ကမ္ဘာ့ကဗျာနေ့ ကဗျာပြပွဲနဲ့ ကဗျာရွတ်ဆိုပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျင်းပပြုလုပ်ဖို့ ရှိပါတယ်။
မနေ့က မဲဆောက်မြို့ရဲ့ လူအစည်ကားဆုံးနဲ့ အကြီးဆုံး ဖြစ်တဲ့ ဖိုးထူး လဘက်ရည်ဆိုင်မှာ ကဗျာပြပွဲကို ပြင်ဆင်ခဲ့ကြပါတယ်။ ဒီကနေ့ မနက်မှာ ကဗျာပြပွဲ ဖွင့်လှစ်မှာဖြစ်ပြီး နေ့လည်ပိုင်းမှာတော့ ထုံထောင်းရပ်ကွက်ထဲက နောင်ရိုး လဘက်ရည်ဆိုင်မှာ ကဗျာရွတ်ပွဲ ပြုလုပ်မှာပါ။ ကဗျာချစ်သူများ မုဒိတာပွါးနိုင်ဖို့ သတင်းပေးလိုက်တာပါခင်ဗျား။
ကဗျာပြပွဲပြင်ဆင်နေစဉ် ရောက်လာတဲ့ ဆရာနှင်းခါးမိုးနဲ့ ကိုဇန်
ကဗျာပြပွဲ ပြင်ဆင်နေစဉ် ရောက်လာတဲ့ ဒေါက်တာလွဏ်းဆွေ၊ ဆရာ ဂါမဏိနဲ့ အဖွဲ့
Showing posts with label ရသဆောင်းပါး. Show all posts
Showing posts with label ရသဆောင်းပါး. Show all posts
March 20, 2011
April 04, 2010
ခွေးအခြေသံ

(၁)
အိမ်အပြင်ဖက်မှာ လရောင်တွေ ခြေတဖက်ချလိုက်ပြီထင်ပါရဲ့။
စားပွဲမှာ သူ စာထိုင်ရေးနေခဲ့သလား။ သူ့ ကိုယ်သူ ပြန်ငုံ့ ကြည့်တယ်။လက်ထဲမှာ စာရွက်တရွက်။ စာရွက်ပေါ်မှာ လက်ရေးသေးသေးလေးတွေ။ ကွေးကွေးကောက်ကောက် တွန့် လိမ်နေတဲ့ အက္ခရာ အမှတ်အသားတွေ။ သူကတော့ ကဗျာတပုဒ်အဖြစ်ချရေးလိုက်တာပဲ။ အဲဒါ ကဗျာတပုဒ်များလား။ သူက ကဗျာစာသားတွေကို သံသယနဲ့ အသံထွက်ပြီးဖတ်တယ်။ သူ့ အသံကို သူ ပြန်ပြီးနားထောင်တယ်။ ဒဏ်ရာအနာတရဖြစ်နေတဲ့ သက်ရှိသတ္တဝါတကောင်ကောင်ရဲ့ ညည်းငြူသံကို ကြားလိုက်ရသလိုပဲ။
သူ့ အသံကိုသူ ပြန်ပြီးနားထောင်ရင်းက တခြားအသံတခုကို ကြားလိုက်ရတယ်။ သေသေချာချာ အသံကိုစစ်ထုတ်ပြီးနားစိုက်တော့ တကယ့်ကို ခွေးအတကောင်ရဲ့ ခြောက်သွေ့ တွန့် လိမ်နေတဲ့ အူသံတခု။ သေသေချာချာထပ်ပြီး နားစွင့်တယ်။ သူ့ စိတ်ထဲမှာ အသေအချာကြားလိုက်ရတဲ့ ခွေးအအူသံက ပျောက်သွားပြန်တယ်။ သူက သက်ရှူမှုကို အောင့်ထားလိုက်တယ်။ အခန်းကလေးထဲ ဘာသံမှမကြားရတော့။ မဟုတ်ဘူး။ ဘာသံမှ မကြားရတော့ဘူးလို့ သူထင်တာ။ ဒါပေမယ့် သစ်ရွက်ခြောက်တချို့ အပေါ် သစ်ကိုင်းခြောက်တခုအပေါ် နင်းချလာနေတဲ့ ခြေသံတခု။ သူ့ အိမ်ကလေးဆီ ဦးတည်လာနေတဲ့အသံ။ သူ့ အနားကို နီးကပ်လာနေတဲ့အသံ။ သူ့ ဘေးနားမှာလာပြီးမှ ရပ်တန့် လိုက်တဲ့အသံ။ အမှောင်ထုထဲကတဆင့် လရောင်တွေကို ကြိတ်ပြီး စုတ်ယူမြိုချနေတဲ့ အသံ။
သူက စားပွဲဘေးမှာ ထရပ်လိုက်တယ်။ ရေးလက်စ ကဗျာစာရွက်က စားပွဲပေါ်က လျောကျသွားတယ်။ တံခါးမကြီးဆီ လျောက်လာလိုက်တယ်။ တံခါးမကြီးကို ဖွင့်လိုက်တယ်။ အိမ်တံစက်မြိတ် အမှောင်ထဲမှာပဲ ရပ်နေလိုက်တယ်။ လရောင်တွေလား...။ သူ့ အိမ်ကလေးပေါ်၊ အိမ်ကလေးနဲ့ တောအုပ်ကလေးကို အသက်ဆက်ပေးနေတဲ့ လမ်းကလေးပေါ်။ ပြီးတော့ ဘယ်တော့မှ ခြုံစေါင်အမည်းကို ခွါမချတတ်တဲ့ တောအုပ်ကလေးပေါ် လရောင်တွေနီရဲစီးမျောကျနေလိုက်တာ။ လရောင်တွေက သူရပ်နေရာ အိမ်တံစက်မြိတ်အနားကိုရောက်တော့ ရပ်တန့် သွားပြန်တယ်။ သူ့ ကို ချစ်ခင်စွာ ပူးကပ်ချော့မြူလိုက်တယ်။ သူ့ အနားမှာ ရစ်ဝဲပြီး ဝေ့ဝဲနေလိုက်တယ်။ အနီရောင် လရောင်တွေက သူ့ အိမ်ကလေးတဝိုက် လေချွန်သံတွေ ခတ်တိုးတိုးတီးခတ်ရင်း ဝေးသွားလိုက် နီးလာလိုက်။
ညသည် ငြိမ်သက်နေ၏
ငါသည် ဇာတ်ခုံပေါ်၌ ရှိနေသည်
အဝေးမှ ပဲ့တင်သံတွေကြားရ၏
ရှေ့ မှာ ငါ ဘာဖြစ်ဦးမလဲ...။
( ပတ်စတာညက်ရဲ့ “ ရွာကလေး သို့ မဟုတ် လူ့ လောကဇာတ်ခုံ” ကဗျာမှ )
သူက အိမ်တံစက်မြိတ်အမှောင်ရိပ်ထဲမှာပဲ တုတ်တုတ်မျှမလှုပ်ပဲ ရပ်နေတယ်။ သူ့ အသံကို သူပြန်ပြီးနားထောင်တော့ တိတ်ဆိတ်လွန်းတဲ့ဆူညံသံတွေကို ကြားနေရတယ်။ လရောင်များကမူ သူ့ ကိုမတွေ့ ။ သူ့ အနားအထိရောက်လာနေသည့်တိုင် လရောင်တွေက သူ့ ကိုမတွေ့ ။ ဒါမှမဟုတ် မတွေ့ ချင်ယောင် ဆောင်လိုက်ကြတာလား။ သူကမူ လရောင်များကို တွေ့ နေရတယ်။ အနီရောင်လရောင်များ။
တောအုပ်တောတန်းကလေးအစပ်ဆီက သက်ရှိသတ္တဝါတခုခုရဲ့ လှုပ်ရှားမှုကို သူတွေ့ လိုက်ရတယ်။ သူမျှော်လင့်ထားတဲ့ အရာတခုပေပဲ။ ထိုအရာက တောအုပ်အစပ်မှထွက်လာကာ လရောင်အောက်မှာ ရပ်လိုက်တယ်။ ပြီးတော့ သူ့ နောက်က နောက်ထပ်တခြားသက်ရှိသတ္တဝါ သုံးလေးခု။ ထိုအရာအားလုံး လရောင်အောက် ထွက်ပြီး ရပ်နေကြတယ်။ လမင်းကြီးကို မေါ့ကြည့်နေကြတယ်။ ပြီးတော့ လည်တိုင်တွေကို ယိမ်းကသလို ဆန့် ထားကြတယ်။ အပြာရောင် ခွေးအအူသံများ တောအုပ်အစပ်မှ ဟူးဟူးရားရား ထပြီး တောက်လောင်လိုက်ကြတယ်။ တောအုပ်ကလေးကလည်း အပြာရောင်ခွေးအအူသံများ နောက်မှ ထပ်ချပ်မကွာ လိုက်ပြီးအပြာရောင်သန်းတယ်။ သစ်ရွက်တွေက အနီရောင်လရောင်တွေကို ခွါချလိုက်ကြတယ်။ သစ်ကိုင်းတွေပေါ်မှာ လရောင်တွေ အပြာရောင်သန်းကုန်တယ်။ တောအုပ်နဲ့ သူ့ အိမ်ကလေး အသက်ဆက်ပေးရာ လူသွားလမ်းကလေးပေါ်မှာတော့ လရောင်တွေ ယိမ်းကနေကြဆဲ။ အပြာရောင်နဲ့ အနီရောင်တွေ တခုနဲ့ တခု တွန်းကန်ဖက်တွယ်ထားနေကြတဲ့ လရောင်များ။
ည၏အမှောင်သည် ငါ့ကို ဖုံးလွှမ်းထား၏
အော်ပရာ မှန်ပြောင်းများကဲ့သို့ 
အမှောင်ထုအားလုံးသည် ငါ့ကို ချိန်ရွယ်ထား၏
အို ...အဖ ဘုရားသခင်
တတ်နိုင်လျင် ဒီတခါတော့ အကျွန်ုပ်အား သနားတော်မူပါ။
( ပတ်စတာညက်ရဲ့ “ရွာကလေးဇနပုဒ် သို့ မဟုတ် လူ့ လောက ဇာတ်ခုံ” ကဗျာမှ... )
သူက သူ့ ရဲ့ “ ဒေါက်တာဇီးဗားဂိုး ” ဝတ္ထုကြီးထဲက ဇာတ်ဝင်ခန်းတခန်းကို ပြန်တွေးနေမိပြန်တာပါ။ ဒီတုန်းက တော်လှန်ရေးကြီးရဲ့ နှလုံးသားမှာ ဒီလိုပဲ လရောင်တွေ အနီရောင်နဲ့ အပြာရောင် သွန်းခတ်ထားခဲ့တာပဲ။ အဲဒီလရောင်တွေအောက်မှာ သူ့ ကဗျာစာရွက်တွေ စားပွဲပေါ်က လွင့်ကျသွားကုန်တာပဲ။ ခွေးအအူသံတွေကို သူ့ အမွေခံအိမ်ကြီးထဲကထွက်ပြီး နားထောင်ခဲ့တာပဲ။ နှင်းတွေက ကမ္ဘာလောကကြီးတခုလုံးကို အဖြူနဲ့ အမဲ နှစ်ရောင်ထဲပဲ လိမ်းကျံလိုက်တာပဲ။ သူက တောအုပ်ကလေးရဲ့ အစပ် လမင်းကြီးကို မေါ့ကြည့်ရင်း အူသံတွေပေးနေတဲ့ ခွေးအတွေကို သည်လိုပဲ ရပ်ကြည့်ခဲ့တာပဲ။ ပြီးတော့ ခွေးအတွေကို လေသံတိုးတိုးနဲ့ လက်တဖက်မြှောက်အသံပြုပြီး တောအုပ်ထဲကို ပြန်မောင်းခဲ့တာပဲ။ ခွေးအတွေကလည်း တောအုပ်ထဲကို အသာအယာ ပြန်ဝင်သွားကြတာပဲ။ အဲဒီအချိန်တုန်းကများ လရောင်တွေက အနီရောင်ကိုချွတ်ချလိုက်ကြဖို့ ကြိုးစားနေကြတာ။ အပြာရောင်နဲ့ အစိမ်းရောင်။ ပြီးတော့ လစိမ်း။နှင်းစိမ်း။ လမ်းသွယ်အစိမ်း။
(၂)
ငြိမ်သက်တိတ်ဆိတ်နေတဲ့ ဒွန်မြစ်ကတော့
ငြိမ်သက်တိတ်ဆိတ်စွာပဲ စီးဆင်းနေတယ်။
သူက ဦးထုပ်ကို တစေါင်းတရွဲ့ ဆောင်းလျက် သွားနေခဲ့တယ်
အဝါရောင်လရောင်တွေက အရိပ်တွေကို ကြည့်လျက်။
ဒီမိန်းမ ဖျားနာလျက်
ဒီမိန်းမ အထီးကျန်လျက်။
ခင်ပွန်းဖြစ်သူက အုတ်ဂူထဲမှာ
သားက အကျဉ်းထောင်ထဲမှာ
ကျမအတွက် ကောင်းချီးပေးတော်မူပါ။
( အက်ခ်မာတော်ဗါရဲ့ “ နိဒါန်း ” ကဗျာမှ...)
သူက “ အက်ခ်မာတော်ဗါ ” ရဲ့ ကဗျာတပိုဒ်ကို စိတ်ထဲက ရွတ်ဆိုနေမိတယ်။ အခုလို သားရဲတိရစ္ဆာန်တွေ ခြောင်းမြောင်းစေါင့်ကြည့်တာခံရတဲ့အခိုက် အက်ခ်မာတော်ဗါရဲ့ အထီးကျန်ခြင်းကို ကိုင်းကူးကြည့်တယ်။ ဒါပေမယ့် မတူပါဘူး။ အက်ခ်မာတော်ဗါက လူတွေအများကြီးကြားထဲမှာ ထိုင်နေရင်းက အထီးကျန်ဖြစ်ခဲ့တာ။ သူကတော့ မော်စကိုမြို့ နဲ့ မနီးမဝေး ရွာကလေးတရွာရဲ့ထိပ် တောအုပ်ကလေးတခုဘေးက ထင်းရှူးအိမ်ကလေးထဲမှာ တယောက်ထဲ။
အထီးကျန်ခြင်းကို ရေးဖွဲ့ တဲ့အခါ တချိန်တုန်းကတော့ သူက သင်္ကေတဝါဒီတွေကို သိတ် သဘောကျတာပေါ့။ သင်္ကေတတွေထဲကတဆင့် အထီးကျန်မှုကို တူးယူရတာ တကယ့်ကို ရသမြောက်တယ်လို့ထင်ခဲ့တာ။ တခါတလေ သင်္ကေတဝါဒနဲ့ အနာဂါတ်ဝါဒကြား ဗျာများနေတတ်တဲ့ “ မာယာကော်စကီး ” ရဲ့ ကဗျာတွေထဲမှာ အထီးကျန်မှုကို သင်္ကေတတွေနဲ့ ဖေါ်ပြထားတာ သူ ဖတ်ဖူးတယ်။ ဒါပေမယ့် “ မာယာကော်စကီး ” က အထီးကျန်ခြင်းကို အလံတော်တခုအောက်မှာရပ်ပြီးမှ ရေးဖွဲ့ ခဲ့တာပဲ။ဒါလည်း သူ့ ရဲ့အထီးကျန်ခြင်းတမျိုးပဲဖြစ်ပေမပေါ့လို့ သူတွေးခဲ့ဖူးတယ်။ မာယာကော်စကီးဆိုတာက အထီးကျန် ရဲဘော်ကြီးပေါ့။ ပစ္စည်းမဲ့ အထီးကျန်ရဲဘော်ကြီးပေါ့။
ကဗျာဆရာမ အက်ခ်မာတော်ဗါ ကတော့ ဘဝနဲ့ ရင်းပြီးမှ ရလိုက်တဲ့ အထီးကျန်ခြင်းကို သင်္ကေတတွေ နိမိတ်ပုံတွေနဲ့ အားမယူပဲ ရိုးရိုးရှင်းရှင်းပဲ ရေးပြလိုက်တယ်လေ။ ဒီတော့မှပဲ နိမိတ်ပုံနဲ့ အထီးကျန်ခြင်းကိုဖွဲ့ ရင် တခါတလေ ရိုးဂုဏ်ပျောက်သလိုဖြစ်တာကို သူ ဒက်ကနဲ သိလိုက်ရတယ်။ ဒါကြောင့် အခုလို အထီးကျန်ဖြစ်နေတဲ့အခိုက် အက်ခ်မာတော်ဗါရဲ့ကဗျာတပိုဒ်ကို သူ ပိုပြီးခံစားလို့ ရနေတာများလား။ အေးလေ..။ အက်ခ်မာတော်ဗါရဲ့ ခင်ပွန်းက အုတ်နံရံတခုကို ကြောပေးပြီးရပ်နေတဲ့ အလုပ်သမား ၁၆ ယောက်ထဲက လူတယောက်ပေပဲ။ ရင်ဝကို သေနတ်ကျည်ဆံတွေ ဖေါက်ဝင်သွားခံရတဲ့ လူတယောက်ပေပဲ။ သားဖြစ်သူကတော့ မိဘမဲ့ခလေးဂေဟာတခုမှာ အငတ်ဘေးဆိုက်ပြီး သေဆုံးခဲ့ရတာပဲ။
သူ့ ကြတော့ အက်ခ်မာတော်ဗါနဲ့ မတူတဲ့အချက်က တိုင်းပြည်လည်းဆုံး ဘဝလည်း ဆုံးတဲ့သဘောများလား။သူ့ ကို တိုင်းပြည်က လက်မခံတော့ဘူးလို့ ပြောနေတာတွေဟာ တကယ်ပဲလား။ ဒီလိုဖြစ်နိုင်ပါရဲ့လား။ ဖြစ်ကော ဖြစ်သင့်ရဲ့လား။
ငါကား တောသတ္တဝါတကောင်လို
ထောင်ချောက်ထဲ ကျခဲ့ပြီ
တခြားနေရာမှာတော့ အလင်းရောင်တွေ လူတွေ
လွတ်လပ်မှုတွေ ရှိလေရဲ့။
ငါမှာတော့ နောက်ကလိုက်နေတဲ့အသံတွေ ကြားရ
ဘယ်လိုမှ လွတ်လမ်းမမြင်ပါလား...။
(ပတ်စတာညက်ရဲ့ “ နိုဗယ်ဆု ” ကဗျာမှ...။)
အစ်စဗက်ရှားသတင်းစာထဲမှာ သူနဲ့ ပတ်သက်တဲ့သတင်း။ လူ (၁၅၀၀၀) ကျော်တက်တဲ့ လူထုအခမ်းအနားမှာ သူ့ ကို လူတွေတယောက်ပြီးတယောက်စင်ပေါ်တက် ရှုံ့ ချခဲ့ကြတယ်ဆိုပဲ။ ကွန်မြူနစ်လူငယ်အဖွဲ့ ဝင်လူငယ်တယောက်က သူ့ ကို ပြည်နှင်ဒဏ်ပေးဖို့ တောင်းဆိုခဲ့ဆိုပဲ။ ဆိုဗီယက်စာရေးဆရာများသမဂ္ဂ အတွင်းရေးမှူး “အလက်ဇီ စာခေါ့↔ကဆိုရင် သူ့ ကို “ပတ်စတာညက်ဟာ ကျနော့်ရဲ့ အတွေးအခေါ်ဆိုင်ရာ ရန်သူဖြစ်တယ်” ဆိုတဲ့အသုံးအနှုန်းမျိုးကို သုံးပြီးမှ ရန်လုပ်ခဲ့တာပဲ။ သတင်းစာတွေထဲမှာ သူ့ ကို “ ကိုယ်အစာစားတဲ့နေရာကို ညစ်ပတ်စေတဲ့ ဝက်မျိုး ” ဆိုတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ဆောင်းပါးတွေ ဆက်တိုက်ပါနေခဲ့တာပဲ။
ဆိုဗီယက်ကမ္ဘာမှာ လူထုအခန်းအနားတွေလုပ်တာ မဆန်းပါဘူး။ နယ်ချဲ့ သမား အရင်းရှင်ကမ္ဘာ ကို မရေမတွက်နိုင်တဲ့ လူထုအခန်းအနားတွေနဲ့ ဟောပြောရှုံ့ ချကြတဲ့ကိစ္စက သတင်းမှမဟုတ်တာပဲ။ အခုလည်းပဲ အရင်းရှင်ကမ္ဘာရဲ့ပဉ္စမံတဦးအဖြစ် သူ့ ကို ဆန့် ကျင်ရှုံ့ ချတဲ့ပွဲတွေကို ဆိုဗီယက်စာရေးဆရာများသမဂ္ဂက ဒါမှမဟုတ် ဒေသဆိုင်ရာ ပါတီအာဏာပိုင်တွေက ကမကထလုပ်ပြီး ကျင်းပတာဖြစ်တယ်ဆိုတာ သိနေလေတော့ သူက မချိပြုံး ပြုံးမိတော့တာပေါ့။ ပြီးတော့ အစ်စဗက်ရှားသတင်းစာထဲမှာ နေ့ စဉ်ရက်ဆက်ပါနေတဲ့ ဆောင်းပါးတွေက ကေဂျီဘီ စိတ်ဓါတ်စစ်ဆင်ရေး ဌါနက ထောက်လှမ်းရေးတွေ နာမည်တမျိုးထဲသုံးပြီး အလှည့်ကျရေးနေကြတာပဲ ဆိုတာ သူသိနေတာပဲ။
မှန်တယ်။ စာပေနိုဗယ်ဆု သူ့ ကိုချီးမြှင့်တဲ့အကြောင်း “ဆွီဒင် နိုဗယ်ကော်မတီ↔က ကမ္ဘာကြီးကို ကြေညာလိုက်စဉ်တုန်းက သူက “ အလွန်အကျူးကျေးဇူးတင်၊ ဂုဏ်ယူအံ့သြဝမ်းမြောက်၊ တွေဝေစိတ်ရှုပ်ထွေး ” ဆိုတဲ့စကားကို ကြေးနန်းနဲ့ အကြောင်းပြန်ခဲ့တာ မှန်တယ်။ အဲဒီအကြောင်းပြန်စာထဲမှာ “ဂုဏ်ယူဝမ်းမြောက်”ဆိုတဲ့ စကားအပြင် “တွေဝေ စိတ်ရှုပ်ထွေး”ဆိုတဲ့ စကား သူ အစေါကြီးကတည်းက ထည့်ပြောခဲ့တာပဲ။ သူ့ ရင်ထဲမှာရှိတဲ့အသိက သူမမှားဘူးဆိုတဲ့အချက်။ ပြီးတော့ ဒီကိစ္စကြောင့်ဖြစ်လာရတဲ့ ဂယက်ကို သူ ခံစားနိုင်စွမ်းမရှိဘူးဆိုတဲ့အချက်။ ဒီအချက်နှစ်ချက်ဟာ သူသေဆုံးသွားတဲ့အချိန်အထိ သယ်ဆောင်သွားရတော့မယ့် ရင်ထဲက အသိတွေပဲလေ။
သူ့ နားထဲ ခွေးအတွေရဲ့ခြေသံ ကြားလာရပြန်ပြီ။ အခန်းထဲမှာ တယောက်ထဲ လမ်းလျောက်ရင်း စားပွဲမှာထိုင်ရင်း အထီးကျန်ငှက်တကောင်ရဲ့ ဒဏ်ရာရပုံပြင်ကို သူ ပြန်လည်ခံစား နာကျင်နေခဲ့တာ အချိန်တွေဘယ်လောက်ကြာသွားခဲ့ပြီလဲ။ နားထဲမှာ ကြားလာရတဲ့ ခွေးအတွေရဲ့ခြေသံကြောင့် သူ့ အတွေးတွေ ရပ်တန့် သွားရပြန်တယ်။ သစ်ရွက်ခြောက်တွေ သစ်ကိုင်းခြောက်တွေပေါ် ဖိနင်းလျောက်လာနေတဲ့ ခွေးအတွေရဲ့ခြေသံတွေကို သူ ကောင်းကောင်းကြားနေရပြန်ပြီ။
အိမ်ကလေးရဲ့ အပြင်ဘက်မှာ လရောင်တွေ ကခုန်နေကြလောက်ရောပေါ့။ ဝက်သစ်ချတောအုပ်ကလေးထဲမှာ ခွေးအတွေ စုဝေးနေကြလောက်ရောပေါ့။ အခုရက်ပိုင်းအတွင်း ခွေးအတွေရဲ့အသက်ရှူသံတွေ၊ သွားအချင်းချင်းကြိတ်ချေတဲ့အသံတွေ၊ လက်သည်းသွေးတဲ့အသံနဲ့ အမွေးခါတဲ့အသံတွေကို သူဘယ်နေရာရောက်ရောက် နားထဲမှာ ကြားနေခဲ့ရတယ်။ သူ့ နောက်က သစ်ပင်တပင်ရဲ့နောက်ကွယ်မှာ၊ သူလမ်းလျောက်လာရာ လမ်းဘေးက အိမ်တအိမ်ရဲ့ မှန်ကာပြတင်းတခုရဲ့နောက်မှာ အရိပ်တွေ ရွေ့ လျားနေတာကိုလည်း သူ သတိမပြုပဲ နေလို့ မရလောက်အောင် ထင်ရှားသိသာလာနေခဲ့တယ်။ အခုလို လသာတဲ့ရက်တွေမှာ ခွေးအတွေရဲ့ခြေသံက အဝေးကြီးကတည်းက ကြားနိုင်တာပဲ။ အခုပဲ သစ်ကိုင်းခြောက်တခုကျိုးသွားတဲ့အသံ၊ သစ်ရွက်ခြောက်တခုကြေမွသွားတဲ့အသံကို သူကောင်းကောင်း ကြားလိုက်ရတာပဲ။ ဒါဆိုရင် သူ့ အဖို့  အိမ်ကလေးရဲ့အပြင်ဖက်ကို ထွက်ရလိမ့်ဦးမယ်။ အိမ်ကလေးရဲ့တံစက်မြိတ်အောက် အမှောင်ရိပ်မှာ ရပ်နေရဦးမယ်။ ဝက်သစ်ချတောအုပ်ထဲက ထွက်လာကြတဲ့ ခွေးအတွေကို စေါင့်ကြည့်ရဦးမယ်။ ခွေးအတွေက လမင်းကြီးကို မေါ့ကြည့်ပြီး ဆွဲဆွဲငင်ငင် အူလိုက်တဲ့အသံတွေကို စေါင့်ကြည့်နားထောင်ရလိမ့်ဦးမယ်။ ပြီးတော့ သူက ခွေးအတွေကို မောင်းထုတ်ရပါလိမ့်ဦးမယ်။
(၃)
မကောင်းမှု တခုခုကို ငါ ပြစ်မှု ကျူးလွန်ခဲ့ပါသလား
ငါဟာ လူသတ်သမားလား လူဆိုးလား
ဘာ့ကြောင့်လဲဆို ငါဟာ ကမ္ဘာကြီးတခုလုံးကို ငိုစေခဲ့ပြီ
ငါ့တိုင်းပြည်မှာ လှပတဲ့အကြောင်း ရေသားတင်ပြခဲ့လို့ ပဲပေါ့။
(ပတ်စတာညက် ရဲ့ “နိုဗယ်ဆု” ကဗျာမှ...)
