Showing posts with label မျှဝေခံစားခြင်း. Show all posts
Showing posts with label မျှဝေခံစားခြင်း. Show all posts
September 17, 2010
September 14, 2010
ချစ်သော ကချေသည်များ
ချစ်သော ကချေသည်များ (၁)
အခု လဆန်းပိုင်းက စပြီး ဘလော့ကို လှည့်မကြည့်နိုင်လောက်အောင် စိတ်ကော လူကော အလုပ်များခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီကနေ့ တော့ ကျနော်နဲ့ ဒီလဆန်းကမှ လာပြီး အတူနေတဲ့ ပန်းချီဆရာလေး ဝဏ္ဍဇော်ရဲ့ ပန်းချီကားလေးကို ပို့အသစ်အနေနဲ့  တင်လိုက်ပါတယ်။
သူက လာမယ့် အောက်တိုဘာလဆန်းမှာ တကိုယ်တော် ပန်းချီပြပွဲလေးလုပ်ဖို့ ရှိတော့ ကျနော်နဲ့ လာနေတဲ့လဆန်းပိုင်းကတည်းက ညတိုင်းလိုလို ပန်းချီကားတွေ ဆွဲပါတယ်။ ကျနော်က ၈နာရီခွဲကစပြီး ဘီဘီစီ အသံလွှင့်သတင်းတွေကို ဝက်ဘ်ဆိုဒ်သတင်းအဖြစ် ပြန်ရေးရပါတယ်။ ၁၀ နာခွဲလောက်ကြတော့ ကျနော် အလုပ်ပြီးတဲ့အချိန်ကစပြီး သူ ပန်းချီဆွဲတာကို ထိုင်ကြည့်ပါတယ်။
ဒီလိုနဲ့ သူဆွဲနေတဲ့ ကချေသည်ပုံလေးတွေ စွဲလန်းလာလို့  ဒီကနေ့ ကစပြီး နှစ်ရက်မှာ တစ်ပုံလောက် ဘလော့မှာတင်ဖို့ စိတ်ကူးရသွားတယ်လေ။ နှစ်သက်လို့ တင်တာလည်းပါ ဘလော့တာဝန်လည်းကျေအောင်ပေါ့လေ။
ချစ်မိတ်ဆွေများ နှစ်သက်ကြမယ်လို့ ထင်ပါတယ်။
December 03, 2009
နိုင်ဝင်းဆွေ ရဲ့ နွေတည ဝတ္ထု ရှင်းတမ်း

လွန်ခဲ့တဲ့ (၆) လလောက်က ချစ်ခင်ရသူ ဘလော့ဂါ ကဗျာဆရာလေး ညိမ်းညို နဲ့ ကျနော် ဆရာနိုင်ဝင်းဆွေအကြောင်း စကားစပ်မိခဲ့ကြပါတယ်။ သူက ကျနော်တို့ ထက် သက်တမ်းတဝက်မက ငယ်ရွယ်သူဖြစ်တာရယ်…၊ ပြည်တွင်းမှာ ဆရာနိုင်ဝင်းဆွေရဲ့ ဝတ္ထုစာအုပ်တွေ ထပ်မံထုတ်ဝေခွင့်မရနိုင်ရုံတင်မက သူ့ နာမည်တောင် ဖေါ်ပြခွင့်မရနိုင်တဲ့အခြေအနေမှာ (ကို)ညိမ်းညိုတို့ လို လူငယ်တွေ ၊ ဆရာနိုင်ဝင်းဆွေကို နာမည်သာကြားဖူးတော့တာ ဝမ်းနည်းဖို့ ကောင်းတဲ့အကြောင်း ကျနော် ပြောပြခဲ့ဖူးပါတယ်။
