June 27, 2010
စပယ်ရနံ ၊့ ဥသြငှက်မြည်သံနှင့် နေထွက်ခြင်းကို စေါင့်ကြည့်ခြင်း
(က)
            သူ့ ကို
          အဝေးကမြင်ရတော့
          လှတယ်။
          အနားကို ရောက်တော့
          ကြောက်တယ်။
          သူ့ ကို တို့ ထိရတဲ့အခါ
          သူ့ ရေကို သောက်တဲ့အခါ
          သူ့ အငွေ့ ကို လှုံတဲ့အခါ
          လုံခြုံနွေးထွေး သွေးချင်းပေါင်းစပ်
          သူနဲ့ ငါ
          တစတစ နီးစပ်လာခဲ့။
          အခုတော့
          သူ့ လည်ပင်းမှာ ငါတွဲခိုစီး
          သီချင်းငြီးခဲ့။
          သူ့ ခေါင်းပေါ်က ပန်းတွေ
          ငါချွေခဲ့။
          သူ့ လက်ပေါ်
          ငါ အိပ်ပျော်ခဲ့
          သူ့ နဖူးထိပ်မှာ ငါရပ်နေဆဲ
          ကွင်းပြင်ထဲက တောအုပ်တွေ
          ခြုံပုတ်လေးတွေ ဖြစ်သွားပေါ့။
                             (ပဉ္စလက်တောင်တန်း ကဗျာမှ...)
          မိဆိုင်းကျောက်တောင်ကြီးရဲ့အောက်ခြေ တောစပ်တွင် ကျနော်တို့ နားနေခဲ့ကြသည်။ ဖါးအံမြို့ နယ် ကရင် အမျိုးသားအစည်းအရုံးဥက္ကဌ ပဒိုသာထူးကျော်ဆီက လွှတ်လိုက်မည့် ဆက်သားကို ကျနော်တို့ စေါင့် နေကြ ခြင်းဖြစ်သည်။
တောစပ်ကို မဝင်ခင်ကတည်းက မိဆိုင်းကျောက်တောင်ကြီးကို ကျနော် စိတ်ဝင်စားနေခဲ့ သည်။ ကျောက်တောင်ကြီးကို ခတ်ဝေးဝေးကတည်းက လှမ်းမျှော်ကြည့်ရှုရင်း ကွင်းတချို့ ၊ တောအုပ်တချို့ ကို ဖြတ်လာခဲ့ကြသည်။ တလမ်းလုံး မကြာခဏဆိုသလို ကျောက်တောင်ကြီးကိုသာ လှမ်းမျှော်မေါ့ကြည့်နေခဲ့မိသည်။ ကျောက်တောင်ကြီးကလည်း ကျနော်တို့ လူအုပ်ကို ငုံ့ ကြည့်နေခဲ့၏။ တနာရီနီးပါး လျှောက်လာကြသည့်တိုင် ကျောက်တောင်ကြီးနှင့်ကျနော်တို့ က တော်တော်နှင့် နီးကပ်မလာနိုင်သေး။
ကျောက်တောင်ကြီးရဲ့အောက်ခြေ တောစပ်ကိုဝင်တော့ နေရောင်ခြည်များ ဖရိုဖရဲ ပြိုကွဲကုန်သည်။ ရုတ်တရက်ဆိုသလို နေရောင်ခြည်များက အိုစာသွားရ၏။တောအုပ်ထဲကိုဝင်တော့ ကျနော်က ကျောက်တောင်ကြီးကို သစ်ပင်သစ်ကိုင်းလွတ်ရာမှတဆင့် မေါ့ကြည့်မိသည်။ ကျောက်တောင်ကြီးကမူ ကျနော်တို့ ကို ငုံ့ ကြည့်မနေတော့။ သူ့ ခေါင်းကို မေါ့နိုင်သမျှမော့ထားဟန်တူ၏။ ကျောက်တောင်ကြီးရဲ့ထိပ်ပိုင်းကို မမြင်နိုင်တော့။
