June 16, 2009

သတင်းများက၀တ္ထုဖြစ် ၀တ္ထုများကသတင်းဖြစ်

(က)

တစ်ခါတစ်ရံ ဆက်သွယ်ရေးနည်းပညာရပ်များ ပေါက်ကွဲဖြစ်ထွန်းမှုအကြောင်း မိတ်ဆွေတချို့နှင့် စကားစပ်မိသည်။ ထိုအခါ ကမ္ဘာ့ရွာရောက်သည်အထိ စကားခရီးဆက်မိကြ၏။ သမိုင်းနိဂုံးချုပ်ပြီလောဟု ပြောဆိုလာခဲ့သည်မှာပင် နှစ်(၂၀)နီးပါးကြာခဲ့ပြီ။ ထိုအခါကြပြန်တော့လည်း လမ်းဆုံးလျင်ရွာတွေ့မည်ဟူ သော မြန်မာစကားပုံကို မဆီမဆိုင်တွေးမိကာပြုံးမိသေးသည်။
မည်သိုပင်ဖြစ်စေ ... ကမ္ဘကြီးမှာ ရွာကြီးတစ်ရွာအသွင်ဆောင်လာသည်ကိုတော့ လူအများလက်ခံ လာကြရ၏။ သို့သော်ဤကိစ္စသည်ပင် ချွင်းချက်များရှိနေသည်။ သတင်းအချက်အလက်၊ ဆက်သွယ်ရေး ကိစ္စများတွင်သာ ရွာကြီးတစ်ရွာအဖြစ် ရည်ညွှန်းပြောဆိုလို့ရကောင်းသော်ငြားလည်း အမျိုးသားရေး၊ ဘာသာ ရေး၊ ယဉ်ကျေးမှူကိစ္စရပ်များမှာမူ(၂၀)ရာစုထက်ပင် ပိုမိုထင်းပြက်လာနေသလောဟု ယူဆရဟန် ရှိ၏။ ကမ္ဘာ့ရွာပြုမှူကြောင့် မိမိတို့၏အမျိုးသား၊ ဘာသာ၊ သာသနာကို ပိုမိုကြစ်လစ်အောင်ဆုပ်ကိုင်နိုင်ရေး ကြိုးပမ်းမှုများမှာ(၂၀)ရာစုထက်ပင် ပိုပြီးပြင်းထန်လာနေပလားဟု သံသယဖြစ်မိသည်။


သည်လိုအခြေအနေများအောက်၌ သတင်းအချက်များကို သည်အတိုင်းမထုပ်မပိုးပဲ တင်ပို့လို့မဖြစ် နိုင်တော့။ အထူးသဖြင့် ပုံနှိပ်သတင်းတင်ပို့မှုလုပ်ငန်းများမှာ အသံဖြင့်သော်လည်းကောင်း၊ အင်တာနက်ဖြင့် သော်လည်းကောင်း သတင်းပို့မှူလုပ်ငန်းလောက် မမြန်ဆန်နိုင်၊ မကျယ်ပြန့်နိုင်တော့။ ထိုအခါ ယင်းပုံနှိပ်သ တင်းဖော်ပြမှုနယ်ပယ်တွင် သတင်းအချက်အလက်များကို လူတွေသီးခံပြီး စောင့်ဖတ်ချင်စိတ်ဖြစ်အောင် သတင်းပို့မှုပုံသဏ္ဍာန်သစ်ကို တီထွင်လာကြရ၏။ သတင်းကိုသတင်းသက်သက်အနေနှင့် မတင်ပို့တော့ပဲ ရသနှော သည့်သတင်းပို့မှုစနစ်ကို သုံးစွဲလာကြရ၏။ ထိုအခါ သတင်းနည်းပညာနယ်ပယ်၌ သတင်းတင်ပြမှု နည်းပညာသစ်ဟူ၍ပေါ်ပေါက်လာရ၏။

