December 03, 2009

နိုင်ဝင်းဆွေ ရဲ့ နွေတည ဝတ္ထု ရှင်းတမ်း


လွန်ခဲ့တဲ့ (၆) လလောက်က ချစ်ခင်ရသူ ဘလော့ဂါ ကဗျာဆရာလေး ညိမ်းညို နဲ့ ကျနော် ဆရာနိုင်ဝင်းဆွေအကြောင်း စကားစပ်မိခဲ့ကြပါတယ်။ သူက ကျနော်တို့ ထက် သက်တမ်းတဝက်မက ငယ်ရွယ်သူဖြစ်တာရယ်…၊ ပြည်တွင်းမှာ ဆရာနိုင်ဝင်းဆွေရဲ့ ဝတ္ထုစာအုပ်တွေ ထပ်မံထုတ်ဝေခွင့်မရနိုင်ရုံတင်မက သူ့ နာမည်တောင် ဖေါ်ပြခွင့်မရနိုင်တဲ့အခြေအနေမှာ (ကို)ညိမ်းညိုတို့ လို လူငယ်တွေ ၊ ဆရာနိုင်ဝင်းဆွေကို နာမည်သာကြားဖူးတော့တာ ဝမ်းနည်းဖို့ ကောင်းတဲ့အကြောင်း ကျနော် ပြောပြခဲ့ဖူးပါတယ်။

ဒီလိုစကားစပ်မိကြရင်းက ကျနော်က နွေတည အကြောင်းပြောမိတော့တာပေါ့။ နွေတည ရဲ့ မှော်ဝင်ရသ ကို ကျနော်ပြောပြခဲ့မိတယ်။ညိမ်းညိုကလည်း ကျနော့်ဘလော့မှာ တင်ဖို့ တိုက်တွန်းတယ်။ ဒီတုန်းက ကျနော်က ကွန်ပျူတာနဲ့ စာ ကောင်းကောင်းမရိုက်တတ်သေးတာရယ်..၊ သူများရိုက်ရင်လည်း စိတ်တိုင်းမကျဖြစ်မှာသေချာတာရယ်ကြောင့် ရုတ်တရက် ဒီဝတ္ထုကို မတင်ဖြစ်ခဲ့ဘူး။ ဒီမှာတင် ညိမ်းညို က သူ ကူညီပြီးစာရိုက်ပေးပါ့မယ်၊တင်ဖြစ်အောင်တင်ပါဆိုတာနဲ့  နွေတည ပထမပိုင်း၊ဒုတိယပိုင်း (၂) ပိုင်းကို စကင်ဖတ်ပြီး ဆရာလေးညိမ်းညိုဆီ ပို့ ခဲ့တယ်။ နွေတည ပထမပိုင်းနဲ့ ဒုတိယပိုင်း က ချစ်ခင်ရတဲ့ ညိမ်းညိုလေးက စာရိုက်ပေးခဲ့တာပါ။

နွေတည ကို ကျနော့်ဘလော့မှာတင်တော့ ကိုတင်မင်းထက် နဲ့ လည်း မိတ်ဆွေဖြစ်လာရတယ်။ သူက နွေတည ကို အပိုင်း (၁၁) အထိ ရိုက်တင်ခဲ့ပြီးတဲ့ နွေတည ခရေဇီတဦး…။ ဒီတော့ ကျနော့်ဆီကို နွေတည ပထမအကြိမ်ထုတ်စာအုပ် မျက်နှာဖုံးပုံနဲ့ နွေတည ကို ရှုမဝမဂဇင်းမှာ အခန်းဆက် လစဉ်ဖေါ်ပြခဲ့စဉ်က နောက်ဆုံးနိဂုံးပိုင်းမှာ ဖေါ်ပြတဲ့ ည မှုန်ရီရီအောက်က ရထားဘူတာရုံ မြင်ကွင်းပန်းချီကား တွေကို ကိုတင်မင်းထက် က အားတက်သရောပို့ ပေးကူညီခဲ့တာပါ။

မှတ်တမ်းတင်ရမယ့်သူတွေထဲမှာ ဒုက္ခသည်စခန်းထဲက ခဏပြန်လာနေတဲ့ တူမလေး လည်းပါပါတယ်။ သူကတော့ နိုင်ဝင်းဆွေဝတ္ထု တတိယပိုင်းကစပြီး နောက်ဆုံးပိုင်းအစ အထိ ၊သူတယောက်ထဲ ဒိုင်ခံ ရိုက်ပေးခဲ့တာပါ။