“ကျနော်တို့ ဒီမှာပဲ ခဏစေါင့်နေရမယ်၊ ဥက္ကဌက ဆက်သားလွှတ်ပြီးလာခေါ်မယ်လို့ ပြောတယ်၊ သေချာတာကတော့ ဒီညနေပဲ တောင်ပေါ်တက်ပြီး တွေ့ ကြရမှာပဲ↔
ကျနော်တို့ လူအုပ်တွင် ကျနော်အပါအဝင် လူ(၄)ယောက်။ ဖါးအံမြို့ နယ် ကရင်အမျိုးသားအစည်းအရုံး အတွင်းရေးမှူး ပဒိုလာဘ၊ သူ၏ဇနီးနှင့် ပဒိုလာဘ၏ လူယုံတော်ဖြစ်ဟန်တူသူ အသက်(၄၀)ခန့် အရွယ် ကရင်အမျိုးသားကြီးတစ်ဦး။ ပဒိုလာဘ၏ဇနီးက အသားဖြူဖြူ ကိုယ်ခနာပါးပါး၊ စကားပြောလျင် ခတ်တိုးတိုး၊ လမ်းလျောက်လျင် အားယူပြီးလမ်းလျှောက်လာရသလို။ ကျန်းမာရေးသိတ်ကောင်းဟန်မတူဟုပင် ကျနော့်စိတ်ထဲ ထင်နေမိသည်။ ပဒိုလာဘ၏ လူယုံဖြစ်ဟန်တူသူ ကရင်အမျိုးသားကြီးကမူ ခြေတံလက်တံတုတ်တုတ်၊ မေးရိုးပါးရိုးကားကား၊ တကယ့်တုတ်ခိုင်မာကျောသည့်ခနာကိုယ်နှင့်။  အေကေ၄၇ သေနတ်ကိုလွယ်လျက်။ ကျနော့် အထင် သူက ပဒိုလာဘထက်ပင် အသက်အနည်းငယ်ကြီးဟန်တူသည်ဟု ယူဆမိသည်။ ပဒိုလာဘတို့ ဇနီး မောင်နှံအပေါ် တလမ်းလုံးလိုလို ရိုသေ လေးစားစွာ ပြောဆိုဆက်ဆံလာခဲ့သည်ကို တွေ့ ခဲ့ရ၏။
နာရီဝက်နီးပါးအကြာတွင် လမ်းလျှောက်စကားပြောစက်နှင့်စကားပြောနေသည့် ပဒိုလာဘက ရုတ်တရက် အစီစဉ်ပြောင်းရန်ပြောလာခဲ့၏။
“ကျနော်တို့ ချက်ချင်းတောင်ပေါ်တက်ကြရမယ်၊ ရန်သူတပ်စိပ်တစိပ် ကျနော်တို့ ဖက် လာနေတယ်လို့ ပြောတယ်↔
ပဒိုလာဘကိုယ်တိုင်က အရေးတကြီးဟန်ပြလိုက်သဖြင့် ကျနော့်မှာ ခေါင်းနပမ်းကြီးသွားရ၏။ဘယ်တောင် ပေါ်တက်မှာလည်း။ သည်ကျောက်တောင်ကြီးပေါ် တက်မှာလား။ ဘယ်နေရာက စပြီး တက်ရမလဲ။ ကျနော့်စိတ်ထဲ မေးခွန်းများ ဆက်တိုက်ပေါ်လာနေ၏။
ကျနော်တို့ အားလုံး ခြေရာလက်ရာများမကျန်အောင် ဖျက်ကြသည်။ မည်သည့်ပစ္စည်းမျှမကျန်ရစ်အောင် ဂရုတစိုက်ကြည့်ကြသည်။ သစ်ကိုင်းတခုကိုချိုးကာ သဲချောင်းကလေးထဲက ခြေရာများကို ဖျက်ကြသည်။ စိတ်ချရပြီဆိုမှ သစ်ကိုင်းကို ခြုံတွေထဲ ထိုးဝှက်ထားလိုက်ကြသည်။
“ကိုငြိမ်းဝေ ခင်ဗျားညှပ်ဖိနပ်ကို သေသေချာချာစီးပြီးမှ ဂရုတစိုက်တက်နော်၊ ကျွတ်ကျရင် ပြန်ဆင်းကောက်ဖို့ မလွယ်ဘူး၊ ကျောက်တောင်ပေါ်ကို ဖိနပ်မပါပဲနဲ့ လည်း တက်လို့ မရနိုင်ဘူး၊ ကဲ တက်မယ်↔
