May 10, 2009

ကဗျာနဲ့ပြန်မြင်ရတဲ့ အို မြတ်သောမိခင် (၁၉၇၀)


(က)

ကမ္ဘာကျော် တိုက်တန်းနစ်လို
သက္ကရာဇ်သင်္ဘောကြီး မှောက်စဉ်ကပေါ့
သွားချင်တဲ့ ကမ်းဦးကဝေး
လောကဓံရဲ့ ပြက်ရယ်သံကြား
မာယာရေဆန် ဆင်ဖိုနီတီးခတ်
ဖြတ်သန်းခြင်းအနုပညာ
မြန်မာကဗျာနှင်းဆီတွေ
မီးအဏ္ဏ၀ါဗွေကို အနမ်းနဲ့
အလွမ်းရာဇ၀င်ကြီး တမြေ့မြေ့ငေးအောင်
ချစ်မေတ္တာနဲ့ လွှမ်းလို့
၁၉၇၀ မှာ တဖွဲဖွဲလှမ်းခဲ့ကြတယ်။

(ကိုခါး - ကွမ်းခြံကုန်းရဲ့ မိုးဝေလမ်းဆုံ ကဗျာမှ)


ခနော်ခနဲ့ သံဇကာကွက်တံတားလေးမှာ ရင်ဘောင်တန်းပြီး ထိုင်နေကြသည့် လူလေးယောက်၏ အလေးချိန်ကို မချိမဆန့်တောင့်ခံထားရ၏။ ကျနော်တို့က တံတားအောက်တွင် ခြေတွဲလောင်းချကာ တန်းစီ ပြီး ထိုင်၏။ ကျနော်တို့နောက်တွင် ပင်လုံးကျွတ်ပွင့်နေသည့် ပိတောက်ပင်ကြီးရှိ၏။ ပိတောက်ပန်းများမှာ ကျနော်တို့၏ ခေါင်းပေါ်တွင်ဝေလျက်။ ပိတောက်ပွင့်တချို့မှာ မြေပေါ်တွင်ကြွေလျက်။

အိမ်ရှေ့လမ်းမ၏ အမြင့်နှင့်အညီ ထိုးထားသည့် သံဇကာကွက်တံတားလေးက ကျနော့်အိမ် သို့မဟုတ် တဲကလေး၏ ၀င်ပေါက်ထိပ်တွင် ဦးတိုက်ပြီးရပ်၏။ ရင်ဆို့ မရှိတရှိ အမြင့် သံဇကာကွက်တံတား လေး၏ အောက်တွင် ရေခမ်းခြောက်နေသည့် ပတ်ကြားအက်မြေပြင်ရှိ၏။ ကျနော့်အိမ်ခြံဝန်းကလေးမှာ မိုးတွင်းတွင် ရေမြုပ်ပြီး နွေတွင် ရေများခမ်းခြောက်သွား၏။ အိမ်မမည်သော တဲသာသာ ကျနော်နေထိုင်ရာ အိမ်ဂေဟာသို့ ကဗျာဆရာသုံးဦး လာလည်ကြ၏။ ကဗျာဆရာမ အေးအေးသန်း၊ ကဗျာဆရာ အောင်ဇင်မင်း၊ ကဗျာဆရာ ကိုခါး (ကွမ်းခြံကုန်း) တို့ ဖြစ်ကြ၏။ ၁၉၇၃ - ခု၊ ဗိုလ်မျိုးမြင့်ရပ်ကွက်၊ ပဲခူး။
“ကိုငြိမ်းတို့ထုတ်တဲ့ ဆီးပွင့်ကဗျာစာအုပ်က လက်ကျန်မရှိတော့ဘူးလား”
“ရှိတော့ ရှိပါသေးတယ်၊ ဆယ်အုပ်လောက်တော့ ရှိပါသေးတယ်၊ ဘာဖြစ်လို့လည်း ခင်ဗျားမှာ မရှိလို့လား”
“ဟုတ်တယ်၊ သူမျာကိုငှါးလိုက်တာ ပျောက်သွားတယ်၊ ဆီးပွင့်ပြီးရင် နောက်ထပ်ထုတ်ဖို့ ရှိသေးလား”
“ရှိတယ်၊ ဒီရေ... လို့ အမည်ပေးထားတယ်”
ထိုနေ့က သူတို့နှင့်ကျနော် လက်ရေးဖြင့် ဖယောင်းပုံနှိပ်ကဗျာစာအုပ်ကလေးများအကြောင်း စကား ပြောဖြစ်ခဲ့၏။ ကျနော်တို့ ပဲခူးက ကဗျာရေးသူများ စုစည်းထုတ်ဝေသည့် နိုင်ငံတကာ ကဗျာဘာသာပြန် စာအုပ်များ၊ ပျဉ်းမနားက “တောင်ညိုခင်တန်း” ၊ ရန်ကုန်က “နွေဦးသစ်မှာပေါ်တဲ့ ပွင့်သစ်” ၊ “မတ်လအရိပ်” ၊ “မိုးရိပ်လေရိပ်” ကဗျာစာအုပ်များအကြောင်း တနေကုန်စကားဝိုင်းဖွဲ့ခဲ့ကြ၏။ မိုးဝေမဂ္ဂဇင်း စာမျက်နှာပေါ်က အတတ်ပညာကိစ္စ၊ ပျံနှံ့ရေးနဲ့ မြှင့်တင်ရေးကိစ္စ၊ ရဲရဲတွေး ရဲရဲရေးကြ။ ကျနော်တို့ ငြင်းခုန်ခဲ့ကြ၏။
ပိတောက်ပွင့်များမှာ ကျနော်တို့ခေါင်းပေါ်တွင် ဝေလျက် ...။ မြေပြင်ပေါ်တွင် ကြွေလျက် ...။ လွန်ခဲ့သော နှစ် (၃၀)။




(ခ)

လွမ်းလျကြေရီ သက္ကရာဇ်ဆီ
ရင်အုံပေါ် ကြွေခရောင်အို
နေညိုချိန် ကျောက်တောင်လှိုင်းရိုက်ခွဲ
ကဗျာမုန်တိုင်းထဲက
ဇာတ်ကောင်ကြီးရေ
“ခေတ်ကိုလှန်ပြောင်း ခရီးကြောင်းဟာ
စောင်းသံလိုတော့ မချိုဘူးအကြည်တော်” တဲ့
သင် ဆွတ်ဆွတ်ကြေကြေ
၁၉၇၁ - ခုနှစ်လေ။
()

“ ဒါ ... မုံရွာအောင်ရှင်ပဲ”
ကိုစန်းမောင်ရဲ့ နောက်ကရပ်နေတဲ့ သူ့ကို ကျနော်ကြည့်သည်။ အရပ် မနိမ့်မမြင့်။ အသား မဖြူမညို။ ခန္ဓာကိုယ်ပါးပါး။ ပါးပေါ်က မှဲ့တလုံး။ ၁၉၇၀ ...။ ပဲခူး။
“အရင်က ... ပဲခူးကို လာဖူးသေးလား”
“မလာဖူးသေးဘူးဗျ၊ ခုမှ ခင်ဗျားတို့ရှိလို့ လာလည်တာပါ”
ကိုစန်းမောင်၊ ကျနော်၊ မုံရွာအောင်ရှင်တို့ (ယ္ခု- စစ်အစိုးရ အကျဉ်းထောင်တွင်း) “နွေဦးသစ်မှာ ပေါ်တဲ့ ပွင့်သစ်” လက်ရေးဖယောင်းပုံနှိပ်ကဗျာစာအုပ်အကြောင်း စကားပြောကြသည်။ ယင်းစာအုပ်ကလေး ကို မုံရွာအောင်ရှင်က ကညစ်တံဖြင့် ကိုယ်တိုင်ရေးခဲ့၏။ ဗမာပြည် တနံတလျားက ကဗျာဆရာလူငယ်များ။ သည်စာအုပ်မှာ “စာပေဆည်းဆာ” လှုပ်ရှားမှုရဲ့ ပထမဆုံး စိုက်ထူသည့်မှတ်တိုင်။ စာအုပ်၏အမည်ကို ဆရာ ဒဂုံတာရာက အမည်ရွေးပေးခဲ့။ ဒီတုန်းက “စာပေဆည်းဆာ” ကို နိုင်ငံကျော်စာရေးဆရာ “နိုင်ဝင်းဆွေ” ရဲ့ တောင်ဥက္ကလာပ နှင်းဆီခြံကလေးထဲတွင် မွေးဖွားခဲ့ကြ။ မိုးဝေမဂ္ဂဇင်းခြံထွက် ကဗျာရေးသူလူငယ် (၄၀) ကျော်။ ထိုစဉ်က ကျနော်တို့ရဲ့ လက်ခမောင်းခတ်သံများ တဖြောင်းဖြောင်းညံ။ သူရဲကောင်းများ တဦးပြီးတဦး ရှေ့ထွက်ရပ်ကြ။ တချို့ကြွေ၊ တချို့ဝေ၊ တချို့တွေ ...။


(ဂ)

“ရန်ကုန်က နေနဲ့
ပျဉ်းမနားက နေဟာ
ပူတာချင်း အတူတူပါ” တဲ့
စိမ်းမြညိုပုဒ်
တောအုပ်ကြီးထဲမှာ
မောင်သင်းခိုင်က
“အာဖရိက ဗုံသံ” ကို
လိုက်လို့ရှာ ...။
(ကိုခါး - ကွမ်းခြံကုန်းရဲ့ မိုးဝေလမ်းဆုံ ကဗျာမှ)




“ငြိမ်းဝေရေ ...ဗိုလ်ကြီးရောက်နေတယ်၊ မြင်းဖြူကိုသာချီတက်ခဲ့”
မြင်းဖြူလ္ဖက်ရည်ဆိုင်ကိုရောက်တော့ ၀ိုင်းထဲမှာ လူစုံနေပြီ။ မင်းခိုင်ဦး၊ ကိုခါး (ပဲခူး)၊ စိုးမိုးတင်
(ခရေ)၊ ကိုစန်းမောင် ...ပြီးတော့ ဗိုလ်ကြီး။ (ဗိုလ်ကြီးဆိုသူမှာ ကျနော်တို့ မိုးဝေမဂ္ဂဇင်းကဗျာ ရေးသူအားလုံးက ခေါ်ဝေါ်သုံးစွဲသည့် ကဗျာဆရာ မောင်သင်းခိုင်၏ အမည်ဖြစ်၏။)
“ခင်ဗျားက နိုင်ငံတကာကဗျာတွေချည်းပဲ အာရုံမထားနဲ့ဗျ၊ ဘာသာပြန်ရင် ဈာန်ပွန်းတတ်တယ်၊ အတတ်ပညာအားနည်းပြီး ခင်ဗျားကဗျာတွေ ကြမ်းနေတတ်တယ်”
ဂျင်းဘောင်းဘီပွပွ။ အက်ႌဘိုသီဘတ္သီပြပြ။ အပြောရဲရဲ၊ အဟောရဲရဲ။အယူရဲရဲ။ သူနှင့်အတူ သူ့အားဝန်းရံလိုက်ပါလာသူ လူငယ် (၄) ဦး ...။ မောင်သင်းခိုင် (ပျဉ်းမနား) မှာ ကျနော်တို့ဝိုင်းတွင် ဦးဆောင်ပြီး စကားပြော၏။ ကျနော့်အပေါ် သူ့မှတ်ချက်ကို ကျနော် သဘောမတူ။ သို့သော် ကိစ္စမရှိ။ ကျနော်တို့က ထိုစဉ်ကတည်းက ရင်အခံချဲ့ပြီးသား။ လမ်းကြောင်းတခုပေါ်က ဗဟုရသ ရောင်စုံများ။ အနာဂတ်ကို ဘာသာပြန်ဖို့ ကြိုးစားကြသည့် အတောင်တူငှက်များ။ ကိစ္စမရှိ။
ထိုစဉ်က ကျနော်တို့စကားဝိုင်းတွင် “မှိုင်း” မှသည် “လှိုင်းပြာ” အထိ၊ “ဇော်ဂျီ” မှသည် ဇော် (ပျဉ်းမနား) အထိ၊ ကဗျာ ဆိုင်းသံ ညံခဲ့ကြ၏။ ကဗျာသိုင်းကို ကခဲ့ကြ၏။ ကဗျာမီးပေါက် ဖေါက်ခဲ့ကြ၏။ တချို့ လှေဦးမှာ ထိုင်။ တချို့ လှေမြီးမှာထိုင်။ တချို့လှေပေါ်ကခုန်ချ။ တချို့ လှေပေါ်တက်။ လှိုင်းထန် ရေဆန်ခရီး။
ကျနော်တို့ရဲ့ ၁၉၇၀။


(ဃ)

ဆရာဒဂုန်တာရာက အခုလို မှတ်ချက်ရေးခဲ့ဖူးသည်။ “၁၉၃၀-၌ ကား လယ်သမား သူပုန်ကို မဟာမှိုင်းက ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့ဟု အလေးပြုလိုက်သည်။ မဟာမှိုင်းက ပြည်သူ့ဖက်မှရပ်ကာ နယ်ချဲ့သမားအားတိုက်သူကို ကျောက်တိုင်စိုက်ပေးခဲ့သည်။ ယင်းကျောက်တိုင်းကား ခေတ်ပေါ်ကဗျာ၏မှတ်တိုင်ပင်”... ဟုရေးခဲ့သည်။ ၃၀.၁၁.၆၉ ... နေ့စွဲဖြင့်။
(တော်လှန်ကဗျာ စာအုပ်အမှာစာမှ)

သည်လိုနှင့် မောင်ချောနွယ်ကလည်း ခေတ်ပေါ်ကဗျာရဲ့ မြစ်ဖျားကို မန်းမှုတ်အသက်သွင်း...။


“ကဲ ချွေစမ်းပါဦး
လေရူးလေနော့၊ သော့နှင်မဆုံး
လေသင်တုံးလား၊ မုန်တိုင်းလားပဲ
တအားတိုက်စမ်း ၊ ချွေစမ်းပါဦး
ပန်းအဖူးတွေ၊ မြေမှာ ကြွေအောင်
မွချွေစမ်းပါ၊ မမှုပါဘူး
ကြွေဒါကိုက ပွင့်ခြင်းပဲ”။
(မောင်ချောနွယ်ရဲ့ ကြွေဒါကိုက ပွင့်ခြင်းပဲ ကဗျာမှ)


သည်လိုနှင့် မြင်းခြံ၊ မုံရွာ၊ တောင်ကုတ်၊ မြစ်ကြီးနား၊ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊ ရန်ကုန် မြန်မာပြည်တနံတလျား... ကျနော်တို့တတွေ ကဗျာတွေနှင့်လိမ်းကျံပစ်လိုက်ကြ။


“သူရဲကောင်းကား သေဆုံးသွားချေပြီ
သို့သော်
ရဲဘော် ဘန်ထရွိုင်း တုနှိုင်းမရှိ
သင်၏စိတ်ထား၊ မြတ်တရားကို
ဒို့ကား ပွေ့ဖက်ပါသတည်း
ဒို့ကား လေးစားပါသတည်း”။

(မောင်သင်းခိုင်ရဲ့... ဗီယက်နမ်မျိုးချစ်သူရဲကောင်း... ကဗျာမှ)


သူတို့ဟာ
ချစ်သူ
မိဘ
ဘဝ
အတ္တ
စွန့်လွှတ်မှုအလုံးစုံ
ယုံကြည်ချက်မီးလျံတွင်း ခုန်ဆင်းကာ
မဟာလူသားများအဖြစ်
လောကကို ချစ်ခဲ့ကြတယ်။
( ဖေါ်ဝေးရဲ့... ပန်းများကိုနမ်းရှိုက်ခြင်း... ကဗျာမှ)


ကျနော်တို့တတွေငြင်းခုန်ခဲ့ကြ။ တင်းခံခဲ့ကြ။ လက်နက်အား၊ ကျည်အား အပြည့်နှင့် စစ်မျက်နှာ ရှေ့တန်းဆီ ချီတက်သွားခဲ့ကြ။ လောကတခွင်လုံး မီးခိုးမှိုင်းတွေဖုံးလျက်။ ပေါက်ကွဲဆူညံလျက်။ ဘယ်သူတွေ သွေးပျက်ခဲ့ကြသလဲ။ ဘယ်သူတွေဘေးထွက်ခဲ့ကြသလဲ။ တချို့က သွေးနဲ့ရင်းပြီးလမ်းခင်း။ တချို့ကချွေးနဲ့ရင်းပြီးလမ်းရှင်း။ တချို့သံခင်းတမန်ခင်း။ တချို့ ပဲခူးရိုးမတောင်ခြေရင်း။ ကျနော်တို့အားလုံး လမ်းမဆုံးခင်ရွာတွေ့နိုင်လိမ့်မယ်လို့မည်သူမျှမမျှော်လင့်။ ကျနော်တို့ရဲ့တမ်းတငတ်မွတ်ခြင်းများက မိုးကုတ်စက်ဝိုင်းအထိ။ ခြေလှမ်းများက အနာဂတ်ဆီ။


(င)

နှစ်ပေါင်း(၄၀)။ ၁၉၇၀ ခုမှအစချီ... ၂၀၀၉။ မြန်မာကဗျာ ရေစီးကြောင်း။ ခေတ်ပေါ်ကဗျာများရဲ့ လက်ခမောင်းခတ်သံများ ဆူညံမြည်ဟိန်းသထက် မြည်နေဆဲ။ မျိုးဆက်သစ်များကား လမ်းအသွယ်သွယ်ကို ဆက်လက်စူးစမ်း၊ ရင်းနီး၊ ဖေါက်လုပ်နေကြ။ တချို့အလံကိုင်။ တချို့အလံလက်ဆင့်ကမ်း။ တချို့အလံမြှင့်တင်။ “မိုးဝေ စာပေမဂ္ဂဇင်း”စင်မြင့်ပေါ်က မြန်မာကဗျာဇာတ်ဝင်ခန်းများ...။ ဇာတ်ကောင်များ...။ တကယ့်ကို လွမ်းမကုန်တဲ့ လမ်းဆုံလမ်းမပေါ်က “မိုးဝေ” ပါပဲ။ ၁၉၇၀ ... သက္ကရာဇ်သင်္ဘောကြီးမှောက်ခဲ့စဉ်က “မိုးဝေ” ပါပဲ။
ကျနော်တို့သည် ရာဇ၀င်ကို မရေးလို့မဖြစ်။ ရာဇ၀င်ကို မချစ်လို့မဖြစ်။ ရာဇ၀င်ကို မသစ်လို့မဖြစ်။ ကျနော်တို့သည်ကား ရာဇ၀င်ကိုလည်း ရေးဖို့ကြိုးစားခဲ့၏။ ရာဇ၀င်ကလည်း ကျနော်တို့ကို ရေးခဲ့၏။ သို့ဖြင့်... ကျနော်တို့သည် ရာဇ၀င်ကို ချစ်မက်နေဆဲ...။ ရာဇ၀င်ကလည်း ကျနော်တို့ကို စိမ်ခေါ်နေဆဲ...။ ။


ငြိမ်းဝေ
(မတ်လ ၂၁ ရက်၊ ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်အဖြစ်ဂုဏ်ပြုဆောင်ပါး)

ကိုးကား ။ ။(၁) ဖေါ်ဝေးရဲ့“ဖေါ်ဝေးငှက်များပျံသန်းချိန်” ကဗျာစာအုပ်
(၂) `တော်လှန်ကဗျာ´စာအုပ်
(၃) ကိုခါး(ကွမ်းခြံကုန်း)ရဲ့ `မန္တလေးကို ရွှေမြင်းလှည်းနဲ့လည်´ ကဗျာစာအုပ်








April 19, 2009

အနာဂတံကိုဘာသာပြန်တဲ့ငှက်များ



(က)
ကဗျာဆရာတွေဟာ အနာဂတံကိုဘာသာပြန်နိုင်ဖို့ကြိုးစားကြသူတွေပါ။ ကွယ်လွန်သူကဗျာဆရာ ဇော်(ပျဉ်းမနား)က သူ့ကဗျာတပုဒ်ထဲမှာ ကဗျာဆရာတွေဟာ`အနာဂတံကို ဘာသာပြန်တဲ့ငှက်´ဆိုပြီးရေးခဲ့ ဖူးတာပဲ။
ကဗျာဆရာတွေက အနာဂတံကိုကြိုပြီးမြင်၊ ကြိုပြီးပြောတဲ့အခါ ပစ္စုပ္ပန်ကိုအခြေခံပြီးမှပြောနိုင်တာ ပါ။ ကျနော်တို့မြန်မာတွေ ယုံကြည်တဲ့`ကံ ကံ၏အကျိုး´ဆိုတဲ့ ယုံကြည်မှုမျိုးကိုအခြေခံပြီးမှ ပြောဖို့ကြိုးစား ကြတာပါ။ သမ္မာကျမ်းစာလာ`လေကိုစိုက်ပျိုးသဖြင့် မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည်´ဆိုတဲ့စကားနဲ့အတူတူ ပါပဲ။
ကျနော်တို့ဟာ ပစ္စုပ္ပန်ရဲ့ အကျဉ်းအကြပ်ထဲ ပိတ်မိနေတဲ့အခါမျိုးမှာ အနာဂါတ်ကို ကြိုပြီးမြင်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ အမှောင်ထုအောက်မှာ လမ်းပျောက်နေတဲ့အတွက်၊ ပန်းတိုင်က ဘယ်ဖက်မှာရှိတယ်ဆို တာ မဝေခွဲတတ်တော့ဘူးပေါ့။ ဒီကြားထဲ မုန်တိုင်းကလည်းထန်၊ လှိုင်းကလည်းကြီးပြီဆိုရင် ပုံမှန်အားဖြင့် ကိုယ့်ဘ၀ကိုယ်ရပ်တည်ရေးကို ဦးစားပေးဖက်တွယ်ထားရင်းက ကျနော်တို့တတွေ ဒီမုန်တိုင်း၊ ဒီရေလှိုင်း၊ ဒီအ မှောင်ထုအောက်မှာ ကြေမွပျောက်ကွယ်ကြရပါတယ်။ လမ်းပျောက်ပြီးကမ်းမှောက်ကြပါတယ်။



