Showing posts with label ကဗျာခံစားမှုဆောင်းပါး. Show all posts
Showing posts with label ကဗျာခံစားမှုဆောင်းပါး. Show all posts

February 14, 2009

ကြိုးကြာဝါတို့ ဘယ်ဆီပျံလေသည်မသိ


၁။
၁၉၇၅- ခုနှစ်၊ ပဲခူး...၊
ကိုစန်းမောင် (ယခု တရားရုံးချုပ်ရှေ့နေ၊ ပဲခူး)နှင့် ကျနော်၊ “ မောင်စီတုန်း”ရဲ့ကဗျာတချို့ကို ဘာ သာပြန်ထုတ်ဝေဖို့ ကြိုးစားခဲ့ကြဖူးတယ်။ ကဗျာအားလုံးကို ဒိုင်ခံဘာသာပြန်သူက ကိုစန်းမောင်ပါ။ ကျနော် က ကဗျာတွေ ဘာသာပြန်ဖို့ နေနေသာသာ၊ ကောင်းကောင်းတောင်မှမဖတ်တတ်ပါဘူး။ ဒါပေမယ့် သူဘာ သာပြန်ပြီးသမျှ ကဗျာတွေကို မူရင်းနဲ့တိုက်ကြည့်ပြီး သူရွှေးချယ်ထားတဲ့စကားလုံးတွေထက်ပိုပြီး ထိရောက် ကောင်းမွန်မယ်ထင်ရတဲ့စကားလုံးတွေကို ကျနော်က ရွှေးပေးရတယ်။ သူနဲ့ကျနော်တိုင်ပင်ပြီးမှ အချောသတ် တယ်။ ဒီတုန်းက စုစောင်းရရှိနိင်သလောက်“မော့်”ကဗျာ(၃၂)ပုဒ်။



ဘာသာပြန်ပြီးသမျှ၊“မော့်”ကဗျာစာမူဖိုင်ကို ကျနော်နဲ့ကိုစန်းမောင်က စိနသံရုံးကိုယူသွားကြတယ်။ သံရုံးကယဉ်ကျေးမူ တာဝန်ခံအမျိုးသမိးနဲ့ တွေ့ရတယ်။ ကျနော်တို့က “မော့်” ကဗျာဘာသာပြန်တွေကို ထုတ်ဝေချင်တဲ့အကြောင်း၊ ဖြစ်နိုင်ရင်သံရုံးက ပိုက်ဆံထုတ်ပေးဖို့၊ အင်္ဂလိပ်လိုက တဆင့် မြန်မာဘာသာပြန်ထားတဲ့ ကဗျာတွေကို မူရင်းတရုတ်ဘာသာနဲ့ ကိုက်ညှိ စီစစ်ပေးဖို့ ဆွေးနွေးကြည့်တယ်။ သူကသံတမန်ပီသပါတယ်။ ပထမအချက်...၊ သံရုံးကပိုက်ဆံထုတ်မ ပေးနိုင်တဲ့အကြောင်း၊ ဒုတိယ... ၊ တရုတ်ပြည်မှာဥက္ကဋ္ဌကြီး“မော်”ရဲ့ကဗျာတွေကို ဗဟိုကော်မတီရဲ့ခွင့် ပြုချက်ရမှသာ ထုတ်ဝေခွင့်ရှိပြီး ဥက္ကဋ္ဌကြီး“မော်”ရဲကဗျာတွေကို သူ့အနေနဲ့စီစစ်ပေးနိုင်စွမ်းမရှိကြောင်း ရှင်းပြပါတယ်။ ဒီတုန်းက သံရုံးသွားတဲ့ကိစ္စ၊ ယဉ်ကျေးမူကောင်စစ်ဝန်နဲ့တွေ့တဲ့ကိစ္စတွေ အာလုံးကို ကဗျာဆရာ “ အောင်ဇင်မင်း”က၊ လိုက်ပို့စီစဉ်ပေးခဲ့တာပါ။ ကျနော်တို့လည်း တပ်ခေါက်ပြန်ခဲ့ရပါတယ်။ သည့်နောက်ပိုင်း မှာတော့ ကျနော်တို့အားလုံး ဟိုလွင့် ဒီလွင့်...။
တခါတရံ ပဲခူးမှာကိုစန်းမောင်နဲ့ပြန်ဆုံတဲ့အခါ “မော့်” ကဗျာ ဘာသာပြန်စာမူတွေကိစ္စမေးကြည့် တယ်။ သူက ဘာသာပြန်စာမူတွေကို ကဗျာဆရာ “မုံရွာအောင်ရှင်”ဆီမှာပေးထားတဲ့အကြောင်း၊ ကိုအောင်ရှင်က ဘာသာပြန်ထားတာတွေ ၀ိုင်းကူပြီ စီစစ်တာမျိုး၊ ထုတ်ဝေသူရှာပေးတာမျိုး၊ လုပ်ပေးနေကြောင်း ပြောပြ ပါတယ်။ နောက်ပိုင်းကြတော့၊ `မော့်´ ကဗျာဘာသာပြန်စာမူတခုလုံး၊ မတော်တဆပျောက်ဆုံးသွားရကြောင် သိခဲ့ရပါတယ်။
၂။
ကျနော့်အသက်(၂၀)၀န်းကျင်က၊ “မော်စီတုန်း”ရဲ့အရိပ်အောက်မှာ အိပ်ပျော်ခဲ့ဖူးတယ်။ အထူးသ ဖြင့် သူ့ရဲ့“ပဋိပက္ခနှင့် လက်တွေ့ကျမ်း” နှစ်စောင်ကိုအာဂုံဆောင်ပြီး အပြင်မှာလက်တွေ့လုပ်ကြည့်တာမျိုးရှိ တယ်။ သူ့ရဲ့“တရုတ်ပြည်လူ့အဖွဲ့အစည်းအတွင်းက လူတန်းစားလက္ခဏာ ခွဲခြမ်းစိတ်ဖြာချက်” စာအုပ်ကို ဖတ်ပြီး ပဲခူးမြို့မှာရိုတဲ့ ကိုယ့်ပတ်ဝန်းက လူတွေကို လူတန်းစားလက္ခဏာသတ်မှတ်တာမျိုး၊“ပေါင်း၊ တွဲ၊ တိုက်” ကိစ္စတွေလုပ်တာပဲ။ ကျနော်တို့က `မော်´ပြောတဲ့ အလုပ်လမ်းညွှန်ဆိုတာကို ဘေးဖယ်ပြီး ပုံစံခွက် ထဲဝင်ထိုင်ခဲ့ကြတာ။ သည့်နောက်ပိုင်းကြတော့ ကိုယ့်ကိုကိုယ်၊ “နိုင်ငံရေးလုပ်မလား၊ စာရေးမလား” ဆိုတဲ့မေးခွန်းကို ပြန်မေးပြန်ဖြေလုပ်ပြိး “ယင်းအန်းစာပေဆွေးနွေးပွဲစာတမ်း”ကိုပဲ မဲ တင်းခဲ့တာ၊ ယဉ်ကျေးမူ တော်လှန်ရေးကာလအထိပဲဆိုပါတော့။ အဲဒီ “ကာလတိုအမှား”ပြီးတဲ့အခါကျမှ အိပ်ပျော်ရာက ကျနော်နိုး လာခဲ့တာပါ။ ကျနော့်ရဲ့ရီနေဆန်းပေါ့။
ဒီလိုဖြစ်လိုက်ပေမယ့်`မော့်´ကဗျာတချို့က ကျနော်နဲ့အတူ ပါလာခဲ့တယ်။ အထူးသဖြင့် သူ့ရဲ့ “နှင်း”ကဗျာ၊ “လီရှူယီသို့ ပြန်စာ”ကဗျာ။ ဒီကဗျာ(၂)ပုဒ်ထဲက၊ “တောင်ကုန်း၊ တောင်ကမူတွေအားလုံး၊ အဖြူရောင်ဖယောင်းဆင်ရုပ်ကလေးများနှယ်သာ” ဆိုတဲ့စာသား၊ “ကျနော့်မှာ ဂုဏ်ယူဖွယ်ပေါ်ပလာပင်ကို ဆုံးရှုံးလိုက်ရပြီး၊ ခင်ဗျားမှာကြတော့ ခင်ဗျားရဲ့မိုးမခပင်ကို ဆုံးရှုံးလိုက်ရ”ဆိုတဲ့ ကဗျာစာသားတွေကို ကျနော် ဘယ်တော့မှ မမေ့ဘူး။ ပထမစာကြောင်းက၊ မြူတွေနှင်းတွေဖုံးနေ တဲ့ အနိမ့်ပိုင်းတောင်ကုန်းတွေကို အလွန်မြင့်တဲ့တောင်ထိပ်ပေါ်ကတဆင့် ဆီးပြီးမြင်ရတဲ့မြင်ကွင်းကို ဖယောင်းဆင်လေးတွေနဲ့ တင်စား ထားတာ။ နောက်စာကြောင်းကတော့`မော်´က သူ့ဇနီးကို “ပေါ်ပလာပင်”၊ သူ့မိတ်ဆွေရဲ့ဇနီးကျတော့ “မိုးမခပင်” နဲ့တင်စားထားတာ။ ဇနီးဆုံးပါးသွားတဲ့ သူ့မိတ်ဆွေအတွက်ရေးတဲ့ ကဗျာပါ။
သူ့ကိုတော်လှန်ရေးစစ်သူကြီးလည်းဖြစ်၊ တရုတ်တွေးခေါ်ရှင်ကြီးလည်းဖြစ်လို့ ၀ိုင်ပြီးအမွှန်းတင်ကြ ရင်းက၊ သူ့ကဗျာတွေကိုလည်းလွန်လွန်ကဲကဲ၊ အကဲဖြတ်တာမျိုးရှိတတ်ပါတယ်။ ကျနော်ကတော့ သူ့ကဗျာ တွေထဲက ကဗျာဓာတ်ရှိတယ်လို့ထင်ရတဲ့ကဗျာတချို့ကိုပဲ ရင်ထဲထည့်ခဲ့မိတာ။ အခုကျနော်နှစ်သက်တဲ့ `မော့်´ကဗျာတပုဒ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

ကြိုးကြာဝါ

ဖြစ်ကိုးစင်းက
မြေပြန့်ကိုဖြတ်၊ ကွေ့ကာဝိုက်ကာစီးဆင်းလာ
အမှောင်ထုက
တောင်နဲ့မြောက်ကန့်လန့်ဖြတ်ပြီး
သိပ်သည်းသထက်သိပ်သည်းလာ၊
မိုးနှင်းမြူတွေအုံ့ဆိုင်း၊ မှုန်မှိုင်းေ၀၀ါး
“လိပ်”နဲ့“မြွေ”က
ဖြစ်မဟာကိုပိတ်ဆို့ထားလိုက်ကြပေါ့။
ကြိုးကြာဝါတို့ ပျံသန်းကြလေပြီ
ဘယ်ဆီပျံလေသလဲဆိုတာ ဘယ်သူများသိပ၊
ဟောဒီ မျှော်စင်တခုပဲ
မကြာခဏအလည်ရောက်လာတတ်တဲ့
ခရီးသည်တွေအတွက် ကျန်နေရစ်ခဲ့။
ငါ...
အရက်ခွက်ကိုမြှောက်
တလိမ့်လိမ့်တက်လာနေတဲ့လှိုင်းတွေဆီ
ကောင်းချီပြုလိုက်တော့
ငါ့ရင်ခုန်သံတွေ
လှိုင်းတွေလေတွေနဲ့အတူ မြင့်တက်လာနေပေါ့။

“လိပ်”နဲ့“မြွေ”ဆိုတာက၊ လိပ်တောင်နဲ့ မြွေတောင်တို့ဖြစ်ပါတယ်။ “မော့်” ကဗျာအများစုထဲမှာ၊ အောင်လံနီ၊ တပ်နီတော်၊ ရန်သူ၊ မြေရှင်၊ သေနတ်၊ အလုပ်သမား၊ လယ်သမား၊ ရဲဘော်ဆိုတဲ့စကားလုံးတွေ မပါတဲ့ကဗျာ ခပ်ရှားရှားပါ။ အဲဒီခပ်ရှားရှားထဲမှာ “ကြိုးကြာဝါ” ကဗျာကတပုဒ် အပါအ၀င်ပေါ့။ ဒီအထဲက “ကြိုးကြာဝါတို့ ပျံသန်းကြလေပြီ၊ ဘယ်ဆီပျံလေသလဲဆိုတာ ဘယ်သူများသိပါ့” ဆိုတဲ့စာသားက ကဗျာဓာတ်၊ ကဗျာမှော်အပြည့်။ တွေးယူမှရတယ်လို့ဆိုရမှာပါ။ ဒါပေမယ့် စေ့စေ့တွေး၊ ရေးရေးပေါ်ဆိုတာလောက်လည်း မခက်လှပါဘူး။ တပုဒ်လုံးခြုံကြည့်ရင် “မော့်”ရဲ့ရောမန္တိကကို ထင်ထင်ရှား ရှားတွေ့ကြရမှာပါ။
ကဗျာရဲ့နောက်ဆုံးအပိုဒ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်က၊ တရှတ်ကဗျာဆရာ “လီပို”ရေးခဲ့ တဲ့ “အရက်ခွက်ကိုမြှောက်ပြီး လမင်းကိုဖိတ်ခေါ်လိုက်ရဲ့”ဆိုတဲ့ရေးဖွဲ့ပုံမျိုး `မော့်´ကလည်း“အရက်ခွက်ကို မြှောက်တလိမ့်လိမ့်တက်လာနေတဲ့လှိုင်းတွေဆီ ကောင်းချီးပြုလိုက်တော့”လို့၊ ရေးတာတွေ့ရတယ် ရင်ခုန်သံနရီချင်း ကိုက်ညီ နေတဲ့ဘောပါပဲ။

“မော်”က မြင်းစီးရင်း၊ မြင်းကုန်းနှီးပေါ်မှာ ကဗျာရေးတယ်။ ကျောက်ဂူထဲက ကျောက်တုံးစားပွဲပေါ် မှာ ကဗျာရေးတယ်။ ရေးပြီးရင်လည်း ပုံနှိပ်ဖော်ပြမယ်ဆိုတာမျိုး၊ သိမ်းဆည်းထားတာမျိုး မရှိတတ်ဘူး။ ရည်ညွန်းဖွဲ့ဆိုသူကို ပေးလိုက်တာမျိုး နီးစပ်ရာပေးလိုက်တာမျိုးပဲရှိတယ်။ ရေးဖွဲ့တဲ့ ပုံသဏ္ဍာန်က တရုတ်ဂန္တ၀င်ကဗျာပုံသဏ္ဍန်ပါ။ သူ့ကဗျာတွေကိုတော်လှန်ရေးကြီးပြီးတဲ့အခါကြမှ သိမ်းဆည်းထားသူတွေဆီ က၊ ကြေညာပြီး ပြန်စုယူရတာလို့ ဆိုတယ်။ အခုအထိတော့ စုစေါင်းရမိသမျှ၊ ကဗျာပုဒ်ရေး(၄၀)ထက် မကျော်သေးပါဘူး။
သေချာတာတခုကတော့၊`မော်´ဟာ စစ်တိုက်ရင်း၊ အတွေးအခေါ်ကိစ္စတွေဖြေရှင်းရင်း စိတ်မောလူ မောရှိတဲ့အခါ သတင်းတချို့ကြာရပြီး စိတ်လက်လှုပ်ရှားရတဲ့အခါ သူ့ရင်ထဲ ဖြိုးခနဲဖျတ်ခနဲ ကဗျာဈာန်လင်း လက်တဲ့ အခိုက်မှာ ကဗျာတွေ ချရေးခဲ့တဲ့သဘောပါပဲ။ ရေးကတည်းက သူ့စိတ်၊ သူ့ခံစားချက်ကို စာရွက်ပေါ်လွှဲချ တင်ထားလိုက်တာကလွဲပြီး စာစောင် မဂ္ဂဇင်းတွေမှာ ပုံနှိပ်ဖော်ပြဖို့အထိ ရည်ရွယ်ခဲ့ဟန် မတူပါဘူး။ ကျနော်တို့ကလည်းသူ့ကဗျာတွေကိုအကဲဖြတ်တဲ့အခါ သူ့ရဲ့ အဲဒီအနေအထားထက်ကျော်ပြီး တော့ အကဲမဖြတ်သင့်ဘူးလို့ဘဲ ယူဆမိပါတယ်။