ဒီလိုစကားစပ်မိကြရင်းက ကျနော်က နွေတည အကြောင်းပြောမိတော့တာပေါ့။ နွေတည ရဲ့ မှော်ဝင်ရသ ကို ကျနော်ပြောပြခဲ့မိတယ်။ညိမ်းညိုကလည်း ကျနော့်ဘလော့မှာ တင်ဖို့ တိုက်တွန်းတယ်။ ဒီတုန်းက ကျနော်က ကွန်ပျူတာနဲ့ စာ ကောင်းကောင်းမရိုက်တတ်သေးတာရယ်..၊ သူများရိုက်ရင်လည်း စိတ်တိုင်းမကျဖြစ်မှာသေချာတာရယ်ကြောင့် ရုတ်တရက် ဒီဝတ္ထုကို မတင်ဖြစ်ခဲ့ဘူး။ ဒီမှာတင် ညိမ်းညို က သူ ကူညီပြီးစာရိုက်ပေးပါ့မယ်၊တင်ဖြစ်အောင်တင်ပါဆိုတာနဲ့  နွေတည ပထမပိုင်း၊ဒုတိယပိုင်း (၂) ပိုင်းကို စကင်ဖတ်ပြီး ဆရာလေးညိမ်းညိုဆီ ပို့ ခဲ့တယ်။ နွေတည ပထမပိုင်းနဲ့ ဒုတိယပိုင်း က ချစ်ခင်ရတဲ့ ညိမ်းညိုလေးက စာရိုက်ပေးခဲ့တာပါ။
နွေတည ကို ကျနော့်ဘလော့မှာတင်တော့ ကိုတင်မင်းထက် နဲ့ လည်း မိတ်ဆွေဖြစ်လာရတယ်။ သူက နွေတည ကို အပိုင်း (၁၁) အထိ ရိုက်တင်ခဲ့ပြီးတဲ့ နွေတည ခရေဇီတဦး…။ ဒီတော့ ကျနော့်ဆီကို နွေတည ပထမအကြိမ်ထုတ်စာအုပ် မျက်နှာဖုံးပုံနဲ့ နွေတည ကို ရှုမဝမဂဇင်းမှာ အခန်းဆက် လစဉ်ဖေါ်ပြခဲ့စဉ်က နောက်ဆုံးနိဂုံးပိုင်းမှာ ဖေါ်ပြတဲ့ ည မှုန်ရီရီအောက်က ရထားဘူတာရုံ မြင်ကွင်းပန်းချီကား တွေကို ကိုတင်မင်းထက် က အားတက်သရောပို့ ပေးကူညီခဲ့တာပါ။
မှတ်တမ်းတင်ရမယ့်သူတွေထဲမှာ ဒုက္ခသည်စခန်းထဲက ခဏပြန်လာနေတဲ့ တူမလေး လည်းပါပါတယ်။ သူကတော့ နိုင်ဝင်းဆွေဝတ္ထု တတိယပိုင်းကစပြီး နောက်ဆုံးပိုင်းအစ အထိ ၊သူတယောက်ထဲ ဒိုင်ခံ ရိုက်ပေးခဲ့တာပါ။
ကျနော်ကတော့ ရိုက်ပြီးသားစာမူတွေကို အကြိမ်ကြိမ်ပြန်စစ် ပြန်ဖတ်လုပ်ပြီးမှ ကျနော့်ဘလော့မှာ တင်ပေးခဲ့တာပါ။ အဲ..နောက်ဆုံးတပိုင်းကြတော့ တူမလေးနဲ့ ကျနော် အငြင်းအခုန်လုပ်ပြီးမှ သူ ခွင့်မပြုပဲ သူမသိအောင် အဲဒီနောက်ဆုံးပိုင်းအများစုကို ကျနော်ကိုယ်တိုင် စာရိုက်ပြီးမှ တင်ခဲ့တာပါ။ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ်အားတင်းပြီးမှ ဒီ နိဂုံးပိုင်းကို စာရိုက်ခဲ့ရပါတယ်။
နောက်ထပ်ပြီး ကျေးဇူးတင်စကားပြောရမယ့်သူတွေကတော့ ကွန်းမင့်တွေ ဝင်ရေးခဲ့ကြတဲ့ ချစ်မိတ်ဆွေ နွေတည ပရိဿဒ်များပဲဖြစ်ပါတယ်။ ကွန်းမင့်ဝင်မရေးပေမယ့် နှုတ်နဲ့ ဝင်ပြီးအားပေးကြသူတွေကိုလည်း ကျနော်ကျေှးှဇူးတင်တယ်။
