November 25, 2011

ဥရောပ မဲဇာ

 နမ်စွယ်ချောင်းမှသည် အပြည်ပြည်ဆိုင်ရာ ဒွန်မောင်းလေဆိပ်သို့(၃)
                                                          ကိုအေးချမ်းနိုင်

ကျနော်စီးလာသည့် လာအိုလေကြောင်း လေယာဉ်မှာ ဒွန်မောင်းလေဆိပ် အဆောက်အဦ အပေါက်ဝတစ်ခုကို ဥမင်းလှိုင်ခေါင်းလို ပြွန်ကြီး(Tube)နှင့် တေ့ဆက်ပြီး ရပ်လိုက်သဖြင့် ကျနော့်မှာ ဒွန်မောင်းလေဆိပ်၏ ပြင်ပအနေအထားကို မြင်နိုင်စွမ်းမရှိတော့ပဲ လေဆိပ်ကြီးထဲ ရောက်လာခဲ့ရ၏။

ဥမင်လှိုင်ခေါင်းလို ပြွန်ကြီး(Tube)ထဲက ထွက်လျင် ထွက်ချင်း လေယာဉ်လွှဲပြောင်းစီးသူများ နားနေခန်း(Transit Room) လမ်းညွှန်ဆိုင်းပုဒ်များကိုကြည့်ကာ လမ်းလျှောက်လာခဲ့သည်။ လေဆိပ်ကြီးမှာ ကြီးကျယ်ခန်းနားလှသဖြင့် ကိုယ့်ကိုယ်ကို သိမ်ငယ်သလိုပင် ဖြစ်လာမိသည်။

တနေရာတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်းပုဒ်တခုကို ကျော်ခဲ့ရ၏။ အပေါက်ဝတွင် လူတစ်ယောက်မျှ မရှိပါ။ အပေါက်ဝ ဆိုင်းပုဒ်ရှေ့မှ ဖြတ်ကျော်လာပြီးသည့်တိုင် တယောက်ယောက်ကများ နောက်က လှမ်းခေါ်လိုက်လေမလားဆိုတဲ့ အသိစိတ်နှင့် တကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်လာရသေးသည်။ ခရီးသည်တွေအများကြီးထဲက ငါ့တစ်ယောက်ထဲရွေးပြီး မခေါ်တန်ကောင်းပါဘူးဟူ၍လည်း တွေးမိသည်။ သို့တိုင်အောင် ခတ်လှမ်းလှမ်းရောက်သည်အထိ နားကို စွင့်ထားနေမိဆဲ...။

လေယာဉ်လွှဲပြောင်းစီးသူများ နားနေဆောင်ထဲ အခက်အခဲမရှိ ဝင်ရောက်လာနိုင်ခဲ့ပါပြီ။ ကျနော်က ပတ်ဝန်းကျင်ကို မသိမသာ ဂရုတစိုက် လိုက်ကြည့်သည်။ ခရီးသည်အများစုမှာ ကြီးမားလှသည့် တီဗွီကြီးတလုံးရှေ့တွင် ရုပ်ရှင်ထိုင်ကြည့်နေကြ၏။ တချို့က လမ်းဘေးဈေးဆိုင်(Duty Free Shop)တွေထဲ လျှောက်ကြည့်နေကြသည်။ တချို့ လေယာဉ်ခရီးစဉ်ပြ တီဗွီကြီးကို မော့ကြည့်နေကြသည်။ ကျနော်လည်း လေယာဉ်ခရီးစဉ်ပြ တီဗွီမော်နီတာကြီးကို မော့ကြည့်သည်။ ကျနော် ဆက်လက်စီးရမည့်လေယာဉ်က ည သန်းခေါင်ကျော်မှ ဖြစ်သည်။ မော်နီတာကြီးမှာ ဖေါ်ပြနေသော ခရီးစဉ်တွေက အချိန်စေါသေးသဖြင့် သန်းခေါင်မတိုင်ခင်အထိသာ ရှိနေသေးသည်။ ထို့ကြောင့် လူစုလူဝေးနှင့်ဝေးရာ လူသွားလမ်းကျယ်ကြီး၏ တဖက်သို့ ကူးလိုက်သည်။ ဝါးတရိုက်ခန့်အမြင့်ထောင်ထားသည့် မှန်ကာကြီးများဘေးက ခုံတန်းလျားတခုတွင် ထိုင်လိုက်သည်။ ဘေးချင်းကပ် ခုံတန်းတွင် တရုပ်လိုလို လူလတ်ပိုင်းတစ်ဦး ထိုင်နေသည်။ သူက ကျနော့်ကိုပြုံးပြသဖြင့် ကျနော်ကလည်း အပြုံးဖြင့် တုန့်ပြန်လိုက်ရ၏။