အခန်းထဲမှာ စန္ဒယားသံသဲ့သဲ့ကြားနေရတယ်။ ဒါဟာ မိခင်ဖြစ်သူရဲ့ ရင်ခုန်သံပဲ။ မိခင်ရဲ့စန္ဒယားလက်သံဟာ တကယ်တော့ သူ့ ရဲ့ကမ္ဘာဦးဂီတပဲ။ ဒီကမ္ဘာဦးဂီတနဲ့ သူ ကခုန်ခွင့်မရတော့တာ ကြာခဲ့ပြီလေ။ နောင်မှာကော ကခုန်ခွင့် ရနိုင်ပါဦးမလား။
မိခင်ကတော့ စန္ဒယားကို လက်နဲ့ တီးခတ်နေတာမဟုတ်ဘူး။ စိတ်နဲ့ တီးခတ်နေတာ။ စိတ်နဲ့ လက်ကွက်တွေ စမ်းနေတာ။ မျက်ရည်တွေကို စန္ဒယားသံနဲ့ ရောဖျော်နေတာ။ ပေါက်ကွဲမှုတွေကို စန္ဒယားသံနဲ့  ထုပ်ပိုးနေတာ။ မိခင်ရဲ့နောက်က တကောက်ကောက်လိုက်ပါရင်း အော်ပရာကဇာတ်ရုံကြီးတခုရဲ့ ထိုင်ခုံတခုပေါ်မှာထိုင်ရင်း သူ့ အမေက သူ့ ကို စန္ဒယားလက်သံ နားထောင်နေစေခဲ့တာ။ ဒီလို အနုပညာဝတ်မှုန်ကူးမှုမျိုးကို သူက ငယ်စဉ်ကတည်းက ယဉ်ပါးခဲ့တာပဲ။ သူ့ လက်ထက်ကြမှ သူ့ မိခင်ထက်ပိုတဲ့ အားထုတ်ချက်က သူက ကဗျာတွေထဲမှာ ခေတ်ကြီးတခုလုံးထည့်ပြီး ဒွန်မြစ်ကြီးကို ပြောင်းပြန်လှော်ခတ်စုန်ဆင်းလိုက်တဲ့ အချက်ပါပဲ။ အခုလို အချိန်မျိုးမှာ သူ့ အပေါ် သူ့ အားထုတ်ချက်အပေါ် ကွက်တိနားလည်နိုင်သူ မိခင်ကို သူ တမ်းတနေမိတယ်လေ။ သူ့ မိခင်ကို သူ့ ကဗျာတွေဖတ်ပြပြီး ကမ္ဘာကြီးရဲ့ အကျင်နာခမ်းခြောက်မှုကို သူက နာနာကျည်းကျည်း ရင်ဖွင့်ပြလိုက်ချင်တာပေါ့။
ငါဟာ သဘာဝတရားရဲ့ သနားဖွယ့်ပုဂ္ဂိုလ်
ငါဟာ ကောင်းကင်တော်ရဲ့ ဗလာကိုယ်တီး
ပြီးတော့
ငါ့ရဲ့လွတ်မြောက်မှုက
သန်းခေါင်ငှက်ရဲ့မြည်သံနဲ့ တူတဲ့ သံစဉ်လှိုင်း...။
(အိုစစ်မင်ဒယ်လ်စတန်း ရဲ့ “တိတ်ဆိတ်ခြင်း” ကဗျာစုမှ...)
ဒီလိုအချိန်မျိုးမှာ ကဗျာဆရာတွေဖြစ်ကြတဲ့ “အိုစစ် မင်ဒယ်လ်စတန်း” နဲ့ “မာရီနာ စဗက်ထရေဗါ” တို့ ကိုလည်း သူ အားကိုးအကြီး တမ်းတမိပြန်တယ်။
ဆိုက်ဗေးရီးယား မဲဇာတောကြီးကို ဖြတ်သန်းမောင်းနှင်လာတဲ့ ရထားတစင်းပေါ်မှာ လူတယောက် အသက်ငင်နေတယ်။ သူ့ ဘေးမှာ အလုပ်ကြမ်းစခန်းကိုအပို့ ခံရတဲ့ အလုပ်သမားတွေ စက်ရုပ်တွေလို ဝိုင်းစုထိုင်ရင်း သူ့ ကို ငုံ့ ကြည့်နေကြတယ်။ အမိုးမပါတဲ့ ရထားတွဲပေါ်မှာ လေနဲ့ နှင်းက မြှားအစင်းပေါင်းများစွာနဲ့ ပစ်ခွင်းနေခဲ့တယ်။ လူတွေ တယောက်နဲ့ တယောက်တိုးကပ်ထားရင်း အစာငတ်ရေငတ်ဒဏ်ကို တောင့်ခံထားကြရတယ်။ မကြာခင်မှာပဲ လူတယောက် သေဆုံးသွားခဲ့တယ်။ လူတယောက်ရဲ့အလောင်းကို ရထားတွဲပေါ်က တွန်းချလိုက်ကြတယ်။ အရှိန်နဲ့ ပြေးနေတဲ့ ရထားတွဲတွေက နောက်ထပ်မသေမရှင် အသက်ငင်နေတဲ့ လူတွေကို သယ်ဆောင်ရင်း ထင်းရှူးတောတခုကို ဖြတ်မေါင်းသွားနေခဲ့တယ်။
“ မင်ဒယ်လ်စတန်း ရေ ကျနော်က ခင်ဗျားထက် ကံကောင်းတယ်လို့ ဆိုရမလား၊ ဘာပြုလို့ လည်းဆိုတော့ ခင်ဗျားက ရထားတွဲပေါ်မှာ အစာငတ်ရေငတ်ပြီး သေခဲ့ရတယ်။ ကျနော်ကတော့ ကျနော့်ရဲ့အိမ်ကလေးထဲမှာ ခွေးအတွေ စေါင့်ကြည့်တာခံရင်း ကျနော့်ရဲ့ နောက်ဆုံးအချိန်ကို စိတ်မရှည်နိုင်စွာ စေါင့်နေခဲ့ရတာ” ။
ငါ
ကောင်းကင်တော်ရဲ့ ဧည့်သည်တစ်ဦးအဖြစ်နဲ့ 
သင့် နိုင်ငံကို အလည်ရောက်လာခဲ့
အိပ်စက်ခြင်းမရှိတဲ့ တောအုပ်များကို ငါတွေ့ ခဲ့
ပြီးတော့
ကွင်းပြင်တွေထဲ ငါ အိပ်စက်ခဲ့။
(မာရီနာ စဗက်ထရေဗါ ရဲ့ “အင်ဆိုမီနာ” ကဗျာစုမှ...)
“ မာရီနာ စဗက်ထရေဗါ” ကတော့ ကျနော့်ကို နောင်ဘဝကနေ စေါင့်နေလောက်ရောပေါ့။ အဲဒီမနက်က ထုတ်တန်းပေါ် ကြိုးစကို ပစ်မတင်ခင်၊ ခင်ဗျားလည်း ကဗျာတွေ ရွတ်သွားခဲ့သေးတာပဲမို့ လား။ ခင်ဗျားရဲ့ အချစ်ဆုံးရန်သူဖြစ်တဲ့ မာယာကော်စကီးရဲ့ကဗျာတွေကို ခင်ဗျားတွေးနေခဲ့တာပဲမို့ လား။ ခင်ဗျားရယ် ကျနော်ရယ် အိုစစ်မင်ဒယ်လ်စတန်းရယ် ပြီးတော့ အက်ခ်မာတော်ဗါရယ် ကျနော်တို့ တယောက်နဲ့ တယောက် ဘယ်အတိုင်းအတာအထိ နီးကပ်ခဲ့ကြသလဲ။ အက်ခ်မာတော်ဗါက “ကျမတို့ လေးယောက်” ဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ ဆိုဗီယက်ကမ္ဘာကြီးထဲက “ ကြီးလေးကြီး” ကို ဟစ်ကြွေးဂုဏ်ပြုခဲ့တာ။ အခုတော့ စဗက်ထရေဗါရေ ကျနော်နဲ့ ခင်ဗျား ပြန်ဆုံကြအုံးစို့ ...။
ဘယ်အချိန်က စန္ဒယားသံတွေပျောက်ပြီး ခြေသံတချို့  သူ့ အနားကို ရောက်လာခဲ့တာလဲဆိုတာ သူ သတိမပြုလိုက်နိုင်ဘူး။ သူ့ ညာဖက်ရင်အုံထဲက စူးစူးဝါးဝါးနာကျင်မှုက သူ့ ကို တန်ပေါင်းများစွာ လေးလံတဲ့ဖိအားနဲ့ နင်းဖိထားတာ ခံစားနေရပြန်တယ်။ သူက ညာဖက်လက်ကို ဆကြည့်တယ်။ လက်က ဆကြည့်လို့ မရတော့ဘူး။ သူက နှစ်မြို့ စွာ ပြုံးလိုက်မိပါတယ်။
ထိုစဉ်မှာပဲ သစ်ရွက်ခြောက်တချို့ ကြေမွသွားတဲ့အသံကို သူကြားရတယ်။ သစ်ကိုင်းခြောက်တခု ဖျောက်ကနဲ ကျိုးပဲ့သွားတဲ့အသံ သူကြားရတယ်။ ခွေးအတွေ သူ့ အိမ်ကလေးဆီ လာနေကြပြီလား။ ခြေသံတွေက နှေးကွေးလွန်းစွ။ လာကြလေ..။ ငါ မင်းတို့ ကို စေါင့်နေခဲ့တာပဲ။ ဒီတခါတော့ ငါ မင်းတို့ ကို မေါင်းမထုတ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်....။
သူက အိပ်ယာပေါ်မှာ လဲလျောင်းရင်း မနိုးတဝက် နိုးတဝက် ဖြစ်နေတဲ့အချိန် အိမ်ကလေးရဲ့ အပြင်ဖက် မလှမ်းမကမ်း ဝက်သစ်ချတောအုပ်ကလေးထဲကတဆင့် ခွေးအတွေက တိတ်ဆိတ်စွာစေါင့်ကြည့်နေခဲ့ကြပါတယ်။
နှင်းတွေက တောအုပ်ကလေးပေါ် တဖွဲဖွဲ။ လရောင်တွေက အိမ်ကလေးရဲ့ ခေါင်မိုးပေါ် အိမ်ကလေးရဲ့ တံစက်မြိတ်ပေါ် အိမ်ကလေးရဲ့ ပြတင်းပေါက် ဘောင်တွေပေါ် ခြေသံဖွပြီး လမ်းလျောက်လာနေကြပါတယ်။
(၄)
၁၉၆၀ ခု၊ မေလ ၃၀ ရက်...။
မြို့ တော် မော်စကိုနဲ့ မနီးမဝေး “ ပါရီ ဒယ်ခီနို ” ရွာကလေးမှာ လူတွေ လှုပ်လှုပ်ရွရွဖြစ်နေကြပါတယ်။
တကမ္ဘာလုံးက ရောက်လာတဲ့ ဝမ်းနည်းကြေကွဲခြင်း ကြေးနန်းစာတွေကို ကြေးနန်းစာရေးတယောက်က ပါရီ ဒယ်ခီနိုရွာကလေးဆီ အပြေးအလွှားလာပို့ နေပါတယ်။
ဆိုဗီယက်ယူနီယံကြီးရဲ့ စာပေနိုဗယ်ဆုရှင် ကဗျာဆရာ စာရေးဆရာ “ ဘောရစ်စ် ပတ်စတာညက် ” ဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ရွာထိပ်က ဝက်သစ်ချအိမ်ကလေးဆီ ရွာသားတွေရောက်လာတော့ အိမ်နဲ့ မနီးမဝေးတောအုပ်ကလေးထဲက ခွေးအတွေက အစွယ်တဖွေးဖွေးနဲ့ မာန်ဖီပြီး စေါင့်ကြည့်နေကြပါတယ်။
အိမ်ကလေးနဲ့  ဝက်သစ်ချတောအုပ်ကလေး ဆက်သွယ်ထားတဲ့ လူသွားလမ်းကလေးပေါ် နှင်းတွေကတော့ ဖွဲဖွဲနွဲ့ နွဲ့ ကျနေဆဲပါပဲ။ ။
ငြိမ်းဝေ
မှီငြမ်း
(၁) အမှတ် ၄၉၉ စာမျက်နှာ ၈၉၊ ရုပ်ရှင်အောင်လံမဂ္ဂဇင်း၊ ဒေါက်တာမောင်မောင်ညို ရဲ့ “ရုရှားစာရေးဆရာကြီး ဘောရစ်ပတ်စတာနတ်၏ ကဗျာများ” ဆောင်းပါး
(၂) ၂၀၁၀ ဖေဖေါ်ဝါရီလထုတ် ရနံ့ သစ်မဂ္ဂဇင်း၊ မင်းကျော်သက် ရဲ့ “ဒေါက်တာဇီးဗါးဂိုးနှင့်ခရူးရှက် မှတ်မိသမျှ ”ဆောင်းပါး
(၃) Selected Poems : Anna Akhmatova
(၄) Selected Poems : Marina Tsvetayeva
(၅) The Eyesight of Wasps : Osip Mandelstan
(၆) ဂူဂဲ ကမ္ဘ့ာ့အင်တာနက်သတင်းကွန်ယက်
July 11, 2009
စာမျက်နှာနှစ်ခုကို ဖတ်ရှုမိခြင်း

( က )
နှလုံးသားကို အေးခဲသွားစေတဲ့ သည်အဖျား
နောက်ဆုံးပါးလိုက်တဲ့ လက်ဆောင်လို
ခုထိ ငါမှတ်မိနေသေးရဲ့ ။
နေ့ ခင်းနဲ့ တူတဲ့ သည်ည
ပြီးတော့ ပြာပုံတွေကြားထဲက
ကြေကွဲနေတဲ့ အရိပ်တခု
အခုထိ ငါမှတ်မိနေသေးရဲ့ ။
မီးလောင်နေတဲ့ အနံ့ ဟာ
စိတ်မချမ်းမြေ့ မှုလို
စူးဝါးကြမ်းရှ နေရဲ့ ။
သည်အနံ့ ဟာ ဘယ်တော့မှ ငါ့ကိုမခွါ
ကျေးရွာတွေရဲ့ ပြာမှုံများလို
တိုက်ဖွိုက်ရောဂါ ကယောင်ကတမ်း
ဝေဒနာရဲ့ 
အနီရောင်နဲ့ အနက်ရောင် ကောက်လှိုင်းစည်းများလို့
သူစိမ်းဆန်တဲ့ တိတ်ဆိတ်မှုသစ်ထဲက
သေဆုံးသွားတဲ့ လ၀န်းရဲ့ အစိပ်အပိုင်းလို
သည်အနံ့ ဟာ ငါနဲ့ အတူရှိနေရဲ့ ။
( မြသန်းတင့် ဘာသာပြန်ဆိုသည့် လူများ၊ သက္ကရာဇ်များ ၊ ဘ၀ ...စာအုပ်မှ )
၁၉၅၄ - ခု ၊ နွေဦး၊ စလင်းမြို့ ....။
အိပ်ပျော်ရာက လန့် နိုးလာခဲ့သည်။ မျက်စေ့ကျိန်းမတတ် အလင်းရောင်များကို တွေ့ လိုက်ရသည်။ မလှမ်း မကမ်းက ခြေသံများကိုကြားရသည်။ ပူနွေးနူးညံ့ သည့်လက်တဖတက်ကို ဆုပ်ကိုင်မိသည်။ လူတစ်ယောက်ရဲ့  လက်တဖက်က သူ့ ခေါင်းပေါ် အသာအယာတင်လျက်။
“သား၊ အိပ်နေလေ၊ အမေရှိတယ်၊ အသာလေးအိပ်နေ”
ခေါင်းကိုမေါ့ပြီးကြည့်သည်။ ခြံစည်းရိုးအပြင်ဖက်၊ ခြံဝန်းဘေးက လမ်းခင်းလိပ်သဲကျောက်တုံးများ နှင့်မြင်းခွါများပွတ်တိုက်မိသံကြားရသည်။ ခရာတုတ်သံကြားရသည်။ မြင်းခွါသံများမှာဝေးကွာသွားနေ၏။ အလှမ်းဝေးလွန်းသည့်တနေရာမှ လူသံများကိုကြားရသည်။ ဗျောက်အိုးဖေါက်သံများမှာ တမြို့ လုံးကိုလွမ်း မိုးလျက်။ မီးရောင်များမှာ ရုတ်တရက်ဝင်းလက်လင်းဖြာပြီးမှ တဖြေးဖြေး အမှောင်ကျသွာ၏။
ဆေးရုံကြီးဖက်က အော်ဟစ်ပြောဆိုသံများကြားရသည်။ တံခါးများရိုက်ချိုးဖျက်ဆီးနေသည့် အသံများကိုကြားရသည်။ ခြေသံများမှာ နီးလာလိုက်ဝေးသွားလိုက်ဖြစ်နေ၏။ ခေါင်းပေါ်တင်ထားသည့် မိခင်၏လက်ကသူ့နဖူးကိုအသာဖိသည်။သူက မျာက်လုံးများကို မှိတ်ကာ ဗျောက်အိုးဖေါက်သံများကို နားထောင်သည်။ ဗျောက်အိုးများက တခါတရံ တချက်ချင်း။ တခါတရံအတွဲလိုက်။ တခါတရံ နားကွဲလုမတတ် ပေါက်ကွဲမြည်ဟီးလျက်။
မိခင်၏ကိုယ်နံ့ ကြောင့်သူ့ မှာသတ္တိများပြည့်လာရ၏။ နေ့ ခင်းကြောင်တောင်ပမာ အလင်းရောင်များ လင်းဖြာလိုက်သည့် ညကိုသူကြောက်သည်။ မိုးခြိမ်းသံများလို ဗျောက်အိုးဖေါက်သံများကို သူကြောက်သည်။ အမှောင်ထုအောက်က ခြေသံများကိုသူကြောက်သည်။ သို့ နှင့်သူသည် မိခင်၏လက်ကိုဆုပ်ကိုင်ရင်း....၊မိခင် ၏ခန္ခာကိုယ်နှင့်တိုးဝင်ပူးကပ်ရင်း ပြန်လည်အိပ်ပျော်သွားရ၏။
အိပ်ပျော်ရာကနိုးတော့ သူ့ ခန္ခာကိုယ်မှာအိပ်ယာထဲတွင်လဲလျောင်းလျက်။ သူက ကမန်းကတန်း အိမ်ရှေ့ကိုထွက်သည်။ မိခင်ကိုရှာသည်။ အိမ်ရှေ့ခန်းတွင် လူတချို့ ထိုင်နေကြသည်။ မိခင်ကို ကုလားထိုင် တစ်လုံးတွင်ထိုင်လျက်တွေ့ ရ၏။ အမဖြစ်သူ့ကမိခင်၏ဘေးတွင် တံပျက်စီးတချောင်းကိုင်ရင်းရပ်လျက်။ ညီလေးက ဖခင်၏ရင်ခွင်ထဲတွင်ထိုင်လျက်။
“ဆရာကြီး၊ ဆေးရုံက ဆရာဝန်ကြီးက ခဏာလာပါအုန်းတဲ့”
ထိုင်နေသူအားလုံးထိုင်ရာက ထရပ်လိုက်ကြသည်၊ ပြတင်းပေါက်က်တဆင့် အောက်ကိုငုံကြည်ကြ သည်။ ဖခင်က ညီလေးကို မိခင်ထံလွှဲကာ အိပ်ပေါ်ကဆင်းသည်။ ဆေးရုံကြီးဆီ ခတ်သုတ်သုတ် လျောက်သွားနေ၏။
ရေကပြင်တွင် မျက်နှာသစ်ရင်းလူကြီးတွေပြောဆိုနေကြသည့် စကားများကို သူ့ နားထဲ၌ ထပ်ပြန် တလဲလဲကြားနေရ၏။
“သစ်ပင်တွေမှာ လူ့ ဦးဏှောက်တွေကပ်နေတာ။ အဲဒီသစ်ပင်မှာ လူတယောက်ယောက်က ကပ်ပြီင်္း ရပ်နေတုန်း ခေါင်းကိုသေနတ်မှန်သွားလို့ ဖြစ်မှာပေါ့၊ပြီးတော့ သစ်ပင်ခြေရင်းမှာသွေးအိုင်ကြီးရှိနေတာပဲဟာ”
