Showing posts with label နိုင်ငံတကာ ကဗျာမိတ်ဆက်. Show all posts
Showing posts with label နိုင်ငံတကာ ကဗျာမိတ်ဆက်. Show all posts
September 14, 2008
စစ်တုရင်ထိုးတဲ့ ကဗျာဆရာများ
(၁)
အရှေ့ဥရောပဒေသ၊ နိုင်ငံတချို့ရဲ့ သမိုင်းရေးဖြစ်ပေါ်တိုးတက်မှုဟာ ကျနော်တို့နိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုနဲ့ မနီးရိုးစွဲဖြစ်ကြပါတယ်။ အဲဒီ ဒေသကနိုင်ငံတချို့ဟာ ကျနော်တို့နိုင်ငံလိုပဲ တစ်ပါတီအာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုကို အချိမဆန့်ခံကြရပါတယ်။ ဒီလို အခြေအနေမျိုးမှာ သူတို့ရဲ့လွတ်မြောက် ရေးလှုပ်ရှားမှုမှတ်တိုင်တွေ။ အဖွဲ့အစည်းတွေဆိုတာဟာ တကမ္ဘာလုံးရဲ့ အာရုံစိုက် လေးနက်မှုကိုရယူနိုင်ခဲ့ကြ ပါတယ်။ ဥပမာ ပိုလန်နိုင်ငံက “ချာတာ၇၇”လှုပ်ရှားမှု၊ ချက်ကိုစလိုဗေးကီးယားနိုင်ငံရဲ့ “ပရပ်နွေဦး” လှုပ်ရှားမှုတွေဟာ လေးစားရလောက်တဲ့ လွတ်မြောက်ရေးသမိုင်းမှတ်တိုင်တွေ ဖြစ်ကြပါတယ်။ ဒီဒေသထဲကပဲ …၊ ရူမေးနီးယားနိုင်ငံရဲ့မှတ်တိုင်တစ်ခုကတော့၊ ရူမေးနီးယား ပြည်သူတွေဟာ၊ အာဏာရှင်ကြီး “ချောင်ဆက် စကူ”နဲ့ သူ့ဇနီးကို ကြိုးပေးပစ်ဒဏ်ခတ်တဲ့အထိ ဒေါသမီးလျံ တဟုန်းဟုန်းတောက်လောင်ခဲ့ကြတဲ့ မှတ်တိုင်ပါပဲ။
ရူမေးနီးယားနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ ၁၉၅၀ နဲ့ ၁၉၇၀ ခုနှစ်အကြား နှစ် (၂၀)၀န်းကျင်ကာလဟာ စိတ် ၀င်စားဖို့ကောင်းတာတွေ တွေ့ရပါတယ်။ ကျနော်က ကဗျာချစ်သူဖြစ်တော့ကာ၊ အဲဒီနှစ် (၂၀) ၀န်းကျင် ကာလ၊ (ရူမေးနီးယား စာပေလောက၊ ကဗျာလောကနဲ့ ရူမေးနီးယားကဗျာဆရာတွေရဲ့ အခြေအနေကိုပဲ ရွေးချယ်လေ့လာမိပါတယ်။ ဒီနေရာမှာလည်း ရူမေးနီးယားစာပေဖြစ်ထွန်းမှုနဲ့ မြန်မာစာပေဖြစ်ထွန်းမှုဟာ အဲဒီနှစ် (၂၀)ကာလအတွင်း တခုနဲ့တခု ဆင်တူနေတာကို သွားတွေ့ ရပါတယ်။
၁၉၅၀ - ခုနှစ်တ၀ိုက်တုန်းက၊ မြန်မာစာပေနယ်ပယ်မှာ ထင်ရှားတဲ့စာပေလှုပ်ရှားမှု တခု ပေါ်ခဲ့ပါတယ်။ ဒဂုန်တာရာရဲ့ “စာပေသစ်”လှုပ်ရှားမှု ဖြစ်ပါတယ်။ စာပေသစ်လှုပ်ရှားမှုရဲ့ အဓိကအယူအဆက “စာပေဟာ လူထုအတွက်ဖြစ်ရမယ်”ဆိုတဲ့ ဆိုရှယ်လစ်စာပေအယူအဆပဲ ဖြစ်ပါတယ်။ ဒီအယူအဆအပေါ်ရပ်တည်ပြီး လူငယ်စာပေသ မားတွေ ထင်ရှားလာခဲ့ပါတယ်။ “ဗန်းမော်တင်အောင်” “ မြသန်းတင့် ” “ကြည်အေး”တို့ ထင်ရှားခဲ့ကြပါတယ်။
၁၉၅၀ - ၀န်းကျင်ကာလ ရူမေးနီးယားစာပေမှာလည်း ထူးခြားချက်ရှိပါတယ်။ စတာလင်ခေတ်အမြီးပိုင်းကိုဖြတ်သန်း နေရတာမို့၊ စာပေစီစစ်ရေးတင်းကြပ်မှုကြောင့် ရူမေးနီးယားကဗျာဆရာ တွေဟာ ကဗျာတွေ၊ ကဗျာစာအုပ်တွေ ပုံနှိပ် ထုတ်ဝေဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၀ နားနီးလာတော့ ရူမေးနီးယားတပါတီအစိုးရဟာ အင်အားချိနဲ့နေခဲ့ပါပြီ။
ဆိုဗီယက်ဗဟိုချုပ်ကိုင်မှုဟာလည်းပြိုလဲလုနီးလာပြီ။ ဆိုဗီယက်အင်ပါယာရဲ့ အရံနိုင်ငံငယ်တခုအဖြစ် သာ ရပ်တည်လာခဲ့ရတဲ့ ရူမေးနီးယားနိုင်ငံရဲ့ မိုးကောင်းကင်ဟာ မိုးသားကင်းစင်စပြုလာခဲ့ပါပြီ။
၁၉၆၄ - ခုနှစ်ထဲမှာတော့ ရူမေးနီးယားအာဏာရှင်အစိုးရဟာ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို ထောင်တွေထဲက လွှတ်ပေးလာရတဲ့အထိ ရူမေးနီးယားဒီမိုကရေစီရေးအုံကြွမှုဟာ အင်အားကောင်းလာခဲ့ပါတယ်။ ဒီလိုနိုင်ငံရေးကရက်က စာပေကိုလည်းမလွဲမသွေရိုက်ခတ်တော့တာပေါ့။ စတာလင်ခေတ်အမြည်းပိုင်း ၁၉၅၀ ခုနှစ်လွန်နှစ် တွေတုန်းက မီးခဲပြာဖုံး ဖြစ်နေခဲ့ရတဲ့ ရူမေးနီးယားကဗျာ နယ်ပယ်ဟာ ဒီအချိန်မှာတော့ ရုတ်တရက် ပန်းမျိုးစုံဖူးပွင့်တဲ့ ဥယျာဉ်တခုလို ဖြစ်လာခဲ့ပါတယ်။ ကဗျာဆရာ “ဘာဘူ၊ ဘလာဂါ ”နဲ့ “ဘွိုင်ဘူလက်စကူ”အစရှိတဲ့ ကဗျာဆရာတွေဟာ ရုတ်တရက်ပွင့်သွားတဲ့စာပေစီစစ်ရေး အခြေအနေကို ကောင်းကောင်းကြီးအသုံးချပြီး ကဗျာတွေရေးကြပါတယ်။ “ရူမေးနီးယားစာပေသစ်” လှုပ်ရှားမှုကြီးအဖြစ် တွန်းတင်ကြပါတယ်။ အတတ်ပညာနဲ့ အကြောင်းအရာနှစ် ခုစလုံးသစ်ဖို့ကြိုးစားကြတာပါပဲ။ ဒီ စာပေသစ်လှုပ်ရှားမှုကို လူငယ်ကဗျာဆရာတွေကပဲခေါင်းဆောင်ခဲ့ကြပါတယ်။ ထင်ရှားတဲ့ကဗျာဆရာတွေ ကတော့ “အိုအိုက် အလက်ဇ်ဒဂူ” “အင်နာဘလန်ဒီယာနာ” “အော်စတန်တာ ဘူဇီယာ” “နီချီတာ စတန်တက်စကူ”နဲ့ “မာရင်းဆိုရက်စကူ” တို့ဖြစ်ကြပါတယ်။ ဒီလိုနဲ့ ၁၉၇၀ - ခုနှစ်ကြတော့ ရူမေးနီးယား စာပေသစ်လှုပ်ရှားမှုဟာ ကြီးထွားပျံ့နှံ့လာခဲ့ပါတော့တယ်။
မြန်မာကဗျာနယ်ပယ်မှာလည်း အဲဒီ နှစ်ပေါင်း (၂၀)အတွင်း“စာပေသစ်” လှုပ်ရှားမှုပြီးတဲ့နောက် “မိုးဝေ စာပေလှုပ်ရှားမှု”ဆိုတာ ဖြစ်လာပါတယ်။ ကဗျာဆရာတွေဟာ အတတ်ပညာအရ၊ အကြောင်းအရာအရ၊ တစုံလုံး ပြောင်းလဲဖို့ ကြိုးစားကြတဲ့ ကဗျာလှုပ်ရှားမှုကို တက်တက်ကြွကြွလုပ်ကြပါတယ်။ ထင်ရှားတဲ့ကဗျာဆရာ တွေထဲမှာ “မောင်လေးအောင်” နဲ့ “မောင်းသင်းခိုင်”တို့ဟာ ရှေ့တန်းကရှိခဲ့ကြပါတယ်။
၁၉၅၀ - နဲ့ ၁၉၇၀ - ခုနှစ်ဝန်းကျင်၊ နှစ် (၂၀)ကာလတလျှောက် ရူမေးနီးယားနဲ့ မြန်မာကဗျာ နယ်ပယ်ကိုသုံးသပ်ကြည့်ရင် ကဗျာဆရာတွေဟာ၊ အုပ်စိုးသူအဆက်ဆက်၊ ဖိနှိပ်သွေးစုတ်ချယ်လှယ်သူ အဆက်ဆက်နဲ့ စီးချင်းထိုးနေခဲ့ကြတဲ့ သဘောရှိပါတယ်။ ကဗျာဆရာတွေဟာ။ အချိန်အခါနဲ့ အခြေအနေအပေါ်ကြည့်ပြီး၊ ကဗျာသစ်လှုပ်ရှားမှုတွေကို ဖန်တီးကြ၊ ကဗျာတွေနဲ့ လူထုရဲ့စိတ်ဓါတ်မြှင့်တင် ရေးကိုကြိုးပမ်းကြနဲ့၊ ကဗျာနယ်ပယ်ရဲ့ အရေးပါမှုဟာ လေးနက်ခဲ့ရပါတယ်။ ကဗျာဆရာတွေဟာ ဖိနှိပ်သွေးစုပ် အုပ်ချုပ်သူအဆက်ဆက်နဲ့ အမောမပမ်းနိုင်သောညဏ်ရည်ချင်း ပြိုင်ရင်းက လူထုရှေ့ကရပ်ခဲ့ကြပါတယ်။ လူထုရဲ့ ရင်ခုန်သံကို ကိုယ်စားပြုတဲ့ ကဗျာတွေရေးကြပါတယ်။
အဲဒီ ၁၉၅၀ -နဲ့ ၁၉၇၀ - ခုနှစ်အကြား နှစ် (၂၀)၀န်းကျင်အတွင်း၊ ရူမေးနီးယားကဗျာဆရာတွေနဲ့ မြန်မာ ပြည်ကကဗျာဆရာတွေ၊ ဘယ်လောက်အထိ ရင်ခုန်သံနရီချင်းထပ်တူကျ ခဲ့ကြသလဲဆိုရင် ရူမေးနီးယား ကဗျာဆရာ “မာရင်းဆိုရက်စကူ” နဲ့ မြန်မာကဗျာဆရာ“မောင်လေးအောင်”တို့ရဲ့ ကဗျာနှစ်ပုဒ်ကိုကြည့်ရင် သိနိုင်ကြမှာပါ။ “မာရင်းဆိုရက်စကူ” က “စစ်တုရင်ထိုးခြင်း”ခေါင်းစဉ်နဲ့ ကဗျာတပုဒ်ရေးခဲ့သလို၊ “မောင်လေးအောင်”ကလည်း “နစ်ဆင် နှင့်စစ်တုရင်ထိုးခြင်း”ကဗျာကိုရေးပါတယ်။ နှစ်ဦးစလုံး ခေါင်းစဉ်ပေးပုံ တူကြတဲ့အပြင် ရပ်တည်ချက်ခြင်းတူကြတာကိုလည်း တွေ့ကြရပါတယ်။ ဒီနေရာမှာ“မောင်လေးအောင်”က၊ မိုးဝေမဂ္ဂဇင်းမှာရေးခဲ့တဲ့ “နစ်ဆင်နှင့်စစ်တုရင်ထိုး ခြင်း” ကဗျာကို စာရေးသူဆီမှာ အဆင့်သင့်မရှိတဲ့အတွက် မဖေါ်ပြနိုင်ပေမယ့်၊ ရူမေးနီးယားကဗျာဆရာ “မာရင်းဆို ရက်စကူ” ရဲ့ “စစ်တုရင်ထိုးခြင်း”ကဗျာကိုတော့ ဘာသာပြန်ဖေါ်ပြပေးလိုက်ပါတယ်။
စစ်တုရင်ထိုးခြင်း
ငါက
အဖြူရောင် နေ့တနေ့ကိုရွှေ့တော့
သူက
အနက်ရောင် နေ့တနေ့ကိုရွှေ့တယ်။
ငါက
အိမ်မက်တခုနဲ့ ရှေ့ကိုတက်တော့
သူက
စစ်ပွဲတခုဖြစ်အောင် ဖန်တီးလိုက်တယ်။
သူက
ငါ့ရဲ့အဆုပ်ကို တိုက်ခိုက်လိုက်တော့
ငါထင်တယ်…ငါ့မှာ၊
တနှစ်နီးပါးဆေးရုံတက်ခဲ့ရ။
ငါက
အင်မတန်ကောင်းမွန်တဲ့ စေ့စပ်မှုတခုဖန်တီးပြီး
အနက်ရောင် နေ့တနေ့ကို နိုင်လိုက်တော့
သူက
ကင်ဆာရောဂါနဲ့ ငါ့ကိုခြိမ်းခြောက်လိုက်ပြန်တယ်။
ဒါပေမယ့်
ငါက…၊ သူ့ရှေ့မှာစာအုပ်တအုပ်ချထားလိုက်တော့
သူက မတတ်သာလို့ဆုတ်ခွာ။
ငါက
အစိတ်အပိုင်းအချို့ကို နိုင်လိုက်တော့
ကြည့်စမ်း
ငါ့ဘ၀ တခြမ်းလုံးဆုံးရှုံးလိုက်ရ။
“အကယ်၍ ...
