February 17, 2010

မသိန်းရှင်ဆီပို့ ပေးပါ


ဒီကနေ “့မသိန်းရှင်ဆီပို့ ပေးပါ ” အပိုင်း ( ၆ ) ကိုတင်ပေးလိုက်ပါတယ်။
သရုပ်ဖေါ်ပုံက စာအုပ်ရဲ့ နောက်ကြောဖုံးပုံဖြစ်ပါတယ်ခင်ဗျား။


( ၆ )
ကုန်စိမ်းသည်မကလေး ညိုညို
ထိုမှ နှင်းသည်းထန်းလာသော နောက်ပိုင်းရက်များတွင်ကား ရထားကြီး ခုတ်မောင်းနေပုံမှာ မနိုင်သော ဝန်လေးကြီးတခုကို တညည်းညည်း တညူညူ ဆွဲရုန်းသွားနေရသည် နှင့် တူလာခဲ့သည်။
တောင် တန်း ကြီးများသည်လည်း မြူများဆိုင်းတွ လာနေသည်။

အပြန်ခရီးတွင် ရွှေလင်ပန်းဘူတာသို့ ရောက်လာခဲ့လျှင်ပင် ရထားဖက်ဘေးရှိ နေဝန်းသည် ဝင်လုဆဲဆဲ ကျဆုံးလာနေသည်.။
ကျနော်သည်လည်း ညိုညို့ အနီး ထိုင်ခုံတခုပေါ်၌ ထိုင်နေရင်း ငွေစရင်းအင်းများကို တွက်ချက်နေရင်း ညိုညို့ အတွက်စိတ်သောကဖြစ်စရာများကို တွေးလာနေရသည်.။ သူ မပြောပြဘဲနှင့် သူရင်ဆိုင်ဖြေရှင်းနေရသော အခက်အခဲများကို ကျနော်သည် သိနေခဲ့၏။ သူ့ အတွင်းစိတ်မှ အလင်းအမှောင်များ သည် သူ့ အပြု အမူ၊ သူ့ မျက်နှာပြင်ပေါ်တွင် ပေါ်နေခဲ့သည် ထင်သည်။

ဤ ရက်ပေါင်း များစွာအတွင်းတွင် သူ့ မျက်နှာမှာ တနေ့ထက် တနေ့ ပိုမိုမှိန်ဖျော့လာနေသည်။ သူ့ မျက်လုံးများပေါ်မျ တောက်ပမှု အရောင်များသည် မှိန်ဖျော့သွား၏။ သူ၏ အားငယ်စိတ်မှာ မျက်နှာပြင်ပေါ်တွင် လာ၍ ထင်နေသည်။ သူသည် သူ့ အဖေါ်များရယ်စရာပြောသည်ကို ရယ်သော်လည်း နှစ် နှစ် ခြိုက်ခြိုက် ရယ်နေသည်ကို မတွေ့ရ။ အတွင်းစိတ်များ အားငယ်လာသောအခါ အပြင်ရုပ်သည်လည်း တဖြည်းဖြည်း သိမ်ငယ်လာနေသည်။

သူသည် တယောက်တည်း အပြင်ဖက်ကိုကြည့်ကာ ငေးမောတတ်၏။ မယ်မယ်ရရတွေးတောကာ အတွေး၌ နစ်မြုပ်နေပုံမျိုးလည်း မဟုတ်။ အားငယ်သဖြင့် သူ့ ပခုံးစွန်း နှစ်ဖက်သည်ပင် နိမ့်ကျသွားသည်ထင်ရသည်။ သူ၏အနားဖွာစပြုလာသည့် ဆေးရောင်မှိန်နေပြီးဖြစ်သော အင်္ကျီအနီမှာလည်း သူ၏ အားငယ်နေမှုကြောင့် ပို၍ စုတ်ချာနေသည်ထင်ရသည်။ တဖက်သို့ လှည့်နေစဉ် သူ့ ကျောဖက်မှ မြင်နေရ သော်လည်း ကျနော်သည် သူ့ မျက်လုံးအိမ်ထဲတွင် မျက်ရည်များ ပြည့်နေသည်ကို ခံစားမြင်နေရသည်။

ဆီမလိမ်းနိုင်သော သူ့ ခေါင်းမှ ဆံပင်များသည် လေဝှေ့သဖြင့် တဖွာဖွာ လွင့်နေ၏။ အုန်းဆီးဈေးသည် လည်း ဆယ်ဆမျှ မြင့်နေခဲ့ပြီ။ တခါတရံ၌မူ သူသည် ပဲဆီများသုတ်လာခဲ့၏။ ပဲဆီနံ့ ထွက်လာမည်ကို သူသည် စိုးရိမ်သောက ဖြစ်နေကာ သူ့ကိုယ်ကို ကျနော်နှင့်အဝေးဆုံး နေရာရောက်အောင် တိုးနေသည်။ ပဲဆီနံ့ထွက်နေမည်ကို ရှက်နေသော်လည်း သူ့ ခေါင်းမှ ပဲဆီနံ့မှာ ဝေ့နေသည်။

သူ့ရင်ထဲ၌ ဖြစ်နေသည့် သောကများကိုမူ သူက ပြောပြနေသလို ခံစားနေရသည်။ ဤရက်များအတွင်း၌ ပန်းနာဖြစ်နေသော သူ့ မိခင်၏အခြေအနေမှာလည်း ဆေးဝါးမသုံးနိုင်တော့သဖြင့် ပို၍ဆိုးရွားလာနေသည်။

“အမေ့ဖို့ ဆေးတဖုံ ဖေါ်ချင်တယ်၊ ဆေးတဖုံ ဖေါ်နိုင်ရင်တော့ကောင်းမှာ၊ ဆေးဖေါ်ဖို့ဘယ်ကလာမလဲ၊ ပိုက်ဆံတွေ မိုးပေါ်က ကျလာရင် ကောင်းမှာပေါ့လေ”
သူ တွေးနေပေမည်။
“အမေ့ ဆေးတဖုံဆို ငါးကျပ်၊ အမေ သိပ်ပိန်နေဘီ၊ ညက အမေ ချောင်းဆိုးလိုက်တာ တညလုံးဘဲ၊ မောလဲမောနေတယ်၊ ငါနှိပ်ပေးရသေးတယ်၊ အမေ့ရင်အုံက အသားမှမရှိတော့တာဘဲ၊ အသားတွေ ဘယ်ရောက် ကုန်ပါလိမ့်မလဲ၊ မောင်ရင် ဘယ်သွားဆွမ်ခံသွား ရေဘယ်သွား ကြောင်ချီသွားဆိုတာလို ထင်တယ်၊ မဆိုစကောင်း ဆိုစကောင်းနော်၊ ငါဆေးမဖေါ်နိုင်တာနဲ့ အမေသေသွားနိုင်တယ်၊ ဘယ်မဆိုလား ထမင်းငတ်လို့ ကျွေးဥတူးစားကြတာ တွင်းထဲလိမ့်ကျတာ အားပြတ်နေတာ ပြန်မတက်နိုင်တာနဲ့ သေသွားတယ်တဲ့၊ သရောကြီး ခိုင်းတယ်ဆိုတာပေါ့နော်၊ သရောကြီးဆိုတာ မယ်ဒလင်လိုဟာမျိုးကို ခေါ်တာနေမှာထင်တယ်၊ အဲဒါက တရောဘဲ.....
“ဒါနဲ့ဘဲ အမေသေချင်သေသွားမှာ၊ အေးလေ လူတွေသေနေကြတာဘဲမှုတ်လား၊ မြန်မြန် သေကြတော့လဲ မြန်မြန် ဝဋ်ကျွတ်တာပေါ့လေ၊ အမေ မသေစေချင်ပါဘူး၊ မနက်က ငါလာတုန်းကဘဲ အိပ်ရာထဲကလှမ်းပီး ငါ့ကို အားကိုးကြည့် ကြည့်နေတယ်၊ ငါ့ကိုမျှော်နေမယ်၊ ငါလာရင် ဆေးပါလာမယ်လို့ အောက်မေ့နေမှာ၊ အမေကပြောတယ်၊ ထန်းညက် လေး ငါးပိဿာတင်လာခဲ့ပေါ့တဲ့၊ ထန်းညက် လေး ငါးပိဿာဆိုရင် လေးငါးကျပ်ရတာ၊ ဆေးတဖုံဖေါ်နိုင်တာပေါ့လေ၊ ကောင်ကလေး စာအုပ်ဝယ်ခိုင်းတာလဲ မဝယ်နိုင်ဘူး၊ အိမ်ကျရင် မီးထွန်းစရာ ရေနံဆီးလဲ ကုန်နေတယ်....
“ထန်းညက်တင်ရင် လူတကာကိုချော့နေရတာ၊ မကောင်းတဲ့မိန်းမဖြစ်သွားမှာ၊ ပီးတော့ သူတို့ဖမ်းတယ်ဆိုတာ ငါ့ပစ္စည်းမှုတ်လား၊ ငါ့ပစ္စည်းကို သူတို့ပေးလိုက်ရမှာလား၊ ငါမပေးဘူး၊ မှောင်ခိုလုပ်တယ်ဆိုတာ မကောင်းပါဘူးလေ၊ ရထားပေါ်စီးနေရတာတောင် ကိုယ့်ကို မကောင်းတဲ့ မိန်းမလယ်လို လူတွေက ကြည့်ကြတာ၊ မှောင်ခိုအလုပ်ဟာ မကောင်းတဲ့အလုပ်၊ ငရဲကြီး ရှစ်ထပ်မှာ ခံရမယ့်အလုပ်၊ အကုသိုလ် အလုပ်၊ ငရဲကျတယ်ဆိုတာ ပွက်ပွက်ဆူနေတဲ့ ဆီအိုးကြီးထဲ ကိုယ်တုံးလုံးချွတ်ပီးဆင်းရတာ၊ ကြောက်စရာ ကောင်းလိုက်တာ၊ ငရဲ အနီးကလေးဆိုရင်တော့ ငရဲအိုးထဲက ဆီတွေ သွားခပ်လာခဲ့.... တောင်တွင်းကြီးမှာ ရောင်းရရင် ကောင်းမှာ၊ အို...အဲတာလဲ မဖြစ်သေးပါဘူး၊ ဆီတွေကို ဖမ်းကြအုံးမှာပေါ့၊ဆီဆိုတာလဲ မှောင်ခိုကုန်ဘဲ မှုတ်လား.....”

သူသည် အတွေး အလျဉ်ပြတ်ပုံမရှိ။

မြို့သစ်မှ လွန်လာခဲ့လျှင် နီညို့နေခဲ့သော နေဝန်းကြီးသည်လည်း စုပ်စုပ်မြုပ်ဝင်သွားခဲ့သည်။ အမှောင်ရိပ်များ သန်းလာနေပြန်သည်။
ဤရက်များတွင်ကား သူ့ ကို မြင်တွေ့နေရပုံမှာ စိတ်ထိခိုက်ဖွယ်ရာ ပန်းချီကား တချပ်ကို ကြည့်နေရသလိုပင်။ သူ့ အနား၌ ထိုင်နေရင်း ကျနော်သည်ပင် အသက်ရှုကျပ်ကာ နွမ်းနယ်လာနေသည်။ သူနှင့် ကျနော်ကား မမြင်ရသော ကြိုးတချောင်းဖြင့် ဆက်နွယ်ထားကာ သူခံစားနေရသည်တို့ မှာလည်း ...ထိုကြိုးမှတဆင့် ကျနော့်ကိုလာ၍ရိုက်ခတ်နေသည်။
အစေါပိုင်းရက်များက သူပြုံးလျင် သူ့ ပါးချိုင့်ခွက်ကလေးနှစ်ခုအပေါ်၌ ယိမ်းခါလှုပ်ရှားကာ တဖြတ်ဖြတ်အရောင်လက်နေသော အပြာရောင်ကျောက်ကလေးများမြှုပ်နှံထားသည့် နားဆွဲကလေးသည် နောက်ပိုင်း သူ့ မျက်နှာညှိုးမှိန်လာခဲ့သောနေ့ များတွင်မူ အရောင်မှိန်ဖျော့ကာ ညစ်ထိုင်းလာနေသလိုပင်။
တနေ့ သောအခါတွင် ဤနားဆွဲကလေးကိုပင် သူ့ ပါးပေါ်၌ မတွေ့ ရတော့ပေ။

နားတောင်းမရှိတော့သည့်နောက်ပိုင်းရက်များ၌ သူ့ မျက်နှာမှာ ပို၍မှိန်လာခဲ့၏။ တောက်ပမှု ရွှင်လန်းမှုကိုလည်း မတွေ့ ရ။ သူ့ မျက်နှာကလေးပေါ်မှ အလှများသည်ပင် တဖြေးဖြေးပျောက်ကွယ်သွားနေသည် ထင်ရသည်။
သူ့ နားတောင်း ချွတ်ရောင်းလိုက်သည့်ရက်ကမူ သူ့ ရင်ထဲတွင် ဝန်လေးကြီးတခု ခေတ္တမျှကျသွားကာ သူသည် လန်းဆန်းနေခဲ့၏။ သူ့ အမေအတွက် ဆေးပုလင်းများနှင့် သူ့ မောင်ကလေးအတွက် စာအုပ်များကို ဝယ်လာခဲ့သည်။
ထိုနေ့ က သူ့ အနားကို ကျနော်သွားထိုင်သောအခါ သူသည် ရွှင်လန်းစွာပြုံးရယ်ကာ ကျနော့်ကို ဆေးညွှန်းများဖတ်ခိုင်းနေခဲ့သည်။

“ဒါ မော်လမြိုင်ဦးရွှေကျေးဆေးနော်....အစစ်ဟုတ်ရဲ့လား၊ အမေက အစတုန်းက ဒါကိုသောက်တာ၊ နောက် ဆေးပြတ်သွားလို့ ခုတော့ဆယ်ပုလင်းကို တခါထဲဝယ်လာခဲ့တယ်၊ နဲနဲလဲရှော့ပေးလိုက်တယ်၊ ထပ်ဖတ်ပြစမ်းပါအုံး၊ သသံနသံကွဲအောင်ဖတ်ပါ၊ သေသေချာချာမှတ်သွားမှ၊ ကောင်ကလေးက စာသိတ်ဖတ်တတ်သေးတာမဟုတ်လို့  ဖတ်ခိုင်းတာပါ၊ ဖြေးဖြေးလဲဖတ်နော်၊ စာဖတ်မြန်တာကိုလည်း သိတ်ကြွားမနေနဲ့ ”

ကျနော် ဆေးညွှန်းဖတ်ပြနေစဉ်၌ သူ့ မျက်နှာကို ရှေ့ တိုးကာ စူးစိုက်နားထောင်နေသည်။ မသဲကွဲလျင် ပြန်ဖတ်ခိုင်းနေသည်။ သနပ်ခါးပါးပါးလိမ်းထားသော သူ့ မျက်နှာကလေးမှာ ချိုမြစွာပြုံးထားနေသည်။
သူသည် ဆေးပုလင်းများကိုလည်း မကြာမကြာ ထုတ်ကြည့်နေခဲ့သည်။ ဆေးပုလင်းများကို ကိုင်ကြည့်နေစဉ်၌ ပြုံးရိပ်လွှမ်းနေသည့် သူ့ မျက်နှာမှာ တောက်ပနေခဲ့သည်။
အမှန်၌ ဤအပြုံးရိပ်များသည်တခဏအတွက်သာဖြစ်၏။ မကြာမီပင် သူ့ အလိုလို ငြိမ်းသေသွားရပေမည်။

“သူ နာနတ်သီးရောင်းတာ တနေ့ ဘယ်လောက်ကျန်မှာလဲ၊ သုံးလေးကျပ်ပေါ့၊ အဲဒါနဲ့ ဘယ်လိုလုပ် စားသောက်နေလို့ ရမလဲ၊ ဒါဖြင့် ဘာလုပ်မလဲ၊ ဘာလုပ်ရမှာလဲ၊ စိတ်မောစရာတွေပါ၊ ဒီစိတ်မောစရာတွေကို ဘာမှ မတွေးတာကောင်းတယ်”

ကျနော်ကား ပို၍ကြမ်းတမ်းခက်ထန်လာမည့်ရက်များကို စေါင့်နေရင်း ဤရထားကြီးပေါ်၌ လိုက်ပါနေရသည်။ နံနက်ပိုင်းတွင် ညောင်တိုဘူတာလွန်လာလျင် သူတို့ နှင့် ထမင်းလက်ဆုံစားနေမြဲဖြစ်သည်။ ထမင်းတလုပ်ထဲ အတူစားနေရသော်လည်း ဤထမင်းချက်လာခဲ့သည့်ဆန်မှာ သူ့ နာနတ်သီးရောင်းရမြတ်ငွေထဲမှ ခြိုးခြံဝယ်ယူရသည်ကို တွေးမိသည်။ သူ့ ထမင်းထုပ်ထက် တန်ဘိုးပိုများသောဟင်းများကို မိမိက ဝယ်သော်လည်း သူ့ ထမင်းကိုမြိုမကျနိုင်။

နောက်ပိုင်းရက်များတွင် သူ့ ထမင်းများမှာ ဆန်ကွဲရောချက်သော ထမင်းများဖြစ်လာခဲ့ပြီကို ကျနော်သည် သတိမထားသလိုနေလာခဲ့သည်။
ထိုရက်များ၌ ထမင်းစားကြစဉ်တွင် သူသည်ခေါင်းကိုငုံ့ ထားသည်။ မျက်စိမျက်နှာပျက်နေသည်။အခါတိုင်းကလို သူ့ စကားသံများက မကြားရတော့။ တရက်ထက်တရက် ထမင်းဝိုင်းမှာ ပို၍တိတ်ဆိတ်ငြိမ်သက်လာခဲ့သည်။ ထမင်းအတူစားနေရစဉ်၌ ပျော်ရွှင်ကြည်နူးစိတ်များပင် မရှိတော့။ ထမင်းဝိုင်းများမှာ အတွေးကိုယ်စီဖြင့် ငြိမ်သက်လာနေခဲ့သည်။

“သုံးလွန်းတင်” ထမင်းကို စားရသည့်နေ့ ကမူ ဤထမင်းဝိုင်း၏ငြိမ်သက်နေမှုမှာ စိတ်ထိခိုက်ဖွယ်ရာဖြစ်လာရသည်။
ထမင်းထုပ်ကိုဖြေနေကတည်းက ညိုညို့ လက်ချောင်းကလေးများသည် တဆတ်ဆတ်တုန်နေခဲ့သည်။ သူသည် ကြိုးများကို ခတ်ရွရွဖြေနေခဲ့၏။ ရှက်ရွှံ့ အားငယ်နေသည်။ သူ့ ထမင်းများကို လူအများမမြင်တွေ့ မီ ဤနေရာမှထွက်ပြေးသွားချင်နေသည်။ သူ့ မျက်နှာမှာ ပို၍မှေးမှိန်နေ၏။ ဘာမျှမမြင် ဘာမျှမကြား ကယောင်ကတမ်းဖြစ်နေသလိုပင်။ သူ့ မျက်လုံးအိမ်၌ မျက်ရည်များဝဲလာတော့မည်ထင်ရသည်။
ကျနော်သည်လည်း သူ့ ကိုမကြည့်ပဲ ကျနော်ဝယ်လာခဲ့သည့်ဟင်းထုပ်များကို သွက်သွက်ဖြေချလိုက်၏။ သူ့ အဖေါ်များသည်လည်း သူပို၍ ရှက်ရွံ့ အားငယ်မည်စိုးကြသဖြင့် သူ့ ကိုမကြည့်။
ဆန်ချည့် မချက်နိုင်တော့သဖြင့် ပဲနှင့်ပြောင်းရောကျိုရသည့်ထမင်းကို နှိုက်စားနေရစဉ်တွင်လည်း ကျနော်သည် ဘာမျှမဖြစ်သလို စားနေရသည်။ သူ့ ထမင်းထုပ်အတွင်း၌ အခါတိုင်းပါနေကျ ဟင်းကလေးတခုခုပင် မပါတော့ချေ။
သူသည် ခေါင်းကိုမဖေါ်တော့။ သူ့ မျက်လုံးအိမ်၌ မျက်ရည်များပြည့်နေသည်ကိုဖုံးကွယ်ရန်အတွက် သူသည် ငြုပ်သီးတတောင့်လုံး ဝါးစားနေသည်။

“စပ်လိုက်တာ” ဟု သူက အသံတုန်တုန်ဖြင့်ပြောသည်။
ခေါင်းမေါ့လိုက်သည့်အခိုက်၌ ငရုပ်သီးစပ်သည်နှင့်ရောပြီး သူ့ မျက်လုံးများပေါ်၌ မျက်ရည်များပြည့်လာနေသည်။ ထိုမျက်ရည်များကို ခံစားနားလည်နေသည့် ကျနော့်စိတ်၌မူ ထိခိုက်နာကျင်လာနေသည်။ ကျနော့်စိတ် အာရုံ၌မူ ရထားကြီးခုတ်မေါင်းနေသံသည်လည်း ပျောက်ကွယ်သွားသည်။ ကျနော်မှာ မီးရထားဖက်ဆိုင်ရာ တာဝန်ခံတဦးဟူသော အသိလည်း ပျောက်ကွယ်နေသည်။ ကျနော်သည် အငတ်ဝတ္ထုများကို သတိရနေသည်။

ရွှေဥဒေါင်းပြန်ဆိုသည့် ကိပ္ပတန်ဆင်ကလဲယား၏ “သွေးစုတ်မြေ” ဝတ္ထုထဲမှ အငတ်များကို သတိရလာသည်။
ဂျက်လန်ဒန်၏ “ချောက်ကမ်းပါးကြီးအောက်မှ လူသားများ” ကို တွေးမိလာသည်။ ထိုလူသားများသည် သက်ရှိထင်ရှား လှုပ်ရှားလာကြသည်။ ဖတ်ကောင်းရုံရေးသည့် ဝတ္ထုများမဟုတ်။ ကျနော်သည် ညိုညို့ မျက်နှာကို မမြင်ရက်တော့ပေ။

ကျနော်သည်လည်း ငရုပ်သီးတတောင့်ကိုကောက်ယူကာ ဝါးစားပစ်လိုက်၏။
မျက်ရည်များ ဝဲလာသည်။
“သိပ်စပ်တယ်” ဟု သူ့ ကို ကူပြောလိုက်သည်။
သူသည် ကျနော်က သူ အရှက်ပြေစေရန် ကူပြောသည်ကို ခံစားလိုက်ရပြန်သည်။ ထမင်းကို တွင်တွင်သာ ငုံ့ စားနေသော သူ့ မျက်နှာမှာ ငိုချလိုက်တော့မလား ထင်လာနေရပြန်သည်။

“မထူးတော့ဘူးကွယ် ထန်းညက်တင်တော့၊ တခေါက် ငါးပိဿာလောက်တင်တော့” ဟု ပြောချလိုက်ချင်သည်။
ဤနည်းလမ်းမှတပါး အခြားလည်းမရှိနိုင်။ သူ ထန်းလျက်တင်ဆောင်လာခဲ့ ရလျင်လည်း သူသည်လည်း အခြားဖြူစင်ရိုးသားသောမိန်းခလေးများလို အမဲဖျက်ခံရကာ ရေတိမ်နစ်ကာ မထူးတော့ပြီဟု ဇွတ်နှစ်ကာ ဖါထက်ဆိုးသောဘဝသို့ ကျရောက်သွားရမည်ကိုလည်း မတွေး၍မရ။

ကျနော်သည် သင်းသင်းနှင့် နုတို့ ကိုလှမ်းကြည့်မိ၏။ ဤမိန်းကလေးများမှာ ယောင်္ကျားအရေအတွက် ငါးဆယ်ထက်မနည်းနှင့် အိပ်ခဲ့ရပြီးကို သိနေ၏။ မအေးသွယ်၊ တင်တင်၊ မအေးမြင့်၊ မအေးရွှေ။ ထိုမျက်နှာများနှင့်တကွ အခြားသောမျက်နှာများသည် တခုနှင့်တခု ရောထွေးသွားကြ၏။ သူတို့ ကား ခြောက်ကမ်းပါးကြီးအောက်မှ တစာစာ အော်ခေါ်နေကြသော လူသားများဖြစ်သည်ဟု ခံစားနေရသည်။





February 15, 2010

မိသားစု (၂)

မိသားစုအကြောင်းရေးတဲ့ကဗျာတွေ ကျနော် အသံလွှင့်ခဲ့ဖူးတယ်။ တယ်လီဖုံးထဲကတဆင့် အသံလွှင့်ဌါန တာဝန်ရှိသူထံ ကဗျာရွတ်ပြီး အသံပို့ တဲ့အခါ တခါတလေ ကဗျာရွတ်နေရင်းက မျက်ရည်ဝဲချင် ဝဲနေမိတယ်။အသံအားလုံးပို့ ပြီးလို့  တယ်လီဖုံးကို ပခက်ပေါ်တင်လိုက်ပေမယ့် ကျနော့်စိတ်က အဲဒီကဗျာထဲက မထွက်နိုင်သေးဘူးဖြစ်နေတတ်တယ်။

ဟိုး လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကပါ။ ကျနော်က တနာရီခွဲလောက်လျောက်မှရောက်နိုင်တဲ့ ဖြူးမြို့ ကလေးဆီကနေပြီး ကျနော်နေတဲ့ လူငယ့်အားမာန်လယ်ယာသမဝါယမအသင်းနေရာကို ခြေလျင်ပြန်ခဲ့ရတဲ့နေ့ တွေ။ တလမ်းလုံး မိုးတွေတဖြိုင်ဖြိုင်ရွာနေတဲ့အောက်မှာ။ အိမ်ကို မိုးချုပ်မှရောက်တယ်။ ကျနော့်ချစ်သူက သားအကြီးကောင်ကိုဘေးမှာထား သားအလတ်ကောင်ကို ရင်ထဲမှာလွယ်ထားလျက်က တဲကလေးတလုံးရဲ့ လှေကားထိပ်မှာထိုင်နေခဲ့တယ်။ စစ်ရှုံးလို့ ရှေ့ တန်းကပြန်လာတဲ့ကျနော့်ကို သူတို့ ကြိုနေခဲ့ကြတာပေါ့။ အဲဒီနေ့ က ကျနော်ကျူရှင်ပြနေတဲ့အိမ်မှာ နောက်ဆုံးစာသင်ခဲ့ရတဲ့နေ့ ။ကျနော့်ချစ်သူ မှာလိုက်တဲ့ သားကြီးအတွက် သံချဆေးမဝယ်လာနိုင်ခဲ့တဲ့နေ့ ။သားကြီးက ပါးစပ်ထဲက သန်ကောင်တကောင်ထွက်လာပြီးဖျားနေလို့ ။ နေ့ ပေါင်းများစွာ ဒီလိုပဲ ခြေလျင်လမ်းလျောက်ပြီးပြန်နေကျ ဆိုပေမယ့် အဲဒီနေ့ ကတော့ ကျနော် အရမ်းကိုပင်ပမ်းခဲ့တယ်။

ဒီကနေ့ ကျနော် အကြိမ်ကြိမ်ဖတ်ပြီး အကြိမ်ကြိမ်ခံစားနာကျင်ခဲ့ရတဲ့ “မိသားစုကဗျာ”တွေထဲက ကဗျာတပုဒ် တင်လိုက်ပါတယ်။ ကဗျာဆရာ “ခရမ်းပြာထက်လူ” ရဲ့ ကဗျာပါ။ ၂၀၀၁ ဖေဖေါ်ဝါရီလထုတ် မြှားနတ်မောင်မှာပါခဲ့တဲ့ကဗျာပါ။ ဝေမျှခံစားလိုက်တဲ့သဘောပါပဲ။

မိသားစု (၂)

နို့ ချောင်းပိတ်နေတဲ့ မိခင်နို့ အုံပေါ်
ယင်ကောင်တွေ
အဘိုး အဖေတို့ ပြောပြတဲ့
ဒုတိယကမ္ဘာစစ်ဗုံးကြဲလေယာဉ်တွေလို
တဝီဝီ တဝဲဝဲ။

သမီးလေးက ခြေလက်ကလေးများကန်ကျောက်
ငိုသံနဲ့ မောင်းထုတ်လို့ ။

ရင်သွေးရဲ့ဆာလောင်သံပေါ်
အမေ့မျက်ရည်
နွေသစ်ရွက်ကြွေများလို တဖွဲဖွဲ
ရွှဲလို့ ။

ကျွန်တော် ပြန်လာခဲ့
ဟိုအရင်တုန်းက အရှုံးအနိမ့်များအတိုင်း
တစ်နေ့ တာရဲ့ တစ်ညနေဟာ တုန်ခါလို့ ။

အိမ်တံခါးဝမယ်
မိုးရေတွေ စိုစိုရွှဲ
ညဟာ
ထိန်းမရအောင်တိတ်ဆိတ်
လူသေကောင်တွေ့ သလို ဆူညံလို့ ။ ။



February 13, 2010

ကစားပြီးနောက်


ဒီကနေ့ တော့ စစ်ဆန့် ကျင်ရေး နိုင်ငံရပ်ခြားကဗျာတပုဒ်တင်လိုက်ပါတယ်။
ကျနော်နှစ်သက်တဲ့ကဗျာလေးပါ။
မောင်သင်းခိုင် ဘာသာပြန်ထုတ်ဝေတဲ့ မမြင်ရတဲ့မြစ် စာအုပ်ထဲကပါ။
သြစတြီးယားကဗျာဆရာ Vasko Popa ရဲ့ After Play ကဗျာဖြစ်ပါတယ်။


ကစားပြီးနောက်

ရယ်မောရလို့ 
ဗိုက်ပေါက်ကွဲသွားမှာ စိုးသမို့ 
နောက်ဆုံးတော့ လက်တွေဟာ
ဗိုက်ကို အုပ်ထားလိုက်တယ်
ဒါပေမယ့် ဗိုက် မရှိဘူး။

နဖူးပေါ်က အေးမြတဲ့ချွေးစက်တွေကို သုတ်ဖို့ 
လက်တဖက်မြှောက်လိုက်တယ်
နဖူးလည်းမရှိဘူး။

ရင်ဘတ်အပြင်ဖက်ကနှလုံးသား
ခုန်ထွက်သွားမှာစိုးသမို့ 
တခြား လက်တဖက်က
နှလုံးသားဆီရောက်သွားတယ်
နှလုံးသားလည်းမရှိဘူး။

အလကားနေရင်း လက်နှစ်ဖက်ကို အောက်ကိုချလိုက်တယ်
ပေါင်ခွင်ထဲကို ချလိုက်တယ်
ပေါင်ခွင်လည်း မရှိဘူး။

ခုတော့ လက်တဖက်ပေါ်မှာ
မိုးတွေ ရွာနေတယ်
တခြားလက်တဖက်က
မြက်တွေပေါက်နေတယ်
ကျုပ် ဘာများပြောစရာ လိုတော့လို့ လဲ။ ။

ထိပ်မှာဖေါ်ပြထားတာကတော့ ဂူဂဲကဆွဲချထားတဲ့ အီရပ်စစ်ပွဲဆန့် ကျင်ရေး ဘူဒါပတ်ဆန္ဒပြပွဲပုံဖြစ်ပါတယ်။


