Showing posts with label စာပေဆောင်းပါး. Show all posts
Showing posts with label စာပေဆောင်းပါး. Show all posts

November 15, 2010

လှပစွာ သဘောထားကွဲကြပါစို့


(က)
ကျနော် စာပေနယ်ကို စတင်ခြေချတာ ၁၉၇၃ ခုနှစ်ကပါ။ မိုးဝေမဂ္ဂဇင်းမှာ “ ကွမ်စီပြည်နယ်ထဲက ပြောက်ကျားရဲဘော်များ ” အင်္ဂလိပ်ဘာသာပြန် တရုတ်ကဗျာတစ်ပုဒ်ကို မြန်မာဘာသာပြန်ဆိုခဲ့တဲ့ကဗျာဟာ ကျနော့်ဘဝရဲ့ ပထမဆုံးသော  ပုံနှိပ်ဖေါ်ပြခံရတဲ့ စာမူ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီနှစ်ထဲမှာပဲ မိုးဝေစင်ပေါ်က ဆင်းလိုက်ကြဖို့ မိုးဝေကဗျာဆရာတွေက ဆုံးဖြတ်လိုက်ကြတဲ့အခါ ကျနော်လည်း ကျနော်တို့ အားထားရာ တခုတည်းသော မိုးဝေ စင်ပေါ်က ပြန်ဆင်းခဲ့တာ ၁၉ရ၈  အထိပဲ ဆိုပါတော့။ ( မိုးဝေစာပေမဂ္ဂဇင်းကို ဘာကြောင့် မိုးဝေကဗျာဆရာ အများစုက စွန့် ခွါလိုက်ကြတယ်ဆိုတဲ့ကိစ္စက အခု ကျနော် ရေးမယ့် ဆောင်းပါးနဲ့ တိုက်ရိုက် မသက်ဆိုင်လို့ နောင် အခြေအနေပေးမှပဲ ရေးပါ့မယ်။)

April 16, 2010

ပိတောက်အသစ် ရင်ခုန်သံအသစ်နဲ့ နှစ်သစ်


(က)

မြန်မာ ကဗျာတွေထဲမှာ ကဗျာသမိုင်းရဲ့ အချိုးအကွေ့ တခုကို ကဗျာတပုဒ်ထဲနဲ့ ချိုးကွေ့ သွားနိုင်လောက်အောင်ဖြစ်စေတဲ့ ကဗျာမျိုး ရှိပါတယ်။ ဆိုလိုတာက အဲဒီကဗျာက ခင်းလိုက်ဖေါက်လိုက်တဲ့ လမ်းသစ်အတိုင်း နောက်ပိုင်းကဗျာတွေက ဆက်ပြီးလျှောက်လာကြတဲ့သဘောကို ကျနော်ဆိုလိုတာပါ။ ဒီကဗျာရဲ့ အတတ်ပညာနဲ့ အကြောင်းအရာဟာ သူ့ အရင်ပေါ်ခဲ့တဲ့ ကဗျာတွေနဲ့ လုံးဝမတူတော့ပဲ အစဉ်အလာဟောင်းက ရုန်းထွက်လိုက်တဲ့ ကဗျာသစ်အမျိုးအစားသဘောဖြစ်ပါတယ်။

ဒီနေရာမှာ အဲသလို ချိုးနိုင်ကွေ့ နိုင်တဲ့ ခေတ်ပြောင်းကဗျာတပုဒ်မှာ ထူးခြားတဲ့လက္ခဏာရပ်တွေလည်း ရှိပါတယ်။ ဒီလိုခေတ်ပြောင်းကဗျာတပုဒ်ဖြစ်ဖို့ ဆိုတာကလည်း အတတ်ပညာတခုတည်း ဒါမှမဟုတ် အကြောင်းအရာတခုတည်း သစ်လို့ ပြောင်းလို့ ချိုးလို့ ရတာမျိုးမဟုတ်ပါဘူး။ အတတ်ပညာကော အကြောင်းအရာပါ ပြောင်းလဲရတဲ့လက္ခဏာ ရှိဖို့ လိုအပ်ပါတယ်။ အကာနဲ့ အနှစ် သို့ မဟုတ် ထုနဲ့ စေါက် နှစ်မျိုးစလုံး ပြောင်းရတာမျိုးလို့ လည်း ပြောနိုင်ပါတယ်။ ပြီးတော့ အဲဒီပြောင်းလဲ ချိုးကွေ့ လိုက်တယ်ဆိုတဲ့ကဗျာမျိုးမှာ သူ့ အကြောင်းအရာနဲ့ သူ့ အတတ်ပညာဟာ အံဝင်ခွင်ကျဖြစ်နေတာကို အသေအချာတွေ့ လိုက်ရတဲ့အချက်ကလည်း တကယ့်ကို ထူးခြားလေးနက်တဲ့ကိစ္စပါပဲ။ တချို့ ကဗျာတွေလို အကြောင်းအရာသစ်ပေမယ့် အတတ်ပညာကဟောင်းနေပြန်တာမျိုး၊ တခါ အတတ်ပညာက သစ်ပေမယ့် အကြောင်းအရာက ဟောင်းနေတာမျိုး။ အဲသလို ‘ပန်းအိုးနဲ့ ပန်း↓ မကိုက်ညီ မလိုက်ဖက်တာမျိုးဖြစ်နေတဲ့ ကဗျာတွေနဲ့ လုံးဝမတူတဲ့ ထူးခြားတဲ့လက္ခဏာတွေလည်းရှိနေတဲ့ ဒီလိုကဗျာအမျိုးအစားမျိုးဟာ ကဗျာသမိုင်းအသစ်ကို ဆွဲဖွင့်လိုက်တဲ့ကဗျာ ဖြစ်နေတတ်ပါတယ်။

မြန်မာကဗျာသမိုင်းမှာ ကဗျာသမိုင်းအသစ်တခုကို ကဗျာတပုဒ်ထဲနဲ့ ပွင့်အောင် ဖွင့်နိုင်တဲ့ ဖွင့်နိုင်စွမ်းတဲ့ကဗျာတပုဒ်ရှိပါတယ်။ အဲဒါကတော့ ဆရာ“ဇော်ဂျီ↔ ရဲ့ “ပိတောက်ပန်း↔ ကဗျာပါပဲ။ ဒီဆောင်းပါးမှာ ပိတောက်ပန်းကဗျာရဲ့ အတတ်ပညာအသစ်နဲ့ အကြောင်းအရာအသစ်ကို လေ့လာကြည့်မှာဖြစ်ပါတယ်။

ဆရာဇော်ဂျီဟာ “ပိတောက်ပန်း↔ ကဗျာကို ၁၉၂၈ခုနှစ်မှာ ရေးပါတယ်။ တက္ကသိုလ်က ပညာတတ် လူငယ် တချို့ အနောက်တိုင်းစာပေရဲ့ ရေးပုံဖွဲ့ ပုံ ခံစားပုံတွေကိုထိတွေ့ ခံစားရင်းက မြန်မာကဗျာနဲ့ အနောက်တိုင်းကဗျာကို စရနယ်ပြီး ကဗျာအသစ်စမ်းသပ်ပုံဖေါ်ဖို့ လုပ်ကြရင်းက “ပိတောက်ပန်း↔ ကဗျာကို ဆရာဇော်ဂျီ ရေးဖွဲ့ နိုင်လိုက်တာပဲလို့ ယူဆမိပါတယ်။ စရနယ်တယ်လို့ ကျနော်ပြောခဲ့ပါတယ်။ ဒီနေရာမှာ ဆရာဇော်ဂျီက အနောက်တိုင်းကဗျာကို မြန်မာကဗျာနဲ့ ရောစပ်တဲ့အခါ အတုံးလိုက်အတစ်လိုက်၊ ဒါမှမဟုတ် ပုံတူကူးချတာမျိုး မဟုတ်ပါဘူး။ ကိုယ့်အမျိုးသားဟန် ကိုယ့်အမျိုးသားယဉ်ကျေးမှုကို အနောက်တိုင်းအတတ်ပညာနဲ့ တကယ့်ကို လိုက်လျောညီထွေဖြစ်အောင် ရောပြီးနယ်ပြီး စရနယ်ပြီးမှ ဒီကဗျာကို ရေးလိုက်တဲ့သဘောပါပဲ။ “အရိုးကို အရွက်မဖုံးစေတဲ့နည်း↔ကို အသုံးပြုပြီးမှ ဒီကဗျာကိုရေးလိုက်တာပါ။

ဆရာဇော်ဂျီက ပိတောက်ပန်း ကဗျာကို ရေးဖွဲ့ လိုက်တဲ့တချိန်ထဲမှာ ဆရာဇော်ဂျီနဲ့ ခေတ်ပြိုင် အထူးသဖြင့် ဆရာဇော်ဂျီနဲ့ အတောင်တူငှက်များလို့ ဆိုရမယ့် တက္ကသိုလ် ပညာတတ် လူငယ်တချို့ ကလည်း အနောက်တိုင်းကဗျာ အရေးအဖွဲ့ နဲ့ အကြောင်းအရာတွေကို မြန်မာကဗျာနယ်ပယ်ထဲ စမ်းသပ်ကိုင်းကူးလာနေကြပါတယ်။ အထင်ရှားဆုံးကတော့  ဆရာ “မင်းသုဝဏ်↔ ပါပဲ။ဒီလူငယ်တွေဟာ တချိန်တုန်းက မြန်မာကဗျာဆရာတွေ ဘယ်လိုမှ စိတ်အာသီသ မကျရောက်ခဲ့ဖူးတဲ့ နယ်မြေတွေဆီ ခြေဆန့် လက်ဆန့် လုပ်ခဲ့ကြပါတယ်။ ဥပမာ အိမ်မှာမွေးတဲ့ ကြောင်၊ ဘဲ၊ အစရှိတဲ့ သတ္တဝါလေးတွေကအစ ခေါင်းပေါင်းစ၊ ရေလှိုင်း၊ လတာပြင်၊ မြက်ရိပ်သမား အစရှိတဲ့ လောကအင်္ဂါရပ်နယ်ပယ်ထဲက အရာဝတ္ထုအသီးသီးဆီကို အတွေးအမြင်ချဲ့ ထွင်လာခဲ့ကြပါတယ်။ ဒါက အနောက်တိုင်းမှာ ရော်မန်တိက ကဗျာဆရာတွေဖြစ်ကြတဲ့ “ယိစ်↔တို့  “ကိစ်↔တို့ “ဘိုင်ရွန်↔တို့ ရဲ့ ကဗျာလမ်းကြောင်းအတိုင်း သဘာဝလောကထဲ အရင်ကထက်ပိုပြီး ဝင်ကြ နှိုက်ကြတဲ့သဘောပါပဲ။ သူတို့ ဆီက နည်းကို ယူသုံးတာပါပဲ။ ဒီလို ရင်ခုန်မှုအသစ်ကို လူငယ်တွေ ခံစားလာနေကြတဲ့အချိန် ဆရာဇော်ဂျီက ပိတောက်ပန်း ကဗျာကို ရေးတာပါ။

မြန်မာကဗျာသမိုင်းမှာ ဟိုယခင်တုန်းကတော့ “ပိတောက်ပန်း↔ကို မြန်မာကဗျာဆရာတွေက “ကံ့ကော်ပန်း↔လောက် အလေးအနက်မထားခဲ့ပါဘူး။ ခေတ်အဆက်ဆက် ရာသီနှစ်ကူး တန်ခူးလဘွဲ့ ကဗျာတွေမှာ တစ်ရာသီထဲ ပွင့်တာချင်းအတူတူ မြန်မာကဗျာဆရာတွေက ပိတောက်ပန်းကိုချန်လှပ်ပြီး ကံကော်ပန်းကိုပဲ အမြဲတန်းလိုလို ထည့်ဖွဲ့ သွားကြတာ တွေ့ ရပါတယ်။

မြန်မာကဗျာသမိုင်းကြီးတခုလုံးလောက်နီးနီး ပိတောက်ပန်းကို မြန်မာကဗျာဆရာတွေ ရင်မခုန်နိုင်ခဲ့ကြပါဘူး။ နှစ်ပေါင်း (၆၀၀) ဝန်းကျင်လောက်အထိ မြန်မာကဗျာဆရာတွေဟာ ပိတောက်ပန်းရနံ့ ကို ရှူရှိုက်နိုင်လောက်အောင် ဂန္ဒာရုံအား မကောင်းခဲ့ကြပါဘူး။ မြန်မာကဗျာထဲမှာ သော်ကပန်းကအစ အာသာဝတီ နွယ်နီနတ်ပန်းအထိ မြန်မာကဗျာဆရာတွေ ရင်ခုန်ခဲ့ကြပေမယ့် ပိတောက်ပန်းကဗျာကိုကြတော့ ဘာကြောင့်ရယ်မသ၊ိ ဘယ်ကဗျာထဲမှာမှ မတွေ့ ကြရပါဘူး။ ဒါမှမဟုတ် မတွေ့ ရသလောက်ပဲလို့ ဆိုနိုင်ပါတယ်။ ကုန်းဘောင်ခေတ်ကြကာမှသာ “စုံနံသာမြိုင်ဦးကျော့↔ရဲ့ “ပိတောက်ပန်းဘွဲ့ ↔လေးချိုးကဗျာထဲမှာ ပိတောက်ပန်းကို ကျနော်တို့ တွေ့ ကြရတော့တာပါ။ ဒါပေမယ့် အမေ့ခံ ပိတောက်ပန်းဟာ ဦးကျော့ရဲ့ကျေးဇူးနဲ့ အမေ့ခံရကျိုးနပ်တယ်လို့ တောင် ဆိုရမလားပါပဲ။ ဦးကျော့က သူ့ ကဗျာထဲမှာ ပိတောက်ပန်းကို “ပန်းတကာတို့ ရဲ့ဘုရင်↔ ဖြစ်တယ်လို့ တောင်မှ နေရာပေးဖွဲ့ ဆိုလိုက်ပါတယ်။

စုံနံ့ သာမြိုင်ဦးကျော့ရဲ့လက်ထက်မှာ ပန်းတကာတို့ ရဲ့ဘုရင်အဖြစ် လူရာသူရာဝင်လာရတဲ့ ပိတောက်ပွင့်ဟာ သက်မဲ့ကနေပြီး သက်ရှိရုပ်အဖြစ် တဆင့်တက် ထူးကဲလာတာကို နောက်ပိုင်းမှာ တွေ့ လာရပါတယ်။ ဒီလို သက်မဲ့ကနေပြီး သက်ရှိဘဝရောက်အောင် အသက်သွင်းပေးလိုက်သူကတော့ ခေတ်ဆန်းစာဆိုကြီး ဆရာဇော်ဂျီပါပဲ။
ဆရာဇော်ဂျီက ပိတောက်ပန်း ကဗျာကို ရေးဖွဲ့ တဲ့အခါ ပိတောက်ပန်းရဲ့အလှနဲ့ အနံ့ လောက်တင်ရပ်မနေပဲ ပိတောက်ပန်းကို သက်မဲ့ကနေပြီးသက်ရှိ လောကီသားတဦးအနေနဲ့ တိုက်ရိုက်ရေးဖွဲ့ လိုက်ပါတယ်။ ဒီလိုရေးဖွဲ့ တဲ့အခါ ပိတောက်ပန်း ကဗျာကို အကြောင်းအရာအရနဲ့ အတတ်ပညာအရ နှစ်ခုစလုံး သစ်အောင် ဖွဲ့ တာတွေ့ ရပါတယ်။ ဒီလိုနဲ့ ပိတောက်ပန်းကဗျာဟာ ခေတ်ဆန်းကဗျာခေတ်တခုရဲ့ လမ်းမဟော်ကို ဖဲကြိုးဖြတ်ဖွင့်ပေးလိုက်သလို ဖြစ်သွားပါတော့တယ်။

(ခ)

မြန်မာကဗျာနယ်ပယ်မှာ နောင်အခါ “သင်ခန်းစာတန်းဝင်ကဗျာ↔တပုဒ်ဖြစ်လာစေမယ့် “ပိတောက်ပန်း↔ ကဗျာကို ဆရာဇော်ဂျီ ရေးဖွဲ့ စဉ်က ဆရာက အသက် (၂၀)ဝန်းကျင်ပဲ ရှိပါသေးတယ်။၁၉၂၈ တက္ကသိုလ်ဘီအေတန်းမှာ ပညာသင်ကြားနေတုန်းဖြစ်ပါတယ်။
နှစ်ပေါင်း (၆၀၀)ကျော် မြန်မာကဗျာဆရာတွေ တကံ့ကော်ထဲကော်ပြီး ကံ့ကော်ပန်းမှ ကံ့ကော်ပန်းဖြစ် နေတဲ့အချိန်မှာ ကဗျာသစ်ကို ချဉ်ခြင်းတပ်နေတဲ့ ဆရာဇော်ဂျှီက မြန်မာကဗျာဆရာတွေ လက်လှမ်းမမီတဲ့ ပိတောက်ပန်းကို ပန်းဘွဲ့ အသစ်စပ်ဆိုဖို့ တမင် ရွေးချယ်လိုက်တာပဲလို့  ယူဆလို့ ရကောင်းရနိုင်ပါတယ်။ ကဗျာအသစ်ကို ပန်းအသစ်နဲ့ ဖေါ်ပြချင်တဲ့သဘောဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကောင်းပါပြီ။ ပန်းအသစ်ကိုတော့ ရွေးပြီးပြီ။ ယခင့်ယခင် မြန်မာကဗျာဆရာတွေ ပန်းဘွဲ့ ရေးသလို ပန်းရဲ့အလှ ပန်းရဲ့ရနံ့ ၊ အာသာဝတီ နွယ်နီနတ်ပန်းလောက်အထိ မြင်လို့ ထိတွေ့ လို့ ရတဲ့ အဆင်းကိုသာဖွဲ့ တဲ့ ပန်းဘွဲ့ ကဗျာမျိုး ရေးလို့ တော့ ဘယ်မှာလာပြီး ကဗျာသစ်ဖြစ်တော့မလဲ။ ဒီတော့ ဆရာဇော်ဂျီက ပန်းဘွဲ့ အသစ်ဖြစ်ဖို့ ဆိုရင် ရင်ခုန်သံလည်းသစ်ဖို့ လိုတယ်ဆိုတာ သိပါတယ်။ ဒီတော့ ပန်းရဲ့အဆင်းကိုဖွဲ့ တာထက် ပန်းရဲ့အချင်းကို အဆင့်တဆင့်တိုးပြီးဖွဲ့ မှ ဖြစ်မယ်လို့ တွေးမိကောင်းတွေးမိပါလိမ့်မယ်။ ဒီလိုနဲ့ ပဲ အသက်မဲ့တဲ့ ပိတောက်ပန်းကို “သူလည်းလေ လောကီသားပေမို့ ↔ ဆိုတဲ့ စာတကြောင်းထဲနဲ့  အဝိညာဏအနေအထားကနေပြီး ဝိညာဏအနေအထားအထိ ပိတောက်ပန်းကို တင်စားဖွဲ့ ဆိုလိုက်ပါတော့တယ်။ ပိတောက်ပန်းဟာ ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းကဗျာထဲမှာ အသက်မဲ့ရာကနေ အသက်ရှိတဲအမျိုးအစားဖြစ်လာခဲ့ပါတော့တယ်။
ဆရာဇော်ဂျီရဲ့ကျေးဇူးကြောင့် ကျနော်တို့ ဟာ ပိတောက်ပန်းကဗျာကို ဖတ်တဲ့အခါ ပိတောက်ပန်းကို သနားစရာ ချစ်ခင်စရာ ဂရုဏာသက်စရာ အသက်ရှိတဲ့ပန်းကလေးအဖြစ် ရင်ခုန်မှုအသစ်နဲ့ ချဉ်းကပ်သွားမိ စေပါတော့တယ်။ပန်းကလေးကလှလိုက်တာ မွှေးလိုက်တာဆိုတာလောက်နဲ့ ရပ်မနေတောာ့ပဲ ကိုယ်နဲ့ နှိုင်းယှဉ်ခံစားယူရတဲ့ သက်ရှိပန်းကလေး ဖြစ်လာပါတော့တယ်။ ဆရာဇော်ဂျီ်ရဲ့ ရင်ခုန်သံအသစ်ကို ကျနော်တို့ ကောင်းကောင်းခံစားလို့ ရလိုက်ပါတယ်။ ဒါဟာဖြင့် ပိတောက်ပန်းကဗျာရဲ့ အကြောင်းအရာအသစ် ကို ကျနော် ပြောတာပါ။

နောက်တခု ထူးခြားတဲ့အချက်ရှိပါသေးတယ်။ ပိတောက်ပန်းကဗျာရဲ့ အတတ်ပညာအသစ်၊ တနည်းအားဖြင့် ပုံသဏ္ဍာန်အသစ်ကိစ္စဖြစ်ပါတယ်။
ကဗျာတပုဒ်ကို လူတွေ ယခင်ကထက်ပိုပြီး ခံစားနားလည်နိုင်ဖို့ ဆိုရင် လူတွေနဲ့ လက်တွေ့ ကျကျ ထိကပ်နီးစပ်တဲ့ “ဟန်နဲ့ သဏ္ဍာန်↔ရှိဖို့ လိုအပ်ပါတယ်။ သည်တော့ကာ ဆရာဇော်ဂျီက သူရှေ့ ကလျောက်လာနေတဲ့ အနုပညာရှင် ရုပ်သေးဆရာ “မောင်းထောင်ဦးကျော်လှ↔ကို သတိထားမိဟန်တူပါတယ်။ လူတွေနဲ့ အကျွမ်းတဝင်ရှိလာနေတဲ့ သံချိုဆရာ မောင်းထောင်ဦးကျော်လှရဲ့ သံချိုကဗျာတွေကို သတိထားမိဟန်တူတယ်။ ရုပ်သေးဆရာ မောင်းထောင်ဦးကျော်လှက ရုပ်သေးဆရာအဖြစ်နဲ့ လူထုထဲဆင်းတဲ့အခါ လူတွေရဲ့နားထဲ အလွယ်တကူနဲ့ အဆင်ပြေပြေ နားဝင်စေတဲ့ ချိုလည်းချို မြလည်းမြ တယ်လို့ ဆိုနိုင်တဲ့ သံချိုစပ်ကဗျာတွေကို ဆရာဇော်ဂျီက သတိပြုမိဟန်တူပါတယ်။ သည်လိုနဲ့ ပဲ ပိတောက်ပန်းကို လူတွေ စာနာစိတ်ဖြစ်လာအောင် သံချိုစပ်နည်းကိုသုံးပြီး ပိတောက်ပန်းဘွဲ့ သံချိုစပ်ကဗျာကို ရေးပါတော့တယ်။ တခါ ဒီလောက်နဲ့ တော့ ပိတောက်ပန်းကဗျာဟာ ကဗျာပုံသဏ္ဍာန်သစ်ဘယ်ဖြစ်နိုင်ဦးမှာလဲ။ သံချိုစပ်ကဗျာ ဆိုတာ ဟိုတုန်းက ကဗျာဆရာတွေ သူလိုငါလို ရေးနိုင်တဲ့အနေအထားမှာရှိတာပဲ။ ဒီတော့ ဆရာက ပိတောက်ပန်းဘွဲ့ ကဗျာကို ခြေတွေလက်တွေတပ်တဲ့အခါ လူတွေနဲ့ လည်း ပိုပြီးနီးစပ်စေမယ်၊ ကဗျာ့မိုးကုတ်စက်ဝိုင်းကိုလည်း ပိုပြီးချဲ့ ထွင်လိုက်ရာရောက်စေဖို့ လူတွေနေ့ စဉ်ပြောဆိုနေတဲ့ “စကားပြောစာဟန်↔ကို ပိတောက်ပန်းကဗျာရဲ့ ခြေတွေလက်တွေအဖြစ်အသုံးပြုပါတော့တယ်။ လူတွေနေ့ စဉ်ပြောဆိုနေတဲ့ လူထုသုံးစကားပြောလေသံကို ယူသုံးလိုက်ပါတယ်။ ဒါဟာဖြင့် မြန်မာကဗျာနယ်ပယ်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြီးရင် ဆရာဇော်ဂျီပဲ ဆိုတဲ့ပြောစမှတ်ပြုရလောက်အောင်ဖြစ်စေတဲ့ ကဗျာအတတ်ပညာတီထွင်မှုကို ဆရာက အောင်မြင်စွာ ဆောင်ရွက်လိုက်တဲ့သဘောပါပဲ။ ပိတောက်ပန်းကဗျာရဲ့ အဖွင့်နိဒါန်းပါဒဖြစ်တဲ့ “မခူချင်စမ်းပါနဲ့ ↔ ဆိုတဲ့ ပါဒ တခုထဲနဲ့  ခေတ်ပြိုင်မြန်မာကဗျာနယ်ပယ်တခုလုံးကို ဂယက်လှိုင်းတွေ တဝုန်းဝုန်းရိုက်ခတ်လိုက်သလို ဖြစ်စေခဲ့ပါတယ်။ နောက်တော့လည်း မြန်မာကဗျာအများစုကြီးဟာ ပိတောက်ပန်းကဗျာက ခင်းပေးဖေါက်ပေးတဲ့လမ်းအတိုင်း ဆက်လက်လျောက်လှမ်းလာလိုက်တာ “ခေတ်စမ်းကဗျာခေတ်↔ဆိုတဲ့ ကဗျာခေတ်တခု ထူထောင်နိုင်တဲ့အထိ တိုးတက်ဖြစ်ထွန်းလာခဲ့ပါတယ်။ ဒီလိုနဲ့  ပိတောက်ပန်းကဗျာဟာ ခေတ်စမ်းကဗျာခေတ်ရဲ့တံခါးကို ဆွဲဖွင့်မိသလို ဖြစ်ခဲ့ပါတော့တယ်။

ဆရာဇော်ဂျီရဲ့ကျေးဇူးကြောင့် ကျနော်တို့ ဟာ ရင်ခုန်သံအသစ်နဲ့ ပိတောက်ပွင့်သစ်ကို ခူးယူနိုင်ခွင့်ရ ခဲ့ကြပါတယ်။ မြန်မာကဗျာသမိုင်းမှာလည်း ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းဘွဲ့ ကဗျာတပုဒ်ထဲနဲ့  ခေတ်စမ်းခေတ်တခုလုံုး ပိတောက်ပွင့်သစ်ရနံ့ တွေ မွှေးမြနိုင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ ။

ငြိမ်းဝေ
ကိုးကား။ ။ (၁) မြန်မာစာပေညွန့် ပေါင်းကျမ်း (ပ+ဒု)
(၂) ဇော်ဂျီ ကဗျာပေါင်းချုပ်
(၃) မြန်မာစာ မိတ်ဖွဲ့ (တိုက်စိုး၊ မင်းယုဝေ)




အကျယ်ချဲ့ကြည့်ရန်စာများထားရန်နေရာ.

