Showing posts with label ကျနော် နှစ်သက်တဲ့ ကဗျာ. Show all posts
Showing posts with label ကျနော် နှစ်သက်တဲ့ ကဗျာ. Show all posts

February 15, 2010

မိသားစု (၂)

မိသားစုအကြောင်းရေးတဲ့ကဗျာတွေ ကျနော် အသံလွှင့်ခဲ့ဖူးတယ်။ တယ်လီဖုံးထဲကတဆင့် အသံလွှင့်ဌါန တာဝန်ရှိသူထံ ကဗျာရွတ်ပြီး အသံပို့ တဲ့အခါ တခါတလေ ကဗျာရွတ်နေရင်းက မျက်ရည်ဝဲချင် ဝဲနေမိတယ်။အသံအားလုံးပို့ ပြီးလို့  တယ်လီဖုံးကို ပခက်ပေါ်တင်လိုက်ပေမယ့် ကျနော့်စိတ်က အဲဒီကဗျာထဲက မထွက်နိုင်သေးဘူးဖြစ်နေတတ်တယ်။

ဟိုး လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကပါ။ ကျနော်က တနာရီခွဲလောက်လျောက်မှရောက်နိုင်တဲ့ ဖြူးမြို့ ကလေးဆီကနေပြီး ကျနော်နေတဲ့ လူငယ့်အားမာန်လယ်ယာသမဝါယမအသင်းနေရာကို ခြေလျင်ပြန်ခဲ့ရတဲ့နေ့ တွေ။ တလမ်းလုံး မိုးတွေတဖြိုင်ဖြိုင်ရွာနေတဲ့အောက်မှာ။ အိမ်ကို မိုးချုပ်မှရောက်တယ်။ ကျနော့်ချစ်သူက သားအကြီးကောင်ကိုဘေးမှာထား သားအလတ်ကောင်ကို ရင်ထဲမှာလွယ်ထားလျက်က တဲကလေးတလုံးရဲ့ လှေကားထိပ်မှာထိုင်နေခဲ့တယ်။ စစ်ရှုံးလို့ ရှေ့ တန်းကပြန်လာတဲ့ကျနော့်ကို သူတို့ ကြိုနေခဲ့ကြတာပေါ့။ အဲဒီနေ့ က ကျနော်ကျူရှင်ပြနေတဲ့အိမ်မှာ နောက်ဆုံးစာသင်ခဲ့ရတဲ့နေ့ ။ကျနော့်ချစ်သူ မှာလိုက်တဲ့ သားကြီးအတွက် သံချဆေးမဝယ်လာနိုင်ခဲ့တဲ့နေ့ ။သားကြီးက ပါးစပ်ထဲက သန်ကောင်တကောင်ထွက်လာပြီးဖျားနေလို့ ။ နေ့ ပေါင်းများစွာ ဒီလိုပဲ ခြေလျင်လမ်းလျောက်ပြီးပြန်နေကျ ဆိုပေမယ့် အဲဒီနေ့ ကတော့ ကျနော် အရမ်းကိုပင်ပမ်းခဲ့တယ်။

ဒီကနေ့ ကျနော် အကြိမ်ကြိမ်ဖတ်ပြီး အကြိမ်ကြိမ်ခံစားနာကျင်ခဲ့ရတဲ့ “မိသားစုကဗျာ”တွေထဲက ကဗျာတပုဒ် တင်လိုက်ပါတယ်။ ကဗျာဆရာ “ခရမ်းပြာထက်လူ” ရဲ့ ကဗျာပါ။ ၂၀၀၁ ဖေဖေါ်ဝါရီလထုတ် မြှားနတ်မောင်မှာပါခဲ့တဲ့ကဗျာပါ။ ဝေမျှခံစားလိုက်တဲ့သဘောပါပဲ။

မိသားစု (၂)

နို့ ချောင်းပိတ်နေတဲ့ မိခင်နို့ အုံပေါ်
ယင်ကောင်တွေ
အဘိုး အဖေတို့ ပြောပြတဲ့
ဒုတိယကမ္ဘာစစ်ဗုံးကြဲလေယာဉ်တွေလို
တဝီဝီ တဝဲဝဲ။

