May 09, 2010

ရေနဲ့ ငါး


(က)
ရေသိမ်ကလေးပေါ်တွင် သူတစ်ယောက်တည်း ထိုင်နေသည်။
အကာအရံမရှိသဖြင့် ရေသိမ်ကလေးတဝိုက် ကွင်းအနှံ မြင်နေရ၏။ တွဲလောင်းချထားသည့် ခြေထောက် အောက်တွင် မြက်ရိုင်းများထလျက်။ ရေခန်းလျက်ရှိသည့် ရိုးကလေးမှာ ခတ်ဝေးဝေးအရောက်တွင် သောင်ပုရွာ ဖက်သို့ ချိုးကွေ့ လိုက်၏။ ငှက်ပျောတောတန်းထဲ ခေါင်းထိုးပြီးဝင်သွား၏။

ဝါးတံတားတခုက ရိုးအလယ်တွင်ဆောက်ထားသည့် ရေသိမ်ကလေးနှင့် ရိုးထိပ်ကမ်းပါးကို ဆက်သွယ်ထား ၏။ သူက ရေသိမ်ကလေးပေါ်တွင်ထိုင်ရင်း သူ့ စာသင်ကျောင်းကလေးအကြောင်းကို စဉ်းစားသည်။


စာသင်ကျောင်းကလေးမှာ ဆောက်လုပ်ပြီးကာစဖြစ်သည်။ သုံးပင်နှစ်ပင် အဆောက်အဦးဖြစ်သည်။ လက်ခုပ် တဖေါင်အမြင့်ရှိသည်။ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင် ကျောင်းထိုင်ဆရာတော်၏ခွင့်ပြုချက်ဖြင့် ကျောင်း ဝန်းသပ်သပ် ကန့် လျက်။စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းမှာ ခြံစည်းရိုချင်းဆက်သလို ဖြစ်သွားသည်။ စာသင်ကျောင်းကလေးကို တရွာလုံး၏စုပေါင်းငွေဖြင့်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကျောင်းဖွင့်ရက် တစ်လရှိပြီ။ စာသင်သား ၁၈ ယောက်သာရှိသည်။ သို့ သော် သူက အားမငယ်ပါ။ ကျောင်းသားမိဘများထံကတဆင့် ကြားရ သည့်သတင်းအရ နောက်ထပ်ကျောင်းအပ်မည့် ကျောင်းသားမိဘများ ရှိနေသည်ကို သူသိသည်။

လက်ရှိကျောင်းသားများကို သူငယ်တန်းမှ ဒုတိယတန်းအထိ အတန်းခွဲကာ စာသင်ခဲ့ သည်။ ကျောင်းစတက်တက်ချင်း နိုင်ငံတော်သီချင်းဆိုသည်။ သင်္ချာ၊ အင်္ဂလိပ်စာ၊ မြန်မာစာ ဘာသာရပ်သုံးခုကိုသာ စတင်ပြီး သင်သည်။ အခြားဘာသာရပ်များကို လိုအပ်သလို ဆက်လက်သင်သွားရန်ဆုံးဖြတ်ထားသည်။ ကျောင်း သား အရေအတွက်တည်ငြိမ်သည့်အခါကျမှ ဘာသာစုံသင်ရန်စဉ်းစားသည်။ ကျောင်းဖွင့်စရက်ကတည်းက သူက ကာယပညာစုပေါင်းလေ့ကျင့်ခန်းများ နေ့ တိုင်းလုပ်သည်။ ကျောင်းသန့် ရှင်းရေး ကျောင်းဝန်းသန့် ရှင်းရေး နေ့ တိုင်းလုပ်သည်။ အထူးသဖြင့် စုပေါင်းဆောင်ရွက်သည့်အလုပ်များကို ဆက်တိုက်လုပ်သည်။ သံပြိုင် ကဗျာ ရွတ်ဆိုခြင်းကို အချိန်မှန်မှန်လုပ်သည်။ ကျောင်းသားများက စာသင်ချိန်နည်းပြီး အားကစားနှင့် အခြားဖွံ့ ဖြိုးရေး အလုပ်များက အချိန်ပိုလုပ်သဖြင့် အားလုံးလိုလို ပျော်ကြသည်။ ကျောင်းသားအားလုံး တက် တက်ကြွကြွလုပ်ကြသည်။ တလအတွင်း ကျောင်းတက်နေသည့်ကျောင်းသားများနှင့် ရွာထဲက ကျောင်းမနေသေးသည့် ခလေးများ သိသိသာသာ စိတ်ဓါတ်အနေအထား ကွာခြားသွားသည်။
သူက သူ့ ကျောင်းကလေးကို သည့်ထက် ဘယ်လိုတိုးတက်အောင်မြင်အောင် လုပ်ရမည်ကို တွေးသည်။ အားလပ်သည့်အချိန်တိုင်း ရေသိမ်ကလေးပေါ် လာထိုင်သည်။ ရေသိမ်ကလေးပေါ် ထိုင်ရင်းတွေးသည်။ စာဖတ် သည်။ သူ့ ကျောင်းကလေးကို သုံးလအတွင်း အောင်မြင်တက်ကြွသည့် စာသင်ကျောင်းကလေးဖြစ်လာရန် စိတ် ထက်သန်လျက်ရှိသည်။