အခု နွေတည ဝတ္ထုကို အစအဆုံး ကျနော်တင်နိုင်ခဲ့ပါပြီ။ စာလုံးအကျအပေါက်အမှားအယွင်းများနဲ့ အခြားအမှားအယွင်းကိစ္စများရှိခဲ့ရင် ကျနော့်တာဝန်သာဖြစ်ပါတယ်။ နားလည်ခွင့်လွှတ်ဖို့ တောင်းပန်လိုက်ပါတယ်။ နောက်မကြာခင်မှာ ချစ်ရဲဘော်လေး ကိုတင်မင်းထက် က ပီဒီအက်ဖ်ဖိုင်လုပ်ပြီး ကျနော့်ဘလော့မှာ လုံးချင်းစာအုပ်အနေနဲ့ တင်ထားမှာဖြစ်ပါတယ်။ ပုံနှိပ်စာအုပ်ဖြစ်လာရအောင်တော့ ကျနော်ထပ်ပြီး နည်းလမ်းရှာရပါလိမ့်ဦးမယ်။
နွေတည ဝတ္ထု ရှင်းတမ်းကတော့ ဒါပါပဲ။
အားလုံးကို ချစ်ခင်လေးစားလျက်
ငြိမ်းဝေ
December 02, 2009
နွေတညရဲ့ ရင်ခုန်သံလှိုင်းဂယက်များကို စုစည်းခြင်း

ဆရာနိုင်ဝင်းဆွေရဲ့ နွေတည ဝတ္ထုအပေါ် အမေရိကမှာရောက်နေတဲ့ ကဗျာဆရာမကြီး (ဒေါ်)ကြည်အေး က၊သူ့ အနေနဲ့  ဒီဝတ္ထုကို ရုတ်တရက်မချီးကျူးချင်သေးဘူး၊ ဘာပြုလို့ လည်းဆိုတော့ ဒီဝတ္ထုဟာ နိုင်ဝင်းဆွေ ကိုယ်တိုင်ရေးဝတ္ထု ဟုတ်တယ်မဟုတ်ဘူးဆိုတာ မသေချာသေးလို့ ဖြစ်တယ်၊ပြင်သစ်ဝတ္ထုတချို့ နဲ့ တူနေသလားလို့ ဆိုပြီး ဆရာဒဂုန်တာရာဆီကို လှမ်းပြောခဲ့ဖူးတယ်။
နောက်ထပ်…စာရေးဆရာမ ဂျူး ကလည်း အင်တာဗျူးတခုမှာ သူ့ အနေနဲ့ မြန်မာဝတ္ထုထဲမှာ နွေတည ကို အကြိုက်ဆုံးမြန်မာဝတ္ထုတပုဒ်ဖြစ်တယ်လို့ သဘောထားပေးခဲ့ဖူးတယ်။
တခါ..ဒီဝတ္ထုကို ပြည်တွင်းမှာထပ်မံထုတ်ဝေဖို့ ခက်ခဲနေလို့ ကျနော့်ဘလော့မှာ အပိုင်းလိုက် စာရိုက်ပြီးတင်တော့လည်း မိတ်ဆွေတချို့  က သူတို့ အမြင်၊သူတို့ ခံစားချက်တချို့ ကို ဝင်ပြီးရေးခဲ့ကြပါတယ်။
အခုဆိုရင်…နွေတည ရဲ့နောက်ဆုံးတခန်း (၁၈) ကိုပဲ တင်ဖို့ ကျန်ပါတော့တယ်။
ဒီနောက်ဆုံးတခန်းကို တင်တဲ့အခါ
ကျနော့်ဘလော့မှာ မကြာခဏလာပြီး နွေတည အပေါ် သဘောထားပေးခဲ့ကြတဲ့
အောက်ပါချစ်မိတ်ဆွေများအနေနဲ့ ပဲ ဖြစ်ဖြစ်၊တခြား..ချစ်မိတ်ဆွေ မည်သူမဆို
မိမိတို့ ရဲ့ အမြင်၊ခံစားချက်၊ယူဆချက်တချို့ ကို ဝင်ရေးပေးကြဖို့ ကြိုတင်တောင်းဆိုအပ်ပါတယ်။
နွေတည နောက်ဆုံးအခန်းဖေါ်ပြပြီးတဲ့အခါ
“နွေတညရဲ့ ရင်ခုန်သံ လှိုင်းဂယက်များ”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သီးသန့် တစုတဝေးတည်း ဖေါ်ပြသွားချင်ပါတယ်။
နောင်အခါ နွေတည ဝတ္ထု (ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ပြည်ပမှာပဲဖြစ်ဖြစ်) ထုတ်ဝေဖြစ်ခဲ့ရင်
