October 26, 2011
ငှက်ပျောတောတန်း လှည်းလမ်းကြောင်း နှင့် ရိုးပေါ်က လေညှင်း
                             (က)
            ရိုးထဲတွင်ရေမရှိတော့သည့်တိုင် ကိုင်းပင်၊ ခြုံပင်များမှာ ထူထပ်လျက်ရှိနေသေး၏။ ရိုးအလယ်သို့ ရောက်သည်အထိ ၀ါးတံတားထိုးဆက်သွယ်ထားသည့် “ရေသိမ်” ကလေးမှာ အကာအရံမရှိ။  ၀ါးတံတားလေးပေါ်မှကြည့်လျင် လေးဖက်လေးတန် ၀န်းကျင်ကို ကောင်းကောင်း မြင်ရ၏။ အထူးသဖြင့် “ချောင်းကျိုး”’ ရွာကလေးဆီမှ ကွေ့ဝိုက်ပြီး လာနေသည့် ကုက္ကိုပင်တန်းနှင့် ငှက်ပျောပင်တန်းကို အစအဆုံးလှမ်းမြင်နေရ၏။ ၀ါးတံတားထိပ်သည် လှည်းလမ်းဘေးတွင်မေးတင်လျက်ရှိ၏။ လှည်းလမ်းနှင့် မလှမ်းမကမ်းတွင် “ဘုန်းတော်ကြီးကျောင်း” ရှိနေလေသည်။
            “ရေသိမ်”လေးနှင့်ဆက်သွယ်ထားရာ၊ ၀ါးတံတားပေါ်တွင် တဦးတည်းထိုင်နေစဉ် ကုက္ကိုပင်တန်း၊ ငှက်ပျောတောတန်းကလေးဆီ လှမ်းမျှော်ကြည့်မိသည်။ နောက်ထပ် နာရီဝက် (သို့ မ ဟုတ်) တနာရီခန့်ရှိလျှင် ထိုကုက္ကိုပင်တန်းနှင့်ငှက်ပျောတောတန်းကလေးအတိုင်း လမ်းလျှောက်လာနေသည့် “မဒေ၀ီ” ကိုကျနော်တွေ့ရမည်။ ထိုအခါ ကျနော့်နှလုံးသားများ ရုတ်တရက် စိမ်းစိုလန်းဆန်း လာကာ လှည်းလမ်းကလေးဆီကြိုပြီးကြည့်နေမိမည်။ ငှက်ပျောတောတန်းအလွန် တောအုပ် ကလေးထိပ်၊ ခေါင်းပြူပြီးထွက်လာသည့် လှည်းလမ်းကလေးပေါ်တွင် ဈေးတောင်းခေါင်းရွက်ပြီး လျှောက်လာနေသည့် ‘မဒေ၀ီ’ ကိုကျနော်တွေ့ရမည်။ ခြေထောက်တွဲလောင်းချပြီး ထိုင်နေသည့် ကျနော့်ဆီသို့ ၀ါးတံတားလေးအတိုင်း သူလျှောက်လာလိမ့်မည်။ ပြီးတော့ သူသည်လည်းကျနော့်ဘေးတွင် ခြေထောက်တွဲလောင်းချထိုင်ကာ သူ့ဘ၀ တနေ့တာ အတွေ့အကြုံတချို့ကိုပြောပြနေဦးမည်။
 ကုက္ကိုပင်တန်းအောက်တွင် လူတယောက်လမ်းလျှောက်လာနေသည်ကို သစ်ပင်များကြားမှ ပျောက်လိုက် ပေါ်လိုက်တွေ့နေရ၏။၊ ငှက်ပျောတောတန်းကလေးနှင့် ကုက္ကိုပင်တန်းအကူးတွင်မူ ဈေးတောင်းခေါင်းရွက်ကာ လှည်းလမ်းအတိုင်း လမ်းလျှောက်လာနေသည့်‘မဒေ၀ီ’ကို ကျနော်တွေ့ရလေတော့သည်။
                                                     (ခ)
            “ဘယ်လိုလဲဈေးသည်ကြီး ဆန်နီရဲ့၊ နေပူတော့မယ်လေကွာ  အခုထက်ထိ မသွားနိုင်သေးဘူးလား”
            “ရွာထဲ ခဏသွားလိုက်တာပါမောင်ရယ် ကိစ္စရှိလို့ ... ဟဲ ...ဟဲ...”