ငြိမ်းဝေ



May 01, 2008

ဘုရားသခင်စွန့် ခွာသွားတဲ့ မြေကွက်လပ်ပေါ်က ဘုရားသခင်ဖန်ဆင်းတဲ့ ပိတ်ဆုံးလူ

(က)

ကျနော်
သူ့ ကို ကိုယ်ချင်းစာမိတယ်။
သူ့ ကဗျာကို ဖတ်တဲ့အခါ တကယ့်ကို သူ့ ကို ကိုယ်ချင်းစာမိတယ်။
တကယ်တော့
သူ့ ကဗျာကို စဖတ်မိတဲ့ အချိန်အထိ
ပြီးတော့
နောက်ထပ်သုံးလေးခေါက်
သူ့ ကဗျာကို ဖတ်မိတဲ့အချိန်အထိ
ကိုယ့်ကိုကိုယ် ကိုယ်ချင်းစာနေမိတာ
သတိမထားမိဘူး။
အခု
သူ့ ကဗျာကိုဖတ်ပြီး
ကိုယ့်ကိုကိုယ် ကိုယ်ချင်းစာတဲ့စိတ်နဲ့
ဒီစာကို ရေးတာ။
(ခ)
၁၀.၃.၂၀၀၇.နေစွဲနဲ့၊ ခေတ်ပြိုင်ဝက်ဘ်ဆိုဒ်မဂ္ဂဇင်းမှာ “ယောဟန်အောင“် ရဲ့ “ ဒီနေရာကို ဘုရားသခင် စွန့်သွားတာ ကြာခဲ့ ပြီးပေါ့ “ကဗျာကိုဖတ်ရတယ်။ ကဗျာထဲမှာ ကဗျာဆရာကိုယ်တိုင် ၀န်ခံထားတဲ့အတိုင်း အကြောင်းအရာတွေကတော့ တကယ်ကို “ရောသမမွှေ“ ပါပဲ။

ဟိုအကြောင်းပြောလိုက်၊ ဒီအကြောင်းပြောလိုက်။ အဲသလို အထွေထွေရောမွှေထားတာကိုယ်၌က၊ ကဗျာတပိုဒ် ရဲ့ ဗဟိုချက်မဲ့မှုကို ပုံဖော်ချင်တဲ့သဘောများလား။ ဒါမှမဟုတ် မျဉ်းဖြောင့်သဘောပြောတာကို ရှောင်ချင်တာလား။ ဒါမှမဟုတ် ဗဟု သုတ၊ ဗဟုစာဂ၊ ဗဟုသမဂ္ဂဖြစ်အောင်ပြောဖို့  ကြိုးစားတာလား။ တပိုဒ်ချင်းကို တပုဒ်ထဲမှာ ကြိုးတချောင်းဖြစ်အောင်ကြစ်ပြီး၊ အဲဒီ ကြိုးကိုပဲ “ခေတ်တခေတ်“ ရဲ့  “တရားလိုပြသက်သေခံပစ္စည်း“ ဖြစ်အောင်ကြိုးစားတာများလား။ ဒါဟာ “ဒီနေရာကို ဘုရားသခင် စွန့် သွားတာ အတော်ကြာခဲ့ပြီပေါ့ “ ကဗျာကို ကျနော် “ဖျင်“ ကြည့်မိရာက ကျနော့်အယူအဆနဲ့ကျနော် ဆွဲချက်ချကြည့်လိုက် တာပါ။ ဒီနေရာမှာ ဒီကဗျာအကြောင်းဆက်ပြီးမပြောခင် ( ဒီကဗျာအကြောင်းပြောတဲ့အခါ အထောက်အကူဖြစ်မယ်လို့ ယူဆတဲ့ အတွက် ) သူ့ ကဗျာတွေနဲ့ကျနော်၊ စတင်ထိတွေ့ ခွင့်ရခဲ့တဲ့ “အစ“ ကိုပြန်ကောက်ကြည့်ချင်တယ်။
၁၉၉၃-ခုနှစ်ထဲမှာ “ယောဟန်အောင်“ ရဲ့ ကဗျာတွေကို ကျနော်စတင်ပြီး ဖတ်ရပါတယ်။ ဒီတုန်းက သူ “သီး“နေတဲ့ အသီး တွေက တကယ့်ကို “ချိုပြင်း“ တွေပါပဲ။ ဥပမာ……..“အလွမ်း“ဆိုတဲ့ကဗျာ။ကိုယ့်ဘ၀ကလည်း ချိုပြင်းသီးတွေ သီးချနေတဲ့ အချိန်ဆိုတော့ သူနဲ့  ကျနော် မယ်လိုဒီညှိလို့ ရခဲ့တာပေါ့။ ကျနော်က “ ဒေါ်အောင်ဆန်းစုကြည်လမ်း “ ကလေးထဲမှာ နေခဲ့ရတဲ့ အချိန်၊ သူက “သေလောထစခန်း“မှာနေခဲ့ပါတယ်။ ကျနော် မျှောချလိုက်လို့  သောင်းရင်းမြစ်ထဲ မျောသွားတဲ့ “သက်ပြင်း“တွေဟာ၊
သံလွင်မြစ်ထဲမျောပါလာတဲ့ “ယောဟန်အောင်“ ရဲ့ “သက်ပြင်း“ တွေ နဲ့ မြစ်ဆုံမှာ ဆုံခဲ့ကြဖူးတာပဲ။ ဒီတုန်းက ၂၀၀၆-ခုနှစ်ကြ မှရေးတဲ့ သူ့ ကဗျာတပုဒ်ထဲက အတိုင်း သူက တကယ့်ကို ဂျေ-ဒီ-အက်စ်-အမ် ဟုန်းဟုန်းလောင်နေတဲ့သူ။ ဆရာ ဒဂုန်တာရာ ရဲ့  “ရန်သူကိုမိတ်ဆွေဖြစ်အောင် လုပ်လို့ ရတယ်“ ဆိုတဲ့ “ပန်းချီကား“ ဟာ၊ “ဆေးစပ်မှား“ နေတယ်ဆိုပြီးတောင်မှ စိတ်အချဉ် ပေါက်ခဲ့သူ။
ဒိနောက်ပိုင်း (၁၀)နှစ်ကျော်ကာလမှာ သူ့ ကဗျာတွေကို ကျနော်မဖတ်ခဲ့ရပါဘူး။ ဒါမှမဟုတ် သူ့ ကဗျာတွေကို ဘယ်စာ မျက်နှာပေါ်ကိုမှ သူကိုယ်တိုင် မတင်ပဲထားခဲ့တာလားဆိုတာ ကျနော်မသဲကွဲပါဘူး။ ဒါပေမယ့် သက္ကရာဇ် ၂၀၀၀ ကျော်ကာမှ၊ ဥရောပမဲဇာမှာ သောင်တင်ရင်း ရေးလိုက်တဲ့ သူ့ ရဲ့ ကဗျာတပုဒ်ထဲမှာတော့ တုန်တုန်ခိုက်ခိုက်ဖြစ်နေတဲ့ သူ့ ရဲ့ ပုဂ္ဂလရောမန္တိက ကိုတွေ့ လိုက်ရပါတယ်။ အဲဒီကဗျာထဲမှာ “မီလန်ခိုလီ“ ဆန်တဲ့စကားလုံးတွေကို ကျနော်တွေ့ ရပါတယ်။ တခါ ၂၀၀၀၆-ခုနှစ်ထဲမှာ သူ့ ကဗျာတပုဒ်ကို ကျနော်ဖတ်ရပြန်တယ်။ ကဗျာရဲ့ အမည်က “အကြမ်းဖက်သမား“။ ဒီလိုနဲ့ ၂၀၀၇၊ မေ၊ ၁၀-မှာ၊ သူ့ ရဲ့ “ဒီနေရာ
ကို ဘုရားသခင်စွန့် သွားတာကြာခဲ့ပြီပေါ့ “ ကဗျာကို ခေတ်ပြိုင်ဝက်ဘ်ဆိုဒ် မဂ္ဂဇင်းမှာ ကျနော်ဖတ်ရပါတယ်။
(ဂ)
“ ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပြီပေါ့ “ ကဗျာမှာ ကဗျာပိုဒ်(၆)ခု ရှိပါတယ်။ ကဗျာပိုဒ်တပိုဒ်ချင်းစီကို “
ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့ “ဆိုတဲ့“ပါဒ“ နဲ့ချည်းပဲ ထပ်ကာထပ်ကာအစပြုပြီး ရေးပါတယ်။ သီချင်း တပုဒ်ရဲ့  Choures သဘောပေါ့။ ဒါကတော့ ၁၉၇၀ ၀န်းကျင်းတ၀ိုက်ကတည်းက ခေတ်ပေါ်ကဗျာဆရာတချို့  တခါတရံအသုံး ပြုလေ့ရှိတဲ့ အတတ်ပညာတခုပါပဲ။ ညွှန်ချင်ညွှန်းချင်တဲ့ အကြောင်းအရာအပေါ် ကဗျာဖတ်သူတွေပိုပြီး အာရုံကိုင်းညွှတ်နိုင်ဖို့  ကြိုးစားတဲ့သဘောပါပဲ။
ဒီကဗျာရဲ့ အထူးခြားဆုံး “အတတ်ပညာ“ ကိစ္စကတော့၊ ပုံမှန်ကာရန်ယူတဲ့စနစ်၊ စာစကားစနစ်နဲ့ စကားလုံးအရေအတွက် သတ်မှတ်ချက်စနစ်ဆိုတဲ့ အဟောင်း(၃)ရပ်ကို ဖေါင်ဖျက်ထားတဲ့ ကိစ္စပါပဲ။ အာရုံခံစားမှုကလည်း ခေတ်ပြိုင်ဖြစ်တယ်။ ဒါကြောင့်မို့  ဒီကဗျာကို ဆရာ“မောင်သာနိုး“ဆီ ပို့ လိုက်ရင် အမူးအမော်ပြေစေမှာကတော့ သေချာတာပေါ့။

ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
အဲဒီအချိန်ကစလို့ 
တောမီးတွေလောင်၊ တောင်ယာတွေအဖျက်ခံရတယ်။
မိုးခေါင်ရေရှားတယ်။
ဂရုတစိုက်ထားတဲ့ စပါးပင်တွေပိုးကျတယ်။
ရေကြီးတယ်၊ မုန်တိုင်းကျတယ်။
အလေ့ကျပေါက်တဲ့ ကြက်ဆူပင်တွေစိုက်ရတယ်။
လူလူချင်းသတ်ကြ၊ ကျွန်ပြုကြ၊ လူက လူကိုရောင်းစားကြ။
ငတ်မွတ်ခေါင်းပါး
ဖျားနာ၊ ရောဂါနဲ့  ကာလနာတိုက်တယ်။
သေတာလည်း မနည်းဘူး။

ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
အဲဒီနေရာကစလို့ 
စစ်တွေတိုက်ကြတယ်။
ကျိုင်းကောင်အုပ်ကျတယ်။ ကြွက်ကျတယ်။
ခြစားတယ်။ လာဘ်စားတယ်။ ဘာလုပ်လုပ်ငွေတောင်းတယ်။
ဈေးတွေတိုးပြီးရောင်းတယ်။ လူကောင်းတွေ ရှားလာတယ်။
တယောက် တယောက်ကို ရန်လိုမျက်လုံးနဲ့ ကြည့်တယ်။
တချို့ က ကိုယ့်အမျိုးတွေအတွက်ပဲကြည့်ပြီး၊ အချို့ က ကိုယ့်အမျိုးကိုတောင် မကြည့်နိုင်၊
ကိုယ့်အသိဥာဏ်ကို ကိုယ်သစ္စာဖောက်တယ်။
ရိုက်နေတဲ့လူကို ဒူးထေါက်လျှာနဲ့ လျက်တယ်။

ဒီကဗျာနှစ်ပိုဒ်မှာ လူတွေရဲ့ အကျင့်သီလအခြေအနေနဲ့ လူတွေကြောင့်ဖြစ်ရတဲ့ အနိဌာရုံကို ရေးတာပါပဲ။ နှစ်ပိုဒ်တပိုဒ်သဘောပါပဲ။

ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
သူက ဘယ်သူပိုင်တယ် မသတ်မှတ်သွားတော့ ခက်နေတယ်။
မြစ်တွေနဲ့ ၊ သစ်တောတွေရောင်းစားတယ်။
ရေနံတွေ၊ ဂက်စ်တွေ နက်နက်တူးတယ်။
သေနတ်ကိုင်ပြီး နိုင်ငံရေးပြောတယ်။
ပိုက်ဆံကိုင်ပြီး လူထုတရားဟောတယ်။
ဘာသာရေးစွဲပြီး အကြမ်းဖက်တယ်။
အရှက်နည်းလာတယ်။
လူလိမ်တွေပေါလာတယ်။
သမရိုးကျ ဗိုလ်ကျမှုတွေဖြစ်လာတယ်။

ဒီကဗျာပိုဒ်မှာကြတော့ လူတွေရဲ့ အကျင့်သီလအခြေအနေကိုပဲ မဲတင်းပြီးရေးတာဖြစ်ပေမယ့် သဘာဝပတ်ဝန်းကျင် ကိစ္စ ပါလာတာကိုလည်းတွေ့ ရ။

ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
ချဲထိုးတာရယ် ဘောလုံးပွဲလောင်းတာကိုက
သမာအာဇီဝ၊ အလေ့အထဖြစ်လာတယ်။
ဗေဒင်ဆရာနဲ့  ပျောက်စေမှော်တွေ ပေါလာတယ်။
အမေတွေက အကြမ်းဖက်သမားတွေ မွေးတယ်။
ဗုံးတွေ ခဏခဏကွဲတယ်။
အရေးပေါ်ဥသြတွေ ခဏခဏကြားရတယ်။
အေအိုင်ဒီအက်စ် ကူးတယ်။
ဂလိုဘယ်ဝမ်းမင်း ဖြစ်တယ်။

ဒီကဗျာပိုဒ်မှာကြတော့ လူတွေရဲ့ အကျင့်သီလအခြေအနေအပြင် သဘာဝပတ်ဝန်းကျင်ကိစ္စအတိအလင်း ပါလာခဲ့ပြီ။ ဒါလည်း လူတွေရဲ့ အကျင့်သီလအကျိုးဆက်သဘောရေးတာ။ (ဂလိုဘယ်.၀မ်းမင်း….ဆိုတာ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးလို့  ကမ္ဘာကြီးပူနွေးလာတာသက်သက်ကိုပဲ ရည်ညွှန်းပြီးရေးလိုက်တာ ဟုတ်မှဟုတ်ပါလေစ…။) ပြီးတော့ “အမေတွေက အကြမ်းဖက် သမားတွေကို မွေးတယ်“တဲ့။ ၂၀၀၆-ခုနှစ်ထဲတုန်းကရေးတဲ့ “အကြမ်းဖက်သမား“ကဗျာရဲ့ “လှိုင်း“တလုံးက၊ ကျနော့်ရင်ထဲ ဒေါင့် ဖြတ်ဝင်တိုးလိုက်ပါတယ်။

ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
ပြီးတော့မှ သူတို့ ပြန်ရောက်လာတယ်။
လက်ကိုင်ကွန်ပျူတာပါတယ်။
ငှက်ဖျားကာကွယ်ဆေးနဲ့ 
လက်သန့် စင်တဲ့ ဟန်းဒ် ဆန်နီတိုက်ဇာ--နဲ့ 
ဘုရားသခင်ကိုယ်စား ပြန်ရောက်လာတယ်။
(ဂြိုလ်တုဖုန်းနဲ့  ဖိုးဝှီးကားပါလာတယ်။)
အပြာရောင်အလံထောင်လာတယ်။

ဒီကဗျာပိုဒ်မှာ ကျိုင်းကောင်အုပ်တွေကျတဲ့နေရာ၊ ယင်ကောင်တွေရှိတဲ့နေရာ၊ ကပ်ဆိုက်တဲ့နေရာတွေဆီ ရောက်လာကြ သူတွေကိုဖွဲ့ တယ်။ ကျနော်ကတော့ လက်ကိုင်ကွန်ပျူတာ၊ ဂြိုလ်တုဖုံး၊ ဖိုးဝှီးကားတွေကိုကျော်ပြီး ကြည့်နိုင်ဖို့ ကြိုးစားရတာပေါ့။

ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
ကပ်တွေ၊ စစ်ပွဲတွေနဲ့ ၊ ဒုက္ခသည်စခန်းတွေကြားမှာ

ဒီကဗျာဟာလည်း
ကမောက်ကမ ရှေ့ နောက်မညီ
ရောသမမွှေ ဖြစ်နေပြီ။

ဒါလည်း ဘာဆန်းသလဲ။
ဘုရားသခင်က
သူ့ ကဗျာ ၀ိဥာဉ်ကိုပါ နှုတ်သွားတာကိုး။

ကဗျာပိုဒ် (၆) ပိုဒ်။ကဗျာဆရာဟာ သူပြောပြချင်တဲ့ သူ့ စေတနာကို အခုလို တပိုဒ်ပြီးတပိုဒ် ထပ်ကာထပ်ကာ ပြောခြင်းအားဖြင့် သူ့ စေတနာကို ပိုပြီးလေးနက်သထက် လေးနက်စေခဲ့တယ်။သံတချောင်းကို တူနဲ့ ထပ်ကာထပ်ကာ ထုရိုက်သလို ကဗျာဖက်သူရဲ့ ရင်ထဲ စူးဝင်သွားစေတယ်။ သူမြင် တာကို First person အနေနဲ့ အကုန်ပြောတဲ့သဘော။ ကျနော့်နှလုံးသားထဲမှာ အပြည့်ရသွားတယ်။
ဒီကဗျာထဲက သူ့ အမြင်၊ သူ့ “အတ္တ“ဟာ ကျနော့် “အတ္တ“ နဲ့ “ထမ်းပိုးတမ်း“ ဖြစ်တယ်။ လူအတော်များများရဲ့ “အတ္တ“နဲ့  လည်း “ထမ်းပိုးတမ်း“ ဖြစ်တယ်။ ကျနော်တို့ တတွေ သူနဲ့ အတူ ခြံစည်းရိုးကြက်ဆူပင် စိုက်ရတယ်။ လူက လူကိုရောင်းစားတဲ့ သတင်းကိုနားထောင်တယ်။ အဖျက်ဆီးခံခဲ့ရတဲ့ တောင်ယာထဲက ညှော်နံ့ ကို ရှူမိတယ်။ခြစားဖူးတယ်။ လာဘ်ကျွေးဖူးတယ်။ လ္ဘက်ရည်ဆိုင်ထဲမှာ ဟိုဖက်စားပွဲမှာထိုင်နေတဲ့လူတယောက်နဲ့ ရန်လိုတဲ့အကြည့်ကြည့်ဖူးတယ်။ ကိုယ့်အသိဥာဏ်ကို သစ္စာဖေါက် ဖို့  အကြိမ်ကြိမ်ကြိုးစားရတာပဲ။ ရိုက်နေတဲ့လူရဲ့  ခြေသလုံးဆီက “အိုင်အိုဒင်းဓါတ်“ ကို လျှာပေါ်မှာခံစားဖူးတယ်။ အမေတွေက အကြမ်း ဖက်သမားတွေ မွေးထုတ်တာ အားပေးဖူးတယ်။ “ဂလိုဘယ်ဝမ်းမင်း“ ကိုဖတ်ပြီး ကြောစိမ့်ဖူးတယ်။ အပြာရောင်အလံထောင် ထားတဲ့ ကားနောက်က ဖုံလုံးထဲမှာ ဒရွပ်ဆွဲငိုကျွေးရင်း လိုက်ခဲ့ဖူးတယ်။
ဒါတွေကိုတွေး၊ ဒါတွေကို ချိပ်ဆက်၊ ဒါတွေကိုပြန်လည်နေရာချထား၊ ဒါတွေကို နောက်တလှမ်းခွါပြီး ကြည့်တော့ ကိုယ့်ဘ၀ နဲ့ကိုယ်နဲ့ က ရှင်းသလိုလို ထွေးသလိုလို။ ကိုယ့်ဘ၀နဲ့ကိုယ်နဲ့က ကျဉ်းသလိုလို ချောင်သလိုလို။ ဒီနေရာမှာ လေးထောင့်၊ ဟိုနေရာ မှာ အ၀ိုင်း။ ကိုယ့်အပေါ်ကို မော့ကြည့်တော့ ပိရမစ်။ ဘေးကိုကြည့်တော့ “ဟော်ရစ်ဇွန်တယ်“ ဖြစ်။ ဒီလိုခံစားရလို့  အမြင်အာရုံကို “ဖိုးကပ်စ်“ပြတ်အောင်ဖြတ်တော့ ကျနော်က “သူ“ဖြစ်။ သူက ကျနော်ဖြစ်။ “ဖိုးကပ်စ်“က ပြတ်အောင်ကိုဖြတ်လို့ မရနိုင်ခဲ့ဘူး။

ဒီကဗျာမှာ ကဗျာဆရာဟာ တခြားလူတွေအကြောင်းပြောနေတာလား။ သူ့ အကြောင်းသူပြောနေတာလား။ ဒီအထဲမှာ ကျနော့်အဖြစ် ကျနော့်အကြောင်းတွေလည်းပါနေတယ်။ဒါဆိုရင် သူနဲ့ ကျနော်က လူနှစ်ယောက်လား။ တယောက်ထဲလား။ တစိတ်နှစ်ကိုယ်လား။ သူကတခြားလူနဲ့ တူပြီး ကျနော်က သူနဲ့ တူနေတာလား။ ကဗျာဖတ်ရင်းက သူနဲ့ ကျနော် ပူးတုံခွာတုံ။ နွေးတုံ အေးတုံ။ ဘာတခုမှ အသေစွဲလို့ မရ။သူ့ ကဗျာကိုဖတ်ရင်း ကျနော်ဟာ တခါတရံမှာ “ကတ္တား“ဖြစ်လိုက်၊ “ကံ“ဖြစ်လိုက် …။ ဒါလည်း မသဲကွဲချင်ဘူး။ ကျနော်ကတော့ “ကတ္တား“ဖြစ်ချင်တယ်။ ဒါပေမယ့်….။
(ဃ)
“သူ“လို့ ထင်ရတဲ့ “ကျနော့်“ကို
သူ့ ကဗျာထဲမှာ ကျနော်တွေ့ နေရတယ်။
သူဟာ
မြေကွက်လပ်တခုပေါ်မှာ ရပ်နေတယ်။
သူက အဲဒီမြေကွက်လပ်ကို လပ်ညှိုးထိုးပြီး
“ ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပြီပေါ့ “လို့ ကြေကြေကွဲကွဲ အော်လိုက်တယ်။
သူ့ ရဲ့ “အော်သံ“က “အက်ဗတ်မွန့် ခ်“ရဲ့ “အော်သံ“နဲ့ မျိုးစိပ်ချင်းတူတယ်။
ဒီအသံကို ကျနော်ကြားတော့
“ဂျက်ဟစ်ကင်း“ ရဲ့ ဝတ္ထုခေါင်းစဉ်တခု
“ဘုရားသခင် ဖန်ဆင်းတဲ့ ပိတ်ဆုံးလူ“ဆိုတာကို သွားပြီးသတိရတယ်။
ဒါနဲ့ပဲ
ဖြတ်ကနဲသတိတချက် လင်းလက်တဲ့အခိုက်
ကိုယ့်ကိုကိုယ်ပြန်ကြည့်မိတယ်..။
မြေကွက်လပ်ပေါ်မှာ လူတယောက်။
အဲဒီလူဟာဖြင့် “ဘုရားသခင် ဖန်ဆင်းတဲ့ ပိတ်ဆုံးလူ တယောက်“
မြေကွက်လပ်ပေါ်မှာ ရပ်နေလေရဲ့ ။ ။

(ဒီကဗျာခံစားမှုဆောင်းပါးက ဧရာဝတီအွန်လိုင်းမှာမောင်သစ်ဦးကလောင်အမည်နဲ့ တင်ခဲ့တဲ့ ဆောင်းပါးပါ။ ကာယကံရှင် ကဗျာဆရာ ယောဟန်အောင်ကလည်းသူ့ဘလော့ဘ်မှာ ဒီဆောင်းပါးကို တင်ခဲ့ပြီးဖြစ်ပါတယ်။)

လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို ဒီနေရာမှာ စုဝေးကြ

ငါ့မြေးရေ…။
လွန်ခဲ့တဲ့တပါတ်က ငါ့မြေးဆီကို ဘဘ စာတစေါင်ရေးလိုက်ပါသေးတယ်။ အဲဒီစာထဲမှာ ငါ့မြေးရဲ့ တောင်းဆိုချက်အရ ‘ ကဗျာတပုဒ် ’ အကြောင်း ဘဘ စာရေးပြီးပြောခဲ့တယ်။ အခုလည်း ငါ့မြေးကို ကဗျာတပုဒ်အကြောင်းထပ်ပြီး ပြောပြချင် သေးတယ်။ ကဗျာအကြောင်း ကြားချင်သိချင်ပါတယ်ဆိုတဲ့ ငါ့မြေးရဲ့ ဆန္ဒပြည့်ဝနိုင်မယ်လို့ တော့ ဘဘမျှော်လင့်ပါတယ်။
ငါ့မြေးရေ…။
ထုံးစံအတိုင်း ကဗျာလေးအကြောင်းမပြောခင် ကဗျာလေးနဲ့ နွယ်နေတဲ့ အကြောင်းအရာတချို့ကိုတော့ နိဒါန်းပျိုးတဲ့ အနေနဲ့  ဘဘ ကြိုပြီးပြောပြချင်သေးတယ်။

ငါ့မြေးတို့ ဘဘတို့ ရဲ့  ပုဂ္ဂလဘ၀မှာ၊ ထူးခြားတဲ့ “ နေ့  ” တွေရှိတတ်ကြပါတယ်။ ဆိုပါတော့ ဘဘမှာဆိုရင် ငယ်စဉ်တုန်း က မူလတန်းကျောင်းကနေ၊ အလယ်တန်းကျောင်းကိုပြောင်းပြီး ကျောင်းစတက်ရတဲ့နေ့ လိုနေ့ မျိုးပေါ့။ အဲဒီနေ့က ဘဘတို့ နေတဲ့ စလင်းမြို့ လေးမှာ မိုးရိပ်မိုးယေါင် အုံ့ အုံ့ ပြပြလေး ဖြစ်နေခဲ့တယ်လေ။ ဘဘဟာ စာအုပ်တချို့ ထည့်ထားတဲ့လွယ်အိပ်ကိုလွယ်ပြီး ဘဘအဖေရဲ့ နောက်က လမ်းလျှောက်ပြီးလိုက်ခဲ့တယ်။ ကျောင်းသားသစ်တွေ လက်ခံစာရင်းသွင်းတဲ့ စားပွဲတလုံးဘေးက ဆရာ တယောက်ဆီကို လမ်းလျှောက်သွားနေတဲ့အချိန်၊ ကျောင်းသားတချို့ က ဘဘတို့ ကိုလှမ်းကြည့်နေကြတယ်လေ။ ဘဘရဲ့  ညာဖက်လက်ဟာ လွယ်အိပ်ထဲကို နှိုက်ထားတယ်။ အဲဒီလွယ်အိပ်ထဲကို နှိုက်ထားတဲ့လက်ထဲမှာ ဘာကိုဆုပ်ကိုင်လာသလဲ ဆိုတော့ “ ပိုင်းလော့ ” ဖေါင်တိန်ကလေးတချောင်းကို ကြစ်ကြစ်ပါအောင်ဆုပ်ထားခဲ့တာပေါ့။ ဒီဖေါင်တိန်လေးဟာ ၊ မူလတန်းအောင်လို့ အလယ်တန်းကျောင်းကို ပြောင်းရတော့မယ့် ဘဘအတွက်၊ ဘဘရဲ့ အဖေက ၀ယ်ပေးခဲ့တဲ့ဖေါင်တိန် ကလေးပေါ့။ ငါ့မြေးရေ…။ အဲဒီနေ့ ကို ဘဘအခုထက်ထိ မမေ့နိုင်ဘူး။ ဘဘရဲ့ ပုဂ္ဂလဘ၀မှာ အဲဒီနေ့ ဟာ တကယ့်ကို အရေးပါ တဲ့နေ့  ။ ဘဘရဲ့ ခလေးဘ၀ ကို နိဂုံးချုပ်ပြီး လူငယ်ဘ၀ကို စတင်ကူးပြောင်းလိုက်တဲ့နေ့ အဖြစ် ဘဘ ဘယ်တော့မှ မေ့လို့  မရတဲ့နေ့ တနေ့ ဖြစ်ခဲ့တာပေါ့။
ဒီတခါ ဘဘရဲ့ စာထဲမှာ ပြောပြမယ့်ကဗျာရဲ့ ခေါင်းစဉ်ကလည်း “ ဒီနေ့ ဟာ အစဖြစ်တယ် ” တဲ့။ ဒီကဗျာလေးရဲ့ ခေါင်စဉ် ကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ ပထမဦးဆုံး ပေါ်လာတဲ့အတွေးကတော့ ဘဘရဲ့ ပုဂ္ဂလဘ၀ထဲက၊ နေ့ တချို့ ကို ချက်ချင်းဆိုသလို သတိရသွားတော့တယ်။ ဘဘမှာ ငယ်စဉ်တုန်းက အလယ်တန်းကျောင်းစတက်တဲ့နေ့ လို ထူးခြားတဲ့ ဘ၀သစ်တခုအစပြုတဲ့နေ့  တွေရှိခဲ့တာပဲ။ ဒီလို ဘ၀သစ်တခု အစပြုတဲ့နေ့ မျိုးဆိုတာ ဘဘမှာရယ်လို့ မဟုတ်ပါဘူး၊ ငါ့မြေးမှာလည်း ရှိပါလိမ့်မယ်။ တခြားလူတွေမှာလည်း ရှိပါလိမ့်မယ်။ ဒါက ပုဂ္ဂလဘ၀ရဲ့ ဘ၀သစ်စတင်တဲ့နေ့ ။ တခါ လူမျိုးတမျို့းနိုင်ငံတခုရဲ့  သမိုင်းသစ် စတင်တဲ့နေတွေကော...၊ မရှိနိုင်တော့ဘူးတဲ့လား။ ဘယ်မရှိပဲ နေပါ့မလဲကွယ်။ ၁၉၄၈-ခု၊ ဇန္န၀ါရီလ (၄) ရက် နေ့ ဟာ၊ ဘဘတို့  နိုင်ငံတပါး ကျွန်ဘ၀ကလွတ်မြောက်ပြီး လွတ်လပ်တဲ့လူမျိုးအနေ့ နဲ့ သမိုင်းသစ်စတင်တဲ့နေ့  မဟုတ်ပေဘူးလား ။ ဒီလိုနေ့ မျိုးဟာ ဘဘတို့ နိုင်ငံ၊ ဘဘတို့ လူမျိုးရဲ့ တကယ့်ကို မေ့ပျောက်လို့ မရတဲ့၊ မေ့ပျောက်မထားသင့်တဲ့ သမိုင်းသစ်တခု အစပြုတဲ့နေ့  ပေပဲပေါ့။ ကဲပါလေ…။ ကဗျာလေးကိုမပြောခင်…၊ ဘဘလည်း နိဒါန်းစကားတွေ တော်တော်ပြောလိုက်မိတယ်။ ကဲ-- ကဗျာလေးဆီ စပြီး သွားလိုက်ကြရအောင်…။