ကျနော်ကတော့ ရိုက်ပြီးသားစာမူတွေကို အကြိမ်ကြိမ်ပြန်စစ် ပြန်ဖတ်လုပ်ပြီးမှ ကျနော့်ဘလော့မှာ တင်ပေးခဲ့တာပါ။ အဲ..နောက်ဆုံးတပိုင်းကြတော့ တူမလေးနဲ့ ကျနော် အငြင်းအခုန်လုပ်ပြီးမှ သူ ခွင့်မပြုပဲ သူမသိအောင် အဲဒီနောက်ဆုံးပိုင်းအများစုကို ကျနော်ကိုယ်တိုင် စာရိုက်ပြီးမှ တင်ခဲ့တာပါ။ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ်အားတင်းပြီးမှ ဒီ နိဂုံးပိုင်းကို စာရိုက်ခဲ့ရပါတယ်။

နောက်ထပ်ပြီး ကျေးဇူးတင်စကားပြောရမယ့်သူတွေကတော့ ကွန်းမင့်တွေ ဝင်ရေးခဲ့ကြတဲ့ ချစ်မိတ်ဆွေ နွေတည ပရိဿဒ်များပဲဖြစ်ပါတယ်။ ကွန်းမင့်ဝင်မရေးပေမယ့် နှုတ်နဲ့ ဝင်ပြီးအားပေးကြသူတွေကိုလည်း ကျနော်ကျေှးှဇူးတင်တယ်။

အခု နွေတည ဝတ္ထုကို အစအဆုံး ကျနော်တင်နိုင်ခဲ့ပါပြီ။ စာလုံးအကျအပေါက်အမှားအယွင်းများနဲ့ အခြားအမှားအယွင်းကိစ္စများရှိခဲ့ရင် ကျနော့်တာဝန်သာဖြစ်ပါတယ်။ နားလည်ခွင့်လွှတ်ဖို့ တောင်းပန်လိုက်ပါတယ်။ နောက်မကြာခင်မှာ ချစ်ရဲဘော်လေး ကိုတင်မင်းထက် က ပီဒီအက်ဖ်ဖိုင်လုပ်ပြီး ကျနော့်ဘလော့မှာ လုံးချင်းစာအုပ်အနေနဲ့ တင်ထားမှာဖြစ်ပါတယ်။ ပုံနှိပ်စာအုပ်ဖြစ်လာရအောင်တော့ ကျနော်ထပ်ပြီး နည်းလမ်းရှာရပါလိမ့်ဦးမယ်။
နွေတည ဝတ္ထု ရှင်းတမ်းကတော့ ဒါပါပဲ။

အားလုံးကို ချစ်ခင်လေးစားလျက်

ငြိမ်းဝေ



15 comments:

  1. နွေတည ကို ဖတ်ချင်လွန်းလို့
    ရန်ကုန်ပြန်ရောက်တိုင်း ရှာပါတယ်
    ခုလို ပြန်ဖတ်ခွင့်ရတာ အရမ်းကျေးဇူးတင်ပါတယ်
    မပျောက်ပျက်သင့်တဲ့ လက်ရာမွန် တစ်ခုပါ
း)

    ခင်လေး

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်...

    ReplyDelete
  3. ကျေးဇူးအထူးတင်ပါတယ်...
    ကျွန်မကတော့ ဇာတ်အိမ်ထက် အရေးအသားကို စိတ်ဝင်စားခဲ့သူပါ။
    သေသေချာချာခွဲဖြာပြီး ထပ်ဖတ်လိုက်ပါဦးမယ်။ =)