ငါက မင်းကိုပိတ်ဆို့ထားမယ်ဆိုရင်
မင်းရဲ့ ထင်မြင်ချက်တွေကို မပြောနိုင်တော့ဘူးပေါ့”လို့
သူကပြောတယ်။
“ဒါလောက်တော့ မှုစရာမဟုတ်ပါဘူး”လို့
ငါက ရယ်စရာလုပ်ပစ်လိုက်တယ်။
“ငါ့ခံစားချက်ကို
ငါကောင်းကောင်းကြီး ထိန်းရလိမ့်မယ်”လို့
ငါပြန်ပြောလိုက်တယ်။
ငါ့ဇနီး
ငါ့သားသမီး
“နေ နဲ့ လ”
ပြီးတော့ ပွဲကြည့်ပရိတ်သတ်ဆိုတာ
ငါ့နောက်မှာ
ငါ့လှုပ်ရှားမှု ဟူသမျှ
စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ။
ငါ…
စီးကရက်တလိပ်မီးညှိတယ်
စစ်တုရင်ဆက်ပြီးထိုးတယ်။
ငြိမ်းဝေ
ကိုးကား။ ။ “AN ANTHOLOGY OF CONTEMPORARY ROMANIAN POETRY”
(၂၀၀၇-ခုနှစ်အတွင်း ခေတ်ပြိုင်အွန်လိုင်းတွင် တင်ခဲ့ပြီးတဲ့ ဆောင်းပါးဖြစ်ပါတယ်။)
August 14, 2008
ကျွန်းတောထဲက ငှက်ကလေးတကောင်

၁၉၉၉- ခုနှစ်တုန်းကပါ။ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ တရားမ၀င်လာရောက်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆင်ရေးကြီးလုပ်ပြီး ဖမ်းပါတယ်။ တမြို့လုံးပါတ်ပြီး စစ်သားတွေ၊ နယ်ခြားစောင့် တပ်တွေ၊ ရဲတွေ၊ ပြည်သူ့စစ်တွေက ကားတွေတန်းစီပြီး ညှပ်ပူးညှပ်ပိတ်လုပ်ပြီး ဖမ်းတာပါ။ မြို့ပေါ်မှာလည်း ရဟတ်ယာဉ်တစင်းက ၀ဲနေပါသေးတယ်။ ဒီတုန်းက အခုလို တရားဝင်အလုပ်သမား လက်မှတ်တွေလည်း ထုတ်မပေးသေးတဲ့အချိန်ဆိုတော့ ကျနော်တို့ ဗမာတွေဆိုတာ ကြက်တွေ ငှက်တွေကို ခြင်းထဲကောက်ထည့်သလို အစုအပြုံလိုက် အဖမ်းခံကြရ၊ ပြန်ပို့ခံကြရတာပါ။ တမြို့လုံးမှာရှိတဲ့၊စက်ရုံတွေမှာရှိတဲ့ ဗမာတွေအားလုံး မြို့ပြင်ဘက် ကွင်းတွေ တောတွေထဲ ရောက်ကုန်ကြပါတယ်။ လူတွေ လမ်းတွေပေါ်မှာ စုပြုံပြီး အဖမ်းခံရတဲ့မြင်ကွင်း၊ သောင်ရင်းမြစ်ထဲ တယောက်လက်တယောက်ဆွဲပြီး ရင်ဆို့လောက်ရေမှာ လူတထောင်လောက် သက်စွန့်ဆံဖျား ဖြတ်ကူးကြရတဲ့မြင်ကွင်းဟာ တကယ့်ကို ကြေကွဲစရာ၊ ရင်နာစရာပါ။ တမြို့လုံးလည်း အိမ်တွေ တခါးတွေပိတ် ... တိတ်ဆိတ်သွားလိုက်တာ။ မဲဆောက်မြို့ဆိုတာ ဗမာတွေအများဆုံး လာနေတဲ့မြို့။ မြို့ခံထက်တောင် ဗမာက ပိုများတဲ့မြို့။
ဒီတုန်းက ကျနော်လည်း နေစရာ ခိုစရာမရှိအောင်ဖြစ်ခဲ့ပါတယ်။ နေရာသုံး နေရာလောက် ပြောင်းနေပေမယ့် မလုံခြုံပါဘူး။ တခါတလေများ ခြုံတွေတောတွေထဲ ဆင်းအိပ်ရတဲ့အထိ မလုံခြုံ ခဲ့ပါဘူး။ ဒါနဲ့ပဲ မြို့စွန်က ဥယျာဉ်ကြီးတခုထဲမှာ တဲထိုးပြီးသွားနေရပါတယ်။ မြို့စွန်လည်းဖြစ်ပြန်၊ လူနေကလည်း ကြဲတော့ အဲဒီဖက်ကို ထိုင်းရဲတွေ လာခဲပါတယ်။ ကျနော်ကတော့ တလစာ ရိက္ခာဝယ်ပြီး အဲဒီမြို့စွန်၊ ဥယျာဉ်ကြီးထဲက တဲကလေးမှာ ပုန်းခိုကျင်း လုပ်ခဲ့ရပါတယ်။