သတင်းတင်ပြမှုနည်းပညာသစ်ကို ရသနှင့်တွဲဖက်အသုံးပြုသောအခါ ဆောင်းပါး၊ ၀တ္ထုအစရှိသည့် စာပေပုံသဏ္ဍာန်နှင့် ဒွေးရောယှက်တင်ဖြစ်လာနိုင်၏။ ဖြစ်လာသည်လည်းရှိ၏။ ဤအမြင်၊် ဤအယူအဆ အတွက် ကျနော့်မှာ သက်သေပြစရာ မြန်မာဝတ္ထုတပုဒ်ရှိပါသည်။ ယင်းဝတ္ထုမှာ `ခင်ခင်ထူး´၏`၀တ်လဲ တော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်´၀တ္ထုဖြစ်လေသည်။


(ခ)
သည်ဝတ္ထုတွင် အဓိကဇာတ်ကောင်များမှာ`ဖြုံဘူး´ရွာသူ`ခင်နှောင်း´၊ တရွာတည်းသူ`မဖူးငုံ´၊ ခင်နှောင်း၏အစ်ကို`ချစ်ခင်´၊ ခင်နှောင်းနှင့်ချစ်ကြိုက်သူ ထန်းတောရွာသား`ကျီးညို´၊ တိရစ္ဆာန်ဆေးကု ဆရာဝန်လေး`ကိုသိန်းဒန်´တို့ဖြစ်ကြ၏။ ၀တ္ထု၏အစပိုင်းတွင် ခင်နှောင်းတို့မောင်နှမနှစ်ယောက်၏ စရိုက်ကို စာမျက်နှာအတော်များများအထိဖွဲ့ပြီးမှ ကျန်ဇာတ်ကောင်များကို တဖြေးဖြေးစရိုက်ပေါ်အောင်ဖွဲ့သွား၏။ `ခင် နှောင်း´နှင့်`ကျီးညို´တို့၏ ကိုကြီးကျော်နတ်ပွဲတွင်ဆုံခဲ့သည့်ဇာတ်လမ်းကို `ခင်နှောင်း´တို့အိမ်၌`ကျီးညို´ တစ်ယောက် စာရင်းငှါးဝင်လုပ်သည့်နည်းဖြင့် ဇာတ်လမ်းကိုဆက်လို့ရသွား၏။ ခင်းနှောင်းမိခင်က`ကြီးညို´ နှင့်သဘောမတူ၊ တနေရာစီခွဲထားလိုက်၏။`ခင်နှောင်း´ရွာကိုပြန်လာခွင့်ရတော့ `ကျီးညို´က စာရင်းငှါးအ လုပ်မှထွက်ခါ၊ ထန်းတောထဲတွင် ဆင်းဆင်းရဲရဲနှင့်ခေါင်းချသွားနှင့်ပြီ။ `ခင်နှောင်း´အဖို့ချစ်သူနှင့် ပေါင်းဖက် ခွင့်မရနိုင်တော့။ ၀တ္ထု၏နိဂုံးမှာ ယူကျုံးမရဖွယ်ဖြင့်အဆုံးသတ်၏။
`၀တ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်´၀တ္ထုမှာ ဇာတ်လမ်းအဓိကထားသည့်ဝတ္ထုမဟုတ် ပါ။ သာမာန်မျှသာဖြစ်၏။ မည်သည့်လှည့်ကွက်၊ မြှူပ်ကွက်၊ ဆင်ကွက်၊ တင်ကွက်မျှမပါ။ သို့နှင့်တိုင်`ခင်ခင်ထူး´ သည် မည်သည့်အတွက်ကြောင့် ဤသာမာန်ဇာတ်လမ်းတပုဒ်ကို ၀တ္ထုတပုဒ်အဖြစ်ဖန်တီးလာခဲ့သနည်း။ ဤ ဆီသည်မလက်သုပ်လိုဖြစ်နေသည့်`တွေ့၊ ချစ်၊ ကွဲ´ဇာတ်လမ်းမျိုးကို`ခင်ခင်ထူး´ဘာ့ကြောင့်ရေးခဲ့သနည်း။ ဘာကြောင့်ဇာတ်လမ်းသစ်တခုခုကို မရွေးချယ်ခဲ့သနည်း။
