June 05, 2010
ဆည်းဆာရီမှ မပီမသရုပ်ပုံလွှာ
ဒီကနေ့ကစပြီး ဆရာနိုင်ဝင်းဆွေရဲ့ ဘဝစာမျက်နှာများ ဝတ္ထုတိုစု စာအုပ်ထဲက ဝတ္ထုတချို့ ကို တပုဒ်ချင်း ဆက်လက် ဖေါ်ပြသွားဖို့  ရှိပါတယ်။
ဘာပြုလို့ ဒီ စာအုပ်ထဲမှာ ပါတဲ့ ဝတ္ထုတို (၇)ပုဒ်ထဲက ဝတ္ထုတိုတချို့ကိုပဲ ရွေးပြီးဖေါ်ပြဖို့ စဉ်းစားခဲ့တာလဲဆိုတော့ ကျနော်က အဲဒီဝတ္ထုတို အားလုံးထဲက အခု မကြာခင်ဖေါ်ပြဖို့ ရွေးချယ်ထားတဲ့ (၃) ပုဒ်ကိုပဲ နှစ်သက်လို့ ပါ။ ကျန် ဝတ္ထုတွေကိုတော့ ကျနော် မကြိုက်ပါဘူး။ ဒါကြောင့်မို့ပါ…။
ကျနော့်ဘလော့မှာ နိုင်ဝင်းဆွေ ရဲ့ နွေတည နဲ့ မသိန်းရှင်ဆီ ပို့ပေးပါ ဝတ္ထုတွေ အခန်းလိုက်တင်ပေးခဲ့စဉ်တုန်းက လူတချို့က ကျနော့်ကို နိုင်ဝင်းဆွေ ကိုးကွယ်သူဆိုတဲ့သဘောအထိ ပြောလာတာ ရှိပါတယ်။
ကျနော်ဟာ နိုင်ဝင်းဆွေ ရဲ့ နွေတည ကို အရူးအမူး နှစ်သက်တာ မှန်ပါတယ်။ ဒါပေမယ့် ကြုံတုန်းပြောရမယ်ဆိုရင် ကျနော်က ဆရာနိုင်ဝင်းဆွေ ရဲ့ ဝတ္ထုအားလုံး ကြိုက်တာမျိုးတော့မဟုတ်ပါဘူး။ နိုင်ဝင်းဆွေ လုံးချင်းစာအုပ်ထုတ်ခဲ့တာ (၁၁) အုပ်ရှိတဲ့အနက်က လေးအုပ်လောက်ပဲ ကြိုက်တာပါ။ စွဲစွဲလန်းလန်းကြိုက်တာ တစ်အုပ်ထဲပါ။ ကျန်တာတွေ ကျနော်မကြိုက်ပါဘူး။ ဒီလို မကြိုက်တဲ့အကြောင်း သူ သက်ရှိထင်ရှား ရှိစဉ်တုန်းကတည်းက သူ့ ကိုလည်း လူကိုယ်တိုင် အကြိမ်ကြိမ် ပြောပြခဲ့ဖူးပါတယ်။ ကျနော် ဆိုလိုတာက ဒီလိုပါ။ ကျနော်ဟာ နိုင်ဝင်းဆွေဝါဒီမဟုတ်ပါဘူး၊ နိုင်ဝင်းဆွေ ခရေဇီ သာဖြစ်တဲ့အကြောင်း ပြောချင်တာပါ။
ဒါတောင်မှ အခုမကြာခင်ဖေါ်ပြမယ့် ဝတ္ထုတို (၃) ပုဒ်ထဲမှာ ကျနော် အရမ်းကာရော စွဲစွဲလန်းလန်းဖြစ်ရတဲ့ စာပိုဒ်တွေပါရှိသလို မကြိုက်တဲ့ စာပိုဒ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ထားပါတော့…။
ဒီကနေ့ကစပြီး ဘဝစာမျက်နှာများ စာအုပ်ထဲက ကျနော် နှစ်သက်တဲ့ ဝတ္ထုတို(၃) ပုဒ်ကို တပုဒ်ချင်းစီ အဆင်ပြေသလို တင်ဆက်သွားမှာ ဖြစ်တဲ့အကြောင်း….။
ငြိမ်းဝေ
February 29, 2008
မွှေးရီ ပွင့်နီ ဝေဒနာ
၁။
“မာနယ်ပလော” သို့ ရောက်လာခဲ့သည်မှာ (၆)လခန့် ရှိပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံးခန်း၏ နောက်ဖက် အမိုးစွန်းကလေးအောက်တွင် အခန်းဖွဲ့နေထိုင်ခဲ့သည်မှာ (၃)လ ရှိပြီ။ မယ်တုက္ခီစမ်းချောင်း ရေစီးသံကို နှစ်ဆယ့်လေးနာရီမပြတ် ကျနော်ကြားနေခဲ့ရ၏။ တခါတရံ စမ်းရေစီးသံများကို နာရီအတော်ကြာ နားစိုက်ထောင်ခဲ့ ဖူး၏။ ကျနော့်မှာ မယ်တုက္ခီစမ်းချောင်း၏ အင်္လကာဆန်သောရေစီးသံများကို နားထောင်၍ပင် မတင်းတိမ်နိုင်ခဲ့။
ဌာနချုပ်ရုံး၏ မြောက်ဖက်က သစ်ပင်ချုံပင်များ၊ ငှက်ပျောပင်ရိုင်းများကို ခုတ်ထွင်ရှင်းလင်းရင်း မယ်တုက္ခီစမ်းချောင်းဆီက ရေစီးသံကို ကျနော်ကြားနေရသည်။ သောင်ရင်းမြစ်ထဲစီးဝင်ပေါင်းစပ်ရန် ကွေ့တကွေ့အလိုတွင်ဖြစ်သဖြင့် စမ်းချောင်းမှာ ၀ါးတထောက်မျှ နိမ့်ဆင်းနေလျှက်၊ ကျောက်တုံးကျောက်ခက်များနှင့် ပြည့်နေလေသည်။ ထို့ကြောင့် ရေစီးသံမှာ ပိုပြီး အသံ ကျယ်လောင်နေခဲ့၏။
ဌာနချုပ်ရုံးသို့ ရောက်ရှိလာကတည်းက ဆန်အိတ်ထမ်း၊ သန့်ရှင်းရေးလုပ်၊ ထမင်းချက်၊ ထင်းပေါက်သည့်အလုပ်များကို ကျေနပ်နှစ်သိမ့်စွာ ကျနော်လုပ်ခွင့်ရခဲ့၏။ ထိုအလုပ်များမှာ ကျနော့်စိတ်ကို ပိုမိုကျိုးနွံပျပ်ဝပ်စေကာ၊ တန်ဘိုးရှိသော ဘ၀ အတွေ့အကြုံများကို ရရှိစေခဲ့၏။ မယ်တုက္ခီစမ်းချောင်းရေစီးသံများသည် ကျနော့်ဘ၀ အလှည့်အပြောင်းတခု၏ ၀ါကျများကို ပုဒ်ဖြတ်ပေးခဲ့ကြ၏။
တနေ့ … ၊ စားဖိုဆောင်ဘေး မယ်တုက္ခီစမ်းချောင်းထဲက ကျောက်တုံးတခုပေါ်တွင် ကျနော်ထိုင်နေခဲ့သည်။ ရေစီးသံ များကို နားထောင်ရင်း စမ်းချောင်း၏အထက်အောက်နှင့် ဘေးနှစ်ဖက်ကို ကြည့်ရှုမှတ်သားနေမိ၏။ စမ်းချောင်း၏တဖက်တွင် မြင့်မြင့်မတ်မတ်ရှိနေသည့် ရဟန်းပျိုသမဂ္ဂကုန်းတော်ကို မော့ကြည့်သည်။ ကုန်းတော်၏အောက်ဖက် သစ်ရိပ်ဝါးရိပ်များ ကြားတွင် ကရင်တပ်မှူး ဗိုလ်ကြာယုံ၏အိမ်ကို လှမ်းမြင်နေရသည်။ ကောင်းကင်ကို မော့ကြည့်တော့ မိုးပြာရောင်ပိတ်ဖျဉ်ပေါ်တွင် ၀ါဂွမ်းဆိုင်များ အဆုပ်လိုက်ဖူးပွင့်နေကြသည်ကို တွေ့လိုက်ရ၏။ အထက်ဖက် ၀ါးနှစ်ရိုက်သာသာ အကွာတွင် မယ်တုက္ခီ စမ်းချောင်း၏ အမြီးသည် ခေါင်းလောင်းငယ်များ စုပြုံတီးခတ်ကာ တောအုပ် တောတန်းထဲ တိုးဝင်သွားနေ၏။ ထိုစဉ်မှာပင် ရေစီးသံများနှင့်ရောကာ ထူးခြားသည့် အသံ တခုကို ကျနော်ကြားလိုက်ရလေသည်။
ကျနော့်ခန္ဓာကိုယ်မှာ အလိုလိုထရပ် လိုက်မိသားဖြစ်သွား၏။ ခေါင်းကိုဆန့်ကာ ရေစီးသံနှင့်ရောထွေးပြီး ကြားလိုက်ရသည့် အသံကို စစ်ပြီးနားထောင်သည်။ မာကျောသည့် သံသတ္တုတခုနှင့် မြေကြီးထိတွေ့လိုက်သည့်အသံကို တချက်နှစ်ချက်မျှ ကျနော်ကြားလိုက်ရ၏။ ကျောက်တုံးတခုမှတခု ခုန်ကူးကာ အထက်ဖက်ကို ကျနော်ရောက်လာခဲ့သည်။ ချောင်းကွေ့နားကို ရောက်တော့ မြေကြီးကို ပေါက်တူးနှင့်ပေါက်သည့်အသံကို ပီပြင်စွာကြားလာရ၏။ သို့သော် ချောင်းကွေ့ထဲသို့ ၀င်မည်ပြုစဉ် မှာပင် ပေါက်တူးသံများ ရပ်သွား၏။ ကျနော်က ချောင်းကွေ့ထဲမှထွက်ကာ ကျောက်တုံးတခုပေါ်တွင် တက်ရပ်လိုက်သည်။ ကျနော်နှင့် ၀ါးတရိုက်အကွာတွင် လူတယောက် ပေါက်တူးတလက်ကိုင်ကာ ရပ်နေလေသည်။ သူသည် ချောင်းဘေး မြေကွက်လပ်ပေါ်တွင် ခြေနှစ်ဖက်ကို အနည်းငယ်ခွဲကာ ခတ်မတ်မတ် ရပ်နေ၏။ ကျနော့်ကို ကျောပေးထားသဖြင့် သူ့နောက် မလှမ်းမကမ်းတွင် ရောက်နေသည့် ကျနော့်ကို သူမမြင်။ ပေါက်တူးကို လက်နှစ်ဖက်ဖြင့် စုံကိုင်ပြီး ရပ်နေပုံမှာ တစုံတရာ အန္တရာယ်ကျရောက်လာလျှင် ခုခံကာကွယ်ရန် အဆင်သင့်ပြင်ပြီး ရပ်နေသည့်ပုံစံမျိုးဖြစ်၏။ မြေကွက်လပ်ပေါ် သူရပ်နေပုံမှာ တသက်လုံး ဘယ်တော့မှ ရွှေ့လို့မရတော့သည့် ရပ်နေပုံမျိုး။
နေရောင်ခြည်မှာ သူ့ခန္ဓာကိုယ်ပေါ်၊ သူ့လက်ထဲက ပေါက်တူးပေါ်၊ ဆွလက်စ မြေကြီးခဲများပေါ်၊ သစ်ပင်တောတန်း ကလေးပေါ် ငွေစများ တဖွဲဖွဲကြဲချသလို တလက်လက် ဖြစ်နေ၏။ လေပြေတချက်တိုက်ခတ်လာစဉ် လွန်ခဲ့သော နှစ်ပေါင်း (၃၀) ကျော် ကတည်းက ကျနော့်ရင်ထဲတွင် တိတ်ဆိတ်စွာ သိမ်းဆည်းထားခဲ့မိသည့် ၀တ္ထုတိုလေးတပုဒ်ကို သတိရလာခဲ့သည်။ စာရေးသူက သူ၏ “အလှဆည်းဆာ” ဟု အမည်ပေးထားသည့် ယင်း ၀တ္ထုတိုလေးထဲတွင် ဖခင်က သားထံရေးသည့် စာ တစောင်အဖြစ် ရေးဖွဲ့ခဲ့ခြင်းဖြစ်၏။ ထိုဝတ္ထုလေးထဲက စာသားတချို့မှာ ကျနော့်နှလုံးသားပေါ် ဖ၀ါးပြည့်ချနင်းပြီး လျှောက်လာ နေကြလေပြီ။
ငါတို့ဟာ စစ်ကြေညာလိုက်ပြီးပြီ။ ငါတို့ဟာ နီးကပ်လာပြီဖြစ်တဲ့ သူတို့ကို စိုက်ကြည့်နေတယ်။
သူတို့ကလည်း ပြန်ကြည့်ပြီး လျှောက်လာနေပြီ။ သူတို့ဖိနပ်သံတွေ နီးကပ်လာနေပြီ။ သူတို့ဖိနပ်ကြီးတွေဟာ ဖုန်ထဲနစ် မြုပ်သွားလိုက်၊ ဖုန်ထဲမှာ ပြန်ပေါ်လာနေလိုက်နဲ့။
တလှမ်းချင်း တလှမ်းချင်း စက္ကန့်ချင်း နီးကပ်လာနေပြီ။
ငါတို့ဟာ ကျောက်သားရုပ်တုတွေ၊ သံမဏိရုပ်လုံးတွေလို ငြိမ်နေကြတယ်။
မုန်တိုင်းကျတော့မယ်။ ငါတို့ ငြိမ်နေကြတယ်။
ငါတို့ငြိမ်နေကြတယ်။ မုန်တိုင်းကျတော့မယ်။
သူတို့ အနားရောက်လာနေပြီ။ ငါတို့ ငြိမ်နေကြတယ်။
ငါတို့ ဘယ်လို ရင်ဆိုင်ကြမလဲ။
အခုလည်း သူဟာ ရုတ်တရက် ကျရောက်လာတော့မယ့် မုန်တိုင်းတခုရဲ့ အနံ့ကိုရလို့ ခုခံတိုက်ခိုက်ဖို့ရာ အဆင်သင့် ရပ်နေတဲ့ပုံမျိုးနဲ့ ရပ်နေသလားပဲ။ ပြီးတော့ အဲဒီဝတ္ထုလေးထဲမှာပဲ ကံအားလျော်စွာ တိုက်ပွဲတခုကို ရှောင်နိုင်ခဲ့ပြီးတဲ့အခါ သူရေး လိုက်တဲ့ စာကြောင်းကလေးတကြောင်း … ။