ခုံတန်းလေးပေါ်ထိုင်ရင်း ကျနော်၏ လက်ရှိအခြေအနေကို စဉ်းစားသည်။ ယခုအခါ ကျနော်သည် ပထမအဆင့် စာမေးပွဲကို အောင်မြင်သွားခဲ့ပြီ။ လေယာဉ်လွှဲပြောင်းစီးသူများ နားနေဆောင်ကြီးထဲ ချောချောမောမော ရောက်ရှိလာခဲ့ပြီ။ သည်ခန်းမကြီးထဲတွင် ပုံမှန်အားဖြင့် မည်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်မျှ တွေ့ဆုံရန် အကြောင်းမရှိ။ သို့ပေမယ့် ဒုတိယအဆင့် စာမေးပွဲက ရှိနေသေးသည်။

တကယ်တော့လည်း လေယာဉ်လွှဲပြောင်းစီးသူများ နားနေဆောင်ကြီးထဲ အခုလို ချောချောမောမော ရောက်ရှိလာနိုင်ခြင်း တစ်ခုတည်းနှင့်ပင် ‘ကိုအေးချမ်းနိုင်´၏ ကျေးဇူးမှာ ကြီးမားလှပါဘိ။ ကိုအေးချမ်းနိုင်က နော်ဝေးတွင်ရှိသည့် ဒီိမိုကရက်တစ်မြန်မာ့အသံ (DVB)တွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ အော်စလိုမှ ဘန်ကောက်သို့ ခေတ္တရောက်လာနေသည်ဟု ကြားသဖြင့် သူ့ကို ကျနော် သွားတွေ့ရ၏။ သူက နိုင်ငံအတော်များများ ခရီးထွက်ဖူးသူဖြစ်သည်။ ထို့ကြောင့် သူ့ထံ လေယာဉ်ခရီးစဉ်အတွေ့အကြုံများကို ရှင်းပြ သင်ပြပေးပါရန် တောင်းပန်ရ၏။ သူက လေဆိပ်များတွင် ခရီးသည်တစ်ဦး မလွဲမသွေ လုပ်ဆောင်ရမည့် ကိစ္စအဝဝကို ကျနော့်အား အသေးစိပ် စိတ်ရှည်လက်ရှည် ရှင်းပြ၏။ ကိုအေးချမ်းနိုင်၏ လမ်းညွှန်ချက်နည်းနာများမှာ ကျနော်၏ နော်ဝေးနိုင်ငံသွားခရီးစဉ် မဟာဗျူဟာအတွက် တကယ့်ကို အသုံးတည့်ခဲ့ပြီဖြစ်သည်။ ဒုတိယအဆင့် စာမေးပွဲကတော့ Boarding Pass ထုတ်ယူရေး ဖြစ်သည်။ ဒီအဆင့်ကတော့ ဘာမျှ ထူးထွေ ခက်ခဲခြင်း ရှိမည်မဟုတ်ပါ။