တောင်ပေါ်စတက်မည်ရှိစဉ်က ပဒိုလာဘပြောခဲ့သောစကားကြောင့် ကျနော်က အနည်းငယ် မခံချင်စိတ်ဖြစ်ခဲ့သည်။ ပြောချင်းပြောလျင် သူ့ ဇနှီးကိုသာ ပြောသင့်သည်ဟုတွေးသည်။ သူ့ ဇနီးခတ်နွဲ့ နွဲ့ ပိန်ပါးပါးကို မည်သို့ မျှမပြောပဲ ကျနော့်ကိုမှ ရွေးပြီး ဖိနပ်ကျွတ်မကျဖို့ ပြောသလိုလိုနှင့် သတိပေးခဲ့သည်ကို စိတ်ထဲကကြိတ်ပြီး မကျေနပ်ချင်ခဲ့။ အခုတော့ ကျနော် အံ့သြသွားရသည်။ ကျောက်ချွန်ကျောက်ခက်များမှာ ဓါးသွားလို ထက်လှသည်။ အကယ်၍ မတော်တဆ ကျောက်ချွန်ကျောက်ပြားများကြား ဖိနပ်ကျွတ်ကျသွားပါက ပြန်ဆင်းကောက်ယူလို့ ဘယ်နည်းနဲ့ မှ မရနိုင်။ ကြိုတင် သတိပေးစကားပြောခဲ့သည့် ပဒိုလာဘကို ကျေးဇူးတင်ရတော့သည်။
ကျနော်နှင့် ပဒိုလာဘတို့ အတော်ဝေးဝေးအထိ ကွာသွားခဲ့သည်။ ကရင်အမျိုးသားကြီးက နောက်ချန်ပြီး ကျနော့်ကို စေါင့်၏။ ကျနော်က သူတို့ ကိုမီရန်ကြိုးစားပြီး တက်သည်။အလင်းရောင် အားနည်းလာပြီဖြစ်သဖြင့် ကျောက်ခက်ကျောက်စွန်းများကြား လိမ့်ကျမသွားရအောင် ပိုပြီးဂရုစိုက်နေခဲ့ရ၏။ တနာရီခန့် မျှအကြာတွင် နေရောင်ခြည်မှာ အလွန်အမင်းအားနည်းသွား၏။ ကျနော့်မှာ ခက်ရာခက်ဆစ်တက်လာခဲ့ရသည့်ခရီးကို မကြာခဏ ရင်တဖိုဖိုနှင့် ပြန်ငဲ့ကြည့်မိသည်။ လေတချက်အဝေ့တွင် ကျနော့်ခနာကိုယ်မှာ ကျောက်တောင်အစွန်းမှ သစ်ရွက်ခြောက်တရွက်လို လွင့်ကျသွားမလား ထင်လိုက်ရ၏။ ရန်သူ့ ဘေးကိုကြောက်၍သာ ပဒိုလာဘတို့ နှင့်အတူ ဒမျောသောပါး တောင်ပေါ် လိုက်တက်ခဲ့ရသော်လည်း အခုတော့ ကျနော့်မှာ တောင်အောက်ကို မရဲတရဲပြန်ကြည့်ရင်း ထိတ်လန့် အားငယ်လာရတော့သည်။
“ကဲ ရောက်တဲ့နေရာမှာပဲ အိပ်မယ်၊ မိုးလည်းချုပ်တော့မယ်၊ ဆက်မတက်တော့ဘူး၊ ကိုငြိမ်းဝေ အိပ်စရာနေရာ ရှာပါ၊ ရှာမတွေ့ ရင် ဖထီးကိုပြော၊ သူဝိုင်းကူပြီးရှာပေးလိမ့်မယ်↔
ကျနော်တို့ အားလုံး ရောက်ရာနေရာတွင်ပင် တညအိပ်ဖို့ ပဒိုလာဘက ဆုံးဖြတ်လိုက်သည်။ အိပ်စရာနေရာ ကို ကံအားလျော်စွာ အလွယ်တကူတွေ့ သည်။ ကျောက်စွန်းတခု။ လူတကိုယ်စာသာသာ ကျောက်ဖြာအကျယ်၊ ခါးဝက်ခန့် မရှိတရှိ ကျောက်တုံးကျောက်ပြားတချပ်က ကာလျက်။ ကျနော် စိတ်အေးသွားရသည်။ ကမန်းကတန်း ကြောပိုးအိပ်ထဲမှ ပုဆိုးနှင့် စေါင်ပိုင်းကိုထုတ်သည်။ တောင်မကြီးနှင့် ကျောက်တုံးကြားက ပူနွေးနေသည့် ကျောက်ဖြာပေါ်ခင်းသည်။ တခြားသူတွေအတွက် ကျနော်စိတ်မပူတော့။ တော်ပေါ်တက်လာသည့် အတွေ့ အကြုံအရ သူတို့ ကို ကျနော်စိတ်ချသည်။ သူတို့ က ကျနော်နှင့် မနှိုင်းယှဉ်နိုင်လောက်အောင် သည်လိုအတွေ့ အကြုံ ရှိပြီးသူများဖြစ်သည်ကို ကျနော် ကောင်း ကောင်း သိခဲ့ပြီ။