သမီးလေးက ခြေလက်ကလေးများကန်ကျောက်
ငိုသံနဲ့ မောင်းထုတ်လို့ ။

ရင်သွေးရဲ့ဆာလောင်သံပေါ်
အမေ့မျက်ရည်
နွေသစ်ရွက်ကြွေများလို တဖွဲဖွဲ
ရွှဲလို့ ။

ကျွန်တော် ပြန်လာခဲ့
ဟိုအရင်တုန်းက အရှုံးအနိမ့်များအတိုင်း
တစ်နေ့ တာရဲ့ တစ်ညနေဟာ တုန်ခါလို့ ။

အိမ်တံခါးဝမယ်
မိုးရေတွေ စိုစိုရွှဲ
ညဟာ
ထိန်းမရအောင်တိတ်ဆိတ်
လူသေကောင်တွေ့ သလို ဆူညံလို့ ။ ။



February 13, 2010

ကစားပြီးနောက်


ဒီကနေ့ တော့ စစ်ဆန့် ကျင်ရေး နိုင်ငံရပ်ခြားကဗျာတပုဒ်တင်လိုက်ပါတယ်။
ကျနော်နှစ်သက်တဲ့ကဗျာလေးပါ။
မောင်သင်းခိုင် ဘာသာပြန်ထုတ်ဝေတဲ့ မမြင်ရတဲ့မြစ် စာအုပ်ထဲကပါ။
သြစတြီးယားကဗျာဆရာ Vasko Popa ရဲ့ After Play ကဗျာဖြစ်ပါတယ်။


ကစားပြီးနောက်

ရယ်မောရလို့ 
ဗိုက်ပေါက်ကွဲသွားမှာ စိုးသမို့ 
နောက်ဆုံးတော့ လက်တွေဟာ
ဗိုက်ကို အုပ်ထားလိုက်တယ်
ဒါပေမယ့် ဗိုက် မရှိဘူး။

နဖူးပေါ်က အေးမြတဲ့ချွေးစက်တွေကို သုတ်ဖို့ 
လက်တဖက်မြှောက်လိုက်တယ်
နဖူးလည်းမရှိဘူး။

ရင်ဘတ်အပြင်ဖက်ကနှလုံးသား
ခုန်ထွက်သွားမှာစိုးသမို့ 
တခြား လက်တဖက်က
နှလုံးသားဆီရောက်သွားတယ်
နှလုံးသားလည်းမရှိဘူး။

အလကားနေရင်း လက်နှစ်ဖက်ကို အောက်ကိုချလိုက်တယ်
ပေါင်ခွင်ထဲကို ချလိုက်တယ်
ပေါင်ခွင်လည်း မရှိဘူး။

ခုတော့ လက်တဖက်ပေါ်မှာ
မိုးတွေ ရွာနေတယ်
တခြားလက်တဖက်က
မြက်တွေပေါက်နေတယ်
ကျုပ် ဘာများပြောစရာ လိုတော့လို့ လဲ။ ။

ထိပ်မှာဖေါ်ပြထားတာကတော့ ဂူဂဲကဆွဲချထားတဲ့ အီရပ်စစ်ပွဲဆန့် ကျင်ရေး ဘူဒါပတ်ဆန္ဒပြပွဲပုံဖြစ်ပါတယ်။


January 02, 2010

ကူးတို့ 


ကျောက်သားထဲက ရေကို
ဘယ်လို
လွယ်လွယ်ကူကူ ထုတ်ယူနိုင်မလဲ။

သံတွေခဲတခုက
သံတွေခဲတခုကို
သန့် စင်အောင်
မီးဆေးဖို့ ခက်ရဲ့။

လှိုင်းထအောင်
ကိုယ့်ကို ယူသွားတဲ့
စိတ်ကို
လေနဲ့ မဆေးနိုင်သေးဘူး။

လက်ကလေးနဲ့ 
တောက်ရုံ
လင်းလာမယ့် အမှောင်ဆိုတာ
ရှိမလား။

ကမ်းမမြင် လမ်းမမြင် သစ်ပင်တွေတောင်
နေရောင်ကို ကျောမခိုင်းကြဘူး
သူ့ စိတ်ကူးနဲ့ သူ
ပွင့်ခဲ့ကြတယ်။