ဒီနေ့ ဟာ အစဖြစ်တယ်

ပင်လယ်ကိုဖြတ်လာတဲ့ မိုးနံ့ ပါတဲ့လေလို
မြို့ ကြီးထဲ
ငါတို့ ဝင်ရောက်ကြပါစို့ ။

နေရောင်ဟာ
အုန်းလက်ကိုင်းဖျားနဲ့  အိမ်အမိုးစွန်းကို ဖြတ်ပြီး
ခပ်စောင်းစောင်းကျနေမယ်။

သစ်ပင်တွေဟာ
ရေစိုလို့ -သူတို့  အမွေးအတောင်တွေကိုဖြန့် ပြီး
ကနေတဲ့ ဒေါင်းပျိုတွေလို
အစိမ်းရောင် ပွပွ၊ လှလှကြီးဖြစ်နေမယ်။
အိမ်ရှေ့ လမ်းမပေါ်မှာ မော်တော်ကားတွေဟာ
ကြိုတင်တိုင်ပင်ထားကြသလိုပဲ
ဝး၀၀ နာရီမှာ
ဟွန်းတွေ တစ်ပြိုင်နက်ထဲတီးလိုက်ကြပေါ့။

ငါ့မြေးရေ…။
“ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာထဲမှာ၊ ကဗျာပိုဒ် (၁၆)ပိုဒ်ပါတယ်။ အခု ဘဘက ပထမအပိုဒ် (၃)ပိုဒ်ကိုပဲ စပြော လိုက်တာပါ။ ဒီအပိုဒ် (၃)ပိုဒ်မှာ ထူးခြားတဲ့ အချက် (၂)ချက်ရှိတယ်။ ‘ ကနေတဲ့ ဒေါင်းပျိုတွေ ’ ဆိုတဲ့ စကားစုနဲ့ ၊ “ ကားတွေက တပြိုင်နက်ထဲ တီးကြပေါ့ ” ဆိုတဲ့ စကားစုပါပဲ။ ဒါဟာ အောင်မြင်မူကို ထေါပနာပြုတဲ့ စကားစုတွေဖြစ်နေတယ်။ “ ကနေတဲ့ ဒေါင်းပျိုတွေ ” တဲ့။ “ အမွေးအတောင်တွေချပြီး ငိုင်နေတဲ့ ဒေါင်းအိုတွေ ” မဟုတ်ဘူးနော်။ ပြီးတော့ ကားတွေက တအံ့တသြ ၀မ်းသာအားရ၊ တက်တက်ကြွကြွဖြစ်လို့  ဟွန်းတွေကို တပြိုင်နက်ထဲ တီးလိုက်ကြတာ။ လမ်းဖယ်ပေးဖို့  တယေါက်တပေါက် ဟွန်းထတီးနေကြတာမျိုး မဟုတ်ဘူး။ ကဲ-ဆက်ပြီးသွားကြရအောင်…။

ဒါဟာ အစပဲ
အရာအားလုံး
အစက ပြန်စမယ့် အစပဲ။

လေပြည်ညှင်းဟာ
အရပ်မျက်နှာအသီးသီးက
တစ်လှည့်ပြီးတစ်လှည့် တိုက်နေမယ်။

ငါတို့ ဟာ
လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို
ဒီနေရာကို
စုဝေးရောက်ရှိလာကြမယ်။

သမိုင်းဝင်ဓါတ်ပုံထဲက
မျက်နှာမျိုးတွေနဲ့ 
အားလုံးဟာ
တည်ကြည်ခန့် ငြားကြလို့ ပေါ့။

မြို့ အနှံ့ က ခေါင်းလောင်းတွေဟာ
အနှစ်နှစ် အလလ ဆွံ့ အနေခဲ့တဲ့ သူတို့ အသံ
သူတို့ ပြန်ရပြီမို့ 
ဝမ်းသာမဆုံးဖြစ်လို့ 
( အပြုံးမျက်နှာတွေဟာ
ပြန်ပြီးတည်လို့ မရတော့သလို့ မျိုး )

ကန်ရေပြင်ဟာ
သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်။

လက်ခုပ်သံတွေဟာ
တိကျတယ်။
အပိုအလိုမရှိဘူး။
ရုပ်ရှင်မရိုက်ဘူး။
ဇာတ်တိုက်မထားဘူး။

တာထွက်တော့မယ့်
အားမာန်တွေဟာ
အချက်ပေးသံကို စောင့်နေကြပြီ။

ငါ့မြေးရေ…။
ဒီကဗျာပိုဒ်တွေကြတော့ အရာအားလုံးအစပြုမယ့်၊ အစကနေ ပြန်စမယ့်နေ့ ကို ထပ်ကာတလဲလဲ ပုံဖေါ်ဖို့ ကြိုးစားထားတာ တွေ့ ရတယ်။ ဥပမာ…လူတွေစုဝေးရောက်ရှိလာကြတာ၊ လူတွေရဲ့ မျက်နှာထား ။ တချိန်လုံးတိတ်ဆိတ်နေခဲ့ရတဲ့ တမြို့ လုံးက ခေါင်းလောင်းတွေက အသံတွေတပြိုင်နက်ထဲ ပြန်ထွက် ပြန်မြည်လာကြတာ…။
ဒီနေရာမှာ အဲသလိုထူးခြားတဲ့နေ့ နဲ့ ပါတ်သတ်ပြီး ဘဘကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားတခုအကြောင်း ကြားညှပ်ပြီဲး ပြော ချင်သေးတယ်။ ဇာတ်ကားရဲ့ နာမည်ကိုတော့ ဘဘမမှတ်မိတော့ဘူးကွဲ့ ။ ဒီဇာတ်ကားထဲမှာ အာဂျင်တီးနားနိုင်ငံ၊ သမတကြီးရဲ့  ဇနီးဟာ နာမကျန်းဖြစ်လို့  သေငယ်ဇောနဲ့ မျောနေတဲ့အချိန်မှာ အာဂျင်တီးနားနိုင်ငံရဲ့ မြို့ တော် “ ဗျူနိုးဟေရီးစ် ” တမြို့ လုံးမှာရှိတဲ့ မြို့ သူမြို့ သားတွေဟာ၊ သူတို့ ချစ်ခင်လေးစားရတဲ့ သမ္မတကတော်ရဲ့  နာရေးသတင်းကို အားလုံးငြိမ်သက်ပြီး စေါင့်ပြီး နား ထောင်နေကြတဲ့ အချိန်၊ မြို့ ကြီးတမြို့ လုံးတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်၊ သမ္မတကတော် သေဆုံးသွားပြီဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ “ ဗျူနိုးအေရီးစ် ” တမြို့ လုံးမှာရှိတဲ့ ဘုရားကျောင်းခေါင်းလောင်းတွေဟာ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့  တပြိုင်နက် ထဲ တီးကြ၊ ထိုးကြတော့တယ် ငါ့မြေး ။ ဘဘမှာဖြင့် အဲဒီဇာတ်ကားထဲက ခေါင်းလောင်းသံတွေကို ဒီကဗျာဖတ်ရင်းက ပြန်ပြီးသတိရ မိတယ်။ မြင်ယောင်မိတယ်။ ဒါပေမယ့်၊ ဒီကဗျာထဲမှာပါတဲ့ ခေါင်းလောင်းတွေကြတော့ အောင်မြင် မှုအတွက်၊ အောင်ပွဲခံမှုရဲ့  သင်္ကေတအဖြစ်၊ သမိုင်းသစ်တခု အစပြုတဲ့နေ့ ကို အသိအမှတ်ပြု ၊ ဂုဏ်တင်တဲ့သဘော တပြိုင်နက်ထဲ တီးလိုက်တာပါ။
ကဲ- နေက်ထပ်ကဗျာပိုဒ်တွေကို ဆက်ပြီးဖတ်ကြရအောင်…။

ကျားတွေဖြတ်ဖို့ 
တောမှာ
လမ်းခင်းထားရိုးမရှိဘူး။
ချောင်းတွေ့ ရင်
ခုန်ကျော်သွားဖို့ ပဲ
ချောင်းကျယ်ရင်
ဖောင်ဖွဲ့ မယ်။

ဒီကဗျာတပိုဒ်ထဲကတော့ အရာအားလုံးအစပြုမယ့် ‘ နေ့  ’ ကို ဂုဏ်တင်တဲ့နေ့  မဟုတ်ဘူးငါ့မြေး..။ အဲသလို အရာအားလုံး အစပြုနိုင်မယ့် “ နေ့ ” ပေါ်ပေါက်လာဖို့ အတွက် ဘယ်လိုရုန်းကန်တိုက်ပွဲဝင်ခဲ့ရသလဲဆိုတဲ့ ‘ အတိတ်ကာလ ’ ကိုပြန်လည်တူးဖေါ် ပြတာပဲ ဖြစ်တယ်။
ဘဘတို့ မှာလည်း ဒီလိုပါပဲ။ ဘဘရဲ့ မူလတန်းအောင်လို့  အလယ်တန်းကျောင်းသားဘ၀ကို ကူးပြောင်းရောက်ရှိတဲ့ “ နေ့ ” ကိုရောက်ဖို့ ၊ ဘဘဟာ စာတွေအများကြီး ကျက်ခဲ့ရတာပဲ။ သူများတကာထက် ဥာဏ်ထိုင်းသူဖြစ်တာနဲ့  စာကို တခြားသူ တွေထက် ပိုပြီးကြီးစားခဲ့ရတာပဲ။ အဲဒီ မူလတန်းနေက်ဆုံးနှစ်၊ စတုတ္ထတန်းမှာ ဘဘဟာ နေ့ မအိပ်ညမအိပ် စာကျက်ခဲ့ရလို့  ကျန်းမာရေးတောင်မှ ချို့ တဲ့ခဲ့ရတယ်။ တကယ်တော့ ဘဘရဲ့ ပုဂ္ဂလဘ၀မှာ၊ မူလတန်းကျောင်းသားဘ၀ကို ပြည်ဖုံးကားချပြီး
အလယ်တန်းကျောင်းသားဘ၀ကို အစပြုတဲ့ “ နေ့ ” ကိုရောက်ဖို့ ၊ ဘာတခုမှ အလွယ်တကူနဲ့ ကျော်ဖြတ်ခဲ့တာမဟုတ်ဘူး။ စာတွေဘယ်လောက်ပဲ ခက်ခက်၊ ငါ..မရ ရအောင် ကျက်မယ်ဆိုတဲ့ ဇွဲသတ္တိနဲ့ ဘဘဟာ၊ မူလတန်းကျောင်းသားဘ၀ကို နိဂုံးချုပ်ခဲ့ ရတာ။ အလယ်တန်းကျောင်းသားဘ၀ အစပြုတဲ့ “ နေ့ ” ကို သိမ်းပိုက်နိုင်ခဲ့တာ။
ကဲ…၊ ကျန်တဲ့ ကဗျာပိုဒ်တွေဆီ ဆက်ကြဦးစို့ …ငါ့မြေး ။

ဒီနေ့ ဟာ “ အစ ” ဖြစ်တယ်။
အရာအားလုံး
အစကပြန်စမယ့် “ အစ ” ဖြစ်တယ်။

ဒီနေ့ ဟာ
ကမ္ဘာပေါ်မှာ
အလှဆုံးနေ့ တွေထဲက တစ်နေ့ ဖြစ်တယ်။
ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
` မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။

အခု ဘဘဖေါ်ပြခဲ့တဲ့ ကဗျာပိုဒ်တွေကတော့ အရာအားလုံး အစက ပြန်စမယ့် “ နေ့ ” ရဲ့ “ လေးနက်မြင့်မားလှတဲ့ ဂုဏ်ရည်” ကို၊ ထပ်ကာတလဲလဲ ဖေါ်ပြသွားခဲ့တာ ငါ့မြေးတွေ့ဲရလိမ့်မယ်။ ဒါပေမယ့် “ ဒဿန ” အားဖြင့် သာမာန်ထက် အများကြီး ပိုပြီး နက်နက်တူးမှ ဖေါ်ယူလို့ ရနိုင်တဲ့ ကဗျာပိုဒ်တွေလည်း ပါနေတယ်။ အဲဒါကတော့

ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
` မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။

ငါ့မြေးရေ…။ ဒီကဗျာပိုဒ်တွေကိုတော့ ဘဘ သိပ်ပြီးရှင်းမပြချင်ဘူး ငါ့မြေး ။ ဘဘရဲ့ အရည်အချင်းလောက်နဲ့ လည်း ရှင်းပြတဲ့အခါ ဒီကဗျာပိုဒ်တွေရဲ့ ဆိုလိုရင်းကို မှီအောင်ရှင်းပြနိုင်မယ် မထင်ဘူး။ မူရင်း အဓိပ္ပါယ်ရဲ့ အနီးတ၀ိုက်လောက်အထိပဲ ဘဘ ရှင်းပြချင်တယ်။ ရှင်းပြနိုင်မယ်။ တကယ့်ကို လက်တဆုံး နှိုက်ယူမှ ရမယ့် ကဗျာ့ပရိယါယ်တွေပါပဲ။ အဲ…ငါ့မြေးရဲ့ လက်တံ ကတော့ ရှည်မှဖြစ်မှာပေါ့လေ။ ဒါပေမယ့် ဒီကဗျာပိုဒ်တွေကို ခံစားသိရှိနိုင်ဖို့ အထောက်အကူဖြစ်မယ်လို့  ယူဆရတဲ့စကား တချို့  ကိုတော့ ဘဘ ဖြည့်ပြောလိုက်ဦးမယ်။
ဘဘတို့ ရဲ့  ဒီမိုကရေစီခေါင်းဆောင် “ ဒေါ်အောင်ဆန်းစုကြည် ” က ပြောဖူးတယ် ငါ့မြေး ။ သူပြောတဲ့စကားကို တလုံး မကျန် ခရေစေ့တွင်းကျတော့ ဘဘ မမှတ်မိပေမယ့်၊ ဆိုလိုရင်း အဓိပ္ပါယ်ကိုတော့ ဘဘမှတ်မိတယ်။ အဲဒါကတော့ “ တိုင်းပြည် ကောင်းစားတိုးတက်အောင် ငါတို့ က လုပ်ခွင့်ရမယ်ဆိုရင် အောင်မြင်ပါစေသားတဲ့၊ ပြီးတော့ သူတို့ က တိုင်းပြည်ကောင်းစားတိုး တက်အောင် ဆောင်ရွက်ခွင့်ရမယ်ဆိုရင် ပိုပြီးအောင်မြင်ပါစေသား…” တဲ့။
ငါ့မြေးရေ…။ အဲဒီစာသား ၊ အဲဒီစကားကို ကြားရတဲ့အချိန်တုန်းက၊ ဘဘဖြင့်တကိုယ်လုံး ကြက်သီးမွေးညှင်းတွေထပြီး ကျေနပ်အားရဖြစ်လိုက်မိတယ်။ ဒါဟာဖြင့် တကယ့်ကို “ မွန်မြတ်ကြီးကျယ်တဲ့ မေတ္တာတရား ” ကို အခြေခံတဲ့ “ စကား ” တွေပဲ။ ကဗျာဆရာပြောချင်တဲ့ “ မေတ္တာအောင်မြင်တဲ့နေ့ ၊ မေတ္တာစတင်တဲ့နေ့  ” ဆိုတဲ့ စာသားထဲက “ မေတ္တာ” ဆိုတဲ့ “ အဲသလို မေတ္တာ” မျိုးကိုပြောတာပဲပေါ့။ ပြီးတော့ တဆက်ထဲဆိုသလိုပဲ ၊ “ ဒေါ်အောင်ဆန်းစုကြည် ” ပြောဖူးတဲ့ စကားတခွန်း။ “ ဒိုင်ယာလော့ လုပ်ရင် ဘယ်သူမှ မနိုင်ဘူး၊ ဘယ်သူမှ မရှုံးဘူး ” တဲ့။ ဒါလည်း ကဗျာထဲက “ ဒီနေ့ ဟာ စစ်နိုင်သူမရှိဘူး၊ စစ်ရှုံးသူမရှိဘူး ” ဆိုတဲ့စာသားနဲ့  တထပ်ထဲ ကျမနေပေဘူးလား။
ငါ့မြေးရေ…။ “ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာကို ဘဘရှင်းပြခဲ့တာ တော်တော်လေးလည်းရှည်ခဲ့ပြီ။ ကဲ--- နောက်ဆုံးတပိုဒ်ဆီ ဆက်ကြရဦးမယ်။