March 13, 2010

ကဗျာဆိုတာ ပြောက်ကျားလက်နက်

ကျနော့်ဘလော့မှာ ခရီးသွားဆောင်းပါးတပုဒ် ဆက်တိုက်တင်ခဲ့ပြီး ကျနော်လည်း တခြားအလုပ်တွေဘက် လှည့်လိုက်ရပါသေးတယ်။
ဒီကြားထဲ ပိုစ့်အသစ်မတင်နိုင်သေးလို့ ၂၀၀၈ ခုနှစ်ထဲက ဧရာဝတီအင်တာနက်ဝက်ဘ်ဆိုဒ်မှာရေးခဲ့ပြီး ကျနော့်ဘလော့မှာလည်းတင်ခဲ့ပြီးတဲ့ စာမူအဟောင်းတပုဒ်ကိုပဲ ထုံးစံအတိုင်း ဖုန်သုတ်ပြီး ပြန်တင်လိုက်ရပါတယ်။
ဒီလ လာမယ့် ၂၁ ရက်နေ့ ဆိုရင် ကမ္ဘာ့ကဗျာနေ့ ပါ။ အဲဒီနေ့ ကို ကြိုဆိုတဲ့အနေနဲ့ ဒီဆောင်းပါးကို တင်လိုက်တာလည်းဖြစ်ပါတယ်။

ကဗျာဆိုတာ ပြောက်ကျားလက်နက်

(က)
၂၀၀၈-ခု အ၀င် ကာလများမှာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု စစ်မျက်နှာတခုရယ်လို့ ဆိုရမယ့် ကဗျာစာပေ နယ်ပယ်မှာ ပေါက်ကွဲသံတွေ ဆူညံနေခဲ့ပါတယ်။ ဒီပေါက်ကွဲသံတွေဟာ ကမ္ဘာ့အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲသမိုင်းမှာ ကဗျည်းထိုးကြရမယ့် တိုက်ပွဲသံတွေလည်း ဖြစ်ပါတယ်။ ကျနော်ဆိုလိုတာ ကတော့ ကဗျာဆရာ စောဝေရဲ့ “ဖေဖော်ဝါရီဆယ့်လေး” ကဗျာ ၊ ကဗျာဆရာ ကြည်မောင်သန်းရဲ့ “ဒီပရင်္ဂ” ကဗျာတွေဟာ စစ်အာဏာရှင် ရဲ့ ခံကတုပ်များဖြစ်ကြတဲ့ စာပေစီစစ်ရေး မြောင်းတွေကို အပြင်းထန်ဆုံး ပစ်ခတ်ထိုးဖောက် တိုက်ခိုက် လိုက်တဲ့ တိုက်ပွဲသံတွေကို ဆိုလိုတာပါ။ ဒီအဖြစ်အပျက်တွေနဲ့ ဆက်စပ်ပြီး လွန်ခဲ့တဲ့ နှစ် (၃၀) ကျော်လောက်က မြန်မာကဗျာနယ်ပယ်အတွင်း ဖြစ်ထွန်းခဲ့တဲ့ စာပေလှုပ်ရှားမှုတခုကို သွားပြီး သတိရမိပါတယ်။

၁၉၇၀-ခုနှစ်ဝန်းကျင်က “စာပေဆည်းဆာ” ဆိုတဲ့ စာပေလှုပ်ရှးမှုတခု ရှိခဲ့ဖူးတယ်။ မဆလ တပါတီ အာဏာရှင်အောက်မှာဖြစ်တာမို့ ထင်ထင်ပေါ်ပေါ်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဒီ “စာပေဆည်းဆာ” ဟာ ကဗျာနဲ့ပါတ်သက်တဲ့ ဖြစ်ထွန်းမှုတချို့ကို တွန်းတင်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အတတ်ပညာအပိုင်းမှာ ဖြစ်ပါတယ်။

“စာပေဆည်းဆာ” လှုပ်ရှားမှုရဲ့ အစီစဉ်ထဲမှာ ကိုယ့်အစုနဲ့ကိုယ်၊ ကိုယ့်ဒေသနဲ့ကိုယ် ကဗျာစာအုပ်တွေ ထုတ်ကြဖို့ ဆိုတဲ့ အစီစဉ်လည်းရှိခဲ့ပါတယ်။ ဒီအစီစဉ်နဲ့ပဲ ဒေသအရဆိုရင် ပျဉ်းမနားက “တောင်ညိုခင်တန်း” ၊ ပဲခူးက “ဒီရေ” နဲ့ “ဆီးပွင့်” ။ တခြားဒေသတချို့ကလည်း ကဗျာစာအုပ်တွေ ထုတ်ကောင်းထုတ်နိုင်ခဲ့ပါလိမ့်မယ်။ ကျနော် မှတ်မိသလောက် အဲဒီ ပဲခူး၊ ရန်ကုန်၊ ပျဉ်းမနား အစရှိတဲ့ ဒေသက ကဗျာဆရာတွေက ကိုယ့်ဒေသရယ်လို့ မဟုတ်ပဲ၊ တခြားဒေသက ကဗျာဆရာတွေဆီက ကဗျာတွေကိုပါတောင်းပြီး ထုတ်တော့ ကိုယ့်ဒေသက တာဝန်ယူ ထုတ်ခဲ့ကြတဲ့သဘောပါပဲ။ ဥပမာ ... ကျနော်တို့ ပဲခူးကဆိုရင် “ဆီးပွင့်” ကဗျာစာအုပ်ထုတ်တော့ ရန်ကုန်က “မုံရွာအောင်ရှင်” တို့ ပျဉ်းမနားက “မောင်သင်းခိုင်” တို့ရဲ့ ကဗျာတွေကိုတောင်းပြီး ကျနော်တို့ ကဗျာစာအုပ်မှာ ထည့်ခဲ့ကြတာပဲ။ ရာဇ၀င်တွင်ဖို့လိုအပ်တယ်လို့ ယူဆပြီးပြောရရင် ရန်ကုန်မှာထုတ်တဲ့ ကဗျာစာအုပ်တွေဟာ၊ အသိုင်းအ၀ိုင်းအားဖြင့် ကျယ်ပါတယ်။ တကယ့်တပ်ပေါင်းစုသဘောလည်း ဆောင်ပါတယ်။ ဒီတုန်းက ရန်ကုန်ကထုတ်တဲ့ ပထမဦးဆုံးနဲ့ ဒုတိယအကြိမ်ထုတ်ဝေတဲ့ ကဗျာစာအုပ်ရဲ့ နာမည်တွေကို ဆရာ “ဒဂုန်တာရာ” က နာမည်ပေးခဲ့တာပါ။ လက်ရေးနဲ့ရေးတဲ့သူတွေက ပထမ “မုံရွာအောင်ရှင်” ၊ ဒုတိယ “ကိုအောင်ငြိမ်း” ။ ပထမဦး ဆုံး ထုတ်ဝေတဲ့ ကဗျာစာအုပ်ရဲ့ အမည်က “နွေဦးသစ်မှာပေါ်တဲ့ ပွင့်သစ်” တဲ့။ ဒုတိယစာအုပ်ကတော့ “မိုးရိပ် လေရိပ်” ဖြစ်ပါတယ်။ ဒီစာအုပ်တွေဟာ ထုတ်ဝေခွင့်ရယူပြီး တရားဝင်ပုံနှိပ်ထုတ်ဝေခဲ့တာ မဟုတ်ပါဘူး။ ဖယောင်းစက္ကူပေါ်မှာ ကညစ်နဲ့ရေးပြီး ဖယောင်းပုံနှိပ်လက်ရေးကဗျာစာအုပ်တွေအဖြစ် ထုတ်ဝေခဲ့ကြတာပါ။

ကျနော်ထင်ပါတယ်။ ဒီတုန်းက အဲဒီ “စာပေဆည်းဆာ” လှုပ်ရှားမှုဟာ အကြောင်းအရာ (နိုင်ငံရေး) အရ၊ အတတ်ပညာအရ မြန်မာကဗျာဖြစ်ထွန်း တိုးတက်မှုကို တွန်းတင်နိုင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ ဒီ “စာပေ ဆည်းဆာ” လှုပ်ရှားမှုထဲကပဲ စာပေအယူအဆတချို့ ပေါ်ထွက်လာခဲ့တယ်လို့ ဆိုရပါမယ်။

(ခ)

၁၉၇၀-ခုနှစ်တ၀ိုက်က၊ “စာပေဆည်းဆာ” လှုပ်ရှားမှုထဲမှာ ကျနော် စိတ်ဝင်စားတဲ့ အယူအဆ(၂) ခု ရှိခဲ့ပါတယ်။ သထမ အချက်က “ကဗျာနှင့်လူ ထပ်တူဖြစ်မှု မဖြစ်မှု” ဆိုတဲ့အယူအဆ။ နောက်တချက်ကတော့ “ကဗျာဆိုတာ ပြောက်ကျားလက်နက်” ဆိုတဲ့ အယူအဆပါပဲ။ ဒီကနေ့ ဒီဆောင်းပါးမှာတော့ “ကဗျာဆိုတာ ပြောက်ကျားလက်နက်” ဆိုတဲ့ အယူအဆကိုပဲ ကျနော်ပြောပါမယ်။

ပြောမယ့်သာပြောရတာပါ။ ဒီ “စာပေဆည်းဆာ” ကဗျာလှုပ်ရှားမှုလုပ်တဲ့အချိန်က ကျနော်က ကဗျာ တပုဒ်ပဲ ပုံနှိပ်ဖော်ပြခံရဖူးသေးတဲ့ တကယ့်နောက်တန်းရဲ့ နောက်တန်းက လူတယောက်ပါ။ အသက်အရွယ် အားဖြင့်လည်း (၂၀) ၀န်းကျင်ပဲ ရှိပါသေးတယ်။ နောင်တော် ကဗျာဆရာတွေဖြစ်ကြတဲ့ “အောင်ငြိမ်း” ၊ “မုံရွာ အောင်ရှင်” ၊ “မောင်သင်းခိုင်” ၊ “ဇော် (ပျဉ်းမနား)” တို့ရဲ့ နောက် ...၊ ခတ်လှမ်းလှမ်းက လူတယောက်ပါပဲ။ “စာပေဆည်းဆာ” ကိစ္စ၊ ကျနော့်မှာ ပြောခွင့်ရှိတဲ့အနေအထား၊ ပြောနိုင်လောက်တဲ့ “၀ါ” ၊ ကျနော့်မှာ မရှိပါဘူး။ အခုလို စာတတန် ပေတတန်ရေးပြီး ပြောတယ်ဆိုတာကလည်း ကိုယ့်ကိုယ်ကို ပြောနိုင်တဲ့ လူတယောက်လို့ ယူဆပြီး ပြောတာလဲ မဟုတ်ပါဘူး။ ဒါပေမယ့် “စာပေဆည်းဆာ” ကို ကျနော်တန်ဘိုးထားတယ်။ “စာပေ ဆည်းဆာ” ဟာ ကျနော်ရဲ့ ပဲ့ကိုင်၊ “စာပေဆည်းဆာ” ဟာ ကျနော့်ရဲ့ ဖြတ်သန်းမှုတခုဖြစ်တာမို့ “စာပေ ဆည်းဆာ” ကို လွမ်းသတဲ့အနေနဲ့ ကျနော်ရေးတာပါ။

အဲဒီစာပေဆည်းဆာလှုပ်ရှားမှုထဲမှာ ကျနော်တို့ရဲ့ နောင်တော်ကြီးတွေ ပြောသံဆိုသံကြားလို့ ၀င်ပြီး နားထောင်၊ ၀င်ပြီး ဆွေးနွေးရင်းနဲ့ “ကဗျာဆိုတာ ပြောက်ကျားလက်နက်” ဆိုတဲ့ စကားကို ကျနော်ကြားခဲ့ရ တာပါ။ လွဲချင်လည်း လွဲနိုင်ပါတယ်။ “ကဗျာဆိုတာ ပြောက်ကျားလက်နက်ဖြစ်တယ်” ဆိုတဲ့ စကားကို ဆရာ “မောင်သင်းခိုင်” တို့က စပြီး ပြောခဲ့တာလို့ပဲ မှတ်ယူခဲ့ဖူးပါတယ်။

(ဂ)

ဒီ ၂၀၀၈-ခုနှစ်၊ နှစ်လည်မကျော်ခင်မှာပဲ၊ မြန်မာစာပေသမိုင်းမှာ ထင်ရှားတဲ့အဖြစ်အပျက် (၂)ခု ရှိခဲ့ ပါတယ်။ နှစ်ခုစလုံး ကဗျာနဲ့ပါတ်သက်တဲ့ သမိုင်းဝင်အဖြစ်အပျက်တွေပါပဲ။ ပထမအဖြစ်အပျက်ကတော့ ကဗျာ ဆရာ စောဝေရဲ့ “ ဖေဖော်ဝါရီဆယ့်လေး ” က ဗျာကိစ္စ၊ နောက်တခုကတော့ ကဗျာဆရာ “ကြည်မောင်သန်း” ရဲ့ “ဒီပရင်္ဂ” ကဗျာ ကိစ္စပါပဲ။ ဒီကဗျာ (၂)ပုဒ်ဟာ တခုနဲ့တခု ဦးတည်ချက်ချင်းတော့ တူကြပါတယ်။ ဆရာ “စောဝေ” ရဲ့ ကဗျာက အုပ်စိုးသူ စစ်အစိုးရရဲ့ ဦးဏှောက်နဲ့နှလုံးသားကို တိုက်ရိုက်ထိုးနှက်တဲ့ ကဗျာဖြစ်ပြီး၊ ဒုတိယကဗျာတပုဒ် ဆရာကြည်မောင်သန်းရဲ့ကဗျာကြတော့ စစ်အစိုးရဆန့်ကျင်ရေး တိုက်ပွဲဝင် အဖြစ်အပျက်နဲ့ တိုက်ပွဲဝင် ခေါင်းဆောင်တွေကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့ ကဗျာဖြစ်ပါတယ်။ ဟိုတုန်းက အသုံးပြုခဲ့တဲ့ စကားလုံး တွေ အရ ပြောရရင် ဆရာစောဝေရဲ့ ကဗျာက “ဖွင့်ချရေး” အလုပ်ကိုလုပ်ပြီး၊ ဆရာကြည်မောင်သန်းရဲ့ကဗျာ ကတော့ “အမွှန်းတင်ရေး” အလုပ်ကိုလုပ်ပါတယ်။

ဒီအဖြစ်အပျက်နဲ့ ဒီကဗျာ (၂) ပုဒ်ကိုကြည့်ရင် ကဗျာဆရာနှစ်ယောက်စလုံးဟာ လူထုဖက်က ရပ်တည် ကြတဲ့ ကဗျာဆရာတွေဆိုတာ ရှင်းပါတယ်။ အခုလို လူထုနဲ့အုပ်စိုးသူ စစ်အစိုးရ ပဋိပက္ခဖြစ်တဲ့အခိုက်၊ ဒီကဗျာ ဆရာနှစ်ယောက်ဟာ လူထုဖက်ကရပ်ပြီး လူထုရဲ့ရန်သူ၊ ဖိနှိပ်သူ စစ်အစိုးရကို ထိုးနှက်တိုက်ခိုက်ကြတဲ့ ရာဇ၀င် တွင်တဲ့ ကဗျာဆရာတွေပါပဲ။

ဒီနေရာမှာ ကဗျာဆရာနှစ်ယောက်စလုံး ကဗျာဆရာပီပီ၊ ကဗျာလက်နက်ကိုပဲ ကိုင်ဆွဲခဲ့ကြပေမယ့် သူတို့ကိုင်ဆွဲတဲ့ကဗျာ၊ သူတို့အသုံးပြုတဲ့ကဗျာဟာ “ပြောက်ကျားလက်နက်” သဘော အသုံးပြုသွားတာ တွေ့ ကြရပါတယ်။ စစ်အစိုးရဲ့ စာပေစီစစ်ရေးအဟန့်အတားတွေကို အလစ်အငိုက် ထိုးဖောက်ဝင်ရောက်ဖြတ်သန်း နိုင်ဖို့ သူတို့ရဲ့ကဗျာတွေဟာ ကိုယ်ရောင်ဖျောက်ထားတဲ့ကဗျာ စကားလုံး၊ ကိုယ်ရောင်ဖျောက်ထားတဲ့ ပါဒ၊ ကိုယ်ရောင်ဖျောက်ထားတဲ့ ကဗျာပိုဒ်တွေကို အသုံးပြုခဲ့ကြပါတယ်။ မထင်မှတ်တဲ့အချိန်၊ မထင်မှတ်တဲ့နေရာက မထင်မှတ်တဲ့အသွင်သဏ္ဌာန်နဲ့ စစ်အစိုးရဲ့ ခံတပ်၊ စာပေစီစစ်ရေးကို အပြင်းထန်ဆုံးဝင်ရောက်ထိုးဖောက် တိုက်ခိုက်လိုက်ကြတဲ့ သဘောပါပဲ။ ဒါဟာဖြင့် ပြောက်ကျားသေနင်္ဂဗျူဟာပါပဲ။

လူထုကြီးနဲ့ စစ်အစိုးရ အခုလို ရင်ဆိုင်ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ လူထုကြီးက လက်နက်မဲ့ဖြစ်ပါတယ်။ ဖိနှိပ်သူ စစ်အစိုးရက လက်နက်ရှိဖြစ်ပါတယ်။ လူထုကြီးက အင်အားနည်းပြီး ဖိနှိပ်သူ စစ်အစိုးရက အင်အားကြီး ပါတယ်။ စစ်ရေးသေနင်္ဂဗျူဟာမှာ အင်အားကြီးသူကို အင်အားနည်းသူက ရင်ဆိုင်တိုက်ခိုက်တဲ့အခါ “ပြောက်ကျားသေနင်္ဂဗျူဟာ” ဟာ အထိရောက်ဆုံးနဲ့ အမှန်ကန်ဆုံးဗျူဟာပါပဲ။ ပြောက်ကျားဗျူဟာမှာ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခြင်း၊ ကိုယ်ရောင်ဖျောက်ထားခြင်း၊ အသေမရပ်တည်ပဲ အမြဲလှုပ်ရှားနေခြင်း၊ ရွေ့လွယ်ပြောင်းလွယ်ဖြစ်ခြင်း၊ အစရှိတဲ့ အင်္ဂါရပ်တွေရှိပါတယ်။ လူထုကြီးဖက်က ရပ်တည်တဲ့ ကဗျာဆရာတွေ ဟာ သူတို့ရဲ့ ကဗျာလက်နက်ကို “ပြောက်ကျားလက်နက်” တခုအဖြစ် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုခဲ့ကြ ပါတယ်။ ဒါကြောင့်မို့ ထိလည်း ထိရောက်ခဲ့ကြပါတယ်။ အုပ်စိုးသူဟာ အကြီးအကျယ်အထိနာခဲ့ရပါတယ်။

ဒီအဖြစ်အပျက်တွေကိုကြည့်ရင် ဟိုတချိန်တုန်းက “စာပေဆည်းဆာ” စာပေလှုပ်ရှားမှုကို ဦးဆောင်ခဲ့ ကြတဲ့ ဆရာ “မောင်သင်းခိုင်”တို့ ၊ ဆရာ “မုံရွာအောင်ရှင်” တို့ ပြောခဲ့ကြတဲ့ “ကဗျာဆိုတာ ပြောက်ကျား လက်နက်” ပဲ ဆိုတဲ့ စကားဟာ ဒီကနေ့အထိ လူထုဖက်က ရပ်တည်တဲ့ ကဗျာဆရာတွေ ကိုင်စွဲကြရမယ့် နည်းပရိယာယ်တခုဖြစ်တယ်လို့ပဲ ယူဆမိပါတယ်။ ။


ငြိမ်းဝေ



December 15, 2009

ရွာတဲ့မိုးနဲ့ ခံတဲ့အိုး

ကွယ်လွန်သူ ကဗျာဆရာ မောင်ချောနွယ်က “မောင်ချောနွယ်အတု” ဆိုပြီး ကဗျာစာအုပ်တအုပ် ထုတ်ခဲ့ပါတယ်။ မောင်ချောနွယ်အစစ်က မောင်ချောနွယ်အတုတယောက်ဖန်တီးပြီး ကဗျာဖတ်သူကို စကားပြောတဲ့သဘောပဲပေါ့။ ဟုတ်ပါတယ်။ ကဗျာဆိုတာက အစစ်ကိုတုပရတဲ့ အနုပညာပစ္စည်းပါ။

လူ့ ဘဝအစစ်အမှန်ကနေပြီး ရောင်ပြန်ဟပ်ထားတဲ့ ဘဝရဲ့ အရိပ်၊ ကိုယ်ပွါးတခုပါပဲ။ ဒါကို ကဗျာဆရာက အတုကို အတုမှန်းမသိရအောင် အစစ်လိုပဲ ခံစားလက်ခံလာရအောင်၊ ကဗျာဖတ်သူရဲ့ရင်ထဲ အနက်ရှိုင်းဆုံးအထိရောက်အောင် ဥပမာ၊ ဥပမေယျတွေသုံးပြီး တင်စားချက်တွေသုံးပြီး ပြောတဲ့နည်းပါ။ ဒီနေရာမှာ ကဗျာဆရာက အစွန်းတွေကို လွတ်အောင်ရှောင်နိုင်လေ ကဗျာက ပိုပြီးရသမြောက် ထိချက်ပြင်းလေလေပါပဲ။
အစွန်းတွေကို ပြောပါဆိုရင် အလွန်အကျူးထိန်ဝှက်လွန်းတာမျိုး နဲ့ အလွန်ရိုးအလွန်းတာမျိုးတွေကို ပြောတာပါ။ ဒါတွေကို ကဗျာဆရာက အပိုအလိုမရှိ၊ တနည်းအားဖြင့်မဇ္ဈိမ ပဋိပဋာကျအောင်ဖွဲ့ ရင် အဲဒီကဗျာဟာ ထိရောက်အောင်မြင်လာရမှာပါပဲ။

ကျနော်တို့ နိုင်ငံမှာ ခေတ်ပေါ်ကဗျာရယ်လို့ ပေါ်ပေါက်လာတာ ၁၉၇၀ လောက်ကစပြီးရေတွက်မယ်ဆိုရင် နှစ်(၃၀)ကျော်ပါပြီ။ ခုဆိုရင် ခေတ်ပေါ်လွန်ဆိုတာတွေလည်း ရှိနေပါပြီ။ ဒါပေမယ့် ကြုံကြိုက်လို့ ပြောစရာလေးတခုတော့ ပြောလိုက်ချင်ပါသေးတယ်။ စာရေးဆရာအောင်သင်းနဲ့ လွတ်လပ်သောအာရှအသံ(RFA) တို့ တွေ့ ဆုံမေးမြန်းခန်းလုပ်တဲ့အခါ ဆရာအောင်သင်းကခေတ်ပေါ်ကဗျာနဲ့ ပတ်သက်တဲ့စကားပြောခဲ့တာရှိပါတယ်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူက ခေတ်ပေါ်ကဗျာဆိုတာ အခြေအမြစ်မခိုင်တဲ့ စာပေရေပွက်ကလေးတခုသာဖြစ်တယ်ဆိုတဲ့သဘော သွယ်ဝိုက်ပြီးပြောပါတယ်။ ဒါကြောင့်မို့ ခေတ်ပေါ်ကဗျာဆိုတာ ရေပွက်ကလေးတပွက်မျှသာဖြစ်တာမို့ မကြာခင်ပျောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒီကိစ္စအလောင်းအစားလုပ်မလားဆိုတဲ့အထိပြောပါတယ်။ဒါကိုကြားတော့ ကျနော်ပြုံးမိတယ်။ သူက ဒီလိုပြောနေတဲ့အချိန်မှာ မြန်မာပြည်က ထွက်သမျှ မဂဇင်းတိုင်းလိုလိုမှာ ခေတ်ပေါ်ကဗျာတွေချည်း နေရာယူစိုးမိုးနေတာ သူမသိဘူးနဲ့ တူပါရဲ့။ ပြီးတော့ ခေတ်ပေါ်ကဗျာက အသက်ဝင်လှုပ်ရှားလာတာ တော်တော်လေးတောင် လူလားမြောက်နေပြီပဲ။ ကျနော်က သူ့ ရဲ့အမြင်ကို မပြောဖို့ ကန့် ကွက်တဲ့သဘောမဟုတ်ပါဘူး။ သူ့ အမြင်ကို ပဲ သဘောမတူတာပါ။ အေးလေ ဒါကတော့ လွတ်လပ်စွာသဘောကွဲလွဲကြတဲ့သဘောပေါ့။ ကျနော်တို့ လှပစွာ ငြင်းခုန်ကြရမှာပေါ့။

အခုဆိုရင်ခေတ်ပေါ်ကဗျာနဲ့ ပတ်သက်ပြီးခေတ်ပေါ်ကဗျာဆိုင်ရာလက္ခဏာရပ်တွေလည်း အတော်အတန်ပြည့်စုံသလောက်ပြည့်စုံအောင်ပြောခဲ့ကြပြီးပါပြီ။ ဒီအထဲက ကျနော် စိတ်ဝင်စားတဲ့လက္ခဏာတခုရှိပါတယ်။ အဲဒါကတော့ ခေတ်ပြိုင်ရင်ခုန်သံကို ဖေါ်ပြတဲ့လက္ခဏာပါပဲ။ “ခေတ်ပြိုင်ရင်ခုန်သံ”ံ ဆိုတဲ့စကားလုံးကို ဆရာဒဂုန်တာရာ က စတင်သုံးစွဲလိုက်တာပါ။ ဒီလက္ခဏာကို ထင်ထင်ရှားရှားသက်သေပြနိုင်တဲ့ကဗျာ တပုဒ်ကို ကျနော်ဖေါ်ပြလိုက်ပါတယ်။ အမှတ်အသားမွဲကြံလို့ ဒီကဗျာဟာ ဘယ်မှာဖေါ်ပြခဲ့တာလဲဆိုတာတော့ ကျနော်မသိပါဘူး။ ရေးတဲ့သူက ကဗျာဆရာ ကွန်စစ်ကောင်း ဆိုတာကိုတော့ ကျနော်အသေအချာပြောနိုင်ပါတယ်။

ဖဲဝိုင်း

အပြင်ဖက်မှာ
ကလေးတွေ ဆော့ကစားနေကြတာလား
ရန်ဖြစ်နေကြတာလား
သူတို့ စိတ်မဝင်စားကြဘူး။
ကုလားဖန်ထိုးတယ်၊ ဖဲချပ်ဝေတယ်
တစ်ချပ်ချင်း ပွတ်ကြည့်ကြတယ်
အလိုရမ္မက်
တဏှာ
မနာလိုမှု။

ဆက်ပြီးပွတ်ကြည့်ကြတယ်
မုသာဝါဒ
အဆိပ်
ဓါးမြှောင်။

အိမ်မြှောင်စုတ်ထိုးသံတွေကြားတယ်
သူတို့ ကောက်ချင်သလို
အတိတ်နိမိတ်ကောက်ယူတယ်။
ဘုရားရှိခိုးသံ ဂါထာရွတ်သံတွေကြားတယ်
သူတို့ ကောက်ချင်သလို
အဓိပ္ပါယ်ကောက်ယူတယ်။

သီချင်းဆိုတဲ့လူက ဆိုတယ်
ဒူးနှံ့ တဲ့လူက နှံ့ တယ်
ဖဲချပ်ကို ဆက်ပြီးပွတ်ကြည့်ကြတယ်
လောဘ၊ မောဟ
မောဟ၊ လောဘ။

