March 05, 2011

အမှိုက်ပုံ


                                                                      ဂဏာပျော်တဲ့ စာသင်ကျောင်း
                                                         အမှိုက်ပုံ
                                                            (ဃ)
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဆယ်နှစ်ကျော်ကာလအတွင်း မြန်မာစာသင်ကျောင်းတွေ အသွင်အမျိုးမျိုးနဲ့ မိုးရာသီမှာ မှိုတွေပေါက်သလို ပေါ်ပေါက်လာကြရာမှာ ‘ ကောင်းကင်ပြာစာသင်ကျောင်း ´ ကလေးလည်း တခုအပါအဝင် ဖြစ်ပါသည်။

သို့ပေမယ့် ဒီစာသင်ကျောင်းကလေးကတော့ တကယ့်ကို အမှိုက်ထဲက ရွှေ ဖြစ်သည်။ 

မဲဆောက်မြို့ထဲကနေ မိနစ်နှစ်ဆယ်ကျော် နာရီဝက်ခန့် ဆိုင်ကယ်စီးသွားရင်ရောက်တဲ့ မြို့ပြင်ဘက် အမှိုက်ပုံကြီးတပုံရဲ့ဘေးမှာ အဲဒီအမှိုက်ပုံကြီးကိုပဲ အမာခံထားပြီး ဖွင့်ခဲ့တဲ့ စာသင်ကျောင်းကလေး ဖြစ်သည်။ အမှိုက်ပုံကြီးက အမှိုက်ဟူသမျှ ရွေးချယ်ကောက်ယူပြီး ဘဝအသီးသီး ထူထောင်ရပ်တည်နေကြတဲ့ မိသားစုတွေရဲ့ သားသမီးတွေကို စာသင်ပေးနိုင်ဖို့ ဖွင့်ခဲ့တဲ့ စာသင်ကျောင်းကလေးဖြစ်သည်။ နံမည်က ကောင်းကင်ပြာ...။ ( အများအားဖြင့်တော့ ဒီစာသင်ကျောင်းကလေးကို အမှိုက်ပုံကျောင်းလို့ပဲ ခေါ်ဝေါ်နေကြတာများပါသည်။)

ကျနော် ရောက်သွားတဲ့အချိန်မှာ တကယ့်ကို အပြာရောင်နောက်ခံ ကောင်းကင်တခုရဲ့အောက် နေရောင်တံလျပ်တွေ တဖြတ်ဖြတ်ပြေးနေတဲ့ မြင်ကွင်းထဲမှာ အဲဒီ စာသင်ကျောင်းကလေးကို ဘွားကနဲ ကျနော် တွေ့လိုက်ရတာပါ။ ဒါနဲ့ပဲ စာသင်ကျောင်းကလေးကို စတင်တွေ့လိုက်ရတဲ့ နေရာမှာပဲ ဆိုင်ကယ်ခဏရပ်ပြီး ကျနော် ဓါတ်ပုံရိုက်ခဲ့ရ၏။ ပင်ညောင်ညိုအောက်က ကောင်းကင်ပြာ စာသင်ကျောင်းကလေးပေါ့..။

ဒီကျောင်းကလေးကို မရောက်လာခင်ကတည်းက ကျောင်းကလေးအကြောင်း တစွန်းတစ သိထားတဲ့အခံက ရှိနေတာမို့ ကျနော့်မှာ စာသင်ကျောင်းကလေးကို မြင်ရတယ်ဆိုလျင်ပဲ စိတ်လှုပ်ရှားသွားရ၏။ ကျနော် ငယ်ငယ်က ကျောင်းဆရာရောဂါ တော်တော်သည်းထန်ခဲ့ဖူးသည်ကိုလည်း တွေးမိလာရပြန်သည်။ ကျောင်းဆရာ ဘဝ အမျိုးမျိုးကိုလည်း ဖြတ်သန်းခဲ့ဖူး၏။ အစိုးရခန့် မူလတန်းပြကျောင်းဆရာ။ ရွာက စပါးနဲ့  ငှါးသင်တဲ့ကျောင်းဆရာ၊ ကျောင်းသားမိဘတွေ စုပေးတဲ့ ငွေနဲ့ သင်တဲ့ကျောင်းဆရာ၊ တွဲဘက်ကျောင်းဆရာ ၊ စေတနာ ညကျောင်းဆရာ၊ ရပ်ကွက်ထဲက ကျောင်းမနေနိုင်တဲ့ ခလေးတွေအတွက် အခမဲ့ ဖွင့်ထားတဲ့ ညကျောင်းက ကျောင်းဆရာ..။ တကယ့်ကို ကျောင်းဆရာဘဝကို ခုံမင်ပျော်ပါးခဲ့ဖူးသည်။ သည်တုန်းက အသက် ၂၀ ကျော်။ ကျနော် စိတ်ကူးရှိသမျှ ကျနော် မက်ခဲ့တဲ့ အိပ်မက်ဟူသမျှ လက်တွေ့ အကောင်အထည်ဖေါ်ခဲ့သည့်အရွယ်။ ကျနော်သည်လည်းပဲ အိပ်မက်တွေ ရဲရဲ မက်ခဲ့ဖူးသည်ပေါ့။
စာသင်ကျောင်းဝန်းထဲ ဝင်သွားရင်ပဲ ကျနော့် စိတ်တွေ ပြန်လည် နုပျိုလာခဲ့ရပါသည်။ ခလေးတွေ အော်ဟစ်ပြေးလွှားနေကြစဉ် ခလေးတွေ စာအံနေကြစဉ် ခလေးတွေ တယောက်နဲ့ တယောက် တွန်းထိုးကြည်ဆယ်နေကြစဉ် ကျနော့်စိတ်တွေလည်း အတိတ်နှင့် ပစ္စုပန်ကြား ကူးချည်သန်းချည် ဖြစ်နေခဲ့သည်။

တူမလေး မြတ်နိုဗယ်လ်သန်းက ကျနော့်ကို ကျောင်းအုပ်ကြီးနှင့် မိတ်ဆက်ပေးသည်။ ကျောင်းအုပ်ကြီးက နေလောင်ထားတဲ့ အသားအရေ၊ အသက်အရွယ်အားဖြင့် ၃၀ ဝန်းကျင်။ အရပ်မြင့်မြင့်။ စကားကို အပိုအလိုမပြော။ မေးတခွန်း ဖြေတခွန်း။ မျက်နှာသွင်ပြင်က ခတ်အေးအေး။

