Showing posts with label ခရီးသွားရသဆောင်းပါး. Show all posts
Showing posts with label ခရီးသွားရသဆောင်းပါး. Show all posts

March 08, 2010

ချစ်သူတို့ ရဲ့ပွဲ






အပိုင်း ( ရ ) နိဂုံးပိုင်း

ကျနော်တို့ တည်းခိုခွင့်ရတဲ့အခန်းမှနေပြီး အောက်ကိုငုံ့ ကြည့်ရင် ရေကူးကန်လေးကိုတွေ့ ရပါတယ်။ ရေကူးကန်လေးနဲ့ ကျနော်တို့ အဆောက်အဦးကြားမှာ ကွက်လပ်တခုရှိပါတယ်။ အဲဒီ ကွက်လပ်ကလေးထဲမှာ ထီးလေးတွေဖွင့်ပြီး စားပွဲဝိုင်းတချို့ ချထားတာ တွေ့ ရပါတယ်။ ဟော်တယ်ဝန်ထမ်းတွေ သွားလာနေကြတာ တွေ့ နေရပါတယ်။ ကျနော့် ကုတင်ဘေး လိုက်ကာကြီးကိုဖယ်ကြည့်ရင် ဒါတွေကို ရှင်းရှင်းလင်းလင်း တွေ့ နေရပါတယ်။ မှန်ကာကြီးဘေးနားရပ်ပြီး အောက်ကိုငုံ့ ကြည့်နေရင်းက ဒီကနေ့ ညစာစားပွဲကို အဲဒီကွက်လပ်ကလေးမှာ ပြင်ဆင်နေဟန်တူတယ်လို့ တွေးမိပါတယ်။

ကျနော်ကတော့ ညစာကို သိတ်ပြီးမစားချင်တော့ပါဘူး။ ဆာလည်းမဆာပါဘူး။ “ ညီလာခံပြီးရင် အချိန်ရရင် စာအုပ်ဆိုင်တွေ လိုက်ပို့ ပေးလို့ ရတယ်” ဆိုတဲ့ “ဆရာသာ” (မောင်သာမည) ရဲ့စကားကို လက်ခံချင်ပေမယ့် သူ့ ခမျာ တနေကုန် ညီလာခံထဲ ထိုင်ခဲ့ရပြီးပြီ။ ဒါကြောင့်မို့ “မသွားတော့ပါဘူ ကျေးဇူးတင်ပါတယ်ဆရာရယ်↔လို့ ပြောခဲ့ပါတယ်။ ဆရာသာ ဘယ်အချိန်ပြန်သွားတယ်ဆိုတာတောင် သတိမထားလိုက်မိပါဘူး။
ကိုယ့်အခန်းကို ပြန်ရောက်တော့ ၉၉ ခုနှစ်ထဲ ချင်းမိုင်မှာလုပ်တဲ့ စီမီနာတခုကိုလာခဲ့စဉ်တုန်းက စာရေးဆရာမလေး “မေငြိမ်း” က ကျနော့်ကို ဆိုင်တဆိုင်မှာ ထမင်းလိုက်ကျွေးခဲ့တာ သွားပြီး သတိရပါတယ်။ သူက ချင်းမိုင်မှာနေတဲ့သူ။ ကျနော်တို့ မောင်နှစ်မနှစ်ယောက်( ဟဲ ဟဲ သူနဲ့ ကျနော် တွဲရိုက်ထားတဲ့ ဓါတ်ပုံထဲကအတိုင်းဆိုရင် သူနဲ့ ကျနော် တူဝရီးလောက် အသက်ကွာကြတယ်ဆိုတာပြောရင် ဘယ်သူမှယုံကြမှာမဟုတ်လို အားလုံးနဲ့ သဘောထားမကွဲရလေအောင်မောင်နှစ်မ ဆိုတဲ့စကားလုံး သုံးလိုက်တာပါ။ ဆရာမလေး သဘောတူပါစ။ ) ဒီတုန်းက ညနေပိုင်းကြတော့ ဆရာသာရဲ့အခန်းမှာ ကျနော်နဲ့ ဆရာမ မေငြိမ်းတို့ ညစာသွားစားကြပါသေးတယ်။ တခါ ပိုပြီး သတိရဖို့ ဖြစ်တာက ၁၉၉၇ ခုနှစ်မှာပြုလုပ်တဲ့ ဘီအမ်စီ ညီလာခံမှာ သူနဲ့ ကျနော်က စာတမ်းတယောက် တစေါင်စီ ရင်ဘောင်တန်းပြီး တက်ဖတ်ခဲ့ကြတာပဲ။ အခုတော့ သူက ပစိဖိတ်သမုဒ္ဒရာကြီးရဲ့တဖက်ကမ်းကိုရောက်သွားပြီး နယ်စပ်က ကျနော်တို့ ကို မေ့နေလောက်ပြီဆိုပါတော့။

ဘာကြောင့်ရယ်မသိ ညီလာခံပြီးတဲ့အခါ စာတမ်းတင်တဲ့ကိုယ့်တာဝန်ပြီးဆုံးတဲ့အခါ လွတ်လပ်ပေါ့ပါးသွားပြီဆိုကာမှ ကျနော်က အခန်းထဲမှာထိုင်နေရင်း လွန်ခဲ့ပြီးတဲ့ အချိန်ကာလတချို့ ဆီ ပြန်ရောက်သွားနေမိတယ်လေ။ ကျနော့်ရဲ့စိတ်က ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က နော်ဝေနိုင်ငံ အော်စလိုမြို့ က ဒီမိုကရက်တစ်မြန်မာ့အသံမှာ အသံလွှင့်သမားအဖြစ် တော်လှန်ရေးတာဝန်ထမ်းဆောင်ခဲ့ရတာတွေကို ပြန်ပြီးတွေးနေမိတယ်။ တော်လှန်ရေးတာဝန်လို့ ကျနော်ပြောတာ အကြောင်းရှိပါတယ်။ ဒီတုန်းက အော်စလိုမှာရှိတဲ့ ဒီဗွီဘီ ဝန်ထမ်းအဖြစ် တော်လှန်ရေးတာဝန်တရပ်အနေနဲ့  သက်ဆိုင်ရာက ကျနော့်ကို တာဝန်ပေးခဲ့တာပါ။ ကျနော် နော်ဝေကို ထွက်ခွါဖို့ ပြင်ဆင်နေတဲ့အခိုက် သက်ဆိုင်ရာတာဝန်ရှိတဲ့လူကြီးတွေက “မင်းကို ဒါ တော်လှန်ရေးတာဝန်တရပ်အနေနဲ့ လွှတ်တာ ဒါ အဆင့်မြင့်တာဝန်ပဲ” ဆိုတဲ့စကားလုံးမျိုးသုံးပြီး ကျနော့်ကို တာဝန်ပေးလို့  သွားခဲ့တာပါ။ နော်ဝေမှာသွားပြီး ဒီအလုပ်ကိုလုပ်ဖို့ ကျနော့်မှာ တကြိမ်တခါမှ မတွေးခဲ့ဘူးပါဘူး။ ကျနော် ဂုဏ်ယူစွာနဲ့ သွားခဲ့တာပါ။ ဟိုကြတော့ အခု ဘီအမ်အေ ဥက္ကဌလုပ်တဲ့ ကိုမောင်မောင်မြင့်နဲ့ ဒီဗွီဘီမှာ ဆုံရတာပဲလေ။

ဒီတုန်းက ဒီဗွီဘီမှာ ကျနော်တို့ က တယောက်ကို အပါတ်စဉ်အသံလွှင့်အစီစဉ်တခုစီ တာဝန်ယူပြီး အသံလွှင့်ခဲ့ကြတာ။ ကိုမောင်မောင်မြင့်ရဲ့ “ရွှေမောင်းဒေါင်းညို” အစီစဉ်က အပေါက်ဆုံးပေါ့။ရွှေမောင်းဒေါင်းညို အစီစဉ်က ကိုမောင်မောင်မြင့်ရေးပြီး ကိုမောင်မောင်မြင့်စီစဉ်တဲ့ အစီစဉ်ပါ။ “ဒေါင်းညို” ဆိုတာက ကိုမောင်မောင်မြင့်ပါ။ “ရွှေမေါင်း” အဖြစ်နဲ့ က ကိုအေးချမ်းနိုင်ပါ။ (ယခု ဒီဗွီဘီ ညွှန်ကြားရေးမှူး၊ သူကလည်း လူ့ အခွင့်အရေးဆိုတဲ့ အသံလွှင့်အစီစဉ်ကိုတာဝန်ယူထုတ်လွှင့်နေတဲ့အချိန်ပါ။) ရွှေမောင်းနဲ့ ဒေါင်းညို လူနှစ်ယောက် အချီအချစကားပြောခန်းပါ။ နိုင်ငံရေးသရော်စာပါ။ ( ဟဲ ဟဲ မြဝတီရုပ်သံကလွှင့်တဲ့ အကိုကြီးညီလေးစကားပြောခန်းက သူတို့ နောက် အများကြီးနောက်ကျပြီးမှ ပေါ်လာတာပါနော။ ) ကျနော်တို့ အထဲမှာ ဒီဗွီဘီရဲ့ အအောင်မြင်ဆုံးအစီစဉ်ဖြစ်ခဲ့တာပေါ့။ ကြုံတုန်း မှတ်တမ်းလေးများဖြစ်လိုဖြစ်ငြား ထည့်ပြောရမယ်ဆိုရင် အဲဒီတုန်းက ဒီင်္ဗွီဘီဝန်ထမ်း ( ၁၃ ) ယောက်ရှိပါတယ်။ ညွှန်ကြားရေးမှူးက ဦးဟန်( ဦးဟန်ညောင်ရွှေ )ဖြစ်ပါတယ်။ ဒုညွှန်မှူးက အံတီပြုံး (ဒေါခင်ပြုံး-အော်စတေးလျ) ဖြစ်ပါတယ်။ အယ်ဒီတာချုပ်က အံကယ်ကြီး ဒေါက်တာအောင်ခင်ပါ။ ကျန်တာတွေက ကျနော်၊ ကိုမောင်မောင်မြင့်၊ ကိုမွန်းအောင်(တေးသံရှင်)၊ ကိုအေးချမ်းနိုင် (ယခု ညွှန်မှူး) ၊ မသီတာ၊ မမိုးမိုးထွန်း၊ ကိုသိန်းထိုက်ဦး(ထိုက်သူနိုင်-ယခု င်္ဗင်္င်္ွီအိုအေ )၊ ကိုထွန်းထွန်း၊ စေါနယ်လ်ဆင်ခူး၊ ကိုကျော်ကျော်တို့ ဖြစ်ပါတယ်။ အခုတော့ ကိုမောင်မောင်မြင့်နဲ့ ကျနော်သာ တခါတလေ ဘီအမ်အေကိစ္စစကာြးေ့ပာလို့ ဆုံဖြစ်တာကလွဲပြီး ကျန်တဲ့သူတွေနဲ့ တော့ အဆက်အသွယ်ပြတ်ကုန်ကြပြါ့ပီ။ ဒါကလည်း ကိုယ်ဝါသနာပါရာ ကိုယ်ထက်သန်ရာလမ်းကို ရွေးချယ်လျောက်ကြရင်းက လူတွေ တယောက်နဲ့ တယောက် ဝေးကွာသွားကြရတာ သဘာဝတော့ကျပါတယ်။ မုန်တိုင်းကထန်တယ်လေ။ တချိန်က တကိုင်းထဲနားခဲ့ကြပေမယ့် အခုတော့ တချို့ က နွေကြိုငှက်။ တချို့ ကြတော့ တေးသီငှက်။ စိတ်ဖြေလို့ ရတာတခုတော့ရှိပါတယ်။ ကျနော်တို့ အထဲက ဘယ်သူမှ ခိုးသားဓါးပြတွေရဲ့ရွာကလေးဆီ ရောက်မသွားခဲ့ကြတာကိုတော့ ကျနော်ကျေနပ်တယ်။ ဒါပေမယ့် ကျနော်ကတော့ ဒါတွေကို လွမ်းတော်မူလို့ စာကိုစီရတာ မဆုံးနိုင်ပါဘူး။

ဒီနေရာမှာ ကိုမောင်မောင်မြင့်နဲ့ အခုလိုဆုံဖြစ်ကြတာတောင်မှ သူက အဖွဲ့ အစည်းတခုရဲ့ထိပ်ပိုင်း တာဝန်ရှိသူလည်းဖြစ်ပြန် တကယ်လည်း အလုပ်တွေလုပ်နိုင် အလုပ်တွေပိနေတဲ့သူဖြစ်တော့ တနှစ်နေလို့ မှ ကဗျာလေးတပုဒ်တလေရေးပြီး ဘဝကိုကျေနပ်နေမိတဲ့ကျနော်က သူ့ ကို အလိုက်သိစွာပဲ ခတ်ခွါခွါနေလိုက်မိပါတယ်။ ညီလာခံ ဒုတိယနေ့  ကျနော် နေ့ လည်စာစားနေတုန်း ထမင်းစားခန်းထဲ ဖြတ်သွားရင်းက ကျနော့်ပခုံးကိုဖိကိုင်ပြီး “ကိုငြိမ်း ခင်ဗျားနဲ့ ကျနော်စကားပြောချင်သေးတယ် အေးအေးဆေးဆေးကို စကားမပြောနိုင်သေးဘူးဗျာ” လို့ သူ နှုတ်ဆက်တာကို ကျနော် ကျေနပ်စွာပဲ ကြည်နုးလိုက်ပါတယ်။ ကျနော်ကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အသံလွှင့်ခန်းတခုထဲ သူနဲ့ ကျနော် နောက်ပြောင်ခဲ့ကြတာတွေ ကျနော်နဲ့ ကိုမွန်းအောင်တို့ နော်ဝေကြက်ခြေနီစခန်း (ကျနော်တို့ ကတော့ အဲဒါကို ဒုက္ခသည်စခန်းလို့ ပဲ သုံးနှုန်းခဲ့ကြပါတယ်) ရောက်နေတဲ့အခိုက် သူလိုက်လာပြီး မြှောက်ပေး (အဲလေ မှားသွားတယ် အားပေး) ခဲ့တာတွေ ကျနော်ဘယ်မေ့လို့ ရနိုင်ပါ့မလဲ။ ကျနော့်အထင် ဘီအမ်အေမှာ အဖွဲ့ ဝင်တယောက်အဖြစ် ပါနေတာကိုယ်၌က သူနဲ့ ပုဂိုလ်ရေးသံယောဇဉ်ခတ်တဲတဲတခု ကျနော့်မှာရှိနေသေးလို့ ဖြစ်ကောင်းဖြစ်မယ်လို့ တွေးကြည့်မိပါတယ်။ ကျနော်က အဖွဲ့ အစည်းနဲ့ လုပ်ရကိုင်ရတဲ့အလုပ်ကို မကျွမ်းကျင်လို့  ဘယ်အဖွဲ့ အစည်းကိုမှ ထဲထဲဝင်ဝင် ဝင်မလုပ်ခဲ့တာ ကြာပါပြီ။ ( ကျနော်က ကဗျာရေးတယ်လေ။ ကဗျာဆရာဆိုတာ စင်ပြိုင်အစိုးရဖြစ်တယ်မို့ လား။ ဒါဆို လုံလောက်ပြီပေါ့။ )

အတွေးတွေက တော်တော်ဝေးဝေးအထိ ရောက်သွားခဲ့ပါတယ်။ ကျနော်တို့ ထမင်းစားဆင်းကြရင် ကောင်းမလားလို့ လှမ်းမေးလိုက်တဲ့ ဆရာနေမျိုးအေးရဲ့စကားနဲ့  ကျနော့်အတွေးကို ဖြတ်ခဲ့ရပါတယ်။ ကျနော်တို့ အခန်းက ငုံ့ ကြည့်ရင်မြင်ရတဲ့ ကွက်လပ်ကလေးမှာ ညစာစားပွဲပြင်ထားတာ သေချာတယ်ဆိုပြီး ကွက်လပ်ကလေးဆီ ဆင်းလာလိုက်ကြပါတယ်။

ညစာစားဖို့ ပြင်ဆင်ထားတဲ့ကွက်လပ်ကလေးမှာ လူတွေသိတ်မရှိသေးပါဘူး။ ကျနော်တို့ က အခြေအနေအကဲခတ်ပြီး ထမင်းစားချင်နေကြပြီလေ။ ဒါနဲ့ တယောက်ယောက်ကိုမေးကြည့်တော့ စားလို့ ရပြီပေါ့။ ကျနော်တို့ က လူတွေမများခင် ထမင်းစားနှင့်ချင်ကြတယ်လေ။ တော်ကြာ သီးလေးသီးအငြိမ့် ပြီးတော့ နတ်ရေကန်ကျ(စူဠရေထဲလွှတ်လို့ တော့မဆိုလိုပါဘူးနော်။) အဆိုတော်ရဲဘော်တွေရဲ့ ဖြေဖျော်ပွဲတွေနဲ့ တိုးရင် လူတွေများပြီး ထမင်းစားရတာ ဇိမ်မကျဘူးလို့ ယူဆမိလို့ ပါ။ ပြီးတော့ ကျနော်က အခန်းပြန်ပြီး မှတ်စုတွေရေး မနေ့  က မြို့ ထဲသွားဝယ်ထားတဲ့ စာအုပ်တွေ နည်းနည်းမြည်းကြည့်ချင်နေပြီလေ။

ကျနော်တို့ ထမင်းစားနေတုန်း ကွက်လပ်ကလေးထဲ လူတွေချက်ချင်းရောက်လာပါတယ်။ ကွက်လပ်ထိပ်က ဧည့်ခံဖြေဖျော်ရေးစင်မြင့်ကလေးပေါ်မှာ ဆောင်းဘောက်တွေ မိုက်တွေ ပြင်ကြ ဆင်ကြတဲ့သူတွေကိုလည်း တွေ့ လာရပါတယ်။ ထမင်းထိုင်စားနေတုန်းမှာပဲ မိုက်ကရိုဖုံးကိုင်ပြီး လူတယောက် စင်မြင့်ကလေးပေါ်တက်လာပါတယ်။ နတ်ရေကန်ကျအဆိုတော် ဘီဘီစီ ကိုအောင်ကျော်ဦး ကို ဘိတ်ခေါ်နေတဲ့အသံ ထွက်ပေါ်လာပါတယ်။ မိုက်ကရိုဖုံးကိုင်ပြီး ဧည့်ခံဖြေဖျော်ပွဲ ကွင်းဖွင့်လိုက်တဲ့သူကို မြင်ဖူးပါတယ်ဆိုပြီးသေသေချာချာကြည့်တော့ ကျနော်တို့ ရဲ့ ခေတ်ပြိုင်ဆရာလေး မန်းမျိုးမြင့်ဖြစ်နေပါတယ်။ မန်းမျိုးမြင့်ရဲ့ ဖိတ်ခေါ်သံမဆုံးခင်မှာပဲ ဘီဘီစီသတင်းထောက်ကြီး ကိုအောင်ကျော်ဦး စင်ပေါ်ရောက်လာပါတယ်။ သူ့ ဆီကိုကြိုတင်ဖိတ်စာပို့ ထားဟန်တူပါရဲ့ မန်းမျိုးမြင့်ရဲ့လက်ထဲက မိုက်ကရိုဖုံးကို လုမယူရုံတမယ်လှမ်းယူပါတယ်။ ပြီးတော့ ဧည့်နှင်ဖြေဖြော်ရေး အဲလေ ဧည့်ခံဖြေဖျော်ရေးသီချင်း တပုဒ်ကို သံကုန်ဟစ်ပါတော့တယ်။ ကျနော်တို့ လည်း ကိုယ့်တမြို့ ထဲသားရဲဘော်တွေကို အားပေးရမှာပေါ့ဆိုပြီး ကမန်းကတန်းထမင်းစားပြီး အပေါ်ပြန်တက်လိုက်ကြပါတယ်။( အပေါ်ထပ် ကျနော့်အခန်းကငုံ့ ကြည့်ရင် အောက်ထပ်က သူတို့ အော်ကြဟစ်ကြတာတွေကို မမြင်ချင်မကြားချင်အဆုံးမို့ အဲဒီ အထူးတန်းကပဲ အားပေးလိုက်မယ်ဆိုပြီး ဆုတ်ခွါလာခဲ့ကြတာပါ။)

အခန်းကိုပြန်ရောက်တယ်ဆိုရင်ပဲ ကွက်လပ်ကလေးထဲက သီဆိုကခုန်နေတာတွေကို အားနာနာနဲ့ ခဏတော့ ကျနော် ထိုင်ပြီး မုဒိတာပွါးလိုက်ပါသေးတယ်။ ဆရာ နေမျိုးအေးကတော့ အပြင်ဖက်ဧည့်ခန်းထဲမှာ တီဗွီထိုင်ကြည့်ပါတယ်။ အော် အဖွဲ့ အစည်းကိစ္စတွေ ထဲထဲဝင်ဝင် ဝင်မလုပ်ဘူးဆိုပေမယ့် ထမင်းစားနေတုန်းက ဖြောင့်အောင်ထိုင်မစားနိုင်လောက်အောင် ဗျာများခဲ့ရပါသေးတယ်။ ကျနော်တို့ ငါးယောက်အဖွဲ့ က မနက်ဖြန်မနက် ( ၅ ) နာရီမှာ ဟော်တယ်ကနေပြီး ထွက်တော်မူနန်းကခွါမယ်နော်ဆိုတဲ့ ကြိမ်နဲ့ ရိုက်ခေါ်လိုက်တဲ့အသံကို ကိုမိုးကျိုးဆီက ကြားလိုက်ရပြီးကတည်းက ကိုယ်နဲ့ တကားထဲစီးလာကြတဲ့ ကျန်တဲ့ပိုဂိုလ်တွေဆီ ဖုံးတွေတိုက်ရိုက်ဆက် တဆင့်ခံနဲ့ လိုက်ဆက်ပြီး ဘယ်သူကမှပေးတဲ့တာဝန်မဟုတ်ပေမယ့် ကျနော့်တာဝန်လို သဘောထားပြီး ပြာယာခတ်ခဲ့ရပါတယ်။ အားလုံး သေသေချာချာပြောပြီးပြီဆိုမှပဲ ထမင်းကိုမြိုလို့ ကျနိုင်ခဲ့ပါတယ်။