ဒီ ခံစားမှု စာစုများကို တပါတည်းထည့်သွင်းဖေါ်ပြနိုင်ဖို့ ရည်ရွယ်ပြီး အခုလို တောင်းဆိုရခြင်းဖြစ်ပါတယ်။
အကူအညီပေးကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။
ှုဦးဇင်းတိက္ခ
ခင်မင်းဇော်
မမသီရိ
ဆရာ ခင်လွန်း
ကိုအောင်
ပြည့်စုံ
အိုင်လွယ်ပန်
တင်မင်းထက်
မယ်ကိုး
Wai
Vista
Khin Lay
ကိုပြာ
ညီဇေ
မိုးချိုသင်း
ကိုကျော်နိုင်
ငယ်နိုင်
မီးမီးချစ်
သူမ
Sint
Thetmar
Anon
Ko Ko
ချစ်မိတ်ဆွေများ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ…
ငြိမ်းဝေ
October 29, 2009
မိုးတိတ်တေး

အခုရက်တွေအတောအတွင်း မျက်စေ့နာနေတာရယ်၊ ကွန်ပျူတာပျက်နေတာရယ်ကြောင့် ကျနော့်ဘလော့ကိုဒီအတိုင်းပစ်ထားခဲ့ရပါတယ်။ ကွန်ပျူတာပြန်ကောင်းသွားလို့ ဝင်ထိုင်ပြီး
စိတ်အညောင်းပြေ သွားလည်နေကျ ဘလော့တွေဆီ သွားပြန်တော့ တက်စာတွေပဲ များနေတာတွေ့ ရလို့ ပိုပြီးအညောင်းမိတော့မလို ဖြစ်ခဲ့ရပါသေးတယ်။ ကျနော်က အသက်ကလေးကလည်းရလာလို့ တက်စာတွေနဲ့ ကျနော်နဲ့ က သိတ်ပြီးအဆင်မပြေဘူးပေါ့ဗျာ။
ဒီကနေ့ တော့ ကျနော်နှစ်သက်တဲ့ ကဗျာတပုဒ် မျှဝေခံစားဖို့ တင်လိုက်ပါတယ်။ ကျနော်အလုပ်လုပ်တဲ့ စာကြည့်တိုက်မှာ တနေ့ တနေ့  စက်ရုံအလုပ်ရုံက အလုပ်သမား အလုပ်သမလေးတွေ အယောက် လေးငါးဆယ်လောက် စာအုပ်လာငှါးကြရာမှာ နေ့  စဉ်ကြားနေရတဲ့စကားတွေကတော့ လုပ်အားခတွေနည်းသွားတဲ့အကြောင်း၊လုပ်အားခတွေ ပုံမှန်မရတဲ့အကြောင်း၊စက်ရုံက ရေတွေ မီးတွေ ခဏခဏပျက်တဲ့အကြောင်း၊အိမ်ကိုငွေမပို့ နိုင်တဲ့အကြောင်း၊စက်ရုံထဲ ပလိပ်ဝင်ဖမ်းလို့ ထွက်ပြေးကြရတဲ့အကြောင်း၊အကြွေးတွေမဆပ်နိုင်လို့ စက်ရုံကထွက်ပြေးသွားရတဲ့အကြောင်း၊ အလုပ်ရှင်နဲ့ အမှုဖြစ်နေတဲ့ကိစ္စ အလုပ်ရှင်က အမှုကိုအချိန်ဆွဲထားလို့ အခုတော့ အလုပ်သမားတွေ တခြားစက်ရုံတွေဆီ ပြောင်းပြေးရတဲ့အကြောင်း၊ အို..တခြားကိုယ်ရေးကိုယ်တာအခက်အခဲတွေ အခက်အခဲတွေ တောင်လိုပုံနေတဲ့အခက်အခဲတွေ ကျနော်နေ့ တိုင်းကြားနေခဲံ့ရပါတယ်။
