January 19, 2010

ဘောနော်လေးရဲ့ မူးယစ်ဝေသော စိမ်းလန်းရေးဆည်းဆာများ


ဒီကနေ့  ကျနော်ကဗျာတပုဒ်တင်လိုက်ပါတယ်။ လွန်ခဲ့တဲ့ (၁၇)နှစ်လောက်က ရေးခဲ့တဲ့ကဗျာပါ။ ကျနော့်ဘလော့မှာလည်းတင်ခဲ့ပြီးပါပြီ။ ၁၉၉၂ ခု၊ အောက်တိုဘာလမှာထုတ်ဝေခဲ့တဲ့ ကရင်အမျိုးသမီးအစည်းအရုံး မဂဇင်းမှာ ဖေါ်ပြခဲ့တဲ့ကဗျာပါ။ တော်တော့ကို ဟောင်းခဲ့ပြီပေါ့ဗျာ။
ကျနော်က ၁၉၉၂ ခု၊ ဇွန်လထဲမှာ ဟိုတုန်းက တော်လှန်ရေးဌါနချုပ်ဖြစ်တဲ့ မာနယ်ပလောကို ရောက်ပါတယ်။ ရောက်စက သောင်ရင်းမြစ်တဖက်ကမ်းတောထဲက KNU ရဲ့ ရိက္ခာဂိုဒေါင်တွေမှာ ဆန်သွားထမ်းရပါတယ်။ ဒီတုန်းက မဟာမိတ်အဖွဲ့ အစည်းအားလုံးအတွက် အဓိကရိက္ခာကို KNU ကပဲ ထောက်ပံ့ကူညီခဲ့တာပါ။ အဲဒီမှာ သောင်ရင်းမြစ်ထဲ ဆန်တင်တဲ့စက်လှေပေါ်လိုက်လာရင်း ကမ်းနားမှာ ပင်လုံးကျွတ်ပန်းတွေပွင့်နေတဲ့ သစ်ပင်တပင်ကိုတွေ့ ပြီး ဒီကဗျာကို ရေးခဲ့တာပါ။ ရဲဘော်တွေ တပျော်တပါးကြီး ဆန်ထမ်းကြတာကို တွေ့ ပြီး နည်းနည်း ပျော်သွားတယ်နဲ့ လည်းတူပါရဲ့။ သရုပ်ဖေါ်ပုံထဲမှာတွေ့ ရတဲ့ နောက်ခံတောင်ကြီးက ကဗျာထဲမှာပါတဲ့ ဘောနော်လေးတောင်ကြီးပါပဲ။ဒီပုံကို လုပ်ကြံခံရလို့ ကျဆုံးသွားရတဲ့ ပဒိုမန်းရှာရဲ့ အိမ်ကုန်းပေါ်ကတဆင့် ကျနော်ကိုယ်တိုင်လှမ်းရိုက်ထားတဲ့ ဓါတ်ပုံပါ။ ဒီဓါတ်ပုံကလည်း မာနယ်ပလောရဲ့သင်္ကေတတခုလိုခံစားရတဲ့ ဓါတ်ပုံတခုအဖြစ် ကျနော်အမြတ်တနိုးသိမ်းဆည်းထားခဲ့ရတဲ့ ဓါတ်ပုံလေးပါပဲ။ ကြာတော့ကြာခဲ့ပြီပေါ့လေ။ ဒါပေမယ့် ကျနော့်အဖို့ တော့မကြာသေးပါဘူး။ မနေ့ တနေ့ ကလို့ ပဲ လန်းဆတ်နေတဲ့ ကဗျာလေးပါပဲ။
ပြန်လည်တူးဖေါ်ခံစားကြည့်တဲ့သဘောပါပဲ။ သီးခံပြီးသာ ဖတ်ကြပေါ့ဗျာ။



(၁)
နံနက်ခင်း
ပြတင်းကို ဖွင့်ရင်
တောင်ကို မြင်ရမယ်။

တောင်ထိပ်မှာ
ဂန္တ၀င်ဆန်တဲ့ မြူခိုးတွေ
တနွဲ့ နွဲ့ ခွေရစ် ရိုမန်းတစ် ကဗျာ။

ကြားရဦးမယ်
မယ်တုက္ခီစမ်းချောင်းထဲက ရေကျသံ
ရဟန်းပျို သမဂ္ဂကုန်းတော်ပေါ်က ကြေးစည်သံ
နံနက်ခင်း
ထမင်းစားရုံဖက်က ၀ါးခေါက်သံ
တော်လှန်ရေး ရေကင်းသံ
ကာရန်စည်းချက် ချစ်မက်ဖွယ်ရာ။

ဒီမှာ
ပင်လုံးညွှတ်ပွင့်တဲ့ ပန်းတပင်
မြင်ရခြင်းမျိုး
နေရကျိုး သေရကျိုးနပ်စွာ
ငါ့ကို သူတို့စွန့့် ခွါသွားခဲ့ကြ။

ဒီမှာ
ငါတို့ ရုံးရှေ့ က
“ဒေါ်အောင်ဆန်းစုကြည် လမ်းကလေး”
လေနုအေးက နော့ဆဲကို။

ဒီမှာ
“အဖြူထဲမှာ အဖြူကိုရှာရ
အနက်ထဲမှာ အနက်ကိုရှာရ”
တခါတရံ ကိုယ့်ကိုယ်ကို ရှာရ
မကြာခဏလဲကျ ပြန်ထ။

ဒီမှာ
ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့
ရာဇ၀င်စံနှုန်း
လက်သစ်တောင်တာ
ယူဇနာဆုံးစေတော့
ယူကြုံးမရ နာကျည်းလက်ခံ
ဖါးစည်သံဟိန်း။

ဒီမှာ
ငါဟာ ကဗျာဆရာတဦးပါ
ခေါင်းရွက်ဗျတ်ထိုး ဈေးသည်မရဲ့ ချစ်သူပါ
အနာဂတံဝါဒီ အိပ်မက်ကုန်စည် ကူးသူပါ
“မောင်သော်က”ရဲ့
မီးခြစ်တဆံနဲ့ အလံတခု ထောင်ခဲ့သူပါ။

(၂)
ဘောနော်လေးရဲ့ ဆည်းဆာအတွက်
အိုမာခရမ်ရဲ့
နှင်းဆီတထောင် ယူဆောင်လာတဲ့ နံနက်ခင်း
ငါ ငြင်းဆန်လိုက်ပြီ မဒေ၀ီ။ ။

(ကရင်အမျိုးသမီးအစည်းအရုံးမဂ္ဂဇင်းမှ ၁၉၉၂-အောက်တိုဘာလ )

ငြိမ်းဝေ


1 comment:

  1. ဒီတောင်ကြီးကိုပြန်တွေ့ရတာနဲ့ ဟိုတုန်းက ဖြတ်သန်းမှုတွေကို ပြန်သတိရသွားတယ်. တကယ်တော့ဒီတောင်ကြီးဟာ ကျနော်တို့အားလုံးရဲ့ အမာခံ ခံစစ်ကြီးတခု အနေနဲ့ မျှော်လင့်ခဲ့ပေမဲ့.... သိတဲ့အတိုင်ပဲ မိတ်ဆွေကရန်သူ ဖြစ်သွားခဲ့လို့ သာပါ။
    နောက်ဆို ဒီတောင်ကြီးရဲ့ ကူညီမူတွေအများကြီးရမှာသေချာတယ်။

    လေးစားစွာဖြင့်

    ကျော်နိုင်

    ReplyDelete