“ရဲစခန်းထဲမှာ သွေးအိုင်တွေနဲ့ ဒရွတ်တိုက်ဆွဲသွားတဲ့စွပ်ကြောင်းတွေလည်းရှိနေသေးတယ်”
“ရောက်စုံသူပူန်တွေက ညနေကတည်းက လှည်းတွေနဲ့မသိမသာမြို့ ထဲရောက်နေတာဆိုပဲ။ က္ကုသိနာရုံဘုရားဝင်းထဲမှာ စခန်းချသွားကြတာ၊ မြင်းတွေစီးပြီးတမြို့ လုံး မကြောက်ကြဖို့ ၊ အိမ်အပြင်ဖက် မထွက်ကြဖို့ လိုက်အော်ကြသေးတယ်၊ သူတို့ ချင်း လူချင်းမှားပြီးပစ်ကြ ခတ်ကြသေးတယ်တဲ့”
“ဆေးရုံတံခါးတွေကို ရိုက်ချိုးဖွင့်ပြီး ဆေးတွေအကုန်ယူသွားတယ်တဲ့၊ နယ်ပိုင်ကြီးအိမ်ဖက်၊ မြို့ ရိုး ဟောင်းပေါ်ကို သူတို့ က စစ်ဖိနပ်တွေနဲ့ တက်ကြတာပဲ၊ စစ်တပ်နဲ့ ပုလိပ်တန်းလျားကို အဲဒီပေါ်ကနေပြီး အမြောက်နဲ့ ထုတာတဲ့၊ ဘာရမှလဲ၊ မြို့ ရိုးကုန်းထိပ်မှာ နတ်စင်ကရှိနေတယ်လေ၊ မြင်းဖြူရှင်က မြင်းဖြူစီးပြီးတမြို့ လုံးပတ်ပြီး စောင့်ရှောက်ခဲ့လို. သူပုန်တွေ သူ့ အလောင်း သူဆွဲပြီးပြန်ဆုပ်သွားရတာ”
မျက်နှာသစ်ပြီး အိမ်ပေါ်ကဆင်းတော့ ဆေးရုံကြီးရှေ့ တွင် လူတွေအုပ်လိုက်ရောက်နေသည်ကို တွေ့ ရ၏။ အိမ်ရှေ့ ကားလမ်းမဘေး ညောင်ပင်ကြီးအောက်တွင်ရပ်ကာ ဆေးရုံးကြီးအပေါက်ဝ့ကို လှမ်းကြည့်နေ မိသည်။
ဘာ့ကြောင့်ရယ်မသိ.....။ သူ့ ရင်ထဲ ၌ထိတ်လန့် ကြောက်ရွံ့ ခြင်းနှင့်အဖြေမထွက်သည့် မေးခွန်းများသာ လုံးထွေးရစ်ပတ်လျက်ရှိလေသည်။
( ၂ )
သည်မှာကော
သစ်ရွက်တွေကြားထဲမှာ ပျောက်ကွယ်နေတဲ့
အိမ်တွေထဲမှာကော
ဘ၀ဆိုတာ တကယ်ရှိရဲ့ လား။
ကောင်းကင်က တိတ်ဆိတ်
ပြာမှုန်တွေက တိတ်ဆိတ်
ပစ်သတ်ခံရသူတွေရဲ့ ကြက်လျှာစွန်းဦးထုပ်တွေက တိတ်ဆိတ်
အချိန်ကို တိုင်းထွာနေတဲ့
လေးနက်တဲ့ နာရီသော့သီးလို တင်းမာတဲ့
ကြိုးကွင်းတပ် အသတ်ခံရသူသာလျင်
မမောမပမ်း လှုပ်ယမ်းနေတယ်။
( မြသန်းတင့် ဘာသာပြန်ဆိုသည့် လူများ၊ သက္ကရာဇ်များ ၊ ဘ၀ ...စာအုပ်မှ )
သူနှင့်သူ့ သူငယ်ချင်း‘ချမ်းမြေ့ ’ တို့ စစ်တပ်ဂိတ်ရှေ့ ကိုရောက်တော့ လမ်းပေါ်တွင် လူတစ်ယောက် မျှ မရှိပဲဖြစ်နေသည်။ သူတို့ နှစ်ယောက်စစ်တပ်ဂိတ်ရှေ့ မှခတ်ဖြေးဖြေးလျှောက်လာကြ၏။ ဂိတ်ဝအစေါင့် တဲကလေးထဲတွင် စစ်သားတစ်ယောက် သေနတ်လွယ်ရင်းရပ်နေသည်ကိုတွေ့ ရသည်။ စစ်သားလုပ်သူက သူတို့ နှစ်ယောက်ကို လှမ်းကြည့်သည်။ ထို့ နောက်တဖက်သို့ မျက်နှာလွှဲသွား၏။
အသက်ဆယ်နှစ်ပင်ပြည့်ဟန်မရှိသည့် သူနှင့် ‘ချမ်းမြေ့ ’ ကိုစစ်သားကြီးက အရေးမစိုက်သည့်ဟန် နှင့် ဆေးလိပ်ပင် မီးညှိပြီးသောက်နေ၏။
သူက ဂိတ်ဝနှင့်မလှမ်းမကမ်း ခြံဝန်းဘေးမှကပ်ပြီးလျောက်သည်။ သူတို့ နှင့်ငါးကိုက်မျှအကွာတွင် တမာပင်တစ်ပင်ရှိ၏။ တမာကိုင်း တစ်ကိုင်းကလမ်းဖက်ကိုတိုးထွက်နေ၏။ ထိုသစ်ကိုင်းတွင် လူတစ်ဦး၏ ဦးခေါင်းပြတ်တခုဆွဲချိပ်လျက်။ ရှည်လျားသည့်ဆံပင်ကို ကြိုးတစ်ချောင်းနှင့်ဆွဲချီကာ သစ်ကိုင်းတွင် ချိပ်ထားခြင်းဖြစ်၏။
သူက သစ်ပင်ခြေရင်းအထိ တိုးကာချိပ်ထားသည့် ဦခေါင်းကို အနီးကပ်ပြီးကြည့်ချင်နေသည်။ သို့ သော် သူငယ်ချင်းဖြစ်သူ “ချမ်းမြေ့ ” ကသူ့ လက်ကိုဆွဲထား၏။ သို့ နှင့်တိုင်သူက သစ်ပင်ရှိရာတိုးသည်။ ချိပ်ထား သည့် လူဦးခေါင်းးကို အသေအချာမေါ့ကြည့်သည်။
သစ်ကိုင်းတွင်ချိပ်ထားသည့် ဦးခေါင်းမှာ မျက်လုံးများပင်မရှိတော့။ မျက်နှာပြင်တခုလုံး သွေးများ၊ရွံ့ များပေကျံလျက်။ လည်တိုင်မှာ အူလိုလို၊ အရေပြားလိုအသားမျှင် တချို့ တွဲကျလျက်။ သွေးစများကိုတွေ့  ရသည်။ ညိုမဲလျှက်ရှိသော မျက်နှာတစ်ခြမ်းကိုရွံ့ များ၊ရေများစိုလူးနေသည့်ဆံပင်များက ဖုံးအုပ်လျက်။
ထိုနေ့ က ကျောင်းတွင်ဆရာ၊ ဆရာမများအချင်းချင်းစကားပြောနေကြသည်။ သူက စာသင်ခန်းထဲ မ၀င်သေးပဲ ဆရာမနှစ်ဦး ဘေးတွင်ကပ်ပြီးရပ်သည်။ လွယ်အိတ်ကို မသိမသာ ပြင်ပြီးဆွဲသည်။ ဆရာမ တချို့ မှာ မျက်စေ့မျက်နှာ ပျက်နေကြ၏။
“ကျမကျောင်းကိုလာတော့ တကယ်ဟုတ်တယ်တော့၊ စစ်တပ်ရှေ့ မှာ ခေါင်းပြတ်ကြီးတကယ်ချိပ်ပြီး ပြထားတာ၊ ဘယ်သူကြည့်ကြည့် ကြည့်လို့ ရအောင် တမင်ဆွဲချိပ်ပြီး ပြထားတာတဲ့၊ အဲဒါ သူပုန်ဗိုလ်ရဲ့  အလောင်းကိုသူ့ မိန်းမကိုပြတော့ သူ့ မိန်းမက စစ်သားတွေကို ရန်တွေ့ လိုက်တာဆူနေတာပဲတဲ့။ သူပုန်ဗိုလ်ရဲ့ မိန်းမက စစ်သားတွေကို ပခုံးချင်းအတင်းလိုက်တိုက်ပြီး ရန်တွေ့ တာတဲ့”
သူနှင့်သူ့ သူငယ်ချင်း“ချမ်းမြေ့”တို့ ၊ စစ်တပ်ဂိတ်ရှေ့ ကပြန်လာတော့ အိမ်ပေါက်ဝတွင် ဖခင်ကတုတ် တချောင်းကိုင်ပြီးရပ်စောင့်နေသည်ကိုတွေ့ ရ၏။ “ချမ်မြေ့ ” က တုတ်ကိုင်ထားသည့် မိမိ၏ ဖခင်ကို မြင်က တည်းကသူနှင့်အတူလိုက်မလာခဲ့တော့။ သူက အိမ်ရှေ့ ရေမြောင်းပေါ်က တံတားလေးပေါ်တက်သည်။ ဖခင်၏တုတ်က သူ့ ခြေထောက်ပေါ်ရောက်လာ၏။ သူကလှမ်းထားသည့်ခြေထောက်ကိုရုပ်သည်။နာကျင်မှု ကို အံကြိတ်ပြီးခံ၏။ နောက်တဖန်ခြေထောက်တဖက်ကို တံတားပေါ်တင်သည်။ နောက်ထပ်ပြီးတုတ်တချက် သူ့ ခြေဖမိုးပေါ်ကျလာ၏။
“မင်း...တော်တော်ခေါင်းမာတဲ့ကောင်၊ နောက်ကိုဒါမျိုးထပ်လုပ်ရင်သည့်ထက် နာအောင်အဖေ ရိုက် မယ်၊ ခင်ရေ...ဟောဒီမှာ မင်သားလူစွမ်းကောင်းကြီးပြန်လာပြီကွ”
နောက်ထပ်( ၂ )ရက်ရှိသောအခါ သူသည်‘ စိန်စီနီမာ ’ ရုပ်ရှင်ရုံကြီး ဖက်သို့ ထွက်လာခဲ့၏။ အိမ်မှ မိနစ် ( ၂၀ )ခန့် ခြေလျင်လျောက်လျင်ရောက်သည့်ရုပ်ရှင်ရုံကြီးဖက်ကိုထွက်ခဲ့၏။ ရုပ်ရှင်ရုံကြီးနှင့် မလှမ်းမကမ်း တွင်မြို့ ပတ်လမ်းရှိ၏။ မြို့ ပတ်လမ်းပေါ်မှကြည့်လျင် လယ်ကွက်များကို ကျော်ကာ ရွာကလေးတရွာကို လှမ်း မြင်နေရ၏။ လယ်ကွင်းကြီးက တကွင်းလုံး စိမ်းစိမ်းစိုလျက်။
“သူပုန်ဗိုလ်နဲ့ သူ့ မိန်းမကို အဲဒီလယ်ကွင်းထဲမှာ စစ်တပ်ကဖမ်းမိလိုက်တာတဲ့၊ သူ့ မိန်းမက အဲဒီရွာ ကဆိုလားပဲ၊ စစ်တပ်ကသတင်းရလို့ ကြိုစောင့်နေတာ၊ နှစ်ယောက်စလုံး ခံပြီးပစ်သေးတယ်တဲ့၊ မိန်းမကို တော့ရွာနားကြမှမိတာ၊ သူပုန်ဗိုလ်ကတော့ လယ်ကွင်းထဲမှာပဲ သေနတ်မှန်ပြီးသေသွားတာ”
အတန်းပိုင် ဆရာမ၏ စကားများကိုသူမှတ်မိနေသည်။ စစ်တပ်ဂိတ်ရှေ့ က၊ တမာပင်တွင်ချိပ် ဆွဲထားသည့် သူပုန်ဗိုလ်၏ခေါင်းပြတ်ကြီးကို မေ့ လိုမရ။ နောင်အခါ မကြာခဏ ဆိုသလို စိန်စီနီမာ ရုပ်ရှင် ရုံကြီးဖက်ကို သူသွားခဲ့၏။ မြို့ ပတ်လမ်းပေါ်ကတဆင့် လယ်ကွင်းစိမ်းစိမ်းကြီးကို ရပ်ပြီးကြည့်သည်။လယ် ကွက်များ၏ဟိုမှာဖက်တွင်ရွာကလေးကိုမြင်ရ၏။ ရွာကလေးမှာ တောအုပ်ထဲတွင် ကိုယ်တပိုင်း မြုပ်၍နေ လေသည်။
( ဂ )
၁၉၉၃ -ခု... မတ်လ။ မာနယ်ပလော......။
ငါ့ခေတ်က ဆူညံတဲ့ခေတ်
လူတွေလျင်မြန်စွာ ချုပ်ငြိမ်းသွားကြ
စစ်ပွဲမှာ ငြိမ်သက်တိတ်ဆိတ်နေတာဟာ ကြောက်စရာကောင်းသလို
နွေဦးဟာ ငြိမ်သက်ပြီး ကြောက်ဖွယ်ကောင်းရဲ့ ။
ပြီးတော့တိုက်ပွဲ
ပြီးတော့ မီးလောင်းထားတဲ့အိမ်တလုံးအနီး
စက်သနတ်သမားတယောက် လဲကျလို့ 
ငါ့စိတ်ကို လှုပ်ရှားစေတဲ့အရာဟာ
လုယူခံထားရတဲ့ ငါ့ရဲ့ ပျိုရွယ်တဲ့ဘ၀ပေလား။
( မြသန်းတင့် ဘာသာပြန်ဆိုသည့် လူများ၊ သက္ကရာဇ်များ ၊ ဘ၀ ...စာအုပ်မှ )
စာအုပ်ထဲက စာရွက်တစ်ရွက်ကို လှပ်လိုက်သည်။ နှစ်ပေါင်း( ၃၀ )ကုန်လွန်သွားသည်မှာ လျင်မြန်လွန်းလှသည်။ ဘ၀ဆိုသည်မှာ စာရွက်တစ်ရွက်လှပ်လိုက်သလိုသာဖြစ်သည်။ ဤသို့ ဆိုလျင် သူ့ ဘ၀၏ ရှေ့ ပိုင်းနှင့်နောက်ပိုင်းမှာ စာရွက်တစ်ရွက်၏် ရှေ့ မျက်နှာစာနှင့်နောက်မျက်နှာစာဖြစ်မည်။ ဘာမျှမထူးခြား။ ဘာမျှမကြာလိုက်။ ဘာမျှမကျန်ရစ်။
သူကစာမျက်နှာတဖက်တွင်ရှိသည့် အကြောင်းအရာများကို မေ့ထားလိုက်ချင်သည်။ ”အပြုခံဝအဒ“ ကိုသူဆန့့်ကျင်သည်။ မိမိသည်သာ ဘ၀၏ကတ္တား။ သို့ သော်နှစ် ( ၄၀ )ကျော်ခဲ့ပြီ။ နှစ်ကာလများ လျင်မြန် စွာကုန်ဆုံးသွားခဲ့သည်။ ထိုအချိန်ကြကာမှ “အပြုခံဝါဒ” ကို ဆန့် ကျင်ရန်သူဆုံးဖြတ်ခဲ့သည်။ စာမျက်နှာသစ် ကို ကိုယ်တိုင်ရေးရမည်ဟုဆုံးဖြတ်သည်။ ထိုသို့ ဆုံးဖြတ်ခဲ့သည်၏နောက်၌ သူ့ လက်ထဲတွင် ကင်မရာတစ် လုံး၊ မှတ်စုစာအုပ်တစ်အုပ်၊ ခဲတံတစ်ချောင်း ရောက်လာခဲ့၏။ ဘော်နောလေး တောင်၏ခြေရင်းတွင် တဲထိုး ပြီးနေ၏။ မယ်တုက္ခီစမ်းချောင်းတွင်ရေချိုး၏။ ကရင်လူငယ်အစည်းအရုံးခန်းမဆောင်ထဲတွင် ကဗျာရွတ်၏။ သောင်ရင်းမြစ်ကမ်းတွင်ထိုင်ကာ “ယုံတော်မူတမ်းချင်း” ကဗျာကိုရေး၏။
တခါတရံ သူသည်ရက်ပေါင်း( ၆၀ )ကျော်ခရီးထွက်တတ်၏။ သံလွင်မြစ်အတိုင်း စုန်ဆင်း၏။ မယ်ညောခီးတောင်ကိုကျော်၏။ ဘောသရောဆိပ်ကိုဖြတ်၏။ ဟီးထိုးထတောင်ကြားထဲကိုဝင်၏။ ယွန်းစလင်း ချောင်း၊ ဒုံသမိချောင်းများအတိုင်း အစုန်အဆန်ခရီးနှင်၏။
သူသည် မိဆိုင်းကျောက်တောင်ကြီး၏ထိပ်တွင်ရပ်ကာ စစ်တောင်းမြစ်ကြီးရှိရာ မှန်ဆပြီးကြည့်ခဲ့ ဖူး၏။ တိမ်တချို့ မှာ သူ့ ဆီသို့ ပြေးဝင်လာကြကာ အော်ဟစ်သံများပေးသွားကြ၏။သူ့ နားထဲ၌ဖလံတောင်ရွာ သူ “မရေသူ” ၏ငိုရျှိက်သံကိုကြားရသည်။ ”မဒေ၀ီ“၏“ဒီကချစ်တာသိရဲ့ သားနဲ့ သူမို့ ခွဲသွားရက်တယ်...” သီချင်းသံကိုကြားရသည်။ ဓါးလိုထက်ရှလှသည့် ကျောက်တောင်ကြီးပေါ်ဖိနပ်မပါ ဗလာခြေထောက်နှင့် အတက်အဆင်းလုပ်နေသည့်” ဦးကသေးဖိုး“ ၏ခြေထောက်များကို တွေးနေမိသည်။ ခန္စာကိုယ်ကို ထုပ်တန်း တွင်ဇောက်ထိုးဆွဲကာ ပါးကိုကြေစည်အထုခံရသည့် ကျုံစိန်ရွာက ရဟန်းတပါးကို မြင်ယောင်သည်။ တလိုင်း ကရင်ရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ဘုရားစေတီခြေရင်းက မြေပုံမို့ မို့ ကိုမှန်းဆပြီးကြည့်သည်။
တောင်ခြေအောက်က
ကျွဲခလောက်သံထဲမှာ
စပယ်နံ့ ကို ငါရှူတယ်။
ဖြူညစ်ညစ် နှင်းထုအောက်
အပြာနုနုကို ထွင်းဖေါက်ကာ
သံလွင်မြစ်ကို ခြေရာကောက်နေမိတယ်။
ကမ္ဘာ့ တဖက်ခြမ်း
မီးတောင်နှုတ်ခမ်းက
ပန်းထွက်လာတဲ့ မီးလျံတွေထဲမှာ
‘ ဗေါ်ဒလယ်’ ရဲ့ မိစ္ဆာပန်းများကို မြင်လိုက်ရ...။
‹ ပဉ္စလက်တောင်တန်း ကဗျာမှာ...›
ဤစာမျက်နှာတစ်ဖက်၌ သူသည်“ စလင်းမြို့ ကလေး” ၏မြို့ ပတ်လမ်းပေါ်တွင်ရပ်ရင်း လယ်ကွင်း စိမ်းစိမ်းကြီးကိုလည်းမြင်နေရပြန်သည်။ တောအုပ်တစ်ခုအတွင်း ကိုယ်တပိုင်းမြှုပ်ထားသည့် ရွာကလေးတစ် ရွာကိုတွေ့ ရပြန်သည်။ မကြာခဏဆိုသလိုကြားရတတ်သည့် ’ နော်တ ‘ နှင့် ‘ ဆင်ဖြူတောင် ’ ဖက်ဆီက လက်နက်ကြီးပစ်သံများနှင့်အတူမြင်းခွာသံများကိုကြားလိုက်ရ၏။ တရံမလပ်ကြားနေရသည့်မယ်တုက္ခီစမ်း ချောင်းရေစီးသံ ထဲတွင်ကျောက်ဖြာရွာစာသင်ကျောင်းဆီက ” အသံအက်သွားသည့် ကျောင်းတက် ခေါင်းလောင်းထိုးသံ“ ကိုလည်းကြားလာရသည်။
အို...
