May 01, 2010

မသိန်းရှင်ဆီ ပို့ ပေးပါ


(၁၃)
နောက်ပိုင်းနေ့ရက်များ

“ဘာလိုလိုနဲ့ နော် မိုးတွေတောင် ရွာလာဘီ↔

နောက်ပိုင်းနေ့ရက်များ၌ ညိုညိုသည် ထို စကားစုကို အမှတ်မဲ့ ပြောနေတတ်သည်။
သူသည် သူ့ လက်ကို ရထားပြတင်း အပြင်ဖက်သို့ ဆန့်ထုတ်ထားသည်။ သူ့ လက်ဖဝါးပြင်ပေါ်၌ မိုးပေါက်များ သည် တဖြောက်ဖြောက် ကြွေကျနေ၏။ မိုးစက်များသည် ရထားပြတင်းဘောင်မှတဆင့် သူ့မျက်နှာပေါ်သို့ လွင့် စဉ်နေ သည်။
“ဘယ်တော့များ သူများတို့ အတူ နေကြရမှာလဲ... ဟင်” ဟု သူ့ စိတ်တွင်းမှ မေးနေသံကို ကျနော့် စိတ်အာ ရုံဖြင့် ကြားနေရသည်။
သူ ထိုသို့ တကယ် ဖွင့်ဟမေးလိုက်လျှင် မည်သို့ ဖြေရမည်ကို မသိ။
မှောင်လာလျှင် သူသည် သူ့ လက်တဖက်ကို ကျနော့် လက်ဖဝါးထဲ လာထည့်သည်။
ကျနော်သည် နွေးနေသည့် သူ့ လက်ကလေးကို ဆုပ်ကိုင်နေရင်း.... ဤ ရက်များအတွင်း၌ သူ့ အမေ ကျန်းမာရေး ချို့တဲ့လာနေသည်ကိုလည်း တွေးနေမိ၏။
သူ့ ကုန်များ မကြာမကြာ အဖမ်း ခံနေရသည်ကိုလည်း တွေးမိသည်။

ကိုရွှေယောက်ကြီး ပြထားသည့် အိမ်သာအမိုး၌ အပေါက်ပါသော ရထားတွဲမှာလည်း မြစ်ငယ် တွဲပြင်ရုံသို့ ပို့လိုက်ပြီဖြစ်သဖြင့် ညိုညို့ ထန်းလျက်များကို ခိုးဝှက်တင်ရန် နေရာ မရှိတော့သည်ကိုလည်း တွေးနေမိသည်။
ထွန်းမောင်အပါအဝင် မီးရထားရဲသားအချို့နှင့်မညွန့်ရီတို့ မသင့်တင့်ကြသဖြင့် ခုရက်ပိုင်း၌ တောင် တွင်းကြီး ဘူတာမှ အဖမ်း အဆီးများ ပို၍ထူပြောနေသည်ကိုလည်း တွေးနေမိသည်။

မကြာမီကပင် မီးရထားပေါ်မှ ဆင်းသက် ပျောက်ကွယ်သွားကြသည့် ကိုစိုးမောင်နှင့်မအေးသွယ်တို့ကိုလည်း သတိရနေမိပြန်သည်။
ကိုစိုးမောင်သည် စစ်သားဟောင်းလည်း ဖြစ်၏။ တောခိုရဲဘော်လည်း ဖြစ်ဖူးသည်။ ထောင်လည်း ကျဘူး သည်။
သူသည် စကားပြော ချိုသာသည်။
ထန်းလျက်များကို ကျောက်ပန်းတောင်းအထိ လိုက်မတင်။
အတာစန်းကုန်းမှ ထန်းလျက်များကို တင်သည်။
ထန်လျက်များ တင်ပြီးလျှင် သူသည် ကျနော်ရှိရာ ဂါတ်တွဲပေါ်သို့ တက်လာသည်။