အိပ်ယာခင်းပြီးကာမှ ဗိုက်ထဲတွင် ဆာလောင်လာရသည်။ ရေဗူးကို ကြောပိုးအိပ်ဘေးမှထုတ်ပြီး သောက် သည်။ တဝတပြဲ မသောက်ရဲသေး။ ကျောက်တောင်ပေါ်တွင်မို့ သောက်ရေကုန်သွားပါက အခက်တွေ့ မည်။ ညစာကိုတော့ ကျနော်မမျှော်မှန်းနိုင်တော့။
နေရာထိုင်ခင်းပြင်နေစဉ် ညသည် ကျောက်တောင်ကြီးကို အမှောင်ထုထဲ ဆွဲနှစ်ပစ်လိုက်၏။ ကိုယ့်အတွက် နေစရာနေရာ အဆင်ပြေကာမှပင် အဖေါ်များကို သတိရသည်။ ကျနော့်အထက် အမှောင်ထုထဲက စကားပြောသံ သဲ့သဲ့ကြားရသည်။ ပဒိုလာဘတို့ ဇနီးမောင်နှံက တနေရာတည်း အတူ နေရာရသွားဟန်တူသည်။ ကျနော့် အောက်ဖက်တနေရာတွင် ကရင်အမျိုးသားကြီး ရှိနေပေလိမ့်မည်။
ညဥ့်နက်တော့ လေတိုးသံက တချက်တချက် ပိုပြီးအသံကျယ်လာခဲ့သည်။ ကျောက်တုံးတခုက အကာ အကွယ်သဘောဖြစ်သဖြင့် ကျနော့်နေရာကလေးမှာ လေကွယ်သလိုဖြစ်နေသည်။ မတ်တပ်ရပ်ပြီး တောင်အောက် ကိုကြည့်သည်။ ဘာကိုမျှ မတွေ့ ရ။ အမှောင်ထုကြီးကိုသာ တွေ့ နေရသည်။ ထိုစဉ်မှာပင် ပန်းရနံ့ တခု ကို ကျနော် ရလိုက်သည်။ အာရုံစိုက်ပြီး စေါင့်ကြည့်သည်။ တောစပါယ်ပန်းရနံ့ ဖြစ်သည်။ ဘယ်ဆီကရောက်လာသည့် စပါယ် ပန်းရနံ့ ရယ်လို့ ကျနော်မဝေခွဲတတ်။ တောင်အောက် တနေရာဆီက ဇီးကွက်တကောင် အော်မြည်ရင်းဝေးသွားသည်။ နွားခလောက်သံသဲ့သဲ့ ကြားရသည်။ တောင်ခြေတောအုပ်ထဲက လွှတ်ကျောင်းထားသည့် ကျွဲနွားများဖြစ်မည်ဟု ခန့် မှန်းမိသည်။ ဒါဆိုလျင် ညနေက ပဒိုလာဘထံ စက်ဖြင့်သတင်းပို့ ခဲ့သည်မှာ ထိုရွာကလေးမှဖြစ်နိုင်သည်။ ကျနော်တို့ တတွေ တောအုပ်ကလေးဆီလာနေစဉ် ကျနော်တို့ နှင့်မနီးမဝေးတွင် ရွာကလေးတရွာ ရှိသည်ဟု ပဒိုလာဘက ပြောခဲ့၏။တောင်အောက် အမှောင်ထုကြီးထဲ ထိုရွာကလေးဆီက မီးရောင်တွေ့ လိုတွေ့ ငြား ကျနော်လိုက်ကြည့်သည်။ ဘာကိုမျှ မတွေ့ ရ။
 ကျောက်ဖြာပေါ် ပင်ပမ်းနွမ်းနယ်စွာ ကျနော်လှဲအိပ်လိုက်သည်။ ဘယ်အချိန်လောက်တွင် အိပ်မေါကျသွား သည်ကို ကျနော်မသိလိုက်တော့။
(ခ)
“မိဆိုင်းတောင်↔အောက်မှာ
အရာဝတ္ထုများ
“ဝိုင်းယက်↔ရဲ့ပန်းချီကားလို
အပြားလိုက် အလျားလိုက် ငါမြင်ရ။
အဲဒီမှာ
“ဂျူးဗန်း↔ရဲ့ “ကာလယန္တရား↔
ငါ ငှါးပြီး စီးခဲ့။
ငါ
အပြာရောင်မြစ်တစင်း
သီချင်းတပုဒ်
ငှက်တအုပ်နဲ့ 
မိုးကုတ်စက်ဝိုင်းဆီ ဦးတည်ခဲ့။
              (ပဉ္စလက်တောင်တန်း ကဗျာမှ...)