ခဏနေတော့ ဆရာနေမျိုးအေးက အခန်းထဲဝင်လာပြီး အိပ်ယာပေါ်လှဲလိုက်ပါတယ်။ ဒီတော့ နစ္စဂီတနဲ့ သာယာနေတဲ့ကျနော်က အိပ်ယာဝင်ဘုရားရှိခိုးတော့မယ့် သူ့ ကို အနှောက်အယှက်ပေးရာရောက်တော့မှာပဲဆိုပြီး အိမ်ရှေ့ ခန်းကို ဂီတတဏှာအမျှဉ်တန်းလန်းနဲ့ ပဲထွက်ပေးလိုက်ပါတယ်။

အိမ်ရှေ့ ခန်းမှာ ကွန်ပျူတာလက်ပ်တော့လေး စတိုင်ကျကျဖွင့်ပြီး ကျနော်မှတ်ရမယ့်အချက်တွေ မေ့မှာစိုးလို့ မိုက်ကရိုဆော့ဝပ်မှာရိုက် ပြီးတော့ သေသေချာချာစေ့ဖ်လုပ်၊ ပြန်ဖတ်။ အလုပ်ပြီးတော့ အီးမေးချက်ကြည့်လိုက်ပါသေးတယ်။ ကျနော့်ဘလော့လေးကို ဖွင့်ဖတ်လိုက်ပါသေးတယ်။ နောက်တော့မှ စာဖတ်စရာရှိတာနဲ့ ကွန်ပျူတာကို ဆိုင်းအောက်လုပ်ပြီး ပိတ်ပါတယ်။ ဆိုင်းအောက်လုပ်တယ်ဆိုလို့ ကွန်ပျူတာ ဆိုင်းအောက်လုပ်တဲ့အချိန်တိုင်း သွားသွားပြီးသတိရနေတဲ့ ကဗျာလေးတပုဒ်ရှိပါတယ်။ အဲဒီကဗျာထဲမှာ ကျန်တာတွေ ကျနော် မမှတ်မိပါဘူး။ ဒါပေမယ့် ဘဝမှာ ဆိုင်းအောက်မလုပ်လို့ မဖြစ်တဲ့အရာတွေဆိုတဲ့သဘော ရေးသွားတဲ့ ပန်းချီဆရာ ထိန်လင်းရဲ့ကဗျာတပုဒ်ပါ။ အခုလည်း ကျနော်ကွန်ပျူတာလေးကို မပိတ်ခင် အီးမေးချက်ထားတာမို့ ဆိုင်းအောက်လုပ်ရပါလိမ့်မယ်။

မနေ့ က ဝယ်လာတဲ့စာအုပ်သုံးအုပ်ကို စားပွဲပေါ်တင်လိုက်ပြီး ပထမဆုံး ထိုင်း စာပေသမိုင်းစာအုပ်ကို အရင်လှပ်ကြည့်ပါတယ်။ ပြီးတော့မှ စာအုပ်မျက်နှာဖုံးက စာအုပ်နာမည်ကို ကမန်းကတန်းဖတ်ပါတယ်။ ကျနော် ပက်လက်လန်သွားလုမတတ် စိတ်ပျက်သွားရပါတယ်။ ကျနော်က မနေ့ က အဲဒီစာအုပ်ကို ပြန်ချင်ဇောနဲ့ ကမန်းကတန်းစာအုပ်စင်ကဆွဲယူပြီး ငွေရှင်းပေးခဲ့တာကိုး။ ကျနော့်စိတ်ထဲ တော်တော်လေးကျေကျေနပ်နပ်နဲ့ ဝယ်ခဲ့တဲ့စာအုပ်။ ဝယ်လာတဲ့စာအုပ်သုံးအုပ်ထဲမှာကလည်း အဲဒီစာအုပ်က ဈေးအကြီးဆုံး။ သုံးရာနီးပါး။ ခုတော့ ပိုက်ဆံတွေတန်ဘိုးကြီးနေရတဲ့ကြား စာပေနဲ့ ယဉ်ကျေးမှုနဲ့ မှားဖတ်ပြီး ဝယ်ခဲ့မိတာကို အခုမှ ကျနော်တွေ့ တော့တာကိုး။ အင်္ဂလိပ်စာမှာက ကားလ်ချားနဲ့ လစ်ထရေးချားနဲ့ က ချားချင်းအတူတူဆိုတော့ ကျနော့်မျက်စိထဲ ကားလ်ချားကို လစ်ထရေးချားဆိုပြီး တခါထဲ လာရကျိုးနပ်တယ်လို့ တောင် ထင်ခဲ့မိတာ။ ဒီလိုဖြစ်သွားတော့ ဟိုကျန်တဲ့စာအုပ်နှစ်အုပ်ကိုပါ အမြင်ကပ်ပြီး ကောက်မကိုင်ချင်လောက်အောင်ဖြစ်ခဲ့ရပါတယ်။

ကဲ ကျနော့်ရဲ့ ဒီ ခရီးသွားအခန်းဆက်ဆောင်းပါးတွေကို နိဂုံးချုပ်ပါတော့မယ်။ ကျနော်တို့ နိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် လေးတွေမြှားတွေပြင်ကြသကြ ဖလှယ်ကြ သင်ကြပြကြ ။ သုံးရက်တာကာလမှာ ကျနော် အားလုံးကိုချစ်ခင်ခဲ့ပါတယ်။ ချစ်ခင်နိုင်အောင်လည်း ကြိုးစားပါတယ်။ အားလုံးကို လေးနက်မိပါတယ်။ ကျနော်တို့ မနက်ဖြန်ဆိုရင် ကိုယ့်အသိုက်မြုံရှိရာ ကိုယ်စီကိုယ်ငှ ထွက်ခွါကြပါတော့မယ်။ ဒီ သုံးရက်တာကာလ ကျနော်ကြုံတွေ့ ခံစားရတဲ့ “ပျားအုံခံစားမှု” ဟာ တကယ့်ကို ချိုမြိန်ခဲ့ပါတယ်။ မနက်ဖြန်ဆိုရင် မနက်အစေါကြီး ကျနော်တို့ ဒီ “ခွန် ဖူကန်” ဟော်တယ်က ထွက်ခွါကြပါတော့မယ်။ ချင်းမိုင်မြို့ ကလေးက ထွက်ခွါကြပါတော့မယ်။ ဒါကြောင့်မို့ ဘဝအမေါတွေနဲ့ အိပ်မေါကျနေကောင်း ကျနေမယ်ထင်ရတဲ့ ဒီ ဟော်တယ် နဲ့ ဒီမြို့ ကလေးကို ဒီညကတည်းကပဲ ကျနော်နှုတ်ဆက်ပြီးမှ အိပ်ယာဝင်လိုက်ရပါတယ်။

See u ခွန် ဖူကန်...
See u ချင်းမိုင်......။ ။

ငြိမ်းဝေ

ပုံ ( ၁ ) ဘီဘီစီ ကိုအောင်ကျော်ဦး နဲ့ ခေတ်ပြိုင် မန်းမျိုးမြင့်တို့ သီချင်းဆိုနေစဉ်
ံ့ပုံ ( ၂ ) ညီလာခံအပြီး ဘီအမ်အေ အစည်းအဝေး
့ပုံ ( ၃ ) See u ခွန် ဖူကန်
ပုံ ( ၄ ) See u ချင်းမိုင်
ပုံ ( ၅ ) မဲဆောက်ပြန်ရောက်ပြီး ကဗျာဆရာ့ကဖေး တွင် ညီလာခံ အာလူးနှင့် ကိုက်လံကိုပြန်လည်တမ်းတနေသူများ(ခင်မင်းဇော်-ကြောပေးထိုင်နေသူ၊ ငြိမ်းဝေ ၊ ဆရာ ဦးချိန်ဝမ်း ၊ ဆရာနေမျိုးအေး )

ဂ ၊ ၃ ၊ ၂၀၁၀ တွင်ရေးသားပြီးစီးသည်။




January 08, 2010

နေ့ သစ်တခုရဲ့ ဤမှာဘက်၌


(၁)
ဒုံသမိချောင်း ရေပြင်မှာ မဟူရာကျောက်သားလို နက်မှောင်လျက်ရှိ၏။ အမှိုက်မရှိဒိုက်မရှိရေပြင်မှာ ရေစီးလို့ စီးမှန်းမသိနိုင်လောက်အောင် ငြိမ်သက်ပြောင်ချောနေ၏။ “ဒီချောင်းက ချောင်းပြင်ကျဉ်းသလောက် စေါက်နက်လွန်းတယ်” ဟု တပ်ကြပ်ကြီးဖါးတေးကပြောထားသဖြင့် ကျနော့်မှာ ရေပြင်ကိုငုံ့  ကြည့်ကာ ကြက်သီးထနေမိသည်။ ငယ်စဉ်က သရဲကြောက်သူတဦးလို ညအခါ ရှေ့ ကလည်းမသွားရဲ၊ နောက်ကလည်းမလိုက်ရဲသည့်အဖြစ်မျိုးမို့ ကုန်းပေါ်တွင် တယောက်ထဲ ထိုင်မနေရဲပဲ ချောင်းထဲသို့ လိုက်လာခဲ့၏။


လွန်ခဲ့သည့် မိနစ်နှစ်ဆယ်ခန့်  က တလိုင်းကရင်ရွာဖက်မှ သေနတ်သံသုံးလေးချက် ခတ်သဲ့သဲ့ကြားခဲ့ရသည်။ သေနတ်သံကြားရာနှင့် ကျနော်တို့ ရှိနေသောနေရာမှာ ခြေလျင်အပြေးလာလျင်ပင် တနာရီလောက်ကြာမှရောက်နိုင်သည်ဟု သူတို့ ကပြောသော်လည်း ကျနော်က ကြောလုံအောင်ထိုင်မနေရဲခဲ့။ကမ်းပေါ်တွင် ချန်မနေရဲသဖြင့်သာ ချောင်းထဲသို့ လိုက်လာခဲ့ရသော်လည်း အမှန်စင်စစ် ကျနော်က ရေကူးတတ်သူမဟုတ်။

ချောင်းထဲကိုရောက်ပြန်တော့ တပ်ကြပ်ကြီးဖါးတေးနှင့် မောင်သိန်းတို့ က လူပိုတယောက်ပါလာမှတော့ နှစ်ယောက်စလုံး ပုဇွန်ဆင်းငုတ်မည်ဟုဆိုကာ လှေပေါ်မှဆင်းလိုက်ကြ၏။ လှေပေါ်တွင် ကျန်ရစ်သူကျနော့်အဖို့  လှော်တက်ကို ယောင်ယောင်အအနှင့် ကောက်ကိုင်လိုက်ရတော့၏။ သို့ သော် ကျနော်က လှေလှော်တတ်သူမဟုတ်။

လှေပေါ်တွင် တယောက်တည်းကျန်ရစ်စဉ် လှော်တက်ကို လှော်မိလှော်ရာ လှော်နေမိသည်။ လှေကလည်း အောက်ကိုသာမျောရင်း တပါတ်လည်တော့၏။ သို့ သော် အချိန်ကြာကြာတော့ မစွန့် စားလိုက်ရပါ။ တက်ကို မှန်ကန်စွာ ကိုင်တတ်လှော်တတ်သွား၏။ လှေကလေးမှာ ဖင်ရမ်းခေါင်းရမ်းနှင့်ပင် အထက်သို့ ပြန်တက်လာနေ၏။ သူတို့ နှစ်ဦး ရေထဲသို့ ခုန်ချရာမူလနေရာသို့ ပြန်ရောက်လာခဲ့၏။ တနေရာအရောက်တွင် လှေဘေးမှ လူနှစ်ယောက် ဘွားကနဲပေါ်လာ၏။ ကျနော်က အောင်မြင်သည့်မျက်နှာထားနှင့် သူတို့ ကိုကြည့်သည်။ သူတို့ ကမူ ကျနော့်ကို ဂရုမပြုအား။ လက်နှစ်ဖက်က ပုဇွန်နှစ်ကောင်ကို ခေါင်းချိုးကာ လှေဝမ်းထဲ ပစ်ထည့်ကြ၏။ပြီးတော့မှ ပါးစပ်တွင်ကိုက်ထားသည့် ပုဇွန်ကို ခေါင်းချိုးပြီး လှေဝမ်းထဲ ပစ်ထည့်ပြန်သည်။ ထို့ နောက် နှစ်ယောက်စလုံး ရင်ဘတ်ကိုကော့ အသက်ရှူပြီး ရေထဲသို့ ပြန်ငုတ်သွားကြ၏။
နာရီဝက်ခန့် အကြာတွင် ကျောက်ပုဇွန်အကောင်(၃၀)ခန့် နှင့်အတူ ကျနော်တို့ သုံးယောက် ကုန်းပေါ်သို့ ပြန်ရောက်လာကြ၏။မောင်သိန်းက ချောင်းဘေးတလျောက် ကင်ပွန်းချဉ်ရွက်များကို လိုက်ခူးနေစဉ် ကျနော်နှင့် တပ်ကြပ်ကြီးဖါးတေးက မီးဖိုကြ ဆန်ဆေးကြ၏။ နောက်ထပ်နာရီဝက်ခန့် ကြာသောအခါ ကျနော်တို့ သုံးယောက် ပုဇွန်ကင်ပွန်းချဉ်ရွက်ဟင်းနှင့်ထမင်းစားပြီးချောင်းလက်တက်ကလေးဆီပြန်လာခဲ့ကြ၏။

ချောင်းလက်တက်ကလေးမှာ ဒုံသမိချောင်းအတွင်း စီးဝင်သည့်ချောင်းငယ်ကလေးဖြစ်၏။ ကျနော်က ချောင်းလယ်အထိ တိုးထွက်နေသော သစ်ကိုင်းတခုပေါ်တက်လာခဲ့သည်။ သစ်ကိုင်း နှစ်ခုခွဲထွက်ရာ ခွဆုံတွင် ဝါးလုံးစီပြီးခင်းထားသည့် လင့်စင်အိပ်ယာလေးဆီ ရောက်လာခဲ့သည်။လင့်စင်ကလေးပေါ်တွင်ထိုင်ရင်း ကြောပိုးအိပ်ပေါ် မှတ်စုစာအုပ်တင်ကာ ရေးမှတ်စရာရှိသည်များကို ရေးမှတ်သည်။ မနက်ဖြန်ဆိုလျင် မိဆိုင်းတောင်ခြေက ကော်ဟဲရွာကို ခရီးထွက်ရမည်ဟု တပ်ကြပ်ကြီးဖါးတေးက ပြောခဲ့၏။ တပ်မဟာမှူးနှင့်အဖွဲ့ ကို ထိုရွာတွင် ကျနော်တို့ တွေ့ ဆုံကြမည်ဖြစ်သည်။

မှတ်စုရေးရင်း အတွေးမျှင်တန်းရင်း သတိရလို့ သစ်ပင်အောက် ချောင်းဘေးကိုငုံ့ ကြည့်တော့ တပ်ကြပ်ကြီးဖါးတေးနှင့် မောင်သိန်းတို့ က နေပျောက်မထိုးသည့်သစ်ရိပ်အောက်တွင် ဇိမ်ကျကျထိုင်ကာ ဆေးလိပ်သောက်နေကြပေပြီ။

(၂)
တနေရာဆီမှ လူသံများကြားသဖြင့် ကျနော်တို့ အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြရသည်။ သုံးယောက်စလုံး ပြာယာခတ်နေစဉ် တောစပ်မှ လူတချို့ ခေါင်းပြူပြီးထွက်လာကြ၏။ သူတို့ အားလုံး လူ(၅)ယောက်ဖြစ်၏။ ကျနော်က လင့်စင်ပေါ်မှဆင်းသည်။ တောစပ်မှထွက်လာသည့်လူအုပ်ဘေးတွင်သွားရပ်လိုက်သည်။

“သူတို့ က တလိုင်းကရင်ရွာကလူတွေပဲ၊ ရွာမှာအခြေအနေမကောင်းလို့ ခဏထွက်လာကြတာ”

မောင်သိန်းက သူနှင့်တရွာတည်းသားလူတချို့ ကျနော်တို့ နှင့်လာရောက်ပူးပေါင်းလိုက်သဖြင့် တပြုံးပြုံးနှင့်ဖြစ်နေ၏။ သို့ သော် တလိုင်းကရင်ရွာသားများရဲ့စကားက သူ့ ကိုကြာကြာ မပြုံးစေနိုင်ခဲ့ပါ။
မောင်သိန်းက တလိုင်းကရင်ရွာတွင်တပ်စွဲထားသည့် နအဖစစ်တပ်၏ရန်ကိုကြောက်ပြီှး ရွာပြင်ထွက်နေခဲ့သည်မှာ ရက်နှစ်ဆယ်ကျော်ပြီဖြစ်သည်။ပထမပိုင်းရက်များက သူသည် တော်လှန်ရေးဌါနချုပ်စခန်း မာနယ်ပလောသို့ ရောက်လာ၏။မာနယ်ပလောမှတဆင့် ပေါ့ပါးထရွာကလေးသို့ သွား၏။ ဒုက္ခသယ်အဖြစ်ရောက်လာသူ တလိုင်းကရင်ရွာသားမောင်သိန်းကို ကျနော်က သွားရောက်တွေ့ ဆုံကာ တလိုင်းကရင်ရွာသားများ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရသည့်သတင်းကိုရယူခဲ့၏။ မောင်သိန်းနှင့်တွေ့ ဆုံမေးမြန်းထားချက်များကို ဒီမိုကရက်တစ်မြန်မာ့အသံသို့ ပို့ ခဲ့၏။ ထိုစဉ်က နယ်မှပို့ သောသတင်းများကို နော်ဝေနိုင်ငံ အော်စလိုမြို့ တွင်အခြေစိုက်သည့် အသံလွှင့်ဌါနအဖို့ ချက်ချင်းအသံလွှင့်နိုင်ခြင်းမရှိသေး။ ရရှိသည့်သတင်းကို တိတ်ခွေတွင် အသံသွင်းပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သို့ ပို့ ရ၏။ ထိုမှတဆင့် အော်စလိုသို့ အမြန်စံနစ်ဖြင့် စာတိုက်မှပို့ ရသည်။အများအားဖြင့် သုံးလေးရက်ခြားပြီးမှသာ လွှင့်နိုင်၏။ ထို့ ကြောင့် တလိုင်းကရင်ရွာသား မောင်သိန်းနှင့် တွေ့ ဆုံမေးမြန်းချက်ကို အော်စလိုသို့ ပို့ ပြီးနောက် ကျနော် ရှေ့ တန်းသို့ ဆင်းလာသည့်အချိန်အထိ ထိုတွေ့ ဆုံမေးမြန်းချက်ကို အသံမလွှင့်နိုင်သေး။ မောင်သိန်းသည် ကျနော်နှင့်တွေ့ ဆုံပြီးနောက်တနေ့ တွင် တလိုင်းကရင်ရွာသို့ ပြန်ဆင်းသွားခဲ့၏။ တခါ ကျနော်ကလည်း နောက်တနေ့ တွင်ပင် ရှေ့ တန်းသို့ ဆင်း၏။ မနေ့ ကမူ တပ်ကြပ်ကြီးဖါးတေး၏ စီစဉ်ပေးချက်အရ တလိုင်းကရင်ရွာနှင့် ကျောက်ဖြာရွာကြား ခေတ္တနားနေစဉ် ရွာကိုပြန်မကပ်ရဲသေးသည့် မောင်သိန်းက ကျနော်တို့ နှင့်အတူ လာရောက်တွေ့ ဆုံကာ ယာယီအားဖြင့်ကျနော်တို့ နှင့်ပင်အတူနေရန်ဆုံးဖြတ်ခဲ့၏။

