February 15, 2011

အမှိုက်ပုံ


                                                   (ခ)
တဲ (၄) လုံးကြား သစ်ပင်ရိပ်အောက်တွင် လူ (၄၀) ခန့် ဝိုင်းစု ထိုင်ကြသည်။ ကောင်းကင်ပြာ စာသင်ကျောင်း ကျောင်းအုပ်နှင့် တူမလေး မြတ်နိုဗယ်သန်းက လူအုပ်၏ ထိပ်တွင် နေရာယူလိုက်သည်။ လူ (၄၀) ခန့်ဆိုသည်မှာ ခလေးရော လူကြီးအပါအဝင် လူ (၄၀) ကို ဆိုလိုခြင်းဖြစ်သည်။ ခလေးများကို နှုတ်လိုက်လျင် လူကြီး (၂၀) ခန့်တော့ ရှိမည်ဖြစ်သည်။

ကျနော်တို့လူအုပ်၏ဘေးတွင် ရေမြောင်းတစ်ခုရှိနေသည်။ ရေမြောင်း၏တဖက်တွင် ကြံခင်းရှိနေပြီး ကြံခင်းကို သံဆူးကြိုးဖြင့် ကရော်ကမယ် ခြံကာထားသည်ကို တွေ့ရ၏။ ကျနော်တို့နှင့် ကိုက်၂၀၀ ခန့်အကွာ ကုန်းမြင့်ပေါ်တွင် အမှိုက်ပုံကြီးကို မြင်နေရသည်။ လေတင်ဘက်တွင် ဖြစ်ဟန်တူပါသည်။ အမှိုက်ပုံကြီးဆီမှ  အနံ့အသက်များက ကျနော်တို့ဆီ ရောက်မလာကြ။

လူအုပ်ထဲတွင် အရွယ်မျိုးစုံ ကလေးတွေ ရှိနေသည်။ ရင်ခွင်ပိုက် ခလေးမှအစ အသက် ၁၀ နှစ်ခန့် ခလေးအထိ ဝင်ထိုင်နေကြသည်။ ခွေးဆယ်ကောင်ခန့်ကလည်း ကျနော်တို့လူအုပ်ဘေးတွင် အိပ်သူအိပ် ဆော့သူဆော့ လုပ်နေကြသည်။ ကျနော်က တူမလေး မြတ်နိုဗယ်သန်းကို ဓါတ်ပုံရိုက်ပေးရင်း သူတို့ပြောဆို ဆွေးနွေးကြသည်များကိုလည်း နားထောင်နေမိသည်။

တူမလေး မြတ်နိုဗယ်သန်းက မြေဝယ်မည့်ကိစ္စ၊ မြေဝယ်ပြီးလျင် ဝယ်ပေးထားသည့် မြေပေါ်တွင် စည်းကမ်းရှိရှိ အတည်တကျ နေထိုင်ရေးကိစ္စများကို ရှင်းပြနေသည်။ မြေဝယ်မည့်ကိစ္စ ဝယ်ထားသည့်မြေပေါ်တွင် ပြောင်းရွှေ့နေချင်သည့်ဆန္ဒ ရှိ မရှိ။ အချက် တစ်ချက်ချင်းစီ ရှင်းပြနေသည်။
မြေဝယ်ပေးလျင် ဝယ်ပေးသည့်မြေပေါ်တွင် အားလုံးလိုလိုက ပြောင်းရွှေ့နေကြမည့်အကြောင်း အကယ်၍ မြေဝယ်မည်ဆိုလျင် အမှိုက်ပုံနှင့်လည်း မနီးမဝေးဖြစ်ရမည်၊ စိုက်ပျိုးစားသောက်လို့ရသည့်မြေလည်းဖြစ်ရမည်၊ အကယ်၍ ပုလိပ်လာလျင်လည်း အလွယ်တကူ ထွက်ပြေးပုန်းအောင်းလို့ ကောင်းသည့် တောနှင့်လည်းနီးရမည်။ ဝိုင်းထိုင်နေသူများက စိတ်ဝင်တစား တက်တက်ကြွကြွပင် ပြန်လည်ဆွေးနွေးနေကြသည်။ နောက်ပြောင် ပြောဆိုငြင်းခုန်နေကြသည်။ 