တနေ့ ... နေ့လည်ထမင်းစားပြီးတဲ့အချိန် ကျနော်စိုက်ထားတဲ့ ပဲတိုင်တောင်ခင်း၊ ငြုပ်ခင်း၊ ရုန်းပဒီသီး ခင်းဘေးမှာ လမ်းလျှောက်နေတုန်း ငှက်အော်သံတခုကို သတိမထားဘဲ မနေနိုင်လောက်အောင်ကိုပဲ ကြားနေခဲ့ရ ပါတယ်။ ငှက်ကလေးတကောင်ဟာ ကျနော့်တဲဘေးက ချောင်းကလေးတခုရဲ့ တဖက်မှာရှိတဲ့ ကျွန်းခင်းကြီးထဲမှာ အချိန်အကြာကြီး အော်နေခဲ့ပါတယ်။
ငှက်အော်သံက ထူးခြားတော့ ကျနော့်စိတ်နဲ့ကျနော့်နားက သူ့ဆီကိုပဲ ရောက်နေခဲ့ပါတယ်။ ငှက်ကလေး ဟာ ကျနော့်တဲနား၊ ကျွန်းတောအစပ်အထိ ရောက်လာလိုက်၊ ကျွန်းတောကြီးထဲ ၀င်သွားလိုက်နဲ့၊ ဟိုးဖက် ကျွန်းတောအစပ်တွေဆီ ရောက်သွားလိုက်နဲ့။ သူအော်တဲ့ အသံကလည်း ကျနော်နဲ့နီးလာလိုက်၊ ဝေးသွားလိုက်၊ ပြန်နီးလာလိုက်နဲ့။
ဒီလို အဆက်မပြတ်အော်နေတော့ ဒီငှက်ကလေး ဘာပြုလို့များလဲပေါ့။ သူ့ကြင်ဖော်ငှက်ကလေး ပျောက်သွားလို့ လိုက်ရှာနေတာများလား၊ သူ့အသိုက်ကို တခြားငှက်တွေ မြွေတွေကများ ဖျက်ဆီးလို့ အော်နေတာများလား ... ။ အမျိုးမျိုးတွေးလိုက် ... သူ့အသံကို နားထောင်လိုက်ပေါ့။ အချိန်တော်တော် ကြာအောင် အော်ပြီးတော့မှ ငှက်ကလေးအော်တဲ့အသံ တိတ်သွားပါတယ်။ အဆက်မပြက် အော်နေတဲ့ ငှက်အော်သံ တိတ်သွားတော့မှပဲ ကျနော်လည်း အမောပြေသလိုဖြစ်ရပါတယ်။ ကာယကံရှင် ငှက်ကလေး ကတော့ ဘယ်လိုနေမလဲမသိဘူး။ ကျနော်ကတော့ သက်ပြင်းချပြီးကို အမောဖြေရပါတော့တယ်။
ဒီလိုနဲ့ ... နောက်တနေ့ ဒီလိုအချိန်ကြတော့လည်း မနေ့တုန်းက အော်ခဲ့တဲ့ငှက်ကလေးရဲ့အော်သံကို မမျှော်လင့်ပဲ ကြားလာရပြန်ပါတယ်။ ဒီလိုပဲ ငှက်ကလေးဟာ အချိန်တော်တော်ကြာတဲ့အထိ နေရာအနှံ့သွားပြီး အော်ဟစ်လိုက် နားလိုက်လုပ်နေပါတယ်။ ကျနော်ကလည်း ငှက်ကလေးရဲ့အော်သံဗေဒကို ခွဲခြမ်းစိပ်ဖြာရင်း အလုပ်တွေရှုပ်ရတော့ပြန်တာပေါ့။ ဒီငှက်ကလေးက ဘာပြုလို့ နှစ်ရက်ဆက်ပြီး အော်နေရတာလဲ။ ညတုန်းက သူဘယ်မှာ သွားအိပ်ခဲ့သလဲ။ သူ့အသိုက်လေးကောရှိမှ ရှိသေးရဲ့လား။ သူ့ရဲ့ပျောက်သွားတယ်လို့ ထင်ရတဲ့ သူ့ကြင်ဖော်ငှက်ကလေးနဲ့ အခုထက်ထိ မတွေ့သေးဘူးလား။ တွေ့တယ်ဆိုရင်လည်း ဒီကနေ့ကြမှ ဘာပြုလို့ ထပ်ပြီး လိုက်အော်နေရတာလဲ ...။ ကျနော့်အတွေးထဲမှာ ဆိုင်တာကော၊ မဆိုင်တာကော ဆီလျော်တာကော၊ မဆီလျော်တာကော ကျနော်တွေးနိုင်သလောက်တွေးပြီး ငှက်ကလေးဋီကာဖွင့်တော့တာပါပဲ။
ဒီလိုနဲ့ နောက်တနေ့ ... ။
ဒီလိုနဲ့ နောက်တနေ့ ...