တလိုင်းကရင်ရွာတွင် တပ်စွဲထားသည့် နအဖစစ်တပ်၊ တပ်မ(၉၉)လက်အောက်ခံ၊ ခလရ(၈၄)က ရွာသားတဦးကို ကရင်သူပုန်နှင့်ဆက်သွယ်သူဟုစွပ်စွဲကာ သူတို့ တပ်စွဲထားသော ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှာပင် သေနတ်ဖြင့်ပစ်သတ်ခဲ့၏။ အလောင်းကို ကျောင်းဝန်းအတွင်းက စေတီကုန်းအောက်တွင် မြှုပ်ထားလိုက်ကြ၏။ သို့ သော် ကျန်ရစ်သူ မိသားစုများ၊ ရွာသားများမှာ မျက်စေ့ဖြင့်တပ်အပ်မမြင်လိုက်ရ။ သေနတ်သံကြားရခြင်း၊ ဘုန်းကြီးကျောင်းသားလေးများပြောစကားအရ သိကြရခြင်းသာဖြစ်သည်။ စစ်သားများကိုမေးတော့ စစ်ဆေးစရာရှိလို့ တိုင်းရုံးကိုအပို့ လမ်းတွင် ထွက်ပြေးလွတ်မြောက်သွားသည်ဟူ၍သာဖြေ၏။ အသတ်ခံရသည်ဟုယူဆရသူမှာ မောင်သိန်း၏ညီဖြစ်သည်။ သေနတ်သံကြားပြီး နောက်တနေ့ တွင် မောင်သိန်းကို စစ်တပ်က လာရှာ၏။ သတိနှင့်နေသူ မောင်သိန်းက အချိန်မီထွက်ပြေးလွတ်မြောက်လာခဲ့၏။ မောင်သိန်းကိုမမိသဖြင့် ဒေါသထွက်နေသော စစ်သားများက သေနတ်များနေ့ တိုင်းဖေါက်ကာ ရွာကိုခြိမ်းခြောက်နေတော့သည်။ ထို့ ကြောင့် အသက်အရွယ်ငယ်ရွယ်သူယောင်္ကျားမိန်းမ အများစုမှာ ရွာမှတိမ်းရှောင်ကြရတော့၏။
မည်သို့ ပင်ဖြစ်စေ သည်ကနေ့ ညတော့ ကျနော်တို့ လူသိုက်တွင် လူအရေအတွက်တိုးလာကာ စိတ်ထဲ၌အားရှိသလိုခံစားရ၏။ ရွာသားများပြောသမျှ ထိုင်ပြီးနားထောင်နေစဉ် တပ်ကြပ်ကြီးဖါးတေးက လမ်းလျောက်စကားပြောစက်ကိုင်ရင်း ကျနော်တို့ အနားသို့ ရောက်လာ၏။ သုတ်သီးသုတ်ပြာဖြစ်လာသည့် တပ်ကြပ်ကြီးဖါးတေးကိုကြည့်ကာ ကျနော်စိတ်ပူသွားရသည်။

“ကျနော်တို့ နေရာရွှေ့ ကြမှဖြစ်မယ်၊ ဟိုကောင်တွေ ချောင်းဘေးအတိုင်း ထွက်လာပြီလို့ ပြောတယ်”

တပ်ကြပ်ကြီးဖါးတေးက တဆက်တည်းဆိုသလို ကရင်လို တခွန်းနှစ်ခွန်းပြောကာ ကြောပိုးအိပ်ကိုကောက်လွယ်လိုက်၏။ ရွာသားများမှာ မျက်စိမျက်နှာပျက်ကာ တပ်ကြပ်ကြီးဖါးတေးကို ဝိုင်းကြည့်နေကြသေး၏။ တပ်ကြပ်ကြီးက ကရင်လို ထပ်ပြီးပြောလိုက်တော့မှ လူတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်ကာ နေရာရွှေ့ ဖို့ လုပ်ကြ၏။

ကျနော်တို့ လူသိုက် လူအားလုံး(၈)ယောက်။ ဒုံသမိချောင်းဘေးမှ အလျင်အမြန် ခွါလာခဲ့ကြသည်။ မောင်သိန်းနှင့် တပ်ကြပ်ကြီးဖါးတေးက ရှေ့ ကဦးဆောင်ပြီးသွား၏။ မည်သူမျှ စကားမပြောကြ။ တောလမ်းခရီးပေါ်တွင် ခြေသံများ၊ အသက်ရှူသံများ၊ အဝတ်ချင်းထိခတ်သံများသာ ကြားနေရ၏။ တနာရီကျော်ကြာကြာ အလျင်အမြန်လျောက်လာကြပြီးနောက် တောင်ကုန်းတခုပေါ်တွင် ကျနော်တို့ အားလုံး ရပ်နားလိုက်ကြ၏။
တောင်ကုန်းပေါ်တွင် တပ်ကြပ်ကြီးဖါးတေးက ရွာသားများကို ကင်းတာဝန်ခွဲပေးလိုက်၏။ တဦးချင်းအလှည့်ကျ ကင်းစေါင့်ရန်ဖြစ်သည်။ တောင်ကုန်းပေါ်က အမြင့်ဆုံးသစ်ပင်ပေါ်တွင်တက်ပြီး ကင်းစေါင့်ရမည်ဖြစ်သည်။ သည်တောင်ကုန်းမှာ သည်နေရာတဝိုက်တွင် အမြင့်ဆုံးတောင်ကုန်းဟုသိရပြီး ပါတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည့်နေရာဟူ၍လည်း သိလိုက်ရ၏။အခြေအနေကိုရှင်းပြနေစဉ် တပ်ကြပ်ကြီးဖါးတေးက သည်တောင်ကုန်းကို “ဒါ စိုးမိုးကုန်းသဘောပေါ့ဗျာ” ဟူ၍ပြောခဲ့၏။

တောင်ကုန်းပေါ် နေရာယူပြီးလို့ နာရီကိုကြည့်တော့ ညနေ(၅)နာရီပင်ရှိပြီဖြစ်သည်။ ထမင်းချက်စားဖို့ ကို မည်သူမျှမဟကြ။ တလိုင်းကရင်ရွာသားတချို့ က ထမင်းထုပ်များပါလာကြသဖြင့် ရှိသည့်ထမင်းထုတ်ကိုပင် ဝေမျှပြီးစားလိုက်ကြ၏။ တနေ့ ခင်းလုံး သယ်လာခဲ့ရသည့် ထမင်းထုတ်များမှာ ခတ်သိုးသိုးအနံ့ ပင်ထွက်နေပြီဖြစ်သည်။ထိုထမင်းထုတ်များကိုပင် ညစာအဖြစ်စားလိုက်ကြ၏။ကျနော်က ရေဗူးတွင် ရေသိတ်မရှိသဖြင့် လက်မဆေးပဲထမင်းဝင်စားပြီး စားပြီးမှ ရေဗူးရေဖြင့် လက်ဆေးလိုက်ရ၏။

နေရောင်ခြည်များမှာ မယုံကြည်နိုင်လောက်အောင် အလျင်အမြန်နောက်ဆုတ်သွားနေကြ၏။ တောင်ကုန်းပေါ်ရောက်ကတည်းက တပ်ကြပ်ကြီးဖါးတေးနှင့်ရွာသားများအားလုံး တစုံတရာ စိတ်အေးလက်အေးနှင့် သွားလာပြောဆိုနေကြသည်ကိုကြည့်ကာ လုံခြုံရေးအရ စိတ်ချရသည့်နေရာဖြစ်သည်ဟူ၍မူ တွက်ချက်မိသည်။ သို့ သော် ထုတ်၍မူ မည်သူ့ ကိုမှမမေးမိ။ မည်သူကမျှလည်း အခြေအနေကို ရှင်းမပြခဲ့။

အတွေ့ အကြုံမရှိသေး၍ပဲလားတော့မသိ။ ကျနော့်စိတ်ထဲ စိုးရိမ်စိတ်သိတ်မရှိ။ ကျနော်က ညနေဆည်းဆာအချိန် တောရိပ်တောတန်းများကို အပေါ်ဆီးမှ ရှင်းရှင်းလင်းလင်းမြင်ခွင့်ရသဖြင့် ထုံးစံအတိုင်း ကျေနပ်နေမိသည်။ တောင်ကုန်းပေါ်ကတဆင့် အနောက်ဖက်နေဝင်ရာဘက်ကိုသာ ထိုင်ပြီးကြည့်နေမိသည်။
သေနတ်သံ သုံးလေးချက် ဆက်တိုက်ဆိုသလိုကြားရပြန်သည်။ တော်တော်အလှမ်းဝေးသော နေရာလောက်ဆီက ခပ်အုပ်အုပ်ကြားရခြင်းဖြစ်သည်။ တလိုင်းကရင်ရွာဘက်ကဖြစ်သည်ဟု မောင်သိန်းကပြောလိုက်၏။

နေရောင်ခြည်များ အင်အားဆုတ်ယုတ်လာချိန် တိမ်နီများမှာ တိမ်ခဲသားဖျော့ဖျော့ဖြစ်လာကြ၏။ တိမ်သားလွတ်ရာနေရာတွင်မတော့ ဖြူရင့်ရင့်ဝါဖျော့ဖျော့ နောက်ခံကောင်းကင်တောက်တောက်ကို တွေ့ နေရသည်။ နောက်တော့ တဖြေးဖြေးနှင့် တိမ်တွေ မဲမဲအုပ်အုပ်...။ အလင်းတန်းများမှာ ကြားညှပ်လျက်ပေါ်လာနေကြ၏။
အရှေ့ ဖက်က မိဆိုင်းတောင်ကြီးကတော့ ပြာပြာမှိုင်းမှိုင်း မြူတွေဆိုင်းလျက်။ လေးကေတောင်ကြီးရဲ့ထိပ်ပိုင်းကိုတော့ မိုးပေါ်မှာ ထင်းထင်းကြီးတွေ့ နေရဆဲ။ ကားမဲတောင်က မြူတွေထဲ တပိုင်းတစမြုတ်လျက်။ ဖလံတောင်ကိုမူ မမြင်ရတော့။

အိပ်တန်းတက် တောကြက်တွန်သံများ ကြားလာရသည်။ အသက်(၂၀) ငယ်ရွယ်စဉ် ပဲခူးချောင်းဖျားရွာတရွာ၌ ရွာငှါးကျောင်းဆရာလုပ်စဉ်က ညနေပိုင်း တောစပ်ဆီက တောကြက်တွန်သံများ လိုက်လံမှတ်သားနေခဲ့ဖူးသည်ကို သတိရပြန်သည်။ ညဥ့်နက်တော့ မှတ်သားထားသည့်နေရာများတွင် အိပ်တန်းတက်နေကြသည့်တောကြက်များကို ကျောင်းသားများနှင့် အတူလိုက်လံရှာဖွေခဲ့ကြဖူးသည်ကို သွားတွေးလိုက်မိသေး၏။

သတိရလို့ အိပ်ယာဝင်ရန်ပြင်ဆင်ထားသည့်နေရာဆီ ထလာခဲ့သည်။ ရေဒီယိုဖွင့်ပြီးနားထောင်လို့ ရနိုင်ပါ့မလားဟု တပ်ကြပ်ကြီးကိုခွင့်တောင်းတော့ ဖွင့်လို့ ရနိုင်ကြောင်း၊ ရန်သူနှင့်အလှမ်းဝေးပြီး သည်လိုအချိန်မျိုး၌ ရန်သူက ဘယ်တော့မှ အပြင်ထွက်လေ့မရှိတတ်ကြောင်းသိလိုက်ရ၏။ ထို့ ကြောင့် ရေဒီယိုလေးကို ဖွင့်လိုက်သည်။ ချက်ချင်းဆိုသလို ကျနော့်ဘေးသို့ ရွာသားများရောက်လာကြ၏။ ကျနော်က ဒီမိုကရက်တစ်မြန်မာ့အသံကိုနားထောင်ပြီးမှ အိပ်ကြရန် နှိုးဆော်လိုက်သည်။ ကျနော့်စိတ်ထဲ သည်ကနေ့ ည ကျနော့်အသံနှင့်အသံလွှင့်သည့် သတင်း သို့ မဟုတ် သတင်းဆောင်းပါး တခုခုလာလျင်ကောင်းမည်ဟု တောင့်တမိသည်။
စကားပြောရင်း ရေဒီယိုနားထောင်ရင်းနှင့် ဒီမိုကရက်တစ်မြန်မာ့အသံ အချိန်ရောက်လာခဲ့သည်။ သတင်းကြေညာသူ မသီတာက သတင်းခေါင်းစဉ်များကိုကြေညာ၏။ သတင်းဆောင်းပါးကိုကြေညာပြန်၏။ ထို့ နောက်တွေ့ ဆုံမေးမြန်းခန်းကိုကြေညာပြန်သည်။ ကျနော်က ရေဒီယိုလေးကို အသံမြှင့်လိုက်၏။ သေသေချာချာနားထောင်ကြဖို့ ရွာသားများကို သတိပေးလိုက်၏။ ရေဒီယိုထဲက ကြားရသည့်အသံကို ဘယ်သူ့ အသံလို့ ထင်သလဲဟုမေးပြီးမှ ရေဒီယိုလေးကို လူလယ်ခေါင်တွင် ချပေးထားလိုက်သည်။ တလိုင်းကရင်ရွာသား မောင်သိန်းနှင့် သတင်းထောက်ငြိမ်းဝေတို့ ၏ တွေ့ ဆုံမေးမြန်းခန်း အသံလွှင့်သည်ကို လူတွေ တအံ့တသြနားထောင်နေကြ၏။ မောင်သိန်းမှာ မယုံကြည်နိုင်လောက်အောင် သူ့ အသံကိုသူ ငြိမ်သက်တိတ်ဆိတ်စွာ နားထောင်၏။ တလိုင်းကရင်ရွာ လူသတ်မှုကိုအခြေခံသည့် တွေ့ ဆုံမေးမြန်းခန်းကို တလိုင်းကရင်ရွာသားများကိုယ်တိုင် ကျနော်နှင့်အတူတွဲပြီး နားထောင်ခွင့် ရလိုက်ကြ၏။

ထိုညက ကျနော် ကောင်းစွာ အိပ်မပျော်နိုင်ခဲ့ပါ။ စိတ်လှုပ်ရှားဖို့ ကောင်းလွန်းသည့် အတွေ့ အကြုံများက ကျနော့်ကို အိပ်မပျော်စေခဲ့ပါ။ မှေးကနဲ အိပ်ပျော်ရာက နိုးတော့ တုံးခေါက်သံသဲ့သဲ့ကို ကြားလိုက်ရသလိုရှိ၏။ အောက်ဖက် ချိုင့်ဝှမ်းထဲက ချေဟောက်သံ အကြာကြီးကြားနေရသေးသည်။ ထို့ နောက် မှေးကနဲ ပြန်လည်အိပ်ပျော်သွားပြန်သည်။
သည်တခါ တရေးနိုးတော့ အိပ်တန်းဆင်းငှက်သံတွေ ကွင်းပြင်တောအနှံ့ ကြားလာရ၏။ နေထွက်လာခဲ့ပြီ။ မိဆိုင်းတောင်တန်းကြီးပေါ်တွင် တိမ်နီတွေတွေ့ နေရပြီ။ နေ့ သစ်တခုကူးလာခဲ့ပြီ။ တလိုင်းကရင်ရွာသားများအဖို့ သည်လိုပဲ တောထဲတောင်ထဲ ဘယ်အချိန်အထိ ထွက်ပြေးပုန်းအောင်းနေရဦးမည်လဲဟု တွေးမိတော့ သူတို့ အတွက် ကျနော် သက်ပြင်းချမိသည်။ သူတို့ ဘဝတွေသည်လည်း နေ့ သစ်ပြောင်းပါစေတော့ဟု ဆုတောင်းလိုက်မိသည်။ ။

ငြိမ်းဝေ


June 09, 2009

ကျန်နေခဲ့တဲ့လမ်းပေါ်မှာ မိုးတွေရွာနေတယ်

(က)
တံတားကိုဖြတ်ကျော်ခဲ့ပြီးကာမှ
တမ်းတတတ်တဲ့ရင်ဟာ
တခွင်လုံး မိုးသားတွေပြည့်လို့ ......။

(ဖော်ဝေးရဲ. နံနက်ခင်း ချောက်ကမ်းပါး... ကဗျာမှ)


၁၉၉၂-ခု၊ ဇွန်လ(၂၀)ရက်...။


တောငှက်ပျောရွက်ကို အမိုးအကာလုပ်ထားသည့်တဲကလေးပေါ်တွင် ကျနော်တယောက်တည်းရှိ နေသည်။ ကြောအောက်တွင် ပုဆိုးတစ်ထည်ကိုခင်းပြီးလဲလျောင်းလျက်။ လွယ်အိပ်ကိုခေါင်းခုလုပ်၏။ ကြော အောက်မှ မညီမညာဝါးကြမ်းခင်းမှာ ခိုးလိုးခုလုဖြစ်နေ၏။ တုံးလုံး လှဲလိုက်စဉ်က အနေရ ထိုင်ရသက်တောင့် သက်သာမရှိသည့်စိတ်မှာ လရောင်များကိုမြင်တော့ ယူပစ်လိုက်သလိုပျောက်သွားရ၏။ တဲအမိုးတောငှက် ပျောရွက်အဖျားပေါ်တွင် လရောင်များလိမ်းကျံလျက်.....။
လရောင်များကိုမြင်တော့ စိတ်မောလူမောဖြစ်နေခြင်းမှာ လျော့ကျသွားနေ၏။ ယုတ်စွအဆုံး တဆစ် ဆစ်ကိုက်ခဲနာကျင်နေသောခန္ခာကိုယ်သည်ပင် တဖြေးဖြေးပြေလျော့သက်သာသွားရ၏။ ကွဲပျက်လျက်ရှိ သည့်ငှက်ပျောရွက် လက် ကြားများမှတဆင့် လရောင်များသည် ကျနော့်ခန္ခာကိုယ်ပေါ် ပဆစ်အိမ်ဖွဲ့ နေကြပေပြီ။
ရှေ.ဆက်ရမည့်ခရီးမှာ မှူန်ဝါးလျက်ရှိနေသည်။ ကျောင်းသားတပ်မတော်မှ တပ်ရင်း(၂၁၀)၊ တပ်ရင်း မှူး `ကိုဆန်းလင်း´ကို ရုတ်တရက်မတွေ့နိုင်တော့သည်မှာသေချာ၏။ ထို့ပြင်`ကိုဆန်းလင်း´ဆီ စက်ဖြင့်အ ကြောင်းကြားဖို့ဆိုသည်မှာပင် လွယ်ကူဟန်မတူ။ တပ်မဟာ(၂) KNLA တပ်ခွဲမှူး`ဗိုလ်ကျော့မေ´က ကတိ ပေးထားသည့်တိုင်`ကိုဆန်းလင်း´နှင့် လူချင်းတွေ့နိုင်ဖို့မှာမလွယ်ကူမှန်း ကျနော်သိလာရ၏။

`တပ်မဟာမှူးဆီကို ကျနော်စက်နဲ့အခုပဲအကြောင်းကြားပြီးပါပြီ၊ တပ်မဟာမှူးက စီစဉ်ပေးပါ့မယ်လို့ ပြောပါတယ်၊ တပ်မဟာမှူးဆီက အကြောင်းကြားတာနဲ့တပြိုင်နက် ဆရာတို့ ခရီးထွက်ရမယ်ထင်တယ်၊ ဒီကြားထဲ ဒီမှာပဲ နားနားနေနေ ခဏနေပေါ့ နေရထိုင်ရ စားရသောက်ရတာတော့ နည်းနည်းအားနည်းမယ် ထင်တယ်´
`ဗိုလ်ကျော့မေ´နှင့်ကျနော် သည်စခန်းကိုရောက်ရောက်ချင်းပြောခဲ့ကြသည့်စကား။ ရွာမှထွက်လာ စဉ်တုန်းက စဉ်းစားထားခဲ့သည်များမှာ အဆင်မပြေချင်တော့။ တိတ်ပုရွာကိုရောက်တော့`ကိုဆန်းလင်း´မှာ နောက်တန်းသို့ပြန်သွားသည်မှာ (၃)လခန့်ရှိပြီဟုဆို၏။ တိတ်ပုရွာသူကြီးက KNLA မှ`ဗိုလ်ကျော့မေ´ နှင့်တွေ့ပေးမည်ဆို၏။ ကျနော် ခေါင်းငြိမ့်လိုက်ရ၏။ ကျနော်နှင့်အတူလိုက်ပါလာသည့် တရွာတည်း သား`မောင်ကြိုင်´မှာ`ကိုဆန်းလင်း´နှင့် လူချင်း တွေ့ဆုံဖို့မလွယ်ကူမှန်းသိကတည်းကမျက်စေ့မျက်နှာ ပျက်နေခဲ့၏။
`ဆရာလေး....ကိုဆန်းလင်းနဲ့မတွေ့ပဲဖြစ်ပါ့မလား၊ ဗိုလ်ကျော့မေနဲ့ ဆရာလေးကလည်းလူချင်း တွေ့ဖူးခဲ့ တာမဟုတ်တော့ ကျနော်တို့ကို ကူညီပါ့မလား´
`ဒါကတော့ ပြောကြည့်ရမှာပေါ့ကွာ ကိုဆန်းလင်းကလည်း ငါ့ဆီကိုအကြောင်းကြားဖို့၊ ငါကလည်း သူ့ဆီကိုကြိုပြောထားဖို့က လွယ်တာမှမဟုတ်တာပဲကွာ၊ ဒီရောက်လာမှတော့ အဆင်ပြေသလိုဆက်လုပ်ရမှာ ပဲ´
တိတ်ပုရွာသူကြီးအိမ်ကို ကရင်စစ်သားလေးတယောက် သေနတ်လွယ်ပြီး ရောက်လာတော့`မောင် ကြိုင်´ကို သူကြီးအိမ်တွင်ထားရစ်ခဲ့ကာ`ဗိုလ်ကျော့မေ´ရှိရာသို့ကျနော်လိုက်ခဲ့ရ၏။
တဲတလုံးပေါ်တွင် လူသုံးယောက်ကကြမ်းပြင်ပေါ်တွင်ထိုင်လျက်။ လူတယောက်က စစ်ပခက်တလုံး ပေါ်တွင်အိပ်လျက်။ တဲပေါ်ကို ကျနော်တက်တော့ ပခက်ထဲမှလူက ပခက်ပေါ်မှဆင်းပြီး ကျနော့်ကို ကြိုဆို နှူတ်ဆက်၏။`ဗိုလ်ကျော့မေ´၏ ကြိုဆိုနှူတ်ဆက်စကားနှင့့်် လေသံကိုကြားရလျင်ကျနော့်မှ စိုးရိမ်စိတ်များ ကင်းစင်ပပျောက်သလိုဖြစ်ရ၏။