February 12, 2010

မသိန်းရှင်ဆီပို့ ပေးပါ


အခုရက်အတောအတွင်း စိတ်ရောလူရော တော်တော်ရှုပ်ခဲ့ပါတယ်။ စာကြည့်တိုက်ကိစ္စ၊ စာတမ်းလေးတစေါင်ရေးဖို့ ကိစ္စ၊ တခြားတိုစိတိုမွကိစ္စတွေနဲ့ လုံးထွေးနေခဲ့ရလို့ နိုင်ဝင်းဆွေ ရဲ့ “မသိန်းရှင်ဆီပို့ ပေးပါ”ကို ဆက်ပြီးမတင်နိုင်ခဲ့ပါဘူး။ တူမလေးက စာတွေရိုက်ပေးထားသည့်တိုင် တလုံးချင်းဆီ ပြန်စစ်ပြီးမှ တင်ရမှာမို့ ကျနော် ရုတ်တရက် မတင်နိုင်ခဲ့ဘူး။

မနေ့ ကတော့ ညီငယ် ဘလော့ဂါ “ရွှေနန”္ဒက ပိတောက်မြေမှာပါတဲ့ အောင်စွမ်းဆိုသူရဲ့ဆောင်းပါး၊ တဆင့်ပို့ ပေးတာဖတ်ရပြီး ဒီကနေ့ တော့ မသိန်းရှင်ဆီပို့ ပေးပါ အပိုင်း(၅) ကို တခုတ်တရပဲ တင်ပေးလိုက်ပါတယ်။

တခုတော့ပြောချင်တယ်။ “အောင်စွမ်း”ဆိုပြီး ရေးတဲ့ပုဂိုလ်ဟာ နိုင်ဝင်းဆွေအကြောင်း စာအုပ်တွေထဲက ၊ ဘလော့တွေထဲက သိတဲ့အသိကို အဓိက အခြေခံပြီးမှ ရေးတာလို့ ကျနော် ခန့် မှန်းမိတယ်။ ဘယ်နေရာတွေက ဖတ်ပြီး ယူရေးတယ်ဆိုတာတော့ ကျနော်မပြောတော့ပါဘူး။ ဘယ်နေရာက ယူပြီးပဲ ရေးရေး ဒါက သူ့ ရဲ့ပိုင်ခွင့်ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ ကိစ္စတွေက နိုင်ဝင်းဆွေ ရဲ့စွန့် လွှတ်အနစ်နာခံမှုတွေ၊ စစ်အာဏာရှင်စံနစ်နေရာမှာ ပြည်သူတွေလိုလားတဲ့ နောက်ထပ်စနစ်တခု ဖြစ်ဖို့ အတွက် သူယုံကြည်ရာအလုပ် လုပ်ခဲ့တာတွေ။ (ဒီနေရာမှာ သူရွေးချယ်တဲ့အလုပ်က မှားတာမှန်တာ ကိစ္စ သူ့ တာဝန်၊သူဖြေရှင်းရမယ့်ကိစ္စ။)ဥပမာ သူ စာပေလောကမှာ ဆက်ပြီးစာတွေရေးနေမယ်ဆိုရင် အချမ်းသာဆုံးစာရေးဆရာ၊ သူ့ ဝတ္ထုတွေ ရုပ်ရှင်ရိုက်ဖို့ လက်ခံရင် ..။ ဒါတွေကို သူ အသိရှိရှိနဲ့ စွန့် လွှတ်ခဲ့တာ။ပန်ဆန်းမှာသူ ဘယ်လိုရပ်တည်နေထိုင်ခဲ့သလဲ။ ကျနော့်မှာ ပြည့်စုံသလောက်ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကယန်းလူမျိုးစုခေါင်းဆောင်တယောက် ၊ သူနဲ့ ပန်ဆန်းမှာ အတူတူနေ၊ နိုင်ဝင်းဆွေ နောက်ဆုံးခေါင်းချသွားရာအိမ်က သူ့ အိမ်။ အဲဒီပုဂိုလ်နဲ့ ကျနော် အချိန်တော်တော်ကြာစကားပြောခဲ့ရပါတယ်။
တခုပဲပြောချင်တာကတော့ အောင်စွမ်းပြောတဲ့ရေးတဲ့အတိုင်းတော့ အကုန်လုံးမဟုတ်ဘူးဆိုတာပါပဲ။ အထူးသဖြင့် နိုင်ဝင်းဆွေ ရဲ့ဂုဏ်ကိုထိခိုက်စေတဲ့ အရေးအသားတွေကတော့ မှားနေပါတယ်။
ကျနော်ကတော့ နိုင်ဝင်းဆွေ ဝါဒီမဟုတ်ပါဘူး။ နိုင်ဝင်းဆွေ ခရေဇီပါ။ နိုင်ဝင်းဆွေနဲ့ ကျနော် မတူတာတွေရှိပါတယ်။ ဒါက သူမှန်တယ် ငါမှားတယ်ဆိုတာမျိုးပြောတာ မဟုတ်ပါဘူး။ ကျနော် သူ့ အပေါ်လေးနက်တယ်ဆိုတာက သူ့ အနုပညာ။ အင်မတန် မှော်ဝင်လွန်းတဲ့ သူ့ နွေတည လို ဝတ္ထုမျိုးအတွက် ကျနော် သူ့ ကို လေးနက်ခဲ့တာ။

ကြေကွဲဖို့ ကောင်းပါတယ်။ ကျနော်တို့ နိုင်ငံမှာ တစုံတရာ ချစ်ခင်သင့်တဲ့လူတယောက်အပေါ်မှာတောင် မေတ္တာမထားနိုင်လောက်အောင် ဖြစ်ကြရတဲ့ သွေးကွဲမှုကြီးကို ကျနော် တော်တော်လေး ထိတ်လန့် မိတယ်။
ဒါပါပဲ။ ကျနော်တို့ သဘောထားကွဲကြတာ မဆန်းတော့မဆန်းပါဘူး။ ဒါပေမယ့် ကျနော်တို့ ချစ်ခင်စွာ၊ မြင့်မားစွာ၊ လှပစွာပဲ သဘောထားကွဲချင်တယ်။ ကျနော်တို့ ရဲ့ကိုယ်ပိုင်လိပ်ပြာနဲ့ ပဲ ငြင်းခုန်ချင်တယ်။

နိုင်ဝင်းဆွေ လို စာရေးဆရာမျိုး ဆုံးရှုံးသွားရတာဟာ ကျနော်တို့ စာပေလောကအတွက် တကယ့်ကိုဆုံးရှုံးမှုတခုပဲ ဆိုတာလောက်တော့ ကျနော်အခိုင်အမာ ယုံကြည်နေမိပါကြောင်း....။

ငြိမ်းဝေ

( ၅ )

ဂါတ်ဗိုလ်မြအုံးနှင့် တွဲဖက်ရသည့် နေ့များတွင် ရထားကြီး ကျောက်ပန်းတောင်းမှ ပြန်လှည့်ထွက်လာကတည်းက ကျနော်နှင့် မြအုံးသည် ဂါတ်တွဲအတွင်း၌ ထန်းရည်များ စတင်သောက်လာခဲ့၏။ ရထားကြီးသည် ကြွယ်ဝတောင်အနီးမှ တဆစ်ချိုးကွေ့လိုက်ကာ ခေါင်းထိတောင်မကြီးဖက်သို့ ပြေးနေ၏။

“ရင်မောင်ရ မီးရထားဖက်မှာ အမှုထမ်း နေရတယ်ဆိုတာဟာ ချောက် ဟိုဘက်ဒီ ဘက် ကြီုးတန်း လျှောက်နေရတာကွ၊ လိမ့်ကျရင် အရိုးအသားရှာလို့ ရမှာ မဟုတ်ဘူး၊ ဒါတော့ သိတာပေါ့ကွ ဟုတ်ဘူးလား၊ ဒါပေမယ့် စားစရာရှိလာတော့ လူဆိုတာ စားမှာဘဲ၊ စားတဲ့လူရဲ့အပြစ်လို့ မင်းပြောရဲသလားကွာ”
“ဟား....ဟား...ဘယ်ပြောလို့ဖြစ်မလဲကွ၊ ပါးစပ်ထဲ လာခွံ့တော့ စားတာပေါ့ကွာ၊ ရင်မောင်....ဘယ်နေ့ အလုပ်ပြုတ်မလဲလို့ ဘယ်တော့မှမတွေးနဲ့ကွ၊ ဘယ်တော့ထောင်ကျမလဲ၊ ဒါတွေသာလိုက်တွေးနေရရင် ရူးမှာဘဲ၊ မိုက်လို့ မီးရထားဖက်ဝင်လုပ်တာလို့ သတိပြု၊ သူများတကာတွေထက် စားရဲရမယ်ကွ၊ ရဲရဲတောက်စားရဲရမယ်၊ ဒါပေါ့ကွာ၊ အေး...အေး...ဟုတ်တယ်...ဟုတ်တယ်....မှန်တယ်ကွာ ဟားဟား ၊ ဒို့ စားတာလေးတွေတော့ လူသိတယ်၊ လူမြင်စားတာကိုကွ၊ ရိုးရိုးသားသား စားကြသောက်ကြတာကိုးကွ၊ ဟား...ဟား”

ကျနော်ကား မြအုံးနှင့် တွဲနေရစဉ်၌ မြအုံး၏ အဘိဓမ္မာကို နှစ်သက်နေပြန်သည်။ “ဟုတ်တယ် မိုက်ရမယ်...မိုက်ရမယ်” ဟု ကျနော်သည် ထောက်ခံနေ၏။
တခါတရံ၌ မြအုံးသည် အင်တောကျယ်ဘူတာမှ ထွက်ခွာလာခဲ့လျှင် အလံပင်မပြနိုင်အောင် အမူးရှိန်လွန်လာတတ်၏။
သူသည် ရထားပေါ်၌ ယိမ်းထိုးနေရင်း ကြက်မောက်ဆည်ထိပ်မှ ထုံးဖြူဖြူ စေတီကို လှမ်းဝတ်ပြုရင်း သူ့ကိုသူ မြိုင်ထ မင်းသားကြီးဟု ထင်သွားပြန်သည်။
သူသည် ကိုယ်ကို အနိုင်နိုင်မတ်ပြီး ထရပ်လိုက်၏။

တောင်တတန်း....မြှောင်းစမ်းရယ်တို့ ရစ်ခါခွေ...
မေဓာဝီသမင်မရယ် ကွယ် တော....တော....သာတဲ့မြေ။
ဗုဒ္ဓဟေ...ဟေ....စံနေတဲ့ မြိုင်တကြော...
နုတုန်းကွယ် ဟိုစဉ်က ...ပျော်စံရွှင်....ပျော်စံရွှင်
သစ္စာသုံးဘယ်....ကွယ်....ငုံ့မင်း....ငုံ့မင်း....
မြိုင်တော....တော ဟော့အော်...။
“ရင်မောင်...တပဲ့လေး...ငယ်ကျွန်ကြီး၊ ကိုယ်တော်မြတ်ရဲ့ အသံမကောင်းဘူးလားဗျာ”
“ကောင်းပါ့....ကိုယ်တော်လေး”

သူသည် နက်တိုင်စကိုဆွဲပြီး မင်းသားကြီး ဟန်ဖြင့် ဆက်၍ ဟဲနေပြန်သည်။

“ငယ်ကျွန်းကြီး၊ ကိုယ်တော်မြတ် နောက်တော်ပါးက တဖဝါးမကွာ ရေပူရေခြမ်း ကမ်းလှမ်းလို့...အင်း...လိုက်ပါရတာများပျော်ရဲ့ မဟုတ်လားကွဲ့ ၊ တပည့်ကောင်းမှန် ပန်းကောင်းပန်တဲ့၊ ကဲ...ငါ့တပည့်ကြီး ဘယ်ပန်းပန်ချင်သလဲ ပြောလိုက်စမ်း၊ တောင်းတဲ့ပန်းကို ချက်ချင်း ဖြတ်ပေးလိုက်မယ်”

ညောင်တိုဘူတာမှ ထွက်ခွာလာခဲ့ချိန်တွင်ကား နောက်ထပ်တွင်တွင်သာ ထပ်သောက်လာခဲ့သဖြင့် အမူးရှိန်မှာ အမြင့်ဆုံးသို့ ရောက်နေရာ မြအုံးသည် မဟန်နိုင်ဘဲ တချက်နှစ်ချက် ထိုးအန်လိုက်၏။

“မူးတယ်...မူးတယ်...အားကြီး မူးတယ် မမြသိန်းကို ငါယူမယ်” ဟု အော်ဟစ် သီဆိုနေပြန်သည်။
“မမြသိန်းမှာ လင်နဲ့ဗျ”ဟု ကျနော်သည် သတိပေးနေ၏။
“လင်လင်ကွာ....ဟေ့...လက်ခုပ် နာနာတီး ပေးကွာ၊ ငါကမယ်၊ မူးတယ်...မူးတယ်...အားကြီးမူးတယ်၊ မြသိန်း လင် ကို ငါယူမယ်”
“ဟေ့...မူးတယ်...အားကြီးမူး...မူးတယ်၊ မြသိန်းလင်ကို ငါယူမယ် ”

မြအုံး၏အကသည်လည်းကောင်း ကျနော်၏ လက်ခုပ်သံသည်လည်းကောင်း ပင်းချောင်းအနီးကပ်လာလျှင် အရှိန် လျော့ကျသွားသည်။

“ပင်းချောင်းနား ရောက်လာဘီနော်”

မြအုံးသည် ခပ်တိုးတိုး ရေရွတ်ကာ သူ့ ထိုင်ခုံသို့ လျှောက်သွားပြီး ဒယိန်းဒယိုင်နှင့် ထိုင်လိုက်လေသည်။
ပင်းချောင်းသို့ရောက်လျှင် ပင်းချောင်းရဲများနှင့် ပင်းချောင်းရုံပိုင်က ရထားကိုရပ်တန့်ကာ ရှာဖွေကြတော့မည်ကို နှစ်ယောက်စလုံး သတိရလာသည်။ သည်အချိန်တွင်ကား ရထားကြီးတစင်းလုံးမှာ တိတ်ဆိတ် ငြိမ်သက်လာသည်။ မအေးမြင့်၊ မအေးရွှေတို့ မှာ ပင်းချောင်းရုံပိုင် အောင်နိုင်မြင့်နှင့် မတည့်သူများဖြစ်ရာ အိမ်သာများအတွင်းသို့ ဝင်ရောက်ပုန်းအောင်း နေကြတော့မည်။ ကျနော်၏ ခပ်ရိပ်ရိပ် အမူးမှာလည်း ပြေစပြုလာသည်။
မြအုံးသည် သက်ပြင်းတချက်ချလိုက်၏။

“စဉ်းစားကြည့်ကွာ ဒါဟာ အောင်နိုင်မြင့် ဘဝင်ကိုင်တာကွ၊ သူ့ ကိုယ်သူ ရုံပိုင်ဆိုပီး ဒို့ဆီက အာဏာလုယုတာကွ၊ ခွေးမသား သူက သူ့ အဘတွေအားကိုးပီး ရထားပေါ် တက်ရှာ၊ ဟိုအကောင်တွေက မနေ့တနေ့က ပြူစောထီးက အရေခွံပြောင်းဝတ်လာတာတွေက၊ ဟေ့...ဖြစ်ချင်ရာဖြစ်ဟေ့ သောက်ဂရုမစိုက်ဘူးကွ၊ မြအုံးကွ...အိပ်မယ်ဟေ့...အိပ်မယ်ဟေ့၊ မြအုံး အိပ်မယ်ဟေ့”

မြအုံးသည် သူ့ထိုင်ခုံပေါ်တွင် မှီအိပ်ချလိုက်၏။
ပင်းချောင်း တောမြို့ ကလေး သည်လည်း ကွေ့ထဲတွင်ပေါ်လာနေသည်။ ကျနော်သည်လည်း တဖက်ထိုင်ခုံပေါ်တွင် လှဲအိပ်ပစ်လိုက်လေသည်။
ပင်းချောင်း ရှာဖွေရေးများမှ ထန်းလျက် တပိဿာပင်မချန်။ ပင်းချောင်း ရုံပိုင်ဂျပု ခေါင်းဆောင်ကာ ရထားကိုအကြာကြီးရပ်ပြီး ရှာဖွေဖမ်းဆီးနေတတ်၏။
တခါတရံတွင် ပင်းချောင်းမှ ရှာဖွေဖမ်းဆီးပြီး ရထားကြီးထွက်ခွာလာချိန်တွင် ကျနော်သည် သင်းသင်းတို့ အနား၌ ရောက်နေတတ်၏။ ကျနော်သည် မှောင်ခို သမားများ၏ ဆုတောင်းမေတ္တာ ပို့သကြသံများကို အနီးကပ် ကြားနေရတတ်သည်။
မညွန့်ရီနှင့် မညွန့်တင်တို့ ညီအမသည် ကျနေသောမျက်ရည်များကို လူမမြင်စေရန် သူတို့မျက်နှာများကို အပြင်ဖက်သို့ လှည့်ထားသည်။

“ကဲ...ဘာလုပ်စားကြမလဲ၊ အရင်းလဲ ပြုတ်ပီ”

ပြောနေသံများကြားရသည်။
သက်ပြင်းချသံများကြားရ၏။
ရထားတွဲပေါ်တွင် စိတ်မချမ်းသာမှုများသည် တနေရာမှ တနေရာသို့ တောမီးလို ကူးစက်ပြန့်နှံ့သွားနေသည်။ တွဲပေါ်တွင် ငြိမ်သက်နေလျက် ငွေ့ငွေ့လောင်နေသည်။ မအေးသွယ်၏ ရှိုက်သံကို ကြားရသည်။ သင်းသင်းနှင့် နုနုတို့လည်း သူတို့နာနတ်ခြင်းများကိုပါ ဆွဲချထားလိုက်ကြသဖြင့် ကျနော့် ရှေ့တွင် ငိုမဲ့မဲ့ ဖြစ်နေသည်။
မအေးမြင့်နှင့် မအေးရွှေတို့သည် အိမ်သာများထဲမှ ထွက်လာကြ၏။
မီးရထားရဲ တပ်ကြပ် ပိန်ပိန်ပါးပါး သဘောကောင်းသည့် အဖိုးကြီးသည် ပုတီးစိတ်နေရင်း သူ့ အိတ်ကပ်ထဲမှ ငွေများကိုထုတ်ယူပြီး မအေးမြင့်နှင့် မအေးရွှေတို့ ထွက်လာသောအခါပြန်ပေးနေသည်။

“ဒါကြောင့် ငါပြောတာ၊ နင်တို့ပိုက်ဆံ မယူပါရစေနဲ့လို့၊ ပီးတော့ ငါတို့ကို အနိုင်ကျင့်ပီး ငါတို့ခုံအောက်မှာ နင်တို့ဟာတွေ လာထားကြတာ၊ ခုလိုမိတော့ မကောင်းဘူး၊ သာစိန်အကြောင်းလဲ နင်တို့သိတယ် မှုတ်လားဟ၊ အလုပ်ပြုတ်ရင် နင်တို့လာလုပ်ကျွေးနေမှာ မဟုတ်ဘူး၊ ငါတို့ကိုလဲ ပြန်သနားကြပါအုံးဟာ....၊ ခုတော့ လချီး.....ငါတို့ကချည့် နင်တို့ကို သနားရတာ”

ညိုညိုမှာ ထန်းလျက်တင်သူ မဟုတ်သဖြင့် ...ဤစိတ်ပျက်စရာများမှာ သူနှင့် မဆိုင်ဟု ထင်ရသော်လည်း သူ့ ထံသို့ပါကူးစက်နေကာ သူသည်လည်း မျက်နှာ မလန်းတော့ပေ။
ကျနော်သည် သူငေးကြည့်နေရာ ပင်းကန်တော့ တောင်တန်းကြီး ကို ကြည့်နေရင်း...“ဘယ်တော့ သူလဲ ထန်းလျက်တင်မလဲ”ဟု တွေးနေခဲ့၏။ တောင်တန်းကြီးမှာ အေးငြိမ်းနေဟန်အသွင်ကား ပေါ်နေလေသည်။
တွဲဖက်သို့ မျက်နှာ ပြန်လှည့်လိုက်လျှင် သူနှင့် ကျနော်သည် မျက်နှာချင်း ဆုံနေမိကြပြန်သည်။
သူ့မျက်နှာကလေးမှာ နွမ်းနယ်နေသော်လည်း သူသည် ပြုံးပြရန် ကြိုးပမ်းနေသည်။ သူ့ မျက်လုံးများမှာ ယခင်ကလို ရှန့်မနေတော့ပေ။ သူသည် ယခုတခဏ၌ကား လူကြီးကလေးလို သိမ်မွေ့နေသည်။ သူ့ မျက်လုံးများသည် ညို့ပျနေ၏။ သူ့စိတ်ထဲမှ ကျနော့်ကို စကားပေါင်း မြောက်မြားစွာ လှမ်းပြောနေသလို ထင်မိနေရပြန်သည်။
အခြားသူများက ထန်းလျက်များ အသိမ်းခံရသဖြင့် နှလုံးကြေကွဲနေကြသလို.... သူသည်လည်း ထန်လျက် မတင်ရသဖြင့် သူတို့ စားဝတ်နေရေးမှာ မည်မျှ အခြေအနေ ယိုင်နဲ့နေရပြီကို ပြောပြနေသလို ခံစားနေရပြန်သည်။
ကျနော်လည်း သူ့ အပေါ်၌ မည်မျှ တွယ်တာနေမိပြီကို သူ့မျက်နှာကလေးကို ငေးကြည့်နေရင်း ရှာဖွေကြည့်နေမိ၏။ သူ့ မိသားစု စားဝတ်နေရေးကို ကျနော်တာဝန်ယူ နိုင်မည့် နေ့ရက်များကား မျှော်လင့်ချက် မရှိအောင် ဝေးနေမြဲ ဖြစ်သည်ကိုသာ ထပ်ပြန်တလဲလဲ တွေးလာနေမိ၏။ အခွင့်အရေး သာနေခိုက်တွင် မိုက်မိုက်ကန်းကန်း ငွေရှာလိုက်လျှင်ကား ဘာမျှကြာလိုက်မည်မဟုတ်။ ထိုသို့ပင် လုပ်သင့်နေပြီဟု တွေးလာမိပြန်သည်။ အတူနေလိုစိတ်များသည် တားမရ ဆီးမနိုင် ရင်ထဲတွင် ဖြစ်ထွန်းနေ၏။ အကြင်လင်မယား အဖြစ်ဖြင့် တအိုးတအိမ်ထဲတွင် အတူနေရခြင်းသည်ပင် နိဗ္ဗာန်ဖြစ်လိမ့်မည်ဟု တွေးနေမိသည်။

“သူများတော့လေ.... သိလား၊ ဘယ်တော့မှ ထန်းညက်မတင်ဘူး၊ ငတ်သေပါစေ၊ ဒါလောက် စိတ်မချမ်းသာရတဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး”

သူသည် ကျနော်ကြားသာရုံ စကားကို ခပ်တိုးတိုးပြောနေခဲ့၏။
ကု လား မျော တန်တားကို ဖြတ်ကူးနေဆဲ၌ ရထားသံသည်လည်း ဆူညံနေသည်။ သူ့ မျက်လုံးအိမ်၌မူ ဟန်ဆောင်တင်းထားရသော မျက်ရည်များသည် အပေါ်ယံသို့ လှိုက်တက်လာနေကြပြန်ပြီ။
ဤ နောက်ပိုင်းရက်များတွင်ကား သူသည်လည်း ကျနော်နှင့် ဆက်ဆံရာ၌ ရှန့်မနေတော့ပေ။ ချစ်သူများ အဖြစ်ဖြင့် ပွေ့ဖက်ယုယခြင်း မပြုဘူးကြသော်လည်း သူနှင့် ကျနော်သည် တယောက်မျက်နှာကို တယောက်ကြည့်ကာ ပြိုင်တူပြုံးလာတတ်ကြသည်။ တယောက်စိတ်ထဲမှ ပြောနေသော စကားများကို တယောက်စိတ်အာရုံဖြင့် ကြားသိနေရသလိုပင် ထင်လာမိကြသည်။
သူသည် သူ့ အနား၌ ကျနော်လာထိုင်တတ်သဖြင့် သူ့နံဘေးခုံပေါ်တွင် တောင်းတခုခုတင်ထားကာ ကျနော့် အတွက်နေရာလုပ်ထားတတ်သည်။ ကျနော်လာမှ ဖယ်ရှင်းထိုင်ရသည်.။ ကျနော်လာထိုင်လျှင် သူသည် မျှော်ငေးနေသော မျက်လုံးများဖြင့် ကြည့် ကာ မသိ မသာ ပြုံးပြတတ်၏။ ကြာသော် ကျနော် မလာလျှင်လည်း သူသည် ပြတင်းဝမှ လှမ်းလှမ်းပြီး ကျနော်ရှိရာသို့ မျှော်ကြည့်သည်။
နေ့ စဉ်လိုပင် ကျနော်သည် သူတို့ ထမင်းစားချိန်တွင် သူတို့နှင့် ဝင်ရောက်စားသည်။
ညောင်တိုကို ကျော်လာခဲ့လျှင် သူတို့ ထမင်းထုပ်များ ဖြည်စားလေ့ရှိသည်။ သူသည် ကျနော့်အတွက်ပါ ထမင်းဟင်းများပိုထုပ်လာသည်။ ညောင်တိုဘူတာ၌ ဟင်းများဝယ်ပြီး ကျနော်သည် သူတို့တွဲရှိသို့ တက်လာခဲ့သည်။
သူ့ နံဘေး နေရာလွတ်တွင် ဝင်ထိုင်သည်။
ညောင်တိုမှ ထွက်လာပြီး ထမင်းထုပ်ဖြည်ကာ နှစ်ယောက်အတူ မျက်နှာချင်းဆိုင်၊ လက်ချင်းဆုံ စားနေရချိန်များ၌...ကျနော့် စိတ်ထဲတွင် ကြင်စဦး အကြင်လင်မယားလို ယုံကြည်နေခဲ့မိသည်။
ထိုအခါတွင် သူ့မျက်နှာမှာလည်း ရှက်သွေး ကြွနေပြန်သည်။
ကျနော်သည် ဟင်းများကို သူ့ ဖက်သို့ တိုးပေးလိုက်သည်။ သူသည် မျက်လွှာကြီးပင့်ပြီး ကျနော့် ကိုကြည့်သည်.။ သူ့မျက်တောင်ကော့ကြီးများသည် စင်းကျနေ၏။ သူ့နှုတ်ခမ်းများမှာ အပြုံးရိပ်များ ဝေ့နေသည်။
သူကလည်း ဟင်းတဖက်ဆယ်ပြီးမှ ကျနော့် ဖက်သို့ ပို့မပေးရဲသဖြင့် အလယ်တွင် ချထားသည်။ ကျနော် ယူစားလိုက်မှပြုံးလိုက်သည်။

“အော်... သူတို့များကျတော့လဲ ကြင်နာလိုက်ကြတာ” ဟု သင်းသင်းသည် တဖက်မှ ခပ်တိုးတိုးပြောနေကာ နုက ရယ်နေသည်။
ထိုအခါတွင်ကား ညိုညိုသည် ချက်ချင်း ခေါင်းငုံ့သွား၏။

“ဒါပေါ့ဗျာ... ချစ်စခင်စ မှုတ်လား”

ညိုညိုသည် မစားရဲ မသောက်ရဲ ဖြစ်နေခဲ့၏။

“သူ ဘယ်တော့မှ ထမင်းလာမစားနဲ့” ဟု ခေါင်းငုံ့ရင်း ပြောနေသည်။

ကျနော်သည် ကြည်နူးစွာရယ်နေမိ၏။ ထမင်းစားပြီးလက်ရေဆေးရာ၌ ကျနော်သည် သူနှင့် ပြိုင်တူ တခွက်တည်းဆေးရန် စောင့်နေလိုက်သည်။ သူ့လက်နှိုက်ထားမှ ကျနော့်လက်များကို နှိုက်လိုက်သည်။ သူသည် သူ့ လက်များကို ကမန်းကတမ်း ပြန်ရုပ်လိုက်ပြီး ကျနော့်ကို မျက်စောင်း ထိုးကြည့်သည်။ သူ့ မျက်လုံး ဝင်းစက်စက်ကြီးများမှာ အရောင်ရွှန်းလက်ကာ ရယ်မောနေသည် ထင်ရသည်။
အင်တောကျယ်သို့ ရောက်လျှင် “သူ သွားတော့လေ”ဟု ညိုညိုသည် တိုးတိုးသတိပေးတတ်၏။
ရှေ့တွင် နောက်ဆုံး ကျောက်ပန်းတောင်း ဘူတာသို့ ဆိုက်ရောက်တော့မည်ဖြစ်သဖြင့် ကျနော် သူတို့အနားမှ မခွာ၍ မဖြစ်။ ကျနော်သည် ဂါတ်တွဲသို့ ပြောင်းရွှေ့သွားရမည်ကိုပင် သူနှင့် ကျနော် ဝေးကွာသွားကြသလို စိတ်၌ ထင်နေမိပြန်သည်။ သူကလည်း ကျနော့် ကိုသူ့ အနားမှ ခွဲခွာ သွားစေ့ချင်ပုံမရ။ ကျနော့် စိတ်၌ သူ့ အနားမှ မခွာချင်ဖြစ်နေပုံကိုလည်း သူသည် သိနေပုံရပြန်သည်။ သူ့ နှုတ်ခမ်းများမှာ ကျနော့် ကိုနှစ်သိမ့်စေရန် ပြုံးရိပ်ရိပ်လုပ်ထားသည်။
ကျနော် သူ့ အနားမှထလာခဲ့စဉ် သူသည် ကျနော့် ကိုလိုက်ကြည့်နေပြန်သည်။ ကျနော် အပေါက်ဝသို့မရောက်မီ သင်းသင်းနှင့် နုတို့သည် တခုခုပြောပြီး တိုးတိုး ကျိတ်ရယ်နေသည်။

“အဲဒီလိုမပြောပါနဲ့ဟယ်... ”

ညိုညို၏ပြောသံကို မသဲမကွဲ ကြားရသည်။

“အမယ်.... မိညိုရယ်၊ သူ့ လူထိတော့ နာတတ်လိုက်တာ၊ လွန်ကို လွန်လွန်းတယ်၊ မုန်းလာရော၊ ဒို့လဲ ရည်းစားထားဘူးပါတယ်၊ ဒီလောက် မသဲပါဘူး”
“သဲရတယ်တော်”