ဂျိုကာများ ပါလာလို့ ကတော့
ပြုံးလို့ ပျော်လို့ 
သူတို့ ကိုယ်ကျင့်တရားတွေ အားလုံးကို
အဲဒီ ဂျိုကာချပ်ထဲ အတင်းထိုးထည့်
လိုသလို အသုံးပြုနိုင်ဖို့ 
နံဘေးလူ မသိအောင် ကြံလို့ စည်လို့ ။

ကလေးတွေ စာအော်ကျက်သံကြားတယ်
သူတို့ စိတ်မဝင်စားကြဘူး၊
ငှက်ဆိုးထိုးသံကြားတယ်
သူတို့ စိတ်မဝင်စားကြဘူး။

လေချွန်တဲ့သူက ချွန်တယ်
ရွဲ့ ပြုံး ပြုံးတဲ့သူက ပြုံးတယ်
တောက်ခေါက်တဲ့လူက ခေါက်တယ်၊
တယောက်က
အောက်ဖဲတချပ် ဆွဲယူတယ်
ဖြန်းကနဲ ရိုက်ကြည့်တယ်
အတ္တ။
နောက်တယောက်က
အောက်ဖဲတချပ် ဆွဲယူတယ်
ဖြန်းကနဲ ရိုက်ကြည့်တယ်
ဒေါသ။

ညဥ့်နက်သထက် နက်လာပြီ
ကြည့်ပြီးသား ဖဲချပ်တွေကိုပဲ
အရသာခံပြီး
ပြန်ပွတ်ကြည့်နေကြပြန်တယ်
အတ္တ၊ ဒေါသ၊ မစ္ဆေရ
မစ္ဆေရ၊ ဒေါသ၊ အတ္တ။ ၊

ကွန်စစ်ကောင်း

ကျနော်တို့ ရဲ့ ချစ်ခင်လေးစားရတဲ့ ကွယ်လွန်သူ စာဆိုကြီး ဆရာ တင်မိုး ကလည်း ၁၉၉၉ ခုနှစ်ထဲမှာ“ဖဲသုံးချပ်” ဆိုတဲ့ကဗျာတပုဒ် ရေးခဲ့ပါသေးတယ်။ အခု ကွန်စစ်ကောင်း ရေးတဲ့ကဗျာနဲ့ ဦးတည်ချက်ချင်းတူပါတယ်။ စေတနာလည်း ဒါပါပဲ။ ဒါပေမယ့် မတူတဲ့အချက်က ဆရာတင်မိုးက “ခေတ်စမ်းလွန်ဟန်” နဲ့ ရေးပြီး ဆရာကွန်စစ်ကောင်းကတော့ “ခေတ်ပေါ်ကဗျာဟန်” နဲ့ ရေးတဲ့အချက်ပါပဲ။
“ဖဲဝိုင်း” ကဗျာမှာ ဖဲထိုင်ရိုက်နေကြတဲ့ ဖဲသမားများရဲ့ အပြုအမူ စိတ်နေစိတ်ထားကို ရေးထားပါတယ်။ ဒါတွေကို အလိုရမ္မက်၊ တဏှာ၊ မနာလိုမှု၊ မုသာဝါဒ၊ အဆိပ်၊ ဓါးမြှောင်၊ လောဘ၊ မောဟ၊ အတ္တ၊ ဒေါသ၊ မစ္ဆေရ ဆိုတဲ့ စကားလုံးတွေနဲ့ ချုပ်ပြီး ဖေါ်ပြထားတာ တွေ့ ကြရမှာပါ။ တခုမှ ကောင်းတာမပါပါဘူး။
ဒီလို မကောင်းတဲ့စိတ်တွေ မိုးမွှန်နေကြတာဆိုတော့ အပြင်ဖက်က ကလေးတွေရဲ့ အပြုအမူ၊ ဓလေ့စရိုက်၊ သဘောသဘာဝ၊ လိုအပ်ချက်..ဒါတွေကို သူတို့ ဂရုမပြုအားတော့ပါဘူး။ လက်ခံခံစား နားလည်နိုင်စွမ်း မရှိနိုင်တော့ပါဘူ။ ဘုရားရှိခိုးသံ၊ ဂါထာရွတ်သံ၊ အိမ်မြှောင်စုတ်ထိုးသံတွေကိုလည်း သူတို့ ကောက်ချင်တဲ့အဓိပ္ပါယ်နဲ့ ကောက်ယူပြီး သံဝေဂမရ တရားမရနိုင်ကြပါဘူး။ ယုတ်စွအဆုံး ငှက်ဆိုးထိုးသံကြားရတာကိုတောင်မှ သူတို့ အတွက် အန္တရာယ် တစုံတရာကျရောက်တော့မယ့်လက္ခဏာအဖြစ် သူတို့ သတိပြုနိုင်စွမ်းမရှိတော့ပါဘူး။ ဝှက်ဖဲ၊ အောက်ဖဲ၊ ဂျိုကာဖဲ အစရှိတဲ့ လျှို့ ဝှက်ကောက်ကျစ်တဲ့နည်းနဲ့ တဦးအပေါ်တဦး လက်ဦးမှုရယူပြီး ပြိုင်ဖက်တွေ၊ ဇာတ်တူသားတွေကို နင်းဖို့ ချေဖို့ တခုထဲကိုပဲ သဲသဲမဲမဲ စဉ်းစားနေကြသူတွေဖြစ်တယ်ဆိုတဲ့အကြောင်း “ဖဲဝိုင်း” ကဗျာမှာ တွေ့ ကြရမှာပါ။
ဒီတော့ ကျနော်တို့ က “ဖဲဝိုင်း” ကဗျာကိုဖတ်နေရင်းမှာပဲ ကျနော်တို့ ရဲ့ခေတ်ပြိုင်ဘဝထဲမှာ “ဖဲဝိုင်း” ထဲက ဖဲထိုင်ရိုက်နေကြတဲ့ ဖဲသမားတွေရဲ့ အပြုအမူ စိတ်နေစိတ်ထားအတိုင်း တသွေမတိမ်းရှိတဲ့ တထပ်ထဲကျတဲ့ လူတွေကို ပြေးမြင်ရတော့တာပေါ့။ ပညာရေး၊ ဘာသာရေး၊ ငြိမ်းချမ်းရေး၊ ဖြူစင်မျှတရေး အစရှိတဲ့ လောကပါလတရားဟူသမျှကို ဘေးချိပ်ပြီး တခြားလူမပြောနဲ့ ဇာတ်တူသားစားဖို့ ကိုတောင် ဝန်မလေးတတ်ကြတဲ့သူတွေဟာ ဘယ်သူတွေလဲ ဆိုတဲ့အသိ ကျနော်တို့ ခေါင်းထဲ ချက်ချင်းဆိုသလို ရောက်လာရတော့တာပေါ့။
ဆရာ ကွန်စစ်ကောင်း ကတော့ ကျနော်တို့ အပေါ် ကဗျာမိုးရေတွေ ရွာချပေးလိုက်တာပါပဲ။ ခေတ်ပြိုင်ရင်ခုန်သံတချို့ ကို ကဗျာနဲ့ ပေးလိုက်တာပါပဲ။ ကျနော်တို့ ကသာ ကျနော်တို့ ရဲ့ တွေးခေါ်ခံစားနိုင်မှုရေအိုးနဲ့ ခံယူပြီး ကဗျာမိုးရေ ကဗျာရသကို ဖေါ်ယူခပ်သုံးနိုင်ကြရမှာပါ။
ဒါပါပဲ။ ခေတ်ပေါ်ကဗျာတပုဒ်ရဲ့ အတိမ်အနက် အထိမ်အဝှက်ကို ကျနော်တို့ ရဲ့ခေတ်ပြိုင်အခြေအနေမျုားနဲ့ နှိုင်ယှဉ်ခံစားပြီး ကျနော်တို့ ရဲ့ အတွေးလက်တံ ရှည်ရင်ရှည်သလောက် ကဗျာ့ရသကို ခံစားနိုင်ကြမှာပဲ ဖြစ်ပါတယ်။
ကဗျာဝါသနာအိုးများအဖို့ “ရွာတဲ့မိုးနဲ့ ခံတဲ့အိုး” အပေါ်မူတည်ပြီး ခေတ်ပေါ်ကဗျာများရဲ့ ရာဝဇင်ရေး အခန်းကဏ္ဍကို မှန်ကန်စွာ နားလည်နိုင်ကြလိမ့်မယ်လို့ တော့ ကျနော်ယူဆမိပါတယ်။ ။

ငြိမ်းဝေ

November 11, 2009

ဥထဲမှာနဲ့ ဗိုက်ထဲမှာ


(၁)
ခေတ်ပေါ်ကဗျာဟာ ဘယ်ခေတ်နဲ့ မှ မတူတဲ့ အငြင်းအပွားရဆုံး ကဗျာပါပဲ။ သူက အတိဇာတသားလည်းဖြစ်ပြန် အမိအဘကလည်း တကယ့်ကို ဆွေကြီးမျိုးကြီး မျက်နှာကြီးတွေဖြစ်နေပြန်တော့ ခေတ်ပေါ်ကဗျာရဲ့ အရှိန်အဟုန်ဟာ ကောင်းသထက်ကောင်းနေတော့ပြန်တာပေါ့။


ကျနော်မှတ်မိသေးတယ်။ ၁၉၇၀ တဝိုက်ဆီတုန်းက ငွေတာရီ၊ မြဝတီ၊ စစ်ပြန်၊ သွေးသောက်နဲ့ အခြား မဆလအစိုးရနဲ့ မကင်းတဲ့ ဒါမှမဟုတ် မဆလ သြစာ အောက်မှာရှိတဲ့မဂဇင်းတွေမှာ အမျိုးသားယဉ်ကျေးမှုထိမ်းသိမ်းဘို့ ဆိုတဲ့ခေါင်းစဉ်နဲ့ ဂန္တဝင်ကဗျာရေးဟန်တွေကို တခန်းတကဏ္ဍထားပြီးအားပေးခဲ့တာ၊ ရွေးချယ်ရင်လည်း တျာချင်းတို့ ၊လေးချိုး ဒွေးချိုးပုံသဏ္ဍာန်နဲ့ ရေးတဲ့ကဗျာတွေကိုမှ ရွေးပြီးဖေါ်ပြတာမျိုးတွေ အင်တိုက်အားတိုက် လုပ်ကြတာပဲ။
ဒီတုန်းကများ မိုးဝေမဂဇင်းတခုထဲမှာပဲ ခေတ်ပေါ်ကဗျာကို အားလုံးနဲ့ ဆန့် ကျင်ပြီ့း ဖေါ်ပြခဲ့ပါတယ်။နောက်တော့လည်း အားလုံးသိကြတဲ့အတိုင်း ခေတ်ပေါ်ကဗျာဟာ မျက်မှောက်ခေတ်မြန်မာကဗျာရေစီးကြောင်းရဲ့ ရေစီးအားအကောင်းဆုံး ကဗျာရေစီးကြောင်းတခုဖြစ်လာခဲ့ပါတယ်။
ကျနော်အထက်က ပြောခဲ့တဲ့စကားထဲမှာ ခေတ်ပေါ်ကဗျာဟာ အတိဇာတသားဖြစ်တာရယ်၊ အမိအဘက ဆွေကြီးမျိုးကြီးဖြစ်တယ်ဆိုတဲ့အချက်နှစ်ချက်ကို ကျနော်ပြန်ကောက်ပါ့မယ်။ပထမ အတိဇာကသားကိစ္စ ပြောရမယ်ဆိုရင် ခေတ်ပေါ်ကဗျာရဲ့ ဖြစ်ပေါ်တိုးတက်မှုက ကဗျာသမိုင်းကို ချိုးဖေါက်ပြီးထွက်လာရတဲ့သဘောရှိပါတယ်။အစဉ်အလာ ကဗျာ့ဥပဒေသအတော်များများကို ဆန့် ကျင်ချိုးဖျက်ပြီးမှ ပုံသဏ္ဍာန်သစ်ကိုယူလိုက်တဲ့ကိစ္စဟာ အမိဝမ်းကြာဗိုက်ကို ခွဲထွက်ပြီးမှထွက်လာရတဲ့သဘောပါပဲ။ အထင်ရှားဆုံးဥပမာကတော့ နှစ်ပေါင်း ( ၉၀၀) ကျော်ခိုင်မာစွာရပ်တည်လာခဲ့တဲ့ လေးလုံးစပ်အခြေခံကို လုံးလုံးကြီးစွန့် လွှတ်လိုက်တဲ့ကိစ္စနဲ့ ကာရန်စနစ်ကို ဖျက်ပစ်လိုက်တဲ့ကိစ္စဖြစ်ပါတယ်။ ပြီးတော့ ခေတ်ပေါ်ကဗျာရဲ့အမိအဘက ဆွေကြီးမျိုးကြီးဖြစ်တယ်ဆိုတဲ့ကိစ္စကတော့ ခေတ်ပေါ်ကဗျာရဲ့အကြောင်းအရာအားဖြင့်ခြေကုတ်ယူတဲ့နေရာက လူထုဖြစ်ပါတယ်။ခေတ်ပေါ်ကဗျာက လူထုရဲ့ရင်ခုန်သံကို လူထုသုံးဝေါဟာရတွေ လူထုသုံးစကားပြောလေသံတွေကိုအသုံးပြုပြီးမှ ကဗျာဖြစ်အောင် တီထွင်ထားတာဖြစ်ပါတယ်။ လူထုထက်ပိုပြီးကျယ်ပြန့် တဲ့နေရာ၊လူထုထက်ပိုပြီးခန့့်ငြားထည်ဝါတဲ့မိဘဆိုတာကော ရှိနိုင်ပါအုံးမလား။ခေတ်ပေါ်ကဗျာဟာ လူတွေအကြောင်းကို လူတွေ နေ့ စဉ်ပြောဆိုနေကြစကားလုံးတွေ လေသံတွေနဲ့ ပဲ အသုံးပြုဖေါ်ပြတာမို့ ကျမ်းဟောင်းထဲကလှမ်းကြည့်ရင် ခေတ်ပေါ်ကဗျာကို ကဗျာလို့ တောင်မှ အသိအမှတ်ပြုလို့ မရနိုင်အောင် ဖြစ်တဲ့သူလည်းရှိကောင်းရှိနိုင်ပါတယ်။ ဒီနေရာမှာ တင်ပြပုံးတင်ပြနည်းဆင်တူလွန်းတဲ့ ခေတ်ပေါ်ကဗျာနှစ်ပုဒ်ကို ကျနော်ဖေါ်ပြလိုက်ပါတယ်။တပုဒ်က ဥရောပက ဂျာမာန်ခေတ်ပေါ်ကဗျာတပုဒ်၊ နောက်တပုဒ်က မြန်မာခေတ်ပေါ်ကဗျာတပုဒ်ဖြစ်ပါတယ်။ ဒီကဗျာနှစ်ပုဒ်ရဲ့ တူညီတဲ့အကြောင်းအရာက လူတွေ ကတ္တားဘဝကလျောကျရတဲ့အဖြစ်၊ လူဟာ လူတစု၊လူတယောက်၊ ဒါမှမဟုတ် စနစ်တခု၊ ဒါမှမဟုတ် သဘာဝတရားရဲ့ ကြိုးကိုင်စီမံရာခံရတဲ့ဘဝအနေအထားကို ရေးတဲ့အကြောင်းအရာပါပဲ။ ကိုယ့်ဘဝကို ကိုယ်မပိုင်တဲ့ အပြုခံသတ္တဝါများဖြစ်ကြရပုံအကြောင်း ပါပဲ။ ဒါပေမယ့် ထူးခြားတဲ့အချက်က ကဗျာနှစ်ပုဒ်စလုံးမှာ အညံ့ခံအရှုံးမပေးလိုတဲ့ မဟာလူသားစိတ်ဓါတ်ကို ထင်ဟပ်တဲ့ ကဗျာစာကြောင်းတွေ ပါရှိတာ လည်း တွေ့ ကြရပါလိမ့်မယ်။ နှိုင်းယှဉ်ခံစားနိုင်ဖို့ အတွက် ကဗျာနှစ်ပုဒ်စလုံးကို ဖေါ်ပြပေးလိုက်ပါတယ်။ဂျာမာန်ကဗျာကတော့ နာမည်ကျော် စာပေနိုဗယ်ဆုရှင် ဂန်တာဂရပ်စ် ရဲ့ကဗျာဖြစ်ပါတယ်။နောက်တပုဒ်ကတော့ မြန်မာကဗျာဆရာ မိုဃ်းဇော် ရဲ့ ကဗျာဖြစ်ပါတယ်။

ဥထဲမှာ

ကျွန်ုပ်တို့သည် ဥထဲ၌ နေကြသည်။
ဥခွံ၏အတွင်းနံရံတပြင်လုံးပေါ်၌
ညစ်ပတ်သောပုံများနှင့်
ကျွန်ုပ်တို့၏ ရန်သူအမည်များ
ရေးဆွဲထားကြသည်။
ကျွန်ုပ်တို့ကို သားဖေါက်နေသည်။

ကျွန်ုပ်တို့အား သားဖေါက်နေသူသည်
ကျွန်ုပ်တို့၏ ခဲတံများကိုလည်း
သားဖေါက်နေသည်။
ဥမှတနေ့ လွတ်လွတ်လာချင်း
ကျွန်ုပ်တို့အား သားဖေါက်နေသူ၏
ပုံကို ကျွန်ုပ်တို့ရေးဆွဲမည်။

ကျွန်ုပ်တို့အား သားဖေါက်နေသည်ဟု
ကျွန်ုပ်တို့လက်ခံထားကြသည်။
သဘောကောင်းသောကြက်တစ်ကောင်ဟု
စိတ်ကူးပြီး
ထိုကြက်မ၏ အရောင်နှင့်အမျိုးကို
ကျောင်းသား စာစီစာကုံးများ
ကျွန်ုပ်တို့ရေးကြသည်။

ဘယ်တော့မှ ကျွန်ုပ်တို့ ဖေါက်ထွက်ကြမလဲ
ဥထဲမှ ကျွန်ုပ်တို့၏ ပရောဟိတ်များက
အလယ်အလတ်လစာလေးအတွက်
“X”ဟုခေါ်သောနေ့တနေ့ကို
တင်ပြလာကြရဲ့။
ပျင်းရိသောကြောင့်အပြင်
အမှန်တကယ်လိုအပ်သောကြောင့်
ကျွန်ုပ်တို့
သားဖေါက်စက်များ တီထွင်ပြီးခဲပြီ
ဥထဲရှိ ကျွန်ုပ်တို့ ၏ရင်သွေးများအတွက်
ကျွန်ုပ်တို့ အလွန်စိုးရိမ်နေကြပါသည်။
ကျွန်ုပ်တို့၏ စက်များကို အသုံးပြုရန်
ကျွန်ုပ်တို့အား စေါက်ရှောက်နေသော
သူမအား အကြံပြုလိုပါသည်။

သို့သော် ကျွန်ုပ်တို့၏ ခေါင်းပေါ် အမိုးရှိပါသည်။
အိုမင်းနေတဲ့ ကြက်ပေါက်စတွေ
ဘာသာစကားစုံ သနွေသားတွေ
တနေကုန်
အကြောင်းအရာမရှိ ပြောဆိုကြပါသည်
၎င်းတို့၏အိပ်မက်များကိုပင်
ဆွေးနွေးကြပါသည်။

နို့
ကျွန်ုပ်တို့အား သားဖေါက်နေတာ
မဟုတ်ရင်ကော
အကယ်၍ ဒီဥခွံဟာ
ဘယ်သောအခါမှ မကွဲရင်ကော
အကယ်၍ ကျွန်ုပ်တို့ရဲ့  မိုးကုတ်စက်ဝိုင်းဟာ
ကျွန်ုပ်တို့ရေးခြစ်ရာတွေသာဖြစ်ပြီး
အဲသလိုသာအမြဲ ဖြစ်နေရင်ကော
ကျွန်ုပ်တို့အား သားဖေါက်နေသည်ဟု
ကျွန်ုပ်တို့ မျှော်လင့်ရပါသည်။

သားဖေါက်နေခြင်းအကြောင်းသာ
ကျွန်ုပ်တို့ ပြောဆိုနေသည့်တိုင်
ဥခွံပြင်ပရှိ တဦင်္းဦး
ဗိုက်ဆာနေမည်ကို ထိတ်လန့်ရပါသည်။
ကျွန်ုပ်တို့ကို ဒယ်အိုးထဲ ခွဲပြီး
ဆားဖြူးလိုက်ရင်ကော
အဲဒီအချိန်မှာ ဘာလုပ်ကြမလဲ
ဥထဲက
ကျွန်ုပ်တို့ ညီနောင်ရေ….။

(ဂျာမာန်ကဗျာဆရာ Gunter Grass ရဲ့ In the Egg ကဗျာကို စေါဟန်သိုက် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။)

ဗိုက်ပူ

အတောင်ပံပါတဲ့ငှက်တွေလို
အိပ်တန်းဆီ အလွယ်တကူ မပြန်နိုင်ပေမယ့်
သာမန်ပြည်သူတွေနဲ့ အတူ
ဘတ်စ်ကားစီးပြီးပြန်ခဲ့တယ်။

ဒီ ဘတ်စ်ကားကြီးကို
“ဗိုက်ပူ ”လို့လည်း ခေါ်ကြတယ်။

ဗိုက်ပူရဲ့  ဗိုက်ထဲမှာ
ခင်ဗျားတို့လည်း ခင်ဗျားတို့ အရေး ခင်ဗျားတို့တွေးလို့
ကျွန်တော်လည်း ကျွန်တော့်အရေး ကျွန်တော်တွေးလို့
ရွေးချယ်စရာမရှိတဲ့ ဒီလမ်းမှာ
( လူ့ ဘဝဆိုတာလည်း ချိန်းဆိုမထားဘဲ ဆုံခဲ့ကြတာပါပဲလေ)
ခင်ဗျားတို့ တစ်သက်လုံး
ဗိုက်ပူနဲ့ နပမ်းလုံးခဲ့ရသလို
ကျွန်တော့် တစ်သက်လုံးလည်း
ဗိုက်ပူနဲ့ နပမ်းလုံးခဲ့ရပါတယ်။

ဗိုက်ပူရဲ့  ဗိုက်ထဲမှာပဲ
ကျွန်တော်တို့ ဘဝတွေ ငါးပိသိပ် ငါးချဉ်သိပ်
တစ်ဦးအပေါ်တစ်ဦး ထိတ်လန့်လို့
တစ်ဦးအပေါ်တစ်ဦး ဖိတ်စဉ်ခဲ့ကြတယ်။

တကယ်တော့ ဗိုက်ပူဟာ
ကျွန်တော်တို့ အသက်တွေကို မောင်းနေတဲ့
ကျွန်တော်တို့ ဘဝတွေကို မောင်းနေတဲ့
ကျွန်တော်တို့ အချိန်တွေကို မောင်းနေတဲ့
အမျိုးအမည်မသိ မော်တော်ကားတစ်စင်းပါပဲ။

ကျွန်တော်ဆင်းရမယ့်
“ဒုက္ခ”လမ်းမထက်က
“သုခ”မှတ်တိုင်ရောက်တော့
ဗိုက်ပူပေါ်က ဆင်းပြီး
ရပ်ကွက်လမ်းကျဉ်းကလေးထဲ ဝင်လိုက်တယ်။
ကျွန်တော့်ရှေ့ ကိုက်(၁၀၀)မှာ
ကလေးတွေ ဆော့ကစားနေတာ မြင်လိုက်ရ
မကြာခင်ဆို
နွေဦးပေါက်တော့မယ်“အမေ”။ ။

( ဒါကတော့ မိုဃ်းဇော် ရဲ့ ကဗျာဖြစ်ပါတယ်။ )
(ကဗျာသရုပ်ဖေါ်ပုံက ပန်းချီထိန်လင်းရဲ့ ပန်းချီကားဖြစ်ပါတယ်)

ငြိမ်းဝေ
ကိုးကား။ ။မိုးဃ်းဇော် ရဲ့  သေတမ်းစာ ကဗျာစာအုပ်
။၁၉၉၂၊ ဒီဇင်ဘာလ၊ ပင်လယ်မဂဇင်း


November 08, 2009

လေးချိုးဘုရင် သခင်ကိုယ်တော်မှိုင်း


ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မဟာကဗျာလေးချိုးကြီးတွေကို တစုတဝေးတည်း စာအုပ်အဖြစ်ထုတ်ဝေတာ နှစ်အုပ်ရှိပါတယ်။(အမှတ်အသားမှားရင်တော့ ထောက်ပြဖြည့်စွက်ပေးကြပါခင်ဗျား)တအုပ်က မောင်တင်ရွှေ ပြုစုတဲ့ “ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ လက်ရွေးစင်လေးချိုးတရာ ” ဖြစ်ပါတယ်။ ကျန်တအုပ်ကတော့ င်္ဟသာတစာပေဖြန့် ချိရေးကထုတ်ဝေတဲ့“ ဆရာကြီးသခင်ကိုယ်တော်မှိုင်း လေးချိုးပေါင်းချုပ် ” စာအုပ်ဖြစ်ပါတယ်။

ဒီဆောင်းပါးက ဆရာကြီးသခင်ကိုယ်တော်မှိုင်း လေးချိုးပေါင်းချုပ် စာအုပ်အပေါ်မူတည်ပြီးမှရေးတဲ့ဆောင်းပါးဖြစ်ပါတယ်။
ဆရာကြီးဟာ ကဗျာတွေအပြင် ပြဇာတ်တွေ ဋီကာတွေလည်းရေးပါတယ်။ ကျနော်တဦးတည်းရဲ့အမြင်အရ ပြောရရင် ဆရာကြီးဟာ ကဗျာမှာပို ပြီး အောင်မြင်ကျော်ကြားလှတယ်လို့ ယူဆပါတယ်။
ဆရာကြီးရဲ့ ဒီလေးချိုးပေါင်းချုပ်စာအုပ်မှာ ဆရာဇော်ဂျီက အမှာစာရေးပါတယ်။ ဒီအမှာစာဟာ ၁၉၆၄၊သြဂုတ်လ ၃ ရက်နေ့ ည ဆရာကြီးသခင်ကိုယတော်မှိုင်းဈာပနမဏပ်မှာ ဆရာဇော်ဂျီဟောပြောခဲ့တဲ့ စာတမ်းကို အမှာစာအဖြစ်ဖေါ်ပြထားတာပါ်။ ဆရာဇော်ဂျီရဲ့အမှာစာဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာများအပေါ်စာဖတ်သူတွေပိုမိုသဘောပေါက်နားလည်နိုင်ဖို့ အတွက်အထောက်အကူပြုတာအမှန်ပါပဲ။
ဒီစာအုပ်မှာ လေးချိုးကြီးကဗျာများအပြင် တေးထပ် ၊ လေးချိုးလပ်၊ ဂါထာ များလည်းပါရှိတာတွေ့ ရပါတယ်။ စုစုပေါင်း ကဗျာပုဒ်ရေ (၁၁၈)ပုဒ်ပါရှိပါတယ်။