`လာပါဆရာလေး....၊ ဆရာလေးတို့ကို ကျနော်လာတွေ့မလို့ပါပဲ၊ ဒီမှာတခြားရွာကဧည့်သည်တွေ ရောက်လာတာနဲ့ ရဲဘော်တယောက်ကို အခေါ်ခိုင်းလိုက်ရတာပါ။ ထိုင်ပါ... ဆရာလေး...´
`ကျနော်... ဆရာလေးကို လူချင်းမတွေ့ဖူးပေမယ့် နာမည်ကိုကောင်းကောင်းသိပါတယ်၊ ကိုဆန်း လင်းက ဆရာလေးအကြောင်း ခဏခဏပြောပြထားတာပါ၊ ကိုဆန်းလင်းကတော့ နောက်တန်းကို ရုတ်တရက် ပြန်သွားရတယ်ဆရာလေး၊ အခု... ဆရာလေးတို့အလည်လာတာလား၊ ဒါမှမဟုတ် ကိုဆန်းလင်း နဲ့တွေ့မှရမယ့်ကိစ္စလား၊ ကျနော် ဘာအကူအညီပေးရမလဲ၊ ပြောပါ´
ကျနော်က ရွာတွင်တွဲဖက် အ.လ.ကကျောင်းဆရာဖြစ်ပြီး၊`ဗိုလ်ကျော့မေ´က ကျနော့်ကို´ကိုဆန်း လင်း´ခေါ်သလို`ဆရာလေး´ဟုပင် ခေါ်ဝေါ်ပြောဆိုသည်ကိုကြားရတော့ ကျနော့်မှာ အားရှိသွားရ၏။ စိုးရိမ် စိတ်မှာ အနည်းငယ်လျော့ရ၏။
ကျနော်က`မာနယ်ပလော´သို့အပြီးအပိုင်ထွက်ခွါလာခြင်းဖြစ်ကြောင်း`ကိုဆန်းလင်း´နှင့်အမြန်ဆုံး ဆက်သွယ်ချင်ကြောင်းရှင်းပြရ၏။ ရှင်းပြနေရင်းက`ဗိုလ်ကျော့မေ´၏မျက်လုံးများကိုလည်း အဓိပ္ပါယ် ဖော်ရ၏။ အကဲခတ်နေခဲ့ရ၏။
အသားဖြူဖြူ၊ အရပ်မနိမ့်မမြင့်။ ယဉ်ကျေးပျူငှာလွန်းသည့် ကရင်တော်လှန်ရေးစစ်ဗိုလ်တစ်ဦး။ သူ သည် အရပ်သားအ၀တ်အစား ညှိုးညှိုးနွမ်းနွမ်းကို ပင်ဝတ်ဆင်ထား၏၊ ဆံပင်များမှာရက်ပေါင်းကြာမြင့်စွာ မဖြီးမသင်ပဲထားခဲ့ဟန်တူ၏။ တခေါင်းလုံး မညီမညာတောထလျက်ရှိ၏။
`ဒါဆိုရင် ဒီလိုလုပ်ပါဆရာလေး၊ ဆရာလေးတို့နှစ်ယောက်၊ ဒီကနေ့ပဲကျနော့်စခန်းကိုလိုက်ခဲ့ပါ။ စခန်းရောက်ရင် တပ်မဟာမှူးဆီစက်နဲ့အကြောင်းကြားပေးပါ့မယ်၊ ကိုဆန်းလင်းဆီကိုရော ပေါ့၊ ပြီးတော့မှ တိုင်ပင်ပြီးဆက်လုပ်ကြတာပေါ့´
သည်လိုနှင့်ပင် ကျနော်နှင့် မောင်ကြိုင်တို့နှစ်ယောက် ဗိုလ်ကျော့မေတို့တပ်ဖွဲနှင့်အတူ အမည်မသိ တောတွင်း စခန်းတခုသို့လိုက်လာခဲ့ကြရ၏။ သည်စခန်းကို ဘယ်လိုခေါ်သလဲ။ ဗိုလ်ကျော့မေရဲ့တပ်ခွဲအမှတ်၊ မမေးသင့်ဘူးထင်သဖြင့် မမေးပဲနေလိုက်၏။
တညနေခရီးလမ်းလျှောက်လာပြီးနောက် ဗိုလ်ကျော့မေ၏တပ်ခွဲစခန်းချရာနေရာသို့ ချဉ်းကပ်လာခဲ့ ကြသည်။ တောင်စောင်းတခု၏ထိပ်တွင် တောငှက်ပျောရွက်အမိုးအကာလုပ်ထားသည့် ယာယီတဲကလေးတစ် လုံးစနှစ်လုံးစကိုတွေ့ရ၏။ တမနက်ခင်းလုံးမိုးတဖွဲဖွဲရွာချထားသဖြင့် တောတွင်းစခန်းကလေးမှာ မိုးရေများ ဖြင့်စိုရွှဲလျက်ရှိနေ၏။
ရောက်ရောက်ချင်းပင် ကျနော်နှင့်မောင်ကြိုင်အတွက် နေရာထိုင်ခင်းစီစဉ်ပေး၏။ ကျနော်က`ဗိုလ် ကျော့မေ´၏တဲနှင့်အနီးဆုံးတဲ(ကျနော့်အတွက် မူလပိုင်ရှင်ကရင်စစ်သားလေးနှစ်ယောက်က နေရာဖယ်ပေး ခဲ့ရသည်ဟုနောက်မှသိရ၏)တွင်နေရမည်ဖြစ်ပြီး`မောင်ကြိုင်´ကမူ ရဲဘော်များစုဝေးတဲထိုးထားရာနေရာတွင် ရဲဘော်များနှင့်အတူ လိုက်နေရမည်ဆို၏။ ကျနော်က`မောင်ကြိုင်´၏ အားငယ်သိမ်ငယ်နေသည့်မျက်နှာ ကြည့်ကာ၊ မောင်ကြိုင်နှင့်ပင်အတူတူလိုက်နေရန်ပြောကြည့်သေး၏။ ဗိုလ်ကျော့မေက လက်မခံပါ။ သူနှင့် ကျနော်အလွယ်တကူစကားပြောလို့ရနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်းနှင့် မောင်ကြိုင်အတွက် မစိုးရိမ်ရန်ပွင့်ပွင့် လင်းလင်းပဲရှင်းပြခဲ့၏။
မောင်ကြိုင်သည် သေနတ်လွယ်ထားသည့်ကရင်စစ်သားလေး၏နောက်မှ ခေါင်းငုံ့ပြီးလိုက်ပါသွားခဲ့ ရ၏။ ခြေလှမ်းနှစ်လှမ်းသုံးလှမ်းသွားပြီးမှ ကျနော့်ကိုခေါင်းတချက်ငဲ့ပြီးကြည့်၏။ ကျနော်က ပြုံးပြအားပေးနှစ်သိမ့် လိုက်ရ၏။
မိုးချုပ်ကာနီးတော့`ဗိုလ်ကျော့မေ´က ကျနော့တဲပေါ်လာထိုင်ကာ နာရီဝက်ခန့်စကားပြော လေသည်။ ညစာဟင်းမကောင်းသည့်အတွက် စိတ်မကောင်းကြောင်း၊ ဇရပ်ကြီး၊ ကင်ပွန်းခြုံရွာများ တွင် နအဖစစ်တပ်များပိုပြီးအင်အားတိုးချဲ.ချထားလာနေကြောင်း၊ ကျောင်းသားတပ်မတော်က`ကိုဆန်းလင်း´ မှာတပ်ရင်းမှူးတစ်ဦးဖြစ်ပြီး၊သူကမူတပ်ခွဲမှူးအဆင့်သာရှိပါကြောင်း၊ တော်လှန်ရေးဌါနချုပ် `မာနယ်ပလော´ကို သူမရောက်ဖူး သေးသည့်အကြောင်း၊ `မာနယ်ပလော´ မှာ စိတ်ဝင်စားဖို့ကောင်းကြောင်း၊ ရန်သူ့တပ်က ဒဏ်ရာရစစ်ဗိုလ်တဦးကို ဖမ်းမိစဉ်၊´သူ့ကိုမသေခင် မာနယ်ပလောကို ရောက်အောင်ဖို့ပေးစေချင်´တယ် ဟုပြောပြီး သေဆုံးသွားခဲ့ဖူးကြောင်း... လေအေးအေး... အသံတိုးတိုးနှင့် သူချည်းပဲစကားတွေပြောသွားခဲ့၏။ ကျနော်တို့ကိုလည်း `မာနယ်ပလော´ကို သွားမည်ဆို၍ ဂုဏ်ယူပါကြောင်း ပြော၏။ ပြီးတော့ ခရီးပမ်းလာသဖြင့် ကျနော့်ကို နှောက်ယှက်သလိုမဖြစ်စေရန်ဟုဆိုကာ ညဉ့်နက် အောင်မနေပဲ သူ့တဲဆီပြန်သွားခဲ့၏။

တဲပေါ်တွင် ကျနော်တယောက်တည်းရှိသည့်အခါ အထီးကျန်ခြင်း ဧကဒုက္ခမှာ ရုတ်တရက်ကျနော် ဆီဝင်ပူးလိုက်၏။ အထူးသဖြင့် ရှေ့ဆက်ရမည့်လမ်းက မထင်မရှားဝိုးတ၀ါးဖြစ်နေသည့်အခါ ဧကဒုက္ခမှာ ကျနော့်ကို ပိုပြီးကိုင်လှုပ်လိုက်၏။
နောက်တပါတ်ခန့်ကြာသောအခါ ကျနော့်မိတ်ဆွေထဲမှရသည့် ကျနော် ရေးပေးထားခဲ့သည့် စာတ စောင်ကို ဖတ်ကာ `မဒေ၀ီ´သည် ငိုကျွေးကောင်းငိုကျွေးနေလေမလား။ ဒါမှမဟုတ် အကျိုးအကြောင်း ဝေ ကွဲမသိတတ်နိုင်သေးသည့် လူမမယ်သား(၃) ယောက်၏ရှေ့တွင် ကြွေပြုန်းတော့မည့် နှလုံးသားကို ဟန်ဆောင်အပြုံးဖြင့် ဖုံးကွယ်ကာ ကျနော့်စာကိုဖတ်နေလေမလား။ ငယ်ရွယ်နူနယ်လွန်းသည့် လူမမယ်သား (၃)ယောက်ကို ကျနော်တို့၏ အပူမီးများ မဟပ်မိစေရန် `မဒေ၀ီ´ဘယ်လိုများ ပြင်ဆင်ထားလေမလဲ။
တဲပေါက်၀၀ါးကြမ်းခင်းတွင် ထုံးစံအတိုင်း ခြေထောက်နှစ်ဖက်တွဲလောင်းချကာ၊ သူအင်မတန် နှစ်သက်သည့် သီချင်းတပုဒ်ကို အသံမထွက်ပဲဆိုငြီးသည့်`မဒေ၀ီ´ကို ကျနော်မြင်နေရသည်။ သီချင်းသံများ မှာ စစ်တောင်းမြစ်ကိုကျော်ကာ၊ ဇရပ်ကြီး၊ ခင်ပွန်းခြုံ၊လှည်းလမ်းကူးရွာကလေးများ ကိုကျော်ကာ တောင်ခြေ တောစပ်သို့ရောက်လာကြ၏။ မကြာမှီ တိတ်ပုရွာကလေးဆီရောက်လာတော့မည်။ ထို့နောက် ကျနော်ခေတ္တတည်းခို လဲလျောင်းလျက်ရှိရာ ငှက်ပျောရွက် တဲကလေးဆီရောက်လာပေတော့မည်။
သတိရလို့ ကိုယ့်ခန္ဓာကိုယ်ပေါ် ကိုယ်ပြန်ကြည့်တော့ လရောင်များ ဘယ်ဆီခြေထောက်ပေါက်ကုန် ကြပြီမသိ။ ဟိုး... ခတ်ဝေးဝေးမှ မိုးခြိမ်းသံသဲ့သဲ့ကို ကြားရသည်၊ တိမ်မဲများ ရုတ်တရက်ကျနော်တို့ အပေါ်ဖြက်ကျော်သွားကြ၏။ မဲမှောင်တိတ်ဆိတ်လျက်ရှိသော တောအုပ်အတွင်းက အမျိုးအမည်မသိနိုင် သည့် တိရဆ္ဆန်တချို့ အော်မြည်သံကိုကြားရသည်။
ကျနော် ခန့်မှန်းကြည့်သည်။ ကျန်နေရစ်ခဲ့သည့် ကျနော့် မိသားစုကတော့ ကျနော့်ကို စွန့်လွှတ် နိုင်ဖို့ရာ သောကနှင့်မျက်ရည်များ ကိုရင်းကာ အချိန်မည်မျှကြာ အောင်ကုစားယူကြရမည်နည်း။ ကျနော်မ သိနိုင်ပါ။
သေချာသည်ကတော့ နောက်တွင်ကျန်နေရစ်ခဲ့သည့် ကျနော် လျှောက်လှမ်းလာခဲ့ရာလမ်းပေါ်တွင် မူ မိုးတွေရွာနေသည်ကို ကျနော်အလိုလိုသိနေ၏။ ။

(မေလအတွင်းတုန်းက မဇ္ဈိမမှာ တင်ခဲ့တဲ့ စာမူဖြစ်ပါတယ်)

ငြိမ်းဝေ

April 03, 2008

နှစ်(၅၀) လေ့ကျင့်ခန်း စာမျက်နှာ ၁၉၉၃

(က)
“ ကျနော့်နာမည် ရွာချစ်၊ ရွာဟိတ် မဟုတ်ဘူးနော်၊ ရွာချစ် ”
ကျနော်က “ မယ်သဲ ”ရွာသူကြီး “ ဦးရွာချစ် ”ကို အပြုံးဖြင့်ပြန်လည်နှုတ်ဆက်လိုက်ရသည်။ ခန္ဓာကိုယ်သေးကွေး ပုညက်ပြီး၊ ကွမ်းများ ပလုပ်ပလောင်းဝါးနေသည့် ဦးရွာချစ်သည် ကျနော့်ကို အကဲခတ်လျက်ရှိ၏။
“ ကျနော့်နာမည်က ရွာဟိတ်နဲ့ ဆင်တူလို့  မှားမှာစိုးလို့ ပြောတာ၊ ရွာဟိတ် မဟုတ်ဘူးနော် ရွာချစ်၊ တရွာလုံးက ချစ်လို့  ရွာချစ်လို့ ခေါ်တာ ”


ကျနော်က နောက်ပြောင်နေသည်အထင်နှင့်သူ့ ကိုကြည့်တော့ သူက တည်တည်တန့် တန့် ပင်ပြောနေသဖြင့် ပြုံးတော့ မည့် ကျနော့်မျက်နှာကိုပင် ကျနော့်မှာ အချိန်မှီရပ်တန့် ထားလိုက်ရ၏။ သူပြောနေသည့် “ ရွာဟိတ် ” ဆိုသူမှာ KNUမှ၊ ဘူးသိုမြို့  နယ်ဥက္ကဌ “ ဗိုလ်မှူး ရွာဟိတ် ” ကို ပြောနေခြင်းဖြစ်၏။
“ ဦးရွာချစ်တို့ ရွာက စီးပွားရေးအခြေအနေကောင်းရဲ့ လား၊ အိမ်ခြေကော ဘယ်လောက်ရှိသလဲဟင် ”
“ ဦးရွာချစ် ” ၏ မျက်နှာမှာ ၀င်းကနဲ တချက်ပြုံးသွား၏။
“ ဟာ၊ ဘယ်မကောင်းပဲ နေပါ့မလဲဗျာ၊ ဒီနားမှာ ကျုပ်တို့ ရွာက စီးပွားရေးအကောင်းဆုံးပဲ၊ ရွာမှာ လှည်းနှစ်စီးတောင် ရှိတယ်၊ အိမ်ခြေက ငါးဆယ်ကျော်၊ ကုန်သည်လမ်းကြောင်း ပေါ်ကျနေတော့ ဈေးဆိုင်လည်း သုံးဆိုင်တိတိရှိတယ် ”
“ ဦးရွာချစ် ” ၏ ပြောဟန်ဆိုဟန်ကိုကြည့်ကာ သူ့ ရွာအပေါ် တော်တော်လေးဂုဏ်ယူကျေနပ်နေပုံရသည်ဟု ကျနော် ထင်မိ၏။
“ ဦးရွာချစ် ” ၏ အပြောမှာ မှန်ကန်ကြောင်း ကျနော်သိလာရပါသည်။ ရွာထိပ်က သရက်ပင်ကြီးတပင်အောက်တွင်၊ ကျနော်တို့ လူသိုက်ကို ထွက်ကြိုသည့် “ ဦးရွာချစ် ” ခေါင်းဆောင်သည့်အဖွဲ့ နှင့်အတူ “ မယ်သဲ ” ရွာထဲကိုဝင်လာတော့ ဈေးဆိုင် သုံးဆိုင်ကို ရွာလယ်လမ်းပေါ်တွင် တွေ့ ရ၏။ သုံးဆိုင်စလုံး အချိုရည်ဗူး (၁၀)ဗူးခန့် ၊ မာမားထုပ်၊ ကော်ဖီမစ် အစရှိသည့် အိမ်သုံးပစ္စည်းတချို့ ကို ၀ါးလုံးတန်းတွင် ချိပ်ဆွဲထားသည့် ဈေးဆိုင်လေးများဖြစ်၏။ ဈေးဆိုင်လေးများရှေ့ ကဖြတ်လျောက်လာ ကြစဉ် ကျနော့်ကို မသိမသာအကဲခတ်ကာ၊ သူ့ ရွာအတွက် ၀င့်ကြွားဂုဏ်ယူနေဟန်ရှိသည့် “ ဦးရွာချစ် ” ကိုကြည့်ပြီး ကျနော့်မှာ သဘောကျနေခဲ့မိ၏။
မနက်ဖြန်ဆိုလျှင် “ မယ်သဲ ” ရွာတွင် အရိုးကောက်ပွဲ (အသုဘ အခမ်းအနား)ပြုလုပ်မည်ဖြစ်သည်။ ဒုံးယိမ်းနှင့် လက်ဝှေ့  ပွဲများလည်းပါမည်ဟုသိရ၏။ “ တပ်ကြပ်ကြီးဖါးတေး ” နှင့်၊ တလိုင်းကရင်ရွာသား (၂)ဦးသည်လည်း မနက်ဖြန်ဆိုလျှင် “ မယ်သဲ ” ရွာသို့  ပြန်ရောက်လာကြမည်ဖြစ်၏။ သူတို့ က နွားမှောင်ခိုပို့ သူ ကုန်သည်များကို လမ်းလိုက်ပြရင်း “ ဟင်းစား ” ရှာ သွားကြခြင်း ဖြစ်သည်။ ကျနော်နှင့်အတူ ကျန်ရစ်သည့် တလိုင်းကရင်ရွာသူကြီး “ ဦးမောင်ကို ” က၊ “ မယ်သဲ ”ရွာ အရိုးကောက်ပွဲအကြောင်း ပြောပြသဖြင့် ကျနော်သည်လည်း ဗဟုသုတအလို့ ငှါ “ မယ်သဲ ” ရွာသို့ ထွက်လာကြခြင်းဖြစ်သည်။
သည်ကနေ့ တော့ ရွာထဲတွင် ခဏလမ်းလျှောက်ကာ၊ ရွာအပြင်ဖက်သို့  ပြန်ထွက်လာခဲ့ကြ၏။ ကျနော်တို့ လူသိုက် ရွာထဲတွင်မအိပ်ပဲ ရွာနှင့်မနီးမဝေး ကုန်းမြင့်တောအုပ်ထဲတွင် အိပ်စက်ကြရန် နေရာရွေးခဲ့ကြလေသည်။