ဒီနေ့ အကြောင်း
ကဗျာတပုဒ်ရေးရပေလိမ့်မယ်။
ဒီနေ့ အကြောင်း
ကဗျာတပုဒ်မရေးခဲ့ဘူးဆိုရင်
ငါဟာ
ဘာမှမရေးခဲ့တဲ့ လူတစ်ယောက်နဲ့ 
ဘာထူးဦးတော့မလဲ။

ကိုင်း…။ ကဗျာဆရာကတော့ ၊ နောက်ဆုံးကဗျာပိုဒ်မှာ သူရဲ့ ရပ်တည်ချက်ကိုပါ ထည့်သွင်းရေးဖွဲ့ ပြလိုက်ပြီ။ တကယ် တော့ ကဗျာဆရာဟာ ဒီကဗျာထဲက တချို့ စာသားတွေအတိုင်း “ လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို ဒီနေရာကို စုဝေး ရောက်ရှိကြတဲ့သူ ” တွေထဲမှာ သူလဲပါဝင်ရမယ်တဲ့။ သူဟာ အဲသလိုနေ့ ၊ အဲဒီနေရာကို သမိုင်းဝင်ဓါတ်ပုံထဲက မျက်နှာမျိုးနဲ့  တည်ကြည်ခန့် ငြားနေပါလိမ့်မယ်လို့  ဖွင့်ဟ၀န်ခံလိုက်ပြီ ဆိုပါတော့ ငါ့မြေး ။ ဒါကတော့ တိုင်းပြည်ကောင်းစားစေချင်တဲ့ ၊ ကောင်းစားအောင် ဖန်တီးနိုင်တဲ့ “ နေ့  ” အတွက် စာပေသမားတွေ ဘယ်လိုရပ်တည်သင့်သလဲ ဆိုတာကို ထည့်ပြောသွားတဲ့ သဘောပါပဲ။
ကဲ…။ ဘဘရဲ့ စာကလည်း ရှည်လျားလွန်းပြီ။ ငါ့မြေးလည်း “ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာအတိုင်း၊ ပုဂ္ဂလ ဘ၀သစ် အစပြုတဲ့နေ့ ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ဘ၀သစ်စတင်တဲ့နေ့ တွေကို ကိုယ်တိုင်ပါဝင် စိုက်ထူနိုင်တဲ့သူ ဖြစ်အောင် ကြိုးစားသင့်တယ်လို့  ဘဘအကြံပြုလိုက်ပါတယ်။ ။


ကိုးကား။ ။ မောင်တင်သစ်ရဲ့ “ ဒီနေ့ ဟာ အစဖြစ်တယ် ” ကဗျာ
စံပယ်ဖြူ ၊ ဧပြီ ၊ ၂၀၀၇

April 03, 2008

မုန်တိုင်းကြို လေပြေညှင်း

(က)
လွန်ခဲ့တဲ့ ၂၀၀၅ - ခုနှစ်၊ ထိုင်းနိုင်ငံ “ ဇင်းမယ်မြို့ ” မှာ ပြုလုပ်တဲ့၊ မြန်မာ့သတင်းသမားများ ညီလာခံ ( BMC ) မှာ၊ မြန်မာ နိုင်ငံရဲ့  ၀ါရင့်သတင်းစာ ဆရာကြီးတဦးက မြန်မာကဗျာဆရာများနဲ့ ပါတ်သက်ပြီး၊ သူ့ ရဲ့ ပုဂ္ဂလ သဘောထားအမြင်ကို ပွင့်ပွင့် လင်းလင်းပဲ ပြောဆိုခဲ့ပါတယ်။
“ ၁၉၈၈ - ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံမှာ မြန်မာကဗျာဆရာတွေ တယောက်မှ မပါခဲ့ဘူး၊ သည့်နောက် ပိုင်း ဒီမိုကရေစီကြိုးပမ်းနေကြတဲ့ အလုပ်တွေမှာလည်း ကဗျာဆရာတွေ မပါပါဘူး ” လို့ …ပြောခဲ့ပါတယ်။



ကိုယ့်သဘောထား၊ ကိုယ့်အမြင်ကို အခုလို ပွင့်ပွင့်လင်းလင်းပြောခဲ့တာနဲ့ ပါတ်သက်ပြီး ပုဂ္ဂလ အခွင့်အရေးတခုဖြစ်တာမို့  ကျနော့်အနေနဲ့ ကတော့ ကန့် ကွက်ရန်အကြောင်းမရှိပါဘူး။ ဒါကတော့ ဘယ်သူမဆို မိမိရဲ့ အယူအဆကို လွတ်လပ်စွာ ပြောဆိုခွင့်ရှိရမယ်ဆိုတဲ့ “ လူသားတိုင်းရဲ့ မူလအခွင့်အရေး ” ကိစ္စ ဖြစ်တာမို့ ၊ ဒီလိုပြောဆိုလာတာကိုတောင်မှ ကျနော်တို့ အဖို့  “ မူ ” အားဖြင့် ကြိုဆိုကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုလိုပြောဆို လာတဲ့ သဘောထားအမြင်ပေါ်မှာလည်း၊ ကျနော်တို့  အနေနဲ့  ကျနော်တို့ ရဲ့  တုံ့ ပြန်အမြင်၊ တုံ့ ပြန်သဘောထားကို တင်ပြသင့်တယ်၊ တင်ပြခွင့် ရှိတယ်လို့ လည်း မြင်မိပါတယ်။ အတိုချုပ်ပြီး ပြောရရင်တော့ “ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ၊ သည့်နောက်ပိုင်း ဒီမိုကရေစီ ကြိုးပမ်းဆောင်ရွက်မှုတွေမှာ မြန်မာကဗျာဆရာတွေ တယောက်မှ မပါဘူး ” ဆိုတဲ့ အမြင်ဟာ မှားပါတယ်။ မြန်မာကဗျာဆရာတွေဟာ၊ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ အင်တိုက်အားတိုက် ပါခဲ့ကြပါတယ်။ သည့်နောက်ပိုင်း ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေမှာလည်း ပါဝင်လျက်ရှိ နေကြပါတယ်။ ဒါကို နောင်အလျဉ်းသင့်တဲ့အခါ ထပ်ပြီး သက်သေသာဓကများနဲ့  ကျနော် ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။ အခု - ဒီဆောင်းပါးမှာတော့ “ မြန်မာကဗျာဆရာတွေဟာ ရှစ်လေးလုံးအရေးတော် ပုံနဲ့  သည့်နောက်ပိုင်း ဒီမိုကရေစီရေးကြိုးပမ်းမှုတွေမှာ ပါဝင်ခဲ့၊ ပါဝင်နေရုံတင် မကပါဘူး။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး မဖြစ်ပွားမှီကတည်းက၊ အဲဒီအရေးတော်ပုံ မုန်တိုင်း ကြီး ဖြစ်ပွားလာစေဖို့ အတွက်၊ အစပျိုးတဲ့ လေပြေညှင်းများအဖြစ်နဲ့  ပါဝင်ပါတ်သက်ခဲ့ကြတယ် ” ဆိုတဲ့ အချက်ကို ကျနော် ဆွေးနွေးမှာဖြစ်ပါတယ်။

(ခ)
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ မုန်တိုင်းကြီးဟာ၊ ရုတ်တရက် ချက်ချင်းထပြီး ပေါ်ပေါက်လာခဲ့တာ မဟုတ်ပါဘူး။ အဲဒီ အရေးတော်ပုံကြီး ဖြစ်လာဖို့  အကြောင်းအချက်တွေ၊ တွန်းအားတွေ၊ စုစည်းမှုတွေ ရှိခဲ့လုပ်ခဲ့ကြရပါတယ်။ ဒီလို တွန်းအား တွေ၊ စုစည်းမှုတွေထဲမှာ မြန်မာကဗျာဆရာတွေဟာ၊ တခန်းတကဏ္ဍက ပါဝင်ခဲ့တာ တွေ့ ရပါတယ်။ သက်သေပြနိုင်ဖို့ အတွက် စစ်တမ်းကောက်ယူ ရမယ်ဆိုရင် မုန်တိုင်းကြို မြန်မာကဗျာတွေ ရာထောင်ချီပြီးတောင်မှ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီကနေ့ မှာတော့ ကျနော်က ကဗျာနှစ်ပုဒ်ကိုပဲ ရွေးထုတ်ပြီး သက်သေပြမှာ ဖြစ်ပါတယ်။

ဆိုနေကျသီချင်း

(၁)
လျှောက်နေကျ လမ်းတခုပါပဲ
ဆန်းလဲ မဆန်းကျယ်လှ
နှုတ်တက်ရ တေးတစ်ပုဒ်သာပ။

(၂)
စက်ရုံတံခါးဖွင့်ဖို့  သူတို့ လိုပဲ ငါလာခဲ့
မြို့ တော်ရဲ့  သည်မှာဘက်ကိုလေ
ထမင်းဘူးလေးကို ပိုက်လို့ 
နေလုံးက အိပ်မှုန်စုံမွှား
အရှေ့ ဖျားမှာ တွားတက်စ။
အမှိုက်သိမ်းသမားရဲ့ 
တွန်းလှည်းသံ တဂျိမ်းဂျိမ်းမှာ
မြို့ တော်လမ်းမကြီးဟာ အညောင်းဆန့် ရင်း
ခေတ်ပေါ်သီချင်းနဲ့  ခင်းကျင်းပြီးစ
ခွေးခြေလှလှ လက်ဖက်ရည်ဆိုင်က
မနက်ခင်း စားသောက်စရာတွေက
အငွေ့ ထောင်းထောင်း ထလို့ ။
ဘတ်စ်ကားမှတ်တိုင် မှီရပ်
ပါးစပ်ဟဟ သမ်းဝေ
အိပ်တန်းကြောင် ငှက်ကလေးရေ
မင်း အိမ်ပြန်တော့မယ်လား
ငါတော့ အလုပ်သွားမကွယ့်
စက်ဆီ ညစ်ထေးနဲ့ 
အေးစက်စက် သံထည်ကြီးတွေရဲ့ အောက်မှာ
ငါ့ကြွက်သားတွေ ညောင်းညာခိုက်
မင်း အိပ်ဖြစ်အောင် အိပ်လိုက်ဦး။

မင်းနဲ့ ငါ မပါတဲ့
မြို့ တော်ရဲ့  နေ့ လယ်ခင်းဟာ
သူ့ ဘာသာသူ စီးဆင်း
ဆိုနေကျ သီချင်းနဲ့ 
တို့ ကိုတွေးမယ့်သူလဲ ကင်းရဲ့ မဟုတ်လား။

(၃)
အလုပ်ဆင်း ဥသြသံက
ငါ့ကို ပြန်ခွင့်ပြုတဲ့အခါ
မသေချာမှုတွေ အပြည့်အဖောင်း
လွယ်အိတ်ဟောင်းလေး ထည့်ပိုး
မနေ့ ကလိုမျိုးရဲ့  ညနေချိန်
ငါ အိမ်ပြန်ခဲ့တယ်။

ရှေ့ မှာ မာကျူရီမြို့ တော်ည ယိမ်းညှို့ ညှို့ က လို့ 
အို ပလက်ဖောင်းကြီး လှလှပပ
မြို့ တော်ရဲ့ ညခင်းမှာ
ရာဘာဖိနပ်ပါးတစ်ရံ ဖြတ်သန်းမှု
ခိုးလိုးခုလု ဖြစ်ခဲ့က ခွင့်လွှတ်ပ။
ဆေးရောင်ခြယ်တိုက်မြင့် မျက်နှာစာများ
တန်ဖိုးကြီး အိပ်ဇောမှိုင်းငွေ့ များ
အချက်ကျ နာရီ စုတ်ထိုးသံများ
တုတ္ခိုင္ပါးလ် အသားစမ်ား
ဘူးဆို့  ဆိုဒါမြှုပ် စီးကရက်ပြာတောင့်များ
ငါ့အား ပွတ်ရှမိစဉ်မှာ
ရေဆာခံတွင်း ခြောက်ကပ်မှုကြီးထွား
လေနဲ့ ထုထားတဲ့ လွယ်အိတ်
တစ်ရိပ်ရိပ် ပေါ့ရွှတ်ဆဲ
ဒူးများခွေညွှတ် လဲချင်ပေါ့။
ဟိုမှာဘက်
မြို့ တော်ရဲ့  ဆင်ခြေဖုံးမှာ
ငါ့အတွက် ဖျာတစ်ချပ်ရှိတယ်
ပြီး - အမေပြင်ထားမယ့် ညစာရှိမယ်။

မိုးများတောင်ချုပ်ခဲ့
အို - လွယ်အိတ်ကလေး
ကျေးဇူးပြုပြီး ငါ့ကိုလွယ်သွားပါ့
မောလျလျ ခန္ဓာအိမ်ကို
ညထဲမှာ စိမ်လိုလှပေါ့။ ။

ဒီကဗျာဟာ၊ ၁၉၈၇ - ခုနှစ်၊ ဧပြီလထုတ် “ မိုးဝေ စာပေမဂ္ဂဇင်း ” မှာ၊ ဖေါ်ပြခံခဲ့ရတဲ့ ကဗျာဆရာ “ နွေလယ်နေ ” ရဲ့  ကဗျာဖြစ်ပါတယ်။ လူထုဘ၀ သရုပ်ဖေါ်ကဗျာပါ။ ဒီလိုအခြေအနေတွေကို ဖတ်ရတဲ့အခါ ဘ၀တူလူထုကို ခံစားမှုတွေ ပိုမိုမြင့်မားစုစည်းမိလာ စေနိုင်တဲ့ ကဗျာတပုဒ်ဖြစ်ခဲ့ပါတယ်။