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. မီးမီးချစ်ပြောတာသဘောတူပါတယ်။
    ကိုကိုနေရာမှာကိုယ်ဆိုရင်ရောဘယ်လိုတုံ့ပြန်မလဲ။
    မဝေခွဲနိုင်ပါဘူး။လွယ်လွယ် စွန့်ပစ် သွားတာပဲ.လို့ပြောတာလွယ်ပေမဲ့သစ္စာမရှိသူကိုဆက်ပေါင်းသင်းလို့လူသတ်မှုဖြစ်မှာလဲစိုးရသေးတယ်။
    ဥနှောက်ကကိုကိုလိုဘဲထားခဲ့ချင်ပေမဲ့နှလုံးသားက
    ထားခဲ့နိုင်ဖို့ပြန်မခေါ်မိဖို့တော်တော်မလွယ်ပါ။
    ဟေမာန်မှာဈေးတောင်းရွက်ပီးလုပ်ကြွေးတာတွေ၊
    အတူတူနေကြတဲ့အချိန်လေးတွေကိုကျော်ပီးblogမှာဆက်မဖတ်ချင်ခဲ့ဘူး၊ဇတ်လမ်းကိုသိထားလို့၊
    ကိုရဲ့ပျော့ညံ့တဲ့စရိုက်ကိုအမေဆိပြန်မှီခိုချင်တဲ့အခါ
    မြင်နိုင်သည်၊gone with the wind မှAshley နဲ့Scarlet Ohara လိုသတိရမိသည်။
    "ဝေသည် လက်နှစ်ဖက်၌ ရေနွေးဖြင့် ပြုတ်လျှော်ထားသော ကျနော့် ပြည်ပေကျံနေသည့် အဝတ်များကို တဖက်သူ့ကွပ့်ပျစ်ပေါ်တွင် လှန်းလိုက်ပြီး ကျနော့် ကိုလှမ်းကြည့်ကာ ပြုံးလေသည်။
    “သားကြီးကလဲကွယ် အမေခဏကလေး မရှိရင် တကြော်ကြော် ဖြစ်တော့တာဘဲ” ဟု ပြောပြီး ရယ်သည်။"
    နေမကောင်းတဲ့အချိန်မှာပြူစုပုံကသားအမိလိုမျိုး၊
    ဝေရဲ့အချစ်ကအဆုံးမရှိပါ၊
    နှမလေးလိုဆက်စောင့်ရှောက်ရင်ရောဖြစ်နိုင်မလား?
    ပျော့ညံ့တဲ့မထိန်းသိမ်းတဲ့ပတ်ဝန်းကျင်အဟောင်းကိုပြန်လွှတ်ခဲ့တဲ့ကိုကို. ကိုသာအပြစ်တင်ချင်သည်။
    ကလေးသာသာစပါးသယ်တဲ့မိန်းခလေးပျံကျလေးကိုယူရင်ဒီလိုမဖြစ်အောင်သူ့မှာထိန်းသိမ်းဖို့တာဝန်ရှိသည်။
    ကြိုတင်မျှော်လင့်ထားသင့်သည်။
    ဒိလိုစရိုက်တွေအပြင်မှာလဲရှိပါသည်။
    ပန်းရန်ဆရာနဲ့ပန်းရန်သမအတွက်ထမင်းစားရေ
    သောက်လိုဘဲဖောက်ပြားတာမကြာ့ခဏကြုံဘူးသည်။
    မကောင်းမှုလို့မသိကြသလိုပါ။
    စရိုက်မတူတာယူရင်ဒီလိုကြေကွဲစရာတွေဖြစ်နိုင်လို့
    တကယ်တာဝန်ယူနိုင်မှယူကြပါ။
    ကယ်တင်ရှင်မဟုတ်ဘဲလူယုတ်၊လူတွေဝေဖြစ်နိုင်သည်၊

    ReplyDelete
  9. BTW
    မသိန်းရှင်မှ ရထားလက်မှတ်စာရေးကိုရင်မောင်နဲ့အညာသူ
    ထညက်မှောင်ခိုမလေးဇတ်လမ်းကပိုဆွတ်ပျံ့ဖွယ်
    ကောင်းပါသည်၊အခုထိလဲအင်တော၊နတ်မောက်က
    လူတွေဒီလိုဆင်းရဲဆဲပါ၊
    မနှစ်ကရွာပြန်ရထားစီးတော့၁၉၆0အတိုင်းဘဲတွေ့ရ။ဗိုလ်ချုပ်ဒေသမို့ဖွံ့ဖြိုးရေးမလုပ်ဆိုဘဲ။မီးမှောင်မှောင်ရထားပေါ်ကို
    ပဲခူးဘက်ပဲဆွတ်ဖို့တတ်လာလိုက်တာnaziခေတ်ကဂျူးအကျဉ်းသားရထားလိုပါဘဲ။
    မသိန်းရှင် ကိုရိုက်တင်ဖို့ရောရှိပါသလား?