ခဏအတွင်းမှာပဲ အနောက်ဖက် ပေါက်ပင်တော ခင်တန်းကြောဖက်က ဆည်းဆာဟာ တောက်ပလာတယ်သားရယ် … တဲ့။
ကျနော့်နှလုံးသားတွေ တုန်တုန်ရင်ရင် ဖြစ်လာနေတဲ့အခိုက်မှာ ကျနော့်ခြေထောက်တွေဟာ စမ်းချောင်းရဲ့အောက်ဖက်ကို ပြန်ဆုတ်လာခဲ့၏။ သူ့ကို နှုတ်မဆက် အသံမပေးဘဲ ပြန်လည်နောက်ဆုတ်လာသည့်တိုင် သူ့ပုံပန်းသဏ္ဍန်က ကျနော့် မျက်စေ့ထဲက ပျောက်မသွား။
မူလထိုင်နေခဲ့ရာ ကျောက်တုံးပေါ် ရောက်သည်အထိ ပေါက်တူးသံများကို မကြားရတော့။ သူသည် သူနှင့်မလှမ်းမကမ်း ကမ်းပါးယံထိပ်ပေါ်က သူ၏ တဲအိမ်ကလေးဆီ ပြန်တက်သွားပြီလား။ ဒါမှမဟုတ် နေပူထဲတွင် သည်အတိုင်း ရပ်နေခဲ့သည်လား ဆိုသည်ကိုမူ ကျနော်မသိ။
၂။
ရဟန်းပျိုသမဂ္ဂကုန်းတော်ထိပ်က သူ၏ ကျောင်းသင်္ခမ်းလေးကို ကျောပေးကာ မြေလှေကားထစ်များအတိုင်း ဆင်းလာ သည့် အချိန်တိုင်း သူ့အတွက် ကျနော့်မှာ ကြေကွဲနေမိသည်။ သူ့ကို ကျနော် အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့သမျှ သဲထဲ ရေသွန် ဖြစ်ရတော့မည်လားဟုတွေးလျှင် ကျနော့်မှာ ရင်တုန်ပန်းတုန်ဖြစ်ကာ လှမ်းနေသည့်ခြေလှမ်းများပင် အလိုလိုရပ်တန့် သွားရ၏။ ယခုအချိန်၌ သူ၏ကျန်းမာရေးအနေအထားမှာ သိသိသာသာဆိုးရွားနေပြီဟု ကျနော်သိလာရသည်။ မနေ့တုန်းက ကျနော့်ထံ လူကြုံနှင့် သူရေးပေးလိုက်သည့် စာတစောင်ကို ဖတ်ခဲ့ရ၏။ ဒီကနေ့ သူနှင့် စကားစမြည်ပြောခဲ့သည်။ သူ့ကို နှုတ်ဆက်ပြီး တောင်ကုန်းပေါ်ကဆင်းတော့ ကျနော့်ထံ လူကြုံနှင့်ရေးပေးလိုက်သည့် သူ့စာရွက်ကလေးကို ထုတ်ကြည့်မိသည်။ ကျနော့်မှာ အဆုံးအထိ မဖတ်နိုင်တော့။
ပထမအဆင့်အနေနှင့် သူ့ကို ရဟန်းဝတ်မှ လူဝတ်လည်းဖို့ တိုက်တွန်းရမည်။ ထို့နောက် အကူအညီပေးနိုင်သူတို့၏ အကူအညီနှင့် ဇင်းမယ် (သို့မဟုတ်) မဲဆောက်သို့ပို့ကာ ဆေးကုသစေမည်။ ဒေါ်ဂျုံကလည်း ကျနော်၏ အကြံပြုမှုကို လက်ခံ သည်။ သဘောပေါက်သည်။ သို့သော် ကိုတိုက်အောင်က လက်မခံ။ သူ့ကို ကျန်းမာရေးမကောင်းဖြစ်နေသည်ဟု ပြောလျှင်ပင် ကိုတိုက်အောင်က ရှူးရှူးရှဲုရှဲုဖြစ်ကာ လက်မခံ။ သူချစ်ခင်လေးစား ကြည်ညိုရသူ “သူ့” ကို သိက္ခာချသည်ဟုပင် စွပ်စွဲပြောဆိုလာ ခဲ့၏။ သည်ကြားထဲ သူကလည်း အဓိဌာန်မပြည့်သေးဟုဆိုကာ လူဝတ်လည်းရန် ငြင်းဆန်လျက်ရှိ၏။ ဆေးကုသမှုခံယူရန်ကိုမူ စကားပင် ဟလို့မရ။ ထိုရက်များအတွင်း သူသည် ရက်ပေါင်းများစွာ မအိပ်ပဲနေခဲ့သည်ဟု ကြားလာရသည်။ သူ့ထံ မကြာခဏ သွားရောက်တွေ့ဆုံနေခဲ့သဖြင့် တနေ့တခြား ပိန်ချုံးကျလာနေသည့် သူ၏အခြေအနေကိုကြည့်ကာ ကျနော့်မှာ စိတ်မကောင်း ဖြစ်ခဲ့ရ၏။ တခါတရံ ကျောင်းသင်္ခမ်းလေးရှေ့ သွားရပ်လိုက်သည့် ကျနော့်ကို သူက လက်ခံစကားမပြောပဲ နေလေသည်။
ရဟန်းဝတ်မှ လူဝတ်လဲလိုက်ပြီး နောက်ပိုင်း သူသည် ဧည့်သည်များကို ခြွင်းချက်နှင့်သာ လက်ခံစကားပြောတော့၏။ ငှက်ဖျားတက် ခြင်း မရှိတော့သဖြင့် သူ့ခန္ဒာကိုယ်မှာ ကျန်းမာရေးကောင်းသလို ရှိသော်လည်း သူ့မနောမှာမူ မတည်ငြိမ်ချင်တော့။
သည်လိုနှင့် သူ့ကို လေးစားချစ်ခင်ကြသည့် ပုဂ္ဂိုလ်တချို့က အမျိုးမျိုးချော့မော့ဖြောင့်ဖျသဖြင့် သူသည် ကိုမိုးသီးဇွန်တို့ထံ (လော်ကွားလူ)ံ သို့ သွားနေခဲ့၏။ သူစိတ်ချမ်းသာသလို နေခွင့်ပြုပြီးမှ သူ့ကို ဆေးကုသပေးရန် ရည်ရွယ်ပြီးမှ ခေါ်ထားခြင်းဖြစ်သည်။ တလခန့်အကြာတွင် လော်ကွားလူမှ မာနယ်ပလောသို့ ပြန်ရောက်လာခဲ့ပြန်သည်။ သူ့ကျန်းမာရေး အခြေအနေမှာ ပို၍သာ ဆိုးရွားလာနေခဲ့ပြီ။ သူသည် ကိုတိုက်အောင် အပါအ၀င် သူ့ဇနီးဒေါ်ဂျုံနှင့် သူ၏သား မောင်ဆန်း မှလွဲ၍ မည်သူနှင့်မျှ လက်ခံစကား ပြောဆိုခြင်းမရှိတော့။ တခါတရံ နေ့ရောညပါ အစာရေစာမစားပဲ ထိုင်နေခဲ့၏။ တခါတရံ သူ့တဲကလေးဘေး၊ မယ်တုက္ခီစမ်းချောင်းအစပ်တွင် ပေါက်တူးတလက် နှင့် ငြုပ်ပင်၊ ပဲပင်ကလေးများစိုက်နေ၊ ပေါင်းသင်နေသည်ကို တွေ့ကြရသည်။
ကျနော်သည် သူ့ထံ သူနှင့်တွေ့ဆုံစကားပြောခွင့်ပြုရန် အကြိမ်ကြိမ်ကြိုးစားခဲ့၏။ သို့သော် သူကမူ လက်ခံတွေ့ဆုံခြင်းမပြုခဲ့။ ထိုအချိန်ကမူ သူ့ဘ၀သူ့အခြေအနေများသည် မကြာမီပြန်လည်ကောင်းမွန်လာလိမ့်မည်ဟုတော့ ကျနော် မ၀ံ့မရဲ မျှော်လင့်နေခဲ့မိလေသည်။
၃။
၁၉၉၅ …၊ ဇန်န၀ါရီလ …၊ ၂၀-ရက်၊
“ဖွေးဘောလူ” ရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်သည့် “ဗိုလ်ချုပ်ကြီး စောဘိုမြ” ၏ မွေးနေ့ပွဲမှအပြန် သူ့ထံကျနော် ၀င်တွေ့ဘို့ကြိုးစားသည်။ သူ့အိမ်ရှေ့တွင် သားဖြစ်သူ “မောင်ဆန်း” ကို တဦးတည်းသာ တွေ့ခဲ့ရ၏။ ဒေါ်ဂျုံက “ပလောင်ကုန်း” ဘက်သို့ သွားနေသည်ဟု သိရ၏။ “ကိုတိုက်အောင်” က ရလလဖ နယ်မြေသို့ ထွက်သွားသည်မှာ တလကျော်ရှိခဲ့ပြီ။ (၃)နှစ်မျှ အတူနေခဲ့သူ ကဗျာဆရာ ကိုတိုက်အောင် မရှိတော့သဖြင့် သူ့အဖို့ လက်ကတုံးတောင်ဝှေးတခု ပြုတ်ကျသွားသလိုဖြစ်ရ၏။
သူ့အိမ်ပေါ် ကျနော်အတက်တွက် သူက စကားမပြောချင်ဘူးဟုဆိုကာ အိမ်ခန်းထဲသို့ ၀င်သွားလေသည်။ သူ့ကျောပြင်ကိုသာ ကြည့်ကာ အိမ်ပေါ်မှဆင်းခဲ့ရ၏။
တဲပေါ်က အဆင်းတွင် လက်နက်ကြီးပစ်ခတ်သံများကို ကြားရလေသည်။ “နော်တ” နှင့် “ထွီးပါးဝီးကျိုး” နှစ်နေရာစလုံးဆီက ကြားလိုက်ရခြင်းဖြစ်၏။ ခြံရှေ့ကိုရောက်တော့ တို့ကရင်အချင်းချင်း သေနတ်မပေါက်ချင်ဘူးဟုဆိုကာ “နော်တ” ခံစစ်ဒေသမှ ပြန်ဆင်းလာကြသည့် KNU စစ်သားတချို့ကို တွေ့ရလေသည်။
၎။
၁၉၉၅-ခု၊ ဇန်န၀ါရီလ … ၂၂-ရက်၊ တနင်္ဂနွေနေ့။
ပဒိုမန်းရှာထံသွားကာ “ပဟေလူရွာ” တွင် အိမ်တလုံး ငှားရမ်းပေးပါရန် အကူအညီတောင်းခဲ့ရ၏။ ဒီမိုကရက်တစ် မြန်မာ့အသံ “ရွှေဗဟိုစည်” စတူဒီယိုကို ပဟေလူရွာသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့၏။
ပဒိုမန်းရှာအိမ်မှအပြန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံးရှေ့မှဖြတ်ကာ သူ့အိမ်ကလေးရှေ့ တွင် ကျနော်ရပ်သည်။ သူ့ကို ၀င်တွေ့ဖို့ စဉ်းစားနေမိသေးသည်။ သို့သော် သူသည် သူမတွေ့ချင်သည့်သူများကို ခြံဝန်းထဲသို့ပင် ၀င်ခွင့် မပြုတော့ဟု ကျနော်ကြားထားရ၏။ ၀င်လာလျှင်လည်း ရန်မူသည်အထိ ဖြစ်လာလေသည်။
အိမ်ကလေးဆီက မည်သည့်အသံမျှ မကြားရ။ တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ ကျနော်က စိတ်ကိုဖြေကာ သူ့အိမ်ရှေ့က ဆက်လျှောက်လာခဲ့သည်။ “ဒေါ်အောင်ဆန်းစုကြည်” လမ်းကလေးထဲသို့ တိုးဝင်တိုက်ခတ်လာနေသည့် လေနုအေးမှာမူ ကျနော့်ရင်ကို မအေးမြစေနိုင်ခဲ့တော့။
၅။
၁၉၉၅-ခု၊ ဇန်န၀ါရီလ … ၂၃-ရက်၊ တနင်္လာနေ့ … ။
သည်ကနေ့မနက် ခတ်စောစောအိပ်ရာထသည်နှင့်တပြိုင်နက် လက်နက်ကြီး ပစ်သံများကို ယခင်နေ့ထက်ပိုပြီး အနီးကပ်ကြားနေ ခဲ့၏။ လက်နက်ကြီးပစ်သံများမှာ ပိုပြီးစိပ်လာလေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံးဖက်သို့သွားကာ သတင်းစုံစမ်းရန်ထွက်လာစဉ် မီးစက်ကမ်းပါး အကွေ့တွင် ကိုသက်စိုးလွင်နှင့် ကိုတင့်ဆွေကို တွေ့၏။ သူတို့နှစ်ဦးစလုံး မျက်စေ့မျက်နှာ ပျက်လျက်ရှိ၏။
“အခြေအနေမကောင်းတော့ဘူး၊ ချက်ချင်း အထုပ်အပိုးပြင်ပြီး ထိုင်းဖက်ကမ်းကို ကူးဖို့ KNU က လာပြောတယ်။ အဲဒါ ဦးခွန်မားရ် ကိုဘန်းနဲ့ ခင်ဗျားဆီကို လာပြောတာ”