“ညီရေ့ ... ဒီနေ့တော့ ဆယ့်ငါးဘဲ ပါတယ်၊ ညီ ပိုက်ဆံယူအုံးမလား၊ မယူတော့ဘူး မှုတ်လား ညီရာ...”
သူသည် ဆေးတံကိုဖွာရှိုက်ရင်း ပြုံးပြီး ပြောတတ်သည်။
“သုံးကျပ်တော့ ပေးအုံးဗျာ”
“တော်ပလား”
“ထပ်ပေးအုံးမလို့လား”
“တော်ဘီပြောမလားလို့ မေးတာပါကွာ”

သူသည် ရယ်မောရင်း ကျပ်တန်သုံးရွက်ကို ထုတ်ပေးတတ်သည်။
တခါတရံ၌ သူနှင့် ကျနော်သည် စကားကောင်းနေတတ်၏။

“အကိုက ညီ့ကို တကယ့်ညီလေးလို ယုံတယ်” ဟု ပြောတတ်သည်။
သူသည် မအေးသွယ်ကို သူ အတည်တကျ ပေါင်းသင်းချင်သည့် အကြောင်းများလည်း ပြောပြသည်။

“ဟိုတုန်းက အကို့မှာ သမီးတယောက်ရှိဖူးတယ်၊ အကိုထောင်ကျနေတုန်း မိန်းမလဲ နောက်ယောင်္ကျား ယူတာပေါ့၊ အကို့ သမီးလေး ဆုံးသွားတယ်၊ အဲတာ မအေးသွယ့်သမီးလေးကို အကို့ သမီးလို့ ယုံနေတယ်ကွာ၊ စိတ်ဆိုတာ စွဲလန်းမိရာဘဲ၊ တကယ်ကိုယုံနေတာ၊ ခလေးက နှစ်ခါလည်လောက်ရှိသေးတာမှုတ်လား၊ အမှန်တော့ မအေးသွယ်ကိုယ်တိုင်ကကို ဒီခလေးဟာ ဘယ်သူနဲ့ရလိုက်တဲ့ ခလေးမှန်း မသိဘူး၊ ဒါပိုကောင်းတာပေါ့ကွာ၊ ခလေးကလဲ အကို့ကို သူ့အဖေ အရင်းလို့ ယုံမှာ၊ အကို မအေးသွယ်ကို မကြိုက်လှပါဘူး၊ ချစ်တော့ ချစ်တယ်၊ သနားတာလို့ ပြောရမှာပေါ့၊ ဒီ မိန်းကလေးက မိဖမဲ့ မှုတ်လား၊ ဒါကြောင့် အကာအကွယ်မဲ့တဲ့ လူကျော်တန်တား ဖြစ်နေရတာပေါ့၊ အတည်ယူမယ့် ယောကျာ်းရှိရင် တကယ့်တည်တည်တံ့တံ့ မိန်းကလေး နေမှာ၊ သူ့ မျက်လုံးတွေ ကြည့်ပါလား၊ စိတ်ထား ဘယ်လောက်ဖြူစင်တယ်ဆိုတာ၊ ဒါတွေ ထားတော့ကွာ၊ အကိုက မဖြူဥလေးကို အိပ်မက် မက်မက်နေတယ်၊ ဒ်ီခလေးလေးကို ဘာလို့ ဒါလောက် စွဲလန်းနေမိမှန်း မသိပါဘူး”

သူသည် ရထားခုတ်မောင်းသံကို ကျော်လွန်ရန် အော်ပြောနေရသည်။ သူ့ နဖူး၌ ဝဲကျနေသော ဆံပင်များကို သပ်တင်နေရင်း သူ့ မျက်နှာမှာ ကြည်နူးချမ်းမြေ့နေခဲ့သည်။