ကျနော်က ဓါတ်ပုံ တစ်ပုံ နှစ်ပုံခန့်ရိုက်ပေးပြီးနောက် လူအုပ်ဘေးက အိမ်ထရံအစွန်းတွင် လာထိုင်နေသည့် အသက် ၃ နှစ်ခန့်အရွယ် ခလေးမလေးတစ်ဦးကို စိတ်ဝင်စားနေမိပြန်သည်။ သူက သနတ်ခါး ဘဲကြားလူးလျက်။ အိမ်ထရံကို မှီပြီး ထိုင်နေပုံကအစ ခတ်နွဲ့နွဲ့လေး ဖြစ်နေသည်။ သူ့ ဘေးနားကို တိုးကပ်သွားပြီး သူ့ လက်မောင်းလေးကို ကျနော်ကိုင်တော့ ကျနော့်ကို အနည်းငယ် ရှက်ရွှံ့သလို မေါ့ကြည့်သည်။ ကျနော်က သူ့မျက်နှာလေးကို ကြည့်ကာ ပြုံးပြလိုက်သည်။
                                        ရွှေမင်းသမီးလေးပါ...
သမီးနာမည်ဘယ်လိုခေါ်သလဲလို့ ကျနော်မေးတော့ သူက ချက်ချင်းဆိုသလို ပြန်ဖြေသည်။ သို့ သော် အသံတိုးလွန်းသဖြင့် သူ့ စကားကို သဲကွဲစွာမကြားရ။ ထပ်မေးရသည်။ သူကလည်း အသံမြှုင့်ပြီး ပြန်ဖြေသည်။ သို့ သော် သူ့ လေသံက ပျော့ပျော့လေး။ ချစ်စရာ ကြည်လင်သည့် အသံ။ သူ့ နံမည်ကို ကျနော်ကြားတော့ ကုန်းထားသည့် ကျနော့်ခါးသည်ပင် ဆန့်သွားသည်ဟု ယူဆလိုက်မိသည်။
“ ရွှေမင်းသမီး ”
ကျနော်က သေချာစေရန် ထပ်မေးသည်။ သူကလည်း သည်နံမည်ကိုပဲဖြေသည်။ ကျနော် သဘောကျသွားရသည်။ ကျနော်နှင့် ရွှေမင်းသမီးကို ဘေးက အမျိုးသမီးကြီး နှစ်ယောက်က ကြည့်နေသည်။ သူတို့မျက်နှာများက ရွှေမင်းသမီးပြောပြသမျှ သဘောတူထောက်ခံကြောင်း ဖေါ်ပြနေသည်။ ထို့ကြောင့် ရွှေမင်းသမီးကို ကျနော် ကြေနပ်သွားရသည်။ နောက်ကို အသာဆုပ်ကာ ရွှေမင်းသမီးလေးကို ဓါတ်ပုံရိုက်သည်။
လူတွေ ဆူဆူညံညံပိုဖြစ်လာသဖြင့် လူအုပ်ဖက် အာရုံပြန်ရောက်သွားရပြန်သည်။ အမျိုးသမီးကြီးတစ်ဦးက အရင်တစ်ခေါက်က ရထားသော အလှူပစ္စည်းများကို တနေရာတွင် သိမ်းထားသည့်အကြောင်း ပစ္စည်းတွေ ရောင်းစားသည်ဟုပြောသည့် ပစ္စည်းမရလိုက်သူများ၏ ဒီစကားကို မယုံကြည်ဖို့ တူမလေးမြတ်နိုဗယ်သန်းကို ရှင်းပြနေသည်။ သူက ပြောလည်းပြော သူနှင့် လေးငါးယောက်အကွာက အမျိုးသမီးများဆီ မျက်စေါင်းတထိုးထိုး လုပ်သည်။ 
                      ဦးဆောင်ဆွေးနွေးနေတဲ့ တူမလေး မြတ်နိုဗယ်သန်း

အစည်းအဝေးလာတက်သူများထဲတွင် အမျိုးသမီးများက အများစုဖြစ်နေသည်။ ယောင်္ကျားတွေက အလုပ်သွားလုပ်နေကြသည်။ တချို့က နေ့စားသွားလုပ်နေကြကြောင်း တချို့က ကြံခုတ်လိုက်ကြကြောင်း အစည်းအဝေးအစကတည်းက ပြောခဲ့ကြသည်။ ရောက်နေသည့် ယောင်္ကျားကြီး သုံးလေးဦးကလည်း ပြောသမျှကိုသာ နားထောင်သည်။ ဘာတခွန်းမျှ ဝင်မပြော။
အစည်းအဝေး အလည်လောက်ရောက်တော့ ဘေးက တဲအောက်တွင်ထိုင်နေသည့် အမျိုးသားတစ်ဦးက ထလာကာ အစည်းအဝေးအတွင်း ဝင်ပြောသည်။ သူက အော်ကျယ်အော်ကျယ်နှင့် ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြောကြဖို့ သူများက စေတနာနဲ့ ငွေအကုန်ခံပြီး မြေဝယ်ပေးမှာကို မနေချင်ဘူးဆိုလျင် အခုကတည်းက ပြတ်ပြတ်သားသား အဖြေပေးကြဖို့ အော်ပြောလိုက်သည်။