ချက်ချင်းဆိုသလို စတူဒီယိုသို့ပြန်ကာ ရဲဘော်တချို့နှင့်အတူ အသံဖမ်းစက်များနှင့် ပစ္စည်းပစ္စယများကို ထုပ်ပိုးပြင်ဆင်ရ၏။ ကံအားလျော်စွာ လှည်းတစီးငှားလို့ရသဖြင့် သောင်ရင်းမြစ်ကမ်းသို့ ပစ္စည်းအားလုံး ရောက်သွားခဲ့၏။ နေ့လည် (၂)နာရီခန့်တွင် ပဒိုမန်းရှာ ၏ ဇနီးအနော ( နမ့်ကျင်ရွှေ) ၏ ကူညီစီစဉ်ပေးချက်အရ သောင်ရင်းမြစ်အထက်ဖက် ကွေ့နှစ်ကွေ့အလွန် ထိုင်းနိုင်ငံဖက်ကမ်း တောင်ခြေသို့ လှေကြုံနှင့် ကူးလာခဲ့ကြ၏။ ကျန်ရစ်သည့် ပစ္စည်းတချို့ကိုသယ်ရန်နှင့် ထိုင်းနိုင်ငံ အတွင်းဖက်သို့ ဆက်လက်ထွက်ခွာရန် ပဒိုမန်းရှာထံ တင်ပြမည်ဟုဆိုကာ ကရင်ရဲဘော်လေး “ကွယ်သာထူး” နှင့် “မိုးကျော်” (ABSDF) တို့က မာနယ်ပလောဖက် ပြန်ကူးသွား ကြ၏။
ညနေမိုးချုပ်မှပင် ထင်းခြောက်တချို့ကောက်ယူကာ သောင်ရင်းမြစ်ရေနှင့် ဆန်ဆေးပြီး ထမင်းချက်၏။ မြစ်ဘေး တောင်ခြေအစပ် တွင် ပစ္စည်းများကို ဖြစ်သလိုစုပုံထားရှိကာ ဖျာတချပ်ကို အမိုးလုပ်ပြီး အိပ်ရာထိုင်ခင်း ပြင်လိုက်၏။ အနော (နမ့်ကျင်ရွှေ) က ခူးပေးလိုက် သည့် ပဲလင်းမြွေသီးကို ချက်စားရန်စီစဉ်၏။ နေ၀င်ရီတရောအချိန် ဘောနော်လေးတောင်ကြီးကိုကျော်ပြီး ရောက်လာသည့် လက်နက်ကြီးပစ်သံများမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းနေ၏။ လူသံကြားလို့ အထက်ဖက်ကိုလှည့်ကြည့်တော့ ချိုင်းထောက်တချောင်းကို ထောက်ကာ၊ ခြေထောက်တဖက်မရှိသည့် လူတယောက်၊ ကလေးတယောက်နှင့်အတူ လမ်းလျှောက်လာနေသည်ကိုတွေ့ရ၏။ သူတို့နှစ်ဦးစလုံး နွမ်းလျသောခြေလှမ်းများလှမ်းကာ အောက်ဖက်တောစပ်သို့ ၀င်ရောက်သွားခဲ့ကြ၏။ သူတို့ဘယ်ဆီ ထွက်ခွါသွားကြသည် ကိုမူ ကျနော်မသိ။
မှောင်သွားသည့်အခါ လှေတစင်း ကပ်လာသည်ကို လရောင်မှုန်ပြပြအောက်တွင် မြင်ရ၏။ ရန်သူမိတ်ဆွေခွဲခြားရန် ခက်သဖြင့် ကျနော့်မှာ ထိတ်လန့်သွားရ၏။ လှေပေါ်က လူတယောက်ဆင်းလာ၏။ ထိုသူက ကျနော်တယောက်တည်း စိတ်မချသဖြင့် အနော (နမ့်ကျင်ရွှေ) က အဖော်အဖြစ်အိပ်ရန် လွှတ်လိုက်သူဖြစ်ကြောင်း ကရင်သံဝဲ၀ဲနှင့်ပြောမှ ကျနော့်မှာ စိတ်အေးသွားရလေသည်။ အနောကိုလည်း ကျေးဇူးတင်လို့မဆုံးတော့။
လရောင်မှုန်ပြပြအောက်တွင် ကျနော်နှင့်ကရင်ရဲဘော်လေးတို့ ထမင်းစားကြသည်။ လက်နက်ကြီးပစ်သံများမှာ ညဥ့်နက်မှပင် ပိုပြီး နီးကပ်လာနေသည်ဟု ထင်ရ၏။ ထိုအခါကျမှပင် “နိုင်ဝင်းဆွေ” အတွက် စိတ်ပူလာရပြန်သည်။ သူ၏အခြေအနေမှာ ထိုင်းနိုင်ငံဖက်ကမ်းသို့ အလွယ်တကူလိုက်ပါလာနိုင်သည့်အခြေအနေမျိုး မဟုတ်သဖြင့်လည်း ကျနော့်မှာ ကြေကွဲတုန်လှုပ်နေမိ၏။
၆။
“ပဟေလူ” ရွာကို ရောက်ရန်၊ ကျနော့်နောက်ဖက်က တောင်ကြောကို ကျော်ရဦးမည်ဟု သိရ၏။ မနက်မိုးလင်းကတည်းက “ကွယ်သာထူး” နှင့် “မိုးကျော်” တို့ကို ကျနော်မျှော်နေမိသည်။ မိုးလင်းသည်နှင့်တပြိုင်နက် ညက ကျနော်နှင့်အဖော်လာအိပ်ပေးသည့် ကရင် လူငယ်လေးက၊ မာနယ်ပလောဖက်ကမ်းသို့ လှေဖြင့် ပြန်ကူးသွားခဲ့၏။ မနက် (၁၀)နာရီအထိ “ကွယ်သာထူး” တို့ ရောက်မလာသေး။
လက်နက်ကြီးပစ်သံများမှာ နေထွက်ကာစက ခေတ္တခဏရပ်သွားသလိုရှိရာက၊ နေမြင့်လာတော့ အသံပိုစိပ်လာသည်ဟု ထင်ရ၏။ ဝေးရာက နီးလာသည်ဟု ထင်လာရ၏။ မနေ့တုန်းက “နော်တ” ၊ “ထွီးပါးဝီးကျိုး” ၊ “ဆင်ဖြူတောင်” ဖက်ဆီကသာ ကြားခဲ့ရသည့် လက်နက်ကြီးပစ်သံများမှာ ယခုအခါ သောင်ရင်းမြစ်အထက်ဖက်ဆီကပါ ကြားလာရ၏။
ကျနော်က ညနေကတည်းက ၊ DVB ပစ္စည်းများကို မြစ်ဆိပ်နှင့် မလှမ်းမကမ်း၊ မိုးမခပင်အုပ်များကြား ဆွဲသွင်းထားခဲ့၏။ မြစ်ထဲတွင် စက်လှေများ၊ လက်လှေများ လူးလာခေါက်တုန့် အလျှင်အမြန် သွားနေကြ၏။ စက်လှေများပေါ်တွင် ပစ္စည်းအပြည့်၊ လူ့အပြည့်။
ဒီကနေ့မနက်ကြတော့ မိမိစိတ်ကပဲ ထင်လို့လားတော့မသိ။ တခါတရံ လက်နက်ကြီးပစ်သံများကြားတွင် လက်နက်ငယ်ပစ်ခတ်သံ များကိုပင် ကြားလာရသည်ဟု ထင်မိ၏။ ခြုံစပ်တွင် တယောက်တည်းထိုင်နေရသည်မှာ လုံခြုံမှုမရှိဟု စိတ်ပူနေစဉ်၊ ကမ်းစပ်သို့ လှေတစင်း ဆိုက်လာခဲ့၏။ စက်လှေပေါ်က လူနှစ်ယောက်ခုန်ဆင်းလိုက်၏။
“ကိုငြိမ်း ၊ စက်လှေလာပြီ၊ ဒီတောင်ကြောကို ကျော်ပြီး ပစ္စည်းတွေဘယ်လိုမှသယ်နိုင်မှာမဟုတ်ဖူး၊ စက်လှေပေါ်ပစ္စည်းတွေ ပြန်တင် ပြီး၊ ပဟေလူရွာကို အောက်ဖက်က ချောင်းထဲကတဆင့်သယ်မယ်”
သူတို့ကို ကျနော် အထွေအထူးမေးမြန်းမနေတော့ပဲ စက်လှေပေါ်ပစ္စည်းတွေဝိုင်းတင်၏။ မာနယ်ပလောကို ဖြတ်ကာ “ပဟေလူ” ချောင်းထိပ်သို့ ရောက်လာကြ၏။ သောင်ရင်းမြစ်ထဲမှတဆင့် “မာနယ်ပလော” ကို မော့ကြည့်ခဲ့ရသည်မှာ ရင်ထဲ၌ ကြေကွဲနေမိ၏။ သောင်ရင်းမြစ်ထဲသို့စီးဝင်ရာ “ပဟေလူ” ချောင်းထဲသို့ ကွေ့ဝင်လာစဉ် စက်လှေများ၊ လက်လှေများ ချောင်းလုံးပြည့် လှုပ်ရှားနေသည်ကို ဘွားကနဲ တွေ့လိုက်ရ၏။ ကမ်းပေါ်တွင်၊ လှေများပေါ်တွင် လူတွေ၊ အထုပ်အပိုးကိုယ်စီနှင့် သွားလာလှုပ်ရှားနေကြ၏။ “ပဟေလူ” ရွာခြေ တွင် စက်လှေပေါ်က ပစ္စည်းများကိုချတော့ ညနေ (၄)နာရီခန့်ရှိပြီ။ သောင်စပ်နှင့်ရေစပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) မှ ရဲဘော်များ သုံးယောက်တွဲ၊ ငါးယောက်တတွဲ ၀ိုင်းစုထိုင်နေကြသည်ကိုတွေ့ရ၏။ တချို့က သောင်ပြင်ပေါ်တွင်ပင် တုံးလုံး ပက်လက်အိပ်နေကြ၏။ ပစ္စည်းများချပြီးသောအခါ ညနေစာချက်စားရန် ပြင်ဆင်ရပြန်လေသည်။
ညကြတော့ သောင်ပြင်ပေါ်တွင်ပင် ဖျာများ၊ ပလပ်စတစ်များခင်းကာ အိပ်လိုက်ကြ၏။ ပစ္စည်းများ သယ်ပိုးရွှေ့ပြောင်းခဲ့ရသဖြင့် ကျနော့်တကိုယ်လုံး ကိုက်ခဲနာကျင်လျက်ရှိ၏။ သည်နေရာရောက်တော့ မရေမတွက်နိုင်လောက်အောင် မြင်နေရသည့် စစ်ပြေးဒုက္ခသည်များ ကို တွေ့ရသဖြင့် ပူပန်စိတ်လျော့သွားရ၏။ သို့သော် မာနယ်ပလောဖက်ကမ်းဆီက၊ လက်နက်ကြီးပစ်သံများမှာမူ ပိုမိုနီးကပ်လာနေလေ သည်။
၇။
“ဖွေးပေါလူ” ရွာ ကမ်းစပ်တွင်၊ ပစ္စည်းများ စုပုံထားရှိပြီးသည့်အခါ ရွာထဲသို့ ဦးစွာပထမ သွားနှင့်ပြီးမှ နေရာထိုင်ခင်းစီစဉ်ရန် ဆုံးဖြတ်၏။ ပစ္စည်းများကို “ကွယ်သာထူး” တို့နှင့် ထားနှင့်ကာ ကုန်းပေါ်သို့တက်လာခဲ့၏။ လမ်းတွင် မျက်နှာသိတချို့ကို လူအုပ်ကြားထဲ၌ တွေ့ခဲ့ရ၏။ လူတိုင်း အထုပ်အပိုးကိုယ်စီ။ တကိုယ်လုံး ဖုံအလိမ်းလိမ်းဖြင့် … ။ စကားကိုပင် သွက်လက်ကျယ်လောင်စွာ မပြောနိုင်၊ နှုတ် မဆက်နိုင်ကြတော့။ လူတိုင်း၏ မျက်နှာများပေါ်က သောကလက်ရေးများကို ကျနော် ကောင်းစွာဖက်ရှုနိုင်ခဲ့၏။ ပတ်ဝန်းကျင်တခွင်လုံး၊ မိုး ကောင်းကင်တခုလုံး အုံ့မှိုင်းပြာနှမ်းနေသည်လောဟုပင် ထင်မိ၏။
“ပဟေလူ” ရွာနှင့် မျက်စေါင်းထိုးတဖက်ကမ်း၊ “ဖွေးပေါလူ” ရွာမှာ၊ ဗိုလ်ချုပ်ကြီးစောဗိုလ်မြ နေထိုင်သည့်ရွာဟု သိရ၏။ “မာနယ်ပလော” နှင့် လက်နက်ကြီးတကမ်းစာတွင် ရှိသော်လည်း ထိုင်းနိုင်ငံဖက်ကမ်း၊ ထိုင်းနိုင်ငံနယ်မြေဖြစ်သဖြင့် နအဖစစ်တပ်များ၏ ရန်ကိုသိပ်ပြီး မစိုးရိမ်ရ။ သို့သော် ထိုင်းနယ်ခြားစောင့်တပ်များ၊ ညကတည်းက ရောက်လာနေသည်ဟု ကြားခဲ့ရသဖြင့် စိတ်ပူနေမိသေး၏။ နယ်မြေ အနေအထားမှာ လူသွားလမ်းမှအပ မည်သည့်ဆက်သွယ်ရေးလမ်းမျှ မရှိသည့်နေရာဖြစ်သဖြင့် ထိုင်း နယ်ခြားစောင့်တပ်များ အလုံးအရင်းနှင့်တော့ ရောက်မလာနိုင်ကောင်းရဲ့ဟု စိတ်ကိုဖော့ပြီး တွေးထားရ၏။ အခြေအနေပေးပါက “ဖွေးပေါလူ” ရွာတွင် တရက်နှစ်ရက်တန်သည် နားကာ ၊ သောလဲထရွာ၊ မယ်စာရင်းရန်းမြို့အထိ ဖောက်ထွက်နိုင်ရန် နည်းလမ်းရှာမည်ဟု တွေးထား၏။