သူ့ကျောင်းကလေးမှာ မွေးစားသလို ခေါ်ထားရတဲ့ကျောင်းသား၊ မိဘများနဲ့ အဆက်အသွယ်ပြတ်သွားတဲ့ ကျောင်းသားများအကြောင်း ပြောပြနေစဉ် သူ့မျက်လုံးများထဲက အဓိပါယ်ကို ကျနော် ကောင်းကောင်း ဖတ်ကြားလို့ ရနေသည်။ သူ့ စကားသံက မပွင့်တပွင့်။ ရှင်းပြသလိုလည်းမဟုတ်၊ ငြီးတွားသလိုလည်းမဟုတ်၊ သောက စွက်သည့် မျက်နှာထားနှင့်။ ကျောင်းကလေးကိုတလှည့် ကျောင်းသားလေးတွေဆီတလှည့် ကျနော့်ဘက်ကိုတလှည့် လှည့်ကြည့်လှည့်ကြည့်လုပ်ရင်းမှ ကျနော့် ကို ရှင်းပြနေသည်။ 

ကျနော်က ကျောင်းအုပ်ကြီး၏ ရုံးခန်းကလေးထဲတွင် ထိုင်ကာ ကျောင်းအုပ်ကြီးနှင့် မိနစ် ၂၀ ခန့် စကားပြောသည်။ ရုံးခန်းကလေးထဲတွင် ရေးလက်စ ဆွဲလက်စ မြေပုံတွေ၊ ရေးလက်စ သင်ခန်းစာအထောက်အကူပြု စာတမ်းတွေ၊ ပုံတွေ၊ ပြီးတော့ ကွန်ပျူတာ တလုံး။ 

စာသင်ကျောင်းကလေး စတင်ဖွင့်လှစ်ဖို့ ကြိုးစားခဲ့စဉ်က အတွေ့အကြုံတွေကို ကျနော် နားထောင်သည်။ စတင်ဖွင့်လှစ်စဉ်က အခုဖွင့်ထားသည့် နေရာနှင့် အတန်ငယ်ဝေးသည့်နေရာတွင် ကျောင်းဖွင့်ခဲ့ရသည်။ အမိုးသာရှိပြီး အကာမရှိ။ ဂိုဒေါင်ဟောင်းတခုကို ငှါးဖွင့်ခဲ့သည်။ကျောင်းဖွင့်စက ကျောင်းသား ၄၇ ယောက်။ လုပ်အားပေးဆရာ ၃ ယောက်။ အခုတော့ ဆရာ ဆရာမများကို လစာပေးနိုင်ပြီ။ ဆရာ ဆရာမ ၁၀ ယောက်။ ကျောင်းအိပ်အကျောင်းစား ၃၀ ကျော်။ စုစုပေါင်း ကျောင်းသား ၁၂၀ ကျော်။ အမှိုက်ပုံမိသားစုဝင်များသာမက အနီးအနားတောင်ယာ လူငှါးလုပ်ကိုင်သူ မြန်မာနိုင်ငံသား မိသားစု သားသမီးများကိုပါ စာသင်ပေးနေပြီ။ 

၂၀၀၆ခု၊ မေလ အတွင်းတုန်းကတော့ ယခင်အမှိုက်ပုံအဟောင်းဘေးတွင် ဖွင့်လှစ်ခဲ့ရာက အခုတော့ အလှူရှင်တွေ ကျောင်းသားမိဘတွေရဲ့ အကူအညီနဲ့ အမှိုက်ပုံအဟောင်းနှင့် အတန်ငယ်ဝေးသည့် ကတ္တရာလမ်းဘေးသို့ ၂၀၁၀ ခုနှစ်တွင် ရွှေ့ပြောင်းခဲ့သည်။
အခုတော့ အမှိုက်ပုံကြီးဆီက ရတဲ့ အနံ့ဆိုးများနှင့် အနည်းငယ်ဝေးရာမှာ နေရာပြောင်းခဲ့သဖြင့် ကျောင်းသားများရဲ့ ကျန်းမာရေးသည်လည်း သိသိသာသာ တိုးတက်လာခဲ့ရပါသည်ဟု ဆရာကြီးက ရှင်းပြသည်။
ကျနော်က ဧည့်သည်တယောက် ရောက်လာသဖြင့် ကျောင်းအုပ်ကြီးရုံးခန်းထဲမှ ပြန်ထွက်လာကာ ကျောင်းရှေ့ကို ထွက်ခဲ့သည်။ ကျောင်းရှေ့ နေရိပ်အစပ်တွင် ရပ်သည်။ ကျောင်းဝန်းကျင်ကို ကြည့်သည်။ တောရိပ်တောင်ရိပ်နှင့် နီးသဖြင့် ကျနော့်စိတ်သည်လည်း စိမ်းလန်းလာနေသည်။

ရုတ်တရက်ဆိုသလို စူးစူးဝါးဝါး ကျောင်းသားတစ်ယောက်ငိုသံကြားလို့ အသံကြားရာဘက် လှည့်ကြည့်တော့ ရပ်ထားသည့် ကျနော့်ဆိုင်ကယ်ဘေးတွင် ခလေးတစ်ယောက် မြေကြီးပေါ်မှ လူးလဲထရပ်ရင်း ငိုနေသည်။ ဆိုင်ကယ်ပေါ်မှာက ခလေး ၂ ယောက်။ သူတို့က ဘာမှမဖြစ်သလို ဆိုင်ကယ်ကို မြင်းလုပ်ပြီး စီးနေကြသည်။ ကျနော်က ငိုနေသည့် ကျောင်းသားလေးအနား ကပ်သွားတော့ တခြား ခတ်ကြီးကြီးကျောင်းသားတစ်ယောက်က လာပြီး ဆွဲခေါ်သွားခဲ့၏။ 