(ခ)
ကြီးမားလှသည့် ကုက္ကိုပင်ကြီးတပင်အောက်တွင် မြေကြီးကို စည်းဝိုင်းဝိုင်းကာ၊ လက်ဝှေ့ ထိုးသတ်မည့် “ ကွင်း ” အဖြစ် သတ်မှတ်ထား၏။ ဆိုင်းသမား သုံးလေးယောက်၏ဘေးတွင် ရွာသားတချို့ မှာ ဆိုင်းသမားများကို ပြာယါခတ်လောက်အောင် ဧည့်ခံပြုစုလျက်ရှိ၏။ ကံဆိုးချင်တော့ ရွာထဲသို့ ကျနော်တို့ ရောက်လာတော့ ဒုံးယိမ်းကပွဲမှာ ပြီးသွားခဲ့ပြီဖြစ်၏။ ထို့ ကြောင့် ကျနော့်မှာဒုံးယိမ်းကပွဲကို ဓါတ်ပုံနှင့်အသံ နှစ်ခုစလုံး မရလိုက်ခဲ့။
“ ဆရာကြီး ဒီမှာထိုင် ဆရာကြီး၊ ကျနော် ကင်းသမားတွေ လိုက်ကြည့်ဦးမယ် ”
“ ဦးရွာချစ် ” ပြောမှပင် လုံခြုံရေးအတွက် စိတ်ထဲမှာ အနည်းငယ်စိုးရိမ်သွားရ၏။ သည်နေရာ တ၀ိုက်သို့  နအဖစစ်တပ်များ အချိန်မရွေးရောက်လာနိုင်သည်ဟူသောအခါ အသိက ကျနော့်ကို သတိပေးလိုက်၏။
“ ဟုတ်တယ်၊ ဟုတ်တယ် ဦးရွာချစ်၊ ကင်းသမားတွေတော့ သေသေချာချာလုပ်ပါဦး၊ တော်ကြာ ”
“ ဟာ၊ စိတ်ချဆရာကြီး၊ ကျုပ်အားလုံးစီစဉ်ထားပြီးသား ဆရာကြီးသာ ဒီမှာအေးအေးထိုင်နှင့်ဦး ဟုတ်လား ”
“ ဦးရွာချစ် ” ကျနော်တို့ အနားက ခွါသွားတော့၊ ကျနော်နှင့်အတူ ရွာသား(၄)ယောက်က ဖျာတချပ်ပေါ်တွင် နေရာယူ လိုက်ကြ၏။ ဖျာစပ်တွင် ဓါတ်ဗူးတလုံး၊ ဇွန်းတပ်လျက်သကြားတစ်ပုဂံ၊ လ္ဘက်ခြောက်ဆီချေးတက် ဖန်ခွက်နှစ်လုံးချထား၏။ ခြောက်လုံးပတ်ဆိုင်းသံနှင့် မောင်းသံတဒူဒူမှာ ဆူညံလျက်ရှိလေသည်။ ကျနော်က အသံဖမ်းစက်ကလေးကို ဖျာပေါ်တွင်ချကာ အသံဖမ်းခလုတ်ကို နှိပ်ထားလိုက်၏။ ကင်မရာကို အဆင်သင့်ပြင်ထားလိုက်၏။ ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေရာက ဘေးဘီကို မော့ကြည့်တော့၊ တော်လှန်ရေးဗဟိုဌါနချုပ်ကြီးမှ ရောက်လာသည့် အသံလွှင့်ဌါနသတင်းထောက်ကြီး ကျနော့်ကို ရွာသားအားလုံး နီးပါး ၀ိုင်းကြည့်နေကြသည်ကို တွေ့ လိုက်ရ၏။ ကျနော့်မှာ အိနြေ္ဒကြီးတခွဲသားနှင့် အသံဖမ်းစက်နှင့်ကင်မရာတို့ ကို ဟိုနှိပ်၊ သည်ရွေ့ ဆက်လုပ်နေခဲ့ရလေသည်။
မနက်(၁၁)နာရီတွင် လက်ဝှေ့ ပွဲ စလေသည်။ စည်းဝိုင်းအတွင်းသို့  ဒိုင်လူကြီးတဦးဝင်လာပြီးနောက်၊ ပွဲကြည့်ပရိဿဒ်ကို ကရင်လို ရှင်းပြနေ၏။ ကျနော့်ဘေးတွင်ထိုင်နေသည့် ရွာသားတဦး၏ဘာသာပြန်ချက်အရ “ ပြိုင်ပွဲစည်းကမ်းများ ” ကို ရှင်းပြ နေခြင်းဖြစ်သည်ဟု သိရ၏။ ဒိုင်လူကြီးစကားပြောနေစဉ် ခေတ္တတိတ်ဆိတ်နေခဲ့သည့်ဆိုင်းသံ၊ မေါင်းသံများမှာ၊ ဒိုင်လူကြီး၏စကား အဆုံးတွင် ကွင်းထဲသို့ အရှိန်အဟုန်နှင့် ခုန်ပြီးဝင်လာခဲ့ပြန်လေသည်။
ပထမပိုင်း၌ အသက်(၁၀)နှစ်ခန့် ကလေးငယ် သုံးလေးတွဲမျှ လက်ဝှေ့ ထိုးသတ်နေကြ၏။ အရွယ်နှင့်မလိုက်အောင် လက်ဝှေ့ ယိမ်းပြကြ၊ ထိုးသတ်နေကြသည်ကိုကြည့်ကာ ကျနော့်မှာအံ့သြလို့ မဆုံးနိုင်အောင် ဖြစ်ရ၏။ ပုဆိုးအဟောင်းနှစ်ထည် အနက် တထည်ကို ခါးတောင်းကျိုက်၊ ကျန်တထည်ကို ခါးတွင်ပတ်ကာ၊ လက်ဝှေ့ ထိုးသတ်နေကြသည့် လက်ဝှေ့ ကျော် ခလေးငယ်များမှာ နှာခေါင်းသွေးထွက်သူထွက်၊ မျက်ခုံးကွဲသူကွဲ၊ အကြိတ်အနယ်ထိုးသတ်ကြလေသည်။ တနာရီမျှကြာသောအခါ လူကြီးပိုင်းလက်ဝှေ့ ပွဲ စလေသည်။
လူကြီးလက်ဝှေ့ ပွဲမှာ၊ ရွာနီးချုပ်စပ်က လာရောက်ယှဉ်ပြိုင်ထိုးသတ်သူများနှင့် (၁၀)ပွဲကျင်းပမည်ဟု သိရ၏။ ပွဲစဉ် တခုချင်းစီအရ ဆုချီးမြှင့်မှာဖြစ်ပြီး၊ မည်သူမဆို ကွင်းလည်ထွက် စိန်ခေါ်ထိုးသတ်ကြမည်ဖြစ်၏။ လက်ဝှေ့ ပွဲ စလျင်စချင်း တရွာလုံးဆူညံပွက်လောရိုက်ကာ အားပေးလိုက်ကြ၏။ လက်ဝှေ့ သမားတဦး မူးမေ့လဲကျသွားသဖြင့် ကွင်းအပြင်ဖက်သို့ ရွေ့ ကာ၊ ပုဆိုး၊ စကောများနှင့်ယက်ခပ်ပေးကြရ၏။ အော်ဟစ်ခုန်ပေါက်ရင်း ရှေ့ တိုးလာသည့်လူအုပ်ကို တားထားသည့်စည်းအပြင်သို့  မကြာခဏ ပြန်လည်နှင်ထုတ်နေရ၏။ “ ဦးရွာချစ် ” သည် ဘယ်အချိန်က ပြန်ရောက်လာသည်မသိ၊ တုတ်တချောင်းကိုကိုင်ကာ ပွဲထိန်းဝင်လုပ်ရင်း အလုပ်ရှုပ်နေ သည်ကို တွေ့ ရလေသည်။
“ ပရော် --- ပရော် --- ပရော် -----”
ဆိုင်းသံနှင့်ငြာသံများမှာ ရုတ်တရက် မီးကိုရေနှင့်ဖျန်းလိုက်သလို တုန့် ကနဲရပ်သွား၏။ လူတိုင်းလူလူ လည်တံအသီးသီး စွင့်ကာ ပါတ်ဝန်းကျင်ကို သူ့ ထက်ငါ လိုက်ကြည့်ကြ၏။
“ ပရော် --- ပရော် --- ပရော် -----”
ဘယ်သူက ဘယ်လို ဘယ်နေရာမှ အော်လိုက်မှန်းမသိသည့်တိုင်၊ လူအုပ်ကြီးမှာ ဝေါကနဲ ဆူညံပွက်လောရိုက်ကာ အရပ်လေးမျက်နှာသို့  ပြေးထွက်လာကြ၏။ ကျနော့်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ နေရာတွင်ထိုင်ပြီး ကြက်သေသေနေမိ၏။
“ ဆရာကြီး --- ဆရာကြီး --- ဆရာကြီးဟာတွေ ဒီထဲကိုထည့်၊ ဒီထဲကိုထည့် ”
သတိရလို့ လှည့်ကြည့်တော့ ကျနော့်ဘေးကထိုင်နေသည့် ရွာသားတယောက်က၊ ပုဆိုးတထည်ကို ကျနော့်ရှေ့ တွင် ဖြန့် ပေးနေသည်ကို တွေ့ လိုက်ရလေသည်။
“ ဆရာကြီး ငါ့နောက်ကလိုက်၊ ငါ့နောက်ကလိုက် ”
ပုဆိုးပုံထဲ ကင်မရာနှင့်အသံဖမ်းစက်ကို ပစ်ထည့်ပြီးသည်နှင့်တပြိုင် ပုဆိုးရှင်ရွာသားသည် ခင်းထားသည့်ပုဆိုးကို ဆွဲစုကာ သုပ်ကနဲထပြေး၏။ ကျနော် သည်လည်း သူ့ နောက်မှတဟုန်ထိုးပြေးလိုက်လာရ၏။ ရှေ့ မှပြေးနေသည့်ရွာသားသည် ကိုက်နှစ်ဆယ်ခန့် ပြေးနေရင်းမှ ရုတ်တရက် နောက်သို့ ပြန်လှည့်ပြေး၏။ ကျနော့်မှာ စဉ်းစားဝေခွဲရန်၊ မေးရန် အချိန်မရပဲ သူ့  နောက်မှသာ ပြေးပြီးလိုက်ရပြန်၏။ တရွာလုံး ဆူညံပွက်လောရိုက်ကာ၊ ဦးတည်ရာမဲ့ ပြေးနေကြသလားဟုပင် ကျနော်ထင်မိ၏။ ရွာထဲကထွက်ပြီး တောစပ်သို့ အ၀င် တောထဲတွင် ကိုယ့်အရင်ရောက်နှင့်နေသော ရွာသားများကိုတွေ့ ရ၏။ ကျနော်တို့ အားလုံး တောင်ပေါ်သို့ သာ ဦးတည်ပြီး တက်လာခဲ့ကြလေသည်။
“ ရပြီ ဆရာကြီး၊ ဒီလောက်ဆိုရင် ဒီကောင်တွေ လိုက်မလာနိုင်တော့ပါဘူး၊ စိတ်ချရပါပြီ ”
အသက်ကိုအားယူပြီး ဟောဟဲလိုက်အောင်ရှူနေရင်းက ကျနော့်မှာ၊ ခြုံဘေးတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက် မိလေသည်။ ကျနော်နှင့်အတူ ရွာသားတချို့ ဘေးတွင်ရှိနေကြ၏။ သူတို့ သည်လည်း အသက်လုပြီး ပြေးကြရသဖြင့် အသက်ရှူ သံများ ကြားရလောက်အောင် မောဟိုက်နေကြလေသည်။
“ ဘာဖြစ်တာလဲဗျ၊ ရန်သူလာလို့ လား ”
“ ဟုတ် --- ဟုတ်တယ် ဆရာကြီး ”
“ သေနတ်သံတွေ ဘာတွေတော့ မကြားရဘူးဗျ၊ ခင်ဗျားတွေ့ ခဲ့သေးလား ”
“ ဘယ်ကလာတွေ့ ရမှာလဲ ဆရာကြီးရာ၊ သူများပြေးလို့ သာပြေးလာရတာ၊ ရန်သူက ဘယ်ဖက်က ၀င်လာတယ်ဆိုတာ တောင် ကျနော်ဘယ်သိပါ့မလဲ ”
“ ဖြစ်မှဖြစ်ရလေဗျာ၊ ဒီအတိုင်းဆိုရင် ရန်သူလာတဲ့ဖက် ပြေးမိလျက်သားဖြစ်နေရင် ဒုက္ခ ”
“ ဟာ --- ဒါတော့ မဖြစ်စေရပါဘူး --- ဟဲ ---- ဟဲ ”
“ ရွာထဲမှာလျှောက်လည်နေတဲ့ ဦးရွာချစ်နဲ့  တလိုင်းကရင်ရွာသူကြီးတို့ ကော၊ ဘယ်ရောက်ကုန်ပြီလဲ ”
“ သူတို့ အတွက် ဆရာကြီးဘာမှမပူနဲ့ ၊ တော်ကြာ ဒီနေရာ သူတို့ ရောက်လာမှာ၊ ဒီနေရာက ကျနော်တို့ အားလုံး ဒီလိုပဲ စုနေကြ၊ ပုန်းနေကြနေရာ၊ ကျနော်တို့ ဒီမှာ ခဏနားရင်း စေါင့်ကြတာပေါ့ ”
တောင်အောက်ဖက်၊ ရွာဖက်ဆီ နားစွင့်ကြည့်သည်။ ဘာသံမျှ ထူးထူးထွေထွေမကြားရ။ခွေးဟောင်သံတချက်နှစ်ချက်သာ ခတ်အုပ်အုပ်ကြားလိုက်ရ၏။
“ ရွာဖက်က ဘာသံမှလည်းမကြားရပါလား၊ ရန်သူလာတာကော ဟုတ်ရဲ့ လားဗျ ”
“ မပြောတတ်ဘူးလေ၊ ဟော --- ပြောရင်းဆိုရင်း သူကြီးတို့ တောင်ရောက်လာပြီ ”
ဦးရွာချစ်၏လက်ထဲတွင် ဖိနပ်တရံကိုင်လျက်သား တွေ့ ရ၏။ ပုဆိုးကို ခါးတွင်ပတ်ထား၏။ အောက်ခံဘောင်းဘီပွပွမှာ ဒူးဆစ်ကိုကျော်ကာ ဂါဝန်ကြီးလိုဖြစ်နေလေသည်။ သူသည် ကွမ်းများအပြည့်အသိပ် ရှိနေသည့်ပါးစပ်ကို ဟ,ကာ အသက်ရှူနေ ရ၏။ ကျနော့်ကို မော့ကြည့်ကာ အပြုံးနှင့်အားပေးလေသည်။
“ သူကြီးကပြောတော့ ရွာဘေးမှာ ကြိုပြီး ကင်းတွေချထားတယ်ဆို ”
“ ဟုတ်တယ်လေ၊ ကင်းတော့ချထားတာပဲ၊ ဒါပေမယ့် ဘယ်လိုကဘယ်လို ဒီကောင်တွေဝင်လာမှန်းမှ မသိတာ ”
“ သူကြီးမြင်ခဲ့ရတယ်ပေါ့ ”
“ ဟာ - ဘယ်ကလာမြင်ရမှာလဲ၊ ကျုပ်လည်း အော်သံကြားပြီး သူများပြေးလို့ လိုက်ပြေးရတာ၊ ဆရာကြီးကော မြင်ခဲ့ရလား ”
“ ကျနော်လည်း ဘယ်လိုလုပ်ပြီးမြင်ခဲ့မှာလဲ၊ ကျနော်က နယ်ကျွမ်းတဲ့သူ မဟုတ်ဘူးလေ၊ ရန်သူကြည့်ဖို့ နေနေသာသာ၊ ကိုယ့် ရှေ့ ကပြေးတဲ့လူ ကိုယ့်အဖေါ်ကို မျက်စိထဲကပျောက်မသွားအောင် မနည်းလိုက်ကြည့်ပြီးပြေးနေရတာ၊ ဒီအတိုင်းဆို ပွဲတော့ ပျက်ပြီပေါ့နော် ”
“ ဒါလည်း မပြောတတ်သေးဘူး၊ စေါင့်ကြည့်ရဦးမှာပဲ ”
ကျနော်တို့ အားလုံး တောင်ကုန်းထိပ်တောအုပ်ထဲတွင် အမောဖြေရင်း ထိုင်နေခဲ့ကြလေသည်။

(ဂ)
“ ဟော --- ဆိုင်းသံလားလို့  ”
ကျနော်တို့ အားလုံး နားစွင့်လိုက်ကြ၏။
“ ဟုတ်တယ်၊ လက်ဝှေ့ ပွဲ ပြန်စနေပြီ ”
“ ဘာ ”
“ ဟုတ်တယ် ဆရာကြီး၊ လက်ဝှေ့ ပွဲ ပြန်စနေပြီ၊ လာ သွားကြစို့  ”
“ ဘယ် --- ဘယ်ကိုသွားမှာလဲ သူကြီးရ ”
“ လက်ဝှေ့ ပွဲကိုလေ၊ ဟိုမှာ ဆိုင်းသံပြန်ကြားနေပြီပဲဟာ၊ လာပါ၊ ဘာမှမရှိတော့ပါဘူး၊ကဲ --- သွားကြရအောင်ဟေ့ ”
“ မယ်သဲ ” ရွာသူကြီး “ ဦးရွာချစ် ” ခေါင်းဆောင်လျက်၊ ကျနော်တို့ လူအုပ် ရွာထဲသို့ ပြန်ဝင်လာခဲ့ကြသောအခါ၊ ကုက္ကိုပင်ကြီး အောက်တွင် လက်ဝှေ့ ပွဲ ပြန်စလျက်ရှိသည်ကို အမှန်တကယ်ပင် တွေ့ ရတော့၏။ ကျနော်ထိုင်ခဲ့သည့် ဖျာတချပ်မှာ မူလနေရာနှင့်ဘေးတိုက် ၀ါးတရိုက်အကွာတွင် အဆင်သင့်ခင်းလျက်၊ ဇွန်းတချောင်းတပ် သကြားတစ်ပုဂံ၊ ဓါတ်ဗူး၊ ဖန်ခွက်နှစ်လုံး တို့ မှာ သူ့ နေရာနှင့်သူ အဆင့်စေါင့်ကြိုလျက်။
“ ဒါတွေက လူတွေတက်နင်းပြီး အားလုံးဖရိုဖရဲဖြစ်ပြီး ကျန်ခဲ့ပြီ အောက်မေ့နေတာ ”
“ ဘယ် ဒီလိုဖြစ်မှာလဲ ဆရာကြီးရ၊ ဒီပစ္စည်းပိုင်ရှင်တွေက သူ့ ပစ္စည်းသူကောက်ပြီးမှ ပြေးကြတာပေါ့၊ အခုလို ဘာမှ မဖြစ်တော့လည်း သူ့ ပစ္စည်းသူ ပြန်လာပြီး ချထားကြတာပေါ့ ”
“ တကယ် ”
“ ဦးရွာချစ် ” က၊ ၀င့်ကြွားသည့်အပြုံးတချက်နှင့်သာ ကျနော့်ကိုအဖြေပေးလိုက်၏။
ကျနော့်မှာ “ မယ်သဲ ” ရွာသူကြီး ဦးရွာချစ်အပါအ၀င်၊ ရွာခံ ရွာသားများ ဧည့်သည်ရွာသားများကို တအံ့တသြထိုင်ပြီး စဉ်းစားနေမိသည်။ မြို့ ကြီးပြကြီးနှင့် ဝေးလံသည့် တောတောင်တွေအတွင်းက ကရင်တိုင်းရင်းသားသွေးချင်းများ၏ဘ၀ကို စဉ်းစားနေမိသည်။ နှစ်ပေါင်း(၅၀)ကျော် ပြည်တွင်းစစ်မီးကြီးအတွင်း၊ သူတို့ တတွေ သည်လိုအခြေအနေ၊ သည်လိုဘ၀ကြီးအတွင်း သည်လိုနေရဲ၊ ဖြတ်သန်းရဲ၊ ပျော်မွေ့ ရဲသည့်စိတ်ဓါတ်ကို ကျနော့်မှာ အံ့သြလို့ မဆုံးနိုင်အောင် ဖြစ်ရ၏။ သည်လို စစ်မီးကြီးအတွင်း ကျင့်သားရလျက်ရှိသည့် ဘ၀ပေးအခြေအနေများအတွက် ကျနော့်မှာ ကြေကွဲလို့ မဆုံးနိုင်အောင် ဖြစ်ခဲ့ရ၏။
အမှန်စင်စစ်မှာ၊ ထိုနေ့ က ရွာအတွင်းသို့  နအဖစစ်တပ်များ ထိုးဖေါက်ရောက်လာခြင်းတော့ မရှိခဲ့ပါ။ ရွာသားတချို့ က လန့် ပြီး အော်ဟစ်သတိပေးရင်းက ရွာလန့် ပြီး ပွဲပျက်သွားခဲ့ခြင်းသာဖြစ်၏။ သို့ သော် “ မယ်သဲ ” ရွာသားများ သွေးပျက် သွားခဲ့ခြင်း မရှိကြပါ။ “ အရိုးကောက်ပွဲ ” ကို ဆက်ပြီး ကျင်းပခဲ့ကြ၏။
ထိုညနေပိုင်း၊ (၄း၀၀)နာရီတွင်၊ တလိုင်းကရင်ရွာတွင် တပ်စွဲထားသည့် န၀တစစ်တပ် တပ်စုတစု၊ “ ထယ်သဲရွာ ” နှင့် “ ထီးတော်ခီးရွာ ” ကြားတွင် ခိုအောင်းနေသည်ဟု လမ်းလျှောက်စကားပြောစက်မှတဆင့် သတင်းရသဖြင့်၊ ကျနော်တို့ သည် မိမိမူလ ခေတ္တခိုအောင်းနေထိုင်ရာ ဒုံသမိချောင်းဘေးသို့  ပြန်လာခဲ့ကြ၏။ ညနေ (၅)နာရီကျော်တွင် စခန်းဟောင်းကို ပြန်ရောက်ကြ၏။ မယ်သဲရွာ အရိုးကောက်ပွဲ အဖြစ်အပျက်ကို ပြောကြဆိုကြရင်း ကျနော်တို့ မှာ ငိုအားထက်ရယ်အားသန် ခဲ့ကြရ၏။


