March 02, 2010

ချစ်သူတို့ ရဲ့ပွဲ



အပိုင်း (၂)

အမှန်အားဖြင့်ဆိုရင်တော့ ကျနော်တို့ မဲဆောက်က ဒီညီလာခံကို ချီတက်ကြတာ စုစုပေါင်း ၂၆ ယောက်ပါ။ လူ ၂၀ က ညီလာခံတာဝန်ရှိသူတွေ စီစဉ်ပေးတဲ့ကားနဲ့ သွားကြရတာဖြစ်ပြီး ကျန်တဲ့သူတွေက သူ့ အစီစဉ်နဲ့ သူ သွားကြတာပါ။

ညီလာခံမတိုင်ခင် ၁၅ ရက်လောက်ကတည်းက ညီလာခံတက်မယ့်သူတွေ အစည်းအဝေး ၂ ကြိမ်ထိုင်ပြီး လူစာရင်းသတ်မှတ်ကြ၊ တာဝန်ခွဲဝေကြနဲ့  အဆင်ပြေနိုင်သမျှပြေလည်အောင် တိုင်ပင်ဆုံးဖြတ်ခဲ့ကြတာပါ။ ဒီအလုပ်တွေကို ထုံးစံအတိုင်း ဒိုင်ခံဆော်သြစည်းရုံးခဲ့သူကတော့ ကဗျာဆရာ မောင်လွမ်းဏီပါပဲ။ ကျနော့်အတွေ့ အကြုံအရဆိုရင် မောင်လွမ်းဏီဟာ ဒီတပွဲလောက် သီးခံစိတ်ရှည်နိုင်ခဲ့တာ ကျနော်တခါမှမတွေ့ ဘူးသေးပါဘူး။ ကျနော်တို့ သူ စံအိမ်မှာပဲ အစည်းအဝေးလုပ်ကြတာပါ။ဒါလောက်ကြိုတင်ပြီး ပြင်ဆင်လုပ်ကိုင်ထားတဲ့ကြားက အမှားအယွင်းတချို့ အတိမ်းအ
စေါင်းတချို့ ရှိကောင်းရှိအုန်းမှာဖြစ်တယ်ဆိုတဲ့စကားကို မောင်လွမ်းဏီနဲ့ ကျနော် ပြောဖြစ်ခဲ့ကြပါသေးတယ်။ သူ့ ကို ကျနော် ကိုယ်ချင်းစာမိတယ်။ ကျနော်လည်းပဲ လွန်ခဲ့တဲ့ ၃ နှစ်က သူလုပ်တဲ့အလုပ်တွေ လုပ်ခဲ့ရဖူးတယ်။ ကျနော်တော့ တကြိမ်တည်းနဲ့ လက်လန်သွားရတယ်။ ဒီအလုပ်မျိုး ဆက်မလုပ်ဖို့  ဒီအလုပ်နဲ့ ကိုယ်နဲ့ က တာဝန်ကကြီး ထမ်းဆောင်နိုင်စွမ်းက သေး ဆိုတော့ တော်တော့ကို စိတ်ပင်ပမ်းခဲ့ရတယ်။ အခုတော့ သူကကောင်းတာလုပ်တာဖြစ်တဲ့အပြင် ကိုယ်မလုပ်နိုင်စွမ်းတာကို လုပ်ပေးနေတာဆိုတော့ သူ့ ကို ကျနော်နိုင်သလောက်ဝန်းရံပေးဖို့ ကိုပဲ ဦးတည်ခဲ့တယ်။ ပြီးတော့ ဒီညီလာခံမှာ ကျနော်တို့ တတွေ လေးမြှားချွန်တဲ့အတတ်ပညာ၊ ကျနော်တို့ နဲ့  တလှေတည်းစီးသူများ တိုးတက်ဖို့  နွေးထွေးဖို့ အခွင့်အရေးရနိုင်တာ သေချာတယ်။ ဒီညီလာခံမှာ ကျနော်တို့ လူတချို့ ရဲ့ အရောင်တွေ အနံ့ တွေကို အကဲခတ်ခွင့်ရမှာသေချာတယ်။ ပြီးတော့ ကျနော်ကတော့ ကိုယ့်ကိုယ်ကို ဆေးကြောဖို့ ပေါင်းသင်ဖို့ အခွင့်အရေးတွေရမှာ သေချာတယ်လို့ ပဲ နှလုံးပိုက်မိတယ်။ အဲဒီစိတ်နဲ့ ပဲ ကျနော် သွားခဲ့တာပါ။

