June 09, 2009

အတောင်တူငှက်တို့ ရဲ့ တောင်ပံခတ်သံများ

(က)
၁၉၉၂ ခု၊ မေလ........။

ခန့် မှန်းရခက်သည့်တနေရာဆီက တစ်တီတူးမြည်သံကြားရသည်။ ကျနော်တို့ နှစ်ယောက်ပြော လက်စ စကားကို ရပ်ထားလိုက်ကြ၏။ ပတ်ဝန်းကျင်ကို နားစွင့်ကြရပြန်သည်။ ကျနော်တို့ နှင့် ဆယ်ကိုက်မျှအကွာတွင် စစ်တောင်းမြစ်သည် တည်ငြိမ်အေးဆေးစွာ စီးဆင်းလျက်ရှိ၏။ အမှောင်ထုကြီးအတွင်းမှ ရေစီးသံသဲ့သဲ့ကို ကြားရသလိုရှိ၏။ ငါးပွက်သံကိုပင် ကြားလိုက်ရ၏။ ထို့  နောက် ပတ်ဝန်းကျင်တခွင်လုံး အမှောင်ထုကြီးအောက်၌ နစ်မြုပ်ပျောက်ကွယ် တိတ်ဆိတ်လျက်ရှိ လေသည်။


'' ဦးခင်မောင်ဝင်းကိုရုံးထုတ်ရင် လိုင်းကားကို ချောဆွဲပြီးမှ ခေါ်လာတဲ့ကိစ္စ၊ ရဲသားတ ယောက်နဲ့  ဒုလုံခြုံရေးမှူးတစ်ယောက်ပဲ ပါလာတယ်ဆိုတဲ့ကိစ္စက သေချာပါတယ်နော်ဆရာလေး ''
'' သေချာတယ်၊ တောင်ငူရဲစခန်းမှာ ကျနော့်အသိရဲတစ်ယောက်ကို မသိမသာမေးကြည့် တော့လည်း ဒီအတိုင်းပဲပြောတယ်၊ ရဲကတယောက်ထဲမဟုတ်ဘူး၊ တခါတလေ နှစ်ယောက် လောက်လိုက်တယ်၊ ဒုလုံခြုံရေးမှူးနဲ့ ဆိုရင်သုံးယောက်ပေါ့၊ ရုံးထုတ်တဲ့နေ့ က ဦးခင်မောင်ဝင်းကို မေးကြည့်တော့လည်း ဒီအတိုင်းပဲပြောတယ်၊ ဒီအတွက်တော့သေချာပါတယ် ကိုဆန်းလင်း ''
'' ဒါဆိုရင် ကျနော်တို့ ဖက်ကလူ ခြောက်ယောက်လောက်ပါမှ ဖြစ်မယ်ထင်တယ် ဆရာလေးအနေနဲ့  လူဘယ်နှစ်ယောက်လောက်စဉ်းစားထားသလဲ ''
'' ကျနော့်ဆီကတော့ ကျနော်ပါနဲ့ မှ သုံးယောက်ပဲရမယ်၊ တယောက်က ကားကောင်း ကောင်းမောင်းတတ်တယ်၊ ကားဆရာကို လိုရမယ်ရဖယ်ခိုင်းပြီး ကိုယ်တိုင်မောင်းသင့်ရင်မောင်းရ မယ်ထင်တယ်၊ ဒီတော့ရဲနှစ်ယောက်၊ ဒုလုံခြုံရေးမှူးနဲ့ ကားဆရာကို ထိန်းဖို့ ဆိုရင် စုစုပေါင်း ခြောက်ယောက်ရှိမှဖြစ်မယ် ''
'' ဒါဆိုရင် ကျနော့်ဖက်က သုံးယောက်ပေါ့၊ အတိုနှစ်လက်ယူခဲ့မယ်၊ ကျန်တဲ့သူတွေက ဓါးမြှောင်တွေပဲ ယူခဲ့ပေါ့၊ ပါးစပ်တွေ၊ မျက်စေ့တွေ ပိတ်စည်းထားဖို့ ကြိုးနဲ့ ပိတ်စတွေလည်း လုံလုံ လောက်လောက်ယူခဲ့ရမယ်၊ သေနတ်ကို မဖြစ်နိုင်လွန်းမှပဲ အသုံးပြုမယ် ''