ဝတ္ထု၏အဖွင့်စာမျက်နှာမှစကာ၊ ၀တ္ထု၏သုံးချိုးနှစ်ချိုးကျော်သည်အထိ ကိုကြီးကျော်နတ်ပွဲနှင့် ပါတ် သက်သည့် အချက်အလက်များမှာ လိုအပ်လျင်လိုအပ်သလို အဓိကထားပြီးရေး၏။ ဥပမာ စာမျက်နှာ (၂၃) မှစတင်ကာ၊ ကိုကြီးကျော်နတ်ပွဲထုံးစံ၊ နတ်ပွဲ ပွဲစဉ်၊ နတ်ပွဲအတွေဲ့အကြုံအသေးစိတ်ကို စာမျက်နှာ(၂၈)အထိ လည်းကောင်း၊ တဖန်စာမျက်နှာ(၉၀)မှ(၉၉)အထိ နတ်ပွဲခင်းကျင်းပုံ နတ်ပွဲလာပရိတ်သာဒ်က နတ်ပူဇော်ပုံ များကိုလည်းကောင်း ကိုကြီးကျော်နတ်ပွဲသို့လာရောက်ရောင်းချကြသည့် ဈေးဆိုင်များ၊ ပစ္စည်းများကို ဖော်ပြ ရာ၌ ဇာတ်လမ်းဖြစ်စဉ်နှင့်ရောမွှေသမကာ စာမျက်နှာ(၁၀၂)မှ(၁၂၀)အထိလည်းကောင်း။ ဥပမာ `ကျောက် မြောင်းနွယ်ငြိမ်းဘက်မှစဥ့်ထည်များ၊ မြင်းခြံနယ်ဘက်မှ တောင်သာအိုး၊ မိတ္ထီလာအိုးမြေထည်များ၊ ဧရာဝတီ မြစ်ရိုးဆီက စစ်ကိုင်းအိုး၊ မြောင်နယ်ထဲက နဘက်အိုး၊ ဆီမီးခုံနယ်က ရန္တပိုအိုး၊ ကတောအိုးများ၊ ချင်းတွင်းအ နောက်ဘက်ကမ်း ပခန်းနယ်မှာ အိုးဆိုင်များ´ စာ(၁၁၄)။ ကိုကြီးကျော်နတ်သမိုင်းအသေးစိတ်အချက်အ လက်များကို(၁၃၄)မှစာ(၁၄၀)အထိ။ တဖန်ယုတ်စွအဆုံး ဧရာဝတီ မြစ်နှင့်ချင်းတွင်းမြစ်ကြားတွင်ရှိသည့် `ကျွန်းဆယ့်နှစ်ရွာ´ဒေသနေကျေးလက်လူထု၏ မည်သည့် စားဝတ်နေ ရေးပင်ဖြစ်ပစေ နတ်ကိုးကွယ် ယုံကြည်မှူနှင့်မကင်းနိုင်သည်ကို မီးမောင်းထိုးပြ၏။ နတ်ကိုးကွယ်ယုံကြည်မှူအောက်က ကျေးလက်လူထု၏ ဘ၀ရှင်သန်ရေး၊ ယဉ်ကျေးမှူစရိုက်ကိုဖေါ်ပြ၏။ ဥပမာ `ကိုကြီးကျော်နှစ်သက်သော ဆေးပင်များကို ရာတ ခင်း ဆေးသုံးပင် စတိထည့်စိုက်ကြမြဲသာ။ မြေပဲစိုက်စိုက်၊ ပဲစိုက်စိုက်၊ ငရုတ်စိုက်စိုက်၊ နေကြာစိုက်စိုက် ဆေး သုံးပင်ထည့်စိုက်ခြင်းအားဖြင့် အလေးအမြတ်ပြုကြသည်။(စာ-၄၅) ဤသို့ဖြင့် `၀တ်လဲတော်ရွှေပုဆိုး တန်း ထိုးလို့ကြိုမယ်´ ၀တ္ထုမှာ သတင်းအချက်အလက်များ ပြည့်နှက်ကြွယ်ဝလွန်းသလောက်၊ ၀တ္ထုဇာတ်လမ်းအရ မူ စာတပိုဒ်မျှချုံ့ပြီး ပြန်ရေးပြလို့ရလောက်အောင်တို၏။ ရှင်း၏။

