊ သူ့ပုခုံးပေါ်ကို ရေတွေလောင်းချတာ ခံလိုက်ရလို့ သူ့ခန္ဓာကိုယ်ဟာ ရှေ့ကိုအနည်းငယ်ကော့ပြီး နောက်ကိုလှည့်ကြည့်မိတယ်။ လူရွယ်နှစ်ယောက်က ရေဖလားတွေကိုယ်စီကိုင်ပြီး သူ့ကိုပြုံးကြည့်နေကြတယ်။ သူတို့နဲ့ မလှမ်းမကမ်းမှာလည်း တခြားလူငယ်ဆယ်ယောက်လောက်က သူ့ကို ပြုံးရယ်ပြီး ကြည့်နေကြတယ်။ ချက်ချင်းဆိုသလို ထိတ်လန့်သွားတဲ့ သူ့စိတ်ကို ရုပ်သိမ်းနိုင်အောင် ကြိုးစားနေမိတယ်။ မြန်မာတွေရဲ့ ထူးဆန်းလှတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတခု။ ရေပက် ကစားကြတဲ့ပွဲတော် ...။ ချက်ချင်းဆိုသလို လူငယ်နှစ်ယောက်ရဲ့လက်ထဲက ရေဖလားတခုကို ဆွဲယူလိုက်တယ်။ ဘေးမှာချထားတဲ့ ရေပုံးထဲက ရေကိုခပ်တယ်။ လူငယ်နှစ်ယောက်ရဲ့ ပုခုံးပေါ်ကို နည်းနည်းစီလောင်းချပေးလိုက် တယ်။ ရယ်သံတွေကြားကပဲ သူဟာ ကားပေါ်ပြန်တက်ပြီး ရှေ့တည့်တည့်ကိုမောင်းလာခဲ့တယ်။ ကားခေါင်မိုးနဲ့ ကားရဲ့နောက်ခန်းမှာ တစုံတခု ပါလာတာကို သတိပြုမိလို့ ကားကို ခဏရပ်ပြီး၊ ကားခေါင်မိုးပေါ်ကို မော့ကြည်ရပြန်တယ်။ ကားခေါင်မိုးပေါ်မှာ ရွှေဝါရောင်ပန်းတွေအပြည့်။ ကားနောက်ခန်းထဲမှာလည်း ရွှေဝါရောင် ပန်းပွင့်တွေအပြည့် ...။ သူ့မျက်နှာတခုလုံး ၀င်းပပြုံးလက်သွားရတယ်။ သူနှစ်သက်စွဲလန်းမိတဲ့ ပိတောက်ပန်း တွေ။ အဲဒီညနေက ပိတောက်ပန်းတွေတင်ထားတဲ့ကားနဲ့ ရန်ကုန်ကို သူပြန်လာခဲ့တယ်။

(ဂ)

တဖက်အစွန်မှာ
ကျေးရွာကို စောင့်နေတဲ့ နတ်
ငါးကိုစောင့်တဲ့ နတ်
ရေကိုစောင့်တဲ့ နတ်တွေဟာ
ကမ္ဘာကြီးအသစ် ပွင့်ဝေရာဖြစ်တဲ့
လွင်ပြင်တွေပေါတဲ့ သူတို့တိုင်းပြည်ကြီးကို
အသက်ပေးပြီး ချစ်ကြတယ်။

(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)