'' ဟုတ်တယ်၊ သေနတ်ကိုတော့ မသုံးတာအကောင်းဆုံးပဲ၊ သေနတ်သံပေးလို့ ဘယ်နည်း နဲ့ မှ မဖြစ်ဘူး၊ ပထမကျနော်တို့ သုံးယောက်က တောင်ငူက ထွက်ထွက်ချင်း ခပေါင်းတံတားထိပ် ကနေပြီးကားတားစီးမယ်၊ ကိုဆန်းလင်းတို့ က ဟိုဖက်တံထားထိပ်အဆင်းကစောင့်၊ အခြေအနေ မပေးရင် ကျနော်တို့ ကဘာအချက်မှမပြပဲ ငြိမ်ပြီးနေမယ်၊ ခင်ဗျားတို့ အထဲက တယောက်ပဲ တက် လိုက်ခဲ့ပေါ့၊ ရှေ့ မှာတွေ့ တဲ့ ရွာတန်းရှည်မှာ ကျနော်တို့ အားလုံးပြန်ဆင်းနေခဲ့မယ်၊ အခြေအနေပေး လို့ ကျနော်တို့ ကအချက်ပြရင် ခင်ဗျားတို့ အားလုံး ကားပေါ်တက်ပြီး၊ စီစဉ်ထားတဲ့အတိုင်းလုပ်ကြ တာပေါ့ ''
'' ကားကို ခပေါင်းလမ်းဆုံအထိပြန်မောင်းပြီးမှ ထန်းတပင်ဖက်ကို မောင်းရမှာပေါ့နော်''
'' ဟုတ်တယ်ကိုဆန်းလင်း၊ ထန်းတပင်အထိကျနော်တို့ မသွားဘူး၊ လမ်းမှာ လမ်းခွဲတခုရှိ တယ်၊ အဲဒီကားလမ်းခွဲက စစ်တောင်းမြစ်နဲ့ အရမ်းနီးတဲ့အထိ ကပ်သွားတဲ့နေရာရှိတယ်။ ခြေလျင် စမ်းလျောက်ရင် တမိနစ်လောက်နဲ့ စစ်တောင်းမြစ်ကမ်းရောက်တယ်၊ ကိုဆန်းလင်းတို့ အဖွဲ့ က အဲဒီကမ်းပါးဟိုဖက်ကမ်းထိပ်ကစောင့်ပေါ့၊ ဟိုဖက်မှာတော့ လှည်းလမ်းရှိတယ်မို့ လား၊ ထန်းတပင် ကို ကွင်းပြီး တောင်ခြေအထိ ကိုဆန်လင်းတို့ တာဝန်ပေါ့ ''
'' ကားဆရာနဲ့  ရဲတွေကြတော့ ဒီအတိုင်းကြိုးတုတ်ပြီး ထားခဲ့ကြမလား ''
'' ဟုတ်တယ်၊ လမ်းဘေးမှာ တောရှိတယ်၊ တောစပ်အထိမောင်းဝင်ပြီး သူတို့ ကိုထားခဲ့ရ မှာပဲ''
'' ဒါဆိုရင် ကားကိုခပေါင်းတံတားအထိပြန်မောင်းတာရယ်၊ စစ်တောင်းမြစ်ဟိုဖက်ကမ်း အထိကူးတာရယ်၊ စုစုပေါင်းအချိန်ဘယ်လောက်ယူရင်ရမလဲ ''

'' ကျနော်တို့ လေ့ကျင့်ခန့် မှန်းကြည့်တာတော့ နာရီဝက်ပဲ၊ အားလုံးအဆင်ချောရင် နာရီဝက်ထက်ကို မပိုဘူး၊ စစ်တောင်းမြစ်ကလည်း အဲဒီနေရာမှာ ကိုဆန်းလင်းသိတဲ့အတိုင်းကျဉ်း ကျဉ်းကလေးဗျ ''
'' တကယ်လို့ ဒီကြားထဲ ခရီးသည်တွေပါလာရင်ကောဆရာလေး ''
'' အများအားဖြင့်တော့ ခရီးသည်က ခပေါင်းတံတားအလွန်ကြမှပဲ ကားတားစီးတာများ တယ်၊ ကျနော်တို့ စောင့်စီးတဲ့နေရာက ခရီးသည်အင်မတန်ပါးတဲ့နေရာတွေပဲ၊ ဒါကြောင့်မို့ မသကာ ခရီးသည်ပါလာလို့ အဆင်မပြေဘူးထင်ရင်၊ ခင်ဗျားတို့ ကို ကျနော်တို့ အချက်မပြဘူး၊ အချက်မပြ လို့  ခင်ဗျားတို့ ထဲက တယောက်ပဲတက်စီးရင်လည်း သူ့ ဆီမှာ သေနတ်ပါမလာစေနဲ့ ပေါ့''