ရုတ်တရက် အိပ်ယာမှ နိုးလာခဲ့သည်။ လေကွယ်ရာဖြစ်သည့်တိုင် ကျနော့်နေရာလေးမှာ အေးမြနေခဲ့သည်။ ညအိပ်ယာဝင်စဉ်က ပူနွေးသလိုဖြစ်နေသည့် ကျောက်ဖြာမှာ ယခုတော့ စိမ့်အေးနေသည်။ တည လုံးနှင်း ကျထားဟန်တူသည်။ ကျနော့်ကိုယ်မှာ စိုထိုင်းထိုင်းဖြစ်နေသည်။ ချမ်းစိမ့်လာသည့်အတွက် ရုတ်တရက် အိပ်ယာက နိုးလာခဲ့ခြင်း ဖြစ်ကောင်းဖြစ်မည်။ မိုးမလင်းသေးသဖြင့် ကျနော်က အမှောင်ထုထဲတွင်ပင် ဆက်ပြီးလှဲနေရသည်။ ထိုစဉ် အတွေးတခုဝင်လာသဖြင့် ပြန်အိပ်လို့ မဖြစ်တော့ဟု ကျနော်တွေးသည်။ ကြုံတောင့်ကြုံခဲ အတွေ့ အကြုံတခုကို ကျနော် လက်လွတ်ခံလို့ မဖြစ်။ ဟုတ်သည်။ နေထွက်လာခြင်းကို တောင်ထိပ်ပေါ်မှတဆင့် ကျနော် စေါင့်ကြည့်ခွင့် ရတော့မည်။ ရုတ်တရက်ဆိုသလို ကျနော့်ခနာကိုယ်မှာ လန်းလန်းးဆန်းဆန်းဖြစ်လာရ၏။ အသေအချာပြန်တွေးတော့ ကျနော်တို့ အိပ်စက်ခဲ့သည့်ဘက်မှာ ကျောက်တောင်ကြီး၏ အရှေ့ ဘက်ခြမ်းဖြစ်သည်ကို ကျနော် ကောင်းကောင်းတွက်ချက်မိသွားသည်။ ထို့ ကြောင့် ပြန်မအိပ်တော့ပဲ နေရန် ကျနော် ဆုံးဖြတ်လိုက်သည်။
စိတ်ကိုတင်းထားသည့်ကြားမှ မှေးကနဲအိပ်ပျော်မည်ရှိစဉ် ကျနော့်နားထဲ၌ တစုံတရာအသံ သဲ့သဲ့ကြား လိုက်ရသည်။ အိပ်ယာမှ လူးလဲထသည်။ ကျောက်တုံးပေါ်မေးတင်ကာ နားစိုက်ထောင်သည်။ ကျနော် ကျေနပ် သွားရသည်။ မည်သည့်နေရာဆီကမသိ တုံးမေါင်းခေါက်သံကြားရသည်။ ပဒိုလာဘထံ စက်ဖြင့်သတင်းပို့ သည့် ရွာက လေးဆီမှဖြစ်မည်ဟု ခန့် မှန်းသည်။ ဒါဆိုလျင် မိုးလင်းခါနီးပြီ။ ကျနော်က နေရာတွင်ပင် ကျကျနနရပ်ကာ တောင် အောက်ဖက်နှင့် နေရာအနှံ့  လိုက်ကြည့်နေသည်။ မကြာလိုက်ပါ။ ကျနော့်မျက်စေ့ထဲ အနီရောင်အလင်းတန်းတခု ဖြတ်ပြေးသလို မြင်လိုက်သည်။ အားစိုက်ပြီးကြည့်တော့ အမှောင်ထုကိုသာ တွေ့ ရသည်။ ထို့ နောက် အလွန် ဝေးကွာလွန်းသည့်တနေရာမှ နောက်ထပ် အနီရောင် မျဉ်းတ ကြောင်းမြင်ရသည်။ အနီရောင်နှင့် အမဲရောင်။ အနီ ရောင်နှင့်အပြာရောင်။ အနီရောင်နှင့်ခဲပုတ်ရောင်။ အနီရောင်နှင့် အဖြူရောင်။ တခြားအရောင်များက ပေါ်လာလိုက် မှိန်သွားလိုက်။ အနီရောင်မျဉ်းကြောင်းကတော့ တဖြေးဖြေးကြီး သထက်ကြီးလာ။ ကျနော်နှင့် မိုင်ပေါင်း များစွာဝေးကွာလွန်းသည့်တနေရာတွင်မူ နေထွက်နေလောက်ပြီ။ ထိုနေရာ၌ မာနယ်ပလောသည် စတင်လှုပ် ရှားစ ပြုလောက်ပြီ။ သောင်ရင်းမြစ်သည်လည်းကောင်း၊ မြစ်သံလွင်သည် လည်း ကောင်း နေရောင်အောက်၌ လူးလွန့် လှုပ်ရှား နေလောက်ပြီ။
နေထွက်ခြင်းကို စေါင့်ကြည့်နေစဉ် ဗြိတိသျှစာရေးဆရာကြီး ဆမ်းမားဆက်မွန်ရဲ့ပြောစကားကို သတိရ နေမိပြန်သည်။ သူက“ကျုပ်ဟာ နှစ်ပေါင်းငါးဆယ်လုံးလုံး နေထွက်တာကို တရက်မကျန်စေါင့်ကြည့်ခဲ့ဖူးတယ်↔ဟု ပြောခဲ့၏။