၂။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲံကဗျာတွေကို အကြောင်းအရာပိုင်းအရ၊ အတတ်ပညာပိုင်းအရဆိုပြီး နှစ်ပိုင်းခွဲပြီးလေ့လာသင့်ပါတယ်။ ဆရာကြီးဟာ ကဗျာဆရာလည်းဟုတ်တယ်၊ နိုင်ငံရေးခေါင်းဆောင်လည်းဖြစ်တာမို့ ဆရာကြီးရဲ့ကဗျာတွေကို အကြောင်းအရာအရလေ့လာရင်ပဲ ခမ်းနားမြင့်မားလှတဲ့နိုင်ငံရေးနောက်ခံများကိုတွေ့ ရနိုင်ပါတယ်။ ဆရာကြီးရဲ့ကဗျာတွေကို ဖတ်ရင် ဆရာကြီးရဲ့နိုင်ငံရေးရပ်တည်ချက်၊နိုင်ငံရေးအမြင်ထက်မြက်မှုတွေကို အထင်အရှားတွေ့ ရနိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ အဲဒီဆရာကြီးရဲ့နိုင်ငံရေးအကြောင်းအရာနောက်ခံများကိုအဓိကမထားပဲ ဆရာကြီးရဲ့ ကဗျာအတတ်ပညာဆိုင်ရာအပိုင်းကိုပဲ ဦးစားပေးဖေါ်ပြသွားမှာဖြစ်ပါတယ်။
ပထမဦးဆုံးကျနော်သတိပြုမိတဲ့အချက်ကတော့ မဟာကဗျာလေးချိုးကြီးများရဲ့ထူးခြားလှတဲ့ ကဗျာပုံစံဖြစ်ပါတယ်။ဒီကဗျာပုံစံဟာ လေးချိုးကဗျာပုံသဏာန်ဟောင်းကို ဆရာကြီးက ထပ်မံချဲ့ ထွင်ထားတဲ့ ကဗျာပုံသဏ္ဍာန်သစ်ဖြစ်ပါတယ်။
ဆရာကြီးက သူပြောချင်တဲ့ အကြောင်းအရာကို မဟာကဗျာလေးချိုးကြီးဆိုတဲ့ သူကိုယ်တိုင်တီထွင်ထားတဲ့ “ ကဗျာပုံစံ ” နဲ့ ရေးဖွဲ့ ပြောဆိုခဲ့တာပါ။ ဒီကဗျာပုံစံဟာ၊ ယ္ခင်ရှိပြီးသားလေးချိုးကဗျာရဲ့ အကန့် အသတ်တချို့ ကို ဖျက်ပြီး အဲဒီအကန့် အသတ်ထက်ပိုပြီးကျယ်တဲ့ ကဗျာပုံစံကိုယူလိုက်တာပါ။ လေးပိုဒ်ကဗျာပုံသဏာန်ရဲ့ တစုံတရာတင်းကြပ်မှုကို ဖြေချလိုက်တဲ့သဘောပါပဲ။ ဒီ လို ဆန့် ထုတ်ဖြေချရခြင်းရည်ရွယ်ချက်ကလည်း တချိန်က “ ပျို့ ” တွေ၊ “ ရတု ” တွေမှာသာ ရေးဖွဲ့ လေ့ရှိတဲ့ အကြောင်းအရာမျိုးတွေကို ဆရာကြီးက မဟာကဗျာလေးချိုးကြီးထဲမှာ ထည့်ရေးနိုင်တယ်ဆိုတာ နားလည်းထားလို့ ပါပဲ။ ကဗျာတ ခေတ်မှာ ကဗျာသစ်ထွင်တဲ့ အလုပ်ဟာ တကယ်တော့ တော်လှန်စွန့် စားရတဲ့ အလုပ်ဖြစ်ပါတယ်။ အဟောင်းကိုတော်လှန်ရပါတယ်။ အဟောင်းသမားနဲ့ ရင်ဆိုင်ရပါတယ်။ ဒါကြောင့်မို့ လည်း “ အမယ်မင်း၊ တေးမျိုးအပြီး မသာမယာကိုမှ လေးချိုးကြီးမဟာကဗျာရယ်လို့ ခေါ်ရက်လေခြင်း ” ဆိုပြီး ၊ ငိုချင်းချကန့် ကွက်သူတွေရှိခဲ့တာပေါ့။ ဒါပေမယ့် ဆရာကြီးက ကဗျာပုံသဏာန်သစ်ကိုပဲ ရဲရင့် တက်ကြွစွာကိုင်ဆွဲခဲ့ပါတယ်။
တချိန်တုန်းက လေးချိုးစာကြောင်းတကြောင်းမှာ၊ စာလုံးရေ ( ၉ ) လုံးအထိလောက်ပဲရှိတာကို ၊ ဆရာကြီးကတော့ စာလုံးရေအကန့် အသတ်မရှိ ထားချင်သလောက်ထားပြီးရေးတာတွေ့ ရပါတယ်။ ပြီးတော့ ကဗျာပိုဒ်ရေ ( ၄ ) ပိုဒ်၊ တချိန်တုန်းက ( ၁၆ ) ချိုး၊ စာမျက်နှာ ( ၂ ) မျက်နှာ ( ၃ ) မျက်နာရှိရာက၊ ဆရာကြီးကတော့ ( ၁၀ ) မျက်နှာလောက်အထိ ဆန့် ထုတ်ချဲ့ ထွင်လိုက်တာတွေ့ ရပါတယ်။ ဒီနေရာမှာ ဆရာကြီးဟာ ယ္ခင်လေးချိုးပုံသဏာန်ရဲ့ “ ထု ” နဲ့  “ စေါက် ” ကိုချဲ့ ထွင်လိုက်တဲ့သဘောပါပဲ။ ဒါကတော့ ဆရာကြီးရဲ့ ကိုယ်ပိုင်မဟာ ကဗျာလေးချိုးကြီး ပုံသဏာန်ရဲ့ ထူးခြားမှုပါပဲ။

နောက်ထပ်ထူးခြားတဲ့အချက်တွေရှိပါတယ်။ ဆရာကြီးဟာ အဲဒီမဟာကဗျာလေးချိုးကြီးတွေကို အရပ်သုံးလေသံတွေ၊ လူထုသုံးဝေါဟာရတွေ၊ အင်္ဂလိပ်စကားလုံးအသံထွက်တွေ၊ ဝေါဟာရအသစ်တွေနဲ့ ဖွဲ့ စည်းတည်ဆောက်ထားတဲ့အချက်ဟာ အင်မတန်ထူးခြားတဲ့အချက်ပါပဲ။ ဒီလိုရေးဖွဲ့ တယ်ဆိုတာ လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ တော်ရုံတန်ရုံကဗျာဆရာတွေ စိတ်ကူးမိ စိတ်ကူးရဲတဲ့ကိစ္စမဟုတ်ပါဘူး။ အင်မတန်ရဲရင့်ထက်မြက်တတ်သိတဲ့ကဗျာဆရာများသာ ကိုင်တွယ်ရဲတဲ့ကိစဖြစ်ပါတယ်။ ဆရာကြီးဟာ အဲဒီ စကားလုံးတွေ ဝေါဟာရတွေကို ဆရာကြီးအင်မတန်ကျွမ်းကျင်လိမ်မာတဲ့“ မကျီးရွက်သပ် နဘေထပ ”်စပ်နည်းနဲ့ ရေးတဲ့အတွက် ဆရာကြီးရဲ့ကဗျာတွေဟာ လူတွေနဲ့ ပိုမိုနီးစပ်နိုင်ခဲ့ပါတယ်။

ဒီနေရာကစပြီး ဆရာကြီးအသုံးပြုခဲ့တဲ့ ဝေါဟာရသစ်၊ လူထုသုံးစကားလုံး၊အင်္ဂလိပ်စကားလုံးတွေကို အနည်းငယ်မျှစီ ဖေါ်ပြသွားပါ့မယ်။

စကားလုံးသစ်များ
မယ်သီလရှင် = ဘန်းမဒီ
ဖက်ဆစ် = ကမာဒမြ“
ဖြူစင်တဲ့အကျင့် = ဗျိုင်းအကျင့်
မကြည်ညိုဖွယ်ဘုရင်= ဘုရင်တကောင်
နွားလို့မိုက်တဲ့ လူနှစ်ယောက် = လူတရှင်း
ဒကာမနှစ်ယောက် = နှစ်ဒဂမ
မြေပတ်ကြားပထဗျာထိ = မြေမျို
အလွန်လွမ်းဆွေးခြင်း = လွမ်းတောင်ပေါက်

အင်္ဂလိပ်စကားလုံးများသုံးစွဲပုံ
ကောလိပ်၊ ကင်းဂျော့၊ ကောင်စီ၊ ကွန်မြူနစ်၊ ကွန်ဖရင့်၊ ဆေးလဗားဂျူဗလီ၊ ဒိုင်အာခီ၊ ဒယ်လီဂိတ်၊ ပါဝါ၊ ပေါ်လစ်တစ်၊ နေရှင်နယ်ဒေး ...အစရှိတဲ့ စကားလုံးတွေပါပဲ။ အပြည့်အစုံဖေါ်ပြမယ်ဆိုရင်တော့ သည့်ထက်တပုံတပင်ကြီးရှိပါသေးတယ်။

ကျနော်စိတ်ဝင်းစားပြီး အထူးခြားဆုံးအသုံးအနှုန်းတွေကတော့ လူထူသုံး ဘန်းစကားလုံးတွေပါပဲ။
လူထုသုံးဝေါဟာရများ
ကလော်တုတ်၊ ကလိန်ဘုကျ၊ ကလချာ ကလချွတ်၊ ဂိုက်မသေး၊ ငနဲ၊ ငို့ ဘကောင်၊ ဘိုင်ကောင်၊ ဟော်တယ်မယ်၊ မသာလောင်း၊ သေချင်းဆိုး၊ အနုတ်စုတ် ဂုတ်စုတ်၊ ပလူး၊ ဗလဗွေဗလဖြစ်၊ ဘလချီဘလရွတ်၊ မဟားဒယား၊ အကြံနိုပ်....၊ သည့်ထက် စကားလုံးတွေ အများကြီးရှိပါသေးတယ်။ ဒါကတော့ နမူနာသဘောပဲ ဖေါ်ပြလိုက်တာပါ။

နောက်ထပ်ထူးခြားတဲ့အချက်ရှိပါသေးတယ်။ ဆရာကြီးဟာ စကားလုံးပေါင်းဂန္တ၀င်စည်းကမ်းတွေကို ရဲရဲပဲချိုးဖေါက်လိုက်တာတွေ့ ရပါတယ်။ ကဗျာမှာ လူထုသုံးဝေါဟာရနဲ့ စကားပြောလေသံကိုအသုံးပြုမယ်ဆိုရင် ဂန၀င်စည်းကမ်းတွေဟာအဟန့် အတားဖြစ်စေတတ်ပါတယ်။ ဒီနေရာမှာတော့ ဂန္တ၀င်စည်းကမ်းတွေက ဆရာကြီးရဲ့တီထွင်ရဲတဲ့စိတ်ကို မဟန့် နိုင်ပါဘူး။ ဒါကိုလည်း ဥပမာအနည်းငယ်ဖေါ်ပြလိုက်ပါတယ်။
ဓါးမရှည် ဓါးမတို = ဒမရှေ ဒမတို
ဓါးပြ = ဒမြ
ခေါင်းကုတ် =ဂေါင်းကုတ်
နွားထိုင်း နွားပျက် နွားနီ နွားပြာ = နထိုင်း နပျက် နနီ နပြာ
ထမင်းရည်= ထမရေ
ဝါးတော ၀ါးရုံ=၀တော ၀ရုံ
မြေးတကာမ = မြီးဒဂမ
တန်ဆာ = ဓဆာ

၃။
“ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊လေးချိုးပေါင်းချုပ် ” စာအုပ်ကိုဖတ်ပြီး ကျနော်တွေ့ ရှိတဲ့ ဆရာကြီးရဲ့ ကဗျာဆိုင်ရာ အတတ်ပညာများကို အနည်းငယ် တင်ပြခဲ့တာဖြစ်ပါတယ်။အခုတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်တာ (၄၅)နှစ်ပြည့်ခဲ့ပါပြီ။ဆရာကြီးကွယ်လွန်တဲ့အခါ ကဗျာလောကမှာ မဟာကဗျာလေးချိုးကြီးခေတ်ဟာလည်း နိဂုံးချုပ်သလိုဖြစ်ခဲ့ပါတယ်။ဒါကတော့ နှောင်းလူတွေက နောက်ထပ်ကဗျာသစ်တွေထပ်ပြီးဖေါ်ကြတာလည်းပါ၊ ဆရာကြီးထက်ကျော်ပြီး ဘယ်ကဗျာဆရာမှ မဟာကဗျာလေးချိုးကြီးတွေ မရေးစပ်နိုင်တာလည်း ပါလိမ့်မယ်ထင်ပါတယ်။
ဒီဆောင်းပါးမှာ ဆရာကြီးရဲ့ ကဗျာအတတ်ပညာဆိုင်ရာ နည်းနာတွေကို အနည်းငယ်မျှသာ ဖေါ်ပြနိုင်ကြောင်း ၀န်ခံပါတယ်။စာဖတ်သူများ ဖြည့်စွက် ဆက်လက်လေ့လာနိုင်ဖို့ အတွက်သာ ရည်ရွယ်ပြီးရေးခဲ့ခြင်းဖြစ်ပါတယ်။ ။

ငြိမ်းဝေ
မှီငြမ်း။ ။ဆရာမောင်စွမ်းရည် ရဲ့ “ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာဟန်တကွက် ”
ဆောင်းပါး။ (စာပေအင်အား...စာအုပ်မှ )

July 27, 2009

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆနှင့် စာပေအနုပညာ


(က)

၁၉၇၀ - ခုနှစ်တ၀ိုက်တုန်းကဖြစ်သည်။ကျနော်တို့ ငယ်စဉ်အသက်(၂၀) ၀န်းကျင်အရွယ်စာအုပ် စာတမ်းများ ကိုအရုးအမူးဖတ်ကာစအချိန်။ ကမ္ဘာ့ ခေါင်းဆောင်များ၏ အထုပတ္တိများကိုဖတ်ကာ စိတ်ကူးစိတ်သန်းများ ယှက်ဖြာခဲ့ကြဖူး၏။ အထူးသဖြင့် လူထုခေါင်းဆောင်များ၊ နိုင်ငံ့ခေါင်းများထဲတွင် တဖက်ကနိုင်ငံ့အရေးကို ဆောင် ရွက်ရင်း တဖက်ကလည်း စာပေကိစ္စများကို ဆောင်ရွက်ကြသည့် ခေါင်းဆောင်များကို တခှုတ်တရရွေးချယ်ပြီးမှ လေ့လာမှတ်သား အလေးအနက်ထားခဲ့ကြဖူးသည်။ ဥပမာ အနေနှင့် ဗီယက်နမ်က ဟိုချီမင်း၊ တရုတ်ပြည်က မော်စီတုံး၊ အိနိယက ပဏစ်နေရုး...စသည်တို့ ဖြစ်ကြ၏။ ဟိုချီမင်းနှင့်မော်စီတုံးက ကဗျာတွေရေးခဲ့ကြပြီး နေရုးကမု စကားပြေများကိုရေး၏။



ထိုစဉ်က ကျနော်တို့ တတွေ အလေးအနက်ထားလေ့လာမှတ်သားခဲ့ရသည့် ခေါင်းဆောင်များထဲတွင် ကျနော်တို့ နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး“ ဗိုလ်ချုပ်အောင်ဆန်း” လည်းပါဝင်ခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်း သည်နိုင်ငံရေးကိစ္စများကို တဖက်ကဆောင်ရွက်ရင်း မအားလပ်သည့်ကြားက၊ ဆောင်းပါးနှင့် ကိုယ်တိုင်ရေး အထုပ္ပတ္တိတချို့ ရေးသားချန်ရစ်နိုင်သည့်ခေါင်းဆောင်ကြီးတဦးဖြစ်၏။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား ဘ၀မှာကတည်းက ဗြိတိသျှကဗျာဆရာ“ အားနက်စ် ဟင်နလေ” ရဲ့ “ အနိုင်မခံ ” ကဗျာကို မြန်မာဘာသာပြန်ဆိုခဲ့ သည့်အချက်မှာ ကျနော်တို့ ရဲ့ နှလုံးသားကို ဆွဲဆောင်ကိုင်လှုပ်နိုင်ခဲ့၏။ ထို့နောက်ဗိုလ်ချုပ်၏ “ ကျောင်းသားဝတ္တရား” ဆောင်းပါး၊ “နိုင်ငံရေးအမျိုးမျိုး” ဆောင်းပါးများကိုလည်း ကျနော်တို့ ငြိတွယ်ခဲ့ကြ၏။ သို့  သော် ထိုအချိန်က ဗိုလ်ချုပ်၏ စာပေလက်ရာများမှာ ရှာရဖွေရခက်ခဲလှ၏။ တစုတဝေးတည်းထုပ်ထုပ်သိမ်းသိမ်း ပြုလုပ်ထုပ်ဝေသည့် စာအုပ်စာတန်းအနေနှင့်မရှိသေး။ ထို့ ကြောင့် ကျနော်တို့ မှာ ဗိုလ်ချုပ်၏စာပေလက်ရာများ ကို စိတ်အားထက်သန်သလောက် ပြည့်ဝအောင်ရှာဖွေမဖတ်ရှုနိုင်ခဲ့။

၁၉၉၈ - ခုနှစ်ထဲတွင်မူ ကျနော်တို့ တတွေအနှစ်နှစ်အလလက တောင့်တခဲ့ရသည့်ဆနတခု မှာမမျှော်လင့်ပဲပြည့်ဝလာခဲ့ရ၏။ ယင်းနှစ်ထဲတွင် “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ ” စာအုပ်ထွက်ရှိ လာသောကြောင့်ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများကို ယ္ခုလိုတလုံးတစည်းတည်းစာအုပ်တအုပ် အနေနှင့်စုဆောင်းကြိုပမ်းခဲ့သည့်ပုဂ္ဂိုလ်မှာ ဆရာ ‘ မြဟန် ’ ဖြစ်၏။ ( တက္ကသိုလ်များသမိုင်းသုတေသနဌါနအ ကြီးတန်းသုတေသနမှူး)

“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ ” စာအုပ်တွင် တက္ကသိုလ်များသမိုင်းသုတေသန ဌါန၊ ညွန်ကြားရေးမှူး ‘ ဒေါ်နီိနီမြင့် ’ ကဥယျောဇဉ်ရေး၏။ နိဒါန်းစာကိုမူ ဆရာ ‘ မြဟန် ’ ကရေး၏။ ဤစာအုပ်တွင် “ ဗိုလ်ချုပ်အောင်ဆန်း၏စာရေးဝါသနာ ” ၊ “ ဆောင်းပါးအနှစ်ချုပ်များ ” နှင့် “ ဗိုလ်ချုပ်အောင်ဆန်းပြောသော ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံလွှာ ” ဆောင်းပါး( ၃ ) ပုဒ်မှာမူ ရေးသူအမည်မပါရှိပဲ ဖေါ်ပြထားသည်ကိုတွေ့ ရ၏။ သို့ သော်ဤဆောင်းပါး( ၃ )ပုဒ်တွင်ပါရှိသည့် အတွင်းစာသားတချို့ အပေါ်မူတည်ကာ၊ ဤစာအုပ်ကိုကြိုးပမ်းစု စည်းသူ ဆရာ‘ မြဟန် ’ ကိုယ်တိုင်ပင်ဖြစ်မည်ဟုပင်ယူဆရ၏။သို့ သော်စာရေးသူအမည် မဖေါ်ပြသည့်ဆောင်းပါး များဖြစ်သည့်တိုင် ဤဆောင်းပါးများမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများအပေါ်၊ စာဖတ်သူများပိုမိုနားလည်ခံစား နိုင်ရန်အထောက်အကူပြုသည့်အတွက်ကိုမူ ကျေးဇူးတင်ရမည်ဖြစ်၏။

( ခ )
“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ “ အယူအဆရေးရာကိစ္စများ”ကိုတွေ့ ရသည်။ ထိုအယူအဆရေးရာကိစ္စများမှာ ကျောင်းသားများ တူညီဝတ်စုံဝတ်သင့်၊ မသင့်ကိစ္စမှအစ ...၊ဘ၀လမ်းညွန်အယူအဆကိစ္စအထိ ကျယ်ကျယ်ပြန့်  ပြန့် ပါဝင်၏။ ဥပမာ “ ဗိုလ်ချုပ်အောင်ဆန်း ” အင်္ဂလိပ်လိုရေးသားသည့် Freedom 0f Dress in School ဆောင်းပါး နှစ်ပုဒ်တွင် ဦးသန့် ၏ “ဂန္တလောက” မဂဇင်းတွင် ရေးသည့် “ Fron my School Window ” ဆောင်းပါး အပေါ်ပြန်လည်ချေပရေးသားသည့်ဆောင်းပါးဖြစ်သည်။ ကျောင်းသားများ တူညီဝတ်စုံဝတ်စေသည့် ကိစ္စမှာ လွတ်လပ်မှုမရှိခြင်းကိုပြဆိုခြင်းမဟုတ်ပဲ၊ စည်းလုံးမှုနှင့်ချစ် ခင်ရင်းနှီးမှုစိတ်ဓါတ်တို့ ကိုပွားစေကြောင်း ချေပသည့်ဆောင်းပါးဖြစ်၏။ နောက်ထပ်ဥပမာတ ခုမှာ ...၊ ဗိုလ်ချုပ်၏နာမည်ကျော်ဆောင်းပါး “ Burma and Buddhism” ဖြစ်သည်။ အင်္ဂလိပ် လို ရေးသားသည့်ဆောင်းပါးဖြစ်၏။ ဤ ဆောင်းပါးမှာ ၁၉၃၅ ခုနှစ်ဧပြီလထုတ်၊ ဂန္တလောက မဂဇင်းတွင်ပါဝင်သည့်ဆောင်းပါးဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်းတက္ကသိုလ်ကျောင်းသားဘ၀က ရေးသည့် ဆောင်းပါးဖြစ်၏။ ထိုစဉ်က ဗိုလ်ချုပ်မှာ အသက် ( ၂၀ ) အရွယ်သာရှိသေး၏။ အခြေခံသည့်အကြောင်းအရာမှာမြင့်၏။ အမျိုးသားဓလေ့ထုံးစံအယူအဆများအပေါ် လူငယ် များမည်ကဲ့သို့  ခံယူကျင့်သုံးသင့်ကြောင်း တင်ပြဆွေးနွေးသည့်ဆောင်းပါးဖြစ်သည်။ စိတ်ဝင် စားဖွယ်ကောင်းလှသည့်အချက်မှာ ဤ ဆောင်းပါးY “ဗုဒ္ဓ” ၏“ ကာလမသုတ္တန်” လာအယူအ ဆကိုအလေးအနက်ထားတင်ပြဆွေးနွေးသည့်အချက်ဖြစ်၏။ ယင်းအယူအဆမှာ “ ၀ိဘဇ္ဖ၀ါဒ ” ဖြစ်၏။ “ဗုဒ္ဒ၀ါဒ ” ၏အနှစ်ဖြစ်၏။ အယူဝါဒတစ်ခု၏အမှားအမှန်ကိုဝေဖန်ပိုင်းခြားပြီးမှသာ၊လက်ခံ ကျင့်သုံးသင့်ကြောင်းထောက်ပြသည့်ဆောင်းပါးဖြစ်၏။

“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ ”ကို ဖတ်ပြီးဗိုလ်ချုပ်၏အယူအဆရေးရာအ တိုင်းအဆအတိမ်အနက်ကိုခန့် မှန်းလို့ ရသည့် နောက်ထပ်ဥပမာရှိပါသေးသည်။ ဥပမာ “ကျောင်းသားဝတ္တရား ” ဆောင်းပါးဖြစ်၏။ ဤ ဆောင်းပါး၏အနှစ်သာရမှာ ( ၂ ) ချက်ရှိ၏။( ၁ ) အချက်မှာ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုခြင်းဖြစ်ပြီး နောက်ထပ်( ၁ ) ချက်မှာကျောင်းသား များထားရှိရမည့် ပညာသင်ကြားရေးဆိုင်ရာအလုပ်လမ်းညွှန်ဖြစ်၏။ အထမ အချက် ( ၁ )အ ရ၊ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုရာY “ ပညာစစ် ” ဆိုသည်မှာ ပညာသင်ကြားရေးလွတ် လပ်ခွင့် ( Academic Freedom ) ရှိမှသာစစ်မှန်သည့်ပညာရေးဖြစ်ကြောင်းဖွင့်ဆိုချက်ဖြစ်၏။ နောက်ထပ်( ၁) အချက်မှာ၊ ကျောင်းသားများဝတ္တရားမှာအတန်းစာကျက်၍ စာမေးပွဲအောင် ရုံမျှနှင့်တာဝန်ကျေပွန်သည်မဟုတ်။ လောကရေး၊ ဓမ္မရေးနှင့်ပြသနာအရပ်ရပ်တို့ ကိုစိစစ်ဝေ ဖန်ဖြေရှင်းတတ်သောပညာမျိုးကိုရအောင်ဆည်းပူးကြရမည် “ဟူသည့်အလုပ်လမ်းညွှန်အယူ အဆဖြစ်၏။ တနည်းအားဖြင့်ဆိုလျင်” ကျောင်းသားဟူသည်မှာ ပညာရေးတွင်မက၊ လောက ရေးကိုပါလေ့လာပါဝင်ဆင်ခြင်လုပ်ကိုင်ရမည့် ၀တ္တရားရှိသည် ဟူသည့်အယူအဆပင်ဖြစ် သည်။ အမှန်စင်စစ်...ဗိုလ်ချုပ်အောင်ဆန်းသည် “ကျောင်းးသားများ....နိုင်ငံရေးနှင့်မသက် ဆိုင်၊ ပညာရေးသက်သက်သာလေ့လာပါဝင်ရမည်” ဟူသည့်အယူအဆကို လက်မခံခဲ့ကြောင်း အထင်အရှားတွေ့ ရသည့်ဆောင်းပါးဖြစ်၏။