ရောက်တဲ့ညနေမှာပဲ ရေမိုးချိုးပြီး ညစာထမင်းဆင်းစားကြတယ်။ ကျနော်တို့ က ခတ်စေါစေါဝင်စားတော့ စားပွဲပြင်ဆင်နေတုန်းဆိုတာမသိတော့ ဟင်းစုံအောင်မစားခဲ့ကြရဘူးလေ။ ဒေါသကုမ္မာရီမလေး ခင်မင်းဇော်ရဲ့ဆော်သြမှုကြောင့် ဝကာနီးကာမှ နောက်ထပ်ဟင်းပန်းကန်တွေရောက်လာပြီး အဆင်ပြေသွားတော့တယ်။
ကျနော်တို့ ထမင်းစားတဲ့နေရာက ပင်မအဆောက်အဦးကြီးရဲ့အောက်ထပ်မှာပါ။ ကျယ်ကျယ်ပြန့် ပြန့် နဲ့ လေကောင်းလေသန့် လည်းရပါတယ်။
ထမင်းစားဝိုင်းမှာ ပထမဆုံးကြားရတဲ့သတင်းကတော့ ဘယ်သူတွေ ဘယ်အခန်းမှာ ဘယ်သူနဲ့ တွဲကျတယ်ဆိုတဲ့သတင်းပါပဲ။ ကျနော်နဲ့ ကားတစင်းတည်းစီးလာခဲ့သူတွေလည်း ကျနော်တည်းခိုခွင့်ရတဲ့ အထပ် ၅ မှာချည်းမှာပဲ နေကြရပါတယ်။ ကျနော်တို့ နဲ့ မျက်စေါင်းထိုးအခန်းတွေမှာဆိုပါတော့။ကျနော်တို့ နဲ့ မျက်နှာချင်းဆိုင်အခန်းမှာတော့ ဗိုလ်ထက်မင်းတို့ မိသားစုအခန်းဖြစ်ပါတယ်။ ဗိုလ်ထက်မင်းနဲ့ က စကားမပြောဖူးသေးပါဘူး။ သူ့ ဇနီးနဲ့ ကတော့ မနှစ်က ဆရာကြီးခိုင်ဦးမောင်အထက်တန်းကျောင်းမှာ ကျနော် အပျော်တန်း စာဝင်သင်ပေးတုန်းက သူကလည်း အဲဒီကျောင်းမှာ အထက်တန်းပြဆိုတော့ အဲဒီကတည်းက သိခဲ့ကြတာပါ။