အစည်းအဝေးက အစကိုပြန်ရောက်သွားပြန်သည်။ တူမလေး မြတ်နိုဗယ်သန်းက နေကာမျက်မှန်ကို နဖူးထိပ်ပေါ်တင်ရင်း စာအုပ်ကိုဖြန့်ကိုင်ရင်း ညာဖက်လက်က ဘောလ်ပင်ကိုကိုင်ရင်း ပြောသမျှစကားကို နားထောင်သည်။ ပြီးတော့မှ မြေဝယ်မည့်ကိစ္စ သဘောတူမတူ အကြိမ်ကြိမ် ပြန်ပြီး အတည်ပြုချက်ယူရပြန်သည်။ ထိုအခါကျပြန်တော့လည်း လူတိုင်းလိုလိုက သဘောတူကြောင်း ပြန်ပြောကြသည်။ ရှေ့နားတိုးထိုင်ရင်း တချိန်လုံး တက်တက်ကြွကြွ နောက်ပြောင်ပြောဆို ဆွေးနွေးနေသည့် အမျိုးသမီးကြီးနှစ်ဦး၏ သဘောတူကြောင်း အော်ပြောနေသည့်အသံက အားလုံးကို လွှမ်းသွားသည်။
ထိုအမျိုးသမီးကြီး နှစ်ဦးမှာ လူအုပ်ထဲတွင် အတက်ကြွဆုံးဖြစ်သည်ကို ကျနော် သတိထားမိသည်။ သူတို့က ရယ်စရာလည်းပြောသည်။ တူမလေးမြတ်နိုဗယ်သန်းက မြေဝယ်ပြီးလျင် ဖဲရိုက်လို့ အရက်သေစာ သောက်စားမူးယစ်လို့ မြေဝယ်ပေးသူက ကြားသွားလျင် မကောင်းကြောင်း ပြောစဉ်တုန်းကလည်း သူတို့နှစ်ဦးကို လူတွေက ဝိုင်းပြီး လက်ညှိုးထိုးခဲ့ကြသည်။ သူတို့နှစ်ဦးကလည်း ရယ်မောပျော်ရွှင်စွာပဲ ဟုတ်ကြောင်း ဝန်ခံသည်။ မြေဝယ်ပေးလျင် ဒီအလုပ်တွေ မလုပ်တော့မယ့်အကြောင်း ပြောခဲ့ကြသည်။ ယောင်္ကျားတွေ အရက်သောက်တာ သူတို့ တာဝန်မယူကြောင်းတော့ ပြောနေကြသေးသည်။ အကယ်၍ ယောကျာင်္တွေက အရက်ဆက်သောက်နေလျင်တော့ သူတို့ လည်း ဖဲဆက်ရိုက်ကောင်း ရိုက်ရလိမ့်မည်ဟု ပြောနေသည်။ လူတွေက သူတို့ နှစ်ယောက်ကို ဝိုင်းဝန်းရယ်မော ကန့် ကွက်လိုက်ကြသည်။

လူအုပ်ဘေးတွင်ရပ်ကာ “အပြာရောင်ကောင်းကင် စာသင်ကျောင်း” ကျောင်းအုပ်ကြီးကို ကျနော်ကြည့်သည်။ သူက စကားသိပ် မပြော။ လိုအပ်မှ ဝင်ပြောသည်။ တူမလေး မြတ်နိုဗယ်သန်း ဘေးတွင် ရပ်နေလိုက်၊ ထိုင်ပြီး မြေကြီးကို တုတ်နှင့် ခြစ်လိုက် လုပ်နေသည်။ အမှန်တကယ်တော့လည်း သူက မြတ်နိုဗယ်သန်းကို ကူညီသည့်သဘော လိုက်လာခဲ့ခြင်းဖြစ်သည်။ လူစုပေးရန် လိုက်လာခဲ့ခြင်းဖြစ်သည်။ သို့ သော် မြေဝယ်မည့်ကိစ္စကိုတော့ သူလည်း တစုံတရာတက်တက်ကြွကြွ ဝင်ပြီး ဆွေးနွေးခဲ့သည်။ အထူးသဖြင့် မည်သည့်နေရာက မြေကိုဝယ်သင့်သလဲဟု မေးခွန်းထုတ်ကာ ဝယ်သင့်သည့်မြေကို သူကပဲ ဖြည့်စွက်အကြံပြုခဲ့သည်။ မည်သည့်မြေနေရာမျိုးကို ဝယ်သင့်သလဲဟု ဆွေးနွေးကြသောအခါ ပုလိပ်လာလျင် အလွယ်တကူ ထွက်ပြေးပုန်းအောင်းလို့ လွယ်ကူသည့် မြေနေရာဖြစ်လျင် အကောင်းဆုံးဖြစ်မည်ဟု တညီတညွတ်တည်း တင်ပြနေကြသည်ကို နားထောင်ကာ ကျနော့်မှာ ပြုံးမိသည်။

အစည်းအဝေးမှာ နာရီဝက်နီးပါး ရှိလာခဲ့ပြီ။ မြေဝယ်သည်ကို သဘောတူကြောင်း အတည်ပြုနိုင်ခဲ့ပြီ။ ယခင်အပါတ်က အလှူရှင် ဥရောပတိုက်သား ဇနီးမောင်နှံတို့၏ အလှူပစ္စည်းများကိစ္စဘက် ရောက်သွားပြန်သည်။ မြတ်နိုဗယ်သန်းက ပစ္စည်းတွေ ပြန်ရောင်းမစားကြဖို့ ပြောသည်။ ထိုင်နေသူများက ပစ္စည်းတချို့ မြန်မာပြည်ပြန်ပို့ လိုက်တဲ့အကြောင်း ပြောနေကြပြန်သည်။ တချို့က ပုလိပ်လာလျင် လူတွေ ထွက်ပြေးနေစဉ် တဲပေါ်က ပစ္စည်းအကောင်းဟူသမျှ ကားနဲ့ တင်ယူသွားသည့်အကြောင်း၊ မွေးထားသည့် ကြက်နှင့်ဝက်တွေကိုပင် ပုလိပ်တွေက ယူသွားကြသည့်ကြောင်း၊ တဲတွေကို ဓါးနှင့်ခုတ်လှဲ ဖျက်ဆီးထားခဲ့သည့်အကြောင်း ဒါကြောင့်မို့ အပိုပစ္စည်းများ ပစ္စည်းကောင်းများကို ရောင်းသင့်တာရောင်း မြန်မာပြည်ပြန်ပို့ သင့်တာပို့  လုပ်ကြရသည့်အကြောင်း ကြွက်ကြွက်ညံအောင် ရှင်းပြနေကြသည်။ သို့ သော် တဲမိုးဖို့ရထားသည့် မိုးကာစများကိုတော့ အားလုံးလိုလို သိမ်းထားကြသည့်အကြောင်း ပြောကြသည်။