အယူအဆရေးရာအရ နောက်ထပ်ဥပမာတခုရှိပါသေးသည်။ “ နိုင်ငံရေးအမျိုးမျိုး”ဆောင်းပါးဖြစ်၏။ ဤဆောင်းပါးတွင် အဓိကအားဖြင့်အချက်( ၂ )ချက်ကိုတွေ့ ရ၏။ ပထမအချက်မှာ “ နိုင်ငံရေးဆိုသည်မှာ လူမှုသူမှုကိစ္စအားလုံးပင်ဖြစ်၏ ” ဟုဗိုလ်ချုပ်ကယူဆ၏။ ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်တချို့ နိုင်ငံရေးလုပ်ရင်း နိုင်ငံရေးအရှုပ်အထွေးများကြားညပ်နေသည့်အခါ “ နိုင်ငံရေးဆိုသည်မှာ ညစ်ပတ်သည့်အလုပ်ဖြစ်သည်၊ကုသိုလ် တပဲ ငရဲတပိဿာအလုပ်ဖြစ်သည် ” ဟူသောစကားပြောကြသည်ကို ဗိုလ်ချုပ်က ကန့် ကွက်၏။“ နိုင်ငံရေးသည် လောကီရေးပင်ဖြစ်၏။ လူတွေသည်ပြုပြင်လို့ ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။စင်စစ်နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့်ပင်မတရာကြီးတရပ်ပင်ဖြစ်၏” ဟုအခိုင်အမာ မြုင့်တင်ရေးသားလိုက်၏။
ဗိုလ်ချုပ်အောင်ဆန်း၏ အယူအဆရေးရာကိုသိရှိနိုင်သည့်နောက်ဆုံးဥပမာမှာ “ စာပေရေးရာအယူ အဆ ” ဖြစ်၏။ ဗိုလ်ချုပ်သည် စာပေရေးရာအယူအဆကို ဖေါ်ပြသည့်ဆောင်းပါးတပုဒ်ကိုရေးခဲ့သည်ကားမှန်၏။ သို့ သော်ထိုဆောင်းပါးကို မည်သည့်နေရာဌါနတွင် ဖေါ်ပြခဲ့သည်ကိုလည်းကောင်း၊ေ ဆာင်းပါ၏ ခေါင်းစဉ်အမည် ကိုလည်း ကောင်းမှတ်တမ်း မှတ်ရာအရ မရှိနိုင်ခဲ့ပါ။ ဗိုလ်မှူးကြီး‘ ဘို ’ ဆိုသူက ၁၉၄၉ ခုနှစ်တွင်ထုတ်ဝေသည့် ‘ အိုးဝေမဂဇင်း ’Y ၊ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆဆိုင်ရာဆောင်းပါးကို ဖေါ်ပြခဲ့ပေးခဲ့သဖြင့်သာလူအများ ဖတ်ကြရခြင်းဖြစ်၏။ ဤဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆမှာ “ မိမိရေးလိုက်သည့်စာပေသည် အမြဲတန်းရှင်သန်နေရမည်၊ အဖျက်သဘောမပါဘဲ အဖြစ်သဘောနှင့် အပြုသဘောပါစေရမည်၊ ခေတ်မီ၍ ပြုပြင်ဖန်တီးခြင်းသဘော ပါစေရမည်၊ ရှိရင်းစွဲအရာတစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန်လာစေရမည်၊ ခေတ်အလိုက် လူ့ လောကတိုးတက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်၊စာဖတ်ပရိသတ် အားလုံးအား တစ်နေ့ ထက်တစ်နေ့  တိုးတက်ကြီးပွားစေမေည့် စာပေမျိုး ဖြစ်ရမည် ” ဟုရေးသားခဲ့၏။

ဤသည်တို့ မှာ “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်မှရရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အယူအဆရေးရာအပိုင်း ဥပမာတချို့ ပင်ဖြစ်သည်။


( * )
“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ ” စာအုပ်ကိုဖတ်လျင် ဗိုလ်ချုပ်၏် အတွေးအခေါ်အယူအဆပိုင်းအခြေနေကိုကျနော်တို့ လေ့လာလို့ ရနိုင်၏။ ထ့ိုပြင် ဗိုလ်ချုပ်အောင်ဆန်း၏စာရေးနည်းအတတ်ပညာအခြေနေကိုလည်း လေ့လာ လို့ ရနိုင်၏။ တနည်းအားဖြင့်ဆိုလျင်အကြောင်းအရာနှင့်အတတ်ပညာနှစ်ခုစလုံးလေ့လာခွင့်ရနိုင်၏။

“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်ထဲမှ၊ ဗိုလ်ချုပ်၏အယူအဆရေးရာပိုင်းကို ကျနော် အထက်တွင်တင်ပြခဲ့ပြီးဖြစ်သည်။ ဤ နေရာတွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအခြေအနေကို လေ့လာကြည့်မိသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာ ( ၀ါ ) ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ် ပညာကြွယ်ဝမှု၊ မကြွယ်ဝမှုကိုလေ့လာလိုလျှင်“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်ထဲတွင်ပါရှိသည့် “ဗိုလ်ချုပ်အောင်းဆန်း၏ကိုယ်ရေးအထု ပ္ပတ္တိ ” ဆောင်းပါးကိုကျနော်ညွှန်းရပါလိမ့်မည်။ ဤ ဆောင်းပါးမှာ ဗိုလ်ချုပ် အောင်ဆန်းကသူ့ အထုပ္ပတ္တိကိုသူကိုယ်တိုင်ပြန်းရေးခဲ့သည့် အထုပ္ပတ္တိဆောင်းပါးဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ကိုယ်ရေးအထုပ္ပတ္တိဆောင်းပါးအစမှာ... ဗိုလ်ချုပ်အောင်ဆန်းကသူမွေးဖွာခဲ့ သည့် နတ်မောံမြို့ ( ဗိုလ်ချုပ်အောင်ဆန်း၏စာလုံးပေါင်းသတ်ပုံအတိုင်းရေးပါသည်) အိမ်ကြီးတအိမ်၏နောက် ဘေး အဆောင်ငယ်ကလေးအကြောင်းကိုရေး၏။ ရေးပုံရေးနည်းကဆန်းသည်။ ပထမဦးစွာနတ်မောံမြို့ ၏ဖွဲ့ စည်း ပုံကိုရေး၏။ မီးရထားဘူတာရုံတခုကိုရေး၏။ ထို့ နောက်ဘူတာ၏၀ဲယာပတ်လည်မှ မြေပဲခင်းနှမ်းခင်းများဆီ ရောက်၏။ထိုမှတဖန်တောရကမ္မဌါန်းကျောင်း၊ ထိုမှ ခပေါင်းကုန်း (သို့ ) နကျားထူးရွာစု၊ ထို့ နောက်နောက်ထပ် ရွာစု (၂ )ခု ၊ ထို့ နာက်လောကဓါတ်မြန်မာအထက်တန်းကျောင်း၊ ထို့ နောက်ငါးရက်တဈေး၊ ပုလိပ်ဂိတ်တန်းလျား ၊ စာတိုက်၊ မြို့ အုပ်ရိုး အစရှိသည်တို့ ကိုတဆင့်ပြီးတဆင့်ရေးသွားခဲ့၏။ နောက်ဆုံးတွင်မြို့ ရွာမကြီးထဲက ဧရာမ အိမ်ကြီးတအိမ်ကိုဆိုက်၏။ ဗိုလ်ချုပ်အောင်ဆန်းသည်ကား ထိုအိမ်ကြီး၏နောက်ဘေး အဆောင်ငယ်တွင်မွေးဖွား ခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူမွေးဖွားခဲ့ရာ အိမ်အိုကြီး၏နောက်ဖေးအဆောင်လေးဆီရောက်အောင် စာဖတ်သူများကိုတဆင့်ပြီးတဆင့်လမ်းညွှန်ခေါ်ဆောင်သွားသလိုရေးလေသည်။ စာဖတ်သူမှာ တနေရာပြီးတနေရာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခေါ်ငင်ရာနောက် တကောက်ကောက်လိုက်ခဲ့ရ၏။ စာဖတ်သူမှာ ကိုယ်တိုင်လမ်း လျှောက်ပြီးလိုက်လာခဲ့ရသလို ယာခင်းများကိုဖြတ်ခဲ့ရ၏။ ရွာစုတချို့ ကိုဖြတ်ရ၏။ ပလိပ်တန်းလျား၊ စာတိုက်တို့  ရှေ့ မှဖြတ်ရ၏။ နောက်ဆုံး စာပိုဒ်ဆုံးကာနီးကြမှ အိမ်ကြီးတအိမ်၏နောက်ဘေးအခန်းငယ်ဆီရောက်လာလေ သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအားကောင်းမှုကြောင့် နတ်မောံမြို့ ကလေးကို မျက်စေ့ထဲတွင် ထင်ထင်ရှားရှားမြင်လာရလေသည်။ ဤရေးဟန် အဖွဲ့ အနွဲ့ မှာ သဘာဝပတ်ဝန်းကျင်အနေ အနေ အထားကို ဖေါ်ပြသောရေးနည်းရေးဟန်ဖြစ်၏။

ဤ ကိုယ်တိုင်ရေးအထုပ္ပတ္တိထဲမှာပင် ဇာတ်ကောင်စရိုက်အဖွဲ့ အနွဲ့ တချို့ ကိုလည်းထင်းထင်းပြက်ပြက် တွေ့ ရ၏။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ငယ်စဉ်ဘ၀ စိတ်နေစိတ်ထားနှင့် စရိုက်ကိုဖေါ်ပြရာY တခြား ဇာတ်ကောင်တဦးနှင့် နှိုင်းယှဉ်တွဲဖက်ပြီးမှ ဖေါ်ပြ၏။ အထူးသဖြင့် သူ၏စိတ်ထား စရိုက်နှင့်ဆန့် ကျင်ဖက် သဏ္ကာန်ဖြစ်သည့် တခြားဇတ်ကောင်းတဦးနှင့်ယှဉ်တွဲ့ှဖေါ်ပြခြင်းဖြင့်သူ၏စရိုက်ကိုပေါ်လွင်စေခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ငယ်စဉ်ဘ၀ အခြေအနေကို အခုလိုရေးခဲ့လေသည်။
“ ကျွန်တော်၏ အထက်အစ်ကို ကိုအောင်သန်းနှင့် ကျွန်တော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှကွာ၏ ။ သူနှင့် ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏ ။ သူကား လက်မြန်၏ ။ ကျွန်တော်ကား အားကြီး၏ ။ မချိန်မဆ လက်လွတ်စပယ်လုပ်တတ်၏ ။ သူကား နု၏ ။မင်းသားကျချင်၏ ။ ကျွန်တော်က ကြမ်း၏ ။ သူသည် အစားအသောံ အနေထိုင်မှစ၍ သပ်ရပ်၏ ။ အစားဆိုလည် အစားတိုင်းမစား ၊ စားသောံနေသည့်အခါ အစာမြေကြီးပေါ်သို့  ကျသွားလျှင် သူသည် မစားတော့၊ ကျွန်တော်ကဖုတ်ဘတ်ခါ၍ စားနိုင်လျှင်စား၏ ။ သူကား အ၀တ်များကို သပ်သပ်ရပ်ရပ် ၀တ်တတ်၏ ။ ကျွန်တော်ကား မ၀တ်တတ် ။ မြန်မြန်ညစ်အောင် ၀တ်တတ်၏ ။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ၊ ကျွန်တော်ကား ကြိမ်ဖန်များစွာ လှဲဘူး၏ ။ သူကား ပါး၏ လျှင်၏ ။ ကျွန်တော်ကား ထူ၏ အေး၏ ။ ” ဟုရေးလေသည်။

ဤ ဆောင်းပါးထဲ’Y ဗိုလ်ချုပ်အောင်ဆန်း၏ နှလုံးသားကို အထင်ရှားဆုံး ဖေါ်ပြနိုင်သည့် စာကြောင်းတကြောင်းကို တွေ့ ရ၏ ။ “ စိမ်းလန်း စိုပြေ ကျယ်ပြန့် သော ရေမြေရိုင်းပေါ်တွင် လက်ပမ်းပေါ်က်ခတ်၍ လွတ်လွတ်လပ်လပ် မြူးထူးအော်ဟစ်နေလိုသည်။ ” ဟူသောစာကြောင်းဖြစ်၏ ။

“ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်ကိုဖတ်ပြီးနောက် ဗိုလ်ချုပ်သည်ကား “အတွေး ကောင်း၊အ ရေးကောင်သူ” တဦးဖြစ်သည်ကို ကျနော်မငြင်းနိုင်တော့။

( ဃ )
“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်မှာ အကျိုးကျေးဇူးကြီးမားလှသည်ကို ကျနော် ၀န်ခံသည်။ စာအုပ်တအုပ်ဖြစ်မြောက်အောင် ဆောက်ရွက်ခဲ့ကြသည့်ပုဂိုလ်များအပေါ်လေးစားမိသည်။ ထိုပုဂ္ဂိုလ် များ၏ ‘စေတနာ ’ ကိုကျနော်တန်ဘိုးထား၏။ သို့ သော်ဖြည့်စွက်အကြံပြုလိုသည့် အချက်တချက်တော့ရှိပါသည် ။
ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်ကျောင်းသားဘ၀က ကဗျာတပုဒ်ကိုမြန်မာဘာသာပြန်ဆိုခဲ့ဖူး၏။ လူအတော်များများသိထားကြပြီးဖြစ်ပါသည်။ ဗြိတိသျှကဗျာဆရာ ‘ အားနက်စ် ဟင်နလေ ’ ရဲ “့ အနိုင်မခံ ” ကဗျာဖြစ်၏။ယင်းဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြ သင့်သည်ဟုကျနော်ယူဆမိသည်။ အမှန်စင်စစ်ဘာသာပြန်အတတ်ပညာမှာလည်းအနုစာပေရေးရာ ကိစ္စတခု သာဖြစ်သည်ဟုကျနော်ယူဆမိသည်။ မူရင်းမှာ ဘာသာပြန်သူနှင့်မသက်ဆိုင်သော်ငြားလည်းဘာသာပြန်ဆို ရသူ၏အရည်အချင်းပေါ်မူတည်ပြီး အောင်မြင်သောစာပေလက်ရာတခုဖြစ်လာနိုင်သည်ကိုမူ သတိပြုရမည် ဖြစ်သလို ဘာသာပြန်ဆရာများကြောင့် လူမျိုးများအချင်းချင်း ယဉ်ကျေးမှုပေါင်းကူးယှက်နွယ်တိုးတက်လာစေ သည်ကိုလည်း အသိအမှတ်ပြုကြရမည်ဖြစ်၏။

ဤစာအုပ်ဖြစ်မြောက်အောင်ဆောင်ရွက်ခဲ့ကြသည်ပုဂ္ဂိုလ် “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ ” စာအုပ်ထဲတွင် ‘အနိုင်မခံ ’ ဘာသာပြန်ကဗျာကို မူရင်းဖန်တီးသူမဟုတ်ဟူသောအယူအဆဖြင့် တမင်ချန်ထားခဲ့သည်လော၊ သို့ တည်းမဟုတ် ပညာရှိသတိဖြစ်ခဲဆိုသလို မေ့လျော့ချန်းထားခဲ့သည်လောကျနော်မသိ။ ကျနော်ကတော့ သည်ဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြစေချင်၏။

“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ ” စာအုပ်ကိုဖတ်ပြီးနောက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအခေါ်အယူအဆနှင့်စာပေအတတ်ပညာရပ်များကို တစုံတရာလေ့လာတွေ့ ထိ နိုင်သည့်အတွက်ကြေနပ်ဂုဏ်ယူရသည်မှာမှန်၏။ သို့ သော်တပြိုင်နက်တည်းဆိုသလို ကြေကွဲဝမ်းနည်းမိသည့် အချက်တချက်လည်းရှိပါသေးသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်နောင်တချိန်ချိန်တွင် နိုင်ငံရေးနယ်ပယ်မှ ထွက်ကာ စာရေးဆရာတဦးအနေ နှင့်ဘ၀နိဂုံးချုပ်ချင်သည့် စိတ်ဆနပြင်းပြခဲ့သူဖြစ်၏။ သူ၏ ဤစိတ်ဆနကို အသိမိတ်ဆွေများအား မကြာခဏ ထုတ်ဖေါ်ပြောဆိုခဲ့သူဖြစ်၏။ သို့ သော် ဗိုလ်ချုပ်အောင်ဆန်း၏ကြီးမာလေးနက်လှသည့်ဤပုဂ္ဂ လိက စိတ်ဆနုမှာမူ မပြည့်ဝနိုင်ခဲ့ရှာပါ။ ၁၉၄၇ - ခု၊ ဇူလိုင်လ ( ၁၉ )ရက်၊ သူအသက် ( ၃၂ ) နှစ် အရွယ်တွင် မသမာသူတို့ ၏လုပ်ကြံသတ်ဖြတ်မှုကိုခံခဲ့ရ၏။ တိုင်းပြည်လွတ်လပ်ရေးကိုပင်မြင်တွေ့ ခွင့်မရခဲ့ရှာပါ။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများမှာအရေအတွက်နည်းပါး၏။ ကြီးမားများမြောင်လှသည့်နိုင်ငံ့လွတ်လပ်ရေးကိစ္စများကြားမှပင်ဤအရေအတွက်နည်းပါလှသည့် စာပေလက်ရာတချို့ ကို ကြိုးစားဖန်တီးခဲ့ရရှာ သည့် ဗိုလ်ချုပ်အောင်ဆန်းအားကျနော်လေးစားမိသည်။ ထို့ အပြင်ဘ၀ကိုစာရေးသူတဦး၏ဘ၀နှင့်သာနိဂုံးချုပ် ဖို့ ရန် စိတ်အားထတ်သန်ခဲ့သူ အမျိုးသာခေါင်းဆောင်ကြီး၏ နှလုံးသားကိုမူ ပိုပြီးလေနက်မိပေ၏။
ငြိမ်းဝေ

June 19, 2009

ဒဂုန်တာရာ နှင့် လွတ်ငြိမ်းခွင့် ပြဿနာ


(က)

မျက်မှောက်ခေတ် မြန်မာစာပေနယ်ပယ်တွင် ကဗျာဆရာကြီး ‘ ဒဂုန်တာရာ ’ သည် အငြင်းအပွားရဆုံး ပုဂ္ဂိုလ်တဦးဖြစ်၏။ သူသည် အတတ်ပညာရေးရာအပိုင်းနှင့် အကြောင်းအရာရေးရာအပိုင်း နှစ်ခုစလုံးတွင် ထူးခြားသစ်လွင်မြင့်မားသည့် တီထွင်မှု၊ ခံယူမှု ရှိသူဖြစ်၏။ အထူးသဖြင့် အဘိဓမ္မာရေးရာအပိုင်းတွင် အပြင်းအထန် ဝေဖန်ငြင်းခုန်ခြင်း ခံရသူဖြစ်၏။ သူ၏ ငြိမ်းချမ်းရေးဆိုင် ရာ အယူအဆ၊ အနုပညာရေးဆိုင်ရာ အယူအဆများမှာ လေးနက်ခက်ခဲလှ၏။ ဥပမာ…၊ “ ကျနော့်တွင် ရန်သူမရှိ၊ မိတ်ဆွေသာရှိ ” အယူအဆ၊ ‘ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်လို့ ရသည် ’ ဟူသော အပြောအဆို အယူအဆများမှာ မြန်မာစာပေနယ်ပယ်တွင် ပွက်လောညံအောင် ငြင်းခုန်ကြရသည့် အယူအဆများဖြစ်၏။ အနူပညာရေးရာပိုင်းတွင် “ အတတ်ပညာ မဲ့လျှင်မဲ့ပစေ၊ အဘိဓမ္မာ မမဲ့စေနဲ့  ” ဟူသောစကားနှင့် ‘ မုဆိုးစိုင်သင်”အယူအဆများမှာ စာပေလောကအတွင်း သတိမပြုပဲမနေနိုင်လောက်အောင် အငြင်းပွားခဲ့ကြရသည့် အယူအဆများဖြစ်၏။ သူသည်ကား…မြန်မာစာပေသမားများထဲ၌ ‘ ဗဟုဝါဒ ’ ကို အစေါဆုံးပြောဆိုသူ၊ ခံယူ သူလည်း ဖြစ်လေသည်။

ငယ်စဉ်က ကျနော်သည်၊ ကဗျာဆရာကြီး ‘ ဒဂုန်တာရာ ’ ၏ စကားလုံးရွေးချယ်မှု ဆန်းသစ်ခြင်းအပေါ် အာရုံညွှတ်ခဲ့၏။ ဥပမာ “ ၀စ်လစ်စလစ်လမ်းမကြီး ‘ ‘ ပန်းနုရောင်အို ” အစရှိသော စကားလုံးများဖြစ်၏။ “ အနူပညာ ” ဟူသောစကားလုံး သည်ပင် လျှင် ဆရာကြီးဒဂုန်တာရာက စတင်တီထွင်အသုံးပြုခဲ့သောစကားလုံးအဖြစ် ပြောသံဆိုသံကြားရသောအခါ ကျနော့်နားရွက်များမှာ ပိုမို ပြန့် ကားသွားရ၏။

သည့်နောက်ပိုင်း၊ အသက်အရွယ်ရလာသောအခါမူ၊ ဆရာကြီးဒဂုန်တာရာ၏ အဘိဓမ္မာဆန်သော စကားများကိုပိုပြီး အာရုံ ကိုင်းညွှတ်လာခဲ့၏။ အထူးသဖြင့် သူ၏ငြိမ်းချမ်းရေးဆိုင်ရာ အယူအဆ၊ ပြီးတော့ ဗဟုဝါဒ..ကို ပိုပြီးစိတ်ဝင်စားခဲ့မိလေသည်။

(ခ)

ကဗျာဆရာကြီး ‘ ဒဂုန်တာရာ ’ သည် အလှဝါဒီ၊ ငြိမ်းချမ်းရေးဝါဒီ ဖြစ်၏။ သည်အကြောင်းကိုပြောလျှင် စာတစေါင်ပေတဖွဲ့  ရေးပြီးပြောမှသာလျှင် ပြည့်စုံနိုင်မည်ဖြစ်သည်။ ကျနော်၏ဆေါင်းပါးမှာ ဆရာကြီးဒဂုန်တာရာ၏ အဘိဓမ္မာအယူအဆကို ခြုံမိငုံမိအောင်ဖေါ်ပြနိုင်မည် မဟုတ်သည်ကို ကျနော်သိပါသည်။ သိုသော့်…မခြုံငုံမိသည့်တိုင်၊ အထောက်အကူတခုအဖြစ် ယူဆလို့ ရနိုင်သည့် ‘ ကဗျာတပုဒ် ’ ကို ကျနော် တင်ပြချင်ပါသည်။ ယင်းကဗျာမှာ ၁၉၈၇-ခု စက်တင်ဘာလထုတ် ‘ မြတ်လေးမဂ္ဂဇင်း ’ တွင်
ဖေါ်ပြခဲ့သည့် ကဗျာဖြစ်၏။ ဆရာကြီး ဒဂုန်တာရာသည် ထိုကဗျာကို “လွတ်ငြိမ်းခွင့် ” ဟု ခေါင်းစဉ်တပ်လေသည်။

လွတ်ငြိမ်းခွင့်

ပြင်သစ်ပြည်က
လီယွန်တရားရုံး၊ ဆုံးဖြတ်ရန်မှာ
ဘော်လီဘီယာမှ၊ ဖမ်းကာပို့ လာ
ဘာဘီဆိုသူ၊ နာဇီဖက်ဆစ်
လျှို့ ဝှက်ပုလိပ်၊ ပါးကွက်သားတည့်
သူ့ အား စစ်ဆေးရန် ရုံးချိန်းသောနေ့ ။

အမှုမှာမူ
လူသားတို့ အား၊ မတရားသက်သက်
ရက်စက်ကြမ်းကြုတ်၊ နှိပ်စက် ညှဉ်းပန်း
ဖမ်းဆီးသက်ဖြတ်၊ ဓာတ်ငွေ့ အဆိပ်ခန်း
ထောက်လှမ်းပို့ ပေး၊ အနှစ် လေးဆယ်ကျော်
စစ်အတွင်းက အမှုဖိုင်တွဲ။

သူ့ လက်ချက်ကြောင့်
နှိပ်စက်ခံရ၊ ရှင်ပြန်ထသူ
အမျိုးသမီးအို၊ ချိုင်းထောက်ကြီးနှင့်
တံတွေးထွေးပြီး၊ မလေးမဖင့်
နင်မှ နင်ပဲ၊ တိုင်းထွာဆဲရေး
ပြင်သစ်တော်လှန်ရေးသမား၊ သတင်းပေးသူ
ဖမ်းပေးသူလည်း၊ နင်မှ နင်အစစ်ပဲ
မျက်မြင်သက်သေ၊ ထွက်ဆိုလေရာ
ဘာဘီခမျာ၊ အသာခေါင်းခါ
ဘာမှမသိ၊ ငြင်းကွယ်ဘိငြား
တရားရုံးက၊ စီရင်ချက်ချ
တစ်သက်ထောင်ဒဏ် ကျခံစေသတဲ့။

ငါတစ်မူကား
ငြိမ်းချမ်းရေးသမားမို့ ၊ သူ့ အားခွင့်လွှတ်
လွတ်ငြိမ်းခွင့် ပေးလိုက်ချင်သည်။

ခွင့်လွှတ်ခြင်းသည်
လက်စားချေခြင်းထက်၊ ထက်မြက်လက်နက်
ခက်ခဲပေမင့်၊ မြင့်မြတ်စိတ်ထား
သဘောထားကြီးလိုက်ပါ။ ။

(ဂ)