ကျွန်တော်တို့ 
လင်းလက်တဲ့ သစ်ရွက်နဲ့ 
တဖက်ကမ်းကို ကူးကြစို့ ။ ။

မင်းချမ်းမွန်
စတိုင်သစ်၊ မေ၊ ၂၀၀၃

(နှစ်သစ်ကူးလက်ဆောင်အဖြစ် ကဗျာတပုဒ်ပေးချင်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း ကဗျာရေးလို့ မရဘူးလေ။ ဒါနဲ့ ပဲ ဆရာ မင်းချမ်းမွန်ရဲ့ ဒီကဗျာလေးကို ကျနော်လည်းနှစ်သက်လို့  လက်ဆောင်အဖြစ် တင်ပေးလိုက်ပါတယ်။)



November 29, 2009

ကဗျာ

ကျနော့်ဘဝမှာ ကျောင်းဆရာအမျိုးမျိုးလုပ်ခဲ့ဖူးတယ်။ ဆိုလိုတာက အစိုးရခန့် မူလတန်းပြကျောင်းဆရာ၊ စပါးနဲ့ ဒါမှမဟုတ်ကျောင်းသားမိဘတွေစုပေးတဲ့ ရွာငှါးကျောင်းဆရာ၊ စေတနာ အထက်တန်းညကျောင်းဆရာ၊တွဲဖက် အလယ်တန်းပြဆရာ၊ အဲဒီအထဲမှာ ကျနော်အစုံမက်ကြီးစုံမက်ပြီး တန်ဘိုးအထားးဆုံး ရွာငှါးကျောင်းဆရာဘဝ၊ ဒီလိုကျောင်းဆရာအမျိုးမျိုးရဲ့ ဘဝအမျိုးမျိုး ရှိခဲ့ဖူးပါတယ်။အခုလည်း နိုင်ငံပြင်ပ အထက်တန်းကျောင်းတကျောင်းမှ စေတနာ့ဝန်ထမ်း အထက်တန်းပြကျောင်းဆရာ..။ ကျနော်နဲ့ ကျောင်းဆရာဘဝနဲ့ က ကံကြမ္မာက ဘယ်လိုဖြတ်ဖြတ် ရေစက်က ပြတ်သွားတယ်ရယ်လို့ ကိုမရှိပါဘူး။
ဒီလို ကျောင်းဆရာဘဝတွေကို ဖြတ်သန်းတဲ့အခါ ကျနော်က သင်ကြားသူအဖြစ်ထက် သင်ယူသူအဖြစ်ကို ပိုပြီးလေးနက်ခဲ့မိတယ်။ ဥပမာ လွန်ခဲ့တဲ့ နှစ်(၃၀)ကျော်လောက်က ဟိုး ပဲခူးချောင်းဖျားက ရွာတရွာမှာ ကျောင်းဆရာလုပ်တော့ ကျောင်းသားတွေဆီကပဲ ကျနော် ပျိုးနှုတ်၊ထယ်ထိုး သင်ယူခဲ့ရတာပဲ။ ကျောင်းသားတွေရဲ့ဘဝတွေကို ကျနော့်မှာ မှတ်လို့ သားလို့ ကို မကုန်နိုင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားတဲ့ကျောင်းသား၊ ကျောင်းရန်ပုံငွေအတွက် စပါးရိတ်ရင်း ပိုးထိလို့ ဆုံးပါးသွားရတဲ့ကျောင်းသား၊ ကျောင်းဆရာ ထမင်းချိုင့် အတွက် ချောင်းထဲမှာ ငါးရှာရင်း ရေနစ်သေဆုံးရတဲ့ကျောင်းသား၊ အို..ပြောရရင် ကုန်နိုင်ဘွယ်တောင်မရှိတဲ့ ဘဝတွေ..အလှတွေ..နာကျင်ခံစားရမှုတွေ...။