'' ဒါဆိုရင်ဒီကြားထဲမှာ ဆရာလေးတို့ ဖက်က ပြင်ဆင်စရာရှိတာ၊ လေ့ကျင့်စရာရှိတာ လုပ်ထားကြတော့ပေါ့၊ ကျနော်တို့ ဖက်ကလည်း အားလုံးပြင်ဆင်ထားမယ်၊ ဒီတခါဦးခင်မောင်ဝင်း ကို ရုံးထုတ်ရင် ဆရာလေးဖွင့်ပြောလိုက်၊ သူသဘောတူရင် နောက်တပါတ်ရုံးထုတ်တဲ့နေ့ ၊ လုပ်ငန်းစကြတာပေါ့''
'' ကဲကိုဆန်းလင်းတို့ လည်း တောင်ခြေအထိပြန်သွားရဦးမယ်၊ ဒီလောက်ဆိုရင်ပြည့်စုံပြီ၊ ကိုဆန်းလင်းတို့ ပြန်ကြတော့၊ ဒီတခါတနင်္လာနေ့ ရုံးထုတ်ရင် ဦးခင်မောင်ဝင်းကိုဖွင့်ပြောမယ်၊ ပြီးတော့ ကိုဆန်းလင်းနဲ့ ကျနော်ထပ်တွေ့ မယ်၊ အဲဒီကြမှ အသေးစိပ်ထပ်ပြီး စဉ်းစားကြတာပေါ့ ''
'' ဟုတ်ကဲ့ဆရာလေး၊ အရေးတော်ပုံအောင်ပါစေ ''
ကိုဆန်းလင်းက လေသံတိုးတိုးနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည့်တိုင် ကျနော့်ရင်ထဲ၌ နှုတ်ဆက်သံများ ပဲ့တင်ထပ်သွားခဲ့ရ၏။ စိတ်လှုပ်ရှားနေခဲ့သဖြင့် ကျနော့်လက်များမှာ တုန်ရင် လျက်ရှိ၏။
ကျနော်တို့ နှင့် မလှမ်းမကမ်းသောင်ပြင်ပေါ်က လူရိပ်တချို့ ကျနော်တို့ နှင့်နီးကပ်လာခဲ့ သည်။ ကိုဆန်းလင်းနှင့်ကျနော်တို့ နှစ်ဦး ဆွေးနွေးတိုင်ပင်နေစဉ် ကျနော်တို့ အတွက် ကင်းစောင့်ပေးနေခဲ့ကြသည့် လူငယ်(၆)ယောက်ဖြစ်ကြ၏။ အမှောင်ထုကြီးအောက်တွင် ကိုဆန်း လင်းတို့ လူသိုက် စစ်တောင်းမြစ်တဖက်ကမ်းသို့  လှေတစင်းဖြင့်ကူးကြ၏။
ကျနော်နှင့်သောင်ပုရွာသားလူငယ်နှစ်ယောက်၊ သောင်ပြင်ပေါ်လမ်းလျောာက်လာစဉ် `ကို ဆန်းလင်း ´ နှင့် ပြောဆိုဆွေးနွေးခဲ့သည့်အချက်များကို ကျနော်ပြန်တွေးနေမိသည်။
အုတ်တွင်းမြို့ နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ '' ဦးခင်မောင်ဝင်း'' ကို တော်လှန်ရေးနယ်မြေသို့ ခေါ်ဆောင်ပို့ ဆောင်ပေးကြရန် ကျနော်နှင့် ''ကိုဆန်လင်းတ'' တို့ တိုင်ပင်ညှိနှိုင်းခဲ့ကြ ၏။