ကဗျာဆရာတွေက စိတ်အလုပ်လုပ်တဲ့နေရာမှာ တခြားသူထက်သာပါတယ်။ စိတ်ကိုစုစည်းကြစ် လစ်အောင်တည်ဆောက်ပြီး၊ ပစ္စုပ္ပန်အပေါ် တင်ကြည့်တဲ့အခါ အနာဂါတ်ကို ထိုးဖောက်ရောက်ရှိလာနိုင် တော့တာပေါ့။ ဒါကြောင့်မို့ ကဗျာဆရာတွေကြတော့ လမ်းမပျောက်နိုင်ဘူး။ ကမ်းမမှောက်နိုင်ပါဘူး။ အမှောင်ထုထဲမှာ ကြောင်တွေ၊ လင်းနို့ငှက်တွေလိုမြင်နိုင် သိနိုင်တယ်။ အဲဒါ စိတ်အလုပ်ကို ကြစ်သထက် ကြစ်အောင်ဖွဲ့ စည်းတည်ဆောက်နိုင်လို့ပါပဲ။
ကဗျာဆရာတွေစိတ်အလုပ်ကို စုစည်းတည်ဆောက်ကြရသူတွေပါ။ သူတို့က စိတ်အလုပ်ကို စုစည်း တည်ဆောက်လို့ အနာဂါတ်ကိုကြိုပြီးမြင်တာနဲ့တပြိုင်နက်၊ ပစ္စုပ္ပန်မှာ ရင်ဆိုင်နေကြရတဲ့ အမှောင်ထုဆိုတာ တို့၊ မုန်တိုင်းနဲ့ရေလှိုင်းဆိုတာတွေဟာ တကယ်တော့ဘ၀ရဲ့`မာယာ´များသာဖြစ်တယ်လို့ တည့်တည့်ရှုမြင် နိုင်ကြတော့တာပဲ။ လူဟာ`မာယာ´ကို မာယာလို့သာတကယ်ထွင်းဖောက်ပြီး မြင်နိုင်ပြီဆိုရင် သူဟာပြတ်သားတဲ့သူ၊ ယုံကြည်ချက်ကြီးမြင့်တဲ့သူဖြစ်လာတော့တာပဲပေါ့။ `မာယာ´ဆိုတာ တွေကို အလွယ် တကူတွန်းဖယ်လို့ရနိုင်တဲ့ကိစ္စ၊`မာယာ´ဆိုတာ `စက္ကူကျား´၊ `မာယာ´ဆိုတာ တံလျပ်တမျိုး ပဲဆိုတာ ဒက်ထိကြီးသိလာတော့တာပဲပေါ့။ အဲဒီအခါကြတော့ ကဗျာဆရာတွေက `မာယာ´ရဲ့ ပရိယာယ်ကို မယုံကြ၊ မကြောက်ကြဖို့၊ `မာယာ´ရဲ့ကွန်ယက်ကိုဖျက်ကြဖို့၊`မာယာ´ရဲ့အပါးဆုံး၊ အပျော့ဆုံးနေရာကို ဖောက်ထွင်းကြဖို့ ကဗျာတွေနဲ့နှိုးဆော်ကြတော့တာပဲပေါ့။ ပြီးတော့ အနာဂါတ်ရဲ့တေးသံတွေ၊ ရနံ့တွေကို ကဗျာပေါ်တင်ပြီး ကဗျာဖတ်သူတွေဆီပို့ကြတော့တာပဲပေါ့။
စိတ်ဝင်စားဖို့ကောင်းတာတခုရှိပါသေးတယ်။ ကဗျာဆရာတွေဟာ `မာယာ´တွေရဲ့တကယ့်သ ဘောသကန်ကိုပေါ်အောင် ဖွင့်ချတဲ့အခါ၊ တနည်းအားဖြင့်ပြောရရင်`မာယာ´ကိုတိုက်တဲ့အခါ`မာယာ´ဆို တဲ့လက်နက်အမျိုးအစားတမျိုးကို အသုံးပြုကြရတဲ့အချက်ဖြစ်ပါတယ်။ ဒီအချက်ဟာ စိတ်ဝင်စားဖို့ကောင်းပါ တယ်။ ကဗျာဆရာတွေဟာ`မာယာ´ကို`မာယာ´နဲ့တိုက်ခိုက်ကြပါတယ်။ သူတို့ကိုင်စွဲတဲ့`မာယာ´လက် နက် ထက်မြရင် ထက်မြသလောက် သူတို့ရင်ဆိုင်တိုက်ခိုက်ကြတဲ့`မာယာ´ရဲ့ အကာအရံတွေ၊ အဆောင်အ ယောင်နဲ့မြူတွေဟာ တလွှာချင်းကွာကျပြီး၊ တကယ်တော့ ကျနော်တို့ကိုခြိမ်းခြောက်ဖိစီးထားတဲ့`မာယာ´ တွေဟာ`စက္ကူကျား´တွေသာဖြစ်တယ်ဆိုတဲ့`သစ္စာဥာဏ်´ကို ကဗျာဖတ်သူတွေဆီရောက်အောင်ပို့နိုင်ကြ ပါတော့တယ်။
ကဗျာဖတ်သူဖက်က ယူရမယ့်တာဝန်ကတော့ ကဗျာဆရာကပေးတဲ့ကဗျာမှာ ဘယ်လိုမာယာတွေ နဲ့ပေးလိုက်သလဲဆိုတဲ့ စိတ်အလုပ်ကိုသာမာန်ထက်ပိုပြီးလုပ်ဖို့လိုတဲ့ တာဝန်ဖြစ်ပါတယ်။ ကဗျာဆရာတွေက စိတ်ကိုစုစည်း ကြစ်လစ်အောင်လုပ်ပြီးမှ ပို့ပေးလိုက်တဲ့ကဗျာကို၊ ကဗျာဖတ်သူကလည်းစိတ်ကိုစုစည်း ကြစ် လစ်အောင်လုပ်ပြီးမှ လက်ခံရယူရပါလိမ့်မယ်။

(ခ)

ကျနော့်မှာ အနာဂါတ်ကို ကြိုမြင်နိုင်တဲ့ကဗျာတွေ စုဆောင်းထားတာ အများကြီးရှိပါတယ်။ အနာဂ တံကို ဘာသာပြန်တဲ့ကဗျာတွေဆိုပါတော့။ ဒါပေမယ့် ဒီဆောင်းပါးမှာ မြန်မာကဗျာတွေကို ဥပမာပေးလို့မဖြစ် နိုင်သေးတဲ့အခြေအနေနဲ့ အချိန်ကာလဖြစ်တာမို့ အနာဂတံကိုဘာသာပြန်တဲ့သဘောရှိတဲ့ နိုင်ငံရပ်ခြားကဗျာ တပုဒ်ကိုပဲ ကျနော်ရွေးချယ်ပြီး ဥပမာပေးလိုက်ပါတယ်။
ပိုလန်ကဗျာဆရာ`တိုမက် ယက်စထရွန်´ ရဲ့`သစ်စေ့များ´ကဗျာကို ကျနော်ဥပမာပေးလိုက်ပါ တယ်။ ကဗျာဆရာ`တိုမက် ယက်စထရွန်´ဆိုတာ ပိုလန်နိုင်ငံခေတ်သစ်သမိုင်း၊ မျိုးဆက်သစ်ခေတ်မှာ အင် မတန်အရေးပါလှတဲ့ကဗျာဆရာပါ။ ပိုလန်အာဏာရှင်အစိုးရက သူ့ကိုဖမ်းပြီး ထောင်ချတာမျိုး၊ အလုပ်ကြမ်း စခန်းကိုပို့တာမျိုး အလုပ်ခံရတဲ့ကဗျာဆရာပါ။ သူကလည်း မြေအောက်`သတင်းဂျာနယ်´မှာ အယ်ဒီတာ၊ သင်္ဘောကျင်းအလုပ်သမားအရေးအခင်းမှာခေါင်းဆောင်၊ မြေအောက်ပုံနှိပ်လုပ်ငန်းတွေတောက်လျောက် လုပ်တဲ့`နိုဝါ´လှုပ်ရှားမှုမှာပါဝင်၊ သူ့ကဗျာစာအုပ်တချို့က တရားဝင်ပုံနှိပ်ခွင့်ရပြီး၊ အများစုကတော့ မြေ အောက်ပုံနှိပ်လုပ်ငန်းကတဆင့် လျှို့ဝှက်ပုံနှိပ်ဖြန့်ဝေခဲ့ရတာများပါတယ်။ ၁၉၅၀ ခု၊ ၀ါဆောမှာမွေးတဲ့သူပါ။ အခုတော့ အာဏာရှင်စနစ်ပြိုကျသွားပြီးတဲ့ ပိုလန်နိုင်ငံမှာ အထင်ကရကဗျာဆရာပေါ့။


သစ်စေ့များ


ငှက်များ
ငါတို့ရဲ့ နက်ရှိုင်းလှတဲ့ ထွက်ပေါက်လမ်း
ပျံသန်းကြ
ထိတ်လန့်ကြရ
အတောင်ပံတွေဖြန့်ကြ ရုပ်ကြ။

ငှက်များ
အစာရှိရာ စင်္ကြန်လမ်းပေါ်
ပျံသန်းကြ။

သေလုနီးပါး မောပမ်း
ငါတို့ ပခုံးတွေပေါ် နားကြ
ငတ်မွတ်ကြ။

ငါတို့လက်ထဲမှာတော့ ဗလာနတ္ထိ
ငါတို့ နှုတ်ခမ်းတွေပေါ်
ငါတို့ မျက်လုံးတွေထဲမှာပဲ
သစ်စေ့များ။


ဒီကဗျာမှာ`တိုမက် ယက်စထရွန်´ပေးချင်တဲ့ massage ကဘာလဲ။ ပထမ(၃)ပိုဒ်ပြီးတဲ့အထိ သရုပ် ဖေါ်ပါပဲ။ ငှက်တွေဆိုတာ လူတွေကိုကိုယ်စားပြုပါတယ်။`သစ်စေ့´လို့ခေါ်တဲ့လူတွေအတွက် အရေးအကြီး ဆုံးအရာ၊ သူ့လက်ထဲမှာ ထင်သာမြင်သာမရှိဘူး။ ကြည့်တတ်ရင် မျက်လုံးတွေထဲမှာ၊ နှုတ်ခမ်းတွေပေါ်မှာပဲ ရှိတယ် ... တဲ့။ `သစ်စေ့´ဆိုတာ ငှက်တွေအတွက် မရှိမဖြစ်အရေးအကြီးဆုံးအရာ(၀ါ)လူတွေအတွက် အရေးအကြီးဆုံးအရာ .. စားစရာ၊ ရိက္ခာ၊ ဒါလည်းဖြစ်နိုင်တယ်။ ပြီးတော့ လွတ်လပ်ချမ်းမြေ့မှု....၊ ဒါလည်း ဖြစ်နိုင်တယ်။ ပြီးတော့ လူ့ဂုဏ်သိက္ခာ။ လူ့ဥပဓိကဏ္ဍ၊ ပြီးတော့ ... ဒီမိုကရေစီ ....။`သစ်စေ့´ ဟာ လူတွေ မရှိမဖြစ်လိုအပ်တဲ့အရာအားလုံးကို ကိုယ်စားပြုတဲ့`သင်္ကေတ´ပါပဲ။ ဒီ `သင်္ကေတ´က ကိုယ်စားပြုထား တဲ့အရာတွေဟာ ဒီကဗျာကိုဖတ်ရင် ...... သာမန်အားဖြင့်တော့ မမြင်နိုင်ဘူး။ ထင်သာမြင်သာမရှိဘူး။ ကဗျာ ဖတ်သူက အားစိုက်ရလိမ့်မယ်။ ကဗျာဆရာက ရင်ခုန်သံနဲ့ပို့တာကို ကဗျာဖတ်သူကလည်း ရင်ခုန်သံနဲ့ပဲ ဖတ်ရလိမ့်မယ်။ ကဗျာဆရာရဲ့ စိတ်အလုပ်နဲ့ ကဗျာဖတ်သူရဲ့ စိတ်အလုပ်မှာ၊ ကဗျာဖတ်သူက ပိုပြီးအခွင့် သာပါတယ်။ ကဗျာဆရာက တစ်ထွာလောက်ပေးတာကို ကဗျာဖတ်သူက တစ်ဒေါင်မက မြင်လို့ရပါတယ်။ မြင်ခွင့်လည်းရှိပါတယ်။ ဒါပေမယ့် ကဗျာဖတ်သူကျနော်တို့က ကဗျာရေးသူလောက်တောင်မှ အာစိုက်မှု၊ တူး ဆွမှုမစိုက်ထူတဲ့အခါ ကဗျာတွေကိုမခံစားနိုင်၊ ကဗျာတွေကိုနားမလည်နိုင်ဖြစ်ရတော့တာပေါ့။
ကဗျာဆရာ`တိုမက် ယက်စထရွန်´က၊ လူတွေအတွက် သေရေးရှင်ရေး၊ တကယ့်ကိုလိုအပ်တဲ့ အရာတွေအားလုံး အကျုံးဝင်တဲ့အရာကို`သစ်စေ့´ဆိုတဲ့`သင်္ကေတ´နဲ့ ပြောတာ။ ဒါဟာ`တိုမက် ယက်စ ထရွန်´အသုံးပြုတဲ့ ကဗျာ့ရိယာယ်`မာယာ´ပေါ့။ လူတွေအတွက် တကယ်အရေးအကြီးဆုံးအရာ၊ ဘယ်ဟာ လဲဆိုတာပြောချင်ရင် တည့်တိုးပြောလို့မရဘူး၊ ပြောခွင့်မရှိဘူး။ ဒီတော့`မာယာ´ကို`မာယာ´လို့သဘောမ ထားပဲ၊ ကိုယ့်ဖက်က အားထုတ်မှုမရှိပဲ၊ ဒီအတိုင်း လက်ဖ၀ါးပေါ်ရှင်းအောင်တင်မပြရကောင်းလားဆိုပြီး ဒီကဗျာတွေ ဘာရေးထားမှန်းမသိဘူးဆိုပြီး လက်လွှတ်လိုက်မယ်ဆိုရင်၊ ကဗျာကိုလက်လွှတ်ဆုံးရှုံးယုံတွင်မ က ဘ၀ရဲ့ အရေးအကြီးဆုံးအရာတွေကို ရှာဖွေဖို့သတိပေးနှိုးဆော်ချက်အခွင့်အရေးကိုပါ ဆုံးရှုံးရတော့မှာ ပေါ့။ ကဗျာဆရာ`တိုမက် ယက်စထရွန်´က `သစ်စေ့များ´ကဗျာရဲ့အနက်ကို တူးဆွခိုင်းရင်းက အဲဒီ ဘ၀ရဲ့ အရေးအ ကြီးဆုံးအရာတွေရနိုင်၊ ရှိနိုင်တဲ့အနာဂါတ်ဆီ လူတွေရှေ့တိုးပြီးရှာနိုင်ဖွေနိုင်ဖို့ လမ်းခင်းလိုက်တဲ့ သဘောပါပဲ။


ကျနော်တို့တိုင်းပြည်မှာလည်း`အနာဂတံကိုဘာသာပြန်တဲ့ငှက်´တွေရှိပါတယ်။ ကျနော်တို့က အဲဒီ ငှက်တွေ(၀ါ)အဲဒီ ကဗျာဆရာတွေရဲ့ တောင်ပံခတ်သံ၊ ကျူးရင့်သံ(၀ါ)ကဗျာတွေကို နားထောင်တတ်ရပါလိမ့် မယ်၊ နားထောင်နိုင်ဖို့ အားထုတ်ရပါလိမ့်မယ်။
ကဗျာဆိုတာကတော့ `နက်နက်တူးလေ ရေတွေ့လေ´ဆိုတဲ့သဘောပါပဲ။ အနာဂတံကိုဘာသာ ပြန်တဲ့ငှက်တွေရဲ့ တောင်ပံခတ်သံ(၀ါ) ကဗျာတွေကို ကျနော်အလျင်းသင့်ရင် ထပ်ပြီး အစီရင်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဟော..... စာဖတ်သူများ အသေအချာစိတ်နားစိုက်ပြီးနားထောင်ပါ။ ဟိုး .... အဝေးဆီက အနာ ဂတံကိုဘာသာပြန်တဲ့ငှက်တအုပ်ရဲ့တောင်ပံခတ်သံတွေ၊ ကျူးရင့်သံတွေကို မလွဲမသွေကြားရပါလိမ့်မယ်။

ငြိမ်းဝေ

March 30, 2009

ကဗျာရွတ်ဆိုခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးသို့




တခါတရံ မဂ္ဂဇင်းတချို့တွင် ကဗျာရွတ်ပွဲများအကြောင်းကို ဖတ်ရသည်။ ထိုအခါ ကဗျာရွတ်ဆိုသည့်အလေ့အကျင့်အနည်းအကျဉ်း ရှိလာခဲ့သူမိမိအဖို့ အလိုလိုတက်ကြွရွင်လန်းနေမိသည်။ မဂ္ဂဇင်းထဲတွင်ပါသည့် ကဗျာရွတ်ပွဲများကို စိတ်ကူးနှင့်မြင်ကြည့်သည်။ စိတ်နားနှင့် ထောင်ကြည့်သည်။ ကဗျာရွတ်ဆိုနေကြသူများ၏ ကိုယ်ဟန်အမူအယာများကို စိတ်ကူးဖွဲ့ကြည့်သည်။ ရွတ်ဆိုကြသည့်ကဗျာများထဲ ၌မိမိကျက် မှတ်မိပြီးကဗျာ ပါဝင်ပါက ကိုယ်တိုင်ကဗျာဝင်ရွတ်နေသလို စိတ်လှုပ်ရှားရသည်။ ကဗျာတပိုင်းတစကို ပါးစပ်က အလိုလိုရွတ်ဆိုမိလျက်သားဖြစ်ရသည်။ ကဗျာရွတ်ပွဲတွင် ပါဝင်ရွတ်ဆိုသူများ၏ ရင်ခုန်မှုအရှိန်အဟုန်များမှာ မီးတောက်တခုက တခြားမီးတောက်တခုဆီ ယိမ်းထိုးကူးယှက်သွား သလို မိမိထံထိယှက် ပူးဝင်လိုက်ကြခြင်းဖြစ်ဟန်တူလေသည်။