အစိမ်းရောင် ကော်ဇောများပေါ်က
လှိုင်းတံပိုးလို ထကြွလာကြမယ့်
ကျွန်ုပ်တို့ ရဲ့ အိုးအိမ် မြေယာနဲ့ မြစ်ချောင်းများ
မွေးဖွားလာခြင်းအသစ်နဲ့ 
စစ်ပွဲတွေငြိမ်းချမ်းပြီး
စိမ်းလန်းတဲ့ ဘ၀ဆိုတာ
လက်ဖ၀ါးပေါ်က ‘ ကဗျာ ’ တဲ့...။
‹ ဥရောပမဲဇာကဗျာမှ...›
မိဆိုင်းကျောက်တောင်ကြီးပေါ်က လှမ်းမြင်ရသည့်မြင်ကွင်းမှာ သူ့ ရင်ကို ပွန်းပဲ့သွားစေ၏။ ’လေးကေတောင်‘ ကြီးက လက်သီးဆုပ်ကြီးထောင်ထားသလို ဖြစ်နေ၏။ “ ကားမဲတောင်” ကြီးမှာအပြာရောင် နောက်ခံတွင်အိပ်မောကျလျက်။
ဘ၀၏နှစ်ပေါင်း ( ၄၀ )။ အိပ်မွေ့ ချခံထားရသည့် လူတစ်ယောက်လို လမ်းလျောက်လာခဲ့ရသည့် နှစ်ကာလများ။ စာရွက်တစ်ရွက်၏စာမျက်နှာတဖက်။ စာမျက်နှာတစ်ဖက်မှာ ၀ါကျင့် ရင့်ရော်နေသည့်တိုင် တချို့ သော အကြောင်းအရာများက ဒီင်္မှာဖက် စာမျက်နှာအထိပါလာခဲ့ကြ၏။ ဒီမှာဖက်စာမျက်နှာပေါ်တွင် ရောယှက်နေကြ၏။ သူကလည်း ထိုအကြောင်းအရာများ မှေးမှိန်သွားမည်ကိုမလိုလား။ ဘ၀၏စာမျက်နှာ သစ်တွင်စာမျက်နှာဟောင်းမှအကြောင်းအရာတချို့ စွန်းထေးနေစေခြင်းဖြင့် အပြုခံဘ၀၏ ဒဏ်ရာဒဏ် ချက်များကို ကုစားဖို့ လိုအပ်ကြောင်း သူ သတိပြုမိပေလိမ့်မည်။
တနေ့ တွင်သူသည်” ဒေါ်အောင်ဆန်းစုကြည်လမ်း“ ကလေးထဲ၌ တစ်ဦးတည်းလမ်းလျှေက်လာ ရင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်( လွတ်မြောက်နယ်မြေ ) ဌါနချုပ်ရုံးရှေ့ တွင်ခြေစုံရပ်၏။ ဌါနချုပ်ရုံးဝန်း အတွင်းက လွင့်ပျံလာသည့်“ တေးသံရှင်မွန်းအောင်” ရဲ့  “ ငြိမ်းချမ်းရေးတိုက်ပွဲ ” သီချင်းသံမှာ သူ့ နှလုံးသား ဆီင်္တိုးဝင်နာကျင်စေလိုက်၏။
နှစ်ပေါင်း ( ၄၀ )ကျော်ခဲ့ပြီ။ စာရွက်တစ်ရွက်ကိုလှပ်လိုက်၏။ ဘာမျှမကြာလိုက်ဟုခံစားရ၏။ ဘ၀ဆိုသည်မှာ စာရွက်တစ်ရွက်၏ စာမျက်နှာ နှစ်ဖက်မျှသာဖြစ်သည်။
ဒီင်္မှာဖက် စာမျက်နှာပေါ်တွင် တစုံတရာရေးခြစ်ရန်ဟန်ပြင်နေသည့် သူ့ လက်များမှာ တုန်ရင်လျက်ရှိ လေသည်။ ။
ငြိမ်းဝေ
June 09, 2009
အတောင်တူငှက်တို့ ရဲ့ တောင်ပံခတ်သံများ
(က)
၁၉၉၂ ခု၊ မေလ........။
ခန့် မှန်းရခက်သည့်တနေရာဆီက တစ်တီတူးမြည်သံကြားရသည်။ ကျနော်တို့ နှစ်ယောက်ပြော လက်စ စကားကို ရပ်ထားလိုက်ကြ၏။ ပတ်ဝန်းကျင်ကို နားစွင့်ကြရပြန်သည်။ ကျနော်တို့ နှင့် ဆယ်ကိုက်မျှအကွာတွင် စစ်တောင်းမြစ်သည် တည်ငြိမ်အေးဆေးစွာ စီးဆင်းလျက်ရှိ၏။ အမှောင်ထုကြီးအတွင်းမှ ရေစီးသံသဲ့သဲ့ကို ကြားရသလိုရှိ၏။ ငါးပွက်သံကိုပင် ကြားလိုက်ရ၏။ ထို့  နောက် ပတ်ဝန်းကျင်တခွင်လုံး အမှောင်ထုကြီးအောက်၌ နစ်မြုပ်ပျောက်ကွယ် တိတ်ဆိတ်လျက်ရှိ လေသည်။
'' ဦးခင်မောင်ဝင်းကိုရုံးထုတ်ရင် လိုင်းကားကို ချောဆွဲပြီးမှ ခေါ်လာတဲ့ကိစ္စ၊ ရဲသားတ ယောက်နဲ့  ဒုလုံခြုံရေးမှူးတစ်ယောက်ပဲ ပါလာတယ်ဆိုတဲ့ကိစ္စက သေချာပါတယ်နော်ဆရာလေး ''
'' သေချာတယ်၊ တောင်ငူရဲစခန်းမှာ ကျနော့်အသိရဲတစ်ယောက်ကို မသိမသာမေးကြည့် တော့လည်း ဒီအတိုင်းပဲပြောတယ်၊ ရဲကတယောက်ထဲမဟုတ်ဘူး၊ တခါတလေ နှစ်ယောက် လောက်လိုက်တယ်၊ ဒုလုံခြုံရေးမှူးနဲ့ ဆိုရင်သုံးယောက်ပေါ့၊ ရုံးထုတ်တဲ့နေ့ က ဦးခင်မောင်ဝင်းကို မေးကြည့်တော့လည်း ဒီအတိုင်းပဲပြောတယ်၊ ဒီအတွက်တော့သေချာပါတယ် ကိုဆန်းလင်း ''
'' ဒါဆိုရင် ကျနော်တို့ ဖက်ကလူ ခြောက်ယောက်လောက်ပါမှ ဖြစ်မယ်ထင်တယ် ဆရာလေးအနေနဲ့  လူဘယ်နှစ်ယောက်လောက်စဉ်းစားထားသလဲ ''
'' ကျနော့်ဆီကတော့ ကျနော်ပါနဲ့ မှ သုံးယောက်ပဲရမယ်၊ တယောက်က ကားကောင်း ကောင်းမောင်းတတ်တယ်၊ ကားဆရာကို လိုရမယ်ရဖယ်ခိုင်းပြီး ကိုယ်တိုင်မောင်းသင့်ရင်မောင်းရ မယ်ထင်တယ်၊ ဒီတော့ရဲနှစ်ယောက်၊ ဒုလုံခြုံရေးမှူးနဲ့ ကားဆရာကို ထိန်းဖို့ ဆိုရင် စုစုပေါင်း ခြောက်ယောက်ရှိမှဖြစ်မယ် ''
'' ဒါဆိုရင် ကျနော့်ဖက်က သုံးယောက်ပေါ့၊ အတိုနှစ်လက်ယူခဲ့မယ်၊ ကျန်တဲ့သူတွေက ဓါးမြှောင်တွေပဲ ယူခဲ့ပေါ့၊ ပါးစပ်တွေ၊ မျက်စေ့တွေ ပိတ်စည်းထားဖို့ ကြိုးနဲ့ ပိတ်စတွေလည်း လုံလုံ လောက်လောက်ယူခဲ့ရမယ်၊ သေနတ်ကို မဖြစ်နိုင်လွန်းမှပဲ အသုံးပြုမယ် ''
'' ဟုတ်တယ်၊ သေနတ်ကိုတော့ မသုံးတာအကောင်းဆုံးပဲ၊ သေနတ်သံပေးလို့ ဘယ်နည်း နဲ့ မှ မဖြစ်ဘူး၊ ပထမကျနော်တို့ သုံးယောက်က တောင်ငူက ထွက်ထွက်ချင်း ခပေါင်းတံတားထိပ် ကနေပြီးကားတားစီးမယ်၊ ကိုဆန်းလင်းတို့ က ဟိုဖက်တံထားထိပ်အဆင်းကစောင့်၊ အခြေအနေ မပေးရင် ကျနော်တို့ ကဘာအချက်မှမပြပဲ ငြိမ်ပြီးနေမယ်၊ ခင်ဗျားတို့ အထဲက တယောက်ပဲ တက် လိုက်ခဲ့ပေါ့၊ ရှေ့ မှာတွေ့ တဲ့ ရွာတန်းရှည်မှာ ကျနော်တို့ အားလုံးပြန်ဆင်းနေခဲ့မယ်၊ အခြေအနေပေး လို့ ကျနော်တို့ ကအချက်ပြရင် ခင်ဗျားတို့ အားလုံး ကားပေါ်တက်ပြီး၊ စီစဉ်ထားတဲ့အတိုင်းလုပ်ကြ တာပေါ့ ''
'' ကားကို ခပေါင်းလမ်းဆုံအထိပြန်မောင်းပြီးမှ ထန်းတပင်ဖက်ကို မောင်းရမှာပေါ့နော်''
'' ဟုတ်တယ်ကိုဆန်းလင်း၊ ထန်းတပင်အထိကျနော်တို့ မသွားဘူး၊ လမ်းမှာ လမ်းခွဲတခုရှိ တယ်၊ အဲဒီကားလမ်းခွဲက စစ်တောင်းမြစ်နဲ့ အရမ်းနီးတဲ့အထိ ကပ်သွားတဲ့နေရာရှိတယ်။ ခြေလျင် စမ်းလျောက်ရင် တမိနစ်လောက်နဲ့ စစ်တောင်းမြစ်ကမ်းရောက်တယ်၊ ကိုဆန်းလင်းတို့ အဖွဲ့ က အဲဒီကမ်းပါးဟိုဖက်ကမ်းထိပ်ကစောင့်ပေါ့၊ ဟိုဖက်မှာတော့ လှည်းလမ်းရှိတယ်မို့ လား၊ ထန်းတပင် ကို ကွင်းပြီး တောင်ခြေအထိ ကိုဆန်လင်းတို့ တာဝန်ပေါ့ ''
'' ကားဆရာနဲ့  ရဲတွေကြတော့ ဒီအတိုင်းကြိုးတုတ်ပြီး ထားခဲ့ကြမလား ''
'' ဟုတ်တယ်၊ လမ်းဘေးမှာ တောရှိတယ်၊ တောစပ်အထိမောင်းဝင်ပြီး သူတို့ ကိုထားခဲ့ရ မှာပဲ''
'' ဒါဆိုရင် ကားကိုခပေါင်းတံတားအထိပြန်မောင်းတာရယ်၊ စစ်တောင်းမြစ်ဟိုဖက်ကမ်း အထိကူးတာရယ်၊ စုစုပေါင်းအချိန်ဘယ်လောက်ယူရင်ရမလဲ ''
'' ကျနော်တို့ လေ့ကျင့်ခန့် မှန်းကြည့်တာတော့ နာရီဝက်ပဲ၊ အားလုံးအဆင်ချောရင် နာရီဝက်ထက်ကို မပိုဘူး၊ စစ်တောင်းမြစ်ကလည်း အဲဒီနေရာမှာ ကိုဆန်းလင်းသိတဲ့အတိုင်းကျဉ်း ကျဉ်းကလေးဗျ ''
'' တကယ်လို့ ဒီကြားထဲ ခရီးသည်တွေပါလာရင်ကောဆရာလေး ''
'' အများအားဖြင့်တော့ ခရီးသည်က ခပေါင်းတံတားအလွန်ကြမှပဲ ကားတားစီးတာများ တယ်၊ ကျနော်တို့ စောင့်စီးတဲ့နေရာက ခရီးသည်အင်မတန်ပါးတဲ့နေရာတွေပဲ၊ ဒါကြောင့်မို့ မသကာ ခရီးသည်ပါလာလို့ အဆင်မပြေဘူးထင်ရင်၊ ခင်ဗျားတို့ ကို ကျနော်တို့ အချက်မပြဘူး၊ အချက်မပြ လို့  ခင်ဗျားတို့ ထဲက တယောက်ပဲတက်စီးရင်လည်း သူ့ ဆီမှာ သေနတ်ပါမလာစေနဲ့ ပေါ့''
'' ဒါဆိုရင်ဒီကြားထဲမှာ ဆရာလေးတို့ ဖက်က ပြင်ဆင်စရာရှိတာ၊ လေ့ကျင့်စရာရှိတာ လုပ်ထားကြတော့ပေါ့၊ ကျနော်တို့ ဖက်ကလည်း အားလုံးပြင်ဆင်ထားမယ်၊ ဒီတခါဦးခင်မောင်ဝင်း ကို ရုံးထုတ်ရင် ဆရာလေးဖွင့်ပြောလိုက်၊ သူသဘောတူရင် နောက်တပါတ်ရုံးထုတ်တဲ့နေ့ ၊ လုပ်ငန်းစကြတာပေါ့''
'' ကဲကိုဆန်းလင်းတို့ လည်း တောင်ခြေအထိပြန်သွားရဦးမယ်၊ ဒီလောက်ဆိုရင်ပြည့်စုံပြီ၊ ကိုဆန်းလင်းတို့ ပြန်ကြတော့၊ ဒီတခါတနင်္လာနေ့ ရုံးထုတ်ရင် ဦးခင်မောင်ဝင်းကိုဖွင့်ပြောမယ်၊ ပြီးတော့ ကိုဆန်းလင်းနဲ့ ကျနော်ထပ်တွေ့ မယ်၊ အဲဒီကြမှ အသေးစိပ်ထပ်ပြီး စဉ်းစားကြတာပေါ့ ''
'' ဟုတ်ကဲ့ဆရာလေး၊ အရေးတော်ပုံအောင်ပါစေ ''
ကိုဆန်းလင်းက လေသံတိုးတိုးနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည့်တိုင် ကျနော့်ရင်ထဲ၌ နှုတ်ဆက်သံများ ပဲ့တင်ထပ်သွားခဲ့ရ၏။ စိတ်လှုပ်ရှားနေခဲ့သဖြင့် ကျနော့်လက်များမှာ တုန်ရင် လျက်ရှိ၏။
ကျနော်တို့ နှင့် မလှမ်းမကမ်းသောင်ပြင်ပေါ်က လူရိပ်တချို့ ကျနော်တို့ နှင့်နီးကပ်လာခဲ့ သည်။ ကိုဆန်းလင်းနှင့်ကျနော်တို့ နှစ်ဦး ဆွေးနွေးတိုင်ပင်နေစဉ် ကျနော်တို့ အတွက် ကင်းစောင့်ပေးနေခဲ့ကြသည့် လူငယ်(၆)ယောက်ဖြစ်ကြ၏။ အမှောင်ထုကြီးအောက်တွင် ကိုဆန်း လင်းတို့ လူသိုက် စစ်တောင်းမြစ်တဖက်ကမ်းသို့  လှေတစင်းဖြင့်ကူးကြ၏။
ကျနော်နှင့်သောင်ပုရွာသားလူငယ်နှစ်ယောက်၊ သောင်ပြင်ပေါ်လမ်းလျောာက်လာစဉ် `ကို ဆန်းလင်း ´ နှင့် ပြောဆိုဆွေးနွေးခဲ့သည့်အချက်များကို ကျနော်ပြန်တွေးနေမိသည်။
အုတ်တွင်းမြို့ နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ '' ဦးခင်မောင်ဝင်း'' ကို တော်လှန်ရေးနယ်မြေသို့ ခေါ်ဆောင်ပို့ ဆောင်ပေးကြရန် ကျနော်နှင့် ''ကိုဆန်လင်းတ'' တို့ တိုင်ပင်ညှိနှိုင်းခဲ့ကြ ၏။
`ဦးခင်မောင်ဝင်း´ မှာ အုတ်တွင်းမြို့ ၊ အမှတ် (၂) မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ်လည်းဖြစ်၏။ ဦးခင်မောင်ဝင်းကို အစိုးရက ချဲအမှုဖြင့် အမှုဆင်မတရားဖမ်းဆီးကာ၊ ရုံး တင် တရားစွဲဆိုထား၏။ တောင်ငူထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားသည့် ဦးခင်မောင်ဝင်းကို အုတ်တွင်းမြို့ တရားရုံးတွင် ရုံးထုတ်စစ်ဆေးလျက်ရှိ၏။ ရုံးထုတ်သည့်နေ့ ဆိုလျင် ဦးခင်မောင်ဝင်း ကို မည်သူမဆို ခဏတဖြုတ်တွေ့ ဆုံစကားပြောခွင့်ရ၏။ အခြေအနေအရပ်ရပ်ကိုသုံးသပ်ကာ ဦးခင်မောင်ဝင်းက သဘောတူပါက တော်လှန်ရေးနယ်မြေ၊ ဌာနချုပ်၊ အမျိုးသားညွှန့် ပေါင်း အစိုးရ အဖွဲ့ ရှိရာသို့ ခေါ်ဆောင်ပို့ ပေးကြရန်၊ ကိုဆန်းလင်းနှင့်ကျနော်သဘောတူခဲ့ကြ၏။ အစီအစဉ်များ ရေးဆွဲခဲ့ကြ၏။
သောင်ပြင်ပေါ်တွင် လမ်းလျှောက်လာနေစဉ်၊ ကျောင်းသားတပ်မတော်မှ အမှတ် (၂၁၀) တပ်ရင်းမှူး၊ တပ်မှူးကလေး '' ကိုဆန်းလင်း '' ကိုကျနော်တွေးနေမိသည်။ ကိုဆန်းလင်းနှင့် ကျနော်က ၁၉၈၈၊ သြဂုတ်လ၊ ဒီမိုကရေစီအရေးတော်ပုံကာလအတွင်းသိကျွမ်းခဲ့ကြ၏။ သူက တောင်ငူမြို့ ရွှေဆံတော်ဘုရားကုန်းတော်ပေါ်တွင် အခြေစိုက်သည့် သပိတ်ကော်မတီဝင်ဖြစ်၏။ ကျနော်ကအုတ်တွင်းမြို့ နယ၊် သောင်ပုရွာသပိတ်ခေါင်းဆောင်ဖြစ်၏။ အရေးတော်ပုံကာလအတွင်း စစ်တောင်းမြစ်အရှေ့ ဖက်ကမ်း၊ အနောက်ဖက်ကမ်း၊ ကျေးရွာ(၁၁) ရွာ၏ သပိတ်စခန်းတွင် ဟောပြောပွဲပြုလုပ်သောအခါ ကိုဆန်းလင်းနှင့်လူငယ်တချို့ ကို ကျနော်ကတကူးတကဖိတ်ကြားပြီး တရားဟောစေခဲ့၏။ ထိုစဉ်ကတည်းက ကိုဆန်းလင်းနှင့်ကျနော်အလုပ်အတူတွဲပြီးလုပ်ခဲ့၏။ စက်တင်ဘာလအတွင်း စစ်တပ်ကအာဏာသိမ်းသောအခါ ကိုဆန်းလင်းတယောက် လက်နက် ကိုင်တော်လှန်ရေးဖက်သို့ ကူးပြောင်းသွားခဲ့၏။ ၁၉၉၁ ခု၊ နိုဝင်ဘာလအတွင်း ကိုဆန်းလင်းနှင့် ကျနော် ပြန်လည်အဆက်အသွယ်ရသောအခါ ကိုဆန်းလင်းမှာ ကျောင်းသားတပ်မတော်၏ တပ်မှူးတဦးဖြစ်လာခဲ့၏။ သူက အုတ်တွင်းမြို့ နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင်ပါဝင် အလုပ်လုပ်နေသည့် ကျောင်းဆရာဟောင်း ကျနော့်ကို လှို့ ဝှက်ပြီး ဆက်သွယ်လာခဲ့၏။
အမှောင်ထုကြီးအောက်တွင် လမ်းလျှောက်လာနေစဉ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်း သောင်ပုရွာအထိ စွန့် စားထိုးဖေါက်ရောက်ရှိလာကာ ကျနော်နှင့်တွေ့ ဆုံခဲ့သည့် တပ်မှူးကလေး ''ကိုဆန်းလင်း '' ကို ကျနော်လေးစားမိသည်။ သူသည်ငယ်ရွယ်သူ ပညာတတ်လူငယ်တဦးဖြစ်၏။
ကျနော်တို့ လူသိုက်၊ သောင်ပုရွာကမ်းပါးပေါ်ရောက်တော့ အမှောင်ထုကြီးအောက်တွင်ပင် တိတ်ဆိတ်စွာ လူစုခွဲလိုက်ကြ၏။
(ခ)
၁၉၉၃ ခု၊ အောက်တိုဘာလ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ) ဌါနချုပ်ရုံး၊ မာနယ်ပလော။
''ဒီတုန်းက ဦးခင်မောင်ဝင်းကို ခေါ်လာနိုင်ပြီး အမျိုးသားညွှန့် ပေါင်းအစိုးရအဖွဲ့ နဲ့  ဆက် သွယ်မိသွားရင် သူ့ သမိုင်းက တမျိုးပြောင်းသွားမယ် ထင်တယ်ဗျာဆရာလေးရ''
မပြုံးတပြုံးမျက်နှာနှင့်ကျနော့်ကိုကြည့်ရင်း မေးလာသည့်ကိုဆန်းလင်းကို ကျနော်ကလည်း ခတ်ပြုံးပြုံးပင်ပြန်ကြည့်မိသည်။
'' အဲဒါတော့ ခင်ဗျားလဲသိတဲ့အတိုင်းပဲပေါ့ဗျာ''
ကျနော်တို့ နှစ်ယောက်အတွေးကိုယ်စီဖြင့် အသံတိတ်သွားကြပြန်သည်။ မယ်တုက္ခီ စမ်းချောင်းထဲက ရေစီးသံမှာအသံပိုပြီး ကျယ်လာသည်ဟုထင်ရ၏။ ရဟန်းပျိုသမဂ္ဂကုန်းတော်ပေါ် ဆီက ကြေးစည်ထုသံကြားရသည်။ ရုံးရှေ့ မြေကွက်လပ်ဆီက ရဲဘော်တချို့ စကားပြောသံကိုကြား ရသည်။
'' အေးဗျာအခုတော့ သူ့ ခဗျာ ထောင်ထဲမှာ နေနေရတော့တာပေါ့ ''
'' ကိုဆန်းလင်းနဲ့ ကျနော်တွေ့ ပြီး နောက်တပါတ်ရုံးထုတ်တဲ့ရက်ကို ကျနော်စောင့်နေတာ၊ ဦးခင်မောင်ဝင်းရဲ့  မိသားစုတောင်မှ ဦးခင်မောင်ဝင်းကို စနေနေ့ ကြီး ရုံးထုတ်ပြီးထောင်ဆယ်နှစ် စီရင်ချက်ချတာနောက်ရက်တွေကြမှ သိရတာဗျ၊ အရင်တုန်းကတော့ ရုံးထုတ်မယ့်ရက်ကို ကြိုပြီး သိတယ်၊ အခုဟာက ဘာမှကြိုမပြောပဲ စနေနေ့ ရုံးပိတ်ရက်မှာ ရုံးထုတ်ပြီး စီရင်ချက်ချလိုက်တာ ''
ထမင်းစားရုံဖက်က ၀ါးဆစ်ဗူးခေါက်သံကြားရ၏။ ကိုဆန်းလင်းနှင့်ထိုင်ပြီး စကားပြောနေ စဉ် ဧည့်သည်စာရင်းပေးရန်ကျနော်တွေးမိ၏။ စားဖိုမှူးကိုသောင်းလှိုင်ထံ ကိုဆန်းလင်းအတွက် စာရင်းပေးရဦးမည်ဖြစ်သည်။
'' ကျနော်ထမင်းမစားတော့ပါဘူးဗျာ၊ ပြီးတော့မှ ဆရာလေးနဲ့ ကျနော်ထူးရာစိုး လ္ဘက်ရည်ဆိုင်သွားကြတာပေါ့၊ ကျနော်မနေ့ ကတည်းက ငှက်ဖျားတက်နေတာ၊ ထမင်းစားလို့  မရသေးဘူးဗျ''
နားထင်နားရင်းများ ချိုင့်ဝင်နေသည့် ကိုဆန်းလင်း၏မျက်နှာကို ကျနော်သတိပြုမိသွား သည်။ ကျနော့်ထက် (၁၀)နှစ်ကျော်မျှငယ်ရွယ်သူဖြစ်သည့်တိုင် ပင်ပမ်းဆင်းရဲလှသည့်ဒဏ်ကို ခံခဲ့ ရသဖြင့် သူခမျာ ပိန်လှီနွမ်းလျလွန်းနေသည်။
'' ဆရာလေးလဲ အဲဒီကိစ္စပြီးကတည်းက ဒီဖက်ကိုလာဖို့ စဉ်းစားခဲ့တာနော်''
'' ဟုတ်တယ်ဦးခင်မောင်ဝင်းကိစ္စလုပ်ဖြစ်ရင်တော့ အဲဒီကတည်းက တခါထဲထွက်ဖို့ ပဲ၊ ဦးခင်မောင်ဝင်းကိစ္စမအောင်မြင်တော့ အခြေအနေအရတလလောက်ဆက်နေရသေးတယ်၊ ဦးခင်မောင် ၀င်းက စိတ်ဓါတ်မာတယ်ဗျ၊ ဒီကိစ္စ သူ့ ကိုဖွင့်ပြောဖြစ်ခဲ့ရင် သူလည်းသဘောတူမှာသေချာတယ်၊ အေးဗျာ ကံကြမ္မာကလည်း ကိုယ့်ဖက်မှာမရှိခဲ့ဘူးလေ''