နောက်ဖက်မှ ညိုညို၏ ခပ်အုပ်အုပ်ရယ်လိုက်သံမှာ သံလိုက်သံရွှင်နေလေသည်။



February 07, 2010

ကျနော်ဆက်မတွေးချင်သော ကဗျာတပုဒ်


ဒီကနေ့ ကျနော် ဝတ္ထုတိုတပုဒ် တင်လိုက်ပါတယ်။ ဒီဝတ္ထုတိုကလေးက ဟိုး လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကျနော်နဲ့ အတူတူ တရုံးထဲအလုပ်လုပ်ခဲ့ဖူးတဲ့ လူတယောက်ကိုအကြောင်းပြုပြီး ဒီဝတ္ထုလေး ရေးဖြစ်သွားတာပါ။ ကျောင်းသားတပ်မတော်ကထုတ်တဲ့ ဒေါင်းအိုးဝေ စာစောင်မှာဖေါ်ပြခဲ့ပြီးပါပြီ။ ကျနော့်ဘလော့မှာလည်း တင်ခဲ့ပြီးပါပြီ။ ဒါပေမယ့် အခုတလော ကျနော့်ဘလော့မှာ လူတယောက်က ကျနော့်အနုပညာနဲ့ မဆိုင်တဲ့ကိစ္စ မကြာခဏ ဝင်ပြီး နာမည်ဝှက်နဲ့ ဝင်ရေးနေတာတွေ့ တော့ ကျနော် ဒီဝတ္ထုကလေး ပြန်တင်ရင်ကောင်းမလားဆိုပြီး ထပ်ပြီးတင်ပေးလိုက်တာပါ။ (ကျနော်က အဲဒီပုဂိုလ်ဟာ ဘယ်သူလည်းဆိုတာသိပါတယ်။ ကျနော့်ရဲ့လက်ရှိဘဝ ကျနော့်အသိုင်းအဝိုင်းလေးထဲမှာ အဲသလိုပုဂိုလ်မျိုးက ခတ်ရှားရှားဆိုတော့ ကျနော် ခန့် မှန်းရ လွယ်မှလွယ်ပေါ့။)

လူတချို့ ဟာ ကြီးသည်ငယ်သည်ရယ်လို့ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ပြီး လောကကြီးကိုချစ်ဖို့  လူတွေကိုချစ်တတ်ဖို့ မေ့နေတတ်ပါတယ်။ ကျနော်ဆိုရင်လည်း ဒီကိစ္စကို အလေ့အကျင့်လုပ်ယူရပါတယ်။ ကိုယ်တတ်တာကို သူများတွေအသိအမှတ်ပြုဖို့ ဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း သူများမှာရှိတဲ့အတိုင်းအတာကို အသိအမှတ်ပြုနိုင်စွမ်းရှိရမှာပါ။ ဒီလိုသဘောထားမရှိပဲ ကိုယ့်ကို လူတွေအသိအမှတ်ပြုဖို့ အတွက် မှန်သည်မှားသည် တရားသည်မတရားသည် ပြည့်ဝသည်မပြည့်ဝသည် သင့်တော်သည်မသင့်တော်သည် ထည့်မစဉ်းစားနိုင်ပဲ အတင်းအဓမ္မလုပ်ယူတဲ့အခါ လောကဟာ အကျည်းတန်ရတော့တာပေါ့။ကျနော်ကတော့ အဲသလိုပုဂိုလ်မျိုးဘဝက ကျွတ်ချင်ပြီ။ အဲသလိုပုဂိုလ်မျိုးတွေနဲ့ လည်း မတွေ့ ချင်တော့တာ ကြာပါပြီ။

ကျနော် အဲဒီပုဂိုလ်အပေါ် စာနာမိပါတယ်။ ကျနော်လည်း အဲသလိုအလုပ်မျိုးတွေ လုပ်ခဲ့မိမှာပါပဲ။ ဒါပေမယ့် ဒါမျိုးက လုပ်သူအတွက်ရော အလုပ်ခံရတဲ့သူအတွက်ရော ပူလောင်စေတာအမှန်ပါပဲ။ အထူးသဖြင့် လုပ်သူအတွက် ပိုပြီးပူလောင်စေတော့တာပေါ့။ ကျနော်လည်း ပူလောင်ခဲ့ဖူးပြီ။ ဒါကြောင့်မို့ ဒီဝတ္ထုလေးကိုဖတ်ပြီး လူတွေကို ကျနော်တို့ နားလည်နိုင်အောင်ကြီုးစား၊ လူတွေ တယောက်နဲ့ တယောက် ပိုပြီး ချစ်ခင်နိုင်ဖို့ ရည်ရွယ်ပြီး ကျနော့်အတိုင်းအတာလေးနဲ့ ကျနော် ကျနော်စွမ်းသလောက် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဝတ္ထုလေး ကျနော် တင်ပေးလိုက်တာပါ။

ကျနော်တို့ တတွေ မသာယာကောင်းတဲ့ကိစ္စတွေအပေါ် မသာယာကြတာ ကောင်းမယ်လို့ ခံစားမိပါတယ်။ ကျနော်တို့ တယောက်နဲ့ တယောက် အရင်ကထက်ပိုပြီး ချစ်ခင်ကြတာပေါ့ဗျာ...။


ကျနော်ဆက်မတွေးချင်သော ကဗျာတပုဒ်

(၁)

၁၉၇၅ခုနှစ် ။
နေ့ လည်ခင်း ကျောင်းဆင်းချိန်တွင် ကျနော်သည် စာသင်ခန်းအတွင်းက စာသင်စားပွဲမှာပင် ထမင်းစား၏။ စာ
ဖတ်၏။ ဆရာ ဆရာမများ နားနေခန်းတွင် အချိန်ဖြုန်းခဲ၏၊ ကျောင်းသားများ၏ ငြင်းခုန်သံ၊ အော်ဟစ်သံတို့ ၏အောက်တွင်
စာထိုင်ဖတ်နေသော ကျနော့်ကို လုပ်ဖော်ကိုင်ဖက်တချို့က သဘောမပေါက်နိုင်ကြ ။ သို့သော် ကျနော်သည် ဒီအတိုင်းနေ
ဒီအတိုင်းကျင့်၏။ ထိုစာသင်စားပွဲပေါ်တွင်ပင် ကဗျာတချို့ရေးစပ်ပြီး မဂ္ဂဇင်းစာမျက်နှာများပေါ်သို့ပို့နိုင်ခဲ့လေသည်။

“ဆရာ ဟို ဟိုမှာ၊ ဟိုမှာ ကြွက်ကင်”

စာငုံ့ဖတ်နေရာက မော့ကြည့်တော့ ကျောင်းသားကြီးတယောက်၊ ကျနော့်ရှေ့ တွင်ထိတ်လန့် တကြား ရပ်လျှက်
ကျောင်းရှေ့ တောင်ကုန်းအောက်သို့ လက်ညှိုးထိုးလျှက်၊ တစုံတခုကို ထစ်ထစ်အအ ရှင်းပြနေလေသည်။

“ဘာဖြစ်တာလဲကွ၊ ဖြေးဖြေးပြောစမ်းပါမောင်လှအေးရာ၊ မင်းကလည်း“
”ဟို ဟိုမှာ ကြွက်ကင်၊ ကြွက်ကင် ရေတွင်းထဲခုန်ချမလို့ တဲ့“
“ဘာ”


( ၂)

ထန်းတောကြီးရွာထိပ်၊ ချောင်းကလေးတခုကူးလျှင် တောင်ကုန်းတခု၏ခြေရင်းသို့ရောက်၏။ တောင်ကုန်းပေါ်တွင် စာသင်ကျောင်းတခု ရှိပါသည်။
ထိုအလယ်တန်းကျောင်းသို့ ကျနော်ရောက်စက၊ ပတ်ဝန်းကျင်အသစ်၊ လူတွေအသစ်၊ ဆက်ဆံရေးအသစ်တို့နှင့် အကာအရံမရှိ ရင်ဆိုင်တိုးလိုက်ရသဖြင့် ကျနော့်မှာ ဘာတခုကိုမျှ ကျနစွာမမှတ်သားနိုင်တော့ပဲ ခံစားချက်တွေ မောက်လျှံ ကျနေခဲ့ရ၏။
နောင်အခါ စာသင်ကျောင်း နောက်ဖေးတောစပ်တွင် တစုံတရာကို လန့် ဖြန့် ကာ လွှားကနဲခုန်ရင်း တော
စပ်သို့  ၀င်ရောက်ပျောက်ကွယ်သွားတတ်လေ့ရှိသည့် ယုန်ကလေးများကို ထိုင်စောင့်ကြည့်နေတတ်လာခဲ့သည်။ ကျောင်းသားတချို့နှင့် ပဲခူးချောင်းဖျားသို့ သွားကာ ၀ါးခုတ်၊ ဖေါင်ချကူ၏။ နှီးဖြာ၊ အိမ်မိုး၊ ထရံယက်ခြင်းများကို သင်ယူ၏။ ပျိုးနှူတ်၊ ထယ်ထိုးလုပ်၏။ ထန်းတောကြီးရွာသို့ ကျောင်းဆရာအဖြစ် ရောက်ရှိလာသူ ကျနော့်မှာ၊ “ဘ၀စာသင်သား“ အဖြစ် အချိန်များစွာယူခဲ့ရပါသည်။ ကျောင်းသားများက ကျနော့်ကို စာသင်ခန်းအတွင်း၌ ဆရာတဦးအဖြစ်ဆက်ဆံနေကြစဉ် စာသင်ခန်းအပြင်ဖက်၌ ထိုကျောင်းသားများကိုပင်ကျနော်က မိမိ၏သင်ဆရာ၊မြင်ဆရာများအဖြစ် သဘောထားခံယူနေထိုင်ခဲ့ရ၏။
ထိုအခါ “ကြွက်ကင်“ သည် ကျနော့်ဘ၀စာသင်ခန်းမှ ဆရာတစ်ဦး ဖြစ်လာခဲ့၏။

( ၃)
“မောင်တင်လှ၊ မောင်ဆန်းတင်၊မစန်းရီ၊ ဘုတ်ဆုံ၊ ဘွတ်ကလုံ၊ကြွက်ကင် ”

ကျနော်သည် “ဘွတ်ကလုံ”နှင့်“ ကြွက်ကင်” နာမည်များအောက်တွင်မျဉ်းသား၍မှတ်ထားလိုက်၏။ တန်းစီရပ်နေ သော ကျောင်းသားများ ကိုယ့်နေရာကိုယ် ပြန်ထိုင်ပြီးကြသောအခါ ကျနော်က မျဉ်းသားထားသည့်နာမည်များကို အော်ခေါ် လိုက်ပါသည်။

“ကြွက်ကင်နဲ့ ဘွက်ကလုံ ခဏမတ်တပ်ရပ်ကြပါဦး“

ပထမတော့ ကျောင်းသားတဦး ။ နောက်မှာမရွံ့ မရဲ နှင့် ကျောင်းသူတဦး။

“ဘယ်သူက ကြွက်ကင်လည်း ဘယ်သူက ဘွတ်ကလုံလည်း“
“ကျ ကျနော်ကကြွက်ကင်ပါ“
“အော် အေး အေး၊ ဟုတ်ပြီ၊ ဆရာအကြံတခုပေးချင်တယ်၊ မင်းတို့ နှစ်ယောက်ကို ဆရာနာမည်ပြောင်းခေါ်ချင် တယ်၊ နာမည်လှလှလေးတွေပေါ့ကွာ၊ ဘယ့်နှယ့်လည်း၊ ဒီအတန်းမှာ ဆရာ စာမသင်ခင်အားလုံးနဲ့လည်း အမှတ်တရမိတ် ဆက်တဲ့သဘောပေါ့၊ ဘယ့်နှယ့်လည်း မင်းတို့ နှစ်ယောက်စလုံးနဲ့ လိုက်တဲ့ နာမည်လှလှလေးတွေ ဆရာ ”

ပြောလက်စ စကားကို လမ်းတ၀က်မှာပင် ကျနော်ရပ်ထားလိုက်ရ၏။ “မောင်ကြွက်ကင်” မျက်နှာမကောင်း။ “ဘွတ်ကလုံ” ကခေါင်းကိုအောက်သို့ ငုံ့ လျှက် ။

“ဘယ်နှယ့်လည်းကွ၊ မောင်ကြွက်ကင်၊ ဆရာပြောတာဘယ်လိုသဘောရသလဲ“

“ကြွက်ကင်”က မတုန်မလှုပ်။ ကျနော့်မျက်လုံးများနဲ့သူ့မျက်လုံးများစက္ကန့်ပိုင်းမျှဆုံမိနေကြ၏။ “ကြွက် ကင်” မျက်နှာ မလွှဲ။ ဘာစကားမှမတုန့်ပြန်။

“ပြောလေကွာ၊ မင်းသဘောမကျဘူးလား”
“ကျ ကျနော် နာမည်မပြောင်း ချင်ဘူး ဆရာ”

သူ့စကားအဆုံးတွင် သူနှင့်ကျနော် မိုင်ပေါင်းများစွာဝေး၍ ရပ်နေကြသူနှစ်ဦးအဖြစ် ခြောက်ခြားစွာခံစားလိုက်ရပါ သည်။

( ၄)

ကျနော့်ရှေ့တွင်ကျောင်းသားတဦးကို အခြားကျောင်းသားတဦးက မျက်နှာပေါ်က ဖုန်မှူန့်များကို သုတ်ပေးရင်း ရပ်နေသည်။

“ကဲ ဘာဖြစ်ကြတာလဲကွ၊ ရန်ဖြစ်ကြပြန်ပြီလား”
“ ဟုတ်တယ် ဆရာ သူ့ ကို ကြွက်ကင်ကထိုးလို့ ကျနော်တို့ ဝင်ဆွဲကြတာပါ“

အထိုးခံရဟန်တူသော ကျောင်းသားက ပြေကျနေသော ပုဆိုးကို ပြင်ဝတ်၏။ဘေးဘီကို မသိမသာ အကဲ ခတ်လိုက်၏။ ဘေးမှရပ်နေသော ကျောင်းသားကလည်း နောက်ကို တချက်လှည့်ကြည့်၏။ မလှမ်းမကမ်းတွင် ကြွက်ကင်က ခပ်တည်တည်ရပ်လျှက်။
ကျနော်က ကြွက်ကင်ကို ရှေ့ တိုးဖို့ ပြောကာ၊ သူ့ ကိုစေ့ စေ့ကြည့်ကာ ဘာဖြစ်လို့ ထိုးတာလဲဟု မေးလိုက်၏။

“ကျနော်နဲ့ သူနဲ့ က အမြဲတမ်းအတူတူ ကစားနေကြ ၊ ကျနော်ပြောရင် ကျနော်ခေါ်ရင် သူဘယ်တော့မှမငြင်းဘူး ဆရာ၊ ဒီကနေ့ သူက ကျနော်နဲ့ မကစားချင်တော့ဘူးတဲ့၊ ကျနော်က အတင်းခေါ်တာမရဘူး၊ ဒါကြောင့်မို့ ကျနော်ထိုးတာ”

ဝိုင်းကြည့်နေသော ကျာင်းသားများကိုကြွက်ကင်က မျက်လုံးတချက်ဝေ့ကြည့်ကာ ရင်ကိုမသိမသာ ကော့လိုက်
သည်။ အထိုးခံရသောကျောင်းသားနှင့်ဘေးမှ ရပ်နေသော ကျောင်းသားက ကြွက်ကင်ကို မ၀ံ့မရဲနှင့် လှမ်းကြည့်နေကြ၏။

“အေး ဒါဆိုရင်ကြွက်ကင်တို့ အသင်းကို (၅)မှတ်လျှော့”

( ၅)

“ဘယ်လိုလဲဟေ့ အသင်းလိုက်အမှတ်လျှော့ရမလား”

တခန်းလုံး မည်သို့ မျှမတုန့် ပြန်ကြ။ တယောက်မျက်နှာ တယောက်ကြည့်ကြ၏။

“တခုခုတော့၊ ဒို့  ဆုံးဖြတ်မှရလိမ့်မယ်“
“ကျနော်ပြောမယ်ဆရာ”
”အေး၊ ပြောပါမင်းကအသင်းခေါင်းဆောင်ပဲ ပြောမှဖြစ်မှာပေါ့ကွ ပြောပါ”
“ကြွက်ကင်ကြောင့် ကျနော်တို့ အသင်းအမှတ်လျှော့ခဲ့ရတာ များလှပြီဆရာ၊ ကျနော်တို့ ကြိုးစားနေတာတွေ အလကားပဲဖြစ်နေပြီ၊ အခုလည်း ကစားကွင်းထဲမှာ လျှောက်ဆူးတွေချ ပြီးထောင်ထားလို့ အပြစ်ပေးမယ်ဆိုရင်သူ့ကိုပဲ အပြစ်ပေးဖို့ အားလုံးက၀ိုင်းပြောနေတယ်ဆရာ”

ကြွက်ကင်ကို တခန်းလုံးက ၀ိုင်းကြည့်ကြ၏။ ကြွက်ကင်က ပြုံးခြင်း ရယ်ခြင်းများမရှိ ခပ်တည်တည်။ သူ့မျက်လုံး
များ အရောင်တောက်နေကြ၏။
အပြစ်ပေး ကြော်ငြာဆိုင်းဘုတ်တွင် “ စည်းကမ်းအပျက်ဆုံးကျောင်းသား ၊မောင်ကြွက်ကင်” ဟုရေးချိတ်နေကြစဉ်
ရွာသားအချို့ကျောင်းရှေ့မှ ဖြတ်လျှောက်သွားရင်းက ကျနော်တို့ကို လှမ်းကြည့်သွားကြ၏။ တရက်၊ နှစ်ရက်အတွင်း “ကြွက်ကင်”၏သတင်းမှာ ရွာထဲသို့ပြန့်နှံ့ သွားလေသည်။
ကြွက်ကင်က ဟန်အမူအရာမပျက်။ ကစားမပျက်။

(၆)

“မောင်ကြွက်ကင် ခဏမတ်တပ်ရပ်ပါ”

ကြွက်ကင်က ဘေးမှကျောင်းသားများကို ခပ်တည်တည်ကြည့်ကာ ထိုင်ရာမှ ထရပ်၏။

“မင်း ရွာထဲမှာ၊ တလမ်းလုံးအော်ဟစ်ပြီး ဆဲဆိုလာတယ်ဆို၊ မဆဲဘို့ ၀ိုင်းပြောတော့လည်း မင်းကပိုပြီးအော်ဆဲ
လာတယ်ဆို”
ကြွက်ကင်က အင်းမလုပ် အဲမလုပ်။
“မင်းဒီလို ပြန်မဖြေပဲ ရပ်နေလို့ ဖြစ်မလားကွ ၊ ဘယ်လိုလည်း အဲဒါ ဟုတ်သလား၊ ပြောလေကွာ ”
“ဟုတ်ပါတယ်ဆရာ”
“ဘာ”

ကျနော့်အသံနည်းနည်း မာသွားသဖြင့် ကြွက်ကင်သည် နောက်သို့ အနည်းငယ်ယိုင်သလိုဖြစ်သွားရ၏။ ကျနော်သည် ဒေါသကိုထိန်းရင်း သူ့ကိုစူးစိုက်၍ ကြည့်နေမိလေသည်။

“အေး၊ဒါဆိုရင် စည်းကမ်းကိုသိရဲ့သားနဲ့ မင်းကမလိုက်နာဘူးဆိုတော့ မင်းကိုဆရာ တစ်ခုပြောမယ် မင်းတကယ်ပဲ အဆဲဝါသနာ ပါသလား၊ ဒီလောက်တောင် ဆဲချင်ဆိုချင်နေသလား၊ ဒါဆိုရင် ဆရာမင်းကို မတားဘူး၊ ဒီကနေ့ ညနေ ကျောင်းဆင်းရင် ကျောင်းရှေ့ က ဘောလုံးကွင်းအလယ်ခေါင်မှာ မင်းသွားရပ်ပြီး မင်းစိတ်တိုင်းကျ အားရှိသလောက် အော်ဆဲရမယ် ၊တညနေလုံးရပ်ပြီး ဆဲနေချင်တယ် ဆိုရင်လည်းရတယ်၊ အေး ဒါပေမယ့် အားရအောင်ဆဲနော် ၊ ဒီတခါမင်း စိတ်တိုင်းကျ ဆဲပြီးပြီဆိုရင်တော့ မင်းဘယ်တော့မှ နောက်ထပ်ဆဲလိုမရတော့ဘူးကွ ဟုတ်ပြီလား။

ထိုနေ့ ညနေက အတန်းသားအားလုံး ကစားကွင်းအတွင်းဆင်းလာခဲ့ကြ၏ ။ မောင်ကြွက်ကင်ကို အလယ်တွင် ထားကာ စက်ဝိုင်းသဏ္ဍန်ရပ်ကြ၏။ ကြွက်ကင်သည် ကောင်းကင်ကြီးကိုမော့ကြည့်ကာ စိတ်ရှိတိုင်းအော်ဆဲလေတော့သည်။
သူကအဆဲရပ်တိုင်း ဆက်ပြီးအားရအောင် ဆဲရေးဘို့ ကို ကျနော်ကသတိပေးနေခဲ့၏။ ကြွက်ကင်ကဆက်ပြီးဆဲ၏။ သူကတခါ အော်ပြီးဆဲရေးတိုင်း ကျောင်းသားထုက လက်ခုပ်လက်ဝါးများတီးကာ ဘေးမှ ၀ိုင်းပြီးအော်ဟစ်ကြ၏။ ကြာတော့ ကြွက်ကင်၏ ဆဲသံဆိုသံတို့မှာ ကျောင်းသားထု၏ အသံကို ကျော်မလာနိုင်တော့။
အပြစ်ပေးပွဲ ပြီးဆုံးသောအခါ ကြွက်ကင်သည် ကျနော့်ကို မျက်လုံးတချက်ဝင့်၍ ကြည့်ကာ ကျောင်းဝင်းအတွင်းမှ ခေါင်းငုံ့ ၍ ထွက်ခွာသွားခဲ့၏။
ဒီတခါတော့ ကျနော့်၏ဆုံးမအပြစ်ပေးမှုမှာ သူ့အပေါ်တစုံတရာထိရောက် အောင်မြင်စပြု ပြီဟု တွေးမိကာ ကြိတ် ၍ပီတိဖြစ်ရလေသည်။

( ၇)

ကျနော့်မှာ စားပွဲပေါ်က မြွေအသေကောင်ကို ကြည့်ကာ ဒေါသ ချုပ်တည်းနေရလေသည်။

“ကျနော်တို့ ၀ိုင်းရိုက်ထားတာပါဆရာ ၊ လူတွေကို သူလိုက်တို့ နေတုန်းက အရှင်ကြီးရှိသေးတယ် ဆရာ”

ကြွက်ကင်က ထုံးစံအတိုင်းကျောင်းသားတချို့ ၏ အလည်တွင်ရပ်လျှက်။

”ဘုရား ဘုရား၊ ဒီမြွေနဲ့ မင်းက တခြားလူတွေကို လိုက်တို့ နေတယ်ဆို”
“ဟုတ်ပါတယ် ဆရာ ဒါပေမယ့်မြွေက ရေမြွေပါဆရာ ”
“အို၊ ဘာမြွေပဲဖြစ်ဖြစ် မင်းဒီလို လုပ်လို့ ဖြစ်မလားကွ၊ မြွေဆိုးနဲ့ စပ်ထားတဲ့မြွေဆိုရင် ပထမမင်းကိုကိုက်မယ် ဒါမှမ
ဟုတ် တယောက်ယောက်ကို ကိုက်မယ်”

ကျနော်သည် ချက်ချင်းဆိုသလိုပင် တခန်းလုံးကို အစည်းအဝေးခေါ်ကာ “ ကြွက်ကင် “ကို အပြစ်ပေးရန် အကြံ ဥာဏ်တောင်းရတော့၏။

“မောင်ကြွက်ကင်ကို ကျောင်းသုံးရက်ထုတ်သည်” ဟု ကြေငြာလိုက်သောအခါ ကျောင်းသားတချို့၏အော်ဟစ် အားပေးလိုက်သည့်အသံတို့ မှာ တောင်ကုန်းပေါ်တွင် ဆူညံနေတော့၏။
ကျောင်းထုတ်ထားစဉ် သုံးရက်အတွင်း ကျနော်သည် ကျောင်းသားထုနှင့်တွဲကာ ကစားပွဲများ၊ အုပ်စုလိုက် ကျန်းမာရေးလေ့ကျင့်ခန်းများ၊ စုပေါင်းသီချင်းဆိုပွဲများ၊ ရွာအတွင်းသို့သွားကာ သန့်ရှင်းရေးလုပ်ငန်းများကို နေ့တိုင်းလိုလို လုပ်နေခဲ့၏။ ကျောင်းသားများ၏ သံပြိုင်သီချင်းဆိုသံတို့ မှာ ထန်းတောကြီးရွာအတွင်း အသံမစဲအောင်ဖြစ်နေခဲ့၏။

“ကြွက်ကင်”ကို မည်သည့်ကျောင်းသားမျှ စကားမပြောရ၊ မဆက်ဆံရ၊ ကြွက်ကင်ကဆက်ဆံလာလျှင်လည်း ပြန်ပြီးမဆက်ဆံရ။ စည်းကမ်းဖေါက်ဖျက်လျှင် အသင်းလိုက်ရထားသော အမှတ်များ အလျှော့ခံရမည်ဟု ဆုံးဖြတ်ခဲ့ကြ၏။

တတိယမြောက်သောနေ့ မနက်ခင်းတွင် ပျောက်ခြင်းမလှပျောက်နေခဲ့သော မောင်ကြွက်ကင်သည် ကျောင်းရှေ့ ချောင်းကူးတံတားပေါ် ရောက်လာခဲ့၏။ နေ့ လည်ခင်းတွင်ကစားကွင်းဘေးမှ ညောင်ပင်အောက်သို့ လာထိုင်၏။ ကျောင်းဆီ
သို့ တညနေလုံးထိုင်ပြီးငေးနေ၏။
နောက်တနေ့တွင် ကြွက်ကင်သည် လွယ်အိပ်အစုတ်ကလေးလွယ်ကာ ကျောင်းကိုအစောဆုံး ရောက်လာ၏။ စာသင်ချိန်အတွင်း မကြာခဏဆိုသလို ကျနော့်မျက်နှာကို ညှိုးငယ်သော မျက်နှာနှင့်ခိုး၍ကြည့်၏။ ကျနော်က မမြင်ချင် ယောင်ဆောင်ကာ အိနြေ္ဒမပျက် စာသင်နေခဲ့ရလေသည်။

( ၈)

“ကျနော်ခိုးတာ မဟုတ်ပါဘူး”
“သူခိုးထားတာဆရာ၊ အဲ့ဒီခဲတံသူ့လွယ်အိတ်ထဲက တွေ့တာ၊ ဒါပါနဲ့ ဆိုရင် ပထမတချောင်းပျောက်တာလည်း သူပဲထင်တယ်ကျမခဲတံပျောက်တာ နှစ်ခါရှိပြီ၊ မသင်ကာလို့ သူ့ လွယ်အိတ်ထဲမှာ ရှာကြည့်မှ အဲ့ဒီခဲတံ ပြန်တွေ့ ရတာဆရာ”
“သူပြောတာ ဟုတ်သလားမောင်ကြွက်ကင်၊ မညာနဲ့ နော်”
“ဟုတ် ဟုတ်တော့ဟုတ်ပါတယ်ဆရာ၊ ဒါပေမယ့်မဟုတ်ဘူးဆရာ”

တခန်းလုံး ရယ်သံများထွက်ပေါ်လာ၏။

“အိုး မင်းဟာ၊ ဟုတ်ရင်လည်းဟုတ်တယ် မဟုတ်ရင်လည်းမဟုတ်ဘူး၊ တခုခုပြောမှ ဖြစ်မှာပေါ့ကွ”
“ဟို ဟို သူ့ မှာ ခဲတံငါးချောင်းတောင်ရှိပါတယ်ဆရာ၊ ကျနော့်မှာစာရေးစရာ ခဲတံမရှိလို့ တချောင်းလောက်
ငှားရေးပါလို့ တောင်းတာ ပေးမရေးဘူးဆရာ။အဲ့ဒါမနက်တုန်းက ရေးစရာမရှိလို့ ခဏယူရေးတာပါ။ ညနေကျောင်းဆင်းရင် ပြန်ပေးမှာပါ။ ဟို ဟို အရင်တခါပျောက်တယ်ဆိုတဲ့ ခဲတံက သူ့ ဖါသာသူကျပျောက်တာပါကျနော်မယူပါဘူးဆရာ”
“အေး ဒါဆိုရင်မင်းမှာ အပြစ်ရှိနေပြီပေါ့ ၊ခဲတံမရှိရင် ဆရာ့ဆီမှာတောင်းပေါ့ကွာ၊ သူများပစ္စည်းမသိအောင်ယူရင်
ခိုးယူတဲ့သဘောပဲ အပြစ်ရှိတာပဲကွ”

“မောင်ကြွက်ကင်“ကို ဒုတိယအကြိမ် ကျောင်းသုံးရက်ထုတ်ရန်ဆုံးဖြတ်ရပြန်သည်။ နေ့ လည်ခင်းကျောင်းဆင်းချိန်
တွင် စာသင်ခန်းအတွင်းထိုင်ကာ စာဖတ်နေစဉ် ကျောင်းသားတစ်ဦး ကျနော့်ရှေ့ သို့ လာရပ်၏။သူ့ မှာအဝေးကြီးက ပြေးလာ
ရသူလို မောနေ၏။ကျနော်က ရုတ်တရက်စကားမပြောနိုင်ပဲမောနေသော ကျောင်းသားကို မော့ကြည့်နေမိသည်။

“ဟို ဟိုမှာ၊ ကြွက်ကင်ဆရာ၊ ကြွက်ကင်ရေတွင်းထဲခုန်ချမလို့ တဲ့“
“ဘာ”
ကျနော်နှင့်အတူကျောင်းသားတချို့ တောင်ကုန်းပေါ်မှ တဟုန်ထိုးပြေးဆင်းလာနေစဉ် ရေတွင်းဘေး၌ ကျောင်းသားသုံးဦးမှာ ဆွဲလားရုန်းလားဖြစ်နေသည်ကို တွေ့ နေရ၏။ ရေတွင်းဆီသို့ ရောက်ရန် ၀ါးတရိုက်ခန့် အလိုတွင် လူတယောက်ရေတွင်းထဲသို့ ခုန်ချလိုက်သည်ကို မျက်ဝါးထင်ထင်မြင်လိုက်ကြရ၏။
ကျောင်းသားကြီးတချို့ဝါးလုံးများ၊ လှေခါးများ၊ ကြိုးများယူလာကာ ရေတွင်းထဲသို့ ချကြ၏။ သုံးယောက်ခန့်မှာ ရေတွင်းထဲသို့ 
လှေကားနှင့် ကြိုးများကိုအသုံးပြုကာ ဆင်းနေကြသည်။ ရေတွင်းထဲမှ ရေကူးနေသောအသံများကို ကြားနေရ
၏။ ကျနော်သည် ရေတွင်းဘေးတွင် ကွေ့ ပတ်ပြေးရင်း ပါးစပ်မှ ထွက်မိထွက်ရာ အော်ဟစ်အကူအညီတောင်းနေခဲ့၏။ မကြာခင် “မောင်ကြွက်ကင်”် ရေတွင်းဘောင်နှုတ်ခမ်းပေါ်သို့ ပြန်ရောက်လာခဲ့၏။ သူ့ တကိုယ်လုံးရေများစိုရွှဲလျှက်။ ကျနော်က သူ့ လက်များကို ဆွဲကာ ရေတွင်းဘေးမှာပင် သူနှင့်ယှဉ်၍ ရပ်၏။ ကျောင်းသားတချို့ နောက်သို့ ဆုတ်သွားကြ
လေသည်။