အမှန်စင်စစ် ကဗျာရွတ်ဆိုခြင်းအလုပ်ကို မိမိကိုယ်တိုင်က အသိရှိရှိနှင့်စတင် ဆောင်ရွက်လိုက်ခြင်းတော့မဟုတ်ချေ။၁၉၉၃ခု၊ မာနယ်ပ လောတွင် ကျင်းပသည့် စာဆိုတော်နေ့အ ခမ်းအနားတွင် ရှုဒေါင့်ဂျာနယ်အယ်ဒီတာဟောင်း (ဦး)၀င်းခက်က “မနက်ဖြန်ကြရင် ဒီကဗျာကို ရွတ်ပေး စမ်း”ဟု ဆိုခြင်းဖြင့် မိမိမှာ ကဗျာရေးသူအဖြစ်မှကဗျာရွတ်သူအဖြစ်သို့ဖြတ်ကနဲကူးပြောင်းရောက်ရှိသွားခဲ့ရ
၏။ ရွတ်ဆိုရမည့်ကဗျာက ဆရာမောင်သော်က၏ “မီးခြစ်တစ်ဆံ”ကဗျာဖြစ်သည်။ စကားပြောခွက်ရှေ့ကို ရောက်သည်အထိ မည်သည့်အသံအနေအထားနှင့် ရွတ်ဆိုရမည်ဆို သည်ကို ရွေးချယ်မဆုံးဖြတ်နိုင်သေး။
ကံအားလျော်စွာကဗျာအကြောင်းအရာကို ရုတ်တရက်တွေးမိကာ လက်သီးကိုဆုပ်။ အသံကိုမြှင့်ပြီး အော် ဟစ်လိုက်မိသည်။ “အနှစ်နှစ်ဆယ်တဲ့လားဟေ့...”ဆိုပြီးအော်ဟစ်လိုက်သည့်မိမိ.အသံမှာ ကရင်လူငယ်အစည်းအရုံးခန်းမဆောင်အတွင်း ပဲ့တင် ထပ်မျှဟိန်းသွား၏။ ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်တခုလုံး သွေးများပူလောင်ဆူပွက်လာပြီး ကျန်ကဗျာပိုဒ်များကို အလိုလိုရွတ်ဆိုမိလျက် သားဖြစ်သွား၏။ မိမိ၏ခံစားမှုအရှိန်အဟုန်များ လေထဲတွင် ခုန်ပေါက်ပြေးလွှားနေစဉ် လက်ခုပ်သံများထွက်ပေါ်လာခဲ့၏။ ဆက်လက်ရွတ်ဆိုရန် ကဗျာစာသားမရှိတော့သည့်တိုင်၊ ကဗျာရွတ်ဆိုသံရပ်ဆိုင်းသွားသည့်တိုင်၊ ဖြန့်ထွက်ဝေးကွာသွားနေသည့် စိတ်အလျင်များကို မိမိမှာပြန်လည်ရုပ် သိမ်းလို့မရနိုင်သေး။ မိမိ၏စိတ်အလျင်မှာ ရှေ့တွင်ထိုင်နေသည့် လူအုပ်၏နှလုံးသားကို ဒိုးယိုပေါက် ထွင်းဖောက်သွားခဲ့၏။ မိမိ၏စိတ်အလျင်များ ကို ပြန်လည်ရုပ်သိမ်းထိန်းချုပ်လာနီုင်သောအခါမူ မျက်လုံးအိမ်များထဲ၌ မျက်ရည်များနှင့် မှုန်ဝါးနေလေတော့ သည်။
၁၉၉၄ ခုနှစ်တွင် အသံလွှင့်ဌာနတခု၌ ပုံမှန်အစီအစဉ်တခုကို အသံလွှင့်ခွင့်ရ၏။ ယင်းအစီအစဉ်ကို “တော်လှန်ရေးကဗျာမိတ်ဆက်”ဟု ခေါင်းစဉ်တပ်ကာ တပါတ်လျှင်တကြိမ်အသံလွှင့်၏။ ထိုအခါ တပါတ်လျှင်တကြိမ် ကဗျာရွတ်ဆိုရသည့်သဘောဖြစ်လာ၏။ ၁၉၉၃ခုနှစ်“မီးခြစ်တ ဆံ” ကဗျာကိုရွတ်ဆိုစဉ်က ကဗျာအကြောင်းအရာကိုတွေးမိပြီး အများစိတ်ဝင်စားအောင်ရွတ် ဆိုနိုင်ခဲ့သည့်အတွေ့အကြုံအရ၊ အသံလွှင့်ဘို့ရွေး ချယ်ထားသည့်ကဗျာများကို အဓိပ္ပါယ်နားလည်သည်ထက်နားလည်ရန် အကြိမ်ကြိမ် အထပ်ထပ်ဖတ်၏။ အဓိပ္ပါယ်နားလည်လျှင် ကဗျာဖတ်သည့် အခါ ပိုမိုအဆင်ပြေသည်ကို သတိပြုမိလာ၏။ ကဗျာဖတ်သည့်အခါ စိတ်နှင့်ဖတ်သည်ထက် အသံထွက်ဖတ်ခြင်းဖြင့် ကဗျာရွတ်ဆိုရာတွင် အလုပ် တ၀က်ပြီးသလိုဖြစ်ရ၏။
အသံလွှင့်ရန် ကဗျာများကိုရွေးချယ်ရာ၌ ပထမပိုင်းတွင် ကာရန်ပါသည့်ကဗျာများကိုဖတ်လျှင် ရွတ်ဆိုရ ပိုမိုအဆင်ပြေသည်ဟုထင်၏။ ထို့ကြောင့် ကာရန်ပါသည့်ကဗျာများကိုသာ ဦးစားပေးပြီးရှာဖွေရွတ်ဆို၏။ သို့သော် ရွေးချယ်ထားသည့် အသံလွှင့်အစီအစဉ်ခေါင်းစဉ်က “တော် လှန်ရေးကဗျာမိတ်ဆက်”ဟုပေးထားသဖြင့် နိုင်ငံရေးနောက်ခံရှိပြီး ကာရန်နှင့်ရေးဖွဲ့ထားသည့်ကဗျာများမှာ ရှာရဖွေရခက်ခဲလာခဲ့၏။ ထိုစဉ်က မိမိမှာ မာနယ်ပလောတော်လှန်ရေးဌာနချုပ်တွင် နေထိုင်သူဖြစ်သဖြင့်လည်း ပြည်တွင်းမှကဗျာပါသည့် စာအုပ်များကို ဆက်သွယ်ရယူရန်မှာ အခက်အခဲရှိ၏။ အခြေအနေကတောင်းဆိုသဖြင့် ကာရန်မပါပဲရေးဖွဲ့သည့်ကဗျာများ၊ လွတ်လပ်ကာရန် စနစ်ဖြင့်ရေးဖွဲ့သည် ကဗျာများဖက်သို့ အလိုလိုဦးလှည့်ခဲ့ရ၏။ ထိုအခါ ကာရန်မဲ့ကဗျာများမှာ ကာရန်နှင့်ရေးစပ်သည့် ကဗျာများထက် ပိုမိုအားစိုက်ရွတ်ဆိုရန် လိုအပ်ကြောင်း ထူးထူး ခြားခြား သတိပြုမိလာရလေသည်။
ကာရန်မပါသည့်ကဗျာများကိုရွတ်ဆိုသည့်အခါ အသံအနိမ့်အမြင့်နှင့် အသံစီးဆင်းပုံ၏ ၀ိသေသကို ထိတွေ့ခွင့်ရ၏။ အသံအနိမ့်အမြင့်နှင့် အကွာအဝေး မတြာများမှာ ပုံမှန် ပုံသေမရှိသဖြင့် ကဗျာရွတ်ဆိုနေစဉ် အသက်ရှူနူန်းမှာလည်း ပုံမှန်ပုံသေထားပြီး အသက်ရှူလို့မရနိုင်တော့။ ကာရန်နှင့်ရေးဖွဲ့သည့်ကဗျာများမှာမူ ကာရန်အမျိုးအစားအပေါ်မူတည်ပြီး အသက်ရှူမှုအပြင်း အပေါ့ကွာခြားသည်မှလွဲ၍ အသက်ရှူချိန်။ ရှူနှုန်း တခုနှင့်တခု သိပ်ပြီးကွာဟမှုမရှိလှ။ မသိသာလှ။ ကာရန်ပါသည့်ကဗျာများမှာ နရီကိုချိန်တွယ်ထားသလောက်ဖြစ်၏။ ထို့ကြောင့် ကာရန်ပါသည့် ကဗျာကိုရွတ်ဆိုလျှင် သီချင်းတပုဒ်ကို လူတိုင်းလိုက်ပြီး စည်းဝါးတီးသလို အထိုက်အလျောက်လွယ်ကူ၏။ ကာရန်မဲ့ကဗျာများ၏ အသံတည်ဆောက်ပုံ မှာမူ ပုံမှန်၊ ပုံသေမဟုတ်သဖြင့် ရွတ်ဆိုရာ၌ တမူထူးခြားသစ်လွင်နေလေသည်။

အသံလွှင့်ဌာနမှတဆင့် ကဗျာရွတ်ခွင့်ရလာသောအခါ ဗြိတိသျှကဗျာဆရာကြီး ‘ဒီလန်တောမတ်စ်’ကို သတိရတတ်၏။ သူက အသံလွှင့် ဌာနမှတဆင့်ကဗျာတွေအများကြီး ရွတ်ဆိုသွားခဲ့သူဖြစ်သည်။ ထို့ပြင် အမေရိကန်ကဗျာဆရာများဖြစ်ကြသည့် ‘ရောဘတ်ဖရော့ခ်’နှင့်‘မာယာ အင်ဂျီလို’တို့ကိုလည်း စိတ်ထဲ့စွဲနေ၏။ သူတို့နှစ်ဦးက အမေရိကန်သမ္မတနှစ်ဦး၏ သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲများတွင် တက်ရောက်ကဗျာ ရွတ်ဆိုဖို့ ဘိတ်ကြားခြင်းခံခဲ့ကြရသူများဖြစ် ၏။ သူတို့တတွေ ဘယ်လိုကဗျာရွတ်သည်ကို မတွေ့မမြင်ဘူးသော်လည်း ကဗျာရွတ်သူများဖြစ်သည်ဟူ သည့် အသိတခုတည်းနှင့်ပင် မိမိမှာ ရင်ခုန်လို့မဆုံးချင်တော့။
လူမျိုးနှင့်ချီပြီး ကဗျာရွတ်ဆိုခြင်းနှင့် ကဗျာရွတ်ဆိုခြင်းကို နားထောင်သည့်အလေ့အကျင့်ရှိသူများမှာ ရုရှားလူမျိုးများဖြစ်သည်ဟုကြားဖူး၏။ ကဗျာဆရာ‘မာယာကော်စကီး’နှင့်‘ယက်ဖ်တူရှင်ကို’တို့၏။ ကဗျာရွတ်ပွဲများကိုရုရှားလူမျိုး ထောင်သောင်းချီပြီး တက်ရောက်နားထောင်တတ်ကြ၏။ ကဗျာဆရာ‘မာယာကော်စကီး’လူပုံအလယ်တွင် ကဗျာရွတ်နေပုံသတင်းဓါတ်ပုံထဲတွင် တွေ့ဖူး၏။ သူတို့ကဗျာရွတ်သံများကိုမူ မကြား ဘူးသေး။ ၁၉၉၈ ခုနှစ်လည်ပိုင်းက နော်ဝေနိုင်ငံမှ ထိုင်းနိုင်ငံသို့အပြန်ရုရှားနိုင်ငံ၊ မော်စကိုလေဆိပ်တွင် လေယာဉ်ပြောင်းစီးရန် (၅)နာရီမျှ ထိုင်စောင့်ခဲ့စဉ်က လေဆိပ်ထဲတွင်ရှိသည့် တိတ်ခွေနှင့်စီဒီခွေအရောင်းဆိုင်များတွင် ‘မာယာကော်စကီး’နှင့် ‘ယက်ဖ်တူရှင်ကို’ကဗျာရွတ်ထား သည့် အသံသွင်းတိတ်ခွေများကို တွေ့လိုတွေ့ငြားလိုက်ရှာခဲ့၊ မေးခဲ့ဖူး၏။ ရှာလို့မေးလို့မရခဲ့။
မိမိနိုင်ငံတွင်လည်း ကဗျာရွတ်ပွဲများ ကြိုးကြားကြိုးကြားကျင်းပသည်ကို ကြားနေခဲ့ရ၏။ သို့သော်ကဗျာဆရာများနှင့် ကဗျာချစ်သူအနည်း ငယ်မျှသာစုဝေးကြပြီး တယောက်တလှည့် ကဗျာရွတ်ဆိုကြခြင်းသာဖြစ်သည်။ အများပြည်သူတက်ရောက်နားထောင်နိုင်သည့် အခွင့်အလမ်းနှင့် အလေ့အထကိုမူ ယ္ခုအထိ မဖန်တီးနိုင်သေး။
ကဗျာရွတ်ဆိုခြင်းအလုပ်ကို ခုံမင်မိန်းမူးလာသဖြင့် ကဗျာရွတ်ပွဲများဖြစ်ပေါ်ရန်၊ လူပုံအလယ်တွင် ကဗျာရွတ်ခွင့်ရရန် ဖန်တီးချင်လာခဲ့၏။ ထို့ကြောင့် ကမ္ဘာ့ကဗျာနေ့အပါအ၀င်၊ တခြားစာပေနှင့်နိုင်ငံရေးဆိုင်ရာ အခမ်းအနားများတွင် ကဗျာတက်ရောက်ရွတ်ဆိုခွင့်ရရန် အခမ်းအနားဦး စီးကျင်းပသူများထံ ချဉ်းကပ်တောင်းဆိုမိ၏။ သက္ကရာဇ် ၂၀၀၀ ခုနှစ်မှစတင်ကာ ကဗျာရွတ်ပွဲ၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်ပါရှိသည့် အခမ်းအနား များတွင် ကဗျာရွတ်ဆိုခွင့်ရလာခဲ့၏။ တချို့အခမ်းအနားများတွင်မူ မိမိကိုယ်တိုင်က မချဉ်းကပ်ပဲ ကဗျာတက်ရောက်ရွတ်ဆိုပေးပါရန် ဘိတ်ကြား ခြင်းကို လက်ခံရရှိလာခဲ့၏။ ယ္ခုအခါ အသံလွှင့်ဌာနအပါအ၀င် အခမ်းအနားပေါင်းစုံတွင် တက်ရောက်ရွတ်ဆိုခဲ့သည့် ကဗျာပုဒ်ရေ (၄၆၀)ကျော်ရှိခဲ့ပြီ။ ကဗျာရွတ်ဆိုခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးမှာ တွေးမိတိုင်း ပီတိဖြစ်ဖွယ်ကောင်းလှ၏။ ကဗျာရွတ်ဆိုခြင်းနှင့်ပါတ်သက်ပြီး ရုရှကဗျာ ဆရာကျော်“ယက်ဖ်တူရှင်ကို”ပြောဖူးသည့်စကားမှာ မှတ်သားဖွယ်ဖြစ်၏။ သူက “ကဗျာရွတ်တာနားထောင်ပြီးသူတိုင်း နားထောင်သူအဖြစ်မှ ကဗျာဖတ်သူအဖြစ်သို့ မလွဲမသွေရောက်ရှိလာလိမ့်မယ်”ဟု၍ ပြောဖူးလေသည်။

ယ္ခုနှစ်ဒုတိယလ၊ လဆန်းပိုင်းတွင် RFA မှတဆင့် “လက်တဖက်ကို မြဲနေအောင်ကိုင်ထား”ကဗျာကို ကျနော်ရွတ်ဆိုခဲ့၏။ နှစ်ရက်ခန့်ကြာ သောအခါ တယ်လီဖုံးမြည်သံကြားလို့ ကောက်ကိုင်လိုက်စဉ် “လက်တဖက်က တယ်လီဖုံးကို မြဲနေအောင်ကိုင်ထား”ဟု တဖက်မှကြားလိုက်ရ၏။ တအံ့တသြဖြစ်နေစဉ် “အောင်ခင်လေဗျာ”ဟူသောအသံကိုပါကြားရ၏။ ကျနော့်မှာ မဖေါ်ပြနိုင်လောက်အောင် ၀မ်းသာရသည်။ (၇)နှစ်တာမျှ အဆက်အသွယ်ပြတ်နေခဲ့သည့် ‘ဒေါက်တာအောင်ခင်’၏အသံကို တယ်လီဖုံးထဲမှကြားလိုက်ရ၍ဖြစ်၏။ သူကRFA မှာ ကျနော်ရွတ်ဆိုခဲ့သည့် ခေတ်ပေါ်ကဗျာ‘လက်တဖက်က မြဲနေအောင်ကိုင်ထား’ကဗျာကို ရည်ညွှန်းပြောလိုက်ခြင်းဖြစ်၏။ တဆက်တည်းဆိုသလိုပင် ‘ဒေါက်တာ အောင်ခင်’လို ကဗျာနှင့်ဝေးနေသူအဖြစ် မိမိဖက်မှ ယူဆထားသူတဦးထံမှ ‘အဲဒီကဗျာက ကာရန်မပါဘူးဗျ၊ ခင်ဗျားမိုလို့ နားထောင်ကောင်း တာနဲ့တူတယ်၊ တခြားလူဆိုရင် ပျက်သွားမှာ’ဟု အားပေးစကားကြားလိုက်ရ၏။ ယ္ခုအခါ ‘ဒေါက်တာအောင်ခင်’သည် ကဗျာနှင့်နီးလာနေပြီ လောဟု ပီတိဖြစ်မိ သည်။
ကဗျာရွတ်သည့်အခါ ကဗျာရွတ်သံကို နားထောင်သည့်အခါ ရွတ်ဆိုရင်း၊ နားထောင်ရင်း၊ ကဗျာရွတ်သူနှင့် ကဗျာနားထောင်သူ နှစ်ဦးစ လုံး စရဏကိုထိန်းကာ လေ့ကျင့်သလိုဖြစ်သွားရ၏။ ပရဟိတ္တကို ထိတွေ့ရ၏။ ဗျာပါဒကို စားသုံးမိသွား၏။ ၀ိမုတ္တိကိုတခဏမျှရ၏။ ငြိမ်းချမ်းရေး၏။ အခြေခံယဉ်ကျေးမှုရေး အုတ်မြစ်တခုချလိုက်သလိုဖြစ်ရ၏။ ထို့ကြောင့် မုဆိုးရာသီကုန်ဆုံးပြီး လေးသံမြှားသံများ ထာဝရရပ်စဲကာ၊ တကမ္ဘာလုံးအနှံ့ ကဗျာရွတ်ပွဲများ ကျင်းပနိုင်လျှင်ကောင်းပေစွဟု တောင်းတမိတော့၏။ ။


ငြိမ်းဝေ
(၂၀၀၅ခုနှစ် ကမ္ဘာ့ကဗျာနေ့အတွက် ဧရာဝတီတွင်ရေးခဲ့သည့် ဆောင်းပါးဖြစ်ပါတယ်။)






March 07, 2009

မေပယ်လ်ရွက်--ဘယ်ရီသီးအပြာ နှင့် ဥရောပ ကျေးလက် [ ၅]

၁၉၉၅- ခုနှစ်က
ကျနော် ဥရောပကို ခရီးထွက်ခဲ့ဖူးတယ်။ ဒီဆောင်းပါးဟာ အဲဒီခရီးစဉ်ကို အခြေခံပြီးရေးတဲ့ ဆောင်းပါးတွေထဲက တခုဖြစ်ပါတယ်။ ဒီဆောင်းပါးတွေကို အခန်းစဉ်ဖွဲ့ပြီးရေးခဲ့တာပါ။ ဒီဆောင်းပါးတွေကို အစဉ်လိုက်မဟုတ်ပဲ အလျန်းသင့်သလို ဆက်လက်ဖေါ်ပြသွားပါမည် ခင်ဗျား။


ဥရောပမဲဇာ အခန်း [ ၃ ]

မေပယ်လ်ရွက်--ဘယ်ရီသီးအပြာ နှင့် ဥရောပ ကျေးလက် [ ၅ ]