ကျနော်က ပြုံးပြုံးရွှင်ရွှင်ဖြစ်နေသည့် ‘မဒေ၀ီ’ ၏ မျက်နှာကိုကြည့်ကာ စိတ်ဝင်စားမိသည်။
           “ဘာကိစ္စလဲ ချဲဂဏန်းသွားတောင်းတာလား”
            “အိုး မဟုတ်တာမောင်ရယ်၊ ရွာထဲမှာအသုဘကူငွေလိုက်ကောက်တာပါ”
            “ဘာ၊ အသုဘကူငွေ၊ ဘယ်သူ့အတွက်လဲကွ၊ ဘယ်သူဆုံးတာလဲ”
            “အော်၊ ညတုန်းကမောင့်ကိုပြောပြထားတဲ့ ‘ဇရပ်ကြီး’ကအဘိုးကြီးအသုဘအတွက်ပါမောင်ရဲ့၊ ရွာထဲမှာကျမနဲ့နားလည်မှုရှိတဲ့ သူငယ်ချင်းတွေလိုက်ပြောပြီးစုတာ၊ နှစ်ရာကျော်တောင်ရတယ်မောင်”
ညတုန်းကအိပ်ရာမ၀င်ခင် ‘မဒေ၀ီ’ပြောခဲ့သည့် ‘ဇရပ်ကြီး’ရွာကအသက် (၆၀) အရွယ် လူ တယောက်၏ အသုဘကိစ္စကိုကျနော်သတိရသွား၏။ စစ်တောင်းမြစ်ဟိုဖက်ကမ်း ကားလမ်းသစ် ဖောက်လုပ်ရေး လုပ်အားလာပေးရင်းက ရုတ်တရက်သေဆုံးသွားရသည့် ‘ဇရပ်ကြီး’ရွာက အဘိုးအို တဦးအကြောင်းကို ‘မဒေ၀ီ’ကကျနော့်ကို စီကာပက်ကုံးပြောပြခဲ့၏။
            ရွာတွင် ကျောထောက်နောက်ခံမရှိသည့်အပြင် သူနှင့်အတူ လုပ်အားလာပေးနေကြရသည့် ဇရပ်ကြီးရွာသားများလည်း တလကိုးသီတင်း ရွာနှင့်ဝေးလံသည့်နေရာတွင် လုပ်အားပေးနေကြရသဖြင့် ‘အသုဘ’ကိစ္စကို တင့်တောင့်တင့်တယ်ဖြစ်အောင် မစီစဉ်နိုင်ကြ။ တာဘေးကခြုံပုတ်အစပ် နေပူကွင်းကြီးထဲတွင် ၀ါးစင်ပေါ်ဖျာနှင့်လိပ်ပြီး အလောင်းစင်ပြင်ခဲ့ကြရ၏။ လုပ်အားပေးအချင်းချင်း တကျပ်တန်သည် နှစ်ကျပ်တန်သည်စုကာ၊ အနီးဆုံးရွာက ဓါတ်စက်ငှားပြီးဖွင့်ရ၏။ ‘မဒေ၀ီ’က လုပ်အားပေးများကို ဈေးတောင်းခေါင်းရွက် မုန့်လိုက်ရောင်းရင်းက အသုဘကိစ္စကိုတွေ့ပြီး စိတ်မကောင်းဖြစ်မိဟန်တူလေသည်။
            “ ကဲ ဒါဆိုရင်လည်းထွက်တော့ နေပူလိမ့်မယ် ”
            “ နေအုံးမောင်၊ မောင့်ကိုလည်း ကျမက ပြောစရာရှိသေးလို့ ”
            “ ဘာပြုတယ်”
            “ မောင့်ကို ပြောစရာနည်းနည်းရှိသေးတယ်လို့ ပြောတာပါမောင်ရယ် တကတဲ မျက်လုံး မျက်ဆန်ပြူးပြီး ဘယ်လိုဖြစ်သွားတာလဲ ”
            “ အော် ၊ ဈေးရောင်းထွက်ခါနီးကြကာမှ ဘာမပြောညာမပြော စကားပြောစရာရှိတယ်ဆိုတော့၊ အံ့သြသွားလို့ပါကွာ...၊ ကဲ-ပြော ဘာပြောမလို့လဲ”
             မဒေ၀ီ က တဲပေါက်ဝတွင်ပင် ခြေထောက်တွဲလောင်းချထိုင်ရင်း ကျနော့်ကို ပြုံးပြီးကြည့်နေသည်။ 
            “ မော်စီတုန်းတို့  ဟိုချီမင်းတို့က ကဗျာရေးကြတယ်နော်မောင် ...”