`ဦးခင်မောင်ဝင်း´ မှာ အုတ်တွင်းမြို့ ၊ အမှတ် (၂) မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ်လည်းဖြစ်၏။ ဦးခင်မောင်ဝင်းကို အစိုးရက ချဲအမှုဖြင့် အမှုဆင်မတရားဖမ်းဆီးကာ၊ ရုံး တင် တရားစွဲဆိုထား၏။ တောင်ငူထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားသည့် ဦးခင်မောင်ဝင်းကို အုတ်တွင်းမြို့ တရားရုံးတွင် ရုံးထုတ်စစ်ဆေးလျက်ရှိ၏။ ရုံးထုတ်သည့်နေ့ ဆိုလျင် ဦးခင်မောင်ဝင်း ကို မည်သူမဆို ခဏတဖြုတ်တွေ့ ဆုံစကားပြောခွင့်ရ၏။ အခြေအနေအရပ်ရပ်ကိုသုံးသပ်ကာ ဦးခင်မောင်ဝင်းက သဘောတူပါက တော်လှန်ရေးနယ်မြေ၊ ဌာနချုပ်၊ အမျိုးသားညွှန့် ပေါင်း အစိုးရ အဖွဲ့ ရှိရာသို့ ခေါ်ဆောင်ပို့ ပေးကြရန်၊ ကိုဆန်းလင်းနှင့်ကျနော်သဘောတူခဲ့ကြ၏။ အစီအစဉ်များ ရေးဆွဲခဲ့ကြ၏။
သောင်ပြင်ပေါ်တွင် လမ်းလျှောက်လာနေစဉ်၊ ကျောင်းသားတပ်မတော်မှ အမှတ် (၂၁၀) တပ်ရင်းမှူး၊ တပ်မှူးကလေး '' ကိုဆန်းလင်း '' ကိုကျနော်တွေးနေမိသည်။ ကိုဆန်းလင်းနှင့် ကျနော်က ၁၉၈၈၊ သြဂုတ်လ၊ ဒီမိုကရေစီအရေးတော်ပုံကာလအတွင်းသိကျွမ်းခဲ့ကြ၏။ သူက တောင်ငူမြို့ ရွှေဆံတော်ဘုရားကုန်းတော်ပေါ်တွင် အခြေစိုက်သည့် သပိတ်ကော်မတီဝင်ဖြစ်၏။ ကျနော်ကအုတ်တွင်းမြို့ နယ၊် သောင်ပုရွာသပိတ်ခေါင်းဆောင်ဖြစ်၏။ အရေးတော်ပုံကာလအတွင်း စစ်တောင်းမြစ်အရှေ့ ဖက်ကမ်း၊ အနောက်ဖက်ကမ်း၊ ကျေးရွာ(၁၁) ရွာ၏ သပိတ်စခန်းတွင် ဟောပြောပွဲပြုလုပ်သောအခါ ကိုဆန်းလင်းနှင့်လူငယ်တချို့ ကို ကျနော်ကတကူးတကဖိတ်ကြားပြီး တရားဟောစေခဲ့၏။ ထိုစဉ်ကတည်းက ကိုဆန်းလင်းနှင့်ကျနော်အလုပ်အတူတွဲပြီးလုပ်ခဲ့၏။ စက်တင်ဘာလအတွင်း စစ်တပ်ကအာဏာသိမ်းသောအခါ ကိုဆန်းလင်းတယောက် လက်နက် ကိုင်တော်လှန်ရေးဖက်သို့ ကူးပြောင်းသွားခဲ့၏။ ၁၉၉၁ ခု၊ နိုဝင်ဘာလအတွင်း ကိုဆန်းလင်းနှင့် ကျနော် ပြန်လည်အဆက်အသွယ်ရသောအခါ ကိုဆန်းလင်းမှာ ကျောင်းသားတပ်မတော်၏ တပ်မှူးတဦးဖြစ်လာခဲ့၏။ သူက အုတ်တွင်းမြို့ နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင်ပါဝင် အလုပ်လုပ်နေသည့် ကျောင်းဆရာဟောင်း ကျနော့်ကို လှို့ ဝှက်ပြီး ဆက်သွယ်လာခဲ့၏။
အမှောင်ထုကြီးအောက်တွင် လမ်းလျှောက်လာနေစဉ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်း သောင်ပုရွာအထိ စွန့် စားထိုးဖေါက်ရောက်ရှိလာကာ ကျနော်နှင့်တွေ့ ဆုံခဲ့သည့် တပ်မှူးကလေး ''ကိုဆန်းလင်း '' ကို ကျနော်လေးစားမိသည်။ သူသည်ငယ်ရွယ်သူ ပညာတတ်လူငယ်တဦးဖြစ်၏။