ကျနော်နေထိုင်ခွင့်ရသည့်အိမ်တွင်၊ လူပုဂ္ဂိုလ်(၄)ဦး ရှိနေနှင့်ကြပါသည်။ ကိုကျော်ကျော်(မွန်)၊ ကိုထွန်းထွန်း(အိန္ဒိယနယ်စပ်) စောနယ်လ်ဆင်ခူး(ဖိုးခွါး) နှင့် ကိုမွန်းအောင်တို့ ဖြစ်ကြ၏။ သူတို့ နှင့် ကျနော်၊ စားစရိတ်ဝေပုံကျ ခရိုနာ(၁၀၀၀)စီထည့်ကာ၊ တလှည့်စီချက်ပြုတ်ရေး တာဝန်ယူခဲ့၏။ နံနက် (၈)နာရီ အသံလွှင့်ဌာနသို့ ရောက်၊ နေ့ စဉ်သတင်း တချို့ ဘာသာပြန်၊ သတင်းဖတ်။ အစီအစဉ်မှူး တာဝန်ကျသည့်နေ့ များတွင်၊ တနေ့ စာ အသံလွှင့်အစီစဉ်များကို ကိုယ်တိုင်အသံသွင်းစီစဉ်ကာ၊ အသံလွှင့်ချိန်မတိုင် ခင် အဆင်သင့်ရှိနေခဲ့ရ၏။ ထိုစဉ်က တနေ့ တာ အသံလွှင့်အစီအစဉ်များကို တိတ်ခွေနှင့်ပင် အသံသွင်းယူကာ၊ အသံလွှင့်ချိန် ရောက်လျှင်၊ တိတ်ခွေကိုခလုပ်နှိပ်၍ အသံလွှင့်ခဲ့ကြခြင်းဖြစ်သည်။
နော်ဝေးတွင်၊ ကျနော့်အရင်ရောက်နှင့်နေကြပြီးဖြစ်သူများမှာ၊ ကျနော့်ထက်အင်္ဂလိပ်စာပိုမိုကျွမ်းကျင်ကြပါသည်။ ကျနော် က တစုံတရာ ဖတ်တတ်သည်ကလွဲ၍၊ အင်္ဂလိပ်စကားကို လည်လည်ပတ်ပတ်ပင် မပြောတက်ခဲ့ပါ။ ထို့ ကြောင့် နေ့ စဉ်သတင်း တချို့ ကို တာဝန်ကျအယ်ဒီတာချုပ်က ဘာသာပြန်ခိုင်းသောအခါ အတော်လေးအခက်အခဲရှိခဲ့၏။ ဘာသာမပြန်ချင်၍ ငြင်းဆန်လို့  လည်း မဖြစ်။ ကရင်ဘာသာအစီအစဉ်ကို တာဝန်ယူသူ ဖိုးခွါးမှတပါး၊ ကျန်သူအားလုံး သတင်းဟူသမျှ ဘာသာပြန်ကြရ၏။ ကိုယ် ဘာသာပြန်သည့်သတင်းကို၊ ကိုယ်ကိုယ်တိုင်ပင် ဖတ်ရ၏။ သို့ သော် ကျနော်က စာပေ၀ါသနာအိုးဖြစ်၏။ ထို့ ကြောင့် မြန်မာ ဘာသာပြန်ဆိုသည့် သတင်းများကို တခါတရံ ၀င်ရောက်အကြံပြုလျှင်၊ အားလုံးက လက်ခံကြပါသည်။ ကျနော်တို့ အထဲတွင်၊ ကို မောင်မောင်မြင့် ( ဒေါင်းညို၊ ယခု BMA ) ကိုအေးချမ်းနိုင် (ယခု DVB ညွှန်ကြားရေးမှူးချုပ်) နှင့် ကိုမွန်းအောင်(တေးသံရှင်)တို့ သည် သတင်းဘာသာ ပြန် တော်ကြသူများဖြစ်သည်။ သူတို့ ဘာသာပြန်ထားသည်များကို ကျနော် လေ့လာခဲ့၏။ မသိသည်များကို မေး၏။
သို့ သော် ကျနော်က နဂိုကတည်းက သတင်းကိစ္စများကို စိတ်ဝင်စားလှသည်မဟုတ်။ ‘ရသ’ မပါသည့် စာပေကိစ္စများ အပေါ် အာရုံမညွတ်ချင်။ ထို့ ကြောင့် သတင်းများ ဘာသာပြန်သည့်အချိန်တိုင်း ကျနော့်မှာ ပင်ပန်းခဲ့၏။ စိတ်ညစ်ခဲ့၏။
အော်စလိုသို့ စတင်ရောက်ရှိသည့် နေ့ ရက်များမှာ၊ အိမ်နှင့်ရုံး၊ ရုံးနှင့်အိမ်၊ ကူးကာ ပြန်ကာနှင့်ပင် အချိန်ကုန်ခဲ့၏။ အသံလွှင့် လုပ်ငန်းခွင်အတွင်း စိတ်ကိုနှစ်ထားခဲ့ရ၏။ ဘယ်ကိုမှ ထွေထွေထူးထူး မရောက်ရှိသေး။ အရာအားလုံး ကျနော့်အတွက် အသစ် အဆန်းတွေချည်းဖြစ်၏။ ဟိုနေရာ မိုးတိုးမတ်တတ်။ ဒီနေရာ ခဏတဖြုတ်။ ဟိုမသွားတတ် ဒီမလာတတ်။ အိမ်ကနေ ရုံးပိုပင်လျှင် အဖော် နှင့် (၃) ခေါက်လောက် သေသေချာချာလိုက်သွား၊ မှတ်သားပြီးမှသွားတတ်လာတတ်၏။ရုံးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ ပထမဦး ဆုံး အောက်မှာရှိတဲ့ တံခါးမကြီးဘေးက၊ အချက်ပေးခလုပ်ကို ရွေးချယ်ပြီးနှိပ်၊ တံခါးမကြီးပွင့်သွားလို့  အထဲကိုရောက်ပြန်တော့၊ တံခါးဖွင့်ပေးမယ့်သူမရှိရင် ကိုယ့်ဖာသာ ခလုပ်တခု ထပ်နှိပ်ပြီး လူခေါ်…။
ဒီလိုအနေအထားမျိုးတွေ ကျနော့်တသက်မှာ ကြုံဖူး၊ တွေ့ ဖူး၊ နေခဲ့ဖူးသည်မဟုတ်။ ကျနော့်ဘ၀နှင့် နီးစပ်ခဲ့ခြင်းလည်းမရှိ။ ကျနော်ဘ၀မှာ အဆင့်အမြင့်ဆုံးဆိုလို့ ၊ ရန်ကုန်မြို့ ၊ ပုဇွန်တောင်ကျောင်းလမ်းထဲတွင် )၆)လခန့်  နေခဲ့ဖူးသည့်ဘ၀မျိုးသာရှိခဲ့၏။ ကိုယ့်အိမ် ကိုယ့်အခန်း၊ ဘာခလုပ်မှ နှိပ်ဖို့ မလိုတာပဲ။ ငယ်စဉ်တုန်းက တယ်လီဖုန်းပြောသည့်အခါ၊ တယ်လီဖုန်းကို ပြောင်းပြန်ကိုင် မိသည့် အဖြစ်မျိုးတောင်ရှိခဲ့ဖူးသူပဲ။ ဒီလိုဘ၀မျိုးနဲ့ ကြီးပြင်းလာခဲ့သူ ကျနော့်အဖို့ ၊ အဆင့်အတန်းလွန်နိုင်ငံတခု၏ အခင်းအကျင်း တွေကြားမှာ တနေ့ တည်း၊ တကြိမ်တည်းနှင့် ပြည့်စုံတက်ကျွမ်းအောင် မည်သို့ မျှ မစွမ်းဆောင်နိုင်ခဲ့။

အော်စလိုသို့ ရောက်ရှိပြီး (၂)ရက် အကြာတွင် အိမ်အောက်ထပ်မှ ခလုပ်နှိပ်၍ လူခေါ်ခေါင်းလောင်းမြည်သံကြားသဖြင့် တံခါးဖွင့်ပေးလိုက်သောအခါ လူတယောက်က၊ လက်ဆွဲအိပ်ကြီးနှင့်အတူ ရပ်နေသည်ကိုတွေ့ ရ၏။ ပျောက်ရှကျန်ရစ်ခဲ့သည့် ကျနော့်လက်ဆွဲအိပ်ဆွဲကြီးကို လာပို့ ခြင်းဖြစ်သည်။ သူက စာရွက်တရွက်ကိုပေးကာ ပစ္စည်းလက်ခံရယူကြောင်း လက်မှတ်ထိုးစေ ပြီး ပြန်သွားခဲ့၏။ ကျနော်တို့ အားလုံး လက်ဆွဲသေတ္တာကြီးကို ဧည့်ခန်းသို့ သယ်ကာ ဖွင့်ကြည့်ကြရ၏။ လက်ဆွဲသေတ္တာကြီးထဲက၊ ပစ္စည်းများမှာ အထားအသိုမပျက် တွေ့ ရ၏။ ကဗျာစာအုပ်များ၊ စာရွက်စာတမ်း အတိုအစများကို ထုတ်ယူလိုက်၏။ တိုက်ပုံအင်္ကျီ နှစ်ထည်၊ သားရေဖိနပ်တရံ၊ အသံသွင်းပြီးသီချင်းနှင့် တခြားတိတ်ခွေ (၈၀)ကျော်၊ ငှက်ဖျားပျောက်ဆေး (၂)ကဒ်။
ကိုမွန်းအောင်က ကျနော့်လက်ဆွဲသေတ္တာကြီးထဲက၊ ပစ္စည်းများကိုကြည့်ကာ ရယ်လေသည်။နယ်စပ်က ရောက်လာသည့် လူတယောက်အဖို့ ၊ တခြားဖွယ်ဖွယ်ရာရာ ပစ္စည်းတချို့ ပါကောင်းရဲ့ ဟု သူထင်ခဲ့ကြောင်း ပြော၏။ အနောက်တိုင်းဝတ်စုံအပြည့်၊ လက်ဆွဲသေတ္တာငယ်၊ ဘွတ်ဖိနပ်နှင့် ရောက်လာသည့် ကျနော့်ကို၊ အ၀တ်တထည်ကိုယ်တခုနှင့် ဥရောပကို ရောက်လာလိမ့်မည်ဟု သူ မထင်ကြောင်း ပြော၏။ အသံလွှင့်ရာတွင် အထောက်အကူဖြစ်စေမည့် ပစ္စည်းများကိုသာ ဦးစားပေးယူလာခဲ့ခြင်းဖြစ်ကြောင်း ကျနော် ရှင်းပြရ၏။
လက်ဆွဲသေတ္တာကြီး၊ ပြန်လည်ရရှိကာမှပင် ကျနော့်မှာ စိတ်အေးသွားရတော့သည်။ ကျနော် တာဝန်ယူတင်ဆက်နေသည့် “ တော်လှန်ရေးကဗျာ မိတ်ဆက် ” အသံလွှင့် စာမူကြမ်းများကို ဖိုင်တွေထဲထည့်ပြီး တွဲထားလိုက်၏။ အစပထမက လက်ဆွဲအိတ် ကြီး အချိန်မီရောက်မလာခဲ့သည့်အတွက် နဂိုကတည်းက သံသယရှိထားသူ၊ ဥရောပလေကြောင်း ဆက်သွယ်ရေးအပေါ် အထင်သေးခဲ့်သူ ကျနော့်မှာ ထိုအခါကြကာမှပင် သံသယမရှိ စိတ်ရှင်းကာ အံ့သြ၀မ်းသာ ဖြစ်ခဲ့ရပါသည်။

ငြိမ်းဝေ

March 03, 2009

ဝေဇယန္တာကကြိုး ဝေဇယန္တာရသ




(က)
“ ရွာထဲမှာ ရန်သူတပ်ခွဲတခွဲလောက် ရောက်နေတယ်၊ ကျနော်တို့ တောင်ပေါ်တက်ပြီး ရှောင်ရလိမ့်မယ်၊ အဆင်သင့် ပြင်ကြ ”
ဖါးအံမြို့ နယ် ကရင်အမျိုးသားအစည်းအရုံး အတွင်းအရေးမှူး “ ပဒိုလာဘ ” က ပြောပြောဆိုဆို ကြောပိုးအိပ်နှင့် လွယ်အိပ်ကိုဆွဲကါ မတ်တပ်ရပ်လိုက်သည်။ ကျနော်အပါအ၀င် ကျန်ပုဂ္ဂိုလ် (၄)ဦးသည်လည်း အထုပ်အပိုးကိုယ်စီပြင်ကြရ၏။ တနာရီနီးပါးမျှသာထိုင်ပြီး အနားယူခဲ့ကြသည့်နေရာဖြစ်သည့်တိုင် ခြေရာလက်ရာများ မကျန်ရစ်နေစေရန် “ ပဒိုလာဘ ” က သတိပေး၏။ လဲလျောင်းအနားယူခဲ့သည့်နေရာတချို့ ပေါ်တွင် သစ်ရွက်ခြောက်များ တင်ထားလိုက်ကြ၏။ ဖိနပ်ခြေရာများကို ဖျက်ကြ၏။
“ ဟိုဖက်ထိပ်က ဂူထဲမှာဝင်နေရင်ကော မဖြစ်ဘူးလား ”

“ ဘယ်ဖြစ်မလဲကွ၊ အဲဒီနေရာကို ရန်သူမသိပေမယ့် ရွာသားတချို့ ကသိနိုင်တယ်၊ တောင်ပေါ်တက်မှပဲဖြစ်မယ်၊ အခု သုံးနာရီပဲရှိသေးတယ်၊ တောင်ပေါ်တက်ဖို့ အချိန်ရှိသေးတယ် ”


“ ပဒိုလာဘ ” အပါအ၀င် ကျနော်တို့ အားလုံး လူ (၅)ယေါက်။ ကျနော်က “ ကျောက်ဂူထဲဝင်ပုန်းရင်ကော မဖြစ်ဘူးလား ” ဟု အကြံပြုခဲ့သည့် “ ပဒိုလာဘ ” ၏ ဇနီးသည်ကို မသိမသါအကဲခတ်မိသည်။ ခန္ဓာကိုယ်သေးသေးပါးပါး။ လှုပ်ရှားပုံက ခွန်အား မရှိသည့်ပုံ။
“ ကိုငြိမ်းဝေ တောင်ပေါ်တက်မယ်၊ ဖိနပ်တော့ ဂရုစိုက်နော်၊ ကျွတ်မကျစေနဲ့ ၊ မတော်တဆ ကျွတ်ကျရင်လည်း ဆင်းကောက်လို့ ဘယ်နည်းနဲ့ မှ မဖြစ်ဘူး၊ ဖိနပ်မပါပဲနဲ့ လည်း တောင်ပေါ်တက်လို့  ရမှာမဟုတ်ဘူး၊ ဂရုစိုက် ”
ကျနော့်စိတ်ထဲ “ ပဒိုလာဘ ” ကို အပစ်တင်နေမိသည်။ သူ့ ဇနီးဖြစ်သူ၏ ခန္ဓာကိုယ်ဖွဲ့ စည်းပုံနှင့်စာလျင် ကျနော်ကပိုပြီး ကြံ့ခိုင်ဖြတ်လတ်၏။ သတိပေးခြင်းပေးလျှင် သူ့ ဇနီးကိုသာ သတိပေးသင့်သည်ဟုတွေးကာ မချိပြုံးပြုံးမိလေသည်။
ကျနော်တို့ (၅)ယောက်၊ တောင်ပေါ်ကို စတက်တော့ စိတ်ထဲတွင် မတင်မကျဖြစ်ရပြန်သည်။ “ အော် ဒါတော့ တောင်ပေါ် စတက်ကာစမို့ ထင်ပါရဲ့  ” ဟု ဖြေတွေး တွေးမိ၏။ သို့ သော် ဆယ်မိနစ်ခန့် ရှိသည်အထိ တောင်ပေါ်တက်သည့်လမ်းကြောင်းပုံစံ က မပြောင်း။ အပေါ်ကို မော့ကြည့်ပြန်တော့လည်း တက်လာခဲ့ရာလမ်းကြောင်းနှင့် ဘာမျှမထူးသည့်အနေအထား။
ကျနော်တို့ တောင်ပေါ်စတက်တော့၊ ကျနော့်စိတ်ထဲ မြေကြီးပေါ် သည်အတိုင်းလမ်းလျှောက်ပြီး တက်ရမည်ဟုထင်၏။ မသကာ သစ်ပင်သစ်ကိုင်းတချို့ ကိုဆွဲကာ ကုန်းမေါ့တချို့ ကို ကုတ်တွယ်တက်ရလောက်အောင်သာ ခက်ခဲမည်ဟုထင်၏။ သို့ သော် ကျနော်ထင်သလိုမဟုတ်။
တောင်ပေါ်ကို စတင်တက်ပါပြီဆိုကတည်းက ကျောက်ချွန်၊ ကျောက်စွန်း၊ ကျောက်သားမျာကိုသါ လှမ်းဆွဲ၊ ဖက်တွယ်၊ နင်းဖိကာ တက်လာခဲ့ရ၏။ မြေသါးကို တနေရာမျှမနင်းခဲ့ရ။ ကျောက်သားသက်သက်ကိုသာ ဖက်တွယ်ပြီး တက်ရ၏။ ဆယ်မိနစ် ခန့်  အကြိတ်အနယ်တက်လာသည့်အချိန်အတွင်း ကျနော့်မှာ ကျန်အဖေါ်များမည်ကဲ့သို့  တောင်ပေါ်တတ်နေကြသည်ကို ဂရုမစိုက်နိုင်ပဲ ကိုယ့်ဒုက္ခနှင့်ကိုယ်သါ ကြိုးစားပြီးတက်ခဲ့ရ၏။ တခါတရံ အောက်ဖက်ကို ငုံ့ ကြည့်တော့ ကျောက်ချွန်၊ ကျောက်တိုင် များမှာ ဓါးများ လှံများထောင်ထားသလို ကျနော့်ကို မေါ့ကြည့်ပြီး ပြုံးပြနေကြ၏။ ကျနော့်ကြောထဲတွင် စိမ့်အေးသွားရ၏။ တောင်ပေါ်မတက်ခင်က ဖိနပ်ကျွတ်မကျရန် သတိပေးခဲ့သည့် “ ပဒိုလာဘ ” ၏စကားကို ကျနော်သဘောပေါက်သွားရလေသည်။


(ခ)
“ ကျနော်တို့  အောက်ပြန်ဆင်းဖို့ လည်း အချိန်မရတော့ဘူး၊ လုံခြုံရေးကလည်း စိတ်မချရသေးဘူး၊ တောင်ထိပ် ရောက်အောင်တက်ဖို့ ကလည်း မှောင်စပြုနေပြီ၊ ရောက်တဲ့နေရာမှာပဲ သင့်တော်သလိုတညအိပ်ကြမယ်၊ ကိုငြိမ်းဝေ ဘယ့်နှယ် လည်း အဆင်ပြေရဲ့ လား ”
“ ပြေ … ပြေပါတယ် ပဒို၊ ကောင်းပါတယ်၊ အိပ်ကြတာပေါ့ ”
ကျနော်ရောက်နေရာ နေရာနှင့် ၀ါးတရိုက်ခန့် အထက်တွင် လူနှစ်ယေါက်စာ အိပ်လို့ ရနိုင်သည့် နေရာအကျယ်ရှိသည်ဟု ကျနော့်အထက်က ပုဂ္ဂိုလ်တဦးက လှမ်းခေါ်သဖြင့် အထက်ကိုတက်လာခဲ့သည်။ လူနှစ်ယေါက်စာ နေရာမှာလည်း ကျဉ်းသည်ဟု စိတ်ထဲတွင် တွေးနေစဉ် ကျနော်နှင့်အတူရှိနေသူက ကျနော့်အထက် တနေရာဆီ ဆက်ပြီးတက်ကာ နေရာရှာတွေ့ သွားခဲ့၏။ နာရီကိုကြည့်တော့ (၆)နာရီထိုးပြီးပြီ။ ကျနော်နှင့်အတူ တောင်ပေါ်တက်လာကြသူအားလုံး ဘယ်လိုအခြေအနေရှိသည်၊ ဘယ်လို နေရာယူကြသည်ကို ကျနော်မသိနိုင်ပါ။ ယုတ်စွအဆုံး “ ပဒိုလာဘ ” ၏ စကားပြောသည့်အသံကိုသါ ကြားခဲ့ရပြီး လူကိုတော့ မမြင်နိုင်ပါ။ သူ့ ဇနီးသည် သည်ကော … ။ ကျနော်တို့ ၏နောက် အောက်ဖက်တွင် ကျန်ရစ်နေခဲ့ကောင်းနေခဲ့လိမ့်မည်ဟု ကျနော် ယူဆမိ၏။ သို့ သော် စိုးရိမ်ဘွယ်တော့ မရှိပါ။ ပဒိုလာဘတို့ ဇနီးမောင်နှံနှင့် ပါလာသည့် ကရင်အမျိုးသားကြီးနှစ်ဦးမှာ သူတို့ ၏ ရဲဘော်ကြီးများ ဖြစ်ကြ၏။ နေရောင်ခြည်များ ရုပ်သိမ်းလိုက်သဖြင့် ကျနော့်မှာ အတွေးစကို ဖြတ်ကာ နေရာထိုင်ခင်းပြင်ဆင် ရတော့၏။
ကျနော်ရပ်နေရာ ကျောက်ဖြာမှာ ပူနွေးလျက်ရှိ၏။ ကြောဖက်က ကျောက်နံရံကြီးမှာလည်း ပူနွေးလျက်ရှိ၏။ ကျနော့်ရှေ့  ခါးတ၀က် မရှိတရှိ ကျောက်တုံးကြီးမှာလည်း ပူနွေးလျက်ရှိ၏။ ကျောက်တုံးကြီးမှာ ကျနော့်ကို လိမ့်ကျမသွားနိုင်အောင် အကာ အကွယ်ပေးထားသလို ဖြစ်နေ၏။ ကျနော်က ကြောပိုးအိပ်ထဲမှ စောင်ပိုင်းလေးကိုထုတ်ယူကာ ကျော်ဖြာပေါ် ခင်းလိုက်သည်။ ကြောပိုးအိပ်ကို ခေါင်းအုံးလုပ်ရန် ချထားလိုက်၏။ လေကွယ်ရာဖက်တွင် နေရာယူမိလျက်သား ဖြစ်နေသဖြင့် အအေးဒဏ်ကို ထင်သလောက် မခံစားရပဲ ညအိပ်နိုင်ကောင်းရဲ့ ဟု တွေးမိ၏။ ကျောက်တုံးကြားမှလည်း ခေါင်းပြူပြီး မကြည့်မိ စေရန် သတိ ထားနေရ၏။ လေတချက်အဝေ့တွင် ခန္ဓာကိုယ်ယိမ်းယိုင်ပြီး တောင်အောက်သို့ ကျသွားမလားဟု ထင်မိ၏။
အိပ်ယါထိုင်ခင်း ပြင်ဆင်ပြီးသည်နှင့်တပြိုင်နက် ကျောက်တုံးကြီးပေါ် လက်တင်ကာ တောင်ခြေရင်းဆီ လှမ်းကြည့်မိ သည်။ ဘာကိုမျှ မမြင်ရနိုင်တော့။ တလောကလုံး မှောင်အတိဖုံးခဲ့ပြီဖြစ်သည်။ ထိုခါကြမှ တောင်အောက် ရုခင်းကို မြင်ချင်သည့် စိတ်က ပြင်းပြလာခဲ့၏။ ဗိုက်ထဲတွင် ဘာအစာမျှ မရှိသဖြင့်လည်း ဆါလောင်လာခဲ့၏။ ရေဗူးကိုယူကာ ရေသောက်၏။ မနက်ခင်း တုန်းက “ ထီးတော်ခီး ” ရွာထဲဝင်ခဲ့စဉ်၊ စားစရာ မုန့် ထုပ်တထုပ်လောက် ၀ယ်ခဲ့ရလျင် အကောင်းသားဟု တောင့်တမိ၏။