သူတို့တတွေ အခုလို ထိုင်းပုလိပ်များနှင့် ရင်ဆိုင်ရပုံကို ကြားတော့ လွန်ခဲ့သော (၁၄) နှစ်က ရှေ့တန်းသို့ ခရီးထွက်ခဲ့သည့် အတွေ့အကြုံတချို့ကို ကျနော် ပြန်ပြီး သတိရလာခဲ့သည်။ ထိုစဉ်က ဖါးအံမြို့နယ်ထဲက မဲပလိကျေးရွာထဲ ကျနော် ရောက်နေစဉ် စစ်အစိုးရစစ်တပ်ရောက်လာလို့ တရွာလုံး ထွက်ပြေးရသည်ကို တွေးမိလာသည်။ ကျနော်က  ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ရွာသားများနှင့်အတူ ဖြတ်ပြေးနေစဉ် ရွာထဲက သေနတ်သံတွေ ခွေးဟောင်သံတွေ ကြားနေခဲ့သည်။ စစ်သားတွေ ရွာထဲက ပြန်ထွက်သွားတော့ ရွာသားတွေ ပြန်ဝင်လာကြသည်။ အိမ်တချို့က အဝတ်အစားများ ဒန်အိုးဒန်ခွက်များ ပျောက်ဆုံးကုန်သည်။ အိမ်တချို့ကို စစ်သားများက မီးတင်ရှို့ထားခဲ့ကြသည်။ မွေးထားသည့် ကြက်နှင့် ဝက်များကို ပစ်သတ်သွားကြသည်။ တချို့ ဖမ်းယူသွားကြသည်။ 

လေတချက် အဝေ့တွင် အမှိုက်ပုံကြီးဆီက ညှီစို့စို့ အောက်သိုးသိုးအနံ့များ ကျနော်တို့ဆီ ရောက်လာကြပြန်သည်။ ကျနော်က အမှိုက်ပုံကြီးဆီ လှမ်းမျှော် မေါ့ကြည့်ကာ အမှိုက်ပုံကြီးနံဘေးတဝိုက် တဲထိုးပြီး နေကြသည့် မိသားစုများအတွက် ပင့်သက်ရှိုက်မိသည်။ အထူးသဖြင့် ခလေးသူငယ်များရဲ့ကျန်းမာရေးအတွက် ကျနော် စိတ်ပူသည်။ မိုးတွင်းရောက်လာလျင် ကြုံတွေ့ ရမည့်အခြေအနေကို ခန့်မှန်းပြီး သက်ပြင်းချမိသည်။ ယခုပင်လျင် မြေတချို့က အစိုဓါတ်ရှိနေသည်။ ကျနော်တို့စကားဝိုင်း၏ဘေးတွင် ရေဗွက်တချို့ ရှိနေသည်။

သတိရလို့ ကျနော့်မိတ်ဆွေ “ ရွှေမင်းသမီးလေး ” ဆီ ကျနော် လှမ်းကြည့်ရပြန်သည်။ ရွှေမင်းသမီးလေးက ကျနော့်ကို အားအင်ဖျော့တော့သော အကြည့်ဖြင့် ပြန်ကြည့်နေသည်ကို တွေ့ရ၏။

ငြိမ်းဝေ
( အပိုင်း -ဂ- ကို ဆက်လက်ဖတ်ရှုပါရန်....)


February 14, 2011

အမှိုက်ပုံ

                                                               (က)
“ အပြာရောင်ကောင်းကင် ” စာသင်ကျောင်းကအထွက် ကားလမ်းမပေါ်အရောက် ကျောင်းကလေးဆီ ပြန်လှည့်ပြီးကြည့်သည်။ အရုပ်မျိုးစုံ နံရံမှာ ရေးဆွဲထားသည့် စာသင်ကျောင်းကလေးကို လှမ်းမြင်ရသည်မှာ ကျနော့်အတွက် တကယ့်ကို အသစ်အဆန်းလိုဖြစ်နေသည်။ ပြီးခဲ့တဲ့ ဆယ်မိနစ်ခန့်ကပဲ လည်တိုင်မှာ ကြိုးတွဲလောင်းနှင့် ကိုယ်လုံးတီးလူတယောက် လေးဘက်ထောက်သွားနေတဲ့ ကျောင်းနံရံပေါ်က ပန်းချီပုံကို နောက်ခံထားပြီး ကျနော့်ကို တူမလေး မြတ်နိုဗယ်သန်းက ဓါတ်ပုံရိုက်ပေးခဲ့သည်။ ဓါတ်ပုံကို ပြန်ကြည့်တော့ ကျနော့်ဘေးမှာ ခွေးတစ်ကောင်အိပ်လျက်။ ကျနော်က ဝတ်စုံအနက်ကို ဝတ်လျက်။