“ဖွေးပေါလူ” ရွာ ကမ်းပါးပေါ်အတက်တွင် အလွန်နီးကပ်သောတနေရာမှ၊ လက်နက်ကြီးပေါက်ကွဲသံထွက်ပေါ်လာသဖြင့် လူတွေ အားလုံး နေရာတွင်ပင် ၀ပ်ကာနေရာယူလိုက်ကြ၏။ သို့သော် မာနယ်ပလောဖက်ကမ်းဆီက ပေါက်ကွဲခြင်းဖြစ်ကြောင်း ချက်ချင်းသိကာ ခရီးဆက်ကြရ၏။ လူအုပ်ကြားထဲတွင် လမ်းလျှောက်လာရင်း အသိမိတ်ဆွေများကို ကျနော်ရှာနေမိသည်။ တွေ့လျှင် သူတို့နှင့် ညှိနှိုင်းတိုင်ပင်ကာ နေရာထိုင်ခင်းကိစ္စ စီစဉ်မည်ဟုတွေး၏။ ထိုစဉ်မှာပင် လူအုပ်ထဲ၌ အမျိုးသမီးတဦးကို မမျှော်လင့်ပဲ ကျနော်တွေ့လိုက်ရလေ သည်။
ခေါင်းပေါ်တွင် လင်ဗန်းတချပ်ကိုရွက်ထားသည့် အမျိုးသမီးတဦး။ လင်ဗန်းပေါ်တွင်မူ ဟင်းသီးဟင်းရွက်လိုလို၊ အကြော်လိုလို အရာဝတ္ထုများကို မျက်နှာသုပ်ပုဝါ အစုပ်တထည်နှင့် အုပ်ထား၏။ လူအုပ်ကိုကျော်ပြီး ကြည့်ရသဖြင့်၊အမျိုးသမီး၏မျက်နှာကို သဲကွဲစွာ ကျနော် မမြင်ရ။ ကျနော့်ရှေ့က လူတချို့ကို အလျင်အမြန်ကျော်တက်ကာ၊ ကျနော်တွေ့လိုက်ရသည့် အမျိုးသမီးဆီလှမ်းလာခဲ့သည်။ သို့သော် လူအုပ်ထဲတွင် ထိုအမျိုးသမီးကို ကျနော် မတွေ့ရတော့။ လူတချို့မှာ အုပ်စုလိုက်ခွဲကာ ရွာထဲသို့ဝင်သွားနေကြ၏။ အချိန် တော်တော်ကြာသည်အထိ ထိုအမျိုးသမီးကို ကျနော်ရှာနေမိသည်။ သို့သော် လုံးဝမတွေ့လိုက်ရတော့။
“ဒေါ်ဂျုံကတော့ ဆရာနိုင်ဝင်းဆွေနဲ့ အတူတူမရှိတော့ဘူးဗျ၊ ဆရာကလည်း ဒေါ်ဂျုံတို့ခေါ်ရာ မလိုက်တော့ဘူးတဲ့၊ ဒေါ်ဂျုံတို့ သားအမိလည်း ဆရာနိုင်ဝင်းဆွေကိုထားပြီး ဒီဖက်ကမ်းကိုကူးလာကြတာ၊ ဒေါ်ဂျုံကတော့ အကြော်ရောင်းပြီး စားစရိတ်၊ ခရီးစရိတ်ရှာနေရ တယ်လို့ ပြောတာပဲ ကိုငြိမ်း၊ ဒါပေမယ့် ပဒိုမန်းရှာကတော့ ဆရာ့ကို ရအောင်ခေါ်လာရမှာပဲလို့တော့ ပြောတယ်လို့ ကျနော်ကြားခဲ့ရတယ်”
ကျနော် … အသက်ရှူမ၀နိုင်အောင် ကြေကွဲနေမိသည်။ ဆရာ “နိုင်ဝင်းဆွေ” တယောက် ရန်သူသိမ်းပိုက်တော့မည့် “မာနယ်ပလော” က၊ အိမ်ကလေးတလုံးထဲ၊ တယောက်တည်း ရှိနေခဲ့ပြီလား … ။ ကျန်နေရစ်ခဲ့ပြီလား။ သူ့ကို ဘယ်သူမှ ကယ်ထုတ် မလာနိုင်ကြတော့ဘူးလား။
“ဖွေးပေါလူ” ရွာ ကမ်းပါး၊ လူသွားလမ်းဘေး၊ ဖုန်ထုကြီးအောက်တွင် ကျနော်တယောက်တည်း ထိုင်နေစဉ် “ပဟေလူ” ရွာကအထွက်၊ လမ်းတွင် ရဲဘော် ကိုစိုးဝင်းညိုပြောခဲ့သည့် ဆရာနိုင်ဝင်းဆွေမိသားစု၏ သတင်းကို ကျနော့်နားထဲ၌ ကြားနေခဲ့လေသည်။
၈။
၁၉၉၅-ခု … ဖေဖော်ဝါရီလ … ၆-ရက်၊ တနင်္လာနေ့၊ ထိုင်းနိုင်ငံနယ်စပ်၊ ဖွေးပေါလူရွာ။
သူ့ကို ဘုရားစင်အောက်တွင် တယောက်တည်း တင်ပလ္လင်ခွေထိုင်ကာ တရားအာရုံပြုနေသည်ကို ကျနော်တွေ့ရသည်။ ထို့ကြောင့် အနှောက်အယှက်မပြုဘဲ နောက်ဖေးခန်းသို့ ကျနော်ဝင်လာခဲ့သည်။ မီးဖိုချောင်ထဲတွင် ရဲဘော်ဆယ်ယောက်ခန့် ထမင်းစားနေ သည်ကို တွေ့ရ၏။ ဗိုလ်မှူးချစ်မောင် (ရလလဖ အတွင်းရေးမှူး)နှင့် တွေ့ရန် အိမ်ရှေ့ဖက်သို့ ပြန်ထွက်ခဲ့သည်။ ဗိုလ်မှူးချစ်မောင်နှင့်တွေ့ကာ သူ၏ ကျန်းမာရေးအခြေအနေကိုမေးသည်။ ဗိုလ်မှူးချစ်မောင်မှာ ကျနော့်ကို လက်ခံစကားပြောဘို့ပင် အချိန်မရရှာပါ။ သူ့ကျန်းမာရေး အခြေအနေမကောင်းသည့် အကြောင်းကိုသာ ပြောပြနိုင်၏။ သူ့ကို ပဒိုမန်းရှာ၏အစီအစဉ်ဖြင့် ထိုင်းနိုင်ငံဖက်ကမ်းအထိ ခေါ်လာနိုင်ခဲ့သည် ကိုပင် ကံကောင်းသည်ဟု ဆိုရပါမည်။ ဗိုလ်မှူးချစ်မောင်တို့အဖွဲ့သည်လည်း သည်ကနေ့ ညနေမှာပင် တပ်မဟာ (၆)နယ်မြေသို့ ဆုတ်ခွါ တော့မည်ဖြစ်ကြောင်း သိရ၏။ သူ့အတွက် ဘယ်လိုအစီအစဉ်ရှိသလဲဟုမေးတော့ ဗိုလ်မှူးချစ်မောင်မှာ ရေရာတိကျစွာ ဖြေနိုင်ခြင်းမရှိ။
ဧည့်ခန်းထဲသို့ဝင်ကာ သူ့ရှေ့တွင် ကျနော်ထိုင်ချလိုက်သည်။ လက်ထဲတွင်ပါလာသည့် ကင်မရာနှင့် သူ့ကိုချိန်လိုက်သည်။ ထိုအခါ ကြမှပင် သူသည် ရုတ်တရက် ကျနော့်ကို ခုန်အုပ်တော့မလို ထရပ်လိုက်၏။ မျှော်လင့်မထားသဖြင့် ကျနော့်မှာ လက်ထဲက ကင်မရာကို အယောင်ယောင်အမှားမှားနှင့် ဘေးသို့ချထားလိုက်ရ၏။ သူသည် ဘုရားစင်အောက်တွင် ပြန်ထိုင်ကာ မျက်လုံးစုံမှိတ်လျက် ငြိမ်သက်သွားလေသည်။
ထိုနေ့ညက ဗိုလ်မှူးချစ်မောင်တို့အဖွဲ့ လုံခြုံရာနေရာသို့ ဆက်လက်ထွက်ခွါသွားကြကြောင်း သိရ၏။ သူကမူ မည်သူနှင့်မျှစကား မပြော။ ထမင်းမစား။ ဘုရားစင်အောက်မှာပင် တဦးတည်း တရားထိုင်နေခဲ့လေသည်။
၉။
၂၀၀၅-ခု …၊ ဧပြီလ၊ ၁၈-ရက်၊ တနင်္လာနေ့။
စာအုပ်စင်ပေါ်က စာအုပ်(၈)အုပ်ကို ရွေးပြီး စားပွဲပေါ်တွင် တင်ထားလိုက်သည်။ သူ၏ရင်သွေးများဖြစ်သည့် “မဟူရာမေတ္တာ” ၊ “မသိန်းရှင်ဆီပို့ပေးပါ” ၊ “နွေတည” ၊ “ည အသင်္ချေ” ၊ “မြစပယ်ရုံ” ၊ “အချစ်ည” ၊ “ဘ၀စာမျက်နှာများ” နှင့် “ရေဆန်လမ်း” စာအုပ်များကို တအုပ်ချင်းကိုင်တွယ်ကြည့်ရှုရင်း “သူ့” ကို သတိရနေသည်။ သူကွယ်လွန်ခဲ့သည်မှာ (၁၀)နှစ် တင်းတင်းပြည့်ခဲ့ပြီ။ သူ့ကို လေးစားချစ်ခင်သူ တစုက သူကွယ်လွန်ခြင်း (၂)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကဗျာစာအုပ်ထုတ်ဝေခဲ့၏။ “ရေဆန်လမ်းသို့အပြန်” ဟု အမည်ပေးခဲ့၏။ ယင်း စာအုပ်တွင် သူကွယ်လွန်သည့်နေ့ကို အတိအကျဖော်ပြသည်ကို တွေ့ရသည်။ ( ၂၄-၂-၁၉၉၅)
ကျနော့်အသိထဲတွင်မူ သူကွယ်လွန်သည့် “လ” နှင့် “ခုနှစ်” ကိုသာ အတိအကျသိရှိနိုင်ပြီး နေ့ရက်ကိုမူ မည်သူမျှအတိအကျ မသိရှိနိုင်ဟု ယူဆနေမိသည်။ အမှန်တကယ်အားဖြင့် “ဖွေးပေါလူ” ရွာတွင် နောက်ဆုံးကျန်ရစ်ခဲ့သည့် စစ်ပြေးဒုက္ခသည်များ၊ စစ်ရှုံးရဲဘော် များထဲ၌ သူ့ကို နိုင်ငံကျော်စာရေးဆရာ “နိုင်ဝင်းဆွေ” ဟု သိသူ တယောက်မျှမရှိ။ ထိုင်းနိုင်ငံနယ်စပ် တောအုပ်များ၏အလယ်တွင် စိတ်ဝေဒနာခံစားနေရသူ “သူ့” ကို နားလည်ခွင့်လွှတ်ကာ ကူညီဖေးမပေးနိုင်မည့်သူ တဦးမျှမရှိနိုင်။ နအဖတပ်များ၏ လက်နက်ကြီး တကမ်းစာအကွာ ထိုင်းနယ်ခြားစောင့်တပ်များ ခြေချင်းလိမ်ရှိနေပြီး တော်လှန်ရေးရဲဘော်များ ၀ါးအစည်းပြေသလို လက်နက်မဲ့ ဥဒဟို ထွက်ပြေးတိမ်းရှောင်နေကြရသည့် ခေတ်ပျက်ကာလတခုတွင် သူ့ကို လူဆိုးလူကောင်း ခွဲခြားဆက်ဆံရန်မှာလည်း သူ့ကျန်းမာရေး အခြေအနေက အကူအညီမရနိုင်တော့။
ကျနော့်အတွေးထဲတွင် ၁၉၁၇-ခုနှစ်၊ အောက်တိုဘာတော်လှန်ရေးအပြီး၊ အာဏာရှင်စက်ကွင်းမိလျက် ဆိုက်ဗေးရီယားမဲဇာတော တွင် မထင်မရှားသေဆုံးသွားရသည့် ရဟူဒီကဗျာဆရာ “အိုစစ်မင်ဒယ်လ်စတန်း” ကို တွေးနေမိသည်။ ကဗျာဆရာ “အိုစစ်မင်ဒယ်လ်စတန်း” မည်သည့်နေ့က မည်သည့်နေရာတွင် မည်သည့်အတွက် သေဆုံးခဲ့ရသည်ကို ယခုအထိ မည်သူမျှအတိအကျ ပြောမပြနိုင်ခဲ့။
“နိုင်ဝင်းဆွေ” သည်ကော … ။
မုန်တိုင်းတခုအောက်တွင် ကြွေရွက်တချို့လွင့်ပါ ပျောက်ကွယ်ရသည်မှာ ဘာမျှတော့မဆန်း။ သို့သော် ဤသစ်ရွက်တရွက် ကြွေလွင့်သွားရပုံမှာ တကယ့်ကို ဂန္တ၀င်မြောက် ရောမန္တိက ဆန်လွန်းလှချေ၏။ ။
(ဒီဝတ္ထုလေးကတော့ ဆရာနိုင်ဝင်းဆွေနှင့်ကျနော် နောက်ဆုံး တွေ့ဆုံခဲ့တဲ့ အချိန်ကို မှတ်တမ်းတင်တဲ့ သဘောပါပဲ။ ဆရာနိုင်ဝင်းဆွေ အပေါ်မှာ စိတ်ဝင်စားကြသူတွေ သူ့ဝတ္ထုတွေကို နှစ်သက်ကြသူတွေအတွက် ဒီဝတ္ထုတိုလေးက တစုံတရာ မှတ်တမ်းမှတ်ရာ တခုအဖြစ် ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။)
January 27, 2008
လရောင်အောက်က ခွေးအများ