ကျနော်နှင့်ကိုဆန်းလင်းတို့ စီစဉ်ကြသည့် '' ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ဦးခင် မောင်ဝင်း၊ လွတ်မြောက်နယ်မြေသို့ ပို့ ဆောင်ရေးစီမံချက် '' မှာ အကောင်အထည်ဖော်ခွင့်မရခဲ့ပါ။ ၁၉၉၁ ခု၊ ဧပြီလအတွင်း ကျနော်နှင့်ကိုဆန်းလင်းတို့ သောင်ပုရွာသောင်ခုံပေါ်တွင်တွေ့ ဆုံခဲ့ကြပြီး နောက်တပါတ် စနေနေ့ တွင် `ဦးခင်မောင်ဝင်း´ကို ရုတ်တရက်မည်သူကိုမျှအသိမပေးပဲ ရုံးထုတ်ခဲ့ ကြ၏။ အုတ်တွင်းမြို့ တရားရုံးက `ဦးခင်မောင်ဝင်း´ကိုထောင်ဆယ်နှစ်ချမှတ်ကြောင်း ကြေငြာ၏။ ထို့ုနောက်တောင်ငူထောင်သို့ ပြန်လည်ပို့ ဆောင်လိုက်၏။ `ဦးခင်မောင်ဝင်း´ကို လှို့ ဝှက်ရုံးထုတ် ကာ၊လျှပ်တပျက်အတွင်း စီရင်ချက်ချပြီး တောင်ငူထောင်တွင်း သွင်းလိုက်ကြသည့် သဘောပင်ဖြစ် နေ၏။ ထိုကြောင့် ကျနော်တို့ ၏ စီမံကိန်းမှာ အကောင်အထည်ဖော်ခွင့်မရခဲ့တော့ပါ။
'' ဆရာလေးကောဘယ်လိုလဲ ငှက်ဖျား ဖျားပြီးပြီမို့ လား ''
'' ဟုတ်တယ်၊ ဖျားပြီးပြီ၊ ရောက်ပြီးတလကျော်မှဖျားတာဗျ၊ ဆေးရုံတောင်တက်လိုက်ရ သေးတယ်၊ အခုတော့ အဆင်ပြေပါတယ်၊ အာတီစနိတ် ရှိတယ်လေဗျာ''
'' အဲဒီဆေးက ဈေးကြီးတယ်၊ ကျနော်တို့ ကဘယ်ဆောင်ထားနိုင်မှာလဲ၊ တကဒ်ကို ဘတ်ငါးဆယ်၊ ရဲဘော်တွေအဖို့ တော့ ကွီနင်းပေါ့ဆရာလေးရာ''
'' ကျနော်လည်းတခါဖျားရင် တကဒ်ကုန်အောင်မစားဘူး၊ တ၀က်ပဲစားတယ်၊ သက်သာရင် ရပ်ထားပြီး နောက်တခါဖျားမှသောက်တယ်၊ ဒီမှာတော့ ရန်သူပြီးရင် ဒုတိယအကြီးဆုံးရန်သူဟာ ငှက်ဖျားပဲပေါ့နော် ''
ကိုဆန်းလင်းနှင့်ကျနော်ရုံးချုပ်ရှေ့ ကွက်လပ်ဖက်ထွက်ခဲ့ကြသည်။ ကိုဆန်းလင်းက ပြောက်ကျား စစ်ဘောင်းဘီအဟောင်းကိုဝတ်ဆင်ထား၏။ သံလွင်မြစ်ကမ်းတွင် တပ်စွဲထားသည့် (၂၁၀) တပ်ရင်းမှတဆင့် ကျနော့်ထံ အလည်လာသူကိုဆန်းလင်းကို ကျနော့်မှာ ဧည့်ဝတ်မကျေပွန် နိုင်ဟုခံစားရသည်။
'' ဒေါ်အောင်ဆန်းစုကြည်လမ်း'' ကလေးထိပ်တွင် ကျနော်တို့ နှစ်ယောက်မတိုင်ပင်ရပဲ ပြိုင်တူရပ်လိုက်ကြ၏။ ဘောနော်လေးတောင်ထိပ်ကိုလှမ်းမြင်နေရသည်။ ရဟန်းပျိုသမဂ္ဂကုန်း တော်နှင့် ကုန်းအောက်ကစာာရေးဆရာ`နိုင်ဝင်းဆွေ´၏ တဲကလေးကိုလှမ်းတွေ့ ရသည်။ ကျနော် တို့ သည် `ဒေါ်အောင်ဆန်းစုကြည်လမ်း´ ဆိုင်းပုဒ်ကလေးအောက်တွင် ရပ်နေမိကြ၏။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ)၊ ဗဟိုဌာနချုပ်ရုံးရှေ့ မှတဆင့် တောင်စောင်းအတိုင်း တိုက်ခတ်လာနေသည့် လေနုအေးသည်` ဒေါ်အောင်ဆန်းစုကြည်လမ်း´ ဆိုင်းပုဒ်အောက်တွင် ရပ်နေကြသည့် ကျနော်တို့ နှစ်ဦးအတွက်မူ မအေးမြနိုင်ခဲ့ပါ။
(ဂ)
၂၀၀၉.... ခု၊ မေလ(၃၀) ရက်။
'' ဒါဆိုရင်၊ ဦးခင်မောင်ဝင်းက ထောင်ကလွတ်ပြီပေါ့နော်....ဘဘ ''
တူမလေး `ဇင်လဲ့ခင်´ ကို စကားပြန်မပြောခင် ခေတ္တခဏမျှကျနော်ငြိမ်ပြီး စဉ်းစားနေမိသေးသည်။
'' ဦးခင်မောင်ဝင်းက ထောင်ထဲမှာ ဆယ်နှစ်နဲ့ ဆယ်ငါးရက်နေခဲ့ရတယ်၊ ၂၀၀၂ ခုနှစ်ထဲမှာ ထောင်ကလွတ်တယ် .... ဒါပေမယ့်''
'' ဒါပေမယ့်ဘာဖြစ်လဲ ဘဘ ''
'' ထောင်ကလွတ်ပြီးအပြင်မှာ (၂) နှစ်ပဲနေခဲ့ရတယ်၊ တရားမ၀င်အဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အခုထောင်ထဲပြန်ရောက်နေတယ်၊ ဒီတခါတော့ထောင် ( ၁၅) နှစ်ချလိုက်ကြတယ်၊ သူ ..... အခုထောင်ထဲမှာ ''
'' အို ........ဖြစ်မှဖြစ်ရလေဘဘရယ် ''
စာကြည့်တိုက်ထဲတွင် စာအုပ်ငှားသူမရှိသဖြင့် တိတိဆိတ်လျက်ရှိသည်။ ကျနော့်စာမူများကို ကွန်ဖြူတာဖြင့် စာရိုက်ပေးနေသည့်တူမလေး `ဇင်လဲ့ခင်´မှာ မည်သည့်စကားမျှဆက်မပြောတော့ ပဲ တိတ်ဆိတ်သွားခဲ့၏။ သူထံက ကွန်ပျူတာရိုက်သံတဂျောက်ဂျောက်ကြားနေရသည်။
'' အော် ......... ပြီးတော့ တပ်ရင်းမှူးကိုဆန်းလင်းဆိုတာရော၊ သူအခုဘယ်မှာလဲဘဘ၊ ကျောင်းသားတပ်မတော်ထဲမှာကောရှိသေးရဲ့လား၊ ဘဘနဲ့ ကော အဆက်အသွယ်ရှိရဲ့ လား''
'' မာနယ်ပလောမကျခင်တုန်းကတော့ ကိုဆန်းလင်းနဲ့ ဘဘအဆက်အသွယ်ရှိပါတယ်၊ မာနယ်ပလောကျပြီးတော့ သူနဲ့ ဘဘအဆက်အသွယ်ပြတ်သွားတယ်၊ နောက်တော့မှသူ့ သတင်း ကိုကြားခဲ့ရတာ''
'' ဘယ်လို ........ဘာသတင်းလဲဘဘ၊ ကိုဆန်းလင်းက ဘာဖြစ်သွားလို့ လဲ''
'' သူ့ ကို ရှေ့ တန်းက ရွာတရွာမှာ ရန်သူက အရှင်ဖမ်းဆီးမိသွားတယ်တဲ့၊ သူက သူ့ မှာပါ လာတဲ့သေနတ်နဲ့ ခုခံပြီး ဖောက်ထွက်ရင် လွတ်နိုင်ပေမယ့် အိမ်ရှင်တွေက သူ့ ကိုတောင်းပန် တော့ အိမ်ရှင်တွေရဲ့ အသက်ကိုငဲ့ပြီး ဒီအတိုင်းအဖမ်းခံသွားခဲ့တာတဲ့''
'' အို....... ဖြစ်မှဖြစ်ရလေ ဘဘရယ် ....... ဒါဖြင့်ကိုဆန်းလင်းလည်းထောင်ထဲမှာပဲလား ''
'' မဟုတ်ဘူးသမီး၊ ကိုဆန်းလင်းအဖမ်းခံရပြီး ပြည်တွင်းမှာရှိတဲ့ မိဘတွေကော ဒီဖက်ကတာဝန်ရှိတဲ့သူတွေကော သူသတင်းကိုစုံစမ်းခဲ့ကြတယ်၊ သူ့ သတင်းကတော်တော်နဲ့ စုံ စမ်းလို့ မရဘူးကွ၊ တချို့ ကလည်းကိုဆန်းလင်းတယောက် အနှိပ်စက်ခံရလို့ စိတ်ဖောက်ပြန်သွားပြီ၊ တောင်ငူက လမ်းဘေးမှာတွေ့ ခဲ့ရတယ်ဆိုတဲ့သတင်းလည်းကြားလိုက်ရသေးတယ်၊ အခုတော့ သူကျဆုံးသွားတာ သေချာပြီလို့ ပြောနိုင်လောက်ပါပြီ ''
'' ဘယ်လိုဖြစ်ပြီး ဆုံးသွားတာလဲဘဘရယ်
'' သူ့ ကို စစ်တပ်က ဖမ်းမိသွားတာမှန်တယ်၊ ဒါပေမယ့် ရုံးတင်ပြီးတရားစွဲထောင်ချတာမျိုးမလုပ်ပဲ ချောကြီးထဲထည့်လိုက်တယ်၊ အဲဒါတောင်ပေါ်ရှေ့ တန်းတနေရာမှာပဲ အစာငတ်၊ ရေငတ်ထားပြီး နှိပ်စက်လို့  နောက်ဆုံးမှာ တောထဲတောင်ထဲမှာပဲသေသွားရပြီလို့ ကြားရတာပဲ၊ သူ့ မိဘတွေက လည်းဒီအတိုင်းပဲစုံစမ်းသိခဲ့ရတယ်တဲ့လေ''
တူမလေး `ဇင်လဲ့ခင်´ ဆီက မည်သည့်အသံမျှမကြားရ။ ကျနော်ကလည်း ကိုဆန်းလင်းအကြောင်းကို ဆက်ပြီးပြောမပြနိုင်တော့။
စာကြည့်တိုက်ထဲတွင် တူမလေး `ဇင်လဲ့ခင်´၏ကွန်ဖြူတာရိုက်သံကြားနေရ၏။ ကျနော်က စာကြည့်တိုက်ရှေ့ တွင်ထွက်ပြီးရပ်သည်။ သစ်ခွပန်းခြံဘေးတွင်ရပ်ပြီး မွန်းကြပ်လျက်ရှိသည့်ရင်ကို ပေါ့စေရန် လေကိုအားယူပြီး ရှုရှိက်နေမိ၏။ ခေါင်းကိုအထက်ဖက်သို့ မော့ကာ သက်ပြင်းတချက် ချမိသည်။
အပြာရောင်ကောင်းကင်ထဲတွင် အဖြူရောင်ငှက်တအုပ်၊ အရှေ့ ဖက်သို့ ဦးတည်ပြီး ပျံသန်း သွားနေကြသည်ကို ကျနော်ငေးကြည့်နေမိ၏။ ။
ငြိမ်းဝေ

May 10, 2009
ကဗျာနဲ့ပြန်မြင်ရတဲ့ အို မြတ်သောမိခင် (၁၉၇၀)
(က)
ကမ္ဘာကျော် တိုက်တန်းနစ်လို
သက္ကရာဇ်သင်္ဘောကြီး မှောက်စဉ်ကပေါ့
သွားချင်တဲ့ ကမ်းဦးကဝေး
လောကဓံရဲ့ ပြက်ရယ်သံကြား
မာယာရေဆန် ဆင်ဖိုနီတီးခတ်
ဖြတ်သန်းခြင်းအနုပညာ
မြန်မာကဗျာနှင်းဆီတွေ
မီးအဏ္ဏ၀ါဗွေကို အနမ်းနဲ့
အလွမ်းရာဇ၀င်ကြီး တမြေ့မြေ့ငေးအောင်
ချစ်မေတ္တာနဲ့ လွှမ်းလို့
၁၉၇၀ မှာ တဖွဲဖွဲလှမ်းခဲ့ကြတယ်။
(ကိုခါး - ကွမ်းခြံကုန်းရဲ့ မိုးဝေလမ်းဆုံ ကဗျာမှ)
ခနော်ခနဲ့ သံဇကာကွက်တံတားလေးမှာ ရင်ဘောင်တန်းပြီး ထိုင်နေကြသည့် လူလေးယောက်၏ အလေးချိန်ကို မချိမဆန့်တောင့်ခံထားရ၏။ ကျနော်တို့က တံတားအောက်တွင် ခြေတွဲလောင်းချကာ တန်းစီ ပြီး ထိုင်၏။ ကျနော်တို့နောက်တွင် ပင်လုံးကျွတ်ပွင့်နေသည့် ပိတောက်ပင်ကြီးရှိ၏။ ပိတောက်ပန်းများမှာ ကျနော်တို့၏ ခေါင်းပေါ်တွင်ဝေလျက်။ ပိတောက်ပွင့်တချို့မှာ မြေပေါ်တွင်ကြွေလျက်။
အိမ်ရှေ့လမ်းမ၏ အမြင့်နှင့်အညီ ထိုးထားသည့် သံဇကာကွက်တံတားလေးက ကျနော့်အိမ် သို့မဟုတ် တဲကလေး၏ ၀င်ပေါက်ထိပ်တွင် ဦးတိုက်ပြီးရပ်၏။ ရင်ဆို့ မရှိတရှိ အမြင့် သံဇကာကွက်တံတား လေး၏ အောက်တွင် ရေခမ်းခြောက်နေသည့် ပတ်ကြားအက်မြေပြင်ရှိ၏။ ကျနော့်အိမ်ခြံဝန်းကလေးမှာ မိုးတွင်းတွင် ရေမြုပ်ပြီး နွေတွင် ရေများခမ်းခြောက်သွား၏။ အိမ်မမည်သော တဲသာသာ ကျနော်နေထိုင်ရာ အိမ်ဂေဟာသို့ ကဗျာဆရာသုံးဦး လာလည်ကြ၏။ ကဗျာဆရာမ အေးအေးသန်း၊ ကဗျာဆရာ အောင်ဇင်မင်း၊ ကဗျာဆရာ ကိုခါး (ကွမ်းခြံကုန်း) တို့ ဖြစ်ကြ၏။ ၁၉၇၃ - ခု၊ ဗိုလ်မျိုးမြင့်ရပ်ကွက်၊ ပဲခူး။
“ကိုငြိမ်းတို့ထုတ်တဲ့ ဆီးပွင့်ကဗျာစာအုပ်က လက်ကျန်မရှိတော့ဘူးလား”
“ရှိတော့ ရှိပါသေးတယ်၊ ဆယ်အုပ်လောက်တော့ ရှိပါသေးတယ်၊ ဘာဖြစ်လို့လည်း ခင်ဗျားမှာ မရှိလို့လား”
“ဟုတ်တယ်၊ သူမျာကိုငှါးလိုက်တာ ပျောက်သွားတယ်၊ ဆီးပွင့်ပြီးရင် နောက်ထပ်ထုတ်ဖို့ ရှိသေးလား”
“ရှိတယ်၊ ဒီရေ... လို့ အမည်ပေးထားတယ်”
ထိုနေ့က သူတို့နှင့်ကျနော် လက်ရေးဖြင့် ဖယောင်းပုံနှိပ်ကဗျာစာအုပ်ကလေးများအကြောင်း စကား ပြောဖြစ်ခဲ့၏။ ကျနော်တို့ ပဲခူးက ကဗျာရေးသူများ စုစည်းထုတ်ဝေသည့် နိုင်ငံတကာ ကဗျာဘာသာပြန် စာအုပ်များ၊ ပျဉ်းမနားက “တောင်ညိုခင်တန်း” ၊ ရန်ကုန်က “နွေဦးသစ်မှာပေါ်တဲ့ ပွင့်သစ်” ၊ “မတ်လအရိပ်” ၊ “မိုးရိပ်လေရိပ်” ကဗျာစာအုပ်များအကြောင်း တနေကုန်စကားဝိုင်းဖွဲ့ခဲ့ကြ၏။ မိုးဝေမဂ္ဂဇင်း စာမျက်နှာပေါ်က အတတ်ပညာကိစ္စ၊ ပျံနှံ့ရေးနဲ့ မြှင့်တင်ရေးကိစ္စ၊ ရဲရဲတွေး ရဲရဲရေးကြ။ ကျနော်တို့ ငြင်းခုန်ခဲ့ကြ၏။
ပိတောက်ပွင့်များမှာ ကျနော်တို့ခေါင်းပေါ်တွင် ဝေလျက် ...။ မြေပြင်ပေါ်တွင် ကြွေလျက် ...။ လွန်ခဲ့သော နှစ် (၃၀)။
(ခ)
လွမ်းလျကြေရီ သက္ကရာဇ်ဆီ
ရင်အုံပေါ် ကြွေခရောင်အို
နေညိုချိန် ကျောက်တောင်လှိုင်းရိုက်ခွဲ
ကဗျာမုန်တိုင်းထဲက
ဇာတ်ကောင်ကြီးရေ
“ခေတ်ကိုလှန်ပြောင်း ခရီးကြောင်းဟာ
စောင်းသံလိုတော့ မချိုဘူးအကြည်တော်” တဲ့
သင် ဆွတ်ဆွတ်ကြေကြေ
၁၉၇၁ - ခုနှစ်လေ။
()
“ ဒါ ... မုံရွာအောင်ရှင်ပဲ”
ကိုစန်းမောင်ရဲ့ နောက်ကရပ်နေတဲ့ သူ့ကို ကျနော်ကြည့်သည်။ အရပ် မနိမ့်မမြင့်။ အသား မဖြူမညို။ ခန္ဓာကိုယ်ပါးပါး။ ပါးပေါ်က မှဲ့တလုံး။ ၁၉၇၀ ...။ ပဲခူး။
“အရင်က ... ပဲခူးကို လာဖူးသေးလား”
“မလာဖူးသေးဘူးဗျ၊ ခုမှ ခင်ဗျားတို့ရှိလို့ လာလည်တာပါ”
ကိုစန်းမောင်၊ ကျနော်၊ မုံရွာအောင်ရှင်တို့ (ယ္ခု- စစ်အစိုးရ အကျဉ်းထောင်တွင်း) “နွေဦးသစ်မှာ ပေါ်တဲ့ ပွင့်သစ်” လက်ရေးဖယောင်းပုံနှိပ်ကဗျာစာအုပ်အကြောင်း စကားပြောကြသည်။ ယင်းစာအုပ်ကလေး ကို မုံရွာအောင်ရှင်က ကညစ်တံဖြင့် ကိုယ်တိုင်ရေးခဲ့၏။ ဗမာပြည် တနံတလျားက ကဗျာဆရာလူငယ်များ။ သည်စာအုပ်မှာ “စာပေဆည်းဆာ” လှုပ်ရှားမှုရဲ့ ပထမဆုံး စိုက်ထူသည့်မှတ်တိုင်။ စာအုပ်၏အမည်ကို ဆရာ ဒဂုံတာရာက အမည်ရွေးပေးခဲ့။ ဒီတုန်းက “စာပေဆည်းဆာ” ကို နိုင်ငံကျော်စာရေးဆရာ “နိုင်ဝင်းဆွေ” ရဲ့ တောင်ဥက္ကလာပ နှင်းဆီခြံကလေးထဲတွင် မွေးဖွားခဲ့ကြ။ မိုးဝေမဂ္ဂဇင်းခြံထွက် ကဗျာရေးသူလူငယ် (၄၀) ကျော်။ ထိုစဉ်က ကျနော်တို့ရဲ့ လက်ခမောင်းခတ်သံများ တဖြောင်းဖြောင်းညံ။ သူရဲကောင်းများ တဦးပြီးတဦး ရှေ့ထွက်ရပ်ကြ။ တချို့ကြွေ၊ တချို့ဝေ၊ တချို့တွေ ...။
(ဂ)
“ရန်ကုန်က နေနဲ့
ပျဉ်းမနားက နေဟာ
ပူတာချင်း အတူတူပါ” တဲ့
စိမ်းမြညိုပုဒ်
တောအုပ်ကြီးထဲမှာ
မောင်သင်းခိုင်က
“အာဖရိက ဗုံသံ” ကို
လိုက်လို့ရှာ ...။
(ကိုခါး - ကွမ်းခြံကုန်းရဲ့ မိုးဝေလမ်းဆုံ ကဗျာမှ)
“ငြိမ်းဝေရေ ...ဗိုလ်ကြီးရောက်နေတယ်၊ မြင်းဖြူကိုသာချီတက်ခဲ့”
မြင်းဖြူလ္ဖက်ရည်ဆိုင်ကိုရောက်တော့ ၀ိုင်းထဲမှာ လူစုံနေပြီ။ မင်းခိုင်ဦး၊ ကိုခါး (ပဲခူး)၊ စိုးမိုးတင်
(ခရေ)၊ ကိုစန်းမောင် ...ပြီးတော့ ဗိုလ်ကြီး။ (ဗိုလ်ကြီးဆိုသူမှာ ကျနော်တို့ မိုးဝေမဂ္ဂဇင်းကဗျာ ရေးသူအားလုံးက ခေါ်ဝေါ်သုံးစွဲသည့် ကဗျာဆရာ မောင်သင်းခိုင်၏ အမည်ဖြစ်၏။)
“ခင်ဗျားက နိုင်ငံတကာကဗျာတွေချည်းပဲ အာရုံမထားနဲ့ဗျ၊ ဘာသာပြန်ရင် ဈာန်ပွန်းတတ်တယ်၊ အတတ်ပညာအားနည်းပြီး ခင်ဗျားကဗျာတွေ ကြမ်းနေတတ်တယ်”
ဂျင်းဘောင်းဘီပွပွ။ အက်ႌဘိုသီဘတ္သီပြပြ။ အပြောရဲရဲ၊ အဟောရဲရဲ။အယူရဲရဲ။ သူနှင့်အတူ သူ့အားဝန်းရံလိုက်ပါလာသူ လူငယ် (၄) ဦး ...။ မောင်သင်းခိုင် (ပျဉ်းမနား) မှာ ကျနော်တို့ဝိုင်းတွင် ဦးဆောင်ပြီး စကားပြော၏။ ကျနော့်အပေါ် သူ့မှတ်ချက်ကို ကျနော် သဘောမတူ။ သို့သော် ကိစ္စမရှိ။ ကျနော်တို့က ထိုစဉ်ကတည်းက ရင်အခံချဲ့ပြီးသား။ လမ်းကြောင်းတခုပေါ်က ဗဟုရသ ရောင်စုံများ။ အနာဂတ်ကို ဘာသာပြန်ဖို့ ကြိုးစားကြသည့် အတောင်တူငှက်များ။ ကိစ္စမရှိ။
ထိုစဉ်က ကျနော်တို့စကားဝိုင်းတွင် “မှိုင်း” မှသည် “လှိုင်းပြာ” အထိ၊ “ဇော်ဂျီ” မှသည် ဇော် (ပျဉ်းမနား) အထိ၊ ကဗျာ ဆိုင်းသံ ညံခဲ့ကြ၏။ ကဗျာသိုင်းကို ကခဲ့ကြ၏။ ကဗျာမီးပေါက် ဖေါက်ခဲ့ကြ၏။ တချို့ လှေဦးမှာ ထိုင်။ တချို့ လှေမြီးမှာထိုင်။ တချို့လှေပေါ်ကခုန်ချ။ တချို့ လှေပေါ်တက်။ လှိုင်းထန် ရေဆန်ခရီး။
ကျနော်တို့ရဲ့ ၁၉၇၀။
(ဃ)
ဆရာဒဂုန်တာရာက အခုလို မှတ်ချက်ရေးခဲ့ဖူးသည်။ “၁၉၃၀-၌ ကား လယ်သမား သူပုန်ကို မဟာမှိုင်းက ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့ဟု အလေးပြုလိုက်သည်။ မဟာမှိုင်းက ပြည်သူ့ဖက်မှရပ်ကာ နယ်ချဲ့သမားအားတိုက်သူကို ကျောက်တိုင်စိုက်ပေးခဲ့သည်။ ယင်းကျောက်တိုင်းကား ခေတ်ပေါ်ကဗျာ၏မှတ်တိုင်ပင်”... ဟုရေးခဲ့သည်။ ၃၀.၁၁.၆၉ ... နေ့စွဲဖြင့်။
(တော်လှန်ကဗျာ စာအုပ်အမှာစာမှ)
သည်လိုနှင့် မောင်ချောနွယ်ကလည်း ခေတ်ပေါ်ကဗျာရဲ့ မြစ်ဖျားကို မန်းမှုတ်အသက်သွင်း...။
“ကဲ ချွေစမ်းပါဦး
လေရူးလေနော့၊ သော့နှင်မဆုံး
လေသင်တုံးလား၊ မုန်တိုင်းလားပဲ
တအားတိုက်စမ်း ၊ ချွေစမ်းပါဦး
ပန်းအဖူးတွေ၊ မြေမှာ ကြွေအောင်
မွချွေစမ်းပါ၊ မမှုပါဘူး
ကြွေဒါကိုက ပွင့်ခြင်းပဲ”။
(မောင်ချောနွယ်ရဲ့ ကြွေဒါကိုက ပွင့်ခြင်းပဲ ကဗျာမှ)
သည်လိုနှင့် မြင်းခြံ၊ မုံရွာ၊ တောင်ကုတ်၊ မြစ်ကြီးနား၊ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊ ရန်ကုန် မြန်မာပြည်တနံတလျား... ကျနော်တို့တတွေ ကဗျာတွေနှင့်လိမ်းကျံပစ်လိုက်ကြ။
“သူရဲကောင်းကား သေဆုံးသွားချေပြီ
သို့သော်
ရဲဘော် ဘန်ထရွိုင်း တုနှိုင်းမရှိ
သင်၏စိတ်ထား၊ မြတ်တရားကို
ဒို့ကား ပွေ့ဖက်ပါသတည်း
ဒို့ကား လေးစားပါသတည်း”။
(မောင်သင်းခိုင်ရဲ့... ဗီယက်နမ်မျိုးချစ်သူရဲကောင်း... ကဗျာမှ)
သူတို့ဟာ
ချစ်သူ
မိဘ
ဘဝ
အတ္တ
စွန့်လွှတ်မှုအလုံးစုံ
ယုံကြည်ချက်မီးလျံတွင်း ခုန်ဆင်းကာ
မဟာလူသားများအဖြစ်
လောကကို ချစ်ခဲ့ကြတယ်။
( ဖေါ်ဝေးရဲ့... ပန်းများကိုနမ်းရှိုက်ခြင်း... ကဗျာမှ)