ဒီလိုအဖြစ်အပျက်ကိုမြင်တော့ ကျနော့်ရဲ့ ကျောင်းဆရာဘဝ ကျနော့်ကျောင်းသားလေးတွေကိုလည်း ပြန်လည်မြင်ယောင်လာမိသည်။
ထိုစဉ်က ကျနော့် စာသင်ကျောင်းရှိရာ ရွာကလေး၏ ချောင်းတဖက်ခြမ်းတွင် သစ်ထုတ်လုပ်ရေးမှ ကားကြီးများ ရောက်လာနေသည်ကြားသဖြင့် ကျောင်းသားများနှင့်ကျနော် ချောင်းတဖက်ကို ကူးလာခဲ့သည်။ ထိုနှစ်က သစ်ထုတ်လုပ်ရေးကားများ ကျနော်စာသင်ရာရွာကလေးဆီ ပထမဦးဆုံးအကြိမ် ရောက်လာခဲ့သည့် နှစ်ဖြစ်သည်။ နွေရာသီသုံး လှည်းလမ်းကို အနည်းငယ်ပြင်ကာ သစ်ထုတ်လုပ်ရေးကားများ ပဲခူးချောင်းဖျားသို့ စတင်တက်လာနိုင်ခဲ့သည့် နှစ် ဖြစ်သည်။ ကျနော်တို့တတွေ ရပ်ထားသည့်ကားကြီးများကို တွေ့တော့ တချိန်လုံး ဆူညံနေခဲ့သည့် ကျောင်းသားများမှာ စကားမပြောပဲ အားလုံး တိတ်ဆိတ်သွားသည်ကို ကျနော် သတိပြုမိလိုက်သည်။

ကားဆရာများနှင့်ကျနော် လမ်းဘေးသစ်ပင်ရိပ်အောက်တွင် စကားပြောနေစဉ် ကျနော့်ကျောင်းသားများက သစ်တင်ကားကြီးများကို ဂူအောင်းလူသားများက ဒိုင်နိုဆောကြီးများကို ဝိုင်းကြည့်နေကြသလို ခတ်လှမ်းလှမ်းမှ ဝိုင်းစုပြီး ကြည့်နေကြသည်။

သတိရလို့ လှမ်းကြည့်တော့ ကားကြီးတစင်းပေါ်တွင် ကျနော့်ကျောင်းသားများ အုပ်စုဖွဲ့ပြီး တက်ဆော့နေကြသည်ကို တွေ့ရသည်။ ကားဆရာက ကျနော့်ကို ခွင့်ပြုထားလိုက်ဖို့ ပြောသဖြင့် ကျနော်သည်လည်း ကားဆရာနှင့် စကားဆက်ပြောနေခဲ့သည်။

ရုတ်တရက်ဆိုသလို ကားဟွန်းသံကြီး ထွက်ပေါ်လာနေသည်။ ဟွန်းသံက ရပ်မသွား။ ကားပေါ်မှ ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် ကမန်းကတန်း ခုန်ချထွက်ပြေးနေကြသည်။ ကားဆရာနှင့်ကျနော် ကားရှေ့ခန်းဘေးရောက်တော့ ကားမောင်းသူ့ထိုင်ခုံတွင် ကျောင်းသားတစ်ယောက် အရုပ်ကြီးလို တောင့်တောင့်ကြီးထိုင်နေသည်ကို တွေ့ရသည်။ သူ့ လက်က စတီယာတိုင်ပေါ်ဖိလျက်။ စတီယာရင်တိုင် အဝိုင်းအလည်က ဟွန်းခလုပ်ပေါ်လက်တင်ထားသည်ကို မရုပ်သိမ်းပဲ အတင်းဖိထားသလိုဖြစ်နေ၏။ ကားဟွန်းသံက မရပ်တော့။ ကားဆရာက ထိုင်လျက်မေ့နေသော ကျနော့်ကျောင်းသားလေးကို အောက်သို့ ပွေ့ချပေးသည်။ သူ မေ့ပြီးတပ်ထားခဲ့သည့် ကားသော့ကို ဖြုတ်သည်။ မြည်နေသည့် ကားဟွန်းသံသည်လည်း ရပ်သွားသည်။ မေ့နေသည့်ကျောင်းသားလေးမှာ ချက်ချင်းဆိုသလို သတိပြန်လည်လာခဲ့၏။ ပြီးတော့ ကျနော့်လက်ထဲမှ ရုန်းထကာ ထွက်ပြေးဖို့ပင် လုပ်နေသေး၏။
အခုတော့ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီ။ ကျနော်မက်ခဲ့တဲ့ အိပ်မက်မျိုးကို ကောင်းကင်ပြာကျောင်း ကျောင်းအုပ်ဆရာကြီးသည်လည်း ဆက်ပြီး မက်နေလေဦးလား။ ကျနော် သိချင်နေခဲ့၏။
                                          အိပ်မက်တွေ ရဲရဲ မက်နိုင်ပါစေ ခလေးရေ
နေရောင်အောက်က ကစားကွင်းမှာ နေရောင်တံလျပ်တွေ လှိုင်းထပြီး ပြေးနေသည်။ ကျနော်က ကစားကွင်းရဲ့တဖက်ထိပ် ကျောင်းဝန်းအစပ်က ညောင်ပင်ကြီးအောက် လျှောက်လာခဲ့သည်။ ကျောင်းဘက်ကိုပြန်ကြည့်တော့ ရောင်စုံအရုပ်တွေရေးထားသည့် စာသင်ကျောင်းကလေးကို တွေ့နေရသည်။ ကျောင်းသားတွေဆူညံပွက်လောရိုက်နေသံနှင့်ဝေးသွားသဖြင့် ကျနော့်စိတ်ကအတိတ်ကို ပြန်ပြေး သွားနေ ပြန်သည်။ ကျနော်ငယ်စဉ် မူလတန်းပြ ဆွဲခန့်ကျောင်းဆရာ စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ပုံကို အလိုလို သွားတွေးနေမိပြန်သည်။

၁၉၇၃ ခုနှစ်ခန့် ကဖြစ်သည်။ ဖခင်ဖြစ်သူက တောင်ငူအကျဉ်းထောင်အတွင်း ရှိနေစဉ် မိသားစု စားဝတ်နေရေးအရ ကျနော် အလုပ်လုပ်ဖို့ ဆုံးဖြတ်ရသည့်အခါ မူလတန်းပြ ဆွဲခန့် ဆရာ ဝင်လျှောက်ခဲ့သည်။ မဖြစ်မနေ အလုပ်လုပ်ရမည် ရှိသောအခါ ကျောင်းဆရာစိတ် ရူးသွပ်နေသူ ကျနော့်အဖို့  ကျောင်းဆရာလုပ်ခွင့်ကြုံသောအခါ ရေငတ်တုန်း ရေတွင်းထဲ ကျသလို ဖြစ်သည်။ ပဲခူးမြို့ အမှတ် ၂ အထက်တန်းကျောင်းကြီးတွင် ကျောင်းဆရာ စာမေးပွဲ ဝင်ဖြေသည်။ အောင်စာရင်းထွက်တော့ ကျနော်က အဆင့် ၇ ဖြစ်သည်။ ကျောင်းဆရာ ၂၀၀ ကျော် ခန့်ခဲ့သည့် နှစ်ဖြစ်သည်။ မိမိတာဝန်ကျရာ စာသင်ကျောင်းများကို အောင်မှတ်အဆင့်အတိုင်း မိမိကိုယ်တိုင်ရွေးရသည်။