တဖြေးဖြေးနယ်ချဲ့ လာနေသည့် နေရောင်ခြည်များကို လှမ်းကြည့်နေစဉ် ကျေးငှက်သံများကို တောင်အောက်ဖက်က ကြားလာရပြန်သည်။ ဥသြငှက်တကောင်ရဲ့ ကြေကွဲဆို့ နင့်သည့် အော်မြည်သံက တဖြေး ဖြေးဝေးသွားနေ၏။ ချက်ချင်းဆိုသလို အိပ်တန်းဆင်းငှက်သံများကို ကြားရသည်။ ကျေးငှက်သံများက တောင်ခြေမှလည်းကောင်း တောင်၏ခါးလည်လောက်ဆီမှလည်းကောင်း နေရာအနှံ့ ကြားရသည်။
ကျေးငှက်သံများကို နားထောင်နေစဉ် ကျနော့်ရှေ့ ၌ သဘာဝပန်းချီကားချပ်ကြီးတခု ဘွားကနဲ ရောက်လာခဲ့၏။ တောင်အောက်က သစ်ပင်တောတန်းများ၊ ကွင်းများကို လှမ်းမြင်နေရသည်မှာ ဆန်းသစ် လတ်ဆတ် လွန်းသည့်မြင်ကွင်းဖြစ်နေသည်။
“ကိုငြိမ်းဝေ ကျနော်တို့ အောက်ကိုပြန်ဆင်းမယ်၊ ဘယ်လိုလဲ အခြေအနေကောင်းတယ်မို့ လား↔
အသံလာရာကို မေါ့ကြည့်တော့ ပဒိုလာဘတို့ ဇနီးမောင်နှံကိုတွေ့ ရသည်။ သူတို့ နှစ်ယောက်စလုံး တောင်ပေါ်မှ ကုတ်တွယ်ပြီးဆင်းလာနေကြ၏။ ချက်ချင်းဆိုသလို ကျနော်က ကျောပိုးအိပ်ကို ကောက်လွယ်လိုက်သည်။ တောင်အောက်ကိုပြန်ဆင်းရန် နေရာရွေးသည်။ ထိုစဉ်မှာပင် ကျနော့်ကို အဆင်သင့်မေါ့ကြည့်နေကြသည့် ကျောက်စွန်းကျောက်ချွန်များကို တောင်အောက်၌ ကျနော်တွေ့ လိုက်ရ၏။ ကျနော်တုန်လှုပ်သွားရသည်။ ခနာကိုယ် အနည်းငယ်ယိမ်းယိုင်သွားသဖြင့် လိမ့်ကျမသွားရန် ထိန်းလိုက်ရ၏။ ယခုမှပင် ကျနော့်မှာ ဇောချွေးများပြန်တော့သည်။ သို့ သော် မဆင်းပဲနေလို့ ကလည်းမဖြစ်။ ထို့ ကြောင့် ကျနော် တောင်အောက်ကို စွန့် စားခြင်းကြီးစွာဖြင့်ဆင်းရချေတော့သည်။
(ဂ)
“ကျနော်တို့ မနက်ဖြန်ကျမှ ဥက္ကဌနဲ့ သွားတွေ့ လို့ ရမယ်၊ ဒီကနေ့ ဆက်သားမလာနိုင်သေးဘူးတဲ့၊ ဒီတော့ ကျနော်ကတော့ တောင်ပေါ်ပြန်တက်ပြီးအိပ်မယ်၊ ခင်ဗျားကော ဘယ်လိုလဲ၊ အပေါ်တက်ပြီး အိပ်မလား၊ ဒါမှမဟုတ် တောင်အောက်မှာပဲ ဖထီးနဲ့ အတူအိပ်နေခဲ့မလား၊ ဖထီးက အပေါ်မလိုက်တော့ဘူး၊အော်...ပြီးတော့ ခင်ဗျားကိုလည်း နှုတ်ဆက်တဲ့အကြောင်း ဒီကနေ့ မခေါ်နိုင်တာကို တောင်းပန်တဲ့အကြောင်း ပြောပေးပါလို့ ဥက္ကဌကြီးက ပြောပါတယ်↔
အစပထမတော့ ကျနော်က မည်သို့ မျှမဆုံးဖြတ်နိုင်အောင်ဖြစ်နေသေးသည်။ သို့ သော် တောင်ပေါ်ပြန်တက်ရမည့်အရေးကိုမူ မတွေးရဲတော့။ တောင်အောက်တွင် ဖထီးနှင့်အတူသာ ညအိပ်တော့မည်ဟု ဆုံးဖြတ်လိုက်ရ၏။ လုံခြုံမှုအခြေအနေက သိတ်မကောင်းဟုယူဆရသော်လည်း တောင်ပေါ်တက်ရမည့်အရေးက ပိုပြီးမတွေးရဲတော့သည်မို့ တောင်အောက်တွင်သာ ပုန်းအောင်းအိပ်စက်ရန်ဆုံးဖြတ်လိုက်ရ၏။