စစ်တောင်းမြစ်ရဲ့မျက်စောင်းထိုး တဖက်ကမ်းထိပ်။ ကျိန်တောမြောင်သုဿာန် ကုန်းပေါ်တွင် လရောင်များ ဖွဲဖွဲဆုပ်ဆုပ်ကျနေလေသည်၊ စစ်တောင်းမြစ်အတွင်း ခုန်ဆင်းချလာသည့်လမင်းသည် လအစင်းငယ်ပေါင်းထောင်သောင်းချီပြီး ပွားထုတ် လိုက်၏။ လရောင်တချို့မှာ သောင်ပြင်ပေါ်တွင် လူးလှိမ့်နေ၏။ဝါးတရိုက်ခန့် မရှိတရှိ ကမ်ပါးယံအောက်တွင်မူ အမှောင်ရိပ်သန်းနေလေသည်။ ယခုလို လရောင်အချမ်းသာဆုံးညမျိုးဆိုလျှင် မည်သည့်အခါမှ ကျနော်အိပ်မပျော်နိုင်ပါ။ သောင်ပုရွာ ထိပ်တွင်ရှိသည့် တဲတလုံးထဲတွင် အိမ်သားအားလုံးအိပ်ပျော်နေကြပြီ ဖြစ်သည်။ အိပ်ယာထဲမှ ကျနော် ထလာခဲ့သည်။ တဲပေါ်က အသာအယာဆင်းလိုက်သည်။ စစ်တောင်းမြစ်ကမ်းနဖူးဘေးက လူသွား လမ်းလေးပေါ် ရောက်လာခဲ့သည်။ စစ်တောင်း မြစ်ကို ကျော်ကာ ကျိန်တောမြောင်သုဿာန်ကုန်းဆီ လှမ်းကြည့်သည်။ လရောင်များမှာ သုဿာန်ကုန်းပေါ်တွင် ငွေစရွှေစများကို ဖွဲဖွဲလွင့်လွင့်ကြဲချလျက် ရှိကြ၏၊ သုဿာန်ကုန်းဆီကမူ ဘာသံမျှ မကြားရသေး။
လွန်ခဲ့သည့် (၄) ရက်ခန့်က ကျိန်တောမြောင်သုဿာန်တွင် လူနှစ်ယောက်ကို မြေမြုပ်သဂြိုဟ်ခဲ့ကြ၏။ အိမ်ထောင်ကျပြီး တလအကြာတွင် အရှေ့ရိုးမတောင်ခြေသို့ အင်ဖက်ကောက်သွားကြရာမှ ငှက်ဖျားမိပြီး ပြန်လာကြသည့် ငယ်ရွယ်သူ ဇနီးမောင်နှံနှစ်ဦး၏ အလောင်းများကို မြေမြုပ်သဂြိုဟ်ခဲ့ကြခြင်းဖြစ်သည်၊ ကျနော်နှင့် ရင်းနှီးခင်မင်သူများဖြစ်သဖြင့် အသုဘပို့သူများထဲတွင် ကျနော်လည်း ပါလာခဲ့၏၊ အသုဘပို့သူ (၁၀)ယောက်ခန့်သာ ရှိသည်။ လင်မယားနှစ်ယောက်စလုံး ရှေ့ဆင့်နောက်ဆင့် တညသာခြားပြီး သေဆုံးသွားခဲ့ကြ၏။
လင်မယားနှစ်ယောက်စလုံးတွင် နှစ်ဘက်မိဘများလည်းမရှိကြ။ မောင်နှမသားချင်းများမှာလည်း နွမ်း ပါးလွန်းကြ၏။ ထို့ကြောင့်အလောင်းနှစ်လောင်းစလုံးကို ဖျာနှင့်ပင်လိပ်ကာ အသုဘချခဲ့ကြ၏။ ကျိန်တောမြောင်သုဿာန်ကုန်းထဲတွင် လူတစုသည် တိတ်ဆိတ်စွာ ရပ်နေကြ၏။
“ နောက်ထပ်လေးရက်ဆိုရင် လပြည့်တော့မယ် ဆရာလေး။ လူသေအလောင်းတွေကလည်း ရှိနေတော့ လပြည့်ညဆိုရင် ဒီသုဿာန်ကုန်းထဲကို ခွေးအ တွေ လာကြမှာ သေချာတယ်”
အလောင်းချထားသည့် ကျင်းထဲသို့ မြေကြီးခဲတချို့ ပစ်ချနေစဉ် ကျနော့်ဘေးက ရွာသားတယောက် ပြောခဲ့သည့်စကား။
သောင်ပုရွာထိပ် ကမ်းပါးယံပေါ်မှတဆင့် မျက်စောင်းထိုးတဖက်ကမ်း ကျိန်တောမြောင်သုဿာန်ကုန်းဆီ အာရုံစိုက်ပြီး ကြည့်သည်။ အာရုံစိုက်ပြီး နားထောင်သည်။ မည်သည့်အရိပ်အယောင်ကိုမျှ မမြင်ရ။ မကြားရ။
ကမ်းပါးယံပေါ်မှ ဆင်းကာ မြစ်ထဲကသောင်ပြင်ပေါ် ကျနော်ရောက်လာခဲ့သည်။ ရေစပ်နှင့် ငါးလှမ်းမျှ အကွာတွင် ရှိသည့် ကုက္ကိုပင်မြစ်ဆုံကြီးပေါ်တွင် အကျအနနေရာရွေးကာ ထိုင်လိုက်သည်။ လရောင်များမှာ စစ်တောင်းမြစ်ထဲသို့ အုံနှင့်ကျင်းနှင့် ဆင်းချလာနေကြပြန်သည်။
(ခ)
မဒေ၀ီသည် ကျနော့်ကို မကြည့်ဘဲ အိပ်ပျော်နေကြပြီဖြစ်သည့် သားသုံးယောက်ဘေးတွင် ယပ်ခပ် ပေးလျက် ရှိ၏။ ကျနော် ကလည်း မဒေ၀ီကို မျက်နှာချင်းမဆိုင်မိအောင် သတိထားပြီး နေနေမိသည်။ ယခုဆိုလျှင် ည (၈) နာရီ ထိုးကာနီးပြီဖြစ် သည်။ နာရီကို ကြည့်ကာ ကျနော့်စိတ်တွေ လေးလံလျက် ရှိသည်။ သည်ကြားထဲ မဒေ၀ီနှင့်လည်း မျက်နှာချင်းဆိုင်ထိုင်ပြီး စကားမပြောရဲ။ ထို့ကြောင့် ထမင်းစားခုံကို အ၀တ်စုတ်ဖြင့် ပြောင်စင်အောင်သုတ်ကာ စားပွဲဘေးတွင် စာထိုင်ရေးချင်ယောင် ဆောင်နေခဲ့ရ၏။
စားပွဲဘေးတွင် ထိုင်နေရင်း ကျနော့်စိတ်ထဲ စိုးရိမ်စိတ်ကို ဖြေသိမ့်နိုင်ဖို့သာ ကြိုးစားနေရပြန်သည်။ အကယ်၍များ ကျနော် ရည်မှန်းထားသည့်အတိုင်း ဖြစ်မလာနိုင်ခဲ့လျှင် ... ။ မဒေ၀ီ ဘက်သို့ မသိမသာ အကဲခတ်သလို လှမ်းကြည့်မိပြန်သည်။ မဒေ၀ီသည်လည်း ကျနော်တွေးသလို ကျနော်စိတ်ပူသလို ဖြစ်နေလိမ့်မည်ကို ကျနော် အတတ်သိသည်။
ဒီကနေ့နေ့လယ်ပိုင်းက ကျနော်သည် စက်လှေတစင်းပေါ်တွင် မတ်တပ်ရပ်နေခဲ့သည်။ လက်ထဲတွင် စကားပြောခွက်ကို ကိုင်ထားခဲ့၏။ စက်လှေဆရာက သောင်ပုရွာဘက်သို့ စက်လှေဦးကို လှည့်ကာ စက်လှေကို ဖြည်းဖြည်းသာ မောင်း၏။
“ သောင်ပုရွာ တောင်သူလယ်သမားအပေါင်းတို့ခင်ဗျား- သောင်ပုရွာက အဖိနှိပ်ခံတောင်သူလယ်သမား အပေါင်းတို့ခင်ဗျား အခု ဒီအချိန်က စပြီး လွန်ခဲ့တဲ့နှစ်ပေါင်း (၂၆) နှစ်လုံးလုံး ကျနော်တို့အပေါ် ဖိနင်းထားတဲ့ ပါတီကောင်စီ စနစ်ဆိုးကြီးကို ကျနော်တို့ တွန်းလှန်ချလိုက်ပြီ ဖြစ်ပါတယ်။ ဒီအချိန်ကစပြီး ပါတီကောင်စီတွေရဲ့ အမိန့်သြဇာအာဏာဟူသမျှကို ကျနော်တို့ သပိတ်ကော်မတီက သိမ်းယူလိုက်ပြီ ဖြစ်ပါတယ်။ ဒီအချိန်က စပြီး စစ်တောင်းမြစ်အရှေ့ဖက် အနောက်ဖက်ကမ်းမှာ ရှိကြတဲ့ ကျေးရွာ တောင်သူလယ်သမားအားလုံး ပါတီကောင်စီစနစ်ဆိုးကြီးလက်အောက်က လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။ အခုလို သပိတ်ကော်မတီရဲ့ ကြေညာချက်ကို ထောက်ခံတယ်ဆိုရင် ဒီကနေ့ည (၉) နာရီတိတိအချိန်မှာ ပါတီကောင်စီမကောင်းဆိုးဝါးစနစ်ဆိုးကြီးကို မောင်းထုတ်တဲ့အနေနဲ့ သံပုံးတီးကြပါလို့ ကျနော် တပ်လှန့်နှိုးဆော်ပါတယ် ခင်ဗျား ”
ယခုအချိန်ထိ ကျနော့်နားထဲတွင် ဓာတ်စက်က ထွက်ပေါ်လာသည့် ကျနော့်အသံနှင့် စက်လှေသံများကို ခပ်သဲ့သဲ့ကြားနေ ရသေး၏။ ရှစ်နာရီခွဲသောအခါ တဲပေါ်တွင်ထိုင်ပြီး မနေနိုင်တော့။ တဲအောက်သို့ ဆင်းလိုက်သည်။ တဲရှေ့ကမြေကွက်လပ် တွင် ထွက်ပြီး မတ်တပ်ရပ်သည်။ လေကိုဝအောင် ရှူရှိုက်သည်။ သောင်ပုတရွာလုံး ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက် လွန်းသည်ဟု ထင်မိသည်။
ကွက်လပ်ပေါ်တွင် ရပ်နေရင်းမှာပင် သစ်ပင်ထိပ်ဖျားပေါ် မေးတင်လာသည့် လမင်းကြီးကို ကျနော် တွေ့လိုက်ရ၏။ ကျနော့် ခန္ဓာကိုယ်တခုလုံး သွေးများဆူပွက်လာကာ ခွန်အားများပြည့်လာရ၏။ ကျနော့်အပေါ် - ကျနော်နှင့် နောက်က တဲခေါင်မိုးပေါ် - မြေကွက်လပ်ပေါ် - သောင်ပုတရွာလုံးအပေါ် လရောင်များ တစတစ လွှမ်းခြုံလာခဲ့၏။
မည်သည့်ရွာ မည်သည့်ဒေသကမှန်းမသိ။ အလွန်မတန်ကွာဝေးလှသည့် တနေရာမှ မိုးခြိမ်းသံသဲ့သဲ့ ကြားရသလို ရှိသည်ဟု ထင်မိနေစဉ် မိုးခြိမ်းသံများမှာ လှိုင်းလုံးများပမာ ဆင့်ကာဆင့်ကာ နီးလာ၏။
ကျနော့်လက်ထဲက ဒန်အိုးအဖုံးတချပ်ကို တုတ်တချောင်းနှင့်ရိုက်နေစဉ် တဲကလေးဆီ လှမ်းကြည့်မိသည်။ တဲပေါက်ဝတွင် သားသုံးယောက်ကို ဖက်ကာ အံ့သြတုန်လှုပ်စွာ ရပ်နေသည့် မဒေ၀ီတို့ သားအမိတတွေကို လရောင်အောက်တွင် အထင်းသားတွေ့ရ၏။
လရောင်များသည် သံပုံးတီးသံများနှင့် အတူ ရောက်လာခဲ့လေပြီ၊၊
(ဂ)
“ ကျနော်ကတော့ သပိတ်စခန်းကို ခဏတဖြုတ်ပဲဖြစ်ဖြစ် ဖျက်စေချင်တယ်။ မနက်ဖန်မနက်ကျရင် တောင်ငူအထိ ကျနော်သွားပြီး ဟိုမှာရှိတဲ့ သပိတ်အင်အားစုတွေနဲ့ တိုင်ပင်ကြည့်မယ်။ လောလောဆယ်မှာတော့ သပိတ်ကော်မတီဝင်တွေ။ ၀ိုင်းဝန်း ၀န်းရံပေးကြသူတွေအားလုံး နိုးနိုးကြားကြား စည်းစည်းလုံးလုံးရှိမှ ရမယ်။ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာပဲ အတိအကျသိရသေးတယ်။ ဒါမှမဟုတ် အားလုံးဝိုင်းစဉ်းစားပြီး လုပ်သင့်တာ ဆုံးဖြတ်ချက်ချပြီး လုပ်ကြတာပေါ့ ”
ကျနော့်စကားအပေါ်မူတည်ကာ ရေအိုးစင်ကျေးရွာအုပ်စု သပိတ်ကော်မတီဝင်များ ဆွေနွေးညှိနှိုင်းခဲ့ကြ၏။ ညနေ (၅) နာရီ ခန့်တွင် ရေအိုးစင်ကျေးရွာအုပ်စု သပိတ်စခန်းကို ယာယီအားဖြင့် ဖျက်သိမ်းရန်၊ ကျေးရွာ (၅) ရွာ လုံခြုံအေးချမ်းရေး အတွက် ဆက်လက်တာဝန်ယူထားရန် ၊ နှစ်ရက်အတွင်း သတင်း အချက် အလက်များ စုစည်းပြီးနောက် သပိတ်ကော်မတီ အစည်းအဝေးကျင်းပရန် ဆုံးဖြတ်ခဲ့ကြ၏။ ထို့နောက် သပိတ်စခန်းကို ဖျက်သိမ်းခဲ့ကြ၏။