            ကျနော်က သဲသဲကွဲကွဲကြားလိုက်သည့်တိုင် နားကိုမယုံနိုင်အောင် ဖြစ်ရသဖြင့် သူ့ကို ကြောင်ပြီး ငေးကြည့်နေမိသည်။ ရုတ်တရက် ဘာပြောရမှန်းပင်မသိ။
            “အော် ... ဒီလိုပါမောင်ရဲ့ ၊ ဗီယက်နမ်က ဟိုချီမင်းတို့  တရုတ်ပြည်က မော်စီတုန်းတို့က ကဗျာရေးကြတယ်နော် မောင်”
“အင်း ... ဟုတ်တယ်၊ ရေးတယ်လေ၊ အဲဒါ ဘာဖြစ်လဲ၊ မင်းဘာတွေ တွေးနေတာလဲ”
            “ ကျမ၊ ဒါကိုစဉ်းစားနေတာကြာပြီမောင်ရဲ့၊ ဗီယက်နမ်ခေါင်းဆောင်၊ တရုတ်ခေါင်းဆောင် တွေက ကဗျာရေးတယ်၊ ကဗျာကိုခံစားတတ်တယ်ဆိုတော့ အကယ်၍များ ကျမတို့ရဲ့ခေါင်းဆောင် ကလည်း ကဗျာရေးတတ်ရင်၊ ကဗျာကိုခံစားတတ်ရင် ဘယ်လောက်များကောင်းလိမ့်မလဲလို့ပေါ့၊ ကျမက ကျမတို့ရဲ့ခေါင်းဆောင်ကို ကဗျာရေးတတ်စေချင်တယ်၊ ဒါမှမဟုတ် ကဗျာတွေကို ကောင်းကောင်းခံစားတတ်စေချင်လိုက်တာ အရမ်းပဲ မောင်ရယ် တကယ်ပဲ” 
            မဒေ၀ီကို ကျနော် သြချယူရလောက်အောင် ဖြစ်သွားရ၏။
            “ အဲဒီတော့ ”
            “ အဲဒါ ...၊ နောက် နှစ်ရက်ရှိရင် မောင်အုတ်တွင်းကို သွားရမယ်မို့လား၊ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးကအပြန် အုတ်တွင်းရုံးကို ၀င်အုံးမှာပဲမို့လား၊ အဲဒါ ဒီတခါ မောင်အုတ်တွင်း သွားရင် ကျမလိုက်ချင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ချင်တယ်၊ ပြီးတော့ သူ့ကို ကဗျာရေးတတ်သလား၊ ဒါမှမဟုတ် ကဗျာဖတ်သလား၊ ကဗျာခံစားတတ်သလားဆိုတာ မေးမယ်၊ အဲဒါ ကျမတွေးနေတာကြာပြီ၊ ကျမ ဒီကိစ္စ အရမ်းသိချင်တာပဲမောင်ရယ်၊ မောင်ဒီတခါ အုတ်တွင်းကိုသွားရင် ကျမလိုက်လို့ရမလားဟင်မောင်၊ ကျမလိုက်ချင်တယ်၊ လိုက်ပါရစေမောင်ရယ် ”
 ပြောချင်တာပြောပြီး ကျနော်နှင့်ဆွေးနွေးညှိနှိုင်း ကျေနပ်ကာမှ ဈေးတောင်းခေါင်းပေါ်တင်ကာ ဈေးရောင်းထွက်သည့် မဒေ၀ီ၏ ကျောပြင်ကိုငေးကြည့်ကာ ကျနော့်မှာ သက်ပြင်းချမိလေသည်။
                                                  (ဂ)
            တောအုပ်ကလေးထဲမှလမ်းလျှောက်ပြီးထွက်လာနေသည့် ‘မဒေ၀ီ’ ကိုကျနော်ငေးကြည့်နေရင်းက ‘မဒေ၀ီ’ နှင့်ပြောရဆိုရမည့်စကားလုံးများကို ကြိုတင်စဉ်းစားနေရပြန်သည်။ အမှန်စင်စစ်၊ မဒေ၀ီကိုယ်တိုင်၊ အုတ်တွင်းရုံးကို လိုက်လာနိုင်လျှင်ကောင်းလေစွဟူ၍လည်းတွေးမိသည်။ အခုတော့ အုတ်တွင်းရုံးကိုမလိုက်လာနိုင်ခဲ့သည့် မဒေ၀ီအဖို့ သူသိချင်သည့် မေးခွန်းများကိုဘယ်လောက်အထိ စိတ်လှုပ်ရှားစွာ သိချင်နေခဲ့မည်ကို ကျနော်ခန့်မှန်းမိသည်။ သူ့ကို ကျနော်နားလည်သည်။