“လွတ်ငြိမ်းခွင့် ” ကဗျာကို၊ ဆရာကြီး ‘ ဒဂုန်တာရာ ’ သည် ၁၉၈၇-ခုနှစ်တွင် ရေးခဲ့ခြင်းဖြစ်သည်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမပေါ်ပေါက်မှီ(၁၁)လ အလိုတွင်ဖြစ်သည်။ ထို့ ကြောင့် “လွတ်ငြိမ်းခွင့် ” ကဗျာမှာ၊ မြန်မာ့နိုင်ငံရေးအကြပ်အတည်း အခက်အခဲကို ကြိုမြင်သည့်အတွက် ရေးဖွဲ့ ဖေါ်ပြခဲ့ခြင်း ဖြစ်သည်လော ဟူ၍ပင် ယူဆရပေသည်။ အမျိုးသားသွေးကွဲမှုကြီး အထွဋ္ဋ် အထိပ်သို့ ရောက်ရှိနေသည့်အချိန်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းစများကို ရှာဖွေနေကြရသည့် ယခုလိုအချိန် အခါမျိုး တွင်“လွတ်ငြိမ်းခွင့် ” ကဗျာမှာ၊ အဘိဓမ္မာရေးအရ လွန်စွာအရေးပါလှသည့် ကဗျာဖြစ်သည်ဟု ကျနော်ယူဆမိသည်။
“လွတ်ငြိမ်းခွင့် ” ဆိုသည်မှာ ၊ အတိုင်းအတာ တခုတော့ရှိသင့်သည်၊ သို့ မှသာလျှင် နောင်တွင် နောက်ထပ်အပြစ်ကျူးလွန် သူများ ပေါ်ပေါက်မလာစေရန် ကာကွယ်ရာရောက်သည်ဟုဆိုကာ ဆရာကြီး ‘ ဒဂုန်တာရာ ’ ၏ “လွတ်ငြိမ်းခွင့် ” ကိုလက်တွေ့  မကျသည့် စိတ်ကူးယဉ် အယူအဆတခုအဖြစ် ဝေဖန်သူတချို့ က အပြင်းအထန်ဝေဖန်ကန့်ကွက်ကြ၏။ “ လေကိုစိုက်ပျိုးသဖြင့် မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည် ” ဟူသော အမြင်ရှိသူတို့ ကလည်း၊ ဆရာကြီးဒဂုန်တာရာ၏ “လွတ်ငြိမ်းခွင့် ” ကဗျာကို အလျှော့ ပေးရေးဝါဒ၊ အညံ့ခံရေးဝါဒ ဖြစ်သည်ဟုဝေဖန်ကြ၏။ တချို့ ကဆိုလျှင် “ ထာဝရ ကျွန်ခံရေး ” အဘိဓမ္မာတခုအဖြစ်ပင်လျှင် တင်စား ပြောဆိုကြလေသည်။
၁၉၅၇-ခုနှစ်အတွင်းတုန်းကဖြစ်သည်။ “ဟန်ဂေရီ ” နိုင်ငံအတွင်းသို့  ဆိုဗီယက်ရုရှတင့်ကားများ ၀င်ရောက်လာခဲ့ပြီး၊ ဟန်ဂေရီနိုင်ငံပြည်တွင်းရေးကို ၀င်ရောက်ဖြေရှင်းသောအခါ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ)၊ အမှုဆောင်အဖွဲ့ ၌ ဆိုဗီ ယက်တို့ ၏ စစ်ရေးဆောင်ရွက်ချက်ကို ထောက်ခံခြင်း သို့ မဟုတ် ကန့် ကွက်ရန်ကိစ္စ စည်းဝေးတိုင်ပင်ခဲ့ကြဖူး၏။ ထိုစဉ်က ယင်းအမှုဆောင်အဖွဲ့ တွင် လက်ဝဲအယူအဆကို တိမ်းညွှတ်သည့်ပုဂ္ဂိုလ်များက အများစုပါဝင်၏။ ဆရာကြီး ‘ ဒဂုန်တာရာ ’ သည် “ဟန်ဂေရီ ” ပြည်အတွင
်း စစ်ရေးအရ ၀င်ရောက်စွက်ဖက်သည့် ဆိုဗီယက်တို့ ကို ကန့် ကွက်ရမည်ဖြစ်ကြောင်း အဆိုပြုခဲ့၏။ သို့ သော် ယင်းအယူအဆကို ထောက်ခံမည့်သူ တဦးမျှပင်မရှိခဲ့။ အမှုဆောင်တဖွဲ့ လုံးက ဆရာကြီး ‘ ဒဂုန်တာရာ ’ ၏ အဆိုကို မထောက်ခံနိုင်ခဲ့ကြ။ ဤအဖြစ်အပျက်ကိုကြည့်လျှင် မြန်မာစာပေသမိုင်း၌ “ အမျိုးသားတို့ ၏ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်ပြဌါန်းခွင့်နှင့် အချုပ်ချာအာဏာပိုင်ဆိုင်ခွင့် ” ဆိုင်ရာသဘောတရားအမြင်တွင်၊ ဆရာကြီး ‘ ဒဂုန်တာရာ ’သည် အများ တကာထက် စေါစွာ၊ မှန်စွာ၊ တည့်မတ်စွာ သိမြင်လက်ခံနိုင်ခဲ့သူဟု ဆိုရပါမည်။
ယခုလည်း “လွတ်ငြိမ်းခွင့် ” ကဗျာတွင်၊ လူသားတို့ ၏ ရန်သူဖြစ်ခဲ့သူ၊ လူသားတို့ အား သေတွင်းသို့ ပို့ ခဲ့သူ၊ စစ်ရာဇ၀တ် ကောင်တဦးအား၊ ဆရာကြီး ‘ ဒဂုန်တာရာ ’ က“လွတ်ငြိမ်းခွင့် ” ပေးသင့်သည်ဟု ဆိုခဲ့ပြန်ပါပြီ။
ကဗျာ ဆရာကြီး ‘ ဒဂုန်တာရာ ’သည်ကား၊ မျက်မှောက်ခေတ် မြန်မာစာပေသမိုင်း၌ အငြင်းပွား အခံရဆုံး ကဗျာဆရာကြီး တဦးဖြစ်သည်ဆိုသည့် အဆိုအပေါ် “လွတ်ငြိမ်းခွင့် ” ကဗျာသည်၊ အထောက်အကူဖြစ်စေသည့် အချက်တချက်ဖြစ်လာခဲ့သည်ဟု ကျနော် ယူဆမိပေသည်။


ငိမ်းဝေ



December 20, 2008

တော်လှန်ရေး ဥဒါန သို့မဟုတ် သူ့မှာတမ်းကဗျာကို ခင်းကျင်းခြင်း


(က)

ရွာထဲမှာ ရန်သူမရှိတော့ဘူးထင်ရဲ့။ သေချာတိကျမသိရလို့ ရွာစပ်ကို ကပ်သွားတဲ့အချိန်အထိ သူက သတိလက်မလွှတ်။ ရွာဘေးက လယ်ကွက်တွေကို မကျော်ခင် ရွာခြေဆီကို စောင့်ကြည့်သည်။ ရွာထဲက အသံကို နားစွင့်သည်။ အသံတွေ တိတ်ဆိတ်လွန်းနေသည်။ ကွင်းထဲက ဖြတ်လာတဲ့လေက သူ့နားရွက်ဘေးနားက သစ်ရွက်ကို တိုးတိုက်ပြီး လေကတော့ထိုးကာ တရွှီရွှီအသံကို ကြားနေရ၏။ သူက နားကို ပိုပြီးစွင့်သည်။ မျက်စေ့ကို ပိုပြီး ဖွင့်သည်။



ရွာ့ဟိုဖက်ထိပ်တွင် ရန်သူ့တပ်ခွဲစခန်းရှိခဲ့၏။ ညက ရန်သူ့စခန်းကို ပြောက်ကျားတပ်က ၀ိုင်းတော့ ရန်သူက ရွာထဲသို့ဝင်ပြီးခံသည်။ ပြောက်ကျားရဲဘော်များက ရွာကို ထိမည်စိုးသဖြင့် သေနတ်သံပေးပြီး ခြောက်သည်။ ရန်သူ့စခန်းနှင့် လယ်တကွက်ခြားအထိ ပြေးကပ်ကာ လက်ပစ်ဗုံးနှင့်ထုသည်။ စခန်းကုန်ပေါ်က သေနတ်သံခြောက်တိခြောက်ချက်သာ ပြန်ကြားရသည်။ အင်နှင့်အားနှင့် ခုခံခြင်းမပြု။ ထိုအခါ ရန်သူက ရွာထဲတွင် ၀င်ခိုပြီး ရွာကို ဒိုင်းအဖြစ်လုပ်နေသည်ကို အားလုံးသဘောပေါက်၏။ ထို့ကြောင့် မိုးလင်းကာနီးအထိ ရွာကို ပစေါက်သဏ္ဍာန် ခတ်ကြဲကြဲဝိုင်းထားလိုက်၏။ ရန်သူ့တပ်ကို ထွက်ပေါက်တခုပေး ပြီး ၀ိုင်းထားလိုက်ကြ၏။
နေရာင်ခြည်မြင်ရသောအခါ သူနှင့် အခြား ရဲဘော် (၅)ဦး ရွာထဲသို့ ရှေ့မှဝင်ရန် တာဝန်ယူလိုက် သည်။ ပြောက်ကျားတချို့က ရန်သူ့တပ်ခွဲကုန်းကို ၀င်သိမ်းလိုက်ကြ၏။ သူက စခန်းကုန်းသိမ်းအဖွဲ့နှင့် လိုက်ချင်သော်လည်း အဖွဲ့ခေါင်းဆောင်က ရွာထဲဝင်ရန်သာ တာဝန်ပေး၏။ ထို့ကြောင့် ယ္ခုအခါ သူနှင့် ပြောက်ကျားရဲဘော် (၅) ဦး ၊ ရွာနှင့် လယ်တကွက်အကွာ ရိုးထဲတွင် ငြိမ်သက်စွာ နေရာ ယူထားလိုက်ကြ၏။
ရွာထဲက ကြက်တွန်သံများ တိတ်ဆိတ်သွားခဲ့ကြပြီ။ ရွာ့မလှမ်းမကမ်း တောအုပ်တောတန်းဆီက ကြက်တွန်သံများပင် တိတ်ဆိတ်သွားခဲ့ပြီ။ တဆက်တည်း ဆိုသလို အိပ်တန်းဆင်းငှက်မြည်သံများပါး သွားခဲ့ပြီ။ နေရာခန့်မှန်းရခက်သည့် ရွာထဲတနေရာက ခွေးဟောင်သံကြားရ၏။ တခြားမည်သည့်အသံမျှ မကြားရ။
သူနှင့်ရင်ဘောင်တန်းပြီး ၀ပ်နေသည့်ရဲဘော်များကို လက်ဖြင့် အချက်ပြလိုက်သည်။ ရွာထဲသို့ ၀င်ရန် လယ်ကွက်ကို ဖြတ်ကျော်ပြီး ပြေးကပ်သည်။ ရွာစည်းရိုးအတွင်းအထိ တဟုန်ထိုးပြေးဝင်သည်။ စည်းရိုးနှင့်ကပ်လျက် အိမ်နှစ်လုံးကြားတွင် နေရာယူသည်။ တပြိုင်နက်တည်းဆိုသလို သူနှင့်ယှဉ်လျက် ခြေသံများကြားရသည်။ သူက ကျန်ရဲဘော်များကို လက်နှင့် အချက်ပြကာတားသည်။ သူတဦးတည်း ရွာလည်လမ်းပေါ်တက်နှင့်မည့်အကြောင်း အချက်ပြသည်။ ထို့နောက် ရွာလည်လမ်းဘေးကို ပြေးကပ်သည်။ ရွာထဲတွင် လူသူမရှိသလောက် တိတ်ဆိတ်လွန်းနေသဖြင့် သူက ရောက်ရာနေရာတွင်ပင် သေနတ်ကို အသင့်ကိုင်ပြီးရပ်သည်။ ရွာလည်လမ်းပေါ်တက်သည်။ မျက်စေ့လျင်လျင် နားတစွင့်စွင့်နှင့် ရှေ့ကိုဆက်ပြီး လျှောက်သည်။ ခြေလှမ်းနှစ်ဆယ်မျှလှမ်းပြီးမှ နောက်ကရဲဘော်များကို ပြန်ငဲ့ကြည့်သည်။ ထိုစဉ်မှာပင် သူ့ညာခြေဖ၀ါးအောက်က အရာကို သတိပြုမိတော့သည်။ သူက ခြေထောက်ပြန်မကြွပဲ သည်အတိုင်း ရပ်သည်။ သူ့ကိုလှမ်းမော့ကြည့်နေကြသူမျာကို မြေကြီးနဲ့ကပ်ပြီး ၀ပ်နေရန် အချက်ပြသည်။ သူ့ခြေဖ၀ါး အောက်ကို လက်ညှိုးထိုးပြီး မိုင်းဗုံးနင်းမိထားကြောင်း အချက်ပြသည်။ ထိုစဉ်မှာပင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့၏။ လူတယောက် ဖုံလုံးနှင့်အတူ လက်ခုပ်တဖောင်ခန့်အထိ မြောက်တက်ပါသွားပြီးမှ ပြန်ကျသည်။ ခွေးဟောင်သံများ၊ လူသံများ ဆူညံသွား၏။ သေနတ်သံများကိုမူ မကြားရ။ ရဲဘော်တချို့ သူ့ဘေးသို့ေဲရာက်လာကြသည်။ ရွာသားတချို့ သူ့အနားကို ရောက်လာကြသည်။ သူက မျက်လုံးများကို မှိတ်ကာ သေနတ်ကိုသာ တင်းတင်းဆုပ်ထားမိ၏။ ထို့နောက် သူ့ဘေးတွင် အမှောင်ထုကြီး ရုတ်တရက် လွှမ်းမိုးသွားလေသည်။


(ခ)

သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း..။

“အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာခဲ့လိုသနည်း” ။

“ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း၊ ပြောပါလေ” ။

မျက်လုံးများကို ဖွင့်ကြည့်သည်။ စူးရှတင်းမာသည့် အလင်းရောင်များက သူ့ဥဏှောက်အထိ တိုးဝင် လာသလို နာကျင်သွားရ၏။ မျက်လုံးများကို ပြန်ပိတ်သည်။ သူ့ခန္ဓာကိုယ်တနေရာမှ လေများ ခန္ဓာကိုယ် အတွင်း တိုးဝင်လာနေသလို ခံစားရ၏။ လက်ကို မကြည့်သည်။ ခြေထောက်ကို ဆကြည့်သည်။ သူသည် လေထဲ၌ မျောပါနေသလိုဖြစ်နေ၏။
နားထဲတွင် ကြားရသမျှအသံများကို စစ်ထုတ်နေရသည်။ မည်သည့်အသံမျှ အဓိပ္ပါယ် မသဲကွဲ။ မည်သည့်အသံမျှ အဆုံးအထိ ဖမ်းဆုပ်လို့မရ။ သူ ဘယ်ရောက်နေသလဲ။ ဘာတွေဖြစ်ခဲ့သလဲ။ ဘာတွေ ဖြစ်နေတာလဲ ....။ ဘာတခုမျှ မသဲကွဲ။
ခန္ဓာကိုယ်အတွင်းက အင်အားဟူသမျှ ကျစ်သထက်ကျစ်အောင် စုစည်းကာ၊ အတွေးအာရုံကို မြှင့် သည်။ ထိုအခါ သူ့ဘေးတွင် လူတချို့ ၀ိုင်းအုံပြီး ရှိနေသည်ကို သတိပြုမိလာရသည်။ မည်သူမျှ စကား မပြောကြ။ သူ့ကို ငုံ့ကြည့်နေကြသည်။
“ကျနော့် ... မိန်းမကို ပြောလိုက်ပါ၊ မတတ်သာတဲ့အဆုံး နောက်အိမ်ထောင်ပြုမယ်ဆိုရင် ကျနော် ခွင့်ပြုတယ်”
လူတချို့ထံမှ ငြီးငြူစုတ်သပ်သံများကို ကြားရသလိုရှိသည်။ သူတို့ ငိုနေကြတာများလား။ သူ့အဖြစ် က မျက်ရည်ကျရလောက်အောင် တန်ဘိုးကြီးနေလို့လား။ လူတယောက် ...။ သေနတ်တလက်နှင့် ...။ တော်လှန်ရေးသမား ...။ ပြောက်ကျားရဲဘော်။ တိုက်ပွဲဝင်။ ဒဏ်ရာရသေဆုံး...။ သူ့အဖြစ်မျိုး... သူတယောက်တည်းသာ ကြုံရသည့် ထူးခြား သီးသန့်ဆန်သည့် ဘ၀တခုပေလား။ သူဒီလို မယုံကြည်ပါ။ သူသည် အညတြလူတယောက်။ လူထဲက လူတယောက်။ သူသည် လူတယောက်လို မွေး၊ လူတယောက်လို ကြီးပြင်းကာ၊ လူတယောက်လို ပြုမူသွားလာခဲ့။ လူတယောက်လို နိဂုံးချုပ်ခြင်းသဘောမျှသာ။ ထို့ကြောင့် သူသည် ...။

“အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများ မှာခဲ့လိုသနည်း”။
“မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ”။

ဖခင်ဖြစ်သူရဲ့ ချောင်းဟန့်သံကို သူကြားလိုက်ရ၏။ မိခင်ဖြစ်သူ၏ ကြည်မြလေးနက်လှသည့် ဘုရား ရှိခိုးဆုတောင်းသံကိုလည်း ကြားရ၏။ ဖခင်ဖြစ်သူ၏ ခြေသံ၊ မိခင်ဖြစ်သူ၏ ဆုတောင်းသံများမှာ သူနှင့် နီးလာလိုက်၊ ဝေးသွားလိုက်။ ထိုအခါ သူ့ခန္ဓာကိုယ်မှာ မည်သည့် ဝေဒနာဒုက္ခမျှ မခံစားရ။ လေထဲတွင် ပေါ့ပါးစွာ မျောပါလျက်။ သို့မဟုတ် ရပ်တန့်လျက်။

“မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ” ။

ထူးခြားလှသည့် တူရိယာသံကို သူကြားရသည်။ ထောင်သောင်းမကသော သူရဲကောင်းတို့၏ အော်သံဟစ်သံများကို သူကြားရသည်။ စစ်သည်ရဲမက်များ၏ လှံများ ဓါးများ ... ဒိုင်း၊ ကာ၊ လွှားတို့နှင့် ရိုက်ခတ်သံကို သူကြားရသည်။ တိုက်စည်တိုက်မောင်းများ တပြိုင်နက် တီးခတ်လိုက်သည့် မိုးချိမ်းသံကြီးကို သူကြားရသည်။ မြေပြင်လွှာသည် ပြင်းစွာတုန်ခါလျက်။ မိုးသက်မုန်တိုင်းများ ကျလျက်။
ဘယ်ရောက်ကုန်ကြပြီလဲ။ သူနှင့်အတူ တောအုပ်ကို ဖြတ်လာခဲ့ကြသည့် သူ့ရဲမက်များ ဘယ်ပျောက်ကုန်ကြပြီလဲ။ သူက အဘယ့်ကြောင့် ကွင်းစပ်တခုတွင် ရပ်နေခဲ့သည်လည်း။ ရဲမက်တို့၏ ခြေသံများကို သူမကြားရတော့။ ရဲမက်တို့၏ အော်ဟစ်သံမျာကို သူမကြားရတော့။ တိုက်စည် တိုက်မောင်း သံများမှာ ရုတ်ချည်းပျောက်ကွယ်၏။ သူသည် ရဲမက်တို့၏နောက်တွင် တဦးတည်း ကျန်ရစ်ခဲ့ပြီကို သတိပြုမိ သောအချိန်၌ နေရာင်ခြည်များလည်း အားအင်ဆုတ်ရုပ်လာခဲ့ပြီဖြစ်သည်။ သူ လက်ကိုလှုပ်သည်။ ခြေထောက်များကို လှုပ်သည်။ မည်သည့်အရာမျှ လှုပ်ရှားလို့ မရတော့။ သူ့ခန္ဓာကိုယ်တွင် ခြေလက်အင်္ဂါများ မရှိတော့။ ထိုအခါ သူ့နှုတ်ခမ်းမှ တစုံတရာစကားတခွန်းကို အပီသဆုံး ပြောထွက်နိုင်အောင် ကြိုးစားရတော့သည်။ သူသည် အဘယ့်ကြောင့် ရဲမက်တို့နှင့်အတူ လိုက်ပါမသွားခဲ့ သနည်း။ သူသည် အဘယ့်ကြောင့် တော်လှန်ရေးခရီး အဆုံးအထိ မချီတက်နိုင်ပဲ ရပ်နေခဲ့ရသနည်း။ သူသည် သူရဲဘောကြောင်သူလော။ အခွင့်အရေးသမားလော။ မဟုတ် ...။ လုံးဝမဟုတ်။ ထို့ကြောင့် သူ့မှာ ရှိသမျှ ခွန်အားဟူသမျှကို တစက်မကျန်အောင်ညှစ်ထုတ်ကာ စကားတချို့ကို အပီသဆုံး ပြောလိုက်၏။

“အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့ လိုသနည်း” ။

“ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွါ၊ ခွဲရပါ၍
အးနာခဲ့ကြောင်း ပြောပါလေ” ။


(ဂ)

ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံးကွယ်လေပြီတကား။ ။


ငြိမ်းဝေ

(စာဆိုကြီး ဆရာကြီး မင်းသုဝဏ် ရဲ့ မွေးနေ့ရာပြည့်အကြို အထိမ်းအမှတ်ဂုဏ်ပြုဆောင်းပါး။)


November 03, 2008

“တူဖူး” ရဲ့ စစ်ဆန့်ကျင်ရေး ရင်ခုန်သံ


(က)

၁၉၇၃-ခုနှစ်လောက်ကဖြစ်သည်။
ကျနော်က ကျောင်းပိတ်ရက်တွင် ရန်ကုန်သို့ နေ့ချင်းပြန် အလည်သွားတတ်၏။ ရန်ကုန် (၂၇) လမ်း ထဲတွင် အလုပ်လုပ်သည့် ကဗျာဆရာ “မုံရွာအောင်ရှင်” နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ငွေစာရင်းချုပ်ရုံး တွင် အလုပ်လုပ်သည့် ကဗျာဆရာ “အောင်ဇင်မင်း” တို့ထံ ချီတက်သွားလေ့ရှိ၏။ သူတို့ဆီက ရသမျှ စာအုပ်စာတမ်းများကိုယူကာ ပဲခူးသို့ပြန်လေ့ရှိ၏။



ပဲခူးတွင် စာပေ၀ါသနာရှင် လူငယ်တစုရှိခဲ့၏။ မင်းခိုင်ဦး၊ ကိုခါး (ကိုခါး- ကွမ်းခြံကုန်း မဟုတ်ပါ။) ကိုစန်းမောင် (ယ္ခု - ဗဟိုတရားရုံးရှေ့နေ)၊ ကိုခင်ဦး၊ စိုးမိုးတင် (ခရေ) အစရှိသည့် ကဗျာရေးသူ လူငယ်တစု အဖို့ ထိုအချိန်က စာအုပ်စာတမ်းတွေထဲ တောနင်းသွားလာလျက်ရှိသောအချိန်ဖြစ်၏။ ကျနော်နှင့် ကိုစန်းမောင်က မိုးဝေစာပေမဂ္ဂဇင်းကဗျာဆရာများနှင့် ထိတွေ့နီးစပ်သဖြင့် ပဲခူးက ယင်းလူငယ်တစုကို အများဆုံး အကူအညီပေးနိုင်ခဲ့၏။ ထိုစဉ်အချိန်က ကျနော်တို့ရဲ့ လေ့လာရေး ရေချိန်မှာ အမြင့်ဆုံးဖြစ်ခဲ့၏။ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် အရှေ့လေက အနောက်လေကို ဖိတိုက်နေသောအချိန်ဖြစ်၏။ နယ်ချဲ့နိုင်ငံ များ အရင်းရှင်နိုင်ငံများကို ထိုးနှက်တိုက်ခိုက်နိုင်သည့် တော်လှန်ရေးလက်ဝဲအယူအဆများကို နှစ်နှစ်ကာကာ လေ့လာနေခဲ့ကြ၏။
ကဗျာဆရာ “အောင်ဇင်မင်း” အလုပ်လုပ်သည့်ရုံးမှာ စိနသံရုံးနှင့် မဝေးလှ။ လမ်းလျှောက် သွားလျင် ရောက်၏။ ထို့ကြောင့် ရန်ကုန်ရောက်သည့်အချိန်တိုင်း (ကို) အောင်ဇင်မင်းထံ ကျနော်ရောက်၏။ သူက စိနသံရုံးကို လိုက်ပို့၏။ စိနသံရုံးက ရသမျှစာအုပ်စာတမ်းများကိုတောင်း၏။ (ကို) အောင်ဇင်မင်းမှာ စိနသံရုံးကို အ၀င်အထွက်များသူဖြစ်၏။ သူနှင့်ခင်မင်သမျှ စာပေသမားလူငယ်တိုင်းကို စိနသံရုံးဆီ စေတနာ့ ၀န်ထမ်းပို့ပေးနေခဲ့ဟန်တူ၏။ သံရုံးတာဝန်ရှိသူများက သူ့ကိုသိ၏။ သူက သံရုံးယဉ်ကျေးမှု ကောင်စစ်ဝန် အမျိုးသမီး နှင့်လည်း ရင်းနှီး၏။
ရန်ကုန်ရောက်သည့်အချိန်တိုင်းလိုလို စိနသံရုံးနှင့် မြောက်ကိုရီးယားသံရုံးများသို့ မရောက်သည့် အခေါက်ဟူ၍ မရှိသလောက်ပင်ဖြစ်၏။ ရုရှသံရုံးသို့မူ ကျနော်တို့မသွား။ ကျနော်တို့က ရုရှတို့ကို ပြန်လည် ပြင်ဆင်ရေးသမားများဟု သတ်မှတ်၏။ ထို့ကြောင့် သူတို့သံရုံးသို့မူ မသွားခဲ့။
သံရုံးမှ စာအုပ်စာတမ်းများ၊ လမ်းဘေးစာအုပ်အဟောင်းဆိုင်များမှရသည့် စာအုပ်စာတမ်းများမှ တဆင့် တော်လှန်ရေးဆင်နွှဲနေသော နိုင်ငံများ၏ ကဗျာများကို ကျနော်တို့ စုဆောင်းခဲ့၏။ ကျနော်၊ ကိုစန်းမောင်၊ ကိုခါး၊ မင်းခိုင်ဦးတို့ (၄)ဦး ပေါင်းပြီး “ဒီရေ” နှင့် “ဆီးပွင့်” ဟု အမည်ပေးထားသော ကဗျာ စာအုပ်များထုတ်ကြ၏။ နိုင်ငံတကာ ကဗျာဘာသာပြန်စာအုပ်များဖြစ်၏။ လက်ရေးကျောက်ပုံနှိပ် လက်ချုပ်စာအုပ်ငယ်များဖြစ်၏။
ထိုစဉ်က ကျနော်က စစ်ဆန့်ကျင်ရေးကဗျာများကိုသာရွေးပြီး ဘာသာပြန်ခဲ့သည်။ အထူးသဖြင့် တရုပ်နှင့်ဂျပန်စစ်ဆန့်ကျင်ရေးကဗျာများကို ရှာ၏။ ရွေး၏။ သည်လိုနှင့် တရုပ်ကဗျာဆရာ “တူဖူး” ရဲ့ ကဗျာ များကို ကျနော်ဖတ်ခွင့်ရလာခဲ့၏။

(ခ)