“ကြွက်ကင်”သည် ကျနော့်ကိုမော့မကြည့်။ကျနော်က “ကြွက်ကင်”တကိုယ်လုံးနေရာအနှံ့ လိုက်စမ်းကာတစုံတ
ရာထိခိုက်မှု ရှိ မရှိစစ်ဆေး၏။ ပါးစပ်မှလည်း “ဖြစ်မှဖြစ်ရလေ ဖြစ်မှဖြစ်ရလေ ငါ့သားရယ”် ဟု တတွတ်တွတ်ရွတ်ဆိုနေမိ
၏။ ကြွက်ကင်သည် ကျနော့်လက်များကို တုန်ယင်နေသော သူ့ လက်များနှင့် ပြန်လည်ဆုပ်ကိုင်ကာ ငုံ့ ထားသောမျက်နှာကို
မော့၏၊ ကျနော့်မျက်နှာကို ကြည့်၏။ သူ့ ပါးပြင်ပေါ်တွင် မျက်ရည်နှင့် ရေများရောယှက်လျှက် ။

“ကျနော့်ကို ကျောင်း ကျောင်း မထုတ်ပါနဲ့ ဆရာရယ်“

ကျနော်သည် ရေများတကိုယ်လုံးစိုရွှဲနေသော ကြွက်ကင်၏ ခန္ဒာကိုယ်ကိုဖက်ကာ တောင်ကုန်းပေါ်မှ စာသင်
ကျောင်းလေးကို ကြည့်ကာ ကြေကွဲဆို့ နင့်နေတော့သည်။

( ၉)

လူသည်အများ၏ အသိအမှတ်ပြုခြင်းကိုခံယူချင်သူဖြစ်သည်။ အများ၏အသိအမှတ်ပြုခြင်းကို ခံယူနိုင်ရန် ကြိုးစား၏။ တချိန်တည်းမှာပင် မိမိ၏ဇာတိပုညဂုဏ်မာနကိုဆွဲ၏။ ဖက်တွယ်၏၊ ကာကွယ်၏၊ ဤသည်တို့မှာ ချမ်းသာ ဆင်းရဲနှင့်မဆိုင်။ ပညာတတ်ခြင်း ၊မတတ်ခြင်းနှင့်မပါတ်သက်။ ကြီးသည်ငယ်သည်နှင့်မဆက်စပ်။
မောင်ကြွက်ကင်သည် “ကြွက်ကင်”ဟူသောအမည်နာမကိုပင် နှစ်သက်၏။

“မောင်ကြွက်ကင်”သည် ကျောင်းသားအများစုက သူ့ကိုအသိအမှတ်ပြုရန် လိုလား၏။ အသိအမှတ်ပြုရန်လည်း တလျှောက်လုံး နည်းမျိုးစုံ ကြိုးစား၏။ အသိအမှတ်မပြုသူများကို ရန်သူလို ဆက်ဆံ၏။ သူ၏ကြိုးစားချက်များအပေါ် တရားသည် ၊မတရားသည်၊ မှန်သည်၊မှားသည်ကိုမူ သူ့ မှာ သိနိုင်စွမ်းမရှိ။
ကျနော်သည် လယ်ကူလီမုဆိုးမတဦး၏သားဖြစ်သူ၊ တနည်းအားဖြင့် ကျနော့်၏စာသင်သား တဦးဖြစ်သူ “ကြွက်ကင်“ ထံမှ ဘာတခုမျှမသင်ယူနိုင်ခဲ့ပါတကား။

နောင်နှစ်ဆုံး၍ ကျောင်းပိတ်ကာနီးသောအခါ ကျောင်းရံပုံငွေအတွက် စပါးရိတ်ကြရင်းက လယ်ကန်သင်းဘေး
တွင် ပိုးထိ၍လဲကျသေဆုံးသွားရသော“ ကြွက်ကင်”၏အလောင်းကို ကျနော်ထမ်းလျှက် ဦးစိန်ကြီးမြောင်အတွင်း စိတ်ပြိုကွဲကာ
အော်ဟစ်ငိုယိုခဲ့ရပြီးနောက်ပိုင်း ကြွက်ကင်သည်ကျနော့်ကို သေရာပါမည့်သင်ခန်းစာများပေးသွားခဲ့ပါသည်။ ၁၉၇၆ ခုနှစ်။

(၁၀)

နောက်ထပ် “ကြွက်ကင်”များနှင့်တွေ့ ဆုံရန် ကျနော့်မှာ ဆန္ဒမရှိတော့ပါ ။ ။

ငြိမ်းဝေ
(သရုပ်ဖေါ်ပုံမှာ ချစ်ခင်လေးစားရတဲ့ ဆရာ ထိန်လင်း ရဲ့ ပန်းပျိုးခင်း ကလေးကဗျာများ စာအုပ်မျက်နှာဖုံးပုံကို လိုသလိုဖြတ်တောက်ပြီးမှ အသုံးပြုထားခြင်းဖြစ်ပါတယ်။)


February 05, 2010

ဝတ္ထုကိုဝေဖန်သော ဝေဖန်ရေးဝတ္ထုများ

(၁)

၁၉၇၈-ခုနှစ် ၀န်းကျင်က မြန်မာစာပေနယ်ပယ်၌ လက်ဝဲအလွန်အကျွံစာပေဝေဖန်ရေး လှိုင်းဂယက်တခု ထခဲ့ဖူးသည်။ လူထုအကျိုးပြု စာပေအယူအဆကို ဦးထိပ်ထားကြသည့် ပြည်သူချစ်သောစာရေးဆရာများပင်လျှင် ထိုလက်ဝဲအလွန်အကျွံစာပေ ဝေဖန်ရေးလှိုင်း၏ ပြင်းထန်သောဂယက်များ အထိပါးခံခဲ့ကြရ၏။ ဥပမာ…ဗန်းမော်တင်အောင်၊ဒဂုန်တာရာ..အစရှိသူတို့ ဖြစ်ကြ ၏။

“လက်ဝဲအလွန်အကျွံစာပေဝေဖန်ရေး” ၏ အဘိဓမ္မာကြောရိုးမှာ၊ ‘လူတန်းစားတိုက်ပွဲ’ ကိုအခြေခံထားသော်လည်း၊ ထိုအဆင့်တွင် ရပ်မနေပဲ၊ ၀တ္ထုတပုဒ်တွင် ‘ဇာတ်ကောင်စံ ’ံ ရွေးချယ်ပုံ ရွေးချယ်နည်းအထိ တဆင့်တက်လာခဲ့ကြ၏။ဝတ္ထုတပုဒ်တွင် ‘ပစ္စည်းမဲ့လူတန်းစားအတွေးအခေါ်’ တပ်ဆင်ထားသည့် ‘ဇာတ်ကောင’် မျိုးကိုသာ ‘ဇာတ်ကောင်စံ’ အဖြစ် ရွေးချယ်ရေးသားရန် တောင်းဆိုကြလေသည်။ ထိုအခါ ပစ္စည်းမဲ့လူတန်းစားဇာတ်ကောင်များကို အခြေမခံပဲ၊ လူလတ်တန်းစားနှင့် အထက်တန်းစား လူ တန်းစားဇာတ်ကောင်များအကြောင်း ရေးဖွဲ့ သည့်ဝတ္ထုများမှာ ဖေါက်ပြန်မှားယွင်းသည့် ၀တ္ထုများအဖြစ် ‘စာပေဇလုပ်တိုက်’ ခြင်း ခံကြရလေသည်။

၁၉၇၈-ခုနှစ်ဝန်းကျင်က “လက်ဝဲအလွန်အကျွံစာပေဝေဖန်ရေး” စာအုပ်တအုပ်ထွက်လာခဲ့ဖူး၏။ ထိုစာအုပ်မှာ စာရေးသူ တဦးတယောက်တည်းကရေးသည့် စာအုပ်မဟုဟ်ပဲ၊ စာရေးဆရာ (၁၀)ဦးခန့် က၊ တဦးချင်းအနေနှင့်လည်းကောင်း၊ နှစ်ဦးသုံးဦး တွဲ၍လည်းကောင်း၊ ဝေဖန်ရေးဆောင်းပါးများ ရေးသားထားသည့်စာအုပ်ဖြစ်၏။ ယင်း..စာအုပ်မှာ၊ “မိုးကြိုမုန်တိုင်း”စာအုပ်ဖြစ်လေ သည်။
“မိုးကြိုမုန်တိုင်း”စာအုပ်တွင်၊ ကျနော် မှတ်မှတ်ရရ ရှိသည့် ဆောင်းပါးတပုဒ်မှာ၊ ဆရာ ‘ဒဂုန်တာရာ’၏ ၀တ္ထုကိုဝေဖန်သည့် ဆောင်းပါးတပုဒ်ဖြစ်သည်။ ဆရာ ‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုကိုဝေဖန်သော ဆောင်းပါးဖြစ်၏။ ဆောင်းပါး၏ အဓိက ဆိုလိုရင်း မှာ …၊၁၃၀၀ပြည့်အရေးတော်ပုံ လှိုင်းတံပိုးများထကြွနေစဉ်ကာလအတွင်း ဒဂုန်တာရာသည် ‘မေ’၀တ္ထုကို ရေးသားခြင်းအားဖြင့် ထိုစဉ်အချိန်က၊ အမျိုးသားလွတ် လပ်ရေးတိုက်ပွဲဝင် မြန်မာအမျိုးသင်္မီးထုကို စေါ်ကားသလိုဖြစ်ခဲ့သည်ဟူသော ဝေဖန်ရေးဖြစ်၏။ ‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုမှာ၊ ဓနရှင် ပေါက်စလူတန်းစား ‘မေ’ ဟူသော အမျိုးသမီးဇာတ်ကောင်တဦးအကြောင်း ရေးဖွဲ့ ထားသည့် ၀တ္ထုဖြစ်၏။ “လူတန်းစား တိုက်ပွဲ အခြေခံ ၊ ပစ္စည်းမဲ့ဇာတ်ကောင်စံ ” အယူအဆကို အခြေခံထားသည့် “လက်ဝဲအလွန်အကျွံစာပေ ဝေဖန်ရေး” ကြိမ်လုံးမှာ၊ ဆရာ ‘ဒဂုန်တာရာ’၏ ကြောပေါ် ၌၀ဲနေခဲ့လေသည်။

(၂)
ဆရာ ‘မြသန်းတင့်’ ၏ ‘ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ ’စာအုပ်မှာ၊ ၀တ္ထု (၁၀)ပုဒ်ကို စုစည်းထားသည့် စာအုပ် ဖြစ်သည်။ စာအုပ်ထွက်လာသည်နှင့်တပြိုင်နက် စာပေလောကအတွင်း လှုပ်လှုပ်ရှားရှားဖြစ်ရလောက်အောင် အောင်မြင်ကျော် ကြားလှသည့် စာအုပ်ဖြစ်ခဲ့လေသည်။ အထူးသဖြင့် ဆရာ ‘မြသန်းတင့်’ ၏ ၀တ္ထုအတတ်ပညာ ဆန်းသစ်မှုကို စာဖတ်သူတိုင်းက ချီးမွမ်းကြ၏။
‘ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ ’စာအုပ်တွင်၊ စာရေးဆရာကြီး (၁၀)ဦး ရေးသားခဲ့သည့် နိုင်ငံကျော်ဝတ္ထု(၁၀)ပုဒ် အပေါ် ၊ ဆရာမြသန်းတင့်က ထပ်မံဈာန်ဝင်စား ကွန့် မြူးကာ၊ ၀တ္ထုတို (၁၀)ပုဒ် ဖြစ်အောင်ရေးသည့် ထူးခြားလေးနက်သည့် ၀တ္ထုတို စု စာအုပ်ဖြစ်လေသည်။ ဥပမာ…စာရေးဆရာ ‘မင်းဆွေ’၏ ‘ဓါး’ ၀တ္ထုကြီးထဲက ‘မျိုးမြင့်ရန်နောင်’ ဆိုသည့် အဓိကဇာတ်ကောင်က၊ အသက်မသေပဲ ဆက်လက်ရှင်သန်နေသည့် လူတယောက်အဖြစ်၊ ဆရာ ‘မြသန်းတင့်’ ကိုလာရောက်တွေ့ ဆုံသည့် စိတ်ကူးပုံဖွဲ့  ၀တ္ထုဖြစ်၏။ စာရေးဆရာကြီး ‘မင်းဆွေ’သည် အဓိကဇာတ်ကောင်ဖြစ်သူ ‘မျိုးမြင့်ရန်နောင်’ ဆိုသူကို သူ၏‘ဓါး’ ၀တ္ထုကြီးထဲတွင် ထည့်သွင်းရေးဖွဲ့ ရာ၌ “မျက်ကန်းမျိုးချစ်၊ သို့ မဟုတ် လူထုလမ်းစဉ်နှင့်ကင်းကွာနေသည့် တကိုယ်တော်နယ်ချဲ့ ဆန့် ကျင်ရေး သမား” အဖြစ်ဖွဲ့ ဆိုခဲ့သည်ကို၊ ဇာတ်ကောင်ဖြစ်သူ ‘မျိုးမြင့်ရန်နောင်’ ကိုယ်တိုင်က၊ ဆရာမြသန်းတင့်ထံ အသက်ရှင်လျှက် ကိုယ်တိုင်လာရောက်ရင်ဖွင့်တင်ပြလာသည့် ဇာတ်လမ်းမျိုးအဖြစ် ဆရာမြသန်းတင့်က၊ ရေးဖွဲ့ ထားခြင်းဖြစ်လေသည်။တနည်းအား ဖြင့် ဆိုရလျှင် ဆရာမြသန်းတင့်သည် စာရေးဆရာ ‘မင်းဆွေ’၏ ‘ဓါး’ ၀တ္ထုကို အတွေးအခေါ်အရ ဝေဖန်လိုရင်းရှိ၏။ ‘မင်းဆွေ’၏ ‘ဓါး’ ၀တ္ထုထဲက အဓိကဇာတ်ကောင်မှာ တကိုယ်တော်နယ်ချဲ့ ဆန့် ကျင်ရေး သမား၊ မျက်ကန်းမျိုးချစ်တဦးအနေနှင့် ၀တ္ထုကိုအဆုံးသတ် ထားသည်ကို ကျေနပ်အားရနိုင်ဟန်မတူ။ ထို့ ကြောင့် ဆရာမြသန်းတင့်သည် သူဖြစ်စေလိုသော၊ သူထုဆစ်လိုသော၊ သူယုံကြည် သော၊ မျိုးချစ်ဝါဒ အယူအဆကို အဓိကဇာတ်ကောင်‘မျိုးမြင့်ရန်နောင်’ မှတဆင့် တင်ပြနိုင်ရန်ကြိုးစားရင်း….‘ဓါး’ ၀တ္ထုကို၊ စစ်မှန် သည့် မျိုးချစ်ဝါဒ အခြေခံဝတ္ထုအဆင့်အထိ ဆွဲတင်ဘို့ ကြိုးစားခဲ့ခြင်းဖြစ်လေသည်။

‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုကိုလည်း၊ ဆရာမြသန်းတင့်သည် ‘မင်းဆွေ’၏ ‘ဓါး’ ၀တ္ထုနည်းတူ ဝေဖန်ဖို့ ကြိုးစားသည်ကို တွေ့  ရ၏။ ‘ဒဂုန်တာရာ’သည် ‘မေ’၀တ္ထုတွင်၊ ဓနရှင်ပေါက်စ လူလတ်တန်းစားဇာတ်ကောင် ‘မေ’ကို အဓိကဇာတ်ကောင်အဖြစ် ထားပြီး ရေး၏။‘မေ’၏လူလတ်တန်းစား အကျင့်စရိုက်ကို ဖော်ပြ၏။ နောက်ဆုံး ‘မေ’ကို ‘အကောင်းကိုရှာ၏၊ အကောင်းကား မတွေ့ ’ ဟု နိဂုံးချုပ်ရေး၏။ ဆရာ ‘မြသန်းတင့်’ သည် ‘မေ’ကို ဆရာ ဒဂုန်တာရာ နိဂုံးချုပ်သလို မချုပ်ချင်။ ‘မေ’ကို ပျက်စီးသွားသည့် လူတန်းစားဇာတ်ကောင်အဖြစ်မှ၊ တိုးတက်သော အမျိုးသမီး ဇာတ်ကောင်အနေနှင့်သာ မြင်ချင်၏။ နိဂုံးချုပ်ချင်၏။ ထို့ ကြောင့် ဆရာမြသန်းတင့်သည် ‘မေ’၀တ္ထုထဲက ‘မေ’မှ တဆင့်၊ သူပြောဆိုချင်သည့် အယူအဆကို တဆင့်ပြောခိုင်းခဲ့၏။ တနည်းအားဖြင့် ဆိုသော် ဆရာမြသန်းတင့်သည် ‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုကို ဝေဖန်နေခြင်းသာဖြစ်သည်။

(၃)
စာပေနယ်ပယ်၌သာမဟုတ်၊ မည်သည့်နယ်ပယ်တွင်မဆို ‘ဝေဖန်ရေး’ သည် လိုအပ်ပါသည်။ ကျနော်တို့ သည် ‘ဝေဖန်ရေး’ ကို ‘မူ’ အားဖြင့်ပင်လျှင် လက်ခံကြိုဆိုကြရမည်သာဖြစ်၏။

ဆရာမြသန်းတင့်သည်၊ နိုင်ငံကျော် ၀တ္ထုကြီး (၁၀)ပုဒ်ကို ဝေဖန်၏။ သို့ သော် ဆရာမြသန်းတင့်၏ ဝေဖန်ရေးနည်းနာမှာ ယဉ်ကျေး၏။ ပရိယါယ်ကြွယ်၏။ လှပဆန်းသစ်၏။ ထို့ ကြောင့် ဝေဖန်နေသည်ကို ဝေဖန်နေသည်ဟူ၍ပင် မထင်ရလောက်အောင် အဆင့်အတန်းရှိ၏။ဤဝေဖန်ရေးနည်းနာမှာ ထိရောက်ပြင်းထန်နိုင်စွမ်းရှိ၏။

၁၉၇၈-ခုနှစ်ဝန်းကျင်ကလည်း ‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုကို “မိုးကြိုမုန်တိုင်း” လက်ဝဲအလွန်အကျွံအုပ်စုက ဝေဖန်ခဲ့ကြဖူး ၏။ သို့ သော် “မိုးကြိုမုန်တိုင်း” အုပ်စုသည် မယဉ်ကျေး။ အတုံးအတစ်ဆန်၏။ တရားသေဖြစ်၏။ပုံစံခွက်ဖြစ်၏။ ယခု ဆရာမြသန်း တင့်သည်လည်း ‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုကို ဝေဖန်၏။ သို့ သော် သည်တခါ ဆရာမြသန်းတင့်၏ ဝေဖန်ရေးမှာ ယဉ်ကျေး၏။နည်း နာဆန်းသစ်၏။ အကွက်သဘောဖြစ်၏။ ထို့ ကြောင့် “မိုးကြိုမုန်တိုင်း” အုပ်စု၏ ဝေဖန်ရေးနှင့် ဆရာမြသန်းတင့်၏‘မေ’၀တ္ထုအပေါ် ဝေဖန်ရေး နှစ်ခုမှာ အနှစ်သာရအားဖြင့်သော်လည်းကောင်း၊ ဦးတည်ချက်အားဖြင့်သော်လည်းကောင်း တူကြသော်ငြား ဝေဖန်ရေးနည်းနာမှာမူ မတူကြ။

ကျနော်တို့ သည် ‘ဝေဖန်ရေး’ ကို ကြိုဆိုအပ်သည့်ကိစ္စဟု အထက်တွင်ဆိုခဲ့ပြီ။ သို့ သော် ‘ဝေဖန်ရေး’ များ မှန်၏ မမှန်၏၊ ကောင်း၏ မကောင်း၏ ဆိုသည်ကိုမူ စာဖတ်သူများအဖို့  လွတ်လပ်စွာ ထပ်မံဝေဖန်စမ်းစစ်ပြီးမှသာ လက်ခံကြရမည်သာဖြစ်လေ သည်။

ငြိမ်းဝေ

စာအုပ်အမည် ။ ။ ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ
စာရေးသူ ။ ။ မြသန်းတင့်
ထုတ်ဝေသူ ။ ။ ဦးရဲမြင့် (တက်လမ်းစာပေ)
ထုတ်ဝေခုနှစ် ။ ။ ဒုတိယအကြိမ်၊ ၁၉၉၇-ခု၊ သြဂုတ်လ
တန်ဖိုး ။ ။ ၁၅၀-ကျပ်
အုပ်ရေ ။ ။ (၁၀၀၀) အုပ်

(ဒီစာမူက ၁၉၉၇ ခေတ်ပြိုင် အင်တာနက်မဂဇင်းမှာ နဲ့ ကျနော့်ဘလော့မှာတင်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ကျနော့်ထံမကြာခဏလာပြီး စာပေစကားပြောလာကြတဲ့ လူငယ်တချို့ ရဲ့တောင်းဆိုမှုနဲ့ ဒီဆောင်းပါးကို ကျနော်ထပ်ပြီးတင်လိုက်တာပါ။ ခေတ်ပြိုင်မှာတုန်းက ကလောင်အမည် မောင်ဖူးတင့် အမည်နဲ့ ရေးခဲ့တာပါ။)




February 03, 2010

မသိန်းရှင်ဆီပို့ ပေးပါ


(၃)
၁၉၆၃
နောက်ပိုင်းရက်များ၌ သူ့ကို တွေ့မြင်နေကျ နေရာ၌ပင် တွေ့ရသည်။
သူသည် ဦးကောင်းဇုံဆိုင်ရှေ့ ထိုင်ခုံမှလှမ်းပြီး ကျနော့်ကို ကြည့်နေတတ်သည်။ နံနက် မှုံမှုံဝါးဝါး၌ သူ့ မျက်နှာပေါ်တွင် အပြုံးရိပ်များသန်းနေသည်။ရထားပေါ်သို့ ရောက်လျှင်မူ သူသည် အခါတိုင်းကလို ကျနော့်ကို တွဲဝတွင် စောင့်မနေဘဲ ကျနော် သူရှိရာတွဲသို့ ပြောင်းလာသည်နှင့်တပြိုင်နက်တည်း ခရီးသည်များရှိရာသို့ ရှောင်တိမ်းသွားတော့သည်။
ကျနော်သည် တွဲဝတွင် ရပ်ကျန်နေခဲ့ရင်း မကျေမနပ်ဖြင့်ပြုံးနေရသည်။ သူသည် ခရီးသည် အများကြားမှ လှမ်းပြီး ကျနော့်ကို မျက်လုံး စွေကြည့်နေတတ်၏။ ကျနော် မျက်လုံးမှိတ်ပြလိုက်လျှင် သူ့ မျက်နှာကို ဆတ်ကနဲ တဖက်သို့လှည့်သွားသည်။
ရထားပေါ်မှ အဆင်းတွင်လည်း သူသည် လူအများနှင့်ရောနှောကာ သုတ်သုတ်ဆင်းသွားသည်။ ခပ်လှမ်းလှမ်းရောက်မှ မသိမသာ ပြုံးပြသွားသည်။
သူ့ကို နှစ်ယောက်ချင်း စကားပြောခွင့်ရရန် ဖန်တီး၍မရ။ ထိုသို့ စကားပြောခွင့်ရရန်လည်း ကျနော်သည် မကျိုးစားချင်။ အဝေးမှမြင်ကာ ချစ်နေရသည့် အချစ်စိတ်မှာ ကြည်နူးစရာ အဆုံးအစမရှိဟု ထင်ရသည်။
တခါတရံတွင်သာ ကျနော်သည် သူ နှင့် လူချင်း ကပ်အရှောင်၌ “ချစ်တယ်” ဟု တိုးတိုးပြောသွားမိသည်။
ကျနော် ထိုသို့ပြောသွားတိုင်း သူ့ မျက်နှာတပြင်လုံး ထူပိန်းသွားစဉ်တွင် သူ့ မျက်နှာကလေးမှာ ပို၍ငြိတွယ်ဖွယ်ရာ လှလာသည်ဟု ထင်ရသည်။
ကျနော် သူ့ အနားတွင် ထိုင်သည့်အခါများတွင်လည်း မျက်နှာမှာ ထိုကဲ့သို့ ထူပိန်းနီမြန်း နေတတ်သည်။
များသောအားဖြင့် ညနေဖက် ရထားအပြန်တွင် ခရီးသည်များ နည်းပါးနေသည့် နေ့တွင် ကျနော်သည် သူ့အနား နေရာလွန်တွင် သွားထိုင်သည်။

ရွှေပန်းပင်သို့ရောက်လျှင် တနေ့တာ ငွေစာရင်းများ လုပ်၍ ကျနော်သည် သူ့တွဲသို့ ကူးသွားသည်။
ကျနော်အနားရောက်လာလျှင် သူသည် ကျနော့်ကို မကြည့်ဘဲ မျက်နှာကို ပြတင်းဝဖက်သို့ လှည့်ထားလိုက်သည်။
ကျနော်သည် သူနှင့် ကျနော့် ကြား၌ စာအုပ်များကိုပစ်ချလိုက်၏။ လည်စည်းဖြုတ်ကာ ခေါက်သိမ်းနေရင်း သူ့ ကို မသိမသာ စောင်းငဲ့ကြည့်လိုက်သည်။ နီရဲကာ ရှက်စိတ်၊ ရင်ခုန်စိတ်ဖြင့် ထူအန်းနေသော သူ့ မျက်နှာ ကလေးမှာ ကျနော့် စိတ်တွင် အစွမ်းကုန် လှလာနေသည်။ သူ့ မျက်နှာပြင်ပေါ် ဆံပင်နုကလေးများသည် ဝဲနေ၏။ အပြင်ဖက်သို့ လှမ်းကြည့်နေသော သူ့ မျက်လုံးများမှာ တောက်ပနေသည်။ သူ့ပါးများသည် မို့ကြွနေ၏။ ညနေဆည်းဆာနေခြည်ကြောင့် သူ့ မျက်နှာမှာ ပို၍ ဝင်းပနေသည်။
သူ့ ကို ကျနော်ကလည်း နှုတ်မဆက်။ သူကလည်း လှည့်၍ပင် မကြည့်။
တခါတရံတွင် မြို့လုင်သို့ရောက်ပြီး သူဆင်းသွားသည် အထိ စကားတလုံးမျှ မပြောမိကြ။
ထိုသို့ စကားမပြောနေခြင်းသည်ပင် တမျိုးစိတ်ကြည်နူးဖွယ်ရာ ဖြစ်နေပြန်သည်။ သူ့ ရင်ခုန်သံများကို ကြားနေရသည်-ဟုထင်ရသည်။ သူ့ ရင်ထဲမှ စိတ်နှလုံးသားများနှင့် ကျနော့် ရင်ထဲမှ ချစ်စိတ်များသည် တသွေးတည်း ရောစပ် သွားသဖြင့် တယောက်ကို တယောက် စကားတလုံးမျှ ပြောနေရန်လည်း မလိုအပ်၊ ပြောနေကြခြင်းသည်ပင် အပိုအလုပ်ဟု ထင်လာမိသည်။ ရင်ထဲ၌ ဖြစ်ပေါ်ခံစားနေရမှုတို့မှာ စကားလုံးပေါင်း အသိန်း အသန်းဖြင့် ဖေါ်ပြ၍ပင် ရနိုင်မည် မဟုတ်ဟု ထင်နေမိပြန်သည်။
ရံဖန်ရံခါ၌မူ သူနှင့် ကျနော်သည် ဟိုဖက်ခုံ သည်ဖက်ခုံ မျက်နှာချင်းဆုံနေမိကြ၏။
နှစ်ဦးစလုံး ရထားပြတင်းဝမှ အပြင်သို့ ငေးကြည့်မိကြသည်။
ကျနော်သည် သူ စကားပြောလာစေရန် နောက်ပြောင်နေမိပြန်သည်။
သူသည် ကျနော် စကားပြောနေသည်တို့ကို နားမထောင်ကြောင်း ပြရန် လက်ကိုင်ပုဝါဖြင့် နားကို မသိမသာ ပိတ်ထားသည်။ ရှက်စိတ်ကြောင့် ထူပိန်းနေသော သူ့မျက်နှာပေါ်တွင်ကား ကြည်နူးမှုများ ပြည့်လျှမ်းနေသည့် အပြုံးရိပ်များ ထင်နေပြန်သည်။ မျက်နှာကို တည်တည် တင်းတင်း ထားနေသော်လည်း သူ့ နှုတ်ခမ်းများပေါ်တွင် အပြုံးများ ဝေ့လာနေသည်။ နှုတ်ခမ်းများသည် တင်းထားးပါလျက်နှင့် အပေါ်သို့တွန့်သွားနေသည်။

“အဲတာ ကိုတကယ်ပြောတာ” ဟု ကျနော်သည်လည်း အသံကို မြှင့်ပြီး ပြောနေသည်။
“ကို မိန်းမယူရင် ကို တကယ်ကိုချစ်တဲ့ မိန်းမမှယူမှာ၊ လှလဲလှရမယ်၊ ကိုယ့်ထက်လဲ ငယ်ရမယ်၊ ပြုံးချင်တာတောင် မပြုံးဘဲနေနိုင်ရမယ်၊ ခပ်တည်တည် နေတတ်ရမယ်....”
“ဒါပေမယ့် ယူပီးရင်တော့ရည်းစားဘဝတုန်းကကို့ ကိုမခေါ်ချင်သလိုလို မပြောချင်သလိုလိုနေတာတို့၊ ကိုယ့်ကိုချစ်တယ်လို့မပြောတာတို့၊ ကိုလာရင် လူကြားထဲ ရှောင်ပြေးနေတာတို့ မေးမေးပီး ရိုက်ရမယ်၊ တနေ့ကို တနေ့ကို နားရင်း သုံးခါလောက်အုပ်မယ်၊ အိပ်ယာဝင် တခါအိပ်ရာထ တခါ ထမင်းစားပီးတခါ....၊ ကို စကားပြောတာကို မကြားချင်ယောင် ဆောင်နေတာတို့၊ နားကို လက်ကိုင်ပုဝါနဲ့ ပိတ်ထားတာတို့၊ ကို့ မြင်ရင် ရှောင်သွားတာတို့၊ အဲဒီမိန်းမမျိုးဟာ မိန်းမယုတ်ခေါ်တယ်၊ ဟတ္ထုနိဆိုတာ အဲဒီမိန်းမမျိုးကို ခေါ်တာ၊ ကို အနားလာတာနဲ့ သူ့ အသားကြွေသွားမှာ စိုးတယ်ထင်တယ်....
“ကို ယူမယ့်မိန်းမဟာ မျက်နှာဝိုင်းဝိုင်းကလေး ဖြစ်ရမယ်၊ အသားဖြူရမယ်၊ ကဲ...စကားပြန်ပြောရင်ပြော...မပြောရင်အော်ပြောလိုက်တော့မယ်”

ကျနော်သည် သူ့ ကို မျက်တောင်မခတ် စိုက်ကြည့်နေရင်း ခပ်တိုးတိုး နှစ်ခြိုက်စွာရယ်နေမိသည်။ ရထား ခုတ်မောင်းနေသံနှင့် ခပ်ဝေးဝေးမှ ခရီးသည်တစု ကျယ်လောင်စွာ ရယ်မောနေကြသံများသည် ကျနော့် အသံအပေါ်၌ ဖုံးလွှမ်းသွားနေသည်။
သူသည် နားမှ လက်ကိုင်ပုဝါကို ဖယ်လိုက်ပြီး ကျနော့် ကို မျက်စောင်းတချက် ထိုးကြည့်နေသည်။

