November 22, 2010

ထိုင်နေသော မိန်းမ



အခု လဆန်းပိုင်းကတည်းက ကျနော် နေ့ စဉ်လိုပဲ ဒီကဗျာကိုပဲ ဖတ်နေမိ သတိရနေမိခဲ့ပါတယ်။

ငြိမ်းဝေ

ထိုင်နေသော မိန်းမ

သူမ
သိုးခြံထဲက သိုးကလေးတစ်ကောင် ဖြစ်လိုက်တယ်
အုပ်ဖွဲ့ အသံပေး လာနေကြတော့ရဲ့
အသွားထက်ထက် ကပ်ကြေးတွေက
ဖေါင်းကြွနေတဲ့
သူမရဲ့ အမွှေးအမှင်များ အတွက်။

သူမ
တောအုပ်ထဲက ခြင်္သေ့ တစ်ကောင်ဖြစ်လိုက်တယ်
ခေါင်းငုံ့ကာ တိတ်ဆိတ်နေကြတော့ရဲ့
တောအုပ်တွေရဲ့ အသက်ရှူသံတွေက
တောက်ပနေတဲ့
သူမ မျက်ဝန်းတစ်စုံအတွက်။

သူမ
လျှောက်သွားခဲ့တယ်
လမ်းမတွေပေါ်
ဘေးဘီဝဲယာကို သူမ ကြည့်ရှုခွင့် ရခဲ့။

သူမ
ပျံဝဲခဲ့တယ်
မိုးကောင်းကင်အလယ်
ကမ္ဘာမြေ အပြားကြီးကို
အပေါ်စီးကနေ
သူမ မြင်တွေ့ လိုက်ရခဲ့။

သူမနဲ့
တပါးသူတို့ ဝတ်ဆင်
စွန့် ရစ်ခဲ့တဲ့
အိပ်မက် အအိုတွေ။

သူမနဲ့
တပါးသူတို့  စားသောက်
ကြွင်းကျန်ရစ်သော
မျှော်လင့်ချက် အပျက်အပြိုများ။

သူမရဲ့ ခြေရာ
သူမရဲ့ သစ်သီး
သူမရဲ့ နံရံ
သူမရဲ့ သံစဉ်များ။

ဟစ်အော် ခေါ်နေကြလေရဲ့
သူမကို
သူမ မစိုက်ပျိုးရသေးတဲ့
ဥယျာဉ်ခြံမြေတွေက။

ဟစ်အော် ခေါ်နေကြလေရဲ့
သူမကို
သူမ မဖေါက်လုပ်ရသေးတဲ့
လမ်းမကြီးငယ်တွေက။     ။

ငုအိမ်ထက်မြက်
သရုပ်ဖေါ်ပုံက ပီကာဆိုရဲ့ လက်ရာပါ။ ဂူဂဲက ရယူထားတာပါ။

No comments:

Post a Comment