ထိုနေ့ညနေက ကျနော့်မှာ ထမင်းမျိုမကျနိုင်အောင်ပင် ကြေကွဲနေမိသည်။ သပိတ်ကော်မီတီဝင်များ၏ လုံခြုံရေးအတွက် စိတ်မချနိုင်အောင် ဖြစ်မိသည်။ စစ်တပ်က အာဏာသိမ်းယူသည့်သတင်းမှာ ရေအိုးစင် ကျေးရွာအုပ်စုအတွင်း မကောင်းဆိုးဝါး သတ္တ၀ါတကောင် ၀င်ရောက်ဖြတ်သန်းသွားသလို ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြ သည့်တိုင် ကောင်းကင်ပေါ်က တိမ်ထုအပြောင်းအလဲကို ကျနော်တို့အားလုံး ရိပ်စားမိခဲ့ကြ၏။ စစ်တပ်သည် လူထုဖက်သို့ သေနတ်ပြောင်း လှည့်ခဲ့ပြီလောဟု သံသယ၀င်ခဲ့ကြ၏။
သောင်တန်းရွာထိပ်က စစ်တပ်ဂိတ်စခန်းကို စောင့်ကြည့်အကဲခတ်နေရန် လူငယ်တချို့ကို တာဝန်ပေး၏။ ကျနော်နှင့် သပိတ်စခန်းကော်မတီတခုလုံး သတိဝီရိယထားပြီး အိပ်ကြရန် အချင်းချင်း သတိပေးခဲ့ကြ၏၊ လူနည်းစုကလွဲပြီး တရွာလုံး လိုလို မည်သူမျှ မျက်နှာမကောင်းကြတော့။ မည်သူမျှ စိတ်မချမ်းသာနိုင်ကြ တော့။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မည့် အခွင့်အရေးကို ပြန်လည်ဆုံးရှုံးရတော့မည်လောဟု လူတိုင်း စိုးရိမ်လာကြရ၏။
ကျနော့်တဲကလေးရှေ့က မြေကွက်လပ်ပေါ်တွင် လူတချို့ ၀ိုင်းဖွဲ့ထိုင်ရင်း ညဥ့်နက်လာခဲ့၏။ မည်သည့် အတွက်ကြောင့်ရယ် မသိ။ လူတိုင်းလိုလို စကားများများမပြောမိကြ။ ကျယ်ကျယ်မဟမိကြ။ ဟက်ဟက်ပက်ပက် မရယ်မောနိုင်ခဲ့ကြ။
မဒေ၀ီသည် လူအုပ်ထဲသို့ ရေနွေးကြမ်းအိုး တအိုးပြီးတအိုး လာချပေးရင်းက ညဥ့်နက်လာသောအခါ တဲပေါက်ဝ၏ အဆင်းအတက်ဘေးမှာပင် ကျုံ့ကျုံ့လေးထိုင်ရင်း အိပ်ပျော်နေသည့် သားသုံးယောက်ကို ယပ်ခပ်ပေးနေခဲ့၏။ တဲပေါက်ဝ မီးခွက်မီးရောင်အောက်မှ မဒေ၀ီ၏ မျက်လုံးများကို ကျနော်ဖတ်ရှုနိုင်ဖို့သာ ကြိုးစားနေမိပြန်သည်။ လရောင်မှာ တဲရှေ့က ကွက်လပ်ပေါ် တာကျိုးသလို သွန်ကျလာခဲ့၏။ လရောင်အောက်က လူတစုသည် ငြိမ်ချက်သားကောင်းလွန်းလှ၏။ မည်သူမျှစကားမပြောနိုင်ကြ။ တယောက်နှစ်ယောက်က ဖျာကြမ်းပေါ်တွင် ပက်လက်လှန်လဲလျောင်းရင်း လရောင်များကို မော့ကြည့်နေကြ၏။
ကျနော်သည် တဲရှေ့ကွက်လပ်ထိပ်တွင် ခြေစုံရပ်နေမိသည်။ ကျနော့်နားထဲတွင် ညနေပိုင်းရေဒီယိုမှ ကြားခဲ့ရသည့် ကြေညာချက်ကို ကြားရတချက် မကြားရတချက် ဖြစ်နေသေး၏။
ယခုလိုအချိန်မျိုးတွင်မှ ကျနော်သည် လရောင်များကို ပိုမိုတမ်းတ ချစ်မက်နေမိပြန်သည်။
(ဃ)
ကျနော်သည်လရောင်များကို စွဲလန်းစွာကြီးပြင်းလာခဲ့သူ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ကလေးငယ်များ အားလုံး မည်သူမဆို လရောင်အောက်၌ ပျော်ရွှင်စွာကခုန်ရင်း ကြီးပျင်းလာကြလိမ့် မည်ဟု ကျနော်ယုံကြည်သည်။ လရောင်အောက် လူသား၏ ရင်ခုန်သံများကို ဖွဲ့ဆိုသည့် ပုံပြင်များစွာ ရှိခဲ့လိမ့်မည်။ လရောင်နှင့်အတူ လူသားအားလုံး ငြိမ်းချမ်းမွှေးမြစွာ နေထိုင် နိုင်ကြ၏။
သစ်မြစ်ဆုံကြီးပေါ်တွင် ထိုင်ရင်းက စစ်တောင်းမြစ်၏ ရေပြင် ပေါ်က လရောင်များကို ကျနော်ငေးကြည့်သည်၊ လရောင် များမှာ လေတချက်အဝှေ့တွင် ရေပြင်ပေါ် အစိတ်စိတ် အမွှာမွှာဖြစ်ကာ ပြန့်ကျဲသွားကြရ၏။ ပြန့်ကျဲသွားသည့် လအစင်းငယ် များစွာကို လမင်းသည် ပြန်လည်ဆက်စပ် ဖာထေးနိုင်ဖို့သာ ကြိုးစားရ ပြန်လေသည်။
လရောင်အောက်က စစ်တောင်းမြစ် သောင်ပြင်ပေါ်တွင် ကျနော်တယောက်တည်းရှိနေသည်။ လူသားအားလုံး အိပ်ပျော်နေ ကြပြီ။ လရောင်များဖြင့် သွန်းခတ်ထားရှိသည့် စစ်တောင်းမြစ်ကြီးကို ပခုံးနှင့်ထမ်းကာ ကျနော့်ဘ၀တလျောက်လုံး သယ်ယူ သွားချင်လောက်အောင် ခံစားတပ်မက်လာရပြန်သည်။ ထိုစဉ်အခိုက်တွင် ကျိန်တောမြောင်သုဿာန်ကုန်းဆီက အရိပ်မဲမဲတချို့ ကမ်းပါးယံထိပ်တွင် မြင်ရသလို ရှိလိုက်၏။ ရုတ်တရက် စိတ်ချောက်ချားတုန်လှုပ်စွာ သုဿာန်ကုန်းထိပ်ကို စိုက်ပြီး ကြည့်သည်။ အရိပ်မဲမဲတချို့သည် သုဿာန်ကုန်း ကမ်းပါးယံထိပ်တွင် တန်းစီပြီးရပ်နေကြပြီ။ ကျနော်က အသက်မရှူဘဲ အရိပ်မဲမဲများကို စူးစိုက်ပြီး ကြည့်နေမိစဉ် ခွေးအ အူသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ခွေးအ များသည် ကျိန်တောမြောင် သုဿာန်ကုန်းလရောင်အောက်တွင်ရပ်ကာ လရောင်များကို မော့ကြည့်ကာ လရောင် များကို ကျိန်ဆဲပြစ်တင်နေကြသည်လောဟု ကျနော်တွေးမိသည်။
ထိုအချိန်၌ “ခွေးအများသည် လရောင်များကို မုန်းတီးတတ်ကြလေ၏” ဟူသော သိုးဆောင်း စကားပုံတခုကို ကျနော် သတိရလာမိလေသည်၊၊
(၁၉၈၈ သြဂုတ်လ၏ လွမ်းမောဖွယ်နေ့ရက်များသို့)
January 12, 2008
မမြင်ရတဲ့ကြိုး
ဆယ်မိနစ်ခန့် ကြာမှ ဆိုင်အတွင်းဖက်ဆီက ခြေသံကြားရပြီး “ ကိုအေးခက် ” ကိုကျနော်တွေ့ ရသည်။ ကိုအေးခက်က ကျနော့်ကို တချက်ပြုံးပြကာ၊ အတွင်းခန်းထဲ ပြန်ဝင်သွားခဲ့၏။ သူက ကျနော့်ကို “ ဘာသုံးဆောင်ချင်ပါသလဲ ” ဟုပင် မမေး။ ဆိုင်ထဲဝင်လာကတည်းက မည်သည့်အသံမျှမပြုပဲ တဦးတည်း စားပွဲတွင်ဝင်ထိုင်နေသူ ကျနော့်ကို “ ကိုအေးခက် ” က သဘောပေါက်ပြီး ဖြစ်၏။ ထို့ ကြောင့် သူက ကျနော့်ကို ဘာမျှမမေး ။
နောက်ထပ်ဆယ်မိနစ်ခန့် ရှိသောအခါ၊ ကိုသောင်းလှိုင်တို့်အဖွဲ့ ရောက်လာကြ၏။ ကျနော်ရှိရာစားပွဲတွင် ၀င်ထိုင်ကြ၏။ သူတို့ အားလုံး ချွေးတလုံးလုံး၊ သံတလုံးလုံး…။
“ ဘယ်လိုလည်း အလုပ်ပြီးသွားကြပြီလား၊ အခြေအနေကောင်းရဲ့ လား၊ ကျုပ်မှာတော့ တပြားမှမရှိဘူး ”
“ အလုပ်ကတော့ ပြီးသွားပါပြီ၊ အဘက လ္ဘက်ရည်ဖိုးတခွက်စာပဲပေးတယ်၊ ကျုပ်တို့ လည်း ထင်းတွေအားလုံး ခွဲပေးပြီးမှ သွားတောင်းတာ မှားသွားတယ်။ မပြီးခင်သွားတောင်းရင် နှစ်ခွက်ဖိုးလောက်တော့ ရနိုင်တယ် ”
“ ဒါဖြင့် ကျုပ်တို့ မဲချရဦးမှာပေါ့ ”
“ မချနဲ့ ၊ တခွက်ထဲမှာပြီး၊ ရေနွေးရောပြီး လေးယောက်စလုံးသောက်မယ် ”
“ ဟာ ဒါတော့သဘောမတူဘူး၊ မသောက်ရရင် နေပစေ၊ သောက်ရရင်တော့ ကောင်းကောင်းပဲသောက်မယ် ”
သို့ နှင့်ကျနော်တို့ လေးယောက်၊ (၁)ဘတ်စေ့ကို ခေါင်းပန်းလှန်ကြ၏။ ကံအားလျော်စွာ “ ကိုသောင်းလှိုင် ” က “ ခေါင်း ” ချည်းပဲကျကာ အနိုင်ရသွား၏။ ထို့ ကြောင့် လ္ဘက်ရည်တခွက်မှာလိုက်၏။ “ ကိုအေးခက် ” က ၊ လ္ဘက်ရည်တခွက်ကို ကိုသောင်းလှိုင်၏ရှေ့ တွင် လာချပေးသွားလေသည်။
ခဏမျှကြာသောအခါ ဆိုင်ထဲသို့ လူတချို့ ဝင်လာကြ၏။ ရှေ့ ဆုံးက အသက်(၅၀)ခန့် အရွယ်ပုဂ္ဂိုလ်တဦး ခေါင်းဆောင် ကာ လူ(၆)ယောက် စားပွဲတွင်ဝင်ထိုင်ကြ၏။ ကျနော်တို့ တသိုက် ဆိုင်ထဲဝင်လာစဉ်တုန်းက အေးတိအေးစက်ရှိလှသည့် ဆိုင်ရှင် မိသားစုမှာ ကျနော်တို့ နောက်မှဝင်လာသည့် လူအုပ်၏အသံကိုကြားသောအခါ၊ ပျာယါခတ်ကုန်ကြ၏။ ရေနွေးအိုး ချသူကချ၊ စားပွဲခုံ သုပ်သူကသုပ် လုပ်ကြ၏။
“ ဟဲတော်…၊ ခွေးကလေးကလှလိုက်တာ၊ ဒါ…ဆရာဦးလှဖေ ခေါ်လာတဲ့ခွေးကလေးဆိုတာ ဒါပဲဖြစ်မယ်၊ ကြည့်ပါအုန်း၊ ကုလားထိုင်ပေါ်အကျအနတက်ပြီး အိပ်နေလိုက်တာ ”
ဆိုင်ရှင် “ မပြုံး ” က၊ ပြောပြောဆိုဆို မုန့် ခြောက်တခုကိုယူကာ၊ ခွေးကလေး၏ ခေါင်းနားတွင် ချပေးလိုက်၏။
“ မလုပ်နဲ့ မပြုံး၊ ဒီကောင်က မပြုံးတို့ မုန့် တွေစားမယ့်ကောင် မဟုတ်ဘူး၊ သူ့ အတွက် မုန့် သပ်သပ်ဝယ်ထားပေးရတယ်၊ သိပ်ကိုကြီးကျယ်တာ ”
ကုလားထိုင်ပေါ်တွင် မျက်စေ့မှိတ်ပြီးမှိန်းနေသည့် ခွေးကလေး။ အမွေးထူထူများကြားမှ မျက်လုံးကိုဖွင့်ကြည့်၏။ မုန့်  ခြောက်ကို တချက်နမ်းကြည့်၏။ ပြီးတော့ မျက်လုံးများကို ပြန်မှိတ်ထားလိုက်၏။ သူ့ ပုံသဏ္ဍန်မှာ မုန့် ခြောက်ကို စားစရာဟူ၍ပင် အသိအမှတ်ပြုပုံမရပါ။
“ ကဲ၊ ငါမပြောဘူးလား..၊ ဟေ့…မောင်ထွန်းမောင်လုပ်ကွာ၊ ဒီကောင့်မုန့် တခုလောက် ချကျွေးလိုက်ပါ၊ ထပြီး နမ်းကြည့်ပုံ ထောက်ရင် ဆာနေပြီနဲ့ တူပါတယ် ”
“ အောင်မလေး၊ ကြီးကျယ်လိုက်တာနော်၊ ဆရာရယ်၊ သူများတွေ ဒီခွေးကလေးအကြောင်းပြောနေတာ နှစ်ရက်သုံးရက် ရှိပြီ၊ ဒီလောက်ကြီးကျယ်မှန်း အခုမှပဲ ယုံရတော့တယ် ”