မနက်ခင်းဝေလီဝေလင်းအချိန် ရွှေတိဂုံကုန်းတော်ပေါ်ကို သူရောက်ခဲ့တယ် ...။
ဘုရားယင်ပြင်တော်ပေါ်မှာ လှည့်ပတ်ကြည့်ရှုရင်းက သူ့ရဲ့ ရန်ကုန်မြို့ကိုစရောက်တဲ့ တညနေခင်းကို ပြန်တွေးနေမိတယ်။ ဒီတုန်းက အင်မတန်ကြီးမားလှတဲ့ ကျောက်တောင်ကြီးတခုကိုကွေ့ပြီးဝင်လိုက်တဲ့အခါ နေရောင်အောက်မှာ ၀ါဝင်းလင်းထိန်နေတဲ့ ရွှေတောင်ကြီးတခုကို ဘွားကနဲ သူတွေ့လိုက်ရတာပဲ။ စိမ်းစိမ်းမှောင်နေတဲ့ တောအုပ်တွေရဲ့အပေါ်မှာ ထီးထီးမားမားကြီးရှိနေတဲ့ ရွှေတိဂုံဘုရားကြီးကို သင်္ဘောကုန်းပတ်ပေါ်ကတဆင့် သူ ရပ်ကြည့်နေခဲ့မိတယ်။ တိမ်ဖြူဖြူတချို့က ရွှေတောင်ကြီးရဲ့နောက် အပြာရောင်ကောင်းကင်ပေါ်မှာ လွင့်နေ တယ်။ ရွှေတောင်ကြီးကို လှမ်းကြည့်ရင်း တမေ့တမောရပ်နေခဲ့မိတယ်။
သူဟာ ရန်ကုန်မြို့မှာ အလုပ်တွေအများကြီးလုပ်ခဲ့ရတယ်။ သူလုပ်ခဲ့တဲ့အလုပ်တွေကို အနှစ်ချုပ်လိုက် ရင် အနှစ်သာရအားဖြင့်တော့ နှစ်ခုပဲရှိပါတယ်။ တခုက မြန်မာ့ရေမြေတောင်နဲ့ လူတွေကို လေ့လာခံစားဖို့နဲ့ သတင်းတွေကို စုဆောင်းမှတ်သားဖို့အလုပ်ပါပဲ။ ဒီလိုနဲ့ သူဟာ လယ်ကွင်းတွေဆီ သွားခဲ့တယ်။ ဘုရားပြို ဘုရား ပျက်တွေကြားမှာ ရပ်နေခဲ့တယ်။ နပမ်းပွဲတွေ၊ ကြက်တိုက်ပွဲတွေ၊ လှည်းပြိုင်ပွဲတွေ၊ ရေကစားပွဲ၊ ဘုရားပွဲ၊ ရုပ်ကြီးစင်နဲ့ မြေ၀ိုင်းအကပွဲတွေက အစ နေရာအနှံ့ သူရောက်နေခဲ့တယ်။ မြန်မာတွေဟာ လက်တင်အမေရိက က ပီရူးနဲ့ဘိုလစ်ဗီးယားလူမျိုးတွေနဲ့ အသားအရေ၊ ကိုယ်လုံးကိုယ်ပေါက် တော်တော်တူကြတယ်။ ရာဇ၀င်သမိုင်း ချင်းလည်း တူကြဟန်ရှိတယ်။
ရန်ကုန်မြို့ဟာ “ ရန်ဟူသမျှ ကုန်စင်အောင်မြင်တဲ့မြို့” ဆိုတဲ့ အဓိပ္ပါယ်နဲ့ မှည့်ခေါ်ထားတဲ့ မြို့။ အင်္ဂလိပ် မြို့ဝန်မင်းဟာ တခါတရံ မြန်မာမြို့ဝန်တွေရဲ့ အဆောင်အယောင် အခမ်းအနားမျိုးနဲ့ မြို့ထဲကို ထွက်လာတတ် တယ်လို့ သူကြားရတယ်။ ရန်ကုန်မှာသူရှိနေတဲ့အခိုက် မြို့ကိုစောင့်ရတဲ့ ဂေါ်ရင်ဂျီစစ်ပုလိပ်တွေ၊ မျက်နှာဖြူ အရာရှိတွေဟာ တစုံတခုကို ထိတ်လန့်တုန်လှုပ်နေတာ အထင်အရှားသတိထားမိတယ်။ ရွှေတိဂုံဘုရားခြေရင်းမှာ ရှိတဲ့ သစ်တပ်ထဲက အင်္ဂလိပ်စစ်တပ်တွေဟာ စစ်ရေး အမြဲလေ့ကျင့်နေကြပြီး အလုပ်ရှုပ်နေခဲ့ကြတယ်။ ရန်ကုန်မြို့ဆိပ်ကမ်းမှာ အိန္ဒိယက ကြေးစားစစ်သားတွေ သင်္ဘောပေါ်က ဆင်းချလာနေတာ လူတိုင်းတွေ့ကြရ တာပဲ။ သတင်းတွေဟာ ရန်ကုန်မြို့ကို ခြိမ်းခြောက်နေတယ်လို့ ဆိုရမယ်။ မြန်မာလယ်သမား သူပုန်တွေဟာ ရန်ကုန်မြို့နဲ့ အလှမ်းမဝေးတဲ့တနေရာမှာ အင်္ဂလိပ်စစ်တပ်တွေကို ရင်ဆိုင်တိုက်ခိုက်ကြတဲ့သတင်း ...၊ အင်္ဂလိပ် စစ်တပ်တွေက ဖမ်းမိတဲ့ သူပုန်တွေကို ခေါင်းဖြတ်သတ်ပြီး သတင်းစာတွေထဲမှာ ဖော်ပြခြိမ်းခြောက်တဲ့သတင်း တွေနဲ့ ရန်ကုန်မြို့ဟာ ခြောက်ခြားနေခဲ့တယ်။
သူဟာ ရန်ကုန်မြို့ နိုင်ငံခြားသံတမန်များ နားနေအပမ်းဖြေတဲ့ အဆောက်အဦးဆီကို သွားလေ့သွားထ မရှိပေမယ့် အင်္ဂလိပ်အစိုးရရဲ့ ကိုလိုနီနိုင်ငံတွေအပေါ် မတရားဖိနှိပ်နေတဲ့ သတင်းတွေကိုတော့ အဲဒီ သံတမန် တွေဆီကပဲ ရခဲ့တယ်။ တချိန်ထဲမှာ အိန္ဒိယတိုက်ငယ်မှာလည်း နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲခေါ်သံတွေ၊ မဟတ္တမ ဂန္ဓီကြီးနဲ့ အိန္ဒိယပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေ၊ တရုပ်ပြည်မကြီးထဲက ဂျပန်ဆန့်ကျင်ရေးတိုက်ပွဲတွေ၊ ဥရောပ တခွင်မှာကြတော့ နယ်ချဲ့အရင်းရှင် အစိုးရတွေကို နည်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားတွေ ရဲ့ သတင်းတွေကို နေ့စဉ်တိုင်းလိုလို သူကြားနေခဲ့ရတယ်။ ဒါနဲ့ပဲ သူကိုယ်တိုင် သတိမထား မိပဲ ဆုံးဖြတ်ချက်တခု အလိုလိုချမိလျက်သားဖြစ်ခဲ့ရတယ်။