ထိုနေ့က အမှတ် ၂ စာသင်ကျောင်းနောက်ဖေးက စည်းဝေးခန်းမဆောင်ကြီးထဲတွင် စာမေးပွဲအောင် ဆရာ ဆရာမ ၂၀၀ ကျော်။ ခမ်းမကြီးထဲတွင် ဆူညံလျက်ရှိသည်။ ကျနော့်ဘေးနားက ဆရာ ဆရာမလေးတချို့ပြောနေသောစကားက ကျနော့်နားထဲ တန်းတန်းမတ်မတ် ဝင်လာသည်။ သူတို့က ကိုယ်ရွေးရမည့် နေရာလပ်ရှိသည့် စာသင်ကျောင်းများကို အသေအချာ စဉ်းစားပြီးမှ ရွေးသင့်ကြောင်း အထူးသဖြင့် ထန်းတောကြီးရွာနှင့် ဇောင်းတူရွာက စာသင်ကျောင်းများကိုတော့ ယောင်လို့ မှ မရွေးကြဖို့အကြောင်း အချင်းချင်း သတိပေးနေကြသည်။ 

ကျောင်းဆရာများ ကျောင်းနေရာ တယောက်ချင်းစီထပြီး မရွေးခင် ပါတီယူနစ်ဥက္ကဌ ဗိုလ်ကြီးချစ်တင်က အမှာစကားပြောသည်။ စာမေးပွဲတွင် အဆင့်နေရာ အလိုက် အစဉ်အတိုင်း ကိုယ်ကြိုက်ရာနေရာ ရွေးကြဖို့ ရှင်းပြသည်။

ကျနော် က အဆင့် ၇ ဖြစ်သည်မို့ အစေါဆုံးရွေးခွင့်ရသည်။ ကျနော့်နောက်တွင် လူ ၂၀၀ ကျော် ရှိနေသည်။ လစ်လပ်သည့် နေရာကလည်း ၂၀၀ ကျော် ရှိနေသေးသည်။ ပဲခူးမြို့ပေါ် နေရာလပ်ရှိသည့်နေရာများကို တခဏမျှ ကြည့်မိသေးသည်။ ပြီးတော့မှ ကျနော်က ထိုင်ရာမှ ထကာ နေရာလပ်များရေးထားသည့် ကျောက်သင်ပုန်းကြီးပေါ်က နေရာတနေရာကို အော်ပြီးပြောလိုက်သည်။ လူတွေ ဝေါကနဲ ဆူဆူညံညံအောင် ရယ်မောလိုက်ကြသဖြင့် ကျနော်သည်ပင် ကြောင်စီစီဖြစ်သွားရ၏။ 

ပါတီယူနစ်ဥက္ကဌ ဗိုလ်ကြီးချစ်တင်က ကျနော့်ကို နေရာမှားပြီးရွေးသည်ဟု ထင်ဟန်တူပါသည်။ နောက်တကြိမ် စိတ်တိုင်းကျနေရာ ပြန်စဉ်းစားပြီးရွေးဖို့ပြောသည်။ ကျနော်က ပထမ ပြောထားသည့် ကျောင်းနံမည်ကိုပဲ ထပ်ပြီး အတည်ပြုလိုက်သည်။ လူတွေက ကျနော့်ကို သနားစရာလူတစ်ယောက်လို ဝိုင်းကြည့်နေကြသည်ဟု ခံစားလိုက်ရသည်။

အိမ်ရောက်တော့ မိခင်ဖြစ်သူက ကျနော့်ကို ကြိုသည်။ ကျောင်းဆရာ အလုပ်ရခဲ့ပြီဖြစ်သဖြင့် မိခင်က ဝမ်းသာနေသည်။ ကျနော့်ဆီက အပေါ်အကျီ၊ လက်ထဲက စာအုပ်များကို ယူသည်။ အိမ်ရှေ့စားပွဲဘေးတွင် သားအမိ ၂ ယောက် ထိုင်ကြသည်။ ကျနော်က မိခင်ကို ဘယ်လိုပြောရမည် မသိဖြစ်နေသေးသည်။ မပြောလို့လည်း မဖြစ်သဖြင့် ပြောပြရသည်။ ကျနော် ရွေးချယ်ခဲ့သည့် ကျောင်းမှာ ထန်းတောကြီးရွာ အလယ်တန်းကျောင်း ဖြစ်သည်ဟု...။

မိခင်က ရုတ်တရက် ကျနော့်ကို ငေးပြီးကြည့်သည်။ ပြီးတော့ မျက်ရည်များ စီးကျလာနေသည်။
ကျနော်က ထန်းတောကြီး ရွာဆိုသည်မှာ ဝန်ထမ်းများ အပြစ်ရှိသည့်အခါ ပို့သည့် ကျေးတော ငှက်တော ပဲခူးချောင်းဖျားက အင်မတန်ခေါင်သည့်နေရာဖြစ်သည်ကို ကျနော် သိသည့်အကြောင်း၊ ပထမအချက် ကျနော်က အခုလို မဖွံ့ဖြိုးသေးသည့်ဒေသကို တမင်သွားချင်လို့ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအချက် အဲဒီဒေသက ကျောင်းဆရာများကို ရွာသားတွေက ချစ်ကြခင်ကြကြောင်း စားစရိတ်ပင် မကုန်ကြောင်း ဟိုရောက်ရင် စားစရိတ်လည်းသက်သာ ကျနော်လည်း သုံးစရာဖြုန်းစရာ မရှိသဖြင့် မိခင်ဆီကို လစာအပြည့်နီးပါး ပြန်ပို့နိုင်မည်ကိုတွေးပြီး ထန်းတောကြီးကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြနေခဲ့မိသည်။

မျက်ရည်တစမ်းစမ်းနှင့် အိပ်ခန်းတွင်း ဝင်သွားသောမိခင်ရဲ့မြင်ကွင်းကို အခုထက်ထိ ကျနော် မမေ့နိုင်သေး။ 