ကျနော်တို့ လူသိုက်၊ သောင်ပုရွာကမ်းပါးပေါ်ရောက်တော့ အမှောင်ထုကြီးအောက်တွင်ပင် တိတ်ဆိတ်စွာ လူစုခွဲလိုက်ကြ၏။

(ခ)
၁၉၉၃ ခု၊ အောက်တိုဘာလ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ) ဌါနချုပ်ရုံး၊ မာနယ်ပလော။
''ဒီတုန်းက ဦးခင်မောင်ဝင်းကို ခေါ်လာနိုင်ပြီး အမျိုးသားညွှန့် ပေါင်းအစိုးရအဖွဲ့ နဲ့  ဆက် သွယ်မိသွားရင် သူ့ သမိုင်းက တမျိုးပြောင်းသွားမယ် ထင်တယ်ဗျာဆရာလေးရ''
မပြုံးတပြုံးမျက်နှာနှင့်ကျနော့်ကိုကြည့်ရင်း မေးလာသည့်ကိုဆန်းလင်းကို ကျနော်ကလည်း ခတ်ပြုံးပြုံးပင်ပြန်ကြည့်မိသည်။
'' အဲဒါတော့ ခင်ဗျားလဲသိတဲ့အတိုင်းပဲပေါ့ဗျာ''
ကျနော်တို့ နှစ်ယောက်အတွေးကိုယ်စီဖြင့် အသံတိတ်သွားကြပြန်သည်။ မယ်တုက္ခီ စမ်းချောင်းထဲက ရေစီးသံမှာအသံပိုပြီး ကျယ်လာသည်ဟုထင်ရ၏။ ရဟန်းပျိုသမဂ္ဂကုန်းတော်ပေါ် ဆီက ကြေးစည်ထုသံကြားရသည်။ ရုံးရှေ့ မြေကွက်လပ်ဆီက ရဲဘော်တချို့ စကားပြောသံကိုကြား ရသည်။
'' အေးဗျာအခုတော့ သူ့ ခဗျာ ထောင်ထဲမှာ နေနေရတော့တာပေါ့ ''
'' ကိုဆန်းလင်းနဲ့ ကျနော်တွေ့ ပြီး နောက်တပါတ်ရုံးထုတ်တဲ့ရက်ကို ကျနော်စောင့်နေတာ၊ ဦးခင်မောင်ဝင်းရဲ့  မိသားစုတောင်မှ ဦးခင်မောင်ဝင်းကို စနေနေ့ ကြီး ရုံးထုတ်ပြီးထောင်ဆယ်နှစ် စီရင်ချက်ချတာနောက်ရက်တွေကြမှ သိရတာဗျ၊ အရင်တုန်းကတော့ ရုံးထုတ်မယ့်ရက်ကို ကြိုပြီး သိတယ်၊ အခုဟာက ဘာမှကြိုမပြောပဲ စနေနေ့ ရုံးပိတ်ရက်မှာ ရုံးထုတ်ပြီး စီရင်ချက်ချလိုက်တာ ''
ထမင်းစားရုံဖက်က ၀ါးဆစ်ဗူးခေါက်သံကြားရ၏။ ကိုဆန်းလင်းနှင့်ထိုင်ပြီး စကားပြောနေ စဉ် ဧည့်သည်စာရင်းပေးရန်ကျနော်တွေးမိ၏။ စားဖိုမှူးကိုသောင်းလှိုင်ထံ ကိုဆန်းလင်းအတွက် စာရင်းပေးရဦးမည်ဖြစ်သည်။
'' ကျနော်ထမင်းမစားတော့ပါဘူးဗျာ၊ ပြီးတော့မှ ဆရာလေးနဲ့ ကျနော်ထူးရာစိုး လ္ဘက်ရည်ဆိုင်သွားကြတာပေါ့၊ ကျနော်မနေ့ ကတည်းက ငှက်ဖျားတက်နေတာ၊ ထမင်းစားလို့  မရသေးဘူးဗျ''
နားထင်နားရင်းများ ချိုင့်ဝင်နေသည့် ကိုဆန်းလင်း၏မျက်နှာကို ကျနော်သတိပြုမိသွား သည်။ ကျနော့်ထက် (၁၀)နှစ်ကျော်မျှငယ်ရွယ်သူဖြစ်သည့်တိုင် ပင်ပမ်းဆင်းရဲလှသည့်ဒဏ်ကို ခံခဲ့ ရသဖြင့် သူခမျာ ပိန်လှီနွမ်းလျလွန်းနေသည်။