“အကိုက တကယ်ယူမည်ဆိုတာ သူ မယုံဘူးကွာ၊ လေးငါးခါပြောတော့ အကို့ကို ဖက်ငိုတာ၊ ဒို့ ဒီက ဝေးတဲ့နေရာကိုသွားကြမယ်၊ ဘယ်ကို သွားရမယ်ဆိုတာတော့ တွေးမရသေးဘူး” ဟု သူသည် ရယ်သံဖြင့် ပြောနေတတ်သည်။
သူ၏ အစီစဉ်မှာ ဖြေးဖြေးအေးအေးမှဟု ထင်ခဲ့သည်။ ထို အစီအစဉ်အတိုင်းမှာ စိတ်ချမ်းသာဖွယ်ရာချည်း ဖြစ်လာတော့မည်ဟု တွေးခဲ့ရသည်။
သို့သော် သူသည် အမြန်ဆုံး စီစဉ်ဆုံးဖြတ်ခဲ့ရသည်။

သူတို့ မထွက်ခွါမီ တရက်က အတာစန်းကုန်းဘူတာမှ တက်လာခဲ့ပြီး သူသည် ကျနော့်ကို နှုတ်ဆက်သွား၏။
ထိုနေ့မှာ မိုးဖွဲ့များ စတင်ကျသောနေ့ ဖြစ်သည်ကို ကျနော်သည် မည်သည့်အခါတွင်မှ မေ့နိုင်မည် မဟုတ်ပေ။
အတာစန်းကုန် ဘူတာမှ ရထားထွက်လာခဲ့သောအခါ သူနှင့်ကျနော်သည် ဂါတ်တွဲပက်လက်၏ နောက်ဖက် ဝရံတာ၌ မိုးဖွဲ့ကလေးများကြားတွင် ရပ်လာခဲ့ကြသည်။ သူသည် ထန်းလျက် အကြောင်းလည်းမပြောတော့ပေ။ ကျနော့် ကို ငွေ သုံးကျပ်ပေးလှူရန်လည်း မေ့နေသည်။
မိုးများသည် အရပ်ရှစ်မျက်နှာ၌ ငိုနေသလို ညှို့ဆိုင်းနေသည်။ အပြာရောင်များ ဖုံးလွှမ်းနေသည်။ မိုးစက် မှုန်များသည် ကျနော်တို့ မျက်နှာများ ပေါ်သို့ ကျနေသည်။

“ဒီညဘဲ အကို မအေးသွယ်ကို ယူလိုက်တော့မယ် ညီရာ”

သူသည် ရထားသံကို ကျော်လွန်စေရန် အော်ပြောနေသည်။
သူ့မျက်နှာမှာ မဲပုပ် နေသည်။ သူ့ မေးကျောကြီးများ တင်းလာနေသည်။ မျက်လုံးများ နီရဲ လာနေသည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် သူ့ ဆံပင်များကို သပ်တင်နေသည်။

“မအေးသွယ်ဟာ မိန်းမပျက်ပေါ့၊ ဟုတ်လား၊ ဒါ လူတိုင်းသိပါတယ်၊ သူနဲ့ မအိပ်ဖူးတဲ့ လက်မှတ်စစ်မရှိဘူး၊ မညားဖူးတဲ့ရဲ မရှိဘူး၊ ဂါတ်ဗိုလ် မရှိဘူး၊ ရုံပိုင် မရှိဘူး၊ ကွာ... ပေါ်တာ... ဂျမဒါက အစ၊ ဒါပေမယ့် အကို အတည်အကျယူတော့မယ် ဆိုတာ လူတိုင်းကို ကြော်ငြာပြီးသား၊ ဒီ အချိန်မျိုးမှာ အမဲမဖျက်သင့်တော့ဘူး မှုတ်လား...