အကယ်၍ ကျနော်က တာဝန်ကျရာ ထန်းတောကြီးရွာကို သွားပြီး စာသင်ရမည် ဆိုလျင် မိခင်ဖြစ်သူမှာ အိမ်တွင် တစ်ဦးတည်း အထီးကျန်ဖြစ်ကာ ကျန်ရစ်နေခဲ့မည်ကို ကျနော် မသိမဟုတ်။ သိသည်။ သို့ သော် ကျနော်က ကျနော့်အိပ်မက်ကို ရဲရဲသာ မက်ခဲ့မိသည်။ 

အခုလို ကောင်းကင်ပြာစာသင်ကျောင်းကလေးရှေ့တွင် ရပ်ကာ၊ တောရိပ်တောင်ရိပ်များကို ငေးကာ ငယ်စဉ်က အိမ်မက်တခု ရဲရဲမက်ခဲ့မိသည့် ကျနော့်၏ လူငယ်ဘဝကိုတွေးကာ ကျနော့် နှလုံးသားများ ရုတ်တရက် စိမ်းလန်းသွားရ၏။

ငြိမ်းဝေ
အမှိုက်ပုံ အပိုင်း ကို ဆက်လက်ဖတ်ရှုပါရန်....
(အောက်မှာဖေါ်ပြထားတဲ့ဓါတ်ပုံ ၂ ပုံကတော့ တူမလေး မြတ်နိုဗယ်လ်သန်း ကျေးဇူးပြုထားတာပါ။)




February 27, 2011

အမှိုက်ပုံ


                                     သူတို့ ပျော်စံရာ တဲနန်းကလေးတစ်ခု
                                                အမှိုက်ပုံ
                                                    (ဂ)
ကျနော်တို့နှင့် ကိုက် ၂၀၀ ဝန်းကျင်လောက်မှာ ရှိနေတဲ့ အမှိုက်ပုံကြီးက ကျနော်တို့ကို ငုံ့ကြည့်နေသည်။ 

အမှိုက်ပုံကြီးရဲ့ အောက်ခြေမှာ ခွေးသုံးလေးကောင်က အနံ့ခံရင်း စားစရာလိုက်ရှာနေ၏။ ပူပြင်းလှတဲ့နေရောင်အောက်မှာ အမှိုက်ပုံကြီးက မြင့်မြင့်မားမား ကျနော်တို့အပေါ် ဆီိးမိုးနေသလိုဖြစ်နေတာမို့ ကျနော်က မေါ့ကြည့်နေမိသည်။ 

ဒီအမှိုက်ပုံကြီးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတော့ ဒီလောက်အထိလည်း မကြီးသေးတဲ့အကြောင်း အမှိုက်ပုံဘေးမှာ အခုလို လူတွေ လာရောက်နေထိုင်တာလည်း မရှိသေးတဲ့အကြောင်း အစည်းအဝေးတက်လာတဲ့ လူတစ်ယောက်က အစည်းအဝေး မစခင်လေးမှာပဲ ကျနော့်ကို ပြောပြခဲ့၏။ 

အခုတော့လည်း အမှိုက်ပုံဘေး လေးဘက်လေးတန် နေရာအနှံ့ တဲထိုးပြီး လာနေကြတဲ့ မိသားစုတွေက (၉၀) ကျော်၊ ခလေး လူကြီး လူအရေအတွက်က (၂၀၀ ) ကျော် ရှိနေခဲ့ပြီ။ သူတို့အားလုံး ကရင်ပြည်နယ်ထဲက အများစုဖြစ်သည်။
အမှိုက်ပုံကြီးဘေးမှာ လူတွေ လာပြီးမနေခင်က မြေကြွက်ကြီးတွေသာ သည်နေရာမှာ ရှိနေပြီး စိုက်ခင်းတွေတောင် ကောင်းကောင်းစိုက်လို့ မရခဲ့တဲ့အကြောင်းလည်း ပြောပြခဲ့၏။ 

အမှိုက်ပုံကြီးကို မော့ကြည့်ရင်းက မနက်ခင်း ကြောင်နှစ်ကောင် စာအုပ်ဆိုင်မှာ မတ်တပ်ရပ်ရင်း ဖတ်ခဲ့ရတဲ့ ကဗျာလေးတပုဒ်ကို သွားပြီး သတိရလိုက်ပြန်သည်။ ပထမတော့ လေးလုံးစပ်ကဗျာဖြစ်နေတဲ့အပြင် အကြောင်းအရာကလည်း ရိုးစင်းလွန်းတဲ့ ကဗျာဆိုပြီး တချက်သာဖတ်ကြည့်ပြီး ပြန်ချထားခဲ့သည့် ကဗျာလေးဖြစ်သည်။ စာအုပ်ဆိုင်က အလုပ်သမားလေးက ကျနော့်ကို လစဉ်ထုတ်မဂ္ဂဇင်းတွေထဲက ကဗျာတွေကို လဆန်းတိုင်း မိတ္တူကူးပေးနေကျဖြစ်လို့ သူကူးပေးလိုက်တဲ့ ကဗျာစာရွက်တွေကတော့ ကျနော့် ကြောပိုးအိပ်ထဲမှာ ပါလာခဲ့၏။အဲဒီအထဲမှာ ကျနော်ပြန်ချထားခဲ့တဲ့  ကဗျာလေးလည်း ပါလာခဲ့သည်။ 

အစည်းအဝေးမစခင် ကျနော့်ဘေးကလူတစ်ယောက်က အမှိုက်ပုံဘေး လူတွေ တစတစရောက်လာခဲ့ပုံကို  ပြောပြလိုက်တဲ့အခါမှာတော့ ကျနော့်စိတ်ဟာ အဲဒီ ပြန်ချထားခဲ့မိသည့် ကဗျာလေးဆီ တချက်ထဲ ခုန်ကူးပြီး ရောက်သွားရပြန်၏။ အခု ကျနော် ဖတ်ဖြစ်ခဲ့တဲ့ ဒီကဗျာလေးကို ကြားညှပ်ပြီး ဖေါ်ပြလိုက်ပါသည်။