(၅) ရက်မြောက်တဲ့နေ့မှာတော့ အချိန်မှန်မှန်ကြားခဲ့ရတဲ့ ငှက်ကလေးတကောင်ရဲ့အသံကို ကျနော် မကြားရတော့ပါဘူး။ ညနေပိုင်းရောက်တဲ့အထိ၊ ညပိုင်းရောက်တဲ့အထိ၊ အိပ်ယာဝင်တဲ့အထိ သူ့အသံလေးကို ကြားရဦးမလားဆိုတဲ့ စိတ်နဲ့ တချိန်လုံး နားစွင့်နေခဲ့မိတယ်။
ညအိပ်တော့လည်း အိပ်မက်ထဲမှာ “ငှက်မြည်သံ” ကို ကြားလို့ လန့်နိုးလာခဲ့ရတယ်။ အိပ်ယာထဲက လူးလဲထပြီး၊ တဲအပြင်ဖက်ထွက်ရပ်ရင်း ချောင်းကလေးတဖက်က ကျွန်းတောကြီးဆီ နားစွင့်ထားမိသေးတယ်။
(၄) ရက်လောက် ဆက်တိုက်ကြားခဲ့ရတဲ့ ငှက်ကလေးရဲ့အော်သံကို အဲဒီနေ့ကစပြီး ကျနော်ထပ်ပြီး မကြားရတော့ပါဘူး။ ဘာကြောင့်ရယ်တော့မသိ။ ဒီကနေ့အထိ အဲဒီငှက်ကလေးအကြောင်းတွေးမိတိုင်း အလိုလို ကြေကွဲနေမိတာ အမှန်ပါပဲ။ ဘာကြောင့်မှန်း တကယ်ကိုမသိပေမယ့် ကျနော် ...............။
ဒီလိုနဲ့ အဲဒီငှက်ကလေးကို စွဲပြီး ဂျပန်ဟိုက္ကူကဗျာလေးတပုဒ်ကို စာရွက်ပေါ်မှာရေး ပလပ်စတစ်လောင်းပြီး၊ ကျနော်သွားလေရာ ပိုက်ဆံအိပ်ကလေးထဲမှာ ဆောင်ထားခဲ့တာ အခုဆိုရင် (၉) နှစ် တင်းတင်း ပြည့်ပါပြီ။
ဘီလုံးငှက်ကလေးတကောင်
တချိန်လုံး တနေ့လုံး
နေ့စဉ်ရက်ဆက် သီချင်းဆို
လုံလောက်သွားတယ်ရယ်ကို မရှိဘူး
ဗသျှိုး
(၁၆၄၄-၁၆၉၄)
ငြိမ်းဝေ
August 11, 2008
ဘုရားသခင်ချီးမြှင့်တဲ့လူတိုင်းအတွက် ဖားတကောင်
၁။
ဂျပန်ဟိုက္ကူကဗျာဆရာကြီး “ဗသျှိုး” ရဲ့ အထင်ရှားဆုံးကဗျာတပုဒ်ကို ဒီကနေ့ ကျနော် မိတ်ဆက်ပေးပါ့မယ်။ (တချို့လည်း ဖတ်ဖူးနေလောက်ရောပေါ့)
“ဗသျှိုး” မှာ အထင်ရှားဆုံးစကားပြေတခုနဲ့ အထင်ရှားဆုံးကဗျာတပုဒ်ရှိပါတယ်။ အထင်ရှားဆုံးစကားပြေကတော့ “မြောက်ဖက်အရပ်ဆီသွားတဲ့ လမ်းကျဉ်းကလေး” ဆိုတဲ့ ခရီးသွားမှတ်တမ်းပါ။ အထင်ရှားဆုံးကဗျာကတော့ ဒီကနေ့ ကျနော်တင်တဲ့ ကဗျာပါ။
“ဗသျှိုး” ရဲ့ အဲဒီ ဟိုက္ကူကဗျာကို မိတ်ဆက်ပေးဖို့လုပ်တော့ ကျနော် ပထမဆုံးရင်ဆိုင်ရတဲ့ပြဿနာကတော့ “ဘာသာပြန်မူကွဲ” ကိစ္စပါ။ ဒီကဗျာက လူမျိုးပေါင်းစုံက ဘာသာပေါင်းစုံနဲ့ ထုတ်ဝေကြပြီး ဖြစ်ပေမယ့် အင်္ဂလိပ် ဘာသာပြန်မူလိုတော့ မူကွဲတွေများမယ်လို့ ကျနော်မထင်ဘူး။ ဒီကဗျာကို အင်္ဂလိပ်ဘာသာပြန်ဆိုသူတွေ များတော့ ဘာသာပြန်မူကွဲတွေ များတော့တာပေါ့။ ဒီတော့ကာ ဘယ်အင်္ဂလိပ်ဘာသာပြန်မူကို ယူပြီးမှ မြန်မာ ဘာသာပြန်ရမလဲဆိုတာ ကျနော့်အဖို့ မဟာအခက်အခဲကြီးပေါ့။ ဒါနဲ့ပဲ မြန်မာဘာသာပြန်အမှန်ဆုံးဖြစ်အောင် အချိန်တော်တော်ယူခဲ့ရပါတယ်။ ဂျပန်လိုရေးထားတဲ့ကဗျာကို ဂျပန်မိတ်ဆွေတချို့ကို တွေ့တိုင်း ပြကြည့်ရ မေးကြည့်ရတော့တာပေါ့။ ဒါလည်း သိပ်ပြီးအဆင်မပြေပါဘူး။ ကျနော်နဲ့တွေ့တဲ့ သိတဲ့ ဂျပန်တွေကလည်း အဲဒီ ကဗျာလေးကို သိပေမယ့် သိပ်ပြီး ကျနော် ကျေနပ်အောင် ရှင်းမပြနိုင်ကြပါဘူး။ ဒီလိုနဲ့ ကိုယ့်မှာရှိတဲ့ အင်္ဂလိပ် ဘာသာပြန်မူကွဲတချို့ရယ်၊ ကိုယ်ဖတ်ထား သိထားတာရယ်၊ မေးမြန်းလို့ရတဲ့ အချက်အလက်တွေကို စုပြီး အဓိကအကြောင်းအရာမလွတ်တဲ့ မြန်မာဘာသာပြန်ကဗျာတပုဒ်လုပ်ရတော့တာပေါ့။ ဟောဒီမှာ ကျနော့်ဆီမှာ ရှိတဲ့ အင်္ဂလိပ်ဘာသာပြန်မူကွဲတချို့ ... ။
old pond
leap - splash
a frog
(ဒါက lucien Stryk ဘာသာပြန်ထားတာပါ။)
An old silent pond ...
into the pond
a frog jumps,
splash! silence again
(ဒါက Peter Beilenson နဲ့ Harry Behn တို့ ဘာသာပြန်ထားတာ။)
old pond
a frog jumps in
the sound of water
(ဒါက Stephen Addiss ဘာသာပြန်တာ။)
မြန်မာစာရေးဆရာကြီး မောင်သာနိုးကတော့ အခုလိုပဲ မြန်မာမှုပြုထားတာ တွေ့ရပါတယ်။
ဟောင်းမြင်း ရေအိုင်ထဲ
ဖားက ခုန်လို့ဆင်းလိုက်တယ်
ရေရဲ့အသံပ
ဆရာမောင်သာနိုးက ဟိုက္ကူကဗျာဖွဲ့စည်းပုံ ၅.၇.၅ ကို ရအောင်ယူပြီး ဘာသာပြန်ထားတာပါ။ ဒီကဗျာကို ဆရာကြီး မင်းသုဝဏ်လည်း ဘာသာပြန်တယ်လို့ ကြားရပါတယ်။ အခုထက်ထိ ကျနော် ဖတ်ခွင့်မကြုံသေးလို့ ၀မ်းနည်းမိတယ်။ အခု ... ကျနော် မြန်မာမှုပြုထားတဲ့ ကဗျာလေး ... ။
ရေကန်အိုအတွင်း
ဖားတကောင် ခုန်ဆင်းလို့သွား
ပလုံမြည်သံကြား ...