“တနေ့က ဟိုကောင်...ဟိုကောင် ဆိုရင် ညီသိပါတယ်၊ ကောင်မလေးကိုထန်းညက်ကော လူကောဖမ်းမယ်လုပ်တယ်ကွာ၊ ကောင်မလေးကလဲ ခု နေတော့ ထောင် မကျချင်တော့ဘူးမှုတ်လား၊ အဲတော့ ခေါ်ရာလိုက်သွားရတယ်၊ မထူးတော့ဘူးလေ၊ ပျဉ်းမနားခေါ်သွားတယ်၊ အဲတာ ဟိုကောင်က သူ့ အပေါင်း အသင်းတွေကို ကောင်မလေးနဲ့ဧည့်ခံတာ၊ လူ လေးဆယ်လောက်၊ ကုန်တွဲပေါ်မှာပေါ့ကွာ၊ ကောင်မလေး သတိလစ်သွားမှ ပစ်ထားခဲ့ကြတာ၊ ခု ကောင်မလေးကို ဆေးကျိတ်ကုနေတယ်....
“ညီ.... အကို လူတွေအများကြီး သတ်ဖူးပါတယ်၊ စစ်တပ်ထဲမှာရော တောထဲမှာရော တာဝန်ပေးလို့ သတ်ဖူး ပါတယ်၊ ခုတော့ လူမသတ်ချင်တော့ဘူး၊ အကို ထောင်ထဲဝင်ရင် ကောင်မလေး ပိုဒုက္ခရောက်မှာပေါ့ကွာ၊ မနက်ဖြန်ကာ ကောင်မလေး အိပ်ရာ ထနိုင်ပါဘီ၊ အကို ဒီနေ့ညဘဲ တရားဝင် လက်ထပ်မယ်၊ မနက်ဖြန်ကာ ခေါ်သွားမယ်၊ ဘယ်ကို သွားရမယ်ဆိုတာတော့ မသိသေးဘူး၊ ဒီက ထွက်သွားဖို့ဘဲ အရေးကြီးတာ၊ အဲတာ ညီ့ ကို အကိုနှုတ်ဆက်တာ”

နောက်ရက်မှစ၍ သူတို့ကို မတွေ့မြင်နိုင်တော့ပေ။
သူတို့ ဘယ်ဆီထွက်ခွါသွားကြပြီကို မည်သူမျှ သိနိုင်ကြမည် မဟုတ်ပေ။
ကျနော့် နားထဲတွင်ကား ကိုစိုးမောင်၏ စကားသံများသည် ပဲ့တင်ရိုက်ခတ်နေရစ်ခဲ့၏။ ထိုစကားလုံးများသည် မအေးသွယ် တယောက်တည်းကို ကွက်၍ ထွန်းညှိပြသည်ကား မဟုတ်။

ညိုညိုသည်လည်း သူတို့လိုပင် ရထားကြီးကို အပြီးတိုင် စွန့်ပယ် ထွက်ခွါသွားရလိမ့်မည် ဟူ၍ကား ကျနော်သည် မတွေးဘူးခဲ့။
စင်စစ်၌ ဤနေ့ရက်များမှာ ညိုညို ရထားပေါ်၌ နောက်ဆုံးလိုက်ပါနေသည့် နေ့များဖြစ်သည်ကို အကယ်၍ ကြိုတင် သိရှိနိုင်ခဲ့လျှင်လည်း အတူသွား အတူနေရစဉ်၌ ဖြစ်ပေါ်ခဲ့ရသည့် ခဏတာ ကြည်နူးမှုကလေးများသည် ရှိနိုင်မည် မဟုတ်တော့ပေ။