အောက်ခြေမှတ်စု
ဘူးသိုမြို့ နယ် ဆိုသည်မှာ ကရင်တော်လှန်ရေးအင်အားစုများက ခေါ်ဝေါ်သတ်မှတ်ထားသည့် ဒေသအမည်ဖြစ်သည်။ ဖါးအံ၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့ နယ်များကို စုစည်းခေါ်ဝေါ်သည့် အမည်ဖြစ်သည်။
“ ပရော် ” ဟူသောစကားမှာ ရှေးနှစ်ပေါင်းများစွာက၊ မြန်မာလူမျိုးများကို၊ ကရင်လူမျိုးများက ခေါ်ဝေါ်သည့်စကားလုံး ဖြစ်၏။ အဓိပ္ပါယ်မှာ “ မိတ်ဆွေရင်းချာ ” ဟူ၍ဖြစ်သည်။ နောင်အခါ မြန်မာအာဏာပိုင်များ၏ လက်နက်ကိုင်များက၊ ကရင်လူမျိုး မျးအပေါ် ဖိနှိပ်၊ တိုက်ခိုက် သတ်ဖြတ်မှုများ ပြုလုပ်လာခဲ့ပြီး၊ အချိန်ကြာမြင့်လာသောအခါ၊ “ ပရော် ” ဟူသောစကားလုံး “ မိတ်ဆွေရင်းချာ ” မှာ “ ရန်သူစစ်တပ်၊ ဗမာစစ်တပ် ” ဟူသော အဓိပ္ပါယ်သို့ ကူးပြောင်းလာသည့် စကားလုံးဖြစ်၏။ ယခုအခါ “ ပရော် ” ဟူသော စကားလုံးကို “ ဗမာစစ်တပ်၊ ရန်သူ ” ဟူ၍ ကရင်လူမျိုးများက နားလည်ထားကြလေသည်။

March 01, 2008

ဒုံသမိချောင်းပေါ်ကျော်လာတဲ့ စိန်ပြောင်းကျည်ဆံများ


(က)

ညတုန်းက တောင်ကုန်းထိပ် လေကွယ်ရာဖက်ခြုံဘေးတွင် ကျနော်တို့ အဖွဲ့ ပုန်းအောင်းအိပ်စက်ခဲ့ကြ၏။ လူချင်း ပူးကပ် ကာ အိပ်ကြသည့်တိုင် အအေးဒဏ်ကိုမူ အံမတုနိုင်ခဲ့ကြ။ ည နှစ်နာရီခန့် ကတည်းက မိုးလင်းသည်အထိ မည်သူမျှ နှစ်နှစ် ခြိုက်ခြိုက် မအိပ်နိုင်ကြ။ မနက်မိုးလင်းလို့ အိပ်ယါမှ ထသောအခါ ကျနော်တို့ အားလုံး၏ကိုယ်ပေါ်တွင် နှင်းများဖြင့် ရွှဲစိုလျက် ရှိလေသည်။

နံနက် (၈)နာရီထိုးကာနီးမှ တောင်ကုန်းပေါ်မှ ကျနော်ဆင်းလာ၏။ တောင်ကုန်းအောက်တွင်ရှိသည့် စမ်းချောင်းရှိရာ ဆင်းလာခြင်းဖြစ်သည်။ စမ်းချောင်းပေါ် အုပ်မိုးထားသည့် ရှိုထဲတွင် နေရောင်ခြည်ကောင်းစွာ မရတတ်သေး။ နှင်းများ တပေါက် ပေါက် ကျနေသည့်အသံကို အတိုင်းသားကြားနေရ၏။ စိမ့်အေးစိုထိုင်းလျက်ရှိသော ရှိုထဲတွင် ခေတ္တခဏမျှရပ်ကာ နားစွင့်ကြည့်မိ သေးသည်။ “ တောထဲ၌ မျက်စေ့သည် နားလောက်အသုံးမ၀င် ” ဟူသည့် စကားကိုလည်း တွေးမိသည်။ သို့ သော် မည်သည့် ထူးခြားသည့်အသံမျှ မကြားရ။ ညက သည်တောင်ကုန်းအောက်၊ ရှိုထဲမှ “ ချေ ” ဟောက်သံ မကြာခဏ ကြားနေခဲ့ရ၏။ “ အသံ ကျယ်သလောက် ခွါရာငယ်လွန်းသည် ” ဟူသည့် တရုပ်စကားပုံတခုကိုလည်း မှတ်မှတ်ရရ တွေးမိပြီး ပြုံးမိသေး၏။

စမ်းချောင်းဘေးတွင် “ ဗိုလ်သိန်းစိုး ” ရောက်နှင့်နေသည်။ သူသည် ကျနော့်ကိုနှိုးကာ ရှိုထဲသို့ အရင်ဆင်းသွားခဲ့၏။ ကျနော်နှင့်ရဲဘော်လေး “ ဝှေ့ စာ ” တို့ နှစ်ဦး၊ တော်တော်နှင့်အိပ်ယါက မထနိုင်သေး။ စမ်းချောင်းဘေးတွင်ရောက်သွားတော့ ဗိုလ်သိန်းစိုးက ကာဘိုင်သေနတ်ကို ဘေးကသစ်ပင်တွင်ထောင်ကာ မီးထိုင်မွှေးနေသည်ကို တွေ့ ရ၏။ ကျနော်က သူ့ ဘေးတွင် သွားရပ်ကာ စမ်းချောင်းရေနှင့် မျက်နှာသစ်ရန် စိတ်ကူးလေသည်။

“ ဖေါင်း-----ဂျိန်း၊ -----ဖေါင်း-----ဂျိန်း၊ -----ဖေါင်.း-------ဂျိန်း၊-----ဖေါင်း-----ဂျိန်း ”

ဗိုလ်သိန်းစိုးနှင့်ကျနော် ပြိုင်တူလိုပင် မတ်တပ်ရပ်လိုက်ကြသည်။ ဗိုလ်သိန်းစိုးက သေနတ်ကို ကောက်ကိုင်ကာ တောင်ကုန်းပေါ်သို့ အပြေးတက်ရင်း ပါးစပ်ကလည်း တစုံတရာပြောလိုက်၏။

“ ဒီကောင်တွေ ရွာထဲကို ၆၀ မမ ပစ်ထည့်လိုက်တာပဲဖြစ်မယ် ကိုငြိမ်း ”

ကျနော်တို့ နှစ်ယောက် တောင်ကုန်းထိပ်ပေါ်ရောက်တော့ ရဲဘော်လေး “ ဝှေ့ စာ ” သည်လည်း အဆင်သင့်ဖြစ်နေ သည်ကို တွေ့ ရ၏။ ခြုံပုတ်များကိုကျော်ကာ၊ တောင်ကုန်းအောက်ဖက် “ ကျုံစိန် ” ရွာဆီကို ကမန်းကတန်း လှမ်းကြည့်ကြရ၏။ ရွာလယ်မရှိတရှိနေရာမှ မီးခိုးများအူတက်လာသည်ကို တွေ့ လိုက်ရ၏။ လူတွေ အော်ဟစ်ပြေးလွှားသံ၊ ခွေးဟောင်သံများ ကြားနေ ရ၏။

ဗိုလ်သိန်းစိုးက ဦးဆေါင်ကာ ကျနော်တို့ သုံးယောက်၊ တောင်ကုန်းအောက်ကို အပြေးဆင်းလာခဲ့ကြ၏။ ကျနော်က အသံဖမ်းစက်ကလေးကို စေ့ဖွင့်ကာ လက်တဖက်ကဖေးပြီး လည်ပင်းတွင်ချိပ်၏။ ကျန်လက်တဖက်က “ ကင်မရာ ” ကို အဆင်သင့်ကိုင်ကာ တောင်ကုန်းအောက်ကို ပြေးဆင်းနေမိသည်။

တောင်ကုန်းအောက် လူသွားလမ်းကလေးပေါ်အရောက် ရွာထဲက ပြေးထွက်လာကြသည့် လူအုပ်နှင့် ကျနော်တို့  သုံးယောက် ၀ါးတရိုက်အကွာတွင် ဘွားကနဲသွားဆုံလိုက်ကြ၏။ ကျနော်တို့ က လူသွားလမ်းပေါ်ရပ်မိသည်နှင့်တပြိုင်နက်၊ ကျနော်တို့ ဆီပြေးလာနေသည့် လူအုပ်မှာ နေရာတွင်ပင် ရပ်သူရပ်၊ နောက်ကို ဘေးကို ပြန်ပြေးသူပြေးနှင့် ၀ရုန်းသုန်းကား ဖြစ်ကုန်ကြရ၏။

ဗိုလ်သိန်းစိုးက ကရင်လိုအော်ဟစ်ပြောဆိုရင်း လူတွေကိုလှမ်းပြီး ရှင်းပြနေလေသည်။လူတချို့ ရပ်ပြီး နားထောင်နေကြ၏။ ဖိနပ်မပါ တုတ်တချောင်းကိုထောက်ပြီး ရပ်နေသည့် အဘွားအိုတဦးက ကျနော်တို့ နှင့်အနီးဆုံးနေရာတွင်ရပ်ကာ ကျနော်တို့ ကို အကဲခက်နေ၏။ ထိုစဉ်မှာပင် ကျုံစိန်ရွာထဲက လက်နက်ငယ်ပစ်သံများ ထွက်ပေါ်လာခဲ့၏။ တောစပ်တွင်၊ ကျနော်တို့ နှင့် ရုတ်တရက် ရင်ဆိုင်တွေ့ သဖြင့် နောက်ပြန်ဆုပ်ဖို့ ကြိုးစားနေကြသည့် လူအုပ်မှာ၊ သေနတ်သံများ ထွက်ပေါ်လာသည့်အခါ ကျနော်တို့ ရှိရာသို့ ပင် ဇွတ်အတင်းတိုးဝင် ပြေးလာကြလေသည်။ ဗိုလ်သိန်းစိုးနှင့် ကျနော်တို့ လည်း တောထဲသို့  လူအုပ်နှင့်အတူ ပြေးဝင်လာခဲ့ကြလေသည်။

(ခ)

ကျုံစိန်ကြိုးဝိုင်းအတွင်း ကျနော်တို့ လူအုပ် ခေတ္တနားနေဖို့  ရပ်လိုက်ကြသောအခါ ရွာသားများအားလုံး ကျနော်တို့  ဘေးတွင် ထိုင်လိုက်ကြ၏။ ကျုံစိန်ရွာသား “ ဗိုလ်သိန်းစိုး ” ကို ရွာသားတိုင်းက သိထားကြပြီးဖြစ်သဖြင့် အားကိုးတကြီးနှင့် ၀ိုင်းထိုင် လိုက်ကြခြင်း ဖြစ်ဟန်တူလေသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ခွဲမှူးလေး “ ဗိုလ်သိန်းစိုး ” ကို ရွာသားများက တလေးတစားရှိသည်ကိုလည်း ကျနော် သတိပြုမိ၏။

ဗိုလ်သိန်းစိုးက ကရင်လို တစုံတရာပြောလိုက်သောအခါ လူလတ်ပိုင်းအရွယ် ယောင်္ကျား (၄)ယောက် ရှေ့ သို့ ထွက်လာ ကြ၏။

“ ဒီမှာ လူဘယ်နှစ်ယောက် ပါလာသလဲ၊ ဆန်တွေဘာတွေ ယူလာနိုင်တာရှိသလား၊ အဲဒါ-ဒီလူနှစ်ယောက်နဲ့ အတူ၊ ကိုငြိမ်း လိုက်ပြီးမေးကြည့်ထားပါ၊ ကျနော်နဲ့  ကျန်တဲ့နှစ်ယောက်က ရွာဖက်ခဏ ပြန်သွားပြီးကြည့်မယ်---ကဲ---ကဲ မြန်မြန်လုပ် ”

ဗိုလ်သိန်းစိုးက လူအုပ်ကို ကရင်လို အလျင်အမြန်ရှင်းပြကာ လာလမ်းအတိုင်း ပြန်ထွက်သွားလေသည်။ ကျနော်နှင့် ရွာသားနှစ်ယောက်က ရွာသားတွေကို တယောက်ချင်းလိုက်ကြည့်ပြီး စုံစမ်းရတော့၏။ ခလေး လူကြီး စုစုပေါင်း (၂၈)ယောက် အသက်(၆၀)ကျော် အဖွားအို(၂)ဦး။ အသက်(၂)နှစ်အောက်ဟု ခန့် မှန်းရသည့်ကလေး (၄)ဦး။ (၁၀)နှစ်သားအရွယ် (၃)ဦး။ ကျနော်နှင့် ရွာသားနှစ်ဦးတိုင်ပင်ကာ ရွာသားများကို စနစ်တကျနေရာချထား ပေးလိုက်ကြ၏။ ရွာသားများ၏ပြောစကားအရ၊ သည်နေရာသို့  န၀တစစ်တပ်များ မည်သည့်အခါမျှ လာလေ့မရှိဟုဆို၏။ ကျနော်သည်လည်း လုံခြုံရေးအတွက် အနည်းငယ် စိတ်အေးသွားရ၏။ မိသားစုအလိုက်၊ ၀ါးရုံပင် ခြုံပင်များဘေးတွင် နေရာယူကြပြီးနောက် ညစာအတွက် စဉ်းစားရတော့သည်။

ကျနော်က ညစာအတွက် စဉ်းစားနေစဉ် ရွာသား(၂)ဦးကမူ အပူအပင်မရှိသလို ထိုင်နေသဖြင့် ကျနော်ကပဲ စပြီး ညစာ ကိစ္စမေးရတော့၏။ ထိုအခါကြမှ ရွာသားတွေအားလုံး၊ ဒီကနေ့ ညစာ မည်သူမျှ မစားပဲ အိပ်ကြတော့မည်ဖြစ်ကြောင်း သိရတော့၏။ ခလေးတွေကကော နေနိုင်ပါ့မလားဟု ကျနော်က စေါဒက တက်မည်အပြုတွင် ခလေးတွေသည်လည်း သည်အတိုင်းနေလို့ ရကြ ပါသည်ဟု ရွာသားတယောက်က ကျနော့်ကို ရှင်းပြ၏။ ကျနော့်မှာ သက်ပြင်းကိုသာ မသိမသာ ချလိုက်မိလေသည်။

(ဂ)

ဝါးရုံပင်ဘေးတွင် သစ်ရွက်ခြောက်များခင်းကာ ကျနော့်အတွက် အိပ်ယါတခုပြင်ဆင်လိုက်၏။ နေ၀င်ရီတရော အချိန်တွင် “ ဗိုလ်သိန်းစိုး ” နှင့်အဖွဲ့  ပြန်ရောက်လာကြ၏။ သူတို့ နှင့်အတူ နောက်ထပ် ရွာသား(၁၅)ယောက်လည်း အတူပါလာကြ၏။ ဗိုလ်သိန်းစိုးဆီက ကျုံစိန်ရွာ၏ အမင်္ဂလာသတင်းကို ကျနော်ရေးမှတ်နေခဲ့မိလေသည်။

၁၉၉၃-ခု၊ ဖေဖေါ်ဝါရီလ (၁၇)ရက်၊ နံနက် (၈း၃၀)တွင် ဒုံသမိချောင်း အနောက်ဖက်ကမ်းတွင် စခန်းချနေသည့် န၀တ စစ်တပ် တပ်မ (၉၉) လက်အောက်ခံ၊ ခ.လ.ရ (၈၄)သည် မျက်နှာချင်းဆိုင် တဖက်ကမ်းတွင်ရှိသည့် “ ကျုံစိန် ” ရွာပေါ်သို့  လက်နက်ကြီး (၄)လုံး ပစ်သွင်းလိုက်၏။ ထိုနေ့ က ကျုံစိန်ရွာတွင် အရိုးကောက်ပွဲ ( အသုဘ အခမ်းအနား ) ရှိနေ၏။ လူတွေ အရိုးကောက်ပွဲအတွက် ပြင်ဆင်နေကြစဉ် လက်နက်ကြီးကျည်ဆန်များ ကျလာခဲ့ခြင်းဖြစ်၏။ လက်နက်ကြီး ကျည်ဆံထိမှန် မှုကြောင့် အဖ ဦးဖါးလိပ်၊ အမိ ဒေါ်နော့ရော်တို့ ၏သား အသက် (၃၇)နှစ်ရှိ၊ ကိုလှရွှေ ထမင်းစားနေစဉ် ရင်ညွှန့် တွင် လက်နက်ကြီး ကျည်ဆံထိမှန်သေဆုံး။ အဖွားအို “ ဖီးသူးမဲ ” အသက်(၇၅)နှစ် နှင့် မြေးဖြစ်သူ (၉)နှစ် သမီးလေး “ နော်ကော်ကျိုး ” တို့  ခြေထောက်နှင့်လက်များတွင် ဒဏ်ရာပြင်းထန်စွာရ။ တရွာလုံး ဆူညံပွက်လောရိုက်နေစဉ်၊ ချောင်းတဖက်ကမ်းမှ န၀တ စစ်တပ်များ ရွာဖက်ကမ်းသို့ ချက်ချင်းကူးလာ။ လက်နက်ငယ်များပစ်ကာ ရွာထဲသို့ ဝင်။ရွာထဲတွင် အသက်အရွယ်ကြီးရင့်သူများမှ အပ ကျန်သူအားလုံး တောထဲသို့ အ၀တ်တထည် ကိုယ်တခုဖြင့် ထွက်ပြေးတိမ်းရှောင်ကြရ။ ရွာသူကြီးမ (သည်နယ်တ၀ိုက်တွင် ယောင်္ကျားသူကြီး မလုပ်ရဲကြသဖြင့် မိန်းမသူကြီးများသာရှိ ) ကို စစ်တပ်ကခေါ်ပြီး နေ့ ချင်းပြီး ကျပ်ငွေ နှစ်သောင်းစုဆောင်းပေးရ မည် ဆိုသဖြင့် သည်နေ့ ည (၄)နာရီက ရွာနှင့်ဒုံသမိချောင်းကြား ယါယီတပ်စွဲထားသည့် န၀တစစ်တပ်ကို ငွေများစုဆောင်းပြီးမှ သွားပို့ ခဲ့ရ။ ရွာထဲသို့ လက်နက်ကြီးနှင့်ပစ်ရခြင်း အကြောင်းမှာ-----၊ သည်ကနေ့ မနက် (၈း၀၀)နာရီ တွင် ကျုံစိန်ရွာအနေနှင့် ၀က်သားအချိန်(၃)ပိသာကို စစ်တပ်စခန်းသို့  ပို့ ပေးရမည်ဟု အမိန့် ရထားသော်လည်း ရွာသားများမှာ ရွာတွင် အရိုးကောက်ပွဲရှိနေ၍ (၈း၀၀)နာရီကျော်သည်အထိ မပို့ ပေးနိုင်သည်ကို မကျေနပ်သဖြင့် အခုလို ရွာထဲသို့  စိန်ပြောင်း ကျည်ဆံများ ပစ်ထည့်ခဲ့ခြင်းဖြစ်ကြောင်း သိရ-----။

ဝါးရုံပင်ခြေရင်းက သစ်ရွက်ခြောက်အိပ်ယါပေါ် လဲလျောင်းရင်း မည်မျှအထိ အတွေးနယ်ချဲ့ နေခဲ့မိလေသည်မသိ။ သတိရလို့  ပတ်ဝန်းကျင်ကို လှည့်ကြည့်တော့ ကျနော့်ခန္ဓာကိုယ်ပေါ်တွင် နေရောင်ခြည်များ ပျောက်ကွယ်ကာ၊ လရောင် မှိန်ပြပြ ရောက်နေသည်ကို တွေ့ လိုက်ရ၏။

သစ်ရွက်ခြောက်အိပ်ယါပေါ်တွင် အသာအယါ ပြန်လည်လဲလျောင်းရင်း၊ ကျုံစိန်ကြိုးဝိုင်းကြီးအတွင်း၊ ပြေးဝင်ပုန်းခိုရင်း သစ်ပင် ခြုံပင်များအကြား၊ အိပ်စက်လဲလျောင်းနေကြမည့် တခြား ကျုံစိန်ရွာသားများအတွက် ကျနော့်မှာ စိတ်ပူနေမိလေသည်။

ဥရောပမဲဇာ

နမ့်စွယ်ချောင်းမှသည် အပြည်ပြည်ဆိုင်ရာ ဒွန်မောင်းလေဆိပ်သို့ (၂)

နမ့်စွယ်ချောင်းမှာ ရေခမ်းလုနီးပါး ရှိနေသည်။ခြေမျက်စေ့သာသာ ရေကိုဖြတ်ကာ ကျနော်တို့သုံးယောက် ချောင်းတဖက်ကမ်း လယ်ကန်သင်းရိုးပေါ်တက်လာခဲ့ကြသည်။

နမ့်စွယ်ရွာအပြင်ဘက် နမ့်စွယ်ချောင်း၏တဖက်ကမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်ရေးနယ်မြေ)မှ ရဲဘော် တချို့ ခေတ္တထိုင်နေသည့်တဲကို ကျောဘက်ကုန်းမြင့်တောင်ခြေတွင် လှမ်းမြင်နေရသည်။ ကျနော်တို့သုံးယောက် ထိုတဲမှပြန်လာ ကြခြင်းဖြစ်သည်။ ရှေ့ဆုံးက ဦးမောင်မောင်အေး(ပြန်ကြားရေးဌာန၀န်ကြီး၊ အမျိုးသားညွန့် ပေါင်းအစိုးရ)၊ အလယ်က ခွန်မားရ်ကို ဘန်း(ဖယ်ခုံမြို့ နယ်၊ ပြည်သူ့ လွှတ်တော်ရေးကိုယ်စားလှယ်)ပြီးတော့ ကျနော်…….။