ကျနော့်အထက်က ချောင်းဆိုးသံကြားရ၏။ တောင်ခြေကဟု ထင်ရသည့်နေရာဆီက ကျွဲခလောက်၊ နွားခလောက်သံ ကြားရသလို ရှိ၏။ ခန့် မှန်းရခက်သည့် အဝေးတနေရာဆီက ခွေးဟောင်သံသဲ့သဲ့ကြားရ၏။ ခွေးဟောင်သံသဲ့သဲ့မှာ မနက်တုန်းက ကျနော်တို့ ဖြတ်သန်းလာခဲ့ရာ “ ထီးတော်ခီး ” ရွာကလေးဆီက ဖြစ်မည်ဟု တွေးမိသည်။
သည်ကနေ့ တော့ ဖါးအံမြို့ နယ် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ “ ပဒိုသာထူးကျော် ” (ယခု ၊ ဒီ-ကေ-ဘီ-အေ- ဥက္ကဌ ) နှင့် တွေ့ ဆုံခွင့် ရနိုင်တော့မည်မဟုတ်ဟု တွေးမိသည်။ နေ့ လည်ပိုင်းက၊ “ ဥက္ကဌကြီး ပဒိုသာထူးကျော် ” ထံက လာခေါ် မည့် လမ်းပြကိုစောင့်နေစဉ် “ ပဒိုလာဘ ” ၏ လမ်းလျှောက်စကားပြောစက်ထဲ သတင်းဝင်လာခဲ့၏။ ကျနော်တို့ ရောက်ရှိနေရာ မိဆိုင်းကျောက်တောင်ကြီးနှင့် မနီးမဝေးတွင်ရှိသည့် “ ထီးတော်ခီး ” ရွာထဲတွင် နအဖစစ်သားများ ရောက်လာနေသည့် သတင်းဖြစ်၏။ ထို့ ကြောင့် “ ပဒိုလာဘ ” ၏ ဆုံးဖြတ်ချက်ဖြင့် ကျနော်တို့ လူသိုက် တောင်ပေါ်တက်ခဲ့ကြရသဖြင့် ဥက္ကဌကြီး “ ပဒိုသာ ထူးကျော် ” နှင့် ကျနော်တို့  အဆက်အသွယ်ပြတ်ခဲ့ရ၏။ မနက်ဖြန်တွင်တော့ ရန်သူ့ သတင်းကို နားစွင့်ကာ “ ပဒိုသာထူးကျော် ” နှင့် သွားရောက်တွေ့ ဆုံနိုင်ကောင်းရဲ့ ဟု စဉ်းစားမိလေသည်။
ညဥ့်နက်လာတော့ ကျောက်တုံး၊ ကျောက်စွန်းများကို လေတိုးသည့်အသံ အတိုင်းသါး ကြားရသည်။ အမှောင်ထုကြီးကို မေါ့ကြည့်ရင်းက ပင်ပမ်းနွမ်းနယ်စွာ ကျနော်အိပ်ပျော်သွားခဲ့သည်။


(ဂ)
သန်းခေါင်ကျော်အချိန်တွင် ချမ်းလွန်းသဖြင့် ကျနော်အိပ်ပျော်ရာက နိုးလာခဲ့သည်။ အိပ်ယါက နိုးလာကတည်းက ပြန်ပြီး အိပ်ချင်စိတ်မရှိတော့။ ကျနော့်စိတ်ထဲ တစုံတခုကို တောင့်တမိနေပြန်သည်။ ကျနော်တို့ ပုန်းအောင်းအိပ်စက်ရာဖက်မှာ ကျောက် တောင်ကြီး၏ အရှေ့ ဖက်ခြမ်းတွင် ရှိပါစေဟုလည်း ဆုတောင်းမိ၏။ အကယ်၍များ ကျနော်ဆုတောင်းသလိုဖြစ်ခဲ့ပါက နေထွက် လာသည့် မြင်ကွင်းကို ကျနော်တွေ့ ရမည်ဖြစ်သည်။
ကျောက်တုံးကြီး၏ဘေးတွင်ရပ်ကာ တောင်အောက်ဖက်တနေရာကို ကျနော်ကြည့်နေမိသည်။ အချိန်များကုန်ခဲလွန်း လှ၏။ အမှောင်ထုကြီးထဲတွင် ဘာကိုမျှမမြင်ရ။ ကျနော့်နားထဲတွင် လေတိုးသံတရွှီရွှီမျှအပ တခြားမည်သည့်အသံကိုမျှ မကြားရ။ နေထွက်ရာဖက်ကို မှန်းဆပြီးရပ်ကြည့်နေစဉ် ဗြိတိသျှစာရေးဆရာကြီး “ ဆမ်းမားဆက်မွန် ” ၏ စကားတခွန်းကို စဉ်းစားမိပြန် သည်။ သူက “ နှစ်ပေါင်း (၅၀)လုံးလုံး နေထွက်တာကို စေါင့်ကြည့်တဲ့အလုပ်ကို တခါမှ လက်မလွတ်ခဲ့သေးဘူး ” ဟု ပြောခဲ့၏။
ရုတ်တရက်ဆိုသလို အနီရောင်မျဉ်းကြောင်းတခုကို ကျနော်မြင်လိုက်ရ၏။ မြင်လိုက်ရသည်အထင်နှင့် ရှေ့ ကိုအားစိုက်ပြီး ကြည့်သည်။ ဘာကိုမျှမမြင်ရ။ စိတ်ထဲကထင်လို့  မြင်လိုက်တာပဲဖြစ်မည်ဟု ယူဆမိစဉ် အနီရောင်မျဉ်းကြောင်းတခုကို ထင်ထင် ရှားရှား မြင်လိုက်ရ၏။ အနီရောင်မျဉ်းကြောင်း၏အောက်တွင် ခဲသားရောင်မျဉ်းကြောင်းတခု။ ထို့ နောက် အနီရောင်မျဉ်းကြောင်း သည် အနီရောင်ဖဲပြားတခုအထိကြီးမားလာခဲ့ပြီး ကျနော့်ရှေ့ တွင် ခဲသားပုတ်ပုတ်တိမ်သားများ ရောက်လာခဲ့လေသည်။
အနီရောင် ဖဲကြိုး၏နောက်ဖက်တွင် တော်လှန်ရေးဌါနချုပ် “ မာနယ်ပလော ” ရှိနေလိမ့်မည်ကို ကျနော်သိနေသည်။ ဒေါန တောင်တန်းကြီး၏ အောက်တနေရာ၌ “ မြစ်မင်းသံလွင် ” သည် လဲလျောင်းလျက်ရှိနေလိမ့်မည်။

မေါ့ကြည့်ရင်းမှာပင် အနီရောင်မှာ ဖြူဖျော့လာခဲ့ကာ၊ အဖြူရောင်များ အားကောင်းလာခဲ့၏။ အနီရောင်ပြပြ အဖြူရောင် တောက်တောက်တိမ်တွေကို တွေ့ လာရ၏။ မထင်မှတ်သည့်အချိန်မှာပင် ကျနော့်ရှေ့ တွင် အလွန်မတန်ကြီးမားသည့် သဘာဝ ပန်းချီကားကြီးတချပ်ရောက်လာခဲ့၏။ တောင်ခြေဆီမှ လွင့်ပျံတက်လာသည့် အိပ်တန်းဆင်းငှက်သံများကို ကြားလာရ၏။
ကျနော်သည် နေထွက်ခြင်းကို စေါင့်ကြည့်ရန်ဝါသနာထုံ၏။ နေထွက်လာသည့် မြင်ကွင်းကို အကြိမ်ပေါင်းများစွာ စေါင့် ကြည့်ခဲ့ဖူး၏။ သို့ သော် မြေပြန့် တွင်မွေး၊ မြေပြန့် တွင်သာ ကြီးပြင်းလာခဲ့သူ ကျနော့်အဖို့ ၊ မြေပြန့် ပေါ်ကတဆင့် နေထွက်ခြင်း ကိုသာ စေါင့်ကြည့်ခဲ့ဖူး၏။ မြေပြန့် ပေါ်ကတဆင့် နေထွက်ခြင်းကို စေါင့်ကြည့်ရသည့်ရသကိုသာ ခံစားဖူး၏။ ယ္ခုအခါတွင်မူ တောင် ထိပ်တနေရာမှတဆင့် နေထွက်ခြင်းကို ကျနော်စေါင့်ကြည့်ခွင့်ကြုံခဲပြီ။ တောင်ထိပ်ပေါ်က တဆင့်နေထွက်ခြင်းကို စေါင့်ကြည့်ရ သည့် “ ရသ ” ကို ခံစားဖူးပြီ။ အလွန်မတန် ဆန်းပြားနက်နဲလှသည့် ရသအသစ်တမျိုးကို ကျနော်ရလိုက်၏။
ကျောက်တုံးကြီး၏ဘေးတွင်ရပ်ကာ မိဆိုင်းကျောက်တောင်ကြီး၏ အောက်ဖက်မြင်ကွင်းကျယ်ကြီးကို ငုံ့ ကြည့်ကာ၊ အလွန်မတန် လှပခမ်းနားလှသည့် သဘာဝပန်းချီကားကြီးကို ကျနော် ချစ်မက်နေမိလေသည်။ ။


ငြိမ်းဝေ








February 14, 2009

ကြိုးကြာဝါတို့ ဘယ်ဆီပျံလေသည်မသိ


၁။
၁၉၇၅- ခုနှစ်၊ ပဲခူး...၊
ကိုစန်းမောင် (ယခု တရားရုံးချုပ်ရှေ့နေ၊ ပဲခူး)နှင့် ကျနော်၊ “ မောင်စီတုန်း”ရဲ့ကဗျာတချို့ကို ဘာ သာပြန်ထုတ်ဝေဖို့ ကြိုးစားခဲ့ကြဖူးတယ်။ ကဗျာအားလုံးကို ဒိုင်ခံဘာသာပြန်သူက ကိုစန်းမောင်ပါ။ ကျနော် က ကဗျာတွေ ဘာသာပြန်ဖို့ နေနေသာသာ၊ ကောင်းကောင်းတောင်မှမဖတ်တတ်ပါဘူး။ ဒါပေမယ့် သူဘာ သာပြန်ပြီးသမျှ ကဗျာတွေကို မူရင်းနဲ့တိုက်ကြည့်ပြီး သူရွှေးချယ်ထားတဲ့စကားလုံးတွေထက်ပိုပြီး ထိရောက် ကောင်းမွန်မယ်ထင်ရတဲ့စကားလုံးတွေကို ကျနော်က ရွှေးပေးရတယ်။ သူနဲ့ကျနော်တိုင်ပင်ပြီးမှ အချောသတ် တယ်။ ဒီတုန်းက စုစောင်းရရှိနိင်သလောက်“မော့်”ကဗျာ(၃၂)ပုဒ်။



ဘာသာပြန်ပြီးသမျှ၊“မော့်”ကဗျာစာမူဖိုင်ကို ကျနော်နဲ့ကိုစန်းမောင်က စိနသံရုံးကိုယူသွားကြတယ်။ သံရုံးကယဉ်ကျေးမူ တာဝန်ခံအမျိုးသမိးနဲ့ တွေ့ရတယ်။ ကျနော်တို့က “မော့်” ကဗျာဘာသာပြန်တွေကို ထုတ်ဝေချင်တဲ့အကြောင်း၊ ဖြစ်နိုင်ရင်သံရုံးက ပိုက်ဆံထုတ်ပေးဖို့၊ အင်္ဂလိပ်လိုက တဆင့် မြန်မာဘာသာပြန်ထားတဲ့ ကဗျာတွေကို မူရင်းတရုတ်ဘာသာနဲ့ ကိုက်ညှိ စီစစ်ပေးဖို့ ဆွေးနွေးကြည့်တယ်။ သူကသံတမန်ပီသပါတယ်။ ပထမအချက်...၊ သံရုံးကပိုက်ဆံထုတ်မ ပေးနိုင်တဲ့အကြောင်း၊ ဒုတိယ... ၊ တရုတ်ပြည်မှာဥက္ကဋ္ဌကြီး“မော်”ရဲ့ကဗျာတွေကို ဗဟိုကော်မတီရဲ့ခွင့် ပြုချက်ရမှသာ ထုတ်ဝေခွင့်ရှိပြီး ဥက္ကဋ္ဌကြီး“မော်”ရဲကဗျာတွေကို သူ့အနေနဲ့စီစစ်ပေးနိုင်စွမ်းမရှိကြောင်း ရှင်းပြပါတယ်။ ဒီတုန်းက သံရုံးသွားတဲ့ကိစ္စ၊ ယဉ်ကျေးမူကောင်စစ်ဝန်နဲ့တွေ့တဲ့ကိစ္စတွေ အာလုံးကို ကဗျာဆရာ “ အောင်ဇင်မင်း”က၊ လိုက်ပို့စီစဉ်ပေးခဲ့တာပါ။ ကျနော်တို့လည်း တပ်ခေါက်ပြန်ခဲ့ရပါတယ်။ သည့်နောက်ပိုင်း မှာတော့ ကျနော်တို့အားလုံး ဟိုလွင့် ဒီလွင့်...။
တခါတရံ ပဲခူးမှာကိုစန်းမောင်နဲ့ပြန်ဆုံတဲ့အခါ “မော့်” ကဗျာ ဘာသာပြန်စာမူတွေကိစ္စမေးကြည့် တယ်။ သူက ဘာသာပြန်စာမူတွေကို ကဗျာဆရာ “မုံရွာအောင်ရှင်”ဆီမှာပေးထားတဲ့အကြောင်း၊ ကိုအောင်ရှင်က ဘာသာပြန်ထားတာတွေ ၀ိုင်းကူပြီ စီစစ်တာမျိုး၊ ထုတ်ဝေသူရှာပေးတာမျိုး၊ လုပ်ပေးနေကြောင်း ပြောပြ ပါတယ်။ နောက်ပိုင်းကြတော့၊ `မော့်´ ကဗျာဘာသာပြန်စာမူတခုလုံး၊ မတော်တဆပျောက်ဆုံးသွားရကြောင် သိခဲ့ရပါတယ်။
၂။
ကျနော့်အသက်(၂၀)၀န်းကျင်က၊ “မော်စီတုန်း”ရဲ့အရိပ်အောက်မှာ အိပ်ပျော်ခဲ့ဖူးတယ်။ အထူးသ ဖြင့် သူ့ရဲ့“ပဋိပက္ခနှင့် လက်တွေ့ကျမ်း” နှစ်စောင်ကိုအာဂုံဆောင်ပြီး အပြင်မှာလက်တွေ့လုပ်ကြည့်တာမျိုးရှိ တယ်။ သူ့ရဲ့“တရုတ်ပြည်လူ့အဖွဲ့အစည်းအတွင်းက လူတန်းစားလက္ခဏာ ခွဲခြမ်းစိတ်ဖြာချက်” စာအုပ်ကို ဖတ်ပြီး ပဲခူးမြို့မှာရိုတဲ့ ကိုယ့်ပတ်ဝန်းက လူတွေကို လူတန်းစားလက္ခဏာသတ်မှတ်တာမျိုး၊“ပေါင်း၊ တွဲ၊ တိုက်” ကိစ္စတွေလုပ်တာပဲ။ ကျနော်တို့က `မော်´ပြောတဲ့ အလုပ်လမ်းညွှန်ဆိုတာကို ဘေးဖယ်ပြီး ပုံစံခွက် ထဲဝင်ထိုင်ခဲ့ကြတာ။ သည့်နောက်ပိုင်းကြတော့ ကိုယ့်ကိုကိုယ်၊ “နိုင်ငံရေးလုပ်မလား၊ စာရေးမလား” ဆိုတဲ့မေးခွန်းကို ပြန်မေးပြန်ဖြေလုပ်ပြိး “ယင်းအန်းစာပေဆွေးနွေးပွဲစာတမ်း”ကိုပဲ မဲ တင်းခဲ့တာ၊ ယဉ်ကျေးမူ တော်လှန်ရေးကာလအထိပဲဆိုပါတော့။ အဲဒီ “ကာလတိုအမှား”ပြီးတဲ့အခါကျမှ အိပ်ပျော်ရာက ကျနော်နိုး လာခဲ့တာပါ။ ကျနော့်ရဲ့ရီနေဆန်းပေါ့။
ဒီလိုဖြစ်လိုက်ပေမယ့်`မော့်´ကဗျာတချို့က ကျနော်နဲ့အတူ ပါလာခဲ့တယ်။ အထူးသဖြင့် သူ့ရဲ့ “နှင်း”ကဗျာ၊ “လီရှူယီသို့ ပြန်စာ”ကဗျာ။ ဒီကဗျာ(၂)ပုဒ်ထဲက၊ “တောင်ကုန်း၊ တောင်ကမူတွေအားလုံး၊ အဖြူရောင်ဖယောင်းဆင်ရုပ်ကလေးများနှယ်သာ” ဆိုတဲ့စာသား၊ “ကျနော့်မှာ ဂုဏ်ယူဖွယ်ပေါ်ပလာပင်ကို ဆုံးရှုံးလိုက်ရပြီး၊ ခင်ဗျားမှာကြတော့ ခင်ဗျားရဲ့မိုးမခပင်ကို ဆုံးရှုံးလိုက်ရ”ဆိုတဲ့ ကဗျာစာသားတွေကို ကျနော် ဘယ်တော့မှ မမေ့ဘူး။ ပထမစာကြောင်းက၊ မြူတွေနှင်းတွေဖုံးနေ တဲ့ အနိမ့်ပိုင်းတောင်ကုန်းတွေကို အလွန်မြင့်တဲ့တောင်ထိပ်ပေါ်ကတဆင့် ဆီးပြီးမြင်ရတဲ့မြင်ကွင်းကို ဖယောင်းဆင်လေးတွေနဲ့ တင်စား ထားတာ။ နောက်စာကြောင်းကတော့`မော်´က သူ့ဇနီးကို “ပေါ်ပလာပင်”၊ သူ့မိတ်ဆွေရဲ့ဇနီးကျတော့ “မိုးမခပင်” နဲ့တင်စားထားတာ။ ဇနီးဆုံးပါးသွားတဲ့ သူ့မိတ်ဆွေအတွက်ရေးတဲ့ ကဗျာပါ။
သူ့ကိုတော်လှန်ရေးစစ်သူကြီးလည်းဖြစ်၊ တရုတ်တွေးခေါ်ရှင်ကြီးလည်းဖြစ်လို့ ၀ိုင်ပြီးအမွှန်းတင်ကြ ရင်းက၊ သူ့ကဗျာတွေကိုလည်းလွန်လွန်ကဲကဲ၊ အကဲဖြတ်တာမျိုးရှိတတ်ပါတယ်။ ကျနော်ကတော့ သူ့ကဗျာ တွေထဲက ကဗျာဓာတ်ရှိတယ်လို့ထင်ရတဲ့ကဗျာတချို့ကိုပဲ ရင်ထဲထည့်ခဲ့မိတာ။ အခုကျနော်နှစ်သက်တဲ့ `မော့်´ကဗျာတပုဒ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

ကြိုးကြာဝါ

ဖြစ်ကိုးစင်းက
မြေပြန့်ကိုဖြတ်၊ ကွေ့ကာဝိုက်ကာစီးဆင်းလာ
အမှောင်ထုက
တောင်နဲ့မြောက်ကန့်လန့်ဖြတ်ပြီး
သိပ်သည်းသထက်သိပ်သည်းလာ၊
မိုးနှင်းမြူတွေအုံ့ဆိုင်း၊ မှုန်မှိုင်းေ၀၀ါး
“လိပ်”နဲ့“မြွေ”က
ဖြစ်မဟာကိုပိတ်ဆို့ထားလိုက်ကြပေါ့။
ကြိုးကြာဝါတို့ ပျံသန်းကြလေပြီ
ဘယ်ဆီပျံလေသလဲဆိုတာ ဘယ်သူများသိပ၊
ဟောဒီ မျှော်စင်တခုပဲ
မကြာခဏအလည်ရောက်လာတတ်တဲ့
ခရီးသည်တွေအတွက် ကျန်နေရစ်ခဲ့။
ငါ...
အရက်ခွက်ကိုမြှောက်
တလိမ့်လိမ့်တက်လာနေတဲ့လှိုင်းတွေဆီ
ကောင်းချီပြုလိုက်တော့
ငါ့ရင်ခုန်သံတွေ
လှိုင်းတွေလေတွေနဲ့အတူ မြင့်တက်လာနေပေါ့။

“လိပ်”နဲ့“မြွေ”ဆိုတာက၊ လိပ်တောင်နဲ့ မြွေတောင်တို့ဖြစ်ပါတယ်။ “မော့်” ကဗျာအများစုထဲမှာ၊ အောင်လံနီ၊ တပ်နီတော်၊ ရန်သူ၊ မြေရှင်၊ သေနတ်၊ အလုပ်သမား၊ လယ်သမား၊ ရဲဘော်ဆိုတဲ့စကားလုံးတွေ မပါတဲ့ကဗျာ ခပ်ရှားရှားပါ။ အဲဒီခပ်ရှားရှားထဲမှာ “ကြိုးကြာဝါ” ကဗျာကတပုဒ် အပါအ၀င်ပေါ့။ ဒီအထဲက “ကြိုးကြာဝါတို့ ပျံသန်းကြလေပြီ၊ ဘယ်ဆီပျံလေသလဲဆိုတာ ဘယ်သူများသိပါ့” ဆိုတဲ့စာသားက ကဗျာဓာတ်၊ ကဗျာမှော်အပြည့်။ တွေးယူမှရတယ်လို့ဆိုရမှာပါ။ ဒါပေမယ့် စေ့စေ့တွေး၊ ရေးရေးပေါ်ဆိုတာလောက်လည်း မခက်လှပါဘူး။ တပုဒ်လုံးခြုံကြည့်ရင် “မော့်”ရဲ့ရောမန္တိကကို ထင်ထင်ရှား ရှားတွေ့ကြရမှာပါ။
ကဗျာရဲ့နောက်ဆုံးအပိုဒ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်က၊ တရှတ်ကဗျာဆရာ “လီပို”ရေးခဲ့ တဲ့ “အရက်ခွက်ကိုမြှောက်ပြီး လမင်းကိုဖိတ်ခေါ်လိုက်ရဲ့”ဆိုတဲ့ရေးဖွဲ့ပုံမျိုး `မော့်´ကလည်း“အရက်ခွက်ကို မြှောက်တလိမ့်လိမ့်တက်လာနေတဲ့လှိုင်းတွေဆီ ကောင်းချီးပြုလိုက်တော့”လို့၊ ရေးတာတွေ့ရတယ် ရင်ခုန်သံနရီချင်း ကိုက်ညီ နေတဲ့ဘောပါပဲ။