ညဦးပိုင်းများ၌ တောင်တွင်းကြီးတွင် ရထား ဆိုက်ရပ်လျှင် ညိုညိုသည် မြင်းလှည်းပေါ်သို့ ထန်းလျက်တောင်းများ တင်ပေးလွှတ်လိုက်ပြီး ကျနော်နှင့်အတူ မိုးရွာကြီးထဲ၌ မြို့ထဲသို့ ခြေလျင်လျှောက်ကြသည်။်
မိုးများ တဝေါဝေါသွန်းချနေစဉ်၌ ကျနော်တို့ နှစ်ယောက်စလုံးသည် လွတ်လပ်ပျော်ရွှင်နေခဲ့ကြ၏။
ကျနော်တို့သည် ရေ ပင်လယ်ဝေနေသည့် လမ်းပေါ်၌ ထီးတလက်တည်း အတူဆောင်းကာ လျှောက် သွားကြ၏။ သူ့ ပခုံးတဖက်နှင့် ကျနော့်ပခုံးတဖက်မှာမိုးရေများနစ်နေသည်။ မိုးရွာသံသည် ဆူညံနေ၏။ အမှောင်ရိပ်များ အုပ်ဆိုင်းနေသည်။
ကျနော်တို့ နံဘေး လမ်းမပေါ်မှ မြင်းလှည်းများဖြတ်မောင်းသွားနေကြသည်။
ကျနော့် စိတ်ထဲ၌ သူနှင့်ကျနော်မှာ ညားစ ဇနီးမောင်နှံလို ထင်နေပြန်သည်။
ကျနော်သည် သူ့ ခါးကိုသိမ်းပွေ့လိုက်၏။ သူသည် ကျနော့်လက်ကို အတင်းဖြုတ်နေ၏။ မရသောအခါ ပေါက်ပြဲ သွားအောင် ဆိတ်ဆွဲလိုက်လေသည်။ ကျနော့် လက်ကို ဖြေလွှတ် လိုက်ရသော်လည်း ကျနော်သည် သူ့ ကို လမ်းလျှောက်နေရင်း နမ်းပစ်လိုက်ပြန်သည်။

“သိပ်ကဲတယ်.... မုန်းစရာ ကောင်းလိုက်တာ”
သူက ပြောလိုက်သည်။
“ချစ်စရာကြီးပါ”
“အမယ်.... ဒီပုံလား ချစ်စရာကြီး”
“သေသေချာချာကြည့်ရင် ချစ်စရာ တွေ့လာမှာပေါ့”

သူသည် ခပ်တိုးတိုးရယ်သည်။ ကျနော့် လက်ကို လိန်ဆွဲလိုက်ပြန်သည်။
သူနှင့် ကျနော်သည် တတ်နိုင်သမျှ အနှေးဆုံး လမ်းလျှောက်နေကြ၏။ ကျနော်မြန်သွားလျှင် သူသည် ကျနော့် လက်ကိုဖမ်းဆွဲထား၏။ မင်္ဂလာလမ်းထိပ် ရောက်လျှင် သူက ရှေ့ဆက်သွားပြီး ကျနော် ထမင်းဆိုင်အတွင်းဝင်နေခဲ့ကာ လမ်းခွဲသွားရလိမ့်မည်။
ထိုအခိုက်အတန့်၌ကား နှစ်ဦးစလုံးပင် လမ်းကို သည်ထက်ပို၍ ရှည်စေချင်ကြသည်။ နှစ်ယောက်စလုံးပင် ကိုစိုးမောင်နှင့် မအေးသွယ်တို့ ခု အချိန်၌ ဘယ်ဆီ ရောက်နေကြမည်ကို တွေးနေမိကြ၏။ ထိုအတွေးကို သူ သည် လည်း ဖြတ်တောက်ပစ်ချင်လာပုံရသည်။

“ပင်းချောင်း ရဲတွေ နယ်ပြောင်းသွားရတာ သူ များတို့ မေတ္တာပို့လို့နေမှာ”