မြပုခက်တင်

ဆေးရုံအသွား ကြားကားနှစ်ကျပ်
ဆူမဆောင့်ဖို့  ညစောင့်ကနှစ်ကျပ်
ရပ်မနေနိုင် ကုလားထိုင်ငှားက နှစ်ကျပ်
ဘာလေးမွေးမွေး သတင်းမေးက နှစ်ကျပ်
မွေးလူနာဆီ ကော်ဖီပို့ က နှစ်ကျပ်
ခေါင်းကိုက်လျှင် အနာဂျက်ဆင် နှစ်ကျပ်
နှစ်ကျပ်တန် ကမ္ဘာကြီးထဲကို
သမီးလေး ရောက်လာတယ်။
ဆရာဝန် (ရေး) ပေးတဲ့စာ
ဝယ်မပေးလျှင် ရှက်စရာ
(ဧည့်သည်လာလည်း)
လူနာအတွက် လက်ဆောင်မပါ ရှက်စရာ
ရှက်စရာလောကကြီးမှာ
သမီး မျက်နှာငယ်
အဖေ ရှက်ပါတယ်။

လက်တိုဂျင် နှစ်ရာ
ဂရိုက်မစ်ချာ လေးဆယ်
အနှီးနှစ်ထည် သုံးဆယ့်ငါး
သမီး မကြားစေနဲ့ ။
“ ထမင်းရည်နဲ့ သကြား ကလေးအားဖြစ်တယ် ”
( ဒေါက်တာတင်ဦး)
“သူငယ်နာတို့ ပတ်ဆေး ကလေးတိုင်းတည့်တယ် ”
(ဒေါက်တာစိန်တင်)
ပုဆိုးဟောင်း နှစ်ထည်ဖျက်
အနှီးအတွက် လေးထည်ရမယ်။
ပိုင်အိုလက်အစား သနပ်ခါးမှုန့် သုံးမယ်။
လေလာလျှင် ရွက်
လေမလာလျှင် တက်
တက်ကျိုးလျှင် လက်ထိုးလှော်
ပျော်သလိုနေ ကလေးရေ။
အဖေတစ်လှည့်ထမ်း အမေတစ်လှည့်ထမ်း
အဖေတစ်လမ်း အမေတစ်လမ်း
မေးစမ်းရှာဖွေ တို့ သားအဖတစ်တွေ
နတ်ရေကန် မရောက်မချင်း။
ဖိုးလမင်းရေ
ထမင်း (ဖြူဖြူ) တစ်ဆုပ်
ရေ (သန့် သန့် )တစ်မှုတ်ပေးပါ
ဝါ ၀ါ ၀ါ။

ဒီကဗျာကတော့ ၁၉၈၇ - ခု၊ ဇွန်လထုတ် “ မိုးဝေ စာပေမဂ္ဂဇင်း ”မှာ ဖေါ်ပြခဲ့တဲ့ “ မင်းစိုးရ ” ရဲ့ ကဗျာပါ။ ဘ၀တွေ ကျိုးကြေ စုတ်ပြတ်နေတဲ့ ဘ၀ သရုပ်ဖေါ်ကဗျာတပုဒ်ပါပဲ။ ဒီကဗျာနှစ်ပုဒ်ထဲမှာ ကျနော်တို့ ဟာ မျက်မှောက်ခေတ် လူထုရဲ့ ဘ၀ အခြေအနေတွေကို တွေ့ ကြရပါတယ်။ ဒီလိုကဗျာမျိုးကို ဖတ်ကြရတဲ့အခါ ကိုယ့်ဘ၀ဟာလည်း ကဗျာထဲမှာပါတဲ့ ဇာတ်ကောင် တွေရဲ့ ဘ၀နဲ့ ထပ်တူကျနေတဲ့အတွက် ကြွေကွဲခြင်း၊ ဒေါသဖြစ်ခြင်းတွေ ဖြစ်ကြရပါတယ်။ ငါတို့ တတွေဘာ့ကြောင့် အခုလို ဘ၀တွေကျိုးကြေကြရတာလဲ။ ဒီဘ၀က လွတ်မြောက်အောင် ငါတို့ ဘယ်လို လမ်းစရှာကြမလဲ…ဆိုတဲ့ ခံစားမှုတွေ အတွေးတွေကို ဒီကဗျာတွေက နှိုးဆွပေးခဲ့ကြပါတယ်။ ဒီလိုနဲ့  လူထုရဲ့ အထွေထွေ အကြပ်အတည်းတွေကို စုစည်းပေးသလိုဖြစ်ပြီး လူထုရဲ့  ခံစားချက်ကို နှိုးဆွပေးသလိုဖြစ်ပြီး ရှစ်လေးလုံး ဒီမိုကရေစီတောင်းဆို အုံ့ ကြွမှုကြီးအတွက် တွန်းအားပေးတဲ့အချက် ဖြစ်ခဲ့ပါတယ်။
နိုင်ငံတနိုင်ငံမှာ၊ ကဗျာဆရာတွေဟာ၊ အဲဒီနိုင်ငံလူထုရဲ့  စိတ်ဝိဥာဉ်ကို ပြုပြင်ထုဆစ်ကြသူများ ဖြစ်တယ်လို့  “ ချက် ” ကဗျာဆရာတွေက ပြောလေ့ပြောထ ရှိကြပါတယ်။ အခု ကျနော်တင်ပြခဲ့တဲ့ ကဗျာနှစ်ပုဒ်ဟာ၊ ကျနော်တို့ လူအဖွဲ့ အစည်း ဘယ်လို ဖြစ်နေတယ်၊ ဒီအခြေအနေတွေဟာ ကျေနပ်ဖွယ်ရှိတယ်၊ မရှိဘူး၊ ဒီလိုဘ၀မျိုးက ရုန်းထွက်ဖို့ ၊ ဘ၀သစ်ထူထောင်ဖို့  လမ်းဖွင့် စဉ်းစားလာရအောင်၊ စာဖတ်သူတွေကို ခံစားမှုတွေ စုစည်းပေးတဲ့ ကဗျာအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် “ ခေတ်ပြောင်း၊ ဘ၀ပြောင်းဖို့ အတွက် ပေါက်ကွဲ ပွင့်အံလာတော့မယ့် မုန်တိုင်းကြီးတခုရဲ့  ရှေ့ ပြေးနိမိတ် လေပြေညှင်းများ ” ပဲ ဖြစ်ပါတယ်။
ဒီလို “ လေပြေညှင်း ” တွေဟာ၊ မုန်တိုင်းတခုရဲ့ ရှေ့ မှာ အမှန်တကယ်ပဲ ရှိခဲ့ပါတယ်။ ဒီတော့ကာ…၊ မြန်မာကဗျာဆရာ တွေဟာ မုန်တိုင်းတခုဖြစ်လာဖို့  အစပျိုးတဲ့ လေပြေညှင်းလို့ ခေါ်တဲ့ ကဗျာတွေ ရေးခဲ့ကြတာ ဘယ်သူငြင်းနိုင်မလဲ။ ဒါကြောင့်မို့  ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ မုန်တိုင်းကြီး ဖြစ်ပွားလာဖို့  မြန်မာကဗျာဆရာတွေဟာ မုန်တိုင်းကြို လေပြေညှင်းအဖြစ်နဲ့  တာဝန်ကြေခဲ့ကြတယ်လို့ ပဲ ကျနော်ပြောချင်ပါတယ်။

March 26, 2008

ဓါတ်ကြိုးတန်းပေါ်က ပျံလွှားငှက်ကလေးတကောင်

(က)
ဘဘ…ငါ့မြေးဆီကို စာမရေးဖြစ်တာ နည်းနည်းကြာသွားခဲ့ပြီ။ အလုပ်တွေမအားတဲ့ကြားက တခါတလေမှာ ငါ့မြေးဆီကို စာရေးအုန်းမှလို့  တွေးမိတာတော့အမှန်ပဲ ငါ့မြေး။ ငါ့မြေးကတော့ ဘဘဆီက စာကိုမျှော်ကောင်းမျှော်နေမလား။
ဒီတခါ ငါ့မြေးဆီကို စာရေးဖို့ စားပွဲမှာထိုင်တော့ ငါ့မြေးဆီက ရေးပို့ ခဲ့ဖူးတဲ့စာကလေးတစေါင်ကို သွားတွေးမိတယ်။ အဲဒီ စာထဲမှာ…“ ဘဘရယ် ဖြစ်နိုင်ရင် ၀တ္ထုတိုလေးတပုဒ်၊ ကဗျာလေးတပုဒ်အကြောင်း ပြောပြစမ်းပါ ”…ဆိုတဲ့ ငါ့မြေးရဲ့ လိုလိုချင်ချင် ရေးလိုက်တဲ့ စာကြောင်းလေးကို ဘဘသွားတွေးမိလို့ ပါ။ ဒါကြောင့် ဒီတခါတော့ ‘ ကဗျာလေးတပုဒ် ’ အကြောင်း ငါ့မြေးဆီကို ဘဘ စာရေးပြီး ပြောလိုက်ပါတယ်။
ငါ့မြေးရေ….။



ကဗျာလေးအကြောင်းမပြောခင် ဒီကဗျာလေးကိုဖတ်ပြီး ဘဘတယောက်ထဲ၊ ပြတင်းပေါက်မှာ သွားရပ်လိုက်၊ အိပ်ယါထဲ ၀င်လှဲလိုက်၊ လမ်းလျှောက်လိုက်နဲ့ တော်တော့်ကို “ စိတ် ” အလုပ်လုပ်ခဲ့ရတာကို ကြိုပြီးပြောချင်သေးတယ်။ ဒီကဗျာလေးဟာ ဘဘရဲ့ စိတ်ကို ဆွဲဆန့် လိုက်တယ်လေ။ ဘဘတယေါက်ထဲ ရက်အတော်များများ အတွေးတွေဖြန့် ကျက်၊ အတွေးတွေ ခုတ်ဖြတ်၊ အတွေးတွေ ဆက်စပ်လုပ်ခဲ့ရသေးတယ်။ ဒီလောက်အလုပ်ရှုပ်အောင်လုပ်ခဲ့တဲ့ ဒီကဗျာလေးအကြောင်းကို တယေါက်ထဲခံစား၊ စဉ်းစားလို့ မကျေနပ်နိုင်လို့  ဘဘနဲ့ရင်းနှီးတဲ့ စာပေမိတ်ဆွေတချို့ နဲ့ လည်း တိုင်ပင်ဆွေးနွေး၊ ပြောပြပါသေးတယ်။ ဟော…အခု ဆိုရင် ကဗျာအာရုံကိုင်းညွှတ်နေတဲ့ ငါ့မြေးကိုတောင်မှ ဒီကဗျာလေးအကြောင်း ပြောပြနေမိပြီ။ ကဲ..။ ဘဘ ကဗျာအကြောင်း ပြော တော့မယ်။ ငါ့မြေး သေသေချာချာ နားထောင်နော်။ ကဗျာရဲ့ ခေါင်းစဉ်က “ ပျံလွှားငှက်များ ” ..တဲ့။

ပျံလွှားငှက်များ

မိုးရောက်တော့
ပျံလွှားငှက်ကလေးတွေ ဘယ်ဆီရောက်ကုန်ပြီလဲ
သူတို့ တောင်ပံခတ်ပျံပုံ သူတို့ တောင်ပံဖြန့် ဝဲပုံ
အားကျမိအောက်မေ့မိပါရဲ့ 
တစ်ချိန်လုံး ပျံလိုက်ဝဲလိုက်နားလိုက်နဲ့ 
သူတို့ ဘာအစာတွေစားကြမလဲ
သူတို့ အိပ်တန်းဘယ်မှာလဲ။


ဒါကတော့ “ ပျံလွှားငှက်ကလေး ” ကဗျာရဲ့ ပထမကဗျာပိုဒ်ပေါ့ ငါ့မြေး။ ငါ့မြေးလည်း ပျံလွှားငှက်ကလေးတွေကို တွေ့ ဖူးမှာ ပါပဲ။ ဘဘအဖို့ တော့ ဒီကဗျာကိုဖတ်ပြီး၊ အမှတ်တမဲ့နေခဲ့မိတဲ့ အချိန်တွေကို နှမျောသွားမိတယ်။ အော်…“ သူကတော့ ကဗျာဆရာ ကိုး ” ဆိုတဲ့ အတွေးနဲ့  ကဗျာပိုင်ရှင်ကဗျာဆရာကို လေးစားမိတယ်။ တကယ်တော့ ဘဘလည်း ငယ်စဉ်တုန်းက အဲဒီပျံလွှားငှက် ကလေးတွေနဲ့  နှံပြည်စုတ်ငှက်ကလေးတွေကို တခြားငှက်တွေထက်ပိုပြီး စိတ်ဝင်စားခဲ့မိဖူးတယ်။ ပြီးတော့ တခြားငှက်တွေထက် ပိုပြီး သနားကြင်နာစိတ် ဖြစ်ခဲ့မိဖူးတယ်။
ငါ့မြေးလည်းသိမှာပါ။ ပျံလွှားငှက်တို့ နှံပြည်စုတ်ငှက်တို့ ဆိုတဲ့ ငှက်ကလေးတွေဟာ၊ တခြားငှက်အမျိုးအစားထက်ပိုပြီး ခန္ဓာကိုယ်သေးကွေးကြတယ်မို့ လား။ ပြီးတော့ ဘ၀ပေးအသိအရ သူတို့ မှာ တနေရာထဲမှာ အကြာကြီးငြိမ်ပြီးနေလေ့ မရှိတာရယ်၊ သနားစရာကောင်းလောက်အောင် ဗျာများနေတာရယ်ကြောင့် သူတို့ ကို ဘဘကိုယ်ချင်းစာစိတ်နဲ့  သနားမိတာပေါ့။ ဒီကြားထဲ မိုးတွေလေတွေများ ကျပြီလားဆိုရင် သူတို့ တတွေဘယ်လောက်အထိ ထိတ်လန့် တုန်လှုပ်နေကြမလဲ။ ဒါပေမယ့် ဘဘကသာ တခြားငှက်သတ္တ၀ါတွေနဲ့  နှိုင်းယှဉ်ပြီး သနားနေတာပါ။ သူတို့ ကတော့ သန်မာဖြတ်လတ်တဲ့နေရာမှာ သြချယူရမယ်။ ၀ီရိယလည်း ရှိတယ်။ သတိလည်း ရှိကြတယ်ကွဲ့ ။
ဒီကဗျာမှာ ပျံလွှားငှက်ကလေးတွေကိုကြည့်ပြီး ကဗျာဆရာက ဘဘလိုပဲ ပူပင်သောကရောက်နေတာတွေ့ ရတယ်။ မိုး ရောက်တော့မယ်တဲ့။ ပျံလွှားငှက်ကလေးတွေ ဘယ်ဆီရောက်ကုန်ပါလိမ့်တဲ့။ မှန်တာပေါ့။ သူတို့ က အကောင်သေးသေးလေးတွေ လေ။ ဒီလို ခန္ဓာကိုယ်မျိုးက မိုးဦးကျအချိန် လေထဲမိုးထဲအချိန်မရွေး လွင့်ပါသွားနိုင်တာပဲ။ တနွေလုံး မနားမနေပျံကာလွှားကာ လှုပ်ရှားနေတဲ့ ပျံလွှားငှက်ကလေးတွေ အခုတော့ဘယ်ရောက်ကုန်ပါလိမ့်။ သူတို့ ဘယ်လိုများ အစာရှာစားကြပါလိမ့်။ သူတို့ နေတဲ့ အိပ်တန်းနဲ့ အသိုက်အမြုံတွေကရော လုံလုံခြုံခြုံ ခိုင်ခိုင်ခံ့ခံ့မှ ရှိပါရဲ့ လား။ ဒုတိယကဗျာပိုဒ်ကိုဆက်ပြီး ဖတ်ကြည့်ပါဦးငါ့မြေး ။