    ReplyDelete
  10. မအားမအားနဲ့ စာဖတ်ဖို့နောက်ဆုတ်နေခဲ့ပေမယ့် ဘာပဲဖြစ်ဖြစ်ဝေဖန်ချက်ပေးဖို့ ဆုံးဖြတ်မိပါတယ်။
    ကျွန်မက အရေးအသားကို ပိုမိုစိတ်ဝင်စားသူမို့ ဒီစာအကြောင်းပြောမယ်လုပ်တော့ ဆရာမကြည်အေးကိုပဲ သတိရမိပါတယ်။

    ဘာဖြစ်လို့လဲ မသိပါဘူး။ နွေတညရဲ့ စာတစ်ကြောင်းကို ဖတ်မိတိုင်းမှာ ဆရာမရဲ့ စာတွေကိုပဲ ပြန်ပြန်သတိရမိနေပါတယ်။
    ဒါကြောင့်နောက်ဆုံးမှာ ဆရာမစာတွေ ပြန်ဖတ်ခြင်းနဲ့သာ အဆုံးသတ်ဖြစ်ပါတယ်။

    ကျွန်မအတွက် ရေးဟန်နှစ်ခုက ရွှေချည်ငွေချည်လို ဖြစ်နေပါတယ်။ဖြိုးကနဲ ဖျက်ကနဲအလက်မှာ ဘယ်သူက ဘယ်သူ့ဟန်လို့ ခွဲနေရင်းမှာတင် တစ်ရောင်တည်းလို ယှက်မိသွားပြန်ပါတယ်။

    ဒါကြောင့် ဆရာမကြည်အေးရဲ့ အရိပ်အောက် ရောက်ခဲ့တယ်လို့ လူပြောခံရတဲ့ ဆရာမဂျူးက သူ့ရဲ့အကြိုက်ဆုံးစာအဖြစ် နွေတညကို ညွှန်းခဲ့လေသလားလို့ ကျွန်မသိပ်ကို သိချင်စမ်းစူးချင်မိပါတယ်။

    ဒီအကြောင်းအရာက အန္တာရာယ်ကြီးပေမယ့် ကျွန်မတို့လို ပညာရှာနေသူတွေအတွက် အဖြေလေး ပေးနိုင်မယ့်သူ ရှိစေချင်ပါတယ်။။ ဒါကြောင့် စာပေသုတေသီတွေက ဝေဖန်အကဲဖြတ်ပေးကြပါ လို့ ယုံကြည်မျှော်လင့်စွာမေးပါရစေ။

    ဇာတ်အိမ်ကို ခံစားမိတာက ဆရာမြသန်းတင့်ရဲ့ ဓားတောင်ကို သတိရစေပါတယ်။ လူယဉ်ကျေးဖြစ်ချင်သူ။ ကိုယ့်စည်းကိုယ်ခြားကာ မြိုသိပ်သာ ခံစားတတ်သလို သဘောထားကောင်းချင်ပေမယ့် ခံနိုင်ရည်နည်းတဲ့ မြင့်မြတ်ချင်ပေမယ့် မကြံခိုင်တတ်တဲ့ ပညာတတ်တွေဝေသူရဲ့ စရိုက်ကို ဝေဆိုတဲ့ ပန်းရိုင်းလေးနဲ့ တွဲယှက် ဖွဲ့ထားတာ အရမ်းကို လှပသက်ဝင်ပြောင်မြောက်လှပါတယ်။

    နောက်ဆုံးအနေနဲ့ ဒီစာကို ဖတ်ခွင့်ပေးတဲ့ဆရာ့ကို အထူးကျေးဇူးတင်ကြောင်း ထပ်မံပြောလိုပါတယ်။