ချောင်းထိပ်သို့အရောက်တွင် ၀ဿန္တ၏ ရှေ့ပြေးလေကို ရှူရှိုက်ခွင့်ရလိုက်သည်။ နမ့်စွယ်ရွာကို လယ်ကွက်များ၏အစပ်တွင် လှမ်းမြင်နေရသည်။ မိုးတိမ်တချို့ နမ့်စယ်ရွာပေါ် ဖြတ်ကျော်သွားကြသည်။ ရွာထဲံမှ ကားသံ၊ခွေး ဟောင်သံနှင့် ကလေးများ အော်ဟစ်သည့်အသံကို သဲ့သဲ့မျှကြားနေရသည်။

ကန်သင်းရိုးပေါ်လျှောက်လာစဉ် မလှမ်းမကမ်းမှ ရင်ဘောင်တန်းရှိနေသည့် ရေသွင်းမြောင်းကလေးဆီက ရေစီးသံကို အတိုင်းသားကြားနေရသည်။ မျက်နှာချင်းဆိုင်က လျှောက်လာသော ပဒေါင်လုံမငယ်နှစ်ဦးကို လမ်းဖယ်ပေးကြရ၏။ သူတို့သည် နမ့်စွယ်ရွာနှင့် နာရီဝက်သာသာခရီး၊ မြန်မာနိုင်ငံနယ်စပ်နှင့် မနီးမဝေး၊ ပဒေါင်ရွာကလေးမှ ဖြစ်ကြပေမည်။ သူတို့နှစ်ဦး ကျနော်တို့ဘေးမှ ဖြတ် လျှောက်လာကြသောအခါ မျက်နှာချေနှင့် ပေါင်ဒါနံ့များ ဝေ့၀ဲပြီး ကျန်ရစ်ခဲ့လေသည်။

လယ်ကန်သင်းရိုးနှင့် မလှမ်းမကမ်း တဲတလုံးရှေ့သို့ရောက်သောအခါ ဦးမောင်မောင်အေးက လမ်းဘေးသို့ ဆင်းကာ တဲရှေ့  တွင်ရပ်လိုက်သည်။ တဲပေါ်တွင် မည်သျှူမရှိ။ ပတ်ဝန်းကျင်တွင် လူသူလေးပါး မမြင်ရ။

“ငါ မင်းကိုပြောစရာရှိတယ် ငြိမ်းဝေ၊ အရေးကြီးတဲ့ကိစ္စမို့ လို့  အိမ်မှာမပြောဘဲ ဒီမှာပဲ ပြောရလိမ့်မယ်။ လာကွာ ဒို့ ဒီမှာခဏ ထိုင်ရင်း စကားပြောရအောင်“

ဦးမောင်မောင်အေးက ပြောပြောဆိုဆို တဲရှေ့  ကပြင်တွင် ၀င်ထိုင်လိုက်သည်။ ကျနော်နှင့် ခွန်မားရ်ကိုဘန်းက ဘေးချင်း ယှဉ်လျက်တွင်ဝင်ထိုင်ကြသည်။ ကျနော်က ခေါင်းအေးအေးထားကာ ဦးမောင်မောင်အေး ဆက်ပြောမည့်စကားကို နားစွင့်နေမိသည်။

“မင်းကို အဆင့်မြင့်တာဝန်တခု ပေးစရာရှိတယ်။ မင်း “နော်ဝေး“ကိုသွားပြီး DVB မှာအလုပ်လုပ်ရမယ်။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားပါ။ ဒီကိစ္စကို သိပ်ပြီးမပေါက်ကြားစေနဲ့ ၊ ငါ နောက်တခေါက် ဘန်ကောက်ကဆင်းလာရင် မင်းကို တပါတည်းခေါ်မယ်။

ဒီတလအတွင်း မင်းထွက်ရလိမ့်မယ်ထင်တယ်”

မျှော်လင့်ထားခြင်းမရှိ၊ လိုလားစိတ်ကူးခဲ့ခြင်းမရှိသဖြင့် ဦးမောင်မောင်အေး၏စကားကို ကျနော် ဘယ်လို လက်ခံတုန့်ပြန် ရမည်ကို မသိနိုင်အောင်ဖြစ်ရသည်။ ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား။ ကျနော် တကယ့်ကိုမသိ။ အံ့သြသွားမိသည်တော့ရှိ သည်။

“ဒါဆိုရင်၊ ရွေဗဟိုရ်စည် စတူဒီယိုကကော……“

ဦးမောင်မောင်အေးက ကျနော့်မျက်နှာကို အကဲခတ်သလိုကြည့်ကာ ခေါင်းကို တချက်ငြိမ့်လိုက်၏။

“အေး၊ ဒါတော့ မင်းနဲ့ ငါတိုင်ပင်ပြီး လူရှာရတော့မှာပေါ့ကွာ။ တာဝန်ခံ ရှာလို့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ မင်း“နော် ဝေး“ကို အမြန်ဆုံးသွားဖို့ က ပိုပြီးအရေးကြီးတယ်။ ပြီးတော့ ငါစဉ်းစားထားတာက စိုးဝင်းညိုကိုခေါ်ရင် ဘယ်နှယ့်နေမလဲ“

ဦးမောင်မောင်အေးက ပြောပြသည့် ကိုစိုးဝင်းညိုကို ရွေဗဟိုရ်စည် စတူဒီယိုတာဝန်ခံအဖြစ် တာဝန်ပေးရန်ကိစ္စ၊ ကျနော့်တွင် ကန့် ကွက်ရန်မရှိ။ ကိုစိုးဝင်းညိုသည် DVB တွင် ကျနော်တို့နှင့် တချိန်လုံး လက်တွဲဆောင်ရွက်ခဲ့သူဖြစ်သည်။

အမှန်စင်စစ် ရွေဗဟိုရ်စည် စတူဒီယိုမှာ ယခုမှပင် ပြန်လည်စတင်ဖွဲ့ စည်းလှုပ်ရှားရမည့် အခြေအနေမျိုးဖြစ်သည်။ လွန်ခဲ့ သည့် နှစ်လကျော်က ကျနော်တို့ သည် ရွေဗဟိုရ်စည် စတူဒီယိုကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံတို့ ၏အောက်မှာ ထိုင်းနိုင်ငံဘက်ကမ်းသို့  သယ်ထုတ်လာခဲ့ကြရ၏။ သံလွင်မြစ်တဖက်ကမ်း ဖွေးပေါ်လူရွာနှင့် ပဟီလူရွာသို့ ရွှေ့ ခဲ့ကြရသည်။ ထို့ နောက် ပုခုံးဖြင့်ထမ်း၍တဖုံ၊ လှေဖြင့်တတန်၊ ကားဖြင့်တသွယ်၊ သော်လဲထရွာသို့ ၎င်း၊ မယ်စရီးယန်းသို့ ၎င်း၊ မယ်ဟောင်ဆောင်သို့ ၎င်း၊ နမ့်စွယ်ရွာကလေးသို့  ၎င်း၊ အဆင့်ဆင့် သယ်ပိုးထုပ်ယူခဲ့ကြရသည်။ တနေရာရောက်လျှင် အရေးကြီးသည့် ပစ္စည်းများကို ရွေးချယ်သယ်ယူကြရပြီး၊ နောက်တနေရာရောက်လျှင် ထပ်မံ၍ ပိုမိုအရေးကြီးသည့် ပစ္စည်းကိုရွေးကာ သယ်ကြယူကြရပြန်သည်။ မသယ်နိုင်၊ မပိုးနိုင်တော့ သဖြင့် စခန်းတခုတိုင်းတွင် ပစ္စည်းတချို့ ကို စွန့် ပစ်ထားခဲ့ကြရ၏။ တချို့ တောထဲမှာ၊ တချို့ လမ်းဘေးမှာ၊ တချို့ ချောင်းဘေးမှာ…။

သို့ သော် နမ့်စွယ်ရွာသို့  ရောက်သည့်အထိ ရွှေဗဟိုရ်စည်စတူဒီယိုမှာ အသံရပ်သွားခြင်းမရှိ။ သတင်းများ၊ တွေ့ ဆုံမေး မြန်းခန်းနှင့် ပုံမှန်တာဝန်ကျအသံလွှင့်အစီအစဉ်များကို မပျက်မကွက် အသံသွင်းယူကာ “နော်ဝေး“ သို့ ပို့ နိုင်ခဲ့ကြ၏။

မာနယ်ပလောမှ ထွက်ခွာလာသည်မှစကာ စခန်းတခုသို့ ရောက်သည့်အခါတိုင်း ရွှေဗဟိုရ်စည်စတူဒီယိုတွင် တာဝန်ထမ်း ဆောင်ကြသည့် ရဲဘော်များ၊ တယောကပြီးတယောက် လမ်းခွဲခဲ့ကြရ၏။ မိခင်အဖွဲ့အစည်းများသို့ ထွက်ခွါသွားကြ၏။ ထို့ ကြောင့် ရွှေဗဟိုရ်စည် စတူဒီယိုကို ပြန်လည်ဖွဲ့ စည်း နိုင်ရေး၊ ကျနော့်မှာ တချိန်လုံး ကြိုးပမ်းနေခဲ့မိ၏။

ယခုလို အရေးကိစ္စကြုံလာသောအခါ သွားတတ်လာတက်၊ သွားနိုင်လာနိုင်သည့် လူကိုရှာကာ စရိတ်ကစပေးလျှက် တော် လှန်ရေးနယ်တခုအတွင်းသို့  ရောက်နေသည့် ကိုစိုးဝင်းညိုကို အခေါ်လွှတ်ကြရလေသည်။ ကိုစိုးဝင်းညို ရောက်လာပြီး ရွှေဗဟိုရ် စည်စတူဒီယိုကို သူ့ ထံလွှဲပြောင်းပေးပြီးသောအခါကျမှသာ “နော်ဝေး“သွားရေးအတွက် ကျနော့်မှာ စိတ်ချလက်ချ ပြင်ဆင်နိုင်တော့၏။

January 15, 2008

ဥရောပမဲဇာ

“နမ့်စွယ်ချောင်း”မှသည် အပြည်ပြည်ဆိုင်ရာ“ဒွန်မောင်းလေဆိပ်” သို့  (၁)

ခရီးသည်များနားနေဆောင်၏ မှန်ကာကြီးများကတဆင့် လေဆိပ်ကွင်းထဲကိုမြင်နေရသည်၊ ကွင်းထဲ၌ ဂျက်လေယာဉ် ငယ် တစင်းဆိုက်ထား၏၊ လာအိုလေကြောင်းမှဖြစ်သည်။ တစင်းထဲရပ်ထားသဖြင့် ထိုလေယာဉ်ဖြင့်ပင် ကျနော်လိုက်ပါရလိမ့်မည် ဟုခန့် မှန်းမိသည်။
ဗီယက်ကျန်းလေဆိပ်ကို ကျဉ်းကျဉ်းငယ်ငယ်ကလေးပဲဟု စိတ်ထဲကထင်သည်။ ခရီးဆောင်လက်ဆွဲအိတ်များ ချိန်တွယ် စစ်ဆေးရန်နှင့် လူဝင်မှု ကြီးကြပ်ရေးအပေါက်ဝတို့ မှာ နားနေဆောင်၏ ဘေးတွင်ကပ်လျှက်ရှိနေသည်။ ခရီးသည်များမှာလည်း လူ နှစ်ဆယ်ခန့်ပင်ရှိသည်။ ဗီယက်ကျန်းလေဆိပ်ကို ကျဉ်းကျဉ်းငယ်ငယ်ကလေးပဲဟု ထင်မိသည့်အတွေးမှာ တိကျမှန်ကန်ကောင်း ရဲ့ဟု ယတိပြတ်ကျနော်မပြောနိုင်ပါ။ရန်ကုန်မင်္ဂလာဒုံလေဆိပ်နှင့် နှိုင်းယှဉ်ပြီးမှ စဉ်းစားခြင်းဖြစ်သည်။ သို့  တိုင်အောင်ကျနော်သည် မင်္ဂလာဒုံလေဆိပ်ကို ရောက်ဖူးသူမဟုတ်ပါ။ တခါတရံ ပဲခူးမှ ရန်ကုန်သို့ အသွား ကားလမ်းပေါ်ကတဆင့် လျပ်တပြက်လှမ်းမြင်ရ ခြင်းနှင့် ရုပ်ရှင်ကားတချို့ ၊ သတင်းစာတချို့ တွင်သာ မင်္ဂလာဒုံလေဆိပ်ကို မြင်ဖူးခြင်းဖြစ်သည်။ ထို့  ပြင်ဆိုက်ထားသည့် လေယာဉ်ကိုလည်း ကြီးသည်ငယ်သည်ဟူ၍ တိတိကျကျ ကျနော်မပြောနိုင်သေးပါ။ ကျနော်သည် လေယာဉ်စီးဖူးဖို့ ဝေးစွ။ လေယာဉ်တစီး၏ အနီးသို့ ပင်ကပ်၍ မကြည့်ခဲ့ဘူးပါ။ သို့ သော်လာအိုနိုင်ငံမှာ ဖွံ့ ဖြိုးမှုနှေးကွေးသည့် နိုင်ငံတခုဖြစ်သဖြင့် လေဆိပ်၏အနေအထားကို ကျနော့်စိတ်ထဲက အလိုလို အထင်သေးနေမိခြင်း ဖြစ်ကောင်းဖြစ်ပါမည်။
လေယာဉ်ပေါ်တက်ခွင့်ပြုသောအခါ ကျနော်က လက်ဆွဲသေတ္တာငယ်ကိုဆွဲကာ လူအုပ်ထဲဝင်ရောလိုက်သည်။ “ကိုမျိုးမြင့်” ကကျနော့်ပုခုံးကို ကိုင်ကာ နှုတ်ဆက်သည်။ သူနှင့်ကျနော်သိကျွမ်းရသည်မှာ မကြာသေး။ ပထမတခေါက် ခေတ္တခဏ သုံးရက်မျှ လာနေစဉ် ပန်းချီဆရာ “ကိုမောင်ဟန်” မိတ်ဆက်ပေးသဖြင့် သူသည်လာအိုတွင် အလုပ်လာလုပ်နေသူဟု သိခဲ့ရသည်။ ယခုတခေါက် တွင်မူ ကျနော်တယောက်တည်းရောက်လာသဖြင့် လေဆိပ်ဆင်းသည့်ကိစ္စကို သူကပဲ လိုက်ပို့ ကူညီခြင်းဖြစ်သည်။ သူ့ ကို နှုတ်ဆက်ပြီး လေယာဉ်ဆီလျှောက်လာနေစဉ် ကျနော့်ရင်ထဲ၌ တလှပ်လှပ်ခံစားလာရသည်။ ထိုစဉ်က ဖြစ်ပေါ်လာသည့် ခံစားမှု သည် အင်မတန်ခံစားရခက်သော တခါဘူးမျှ မခံစားဘူးသေးသော ခံစားမှုမျိုးဖြစ်သည်။ ခံစားရသမျှကို အသိနှင့်မထိန်းချုပ်ပဲ လွှတ် ပေးလိုက်လျှင် ရူးသွပ်သွားလုမတတ် လွတ်ထွက်သွားမလားဟုပင်ထင်မိသည်။
ယခုအခါကျနော်သည် လေယာဉ်တစင်းပေါ်တက်တော့မည်။ ထိုလေယာဉ်ဖြင့် ထိုင်းနိုင်ငံ “ဒွန်မောင်း”လေဆိပ်ကိုရောက် မည်။ ဒွန်မောင်းလေဆိပ်တွင် လေယာဉ်ပြောင်းစီးကာ ဒိန်းမတ်နိုင်ငံ “ကိုပင်ဟေဂင်”လေဆိပ်ကိုရောက်မည်။ ထိုမှတဆင့် “နော်ဝေး” နိုင်ငံကို ရောက်မည်။ ကျနော်၏ မြေပုံခရီးစဉ်မှာ သည်ဗီယက်ကျန်းလေဆိပ်မှပင် လက်တွေ့ စတင်မည်ဖြစ်သည်။
လေဆိပ်ခန်းမမှအထွက် လေယာဉ်ဆီသို့မရောက်ခင် ကွန်ကရစ်ကြမ်းပြင်ပေါ် လမ်းလျှောက်နေရင်းက ဒူးများညွတ်ကျ လုမတတ် တုန်လှုပ်နေသေးသည်။ ခေါင်းထဲတွင် အသံမျိုးစုံဆူညံလာကာ မူးမူးဝေေ၀ဖြစ်လာရသည်။ ညာဖက်လက်ထဲက လက်ဆွဲသေတ္တာသည် ပါလာသည်ဟုမထင်တော့။
တချိန်ထဲမှာပင် ကျနော့်မျက်စိထဲ၌ “မဒေ၀ီ”ကို မြင်သည်။ သားသမီးများကို မြင်သည်။ ကျနော်သည် ကမ္ဘာကြီး၏ မြောက်ဝန်ရိုးစွန်းနှင့် အနီးဆုံးနိုင်ငံ တခုသို့ ထွက်ခွာလာပြီဖြစ်သည်။ သို့ သော် မဒေ၀ီနှင့်သားသမီးများကို ကျနော်စွန့် ခွာ သွားနေခြင်းမဟုတ်။ နယ်စပ်ဒေသကို စွန့် ခွာသွားနေခြင်းမဟုတ်။ ကျနော်ချစ်သော ချစ်သူများကို စွန့်ခွာသွားနေခြင်းမဟုတ်။ ကျနော်၏ခရီးမှာ အသွားတကြောင်းတည်းသာရှိသည့် လမ်းခရီးမဟုတ်။
ထောင်ထားသည့် လှေကားမှတဆင့် ခရီးသည်များ လေယာဉ်ပေါ်တန်းစီပြီး တက်ကြရသည်။ အပေါက်ဝတွင် လေယာဉ် မယ်နှစ်ဦး။ လေယာဉ်လက်မှတ်များကို ပြရသည်။ ကျနော်သည်ရုတ်တရက်နောက်ကို ပြန်လှည့်ရပ်ကာ ကိုမျိုးမြင့်ရှိရာ လေဆိပ်အ ဆောက်အဦးဆီကို ရုပ်ရှင်တွေထဲကဇာတ်လိုက်လို လက်တချက်ဝှေ့ ရမ်းနှုတ်ဆက်လိုက်သည်။ ပြီးမှ လေယာဉ်ကိုယ်ထည်အတွင်း သို့ ဝင်ခဲ့သည်။ လူသွားလမ်းပေါ်ကတဆင့် ထိုင်ခုံနံပါတ်များကို ကြည့်သည်။ ကျနော်ထိုင်မည့်ထိုင်ခုံမှာ ပြတင်းပေါက်ဘေးတွင်ရှိသ ဖြင့် ကျေနပ်သွားသည်။ ပြီးတော့ကျနော့်ဘေးက ထိုင်ခုံတွင် ခရီးသည်မရှိ။
ပြတင်းပေါက်ကတဆင့် လေဆိပ်အဆောက်အဦးကို လှမ်းမြင်နေရသည်။ သို့ သော် လေယာဉ်အတောင်ပံက ကွယ်နေသ ဖြင့် လေဆိပ်၏တပိုင်းတစကိုသာ မြင်ရသည်။ ကိုမျိုးမြင့်လည်း လေဆိပ်မှ ပြန်သွားလောက်ပြီ။ နေရာယူပြီးဆယ်မိနစ်ခန့် အကြာ တွင် ဓါတ်ခွက်သံပါသည့် အသံချဲ့ စက်မှတဆင့် လေယာဉ်ထွက်ခွာတော့ မည့်အကြောင်း လေယာဉ်မယ်တဦး၏ အသံကိုကြားရ သည်၊ ခါးပတ်ပတ်ဖို့ နှိုးဆော်သည်။ ကျနော်က ခုံတလုံးကျော်က ခရီးသည် အမျိုးသားကြီးလုပ်သလို လုပ်ကြည့်ရင်းဖြင့် ခါးပတ်ပတ်ခြင်းအမှု အောင်မြင်သွားခဲ့ပြီ။
လေယာဉ်ကပြေးလမ်းတွင်နေရာယူကာ စက်ရှိန်မြှင့်လိုက်သည်။ အမျိုးအမည်မသိ အဆောက်အဦးများ ရိပ်ကနဲရိပ်ကနဲ နောက်တွင်ကျန်ရစ်ခဲ့သည်။ ဦးခေါင်းပိုင်း တချက်မော့ကာ လေယာဉ်ကိုယ်ထည်ကြီးတခုလုံး လေထဲသို့ ကြွတက်လာခဲ့သည်။ ခပ်မော့မော့အနေအထားဖြင့် တခဏမျှရှိနေပြီးနောက် နေသားတကျဖြစ်ကာ တိမ်ထုထဲဝင်မိသွားသည်။ အောက်ဖက်တွင် လယ်ကွက်များ၊ အိမ်များကို မမြင်ရတချက်၊ မြင်ရတချက် ရှိနေသေးသည်။ ကျနော်သည် နောက်မှီတွင်ခေါင်းတင်ကာ မျက်လုံးကို မှိတ်ပြီး စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင် ကြိုးစားရပြန်သည်။ မျက်လုံးဖွင့်ကြည့်တော့ လူသွားလမ်းလေးပေါ်က တဆင့် လေယာဉ် မယ်တဦးက တစုံတခုလှမ်းပေးနေသည်ကို တွေ့ ရသည်။ လက်ထဲရောက်လာသည့် ဘူးကလေးကို ဖွင့်ကြည့်တော့ အသား ညှပ်ပေါင်မုန့် တခုကိုတွေ့ သည်။ နောက်ထပ်ပြီး အချိုရည် တဘူးပေးပြန်သည်။
လေယာဉ်မယ်ကလေးမှာ အသက်(၂၅)နှစ်ခန့် ရှိမည်ထင်သည်။ သူက စကတ်လိုလို၊ ထမီလိုလိုကို ခပ်တိုတို ချပ်ချပ်ရပ်ရပ် ခါးပတ်ပတ်ပြီး ၀တ်ထားသည်။ ထမီက အစိမ်းရင့်ရောင်၊ အင်္ကျိကရင်စေ့လည်ထောင်အဖြူ။ ကျနော်တို့ ဆီက ကျောင်းဆရာမလေး တဦးနှင့်ပင် တူနေသေးတော့သည်။ အသားခပ်ညိုညို၊ အရပ်အမောင်းကောင်းကောင်းဒေါက်မြင့်ဖိနပ်နှင့် လမ်းလျှောက်သွားစဉ် သူက ခရီးသည်များကို ခေါင်းငြိမ့်ပြုံးပြလုပ်ပြတတ်သည်။ တရုတ်ရုပ်ရှင်ကားတခုထဲက ကချေသည်တဦး ခေါင်းငြိမ့်ခါးချိုးလုပ်ပြ သည်ကို ကျနော်သွားပြီးသတိရလိုက်သည်။
ဘူးကလေးထဲက မုန့် ကိုစား၊ အချိုရည်တဘူးကုန်အောင်သောက်ပြီးသောအခါ ရှေ့ ထိုင်ခုံနောက်ကျောက သားရေအိတ် ကလေးကိုဆွဲကာ မုန့် ဘူးခွံ၊ အချိုရည်ဘူးခွံတို့ ကို သိမ်းလိုက်သည်။ နာရီိကိုကြည့်တော့ ထိုင်းစံတော်ချိန် (၁၃း၀၀)ရှိပြီ။ တနာရီ အတွင်း ဒွန်မောင်းလေဆိပ်ကို ရောက်တော့မည်ဖြစ်သဖြင့် နာရီကို အချိန်မပြောင်းပဲ သည်အတိုင်းထားလိုက်သည်။ အာရှတိုက် သား ချည်းပဲဖြစ်သည်။ လူနှစ်ဆယ်ကျော်ခန့် ပဲရှိမည်ထင်သည်။ လေယာဉ်ကိုယ်ထည်က သန့်ပြန့် သည်။
ဗိုက်ထဲတွင် အစာဝင်သွားပြီဖြစ်သဖြင့် လှုပ်ရှားလျှက်ရှိနေသော စိတ်မှာ တစုံတရာ တည်ငြိမ်လာခဲ့ပြီ။ လေယာဉ်ကိုယ် ထည်ကြီးတခုလုံး လေထဲတွင် တည်တည်ငြိမ်ငြိမ်နှင့် မောင်းနှင်နေပြီဖြစ်သဖြင့် စိုးရိမ်ထိတ်လန့် မှုသည်လည်း လျော့ပါးသွားပြီ ဖြစ် သည်။ ထိုင်ခုံနောက်မှီတွင် ခေါင်းတင်လိုက်သောအခါ နမ့်စွယ်ရွာကလေးက ကျနော့်အတွေးထဲ ခုန်ဝင်လာလေတော့သည်။