ထမင်းဝိုင်းမှာ ကျနော်မသိတဲ့သူတွေ အများကြီးပါပဲ။ ချင်းမိုင်ဒေသခံတချို့ တော့ ခဏတဖြုတ်တွေ့ လိုက်ရပါတယ်။ ကျနော်က ညီလာခံအစီစဉ်ကိုကြည့်ြ့ပီး ညီလာခံပထမနေ့  ဒါမှမဟုတ် ဒုတိယနေ့ ကြရင်တော့ ညနေပိုင်းမှာ အသာလစ်ထွက်ပြီး အင်္ဂလိပ်စာအုပ်အဟောင်းဆိုင်တွေဆီသွားဖို့ စဉ်းစားထားခဲ့တာပါ။ ချင်းမိုင်ကို မရောက်ခင်ကတည်းက ဧရာဝတီသတင်းဂျာနယ်တိုက်က ကိုစိုး ဆီ ဖုံးဆက်ပြီး စာအုပ်ဆိုင်တွေဆီလိုက်ပို့ ဖို့ အကူအညီတောင်းထားခဲ့တာပါ။ဆရာ မောင်သာမည ကိုလည်း အကူအညီတောင်းဖို့ စဉ်းစားပေမယ့် သူက ကျနော် ပြီးခဲ့တဲ့နှစ် ချင်းမိုင်မှာပြုလုပ်တဲ့ စီမီနာတခုလာတက်တုန်းက သူကိုယ်တိုင်ပဲ စာအုပ်ဆိုင်တွေလိုက်ပို့ ကူညီခဲ့တာမို့ ထပ်ပြီးအကူအညီတောင်းရမှာအားနာလို့ ဒီတခါမတော့ ကိုစိုးကိုပဲ အကူအညီတောင်းခဲ့တာပါ။ပြီးတော့ ကိုစိုးနဲ့ ကလည်း လူချင်းမျက်မှန်းတန်းမိလောက်အောင်မဆုံဘူးသေးတော့ လူချင်းပိုပြီးရင်းနီးချင်တာလဲပါတယ်ဆိုပါတော့။ ကျနော်က ဧရာဝတီအင်တာနက်မဂ္ဂဇင်း စာအုပ်စင်ကဏ္ဍမှာ စာတွေဝင်ရေးနေတာကြာပေမယ့် ဒီကဏ္ဍကို တာဝန်ယူရဟန်တူတဲ့ ကိုစိုးနဲ့ က ဖုံးထဲမှာပဲစကားပြောဖူးသေးလို့ အခုလို ကြုံတဲ့အခါ လူချင်းတွေ့ ရအောင် အကူအညီတောင်းခဲ့တာပါ။

ညစာထမင်းစားတဲ့နေရာမှာ ကျနော်တို့ မဲဆောက်က ရဲဘော်တွေ ပျော်ပျော်ပါးပါး စကားတပြောပြောနဲ့ ဝိုင်းဖွဲ့ ထိုင်ကြတာတွေ့ ရပါတယ်။ ခေတ်ပြိုင်က ကိုမန်းမျိုးမြင့်၊ ကရင်သတင်းစဉ်က အယ်ဒီတာ နန်းဖေါဂေ၊ အာအက်ဖ်အေသတင်းထောက်လေး ကိုမိုးကျော်၊ ဒေါင်းအိုးဝေစါစေါင်က ဗိုလ်ကျောက်၊ အသံကျယ်ကျယ်နဲ့ စကားပြောရင် အားရပါးရပြောတတ်တဲ့ ဒေါသကုမ္မာရီလေး ခင်မင်းဇော်။ သူ့ ဘေးနားမှာ မျက်မှန်လေးတဝင်းဝင်းနဲ့ မိန်းခလေးတယောက်။ ခင်မင်းဇော်ကမိတ်ဆက်ပေးမှ အာအက်ဖ်အေသတင်းထောက်၊ ဘလော့ဂါ မဆုမွန်ဆိုတာ သိရတော့တယ်။ သူက စကားပြောရင် ရဲရဲရင့်ရင့်သွက်သွက်လက်လက်ရှိမယ့်ကောင်မလေးလို့ ကျနော်ထင်မိတယ်။

ထမင်းစားပြီးလို့ အခန်းကိုပြန်တက်တော့ ဆရာနေမျိုးအေးနဲ့ ကျနော် ထွေရာလေးပါးစကားထိုင်ပြောကြပါသေးတယ်။ သူက သူ့ ရဲ့စာပေအတွေ့ အကြုံတွေကိုပြောတဲ့အခါ ကျနော်မသိသေးတဲ့အချက်အလက်တချို့ ကို ကျနော်သိခွင့်ရပါတယ်။ ကျနော်နဲ့ ငယ်စဉ်က သိခဲ့ကြတဲ့ ကိုဟိန်းလတ်တို့ ၊ ကိုပြေငြိမ်းတို့ အကြောင်းတွေကို ကျနော်သိခွင့်ရလိုက်ပါတယ်။ ကျနော်ကလည်း သူ့ ကဗျာစာအုပ်ကို ကျနော့်ရဲ့အတ္တနောမတိစိတ်နဲ့ ဝေဖန်ခဲ့မိတာကို ဝန်ခံရင်း သူ့ ရဲ့ ↔တေးတိုတဲ့ငှက်ကလေး ↔ ကဗျာကို ကျနော်ကြိုက်လွန်းလို့ အာအက်ဖ်အေကနေ နှစ်ကြိမ်တိတိ အသံလွှင့်ခဲ့တဲ့အကြောင်း သူ့ ကိုနှစ်သိမ့်မိပါတယ်။

