October 13, 2011

အောင်ဆန်းစုကြည်ရေ ရထား ဖြစ်လား

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က
ဖေသက်နီနဲ့ငါ
ရထားဖြစ်သလား ဆိုတဲ့ ဘာသာပြန်မှုမှာ
စကား အခြေအတင် ပြောခဲ့ကြရဖူးတယ်
တကယ်တော့ ငါနဲ့ ဖေသက်နီကြား ရထား မဖြစ်ခဲ့ဘူးလေ
ကိစ္စမရှိပါဘူး
ခေတ်တစ်ခုနဲ့ငါတို့ကြား ရထားဖြစ်ဖို့ပဲ လိုတာပဲ မို့လား
အခုရက်တွေအတွင်းမှာတော့
ငါ ရထား ဖြစ်လိုက် မဖြစ်လိုက်နဲ့ပေါ့
ခေတ်ကြီးရေ ရထားဖြစ်လား
တခါတုန်းက ရထားတစင်းပေါ်
လူ သုံးယောက် လိုက်ပါလာကြသတဲ့
ရထားကြီး စက်ပျက်လို့ ရပ်တန့်သွားတဲ့အခါ
လူတစ်ယောက်ကတော့
ဘာခက်တာမှတ်လို့
လူတွေ အကုန်ဆင်း ရှေ့ကဆွဲခိုင်းရင် ရတာပဲ…တဲ့
ကျန်တဲ့တယောက်ကတော့
ဘာလိုသေးလဲ တံခါးတွေ အကုန်ပိတ်
ရထားကြီး ရွေ့နေတယ်လို့ စိတ်ကူးလိုက်
ဒါဆို ရထားကြီး ရွေ့နေတာပဲပေါ့…တဲ့
နောက်ဆုံးတယောက်ကတော့
ရထားကြီးပေါ်ကဆင်း
နောက်တစင်း ပြောင်းစီးကြရမယ်တဲ့
ငါ လည်း ရထားတစင်းပေါ်ထိုင်နေခဲ့မိသလား
ဆင်းလျှောက်သွားနေတာ ငါ လား
ဒါပေမယ့် လူတွေအကုန်ဆင်းပြီး ရထားကို ဆွဲခိုင်းတဲ့အထိတော့ ငါ မစဉ်းစားခဲ့မိတာ သေချာ
ရထားကြီးကတော့ ဘေးတိုက်ကြီးကို ရွေ့နေပြီ
ခေတ်ကြီးရေ ရထားဖြစ်လား
ငြိမ်းဝေရေ ရထားဖြစ်လား
မဒေဝီရေ ရထားဖြစ်လား
ရထားကြီးကတော့ ရွေ့သွားနေပြန်ပြီ
ရထား အသစ်လား အဟောင်းလား
ရထားစက် အသစ်လား အဟောင်းလား
ငါ ရထားကြီးနဲ့ ရထားဖြစ်ဖို့အတွက် ကျားကုပ်ကျားကဲ ကြိုးစားနေမိ
ငါ ကြီးသံပါအောင် အော် ခေါ်နေမိ
ရထားကြီးရေ ရထားဖြစ်လား…
ရထားကြီးရဲ့ ခေါင်းတိုင်က မီးခိုးတွေ
ရထားနောက်မှာ
မချိမဆန့် တွန့်လိမ် ရှုံ့မဲ့ အဖျားရှူး တဖြေးဖြေး ကျန်ခဲ့ပြီ။    ။

٭ ရထားဖြစ်လား= တော်လှန်ရေးနယ်မြေအတွက် ဆက်သွယ်ရေးကြိုးမဲ့ကြေးနန်းစက်သုံးစကား

ငြိမ်းဝေ
၁၄ ၊ ၁၀ ၊ ၂၀၁၁
(သရုပ်ဖေါ်ပုံက မောင်ချောနွယ် ရဲ့ ရထား ကဗျာစာအုပ် မျက်နှာဖုံးပုံ ဆရာ မုတ်သုန် ရဲ့ လက်ရာကို တဝက် စကင်ဖတ်ပြီး တင်လိုက်တာပါ။)

No comments:

Post a Comment