“မော်”က မြင်းစီးရင်း၊ မြင်းကုန်းနှီးပေါ်မှာ ကဗျာရေးတယ်။ ကျောက်ဂူထဲက ကျောက်တုံးစားပွဲပေါ် မှာ ကဗျာရေးတယ်။ ရေးပြီးရင်လည်း ပုံနှိပ်ဖော်ပြမယ်ဆိုတာမျိုး၊ သိမ်းဆည်းထားတာမျိုး မရှိတတ်ဘူး။ ရည်ညွန်းဖွဲ့ဆိုသူကို ပေးလိုက်တာမျိုး နီးစပ်ရာပေးလိုက်တာမျိုးပဲရှိတယ်။ ရေးဖွဲ့တဲ့ ပုံသဏ္ဍာန်က တရုတ်ဂန္တ၀င်ကဗျာပုံသဏ္ဍန်ပါ။ သူ့ကဗျာတွေကိုတော်လှန်ရေးကြီးပြီးတဲ့အခါကြမှ သိမ်းဆည်းထားသူတွေဆီ က၊ ကြေညာပြီး ပြန်စုယူရတာလို့ ဆိုတယ်။ အခုအထိတော့ စုစေါင်းရမိသမျှ၊ ကဗျာပုဒ်ရေး(၄၀)ထက် မကျော်သေးပါဘူး။
သေချာတာတခုကတော့၊`မော်´ဟာ စစ်တိုက်ရင်း၊ အတွေးအခေါ်ကိစ္စတွေဖြေရှင်းရင်း စိတ်မောလူ မောရှိတဲ့အခါ သတင်းတချို့ကြာရပြီး စိတ်လက်လှုပ်ရှားရတဲ့အခါ သူ့ရင်ထဲ ဖြိုးခနဲဖျတ်ခနဲ ကဗျာဈာန်လင်း လက်တဲ့ အခိုက်မှာ ကဗျာတွေ ချရေးခဲ့တဲ့သဘောပါပဲ။ ရေးကတည်းက သူ့စိတ်၊ သူ့ခံစားချက်ကို စာရွက်ပေါ်လွှဲချ တင်ထားလိုက်တာကလွဲပြီး စာစောင် မဂ္ဂဇင်းတွေမှာ ပုံနှိပ်ဖော်ပြဖို့အထိ ရည်ရွယ်ခဲ့ဟန် မတူပါဘူး။ ကျနော်တို့ကလည်းသူ့ကဗျာတွေကိုအကဲဖြတ်တဲ့အခါ သူ့ရဲ့ အဲဒီအနေအထားထက်ကျော်ပြီး တော့ အကဲမဖြတ်သင့်ဘူးလို့ဘဲ ယူဆမိပါတယ်။


ငြိမ်းဝေ



February 10, 2009

အခြေခံပညာအထက်တန်း သင်ရိုးညွန်းတမ်းဆိုင်ရာ မြန်မာကဗျာလက်ရွေးစင် ပြဌါန်းချက်ကို ဖြည့်စွက်အကြံပြုခြင်း စာတမ်း



စာတမ်းပြုစု/ ဖတ်ကြားတင်သွင်းသူ။ ။ ငြိမ်းဝေ
စာတမ်းတင်သွင်းသည့်အခမ်းအနား။ ။ ပညာရေးနှီးနှောဖလှယ်ပွဲ
စာတမ်းတင်သွင်းသည့် အချိန် ။ ။ နံနက်ပိုင်း
စာတမ်းတင်သွင်းသည့် နေ့ ။ ။၅.၁.၂၀၀၉
စာတမ်းတင်သွင်းသည့် နေရာ ။ ။ ထိုင်းမြန်မာနယ်စပ်တနေရာ



လေးစားအပ်တဲ့ဘာသာရပ်အသီးသီးဆိုင်ရာပညာရှင်များ ဆရာ- ဆရာမများ ခင်ဗျား
ကျွန်တော်တင်သွင်းမယ့် " အခြေခံပညာအထက်တန်းသင်ရိုးညွှန်းတမ်းဆိုင်ရာ မြန်မာကဗျာ လက်ရွေးစင် ပြဌါန်းချက်ကို ဖြည့်စွက်အကြံပြုခြင်း" စာတမ်းကို အပိုင်း( ၃ ) ပိုင်းခွဲပြီး တင်သွင်းမှာဖြစ်ပါ တယ်။

အပိုင်း(၁) ပြဌါန်းထားရှိသည့် ကဗျာများရဲ့ နောက်ခံကာလ ပမာဏအပေါ် စမ်းစစ်ခြင်း
အခြေခံပညာအထက်တန်းအတွက် ပြဌါန်းထားရှိတဲ့ မြန်မာကဗျာ လက်ရွေးစင်စာအုပ်ရဲ့ ကဗျာတွေ
ကို လေ့လာတဲ့အခါ ခေတ်(၈)ခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာတွေကို ရွေးချယ်ပြဌါန်း ထား တာတွေ့ရပါတယ်။ အတိအကျပြောရရင် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် ၊ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးခေတ်ဦးဆိုတဲ့ ခေတ်(၈)ခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာတွေထဲကမှ ရွေးချယ်ပြဌါန်း ထားတာတွေ့ရပါတယ်။ န၀မတန်း နဲ့ ဒဿမတန်း ပြဌါန်းချက်စာအုပ်တွေရဲ့ အဖွင့်ကဗျာ(၂) ပုဒ်ဟာ ပုဂံခေတ်ဦးမှာ ပေါ်ထွန်းခဲ့တဲ့ကဗျာတွေဖြစ်ပါတယ်။ ပြဌါန်းချက်စာအုပ်တွေရဲ့ နောက်ဆုံးမှာ ဖေါ်ပြတဲ့ ကဗျာတွေကတော့ လွတ်လပ်ရေး ခေတ်ဦးမှာ ပေါ်ပေါက်တဲ့ ကဗျာ တွေဖြစ်ပါတယ်။
ပုဂံခေတ်ဦးမှာ ပေါ်ပေါက်ခဲ့တဲ့ " မြကန်ဘွဲ့ကဗျာ" နဲ့ ၊ " ရွှေနှင့်ယိုးမှားပန်းစကား" ကဗျာ(၂) ပုဒ် ဟာ ခရစ်သက္ကရာစ် (၁၀၀၀) ကျော်ဝန်းကျင်မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာများဖြစ်ပြီး ၊ နောက်ဆုံးရွေးချယ်ဖေါ်ပြ တဲ့ " ဘ၀နှင့်အလှ" ကဗျာကတော့ လွတ်လပ်ရေးခေတ်ဦှးမှာ ပေါ်ခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ဒီလိုရွေးချယ် ပြဌါန်းထားတာကိုကြည့်ရင်၊ အခြေခံပညာအထက်တန်းမှာ ပြဌါန်းထားရှိတဲ့ မြန်မာကဗျာများ နောက်ခံကာလ ပမာဏဟာ နှစ်ပေါင်း (၉၀၀) ကျော်ဝန်းကျင် ရှိတာတွေ့ရပါတယ်။ ဒီလို ရှည်လျားလှတဲ့ အချိန်ကာလအတွင်း မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာတွေကလည်း အကြောင်းအရာမျိုးစုံ၊ ပုံသဏ္ဍာန် မျိုးစုံရှိပါတယ်။ ဒီလို အတိုင်းအ တာ ပမာဏကြီးမားများမြောင်လှတဲ့ကဗျာတွေကို ကျောင်းသားတွေသင်ကြားတဲ့အခါ၊ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်သွားနိုင်ဖို့ရာ လုံလောက်တဲ့ သင်ကြားချိန်မရှိနိုင်ဘူးလို့ ယူဆမိပါတယ်။ ကျောင်းသားတွေဟာ နှစ်ပေါင်း(၉၀၀)မှာ ပေါ်ထွန်းခဲ့တဲ့ ကဗျာတွေအပေါ် တို့ရုံထိရုံသာ သင်ကြားလက်ခံနိုင်မယ့် သဘောရှိပါတယ်။ တခါ...သင်ကြားပို့ချသူဆရာ၊ဆရာမများ ဖက်ကကြည့်ရင်လည်း ဘယ်ဆရာ၊ဆရာမ မဆို၊ ဒီလောက် ရှည်လျားများမြောင်လှတဲ့ ကာလပမာဏနဲ့ ကဗျာအမျိုးမျိုးအပေါ် စေ့စေ့ငုငု လေ့လာထားရှိနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ လက်ရှိပြဌါန်းထားရှိတဲ့ ကဗျာတွေ အတွက် သင်ကြားမှုအထောက်အကူပြု နိဒါန်းစာနဲ့ ခက်ဆစ်အဖွင့်လောက်နဲ့လည်း ဆရာတွေ အဖို့ မလုံလောက်ပါဘူး။ ဒီတော့ကာ အဓိကထား ရွေးချယ်သင့်တဲ့ခေတ်တခုခု အပေါ်မူတည်ပြီး အဲဒီခေတ်မှာပေါ်တဲ့ ကဗျာများကိုသာ ရွေးချယ်သတ်မှတ် ပြဌါန်းခြင်းက၊ သင်ကြားသူဆရာဆရာမနဲ့ သင်ယူသူကျောင်းသားများ ပိုမိုအကျိုးရှိထိရောက်နိုင် လိမ့်မယ်လို့ ယူဆပါတယ်။


အပိုင်း(၂)ပြဌါန်းထားရှိသည့် ကဗျာလက်ရွေးစင်စာအုပ် အမှာစာအပေါ်စမ်းစစ်ခြင်း
လက်ရှိအခြေခံပညာအထက်တန်း၊ မြန်မာကဗျာလက်ရွေးစင်စာအုပ် အမှာစာမှာ " ကဗျာရဲ့ အဓိပ္ပါယ်ဖွင့ိဆိုချက်" ပါရှိပါတယ်။ ဒီဖွင့်ဆိုချက်ဟာ လက်ရှိမြန်မာကဗျာနယ်ပယ်မှာ ပေါ်ထွန်းနေတဲ့ ၊ ကဗျာ အမျိုးအစားအပေါ် အခြေခံပြီးပြောရရင် အငြင်းပွားစရာအချက်ဖြစ်ပါတယ်။ အမှာစာပါ ဖွင့်ဆိုချက်က "ကဗျာဆိုသည်မှာ ခံစားမှုရသပေါ်လွင်အောင် ကာရန်စည်းကမ်းနှင့် ဖွင့်ဆိုသီကုံးရသောစာဖြစ်သည်" လို့ဆိုပါတယ်။ ဒါပေမယ့် ကဗျာဝါသနာရှင်မည်သူမဆို အလွယ်တကူသိရှိနိုင်တဲ့ အချက်က၊ ဒီကနေ့ ဘယ် မဂ္ဂဇင်းမှာပဲကြည့်ကြည့်၊ ဘယ်ကဗျာစာအုပ်မှာပဲကြည့်ကြည့် ဘယ်ကဗျာမဆို ကာရန်စည်းကမ်းနဲ့ညီ အောင်ဖွဲ့တဲ့ကဗျာ တပုဒ်မှမရှိတော့တာတွေ့ရပါတယ်။ တနည်းအားဖြင့်ပြောရရင် ကာရန်စည်းကမ်းဆိုတာကို ဒီကနေ့ ကဗျာတွေက စွန့်လွှတ်လိုက်ပြီဖြစ်ပါတယ်။ သည့်ထက်ပိုပြီးတိုးပြီး ပြောရရင် ကာရန်မပါတဲ့ ကဗျာအမျိုးအစားခေတ်ကို ရောက်နေပြီလို့တောင်မှပြောနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ၊ စာသင်သားကျောင်းသားတယောက်က၊ မဂ္ဂဇင်းတွေမှာပါနေတဲ့ ဒီကနေ့ကဗျာတွေကို ပြဌါန်းချက်မှာပါတဲ့ ကဗျာအဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့အတွက်၊ ဆရာတွေကို စေါဒကတက်တယ်ဆိုရင်၊ ပြဌါန်းချက်ပါအမှာစာအပေါ်မှာသာ ရပ်တည်ဖြေရှင်းရမယ့် ဆရာ၊ဆရာမများအတွက် အခက်အခဲရှိနိုင်တာကိုတွေ့ရပါတယ်။

အပိုင်း(၃) ခေတ်ပေါ်ကဗျာကို ထည့်သွင်းပြဌါန်းသင့်ကြောင်းအကြံပြုချက်
မြန်မာနိုင်ငံမှာ ခေတ်ပေါ်ကဗျာပေါ်ပေါက်လာခဲ့တာ၊နှစ်ပေါင်း(၃၀)၀န်းကျင်ရှိပြီလို့ ယူ ဆနိုင်ပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ အခြေအနေအောက်မှာ ပညာရှင်များ သုတေသနပြုခွင့်ရမယ်ဆိုရင် ခေတ်ပေါ်ကဗျာဟာ (၁၉၇၀) ခုနှစ် တ၀ိုက်မှာ စတင်သနွေတည်ခဲ့တယ်လို့ သတ်မှတ် ယုဆရပါလိမ့်မယ်။
ခေတ်ပေါ်ကဗျာရဲ့ အကြောင်းအရာ နောက်ခံဟာ ၊ သူ့အရင်က ပေါ်ခဲ့တဲ့ကဗျာတွေရဲ့အကြောင်း အရာ နောက်ခံထက် ပိုပြီးကျယ်ပါတယ်။ အတတ်ပညာပိုင်းလို့ခေါ်တဲ့ ပုံသဏ္ဍာန် ပိုင်းမှာလည်း ပိုပြီးရှုပ်ထွေး သိမ်မွေ့ပါတယ်။ ဒါကတော့ ရှေ့ကလူရဲ့ ပခုံးပေါ်တက်ပြီးကြည့်ခွင့်ရလို့ ပိုပြီးဝေးတဲ့ မိုးကုတ်စက်ဝိုင်းကို လှမ်းမြင်ရတဲ့သဘောဆိုရင်လည်းမမှားပါဘူး။ ဒါပေမယ့် ခေတ်ပေါ်ကဗျာရဲ့ အဓိက အင်္ဂါရပ်တွေထဲမှာ "ခေတ်ပြိုင်လူထုရဲ့ရင်ခုန်သံ" ကိုဖေါ်ကျူးတာဖြစ်တယ်ဆိုတဲ့ လက္ခဏာကတော့ သူ့အရင်က ပေါ်ခဲ့တဲ့ကဗျာတွေရဲ့ အင်္ဂါရပ်ထက်ပိုပြီး ထူးခြားတဲ့အချက်ဖြစ်ပါတယ်။ အားလုံးသိရှိတော်မူကြတဲ့အတိုင်း ဒီကနေ့ မြန်မာလူထုရဲ့ ရင်ခုန်သံကို နားထောင်ကြည့်ရင်၊ နားထောင်ကြည့်တတ်မယ်ဆိုရင် မွန်းကြပ်ပိတ်လှောင်ထားမှုတွေကို မခံမရပ်နိုင်လို့ ဖြစ်ရတဲ့ ရင်ခုန်သံပဲ ဆိုတာ အသေအချာပါပဲ။ ဒီကနေ့ ခေတ်လူထုရဲ့ ရင်ခုန်သံကို ခေတ်ပေါ်ကဗျာတွေထဲကလွဲပြီး ဘယ်ခေတ်ရဲ့ကဗျာတွေထဲမှာမှ ရှာလို့မတွေ့နိုင်ပါဘူး။ ဒါကြောင့်မို့ ဒီကနေ့ခေတ် လူငယ်တွေကို၊ သူတို့ပခုံးပေါ်မှာရှိတဲ့ ခေတ်ရဲ့တာဝန် တာထမ်းတွေကို ကျေပွန်အောင်ထမ်းရွက်သွားနိုင်ဖို့ဆိုရင် ခေတ်ပေါ်ကဗျာ တချို့ဟာ၊ အထောက်အကူ
ဖြစ်စေလိမ့်မယ်လို့ ကျနော်ယုံကြည်မိပါတယ်။
ကျွန်တော်အထက်မှာတင်ပြခဲ့တာရှိပါတယ်၊ ခေတ်ပေါ်ကဗျာဆိုတာ ခေတ်ပြိုင်လူထုရဲ့ ရင်ခုန်သံကို ဖေါ်ကျူးတာဖြစ်တယ်ဆိုတဲ့စကားဟာ မှန်ပါတယ်၊ ဒီကနေ့ခေတ်လူထုရဲ့ရင်ခုန်သံကို ဟိုတနေ့က ကဗျာပုံ သဏ္ဌန်နဲ့ ဖေါ်ပြရင် လူကြီးတယောက်ကို ကလေးအင်္ဂျာိဝတ်ပေးသလိုဖြစ်တာမို့ ဒီကနေ့လူထု(၀ါ) လူကြီးတယောက်ရဲ့ ခန္ခာကိုယ်နဲ့ကိုက်ညီလိုက်ဖက်မယ့် ခေတ်ပေါ်ကဗျာပုံသဏ္ဌန်သစ်ကို ဖန်တီးလာခဲ့ကြရပါ တယ်။ တာရန်စည်းကမ်းကို စွန့်လွှတ်လိုက်ခြင်းဆိုတဲ့ အတတ်ပညာသစ်တခုဟာ ခေတ်ပေါ်ကဗျာရဲ့ လက္ခဏာတွေထဲက တခုဖြစ်ပါတယ်။