တစ်ဆောင်းလုံး တစ်နွေလုံး
တို့ ခေါင်းပေါ်မှာ
ဆူပါမင်းဟန်ပန်ဖမ်းပျံဝဲနေတဲ့ကောင်လေးတွေ
ဓာတ်ကြိုးတန်းမှာ နားတဲ့အခါ
နေဘက်ကို အားလုံးမျက်နှာမူကြလို့ 
အဲ…မိုးအုံ့ တဲ့နေ့ ကတော့
လှည့်ချင်ရာလှည့်တော့တာပါပဲဗျာ။ ။



(ခ)
ကဗျာဆရာ ‘ မောင်အောင်ပွင့် ’ ဟာ ၊ ‘ ပျံလွှားငှက်ကလေး ’ တွေအကြောင်း ဘယ်လိုရည်ရွယ်ပြီး ဖွဲ့ ဆိုခဲ့တာလဲ။ ဘဘ လည်း အရမ်းသိချင်တယ်။ ပထမကဗျာပိုဒ်မှာ၊ ကဗျာဆရာ အထူးပြုပြီး ပြောချင်တဲ့အကြောင်းအရာ မပါသေးတာကို အသေအချာဖတ်ကြည့်ပြီးသိထားတော့ ဒုတိယကဗျာပိုဒ်လည်းဖြစ်၊ နေက်ဆုံးကဗျာပိုဒ်လည်းဖြစ်တဲ့ ဒီကဗျာပိုဒ်ကြတော့ ဘဘအဖို့ မျှော်လင့်တကြီးနဲ့ ဆက်ဖတ်ရတာပေါ့။ ဖတ်သာဖတ်ရတာပါ ငါ့မြေးရယ်…။ ကဗျာဆိုတာက တပုဒ်လုံးခြုံပြီးမှ ကဗျာဆရာပြောချင်ပေးချင်တဲ့ အကြောင်းအရာ(၀ါ)ဒဿန ကို စဉ်းစားလို့ ရတာမျိုးလည်း ရှိတတ်တယ်မို့ လား။ ဘာပဲဖြစ်ဖြစ် ဒုတိယကဗျာပိုဒ်မှာတော့ ဘဘသိချင်တဲ့အချက် ပါကောင်းပါမှာ ပဲ ဆိုတဲ့အသိနဲ့  ဆက်ပြီးဖတ်တယ်။ အမှန်ပဲငါ့မြေးရေ..။ ဒုတိယကဗျာပိုဒ်မှာတော့ ကဗျာဆရာက သူပြောချင်တဲ့အကြောင်းအရာ ကို အပြည့်အ၀ ပေးလိုက်ပြီ ငါ့မြေး ။
ဒုတိယကဗျာပိုဒ်မှာ တနွေလုံး၊ တဆောင်းတွင်းလုံး၊ မနားမနေ လှုပ်ခတ်ပျံသန်းနေတဲ့ငှက်ကလေးတွေ၊ ဓါတ်ကြိုးတန်းပေါ် မှာ နေဖက်ကို မျက်နှာမူပြီးမှနားကြတဲ့ ပျံလွှားငှက်ကလေးတွေတဲ့…။ မိုးအုံ့ တဲ့နေ့ မှာကြတော့ လှည့်ချင်ရာလှည့်ကြ တော့တာ ပဲဗျာ…. ဆိုပြီး နိဂုံးချုပ်တယ်လေ။
ဘဘမှာလေ…။ ဒီ-ဒုတိယကဗျာပိုဒ်ကို အတွေးနယ်ချဲ့ ခဲ့ရတာ တော်တော်ကြာခဲ့တယ် ငါ့မြေး။ ရေးရေးလေး အတွေးပေါက် တာနဲ့ တပြိုင်နက် အဲဒီအတွေးကြိုးစကို အဆုံးအထိပါလာအောင် တဖြေးဖြေး ဆွဲယူခဲ့ရတာ။ သေသေချာချာစဉ်းစားကြည့်စမ်း ငါ့မြေး ။ ဘဘတို့ ရဲ့ မြန်မာစကားပုံမှာ “ ဥသြတကောင်ကြောင့်နဲ့ တော့ နွေမဖြစ်နိုင်ဘူး ” ဆိုတဲ့စကား ငါ့မြေးကြားဖူးမှာပါ။ ဒီနေရာ မှာလည်း “ ပျံလွှားငှက်ကလေးတကောင်နဲ့ တော့ နွေမဖြစ်နိုင်ဘူး ” ဆိုတဲ့ သိုးဆေါင်းစကားပုံကို ဘဘသတိပြုမိတယ်။
မှန်တာပေါ့။ လူတွေရဲ့ မြင်ကွင်းမှာ၊ ကောင်းကင်မှာ ပျံလွှားငှက်ကလေးတကောင်တလေ ရောက်လာရုံနဲ့ တော့ “ နွေ ” ရောက်မလာနိုင်သေးတာ သေချာတာပေါ့။ ဒါပေမယ့် ပျံလွှားငှက်ကလေးတွေဟာ၊ ဘဘတို့ ဆီက ဥသြငှက်တွေလိုပဲ နွေဦးကြမှ မြင်ရအသံကြားရတဲ့ ငှက်မျိုး။ နွေကြိုတေးဆို၊ နွေဦးပျော် ငှက်မျိုးတွေပါ။ ဒါကြောင့်မို့ ပျံလွှားငှက်ကလေးတွေ၊ နေဖက်ကိုမျက်နှာမူ ပြီး ဓါတ်ကြိုးတန်းမှာ၊ တကောင်တလေလာနားရာက ၊ နောက်ထပ်တကောင် ၊ ပြီးတော့နောက်ထပ်တကောင်…။ ဒီလိုနဲ့ ပျံလွှားငှက် ကလေးတွေ ထောင်သောင်းချီရောက်လာခဲ့ပြီဆိုရင်တော့ နွေဦးဟာ ဘယ်လိုမှပြေးမလွတ်နိုင်ပဲ မုချကိုပဲရောက်လာခဲ့ပြီပေါ့။ ဒါကြောင်မို့  ပျံလွှားငှက်ကလေးတွေဟာ နွေဦးကိုကြိုဖို့  ဓါတ်ကြိုးတန်မှာ နားနေကြတယ်။ ဒီလိုအချိန်မှာပဲ မိုးအုံ့ တဲ့တနေ့ ကို ကြုံ ကြရပြန်တယ် ဆိုပါတော့ ငါ့မြေး ။
မိုးတွေ မဲမဲအုပ်အုပ်ညို့ လာပြီဆိုရင်၊ ပါတ်ဝန်းကျင်တခုလုံး မဲမှောင်အုံ့ ဆိုင်းပြီး နေထွက်ရာအရပ်ကို မှန်းဆလို့ မရ ဖြစ်ကုန်တော့တာပေါ့။ ပျံလွှားငှက်ကလေးတွေဟာ ဓါတ်ကြိုးတန်းပေါ်မှာ အရှေ့ ဖက်နေထွက်ရာအရပ်ဟာ ဘယ်ဖက်မှာရှိတယ် ဆိုတာ မသိနိုင်ကြတော့ဘူးပေါ့။ ဒီတော့ ဆူဆူညံညံလှုပ်လှုပ်ရွရွဖြစ်လာကြပြီး တချို့ က အရှေ့ ၊ တချို့ ကနောက်၊ တချို့ က တောင်၊ တချို့ ကမြောက်၊ ကိုယ်မှန်တယ်ထင်ရာ လှည့်မိကြတော့တာပဲပေါ.့။ နေထွက်ရာအရပ်ဟာ ဘယ်မှာလဲ…။ နွေဦး အရောက် နောက်ကြတော့မှာပဲ။
ငါ့မြေးရေ…။ ဆရာ ‘ အောင်ပွင့် ’ ရဲ့  ‘ ပျံလွှားငှက်များ ’ ကဗျာဟာ၊ ဘဘတို့ အားလုံးကို ရည်ညွန်းလိုက်တာပါ။ ကြည့်တတ် မြင်တတ်လွန်းတဲ့ ကဗျာဆရာရဲ့  ‘ ဂမ္ဘီရဥာဏ် ’ ကို ဘဘ တကယ်ပဲ အံ့သြတယ်။ မြင်တတ် ပြောတတ်လိုက်တာ ကွယ်။ ဘဘဖြင့် တုန်လှုပ်သွားရလောက်အောင်ကို ပီတိဖြစ်ရတယ်။ ဟုတ်တာပေါ့။ ဘဘတို့ ဟာ နွေဦးကိုကြိုကြရမှာပေါ့။ ဘဘ တို့ ဟာ ပျံလွှားငှက် ကလေးတွေ၊ ( ဥသြငှက်ကလေးတွေလည်း ဟုတ်တယ်နော် )။ နေထွက်ရာဖက်ကို မျက်နှာမူကြရမှာပေါ့။ တကောင်မက နှစ်ကောင် သုံးကောင်…ပြီးတော့အထောင်အသောင်း…။ အရှေ့ ဖက်ကနေလုံးကြီးကို တူးဆွကြရမှာပေါ့။ နွေဦး ကိုဖွင့်လှစ်ကြရမှာပဲပေါ့။ ဒါပေမယ့် …။ မိုးအုံ့ တဲ့အခါ၊ မိုးမှောင်ကျတဲ့အခါ၊ ( ဒါလည်း မလွဲမသွေကြုံတတ်၊ တွေ့ ရတတ်တဲ့သဘာဝ ) ဘဘတို့ ဦးတည်ထား တဲ့ဖက်ကို မှန်မှန်ကန်ကန် မျက်နှာမူနိုင်ဖို့ ၊ မူတက်ဖို့ တကယ်ကို လိုအပ်တာပေါ့။ အရေးကြီးတာက မှန်ကန်တဲ့ဖက်၊ မှန်ကန်တဲ့ လမ်းကို ကမ်းမမှေက်ဖို့ အရေးကြီးတာပေါ့။
ကဲ-ဒါပါပဲ…ငါ့မြေး ။ ဘဘကတော့ ငါ့မြေးကို ကဗျာတပုဒ်အကြောင်း စာရေးပြီးပြောခဲ့ပြီးပြီ။ ဘဘလည်း ရင်ထဲမှာ တော်တော့်ကိုကျေနပ်သွားပြီ။ ဒီတခါ ငါ့မြေးဆီ စာရေးရတာ ဘဘဖြင့် တကယ့်ကိုအားရကျေနပ်မိတယ်ငါ့မြေး ။ ငါ့မြေးတယောက် တခြားပျံလွှားငှက်ကလေးတွေနဲ့ အတူ နေထွက်ရာအရပ်ကို မှန်မှန်ကန်ကန် မျက်နှာမူပြီး နွေဦးကို ကြိုဆိုနိုင်ပါစေလို့  ဘဘ ဆုတောင်းပေးလိုက်ပါတယ်။

March 18, 2008

ကားဂိတ်


ဒီနေရာကို ဘယ်သူများစိတ်တည်ငြိမ်အေးချမ်းစွာနဲ့ ရောက်လာခဲ့ဖူးသလဲ။ အဖြေကတော့ ရှင်းပါတယ်။ အင်မတန် အရေအတွက်နည်းပါးပါလိမ့်မယ်။ ဒါမှမဟုတ် တယောက်တလေမျှပင် ရောက်လာဖူးခြင်းမရှိသေးဘူးလို့ ပဲ ပြောနိုင်မယ်ထင်ပါ တယ်။ ဟုတ်တယ်--- ။ ဒီနေရာကို ဘယ်သူများ စိတ်တည်ငြိမ်အေးချမ်းစွာနဲ့  ရောက်လာနိုင်ကြမလဲ။

