December 30, 2011

လူတိုင်းကိုယ်စီ ဖယောင်းတိုင် တစ်တိုင်

နှစ်ကူးချိန်
ဘလော့ မိတ်ဆွေတွေကို
ဘာ လက်ဆောင် ပေးရမလဲ
ငြိမ်းချမ်းရေ ဆုတောင်း ဖယောင်းတိုင် တစ်တိုင်စီ လက်ဆောင် ပေးချင်ပါတယ်
ကဗျာတစ်ပုဒ် လက်ဆောင်ပါ
ဒီကဗျာက ကျနော့် ဘလော့မှာ တင်ခဲ့ပြီးပါပြီ
ဒါပေမယ့် ဒီကဗျာကိုပဲ နှစ်ကူးလက်ဆောင် ပေးချင်တာမို့ ဒီကနေ့ တင်ပေးလိုက်တာပါ
ဘလော့ မိတ်ဆွေအားလုံး
ကျနော်နဲ့အတူ ကမ္ဘာကြီး အေးချမ်းစေဖို့
ဖယောင်းတိုင် တစ်တိုင်စီကိုင်ပြီး
ဆုတောင်းကြပါစို့။





လမ်းမကြီးပေါ်က ဖယောင်းတိုင် တစ်တိုင်
ပြိုကျပျက်စီးနေတဲ့ အိမ်တွေထဲက ဖယောင်းတိုင် တစ်တိုင်
ကျီးလန့် စာစား ဖြစ်နေတဲ့ စတိုးဆိုင်တွေအတွက် ဖယောင်းတိုင် တစ်တိုင်
မုန့်ဖိုတွေအတွက် ဖယောင်းတိုင် တစ်တိုင်
ပြောင်တလင်းခါနေတဲ့ ရုံးခန်းတခုထဲ
ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေတဲ့ သတင်းစာဆရာအတွက် ဖယောင်းတိုင် တစ်တိုင်
တိုက်ခိုက်ရေးသမားအတွက် ဖယောင်းတိုင် တစ်တိုင်
ကုတင်ပေါ်က ဖျားနာနေတဲ့ ဆရာဝန်တယောက်အတွက် ဖယောင်းတိုင် တစ်တိုင်
ဒဏ်ရာအနာတရ ဖြစ်နေသူအတွက် ဖယောင်းတိုင် တစ်တိုင်
ဂုဏ်သိက္ခာရှိတဲ့ စကားတစ်ခွန်းအတွက် ဖယောင်းတိုင် တစ်တိုင်
လှေခါးအုံများအတွက် ဖယောင်းတိုင် တစ်တိုင်
ဒုက္ခသည်တွေနဲ့ပြည့်ညပ်နေတဲ့ တည်းခိုရိပ်သာအတွက် ဖယောင်းတိုင် တစ်တိုင်
အဆိုတော်တစ်ယောက်အတွက် ဖယောင်းတိုင် တစ်တိုင်
အမိုးအကာအောက်က အသံလွှင့်သမားများအတွက် ဖယောင်းတိုင် တစ်တိုင်
ရေ တစ်ပုလင်းအတွက် ဖယောင်းတိုင် တစ်တိုင်
လေထုအတွက် ဖယောင်းတိုင် တစ်တိုင်
တိုက်ခန်းတစ်ခုထဲက ချစ်သူနှစ်ဦးအတွက် ဖယောင်းတိုင် တစ်တိုင်
ပေါက်ပြဲနေတဲ့ ကောင်းကင်အတွက် ဖယောင်းတိုင် တစ်တိုင်
နိဒါန်းအတွက် ဖယောင်းတိုင် တစ်တိုင်
နိဂုံးအတွက် ဖယောင်းတိုင် တစ်တိုင်
နောက်ဆုံး ဆုံးဖြတ်ချက်အတွက် ဖယောင်းတိုင် တစ်တိုင်
ခွဲခြားသိမြင်စိတ်အတွက် ဖယောင်းတိုင် တစ်တိုင်
ကျနော့်လက်ထဲက ဖယောင်းတိုင် တစ်တိုင်…။   

ငြိမ်းဝေ
(` 101 POEMS AGAINST WAR ´ စာအုပ်တွင် ပါရှိသော အာရပ်ကဗျာဆရာ `ခါလက် မာတဝါ ´ ရဲ့ `Night in Al-Hamra ´ ကဗျာကို ဘာသာပြန်ဆိုပါတယ်။)       



  

No comments:

Post a Comment