'' ဆရာလေးလဲ အဲဒီကိစ္စပြီးကတည်းက ဒီဖက်ကိုလာဖို့ စဉ်းစားခဲ့တာနော်''
'' ဟုတ်တယ်ဦးခင်မောင်ဝင်းကိစ္စလုပ်ဖြစ်ရင်တော့ အဲဒီကတည်းက တခါထဲထွက်ဖို့ ပဲ၊ ဦးခင်မောင်ဝင်းကိစ္စမအောင်မြင်တော့ အခြေအနေအရတလလောက်ဆက်နေရသေးတယ်၊ ဦးခင်မောင် ၀င်းက စိတ်ဓါတ်မာတယ်ဗျ၊ ဒီကိစ္စ သူ့ ကိုဖွင့်ပြောဖြစ်ခဲ့ရင် သူလည်းသဘောတူမှာသေချာတယ်၊ အေးဗျာ ကံကြမ္မာကလည်း ကိုယ့်ဖက်မှာမရှိခဲ့ဘူးလေ''
ကျနော်နှင့်ကိုဆန်းလင်းတို့ စီစဉ်ကြသည့် '' ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ဦးခင် မောင်ဝင်း၊ လွတ်မြောက်နယ်မြေသို့ ပို့ ဆောင်ရေးစီမံချက် '' မှာ အကောင်အထည်ဖော်ခွင့်မရခဲ့ပါ။ ၁၉၉၁ ခု၊ ဧပြီလအတွင်း ကျနော်နှင့်ကိုဆန်းလင်းတို့ သောင်ပုရွာသောင်ခုံပေါ်တွင်တွေ့ ဆုံခဲ့ကြပြီး နောက်တပါတ် စနေနေ့ တွင် `ဦးခင်မောင်ဝင်း´ကို ရုတ်တရက်မည်သူကိုမျှအသိမပေးပဲ ရုံးထုတ်ခဲ့ ကြ၏။ အုတ်တွင်းမြို့ တရားရုံးက `ဦးခင်မောင်ဝင်း´ကိုထောင်ဆယ်နှစ်ချမှတ်ကြောင်း ကြေငြာ၏။ ထို့ုနောက်တောင်ငူထောင်သို့ ပြန်လည်ပို့ ဆောင်လိုက်၏။ `ဦးခင်မောင်ဝင်း´ကို လှို့ ဝှက်ရုံးထုတ် ကာ၊လျှပ်တပျက်အတွင်း စီရင်ချက်ချပြီး တောင်ငူထောင်တွင်း သွင်းလိုက်ကြသည့် သဘောပင်ဖြစ် နေ၏။ ထိုကြောင့် ကျနော်တို့ ၏ စီမံကိန်းမှာ အကောင်အထည်ဖော်ခွင့်မရခဲ့တော့ပါ။
'' ဆရာလေးကောဘယ်လိုလဲ ငှက်ဖျား ဖျားပြီးပြီမို့ လား ''
'' ဟုတ်တယ်၊ ဖျားပြီးပြီ၊ ရောက်ပြီးတလကျော်မှဖျားတာဗျ၊ ဆေးရုံတောင်တက်လိုက်ရ သေးတယ်၊ အခုတော့ အဆင်ပြေပါတယ်၊ အာတီစနိတ် ရှိတယ်လေဗျာ''
'' အဲဒီဆေးက ဈေးကြီးတယ်၊ ကျနော်တို့ ကဘယ်ဆောင်ထားနိုင်မှာလဲ၊ တကဒ်ကို ဘတ်ငါးဆယ်၊ ရဲဘော်တွေအဖို့ တော့ ကွီနင်းပေါ့ဆရာလေးရာ''
'' ကျနော်လည်းတခါဖျားရင် တကဒ်ကုန်အောင်မစားဘူး၊ တ၀က်ပဲစားတယ်၊ သက်သာရင် ရပ်ထားပြီး နောက်တခါဖျားမှသောက်တယ်၊ ဒီမှာတော့ ရန်သူပြီးရင် ဒုတိယအကြီးဆုံးရန်သူဟာ ငှက်ဖျားပဲပေါ့နော် ''