အကျည်းတန်တဲ့ ဆည်းဆာ

အမှိုက်ပုံဘေးမှာ
ဝိုင်းအုံဖွေယက်
မြေကြွက်ကြီးတွေ....။
အမှိုက်ပုံမှာ
ဝိုင်းအုံစုဝေး
လေလွင့်ခွေးတွေ...။
ဒါ ဟိုတုန်းက
အခုကျတော့လေ...
မြေကြွက်လည်း ဝေး
ခွေးလည်း ပြေးပြီ
သည်နေရာမှာ၊ ရောက်လာမွှေနှောက်
‘ အစာကောက်သူ ´
စိတ်ခြောက်ခြားစွာ၊ မြင်မိငါလျင်
အားနာစိတ်ပြင်း
အံကြိတ်တင်းမိ၊ ရင်တွင်းမချိ
တစ်တိတိဖြင့်
ကြည့်မိနောင်တ၊ ခါခါရသည်
မလှမပ ဆည်းရီည။    ။

ဇော်နောင်
ကလျာမဂ္ဂဇင်း၊ မတ်လ၊ ၂၀၁၁။
                              ခေတ်သစ် ဂဏာနဲ့ ဇာလီတို့ ပျော်စံရာ ကစားကွင်းလေး
အစည်းအဝေးမှာ အသံတွေ ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်လာလို့ ကျနော်လည်းပဲ တခြားမှာအာရုံရာက်နေရာက အစည်းအဝေးထဲ ပြန်ဝင်လိုက်ရ၏။

တူမလေး မြတ်နိုဗယ်လ်သန်းက ကျောင်းနေနိုင်တဲ့အရွယ်ရှိတဲ့ သားသမီးတွေကို ကျောင်းကို မဖြစ်မနေပို့ စေချင်တဲ့အကြောင်းပြောလိုက်တဲ့အခါ အမျိုးသမီးကြီး တော်တော်များများက ချက်ချင်းဆိုသလိုပဲ သဘောထားပြန်ပေးနေကြ၏။ နို့စို့အရွယ်ခလေးကို ရင်ခွင်ထဲထည့်ထားရင်း မြေကြီးပေါ်မှာ ကျကျနန ဖင်ချထိုင်နေသည့် အမျိုးသမီးကြီးကဆိုလျင် ဒါကိုတော့ ဘယ်နည်းနဲ့မှ မလိုက်နာနိုင်ဘူးလို့ အော်ပြောနေ၏။ သူ့ဘေးက အမျိုးသမီးတချို့ကလည်း ဝိုင်းပြီးပြောနေကြ၏။ တယောက်နဲ့တယောက် လုပြီးပြောနေကြတာမို့ မြတ်နိုဗယ်လ်သန်းက အသံတွေလျော့သွားတဲ့အထိ စေါင့်ကြည့်နေ၏။
တကယ်တော့ သူတို့ဟာ ခလေးတွေ ကျောင်းထားချင်ကြတဲ့သူတွေချည်းပဲဖြစ်တဲ့အကြောင်း၊ ဒါပေမယ့်လည်း စားဝတ်နေရေးအရ ခလေးကအစ အမှိုက်ကောက်နေရတဲ့အကြောင်း မိဘတွေက အလုပ်ထွက်လုပ်နေတုန်း အိမ်မှာထားခဲ့ရတဲ့ ခလေးငယ်ကို ထိန်းဖို့ အကြီးတွေကို အိမ်စေါင့်ထားခဲ့ရတဲ့အကြောင်း တယောက်တပေါက်ရှင်းပြနေကြ၏။ ကိုယ့်မြေနဲ့ကိုယ် အတည်တကျနေချင်ကြပေမယ့် ဒါကိုတော့ မလိုက်နာနိုင်ဘူးဆိုတဲ့သဘော ဝိုင်းပြောနေကြ၏။
တူမလေး မြတ်နိုဗယ်လ်သန်းက ဒါဆိုရင် ခလေးတွေ အလုပ်လုပ်လို့တနေ့ ရတဲ့ငွေကို အလှူရှင်က နေ့တွက် ပေးမယ့်အကြောင်း ခလေးတွေကိုတော့ ကျောင်းကိုပို့ရမယ့်အကြောင်း ရှင်းပြလိုက်၏။ လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားရ၏။ တချို့ကဆိုလျင် မတ်တပ်ပင် ထရပ်လိုက်ကြ၏။ ရှေ့တိုးထိုင်လိုက်ကြ၏။
အမျိုးသမီးကြီးတစ်ယောက်က သူ့ခလေးက တနေ့ကို ဝင်ငွေ အနည်းဆုံး ၆၀ ရတဲ့အကြောင်း နောက်တစ်ယောက်က ဒါကတော့ ပုံမှန်တွက်လို့မရတဲ့အကြောင်း အလုအယက် ပြောနေကြပြန်သည်။ မြတ်နိုဗယ်သန်းက ခေတ္တခဏ ပြန်မပြောပဲနားထောင်သည်။ သူတို့ပြောသမျှ ရေးမှတ်သည်။ 

ကျနော်က အစည်းအဝေးလုပ်နေသည့် လူအုပ်ဘေးမှ ခွါကာ တဲတွေကြား လျှောက်လာလိုက်သည်။ တဲနှစ်လုံးဘေးတွင် ရေတွင်းတစ်တွင်းတွေ့သည်။ ရေတွင်းဘေးက ဗွက်အိုင်များကို ရှောင်ပြီး ရေတွင်းထဲ ကျနော် ငုံ့ကြည့်သည်။ ရေတွင်းက တော်တော်လေး နက်သည်။ ရေကလည်း နည်းနည်းလေးပဲ ရှိသည်။ ကျနော့်အထင် အောက်ခံ ကျောက်သားနှင့် မြေကြီးကိုပင် မြင်နေရသည်ဟုထင်သည်။ အခုဆိုလျင် မတ်လပင်မရောက်သေး။ ရေက ခမ်းတော့မည်။ ဧပြီ၊ မေ ဆိုလျင် ရေ လုံးဝ ရှိတော့မည်မဟုတ်။ သို့သော် ရေတွင်းက ရေက သောက်ရန်မဟုတ်။ သုံးရေအတွက်သာ သုံးလို့ရသည်ဟု ဆိုသည်။ သောက်ရေကိုမူ ရေသန့်ဗူးရေကိုသာ သောက်ကြသည်ဟု သိရသည်။