“အော်ပြောလိုက်ပေါ့” ဟု ပြောနေပြန်သည်။
ကျနော်သည် မျက်နှာကို ပြတင်းဝဖက်သို့ တိုးကပ်လိုက်သည်။
“ချစ်တယ်ကွယ်... မင်းက သိပ်လှလာတာဘဲ၊ တနေ့ထက် တနေ့ လှလာတယ်၊ ကို ကြည့်ရတာ မောနေတာဘဲ”

သူသည် ပြတင်းဝမှ မျက်နှာကို ဆတ်ကနဲခွာလိုက်သည်။ ကျနော်နှင့် ဝေးသွားစေရန် သူ့ ထိုင်ခုံနောက်မှီ အပေါ်သို့ ကျောကို မှီလိုက်သည်။ ခေါင်းကို ခပ်မော့မော့ မှီထားလိုက်သည်။ ထိုအခါတွင်ကား သူ၏ နေဟန်မှာ ပို၍ ကြော့ရော့လာသည်။ သူ့ အလှသည် ပန်းပုရုပ်တုကလေး တခုနှင့် တူလာနေသည်။ ဆည်းဆာနေခြည်ဖြင့် သူ့ မျက်နှာမှာ ရွှေဝါရောင်ဝါလာသည်။
သူ ကြားလောက်အောင် စကားပြောခွင့် မရသောအခါတွင် ကျနော်သည် ပျော်ရွှင်လာနေမိပြန်သည်။
ကျနော်သည် မျက်နှာကိုသူ့ ဖက်သို့ လှည့်လိုက်ပြီး နှုတ်ခမ်းလှုပ်ပြသည့်နည်းဖြင့် သူ့ ကို“ချစ်တယ်...ချစ်တယ်”ဟု ပြောနေသည်။
သူသည် ကျနော့် နှုတ်ခမ်းများ လှုပ်ပုံကို မျက်မှောင်ကြုတ်ကြည့်နေသည်။ နဖူးကြောများရှုံ့ကာ ကျနော် ပြောနေသည့် စကားလုံးများကို လိုက်လံဖမ်းဆီးကြည့်သည်။ ကျနော် ပါးစပ်လှုပ်သည့်အတိုင်း လိုက်လှုပ်ကြည့်ပြီး သူသည် သဘောပေါက်လာကာ ပါးစပ်ကို လက်ကိုင်ပုဝါနှင့် ဆို့ကာ ရယ်နေခဲ့သည်။
အတန်ကြာမှ သူသည်အိနြေ္ဒဆယ်ကာ မျက်နှာကို တည်တည်ထားလိုက်ပြန်သည်။
သူ၏ အပြုအမူ ဓလေ့စရိုက်ကလေးများမှာ စွဲငြိဖွယ်ရာပင်။
တနေ့ကုန်ကျွမ်းသွားပြီး ညပိုင်း အနားယူချိန်၌ အိမ်သို့ ပြန်ရောက်လျှင် ကျနော်သည် အိပ်ယာထက်၌ သူ၏ မြတ်နိုးဖွယ်ရာ ငြိတွယ်ဖွယ်ရာ အပြုအမူကလေးများကို ဆုံးစမထင် သတိရနေမိသည်။ ကျနော်ကား သူနှင့် အိမ်ထောင်သည်ဘဝ ရောက်ရမည့် ရက်များကို စိတ်ကူးယဉ်နေရသည်။ သူနှင့် မည်ကဲ့သို့နည်းလမ်းဖြင့် အိမ်ထောင်သည်ဘဝရောက်အောင် ဖန်တည်းရမည်ကို အရင်းအတိုင်း ဆန်းစစ်မိသည့် အခါများတွင်မူ စိတ်မောလာမိကာ ထိုအတွေးတို့ကို ဖျောက်ဖျက် ရသည်။ သူသည်လည်း သူ့ မိသားစုကို ကျွေးမွေးရန် တာဝန် ထမ်းဆောင်နေရသူ...ကျနော်လည်း အဝေးရှိ ကျနော့် မိသားစုအတွက် တာဝန်ထမ်းဆောင်နေရသူ....စသည့် အမှန်တရားများကို သုံးသပ်မိလျှင် စိတ်၌ လေးလံကာ ပင်ပန်းလာသည်။
သူနှင့် ကျနော့်ကြား၌ တွယ်တာစိတ် သံယောဇဉ်ကြိုးများသည်လည်း တချိန်ထက်တချိန် ပို၍ တင်းကျပ် ခိုင်မြဲလာနေသည်မှာ ...တစထက်တစ အားကြီးလာသော ရေအလျဉ်နှင့်တူပေသည်။
နောက်ပိုင်းရက်များ၌ သူကပင် ပြန်၍ စကားပြောခွင့်ရရန် ဖန်တီးပေနေပြန်သည်။
ညနေပိုင်းတွင် အပြန်၌ မြို့သစ်မှ ရထားထွက်လာခဲ့သောအခါသူသည် လူစီးတွဲအဆင်း အိမ်သာနံဘေးရှိ အပေါက်ဝတွင် တယောက်တည်း ထွက်ရပ်လာတတ်သည်။
ကျနော်သည်လည်း သူ့ အနားသို့ မယောင်မလည် လျှောက်သွားကာ သူ့ ကျောဖက်မှ ကာဆီးရပ်လိုက်သည်။
သူသည် ကျနော် ရောက်လာနေပြီကို သိသော်လည်း မသိချင်ယောင် ဆောင်နေပြန်သည်။
မှောင်ရီဆိုင်းစ အလင်းရောင်များ ဖျော့မှိန် သွားချိနတွင် ကျနော်သည် သူ့ ကျောဖက်မှ အတန်ကြာမျှ မလှုပ်မရှား ငြိမ်သက်ရပ်နေခဲ့သည်။ သူနှင့် ကျနော်နှစ်ယောက်တည်း စကြာဝဠာအပြင်ဖက်သို့ ရောက်နေသလိုလည်း စိတ်၌ ထင်နေခဲ့ပြန်သည်။ ရင်ထဲ၌ နွေးနေသည်။ သူ့ရင်ခုန်သံကိုလည်း ကြားနေရသည် ထင်သည်။
သူသည် အညာ လယ်ကွင်းများကို ငေးကြည့် နေခဲ့၏။ မိုးနှောင်းပိုင်း မိုးမှုန် မိုးဖွဲ့ကလေးများသည် လေနှင့်အတူပါလာကြကာ ကျနော်တို့ နှစ်ယေက်စလုံးကို လာ၍ စဉ်နေခဲ့၏။ ကျနော်သည် အသက်ကို မျှင်း ရှူနေမိသည်။
ပုလင်းတန်တားရှည်ကြီးကို ရထား ဖြတ်ကျော် ခုတ်မောင်းနေစဉ်တွင် ကျနော်သည် သူ့ ဂုတ်ပိုးစကို နောက်ဖက်မှ ငုံ့ကာ မထိတထိ နမ်းနေလိုက်သည်။
ပုလင်းချောင်းထဲ၌ မိုးနှောင်းရေများသည် တန်တားတိုင်များကို ညင်သာစွာ ဝေ့ပတ်အိဆင်းနေ၏။ ကျနော်သည် သူ့ ပခုံးနှစ်ဖက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
“ချစ် တယ် ကွယ်....ချစ် တယ်....၊ မင်း ကို့ ကို ချစ် တယ် မှုတ်လား၊ ချစ်ပါတယ်၊ ချစ်ရမယ်”
ကျနော်သည် ခပ်တိုးတိုးပြောနေမိသည်။
သူသည် ရုန်းကန်လိုက်ပြီး ကျနော့် ဖက်သို့ ပြန်လှည့်ကြည့်နေ၏။ ကျနော် သူ့ ကို ထပ်၍ ပွေ့ဖက် လိုက်လျှင် သူသည် ရှက်ရှက်ဖြင့် ဂမူး ရှူးထိုး ရုန်းကန်သည်။
“လွှတ်...လွှတ်....လွှတ်ပါ”ဟု အသံတုန်တုန်ဖြင့် ပြောနေသည်။
သူ့ ရင်ခုန်သံများကို အတိုင်းသားကြားနေရသည်။
သူရုန်းကန်လွန်းမက ရုန်းကန်သဖြင့် ကျနော်သည် ပွေ့ထားရာမှ ဖြေလွှတ်လိုက်၏။ သူ့ ရှေ့မှ ပိတ်ကာ တားဆီးထားမြဲထားသည်။
သူသည် ကယောင်ကတမ်းဖြင့် သူ့ လက်တဖက်ကို လိပ်တင်နေသည်။ သူ့ ကို ကျနော် စော်ကားသည်ဟု အတွေးဟောင်းပြန်ပေါ်လာနေပြန်သည်။

“ဒီလိုမလုပ်ရဘူး၊ တကယ်ချစ်ရင် ဒီလိုမလုပ်ရဘူး ဆိုတာသိရဲ့ လား၊ ဒါက လက်မှတ်စစ်က အနိုင်ကျင့်တာ ဖြစ်နေမှာပေါ့၊ သေသေချာချာ စဉ်းစားနော်”

ပြောရင်း သူ့အသံမှာ ပို၍ တုန်လာနေသည်။
သူ့ မျက်လုံးပေါ်၌ မျက်ရည်များ ပြည့်လာနေပြန်သည်။
ကျနော့်မျက်နှာမှာလည်း မပြုံးနိုင်တော့ပေ။ သူ့ စကားများသည် စူးရှပြင်းထန်စွာ လှိမ့်ပြေးလာပြီး ကျနော့် နှလုံးအိမ်ကို လာရောက် ထိခိုက် သွားနေပြန်သည်။

“မဟုတ်ဘူး...မဟုတ်ဘူး” ၍သာ ကျနော်သည် ပြောနေမိ၏။
“နောက် ဘယ်တော့မှ ဒါမျိုးမလုပ်ပါနဲ့...ဖယ်”

သူသည် ရုတ်တရက် ကျနော့် ကို ဆောင့်တွန်းပြီး ကျနော်ငေးနေစဉ်၌ အိမ်သာများဖက်သို့ လျှောက်သွားသည်။ ကျနော်နှင့် လွတ်သွားမှ ချာကနဲ နောက်ပြန် လှည့်လိုက်သည်။
သူနှင့် ကျနော်သည် မျက်နှာချင်းဆိုင်နေကာ တယောက်ကို တယောက် ကြည့်နေမိသည်။ သူ့ မျက်နှာပေါ်မှ အရှိန်များသည် ပျယ်လိုက်လာနေသည်။ သူ့ မျက်နှာပေါ်တွင် တဖြည်းဖြည်း အပြုံးရိပ် အပြုံးငွေ့များ သန်းလာနေသည်။
“သူ....သူ သိပ်ဆိုးတာ”
သူက ကျနော် ကြားသာရုံ လှမ်းပြောပြီး ပီသစွာ ပြုံးလေသည်။ ခပ်ဖြည်းဖြည်း ပြန်လှည့်သည်။ ခရီးသည်များ ရှိရာသို့ လျှောက်သွားနေသည်။

(၄)
၁၉၆၄.....
ကျနော်သည်လည်း တီဘီစီအဖြစ်ဖြင့် လက်မှတ် စစ်ဆေး၊ ကုန်များကို တန်ဆာလုပ်၊ ထိုနေ့ စဉ် လုပ်ရိုးလုပ်စဉ်ကလေးများ အတိုင်းသာမဟုတ်တော့ပေ။ အထွေထွေ တားမြစ်ကုန်များကို ရှာဖွေဖမ်းဆီးရသည့် ထာဝန်များ ထမ်းဆောင်လာခဲ့ရပြန်ပြီ။

ကျနော်သည် ဂါတ်ဗိုလ် အလဲလဲနှင့် တွဲဖက်ကာ တာဝန်ထမ်းဆောင်နေ၏။ ဂါတ်ဗိုလ် ကိုစံရီနှင့်သော်လည်းကောင်း မြအုံးနှင့်သော်လည်းကောင်း ချစ်ဆွေနှင့်သော်လည်းကောင်း တွဲဖက်ရသည့် နေ့များတွင်ကား ဂါတ်တွဲ ထဲတွင် အရက်နံ့များ တထောင်းထောင်း နံနေတော့သည်။
ကိုစံရီပါလာသည့် ရက်များတွင် အချိန်များမှာ ပျော်ရွှင်မြူးထူးစွာ ဖြတ်သန်း ကုန်ခန်းသွားနေသည် ထင်ရသည်။

“ဟေ့ ရင်မောင်ရ...အမှန်မှာ ဒို့ဟာ မျောက်သုံးကောင် မီးခြစ်ထဲကလို နေသင့်တာကွာ၊ မျောက်သုံးကောင်မီးခြစ် မြင်ဘူးသလား၊ ဘယ်မြင်ဘူးမလဲကွ၊ အဲဒီတုန်းကု မင်းဆို ငချွတ်ကလေးရှိအုံးမှာ၊ မီးခြစ်ထဲက မျောက်သုံးကောင်လိုပေါ့ကွာ၊ မျက်စိပိတ်တဲ့ အကောင်ကပိတ်၊ နားပိတ်တဲ့ အကောင်ကပိတ်၊ ပါးစပ်ပိတ်တဲ့ အကောင်ပိတ်၊ ဒီလိုမှုတ်လားကွ ရင်မောင်....ဒို့ ဒီလိုနေသင့်တာ မှုတ်လားကွ။ အိုင်ဆေး ...ဝှတ် ( တ ) ယူနိုး.....”
“ဗမာလိုပြောပါဗျာ”
“ငါနဲနဲမူးနေလို့ကွာ၊ အိုင်ဝမ့် ( တ )တူဆေး ဘိုင်အင်္ဂလိခ်ျ”

သူသည် “ကန့် (တ ) ယူနိုး...ကန့် (တ) ယူနိုး”နှင့် ရေရွတ်နေရင်း ဇက်ကျိုးကျလာသည်။ ရထား ဆောင့်လိုက်သဖြင့် သူ့ကိုယ်မှာ ကျနော့် အပေါ်သို့ လှဲမှီလိုက်ပြီးသား ဖြစ်နေသည်။ ကျနော်သည်လည်း သူ့ ကို ထိန်းပေးရင်း အရက်တခွက်ကို ဖြည်းဖြည်း မော့နေမိ၏။

“ဒါပေမယ့် ဒို့မှာ တားမြစ်ကုန်တွေ ဘာတွေ ညာတွေ ရှာဖွေဖမ်းဆီးရမယ့် တာဝန်ကြီးတွေ ပခုံးထက်မှာ ရှိတယ်ကွ၊ အွန်( န ) ရှိုး( လ ) ဒါး...ဦးလည် မသုန် ထမ်းဆောင်ရမယ်၊ ဒီလို မှုတ်လားကွာ....”
“အေး မြဲမြဲမှတ်ထား...မှတ်ထား....မှတ်ထား... တာဝန်ဆိုတာ များများကြီး လုပ်ပေးရမယ်၊ ဒါမှ ... ဒို့လို လုပ်သားသူရဲကောင်းတွေအတွက် လုပ်အားခတွေ များများကြီး ကျန်မယ်၊ ဒီလိုမှုတ်လား...ကဲ အခု ဘယ်လောက်ရပလဲ၊ ဘာကွ...တဆယ် ... တဆယ်ထဲ... ထပ်တရီး...
“ငါ ဝမ်းနည်းတယ်ကွာ ... ဝမ်းနည်း ကြေကွဲ ပူဆွေး သောကရောက်နေရဘီ ရင်မောင်...ညီလေး၊ ငါက ရထားကြီတစင်းလုံးကို ခြေ ဖဝါးတော်မြတ်အောက် ထိုးအပ်ထား...ပီးတော့ မသိချင်ယောင် ဆောင်လို့၊ မျောက်သုံးကောင် မီးခြစ်ထဲကလို မျက်စိမှိတ် နားပိတ် ပါးစပ်ပိတ် နေရသူပါကွာ...ညီလေး....၊ ရထားကြီး တစင်းလုံးကို မင်းလုပ်ချင်သလို လုပ်နေတယ်၊ ကောင်မတွေလဲ အများကြီးပါတယ်၊ မင်း....မင်းဟာ ဧကရာဇ်ပါကွာ... ဟုတ်ဘူးလား...ကြက်ဖကြီးပါကွာ၊ ဧကရာဇ် ကြက်ဖကြီး...ပီးတော့မှ ပိုက်ဆံကလေး တဆယ်ထဲရတယ်တဲ့ဗျား၊ တဆယ်...တဆယ်...တဆယ်ထဲ...၊ အို...အိုင် အင် ( မ ) သ ကင်း ( က ) အော့ ( ဖ ) သည် ဟိုး ( လ ) ထရိန်း ....ပြောစမ်းကွာ ... ဟေ့ကောင် ဘောက်ဆာ ရင်မောင်ကြီး ...အကိုကြီးရဲ့ ညီလေး၊ မင်း ငါ့ကို ပတ်တယ်ကွာ၊ အို....အိုင် ဝမ့် ( တ ) တူကစ် ...ပလိ ( စ် )”

သူသည် ကျနော့် ပခုံးကို ဖက်ပြီး နမ်းရန်ကြိုးစားပြန်သည်။ ထို့နောက် ကျနော့်ကိုထိုးလိုက်ရန် လက်သီးကို အားတင်းဆုပ်ကိုင်နေရင်း အမူးသမား ဝမ်းနည်ခြင်းဖြင့် ဝမ်းနည်းလာကာ မျက်ရည်တတွေတွေ ကျလာနေပြန်သည်။

“ဟေ့....မင်းနဲ့ငါနဲ့ထိုးမလား၊ မအေပေးလေး...မထိုးရဲပါဘူး၊ အေး...ကောင်းတယ် ကောင်းတယ်၊ မှတ်ထားကွ၊ ငွေ...ငွေ ငွေ၊ ငွေဆိုတာ ရအောင် ရှာရတယ်ကွာ၊ ဘာတဲ့ ဟိုသီချင်း... ငွေ....ငွေ....ငွေဆိုတာ ဘာကိုခေါ်တယ်၊ ငွေကိုသာ ရအောင်ညှစ်မယ်၊ ယောက္ခမ....ယောက္ခမ...ယောက္ခမ မျက်နှာချိုတယ်၊ ကျနော့် မယားက မျက်နှာချိုတယ်၊ မူးမယ်....သောက်မယ်၊ လမ်းလယ်မှာဆဲဆဲ လူကိုတွဲလို့ အိမ်ထဲခေါ်မယ်၊ အိပ်ရာထဲရောက် အောင်ခေါ်မယ်ဗျာ့ ... ဟား... ဟား-ဘာတဲ့ကွာ မအေပေးလေး ငွေမရှာတတ်တဲ့ ဘုရား အ လောင်း လေး ...အယိန်မ ဒေ ယျ အလောင်းတော်လေး....။”
“ဟေ့....မိုးဆိုတာရွာရတယ်ကွ၊ များများရွာရတယ်၊ အခုရွာနေတာ ဒို့မိုးကွ၊ ဒို့ရဲ့မိုး၊ ချစ်သောမိုး၊ ဘာတဲ့လဲကွ ဟိုသီချင်း ဒီမှာလေကွာ ရွှေမိုး...ငွေမိုးရွာတော့ ခင်ပျိုမေကို သတိရတယ် ရွှေမိုးငွေမိုးရွာတော့ ညိုညိုခင်ကိုသတိရတယ်၊ ဟေ့ - ရွှေမိုးငွေမိုးရွာတော့ ထကွာ....ထကွာ....ကရအောင်ကွာ ဟေ့ ....ရွှေမိုးငွေမိုးရွာတော့”

ကျနော်လည်း ကိုစံရီကြီးနှင့် လက်ချင်းတွဲကာ ဝိုင်းကြီးပတ်လည် ကနေသည်။ နှစ်ယောက်သား သံပြိုင် အော်ဆိုနေသည်။ ရထားသည်လည်း တဂျောင်းဂျောင်းမြည်နေသည်။ ကျနော်တို့၏ နက်တိုင် အစိမ်းစများသည် လေထဲ၌ ပျံကာသန်းကာဝဲနေသည်။
အမှန်တွင်ကား ဤသို့ ပျော်ရွှင်မြူးထူးနေခြင်းမှာ အခိုက်အတန့််မျှသာဖြစ်၏။ တချက်တချက်တွင် ရထားကြီးကို မည်သူတွေက ရပ်တန့်စစ်ဆေးလိုက်မည်နည်းဟု စိုးရိမ်စိတ်ကလေး ဝင်လာလျှင် အမူးသည် ခဏမျှပြေသွားရတော့၏။ ကျနော်တို့လိုပင် လမ်းနံဘေးရှိ တောကြီးများသည်လည်း ဝေ့ကာ ဝေ့ကာ ကျန်ရစ်ခဲ့၊ နေခဲ့သည်။

စင်စစ်တွင် ကျနော်တို့သည် အမှောင်ထုကြီးအထဲ၌ လျှောက်သွားနေရခြင်းကို ရံဖန်ရံခါ၌ မေ့လျော့နေကြသည်။ ရှေ့ တနေရာရာ၌ နက်ရှိုင်းလှသည့် အသူတရာချောက်ကြီးတခု တားဆီးထားနေသည်ကိုလည်း မသိမြင်ကြ။
နံနက်မိုးမလင်းမီ၊ ရထားမထွက်ခွာမီအချိန်တွင် တောင်တွင်းကြီးဘူတာရုံ ပလက်ဖေါင်း အစွန်း မှောင်ရိပ်ကျရာ နေရာများ၌ မှောင်ခိုသမားများသည် ပုန်းလျိုးကွယ်လျှိုး စောင့်နေကြသည်။
သူတို့ကမှု ကျနော်တို့ကို ဒုက္ခပေးမည်မဟုတ်။ သူတို့သည်သစ္စာရှိ၏။ သူတို့သာ ထောင်တန်း အကျခံလိုက်ကြသော်လည်း ကျနော် တို့ကို ဆွဲထည့်မည် မဟုတ်သဖြင့် အမှောင်လမ်း၌ လျှောက်နေရသော်လည်း ကျနော်တို့ အတွက်ချောက်ကမ်းပါးကြီးမှာ အလှမ်းဝေးကွာနေပြန်သည်။ သူ တို့ကို ကျနော်တို့သည် ငွေယူကောင်းရုံမျှသာ ချောက်လှန့်ကြသော်လည်း ပိတ်ကား မပိတ်ပင်။

နံနက်၌ မှောင်ရိပ်များတွင် သူတို့အုပ်စုများကို တွေ့ရလိမ့်မည်။ လင်ယောင်္ကျားရှိပါလျက်၊ လင်ယောင်္ကျားနှင့် အတူတကွလိုက်ပါနေလျက် ဖါထက်ပို၍ပျက်စီးနေသော မအေးမြင့်၊ အပျိုကြီး အမည်ယူထားသော မအေးရွှေ။ ရထားပေါ်တွင်သာ အိပ်တတ်သော သင်းသင်း၊ နုနု။

မညွန့်ရီသည် သူ၏ ပိဿာချိန် ခုနှစ်ဆယ်နီးပါး လေးလံသည့်ကိုယ်ကြီးကို ဖေါ့ကာ တွဲနှစ်တွဲကြား အမှောင်ရိပ် တခုတွင် ကျနော့်ကိုရပ်စောင့်နေတတ်သည်။
ဘူတာရုံဖက်မှာ မီးရောင်လဲ့လဲ့ လင်းနေသော်လည်း သူ ရပ်နေရာဖက်တွင်ကား မှောင်နေသည်။ သူ့ ကို အမှောင်ထဲမှ အရိပ်တခုအဖြစ်ဖြင့် တွေ့ရသည်.။ ကျနော် ဖြတ်လာနေစဉ် သူသည် ချောင်းတချက်ဟန့်လိုက်၏။

“ကိုရင်မောင်” ဟု တီးတိုးခေါ်လိုက်သည်။
“ဘယ်သူလဲ....မရွှေဥလား”
“မနောက်စမ်းပါနဲ့၊ ဒီနေ့ ဂါတ်ဗိုလ် ဘယ်သူလဲ”
“ဘုန်းကြီးထွက်ပါ”
“ဦးအောင်ကြီးလား၊ တော်သေးတာပေါ့၊ ကျမက ဟိုမသာလားလို့ ရင်ထဲကို ထိတ်နေတာ”

သူသည်အကြောက်ပြေကာ ပိဿာချိန် အတန်ငယ် လေးလံသည့် သူ့ရင်အုံကြီးပေါ်သို့ လက်ဖြင့် ဖိထား လိုက်သည်။ မှောင်ခိုလုပ်သော်လည်း လိုအပ်သည်ထက် ပို၍ အလျော့မပေးတတ်သူ၊ မာနရှိသူဖြစ်သောကြောင့် အချို့ဂါတ်ဗိုလ်များ ရဲသားများနှင့် မတည့်။ အထူးသဖြင့် ရဲသား ထွန်းမောင်နှင့် မတည့်။ အမြဲတန်းမူးကာ ဘရန်းဘတာ ဖြစ်နေတတ်သော ဂါတ်ဗိုလ် ချစ်ဆွေပါလာသည့်နေ့ ဆိုလျှင် သူသည် မှောင်ရိပ်ထဲမှ ခြေဖေါ့နင်းကာ နောက်ဆုတ်ထွက်ခွာသွားသည်။
သူသည် အသက်အစိတ်ပင် ပြည့်ဦးမည်မဟုတ်။ သူ့ခန္ဒာကိုယ်ကြီးနှင့် မလိုက်လျောသော မျက်နှာကလေးမှာနုနယ်လှပနေပြန်သည်။
ကျနော်လည်း သူ့ နံဘေးတွင် ခဏမျှ ရပ်နေသည်။ သူ၏ လူသာမန်တို့ထက်ပို၍ ပြင်းထန်သော အသက်ရှူသံကို ကြားနေရသည်။ ကျနော်သည် သူ့ ကို သွားကျိုးနေသည့် အဖိုးကြီးဦပေါ်လာနှင့် နောက်ပြောင်နေကျလည်းဖြစ်ကာ ဦးပေါ်လာ ကို သတိရလာသည်။

“ဘယ်သူတွေပါသေးလဲ၊ ဦးပေါ်လာကြီးကော”
“တော့ ပထွေးကြီး ပါပါတယ်”
“အမယ်.... ခုမှ ဟိုလွှဲဒီလွှဲ လုပ်မနေပါနဲ့ မညွန့်ရီရယ်၊ သိပါတယ်ဗျာ၊ ဘယ်သူနဲ့ မခွဲဘဲ တတွဲတွဲ အမြဲနေတယ်ဆိုတာ”
“တော်စမ်း...အမေညွန့်လဲ ပါတယ်၊မညွန့် တင်လဲ ပါတယ်၊ ကိုပိုက်လဲ ပါတယ်”
“အဲဒါတွေအရေးမကြီးဘူး၊ မညွန့်ရီ အတ္တဘောကြီးကို လူတိုင်း မှတ်မိနေကြတာ ခက်တယ်၊ မှောင်ခိုလုပ်ရင် ဖျတ်ဖျတ်လတ်လတ် ရှိမှပေါ့၊ ကြောင်လို ပေါ့ပေါ့ပါးပါး”
“ကျမလဲ သိတ်စိတ်ညစ်တာ၊ သံပုရာသီးသောက်ရင် ပိန်တယ်ဆိုလို့ တနေ့ကို သံပုရာသီးငါးလုံးသောက်တာ သောက်လေ ပိုဝလာလေ၊ အအိပ်ဆင်ခြင်ဆိုလို့ ဆင်ခြင်မှ ထမင်း ပိုစားကောင်းလာပြန်ကော”
သူသည် အသံကို ထိန်းပြီးရယ်နေသည်။
“အခု တလောတော့ နဲနဲ ကြည့်ကောင်း လာပါတယ်” ဟု ကျနော်သည် ရယ်သံဖြင့်ပြောနေသည်။
“အမယ်...မျက်နှာကလေးကတော့လှပါတယ် ပြောအုံးမယ်လို့လား၊ ဖြီးမနေစမ်းပါနဲ့၊ တော်ကြာ တော့ကောင်မ မြင်ရင် ကျုပ်ကိုအထင်သေးနေအုံးမယ်၊ ဒီနေ့ နာနာတ်သီး တင်မလို့တဲ့ လိုက်လာတယ်”
“သူကလေးကို ပြောတာလား”
“ဟုတ်ပါတယ်ရှင်-သူကလေးပါ....ညိုညိုလေ....ကိုရင်မောင်ရဲ့ မရွှေဥလေး”
“ကြွပါ.....ကြွပါ....”