သူဟာ ဧရာဝတီမြစ်ကမ်းတခုပေါ်မှာ ဘ၀သစ်တခု အစပြုဖို့ ဆုံးဖြတ်ခဲ့မိပြီဆိုပါတော့ ...။

(ဃ)

အမေရိက ...
သင့်နယ်မြေမှ တဖက်အစွန်
တိုင်း . နိုင်ငံများကို ငါရောက်ခဲ့ဖူးပြီ။
အဲဒီနေရာတွေမှာ ရက်ပေါင်းများစွာ
ငါပျံသန်းခဲ့၊ ခရီးသွားခဲ့၊ တေးဆိုခဲ့၊ စကားပြောခဲ့
လှည့်လည်နေတဲ့ အိမ်ယာလုပ်ခဲ့ဖူးရဲ့။
အာရှမှာ၊ ရုရှားမှာ၊ ယူရဲလ်တောင်တန်းတွေမှာ
ငါရပ်နားပြီး
အထီးကျန်မှုနဲ့ ထင်းရှူးဆီနံ့ စိမ့်ပျော်ဝင်နေတဲ့
ငါ့ဝိညာဉ်ကို ဆန့်ထုတ်ခဲ့ဖူးရဲ့ ....။

(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)



၁၉၅၁-ခု၊ အောက်တိုဘာလ၊ တရုပ်ပြည် ပီကင်းမြို့။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် ...။
မြန်မာစာရေးဆရာအဖွဲ့နဲ့ တွေ့ဆုံစကားပြောဖို့၊ ရုရှားစာရေးဆရာ “အာရင်ဘတ်” နဲ့ တိုင်ပင်ကြည့်တဲ့ အခါ၊ အာရင်ဘတ်က ချက်ချင်းဆိုသလိုပဲ သတောတူခဲ့ပါတယ်။ သူနဲ့ အာရင်ဘတ်က အခန်းချင်းကပ်လျက် တည်းခိုခွင့်ရကြသူတွေပါ။ သူ့မှာလည်း ဇနီးဖြစ်သူပါလာခဲ့သလို၊ အာရင်ဘတ်မှာလည်း ဇနီးသည်ပါလာခဲ့တယ်။ သူတို့လေးယောက်စလုံး မြန်မာစာရေးဆရာအဖွဲ့နဲ့ တွေ့ဆုံစကားပြောခဲ့ရတာကို ကျေနပ်မိကြတယ်။ ထမင်း အတူထိုင်ပြီး စားခဲ့ကြရတာကို မမေ့နိုင်ဘူး။
သူကတော့ ဒီအချိန်မှာ လွန်ခဲ့တဲ့ (၂၄) နှစ်ကို ပြန်ရောက်သွားခဲ့သလိုပါပဲ။ မြန်မာစာရေးဆရာ “ဒဂုန် တာရာ” နဲ့ စာပေအကြောင်းတွေ ပြောခဲ့ကြပေမယ့် သူ့စိတ်တွေက တချက်တချက်မှာ ရန်ကုန်မြို့က ရွှေရောင် ၀ါဝင်းလင်းထိန်နေတဲ့ ရွှေတိဂုံဘုရားကြီးကို သတိရနေမိတယ်။ တောက်ပတဲ့ အရောင်မျိုးစုံ ၀တ်စုံတွေကိုဝတ်ပြီး လမ်းတွေပေါ်လျှောက်သွားနေတဲ့ မြန်မာလူမျိုးတွေကို တွေးနေမိတယ်။ ဒီတုန်းက သူက အချစ်ကဗျာတွေကိုပဲ ရေးဖွဲ့နေခဲ့တဲ့ ကာလ။ အချစ်ကဗျာစာအုပ်ထုတ်ဝေပြီးကာစ။ မြန်မာပြည်မှာ ရောက်နေတဲ့အခိုက်၊ မြန်မာ့ လယ်သမားသူပုန်ကြီး “ဂဠုန်ဆရာစံ” ရဲ့ သတင်းတွေက သူ့ရဲ့ အချစ်ကဗျာခံစားမှုကို ရပ်တန့်စေခဲ့တယ်။ တကမ္ဘာလုံးမှာရှိတဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသတင်းတွေက သူ့အတွေးအခေါ်ကို မြှင့်တင်ပေးလိုက် တယ်။ ရန်ကုန်မြို့မှာ တနှစ်ကျော်နေထိုင်ခဲ့ရတဲ့ ရက်တွေအတွင်း သူ့ရဲ့အထီးကျန်မှုကို နိဂုံးချုပ်နိုင်ခဲ့တယ်။