ကျနော်တို့တတွေငြင်းခုန်ခဲ့ကြ။ တင်းခံခဲ့ကြ။ လက်နက်အား၊ ကျည်အား အပြည့်နှင့် စစ်မျက်နှာ ရှေ့တန်းဆီ ချီတက်သွားခဲ့ကြ။ လောကတခွင်လုံး မီးခိုးမှိုင်းတွေဖုံးလျက်။ ပေါက်ကွဲဆူညံလျက်။ ဘယ်သူတွေ သွေးပျက်ခဲ့ကြသလဲ။ ဘယ်သူတွေဘေးထွက်ခဲ့ကြသလဲ။ တချို့က သွေးနဲ့ရင်းပြီးလမ်းခင်း။ တချို့ကချွေးနဲ့ရင်းပြီးလမ်းရှင်း။ တချို့သံခင်းတမန်ခင်း။ တချို့ ပဲခူးရိုးမတောင်ခြေရင်း။ ကျနော်တို့အားလုံး လမ်းမဆုံးခင်ရွာတွေ့နိုင်လိမ့်မယ်လို့မည်သူမျှမမျှော်လင့်။ ကျနော်တို့ရဲ့တမ်းတငတ်မွတ်ခြင်းများက မိုးကုတ်စက်ဝိုင်းအထိ။ ခြေလှမ်းများက အနာဂတ်ဆီ။
(င)
နှစ်ပေါင်း(၄၀)။ ၁၉၇၀ ခုမှအစချီ... ၂၀၀၉။ မြန်မာကဗျာ ရေစီးကြောင်း။ ခေတ်ပေါ်ကဗျာများရဲ့ လက်ခမောင်းခတ်သံများ ဆူညံမြည်ဟိန်းသထက် မြည်နေဆဲ။ မျိုးဆက်သစ်များကား လမ်းအသွယ်သွယ်ကို ဆက်လက်စူးစမ်း၊ ရင်းနီး၊ ဖေါက်လုပ်နေကြ။ တချို့အလံကိုင်။ တချို့အလံလက်ဆင့်ကမ်း။ တချို့အလံမြှင့်တင်။ “မိုးဝေ စာပေမဂ္ဂဇင်း”စင်မြင့်ပေါ်က မြန်မာကဗျာဇာတ်ဝင်ခန်းများ...။ ဇာတ်ကောင်များ...။ တကယ့်ကို လွမ်းမကုန်တဲ့ လမ်းဆုံလမ်းမပေါ်က “မိုးဝေ” ပါပဲ။ ၁၉၇၀ ... သက္ကရာဇ်သင်္ဘောကြီးမှောက်ခဲ့စဉ်က “မိုးဝေ” ပါပဲ။
ကျနော်တို့သည် ရာဇ၀င်ကို မရေးလို့မဖြစ်။ ရာဇ၀င်ကို မချစ်လို့မဖြစ်။ ရာဇ၀င်ကို မသစ်လို့မဖြစ်။ ကျနော်တို့သည်ကား ရာဇ၀င်ကိုလည်း ရေးဖို့ကြိုးစားခဲ့၏။ ရာဇ၀င်ကလည်း ကျနော်တို့ကို ရေးခဲ့၏။ သို့ဖြင့်... ကျနော်တို့သည် ရာဇ၀င်ကို ချစ်မက်နေဆဲ...။ ရာဇ၀င်ကလည်း ကျနော်တို့ကို စိမ်ခေါ်နေဆဲ...။ ။
ငြိမ်းဝေ
(မတ်လ ၂၁ ရက်၊ ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်အဖြစ်ဂုဏ်ပြုဆောင်ပါး)
ကိုးကား ။ ။(၁) ဖေါ်ဝေးရဲ့“ဖေါ်ဝေးငှက်များပျံသန်းချိန်” ကဗျာစာအုပ်
(၂) `တော်လှန်ကဗျာ´စာအုပ်
(၃) ကိုခါး(ကွမ်းခြံကုန်း)ရဲ့ `မန္တလေးကို ရွှေမြင်းလှည်းနဲ့လည်´ ကဗျာစာအုပ်
September 22, 2008
ဧရာဝတီမြစ်ကမ်းပေါ်မှာ သူ့ဘ၀ စခဲ့တယ်

(က)
လယ်သမားတွေရဲ့ တဲကုတ်ကလေးတွေကို ငါချစ်တယ်။
မန်ကျည်းဖျော်ရည်လို ရနံ့ချိုနေတဲ့
မီးပူတိုက်ပြီးသား အ၀တ်တွေလို လတ်ဆတ်နေတဲ့
မိခင်ပျိုတွေက အိပ်ပျော်လို့
ကြက်သွန်ခင်းတွေ ပတ်လည်ဝိုင်းနေတဲ့
ထောင်ပေါင်းများစွာသော အိမ်တွေထဲမှာ
မီးလင်းဖိုတွေက တောက်လောင်လို့။
မြစ်ကမ်းနားမှာ ယောက်ျားတွေက တေးဆိုကြတော့
သူတို့ရဲ့အသံဟာ မြစ်ကြမ်းပြင်က
ကျောက်ခဲတုံးများလို ကွဲရှကြမ်းတမ်းနေတယ်။
ပြန့်ကားနေတဲ့ ဆေးရွက်ကြီးခင်းထဲက
ဆေးရွက်နံ့က ထောင်းထောင်းထလို့
ဒီအရာတွေ အားလုံးက
အိမ်ထဲကို သရဲသဘက်ဝင်သလို
ငါ့အတွေးထဲကို တိုးဝှေ့ဝင်လာကြတယ်။
(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)
မနေ့တုန်းက မြန်မာငြိမ်းချမ်းရေးကိုယ်စားလှယ်စာရေးဆရာအုပ်စုနဲ့ တညနေခင်းလုံး စကားပြောခဲ့ရတယ်။ အထူးသဖြင့် အရပ် အမောင်းကောင်းကောင်း၊ နှုတ်ခမ်းမွှေးကားကား၊ ခေါင်းမှာ ပိတ်စပန်းရောင် ပတ်ထားတဲ့ မြန်မာကဗျာဆရာကြီး ရဲ့ ရုပ်ပုံက သူ့မျက်စေ့ထဲမှာ စွဲနေတယ်။ မြန်မာစာရေးဆရာတွေဟာ အဲဒီအသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ ကဗျာ ဆရာကြီးကို အတိုင်းမသိ လေးစားချစ်ခင်ကြပုံရတယ်။ သူတို့က ဒီလောက် ရိုရိုကျိုးကျိုးနဲ့ ဆက်ဆံနေကြတော့ သူလည်းပဲ အဲဒီကဗျာဆရာကြီးကို အလိုလိုနေရင်း လေးစားလာမိတယ်။ အံ့သြဖို့ကောင်းတာကတော့ သူ့ဇနီးက ကဗျာဆရာကြီးကို ကဗျာတပုဒ်လောက် ရွတ်ဆိုပြဖို့ တောင်းဆိုတဲ့အခါ ကဗျာဆရာကြီးက ပြာပြာသလဲငြင်းဆို နေတဲ့ ပုံက တကယ့်ကို ပီဘိခလေးတယောက်ရဲ့ ရှက်ရွံ့နေတဲ့ပုံမျိုး ဖြစ်နေတယ်။ လူတွေဟာ ရှက်နေတဲ့ အချိန်တိုင်း ကလေးတယောက်ရဲ့ နှလုံးသားကို ပြန်ရနိုင်တယ်ဆိုတဲ့ စကား သူတွေးမိပြီး သဘောကျခဲ့ရတယ်။
မြန်မာစာရေးဆရာတွေနဲ့ တွေ့ဆုံစကားပြောဖို့ “ အာရင်ဘတ်” နဲ့ တိုင်ပင်ကြည့်တော့ သူလည်း အားတက်သရော သဘောတူခဲ့တယ်လေ။ ဒါနဲ့ပဲ မြန်မာစာရေးဆရာများနဲ့ တွေ့ဆုံဖို့အတွက် အခမ်းအနား စီစဉ်ရေး အတွင်းရေးမှူးအဖွဲ့မှာ သွားပြောကြည့်တယ်။ အတွင်းရေးမှူးအဖွဲ့က မြန်မာစာရေးဆရာအဖွဲ့ကို အကြောင်းကြားပြီး မနေ့တုန်းက သူနဲ့ သူ့ဇနီး၊ ပြီးတော့ အာရင်ဘတ်တို့ဇနီးမောင်နှံ၊ မြန်မာစာရေးဆရာအဖွဲ့ ... သူတို့ တည်းခိုနေတဲ့အခန်းမှာပဲ တွေ့ဆုံခဲ့ကြတယ်။ နေ့လည်စာကိုလည်း ဒီအခန်းထဲမှာပဲ အတူတူလက်ဆုံစားခဲ့ ကြတယ်။
မြန်မာစာရေးဆရာအဖွဲ့ထဲက “ဒဂုန်တာရာ” နဲ့ အချိန်တော်တော်ကြာ စကားပြောခဲ့ရတယ်။ သူက သူကိုယ်တိုင်ဦးစီးပြီးထုတ်ဝေတဲ့ “တာရာ မဂ္ဂဇင်း” ထဲမှာ သူ့ကဗျာတချို့၊ သူ့စာတချို့ကို မြန်မာလို ဘာသာပြန် ဖော်ပြခဲ့တဲ့ မြန်မာစာဖတ် ပရိဿဒ်နဲ့ သူ့ကို မိတ်ဆက်ပေးဖို့ ကြိုးစားနေတဲ့ မြန်မာကဗျာဆရာပေါ့။ ဒီလို မြန်မာကဗျာဆရာမျိုးနဲ့ စကားပြောခွင့်ရတော့ လွန်ခဲ့တဲ့ (၂၁) နှစ်လောက်က၊ မြန်မာပြည်မှာနေထိုင်ခဲ့ရတဲ့ဘ၀ကို ပြန်ပြီး သတိရလာမိတယ်။ အင်းယားကန်ဘေးက သူနေတဲ့အိမ်က လှမ်းမြင်နေရတဲ့ ရွှေတိဂုံဘုရား ...။ ဆံထုံး မြင့်မြင့်ကြီးတွေ ထုံးပြီးသွားလာနေကြတဲ့ မြန်မာဂုဏ်သရေရှိ အမျိုးသမီးတွေ။ အင်္ဂလိပ်လို ရေလည်စွာပြောတတ်တဲ့ မြန်မာ ပညာတတ်တချို့။ ရန်ကုန်တက္ကသိုလ်ဝန်းထဲက ရေတမာတန်း။ ပြီးတော့ သူ့ဘ၀မှာ ဘယ်တော့မှ မေ့နိုင်လိမ့်မယ် မဟုတ်တဲ့ “ပိတောက်ပန်း”။ အို ... အံ့သြဖို့ကောင်းအောင် ရွှေရောင်ဝင်းတဲ့ “ပိတောက်ပန်း” ။
(ခ)
မိခင်မြေကြီးပေါ်
အပြာရောင် သစ်ရွက်တွေပေါ်
ရေတံခွန်စိမ့်စမ်းသံတွေအောက်က ကျောက်တုံးတွေပေါ်
ဂီတလို တုန်ယင်နေတဲ့ လေပွေမုန်တိုင်းတွေပေါ်
ဘုန်းကြီးကျောင်းများမှာလို
ဘုရားရှိခိုးစာကို ရွတ်ဆိုနေကြတဲ့ မြစ်နဒီတွေပေါ်
တောငန်းရိုင်းတွေနဲ့ ပန်းသီးတွေပေါ်
မြေပြင်နဲ့ ရေပြင်ပေါ်
ကောက်နှံတွေကို မွေးဖွားပေးလိုက်တဲ့
အဆုံးမရှိသော တိတ်ဆိတ်မှုပေါ်ကို
ငါ ... ကျော်နင်းပြီး လျှောက်ခဲ့တယ် ....။
(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)
၁၉၂၇-ခု ... မြန်မာပြည်။
ပဲခူးမြို့လေးဟာ ရန်ကုန်မြို့နဲ့ဆိုရင် မိုင်(၅၀) ကျော် ဝေးတယ်။ ကျင်းတွေ ချိုင့်တွေထူပြောလှတဲ့ ကတ္တရာလမ်းပေါ်မှာ သုံးနာရီနီးပါးကြာအောင် ကားမောင်းပြီးမှ ပဲခူးကို သူရောက်လာခဲ့တယ်။ မြို့လည်ခေါင်က ပဲခူးမြစ်ကို ဇက်နဲ့ကူးရတယ်။ မိုးထိအောင်မြင့်မားလှတဲ့ ရွှေမော်ဓောဘုရား နဲ့ မဟာစေတီဘုရားဟာ တောအုပ် တွေ ပတ်လည်ဝိုင်းနေတဲ့ကြားမှာ ခန့်ညားလွန်းနေတယ်။ အရောင်အသွေးမျိုးစုံ .. အထူးသဖြင့် တောက်တောက် ပပ ပိုးချည်ပိုးထည်တွေကို ၀တ်ဆင်ထားကြတဲ့ ယောက်ျား၊ မိန်းမတွေဟာ လှည်းကိုယ်စီစီးပြီး ဘုရားခြေရင်းကို ရောက်လာကြတယ်။ ယောက်ျားတချို့က ချမ်းသာကြွယ်ဝသူတွေလို့ ထင်ရတယ်။ သူတို့က ပုဆိုးစတွေကို လက်တဖက်နဲ့ ဆွဲမပြီးမှ လမ်းလျှောက်ကြတယ်။ အကယ်၍များ ပုဆိုးစကို ဒီလို ဆွဲမ မထားဘူးဆိုရင် လမ်းလျှောက်လို့ မဆင်မပြေနိုင်ဘူးလို့ သူထင်မိတယ်။ သတိမထားမိပဲ မနေနိုင်လောက်အောင် ထူးခြားလှတဲ့ မြင်းကွင်းကတော့ လှည်းပေါ်ကဆင်းလာတဲ့ အမျိုးသမီးတချို့ဟာ လက်သီးဆုပ်သာသာမြင့်တဲ့ ဆံပင်ထုံးကြီး တွေကို ခေါင်းပေါ်မှာထုံးထား၊ တင်ထားတဲ့ မြင်ကွင်းပါပဲ။ သူတို့ခေါင်းမှာပန်ထားတဲ့ ပန်းတွေက အ၀ါရောင်၊ သူ အင်မတန်စိတ်ဝင်စားတဲ့ ပိတောက်ပန်း။ ဘုရားကုန်းတော်အောက်က ခြင်္သေ့ရုပ်ကြီးနှစ်ခုက မော့ကြည့်ရလောက် အောင် မြင့်မားလှတယ်။
မြို့လည်ခေါင်လမ်းဘေးနှစ်ဖက်မှာ နွားလှည်းတွေ တန်းစီပြီးရပ်ထားတာ တွေ့ရတယ်။ ဂေါ်ရင်ဂျီ ကုလားလေးတွေဟာ ကားပေါ်ကဆင်းလာတဲ့သူ့ဆီကို ပြေးလာပြီး သူ့လက်ထဲက လက်ဆွဲသေတ္တာကို ၀ိုင်းကူပြီး ဆွဲကြတယ်။ သူကငြင်းဆန်လိုက်တဲ့အခါကြတော့ လမ်းဘေးက သစ်ပင်ရိပ်တွေဆီ ပြန်ပြေးသွားကြပြီး သူ့ကို အဝေးကပဲ အကဲခတ်နေကြတယ်။
ဒီတခေါက်ပါနဲ့ဆိုရင် ပဲခူးကို သူရောက်ဖူးတာ (၂) ခေါက်ရှိပြီ။ ဈေးကြီးထဲကို လမ်းလျှောက်ဝင်သွားပြီး မြန်မာထမင်းနဲ့ဟင်း စားကြည့်အုန်းမှလို့ တွေးလာခဲ့တယ်။ ရုတ်တရက်ဆိုသလို သူ့ကြောပြင်၊ သူ့ပုခုံးပေါ်ကို ရေတွေလောင်းချတာ ခံလိုက်ရလို့ သူ့ခန္ဓာကိုယ်ဟာ ရှေ့ကိုအနည်းငယ်ကော့ပြီး နောက်ကိုလှည့်ကြည့်မိတယ်။ လူရွယ်နှစ်ယောက်က ရေဖလားတွေကိုယ်စီကိုင်ပြီး သူ့ကိုပြုံးကြည့်နေကြတယ်။ သူတို့နဲ့ မလှမ်းမကမ်းမှာလည်း တခြားလူငယ်ဆယ်ယောက်လောက်က သူ့ကို ပြုံးရယ်ပြီး ကြည့်နေကြတယ်။ ချက်ချင်းဆိုသလို ထိတ်လန့်သွားတဲ့ သူ့စိတ်ကို ရုပ်သိမ်းနိုင်အောင် ကြိုးစားနေမိတယ်။ မြန်မာတွေရဲ့ ထူးဆန်းလှတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတခု။ ရေပက် ကစားကြတဲ့ပွဲတော် ...။ ချက်ချင်းဆိုသလို လူငယ်နှစ်ယောက်ရဲ့လက်ထဲက ရေဖလားတခုကို ဆွဲယူလိုက်တယ်။ ဘေးမှာချထားတဲ့ ရေပုံးထဲက ရေကိုခပ်တယ်။ လူငယ်နှစ်ယောက်ရဲ့ ပုခုံးပေါ်ကို နည်းနည်းစီလောင်းချပေးလိုက် တယ်။ ရယ်သံတွေကြားကပဲ သူဟာ ကားပေါ်ပြန်တက်ပြီး ရှေ့တည့်တည့်ကိုမောင်းလာခဲ့တယ်။ ကားခေါင်မိုးနဲ့ ကားရဲ့နောက်ခန်းမှာ တစုံတခု ပါလာတာကို သတိပြုမိလို့ ကားကို ခဏရပ်ပြီး၊ ကားခေါင်မိုးပေါ်ကို မော့ကြည်ရပြန်တယ်။ ကားခေါင်မိုးပေါ်မှာ ရွှေဝါရောင်ပန်းတွေအပြည့်။ ကားနောက်ခန်းထဲမှာလည်း ရွှေဝါရောင် ပန်းပွင့်တွေအပြည့် ...။ သူ့မျက်နှာတခုလုံး ၀င်းပပြုံးလက်သွားရတယ်။ သူနှစ်သက်စွဲလန်းမိတဲ့ ပိတောက်ပန်း တွေ။ အဲဒီညနေက ပိတောက်ပန်းတွေတင်ထားတဲ့ကားနဲ့ ရန်ကုန်ကို သူပြန်လာခဲ့တယ်။
(ဂ)
တဖက်အစွန်မှာ
ကျေးရွာကို စောင့်နေတဲ့ နတ်
ငါးကိုစောင့်တဲ့ နတ်
ရေကိုစောင့်တဲ့ နတ်တွေဟာ
ကမ္ဘာကြီးအသစ် ပွင့်ဝေရာဖြစ်တဲ့
လွင်ပြင်တွေပေါတဲ့ သူတို့တိုင်းပြည်ကြီးကို
အသက်ပေးပြီး ချစ်ကြတယ်။
(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)
မနက်ခင်းဝေလီဝေလင်းအချိန် ရွှေတိဂုံကုန်းတော်ပေါ်ကို သူရောက်ခဲ့တယ် ...။
ဘုရားယင်ပြင်တော်ပေါ်မှာ လှည့်ပတ်ကြည့်ရှုရင်းက သူ့ရဲ့ ရန်ကုန်မြို့ကိုစရောက်တဲ့ တညနေခင်းကို ပြန်တွေးနေမိတယ်။ ဒီတုန်းက အင်မတန်ကြီးမားလှတဲ့ ကျောက်တောင်ကြီးတခုကိုကွေ့ပြီးဝင်လိုက်တဲ့အခါ နေရောင်အောက်မှာ ၀ါဝင်းလင်းထိန်နေတဲ့ ရွှေတောင်ကြီးတခုကို ဘွားကနဲ သူတွေ့လိုက်ရတာပဲ။ စိမ်းစိမ်းမှောင်နေတဲ့ တောအုပ်တွေရဲ့အပေါ်မှာ ထီးထီးမားမားကြီးရှိနေတဲ့ ရွှေတိဂုံဘုရားကြီးကို သင်္ဘောကုန်းပတ်ပေါ်ကတဆင့် သူ ရပ်ကြည့်နေခဲ့မိတယ်။ တိမ်ဖြူဖြူတချို့က ရွှေတောင်ကြီးရဲ့နောက် အပြာရောင်ကောင်းကင်ပေါ်မှာ လွင့်နေ တယ်။ ရွှေတောင်ကြီးကို လှမ်းကြည့်ရင်း တမေ့တမောရပ်နေခဲ့မိတယ်။
သူဟာ ရန်ကုန်မြို့မှာ အလုပ်တွေအများကြီးလုပ်ခဲ့ရတယ်။ သူလုပ်ခဲ့တဲ့အလုပ်တွေကို အနှစ်ချုပ်လိုက် ရင် အနှစ်သာရအားဖြင့်တော့ နှစ်ခုပဲရှိပါတယ်။ တခုက မြန်မာ့ရေမြေတောင်နဲ့ လူတွေကို လေ့လာခံစားဖို့နဲ့ သတင်းတွေကို စုဆောင်းမှတ်သားဖို့အလုပ်ပါပဲ။ ဒီလိုနဲ့ သူဟာ လယ်ကွင်းတွေဆီ သွားခဲ့တယ်။ ဘုရားပြို ဘုရား ပျက်တွေကြားမှာ ရပ်နေခဲ့တယ်။ နပမ်းပွဲတွေ၊ ကြက်တိုက်ပွဲတွေ၊ လှည်းပြိုင်ပွဲတွေ၊ ရေကစားပွဲ၊ ဘုရားပွဲ၊ ရုပ်ကြီးစင်နဲ့ မြေ၀ိုင်းအကပွဲတွေက အစ နေရာအနှံ့ သူရောက်နေခဲ့တယ်။ မြန်မာတွေဟာ လက်တင်အမေရိက က ပီရူးနဲ့ဘိုလစ်ဗီးယားလူမျိုးတွေနဲ့ အသားအရေ၊ ကိုယ်လုံးကိုယ်ပေါက် တော်တော်တူကြတယ်။ ရာဇ၀င်သမိုင်း ချင်းလည်း တူကြဟန်ရှိတယ်။
ရန်ကုန်မြို့ဟာ “ ရန်ဟူသမျှ ကုန်စင်အောင်မြင်တဲ့မြို့” ဆိုတဲ့ အဓိပ္ပါယ်နဲ့ မှည့်ခေါ်ထားတဲ့ မြို့။ အင်္ဂလိပ် မြို့ဝန်မင်းဟာ တခါတရံ မြန်မာမြို့ဝန်တွေရဲ့ အဆောင်အယောင် အခမ်းအနားမျိုးနဲ့ မြို့ထဲကို ထွက်လာတတ် တယ်လို့ သူကြားရတယ်။ ရန်ကုန်မှာသူရှိနေတဲ့အခိုက် မြို့ကိုစောင့်ရတဲ့ ဂေါ်ရင်ဂျီစစ်ပုလိပ်တွေ၊ မျက်နှာဖြူ အရာရှိတွေဟာ တစုံတခုကို ထိတ်လန့်တုန်လှုပ်နေတာ အထင်အရှားသတိထားမိတယ်။ ရွှေတိဂုံဘုရားခြေရင်းမှာ ရှိတဲ့ သစ်တပ်ထဲက အင်္ဂလိပ်စစ်တပ်တွေဟာ စစ်ရေး အမြဲလေ့ကျင့်နေကြပြီး အလုပ်ရှုပ်နေခဲ့ကြတယ်။ ရန်ကုန်မြို့ဆိပ်ကမ်းမှာ အိန္ဒိယက ကြေးစားစစ်သားတွေ သင်္ဘောပေါ်က ဆင်းချလာနေတာ လူတိုင်းတွေ့ကြရ တာပဲ။ သတင်းတွေဟာ ရန်ကုန်မြို့ကို ခြိမ်းခြောက်နေတယ်လို့ ဆိုရမယ်။ မြန်မာလယ်သမား သူပုန်တွေဟာ ရန်ကုန်မြို့နဲ့ အလှမ်းမဝေးတဲ့တနေရာမှာ အင်္ဂလိပ်စစ်တပ်တွေကို ရင်ဆိုင်တိုက်ခိုက်ကြတဲ့သတင်း ...၊ အင်္ဂလိပ် စစ်တပ်တွေက ဖမ်းမိတဲ့ သူပုန်တွေကို ခေါင်းဖြတ်သတ်ပြီး သတင်းစာတွေထဲမှာ ဖော်ပြခြိမ်းခြောက်တဲ့သတင်း တွေနဲ့ ရန်ကုန်မြို့ဟာ ခြောက်ခြားနေခဲ့တယ်။
သူဟာ ရန်ကုန်မြို့ နိုင်ငံခြားသံတမန်များ နားနေအပမ်းဖြေတဲ့ အဆောက်အဦးဆီကို သွားလေ့သွားထ မရှိပေမယ့် အင်္ဂလိပ်အစိုးရရဲ့ ကိုလိုနီနိုင်ငံတွေအပေါ် မတရားဖိနှိပ်နေတဲ့ သတင်းတွေကိုတော့ အဲဒီ သံတမန် တွေဆီကပဲ ရခဲ့တယ်။ တချိန်ထဲမှာ အိန္ဒိယတိုက်ငယ်မှာလည်း နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲခေါ်သံတွေ၊ မဟတ္တမ ဂန္ဓီကြီးနဲ့ အိန္ဒိယပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေ၊ တရုပ်ပြည်မကြီးထဲက ဂျပန်ဆန့်ကျင်ရေးတိုက်ပွဲတွေ၊ ဥရောပ တခွင်မှာကြတော့ နယ်ချဲ့အရင်းရှင် အစိုးရတွေကို နည်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားတွေ ရဲ့ သတင်းတွေကို နေ့စဉ်တိုင်းလိုလို သူကြားနေခဲ့ရတယ်။ ဒါနဲ့ပဲ သူကိုယ်တိုင် သတိမထား မိပဲ ဆုံးဖြတ်ချက်တခု အလိုလိုချမိလျက်သားဖြစ်ခဲ့ရတယ်။
သူဟာ ဧရာဝတီမြစ်ကမ်းတခုပေါ်မှာ ဘ၀သစ်တခု အစပြုဖို့ ဆုံးဖြတ်ခဲ့မိပြီဆိုပါတော့ ...။
(ဃ)
အမေရိက ...