ကျနော်တို့ လူသိုက် တောင်အောက်ကိုပြန်ရောက်တော့ မနက် (၈)နာရီပင် ထိုးလုနီးနေပြီ။ တောင်ခြေတောစပ်တွင်ပင် ဟန်းကောချိုင့်ထဲ ဆန်ထည့်ပြီး ထမင်းချက်စားကြ၏။ ကင်ပွန်းချဉ်ရွက်များလိုက်ခူးကာ ပဒိုလာဘထံမှ ပုဇွန်ခြောက်လက်တဆုပ်စာခပ်ပြီး ဟင်းချက်ကြ၏။ ထိုဟင်းထိုထမင်းနှင့်ပင် မနက်စာ ညစာ စားလိုက်ကြ၏။ထို့ နောက် တနေကုန်သည်အထိ ဥက္ကဌ ပဒိုသာထူးကျော်ထံမှ သတင်းကို စေါင့်ကြသည်။ ညနေပိုင်းရောက်တော့ ပဒိုသာထူးကျော်ထံမှ စက်သတင်းရခဲ့၏။ ကျနော်တို့ တတွေ နောက်ထပ်တည စေါင့်ရဦးမည်ဟု သိရသည်။
တောင်ခြေတောအုပ်အတွင်း တနေကုန်စေါင့်နေကြစဉ် စမ်းချောင်းကလေးတခုဘေး၌ ကျနော်တို့ တတွေ လဲလျောင်းအနားယူနိုင်ခဲ့ကြသည်။ ကျနော်ကသာ အပူအပင်မဲ့စွာ နားနေခဲ့သည့်တိုင် ပဒိုလာဘနှင့်ကရင်အမျိုးသားကြီးတို့ ကမူ အေးဆေးစွာ အနားမယူနိုင်ကြ။ ပဒိုလာဘက နာရီဝက်တကြိမ် လမ်းလျောက်စကားပြောစက်ကိုဖွင့်ကာ အလုပ်ရှုပ်လျက်ရှိခဲ့၏။ ကရင်အမျိုးသားကြီးကမူ တောအုပ်ထဲက ထွက်သွားလိုက် ပြန်ရောက်လာလိုက်လုပ်နေသည်။ ပတ်ဝန်းကျင်ကို အမြဲလိုက်လံအကဲခတ်နေခြင်းဖြစ်သည်ဟု ပဒိုလာဘက ပြောခဲ့သည်။
ပဒိုလာဘတို့ ဇနီးမောင်နှံနှစ်ယောက် တောင်ပေါ်တက်သွားတော့ ကျနော်နှင့် ကရင်အမျိုးသားကြီးဖထီးက ညအိပ်ရန်နေရာ ရှာရတော့သည်။ဖထီးက ကျနော့်ရှေ့ မှခေါင်းဆောင်ကာ ကျောက်တောင်ကြီး၏ ဘယ်ဖက်ခြမ်းဘက်ထွက်သည်။ ရှေ့ ကဦးဆောင်ပြီးသွားလာနေပုံကိုကြည့်ကာ သူ့ ကို ယခင်ကတည်းက သည်နေရာတဝိုက်တွင် သွားလာကျင်လည်ဖူးသူဟု ကျနော်သိလိုက်၏။ တမိနစ်နှစ်မိနစ်ခန့် အကြာတွင် ကျနော်တို့ နှစ်ယောက် ကျောက်တောင်မမြင့်တမြင့်ပေါ်တက်လာခဲ့ကြ၏။တနေရာတွင် လူတစ်ယောက်သာ ခါးစေါင်းပြီးဝင်လို့ ရသည့် ကျောက်ဆောင်နှစ်ခုကြား ဝင်လိုက်ကြ၏။ ဖထီးက သစ်ကိုင်းတချို့ ကိုယူကာ ကျောက်ဆောင်နှစ်ခုကြားချထားလိုက်၏။ လူဝင်ပေါက်ကို ပိတ်ဆို့ လိုက်သည့်သဘောပင်ဖြစ်သည်။ ရှေ့ ဆက်ပြီး ဝါးတရိုက်ခန့် လျောက်လာတော့ ကျောက်ဂူတခုကိုတွေ့ ရသည်။ ကျောက်ဂူမှာ အလင်းရောင်ကောင်းစွာရလျက် လှိုင်ခေါင်းသဘောမဟုတ်ပဲ တဲတလုံးသာသာ ခွက်ဝင်နေသည့် ကျောက်ဂူဖြစ်သည်။ထိုကျောက်ဂူတွင် ကျနော်တို့ နှစ်ယောက် ညအိပ်ရန်ပြင်ဆင်ကြသည်။နေရာထိုင်ခင်းပြင်နေစဉ် ကျနော်က ဖထီး၏ခြေထောက်များဆီ မျက်စိရောက်သွားသည်။ တချက်မျှ ကျနော်ငိုင်သွားသည်။ ဖထီးရဲ့ခြေအစုံကို စက္ကန့် အနည်းငယ်မျှ ကြည့်နေမိသည်။ ဖိနပ်စီးမထားသည့် သည်ခြေထောက်များဖြင့် ဖထီးတယောက် ဘယ်လိုလုပ်ပြီးများ ကျောက်တောင်ပေါ် တက်ခဲ့ပါလိမ့်ဟုတွေးကာ ကျနော် အံ့သြသွားရသည်။