ရေတွင်းဘေးက ခွါပြီး ရှေ့ကတဲဘေးတွင် သွားရပ်လိုက်သည်။ အမှိုက်ပုံကြီးဆီ ရောက်လာကာစက ရိုက်ခဲ့သော ဓါတ်ပုံများကို ပြန်ပြီးကြည့်သည်။ 
                                       ခေတ်သစ် ဂဏာနဲ့ ဇာလီတို့ ပျော်စံရာမြေ 
ဓါတ်ပုံများကို ကြည့်နေရင်းက လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က လူမှုရေးလုပ်ငန်းလုပ်ချင်စိတ်ရှိသူ အမျိုးသမီးငယ်တစ်ဦးအကြောင်း ကျနော် သွားတွေးမိပြန်သည်။

ထိုအမျိုးသမီးငယ်က သူ့အနေနှင့် ခန္ဒာကိုယ်ရင်းပြီး ဝမ်းစာရှာနေရသူ မြန်မာမိန်းခလေးများကို ကယ်တင်ချင်သည့်အကြောင်း ကျနော့်ကို ကူညီပါရန် တိုင်ပင်ခဲ့ဖူးသည်။ ကျနော်က သူ့ စိတ်ထားစေတနာကို လေးစားသည်။ အသိအမှတ်ပြုသည်။ သို့သော် သည်ကိစ္စက သိတ်ပြီးမလွယ်ကူသည့်အကြောင်း ပြောပြခဲ့မိသည်။ သူက လက်မလျှော့ပါ။ သူ့ မှာ စုထားဆောင်းထားသည့် ငွေကလေးနှင့် သူ့အလုပ်ကို စဖြစ်အောင်စ၏။ ဇိမ်မယ်လေးများရှိရာ အိမ်များတွင် တခြား သူ့အဖေါ် မိန်းခလေးတစ်ဦးနှင့် ဝင်နိုင်ထွက်နိုင်အောင် ကြိုးစား၏။ အဆက်အသွယ်ရအောင် လုပ်၏။ သည်အလုပ်မှ ထွက်ချင်သူ မိန်းခလေးများကို စုံစမ်း၏။ တွေ့သည့်အခါ ဇိမ်ခေါင်းအားပေးရန်ရှိသည့်ငွေကို စိုက်ပေး၏။ မိန်းခလေး ၂ ယောက်ကို ကယ်ထုတ်၏။ ကျန်းမာရေးကအစ ပြုစု၏။ မြန်မာပြည်ပြန်မည်ဟုဆိုသဖြင့် စရိတ်ပေးပြီး ပြန်ပို့ လိုက်၏။ နောက် ၁ လခန့်ရှိသောအခါ သူ ကယ်တင်ပြီး ပြန်လွှတ်လိုက်သည့် မိန်းခလေး ၂ ယောက်စလုံး တခြား ဇိမ်ခန်းရှေ့တွင် ဖီးကာလိမ်းကာ ရယ်ကာမောကာနှင့် ပြန်တွေ့ရလေသည်။ ကျနော့် မိတ်ဆွေ လူမှုရေးစိတ်ဓါတ်ပြင်းပြသူ မိန်းခလေးမှာ တော်တော်လေး စိတ်ပျက်သွားရ၏။ သို့သော် ကျနော့်မိတ်ဆွေ မိန်းခလေးမှာ စိတ်ခိုင်သူဖြစ်သည်။ သည်လုပ်ငန်းကို ဆက်မလုပ်သော်လည်း တခြား လူမှုရေးလုပ်ငန်းများကိုမူ ဆက်ပြီး လုပ်၏။ ယခုအခါ ကျနော့်မိတ်ဆွေ မိန်းခလေးမှာ လူမှုရေးလုပ်ငန်းကြီးများကို အောင်မြင်စွာ လုပ်ကိုင်နေသည့်အဆင့် ရောက်လာနိုင်ခဲ့သည်ဟု ဆိုရပါမည်။

ယခုလည်း တူမလေး မြတ်နိုဗယ်လ်သန်းကို ကျနော် ဘယ်လို ကူညီရပါ့။ လူမှုရေးလုပ်ငန်းဆိုသည်မှာ လူမှုရေးပြဿနာများဖြင့် ရှုပ်ထွေးကျဆုံးရတတ်သည်ကို သူ သတိပြုမိပါစ။ သည်လို လူမှုရေး ပေါက်ကွဲလွင့်စင်မှုများမှာ ဘာ့ကြောင့်ဖြစ်လာရသနည်း၊  သည် လူမှုရေးပြဿနာများ ပျောက်ကင်းသွားအောင် ဘယ်လိုနည်းလမ်းက အဓိကနည်းလမ်းဖြစ်သနည်း။ တူမလေး မြတ်နိုဗယ်လ်သန်းကို ကျနော် ဘယ်လို ကူညီပြီး ဆွေးနွေးရပါ့။ 

နေက ပူသထက်ပူလာသည်။ အမှိုက်ပုံကြီးဘေး မရောက်တရောက်တွင် ကျနော် ရပ်သည်။ ယင်ကောင်များကို ကျနော့် ပါးစပ် နှာခေါင်း ဆံပင်များပေါ်မှ မကြာခဏ ပုတ်ချနေရ၏။ တချို့ယင်ကောင်များက အသံများ တဝီဝီပေးကာ ကျနော့်ဘေးက မခွါသွားချင်ကြ။

ယင်ကောင်များကို လက်ဖြင့် ပုတ်ထုတ်ရင်းက အမှိုက်ပုံကြီးကို ကျနော် မော့ကြည့်နေမိပြန်၏။
အမှိုက်ပုံကြီးကလည်း သူ့ကို မေါ့ကြည့်နေသူ ကျနော့်ကို သနားစရာ လူသတ္တဝါတစ်ဦးကိုကြည့်သလို ငုံ့ကြည့်ပြီး ပြုံးပြနေသည်ဟု ကျနော် ခံစားလိုက်ရ၏။

ငြိမ်းဝေ
အပိုင်း (ဃ) သို့  ဆက်လက်ဖတ်ရှုပါရန်....။

February 22, 2011

ပြစ်ခဲ မဲမှောင် ပုတ်အဲ့တဲ့ လ, ရောင်တွေကို ငါ မောင်းထုတ်

အမြစ်တွေ အမြစ်တွေ
အသံမဲ့ ကုတ်ခြစ် ပွားဆန့် လူးလွန့် ထိုးဖေါက်သွားလိုက်တာ
လူ တစ်ယောက်လေ
ကြိုးတွဲလောင်းနဲ့ လှုပ်ယမ်းနေခဲ့
ဒါနဲ့တောင်
ငါ ဘာပြုလို့ကြည်အေး လို ‘ တပ်မက်ဦးမည် ´ တဲ့လား။