မိမိစီးနင်းလိုက်ပါရမည့် လေယာဉ် မဆိုက်ရောက်သေးခင် လေဆိပ်ကြီးထဲ အချိန်အတော်ကြာ ထိုင်စေါင့်ရမည်ဖြစ်သော်လည်း ကျနော်ကတော့ ပျင်းရိခြင်း မရှိပါ။ ဘယ်နေရာကြည့်ကြည့် ဘယ်သူ့ကိုပဲ ကြည့်ကြည့် စိတ်ဝင်စားစရာ ပုံသဏ္ဍာန်ဒီဇိုင်းအမျိုးမျိုး။ ဥပမာ လေယာဉ်မှူးဟုထင်ရသူ အမျိုးသားနှစ်ယောက်နှင့် လေယာဉ်မယ်ဟုထင်ရသူ အမျိုးသမီး သုံလေးယောက် လှပသည့် ဝတ်စုံများနှင့် ကျနော့် ရှေ့ကဖြတ်လျှောက်တော့ ကျနော့်မှာ သန့်ရှင်းသပ်ရပ်လှပလွန်းသည့် သူတို့လူအုပ်ကို မင်သက်မိမတတ် ငေးကြည့်နေခဲ့မိ၏။

 တစ်နာရီနီးပါးထိုင်ကာ ပတ်ဝန်းကျင်ကို ဈာန်ဝင်စားနေခဲ့စဉ် ကျနော့် လည်ချောင်းတဝိုက်က အလွန်အမင်း တင်းကြပ်လာနေသဖြင့် ကျနော်က လည်စီးနက်တိုင်ကို အနည်းငယ် ဖြေလျှော့လိုက်ရ၏။ ထိုအခါကျမှ ကျနော့်တကိုယ်လုံး ချွေးစေးများ စီးကျလာနေသည်ကို သတိပြုမိသွားရသည်။ ကျနော့်ခန္ဒါကိုယ်ပေါ်က သက္ကလပ် ကုတ်အင်္ကျီကြီးမှာ တစ်ပိဿာခန့် လေးလံလျက်ရှိနေ၏။ ခြေထောက်နှစ်ဖက်တွင် စွပ်ထားသည့် ဘိုစီးဖိနပ်များကလည်း ကျနော့်ခြေဖျားများကို ပြုတ်တူနှင့်ညှပ်သလို ဖြစ်နေ၏။

ကျနော့်ရှေ့က ဖြတ်လျှောက်သွားကြသော ခရီးသည်လူအုပ်ကို ကျနော့် လိုက်ကြည့်မိပြန်သည်။ သူတို့အထဲက လူတချို့ဆိုလျင် ခြေညှပ်ဖိနပ် ပါးပါးလေးများကိုပင် စီးထားသည်ကို တွေ့ရ၏။ ပါးလျာပေါ့ပါးသော အဖြူရောင်အကျီဝတ်ဆင်ကာ သွက်လက်လန်းဆန်းစွာ စကားပြောလာနေသည့် အဖွါးအိုတစ်ဦးက စိတ်မသက်မသာ ထိုင်နေသော ကျနော့်ကို ငဲ့ကြည့်သွားခဲ့၏။ ကျနော်…က သူငယ်ချင်းများကို သတိရလာခဲ့ပြန်သည်။ လွတ်လပ်ပေါ့ပါးစွား လမ်းလျှောက်သွားလာနေကြသည့် ခရီးသည်များကိုကြည့်ကာ နော်ဝေးကိုခရီးသွားမည်ဆိုလျင် ဘိုလိုဝတ်စုံတစ်စုံ အကောင်းစား မလွဲမသွေ ဝယ်ဝတ်သွားမှဖြစ်မည်ဟု အကြံပြုခဲ့ကြသည့် ကျနော့် သူငယ်ချင်းများကို သတိရလာရသည်။ လေဆိပ်ကြီးထဲတွင် ထူထဲသော ဘိုလိုဝတ်စုံကြီးဝတ်ကာ တံတွေးမြိုချ မရလောက်အောင် အကျဉ်းအကြပ်ဆိုက်နေသည့် ကျနော့်အခြေအနေကို သိလျင် သူတို့ ဘယ်လိုပြောကြမည်တော့မသိ။ ကျနော်ကမူ သူတို့ကို စိတ်ထဲမှကြိတ်ပြီး မေတ္တာသာ ပို့ နေမိလေသည်။ 

ငြိမ်းဝေ
ဆက်လက် ဖေါ်ပြပါမည်...။



                                                          

No comments:

Post a Comment