ဒီကနေ့ ကျနော် နှစ်သက်တဲ့ကဗျာလေးတပုဒ် လက်ဆောင်အနေနဲ့ တင်ပေးလိုက်ပါတယ်။
ကျောင်းဆရာတယောက်ရဲ့ ရင်ကို ထုတ်ချင်းခတ်သွားရလောက်အောင် ခံစားမှုပေးနိုင်တဲ့ ကဗျာလေးပါ။ ကျနော် ဘယ်တော့မှ မမေ့နိုင်တဲ့ ကဗျာလေး။ဖတ်ကြည့်ပါ။၁၉၉၉၊ နိုဝင်ဘာလထုတ် သရဖူမဂဇင်းမှာပါတဲ့ ဆရာ နေမျိုး ရဲ့ ကဗျာလေးပါ။

အစ်ကို

တစ်နေ့ ကျတော့
စာသင်ခန်းထဲမှ ဆရာမက
ကျောင်းသားတစ်ယောက်ကို ထခိုင်းပြီး
မေးခွန်တစ်ခု မေးတယ်
မင်းကြီးလာရင် ဘာဖြစ်ချင်သလဲ တဲ့။
ကျောင်းသားလေးက ထရပ်ပြီး
ဆရာမကို အကြာကြီး စိုက်ကြည့်နေတယ်။
ပြီးမှ လေသံ တိုးတိုးလေးနဲ့  ဖြေပြလိုက်ရဲ့။
(နားထောင်စမ်းပါ)
ကျွန်တော်ဟာ ခြေတစ်ဖက် ဆာနေတဲ့
ကောင်ကလေးတယောက် ဖြစ်ချင်ပါတယ်တဲ့။
ဆရာမက တအံ့တသြနဲ့ 
ကျောင်းသားလေးကို ကြည့်ကာ
ဘာဖြစ်လို့ လဲသားတဲ့၊ ထပ်ပြီး မေးလိုက်ပေါ့။
ဒီတော့ ကျောင်းသားလေးက
အရည်လဲ့နေတဲ့ မျက်လုံးအစုံကို ပုတ်ခတ်ပြီး
ဦးခေါင်းကို ငုံ့ ကာ
ဆရာမ ကြားနိုင်ရုံ တိုးတိုးလေး ပြောလိုက်တယ်
ကျွန်တော့ ညီမလေးက ခြေထောက်တစ်ဖက် မသန်ဘူးဆရာမတဲ့…။ ။

နေမျိုး
၁၉၉၉၊ နိုဝင်ဘာ၊ သရဖူ



September 16, 2008

ကျုပ် ပြတင်းပေါက်


အခုတလော ... ကိုယ်ရေးကိုယ်တာကိစ္စတချို့နဲ့ စိတ်ပူလောင်ခဲ့ရတယ်။ စာရေးလို့ မရလို့ ကိုယ့်ကိုယ်ကို ဒေါသဖြစ်ခဲ့ရတယ်။ ရေးချလိုက် ပြန်တော့လည်း တရွဲ့တစောင်းတွေ ပါကုန်တယ်။ ဒီကြားထဲ ရဲဘော် ရွှေနန္ဒပြောသလိုပဲ ကဗျာရေးချင်လောက်အောင် စိတ်ညစ်လိုက်ရရင် ကောင်းမလား ဆိုတာမျိုးကလည်း ရှိသေးတယ်။ ဒါကြောင့်မို့ ဒီကနေ့တော့ ဘယ်မဂ္ဂဇင်းမှာပါတယ်ဆိုတာ မမှတ်သားလိုက်မိတဲ့ ဆရာ “အံ့မောင်” ရဲ့ ကဗျာတပုဒ်ကို နှစ်သက်လို့ ဖော်ပြလိုက်ပါတယ်။
အဲဒါ ... အကို့ရဲ့ “ ပြတင်းပေါက်တခုလည်း ဟုတ်တယ်” ငါ့ညီ ရွှေနန္ဒရေ ...။

ကျုပ် ပြတင်းပေါက်မှာ
ခန်းဆီး စိမ်းစိမ်း ရှိတယ်
သစ်ကိုင်း သစ်ခက် သစ်ရွက်တွေ
သစ်ပင်တွေ ရွက်ကြွေတော့
ခန်းဆီး အပြာရောင် တပ်လိုက်တယ်။