တညနေခင်းလုံး မြန်မာစာရေးဆရာတွေနဲ့ စကားဖောင်ဖွဲ့ခဲ့ပြီးတဲ့နောက်၊ အင်မတန် ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံလှတဲ့ ဥပဓိရုပ်ရည်ရှိသူ မြန်မာစာရေးဆရာ၊ ကဗျာဆရာကြီး “သခင်ကိုယ်တော်မှိုင်း” ခေါင်းဆောင်တဲ့ လူတသိုက်ဟာ သူတို့အခန်းက ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။ သူနဲ့ တချိန်လုံးလိုလို စကား ပြောခဲ့တဲ့ ကဗျာဆရာ “ဒဂုန်တာရာ” ကို သူက အခန်းပေါက်ဝမှာ လက်ဆွဲနှုတ်ဆက်တယ်။
မြန်မာစာရေးဆရာအဖွဲ့ အခန်းပေါက်ကအထွက်၊ သူ့နှုတ်ခမ်းက နှုတ်ဆက်စကားဆိုဖို့ စဉ်းစားတဲ့အခါ စကားလုံးတချို့ကို အလိုလို ရွတ်ဆိုမိလျက်သားဖြစ်သွားရတယ်။
“ မြန်မာပြည်က ပိတောက်ပန်းကို ကျနော် မမေ့ပါဘူးဗျာ ...”
မြန်မာကဗျာဆရာ “ဒဂုန်တာရာ” က “ပိတောက်ပန်း” လို့ ပီပီသသလှမ်းပြောလိုက်တဲ့ သူ့ကို အံ့သြတဲ့ မျက်နှာနဲ့ ပြန်ကြည့်ရင်း ပြုံးလိုက်ပါတယ်။ ။

(စာပေနိုဗယ်ဆုရှင် ချီလီကဗျာဆရာကြီး ပက်ဗလိုနဲရူဒါဟာ ၂၃၊၉၊၁၉၇၃-ခုနှစ်မှာ ကွယ်လွန်ခဲ့တာမို့ အခုဆိုရင် သူကွယ်လွန်တာ (၃၅) နှစ် ပြည့်ပါပြီ။ သူဟာ ၁၉၂၁ -ခုနှစ်ဝန်းကျင်က မြန်မာပြည်မှာ သံတမန်တဦး အနေနဲ့ နေထိုင်သွားခဲ့ရဖူးသူပါ။ သူဟာ ပဲခူးနဲ့ မော်လမြိုင်ကိုလည်း ရောက်ခဲ့ဖူးသူပါ။ ဒါကြောင့်မို့ သူကွယ်လွန်တဲ့ ၃၅-နှစ်မြောက် အမှတ်တရ ... ဒီဆောင်းပါးကို စိတ်ကူးဖြင့် ရေးဖွဲ့ ဂုဏ်ပြုလိုက်ပါတယ်။)

ငြိမ်းဝေ

ကိုးကား။ ။ ၁။ မောင်သစ်တည်ရဲ့ “ခေတ်ပေါ်နိုင်ငံတကာ ကဗျာရှည် ၃-ပုဒ်”
၂။ ဒဂုန်တာရာရဲ့ “ဧရာဝတီ၊ ယန်စီ၊ ဘော်လ်ဂါ”

(မဇ္ဈိမအွန်လိုင်းတွင် ဖော်ပြခဲ့ပြီးတဲ့ စာမူဖြစ်ပါတယ်။)

1 comment:

  1. နီရူဒါရဲ့ ကဗျာတွေက အမြဲတမ်း လတ်ဆတ်နေတာပဲဗျာ။

    ReplyDelete