ခတ်ပေါ်ကဗျာရဲ့အကြောင်းအရာနောက်ခံဟာယ္ခင်အခါတုန်းကရှိခဲ့တဲ့ ကဗျာတွေရဲ့အကြောင်းအ ရာနောက်ခံထက်ပိုပြီး ကျယ်ပါတယ်။အရောင်စုံပါတယ်။အနုစိပ်ပါတယ်။ ညွှတ်ပြောင်းပြီး ပြုလွယ်ပြောင်း လွယ်ပါတယ်။တနည်းအားဖြင့်ပြောရရင်လူ့အဖွဲ့အစည်းတခုရဲ့ဖွဲ့စည်းတည်ဆောက်မှုပုံသဏ္ဌာန်နဲ့လိုက်ဖက်ညီဖို့ ကြိုး စားလာတဲ့သဘောပါပဲ။
လူ့အဖွဲ့အစည်းတခုမှာ၊ လူမျိုး၊ဘာသာ၊ယဉ်ကျေးမူဓလေ့ထုံးစံ၊ အသားအရောင်၊ နေရာဒေသ မတူ ကြတဲ့လူအုပ်စုများ စုပေါင်းဖွဲ့စည်း ထားတာဖြစ်တဲ့အတွက်၊ ခေတ်ပေါ်ကဗျာဟာလည်း မတူကွဲပြားခြားနား ခြင်းဟာ အလှတရားအဖြစ်လက်ခံ လာခဲ့တဲ့သဘောပါပဲ။ လူ့ဘ၀ရဲ့ရောင်စုံပွဲတော်ဆိုတာ ခေတ်ပေါ်ကဗျာထဲ
မှာရှိ ပါတယ်။ မတူကွဲပြားခြားနားသူချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဆိုတဲ့ ယဉ်ကျေးမူဗဟုဝါဒ ဟာ ခေတ်ပေါ် ကဗျာရဲ့မောင်းနှင်ရေးအားဖြစ်လာခဲ့ပါတယ်။ ပဲ့ကိုင်လမ်းညွှန်သဘောတရားဖြစ်လာခဲ့ပါတယ်။
မတူကွဲပြားခြားနားမှုကို အသိအမှတ်မပြု၊အပြန်အလှန်လေးစားခြင်းမရှိ၊တသွေးတရောင်တမျိုး တစားထဲ အတင်းအဓမ္မသွတ်သွင်းဖို့ကြိုးစားတဲ့“ဧက၀ါဒ” ဟာ ဒီကနေ့ ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အ စည်းအပေါ်ဖိနင်းထားဆဲဖြစ်ပါတယ်။ ဒီဝါဒဟာ ပုဂ္ဂလဓိဌါန်သဘောဖြစ်တာမို့ လူ့အဖွဲ့အစည်း တခုအတွက် အလွန်အန္တရယ်ကြီးတဲ့ ၀ါဒဆိုးတခုဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းကို “ဧက၀ါဒ” အောက်က ဆွဲထုတ်နိုင်ဖို့ဆိုရင် ဗဟုဝါဒ ပညာရေးကို တည်ဆောက်ကြရမှာပဲဖြစ်ပါတယ်။ ဗဟုဝါဒ ပညာရေးနဲ့ကြီးပြင်းလာတဲ့လူငယ်တွေဟာ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းကို ဧက၀ါဒ လက်အောက်ပြန်ရောက် မသွားရအောင် အာမခံပါလိမ့်မယ်။ ဗဟုရာစ်စနစ်နဲ့ဖွဲ့စည်းတဲ့ လူ့သမဂ္ဂတခုဟာ ဧကရာစ်စနစ်နဲ့ဖွဲ့စည်းတဲ့ လူ့သမဂ္ဂထက်သာတယ်ဆိုတာကို လက်ခံလာကြပါလိမ့်မယ်။
လက်ရှိကျွန်တော်တို့ တမျိုးသားလုံးရင်ဆိုင်ဖြေရှင်းနေကြရတဲ့ အာဏာရှင်စနစ် ဖျက်သိမ်းရေး ဒီမိုကရေစီပညာပေးရေးလုပ်ငန်းတွေဟာ အခုအချိန်မှာတော့ ပြည်တွင်းမှာ လုပ်ခွင့်မရနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တမျိုးသားလုံး အာဏာရှင်စနစ် လက်အောက်မှာ နေခဲ့ထိုင်ခဲ့ရတာတော့ နှစ်ပေါင်း(၅၀)နီးပါး ရှိလာနေပါပြီ။ ဆယ်စုနှစ်တစ်ခု ထက်ဝက်ကျိုးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်တွင်းမှာလုပ်နိုင်စွမ်း မရှိတဲ့အလုပ်ကို ပြည်ပမှာ စတင်လုပ်ဆောင်သင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ လုပ်လို့ရတဲ့နေရာကစပြီး လုပ်ကြရမှာ ဖြစ်ပါတယ်။ ပြည်ပမှာစတင်လုပ်ကိုင်လို့ ရရှိနိုင်တဲ့ အခုလိုအခြေအနေနဲ့ အချိန်အခါမျိုးမှာ၊ ခေတ်ပေါ်ကဗျာကိုလည်း ဖြည့်စွက်ပြဌါန်းသင့်ကြောင်းတင်ပြချင်ပါ တယ်။
ဒါကြောင့်မို့ ခေတ်ပေါ်ကဗျာတချို့ကို ပညာရှင်များ စုစည်းရွေးချယ်ပြီး ဖြည့်စွက် ပြဌါန်းသင့် ကြောင်း တင်ပြချင်ပါတယ်။ တက်ရောက်နာကြားသူများ ပိုမိုသိရှိစဉ်းစားနိုင်ဖို့အတွက် ခေတ်ပေါ်ကဗျာတပုဒ် ကို ကျွန်တော်ရွေးချယ်တင်ပြလိုက်ပါတယ်။ ၀န်ခံရမှာတစ်စုတော့ ရှိပါတယ်။ ဒီကဗျာဟာ ခေတ်ပေါ်ကဗျာအားလုံးကို ကိုယ်စားပြုတဲ့ ကဗျာဆိုပြီးတော့ရွေးချယ်တင်ပြလိုက်တာတော့မဟုတ်ပါဘူး။ အချိန်တိုအတွင်း လက်လှမ်းမှီရာ ကျွန်တော်နှစ်သက်တဲ့ ခေတ်ပေါ်ကဗျာတပုဒ်ကိုသာ မိတ်ဆက်တင်ပြလိုက်ခြင်းဖြစ်ပါတယ်။
နောက်ထပ်ပြီးဝန်ခံရမှာရှိပါသေးတယ်။ အဲဒါကတော့ ဒီစာတမ်းဟာ၊ စာတမ်းတခုရဲ့အင်္ဂါရပ်များ နဲ့ကိုက်ညီခြင်းမရှိသေးတဲ့ စာတမ်းမမည်တဲ့ စာတမ်းတခုသာဖြစ်တဲ့အကြောင်း ၀န်ခံချင်ပါတယ်။ အချိန်တို အတွင်း လက်လှမ်းမှီသမျှ ပညာရှင်တချို့နဲ့တိုင်ပင်ခြင်း၊ လက်လှမ်းမှီသမျှစာအုပ်စာတမ်းများနှင့်သာ ကိုက်ညှိခြင်းပြုလုပ်ခဲ့ရတဲ့အတွက်၊ လစ်ဟာချွတ်ယွင်းချက်များရိုလျှင် ပညာရှင်များ အနေနဲ့ ထောက်ပြ၊ ဝေ ဖန်၊ ဖြည့်စွက်တည့်မတ်ပေးပါကြရန် တောင်းပန်အပ်ပါတယ်။
အခု မုံရွာသား ကဗျာဆရာကြီး ဆရာအံ့မောင်ရဲ့ " ကျုပ် ပြတင်းပေါက်" ဆိုတဲ့ ခေတ်ပေါ် ကဗျာတစ်ပုဒ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

ကျုပ် ပြတင်းပေါက်

ကျုပ် ပြတင်းပေါက်မှာ
ခန်းဆီး စိမ်းစိမ်း ရှိတယ်
သစ်ကိုင်း သစ်ခက် သစ်ရွက်တွေ
သစ်ပင်တွေ ရွက်ကြွေတော့
ခန်းဆီး အပြာရောင် တပ်လိုက်တယ်။

ကောင်းကင်ကြီးလေ
ညကျတော့
ခန်းဆီး အနက်ရောင်
မှောင်နေတာကိုး
ပြတင်း ခန်းဆီးမှာ
နေမင်းဝါ၀ါလည်း ရှိတယ်
ရွှေရောင် ကြယ်ပွင့်ကလေးတွေလည်း ရှိတယ်
တခါတလေ လမင်းဝိုင်းဝိုင်း
လမင်းတစ်ခြမ်း လမင်းလှေကလေး
ပြတင်း ခန်းဆီးမှာ
တခါ တခါ
တိမ်ဇာပွင့်တွေ ဆင်ထားတယ်
နီနီ ဇာပွင့်
ရွှေ ရွှေ ဇာပွင့်
ခရမ်းရောင် ဇာပွင့်
ချော့ကလက် ဇာပွင့်
အဆင် ဒီဇိုင်းက
လိပ်ပြာတစ်ရာ ရှုံး
ပါတိတ် ပန်းချီဆရာ ငို။

ပြတင်းခန်းဆီးမှာ
ဟင်္သာပုံလည်း ရှိတဲ့အခါ ရှိ
ဒေါင်းပုံလည်း ရှိတဲ့အခါ ရှိ
ခြင်္သေ့ပုံလည်း ရှိတဲ့အခါ ရှိ
ခွေးပုံလည်း ရှိတဲ့အခါ ရှိ
ဆင်ပုံလည်း ရှိတဲ့အခါ ရှိ
နဂါးပုံလည်း ရှိတဲ့အခါ ရှိ
ငါးပုံလည်း ရှိတဲ့အခါ ရှိ
စုတ်ချက် ကြမ်းကြမ်းရဲရဲ ဆွဲတာလည်း ရှိတဲ့အခါ ရှိ
မီးတောင် ချော်ရည်စီးပုံ ရှုံး
မော်ဒန် ပန်းချီဆရာ ငို။

ကျုပ် ပြတင်းပေါက်က
လေ အေးအေးကလေးလည်း ခုန်ပေါက်ဝင်လာတယ်
နေ နွေးနွေးလည်း ထွေးပိုက်ပေးတယ်
တခါတလေ
ကျုပ် ပြတင်းမှာ
နှင်း ခန်းဆီးကလေး တပ်တယ်
တခါတလေ
ပုလဲလုံး ခန်းဆီး။

မိုးမင်းကြီး ရွာတော့
ကျုပ် ပြတင်းက
အလင်းရောင်လည်း သောက်လို့
အမှောင်လည်း ထန်းရည်ခါးလို ဖောက်လို့ရ
ဒီပြတင်းက
သီချင်းသံတွေလည်း ၀င်လာတတ်တယ်
ရန်ဖြစ်သံ ဆူသံ ဆဲသံတွေလည်း
ဘီးလူးဆိုင်းနဲ့ ရောက်လာတတ်တယ်
ငှက်တေးလည်း နားဆင်ရတယ်
ထော်လာဂျီလည်း တ၀ုတ်ဝုတ် ဟောင်တတ်တယ်။

ဘာလိုသေးသလဲ
ကျုပ် ပြတင်းကလေးဆီက
အကုန်ရ
လောက ဇီဝ သုခ ဒုက္ခ
အလင်း အမှောင်။

အလှဆိုတာ
မျိုးကွဲတွေ စုံတာ
ရသဆိုတာ
မျိုးကွဲတွေ စုံတာ
မျိုးကွဲတွေ စုံမှ
အလှ
မျိုးကွဲတွေ စုံမှ
ရသ
မျိုးကွဲတွေ စုံမှ
ဇီဝ
မျိုးကွဲတွေ စုံမှ
လောက
မျိုးကွဲတွေ အစုံ
ကျုပ် ပြတင်းပေါက်ကလေးက
ပေးနေတယ်
မျိုးကွဲစုံတာ
ကြောက်စရာ မဟုတ်ပါဘူးနော်။ ။

အံ့မောင်
အာလုံးကိုကျေးဇူးတင်ပါတယ်။

ကိုးကား။ ။ (၁) န၀မတန်းမြန်မာကဗျာလက်ရွေးစင် (၂၀၀၁၊ ၂၀၀၂)
။ (၂) ဒဿမတန်းမြန်မာကဗျာလက်ရွေးစင်(၂၀၀၇၊၂၀၀၈)
။ (၃)ဦးဖေမောင်တင်ရဲ့"မြန်မာစာပေသမိုင်း"
။ (၄) စာပေဗိမာန်ထုတ်" မြန်မာကဗျာစာတမ်းများ" (ပ+ဒု)
(အချိန်ယူပြီး ပြုစုခဲ့ရတဲ့ စာတမ်း မဟုတ်တဲ့အတွက် စာတမ်းတခုရဲ့အင်္ဂါရပ်များနဲ့ မကိုက်ညီတဲ့ စာတမ်းဖြစ်တယ်ဆိုတာ ၀န်ခံအပ်ပါတယ်။)

February 04, 2009

သင်းကွဲငှက်တစ်ကောင်းရဲ့ ဖြောင့်ချက်

ကျနော့် ဘလော့မှာ ပို့စ်အသစ်မတင်နိုင်ခဲ့တာ (၃)လထဲရောက်လာပြီ။ ဘာ့ကြောင့် ကျနော် တာဝန် မကျေနိုင်ခဲ့သလဲ။

(၁) ကျနော် ဘလော့မလုပ်ခင်ကတည်းက တခြားပုံမှန်ထုတ်ဝေတဲ့ ၀က်ဆိုဒ် မဂ္ဂဇင်းတွေမှာ စာရေး ခဲ့တာကြာပါပြီ။ ကျနော့်မှာ အများအတွက်၊ တိုင်းပြည်အတွက်ပဲဆိုတဲ့စိတ်နဲ့ ဒီဖက်ကထွက်သမျှပလက် ဖောင်းဟူသမျှမှာ စာမူခမရပဲရေးခဲ့ရတာ ၁၉၉၅-ခုနှစ်ကစပြီး ၂၀၀၄-ခုနှစ်အထိ။ ဒီနောက်ပိုင်းကြတော့ ပလက်ဖောင်းတချို့ကလည်း စာမူခပေးရမယ်ဆိုတာနားလည်လာကြတာလဲပါ၊ ကျနော်ကလည်း စာရေးတဲ့ အလုပ်ကလွဲပြီး တခြားဘာမှမလုပ်တတ်ဆိုတော့ စာရေးရင် စာမူခရရမယ်ဆိုတဲ့ မူနဲ့ ကျနော်ရပ်တည်ခဲ့မိ တယ်။
ကျနော်ဘလော့လုပ်တော့ ရှင်းရှင်းပြောရရင် ကိုယ့်ဆီမှာ ကိုယ်ရေးကိုယ်တာဆန်တဲ့စာမူ၊ တနည်းအားဖြင့် ၀က်ဆိုဒ် မဂ္ဂဇင်းတွေမှာ ဖော်ပြလို့ မရနိုင်တဲ့စာမူကြမှ ဘလော့မှာတင်ပြီး၊ ကျန်တဲ့စာမူတွေ စာမူခရတဲ့ပလက်ဖောင်းတွေဆီတင်ခဲ့တယ်။ ကျနော်စိတ်မကောင်းဖြစ်ခဲ့ရတယ်။ စိတ်မလုံဘူး။ ဒါကြောင့် စိတ်ဖြေလို့ရအောင် ကျနော့်ဘလော့မှာ `ပြန်လည်တူးဖော်ခြင်း´ ဆိုတာလုပ်ပြီး `ဆားချက်´ခဲ့ပါသေးတယ်။ ဒါပေမယ့် ကျနော့်ဆားကမငံဘူး။ စိတ်မသက်မသာဖြစ်မှုက ပိုပြီးဆိုးလာခဲ့တယ်။ ဒါဟာ ပိုက်ဆံမရတဲ့ ဘလော့ပေါ်၊ ပိုက်ဆံရတဲ့ ၀က်ဆိုဒ် လောက်တန်ဘိုးမထားဘူးလားပေါ့။ အခုတော့ ကျနော်ကိုယ့်ကိုယ်ကို မညာချင်တော့ဘူး။

(၂) ကျနော့်ကို ဆရာလေး ယောဟန်အောင်က ဘလော့လုပ်ဖို့တိုက်တွန်းတာကြာပြီ။ ကျနော် မလုပ်ဖြစ်ခဲ့ဘူး။
ရှင်းရှင်းပြောရရင် ကျနော်က ကွန်ပျူတာနဲ့ရေစက်မရှိပါဘူး။ ကျနော် ၁၉၉၅-ခုနှစ်က ဥရောပမှာ နေ ခွင့်ရတော့ ကွန်ပျူတာတစ်လုံး စိတ်တိုင်းကျသုံးခွင့်ရတယ်။ ကျနော်ကိုင်ပြီး မကြည့်မိဘူး။ လက်နဲ့ပဲစာရေး တယ်။
ဒါပေမယ့် ကွန်ပျူတာက ကျနော့်ကို စိတ်နာမသွားဘူး။ ကွန်ပျူတာက ကျနော့်ကို အမြဲမလှမ်းမ ကမ်းကလိုက်လာနေခဲ့တယ်။ ကျနော်သတိမထားမိဘူး။ အခုတော့ ကွန်ပျူတာဟာ ကျနော့်ဘ၀ရဲ့ မရှိမဖြစ် အစိတ်အပိုင်းတခုဖြစ်လာခဲ့တယ်။ ဒါပေမယ့်...။
၂၀၀၀ခုနှစ်ကစပြီး ကျနော်၊စာကြည့်တိုက်မှူးလုပ်ပါတယ်။ စာရင်းဇယားနဲ့ အစီရင်ခံစာတွေ ရုံးကိစ္စ၊ ဆက်သွယ်ရေးကိစ္စ၊ ရုံးအကူများက လုပ်ပေးခဲ့တယ်။ ကျနော်နဲ့ကွန်ပျူတာနီးလျက်နဲ့ခွါပြီး ကျနော်နေတယ်။ ၂၀၀၆ခုနှစ်ရောက်လာတယ်။ ရုံးအကူများ(၂)ယောက်ပြောင်းသွားတယ်။ ကျနော်နဲ့ကွန်ပျူတာက တစ်တောင် အကွာက မပြောင်းလဲဘူး။ ဆက်ဆံရေးလည်းမပြောင်းလဲဘူး။
၂၀၀၆ - နှစ်ထဲ စာကြည့်တိုက်မှာ အကူဝန်ထမ်းမထားနိုင်တော့ ကျနော့်တူမလေးကို ခေါ်ရ တယ်။ သူကကျောင်းပြီးပြီလေ။ သူရောက်လာပြီး ကွန်ပျူတာကိစ္စတွေဆက်လုပ်တယ်။ အဲဒါပြီးခဲ့တဲ့(၂)လ ကျော်အထိ။ တူမလေးကို သူ့ဘ၀နောင်ရေးအတွက် အခြားတနေရာကို ကျနော်ပို့ခဲ့ရတယ်။ သူမရှိလည်း တခြားတယောက်ယောက်နဲ့ခရီးသွားမယပေါ့်။ ဒီလိုနဲ့ ကျနော့်ဘလော့ဟာ ရပ်သွားခဲ့ရတာပဲ။
ကျနော်က ကွန်ပျူတာနဲ့ ပါသက်ပြီး အချက်(၃)ချက်ပဲသိတယ်။
(က) ဖွင့်တတ်တယ်။
(ခ) ကိုယ့် E- Mail ကိုဖွင့်ဖတ်တတ်တယ်။
(ဂ) ပိတ်တတ်တယ်။
ဒိအချက်သုံးချက်ကလွဲပြီး ကျနော်ဘာတခုမှ ပိုမသိဘူး။ စာလုံးဝမရိုက်တတ်ဘူး။ ခင်ဗျားတို့ယုံ ကြည်ပေးကြပါ။ အဲဒါ... တကယ်။
(၃) ကျနော်ဟာ ခင်ဗျားတို့အားလုံးရဲ့အလည်ကို သူများခြေထောက်နဲ့ ၀င်လာတဲ့ မိတ်ဆွေတ ယောက်ပါပဲ။ တကယ်တော့ သင်းကွဲငှက်တကောင်ဖြစ်တယ်ဆိုတာ အခုမှပဲသိရတယ်။ ဒါကြောင့်မို့ အားလုံး ကို ကျနော် မလေးမစားမလုပ်ချင်ဘူး။ ခင်ဗျားတို့အားလုံးကို ကျနော် ချစ်တယ်။ ဒါကြောင့်မို့ ကျနော့် ဘလော့ကို ကျနော် ခဏရပ်ထားရပါလိမ့်မယ်။ ကျနော်အလုပ်တွေပိနေပေမယ့် သင်စရာရှိတာသင် ယူရပါလိမ့်ဦးမယ်။ (၃)လ ကျနော့် လလော့ကို ထပ်ပြီးနားခွင့်ပြုပါ။ ပြီးတော့ စာမူတခုရေးပြီးတိုင်း တခြားဝက်ဆိုဒ်မဂ္ဂဇင်းမှာ တင်ပြီးမှ ကိုယ့်ဘလော့မှာ တင်နေရတဲကိစ္စကိုလည်း တခြားနည်းလမ်းတခု ကျနော်စဉ်းစားရပါဦးမယ်။
ဧပြီလကုန်ရင်တော့ ဘလော့မိတ်ဆွေတွေဆီ ပြန်လာနိုင်အောင် ကြိုးစားပါ့မယ်။

အားလုံးကို ချစ်ခင်လေးနက်စွာဖြင့်
ငြိမ်းဝေ


January 29, 2009

သစ်ပင်တပင်အောက်က ခြုံပုတ်ကလေးရဲ့ သီချင်းဆိုသံ

(က)
မနှစ်တုန်းက မဲပလိရွာကိုသွားတော့ အခုသွားနေတဲ့လမ်းက သွားခဲ့တာမဟုတ်ပါဘူး။ သံလွင်မြစ်ဘေး မယ်ညောခီး တောင်ခြေကတဆင့်၊ မယ်ညောခီးတောင်ကြီးကို ခါးလည်ကကျော်ပြီးမှ မဲပလိရွာဆီသွားခဲ့တာပါ။ ဒီိတခါမှာတော့ သံလွင်မြစ် အတိုင်း စုန်ဆင်းချလာပြီး၊ ဘောသရောဆိပ်ကမ်းမှတဆင့်၊ ဟီးထိုးထတောင်ကြားထဲကို ကျနော်တို့ ဝင်လာခဲ့ကြတာပါ။ ဟီးထိုးထ တောင်ကြားထဲမှာ တနာရီကျော်ကျော်လောက်၊ ရေခါးလည်မရှိတရှိ၊ ဒူးဆစ်မရှိတရှိ၊ ကျေက်တုံးတွေ၊ ဆူးပင်တွေ၊ ဗွက်တွေထဲမှာ အလဲလဲအပြိုပြိုလာခဲ့ကြပြီးမှ၊ တောင်ကြားတဖက်ထိပ်ကို ရောက်လာခဲ့ကြတာပါ။