ဒါကြောင့်မို့ ဒီကနေ့ တော့ ဆရာ နိုင်ဝင်းဆွေ ရဲ့ နွေတည ကိုလည်းဆက်ပြီးမတင်နိုင်သေးမယ့်အတူတူ ကျနော်နှစ်သက်တဲ့ ကဗျာတပုဒ် မျှဝေပေးလိုက်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ဖွဲ့ ထားတဲ့ကဗျာလေးပါပဲ။ ကျနော် အရမ်းနှစ်သက်မိပါတယ်။
မိုးတိတ်တေး
အထည်ချုပ်စက်ရုံကြီးထဲက
ချည်မွေးညှပ် ကောင်မလေးရေ
မင်းရဲ့ မြွေရေခွံအိတ် အဟောင်းလေးထဲမှာ
လုံခြုံမှုတွေ ကြည့်ကောင်းသေးရဲ့လား
ထမီ တပတ်နွမ်းလေးကိုပဲ
အကြိမ်ကြိမ် အထပ်ထပ် ဆင်မြန်းရှာခဲ့ရ
သမ္မာအာဇီဝဆိုတာ
စကားလုံးအားဖြင့် လှပါရဲ့
ပရိုတိန်းတော့ ကြွယ်ဝလိမ့်မယ်မဟုတ်ဘူး။
နတ်ပြည်ခြောက်ထပ်ရဲ့အဝေး
ရွှေမြို့ တော်ကြီးရဲ့ အဝေးဆီက
ပူဆွေးနေတဲ့ လယ်ကွင်းတွေကို
မင်းထားခဲ့တယ်
တဘ၀လုံး ပတ်ကြားအက်နေတဲ့
တောသူတောင်သား မိဘမောင်ဘွားတွေကို
မင်းထားခဲ့တယ်
ထနောင်းပင်၊ ထန်းမြစ်နဲ့ 
သဲထဲရေသွန် နေ့ ရက်တွေကို
မင်းထားခဲ့တယ်
မင်းကတော့
အတောင်အလက် မစုံလင်ပဲ
တောင်ဒဂုံ စက်မှုဇုံထဲမှာ
ဒဏ်ရာရ ငှက်ကလေးတကောင်လို တုန်ယင်လို့ 
ကြုံလှီဖျော့တော့
မထူးတော့ပါဘူးလေဆိုပြီး
ကိုယ့်ဘ၀ကို အမျောမခံနဲ့ 
သံမဏိကြိုးတချောင်းလို အားတင်းထား
ကွန်ကရစ်တုံးကြီးတွေလို ကြံ့ကြံ့ခံ
လက်ဖြောင့်သေနတ်သမားရဲ့ ကျည်ဆံလို
ဆုံးဖြတ်ချက်တွေ ဖြောင့်မတ်မှန်ကန်ပါစေ
ကမ္ဘာကြီးဟာ
အနိဌါရုံချည်းပဲ မဟုတ်ဘူး
လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့ 
ပျော်စရာ သီချင်းသံတွေလည်း ရှိတယ်ကွယ့်
အဲဒီအခါကျ
မင်းဟာ သားကောင်းမိခင်လည်း ဖြစ်ခွင့်ရှိ
အိပ်မက်ကို ပခက်လွှဲရင်း
လောကကို နို့ ချိုတိုက်ကျွှေးခွင့်လည်းရှိ
အစစ်အမှန် သာယာပျော်ရွှင်ချမ်းမြေ့ခွင့်လည်းရှိ
အခွင့်အရေးမှန်သမျှ အကုန်ရှိပေရဲ့ ။
အခုလို မိုးပြိုချိန်မှာတော့
ဒုက္ခကို သရုပ်ပြတင်ဆက်ရင်း မင်းရယ်မော
သောကကို ကကြိုးဆင်ရင်း မင်းကခုန်
ဆေးရောင်စုံနဲ့ အနာဂတ်ကို
မင်းယုံကြည်လိုက်ပါ
ရှင်နေမင်းဟာ
ငါတို့ ထင်သလို
အဝေးကြီး မဟုတ်ရပါဘူးကွာ။ ။
မိုဃ်းဇော်
( မိုဃ်းဇော် သေတမ်းစာ ကဗျာစာအုပ်မှ )
October 16, 2009
ဥထဲမှာ

ကျွန်ုပ်တို့ သည် ဥထဲ၌နေကြသည်
ဥခွံ၏ နံရံတပြင်လုံးပေါ်၌
ညစ်ပတ်သောပုံများနှင့်
ကျွန်ုပ်တို့ ၏ ရန်သူအမည်များ