(ချရေးပြီးမှ ပြန်ဖတ်ကြည့်တော့ ၅.၇.၅. ပုံစံထဲ ကွက်တိဝင်နေတာတွေ့ရလို့ ကျနော့်မှာ ပြောမပြနိုင်လောက် အောင် ၀မ်းသာသွားရပါတယ်။)
၂။
ဟိုက္ကူကဗျာကိုဖတ်ရင် ဒီကနေ့ ပြောနေဆိုနေကြတဲ့ ကဗျာအနုပဋိကိစ္စနဲ့ ဆင်တူတာကိုလည်း တွေ့ရပါတယ်။
ခေတ်ပေါ်ကဗျာနဲ့ပါတ်သက်ပြီး ငြင်းကြခုန်ကြတဲ့ အထဲမှာ၊ ခေတ်ပေါ်ကဗျာတပုဒ်ကို နားလည်ခံစားတတ်ဖို့ ဆိုရင် ကဗျာဖတ်သူကလည်း ကဗျာရေးသူရဲ့အလုပ်ကို တ၀က်ဝင်လုပ်ရလိမ့်မယ်ဆိုတဲ့ စကားရှိပါတယ်။ ကဗျာဖတ်သူဖက်က အင်မတန်ခံစားမှုခွန်အားမြှင့်ထားဖို့လိုပါတယ်။ ဟိုက္ကူကဗျာကြတော့ ခေတ်ပေါ်ကဗျာ ထက်တောင်မှ ပိုမလားပဲ။ သူ့ကြတော့ ကဗျာဖတ်သူဖက်က ရှစ်ဆယ်ရာခိုင်နှုန်းခန့်အထိ အတွေးကို မြှင့်ပြီး ဖတ်ဖို့လိုမယ်ထင်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ ကဗျာဆရာက ကဗျာကပေးတဲ့ ရသကို ဗဟုဝုဒ်သဘော ပေးခဲ့တာဖြစ်သလို၊ သူပေးတဲ့ သူဖော်ပြတဲ့ ပြချက်ပြကွက်အပေါ်မှာလည်း သူကိုယ်တိုင်က ဘယ်လိုအရိပ်အယောင်မျှ သဘောထား မပြတော့ပဲ၊ ကဗျာဖတ်သူအတွက် လုံးလုံးကြီးချန်ထားခဲ့တဲ့သဘော ဖြစ်နေလို့ပါပဲ။
ဟိုက္ကူကဗျာတပုဒ်ကိုဖတ်ရင် ပထမဦးဆုံးတွေ့ရမယ့်အချက်က ကာလနဲ့ဒေသတခုခုကို တွေ့ရမယ်။ ပြီးတော့ ပြချက်တခု၊ မြင်ကွင်းတခု၊ ဒါက ကဗျာဖတ်သူကို အဖုံးတ၀က်လှပ်ပြလိုက်တဲ့ သဘောပဲ။ ဒါတောင်မှ ကဗျာဆရာက ကြာကြာမပြဘူး။ လျှပ်တပျက်သဘောပဲ။ တချက်ထဲပဲ။ အဖုံးကို ပြန်ပိတ်လိုက်တာပဲ။ ကဗျာဖတ်သူက သူမြင်လိုက်ရတဲ့၊ သူကြားလိုက်ရတဲ့၊ သူထိတွေ့လိုက်ရတဲ့ ကာလ၊ ဒေသ၊ ပြချက်အပေါ် မူတည်ပြီး တွေးလေရော့ပဲ။ တွေးလေ ... တွေးတတ်လေ၊ တွေးနိုင်လေ ... ရင်ခုန်ပေရော့ပဲ။
ဟိုက္ကူကဗျာဆိုတာ ခံစားမှုအများကြီးရှိရာကို နည်းပေါင်းစုံသုံးပြီး ရောက်အောင်သွားနိုင်အောင်၊ အဲဒီသွားနိုင်တဲ့ လမ်းဟူသမျှ သမ္ဘာရနည်းနဲ့ ကျစ်နေအောင်စုစည်းထားတဲ့ အနုပညာပစ္စည်းတခုပါပဲ။ ဥပမာတခုပြောရရင် ကျနော်က “ရေကန်အို” ကို ကျနော့်ဘ၀လို့ ယူဆမယ်၊ “ဖားကလေးတကောင်” က ကျနော့်ဘ၀ကို လာရောက် လှုပ်ခတ်လိုက်တဲ့ ပယေါဂ တခုခုဆိုပါစို့။ ဒီတော့ ရေပွက်သံကြားရမယ်၊ ဂယက်ထမယ်၊ ဒါတွေက ပယေါဂကြောင့် ကျနော့်ဘ၀အနေအထား တစုံတရာလှုပ်ရှားယိမ်းခါသွားတဲ့သဘော ...။ ဒီလို ယူဆရင် ဘယ်လို ပယေါဂလည်း ဘယ်လိုဂယက်တွေလည်း ဆက်တွေးလို့ရပါတယ်။ ဖြန့်ကျက်ပြီး စဉ်းစားလို့်ရပါတယ်။
ရေကန်ထဲ ဖားတကောင်ခုန်ဆင်းတဲ့ ဒီကဗျာလေးအကြောင်း ဋီကာဖွင့်ကြတာတွေကတော့ အများကြီးရှိပါတယ်။ ကျနော်ကတော့ လိုက်ဖတ်ကြည့်ပြီး ယူတော့ကိုယ့်ဘ၀နဲ့ပဲ ကိုက်ညှိပြီးယူပါတယ်။ ဆိုပါတော့ မနေ့တနေ့ကပဲ မဲဆောက်မြို့ဈေးထဲမှာ ဈေးလာဝယ်တဲ့ သူတွေထဲမှာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က သိကျွမ်းခဲ့ဖူးတဲ့ အသိတယောက်နဲ့ တွေ့လိုက်လို့ ကျနော့်မှာ တော်တော်လေး စိတ်လှုပ်ရှားခဲ့ရတယ်။ ဒါဟာ ကျနော့်ရေကန်ထဲ ဖားတကောင်ခုန်ချလို့ဖြစ်သွားတဲ့ ဂယက်ပဲပေါ့။