သူသည် စကားကို မဆီမဆိုင်ပြောရင်း ရယ်နေပြန်သည်။ ခုရက်များ၌ ပင်းချောင်းမှ အဖမ်းအဆီးများ လွတ် ကင်းနေပြန်ပြီ။ သို့သော် တောင်တွင်းကြီး၌ကား ပို၍ အဖမ်းအဆီးထူထပ်နေသည်ကို ကျနော်သတိရလာပြန်သည်။ ညိုညိုသည်လည်း ထန်းလျက် တဆယ်ထက်ပို၍ မတင်ဝံ့။ သူ့ အမေ၏ ပန်းနာမှာ ဆေးမဝယ်နိုင်သဖြင့် ပို၍ ဆိုးနေသည်ဟု သင်းသင်းပြောသည်ကို သတိရလာပြန်သည်။
ကျနော်သည် သူ့ အခက်အခဲအတွက် တကြိမ် ထပ်၍ ဖြေရှင်းရန် တွေးလာမိသည်။
ဤနည်းမှာ ခဏတာ လွတ်မြောက်ခွင့် ရသော နည်းဖြစ်သည်။ ကြာရှည် လွတ်မြောက်ခွင့် ရရန်မှာမူ သူ့ မိဖများ၊ ကျနော့် မိဖများကို ပစ်ပယ်ကာ ဇွတ်အိမ်ထောင်ပြုလိုက်ကြရန်၊ သို့မဟုတ် မအေးသွယ်နှင့်ကိုစိုးမောင်တို့လို အားလုးံကို စွန့်ပစ်ထွက်ပြေးကြရန် ဖြစ်သည်။ သူတို့ကား ကျနော်တို့ထက် ပို၍ ကံကောင်းထောက်မပေသည်။
ညိုညို၏ အတွေးများမှာလည်း မအေးသွယ်တို့ထံ ရောက်သွားပြန်သည်။

“ခုနေ မအေးသွယ်တို့ ဘယ်ဆီများ ရောက်နေကြမလဲ မသိဘူးနော်....”

သူက အသံ တိုးတိမ်စွာ ပြောနေသည်။်

“ကိုစိုးမောင်ကြီးက မအေးသွယ့် ခလေးကို သိပ်ချစ်တာဘဲတဲ့၊ သူတို့ ပျော်နေကြမှာဘဲနော်၊ သူတို့ကျတော့လဲ ဘယ်သူမှ မိဖတွေ ငဲ့စရာရှိတာမှ မဟုတ်တာနော်”

သူ့ အသံများမှာ မိုးရွာသွန်းနေသံများ အောက်၌ နစ်မြုပ်သွားနေသည်။
ကျနော်သည် မိုးရေစိုရွှဲနေသော သူ့ လက်ကလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားနေသည်။
ဒို့လဲ ဇွတ်ယူလိုက်ကြမယ်လေ၊ ဘာဖြစ်ဖြစ်ပေါ့၊ ဒီလိုတော့ မင်းမလုပ်ရက်ဖူးမှုတ်လား၊ ဒို့ ဒီလိုချည့်တော့ အမြဲ နေသွားရမှာ မဟုတ်ပါဘူး၊ ညရှိရင် နေ့ရှိတာပေါ့၊ မိုးရွာရင် မိုးတိတ်တာရှိတာပေါ့၊ ဒို့ဟာ ကမ္ဘာခြားနေကြတာမှ မ ဟုတ်ဖဲ၊ ဒီလိုပေါ့ကွယ်၊ နေ့မှာ တယောက်မျက်နှာတယောက်မြင်ရတာ၊ ညကျတော့ မင်းမျက်နှာကို ပြန် တွေးကြည့်မယ်၊ မင်းအသံ ပြန်နားထောင်ကြည့်နေမယ်၊ ခုနေ ကို သာ မိုက်မိုက်ကန်းကန်း ထန်းညက်တွေ လှိမ့်တင် ခိုင်းလိုက်ရင် ငွေတွေ ဖြစ်လာနိုင်တယ်၊ ဒါတော့ မလုပ်ဖူး၊ အန္တရာယ်ကြီးတယ်၊ တနေ့တော့ မြှော်လင့်ချက် ရှိလာမှာ ပေါ့။
ကျနော့် ထိုအတွေးများကို သူ သိနေမည်ဟု ထင်မိပြန်သည်။

နိုင်ဝင်းဆွေ

အပိုင်း(၁၄)သို့ ဆက်လက်ဖတ်ရှုပါရန်...

1 comment:

  1. PDF နဲ့  download လုပ်လို့ ရရင် သိပ်ကောင်းမယ်

    ReplyDelete