    ReplyDelete
  11. ကိုငြိမ်း ... နွေတညအတွက် အပင်ပန်းခံပြီး ဖတ်စေချင်တဲ့ စေတနာနဲ့ တင်ပေးတဲ့အတွက်ကျေးဇူးပါ။ နွေတညနဲ့ပါတ်သတ်ပြီး စာဖတ်သူတို့ရဲ့ အမြင်၊ခံစားချက်နဲ့ယူဆချက်ကိုရေးပေးဖို့ တိုက်တွန်းတာကိုပါတွေ့လိုက်ရတယ်။ ကျနော့အတွက်တော့ ဒီလိုပြောင်မြောက်တဲ့ ဂန္တဝင်ဝတ္ထု နဲ့ ဒါကိုမွေးဖွားပေးတဲ့ ဦးနိုင်ဝင်းဆွေ တို့ကို ဘယ်လိုများ စောဒကတတ် ရေးနိုင်ဘွယ်ရာများရှိနိုင်ပါအံ့။ မိမိအနေဖြင့် နွေတညကိုဖေါ်ကြူပေးတာကို "ကျစ်လစ်သိပ်သည်စွာဖြင့် ဇတ်ကောင်တွေကို ပေးလှုပ်ရှားတာ အသက်ဝင်တယ်၊ သူတို့ရဲ့စရိုတ်ကိုပီပြင်အောင် သရုပ်ဖေါ်ပေးတယ်၊ အဲဒီခေတ်အခါရဲ့လူမူဘဝပုံစံကိုပါ တစိတ်တဒေသ ထင်ဟပ်ပေးတယ်၊ (ဥပမာ.. စပါးသယ်မလေ) ပြီးတော့တခါတရံ စာရေးသူက ဇာတ်ကောင်နေရာရောက်ပြီ၊ တခါတလေ စာဖတ်သူတို့နဲ့အတူ ပြိုင်တူခံစားပေးနေတယ်လို့ " ပြောမိရင် စာပေဗဟုသုတ နည်းပါးတဲ့ကျနော့အတွက် မသင့်တော်နိုင်ပါ။ ဒါပေမဲ့ အားတင်းပြီးတွေးမိတယ် နွေတညဟာ စာဖတ်သူကိုဘာပေးချင်တာလဲပေါ့။ စဉ်းစားမိတယ် သမရိုးကျလူမူဘဝမှာ ဖြစ်လေ့ရှိတဲ့ အင်မတန်နက်ရှိုင်းတဲ့ လူမူရေးပရိပက္ခတွေကို သံသယတွေနဲ့ လွှမ်းမိုးနေတယ်လို့ ပြောချင်ပုံရတယ်လို့ ခံစားမိတယ်။
    နောက်တချက်က စားရေးသူသာသက်ရှိထင်ရှားရှိမယ်ဆိုရင် ကျနော်မေးကြည့်ချင်ပါတယ်.... တကယ်လို့ဇာတ်ကောင်တွေပြောင်းခဲ့လျှင်ဘယ်လို ခံစားမူနဲ့ရေးမလဲပေါ့။ ဝေ..ရဲ့ ..နေရာမှာ အသက်ငယ်ငယ်ချောချော လူပျိုလှကလေး နဲ့ ဝေ့ရဲ့ကိုကို အစား... အသက်ကြီး ပညာတတ်တဲ့ အပျိုမကြီးတို့ရဲ့ အချစ်ဖွဲ့ဇာတ်လမ်းကို ဘယ်လိုစာရေးခြင်းအတတ်ပညာနဲ့ ဘယ်လိုများ ခံစားရေးဖွဲ့ပေးမလဲ…… တွေးမိရင်း......
    နွေတညပေါင်းများစွာရဲ့နွေတညရှိသလို......
    နွေတညရဲ့ ဆည်ဆာကို မမေ့လျှော့စေချင်…….

    လေးစားစွာဖြင့်
    ကျော်နိုင်

    ReplyDelete
  12. မမယ်ကိုးခင်ဗျား
    ခင်ဗျားက အခုလိုပြောလို့ ကျနော့်အတွေ့  အကြုံလေးတခုပြောချင်ပါတယ်။ ဒီတုန်းက ကျနော်က ပဲခူးမြို့ ဘူတာရှေ့ က ယခင်က အလက(၂)မှာ ကျောင်းဆရာလုပ်နေတုန်း နိုင်ဝင်းဆွေက ကျနော့်ဆီလာလည်ပါတယ်။ ဘူတာနဲ့ လည်းနီးတော့ ကျနော့်ကျောင်းကိုပဲ တန်းပြီးဝင်လာပါတယ်။ သူရောက်လာတဲ့အကြောင်းကျနော်က ကျောင်းက ဆရာဆရာမတွေကိုပြောလိုက်တော့ ဆရာမတယောက်က သူ့ ကို အဲသလိုပဲဝေဖန်ပါတယ်။ ကိုကို ရဲ့ လူလတ်တန်းစားညာဉ်ကို ထောက်ပြပါတယ်။ ထုံးစံအတိုင်း နိုင်ဝင်းဆွေကတော့ ပြုံးပြုံး ပြုံြး့ပုံးနဲ့ ပဲ နားထောင်ပါတယ်။ အဲဒီနေ့ က ဆရာမတွေ ဝိုင်းပြီးသူ့ ကိုရန်တွေ့ ကြသေးတယ်။ သူ့ ကိုမဟာဖိုဝါဒီ၊မပြတ်သားတဲ့ လူလတ်တန်းစားဖက်က ရပ်တဲ့သူဆိုပြီး ဝိုင်းပြောကြပါတယ်။ သူကတော့ ပြုံးပြီးတော့ပဲ နေတယ်။ သူက သူ့ ဝတ္ထုတွေကိုဝေဖန်ရင် ဘယ်တော့မှ ပြန်မပြောတတ်ဘူးလေ။ ကျနော် ခင်ဗျားတို့ နဲ့ သူ့ ကို တွေ့ ပေးချင်တယ်ဗျာ..