“ ဟဲ့ဟဲ့၊ မဌေးရဲ့ နင့်မုန့် ဖိုး ငါပေးပါ့မယ့်၊ လွှင့်တော့မပြစ်လိုက်နဲ့ ၊ သူက ထိရုံပဲထိတာပါ၊ အလကားဖြစ်ပါဦးမယ် ”
“ အလကားမဖြစ်ပါဘူး ဆရာရယ်၊ သူမစားတော့လည်း စားတဲ့သူရှိရင် ကျွေးရမှာပေါ့…ဟဲ..ဟဲ ”
မဌေးက ဦးလှဖေနှင့် စကားပြောရင်းက ကျနော်တို့ စားပွဲဝိုင်းဆီ မျက်လုံးဒေါင့်ကပ်ပြီး ကြည့်၏။ ကျနော်တို့ အားလုံးက မျက်လုံးများကို အသါအယါပြန်ရုပ်ထားလိုက်ကြ၏။
“ အော်…ကိုငြိမ်းဝေတို့ ၊ သောက်ပြီးကြပြီလား၊ လုပ်လေ၊ ကျနော် တိုက်မှာပေါ့ ”
“ ဟာ…၊ ရပါတယ်ဆရာရယ်၊ နေ..နေပါ၊ ကျနော်တို့ သောက်ပြီးပါပြီ ”
ပြုံးနေသော ကျနော်တို့ မျက်နှာများ အလိုလို ဘရိတ်အုပ်မိသွားရ၏။ လူလေးယောက်ထဲက မဲကျလို့ လ္ဘက်ရည်သောက် ခွင့် ရသူက လာတဲ့လာဒ်ကိုဆီးပြီး ပိတ်လိုက်သဖြင့် ကျနော်တို့ အားလုံး “ ကိုသောင်းလှိုင် ” ကို ကြိတ်ပြီး မေတ္တာပို့ လိုက်ကြ၏။
ကျနော်တို့ သည် ထိုနေ့ က “ ထူးရာစိုး ” လ္ဘက်ရည်ဆိုင်ထဲက တော်တော်နှင့် ပြန်မထွက်နိုင်ကြ။ ပြန်ကြားရေးဝန်ကြီး ဦးလှဖေ “ ဘန်ကောက် ” မှ ယူလာသည့် ခွေးကလေး “ ဘိုဖြူ ” ကို ပွဲကျနေခဲ့ကြ၏။ “ ဘိုဖြူ ” ၏ မထီလေးစားမျက်လုံးများ၊ အနေအထိုင် သန့် ပြန့် မှုများ၊ အယုအယ ကြိုက်ပုံများကို ကျနော်တို့ အားလုံး တအံ့တသြနှင့် သဘောကျနေခဲ့ကြ၏။
“ ဘိုဖြူ ” သည် ကျနော်တို့ အသိုင်းအ၀ိုင်းအတွင်း နောက်ဆုံးရောက်လာသည့် ပုဂ္ဂိုလ်ဖြစ်၏။ အစစအရာရာ ကြီးကျယ် သန့် ပြန့် လွန်းသည့် “ ဘိုဖြူ ” ၏ သတင်းမှာ “ မာနယ်ပလော ” ဒီမိုကရေစီ ရပ်ကွက်အတွင်း တမဟုတ်ချည်း ပျံ့ နှံ့ လာ လေသည်။
(ခ)
ကိုငြိမ်းဝေ ဘယ်လဲ၊ လက်ထဲမှာလည်း အထုပ်တွေ ဘာတွေနဲ့ ”
စက်လှေပေါ်က ဆင်းလာသည့် “ ကိုဌေးဝင်း ” က၊ ကျနော့်ကို နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။
“ အော်၊ ဒီစက်လှေ ပြန်တက်မှာပဲမို့ လား၊ ဟိုမှာ…ထိုးဝါးလူဆေးရုံမှာ၊ ကိုသောင်းလှိုင်ကြီး ဆေးရုံတက်နေရတယ်လေဗျာ ငှက်ဖျားဖြစ်တာ၊ မသက်သာလို့ ထိုးဝါးလူကိုပို့ ထားရတာ (၄)ရက်ရှိပြီ၊ အဲဒါ ထမင်းထုပ်တို့ ဆေးလိပ်တို့ သွားပို့ မလို့  ”
“ ခင်ဗျားဟာက၊ ထမင်းထုပ်ကို ချိုင့်တွေဘာတွေနဲ့ လုပ်စမ်းပါဗျာ၊ စခန်းမှာ ချိုင့်လေးဘာလေးရှိတဲ့သူ ရှိမှာပါ။ အခု - ကိုသောင်းလှိုင် အခြေအနေ၊ သက်သာရဲ့ လား ”
“ အင်း - သက်တော့သက်သာပါပြီ၊ ထမင်းထုပ်ကတော့ဗျာ၊ ဟိုကြတော့ ဖြေစားပြီး ပလပ်စတစ်ထုပ်တွေ လွှင့်ပစ်ရုံပဲပေါ့။ ရဲဘော်ပဲဗျာ ချိုင့်ဆိုရင် ဆေးနေ ကြောနေရရင်ကြာပါတယ်၊ ခင်ဗျားကရော၊ ဘယ်ကပြန်လာတာလဲ ”
“ အော်…၊ ဦးလှဖေက ဘိုဖြူအတွက်၊ သော်လည်းထမှာ မုန့် ဝယ်ခိုင်းလို့  သွားဝယ်လာတာလေ၊ မုန့် ထုပ်က ဈေးကြီးလိုက် တာဗျာ ..တကယ်ပဲ၊ စက်လှေအသွားအပြန်ခထက်တောင် ပိုကြီးသေးတယ်၊ ပေးလိုက်တဲ့ပိုက်ဆံကုန်သွားလို့  ဘိုဖြူအတွက် ၀ယ်လာတဲ့ မုန့် ထုပ်ကိုဖေါက်ပြီးစားချင်လိုက်တာ..ဟဲ..ဟဲ၊ ကျုပ်ဖြင့် ဘိုဖြူ့ ကို မနာလိုတောင်ဖြစ်မိတယ် ”
“ ဆာရင်လည်း ဖေါက်စားပစ်လိုက်ပေါ့ဗျာ၊ ဦးလှဖေကလည်း နားလည်မှာပါ ”
“ အောင်မယ်လေး…၊ မလုပ်ပါနဲ့ ကိုငြိမ်းဝေရယ်၊ ဆရာက သူ့ ကောင်ကို အရမ်းအလိုလိုက်တာဗျ၊ ဟင်းဆိုရင်လည်း သူ့  အတွက် သပ်သပ်ချက်ရ၊ ပြုတ်ရတာ၊ သူ့ အတွက်ချက်ထားတဲ့ဟင်းကို ဘယ်သူမှ မစားရဘူးတဲ့၊ စားချင်ရင် သူ့ ကိုပြော၊ သူ သပ်သပ်ဝယ်ကျွေးမယ်တဲ့၊ အခုလည်း ဒီမုန့် ကိုများ ဖေါက်စားမိရင်…ဟဲဟဲ…၊ ကိုငြိမ်းဝေကလည်း သိရဲ့ သားနဲ့  ”
ကိုဌေးဝင်းနှင့် အချီအချစကားပြောပြီးနောက်၊စက်လှေပေါ် လိုက်ပါလာသည့်အထိ “ ဘိုဖြူ့ ” အကြောင်းကို ကျနော်တွေးလာခဲ့သည်။
“ ဘိုဖြူ ” သည်၊ ကျနော်တွေ့ ဖူးသမျှ “ ခွေး ” များထဲတွင် အထူးခြားဆုံး အလှဆုံးဖြစ်သည်ကို ကျနော်ဝန်ခံသည်။ လိမ္မာပါးနပ်မှုမှာလည်း အံ့သြယူရလောက်အောင်ဖြစ်၏။ သူ့ တကိုယ်လုံးမှာ အမွေးဖြူများ ရှည်လျားတွန့် လိမ်စွာ ဖုံးအုပ်နေသဖြင့်၊ နား၊ မျက်လုံး ခြေထောက်များကိုပင် မတွေ့ ရ။ သူသည် လူတွေကိုကြောက်လန့် ခြင်းမရှိ။ လူတိုင်း၏ လက်ပေါ်သို့ တွေဝေတွန့်  ဆုပ်ခြင်းမရှိ ခုန်ကူးလိုက်ပါတတ်၏။ သို့ သော် သူသည် ဖုံ၊ သဲများပေကျံနေလျှင်မှု မနေတတ်။ မြေနီလမ်းပေါ်တွင် လမ်းလျှောက် မလိုက်တတ်။ ရဲဘော်များမှာ ဦးလှဖေသွားရာနောက် ဘိုဖြူကို တယောက်တလက် လက်ပြောင်းချီပိုးကာ၊ ခေါ်ယူသွားကြရ၏။ နေ့ စဉ် ရေချိုး၊ ဆပ်ပြာတိုက်၊ ရေသုပ် လုပ်ပေးရ၏။ ပါးနပ်လိမ္မာလွန်းလှသည့် “ ဘိုဖြူ ” ကို ကျနော်တို့ အားလုံး သဘောကျနေခဲ့ ကြ၏။ တခါတရံ “ ဘိုဖြူ ” သည်၊ ၀ိုင်းဝန်းကြည့်ရှု့ နေတတ်သည့် ကလေးများကိုမူ တချက်နှစ်ချက် ဟောင်တတ်၊ ဟန်လုပ်တက်၏။ သို့ သော် ဖန်ဖီခြင်း၊ ကိုက်ခြင်းများကို မလုပ်တတ်။
“ ဘိုဖြူ ” ကို ကျနော် စိတ်ဝင်စားလွန်းသဖြင့် သူ့ အကြောင်း၊ ၀တ္ထုတိုလေးတပုဒ် ရေးရလျှင်ကောင်းမလားဟု တွေးမိသေး သည်။ သို့ သော် ဘယ်ကစပြီး၊ ဘယ်လိုအဆုံးသပ်ရမည်ကို ကျနော် မတွေးတတ်။ သည့်ထက်အချိန်နည်းနည်းယူလျှင်မူ “ ဘိုဖြူ ” အကြောင်း ၀တ္ထုတိုတပုဒ် ရေးဖြစ်လာလေမလားဆိုသည့် မျှော်လင့်ချက်ကလေးမှာမူ ကျနော့်တွင် အမှန်တကယ်ရှိခဲ့ပါသည်။
(ဂ)
“ ဘိုဖြူ ” ကိုမတွေ့ ရသည်မှာ တပါတ်ခန့် ရှိရော့မည်။ “ ဦးလှဖေ ” ဆွမ်းသွပ်ပွဲလုပ်စဉ်က “ ဘိုဖြူ ” ကို တွေ့ ရပြီးနောက်၊ ဦးလှဖေ၏အိမ်ဖက်သို့  ကျနော်လည်းမရောက်ဖြစ်ခဲ့။ ဘိုဖြူသည်လည်း ကျနော်တို့ ဖက်သို့ ရောက်လာခြင်း မရှိဟုထင်ရ၏။
ပြန်ကြားရေးဝန်ကြီး ဦးလှဖေ သေဆုံးသွားသဖြင့်၊ ဦးလှဖေနှင့်အတူ နေထိုင်ခဲ့ကြသည့်ရဲဘော်များမှာ မိခင်ဌာနအသီးသီး သို့  ပြန်ရန်စီစဉ်ခဲ့ကြရ၏။ ဦးလှဖေ၏အိမ်တွင် ရဲဘော်နှစ်ဦးတည်းသာ အိမ်စောင့်အဖြစ် ခေတ္တနေရစ်ခဲ့၏။ မည်သူမျှ မနေကြလျှင်မူ ဦးလှဖေနေသည့်အိမ်ကို မူလပိုင်ရှင် “ ဇာတ်ဆရာ စိန်ဝင်းမြိုင် ” က ပြန်လည်ရယူမည်ဟု သိရလေသည်။
“ ဦးလှဖေ ” သေဆုံးသည့်သတင်းကို ကြားရသည့်နှင့်တပြိုင်နက်၊ ကျနော့်စိတ်ထဲ “ ဘိုဖြူ ” ကိုချက်ချင်းသတိရသွား၏။ ၀န်ကြီးဦးလှဖေ ကွယ်လွန်သွားပြီဖြစ်သဖြင့် “ ဘိုဖြူ ” ၏ကံကြာမ္မာသည် မည်သို့ ဖြစ်လာနိုင်သနည်း။
“ ဘိုဖြူ ” ကို တပါတ်ခန့် မတွေ့ မမြင်ရသဖြင့် “ ထူးရာစိုး လ္ဘက်ရည်ဆိုင် ” ပိုင်ရှင်မိသားစုနှင့်အတူ ကျနော်တို့ အားလုံး “ ဘိုဖြူ ” အကြောင်းကိုသာ နေ့ စဉ်နေ့ တိုင်း စကားစပ်မိနေကြ၏။ “ ဘိုဖြူ ” ကို မည်သူက ထိန်းသိမ်းကျွေးမွေးပြုစုနေသလဲ။ ဘိုဖြူ သည် မုန့် ကောင်းကောင်း၊ အနေအထိုင်ကောင်းကောင်းမှ စားရနေရပါဦးမလား။ ဦးလှဖေ၏အိမ်တွင် အခြေမလှတော့သည့် အတွက်၊ တခြားခွေးအဖေါ်များရှိရာ “ ဇာတ်ဆရာ စိန်ဝင်းမြိုင် ” ၏ တန်းလျားသို့ ပြောင်းရွှေ့ သွားခဲ့ပြီလား..။ ထိုသို့ လည်း မဖြစ် နိုင်ပါ။ “ ဘိုဖြူ ” သည် “ ခွေး ” တကောင်မျှသာဖြစ်သော်လည်း တခြား “ ခွေး ” များနှင့်တူသည့် “ ခွေး ” မဟုတ်။ တခြား “ ခွေး ” များ ကလည်း “ ဘိုဖြူ ” ကို “ ခွေး ” တကောင်အဖြစ် ပြန်လည်အသိအမှတ်ပြု ဆက်ဆံကြလိမ့်မည်မထင်။ ထို့ ကြောင့် “ ဘိုဖြူ ” သည် ဦးလှဖေ၏အိမ်တွင်သာ မလွဲမသွေ ရှိနေပေလိမ့်ဦးမည်ဟု ကျနော်သိ၏။ ထို့ ကြောင့် “ ဘိုဖြူ ” ၏ အခြေအနေကို သိနိုင်ရန် ကျနော်တို့ လူသိုက် “ ဘိုဖြူ ” ၏အလာကိုသာ စေါင့်မျှော်နေခဲ့ကြရ၏။