“ဆရာလေး ဆရာတော်ဘုရားက ခေါ်နေတယ်↔

ဝါးတံတားလေးထိပ် ရိုးပေါ်တွင် ကျောင်းသား “မောင်ကြွက်ကင်↔ ရပ်နေသည်။ ညနေပိုင်း နေရောင် တစေါင်းထိုးထားသဖြင့် မောင်ကြွက်ကင်ကို မီးဆလိုက်ထိုးထားသလိုဖြစ်နေသည်။ အသက် ၁၂ နှစ်အရွယ် ကျောင်းသားတစ်ဦး။အဝတ်အစားများမှာ ဟောင်းနွမ်းလျက်။ ဖိနပ်မပါ။ နီကြောင်ကြောင်ဆံပင်ဗုတ်သိုက်နှင့်။
သူက ဝါးတံတားလေးပေါ်မှတဆင့် ကုန်းပေါ်တက်သည်။ သူနှင့်မောင်ကြွက်ကင်တို့ လှည်း လမ်း ကြောင်းကို ကျော်ကာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင် ဝင်ခဲ့သည်။ သူတို့ နှစ်ဦး ကျောင်းပေါ်ကိုရောက်တော့ ကျောင်း ထိုင်ဆရာတော်၏ရှေ့ ၌ ရွာသား သုံးလေးဦးထိုင်နေသည်ကို တွေ့ ရ၏။ ထိုင်နေသူများက သူ့ ကို မေါ့ကြည့်သည်။

“ဆရာတော်ခေါ်ခိုင်းတယ်ဆိုလို့ ပါဘုရား↔

သူက ထိုင်နေသူများကိုအကဲခတ်ရင်း ဆရာတော်၏ရှေ့ တွင် ဝပ်ပြုခြင်းများပြုပြီးမှ ထိုင်သည်။ မောင်ကြွက် ကင်က ကျောင်းအောက်သို့ ပြန်ဆင်းသွား၏။

“အေး ကျောင်းဆရာကို ပြောစရာကိစ္စရှိလို့ အခေါ်ခိုင်းလိုက်တာပါ၊ ဒါက ကျုပ်တို့ ရွာ သာရေးနာ ရေးအသင်းလူကြီးတွေပဲ၊ သူတို့ က ကျောင်းဆရာနဲ့ စကားပြောချင်တယ်ဆိုလို့ ၊ ကဲ ဒကာကြီးတို့ ပြောစရာ ရှိတာပြောကြ၊ ကျောင်းဆရာကလည်း သူတို့ ပြောတာ သေသေချာချာနားထောင်ပါ↔

ဆရာတော်ရဲ့စကားအသွားအလာကိုခန့် မှန်းပြီး သူ့ စိတ်ထဲ ထင့်သည်။ ဘာတွေပြောကြမှာလဲ။ ဘယ် လိုပြဿနာများ ရှိနေလို့ လဲ။