တရုပ်ကဗျာဆရာ “တူဖူး” ပေါ်ထွန်းခဲသည့်ခေတ်မှာ နှယ်နှယ်ရရခေတ်မဟုတ်။ တရုပ်ကဗျာ သမိုင်းတွင်၊ ကဗျာရွှေခေတ်ကြီးဟု တင်စားရလောက်အေင် ... လူတွေက ကဗျာကို အထူးတလည် ချစ်မြတ်နိုးကြသော ခေတ်ကြီးဖြစ်၏။ အင်မတန်ထင်ရှားသည့် “တူဖူး” ၊ “၀မ်ဝေ” ၊ “လီပို” တို့လို ကဗျာဆရာကြီး များ ပေါ်ပေါက်ခဲ့သည့် ခေတ်ဖြစ်၏။ ထိုခေတ်မှာ “တန်မင်းဆက်ခေတ်” ဖြစ်၏။
“တန်မင်းဆက်ခေတ်” က၊ လူတွေ ကဗျာကို အလေးအနက်ထားကြပုံမှာ သြချယူရလောက်၏။ ဥပမာ ... ဈေးဆိုင်တွေ၊ အိမ်နံရံတွေမှာ ကဗျာတွေ ရေးကပ်ထားကြ၏။ လူတချို့သည် ကဗျာစာသားများကို ခန္ဓာကိုယ်ပေါ်တွင် ဆေးမင်ရည်စုတ်ထိုးပြီး ရူးသွပ်ခဲ့ကြ၏။ ထိုခေတ်က ပေါ်သည့် ကဗျာဆရာများကလည်း သဘာဝပတ်ဝန်းကျင်အပေါ် အလေးအနက်ထားစုံမက်ကြပုံမှာ အံ့သြရလောက်၏။ ဥပမာ ကဗျာဆရာ “လီပို” သည် ယန်စီမြစ်ထဲက “လ” ကို ဆင်းဆယ်ဖို့ ကြိုးစားရင်းက ရေနစ်ပြီး သေခဲ့ရသည်ဟုဆို၏။ သည်လို ၀န်းကျင်၊ သည်လို အနေအထားမျိုးတွင် ကဗျာဆရာ “တူဖူး” ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
“တူဖူး” သည် ခရစ်သက္ကရာဇ် ၇၁၂- ခုနှစ်တွင် မွေး၏။ ၇၇၀- ခုနှစ်တွင် ဆုံး၏။ ခရီး အင်မတန်သွား၏။ ပဒေသရာဇ် မင်းစိုးရာဇာ စာမေးပွဲများတွင် အကြိမ်ကြိမ်ရှုံးနိမ့်သော်လည်း ကဗျာဆရာတဦးအနေနှင့်မူ ပဒေသရာဇ် စစ်ဘုရင်များက အစ၊ သာမာန်ဆင်းရဲသား အဆုံး လေးစားခြင်းခံခဲ့ရ၏။ သူသည် လူပေါင်း (၁၆) သန်းကျော် သေဆုံးသည်ဟု ယူဆခဲ့ကြသည့် “လူရှန်ပုန်ကန် အုံကြွမှုကြီး” ကို အသက် (၄၀) ကျော်မှာ ကြုံတွေ့ခဲ့ရ၏။ စစ်ဘုရင်တွေ အချင်းချင်းဖြစ်ကြသည့် စစ်ပွဲမှာ ၉- နှစ် ကြာခဲ့၏။ “တူဖူး” သည် အဖမ်းခံခဲ့ရသေး၏။ နယ်နှင်ခံခဲ့ရ၏။ ပြည်ပြေးဖြစ်ခဲ့ရ၏။ စစ်ဘေးဒုက္ခသည် ဖြစ်ခဲ့ရ၏။ သည်အဖြစ်အပျက်ကြီးက “တူဖူး” ကို မည်ကဲ့သို့ ရိုက်ခတ်ခဲ့သနည်း။ သူ့ကဗျာများထဲ၌ သူက မည်ကဲ့သို့ ထည့်သွင်းရေးစပ်ခဲ့သနည်း။
မိသားစုဘ၀မှာလည်း “တူဖူး” သည် ကံမကောင်းပါ။ မိခင်က သူ့ကိုမွေးပြီးကာစမှာပင် ဆုံး၏။ ဖခင်က နောက်အိမ်ထောင်ပြု၏။ သူက အဒေါ်ဖြစ်သူထံသွားနေရင်း ကြီးပျင်းရ၏။ သူ့ကဗျာများထဲ၌ သူ့ဖခင်၊ သူ့ ညီအစ်ကိုသားချင်း ...၊ သူ့အဒေါ်တို့အကြောင်း ရေးဖွဲ့တတ်သော်လည်း သူ့မိဒွေးကိုမူ စာတလုံးမျှ ထည့်မရေးခဲ့။ “တူဖူး” သည် ကဗျာပုဒ်ရေ (၁၅၀၀) ကျော် ရေးဖွဲ့သွားခဲ့၏။ နေရာဒေသမျိုးစုံ ခရီးသွားခဲ့၏။ သူ့ဘ၀နှောင်းပိုင်း (၉) နှစ် လုံးလုံး ဆင်းရဲကြီးစွာ နေသွားခဲ့၏။ ငှက်ပျောဖက် တဲအိမ်ဆောက်ပြီး နေခဲ့သည် များလည်းရှိ၏။ အသက် (၅၈) နှစ်တွင် လှေတစင်းပေါ်၌ ဖျားနာရင်း သေဆုံးခဲ့ရ၏။
သူ့ကဗျာတွေက သူ့ခေတ် သူ့ကာလ သမိုင်းရေးအဖြစ်အပျက်များကို အခြေခံသဖြင့် သမိုင်းဆရာတို့ အတွက် တန်ဖိုးကြီးသော ကဗျာများဖြစ်လာခဲ့၏။ အထူးသဖြင့် သူ့ကဗျာများထဲတွင် ကျနော် စိတ်အ၀င်စား ဆုံးမှာ “စစ်” ကို ဖွဲ့သည့်ကဗျာများဖြစ်၏။ ထိုခေတ်က လူတွေ ... စစ်အပေါ်ဘယ်လိုမြင်ကြသလဲ။ စစ်ပွဲတွေ အပေါ် ဘယ်လိုသဘောထားကြသလဲ။ အထူးသဖြင့် ကဗျာဆရာတွေက စစ်ကို ဆန့်ကျင်ကြသလား၊ ထောက်ခံခဲ့ကြသလား။ သူတို့သည် စစ်မုန်းသူလား၊ စစ်ကို လိုလားကြသူတွေလား။ ကျနော် သိချင်၏။ ထို့ကြောင့် “တူဖူး” ရဲ့ ကဗျာများကို ရနိုင်သမျှရအောင် ကျနော်စုဆောင်းခဲ့သည်။ ဖတ်ခဲ့သည်။ “တူဖူး” ရဲ့ စစ်ဆန့်ကျင်ရေးအမြင်ရှိသည်ဟု ယူဆရသည့် ကဗျာ(၄) ပုဒ်ကို ဘာသာပြန်ခဲ့သည်။ “ဆီးပွင့်” ကဗျာစာအုပ် တွင် ထည့်ခဲ့သည်။
အခု ... “တူဖူး” ရဲ့ “စစ်ဆန့်ကျင်ရေး” ကဗျာတပုဒ်ကို ဖော်ပြလိုက်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း တထောင်ကျော်က၊ ကဗျာဆရာတယောက်ရဲ့ စစ်ပွဲတခုအပေါ်မြင်တဲ့ အမြင်ကို ခံစားမျှယူလို့ရနိုင်ကောင်းရဲ့ ဟု ကျနော်ယူဆမိ၏။ “တူဖူး” က သူ့ကဗျာထဲမှာ စစ်ပွဲကြောင့် မိသားစုတွေ ပြိုကွဲဒုက္ခရောက်ရသည်ဟု ဖွဲ့ဆိုခဲ့၏။


နွေဦးကာလ စစ်ပွဲ

နိုင်ငံတော်သည်ကား
ပြိုကျပျက်စီးသွားခဲ့ပြီ။
တောင်ကုန်းတွေ စမ်းချောင်းတွေသာပဲ
အသက်ရှင်သန်ဆဲ။
နွေးဦးကာလ မြို့တော်ထဲ
မြက်ခင်းနဲ့ သစ်ရွက်တွေ ရှင်သန်ဆဲ။
ပန်းပွင့်တွေကတော့
မျက်ရည်သုပ်ရင်းက အချိန်ကုန်လွန်ကြ။
ငှက်တွေ
ထိတ်လန့်ခြောက်ခြားနေဘွယ်ထင်ရ
သူတို့လည်းပဲ
ခွဲခွါကြရမှာကို မုန်းတီးကြတာပဲ။
မီးတွေ လောင်ကျွမ်းနေခဲ့တာ
သုံးလပင် ကြာခဲ့ပြီ။
အိမ်တအိမ်က စကားတခွန်းကြားရဖို့ဆိုတာ
ရွှေအချိန်တတန်ထက်ပင် တန်ဖိုးကြီးပြီပေါ့။
သေးသေးမျှင်မျှင်လေးပေါက်လာတဲ့
ငါ့ဆံပင်ဖြူတချောင်းကို ငါနှုတ်တော့
ဆံပင်ဖြူက
ငါ့ဦးထုပ် ဆံထိုးကြား
တွယ်ကပ်လို့ ထားလေရဲ့။ ။


ငြိမ်းဝေ

ကိုးကား။ ။ THREE CHINESE POETS : VIKRAM SETH

(ပြီးခဲ့တဲ့ အောက်တိုဘာလထဲတုန်းက မဇ္ဈိမမှာ မောင်ဖူးတင့်ကလောင်အမည်နဲ့ တင်ခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။)

October 12, 2008

ဝိုးလ်ဆိုရင်ကာ သို့မဟုတ် အာဖရိကဒေစီပန်းတပွင့်


(က)

၁၉၉၆-ခု၊ နိုဝင်ဘာလထဲတုန်းက နိုင်ဂျီးရီးယားသတင်းစာဆရာ၊ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးသမား “ကင်ဆာရိုဝီ၀ါ” ကို အိုဂိုနီလူမျိုးစုဝင်တချို့ အသတ်ခံရမှုမှာ ပါဝင် ပါတ်သက်တယ်ဆိုတဲ့ တဖက်သတ် စွပ်စွဲချက်နဲ့ နိုင်ဂျီးရီးယားစစ်အစိုးရက ကြိုးပေးကွပ်မျက် လိုက်ပါတယ်။ ဒီသတင်းဟာ ယဉ်ကျေးတဲ့ ကမ္ဘာ့အသိုင်းအ၀ိုင်းအတွင်း အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပါတယ်။


ဒီတုန်းက “ကင်ဆာရိုဝီ၀ါ” ရဲ့ သတင်းကိုကြားရလို့ ကျနော်လည်းပဲ ကြေကွဲတုန်လှုပ်ခဲ့ ပါတယ်။ အခုလို ကြိုးပေးသတ်ခံရတဲ့ “ကင်ဆာရိုဝီ၀ါ” အတွက် ကြေကွဲရတာနဲ့ တချိန်ထဲမှာပဲ …၊ နိုင်ဂျီးရီးယားကဗျာဆရာ ပြဇာတ်ရေးဆရာ “၀ိုးလ်ဆိုရင်ကာ” အတွက်လည်း ကျနော့်မှာ ရတက်မအေးနိုင်ခဲ့ပါဘူး။ နိုင်ဂျီးရီးယားစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီး “ဆန်နီအဘာချာ” က၊ “၀ိုးလ်ဆိုရင်ကာ” ကိုလည်းပဲ မျက်ကွယ်မှာ သေဒဏ်ချမှတ်ထားတာမို့ အခုလို ဗရုတ်ဗရက်အခြေအနေမျိုးမှာ သူ့အတွက်ကိုလည်း ကျနော် စိုးရိမ်ခဲ့မိတာပါ။ ဒါပေမယ့်လည်း “၀ိုးလ်ဆိုရင်ကာ” က ၁၉၉၄-ခုနှစ်ကတည်းက ပြည်ပကို ထွက်ပြေးလွတ် မြောက်ပြီး အမေရိကနဲ့ ပြင်သစ်မှာ ခိုလှုံနေထိုင်ခဲ့တာမို့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး “ဆန်နီ အဘာချာ” ရဲ့ စက်ကွင်းက လွတ်ကင်းနိုင်ခဲ့ပါတယ်။

ပြည်ပမှာရောက်နေတဲ့ “၀ိုးလ်ဆိုရင်ကာ” ကို နိုင်ငံခြားသတင်းဌာနတွေက တွေ့ဆုံ မေးမြန်းကြတာတွေ ရှိခဲ့ပါတယ်။ ကြိုးပေးသတ်ခံရတဲ့ “ကင်ဆာရိုဝီ၀ါ” ကိစ္စအပေါ် သူ့အမြင် သူ့သဘောထားကို မေးကြမြန်းကြတာပါ။ တွေ့ဆုံမေးမြန်းခန်းတခုမှာ ထည့်ပြောလိုက်တဲ့ “၀ိုးလ်ဆိုရင်ကာ” ရဲ့ စကားတခွန်းက ကျနော့်ကို ထူးထူးခြားခြား မှတ်မှတ်သားသားဖြစ်စေခဲ့ ပါသေးတယ်။ သူက “ဘာရမလဲဗျ၊ ကျနော့်ကို မြန်မာစစ်အစိုးရ လုပ်သလို ဘယ်လုပ်လို့ ရမလဲဗျ” ဆိုတဲ့ စကားကို ထည့်ပြောပြီး နိုင်ဂျီးရီးယားစစ်အစိုးရလက်အောက်က လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့တဲ့ကိစ္စကို ရှင်းပြခဲ့လို့ပါပဲ။

(ခ)

“ကင်ဆာရိုဝီ” ကို ကျနော်က “၀ိုးလ်ဆိုရင်ကာ” လောက် မသိခဲ့ပါဘူး။ ၁၉၉၆-ခု၊ နိုဝင်ဘာလထဲမှာ ကြိုးပေးအသတ်ခံရတဲ့ အခါကြမှ “ကင်ဆာရိုဝီ၀ါ” အကြောင်း စုံစုံစေ့စေ့ သိခွင့်ရလာခဲ့တာပါ။ “၀ိုးလ်ဆိုရင်ကာ” ကြတော့ ဒီလိုမဟုတ်ဘူး။ သူ့ကို ၁၉၉၄-ခုနှစ် ကတည်းက ကျနော်သိခဲ့တာပါ။ အဲဒီအချိန်ကတည်းက သူ့ကို ကျနော်စိတ်ဝင်စားခဲ့တာပါ။

၁၉၉၄-ခုနှစ်ထဲမှာ “၀ိုးလ်ဆိုရင်ကာ” တည်းဖြတ်ထုတ်ဝေတဲ့ “အာဖရိကတိုက်မဲကြီးရဲ့ ကဗျာဗျား” စာအုပ်ကို ကျနော်ဖတ်ခွင့်ရပါတယ်။ ဂျာမာန်သူမိတ်ဆွေတဦးက ကျနော့်ကို လက်ဆောင်ပို့ပေးတာပါ။ သူ့ကဗျာတွေကို စိတ်ဝင်တစားရွေးပြီး ဖတ်ပါတယ်။ ဒီကြားထဲ သူက အဲဒီ ၁၉၉၄-ခုနှစ်ထဲမှာပဲ နိုင်ဂျီးရီးယားက ထွက်ပြေးရပြီး၊ နိုင်ဂျီးရီးယားစစ်အာဏာရှင် ဗိုလ်ချုပ်ကြီး “ဆန်နီအဘာချာ” က သူ့ကို မျက်ကွယ်မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။
“၀ိုးလ်ဆိုရင်ကာ” ဟာ၊ အာဖရိကတိုက်ရဲ့ ပထမဆုံးစာပေ နိုဗယ်ဆု ရရှိတဲ့ လူမဲ ကဗျာဆရာလည်းဖြစ်ပါတယ်။ (၁၉၈၆) …။ ပြီးတော့ ပြည်ပမှာ အချိန်အကြာကြီး ထွက်ပြေး နေထိုင်ခဲ့ရသူ၊ ထောင်အကြိမ်ကြိမ်ကျသူ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ထောင်ကျပုံကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နိုင်ဂျီးရီးယား အနောက်ပိုင်း ရွေးကောက်တင်မြှောက်ပွဲမှာ အနိုင်ရရှိတဲ့ “အာကင်တိုလာ” ရဲ့ အောင်ပွဲမိန့်ခွန်းကို အ်ီဘာဒါ အသံလွှင့်ဌာနက တဆင့် အသံလွှင့်ဖို့ စီစဉ်နေတုန်း “၀ိုးလ်ဆိုရင်ကာ” က၊ သေနတ်တလက်ဆွဲပြီး အသံလွှင့်ရုံထဲ ၀င်လာခဲ့ပါတယ်။ ပြီးတော့ “အာကင်တိုလာ” ရဲ့ မိန့်ခွန်းတိတ်ခွေကို ဖြုတ်ပြီး ကြိုတင်ပြင်ဆင် လာခဲ့တဲ့ သူ့ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရှုံ့ချတဲ့ အသံသွင်းတိတ်ခွေကို အသံလွှင့်လိုက်ပါ တယ်။ ဒါနဲ့ပဲ … သူလည်း ထောင်နန်းစံခဲ့ရတာပါ။ ၁၉၆၅-ခု...။ နိုင်ဂျီးရီးယားနဲ့ ဘီယာဖရာ စစ်ဖြစ်တော့လည်းပဲ ကြားဝင်ဆောင်ရွက်လို့ ထောင်ချခံရပြန်ပါတယ်။ “လီလီယန် ဟယ်မန်” နဲ့ “ရောဘတ် လိုဝဲ” အပါအ၀င် ထင်ရှားတဲ့ အမေရိကန်နဲ့ ဗြိတိသျှစာရေးဆရာတွေက နိုင်ဂျီးရီးယားအစိုးရကို ၀ိုင်းပြီး တောင်းဆိုကြလို့ ထောင်ကလွတ်လာပြန်တော့ သူ့ရဲ့ ပြဇာတ် တပုဒ်ကို လန်ဒန်မှာ ရုပ်ရှင်ရိုက်ပြီး ပြသလို့ ထပ်ပြီး အဖမ်းခံရပြန်ပါတယ်။

သူ့ရဲ့ အကျဉ်းထောင်အတွင်း အတွေ့အကြုံတွေအပေါ် မူတည်ပြီးရေးတဲ့ “သေလူ” လို့ အမည်ပေးထားတဲ့ ကဗျာစာအုပ် (၁၉၇၂) ဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ ထုတ်ဝေခွင့် ပိတ်ပင် ခံရပါတယ်။ ၁၉၇၀-ခုနှစ်က ရေးခဲ့တဲ့ “သူရူးနဲ့ ပါရဂူများ” လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ပြဇာတ် တပုဒ်ဟာလည်း အကြီးအကျယ်နာမည်ကြီးခဲ့ပါတယ်။
၁၉၇၂-ခုနှစ်မှာ ပြည်ပကိုထွက်ပြီး စေတနာ့ဝန်ထမ်းကျောင်းဆရာလုပ်ပါတယ်။ ၁၉၇၅-ခုနှစ်ကြတော့ ဂါနာနိုင်ငံကိုသွားပြီး “အာဖရိကရှေ့ဆောင်ဂျာနယ်” မှာ အယ်ဒီတာ လုပ်ပါတယ်။ အဲဒီအချိန်မှာပဲ သမ္မတ “ဂိုဝန်” ရာထူးက နှုတ်ထွက်သွားပြီးတဲ့အခါ “၀ိုးလ်ဆိုရင် ကာ” လည်း နိုင်ဂျီးရီးယားကို ပြန်လာခဲ့ပါတယ်။ အိုင်ဖီတက္ကသိုလ်ရဲ့ အင်္ဂလိပ်စာဌာနမှာ ပါမောက္ခလုပ်ပါတယ်။ စစ်အာဏာရှင်လက်အောက်က နိုင်ဂျီးရီးယားပြည်သူတွေရဲ့ဘ၀ကို ထင်ဟပ်ဖော်ပြတဲ့ သူ့ရဲ့ “ကဘေးဘ၀ နှစ်ကာလများ” (၁၉၈၁) စာအုပ်နဲ့ “အရုဏ်ဦးမှာ သင်ဟာ ရှေ့သိုင်္ချီ” စာအုပ်တွေဟာ ထင်ရှားလှပါတယ်။

၁၉၉၃-ခုနှစ်ကြတော့ အာဏာသိမ်း စစ်အစိုးရဆန့်ကျင် ရေး လူထုဆန္ဒပြပွဲမှာ “၀ိုးလ်ဆိုရင်ကာ” တယောက် ပူးပေါင်းပါဝင်လာပြန်ပါတယ်။ ဒီချီတက်ဆန္ဒပြပွဲကို စစ်တပ်က အကြမ်းဖက်ပစ်ခတ် လူစုခွဲတဲ့အခါ သူဟာ အဓိက မျက်မြင် သက်သေတဦး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ စစ်အစိုးရက သူ့ကို ဖမ်းဆီးဖို့ကြိုးစားရာမှာ သူဟာ ပြည်ပကို အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီး “ဆန်နီအဘာချာ” က သူ့ကို မျက်ကွယ်မှာ သေဒဏ်ချခဲ့ပါတယ်။

၁၉၉၈-ခု၊ အောက်တိုဘာလထဲမှာ ဗိုလ်ချုပ်ကြီး “ဆန်နီအဘာချာ” ရုတ်တရက် သေဆုံးတဲ့အခါ ဗိုလ်ချုပ်ကြီး “အက်ဘ်ဒူဆာလာမိ အဘူဘာခါ” အာဏာရလာပါတယ်။ သူကတော့ နိုင်ငံရေး အကျဉ်းသားတွေကိုလွှတ်ပေးပြီး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာတဲ့အတွက် “၀ိုးလ်ဆိုရင်ကာ” လည်း နိုင်ဂျီးရီးယားမြေကို ပြန်ပြီး နင်းခွင့်ရခဲ့ပါတယ်။ ပြည်တော်ပြန် နိုဗလ်ဆုရှင်ကဗျာဆရာ “၀ိုးလ်ဆိုရင်ကာ” ကို နိုင်ဂျီးရီးယား ပြည်သူတွေက သူရဲကောင်းတယောက်လို သဘောထားကြိုဆိုခဲ့ကြပါတယ်။

(ဂ)

အာဏာရှင်တွေကြီးစိုးတဲ့ နိုင်ငံတွေမှာ ပြည်သူတွေတင်မက၊ ပညာရှင်များလည်းပဲ အာဏာရှင်များရဲ့ အာဏာစက်ဒဏ်ကို ခံကြရပါတယ်။ ယုတ်စွအဆုံး ပညာရှင်တယောက်ဟာ အာဏာရှင်စနစ်ကို မတို့မထိပဲ နေသည့်တိုင်အောင် အာဏာရှင်တွေရဲ့ အခြေခံသဘော သဘာဝကိုယ်က ပညာရှင်ကို မလိုလားတဲ့ အခြေခံရှိတာမို့ ပညာရှင်တွေဟာ ဘေးသင့်ကြရ တာချည်းပါပဲ။ အာဏာရှင်လက်အောက်က ပြည်သူတွေကြတော့ ပညာရှင်ဟူသမျှကို လိုလား ထောက်ခံကြပါတယ်။ အထူးသဖြင့် အာဏာရှင်စနစ်ကို ထောက်ပြဝေဖန်ဆန့်ကျင်တဲ့ ပညာရှင်ဆိုရင် ပြည်သူတွေက နည်းလမ်းပေါင်းစုံသုံးပြီး ထောက်ခံကြောင်း၊ လေးနက်ကြောင်း ပြကြလေ့ရှိပါတယ်။ ဥပမာ ကျနော်တို့တိုင်းပြည်က ပြည်သူချစ်တဲ့ စာပေပညာရှင်များဖြစ်ကြ တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာဇော်ဂျီ၊ မင်းသုဝင်္ဏ၊ လူထုဒေါ်အမာ အစရှိတဲ့ စာပေ ပညာရှင်တွေရဲ့ မွေးနေ့ပွဲတွေ သေဆုံးတဲ့နေ့တွေကို စစ်အစိုးရက အလေးအနက်မထား ပေမယ့် ပြည်သူတွေကတော့ ထူးခြားလေးနက်တဲ့ အဓိပ္ပါယ်ကိုဆောင်တဲ့နေ့များအဖြစ် သဘောထားသတ်မှတ်ပြီး တခမ်းတနားကျင်းပလေ့ရှိကြပါတယ်။

အခုလည်းပဲ ၁၉၃၄-ခုနှစ်မှာ မွေးဖွားခဲ့တဲ့ နိုင်ဂျီးရီးယားကဗျာဆရာ ပြဇာတ်ရေးဆရာ “၀ိုးလ်ဆိုရင်ကာ” ဟာ ၂၀၀၉ ခုနှစ်ထဲမှာ မွေးနေ့စိန်ရတုပြည့်တော့မှာပါ။ စာပေနိုဗယ်ဆုရှင် “၀ိုးလ်ဆိုရင်ကာ” ရဲ့ မွေးနေ့စိန်ရတုပွဲကို နိုင်ဂျီးရီးယားပြည်သူတွေက အလေးအနက်ထား ကျင်းပဂုဏ်ပြုကြလိမ့်မယ်လို့ ကျနော်ယုံကြည်မိပါတယ်။

ကိုးကား။ ။ ၁- စာပေအနုပညာရှင်များနှင့် စကားပြောခြင်း (လေးကိုတင်)
၂- MODERN AFRICAN POETRY
၃- POEMS OF BLACK AFRICA

ငြိမ်းဝေ
(ပြီးခဲ့တဲ့ တပါတ်က မဇ္ဈိမအွန်လိုင်းမှာတင်ခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။)

October 10, 2008

ဖိုးမောင်စိတ်ဓါတ် အဓွန့်ရှည်ပါစေ


စက်တင်ဘာလအတွင်းတုန်းက မဇ္ဈိမအွန်လိုင်းမှာ တင်ခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဆရာကြီး မင်းသုဝဏ် မွေးနေ့ရာပြည့် အထိမ်းအမှတ်အနေနဲ့ ရေးခဲ့တာပါ။

(က)

၁၉၇၃ - ခုနှစ်ကပါ ...။ “ရေဦး” ဆိုတဲ့ တံငါရွာကလေးတရွာမှာ ရွာငှါး ကျောင်းဆရာလုပ်ခဲ့စဉ်တုန်းက ကြုံခဲ့ရတဲ့အဖြစ်အပျက်ကလေးတခုပါ။ ဒီတုန်းက ကျနော်က ဘုန်းကြီးကျောင်းမှာ ကပ်နေပြီး၊ စပါးနဲ့ငှါးတဲ့ ရွာငှါးကျောင်းဆရာလုပ်နေတဲ့အချိန် “မောင်ထူးရှင်” ဆိုတဲ့ ကျောင်းသားလေးနဲ့ဆုံခဲ့ကြပါတယ်။ ကျောင်းရန်ပုံငွေ ရဖို့ အတွက် စပါးလိုက်ရိတ်ကြရင်းက “မောင်ထူးရှင်” ပိုးထိပါတယ်။ ပိုးထိထားတဲ့ “မောင်ထူးရှင်” က သူ့ကို ပိုးထိ လိုက်တဲ့အခါ သူ့ဘေးမှာကပ်ပြီးရပ်နေတဲ့ ကျနော့်ကို နောက်ကိုဆုပ်ဖို့ ပြောပါတယ်။သူနဲ့ရင်ဘောင်တန်းပြီး ရပ်နေကြတဲ့ ကျောင်းသားတွေအားလုံး နောက်ကို ဆုပ်ခိုင်းပါတယ်။ ပြီးတော့မှ သူ့ခြေ ထောက်အောက်က မြွေပွေးကို တံစဉ်နဲ့ဖြတ်၊ အဲဒီ မြွေပွေးက ပေါက်ထားတဲ့ မြွေပွေးအသေးလေးတွေကို တံဇဉ် အနှောင့်နဲ့လိုက်ထု ...။ ပါးစပ်ကလည်း ကျန်တဲ့ကျောင်းသားတွေ ကန်သင်းရိုးပေါ် တက်နေကြဖို့ပြော။ သူက သူ့နေရာတ၀ိုက်ကို စပါးပင်တွေဖြဲပြီး တံဇဉ်နဲ့လိုက်ထု၊ ဖနောင့်နဲ့ပေါက် လုပ်နေတော့ သူ့ကို ပိုးထိထားတယ်လို့ ဘယ်သူမှ မထင်ဘူးပေါ့။ ကျနော်တို့အားလုံး ကန်သင်းရိုးပေါ်ရောက်ပြီး သူ့ကို ၀ိုင်းကြည့်နေတုန်း စပါးတောထဲ သူ ပစ်ပြီး လဲကျသွားမှ သူ့ကို ပိုးထိလိုက်ပြီဆိုတာ သိကြရတာ။ ကျနော်က ဘယ်ကျောင်းသားမှ လယ် ကွက်ထဲ မဆင်းစေပဲ သူ့အနားကို ကျနော်တယောက်ထဲ ပြေးဆင်းလိုက်တော့ “မောင်ထူးရှင်” က သတိတော့ မလစ်သေးဘူး။ လဲနေရာက လူးလဲထပြီး ကျနော့်ကို သူ့အနားမလာဖို့ ပြောနေသေးတယ်။ သူ့အနားကို ဇွတ်တိုး လာတဲ့ ကျနော့်ကို စကားတခွန်းနှစ်ခွန်းပြောနိုင်သေးတယ်။ “မောင်ထူးရှင်” နောက်ဆုံးပြောသွားတဲ့ စကားက ကျနော်တို့အားလုံး မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြရတယ်။ “ကျနော့်ကို ပိုးထိထားပြီးပြီ၊ ငုံ့ကြည့်တော့ သားပေါက်ကလေးတွေ အထွေးလိုက်ပဲ ...၊ ဒါနဲ့ပဲ တခြားလူတွေ အကိုက်ခံရမှာစိုးလို့ တကောင်မကျန် ကျနော် လိုက်သတ်နေရသေးတယ်၊ ကျနော် အိပ်ချင်တယ် ဆရာလေး” ဆိုပြီး “မောင်ထူးရှင်” လည်း ကျနော့်လက်ပေါ်မှာ ထာဝရအိပ်ပျော်သွားခဲ့တယ်။
“မောင်ထူးရှင်” က အင်းစာရင်းငှါးတဦးရဲ့သား။ အမေ မရှိဘူး။ ဆင်းရဲလိုက်တာလည်း မပြောပါနဲ့တော့။ ပြီးတော့ ကျနော်နဲ့အတူ ဘုန်းကြီးကျောင်းမှာပဲ ကျောင်းအိပ်ကျောင်းစား။ သူ အခုလို ပိုးထိပြီးဆုံးတော့ ရွာသား တချို့က သူ့အဖေကို မြှောက်ပေးလို့ ဒိုင်နယ်ရုံးမှာ ကျနော်က တရားရင်ဆိုင်ရသေးတယ်။ ဒီလို ဘေးဥပါဒ် အန္တရာယ်ရှိတဲ့အလုပ်ကို ဘာပြုလို့ ကျနော်က ကလေးတွေကို လုပ်ခိုင်းရသလဲပေါ့။ ကျနော့်ဖက်က လိုက်ပါပြော ဆိုကြတဲ့ ကျောင်းသားမိဘတွေလည်း ရှိပါတယ်။ ကျနော်ကတော့ ဘာမှ မခုခံခဲ့ဘူး။ တရားဥပဒေအရသာ လုပ်ဖို့ ခေါင်းထိုးပြီး ရင်ဆိုင်ခဲ့တယ်။ “မောင်ထူးရှင်” အတွက် ကြေကွဲရတာပဲ ကျနော်သိတယ်။ နောက်ဆုံးတော့လည်း “မောင်ထူးရှင်” ရဲ့ ဖခင်က အမှုကို ပြန်လည်ရုပ်သိမ်းပြီး တခြားရွာကို ပြောင်းသွားပါတယ်။ ကျနော့်မှာတော့ ပိုးထိပြီး လဲကျသွားတဲ့ “မောင်ထူးရှင်” ကို မေ့လို့မရနိုင်ဘူး။ သူ နောက်ဆုံးပြောခဲ့တဲ့ စကားတွေကို နားထဲက မထွက်နိုင်ဘူး။ “မောင်ထူးရှင်” ဟာ ကျနော့်အတွက်တော့ တကယ့်ကို အညတြသူရဲကောင်းဖြစ်ခဲ့တော့တာပေါ့။