“ ဘိုဖြူ ” သည်မူ “ ထူးရာစိုးလ္ဘက်ရည်ဆိုင် ” သို့  ရက်အတန်ကြာသည်အထိ ရောက်မလာခဲ့။
(ဃ)
“ ဟိုမှာ…ဘိုဖြူမို့ လား ”
“ ဘိုဖြူ” လို့ ထင်ရနိုင်ဖွယ်ရှိသည့် “ ဘိုဖြူ ” ။
“ ဟုတ်ရဲ့ လားကွာ၊ မင်းကလဲ..ဘိုဖြူက ”
“ ဟုတ်မှ သိတ်ဟုတ်ပေါ့ ကိုငြိမ်းရာ၊ ဒါပါနဲ့ ဆို ဒီအတိုင်း သူ့ ကိုတွေ့ တာ-ကျုပ်- နှစ်ခါရှိပြီ။ ခင်ဗျားလိုပဲ ကျုပ်လည်း ပထမ စတွေ့ တုန်းက ဘိုဖြူမှ ဟုတ်ရဲ့ လားလို့ တကယ်ထင်မိသေးတယ်၊ သူများပြောလို့ သေသေချာချာကြည့်မှ ဘိုဖြူဖြစ်နေတာဗျား၊ ဟော…၊ ဘိုဖြူ…ဘိုဖြူ ”
ရှည်လျားသည့်အမွေးများ ညိုမဲညစ်ပတ်လျက်၊ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာတချို့ တွင် အမွေးများကြဲပါးလျက် ညောင် နာနာနှင့်ရပ်နေသည့် ခွေးတကောင်။ သူ့ ကို “ ဘိုဖြူ ” ဟု ကျနော်မမှတ်မိ။ ကျနော့်စိတ်အထင်တွင် “ ဘိုဖြူ ” သည် ရောဂါတခုခုရ နေသည်ဟုပင် ထင်မိသည်။ ယုတ်စွအဆုံး ၀ဲများတကိုယ်လုံးပေါက်နေသည်ဟု ထင်မိသည်။
“ ဘိုဖြူ ” သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဌါနချုပ်ရုံးဝန်းပေါက်ဝတွင် ပေပြီးရပ်နေ၏။ ကျနော်တို့ ကို ရန်လုပ်မည်အထင်နှင့် မော့ကြည့်နေ၏။ လူတိုင်းကို စိုးရိမ်ထိတ်လန့် မှုကင်းစွာ ရဲရဲတင်းတင်း ဆက်ဆံမော့ကြည့်ခဲ့ သည့် “ ဘိုဖြူ ” သည် ယ္ခုအခါ မျက်ရည်များဝိုင်းလျှက်ရှိနေ၏။
“ ကဲ၊ ကိုသောင်းလှိုင်ရေ…၊ စားဖိုဆေါင်က ထမင်းနည်းနည်းသွားတောင်းပြီး၊ ဘိုဖြူကိုကျွေးကြည့်ကြရအောင်ဗျာ၊ ဒီကောင် တော်တော်ဆာနေတဲ့ပုံပဲ၊ ဒီလိုလုပ်၊ ခင်ဗျား ဒီကောင့်ကိုကြည့်ထား၊ ကျုပ် ထမင်းသွားယူမယ် ”
စားဖိုဆေါင်က ပြန်လာတော့ ကိုသောင်းလှိုင်သည် “ ဘိုဖြူ ” ကို ရေချိုးပေးဖို့ ပြင်ဆင်နေသည်ကို တွေ့ ရ၏။ရဲဘော်တချို့  ကျနော်တို့ အနားသို့ ဝိုင်းလာကြ၏။ ကျနော်နှင့်ကိုသောင်းလှိုင်က မယ်တုက္ခီစမ်းချောင်းဘေးတွင်၊ ဘိုဖြူကို ဆပ်ပြာတိုက် ရေချိုးပေးကြ၏။ ဘီးတချောင်းနှင့် ဘိုဖြူ့ ကိုဖီးသင်ပေးကြ၏။ ဆယ်မိနစ်ခန့် အချိန်ယူကာ ရေးမိုးချိုးပေးပြီးသောအခါ “ ဘိုဖြူ ” ကို၊ စားဖိုဆေါင်ဘေး၊ ဆန်ဂိုဒေါင်အောက်တွင် ဂုံးနီအိပ်တလုံးခင်းပြီး နေရာချထားလိုက်ကြ၏။ “ ဘိုဖြူ ” သည် ကျနော်နှင့် ကိုသောင်းလှိုင်၏လက်ထဲတွင် တအင်းအင်း၊ တဟင်းဟင်းငြီုးငြူရင်း ကျနော်တို့ ပြုသမျှ ငြင်းဆန်ခြင်းမပြုပဲ ငြိမ်ခံနေခဲ့၏။ ရေချိုးပြီး လို့  အမွေးများရေပြောင်အောင် သုပ်ပြီးသောအခါ “ ဘိုဖြူ ” သည် ထမင်းကြမ်းခဲများကို အငမ်းမရစားလေတော့သည်။ လည်ချောင်း နင်သဖြင့် ခဏခဏရပ်ပြီးတော့ ဆက်စားရ၏။
ထိုနေ့ ညက (၁၀)နာရီခန့် အချိန် “ နော်တ ” နှင့် “ ခွေးအိပ်တောင် ” “ ဆင်ဖြူတောင် ” ဖက်ဆီက လက်နက်ကြီး ပစ်သံများ သဲ့သဲ့မျှကြားနေခဲ့ရလေသည်။
(င)
“ ခက်တာပဲ၊ ဘိုဖြူက ဘယ်သွားနေလဲမသိဘူး၊ အရင်ဆိုရင် ပျောက်သွားရင် တရက်နှစ်ရက်ပဲ၊ အခု…လေးရက်ရှိပြီ၊ ပြန်မလာဘူး..၊ သူ့ ကို တကူးတကန့် လိုက်ရှာချိန်လည်း မရှိဘူး၊ ခက်တာပဲ ”
“ အိုဗျာ…ခင်ဗျားကလည်း၊ ဒီလောက် လူတွေဗျာများနေရတဲ့ကြားက၊ ဒီကောင့်ကိုများ စိတ်ပူနေရသေးတယ်၊ ဟိုမှာ ခင်ဗျားစတူဒီယိုက ပစ္စည်းတွေ၊ လှည်းနဲ့ တင်လာနေပြီ၊ ဟိုဖက်ကူးဖို့ စက်လှေစေါင့်နေတယ်၊ ကျုပ်တော့ ဌါနချုပ်ကပစ္စည်းတွေနဲ့  ဟိုဖက်ကမ်းကို အရင်ကူးနှင့်ရမယ်၊ ဒီမယ်…ကိုငြိမ်း၊ နောက်ပိုင်းမှာ ခင်ဗျားနဲ့ ကျနော် တခရီးထဲဖြစ်ချင်မှ ဖြစ်တော့မှာ၊ သွားမယ် ကိုငြိမ်းရေ…၊ အစစအရာရာ ဂရုစိုက် ”
“ ကိုသောင်းလှိုင် ” က၊ ၀န်စည်စလှယ်များ တပိုးတနင့်သယ်ပိုးကာ၊ သောင်ရင်းဖြစ်ကမ်းသို့  ဆင်းချသွား၏။ ကျနော်အဖို့  သူနှင့်လမ်းခွဲရမည်ကို ကြိုသိထားသည့်တိုင် တကယ်ခွဲရသည့်အခါ ရင်ထဲ၌ နာကျင်နေမိသည်။
တော်လှန်ရေး ဌါနချုပ်စခန်း “ မာနယ်ပလော ” ကို၊ ရန်သူ န၀တ စစ်တပ်နှင့် ဒီကေဘီအေတပ်များ ၀ိုင်းရံစစ်ဆင်နေသဖြင့်၊ ကျနော်တို့ သည် အုပ်စုများဖွဲ့ ကာ၊ သောင်ရင်းမြစ်တဖက်ကမ်း၊ ထိုင်းနိုင်ငံဖက်သို့  ကူးကြရ၏။ ကျနော်တို့  ကို နှစ်ရက်အတွင်း အပြီးကူးရန် ကေအမ်ယူက နိုးဆော်ထားပြီးဖြစ်သည်။ တောင်ပေါ်ခံစစ်စည်းကြောင်းမှ သေနတ်မဖေါက်ပဲ ပြန်ဆင်းလာနေကြသည့် ကရင်ရဲဘော်များကို တဖွဲဖွဲတွေ့ နေရ၏။ သူတို့ က ငါတို့ ကရင်အချင်းချင်း သေနတ်မဖေါက်ချင်ဘူးဟု ဆိုကာ တောင်ပေါ်မှဆင်း လာကြလေသည်။
ကျနော်နှင့်အတူ ရွှေဗဟိုစည် စတူဒီယိုအဖွဲ့ ဝင် (၅)ယေါက်မှာ၊ သောင်ရင်း မြစ်ကမ်းနဖူးသို့ ပစ္စည်းများကို တနိုင်တပိုင် ထမ်းပိုး၍ သယ်ပို့ ကြ၏။ လှည်းဖြင့်တိုက်၍လည်းသယ်ပို့  ကြ၏။ သောင်ရင်းမြစ်ထဲတွင် စက်လှေများ၊ လက်လှေများ အစုန် အဆန်သွားလာ ရှုပ်ထွေးနေလေသည်။ ပဒိုမန်းရှာ၏ ဇနီးဖြစ်သူ “ အနော ” ၏အကူအညီဖြင့် စက်လှေတစီးငှါးကာ မျက်စောင်းထိုး ထိုင်းနိုင်ငံဖက်ကမ်းသို့  ပစ္စည်းများကို သယ်ယူခဲ့ကြ၏။ ထိုစဉ်က ကျနော့်တွင် ရွှေဗဟိုစည်စတူဒီယို ပစ္စည်းများနှင့်ရဲဘော်(၅) ယောက်ကို ထိုင်းနိုင်ငံဖက်ကမ်းသို့ အလျှင်အမြန် ရောက်ရှိ သွားစေဖို့  နှစ်ရက်မျှ မနားမနေ အလုပ်လုပ်ခဲ့ရ၏။ အထူးသဖြင့် လူ (၆)ယောက်မျှ ကြိုးဖြင့်ဝါးလုံး လျှိုထမ်းယူမှရနိုင်သည့် တရုတ်နီမီးစက်ကြီးကို ထိုင်းနိုင်ငံဖက်ကမ်းသို့ ရောက်ရန် အကြိတ်အနယ် ကြိုးပမ်းခဲ့ရ၏။
ထိုင်းနိုင်ငံဖက်ကမ်းတောင်ခြေတောစပ်၊ သောင်ရင်းမြစ်ကမ်းနဖူးတွင် ရွှေဗဟိုစည်စတူဒီယိုပစ္စည်းများကို ဖြစ်သလိုစုပုံ ထားရှိကာ ၊ တခြား ကရင်ရဲဘော်လေးတဦးကို အဖေါ်ပြုလျှက် တညမျှ ကျနော်အိပ်စက်ခဲ့ရ၏။
သောင်ရင်းမြစ်ကမ်းသောင်စပ်တွင် မိုးကာစတခုကိုခင်းလျှက် အိပ်ယါဝင်ဖို့ ရာ ပြင်ဆင်လျှက်ရှိစဉ် ကျနော့်စိတ်ထဲ၌ “ ဘိုဖြူ ” ၏ ကံကြမ္မာကို တွေးဖြစ်အောင် တွေးလိုက်မိသေး၏။ ထိုညက လက်နက်ကြီးပစ်သံများကို မာနယ်ပလော၏ ပတ်ဝန်းကျင် အသီးသီးမှ မိုးချိန်းသံများ ပမာအတိုင်း သား ကြားနေရလေသည်။
(စ)
“ ဘိုဖြူ ” ကို ကျနော် နောက်ဆုံးတွေ့ ဆုံလိုက်သည့်နေရာမှာ ထိုင်းနိုင်ငံနယ်စပ် “ ဖွေးပေါလူရွာ ” တွင်ဖြစ်သည်။
“ ပဟေလူရွာ ” ဖက်မှ ချောင်းတခုကိုအကူး “ ဖွေးပေါလူရွာ ” ထိပ်တွင် “ ဘိုဖြူ ” ကို ကျနော်တွေ့ လိုက်ရခြင်းဖြစ်၏။သူ့  တကိုယ်လုံး အမွေးများကြဲပါးလျှက် ညစ်ပတ်ပေရေလျက်၊ ခန္ဓာကိုယ် ပိန်လှီလျက်။ ဘိုဖြူသည် ပစ္စည်းပစ္စယများကို သယ်ပိုး သွားလာနေသော လူအုပ်ကြားတွင် အယိုင်ယိုင်အလဲလဲ လိုက်လာလျက်ရှိ၏။ သူ့ ကို ဘယ်သူက ထိုင်းနိုင်ငံဖက်ကမ်း “ ဖွေးပေါ လူရွာ ” ရောက်အောင်သယ်ယူလာခဲ့ကြသည်ကို ကျနော်မသိ။ သို့ မဟုတ် သူကိုယ်တိုင်က ကြုံရာ စက်လှေပေါ်ခုန်တက်ကာ၊ ကြုံရာစစ်ပြေးဒုက္ခသယ်များနှင့် ရောနှောကာ ဒီအထိရောက်အောင်လိုက်ပါလာခြင်းဖြစ်သည်လောဟု ကျနော် တွေးမိသည်။ သို့  သော် ကျနော့်မှာ ဘိုဖြူကို ကျနော်နှင့်အတူ စေါင့်ရှောက်ခေါ်ယူရန်အခြေအနေမပေး။ ကျနော်သည်ပင်လျှင် ချောင်းဘေး၊ သစ်ပင် ရိပ်၊ လမ်းဘေးတွင် တညပြီးတညအိပ်ကာ၊ အသက်လု၍ ပြေးလွှားသွားလာနေရသည့် အချိန်ဖြစ်၏။
ထိုအချိန်မှစ၍ ဘိုဖြူနှင့်ကျနော် အပြီးတိုင်လမ်းခွဲခဲ့ကြရ၏။ ယခုအချိန်အထိ ဘိုဖြူ ကို ကျနော်မတွေ့ ရတော့ပါ။ “ ဘိုဖြူ ” ၏ ဘ၀နောက်ဆက်တွဲသတင်းကိုလည်း ကျနော်မရတော့ပါ။ “ ဘိုဖြူ ” မှာ ကျနော်နှင့် နောက်ထပ် (၁၀)နှစ်ကျော်အထိ မတွေ့ ၊ မကြုံရတော့သည့်တိုင် ကျနော့်စိတ်ထဲတွင် “ ဘိုဖြူ ” ကို စွဲထင်နေမိဆဲ ဖြစ်ကြောင်းကိုတော့ ၀န်ခံရပါမည်။ ။