“အော် ဒီလိုပါ၊ ကျောင်းဆရာက ကျောင်းပေါ်မှာ အခေါင်းတွေတင်ထားတယ်ဆိုတာ ဟုတ်သလား၊ အဲဒါ ကျနော်တို့ သိချင်လို့ ပါ↔

သူ့ မျက်နှာ တချက်ပျက်သလိုဖြစ်သွားသည်။ စိုးရိမ်စိတ်က သိသိသာသာပေါ်လာသည်။ သို့ သော် သူ့ အနေနှင့် အမှန်အတိုင်းမဖြေလို့ တော့မဖြစ်။

“ဟုတ်ကဲ့၊ ခေါင်းနှစ်လုံးတော့ ကျနော် အလှူခံထားတာ ရှိပါတယ် အဲဒါ↔
“ကျုပ်တို့ လာတဲ့ကိစ္စက အဲဒီကိစ္စပဲ၊ စာသင်ကျောင်းပေါ်မှာ ခေါင်းတွေတင်ထားတော့ အခု ကျောင်း သားမိဘတွေက မကျေမနပ်ဖြစ်နေတယ်၊ ကျောင်းသားတယောက်ဆိုရင် ကျောင်းဝင်းထဲမှာ လဲလို့ ဒူးမှာ နည်းနည်း ပဲပွန်းသွားတာ အခုထက်ထိ မထနိုင်သေးဘူး၊ ဒူးခေါင်းတခုလုံး ဝါးပိုးဝါးလောက်ယောင်နေတယ်၊ ကျောင်း မတက်နိုင်တာ သုံးရက်ရှိပြီ၊ ဆရာလေးလည်းသိမှာပါ၊ ရွာ့တောင်က ကိုချစ်အေးရဲ့သား၊ အခု မိဘတွေက သူတို့ သား ဒီလိုဖြစ်တာ ကျောင်းပေါ်မှာ လူသေထည့်တဲ့ခေါင်းတွေ တင်ထားလို့ သူတို့ သား မကောင်းဆိုးဝါးလုပ်ခံရတာဆိုပြီး တော်တော့်ကို စိတ်မကောင်းဖြစ်နေကြတယ်၊ အဲဒါ ဆရာလေးကို ကျုပ်တို့ လာပြောတာပဲ၊ ကျောင်းပေါ်မှာ ခေါင်း တွေဘာလုပ်ဖို့ တင်ထားတာလဲ၊ မထားစေချင်ဘူး၊ ပြီးတော့ ထိခိုက်ထားတဲ့ကျောင်းသားအတွက် နားလည် တဲ့ဆရာတွေနဲ့ ကျောင်းဝန်းထဲမှာ လုပ်စရာရှိတာ လုပ်ပေးပါ၊ ကျုပ်တို့ လာပြောတာ အဲဒီကိစ္စပါပဲ↔

သူ မည်သည့်စကားမျှ ပြန်မပြောနိုင်အောင် စိတ်ထိခိုက်သွားရသည်။
လွန်ခဲ့သည့် ရက် ၂၀ က၊ ရွာထဲက ရှေ့ ဆင့်နောက်ဆင့် အသုဘကိစ္စနှစ်ခုကို သူသွားခဲ့သည်။ လူသေ ထည့်သည့်အခေါင်းများက ကျွန်းသားဖြင့်ခေါင်းစပ်ထားသည်ကို သူတွေ့ သည်။ ထိုခေါင်းများကို မီးမရှို့ ရန်နှင့် ကျောင်း အတွက်လှူပါရန် အသုဘရှင်များထံ အလှူခံသည်။ ညဥ့်နက်သောအခါ ကျောင်းသားကြီး သုံး ယောက် ကိုခေါ်ကာ ခေါင်းများကို ထမ်းယူလာခဲ့သည်။ ကျောင်းတွင် စာသင်ခုံတလုံးမျှမရှိ။ ထို့ ကြောင့် ယင်း ခေါင်းများကိုဖျက်ကာ စာသင်ခုံလုပ်ရန် သူ စဉ်းစားသည်။ သို့ သော် ရုတ်တရက် စာသင်ခုံမလုပ်နိုင်သေး။ ကျောင်း သားမိဘ လက်သမားဆရာတဦးက အလုပ်မအားသေးသဖြင့် ခေါင်းများကို သည်အတိုင်း စာသင်ကျောင်းပေါ် တင်ထားခဲ့ရသည်။