သင့်နယ်မြေမှ တဖက်အစွန်
တိုင်း . နိုင်ငံများကို ငါရောက်ခဲ့ဖူးပြီ။
အဲဒီနေရာတွေမှာ ရက်ပေါင်းများစွာ
ငါပျံသန်းခဲ့၊ ခရီးသွားခဲ့၊ တေးဆိုခဲ့၊ စကားပြောခဲ့
လှည့်လည်နေတဲ့ အိမ်ယာလုပ်ခဲ့ဖူးရဲ့။
အာရှမှာ၊ ရုရှားမှာ၊ ယူရဲလ်တောင်တန်းတွေမှာ
ငါရပ်နားပြီး
အထီးကျန်မှုနဲ့ ထင်းရှူးဆီနံ့ စိမ့်ပျော်ဝင်နေတဲ့
ငါ့ဝိညာဉ်ကို ဆန့်ထုတ်ခဲ့ဖူးရဲ့ ....။
(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)
၁၉၅၁-ခု၊ အောက်တိုဘာလ၊ တရုပ်ပြည် ပီကင်းမြို့။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် ...။
မြန်မာစာရေးဆရာအဖွဲ့နဲ့ တွေ့ဆုံစကားပြောဖို့၊ ရုရှားစာရေးဆရာ “အာရင်ဘတ်” နဲ့ တိုင်ပင်ကြည့်တဲ့ အခါ၊ အာရင်ဘတ်က ချက်ချင်းဆိုသလိုပဲ သတောတူခဲ့ပါတယ်။ သူနဲ့ အာရင်ဘတ်က အခန်းချင်းကပ်လျက် တည်းခိုခွင့်ရကြသူတွေပါ။ သူ့မှာလည်း ဇနီးဖြစ်သူပါလာခဲ့သလို၊ အာရင်ဘတ်မှာလည်း ဇနီးသည်ပါလာခဲ့တယ်။ သူတို့လေးယောက်စလုံး မြန်မာစာရေးဆရာအဖွဲ့နဲ့ တွေ့ဆုံစကားပြောခဲ့ရတာကို ကျေနပ်မိကြတယ်။ ထမင်း အတူထိုင်ပြီး စားခဲ့ကြရတာကို မမေ့နိုင်ဘူး။
သူကတော့ ဒီအချိန်မှာ လွန်ခဲ့တဲ့ (၂၄) နှစ်ကို ပြန်ရောက်သွားခဲ့သလိုပါပဲ။ မြန်မာစာရေးဆရာ “ဒဂုန် တာရာ” နဲ့ စာပေအကြောင်းတွေ ပြောခဲ့ကြပေမယ့် သူ့စိတ်တွေက တချက်တချက်မှာ ရန်ကုန်မြို့က ရွှေရောင် ၀ါဝင်းလင်းထိန်နေတဲ့ ရွှေတိဂုံဘုရားကြီးကို သတိရနေမိတယ်။ တောက်ပတဲ့ အရောင်မျိုးစုံ ၀တ်စုံတွေကိုဝတ်ပြီး လမ်းတွေပေါ်လျှောက်သွားနေတဲ့ မြန်မာလူမျိုးတွေကို တွေးနေမိတယ်။ ဒီတုန်းက သူက အချစ်ကဗျာတွေကိုပဲ ရေးဖွဲ့နေခဲ့တဲ့ ကာလ။ အချစ်ကဗျာစာအုပ်ထုတ်ဝေပြီးကာစ။ မြန်မာပြည်မှာ ရောက်နေတဲ့အခိုက်၊ မြန်မာ့ လယ်သမားသူပုန်ကြီး “ဂဠုန်ဆရာစံ” ရဲ့ သတင်းတွေက သူ့ရဲ့ အချစ်ကဗျာခံစားမှုကို ရပ်တန့်စေခဲ့တယ်။ တကမ္ဘာလုံးမှာရှိတဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသတင်းတွေက သူ့အတွေးအခေါ်ကို မြှင့်တင်ပေးလိုက် တယ်။ ရန်ကုန်မြို့မှာ တနှစ်ကျော်နေထိုင်ခဲ့ရတဲ့ ရက်တွေအတွင်း သူ့ရဲ့အထီးကျန်မှုကို နိဂုံးချုပ်နိုင်ခဲ့တယ်။
တညနေခင်းလုံး မြန်မာစာရေးဆရာတွေနဲ့ စကားဖောင်ဖွဲ့ခဲ့ပြီးတဲ့နောက်၊ အင်မတန် ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံလှတဲ့ ဥပဓိရုပ်ရည်ရှိသူ မြန်မာစာရေးဆရာ၊ ကဗျာဆရာကြီး “သခင်ကိုယ်တော်မှိုင်း” ခေါင်းဆောင်တဲ့ လူတသိုက်ဟာ သူတို့အခန်းက ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။ သူနဲ့ တချိန်လုံးလိုလို စကား ပြောခဲ့တဲ့ ကဗျာဆရာ “ဒဂုန်တာရာ” ကို သူက အခန်းပေါက်ဝမှာ လက်ဆွဲနှုတ်ဆက်တယ်။
မြန်မာစာရေးဆရာအဖွဲ့ အခန်းပေါက်ကအထွက်၊ သူ့နှုတ်ခမ်းက နှုတ်ဆက်စကားဆိုဖို့ စဉ်းစားတဲ့အခါ စကားလုံးတချို့ကို အလိုလို ရွတ်ဆိုမိလျက်သားဖြစ်သွားရတယ်။
“ မြန်မာပြည်က ပိတောက်ပန်းကို ကျနော် မမေ့ပါဘူးဗျာ ...”
မြန်မာကဗျာဆရာ “ဒဂုန်တာရာ” က “ပိတောက်ပန်း” လို့ ပီပီသသလှမ်းပြောလိုက်တဲ့ သူ့ကို အံ့သြတဲ့ မျက်နှာနဲ့ ပြန်ကြည့်ရင်း ပြုံးလိုက်ပါတယ်။ ။
(စာပေနိုဗယ်ဆုရှင် ချီလီကဗျာဆရာကြီး ပက်ဗလိုနဲရူဒါဟာ ၂၃၊၉၊၁၉၇၃-ခုနှစ်မှာ ကွယ်လွန်ခဲ့တာမို့ အခုဆိုရင် သူကွယ်လွန်တာ (၃၅) နှစ် ပြည့်ပါပြီ။ သူဟာ ၁၉၂၁ -ခုနှစ်ဝန်းကျင်က မြန်မာပြည်မှာ သံတမန်တဦး အနေနဲ့ နေထိုင်သွားခဲ့ရဖူးသူပါ။ သူဟာ ပဲခူးနဲ့ မော်လမြိုင်ကိုလည်း ရောက်ခဲ့ဖူးသူပါ။ ဒါကြောင့်မို့ သူကွယ်လွန်တဲ့ ၃၅-နှစ်မြောက် အမှတ်တရ ... ဒီဆောင်းပါးကို စိတ်ကူးဖြင့် ရေးဖွဲ့ ဂုဏ်ပြုလိုက်ပါတယ်။)
ငြိမ်းဝေ
ကိုးကား။ ။ ၁။ မောင်သစ်တည်ရဲ့ “ခေတ်ပေါ်နိုင်ငံတကာ ကဗျာရှည် ၃-ပုဒ်”
၂။ ဒဂုန်တာရာရဲ့ “ဧရာဝတီ၊ ယန်စီ၊ ဘော်လ်ဂါ”
(မဇ္ဈိမအွန်လိုင်းတွင် ဖော်ပြခဲ့ပြီးတဲ့ စာမူဖြစ်ပါတယ်။)
June 10, 2008
သစ်ရွက်တရွက် ကဗျာဆရာသုံးဦးနဲ့ ကျွန်တော်

ရာဇဂုဏ် မောက်ရုံတင်မက၊ ရာဇမာန် ယစ်မူးလှတဲ့ “မင်းနရပတိစည်သူ” ကို ကဗျာဆရာကြီး “အနန္တ သူရိယ” က မင်းစည်းစိမ်ဆိုတာကလည်း တကယ်တော့ “ရေပွက်ပမာ” ပါပဲ ဆိုပြီး ကဗျာတပုဒ်ရေး၊ သူ့အသက်ကို စတေးခံပြီးမှ ဆုံးမဖို့ ကြိုးစားခဲ့ဖူးတယ်။
ကျနော်တို့ရဲ့ မျက်မှောက်ခေတ်၊ ခေတ်ပြိုင်ကာလတခုမှာ (၂) ရက်ထဲနဲ့ လူ့အသက်ပေါင်း (၁) သိန်း ကျော်ကို စတေးပြီး သဘာဝတရားကြီးက လောကမှာ ဘယ်အရာမှ မမြဲဘူးဆိုတာ အထင်ရှားဆုံးသက်သေပြပြီး ဆုံးမလိုက်သော်ငြားလည်း ဘယ်လိုမှ တရားမရနိုင်ရှာတဲ့ လူတစုရဲ့အဖြစ်ကိုတွေးပြီး ကျနော် ဒီဆောင်းပါးကို တင်ဆက်လိုက်တာပါ။ ကျေးဇူးတင်ပါတယ် ... ။
၁။
ဘုရားရှိခိုးကျောင်းရှေ့ လမ်းထောင့်ကိုချိုးဝင်လိုက်တော့ ကျွန်တော့်ခြေလှမ်းများမှာ တုန့်ဆိုင်းဆိုင်းဖြစ် သွားရ၏။ ခြေလှမ်းတလှမ်းနှစ်လှမ်းမျှလှမ်းပြီးမှ နေရာတွင်ပင် ရပ်နေလိုက်သည်။ ကျွန်တော့်ရှေ့ ကိုက် (၂၀) မျှ အကွာတွင် ပိတ်ကားတခုလုံး အ၀ါရောင်ဆေးများ ကြဲပက်ထားသည့် ပန်းချီကားကြီးတချပ်ကို ထောင်လျက်သား လှမ်းမြင်နေရ၏။
ပန်းချီကားကြီးရှေ့ကိုရောက်အောင် ကျွန်တော်တိုးသွားသည်။ ပန်းချီကားကြီးကို လက်နှင့်ထိကြည့် သည်။ မော့ကြည့်သည်။ ကျွန်တော့်ကိုယ်ပေါ်တွင် အ၀ါရောင်ဆေးစက်များ စွန်းပေနေသည်ကို တွေ့လိုက်ရ၏။ ကျွန်တော့်လက်ချောင်းများသည်လည်း ဆေးဝါများလိမ်းကျံလျက်။ ကျွန်တော်သည်ပင်လျင် ပန်းချီကားကြီးထဲက လူတယောက်ဖြစ်သွားနေသည်ကို သတိပြုမိလိုက်၏။ ကျွန်တော်ပျော်သွားရလေသည်။
အမှန်စင်စစ် ကျွန်တော်ပြောခဲ့သည့် ပန်းချီကားကြီးဆိုသည်မှာ သဘာဝပန်းချီဆရာက အ၀ါရောင် ဆေးချယ်ပေးထားသဖြင့် မြင်ကွင်းတခုလုံး ၀ါရွှေလျက်ရှိသည့် သစ်ပင်တန်းတခုပင်ဖြစ်သည်။ တကယ့်ပန်းချီကား တချပ်တော့မဟုတ်။ သို့သော် သစ်ရွက်ဟူသမျှ တရွက်မကျန် ၀ါဝါထိန်လျက်ရှိသည့် သစ်ပင်တန်းကလေးမှာ ပန်းချီကားတချပ်ထောင်ထားသလို ဖြစ်နေခဲ့၏။ ပြီးတော့ သစ်ရွက်တွေရင့်ရော်ဝါရွှေနေကြပုံက တကယ့်ကို မှင်တက်မိစရာ။
ဒီလို ၀ါဝါ၀င်းဝင်းရှိနေပုံက “အ၀ါရောင်ဟူသမျှ ဒီနေရာမှာ ရပ်တန့်သွားကြ” လို့ ဆိုရလောက်အောင် အစွမ်းကုန်ဝါသည့် အ၀ါရောင်မျိုး။ ဒီသစ်ရွက်တွေဝါရင့်နေပုံမျိုးက ဘယ်တော့မှအ၀ါရောင်လျော့မယ်လို့ မထင် ရတဲ့ဝါပုံမျိုး။ ဒီတသက်မှာသည့်ထက်ပိုပြီး မ၀ါနိုင်တော့တဲ့ ၀ါပုံမျိုး။ ဆရာပေါ်ဦးသက် ပြောဖူးတဲ့စကားလို သူ့ထက်ဝါတဲ့ သစ်ရွက်တွေတောင် သူ့လောက်မ၀ါနိုင်တော့ဘူးလို့ ပြောယူရမယ့် ၀ါပုံမျိုး။ အ၀ါရောင်ကမ်းကုန်၊ အ၀ါရောင်အောလပုံဖြစ်နေတဲ့ သည်လိုမြင်ကွင်းမျိုးကို ကျွန်တော့်တသက် မတွေ့ခဲ့ဖူးဘူး။ အခုတော့ အဲဒီ အ၀ါရောင်လိမ်းကျံထားသည့် သစ်ပင်တန်းကလေးအောက်မှာ ကျွန်တော်ရောက်နေခဲ့ပြီ။ သစ်ပင်အောက်က ဖြတ်လျှောက်သွားနေသူတွေအပေါ်၊ ကျွန်တော့်အပေါ် အ၀ါရောင်ဆေးစက်များ ကူးစက်ထင်ဟပ်နေခဲ့၏။ ထိုအ၀ါရောင်သစ်ရွက်များအပေါ် နေရောင်ခြည်က တစောင်းထိုးကျနေခြင်းဖြင့် အ၀ါရောင်ပန်းချီကားကြီးမှာ ကြီးကျယ်ခမ်းနားနေတော့သည်။ ထိုအခိုက်မှာပင် ကျွန်တော့်အဖို့ သည်အ၀ါရောင်ပန်းချီကားကြီးကို တသက်လုံး သွားလေရာ သယ်ဆောင်သွားနေတော့မည်ကို သိလာခဲ့၏။
မိမိနေထိုင်ရာတိုက်ခန်းသို့ပြန်ရောက်ပြီး အိပ်ခန်းကလေးထဲဝင်လာတော့ အ၀ါရောင်ပန်းချီကားကြီးကို နံရံတွင်ချိပ်ဆွဲပြီး အိပ်ရာပေါ်ကတဆင့် တစိမ့်စိမ့်ကြည့်ရပြန်သည်။ ထိုအခါ ကျွန်တော့်အိပ်ခန်းကလေးတခုလုံး အ၀ါရောင်ဆေးစက်များ ပျံ့နှံ့စွဲထင်ကုန်ပြန်တော့သည်။ ကျွန်တော်က မိမိ၏ဘ၀ဖြတ်သန်းမှုများထဲက တွေ့ဖူး မြင်ဖူးသည့် အ၀ါရောင်ပန်းချီကားတချပ်နှင့် ဒီကနေ့တွေ့ခဲ့သည့် အ၀ါရောင်ပန်းချီကားကို နှိုင်းယှဉ်ပြီး စဉ်းစား သည်။ ကျွန်တော်အိမ်ထောင်ကျရာ မြို့ကလေးဖြစ်သည့် ဇေယျဝတီမြို့ သကြားစက်ဝန်းကြီးထဲက တလမ်းလုံး ပိတောက်ပန်းတွေ ၀ါထိန်လာတာမျိုး ကျွန်တော်တွေ့ဖူးသည်။ သို့သော် ပိတောက်ပန်းတွေ အစုလိုက်အခဲလိုက် ပွင့်ပုံမျိုးက နော်ဝေနိုင်ငံ အော်စလိုမြို့က လမ်းဘေးတောတန်းလေးတခုလုံး သစ်ရွက်တွေ ၀ါရွှေနေတာမျိုးနှင့် တကယ့်ကို မတူ။
နံရံပေါ်က စိတ်ကူးနှင့်ချိပ်ဆွဲထားသည့် အ၀ါရောင်သစ်ပင်တောတန်းကလေးကို ထိုင်ကြည့်ရင်းက ယင်းအ၀ါရောင်ပန်းချီကားပေါ်ကအလှကို ကျွန်တော်တွေ့လာရသည်။ နေရောင်တွေကန့်လန့်ဖြတ်တိုးဝင်လာ နေစဉ် သစ်ရွက်များမှာ အ၀ါရောင်တောက်ပကာ လှချင်တိုင်းလှနေခြင်းကို ကျွန်တော်သတိပြုမိလာခဲ့သည်။ ဘ၀မှာ သည်လိုတောက်ပ၀ါရွှေသည့်အလှမျိုး ကျွန်တော်တမ်းတခဲ့ဖူးသည်။ သည်လို ထိန်ထိန်ဝါနေသည့် အလှ ပိုင်ရှင်မျိုးရဲ့ အရှိန်အ၀ါမျိုးကို ကျွန်တော်ရှာခဲ့သည်။ ကျွန်တော်စုံမက်ခဲ့သည့် လှပမှုမျိုးကို လက်ညှိုးထိုးပြစရာ ဥပမာတခုအဖြစ် ယင်းအ၀ါရောင်တောတန်းကလေးကို ကျွန်တော်စွဲလန်းလာနေစဉ် ဂျပန်ဟိုက္ကူကဗျာဆရာ “ရှိကိ” ရဲ့ ကဗျာတပုဒ်ကို ဖြတ်ခနဲ သတိရလိုက်၏။
ကြွေကျလုစဲစဲ
မနာလိုချင်စရာကောင်းလောက်အောင်
လှလိုက်တဲ့ သစ်ရွက်တွေ ... ။
ရှိကိ
၂။
အော်စလိုမြို့မှာ ကျွန်တော်အနှစ်သက်ဆုံးရာသီဥတုက “နွေ” မဟုတ်ပါ။ အာရှတိုက်သားတဦးအဖို့ ဥရောပရဲ့ “နွေ” ကို ယေဘုယျအားဖြင့် နှစ်သက်ကြမှာများပေမယ့် ကျွန်တော်ကတော့ “နွေ” ကို ပယ်ပြီး “ဆောင်းဦး” ရာသီကို အနှစ်သက်ဆုံးဖြစ်ခဲ့၏။ အံ့သြဖို့ကောင်းသည်မှာ ကျွန်တော်တို့ဆီက နွေဝင်သည်နှင့် တပြိုင်နက် သစ်ရွက်တွေကြွေကြသလို အော်စလိုမှာက ဆောင်းဝင်တဲ့အချိန်မှ သစ်ရွက်တွေကြွေကြရလေသည်။ ကျွန်တော်တို့ဆီမှာ နွေဝင်လို့ သစ်ရွက်တွေဝါရွှေခြောက်သွေ့ရသလို သူတို့ဆီမှာက ဆောင်းဝင်လာမှ သစ်ရွက် ဟူသမျှ ရင့်ဝါခြောက်သွေ့ကြရသည်။
သို့ပေမယ့် သူတို့ဆီက ဆောင်းဦးပေါက်သစ်ရွက်တွေ ၀ါရင့်လာပုံမျိုးက တကယ့်ကို တုန်လှုပ်စရာ ကောင်းလောက်အောင် လှပလွန်းပါသည်။ ကျွန်တော်တို့ဆီက သစ်ရွက်တွေဝါပုံမျိုးက ရှင်ဥတ္တမကျော်ရဲ့ တောလားထဲက “သစ်ရွက်ရော်ရီ၊ ဣန္ဒီနီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့ ... ” ဆိုတဲ့အတိုင်း အ၀ါရောင်တ၀က်ဝါပုံမျိုး။ အ၀ါရောင်လျော့လျော့ ၀ါပုံမျိုး။ မ၀ံ့မရဲ ၀ါပုံမျိုး။ အော်စလိုမြို့ပေါ်က သစ်ရွက်တွေ ၀ါပုံက တကယ့်ကို ရဲရဲရိုင်းရိုင်း ၀ါပစ်လိုက်တာမျိုး။
ကျွန်တော်က ဘ၀ကို အလှနဲ့တွဲချည်ထားချင်တဲ့သူ။ ဒါပေမယ့် ကျွန်တော်လိုချင်တဲ့အလှက ခေါင်းမြီး ခြုံထားတဲ့အလှမဟုတ်ဘူး။ ရွက်ပုန်းသီးအလှမဟုတ်ဘူး။ တကယ့်ကို လွတ်လပ်ပွင့်လင်းရဲတင်းတဲ့ အလှမျိုး။ သည်လိုရင်ခုန်ပုံနရီမျိုးအခံရှိတဲ့ ကျွန်တော့်အဖို့ အော်စလိုမြို့က အ၀ါရောင်တောတန်းလေးကိုတွေ့တော့ ဘ၀တခုရဲ့ လိုအပ်ချက်တခုကို ဆုပ်ဆုပ်ကိုင်ကိုင်ရှိလိုက်သလိုဖြစ်သွားရ၏။ ကျွန်တော်က အလှထဲက အလှဆုံး ကိုမှ ရွေးချယ်တပ်မက်ချင်သူ။ ယင်းအလှမျိုး ပိုင်ဆိုင်ဖူးသူဆိုတဲ့ ဂုဏ်ကို လိုချင်သူ။
ဂျပန်ဟိုက္ကူကဗျာဆရာ “ရှိကိ” ရဲ့ ကဗျာကို တွေးမိတော့ “ရှိကိ” နဲ့ ကျွန်တော် မတူခြားနားတဲ့ အယူအဆဖြစ်နေပြန်ပါရော ... ။ သစ်ရွက်တွေဝါချင်တိုင်းဝါ၊ အစွမ်းကုန်ဝါ၀င်းလှပနေတဲ့ “အဆုံးစွန်သောအလှ” ကို မြင်ပုံချင်းကြတော့ သူနှင့်ကျွန်တော် အတူတူပင်ဖြစ်သည်။ အ၀ါရောင်ပန်းချီကားထဲက အ၀ါရောင်သစ်ရွက်တွေရဲ့ အလှမျိုးကို လိုချင်တပ်မက်တာတော့ သူ မငြင်းပေမယ့် အဲဒီအ၀ါရောင်ပန်းချီကား ကြီးရဲ့ နောက်ကွယ်က ပုန်းခိုနေတဲ့ လူတိုင်းမမြင်နိုင်တဲ့ “သဘာဝဓမ္မအလှ” ကို သူက မြင်လိုက်တယ်လေ။ ကျွန်တော်က ပန်းချီကားကြီးကို ဟိုနေရာမချရဲ၊ ဒီနေရာမချရဲနဲ့ တပွေ့ပိုက်ပိုက် သွားလေရာ သယ်ဆောင်နေတဲ့ အခိုက်မှာ “ရှိကိ” က “ဗဟိဒ္ဓ” ရဲ့ နောက်က “အဇ္ဈတ္ထ” အထိ တက်လှမ်းပြီး တကယ့် “အစစ်အမှန်အလှ” ကို မြင်အောင်ကြည့်နိုင်ခဲ့တာလား။ အဲဒီဆာတိုရီဉာဏ်ကို သူက သူ့ကဗျာထဲမှာ “ကြွေကျလုစဲစဲ” ဆိုတဲ့ စကားစုနဲ့ ဖော်ပြလိုက်တာပဲ။ ကျွန်တော်ကတော့ “မနာလိုချင်စရာ ကောင်းလောက်အောင်၊ လှလိုက်တဲ့သစ်ရွက်တွေ” ဆိုတဲ့ နေရာမှာ ရပ်တန့်သွားတဲ့အချိန် “ရှိကိ” က သစ်ရွက်တရွက်ရဲ့ ဖြစ်ပေါ်တိုးတက်ပြောင်းလဲခြင်း နိယာမ အထိ လက်တဆုံးနှိုက်ယူလိုက်တာကလား။ ဒီလိုတွေးမိလာတဲ့ တချိန်ထဲမှာပဲ နောက်ထပ် ဟိုက္ကူကဗျာတပုဒ်ကို ကျွန်တော်သတိရလာပြန်၏။