ငါဟာ သာမာန်ထက် တဆင့်နိမ့်တဲ့ လူတစ်ယောက်အဖြစ်
ငါဟာ
ဘဝကို တပ်မက်သူ
 ‘ အလိုလေး စူးတချောင်း စူးလိုက်သလိုပါပဲလား ´ လို့ ငြီးတွား
 ‘ ကဆကိတ ´ ရဲ့ ကဗျာ
ထိန်ထိန်သာနေတဲ့ လ, ရောင်အောက်
ရေကန်လေးကို ပတ်ပြီးလျှောက်နေလိုက်တာ
မိုးလင်းလာတာကိုတောင်မှ မသိလိုက်တဲ့ ‘ အိဆ ´
ဇိုင်မာ လမ်းဆုံ ဘူလာလေးမှာ
လ, ရောင်ကို မေါ့ကြည့်ပြီး ငိုချလိုက်တဲ့  ‘ ယက်တူရှန်ကို ´
လ, ရောင်နဲ့ ချစ်သူဆီစာရေးခဲ့သူ  ‘ ဗဟိန်း ´ သို့မဟုတ် ကဗျာ
ငါသည်ပင်လျင် တချိန်တုန်းက ငှက်ပျောရွက်တဲကလေးပေါ်မှာ
လ, ရောင်ကို ဖျာခင်း
သီချင်းငြီးရင်း အိပ်စက်ခဲ့သေးတာ
အို ငါဘာပြုလို့ လ, ရောင်နဲ့ ပြတ်စဲ
လမ်းခွဲဖို့ ကြိုးစား
ငါ လ, ရောင်ကို မုန်းခဲ့ပြီလား
လ, ရောင်ကို ကြောက်လန့်ခဲ့ပြီလား
လ, ရောင်ကို ကဲ့ထုတ်ခဲ့သူ
လ, ရောင်ကို မောင်းထုတ်ခဲ့ပြီလား
အခုတော့ လ, ကို ‘ ဥသေ ´ ဆိုပြီး
ပြစ်ပြစ်နှစ်နှစ် ဆဲရေးတိုင်းထွာခဲ့သူကြီးရေ
ငါ မင်းကို ကောင်းကောင်း နားလည်ခဲ့ပြီပေါ့။

အို လ, ရောင်များ
ဘဝအဆက်ဆက် ခြေလက်မပါတဲ့ လ, ရောင်တွေ ဖြစ်စေသား
ဘဝအဆက်ဆက် မျက်စိကန်း နားပင်းတဲ့ လ, ရောင်တွေ ဖြစ်စေသား
ငါ ဆုတောင်းလိုက်ပါတယ်။

ငြိမ်းဝေ
( ၂၂ ၊ ၂ ၊ ၂၀၁၁-ည ၁၁ နာရီ ၃ မိနစ် )
-       ကဆအိတ ။ အိဆ = ဂျပန် ဟိုက္ကု ကဗျာဆရာများ

February 20, 2011

ကဗျာ သားပျက်ကျတဲ့ ည ကိုးနာရီ

ကိုးနာရီ ထိုးပြီလား
လူတစ်ယောက်အတွက် ကိုယ်ပိုင် ညတစ်ညဖြစ်စေချင်ခဲ့
ကုတ်ခြစ်ပြီး တက်ခဲ့တယ်
ငါ့ကို ဆွဲခြစ် ဖြစ်ညှစ် ချိပ်တွယ်ထားတဲ့ အရာအားလုံး
အိမ်မြှောင် အမြီးပြတ်လို
တဆတ်ဆတ် တွန့်လိမ်ပြီး ကျန်ရစ်ခဲ့ကြတယ်
ရန်စွယ်တငေါငေါနဲ့ ပြုတ်ကျ ကျန်ရစ်ခဲ့ကြတယ်
ငါလည်းပဲ အသံတွေ တွန့် လိပ်
အသားအရေတွေ ပဲ့ရွဲ့
မျက်ရည်တပေါက်ပေါက်ကျတဲ့အထိ
ကုတ်ခြစ်ပြီး တက်ခဲ့တယ်။

ဖယ်လိုက်စမ်းပါ
ကမ္ဘာကြီး တခုလုံး ကာဆီးထားသလား
ငါ ဂရုမစိုက်ဘူး
လူတစ်ယောက်အတွက် ည ကိုးနာရီဟာ အရေးကြီးတာပေါ့။

ငါ ပေးလိုက်တဲ့ အငွေ့အသက်နဲ့တင်
လူတစ်ယောက် လမ်းထလျှောက်တယ်
လက်ဆစ်ချိုးတယ်
ထိုင်တယ်
သူ့ဘေးမှာ ငါ့ဆီကို ခေါင်းတည်ပြီး အိပ်နေတဲ့ ခွေးတစ်ကောင်
တချိန်လုံး လှုပ်နေတဲ့ သူ့အမြီးတောင်မှ ငြိမ်သက်သွားပေါ့။

ကိုးနာရီ ထိုးတော့မလား
ဖယ်ကြစမ်း
ငါ ကုတ်ခြစ်ပြီး တက်ခဲ့တယ်။

ကိုးနာရီ ထိုးပြီလေ
ကုလားထိုင်တစ်လုံး
ငြိမ်သက်တိတ်ဆိတ်နေတဲ့ ပန်းခြံလေး
လ, ရောင်နဲ့ လင်းထိန်နေတဲ့ အိမ်ရှေ့ဆင်ဝင်အောက်
စကားဝါပန်းနံ့က ဝေ့ဝဲလာပေါ့
ကမ္ဘာကြီး ခေတ္တခဏမျှ အသက်ရှူရပ်ထား
လူတစ်ယောက်အတွက် ကိုယ်ပိုင်ညတစ်ည
သူ ငါ့ကို  ရင်မဆိုင်ရဲတာလား
ရင်မဆိုင်ချင်တော့တာလား
ငါ့ကို တွေ့ချင်လွန်းလို့ ထိုင်စေါင့်နေခဲ့တာ မဟုတ်ဘူးလား
ငါ ကုတ်ခြစ်ပြီး တက်ခဲ့ပါသေးတယ်။   

ငြိမ်းဝေ
( ၂၀ ၊ ၂ ၊ ၂၀၁၁- တနင်္ဂနွေနေ့ည ၈ နာရီ ၄၅ မိနစ် )
သရုပ်ဖေါ်ပုံက ဂူဂဲလ်မှ ရယူထားတာပါ။