ကျနော်သည် ရယ်မောရင်း ထိုနေရာမှ ခွာလာခဲ့သည်။
ညိုညို ပါလာသည့် နေ့ဆိုလျှင် ထိုသို့ပင် ကျနော့် ထံသို့ တယောက်မဟုတ် တယောက်က သတင်းပို့သည်။
သူသည် မှောင်ခိုကုန်များကို မကူးဘူးသေး။ သင်းသင်း၊ နုနုတို့နှင့် တွဲပြီး ကျောက်ပန်းတောင်းအထိကား လိုက်ပါလာနေသည်။ အစက သင်းသင်းနှင့် နုနုသည် ရထားလက်မှတ် ယူစီးနေကြသော်လည်း ကျနော်နှင့်ခင်မင်လာသောအခါ လက်မှတ်မယူတော့။

နေ့ခင်းဘက် ခရီးသည်များ နည်းပါးနေတတ်သော သားမျှားနှင့်လေးအိမ်ကြားတွင် ကျနော်သည် သူတို့တွဲသို့ ကူးသွားတတ်သည်။
ညိုညို့ အနားမှ ထိုင်ခုံအားတွင် ထိုင်လိုက်လာခဲ့သည်။
သင်းသင်းနှင့် နုနုတို့က ကျနော့် ကိုပြုံးပြ နှုတ်ဆက်ကြသော်လည်း ညိုညိုသည် ကျနော် ရောက်လာသည်ကို လှည့်၍လည်း မကြည့်။ စကားလည်း မပြော။ ကျနော် ထိုင်လိုက်လျှင် သူ့ မျက်နှာမှာ ရှက်နေဟန် ပေါ်နေသည်။ သူသည် ရထားပြတင်းဝမှ အပြင်ဖက်သို့သာ လှမ်းမျှော်ကြည့်နေကာ အနေအထိုင် ကျဉ်းကျပ်ဟန် ပေါ်လွင်နေသည်။
ထိုသို့ သူက လှည့်မကြည့်၊ စကားမပြောဘဲ နေခြင်းမှာ ကျနော့်အတွက် ကြည်နူးစရာ တမျိုးလို ဖြစ်နေပြန်သည်။
တခါတရံတွင် ကျနော်သည် သူ့ အဖော်များကို စကားတဖေါင်ဖေါင် ပြောရင်း သူ့ ကို စနေတတ်သည်။ သူသည် လှည့်မကြည့်ဘဲနှင့် ပြုံးနေတတ်၏။ သူ၏ က္ကှနြေ္ဒဆည်ထားရာမှ ဟန်မဆောင် နိုင်သဖြင့် ဖြစ်ပေါ်လာရသော အပြုံးများမှာ နှစ်သက် စွဲငြိစဖွယ်ပင်။ မျက်နှာ တခြမ်းကိုသာ မြင်နေရသည်။

“ကျနော်ဗျာ....တကယ်ပြောတာပါ၊ သင်းသင်းတို့ နုနုတို့ကို တကယ်ခင်တာ၊ တချို့ကျတော့လဲ ကျနော်ကသာ ခင်ရတာ၊ ကျနော်ခင်သလို ကျနော်ချစ်သလို ပြန်ချစ်ကြတာ မဟုတ်ဘူး၊ သိပ်ရိုင်းစိုင်းကြတာ၊ ကျနော် ဘယ်သူ့မှ စောင်းပြောနေတာ မဟုတ်ဘူးနော်...၊ သိပ်ရက်စက်ကြတာ၊ ကျနော်ကတော့ ဒါဟာ ဟိုဘဝကဝဋ်ပဲ၊ အတုံ့အလှည့်ဘဲ ဆိုပီး တရားနဲ့ ဖြေပါတယ်၊ ဒီလိုတရားနဲ့ ဖြေမှဘဲ တန်ကာကျမှာ မှုတ်လား။ ဘာတဲ့ဗျာ... က္ကှတ္ထိဝင်္ဂံနဒီဝင်္ဂံ ဆိုတာ ကြားဘူးကြသလား၊ မိန်းမဟူဘိ ထိုက္ကှတ္ထိကား မြစ်၏သဘော ကောက်ကွေ့ တတ်၏တဲ့၊ မိန်မဆိုတာ မရှိမကောင်း ရှိ မကောင်း မှုတ်လားဗျာ၊ မပေါင်းလည်းခက် ပေါင်းဘို့ခက်တဲ့...ဒီလို မှုတ်လားဗျာ၊ ဒါကြောင့် ထင်တယ် တချို့များ ကျနော်လာမှ မျက်နှာလွှဲချင် လွှဲထားတတ်ကြတာ၊ လှည့်တောင် ကြည့်ကြတာ မဟုတ်ဘူး၊ သူတို့ ကြည့်ချင်တဲ့ လူကျတော့ သူတို့ကကို လိုက်ကြည့်မှာ မှုတ်လား၊ သူစကားပြောချင်တဲ့ လူကျတော့လဲ နားညည်းလာလို့ နားရင်းရိုက်ချင်လာအောင် ပြောမှာဘဲ”

သင်းသင်းသည် ပါစပ်ပိတ်ပြီး ရယ်နေ၏။ ကျနော်သည် ညိုညို့ ပခုံးကို ဆွဲလှည့် ပစ်လိုက်ချင်လာသည်။ ကျနော်သည် သင်းသင်းတို့ နာနတ်ခြင်းများအောက်တွင် ထန်းလျက်ပါမပါမေးကာ သူ့ ကိုစနေပြန်သည်။

“ကျမတို့ ထန်းညက်ပါတယ်လို့ ပြောပီးတာကော...”
“ဒီပြင်လူ တောင်းထဲမှာကော...”
“အဲတာတော့ တပည့်တော်တို့ မလျှောက်တတ်ဘူးလေ....ဒိပြင်လူကို မေးကြည့်မှပေါ့”
“ဒိပြင်လူက အ-နေတာဘဲဗျာ၊ စကားမှ မပြောတတ်တာ”
ညိုညိုသည် လှည့်မကြည့်ဘဲ ပါးစပ်ကို လက်ကိုင်ပုဝါနှင့် ဆို့ ကာ ရယ်နေသည်။
အတန်ကြာမှ “ဒိပြင်လူဆိုတာ မအေးသွယ်ကို ပြောတာနေမှာ” ဟုပြောနေသည်။

သူ့ အဖေါ်များသည် ပြုံးကာ ကျနော့်ကို ကြည့်နေကြ၏။
ကျနော်သည်လည်း အမှတ်မထင် ရယ်မောနေရသော်လည်း နေ့ စဉ် အချိန်နှင့်အမျှ ကျနော့် ရင်ထဲ၌ စိုးရိမ်သောက စိတ်ကလေးများသည် အမှတ်မထင် ဖြစ်ပေါ်နေခဲ့၏။ ထို သောက စိတ်များသည် ဆပွားကြီးထွားလာနေခဲ့၏။
ကျနော်သည် သင်းသင်း မျက်နှာကလေးကို အမှတ်မထင်ကြည့်နေရင်း...လွန်ခဲ့သည် ညတညက တောင်တွင်းရထားပေါ်တွင် ဤမိန်းကလေးနှင့် နယ်ဖက်ရှာဖွေရေး ရဲသားသုံးဦး အတူအိပ်ခဲ့သည်ဆိုသောပေါက်ကြားလာခဲ့သည့် သတင်းကို သတိရလာပြန်သည်။
မအေးသွယ် ဆိုလျှင် ဖြစ်ချင်တိုင်း ဖြစ်နေခဲ့၏။
မအေးမြင့်လို လင်ရှိမယား တဦးသည်လည်း ဖြစ်ချင်တိုင်း ဖြစ်နေ၏။
နုနု၏ သတင်းများကိုလည်း ကျနော်သည် ကြားခဲ့ပြီး။
အသက်မ ရှူ ရပ်ထားသော်လည်း ဤအနံ့ဆိုးကြီးများမှာ နှလုံးအိမ်ကို ဖုံးလွှမ်းလာနေကြ၏။ စက်ဆုတ်စွာ ပျို့ အန်ချင်လာနေရသည်။

အတန်ကြာမှ ကျနော်သည် သူ့တို့ အနားမှ ထလာခဲ့သည်။ လူရှင်းသော အိမ်သာထောင့်ဖက် တွဲပေါက်ဝတွင် ရပ်ပြီးကျနော်သည် အဝေးရှိ တောင်ခြောက်ကုန်းများကို အဓိပ္ပါယ်ကင်း မဲ့စွာ ငေးကြည့် နေမိပြန်သည်။ ကုန်းစောင်းများ၊ ယာခင်းများ၊ တောင်ကုန်းငယ်များနှင့်ယှဉ်ကာ ချောင်းကလေးတခုသည် ရထားနှင့် ဘေးချင်း ယှဉ်လိုက်လာနေ၏။
နီးကပ်လာလိုက်၊ ဝေးကွာသွားလိုက်။
ကျနော်ကား ညိုညို့ ကိုဘာကြောင့် ချစ်မိလာသလဲဟူ မေးကြည့်နေမိ၏။ စိတ်နှလုံး အိမ် ထဲတွင် ဘာကြောင့် သူလာ၍ငြိတွယ် လာနေခဲ့ရသနည်း။ ထို တွယ်တာစိတ် သမုဒယသည် ဘယ်ဆီက မြစ်ဖျားခံ စီးဝင်လာခဲ့ရသနည်း။

ရက်ပေါင်းများစွာပင် ကျနော့် တွင် ညိုညိုနှင့် ပတ်သက်သည့် သောကစိတ်များဖြင့် ရှုပ်ထွေးလာနေခဲ့ရသည်။ သူ့တွဲဖက် သင်းသင်း နှင့် နုနု တို့၏ ပုပ်ဟောင်စပြုလာသော သတင်းများကို မမှန်ပါစေနှင့်ဟု ဆုတောင်းနေရ၏။
သည်အချိန် အခါတွင်ကား ဘာမျှ ဆန်းပြားတော့သည်မဟုတ်။
အဖိုးတန် မိန်းကလေးတဦး ဖါဖြစ်သွားသည်မှာ ထူးဆန်းသော အကြောင်းအရာ မဟုတ်။
ရင်ထဲတွင် တမြေ့မြေ့ နာလာနေရသည်။ ကျနော့် မျက်စိရှေ့မှောက်၌ ဖြစ်ချင်တိုင်း ဖြစ်နေကြသည်တို့ကို မြင်ချင်တိုင်း မြင်နေရ၏။
ညိုညိုကိုယ်တိုင်ထန်းလျက်မှောင်ခိုသူဖြစ်လာမည်ကို မစိုးရိပ်၍မရ။ ညိုညို၏ ယခုအခါဝင်ငွေမှာ ကုန်စိမ်းအလုပ်ကို အများက ဝိုင်းလုပ်နေကြပြီးဖြစ်သဖြင့် ဟိုစဉ်က တဝက်မျှသာ ရှိတော့မည်။ သူ ဝယ်ယူစားသောက်ရသည့် အခြားကုန်ဈေးနှုန်းများက ယခင်ကထက် ဆယ်ဆမျှတိုးမြင့်သွား၏။ ထိုကြောင့် ခုအခါ၌ ညိုညိုတို့မိသားစုမှာ ယခင်က စားသောက် ရသည်ထက် အဆနှစ်ဆယ်ပုံ တပုံမျှသာ စားသောက်နေထိုင်ရသည်ဟု အဓိပ္ပါယ် ထွက်ရှိနေခဲ့ပေပြီ။ သူ့ အိမ်ထောင်စုမှာ သူ့ လုပ်စာကလေး အပေါ်၌သာ မှီတွယ်နေရ၏။
သူဘယ်လမ်းကို လျှောက်ရမည်နည်း။
သူ့ ဝမ်းရေးအတွက် သူ ဘယ်လမ်းကို ရွေးရမည်နည်း။
ကျနော်ကား အသက် ရှူ၍မရ။ နှလုံးသားများသည် အသက်ရှူပေါက်ဝ၌ ပိတ်ဆို့ကာ အသက်ရှူ လမ်းကြောင်းကို ဖြတ်တောက်ထားတော့သည်ထင်၏။ မွန်းလာသည်၊ မောဟိုက် နွမ်းနယ်လာသည်။ ကျနော်သည် ရထားနှင့် ယှဉ်ပြေးလိုက်လာနေသော၊ ငြိမ်းအေးနေသော ကောင်းကင်ပြာကြီးကို မော့ ကြည့်နေရင်း ကောင်းကင်ပြာကြီးကို ပင်လယ်ပြင်ကြီးဟု ထင်လာနေပြန်သည်။

ပင်လယ်ကြီး၌ မုန်တိုင်းကြီးများ တိုက်ခတ်လာ၏။ ကြီးမားလှသော လှိုင်း လုံး ကြီးများသည် အရာရာ ကို သူတို့ ခြေထောက်အောက် ချနင်းကာ ချိုးဖျက်ခြေမှုန်းပစ်ရန် ပြေးလာနေသည်။ ပင်လယ်ပြင်ကြီးအတွင်း၌ လှိုင်းသံ၊ မုန်တိုင်းသံ၊ ကယ်ပါယူပါ တစာစာ အော်ညည်း ကြသံများ ဆူညံ ပွက်လော ရိုက်နေသည်။

ညိုညို့ ကို သတိပေးသည့်နေ့ ကလည်း သတိပေးရန် စီစဉ်ထားသည့် စကားလုံးများသည် နှလုံးအိမ်မှ ပျို့တက် လာကြကာ လည်ချောင်းဝ၌ တစ်ဆို့ နေကြသဖြင့် ကျနော်သည် အတော်နှင့်ပြောမရခဲ့။ စိတ်၌ စူးရှစွာ နာကျင်လာခဲ့သည်။
ထိုနေ့က စကားပြောရန် ရှိသည်ဟု ချိန်းထားခဲ့သဖြင့် ညိုညိုသည် ကျောက်ပန်းတောင်း ဘူတာရုံအနီးမှ ကုက္ကိုပင် တပင် အောက်တွင် ကျနော့် ကို စောင့်နေခဲ့၏။
ခရီးသည်များလည်း မရောက်သေး။
ကျနော်သည် သူ့ အနား၌ ဝင်ရောက်ထိုင်နေစဉ်တွင် သူ့ကို ဘာကဘယ်လို စပြောရမည်ကို တွေး၍မရနိုင်။ သူကမူ သူ့ကို ရည်းစား စကားပြောမည် ထင်နေသဖြင့် မျက်နှာ တပြင်လုံး ရှက်သွေးကြွနေခဲ့သည်။ ကျနော့် ကို မရဲတရဲ မော့ကြည့်လိုက်ပြီး ရှက်ရှက်ဖြင့် ပြုံးပြလိုက်သည်။ ချက်ခြင်း သူ့ ခေါင်းကို ငုံ့ထားလိုက်သည်။ သူနှင့်ကျနော်သည် အတူယှဉ်ထိုင် နေသော်လည်း ခပ်ကွာကွာဖြစ်၏။
ကုက္ကိုရွက်ကလေးများသည် သူနှင့်ကျနော့် ကြား၌ ဝဲကာပျံကာ ကြွေကျလာနေသည်။
ကုက္ကိုတရွက်သည် သူ့ ပခုံးပေါ်တွင် တင်နေရစ်၏။
ကျနော်သည် ဝေးဝေးရှိ ကုက္ကိုပင်များ ဝန်းရံ နေသာ အုတ်ကန်ဖက်သို့ လှမ်းကြည့် နေမိသည်။ အုတ်ကန် ဟိုဖက်၌ မင်းပုန်းတောင်နှင့် ခေါင်းထိ တောင်မကြီးကား ညို့ ဆိုင်းနေကာ ကျနော်နှင့် ဆန့်ကျင်ကာ အေးမြနေဟန်ပေါ်နေသည်။ အပေါ်၌ တိမ်တတိုက်သည် ဖြေးဖြေးညင်ညင် ရွေ့လျား နေသည်။

“သူ ဘာပြောမလို့လဲ”
သူက စတင်မေးလိုက်သံမှာ ရှက်သွေးကြွကာ၊ ကတုန်ကယင်ဖြစ်ကာ ညင်သာနုရွသော ကဗျာလေးတပုဒ်လိုပင်။ ထိုကဗျာကလေးသည် ဖြူစင်သော သူ့နှလုံးမှ ပြေးဆင်းလာနေသည်။
ကျနော်လည်း သူ့ ကို မည်မျှချစ်မိကြောင်း လေးနက်ခိုင်မာသော စကားလုံးများ ရှာဖွေ ရွေးခြယ်ကာ ပြောနေရသည်။ ကျနော်ပြောချင်သော အကြောင်းအရာကိုမူ ဦးတည်၍မရနိုင်။ ကျနော်သည် မပြောရက်နိုင်ဖြစ်နေ၏။

“ကိုယ်ပြော ချင်တာက ညိုညို...အခုမင်း ထန်း ညက် တင် နေ ပလားလို့ မေးမလို့၊ ဘယ် လို စ မေး ရ မှန်း မသိဘူး၊ မမေးရက်ဘူး။ နာ နတ် ခြင်း တွေအောက်က ထန်းညက် ထည့် ယူနေ ပ လားလို့၊ မလုပ်သေးဖူး ဆိုတာကို သိပါတယ်၊ ဒါပေမယ့် မင်းကိုချစ်တာ ကတသက်လုံးချစ်သွားရမှာမှုတ်လား၊ တသက်လုံး စောင့်ရှောက်သွားရမှာ၊ ဒါတော့ကို ဆုံးဖြတ်ပြီးသားဆိုတာ ပြောပီးဘီမှုတ်လား၊ အခွင့်အခါသင့်လာရင် ကိုတို့ လက်ထပ်ကြမှာပေါ့ကွယ်၊ ဗမာလိုပီပီသသပြောရင် ဒို့ ယူကြမှာမှုတ်လား၊ ရှက်မနေစမ်းပါနဲ့၊ ဒါ ကို အဓိကထားပြောနေတာမဟုတ်ပါဘူး၊ မင်း ထန်းညက် မတင်မိအောင်လို့ ကို ပြောချင်တာ မင်းလဲသိပါတယ်လေ၊ ထန်းညက် တင်ကြရင်ပေါ့ကွယ် မှောင်ခိုလုပ်ကြရင် ဘာဖြစ်သလဲ ဆိုတာပေါ့၊ ဖမ်းနိုင် ဆီးနိုင်တဲ့ သူမှန်သမျှ ဘယ်လောက် မျက်နှာချိုသွေးကြရတယ်ဆိုတာပေါ့၊ နောက်ဆုံး တကိုယ်လုံးပုံပီး လိုချင်သလိုသုံးပါတော့လို့ သူတို့ကို ထိုးအပ်လိုက်ရတာဘဲ၊ ဒါဟာ ထမင်းငတ်လို့ မလုပ်မ်ဖြစ်တော့လို့ လုပ်ကြရတယ်ဆိုတာ ကို မသိလို့ပြောနေတာ မဟုတ်ဖူးနော်၊ ကို ဘယ်သူ့ မှလဲ အပြစ်မတင်ပါဘူး၊ ကို သိပါတယ်လေ....။
“ဒါပေမယ့် မင်းမလုပ်စေချင်ဘူး၊ မင်းမလုပ်ရဘူး၊ ဒီလို ပိတ်ပင်တာ ကို မတရားဘူးလို့ထင်ပါတယ်၊ ဒါပေမယ့် မင်းမလုပ်ရဘူး နောက်ဆုံးတနေ့ကွယ်.. မင်းမလုပ်လို့ မရတော့တဲ့နေ့ ရောက်လာရင်လဲ ဒီမှာကွယ် မျက်ရည်မဝဲစမ်းပါနဲ့၊ အဲဒီနေ့မှာ ကို လူသတ်မိမှာဘဲထင်တယ်၊ ဒါပါဘဲ၊ မပြောချင်တော့ဘူး၊ မောလာတယ်၊ စိတ်မောလာတယ် ”

ကျနော့် ရင်ထဲတွင် အမှောင် အဝိဇ္ဖာ တရားများ ပိတ်ဆို့ကာဆီးနေသည် ထင်နေရ၏။
မြင်းလှည်းသံများကြားရပြီး မှောင်ခိုသမားများ စောစီးစွာ ရောက်ရှိ လာနေကြသည်။ ကိုရွှေယောက်နှင့် သူ့သားသုံးယောက်သည် ထန်းလျက်များကို အပြေးအလွှား သယ်ယူနေကြ၏။ လူစီးရထားပေါ်တွင် မီးရထားရဲသားများသည် အိပ်ပျော်ချင်ယောင် ဆောင်နေကြ၏။
ညိုညို့ မျက်လုံးအိမ်ထဲတွင် မျက်ရည်များ ပြည့်လာနေသည်။

သူက....
“သူများ ...သူများ...မလုပ်ပါဘူး၊ သူ မလုပ်နဲ့ဆိုရင် မလုပ်ပါဘူး....”

ပြောရင်း ပြောနေရင်း အသံများတုန်ယင်လာနေသည်။
သူက ထိုသို့ပြောနေစဉ်တွင် ကျနော်ကား သူ့ကို တားဆီးပိတ်ပင်မိခြင်းမှာ မတရားဟု ထင်လာပြန်သည်။ သို့သော်ဤသို့တားဆီးပိတ်ပင်ရမည်ဟု ထပ်၍ဆုံးဖြတ်နေမိ၏။ ကျနော်သည် ခံစားမှုမရှိဘဲနှင့် သူ့ လက်တဖက်ကို လက်မောင်းရင်းမှ ဖမ်းဆုပ်ကိုင်ထားနေမိ၏။
ပြောစရာမရှိဘဲနှင့် “ညိုညို”ဟု တိုးတိုး ညည်းညည်း ခေါ်နေမိပြန်သည်။

February 01, 2010

ပင့်သက်


အမှန်အားဖြင့်ဆိုလျင် ဒီဝတ္ထုလေးနဲ့ ပတ်သက်ပြီး ကျနော် ဘာမှဝင်ပြောရမယ့် ပြောခွင့်ရှိတဲ့လူမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော် နည်းနည်းတော့ပြောလိုက်ချင်တယ်။

နိုင်ဝင်းဆွေ ရဲ့ နွေတည ကို ကျနော့်ဘလော့မှာတင်တော့ ကြေကွဲစရာ သတိရစရာတချို့ မမျှော်လင့်ပဲ ကြုံခဲ့ရပါသေးတယ်။ အဲဒီအထဲက မှတ်မှတ်သားသားဖြစ်စရာ နှစ်ချက်ရှိပါတယ်။ တချက်က ဆရာနိုင်ဝင်းဆွေရဲ့ နောက်ဆုံးနေ့ များနဲ့ ပတ်သက်ပြီး ကျနော့်ဆီကို ပုဂိုလ်တယောက်ကအခိုင်အမာလာပြီး ပြောပြသွားတဲ့အချက်နဲ့ နိုင်ဝင်ဆွေရဲ့သမီးလေးက နီဟိန်း ဆိုတဲ့ကလောင်အမည်နဲ့ သူ့ ဖခင် နိုင်ဝင်းဆွေ အကြောင်းရေးထားတဲ့ဝတ္ထုလေး ဖတ်ခဲ့ရတဲ့ ကိစ္စဖြစ်ပါတယ်။ ကျနော်ချစ်ခင်လေးစားရတဲ့ ဘာသာပြန်စာရေးဆရာ ဂါမဏိက ၂၀၀၉ ဒီဇင်ဘာ မဟေသီမှာပါတဲ့ ဒီဝတ္ထုလေးကို လမ်းညွှန်လို့ ကျနော် ဒီဝတ္ထုလေးကို ဒီကနေ့ ကျနော့်ဘလော့မှာ ရိုက်တင်ပေးလိုက်တာပါ။

ဆရာနိုင်ဝင်းဆွေရဲ့ စာအုပ်တချို့ ပြည်တွင်းမှာ ထပ်မံထုတ်ဝေခွင့်ရတယ်ဆိုတဲ့သတင်းကိုလည်း စာဖတ်သူများ ကြားခဲ့ကြပြီး ဖြစ်မှာပါ။ တချိန်တုန်းက သူ့ စာအုပ်တွေ ထုတ်ဝေခွင့်ရဖို့ နေနေသာသာ သူ့ နာမည်ကိုတောင် စာထဲမှာ ထည့်ရေးလို့ မရတဲ့အခြေအနေမှာ အခုလို သူ့ စာအုပ်တချို့ ထပ်မံထုတ်ဝေ ခွင့်ရတာကြားရလို့ ကျနော် ဝမ်းသာဝမ်းနည်း ဖြစ်ရပါတယ်။ ဒါပေမယ့် အခုကျနော်ရိုက်တင်ပေးနေတဲ့ “မသိန်းရှင်ဆီပို့ ပေးပါ” ဝတ္ထုမျိုး “ရေဆန်လမ်း” နဲ့ “ဘဝစာမျက်နှာများ” ဝတ္ထုစာအုပ်မျိုးတွေ ပြန်လည်ထုတ်ဝေခွင့်ရဖို့ ကတော့ ကျနော်တို့ တတွေ မလွဲမသွေ စေါင့်ကြရဦးမယ့်သဘောရှိပါတယ်။

အခု “မသိန်းရှင်ဆီပို့ ပေးပါ”ဝတ္ထု ထုတ်ဝေခဲ့တာ နှစ်ပေါင်း (၄၀) ပြည့်ပါတော့မယ်။
ဆရာနိုင်ဝင်းဆွေရဲ့သမီးလေး စာရေးဆရာမလေး နီဟိန်း ရဲ့ ဒီဝတ္ထုလေးကို ဖတ်ပြီး မသိန်းရှင်ဆီပို့ ပေးပါ ကို ပိုပြီးခံစားနားလည်နိုင်ကောင်းရဲ့လို့ ကျနော်မျှော်လင့်မိပါတယ်။
ထိပ်မှာတင်ထားတဲ့ သရုပ်ဖေါ်ပုံကလည်း မဟေသီမှာပါတဲ့ပုံကို စကင်ဖတ်ပြီးတင်ပေးလိုက်တာပါ။



ပင့်သက်

ဖေဖေထားခဲ့သည့်အမွေ။
အမွေဆိုလို့ စိန်ရွှေငွေတော့ မဟုတ်ပါဘူး။ ဖေဖေ အမြတ်တနိုးစုဆောင်းခဲ့တဲ့စာအုပ်တွေနဲ့ သူ့ ပင်ကိုယ်ရေးရသဝတ္ထုရှည်စာအုပ်တွေ၊ မဂဇင်းအသီးသီးမှာရေးခဲ့တဲ့ ဝတ္ထုတိုနဲ့  သမိုင်းနောက်ခံဆောင်းပါးများ.။ ဆိုရှယ်လစ် စာပေသဘောတရားဆောင်းပါးများ၊ ဗီရိုထဲမှာတော့ ဖေဖေ့ဘဝ အနုပညာပစ္စည်းလက်ရာ၊ ဖေဖေနဲ့ ဆရာထက်မြက်တို့ ပူးတွဲဘာသာပြန်ခဲ့တဲ့ တရုတ်ပြည် စာရေးဆရာချန်ချင်းမေရဲ့ တရုတ်ပြည်သူရဲကောင်း “အိုယန်ဟိုင်၏တေးသံ” တရုတ်ဂန္တဝင်ဝတ္ထုရှည်ကြီး၊ ဗီရိုထဲမှာ အထူဆုံးစာအုပ်ကြီးပေါ့။ သူ့နီးနီး ပင်ကိုယ်ရေးဝတ္ထုရှည်ကတော့ ရာဇဝင်နောက်ခံ “မဟူရာမေတ္တာ” ပဲပေါ့။ ဖေဖေဟာ စာအုပ်ဗီရိုနဲ့စာအုပ်စင်ကို တောင်ငူက ကျွန်းသားအနှစ်ကိုမှာပြီးလုပ်ခဲ့တာ။

ကျောက်ရေတွင်း နှင်းဆီခြံလေးရဲ့ တဲအိမ်လေးဟာ ခြံထောင့်လေးမှာ ဆောက်ထားပြီး သုံးဆယ့်ငါးပေ၊ ပေငါးဆယ်မြေကွက်ထဲမှာ ဘောင်ခတ်စိုက်ပျိုးထားတဲ့ နိုင်ငံခြားမျိုး။ ဟယ်နီနတ်ရွှန်း၊ ပရာဗို့ နှင်းဆီပင်ပျိုတွေ အရောင်အသွေးတောက်ပဖူးပွင့်နေတာဟာ ခြံလေးရဲ့မင်္ဂလာတစ်ပါးလို့ ဆိုရမှာပေါ့။ ကျောက်ရေတွင်းဘူတာလေးက လမ်းကျဉ်းကျဉ်းလေးရဲ့ အနောက်ဘက်ကိုထွက်လိုက်ရင်... ရွာလမ်းမ မြောက်ဘက်ကို နည်းနည်းလျှောက်လိုက်တာနဲ့ ခြံကြီးဝင်းကြီးရေစက်နဲ့ နှစ်ခြံကျော်လိုက်တာနဲ့ ဖေဖေ့နှင်းဆီခြံလေး။ ဝါးမောင်းတက်နဲ့တွင်းရေကို ဆွဲငင်နေတဲ့ အပြုံးလဲ့လဲ့ဖေဖေဟာ သူ့ မြစိမ်းရင့်ရင့်ပင်ရွက်တွေကြားက ထိုးထွက်ဖူးပွင့်နေတဲ့ နီရင့်ရင့် ပန်းနုရောင်တစ်ဝက် အနီ။ နံနက်ရေအထမ်း ၆၀၊ ညနေ အထမ်း ၈၀၊ ရာသီဥတုအပေါ် အတိုးအလျှော့ နှင်းဆီခင်းရေထမ်းလောင်းရင်း ဖေဖေ့မျက်လုံးတွေထဲမှာ အားတက်ပျော်ဝင်နေပုံ ပုံရိပ်ကို တွေ့လိုက်ရပါတယ်။

ဖေဖေ့ကျောက်ရေတွင်း “နှင်းဆီခြံလေးထဲမှာ စာပေစကားဝိုင်းလေးရှိခဲ့သတဲ့။ ၇၀ ခုနှစ်လွန်ကာလများက မိုးဝေစာပေဂဇင်းနဲ့ ကဗျာဆရာလူငယ်တွေ၊ စာရေးဆရာတွေ၊ ပန်းချီဆရာတွေ။ သည့်အပြင် ဆရာဒဂုန်တာရာတောင် နှင်းဆီခြံလေးကိုရောက်တတ်သတဲ့။ လူငယ်ကဗျာဆရာလေးတွေက ဒီစာပေဝိုင်းလေးကို “ ဆည်းဆာကဗျာစာပေဝိုင်း” တဲ့။ ခေတ်ပြိုင်ခံစားမှု၊ မုဆိုးစိုင်သင်၊ ကာရန်မဲ့မဲ့မမဲ့မဲ့ အဘိဓမ္မာမမဲ့ဖို့ စတဲ့ အတွေးအခေါ် အယူအဆတွေ၊ ခေတ်ပြိုင်လူငယ်ကဗျာဆရာတွေရဲ့ ကဗျာတွေ အတွေးတွေထဲမှာ ထွန်းတောက်နေကြတယ်။ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနိုင်ငံတွေရဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေဟာ စစ်ပွဲတွေနဲ့ ပြောင်းလဲပစ်ဖို့ ကြိုးစားနေကြတာ။ အဲဒီကာလတွေမှာပဲစာပေ အနုပညာသည်တွေဟာလည်း ကဗျာလက်နက်နဲ့ ပူးပေါင်းအားဖြည့်ကြပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ... နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေမှာ... မြန်မာကဗျာဟာ ကြီးကြီးမားမား ပါဝင်ပတ်သက်နေတာတွေ့ရတယ်။ မြန်မာကဗျာဆရာတွေဟာ ဖိနှိပ်မှု၊ မတရားမှုတွေကို ခေတ်အဆက်ဆက်၊ တော်လှန်တိုက်ပွဲဝင်ခဲ့တာ အထင်အရှားပါပဲ။ အဲဒီကာလ အသက်နှစ်ဆယ်ဝန်ကျင်ကဗျာဆရာတွေဟာ အခုတော့ ငါးဆယ့်ကျော် ခြောက်ဆယ်သက်တမ်းသို့ ရောက်နေကြပြီပေါ့။

ဖေဖေဟာလည်း သူ့အနုပညာနဲ့ ပြည်သူ့ဘဝတွေကို ထုဆစ်ဖန်တီးဖော်ပြခဲ့တယ်။ ရှုမဝမဂဇင်းမှာ ဖေဖေရေးတဲ့ အခန်းဆက်ဝတ္ထုရှည်ကြီးပါနေချိန်၊ ဖေဖေဟာ ဝန်ထမ်းဘဝပေါ့။ မီးရထားဌာနမှာ ကုန်စစ်တာဝန်နဲ့ ပျဉ်းမနား - တောင်တွင်း လမ်းပိုင်းမှာပါ။ ဖေဖေ ရထားဝန်ထမ်းလုပ်နေချိန်မှာ မြန်မာပြည်တွင်းမှာ မှောင်ခိုလုပ်ငန်းကြီးဟာလည်း ခေတ်ကောင်းနေချိန်၊ ဖေဖေနဲ့မေမေဟာ မှောင်ခိုခေတ်ရဲ့ဇာတ်ကောင်တွေ ဖြစ်လာရတာပေါ့။