ဘယ်သစ်ရွက် အရင်ကြွေလိုက်မလဲဆိုတာ
ဘယ်သူမှ မသိဘူး
လေညှင်းကလေးရေ
မင်းကော ကြိုပြီးသိသလားကွဲ့။
ဆိုစီဆိုင်
၃။
“ရှိကိ” က သစ်ရွက်တရွက်ရဲ့ အလှနောက်က တကယ့်အစစ်အမှန်အလှ “အနိစ္စဓမ္မ” ကို နှိုက်ယူခံစား ပြလိုက်တာ ကျွန်တော်တွေ့ခဲ့ရပါပြီ။ “ကြွေကာနီးအလှ” ဆန်းကြယ်မှုနောက်က “အနိစ္စဓမ္မ” ကို “ရှိကိ” ပြောပြလို့ သိလာတာတော့ မှန်ပါပြီ။ ဒါပေမယ့် အဲဒီ အနိစ္စဓမ္မကို တွေ့ပုံမြင်ပုံက ကျွန်တော်နဲ့မဆိုင်တဲ့ ကျွန်တော်နဲ့ မပတ်သက်တဲ့ အနိစ္စဓမ္မလို့် မြင်နေမိပြန်ရော။ ကျွန်တော့်ကွယ်ရာမှာ ကျွန်တော့်မျက်မှောက်မှာ အနိစ္စကို မျက်မှောက်ပြုသွားကြတဲ့ လူပုဂ္ဂိုလ်တချို့ရဲ့ သတင်းကိုကြားရင် အဲဒီအနိစ္စတရားဆိုတာ ဘုံသဘော၊ ဓမ္မဒိဋ္ဌ သဘောဆိုတာ ကျွန်တော်မသိဘူးလေ။ ဘယ်လောက်အထိ သတိမမူ ဂူမမြင်ဖြစ်နေရသလဲဆိုတော့ ကိုယ့်ဘ၀ ဆိုတာ အနိစ္စနဲ့မဆိုင်တဲ့ အမတသဘောသက်ဝင်တဲ့ သီးခြားကိစ္စတခုအဖြစ်ယူဆပြီး ကျွန်တော်လုပ်သမျှ၊ ကျွန်တော်တွေးသမျှ “နိစ္စ” ဆိုတဲ့ အခြေခံပေါ်မှာပဲ ရှိခဲ့တာ။ “ဆိုစီဆိုင်” က “ဘယ်သူအရင်ကြွေလိုက်မလဲဆိုတာ ဘယ်သူမှမသိဘူး” ဆိုပြီး ရေးလိုက်တော့မှ ကျွန်တော်က တခြားနေရာတွေမှာ လိုက်လုပ်နေတဲ့ဖိုးကပ်စ်ကို ကျွန်တော့် ကိုယ်ပေါ်မှာရွေ့ပြီးချထားကြည့်မိလေတော့၏။ ဒီတော့မှပဲ ကိုယ့်ကိုယ်ကို “မုံညှင်းစေ့” ပိုင်ဆိုင်ထား သူလို့ထင်နေတဲ့ ကျွန်တော့်မှာ တုန်လှုပ်သွားရ၏။ သည့်နောက်တော့ ကျွန်တော့်ရှေ့မှာ ရုတ်တရက်သစ်ရွက် တရွက် ကြွေကျသွားတာမြင်တိုင်း နောက်ထပ် ဟိုက္ကူကဗျာဆရာ “ရန်ဆက်ဆု” ရဲ့ ကဗျာတပုဒ်ကို တွေးပြီး ကျွန်တော့်ရဲ့ နွေဦးအကြိမ် (၅၀) ကျော်လာခဲ့တဲ့ ကာလရှည်အမှားတခုအတွက် နောင်တရမိ၏။
သစ်ရွက်တရွက် ကြွေကျလာနေတယ်
အလိုလေး
နောက်တရွက်
ပြီးတော့ နောက်တရွက်
ကြွေကျ ကြွေကျလို့်လာနေလျက် ... ။
ရန်ဆက်ဆု
၎။
“ရှိကိ” ၊ “ဆိုစီဆိုင်” နှင့် “ရန်ဆက်ဆု” တို့က ကဗျာဆရာတွေ ဖြစ်ကြ၏။ ပါရမီရင့်သန်သူများဖြစ်ကြ၏။ ကျွန်တော်ကမူ ပါရမီနုံနဲ့သူတဦးမျှသာဖြစ်၏။ ထို့ကြောင့် ကျွန်တော်က သစ်ရွက်တို့၏အလှကိုသာတွေ့ပြီး သူတို့ကမူ သစ်ရွက်တို့၏အလှကိုသာမက ယင်းသစ်ရွက်တို့၏ ဘ၀ကိုပါ တွေ့နိုင်ကြခြင်းဖြစ်လေသည်။
ဧရာဝတီ အင်တာနက်ဝက်ဘ်ဆိုဒ်မဂ္ဂဇင်း (၂၀၀၆)
February 12, 2008
ဒီလန်တောမတ်စ် အိုစစ်မင်ဒယ်လ်စတန်းနဲ့ နှစ်ဆယ့်တစ်ရာစု စောဝေရဲ့ အာဏာရှင်ဆန့်ကျင်ရေး LGကဗျာ

(၁)
၂၀၀၈-ခုနှစ်။ ဇန္န၀ါရီလ (၂၃)ရက်နေ့၊ ကဗျာဆရာ “စောဝေ” အဖမ်းခံရတဲ့သတင်းကိုကြားစဉ်တုန်းက၊ ကျနော်ဟာ ထိုင်းနိုင်ငံ နို့ဖိုးဒုက္ခသည်စခန်းမှာရောက်နေတဲ့အခိုက်ပါ။ ဆရာ “စောဝေ” အဖမ်းခံရတဲ့သတင်းဟာ နို့ဖိုးဒုက္ခသည်စခန်းမှာ တော်တော်လေး လှုပ်ရှားသွားစေခဲ့ပါတယ်။ ဘာပြုလို့လည်းဆိုတော့ အဲဒီနေ့မတိုင်ခင်တရက်၊ ဇန္န၀ါရီလ (၂၂)ရက်နေ့ညမှာပဲ၊ ဒုက္ခသည်စခန်း လူထုစည်းဝေးခန်းမဆောင်ထဲမှာ လူတထောင်နီးပါးတက်ရောက်တဲ့ စာပေဟောပြောပွဲလုပ်ခဲ့ကြတာဆိုတော့ စခန်းထဲက စာပေချစ်သူတွေ၊ စာပေစိတ်နိုးကြားနေတဲ့အခိုက် ကဗျာဆရာ “စောဝေ” ရဲ့ သတင်းကိုကြားလိုက်ရတာပါ။ ပြီးတော့ ဆရာ “စောဝေ” ရဲ့ ကဗျာကလည်း တကယ့်ကို နည်းပရိယါယ်ပြောင်မြောက်လွန်းတော့၊ ကြားရတဲ့သူ ဘယ်သူမဆို စိတ်မ၀င် စားပဲကို မနေနိုင်လောက်အောင်စိတ်လှုပ်ရှားခဲ့ကြရတယ်ဆိုပါတော့။
ကျနော့်အဖို့တော့ ကဗျာဆရာ “စောဝေ” အဖမ်းခံရတဲ့သတင်း၊ ကဗျာဆရာ “စောဝေ” ရဲ့ ကဗျာ ...၊ စဉ်းစားစရာတွေ၊ နည်းနာယူစရာတွေ၊ သုံးသပ်ချက်တွေနဲ့ တချိန်လုံး စိတ်အလုပ်လုပ်ခဲ့ရပါတယ်။
ဒီလို ကဗျာဆရာ “စောဝေ” အဖမ်းခံရတဲ့သတင်း ကျနော်မကြားရသေးခင်၊ အဲဒီနေ့မနက်ပိုင်းက ဒုက္ခသည်စခန်း ရပ်ကွက်(၄) အထက်တန်းကျောင်းမှာ၊ စာပေ၀ါသနာရှင်တဦးက LGကဗျာ ( Language Poetry) နဲ့ ပတ်သက်ပြီး မေးမြန်းဆွေးနွေးခဲ့တာ ကျနော်ပြန်ပြီး တွေးမိပါတယ်။ ဒီတုန်းက ကျနော်တို့က LGကဗျာနဲ့ပတ်သက်ပြီး အချိန်တိုအတွင်းတတ်နိုင် သလောက် ပြန်လည်ရှင်းပြခဲ့ကြပါတယ်။ ညနေပိုင်းကြတော့ ကဗျာဆရာ “စောဝေ” ရဲ့သတင်းကို ကျနော်ကြားရပါတယ်။ ကဗျာဆရာ “စောဝေ” က၊ စစ်အစိုးရ ခေါင်းဆောင်ကို သရော်လှောင်ပြောင်ရှုံ့ချတဲ့ ကဗျာရေးလို့ အဖမ်းခံရတာပါတဲ့။ ဒါနဲ့ ဆရာ “စောဝေ” ရဲ့ကဗျာကို ဆက်ပြီးစုံစမ်းတော့၊ သူ့ရဲ့ နာမည်ကျော် “ဖေဖော်ဝါရီဆယ့်လေး” ကဗျာကို ကျနော်ဖတ်ရတာပါပဲ။ ဒီကဗျာကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ မနက်ခင်းတုန်းက စာပေစကားဝိုင်းမှာ၊ LGကဗျာအကြောင်းပြောခဲ့ကြတာ ချက်ချင်း သတိရလိုက်ပါတယ်။ လက်စသတ်တော့ ဆရာ “စောဝေ” ရဲ့ အာဏာရှင်ဆန့်ကျင်ရေးကဗျာက၊ LGကဗျာအမျိုးအစား ဖြစ်နေတာပဲကိုး။ LGကဗျာရဲ့အခြေခံအချက်တွေထဲမှာ၊ ဘာသာစကားကို သူ့နဂိုဖွဲ့စည်းပုံအတိုင်းမဟုတ်ပဲ လိုသလိုအသုံးပြုတဲ့ နည်းလဲ တခုအပါအ၀င်ဖြစ်တော့၊ ဆရာ “စောဝေ” ရဲ့ ကဗျာဟာ LGကဗျာအမျိုးစားနဲ့ အကျုံးဝင်တဲ့ကဗျာဖြစ်နေတော့တာပေါ့။ ကျနော် အရမ်းကျေနပ်မိပါတယ်။ အာဏာရှင်ဆန့်ကျင်ရေးကဗျာ။ ဆရာ “စောဝေ” ရဲ့ LGကဗျာ။ မော်ဒန်ကဗျာဆရာ “စောဝေ” ရဲ့ အာဏာရှင်ဆန့်ကျင်ရေး LGကဗျာ။
(၂)
၁၉၉၂-ခုနှစ်က စပြီး၊ ပြည်ပကိုရောက်လာတဲ့အချိန်၊ အခြေအနေပေးရင်ပေးသလောက် နိုင်ငံတကာကဗျာတွေကို ကျနော် အပတ်တကုတ်လိုက်ရှာ၊ လိုက်ဖတ်ခဲ့ပါတယ်။ အထူးအဖြင့် အာဏာရှင်နိုင်ငံတွေက ကဗျာတွေ၊ အာဏာရှင်စနစ် လက်အောက်မှာ ရှိခဲ့ကြတဲ့၊ ရှိနေစဲလည်းဖြစ်တဲ့နိုင်ငံတွေက ကဗျာတွေ ပြီးတော့ အာဏာရှင်ဆန့််ကျင်ရေးကဗျာတွေကိုပိုပြီး အာရုံစိုက်လေ့လာ ခဲ့ပါတယ်။ ဒီလိုနဲ့ ဗြိတိသျှကဗျာဆရာ “ဒီလန်တောမတ်စ်”ကို ကျနော်တွေ့တာပဲ။ ရုရှားက “အိုစစ်မင်ဒယ်လ် စတန်း” ကို ကျနော်တွေ့ရတာပဲ။ သူတို့နှစ်ယောက်က အာဏာရှင်ဆန့်ကျင်ရေးကဗျာရေးခဲ့ကြတာချင်းတူတဲ့အပြင်၊ သူတို့ အသုံးပြုတဲ့ “အာဏာရှင်ကိုယ်စားပြုသင်္ကေတ” ကြတော့လည်း တူကြတာဖြစ်လို့ သူတို့နှစ်ယောက်ကို ကျနော်ပိုပြီး စိတ်ဝင်စားခဲ့မိတာပါ။ ဗြိတိသျှကဗျာဆရာ “ဒီလန်တောမတ်စ်”က သူ့ရဲ့ အာဏာရှင်ဆန့်ကျင်ရေးကဗျာထဲမှာ အခုလိုရေးပါတယ်။
“မင်းတရား လက်ငါးချောင်းက
အသက်ရှူမှုကို အခွန်ခွဲကြရဲ့”
“လက်များမှာ
ယိုစီးစရာ မျက်ရည်မရှိချေဘူး”
ဒီကဗျာ(၂)ပိုဒ်ဟာ၊ “ဒီလန်တောမတ်စ်” ရဲ့ “စာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာ မြို့ကိုဖျက်တယ်” ကဗျာထဲက လိုအပ်တဲ့အပိုဒ် (၂)ပိုဒ်ကိုပဲယူပြီး ဖော်ပြလိုက်တာပါ။ “လက်ချောင်း” တွေကို အာဏာရှင်ကို ကိုယ်စားပြုတဲ့ “သင်္ကေတ” အဖြစ် အသုံးပြုသွားတာတွေ့ကြရမှာပါ။
နောက်ထပ်ပြီး။ ရုရှားက ရဟူဒီကဗျာဆရာ “အိုစစ်မင်ဒယ်လ်စတန်း” ရဲ့ “မဟာခေါင်းဆောင်ကြီး စတာလင်” ကဗျာထဲက ကဗျာတပိုဒ်ကို ဖတ်ကြည့်ပါ။
“သူ့ရဲ့တုတ်ခိုင်လှတဲ့ လက်ချောင်းဆယ်ချောင်း
သူ့စကားတွေဟာ အလေးချိန်တိုင်း
ကြိယာတွေပါပဲ”
ဒီမှာလည်း “အိုစစ်မင်ဒယ်လ်စတန်း” က၊ လက်ချောင်းတွေကို “အာဏာရှင်ကိုယ်စားပြုသင်္ကေတ” အဖြစ် အသုံးပြုသွား တာ တွေ့ကြရမှာပါ။
ဒီနေရာမှာ ပြောစရာတခုရှိတာက၊ “ဒီလန်တောမတ်စ်” နဲ့ “အိုစစ်မင်ဒယ်လ်စတန်း” တို့ နှစ်ယောက်စလုံးဟာ၊ အာဏာရှင်တွေရဲ့ ဖိနှိပ်ကန့်သတ်ချုပ်ချယ်မှုတွေနဲ့လွတ်အောင် တမင်ဖန်တီး တီထွင်တဲ့အနေနဲ့ “လက်ချောင်း” တွေကို “အာဏာရှင်ကိုယ်စားပြုသင်္ကေတ” တွေအဖြစ် အသုံးပြုခဲ့ကြတာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ သူတို့ ခေတ်တုန်းက ဘယ်စာပေ စီစစ်ရေးမှလည်း မရှိသေးပါဘူး။ ဒါပေမယ့် သူတို့ သင်္ကေတအသစ် ဖန်တီးပြီးရေးခဲ့ကြပါတယ်။
ဒီနောက်ပိုင်းကြတော့ အာဏာရှင်တွေဟာ စာပေလောကကို မျက်လုံးဒေါက်ထောက်ပြီးကြည့်ကြ၊ သူတို့ကို ဆန့်ကျင် တယ်လို့ ထင်ရတဲ့စာပေတွေကို ဖြတ်ကြတောက်ကြ ပိတ်ပင်ကြ။ ရေးတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေကို ဒုက္ခပေးကြဆိုတော့ စာရေးဆရာတွေ ကဗျာဆရာတွေဟာ အာဏာရှင်တွေရဲ့ရှေ့မှောက်မှာ ကိုယ်ရောင်ဖျောက်ပြီး လမ်းလျှောက်နိုင် တဲ့ကဗျာအမျိုးအစားတွေကို တီထွင်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ အုပ်စိုးသူနဲ့ ကဗျာဆရာတွေ ဥာဏ်ချင်းပြိုင်တဲ့ခေတ်ကြီးတခေတ် ပေါ်လာခဲ့ပါတယ်။ အဲသလို ခေတ်ဆိုး၊ ခေတ်ပျက်၊ ခေတ်ကြပ်ကြီးကပဲ ကဗျာဆရာ “စောဝေ” ဆိုတဲ့ ဥာဏ်ကြီှးရှင်ကဗျာ ဆရာတယောက်ကို မွေးထုတ်လိုက်တာပဲလို့ ဆိုရပါလိမ့်မယ်။
(၃)
ဖေဖော်ဝါရီဆယ့်လေး
အာ ရင်ဘက်က ပြောတယ်
နာ နာခံစားတတ်မှ ခံစားမှ
ရူး ရူးမူးမူးကို ဖြစ်နေမှ
ကြီး မြတ်တဲ့အနုပညာလို့
မှူး မှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ
ကြီး တောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါတဲ့
သန်း ပေါင်းများစွာသော ချစ်တတ်သူများ
ရွှေ အတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ ။ ။
ဆရာ “စောဝေ” ရဲ့ “ဖေဖော်ဝါရီဆယ့်လေး” ကဗျာဟာ၊ စာကြောင်းရေ (၈)ကြောင်းနဲ့ ဖွဲ့စည်းထားတဲ့ကဗျာပါ။ ဖော်ပြဖို့ ပို့ထားတဲ့ ဂျာနယ်ကလည်း အချစ်ဂျာနယ်ပါ။ စာပေစီစစ်ရေးက ဦးစားပေးခံရ၊ တစုံတရာ အခွင့်အရေးပေးခံရတဲ့ ဂျာနယ်ပါ။ တနည်းအားဖြင့် အုပ်စိုးသူရဲ့ လစ်ဟာနေတဲ့ နေရာတနေရာ၊ အပါးဆုံးနေရာသဘောပါ။ ဒီိလို ဂျာနယ်၊ ဒီလို နေရာမျိုးကိုမှ ဆရာ “စောဝေ” က ရွေးချယ်ခဲ့တာပါ။ ဒီလို အပါးဆုံးနေရာကိုထိုးတော့ အလွယ်တကူနဲ့ ပေါက်တော့တာပေါ့။ အလွယ်တကူနဲ့ပဲ စာပေ စီစစ်ရေးရှေ့က ရင်ကော့ပြီးလမ်းလျှောက်လာနိုင်ခဲ့တာပေါ့။ ပြီးတော့ စာကြောင်းတကြောင်းချင်းစီကလည်း ဘာနိုင်ငံရေးမှ မပါ။ ဘာဘ၀သရုပ်ဖော်မှ မပါ။ အချစ်သက်သက်ရေးဖွဲ့မှု။ ဆိုတော့ ... “ဖေဖော်ဝါရီဆယ့်လေး” ကဗျာဟာ စာသူဖတ်သူတွေရဲ့ရှေ့ကို အလွယ်တကူပဲ ရောက်လာနိုင်တော့တာပေါ့။ ဒါပေမယ့် ဆရာ “စောဝေ” က၊ ဒီကဗျာမှာ ဘာသာစကားကိုအသုံးပြုပြီး၊ ဘာသာ စကားကို သမရိုးကျ ဘေးတိုက်ဖတ်တဲ့နည်းကိုရှောင်ပြီး၊ ဒေါင်လိုက် အထက်ကအောက် တလုံးချင်းစ်ီဖွဲ့စည်း အသုံးပြုတဲ့ LGနည်းကို အသုံးပြုလိုက်ပါတယ်။ ဒီိလိုနဲ့ “စောဝေ” ရဲ့ကဗျာဟာ ပစ်မှတ်ကိုအသေအချာထိမှန်သွားနိုင်လို့၊ “သမိုင်းဝင်ကဗျာ တပုဒ်” ဖြစ်ခဲ့ရပါတော့တယ်။ နောင်အခါ ကျနော်တို့ လူမျိုး ကျနော်တို့နိုင်ငံရဲ့သမိုင်းမှာ အင်မတန်အောင်မြင်ထိရောက်တဲ့ အာဏာရှင်ဆန့်ကျင်ရေးကဗျာတပုဒ်အဖြစ် ကဗျည်းထိုးရမယ့်ကဗျာဖြစ်လာခဲ့ပါတယ်။
အာဏာရှင်ကြီးစိုးတဲ့ခေတ်မှာ အာဏာရှင်တွေနဲ့ ဥာဏ်ချင်းယှဉ်ပြိုင်ရတဲ့အလုပ်ကို ကဗျာဆရာတွေ အခုလို တပျော်တပါးကြီး ၀င်ရောက်ဆင်နွဲနေကြတဲ့ခေတ်၊ ဘယ်တုန်းကမှ မရှိခဲ့သေးဘူး။ ရှိတယ်ဆိုရင်လည်း ဒီခေတ်လောက် မပြင်းထန် ခဲ့ပါဘူး။ ဒါ့အပြင် အာဏာရှင်တွေကို နားရွက်တံတွေးဆွတ်တဲ့ကဗျာ၊ အမြီးလိမ်ချိုးတဲ့ကဗျာ၊ ညှို့သူကြီးဆောင့်ကန်တဲ့ကဗျာ မျိုးတွေဆိုတာလဲ ဒီခေတ်လောက်၊ ဘယ်ခေတ်မှာမှ မရှိခဲ့သေးပါဘူး။ ဆရာ “စောဝေ” လို ကဗျာဆရာ၊ စာရေးဆရာတွေဟာ၊ အာဏာရှင်စနစ်ပြိုကျပျက်စီးသွားတဲ့အထိ ကဗျာလက်နက်အသစ်တွေ၊ တီထွင်သထက် တီထွင်ကိုင်ဆွဲ တိုက်ပွဲဝင်ကြလိမ့်မယ် ဆိုတာကို ကျနော် သံသယမရှိယုံကြည်နေမိပါတယ်။

Subscribe to:
Posts (Atom)