“ ဟီးထိုးထတောင်ကြားထဲက ထွက်တော့မယ် ” လို့  “ ဗိုလ်သိန်းစိုး ” ကပြောတော့ ကျနော့်မှာအမောပြေသွားသလို ခံစားလိုက်ရပါတယ်။တနာရီကျော်ကျော်လောက်၊ ရွံ့ တွေ ဗွက်တွေ ရေတွေထဲမှာ ခဲရာခဲဆစ်လာခဲ့ရတဲ့လမ်းကြောင်းကို ပြန်မတွေး ချင်လောက်အောင် ပင်ပမ်းနေခဲ့မိပါတယ်။ ဒီကြားထဲ လူသွားလမ်းမှ ဟုတ်ရဲ့ လားလို့ တောင်မှ ထင်မိပါသေးတယ်။ “ ဗိုလ်သိန်းစိုး ” အပြောကတော့ ဒီလမ်းဟာ နွေမှာဆိုရင် ဒီလိုရေတွေ ဗွက်တွေမရှိဘူးလို့ ပြောတာပါပဲ။ မိုးမကုန်သေးလို့  အခုလို လမ်းဆိုးနေတာပါလို့  ဆိုပါတယ်။ တခါတလေများ မှောင်ခိုနွားအုပ်နဲ့တွေ့ လို့  လမ်းဘေးကိုကပ်ပြီး လမ်းဖယ်ပေးရတဲ့အခါ လမ်းဘေးက ဆူးပင်တွေ သစ်ပင်တွေကြားမှာ ဖြစ်သလိုပေပြီး ရပ်နေခဲ့ရပါသေးတယ်။ ဒီတော့မှ အခုကျနော်တို့ သွားနေတဲ့ လမ်းဟာ “ နွားမှောင်ခိုလမ်းကြောင်း ” တခုဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်။
နေရောင်ခြည်တွေ ရုတ်တရက် လင်းလင်းချင်းချင်းဖြစ်လာလို့  ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်လိုက်တော့ ကျနော်တို့  လူအုပ်ဟာ တကယ့်ကို ဟီးထိုးထတောင်ကြားထိပ်ကို ရောက်လာခဲ့ကြပြီပဲ။ နောက်ထပ် ငါးမိနစ်လောက်ဆိုရင် တောင်ကြားထဲက လုံးဝလွတ်ပြီလို့ သိရပါတယ်။ တောင်ကြားထဲကထွက်ပြီး နောက်ထပ် နှစ်နာရီလောက်လျှောက်ရင် “ မဲပလိရွာ ” ကို ကျနော်တို့  ရောက်တော့မယ်။ ဒီခရီးမှာတော့ မြေပြန့် သက်သက် သွားကြရမှာပါ။
တောင်ကြားထဲက ထွက်လာတော့ မနက် (၁၁)နာရီထိုးကာနီးပြီ။ တောင်ကြားထဲက အထွက်၊ မြေကွက်လပ်တချို့  အကျော်မှာ ကျနော်တို့ လူအုပ် ခဏတဖြုတ်နားဖို့  ရပ်လိုက်ကြပါတယ်။ မြက်ခင်းကွက်လပ်တခုထိပ်၊ လူသွားလမ်းကလေးဘေး က သစ်ပင်တပင်အောက်မှာ ကျနော်တို့ လူအုပ် အထုပ်အပိုးကိုယ်စီချပြီး နားကြပါတယ်။ ကျနော်က သစ်ပင်အောက်က ခြုံပုတ် ကလေးတခုဘေးမှာ၊ ကြောပိုးအိပ်ကိုပစ်ချပြီး ခြေပစ်လက်ပစ် နားပစ်လိုက်ပါတယ်။ ကြောပိုးအိပ်ကို ခေါင်းအုံးပြီး မြက်ခင်းပေါ် အိပ်ချလိုက်ပါတယ်။ ကွင်းထဲကဖြတ်လာတဲ့လေဟာ ခရီးပမ်းလာတဲ့ ကျနော်တို့ ကို တကယ့်ကိုအမောပြေစေတာ အမှန်ပါပဲ။
ခေတ္တခဏ တုံးလုံးလှဲနေရင်း နားထဲမှာ လေချွန်သံတချက်ကြားရလို့  လေထဲမှာအာရုံစိုက်ပြီး နားစွင့်တဲ့အခါ လေချွန်သံ ပျောက်သွားပါတယ်။ ခတ်ဝေးဝေးတနေရာက ခရာမှုတ်သံလိုလို၊ လေချွန်သံလိုလို၊ သီချင်းဆိုသံလိုလို ကြားလာရပြန်ပါတယ်။ သေသေချာချာ ခေါင်း ထောင်ပြီး နားစိုက်ကြည့်တဲ့အခါ ကျနော့်ခေါင်းရင်းက ခြုံပုတ်ကလေးကိုကြည့်ပြီး ကျနော်မှာ အလိုလိုပြုံးမိသွားပါတော့တယ်။ လက်စ သပ်တော့ သီချင်းဆိုသံသဲ့သဲ့ကို အဲဒီ ခြုံပုတ်ကလေးဆီက ကျနော်ကြားခဲ့ရတာပဲ။


(ခ)
မဲပလိရွာမှာ ကျနော်ရောက်နေတာ နှစ်ရက်ရှိပြီ။ မဲပလိကျေးနယ်ဥက္ကဌကြီး “ စေါချောအို့ အိုး ” နဲ့ လည်းတွေ့ ပြီးပြီ။ မဲပလိရွာမှာပဲ ခဏတဖြုတ်နေရင်း “ မာနယ်ပလော ” က ပြန်ဆင်းလာကြမယ့် တပ်မဟာ (၁)၊ တပ်မဟာမှူးတို့ အဖွဲ့ ကို ကျနော် စောင့်ရပါဦးမယ်။ မဲပလိရွာကြတော့ “ ဗိုလ်သိန်းစိုး ” နဲ့ အဖွဲ့ ဟာ၊ ကျနော့်ကို မဲပလိရွာမှာပဲ ထားခဲ့ပြီး “ ကျုံစိန်ရွာ ” ဆီ ခရီးဆက် ကြပါတယ်။ “ ဗိုလ်သိန်းစိုး ” က ၊ ဖြစ်နိုင်ရင် ကျုံစိန်ရွာအထိလိုက်ဖို့ ပြောပေမယ့်၊ ကျနော်ကတော့ မူလအစီစဉ်အတိုင်း တပ်မဟာ မှူး “ ဗိုလ်မှူးချုပ်ကျော်လင်း ” နဲ့ တွေ့ ဖို့ အတွက်၊ မဲပလိရွာမှာပဲ ချန်နေရစ်ခဲ့ပါတယ်။ ကျနော်ရဲ့  တပ်မဟာ (၁)ခရီးစဉ်ဟာ တပ်မဟာမှူးနဲ့ တွေ့ ပြီးတဲ့ အခါကြမှပဲ ခရီးစဉ်ရေးဆွဲရမှာ ဖြစ်တာမို့ ၊ တော်လှန်ရေးဌါနချုပ် “ မာနယ်ပလော ” က ပြန်ဆင်းလာ မယ့် တပ်မဟာမှူးတို့ အဖွဲ့ ကို မဲပလိရွာကနေပြီးတော့ စေါင့်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မဲပလိရွာဟာ တပ်မဟာ (၁)ကိုသွားတဲ့ လမ်းဟူသမျှရဲ့  “ လမ်းဆုံရွာ ” လည်း ဖြစ်ပါတယ်။
မဲပလိရွာမှာ နှစ်ရက်သုံးရက်ကြာတဲ့အထိ မယ်မယ်ရရ ဘာအလုပ်မှမရှိပဲ ကျနော့်မှာအချိန်ဖြုန်းခဲ့ရပါတယ်။ ခေတ္တခဏ တည်းခိုနေတဲ့ ရွာငှါးကျောင်းဆရာလေး ကိုမင်းနိုင်တို့ အိမ်၊ မဲပလိရွာ ဘုန်းတော်ကြီးကျောင်း၊ ခေါက်တုံ့ ခေါက်ပြန် သွားရင်း တပ်မဟာမှူးတို့ အဖွဲ့ ကို စေါင့်နေခဲ့ပါတယ်။

ဘာအလုပ်ကိစ္စမှမရှိပဲ မဲပလိရွာမှာ အချိန်ဖြုန်းနေခဲ့ရတယ်ဆိုပေမယ့် လူကသာ အနားယူလို့ ရပြီး၊ စိတ်ကတော့ အနားယူ လို့ မရခဲ့ပါဘူး။ ထမင်းစားလည်း ဒီစိတ်၊ အိပ်ယါဝင်တော့လည်း ဒီစိတ်။ တခါတလေ မဲပလိဘုန်းတော်ကြီးကျောင်းဝန်းကြီးထဲက တန်းလျားတခုမှာ အကြာကြီးထိုင်ပြီး စိတ်အလုပ်ကိုလုပ်ခဲ့ရပါတယ်။ ကျနော်တွေးချင်တဲ့အရာကို အစကနေ စနစ်တကျ ပြန်စဉ်းစား တာမျိုး၊ ခါးလည်ကကဖြတ်ပြီး စဉ်းစားတာမျိုး၊ တခါ အဆုံးကနေ အစကို ပြန်သွားတဲ့နည်းနဲ့  စဉ်းစားတာမျိုး၊ အမျိုးမျိုး စဉ်းစားခဲ့ရ ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုတခုတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီတိုက်ဆိုင်မှုဟာ ကျနော့်ကို ဘာပြုလို့ များ အခုလောက်အထိ၊ စိတ် အလုပ်လုပ်ရအောင် တွန်းပို့ နိုင်ခဲ့ပါလိမ့်။
ဟီးထိုးထတောင်ကြားထဲက အထွက်၊ သစ်ပင်တပင်အောက်မှာ ကျနော်တို့ ခရီးသည်အုပ်စု အနားယူခဲ့ကြတာကို ကျနော် ပြန်တွေးမိပါတယ်။ အဲဒီမှာ တပင်တည်းသော သစ်ပင်တပင်ရဲ့ အောက်မှာ၊ ခြုံပုတ်ကလေးတခုကို ကျနော်တွေ့ ခဲ့ရတယ်။ ခြုံပုတ် ကလေးဆီက လေချွန်သံလိုလို၊ သီချင်းဆိုသံလိုလို ကျနော်ကြားခဲ့ရတယ်။ တကယ့်ကို အဲဒီသီချင်းဆိုသံ လေချွန်သံကို ခြုံပုတ် ကလေးဆီက ကျနော်နားနဲ့ ဆတ်ဆတ် ကြားခဲ့ရတာပါ။ ဒါနဲ့ ပဲ မဲပလိရွာရောက်လာခဲ့တယ်။ မဲပလိရွာမှာ နှစ်ရက်သုံးရက် ကျနော် နေခဲ့တယ်။ အဲဒီအခါ၊ ခြုံပုတ်ကလေးဆီက ကြားခဲ့ရတဲ့ လေချွန်သံလိုလို၊ သီချင်းဆိုသံလိုလို အသံတွေကို ကျနော်အချိန်တိုင်း လိုလို ပြန်ပြီးကြားနေခဲ့ရတယ် ဆိုပါတော့။ ဒါနဲ့ ပဲ “ သစ်ပင်တပင်အောက်က ခြုံပုတ်ကလေး ” ကို ကျနော်စိတ်ဝင်စားသွားရတယ်။ ဘာ့ကြောင့် ခြုံပုတ်ကလေးက သီချင်းဆို၊ လေချွန်နေရတာလဲ။ ကွင်းစပ်က သစ်ပင်တပင်။ အဲဒီသစ်ပင်တပင်အောက်က ခြုံပုတ် ကလေးတခု။ ပြီးတော့ သီချင်းသံသဲ့သဲ့။ ကျနော့်မှာ အတွေးတွေ ရှည်ချင်တိုင်း ရှည်ရတော့တာပေါ့။

(ဂ)
မနှစ်တုန်းက၊ အခုလို စက်တင်ဘာလထဲမှာ မဲပလိရွာကို ကျနော်ရောက်လာခဲ့ဖူးပါတယ်။ မဲပလိကျေးနယ်အတွင်းက ကရင်လူမျိုးစုတွေရဲ့  ကျေးရွာအားလုံးကို ခရီးလှည့်လည်ရင်း သတင်းအချက်အလက်တွေ စုဆေါင်းခဲ့ပါတယ်။ ဒီတုန်းက ကျေးနယ်ဥက္ကဌကြီး “ စေါချောအို့ အိုး ” ဟာ၊ ကျနော်နဲ့ အတူ တရွာပြီးတရွာလှည့်ပြီး လိုက်ပါကူညီခဲ့ပါတယ်။ ကျနော်ရခဲ့တဲ့ သတင်းတွေကလည်း အစုံပါပဲ။ အထူးသဖြင့်တော့ န၀တစစ်တပ်တွေရဲ့  လူ့ အခွင့်အရေးချိုးဖေါက်မှု၊ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ စီးပွားရေးအမြတ်ထုတ်မှုသတင်းတွေက ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။ အဲဒီကျေးနယ်မှာ (၃)လအတွင်း ရွာသား (၂၀)ဟာ၊ န၀တ စစ်တပ်ရဲ့ တဖက်သတ်စွပ်စွဲ ဖမ်းဆီင်္းသတ်ဖြတ်ခံခဲ့ကြရပါတယ်။ ကျန်ရစ်သူ မုဆိုးမတွေ၊ သားသမီးတွေ၊ မိဘတွေဟာ ကျနော့်ဆီ ကို ရောက်လာခဲ့ကြပြီး သူတို့ ရဲ့ ဘ၀ဆိုးတွေကို ရင်ဖွင့်ပြောပြခဲ့ကြပါတယ်။ ရွာထဲကို လက်နက်ကြီးနဲ့ အပစ်ခံရ၊ ပေါ်တာကြေး၊ ကင်းကြေး၊ ဆက်ကြေး အမျိုးမျိုးပေးကြရ။ နှစ်စဉ်နှစ်တိုင်း ရွာတွေရွေ့ ကြရ။ စပါးကျီတွေ မီးရှို့ ၊ ရွာမီးရှို့ ခံကြရ။ လက်နဲ့  ရေးမှတ်လို့  မကုန်နိုင်လောက်အောင်ပဲ၊ သတင်းမျိုးစုံ ကျနော်ရခဲ့ပါတယ်။

တနေ့ မှာတော့ ကျနော်ရှိနေတဲ့ မဲပလိရွာထဲ သတင်းတခုရောက်လာခဲ့ပြီး၊ ရွာသားတွေ ရုတ်ရုတ်သဲသဲနဲ့ ပြေးကြ လွှားကြ ဖြစ်ကုန်ကြပါတယ်။ ကျနော်လည်းပဲ အိမ်ရှင်မိသားစုနဲ့ အတူ ဘုန်းတော်ကြီးကျောင်းဝန်းကိုဖြတ်ပြီး တောစပ်ကို ပြေးခဲ့ရပါတယ်။ ရွာနဲ့ မလှမ်းမကမ်းမှာ န၀တစစ်သားတွေ ရောက်လာနေပြီဆိုတဲ့ သတင်းကြောင့် အခုလို ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ကြ တာပါ။ တောစပ်မှာ အခြေအနေစောင့်ကြည့်နေတုန်း ရွာတဖက်ထိပ်က သေနတ်သံတွေကြားရ၊ မီးခိုးတွေ အူထွက်လာတာတွေ့ ရ ပါတယ်။ နေစေါင်းလာတော့ ကျနော်တို့ လည်း ရွာထဲကိုပြန်ဝင်လာခဲ့ကြပါတယ်။ ရွာထဲရောက်တော့ ရွာထိပ်က တဲတလုံးကို န၀တ စစ်တပ်က မီးဝင်ရှို့ ပြီး၊ တဲပေါ်မှာ ဖျားလို့ အိပ်နေတဲ့ အိမ်ရှင်အမျိုးသားကို သေနတ်နဲ့ ပစ်သတ်သွားတဲ့သတင်းကြားရပါတယ်။ ဒါနဲ့  ပဲ န၀တစစ်တပ်တွေ မရှိတော့လို့ ၊ ပြဿနာဖြစ်တဲ့ ရွာထိပ်ကို ကျနော်ရောက်လာခဲ့ပါတယ်။ ရွာထိပ်မှာ မီးလောင်ပြာကျနေတဲ့ အိမ်ကွက်လပ်တခုကို တွေ့ ရပါတယ်။ အိမ်ကွက်လပ်ရဲ့ အစပ်မှာ သစ်ပင်တပင်ရှိပြီး၊ အဲဒီသစ်ပင်ရဲ့ ဘေးမှာ စောင်ကို ခေါင်းမြီးခြုံ ပြီး မြေကြီးပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့ အမျိုးသမီးကြီးတဦးကို ကျနော်တွေ့ ရပါတယ်။ သူ့ အနားမှာ ဘယ်ရွာသားမှလည်း မတွေ့  ရ ပါဘူး။ အနားကို ကျနော်ကပ်သွားတော့ အဲဒီသစ်ပင်အောက်မှာ ထိုင်နေတဲ့အမျိုးသမီးကြီးဆီက စိတ်ဂယောင်ခြောက်ချားဖြစ်ပြီး၊ လွမ်းလွမ်းဆွေးဆွေး ဆိုငြီးနေတဲ့ သီချင်းသံသဲ့သဲ့ကို မမျှော်လင့်ပဲ ကျနော်ကြားလိုက်ရပါတယ်။

(ဃ)
ဟီးထိုးထတောင်ကြားကအထွက်၊ သစ်ပင်တပင်အောက်၊ ခြုံပုတ်ကလေးဆီက သီချင်းဆိုသံလိုလို၊ လေချွန်သံလိုလိုကို ကျနော်ပြန်တွေးမိတယ်။ ဒီအဖြစ်အပျက်နဲ့ တထပ်တည်းကျတဲ့ ကဗျာတိုလေးတပုဒ်ရှိပါတယ်။ ဒီကဗျာကို ဘယ်သူရေးခဲ့တာလဲ ဆိုတာတော့ မသိနိုင်ပါဘူး။ အမေရိကန်ဌါနေတိုင်းရင်းသား အင်ဒီယန်းလူမျိုးစု ကဗျာလေးဖြစ်ပါတယ်။ သူတို့ လူမျိုးစုတွေ တယောက်ကနေတယောက် နှုတ်နဲ့ လတ်ဆင့်ကမ်းယူလာကြတဲ့ ကဗျာတိုလေးဖြစ်ပါတယ်။

သစ်ပင်တပင်အောက်မှာ
ခြုံပုတ်ကလေးတခု
ထိုင်ရင်းနဲ့ သီချင်းဆိုနေ---။

မဲပလိရွာမှာ၊ မာနယ်ပလောက ပြန်လာကြမယ့် တပ်မဟာမှူးနဲ့ အဖွဲ့ ကိုစေါင့်ရင်း အချိန်ဖြုန်းတဲ့အခါ၊ ဟီးထိုးထ တောင်ကြားကအထွက်၊ သစ်ပင်တပင်အောက်က၊ ခြုံပုတ်ကလေးကို အပြန်ပြန်လှန်လှန် တွေးနေခဲ့မိပါတယ်။
ကွင်းစပ်တနေရာဖြစ်တဲ့အတွက်၊ ကွင်းထဲက လေဟာ ပါတ်ဝန်းကျင်ဆီ တိုးဝှေ့ တိုက်ခတ်နေမယ်။ သစ်ပင်ကလည်း တပင်တည်း။ အဲဒီသစ်ပင်အောက်မှာကလည်း ခြုံပုတ်ကလေးတခုထဲ။ ကွင်းတခု၊ သစ်ပင်တပင်၊ ခြုံပုတ်တပုတ်။ ဧကလက္ခဏါတွေ ချည်းပါပဲ။ အဖေါ်မဲ့မှု၊ သီးခြားဖြစ်မှု၊ တိတ်ဆိတ်မှု၊ အထီးကျန်မှု၊ ပြီးတော့ ကွင်းထဲကဖြတ်လာတဲ့လေက၊ ခြုံပုတ်ကလေးကို အသါအယါတိုးဝှေ့ တဲ့အခါ၊ ခြုံပုတ်ကလေးဆီက လေကတော့ထိုးပြီး ထူးခြားတဲ့အသံတချို့ ထွက်ပေါ်လာကြမယ်။ ဒီအသံလေး တွေဟာ လူတယောက် လေချွန်တဲ့အသံလိုလို၊ လွမ်းလွမ်းဆွေးဆွေးသီချင်းဆိုနေတဲ့ အသံလိုလို ဖြစ်နေမယ်။
ဒီလို ဖြည့်တွေး၊ ဖြန့် တွေး၊ ဆက်စပ်ပြီးတွေးတဲ့အခါ၊ ကွင်းတခုအစပ်က သစ်ပင်တပင်အောက်မှာရှိတဲ့ ခြုံပုတ်ကလေးဟာ လူပုဂ္ဂိုလ်တဦးတယေါက်အဖြစ် ကျနော့်စိတ်ထဲ ထူးဆန်းစွာပုံဖော်လာမိပါတယ်။ ဟုတ်တယ်။ ဒါဟာ လူတယောက်ပဲ။ ခြုံပုတ် ကလေးဆီက ကြားရတဲ့အသံတွေဟာ လူတယောက်ရဲ့  နားကျည်းဆွေးမြေ့စွာ သီကြွေးလိုက်တဲ့သီချင်းသံပဲ။

ဒီတုန်းက မဲပလိဘုန်းကြီးကျောင်းဝန်းအတွင်းက၊ ခရေပင်ကြီးအောက်မှာ ကျနော်တယောက်ထဲရပ်နေခဲ့ပါတယ်။ ကျနော့်နားထဲမှာ သစ်ပင်တပင်အောက်က ခြုံပုတ်ကလေး သီချင်းဆိုနေတဲ့အသံကို ကြားနေမိပါတယ်။ ပြီးတော့ အမေရိကန် ဌါနေတိုင်းရင်းသား အင်ဒီယန်းလူမျိုးစု ကဗျာလေးကို စဉ်းစားနေမိပါတယ်။ ပြီးတော့ မီးလောင်ပြာကျနေတဲ့ မြေကွက်လပ်ဘေး၊ သစ်ပင်တပင် အောက်မှာ စေါင်ကိုခေါင်းမြီးခြုံပြီး ၊ စိတ်ဖေါက်ပြန်ရူးသွပ်သွားတဲ့ ကရင်အမျိုးသမီးကြီးတဦးကိုလည်း တွေးမိပါတယ်။ အဲဒီအချိန် အဲဒီအခိုက်မှာပဲ ဒီမြင်ကွင်း၊ ဒီအဖြစ်အပျက်၊ ဒီသီချင်းသံတွေဟာ တကယ့်ကို အဆက်အစပ်ရှိရှိ ဖြစ်တည်ခဲ့တာပဲ ဆိုတာလည်း ထူးဆန်းစွာ ကျနော်သဘောပေါက်လိုက်မိပါတယ်။ ။

ငြိမ်းဝေ