ဖေဖေဟာ မြန်မာ့မီးရထားဌာနက ပေးထားတဲ့ မြို့ လုင်ဘူတာလေးက အိမ်ခန်းလေးမှာ နေထိုင်ရတယ်။ ကုန်စစ်တာဝန်ဆိုတော့ ပျဉ်းမနား - တောင်တွင်းလမ်းပိုင်း ရထားတွေကို ကြားဘူတာတွေက တက်စစ်ရတာမျိုးလည်းရှိတာပေါ့။ တစ်ခါတစ်လေ ရှာဖွေရေးအဖွဲ့တွေနဲ့တွဲပြီး လိုက်စစ်ရတာလည်းရှိတာပေါ့။
တစ်နေ့ ဖေဖေဟာ ပျဉ်းမနားဘက်ကိုထွက်လာတဲ့ လော်ကယ်ရထားကို နတ်မောက်ဘူတာကနေ လိုက်ပါလာပြီး တောင်တွင်းဘူတာအလွန် တွဲတစ်တွဲပေါ်တက်ပြီးစစ်ဆေးပါတယ်။ တွဲတစ်တွဲပေါ်က ဖေဖေနဲ့ မျက်မှန်းတန်းမိသူ ကုန်းကူသူ အရောင်းအဝယ်သမားတွေက ဖေဖေ့ကိုနှုတ်ဆက်ရင်း တစ်ခုံပြီးတစ်ခုံကျော်ဖြစ်ပြီး စစ်ဆေးလာရာ ရှေ့ ပေါက်နားက ထိုင်ခုံအောက်က ထန်းခေါက်တောင်းပေါ် ပုဆိုးဟောင်းတစ်ထည်အုပ်ထားတဲ့ ထန်းလျက်တောင်းကို တွေ့လိုက်ရတယ်။

“ ဒီထန်းလျက်တောင်း ဘယ်သူ့ပစ္စည်းလဲ”

ဖေဖေဟာ အနီးထိုင်ခုံက ခရီးသွားတွေကို မေးနေတယ်။ ဒီအချိန်မှာ တစ်တွဲလုံးရဲ့မျက်လုံးတွေဟာ ဖေဖေ့ဆီစုပြုံရောက်နေတယ်။ ထန်းခေါက်တောင်းအပေါ်က ထိုင်ခုံမှာထိုင်နေတဲ့ အမျိုးသမီးက ဘေးကထိုင်နေတဲ့မေမေ့ကို မေးထိုးပြီး “သူ့တောင်းပါဆရာရယ်” လို့ ပြောလိုက်ပါတယ်။

“ မေးနေတာ ကိုယ့်ပစ္စည်းကိုဘာလို့မဖြေရတာလဲ၊ အစိုးရကန့်သတ်ကုန်ထဲမှာ ဒီပစ္စည်းတွေပါနေတယ်ဗျ” “ ကျွန်မကြောက်လို့ပါ” “ ခက်တော့တာပဲ... ခင်ဗျားဒီကုန်ကူးနေတာ ဘယ်လောက်ကြာပြီလဲ”
“အခုပါနဲ့ သုံးခေါက်ပဲ ရှိပါသေးတယ်ရှင့်”
“ခင်ဗျားက ကုန်းကူးတာ သုံးခေါက်ပဲရှိသေးတော့ ဒီတစ်ခါတော့ ရှိစေတော့။ နောက်တွေ့ရင် မညှာနိုင်တော့ဘူးနော်”
“ဟုတ်ကဲ့ နောက် ကျွန်မ မလုပ်တော့ပါဘူး”

ဖေဖေဟာ ပြောဆိုပြီး ရှေ့ ပိုင်းတွေကိုဆက်စစ်ပြီး ကြားဘူတာဖြစ်တဲ့ ဒလန့်ချွန်ဘူတာလေးမှာ ဆင်းကျန်ရစ်တော့တယ်။ မေမေက သူ့ဘေးကထိုင်နေတဲ့ ဒေါ်မြကိုပြောပြမိတယ်။

“ဘုရားမလို့သာပေါ့။ နို့မို့ဆိုရင်တော့ တက်လည်းပျောက်၊ လှေလည်းမှောက်ပဲ ဒေါ်မြရေ။ ဒီထန်းလျက်ကို တောင်တွင်း၊ ကန်ပေါ်ကျောင်း၊ ခရုဆေးလိပ်ခုံလမ်းတစ်လမ်းတည်းနေတဲ့ ဒေါ်သိန်းရှင်ဆီက နေ့ပြန်သွင်းနဲ့ငွေးချေးယူပြီး တစ်နိုင်ထန်းလျက်ဝယ်ရောင်းတာပါတော်။ အဖမ်းထိသွားရင် မတွေးဝံ့စရာကြီးပါတော်။ သဘောထားပြည့်ဝတဲ့ လူသူတော်ကောင်းနဲ့တွေ့ပေလို့သာ”
“ဟဲ့ ခင်ဝေ... ဒီဆရာကဒီလိုင်းကို ရောက်လာတာမကြာသေးဘူးဟဲ့။ သဘောကောင်းတယ်။ အရင်ကုန်စစ်နဲ့ကတော့ကွာပါ့အေ။ အရင်လူက အကုန်ဖမ်းပဲ။ နည်းနည်းများများ။ ငိုယိုတောင်းပန်ခြေဖက်တောင်းပန်တာတောင် ခြေနဲ့ကန်ထုတ်ပစ်တာ။ ဒီဆရာက...“
”ဟုတ်တယ်နော် ဒေါ်မြ။ သူကြည့်ရတာ မျက်နှာလေးက ပြုံးနေတာပဲ။ လေးစားဖို့ကောင်းလိုက်တာ”
“ဟဲ့ ကောင်မ လေးစားရုံပဲ လေးစားပါတော်။ ဒီထက်ပိုသွားရင်”
“ဒေါ်မြကလည်း စာနာသနားတတ်ပုံကိုပြောတာပါ”

ဖေဖေနဲ့မေမေဟာ မှောင်ခိုခေတ်ကြီးထဲမှာပဲ လက်ထပ်ပြီးအိပ်ထောင်ပြုလိုက်ကြတယ်။ ဖေဖေဟာ သူထမ်းဆောင်နေတဲ့ မီးရထားဌာနကနေ ထွက်လိုက်တော့တယ်။ ဒီအချိန်မှာ ဖေဖေဟာ လုံးချင်းဝတ္ထုရှည်ကြီးတွေထွက်နေပြီလေ။ စာပေလောကတစ်ခုလုံး ဖေဖေ့ရသဝတ္ထုလုံးချင်း စာအုပ်တွေဟာ တစ်အုပ်ဆိုတစ်အုပ် ပြောစမှတ်ပြုခံရပါတယ်။ ဆရာအောင်လင်းဆိုရင် ရင်ဘတ်ချင်းအပ်၊ ပခုံးကိုပုတ်ပြီး “ ညီလေး မင်းခေတ် မင်းခေတ်ကွလို့” အသိအမှတ် ပြုခံရပါတယ်။

ဖေဖေဟာ မီးရထားဌာနကထွက်ပြီး မေမေ့ကိုခေါ်ကာ သူ့ဇာတိဖြစ်တဲ့ တောင်ငူကျွန်းကုန်းကိုပြန်ခဲ့တယ်။ ဒါပေမယ့် ကျွန်းကုန်းမှာ စာပေနယ်နဲ့ဝေးတာကြောင့် မြောက်ဥက္ကလာ ကျောက်ရေတွင်းကို ပြောင်းလာကြတယ်။ ဖေဖေ့အစ်မတစ်ဝမ်းကွဲ ဒေါ်ခင်စီနဲ့ မလှမ်းမကမ်းမှာ မြေကွက်လေးဝယ်၊ တဲအိမ်လေးဆောက်၊ ဒေါ်ခင်စီက နေရာချပေးခဲ့ပါတယ်။ ဖေဖေ ဝန်ထမ်းဘဝနဲ့ စာမူခငွေပေါင်းပြီးဝယ်၊ လိုငွေကိုတော့ ဖေဖေ့အစ်မဒေါ်ခင်စီကစိုက်၊ နောက်မှ ဖြည်းဖြည်းချင်းပေးပေါ့။

ဖေဖေရောက်လာတဲ့ဒေသဟာ စိုက်ပျိုးရေး၊ အထူးသဖြင့် ပန်းမျိုးစုံစိုက်တဲ့သူချည်းပါပဲ။ နှင်းဆီပန်းကိုတော့ အထူးစိုက်ကြတယ်။ တချို့ ဧကနဲ့စိုက်တဲ့ နှင်းဆီခြံတွေဆို အလုပ်သမားနဲ့ ရေစက်နဲ့ ပိုက်တွေနဲ့ ရေလွှတ်တာမျိုး။ ကြီးကြီးကျယ်ကျယ် စီးပွားဖြစ်လုပ်ကိုင်နေသူတွေ များမှများ။ ဖေဖေကတော့ သူ့တစ်နိုင် နှင်းဆီခြံလေးကို သူ့လုပ်အားနဲ့ ပြုစုပျိုးထောင်ခဲ့တယ်။ မေမေဟာ ဖေဖေ့ခြံထွက် နှင်းဆီပန်းနဲ့ တခြားခြံထွက် စံပယ်ပန်းကိုယူပြီး စိန်ဂျွန်းဈေးမှာ နံနက်စောစော သွားပြီးရောင်းရတယ်။ သမီးကျောင်းပိတ်ရက်တွေ မေမေနဲ့ပန်းဈေးကို လိုက်သွားတယ်။ စိန်ဂျွန်းဈေးဟာ အဲဒီကာလက ရန်ကုန်မြို့ ရဲ့ အကြီးဆုံး မှောင်ခိုပစ္စည်းအမျိုးမျိုးရတဲ့၊ ရောင်းတဲ့ ဈေးကြီးပေါ့။

ဖေဖေ့နှင်းဆီခြံလေးကို ပန်းချီဦးဝသုန်နဲ့ ပန်းချီဦးညိုလှတို့ ရောက်လာတတ်ပါတယ်။ ညနေခင်း ဖေဖေဟာ ပန်းခြံရေလောင်းပြီးတာနဲ့ သူတို့နဲ့အတူ ကျောက်ရေတွင်း ဘီအီးဆိုင်လေးမှာ အချိန်ယူတတ်ပါတယ်။ တနင်္ဂနွေနေ့တွေမှာ အင်းစိန်မှာနေတဲ့ ဦးကြည်နိုင်ရောက်လာတတ်ပါတယ်။ တစ်ခါတလေပန်းချီဦးယဉ်မင်းပိုက်လည်း ပါလာတတ်ပါတယ်။ ဦးကြည်နိုင်နဲ့က ဖေဖေဟာ ညီအစ်ကိုအရင်းလိုချစ်ခင်ကြတာ။ ဦးကြည်နိုင်ဇနီးဒေါ်ရီကို မိန်းမခိုးတော့ ဖေဖေရယ်၊ စောင်းဦးသိန်းဝင်း၊ ဦးယဉ်ပိုက်တို့နဲ့အတူ ဦးကြည်နိုင်တို့ရဲ့ မိတ်ဆွေကြီး ကျောင်းဆရာ ဦးတင်ငွေရှိတဲ့ အင်းစိန်တစ်ဖက်ကမ်း ရွှေလင်ပန်းရွာလေးဆီ ခိုးသွားကြတယ်။

မိုးဝေကဗျာဆရာတွေထဲက ဖေဖေနဲ့အရင်နှီးဆုံး ကဗျာဆရာတွေဟာ ဆရာမောင်ရန်ပိုင်နဲ့ ဆရာအောင်ချိမ့်တို့ဖြစ်ပါတယ်။ တစ်နေ့ သာကေတရဲ့ မြောက်ဘက်ကြည်စုရွာလေးက စာပေလူငယ်တစ်စု စာပေဟောပြောပွဲကျင်းပဖို့ စာရေးဆရာတွေကို ဖိတ်ပါတယ်။ ဆရာအီကြာကွေးရယ်၊ ဦးမြတ်လွန်းနဲ့ ဖေဖေတို့သုံးယောက်ပေါ့။ ကြည်စုရွာလေးရဲ့ ရွာဦးဘုန်းကြီးကျောင်းဝင်းထဲမှာ ဖေဖေဟောရတဲ့ခေါင်းစဉ်က “ဘာကြောင့် မသိန်းရှင်..မသိန်းရှင်ဆီပို့ပေးပါ ဝတ္ထုထဲက မှောင်ခိုခေတ်ကြီးဘဝလှိုင်းတံပိုးအောက် ရောက်ခဲ့ရတဲ့ဇာတ်ကောင်ညိုညိုရဲ့ ကြေကွဲဖွယ်၊ လွမ်းမောဖွယ်ဘဝတွေ။ ဟောပြောပွဲကို ဦးကြည်နိုင်တို့ ပုပ္ပားကိုကိုဇော်တို့လည်း လိုက်ပါနားထောင်ကြသတဲ့။

ပြည်သူ့ကြယ် ဂျာနယ်စာမျက်နှာကနေ ဖေဖေရဲ့ “အချစ်ည” ဝတ္ထုကို ဆရာထက်မြက်က ဝေဖန်လိုက်တယ်။ ဖေဖေဟာ သူ့ “အချစ်ည” ဝတ္ထုဘက်က ပြန်လည်ချေပရေးခဲ့တယ်။။ နောင် ဆရာထက်မြက်နဲ့ ဖေဖေဟာ တရုတ်ပြည်သူရဲကောင်း “အိုယဉ်ဟိုင်ရဲ့ တေးသံ” ကို အတူတကွပူးတွဲဘာသာပြန်လိုက်ကြတယ်။ ဝေဖန်ရေးညီညွှတ်ရေးတွေ ကြည်နူးစရာကောင်းတဲ့ဖြစ်စဉ်တွေပါပဲ။

သမီး စပယ်နိုင်လေး
သမီးလေး
ဖေဖေ့သမီး စံပယ်နိုင်လေး၊ ဖေဖေ့ကိုယ်ပွားလေး။
သမီးဖေဖေက သမီးကို သိပ်ချစ်ရှာတာတဲ့။ ဝေ ကိုယ်တို့သမီးလေးကို ကြည့်ပါဦး။ အမေနဲ့တူလို့။ တောက်ပတဲ့မျက်လုံးနဲ့ကြည့်နေရင်း ဖေဖေပြောတတ်သတဲ့။

မေမေဟာ ဖေဖေမရှိတော့တဲ့နောက်နှင်းဆီခြံလေးကို ရောင်းပြီး မေမေ့အစ်မကြီးကြီးဒေါ်ခင်မေတို့နေတဲ့ အင်းစိန် ဖော့ကန်ရပ်ကွပ်လေးကို ပြောင်းခဲ့ကြတယ်။ ကြီးကြီးမေဟာလည်း မုဆိုးမ၊ သားတစ်ယောက်ရှိတာကလည်း စစ်ထဲပါသွားတာပြန်မလာတော့။ မေမေနဲ့သမီးလာနေတော့ ဝမ်းသာတာပေါ့။ မေမေဟာ သူရောင်းနေကျပန်းကိုပဲ စိန်ဂျွန်းဈေးမှာရောင်းမြဲ။
မေမေဟာ ဖော့ကန်ရပ်ကွက်လေးရောက်ပြီးလို့ တစ်နှစ်လောက်အကြာမှာ သူ့ရောဂါဟောင်းဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါနဲ့ဆုံးသွားရှာတယ်။ မေမေဆုံးသွားတော့ မြောက်ဥက္ကလာမှာနေတဲ့ ကြီးကြီးမေတို့ မေမေတို့နဲ့ သွေးသားမကင်းရပ်ဆွေရပ်မျိုး ဒေါ်ညိုညို ကြီးကြီးညိုဟာ မေမေ့ရက်လည်ဆွမ်းကျွေးတဲ့နေ့ နောက်မပြန်တော့ဘဲ ကျွန်မကိုပြောပါတယ်။ “သမီး စပယ်နိုင်လေး ကြီးကြီးညို မပြန်တော့ဘူး။ သမီးတို့နဲ့ပဲ ကြီးကြီးညိုခေါင်းချတဲ့အထိ နေသွားတော့မယ်”
ကြီးကြီးညို မြောက်ဥက္ကလာမှာ ဆွေမျိုးသားချင်းဆိုလို့ တစ်ယောက်မှမရှိ။ “ နေပေါ့ ကြီးကြီးရယ်၊ သမီးဝမ်းသာတာပေါ့” ဝမ်းသာလွန်းလို့ ကျွန်မ မျက်ရည်တောင်လည်ခဲ့ရတယ်။
မေမေရဲ့ လက်ငုတ်လက်ရင်း ပန်းဈေးမှာ ပန်းရောင်းနေခဲ့တယ်။ ဒီလိုနဲ့ ကျွန်မတို့နေတဲ့ ရပ်ကွက်လေး ကျူးကျော်ရပ်ကွက်ထဲပါလို့ အဖျက်ခံရပြီး ရွှေပြည်သာမြို့သစ်မှာ ပေ၂၀ ပေ၆၀ ၊ မြေတစ်ကွက်ပေါ်အိမ်လေးဆောက်၊ ကြီးကြီးညိုရယ်၊ သမီးရယ် နေကြတာပေါ့။ မြို့သစ်ဆိုတော့ လမ်းတွေကမကောင်း၊ အသွားအလာကခက်၊ လုံခြုံမှုကလည်း သိပ်မကောင်း၊ ဒီလိုနဲ့ ကျွန်မ မြန်မာမုန့်စုံနဲ့ ဒိန်ချဉ်ရောင်း။ မြို့သစ်ကနေ ရထားနဲ့သမိုင်းတို့ အုတ်ကျင်းတို့ မြို့ဆင်ခြေဖုံးရပ်ကွက်တွေမှာ ရောင်းရပါတယ်။ နှစ်နှစ်ကျော်ကျော်လောက်မှာ ကိုစစ်နိုင်နဲ့တွေပြီး အိမ်ထောင်ပြုလိုက်ပါတယ်။ ကိုစစ်နိုင်အဖေနဲ့ ကျွန်မဖေဖေတို့ဟာ သိဟောင်းကျွမ်းဟောင်းတွေပေါ့။ သူ့အဖေကလည်း စာပေသမား။ ကိုစစ်နိုင်က ဆေးဆိုးပန်းရိုက် အလုပ်လုပ်ပါတယ်။ သူနဲ့အိမ်ထောင်ကျပြီး သမီးတစ်ယောက်တောင် ကျွန်မတို့ရပါပြီ။ ဖေဖေသာ ရှိရင် သူ့မြေးမလေးကိုချစ်ရှာမှာပါ။

ပြောကြတယ်လေ။ သေသောသူကြာရင်မေ့ဆိုပေမယ့် ကျွန်မ ဖေဖေ့ကို တစ်နေ့မှမမေ့ပါ။ “ဓါးဝတ္ထုကြီးရေးခဲ့သူ စာရေးဆရာကြီးမင်းဆွေ”ကလည်း ယနေ့အထိပျောက်ဆုံးသွားခဲ့တာရှိတာပဲ။ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီလေ။

မိုးအကုန် ဆောင်းအကူးညတစ်ည၊ ကျွန်မ တိမ်တိုက်တွေ နှင်းမှုန်တွေလွင့်နေတဲ့ နှင်းပင်လယ်ကြီးထဲမှာ မျောနေမိတယ်။ တိမ်တိုက်တွေ နှင်းမှုန်နှင်းပွင့်တွေအောက်မှာ တောင်တန်းကြီးတွေ၊ နက်ရှိုင်းလှတဲ့ ချေက်ကမ္ဘားကြီးတွေ၊ ထူထပ်သိပ်သည်းနေတဲ့နှင်းထုကြီးထဲကခေါ်သံ “သမီး စပယ်နိုင်လေး...” ဖေဖေ့အသံ ဟုတ်ပါတယ်။ နှင်းမှုန်နှင်းထုလွှာထဲက ထွက်ပေါ်လာတဲ့ ဖေဖေ့အပြုံးမျက်နှာ...“ဖေဖေရယ် သမီးတို့ဆီ ဘာလို့ပြန်မလာတာလဲဟင်” “ သမီး... ဖေဖေ ဝတ္ထုရှည်ကြီးတစ်ပုဒ်ရေးနေတာ ပြီးတော့မယ်။ ပြီးရင် ဖေဖေပြန်လာခဲ့မှာပါ” “ ဖေဖေ့ ဝတ္ထှုရှည်ကြီးက ဘာတဲ့လဲဟင်” “ နှင်းသောက်တဲ့နွေ” လို့ နာမည်ပေးထားတယ် သမီးရဲ့”
“သမီး... ကလေးတစ်ယောက်ရပြီ။ အဖေ...အဖေ့မြေးမလေးကို နာမည်ပေးပါဦး ဖေဖေရယ်” “ အေး ပေးရမှာပေါ့” “ မြစံပယ်ရုံ” “ မြစံပယ်ရုံ...မြစံပယ်ရုံတဲ့”

နွေတစ်ညသည် အမှန်ပင် ရောက်ရှိလာတော့မည်။ နေ့ပေါင်းများစွာ ညပေါင်းများစွာ နွေတညမှာပင် တည်နေတော့မည်။ ။

နီဟိန်း


January 31, 2010

မသိန်းရှင်ဆီပို့ ပေးပါ


၂။

၁၉၆၂....
နံနက်လင်းစ နှင်းမှုန်များ ဝေနေဆဲ၊ အလင်းနှင့် အမှောင် ရောရှက် နေဆဲတွင် မြို့လုင်ဘူတာသို့ ရထားကြီး ဝင်လာခဲ့လျှင် ကျနော်သည်လည်း လူစီးတွဲဝတခုမှ ရပ်ကာ သူ ထိုင်နေကျ ထိုင်ခုံနေရာကို အမှတ်မထင် ကြည့်လာမိတတ်သည်။
ထိုရက်များကမူ ကျနော်သည်ပင် ကျနော့် စိတ်နှလုံးအိမ်၌ ငြိတွယ်လာနေသည့် စွဲလန်းမှုကလေးကို မမြင်နိုင်။ သူ့ ကို တွေ့နေကျနေရာ၌ မတွေ့ရသည့် ရက်များတွင် စိတ်၌ တခုခု ဟာနေ လိုအပ်နေသလိုသာ ခံစားနေရတတ်သည်။
သူ သည်လည်း ညောင်ပင်ကြီးအောက် ထိုင်ခုံနံဘေးမှ ထရပ်ကာ ရထားပေါ်၌ ပါလာမည့် ကျနော့် ကို ရှာဖွေကြည့်နေတတ်သည်။ ကျနော့်ကို လှမ်းမြင်ရလျှင် သူ့ မျက်နှာမှာ မသိမသာ ရွှန်းလက်သွားတတ်သည်။
သူသည် ရထားတွဲပေါ်သို့ ကုန်စိမ်းတောင်းများကို တင်ပြီးလျှင်လည်း တွဲပေါက်ဝမှ မခွာသေးဘဲ တောင်းများကို ဟိုရွှေ့ သည်ရွှေ့ဆွဲနေရင်း ကျနော့်ကို ကိုယ်ရောင်ပြနေတတ်ပြန်သည်။
တခါတရံ အခြားတွဲများ၌ စစ်ဆေးရှာဖွေရန် အရေးကြီးသဖြင့် ကျနော်သည် သူ စီးလာသည့် တွဲသို့ မသွားဖြစ်ခဲ့။ ထိုအခါများ၌ သူသည် တွဲဝမှ ထွက်ပြူရပ်ကာ ကျနော် ပါလာသည့်တွဲကို လှမ်းကြည့်နေတတ်သည်။ ကျနော်နှင့် မျက်နှာချင်းဆိုင်မိကြလျှင် သူသည် ရှက်ကိုး ရှက်ကန်း ဖြစ်နေတတ်ပြန်သည်။
အခြား လုပ်ဆောင်စရာများ အရေးမကြီးသည့် နေ့များတွင်ကား ရထားထွက်လာလျှင် ကျနော်သည် သူ ရပ်နေရာတွဲဝသို့ ခိုတက်လာတတ်၏။ ကျနော်သည် ရထားခြေနင်းခုံပေါ်တွင် ရပ်ရင်း သူ့ ကိုပြုံးပြကာ နှုတ်ဆက်သည်။
သူ့ အနား၌ ကျနော်ရပ်နေပြန်လျှင်လည်း သူ့ မျက်နှာမှာ ရှက်သလိုဖြစ်နေပြန်သည်။ သူသည် ကျနော့် ကို စေ့စေ့မကြည့်ရဲဘဲ ဆံတောက် ဆံပင်များကို နားရွက်ပေါ်သို့ သပ်တင်ကာ အလုပ်ရှုပ်နေပြန်သည်။

“ ကိုရင်မောင်ကြီး မပါဘူးလားလို့ ရင်ထဲကို ထိတ်သွားတာဘဲ ”
ဟူ၍လည်း ခလေးစိတ်ဖြင့် ပြောနေသည်။
“ နောက်ကိုဆိုရင် ကိုရင်မောင်ကြီး အလယ်တွဲကလိုက်လာခဲ့ သူများလဲ ဦးကောင်းဇုံဆိုင်ရှေ့ကခုံမှာ ထိုင်တာ ကိုရင်မောင်ကြီးတွေ့အောင်လို့၊ နောက်ကို အဲဒီကိုကြည့်လာခဲ့၊ ညောင်ပင်ကြီးအောက်ကခုံလေ၊ အဲဒီမှာ မတွေ့ရင် သူများမလိုက်တဲ့ နေ့လို့မှတ်ထားပေါ့ ”

ကျနော်သည် သူ ရှက်သွားမည် စိုးသဖြင့် သူ့မျက်နှာကို စိုက်မကြည့်သော်လည်း သူ့ တကိုယ်လုံးကို သိမ်းကျုံးမြင်နေရသည်။ သူဝတ်နေကျ အင်္ကျီမှာ သူ့ ကိုယ်လုံးနှင့် ကျပ်လာသဖြင့် ဘေးသားများခွဲကာ အခြားပိတ်ဖြင့်စပ်ထားရသည်။ အခါတရံ သူ့ ကို ငေးကြည့်မိလျှင် သူသည် မျက်နှာတပြင်းလုံး ရှက်စိတ်ဖြင့် ပိန်းလာကာ ခေါင်းကို ငုံ့ပစ်လိုက်တတ်သည်။ အနေကျုံ့ လာသည်။

“ အဲဒီလိုမကြည့်ပါနဲ့ ”ဟု သူ့ စိတ်အတွင်းမှပြောနေသံကိုပင် ကြားနေရသည် ထင်ရသည်။
ပုတီးကုန်းရွာကို လှမ်းမြင်ရလျှင် သူသည်....
“ အဖေတို့က ကိုရင်မောင်ကြီးကို အလည်ခေါ်လာဘို့ မှာလိုက်တာ၊ သူများတော့ မခေါ်ချင်ဘူး၊ သူများတို့အိမ်က သိပ်စုတ်တာ၊ ရှက်စရာနော်၊ အဖေတို့ကတော့ ကိုရင်မောင်ကြီးဟာ သူများတို့ ကျေးဇူးရှင်တဲ့ ”

ကျနော်သည် ငြိမ်သက်စွာ ပြုံးနေခဲ့၏။ ကျနော့် စိတ်နှလုံးအာရုံ၌ လှိုင်းထ လှုပ်ရှားနေတတ်သည်ကို သုံးသပ်မိလာသည်။
တနေ့ထက် တနေ့ တချိန် ထက် တချိန် ထို လှုပ်ရှားနေမှုမှာလည်း ပို၍သိသာလာသည်။ အလိုလို စိတ်၌ မောလာနေမိပြန်သည်။ သူ့ စိတ်တွင်လည်း ထိုသို့ လှုပ်ရှားနေသည်ကိုလည်း အစင်းသား သိလာနေရပြန်သည်။ တခါတရံ၌ သူ့မျက်လုံးရဲကြီးများအပေါ်၌ တခုခုကို တမ်းတနေသည့် အရောင်များ တောက်လာနေသည် ထင်မိသည်။

“ ဒီနေ့ ညိုညို ဘယ်ကို လိုက်မလဲ ”
“ နတ်မောက် ဈေးနေ့လေ ”
“ ပင်းချောင်းကျအောင် လိုက်ခဲ့ပါလား ”
သူသည် ခေါင်းငုံ့ထားရင်း “ ရထားခတွေသာ ပေးနေရရင် အများကြီးနေမှာနော်....ထီပေါက်မှ ကိုရင်မောင်ကြီး ရထားခတွေ အကုန်ပြန်ပေးရမှာ ”ခပ်တိုးတိုး ပြောနေသည်။
“ ထီကကော ထိုးထားပီးပလား ”
“ အဲတာတော့ စိတ်ကူးနေတုန်းဘဲ ”

သူသည် ခလေးစိတ်ပေါ်လာပြန်ကာ ရယ်စရာမဟုတ်ဘဲနှင့် လွတ်လပ်စွာ ရယ်ချင်ရယ်လိုက်ပြန်သည်။
သူ့ လွတ်လပ်စွာ ရယ်လိုက်သံကြောင့် သူ့ ကို ခလေးအဖြစ်ဖြင့်ပြန်မြင်လာကာ အစောက ပူနွေးလှုပ်ရှား လာနေခဲ့သည့် ကျနော့် စိတ်နှလုံးများသည်လည်း ပြန်၍ ငြိမ်သက်လာသည်။ ထိုလှုပ်ရှားမှုကလေးသည် ခဏမျှ ဟုတ်ကနဲ ပျောက်ကွယ်သွား ပြန်သည်။ ရင်ထဲ၌ ပေါ့ပါး ရှင်းလင်းလာသည်။ သူ၏ လွတ်လပ်စွာ ခလေးလို ရယ်လိုက်သံနှင့် ရထားခုတ်မောင်းနေသံသည် ရောထွေးသွား၏။ ထိုအသံနှစ်ခု ရောထွေးနေပုံမှာ ရွှင်မြူးဖွယ် ဂီတသံတခု ဖြစ်လာနေသည်။

ညနေအပြန်များတွင်လည်း ကျနော့်ရထားဖြင့်ပင် ပြန်လိုက်လာသည်။
အပြန်၌ကား မြို့လုင်သို့ ရထားဆိုက်ရောက်လာလျှင် မှောင်ရီဆိုင်းစ ပြုလာနေပေပြီ။ သူသည် ရထားပေါ်မှ သူ့တောင်းများကိုချပြီး ဦးကောင်းဇုံဆိုင်ရှေ့သို့ မသွားသေးဘဲ ကျနော့်ကို နှုတ်ဆက်သည်။ နက်ဖြန်တွင် သူလိုက်မည်မ မလိုက်မည်ကိုလည်း ကြိုတင် သတင်းပေးလိုက်သည်။
“ မနက်ဖြန် မြို့သစ်ဈေးနေ့ ”ဟု လှမ်းပြောသည်။
ရထားကြီး ထွက်ခွာလာခဲ့လျှင် သူသည် ဦးကောင်းဇုံ ဆိုင်ရှေ့၌ ရပ်ကျန်နေရစ်ခဲ့သည်။ ရထားကြီး ဝေးလာခဲ့သည်အထိနောက်မှ လိုက်ကြည့်နေသည်။ သူနှင့် အတူ ဦးကောင်းဇုံဆိုင်၊ ညောင်ပင်အုပ်ကြီးနှင့် မြို့လုင်သည် အဝေး၌ ငြိမ်သက်ကျန်ရစ်ခဲ့၏။