ဒီနေရာကို ရောက်လာလေ့ရှိကြသူတွေဟာ၊ ဘယ်လိုလူမျိုးတွေ ဖြစ်နိုင်သလဲ။ ဒီနေရာမှာလည်း ငွေကြေးပြည့်စုံချမ်းသာ တဲ့သူတွေတော့ ရောက်လာနိုင်ဘို့ မရှိနိုင်ပါဘူး။ ဒါမှမဟုတ် အရေအတွက် အင်မတန်နည်းတဲ့ ငွေကြေး ပြည့်စုံသူတွေဟာ ဒီနေရာကို ရောက်လာနိုင်လိမ့်မယ်။ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝသူတွေဟာ သူတို့ ရဲ့ ကိုယ်ပိုင်ကားတွေ၊ ဆိုင်ကယ်တွေနဲ့ သာ ခရီးသွားလာကြမှာပဲ မဟုတ်ဘူးလား။ သေချာတာကတော့ ဆင်းရဲသားနဲ့ လူလတ်တန်းစားများပဲ ဒီနေရာကို ရောက်လာကြလေ့ ရှိတယ်ဆိုတဲ့ အချက်ပါပဲ။
“ ဒီနေရာ ” လို့ ညွှန်းတဲ့နေရာကတော့ “ ကားဂိတ် ” တခုကို ကျနော်ဆိုလိုတာပါ။ မှန်ပါတယ်။ “ ကားဂိတ် ” ကို ဘယ်သူ တွေ ရောက်လာလေ့ရှိသလဲ။ ရောက်လာလေ့ရှိသူများဟာလည်း စိတ်တည်ငြိမ်အေးချမ်းစွာနဲ့ ရောက်လာခဲ့ကြသလား။
ကျနော်လည်းပဲ “ ကားဂိတ် ” ကို ရောက်ဖူးတယ်။ နှစ်ပေါင်းများစွာကြာလာခဲ့ပြီမို့  “ ကားဂိတ် ” တွေကို ဘယ်နှစ်ခေါက် ရောက်ဖူးတယ်ဆိုတာ မမှတ်မိနို်င်လောက်အောင်ပါပဲ။ မှတ်မှတ်ရရပြောရရင် “ ကားဂိတ် ” ကို ကျနော် ဘာကြောင့်ရောက်ခဲ့ရ သလဲဆိုတဲ့ အဖြေကိုစဉ်းစားတဲ့အခါ ရင်ထဲမှာ ဘယ်လိုမှမေ့လိုမရနိုင်လောက်အောင် မှတ်မိနေတာတွေလည်း ရှိပါတယ်။
တခါကတော့ “ ကားဂိတ် ” ကို ကျနော်ရောက်လာခဲ့ပါတယ်။ “ ကားဂိတ် ” ကို ကျနော်ရောက်သွားတော့၊ ကားဂိတ်မှာ လူစည်နေတဲ့ ညနေရုံးဆင်း၊ ရုံးတက်အချိန်။ ကျနော်ကတော့ ကားဂိတ်မှာ ကားစေါင့်ပြီး၊ တနေရာရာကိုသွားဖို့ မဟုတ်ပါဘူး။ ဒီကနေ့ ညနေ ရောက်လာမယ်ဆိုတဲ့ “ အဖေ့ ” ကို စေါင့်ကြိုဖို့ ရောက်ခဲ့တာပါ။ “ အဖေ ” ဟာ ကျနော်တို့ မိသားစုနဲ့ ခွဲပြီး နေခဲ့ ရတာ (၂)နှစ်ကျော်ပြီလေ။ ကျနော့်စိတ်ထဲ “ အဖေ့ ” ရုပ်ပုံလွှာကို မှန်းဆကြည့်မိတယ်။ အဖေဟာ ဆံပင်တွေဖြူကုန်ပြီလား။ “ အဖေ ” ဟာ အရင်ကထက် အိုစာသွားပြီလား။ အဖေ့အရပ်ဟာ အရင်ကထက် နိမ့်သွားပြီလား။ အရင်တုန်းကလိုပဲ ရယ်ရယ် မောမောနဲ့ စကားတွေပြောတတ်သေးရဲ့ လား။ အကျဉ်းထောင်ထဲမှာ နေခဲ့ရတဲ့ (၂)နှစ်ကျော်ကာလအတွင်းမှာ “ အဖေ ” ဘာတွေ တွေးနေခဲ့သလဲ။ ဒီလိုနဲ့ မရေရာ မသေချာတဲ့၊ တည်ငြိမ်မှုမရှိပဲ နေရာအနှံ့ ပြေးလွှားနေတဲ့စိတ်တွေနဲ့  ကားဂိတ်မှာ အချိန်အကြာ ကြီးရပ်နေခဲ့မိပါတယ်။ ရပ်စေါင့်ရတာကြာလို့  ကံအားလျော်စွာ လူမထိုင်ပဲ လပ်နေတဲ့ လမ်းဘေးက ခုံတန်းအစွန်းမှာသွားထိုင်လိုက် ပါတယ်။ ကျနော်ရောက်ပြီး ကား(၂)စင်း ဆိုက်လာပြီးသည့်အထိ “ အဖေ ” ကတော့ ပါမလာသေးပါဘူး။
ကားတစင်းထိုးဆိုက်တဲ့အခါ လူတွေအားလုံးလိုလို ခေါင်းတွေထောင်ပြီးလှမ်းကြည့်ကြပါတယ်။ ဒီတော့မှပဲ စိတ်ပြေလက် ပျောက်၊ ပတ်ဝန်းကျင်ကို အာရုံပြောင်းတဲ့အနေနဲ့ လိုက်ကြည့်မိပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ လူတချို့ ရဲ့ မျက်နှာတွေကို လိုက် ဖတ်ကြည့်ပါတယ်။ သူတို့ တတွေရဲ့ ရင်ထဲက နှလုံးသားကြိုးညှိသံကို ခိုးပြီးနားထောင်ပါတယ်။ ကျနော်နဲ့ မလှမ်းမကမ်း ဘန်ဒါပင် လေးရဲ့ အောက်မှာ ပြောင်းဖူးဖုတ်သည်မိန်းခလေးကို ကျနော်တွေ့ ပါတယ်။ သူ့ ပခုံးပေါ်၊ သူ့ ဆံပင်တွေပေါ်မှာ ပြာတချို့ ကပ်နေ ပါတယ်။ အုတ်ခဲခုထားတဲ့သွပ်ပြားပေါ်၊ မီးကျီးခဲများပေါ်တန်းစီပြီး တင်ထားတဲ့ပြောင်းဖူးတွေကို မီးညှပ်နဲ့ လိုက်ပြီး ဟိုလှည့်ဒီလှည့် လုပ်၊ ယပ်တောင်နဲ့ ယပ်ခတ်ပြီး မီင်္းရှိန်မသေအောင် လုပ်ရတဲ့သူ့ မှာ အလုပ်ရှုပ်နေရှာပါတယ်။ အဲဒီအချိန်မှာပဲ ကားတစင်းဆိုက်လာ တဲ့အခါ ပြောင်းဖူးဖုတ်သယ်လေးဟာ ခေါင်းကိုမော့ပြီး ကားဆီလှမ်းမျှော်ပြီးကြည့်ပါတယ်။ ကားပေါ်ကဆင်းလာတဲ့ လူတွေထဲက တယောက်ယောက်များ သူ့ ဆီကိုတန်းပြီး လျှောက်လာလေမလား။ ကျနော်လည်းပဲ ကားပေါ်ကလူတွေထဲမှာ “ အဖေ ” များ ပါလာလေမလား မျှော်လင့်တကြီး ကြည့်ပါတယ်။ လူအုပ်ကွဲသွားတဲ့အထိ “ အဖေ့ ”ကို ကျနော်မတွေ့ ရပါဘူး။ ပြောင်းဖူး ဖုတ်သယ်လေးဆီကိုလည်း ဘယ်သူမှလျှောက်လာတာ မတွေ့ ရပါဘူး။
ဘန်ဒါပင်နဲ့ မလှမ်းမကမ်းမှာ ကွမ်းယါဆိုင်တဆိုင်ရှိပါတယ်။ ကွမ်းယါဆိုင်ဆိုပေမယ့် တခြား စုံစီနဖါမျိုးစုံ ကြပ်သိပ် နေအောင်ချိပ်တွဲပြီး ရောင်းနေတာတွေ့ ရပါတယ်။ ကွမ်းယါဆိုင်ဘေးမှာ ခုံတန်းတခုချထားပြီး၊ ခုံတန်းပေါ်မှာကျတော့၊ လူ တယောက်ဟာ လူမှန်းသူမှန်းမသိလောက်အောင် မူးပြီးအိပ်နေတာတွေ့ ရပါတယ်။ ကွမ်းယါဆိုင်ပိုင်ရှင်က ခဏ ခဏ သူ့ ကို အော်ငေါက်ပြီး နှင်ပေမယ့် သူကတော့ နေရာရွှေ့ မသွားပါဘူး။ မူးပြီး ခုံတန်းပေါ်က ခဏ-ခဏပြုတ်ကျလည်း သူကတော့ ခုံတန်းပေါ်အားယူပြီး ပြန်အိပ်နိုင်အောင် ကြိုးစားနေတာပါပဲ။ အမြင်မတော်တဲ့လူတချို့ က သူ့ ရဲ့ မလုံမလဲ ပုဆိုးစကို ဆွဲဖုံးပေး သွားကြပါတယ်။
ကားလမ်းဘေး၊ ပလက်ဖေါင်းပေါ်က “ အိပ်တန်းဆင်းငှက်ကလေးတကောင် ” ကိုလည်း ကျနော်တွေ့ ပါတယ်။ သူဟာ ကားဂိတ်မှာ တယောက် ယောက်ကိုလာကြိုတာ၊ ဒါမှမဟုတ် တနေရာရာကိုခရီးထွက်ဖို့  ကားလာစေါင့်တာ ဖြစ်မယ်မထင်ပါဘူး။ သူ့ ကို ဒီကားဂိတ်တ၀ိုက် မှာ မကြာခဏ ကျနော်တွေ့ ခဲ့ဖူးတာပဲ။ သူ့ ကို ကျနော်ကြည့်နေတာ တွေ့ သွားဟန်တူပါတယ်။ ---- ကျနော့်ကို တချက် စူးစူးဝါးဝါး စိုက်ကြည့်ပါတယ်။ ပြီးတော့ မခို့ တရို့ ပြုံးပြပါတယ်။ ပြီးတော့ ကျနော့်ဖက်ကို လုံးလုံးလျားလျား လှည့်ပြီး ရပ်လိုက်ပါတယ်။ ဒီအခါမှာတော့ ကိုယ်ရည်ရွယ်ရာ လွဲသွားမှာစိုးတဲ့အတွက် သူ့ ဖက်ကိုလှည့်ထားတဲ့ မျက်နှာကို တဖက်ကိုပြန်ပြီး လှည့်လိုက်ရ ပါတယ်။သူနဲ့ ပါတ်သက်ပြီး လုံးလုံးလျားလျား စိတ်မပါသလို၊ စိတ်မ၀င်စားသလို အနေအထားမျိုးနဲ့ လည်းနေပြလိုက်ရပါတယ်။ ခဏကြာတော့ အဲဒီအိပ်တန်းဆင်းငှက်ကလေးဟာ စိတ်ဓါတ်ကျတဲ့မျက်လုံးတွေနဲ့  တဖက်ကိုပြန် လှည့်သွားခဲ့ပါတယ်။
ကားတစင်းဆိုက်လာတဲ့အခါ၊ ကားပေါ်ကဆင်းလာတဲ့လူအုပ်ကို ကြည့်ရင်းက၊ ကျနော်နဲ့ ကျောင်းနေဖက်၊ အခုတော့ မူလတန်းပြဆရာမလုပ်နေတဲ့ ကျောင်းဆရာမ “ ဒေါ်နှင်းပွင့် ” ကို ကျနော်တွေ့ ရပါတယ်။ “ ဒေါ်နှင်းပွင့် ” ကားပေါ်ကဆင်း လာတော့ သူ့ ဆီကိုသွားပြီး နှုတ်ဆက်ဖို့ ကျနော်စဉ်းစားပါသေးတယ်။ ဒါပေမယ့် သူက ကျနော့်ရှေ့ ကိုလျှောက်လာနေတဲ့အတွက် ထိုင်နေရာကပဲ သူ့ ကိုစေါင့်နေလိုက်ပါတယ်။ “ ဒေါ်နှင်းပွင့် ” ရဲ့ လက်ထဲမှာ ချင်းတောင်းကလေးတခု ပါလာပါတယ်။ ကျနော့် ရှေ့ ကိုရောက်လာသည့်တိုင် ဒေါ်နှင်းပွင့်က ကျနော့်ကိုမမြင်ပါဘူး။ ဆယ်နှစ်ကျော်ကျော်၊ ဆင်ခြေဖုံးရပ်ကွက်ကတဆင့် မြို့ လယ် က စာသင်ကျောင်းကို ကျောင်းဆင်းကျောင်းတက် လုပ်ခဲ့ရတဲ့၊ မိသားစုစားဝတ်နေရေးကို ကျောင်းဆရာမတဖက်ကလုပ်၊ ညဈေး တန်းမှာ လမ်းဘေးဈေးသည်လုပ်ခဲ့ရတဲ့ “ ဒေါ်နှင်းပွင့် ” ကို ကျနော် နှုတ်ဆက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် နှုတ်မဆက်တော့ပဲ ဒီအတိုင်း ငြိမ်ပြီး နေလိုက်မိပါတယ်။ “ ဒေါ်နှင်းပွင့် ” ရဲ့ လက်ထဲက ခြင်းတောင်းထဲမှာ ကန်စွန်းရွက်ခတ်နွမ်းနွမ်းတစည်း၊ ငှက်ပျော်ဖူး တခြမ်းကို ကျနော်တွေ့ ရပါတယ်။ သူဟာ လမ်းဘေးမှာ အထင်အရှားကြီးထိုင်ပြီး သူ့ ကိုစိုက်ကြည့်နေတဲ့ ကျနော့်ကို လုံးဝကိုပဲ မတွေ့ ပါဘူး။ သူ့ မျက်လုံးတွေ၊ သူ့ စိတ်တွေဟာ ကားဂိတ်မှာရှိဟန် မတူပါဘူး။ သူနဲ့ အနီးကပ်ရှိနေဟန် မတူပါဘူး။
ကားဂိတ်မှာ ကျနော်ရောက်နေတာ (၂)နာရီနီးပါး ရှိလာခဲ့ပြီ။ ခရီးသည်ကားတွေလည်း အလာကြဲသွားခဲ့ပြီ။ အကျဉ်း ထောင်က လွတ်မြောက်ပြီး အိမ်ကိုပြန်လာမယ်ဆိုတဲ့ “ အဖေ ” ကတော့ ရောက်မလာခဲ့ပါဘူး။ ကားဂိတ်မှာ “ အဖေ့ ” ကို စေါင့် မျှော်ရင်းနဲ့  ကားဂိတ်တခုရဲ့ အခင်းအကျင်း၊ ကားဂိတ်မှာတွေ့ ရမြင်ရတဲ့လူတွေကို ထိုင်ကြည့်၊ ထိုင်တွေးရင်းက နေစေါင်းလာတဲ့ အခါ ကျနော်လည်း အိမ်ပြန်လာပါတယ်။ “ အဖေ ” ကတော့ ကျနော်အိမ်ပြန်တဲ့အထိ “ ကားဂိတ် ” ကို ရောက်မလာခဲ့ပါဘူး။ “ အဖေ ” နဲ့ ကျနော်တို့ မိသားစုဟာ (၂)နှစ်ကျော်ခွဲပြီး နေခဲ့ရသည့်တိုင် ကျနော့်စိတ်ထဲမှာတော့ “ အဖေ ” ဟာ အိမ်မှာပဲ ရှိနေတယ်လို့ ခံစားရပါတယ်။ လူချင်းခွဲနေကြရပေမယ့် ကျနော်တို့ မိသားစုဟာ အဖေနဲ့ စိမ်းမသွားကြပါဘူး။ တခါ --- “ ကားဂိတ် ” မှာရှိတဲ့လူတွေ၊ တွေ့ ခဲ့ရတဲ့လူတွေကိုလည်း ကျနော်ပြန်တွေးမိပါတယ်။ ပြောင်းဖူးဖုတ်သယ်မိန်းခလေး၊ အိပ်တန်းဆင်းငှက်ကလေး၊ ကျောင်းဆရာ “ ဒေါ်နှင်းပွင့် ” ၊ ခုံတန်းပေါ်က အရက်မူးသမား --- ။ သူတို့ အကြောင်းစဉ်းစား တော့လည်း အားလုံးအတွက် ကျနော်စိတ်မကောင်းခဲ့ရပါဘူး။ သူတို့ အားလုံးဟာ ကျနော့်ဘ၀နဲ့ ဘာမှ မခြားနားပါဘူး။ ဒီလို လူတွေအားလုံးရဲ့ ကြားမှာ ကျနော်တို့ တတွေ မမြင်နိုင်တဲ့ “ မေတ္တာ ” ၊ ဒါမှမဟုတ် “ သံယောဇဉ် ” ၊ ဒါမှမဟုတ် “ ကိုယ်ချင်းစာ တရား ” လို့ ဆိုနိုင်တဲ့ “ ချည်သားကြိုးမျှင် ” တချောင်းဟာ၊ ကျနော်တို့ တတွေ တယောက်နဲ့ တယောက် ဆန့် ကျင်ကွဲထွက် မသွားရအောင် ပုထီးစေ့တွေလို သီကုံးထားသလားလို့ တောင်မှ တွေးလိုက်မိပါတယ်။
အိမ်ပြန်ရောက်တော့ အိမ်တွေမီးထွန်းထားကြပါပြီ။ “ အဖေ ” ရောက်မလာတဲ့အကြောင်း “ အမေ ” နဲ့  “ ညီလေး ” ကို ပြောပြပြီး၊ အိပ်ယါဆီကိုပဲ လျှောက်လာခဲ့ပါတယ်။ စာအုပ်ပုံထဲက မှတ်စုစာအုပ်တအုပ်ကို ဆွဲယူလိုက်ပါတယ်။ စာမျက်နှာတချို့ ကို လှန်လှောပြီးမှ ကဗျာဆရာ “ စည်သူငြိမ်း ” ရဲ့  ကဗျာလေးကို ကျနော်ဖက်နေမိပါတယ်။ ကဗျာကို ဆုံးအောင်ဖတ်ပြီးတဲ့ အခါ ကျနော့်ရင်တွေ တုန်ခါလျက် ကျန်ရစ်ခဲ့ပါတယ်။

ကားဂိတ်

တိတ်ဆိတ်နေလို့  မရဘူး
မျှော်လင့်ချက်တန်းလန်း ဖွားလျားနဲ့ 
ဘဲငန်းများ အရပ်ရှည်ပြိုင်ကြ
မုန့် ဟင်းခါး၊ ကွမ်းယါ
လက်ဖက်ရည်၊ ဆေးလိပ်နဲ့ စုံစီနဖါ
ချည်သားကောင်းကောင်း သီထားလို့ သာပေါ့
ခွေးခြေပုလေးများပေါ်
သစ်ပင်များအောက်
ရင်တမမနဲ့  စိတ်တွေမွမွကြေမှာ စိုးရတယ်။

စည်သူငြိမ်း
မဟေသီ ၊ ၂၀၀၅ ၊ မတ်လ
( “ ခေတ်ပေါ် ” ကဗျာတွေကို ခံစားနားလည်ရခက်တယ်ဆိုတဲ့ တူမောင် “ ခေတ်ဦးထွန်း ” သို့ )