November 26, 2009

မုန်တိုင်းထဲက တစ်ရက်ဧပရယ်မှာ


တရက် ဧပရယ်ရဲ့ ညဥ့်ဦးယံကလေးမှာပေါ့
သူ့ ရဲ့ ငွေရောင်ဖေါင်းကြွစာလုံးလေးနဲ့ 
ညရဲ့….
ရင်ခုန်သံ တံခါးမကို တွန်းဖွင့်လိုက်လေရဲ့။

အဲဒီညရဲ့
ရယ်မော လှုပ်ခတ်သံလေးတွေက
လှလိုက်တာ
မနက်ဖန်ဟာ ငါတို့ အတွက်
မက်မောတွယ်တာစရာဆိုလို့ 
ဒီလို ညကလေးပါပဲ။

‘ကျနော်လေ လူဖြစ်သွားပြီ‛
သူ့ ရင်မှာ စူးနစ်နေတဲ့
နေရစ်ခဲ့ပါတော့ ‘၈၈‛ ဟာ
သူ့ ကိုယ်မှာ
ကျနော့်ကိုယ်မှာ
ကျနော်တို့ 
(သို့ မဟုတ်)
တော်လှန်ရေးထဲက
အနုပညာ မြတ်နိုးတပ်မက်တွယ်တာသူ
အနုပညာချစ်သူအပေါင်းရဲ့
နှလုံးသားမြစ်ထဲမှာ
နစ်ကျန်ရစ်လေရဲ့…။

တစ်ရက် ဧပရယ်ရဲ့ ညဥ့်ဦးယံကလေးမှာပေါ့
ကျနော့်ရဲ့
သူ့ ရဲ့
ကျနော်တို့ 
(သို့ မဟုတ်)
တော်လှန်ရေးထဲက
အနုပညာ မြတ်နိုးတပ်မက်တွယ်တာသူတို့ ရဲ့
ကိုယ်မှာ…
ရယ်မောလှုပ်ခတ်သံကလေးတွေကို
မြှုပ်နှံလို့ 
မုန်တိုင်းထဲကို ဖြတ်ထွက်သွားကြလေရဲ့။ ။

တိုက်အောင်
(၁ ၊ ၄ ၊ ၉၁ ဆရာနိုင်ဝင်းဆွေ၏ ကလောင်ငွေရတုနေ့ အမှတ်တရ ခံစားသည်။)

၁၉၉၂ ခုနှစ်ထဲမှာ မာနယ်ပလောမှာရှိတဲ့ ကဗျာရေးသူ (၁၈)ယောက်က ‘ဝီရ ကောင်းကင်‛ ဆိုပြီးအမည်ပေးထားတဲ့ ဖယောင်းပုံနှိပ်လက်ရေးကဗျာစာအုပ်ကလေးမှာ ကဗျာ ဝင်ပြီးရေးကြပါတယ်။ မျက်နှာဖုံးပန်းချီကို (ကို)ဒေါင်းနီက ဆွဲပေးပါတယ်။ ကျနော်က လက်ရေးနဲ့ ဝင်ရေးပေးခဲ့ပါတယ်။ဒီစာအုပ်မှာ ကဗျာဆရာ (ကို)တိုက်အောင်ကလည်း ဒီကဗျာကို ဝင်ရေးပေးခဲ့တယ်။ အခု သူမရှိတော့ပါဘူး။ သူကွယ်လွန်တာ (၁၅)နှစ်လောက်ရှိပါပြီ။တလောလေးတုန်းက မိတ်ဆွေကိုကျော်နိုင်က ကိုတိုက်အောင်ရဲ့ကဗျာရှိရင် တင်ပေးပါဆိုတာနဲ့ ပြီးတော့ဒီကဗျာကလည်း ဆရာနိုင်ကို ရည်ညွှန်းပြီးမှရေးထားတဲ့ကဗျာဖြစ်လို့အမှတ်တရအနေနဲ့  ကျနော် ဒီကနေ့ တင်လိုက်တာပါ။ အခုတော့လည်း ကဗျာဆရာ တိုက်အောင် နဲ့ ဆရာနိုင်ဝင်းဆွေ နှစ်ယောက်စလုံး ကွယ်လွန်ခဲ့ကြပါပြီ။ သူတို့ နှစ်ဦးစလုံး ကောင်းရာသုဂတိလားပါစေလို့ ကျနော်ဆုတောင်းလိုက်ပါတယ်။



2 comments:

  1. ရှားရှားပါးပါး ကဗျာလေးမို့ ကျေးဇူးပါပဲ ကိုငြိမ်းဝေ ..

    ReplyDelete
  2. ကိုငြိမ်းခင်ဗျာ ကိုတိုက်ကဗျာကလေးကိုတင်ပေးတဲ့ အတွက် ကျေးဇူးပါ။ ကိုတိုက်က ကျနော်တို့နဲ့အတူ ရှေ့တန်းမှာ အချိန်ကြာမြင့်စွာ အတူတိုက်ပွဲဝင် ခဲ့ဖူးကြတာ... ကြုံတုန်းပြောပြရအုံးမယ်.... ကိုတိုက် စာပေဝါသနာပါပုံကတော့.. ညဘက်စခန်းချချိန်မှာတောင် မီးအပြင်မထွက်ရလေအောင် စောင် သို့မဟုတ် မိုးကာကို ကာပြီး စာရေးစာဖတ်လုပ်သလို တာဝန်ချိန်လဲ မပျက်မကွက်လုပ်တာ။
    ကျနောအတွက် အမှတ်တရများ အမှတ်တရတွေပါ.....

    လေးစားစွာဖြင့်

    ကျော်နိုင်

    ReplyDelete