သူနဲ့ ကျနော်စကားပြောနေတုန်း အပြင်ဖက်လူသွားလမ်းပေါ်က ကျနော့်နာမည်ပြောပြီး အခန်းမေးနေတဲ့အသံကြားလို့ အပြင်ကိုခေါင်းပြူပြီးထွက်ကြည့်တော့ ကိုရီးယားကလာတဲ့ ကဗျာဆရာ ကိုရန်နိုင်ထွန်းကို တွေ့ လိုက်ရပါတယ်။ သူ့ လက်ထဲမှာ သားရေလက်ဆွဲအိပ်တလုံးဆွဲထားတာကို တွေ့ ရပါတယ်။ ပြီးခဲ့တဲ့ ငါးမိနစ်လောက်က ဆရာမောင်လွမ်းဏီက ခင်ဗျား ပစ္စည်းတခုရွေးရမယ် အနည်းဆုံးငွေငါးရာပဲ ခင်ဗျားကို တောင်ကိုရီးယားက ရဲဘော်တွေက လက်ပ်တော့တလုံးပေးလိုက်တယ် ကိုရန်နိုင်ထွန်းဆီမှာပါလာတယ် ဆိုပြီးပြောထားလို့ အဖြစ်မှန်ကိုသိထားတဲ့ကျနော်က ဝမ်းသာအားရပဲ ကိုရန်နိုင်ထွန်းကို နှုတ်ဆက်လိုက်ပါတယ်။ကိုရန်နိုင်ထွန်းက အခန်းထဲဝင်လိုက်လာပြီး လက်ပ်တော့ကွန်ပျူတာနဲ့ သူတို့ တောင်ကိုရီးယားကထုတ်တဲ့စာအုပ် ၄ အုပ်ကိုပေးပါတယ်။ ကျနော်ကလည်း ယူလာပေးတဲ့သူ့ ကိုကျေးဇူးတင်တဲ့အကြောင်းပြောပြီး သူလည်းပဲ သူ့ အခန်းသူ ပြန်သွားခဲ့ပါတယ်။

ကိုရန်နိုင်ထွန်းပြန်သွားပြီး ကျနော်နဲ့ ဆရာနေမျိုးအေးတို့ တီဗွီထိုင်ကြည့်ကြပါသေးတယ်။ တီဗွီက လိုင်းဆယ်လိုင်းပဲချိပ်ထားတာမို့ သိတ်ပြီးအဆင်မပြေလှပါဘူး။ ခဏကြာတော့ ကျနော်တို့ နှစ်ယောက်စလုံးအိပ်ယာဝင်လိုက်ကြပါတယ်။ အိပ်ယာဝင်မယ်လုပ်တော့ ဟိုဖက်အခန်းထဲက ကိုသီဟမောင်မောင် ဖုံးစကားပြောနေတာကြားလိုက်ရပါတယ်။

နောက်တပိုင်းကို ဆက်လက်ဖတ်ရှုကြပါရန်...
(ဖေါ်ပြတဲ့ဓါတ်ပုံတွေကတော့ ကျနော်တို့ အခန်လေးရဲ့ ဧည့်ခန်းအနေအထားနဲ့ ဟော်တယ်ပင်မအဆောက်အဦးရှေ့ မှာ ရိုက်ထားတဲ့ ကျနော့်ရဲ့ ပုံဖြစ်ပါတယ်။ဒီပုံကို ကိုတင်အေး-ဗကသ ကရိုက်ပေးခဲ့တာပါ။)

ငြိမ်းဝေ





No comments:

Post a Comment