စာသင်ကျောင်းနံရံမှာ ဒီလိုပန်းချီပုံတွေကို ဘယ်သူ ဆွဲပေးခဲ့တာပါလိမ့်။ ကျောင်းကို ကူညီထောက်ပံ့သွားတဲ့ နိုင်ငံခြားသားတစ်ဦးဦးက ရေးဆွဲသွားတာများလား။ ပန်းချီကားတွေက ပန်းချီကို အပျော်ဆွဲတာထက်သာတဲ့လက်ရာမျိုးဖြစ်နေတာကိုကြည့်ပြီး ပန်းချီဆရာက တမင်သက်သက် သူ့အဓိပါယ်နှင့်သူ ရေးဆွဲသွားခဲ့တာ သေချာတာကိုတော့ ကျနော် သိသည်။ သူ ဖေါ်ပြချင်သည့် အဓိပါယ်ကို ကျနော် ကောင်းကောင်းသိသည်။ ထို့ကြောင့် ကျနော့်မှာ ခံစားရသည်။

(၅) မိနစ်ခန့်ကြာတော့ ကျနော်တို့ တူဝရီးနှစ်ယောက် အမှိုက်ပုံကြီးတခုရဲ့ ခြေရင်းကို ရောက်လာခဲ့ကြသည်။ လမ်းတွင်လည်း အမှိုက်မျိုးစုံကို လမ်းဘေးနှစ်ဖက်တွင် လမ်းပေါ်တွင် နင်းကျော်လာခဲ့ကြရသည်။ အထူးသဖြင့် ပျက်စီးရန်မလွယ်ကူသည့် အရောင်မျိုးစုံ အရွယ်မျိုးစုံပလပ်စတစ်အိပ်ခွံပျက်များကို နေရာအနှံ့ တွေ့ခဲ့ရသည်။ အမှိုက်ပုံကြီးနှင့် မနီးမဝေးအရောက်ကတည်းက စူးရှသည့် ညှီစို့စို့ အနံ့အသက်ကို လေအဝေ့တွင် ကျနော် ရှူရှိုက်မိခဲ့သည်။ တောင်ငယ်လေးတစ်ခုပမာဖြစ်နေသည့် အမှိုက်ပုံကြီး၏အောက်ခြေက တဲကလေးသုံးလုံးခန့်ဘေးတွင် ကားလမ်းက နိဂုံးချုပ်သွား၏။ အမှိုက်သွန်သည့်ကားများ၊  စွန့်ပစ် ပစ္စည်းလာဝယ်သည့် ကားများသာ အသုံးပြုသည့် ကားလမ်းဘေးတွင် ကျနော်တို့ ရပ်တန့်လိုက်ကြသည်။ ကားလမ်းဘေးတွင် ရေကန်ကြီးတစ်ခုရှိသည်။ အမှိုက်မျိုးစုံက ရေကန်ဘေးတွင် ကျနေသည်။ ရေကန်ပေါ်ဖြတ်လာသည့်လေနှင့်အတူ ညှီစို့စို့အနံ့ကို ရလိုက်သည်။

တူမလေး မြတ်နိုဗယ်သန်းကို လူတယောက်ကဆီးပြီး စကားပြောသည်။ တူမလေးအဖို့ အမှိုက်ပုံကလူတွေနှင့် ရင်းနီးပြီးဖြစ်သဖြင့် ကျနော်က အထူးအထွေလုပ်မနေတော့ပဲ လမ်းဘေးတွင် ရပ်နေလိုက်သည်။ တဲကလေးနှစ်လုံးရှေ့တွင် စုပြုံပြီးထိုင်နေသည့် ခလေးတသိုက် ခွေးတအုပ်နှင့် အမျိုးသမီးများက ကျနော်တို့ကို ပြုံးပြီးကြည့်နေကြသည်။ တူမလေးက စကားတခွန်းနှစ်ခွန်းပြောပြီးနောက် အမှိုက်ပုံကြီး၏ ဘေးတဖက်တွင်ရှိသည့် တခြားတဲအိမ်ကလေးတွေဖက် သွားရမည်ဟုဆိုကာ ရှေ့ကထွက်သည်။
ကျနော်က တူမလေးရဲ့နောက်က ဘေးဘီအနှံ့လိုက်ကြည့်ရင်း လမ်းလျှောက်လိုက်လာခဲ့သည်။ အမှိုက်ပုံကြီးရဲ့ ဘေးတဖက်တွင် တဲအိမ်ကလေးတချို့ကို ထပ်ပြီးတွေ့ရပြန်သည်။ ဈေးဆိုင်နှင့် အိမ်ကလေးတလုံးကိုလည်း တွေ့ရသည်။ တဲရှေ့တွင် တဲရဲ့တံစက်မြိတ်တွင် ခလေးသားရေစာနှင့် အချိုအချဉ်မုန့်ထုပ်များ ချိပ်ဆွဲထားသည်ကို တွေ့ရသည်။ ဆိုင်ပိုင်ရှင်ဟုထင်ရသူ အမျိုးသားတစ်ဦးက ကုန်းထိပ်တွင်ရပ်နေကြသည့် ကျနော်တို့ကို တဲတံစက်မြိတ်အောက်မှ ခေါင်းပြူကာ အပြုံးဖြင့်နှုတ်ဆက်လိုက်သည်။