“ကျနော်က အဲဒီခေါင်းတွေကိုဖျက်ပြီး စာသင်ခုံလုပ်ဖို့ အလှူခံထားတာပါ၊ လူကြီးတွေလဲသိတဲ့အတိုင်း ရွာက ကျောင်းဆောက်လိုက်လို့ ငွေတွေတော်တော်ကုန်ထားပြီးပြီ၊ စာသင်ခုံမရှိပဲ ကြမ်းပြင်ပေါ် ဒီအတိုင်းစာသင်ရတာလဲ ရေရှည်မှာ မကောင်းဘူးလေ၊ ဒါကြောင့်မို့ ပါ၊ ပြီးတော့ ကျနော်ထင်တယ်၊ ဒီကိစ္စ ကျောင်းသားမိဘ အတော်များများ သိနေကြမယ်လို့ ကျနော်ထင်ပါတယ်၊ ဘယ်သူက ဘာမှမပြောတော့ ကျနော်က↔
“ဒါကတော့ ကျောင်းသားမိဘတွေက ကျောင်းဆရာကို တိုက်ရိုက်လာပြောရမှာ ခက်နေကြတယ်လေ၊ ဒီလိုကိစ္စမျိုးက ကျောင်းဆရာက နားလည်ရမှာပေါ့၊ခေါင်းတွေတင်ထားတဲ့ကျောင်းပေါ်မှာ ကျောင်းဆရာက တ ယောက်ထဲအိပ်တာဆိုတော့ ရွာက ကျောင်းဆရာကို တမျိုးထင်နေကြတာလဲရှိတယ်လေ၊ ပြီးတော့ နောက် ထပ် ပြောစရာကိစ္စ တခုရှိသေးတယ်↔

သူက ငုံ့ ထားသည့်ခေါင်းကို ပြန်မေါ့သည်။ သာရေးနာရေးအသင်း ဥက္ကဌလုပ်သူ၏မျက်နှာကို စူးစမ်းသလိုကြည့်သည်။

“ဟုတ်လား၊ ဘာများလဲခင်ဗျ၊ ပြောလက်စနဲ့ ပြောသာပြောပါ၊ ကျနော်လည်းပြင်ဆင်သင့်တာပြင်ဆင်၊ ဆင်ခြင်သင့်တာ ဆင်ခြင်ရတာပေါ့↔

ပြောမယ့်သာပြောလိုက်ရပေသည့် သူ့ ရင်ထဲတွင်မတော့ စိတ်ရှုပ်ထွေး ကြေကွဲလာမိသည်။

“ကျုပ်တို့ ရွာမှာ ကျောင်းဆရာလိုပဲ ရွာငှါးကျောင်းဆရာနဲ့ စာသင်လာတာ နှစ်ခါရှိပြီ။ သူတို့ ကတော့ ဒီ ဘုန်းကြီးကျောင်းမကြီးပေါ်မှာပဲ စာသင်ကြရတယ်၊ ကျောင်းဆရာတွေက မမြဲဘူးလေ၊ အောင်လည်းမအောင်မြင်ဘူး၊ ကျောင်းပျက်သွားတာချည့်ပဲ၊ ဒီတုန်းက ကျောင်းစတက်တဲ့အချိန် စာမသင်ခင်မှာ ကျောင်းသားတွေအားလုံး ဘုရားရှိခိုးစာရွတ်ကြရတယ်၊ အခုတော့ ကျောင်းဆရာလက်ထက်ကြတော့ အဲဒီကိစ္စဘာပြုလို့ ဖြုတ်လိုက်တာလဲ၊ ကျုပ်တို့ ကြားတာကတော့ ကျောင်းဆရာက ဘုရားရှိခိုးစာကိုတောင် ပြည့်စုံအောင်မရဘူးဆို၊ ဒါဆိုရင် ခလေးတွေကို စာဘယ်လိုလုပ်ပြီးသင်မလဲ↔