    ReplyDelete
  13. တိုက်ဆိုင်လိုက်လေဗျာ... ကျနော့ဖန်တီးထားတဲ့ဇာတ်ကောင်အသစ်တွေကို ဦးနိုင်ဝင်းဆွေ က ပြန်လည်ဆန်းသစ်ပေးမယ်ဆိုရင်... ဒီကိစ္စရှင်းနိုင်ကောင်းရဲ့...


    လေးစားစွာဖြင့်
    ကျော်နိုင်

    ReplyDelete
  14. ကိုငြိမ်းဝေ
    ကျနော် ၁၃နှစ်မှာနွေတညကိုဖတ်ရတယ်။မီးအုပ်ဆောင်း
    ကိုဆောင်ခြုံထဲထည့်ပြီးတညလုံးအပြီးဖတ်ခဲ့ရတာ၊ဖတ်ပီးတော့ရှီုက်ကြီးတငင်ငိုမိပြန်ရော။အခုကျနော်အသက်၄၀ကျော်ပါပြီ၊နွေတညဖတ်တိုင်းမျက်ရည်ကျတုန်းပဲ။
    ဆရာနိုင်ဝင်းဆွေဆိုတာ ကျနော်တို့ ရဲ့  သူရဲကောင်း။
    ၂၀၀၆တုန်းကဆရာပျောက်ဆုံးသွားခဲ့တဲ့ ဟွေးဖော်လူရွာ
    နေရာကိုရောက်ခဲ့တုန်းကလည်းလွမ်းဆွတ်တမ်းတမျက်ရည်ကျခဲ့ရတယ်။မသေခင်လုပ်ချင်တဲ့အလုပ်၃ခုရှိတယ်။ ဆရာနိုင်ဝင်းဆွေစာအုပ်တွေပြန်ထုတ်ချင်တာရယ်၊မောင်
်လေးအောင် ကဗျာတွေပြန်ထုတ်ချင်တာရယ်၊ ကိုယ်ပိုင်
    ကဗျာစာအုပ်လေးထုတ်ချင်တာရယ်ပါပဲ၊

    ReplyDelete
  15. ဒီဝတ္ထုကို အခမှဘဲ ဖတ်ဘူးတော့တယ်။ ပြန်ရိုက် ပြန်တင်ပေးသူများကို ကျေးဇူးအထူးပါဘဲ။

    ကိုကို လို တဘက်သက်ထားခဲ့တဲ့ လူတွေ တကယ်ကို အပြင်မှာ ရှိပါတယ်။

    ရောဂါရှိတဲ့ ချစ်သူကို သူ့ရောဂါ သက်သာအောင် ကိုယ့်ရောဂါကို မေ့ပြီး ပြုစုပေးဘူးပါတယ်။ အငတ်ခံပြီးလဲ ကျွေးဘူးပါတယ်။ အဆူခံ ပြီးတော့ လဲ ချစ်ပါတယ်။ လူတွေမသိအောင်လဲ အ၀တ်တွေ မီးပူခိုးတိုက်ပေး၊ အစားတွေ ဖွက်ယူသွားပြီး ကွှေးဘူးပါတယ်။

    ထားမသွားအောင်လဲ အမျိုးမျိုးတောင်းပန် ဘူးပါတယ်။

    နောက်ဆုံးတော့လဲ ထားသွားပြီး ရယ်ဒီမိတ်တကာ့ ရယ်ဒီမိတ်ကိုဘဲ ရွေးသွားပါတယ်။

    ဒေါ်ခင်ဝေရယ် ကိုကိုကတော့ ရှင့်ကို လူသိရှင်ကြားယူပြီး လူလွတ်ကြီး အဖြစ်နဲ့ ရှိနေပါသေးတယ်။

    ReplyDelete