ကိုဆန်းလင်းနှင့်ကျနော်ရုံးချုပ်ရှေ့ ကွက်လပ်ဖက်ထွက်ခဲ့ကြသည်။ ကိုဆန်းလင်းက ပြောက်ကျား စစ်ဘောင်းဘီအဟောင်းကိုဝတ်ဆင်ထား၏။ သံလွင်မြစ်ကမ်းတွင် တပ်စွဲထားသည့် (၂၁၀) တပ်ရင်းမှတဆင့် ကျနော့်ထံ အလည်လာသူကိုဆန်းလင်းကို ကျနော့်မှာ ဧည့်ဝတ်မကျေပွန် နိုင်ဟုခံစားရသည်။
'' ဒေါ်အောင်ဆန်းစုကြည်လမ်း'' ကလေးထိပ်တွင် ကျနော်တို့ နှစ်ယောက်မတိုင်ပင်ရပဲ ပြိုင်တူရပ်လိုက်ကြ၏။ ဘောနော်လေးတောင်ထိပ်ကိုလှမ်းမြင်နေရသည်။ ရဟန်းပျိုသမဂ္ဂကုန်း တော်နှင့် ကုန်းအောက်ကစာာရေးဆရာ`နိုင်ဝင်းဆွေ´၏ တဲကလေးကိုလှမ်းတွေ့ ရသည်။ ကျနော် တို့ သည် `ဒေါ်အောင်ဆန်းစုကြည်လမ်း´ ဆိုင်းပုဒ်ကလေးအောက်တွင် ရပ်နေမိကြ၏။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ)၊ ဗဟိုဌာနချုပ်ရုံးရှေ့ မှတဆင့် တောင်စောင်းအတိုင်း တိုက်ခတ်လာနေသည့် လေနုအေးသည်` ဒေါ်အောင်ဆန်းစုကြည်လမ်း´ ဆိုင်းပုဒ်အောက်တွင် ရပ်နေကြသည့် ကျနော်တို့ နှစ်ဦးအတွက်မူ မအေးမြနိုင်ခဲ့ပါ။

(ဂ)

၂၀၀၉.... ခု၊ မေလ(၃၀) ရက်။
'' ဒါဆိုရင်၊ ဦးခင်မောင်ဝင်းက ထောင်ကလွတ်ပြီပေါ့နော်....ဘဘ ''
တူမလေး `ဇင်လဲ့ခင်´ ကို စကားပြန်မပြောခင် ခေတ္တခဏမျှကျနော်ငြိမ်ပြီး စဉ်းစားနေမိသေးသည်။
'' ဦးခင်မောင်ဝင်းက ထောင်ထဲမှာ ဆယ်နှစ်နဲ့ ဆယ်ငါးရက်နေခဲ့ရတယ်၊ ၂၀၀၂ ခုနှစ်ထဲမှာ ထောင်ကလွတ်တယ် .... ဒါပေမယ့်''
'' ဒါပေမယ့်ဘာဖြစ်လဲ ဘဘ ''
'' ထောင်ကလွတ်ပြီးအပြင်မှာ (၂) နှစ်ပဲနေခဲ့ရတယ်၊ တရားမ၀င်အဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အခုထောင်ထဲပြန်ရောက်နေတယ်၊ ဒီတခါတော့ထောင် ( ၁၅) နှစ်ချလိုက်ကြတယ်၊ သူ ..... အခုထောင်ထဲမှာ ''
'' အို ........ဖြစ်မှဖြစ်ရလေဘဘရယ် ''
စာကြည့်တိုက်ထဲတွင် စာအုပ်ငှားသူမရှိသဖြင့် တိတိဆိတ်လျက်ရှိသည်။ ကျနော့်စာမူများကို ကွန်ဖြူတာဖြင့် စာရိုက်ပေးနေသည့်တူမလေး `ဇင်လဲ့ခင်´မှာ မည်သည့်စကားမျှဆက်မပြောတော့ ပဲ တိတ်ဆိတ်သွားခဲ့၏။ သူထံက ကွန်ပျူတာရိုက်သံတဂျောက်ဂျောက်ကြားနေရသည်။
'' အော် ......... ပြီးတော့ တပ်ရင်းမှူးကိုဆန်းလင်းဆိုတာရော၊ သူအခုဘယ်မှာလဲဘဘ၊ ကျောင်းသားတပ်မတော်ထဲမှာကောရှိသေးရဲ့လား၊ ဘဘနဲ့ ကော အဆက်အသွယ်ရှိရဲ့ လား''