ဆရာတော်ဘုရား၏ကျောင်းမကြီးပေါ်က ပြန်ဆင်းလာတော့ နေအတော် စေါင်းခဲ့ပြီ။ တနာရီကျော်ခန့် မျှ ကျောင်းမကြီးပေါ် သူထိုင်နေခဲ့သည်။ သာရေးနာရေးအသင်းလူကြီးများနှင့် အချိန်တော်တော်ကြာ သူ ဆွေးနွေးခဲ့ သည်။ ခေါင်းများကို သချိင်္ုင်းကုန်းသို့ ပြန်ပို့ ကာ မီးရှို့ ဖျက်ဆီးပစ်ရန် သူ့ ဖက်က သဘောတူသည်။ ကျေးရွာက စာသင်ခုံတချို့ ဖြည့်ဆီးပေးရန် ညှိနှိုင်းဆွေးနွေးဆောင်ရွက်မည်ဟု လူကြီးတွေဖက်က ကတိပေးသည်။ ဒူးတွင်ဒဏ်ရာရထားသောကျောင်းသား၏ မိဘများကိုယ်တိုင် စာသင်ကျောင်းဝန်းအတွင်းလာရောက်လျက် ရိုးရာ ယုံကြည်မှုအရ လိုအပ်သလို ဆောင်ရွက်ရန် သူက သဘောတူလိုက်သည်။ သူကမူ နားလည် တတ် ကျွမ်းခြင်းမရှိသဖြင့် အမှားအယွင်းမဖြစ်စေရန် မိဘများကိုယ်တိုင်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ရသည်။

နေ့ စဉ် စာမသင်ခင် အစေါပိုင်း ဘုရားရှိခိုးစာရွတ်ခြင်းကို ဆောင်ရွက်မည့်အကြောင်း သူက ကတိပေးသည်။ထိုသို့ ကတိပေးနေစဉ် သူ့ ခေါင်းထဲ၌ ဘုရားရှိခိုးစာတတ်သူ ကျောင်းသားကြီးတဦးဦးကို ခေါင်း ဆောင်ထား ရွတ်ဆိုရန်စဉ်းစားထားလိုက်သည်။ အကယ်၍ ဘုရားရှိခိုးစာရသူ ကျောင်းသားကြီးမရှိသေးပါက သူကိုယ်တိုင် ဆရာတော်ဘုရားထံတွင် ဘုရားရှိခိုးစာသင်ယူရွတ်ဆိုရန် ဆုံးဖြတ်နေမိသည်။

နေစေါင်းတော့ စာသင်ကျောင်းကလေးပေါ် သူတက်လာခဲ့သည်။ အိမ်မပြန်ပဲ သူ့ ကိုစေါင့်နေသည့် ကျောင်းသား မောင်ကြွက်ကင်ကို လှေကားရင်းတွင် မျက်နှာငယ်လေးနှင့်ထိုင်နေသည်ကို တွေ့ ရ၏။ သူက မောင်ကြွက်ကင်၏ပခုံးကိုဖိကာ နှစ်သိမ့်သည်။ မည်သို့ ပင်ဖြစ်ပစေ သူကတော့ စိတ်မပျက်နိုင်ပါ။ စာသင် ကျောင်းကလေးပေါ် လှမ်းတက်လာသည့် သူ့ ခြေလှမ်းများက အနည်းငယ်တော့ တုန့် ဆိုင်းအားနည်းနေသည်ကိုမူ သူ့ ကိုယ်သူ သတိပြုမိသည်။ နောက်တနေ့ ညကစပြီး သူနှင့်အတူ ကျောင်းသားတချို့ အတူလာအိပ်ရန် မိဘများထံ အကူအညီတောင်းမည်ဟု သူစဉ်းစားသည်။ မောင်ကြွက်ကင်ကိုတော့ သည်ကနေ့ ညကတည်းက သူနှင့် အတူ အိပ်ဖေါ်ခေါ်ထားရန် ဆုံးဖြတ်လိုက်သည်။