ကောင်းကင်ကြီးလေ
ညကျတော့
ခန်းဆီး အနက်ရောင်
မှောင်နေတာကိုး
ပြတင်း ခန်းဆီးမှာ
နေမင်းဝါ၀ါလည်း ရှိတယ်
ရွှေရောင် ကြယ်ပွင့်ကလေးတွေလည်း ရှိတယ်
တခါတလေ လမင်းဝိုင်းဝိုင်း
လမင်းတစ်ခြမ်း လမင်းလှေကလေး
ပြတင်း ခန်းဆီးမှာ
တခါ တခါ
တိမ်ဇာပွင့်တွေ ဆင်ထားတယ်
နီနီ ဇာပွင့်
ရွှေ ရွှေ ဇာပွင့်
ခရမ်းရောင် ဇာပွင့်
ချော့ကလက် ဇာပွင့်
အဆင် ဒီဇိုင်းက
လိပ်ပြာတစ်ရာ ရှုံး
ပါတိတ် ပန်းချီဆရာ ငို။

ပြတင်းခန်းဆီးမှာ
ဟင်္သာပုံလည်း ရှိတဲ့အခါ ရှိ
ဒေါင်းပုံလည်း ရှိတဲ့အခါ ရှိ
ခြင်္သေ့ပုံလည်း ရှိတဲ့အခါ ရှိ
ခွေးပုံလည်း ရှိတဲ့အခါ ရှိ
ဆင်ပုံလည်း ရှိတဲ့အခါ ရှိ
နဂါးပုံလည်း ရှိတဲ့အခါ ရှိ
ငါးပုံလည်း ရှိတဲ့အခါ ရှိ
စုတ်ချက် ကြမ်းကြမ်းရဲရဲ ဆွဲတာလည်း ရှိတဲ့အခါ ရှိ
မီးတောင် ချော်ရည်စီးပုံ ရှုံး
မော်ဒန် ပန်းချီဆရာ ငို။

ကျုပ် ပြတင်းပေါက်က
လေ အေးအေးကလေးလည်း ခုန်ပေါက်ဝင်လာတယ်
နေ နွေးနွေးလည်း ထွေးပိုက်ပေးတယ်
တခါတလေ
ကျုပ် ပြတင်းမှာ
နှင်း ခန်းဆီးကလေး တပ်တယ်
တခါတလေ
ပုလဲလုံး ခန်းဆီး။

မိုးမင်းကြီး ရွာတော့
ကျုပ် ပြတင်းက
အလင်းရောင်လည်း သောက်လို့
အမှောင်လည်း ထန်းရည်ခါးလို ဖောက်လို့ရ
ဒီပြတင်းက
သီချင်းသံတွေလည်း ၀င်လာတတ်တယ်
ရန်ဖြစ်သံ ဆူသံ ဆဲသံတွေလည်း
ဘီးလူးဆိုင်းနဲ့ ရောက်လာတတ်တယ်
ငှက်တေးလည်း နားဆင်ရတယ်
ထော်လာဂျီလည်း တ၀ုတ်ဝုတ် ဟောင်တတ်တယ်။

ဘာလိုသေးသလဲ
ကျုပ် ပြတင်းကလေးဆီက
အကုန်ရ
လောက ဇီဝ သုခ ဒုက္ခ
အလင်း အမှောင်။

အလှဆိုတာ
မျိုးကွဲတွေ စုံတာ
ရသဆိုတာ
မျိုးကွဲတွေ စုံတာ
မျိုးကွဲတွေ စုံမှ
အလှ
မျိုးကွဲတွေ စုံမှ
ရသ
မျိုးကွဲတွေ စုံမှ
ဇီဝ
မျိုးကွဲတွေ စုံမှ
လောက
မျိုးကွဲတွေ အစုံ
ကျုပ် ပြတင်းပေါက်ကလေးက
ပေးနေတယ်
မျိုးကွဲစုံတာ
ကြောက်စရာ မဟုတ်ပါဘူးနော်။ ။

အံ့မောင်