ဤ၀တ္ထုတွင် စာရေးသူက ဇာတ်လမ်းကိုအဓိကမထားခဲ့ပါ။ သတင်းအချက်အလက်များကိုသိစေလို သည့် ရည်ရွယ်ချက်ကိုသာ အဓိကထားခဲ့သည်မှာ သိသာလွန်းလှသည်။ ထို့ကြောင့်ပင်ဖြစ်မည်။`ခင်ခင်ထူး´ သည် ဇာတ်လမ်းကို ဦးစားမပေးပဲ၊ သတင်းအချက်အလက်များကိုသာ အဓိကထားခဲ့လေသည်။

(ဂ)
`၀တ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်´၀တ္ထုမှာ ဇာတ်လမ်းအဓိကအားပြုသည့်ဝတ္ထုမဟုတ် ပါ။ သတင်းအချက်အလက် အားပြုဝတ္ထုဖြစ်၏။`ခင်ခင်ထူး´သည် အဘယ့်ကြောင့် သတင်းအချက်အလက် များကို ၀တ္ထုပုံသဏ္ဍာန်ဖြင့်ဖော်ပြဖိုကြိုးစားခဲ့သနည်း။
ကျနော်အထက်ကဆိုခဲ့၏
တခါတရံ သတင်းအချက်အလက်ကို သတင်းသက်သက် အနေနှင့် တင်ပြသည်ထက် ရသနှင့်ထုပ်ပိုးပြီးမှ တင်ပြသည့်`သတင်းပို့မှူပုံသဏ္ဍာန်သစ်´နှင့်ဖော်ပြခြင်းဖြင့် ပိုမိုထိ ရောက်သည်ဟုယူဆခဲ့ဟန်တူပါသည်၊။ ဤသို့ဖြင့် ဤ၀တ္ထုမှာ သတင်းအချက်အလက်ကို အဓိကအခြေခံ သည့်ဝတ္ထု တပုဒ်ဖြစ်လာခဲ့ရ၏။
ယ္ခုအခါ ကျနော်တို့သည် သတင်းနှင့်ဝတ္ထု၊ ၀တ္ထုနှင့်ကဗျာ၊ ကဗျာနှင့်စကားပြေ ဒွေးရောယှက်တင် ဖြစ်လွန်းသည့်ခေတ်တခေတ်ကိုဖြတ်သန်းနေကြရ၏။ ယင်းဘာသာရပ်များတခုနှင့်တခု၏ကြားတွင်ရှိနေ၊ ကာ နေသည့် ကန့်လန့်ကာစမှာ ပါးလျားသည်ထက် ပါးလျားလာနေ၏။
သို့သော် အထူးသတိပြုရမည့်အချက်တော့ ရှိပါသည်။ သတင်းများသည် ၀တ္ထုချောက်ထဲ မဆင်းမိဖို့ နှင့် ၀တ္ထုများသည်လည်း သတင်းချောက်ထဲဆင်းမသွားမိဖို့တော့အရေးကြီးးသည်ဟုယူဆမိပေသည်။


1 comment:

  1. ခါတလေကျတော့လဲ
    သတင်း ကို သတင်း အဖြစ်
    ရေးလို့မရနိုင်တဲ့အခါ
    ရေးတတ်တဲ့ပညာရှင်တွေက
    ပုံစံ တမျိုးနဲ့ ရသ နဲ့ သတင်း
    ရောရေး ကြတာ ထင်ပါရဲ့နော်
    ..
    ကျမတို့ ကတော့ သာမန် စာဖတ်သူတွေ ဆိုတော့
    ဖတ်ကောင်းရင် ဖတ်လိုက်တာပဲ

    ခင်ခင်ထူး ရေးတာတွေ ကြိုက်ပါတယ်

    ReplyDelete