သူသည် လွန်ခဲ့သောတလခန့် ကတည်းက သောင်ပုရွာကလေးဆီရောက်လာခဲ့သည်။ ရွာက စပါးနှင့်ငှါးသည့် ကျောင်းဆရာအဖြစ် အလုပ်လုပ်ရန် ရောက်လာခြင်းဖြစ်သည်။ သူရောက်လာတော့ ရွာက စာသင် ကျောင်းကလေးတခု ဝိုင်းစုပြီးဆောက်သည်။ စာသင်ကျောင်းပိုင်မြေ သပ်သပ်ပိုင်းခြားသတ်မှတ်ပေးသည်။ သူကလည်း ကိုယ်ထူကိုယ်ထစာသင်ကျောင်းအဖြစ်မှ အစိုးရစာသင်ကျောင်းအဆင့်ရောက်ရန် ခွန်တိုက် အားတိုက် ကြိုးစားမည်ဟု ဆုံးဖြတ်သည်။ ဤသို့ ဖြင့် မြို့ ကရောက်လာသော ကျောင်းဆရာ လူငယ်တယောက်၏ စိတ်ကူးယဉ်ပညာရေးလုပ်ငန်းတခု အစပြုခဲ့သည်။

သူက သူ့ ကိုယ်သူ ငါးတကောင်အဖြစ်သဘောထားသည်။ ကျေးရွာလူထုက ရေကန်တခု။ ထိုရေကန်ထဲတွင် သူက ငါးတကောင်အနေနှင့် စတင်ကူးခတ်လို့  တလမပြည့်တပြည့်အချိန်မှာပင် ပြဿနာများနှင့် ရင်ဆိုင် တိုးလာရခြင်းဖြစ်လေသည်။

စာသင်ကျောင်းကလေးပေါ်တွင် မှောင်နေသည်။ သူက အလင်းရောင်ကျန်ရှိနေသေးသည့် ခါးဝက်ခန့် အမြင့် ထရံကာဘေးတွင် သွားရပ်သည်။ ကျောင်းကလေးပေါ်ကတဆင့် သောင်ပုရွာကလေးဆီ လှမ်းကြည့်သည်။ သောင်ပု ရွာကလေးက လယ်ကွက်များခြားလျက် အုန်းပင်သစ်ပင်များကြားတွင်ငြိမ်သက်လျက်။မကြာခင် အမှောင်ထုက သောင်ပုရွာကလေးပေါ် လွှမ်းခြုံလာတော့မည်။ သို့ သော် ယင်းအမှောင်ထုကြီးအတွင်းမှာပင် ကြယ်ရောင်လရောင် များ ရှိနေသေးသည်။ နောက်တနေ့ တွင် သောင်ပုရွာကလေးပေါ် နေရောင်ခြည်များ တဖန်ပြန်လည် ရောက်ရှိလာပေအုံးမည်။

သူက နောက်တနေ့ မနက်တွင် သူ့ စာသင်ကျောင်းကလေးဆီ ဖိနပ်မပါ လမ်းလျောက်လာကြဦးမည့် ကျောင်း သားကလေးများကို စိတ်မှန်းနှင့်တွေးကာ ခွန်အားတွေပြန်လည်ပြည့်ဝ လာနေလေ၏။ ။

ငြိမ်းဝေ
(လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော်က ရွာငှါးကျောင်းဆရာဘဝသို့ ပြန်လည်လွမ်းသလျက်ဖြင့်...)
(ဤဝတ္ထုတိုစာမူမှာ မောက္ခပညာရေးမဂ္ဂဇင်းအတွက် ရေးပေးခဲ့သော စာမူဖြစ်ပါသည်။)

No comments:

Post a Comment