နိဂုံးချုပ်ရရင် ဟိုက္ကူကဗျာဆိုတာ အရိပ်ကိုပဲ ပြတာပါ။ အကောင်အထည်ကို စာဖတ်သူက တူးယူပေတော့ပေါ့။ ပြီးတော့ သူက လျပ်တပျက်တကွက်ပဲပြတဲ့သဘော။ စာဖတ်သူက အချိန်မီမိအောင်သာ ဖမ်းဆုပ်ပေတော့ပေါ့။ ပြီးတော့ ဟိုက္ကူကဗျာထဲမှာပါတဲ့ ရာသီပြစကားလုံး၊ ပြကွက်တခုဆိုတဲ့သူရဲ့ အခြေခံအင်္ဂါရပ်ကို ရှာကြည့်ရတာ လည်း ပျော်စရာပါ။
ကျနော်ကတော့ ဟိုက္ကူကဗျာတွေကိုဖတ်ရရင် ကိုယ့်ကိုယ်ကို ဖြူစင်အောင် လျှော်ဖွတ်နေမိသလိုလည်း ခံစားရတယ်။ သွက်လက်ပေါ့ပါးရတယ်။ ရိုးဂုဏ်နဲ့အကြည်ဓါတ်ကို ခပ်ယူသောက်သုံးခွင့်ရတယ်။ သန္တိသုခအနားကို ရောက်တယ်လို့ယူဆတယ်။ လူတွေကို ပိုပြီး ချစ်ဖို့၊ သဘာဝပါတ်ဝန်းကျင်ကို ပိုပြီးချစ်ဖို့၊ ကမ္ဘာကြီးကို ပိုပြီးချစ်ဖို့၊ ချစ်ဖို့ဆိုတာ တုတ်နှောင်တဲ့အချစ်မျိုး မဟုတ်ဘူးနော် ...။ ပေးဆပ်ခြင်းဆိုတဲ့ အချစ်၊ မေတ္တာမျိုး။ ဒါကြောင့်မို့ ဟိုက္ကူကဗျာတွေကို ကျနော် သွားလေရာ သယ်ပိုးနေခဲ့မိတာ ဖြစ်မယ်ထင်ပါရဲ့။
ဒီစာကိုရေးနေတဲ့ တချိန်ထဲမှာပဲ ဆရာလေးကိုပေါတို့၊ ဆရာမလေး နိုင်းနိုင်းစနေတို့ စလုံးအကြောင်း ပြောကြဆိုကြတာ ဖတ်ခဲ့ရတာတွေ ဒီကနေ့မှ ဖတ်ရတဲ့ ဆရာလေးညိမ်းညိုရဲ့ ကဗျာတွေဟာ ကျနော့်အတွက် လတ်တလော ဘုရားသခင်က လက်ဆောင်ပေးလိုက်တဲ့ “ဖားကလေး” တွေပေါ့ဗျာ။ သူတို့ကို ကျေးဇူးတင်မိ ပါတယ်။ သူတို့လည်းပဲ “ဖားတကောင်” ကိုယ်စီရပြီးရင် သူတို့ဘ၀ ရေကန်မျက်နှာပြင်လေးတွေ ပြန်လည် ငြိမ်သက်တည်ငြိမ်နိုင်ကြပါစေလို့ ကျနော် ဆုတောင်းပေးလိုက်ပါတယ်။
ငြိမ်းဝေ
August 10, 2008
ဗသျှိုးနဲ့ သူ့ရဲ့ ဟိုက္ကူကဗျာတပုဒ်
ဟိုက္ကူကဗျာတွေကို တင်မယ်လုပ်တော့ ကဗျာချစ်တဲ့မိတ်ဆွေတယောက်က “ဗသျှိုး” ရဲ့ ကဗျာတွေကို မတင်ဘူးလားလို့မေးပါတယ်။ ကျနော်က “ဘယ်မတင်ပဲ နေပါ့မလဲဗျာ” လို့ ဖြေလိုက်ပါတယ်။ ကျနော့်မိတ်ဆွေ ပြောတာမှန်ပါတယ်။ မြန်မာစာပေအကြောင်းပြောရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအကြောင်း မပါရင် ဘယ်ပြီးမလဲဗျာ။ ဒီလိုပါပဲ ဂျပန်ကဗျာအကြောင်းပြောရင် ဟိုက္ကူကဗျာဘုရင်ကြီး “ဗသျှိုး” ကို ဘယ်ချန်ထားလို့ ဖြစ်မှာလဲ။
တခြား ဟိုက္ကူကဗျာဆရာတွေနဲ့ မတူလို့ “ဗသျှိုး” အကြောင်းတော့ နည်းနည်းပြောကြည့်ချင်ပါသေးတယ်။ “ဗသျှိုး” က ဟိုက္ကူကဗျာရဲ့ ရေသောက်မြစ်ပါပဲ။ ဟိုက္ကူကဗျာတွေဟာ ၁၆-ရာစုမှာ စပြီးပေါ်တာ။ သူရေးတဲ့ ဟိုက္ကူကဗျာတွေဟာ ဟိုက္ကူကဗျာခေတ်ကို ထူထောင်သလိုဖြစ်ပြီး အဲဒီ ဟိုက္ကူကဗျာ ခေတ်ဟာ အခုထက်ထိ အသက်ရှင်နေတုန်း။ ဂျပန်ကဗျာဆရာတွေကိုင်ဆွဲတဲ့ ကဗျာအမျိုးအစား (၃)မျိုး (ယေဘုယျကိုပြောတာပါ။) ထဲမှာ ဟိုက္ကူကဗျာက တနည်းအပါအ၀င် ... ခုထက်ထိ ရေးကြဖွဲ့ကြ ကိုင်စွဲထားကြတုန်း။ နှစ်ပေါင်း (၃၀၀) ကျော် ရှည်ကြာတဲ့ ဟိုက္ကူကဗျာလမ်းကြောင်းကြီးကို “ဗသျှိုး” က ဖောက်ခဲ့တဲ့သဘောပေါ့။