အိမ်မှထွက်လာစဉ်ကတည်းက အလုပ်ကိစ္စကို ကြိုပြီးပြောထားခဲ့သဖြင့် ကျနော်က တူမလေးကို ဘာမျှမမေးပဲ သည်အတိုင်း စေါင့်ကြည့်နေလိုက်သည်။ တူမလေးက အမှိုက်ပုံကြီး၏ အခြားတစ်ဖက်တွင်နေထိုင်သူများ ရောက်လာသည်အထိ စေါင့်နေရန်ပြောနေသည်။ 

“ အဲဒါ သူ့အမေကိုယ်စား အစည်းအဝေးလာတက်တာတဲ့ဘဘ ကြည့်ပါအုန်း ”
တူမလေးဘေးတွင် တုတ်တစ်ချောင်းကို လက်တဖက်ကကိုင်လျက်။ အသက် ၃ နှစ်သာသာ ခလေးမလေးတစ်ဦး။ လက်တွေခြေတွေအားလုံး ပေရေလျက်။ ဝတ်ထားသည့် ဂါဝန်ကလေးက အရောင်လွင့်လျက်။
ကျနော်က ခလေးမလေး၏ဘေးတွင် သွားရပ်သည်။ သူ့ ပခုံးလေးကို ထိကာ မင်းဘာလုပ်ဖို့လာတာလဲ၊ နာမည်ဘယ်လိုခေါ်သလဲဆိုပြီး မေးနေမိသည်။ ခလေးမလေးက ကျနော့်ကို သူ့ နံမည်ပြောပြသည်။ အစည်းအဝေးလာတက်တာဟု ပြောနေသည်။ ပထမတော့ သူဘာပြောသည်ကို ကျနော် မသဲကွဲ။ မေးခွန်းကို ထပ်ပြီး မေးရသည်။ သူက စကားကို ခတ်နည်းနည်း ကျယ်ကျယ်ပြောလာသည်။ သူ့နာမည်ကို ပြောသည်။ အစည်းအဝေးတက်ဖို့လာသည်ဟု ပြောသည်။ ကျနော် သဘောကျသွားရသည်။

ငြိမ်းဝေ
(အပိုင်း - ခ - ကို ဆက်လက်ဖတ်ရှုပါရန်...)

February 11, 2011

မြင်ကွင်း ဝိုးတဝါး

ကျနော်
မနက်အစေါကြီး
အိမ်ရှေ့ ဆင်ဝင်အောက်က ကုလားထိုင်မှာ
ထွက်ထိုင်တယ်။
နားထဲမှာကြားနေရသလို
အိမ်ရှေ့မြင်ကွင်းကိုလည်း လင်းလင်းချင်းချင်း ကြားကြည့်ချင်နေမိတယ်။
ဟိုး ခတ်လှမ်းလှမ်းမှာ ဘုရားစေတီ
ဘုန်းတော်ကြီးကျောင်းတစ်ခုရဲ့ အမိုးပြဿဒ်တစ်ခု
ကောင်းကင်မှာ ငှက်တွေ အုပ်ဖွဲ့ပျံသန်းသွားနေကြတာ
အိမ်ရှေ့ကွင်းထဲက လေတိုက်လို့ ယိမ်းနွဲ့ အိကျလိုက် ပြန်ခေါင်းထောင်လာလိုက်ဖြစ်နေတဲ့ မြက်ရိုင်းတွေ
အာရှလမ်းမကြီးဘက် တိုက်တာအဆောက်အဦတွေ
အားလုံး ကြားနေရပါလား
တုံးမောင်းခေါက်သံကြားနေရပြီ
သူလှမ်းပြောနေတဲ့ သူ့ မျက်နှာကို ငါကြားနေရပြီ
လုံလောက်ပြီပေါ့
အသံတစ်ခုဟာ အားလုံးကို ဖြည့်ဆီးပေးလိုက်တာပါပဲလား
ငှက်သံတွေကို ငါ နားစွင့်
ကွန်ပျူတာ စက်သံကို ငါနားစွင့်
ချောင်းတဟွတ်ဟွတ်ဆိုး
တကိုယ်လုံး ကိုက်ခဲနာကျင်
ငါကြားနေရပြီ
စိတ်အန်ဖတ်တွေ ခေါင်းပြူနေတာ ငါကြားနေရပြီ
ငါ့ အနာဂါတ်
ငါ့ ရင်ခုန်သံ
ငါ့ အတိတ်
ငါ့ ဗုံမဟုတ် ပတ်မဟုတ် ညများ
ငါကိုယ်တိုင်တည်ဆောက်ခဲ့ပြီး ဖျက်ချလို့မရတဲ့ ညနေခင်းများ
အို ငါကြားနေရတာ တကယ်အစစ်လား
ငါ ငိုရမှာလား ရယ်ရမှာလား
ငါငိုချလိုက်တာ အဓိပါယ်တကယ်ရှိရဲ့လား
ငါကြားနေရပြီ
တကယ်ပါ ငါကြားနေရပြီ
လုံလောက်သွားပေါ့
ငါ့ မနက်ခင်းတစ်ခု
အမှောင်ထဲက ငါ့မနက်ခင်းတစ်ခု
မနက်ခင်းများစွာထဲက မနက်ခင်းတစ်ခု
ငါ့မနက်ခင်းတစ်ခု
ငါ့ရင်ဘတ်အောက်မှာ
ငါ့ လက်အောက်မှာ
ငါ့ ခြေထောက်အောက်မှာ
ဆူးတွေ
သွေးအဖြူတွေ ပန်းထွက်နေတဲ့
ဆူးတွေ ဒင်းကြမ်းပြည့်နေတဲ့ စိတ်အန်ဖတ်တွေ
ခေါင်းတထောင်ထောင် လည်တဆန့်ဆန့်နဲ့
ဆူးတွေ
ငါကြားနေရပြီ
ငါ ကြားနေရပြီဟေ့...။   