            ထိုနေ့ကအုတ်တွင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံးကို မဒေ၀ီ မလိုက်နိုင်ခဲ့ပါ။ အငယ်ဆုံးသားဖြစ်သူက ထိုနေ့ကြကာမှ အထက်လှန်အောက်လျှောဖြစ်ကာ ရုတ်တရက်နေမကောင်းသဖြင့် သူ့ခမျာ ကျနော်နှင့်အတူ အုတ်တွင်းရုံးကိုမလိုက်နိုင်ခဲ့ပါ။ သူသိချင်သည့် မေးခွန်းများကိုသာ ဒေါ်အောင်ဆန်း ဆုကြည်နှင့် တွေ့သည့်အခါ မေးဖြစ်အောင်မေးခဲ့ဖို့ ကျနော့်ကို အတန်တန်မှာရင်း ရွာတွင်ကျန်နေရစ်ခဲ့၏။
            ရွာမှထွက်ပြီးနောက်တနေ့တွင် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ကျွဲပွဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ၀င်ရောက်လာခဲ့ကြ၏။ အမှန်စင်စစ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့မှာ ကျွဲပွဲကို ၀င်ရောက်ဖို့ရန်အစီစဉ်မရှိ။ ကျနော်သည်ပင်ကံကောင်ထောက်မစွာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ လိုက်ရခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တို့၏ မူလအစီစဉ်က အုတ်တွင်းမြို့နယ်ရုံးတွင်သာ ခေတ္တ ၀င်ရောက်ရန်စီစဉ်ထားခဲ့ခြင်းဖြစ်၏။ မူလအစီအစဉ်က အုတ်တွင်းရုံးကို ညနေပိုင်းတွင်ရောက်မည်ဟု အကြောင်းကြားရာက၊ မမျှော်လင့်ဘဲ မနက်ခင်းတွင်ရောက်လာခဲ့သဖြင့်၊ ထိုစဉ်က ကျွဲပွဲရုံးတွင်ကင်ရှိနေသေး သည့် ကျနော်မှာ အုတ်တွင်းသို့သွားကာ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဖို့ အခွင့်မသာခဲ့။ ထို့ကြောင့် ဒေါ်အောင် ဆန်းစုကြည်တို့အဖွဲ့ကို ကျွဲပွဲရုံးမှသာထိုင်စောင့်နေခဲ့ရ၏။
            ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ကျွဲပွဲရုံးတွင် (၅) မိနစ်မျှသာ ကားရပ်ပြီးနောက် ခရီးဆက် ကြရ၏။ စုပြုံဝိုင်းအုံလာသည့် လူထုကိုကျေနပ်အောင် အနည်းဆုံး စကားတစ်ခွန်းတော့ ပြောပေးပါဟု အခမ်း အနားမှူးလုပ်သူ ကျနော်က တောင်းပန်သဖြင့် ဒေါ်အောင်ဆန်းစုကြည်သည်  ကားဘေးတွင်ရပ်ကာ စကား တခွန်းနှစ်ခွန်းမျှသာ လူထုကို ပြောဆိုပြီး ခရီးဆက်ကြရခြင်းဖြစ်လေသည်။ တိုတောင်းလှသည့် တွေ့ဆုံပွဲကလေးထဲတွင်၊ မဒေ၀ီသိချင် သည့် မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းဖို့ရာ အခြေအနေမပေးခဲ့ပါ။ ထို့ကြောင့် ကျနော့်မှာ မဒေ၀ီအတွက် စိတ်မကောင်းဖြစ်ခဲ့ရ၏။