( ၁၉၉၅-ခု၊ ဖေဖေါ်ဝါရီလထဲတွင် “မာနယ်ပလော” တော်လှန်ရေးဌါနချုပ်ကို နအဖစစ်တပ်များ သိမ်းပိုက်ခဲ့သည်။ ကျနော်က ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့အနီး၊ မြန်မာနိုင်ငံနယ်စပ်နှင့် နီးသည့် “နမ့်စွယ်” ရွာတွင် ခိုလှုံခဲ့ရသည်။ ဇွန်လထဲတွင် “နော်ဝေး” နိုင်ငံသို့ တော်လှန်ရေးတာဝန်ဖြင့် ခရီးထွက်ရသည်။ နဂိုရ်ကတည်းက ခရီးသွားစာပေများကို နှစ်သက်ခဲ့သူဖြစ်သဖြင့် ကျနော်၏ “နော်ဝေးနိုင်ငံ ခရီးစဉ်” ကို “ဥရောပမဲဇာ” ဟု ခေါင်းစဉ်တပ်ကာ ခေါင်းစဉ်ငယ်များခွဲလျက် အခန်းဆက်ခရီးသွားဆောင်းပါးများ ရေးခဲ့၏။ ယင်းဆောင်းပါးများကို လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ဗဟိုပြန်ကြားရေဌါနမှ တလတကြိမ်၊ တခါတရံ အဆင်ပြေ သလို ထုတ်ဝေသည့် “ရေစီးသံ” ဂျာနယ်တွင် (၂)နှစ်ကြာ အခန်းဆက် ထည့်သွင်းဖေါ်ပြခဲ့၏။ အခုတော့ ကျနော့်ရဲ့ Blog မှာ၊ ဒီကနေ့ကစပြီး အပါတ်စဉ်ဖေါ်ပြပေးသွားမှာပါ။ )


January 12, 2008

ဒုံသမိချောင်း မုဒ်ဦး ဒုံသမိချောင်း နိဒါန်း

(က)
သစ်ခက်သစ်ကိုင်းများမှာ မြေကိုထိလုမတတ် အိကျနေကြ၏။ မြက်ပင်ရိုင်းများမှာ လူတရပ်မရှိတရှိပေါက်နေကြ၏။ “ ဦးကသေးဖိုး ” သည် ကျနော်တို့ နှစ်ယောက်၏ရှေ့ မှဦးဆေါင်ကာ သွားနေလေသည်။ ကျနော့်ရှေ့ က “ တပ်ကြပ်ကြီးဖါးတေး ” ဆွဲဖယ်ထားခဲ့သည့် မြက်ရိုင်းပင်များက ကျနော့်မျက်နှာကို မကြာခဏ လာပြီးရိုက်၏။ တောနက်သဖြင့် ကျနော့်မှာ ရှေ့ ကသွားနေ သူနှင့် ခွါပြီးမလိုက်ရဲ။ မြက်ရိုင်းပင်များ၊ သစ်ကိုင်းများကို သတိနှင့်ဆွဲဖယ်ရင်း အောက်ခြေကိုလည်း ဂရုစိုက်ပြီးကြည့်နေရ၏။ ဆယ်မိနစ်ခန့် တောထဲသို့ တိုးဝင်လာပြီးနောက် ကျနော့်တကိုယ်လုံး ချွေးများရွှဲနစ်နေတော့၏။
“ ဒုတ်ဒုတ်…ဒုတ်ဒုတ်…ဒုတ်ဒုတ် ”
သေနတ်သံ ခြောက်ချက်၊ အသံခပ်အုပ်အုပ် ဆက်တိုက်ကြားလိုက်ရ၏။ ကျနော့်ရင်ထဲ ဒိတ်ကနဲစိုးရိမ်သွားရ၏။ “ ဦးကသေးဖိုး ” သည် နေရာတွင်ပင်ရပ်ကာ နားစွင့်နေဟန်ရှိလေသည်။ ကျနော်နှင့်တပ်ကြပ်ကြီးဖါးတေးသည်လည်း ရောက်ရာ နေရာတွင် ငြိမ်သက်စွာရပ်နေလိုက်ကြ၏။
“ တလိုင်းကရင်ဖက်ကပါ၊ အဝေးကြီးကပါ…၊ ဘာမှမဖြစ်ဘူး ”
ဦးကသေးဖိုးက ပြောပြောဆိုဆို ရှေ့ ကိုဆက်တိုးသွားလေသည်။ နောက်ထပ်ဆယ်မိနစ်ခန့် တောထဲသို့ တိုးဝင်သွားနေစဉ် သစ်ပင်သစ်ကိုင်းများကြဲပါးသွားသည့် ကုန်းမြင့်တခုကိုတက်လာကြရ၏။ မြက်ရိုင်းပင်များမှာ ပိုပြီးထူထပ်လာသည်ဟု ထင်ရ၏။ တနေရာအရောက်တွင် ရှေ့ ကသွားနေသူနှစ်ယောက်၏ တောတိုးသံရပ်သွားလေသည်။
“ ရောက်ပြီ၊ အဲဒါ- ကျနော့်တဲပဲ ”
ကျနော်တို့ သုံးယောက်သား ရင်ဘောင်တန်းပြီးရပ်လိုက်ကြ၏။ ကျနော်တို့ ရှေ့ တွင် ကိုက်နှစ်ဆယ်ခန့် မြေကွက်လပ်ရှိနေ ပြီး၊ မြေကွက်လပ်အစပ်တွင် မြင့်မားသည့်ကျောက်တောင်ကြီး ရှိနေ၏။ ကျောက်တောင်ကြီးမှာ ပေါင်မုန့် ကို ဓါးနှင့်လှီးချထားသလို တိတိပပ ထောင်လျက်သားအုပ်မိုးနေလေသည်။
ကျနော်က ဦးကသေးဖိုးညွှန်ပြရာ ကွက်လပ်အစပ်ကို အားစိုက်ပြီးကြည့်သည်။ ကျောက်တောင်ကြီး၏ အောက်ခြေကို လိုက်ကြည့်သည်။ ထိုအခါကြမှသာ၊ ကျောက်တောင်ခြေရင်း ခြုံပင်များကြားတွင် တိုးဝင်ပုန်းကွယ်နေသည့် တဲကလေးတလုံးကို တွေ့ ရလေသည်။ တဲကလေးကို တွေ့ ရသဖြင့် ကျနော့်မှာ အကျေနပ်ကြီး ကျေနပ်သွားရ၏။
တဲကလေးထဲသို့ ခေါင်းငုံ့ ပြီးဝင်လိုက်သောအခါ၊ တဲအတွင်းဖက်၌ ကျနော်ထင်ထားသလို မှောင်၍မနေပဲ အလင်းရောင် ကောင်းကောင်းရနေသည်ကို တွေ့ ရ၏။ ကျနော်တို့ သုံးယောက် ခါးလယ်မရှိတရှိ အမြင့်ရှိသည့် ၀ါးကြမ်းခင်းပေါ် မတိုင်ပင်ရပဲ ကိုယ်စီကိုယ်ဌ တုံးလုံးလှဲလိုက်ကြ၏။ ယခုအခါ ကျနော်တို့ သည် တောပုန်းကြီး “ ဦးကသေးဖိုး ” ၏ လျှို့ ဝှက်တဲကလေးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ကြပြီဖြစ်သည်။ တဲ၏ခေါင်းရင်းဖက်တွင် ပြတင်းပေါက်တခု ဖေါက်ထားသဖြင့် သန့် ရှင်းလတ်ဆတ်သည့်လေကို ကျနော်ရူရှိုက်မိ၏။ တဲကလေးမှာ အင်ဖက်မိုး၊အင်ဖက်ကာတဲကလေးဖြစ်၏။ လူသုံးယောက်စာမျှ ချောင်ချိစွာအိပ်စက်လဲလျောင်း နိုင်သည့်ကြမ်းခင်း။ ကျနော်က လဲလျောင်းနေရင်းက တဲကလေးကို အကဲခတ်နေမိလေသည်။
“ ဦးကသေးဖိုး၊ ဒီတဲကလေးမှာလာနေတာ ဘယ်လောက်ကြာပြီလဲ ”
“ လေးနှစ် ”
“ ထမင်းစားတော့ကော ”
“ ရွာက မိန်းမပို့ ပေးတယ်၊ တဲအထိလာမပို့ ရဘူး၊ ဒုံသမိချောင်းဘေးမှာ သွားယူတယ်၊ တခါတလေ အခက်အခဲရှိရင် နှစ်ရက်သုံးရက်၊ ငှက်ပျောသီးစားပြီးနေတယ် ”
“ မိန်းမကိုလည်း ဒီတဲကိုမလာရဘူးလား ”
“ လာရပါတယ်၊ ဒါပေမယ့် အင်မတန်ခေါ် ခဲတယ်၊ ကလေးတွေတယောက်မှ မသိရဘူး၊ ရွာသားကိုတော့ ဘယ်ခေါ်မလဲ ”
“ ဒါဖြင့် တစိမ်းထဲကဆိုရင် ကျနော်နဲ့ တပ်ကြပ်ကြီးဖါးတေးပဲ ဒီကိုရောက်ဖူးတာပေါ့ ”
“ မဟုတ်ဘူး၊ ရဲဘော်တချို့ ရောက်ဖူးတယ်၊ ဒါပေမယ့် ဒီကရဲဘော်တွေတော့ မဟုတ်ဘူး၊ တပ်မဟာမှူးက ခိုင်းလိုက်လို့  ရောက်လာတဲ့ရဲ ဘော်နှစ်ယောက်၊ ညမအိပ်ဖူး ”
“ ဦးကသေးဖိုးကိုယ်တိုင်က သူတို့ ကိုဒီကိုခေါ်လာတာလား ”
“ ဟုတ်တယ်၊ တခြားနေရာမှာ သူတို့ နဲ့ စကားမပြောချင်ဘူး၊ အစတုန်းကတော့ တဲမှာ တညအိပ်ကြဖို့ ပဲ၊ နောက်ပိုင်းက စက်နဲ့ ပြန်ခေါ်လို့  ပြန်ကြတာ၊ ဘာပြုလို့ လည်း၊ ကျနော့်ကို စိတ်မချလို့ လား ”
“ ဟာ…မဟုတ်တာပဲဗျာ၊ ကျနော်လျှောက်မေးနေတာက စိတ်ဝင်စားလို့ မေးကြည့်တာပါ၊ ဦးကသေးဖိုးကို ကျနော်က ဘာလို့ စိတ်မချရမှာလဲဗျ ”
ဦးကသေးဖိုးဆီက ခပ်တိုးတိုးရယ်သံကို ကျနော်ကြားလိုက်ရ၏။ ဦးကသေးဖိုးနှင့်ကျနော် စကားပြောနေစဉ် တဲကလေး၏ ပတ်ဝန်းကျင်တခွင်လုံး အိပ်တန်းတက်ငှက်မြည်သံများ ဆူညံစွာကြားလာရလေသည်။ အမှောင်ထုသည် ကျနော်တို့ ရှိရာ တဲကလေးကို သူ့ ရင်ခွင်ထဲသို့ ဆွဲသွင်းဘို့  ကြိုးစားနေလေသည်။

(ခ)
“ ဦးကသေးဖိုး ” ၏ တဲကလေးတွင် နှစ်ရက်မျှကျနော် နေထိုင်ခဲ့၏။ ထိုနှစ်ရက်အတွင်း ကျနော်ရရှိထားသည့်သတင်း အချက်အလက်များ၊ ဒေသန္တရဗဟုသုတများ၊ စိတ်ခံစားချက်များကို မှတ်စုစာအုပ်ထဲ စနစ်တကျ ရေးသွင်းမှတ်သားနေခဲ့၏။ တိုက်တိုက်ဆိုင်ဆိုင် ဦးကသေးဖိုး၏ဇနီးဖြစ်သူမှာ၊ ကျောက်ဖြာရွာတွင် စခန်းချထားသည့် န၀တစစ်တပ်-စခန်းတွင် ထမင်းချက်လုပ်အားပေး နေရသည့်ရက်နှင့်တိုးသဖြင့် ညစာထမင်းတနပ်လပ်ခဲ့ရသေး၏။ သို့ သော် ထိုနေ့ မနက်ပိုင်းက ဒုံသမိချောင်းထဲ ပုဇွန်ဆင်းငုတ်ပြီး ရလာသည့် ကျောက်ပုဇွန်ထုပ်ကြီး လေးငါးကောင်ကို တပ်ကြပ်ကြီးဖါးတေးက ချောင်းဘေးမှာတွင် မီးကင်ပြီး ယူလာပေးသောကြောင့် ညစာ လပ်သော်လည်း ကျနော့်မှာ အာဟာရမပြတ်ခဲ့ပါ။
တောပုန်းကြီး ဦးကသေးဖိုး၏တဲကလေးမှာ ဒုံသမိချောင်း၏အနောက်ဖက်၊ တလိုင်းကရင်ရွာနှင့် ကျောက်ဖြာရွာအကြား တွင်ရှိ၏။ တလိုင်းကရင်ရွာနှင့် တနာရီခွဲခရီးရှိပြီး ကျောက်ဖြာရွာနှင့်မူ နာရီဝက်ခရီးရှိလေသည်။ နအဖစစ်တပ် တပ်မ၉၉ လက်အောက်ခံ၊ ခ.လ.ရ ( ၈၄)၊ တပ်ခွဲ (၃) သည် တလိုင်းကရင်ရွာတွင် စခန်းချပြီး ကျောက်ဖြာရွာတွင်မူ ခ.လ.ရ (၃၀၂)၊ တပ်ခွဲ ( ၃) တပ်ချ ထားလေသည်။ ထိုတပ်ခွဲများမှာ ကော့ကရိတ်၊ ဖါးပွန်နွေရာသီသုံး ကားလမ်းလုံခြုံရေးကိုတာဝန်ယူကြရ၏။
“ ဦးကသေးဖိုး ” သည်၊ ကျောက်ဖြာရွာသားဖြစ်၏။ သို့ သော် သူသည် ရွာတွင်မနေပဲ သည်တဲကလေးတွင် ပုန်းအောင်းနေ ထိုင်ခဲ့သည်မှာ (၄)နှစ်ရှိပြီ။ သူသည် သည်နယ်တ၀ိုက်၌ နာမည်ကျော် မိုင်းထောင်ဝိဇ္ဖာတဦးဖြစ်၏။ တနှစ်လျှင်အနည်းဆုံး နအဖ စစ်ကား (၅)စီးမျှ မိုင်းထောင်ဖျက်ဆီးနို်င်စွမ်းရှိသူ၊ ကရင်မျိုးချစ်ပုဂ္ဂိုလ်တဦးဖြစ်၏။ န၀တစစ်တပ်များသည် “ ဦးကသေးဖိုး ” ကို အသေရရ ၊ အရှင်ရရ ဖမ်းဆီးချင်ကြ၏။ ထို့ ကြောင့် “ ဦးကသေးဖိုး ” ၊ တောပုန်းကြီးဘ၀နှင့်နေထိုင်ခဲ့ခြင်းဖြစ်သည်။
“ ဦးကသေးဖိုး ” ၏ အမည်မှာ ကရင်နာမည်ဖြစ်ပြီး၊ မြန်မာလို “ မြင်းပုလေး ” ဟု အဓိပ္ပါယ်ရ၏။ နာမည်နှင့်လိုက်ဖက်စွာ သူသည် (၅၄)နှစ် ရှိပြီဖြစ်သည့်တိုင် သွက်လက်မာကျောလှ၏။ အထူးသဖြင့် သူ့ မျက်လုံးများမှာ အတွေ့ အကြုံရင့်ကျက်သူ တဦး၏ အရိပ်အငွေ့ များပြည့်နှက်လျက်ရှိလေသည်။
“ ဆရာလေး၊ ရေချိုးသွားကြမလား ”
တပ်ကြပ်ကြီးဖါးတေး၊ ဦးကသေးဖိုးနှင့်ကျနော် ဒုံသမိချောင်းဆီဆင်းချလာခဲ့ကြ၏။ နေစေါင်းနေပြီဖြစ်သဖြင့် ဒုံသမိချောင်း ရေပြင်မှာ တ၀က်မှောင် တ၀က်လင်းလျက်ရှိ၏။ တဖက်ကမ်း ကမ်းပါးယံမှာ အမှောင်ထုအတွင်းကျရောက်လျက်ရှိ၏။ ဒုံသမိချောင်း မှာ ချောင်းဖျားပိုင်းဖြစ်သဖြင့် ရေပြင်မှာကျဉ်း၏။ နွေရာသီဖြစ်သဖြင့် ရေနည်း၏။
ကျနော်တို့ သုံးယောက် ဒုံသမိချောင်းတွင် ရေချိုးနေစဉ် တောအုပ်များကိုကျော်ကာ သေနတ်သံသုံးလေးချက် အဝေးဆီမှ ကြားလိုက်ရ၏။ သေနတ်သံများမှာ ခတ်အုပ်အုပ်အသံဖြစ်၏။ သာယာဧချမ်းလှသည့် သဘာဝပတ်ဝန်းကျင်ကို အံတုဖို့ ကြိုးစား သည့် မရဏ ခေါ်သံများပင်ဖြစ်၏။
နောက်ထပ်တရက်အကျော်တွင်။ တလိုင်းကရင်ရွာဖက်သို့  ခရီးထွက်ရမည်ဖြစ်သည်။ ထုံးစံအတိုင်း ကိုင်းတော၊ ကွင်းစပ် တောအုပ်၊ ချောင်းဘေးအစရှိသည့် နေရာများတွင် ညအိပ်ရဦးမည်ဖြစ်သည်။တောပုန်းကြီး ဦးကသေးဖိုး၏ လျှို့ ဝှက်တဲကလေးကို လွမ်းနေရဦးမည်ဖြစ်သည်။
ရေချိုးပြီး၍ ရေစိုအ၀တ်လည်းနေသည့်အချိန်တွင် ကျေးငှက်သံများရုတ်ချည်း ပျောက်ကွယ်သွား၏။ နေရောင်ခြည်မှာ လျင်မြန်စွာနောက်ဆုပ်သွားလေသည်။ နေမ၀င်ခင် တဲသို့ ခတ်သုတ်သုတ် ပြန်တက်လာခဲ့ကြရ၏။ တဲကလေးသို့ ရောက်လာသော အခါ ၀ိုင်းစက်ဝင်းပသည့် လမင်းကြီးမှာ ကျောက်တောင်ကြီး၏ ထိပ်ပေါ်တွင် မေးတင်လျက်ရှိနေလေသည်။ ။