( ၁၂၊ ၂ ၊ ၂၀၁၁ မနက်ခင်း ၄ နာရီခွဲ )
ငြိမ်းဝေ

February 06, 2011

နှစ်ပေါင်း ၄၀ အရူး


နှစ်ပေါင်း ၄၀ ကျော်
ကျနော် အမှောင်ကို မုန်းခဲ့သည်။
တရံခါမှာတော့ အမှောင်ကို ချစ်ကြည့်ရရင် ကောင်းမလားလို့  စဉ်းစားခဲ့ဖူးသည်။
ကျနော် တုန်လှုပ်သွားရသည်မှာ အမှန်။
အခုတော့ အမှောင်သည် ကျနော့်ဘဝအတွက် မရှိမဖြစ်တဲ့ အမုန်းဆုံးချစ်သူ
အမှောင်ရှိမှ အလင်းရှိမယ်
ငါက အမှောင်ကို ပျောက်သွားအောင် လုပ်နေတာ
ငါ့ကိုယ်ငါ ကြိုးဆွဲချနေတာပဲ
ခက်တာက အမှောင် က အလင်းရဲ့လိုအပ်ချက်ကို သိနေသလိုပဲ
တခါတလေ အမှောင်က အလင်းကို ကစားနေသလိုပဲ
တခါတလေ အမှောင်ကများ အလင်းကို ချစ်နေသလိုပဲ
ပါးနပ်လိုက်တဲ့ အမှောင်။
ငါတို့ အမှောင်ဆီက ပညာယူဖို့ နောက်ကျသွားပြီလား။

ငြိမ်းဝေ
( ချစ်သော သုခမိန်လှိုင် ရဲ့ လက်နှိပ်ဓါတ်မီးထိုးပြီး ရေးတဲ့ကဗျာ စာအုပ်ဖတ်ပြီးနောက် သည်ကဗျာကို ခံစားမှု ပုံတူကူးချ ရေးခြင်းဖြစ်ပါတယ်။ သရုပ်ဖေါ်ပုံကလည်း အဲဒီကဗျာစာအုပ်ထဲက အကြိုက်ဆုံးပုံကို စကင်ဖတ်ပြီးတင်လိုက်တာပါ။ )

February 04, 2011

ကိုငြိမ်း(မန္တလေး)က ကျနော့်ကို လူသုံးဦးနဲ့ မိတ်ဆက်ပေးခဲ့တယ်


(က)
အခန်းထဲကအထွက်တွင် သူ့ကို သတိထားလိုက်မိသည်။

သူသည် ကျနော့်အခန်း ပြတင်းပေါက်များကို မြင်နေရသည့် အိမ်ရှေ့ခြံဝန်းထဲက စကားဝါပင်အောက်တွင် ရပ်နေခြင်း ဖြစ်နိုင်သည်။ စကားဝါပင်ဆီ ကျနော်ငဲ့ကြည့်တော့ စကားဝါကိုင်းတချို့ လှုပ်ခတ်သွားသည်မှလွဲ၍ ဘာကိုမျှ မတွေ့ရ။
သေချာစေရန် စိတ်ရှင်းစေရန် အိမ်ရှေ့ဆင်ဝင်အောက်တွင် သွားရပ်သည်။ ပန်းခြံကလေးထဲ မသိမသာ မျက်လုံးဝေ့သည်။ ဆီးဖြူသီးပင်ထက်က ငှက်ကလေးတစ်ကောင်က ကျနော့်ကို ပြန်ကြည့်နေသည်။ ငှက်ကလေးက အငြိမ်မနေ။ အမြီးလှုပ်လိုက် ခေါင်းလှုပ်လိုက်လုပ်နေသည်။ ဟိုကိုင်းသည်ကိုင်း ကူးနေသည်။ ဆီးဖြူသီးတချို့ မြေပေါ်ပြုတ်ကျလိုက်သည်ဟု ကျနော်ထင်နေစဉ် ဆီးဖြူပင်နှင့် ငှက်ပျောပင်ကြားထဲ၌ လူရိပ်သဏ္ဍာန်ကို ကျနော် တွေ့ရပြန်သည်ဟု စိတ်ကထင်ပြန်သည်။ သို့သော် အသေအချာရှာကြည့်တော့လည်း ဘာကိုမျှ မတွေ့ရ။