ရေးဆွဲထားကြသည်
ကျွန်ုပ်တို့ ကို သားဖေါက်နေသည်။
ကျွန်ုပ်တို့ အား သားဖေါက်နေသူသည်
ကျွန်ုပ်တို့ ၏ ခဲတံများကိုလည်း
သားဖေါက်နေသည်။
ခုမှတနေ့ လွတ်လွတ်လာချင်း
ကျွန်ုပ်တို့ အား သားဖေါက်နေသူ၏
ပုံကို ကျွန်ုပ်တို့ ရေးဆွဲမည်။
ကျွန်ုပ်တို့ ကို သားဖေါက်နေသည်ဟု
ကျွန်ုပ်တို့ လက်ခံထားကြသည်
သဘောကောင်းသော ကြက်တကောင်ဟု
စိတ်ကူးပြီး
ထိုကြက်မ၏ အရောင်နှင့် အမျိုးကို
ကျောင်းသားစာစီစာကုံးများ
ကျွန်ုပ်တို့ ရေးကြသည်။
ဘယ်တော့မှ ကျွန်ုပ်တို့ ဖေါက်ထွက်ကြမလဲ
ဥထဲမှ ကျွန်ုပ်တို့ ၏ ပရောဟိတ်များက
အလယ်အလတ် လစာလေးအတွက်
“ X ” ဟု ခေါ်သောနေ့ တနေ့ ကို
တင်ပြလာကြရဲ့။
ပျင်းရိသောကြောင့်အပြင်
အမှန်တကယ် လိုအပ်သောကြောင့်
ကျွန်ုပ်တို့ သားဖေါက်စက်များ တီထွင်ပြီးခဲ့ပြီ
ဥထဲရှို ကျွန်ုပ်တို့ ၏ရင်သွေးများအတွက်
ကျွန်ုပ်တို့ အလွန် စိုးရိမ်မိကြပါသည်
ကျွန်ုပ်တို့ ၏စက်များကို အသုံးပြုရန်
ကျွန်ုပ်တို့ အား စေါက်ရှောက်နေသော
သူမအား အကြံပြုလိုပါသည်။
သို့ သော်...ကျွန်ုပ်တို့ ၏ခေါင်းပေါ် အမိုးရှိပါသည်
အိုမင်းနေတဲ့ ကြက်ပေါက်စတွေ
ဘာသားစကားစုံ သန္ဒေသားတွေ
တနေကုန် အကြောင်းအရာမရှိ ပြောဆိုကြပါသည်
ယင်းတို့ ၏ အိပ်မက်များကိုပင်
ဆွေးနွေးကြပါသည်။
နို့ 
ကျွန်ုပ်တို့ အား သားဖေါက်နေတာ
မဟုတ်ရင်ကော?
အကယ်၍ ဒီဥခွံဟာ
ဘယ်သောအခါမှ မကွဲရင်ကော?
ကျွန်ုပ်တို့ အား သားဖေါက်နေသည်ဟု
ကျွန်ုပ်တို့ မျှော်လင့်ရပါသည်။
သားဖေါက်နေခြင်းအကြောင်းသာ
ကျွန်ုပ်တို့ ပြောဆိုနေသည့်တိုင်
ဥခွံပြင်ပရှိ တဦးဦး
ဗိုက်ဆာနေမည်ကို ထိတ်လန့် ရပါသည်
ကျွန်ုပ်တို့ ကို ဒယ်အိုးထဲခွဲပြီး
ဆားဖြူးလိုက်ရင်ကော
အဲဒီအချိန်မှာ ဘာလုပ်ကြမလဲ?
ဥထဲက
ကျွန်ုပ်တို့  ညီနောင်ရေ...။ ။
(ဒီကဗျာက ဂျာမာန်ကဗျာဆရာ Gunter Grass ရဲ့ In the Egg ကဗျာကို စောဟန်သိုက် က ဘာသာပြန်ဆိုခဲ့တာပါ။ ပင်လယ်မဂ္ဂဇင်း ၊ ဒီဇင်ဘာ၊ ၁၉၉၂ မှဖြစ်ပါတယ်။ ကျနော်နှစ်သက်လို့ ထပ်ဆင့်ဝေငှလိုက်တာပါ။ကဗျာသရုပ်ဖေါ်ပုံကတော့ ကမာကျော်ပန်းချီဆရာ ဒါလီ ရဲ့ ပန်းချီပုံဖြစ်ပါတယ်ခင်ဗျား´ )
Subscribe to:
Posts (Atom)