            မဒေ၀ီ သိချင်သည့်မေးခွန်းများကို မေးခွင့်မရခဲ့သည့်တိုင် သူ ကျေနပ်စေမည့်ပစ္စည်းတခုကိုမူ ကျနော်ယူလာနိုင်ခဲ့သည်ဟုဆိုရပါမည်။ ရွာသို့ပြန်လာသည့် ကျနော့်လက်ထဲတွင်၊ မဒေ၀ီနှစ်သက်မည် ထင်သည့် လက်ကမ်းစာစောင်တခု ပါရှိလာခဲ့၏။ ထိုစာစောင်ထဲတွင် ကဗျာတပုဒ် ပါလာခဲ့သောကြောင့်ဖြစ်သည်။ ထိုကဗျာကိုပြကာ မဒေ၀ီကို စိတ်ကြေနပ်အောင် ဖြောင့်ဖျရမည်ဟု ကျနော်တွေးထားခဲ့၏။
            “ဟေး ... ဘာငေးနေတာလဲ၊ လူကိုမမြင်ဘူးလား”
            “အော်၊ ဟုတ်သားဘဲ၊ အဝေးကြီးကတည်းက မြင်ပါတယ်ကွာ၊ အတွေးလွန်သွားလို့ပါ။”
            မဒေ၀ီက တောင်းအလွတ်ကို ခါးတွင်လက်တဖက်ဖြင့်ချိတ်ကာ ၀ါးတံတားအတိုင်း လျှောက်လာ၏။
            “ကဲ ပြော ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုဖြေလိုက်သလဲ”
            “အို အမောပြေအောင်ထိုင်စမ်းပါအုန်းလေ၊ ပြောတာပေါ့ကွာ၊ လာဒီမှာ ထိုင်အုန်း”
            “မောင့်ကို ဟိုးအဝေးကြီးကတည်းကလှမ်းမြင်နေတာပဲ ကျမအမောပြေပြီးသား၊ ပြောမှာသာပြောစမ်းကွာ၊ ဘာလဲ ၊ ကျမသိချင်ပါတယ်ဆိုမှ မောင်က ဈေးတင်နေတာလား”
            “မဟုတ်ရပါဘူးဗျာ”
            “ကဲ ဒါဖြင့်ပြောလေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်မို့လား”
            “တွေ့တယ် အင်း ... တွေ့တော့တွေ့တယ်”
            ကျနော်က ဖြစ်ကြောင်းကုန်စင်ပြောပြနေစဉ် ကျနော့်ဘေးတွင် ၀င်ထိုင်စဉ်က ရွှင်လန်းတက် ကြွနေသည့် မဒေ၀ီမှာ ခေါင်းငိုက်စိုက်ချကာ နားထောင်နေလေတော့သည်။
            “အေးကွာ၊ ကျမအရမ်းသိချင်တယ်ဆိုကာမှ နောက်တခေါက်တွေ့မှမေးမယ်ဆိုရင် သူက ဘယ်တော့မှ နောက်တခေါက်လာမှာလဲဟင်”
            “ဒါတော့ မသိဘူးပေါ့၊ မင်းသိချင်တဲ့မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကအဖြေမပေးလိုက်နိုင်ပေမယ့်၊ မင်းစိတ်ကျေနပ်လောက်အောင်အဖြေပေးမယ့် စာစောင် တခုကို မောင်ယူလာခဲ့ပါတယ်ကွာ၊ ဒီစာစောင်ထဲမှာ ဒေါ်အောင်ဆန်စုကြည်ဘာသာပြန်ထားတဲ့ ကဗျာတပုဒ်ပါတယ်၊ မူရင်းကဗျာဆရာက အင်္ဂလိပ်စာရေးဆရာ `ရူးဒီးယက် ကစ်ပလင်း´တဲ့၊ ဒါကို ဒေါ်အောင်ဆန်းစုကြည်က ဘာသာပြန်ထားတာ၊ ကဲ ... မင်းသိချင်တဲ့၊ မင်းဖြစ်စေချင်တဲ့ဆန္ဒကို အဖြေ ပေးလိုက်တဲ့သဘော ဖြစ်မယ်လို့မောင်ထင်တယ်၊ ဖတ်ကြည့်ပါ”