'' မာနယ်ပလောမကျခင်တုန်းကတော့ ကိုဆန်းလင်းနဲ့ ဘဘအဆက်အသွယ်ရှိပါတယ်၊ မာနယ်ပလောကျပြီးတော့ သူနဲ့ ဘဘအဆက်အသွယ်ပြတ်သွားတယ်၊ နောက်တော့မှသူ့ သတင်း ကိုကြားခဲ့ရတာ''
'' ဘယ်လို ........ဘာသတင်းလဲဘဘ၊ ကိုဆန်းလင်းက ဘာဖြစ်သွားလို့ လဲ''
'' သူ့ ကို ရှေ့ တန်းက ရွာတရွာမှာ ရန်သူက အရှင်ဖမ်းဆီးမိသွားတယ်တဲ့၊ သူက သူ့ မှာပါ လာတဲ့သေနတ်နဲ့ ခုခံပြီး ဖောက်ထွက်ရင် လွတ်နိုင်ပေမယ့် အိမ်ရှင်တွေက သူ့ ကိုတောင်းပန် တော့ အိမ်ရှင်တွေရဲ့ အသက်ကိုငဲ့ပြီး ဒီအတိုင်းအဖမ်းခံသွားခဲ့တာတဲ့''
'' အို....... ဖြစ်မှဖြစ်ရလေ ဘဘရယ် ....... ဒါဖြင့်ကိုဆန်းလင်းလည်းထောင်ထဲမှာပဲလား ''
'' မဟုတ်ဘူးသမီး၊ ကိုဆန်းလင်းအဖမ်းခံရပြီး ပြည်တွင်းမှာရှိတဲ့ မိဘတွေကော ဒီဖက်ကတာဝန်ရှိတဲ့သူတွေကော သူသတင်းကိုစုံစမ်းခဲ့ကြတယ်၊ သူ့ သတင်းကတော်တော်နဲ့ စုံ စမ်းလို့ မရဘူးကွ၊ တချို့ ကလည်းကိုဆန်းလင်းတယောက် အနှိပ်စက်ခံရလို့ စိတ်ဖောက်ပြန်သွားပြီ၊ တောင်ငူက လမ်းဘေးမှာတွေ့ ခဲ့ရတယ်ဆိုတဲ့သတင်းလည်းကြားလိုက်ရသေးတယ်၊ အခုတော့ သူကျဆုံးသွားတာ သေချာပြီလို့ ပြောနိုင်လောက်ပါပြီ ''
'' ဘယ်လိုဖြစ်ပြီး ဆုံးသွားတာလဲဘဘရယ်
'' သူ့ ကို စစ်တပ်က ဖမ်းမိသွားတာမှန်တယ်၊ ဒါပေမယ့် ရုံးတင်ပြီးတရားစွဲထောင်ချတာမျိုးမလုပ်ပဲ ချောကြီးထဲထည့်လိုက်တယ်၊ အဲဒါတောင်ပေါ်ရှေ့ တန်းတနေရာမှာပဲ အစာငတ်၊ ရေငတ်ထားပြီး နှိပ်စက်လို့  နောက်ဆုံးမှာ တောထဲတောင်ထဲမှာပဲသေသွားရပြီလို့ ကြားရတာပဲ၊ သူ့ မိဘတွေက လည်းဒီအတိုင်းပဲစုံစမ်းသိခဲ့ရတယ်တဲ့လေ''
တူမလေး `ဇင်လဲ့ခင်´ ဆီက မည်သည့်အသံမျှမကြားရ။ ကျနော်ကလည်း ကိုဆန်းလင်းအကြောင်းကို ဆက်ပြီးပြောမပြနိုင်တော့။
စာကြည့်တိုက်ထဲတွင် တူမလေး `ဇင်လဲ့ခင်´၏ကွန်ဖြူတာရိုက်သံကြားနေရ၏။ ကျနော်က စာကြည့်တိုက်ရှေ့ တွင်ထွက်ပြီးရပ်သည်။ သစ်ခွပန်းခြံဘေးတွင်ရပ်ပြီး မွန်းကြပ်လျက်ရှိသည့်ရင်ကို ပေါ့စေရန် လေကိုအားယူပြီး ရှုရှိက်နေမိ၏။ ခေါင်းကိုအထက်ဖက်သို့ မော့ကာ သက်ပြင်းတချက် ချမိသည်။
အပြာရောင်ကောင်းကင်ထဲတွင် အဖြူရောင်ငှက်တအုပ်၊ အရှေ့ ဖက်သို့ ဦးတည်ပြီး ပျံသန်း သွားနေကြသည်ကို ကျနော်ငေးကြည့်နေမိ၏။ ။



ငြိမ်းဝေ

No comments:

Post a Comment