ကျနော် ခွင့်ယူတော့မည့်အခါများတွင် သူ့ကို ကြိုတင်ပြောပြထားနှင့်ရသည်။ ခွင့်ယူထားစဉ်၌ ကျနော့် နေရာတွင် လူစား တယောက်ယောက် ဝင်ရောက်လုပ်ကိုင်နေရာ..သူနှင့်အဆင်ပြေမှ ပြေပါ့မလား...ဟု ကျနော်သည်လည်း စိတ်ပူနေမိပြန်သည်။
တခါတရံတွင်ကား သူ့ ကိုပင် ကြိုတင်မပြောနိုင်ဘဲ အရေးပေါ်ခွင့်ယူရလျှင် ကျနော်သည် သူ့ အတွက် စိတ်မဖြောင့်နိုင်ပင် ဖြစ်လာမိသည်။ ရက်အတန်ကြာသွားလျှင် သူ ကျနော့်ကို မည်မျှ စောင့်မြှော်နေတော့မည်ကို တွေးမိသည်။
အလုပ်ပြန်ဝင်သည့် နေ့ များ၌ ကျနော်သည်လည်း သူစီးခိုင်းသည့် အလည်တွဲဝ၌စီးလာကာ သူမြင်စေရန် တမင်ထွက်ရပ်လာခဲ့သည်။
သူ့ ကိုလည်း သူ နေနေကျ ထိုင်ခုံတွင်သာ တွေ့ရသည်။ သူ ရထားကြီးကို ငေးမျှော်ကြည့်နေပုံမှာ မြှော်လင့်ချက် ကြီးမားစွာဖြင့် စောင့်မြှော်နေပုံထင်ရှားနေသည်။ ထိုအသွင်သဏ္ဍာန်ကို ကျနော်သည် မည်သည့်အခါတွင်မှ မေ့နိုင်မည်မဟုတ်။
သူနှင့်ကျနော်သည် အဝေးကတည်းက တယောက်ကိုတယောက် စိမ်းနေအောင်ကြည့်လာမိခဲ့ကြသည်။ ကျနော့်ကို လှမ်းမြင်ရလျှင် သူသည် ခလေးစိတ် ပေါ်လာကာ နေရာမှ ရုတ်တရက် ထရပ်ပြီး ပြေးထွက်လာသည်။ သူ၏ ဝမ်းသာအားရဖြစ်နေဟန်ကို သူသည် ဖုံးဖိ ဟန်ဆောင်ထားရ ကောင်းမှန်းမသိ။

“ ကိုရင်မောင်ကြီး ”
သူသည် လူကြားထဲမှ လှမ်းအော်နှုတ်ဆက် လိုက်သည်။
ကျနော်ရပ်နေရာ တွဲဝသို့ ကုန်းစိမ်းတောင်းများကို ထိုးတင်သည်.။ ရထားထွက်လာခဲ့လျှင် သူနှင့် ကျနော်သည် တွဲဝ၌ မျက်နှာချင်းဆိုင် ယှဉ်ရပ်နေမိကြသည်။
“ ဘယ်သွားနေတာလဲ” ဟု သူသည် အလောဆုံးဆယ်မေးနေ၏။
ကျနော်ကလည်း“ ညိုညို ပိုပီးလှလာတယ်” ဟု အမှတ်မထင်ပြောလိုက်မိသည်။
သူ့ မျက်နှာမှာ ထူပိန်းသွားပြန်သည်။ သူသည် ကျနော့်ကို မျက်စောင်း ထိုးကြည့်သည်။
ကျနော်လည်း သူ့ ကို ကြည်ရင်း ရယ်မောနေမိသည်။

“ ကဲ...ဘာအပြစ်ပြောမလို့လဲ”
“ မဟုတ်ဘူး၊ သူများမေးတာပြောစမ်းပါ၊ ကိုရင်မောင်ကြီး ဘယ်သွားပွေနေတာလဲ၊ မှန်မှန်ပြောစမ်း”
“ ဘယ်လိုထင်လို့လဲ”
“ သေများ နေပလားလို့”

သူသည် ထိုစကားများကို ခပ်တိုးတိုး ပြောနေစဉ်၌ ဒေါသဖြစ်လာကာ ကျနော့် ကိုပင် ဆွဲယမ်းပစ်မည့်ဟန် ပေါ်လာနေသည်။
သူ့ ဆံတောက် ဆံပင်များကို နားရွက်အပေါ်သို့ ခပ်သွက်သွက် သပ်တင်သည်။

“ ကိုရင်မောင်ကြီး မလိုက်တာ ဆယ်ရက်နော်...သူများသေသေချာချာ မှတ်ထားတာ၊ ကိုရင်မောင်ကြီး မပါတဲ့နေ့ကလေ ကံကောင်းလို့ လက်မှတ်အဖမ်းမခံရတာ၊ ဒီကြားထဲ လက်မှတ်တွေ ဝယ်စီးနေရတယ်၊ လက်မှတ်ခတွေ ရော်ပေးရမယ်၊ သူများလဲ ဟိုလက်မှတ်စစ်ကို မျက်နှာကျော မတည့်တာနဲ့ ဝယ်စီးပလိုက်တာပေါ့၊ အဲဒီလက်မှတ်စစ်က ကိုမြအောင်တဲ့နော်၊ အရက်သိပ်သောက်တာ၊ ဘယ်တော့ဖြစ်ဖြစ် အရက်စော်ကိုဟောင်နေတာဘဲ၊ သူ့ လွယ်အိတ်ထဲမယ် အမြဲတမ်း အရက်ပုလင်းပါတယ်၊ ကိုရင်မောင်ကြီး အရက်တော့ မသောက်နဲ့ နော်....၊ သူများ သိပ်မုန်းတာ၊ အဲဒီလူကြီးက လူကိုလဲ ရိသဲ့သဲ့လုပ်သေးတယ်၊ ပီးတော့ ပြောသေးတယ်....သူများက ကိုရင်မောင်ကြီးကို သိပ်လွမ်း နေပလားတဲ့...ပြန်လာတော့မှာပါတဲ့၊ သူများလဲ အမြင်ကပ်တာနဲ့ လွမ်းနေတယ်လို့ ပြောလိုက်တယ်၊ ပီးတော့ ကိုရင်မောင်ကြီး မိန်းမယူဘို့ အိမ်ပြန်သွားတာဆို၊ အဲတာဟုတ်သလား”

သူ့ ပါးကလေးများ ပို၍ နှင်းဆီသွေးစို့ကာ မို့ကြွလာနေပုံမှာ ရင်ခုန်လှုပ်ရှားစရာပင်။ လေဝှေ့သဖြင့် သူ့ နဖူးမှ ဆံစများသည် ဝဲပျံနေ၏။ ဤဆယ်ရက်တာအတွင်း တယောက်ကိုတယောက် မတွေ့မမြင်ရသောကြောင့် အနည်းငယ် စိမ်းသွားသလိုလည်း စိတ်၌ ထင်လာမိပြန်သည်။ ကျနော့် စိတ်ထဲ၌ လှုပ်ရှားနေခဲ့သည်တို့မှာလည်း ပို၍ ထင်ရှား ပီပြင်လာသည်။ ကျနော်ကား သူ့ကို ရင်ခွင်အတွင်းသို့ ဆွဲသွင်းပွေ့ဖက်ပစ်လိုက်ချင် စိတ်များ ပေါ်လာနေသဖြင့် ရင်ထဲတွင် ပူနွေးလာနေသည်။ သူသည် ခလေးစိတ်ဖြင့်...

“ ကိုရင်မောင်ကြီးကို သူများ နေ့တိုင်း နေ့တိုင်း အောက်မေ့နေတာ”
“ နောက်ကို ကိုရင်မောင်ကြီး ခွင့်ယူရင် သူများကို ကြိုပြောထားပါ၊ ဘယ်တော့မှ မမေ့ပါနဲ့”

ကျနော်သည် သူ့ကို ကြာရှည်ကြည့်နေမိလျှင် ဆွဲပွေ့လိုက်မိတော့မည်ကို သိလာသည်။
ကျနော်ကား စိတ်လှုပ်ရှား ဆူပွက်တတ်သူ...နက်ရှိုင်းစွာ ခံစားတတ်သူအဖြစ် မိမိကိုယ်ကို ပြန်မြင်လာသည်။
ကျနော်သည် ရထားနှင့်ယှဉ်လျက် ပြေးလိုက်လာနေသောအဝေးမှ တောင်တန်းကြီးများကို စိတ်မဝင်စားဘဲနှင့်ကြည့်လာခဲ့သည်။
ခပ်ဖြေးဖြေး ရွေ့ရွေ့ လိုက်ပါနေသည့် တောင်တန်းကြီးများပေါ်၌ မြူထုကြီးများ ပိတ်ဆိုင်းနေသဖြင့် အနားသတ်မျဉ်းကြောင်းများကို မမြင်ရ။
ဖြူစင်ခဲ့သော ကျနော့် စိတ်နှလုံးသားများမှာလည်း စွဲလန်းမှုများ အုပ်ဆိုင်းလာနေသလို ခံစား နေမိသည်။
အကြောင်းတခုခုကြောင့် သူ ဈေးပတ်မလိုက်သည့် ရက်များတွင် သူ့ ကိုမြင်တွေ့လိုစိတ်များ ဖုံးကွယ်ထားမရတော့ပေ။
ကျနော်သည် သူထိုင်နေကျခုံကို လှမ်းကြည့်၍ မတွေ့မြင်ရလျှင် ရင်ထဲ၌ သိသိသာသာ ဟာသွားသည်ကို ခံစားလာရသည်။ ကျနော်ကိုယ်တိုင်လည်း သူလိုက်ခိုင်းသည့် အလယ်တွဲဝမှပင် လိုက်ပါနေမိသည်။ သူ့ ကို လူအများကြား၌ ပါရှိမည်အထင်ဖြင့် ရှာမိပြန်သည်။ ခရီးသည်များအားလုံး ရထားပေါ်ရောက်မှ သူမပါလာ-ဟု ယုံကြည်လာခဲ့သည်။ အမှတ်မထင်ပင် သူ ဈေးပတ်မလိုက်သည့် ရက်များကို စိတ်၌ တေးမှတ်ထားမိသည်။
ရက်ပေါင်းနှစ်ဆယ်မျှ ကြာလာသောအခါ ကျနော်သည် ဦးကောင်းဇုံကြီးကို မေးကြည့်မည်ဟု စိတ်ကူးမိခဲ့သည်။ စိတ်မလုံသောကြောင့် မမေးဖြစ်ခဲ့။
ပုတီးကုန်းရွာ ခပ်လှမ်းလှမ်းမှ ရထားဖြတ်မောင်းနေစဉ်၌ ကျနော်သည် ရထားတွဲဝမှာ ရပ်ကာ ရွာဖက်သို့ လှမ်းကြည့်မိပြန်သည်။ ရွာထဲရှိ သူတို့အိမ်ရှိမည့်နေရာကို မှန်းဆကြည့်မိသည်။ မန်ကျည်း တမာပင်များ အုပ်ဆိုင်းနေသော ရွာပေါ်တွင် မိုးဖွဲမိုးမှုန်များ ဆိုင်းနေသည်။
ပုတီးကုန်းရွာသည် ရထားကြီးနောက်ဖက်မှ ပြေးလိုက်လာနေရင်း မမှီနိုင်သဖြင့် တဖြည်းဖြည်း ဝေးကွာ ကျန်နေရစ်ခဲ့သည်ဟု စိတ်၌ ထင်လာမိပြန်သည်။
တခါတရံ၌မူ သူ့ကို ခလေးဟု သဘောထားကြည့်မိသည်။ ခဏနေနေလျှင်ပင် ထိုသဘောထား ပျောက်ကွယ် သွားပြန်ကာ သူနှင့် ကျနော်သည် ချစ်ရည်တူမျှသော ချစ်သူများဟု ယုံကြည်လာနေပြန်သည်။
တလကျော်ပြီးမှ သူ့ ကိုပြန်၍ မြင်တွေ့ရသောအခါ ကျနော်သည်ပင် ရင်ခုန်နေခဲ့သည်။
ထိုနေ့က သူ့ကို လှမ်းမြင်ရသောအခါ အိပ်မက်များအတွင်း၌ တွေ့မြင်နေကျ ဥစ္စာစောင့်မကလေးကို သက်ရှိထင်ရှား တွေ့မြင်လိုက်ရသလို ထင်သည်။ ကျနော်သည် သူ့ ကို အဝေးမှပင် လှမ်းငေးကြည့်လာမိသည်။
သူသည် ညောင်ပင်အောက်ရှိ ခုံတန်းပေါ်တွင် ထိုင်နေခဲ့၏။ ရထားဝင်လာသည်ကို မြင်ရလျှင် ထိုင်ရာမှ ထပြီး ရထားကြီးကို မျှော်လက့်ချက် ကြီးမားစွာဖြင့် ငေးစိုက် ကြည့်နေခဲ့သည်။ သူသည် ဆံပင်အုပ်လုံးသိမ်းပစ်လိုက်ပြီး ဖြစ်သဖြင့် လွန်ခဲ့သောတလက သူနှင့် တယောက်စီ ဖြစ်သွားပြီထင်ရသည်။
သူနှင့် ကျနော်သည် အဝေးကတည်းက တယောက်ကို တယောက် လှမ်းမျှော်ကြည့်နေမိကြသည်။
သူသည် ရထားရပ်မည့်နေရာသို့ လျှောက်လာလေသည်။
မိုးမှုန် မိုးဖွဲကလေးများ တဖွာဖွာကျနေသည်။ မှောင်ပျပျမိုးဖွဲမိုးမှုန်များအတွင်း၌ သူ့ ကိုလှမ်းမြင်ရသည်မှာ အိပ်မက်ထဲ၌ တွေ့မြင်နေရသလို ဖြစ်နေသည်။
ရထားရပ်သောအခါ၌ ကျနော်စီးလာခဲ့သည့် တွဲဝနှင့် သူ့ ကုန်စိမ်းတောင်းများ ချထားရာနေရာသည် တည့်တည့်ကျနေ၏။
သူသည် ကျနော့်ကို အောက်ဖက်မှ မော့ကြည့်လိုက်သည်။ သူ၏ နှုတ်ဆက်ပြုံးမှာ စိတ်လှုပ်ရှား ရင်ခုန်နေသဖြင့် ပီပီသသ မရှိပေ။ ကျနော်သည် သူ့ တောင်းများကို တွဲပေါ်မှ လှမ်းယူကာ နေရာချထားပေးလိုက်သည်။
သူသည်လည်း တွဲပေါ်သို့ တက်လာကာ ကျနော့် အနီးတွဲဝတွင် မျက်နှာချင်းဆိုင်၌ ရပ်နေသည်။ ကျနော်သည်လည်း သူ့ကိုနှုတ်ဆက်စကား ပြောရန်ပင် သတိမရ။ သူသည်လည်း မေ့နေဟန်တူသည်။ သူသည် ပြုံးထားသော်လည်း ကျနော့် ကို စေ့စေ့မကြည့်။
ရထားကြီး ထွက်ခွာလာမှ...ရင်ခုန်သံများမှာ ရထားခုတ်မောင်းသံနှင့် ရောထွေး ပျောက်ကွယ် သွားနေသည်ဟု ထင်မိသည်။
သူ့ ရင်ခုန်နေသံကို ရထားခုတ်မောင်းနေသံများအကြား၌ပင် ကြားနေရပြန်သည် ထင်သည်။

“ ညိုညို ယောကျာ်းနောက် လိုက်သွားတယ် ကြားလို့”
သူက “ ရှက်စရာတွေ မပြောနဲ့” ဟု ပြောရင်း ကျနော့်ကို မကြည့်ဘဲ သူ့တောင်းများကို မလိုအပ်ဘဲနှင့် ဟိုရွေ့သည်ရွေ့လုပ်နေပြန်သည်။
ကျနော်သည် ချုပ်တည်း ထားခဲ့သော စိတ်များကို အလိုလိုက် လွှတ်ပေးထားလိုက်သည်။ သူ့တကိုယ်လုံးကို ငေးစိုက်ကြည့်နေလိုက်သည်။ တောင်းရွေ့အပြီး သူ ပြန်ရပ်လိုက်သော အခါတွင်ကား မျက်နှာချင်းဆိုင်နေမိကြသည်။ သူ့ မျက်လုံးအိမ်အတွင်းကို နက်ရှိုင်းစွာ စိုက်ကြည့်နေမိသည်။ သူ့ မျက်တောင်ကော့ကြီးများကို ငေးကြည့်နေမိသည်။ သူသည် မျက်နှာတပြင်လုံး ထူပိန်းလာကာ မျက်လွှာကြီး ချလိုက်သည်။ သူ့ အသက်ရှူသံကို ကြားနေရသည် ထင်သည်။

“ ကိုရင်မာင်ကြီး ပါမှ ပါပါ့ မလားလို့”

သူ့ အသံမှာလည်း စွဲမက်ဖွယ်ရာ တုန်ယင်နေပြန်သည်။
အိမ်သာများ ခြားနေသဖြင့် အခြားခရီးသည်များနှင့်လည်း အဆက်ပြတ်နေသည်။ သည်နေရာကလေးမှာ ချစ်သူနှစ်ဦး တွေ့ဆုံကြရာ နေရာကလေးဟု ကျနော့်စိတ်၌ ထင်လာသည်။ သူ့ ကို ကျနော့် ချစ်သူဟု ယုံကြည်လာနေသည်။
သူ၏ အရှက်ကြီးနေပုံကို ရယ်မောစရာ တခုလို ထင်လာပြန်သဖြင့် ခပ်တိုးတိုး ခပ်ပေါ့ပေါ့ ရယ်နေမိပြန်သည်။ စိတ်များသည်လည်း ပို၍ လှုပ်ရှားလှိုင်းထလာပြန်သည်။

“ ညိုညိုက သိပ်လှလာတာဘဲ၊ မြင်ရတာကို အသက်ရှူမှားနေတာဘဲ” ဟု တိုးတိုး ပြောလိုက်မိသည်။
“ညိုညိုကို ချစ်နေဘီ၊ သိလား...ညိုညို့ ကို ကိုချစ်နေဘီ၊ အဲတာ မင်း သိတယ်မှုတ်လား၊ မင်းသိတယ် မှုတ်လား”
သူ့ မျက်လုံးများသည် သားရိုင်း သမင်လို ဝိုင်းစက်သွားကြ၏။
ကျနော်သည်လည်း ပို၍ စိတ်လှုပ်ရှားလာကာ ရှေ့သို့တိုးလိုက်ပြီး လက်နှစ်ဖက်ကို ရုတ်တရက် လှမ်းလိုက်သည်။ သူသည် သတိရလာပြီး သူ့ ကိုယ်ကို ဆောင့်ရုန်းလိုက်၏။
“ အိုတော်...ကိုရင်မောင်ကြီးကလဲ”
နောက်ဆုတ်လျက် သူက တိုးတိုးညည်းညည်း ပြောသည်။
အိမ်သာဖက်သို့ ရောက်သွားသည်။ ကျနော့်ကိုကျောပေးကာ လူစီးထိုင်ခုံများ ရှိရာဖက်သို့ သွက်သွက် လျှောက်သွားသည်။
ကျနော်လည်း လှေကားဝတွင်ရပ်ရင်း စိတ်လှုပ်ရှားနေခဲ့၏။ ကြိုတင်၍ တွေးတော ကြံစည်ခဲ့ခြင်းကား မဟုတ်။ ဤသို့ ရုတ်တရက် ဖြစ်ပျက်ရခြင်းအပေါ်၌ ကောင်းသည် ဆိုးသည်ကို မသုံးသပ်ချင်တော့ပေ။
မြို့သစ် ဘူတာသို့ ရောက်လျှင် သူ ဆင်းနေရစ်ခဲ့သည်။
ညနေတွင် မြို့သစ်ဘူတာသို့ ရထား အပြန်ဆိုက်ရောက်လာခဲ့သောအခါ သူ့ ကို ဘူတာပလက်ဖေါင်းပေါ်တွင် မမြင်ရတော့ပေ။ ကျနော်သည် နေရာအနှံ့အပြား လိုက်ရှာကြည့်မိ၏။ သူ တနေရာရာမှ တက်ရောက်လိုက်ပါလာလိမ့်မည်ကို သိသော်လည်း ရှာ၍ကား မတွေ့။
ရထားထွက်လာခဲ့မှ ကျနော် လက်မှတ်စစ်ဆေးရာ သူ့ကို ခရီးသည်များအလည်ရှိ ထိုင်ခုံတခုပေါ်၌ တွေ့ရသည်။ သူသည် ကျနော်ကို တချက်လှမ်းကြည့်ပြီး မျက်နှာလွှဲသွားသည်။
ကျနော်လည်း သူ့ ကိုကျောပေးကာ လှေကားဝ၌ သွားရောက်ရပ်နေခဲ့သည်။ ရထားခုတ်မောင်းနေစဉ် အပြင်ဖက်ကိုသာကြည့်လာခဲ့သည်။ သူက တချက်တချက်၌ ကျနော့် ကိုမသိမသာ စောင်းငဲ့ကြည့်နေမည်ကို သိနေသော်လည်း ကျနော်သည် အရွဲ့တိုက်ချင်စိတ် ပေါ်နေကာ သူ့ ကို တချက်မျှ လှည့်မကြည့်။
မြို့လုင်တွင် ကျနော်သည် သူ့ ကိုကျောပေးပြီး ဂါတ်တွဲသို့ထွက်လာခဲ့၏။ ရထားကြီး ထွက်ခွာလာခဲ့လျှင် ကျနော်သည် မှန်ချပ်ကြားမှ မသိမသာ လှမ်းကြည့်လာခဲ့သည်။ သူကလည်း တမင်အရွဲ့တိုက်ကာ ရထားကြီးကို ကျောပေးထားသည်ကို တွေ့မြင်ခဲ့ရသဖြင့် ကျနော်သည် ပြုံးလာခဲ့မိ၏။

နောက်ရက်များတွင် ဦးကောင်းဇုံဆိုင်ရှေ့ သူထိုင်နေကျနေရာတွင် မတွေ့မြင်ရတော့ပေ။ ထိုနေရာ၌ သူ့ကို အခါတိုင်းကလိုပင် တွေ့ရလိမ့်မည်ဟု ထင်ခဲ့သည်။ တရက်ပြီး တရက် မတွေ့ရသော အခါတွင်ကား သူက ကျနော့် ကို အထင်မှားနေခဲ့ပြီဟု တွေးရတော့သည်။
ကျနော်သည် သူနေသည့် ပုတီးကုန်းရွာကို လှမ်းကြည့်နေရင်း သူ့ရွာသို့ပင် လိုက်သွားရကောင်းမလားဟု တွေးလာရပြန်သည်။သူ့ကို တီဘီစီ စိန်ထွန်း၊ မြအောင်၊ စိုးမြင့် စသူတို့က အပျော်ကြံကာ ရိသဲ့သဲ့လုပ်သည့်နည်းတူ ကျနော့် ကိုလည်း အပျော်ကြံသည်ဟု သူတွေးထင်သွားမည်ကို စိုးရိမ် မောလာရပြန်သည်။
ဤသို့ သူ ယူဆသွားလျှင်မူ အဖြစ်အပျက်မှာ စိတ်ထိခိုက်ဖွယ်ရာ ဖြစ်ပေသည်။ ကျနော့် အပြုအမူမှာလည်း ပေါ့ပေါ့ ရှပ်ရှပ်နိုင်သည် ထင်မိသည်။

အမှန်အားဖြင့် သူသည် နေ့စဉ် ကျနော့်ကို ရှောင်ကွင်းကာ ဈေးပတ်လိုက်မြဲ လိုက်ပါနေခဲ့၏။ သူသည် မြို့လုင်မှ အတက်တွင် သံလမ်းတဖက် မစိန်မြ ဆိုင်ဖက်သို့ ပြောင်းနေခဲ့သည်။ အခြားဘူတာများတွင်လည်း ထိုသို့ နေရာပြောင်းကာ ကျနော့် ကိုလွတ်အောင် ရှောင်နေသည်။ သူသည် ခလေးစိတ်၊ ကြည်စားလို စိတ်ဖြင့် ခုနှစ်ရက် ကျော်ကျော် ကျနော့် ကို ဒုက္ခပေးနေခဲ့သည်။

တညနေတွင် အပြန်ခရီး၌ မြို့သစ်ဘူတာ ပလက်ဖေါင်းပေါ်တွင် သူ့ ကိုပြန်တွေ့ရမှ ကျနော်လည်း စိတ်ပေါ့ပါးခဲ့ရသည်။
ထိုညနေက သူသည် ဘူတာပလက်ဖေါင်းအစွန် ဂါတ်တွဲအနီးရှိ တမာပင်တန်းများ အောက်ဖက် တန်လျားပေါ်တွင် တယောက်တည်း ထိုင်နေခဲ့သည်။ သူ့ ကို ကျနော်သည် ဂါတ်တွဲပေါ်မှ လှမ်းမြင်တွေ့ရ၏။
သူသည် ဂါတ်တွဲဖက်သို့ မသိမသာ ခေါင်းငဲ့ကြည့်နေခဲ့သည်။ ကျနော် လှမ်းကြည့်လိုက်သည်နှင့် တပြိုင်တည်း သူ့ မျက်နှာကို ဆက်ကနဲ တခြားဖက် လှည့်လိုက်သည်။
ကျနော်သည် ဂါတ်တွဲပေါ်မှ ဆင်းကာ သူရှိရာသို့သွားပြီး သူထိုင်ရာ တန်းလျားတဖက်စွန်းတွင် ဝင်ထိုင်လိုက်သည်။
ထိုနေရာမှာ ပလက်ဖေါင်း အစွန်ဆုံးနေရာ ဖြစ်သဖြင့် အခြားခရီးသည်များနှင့် အလှမ်းဝေးနေသည်။
ကျနော်တို့ နှစ်ယောက်တည်းသီးသန့်ဖြစ်နေခဲ့သည်။ ကျနော်သည် အတန်ကြာသည်အထိ သူကို စကားမပြောသေးဘဲ ငြိမ်သက်စွာ ထိုင်နေစဉ်တွင် သူ့ ရင်ခုန်သံများကို ကြားနေရသည် ထင်မိသည်။ တဖက် မျက်နှာလှည့်ထားသော သူ့ကို ကျနော်သည် ငေးကြည့်နေသည်။
အတန်ကြာမှ သူသည် ပြန်လှည့်လိုက်၏။

“ လက်မှတ်စစ်မလို့လား”

သူသည် အသံတုန်တုန်ဖြင့်ပြောကာ သူ့ လက်ထဲတွင် ဆုပ်ကိုင်ထားသည့် လက်မှတ်ကို ပြနေသည်။
ကျနော်သည် သူ့ စိတ်၌ ဖြစ်ပေါ် ခံစားနေရသည်တို့ကို အမှန်အတိုင်း မြင်တွေ့သောအခါ စိတ်၌ ထိခိုက်နာကျင်မိပြန်သည်။ သူ့ မျက်နှာမှာ ညို့မှိုင်းနေခဲ့၏။ သူ့ မျက်လုံးအပေါ်တွင် မျက်ရည်များဝဲလာနေသည်။ လက်မှတ်ပြနေသော သူ့ လက်မှာ တဆတ်ဆတ်တုန်ယင်နေသည်။ သူက “ သူသည် လက်မှတ်မဲ့ဖြင့် ခရီးသွားနေသူ၊ ကျနော်က လက်မှတ်စစ်ဖြစ်၍ သူ့ ကိုမချစ်ဘဲနှင့် အပျော်ကြံစည်နေသည်”ဟု ယုံကြည်ယူဆနေခဲ့သည်။

“ ညိုညို....ကို့ စိတ်ထဲမယ် ဘယ်လိုဖြစ်နေရတယ်ဆိုတာ မင်းအမှန်အတိုင်း သိဖို့ကောင်းပါတယ်၊ နောက်ကို မင်းကိုချစ်တယ်လို့ကို ဘယ်တော့မှ မပြောတော့ဘူး”

ကျနော်သည် ဝမ်းနည်းစိတ်ဖြင့် ပြောနေမိသည်။

သူသည် ကျနော့် ကို တချက်ကြည့်ပြီး လူစီးတွဲများဖက်သို့ မျက်နှာပြန်လှည့်သွားသည်။ သက်ပြင်းချနေပြန်သည်။
ကျနော်သည်လည်း သူ့ ဖက်သို့ တိုးလိုက်၏။
“ကို့ စိတ်ထဲမယ် ဘယ်လိုဖြစ်နေတယ်၊ ဘယ်လောက် ချစ်နေတယ်ဆိုတာ မင်းမသိဘူးမှုတ်လား၊ ကိုလဲ မပြောပြတတ်ဖူး၊ အစတုန်းက မင်းကို ကို့ညီမလေးလို ချစ်တယ်၊ နောက်တော့ မင်းကလဲ ပိုပီး လှ လှလာတယ် မှုတ်လား၊ လှလို့ချစ်တာဟာ အပြစ်လား....ကဲ....ပြောစမ်း...လှတာဟာ အပြစ်လား၊ လှလို့ချစ်တာ အပြစ်လား”
သူသည် စိတ်ရှုပ်ထွေးလာသလို ခေါင်းကိုယမ်းနေသည်။
“ရထားခေါင်းတွဲဆက်ပီး ရှန်တိန် လုပ်ပီးသွားဘီး” ဟု ပြောရင်း နေရာမှ ခပ်လေးလေး ထရပ်လိုက်သည်။
“နေအုံးလေ....”
“ရထား ထွက်တော့မယ်”
“မဟုတ်ဖူး...ကိုမေးတာ ပြောပါအုံး”
“ဘာပြောရမှာလဲ”
“ကို့ ကို ချစ်တယ်လို့ ပြောသွားလေ”
သူသည် တလှမ်းနှစ်လှမ်း လှမ်းပြီးမှ ကျနော့်ကို ပြန်လှည့်ကြည့်သည်။
“လူကြီးကလဲနော်...သူများ စိတ်ညစ်နေရတဲ့အထဲ ဒုက္ခပေးလိုက်တာ၊ ဒီနေ့ ငရုပ်သီးစိမ်းတွေလဲ မရောင်းရဘူး၊ ပီးတော့ ရထားလက်မှတ်တွေ အသွားယူ အပြန်ယူ ပါဆယ်တွေလုပ်နေရ၊ ကုန်တွေမကောင်းလို့ သွန်ပစ်ခဲ့ရနဲ့ တနေ့ လေးငါးကျပ်ရှုံးနေလို့ ငိုချင်နေရတဲ့အထဲ”
သူ ညည်းညည်းညူညူ ရေရွတ်ကာ လူစီးတွဲများရှိရာသို့ သွားနေစဉ်တွင် ကျနော်ကား နေရာမှ ထရပ်ကာ ကြည်နူးစွာ ပြုံးနေမိသည်။
သူသည် ကျနော့်ကို “ကိုရင်မောင်ကြီး” ဟု သုံးနေရာမှ “လူကြီး” ဟုပြောင်းသွားသည်။ “အိုတော်” မှ “နော်”သို့ ပြောင်းလဲသွားသည်။
သူ ပြန်လှည့်ကြည့်စဉ်တွင် ကျနော်သည် အသံထွက်အောင် ရယ်မောနေမိ၏။ သူသည် ရထားပေါ်သို့ မတက်မီ ငိုမဲ့မဲ့ မျက်နှာဖြင့်ပင် နှုတ်ခမ်းတချက် ကိုက်ပြသွားသည်။ ကျနော်ကား ဤအပြုအမူ အတွက် ထပ်၍ ကြည်နူးစွာ ရယ်နေမိပြန်သည်။

(ထိပ်တွင်ဖေါ်ပြထားသောပုံမှာ ဤဝတ္ထုစာအုပ်၏ နောက်ကြောဖုံးပုံဖြစ်ပါတယ်ခင်ဗျား)