ဗသျှိုးဟာ ၁၆၄၄-ခုနှစ်မှာမွေးတယ်။ “တိုကျို” မြို့နားက “ယူအီနို” ဆိုတဲ့အရပ်မှာ မွေးတာ၊ ဖအေက “ဆာမူရိုင်း”။ “ဗသျှိုး” လည်း (၁၀) နှစ်သားလောက်အထိ ဆာမူရိုင်းလေးပေါ့။ အသက် (၂၀) ၀န်းကျင်မှာ ဟိုက္ကူကဗျာတွေးရေးပြီး နာမည်ကြီးနေပြီ။ “ဗသျှိုး” ဆိုတာ ဂျပန်လို “ငှက်ပျောပင်” ပါ။ “ဗသျှိုး” ဟာ သူ့ကလောင်အမည် “ငှက်ပျောပင်” လို့ ယူသလို သူ့နောက်ပိုင်းဘ၀တခုလုံးလည်း ငှက်ပျောဖက်မိုးတဲ့ တဲနဲ့ပဲ တသက်လုံးနေသွားခဲ့တာ။ သူ့ဘ၀ နှောင်းပိုင်းတခုလုံး ခရီးသွားမှသွား။ ခရီးသွားရင်း ကဗျာတွေရေး။ သူ့ရဲ့စာပေသြစာကလည်း ကြီးမှကြီး။ ဂျပန်စာပေလောကမှာ “ဘယ်ဂျပန်ကဗျာဆရာမဆို ဗသျှိုးမှာပဲ အစပြုပြီး ဗသျှိုးမှာပဲ နိဂုံးချုပ်တယ်” ဆိုတဲ့ စကား ပြောယူရတဲ့အထိ ... ။သူဟာ အသက် (၅၀) မှာ ဆုံးပါတယ်။
သူက စကားပြေလည်း ရေးပါတယ်။ သူ့ရဲ့စကားပြေနဲ့ကဗျာတွေရောထားတဲ့ “အဝေးရပ်ဆီသွားတဲ့ လမ်းကျဉ်းကလေး” ခရီးသွားမှတ်တမ်းဟာ သူ့စကားပြေထဲမှာ အထင်ရှားဆုံး။ (ဒီမှတ်တမ်းကို ဆရာ မောင်သာနိုးက အစအဆုံးဘာသာပြန်ပြီး စာအုပ်ထုတ်ပြီးပါပြီ။) ပြီးတော့ သူ့ရဲ့အကျော်ကြားဆုံးကဗျာတပုဒ် ရှိသေးတယ်။ ရေကန်တခုနဲ့ ဖားတကောင်အကြောင်းရေးတဲ့ကဗျာ။ ဒီကဗျာကို တင်ချင်ပေမယ့် ဒီကဗျာက ပြောစရာ ဆိုစရာ စကားနည်းနည်းရှိပြန်လို့ ဒီကနေ့ မတင်သေးပါဘူး။ နောက်နေ့တွေကြမှ ... ။
ဒီနေ့တော့ “ဗသျှိုး” ရဲ့ တခြား ဟိုက္ကူကဗျာတပုဒ်တင်လိုက်ပါတယ်။
ကိုင်းမသစ်ကိုင်းခြောက်တခုပေါ်မှာ
ကျီးကန်းတကောင်
အထီးတည်းနားနေ
ဆောင်းဦး ...။
ဗသျှိုး
August 09, 2008
ဟိုက္ကူကဗျာရဲ့ အနံနဲ့အလျား
ဂျပန်ဟိုက္ကူကဗျာဟာ ပုံသဏ္ဍာန်မှာရော အကြောင်းအရာမှာပါ သတ်မှတ်ချက်တွေရှိပါတယ်။ ပုံသဏ္ဍာန်အရဆိုရင် ၀ဏ္ဏ (စကားလုံး) အရေအတွက် (၁၇) လုံးပဲ ရှိရပါမယ်။ စာစီတဲ့ အခါကြတော့ ပါဒ (စာကြောင်းရေ) သုံးကြောင်းစီရပါတယ်။ ၅.၇.၅ ပုံသဏ္ဍန်ပေါ့်။ ကာရန်တော့ မပါပါဘူး။
အကြောင်းအရာကတော့ ယေဘုယျအားဖြင့် သဘာဝအလှပါရပါမယ်။ ဒါမှမဟုတ် ရာသီပြစကားလုံး ပါရမယ်။ ဒါမှမဟုတ် တမဟုတ်ချင်း မျက်စေ့နဲ့မြင်တဲ့အရာရဲ့ နောက်ကွယ်က ဒဿနကို လျပ်တပျက်အတွင်း အမိအရဖမ်းချုပ်တဲ့ အကြောင်းအရာဖြစ်ရမယ်။ ဒါကြောင့်မို့ “ဈင်” ဗုဒ္ဓဘာသာ ဒဿနကို အခြေခံတဲ့ အကြောင်းအရာက ဟိုက္ကူရဲ့ ပင်မဒဿနလို့ ဆိုကြတာပါ။
အခုတော့ ဟိုက္ကူကဗျာဂိုဏ်းတွေ ဂျပန်မှာတွင်မက ဥရောပမှာပါ တော်တော်များများရှိနေကြပါပြီ။ ထောင်သောင်းချီတဲ့ ဟိုက္ကူကဗျာ အထိမ်းအမှတ်ပွဲတွေ၊ ပြိင်ပွဲတွေ ကျင်းပခဲ့ကြပြီးပါပြီ။ ဒါကတော့ ဟိုက္ကူကဗျာနဲ့ပါတ်သက်ပြီး မလွဲမသွေ သိထိုက်တဲ့ကိစ္စတချို့ပါ။ (မသိသေးသူများအတွက်သာ ဟိုက္ကူကဗျာတွေကို ပိုပြီး ခံစားလို့ရအောင် ဆရာလုပ်ခြင်းပါခင်ဗျား ...)
ကျနော်ကတော့ ဟိုက္ကူကဗျာတွေကို မြန်မာမှုပြုတဲ့အခါ ၅.၇.၅ ပုံသဏ္ဍန်နဲ့ ထပ်တူကျအောင် မကြိုးစားပါဘူး။ ကြိုးစားလို့လည်း မဖြစ်ပါဘူး။ ကြိုးစားရင်လည်း သူ့ရဲ့ “အနက်” ကို ချို့ယွင်းသွားစေမှာပါ။ ဒါကြောင့်မို့ ကျနော်ကြိုက်သလိုပဲ မြန်မာမှုပြုလိုက်ပါတယ်။ ကာရန်ပါတဲ့အခါပါ၊ မပါတဲ့အခါ မပါပေါ့။ “အနက်” ကိုပဲ အဓိကထားပြီး ဖမ်းဖို့ကြိုးစားထားပါတယ်။
ချစ်စရာ နောက်ထပ်ဟိုက္ကူကဗျာတပုဒ် မြည်းကြည့်ကြပါဦး ... ။
ဆီးပွင့်တွေ
ဆီးပင်တွေမှာ
အခုလို ဝေဆာအောင်ပွင့်တဲ့အချိန်မျိုးမှာများ
ငါသေရမယ်ဆိုရင်
ဝမ်းနည်းလို့ကို ဆုံးမှာမဟုတ်တော့ဘူး။
ရွေစန်
Subscribe to:
Posts (Atom)