January 29, 2011

မှန်သားပြင်ကို ထုခွဲဖို့ကြိုးစားခြင်း

(၁)
၁၉၇၈ ခု။
“ ကျနော် ခရီးရှည်ထွက်မှာမို့ ဆရာ့ကိုလာတွေ့တာပါဆရာ ဖြစ်နိုင်ရင် ကျနော့်ကို ဆရာ့စာအုပ်တစ်အုပ်လောက် လက်ဆောင်ပေးဖို့ လည်း တောင်းဆိုပါရစေဆရာ...”
ဆရာဒဂုန်တာရာက ကျနော့်ကို တချက်ငေးပြီးကြည့်သည်။ ဘာမျှတော့မပြော။ ကျနော်ကတော့ ကျနော့်အတွက် အရေးကြီးသော ကာလတစ်ခုကို ဖြတ်ကူးရန်ကြံရွယ်စဉ် ဆရာ့ထံမှ စာအုပ်တစ်အုပ် ယူသွားချင်နေသည်။
ထို့နောက်  ဆရာက အဝတ်အစားလဲအုန်းမည်ဟုဆိုကာ အခန်းထဲပြန်ဝင်သည်။အခန်းထဲက ထွက်လာတော့ လက်ထဲတွင် စာအုပ်တစ်အုပ်ပါလာသည်။ သဇင်သင်းပြန်တော့ စာအုပ်။
ဆရာက စားပွဲဘေး မတ်တပ်ရပ်လျက်နှင့်ပင် စာအုပ်တွင် လက်မှတ်ထိုးသည်။ ပြီးတော့ ကျနော့်ကို ပေးသည်။ ကျနော်က စာအုပ်အဖုံးကိုလှပ်ကြည့်သည်။  ရှေ့ ဆုံး စာမျက်နှာပေါ်တွင် ဌေးမြိုင်ဟု လက်မှတ်ထိုးထား၏။

January 26, 2011

မနက်ခင်း ဆွဲချ

မနက်မိုးလင်းရင် တံခါးမကြီးကို အရင်ဖွင့်တတ်တယ်
မဟုတ်ဘူး
ကျနော့် ရင်ကို အရင်ဖွင့်တတ်တယ်
ခက်တာက ကျနော်က ရင်ဖွင့်ပြီးရင် ပြန်မပိတ်တတ်ဘူးလေ
မဟုတ်ဘူး ပြန်မပိတ်ချင်ဘူး
ဒီလိုနဲ့ ဆွဲချကို ကျနော်မြင်လိုက်တာပဲ
ဆွဲချလေ...
နှင်းတွေ ဝေနေလိုက်တာ
စကားဝါပင်ပေါ်မှာ စပါယ်ရုံပေါ်မှာ ကျနော် မစိုက်ထားပေမယ့် ပွင့်နေတဲ့ စင်္ကြာပွင့်တွေပေါ်မှာ
ဆွဲချ ရောက်လာနေပြီလေ
ဆွဲချကို ကျနော် တွေ့ ချင်လို့ တံခါးမကြီးကိုဖွင့်ခဲ့တာပဲ
ကျနော် တံခါးဖွင့်လို့ လည်း ဆွဲချက ရောက်လာတာပဲ
ဆွဲချနဲ့ ကျနော် အတူတူထိုင်ရမလား
ဆွဲချနဲ့ ကျနော် အတူတူ သီချင်းနားထောင်ရမလား
ဆွဲချနဲ့ အတူ ဟိုလူရေးတဲ့ အနာဂတိကဗျာမျိုး ရေးရမလား
ဆွဲချနဲ့ အတူ ခြံအပြင်ဘက်က ကွင်းစပ်မှာ ဘုရားတိုင် ရတု စဉ်းစားရမလား
ငါ ဒီမှာရောက်နေတာ တခါမှ ခတ်ဝေးဝေးက ဘုရားစေတီကို မမြင်ခဲ့ဘူး
မဟုတ်ဘူး
မမြင်ချင်ယောင်ဆောင်ခဲ့တာ
ဆွဲချလေ
ဆွဲချဖို့ ကြိုးစားတဲ့ ဆွဲချလား
ဆွဲချဟာ ငါ့ဘဝအတွက် လိုအပ်နေပြီလား
အခု အသက် ၆၀ ကျော်ပြီ
မွေးနေ့ ဘယ်နေ့ မှန်း အတိအကျမသိ
မွေးနေ့ တခါမှ လုပ်ဖို့ မစဉ်းစားခဲ့မိ
တဖန်ပြန်လည် မွေးဖွါးခြင်းကို ငါ စိတ်မဝင်စား
မနက်ခင်းတိုင်း ညအိပ်ယာဝင်တိုင်း
ဘာသံတွေမှန်း ဘယ်ကမှန်းမသိတဲ့ အသံတွေ ငါကြားနေရ
ဒီလိုနဲ့ 
ဆွဲချနဲ့  ရက်ပေါင်း ဘယ်နှစ်ရက်
ဘယ်နှစ်နှစ်
ဆွဲချရေ
ငါတံခါးဖွင့်လိုက်ပြီ
ဆွဲချရေ
ငါလာနေပြီ
ဆွဲချကို ငါချစ်တယ်
ဆွဲချရေ
ငါ့ကို ဆွဲသာချလိုက်ပါတော့။   

ငြိမ်းဝေ
၂၀၊ ၁ ၊ ၁၁
( ကဗျာသရုပ်ဖေါ်ပုံက ပီကာဆိုရဲ့ လက်ရာပါ၊ ဂူဂဲက ရယူထားတာပါ။ )