ဖထီးက သူ့ သေနတ်ကို ကျနော်နှင့်သူ၏ကြားတွင် ချထားလိုက်၏။ “သေနတ်ပစ်တတ်သလား↔ဟု ကျနော့်ကို မေး၏။ ကျနော်က မပစ်တတ်သေးဘူးဟုသာဖြေလိုက်သည်။ အမှန်စင်စစ် ကျနော်က သေနတ်တစ်ချက်တော့ ပစ်ဖူး၏။ သို့ သော် ဖထီးကိုင်သည့် အေကေ၄၇ မောင်းပြန်သေနတ်မဟုတ်။ အမ်၁၆ အမေရိကန်မောင်းပြန်သေနတ်ကိုသာပစ်ဖူး၏။ထို့ ကြောင့် မပစ်ဖူးသေးပါဟူ၍သာ ကျနော်ဖြေလိုက်သည်။
ညမအိပ်ခင် ဖထီးကို ကင်းတလှည့်စီစေါင့်ကြရင်ကောင်းမလားဟု တိုင်ပင်ရန်စဉ်းစားသေးသည်။ ဖထီးကမူ အပူအပင်မရှိဟန်ဖြစ်နေသဖြင့် ထုတ်မပြောဖြစ်တော့ပဲ သတိဝီရိယနှင့်သာအိပ်ရန် ဆုံးဖြတ်လိုက်ရ၏။
တတောတတောင်လုံး အိပ်တန်းတက်ငှက်သံများဆူညံနေစဉ် ကျနော်နှင့်ဖထီး အိပ်ယာဝင်ကြသည်။ ကျနော်က အိပ်ယာထဲ လဲလျောင်းနေစဉ် တပ်မဟာ (၁) ခရီးစဉ်၏ မေ့လို့ မရသည့်အတွေ့ အကြုံတချို့ ကို ပြန်တွေးနေမိသည်။ ထိုအထဲတွင် မနေ့ ညနေက ကျောက်တောင်ပေါ်တက်ပြေးခဲ့ရသည့်အတွေ့ အကြုံက ထူးခြားသည်။
ကျနော်က ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းထောက်တစ်ဦးအနေနှင့် အသံလွှင့်သတင်းဆောင်းပါးများ ရေးရန် ကွင်းဆင်းလာစဉ် သတင်းအချက်အလက်များထက် သဘာဝပတ်ဝန်းကျင်အပေါ် ပိုပြီး သာယာနစ်မျောနေခဲ့မိသည်ဟု ကိုယ့်ကိုယ်ကို သုံးသပ်မိသည်။ ဥပမာ သည်ကနေ့ မနက်က ကျနော်သည် နေထွက်လာခြင်းကို တောင်ထိပ်ပေါ်မှတဆင့် တရှိုက်မက်မက် စေါင့်ကြည့်နေခဲ့ပြီးပြီ။
ကျနော်သွားရောက်ရန်ရှိသည့်ဒေသကြီးမှာ ဖါးအံ၊ ဘီးလင်း၊ ကျိုက်ထို၊ ဖါပွန်မြို့ နယ်များအတွင်းဖြစ်သည်။ တချို့ ဒေသများကို ကေအင်ဒီအို တပ်ခွဲမှူး ဗိုလ်သိန်းစိုးက တာဝန်ယူလိုက်ပို့ မည်ဖြစ်ပြီး၊ ကျန်တချို့ နေရာများကိုမူ တပ်မဟာ(၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် ကျော်လင်းက စီစဉ်ပေးမည်ဟု ဂတိရထားသည်။ ယခုခရီးစဉ်သည်ပင် တပ်မဟာမှူး၏စီစဉ်ပေးမှုဖြင့်ခရီးထွက်လာခြင်းဖြစ်သည်။မနေ့ တုန်းကမူ ကျနော်က ဖါးအံမြို့ နယ်အတွင်း ရေးမှူးနှင့်တွေ့ ဆုံကာ မြို့ နယ်ဥက္ကဌနှင့်တွေ့ ဆုံခွင့်ရရန်တောင်းဆိုခဲ့၏။ လမ်းလျှောက်စကားပြောစက်မှတဆင့် ဥက္ကဌ ပဒိုသာထူးကျော်နှင့် ဆက်သွယ်ခဲ့ကြ၏။ သဘောတူညီချက်ရသောကြောင့် ကျနော်တို့လူသိုက် မိဆိုင်းတောင်ခြေသို့ ရောက်လာခဲ့ကြ၏။
ခရီးစဉ်အရဆိုလျင် နောက်ထပ်ပြီး အနည်းဆုံး (၂)လမျှ ခရီးထွက်ရန် ကျန်နေသေးသည်။ ရှေ့ ဆက်ပြီး ကြုံတွေ့ ရနိုင်ဖွယ်ရှိသည့် အတွေ့ အကြုံများကို တွေးကာ ကျနော် ရင်ခုန်နေမိသည်။
ငြိမ်းဝေ
No comments:
Post a Comment