            ရိုးထဲသို့ခေါင်းငိုက်စိုက်ချပြီးငုံ့နေသည့် မဒေ၀ီ၏ခေါင်းမှာ ရုတ်တရက်မော့လာကာ၊ ကျနော့် လက်ထဲမှ စာစောင်ကိုဖြတ်ကနဲဆွဲယူလိုက်၏။ စာစောင်ကို စိတ်လှုပ်ရှားစွာဖြန့်ကြည့်လေသည်။ 
            “ဒီ...ဒီလိုလုပ်ပါလားမောင်ရယ်၊ ကျ ...ကျမစိတ်လှုပ်ရှားလွန်းလို့၊ မောင်ကပဲအသံထွက်ပြီး ဖတ်ပြပါလားဟင်၊ ကျမနားထောင်မယ်၊ ဖြေး ...ဖြေးဖြေးဖတ်နော်မောင်၊ အောင်မယ်လေး၊ အံ့သြဖို့ ကောင်းလိုက်တာ ကျမဘယ်လို နားလည်ရမှန်းတောင် မသိတော့ပါဘူးမောင်ရယ်၊ ကြည့်စမ်းပါဦး ကဗျာခေါင်းစဉ်ကလည်း “အကယ်၍” တဲ့ မောင်ဖတ်ပြနော်၊ ရော့… သေသေချာချာဖတ်၊ ကျမနားထောင် မယ်”
         ကျနော်က လည်ချောင်းကို တချက်ရှင်းပြီး အသက်ဝအောင်ရှူကာ  “အကယ်၍” ကဗျာကိုဖတ်သည်။
            ရိုးထဲတွင် ကဗျာဖတ်သည့် ကျနော့်အသံမှာ ထင်ထင်ရှားရှားဖြစ်နေ၏။ ရွာနှင့်မလှမ်းမကမ်းတွင် ဖြစ်သဖြင့် လူသွားလူလာလည်းမရှိ။ ရိုးထဲသို့ ခေါင်းထိုးပြီးဝင်လာသည့်ဆောင်းလေမှာ ကဗျာရွတ်သံနောက်က ကပ်ပြီးလိုက်နေ၏။
            အကယ်၍
                        မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
                        ဒါတွေဟာ မင်းကြောင့်လို့ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
                        မင်းဟာ ခေါင်းအေးအေးနဲ့ရင်ဆိုင်နိုင်မယ်ဆိုရင် ...
            ကဗျာဖတ်နေရင်းက မဒေ၀ီကို ကျနော်မသိမသာအကဲခတ်သည်။ မဒေ၀ီ၏ခန္ဒာကိုယ်မှာ ကျနော့် ခန္ဒာကိုယ်နှင့်ပိုမိုထိကပ်လာနေသည်ကို ကျနော်သတိပြုမိခဲ့သည်။
            အကယ်၍
                        စောင့်သင့်တဲ့အချိန်ကိုစောင့်နိုင်ပြီး
                        အဲဒီအတွက်လည်း မမောမပမ်းနေနိုင်မယ်ဆိုရင်
                        ဒါမှမဟုတ်
                        မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကားကြားရတဲ့အခါ
                        မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် ...