(ခ)

ခေတ်စမ်းစာဆိုကြီး “မင်းသုဝဏ်” မှာ အများအတွက် အနစ်နာခံသူ၊ အများအတွက် အသက်ပေးဖို့ ၀န်မလေးသူ နှစ်ဦးကို အဓိက ဇာတ်ကောင်ထားပြီး ဖွဲ့တဲ့ကဗျာ (၂) ပုဒ် ရှိပါတယ်။ (၂) ပုဒ်စလုံး နာမည်အလွန်ကြီးပါ တယ်။ “ဖိုးမောင်လာပြီ” ဆိုတဲ့ ကဗျာနဲ့ “သူ့မှာတမ်း” ဆိုတဲ့ ကဗျာ (၂) ပုဒ်ပါ။
ကျနော်ကတော့ ကျနော့်အထွာ၊ ကျနော့် နှလုံးသာ်းအခံအပေါ် မူတည်ပြီး “ဖိုးမောင်လာပြီ” ကဗျာကို ပိုပြီးနှစ်သက်တယ်။ ပိုပြီးခံစားရတယ်။ ဘာပြုလို့လည်းဆိုတော့ အဲဒီကဗျာထဲက အဓိကဇာတ်ကောင် “ဖိုးမောင်” က သာမာန်အညတြပုဂ္ဂိုလ်တယောက် ဖြစ်တာရယ်၊ ကျနော့် သူရဲကောင်း “မောင်ထူးရှုင်” နဲ့လည်း တူတယ်ထင်လို့ “ဖိုးမောင်လာပြီ” ကဗျာကို ပိုပြီး နှစ်သက်ခံစားလို့ရတာပါ။
“ဖိုးမောင်လာပြီ” ကဗျာမှာ ကဗျာ့ပရိယာယ်တွေ၊ အပြောနဲ့ အပြတွေကလည်း “သူ့မှာတမ်း” ကဗျာထက် ကျနော့်ကိုပိုပြီး စွဲဆောင်နိုင်တယ်။ ဥပမာအနေနဲ့ ပြောရရင် အပြောနဲ့ အပြ နှစ်ခုစလုံးရောပြီး ဖော်ပြထားတဲ့ “ဖိုးမောင်” ရွာကို ၀င်လာတဲ့ အခန်း၊ ဖိုးမောင်နဲ့ ဓါးပြတွေ မတွေ့ခင်၊ ဖိုးမောင်ကို ဓါးပြ တွေက မသတ်ခင်၊ ဖိုးမောင် ဓါးပြတွေ အသတ်ခံရတဲ့ည၊ ဖိုးမောင်ရွာကို ပြန်လာတတ်တဲ့ အချိန် ... အဲဒီအချိန် ကလေးကို ဖော်ပြတဲ့အခန်း၊ ပြီးတော့ ဖိုးမောင်က အော်ဟစ်သတိပေးလို့ တရွာလုံး မောင်းထုအော်ဟစ်ကြတဲ့အခန်း ...၊ အဲဒီ ကဗျာပိုဒ်တွေဟာ ၀ဏ္ဏတခုချင်းစီ အရကော၊ ပါဒ တကြောင်းစီအရပါ အင်မတန်ထိရောက်၊ တိကျ၊ ကျစ်လစ်၊ အားကောင်းတာတွေ့ကြရပါတယ်။

ဖိုးမောင့်သံကြား၊ ကင်းသမားက
တံခါးကြီးအောက်၊ မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်
ယာတွင်အုပ်ဆောင်း၊ ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုယ်ကိုင်း၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်
လူပင်လေလား၊ တစ္ဆေလား။

နောက်ထပ်တပိုဒ်က ...၊

ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍
ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ
ဇီးကွက်ကအော်၊ တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင်၊ ဂုပ်ကျားဟောင်သည်
ဖိုးမောင် လာချိန်ပါတကား။

နောက်ထပ်တပိုဒ် ...၊

သို့ဖြစ်သော်ငြား၊ ခါတစ်ပါးသို့
တံခါးဝင်လို၊ သူ မဆိုဘဲ
“မောင်းကိုထုပါ၊ လူစုပါဟေ့၊
ရွာကိုဘေးမှ၊ ကာကွယ်ကြလော့၊
ဓါးပြငါ့အား၊ ဖမ်း၍ထား” ဟု
စကားမဆုံး၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်းဒိန်းသံ ရွာလုံးညံသည်
ချောင်းယံပဲ့တင်ထပ်သတည်း။



ဒီကဗျာ (၃) ပိုဒ်ဟာ၊ ကဗျာ့ဇာတ်ကောင်တွေရဲ့လှုပ်နေတဲ့ စရိုက်တွေကို ပေါ်အောင်ဖွဲတဲ့ အပိုဒ်တွေပါပဲ။ ဇာတ်ကောင်တွေရဲ့ အလှုပ်အရှားအပေါ် မူတည်ပြီး ကဗျာဖတ်သူကို စိတ်မျက်စေ့နဲ့ မြင်နိုင်အောင်ဖွဲ့တဲ့ ကဗျာပိုဒ်တွေပါ။ ဒီကဗျာပိုဒ်တွေကို အားယူပြီး “ဖိုးမောင်” ရဲ့ ကြေကွဲဖို့ ကောင်းတဲ့ ဇာတ်လမ်းနဲ့ ဂုဏ်ပြုဖို့ကောင်းတဲ့ ဖိုးမောင့်စိတ်ဓါတ်ကို ကဗျာဖတ်သူတွေရဲ့ ရင်ထဲအရောက် ပို့လိုက် တာပါ။
သာမာန်အားဖြင့် ကြည့်ရင်တော့ “ဖိုးမောင်လာပြီ” ကဗျာဟာ ကြေကွဲစရာကောင်းတဲ့ ဇာတ်လမ်းလေးတခုကို ပုံပြင်ဆန်ဆန် ပြောပြတဲ့ ကဗျာပါပဲ။ ဒါပေမယ့် ကဗျာဖတ်သူက ဖြည့်ပြီး တွေးရမယ့် မြှုပ်ထားတဲ့ကိစ္စတွေ၊ ကဗျာဖတ်သူက ဆင့်ပွားပြီး တွေးယူရမယ့် ဂယက်အနက်တွေကတော့ တတောတတောင်လုံး နှံ့အောင် လိုက်တွေးလို့ရနိုင်မလားပဲ။
“ဖိုးမောင်” ဟာ သာမာန်ဆင်းရဲသား၊ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ရွာသာလေးတဦးပါ။ ကဗျာထဲမှာ ဖော်ပြမထားတော့ သူ့မှာ မိဘနှစ်ပါးမှ ရှိသေးရဲ့လား။ ရှိရင်လည်း အသက်အရွယ်ကြီး ရင့်ကြသူတွေ၊ ဒါမှမဟုတ် ကျန်းမာရေး ချွတ်ယွင်းကြသူတွေ၊ ဒါမှမဟုတ် မိစုံဖစုံမှ ရှိရဲ့လား။ ဖားရှာငါးရှာပြီးမှ အသက်မွေးဝမ်းကျောင်းရတဲ့ သူ ...။ ဖိုးမောင်ရဲ့ ဆန်တွင်းဟာ သူများတကာထက် ပိုပြီး နက်မှာကတော့ သေချာပြီပေါ့။ ဒါကြောင့်မို့ “ဖိုးမောင်” ဆိုတာ ရွာမှာ လူရာဝင်တဲ့ အနေအထားဘယ်ရှိနိုင်ပါ့မလဲ။ ဖိုးမောင်လို ဆင်းရဲသားလူငယ်တယောက်၊ ရွာမှာ မရှိရင်လည်း ဘာမှပိုပြီး မထူးခြားနိုင်လောက်အောင် ... တကယ့်ကို အရေးမပါ အရာမမြောက်တဲ့ လူတယောက်။ လူတွေဟာ ဖားရှာငါးရှာစားရတဲ့ “ဖိုးမောင်” ကို ဘယ်ဂရုစိုက်ကြမှာလဲ။ ဘယ်ကွမ်းတောင်ကိုင်၊ ဘယ် ပိုက်ဆံ ရှိသူ၊ ဘယ်မိသားစုကမှ “ဖိုးမောင်” ကို “ထမင်းလာစားလှည့်ဦး” လို့ တကူးတကန့်ထမင်းဖိတ်ကျွေးကြသူ ရှိပါ့မလဲ။
“ဖိုးမောင်” က ကင်းသမားတွေနဲ့တော့ အဆင်ပြေအောင် ဆက်ဆံထားပုံရပါတယ်။ညကြီးမင်းကြီး အချိန်မတော် ရွာကိုပြန်လာတဲ့ “ဖိုးမောင်” ကို၊ ကင်းသမားတိုင်းက မလွယ်ပေါက်ကို အသာဖွင့်ပေးဖို့ ၀န်မလေး ကြဘူး။ ဖိုးမောင်ရဲ့ဘ၀ဟာ ဆင်းရဲပါတယ်။ ရိုးစင်းပါတယ်။ မထူးခြားဘူး။ မထင်ရှားဘူး။ မကြီးမားဘူး။
တညမှာတော့ ရွာကိုကပ်ပြီး ဓါးပြတိုက်ဖို့ ချောင်းနေကြတဲ့ ဓါးပြတသိုက်နဲ့ ငါးရှာပြီး ပြန်လာတဲ့ ဖိုးမောင် တို့ ရွာဘေးမှာ ပက်ပင်းတိုးတော့ “ဖိုးမောင်” ကို ဖမ်းထားကြတာပေါ့။ တကယ်တော့ ဓါးပြတွေက “ဖိုးမောင်” ကို တမင်သက်သက်လာစောင့်ပြီး ဖမ်းကြတာပါ။ သူတို့က အချိန်မတော် ရွာတံခါးပွင့်ဖို့ဆိုရင် “ဖိုးမောင်” ရဲ့ အကူအညီရမှ ၀င်လို့ရမယ်ဆိုတာ စုံစမ်းထားပြီးသား။ ကင်းသမားက ဖိုးမောင်ဆိုရင် မလွယ်ပေါက်ကို ဖွင့်ပေးနေကြဆိုတာ ဓါးပြတွေက သိထားတော့ ဖိုးမောင်ကိုဖမ်းပြီး တံခါးဖွင့်ပေးဖို့ ဖိုးမောင်ကို ပြောကြတာပေါ့။ ပြောမပေးဘူးဆိုရင် သတ်ပစ်မယ်လို့ ဖိုးမောင်ကို ခြိမ်းခြောက်ကြတာပေါ့။ “ဖိုးမောင်” ဟာ ဓါးပြတွေက ကြိုးနဲ့တုတ်ပြီး ဖမ်းခံထားရတဲ့အချိန် ဘာတွေတွေးနေ ခဲ့သလဲ။ ပထမတော့ သူ့အသက်လွတ်အောင် ရွာတံခါးဖွင့်ပေးဖို့ ပြောလိုက်မယ်ဆိုတဲ့ စိတ်ကူးရှိမယ်။ ပြီးတော့ သူ့ကို ချည်ထားတဲ့ကြိုးကို ပြေအောင် ဘယ်လိုဖြေရပါ့မလဲလို့ တွေးကောင်းတွေးမယ်။ ဒါမှမဟုတ် သူ့ကိုကြိုးနဲ့တုတ်ထားတာ အရေးမကြီးဘူး၊ ရွာကို ဒီည ဓါးပြတိုက်တော့မယ့်ကိစ္စ၊ ရွာသားတွေသိရအောင် သူဘယ်လိုလုပ်ရပါ့မလဲလို့လည်း တွေးမိလိမ့်မယ်။ ရွာအတွက် စိတ်ပူလိမ့်မယ်။ အချိန်တိုအတွင်းမှာ သူဟာ ဆုံးဖြတ်ချက်ချရလိမ့်မယ်။ အဲဒီနောက် “မောင်းထုကြ၊ လူစုကြ၊ ဓါးပြတွေ ရွာကို ၀ိုင်းထားပြီ၊ ငါ့ကိုလည်း ဖမ်းထား ပြီဟေ့” လို့ အကြိမ်ကြိမ်အော်တော့တယ်။ ဖိုးမောင်ဟာ သူဒီလိုအော်ရင် သူ့ကို ဓါးပြတွေက ထုကြ ထောင်းကြ သတ်ကြမယ်ဆိုတာ ကြိုပြီး သိထားပြီးသားပါ။ သူ့မှာကြောက်စိတ်မရှိတော့ဘူးလား။ သူက ရွာကို သတိမပေးပဲ ထားလိုက်ရင် ရွာကို ဓါးပြတိုက်ခံရပေမယ့် သူ့အသက်တော့ လွတ်နိုင်တယ်ဆိုတဲ့ အတွေးကို သူ မတွေးတတ်ဘူး တဲ့လား။ သူ့အသက်ကို သတ်ချင်သတ်ပါစေ၊ ရွာကိုတော့ ဓါးပြရန်က ဝေးရင်ပြီးတာပဲဆိုတဲ့စိတ်ကို သူဘယ်လို လုပ်ပြီး တွေးနိုင်ခဲ့တာလဲ။ အဲဒီ တချိန်ထဲမှာပဲ ဆင်းရဲသားနင်းပြားသူ့ဘ၀ကို သူတွေးမိပြီး၊ တရွာလုံးက ငါ့ကို ဘယ်တုန်းကမှ လူရာမသွင်းခဲ့တာပဲ။ ငါက ဘာပြုလို့ ရွာကို ကာကွယ်နေတော့မလဲ၊ ငါ့အသက်လွတ်ရေးကိုပဲ ဦးစားပေးရမှာပေါ့ဆိုတဲ့ အတွေးကော မတွေးနိုင်ခဲ့ဘူးလား။
ဒီလိုနဲ့ ရွာကို အော်ဟစ်သတိပေးလို့ ဓါးပြတွေက “ဖိုးမောင်” ကို သတ်ပစ်လိုက်ကြပါပြီ။ ဖိုးမောင်ရဲ့အော်သံကြားလို့ ရွာသားတွေ မောင်းထု လူစုနိုင်ကြပြီ။ ရွာဟာ ဓါးပြ ရန်က ဝေးခဲ့ပါပြီ။ ဒီအခါကြတော့ ရွာသားတွေအားလုံး ဖိုးမောင့်ကျေးဇူးကို အထူးပြုကြရပြီပေါ့။ ဖိုးမောင်ရဲ့ စိတ် ဓါတ်ကို အသိအမှတ်ပြုကြပြီပေါ့။ ဖိုးမောင်ရဲ့ ကိုယ်ကျိုးစွန့်နိုင်တဲ့ သတ္တိကို လေးစားကြရပြီပေါ့။ ဖိုးမောင်ဟာ ဒီအခါကြတော့ သာမာန်လူထဲက လူတယောက်မဟုတ်တော့ဘူး။ ဖိုးမောင်ဟာ ရွာကို ဓါးပြဘေးက ကင်းဝေးဖို့ ဆိုရင် သူ့အသက်ကိုတောင် စွန့်လွှတ်ပြီး ကာကွယ်ဖို့ ၀န်မလေးတဲ့သူ။ ဖိုးမောင်ဟာ သူ့အသက်ကိုရင်းပြီး ရွာကောင်းကျိုး ရပ်ကောင်းကျိုး ဆောင်ရွက်သွားခဲ့သူ။ ဖိုးမောင်ဟာ သူရဲကောင်း ...။
ဖိုးမောင် ဒီလို အနစ်နာခံဆောင်ရွက်ခဲ့တာဟာ ရွာထဲက သူကြိတ်ပြီး ပိုးပမ်းခဲ့ရတဲ့ ကွမ်းတောင်ကိုင် မလေးအတွက် မဟုတ်ဘူး။ ရွာက ပိုက်ဆံရှိ လူချမ်းသာ ရွာ့မျက်နှာဖုံး “ဦးလာဘ” အတွက် မဟုတ်ဘူး။ တချိန် လုံး သူ့ကို လူလိုသူလို မဆက်ဆံခဲ့တဲ့ ရွာသူကြီး “ဦးစံတင့်” ဆီက မျက်နှာသာလေး ရလိုရငြား သူ ဒီလိုလုပ်ခဲ့ တာမဟုတ်ဘူး။ သူ့ရည်ရွယ်ချက်က၊ သူ့စေတနာက ပုဂ္ဂလကိစ္စ၊ ပုဂ္ဂလအကျိုးမဟုတ်ဘူး။ ဒီတော့ “ဖိုးမောင်” ဟာ ရွာအတွက်တော့ တကယ့်ကို ကျေးဇူးရှင်ဖြစ်ပြီပေါ့။ ရွာရဲ့ သူရဲကောင်းဖြစ်ပြီပေါ့။ ရွာရဲ့ စံပြပုဂ္ဂိုလ်ပေါ့။ ဒီလိုနဲ့ “ဖိုးမောင်” ကို ရွာက မမေ့နိုင်ကြတော့ဘူးပေါ့။“မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၌ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော် “ဖိုးမောင်လာပြီ” ဆိုဆဲပင် ...ပေါ့။”

ဆရာကြီး မင်းသုဝဏ်ရဲ့ “ဖိုးမောင်လာပြီ” ကဗျာဟာ တကယ့်ကို အလွမ်းဇာတ်ပါ။ ဒါပေမယ့် မဟာဆန် လွန်းတဲ့ အလွမ်းဇာတ်တခု။ ကြီးမြင့်ဂုဏ်ထယ်လွန်းတဲ့ လူသားတယောက်ရဲ့ မဟာအလွမ်းဇာတ်။

(ဂ)

“ဖိုးမောင်လာပြီ” ကဗျာထဲက “ဖိုးမောင်” ဟာ သာမာန်အညတြလူတယောက်။ ကျနော့်အတွေ့အကြုံ ထဲက “မောင်ထူးရှင်” ဟာလည်း သာမာန်လူတယောက်။ သူတို့နှစ်ယောက်ဟာ လူသားတွေအတွက် ရတနာတွေ ချန်ပေးမထားနိုင်ခဲ့ဘူး။ ပညာဗဟုသုတတွေ ချန်မထားနိုင်ခဲ့ဘူး။ “မြင့်မြတ်လေးနက်တဲ့ မဟာလူသားစိတ်ဓါတ်” တခုတည်းကိုပဲ ချန်ထားပြီး ဘ၀ကူးပြောင်းသွားခဲ့ကြတာပါ။
ရွာတရွာမှာ ဘေးဒုက္ခအန္တရာယ်တခုခု ကျရောက်တော့မယ်ဆိုရင် ဘေးဒုက္ခအန္တရာယ်တခုခု ကျရောက် နေပြီဆိုရင် “ဖိုးမောင်” တို့ “မောင်ထူးရှင်” တို့လို လူတွေ၊ ပေါ်လာတတ်ပါတယ်။ “ဖိုးမောင်” တို့ “မောင်ထူးရှင်” တို့လို လူတွေပေါ်ပေါက်လာအောင်လည်း ကြိုးစားသင့်ပါတယ်။ “ဖိုးမောင်” တို့ “မောင်ထူးရှင်” တို့ရဲ့ စိတ်ဓါတ်မျိုး ရွာက လူတွေ ထားနိုင်အောင်ပြောဆိုဆွေးနွေး၊ နွေးထွေးနေသင့်ပါတယ်။
ဟိုး ... လွန်ခဲ့တဲ့ ၁၉၇၃-ခုနှစ်တုန်းက၊ လက်တင်အမေရိကနိုင်ငံတခုဖြစ်တဲ့ ချီလီနိုင်ငံမှာ တိုင်းပြည်က ဒီမိုကရေစီနည်းအရ တင်မြှောက်ထားတဲ့ “အာယန်ဒေး” အစိုးရကို ချီလီစစ်ဗိုလ်ချုပ်ကြီး “ပီနိုချေး” က၊ လက်နက်အားကိုးနဲ့ အဓမ္မ အာဏာသိမ်းခဲ့ပါတယ်။ ဒီတုန်းက ကျန်းမာရေးချို့ယွင်းနေတဲ့ နိုဗယ်ဆုရှင်ကဗျာ ဆရာကြီး “ပက်ဘလိုနဲရူဒါ” က “ဖက်ဆစ်တွေတက်လာပြီ အသင့်ပြင်ကြ” ဆိုတဲ့ စကားကို ပြောခဲ့ပါတယ်။ ချီလီ ပြည်သူတွေကို စစ်ဝါဒီတွေ တက်လာပြီ သတိရှိကြ၊ လက်မခံကြနဲ့ ဆိုတဲ့ အဓိပ္ပါယ်မျိုး ပြောခဲ့တာပါ။
အခုလည်းပဲ ဆရာကြီး မင်းသုဝဏ်ဟာ “ဖိုးမောင်လာပြီ” ကဗျာကို ၁၉၆၂ -ခု၊ ဒီဇင်ဘာလမှာ ရေးခဲ့ တာပါ။ တိုင်းပြည်က ဒီမိုကရေစီနည်းနဲ့ တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဗိုလ်ချုပ်ကြီးနေ၀င်း ခေါင်းဆောင်တဲ့ စစ်ဝါဒီတွေက အဓမ္မအာဏာသိမ်းယူတဲ့ ၁၉၆၂ -ခုနှစ်ထဲမှာ ဒီကဗျာကို ရေးတာပါ။ ဒါဟာ တိုင်းပြည်အပေါ် နှစ်ပေါင်းများစွာ လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်တော့မယ် စစ်ဝါဒီတွေရဲ့ အန္တရာယ်ကို ကျနော်တို့ ပြည်သူတွေ သိမြင်နိုင်ကြဖို့ တမင်ရေးဖွဲ့ခဲ့တာလို့ကော မဆိုနိုင်ပေဘူးလား ...။ စစ်ဝါဒီတွေရဲ့ ရန်က အသက်စွန့် ပြီး အကာအကွယ်ပေးမယ့် ပြည်သူ့သူရဲကောင်းတွေ ပေါ်ပေါက်ဖို့ သူရဲကောင်းတွေ ရှေ့ထွက်တိုက်ပွဲဝင်ကြဖို့ နှိုးဆော်တဲ့သဘောလို့ကော မပြောနိုင်ဘူးလား။
တရပ်လုံး တရွာလုံး အခုလို စစ်အာဏာရှင်စနစ်အောက်မှာ ဒုက္ခမျိုးစုံကြုံတွေ့နေကြရတဲ့အချိန်မှာတော့ ဖိုးမောင်လို လူမျိုးတွေ ပေါ်ပေါက်လာဖို့၊ ဖိုးမောင့်စိတ်ဓါတ်မျိုး ပြန့်ပြားထွန်းကားဖို့ အမှန်တကယ်လိုအပ်တယ် ဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ။

ဖိုးမောင်လာပြီ

မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၍
ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုပ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော်
“ဖိုးမောင်လာပြီ” ဆိုကြသည်။


ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ၊ အသံမှာကား
“ညခါငါးထောင်၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ” ။

ဖိုးမောင့်သံကြား၊ ကင်းသမားက
တံခါးကြီးအောက်၊ မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်
ယာတွင်အုပ်ဆောင်း၊ ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုယ်ကိုင်း၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်
လူပင်လေလား၊ တစ္ဆေလား။

တစ္ဆေမကြောက်၊ မြွေမကြောက်ဘဲ
တစ်ယောက်တည်းပင် ညဥ့်မှောင်တွင်၌
သူလျှင်ငါးရှာ၊ မကျွေးပါက
ထိုရွာသူသား၊ လူအများတို့
ငါးစို ငါးစိမ်း ငတ်ပေလိမ့်။


ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍
ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ
ဇီးကွက်ကအော်၊ တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင်၊ ဂုပ်ကျားဟောင်သည်
ဖိုးမောင် လာချိန်ပါတကား။

သို့ဖြစ်သော်ငြား၊ ခါတစ်ပါးသို့
တခါးဝင်လို၊ သူ မဆိုဘဲ
“မောင်းကိုထုပါ၊ လူစုပါဟေ့၊
ရွာကိုဘေးမှ၊ ကာကွယ်ကြလော့၊
ဓါးပြငါ့အား၊ ဖမ်း၍ထား” ဟု
စကားမဆုံး၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်းဒိန်းသံ ရွာလုံးညံသည်
ချောင်းယံပဲ့တင်ထပ်သတည်း။

ဖိုးမောင့်နိဂုံး၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍
ပဲတင်ထပ်ကာ၊ ဟည်းလျက်ပါတည့်
ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်
“ဖိုးမောင်လာပြီ” ဆိုဆဲပင်။ ။

၅ - ၁၂ - ၆၂

မြ၀တီ မဂ္ဂဇင်း
ဇန်န၀ါရီ၊ ၁၉၆၃။


ငြိမ်းဝေ