            ကျနော့်လက်ကို ဆုတ်ကိုင်လာသည့် မဒေ၀ီ၏လက်တဖက်မှာ ပိုမိုတင်းကျပ်လာနေသည်ဟု ထင်မိသည်။ ကျနော်က ကျန်ကဗျာပိုဒ်များကို အာရုံမြှင့်ပြီးမှ ဖတ်၏။
            အကယ်၍          
                        အောင်မြင်မှုသုခနှင့် ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
                        တူညီသောလောကဓံတရားတွေပါလားရယ်လို့
                        ခံယူထားနိုင်မယ်ဆိုရင် ...   
            ကဗျာဖတ်နေရင်းက၊ ကျနော့်မှာအသက်ရှူကြပ်သလိုဖြစ်လာရသည်။ ကဗျာစာသားများမှာ ကျနော့်နှလုံးသားအပေါ် နင်းဖိပြီးတက်လာကြ၏။
            အကယ်၍
                        တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
                        အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် ...
            နောက်ဆုံးကဗျာပိုဒ် ကိုဆက်လက်ရွတ်ဆိုရန် ကျနော်သည်အသက်ကိုပြင်းပြင်းရှူပြီး အားယူလိုက်၏။ ပြီးတော့မှ နောက်ဆုံးကဗျာပိုဒ်ကိုရွတ်သည်။ ကဗျာပိုဒ်အဆုံးတွင် မဒေ၀ီ၏ အခြေအနေကိုအကဲခတ်ရန် ခေါင်းကိုငဲ့လိုက်မိ၏။
            “ဟေး ...”
            “ဟ ...ဟ၊ ဘယ်လိုလုပ်လိုက်တာလဲကွာ၊ ဘာပြုလို့ တောင်းကိုပစ်ချလိုက်တာလဲ၊ ဒုက္ခပါပဲ တကတည်းမှပဲ ဒီလောက်တောင်ဖြစ်ရသလားကွာ၊ ဖြစ်မှ ဖြစ်ရပလေ ’ 
            မဒေ၀ီက ရိုးထဲသို့ လွင့်ကျသွားနေသည့် ခေါင်းခုပုဆိုးနှင့် တောင်းအလွတ်ကိုကြည့်ကာ တဟေးဟေးနှင့် အော်နေသေး၏။ 
            “ကျမ အရမ်းဝမ်းသာတာပဲမောင်ရယ် တကယ့်ကိုအံသြစရာပဲ၊ ဒီကဗျာကို ဒေါ်အောင်ဆန်းစုကြည်ဘာသာပြန်တာ၊ ဟုတ်လားမောင်၊ ကျမ၀မ်းသာလွန်းလို့ ရုတ်တရက် စိတ်မထိမ်းနိုင်လို့ တောင်းကိုလွှင့်ပစ်လိုက်မိတာပါ၊ အံသြစရာပဲ ... အံသြစရာပဲ ”
            ရိုးထဲသို့ခုန်ချပြီးနောက် ခြုံပုတ်များပေါ် လွင့်ကျသွားသည့် တောင်းနှင့်ပုဆိုးကို လိုက်ကောက်ရင်းက ၀ါးတံတားပေါ်ကို ကျနော်မော့ကြည့်မိသည်။
မဒေ၀ီကမူ ကဗျာစာရွက်ကလေးကို ကိုင်ကာ စိတ်လွတ်လက်လွတ် အော်ဟစ်နေဆဲ ...။ 
ဝမ်းမြောက်ရွှင်မြူးစွာ အော်ဟစ်လိုက်သည့် မဒေဝီ၏ အသံမှာ ရိုးကလေးတလျှောက် ကွေ့ဝိုက်ပြီး ပြေးနေလေသည်။   ။
ငြိမ်းဝေ
(လတ်ဆတ်စိမ်းလန်း မွှေးမြသော နေ့ရက်များသို့…)
ဒီစာမူကလည်း မိုးမခမှာ တပြိုင်နက် တင်ထားသလို ကျနော့်ဘလော့မှာလည်း တင်ခဲ့ပြီးတဲ့ စာမူပါပဲ။
No comments:
Post a Comment